01/01/16


“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့ ငပလီသို့ လာရောက်ခဲ့စဉ်ကလည်း ငါးထပ်တိုက်အမြင့်ရှိမည့် ဟိုတယ်အဆောက်အအုံ၏ တည်ဆောက်ရေးလုပ်ငန်းခွင်မှ တူးဖော်ထားသော သဲသောင်ပုံကြီးကို လူမမြင်စေရန် အပြာရောင်နှင့်အစိမ်းရောင် ပလတ်စတစ်စများဖြင့် ဖုံးအုပ်ကာ ကွယ်ဝှက်ထားခဲ့သည်”
------ ------ ------ ------

လွန်ခဲ့သောအနှစ် နှစ်ဆယ်ကဆိုလျှင် ရခိုင်ပြည်နယ်၊သံတွဲမြို့မှ ကားမောင်းသွားပါက အချိန်အနည်း ငယ်အတွင်းရောက်ရှိနိုင်သည့် ဘင်္ဂလားပင်လယ်အော်ရှိ ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏ မပျက်စီးသေးသော သဘာဝရတနာများ၏သရဖူကို ဆောင်းထားနိုင်ခဲ့သည်။ ဒေသခံများသည် ကမ်းခြေကို လက်လှမ်းမီကြပြီး သူတို့သည် ပင်လယ်ပြင်ကိုသာ မှီခိုနေကြရသည်။ ပင်လယ်ကမ်းခြေတလျှောက်ရှိ နည်းပါးလှသော ဟိုတယ်တလုံးစ၊ နှစ်လုံးစအနက်မှ တလုံးလုံးတွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တယောက်တလေကို မကြာခဏဆိုသလို တွေ့မြင်နိုင်ကြပါသည်။

အချိန်ကပြောင်းလဲသွားခဲ့ပါပြီ။ နိုင်ငံခြားသားခရီးသွားများ တိုးတက်လာပြီး အလယ်အလတ်တန်းစားနှင့် အဆင့်မြင့်ဟိုတယ်များ ငပလီကမ်းခြေတွင် အကန့်အသတ်ဖြင့် သိသာစွာ များပြားလာခဲ့ပါသည်။ ပင်လယ်ပြင်ကိုမျက်နှာမူနေသော ကမ်းခြေတလျှောက် သဲသောင်ပြင်မျက်နှာစာမြေကွက်နေရာအားလုံးနီးပါး ရောင်းချပြီးစီးသွားပြီ ဖြစ်သည်။ လူအများအသုံးပြုနိုင်သော ကမ်းခြေမြေနေရာကွက်လပ် အနည်းငယ်သာ ကျန်ရှိပါတော့သည်။ သို့သော် သဲမြေများကတော့ ဆက်လက်ပျောက်ကွယ်လျက် ရှိနေပါသည်။

သဘာဝအားဖြင့် ပင်လယ်သည်သဲများကို တွန်းဖယ်နေပြီး ကမ်းခြေသို့ မရပ်မနားပို့ချနေပါသည်။ မကြာမီမှာပင် သဲသောင်ကမ်းခြေသည် သစ်ပင်အတားအဆီးများနှင့်အုန်းပင်၊ ဓနိပင်များ၏အမြစ်ခြေရင်းများ ကိုရောက်ရှိသည့်တိုင်အောင် တဖြည်းဖြည်းနှင့် ဆင်ခြေလျှောအသွင် ရေမျက်နှာပြင်ထက် ပို၍မြင့်တက်လာစေပါသည်။ ငပလီကမ်းခြေတွင် သဲများတူးဖော်နေခြင်းသည် သဘာဝမျှခြေတခုကို အနှောက်အယှက် ဖြစ်စေပါသည်။ ငပလီကမ်းခြေ၏ ထူထဲသောထုရှိသည့်သဲသောင်ပြင်သည် အရှေ့တောင်အာရှတိုက်တွင် ဆွဲဆောင်မှုအရှိဆုံးသော ကမ်းခြေများအနက်မှ တခုဖြစ်ပါသည်။ ပြီးခဲ့သော နှစ်ကထက် သဲထုသည်တမီတာ(သုံးပေခန့်) မျှ နိမ့်ဆင်းလာနေပါသည်။ ပင်လယ်ရေလှိုင်း အတက်အကျရှိသော ကမ်းစပ်သည်လည်း ပို၍မတ်စောက်လာပါသည်။ သဲများကိုဖယ်ရှားလိုက်ခြင်းကြောင့် ပင်လယ်သည် ဟိုတယ်ပရ၀ဏ်နံရံများ၏အုပ်မြစ်များ၊ အုန်းပင်များ၏အမြစ်များကို အားနည်းချည်နဲ့သွားစေပြီး ပြီးခဲ့သော မုတ်သုန်မိုးရာသီအတွင်း အများအပြား ပြိုလဲကျစေခဲ့သည်။ ဆင်ဒဝေး (Sandoway Resort) နှင့် မာဆေး ရီထရိ ရီဆော့(Merciel Retreat and Resort) ဟိုတယ်များ၏ ဧည့်တည်းခိုဆောင်မျက်နှာ စာနံရံများပြိုကျခဲ့သည်။ သံတွဲလေဆိပ်မှခဲတစ်ပစ်ခန့်အကွာအဝေးတွင်ရှိပြီး လေကြောင်းပို့ဆောင် ရေးဦးစီးဌာနက တည်ဆောက်နေသော ဟိုတယ်တလုံးတွင်လည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည်။ ဟိုတယ်ပတ်လည်ရှိ နံရံများပြိုလဲခဲ့သည်။

၂၀၀၄ ခုနှစ်မှစ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သဲတူးဖော်ခြင်းလုပ်ငန်းကို ဟန့်တားရန် ကြိုးပမ်းခဲ့ပါသည်။ ကမ်းခြေမှသဲများကို တရားမ၀င်သုံးစွဲမှုအပေါ် ယခုနောက်ဆုံး တားမြစ်မှုတရပ်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ရက်စွဲဖြင့် အဆိုပါဝန်ကြီးဌာနကထုတ်ပြန်လိုက်သော ကြေညာချက်အမှတ် ၂ /၁၅ ပင်ဖြစ်သည်။ ယင်းကိစ္စအပေါ် သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇန်န၀ါရီလ ၂၇ ရက်နေ့ရက်စွဲဖြင့် သဲသောင်ပြင်မှ သဲများတူးဖော်ခြင်းကို တားဆီးပိတ်ပင်လိုက်ပြီး မည်သူမဆို လိုက်နာမှုမရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ထပ်ဆင့်အသိပေးထုတ်ပြန်ခဲ့သည်။

သံတွဲလေဆိပ်နှင့်နီးကပ်နေသော ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင်တခုအနီးတွင် အလုပ်သမား ငါးဦးတို့သည် သဲသောင်မှ သဲများကိုအိတ်များအတွင်း သွတ်သွင်းနေကြပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သယ်ဆောင်သွားနေကြသည်။ သူတို့သည် ဥပဒေကိုချိုးဖောက်နေသည်ဆိုသည့်အချက်ကို လုံးဝသတိမပြုမိကြဘဲ ပျော်ရွှင်ရယ်မောနေကြသည်။ အသားညိုညိုလူငယ်တဦးကသူ၏ ဂေါ်ပြားကိုကိုင်လျက် “ကျွန်တော်တို့က မြောက်ဦးကလာတာ၊ ကျွန်တော်တို့ဆီမှာ အလုပ်မရှိဘူး။ ဒါကြောင့် ဒီကိုလာပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လာလုပ်နေကြတာ။ အမျိုးသမီးတွေက သဲသောင်ပြင်က သဲတူးခ တနေ့ သုံးထောင့်ငါးရာ ကျပ်ရတယ်။ ကျွန်တော်တို့ယောင်္ကျားတွေက တနေ့ ငါးထောင်ကျပ်ရတယ်။”

လေဆိပ်မြောက်ဘက်ရှိ ကျေးရွာတခုမှ ကျေးရွာသားတဦးက ယခင်ကသဲတူးဖော်ခြင်းတွင် သူပါဝင်ပတ်သက်ခဲ့ပုံကို ပြောပြပါ သည်။ “ပြီးခဲ့တဲ့ခြောက်လလောက်ကစပြီးကျွန်တော်တို့အဲဒါတွေ မလုပ်ကြတော့ပါဘူး။ ကျွန်တော်တို့ဒေသအုပ်ချုပ်ရေးတွေဆီက ခွင့်ပြုချက်မရတော့ပါဘူး။”

ကျေးရွာသည်စိုက်ပျိုးရန်အတွက် မြေအောက်ရေလုံလောက်စွာ မရရှိခဲ့ပါ။ ထို့ကြောင့် ကျေးရွာအတွက် သဲတူးဖော်ခြင်းလုပ်ငန်းသည် အဓိက၀င်ငွေဖြစ်ခဲ့ပါသည်။ စိုက်ပျိုးရေးမှ ၀င်ငွေလုံလောက်မှုမရှိဘဲ သဲတူးလုပ်ငန်းမှ ကျေးရွာအတွက် ရံပုံငွေ စုစုပေါင်း ၀င်ငွေကျပ်သိန်း တထောင့်ငါးရာရရှိခဲ့သည်ဟု ဆိုပါသည်။ ၀င်ငွေတွေ ဘယ်ကရသလဲ မေးကြည့်ရာ သူ၏ကွမ်းချိုးများစွဲနေသောသွားများကို မြင်အောင်ပြုံး၍ မဖြေကြားနိုင်ကြောင်းသူက ပြန်ပြောပါသည်။
ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ သဲတူးဖော်ခြင်းလုပ်ငန်း၏ လိုအပ်ချက်သည် မြင့်မားနေဆဲဖြစ်သည်ကို ကျေးရွာမှ မီတာ နှစ်ရာ (ကိုက်နှစ်ရာကျော်) ခန့်အကွာတွင် သဲသောင်ပြင်သို့ ဦးတည်သွားနေသော ကားဘီးရာများက ညွှန်ပြနေပါသည်။ ဖောလဲင် (Forland) အမှတ်တံဆိပ်၊ အပြာရောင်ကုန်တင်ကားတစီးသည် ကမ်းခြေတွင်ရပ်ထားပါသည်။ ယာဉ်မောင်းသည် ကားလက်ကိုင်ခွေပေါ်တွင် အိပ်မောကျကောင်းနေဆဲ ဖြစ်ပါသည်။ လူနှစ်ဦးက ကားပေါ်သို့သဲများကိုတူး၍ တင်နေကြပါသည်။ အလုပ်သမား နှစ်ဦးသည် သူတို့ဘာလုပ်နေသည်ကို သံသယကင်းစွာဖြင့် ရှင်းပြနေပါသည်။
“ဒီသဲတွေက လမ်းမကြီးတိုးချဲ့ဖို့ နဲ့ ဒီကနေ ကီလို ရှစ်ဆယ်လောက် (မိုင်ငါးဆယ်ခန့်) ဝေးတဲ့နေရာမှာဆောက်နေတဲ့ တံတားစီမံကိန်း အတွက်တူးနေတာပါ။”ဟု တဦးက ပြောပါသည်။

“ကျွန်တော်တို့ တနေ့နှစ်ခေါက်လောက်တော့ ရပါတယ်။ ကားတစီးတစ်ခေါက်ကို တသိန်းသုံးသောင်းလောက် တန်ပါတယ်။ ကျွန်တော်တို့ကတော့ ကားတစီးစာတခေါက်ကို ကျပ် နှစ်သောင်းလောက်ရပါတယ်။ ကားပိုင်ရှင်က ခုနစ်သောင်း လောက်ကျန်ပါတယ်။”

နိုင်ငံတော်အစိုးရအတွက် ရခိုင်ကမ်းမြောင်ဒေသဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး Laguna Lodge ဟိုတယ်ကို လုပ်ကိုင်နေသူ အောလီဗာ အီးစိုးသက်က မည်သည့်အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီ များသည် ကားတစီးလျှင် ငွေကျပ်လေးသောင်းမျှသာရှိသော မြစ်တွင်းသဲညိုများကို အဘယ်ကြောင့် အသုံးမပြုကြသည်ကို သူနားမလည်နိုင်ကြောင်း၊ ပင်လယ်ကမ်းစပ်မှသဲများသည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် မသင့်တော်ကြောင်း ပြောပြပါသည်။

တာဝန်သိသော စီးပွားရေးမြန်မာဗဟို (Myanmar Centre for Responsible Business -MCRB) က ဤကိစ္စအပေါ် စိုးရိမ်ပူပင် မှုရှိကြောင်းကို ပြည်ထောင်စုမြေအရင်းအမြစ်ဗဟိုကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ၊ ဒုတိယသမ္မတဦးဥာဏ်ထွန်းထံသို့ ဧပြီလ ၃၀ ရက်နေ့က ပေးပို့သောစာတွင် ထင်ဟတ်ပေါ်လွင်နေပါသည်။ ပင်လယ်ကမ်းစပ်မှသဲများသည် အဆောက်အအုံများ တည်ဆောက် ရာတွင်အသုံးပြုရန်မသင့်တော်ပါ။ အကြောင်းမှာထိုသဲများသည်ဆားဓာတ်ပျော်ဝင်မှုများနေပြီးအဆောက်အအုံများကို ဆွေးမြေ့ ပျက်စီးစေနိုင်ပါသည်ဟုစာတွင် ဖော်ပြထားပါသည်။ ထို့အပြင် အခြားသော သဲအမျိုးအစားများနှင့် နှိုင်းယှဉ်ပါက ကမ်းခြေမှသဲများသည် ပိုလုံးဝန်းပြီး ပင်လယ်လှိုင်းများ၏ အရှိန်ကြောင့် ပို၍ချောမွေ့နေပါသည်။ ထို့ကြောင့် သူ၏ အနားစွန်း များတွင် ရောစပ်ထားသော အင်္ဂတေ၊ ဘိလပ်မြေကိုဆွဲကပ်ကုတ်ယူထားနိုင်သော အချွန်အတက်များကင်းမဲ့နေပါသည်ဟု ဆက်လက်ရေးသားထားပါသည်။ ညီညာပြန့်ပြူးလှသော ငပလီကမ်းခြေမှတူးဖော်ရရှိသောသဲများကို ဒေသ၀န်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည်မှာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်သည်။

စစ်တွေပြည်နယ်ဆေးရုံကြီးကိုလည်း ကရိုရင်းဓာတ်များသော ပင်လယ်မှသဲများကို အသုံးပြုတည်ဆောက်ထားသည်ဟု ဆိုပါသည်။ ဆေးရုံကြီးပြိုကျခဲ့ပါသည်။ ငပလီဆေးရုံအသစ်ကြီးနှင့် စာသင်ကျောင်းအသစ်များသည်လည်း အလားတူကံကြမ္မာမျိုးကြုံရနိုင်ပြီး ယင်းသည် တာဝန်မဲ့သောလုပ်ရပ်များဖြစ်၍ အန္တရာယ်ရှိကြောင်းကို ပြောဆိုနေကြပါသည်။ ဦးဥာဏ်ထွန်းထံပေးပို့သည့်စာတွင် ကမ်းခြေမှသဲများကို ဖယ်ရှားနေခြင်း၏ အခြားသော နောက်ဆက်တွဲဆိုးကျိုးများကို MCRB က မီးမောင်းထိုးပြထားပါသည်။ ငပလီကမ်းခြေ ပျက်စီးယိုယွင်းလာခြင်းသည် ခရီးသွားလုပ်ငန်းကဏ္ဍကို ထိခိုက်စေနိုင်သည်ဟူသော အချက်တခု ပါဝင်ပါသည်။ ဤကဏ္ဍသည် ရခိုင်ပြည်နယ်သားအများအပြားကို အလုပ်အကိုင် ဖန်တီးပေးနေသောကဏ္ဍလည်းဖြစ်ပါသည်။ ကမ်းခြေများ တိုက်စားပျက်စီးလာခြင်းသည် ဂေဟစနစ်ကိုထိခိုက်လာစေနိုင်ပြီး သဘာဝဘေးအန္တရာယ်များအပေါ် ကြံ့ ကြံ့ခံနိုင်စွမ်းကိုလည်း ကျဆင်းစေခြင်း စသည့်အချက်များသည် ကမ်းခြေမှသဲများကိုတူးဖော်နေခြင်း၏ အခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ MCRB ၏ စာနှင့်ပတ်သက်၍ ယခင် ရေတပ်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ၊ ဦးဥာဏ်ထွန်းထံမှ မေလ၂၄ ရက်နေ့က ပြန်ကြားချက်တွင် သဲများတူးဖော်ခြင်း၏ ပြဿနာနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အနုတ်လက္ခဏာ ထိခိုက်မှုများကို ဂရုပြုမိကြောင်း၊ သဲများတူး ဖော်ခြင်းတားမြစ်ချက်၏ ဥပဒေလွှမ်းမိုးမှုကို ပိုမိုထိရောက်မှုရှိစေရန် သူတိုက်တွန်းသွားမည်ဟု ဖော်ပြထားကြောင်း စာကို ဖတ်လိုက်ရသူတို့က ဆိုပါသည်။

