လမ်းဘေးဈေးသည်များ တကယ်ပပျောက်ချင်တယ်ဆိုရင်


ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရား လမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်း စသည့် လမ်းမကြီး ၁၁ လမ်းကို လမ်းဘေးဈေးသည် ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ယင်းလမ်းမကြီးများတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ ယင်းလမ်းမ ကြီးများတွင် ရောင်းချနေသောဈေးသည် ၆၀၀၀ ကျော်အနက် အစားအသောက်နှင့် အသီးရောင်းချသူများကို ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညဈေးတန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်စေမည်ဖြစ်သည်။ ကျန်သည့်ဈေးသည် ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းရှိ နံပါတ်တပ်လမ်းများအတွင်းသို့ ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

လမ်းဘေးဈေးသည်များကိစ္စက ပြောရမှာ အတော်ခက်ပါသည်။ လွတ်လပ်ရေးရပြီးစကာလကပင် မြန်မာနိုင်ငံ၌ လမ်းဘေးဈေးသည် ပြဿနာကြီးကြီးမားမားရှိခဲ့ပါသည်။ စစ်အာဏာရှင်ခေတ်တလျှောက်လုံး၊ ဦးသိန်းစိန်ခေတ်၊ မည်သည့်ခေတ်တွင်မှ မြန်မာပြည်ရန်ကုန်မြို့၏ လမ်းဘေးဈေးသည် ပြဿနာဖြေရှင်း၍ ရသည်ဟု မကြားဖူးပါ။

''ဦးနုကိုတော့ ဖမ်းလိုက်ပြီ၊ ကြယ်နီသတင်းစာတွေရပြီ''

ဖဆပလခေတ် ဦးနုဝန်ကြီးချုပ်ဖြစ်စဉ်က ညနေပိုင်း ဆယ်ပြားတန်သတင်းစာကြယ်နီက ပြူးတူးပြဲတဲအော်ရောင်းနေခြင်း ဖြစ်ပါသည်။
ကြယ်နီသတင်းစာကိုလူတွေက အလုအယက်ဝယ်ဖတ်ကြသည်။ အမှန်ပင် ဦးနုအဖမ်းခံရခြင်းဖြစ်ပါသည်။ သို့သော် ၀န်ကြီးချုပ်ဦးနုမဟုတ်။ လမ်းဘေးတွင် အထမ်းဖြင့် မုန့်ဟင်းခါးရောင်းစားသူ ဦးနုကို မြူနီစီပယ် ဖမ်းခြင်းသာဖြစ်ပါသည်။ ထိုခေတ်အခါကပင် မြူနီစီပယ်ဝန်ထမ်းများနှင့် လမ်းဘေးဈေးသည်တို့ လိုက်တမ်းပြေးတမ်းကစားခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ နောင်တွင်လည်း ဆက်ရှိဦးမည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်ပါသည်။

၁၉၅၉ ခုနှစ် ဦးနေ၀င်း အိမ်စောင့်အစိုးရလက်ထက်တွင် လမ်းဘေး ပလက်ဖောင်းပေါ်၌ ကျူးကျော်လျက်ရှိကြသော လူပါနေသည့်ဆိုင်များ ကိုရှင်းလင်းပစ်သည်။ ခပ်ကြမ်းကြမ်းရှင်းလင်းဖယ်ရှားခြင်းဖြစ်ပြီး ဥက္ကလာပ (တောင်)နှင့်(မြောက်)ကိုလည်းကောင်း၊ သာကေတမြို့သစ်ကိုလည်းကောင်း တည်ထောင်ခဲ့သည်။ ကျူးကျော်တဲအိမ်များ အပါအ၀င်လမ်းဘေး ဈေးရောင်းသူများကို မြို့သစ်များတွင် နေရာချထားပေးခဲ့သည်။ ဗိုလ်ချုပ် ဈေးနှင့် မျက်စောင်းထိုးမြေ ကွက်လပ်တွင် လမ်းဘေးကျူးကျော်ဈေးသည်များကို ညဈေးဖွင့်၍ နေရာပေးခဲ့သည်။ မကြာပါ။ လမ်းဘေးဈေးသည်များလည်း ယခင်ကကဲ့သို့ များပြားစွာ ပေါ်ပေါက်လာဆဲဖြစ်ပါသည်။

