01/04/16

 ငလျင်ဒဏ်ကြောင့် အင်ဖားမြို့မှာ အဆောက်အအုံ တချို့ ပြိုကျခဲ့။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက မဏိပူရ ပြည်နယ်မှာ ပြင်းအား ၆.၇ ရှိ ငလျင်တစ်ခု လှုပ်ခဲ့လို့ လူ ၉ ဦး ထက်မနည်း သေဆုံး ခဲ့ပါတယ်။

ဒေသ စံချိန် တနင်္လာနေ့ မနက် အစောပိုင်းက မဏိပူရ ပြည်နယ် မြို့တော် အင်ဖား မြို့ရဲ့ အနောက် မြောက်ဘက် ၂၉ ကီလိုမီတာ အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့က ပြောပါတယ်။

မဏိပူရ ပြည်နယ်မှာ ၆ ယောက် သေဆုံးပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှာ ၃ ယောက် သေဆုံးတယ်လို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။

ငလျင် လှုပ်တဲ့ အရှိန်ကို အဲဒီ ဒေသ တဝိုက် ကြုံတွေ့ သိရှိခဲ့ကြပြီး ဒဏ်ရာရသူပေါင်းက လူ ၁ ရာကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အင်ဖား မြို့တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု အောက်မှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမားတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 death-railway-museum-620.jpg သေမင်းတမန် မီးရထားလမ်း ပြတိုက်ကို ဇန်နဝါရီလ ၄ ရက်နေ့က သံဖြူဇရပ်မြို့မှာ ဖွင့်လှစ်စဉ်

ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်သားပေါင်း သိန်းဂဏန်းနီးပါး အသက်စတေးပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ သံဖြူဇရပ်အထိ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် မီးရထားလမ်းပြတိုက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

သေမင်းတမန် ရထားလမ်းသမိုင်းကြောင်းကို မသိသူတွေများနေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေတာကြောင့် အခုလို တည်ဆောက်တာဖြစ်တယ်လို့ ပြတိုက်ကို တာဝန်ယူဆောက်လုပ်တဲ့ တလမွန် ကုမ္ပဏီဒါရိုက်တာ မင်းချမ်းထော က ပြောပါတယ်။

"ပြုပြင်မွန်းမံသူလည်း မရှိတဲ့အခါကျတော့ ဒီနေရာက ပျောက်ကွယ်လုနီးပါး ဖြစ်နေတာပေါ့၊ အဲ့ဒါကို ကျနော်တို့ က ပြန်လည်အကောင်အထည်ဖော်ပြီး အရင်ခေတ်က တီထွင်ခဲ့တဲ့အရာတွေကို အမှတ်တရဖြစ်အောင်လို့ ဒီပြတိုက်ကြီးကို ဆောက်တာပါ၊ နိုင်ငံခြားခရီးသွားတွေကို ရည်ရွယ်တဲ့အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းပါတယ်၊ ဒါကလည်း နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုပဲလေ၊ ထိုင်းမှာလည်း ဒီလို နာမည်ကြီးတဲ့နေရာ ရှိပြီးသားလေ၊ ကိုယ့်နိုင်ငံမှာလည်း ရှိပြီးသား ဒါပေမဲ့ ဘယ်သူမှမလုပ်တဲ့အခါ ကျနော် တို့ကစပြီး အကောင်အထည်ဖော်တာပါ၊ ပြည်တွင်းမှာလည်း သေမင်းတမန်ဆိုတာ ဘာမှန်းလည်းမသိကြဘူး၊ အဲ့ဒါကိုကျနော်တို့က ပြန်ပြီးတော့ အကောင်အထည်ဖော်တာပါ"

အဲဒီပြတိုက်မှာ သမိုင်းဝင် ပန်းချီကားတွေ၊ ရေနွေးငွေ့ရထားစက်ခေါင်း၊ ချွေးတပ်သားတွေ လမ်းဖောက်လုပ်နေတဲ့ ဓာတ်ပုံတွေနဲ့ အပျော်စီး ရထားခရီးတို အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ပေါင်မြို့ကနေ သံဖြူဇရပ်မြို့အထိ ၁၇၅ မိုင်ရှည်တဲ့ သေမင်းတမန်ရထားလမ်းကို လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်တွေက ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီရထားလမ်း ဖောက်လုပ်စဉ် တိုင်းရင်းသား ၈သောင်း ကျော်၊ မဟာမိတ်တပ်သား တစ်သောင်းကျော်တို့ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပြတိုက်ဖွင့်ပွဲကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ မီးရထားလမ်း ဖောက်လုပ်စဉ်က ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ဦးလည်း တက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာလည်း သေမင်းတမန် ရထားလမ်း အထိမ်းအမှတ်ပြတိုက်ကို ဖွင့်လှစ်ထားပါတယ်။

RFA

kio-620.jpg
၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က လိုင်ဇာမြို့မှာကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေက တပ်သားသစ်တွေ စုဆောင်းဖို့ ဒေသခံတွေကို ဖမ်းဆီးတယ်ဆိုတာ မဟုတ်မှန်ကြောင်း KIO အဖွဲ့က RFA ကိုပြောပါတယ်။

KIA တပ်ဖွဲ့တွေက ဖမ်းဆီးတာတွေဟာ ဒီဇင်ဘာလကုန်ပိုင်းကဖြစ်ပြီး အမျိုးသမီးတစ်ဦးအပါအ၀င် ၁၅ဦးကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတွေဟာ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်း တစ်ရွာကို လူနှစ်ဦးကျ တောင်းခံတဲ့စာတွေ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ငြင်းဆိုပါတယ်။

"ကျနော်တို့ ကေအိုင်အို စစ်သားစုဆောင်းရေးက ထုတ်တဲ့စာ ထုံးတမ်းဓလေ့မရှိဘူးခင်ဗျ၊ မိုးညှင်းတိုက်ပွဲနောက်ပိုင်းမှာ စစ်သားစုဆောင်းတာမျိုးတွေ လုံးဝမလုပ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်သားစုဆောင်းတာ မဟုတ်ပေမယ့်လည်း စုဆောင်းတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ အမြဲတမ်းစွပ်စွဲခံရတယ်လေ၊ ဒီအချိန်အခါမှ အားလုံးထိလွယ်ရှလွယ်တဲ့အတွက်ကြောင့်မို့ ခေတ္တယာယီရပ်ဆိုင်းတဲ့ အနေအထားတွေ ကျနော်တို့ဆီမှာရှိတယ်"

ဒါ့အပြင် KIA တပ်ဖွဲ့အတွင်း ကချင်လူမျိုးကလွဲပြီး တခြား တိုင်းရင်းသားတွေကို လက်ခံခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေဟာ KIA တပ်မဟာ၎နယ်မြေဖြစ်ပြီး အဲဒီဒေသအတွင်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားနေတာဖြစ်တယ်လို့ ဦးဒေါင်းခါးက ပြောပါတယ်။

SLND ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်က ကျေးရွာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ရွာသားတွေကို တပ်သားသစ်အဖြစ် အဓမ္မ ဖမ်းဆီးထားတာတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်ထဲမှာ KIA တပ်မဟာ ၄ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး တစ်ရွာ နှစ်ယောက်နှုန်း တပ်သားသစ်ပေးဖို့ ရွာသူကြီးတွေဆီ KIA ရဲ့ ရုံးတံဆိပ်ပါ စာရွက်တွေနဲ့ တောင်းဆိုတာဖြစ်တယ်လို့ SNLD က ပြောပါတယ်။

ငြိမ်းချမ်းရေး အသွင်ကူးပြောင်းရေးကာလမှာ အခုလို အဓမ္မဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းမှုကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ SNLD ပါတီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

RFA

[youtube src="emYhH1ZtSDc"/]
ဇန်န၀ါရီ ၄ ရက်နေ့  လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ စောင့်ဆိုင်းနေခဲ့ကြပါတယ်

DVB TV

[youtube src="Fv0il8wHufY"/]
ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ ခ စတဲ့ ပုဒ်မတွေလို အကျဉ်း ကျခံ နေရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုအချို့မှာ ရန်ကုန်အင်းစိန်ထောင်ရှေ့မှာ လာရောက် စောင့်ဆိုင်းတာတွေ ကိုတွေ့ရပါတယ်။

ဒီလိုလာရောက်စောင့်ဆိုင်းမှုကို နံနက် ၈ နာရီလောက်ကတည်းက လာစောင့်နေတာဖြစ်ပြီး မတရား အဖမ်းဆီးခံရတဲ့သူတွေ၊ ကျောင်းသား၊ လယ်သမား ၊ရဟန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ လွတ်မလားဆိုပြီး သူတို့ရဲ့ မိသားစု ၀င်တွေက လာစောင့်နေကြတာဖြစ်ပြီး နေ့လည်၁၁နာရီခွဲရရှိထားတဲ့ သတင်းများအရ ဆက်လက်စောင့်ဆိုင်းဆဲဖြစ် ပါတယ်။

Eleven Web TV


 အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်မြောက် လာသည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပြောကြားလိုက်သည်။

အကျဉ်းကျခံနေသည့် သရုပ်ဆောင်ရဲတိုက် လွတ်မြောက်ပြီဟူသော အွန်လိုင်းစာမျက်နှာများမှ သတင်းကြောင့် ပရိသတ်များအတွက် စိတ်လှုပ်ရှားခဲ့သော်လည်း အဆိုပါ သတင်းသည် မဟုတ်မမှန်သော သတင်းဖြစ်ကြောင်း သိရသည်။

''ဒီသတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့တောင် မသိပါဘူး။ အွန်လိုင်းကနေ တက်တယ်ဆိုပေမဲ့ ကောလဟာလပါ..'ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးက ပြောသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ထားရခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်တွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်ကာ ၁၀လ နီးပါးကြာမြင့်အောင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်း။ ။ ‪‎ဇီးကွက်စိန်‬
( Photo: Facebook )
Tachileik News Agency
http://www.tachileik.net

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာရှိ အရွယ်မရောက်သေးသော ညီအစ်မနှစ်ဦးကို အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသူ အသက်၁၂နှစ်အရွယ် မိန်းကလေးက အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့ပြီး ရုံးတင်စစ်ဆေးရာတွင် တရားခံဟု ယူဆရသူကို မြို့နယ်တရားသူကြီးက အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း စလင်းမြို့နယ်ဥပဒေအရာရှိ ဒေါ်တင်မာလွင်က စောင့်ကြည့်ဂျာနယ်၏ မေးမြန်းမှုကို ဇန်န၀ါရီလ၄ရက်နေ့တွင် ပြောကြားသည်။

ယင်းအမှုမှာ လွန်ခဲ့သော ၂၀၁၅ခုနှစ် ဧပြီလ၈ရက်နေ့တွင် စလင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော အမှုဖြစ်သည်။ ထိုသို့အမှုဖွင့်တိုင်ကြားမှုကြောင့် ရဲအရာရှိက ထိုအရွယ်မရောက်သေးသော မိန်းကလေးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် နှစ်ဦးစလုံးက ပြုကျင့်ခံရပုံ အလုံးစုံကို ပြောပြခဲ့အမှုဟု ပြုကျင့်ခံရသူ ညီအစ်မနှစ်ဦးမှ အငယ်ဖြစ်သူ အသက်၁၂အရွယ် မိန်းကလေးငယ်က စောင့်ကြည့်ဂျာနယ်သို့ ရှင်းပြပြောဆိုသည်။ သို့သော်တရားရုံးသို့ စွဲချက်တင်ရာတွင် ၃၇၆/၅၁၁ဖြင့် စွဲချက်တင်ပြီးနောက် ရုံးတင်ခံရသူကို မြို့နယ်တရားသူကြီးက အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း စလင်းမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သတ်၍ တရားလိုဖက်မှ မကျေနပ်သောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်ပေးပို့ထားသောကြောင့် ယင်းအမှုအပြင် ကလေးသူငယ်ဆိုင်ရာ ကိစ္စအချို့နှင့် ပတ်သတ်၍ မင်းဘူးခရိုင်တရားသူကြီးကို သွားရောက်မေးမြန်းမှု ပြုရာတွင် တရားရုံးကို မည်သည့်မီဒီယာသမားမှ လာရောက်ခြင်းမရှိသလို အမှန်မကန်ရေးသားပါက ဥပဒေအရ တရားစွဲဆိုနိုင်ကြောင်း ပြန်လည်ပြောဆိုသည့်အပြင် ဥပဒေကိစ္စများ မေးမြန်းချင်ပါက ဥပဒေအရာရှိနှင့် သက်ဆိုင်ကြောင်း ထပ်လောင်းပြောဆိုသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး အဓမ္မပြုကျင့်ခံရသော မိန်းကလေးငယ်ညီအစ်မအရင်းနှစ်ဦးတွင် အကြီးဖြစ်သူမှာ တရားခံအဖြစ်ယူဆရသူ ပြန်လည်လွှတ်မြောက်လာပြီးနောက်တွင် သေဆုံးသွားခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးစိုးဝင်းနှင့် ဇနီးဖြစ်သူက ပြောပြသည်။ ထိုသေဆုံးမှုနှင့် ပတ်သတ်ပြီး စလင်းမြို့နယ် ဆေးရုံမှ ဆရာဝန်ကြီးကို မေးမြန်းရာတွင် လွန်ခဲ့သော ၅နှစ်ခန့်က ခိုက်မိသော ဒဏ်ကြောင့် အရိုးအတွင်း ပိုးဝင်ကာ အရိုးပြည်တည်နာဖြင့် သေဆုံးခြင်းသာ ဖြစ်သည်ဟုဆိုသည်။

မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ကို အတိအကျမသိရသော်လည်း အဓမ္မကျင့်ခံရသည်ဟု ဆိုသော ညီအစ်မနှစ်ဦးမှ အငယ်ဖြစ်သူ၏ အပြောအရ သူ့ကို နဘူးခြုံထဲတွင်လဲပြီး ပါလာသော ဖွဲအိတ်ကို ချကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောဆိုပြီး ပြုကျင့်ရာတွင် တမျိုးကြီးခံစားခဲ့ရသည်ဟု ဆိုကာ ၀မ်းနည်းစွာဖြင့် ငိုကြွေး ပြောဆိုသည်။ ထိုအဓမ္မပြုကျင့်ခဲ့သူမှာ အသက်၆၀နှစ်အရွယ်ရှိကာ စလင်းမြို့နယ် အောက်လှိုင်တွင် ပြုကျင့်ခံရသူ ညီအစ်မနှစ်ဦးနှင့် အိမ်ချင်းကပ်လျက်နေထိုင်သူဖြစ်သည်။ ထိုမိန်းကလေးငယ်နှစ်ဦး၏ မိဘများမှာ ကျပန်းလုပ်သားများဖြစ်ပြီး တစ်ဦးလျှင်တစ်ရက် လုပ်အားခကျပ်တစ်ထောင်သာ ရရှိသည်ဟု သိရသည်။

စလင်းမြို့နယ်တရားရုံးတွင် တရားစီရင်ရာတွင် ပြင်ဆင်ချက်အမိန့်ဖြင့် ခရိုင်တရားရုံးက ပြစ်ဒဏ်ပြန်လည်ချမှတ်မှုများ ရှိပြီး ထိုအမိန့်ကို မြို့နယ်တရားရုံးကသာ ပြန်လည်ဖတ်ကြား အမိန့်ချရခြင်းဖြစ်ကြောင်း စလင်းမြို့နယ် တရားသူကြီးက အတည်ပြုပြောဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်၊ ဇန်နဝါရီ ၄ ။ ။ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ ၁၂၉ မီတာခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တွေရရှိခဲ့ကြောင်းကို အဆိုပါ လုပ်ကွက်တွင် လုပ်ကိုင်ခွင့်ရရှိထားသည့် MPRL E & P ရေနံ ကုမ္ပဏီက ဇန်နဝါရီလ ၄ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၍ ကြေညာခဲ့ခြင်း ဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရ ကမ်းလွန်လုပ်ကွက် A – 6 ၌ ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင် တွင်းအနက် ၁၇,၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော်ခဲ့သည့် ရွှေရည်ထွန်းတွင်းအမှတ် - ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု ရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိမှုအစ ဖြစ်နိုင်ပြီး MPRL E & P အနေနဲ့ အခုရှာဖွေတွေ့ရှိမှုကို အဆင့်မြှင့်တင်သွားဖို့အတွက် Woodside Total E & P တို့နဲ့အတူ ဆက်လက် ရှာဖွေတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီရှာဖွေ တွေ့ရှိ မှုဟာ အဲဒီလုပ်ကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး အထူးသဖြင့် မြေအောက်သယံဇာတများရဲ့ အဓိက ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ ပြည်သူပြည်သားအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင်မှု ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ဆိုသည်။

