ငြိမ်းချမ်းရေး လိုချင်စိတ်ထက် သံသယများ ပိုမိုကြီးမားနေခြင်းကြောင့် ငြိမ်းချမ်းရေးကို မယူရဲခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


တိုင်းရင်းသားများသည် အေးအေးဆေးဆေး နေလိုပြီး ငြိမ်းချမ်းရေး လိုချင်သော်လည်း အချို့မှာ ငြိမ်းချမ်းရေး လိုချင်သည့် စိတ်ဓာတ်ထက် သံသယများ ပိုမိုကြီးမား နေခြင်းကြောင့် ငြိမ်းချမ်းရေးကို မယူ ရဲခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီဇင်ဘာ ၁ ရက် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ သည်။

“သာမာန် ပြည်သူပြည်သားတွေ ကတော့ ဘယ်တိုင်းရင်းသား အုပ်စုကပဲ မဆို အေးအေးဆေးဆေးပဲ နေချင်တယ်။ ငြိမ်းချမ်းရေးပဲ သူတို့ လိုချင်တယ်။ ဒါကတော့ ဘယ်မှာ သွားကြည့်ကြည့် သိပါလိမ့်မယ်။ ဒါပေမယ့် တချို့က ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ဓာတ်ထက် သံသယတွေကပိုပြီးကြီးနေတဲ့ အခါကျတော့ ငြိမ်းချမ်းရေးကို မယူရဲတာလို့ပဲ ကျွန်မ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၁ ပင်လုံ ပထမ အကြိမ် ကျင်းပခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာမှု အပေါ် လတ်တလော ကာလအတွင်း ထောက်ပြသူ အချို့လည်း ရှိနေသည်။

တိုက်ပွဲများသည် နိုင်ငံအတွင်း ဖြစ်နေသည်မှာ ကြာနေပြီဖြစ်ပြီး တိုက်ပွဲဖြစ် တိုင်း ကြောက်နေပါက အစကတည်းက ၂၁ ရာစုပင်လုံကို လုပ်မည် မဟုတ်ကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ၂၁ ရာစု ပင်လုံညီလာခံကြီး မည်မျှလိုအပ်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“နောက် ကျွန်မတို့ ထပ်ပြီးကြိုးစားမယ်၊ ပိုပြီးတော့ ကြိုးစားမယ်။ ကျွန်မတို့ အခြေခံအားဖြင့်တော့ ဒီလို အချင်းချင်းကြားမှာ တိုက်ပွဲတွေ၊ မကျေနပ်မှုတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျွန်မတို့ သမိုင်းမှာ အချင်းချင်းကြား နားလည်မှု မယူနိုင်လို့ပါ။ နားလည်မှုမရှိဘဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျွန်မတို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ရန်မှာ ညီလာခံက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန်းခွန်းထဲတွင် ထည့်ပြောခဲ့သကဲ့သို့ အမှန်တကယ် စေတနာ လည်းရှိ၊ ပညာလည်းရှိ၊ သတ္တိလည်း ရှိပါက ငြိမ်းချမ်းရေးကို ရအောင်ယူ မည် ဖြစ်သည်။ ငြိမ်းချမ်းရေးကို ရအောင်မယူလျှင် စေတနာနည်း ၍ သော်လည်းကောင်း၊ ပညာနည်း၍ သော်လည်းကောင်း၊ သတ္တိ နည်း နေသည်လား ဆိုသည်ကို မေးရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ဒီတော့ စေတနာနည်းနေလို့ရှိရင် ကျွန်မတို့ အနေနဲ့ စေတနာပြ ပြီးတော့ စေတနာ ပိုပွားအောင် လုပ်ရမယ်၊ ပညာနည်းနေလို့ ရှိရင် (ပညာဆိုတာ ကျွန်မ အတန်းပညာကို ပြောနေတာ မဟုတ်ပါဘူးနော်) ဆင်ခြင်တုံတရားပေါ့၊ ကိုယ့်ရဲ့ အသိုင်းအဝိုင်းထက် ကိုယ့်ရဲ့နိုင်ငံအတွက် တကယ် ဘယ်မှာ လိုအပ်သလဲ၊ ဘာ ကျွန်မတို့ နိုင်ငံအတွက် ကောင်းမလဲ ဆိုတဲ့ ပညာကို ပျံ့ပွားအောင်လို့ ကျွန်မတို့ လုပ်သွားရမယ်၊ သတ္တိနည်းနေ တယ် ဆိုရင်တော့ ပြည်သူ ပြည်သား တွေက ဝိုင်းပြီးတော့ သတ္တိလေးတွေ ထိုးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယင်းသို့ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ယင်းသို့ ပြောဆိုပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းတွင် တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းခဲ့ရာ တိုက်ပွဲဖြစ်နေ သည့် အဖွဲ့ ၄ ဖွဲ့အနက် အဖွဲ့ ၃ ဖွဲ့နှင့်သာ အစိုးရဘက်မှ ဆွေးနွေးမည်ဟု ဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမှာ ပျက်ပြယ်ခဲ့ရသည်ဟု တအာင်းပလောင် အမျိုး သား တပ်ဖွဲ့ TNLA / PSLF မှ အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော် က The Ladies News သို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် ကိုးကန့် ၊ အေအေ ရခိုင်နှင့် တအာင်းပလောင် TNLA တို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အခြားအဖွဲ့များ နည်းတူ တန်းတူပါဝင်ခွင့် အတွက် ယခင်အစိုးရ လက်ထက်ကတည်းက ကန့်သတ်ခံထားရခြင်း ဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.