“မန္တလေးက နှုတ်ခမ်းမွေး ဦးလူမော် အစိုးရသစ်ကို တိုးတိုးတိတ်တိတ် အကြံပေးသွားမယ်” - လူရွှင်တော်ဦးလူမော်(နှုတ်ခမ်းမွေးညီနောင်)နှင့် တွေ့ဆုံခြင်း




နိုင်ငံရေးဆိုသည်မှာ လူတိုင်းနှင့်ဆိုင်သည်။ နယ်ပယ်မျိုးစုံမှာ ရုန်းကန်လှုပ်ရှားနေခြင်းက မိမိနိုင်ငံ၏ နိုင်ငံရေး လုပ်နေကြခြင်းဖြစ်သည်။ လူမှုဒုက္ခတွေ့ကြုံသမျှနှင့် အုပ်ချုပ်သူတို့၏ အားနည်းချက်များကို ထောက်ပြဝေဖန် နေသော သဘင်အနုပညာနယ်ပယ်မှ လူရွှင်တော်များသည် လက်စွမ်းထက်သူများဖြစ်သည်။ လူထုကို စည်းရုံးသည့်နေရာမှာလည်း ထိရောက်သည်။ မြန်မာ့နိုင်ငံရေးလမ်းကြောင်းတွင် အာဏာရှင်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်သူတို့ ခံစားချက်ကို လူရွှင်တော်များက မီးရောင်အောက်တွင် ဖော်ထုတ်ကြသည်။ ပြက်လုံးထုတ်၍ ထောက်ပြ သည်ကို အုပ်ချုပ်သူ လူတန်းစားက မျက်စိ-စပါးမွှေးစူးသဖြင့် ထောင်သွင်းအကျဉ်းချခံရသူ လူရွှင်တော် များရှိခဲ့သည်။ ပါပါလေးသည် ၂၀၁၃ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ညီဖြစ်သူ နှုတ်ခမ်းမွေးလူမော်မှာ ကျန်းမာပကတိချမ်းသာစွာဖြင့် မန္တလေးမြို့တွင် နေထိုင်လျက်ရှိရာ 'နှုတ်ခမ်းမွေး'ဘွဲ့ရထားသော လူရွှင်တော်ဦးလူမော်နှင့် News Watch မှ တွေ့ဆုံခဲ့ရာ အားပါးတရ ဤသို့ဖြေကြားခဲ့ပါသည်။

“နှုတ်ခမ်းမွေးညီနောင် လူရွှင်တော်”

ကျွန်တော်တို့က ရွှေဘိုသားသဘင်မျိုးရိုးပါ။ အဘိုးကလည်း အရပ်ဇာတ်မှာ တောရွာလူရွှင်တော်၊ အဖေက လူရွှင်တော်၊ အစ်ကိုနဲ့ကျွန်တော်တို့လည်း လူရွှင်တော်၊ ညီမဖြစ်သူက မင်းသမီး၊ ညီတယောက်က မင်းသား ဆိုတော့ သဘင်မျိုးရိုးစဉ်ဆက်ပဲ။ အဖေက ''ရွှေဝါ''အငြိမ့်ထောင်တော့ အစ်ကိုပါပါလေးက လူရွှင်တော်။ ကျွန်တော်က ထမင်းချက်။ အဲဒီကနေ ကျွန်တော် လူရွှင်တော်လုပ်တော့ ညီဖြစ်တဲ့ ကိုလူဇော်က ထမင်းချက်ပေါ့။ တယောက်ပြီးတယောက် တဆင့်ပြီးတဆင့် လူရွှင်တော်အဆင့် တက်လာတယ်။
ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က နှုတ်ခမ်းမွေးနဲ့ဆိုတော့ စာရေးဆရာ Guide Book ရေးတဲ့သူက အဲလို ရေးတယ်။ ဒီရပ်ကွက်ကြီးက မန္တလေးမှာဆိုရင် အနုပညာရှင်တွေ စုဝေးနေထိုင်ရာ ဟောလီးဝုဒ်ကြီးလို့ ရေးပြီး အငြိမ့်ဆိုင်းသဘင်သမားတွေရှိတယ်။ ၁၉၆၅ လောက်ကဆိုရင် ၈၁ လမ်းနဲ့ ၃၉ လမ်းက အများဆုံး။ ၃၀ ကျော် ရှိတယ်။ ၁၉၇၀ ၀န်းကျင်က ခုလက်ရှိမှာ ၄ ငြိမ့်ပဲရှိတော့တယ်။ နောက် ၁၀ နှစ်ကျော်ဆိုရင် ပျောက်သွား လိမ့်မယ်။

''ထောင်သုံးခါထွက်သူ ပါပါလေး''

အစ်ကိုဖြစ်တဲ့ ပါပါလေး လူရွှင်တော်နာမည်က 'ပါတီလေး'နဲ့ အငြိမ့်ကတယ်။ မဆလလက်ထက်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ ပါတီနာမည်ကြောင့် ပါတီလေးကနေ ပါပါလေးဖြစ်သွားတယ်။ နှုတ်ခမ်းမွေးပါပါလေးက သုံးကြိမ်အဖမ်းခံခဲ့ရတယ်။ ၁၉၉၀ မှာ တခါ။ ရွေးကောက်ပွဲကာလမှာ အငြိမ့် ပြက်လုံးတခုကြောင့် ထောင်ခြောက်လကျခဲ့တယ်။ မမစု(ဒေါ်အောင်ဆန်းစုကြည်)အိမ်အတွင်းမှာ ဖျော်ဖြေပြီးနောက် ထောင်(၇)နှစ်နဲ့ ရဲဘက်ပို့ခံရတယ်။

“အိမ်ဟောင်းကြီးကိုပြင်နေသည့် အစိုးရ”

အရပ်သားအစိုးရအသစ်သက်တမ်းနုချိန်မှာ ကျွန်တော့်အမြင်အရ အမှားမရှိသေးလို့ ပြက်လုံးမထုတ် ချင်သေးဘူး။ ခုဟာက အရင်အစိုးရ လက်ထက်က သုမနကျောမှာ ဒဏ်ရာတွေက များလွန်းနေတယ်။ အစိုးရ သစ်က အိမ်ဟောင်းကိုပြင်နေရတာကြောင့် အပြင်ရခက်တယ်ဗျ။ 'အိမ်ရာအပျက်- အပြင်ခက်' ဆိုရိုးစကား ရှိတယ်။ ၀န်ထမ်းတွေ လာဘ်စားတာရှိသေးပေမဲ့ လက်တွဲလုပ်နေရတာ ၀န်ကြီးဌာနရဲ့ အထက်ပိုင်းမှာ ပြောင်းပေမဲ့ အောက်ပိုင်းမှာ ကျန်နေဦးမှာပဲ။ ဒါကို မပြောလိုဘူး။
ဘယ်နိုင်ငံဖြစ်ဖြစ် စစ်တပ်ဆိုတာရှိရတယ်။ ကျွန်တော်တို့မကြိုက်တာက တပါတီ/အာဏာရှင်အစိုးရကို မကြိုက်တာ။ အရပ်သားအစိုးရတက်လာချိန်မှာ သိပ်ပြီးအပြစ်မပြောချင်သေးတာက အိမ်သစ်ဆောက်တာ မဟုတ်ဘဲ အိမ်ဟောင်းကြီးပြင်ရတဲ့ အစိုးရပဲ။

“မှားရင်ထောက်ပြမည်”

လူရွှင်တော်ဆိုတာဖျော်ဖြေရေးအပြင် အုပ်ချုပ်ရေးဘက်ကမှားရင် တည့်သွားအောင်ထောက်ပြရမယ်ဆိုတာ အနုပညာသမားရဲ့တာဝန်ပဲ။ အုပ်ချုပ်ရေးမှာ အထက်ပိုင်း/ အလယ်ပိုင်း/ အောက်ပိုင်းမှားနေတာ။ လိုအပ် တာတွေရှိမယ်။ လူရွှင်တော်ဆိုတာ ဘယ်အစိုးရတက်တက်၊ အုပ်ချုပ်ပါစေ မှားတာတွေ့ရင် စေတနာနဲ့ အမှားပြင်စေချင်လို့ အပြုသဘောနဲ့ ထောက်ပြတာ။ မန္တလေး/ ရန်ကုန်လူရွှင်တော်တွေက ပြက်လုံးထုတ်ပြီး ထောက်ပြပေးပါလိမ့်မယ်။ ခုလက်ရှိမှာ လမ်းတွေက မကောင်းတာတွေရှိတယ်။ လျှပ်စစ်မီးလည်း မှန်စေချင် တယ်။ လမ်းလည်းကောင်းစေချင်တယ်။ ခုဒါတွေကို လူကြီးတွေသိအောင် ပြက်လုံးတွေထုတ်နေကြပြီ။

“တာထွက်နေသည့် အစိုးရ”

အရပ်သားအစိုးရရဲ့ သုံးနှစ်ကြာလောက်ဆိုရင် ထောက်ပြလို့ရပြီ။ ခုဟာက တာအထွက်ပဲရှိသေးတယ်။ ကလေးမွေးပြီး ချက်ချင်းလမ်းလျှောက်လို့ ဘယ်ရမလဲ။ လေးဘက်ထောက်မယ်၊ ထိုင်မယ်၊ ရပ်မယ်၊ လမ်းလျှောက်မယ်။ အဆင့်ဆင့်သွားရမှာကို လေးဘက်ထောက်ချိန်မှာ ပြေးခိုင်းလို့မရဘူး။ ခုရေတွင်းတူး-ခုရေကြည်သောက်လို့ မရဘူး။ တိုးတိုးတိတ်တိတ် အကြံပေးသွားမယ်။ အပြစ်မပြောချင်သေးဘူး။ ပြုပြင်ရေး တွေ အများကြီးလုပ်နေရတဲ့အချိန်လေ။

“ပြည်သူ့လူရွှင်တော်”

တပါတီခေတ် မတိုင်မီကတည်းက ဆီ၊ ဆန်၊ ဆားက ရှားတာကိုး။ ပြည်သူတွေရဲ့ခံစားချက်ကို အငြိမ့်ခုံပေါ် ဆွဲတင်ပြီး ထုတ်ဖော်ကြတယ်။ စစ်အရာရှိတွေက အမှန်ကိုပြောတဲ့ ဟာသကို မခံစားတတ်သလို မှားမှားမှန်မှန် ဝေဖန်တာ မကြိုက်ဘူး။ အဲဒါကို နိုင်ငံရေးပြက်လုံးလို့ ခေါ်တယ်။ ပြည်သူတွေ ခံစားချက်နဲ့ အုပ်ချုပ်တဲ့ အစိုးရ မှားနေတာတွေကို ပြင်ဆင်ဖို့ တင်ပြတာကို နိုင်ငံရေးပြက်လုံးဆိုပြီး ပုဒ်မတပ်ပြီးဖမ်းတာ။ အမှန်တော့ ပြည်သူ တွေရဲ့ Daily Life ပေါ့။
လူရွှင်တော်ဆိုတာ ဘယ်အစိုးရတက်တက် အစိုးရလူရွှင်တော်မဖြစ်ရဘူး။ ပြည်သူ့လူရွှင်တော်ဖြစ်ရမယ်။ ပြည်သူဆိုတဲ့ ပရိသတ်ဆီက ထမင်းစားနေသူတွေပဲ။ ခုအခြေအနေမှာတော့ အိမ်ဟောင်းကြီးပြင်နေရတဲ့ အစိုးရသစ်ကို ပြက်လုံးမထုတ်သေးဘဲ တွေ့မြင်နေရတဲ့ လိုအပ်ချက် တွေကို တိုးတိုးတိတ်တိတ် အကြံပေးမယ်။ နောက်ကြာလာရင်တော့ အငြိမ့်ခုံစင်မြင့်မှာ ပြက်လုံးတွေနဲ့ ထောက်ပြပြောဆိုရမှာက ပြည်သူ့လူရွှင်တော်တွေ ပေါ့ဗျာ။

(ခိုင်ဆက်ဝေ တွေ့ဆုံမေးမြန်းသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.