သို့သော် ဤကိစ္စအပေါ်တွင် နိုင်ငံတော်အစိုးရ၏ လက်ထဲ၌သြဇာအာဏာ မည်မျှရှိနေပါသနည်း။ ၂၀၁၃ ခုနှစ်က ငပလီသို့ သမ္မတကြီး ဦးသိန်းစိန်လာရောက်လည်ပတ်စဉ်က သူသည် မိုးကုတ်စက်ဝိုင်း၏ အနားသတ်မျဉ်းကို သဘာဝအတိုင်း ထိန်းသိမ်းထားသည်ကို မြင်တွေ့လိုသည်ဟု ပြောကြားခဲ့ပါသည်။အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းတွင် အုန်းပင်အမြင့်ထက်ကျော်သော အဆောက်အဦများ တည်ဆောက်ခွင့်ကို ပိတ်ပင်လိုက်သည့် တားမြစ်ချက်မျိုးကို အားကျ၍ ဤကဲ့သို့အကြံပြုခဲ့သည်ဟု ယူဆရပါသည်။ ထို့အပြင် ကမ်းခြေရှိ သဲသောင်များတူးဖော်ခြင်းကို ဟန့်တားသည့်စည်းကမ်းချက်တရပ် ထုတ်ပြန်လိုသည့်သဘော ဖြစ်နိုင်ပါသည်။

ထိုအချိန်မှစ၍ ဒေသဆိုင်ရာအစိုးရအရာရှိများသည် ကမ်းခြေနေရာဒေသသုံးခုတွင်သာ သဲတူးဖော်ခွင့်ကို စနစ်တကျခွင့်ပြုခဲ့ သည်။ သူတို့သည် ထိုဆုံးဖြတ်ချက်များကြောင့် ဘဏ္ဏာငွေဆိုင်ရာ အကျိုးအမြတ် တစုံတရာရှိမရှိဆိုသည့်အချက်မှာ မသဲကွဲလှပါ။ သို့သော် သူတို့အတွက် အကျိုးတစုံတရာမရရှိပါဟု ပြောဆိုရန်မှာလည်း ခက်ခဲနေပြန်ပါသည်။ အပြောထက် တကယ့်လက်တွေ့တွင် နိုင်ငံတော်အဆင့်နှင့်ဒေသဆိုင်ရာအာဏာပိုင်အဆင့်တို့မှာ ဟန်ချက်ညီညီ လုပ်ဆောင်နေကြသည်ဟု မဆိုနိုင်ပါ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း သမ္မတကြီး ဦးသိန်းစိန်နှင့်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့ ငပလီသို့ လာရောက်ခဲ့စဉ်ကလည်း ငါးထပ်တိုက်အမြင့်ရှိမည့် ဟိုတယ်အဆောက်အအုံ၏ တည်ဆောက်ရေးလုပ်ငန်းခွင်မှ တူးဖော်ထားသော သဲသောင်ပုံကြီးကို လူမမြင်စေရန် အပြာရောင်နှင့်အစိမ်းရောင် ပလတ်စတစ်စများဖြင့် ဖုံးအုပ်ကာ ကွယ်ဝှက်ထားခဲ့သည်ဟု ကိုစိုးသက်က ပြောပါသည်။

ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသူများသည် သဲတူးဖော်နေကြသောသဲတင်ကားများနှင့် ဂေါ်ပြားကိုင်ထားသောသူများသာ ဖြစ်သည်ဟု အပြစ်မတင်သင့်ကြောင်း သူက ဆက်ပြောပါသည်။ အချို့စီးပွားရေးလုပ်ငန်းရှင်များသည် ပြန်လည်အစားထိုး၍ မရနိုင်သော အခြေအနေမျိုးအထိရောက်အောင် လုပ်ဆောင်နေကြသည်။ စပယ်ကြီးကျေးရွာအနီး ကမ်းခြေရှိ ဘောလုံးကွင်း သုံးကွင်းစာမျှ အကျယ်အ၀န်းရှိသည့် ဒီရေတောနေရာများကို သဲများဖြင့်ဖို့ပစ်လိုက်ကြသည်။ သဲများကိုလပေါင်းအတော် ကြာစုတ်တင်မြေဖို့ခဲ့ကြရသည်။ မြေကွက်ပိုင်ရှင်က လုပ်ဆောင်နေခြင်းဖြစ်သလား၊ ကုမ္ပဏီကလုပ်ဆောင်နေခြင်းဖြစ်သလား ဆိုသည့် အချက်မှာလည်း မရှင်းလင်းလှသေးပါ။ ပညပေးခြင်းသည်သာ ပြဿနာကိုဖြေရှင်းရန်အတွက် အဓိကသော့ချက်ဖြစ်သည်ဟု MCRB ၏ ညွှန်ကြားရေးမှူး ဗစ်ကီဘိုးမင်း က ယုံကြည်နေပါသည်။

“ကျမတို့ကတော့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတဦးကို ခေါ်ပြဖို့ကြိုးစားနေပါတယ်။ အခြားပင်လယ်ကမ်းစပ် တွေမှာသဲတွေတူးဖော်ကြလို့ ကာလအလတ်နဲ့ ကာလရှည်တွေမှာ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ ဆိုတာကို ပြသပေးနိုင်မယ့်လူမျိုးဖြစ်ဖို့လိုပါတယ်။ ပထမအရေးအကြီးဆုံးပြဿနာက အဲဒါ (သဲသောင်ကမ်းခြေ) တွေဟာ အကန့်အသတ်ရှိတဲ့ သဘာဝအရင်းအမြစ်တွေပဲဆိုတာကို လူတွေက နားမလည်ကြသေးတာပါဘဲ။ ကျွန်မက ကျောင်းတွေမှာ အစီအစဉ်ကလေးတခု ရှိလာစေချင်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ယူနက်စကို (UNESCO) က သဲများကိုစောင့်ကြည့်ခြင်း(Sandwatch)ဆိုတဲ့ အစီအစဉ်ကလေးက ကြည့်ရတာ အဲဒီကိုမရောက်ခင်မှာဘဲ ရံပုံငွေပြတ်လတ်သွားလို့ မလုပ်ဖြစ်လိုက်ဘူး ထင်ပါတယ်၊”ဟုသူက ဆက်ပြောပါသည်။

“သတင်းဆိုးကတော့ ပြဿနာဟာ သိထားတာထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတာပါပဲ။ ဖြစ်ချင်တော့ ဒါဟာ ငပလီဒေသတခုတည်းကွက်ပြီးဖြစ်နေတာ မဟုတ်ဘူး၊ ငွေဆောင်ကမ်းခြေနဲ့တနင်္သာရီဒေသကြီးရဲ့ ရုတ်တရက် မမြင်နိုင်တဲ့ နေရာဒေသတွေအထိတိုင်အောင် အဲဒါတွေကတောက်လျှောက်ဖြစ်နေတယ်”လို့ ဘိုးမင်းက ပြောပါတယ်။ ကိုစိုးသက်သည် မြန်မာနိုင်ငံတွင်နှစ်ပေါင်း နှစ်ဆယ်ကျော်နေထိုင်ခဲ့ပြီး ငပလီတွင်သဲတူးဖော်ခြင်း၏ အကျိုးသက်ရောက်မှုများကို ကိုယ်တွေ့မျက်ဝါး ထင်ထင်တွေ့ခဲ့ရသူဖြစ်သဖြင့် အစိုးရက အလျင်အမြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောပါသည်။
သဘာဝတရားက နှစ်ပေါင်း ထောင်ချီပြီးဖြစ်တည်အောင် လုပ်လာခဲ့တဲ့အရာတွေကို လူသားတွေက မိနစ်ပိုင်းအတွင်း ပျက်စီးအောင် လုပ်လိုက်နိုင်တယ်။ ငပလီမှာ သဘာဝတရားတွေ ဖျက်ဆီးနေတာတွေကို အဆုံးသတ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ မူဝါဒတွေချမှတ်ထားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု သူက ပြောပါသည်။

စွန့်ပစ်အမှိုက်များ (အခြားဆိုးရွားသောအနံ့အသက်များ)
ယခင်ကာလကဆိုလျှင် သံတွဲမြို့စည်ပင်သာယာကော်မတီ၏ ပုံမှန်အမှိုက်သိမ်းဆည်းမှုမရှိခဲ့သဖြင့် စွန့်ပစ်အမှိုက်များသည် ငပလီနှင့် သံတွဲမြို့ဒေသ၏ ပြဿနာများဖြစ်ခဲ့ပါသည်။ မြန်မာစားဖိုမှူးများအသင်းက ဦးဆောင်ကာ ကွန်ကရစ်အမှိုက် သိမ်းလှောင်ကန်များတည်ဆောက်၍ သံတွဲမြို့စည်ပင်သာယာကော်မတီက တပတ်တစကြိမ် ပုံမှန်သိမ်းဆည်းပေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ငပလီကမ်းခြေ၏တောင်ဘက်အစွန်းရှိ လင်းသာကျေးရွာအပြင်ဘက်တွင် ပထမဦးဆုံးသောအမှိုက်သိမ်းလှောင်ကန်ကို တည်ဆောက်နိုင်ခဲ့ခြင်းက ကြီးမားသော အောင်မြင်မှုကြီးတရပ် ဖြစ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ က ရခိုင်ဟိုတယ်လုပ်ငန်းရှင်များအသင်းကြီး၏ အောက်တွင် ငပလီဟိုတယ်များစုပေါင်း၍ ဟိုတယ်တလုံးစီ၏ အခန်းတခန်းလျှင် အမေရိကန်ဒေါ်လာတစ်ရာနှင့် ပိုမိုကြီးမားသောဟိုတယ်တလုံး၏ အခန်းတခန်းလျှင် အမေရိကန်ဒေါ်လာ တရာ့ငါးဆယ်နှုန်းဖြင့် အမှိုက်သယ်ယာဉ်နှစ်စီးဝယ်ယူရန်အတွက် အချို့ဟိုတယ်များကလည်း ဧည့်သည်တဦးစီကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ နှုန်းဖြင့် အမှိုက်သိမ်းဆည်းသူ ဆယ်ဦး၏လစာအတွက် ထည့်ဝင်ခဲ့ကြ သည်။ မော်တော်ယာဉ်အတွက် စက်သုံးဆီဖိုးနှင့် ပြုပြင်ထိန်းသိမ်းခအတွက်လည်း ထည့်ဝင်ကြပါသည်။ သံတွဲမြို့ စည်ပင်သာယာ ကော်မတီမှ အမှိုက်သယ်ယာဉ်ဖြင့် အမှိုက်သယ်ယူရန် နှစ်ဦးနှစ်ဖက်အကြားနားလည်မှု သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။

ရခိုင်ဟိုတယ်လုပ်ငန်းရှင်များအသင်းကြီးက ၀ယ်ယူပေးခဲ့သော အမှိုက်သယ်ယာဉ်နှစ်စီးလည်း ပျောက်ဆုံးသွားခဲ့သည်ဟု ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်များက ဆိုပါသည်။ သံတွဲမြို့စည်ပင်သာယာကော်မတီသည် ၂၀၁၅ ခု သြဂုတ်လမှစ၍ အမှိုက် သိမ်းလှောင်ကန်ကို လာရောက်သိမ်းဆည်းခြင်းမရှိတော့ကြောင်း သူတို့က ပြောပါသည်။ ယင်းအတွက်ကြောင့် ကမ်းခြေလမ်းမတလျှောက် အနံ့အသက်မကောင်းသောအမှိုက်ပုံများ အစီအရီဖြစ်ပေါ်နေပါသည်။

“ကျွန်တော်တို့က မော်တော်ယာဉ်လည်း ၀ယ်ပေးတယ်။ စက်သုံးဆီဖိုးလည်း စိုက်ပေးတယ်။ လစာလည်း ပေးထားတယ်။ အဲဒါတောင် အမှိုက်လာမသိမ်းတော့ဘူး။ ဒါဟာ သိပ်ကိုအချိုးမကျတာပါပဲ”ဟု အမည်မဖော်လိုသော ဟိုတယ်ပိုင်ရှင်တဦးက ဆိုပါသည်။


(၀န်ခံချက်။ ။ Frontier Myanmar မှ Hans Hulst ၏ paradise-lost ကို မောင်မီးအိမ် ဘာသာပြန်ဆိုသည်။)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ဆီလီကွန်တင် ယာဉ်များကို မူဆယ်နမ့်ခမ်း
ဒေသခံများက တားဆီးမှုများ ပြုလုပ်ကာ ကားများကို ခေတ္တထိန်းသိမ်းမှုများ
ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က နမ့်ခမ်း - မူဆယ်လမ်းအတိုင်း မောင်းနှင်လာသော
ဆီလီကွန်သတ္တုတင် ကားနှစ်စီးကို နမ့်ခမ်း - မူဆယ် အကြားရှိ ဆယ်လန့်
ကျေးရွာနေ ပြည်သူများက တားဆီးကာ ခေတ္တထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ခြင်း
ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီမှ
ဦးစိုင်းအောင်ဝင်းက အတည်ပြုပြောဆိုသည်။

“မိတာက ဆယ်လန့်ဘက်မှာ နမ့်ခမ်းမြို့နားက သတ္တုတွင်းတွေ ကတော့ မြို့ခံတွေ
ကန့်ကွက် လွန်းတဲ့အတွက် အစိုးရအသစ် မတက်မီ ဆက်မတူးကြဖို့ အမိန့်ထုတ်
ထားတယ်။ ဒါပေမဲ့ အခုက နေရာအသစ်တွေမှာ ခိုးတူးပြီး သယ်နေပုံရတယ်” ဟု
ဦးစိုင်းအောင်ဝင်းက The Ladies News သို့ ပြောသည်။

ယခုတစ်ကြိမ် ဒေသခံများ လက်ပူးလက်ကြပ်မိမှုမှာ လွန်ခဲ့သည့် ၇ လအတွင်း
ပထမဆုံးအကြိမ် ဖြစ်လာပြီး ၂၀၁၅ ခုနစ် အစပိုင်းတွင်လည်း သတ္တုတင်ကားများကို
နမ့်ခမ်းမြို့ခံများမှ တားဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။

နမ့်ခမ်းမြို့တောင်ဘက် တောင်တန်းများပေါ်ရှိ ဆီလီကွန် သတ္တုများကို ၂၀၁၁
ခုနစ် နောက်ပိုင်းမှ စတင်၍ တူးဖော်မှုများ များပြားလာခဲ့ပြီး အစောပိုင်းနှစ်များတွင်
ကွယ်လွန်သူ စစ်အစိုးရ ၀န်ကြီးဟောင်း ဦးအောင်သောင်း မိသားစုအပါဝင် ၄င်းနှင့်
နီးစပ်သူ အသိုင်းအ၀ိုင်းမှလည်း ဆီလီကွန် တူးဖော်သည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့
ဖူးကြောင်း နမ့်ခမ်းမြို့ခံများက The Ladies သို့ပြောသည်။

“တရုတ်ကုမ္ပဏီတွေလည်း ပါတယ် တူးနေကြတာ” ဟု နမ့်ခမ်းဒေသခံ စိုင်းမြင့်က
The Ladies သို့ ပြောသည်။

သတ္တုအလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း ၊ မြေစာပုံ
များကို စနစ်တကျမစွန့်ပစ်ဘဲ နမ့်စရီးချောင်းအတွင်းသို့ စွန့်ပစ်မှုကြောင့် ချောင်း
တိမ်ကောသွားခြင်း ၊ ချောင်းဘေးတစ်လျှောက် ဒေသခံများ၏ လယ်မြေများ
ပျက်စီးခြင်း ၊ မိုးရွာပါက တောင်ကျရေများ တလဟော ကျဆင်းခြင်း ၊ သတ္တုတင်
ယာဉ်များ အဆက်မပြတ် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုများ မကြာခဏ
ဖြစ်ပွားနေခြင်းတို့ကြောင့် နမ့်ခမ်းဒေသခံများမှ မကြာခဏ ကန့်ကွက်ဆန္ဒပြမှုများ
ပြုလုပ်ခဲ့ရပြီး နောက် သတ္တုတွင်းများကို အစိုးရ မတက်မီအချိန်အထိ ရပ်ဆိုင်းထား
ရန် အထက်အာဏာပိုင်များမှ ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနစ်ကလည်း သတ္တုတွင်း တူးဖော်မှု ရပ်တန့်ရေး ဆန္ဒပြမှုများတွင်
ဦးဆောင်ခဲ့သူဖြစ်သည့် ဦးစိုင်းအောင်ဝင်း၏ နေအိမ်ကို အမည်မသိသူအချို့မှ
လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်မှုများလည်း ရှိခဲ့ဖူးပြီး ကံကောင်း ထောက်မစွာ
ဖြင့် သေကျေဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်းလည်း နမ့်ခမ်းဒေသခံများက ပြောသည်။