အစိုးရ၀န်ထမ်းများသည် လစာငွေနှင့်လောက်ငခြင်းမရှိရာမှ ဈေးရောင်းခြင်းစသည့် အလုပ်များဖြင့် အလုပ်နှစ်လုပ် လုပ်ရသည်။ ၁၉၉၀ ပြည့်နှစ်လွန်နှစ်များတွင် အခြေအနေသည် ပို၍သာဆိုးဝါးလာသဖြင့် အစိုးရ၀န်ထမ်းအခိျု့သည် အလုပ်ထွက်၍ နိုင်ငံခြားတွင် အလုပ်လုပ်သူများပြားလာသည်။ ၀န်ထမ်းအကြီးအကဲများသည် ၀န်ထမ်းများအား ရှားပါး စရိတ်ဆိုသည်ကို ပေးလာရပြန်သည်။ ယခင်က ရှားပါးစရိတ်ဆိုသည်မှာ အစိုးရဘတ်ဂျက်မှပေးခြင်းဖြစ်၍ ယခုရှားပါးစရိတ်မှာ အစိုးရဘတ်ဂျက်မှ မဟုတ်။ ရုံးပရ၀ဏ်များမှဖဲ့၍ ဆိုင်များဆောက်လုပ်စေ၍လည်းကောင်း၊ ဌာနပိုင်မြေကွက်လပ်ကျန်သည်များကို ဆိုင်များဆောက်လုပ်စေ၍လည်း ကောင်း၊ ပုဂ္ဂလိကများထံမှ အခကြေးငွေများယူခဲ့ပြီး လုပ်ရိုးလုပ်စဉ်မဟုတ် သည်များကိုလုပ်၍ ၀င်ငွေများရရှိလာရာ ယင်းဝင်ငွေများမှ ၀န်ထမ်းများသို့ ရှားပါးစရိတ်ဟူ၍ ပေးခြင်းဖြစ်ပါသည်။ ယင်းသို့ ရှားပါးစရိတ်ပေးရန် စီမံချက်သည် အစိုးရရုံးများ၏ဘေးတွင် ကပ်လျက်လမ်းဘေးဆိုင်များ အနှံ့အပြား ပေါ်ပေါက်စေပါသည်။ ရန်ကုန်မြူနီစီပယ်ဧရိယာအတွင်းရှိ ဆူးလေဘုရားလမ်းအလယ်တွင် ဧရာမဆိုင်ကြီးများ ပေါ်ပေါက်ဖူးသည်အထိ လမ်းဘေးဆိုင်များ ကြီးထွားဖွံ့ဖြိုးခဲ့ပါသည်။

လမ်းဘေးဈေးဆိုင်များကို ရှင်းပစ်လိုပါက လမ်းဘေးဈေးဆိုင်များ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းများကို ရှာဖွေခြင်းကပို၍ အဓိကကျမည် ဖြစ်ပါသည်။ ဦးနေ၀င်းမှစ၍ အာဏာရှင်အဆက်ဆက်သည် ဗမာပြည် စီးပွားရေးကို တိုးတက်အောင်မဆောင်ရွက်နိုင်ခြင်းပင် ဖြစ်သည်။ ဦးနေ၀င်း သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေါ် ဆိုရှယ်လစ်အတုကြီးဖြင့် မြန်မာ့စီးပွားရေးကို တိုးတက်ရန် ကြံသည်။ အမြစ်တွယ်စ စီးပွားရေးတိုးတက်မှု များကို ပြည်သူပိုင်သိမ်းသည်ဆိုခြင်းဖြင့် အမြစ်မှ ဆွဲနုတ်ပစ်သည်။ အကျိုး ဆက်ကား အစိုးရကုန်တိုက်ကြီးများနှင့် အစိုးရဆိုင်များပြင်ပတွင် မှောင်ခိုစီးပွားရေးစနစ်ကြီး ထွန်းကားလာခြင်းပင် ဖြစ်သည်။ ၀န်ထမ်းအင်အားအပြည့်နှင့် အစိုးရဆိုင်များတွင် ဘာကုန်ပစ္စည်းမှ မယ်မယ်ရရ မရှိတော့ဘဲ လမ်းဘေးမှောင်ခိုဈေးဆိုင်သေးသေးကလေးများတွင် လူသုံးကုန်ပစ္စည်းလို သမျှ ရလေသည်။ တခါတရံတွင် ဗိုလ်ချုပ်ကြီးများပင် မိမိလိုသည့်ပစ္စည်းများကို လမ်းဘေးရှိ မှောင်ခိုဈေးတန်းတွင် တပည့်များအား အရှာခိုင်းရသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် အခြားလူများနည်းတူ နိုင်ငံခြားတွင် အလုပ်လုပ်ရန် အစိုးရ၀န်ထမ်းမှ ကျွန်တော်ထွက်လိုက်ရသည်။ အစိုးရ ၀န်ထမ်းလစာငွေနှင့်မလောက်ငတော့၍ ဖြစ်သည်။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရသည်။ ကွာလာလမ်ရောက်သည့် ဗမာများ ပလက်ဖောင်ပေါ် လမ်းလျှောက်ရသည်ကပင် ရန်ကုန်နှင့် ကွာခြားလွန်းလှသည်။ အဝေးကြီးကိုမျှော်ကြည့်၍ ပလက်ဖောင်းပေါ်တွင် ခလုတ်မတိုက်ဘဲ မြန်မြန် လမ်းလျှောက်သွားနိုင်သည်။ ကောင်းလေစွ။ ရန်ကုန်မှာလို သွားလေရာ ခလုတ်တိုက်ကွမ်းယာဆိုင်များလည်း မရှိ။

