ဘာလင် တိုက်ခိုက်မှု ဂျာမနီဝန်ကြီးချုပ် ရှုတ်ချ



ဘာလင်မှာ ခရစ္စမတ် ပွဲခင်းအတွင်း ထရပ်ကားနဲ့ ဝင်တိုက်
ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက ဘာလင်မှာ ဖြစ်ပွားတဲ့ ခရစ္စမတ် ပွဲခင်းအတွင်း ထရပ်ကားနဲ့ ဝင်တိုက်မှု ကို ထိတ်လန့် ခြောက်ခြားစရာ လုပ်ရပ်လို့ ပြောကြားခဲ့ပြီး တိုက်ခိုက်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ဖန် အပြစ်ပေးရမယ်လို့ ဆိုပါတယ်။

ကျွန်မတို့ တတွေ အကြောက်တရားတွေနဲ့ ပြားဝပ်ပြီး မနေချင်ပါဘူး။ ဂျာမနီမှာ ကျွန်မတို့ လွတ်လပ် ပွင့်လင်းစွာနဲ့ အတူတကွ လက်တွဲ နေနိုင်အောင် အစွမ်းသတ္တိ ရှိဖို့ ကြိုးစားကြရပါလိမ့်မယ်လို့ မစ္စစ် အန်ဂလာ မာကဲက ပြောဆိုပါတယ်။

ဒီ လူ ၁၂ ယောက် သေဆုံးရတဲ့ ထရပ်ကားနဲ့ ဝင် တိုက်မှုဟာ အကြမ်းဖက် လုပ်ရပ်ဆိုတာ ငြင်းနိုင်စရာ မရှိကြောင်းလည်း ဂျာမနီ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဒီအတွက် ပါကစ္စတန် က လို့ ယူဆရသူ တယောက်ကို ဖမ်းထားပြီး ဒီလူက သူနဲ့ မပတ်သက်ကြောင်း ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ပါကစ္စတန်နိုင်ငံက လာတဲ့ သူ

ဒီလော်ရီကားကို မောင်းပြီး ၀င်တိုက်ခဲ့တဲ့ သူလို့ စွပ်စွဲခံရသူက အသက် ၂၃ နှစ်ရှိတဲ့ ပါကစ္စတန်နိုင်ငံက လာတဲ့ သူ တယောက် ဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီလတုန်းက ဂျာမနီကို ရောက်လာပြီး ဒုက္ခသည်တွေ ထားတဲ့ အဆောင်မှာ နေကာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ သူ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သူဟာ ရဲမှတ်တမ်းတွေ အရ ပြစ်မှု အသေးစားတွေ ကျူးလွန်ဖူးခဲ့ပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်တာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။

မနေ့က ဘာလင်မြို့အနောက်ပိုင်းမှာ ရှိတဲ့ Breitscheidplatz ဘရက်ရှိုင်းထ် ပလက်စ် အရပ်က ခရစ်စမတ် ဈေးရောင်းပွဲမှာ လူစည်ကားနေတဲ့ အချိန် ည ရှစ်နာရီလောက် မှာ စတီးချောင်းတွေ အပြည့်တင်ထားတဲ့ လော်ရီကားနဲ့ တဟုန်ထိုး ဆိုင်တန်းတွေ လူတွေကို အကြမ်းပတမ်း ၀င်တိုက်ခဲ့တာ ဖြစ်ပြီး ကားဟာ ဈေးတန်းအတွင်း ကိုက်တရာနီးပါးလောက်ကို မောင်းဝင် သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် အနားက Tiergarten တီယားဂါးဒန်း ပန်းခြံ အမှောင်ထဲ ပြေးဝင်သွားတဲ့ ဒရိုင်ဘာကို နောက်က လိုက်ဖမ်းတဲ့ ရဲရင့်တဲ့ မျက်မြင်သက်သေ လူတယောက်ကြောင့် အခုလို ဖမ်းမိတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အခင်း ဖြစ်တဲ့ နေရာကနေ ရဲဆီ ဖုန်းဆက်သူတွေထဲ တယောက်ကတော့ လူဆိုးနောက်ကို ခပ်လှမ်းလှမ်းက နောက်ယောင်ခံ ပြေးလိုက်ရင်း ရဲကိုလည်း ဘယ်နေရာရောက်နေတယ် အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာကို ဖုန်းပေါ်ကနေ ရဲကို ပြောခဲ့တာ ဖြစ်ပါတယ်။ အဲလို ပြေးလွှားရင်း နှစ်ကီလိုမီတာလောက်မှာ ရဲက ပန်းခြံအလယ် လော်ရီမောင်းသမားကို မိသွားခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ သတင်းပေးမှု ရဲရင့် ပြောင်မြောက်မှုတွေက အံ့မခန်းပါဘဲလို့ ရဲ ပြောခွင့်ရသူ ဗင်းဖရိဒ် ဗန်ဇယ်လ် က ဆိုပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ ထိခိုက် ဒဏ်ရာရသူတွေကို ကူညီခဲ့တဲ့ အီဘရာဟင် ကိုလာခ် ဆိုသူကလည်း

လူတွေက ကြမ်းပြင်ပေါ်မှာ အားလုံး လဲနေတာ တွေ့တယ် ၊ အလောင်းတွေလဲ ဆင့်နေပြီး သစ်သားစတွေလည်း ပြန့်ကျဲနေတာ တွေ့ရတယ် ။ ကိစ္စ ဖြစ်ပြီး ခြောက်မိနစ်လောက်ကြာတော့ ရဲတွေ ရောက်လာတာပဲ ။ လူနာတင် ယာဉ်တွေကတော့ ခပ်မြန်မြန် ရောက်လာတော့ ကျနော်တို့တွေ ရှင်းတာ လင်းတာ စလုပ်ကြတာပေါ့လို့ ပြောသွားပါတယ်။

အခု တိုက်ခိုက်မှုကို ကျူးလွန်သူလို့ သံသယ ဖြစ်ခံနေရသူဟာ ရွေ့ပြောင်း ၀င်ရောက်လာတဲ့ ဒုက္ခသည် တယောက် ဖြစ်တာကြောင့် ဒီ ဒုက္ခသည်ကို လူသားချင်း စာနာမှု အရ အကူအညီပေးဖို့ ဉီးဆောင်ခဲ့တဲ့ ၀န်ကြီးချုပ် အန်ဂလာ မာခဲလ် အတွက် အခက်ကြုံစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ခိုလှုံခွင့် တောင်းခံထားသူ တယောက်က ဒီတိုက်ခိုက်မှုကို ကျူးလွန်တယ် ဆိုတာ သေချာရင်တော့ အရမ်းကို စိတ်ပျက်မိမှာဘဲ လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် က ပြောပါတယ်။

အခုနှစ် အတွင်း ဂျာမနီမှာ အစ္စလမ် ဝါဒီ စစ်သွေးကြွ တွေရဲ့ အလားတူ တိုက်ခိုက်မှု တော်တော် များများ ဖြစ်ခဲ့ပြီး လူတွေဆယ်ဂဏန်းနဲ့ချီ သေဆုံးခဲ့သလို ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် ဘာလင်မြို့က တိုက်ခိုက်မှုကတော့ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပြင်သစ်နိုင်ငံ နီးစ် မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ အလားသဏ္ဍာန် တူတဲ့ လူအုပ်ရှိရာကို လော်ရီကားနဲ့ တဟုန်ထိုး ၀င်တိုက်ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နီးစ် မြို့တော်ဝန်ကလည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.