“အခုတောင် နမ့်ခမ်းနားက ပိတ်ထားတဲ့ တွင်းတွေ တူးနေကြသလို ပြန်တူးဖော်ဖို့
ပြင်နေကြသလိုလည်း ကြားရတယ် ။ တွင်းအနီးတော့ တော်တော်တန်တန်
လူတွေက သိပ်မသွားရဲကြဘူးဆိုတော့ ဘာလုပ်နေတယ်ဆိုတာ တိတိကျကျ
မသိရဘူးဖြစ်နေတယ်။ လူတွေ ၀ိုင်းဖမ်းထားတဲ့ ကားနှစ်စီးကတော့ ပြန်လွှတ်
လိုက်ပြီ။ ဘယ်လို လုပ်လိုက်လဲတော့ သေသေချာချာ မသိရသေးဘူး” ဟု
နမ့်ခမ်းမြို့နယ် ကျားဖြူပါတီမှ တာဝန်ရှိသူတဦးက The Ladies News သို့
ပြောသည်။

The Ladies News Journal


“သုသာန်မှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ ဒီစာရင်း အ၀င် အထွက်က သိရသလောက် ပြောရရင် ဘာတွေ့လဲဆိုတော့ လူတွေဟာ မသေခင်တလလောက်အလိုမှာ သေစာရင်းက သုသာန်မှာရောက်နေပါတယ်။ လူသားဘယ်လောက် နေကောင်းသည်ဖြစ်စေ ဒီလူသေတော့ မယ်ဆို သုသာန်မှာ စာရင်းက တလကြိုပြီးရောက်တဲ့ ထုံးစံရှိပါတယ်…”
------ ------ ------ ------ ------

''၀ိညာဉ်တွေရဲ့ ဘ၀က လေ့လာမိသလောက်ပြောရရင် အရမ်းဒုက္ခရောက်နေကြတာ များတယ်။ သေသေချာချာ ပြန်ကြည့်တော့လည်း သေဆုံးသွားတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းက မကောင်းတဲ့ ဘုံဘ၀ကိုရောက်နေကြ တာတွေ့ရတယ်''ဟု ဆိုသူသည် အသက် (၄၀) ကျော်ခန့်ရှိသည့် သန်လျင်မြို့နယ်နေ ၀ိညာဉ်များနှင့် ဆက်သွယ်မေးမြန်းပေးသည့် ဒေါ်အေးအေးမြင့် ဖြစ်သည်။

ဒေါ်အေးအေးမြင့်သည် လက်ရှိအချိန်၌ ၀ိညာဉ်အမြင်ဟောခြင်းအား လုပ်ဆောင်လျက်ရှိပြီး ၀ိညာဉ်မေးလို သူများဘက်မှ ဆောင်ရန် ရှောင်ရန် များစွာရှိသည်ကိုလည်း ရှင်းပြသည်။ 'ရာဇ၀တ်မှုနဲ့ ပတ်သက်တာရယ်၊ အမွေဆိုင်ပြဿနာရှိသူတွေအတွက် ၀ိညာဉ်မေး မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ အစွဲ အလမ်းဥပါဒါန်ကြောင့် ဒီဘုံဘ၀ကိုရောက်နေတာ သူတို့လည်း နောက်ကြောင်းပြန်လုပ်ပေးနိုင်တာ မဟုတ်ဘူး။ သူတို့လည်း ဘ၀တခုကို လွတ်လပ်စွာသွားတော့မယ့်ဟာကို ကျွန်မတို့က ကိုယ်ကျိုးအတွက် သူတို့ကို အသုံးချ ပြီး မေးလိုက်ရင် သူတို့က ဒါတွေကို ပြန်စွဲလမ်းပြီး ဒုက္ခကို ထပ်နှိုးဆွသလို ဖြစ်နေမယ်။ သူတို့တွေ ထပ်စိတ် ဆင်းရဲမယ်။ လောဘ၊ ဒေါသတွေ ထပ်ဖြစ်လာရင် အပါယ်ဘုံလို့ပြောတဲ့ တိရစ္ဆာန်ကို ရောက်သွားမှာစိုးလို့ ဟောမပေးတာ''ဟု ရှင်းပြသည်။

ဝိညာဉ်များနှင့် ဆက်သွယ်မေးမြန်းရန်အတွက် အဓိကကျသည့်အချက်မှာ သေဆုံးသူ သေစာရင်း သုသာန်မှ ယူဆောင်လာရန်ဖြစ်သည်ဟု ဆိုသည်။ ၀ိညာဉ်မေးလိုသူက တိကျသည့် အထောက်အထားမပြဘဲ မေးမြန်းမိ ပါက ထောင်သောင်းနှင့်ချီသော ၀ိညာဉ်များထဲမှ ရွေးချယ်ခေါ်ယူရန် အခက်အခဲရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ယင်းအချက်ကို အသေအချာမသိသော ၀ိညာဉ်မေးသူများက သေဆုံးသူ၏ နေ့ရက်၊ အမည်သာ ယူလာခြင်း၊ နာရေးမိတ္တူစာရွက်၊ နာရေးယပ်တောင် စသည်တို့အား ယူဆောင်လာ၍မေးမြန်းလေ့ရှိသည်ဟု ဆိုသည်။ ''နာရေးဖိတ်စာတို့၊ ယပ်တောင်တို့ဆိုတာ မရှိ၊ ရှိတဲ့ဟာကိုတောင်းရတဲ့ သဘောပါ။ ကျွန်မတို့က ကိုယ်ပိုင်ဥာဏ်စွမ်းအင်နဲ့လုပ်ရတာ မဟုတ်ဘူး။ သုသာန်မှာ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်ရှိပါတယ်။ ဒီစာရင်း အ၀င် အထွက်က သိရသလောက် ပြောရရင် ဘာတွေ့လဲဆိုတော့ လူတွေဟာ မသေခင်တလလောက်အလိုမှာ သေစာရင်းက သုသာန်မှာရောက်နေပါတယ်။ လူသားဘယ်လောက် နေကောင်းသည်ဖြစ်စေ ဒီလူသေတော့ မယ်ဆို သုသာန်မှာ စာရင်းက တလကြိုပြီးရောက်တဲ့ ထုံးစံရှိပါတယ်။ အဲဒီတော့ လူတွေလာမေးတဲ့ စာရင်းနဲ့ တိုက်ပြီး ၀ိညာဉ်ကိုခေါ်ရပါတယ်။ ဒီလိုမဟုတ်ဘဲ မတိကျရင် ထောင်သောင်းချီတဲ့ ၀ိညာဉ်တွေက ရောက်လာ တတ်လို့ပါ''ဟု ရှင်းပြသည်။

ဝိညာဉ်လောကတွင်လည်း ကြီးနိုင်ငယ်ညှဉ်းရှိတတ်ပြီး အလှူဒါနလိုချင်သည့် ၀ိညာဉ်မှခေါ်သူဘက်မှ မတိကျ မှုကို အခွင့်ကောင်းယူကာခေါ်ယူသည့် ၀ိညာဉ်ပုံစံဖြင့် လိမ်လည်မှုလည်းရှိသည်ဟု ဆိုသည်။ ''ကျွန်မတို့က တိတိကျကျမခေါ်ခဲ့ရင် ထောင်သောင်းချီတဲ့ ၀ိညာဉ်တွေနဲ့ ရွေးရခက်တယ်။ သူတို့လိမ်တာလည်း ခံရတတ် တယ်။ ကိုယ်ခေါ်တဲ့ ၀ိညာဉ်အယောင်ဆောင်ပြီး ကောင်းမှုကုသိုလ်လုပ်ခိုင်းတာရှိတယ်။ ကျွန်မအတွက် မနစ်နာ ပေမယ့် ကာယကံရှင်အတွက် နစ်နာတယ်။ ဒါကြောင့် သေစာရင်းယူခဲ့ရင် သုသာန်စောင့်တဲ့ပုဂ္ဂိုလ်က တယောက်ပဲလွှတ်ပေးတဲ့အတွက် အဆင်ပြေတယ်လေ၊ ၀ိညာဉ်များ အများဆုံးတောင်းဆိုလေ့ရှိသည့်အရာမှာ သောက်ရေနှင့် ဖိနပ်''ဟု ဆိုသည်။ သေဆုံးခဲ့သူမှာ မသေခင် ခံစားခဲ့ရသည့် ဝေဒနာအား စွဲလမ်း၍ ရုပ်ခန္ဓာရှိနေ သည်ဟု အထင်ဖြင့် တောင်းဆိုလေ့ရှိခြင်းဖြစ်သည်။ မသေခင်စွဲလမ်းခဲ့သည့် ရုပ်ခန္ဓာကိုယ်အား စွဲလမ်းခြင်းကြောင့် ၀ိညာဉ်များသည် ရှည်လျားသည့် အကြောင်းအရာများအား မမှတ်နိုင်ဘဲ မသေခင်မှ ရှိနေသည့် ဝေဒနာဇောအရ စွဲလမ်းသည့်အရာအား တောင်းဆိုသည်ဟု ဆိုသည်။
''တခါက ဂတ်စ်အိုးပေါက်လို့ မိသားစုလိုက် သေသွားတဲ့သူတွေကို မေးမြန်းဖြစ်တော့ ကလေးလေး တယောက် ကို ကျွန်မ မေးကြည့်တယ်။ သူက ရောက်လာ,လာခြင်းမှာပဲ အန်တီ အန်တီ သားကို ခေါင်းရှာပေး၊ အဲဒါပဲ ပြောတယ်။ ဂတ်စ်အိုးကွဲ တုန်းက သူခေါင်းပြုတ်ပြီး ဆုံးတာကို စိတ်ထဲစွဲပြီး အပါယ်ကိုလည်း ရောက်ရော ခေါင်းရှာတဲ့ အလုပ်က သူ့အတွက်ဖြစ်နေတာ သူ့အတွက်စားဖို့၊ သောက်ဖို့ မိသားစုအရေးကို မမေးနိုင်ဘူး''ဟု ဆရာမက အတွေ့အကြုံကို ပြောပြသည်။

ဒေါ်အေးအေးမြင့်က ၀ိညာဉ်ဟောခြင်းနှင့် သူမ၏ အတွေ့အကြုံများကို ရှင်းပြရာတွင် အကျိုးကြောင်း မဆီ လျော်သောစကားများ မပြော၊ လှိမ့်လုံး ခြောက်လုံးမပါ၊ ရိုးရိုးရှင်းရှင်းနှင့် သူမ တွေ့ကြုံခဲ့ဖူးသည်များအား စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ၀ိညာဉ်ဟောခြင်းအလုပ်သည်ကား စီးပွားရေးတခုအဖြစ် သတ်မှတ်မထားဘဲရရှိသည့် ငွေကြေးဖြင့် အလှူအတန်း ပိုမိုလုပ်နိုင်ရန်နှင့် ၀ိညာဉ်တို့၏ အခက်အခဲအား တတ်နိုင်သည့်ဘက်မှကူညီရန်အပြင် ကျန်ရစ်သူမိသားစုအတွက် ကောင်းမှုကုသိုလ် ပိုမိုလုပ်ဆောင်နိုင်ရန်သာ အလေးပေးဆောင်ရွက်နေသူ ဖြစ်သည်။ ၀ိညာဉ်မေးမြန်းရန်အတွက် တဦးလျှင် ကျပ် ၅၀၀၀ လူတိုင်းတတ်နိုင်သည့် ပမာဏသာ သတ်မှတ်ထားပြီး မေးမြန်းသူ အလွန်များသည့် စနေ၊ တနင်္ဂနွေများတွင် ကြိုတင်စာရင်းပေးပြီးမှသာ မေးမြန်းခွင့်ရနိုင်ပြီး ကျန်ရက်များတွင် လူအနည်းငယ်ကျဲပါးတတ်သည်။

ဝိညာဉ်ခေါ်ယူမေးမြန်းခြင်း၏ အဓိကအချက်များမှာ ၀ိညာဉ်များ အဝေးသို့ ရောက်နေခြင်းအား ပြန်ခေါ်ခြင်း၊ ၀ိညာဉ်ဘ၀၌ စားသောက်နေထိုင်မှုဆိုင်ရာ အခက်အခဲများအား ကောင်းမှုကုသိုလ်ပြုလုပ်ပေးလိုခြင်း၊ အပါယ်ဘုံကျရောက်ခြင်းထက် ဆိုးရွားသည့် ဘုံဘ၀များ သို့မရောက်စေရန်နှင့် ကောင်းမွန်သည့်ဘ၀ထံ ကူးပြောင်းစေရန် မေးမြန်းခြင်း၊ ဟောပြောခြင်းများဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ ပြုလုပ်ပေးသော်လည်း ၀ိညာဉ်၏ ကောင်းမှု၊ မကောင်းမှု ပြုလုပ်ခဲ့သည့် ကံနှင့်လည်း များစွာသက်ဆိုင်လေ့ရှိသည်ဟု ဆိုသည်။ ၀ိညာဉ်လောကသို့ ရောက်ရှိနေသူများ၏ ဒုက္ခအခက်အခဲများအား ကျန်ရစ်သူမိသားစုက ကောင်းမှုကုသိုလ် ပြုလုပ်ပေးခြင်းနှင့်အတူ ၎င်း၏ အတိတ်ကံနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ဆိုသည်။

''တချို့ဝိညာဉ်တွေက သူရောက်နေတဲ့ ဘုံဘ၀ကနေ ကောင်းတဲ့ဘ၀ကို ရောက်ချင်တာတို့ ရောက်နေတဲ့ ဘုံဘ၀က အခက်အခဲကြောင့် အလှူအတန်းပြုစေချင်တာတွေ ကျန်ရစ်သူ မိသားစုကလည်း လုပ်ပေးတာကို သာဓုခေါ်ချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးလို့လည်း သူ့ဆီကို ပြည့်စုံတဲ့ အထောက်အပံ့မရတဲ့ဟာမျိုး ကြုံဖူးတယ်။ ဘယ်လိုလဲဆိုတော့ ကျန်ရစ်သူက အကုန်လုပ်ပေးတယ်။ သူကိုယ်တိုင်လည်း သာဓုခေါ်ခွင့်ရခဲ့ တယ်။ ဒီအတွက် သေချာပြန်ဆန်းစစ်တော့ သူကမိဘကို ပြစ်မှားခဲ့တာရှိတယ်။ ဆိုးခဲ့တာတွေ၊ သောက်စား တာတွေ သွားတွေ့တယ်။ ဒါ သူ့ရဲ့ကံကြောင့် အထောက်အပံ့ကောင်း မရနိုင်တာပေါ့''ဟု ရှင်းပြသည်။

ဝိညာဉ်များနှင့် တွေ့ဆုံရန် အချိန်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ထားသည်။ နံနက်စောစော တွေ့ဆုံ၍ရသော်လည်း ၀ိညာဉ်များလာရာလမ်း၌ မြင့်မြတ်သည့် ရဟန်းသံဃာများ ဆွမ်းခံကြွ ချိန်ဖြစ်သောကြောင့် ၀ိညာဉ်များ၌ အခက်အခဲရှိသည်ဟု ဆိုသည်။ ၀ိညာဉ် ခေါ်ရာ၌ ကြာချိန်သည် နိုင်ငံရပ်ခြား ရောက်နေသူများနှင့် မလာရောက်လိုသည့် ၀ိညာဉ်များသာ အချိန်နှစ်မိနစ်ခန့် ကြာမြင့်တတ်ပြီး ပုံမှန်ဆိုလျှင် အာရုံပြုလိုက်လျှင်ပင် ရောက်လာသည်ဟု ဆိုသည်။ ''တချို့ ၀ိညာဉ်တွေက ကိုယ့်ကိုယ်ကိုယ်သေတယ်လို့ မခံယူဘူး။ သူတို့ကိုခေါ်ရင် နှစ်မိနစ်လောက်ကြာတယ်။ ပုံမှန်ကတော့ သူတို့စိတ်ကလေးပဲဆိုတော့ အာရုံပြု တာနဲ့တင်ရောက်လာပါတယ်''