နောက်ဆုံးတိုင်းတာရရှိထားသော အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ ရှိသော သဘာဝ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြော ပါဝင်ပြီး ၎င်း၏ Net Pay မှာ အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့်ရှိကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည် မြန်မာ့ကမ်းလွန်ရေနက်ပိုင်း သမိုင်းတစ်လျှောက်တွင် ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်း၊ ဤအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့် အချက်အလက်များ ဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MPRL E & P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ် A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
MIZZIMA

dassk-indpendence-day-620.jpg ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ကကျင်းပတဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Myo Zaw Ko/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပြင် အားလုံးပါဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ ၆၈မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်အစိုးရသစ်လက်ထက် ဦးစားပေး လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် ကို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

"နောင်တက်လာမယ့်အစိုးရရဲ့ ပထမဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေးတည်ဆောင်ဖို့ပဲဖြစ်တယ်၊ တကယ့်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံတစ်ခု ကျင်းပပြီးတော့ ကျမတို့ အခုလက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပိုမိုပြီးတော့ အားလုံးပါဝင်လာနိုင်အောင်လို့ ကျမတို့လုပ်ရမယ်၊ လုပ်ပြီးတော့ နောင်ဖြစ်ပေါ်လာမယ့် စစ်မှန်တဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးဆောက် တည်နိုင်ဖို့အတွက် ကျမတို့အားလုံးကြိုးစားရမှာပေါ့၊ ကြိုးစားတဲ့နေရာမှာ ပြည်သူတွေအားလုံးပါရမယ်၊ တပ်မတော် ပါရမယ်၊ တိုင်းရင်းသားအသီးသီး ပါရမယ်၊ ကျမတို့အပေါ်မှာ စေတနာထားတဲ့ တစ်တိုင်းပြည် လုံးမက တစ်ကမ္ဘာလုံးကနေပြီးတော့ ပါဝင်ပြီးတော့ ကူညီဖို့လိုပါတယ်"

လွပ်လပ်ရေးရဖို့ကြိုးပမ်းခဲ့စဉ်က တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်အပေါ်မှာ အခြေခံပြီး စုပေါင်းကြိုးစားခဲ့ကြသလို လက်ရှိအချိန်မှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ စုပေါင်းအားနဲ့ လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အပြောင်းအလဲတွေကို စိုးရိမ်ကြောက်လန့်နေကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေကို မကြောက်ကြဖို့နဲ့ အားလုံး အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲမျိုးဖြစ်ဖို့ အစွမ်းကုန်ကြိုစားသွားမယ်လို့ ကတိပေး ပြောကြားသွား ပါတယ်။

လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးနေရာပေးဖို့ စာရေးသားတောင်းဆိုတဲ့ NLD ပါတီဝင်တွေကို သဘော မကျကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောကြားပါတယ်။ ဝန်ကြီးနေရာတွေအတွက် တကယ်တိုင်းပြည် အတွက် အလုပ်လုပ်နိုင်တဲ့သူတွေကို ရွေးချယ်သွားမှာဖြစ်ပြီး NLD ပါတီဝင်ထဲက မဟုတ်သူတွေလည်း ပါဝင် မှာဖြစ်ကြောင်းနဲ့ အမျိုးသားရင်ကြားစေ့ရေး အစိုးရဖြစ်ဖို့ အားလုံးနဲ့ လက်တွဲသွားမယ်လို့ ပြောပါတယ်။

ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်တွင်းက နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာက သံတမန်တွေ တက်ရောက်ကြပါတယ်။

RFA


ဒီကနေ့ ဇန်န၀ါရီလ ၄ ရက်၊ ၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအအမှတ်အဖြစ် မနက် ၅နာရီခွဲလောက်မှာ မုံရွာမြို့ ကျောက္ကာလမ်းပေါ်ရှိ အုတ်ကန်တောရစာသင်တိုက်ကနေ ဗိုလ်တစ်ထောင်လမ်းထိ သံဃာအပါး ၇၀၀ ကျော်ဆွမ်းလောင်းလှုပွဲပြုလုပ်ခဲ့ပါတယ်။ ကျောက္ကာလမ်းဘေးရှိ စေတနာရှင်တွေက မိမိတို့တတ်စွမ်းရာ ၀တ္ထုပစ္စည်းတွေနဲ့ လှုဒါန်းခဲ့ကြပါတယ်။ အခုလို လှူဒန်းတာဟာ ၁၉၉၂ခုနှစ်ကနေ ဒီနေ့ အချိန်ထိ ဖြစ်ပါတယ်။ မုံရွာမြို့မှာပဲ မုံရွာ နှလုံးသားအဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်ပုံပါ ၅ ကျပ်တန် ငွေစက္ကူတွေကို လာသမျှလူတွေကို အမှတ်တရ ဝေငှခဲ့ပါတယ်။ မနက် ၇နာရီခန့်ကတည်းကစတင်ဝေခဲ့တာဖြစ်ပြီး ၅ ကျပ်တန် အရွက်ရေ ၅၀၀ ဝေငှသွားခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင်လည်း ထပ်မံဝေငှသွားဦးမယ်လို့ မုံရွာ နှလုံးသားအဖွဲ့က ပြောပါတယ်။

သတင်းဓာတ်ပုံ - အောင်ကိုလတ်
DVB TV News

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။
ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။


မြန်မာပြည်သား

[youtube src="tt3ghyykSIQ"/]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို အစီအစဉ် ရှစ် ရပ်နဲ့ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်းမှာ နောက်တက်လာမယ့် အစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိုအဓိက လုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ ဝန်ကြီးရာထူးနေရာ တောင်းခံသူတွေရှိတဲ့ အတွက် အလုပ်လုပ်နိုင်သူကိုသာ နေရာပေး မှာဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အားလုံးအကျိုးရှိစေမယ့် အပြောင်းအလဲမျိုးကို သာလုပ်ဆောင်မှာ ဖြစ်တယ်လို့ေ ဒ်ါအောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

(၆၈)နှစ် မြောက်လွတ်လပ်ရေးနေ့နဲ့ပတ်သတ်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး လွတ်လပ်ရေး အလွန်နှစ်ပေါင်း ခြောက်ဆယ် ကျော်ကြာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မျိုးဆက်နှစ် ဆက်တာမျှပြည်သူ တွေဖြတ်သန်းခဲ့ရတဲ့ မှားယွင်းသော ရက်စက်ကြမ်းကြုတ်သောအုပ်ချုပ်ရေး စနစ်ဆိုးဟာ အမျိုးသားစည်းလုံးညီညွတ်မှု အားနည်း ပြိုကွဲရခြင်း ရဲ့သာဓကဖြစ်တယ်လို့ ထည့်သွင်း ဖော်ပြထား ပါတယ်။

Eleven Web TV

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကို တည်ထောင်သူ မာ့ခ်ဇူကာဘက်ဟာ မွေးကင်းစ သမီးငယ်ကို ထိန်းသိမ်းပေးမယ့် ကလေးထိန်းရိုဘော့စက်ရုပ်ကို တီထွင်တော့မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

သူဟာ မကြာသေးခင်ကမှ သမီးလေးတဦးမွေးဖွားခဲ့တာဖြစ်ပြီး ကလေးငယ်ကို ထိန်းသိမ်းနိုင်ဖို့ ရိုးရှင်းပြီး စိတ်ကူးဉာဏ်ရည်မြင့် အိမ်သုံးရိုဘော့စက်ရုပ်တီထွင်ဖို့ စီစဉ်ခဲ့တာလို့ ဒေးလီးရက်ကော့ဒ်သတင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီ အကြောင်းအရာအစီအစဉ်ကို ဇူကာဘက်ဟာ သူ့ရဲ့ နှစ်သစ်မှာလုပ်ဆောင်မယ့် ဆုံးဖြတ်ချက်ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာမှာ ဖော်ပြလိုက်တာပါ။

အဲဒီရိုဘော့စက်ရုပ်ဟာ ကလေးထိန်းသိမ်းရေး လုပ်ဆောင်မှုတွေအပြင် တခြား အိမ်အလုပ်တွေမှာပါ လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး သူ့အတွက် ဒါဟာ နှစ်သစ်အတွက် ကိုယ်ရေးကိုယ်တာ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။

“ရိုဘော့စက်ရုပ်ကို ကျနော့်အသံနဲ့ အမိန့်ပေးပြီး အိမ်အတွင်းက မီးအဖွင့်အပိတ်၊ အခန်းတွင်းအပူချိန်၊ ဂီတစတာတွေကို စေခိုင်းနိုင်ဖို့ လုပ်နေပါပြီ”လို့ သူက အင်တာနက် စာမျက်နှာပေါ်မှာ ရေးလိုက်တာပါ။

“ကျနော်က မက်စ်(ကလေးငယ်)ရဲ့ အခန်းမှာ မရှိချိန်မှာ တခုခုဖြစ်ရင် ကျနော့်ကို အသိပေးဖို့ သွားရောက်စစ်ဆေးနိုင်ဖို့ (စက်ရုပ်ကို)သင်ပေးနေပါတယ်။”
By ဒီဗွီဘီ
http://burmese.dvb.no/archives/129664

ဗဟိုအစိုးရအဖွဲ့မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ် သည်။ အောက်ခြေကို တိုက်ရိုက်အုပ်ချုပ်သည့်၊ လမ်းညွှန်သည့်၊ ဦးဆောင်မှုပြုသည့် မြို့နယ်ပေါင်း ၃၃၀ ကျော်နှင့် ခရိုင် ၉၄ ခရိုင်မှာ အုပ်ချုပ်သည့်အာဏာ သို့မဟုတ် တာဝန်ယူထားကြသည့်သူများကျတော့ တိုက်ရိုက်(ပြည်ထဲရေး ၀န်ကြီးဌာန) ခန့်ပါတယ်။ မြန်မာပြည်ထဲက လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းသာ ပါပေမယ့် မြန်မာပြည်ထဲက မြို့နယ်နှင့်ခရိုင်တွေမှာတော့ ၁၀၀ ရာခိုင်နှုန်းပြည့် မိုးကျရွှေကိုယ်များ ဖြစ် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခုအချိန်သည် နိုင်ငံတော်အကြီးအကဲအဟောင်းနှင့်အသစ်များသည် အသွင်ကူးပြောင်းရေးကာလကို အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးကြိုးစားနေသော အချိန်ကာလဖြစ်ပေ သည်။ နိုင်ငံတော်ခေါင်း ဆောင်များ အနေနဲ့ရော တပ်မတော်ခေါင်းဆောင်များအပါအ၀င် နိုင်ငံ့ဝန်ထမ်းအားလုံးကပါ ပါဝင်ပြီးပြည်သူများ ရွေးချယ် ထားတဲ့အစိုးရသစ် အမြန်ဆုံးပေါ်ပေါက်ဖို့အတွက် အေးချမ်းစွာအာဏာလွှဲပေးဖို့ ကြိုးပမ်းနေ ကြတဲ့အချိန်ပဲဖြစ် ပါသည်။ ညင်သာစွာ အသွင်ကူးပြောင်းဖို့ကို အားလုံးက မျှော်လင့်နေကြပါသည်။ အသွင်ကူးပြောင်းရေး ကာလ ဆိုသည်မှာ အခြေအနေမျိုးစုံကိုဖန်တီးနိုင်သော ကာလလည်းဖြစ်ပါတယ်။ အရေးအကြီးဆုံးကာလ၊ အကဲဆတ် ပြီးအမှားအယွင်းမခံနိုင်သည့် ကာလဖြစ်ပါသည်။ ပြည်သူများကလည်း သူတို့ရွေးချယ်ပေးလိုက်သည့် အစိုးရ သစ်ကို မျှော်လင့်နေသည့်အချိန်ဖြစ်ပါသည်။ အကြောင်းတစ်ခုခုကြောင့် ပျက်ပြယ်သွားမှာ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားမှာ စိုးရိမ်နေတဲ့အချိန်ပါ။

ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီး အနိုင်ရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့်လည်း ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားပြီးဖြစ်ပါ သည်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်သည့်နေရာမှာ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍဟာ အရေးကြီး ကြောင်းနှင့် အောက်ခြေအဆင့် မှစ၍ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြပါသည်။ ထိုကဲ့သို့ အောက်ခြေအဆင့်မှစ၍ ပြောင်းလဲရာ၌ မမျှော်လင့်သော အခက် အခဲပြဿ နာများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ ကိုင်တွယ်ဖြေရှင်းရာ၌လည်း သိမ်မွေ့စွာ ဖြေရှင်းနိုင်မှသာ အောင်မြင်မှု ရရှိ နိုင်ကြောင်းကို စိုးထိတ်စွာသုံးသပ်နေကြပါသည်။ ပြည်သူများ အနေနှင့်လည်း အေးချမ်းစွာပြောင်း လဲလိုပါ သဖြင့် အနိုင်ရအောင်ပွဲကိုပင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ခဲ့ကြပေ။

