နိုင်ငံတော် လုံခြုံရေးကောင်စီလုပ်မှ ပိုဆိုးသွားတဲ့ ပြည်တွင်းစစ် || လှမျိုးထွန်း ||


၁၃ ပါတီက တိုင်းပြည် ပျက်တော့မည့်ပုံစံမျိုးဖြင့် ကာကွယ်ရေးနှင့်လုံခြုံ . ရေးကောင်စီ ကို အမြန်ဆုံး ခေါ်ဖို့ ကြေညာချက် ထုတ်ပြန်တာ ကို တွေ့ရသောအခါ တွေးစရာတွေ တသီတတန်းကြီး ဖြစ်လာသည်။ အဖြစ်အပျက်တွေက လွန်ခဲ့သော နှစ်ပေါင်း ၇၀ နီးပါးက နိုင်ငံရေး အကျပ်အတည်းနှင့် အတော်ဆင် တူလေသည်။ ထိုအဖြစ်အပျက် ကို ပြန်လည်အမှတ်ရဖို့ ကောင်းသည်။ ယနေ့တိုင် မပြီးနိုင်အောင် သွေး ချောင်း စီးခဲ့ရတဲ့ ပြည်တွင်းစစ်၊ တပ်မတော် အကွဲအပြဲနှင့် နိုင်ငံရေးသင်ခန်းစာတွေ အများအပြား ရရှိခဲ့ရသည့် ၁၉၄၈-၄၉ လွတ်လပ်ရေး ခေတ်ဦးက အစိုးရအဖွဲ့နှင့် ပါလီမန်ကို ကျော်လွှားကာ လုံခြုံရေးကောင်စီ၏ တောင်းဆိုချက် ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇူလိုင်လ လွတ်လပ်ရေးရပြီး ၆ လ ကျော်အကြာတွင် ဝန်ကြီးချုပ်ဖြစ်သူက နုတ်ထွက်စာ တင်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သော ပါလီမန်ဒီမိုကရေစီခေတ်၌ နိုင်ငံ၏ အုပ်ချုပ်ရေး အကြီးအကဲ ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်စာတင်ခဲ့တာ အမှန်ပင်ဖြစ်ခဲ့လေသည်။ သူက ကာကွယ်ရေးဝန်ကြီး ဖြစ်သူအား သူ၏ ရာထူးကိုလွှဲပြောင်းပေးရန် ရည်မှန်းထားသည်။ ထိုသူကား အခြားမဟုတ်၊ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တပ်မတော်ကို ယုံကြည်စိတ်ချစွာ လွှဲအပ်ပေးခဲ့သော ဗိုလ်လက်ျာပင်ဖြစ်၏။ သူက လွတ်လပ်စ မြန်မာပြည်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ရာထူးကို ပူးတွဲထမ်းဆောင်နေသူ ဖြစ်လေသည်။

ထိုအခါ နိုင်ငံတော်လုံခြုံရေး ကောင်စီက အစည်းအဝေးလုပ်ပြီး ဝန်ကြီးချုပ်ထံ တောင်းဆိုချက်တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော် လုံခြုံရေးကောင်စီတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာ၊ ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း၊ ရဲချုပ်ဦးထွန်းလှအောင်နှင့် ပြည် ထဲရေးဝန်ကြီးဌာန အတွင်းဝန် ဦးကာစီ တို့ပါဝင်ကြလေသည်။ နိုင်ငံတော် လုံခြုံရေးကောင်စီအနေဖြင့် ဆိုရှယ်လစ်ပါတီနှင့် ပြည်သူ့ ရဲဘော်ခေါင်း ဆောင်များ မပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးရန် သူတို့က ဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြသည်။ ပြသ၁နာပေါင်းစုံကို မီးမွှေးပေးလိုက်သော တောင်းဆိုချက်ပင် ဖြစ်တော့သည်။

လွတ်လပ်စ ၆ လသား မြန်မာနိုင်ငံတော်တွင် ထိုစဉ်အချိန်က ပြည်တွင်း လက်နက်ကိုင် ပုန်ကန်မှု အနည်းငယ် ရှိသော်လည်း ပြောပလောက်အောင် အင်အားကြီးမားသည်မဟုတ်။ လွတ်လပ်ရေးမရခင် လက်နက်ကိုင် တိုက်ပွဲနေသော အလံနီကွန်မြူနစ် အနည်းငယ်နှင့် တောခိုခါစ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ သာရှိသည်။ ရခိုင်ပြည်တွင် မူဂျာဟစ်လက်နက် ကိုင် သူပုန်နှင့် ရခိုင်ကွန်မြူနစ် အင်အား အနည်းငယ်ရှိသော် လည်း စစ်တပ်ကနိုင်နင်းစွာ ကိုင်တွယ်ချေမှုန်းခဲ့သောကြောင့် လက်နက်ချသူ ချ၊ ဘင်္ဂလားဘက်ပြေးသူ ပြေးနှင့် မြို့ရွာများ အခြေမပျက်နေနိုင်သော အခြေအနေ ဖြစ်သည်။

ယနေ့ခေတ် ပါတီကိုယ်စားပြု ခေါင်းဆောင်တစ်ဦးစီ လက်မှတ်ထိုးထားသော ၁၃ ပါတီ၏ ကြေညာချက်တွင် မြန်မာပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းနယ်စပ် အနီး၌ ဖြစ်ပွားနေသော စစ်ပွဲများကို အဓိကထားကာ အရေးပေါ် အခြေအနေသတ်မှတ်ဖို့၊ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး တပ်မတော်ကို လုပ်ပိုင်ခွင့်ပေးဖို့ အကြောင်းတွေ ရေး သားထားသည်။ ယင်းပါတီများ က လာမည့်ဧပြီလတွင် လုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်မဝင်စား၊ လွှတ်တော်တွင်း အတိုက်အခံ လုပ်ဖို့ကလည်း အမတ်အင်အား ဖြိုးတိုးဖျောက်တောက်၊ ရာသီပေါ် ပါတီဝင်တွေ ကလည်း ကြက်ပျောက်ငှက် ပျောက်ဖြစ်ကုန်တာမို့ လက်ရှိအစိုးရကို နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် လုပ်နေတာ ဟု ဝေဖန်သူတွေ ကလည်း ဝေဖန်သည်။

လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ပတ်သက်၍ အထောက်အထားပြုစရာ စာအုပ်စာတမ်း တွေ ပေါများလွန်းသော်လည်း လွတ်လပ်ရေး ခေတ် လွန်ကာလ နိုင်ငံရေးနှင့် ပတ်သက်သော မှတ်တမ်းတွေက အလွန်ရှားပါး သည်။ ၁၉၅၈ တစ်ကြိမ် ၁၉၆၂ တစ်ကြိမ် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထုတ်ဝေသောစာ အုပ်များနှင့် သမိုင်းမှတ်တမ်းများတွင် ဖြစ်ရပ်မှန် ကို ရေးသားသည်ထက် လိုရာဆွဲ ရေးသားထားတာက များ သည်။ အာဏာရှင်ကြီးအတွက် ထိခိုက်လွယ်သော အကြောင်းအရာများကို ထိမ်ချန်ရေးသားလေ့ရှိသလို တပ်မတော်၏ အာဏာသိမ်းမှုတိုင်းကိုလည်း လိုအပ်ချက်အရ "နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာဘဲ ထိန်းသိမ်းခဲ့ရသည်" ဟု ရေးလေ့ရှိသည်။

ယခုလတ်တလော ပေါ်ပေါက်လာသော ၁၃ ပါတီ၏ ပူးတွဲ တိုက် တွန်းကြေညာချက်တွင် လည်း "မလွှဲမရှောင်သာသော အခြေအနေ" ဆိုသည့် နိဂုံးပုံစံမျိုး ရောက်အောင် ပြည်တွင်းရန်၊ ပြည်ပရန်များကို ပုံကြီးချဲ့ ရေးသား ထားသည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် မြို့ပေါ်ရာဇဝတ်မှုများ၊ လူထု အလွန်စက်ဆုတ်ရွံရှာသော သက်ငယ် မုဒိန်းမှုများကလည်း အပတ်စဉ်လိုလို လူမှုကွန်ရက်တွင် ပွထနေပြန်သည်။ ပုံမှန်သတင်းတင်ဆက်မှု မဟုတ်ဘဲ အများပြည်သူ ကြည့်ရှူရန်မသင့်သည့် ဓာတ်ပုံ၊ ဗီဒီယိုတွေ ဖြစ်နေတာကလည်း သံသယဖြစ်စရာ ကောင်း၏။ လူအသေအပျောက် မရှိသော ထိတ်လန့်စရာ ဗုံးပေါက်ကွဲမှုတွေကလည်း မြို့တော်ဟောင်း၏ လွှတ်တော်ဝင်း အတွင်းတိုင် ရောက်ရှိလာခဲ့ချိန် ဖြစ်သည်။ ဒီလိုအချိန်မျိုးတွင် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီခေါ်ဖို့ ပူးတွဲကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သို့သော် ရန်ကုန်လူထုက ဒါတွေ စိတ်မဝင်စားနိုင်၊ ညဈေးတန်းမှာ မုန့်သွား စားဖို့၊ မြန်မာ အသင်း ဘောလုံးပွဲ အားပေးဖို့နှင့် မင်္ဂလာပါပွဲတော်ကို သွားကြည့်ဖို့လောက်သာ အာရုံရောက်နေတော့ ခေတ် စကားနှင့် ပြောသော် "ဂွမ်း" သလောက် နီးနီးဖြစ်သွားသည်။

