ခရစ္စမတ်ကာလ ပြေးလွှားနေရတဲ့ စစ်ရှောင်တွေဘဝ

ကချင်ဒုက္ခသည်ကလေးငယ်များ။
ကချင်ဒုက္ခသည်ကလေးငယ်များ။

 ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမကြာခင်ကျရောက်တော့မှာ ဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာတော့ တိုက်ပွဲတွေ မစဲနိုင်သေးတဲ့အတွက် အားလပ်ရက်ရာသီကို မဆင်နွှဲနိုင်ပဲ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလို အခါသမယမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်ကြဖို့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေသူတွေကို တိုင်းရင်းသားလူမှုအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် ကဆက်ပြောပြပေးပါမယ်။

ဒီကနေ့ စနေမနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပြီးစစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက စစ်ရေးတင်းမာမှုတွေကြောင့် အသက်လုပြီး ပြေးနေရတဲ့ အချိန်ဟာ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ခရစ္စမတ်ကာလ ဖြစ်သလို၊ မကြာခင်မှာ ၂၀၁၆ ကုန်ဆုံးတော့မယ့် နှစ်သစ်ကူးကာလ ရောက်တော့မှာ ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုစေချင်တယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

“ ကွတ်ခိုင်ပတ်ဝန်းကျင်မှာက နီးနေတော့ သေနတ်သံတွေကြားရတယ်။ တိုက်ပွဲတွေဖြစ်နေတယ်လို့ကျမတို့သိရတယ်။ အဲ့ဒီလိုပဲကျမတို့ ကချင်ဒေသမှာ ရှိနေတဲ့ ဒုက္ခသည် တသိန်းကျော်ဆိုရင်လည်း ကျီးလန့်စာစားနဲ့ ဘယ်အချိန်ဆိုရင် မသွားကြနဲ့၊ဘယ်နေရာဆိုရင်မသွားကြနဲ့ဆိုတဲ့အကန့်အသတ်တွေကြားထဲမှာနေနေရတယ်လို့ ကျမတို့သိရပါတယ်။ ဒီလိုကိုယ့်လူမျိုးတွေဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ကာလတွေမှာတိုက်ပွဲတွေဖြစ်ပြီးတော့မှ ပြေးလွှားနေရတယ်။နောက်ပြီးတော့အခြေခံစားဝတ်နေရေးကအစ၊လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း လုံးဝ မရရှိနေတဲ့အခြေအနေတွေ၊ တနှစ်ထဲမဟုတ်တော့ဘူးပေါ့။ ကျမတို့ ဒါ ခုဆိုရင် ငါးနှစ်ကျော်၊ ခြောက်နှစ်ထဲကိုရောက်လာပြီ။ ဆိုတော့ အဲ့လိုမျိုး ကာလရှည်ကြာနေတာဟာ ကလေးတွေအတွက်ပိုပြီးတော့မှ စိတ်ဒဏ်ရာဟာ ပိုပြီးတော့ကြီးပါတယ်။ တခြားသူတွေပျော်သလိုမျိုး၊ တခြားသူတွေ အများစုပေါ့၊ ခရစ္စမတ်ကာလမို့လို့ ရုံးပိတ်ကြ၊ ကျောင်းပိတ်ကြ၊ အပျော်ခရီးတွေထွက်ပြီးတော့ ကျေးဇူးတော်ချီးမွှမ်းရမယ့်ကာလမှာ သူတို့မှာတော့ မပျော်ရွင်နိုင်ဘူး။ ကျေးဇူးတော်ချီးမွှမ်းခွင့်မရဘူးပေါ့နော်။ အဲ့တာဟာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ “

အခုလိုတိုင်းရင်းဒေသတွေမှာစစ်မီးမငြိမ်းနိုင်သေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးဖော်ဆောင်နေတဲ့တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်ကို အယုံအကြည်မဲ့စေပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုလမ်းကြောင်းကို သွေဖည်စေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိပါးစေတဲ့အဖြစ်တွေဖြစ်တယ်ဆိုတာကိုလည်း ချင်းပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီးလည်း ဒီဇင်ဘာ၂၃က ကြေညာချက် ထုတ်ခဲ့ပါတယ်။ အထူးသဖြင့် အခုလို ခရစ္စမတ်ကာလမှာ ကချင်နဲ့ ရှမ်းမြောက်ဘက်က စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ ဘေးကင်းပါစေကြောင်း ချင်းတိုင်းရင်းသားတွေအနေနဲ့ ဆုမွန်ကောင်းတောင်းပေးပါတယ်လို့လည်း ချင်းလူမှုအဖွဲ့အစည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ဇိုမီးလူငယ်များအသင်း အတွင်းရေးမှူး ဦးထန်ဗန်းလျန်က ပြောပါတယ်။

“နေ့တိုင်း ဆုတောင်းတဲ့အခါတိုင်းမှာ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ပေါ့နော်။ ခရစ္စမတ်အချိန်မှာလည်း၊ နှစ်သစ်ကူးအချိန်မှာလည်း ကျနော်တို့တကယ့်ကို ဆုတောင်းပေးပါတယ်။ ဆုတောင်းနေပါတယ်။ ကျနော်တို့ ဒီကနေ အဝေးကနေပြီးပေါ့နော် ဆုတောင်းပေးပါတယ်။ ချက်ချင်း စစ်ပွဲရပ်ပါစေပေါ့နော်။ မြန်မြန်ငြိမ်းချမ်းပါစေ။ ဘ၀တွေလည်း ပြန်ပြီးတော့တည်ဆောက်နိုင်ပါစေ။ ကောင်းကောင်းနေနိုင်ပါစေ။ ငြိမ်းချမ်းပါစေလို့ပဲ ကျနော်တို့ခရစ္စမတ်အချိန်အခါနဲ့ ဒီအချိန်အခါမှာ ကျနော်တို့ ဆုတောင်းပေးပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပါတယ်။ ”

စစ်ဘေးကြောင့် နှစ်ချီတိမ်းရှောင်နေရဆဲ ဒုက္ခသည်တွေအပြင် လတ်တလော စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် အခုဆိုရင် ဆောင်းရာသီလို အေးလှတဲ့ ရာသီဥတုဒဏ်အပြင် စားနပ်ရိက္ခာအခက်အခဲတွေလည်းဖြစ်နေတာကြောင့် ဒုက္ခသည်တွေ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာစားနပ်ရိက္ခာတွေ အမြန်ဆုံးအကူအညီပေးစေလိုပါတယ်လို့လည်း ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးနဲ့တရားမျှတရေးအဖွဲ့က ဦးသောမတ်စ်ထန်ရှမ်းမုန် ( Thomas Htang Shan Mong- Catholic Bishop) က ပြောပါတယ်။

“IDP တွေကို ကျနော်တို့ အစိုးရက လျစ်လျူရှုမထားဖို့ တောင်းဆိုချင်ပါတယ်။ ဒီလိုအရေးယူ ဆောင်ရွက်ပေးဖို။နောက်ပြီးတော့ ဒီတပ်မတော်ပိုင်းပေါ့လေ။ တဘက်နဲ့တဘက် ထိုးစစ်တွေရပ်တန့်ထားဖို့အတွက် ကျနော်တို့ အဲ့တာကိုအထူး ဦးစားပေးတောင်းဆိုချင်ပါတယ်။ ဒီ UN(ကုလသမဂ္ဂ) ကအစားအသောက်တွေကိုလည်း တဘက်ကို ရောက်ရှိဖို့ရာ ခက်ခဲနေတာကြောင့် စားနပ်ရိက္ခာနဲ့၊ သူတို့ရဲ့ Refugees တွေရဲ့  ဘာဖြစ်လို့လည်းဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်နေတာကတကြောင်း၊ နောက် သူတို့ထွက်ပြေးနေရတာကတကြောင်း၊ နောက် ကျနော်တို့ ဒီစားနပ်ရိက္ခာအတွက် စိုးရိမ်နေတာက တကြောင်းပေါ့၊ ဟိုဘက် ဒီဘက်နဲ့ လုံခြုံမှုမရှိတဲ့ အချိန်အခါပေါ့၊ လုံခြုံရေးပေါ့လေ။ ဒီအရာတွေအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။”

အရပ်သားအစိုးရလက်ထက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ၂၁ရာစု ပင်လုံအခြေခံပြီး အခုဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ NCA လက်မှတ်ရေးထိုးပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြချိန်မှာပဲ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းဒေသတွေမှာ ထိုးစစ်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေဆဲ စစ်ရေးတင်းမာမှုအနေအထားအပေါ် ငြိမ်းချမ်းရေးလှုပ်ရှားသူတွေနဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက စိုးရိမ်နေကြပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ငြိမ်းချမ်းရေးကိုရှေးရှု့ပြီး တာဝန်ယူလုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြတာာဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.