ဂုဏ်သိက္ခာရှိသော၊ ကောင်းမွန်သော၊ ညင်သာသိမ်မွေ့သော အပြောင်းအလဲဖြစ် ရန်အတွက် အမေစု၊ သမ္မတ နှင့် ကာချုပ်တို့ မီးစိမ်းပြနေသည့်အချိန်လည်း ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီးအနေနှင့်လည်း အာဏာလွှဲ ပြောင်းရေးကိစ္စများ အဆင်ပြေစေရန် လွန်ခဲ့သောရက်များကပဲ မိဘပြည်သူများကို သ၀ဏ်လွှာပေးပို့ပြီး ၀ိုင်းဝန်း ပါဝင်ကြဖို့ ပန်ကြားခဲ့ပါသည်။ အပေါ်ထပ်အဆောက်အအုံအနေနှင့် မီးစိမ်းပြနေသည့်အချိန်မှာ ပြည်သူ တစ်ရပ် လုံးပါဝင်သည့် အောက်ခြေအဆင့် မှာတော့ မီးခဲပြာဖုံးအဆင့်နှင့် တအုံနွေးနွေး ငြိမ်နေကြရသည့်အချိန်ပါ။ ဒီလို အကဲခတ်သည့်အချိန်ကာလမှာ အစိုးရနှင့် ပြည်သူလူထုအကြား လက်ရှိအစိုးရနှင့်အနိုင် ရပါတီအကြား ယုံမှား သံသယဖြစ်စရာများ၊ ယုံကြည်မှုလွဲမှားနိုင်တာများ၊ စည်းလုံးညီညွတ်မှုပြိုကွဲနိုင် တာများ၊ အထူးသဖြင့်အုပ် စုဖွဲ့ ပြိုင်ဆိုင်မှုများဖြစ်လာရင် မီးခဲပြာဖုံး ဘ၀ကနေ လေကြမ်းတစ်ချက်အဝေ့မှာ မီးထတောက်သွားနိုင်ပါသည်။ အမေစုလမ်းပေါ် ကအမှိုက်တွေ ကောက်သိမ်းပစ်နေသည့် အချိန်မှာ အိမ်ထဲ၊ ကျောင်းထဲ၊ ရုံးထဲက အမှိုက်တစ် စကြောင့် မြို့ပြကြီးတစ်ခုလုံး မီးလောင်သွားနိုင်ပါသည်။ ရပ်ကွက်ကျေး ရွာတိုင်းမှာ ပါတီစုံ၊ အဖွဲ့စုံ၊ စရိုက်စုံ၊ လူမျိုးစုံ၊ ကိုးကွယ်ရာဘာသာစုံ မတူကွဲပြားမှုတွေနှင့် စုရုံးနေထိုင်ကြသည့် ဒီလိုအချိန်မျိုးမှာ ထိလွယ်ရှလွယ် သည်အဖြစ်မျိုးကို ရှောင်ရှားနေကြရပါသည်။ အစိုးသစ်၏ပြည်သူ့တာဝန်ကိုထမ်းကြမယ့် ကိုယ်စားလှယ်များ လွှတ်တော်တက်ရန်လည်း ရက်ပေါင်း ၃၀ခန့်သာ ကျန်တော့သည့်အချိန်ပါ။ ဒီအချိန်တွေမှာ ပဋိပက္ခဖြစ်မှာကို အစိုးရိမ်ရဆုံးအချိန်လို့ဆိုချင်ပါ သည်။ ကောင်းမွန်သည့် အမူအကျင့်နှင့် စည်းစနစ်တွေကို ပြုပြင် တည်ဆောက် ပေးရမယ့်တာဝန်က အစိုးရသစ်၏တာဝန်ဖြစ်လာပါလိမ့်မည်။ ကျွန်တော်တို့ပြည်သူလူထုအနေနှင့်ကလည်း အစိုးရသစ်က ပြုပြင် တည်ဆောက်ပေးလိုက်သည့် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့ အမူအကျင့်နှင့် စည်းစနစ်တွေ ပြန်ပြီးပျက်စီးမသွားရအောင် ပါဝင်ထိန်းကျောင်းပေးခြင်းဖြင့်ပြု ပြင်ပြောင်းလဲရေးကိုပိုမိုသွက်လက်စေမှာပါ။

အောက်ခြေအုပ်ချုပ်မှုပုံစံ ပိုမိုကောင်းမွန်စေခြင်းက ပြည်သူလူထုအတွင်း ဒီိမိုကရေစီကျင့်စဉ်များ အမြစ်တွယ် စေဖို့ဖြစ်လာမှာပါ။ နိုင်ငံ၏ အုပ်ချုပ်မှုအခွင့်အာဏာကို ရရှိထားသည့် ဗဟိုအစိုးရ၏ အစိတ် အပိုင်းတစ်ခုဖြစ် သည့် အောက်ခြေအုပ်ချုပ်ရေး၊ ရပ်ကျေးအဖွဲ့အစည်းများ ဟာ ပြည်သူလူထုနှင့် အများဆုံးထိတွေ့ဆက်ဆံရ သည့် အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြည်သူတွေ၏ ထိခိုက်နစ်နာမှု တိုင်တန်းစာများအများဆုံးမှာ ပထမမြေယာသိမ်းအမှု၊ ဒုတိယတရားစီရင်မှုနှင့် တတိယ အများ ဆုံးတိုင်ကြားမှုမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အကျင့်ပျက်ခြစား ဖောက်ပြန် တရားမဲ့ပြုကျင့်မှုများဖြစ်သည်ဟု သိရပါသည်။ အဓိကကတော့ အောက်ခြေ အုပ်ချုပ်ရေးမှူးအများစု၏ လုပ်ကိုင်ဆောင်ရွက်ပုံ ချွတ်ချော်တိမ်း စောင်းမှု များကြောင့်သာဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနလက် အောက်မှာရှိသည့် ပြည်သူ့အကျိုးကိုအမှန် တကယ်မလုပ်နိုင်သည့် ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအစား ...ပြည်သူ့ အကျိုးကိုအမှန်တကယ် လိုလားပြီး ဆောင်ရွက်နိုင်သည့် အောက်ခြေကိုယ်စားလှယ်များကိုပြောင်းလဲပေးရမှာဖြစ်ပါသည်။ ဗဟို အဆင့် နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့်တွေ မှာ ပြုပြင်ပြောင်းလဲရေးမှာ တာဝန်ယူဖို့အတွက် ရွေးကောက်ခံကိုယ် စားလှယ်တွေကို အမေစုက စွမ်းဆောင်ရည်တွေမြင့်မားပြီး ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်မှန်မှန် ကန်ကန် ဖော်ဆောင်နိုင်ဖို့ စွမ်းရည်မြှင့်သင်တန်းတွေပေးနေပါပြီ။ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ရသည့် အောက်ခြေက တာဝန်ထမ်းမည့်သူတွေလည်း စိတ်ဓာတ်ရော စွမ်းရည်ပါမြင့်မားဖို့လိုပါသည်။

အပေါ်နဲ့အောက်ဟန် ချက်ညီမှ ပါ။ မဟုတ်ရင်တော့ ပလိုင်းပေါက်နှင့် ဖားကောက်ဆိုသလို ဖြစ်နေမှာပါ။ ဒီနေရာမှာ အပေါ်နှင့်အောက် ဟန် ချက်ညီဖို့အတွက် အထက်အောက် အပြန်အလှန်ဆက်ဆံဖို့အတွက် ကြားခံလှေကားထစ်သဖွယ်ရှိနေတာက ၂၀၀၈ ဖွဲ့စည်းပုံအရ ရှိနေသည့် မြို့နယ်နှင့်ခရိုင်အဆင့်က တာဝန် ရှိသူများဖြစ်ပါသည်။ မြို့နယ်နှင့်ခရိုင်အဆင့် မှ အုပ်ချုပ်သူများသည် အောက်ခြေဒေသမှ ဖြစ်ရပ်များကို မှန်ကန်စွာသိရှိဆောင်ရွက် နိုင်ရန်နှင့် လျင်မြန် မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော်က တာဝန်ပေးအပ် ခြင်းခံထားရသူများဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသူများ မဟုတ်ဘဲ တိုက်ရိုက် ခန့်အပ် တာဝန်ပေးခြင်းခံရသူ တာဝန်ရှိသူများ ဖြစ်ပါသည်။ တာဝန်ရှိသူများဟာ တာဝန် သိပြည်သူများထက် ပိုပြီးတာဝန်ကြီးပါသည်။ ဗဟိုအုပ်ချုပ်ခွင့်အာဏာကို အမေစုစကားနှင့် ပြောရလျှင် တာဝန်ကိုယူကြရမည့် လွှတ် တော်ကိုယ်စားလှယ်များကို ပြည်သူက တိုက်ရိုက် ရွေးချယ်ပါသည်။ ရပ်ကွက်နှင့်ကျေးရွာအဆင့် ၆၄၀၀၀ ကျော်ကိုလည်း ၁၀အိမ်တစ်စုဖွဲ့ပြီး ပြည်သူကပဲရွေးချယ်ပါသည်။ ဗဟိုအစိုးရအဖွဲ့မှာတော့ ပြည်ထဲရေး ၀န်ကြီး ဌာန၀န်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သည်။ အောက်ခြေကို တိုက်ရိုက်အုပ်ချုပ်သည့်၊ လမ်းညွှန်သည့်၊ ဦးဆောင်မှုပြုသည့် မြို့နယ်ပေါင်း ၃၃၀ကျော်နှင့် ခရိုင် ၉၄ခရိုင်မှာ အုပ်ချုပ်သည့် အာဏာ သို့မဟုတ် တာဝန်ယူထားကြသည့်သူများကျတော့ တိုက်ရိုက် (ပြည်ထဲရေးဝန်ကြီးဌာန) ခန့်ပါတယ်။ မြန်မာပြည် ထဲက လွှတ်တော်မှာ ၂၅ရာခိုင်နှုန်းသာ ပါပေမယ့် မြန်မာပြည်ထဲက မြို့နယ်နှင့်ခရိုင်တွေမှာတော့ ၁၀၀ ရာခိုင် နှုန်းပြည့် မိုးကျရွှေကိုယ်များဖြစ်ပါတယ်။

မြို့နယ်နှင့် ခရိုင်တာဝန်ယူကြရသူများမှာ ဌာနတွင်းသင်တန်း အဆင့်ဆင့် တက်ရောက်ထားသူများမို့ အရည်အ ချင်းရှိကောင်းရှိပါမည်။ ဒေသ တစ်ခုတည်းမှာ ၅နှစ်မပြောင်းမလဲ တာဝန်ယူရပြီဆိုလျှင်တော့ ဆရာတပည့်ဆက် ဆံရေး၊ ပြည်သူနှင့်ဆက်ဆံရေးများမှာ အားနာမှုတွေ၊ မျက်နှာသာပေးမှုတွေ၊ ဆုပေးဒဏ်ပေးအပြစ်ပေး အရေး ယူမှုတွေမှာ ချွတ်ချော်တိမ်းစောင်းမှုတွေ ဖြစ်လာမှာပါ။ ဒါတွေဟာ ပညာတတ်ဝန်ထမ်းများကို ခရိုင်နှင့် မြို့နယ် မှာ တိုက်ရိုက်တာဝန်ပေးမှုများမှာ ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးတွေပါ။ အောက်ခြေမှာ တာဝန် ယူကြ မည့်ပညာတတ်သူများရော၊ မတတ်သူများပါ ပါဝင်ကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများဟာ ၅ နှစ် တာဝန် ထမ်းဆောင်ရမည့်သူများဖြစ်ပါသည်။ ရပ်ကျေးတာဝန်ယူကြမည့် ပုဂ်္ဂိုလ်များအရည်အချင်းရှိမှု မရှိမှုက ပြည်သူ များ တိုက်ရိုက်ခံစားရပါသည်။ ဒါ့ကြောင့် အခြေမခိုင်လျှင် ယိုင်တတ်သည့် သဘောရှိသည့်အတွက် အောက်ခြေ ရပ်/ ကျေးအုပ်ချုပ်ရေးပိုင်းကို အရည်အချင်းပြည့်မီသည့်၊ ပွင့်လင်းမြင်သာမှုရှိသည့်၊ ရလျှင်ရသလို ခွင်ဖန် သူမျိုးမဟုတ်သော ဒေသအကျိုးအများအကျိုးကို အမှန်တကယ် ဖော်ဆောင်လိုသူပုဂ်္ဂိုလ်များကိုသာ ပြုပြင် တည်ဆောက်ရွေးချယ်နိုင်မှသာ ကောင်း မွန်သည့်အုပ်ချုပ်မှုစနစ်ရရှိမှာဖြစ်ပြီး အမှန် တကယ် ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်မှာပါ။

ဗဟိုအစိုးရအနေနှင့်လည်း အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ပျက်စီးယိုယွင်းနေသည့် အမူအကျင့် နှင့်စည်းစနစ်တွေကိုပြန်လည် တည်ဆောက်မှသာ ပြောင်းလဲမှုပေါင်းများစွာထဲက အခြေခံအကျဆုံး ပြောင်းလဲမှု နှင့် သမိုင်းတရားခံမဖြစ်ကြဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါသည်။ ကျန်ခဲ့ပြီဖြစ်သည့် အတိတ်သမိုင်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲပြီး ရက်ပေါင်း ၆၀မှာပဲ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့ရပြီးပါပြီ။ သမိုင်းအတွေ့အကြုံရှိခဲ့ပြီမို့ ကျွန်တော်တို့ ပြည်သူတွေဟာ ဘယ်လိုပဋိပက္ခကိုမျှမလို လားကြတော့ပါဘူး။ ဒါ့ကြောင့် တာဝန်ရှိ သူများ အနေနှင့် ရက်ပိုင်းမျှသာကျန်တော့သည့် အရွေ့တစ်ခုကြားကာလမှာအောက် ခြေအုပ်ချုပ်ရေးမျိုး အသစ်တစ် ဖန်ရွေ့ဖို့ ကြီးကြပ်ရေးမှူးများရွေးတာကအစ အလျင်စလိုမလုပ်မိကြဖို့နှင့် အခြေခံဒေသတွင်း အုပ်စုဖွဲ့ပြိုင်ဆိုင် မှုမျိုး ယှဉ်ပြိုင်မှုမျိုးမလုပ်ကြဘဲ ၅နှစ် တာဝန်ယူအုပ်ချုပ်ရမည့် အခြေခံလူကြီးများရွေးချယ်ဖို့ ဗဟိုအစိုးရက ပွင့် လင်းမြင်သာသည့် ပြုပြင်မှုလမ်းညွှန်မှုတွေနှင့် အချိန်ယူဆောင်ရွက်လျှင် ပိုမိုကောင်းမွန်သည့် အခြေခံပြည်သူ့ ခေါင်းဆောင်များရလာလိမ့်မည်ဟု ယူဆမိပါသည်။ ရက်ပိုင်းမျှသာ ကျန်တော့သည့် ခုလိုအချိန်မှာ အပြောင်း အလဲ၏ အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်နှင့်ကျေးရွာများကို အုပ်ချုပ်ရေး မှူးရွေးရန်အတွက် ကြီးကြပ်ရေး အဖွဲ့ဖွဲ့မှာတို့၊ ၁၀ အိမ်မှူးတွေဖွဲ့မှာ ဆိုတာစောလွန်း နေသေးသည်ဟုထင်မိပါသည်။

ယခုရက်အတွင်း ရက်ကွက်နှင့် ကျေးရွာတော်တော်များများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုနဲ့ဆိုကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟောင်း ယခုလက်ရှိ တာဝန်ယူထားရသူတွေက ၁၀အိမ်မှူး လက်ရှိတွေကတစ်ဆင့် အိမ်တိုင်းကိုလိုက်ပြီး ကြီးကြပ်ရေးမှူးများရွေးရန် အစည်းအဝေးတက်ဖို့ လိုက်ဖိတ်နေကြပါသည်။ ကျွန်တော် တို့ရပ်ကွက်မှာ ဖိတ်သည့်ပုံစံကတော့ ၁၀အိမ်မှူး ၂ဦး အိမ်တိုင်ရာရောက်လာပြီး၂၆-၁၂-၂၀၁၅ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ ရွေးချယ်ရန်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမည့်အစည်းအဝေးသို့ တက်ရောက်ရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးခြင်းဆို သည့်ခေါင်းစဉ်ဖြင့် ၂၈-၁၂-၂၀၁၅ နေ့လယ် ၁၂း၀၀ နာရီတွင် ၎င်းရွေးချယ်ပွဲသို့ တက် ရောက်ပါရန် လာရောက်ဖိတ်ကြားပြီးဖြစ်ပါသည်။ ရပ်/ ကျေးအတွင်း လေ့လာကြည့်သည့်အခါ ရွေးချယ်ယှဉ် ပြိုင်မှုသဘောအရ အုပ်စုဖွဲ့ ညှိနှိုင်နေတာမျိုးတွေ ဘယ်သူ့တော့မတင်ဘူး၊ ဘယ်သူတော့တင်မယ် ဆိုတာမျိုး တွေ ဒီမိုကရေစီကျင့်စဉ် မရင့်သန်သေးသည့် အောက်မြေအောက်ဆုံး အဆင့်က မိဘ ပြည်သူများကို လှုပ်လှုပ် ရွရွ ဖြစ်သွားစေပါသည်။