သို့သော်လည်း အာရုံပြုပြီး လာရောက်ရန် အခက်အခဲရှိသည့် ၀ိညာဉ်များလည်းရှိတတ်ရာ ၎င်းတို့၏ စွဲလမ်းမှု ကံကြောင့် ကောင်းမှုပြုလုပ်ရမည့် နေရာသို့ရောက်အောင်မလာနိုင်ဘဲ ရှိတတ်သည် ဆိုသည်။
များသောအားဖြင့် ၀ိညာဉ်များသည် ၎င်းတို့အတွက် ကောင်းမှုကုသိုလ်ပြုလုပ်စေလိုပြီး ကောင်းမွန်သည့် ဘုံဘ၀သို့ရောက်လိုသည့် ၀ိညာဉ်ရှိသလို လက်ရှိရောက်ရှိနေသော ဘုံဘ၀၌ ပျော်ရွှင်နေသည့် ၀ိညာဉ်များ လည်း ရှိတတ်လေသည်။ ''ကြုံဖူးတာ တခုပြောရရင် ၀ိညာဉ် ကိုခေါ်လိုက်တော့ သူ့မှာ မိန်းမနဲ့ ကလေးနှစ် ယောက်ရနေပြီ၊ သူ့အတွက် ကောင်းမှုကုသိုလ်ပြုပေးဖို့ဆိုတော့ သူက လက်မခံဘူး။ ကိုယ်ကလည်း ကျန်တဲ့ မိန်းမနဲ့ ကလေးနာမည်လည်းမသိတော့ ရမ်းသန်းပြီး သာဓုခေါ် ခိုင်းလို့မရနိုင်ဘူး။ ဒါကို လေ့လာမိရင် သူတို့ ဘုံဘ၀မှာ အိမ်ထောင်သား မွေးလုပ်တာတွေလည်း ရှိတယ်ဆိုတဲ့ သဘောပေါ့''

တွေ့ကြုံဖူးသည့်ဝိညာဉ်များထဲမှ လူလတ်ပိုင်းအရွယ်ရှိ ၀ိညာဉ်တခုကို မေးမြန်းရာ ထိုဝိညာဉ်က ရပ်တန့်၍ အဖြေမပေးနိုင်ဘဲ ပြေးလွှားနေမှသာ သက်သာရာရသည်ဟုဆိုသည်။ ''သူကရပ်ပြီး အဖြေပေးရင် နောက်က လိုက်လာတဲ့ မီးလုံးကြီးက သူ့ကို လောင်တော့မယ်၊ ဒါကြောင့် ရပ်လို့မရဘူးလို့ ပြန်ပြောတယ်။ ဒါနဲ့ ဘာလို့ အဲဒီလို ဖြစ်လဲလို့မေးတော့ သူကပြန် မပြောဘဲ ကုန်းပြတယ်။ အဲဒီမှာ တွေ့တာက သူ့တင်ပါးမှာ ဘာရေးထား လဲဆိုတော့ ၀င်လာမစဲ တသဲသဲလို့ ရေးထားတယ်။ ဒါဟာ အများသူငါက ကောင်းတဲ့ အတိတ်နိမိတ်နဲ့ ရေးတဲ့စာကို သူကဖင်မှာရေးထားတော့ အဲဒီဝဋ်ဆင်းရဲကို ခံနေရတာ''ဟု ရှင်းပြသည်။

ထို့ပြင် ၀ိညာဉ်များ၏ ကံအဆင့် အတန်းပေါ်မူတည်ကာ အဆင်းသဏ္ဌာန်လည်း ကွာခြားကြောင်း၊ အချို့သော ၀ိညာဉ်များသည် သိုက်သို့ရောက်သွားသော်လည်း ကံအဆင့်ဆင့်ပေါ် မူတည်၍ ပါးစပ်၊ မျက်လုံးများ မပါရှိဘဲ မျက်နှာပြားပြားပေါ်တွင် နှာခေါင်းဘုကြီးသာပါသည့် ၀ိညာဉ်အားလည်း တွေ့ဖူးသည်ဟု ဆိုသည်။
ကောင်းမှုကုသိုလ်ပြုပေးရာ၌လည်း ကောင်းရာမွန်ရာသို့ရောက်စေလိုသည့် ၀ိညာဉ်အား သတ်သတ်မှတ်မှတ် အမည်နာမခေါ်၊ နေရာထိုင်ခင်းပေးပြီး အလှူအတန်းလုပ်မှ ထိရောက်မှုရှိသည်ဟု ဆိုသည်။

ဒေါ်အေးအေးမြင့်သည် ယခုကဲ့သို့ဝိညာဉ်များနှင့် တွေ့ဆုံဟောပြောနိုင်ရန် ဘယ်တုန်းကမျှ ထင်မှတ်မထား ကြောင်း ဟောပြောနိုင်ရန်အတွက် လေ့လာခဲ့ခြင်းလည်း မရှိဟု ဆိုသည်။ သူမအသက် (၁၈) နှစ်အရွယ်ခန့် တွင် သူမ၏ဖခင်မှ ဘုရားဂုဏ်တော်ကိုးပါးအား ရွတ်ဖတ်ခိုင်းရာမှ အစဉ်အမြဲ ရွတ်ဖတ်ခြင်း နေ့စဉ် ဂုဏ်တော် ကိုးပါးနှင့် တရားထိုင်ခြင်း စဉ်ဆက်မပြတ် လုပ်လာရာမှ ထူးခြားမှုများတွေ့လာခဲ့သည်ဟု ဆိုသည်။ ''အဲဒါကိုတစိုက် မတ်မတ်လုပ်လာရင်းက ထူးခြားတဲ့အသိတွေ၊ နိမိတ်ပုံတွေရလာတယ်။ အဲဒီကနေစပြီး အကြား အမြင်ဟောတာ အဲဒါလည်း သိလို့ရယ်လည်း မဟုတ်ဘူး။ အကြားအမြင်ဟောရင်း အမျိုးသမီးတယောက်က သူ့အမျိုးသားနဲ့ စကားများတာ ကျွန်မနဲ့တွေ့တယ်။ အဲဒီအချိန် ဘာမြင်လဲဆိုတော့ သူ့ရင်ဘတ်ထဲမှာ ဒီကပြန်ရင် သောက်မယ့် အဆိပ်ပုလင်းကို ကျွန်မ အာရုံကနေ သိတယ်။ အဲဒီလို သိတာကနေ တဖြည်းဖြည်း ပိုပိုပြီး တရားထိုင်တာ၊ ကျင့်တာတွေလုပ်ရင်း ဒီဝိညာဉ်ဟောတာကို လုပ်ဖြစ်သွားတယ်''ဟု ၀ိညာဉ်အမြင်ဟော ဆရာမဖြစ် လာပုံအား ပြောပြသည်။

ဝိညာဉ်ဟောဆရာမအဖြစ် ယုံကြည်ခြင်း၊ မယုံကြည်ခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်းထက် ၀ိညာဉ်လောက၌ ကြုံတွေ့နေသော အခက်အခဲ ဒုက္ခများအား နေ့စဉ်မြင်တွေ့နေရသောကြောင့် လက်ရှိလူ့လောကတွင် ကျင် လည်နေသူများအား ငါးပါးသီလ စောင့်ထိန်းရန်၊ လောဘ၊ ဒေါသ၊ မောဟများအား သည်းခံစိတ်မွေးနိုင်ရန်၊ ကောင်းမှုကုသိုလ်များကို ပိုမိုပြုလုပ်နိုင်ရန် အများသူငါအား ပိုမိုသိရှိစေလို၍ ယခုကဲ့သို့ News Watch မှတဆင့် ပြောကြားရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ၀ိညာဉ်လောက၊ ပရလောကအပေါ် ယုံကြည်သူများရှိသကဲ့သို့ မယုံကြည်သူများလည်းရှိရာ ယင်းအပေါ်၌ အငြင်းပွားလိုခြင်းလည်း မရှိပေ။ မိသားစုဝင်တစုံ တယောက် လူ့လောကအား စွန့်ခွာသွားခဲ့သည့်အချိန်၌ ကျန်ရစ်သူများသည် ကြီးစွာသော ပူဆွေးသောကဖြင့် အားကိုးရှာ တတ်၏။ သွားလေသူအတွက်လည်း ကောင်းမွန်သည့် ဘုံဘ၀အား ရောက်ရှိစေလိုတတ်ကြရာ ၀ိညာဉ်မေးမြန်း ခြင်းသည် စိတ်ဖြေရာတခုဖြစ်သကဲ့သို့ ကောင်းမှုကုသိုလ်ပြုလုပ်ခိုင်းသည့် ၀ိညာဉ်မေးမြန်းခြင်းသည် ကွယ်လွန် သွားသူ ကောင်းကျိုးခံစားရခြင်း၊ မရခြင်းထက် လတ်တလော ကောင်းမှုကုသိုလ်တွေပြုဖြစ်ခြင်းသည်လည်း ကုသိုလ်အလုပ်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့မှာတော့ မဘသဗဟိုအဖွဲ့ရဲ့ဥက္ကဌ အင်းစိန်ရွာမဆရာတော် ဘဒ္ဒ န္တတိလောကဘိဝံသဆီ သွားရောက်ဖူးမြော်ခဲ့ပြီး နှစ်ဖက်တွေ့ဆုံခြင်းဟာ အကျိုးရှိတဲ့အကြောင်း လျှောက်ထားခဲ့ပါတယ်။

မဘသဗဟိုဆရာတော်က တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဦးနဲ့တစ်ဦး မတိုက်ခိုက်ကြဖို့၊ မနင်းကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။ ဒီတွေ့ဆုံမှုမှာ မြစေတီဆရာတော်နဲ့ မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့လည်း တက်ရောက်ကြပြီး မဘသဟာ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာ သာသနာအတွက် လုပ်နေတာဖြစ်ပြီး NLD ရဲ့ နိုင်ငံရေးဦးတည်ချက်တွေကို ထိခိုက်နစ်နာနေတယ်ဆိုရင် အချိန်မရွေးပြောဖို့လည်း ဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ နှစ်သစ်နှစ်ဦးရဲ့ မင်္ဂလာရှိတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်သောပါကက ဆိုပါတယ်။
NLD နာယက သူရဦးတင်ဦးက ဆရာတော်တို့ထံ သြဝါဒခံဖို့လာတာဖြစ်ပြီး စိတ်ထဲရှိတာ ပြောနိုင်၊ ဆူစရာရှိလည်း ဆူနိုင်ကြောင်းနဲ့ ဆုံးမမှုကို နာခံသွားမယ်လို့ လျှောက်ထားခဲ့တဲ့အကြောင်း၊ အင်းစိန်ရွာမဆရာတော်ကြီးကလည်း မဘသဟာ အာဏာရဖို့လုပ်နေတာ မဟုတ်ကြောင်း၊ ဘယ်သူ့အတွက်မှ လုပ်နေတာမဟုတ်ကြောင်းနဲ့ မတူတာတွေဘေးဖယ်ပြီး တိုင်းပြည်အကျိုးစီးပွားအတွက် အားလုံးဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မဘသနဲ့ NLD ကြား ထိပ်တန်းတာဝန်ရှိသူတွေကြား တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင် ပိုပြီးထိရောက်နိုင်သလို အထင်အမြင်လွဲမှုတွေလည်း ပြေပျောက်နိုင်မယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ - အရှင်သောပါက)

Kamayut Media

မွမ်ဘိုင်း၊ ဇန်န၀ါရီ-၁ ။ ။ လေယာဉ်ပေါ်မှာ မြွေတွေမဟုတ်ဘဲ ကြွက်တစ်ကောင်ပါသွားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ Air India လေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာ မွန်ဘိုင်းကနေ လန်ဒန်ကို ထွက်ခွာလာတဲ့ လမ်းခုလတ်မှာ လေယာဉ်ပေါ်မှာ ကြွက်တစ်ကောင်ကို တွေ့ရှိတဲ့အတွက် ပြန်ကွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ခရီးသည်တစ်ယောက်က ဒီသတ္တ၀ါလေးကို တပ်အပ်မြင်ခဲ့တယ်လို့ ဆိုပေမယ့်လည်း လေယာဉ်တစ်စင်းလုံးကို ပိုက်စိတ်တိုက် ရှာဖွေကြည့်တာတောင်မှပဲ အရိပ်အယောင် မတွေ့ရဘူးလို့ လေကြောင်းလိုင်းက ပြောကြားပါတယ်။

‘လေယာဉ်ထဲမှာ ဘာကြွက်မှ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် လေယာဉ်ကို ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်’’လို့ လေကြောင်းလိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျီပီ ရောင်းက ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်က ခရီးသည် ၂၄၀ကတော့ နောက်ပိုင်းမှာ လန်ဒန်ကို အခြားလေယာဉ်တစ်စင်းနဲ့ ထွက်ခွာသွားခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကြွက်တွေဟာ ၀ါယာကြိုးတွေကို ကိုက်ဖြတ်ပစ်နိုင်တဲ့အတွက် လေယာဉ်လုံခြုံရေးအတွက်တော့ အန္တရာယ်ပါပဲ။

Air India လေကြောင်းလိုင်းအတွက်တော့ ကြွက်တစ်ကောင် ပုန်းဝှက်လိုက်ပါလာတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဇူလိုင်လက မီလန်ခရီးစဉ်မှာလည်း ကြွက်တစ်ကောင် လိုက်ပါလာတယ်ဆိုတဲ့ သတင်းကြောင့် နယူးဒေလီ လေဆိပ်ကို ပြန်ဆင်းခဲ့ရလို့ ကြွက်ပြဿနာဟာ Air India အတွက်တော့ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုရမှာပါ။

Mizzima - News in Burmese

ဒီဇင်ဘာ ၂၈ ရက်က မချောစန္ဒီထွန်းအား ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် မချောစန္ဒီထွန်း၏ အမှုကို အယူခံ ၀င်တော့မည် မဟုတ်ကြောင်း မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က မချောစန္ဒီထွန်းသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားကြောင်း ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်မှုကို ခရိုင်၊ တိုင်း အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံဝင်တော့မည် မဟုတ်ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“အယူခံ ၀င်မ၀င်က သူ့မိသားစုနဲ့ တိုင်ပင်ရဦးမယ်။ အကယ်၍ အယူခံ ၀င်မယ်ဆိုရင်တောင်မှပဲ အယူခံကျဖို့ကို တစ်လခွဲလောက် ကြာမယ်။ အဲဒါကို ကျော်လွှားနိုင်ဖို့က အခက်အခဲရှိမယ်။ ဒါကြောင့်မို့ အယူခံ မတက်တော့ဘူးလို့ ဆိုရမှာပဲ။ မတက်ဖို့ များတယ်”ဟု ၎င်း The Daily Eleven သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်း အရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က မချောစန္ဒီထွန်းကို တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

“ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်မှာ ၊ ရိုးရိုးသားသား စေတနာသန့်သန့်လေးနဲ့ လုပ်ကြအုံးမယ်ဆိုရင်တော့ သူ သမ္မတဖြစ်ကိုဖြစ်မယ့် အနေအထားပါပဲ။ ဒီလိုမှမဟုတ်ဘဲနဲ့ သူတို့ သတ်မှတ်ထားတဲ့အတိုင်းသွားရအုံးမယ်ဆိုရင်တော့ ကြာရှည်တာမျိုးဖြစ်မယ်။ နောက်ပြီး အဆုံးသတ်တော့လည်း ဒီဟာပဲ ရောက်လာပြီးတော့ ဒါအောင်မြင်တာပဲဖြစ်မှာပါပဲ။ ဒီတော့ အဲဒီလိုဖြစ်မယ့် အတူတူတော့ တခါတည်း ချောချောမွေ့မွေ့ နဲ့ သဟဇာတဖြစ်သွားဖို့အတွက် ဖြစ်ရင်တော့ ၊ တခါတည်းလုပ်နိုင်တဲ့ အနေအထားရှိနေတဲ့ဟာတွေကို ၀ိုင်းဝန်းပြီးတော့ လုံးပန်းကြရမယ့် စိတ်ကောင်းစေတနာတွေကို တဘက်နဲ့ တဘက်ပြသပြီး ဆောင်ရွက်သွားကြမယ်၊ ရိုးသားပွင့်လင်းမြင်သာပြီးတော့ ကျနော်တို့အစဉ်အမြဲပဲ ငြိမ်းချမ်းတဲ့နည်းကိုသွားမယ်ဆိုရင် ပိုပြီးတော့ ၀မ်းသာစရာကောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်လင့်တာတင်မကဘူး။ ကျနော်က ဖြစ်မယ်ကို ထင်တာ၊ ဖြစ်မယ်လို့ကိုး ယုံကြည်တာ။ ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်မယ်လို့ကို ယုံကြည်တယ်။ ”

ဒါ့အပြင် အတိတ်ကဖြစ်ရပ်တွေကို သင်ပုန်းချေပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းဖို့အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ - လာမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့အတွက် မျှော်လင့်တယ်လို့ ပြောပါတယ်။

“ကျနော်ဆုတောင်းတာကတော့ ၊ ကျနော်တို့ မျှော်မှန်းတဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးရအောင်ရယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်အောင်မြင်မြင်ဖြစ်ပါစေ။ ဆက်ပြီးတော့ တိုင်းသူပြည်သားတွေလည်း မြင်ရချင်တဲ့ ဒီမိုကရေစီအရသာလေးလည်း မြန်မြန်ရပါစေ။ အားလုံးလည်း၊ ရှိနေတဲ့ အစိုးရရယ်၊ တက်လာမယ့် အစိုးရရယ်၊ တိုင်းရင်းသားပါတီတွေ အားလုံးပေါင်းပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ရနိုင်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။”

Credit : အိအိဆွေ


နှစ်သစ်ကူးမှာ လက်ဆောင်ပဏ္ဍာတွေပေးကျတဲ့သူတွေရှိပါတယ် အဲ့တော့ကျမတို့အခု ၂၀၁၆ခုနှစ်နှစ်သစ်ကူးကာလမှာကျမတို့ပြည်သူပြည်သားတွေက ကျမတို့ပြည်ထောင်စုအတွက် ဘာများမင်္ဂလာနှစ်သစ်ကူးလက်ဆောင်တွေယူလာခဲ့ကျမလဲဆိုတာကို တစ်ယောက်ချင်းတစ်ယောက်ချင်း စဉ်းစားစေချင်ပါတယ် ။ ဒါပေးရမယ့်နှစ်ပါ သည်နှစ်မှာအားလုံးက၀ိုင်းပေးမှနောင်နှစ်မှာ အကျိုးတွေကိုခံစားရမှာပါ။ ကျမတို့နိုင်ငံမှာဘာလိုအပ်သလဲ ကျမတို့ငြိမ်းချမ်းရေးလိုအပ်တယ် ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်တယ်။ သည်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ကျမတို့ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းမှာ လုပ်ပိုင်ခွင့်ရှိသလို လုပ်နိုင်တဲ့စွမ်းရည်တွေလဲရှိတယ်လို့ကျမတို့မြင်ပါတယ်။

ဒါကြောင့်မို့ အခုနှစ်သစ်အတွက် စကားတစ်ခုပါးရမယ်ဆိုလို့ရင် သည်နှစ်သစ်မှာ ဘာလက်ဆောင်တွေများ ကျမတို့နိုင်ငံ ကျမတို့ပြည်ထောင်စုအတွက် ယူခဲ့ကြမလဲဆိုတာကို ကျမတို့နိုင်ငံသူနိုင်ငံသားတစ်ဦးချင်း စဉ်းစားကျပါ ။အရင်နှစ်က လုပ်ဆောင်ချက်တွေကို သုံးသပ်ပြီးတော့ အဲ့သည်သုံးသပ်ချက်ပေါ်အခြေခံပြီးတော့ ဘာတွေကျမတို့ဆက်ပြီးတော့လုပ်ဖို့လိုအပ်သလဲဆိုတာကို စဉ်းစားကျပါ နိုင်ငံအတွက်အလုပ်လုပ်တယ်ဆိုတာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်မရှိပါဘူး။

အားလုံးဟာဆက်ပြီးတော့ တစ်နှစ်နဲ့တစ်နှစ်တောင် မဟုတ်ဘူး တစ်ရက်နဲ့တစ်ရက် လုပ်နေရမယ့်ကိစ္စတွေဖြစ်ပါတယ်။ ကျမပြည်သူပြည်သူပြည်သားများ ကိုယ့်နိုင်ငံ ကိုယ်ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာယာငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့လက်ဆောင်ပဏ္ဍာများ ယူခဲ့နိုင်ကျပါစေလို့ ကျမအနေနဲ့ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ် ..

အားလုံးကျမ်းမာချမ်းသာကြပါစေ ဘေးဘယာဝေးကွာကြပါစေ ကောင်းကျိုးလိုရာ ဆန္ဒအ၀၀နဲ့ပြည့်စုံကြပါစေ။


အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထူသို့ ပြောကြားသော နှစ်သစ်ကူး နုတ်ခွန်းဆက်စကား
Posted by Kyaw Soe Htut on Thursday, December 31, 2015
Author/စရာဇာအောင်
Photo/ကိုမျိုးခိုင်



ဒီမနက် သတင်းတွေထဲမှာတော့ ဗိုလ်မှူးကျော်နုမော်ကို တပ်ကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းကို စိတ်ဝင်စားမိပါတယ်။ ၈ နှစ်သမီးလေးကို အိမ်ဖော်အဖြစ် ဝယ်ထားပြီးတော့ လူမဆန်စွာ ရက်စက်မှုကို ခွင့်ပြုထားတဲ့အတွက် တာဝန်ရှိသူတစ်ယောက်ဆိုပြီး တပ်မတော်ကနေ ထုတ်ပယ်ဆိုတဲ့ အပြစ်တစ်ခုတည်း ပေးလိုက်တာ လုံလောက်သလားလို့ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်ထင်ပါတယ်။

အများပြည်သူတွေ မကျေမနပ်နဲ့ စိတ်ထဲခံပြင်းရလောက်အောင် ကလေးကို ကြိုးတုတ်ပြီး ကိုယ်လုံးတီးနေပူ လှမ်းတာကို ခွင့်ပြုထားတဲ့ အိမ်ရှင်ကို အရေးယူလိုက်တာဟာ တပ်မတော်ကို ဂုဏ်ဆယ်လိုက်တဲ့အနေမျိုးလုပ် တာဆိုရင်တော့ မှားယွင်းတဲ့ လုပ်ရပ်လို့ ဆိုရမှာပဲဗျ။

တကယ်တန်း စစ်ဆေးရမှာက ဗိုလ်မှူးဆိုတဲ့ရာထူးနဲ့ ဘာဖြစ်လို့ ဒီလောက်တောင် ချမ်းသာကြွယ်ဝနေရသလဲ ဆိုတာကိုလည်း အရေးယူစစ်ဆေးရမှာ။ သူနေတဲ့ တိုက်၊ သူ့ရဲ့ပိုင်ဆိုင်မှု၊ သူပေးနိုင် သုံးနိုင်မှုတွေဟာ တပ်မတော်သား ဗိုလ်မှူးတစ်ယောက်ရဲ့ ဝင်ငွေနဲ့ယှဉ်ကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အားလုံး သိကြမှာပါ။

မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်က ခရိုနီမရှိဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ဗိုလ်နေဝင်းကိုယ်တိုင်က “စူဇကာစစ်ဆင်ရေး” ဆိုပြီး သူဌေးတိုက်ဖျက်တာကို စစ်ဆင်ရေးလို လုပ်ထားတယ်။ ပြီးတော့ တပ်မတော်သား အားလုံးလိုလို ပါတီဝင်တွေ ဖြစ်နေတာကြောင့် ပါတီကလည်း စောင့်ကြည့်နေတယ်။ မဟုတ်တာလုပ်ရင် မတန်တဆ ချမ်းသာရင် ပါတီစည်းမျဉ်းနဲ့ စစ်ဆေး အရေးယူတာတွေလုပ်တော့ အဲဒီခေတ် တပ်မတော် အရာရှိ ကြီးတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အရာရှိကြီးတွေလောက် မချမ်းသာကြဘူး။ ရှိလည်း ဒီခေတ် လောက် ပေါ်ပေါ်ထင်ထင် မကြွားရဲဘူး။ ရွှေ ငွေ စိန်ကျောက် ဇယ်တောက်မပြရဲဘူးပေါ့။

နဝတ/ နအဖခေတ်ကတည်းက စစ်တပ်ကနေ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ချုပ်ကိုင်ထားတယ်။ တကယ်လိုက်ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ခရိုနီတွေကို မွေးလိုက်တယ်။ ကြည့်လိုက်ရင် ဗိုလ်ချုပ်တွေ ဘာမှ မလုပ်ဘူးပေါ့။ ဒါပေမဲ့ ဗိုလ်ချုပ် သမီးတွေ၊ ဗိုလ်ချုပ်မြေးတွေနဲ့ ခရိုနီတွေ ပေါင်းပြီးတော့ သောင်းကျန်းလိုက်ကြ တာ တိုင်းပြည်လည်း ပြုတ်ပြုတ် ပြုန်းဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်တွေ ချမ်းသာမှုနဲ့ ပိုင်ဆိုင်မှုတွေကလည်း အဆမတန် ဖြစ်ခဲ့ကြရတယ်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းတယ်ဆိုတာ သူတို့ပြောတဲ့ စကားအတိုင်း ပြောရရင် ချောက်ထဲကျလုဆဲဆဲ ဖြစ်လို့ သိမ်းရပါတယ်ဆိုရင် လက်ခံပေးလိုက်ပါ့မယ်။ ဒါပေမဲ့ ချောက်ထဲကျနေတဲ့ တိုင်းပြည်ကို အဆီညှစ်၊ အသားခြစ်၊ အရိုးထဲက ခြင်ဆီပါထုတ်ပြီး နောက်ဆုံး အရိုးကိုတောင် အမှုန့်ဖြစ်အောင်လုပ်ခဲ့တာ ဘယ်သူ တွေလဲ၊ ဘယ်သူတွေကလုပ်ခွင့် ပေးခဲ့တာလဲဆိုတာ ပြန်စစ်ဆေးသင့်ပါတယ်။

နောက်ဆုံးပြောရရင် တပ်မတော်ကနေ အငြိမ်းစားယူသွားပြီဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ စည်းစိမ်ဥစ္စာတွေကိုတောင် ဘယ်ကဝင်လာသလဲ ဆိုတာ ပြန်မစစ်နိုင် တဲ့ခေတ်မှာ ကျော်နုမော် ပေါင်းများစွာ ရှိနေတာကို စစ်ဆေးလိုက်ရင်လည်း ခေါင်ထိပြီး အကုန်စားခံရမှာစိုးရိမ်လို့ တပ်ကထုတ်လိုက်ပါတယ် ဆိုတာလောက်နဲ့ ကျေနပ်လိုက်ရတာ မတရားဘူးလို့ဆိုချင်ပါသဗျာ။

ဝန်ထမ်းချင်းအတူတူ၊ ရာထူးချင်းအတူတူ၊ လစာချင်းအတူတူအနေအထားတွေမှာ စစ်ဗိုလ်စစ်သားတွေ တပ်ထဲမဝင်မီ ပိုင်ဆိုင်မှုတွေနဲ့ တပ်ထဲရောက်ပြီးမှ ဖြစ်လာတဲ့ ကြီးပွားချမ်းသာမှုတွေကို အစိုးရတစ်ခေတ်မှာ ပြန်စစ်လိုက်မယ်ဆိုရင် …

၃၁.၁၂.၂၀၁၅
ဆရာ တင်ညွှန့်

လိပ်ကျွန်းလူသတ်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့ ကကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးနောက် အမှုနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရာများ၊ အငြင်းပွားဖွယ်ရာများဖြင့် ကမ္ဘာ့မီဒီယာစာမျက်နှာတွင် ပွက်လောရိုက်နေချိန်တွင် ဘန်ကောက်ပို့စ်သတင်းစာက ထိုသို့ဖြစ်ရခြင်းတွင် ထိုင်းရဲတို့၏ပုံရိပ်ဆိုးသည် အဓိကတရားခံဖြစ်သည်ဟု ဝေဖန်ရေးသားသည်။ ဒီဇင်ဘာ ၃၀ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် “ရဲတပ်ဖွဲ့၏ပုံရိပ်သည် (လိပ်ကျွန်းအမှု) စီရင်ချက်ကိုညစ်ထေးစေသည်”ဟူသောခေါင်းစီးဖြင့် ဖော်ပြခဲ့ရာထိုင်းရဲတပ်ဖွဲ့၏ ပုံရိပ်ဆိုးကို ထောက်ပြထားသည့်အပြင် ထိုသို့ဖြစ်စေသော ရဲဆိုးများကို ရဲတပ်ဖွဲ့အတွင်းမှ ထုတ်ပယ်ပြီး ရဲတပ်ဖွဲ့အသွင်ပြောင်းရေးကို လုပ်ဆောင်သင့်ကြောင်း ဒုတိယ၀န်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝေါင်ကို တိုက်တွန်းရေးသားထားသည်။

“ဇော်လင်းနှင့်ဝေဖြိုးတို့နှစ်ဦးအပြစ်ရှိကြောင်းစီရင်ချက်ချရာတွင် DNA အထောက်အထားသည် အဓိကဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးကိုစစ်ဆေးစဉ်တွင် ရှေ့နေများကိုသက်သေထား၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ နှိပ်စက်ဝန်ခံခိုင်းခြင်း မရှိကြောင်း (ထိုင်းရဲများက ၎င်းတို့ကို နှိပ်စက်ဝန်ခံခိုင်းကြောင်း စွပ်စွဲခံနှစ်ဦးကတရားရုံးတွင် ထွက်ဆိုသည်) ထိုင်းရဲမှူးကြီးများက ခုခံပြောဆိုသည်။ သို့သော်လည်း မေးခွန်းများစွာရှိနေသည်။ ဤအမှုနှင့်ပတ်သက်၍ တရားရုံး၏ ယုံကြည်စိတ်ချရမှုအပေါ် အဘယ့်ကြောင့် မေးခွန်းထုတ်နေကြသနည်း။ အဘယ်ကြောင့် နိုင်ငံတကာမီဒီယာများက ယခုစီရင်ချက်ကို လက်မခံနိုင် ဖြစ်နေကြသနည်း။ အဘယ်ကြောင့် ထိုင်းနိုင်ငံသားအများစုကလည်း မြန်မာနှစ်ဦးသည် ဓါးစားခံအဖြစ် ထိုးကျွေးခံရသူများသာဖြစ်သည်ဟု ယုံကြည်နေကြသနည်း။ အဘယ်ကြောင့် မြန်မာနိုင်ငံတ၀န်းတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်နေရသနည်း။”ဟု မေးခွန်းများစွာ ထုတ်ထားပြီး ထိုမေးခွန်းများ၏အဖြေမှာ သံသယရှိသူများကို ရိုက်နှက်တတ်သော၊ ဓါးစားခံများထိုးကျွေးလေ့ရှိသော၊ ပြစ်မှုကျူးလွန်သူထံမှ လာဘ်ငွေယူ၍ ဒုစရိုက်မှုများကို မျက်ကွယ်ပြုတတ်သော၊ ရွှေ့ပြောင်းလုပ်သားများအား ခြိမ်းခြောက်ငွေညှစ်တတ်သော ထိုင်းရဲတို့၏ ပုံရိပ်ဆိုးသည် အဓိကတရားခံဖြစ်သည်ဟု ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကန့်ကွက်ဆန္ဒပြမှုများနှင့်ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်လိုသော အဖွဲ့အစည်းအချို့ကသွေးထိုးနေသည်ဟု သံသယရှိရကြောင်း ထိုင်းရဲမှူးကြီးပီယာဖန်ပင်မွမ်းက ဒီဇင်ဘာ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဒုတိယ၀န်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝေါင်ကလည်း ဆန္ဒပြမှုများ၏ နောက်ကွယ်မှလက်သည် (၀န်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသော သက်ဆင်ရှင်နာဝပ်ထရာ၏ အာင်အားစုများကို ရည်ညွှန်းသည်။) ကိုဖော်ထုတ်ရန် ထိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း၊ ဒုဝန်ကြီးချုပ်အနေဖြင့် ထိုညွှန်ကြားချက်အစား ထိုင်းရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခကိုကျဆင်းစေသော ရဲဆိုးများကိုဖယ်ရှားပစ်ရန် ညွှန်ကြားသင့်သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက တိုက်တွန်းရေးသားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 အီရန် နိုင်ငံရဲ့ ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်းကို အရှိန်တိုးမြှင့်ပြီး အကောင်အထည်ဖော်ဖို့ အီရန် သမ္မတ ဟာဆန် ရူဟာနီကနေ ညွှန်ကြားချက်ထုတ် လိုက်ပါတယ်။