သည်ကိစ္စက ပေါ့သေးသေး မဟုတ်။ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မကို အသက် သွင်းဖို့ အားထုတ်နေခြင်း ဖြစ်သည်။ အမြော်အမြင် ကြီးမားသော အငြိမ်းစားယူသွားသည့် ဗိုလ်ချုပ်မှူးကြီးက မည်သည့် အကြောင်းကြောင့် ထည့်သွင်း ရေးဆွဲထားသည်ကို မသိရသော် လည်း နိုင်ငံတိုင်းတွင် အရေးပေါ် အခြေအနေ ကျရောက်သည့် အခါတိုင်း လုပ်ဆောင်ရန်အတွက် အခွင့်အာဏာကို သတ်မှတ်ပေးထားသည်။ သို့သော် တော်ရုံတန်ရုံဖြင့် မည်သူမျှ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ခြင်းမရှိသလို အစိုးရမနိုင်၍ စစ်တပ်ဖြင့် ထိန်းကျောင်းခိုင်းသည့် အဖြစ်မျိုး ဒီမိုကရေစီနိုင်ငံများ မကြာခဏ လုပ်လေ့လုပ်ထ မရှိပါ။ လုပ်ခဲ့ လျှင်တောင်မှ အကန့်အသတ် တစ်ခုအတွင်းမှာသာ ဆောင်ရွက်စေခြင်းဖြစ်၏။

အမှန်ဆိုရသော် မြန်မာနိုင်ငံအတွက် စစ်အုပ်ချုပ်ရေးကို အကန့်အသတ်ဖြင့် သုံးစွဲခြင်းဖြင့် ပြသ၁နာတိုင်းကို ပြေလည်စေမည် မဟုတ်ကြောင်း မဆလ၊ နဝတ၊ နအဖ နှင့် ကြံ့ခိုင်ရေးအစိုးရ လက်ထက် စစ်အုပ်ချုပ်ရေးဖြင့် ကိုင်တွယ်ခဲ့ခြင်းများကို ပြန်လည် သုံးသပ်နိုင်ပါသည်။ ငြိမ်းချမ်းရေးလည်း မရနိုင်ပါ။ ရသော ငြိမ်းချမ်းရေးကလည်း အခွင့်အရေးနှင့် ကျည်ဆံ လဲလှယ်သော အတုအယောင် စီးပွားရေးလုပ်ကိုင်ခွင့် ငြိမ်းချမ်းသာ ဖြစ်ပါ လိမ့်မည်။

၁၉၄၈ ခုနှစ်က နိုင်ငံတော် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက် နောက် ဆက်တွဲ ပေါ်ပေါက် ခဲ့သည်များကို ဆက်ပါဦးမည်။ သူတို့၏ တောင်းဆိုချက်မှာ လက်ယာစွန်းရောက်သော အစိုးရအဖွဲ့ပေါ်ပေါက် ရန်ဖြစ်သည်ဟု ဆိုရှယ်လစ်များနှင့် ပြည်သူ့ရဲဘော်များက ယူဆခဲ့သည်။ ထိုစဉ်က ဆိုရှယ်လစ်နှင့် ပြည်သူ့ ရဲဘော် အဖွဲ့သည် ဖဆပလအဖွဲ့ချုပ်အောက်တွင် ညီညွတ်စွာ ကျန်ရစ်သောအဖွဲ့ဖြစ်သည်။ နိုင်ငံတော်လုံခြုံ ရေး ကောင်စီက "ဆိုရှယ်လစ်များကြောင့် ကွန်မြူနစ်တို့ တောခိုရခြင်းဖြစ်သည်၊ ဆိုရှယ်လစ်များ အစိုးရအဖွဲ့ တွင်းရှိနေသမျှ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကွန်မြူနစ်များနှင့် ညှိနှိုင်းဖို့မလွယ်ကူ" ဟု အကြောင်းပြသည်။

ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေးမူတစ်ခုကို ရေးဆွဲပြီး ဖဆပလအဖွဲ့ချုပ်သို့ တင်ပြသည်။ ထိုစဉ်က အစိုးရအဖွဲ့နှင့် ပါလီမန်မှာ ဖဆပလတွေချည်း ဖြစ်သည်။ နိုင်ငံတော် လုံခြုံရေးကောင်စီ၏ တောင်း ဆိုချက်ကြောင့် ဖဆပလအဖွဲ့တွင်းမှာလည်း ဂယက်ရိုက်ကုန်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးမူကို ဖဆပလအဖွဲ့ချုပ်အတွင်း ဆွေးနွေးရင်း ဝန်ကြီးချုပ်လုပ်သူ၏ မူနှင့် ပြည်သူ့ရဲဘော်မူ ဟူ၍ ကွဲပြားကုန် သည်။ အကျိုးဆက်အဖြစ် အင်အားတစ်သိန်း နီးပါးရှိသည့် ပြည်သူ့ရဲဘော် အတွင်းမှာလည်း မူ ၂ ခုကို အကြောင်းပြုပြီး ရဲဘော်ဖြူနှင့် ရဲဘော်ဝါအဖြစ် ကွဲထွက်ကုန်သည်။ ၁၉၄၈ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရဲဘော်ဖြူတို့ တောခိုခဲ့ကြသည်။

ကရင်လူမျိုး ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အပြင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ် ကလည်း ဗြိတိသျှတပ်မတော် လက်အောက်တွင် တာဝန်ထမ်းခဲ့ဖူးသော ကရင်လူမျိုးများသာ ဖြစ်နေသည့် အတွက် ဂျပန်ခေတ် ဘီဒီအေကတည်းက တပ်မတော်တွင်း ဝင်ခဲ့ကြသည့် မြန်မာတပ်မှူးများက ဂိုဏ်းဖွဲ့ ခဲ့ကြသည်။ ထိုအဖွဲ့ကို "ယူနစ်" ဟုခေါ်ကြောင်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး ချုပ် မောင်မောင်က ရေးသားခဲ့သည်။ သူတို့က ဂျပန်ပြန်ရဲဘော်သုံးကျိပ် အုပ်စုဝင်များ မဟုတ်သော်လည်း နိုင်ငံရေးသမား အများစုပါဝင်သည့် ရဲဘော်သုံးကျိပ်ကနေ သင်းကွဲဖြစ်နေသည့် ဗိုလ်ချုပ်နေဝင်းကို ခေါင်း ဆောင် တင်ထားကြသည်။ ဗိုလ်ချုပ်နေဝင်းကလည်း ကာကွယ်ရေးဦးစီးချုပ် ရာထူးကို အမြဲမပြတ် ရည်မှန်း ထားသူ ဖြစ်သောကြောင့် အလိုက်သင့်ပင် တပ်မတော်အတွင်း အင်အားကြီးမားသော ခေါင်းဆောင်ငယ်များ ကို ထိန်းထားနိုင်သည်။

နိုင်ငံတော် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက် ထွက်ပေါ်လာသောအခါ ဗိုလ်ချုပ်နေဝင်း အတွက် အခွင့်ကောင်းပင်ဖြစ်ကာ ယူနစ်အဖွဲ့ကိုစည်းရုံးပြီး လက်ဝဲညီညွတ်ရေး ကောင်စီကို တည်ထောင် သည်။ တပ်မတော် ကိုယ်စားလှယ် ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌ လုပ်ကာ သခင်သိန်းဖေ ခေါ် ကွန်မြူနစ်ပါတီ မှ ထုတ်ပယ်ခြင်း ခံထားရသူ သိန်းဖေမြင့်က အတွင်းရေးမှူးလုပ်သည်။ ထိုအဖွဲ့တွင် တပ်မတော် ကိုယ်စား လှယ်၊ ဆိုရှယ်လစ် ကိုယ်စားလှယ်၊ ကွန်မြူနစ် ကိုယ်စားလှယ် နှင့် ပြည်သူ့ရဲဘော် ကိုယ်စားလှယ်တို့ ပါဝင် သည်။ လက်ဝဲညီညွတ်ရေး ကောင်စီ၏ တောင်းဆို မှုကြောင့် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်း၊ ဗိုလ်ရန်အောင် အစရှိသူတို့ကို ဝန်ကြီးချုပ်၏ သဘောတူညီမှုဖြင့် ထောင်မှ ထုတ်ပေးကာ တောတွင်းရှိ အဖွဲ့များနှင့် စေ့စပ် ဆွေးနွေးဖို့ လွှတ်ပေးခဲ့ကြသည်။

နိုင်ငံတော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကြောင့် နိုင်ငံရေး ရှုပ်ထွေး မှုတွေဖြစ်ကုန်တာ အမှန်ပင်ဖြစ်သည်။ အစိုးရအဖွဲ့နှင့် ပါလီမန်ရှိလင့်ကစား အစိုးရအဖွဲ့အတွင်း ဟိုလူမပါရ၊ ဒီလူမပါရဖြင့် တောင်းဆိုသောအခါ စိတ်ဝမ်း ကွဲကုန်သည်။ ဗိုလ်ချုပ်နေဝင်း၏ ကာကွယ်ဝန်ကြီး ရာထူးတောင်းဆိုမှုကို ဗိုလ်လက်ျာနှင့် ဗိုလ်ချုပ်စမစ်ဒွန်း တို့က လုံးဝသဘောမတူခဲ့။ လက်ဝဲညီညွတ်ရေး ကောင်စီတွင်လည်း ကွဲစ ပြုလာသည်။ ထိုအခါ သခင်သိန်းဖေ၏ အကြံဖြင့် စစ်တပ်မှ အာဏာသိမ်းရန်နှင့် ညွန့်ပေါင်းအစိုး ရဖွဲ့ရန် ဗမာတပ်ရင်း အချို့အင်အားဖြင့် စီစဉ်တော့သည်။ မူလစီစဉ်ထားသော ရက်မှာ ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၀ ရက် နေ့ဖြစ်ကြောင်း “မြန်မာ့နိုင်ငံ ရေး ခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း” စာအုပ်တွင် ရေးသားထားသည်ကို တွေ့ ရသည်။

သို့သော် နောက်ဆုံးအချိန်တွင်မှ ဗိုလ်ချုပ်နေဝင်းက ကပ်ပြီး အာဏာ သိမ်းပွဲတွင် ခေါင်းမဆောင်လိုဟု ပြောသောအခါ "ခွကျ" ကုန်တော့သည်။ သရက်ရှိ ဗိုလ်စိန်တင်၏ တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ ဗိုလ်ရဲထွဋ်၏ တပ်ရင်း (၃) တို့က နောက်ဆုံး အခြေအနေကို မသိဘဲ တောခိုလိုက်ရ သည်။ ခေါင်းဆောင်အား လုံး ပါသည် အထင်နှင့် တပ်ရင်း (၆) မှ တပ်ဖွဲ့အချို့လည်း တောခိုရာမှာ ပါသွားသည်။ စစ်ရုံးချုပ်တွင် တာဝန် ဖြင့် ခေတ္တရောက်နေသူ ဗိုလ်မှူးကြီးဇေယျလည်း ဗိုလ်ရဲထွဋ်နှင့်အတူ လိုက်ပါသွားခဲ့လေသည်။ ရဲဘော်သုံး ကျိပ်ဝင် ထင်ရှားသော ဗိုလ်ဇေယျနှင့် ဗိုလ်ရဲထွဋ်တို့ ၂ ဦး မျက်ရည်စက်လက်ဖြင့် တောခိုခဲ့ကြရကြောင်း သိန်းဖေမြင့်၏ ကျော်ငြိမ်းစာအုပ်တွင် ရေးသားသွားခဲ့ပါသည်။ သိန်းဖေမြင့်လည်း ဩဂုတ်လ ၁၂ ရက်နေ့ တွင် ပုန်ကန်ရန် ကြံစည်မှုဖြင့် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အချုပ်ဆိုရသော် နိုင်ငံတော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကြောင့် နောက် ဆက်တွဲ အကျိုးဆက်အဖြစ် ရဲဘော်ဖြူများ တောခိုခဲ့သည်။ ရဲဘော်ဖြူအများစုမှာ ဗိုလ်ချုပ်အောင်ဆန်း စုစည်းထား သော ဂျပန်ခေတ် စစ်အတွေ့အကြုံရှိသည့် စစ်ပြန်ရဲဘော်ဟောင်းများ ဖြစ်သလို အင်္ဂလိပ်ကို ပြန်မအပ်သော ဂျပန်ခေတ်လက်ကျန် စစ်လက်နက်တွေ ရှိနေသော အဖွဲ့ဖြစ်သည်။ တော် လှန်သော တပ်မတော်အမည်ဖြင့် တောခိုတပ်ရင်းများက ပြောဖွယ် မရှိ လေ့ကျင့်ရေးပြည့်စုံသော ဘက်ပြောင်း တပ်မတော်သားများ ဖြစ်သည်။ ဒါတင်မကသေးပါ၊ တပ်မတော်တွင် ကျန်ရစ်သော ကရင်တပ်ရင်းများကလည်း အင်းစိန်တိုက်ပွဲ စတင်ချိန်တွင် ဗမာတပ်ရင်းတို့၏ ထုံးကို နှလုံးမူ ကာ နိုင်ငံတော်ကို ကာကွယ်ရမည့် သေနတ်ပြောင်းများအား အစိုးရဘက်ကို လှည့်ခဲ့လေတော့သည်။ ဤသို့ မီးကျိုးမောင်းပျက် သေနတ်များဖြင့် သူပုန်ထသော ကွန်မြူနစ်ရန်အား သာသာယာယာ နှိမ်နင်းနေရသည့် ဖဆပလ အစိုးရကို အကျပ်အတည်း အတွင်းသို့ တွန်းပို့လိုက်သလို ဖြစ် သွားတော့သည်။

အယူအဆ မတူတိုင်း၊ နိုင်ငံရေး အပေးအယူ မမျှတတိုင်း လက်နက်ကိုင် သူပုန်ထတတ် သည့် အလေ့အထကို မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်းများက ၁၉၄၈ - ၄၉ ခုနှစ်မှ စတင်ကျင့်သုံးခဲ့တာ ယနေ့ ထက်တိုင်အောင် ပင် ဖြစ်လေသည်။ ဗမာ့သေနတ်ကိုင် တပ်ရင်းအချို့၏ ပုန်ကန်မှုကြောင့် ကွန်မြူနစ်တို့ အင် အား ပိုမိုတောင့်တင်း သွားကာ နိုင်ငံရေးသာမက စစ်ရေး အတွေ့အကြုံများကိုပါ တန်ဖိုးမဖြတ်နိုင်အောင် ရသွားခဲ့သည်။ ဗမာတပ်များ၏ ခြေရာနင်းကာ တောခို ကရင်တပ်ရင်းများက အစပြုလိုက် သည့် တိုင်းရင်း သားလက်နက်ကိုင် တိုက်ပွဲသည်လည်း မီးခိုးမဆုံး မိုးမဆုံး ဖြစ်ရလေတော့သည်။

နိုင်ငံရေးတွင် ရွေးကောက်ပွဲနည်းဖြင့် နိဂုံးချုပ်သလောက် နီးနီး ပြည်သူ၏ ဒဏ်ခတ်ခြင်း ခံထားရသော ပါတီများအနေဖြင့် အစိုးရအဖွဲ့ကို အကျပ် အတည်းဖြစ်အောင် ဟိုကိစ္စအကြောင်းပြ၊ သည်ကိစ္စ အကြောင်းပြပြီး သူ့အလုပ် သူ လုပ်နေသည့် ဝန်ကြီးဌာန အသီးသီး ရှိပါလျက်နှင့် ဟိုကောင် စီခေါ်ပါ၊ သည်ကောင်စီခေါ်ပါ မလုပ်ဘဲ လာမည့်ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ပြီး ပြည်သူ့အဆုံးအဖြတ်ကို နောက်တစ်ကြိမ် ခံယူသင့်တာ အမှန်ပင် ဖြစ်ပါတော့သည်။

လှမျိုးထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.