ပြည်သူတွေနှင့် နည်းနည်းအလှမ်းဝေးသည့် ဗဟိုအဆင့်တိုင်းနှင့် ပြည်နယ် အဆင့်ရွေးကြတာမှာ ပညာတတ် အရည်အချင်းပြည့်မီသူတွေပါ။ အဲဒါတောင် နေရာ ဒေသအတော်များများမှာ ရုန်းရင်းဆန်ခတ်မှုတွေ ပြဿနာ မျိုးစုံတွေ ဖြစ်နေတာကို ကြားသိနေရပါသည်။ ဖေ့စ်ဘုတ်တွေ အင်တာနက်တွေကလည်း အလျင်အမြန် ဟုတ် တာရော မဟုတ်တာပါ ပျံ့နှံ့နေပါသည်။ သတင်းမီဒီယာတွေမှာလည်း အမှုတွေ မြင်တွေ့ကြားသိ နေရပါသည်။ ဒီလိုအချိန်မျိုးမှာ ပြည်သူတွေငြိမ်ပြီး စောင့်ကြည့်နေသည့်အချိန်ပါ။ မီးလောင်ရာလေ ပင့်မဖြစ်ဖို့လည်း အားလုံး ကကြိုးပမ်းနေကြပါသည်။ ရွေးကောက်ပွဲကြီးတစ်ခု၏ အလှုပ်အခတ်ကြောင့် အေးချမ်းညင်သာစွာပြောင်းလဲဖို့ သမ္မတကြီးနှင့်တကွ အထက်အဆင့် ပုဂ်္ဂိုလ်တွေ အသစ်နှင့်အဟောင်း နှစ်ဖက်တွေ့ဆုံပြီးကြိုးစားနေ သည့် အချိန်ပါ။ အဲဒီ လိုအချိန်မျိုးမှာမှ အဓိကကျသည့် ရွေးကောက်ပွဲဖြစ်သည့် အခြေခံ ရပ်/ကျေးရွေး ပွဲတွေလုပ်နေ မယ်ဆိုရင် မမျှော်လင့်သည့် မျှော်လင့်မထားသည့် ပြဿနာတွေဝင်လာ ခဲ့လျှင် အွန်လိုင်းမီဒီယာတွေက လည်း လျင် မြန်ပါဘိသနဲ့။ နေရာဒေသလေးတစ်ခုက သူ့လူကိုယ့်လူ ခေါင်းဆောင်ရွေးချယ်ရင်း ငြင်းကြခုံကြရင်း မမျှော်လင့်သည့်ပြဿနာဖြစ်ပြီဆိုပါစို့။

ချက်ချင်းဆိုသလို မြန်မာတစ်ပြည်လုံး ပျံ့နှံ့သွားပြီး ဆူကြပူကြလျှင်ဖြင့် ပြည်သူများ မျှော်လင့်တကြီးစောင့်နေ သည့် အရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခု ပျက်ပြယ်သွားလေမလား။ လွန်စွာမှစိုးရိမ် နေရသည့်အချိန်ပါ။ အရိပ် တစ်ခု၏အောက် မှာရွေးချယ်ထားခဲ့သည့်အရွေးချယ်ခံ ရပ်/ ကျေးပုဂ္ဂိုလ်တွေဟာ အသစ်ပြောင်းလဲတာ ၀န်ယူ ကြမည့် ဗဟိုနှင့် တိုင်းနှင့်ပြည်နယ်အဆင့်က လမ်းညွှန်မှုတွေကို မလိုက်နာဘူး။ ပြည်သူနဲ့ထိတွေ့ ဆက်ဆံ တာတွေမှာ အတိတ်ရဲ့အရိပ်အတိုင်း ပြုမူဆောင်ရွက် နေမယ်ဆိုလျှင် မြန်မာပြည် တစ်နံတစ်လျား ဆူပူမှုတွေ နေရာအနှံ့အပြားဆိုသလို ဖြစ်လာမှာအမှန်ပါ။ အဲလိုဆိုလျှင် အပေါ်ထပ် အဆောက်အအုံက အောက်ခြေကို မထိန်းကျောင်းနိုင်ဟုဆိုသည့် အကြောင်းပြချက်နှင့်က အာဏာပြန်သိမ်းလေမလား၊ လားပေါင်းများစွာ စိုးရိမ်မှု ပေါင်းများစွာနှင့် လက်ရှိ ရပ်/ကျေးမှာ ဖြစ်ပေါ်နေသည့်အခြေအနေများကို ညင်သာစွာ ပြောင်းလဲရေး ဆောင် ရွက်နေကြသည့် အထက်အဆင့်က တာဝန်ရှိပုဂ်္ဂိုလ်များသိရှိနိုင်စေရန် ပြည်သူ နှင့်သတင်းမီဒီယာများက သိရှိ ထိန်းကျောင်း ပေးနိုင်ပါရန် အရွေ့မှာအကွေ့မဖြစ်စေဖို့ ဆုတောင်းရင်း““ငြိမ်းချမ်းပါစေ မြန်မာပြည်””

မှတ်ချက် ။ ။ အပေါ်မှာမနိုင်၍ အောက်ခြေမှာ လက်ဦးမှုရယူတာလားဟုလည်း တွေးထင်မိပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ(အသံဖိုင်)
[soundcloud src="240317600"/]
၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် နာယကကြီး ဦးတင်ဦးပြောကြားသောမိန့်ခွန်း။

National League for Democracy

ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အစိုးရသစ်အနေဖြင့် ဦးစားပေးဆောင်ရွက်မည်ဟု NLD ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ် NLDရုံးချုပ်တွင် ကျင်းပ သည့် ၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

ယခုနှစ် ၆၈နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် NLD ပါတီက ထုတ်ပြန်သည့် သ၀ဏ်လွှာတွင်လည်း အတိတ်အမွေဆိုးများကို ပစ်ပယ် စွန့်လွှတ်ပြီး ကောင်းမွန်လျော်ကန်သောအတွေ့အကြုံများကို ရယူကာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးကို ဦးထိပ်ထားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ကိုတက်ညီလက်ညီ၊ တည်ဆောက် ရမည့် အချိန်ဖြစ်သည်ဟု ထည့်သွင်းရေးသားထုတ်ပြန်ခဲ့သည်။

"နောင်တက်လာမယ့်အစိုးရရဲ့ပထမဦးဆုံးတာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ။ တစ်ကယ့် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပပြီး အပစ်ရပ်စာချုပ်မှာအားလုံးပါဝင်လာ နိုင်အောင် ကျွန်မတို့ လုပ်ရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဖြစ်အမှန်ဆုံးလျောက်နိုင်ဖို့ ကြိုးစားမယ်။" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

The Ladies News Journal

ဝန်ကြီးနေရာ ပေးရန် (ထပ်မံ/ဆက်လက်) စာရေးသားတောင်းဆိုမှုများကို မိမိအနေဖြင့် မကြိုက်နှစ်သက်ပဲ နာမည်ထွက်အောင် ဖန်တီးနေသူများကိုလည်း နာမည်ထွက်လေ ဝေးလေ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းနား မိန့် ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။

"၀န်ကြီးဆိုတာ အလုပ်လုပ်နိုင်တဲ့သူကိုပေးတာ။ နိုင်ငံအတွက် လုပ်နိုင်တဲ့သူကို ပေးတာ။ အရည်အချင်းရှိတဲ့သူကို ပေးတာ။ ပါတီဝင်ကို ပေးတာ မဟုတ်ပါဘူ။ နာမည်ထွက်အောင်လုပ်နေတဲ့သူတွေ နာမည်ထွက်လေ ပိုဝေးလေပဲ လို့ပြောပါရစေ။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စာရေးသားတောင်းဆိုသူတွေကိုလည်း အဖွဲ့ချုပ် စည်းမျဉ်းအရ အရေးယူမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

The Ladies News Journal

[youtube src="xIeV5ELHrWo"/]
"အပြောင်းအလဲဆိုတာ အချို့က ကြောက်ကြပါတယ်။ ဒါဟာလည်း စိုးရိမ်ကြတယ်ဆိုတာ မထူးဆန်းပါဘူး။ တခါမှ မရင်ဆိုင်ဖူးတဲ့အခြေအနေတခုကို ရင်ဆိုင်ရမယ်ဆိုတော့ ဖြစ်ပါ့မလား အောင်မြင်မှုရှိပါ့မလား ကိုယ်ကိုပဲ ထိခိုက်မလား ဘယ်လိုများဖြစ်မလဲ ဆိုပြီး တွေးကြတာဟာ သဘာဝကျပါတယ်။ ဒါပေမယ့်အပြောင်းအလဲဆိုတာ တချိန်လုံးဖြစ်နေတာပါ။ တချိန်လုံးဆိုတာ တစ်နေ့နဲ့တစ်နေမတူဘူး။ တကယ်တော့ တစက္ကန့်နဲ့ တစက္ကန့်အပြောင်းအလဲတွေက ဖြစ်နေတာပဲ ။ အပြောင်းအလဲဆိုတာ စိုးရိမ်စရာမဟုတ်ပါဘူး။ ကြောက်စရာမဟုတ်ပါဘူး။ ဆင်ခြင်တုံတရား အပြည့်အဝနဲ့ ရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ အခုအပြောင်းအလဲကြောင့်မို့ စိုးရိမ်တဲ့ ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားအားလုံးကို ကျမအနေနဲ့စကားပါးပါရစေ။ မစိုးရိမ်ပါနဲ့။ ကျမတို့ ဒီအပြောင်းအလဲကို အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲဖြစ်အောင်လို့ ကျမတို့ အသားကုန်ကြိုးစားမှာပါ"

ရိုက်ကူး – ကျော်ဇေယျာဝင်း
DVB TV


ရန်ကုန်၊ ဇန်န၀ါရီ ၄။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်သာမဟုတ်ပဲ အမှန်တကယ်အလုပ်လုပ်မည့် သူများကို အစိုးရအဖွဲ့ ၀န်ကြီးများအဖြစ်ခန့်အပ် သွားမည်ဟု အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၄ရက်နေ့တွင်ကျင်းပသည့် ၆၈ကြိမ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။

အစိုးရအဖွဲ့ဖွဲ့ရာတွင် ၀န်ကြီးများနေရာများကို တောင်းခံခြင်းများကိုပါတီဝင်များအနေဖြင့် မပြုလုပ်ရန်နှင့် ပြုလုပ်ပါကလည်း ချမှတ်ထားသည့် စည်းကမ်းများဖြင့် ထိထိရောက်ရောက်အရေးယူသွားမည်ဟုလည်း ၄င်းက သတိပေးပြောကြားသေးသည်။

"မပြောပဲမနေနိုင်လို့ အခုပြောကိုပြောရမယ်။ ၀န်ကြီးလုပ်ချင်တဲ့သူတွေတော်တော်မှ ကျွန်မမကြိုက်ဘူး။ နောက်တစ်ခါဝန်ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်းတဲ့သူတွေ စည်းမျဉ်းစည်းကမ်းအရအရေးယူမယ်ဆိုတာကို ပြတ်ပြတ်သားသားဒီကနေပြောမယ်။ ၀န်ကြီးဆိုတဲ့နေရာကိုအလုပ်လုပ်မယ့်သူကိုပေးမှာပါ။ ပါတီဝင်မို့ဝန်ကြီး နေရာ ပေးမှာမဟုတ်ပါဘူး။" ဟု NLD အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင်ပါဝင်မည့် ၀န်ကြီးနေရာ ခန့်အပ်နိုင်မှုနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီဝင်တစ်ချို့က အစိုးရအဖွဲ့ဖွဲ့ပါကက ၀န်ကြီးနေရာတွင်တာဝန်ထမ်းဆောင်လိုသည်ဟု မိမိသို့စာရေး သားတောင်းဆိုခဲ့မှုများရှိခဲ့သည်ဟုလည်း ၄င်းက ဒီဇင်ဘာ ၂၆ရက်၊ အနှေးယာဉ်လုပ်သားများနှင့် တွေ့ဆုံချိန်တွင် ဖွင့်ဟပြောဆိုထားသည်။

၂၀၁၀ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီအစိုးရထံမှ ချောမွေ့စွာအာဏာလွှဲပြောင်းရယူရေးအတွက် ဦးသိန်းစိန်အစိုးရ နှင့် NLD တို့ကဆွေးနွေးမှုများပြုလုပ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ရွေးကောက်ပွဲအနိုင်ရပါတီကို သက်ဆိုင်ရာအစိုးရသက်တမ်း ၅နှစ်ပြည့်ချိန်နှင့် ရွေးကောက်ပွဲမျာကျင်းပပြုလုပ်ပြီးသည့် ရက်ပေါင်း ၆၀တွင် လွှတ်တော်သစ်ခေါ်ယူခြင်းနှင့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၂၀ အတွင်း အနိုင်ရပါတီထံသို့ အာဏာလွှဲပြောင်းရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

NLD သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာများ၏ ၈၀ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားသည့် ပါတီလည်း ဖြစ်သည်။
MIZZIMA


“ကျမတို့ရွာမှာ မီးကြိုးတွေရောက်နေတယ်။ ဒါပေမယ့် ခုချိန်ထိ ဖယောင်းတိုင်နဲ့ပဲ မီးလင်းနေရတုန်းပဲ” လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်တနီးကူး ကျေးရွာက ဒေါ်နားမူလို့လို က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ပြောနေပါတယ်။

အိမ်ထဲမှာတော့ မှိန်ပြပြဖယောင်းတိုင် မီးရောင်အောက်မှာ စာကျက်နေတဲ့ ကျောင်းသား/သူတွေ ရှိနေပါတယ်။

ဖယောင်းတိုင်နဲ့ မီးလင်းနေရတာ ဒေါ်နားမူလို့လို တို့လို တစ်အိမ်တည်း တစ်ရွာထဲ မဟုတ်ပဲ ဘေးရွာ ပတ်ဝန်းကျင်တွေမှာလည်း ထိုနည်း၎င်းပါပဲ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား အဓိကဖြန့််ဖြူးရာ ရင်းမြစ်ဖြစ်တဲ့ လောပိတ ရေအားလျှပ်စစ် စက်ရုံက ကယားပြည်နယ်မှာ လည်ပတ်နေတာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြည်နယ်ရဲ့ ကျေးရွာ တချို့မှာတော့ အခု အချိန်ထိ လျှပ်စစ်မီး မရရှိသေးပါဘူး။

ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိပြီး လက်ရှိအချိန်ထိ မီးမလင်းနိုင်သေးတဲ့ ကျေးရွာ ၂၅၀ ရှိနေတယ်လို့ ပြည်နယ်လျှပ်စစ် (ဦးစီးဌာန) စာရင်းအရ သိရပါတယ်။

ပြည်နယ်တွင်းမှာ ကျေးလက်နေ လူဦးရေက ပိုများပြီး လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းက ကျေးရွာတွေမှာ နေပါတယ်။

ကယားပြည်နယ်မှာ ရှိတဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းတွေကို ဆောင်ရွက်နေပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်က စတင်တဲ့ စီမံကိန်းရဲ့ ရလဒ်ကို အခုချိန်ထိ မခံစားရသေးတာကြောင့် အမှောင်ထဲမှာ နေရဆဲပဲဖြစ်ပါတယ်။

မီးလင်းရေး ဆောင်ရွက်နေတဲ့ စီမံကိန်းအရ တကယ်ဆိုရင် ဒေါ်နားမူလို့လို တို့ရဲ့ ကျေးရွာတွေမှာ ၂၀၁၃- ၁၄ ခုနှစ်မှာ မီးလင်းရမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေက အစိုးရက ဆောင်ရွက်ပေးနေတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

စီမံကိန်းတွေကိုတော့ စတင် လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် ကျေးရွာတိုင်းလိုလိုမှာ ဓါတ်တိုင်တွေ၊ မီးကြိုးတွေ လာရောက်ချထားတာကို တွေ့ရမှာဖြစ်ပြီး အချို့ ကျေးရွာတွေမှာ ဆိုရင်တော့ ဓါတ်တိုင်တွေ ထောင်ထားတာ မြင်ရပါတယ်။