အီရန်ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်း နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု က ပိတ်ဆို့ ကန့်သတ်မှု အသစ်တွေ ချမှတ်ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ခဲ့တဲ့နောက် အီရန် သမ္မတ က သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနကို အခုလို အမိန့်ထုတ် ခဲ့တာ ဖြစ်ပါတယ်။


အမေရိကန် ဘက်က ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ် ဆိုတဲ့ အစီအစဉ်ဟာ ရန်လိုပြီး၊ အီရန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် အပေါ် စွက်ဖက်ရာရောက်တဲ့ တရားမဝင် လုပ်ရပ် ဖြစ်တယ် ဆိုပြီး အီရန် သမ္မတ ရူဟာနီက သူ့ရဲ့ ကာဉွယ်ရေး ဝန်ကြီးဆီ ရေးတဲ့ စာထဲမှာ တွေ့ရပါတယ်။

အဲဒီ့ စာကို အီရန် အစိုးရပိုင် သတင်းအေဂျင်စီ မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်း ဟာ နိုင်ငံတကာ နဲ့ အီရန် အကြား သဘောတူမှု ရထားတဲ့ နျူကလီယာ ရည်မှန်းချက် အစီအစဉ် နဲ့လည်း ဘာမှ မသက်ဆိုင်ဘူး လို့ သမ္မတ ရူဟာနီက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


“သေဆုံးရတဲ့ အကြောင်းရင်းမေးရင်တောင် မပြောပြတတ်ဘူး။ ရောဂါက ခြောက်မျိုးလောက်ဖြစ်နေတယ်။ ဒီရောဂါတွေ တကယ်လို့ ရှိရိုးမှန်ရင် ခွဲစိတ်မှု လုပ်သင့်မသင့် သူတို့ ဆုံးဖြတ်ရမှာလေ။ သေတော့မှ ရောဂါတွေအများကြီး ဘာကြောင့်ထဖြစ်ရတာလဲ…”
----- ----- ----- ----- -----
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော အာရှတော်ဝင်ဆေးရုံ၌ လေဆာဖြင့် ကျောက်ချေဖျက်ရာမှ လူနာသေဆုံးခဲ့မှုအား အဆိုပါ လူနာကို ကုသခဲ့သော အထူးကုဆရာဝန်ကြီးမှ Operation ဆောင်ရွက်ပုံအောင်မြင်ခဲ့ကြောင်းနှင့် လုပ်ငန်းအဆင့်ဆင့်များအတွက် မိသားစုကို လာရောက်တောင်းပန်ခဲ့ကြောင်း ကာယကံရှင်များက News Watch သို့ ပြောသည်။

ဒေါ်သင်းသင်းဟန်သည် ဒီဇင်ဘာ ၂၄ ရက်တွင် အာရှတော်ဝင်ဆေးရုံ၌ လေဆာဖြင့် ကျောက်ချေဖျက်ရသည့် ခွဲစိတ်ကုသမှုကို ခံယူခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိသားစုမှ မိခင်တဦး ဆုံးရှုံးရမှုနှင့်ပတ်သက်သည့် ခံစားချက်ကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ခဲ့ရာမှ ပံျ့နှံ့သွားခဲ့သည်။ သေဆုံးသူလူနာကို ကုသခဲ့သည့် အထူးကုဆရာဝန်ကြီးမှ ဒီဇင်ဘာ ၃၁ ရက်၌ ကာယကံရှင်များထံသို့ လာရောက်တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အော်ပရေးရှင်းလုပ်တာ အောင်မြင်တယ်လို့ပဲ သူပြောတယ်။ ပရိုစီဂျာအတိုင်းဆို အောင်မြင်တယ်ပေါ့။ အော်ပရေးရှင်းကိစ္စကတော့ သူက သူမှန်တယ်ပဲ ပြောတာလေ။ ဦးတို့လည်း မသိဘူးလေ။ ခွဲစိတ်ပြီး နောက်ပိုင်း စောင့်ရှောက်တဲ့ကိစ္စတွေပြောတော့ သူ့ဘက်က ဒါတွေကို တောင်းပန်ပါတယ်လို့ ပြောတယ်''ဟု ကွယ်လွန်သူ ၏ ခင်ပွန်းဖြစ်သူ ဦးခင်ဇော်က ပြောသည်။

ဒေါ်သင်းသင်းဟန်သေဆုံးချိန်၌ အာရှတော်ဝင်ဆေးရုံမှထုတ်ပေးသည့် သေဆုံးမှုမှတ်တမ်းအရ ခန္ဓာကိုယ်သွေး ဆိပ်တက်ခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့် ကျောက်ကပ်သွေးငတ် ခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
''အရင်တုန်းက နှလုံးတို့၊ သွေးတိုးတို့ အဲဒါတွေက ဆေးကြီးစွဲသောက်နေရလောက်အောင် မရှိဘူး။ သေဆုံးရ တဲ့ အကြောင်းရင်းမေးရင်တောင် မပြောပြတတ်ဘူး။ ရောဂါက ခြောက်မျိုးလောက်ဖြစ်နေတယ်။ ဒီရောဂါတွေ တကယ်လို့ ရှိရိုးမှန်ရင် ခွဲစိတ်မှု လုပ်သင့်မသင့် သူတို့ ဆုံးဖြတ်ရမှာလေ။ သေတော့မှ ရောဂါတွေအများကြီး ဘာကြောင့်ထဖြစ်ရတာလဲ။ သေရတဲ့အကြောင်းက မရှင်းဘူး။ ရိုးရိုးသားသား အော်ပရေးရှင်းလုပ်တယ်။ သွေး ကြောပေါက်ပြီး သွားတယ်ဆိုရပြီ။ သားအငယ်ကောင်က ဒေသန္တရမှာ သေစာရင်းထောက်ခံစာသွားယူတော့ အသက် (၄၇) နှစ်တည်းနဲ့ ဒီလောက်ရောဂါတွေ အများကြီးနဲ့ ဖြစ်နိုင်လို့လားတောင် ပြောတယ်''ဟု ဦးခင်ဇော်က ဆက်လက်ပြောကြားသည်။

လူနာအား ခွဲစိတ်မှုပြီးချိန်၌ ခွဲစိတ်မှုအောင်မြင်ကြောင်း ပြောကြားခဲ့ပြီး လူနာဆောင် (Ward) ထဲသို့ ပြန်ပို့ ကြောင်း၊ ထို့နောက်တွင် လူနာမှာ အသက်ရှူ၍မ၀ဖြစ်လာကြောင်း၊ အချိန်ကြာသည်နှင့်အမျှ လူနာမှာ ပိုမို ခံစားလာရကြောင်း၊ သက်ဆိုင်ရာ ဆရာဝန်ကြီးကို ခေါ်ပေးရန် မိသားစုမှ ပြောဆိုခဲ့ကြသော်လည်း တညတာ လုံး မရောက်လာခဲ့ကြောင်း၊ နံနက်ရောက်မှသာ အရေးပေါ်စောင့်ရှောက် (ICU) ခန်းထဲသို့ ရောက်ရှိခဲ့ကြောင်း မိသားစုက ပြောသည်။ ICU ထဲရောက်စဉ် အောက်ဆီဂျင်ပေးရန်အတွက် လူနာမှ ရုန်းကန်၍ အခက်အခဲ ရှိနေခြင်းကြောင့် လည်ပင်းမှဖောက်ကာ အောက်ဆီဂျင် ထည့်သွင်းရန် မေ့ဆေးပေးခဲ့ပြီး မကြာမီ သေဆုံးခဲ့ ကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။

''Operation ပြီးတော့ အောင်မြင်တယ်လို့ သူပြောတယ်။ ဒီရောဂါက တကယ်တမ်း မအောင်မြင်လို့ သွေးထဲ အဆိပ်ရောက်သွားရင် ကုသဖို့ အချိန်မရှိတော့ဘူး။ ကာယကံရှင်ကိုပြောခဲ့လို့ရတယ်။ ပြောခဲ့ရင် ပြင်ဆင်ချိန်ရ မယ်။ နောက်ဆုံး မိသားစုနဲ့ စကားပြောခွင့်ရမယ်။ တွေ့ဆုံခွင့်ရမယ်။ အခုကျတော့ Operation အောင်မြင် တယ်ဆိုပြီး Ward ထဲပို့တယ်။ Ward ထဲမှာ ပြုစုနေတာနဲ့ အချိန်ကုန်သွားတယ်။ ICU ထဲ ဆက်ပို့ဆက်ကုတယ်။ ICU ထဲမှာ ဆက်ကုတဲ့ အချက်အလက်တွေသည် သွေးထဲ အဆိပ်ပျံ့တာသိရင် ဘာလို့ ဆက်ကုလဲ။ မေ့ဆေး ဘာလို့ ဆက်ပေးလဲ''ဟု မိသားစုဝင်တဦးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ News Watch ဂျာနယ်မှ အာရှတော်ဝင် ဆေးရုံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က သွားရောက်တွေ့ဆုံမေးမြန်းမှုပြုသော်လည်း အစည်း အဝေးလုပ်နေသည့်အတွက် တာဝန်ယူဖြေကြားပေးနိုင်မည့်သူ မရှိသေးကြောင်း ပြောသည်။
''သူတို့တွေကတော့ ရှင်းပြသွားတယ်။ ဦးတို့ဘက်ကလည်း ဒီကိစ္စကို အစကတည်းက ပြင်းပြင်းထန်ထန် လုပ်ချင်တဲ့ ဆန္ဒမှမရှိတာလေ။ ဒီဖြစ်စဉ်တွေကို ကျန်းမာရေးအသိလေးအနေနဲ့ တင်ခဲ့တာ။ အိမ်တိုင်ရာရောက် ပြေရာပြေကြောင်း ပြောသွားတယ်။ တောင်းပန်သွားတယ်။ ဦးသိချင်တာက Operation လုပ်တာ တကယ် အောင်မြင်မှုရှိ၊ မရှိ သိချင်တယ်။ ICU ထဲကို သေလုမြောပါးဖြစ်နေတဲ့ လူနာကို မေ့ဆေးထပ်ပေးလို့ရမရ။ ဒီအတိုင်းတောင် သေမယ့်လူလေ။ နောက်တချက်က သေဆုံးရတဲ့ အကြောင်းတွေထဲမှာ အဲဒီလောက်များတဲ့ ရောဂါရှိတဲ့ လူကို Operation ထဲကို ခွင့်ပြုလို့ရလား၊ ဒီသုံးချက်တော့ သိချင်တယ်''ဟု ခင်ပွန်းဖြစ်သူ ဦးခင်ဇော်က ပြောသည်။

ကိုခက်၊ မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရှစ်နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်မှုဖြင့် စစ်ဆေးခံရသည့် အိမ်ရှင်ဖြစ်သူ
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ
ထုတ်ပယ်ပြီး သော်လည်း အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းကာ အဆုံးအဖြတ်
ခံယူစေလိုကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း
သိရှိရသည်။

“တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ လုပ်သင့်တဲ့ လုပ်ဆောင်ချက်
ဖြစ်ပါတယ်။ တပ်မတော်ပိုင်းက ကျူးလွန်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို
ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြတာတော့ မရှိခဲ့ဘူး။ အခုလို ပွင့်ပွင့် လင်းလင်း
လုပ်ပြလိုက်တဲ့ အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြစ်မှုတွေကိုတော့ အရပ်
ဘက် တရားရုံးရဲ့ အညီအမျှ အဆုံးအဖြတ် ခံယူစေချင်တယ်” ဟု လူ့အခွင့်အရေး
ကာကွယ် မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာ ဆက်ဆံရေးမှူး ဦးအောင်ဇော်ဦးက
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ် နေအိမ်တွင်
ရှစ်နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်မှုဖြင့် စုံစမ်းစစ်ဆေး ခံရပြီးနောက်
အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးကျော်နုမော်ကို နှိပ်စက်ခံရသည့် ကလေးငယ်၏ မိဘများအား
ငွေဆယ်သိန်း နစ်နာကြေးပေးကာ အိမ်ခေါ်ထားမှု၊ အိမ်ခေါ်ကာ နှိပ်စက်မှုတို့ကို
တပ်မတော်မှ စစ်ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် တာဝန်နှင့်တကွ တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်
လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်ထံသို့ စာတင်ပြ
ထားခြင်း ရှိ၊ မရှိကိုမူ မသိရှိသော် လည်း တရားရုံး၏ စီရင်ချက်ချမှတ်ပိုင်ခွင့်
ရှိနေခြင်းကြောင့် လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝင်ရောက် စွက်ဖက်မည်
မဟုတ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က
ပြောသည်။

“တပ်မတော်က ထုတ်ပယ်လိုက်တာက ဌာနရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့
ကိစ္စတွေကလည်း တရားရုံးရဲ့ စီရင်ချက် ချမှတ်ပိုင်ခွင့်ရှိနေလို့ လူ့အခွင့်အရေး
ကော်မရှင်အနေနဲ့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး” ဟု ဒေါက်တာဥာဏ်ဇော်က
ပြောသည်။

၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို မြန်မာနိုင်ငံက
လက်မှတ် ရေးထိုးခဲ့သော်လည်း လက်တွေ့တွင် ကျင့်သုံးမှု အားနည်းနေခြင်းကြောင့်
အစိုးရသစ် လက်ထက်တွင် ခိုင်မာသည့်ကလေးသူ ငယ်ဥပဒေများ ကို ချမှတ်ပေးရန်
လိုအပ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။

လက်ရှိတွင် ရှစ်နှစ်အရွယ် ကလေးအား ရိုက်နက်မှုဖြင့် ဗဟန်းမြို့နယ် ရဲစခန်းက
အိမ်ဖော်ဒေါ်သန်းနွဲ့ကို ကလေး သူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူထားသည့်
အပြင် ဗိုလ်မှူးကျော်နုမော်၏ ဇနီးနှင့် ယောက္ခမတို့ကို ဗဟန်းမြို့နယ် တရားရုံးက
ဒီဇင်ဘာလ ၇ ရက်မှ စတင်စစ်ဆေးနေကာ နှိပ်စက်မှုတွင် တိုက်ရိုက်စေခိုင်းသူ
(သို့မဟုတ်) နောက်ကွယ်မှ စေခိုင်းသူအဖြစ် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်
တွေ့ရှိပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီးတော့ ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ ကာချုပ်က နှစ်သစ်ကူး စကားထဲ ထည့်သွင်း ပြောဆို။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ အသီးသီးက အခု ၂၀၁၆ ခုနှစ် နှစ်သစ် အကူး နှုတ်ခွန်းဆက် စကားတွေ အသီးသီး၊ အများပြည်သူ ကို ပြောဆို ခဲ့ ပါတယ်။

၂၀၁၆ ခုနှစ် မှာ မြန်မာ နိုင်ငံ အတွက် နိုင်ငံရေး အရရော စီးပွားရေး အရပါ အခွင့်လမ်း ကောင်းတွေ ရှိလာမယ် လို့ ယုံကြည် တယ် ဆိုပြီး သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့ သလို၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ကလည်း သူ့ရဲ့ နှုတ်ခွန်းဆက် စကားထဲမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်စုနဲ့ တစ်စု မှန်ကန်တဲ့ စေတနာတွေ ထိန်းသိမ်း ထားရှိ နိုင်ကြပါစေ ဆိုပြီး ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး စကားထဲမှာတော့ အခုနှစ်သစ်ဟာ မြန်မာ နိုင်ငံ အတွင်း ဒီမိုကရေစီ စနစ် ခိုင်မာဖို့နဲ့ ဖွံ့ဖြိုးရေး တို့ အတွက် အရှိန်အဟုန် မြှင့် လုပ်ဆောင် ကြရမယ့် နှစ် လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီးတော့လည်း ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ နှစ်သစ်ကူး စကားထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာနိုင်ငံမှ သတင်းများအရ ရွေးကာက်ပွဲအနိုင်ရရှိပြီးနောက် NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် အပြောင်းအလဲအတွက် အလေးအနက် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က အဓိကမောင်းနှင်သူ၊ တပ်မတော်ကတွဲဖက် မောင်းနှင်သူအဖြစ်ဖြင့် ပြင်ဆင်မှုများကို ပုံဖော် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် NLD နှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရုပ်လုံးပေါ်လာမည်ဖြစ်သည်။
အစိုးရတရပ် ပြောင်းလဲရုံမျှဖြင့် အမျိုးသားအကျိုးစီးပွား ပြောင်းလဲသည်မဟုတ်။ အမျိုးသားအကျိုးစီးပွားအပေါ် အဓိပ္ဗါယ်ဖွင့်ဆိုမှုနှင့် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရန် မည်သို့မည်ပုံ လုပ်ဆောင်မည်နည်းဆိုသော လုပ်နည်းလုပ်ဟန် တနည်းအားဖြင့် သံတမံရေးရာလုပ်ထုံးလုပ်နည်းသာလျှင် ပြောင်းလဲသည်။ ထိုအပြောင်းအလဲသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပေါ်ခဲ့သည်။ သူ၏ပြုပြင်ပြောင်းလဲရေးမူဝါဒဖြင့် အနောက်ကမ္ဘာထံ တံခါးဖွင့်ခဲ့သည်။ တရုတ်အပေါ် အမှီပြုမှုကို လျှော့ချခဲ့သည်။ မြန်မာအတွက် နိုင်ငံတကာ၏လက်ခံမှုကို အရယူပေးခဲ့သည်။

အခြားသူတဦး သမ္မတတင်မြှောက်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် တကယ့်အမှန် သမ္မတဖြစ်မည်ဖြစ်၍ သူမပင်လျှင် သူမ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပေမည်။ သူမတွင် နိုင်ငံကတာပုံရိပ်ရှိသည့်အပြင် တိုင်းပြည်၏ စံ၊ တန်ဖိုးများနှင့် အကျိုးစီးပွား ညီညွတ်မျှတသော နိုင်ငံခြားရေးမူဝါဒတခုကို လက်တွေ့ကျကျ ထုဆစ်ပုံဖော်ပေးနိုင်ရန် ကိုးစားနိုင်သူလည်း ဖြစ်သည်။

ပြင်ပဆက်ဆံရေးနှင့်ပတ်သက်၍ တရုတ်နှင့် အနောက်အုပ်စုအကြား မျှခြေရှာဖွေရေးသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးအခက်အခဲ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်ကြီးများနှင့် အတိုက်အခံအဖြစ် ရပ်တည်ခဲ့သော ၂၅ နှစ်တာကာလအတွင်း အနောက်အုပ်စု၏ထောက်ခံမှုကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပြီးတရုတ်မှာမူ စည်းတဘက်တွင် ရှိနေခဲ့သည်။ တရုတ်အစိုးရက ၂၀၁၀ အထိ NLD ကို မျက်ကွယ်ပြုထားခဲ့ပြီး ယင်းနောက်တွင်မှ ၀တ်ကျေတမ်းကျေ ဆက်ဆံရေးကို အစပြုခဲ့သည်။ နောက်ဆုံး ၂၀၁၅ ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့သည်။ ၂၀၁၁ သြဂုတ် က သမ္မတဦးသိန်းစိန်စတင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုကြောင့် ဂျပန်အပါအ၀င် အနောက်အုပ်စုက တင်းကျပ်မပြည့်သည့် မြန်မာ့ဒီမိုကရေစီကို လက်သင့်ခံခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် တရုတ်နှင့်အနောက်အုပ်စုအကြား မဟာဗျုဟာဆိုင်ရာအားပြိုင်မှု ပြင်းထန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သို့မည်ပုံ ဆက်ဆံမည်နည်း။

အချို့နေရာများတွင် ခပ်ခွာခွာရှိသော်လည်း ရွေးကောက်ပွဲမတိုင်မီက ၀ါရှင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နောက်တွင် မားမားမတ်မတ်ရှိကြောင်း ပြသခဲ့သည်။ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် တပိုင်းတ၀က် စီးပွားရေးပိတ်ဆို့မှု ဆက်လက်ချမှတ်ထားသည့် တခုတည်းသောနိုင်ငံဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုအပါအ၀င် ကိစ္စရပ်များစွာကို အမေရိကန်နိုင်ငံက အာရုံစိုက်ကြည့်ရှုနေကြောင်း အမေရိကန်အစိုးရအရာရှိကြီးများက မကြာသေးမီကမှ ပြောကြားခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်အား အတက်နိုင်ဆုံး လွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးမည်ဆိုလျှင် အမေရိကန်အနေနှင့် ပိုမို အထောက်အပံ့ပြုမည် ဖြစ်သည်။

တရုတ်သည် ပိုမိုကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော တိုင်းရင်းသားလက်နက်ကိုင်ပြဿနာဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တရုတ်ကို ကြားဝင်စေ့စပ်ပေးနိုင်စွမ်းရှိသည့် နိုင်ငံအဖြစ် ရှုမြင်ကောင်း မြင်နိုင်သည်။ အဆိုပါအရေးတွင် တရုတ်သည် ကူညီနိုင်စွမ်းရှိသလို ဖျက်ဆီးနိုင်စွမ်းလည်း ရှိသည်။ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးအောက်ရှိခဲ့သည့်ကာလများကို အခွင့်ကောင်းယူ၍ တရုတ်က မြန်မာနိုင်ငံတွင် ရေရှည်စီပွားရေးရင်းနှီးမြှပ်နှံမှုများ ထူထောင်ထားခဲ့သည်။ ထို့ပြင် ငွေကြေးထောက်ပံ့မှု အကြီးအကျယ် ပေးနိုင်စွမ်းလည်း တရုတ်တွင် ရှိသည်။ သို့သော် ထို့အတွက် အဖိုးအခတခု ပြန်ပေးရလိမ့်မည်။

ယခုအချိန်တွင် ပေကျင်းက မြစ်ဆုံစီမံကိန်းကို ပယ်ဖျက်ပေးပြီး ယူနန်-ရခိုင်ကမ်းခြေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ပြန်လည် အသက်သွင်းလာနိုင်သည်။ တရုတ်နှင့် ရင်နှီးနွေးထွေးသော ဆက်ဆံရေးထူထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားသည်။
“မြန်မာနိုင်ငံစီးပွားရေး ဦးမော့လာဖို့အတွက် သူမအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ပြုပြင်ရမှာပဲ”ဟု တက္ကသိုလ်ကျောင်းဆရာ Lin Xinxing က ပြောသည်။ ယင်းနှင့်ပတ်သက်၍ ဂျပန်နှင့်အခြားနိုင်ငံများမှ ရင်းနှီးမြှပ်နှံလိုသူများက စောင့်ကြည့်ကြပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးစားပေးစာရင်းတွင် အာဆီယံအဖွဲ့အစည်း ပါဝင်ပုံမရသော်လည်း အာဆီယံကို အလေးပေးသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အာဆီယံခေါင်းဆောင်များနှင့် ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန် နားလည်မှုကို မထူထောင်နိုင်ပါက မြန်မာနိုင်ငံ၏အားသာချက်များကို အပြည့်အ၀ အသုံးချပြီး အရှေ့အာရှဒေသတွင် ကစားပွဲကြီးများ ၀င်နွှဲနိုင်မည်မဟုတ်ချေ။

အိန္ဒိယနှင့်ဆက်ဆံရေး အရေးကြီးသည်မှာ အထူးပြောစရာ မလိုပေ။ အိန္ဒိယ-မြန်မာဆက်ဆံရေး ဝေဖန်ရေးသမားများအနေနှင့် ၁၉၉၂ ခုနှစ်က အိန္ဒိယအစိုးရက စစ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နာကြည်းနေဆဲလားဆိုသော ဆန်းစစ်ချက်များကိုကျော်လွန်ကြည့်ရှုသင့်ပြီ ဖြစ်သည်။သူမအနေနှင့် ထိုကိစ္စရပ်အပေါ် မေ့ပျောက်ထားပြီးဖြစ်ကြောင်း တရားဝင် ပြောကြားထားပြီးလည်း ဖြစ်သည်။ သံသယအရိပ်အယောင်အချို့ ကြွင်းကျန်နေသည်ဆိုဦးတော့ အာဏာလက်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နှင့် များစွာခြားနားပေလိမ့်မည်။ အမှန်အားဖြင့် အိန္ဒိယနှင့် မြန်မာသည် အပြန်အလှန် လိုအပ်ပါသည်။

NLD နှင့် တပ်မတော် လက်တွဲအုပ်ချုပ်မည့် မြန်မာပြည်သည် အမှန်တကယ်အားဖြင့် နယူးဒေလီအတွက် နှစ်နိုင်ငံအကြား ပိုမိုးအားကောင်းသော ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပင် ဖြစ်လာနိုင်ခြေရှိသည်။ အိန္ဒိယအနေနှင့် ထို့အတွက် လုပ်ဆောင်ရန်ရှိသည်များကို ဆောလျင်စွာဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံအတွက် ထိုက်သင့်သောအကျိုးစီးပွားကို ရှာဖွေရင်း တချိန်တည်းမှာပဲ အိမ်နီးချင်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကူညီဆောင်ရွက်သင့်သည်။ ယင်းသည် အိန္ဒိယနိုင်ငံအတွက်လည်း အရေးကြီးသည်။

၂၀၁၆ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှ ကောင်းကျိုးများစွာ ဖြစ်ထွန်းလာခြေရှိသည်။ ထို့နောက်တွင် ၀န်ကြီးချုပ် နာရင်ဒြာမိုဒီလည်း သွားရောက်လည်ပတ်သင့်သည်။ မိုဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားခေါင်းဆောင်များနှင့် ဆက်ဆံရေးသည် မြန်မာနိုင်ငံကို အိန္ဒိယက လေးလေးနက်နက် စိတ်ဝင်စားကြောင်း ပြသရာရောက်လိမ့်မည်။
နောက်ဆုံးတွင်အနေနှင့် နှစ်နိုင်ငံပြည်သူများအကြား ပိုမိုထိတွေ့ဆက်ဆံရေးကို မှန်ကန်ထက်သန်စွာ ဆောင်ရွက်ရမည်ပင် ဖြစ်သည်။

**Rajiv Bhatia သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းဖြစ်ပြီး “အိန္ဒိယ-မြန်မာဆက်ဆံရေး (ပြောင်းလဲနေသောကောက်ကြောင်းများ)” စာအုပ်ကိုရေးသားခဲ့သူဖြစ်သည်။ ဆောင်းပါးပါ အမြင်များမှာစာရေးသူ၏အာဘော်သာ ဖြစ်သည်။)
Ref;Hindustan Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၂၀၁၆ ခုနှစ် စပြီ ဆိုတာနဲ့ တရုတ် နိုင်ငံရဲ့ အငြင်းပွားဖွယ် အဖြစ်ဆုံး ဥပဒေ တစ်ခုဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲ ယူဖို့ ကန့်သတ် ထားမှု ဟာ တရားဝင် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

၂၀၁၆ ဇန်နဝါရီလ ၁ ရက် နေ့ က စလို့ တရုတ်ပြည်ထဲက အိမ်ထောင်ရှင် လင်မယား တွေ ဟာ ကလေး နှစ်ယောက် ယူခွင့် ရှိလာပြီ ဖြစ်ပါတယ်။

အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ ကာလတွေ မှာ ကလေးယူတာဟာ ကျွေးစရာ ပါးစပ်ပေါက် တစ်ပေါက် တိုးလာတဲ့ အနေနဲ့ ရှုမြင်ခဲ့ကြတဲ့ အချိန် ၁၉၇၉ ခုနှစ်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက် ဥပဒေကို တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တရုတ် အာဏာပိုင်တွေက ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ စည်းကမ်းကို ချိုးဖောက် ခဲ့တဲ့ အမျိုးသမီးတွေ ကို အရေးယူ ခဲ့ပြီး ဥပဒေကို ချိုးဖောက်ပြီး မွေးခဲ့ကြတဲ့ သန်းပေါင်း များစွာသော ကလေးငယ် တွေ လည်း တရားဝင် မှတ်ပုံတင် စာရင်းသွင်း နိုင်ခြင်း မရှိပဲ ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ တရုတ် နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေး မွေးဖွားနှုန်း အနိမ့်ဆုံး နိုင်ငံတွေထဲ ပါဝင်နေသလို သက်ကြီးရွယ်အို အချိုးအစားလည်း များပြားနေပါတယ်။

ဒါ့ကြောင့် တရုတ်ပြည် စီးပွားရေး ဆက်လက် ဖွံ့ဖြိုး တိုးတက် နိုင်ဖို့ လူငယ်လူရွယ်တွေ ပိုမို လိုအပ် နေပါတယ်။

BBC

minaunghlaing-620.jpg မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့က တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေ အတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံခေါင်းဆောင်တွေက၂ဝ၁၆ ခုနှစ် အတွက် နှစ်သစ်ကူး နှုတ် ခွန်းဆက်စကားတွေ ပြောကြားခဲ့ရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခုလာမယ်၂ဝ၁၆ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီခိုင်မာရေးအတွက် ထူးခြားတဲ့နှစ်ဖြစ်တယ်၊ တပ်မတော်အနေနဲ့ နှစ်သစ်မှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။

"၂ဝ၁၆ ခုနှစ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရမယ့် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ တိုင်းပြည်အကျိုးကိုရှေးရှုပြီး ဖြစ်ပေါ်လာမယ့် အစိုးရ၊ ပြည်သူ လူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေးတာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင် သွားမှာပါ"

ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း သမ္မတ အိုဘားမားနဲ့ အမေရိ ကန်ပြည်သူတွေကိုယ်စား ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲနဲ့ သဝဏ်လွှာတစောင် မနေ့ကထုတ်ပြန်ပြီး မြန်မာပြည်သူ လူထုကို လွတ်လပ်ရေးအကြို နှုတ်ခွန်းဆက်လိုက်ပါတယ်။

အဲ့ဒီစာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာပြည်အတွက် သမိုင်းဝင်ရွေးကောက်ပွဲ မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူ သန်းပေါင်းများစွာက ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံကြွယ်ဝတဲ့ အနာဂတ်ဖြစ်ပေါ်ရေးတို့အတွက် နောက်ထပ်ခြေတစ်လှမ်းကို အမိအရလှမ်းနို်င်ခဲ့ကြကြောင်း ချီးကျူးဖေါ်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီအဖွဲ့အစည်းတွေ ပိုမိုဖွံ့ဖြိုးအားကောင်းရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ စီပွားရေးပိုမိုဖွံ့ဖြိုးရေးတို့အတွက် ကူညီသွားမယ်လို့ ထပ်လောင်း ကတိပြုပါကြောင်း စသဖြင့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဂျွန်ကယ်ရီရဲ့ သဝဏ်လွှာ မှာ ဖေါ်ပြထားပါတယ်။

RFA

[soundcloud src="239863326"/]
၂ဝ၁၆ နှစ်သစ်ကူးအတွက် သီတဂူဆရာတော်ကြီး ဒေါက်တာအရှင် ဥာဏိဿရက ပြည်တွင်းပြည်ပမှာရှိကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းကို အခုလို သြဝါဒပြုထားပါတယ်။


ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် သမ္မတ Obama နဲ့ အမေရိကန်ပြည်သူများကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ဟာ သမိုင်းဝင်ပါလီမန် ရွေးကောက်ပွဲကြီး ပြီးစီးခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ပထမအကြိမ် မဲပေးခွင့်ရသူတွေ အပါအဝင် သန်းပေါင်းများစွာသော ပြည်သူတွေဟာ ဒီမိုကရေစီ ပိုမို ပီပြင်ပြီး ငြိမ်းချမ်းကြွယ်ဝတဲ့ အနာဂတ်ရွေးချယ်ခွင့်ကို ဆုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

ဒီပန်းတိုင်တွေဆီ ချီတက်ရာမှာ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမြဲ ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာရေး၊ လူ့အခွင့်အရေးတွေ တိုးမြှင့်ကာကွယ်ရေးနဲ့ ကျယ်ပြန့်ပြီး အားလုံးအကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူတရပ်လုံး လာမယ့်နှစ်သစ်မှာ ငြိမ်းချမ်းသာယာဝပြောပြီး ဘေးရန်ကင်းဝေးကြစေရန် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

John Kerry

နိုင်ငံခြားရေးဝန်ကြီး

ဝါရှင်တန်မြို့တော်

၁၃ ဒီဇင်ဘာ ၂၀၁၅

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် ထဲမှာ နှစ်သစ်ကူး အကြို ကာလ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်သူ တစ်ဦး ကို ဖမ်းဆီးပြီး ပုဒ်မတပ် အရေးယူ လိုက်တယ်လို့ အမေရိကန် အာဏာပိုင် တွေက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို လိုအပ်တဲ့ ပစ္စည်း တွေ ထောက်ပံ့ဖို့ ကြိုးစား ခဲ့သူ တစ်ဦး အဖြစ်လည်း အသက် ၂၅ နှစ် အရွယ် Emanuel Lutchman ဆိုသူကို အရေးယူ ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် အနောက်ပိုင်းက ရိုချက်စတာ ဆိုတဲ့ အရပ်မှာ စားသောက်ဆိုင် တစ်ခုထဲ အရပ်သားတွေ ကို ဓားနဲ့ တိုက်ခိုက်ဖို့ အဲဒီ့ သူက စီစဉ် ခဲ့တယ် လို့ စွပ်စွဲ ခံထားရပါတယ်။

Emanuel Lutchman ဟာ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သူကျူးလွန်တာကို တာဝန်ယူကြောင်း ပြောကြားထားတဲ့ ဗီဒီယို တစ်ခုလည်း အသင့် ရိုက်ကူး ထားပြီး အဲဒီ့ ဗီဒီယို ထဲမှာပဲ IS အဖွဲ့အပေါ် သစ္စာ ခံကြောင်း ပြောထားတယ် လို့ ဆိုပါတယ်။

အခု သံသယ ရှိရသူဟာ အစ္စလာမ် ဘာသာထဲ ကူးပြောင်း ဝင်ရောက် ထားတဲ့ မွတ်ဆလင်မ် တစ်ဦး အဖြစ် သူ့ကိုယ်သူ ခေါ်ဆိုပြီး စိတ်ဝေဒနာ ရောဂါ နောက်ကြောင်း အခံလည်း ရှိနေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ရှမ်းပြည်နယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး) အဖွဲ့က အရာရှိတချို့နဲ့ အမှုမှာပါဝင်တဲ့သူတွေ ကို တောင်ကြီးခရိုင် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဖမ်းမိထားသူ ၇ ဦးရှိပြီး အဓိက တရားခံ အိုက်ပိ (ခေါ်) အိုက်နုက ထွက်ပြေး တိမ်းရှောင်နေ ဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်) မူးယစ်ဆေးဝါး တားဆီးနှိမ်းနှင်းရေးဌာနက ဌာနမှူး ရဲမှူးကြီး ရွှေညာမောင် က ပြောပါတယ်။

"အားလုံးတရားစွဲထားပြီးပြီး တရားရုံးကို၊ ဖမ်းထားတဲ့အားလုံး ၇ ယောက်လုံးကို ကျနော်တို့ တရားစွဲထား ပါတယ်၊ စစ်ဆေးနေဆဲ တရားရုံးမှာ၊ တရားရုံးကတော့ နဂိုစွဲထားတဲ့ ပြစ်မှုတွေအတိုင်းပါပဲခင်ဗျ၊ မိတဲ့နေရာက ပင်လောင်းဆိုတော့လည်းပဲ ခရိုင်အမှုဖြစ်တဲ့အတွက်ကြောင့် တောင်ကြီးခရိုင်တရားရုံးကို တရားစွဲထားတယ်"

အဲ့ဒီမူးယစ်အမှုနဲ့ ပတ်သက်တဲ့ အဓိက တရားခံ အိုက်ပိ (ခေါ်) အိုက်နုဟာ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုထားပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ မရသေးဘူးလို့ ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး အရာရှိတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါးအမှုဟာ သူတို့အဖွဲ့နဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်း တပ်ဖွဲ့က စသုံးလုံးအရာရှိ သူရဝင်း မောင်းနှင်းလာတဲ့ မော်တော်ကားကို ရှာဖွေရာမှာ ဘိန်းညိုမှုန့် ၄၈၂ ကီလို၊ ပွိုင့် ၂၂ ပစ္စတိုသေနတ် တစ်လက်နဲ့ ကျည်ထောင့် ၁၃ ထောင့်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

RFA


ကျောင်းသား ခေါင်းဆောင်ဟောင်း ၂ယောက် ကို ထောင်ချ

၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ မြန်မာ နိုင်ငံမှာ စီရင်ချက်ချ ပြီးသား နိုင်ငံရေး အကျဉ်းသား ၁၂၉ ယောက် ရှိသလို နိုင်ငံရေး ကိစ္စတွေ ကြောင့် အမှုရင်ဆိုင်နေရသူ ၄ဝဝ ကျော် ရှိနေပါတယ်။

ဒီဇင်ဘာ ၃၁ နေ့ မှာပဲ ရန်ကုန်မှာ ပုဒ်မ ၁၈ နဲ့ တက်ကြွ လှုပ်ရှားသူ ၂ ယောက် ကို ထောင်ဒဏ်ချ လိုက် သလို မြင်းခြံ မှာလည်း ကျောင်းသား ခေါင်းဆောင် ဟောင်း ၂ယောက် ကို ထောင်ဒဏ် ချလိုက် ပြန်ပါပြီ။

အမျိုးသား ပညာရေး ဥပဒေ ကို ကန့်ကွက် ဆန္ဒပြ လို့ မြင်းခြံထောင်မှာ ဖမ်းခံ ထားရတဲ့ အထက် ဗမာပြည် ဗကသ ဥက္ကဋ္ဌ ဟောင်း ကိုသန့်ဇင်ကို ငြိမ်းစုစီ ပုဒ်မ ပုဒ်မ ၁၈ (၂) မှုနဲ့ ထောင်ဒဏ် ၂လ၊ မြင်းခြံ ခရိုင် ဗကသ အဖွဲ့ဝင် ကိုဉာဏ်မြင့်သန်း ကို ထောင်ဒဏ် ၁လ ချမှတ် လိုက်ပါတယ်။

သူတို့ ၂ယောက် ဟာ ချုပ်ရက် ခံစားခွင့် အရ လွတ်ရမှာ ဖြစ်ပေမယ့် တခြားစွဲဆိုထားတဲ့ ပုဒ်မတွေ ရှိနေသေးလို့ မလွတ်မြောက်ဘဲ မြင်းခြံ ထောင်မှာ တခြား ဖမ်းခံ ထားရသူ ၆ ဦးနဲ့ အတူ ဆက်ပြီး ထောင်ထဲ နေရဦးမှာ ဖြစ်ပါတယ်။

တနေ့တည်း စီရင်ချက် ချခံရသူတွေ ကတော့ ဒီမိုကရေစီရေး စဉ်ဆက် မပြတ် လှုပ်ရှားသူများ အဖွဲ့ MDCF တောင်ဒဂုံ က ကိုဆန်းအောင်ဝင်းနဲ့ ကိုကျော်ဇင်လတ် တို့ပါ။

သူတို့ကတော့ ဧပြီ ၂၉ရက်က ရွေးကောက်ပွဲ မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို မဲမပေးဖို့ နဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး အတွက် မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ လို့ ကျောက်တံတား တရားရုံးက ထောင်ဒဏ် ၃လ စီ ချလိုက် တာပါ။

ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး နီးပါးကို ပြန်လွှတ် ပေးခဲ့လို့ ချီးကျူး ပြောဆိုမှု တွေ ရှိခဲ့ပေမယ့် ဒီနှစ် အတွင်း နိုင်ငံရေး အကျဉ်းသား အရေအတွက် သိသိသာသာ တိုးလာတဲ့ အတွက် မဖြစ်သင့် ကြောင်း လက်ရှိ အစိုးရ အပါအဝင် NLD ပါတီနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP က တင်ပြ တောင်းဆိုထားတယ် လို့ AAPP ရဲ့ မြန်မာပြည် ဆိုင်ရာ တာဝန်ခံ ကိုအောင်မျိုးကျော် က ပြောပါတယ်။

BBC Burmese


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြင်ကွင်း။

လိပ်ကျွန်းလူသတ်မူကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံ က ဆက်ဆံရေး အခြေအနေ တင်းမာမူတွေဖြစ်မှာကို စိုးရိမ်ပြီး နှစ်သစ်ကူး မှာ မြန်မာတွေ အလုပ်ရက်ရှည် ပိတ်ပေမဲ့ အရင်နှစ်တွေလို လည်ပတ်မူတွေ သိပ်မရှိဘူး လို့ အလုပ်သမားတွေကဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှု နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား၂ ဦးကိုအပြစ်ရှိတယ်ဆိုပြီး ထိုင်းတရားရုံး တခုကနေ သေဒဏ် ချမှတ်လိုက်ပြီးတဲ့ နောက် မှာတော့ မြန်မာနိုင်ငံ တွင်းမှာ မငြိမ်သက်မူတွေ ဖြစ်ပေါ်သလို ထိုင်းနိုင်ငံတွင်းက အလုပ်သမားတွေကြား မှာလည်း မကျေနပ်မှုတွေနဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

အခုလို နှစ်သစ်ကူး ကာလမှာ စက်ရုံအလုပ်ရုံတွေက အနည်းဆုံး ၄ ရက်ခန့် အလုပ်တွေ ပိတ်ပေမဲ့ အလည်အပတ်တွေ မထွက်ရဲဖြစ်နေကြတယ် လို့ မဲဆောက်မြို့က အလုပ်သမားတဦးက ပြောပြပါတယ်။

“ အခုက သွားသွားလာလာဆို သိပ်ပြီးတော့ မသွားကြဘူး။ စက်ရုံအလုပ်သမားတွေ ဆိုရင် စက်ရုံဝင်း အတွင်းလောက်ပဲ နေကြတာ ရှိတယ်။ ပြင်ပ အသွားအလာ သိပ်မရှိကြဘူး။ မသွားတာမှ သူတို့ ဈေးထဲတောင် သိပ်မသွားကြဘူး။ ဒီဒေသက နီးနီးနားနား ရှိတဲ့လူတွေလောက်ပဲ ဒီဒေသလောက်ကိုပဲ သွားကြတယ်။ ကျန်တဲ့ အပိုင်းတွေကို မသွားကြဘူး။ မြန်မာပြည်မှာ ဒီလိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီမြန်မာနိုင်ငံသားတွေ က မြန်မာပြည်မှာလည်း ဆန္ဒပြတယ် ၊နယ်စပ်တွေမှာလည်း ဖြစ်လာတဲ့ အခါကျတော့ ဒီဖက်တွေမှာလည်း နဲနဲလန့်ဖြန့်နေကြတယ် ဒီရောက်နေတဲ့ မြန်မာတွေက ။ နှစ်သစ်ကူးက ခါတိုင်းနှစ်တွေနဲ့မတူဘူးပေါ့။ ဒီနှစ်က ဘယ်လိုပြောရမလဲ ဆိုတော့ ။ ပျော်ဖို့က တော်တော်လေးစဉ်းစားရမယ့် ပုံစံမျိုးဖြစ်နေပြီ။ အပြင်မှာ ဘာရှိသလဲ ဆိုတာ ဒီ ၇ ရက်ဈေးကြီးတောင်မှ ဒီလို ၇ ရက်ဈေး ၂ ရက်ဖွင့်တဲ့ ဥစ္စာတောင်မှ မသွားရဲကြတော့ဘူး။ မလာရဲကြတော့ဘူး ။ ခါတိုင်းဆိုရင် ရုံးရုံး ရုံး ရုံးနဲ့ အလုပ်နဲ့ ညဆိုရင် အညောင်းအညာပြေဆိုပြီးတော့ လမ်းလျှောက်ထွက်ကြတယ်။ အခုက အဲဒီဈေးသွားဖို့တောင် မစဉ်းစားရဲကြတော့ဘူး။”

မဲဆောက်မြို့ဟာ မြန်မာနိုင်ငံသား အများဆုံး ၀င်ပေါက်ထွက်ပေါက် လိုဖြစ်နေတဲ့ မြိုဖြစ်ပြီး နှစ်သစ်ကူးကာလဆိုရင် ဈေးဝယ်လာသူတွေ နဲ့ စည်ကားနေ တဲ့မြို့ဖြစ်ပါတယ်။ အခုအခါမှတော့ စိုးရိမ်မူတွေကြောင့် မြန်မာတွေ သိပ်မလာရဲကြဘူး လို့လည်း ပြောကြပါတယ်။

အလားတူ မြန်မာလူဦးရေသောင်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ အများအပြား ရှိတဲ့ စမုတ်စာခွန် ခရိုင် ထဲမှာလည်း မြန်မာတွေ နှစ်သစ်ကူးမှာ အပြင်သိပ်ထွက်မရဲကြတော့ပဲ မပျော်နိုင်ကြဘူးလို့ ဆိုပါတယ်။

လိပ်ကျွန်း လူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာကြားမှာ တင်းမာမူတွေ ဖြစ်နေတယ် လို့ ယူဆနေကြပြီး အဖမ်းဆီးတွေ များလာမှာကို စိုးရိမ်နေကြတာပါ။ ဒီနှစ်မှာတော့ အရက်သေစာ သောက်စားပြီး ယာဉ်မောင်းသူတွေ ကို တင်းတင်းကြပ်ကြပ်စစ်ဆေးအရေးယူနေတာတွေ ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ အတွက် နိုင်ငံကူး လက်မှတ် အထောက်အထား မရှိတဲ့ မြန်မာတွေအတွက် ပိုပြီးစိုးရိမ်နေကြပါတယ်။

တဖက်မှာလည်းထိုင်းနဲ့ မြန်မာကြားမှာ လိပ်ကျွန်းအရေးနဲ့ ပတ်သက်လို့ ဆန္ဒပြမူတွေဖြစ်နေသလို့  ဆက်လက်ပြီး တင်းမာမှုတွေ ဖြစ်မလာစေဖို့နဲ့ ထိုင်းဆန့်ကျင်ရေးတွေ ဖြစ်မလာစေဖို့အတွက် ဆွေးနွေးပြောဆိုမူတွေလုပ်နေချိန်မှာဘဲ ထိုင်းနိုင်ငံနဲ့ အနီးဆုံး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ စက်လှေတစင်းက မြန်မာ နိုင်ငံသားတွေကို ထိုင်းရေတပ်မတော်က ကယ်တင်ခဲ့ပါတယ်။

ကုန်တင် စက်လှေဟာ ရခိုင်ပြည်နယ်ကနေ ပီနံကို ဦးတည်သွားခဲ့ရာက ထိုင်းနိင်ငံ နဲ့ အနီးဆုံး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာပါ။ လှေထိုးသား (၇)ဦး ပင်လယ်ပြင် တွင်းမျောပါနေ တာကို ထိုင်းဘုရင့်ရေတပ်မတော် ရေယာဉ်က ကယ်တင်ခဲ့ပြီး ဖူးခက်ရေတပ်စခန်းမှာ မြန်မာနိုင်ငံသားတွေကို ထားပြီး နှစ်နိုင်ငံ ဆွေးနွေး ညှိနှိုင်းမူတွေ လုပ်ပြီးရင်တော့ မြန်မာနိုင်ငံ ကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ ဘန်ကောက်ပိုစ် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/burmese-celebrate-new-year-in--thailand/3125845.html


ဒီဇင်ဘာ ၃၁ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးဒေသတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား NCA စာချုပ်ချုပ်ဆို သည့်နောက်ပိုင်း ပထမ ဆုံးအကြိမ်တိုက်ပွဲ ဖြစ်ပွားသည်။

ဒီဇင်ဘာ ၃၁ ရက် ၂၀၁၅ ခု မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၄၀ မိနစ်အထိ ခလရ ၂၇၈ က မိုင်းပြင်းမြို့ တောင် ဘက် မိုင်းပူးလုံကျေးရွာ အုပ်စု ဘက်တွင် အခြေချ နေထိုင် သည့် သျှမ်းပြည်တပ်မတော်အား တိုက်ခိုက် သည်ဟု သိရသည်။

“ကျနော်တို့ကို တပ်မတော် စစ်ကြောင်းက လာရောက်တိုက်ခိုက်တာ။ ကျနော် တို့ဘက် ၁ ယောက် ကျဆုံးတယ်။ တယောက် ဒဏ်ရာရတယ်။ အစိုးရ တပ် ဘက်ကလည်း သေကြေဒဏ်ရာရတာရှိတယ်။ အရေအတွက် အတိအကျေ တာ့ မသိရသေးဘူး” - ဟု RCSS ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

အောက်တိုဘာ ၁၅ ရက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA အား အစိုးရ တပ်မတော်ဘက်မှ ပထမဆုံး အကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။

“မိုင်းပြင်းမြို့နယ်ထဲမှာ ကျနော်တို့တပ်ခေတ် အဆက်ဆက်နေထိုင်လာတယ်။ MTA ခေတ် ကတည်းက ဘဲ။ ဘာကြောင့် ကျနော်တို့ကို လာပြီး တိုက်ခိုက် ရသလဲ ဆိုတာနားမလည်ဘူး”- ဟု ဗိုလ်မှူးကြီး စိုင်းလှ က ဆက်ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး သည့်ေ နာက်ပိုင်း ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်ဖြစ်သဖြင့် လာမည့် ၁၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မလွဲမသွေ ကျင်းပရန်ပြင် ဆင်နေချိန် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့ပါးစေသည်ဟု သျှမ်းပြည်တပ်မတော် ဘက်က သုံးသပ်ပါသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese