01/06/16

 ta-ang-press-620.jpg ပလောင်ဒေသက ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Zarni Htun/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အစိုးရ တပ်မတော်နဲ့ ပန်းဆေးဌာနေပြည်သူ့ စစ်အဖွဲ့တို့က ဒေသခံရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဒီနေ့ ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ပလောင်ဒေသမှာ ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ်မှာ နေအိမ်ဖျက်ဆီးခံရတာတွေ၊ အကြမ်းဖက်ရိုက်နှက်ခံရတာတွေရှိနေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ အစည်းရဲ့ အထွေထွေအတွင်းရေးမှူး မလိုည်း (လွေး) ပိုးငယ် က အခုလို ပြောပါတယ်။

"သူတို့ကရွာထဲမှာ ဝင်လာသမျှလူတွေ ရွာသားတွေအပါအဝင် ၇ဝ ကိုဖမ်းပြီးတော့မှ ၂၄ ရက်နေ့မှ ပြန်လွှတ်ပေး လိုက်တာတော့မဟုတ်ဘူး၊ သူတို့ထွက်သွားလို့ လွတ်လာတဲ့ သဘောရှိတယ်၊ ရွာသားတစ်ယောက်ကိုလဲ ရိုက်နှက်နှိပ်စက်တာပေါ့နော်၊ အဲ့လိုကိစ္စ တွေကိုကြည့်မယ်ဆိုရင် မင်းမဲ့စရိုက်တအားဆန်တာပေါ့နော်၊ အစိုးရတပ်မတော် သာမက ပြည်သူ့စစ်ကပါ ဝိုင်းဝန်းပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတဲ့အတွက် ဒါဟာမတရားဘူး၊ ဒီလိုမတရားတာကို ကျမတို့ ကဖော်ထုတ်မှာဖြစ်တယ်"

အစိုးရတပ်မတော် တပ်ရင်း ၃၂၄ နဲ့ ပန်းဆေးဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၃ရက်နေ့ကစပြီး နမ့်ခမ်းမြို့နယ် စေကင်း၊ မန့်ပန်၊ မန်ပူး၊ ပန်ယုတ် စတဲ့ ကျေးရွာတွေက ဒေသခံတွေကို ရိုက်နှက်တာ၊ ရွာခံတွေကို ဖမ်းဆီးသွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ အတင်းအဓမ္မ ပစ္စည်းလုယူတာတွေ ထမ်မံမပြုလုပ်အောင် တားမြစ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ က ကြေညာချက်ထုတ်လိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်ရိုက်နှက်ခံခဲ့ရတဲ့ စေကင်းရွာသား ၃ ဦးလည်း တက်ရောက်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/ta-an-women-group-against-violence-01052016103752.html


ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အယူခံဝင်နိုင်ဖို့အတွက် သက်သေထွက်ဆိုပေးမယ့်သူ ၅ ဦးက မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ထံ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

သက်သေထွက်ဆိုပေးမယ့်သူ ၅ဦးထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအစအဆုံး ကို ပြောပေးနိုင်တဲ့သူတွေပါတယ် လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

"အန်ကယ်တို့စုံစမ်းခဲ့တဲ့ထဲမှာတော့ လူသတ်နေတဲ့မြင်ကွင်းကိုမတွေ့လိုက်ဘူး၊ ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ကို အစကနေ အဆုံးနီးပါး၊ ဖြစ်ပြီးတဲ့နောက်ပိုင်း ကို ပြောနိုင်တဲ့သူပေါ့၊ ပြောချင်တာကတော့ ဒီလူတွေရဲ့ထွက်ဆိုချက်သည် မြန်မာ ၂ ယောက် မဟုတ်ဘူးဆိုတဲ့ အားသာနိုင်တဲ့အဖြေမျိုးရှိတယ်လို့တော့ ပြောလို့ရ တာပေါ့"

သက်သေထွက်ဆိုပေးမယ့်သူတွေဟာ Koh Tao ကျွန်းမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေ ဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေ မှာ ပြန်လည်နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံဝင်နိုင်ဖို့ လိုအပ်တဲ့ သက်သေတွေကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်ဖို့ ဆိုပြီး မြန်မာအစိုးရဘက်က ရဲဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၊ မူခင်းဆရာဝန်တစ်ဦးနဲ့ နိုင်ငံတကာရေးရာကျွမ်းကျင်တဲ့ မူခင်းရှေ့နေတစ်ဦး စုစုပေါင်း ၃ ဦးကို ဒီလအတွင်း ထိုင်းနိုင်ငံကို စေလွှတ်ပေးသွားဖို့ ရှိတယ်လို့လည်း မြန်မာ သံရုံးအထူးအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ Kho Samuei ခရိုင်တရားရုံးက သေဒဏ်ချမှတ် ခဲ့တဲ့အတွက် ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့က အယူခံဝင်ဖို့ ပြင်ဆင်နေကြတာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese

တရုတ်- မြန်မာနယ်စပ်
တရုတ်- မြန်မာနယ်စပ်

တရုတ် မြန်မာနယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး၊ တရုတ်နိုင်ငံသား တစ်ယောက် ဒဏ်ရာရသွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာနိုင်ငံဘက်ကို အင်္ဂါနေ့က တရားဝင်ကန့်ကွက်လိုက်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒီဖြစ်ရပ်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။အခြေအနေအပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ် နဲ့ မြန်မာ ၂ နိုင်ငံ နယ်စပ် နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁၈ နားက တရုတ်နိုင်ငံဘက်အခြမ်းမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃ ရက်နေ့က မြေမြုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား တစ်ယောက် ဒဏ်ရာရသွားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချူရင်းက အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာ အခုလို ပြောကြားသွားပါတယ်။

”အခုချိန်အထိ ကျမသိရသလောက်ကတော့ ၊ တရုတ် မြန်မာနယ်စပ်မှာ ဇန်န၀ါရီ ၃ ရက်နေ့က ဖြစ်ခဲ့တဲ့ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားတစ်ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ အခြေအနေကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး၊ အထူးပဲ စိုးရိမ်တယ်ဆိုတာကိုလည်း ကျမတို့ ပြောထားပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကို တရားဝင်စာပေးပို့ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးတွေကိုရှောင်ရှားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ နဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို အန္တရာယ်ဖြစ်စေတဲ့ ပဋိပက္ခတွေမဖြစ်အောင် ကာကွယ်ဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုထားပါတယ်။”

တရုတ် နဲ့ မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကို ထိန်းချုပ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်အစိုးရ ဘက်က အရင်ကလည်း ထပ်ခါတလဲလဲတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ဗွီအိုအေ အခုလို ပြောပါတယ်။

“ဒီလိုလေ ကျနော်တို့ ဒီကနေ့ပေါ့နော် ကျနော်တို့ မြန်မာသံရုံးက သံမှူးကြီး ဒေါ်ချိုချိုတိုးကို တရုတ်ဘက်ကနေပြီးတော့ သူတို့ အာရှရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ပေါ့ ။ Mr. ချန်ဟိုင်း ဆိုတာကနေပြီးတော့ အမှန်အတိုင်းပြောရင်တော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ သံမှူးကြီးကို ပြောပါတယ်။ ပြောတဲ့ဥစ္စာကတော့ မြန်မာ- တရုတ် နယ်စပ်ဒေသမှာ မတော်တဆမှုဖြစ်ပွားခဲ့တယ်ပေါ့လေ။ဇန်န၀ါရီ ၃ ရက်နေ့မှာ တရုတ်ဘက်က အဖွဲ့တဖွဲ့က ကွင်းဆင်းလေ့လာဖို့ သွားတဲ့အခါမှာ ခုနက ခင်ဗျားပြောတဲ့အတိုင်းပဲ နယ်နမိတ် မှတ်တိုင် ၁၁၈ နားမှာပဲနော် သူတို့အပြောပေါ့လေ၊ တရုတ်ဘက်အခြမ်း မီတာ ၂၀ အကွာမှာပေါ့လေ မှိုင်းဗုံးပေါက်ကွဲတယ်။ တရုတ်လူမျိုးတဦး ဒဏ်ရာရတယ် ဆိုပြီးတော့ ကျနော်တို့ မြန်မာသံရုံးက သံမှူးကြီးကို ပြောပါတယ်။”

မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စကို အရင်ဆုံး မှန်၊ မမှန်ဆိုတာကို အရင်ဆုံး အတည်ပြုချက်ရယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“အဲဒီတော့ ကျနော်တို့ကတော့ သံမှူးကြီးပြောတာကို သံမှူးကြီးက ကျနော်တို့က ဆက်ပြီးတော့ တင်ပြတဲ့အတွက် ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မှန်၊ မမှန် တကယ်ဖြစ်၊ မဖြစ် ဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနကို လှမ်းမေးနေပါတယ်။ အဲ့တော့ ကာကွယ်ရေးဝန်ကြီးဌာနကို လှမ်းမေးထားတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဘာမှ ကျနော်တို့ အတည်ပြုလို့မရသေးဘူးပေါ့လေ။ ကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ အတည်ပြုချက်ရလို့ ရှိရင် ဒါ တကယ်ဖြစ်သလား။ တကယ်မဖြစ်ဘူးလား ။ ဒီဟာလေးတွေကို ကျနော်တို့ သူတို့ ဘက်ကို ပြန်ပြီးတော့ အကြောင်းပြန်မှာပါ။ အခုလောလောဆယ်မှာကတော့ ခုနက ပြောတဲ့အတိုင်းပဲ တရားဝင် ကန့်ကွက်တယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ သူတို့ကတော့ သုံးတဲ့အသုံးအနှုန်းကတော့ မြန်မာ တရုတ်နယ်စပ်မှာ မတော်တဆမှုဖြစ်တယ်လို့ သူတို့အနေနဲ့ ဒီလိုပဲထင်တယ် ဆိုပြီးတော့ ကျနော်တို့ဘက်ကို ဆက်သွယ်လာတာပါ။”

ဒါ့အပြင် ဇန်န၀ါရီလ ၂ ရက်နေ့ကလည်း တရုတ်- မြန်မာ နယ်စပ်က မြန်မာဘက်အခြမ်းမှာ အမြောက်ဆံ ထိမှန်ပြီး မြန်မာနိုင်ငံသားတဦး ဒဏ်ရာ ရရှိသွားတာကြောင့် တရုတ်နိုင်ငံဘက် အခြမ်းက ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အာရှရေးရာဌာန ဒု-ညွန်ချုပ်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်ကာလတွေအတွင်း မြန်မာအစိုးရတပ်တွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ထက် မနည်း နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းအဲဒီတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဟွာချူရင်းကတော့ - တရုတ်နဲ့ မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုရှိဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ အတူ လက်တွဲလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းကတော့ - မြန်မာဘက်က ဗုံးဆံတွေ တရုတ်နိုင်ငံဘက်ခြမ်းကို ကျခဲ့လို့ တရုတ်နိုင်ငံသား ၅ ယောက်သေဆုံးခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ကိုရန်နိုင်/VOA
http://burmese.voanews.com/content/chian-myanmar-land-mine/3131920.html

တရုတ်မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတစ်ဦး မြေမြုပ်မိုင်းထိတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာအစိုးရကို ကန့်ကွက်ကြောင်း သတိပေးလွှာပေးပို့ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံသားတစ်ဦး တနင်္ဂနွေနေ့က မြေမြုပ်မိုင်းထိခဲ့ကြောင်း၊ အခြေနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဒီအတွက် အထူးစိုးရိမ်ကြောင်း မြန်မာအစိုးရ ကို ပြောကြားခဲ့သလို၊ ဒီအတွက်မြန်မာအစိုးရအနေနဲ့ အလားတူအဖြစ်မျိုး မပေါ်ပေါက်အောင် လိုအပ်တာတွေဆောင်ရွက်ပေးဖို့တောင်းဆိုထားကြောင်း မစ္စဟွာချွန်ယင်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာရှိတဲ့ တရုတ်ပြည်သူတွေနဲ့ ဥစ္စာပစ္စည်းတွေအပေါ် အန္တရာယ်ရှိစေ တဲ့ ပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်ပေးဖို့လည်း တောင်းဆိုထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရအမျိုးသမီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

RFA


မြန်မာလူငယ် ၂ ဦးကို သေဒဏ်ပေးခဲ့တဲ့ လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီး တရားမျှ တရေးလှုပ်ရှားမှုအဖြစ် ထိုင်းနိုင်ငံရဲတပ်ဖွဲ့တွေရဲ့ အနည်းဆုံးဝက်ဘ်ဆိုဒ် ၁၄ ခုကို နိုင်ငံ တကာဟက်ကာအဖွဲ့တဖွဲ့က တိုက်ခိုက်ခဲ့ ပါတယ်။

“အမည်မသိ”လို့ နာမည်ပေးထားတဲ့ ဟက်ကာတွေစုစည်းထားတဲ့အဖွဲ့က တိုက် ခိုက်ခဲ့တဲ့ ၀က်ဘ်ဆိုဒ်တွေထဲမှာ ဘန်ကောက်မက်ထရိုပိုလီတန်ရဲဗျူရို၊ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ အထွေထွေဝန်ထမ်းရေးရာဌာနနဲ့ ဒေသတွင်းရဲစခန်းတွေရဲ့ ၀က်ဘ်ဆိုဒ်စာမျက် နှာတွေပါဝင်တယ်လို့ Khaosod သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

လိပ်ကျွန်အမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ဆိတ်အဖြစ်အသုံးချခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပြီး ၀က်ဘ်ဆိုဒ်တွေကို တိုက်ခိုက် မယ်လို့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာပါ။

အဲဒီလို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဇန်န၀ါရီလ ၄ ရက်နေ့မနက်ပိုင်းကစပြီး ၀က်ဘ်ဆိုဒ်တွေကို ဖြုတ်ချခဲ့တာပါ။

ဒါဟာ အရေးတကြီးစုံစမ်းထောက်လှမ်းရမယ့်အမှုကိစ္စတွေမှာ ထိုင်းရဲတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကင်းမဲ့တာကို မီးမောင်းထိုးပြနေတာလို့ ဟက်ကာအုပ် စုက ပြောပါတယ်။

ထိုင်းနိုင်ငံရဲဌာနပြောရေးဆိုခွင့်ရှိသူ ဒက်ခ်ျနာရွန်စုတီချန်းဘန်ချာက “ဒီလိုတိုက် ခိုက်တာဟာ ပြည်ပကဖြစ်နေရင်တောင် သူတို့ဟာ နောက်ဆုံးတော့ စီရင်ချက်ချခံရ မှာပါ။ ဒါဟာ ပြဿနာတခုတော့မဟုတ်ပါဘူး။ ထိုင်းရဲတွေဟာ အကောင်းဆုံးပါပဲ”လို့ ပြောပါတယ်။

ဘန်ကောက်မက်ထရိုပိုလီတန်ရဲဗြူရိုမှ ရဲအရာရှိ ပရာမဟာသ၀မ်ကတော့ သူတို့ ရဲ့ဝက်ဘ်ဆိုဒ်ဟာ တိုက်ခိုက်ခံခဲ့ရပေမယ့် ခုတော့ ပြန်လည်လုပ်ဆောင်နေနိုင်ပြီဖြစ် တယ်လို့ ဆိုပါတယ်။

ရဲဌာနပြောရေးဆိုခွင့်ရှိသူတွေက ခုလိုတိုက်ခိုက်ခံရမှုအပေါ်ယုံကြည်မှုရှိရှိပြော နေကြပေမယ့် ဆိုက်ဘာပြစ်မှုဆိုင်ရာပညာရှင်တွေကတော့ တိုက်ခိုက်မှုရဲ့ အဓိကတာ ၀န်ရှိသူကို ဖမ်းမိနိုင်ဖို့မဖြစ်နိုင်ဘူးလို့ ပြောနေကြတာပါ။

ဒီတိုက်ခိုက်မှုမှာ ဘဏ္ဍာရေးအရထိခိုက်မှုတွေမရှိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ထိုင်းနိုင်ငံအစိုးရရဲ့ ပုံရိပ်ကို အကျိုးသက်ရောက်စေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ နိုင်ငံတ ကာခရီးသွားဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံတွင်းခရီးသွားလုပ်ငန်းတွေကို ဆန့်ကျင် ကြဖို့ တွန်းအားပေးခဲ့တာပါ။

မြန်မာလူငယ် ၂ ဦးဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လိပ်ကျွန်းလူသတ်မှုအတွက် စွဲချက်တင်ခံခဲ့ရပြီး သေဒဏ်ချမှတ်ခံထားရတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/129808


နဂိုကတည်းကမှ အသာစီရယူထားလွန်းတဲ့ တပ်မတော်အနေနဲ့ ပိုမို အသာစီးရယူ သွားနိုင်တဲ့ အနေထားမှာ ရောက်နေသည် ဆိုပြီး ဝေဖန်မှု
တွေ မြင့်တက်နေတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေ မူကြမ်းကို လက်ကျန် လွှတ်တော် သက်တမ်းကာလအတွင်းမှာ တင်သွင်းတော့မှာ မဟုတ်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယနေ့ ပြောကြားလိုက်သည်။

‘အခုဟာ အချိန်က မရတော့ဘူး။ မရတော့ မူလတင်တဲ့ ပုဂ္ဂိုလ်ကလည်း ကျန်းမာရေးက တော်တော်အခြေအနေ ဆိုးနေပြီး။ ရက်ကလည်း သိပ်မရှိတော့ဘူး။ မတင်ပါဘူး၊ လုပ်ငန်း လက်ကျန်အနေနဲ့ နောက်လူတွေ လုပ်ချင်လည်း လုပ်လို့ရအောင်၊ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့။ ဘာမှ မလုပ်ဘဲ ထားခဲ့မယ့်ကိစ္စပါ။ အခု မမီတော့ဘူး။ အလုပ်လုပ်ဖို့ ၁၉ ရက်ပဲ ကျန်တော့တယ်” လို့ ဦးခင်အောင်မြင့်က ယနေ့ ဇန်န၀ါရီလ ၅ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးအပြီးမှာ
သတင်းမီဒီယာတွေကို ပြောကြားခဲ့သည်။

ဒီဇင်ဘာလအတွင်းက လွှတ်တော် ကိုယ်စားလှယ်တွေ လေ့လာနိုင်အောင်
ဖြန့်ဝေခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ထပ်မံပေးဖို့နဲ့ သမ္မတရဲ့ အထက်မှ တပ်ချုပ်ရှိနေစေဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဝေဖန်သူတွေက အကြီးအကျယ် ဝေဖန်လျက်ရှိကြသည်။

“အဲဒီဥပဒေက ဒီလွှတ်တော်ကို ရောက်နေတာ။ ၂ နှစ်ရှိပြီဆိုတော့ ဘာလို့ မလုပ်ဖြစ်လဲဆိုတဲ့ အခါကြတော့ ဘာတွေ ထပ်လိုဦးမလဲ ဆိုတာမျိုးပေါ့။ ကာလုံအတွက် အင်စတီကျူးရှင်းက အတော်မြင့်တဲ့ အင်စတီကျူးရှင်း။ ဒီအင်စတီကျူးရှင်းတစ်ခုမှာ ဥပဒေပြဋ္ဌာန်းဖို့တော့ သင့်တယ်။ သင့်ပေမယ့် အတွေ့အကြုံ မရှိသေးဘူး။ မရှိသေးတော့ ဘာတွေ ထပ်လိုဦး မလည်း စောင့်ရင်းစောင့်ရင်းနဲ့ မလုပ်ဖြစ်တာ ၂ နှစ် ပြည့်တော့မယ်" ဟု ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

The Ladies News Journal

ထိုင်းရဲတပ်ဖွဲ့ Website များ ထိုးဖောက်ခံရ
ထိုင်းရဲတပ်ဖွဲ့ Website များ ထိုးဖောက်ခံရ

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ အင်တာနက်Website အများအပြားကို Anonymous ဆိုတဲ့ ဟက်ကာ ကွန်ပြူတာထိုးဖောက်တိုက်ခိုက်သူတွေက ထိုးဖောက်ဝင်ရောက်ပြီး၊ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

Failed Law မတရားတဲ့ဥပဒေ၊ We want Justice တရားမျှတမှုကို ကျနော်တို့လိုလားတယ်ဆိုတဲ့ စာသားတွေကို Blink Hacker Group ဆိုတဲ့ အဖွဲ့နံမည်တွေနဲ့ Website တွေမှာ အစားထိုး စာတန်းထိုးထားပါတယ်။

Blink Hacker Group ဟာ မြန်မာအစိုးရဌာနတချို့နဲ့ မြန်မာမီဒီယာတွေကို မကြာခဏ ထိုးဖောက်တိုက်ခိုက် လေ့ရှိတဲ့ မြန်မာဟက်ကာ အဖွဲ့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗြိတိသျှခရီးသွား ၂ ဦးကို သတ်ဖြတ်မှုနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို သေဒဏ်ချလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ကွန်ပြူတာစနစ်ကို ထိုးဖောက်တိုက်ခိုက်တာလားဆိုတာ စုံစမ်းနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ နိုင်ငံတကာက ကွန်ပြူတာထိုးဖောက်တိုက်ခိုက်တဲ့ Anonymous ဆိုသူတွေက ထိုင်း ရဲ တပ်ဖွဲ့ရဲ့ Website ၁၄ ခုကို သူတို့ ထိုးဖောက်တိုက်ခိုက်ခဲ့တယ်လို့ သူတို့ Facebook စာမျက်နှာမှာ ပြောထားပါတယ်။ သူတို့ပြောတဲ့ Website ၁၄ ခုမှာ ၉ ခုက ဒီကနေ့ ဝင်လို့မရပါဘူး။

ရဲတပ်ဖွဲ့ကလည်း သူတို့ တွေ ဒီကနေ့တိုက်ခိုက်ခံရတယ်လို့ အတည်ပြုသွားပေမယ့် အများပြည်သူကြည့်ရှုလို့ရတဲ့ စာမျက်နှာတွေမှာတော့ သူတို့ရဲ့ လျှို့ဝှက် အချက်အလက်တွေ ရောက်နေတာ မတွေ့ရဘူးလို့ ပြောပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ လျှို့ဝှက် အချက်အလက်တွေ ခိုးယူလိုက်နိုင်အောင် မတော်ကြဘူးလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

Website တွေကိုတိုက်ခိုက်မှုက တနင်္လာနေ့ထဲကစတင်တာဖြစ်ပြီး အင်္ဂါနေ့ ညနေပိုင်းအထိ တချို့ Website တွေမှာ သူတို့ ထိုးထားတဲ့ စာတမ်းတွေ မြင်နေရတုန်းပါပဲ။ အမဲရောင် Website စာမျက်နှာပေါ်မှာ အဖြူရောင် မျက်နှာဖုံးပုံပြထားပြီး #BoycottThailand ထိုင်းကို သပိတ်မှောက်ကြဆိုတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့အပြီးမှာ မြန်မာတွေဘက်က ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်လာရင် သမ္မတရဲ့ ဆုံးဖြတ်ခွင့် အာဏာကို ကန့်သတ်တယ်ဆိုပြီး ဝေဖန်မှု တွေထွက်ပေါ်နေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိ လွှတ်တော်သက် တမ်းမှာ မတင်သွင်းတော့ဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီဇင်ဘာလ (၂၁)ရက်နေ့ရက်စွဲနဲ့ အမျိုးသားလွှတ်တော်မှာ ဖြန့်ဝေခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီ (ကာ/လုံ) ဥပဒေမူကြမ်းကို အချိန်မလုံလောက်တဲ့အတွက် လက်ရှိ လွှတ်တော်သက်တမ်းမှာ ဆက်လက်ဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ မ နက်ပိုင်း အမျိုးသားလွှတ်တော် အစည်းအဝေး အပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါ တယ်။

“အဲဒီ ဥပဒေက ၂ နှစ်ရှိပြီ။ ဒီလွှတ်တော်မှာရောက်နေတာ။ ၂ နှစ်ရှိပြီ ဘာလို့မလုပ်ဖြစ်သလဲဆိုတဲ့အခါကျတော့ ဘာတွေထပ်လိုဦးမလဲဆိုတာမျိုးပေါ့။ ကာလုံဆိုတဲ့ Institution က ဒါ တော်တော်မြင့်တဲ့ Institution ပေါ့။ ဆိုတော့ ဒီ Institution တခုမှာ ဥပဒေပြဌာန်းချက်တခုရှိဖို့တော့ သင့်တယ်။ ဒါ့ပေမယ့် အတွေ့အကြုံမရှိသေးဘူး။ မရှိတော့ ဘာတွေထပ်လုပ်ဦးမလဲစောင့်ရင်း စောင့်ရင်းနဲ့ မလုပ်ဖြစ်တာ ၂ နှစ်ဖြစ်သွားပြီ။ တခုက အချိန်က မရဘူးပေါ့။”

ကာလုံဥပဒေကြမ်းအရ အမျိုးသားလုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ကျတဲ့အခါမှာ သမ္မတက သ ဘာပတိ အနေအထားမှာပဲရှိပြီး မဲပေးခွင့်မရတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါ တယ်။

ဒီ ဥပဒေမူကြမ်းကို ပြည်ထောင်စုအဆင့်အနေနဲ့မဟုတ်ဘဲ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ပြည်ခိုင်ဖြိုး ပါတီ အမျိုးသားလွှတ်တော်အမတ် ဦးတင်မြက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကို ပေးပို့ ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဦးတင်မြက ကျန်းမာရေးအရ ဆေးခွင့်ယူထားပြီး အမျိုးသားလွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ကိုယ်တိုင် တင်သွင်းနိုင်ခြင်းလည်း မရှိတဲ့အချိန်မှာ အမျိုးသားလွှတ်တော်ရုံးကနေ လွှတ် တော် အမတ်တွေလေ့လာဖို့ဆိုပြီး ရုတ်တရက် ဖြန့်ဝေခဲ့တာမို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က လက်ရှိ လွှတ်တော်သက်တမ်းမှာ မဆောင်ရွက်တော့ဘူး လို့ အတည်ပြုပြောဆိုလိုက်တာပါ။

ကာလုံဥပဒေကြမ်းဟာ လွှတ်တော်ထဲကို ရောက်ရှိနေတာ ၂နှစ်လောက် ရှိနေပြီ ဖြစ်သလို နောက်လာမယ့် လွှတ်တော်သက်တမ်းမှာ ဆက်ပြီးလုပ်ချင်ရင် လုပ်နိုင်အောင်အတွက် ဥပဒေမူကြမ်း ပြုစုပေးခဲ့ခြင်းသာဖြစ် တယ်လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

“မူလတင်တဲ့ ပုဂ္ဂိုလ်ကလည်း ကျန်းမာရေးက အခြေအနေဆိုးနေတယ်။ နောက် ရက်ကလည်း သိပ်မရှိတော့ မတင်ပါဘူး။ မတင်သော်လည်း လုပ်ငန်းလက်ကျန်အနေနဲ့ နောင်လူတွေ လုပ်ချင်ရင်လည်း လုပ်လို့ရအောင် ၊ မလုပ်ချင်ရင်လည်း မလုပ်နဲ့ပေါ့။ ဘာမှ မလုပ်ဘဲ ထားခဲ့မယ့်ကိစ္စပါ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံ တော်သမ္မတ အထက်မှာ ရှိနေတာမို့ ကာလုံဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်းမှာ အတည် မပြု တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က ဘာမှ မထူးခြားဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက အခုလို ပြောပါတယ်။

“ဒီကာလုံ ဥပဒေကြမ်းဆိုတာက အတည်ပြုသည်ဖြစ်စေ အတည်မပြုသည်ဖြစ်စေ ၊ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာလုံက အစိုးရအဖွဲ့နဲ့ သမ္မတရဲ့ အထက်မှာ ရှိနေတဲ့အနေအထားကို ပြောင်းလဲနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျနော့်အမြင်က အမျိုးသားလွှတ်တော်မှာ လက်ရှိသက်တမ်းအတွက် အတည်မပြုဖို့ဆုံးဖြတ်ချက်ဟာ သိပ်ပြီးထူးခြားတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်က မမြင်ဘူး။ ဒီကာလုံ တည်ရှိနေမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြောမယ်ဆိုရင်သမ္မတနဲ့အစိုးရအဖွဲ့မှာရှိနေတဲ့အနေအထားမျိုး တွေ့နေရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီအနေအထားကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်နိုင်ခြင်းမရှိဘူးဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးပြုနိုင်ခြေ နဲတယ်လို့ မြင်တယ်။”

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိလွှတ်တော်မှာ မတင်တော့ဘူးလို့ ဆို ပေမယ့်လည်း ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ သမ္မတ တဦးရဲ့ သက်တမ်းအတွင်း ဆောင် ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အရေးယူတာမျိုး မလုပ်ဖို့ဆိုတဲ့ "နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့ သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း" ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

မြင့်မြင့်ခိုင် /VOA
http://burmese.voanews.com/content/myanmar-defence-and-security-draft-law-postpone-/3131778.html

(၆၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဉ်
(၆၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဉ်

မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းနှင့် လွန်ခဲ့တဲ့(၆၉)နှစ်က သူမရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးခေါင်း ဆောင်ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမှီပြောကြားခဲ့တဲ့ မိန့်ခွန်းနှိုင်းယှဉ်မယ်ဆိုရင် မြန်မာတွေလွတ်လပ်ရေးရရင် တာဝန်သိတတ်ကြဖို့နဲ့စည်းကမ်း ရှိကြဖို့တိုက်တွန်းထားတဲ့တူညီချက်တွေရှိတာတွေ့ရပါတယ်။ အကြောင်းစုံကိုဒေါ်လှလှသန်းကတင်ပြမှာပါ။

မြန်မာနိုင်ငံရဲ့သမိုင်းတင်နိုဝင်ဘာလ (၈)ရက်နေ့ရွေးကောက်ပွဲကြီးမှာ အပြတ်အသတ်အနိုင်ရရှိလိုက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်မှာ ဇန်န၀ါရီလ (၄)ရက်နေ့ကကျင်းပခဲ့တဲ့ (၆၈)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ မြန်မာနိုင်ငံသားတွေဒီမိုကရေစီဖေါ်ဆောင်ရာမှာ ကိုယ့်နိုင်ငံကံကြမ္မာအတွက် အားလုံးလုပ်ဆောင်ကြရမယ်လို့တိုက်တွန်းခဲ့တာတွေ့ရပါတယ်။

“ကျမတို့လွတ်လပ်ရေးဟာမနုတော့ပါဘူး။ရင့်ကျက်လာပါပြီ။အခုကနေစပြီးကျမတို့အားလုံးဟာကိုယ့်နိုင်ငံရဲ့ကံကြမ္မာအတွက်တာဝန်ယူရမယ့်အချိန်ရောက်ပြီဆိုတာသဘောပေါက်ဖို့လိုပါတယ်။လူများမှာတာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့ဆက်ပြီးသွားလို့မဖြစ်ပါဘူး။လူတိုင်းမှာတာဝန်ရှိတယ်။ ကိုယ့်နိုင်ငံပြည်ထောင်စုတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့၊သာယာဖို့အတွက်၊ ညီညွတ်ဖို့အတွက် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတဲ့စိတ်ဓါတ်နဲ့ ဆက်ပြီးလုပ်ရပါလိမ့် မယ်။တာဝန်မယူချင်လို့ရှိရင် လွတ်လပ်ရေးရဲ့အရသာကိုခံစားရမှာမဟုတ်ပါဘူး။ လွတ်လပ်ရေးအရသာတော့ ခံစားချင်တယ်၊တာဝန်တော့မယူဘူးဆိုတာဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျမတို့လုပ်ရမယ့်အလုပ်တွေကလည်းအင်မတန်မှများပါတယ်။”

အလားတူပဲသူမရဲ့ဖခင်ဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကလည်း ဗြိတိသျှတို့လက်အောက်ကမြန်မာနိုင်ငံမလွတ်လပ်မှီတနှစ်အလို ဇူလိုင်လကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း လွတ်လပ်ရေးရခဲ့ရင် မြန်မာနိုင်ငံသားတွေ အားလုံးဝိုင်းဝန်းကြိုးစား ကြရမယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားတို့ဟာလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးရနိုင်လောက်တဲ့စည်းကမ်းတွေရှိကြပါ။လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက်လဲပဲရှေ့ကိုလွတ်လပ်ရေးအရသာခံစားချင်တယ်၊ စံစားချင်တယ်ဆိုရင်လည်းပဲအလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ခုနေကတည်းက ခင်ဗျားတို့ကိုယ်ကိုခင်ဗျားတို့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီးလို့ကျနော်ကနေ့ပြောခဲ့မယ်။”

ဒါအပြင်လွတ်လပ်ရေးရပြီဆိုရင်မြန်မာနိုင်ငံသားတွေစည်းကမ်းရှိကြဖို့ကိုလည်း လမ်းပေါ် ထွက်ဆေးလှမ်းတဲ့ဖြစ်ရပ်ကိုမီးမောင်းထိုးပြပြီးဗိုလ်ချုပ်ကအခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။

“လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးကနဲနဲဘယ်လိုကူးကြသလဲ ဆိုရင်ပဒေသာပင်ကြီးချက်ချင်းပေါက်လာတော့မလို၊ နေ့ချင်းညချင်းပေါက်လာတော့မလို ခင်ဗျားတို့ထင်ကြတဲ့သူတွေများကြတယ်။ တချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော်တို့အရင်တခါတုန်းကတွေ့ခဲ့တာ ဂျပန်ခေတ်တုန်းက၊ ဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့လေ။ အဲဒီတုန်းကဆိုလိုရှိရင် လွတ်လပ်ရေးရပြီးဆိုပြီတော့ ဟင်္သာတနယ်ဖက်မှာ ကျနော်တို့တွေ့ခဲ့တယ်။ ဘာတွေ့လဲဆိုလို့ရှိရင် လမ်းမပေါ်မှာဆေးလှမ်းတယ်။ လွတ်လပ်ရေးရပြီကွဆိုပြီတော့ လူတကာသွားတဲ့လမ်းမပေါ်ထွက်ပြီးတော့ဆေးတွေလှမ်းတယ်။ အဲဒီတော့လမ်းသွားလမ်းလာလုပ်တဲ့သူတွေတော်တော်ဂွကျတယ်။ အဲဒါဟာလွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ကဘာလဲ။လွတ်လပ်ရေးဆိုတာဟာ ကိုယ်တဦးတယောက်ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမှာ အခြားတဦးတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ်ကိုယ့်တိုးတက်မှုအတွက်လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။”

အခုလာမယ့်အစိုးရသစ်ဖွဲ့ခွင့်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ကလည်း မျက်မှောက်အခြေအနေအရ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ လမ်းပိတ်တဲ့ဖြစ်ရပ်ကိုဥပမာပြုပြီး မြန်မာနိုင်ငံသားတွေစည်းကမ်း ရှိဖို့လိုအပ်တယ်လို့အခုလိုသူ့ရဲ့မိန့်ခွန်းထဲမှာပြောခဲ့ပါတယ်။

“ကျမတို့နေ့တဓူဝသွားလာလှုပ်ရှားနေရင်း အမြဲပဲဒီနိုင်ငံရဲ့အခြေအနေကို ကျမသုံးသပ်ပါတယ်။ အခုဒီလာတဲ့အခါကျတော့လမ်းကနဲနဲကားပိတ်နေတယ်။ ကားပိတ်နေတော့ကျမစဉ်းစားတယ်။ လမ်းကားပိတ်နေရတဲ့အကြောင်းက ဘာကြောင့်လဲ။ ကျမတို့ရုံးရှေ့မှာမရပ်သင့်တဲ့ ကားတွေရပ်ထား လို့လား။ ဒီလိုဆိုလို့ရှိရင်ဒီကားတွေကိုရပ်ထားတဲ့ကားပိုင်ရှင်များဟာ စည်းကမ်းမလိုက်နာတာပဲ။ ကိုယ့်အတွက်ပဲကိုယ်စဉ်းစားပြီးတော့ အများအတွက်မစဉ်းစားတာပဲ။ ဘာကြောင့်များလမ်းပိတ်နေ လဲလို့ကျမစဉ်းစားပါတယ်။အဲတော့ရုံးရှေ့ရောက်တဲ့အခါကျတော့ ဘာဖြစ်လို့လမ်းပိတ်နေသလဲဆို တော့တချို့ရုံးရှေ့မှာရှိတဲ့ပရိသတ်ကနေလမ်းပေါ်ကိုရောက်နေကြတယ်။ ဒါမဖြစ်သင့်ပါဘူး။ ကျမတို့လာပြီးတော့အားပေးတာ ကျမအများကြီးကျေးဇူးတင်တယ်။ပြည်သူလူထုရဲ့အင်အား၊ အားပေးမှုနဲ့ပဲကျမတို့ရပ်တည်ခဲ့ရတာ၊ရွေးကောက်ပွဲကိုလည်း ပြည်သူလူထုရဲ့အားပေးမှုနဲ့ပဲ ကျမတို့နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ကျမတို့ပြည်သူလူထုဟာ ဒီအင်အားတွေကိုစည်းကမ်း တကျနဲ့သုံးဖို့လိုပါတယ်။ အဲတော့ကျမအခုကတည်းကနေပြောပါရစေ။ လွတ်လပ်ရေးအချိန်အခါကနေ စပြီး လူတိုင်းလူတိုင်းဟာကိုယ့်စည်းကို ကိုယ်ထိန်းပြီးတော့ ကိုယ်တတ်နိုင်သမျှ ဒီနိုင်ငံမှာ စည်းကမ်းရှိရှိနဲ့အားလုံးအတွက်အဆင်ပြေအောင်လို့နေစေချင်ပါတယ်။ လမ်းမပိတ်ဆို့တဲ့ကိစ္စကစ၊ အသေးကလေးတွေကစမှ ကျမတို့ အကြီးကြီးတွေကိုကိုင်တွယ်နိုင်မှာပါ။”

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရစဉ်က တနှစ်အရွယ်သာရှိသေး တဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုဆို အသက်(၇၀)ပြည့်ပြီဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့အစိုးရ သစ်ကိုမကြာမှီဦးဆောင်တော့မှာ ဖြစ်ပါတယ်။ခုလိုဖခင်နဲ့သမီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ခေါင်း ဆောင်နှစ်ဦးတို့ပြောကြားခဲ့တဲ့မိန့်ခွန်းမှာနောက်ထပ်တူညီတဲ့အရေးကြီးတဲ့အချက်တချက်ကတော့မြန်မာနိုင်ငံလွတ်လပ်ရေးအဓွန့်ကြာရှည်ဖို့အတွက်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရှိဖို့ကအရေးကြီးတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။

ဒေါ်လှလှသန်း/VOA
http://burmese.voanews.com/content/aung-san-suu-kyi-speech-for-independence-day-2016/3131495.html


ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်း (ဓါတ်ပုံ-စိုးဇေယျထွန်း၊ ရိုက်တာ)
ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်း (ဓါတ်ပုံ-စိုးဇေယျထွန်း၊ ရိုက်တာ)

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုမှာ ရခိုင်ပြည်နယ် အတွက် အချိုးကျ ခွဲဝေ ပေးဖို့ အဆိုပြုချက်ကို အစိုးသစ် လက်ထက်မှာ ရရှိလာဖို့ ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းက မျှော်လင့်နေပါတယ်။ ပြည်နယ် အတွက် အရေးကြီးတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့် မရပေမယ့် ပြည်နယ်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေတိုးပွားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်နဲ့ စီးပွားရေး စီမံကိန်းတွေကို ကြိုဆိုတဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ကျောက်ဖြူ အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ဖို့ အတွက် တရုတ်နိုင်ငံပိုင် CITIC Group Corporation ဦးဆောင်တဲ့ လုပ်ငန်းစုက တင်ဒါ အောင်မြင်ခဲ့တဲ့ အပေါ် ရခိုင်အမျိုးသား ပါတီက ကြိုဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် အတွက် အရေးပါတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးမှာ ရခိုင်ပြည်သူတွေ ပါဝင် ဆုံးဖြတ်ခွင့် မရပေမယ့်လည်း ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် မျှော်လင့်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကြိုဆိုလက်ခံတယ်လို့ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျွန်တော်တို့က ပြည်ထောင်စုတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးတစ်မျိုး ပီပီ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ထောင်စု ခိုင်မြဲမှုနဲ့ ရခိုင်ပြည်သူ လူထုရဲ့ ငံ့လင့်နေတဲ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု နဲ့ လူငယ်တွေ အတွက်နဲ့ ပက်သက်တဲ့ job creation တွေ အားလုံးကို လိုလားတာ မို့လို့ ကျွန်တော်တို့က စီမံကိန်းကြီးတွေ။ ဆိပ်ကမ်းကြီးတွေ စက်ရုံကြီးတွေနဲ့ကျွန်တော်တို့ဒေသမှာ ဖွံ့ဖြိုးလာမယ် ဆိုရင် ကြိုဆိုပါတယ်။ အဲဒီ အခွင့်အရေးတွေကို ရဖို့လည်း မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့အရေးကြီးတဲ့ center ဧရိယာမှာရှိတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းကြီးကို နိုင်ငံတော်ရဲ့ စီမံကိန်းတစ်ခုအဖြစ် နိုင်ငံခြား ကုမ္ပဏီကြီးတွေနဲ့ အကောင်အထည် ဖော်တဲ့ အခါမှာ ရခိုင် ပြည်သူ လူထုအတွက် ရာခိုင်နှုန်း တစ်ခုကတော့ဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ ပါစေချင်ပါတယ်။ အဲဒါကြောင့်လည်းသီလ၀ါမှာ ဂရာခိုင်နှုန်းကို နိုင်ငံတော် အစိုးရက ရင်းနှီးမြှုပ်နှံပါတယ်။ ဆိပ်ကမ်းနဲ့ ပက်သက်တဲ့ မြေကြီး တန်ဖိုး ငါးရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံစရာ မလိုပဲနဲ့ ရတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း တင်ပြပါတယ်။ နိုင်ငံတော် အစိုးရဘက်က ၁၀၀%ထဲမှာ ၁၀%ကို ရင်းနှီးမြှုပ်နှံခဲ့ရင် ငါးရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ယူသွားပါ။ ကျန်တဲ့ ငါးရာခိုင်နှုန်းကို ရခိုင်ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေမှာ အသုံးပြုနိုင်အောင်၊ ကျွန်တော်တို့ကို ငါးရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ပေးပါလို့ပြည်သူလူထုကိုယ်စား ပြောခဲ့တာရှိပါတယ်။”

နောက်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုံ ရင်းနှီးမြှုပ်နှံမှုထဲက ရခိုင်ပြည်နယ် အစိုးရက အချိုးကျ အကျိုးခံစားခွင့်ရဖို့ မျှော်လင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဖြစ်လာနိုင်မယ့် အလားအလာကတော့ ရှိပါတယ်။ ဒီစီမံကိန်း တစ်ခုလုံးကို အကောင်အထည်ဖော်ရမယ့် တာဝန်သည် ၂၀၁၆ ဧပြီလမှာ တည်ထောင်မယ့် ပြည်ထောင်စုအစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီအထခါမှာ ရင်နှီးမြှုပ်နှံမှုအချိုး ရာခိုင်နှုန်း၊ ဥပမာ၊ ၈၅-၁၅၊ ၇၀- ၃၀ နိုင်ငံခြား ကုမ္ပဏီတွေက ၇၀ ဆိုရင် ပြည်ထောင်စုက ၃၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ဆိုသည်မှာ နိုင်ငံသား ကုမ္ပဏီတွေ အပါအ၀င် အစိုးရပေါ့။ စသည်ဖြင့် ဒီရင်းနှီးမြှုပ်နှံမှု ratio နဲ့ ပက်သက်ရင် ပြန်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒီ business model နဲ့ ပက်သက်တဲ့၊ အကောင်အထည်ဖော်တဲ့ အခါမှာ လာမယ့် အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိတာမို့လို့၊ အဲဒီကာလမှာ ပေါ်လာတဲ့ အစိုးရရဲ့ လုပ်ရည်ကိုင်ရည်၊ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ ထိထိရောက်ရောက် ဆောက်ရွက်ခဲ့လို့ ရှိရင် ကျွန်တော်တို့ အကျိုး ခံစားခွင့်ရမှာ ဖြစ်ပါတယ်။”

ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်းကြောင့် မြေသိမ်းယာသိမ်းမှုတွေမှာလည်း စီမံကိန်းအတွက် အနည်းဆုံး လိုအပ်တဲ့ မြေဧရိယာကို မူလပိုင်ရှင်တွေနဲ့ ညှိနှိုင်းထားတဲ့ ဈေးနှုန်းနဲ့ ရယူမယ်လို့ သိရှိထားပါတယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒါ့အပြင် စီမံကိန်းကြောင့် မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ထွက်ပေါ်လာဖို့ မျှော်လင့်တဲ့ အကြောင်းပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ ဒေသခံ ပြည်သူတွေ ပါဝင် ဆုံးဖြတ်ပိုင်ခွင့် ရရှိလာဖို့ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမှသာ ဖြစ်လာမယ့် ကိစ္စပါလို့လည်း အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုံဧရိယာကို ၄၂၈၉ ဧက အသုံးပြုဖို့ ဒီလကုန်မှာ သက်တမ်းကုန်မယ့် ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့ လကုန်ပိုင်းက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်းကို တရုတ် အစိုးရပိုင် CITIC Group Corporation ဦးဆောင်တဲ့ လုပ်ငန်းစုက တင်ဒါ အောင်မြင်တဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ အခု တင်ဒါ အောင်မြင်တဲ့ လုပ်ငန်းစုထဲမှာတော့ ထိုင်းနိုင်ငံက CP Groupနဲ့ တရုတ် ကုမ္ပဏီ ၅ ခုတို့ကတော့ China Harbor Engineering၊ China Merchants Holdings (International) ၊ TEDA Investment Holding၊ Yunnan Construction Engineering Group နဲ့ CITIC တို့ ဖြစ်ပါတယ်။

မသိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/kyaukphyu-special-economic-zone/3131443.html

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဇန်နဝါရီလ ၅ ရက်နေ့က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒေသခံတွေ ဆန္ဒပြနေစဉ်။ Photo: The Hakha Post/ Facebook
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျမှုကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရတဲ့ ဒေသခံတစ်ထောင်ကျော်ဟာ အစိုးရက မြေနေရာ ချထားပေးတာ၊ အိမ်ဆောက်စရိတ်တွေ မပေးနိုင်တာနဲ့ပတ်သက်ပြီး မကျေနပ်တာ ကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

အစိုးရဘက်က မြေကွက်တွေဖော်ပြီး နေအိမ်ဆောက်လုပ်တာ ကြာမြင့်နေပြီး သဘောတူထားတဲ့အတိုင်း မြေနေရာအပြည့်မရတာတွေကြောင့် ဆန္ဒပြတာဖြစ် တယ်လို့ မြို့သစ်ရပ်ကွက် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးတင်ပန်းက ပြောပါတယ်။

"အခက်အခဲတွေအများကြီးရှိတယ်၊ အဲ့ထဲမှာမှ မြန်မြန်လေးနဲ့ မြေကွက်ကို ဖော်ပေးပြီးတော့ ကိုယ့်မြေကွက်ထဲမှာပဲ အိမ်ယာတွေဆောက်ပြီးနေဖို့ ကျနော်တို့ လိုချင်တယ်၊ အခုသူတို့လုပ်တဲ့ပုံစံဆိုရင်တော့ တစ်မိုး၊ နှစ်မိုး၊ သုံးမိုး၊ တစ်နှစ်ကြာ ဦးမလား၊ နှစ်နှစ်ကြာဦးမလား၊ အဲ့လိုပုံစံပဲ၊ အစိုးရကတော့လုပ်ပေးနေတယ်၊ ဒါပေမယ့်ခုထိမပြီးသေးဘူး"

ဆန္ဒပြသူတွေဟာ အစိုးရက နေအိမ်တွေချထားပေးတဲ့အခါ တစ်စုတစ်စည်းတည်း ချထားပေးဖို့၊ လမ်းနဲ့ ရေမြောင်းတွေကို ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့နဲ့ အိမ်ဌားတွေအတွက်ပါ နေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရဆီက တောင်းခံထားတဲ့ ဘတ်ဂျက်အားလုံး မရရှိသေးတဲ့အတွက် ရသလောက်နဲ့ စီစဉ်နေရတာကြောင့် လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ် လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန်ဆန်အောင်က ပြောပါတယ်။

"ပြည်ထောင်စုကိုတင်တယ်၊ ခုထိမကျလာသေးဘူး၊ ရ၊ မရဆိုတာတော့ပြောလို့မရဘူး၊ အပေါ်ကပေးမှ ကျနော်တို့ပေးနိုင်မှာကိုး၊ ဒီမြေကွက်ဖော်တာတို့၊ လမ်းဖော်တာ တို့ဆိုတာ တစ်ပြားမှပိုက်ဆံမရှိဘူး၊ အစိုးရက ကျနော်တို့ကို ၁.၅ ဘီလီယံပဲချပေးတယ်၊ လိုတာက ၂၂ ဘီလီယံလိုတာ၊ ၁.၅ ပဲချပေးတယ်၊ အဲ့ ၁.၅ နဲ့ပဲ လမ်းရယ်၊ ရေရယ်၊ မီးရယ် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်"

ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြေပြိုကျခဲ့တာ ကြောင့် ဟားခါးမြို့နယ်က အိမ်ထောင်စု ၇၃၀ ကျော်ဟာ ဒုက္ခသည်စခန်း ၅ ခုမှာ ခိုလှုံနေရပြီး အဲဒီထဲက အိမ်ထောင်စု ၄၀၀ ကျော်ကို အစိုးရက နေအိမ် ဆောက်လုပ်ပေးမှာဖြစ်သလို ကျန်တဲ့ ၃၀၀ ကျော်ကိုတော့ မြေကွက်ပေး ပြီး နေအိမ်ဆောက်လုပ်ဖို့အတွက် ကုန်ကျစရိတ် ချပေးမှာဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရအစီအစဉ်နဲ့နေအိမ်ဆောက်လုပ်ပေးမယ့် အိမ်ထောင်စု ၄၀၀ ကျော်အထဲက ၂၀၀ နီးပါး အတွက် နေအိမ်တွေစတင်ဆောက်လုပ်နေပြီး အချောသတ်ပြီးစီးတဲ့နေအိမ် ၃၂ လုံးရှိနေပြီလို့ သိရပါတယ်။

အစိုးရအစီအစဉ်နဲ့ဆောက်လုပ်သူတွေကို ဒီနှစ်မတ်လနောက်ဆုံးထားပြီး အစိုးရဘက်က အပြီးဆောင် ရွက်ပေးမယ်လို့ပြောကြားထားပေမယ့် မိမိအစီအစဉ် နဲ့ ဆောက်လုပ်မယ့်သူတွေကို မြေကွက်ချထားပေးမှု မရှိသေးသလို အိမ်ဆောက်စရိတ် ချထားပေးတာ မရှိသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


 တောင်တရုတ်ပင်လယ်တွင်းက တရုတ်ဆောက်လုပ်ထားတဲ့ လူလုပ်ကျွန်းပေါ်မှာ တရုတ် လေယာဉ်တစ်စင်း ပထမဆုံး ဆင်းသက်ခဲ့တာကြောင့် တရုတ်နဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေ တိုးလာနေပါတယ်။

Spratly ကျွန်းစုတွေထဲက Fiery Cross ကျွန်းမှာ အရပ်ဖက်သုံးလေယာဉ် တစင်း ဆင်းသက်ခဲ့တာဖြစ်ပြီး ဒီကျွန်းစုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံ အပါအ၀င် အာရှပစိတ်ဖိတ် နိုင်ငံတွေကြား သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေကြတာပါ။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဗီယက်နမ်နိုင်ငံက သံတမန်ရေးအရ ကန့်ကွက်ထားပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း အလားတူ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Fiery Cross ကျွန်းပေါ်က လေယာဉ်ပြေးလမ်းဟာ အရပ်ဖက်လေကြောင်း စံနှုန်း စံထားတွေနဲ့ ကိုက်ညီမှုရှိမရှိ စမ်းသပ်ဖို့အတွက် အခုလို လေယာဉ် ဆင်းသက်ခဲ့တာ ဖြစ်တဲ့အကြောင်းတရုတ်နိုင်ငံခြားရေးဌာန  ပြောခွင့်ရတဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်ကစတင်ပြီး ကျွန်းငယ်လေးတွေပေါ်မှာ လေယာဉ်ပြေးလမ်းနဲ့ အဆောက်အဦးတွေ ဆောက်လုပ်ရအောင် မြေဖို့ ချဲ့ထွင်တဲ့ စီမံကိန်းတွေကို တရုတ်နိုင်ငံဟာ အကောင်အထည်ဖေါ်လာခဲ့တာပါ။ ဒီလို Fiery ကျွန်းက တရုတ်နိုင်ငံရဲ့ အခုလို စမ်းသပ်ပျံသန်းမှုဟာ တင်းမာမှုတွေ မြင့်တက်လာစေပြီး   ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က တနင်္လာနေ့တုန်းက ပြောပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာလတုန်းက Spratly ကျွန်းစုတွေထဲက Subi ကျွန်းနဲ့ ၂၂ ကီလိုမီတာအကွာမှာ ပဲ့ထိန်းတပ်ဒုံးကျည်ကို အမေရိကန်က နေရာချထားခဲ့ပြီး ဒါဟာ နိုင်ငံတကာရေပြင်ပိုင်နက်အတွင်းFreedom of Navigation (FON) စစ်ဆင်ရေး အစိတ်အပိုင်းတရပ်အနေနဲ့ ဆောင်ရွက်ခဲ့တာပါ။ FON ဆိုတာဟာ နိုင်ငံတကာပိုင်နက်အတွင်း တခြားနိုင်ငံတွေအနေနဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပါတ်သတ်ပြီး မူဘောင်ကျော် တောင်းဆိုလာလျင် အမေရိကန်အနေနဲ့ ဟန့်တားတဲ့ အခါမှာ ဆောင်ရွက်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တရုတ် စတော့ ဈေးကွက် မှာ ရှယ်ယာဈေးတွေ ထိုးကျနေတာကို ကာကွယ်ဖို့ တရုတ် အစိုးရက ကြိုးစား နေတဲ့ကြားက ဒုတိယမြောက် ရက်အဖြစ် ကသောင်းကနင်း ဖြစ်ခဲ့ပြန် ပါတယ်။

အစိုးရ ပိုက်ဆံတွေ သုံးပြီး စတော့ တွေကို ဝယ်ယူ အားဖြည့် ခဲ့ပေမယ့် ဒီနေ့ ဈေးပိတ်ချိန် မှာလည်း စတော့ ဈေးနှုန်းက အနည်းငယ် ထပ်မံ ကျဆင်း ခဲ့ပါတယ်။

စတော့တွေကို အများအပြား ကိုင်ထားတဲ့ လုပ်ငန်းတွေ အနေနဲ့ ထုတ်ရောင်းမယ် ဆိုရင် အကန့်အသတ်နဲ့သာ ရောင်းခွင့် ပြုမယ် လို့လည်း အာဏာပိုင် တွေက ကန့်သတ် ခဲ့ပါတယ်။

မနေ့က တရုတ် ရှယ်ယာဈေးတွေ ၇ ရာခိုင်နှုန်းထိ ထိုးကျသွားလို့ ကမ္ဘာ တဝန်းကို ရိုက်ခတ် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ဆော်ဒီ သံရုံး တိုက်ခိုက်ခံရမှုကို ကုလ လုံခြုံရေး ကောင်စီကလည်း ရှုတ်ချခဲ့။
တီဟီရန် မြို့က ဆော်ဒီ အာရေဗျ သံရုံး တိုက်ခိုက် ခံရပြီးနောက် အီရန်နဲ့ သံတမန်ရေး ဖြတ်တောက်တဲ့ အထဲမှာ ကူဝိတ် နိုင်ငံလည်း နောက်ဆုံး အနေနဲ့ ပါဝင် လာပါတယ်။

ဆော်ဒီ သံရုံး တိုက်ခိုက် ခံရမှုဟာ နိုင်ငံတကာ စံနှုန်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်လို့ ကူဝိတ် အစိုးရက ဆိုပြီး သူတို့ရဲ့ သံအမတ်ကို အီရန် မြို့တော်ကနေ ပြန်ခေါ် လိုက်ပြီလို့ ပြောပါတယ်။

ရှီအာ ဘာသာရေး ခေါင်းဆောင်ကို ဆော်ဒီက ကွပ်မျက် ခဲ့တဲ့အတွက် တီဟီရန်မှာ ရှိတဲ့ ဆော်ဒီ သံရုံး တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ဆော်ဒီ အာရေဗျက အီရန်နဲ့ သံ အဆက်အသွယ် အားလုံးကို ဖြတ်တောက် ခဲ့ပါတယ်။

ဆော်ဒီရဲ့ တခြား မဟာမိတ်တွေ ဖြစ်တဲ့ ဘာရိန်း၊ ဆူဒန်နဲ့ ယူအေအီး နိုင်ငံတို့ကလည်း အီရန်အပေါ် သံတမန်ရေး အရ အရေးယူမှုတွေ လုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရွေးကောက်ပွဲရလဒ်အရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို နိုင်ငံ့တာဝန် လွဲပြောင်းပေးဖို့ အတွက် အစိုးရဘက်က ပြင်ဆင်နေတဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
[soundcloud src="240485298"/]
RFA Burmese
https://www.facebook.com/RFA-Burmese


ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်သစ် စတင်ခေါ်ယူနိုင်ဖွယ်ရှိတာကြောင့် NLD ပါတီက တင်သွင်းမယ့် သမ္မတလောင်းနဲ့ အစိုးရအဖွဲ့ဝင်စာရင်းတွေ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာသင့်ပြီလို့ နိုင်ငံရေးလေ့လာသူတချို့က ထောက်ပြနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
[soundcloud src="240484814"/]
RFA Burmese
https://www.facebook.com/RFA-Burmese

ဓါတ်ပုံ - (facebook)
ယနေ့ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့(၁) နာရီခွဲအချိန်ခန့်တွင် အမျိုးသားလူငယ်တစ်ဦးဘဏ်အတွင်းသို့ လောင်စာအိတ်ကိုယူဆောင်လာပြီးအမျိုးသားသန့်စင်ခန်းအတွင်းမီးရှို့ရန်ကြိုးစားအားထုတ်ခဲ့ပါသည်။ ထို့နောက် ၄င်းမှပင် မီးလောင်နေသည်ဟုအော်ဟစ်ပြေးထွက်လာပြီးမသမာသောနည်းဖြင့် ဘဏ်ကောင်တာရှိငွေအချို့ကိုယူဆောင်ရန်ကြိုးပမ်းစဉ် ပြည်သူများနှင့် ဘဏ်ဝန်ထမ်းများ လုံခြုံရေးများက ၀ိုင်းဝန်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။

၎င်း၏ မီးရှို့ရန်ကြိုးပမ်းမှုအားဘဏ်မှ လုံခြုံရေးများနှင့် ၀န်ထမ်း၊ အရာထမ်းများ၊ Customers များတွေ့ရှိ၍ ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သဖြင့် ဘဏ်၏ မည်သည့်ပစ္စည်းမှ မီးလောင်ကျွမ်းမှုမရှိခဲ့ပါ။ကမ္ဘောဇပခုက္ကူဘဏ်ခွဲရှိ ၀န်ထမ်းများမှပခုက္ကူမြို့ရဲစခန်းသို့အကြောင်းကြားပြီးအဆိုပါအမျိုးသားအားအရေးယူဆောင်ရွက်နိုင်ရန်အပ်နှံခဲ့ပါသည်။

ထိုသို့ ဘဏ်အတွင်းအထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့သူမိုးစက်(၂၈)နှစ်ကိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးဘဏ်မှ ဥပဒေကြောင်းအရပခုက္ကူမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ်တွင် မည်သည့်နစ်နာဆုံးရှုံးမှု တစ်စုံတရာမျှမရှိပါကြောင်းနှင့် customers များအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ပေါ်ကြစေရန် ဖြစ်ရပ်မှန်အားကမ္ဘောဇဘဏ်လီမိတက်ရုံးချုပ်မှ သတင်းထုတ်ပြန်အပ်ပါသည်။¬

အဆိုပါဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့ကြသော customer များ၊ ပခုက္ကူမြို့မှ ဒေသခံ ပြည်သူများ၊ ပခုက္ကူမြို့မရဲစခန်း မှ ပြည်သူ့ရဲများ၊ ဘဏ်ဝန်ထမ်းများ အားလုံးကိုကမ္ဘောဇဘဏ်လီမိတက်မှ အထူးကျေးဇူးတင်ရှိပါသည်။

KBZ BANK
https://www.facebook.com/KanbawzaBank

ဓါတ်ပုံ ။ ။ Soe Moe (facebook)
ပခုက္ကူမြို့ရှိ KBZ ဘဏ်တွင် ငွေလုယူရန် ကြိုးပမ်းပြီး ဘဏ်ပိုပါ မီးရှို့သည့် ဖြစ်စဉ်တစ်ရပ် ဇန်န၀ါရီလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက The Ladies News သို့ အတည်ပြု ပြောဆိုသည်။

“ မီးရှို့တာ ဟုတ်တယ် ။ အဲဒီလူကိုလည်း မိထားတယ်။ စစ်နေတုန်းပါပဲ။ အသေးစိတ်ကိုတော့ ညနေကျမှ ပြောနိုင်ပါမယ်” ဟု မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ညနေ ၃ နာရီခန့်က The Ladies news သို့ ပြောသည်။

အဆိုပါ လုယက်ပြီး မီးရှို့ရန် ကြိုပမ်းမှုကြောင့် သေကြေဒဏ်ရာရသူ မရှိခဲ့ဘဲ ဘဏ်လုံခြုံရေး ၀န်ထမ်းများမှ အဆိုပါ လုယက်မီးရှို့ရန် ကြိုးပမ်းသူကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


 ဇန်န၀ါရီလ ၅ ရက် ၂၀၁၆

 ထိုင်းနိုင်ငံမှာ ညပိုင်းလမ်းမပေါ်က လူမိုက်ဂိုဏ်းတွေရဲ့  ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေပါ။

ထိုင်းနိုင်ငံသူ အထက်တန်းကျောင်းတက်နေကြတဲ့ အမွှာညီအမ နှစ်ဦးထဲက တဦးကို ကြိုက်နေ တဲ့ ဆေးသမား လူမိုက်ဂိုဏ်းဝင်က သူ့ ကို ပြန်မချစ် လို့  ကောင်မလေး ဆိုင်ကယ်စီး လာနေ စဉ် မှာ နောက်က အုပ်စုလိုက် ဆိုင်ကယ်နဲ့  လိုက်လာကြပြီး သေနတ်နဲ့  အချက်ပေါင်း များစွာ ပစ်ခဲ့ပါတယ်။


ဆေးရုံမှာ အရေးပေါ် အသက်လုပြီး ကယ်ခဲ့ရပေမယ့် သူမမျက်နှာကို ဖြတ်မှန် သွားတဲ့ သေနတ်ကျည်ဆံကြောင့် မျက်လုံးနှစ်လုံးစလုံး ကန်းသွားခဲ့ပါတယ်။

အဓိက တရားခံနှစ်ဦးကိုမိသွားခဲ့ပါပြီ ၊ ပစ်တဲ့သူတွေက အမွှာညီအမဆိုတော့ လူမှားပြီး ပစ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ၊

ဆရာဝန်တွေကတော့သူမ ပြန်မြင်ဘို့ အခွင့်လမ်းမရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။ ကံကောင်းသွားတဲ့ အမွှာ ညီမတဦးက သူမကြောင့် ဖြစ်ရတာမို့  သူမရဲ့  မျက်လုံး တစ်လုံးကို ထုတ်ပေးဖို့  ဆေးရုံမှာ တောင်းဆိုခဲ့ပါတယ်.။

Sanook.com
https://www.facebook.com/Social-Action-for-Women-SAW


 မင်းသမ္မတဖြစ်ရင်ကြိုက်တာလုပ်။ ဘယ်သူမှ အရေးမယူအောင် ၂၀၀၈ မှာ ငါထည့်ဆွဲပေးထားမယ်”” ဆိုတာမျိုးကို ဦးသန်းရွှေ လုပ်ပေးလို့မရ ပါဘူး။၂၀၀၈ဖွဲ့စည်းပုံဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကိုသာ အကာအကွယ်ပေးထားပြီး သူနေရာချပေးခဲ့တဲ့သူ့လက်ရင်းတပည့် ဦးသိန်းစိန်အစိုးရအတွက်တော့ အကာအကွယ်မဲ့နေခဲ့ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇင်ဘာ ၂၁ ရက်ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ““နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း””ကို ဖော်ပြခဲ့ပါတယ်။ ဒီဥပဒေကြမ်းရဲ့အခန်း ၄ မှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက်အပေါ် အကာအကွယ်ပေးခြင်း ခေါင်းစဉ်နဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း တာဝန်အရဆောင်ရွက်ချက်များ ကိုအကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့်အရေးယူခြင်းတို့ မရှိစေရ”” ဆိုတဲ့ အပိုဒ်ပါရှိလာပါတယ်။

ဥပဒေကြမ်းရဲ့ အခြားအချက်တစ်ချက်ကတော့ နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကို လုံခြုံရေး အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို ဝေဖန်သူသိပ်မတွေ့ရပေမယ့် အခန်း ၄ ပါ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဟာတာဝန်ကအနားယူပြီးရင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန်အရေးယူခွင့်မရှိဆိုတဲ့ အချက်ကိုတော့ ပြည်တွင်း၊ ပြည်ပက အပြင်းအထန် ကန့်ကွက်ဝေဖန်လျက်ရှိပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကြီးက “မြန်မာလွှတ်တော်အနေနဲ့ နိုင်ငံတော် သမ္မတဟောင်းတွေကို အလွန်အကျွံ အကာအကွယ်ပေးပြီး ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဒီဥပဒေကြမ်းကိုလက်မခံဘဲ ပယ်ချသင့်တယ်လို့ လွှတ်တော်ကိုတိုက်တွန်းလိုက်ပါ တယ်။ HRW ရဲ့ အာရှဒေသဆိုင်ရာဒါရိုက်တာဖီးလ်ရော်ဘင်ဆန်က““ဒီဥပဒေကြမ်းက အလွန်ကို မျက်နှာပြောင်တိုက်တဲ့ ဥပဒေကြမ်းပါပဲ။ သမ္မတ အနေနဲ့ သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ အေးအေးလူလူနဲ့ အနားယူ နိုင်အောင် ရည်ရွယ်ချက်ရှိရှိစီစဉ်ထားတဲ့ ဥပဒေဖြစ်နေပါတယ်”” ဆိုပြီး ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

ပြည်တွင်းနိုင်ငံရေး လေ့လာသူတွေနဲ့ ပြည်သူကြားမှာလည်း ဒီဥပဒေကြမ်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ သောသော ညံနေပါတယ်။ ဒီဥပဒေကြမ်းအရဆိုရင် ဦးသိန်းစိန် သမ္မတသက်တမ်း တစ်လျှောက် ဦးသိန်းစိန် တာဝန်ခံရမယ့် ဥပဒေမဲ့လုပ်ရပ်တွေ အပေါ် နောက်ကြောင်းပြန်ပြီး အရေးယူခွင့်ရတော့မှာ မဟုတ်ပါ ဘူး။

ဒီ ဥပဒေကြမ်းသာ လွှတ်တော်မှာ အတည်ပြုဖြစ်ခဲ့ရင် နောင်လာမယ့် ၃ လမှာ တာဝန်ကအနားယူရတော့မယ့် သမ္မတ ဦးသိန်းစိန်ဟာ ကိုယ်ရံတော် လုံခြုံရေးအပြည့်နဲ့ တာဝန်ခံရမယ့် ဥပဒေမဲ့လုပ်ရပ် တွေရှိခဲ့ရင်တောင်သောက ဗျာပါဒပွားစရာမလိုဘဲ အေးအေးလူလူအနားယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို လွှတ်တော်သက်တမ်းကုန်ခါနီး တစ်လလောက်အလိုမှ ဘာလို့ တက်သုတ်ရိုက်ပြဋ္ဌာန်းဖို့ ပြင်ဆင်လာတာလဲဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဒီဥပဒေကြမ်း ပေါ်ထွက်လာခြင်းရဲ့ နောက်ကွယ်မှာ ပဟေဠိတချို့ ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၄၅ မှာ န၀တခေတ်၊ နအဖ ခေတ်က ဆောင်ရွက် ချက်တွေနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် အရေးမယူနိုင်တဲ့ အချက်တွေကို အရင်အာဏာပိုင် အကြီးအကဲက ထည့်သွင်းရေးဆွဲစေခဲ့ပြီးဖြစ်ပါတယ်။

ပုဒ်မ ၄၄၅ ။ ။ ““ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမူ တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်းဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်အပေါ် အကြောင်းပြုလျက် ယင်းတို့အားတရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ””

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ အရဆိုရင် န၀တ ခေတ်၊ နအဖခေတ်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် အရေးယူခွင့်မရှိပါဘူး။ န၀တ၊ နအဖ ခေတ်အလွန် ဦးသိန်းစိန် သမ္မတ သက်တမ်းအတွင်းလုပ်ဆောင်ချက်တွေကို အကာအကွယ်ပေးထားတဲ့ ပုဒ်မဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ မပါဝင်ပါဘူး။ ထည့်သွင်းရေးဆွဲဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ သမ္မတမှ မလုပ်ရသေး။ ““မင်းသမ္မတ ဖြစ်ရင်ကြိုက်တာလုပ်။ ဘယ်သူမှ အရေးမယူအောင် ၂၀၀၈ မှာ ငါထည့်ဆွဲပေးထားမယ်”” ဆိုတာမျိုးကို ဦးသန်းရွှေ လုပ်ပေးလို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကိုသာ အကာအကွယ်ပေးထားပြီး သူနေရာချပေးခဲ့တဲ့ သူ့လက်ရင်းတပည့် ဦးသိန်းစိန်အစိုးရအတွက်တော့ အကာအကွယ်မဲ့နေခဲ့ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေရှိနေခဲ့ရင် အကာအကွယ်မဲ့နေတာကို ဆိုလိုတာပါ။ ဒီအတွက်လည်း ဦးသိန်းစိန်သမ္မတ သက်တမ်းကုန်ခါနီးမှာ ဦးသိန်းစိန်ကို အကာအကွယ်ပေးမယ့် ဒီဥပဒေကြမ်းကို ရေးဆွဲဖို့ တက်သုတ်ရိုက်ပြင်ဆင်ခဲ့တယ်လို့ သုံးသပ်ရပါတယ်။ လက်ရှိ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးနဲ့တပ်မတော် ပူးပေါင်းရင် ဘယ်ဥပဒေမဆိုအတည်ပြုဖို့အခွင့်အရေးကို ရရှိထားပါတယ်။

လက်ရှိအာဏာပိုင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ပေါင်းပြီး အာဏာဆက်လက်စွဲကိုင်ဖို့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ၂၅ ရာခိုင်နှုန်းတော့ အနည်းဆုံး အနိုင်ရမယ်လို့ ကျိန်းသေ ယူဆထားတဲ့ ပုံရပါတယ်။ ထင်သလို ဖြစ်မလာဘဲ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အလူးအလဲရှုံးနိမ့်သွားတဲ့အခါ နောက်ကျောမလုံမှုတွေဖြစ်လာတယ်လို့ သုံးသပ်ရပါတယ်။ ဒီအတွက် ရုပ်ပျက်ဆင်းပျက်ဆိုသလိုပဲ လွှတ်တော်သက်တမ်းကုန်ခါနီးလေးမှာ ဒီဥပဒေကြမ်းကို အမြန်တင်သွင်းပြီး လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ကြိုးစားလာတာပဲဖြစ်ပါတယ်။

ဒီ ဥပဒေကြမ်း လွှတ်တော်ထဲရောက်လာရင် ဘယ်သူတွေ က ထောက်ခံဆွေးနွေးပြီး ဘယ်သူတွေကန့်ကွက်ဆွေးနွေးကြ မယ်ဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဂိုဏ်းဂဏအကွဲအပြဲကြောင့် အချင်းချင်း မသင့်မြတ်ဘူးလို့ သုံးသပ်နေကြတဲ့ လွှတ်တော်နာယက ဦးရွှေမန်းဘက်တော်သား ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာ တညီတညွတ်တည်း ဒီဥပဒေကြမ်းကို ထောက်ခံအတည်ပြုပေးကြမှာလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ဘယ်လိုမှ မညီညွတ်တဲ့ အပြင်ပြည်သူ ရဲ့ ဝေဖန်သံတွေညံနေတဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်တစ်ရပ်လုံး တညီတညွတ်တည်း ထောက်ခံအတည်ပြုကြရင် ဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ရဲ့ ဂိုဏ်းဂဏ အကွဲအပြဲဟာ ပြဇာတ်တိုက်ထားတာသာဖြစ်တယ်လို့ ပြည်သူက ယူဆကြတော့မှာ ဧကန်ပါပဲ။

ဒီဥပဒေကြမ်းဘယ်လိုပဲ အတည်ပြု ဖြစ်သည်ဖြစ်စေ နောင်လာမယ့် လွှတ်တော်အသစ်မှာတော့ ဒီဥပဒေရဲ့တည်ရှိမှုဟာ အနိုင်ရ NLD ပါတီလက်ထဲမှာရှိနေပါတယ်။ အစိုးရအသစ်ရဲ့ လွှတ်တော်အခင်းအကျင်းမှာ NLD ပါတီဟာ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ် ထက်ဝက်ကျော်နေရာကို ရထားပါတယ်။ သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီညွတ်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေကိုပြင်ဆင်ချက် တင်သွင်းလာလို့ NLD ကိုယ်စားလှယ်တွေက ထောက်ခံရင် ဒီဥပဒေကို ပြန်ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။

သမ္မတ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှာထောက်ခံဆွေးနွေးမှု၊ ကန့်ကွက်ဆွေးနွေးမှုနဲ့ ဥပဒေကြမ်းကို အတည်ပြုဖြစ်၊ မပြုဖြစ်ဆိုတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ညွှန်း၊ ဇာတ်ကွက်တချို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးရုပ်လုံးသရုပ်တို့ကို အကဲဖြတ်ဖို့ အခွင့်အရေးကြုံလာနိုင် ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

၂၄-၁၂-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald


ရန်ကုန် ဇန်နဝါရီ ၎

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၌ ယခုနှစ် ပထမ ခြောက်လ အတွင်း အပူဆုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''အယ်လ်နီညိုနဲ့ပတ်သက်ပြီး ၂ဝဝ၃ ခုနှစ်မှာ သုတေသနလုပ်ငန်းအတွက် စာတမ်းရေးခဲ့တယ်။ လေ့လာချက်တွေအရ ထိခိုက်မှုက ၂ဝ၁၅ ထက် ၂ဝ၁၆ က ပိုဆိုးမယ်။ ရေရှားမှု၊ အပူချိန်လွန်ကဲမှုဖြစ်စဉ်တွေ ဖြစ်မယ်''ဟု ဦးထွန်းလွင်က ပြောသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် အနည်းဆုံး ၁၂ လမှ အများဆုံး ၁၈ လထိကြာမြင့်ကြောင်း၊၁၂လကြာ ဖြစ်စဉ်တွင် ရှေ့နှစ်ဒုတိယ ခြောက်လနှင့် နောက်နှစ် ပထမ ခြောက်လ ထိခိုက်မှုများရှိနိုင်ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအထိ အယ်လ်နီညိုထိခိုက်မှု ရှိနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ကမ္ဘာပေါ်တွင် ကျောက်မီးသွေးသုံးစွဲမှုနှင့် သစ်တော ပြုန်းတီးမှုများကြောင့် ဓာတ်ငွေ့ထုတ်လွှင့်မှုများလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့တိုးလာကာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွား လာကြောင်း သိရသည်။

''ရာသီဥတုတွေက ပြောင်းလဲနေပြီ။ ပြောင်းလဲတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ ရာသီဥတုပြောင်းလဲမှု ဒဏ်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး နိုင်ငံများ စာရင်းကို နှစ်စဉ်ပြုစုတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း ရာသီဥတုဒဏ် အဆိုးရွားဆုံးခံရတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာမှာ မြန်မာက ဒုတိယအဆိုး ဆုံးနိုင်ငံ ဖြစ်နေခဲ့တာ။ အဲဒါဘာလဲဆိုရင် သစ်တောပြုန်းတာပါပဲ။ ကမ္ဘာမှာ မြန်မာက သစ်တော ပြုန်းတီးမှုမှာ တတိယ အဆိုးဆုံးနိုင်ငံဖြစ်နေ တယ်''ဟု ၄င်းက ပြောသည်။

ကုလသမဂ္ဂမှ ၂ဝ၁၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကို ကမ္ဘာ့မြေနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကျောက်မီးသွေး သုံးစွဲခြင်းကို လုံးဝရပ်တန့် ပစ်ရန်နှင့် ကျောက်မီးသွေးအစား အခြားသော ပြန်လည်ဖြည့်စွမ်း နိုင်သည့် စွမ်းအင်များကို ပိုမိုသုံးစွဲရန်နှင့် လိုအပ်သည့် ဘဏ္ဍာငွေ ပြဋ္ဌာန်းသတ်မှတ်ပြီး အသုံးပြုရန် တိုက်တွန်း ထားကြောင်း သိရသည်။

''ကျွန်တော်တို့နိုင်ငံမှာတော့ ကျောက်မီးသွေးကို အခု မှ အရှိန်အဟုန်နဲ့ လုပ်မယ့်သဘောတွေ ပြနေပါတယ်။ အဲဒါက ပြန်လည်စိစစ်သင့်တဲ့ကိစ္စ တစ်ခုပါ။ ကမ္ဘာသွား တဲ့လမ်းနဲ့ ကျွန်တော်တို့ သွားတဲ့လမ်းက ဆန့်ကျင် ဘက် ဖြစ်နေတယ်။ အဲဒီအချက်က အရေးကြီးပါတယ်''ဟု ဦးထွန်းလွင်က ဆိုသည်။

အမေရိကန်နိုင်ငံ Notre Dame University မှ ရာသီဥတုပြောင်း လဲခြင်းကြောင့် ထိခိုက်မှုနှင့်ပတ်သက်ပြီး အချက်နှစ်ချက်ခွဲပြီး ကမ္ဘာ့နိုင်ငံ ၁၈၄ နိုင်ငံကို တစ်နိုင်ငံချင်း အလိုက် လေ့လာကာ အမှတ်ပေးစနစ်နှင့် အဆင့်ခွဲပြီး တန်းစီဇယားဆွဲခဲ့သည်။

အဆိုပါအချက်နှစ်ချက်တွင် နံပါတ်(၁) သဘာဝအရ အရှိအတိုင်းဖြစ်နေ သည့် ရာသီဥတု၏ ထိခိုက်မှုနှင့် ဒုတိယအချက်တွင် လူများ၏ဆောင်ရွက်မှု ဟု နှစ်ပိုင်း ခွဲထားသည်။

သဘာဝအရ ထိခိုက်မှုအလားအလာ တန်းစီဇယား နိုင်ငံပေါင်း ၁၈၄ နိုင်ငံတွင် မြန်မာနိုင်ငံက ၁၃၁ ရှိနေပြီး မြန်မာနိုင်ငံအောက် တွင် နိုင်ငံပေါင်း ၅ဝ ရှိကြောင်း လူနှင့် ပတ်သက်သည့်အပိုင်း တွင် မြန်မာနိုင်ငံက ၁၈၄ နိုင်ငံတွင် ၁၇၉ ရောက်ရှိသွားပြီး အဆိုးဆုံး ၁ဝ နိုင်ငံ တွင် ပါဝင်ကြောင်း သိရသည်။

''သစ်တောပြုန်းတာအတွက် သစ်ပင်တွေ ပြန်စိုက် ရမယ်။ ခက်တာက သစ်တစ်ပင်ခုတ်ပြီး ပြန်စိုက်လိုက်လို့ အရင်တုန်းကအတိုင်း အကျိုးကျေးဇူး က ပြန်ရတယ်လို့ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ခုတ်လိုက်တဲ့ သစ်ပင်ထဲမှာ ဂေဟစနစ်က ပါသွားတယ်။ သစ်ပင် စိုက်ရင် ခုတ်လိုက်တဲ့ သစ်ပင် ပြန်ရဖို့အတွက် နှစ်ပေါင်း များစွာ စောင့်ရမှာ။ ချက်ချင်းလုပ်လို့ အကျိုး ကတော့ ပြန်မရနိုင်ဘူး။ မလုပ်မဖြစ် အချိန်ယူလုပ်ရမယ့် လုပ်ငန်း တွေဖြစ်နေတယ်''။

''ဒီနိုင်ငံမှာ အလိုအပ်ဆုံး နံပါတ်တစ်ဦးစားပေးက အသိပညာပဲ။ ဒီလို လိုအပ်တဲ့နိုင်ငံတွေလည်း ကမ္ဘာမှာ အများကြီးရှိတယ်''ဟု ဦးထွန်းလွင် ကပြောသည်။

နိုင်ငံတကာမှ နှစ်စဉ်နှစ်တိုင်း အရေးကြီးဆုံး မီးမောင်းထိုးပြရမည့် အကြောင်းအရာကို ရွေးချယ်ပြီး ဆောင်ပုဒ်အဖြစ် ကမ္ဘာ့မိုးလေဝသနေ့ကို ကျင်းပလေ့ ရှိရာ ၂ဝ၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျရောက်ခဲ့ သည့် ကမ္ဘာ့မိုးလေဝသနေ့တွင် ''ရာသီဥတုလုပ်ငန်းများ အတွက် ရာသီဥတုအသိ ပညာ အရေးကြီးဆုံး'' အကြောင်း အရာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၇-၁၉၉၈ ခုနှစ်၌ အယ်လ်နီညို ကျရောက်ခဲ့စဉ်က အပူဆုံးနှစ်ဖြစ်ခဲ့ကာ အပူဆုံးစံချိန်တင်ခဲ့သည့် မြို့ပေါင်း ၅ဝ ခန့်နှင့် မိုးရေချိန် အနည်းဆုံးစံချိန် တင်ခဲ့သည့် မြို့ပေါင်း ၅ဝခန့်ရှိခဲ့ကြောင်း မိုးလေဝသ မှတ်တမ်း များအရ သိရသည်။

သတင်း-မင်းသစ်၊ ဓာတ်ပုံ-အေးမင်းစိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ဒီဇင်ဘာလ ဒုတိယအပတ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကိုဖြန့် ဝေထားတဲ့ အမျိုးသားကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်း ( ကာလုံ)ကို အချိန်မလောက်တော့တဲ့အတွက် လွှတ်တော်ကို မတင်တော့ ဘူးလို့ အမျိုး သားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ဒီဥပဒေဟာလွှတ်တော်ထဲရောက်နေတာ ၂ နှစ်လောက်ရှိနေပြီးလိုလဲသူကဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


သရုပ်ဆောင် ဝေဠုကျော်ကို ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဒေါက်တာဆု ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းကပေးသည့် ဓမ္မတက္ကသိုလ် ဒေါက်တာဘွဲ့ဆိုသည်မှာ စိတ်ဓာတ်မြင့်မားသူ၊ မေတ္တာတရား ကြီးမားသူကို ထိုက်တန်ဂုဏ်ပြုသည့် ဘွဲ့ဖြစ်သည်။ Union Biblical Seminary မှစွမ်းစွမ်းတမံ ဆောင်ရွက်လေ့ ရှိသူများကိုပေးအပ် လေ့ရှိသည့် နှစ်ခြင်းခရစ်ယာန် အသင်းတော်နှင့် အခြား အဖွဲ့အစည်းနှစ်ခု ပူးပေါင်း ပေးအပ်သည့် Doctor of Humane Letter ဒေါက်တာ ဘွဲ့ ချီးမြှင့်မှု အခမ်း
အနားကို အကယ်ဒမီ ဝေဠုကျော်က ဇန်န၀ါရီလ ၄ ရက် ဧမာနွေလ ဘုရားကျောင်းတွင် ပြုလုပ်သည့် ယူနီယံဓမ္မတက္ကသိုလ်၏ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက် ရယူခဲ့သည်။

စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အခြားလူမူရေး ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သော အကယ်ဒမီ ဝေဠုကျော် အား ယခုနှစ်အတွက် လူမှု ထူးချွန်ဆု (ဒေါက်တာဘွဲ့) ကို အဆိုပါ အသင်းအဖွဲ့ကြီးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အနုပညာရှင်များထဲမှ လူမှုရေးလုပ်ငန်းများကို စွမ်းဆောင်နိုင်ခဲ့သူ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကှဋ္ဌဦးကျော်သူကိုလည်း ယခင်နှစ်က အဆိုပါ ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဧ၀ံဂေလိအဖွဲ့ချုပ်၏ လူမှုကယ်ဆယ်ရေး ဂုဏ်ပြု မှတ်တမ်းလွှာတွင် ဝေဠုကျော် ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ဦးဝေဠုကျော် သည် လူမျိုးမရွေး၊ ဘာသာမရွေး ၊ ဆင်းရဲဒုက္ခ ရောက်သော ပြည်သူများအား ၊ ပြည့်ဝစုံလင်သော မေတ္တာတရားဖြင့် ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ
အားတက်သရော ကူညီမစ လှူဒါန်း ပြုစုစောင့်ရှောက် ပါသောကြောင့် လူမှုကယ်ဆယ်ရေး ဂုဏ်ပြုလွှာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့် အပ်ပါသည်ဟု ဖော်ပြထားသည်။

သတင်း - ဇော်မင်းထွန်း
PHOTO - Phyo Ko Ko Zaw
The Ladies News Journal
https://www.facebook.com/News.TheLadies


 သာသနာ အဆောက်အအုံ ၀င်းများ အတွင်း ဥပဒေ မလွတ်ကင်းသော ကိစ္စရပ်များ လုပ်ဆောင်မှုရှိလျှင် တိကျစွာ တိုင်ကြားမှသာ အရေးယူနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သာသနာ့ အဆောက်အအုံ ၀င်းများ အတွင်း ဥပဒေနှင့် ကိုက်ညီခြင်း မရှိသော ကိစ္စရပ်များ လုပ်ဆောင်မှုအတွက် စစ်ဆေးရာတွင် အခက်အခဲများ ရှိခြင်းကြောင့် တိကျစွာ တိုင်ကြားမှသာ အရေးယူနိုင်မည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ထွန်းကဆိုသည်။

“ဘုန်ကြီးကျောင်းတွေဆိုတော့ ဒီအတိုင်းကြီးလည်း သွားဖမ်းလို့ မရဘူး။ ပြဿနာ  တက်မှ တိုင်ကြား လာရင် တော့ သက်ဆိုင်ရာ တိုင်းသာသာရေး၊ ခရိုင်သာသနာရေးတို့နဲ့ ချိတ်ဆက်ပြီး လုပ်ရမှာဖြစ်ပါတယ်”ဟု ဒုတိယ ရဲမှူးကြီး စိန်ထွန်းကဆိုသည်။

သာသနာ့ အဆောက်အအုံများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက စက်မှုလုပ်ငန်းများကို အသုံးပြုပြီး အိမ်သုံးမီတာခ ပေးဆောင်နေမှုများအတွက် ပြင်ဆင်ပေးရန် တင်ပြသည့် ဖြစ်စဉ်များလည်း ၂၀၁၅ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မြင့်
ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း တိုင်ကြားမှုများအရ ဘုန်ကြီးကျောင်းဝင်းအတွင်း တရားမ၀င် သစ်များထားရှိမှု၊ လောင်းကစားဝိုင်းများ လုပ်ဆောင်မှုများအတွက် သက်ဆိုင်ရာ ဌာန အသီးသီး ပူးပေါင်းကာ ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လောင်းကစားဝိုင်း ရှိသည်ဟု တိုင်ကြားခဲ့သည့် ဖြစ်စဉ်အတွက် စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ရကြောင်း မန္တလေးတိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သတင်း - MMK
Photo – Saung Phyu
The Ladies News Journal
https://www.facebook.com/News.TheLadies

NLD နဲ့ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ NLDဌာနချုပ်မှာ ဆွေးနွေးနေစဉ် (ဇန်န၀ါရီလ ၄ရက် ၂၀၁၆)
NCA စာချုပ်အရ မကြာခင်ရက်ပိုင်းအတွင်းကျင်းပတော့မယ့် နောက်ဆုံး အဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက်စတဲ့ရလာဒ်တွေ ထွက်ပေါ်လာအုံးမှာ မဟုတ်သေး ဘူးလို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော၊ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါ တူညီတဲ့သဘောထားရှိနေပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က သူရဲ့လွတ်လပ်ရေးနေ့မိန့်ခွန်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဖွဲ့စည်းပြီးချိန် ပထမဦးဆုံး တာဝန်ဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်ပြီး တကယ် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပ သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

မြန်မာအစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ အမည်ပေးထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NLD ပါတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့ကိုယ်စားလှယ်တွေဟာ မနေ့က NLD ရန်ကုန်ဌာနချုပ်မှာ နှစ်ဖက် ပထမဦးဆုံးအကြိမ် တရားဝင် တွေ့ဆုံပြီး သဘောထားအမြင်တွေကိုဆွေးနွေးခဲ့ကြတာပါ။ နှစ်ဖက်အဓိကတူညီတဲ့ အမြင်သဘောထားကို ဆွေးနွေးပွဲမှာပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ လက်ရှိအစိုးရလက်ထက်မှာ NCA သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်လွှတ်တော်မှာကန့်ကွက်မဲ့သူ မရှိအတည်ပြုနိုင်ခဲ့တယ်။ နောက်နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် စပြီးအုတ်မြစ်တွေချနိုင်ခဲ့တာကြောင့် နိုင်ငံရေးအရတိုးတက်မှုတရပ် ကိုပဲအဓိကထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုကျင်းပနိုင်တဲ့အဆင့်ပါ။ ဒီညီလာခံမှာတော့ခေါင်းစဉ် တရပ်ဆွေးနွေးပြီးတော့မှ အဖြေထွက်အောင်အထိဆွေးနွေးတဲ့ရလဒ်မျိုးတော့ရနိုင်အုံးမယ်အနေအထားမရှိပါဘူး။နိုင်ငံရေးအရတိုးတက်မှုတရပ်ကိုပဲအဓိကထားရမှာဖြစ်ပါတယ်။”

ဒါပေမယ့် လက်ရှိအစိုးရက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ NLDဘက်က နိုင်ငံရေးပါတီကိုယ်စားလှယ်အနေနဲ့ပဲ ပါဝင်မှာဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“NLD ကအခုဟာကအနိုင်ရရှိထားတဲ့ပါတီဆိုတာမှန်တယ်။ သို့သော်အစိုးရအနေနဲ့ အာဏာကိုလွှဲပြောင်းရယူထားတာမရှိသေးတဲ့ အတွက်အခုလက်ရှိဖွဲ့စည်းထားတဲ့အခြေအနေအရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့အစိုးရဆိုတဲ့ခေါင်းစဉ်နဲ့ပါအုံးမှာမဟုတ်သေးပါဘူး။ သို့သော် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အချိုးအစားမှာ ရော၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များအစုအဖွဲ့ကနေ အချိုးကျပါဝင်ခွင့်ရှိပါတယ်။”

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာပါတဲ့ အချက်တွေကို လက်ရှိမြန်မာအစိုးရဘက်က အဆင့်ဆင့်အကောင်ထည်ဖေါ်ဆောင်ရွက်နေရာမှာ အခုနောက်ဆုံးအဆင့်ဖြစ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဇန်န၀ါရီလ (၁၂)ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်နေတာပါ။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီဘက်ကကိုယ်စားလှယ်တွေအားလုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို(၅)ရက်ကြာကျင်းပဖို့လျာထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးပြီးနောက်မှာတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းထားပြီး နောက်လွှတ်တော်သက်တမ်း အသစ်ခေါ်ယူပြီးနောက် အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာ လွှဲပြောင်းပြီးဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်မှာဖြစ်တယ်လို့ဦးခွန်မြင့်ထွန်းကပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရကဦးဆောင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေအပြင် လေ့လာသူတွေအပါအ၀င် စုစုပေါင်း လူဦးရေ (၇၅၀)တက်ရောက်နိုင်ဖို့စီစဉ်ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)