လွိုင်ကော်ခရိုင် ဝီးသဲကူး(တောင်)ရွာက အုပ်ချုပ်ရေးမှုးက “ကျွန်တော်တို့ရွာက ၂၀၁၄ မှာ တရွာလုံးက သိန်း ၁၀၀ ကောက်သွားပြီးပြီ။ အဲ့ဒီအတွက် ဓာတ်တိုင် ၂၁ တိုင်နဲ့ မီးကြိုး ၂၁ပေ ပဲရသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ နောက်ထပ်သိန်း ၁၀၀ ထပ်ကောက်တယ်။ လျှပ်စစ်ဝန်ထမ်းက နောက်ထပ်သိန်း၁၀၀ မထည့် မချင်း မီးလင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားတယ် ” လို့ ပြောပါတယ်။

ကျေးရွာတိုင်း အားလုံး နီးပါးက လျှပ်စစ်မီးရရှိဖို့ တစ်ရွာကို သိန်း ၁၀၀ ထည့်ခဲ့ကြပါတယ်။

တစ်ရွာကို သိန်းတစ်ရာ ကောက်ခံတဲ့ အတွက် အိမ်ခြေပေါ်မူတည်ပြီး အိမ်ထောင်စု တစ်စုကို နှစ်သိန်း၊ သုံးသိန်း ထည့်ဝင်ရပါတယ်။

ငွေသိန်းတစ်ရာကို လျှပ်စစ်ရုံး (ပြည်နယ်၊ မြို့နယ် ခွဲရေးပေးပါ) ကို သွင်းရပါတယ်။ ငွေသွင်းပြီးနောက်မှာတော့ ဓာတ်တိုင်၊ လျှပ်စစ်မီးကြိုး၊ ထရန်စဖော်မာ စတာတွေလာချပေးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လျှပ်စစ်မီး ရချင်တာကြောင့် ရွာသားတချို့က ကိုယ့်ပိုင် ပစ္စည်းလေးတွေကို ပေါင်နှံ ရောင်းချပေးနေရပြီး အချို့ကတော့ အကြွေးတင်ပြီး ပြန်မဆပ်နိုင်တဲ့သူတွေလည်း ရှိနေပါတယ်။

လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ဒေါခရော့ခူကျေးရွာက မုဆိုးမတစ်ဦးက “အဒေါ့်မှာ သားတွေလည်းမရှိဘူး အခုမြေးနှစ် ယောက်နဲ့ပဲ အတူနေနေတယ်။ လျှပ်စစ်မီးအတွက်ဆိုပြီးတော့မှ တအိမ်ကို နှစ်သိန်းကောက်သွားတယ်။ အဒေါ့်မှာပေးစရာမရှိသေးဘူး။ ပဲတွေပေါ်တဲ့အချိန်မှပဲ ပေးတော့မယ်” လို့ ဆိုပါတယ်။

မီးမရရှိသေးတဲ့ ကျေးရွာ ၂၅၀ ရွာထဲမှာ ဒေသခံတွေ အနေနဲ့ ကိုယ့်အိမ်ကနေ ဆက်ရမယ့် ဝါယာကြိုးတွေကို ကိုယ်တိုင်မဝယ်သေးတဲ့ အတွက် မီးမရရှိသေးတဲ့ရွာတွေ ရှိနေပြီး ကြိုး ဝယ်နိုင်ပြီဆိုပါက ပြည်နယ် လျှပ်စစ် ဌာန အနေနဲ့ လာရောက်တပ်ဆင်ပေးဖို့ အသင့်ရှိတယ်လို့လည်း ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့် ဆိုပါတယ်။

ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးကတော့ ၂၀၁၆ ခုနှစ်မှာ ကယားတပြည်နယ်လုံး မီးလင်းရမယ်လို့ ပြောသွားခဲ့ပါတယ်။ (ဘယ်နေရာမှာ ဘယ်တုန်းက ပြောတယ် ဆိုတာလေး ထည့်ပေးပါ)

၎င်းက “တပြည်နယ်လုံးမီးလင်းမယ်လို့ ပြောတာကတော့ နည်းစနစ်က နှစ်မျိုး သုံးမျိုးလောက်ပေါင်း လုပ်လို့ရှိရင် ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။

နည်းလမ်းတွေ အနေနဲ့ ဆိုလာစနစ်၊ ဒီဇယ်နဲ့ မီးစက်မောင်းနှင်တဲ့စနစ်၊ အသေးစားရေအားလျှပ်စစ်စနစ်၊ ဂျန်နရေတာအင်ဂျင်နဲ့ လည်ပတ်တဲ့စနစ်နှင့် သဘာဝစနစ် စတဲ့စနစ်တွေ အားလုံးပေါင်းပြီး လုပ်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ မီးလင်းနိုင်တယ်လို့ ၀န်ကြီးက ဆိုပါတယ်။

၂၀၁၆ ခုမှာလျှပ်စစ်မီး တပြည်နယ်လုံးလင်းမယ်ဆိုရာမှာ နည်းစနစ်တွေ အားလုံးသုံးပြီး မီးလင်းပေးမယ်ဆိုရင် ၇၀၊ ၈၀ ရာခိုင်နှုန်း လောက် လင်းနိုင်လိမ့်မယ်လို့ Unian of Karenni State Youth(UKSY) က ပြည်နယ်အတွင်း နိုင်ငံရေး၊ လူမှုရေးကို လုပ်ဆောင်နေသောလူငယ်အဖွဲ့မှ ကိုဒီးဒီက ဆိုပါတယ်။

လက်ရှိ ဆောင်ရွက်နေတာတွေက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ သုံးတာမဟုတ်ဘဲ ပြည်သူ့ ဘဏ္ဍာနဲ့ ပစ္စည်းတွေချပေးနေတာ ဖြစ်တဲ့အတွက် ပြည်နယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် လုပ်ငန်း ဆောင်ရွက်မှုတွေကို ပြည်သူတွေကို ချပြသင့်တယ်တဲ့ အပြင် အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချပြပြီး ဆောင်ရွက်သင့်တယ် လို့ ကိုမာတီးယာက ပြောပါတယ်။

ပြည်နယ်လျှပ်စစ်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ လျှပ်စစ်မီးအကုန်ရစေမယ်လို့ ပြောလိုက်တဲ့အတွက် လျှပ်စစ်မီး ရရှိဖို့ လိုလားသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် နည်းလမ်းတွေကို သုံးပြီး မီးလင်းမှာကိုတော့ ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီး သုံးစွဲနိုင်ရေး ဆိုတဲ့ ရည်မှန်းချက် ရောက်ရှိနိုင်ရန် မဟာဓာတ်အားလိုင်း တိုးချဲ့ရန်နဲ့ ကျေးလက်ဒေသတွေမှာ မဟာဓာတ်အား လိုင်းပြင်ပ နည်းလမ်းတွေကို အသုံးပြုကာ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်မယ့် အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း (National Electrification Plan) ကို ပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ အတိုးမဲ့ချေးငွေအဖြစ် ပေးအပ်မည့် စီမံကိန်းကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်မည် ဖြစ်ရာ အဆိုပါ စီမံကိန်းတွင် ကယားပြည်နယ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ယင်းစီမံကိန်းများကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဆက်သွယ်ရေးအရာရှိ ဦးကျော်စိုးလင်းက မေးလ်ဖြင့် ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းမှာ မဟာဓာတ်အားလိုင်း တိုးချဲ့ခြင်းနဲ့ မဟာဓာတ်အားလိုင်းပြင်ပ နည်းလမ်းများ ပါဝင် မည်ဖြစ်ရာ အိမ်သုံး ဆိုလာစနစ်၊ အသေးစား လျှပ်စစ် ထုတ်လုပ်ရေး စသည်တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁.၂ သန်း လျှပ်စစ်မီး ပိုမို တိုးတက်ရရှိနိုင်မှာ ဖြစ်ပြီး ပြည်သူပေါင်း ၆.၂ သန်းကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းက ကယားပြည်နယ်ကို ဘယ်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။

၂၀၁၅ ခုနှစ်အထိ ကယားပြည်နယ်မှာ ရှိတဲ့မြို့နယ်တွေနဲ့ မြို့နယ်ခွဲတခုအပါအဝင် မြို့နယ်ပေါင်း ၈ ခုမှာ မီးရောက်ရှိနေပြီလို့ ကယားပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းမြင့်က ပြောပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့မှာ ၂၀၁၁ ခုနှစ်မှာ မီးရရှိခဲ့ပါတယ်။

မယ်စဲမြို့နယ်၊ ရှားတောမြို့နယ်နဲ့ ဘောလခဲမြို့နယ်တို့မှာ ၂၀၁၅ ခုနှစ်မှာ လျှပ်စစ်မီး ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၁၅ အကုန်မှာ ကျေးရွာပေါင်း ၁၁၄ ရွာမှာ လျှပ်စစ်မီးရရှိမှာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ မှာ ကျေးရွာပေါင်း ၃၆၄ ကိုလျှပ်စစ်မီးဖြန့်ဝေပေးပါမယ်လို့လည်း ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမယ့် စာရင်းကို ဦးသိန်းမြင့်က ပြောပါတယ်။

လောပိတရေအား လျှပ်စစ်စက်ရုံ အမှတ် ၁၊၂ ကို စတင် ဖွင့်လှစ်သုံးစွဲခဲ့ပြီး အမှတ် ၃ စက်ရုံကို ၂၀၁၅ခု သြဂုတ်လ ၂၂ရက်မှာ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျေးရွာအချို့ကတော့ လက်ရှိ အချိန်ထိ လျှပ်စစ်မီး မရသေးတဲ့အတွက် လုပ်ငန်းတွေ လုပ်ကိုင်နေရတာ အဆင်မပြေပါဘူး။

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာ ကျေးဇူးတော်ဆန်စက်ပိုင်ရှင် ဒေါ်တူမာက လျှပ်စစ်မီးနဲ့ မလည်ပတ်ရပဲ ဒီဇယ်နဲ့သာ လည်ပတ်နေရတဲ့အတွက် လုပ်ငန်း အဆင်မပြေလှပါဘူးလို့ ဆိုပါတယ်။

Written by မူအက်စတာ
Kantarawaddy Times
http://www.ktimes.org


 ရေပေါ်မှာလှေကလေးတစ်စင်း ဖြတ်သွားပြီဆိုရင် လှိုင်းလေးတွေထပြီးဒိုက်သရောလေးတွေ၊ ဗေဒါပင်လေးတွေ ကြာပန်းပင်လေးတွေက နှိမ့်ချည်မြင့်ချည်နဲ့ ရေလှိုင်းလေးနဲ့အတူကနေပါတယ်။

ရေထဲမှာကစားနေတဲ့ ရေဘဲလေးတွေ၊ စင်ရော်ငှက်လေးတွေကလည်းလှိုင်းကလေးနဲ့အတူယိမ်းနွဲ့နေတာကို ကြည့်ရင်တော့ ရင်ထဲအရမ်းကို ကြည်နူးရပါတယ်။

အင်းသူလေးတွေ ခမောက်ကိုယ်စီနဲ့ ကြာပန်းလေးတွေကိုလှေကလေးနဲ့ လိုက်ခူးပြီးရေပေါ်မှာပဲလိုက်ရောင်းနေကြပါတယ်။ ကြာပန်းလေးတွေကလည်းအရောင်နီနီလေးတွေနဲ့ အရမ်းကိုလှပပြီးဝယ်သူတွေကိုဆွဲဆောင်နေတာပါ။ အင်းသူလေးတွေ လှေလေးကိုကိုယ်တိုင်လှော်ခတ်လာတာကို မြင်ရတယ်။ ပန်းလေးတွေကိုကိုယ်တိုင်လိုက်ရောင်းနေတာကိုတွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးလေးတွေ အနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီးလုပ်ကိုင်စားသောက်နေတယ်ဆိုတာသိသာလှပါတယ်။

ဆိပ်ကမ်းမှာခိုစာလေးတွေ၊ စင်ရော်ငှက်လေးတွေရဲ့ အစာတွေကိုလိုက်ရောင်းနေသူတွေကို ကြည့်ရင်လည်းမိန်းကလေးငယ်ငယ် တွေပဲ ဖြစ်ပါတယ်။ ကောင်မလေးတွေကကမ်းနားကိုလာကပ်တဲ့ စက်လှေလေးတွေပေါ်ကဧည့်သည်တွေ မှန်သမျှကိုလက်ကလေးတွေလာဆွဲပြီးစင်ရော်စာလေးတွေ၊ ခိုစာလေးတွေကိုအလုအယက်လာရောင်းနေကြပါတယ်။

“အစ်ကိုတို့ရေ၊ အစ်မတို့ရေခိုစာလေးတွေ ဝယ်ပါဦး ၊အားပေးပါဦးညီမလေးတို့ကဒီနေ့ကျောင်းပိတ်လို့ ကျောင်းစရိတ်လာရှာနေတာပါ ” လို့ ပြောပြီးခိုစာလေးတွေ ၊စင်ရော်စာလေးတွေ လာရောက်ရောင်းချနေကြတာကိုတွေ့နေရပါတယ်။ အင်းဆိပ်ကမ်းတွေမှာအများဆုံးတွေ့ရပါ တတ်ပါတယ်။

အင်းထဲကိုဆက်သွားရင် ခြေတံရှည်ရှည်နဲ့ ဆောက်ထားတဲ့ အိမ်လေးတွေကလည်းအစီအရီပါပဲ။ အချို့ဆိုရင် ဟိုတယ်လိုလို၊ စားသောက်ဆိုင်လိုလိုပုံစံလေးတွေနဲ့။ ဒါ့အပြင် ဈေးဆိုင်တွေလည်းအတန်းလိုက် စီရီပြီးဆောက်ထားတာကိုလည်းတွေ့ရရဲ့။အဲဒီခြေတံရှည်အိမ်လေးတွေကသစ်သားတိုင်တွေနဲ့ချည်းဆောက်ထားထာဖြစ်ပြီးအရမ်းချစ်စရာကောင်းနေကြတာကိုတွေ့ရပါတယ်။

အင်းလေးမှာ ကြာချည်တွေနဲ့ ယက်လုပ်ထားတဲ့ချည်ထည်လေးတွေ အရမ်းပေါများပါတယ်။ အင်းလေးမှာ ကြာချည်မျှင်တွေနဲ့ ယက်လုပ်ထားတဲ့ ကြာသင်္ကန်းတွေ၊ ချည်နဲ့ယက်လုပ်ထားတဲ့ ချည်ထည်လေးတွေကအရောင်အသွေးလှပစုံလင်လှပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ အင်းချည်ထည်ကြီးတွေရဲ့ နောက်ကွယ်မှာကြောက်စရာကောင်းလှတဲ့ ပြသနာကြီးတစ်ခုရှိနေပြီးအဲဒါကတော့ နိုင်ငံတကာက ၀င်ရောက်လာနေတဲ့ ဓာတုဆိုးဆေးတွေပါပဲ။

အင်းထဲမှာရှိနေတဲ့ ချည်ထည်တွေဟာ နိုင်ငံတကာဆိုးဆေးတွေကိုသုံးနေကြတဲ့အတွက် အင်းထဲမှာရှိနေတဲ့ ရေတွေလည်းဓာတုဆိုးဆေးတွေ ပျံ့နှံ့ကုန်ပြီးသောက်သုံးလို့မရနိုင်တော့တဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။

“အခုအင်းထဲမှာရှိနေတဲ့ ရေတွေလည်းသောက်လို့မရတော့ဘူး၊ ဘာလို့လဲဆိုတော့ တရုတ်ပြည်ကလာတဲ့ချည်တွေရယ် အိန္ဒိယကလာတဲ့ ဆိုးဆေးတွေ အရမ်းသုံးကြတော့ ရေတွေကိုအင်းထဲမှာပဲပြန်သွန်ကြတယ်။ သွန်တာများလာတော့ ရေတွေကလည်းသောက်လို့မရတော့ဘူး ” လို့ ညောင်ရွေမြို့က ဦးနေမျိုးကပြောပြပါတယ်။

ဟုတ်ပါတယ်၊ အင်းရဲ့ တစ်ချို့နေရာတွေကိုရောက်တဲ့အခါ ရေတွေကပုံမှန်အရောင်မဟုတ်ပဲအရောင်ကမဲနေတာကိုတွေ့ရပါတယ်။ တစ်အင်းလုံးသာအဲ့လိုဖြစ်နေရင်တော့ အင်းထဲကရေတွေ သောက်သုံးလို့ မရတာတင်မကပဲစိုက်ပျိုးရေးအပိုင်းမှာလည်းအပင်တွေလည်းပေါက်ရောက်ဖို့ အခက်အခဲတွေ ဆက်လက်ကြုံတွေ့လာရတော့မှာပါ။

အင်းထဲမှာဓာတုဆိုးဆေးတွေကိုသွန်ချနေပေမယ့် လူအများစုကတော့ အင်းထဲကရေတွေကိုသောက်သုံးနေရတုန်းပါ။ ဓာတုဆိုးဆေးတွေကြောင့်အရောင်ပြောင်းလာတဲ့ရေတွေကိုသောက်မိရင် နောက်ပိုင်းမှာကျန်းမာရေးထိခိုက်လာမယ်၊ ရေထဲကသတ္တဝါတွေလည်းအဲဒီဆိုးဆေးရေတွေကိုရှုရှိုက်နေရတဲ့အတွက် မျိုးသုန်းလာနိုင်ပါတယ် လို့ ဒေသခံမစုစုထွေးကပြောပါတယ်။

အဲဒီရေတွေကိုဘာကြောင့် အင်းထဲမှာသွန်ချနေတာလဲဆိုတာမသိပေမယ့် သွန်စရာနေရာသီးသန့် မရှိတဲ့အတွက်ကြောင့် အင်းထဲကိုသွန်ချနေရတာပဲ ဖြစ်ပါလိမ့်မယ်လို့ အင်းလေးကိုမကြာခဏအလည်သွားနေသူမထျိုးမြာကပြောပါတယ်။

ဒီလိုသာဆက်သွားနေမယ်ဆိုရင်တော့ နောက် ၅ နှစ်လောက်ကြာပြီးတဲ့နောက်ဆိုရင် ရေထဲမှာအသက်ရှင်နေတဲ့ ငါးလေးတွေ ဇင်ယော်ငှက်ကလေးတွေ မျိုးစိတ်သုန်းကုန်လိမ့်မယ်လို့ အင်းလေးကိုအလည်သွားတုန်းတွေ့ခဲ့ရတဲ့ ကချင်ပြည်နယ်ကဧည့်သည်တစ်ယောက်ကပြောပါတယ်။ နောက်အစိုးရသစ်လက်ထက် ပြောင်းလဲရမှာတွေထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာတွေကလည်းအဓိကကျလာမယ် ထင်ပါရဲ့။

ဒါ့အပြင် အင်းထဲမှာစိုက်ပျိုးတဲ့ အသီးအနှံတွေမှာလည်းအင်းသူအင်းသားတွေကဓာတ်မြေသြဇာတွေကိုစနစ်တကျသုံးစွဲခြင်းမရှိတဲ့အတွက် ဓာတ်မြေသြဇာတွေ ရေထဲကိုရောက်ရှိပျံ့နှံ့သွားကုန်တယ်လို့ ဦးနေမျိုးကပြောပြပါတယ်။

"အခုအင်းထဲမှာသုံးနေကြတဲ့ ဓာတ်မြေသြဇာတွေကသူတို့ စနစ်တကျမသုံးလို့လေ ပြီးတော့ ဈေးပေါတဲ့ ဓာတ်မြေသြဇာတွေသုံးနေလို့ ရေထဲမှာပျံ့ကုန်တာစနစ်တကျသုံးစွဲဖို့လည်းတိုက်တွန်းနေပါတယ်"လို့ ဦးနေမျိုးကပြောပါတယ်။

အင်းထဲမှာအဓိကလုပ်ကိုင်စားသောက်တာကစိုက်ပျိုးရေးနဲ့ ချည်ထည်ရက်လုပ်တာတွေကိုပဲအဓိကလုပ်ကိုင်စားသောက် နေကြတဲ့သူတွေပါ။

အရင်တုန်းကလက်ယက်ကန်းတွေနဲ့ ချည်တွေရက်နေကြပြီးနောက်ပိုင်းမှာစက်တွေနဲ့ရက်လာကြတော့ ပိုမြန်လာပါတယ်။ ခုနောက်ပိုင်းစက်ယက်ကန်းတွေကလက်ယက်ကန်းတွေထက်များလာကြပါပြီ။

အင်းထဲမှာလည်းရေတွေမတိမ်ကောသွားရအောင် နှုံးတွေကိုဆယ်ယူကြပါတယ် ။ နှုံးတွေကိုဆယ်ယူကြပြီးအချို့လှေသွားလမ်းကိုဖောက်ကြပါတယ်။ နှုံးတွေကိုဘာကြောင့်ဆယ်ရတာလဲဆိုရင် မိုးရာသီမှာမိုးတွေရွာချရင် တောင်ပေါ်ကနေတောင်ကျရေတွေ စီးဝင်ပြီးရေတွေနဲ့အတူမြေနီတွေလိုက်စီးဝင်လာတယ်။ ဒါကြောင့် နှုံးတွေကိုဆယ်ယူရခြင်းဖြစ်တယ်လို့ ဦးနေမျိုးကဆက်ပြောပြပါတယ်။

ကချင်ပြည်ကဧည့်သည်တစ်ယောက်ကလည်း "အင်းထဲမှာမြေတွေအများကြီးတွေ့နေရတယ်ပေါ့။ နှုံးတွေဆက်မဆယ်နိုင်ရင်တော့ နောက်ပိုင်းကျရင် ရေတွေကနည်းလာပြီးတော့ မြေကြီးတွေပေါ်မှာပဲနေရတော့မယ်ထင်ပါတယ် ဒါပေမယ့် အခုလိုနှုံးတွေကိုဆယ်နေကြတာကိုတွေ့နေရတာကောင်းပါတယ်" လို့ပြောပါတယ်။

နောက်တစ်ခုကအင်းလေးကန်ထဲမှာဟိုတယ်တွေအများအပြားလာဆောက်ထားတာတွေရှိပါတယ်။ ဟိုတယ်တွေဆောက်တော့ နိုင်ငံခြားဧည့်သည်တွေ လာရောက်တည်းခိုတယ်။ နိုင်ငံခြားငွေတွေရလာတယ်။ ခရီးသွားလုပ်ငန်းတွေလည်းများလာပါတယ်။ ဒီလိုလုပ်ငန်းတွေ များလာတာနိုင်ငံတော်အနေနဲ့ ကောင်းပေမယ့် တစ်ဖက်မှာတော့ အင်းလေးမှာရှိနေတဲ့ ဒေသခံတွေအတွက်တော့ စားစရာ၊ ၀တ်စရာတွေအပြင် အစားအသောက်တွေ ဈေးတက်သွားပါတယ်။ နောက်ပြီးဟိုတယ်တွေကဒေသခံတွေရဲ့ ဟိုတယ်မဟုတ်တဲ့အတွက် ဧည့်သည်တွေကလာရောက်တည်းခိုပြီး ပြန်သွားကြတာပဲ။ သူတို့ပြန်သွားတော့ နောက်မှာသူတို့ချန်ခဲ့တဲ့ အမှိုက်တွေနဲ့ ဈေးတက်သွားတဲ့ စားသောက်စရာတွေပဲချန်ခဲ့တဲ့အတွက် ဒေသခံတွေအတွက် ဘာတစ်ခုမှ အကျိုးအမြတ်မရှိဘူးလို့ ဦးနေမျိုးကပြောပါတယ်။

ဒါကြောင့်မို့ နောက်အစိုးရသစ်လက်ထက်ကျရင် အနိုင်ရသွားတဲ့ကိုယ်စားလှယ်လောင်းတွေက ရှုံးသွားတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီးအင်းလေးကန်သာယာလှပဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမယ်လို့ အန်အယ်လ်ဒီရဲ့အနိုင်ရကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးနေမျိုးကဆိုပါတယ်။

တစ်စစနဲ့ အရောင်ပြောင်းလာနေတဲ့ အင်းလေးကန်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေသလိုပဲအင်းလေးကိုအရောင်ဆိုးသူတွေကိုလည်းပညာပေးတာတွေ၊ ပြုပြင်ပေးတာတွေကတော့ လုပ်သင့်နေတာအမှန်ပါပဲ ဖြစ်ပါတယ်။

Written by မူအက်စတာ
Kantarawaddy Times
http://www.ktimes.org

အီရန် မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးထဲ အီရန် ဆန္ဒပြသမားတွေ စီးနင်းဝင် ရောက်မှု ဖြစ်ခဲ့တဲ့ နောက် အခုလို ဆော်ဒီ ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။
ရှီအာ ဘာသာရေး ခေါင်းဆောင် တစ်ဦးကို ဆော်ဒီ အစိုးရက သေဒဏ် စီရင်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ် လာတဲ့ နှစ်နိုင်ငံ တင်းမာမှု တွေ ရဲ့ နောက်ဆုံး အခြေအနေ အဖြစ် အီရန် ကို ဆော်ဒီက သံ အဆက်အသွယ် ဖြတ်တောက် လိုက်ပါတယ်။

အီရန် မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးထဲ အီရန် ဆန္ဒပြသမားတွေ စီးနင်းဝင် ရောက်မှု ဖြစ်ခဲ့တဲ့ နောက် အခုလို ဆော်ဒီ ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ဆော်ဒီ မှာ ထားရှိထားတဲ့ အီရန် သံအဖွဲ့ ၄၈ နာရီ အတွင်း တိုင်းပြည်ကနေ ထွက်ခွာရမယ်လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က ပြောပါတယ်။

အစောပိုင်း တုန်းကတော့ အစ္စလာမ် နိုင်ငံတွေ တလွှား ဆွန်နီ နဲ့ ရှီအာ မွတ်ဆလင်မ်တွေကြား တင်းမာမှု တွေ ပိုပြီး ဖြစ်ပေါ် မလာစေဖို့ အနောက်နိုင်ငံတွေက သတိပေး နေကြပါတယ်။

အဲဒီလို ကွပ်မျက်ခဲ့မှု ရဲ့ နောက်ဆက်တွဲ ဂယက် အဖြစ် ဒေသတွင်း အင်အားကြီး ရှီအာ နိုင်ငံ ဖြစ်တဲ့ အီရန် မှာ ဆော်ဒီ သံရုံး အတိုက်ခိုက် ခံခဲ့ရမှု အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာန က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း အခုလို အခြေအနေမျိုး ကို အခွင့်ကောင်းယူ အသုံးချ လာနိုင်သူတွေ ရှိလိမ့်မယ် ဆိုပြီး ဗြိတိသျှ နိုင်ငံခြားရေး ရုံးကလည်း သတိပေး နေပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေပြီ လို့ ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီး ကလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ စကားပြောဆို ခဲ့တုန်းက ထည့်သွင်း သတိပေး ထားပါတယ်။

တခါ၊ လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အဖွဲ့ ဖြစ်တဲ့ ဟစ်ဇ်ဘိုလာ ရဲ့ ခေါင်းဆောင် ရှိတ်ခ် ဟာဆန် နာ့စ်ရာလာ က ဆော်ဒီ ရဲ့ အပြုအမူဟာ မွတ်ဆလင်မ် တွေ အချင်းချင်း ကြား စစ်ပွဲ ဖြစ်လာဖို့ မီးမွှေးပေး လိုက်သလိုပဲ ဆိုပြီး ဝေဖန် ခဲ့ ပြီး၊ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် တွေကိုလည်း အဲဒီ့ ထောင်ချောက်ထဲ မသက်ဆင်းကြနဲ့ ဆိုပြီး သတိပေး ပါတယ်။

အီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးကို တိုက်ခိုက် ခဲ့သူတွေကို အီရန် သမ္မတ ဟာဆန် ရူဟာနီက အပြစ်တင် ပြောဆို ခဲ့ပေမယ့် အဲဒီလို စိတ်ခံစားမှု တွေ ဖြစ်ပေါ်လာအောင် ဆော်ဒီ အစိုးရက ပြုမူ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီရဲ့ သေဒဏ် စီရင်မှု အပေါ် အိန္ဒိယ အုပ်ချုပ်ရေး အောက်က ကက်ရှ်မီယာ ဒေသ နဲ့ ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ကြီး တွေ မှာလည်း ဆန္ဒပြခဲ့ကြ သလို၊ ရှီအာ အများစု ရှိပေမယ့် ဆွန်နီ မွတ်ဆလင်မ် ထီးနန်းက အုပ်ချုပ် နေတဲ့ ဘာရိန်းမှာလည်း ကန့်ကွက်မှု တွေ ပြုလုပ် ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

၆၇ ကြိမ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အခမ်းအနား ( ၄ ရက် ဇန်န၀ါရီလ၊ ၂၀၁၅)
ဒီကနေ့ဟာ (၆၈) ကြိမ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အခါသမယဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ပေမဲ့ စစ်တပ်အုပ်ချုပ်မှုအောက်မှာ နှစ်ရှည်လများနေခဲ့ရတာမို့ ပီပြင်တဲ့ လွတ်လပ်ရေးရတဲ့ နိုင်ငံတနိုင်ငံမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘာကြောင့်ဒီလိုသုံးသပ်တာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့မှာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာပါ။ အဲဒီအချိန်ကထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်းမှာ ‘တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ တန်းတူအခွင့်အရေးတူညီတဲ့ သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်’ ဆိုတဲ့အချက်ပါဝင်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း (၆၈)နှစ် အတွင်းပီပြင်တဲ့ လွတ်လပ်မှုအရသာကို မခံစားရကြဘူးလို့ လန်ဒန်အခြေစိုက် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က သုံးသပ်ပါတယ်။

“ ကျနော်တို့ လွတ်လပ်ရေးရတာအခု နှစ်ပေါင်း ၆၀ ကျော်လာပြီ။ ဒါပေမယ့် မြန်မာပြည်ကတော့ ဘာမှမထူးဘူး။ အများစုက ဆင်းရဲပြီးတော့ လူတစုဘဲ ချမ်းသာနေတယ်။ ကိုလိုနီခေတ်ကလည်း လူတစုပဲ ချမ်းသာတယ်။ လွတ်လပ်ရေးရပြီးတော့လည်း လူတစုပဲ ချမ်းသာတယ်။ မြန်မာပြည်မှာကတော့ ခေါင်းဆောင်ပိုင်းကတော့ တခုခုတော့ ဖြစ်နေပြီပေါ့လေ။ မဟုတ်တန်း တရားတွေ။ ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ တိုင်းသူပြည်သားအများစုက ဆင်းရဲမွဲတေပြီး နလန် မထူနိုင်ဘူး။ နိုင်ငံခြားမှာ သွားနေပြီး အကုန်လုံး အလုပ်လုပ်နေကြရတယ်။ အဲတော့ သူတို့ကတော့ နေပြည်တော်မှာ မြို့ကြီးဆောက်ပြီးတော့ ရတဲ့ သံယံဇာတနဲ့ အင်္ဂလိပ်တွေလို ဘုရင်က နန်းတော်ဆောက်ပြီး ရန်ကုန်မြို့မှာနေသလိုပေါ့၊ သူတို့ကလည်း သွားပြီးတော့ နေပြည်တော်ဆိုပြီးတော့မှ အကြီးအကျယ် ခမ်းခမ်းနားနားဆောက်ပြီးတော့ နေတယ်။ ဆိုတော့ ကိုလိုနီခေတ်နဲ့ ဘာမှ မထူးပါဘူး။ အဲတော့ လွတ်လပ်ရေးရတာလည်းပဲ၊ စစ်တပ်ရဲ့ ကိုလိုနီိဖြစ်သွားတာပေါ့ဗျာ မြန်မာပြည်က၊ ဒါပါပဲ ။”