ကွာလာလမ်ပူမြို့လယ်တွင် ပေါ့ပါးသွက်လက်စွာ လမ်းလျှောက်သွားလာရင်း အရင်က ရန်ကုန်မြို့ကြီးအကြောင်းကို မကြာခဏစဉ်းစားမိသည်။ အရင်က ရန်ကုန်မြို့ဟာ အာရှအရှေ့တောင်မှာ အသပ်ယပ်ဆုံးတဲ့။ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးတဲ့။ ခုတော့ ငါတို့ ရန်ကုန်မြို့ကြီးဟာ အစုတ်ချာဆုံးဖြစ်နေပါပြီတကား။ ကျွန်ုပ်တို့ ဗမာနိုင်ငံသည် သူတို့ထက် ဆယ်နှစ်လောက်စော၍ လွတ်လပ်ခဲ့သော်လည်း ဒီနေ့ ဘာကြောင့် သူတို့ကို မမီတော့တာလဲ။ အလုပ်လုပ်လာတာ ကြာလာတော့ ဗဟုသုတကြွယ်ဝသည့် တရုတ်တယောက်နှင့် ရင်းနှီးပြီး မလေးရှားနိုင်ငံ ဘယ်လိုတိုးတက်လာသလဲဆိုတာကို ဆွေးနွေးဖြစ်သွားသည်။

''အဓိက,ကတော့ မဟာသီယာရဲ့ ခေါင်းဆောင်မှုပဲကွ။ မဟာသီ ယာက ဒီလိုကြေညာတယ်။ မလေးရှားနိုင်ငံထဲကို သွင်းလာတဲ့ စက်ရုံ၊ စက်ပစ္စည်း၊ စက်အပိုပစ္စည်းများအားလုံး Duty Free ခွင့်ပြုတယ်။ ဘာ အခွန်မှမဆောင်ရဘူး။ အဲဒီလိုလည်း ကြေညာလိုက်ရော၊ လာလိုက်တဲ့ စက်ရုံတွေအမျိုးမျိုး၊ ကုန်ထုတ်လုပ်မှု အသေးစားထုတ်လုပ်တဲ့ စက်မျိုးစုံ၊ စက်အပိုပစ္စည်း အမျိုးမျိုးဝက်ဝက်ကွဲပဲ။ စက်မှုထွန်းကားတဲ့ ဂျပန်၊ ထိုင် ၀မ်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေက စက်ရုံပစ္စည်းတွေ၊ စက်ပစ္စည်းတွေ၊ စက်အပိုပစ္စည်းတွေဟာ မလေးရှားနိုင်ငံထဲကို ဒလဟော ၀င်လာတော့တာပဲ။ အဆောက်အဦဆောက်တဲ့ ကာလနဲ့ စက်ရုံပစ္စည်းတွေတပ်ဆင်တဲ့ကာလပဲ ကြာတယ်။ လေးငါးနှစ်ဆိုပါတော့ကွာ။ စက်ရုံတွေလည်ပြီဆိုတာနဲ့ တခါတည်း စက်မှုထွန်းကားတော့တာပဲ။ စက်မှုထွန်းကားတဲ့အခါ ကုန်ကြမ်းတွေမှာရ၊ ကုန်ချောတွေရောင်းရဆိုတဲ့ ကုန်သွယ်ရေးကိစ္စကြီးလည်း အကြီးအကျယ်ဖြစ်လာတော့တာပဲ။ မလေး ရှားအစိုးရက အဲဒီအချိန်ရောက်မှ ပို့ကုန်သွင်းကုန်တွေအပေါ်မှာ Duty စကောက်တယ်ကွ။ တိုတိုပြောရင် ဒီလိုနဲ့စက်မှုထွန်းကားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ဘ၀ကို နှစ်နှစ်ဆယ်လောက်အတွင်း ရောက်တော့တာပါပဲ''

''အဲဒီလို စက်ရုံတွေ၊ စက်ပစ္စည်းတွေ အောတိုက်ဝင်လာတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပမာဏဘယ်လောက်ရှိသလဲဆိုတာကော သိနိုင်ပါသလား''

''သိနိုင်ပါတယ်။ မလေးရှားနိုင်ငံ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာအောင် ပို့လိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာသုံးရာဘီလီယံကျော်လောက်တော့ရှိမှာပေါ့။ တခုရှိတာက တို့နိုင်ငံမှာကမင်းတို့ဆီမှာလို လူမျိုးစုတွေ မများဘူး။ သူပုန်တွေ မရှိဘူး။ မလေးရှားနိုင်ငံထဲမှာပါတဲ့ ဆာဗားနဲ့ ဆာရာဝပ်ပြည်နယ်နှစ်ခုက ပင်လယ်ကြီးခြားပြီး ဘော်နီရိုကျွန်းမှာရှိနေတာကလွဲလို့ တခြားပြဿနာကြီးကြီးမားမား မရှိဘူး။

စက်ရုံတွေလည်ပတ်တယ်ဆိုရင်ပဲ အလုပ်သမားတွေ လိုအပ်လာတယ်။ အုပ်ချုပ်ရေးလုပ်မယ့် ကော်လာဖြူ လူတန်းစားအလုပ်သမား တွေ၊ အလုပ်ကြမ်းလုပ်မယ့် အလုပ်သမားတွေ အောတိုက်လိုအပ်တော့တာပဲ။ အဲဒီအချိန်က မလေးရှားလူဦးရေက ၁၇ သန်းလောက်ရှိတော့ အလုပ်ကြမ်းသမား အရမ်းလိုတယ်။ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နောက်ဆုံးတော့ မင်းတို့ဗမာတွေ ၀င်လာရတယ်။ အင်ဒိုနီးရှား အများဆုံးပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေများလွန်းလို့ မလေးရှားတွေဟာ လမ်းဘေးဈေးရောင်းဖို့ စဉ်းစားချိန်တောင် မရပါဘူးကွာ''

ကွာလာလမ်ပူမြို့၏ ရှင်းလင်းသော ပလက်ဖောင်းများပေါ်တွင် လွတ်လပ်သွက်လက်စွာ လမ်းလျှောက်ရင်း တို့နိုင်ငံမှာ မဟာသီယာကိုမီသည့် ခေါင်းဆောင်မရှိတော့ဘူးလား။ ထစ်ခနဲရှိ အာဏာစက်ကိုသာ အလွန် အမင်းသုံးစွဲသည့် စီးပွားရေးအမြင် ချာတူးလန်ခေါင်းဆောင်များ အုပ်ချုပ်မှု အဆုံးမသတ်နိုင်တော့ဘူးလား။ တို့နိုင်ငံတိုးတက်ဖို့ ဆယ်စုနှစ် ဘယ်နှခုကြာအောင် စောင့်ရဦးမှာလဲ။ ရန်ကုန်မြို့လယ်က ရှုပ်ထွေးပွေလီသော ဈေးဆိုင်များ ဘယ်ခေတ်ရောက်မှ ကုန်မှာလဲဆိုတာ စဉ်းစားရသည်မှာ ယနေ့တိုင်အောင် ဖြစ်ရပါသည်။

ယနေ့ခေတ် မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များနှင့် တန်းဝင်ထင်ရှားသည့်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါပြီ။ ပြည်သူတရပ်လုံးကလည်း ယင်းခေါင်းဆောင်အား တခဲနက်ထောက်ခံ လိုက်ကြ၍ ပြည်သူက ရွေးချယ်တင်မြှောက်သော အစိုးရသစ်တရပ်ရှိနေပါပြီ။ နောက်ထပ် အရေးကြီးသော လိုအပ်ချက်တခုကား ပြည်တွင်းငြိမ်းချမ်းရေးရရှိသော နိုင်ငံတရပ်ဖြစ်ရေးပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန်အတွက် ၂၁ ရာစုပင်လုံညီလာခံကြီးကိုလည်း ကျင်းပလျက်ရှိပါသည်။ လောလောဆယ်တွင် အရှေ့မြောက်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများကြားရသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသည့် အင်အားစုများတွင် ''ငါတို့နိုင်ငံ တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်မှာ ငါတို့ ဆင်နွှဲနေသော လက်နက်ကိုင်တိုက်ပွဲများဖြစ်ကြောင်း'' အလေးအနက် သဘော ပေါက်ရန် လိုပါသည်။ ငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်တိုးတက်ရေးကို ဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့၏ လမ်းဘေးဈေးဆိုင်များ၊ ရန်ကုန်နယ်နိမိတ်အတွင်းရှိ ကျူးကျော်တဲများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပါကြောင်း။

ကေမောင်မြင့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.