ဒါကြောင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံဟာ တိုးတက်မှု နောက်ကျကျန်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရ အပြီး (၈) နှစ် အကြာမှာ လွတ်လပ်ရေးရခဲ့တဲ့ မလေးရှားနိုင်ငံဟာ အခုအချိန်မှာ မြန်မာနိုင်ငံထက် အစစသာနေတာတွေ့ ရပြီး မြန်မာတွေ မလေးရှားမှာ နိမ့်ကျတဲ့ အလုပ်တွေကိုသာ လုပ်နေရတယ်လို့လဲ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်ကာလက အရှေ့တောင်အာရှမှာအတိုးတက်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိခဲ့တာပါ။ ဒါကြောင့် လက်ရှိစီးပွားရေး၊ ပညာရေး စတဲ့ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေတဲ့အခြေအနေတွေကို ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့လိုအပ်နေပြီး တိုင်းပြည်ရဲ့အာဏာကို ထိန်းချုပ်ထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြောင်းလဲဖို့လိုတယ်လို့ အဝေးရောက် အမျိုးသားညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းက VOA ပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေး မလုပ်ဘူးဆိုရင် ဒီလိုပဲ နေမှာဘဲ။ အဲတော့ ကျနော်က အခုမြင်ချင်တာက ပြုပြင်ပြောင်းလဲရေးတွေမြင်ချင်တယ်။ ဒီပြုပြင်ပြောင်းလဲရေးတွေအကုန်လုံးထဲမှာ လည်း တပ်မတော် ပြုပြင်ပြောင်းလဲရေးပါမှာပဲ။ ဆိုတော့ ကျနော်တို့အားလုံး ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပဲ ရင်ကြားစေ့ရေးကို သွားတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ်။ နောက်တိုင်းပြည်ဟာ ခေတ်မှီတိုးတက်တဲ့ နိုင်ငံ ဖြစ်အောင် အားလုံးက ၀ိုင်းလုပ်ရမယ်။ အဲဒါကိုပဲ ကျနော်ပြောချင်ပါတယ်။”

(၆၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် မြို့တော်ခမ်းမမှာ ကျင်းပမှာဖြစ်ပြီး သမ္မတဦးသိန်းစိန်တက်ရောက်မှာဖြစ်ပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်ဌာနချုပ်မှာ ကျင်းပမယ့်အခမ်းအနားကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး အဲဒီနောက် NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့(၈)ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ (သတင်းဓါတ်ပုံ -MOI)
ဒီကနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်က လွှတ်မြောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ မှာ လွှတ်လပ်ရေးနဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အလံတင်ပွဲအခမ်းအနား ကျင်းပလေ့ရှိတာနဲ့အညီ ဒီကနေ့မနက် ၄ နာရီ ၂၀ မိနစ်အချိန်က နေပြည်တော်မှာရှိတဲ့ မြို့တော်ခမ်းမရှေ့နဲ့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ ပြည်သူ့ရင်ပြင်တို့မှာ အလံတင်ပွဲ အခမ်းအနားကို မကြာသေးခင်ကပဲ ကျင်းပ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာတော့ နိုင်ငံတော်သမ္မ ဦးသိန်းစိန်ဦးဟာ လွှတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ဗိုလ်ရှုသဘင် ဆင်ယင် ကျင်းပမှာဖြစ်ပြီး ၊ မကြာခင်မှာ တိုင်းပြည် အာဏာကို လွဲပြောင်းရယူတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လွှတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လွှတ်လပ်ရေးနေ့ အခါသမယမှာ အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း လွှတ်လပ်ရေးနေ့ ဆုတောင်း သ၀ဏ်လွှာတွေ နှစ်ဆန်းကတည်းက တဖြည်းဖြည်း ပေးပို့နေခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်လပ်ရေးနေ့ အားလပ်ရက် အခါသမယဖြစ်တာနဲ့အညီ ဒီကနေ့မှာ နိုင်ငံတ၀ှမ်း ပျော်ပွဲ ရွှင်ပွဲတွေ၊ တီးမှုတ် ကခုန်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ ဆင်နွဲကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက တချို့နေရာတွေမှာ မနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ညကစပြီး ပျော်ပွဲရွှင်ပွဲတွေ၊ မီးရှုးမီးပန်းတွေ ပစ်လွတ်တာတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


    ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

    ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ပြင်ပတွင် ဗဟိုပြု၍ လှုပ်ရှားသွားသော ရစ်ချက်စတာစကေး ၆.၈ ပြင်းအားရှိသော ငလျင်ကြောင့် တမူး၊ကသာ၊ ကလေး၊ ဟားခါး၊ သပိတ်ကျင်း၊ ဟသာင်္တ ၊ ရန်ကုန်၊ ကောလင်း တို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း မြေငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်က ဆင်ဟွာကို ပြောသည်။

အဆိုပါ ငလျင်သည် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၅)နာရီ (၃၅)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်း မှ အနောက်မြောက်ဘက် မိုင် (၂၅၀) ခန့်အကွာ မြန်မာနိုင်ငံပြည်ပ (Manipur, India Region) ကိုဗဟိုပြုပြီး အင်အားရစ်ချက်စတာစကေး (၆.၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည့် အဆိုပါ ငလျင်လှုပ်ခဲ့မှုကြောင့်  မြန်မာနိုင်ငံရှိ မြို့တစ်ချို့တွင်လည်း ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးထွန်းလင်းကျော်က “ ပြင်းအားက ဗဟိုချက်မှာ လှုပ်တာကတော့ ပြင်းအား ၆.၈ ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်မြို့တွေ ဒီငလျင်ကို ခံစားလိုက်ရတယ်ဆိုတာတော့ သိတယ်။ ဗဟိုချက် နဲ့ ဝေးတဲ့ အတွက် ပြင်းအားခံစားမှုကတော့ အနည်းအများ ကွာခြားတာပေါ့’’ ဟုပြောသည်။

အဆိုပါငလျင်ကြောင့် အိန္ဒိယနိုင်ငံ၊ Imphal မြို့ တွင် အင်တာနက် သတင်းများအရ အိန္ဒိယနိုင်ငံ၊ Imphal မြို့တွင် သေဆုံးသူ (၄) ဦး ရှိပြီး ဒဏ်ရာရရှိသူ စုစုပေါင်း(၁၀၀)ဦး ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

 (Xinhua)
http://www.xinhuamyanmar.com

NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်
NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကို စတင်တည်ထောင်ခဲ့သူတွေထဲက တဦးအပါအဝင်ဖြစ်တဲ့ ဦးဝင်းခက် ကွယ်လွန်သွားပါပြီ။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ပြည်ပရောက်လှုပ်ရှားသူတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာဖွဲ့စည်းတဲ့ NLD လွတ်မြောက်နယ်မြေ NLD-LA ကိုစတင်တည်ထောင်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးဝင်းခက်ဟာ ကျောက်ကပ်ရောဂါနဲ့ ဇန်န၀ါရီလ(၃)ရက်နေ့ မနက် ၇ နာရီအချိန် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Westmead ဆေးရုံကြီးမှာ ကွယ်လွန် သွားကြောင်း သမီးဖြစ်သူ ဒေါ်နီလာလွင်က VOA ကိုပြောပါတယ်။

“ဖေဖေက ကျောက်ကပ်ရောဂါနဲ့ ဆုံးသွားတာပါရှင့်။ သြစတြေးလျနိုင်ငံ Westmead ဆေးရုံမှာ ဒီနေ့ ၃ရက်နေ့ မနက် ၇-နာရီမှာ ဆုံးသွား ပါတယ်ရှင့်။ မဆုံးခင်မှာ Westmead ဆေးရုံကို တင်လိုက်ရပါတယ်။ တင်လိုက်ရပြီး Westmead ဆေးရုံမှာ ၃ ရက်နေပြီးတဲ့အခါမှာ ဆုံးသွား တာပါ။ ကျောက်ကပ် ပျက်စီးသွားလို့ပါရှင့်။ သူကတော့ ဒေါ်အောင်ဆန်းစုကြည် တက်ပြီဟေ့ဆိုမှတော့ မြန်မာနိုင်ငံကြီးပြောင်းလဲမယ် ဆိုတာကို သူက သတ်မှတ်ယုံကြည် သွားပါတယ်ရှင့်”

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ၀န်ကြီးဟောင်းတဦးဖြစ်သူ ဒေါက်တာတင့်ဆွေကတော့ ကွယ်လွန်သူ ဦးဝင်းခက်နဲ့ ပတ်သက်တဲ့ အမှတ်ရစကား ဆိုလာပါတယ်။

“ဆရာဦးဝင်းခက်က NLD-LA ထဲမှာ နှစ်ပေါင်းတော်တော်ကြာကြာ၊ တော်တော်ကြာကြာဆိုတာ စဖွဲ့ကတည်းကပေါ့ ဥက္ကဌလုပ်လာခဲ့တဲ့ တာဝန်ရှိသူတဦး ဖြစ်ပါတယ်။ နောက်ခံက သူက စာနယ်ဇင်းလောကကလာတော့။ နောက်တခုကလဲ သူက NLD ဗဟိုဦးစီးမှာလဲ လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တော့ သူ့ကို NLD-LA ထဲမှာ အများစုက- လူငယ်ပိုင်းတွေက တော်တော်လေး အားထားကြတာကို ကျနော်တွေ့ပါတယ်။ ဦးဝင်းခက်ကြီး ကွယ်လွန်တော့ ကျနော်တို့ဒီ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုထဲက နောက်ထပ် အနစ်နာခံပြီးလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက် ဆုံးပါးသွား တော့ကာ ပြည်တွင်းမှာ ပြန်ပြီးတော့ နိုင်ငံရေးတာဝန် မထမ်းဆောင်နိုင်ပဲနဲ့ အသက်ကြွေသွားတဲ့အတွက် နိုင်ငံရေးသံဝေဂ တစုံတရာ ရတယ် လို့ပဲ ပြောပါရစေ”

NLD-LA ကို ထိုင်းမြန်မာနယ်စပ်မှာ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း NLD-LA ဌာနခွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တွေကြား ပေါ်ပေါက်လာအောင် ဦးဝင်းခက်က ကြိုးစားပြီး လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာဖွဲ့ခဲ့တဲ့ NLD-LA ဂျပန်ဌာနခွဲမှာ ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ကိုသန့်တင်ဆင့်က ဦးဝင်းခက်နဲ့ပတ်သက်လို့ ပြန်ပြောင်းပြောပြတာက -

“အဓိကပိုင်းကတော့ Lobby ပိုင်းပေါ့ဗျာ၊ သူလုပ်ခဲ့တဲ့အပိုင်းတွေက ဆိုရှယ်လစ် အင်တာနေရှင်နယ်လို အဖွဲ့မျိုးကြီးနဲ့ သူချိတ်ဆက်ပြီးတော့ ကြိုးစားခဲ့တဲ့ အပိုင်းတွေရှိတယ်။ ဒီ ဆိုရှယ်လစ်အင်တာနေရှင်နယ်မှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်တင်ပြခွင့်ရခဲ့တယ်.. နိုင်ငံတကာကိုလေ။ နောက်ပြီး ဂျပန်မှာဆိုလို့ရှိရင်လဲ ဒီမိုကရက်တစ်ပါတီလို ပါတီကြီးတွေ ခေါင်းဆောင်ပိုင်းတွေနဲ့သူက - Murayama ၀န်ကြီးချုပ်၊ ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ Hatoyama ပြီးလို့ရှိရင် Kan ၊ Hata ၊ နောက် Kaifu ၊ ပြီးလို့ရှိရင် လွှတ်တော်ဥက္ကဌ Doi တို့နဲ့ အနီးကပ်ပေါ့။ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှာ။ သူအတတ်နိုင် ဆုံးတော့ သူရွေ့ခဲ့တယ်”

NLD-LA တောင်ကိုရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းကလဲ ဦးဝင်းခက်နဲ့ပတ်သက်လို့ အတွေ့အကြုံကို ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးနဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်တွေပေါ့ဗျာ။ အဲဒါတွေကို အဘက အများဆုံး ကျနော်တို့ကိုသွန်သင်ဆုံးမ ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံကို အဘက ၄ခေါက် ၅ ခေါက်လောက် ရောက်ခဲ့ပါတယ်။ နောက်ပြီးတော့ ဒီ ကိုရီးယားနိုင်ငံ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုပေးတဲ့ ၂၀၀၅ ခုနှစ်မှာလဲ အဘက၊ ကျနော်တို့ အရင် ဆိပ်ကမ်း လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန်းစန်းနဲ့အတူ လာရောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို လာရောက်လက်ခံယူခဲ့ပါတယ်။ ဒါဟာ သမိုင်းတွင်တဲ့ပုဂ္ဂိုလ်တဦး ကျနော်တို့ နိုင်ငံရေး လောကမှာတော့ အခုဆိုလို့ရှိရင် ကွယ်လွန်သွားခဲ့ပြီပေါ့ဗျာ။ ဒီ့အတွက်ကြောင့် ကျနော်တို့က အစားထိုးမရနိုင်တဲ့ ကြယ်ပွင့်ကြီးတပွင့် ဆုံးရှုံး သွားတယ်လို့တော့ ခံစားရပါတယ်ခင်ဗျ”

ဦးဝင်းခက်ကွယ်လွန်ချိန်မှာ အသက် (၈၀) ရှိပြီး ဇနီးသည်နဲ့အတူ သမီးတဦး၊ သားနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ သတင်းစာဆရာတဦးလဲဖြစ်တဲ့ ဦးဝင်းခက်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၆ ရက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ၀ါးခယ်မမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကနေ ၁၉၇၈ ထိ အိုးဝေဂျာနယ် အယ်ဒီတာချုပ်၊ ၁၉၆၉ ကနေ ၁၉၇၁ အထိက ရှုထောင့် ဂျာနယ်အယ်ဒီတာချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၆ ကနေ ၁၉၈၈ ထိ ပန်မဂ္ဂဇင်းနဲ့ လှပရုပ်စုံ အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟို ဦးစီးအဖွဲ့တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကရင်ပြည်နယ် မာနယ်ပလောကို ရောက်လာခဲ့ပြီး NLD လွတ်မြောက်နယ်မြေ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/u-win-hkat-nld-la-pass-away/3129304.html


farmers-rakhine-620.jpg
တောင်သူလယ်သမားတချို့ ကောက်စိုက်နေကြစဉ်
Photo: Min Thein Aung/RFA

ရှမ်းပြည်နယ်တစ်ခုလုံးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ မူလပိုင်ရှင်တွေဆီ ပြန်ရောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူ လယ်သမားရေးရာ ကော်မတီကို တင်ပြသွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ပြောပါတယ်။

တောင်ကြီးမြို့ နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း အောက်မေ့ဖွယ် ဓမ္မာရုံမှာ လယ်မြေ သိမ်းဆည်းခံထားရတဲ့ တောင်သူတွေနဲ့ NLD ပါတီဝင်တို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုး က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ရတဲ့အချက်အလက်တွေအားလုံးကို NLD ကိုပို့မယ်လေ၊ NLD ဗဟိုကလဲတောင်းထားတယ်၊ နောက်ပြည်ထောင်စုအစိုးရပေါ့၊ နောက်တက် လာမယ့်အစိုးရကိုလဲ ထပ်တင်ပြမယ်ပေါ့နော်၊ စုစုပေါင်း ဧက ခြောက်သောင်း လောက်ရှိတယ်၊ လာမယ့်အစိုးရက တောင်သူတွေကို ထိထိရောက်ရောက် ကူညီပြီးလယ်ယာမြေ ပြန်ရအောင်လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကစပြီး ရှမ်းပြည်တပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧကပေါင်း ခြောက်သောင်းကျော်ရှိပြီး အဲဒီထဲက တစ်ဝက်နီးပါး ဟာ တပ်မတော်က သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်ဖွဲ့စည်းပြီးရင် တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ ဧကသိန်းနဲ့ ချီတဲ့ လယ်ယာမြေတွေကို မူလ ပိုင်ရှင်တွေ ပြန်လည်ရရှိအောင် လုပ်ပေးသွားမယ်လို့ NLD တောင်သူလယ်သမားရေးရာ ကော်မတီက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကို တောင်ကြီး၊ ဟိုပုန်း၊ တာချီလိတ်၊ လွိုင်လင်၊ ညောင်ရွှေ၊ ကွတ်ခိုင်၊ ရပ်စောက် စတဲ့ ဒေသတွေက တောင်သူတွေ တက်ရောက် ခဲ့ကြပါတယ်။
RFA

 kawyaw-national-day-620.jpg ကော်ယော် အမျိုးသားနေ့ကို ဇန်နဝါရီလ ၃ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA

၁၅ နှစ်မြောက် ကော်ယော် အမျိုးသားနေ့ကို ကယားပြည်နယ်လွိုင်ကော်မြို့မှာရှိတဲ့ ဒေါဥခူရပ်ကွက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ကော်ယော်လူမျိုးတွေ တစ်စုတစ်စည်းထဲပြန်ဖြစ်ဖို့ နဲ့ အခြားလူမျိုးတွေကြားမှာ ပျောက်ကွယ်မသွား အောင် အခုလို ကျင်းပရတာဖြစ်တယ် လို့ ကော်ယော်လူငယ် ခေါင်းဆောင်ဥက္ကဌ ကိုအန်ထော်နီက RFA ကို ပြောပါတယ်။

"အဓိကရည်ရွယ်ချက်က ကျနော်တို့ ကော်ယော်လူမျိုးတွေ တစ်စုတစ်စည်းထဲပြန်ဖြစ်ဖို့ ပြောမယ်ဆိုရင် ကျနော်တို့လူမျိုးတွေ တကွဲတပြားနဲ့ နေရာဒေသတွေ က ခြားနား နေကြတာကိုး၊ နောက်တစ်ခုက ကျနော်တို့မျိုးနွယ်စုတွေအနေနဲ့လည်း မပျောက်ကွယ် အောင်ပေါ့၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ"

ကော်ယော်မျိုးနွယ်စုကို အစိုးရက မနူးမနောအနေနဲ့ သတ်မှတ်ထားပြီး ကော်ယော် မျိုးနွယ်စု အမည်နာမ အတည်ပြုနိုင်ရေးအတွက် နောက်တက်လာမယ့် အစိုးရကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ဒီအခမ်းအနားကိုတက်ရောက်တဲ့ ကော်ယော် ခေါင်းဆောင်တွေက ပြောပါတယ်။

ကော်ယော်မျိုးနွယ်စုတွေဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အများဆုံး နေထိုင်နေတာဖြစ်ပြီး ရှမ်းပြည်နယ်ထဲမှာလည်း နေထိုင်ကြကာ လူဦးရေ တစ်သောင်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အခမ်းအနားကို ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက ကော်ယော်မျိုးနွယ်စု ၁၀၀ လောက် တက်ရောက်ခဲ့ပြီး ကျန်ဒေသတွေမှာလည်း သူတို့ရွာအလိုက် အမျိုးသား နေ့ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ NLD ပါတီ ရုံးခန်းမှာ မနက်ဖြန် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီ အရေးတွေကို အသေးစိတ်ဆွေးနွေး သွားဖို့ရှိတယ်လို့ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ လက်ရှိအစိုးရက ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီးတော့လည်း NLD နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လဲ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

အဲဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံရေး ဆွေးနွေးပွဲမဟုတ်ပဲ၊  နိုင်ငံရေး ဆွေးနွေးပွဲတွေကို NLD ဦးဆောင်တဲ့ အစိုးရလက်ထက်ကျမှ စတင် ကျင်းပ သွားမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။

"ဆွေးနွေးမယ်ဆိုတာက နိုင်ငံရေးဆွေးနွေးမှာမဟုတ်ဘူး၊ အခုလက်ရှိလုပ်ထားတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အားလုံးကို အသိအမှတ်ပြုပြီးတော့မှ နောက်လုပ်သွားမယ့် လုပ်ငန်းတွေ အားလုံးသဘောတူညီချက်ရအောင်လုပ်တဲ့ ကိစ္စ၊ နိုင်ငံရေးဆွေးနွေး မှာမပါဘူး၊ နိုင်ငံရေးဆွေးနွေးမှာက နောက် အစိုးရပြောင်း ပြီးတော့မှ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မှာ လက်ရှိ ဦးအောင်မင်းတို့လုပ်ထား တာကို အသိအမှတ်ပြုတဲ့ပွဲ၊ အဲ့မှာပြောကြ၊ ဆိုကြလိမ့်မယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက်ချမှာတော့ မဟုတ်ဘူး"

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပ မှာဖြစ်ပြီး အဲဒီညီလာခံမှာ အစိုးရ၊ လွှတ်တော် ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရတပ်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ဟိုက်ပါကျေးရွာမှာ တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ နယ်မြေ အေးချမ်းနေပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ မိမိတို့နေရပ်ကိုပြန်ကြဖို့  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောကြားလိုက်ပါတယ်။

တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမင်းထွန်း ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က ဟိုက်ပါ စစ်ဘေး ဒုက္ခသည်စခန်းမှာ ပြောကြား ခဲ့တာဖြစ်တယ်လို့ ဟိုက်ပါကျေးရွာက ရပ်မိရပ်ဖတစ်ဦး ဖြစ်တဲ့ ဦးဖိုးအောင်က ပြောပါတယ်။

"တိုင်းမှူးက ကိုယ့်ရွာကိုပြန်လို့ရအောင် လုပ်ပေးမယ်လို့ပြောတယ်၊ ပျက်စီးသွားတဲ့တောင်ယာတွေကို ပြန်လုပ်ပေး မယ် ပြောတယ်"

နေရပ်ပြန်ကြသူအများစုဟာ ရှမ်းတိုင်းရင်းသားတွေဖြစ်ကြပြီး ဟိုက်ပါဒုက္ခသည်စခန်းက ၁၀၀ ကျော်၊ ဝမ်ဝ ဒုက္ခသည် စခန်းက ၃၀၀ ကျော်နဲ့ မိုင်းရူးမြို့ဒုက္ခသည် စခန်းက ၄၀၀ ကျော် တို့ ဖြစ်ကြပါတယ်။

ဟိုက်ပါဒုက္ခသည်စခန်းမှာ ၁၄၀၀ ကျော် ကျန်နေသေးသလို မိုင်းရူးမြို့ပေါ်မှာ ဒုက္ခသည် ၄၀၀ ၀န်းကျင် နဲ့ ဝမ်ဝ ဒုက္ခသည်စခန်းမှာ ၈၀၀ နီးပါးကျန်နေသေးပြီး အများစုက ပလောင်၊ လီဆူနဲ့ လားဟူ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။

လက်ရှိမှာ ၀မ်ဟိုင်းဒေသအတွင်း နှစ်ဖက်တပ်တွေအကြား တပ်ပြန်လည်နေရာချထားရေးနဲ့ ဒုက္ခသည်တွေ ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ နေအိမ်တွေနဲ့  ကျွဲနွားတွေပျက်းဆီးသွားတဲ့ ဒေသခံတွေ အတွက် တပ်မတော်က အကူအညီပေးဖို့ သဘောတူထားတယ်လို့  SSPP/SSA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းစုက ပြောပါတယ်။

"ဒီဒုက္ခသည်တွေကို ပြန်လို့ရပြီပြောတယ်၊ ပြန်ရင်ဘယ်လမ်းကပြန်ပေါ့နော်၊ အခုက ၂ လနီးပါး၊ တစ်နှစ်စာ စားဖို့ လုပ်လာတဲ့ ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ စားဝတ်နေရေးဖူလှုံဖို့ တော်တော်လေး ဒုက္ခရောက်မယ်ထင်တယ်၊ အဲ့ဒါတွေအများကြီး ဆွေးနွေးခဲ့ ပါတယ်၊ တိုင်းအဆင့်အနေနဲ့လည်း ကူညီပေးမယ် ပြော ပါတယ်"

အစိုးရတပ်နဲ့ SSPP/SSA တပ်တွေအကြား တိုက်ပွဲတွေ ရပ်စဲနေတာ တစ်လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး SSPP ဖက် က နှစ်ဖက် သဘောတူထားတဲ့အတိုင်း မိုင်းရူး-မိုင်းနောင် ကားလမ်းမြောက်ဘက် အခြမ်းကို ဆုတ်ခွာပေးလိုက်ပြီဖြစ်ပြီး အစိုးရ တပ်တွေကလည်း စတင်ဆုတ်ခွာပေးနေတယ်လို့ သိရပါတယ်။

BBC Burmese
http://www.rfa.org/burmese


 ဆော်ဒီအာရေဗျ နိုင်ငံမှာ ရှီအာမွတ်ဆလင် ဘာသာရေး ခေါင်းဆောင် ရှိတ်ခ် နီးမား အယ်လ် နီမာ အပါအဝင် လူ ၄၇ ဦးကို သေဒဏ် စီရင် လိုက်ပြီးတဲ့ နောက် အစ္စလာမ် နိုင်ငံတွေ တလွှား ဆွန်နီ နဲ့ ရှီအာ မွတ်ဆလင်မ်တွေကြား တင်းမာမှု တွေ ပိုပြီး ဖြစ်ပေါ် မလာစေဖို့ အနောက်နိုင်ငံတွေက သတိပေး နေကြပါတယ်။

အဲဒီလို ကွပ်မျက်ခဲ့မှု ရဲ့ နောက်ဆက်တွဲ ဂယက် အဖြစ် ဒေသတွင်း အင်အားကြီး ရှီအာ နိုင်ငံ ဖြစ်တဲ့ အီရန် မှာ ဆော်ဒီ သံရုံး အတိုက်ခိုက် ခံခဲ့ရမှု အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာန က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။


အရှေ့အလယ်ပိုင်း ဒေသတွင်း အခုလို အခြေအနေမျိုး ကို အခွင့်ကောင်းယူ အသုံးချ လာနိုင်သူတွေ ရှိလိမ့်မယ် ဆိုပြီး ဗြိတိသျှ နိုင်ငံခြားရေး ရုံးကလည်း သတိပေး နေပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေပြီ လို့ ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီး ကလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ စကားပြောဆို ခဲ့တုန်းက ထည့်သွင်း သတိပေး ထားပါတယ်။


တခါ၊ လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အဖွဲ့ ဖြစ်တဲ့ ဟစ်ဇ်ဘိုလာ ရဲ့ ခေါင်းဆောင် ရှိတ်ခ် ဟာဆန် နာ့စ်ရာလာ က ဆော်ဒီ ရဲ့ အပြုအမူဟာ မွတ်ဆလင်မ် တွေ အချင်းချင်း ကြား စစ်ပွဲ ဖြစ်လာဖို့ မီးမွှေးပေး လိုက်သလိုပဲ ဆိုပြီး ဝေဖန် ခဲ့ ပြီး၊ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် တွေကိုလည်း အဲဒီ့ ထောင်ချောက်ထဲ မသက်ဆင်းကြနဲ့ ဆိုပြီး သတိပေး ပါတယ်။

အီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးကို တိုက်ခိုက် ခဲ့သူတွေကို အီရန် သမ္မတ ဟာဆန် ရူဟာနီက အပြစ်တင် ပြောဆို ခဲ့ပေမယ့် အဲဒီလို စိတ်ခံစားမှု တွေ ဖြစ်ပေါ်လာအောင် ဆော်ဒီ အစိုးရက ပြုမူ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


 အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS အပေါ် ဗြိတိန် နိုင်ငံ အတွက် သူလျှိုလုပ် ထောက်လှမ်းပေး ခဲ့သူတွေ ဆိုပြီး စွပ်စွဲချက် နဲ့ လူ ၅ ဦးကို သတ်ဖြတ်နေတာ ကို ရိုက်ကူးထားတဲ့ ဗီဒီယို ပေါ်ထွက် လာပါတယ်။

IS လက်နက်ကိုင်တွေ ထုတ်ပြန်လိုက်တဲ့ အဲဒီ့ ဗီဒီယို ထဲမှာ အသတ်ခံရသူတွေက သူတို့မှာ အပြစ်ရှိကြောင်း ဝန်ခံ ခဲ့ပါတယ်။

အဲဒီ့နောက် အဲဒီလူ ၅ ဦးကို ခေါ်ဆောင် သွားခဲ့တဲ့ နေရာလို့ ယူဆရတဲ့ သဲကန္တာရ တစ်နေရာ နောက်ခံမှာ ပစ္စတို သေနတ် ကိုင်ဆောင် ထားတဲ့ မျက်နှာဖုံးစွပ် လူတစ်ဦးရဲ့ ပုံ ပေါ်လာပြီး ယူကေ နိုင်ငံ အပေါ် ခြိမ်းခြောက် ပြောဆိုတာ တွေ ပြလုပ်ခဲ့ ပါတယ်။

သူရဲ့ စကားသံ လေယူလေသိမ်းဟာ ဗြိတိသျှ လေသံ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ သူလျှိုလို့ စွပ်စွဲခံရသူတွေ ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

မုဒိမ်းမှုလို အမှုကြီး (၃၉၇)မှု ရှိခဲ့ပြီး ဒီထဲမှာ လူသတ်မှု (၁၉၁) လုယက်မှု (၆၇)မှု ရှိခဲ့
ရန်ကုန်တိုင်းဒေသကြီးမှာ (၂၀၁၅)ခုနှစ်အတွင်း လူသတ်မှု နဲ့ လုယက်မှု ဟာ အရင်နှစ်ကထက် ပိုများခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းထဲမှာ လူသတ်မှု လုယက်မှု မုဒိမ်းမှုလို အမှုကြီး (၃၉၇)မှု ရှိခဲ့ပြီး ဒီထဲမှာ လူသတ်မှု (၁၉၁) လုယက်မှု (၆၇)မှု ရှိခဲ့တာဖြစ်ပါတယ်။

ဒီလို အမှုကြီးတွေဟာ နှစ်ကုန်ပိုင်းမှာ ပိုမိုအဖြစ်များခဲ့ပြီး တရားခံ မမိသေးတဲ့ အမှုတွေလည်း ကျန်နေပါသေးတယ်။

ယခု နှစ်တွေ အတွင်း မှုခင်း ဖြစ်ပွားမှုတွေ များလာနေပြီး ၂၀၁၅ ခုနှစ်မှာ မှုခင်း ဖြစ်နှုန်း က (၂၀၁၄)ခုနှစ် နဲ့စာရင် လျော့ကျသွားခြင်း မရှိ ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးပြည့်စုံ က ပြောပါတယ်။

မှုခင်း ကျဆင်းရေး ကို ရဲတပ်ဖွဲ့က ဆောင်ရွက် နေတယ် ဆိုပေမယ့် ရန်ကုန်မှာ တော့ အပြင်ထွက် ရာမှာ လုံခြုံမှု မရှိတာ လုယက်ခံရမှာတို့ကို အမျိုးသမီး တွေက စိုးရိမ် မှုတွေ ရှိနေတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ triangle women အဖွဲ့က မခင်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း တရားခံပြေးကို ဖမ်းတဲ့ ရဲ (၂)ဦး ဓားထိုးခံရပြီး သေဆုံး ခဲ့သလို လမ်းမပေါ်မှာ အုပ်စုဖွဲ့ ရိုက်နှက်မှုတွေ လူသွားလူလာ များတဲ့ နေရာမှာ လူသတ်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ အခု (၂၀၁၆) ခုနှစ် နှစ်စကနေစလို့ မှုခင်းကျဆင်းဖို့ ကြပ်မတ် ဆောင်ရွက်မှုတွေ ပိုလုပ် နေတယ်လို့ ရဲမှူး ပြည့်စုံ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese