01/10/16

များပြား လာတဲ့ ပရဟိတ လုပ်ငန်းတွေအနေနဲ့ နာမည်ကြီးဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲ သစ္စာ ဆိုရဲပြီး ဆောင်ရွက်ကြဖို့ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ဥက္ကဌဖြစ်သူ ဦးကျော်သူက တိုက်တန်း ပြောကြားလိုက်ပါတယ်။
နာရေးကူညီမှု အသင်း(ရန်ကုန်) ရဲ့ ၁၅ နှစ်ပြည့်အခမ်းအနားကိုတော့ ဇန်န၀ါရီ ၁၀ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာရောက် သူတွေနဲ့အထူးစည်ကား ခဲ့ပါတယ်။၁၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ ပါတယ်။

အခမ်းအနားမှာ အမှတ်တရ စကားပြောကြားမှုတွေ အပြင် အသင်းရဲ့သင်တန်းသား၊ သင်တန်းသူတွေရဲ့ ဖျော်ဖြေမှု၊ အကဖွဲ့တွေရဲ့တင်ဆက်မှု၊ ဇာတ်လမ်း တိုပြသမှုတွေနဲ့ ကိုစောဖိုးခွားရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါအပြင် သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လည်းတက်ရောက်ခဲ့ပါတယ်။


ပရဟိတ လုပ်ငန်းများကို နာမည်ကြီးဖို့ ထင်ပေါ်ဖို့အတွက် မဟုတ်ဘဲ သစ္စာဆို လုပ်ကိုင်ရဲဖို့လိုကြောင်း နာ/ကူအသင်းဥက္ကဌ ဦးကျော်သူ ပြောကြား(ရုပ်သံ) များပြား လာတဲ့ ပရဟိတ လုပ်ငန်းတွေအနေနဲ့ နာမည်ကြီးဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲ သစ္စာ ဆိုရဲပြီး ဆောင်ရွက်ကြဖို့ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ဥက္ကဌဖြစ်သူ ဦးကျော်သူက တိုက်တန်း ပြောကြားလိုက်ပါတယ်။ နာရေးကူညီမှု အသင်း(ရန်ကုန်) ရဲ့ ၁၅ နှစ်ပြည့်အခမ်းအနားကိုတော့ ဇန်န၀ါရီ ၁၀ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာရောက် သူတွေနဲ့အထူးစည်ကား ခဲ့ပါတယ်။၁၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ ပါတယ်။ အခမ်းအနားမှာ အမှတ်တရ စကားပြောကြားမှုတွေ အပြင် အသင်းရဲ့သင်တန်းသား၊ သင်တန်းသူတွေရဲ့ ဖျော်ဖြေမှု၊ အကဖွဲ့တွေရဲ့တင်ဆက်မှု၊ ဇာတ်လမ်း တိုပြသမှုတွေနဲ့ ကိုစောဖိုးခွားရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါအပြင် သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လည်းတက်ရောက်ခဲ့ပါတယ်။
Posted by Eleven Web TV on Sunday, January 10, 2016
Eleven Media Group

NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းအား တွေ့ရစဉ်။

ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဇန်န၀ါရီ ၁၀ ရက်က နေပြည်တော်ရှိ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် နှင်းဆီစံအိမ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများကို နှစ်ပတ်တစ်ကြိမ် ပြုလုပ်လျက်ရှိပြီး ယခုအစည်းအဝေးတွင် အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဆုံဖြတ်ချက် မချနိုင်သေးကြောင်းနှင့် အခက်အခဲများ ရှိနေကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးတယ်။ ဆုံးဖြတ်ချက် မရှိသေးဘူး။ ဆုံးဖြတ်ချက် မရှိသေးတဲ့အတွက် အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ နောက်တစ်ကြိမ် အစည်းအဝေးအတွက် အခက်အခဲ အများကြီး ရှိတယ်။ ကျွန်တော်တို့ အခု ဆုံးဖြတ်လို့ မရဘူး။ နှစ်ပတ်တစ်ခါ အစည်းအဝေး လုပ်တယ်။ နောက်တစ်ကြိမ် နှစ်ပတ်ဆိုရင် အရမ်းအလုပ်ရှုပ်မယ်။ ဘာလုပ်ရမှန်း မသိသေးဘူး။ နီးတော့မှ ကျွန်တော်တို့ ဆုံးဖြတ်မယ်။ အခက်အခဲက လူရွေးပြီးရင် လူတိုင်းကို ရွေးပြီးတော့ ကိုယ့်ဖာသာ ရွေးလို့မရဘူး။ ကာယကံရှင်ရဲ့ သဘောတူညီချက်လည်း လိုတယ်ပေါ့။ ကျွန်တော်တို့ မပြည့်စုံသေးဘူး။ ဒါကြောင့် ဆုံးဖြတ်ချက် မကျသေးဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက အစည်းအဝေး အပြီးတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၂၅၅ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းအား တွေ့ရစဉ်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် တင်မြှောက်ရမည့် ဒုသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီး ဖြစ်သည်။

ထို့ပြင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကိုလည်း ကျော်လွန်စွာ ရရှိထားပြီး ဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် ပါတီဖြစ်သည်။

ယခု ကျင်းပလျက်ရှိသော ပထမအကြိမ် လွှတ်တော်၏ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် ဒုတိယအကြိမ် လွှတ်တော်ကို ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး အဆိုပါ လွှတ်တော် အစည်းအဝေးတွင် သမ္မတနှင့် ဒုသမ္မတနှစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။

လက်ရှိတွင်လည်း နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ဖြင့် ဖွဲ့စည်းထားပြီး NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
Writer:
ငြိမ်းဇော်လင်း၊ ကျော်မျိုး

Eleven Media Group


ကျောက်ဖြူ၊ ဇန်န၀ါရီ ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြည်တွင်းစစ် ရပ်စဲရေးအတွက် လူပေါင်း ၃၀၀ ကျော်သည် ယနေ့ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် လမ်းပေါ်ထွက် တောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ် တောင်းဆိုသူ၃၀၀ ကျော်ခန့်သည် ပြည်တွင်းစစ်ရပ်ပေးပါ၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ stop civil war စသည့် ပိုစတာများကို ကိုင်ဆောင်ပြီး ဘုရားကြီးတောင်ကွင်းမှ စတင်၍ မြို့တွင်းလှည့်လည်ကာ စစ်ပွဲများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

“ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးသာအလိုရှိသည်” စသည့် ကြွေးကြော်သံ များကို သံပြိုင် ကြွေးကြော် ဆန္ဒဖော်ထုတ် ခဲ့ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုထွန်းကြည် ကပြောသည်။

ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည် သွားနေချိန်တွင် ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေဖြစ်နေသဖြင့် ဖွံ့ဖြိုးရေး ဆိုတာ ရှိလာမှာ မဟုတ်ကြောင်း ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးမှုမရှိနိုင်ကြောင်း ကိုထွန်းကြည်က ဆက်လက် ပြောဆိုသည်။

“ ဖွံ့ဖြိုးတိုးတက်ရေး ဆီသွားနေပါတယ်လို့ ပြောနေ တဲ့ မြန်မာနိုင်ငံ မှာ ပြည်တွင်း စစ်တွေ ဖြစ်နေတာကို တွေ့နေရတယ်။ စစ်ဖြစ်နေရင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။စစ်ပွဲ အမြန်ရပ်ပေးပါလို့ တောင်းဆို ပါတယ်” ဟု ကိုထွန်းကြည် ကပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒေါ်ကြည်ကြည်နှင်းကလည်း “ ပြသနာကို လက်နက်နဲ့ ဖြေရှင်းလို့ မရနိုင်ပါ။ ဆွေးနွေးပြီးမှသာ အဖြေရှာသင့်ပါတယ်။ အပြတ် ချေမှုန်းရေး ဆိုတဲ့ အနေအထားနဲ့ ရှေ့ကို ဆက်မသွားစေ ချင်တော့ဘူး။ ဒီလိုလုပ်နေရင် စစ်ပွဲတာရှည်နိုင်တယ်။ လူတွေလည်း ဒုက္ခ ရောက်တယ်။ ဆွေးနွေးပြီး စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပေး ပါလို့ တောင်းဆိုပါတယ်” ဟု ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၁ နာရီတွင် စတင်ခဲ့ပြီး ကျေးလက်ဒေသနှင့် ကျောက်ဖြူမြို့ပေါ်မှ လူပေါင်း ၃၀၀ ကျော်ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

(ဓာတ်ပုံ- နိရဉ္စရာ/ ကျော်ဝင်း)
ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews/



ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ်လို့ NLD ပါတီ ပြောခွင့်ရတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဦးဥာဏ်ဝင်း၏ ဖြေဆိုချက်


VOA


သမ္မတ ဘယ်သူလဲတို့၊ အစိုးရအဖွဲ့ဝင်တွေ ဘယ်သူတွေဖြစ်မလဲတို့၊ ဝန်ကြီးတွေက ဝန်ကြီးတွေ ပြန်ဖြစ်ဦးမှာလားတို့ အတော်လေး လူတွေ စိတ်ဝင်စားကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြောသင့်ပြီလို့ ပြောတဲ့လူတွေလည်း ရှိတယ်။ အဖွဲ့ချုပ်ဖက်ကတော့ အချိန်တန်ရင် သိရပါလိမ့်မယ်ဆိုတဲ့ စကားကိုပဲ ပြောထားပါတယ်။

ဒါကြောင့် ၂၀၁၀ လောက်က အဖြစ်အပျက်လေးတချို့ကို သတိပြန်ရမိတယ်။ အဲဒီတုန်းက ဘယ်သူ သမ္မတ လုပ်ရမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထုတ်မပြောသေးဘူး။ ဗိုလ်ချုပ်တွေကြားထဲမှာ သူလိုလို ငါလိုလို ထင်ကြေးမျိုးစုံနဲ့ပေါ့။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ညှိကွပ်ချုပ်)၊ ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝန်ကြီးချုပ်)၊ ဗိုလ်ချုပ်ကြီးသီဟ သူရတင်အောင်မြင့်ဦး(အတွင်းရေးမှူး၁)တို့ထဲက တစ်ဦးဦးတော့ ဖြစ်မှာဆိုတဲ့ သတင်းတွေလည်း ထွက်နေခဲ့တယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို သမ္မတ လုပ်ဖို့ ဆန္ဒရှိသလားလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မေးတယ်ဆိုတဲ့ ကောလာဟာလတစ်ခုလည်း ထွက်လာသေးတယ်။
တစ်ခါ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးကို သမ္မတ ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောတဲ့အတွက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက အဲလိုသာဆိုရင် သူသဘောမတူဘူး အာဏာသိမ်းပစ်လိုက်ရမလားလို့ ကြားခံလူတွေက တဆင့်ပြန်ပြောတယ်ဆိုတဲ့ ကောလာဟာလလည်း ထွက်လာပြန်တယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက သူသာ သမ္မတဖြစ်ရင် ဒီလူဒီလူတွေက ဒီဌာနတွေမှာ ဝန်ကြီးလုပ်ရမယ်ဆိုပြီး အစိုးရအဖွဲ့တစ်ခု လက်သိပ်ထိုး ဖွဲ့နေတယ်ဆိုတဲ့ သတင်းက ထွက်လာပြန်သလို၊ ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း (သူက ဝန်ကြီးချုပ်ဖြစ်နေတော့) လက်ရှိ ဝန်ကြီးတွေထဲက တချို့ကို ခေါ်တွေ့ပြီး ခင်ဗျားတို့ကို ဘယ်ဌာနတွေမှာ တာဝန်ပေးမယ်ဆိုတာမျိုး ခေါ်ပြောတယ်ဆိုတဲ့ သတင်းကလည်း ထွက်လာခဲ့တယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးတာခံရမယ့် ဒုတိယ ဗိုလ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးတွေကိုလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်အရဆိုပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ရွေးကောက်ပွဲဝင်ဖို့ စေခိုင်းမှုတွေလည်း ရှိလာခဲ့တယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမယ့်အပြင် တိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ့်သူတွေကိုလည်း သက်ဆိုင်ရာ လွှတ်တော်တွေမှာ ရွေးကောက်ပွဲဝင်စေဖို့ ဗိုလ်ချုပ်ကြီး သိန်းစိန် ကတဆင့် ညွှန်ကြားလာတာတွေ ရှိလာခဲ့တယ်။

ဗိုလ်ချုပ်ကြီး သိန်းစိန်ကတဆင့် ညွှန်ကြားတာတွေများလာတဲ့အတွက် သမ္မတလောင်းဟာ သူပဲဖြစ်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ပိုများလာခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကပဲ သေချာနေပြီး ကျန်တဲ့ သမ္မတ ၊ ဒုတိယသမ္မတ နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေက သူလိုလို ကိုယ်လိုလိုတွေ ဖြစ်နေခဲ့တယ်။

အတော်ကြီး ရက်နီးလာတော့မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဗိုလ်ချုပ်ကြီး သိန်းစိန် ကိုသာ သမ္မတ အဖြစ် ထောက်ခံမှုပေးတယ်ဆိုတဲ့ သတင်းက အပြင်ကို ပျံ့လာခဲ့တယ်။ တစ်ခါ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးတွေကို အစည်းအဝေးခေါ်ပြီး ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ် လျာထားတယ်။ မင်းတို့ထဲမှာ သူ့ထက်ပိုပြီး ကောင်းတဲ့လူ ဘယ်သူရှိသလဲလို့ မေးတယ်ဆိုတဲ့ ကောလဟာလတစ်ခုကလည်း ထွက်လာခဲ့တယ်။

အပြင်လူတွေကြားထဲမှာတော့ တပ်မတော်အစိုးရမှာ နံပါတ် ၃ အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက နံပါတ် ၄ အဆင့်ဖြစ်တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထက် သမ္မတဖြစ်မယ်လို့ ရေပန်းပိုစားခဲ့တယ်။

အဲဒီလိုနဲ့ လွှတ်တော်ခေါ်ယူတဲ့အချိန်ကျမှ ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုပြီး ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ်အဆိုပြုတာတွေ ဆက်တိုက်ဖြစ်လာတော့မှသာ ဦးသိန်းစိန် ( ဗိုလ်ချုပ်ကြီး၊ ဝန်ကြီးချုပ်)ဟာ သမ္မတ အဖြစ် ရွေးချယ်ထားသူဖြစ်ကြောင်း အများပြည်သူ သိရှိခဲ့ကြရတာဖြစ်ပါတယ်။

ကောလာဟာလတွေ အများကြီးဖြစ်ခဲ့တယ်။ သတင်းပလင်းတွေ မျိုးစုံထွက်ခဲ့တယ်။ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားဆိုတာ အချိန်တစ်ခုရောက်မှသာ သိခဲ့ကြရတာဖြစ်တယ်။ ဒါတောင်မှပဲ အဲဒီအချိန် အဲဒီကာလက စစ်အာဏာရှင်စနစ်ဖြစ်တာမို့ ဒီသတင်းနဲ့ပတ်သက်ပြီး ကြိုတင်ထုတ်ပြန်လာခဲ့ရင်လည်း ဘယ်သူကမှ နှောက်ယှက်ဟန့်တားရဲမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရွေးကောက်ပွဲ ၃ ကြိမ် ဝင်ပြိုင်ခဲ့ပါတယ်။ ၁၉၉၀ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရတယ်။ ဦးကြည်မောင်ပြောတဲ့စကားရဲ့ ဆိုလိုရင်း မဟုတ်ပါဘဲ စကားကို လိုရာဆွဲလို့ အနိုင်ရလွှတ်တော်အမတ်တွေအကုန်လုံးကို ဖမ်းဆီးခဲ့တယ်။ အာဏာလွှဲမပေးခဲ့ပါ။

၂၀၁၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြန်တယ်။ ကြားဖြတ်ဆိုတဲ့အတိုင်း လစ်လပ်နေရာလေးတချို့မှာ လုပ်တဲ့ရွေးကောက်ပွဲမို့ အင်အားသိပ်မရှိပေမယ့် နေရာပြည့်နီးပါး အနိုင်ရခဲ့တယ်။ ဒီလိုနဲ့ပဲ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဝင်ပြိုင်ခဲ့တယ်။ ၈၀%ခန့် အနိုင်ရခဲ့တယ်။ ၁၉၉၀ တုန်းကလို အစိုးရဖွဲ့နိုင်တဲ့ ပြည်သူ့အောင်ပွဲကြီးရခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်တော့ ၁၉၉၀ လို မတော်မတရားပြုလုပ်ဦးမှာလားဆိုတဲ့ စိုးရိမ်မှုက လူတော်တော်များများမှာ ရှိနေခဲ့တယ်။ ခေတ်တွေပြောင်းခဲ့ပြီ။ စနစ်တွေပြောင်းသွားပြီ။ ၉၀ လို ပြန်မဖြစ်တော့ပါဘူးလို့ အာမခံသူတွေလည်း မနည်းလှပါ။ ဘာကြောင့်ဖြစ်ဖြစ် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ဘဝတွေကို ငဲ့ကွက်ရပါမယ်။

ပြည်သူ့အောင်ပွဲဖြစ်တာမို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူတွေကိုတောင် အနိုင်ရသူတွေလို့ မသုံးပါနဲ့။ အရွေးချယ်ခံများလို့သာ သုံးပါလို့ ပါတီခေါင်းဆောင်က ထုတ်ပြောခဲ့တယ်။ စကားလုံးတွေကို အဲဒီလောက်အထိ ဂရုစိုက် သုံးစွဲနေတာ ပြည်သူတွေရဲ့ ဘဝတွေ ထပ်ခါထပ်ခါ မနာစေချင်တော့လို့ပါ။ တိုင်းပြည်ကို မထိခိုက်စေချင်တော့ဘူး။ ပြည်သူကို မနာစေချင်တော့ဘူး။ ဒါဟာ လက်ရှိ ပါတီခေါင်းဆောင်နဲ့ ပါတီဝင်တွေရဲ့ ဆန္ဒဖြစ်ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော်ကြီးကျမှသာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဘယ်သူ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဘယ်ဝါ။ ဒုတိယသမ္မတလောင်း ၃ ဦးက ဒီပုဂ္ဂိုလ်တွေ။ မဲခွဲလို့ သမ္မတဖြစ်လာမယ့်သူက ရွေးချယ်ခန့်ထားမယ့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ ဒီလို အရည်အချင်းနဲ့ ပြည့်စုံသူတွေဆိုတာကို သိရှိကြရမှာဖြစ်ပါတယ်။

အချိန်တစ်လကျော်ကျော်လေးကို ကျွန်တော်တို့တွေ စိတ်ရှည်သည်းခံကြပါစို့။ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေဖို့အတွက် နှစ်ဖက်ပုဂ္ဂိုလ်များအကြားမှာ ကျွန်တော်တို့မသိနိုင်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိနေနိုင်ပါတယ်။ အချိန်တစ်ခုကို စောင့်ဆိုင်းနေရတာဟာ လိုအပ်ချက်အရဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခွင့်လွှတ်ပေးကြရမှာ ဖြစ်ပါတယ်။

ရဲမင်းဦး
The Ladies News Journal

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းခံရမှု ၁ဝ လပြည့်အထိမ်းမှတ် ရန်ပုံငွေပန်းချီပြပွဲကို ဒီကနေ့ ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၅ လမ်းအလယ်ဘလောက်မှာရှိတဲ့ River Ayeyarwaddy Art Gallery ပန်းချီပြခန်းမှာ ပန်းချီကားပေါင်း၂ဝဝ ကျော်ကို ၇ ရက်တိုင်တိုင် ပြသသွားမှာဖြစ်ပါတယ်။ပန်းချီဆရာ ၆ဝ ကျော်နဲ့ ဗကသ ဗဟိုတို့ ပူးပေါင်းပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ရိုက်ကူး - ထက်အာကာ/RFA

Posted by RFA Burmese on Sunday, January 10, 2016
လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခံခဲ့ရတဲ့ ၁၀ လ ပြည့်အထိမ်းအမှတ်အနေနဲ့ ရန်ပုံငွေ ပန်းချီပြပွဲတခုကို ရန်ကုန်မြို့ရှိ Art Gallery မှာ ဒီနေ့ မပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်က အမျိုးသားပညာရေး သပိတ်မှောက် လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – za ya. မျိုးမင်းစိုး/ဧရာဝတီ
DVB
http://burmese.dvb.no/archives/130358

ကျွန်တော်တို့နိုင်ငံမှာ လူကြီးတွေ ကစားဖို့၊ အပန်းဖြေဖို့နေရာတွေ ပေါများသလောက် ကလေးတွေကစားဖို့၊ အနားယူအပန်းဖြေဖို့နေရာ အင်မတန်နည်းပါးတာ တွေ့မြင်ရမှာပါ။ အထူးသဖြင့် မြို့ကြီးမှာ နေထိုင်ကြတဲ့ ကလေးသူငယ်တွေ ကစားဖို့၊ အပန်းဖြေဖို့ နေရာအင်မတန်နည်းပါးလာပြီး မရှိသလောက်ကို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့ရုပ်မြင်သံကြားကနေ မြန်မာ့ရိုးရာ အားကစားနည်းတွေ တိမ်မြုပ်ပျောက်ကွယ်မသွားဖို့ ပြန်လည်ဖော်ထုတ်ဖို့အတွက် ဆွေးနွေးခန်းအစီအစဉ်လေး ကြည့်လိုက်ရပါတယ်။

ထိုအခါမှာတွေ့ရှိရတာက အဓိကတိမ်မြုပ်ပျောက်ကွယ်တော့မယ့် အားကစားနည်းတွေက ကလေးလူငယ်တွေ ဆော့ကစားတဲ့ အားကစားနည်းတွေပဲဖြစ်တာတွေ့မြင်ရပါတယ်။
ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်ကနေ ကစားလာကြတဲ့ ရိုးရာအားကစားနည်းတွေဖြစ်တဲ့ ထုပ်ဆီး တိုး၊ ညောင်ပင်တစ္ဆေ၊ စိန်ပြေးတမ်းကစားခြင်း၊ လိပ်ဥလိပ်မတမ်းကစားခြင်း၊ ရွှေစွန်ညိုကစားခြင်း၊ မယ်သီတာ ကစားခြင်း၊ ဂျင်ပေါက်ကစားခြင်း၊ ဇယ်တောက်ခြင်း၊ ဘုတ်တလုတ်ကစားခြင်း၊ ခုံညင်းဒိုးကစားခြင်း၊ ကြက်ဖခွပ် တမ်းကစားခြင်း၊ ဖန်ခုန်တမ်းကစားခြင်း၊ ဇယ်ခတ်ခြင်း မြန်မာ့ရိုးရာသိုင်းကစားခြင်းစတဲ့ အားကစားနည်းများ အပါအ၀င် ရိုးရာကစားနည်းတော်တော်များများဟာ တိမ်မြုပ်ပျောက်ကွယ်တော့မှာကို တွေ့မြင်နေရပါတယ်။ တချို့ကစားနည်းများဆို ခုခေတ်လေးတွေ ကစားဖို့နေနေသာသာ ကြားတောင်ကြားဖူးတော့မယ် မထင်ပါ။

ဒီချစ်စရာကောင်း၊ ပျော်ရွှင်စရာကောင်းတဲ့ ကလေးလူငယ်တွေ ဆော့ကစားတဲ့အားကစားနည်းတွေကို ကလေး သူငယ်တွေ ဘာကြောင့်မကစားကြတော့တာလဲ အဖြေရှာကြည့်တော့ အဓိကနှစ်ချက်သွားတွေ့ရပါတယ်။ အဲနှစ်ချက်ကတော့ ကလေးလူငယ်တွေအတွက် ကစားစရာနေရာမရှိခြင်းနဲ့ ကစားဖို့အချိန်မရှိခြင်းပါပဲ။

နိုင်ငံရဲ့လူဦးရေဖွံ့ဖြိုးလာခြင်းနဲ့အတူ လူနေမှုထူထပ်လာပြီး မြေနေရာများ တန်ဖိုးမြင့်မားလာကာ ကလေးတွေ ကစားဖို့ မြေနေရာတွေ တဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ မြို့ကြီးတွေမှာဆိုရင် ကလေးတွေကစားဖို့ မပြောနဲ့ လူနေထိုင်ဖို့အတွက် ကျောတခင်းစာနေရာရရှိဖို့တောင် မလွယ်ကူတော့တဲ့ အနေအထားဖြစ်နေပါ တယ်။ ကိုယ်ပိုင်ခြံဝင်းကျယ်ကျယ်နဲ့ မနေထိုင်နိုင်ကြတော့ဘဲ ငုံးအိမ်သာသာ အထပ်မြင့်တိုက်ခန်းတွေမှာ ကလေးငယ်တွေရဲ့ဘ၀တွေဟာ လှောင်ပိတ်မွန်းကျပ်စွာနေထိုင်နေရတာ စိတ်မကောင်းစရာဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကလို လပြည့်ညတွေ တလင်းပြင်ထဲမှာ အိမ်နီးချင်းကလေးငယ်တွေနဲ့ မမောနိုင်မပန်းနိုင် ကစားရတဲ့ ဘ၀တွေကို ယနေ့ကလေးငယ်တွေ မခံစားမပျော်ရွှင်နိုင်ကြတော့ပါဘူး။ ကစားစရာ နေရာမရှိတော့ တဲ့အတွက် ကလေးတွေဟာ အန္တရာယ်ကြီးစွာ လမ်းမပေါ်တက်ပြီး ကစားနေရခြင်း ညလူအိပ်ချိန်ကျမှ ခုံးကျော် တံတားများအောက်သွား ဘောလုံးသွားကန်နေရခြင်းတို့ကို ပြုလုပ်နေကြရပါတယ်။ ယနေ့ လွတ်လပ်ရေးနေ့လို ပျော်ပွဲရွှင်ပွဲအတွက် အားကစားပွဲများကို ရပ်ကွက်လမ်းတွေပေါ်မှာပိတ်ပြီး မလွတ်မလပ်ဆော့ကစားနေကြရပါ တယ်။ ဒီလို ကစားဖို့နေရာတွေ ပျောက်ဆုံးတာတွေရဲ့ အဓိကတရားခံကတော့ လူငယ်တွေကို တန်ဖိုးထားရ ကောင်းမှန်း၊ နေရာပေးရကောင်းမှန်းမသိတဲ့ ခေတ်အဆက် ဆက်အုပ်ချုပ်သူအာဏာရှင်များကြောင့်ပဲ ဖြစ်ပါတယ်။

မြို့ရွာ ရပ်ကွက်တွေတည်ထောင်တဲ့နေရာမှာ ဘယ်တော့မှ ကလေးတွေကစားဖို့ အားကစားကွင်း၊ အားကစားရုံ များကို လုံလုံလောက်လောက် မထည့်သွင်းခဲ့တဲ့အပြင် ရှိတဲ့အားကစားကွင်း ပန်းခြံများကိုပင် သိမ်းဆည်းပြီး ခရိုနီတွေနဲ့ပေါင်းပြီး အဆောက်အအုံတွေ၊ လူနေတိုက်ခန်းတွေ ဆောက်လုပ်ပစ်တာတွေ စသဖြင့် ကိုယ့်ကျိုး အတွက် နည်းမျိုးစုံနဲ့ သိမ်းပိုက်ဖျက်ဆီးပစ်ကြပါတယ်။ လူကြီးတွေ ကမြင်းကြောထဖို့ ကြတော့ ဂေါက်ကွင်း တွေကို ဒေါ်လာသန်းနဲ့ချီအကုန်ခံပြီး နေရာတိုင်းမှာဆောက်လုပ်ကြပြီး ကလေးတွေ ကစားဖို့ကျတော့ အားကစားကွင်းတို့၊ စာကြည့်တိုက်တို့မရှိပေ။ ဂေါက်ကွင်းဆောက်ဖို့အတွက် မြေနေရာဧကများစွာ ကုန်သလို တည်ဆောက်စရိတ်ကလည်း များစွာကုန်ကျပါတယ်။

လူကြီးတွေအတွက်ကျတော့ ဒီလောက်ထိနေရာပေး အကုန်ခံပြီး ဘာမှမကုန်တဲ့ကလေးတွေအတွက် ဘောလုံး ကွင်း တကွင်းစာနေရာလေးအတွက်ကျတော့ ဘာလို့နေရာမပေးနိုင်တာလဲဆိုတာ နားမလည်ပေ။ ကျွန်တော်တို့ ပြည်သူတွေဟာလည်း ဘုရားတည်ဖို့၊ ကျောင်းဆောက်ဖို့အတွက်ဆို ငွေဘယ်လောက်ကုန်ကုန် လှူဒါန်းကြပေ မယ့် တိုင်းပြည်အတွက် အရေးကြီးတဲ့လူငယ်တွေ ပြုစုပျိုးထောင်ဖို့အတွက်ကျတော့ လှူဒါန်းချင်စိတ် အင်မတန် နည်းပါးတာ တွေ့မြင်ရပါတယ်။ ပြောလိုက်ရင်တော့ လူငယ်ဆိုတာ အနာဂတ်ရဲ့ခေါင်းဆောင်တွေဆိုပြီး လူငယ် တွေကို ဘယ်တော့မှနေရာမပေးဘဲ သူတို့ရဲ့အနာဂတ်တိုးတက်မယ့် အညွန့်ချိုးတဲ့လုပ်ငန်းတွေပဲ လုပ်နေတာ တွေ့မြင်ရပါတယ်။
ဟုတ်ပါပြီ၊ အပြင်မှာကစားကွင်းတွေမရှိသလောက်နည်းသွားလို့ စာသင်ကျောင်းတွေမှာရော အဲလိုကစားကွင်း၊ တင်းနစ်ကွင်း၊ ဘတ်စကက်ဘောကွင်း၊ ဘောလုံးကွင်း၊ ဘော်လီဘောကွင်းနဲ့ အားကစားဆိုင်ရာခန်းမတွေ ပြည့်စုံတဲ့ကျောင်း ဘယ်နှကျောင်းတောင် ရှိပါသလဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အဲဒီလို ဘက်စုံပြည့်စုံတဲ့ ကျောင်း အင်မတန်နည်းပါးတာတွေ့မြင်ရမှာပါ။ ခေတ်မီကွန်ပျူတာခန်းတွေ၊ သိပ္ပံခန်းတွေ၊ အင်တာနက်တွေ ရှိနေရုံနဲ့ အဆင့်မြင့်ကျောင်းလို့ သတ်မှတ်လို့မရပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းက ဂျပန်က ကျောင်းသားတွေ လေ့လာ ရေးလာတော့ ဂျပန်ကျောင်းသားတွေက မေးတယ်။ မြန်မာပြည်က ကျောင်းတွေက ဘတ်စကတ်ဘောကွင်း၊ ဘောလုံးကွင်းတို့၊ ရေကူးကန်တို့ ဘာလို့မရှိတာလဲတဲ့။ ဘာပြန်ပြောရမှန်း မသိတော့ပါ။ ဒီလိုကစားကွင်း တွေဟာ အခြေခံပညာကျောင်းတွေမှာ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့နိုင်ငံက လူကြီးတွေမသိကြလို့ဘဲ ယူဆရမှာပါပဲ။

ကျွန်တော်တို့ အိမ်နားကဘောလုံးကွင်းဆို ကျွန်တော်တို့ငယ်ငယ်က တံခါးမရှိ၊ ဓားမရှိ ကြိုက်တဲ့အချိန် ၀င်ဆော့ ကစားလို့ရပါတယ်။ ညနေဆို ဘောလုံးကစားကြတဲ့ကလေးတွေနဲ့ ပြည့်နေတာပဲ။ ခုတော့ ဘောလုံးကွင်း ပတ်လည်တိုက်ခန်းတွေဆောက်ရောင်းစားပြီး ခြံခတ်လိုက်လို့ ဆော့ကစားမယ့် ကလေးတွေမရှိတော့ပါဘူး။ ဒီလိုပုံမျိုးနဲ့ မြန်မာ့အားကစားဟာ ကမ္ဘာလွှမ်းဖို့မပြောနဲ့ အရှေ့တောင်အာရှတောင် ကျော်နိုင်မှာ မဟုတ်ပါဘူး။

နောက်တချက်ကတော့ ကလေးတွေအတွက် ကစားဖို့အချိန်မရှိ တော့တာပါ။ မှန်ပါတယ်။ ခုခေတ်ကလေးတွေ ဟာ ဆော့ကစားဖို့အတွက် အချိန်အင်မတန်ဆင်းရဲတာ တွေ့ရပါတယ်။ မနက်မျက်လုံးပွင့်တာနဲ့ ကျောင်းသွား၊ ပြန်လာတော့ကျူရှင်တက် ညပိုင်းကျတော့ ဂိုက်နဲ့စာကျက်။ ဒီလိုနဲ့ ကလေးတွေဟာ ကျောင်းစာတွေကြားမှာပဲ နိစ္စဓူဝ ပိတ်လှောင်နေပါတော့တယ်။ စိတ်အပန်းပြေဖို့၊ ပျော်ရွှင်ဖို့၊ တက်ကြွဖို့အတွက် ကစားဖို့အချိန် မပေးနိုင်ကြ တော့ပါဘူး။ နွေရာသီကျောင်းပိတ်တော့လည်း သင်တန်းပေါင်းစုံတက်ပြီး အားလပ်ချိန် ကစားချိန်မရှိကြတော့ ပါဘူး။

ကျွန်တော်တို့ငယ်ငယ်ကတော့ ကျောင်းကပြန်လာတာနဲ့ လွယ်အိတ်ကို အိမ်ပေါက်ဝကနေ လှမ်းပစ်ထည့်လိုက် ပြီး ဘောလုံးကိုင်ကာ အိမ်ဘေးနားကကွင်းထဲ တန်းပြေးတော့တာပါပဲ။ ခုခေတ်ကလေးတွေကတော့ ပိတ်ရက် စနေ၊ တနင်္ဂနွေမှာကို မနားကြရတော့ပါဘူး။ တိုးတက်လာတဲ့ ခေတ်နဲ့အညီ မိဘတွေရဲ့ မိမိသားသမီးအပေါ် လောဘကြီးလာတာလည်း ပါဝင်ပါတယ်။
မြန်မာ့ရိုးရာအားကစားနည်းတွေ တိမ်မြုပ်ပျောက်ကွယ်ရခြင်းရဲ့ နောက်တချက်ကတော့ ခေတ်မီအီလက်ထရွန် နစ် ဂိမ်းကစားနည်းတွေ ပေါ်ပေါက်လာတာဟာလည်း အဓိကအချက်တချက်အဖြစ် ပါဝင်လာပါတယ်။ ကလေး တွေကစားဖို့အတွက် နေရာမရှိတော့တဲ့အချိန်မှာ နေရာမလိုသော ကွန်ပျူတာဂိမ်းတွေ၊ ဖုန်းဂိမ်းတွေမှာပဲ ကလေးလူငယ်တွေဟာ အချိန်ကုန်လာကြပါတော့တယ်။ ထိုကစားနည်းတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို များစွာထိခိုက်စေပါတယ်။ မြန်မာ့ရိုးရာအားကစားနည်းတွေဟာ ကလေးငယ်တွေ ရုပ်ပိုင်းဆိုင်ရာ ဖျတ်လတ်သန်စွမ်းကျန်းမာဖို့၊ စိတ်ပျော်ရွှင်ကြည်နူးဖို့အတွက်တင် မဟုတ်ဘဲ အချင်းချင်း ရင်းနှီး ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်မှုတို့ကိုပါ ပေးစွမ်းပါတယ်။

ခုခေတ်ကလေးငယ်များကတော့ ဖုန်းဂိမ်းတွေ၊ ကွန်ပျူတာဂိမ်း ကစားနည်းတွေ၊ အင်တာနက်ဖေ့စ်ဘုတ် သုံးတာ တွေနဲ့ပဲ အချိန်ကုန်လာကြတာဟာ တိုင်းပြည်အနာဂတ်အတွက် များစွာစိုးရိမ်စရာတွေဖြစ်နေပါတယ်။ ကလေးလူငယ်တွေဟာ ထိုအီလက်ထရွန်နစ်ဂိမ်းများ ဆော့ကစားခြင်းကြောင့် စိတ်ဓာတ်တွေပါ ခက်ထန်ကြမ်းတမ်း လာပြီး အရိုင်းစိတ်တွေဝင်လာတာ တွေ့မြင်ရပါတယ်။ ဒီနေ့လူငယ်တွေဟာ နည်းပညာရဲ့သားကောင်တွေ ဖြစ် နေကြပါတယ်။
ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာ လူငယ်တွေဟာ ဂိမ်းကစားခြင်းမှာ လွန်ကျူးစွာ စွဲလမ်းမှုတွေဖြစ်ပွားနေလို့ ဂိမ်းဖြတ် တဲ့ ဆေးရုံတွေတောင် ထောင်လာကြရတာ တွေ့မြင်ရပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရန်ကုန်မြို့ လှည်းတန်းမှာ မြေးဖြစ်သူက ဂိမ်းကစားဖို့ မုန့်ဖိုးတောင်းတာမပေးတဲ့ အတွက် အဘွားဖြစ်သူကို သတ်ပစ်တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ၁၀ နှစ်ပတ်ဝန်းကျင် ကလေးငယ်နှစ်ယောက်က အသက်ခြောက်နှစ်အရွယ် ကလေးငယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ပစ္စည်းလုတဲ့ သတင်းကို အံ့သြတုန်လှုပ်ဖွယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေရဲ့ စိတ်ဓာတ်တွေဟာ ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်သွားတာတွေဟာ ကလေးတွေရဲ့ စိတ်တွေဟာ နူးညံ့မှု၊ ပျော်ရွှင်ကျေနပ်မှုမရှိ လာတာတွေရဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။
အင်တာနက်ဖေ့စ်ဘုတ်ကြောင့်ဖြစ်ပွားတဲ့ ရာဇ၀တ်မှုတွေဟာလည်း မကြာခဏဖြစ်ပွားနေတာ တွေ့မြင်ရပါတယ်။

ဒီနေ့ လူငယ်တွေဟာ သူတို့ရဲ့အားလပ်ချိန်တွေကို ကုန်ဆုံးစေဖို့ အားကစားကွင်းတွေ၊ အားကစားကလပ်တွေ၊ စာကြည့်တိုက်တွေမရှိတော့ သူတို့ရဲ့ အားလပ်ချိန်တွေကို မကောင်းတာလုပ်တဲ့နေရာတွေမှာ ကုန်ဆုံးစေတော့ ပါတယ်။ လူငယ်တွေရဲ့အားလပ်ချိန်တွေကို အကျိုးရှိစွာကုန်ဆုံးဖို့အတွက် နေရာမရှိတာဟာ လူငယ်တွေ အတွက် ပျက်စီးဒုက္ခရောက်ဖို့ လမ်းစပဲ ဖြစ်ပါတယ်။ ဒီလို အားကစားလုပ်ဖို့နေရာတွေ အချိန်တွေမရှိ တာကနေ ခုဆိုလူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်လာပါတော့တယ်။

ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်ထုတရပ်လုံးကို အဓိကခြိမ်းခြောက်နေတာကတော့ မူးယစ်ဆေးဝါနဲ့ အရက် သေစာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရပ်ကွက်တခုမှာ အားကစားကွင်း၊ စာကြည့်တိုက်မရှိတဲ့ ရပ်ကွက်ပဲရှိပါလိမ့် မယ်။ အရက်ဆိုင်၊ ဘီယာဆိုင်မရှိတဲ့ ရပ်ကွက်နေရာဆိုတာ မရှိပါဘူး။
အခုဆိုရင်မြို့ကြီးတွေမပြောနဲ့ ကျေးလက်ဒေသနယ်တွေအထိ လူငယ်ထုကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အင်မတန်များပြားလာတာ တွေ့ရပါတယ်။ သုံးစွဲသူများလာတာဟာ မူးယစ်ဆေးဝါး ပေါများလာမှု၊ ၀ယ်ယူရတာ လွယ်ကူမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးဝါးဘယ်လောက်ပေါများနေသလဲဆိုတာ မကြာခဏ ကမ္ဘာ့စံချိန်တင်တဲ့အထိ အမြောက်အမြားဖမ်းဆီးရရှိမှုတွေက သက်သေခံနေပါတယ်။ နိုင်ငံရဲ့ မျိုးဆက်သစ်ရတနာ လူငယ်တွေရဲ့အနာဂတ်ကို အညွန့်ချိုးဖျက်ဆီးနေတဲ့ ဒီမူးယစ်ဆေးဝါးကို အမျိုးသားရေး တာဝန်တရပ်အနေနဲ့ လက်တွေ့တိုက်ဖျက်ကြဖို့ အချိန်တန်နေပါပြီ။ အပြောနဲ့လုပ်လာခဲ့ကြတာဟာ ဆယ်စုနှစ် များစွာတိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လူငယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ဖို့အတွက်ဆိုရင် သူတို့တွေရဲ့အားလပ်ချိန်တွေကို အကျိုး ရှိစွာ အသုံးချနိုင်တဲ့နေရာတွေ လိုအပ်ပါတယ်။ ဒါကြောင့် သူတို့တွေ ကစားဖို့နေရာတွေ အချိန်တွေ ပေးရပါ မယ်။ ဒီလိုစီစဉ်ပေးလိုက်ခြင်းအားဖြင့် ကျွဲကူးရေပါဆိုသလို မြန်မာရိုးရာ အားကစားနည်းတွေလည်း ပြန်လည် ဖော်ထုတ်ပြီးသားဖြစ်သလို နိုင်ငံအတွက် အရေးကြီးတဲ့ မျိုးဆက်သစ်လူငယ်တွေကိုလည်း ကျန်းမာကြံ့ခိုင် ဥာဏ်ရည်မြင့်မားတဲ့ တိုင်းပြည်ရဲ့ သားကောင်းသမီးကောင်းရတနာ မွေးထုတ်ပြီးသားဖြစ်စေမှာပါ။

ထို့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကိုပခုံးပြောင်း တာဝန်ယူမယ့် လူငယ်မျိုးဆက်သစ်တွေကို ပြုစုပျိုး ထောင်ဖို့အတွက်၊ မြန်မာရိုးရာအားကစားနည်းတွေ တိမ်မြုပ်မပျောက်ကွယ်သွားဖို့၊ လူငယ်တွေလှမ်းမှား မရောက်စေဖို့အတွက် အစိုးရရော ပြည်သူအားလုံးကပါ အမျိုးသားရေးတာဝန်တရပ်အနေအဖြစ် အမြန်လုပ်ဆောင်ကြဖို့ လိုအပ်နေပါပြီဆိုတဲ့အကြောင်း အသိပေးပြောကြားလိုက်ရပါတယ်။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နာရေးကူညီမှုအသင်းရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း ရုံးချုပ် ကျင်းပခဲ့ပါတယ်။

နှစ်ပတ်လည် အခမ်းအနားမှာ နာရေးကူညီမှုအသင်းရဲ့ ကူညီဆောင်ရွက်ပေးမှု သရုပ်ပြ အစီအစဉ်တွေကိုလည်း ထည့်သွင်းပြသထားပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ရုပ်ရှင် အသိုင်းအဝိုင်းက အနုပညာရှင်တွေနဲ့ ပရဟိတ အဖွဲ့အစည်းအသီးသီးက ပရိသတ် တစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

Kumudra, RFA


ရုရှားနိုင်ငံတောင်ပိုင်း Belgorod မြို့က ဆေးရုံတရုံမှာ လူနာတယောက်ရဲ့ မျက်နှာကို ဆရာဝန်က လက်သီးနဲ့ ထိုးခဲ့ရာက သေဆုံးသွားတဲ့အတွက် စုံစမ်းစစ်ဆေးသူတွေ ရာဇ၀တ်ကြောင်းနဲ့ အမှုဖွင့်လိုက်ပါတယ်။

လုံခြုံရေးဗွီဒီယိုကင်မရာကနေ ရိုက်ကူးထားတဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖြစ်ရပ်ကို YouTube အင်တာနက် စာမျက်နှာမှာတင်ခဲ့သလို၊ နောက်ပိုင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှာပါ ထုတ်လွှင့်ခဲ့ပြီး ရက်အတော်ကြာတော့မှ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း စနေနေ့က ကြေညာခဲ့တာပါ။

ဗွီဒီယိုထဲမှာတော့ ဆေးရုံအမှုထမ်း ဆရာဝန်အမျိုးသားတယောက်ကနေ လူနာအမျိုးသားတဦးကို “မင်း ဘာကြောင့် သူနာပြုကို ထိရတာလဲ” လို့ မေးရင်း ကုတင်ပေါ်ကလူနာကို တရွတ်တိုက် ဆွဲချခဲ့တာပါ။ ဒီနောက်မှာတော့ လူလတ်ပိုင်းအရွယ် လူနာအမျိုးသားကို အခန်းအပြင်ကို တွန်းထုတ်ခဲ့ပါတယ်။

လူနာက အခန်းထဲ ပြန်ဝင်လာချိန်မှာတော့ - ဆရာဝန်က လူနာရဲ့မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာကြောင့် လူနာက ကြမ်းပြင်ကို နောက်ပြန်လဲကျသွားခဲ့ပါတယ်။ လူနာနဲ့ ဆေးရုံကို အဖော်လိုက်လာသူလို့ အာဏာပိုင်တွေကပြောဆိုထားတဲ့ ဒုတိယလူတယောက်ကိုလည်း ဆရာဝန်က တိုက်ခိုက်တာ တွေ့ခဲ့ရပါတယ်။ မလှုပ်မရှားဖြစ်နေတဲ့ လူနာကိုတော့ ဆေးဝန်ထမ်းတွေက သတိပြန်ရအောင် ကြိုးစားကြတာကို တွေ့ရပြီး၊ နောက်ပိုင်းမှာတော့ လူနာကို မပြီး ကင်မရာမြင်ကွင်းကဝေးရာ တနေရာကို ခေါ်သွားတာလည်း တွေ့ရပါတယ်။

အသက် ၅၆ နှစ်အရွယ် လူနာဟာ ပက်လက်လန်လဲကျသွားချိန်မှာ ကြမ်းပြင်နဲ့ခေါင်း ဆောင့်မိပြီး ဦးနှောက်မှာထိခိုက်တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မက္ကဆီကို နိုင်ငံ မှာ ပြီးခဲ့တဲ့ သောကြာ နေ့က ပြန်လည် ဖမ်းဆီး မိခဲ့တဲ့ မူးယစ်
ရာဇာ ဟိုခင်းမ် ဂုဇ်မန် ကို အမေရိကန် ပြည်ထောင်စု ဆီ လွှဲပြောင်း ပေးဖို့ စတင် ဆောင်ရွက် နေတယ် ပြီ လို့ မက္ကဆီကို ရှေ့နေချုပ်ရုံးက ထုတ်ပြန် ပါတယ်။

ဆင်နာလိုအာ ဒေသ မူးယစ်ဂိုဏ်း ခေါင်းဆောင် ဂုဇ်မန် ဟာ လွန်ခဲ့တဲ့ ၆ လ က မက္ကဆီကို နိုင်ငံထဲ ဒုတိယ အကြိမ် ထောင်ဖောက် ပြေးခဲ့တာ ကနေ ပြန်လည် ဖမ်းမိ ထားတာ ဖြစ်ပါတယ်။

အမေရိကန် က သူတို့ဆီ လွှဲပေးဖို့ အရင် အကြိမ် တွေ တုန်းကလည်း တောင်းဆို ခဲ့ပေမယ့် မက္ကဆီကို အစိုးရက ငြင်းပယ် ခဲ့ ပါတယ်။

အခု တစ်ခေါက် မှာတော့ ဂုဇ်မန် ကို မက္ကဆီကို ထဲ လုံလုံခြုံခြုံ ဆက် ထိန်းသိမ်း ထား ဖို့ မဖြစ်နိုင်ဘူး လို့ မက္ကဆီကို အစိုးရ အနေနဲ့ ဆုံးဖြတ်လိုက် ဟန် တူပါတယ်။

မက္ကဆီကို နိုင်ငံထဲမှာသာ ဆက်ရှိနေရင် ဂုဇ်မန် အနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို ငွေနဲ့ ပေါက် ဝယ်နိုင်တဲ့ အင်အား ရှိနေတယ် လို့ ယူဆရပါတယ်။
အမေရိကန် ဆီ လွှဲပြောင်း ပေးမယ့် အပေါ် ဂုဇ်မန် ရဲ့ ရှေ့နေ တွေ က ၃ ရက် အတွင်း ကန့်ကွက် လွှာ တင်နိုင်ခွင့် ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


မက္ကဆီကိုနိုင်ငံမှာ ဖမ်းမိထားတဲ့ မူးယစ်ရာဇာ Joaquin El Chapo Guzman ကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးဖို့ မက္ကဆီကိုအစိုးရက လိုလားနေတယ်လို့ အမည်မဖော်လိုသူ မက္ကဆီကိုအရာရှိတွေက စနေနေ့မှာ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ၂၀၁၄ ခုနှစ်က နောက်ဆုံးတကြိမ် ဖမ်းမိခဲ့တုန်းက မက္ကဆီကိုအစိုးရရဲ့ ရပ်တည်ချက်ကနေ သိသိသာသာ ပြောင်းလဲသွားတာလည်း ဖြစ်ပါတယ်။

လုံခြုံရေး အတင်းကျပ်ဆုံး မက္ကဆီကိုအကျဉ်းထောင်တခုကနေ ဇူလိုင်လက မူးယစ်ရာဇာ ဂုဇ်မန်း ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အတွက်လည်း သူ့ကို လွှဲပြောင်းပေးဖို့ တောင်းခံထားတဲ့ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ကြား အဆင်မပြေတာတွေလည်း ဖြစ်ခဲ့ရတာပါ။

အမေရိကန်ကို လွှဲပြောင်းရေးလုပ်ငန်းစဉ်ဟာ လနဲ့ချီ ကြာမြင့်နိုင်သလို၊ မူးယစ်ရာဇာ ဂုဇ်မန်းရဲ့ ရှေ့နေတွေကလည်း တောင်းဆိုချက်ကို ခုခံချေပမယ်လို့ မျှော်လင့်ရပါတယ်။

မူးယစ်ရာဇာ ဂုဇ်မန်း ကိုတော့ သူ့ရဲ့ဇာတိ ဆီနာလိုအာပြည်နယ်ထဲက လော့စ် မိုချိစ်မြို့မှာ သောကြာနေ့က ပြန်လည် ဖမ်းမိခဲ့ပြီးနောက် အယ်တီပလာနို အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

နာရီအတော်ကြာ အချိန်မှာပဲ - တီရှပ်အပြာနဲ့ အားကစားဘောင်းဘီရှည် ၀တ်ဆင်ထားတဲ့ ဂုဇ်မန်းကို ကျည်ကာ ဗန်ကားတစင်းကနေ ထောင်ကိုပို့ဆောင်မယ့် ရဟတ်ယာဉ်ပေါ် ပြောင်းတင်ခဲ့တာကိုလည်း သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ျာစွန်းရောက်တွေကို ဂျာမန်ရဲတွေ မီးသတ်ပိုက်သုံး ဖြိုခွဲ
ဂျာမနီ နိုင်ငံ ကိုလုံး မြို့ မှာ နိုင်ငံခြားသား ပြောင်းရွှေ့ဝင်ရောက်မှု အပေါ် ကန့်ကွက် နေကြတဲ့ ဆန္ဒပြ သမားတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲ ဖြိုခွင်း ခဲ့ ပါတယ်။

နှစ်သစ်ကူး ကာလတုန်းက ကိုလုံးမြို့ ပေါ်မှာ အမျိုးသမီးတွေ အပေါ် ကျူးလွန် စော်ကားတဲ့ ဖြစ်ရပ် တွေ ဖြစ်ပေါ် ခဲ့တာမှာ တချို့ အမှုတွေကို ရွှေ့ပြောင်းဝင်ရောက် လာသူတွေက ကျုးလွန် ခဲ့တာ ဖြစ်တယ် ဆိုပြီး ဆန္ဒပြ လက်ျာ အုပ်စု တွေက ပြောပါတယ်။

ကိုလုံးမြို့ ဆန္ဒပြ ချီတက်ပွဲကို ပေဂီးဒါး ဆိုတဲ့ အဖွဲ့ အပါအဝင် တခြား လက်ျာစွန်းရောက် အင်အားစု တွေ စုပေါင်း ပြီး ပြုလုပ် ခဲ့ကြတာပါ။

ရဲတပ်ဖွဲ့က ရှေ့ မတိုးဖို့ ပြောတာကို နားမထောင်ပဲ ရရာ ပစ္စည်းတွေ နဲ့ ပစ်ပေါက်တာမျိုး တွေ လုပ်လာ ခဲ့ကြတယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ပြောင်းရွှေ့ ဝင်ရောက် လာသူတွေ ကို ကြိုဆို ထောက်ခံကြောင်း ပြသကြသူတွေ ရဲ့ ပွဲလည်း ကိုလုံး မြို့လယ်မှာ ရှိခဲ့တာ မှာ အဲဒီ့ နေရာမှာ ရာ ဂဏန်း တချို့ အင်အား ရှိတဲ့ ရဲ တပ်ဖွဲ့ အစောင့်အကြပ် တွေ ချ ထား ပါတယ်။

ဆန္ဒပြ ခဲ့ကြတဲ့ ဘက် နှစ်ဘက် မှာ ပါဝင် ကြသူ တွေ အရေ အတွက် ကို ကြည့်ရင်တော့ လူ၂ ထောင် ဝန်းကျင် လောက်စီပဲ ရှိပါတယ်။

ကိုလုံး မြို့ က နှစ်သစ်ကူး မှုခင်း ဖြစ်ရပ် တွေ ကို အာဏာပိုင် တွေ ဘက်က တုံ့ပြန် ကိုင်တွယ် တဲ့ အနေနဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ နိုင်ငံခြားသား တွေကို တိုင်းပြည် ကနေ ပြန်လည် နှင်ထုတ်တဲ့ အခါ ပိုပြီး အလွယ်တကူ ဖြစ်စေမယ့် နည်းလမ်း တွေ ကို ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က အကြံပြု တင်ပြ ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


ဂျာမနီနိုင်ငံ Cologne မြို့မှာ နှစ်သစ်ကူးအကြိုညက ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ လုယက်မှုတွေကို ရာနဲ့ချီတဲ့ လက်ယာစွန်း အဖွဲ့ဝင်တွေ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြောက်အာဖရိကနဲ့ အာရပ်လူမျိုးတွေက လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို တင်းကျပ်စွာ ချမှတ် လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

ရွှေ့ပြောင်းနေထိုင်ခွင့်ပေးတဲ့ ဥပဒေကို ဆန့်ကျင်ကြတဲ့ ရာနဲ့ချီတဲ့ Pegida လှုပ်ရှားမှု အဖွဲ့ဝင်တွေ စနေနေ့က အလံတွေနဲ့ နဖူးစည်း စာတန်းတွေကိုင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတဲ့ တချိန်ထဲမှာပဲ သူတို့နဲ့ မလှမ်းမကမ်းမှာ လက်ဝဲယိမ်း အုပ်စုတွေက တန်ပြန် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်တဲ့ အုပ်စုတွေကလည်း ချီတက် ဆန္ဒပြပွဲတွေ တချိန်ထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

Cologne မြို့ရဲ့ အဓိက ဘူတာရုံမှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချထားခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှု အနဲငယ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့်လျှောက်ထားပြီး ရာဇ၀တ်မှု ကျူးလွန်သူတွေကို လွယ်လွယ်ကူကူ ငြင်းပယ်လို့ရနိုင်မယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေသစ်ကို ဂျာမန်ဝန်ကြီးချုပ် Angela Markel က စနေနေ့မှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။

နှစ်သစ်ကူးအကြိုညက Cologne မြို့က အဓိက ဘူတာရုံရှေ့မှာ အမျိုးသား တထောင်လောက်က အမျိုးသမီးတွေကို ၀ိုင်းထားပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ တိုင်ကြားချက် တခုအပါအ၀င် ရာဇ၀န်မှု ကျူးလွန်ခံရတယ်လို့ တိုင်ကြားသူပေါင်း ၁၇၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Myanmar Fire Services Department Government Organization
Myanmar Fire Services Department Government Organization

ဒီကနေ့မနက်အစောပိုင်းက မင်္ဂလာဈေး မီးလောင်မှုမှာာ ကကျပ်သိန်းပေါင်း ၃သောင်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ် ပြန်လိုက်ပါတယ်။ ဂဟေဆော်ရာကနေ ဝါယာရှောခ် ဖြစ်ကာမီးလောင်ခဲ့တာဖြစ်ပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆိုင်ခန်း ၄၀၀၀ကျော်မှာ ၂၀၀၀နီးပါးပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ဗွီအိုအေမြန်မာပိုင်းက မေခကသတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ မြန်မာတနိုင်ငံလုံးကို အဓိက ကုန်စည်ဖြန့်ချိနေတဲ့ မင်္ဂလာဈေးမှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့မှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီမင်္ဂလာဈေး ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း အခုလို မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဘူးပါတယ်။ အခုတခေါက်လောင်ကျွမ်းတာဟာ အရင်ကထပ်ဆုံးရှုံးမှုပမာဏ ပိုများ ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ခန့်မှန်းခြေ သိန်းပေါင်း ၃သောင်းကျော် ပျက်ဆီးခဲ့ရပါတယ်။ မီးလောင်ကျွမ်းရတဲ့ ဖြစ်စဉ်အသေးစိတ် ကတော့ စုံစမ်းစစ်ဆေးဆဲပါ။ မီးလောင်မှုနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးကြီးမြင့်ထွေးက ခုလိုပြောပြပါတယ်။

"Welding ဆော်ရင်းနဲ့ ၀ါယာရှော့ကနေ လောင်တယ်လို့ မီးသတ်က သုံးသပ်ပေးပါတယ်။ တတိယထပ်က စလောင်တာပါ။ အောက်က မြေညီထပ်ပါပါရင် လေးလွှာလဲ ပြောလို့ရတာပေါ့။ သူတို့တတွေမှာ တံခါးတွေ ပျက်တာပြုတာရှိရင် welding ဆော်တာတို့ ဘာတို့ လုပ်တဲ့ အနေအထားရှိပါတယ်။ အဲဒီကနေ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့ မီးသတ်က သုံးသပ်ပေးပါတယ်။ ဆိုင်ခန်းပေါင်း ၁၆၃၆ခန်း၊ အထပ်အားဖြင့်
ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်၊ အပေါ် ပဉ္စမထပ် လို့ ခေါ်တဲ့ စားသောက်ခန်းတွေ၊ တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၃၆၆၀၀ လောက်လို့ အကြမ်းဖျင်းသိထားပါတယ်။ ကျွန်တော်တို့က လုံခြုံရေးလုပ်တဲ့အတွက် အားလုံး ပိတ်ထားလိုက်ပါပြီ။ မီးသတ်ကလဲ အရန်ကားတွေပဲ ချန်ထားပါတယ်။ အချို့လဲ ပြန်ဆုတ်သွားပါပြီ။ မီးငြိမ်းသတ်တာကတော့ပြီးသလောက်ရှိသွားပါပြီ။"

မင်္ဂလာဈေးမှာဆိုင်ခန်းပေါင်း ၄၀၀၀ကျော်မှာ ထဝက်နီးပါးအရည်အတွက်ဖြစ်တဲ့ ဆိုင်ခန်း ၂၀၀၀နီးပါးပျက်စီးခဲ့ရပါတယ်။ ခုချိန်ထိ မီးစတင်လောင်ကျွမ်းချိန်ကို အတိအကျမပြောနိုင်သေးပါဘူး။ ခန့်မှန်းခြေ ပြီးခဲ့တဲ့ ည ၁နာရီက စတင်လောင်ကျွမ်းတယ်လို့ သိရပေမယ့် အဲဒီထက်စောတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ ပျက်ဆီးဆုံးရှုံးမှုနဲ့ပတ်သတ်ပြီး အရေးယူမယ့်အပိုင်းတွေကို ရဲမှုး မြင့်ထွေးကအခုလိုပြောပြပါတယ်

"အရေးယူဖို့အတွက် စစ်ဆေးဆောင်ရွက်နေတာဖြစ်ပါတယ်။ အမှုဖွင့်အရေးယူမှာပါ။ အဲဒီအတွက် စစ်ဆေးဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဆိုင်ခန်းတွေကို ဘယ်လို သန့်ရှင်းရေးလုပ်တာ၊ ဆိုင်ခန်းရှင်တွေ အပ်တာ အဲဒီလိုမျိုးအထိ ကျွန်တော်တို့က ယူပေးရမှာပေါ့နော်။ ဒီမီးတွေ ငြိမ်းပြီး အထဲကို ၀င်လို့ ရပြီ ဆိုတာနဲ့ ဈေးသာယာရေး ကော်မတီနဲ့ စည်ပင်နဲ့ ကိုလွှဲမယ်။
လွှဲတဲ့အခါကျရင် သူတို့ဆိုင်ခန်းကို သူတို့ သန့်ရှင်းရေး ပြန်လုပ်ကြမယ်။ သူတို့ဆိုင်ခန်းကို သူတို့ ပြန်ရတဲ့ အနေအထားဆိုရင် ကျွန်တော်တို့က လုံခြုံရေးကို တဖြည်းဖြည်း နဲ့ လျှော့သွားမှာပေါ့။ လက်ရှိတော့ ကျွန်တော်တို့က ဒီဝင်းကြီးရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပြီး ဆောင်ရွက်နေပါတယ်။"

ဇန်န၀ါရီ ၉ ရက် ခန့်မှန်းခြေအချိန် မနက် ၁ နာရီခွဲလောက်က လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးမီးကို မီးသတ်ယာဉ် ၁၁၅ စီး၊ ကြက်ခြေနီယာဉ် ၁၉ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရပြီးနေ့လည် ၂နာရီအထိ မီးကြွင်းမီးကျန်များကို ရှင်းလင်းနေရဆဲပါ။ ဒီမှာ မီးသတ်ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရှိမှု ရှိခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမရှိ ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဆိုပါတယ်။

မီးလောင်မှုကြောင့် ဆေးမျိုးစုံအဓိကရောင်းတဲ့ စတုတ္ထထပ်နဲ့ အပေါ်ဆုံးစားသောက်ဆိုင်တန်း၊ တတိယထပ်က အိမ်သုံး ပစ္စည်းရောင်း ဆိုင်တန်းတို့ အကုန်လောင်ကျွမ်းခဲ့ကြောင်း မြေညီထပ်နဲ့ ပထမထပ်ဒုတိယထပ်တွေက ကုန်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးနိုင်တယ်လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းအတိအကျနဲ့ ဆုံးရှုံးမှု တန်ဖိုးအတိအကျကိုတော့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၀ မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားပြီးနောက် ပြန်လည်ပြင်ဆင်ထားတဲ့ဈေးသစ်မှာ အခုလိုထပ်မံမီးလောင်ကျွမ်းရတာပါ။ မင်္ဂလာဈေးနားနေ ပြည်သူတဦး ဖြစ်တဲ့ ကိုလင်းကတော့ မီးလောင်မှုနဲ့ပတ်သတ်ပြီး အခုလိုမှတ်ချက်ပေးပါတယ်။

"အေးဆေးဖြစ်သွားပါပြီ ခင်ဗျ။ မီးသတ်ကားတွေ ဘာတွေလည်း အချို့က ပြန်ကုန်ပြီ။ မီးလည်း ငြိမ်းသွားပါပြီ။ အားလုံး ငြိမ်သွားသလောက်ပဲ။ ထိခိုက် ဒဏ်ရာတော့ မီသတ်သမားတွေတော့ နည်းနည်းပါးပါး ထိသွားတယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိဘူး။ welding ဆော်တဲ့သူတွေ အဲဒီကနေ ၀ါယာရှော့ ဖြစ်တာကနေ စလောင်တာလို့ ကြားတယ်။
အခုတစ်ခေါက်က စည်ပင်နဲ့ ၀န်ထမ်းတွေ ပေါ့လျော့တာလို့ ထင်တယ်။ အရင်တခေါက်လဲ အဲလိုပဲ သူတို့ ပေါ့လျော့တာလည်း ပါမယ်လို့ ထင်တယ်။ အဓိကကတော့ အဲဒါလေ အရင်တစ်ခေါက်လည်း သူတို့ ပေါ့လျော့လို့ ဖြစ်လာလေ။ အဓိကကကတော့ စက်စနစ်ကို အဆင့်မြှင့်သင့်တယ်လို့ ထင်တယ်။ နောက်ပြီးတော့ ညစောင့်တို့ ဘာတို့ security ၀န်ထမ်းတွေလည်း စေတနာ ပါပါလေး လုပ်ပေးရင်တော့ ဒီလို အဖြစ်မျိုး မကြုံနိုင်တော့ဘူးလို့ ထင်တယ်။"

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ အဆင့်မြင့်မင်္ဂလာဈေး (၄)လွှာမီးလောင်မှုမှာ မီးငြှိမ်းသတ်ယာဉ်နဲ့အကူ မီးသတ်ရေယာဉ်၊ လူနာတင်ယာဉ်ပေါင်း ၁၀၀ကျော်နဲ့ မီးငြိမ်းသတ်ခဲ့ကြရပြီး္ဓမီးသတ်တပ်ဖွဲ့ဝင် နဲ့ ကြက်ခြေနီစုစုပေါင်း ၁၀၀၀ကျော် တို့က ကြိုးစားမီးငြိမ်းသတ်ခဲ့ကြပါတယ်။

VOA
http://burmese.voanews.com/content/article/3138151.html

Meeting between NLD and Ethnic Arm groups for NCA
Meeting between NLD and Ethnic Arm groups for NCA

နိုင်ငံရေးဆွေးနွေးပွဲတွေကို ပထမဆုံးအကြိမ် စတင် လုပ်ဆောင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့တချိန်တည်းမှာပဲ၊ တဘက်မှာလည်း တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးမပါဝင်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတွေရှိလာနိုင်တယ်လို့ ပြောဆိုတာတွေလည်းရှိလာနေပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ - အစိုးရသစ်ဖြစ်လာတဲ့အခါမှာ - NCA သဘောတူစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"တကယ်လို့ လိုအပ်လာရင် ငြိမ်းချမ်းရေးမှာ လက်မှတ်မထိုးတဲ့ ၇ဖွဲ့၊ ဘာဖြစ်လို့ မထိုးတာလဲ၊ ဘာလိုအပ်ချက်ရှိနေလဲ။ ဒါတွေကို နားလည်အောင် ကြိုးစားရမှာပေါ့။ နားလည်ပြီးရင် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမှာပေါ့။ အရေးကြီးတာက NLD အနေနဲ့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ရဖို့ နည်းလမ်းအကုန်လုံး အစွမ်းကုန် လုပ်မယ့် သဘောရှိပါတယ်။ "

လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပြီဖြစ်ပေမယ့် အခုချိန်ထိ အပစ်အခတ်ရပ်စဲရေးမလုပ်နိုင်သေးဘဲ ၊ အစိုးရတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်တဲ့အတွက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်လာဖို့အတွက် အဓိကထားလုပ်ဆောင်သွားမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

"NLD အနေနဲ့ကတော့ ငြိမ်းချမ်းရေးဟာ တိုင်းပြည်အတွက်ရော နိုင်ငံသားတွေ အတွက်ရော အရေးကြီးတယ်လေ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကလဲ ငြိမ်းချမ်းရေးမရှိပဲ မဖြစ်ဖူးဆိုတော့ ငြိမ်းချမ်းရေးကို အပြည့်အ၀ ထောက်ခံတယ်။ လုပ်တာကိုင်တာတွေကတော့ လက်ရှိ အဖွဲ့အစည်းက လုပ်တာပေါ့။ လိုအပ်လို့ရှိရင် ကိုယ်အစိုးရဖွဲ့ပြီးတဲ့အခါ နောက်ပိုင်းမှာ လိုအပ်တာကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အဲဒီအခါမှ စဉ်းစားရမှာပေါ့။ "

မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား လတ်တလော တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်၊ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့သလို၊ UWSP ခေါ် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့၊ SSPP ရှမ်းပြည်မြောက်ပိုင်း တပ်မတော်တို့ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ စတုတ္ထအကြိမ်အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေး နဲ့ ပတ်သက်ပြီး UPDJC ရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလို ရှင်းပြပါတယ်။
"ဒီအစည်းအဝေးကတော့ (UPDJC)ဆိုတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီလို့ အမည်ရှိတဲ့ အစည်းအဝေးပေါ့လေ။ လေးကြိမ်မြောက်ပေါ့။ အဲတော့ နောက် ဇန်န၀ါရီ ၁၂ရက်နေ့မှာလုပ်မယ့် ပထမဆုံး poliical dialogue ပေါ့။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ဒီနေ့ဆွေးနွေးပွဲက ညှိနှိုင်တာပါပဲ။
ဒီညီလာခံကနေ ၁၂ရက်ကနေ ၁၆ရက်အထိ ငါးရက်တာ လုပ်မယ်။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမယ်၊ ဘယ်ခေါင်းစဉ်တွေ ဆွေးနွေးမယ်။ အကျိုးဆောင်တွေ။ facilitator တွေ ဘယ်လိုထားမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို အဓိက ဆွေးနွေးဖြစ်တာပါ။"
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် အစိုးရဘက်က ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီအဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော်တက်ရောက်ခဲ့ကြပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့မှာလည်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

ကိုရန်နိုင်/ VOA
http://burmese.voanews.com/content/article/3138181.html

whitecard-collect-620.jpg
White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဧပြီလ ၁ ရက်နေ့က စတင်သိမ်းဆည်းနေစဉ်
Photo: Min Thein Aung/RFA

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာ နိုင်ငံသားမဖြစ်သေးတဲ့ ဝှိုက်ကဒ် ကိုင် ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုတာကို မြို့နယ်၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က မနေ့ကစတင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အခုလို စစ်ဆေးနေတာလို့ သံတွဲခရိုင်ရွေး ကောက် ပွဲကော်မရှင် ဥက္ကဌ ဦးခင်ရွှေက ပြောပါတယ်။

"၈ ရက်နေ့ကစပြီး စစ်ဆေးနေတယ်ပေါ့၊ ကျနော်တို့ စာရင်းဇယား အဓိကပြုစုတာလည်း ရပ်/ကျေး ကော်မရှင် ပါမယ် နောက်ပြီးတော့ အဲ့ဒီမှာ ကျေးရွာရပ်ကွက် ခွန်းထောက်အဖွဲ့တွေပါမယ်၊ နောက်ပြီးတော့ နိုင်ငံသား စိစစ်ရေးကဒ် စိစစ်ရေးကော်မတီဆိုတာရှိတယ်၊ ၅ ဦးကော်မတီရှိတယ် အဲ့ဒါတွေက အဓိကထားစစ်တယ်ပေါ့၊ လိုအပ်ရင် တစ်ဦးချင်း စစ်ရင်လည်းစစ်မယ်ပေါ့၊ လိုအပ်ချက်အပေါ်လိုက်ပြီးတော့ သူတို့ထွက်ဆိုချက်ကို ကြည့်ပြီးတော့ လိုက်စစ်ရမှာကို၊ ဒါပြီးရင်တော့ မြို့နယ်ကော်မရှင်က တာဝန်ရှိတဲ့ တစ်ယောက် နှစ်ယောက်လောက်က ခေါ်စစ်မှာပေါ့၊ ဒီလူတွေဟာ ဝှိုက်ကဒ်တွေ ကိုင်ဆောင်တဲ့လူ ဟုတ်၊ မဟုတ်ပေါ့၊ ဖြစ်နိုင်ချေ ရှိ၊ မရှိပေါ့၊ အဲ့ဒါကိုတော့ သူတို့အဓိကမေးပြီးတော့ စစ်တာပေါ့"

ရွေးကောက်ပွဲမှာ ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုပြီး သံတွဲမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ဒေသခံ ၂ဝဝဝ လောက် ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ဒီကိစ္စအပေါ် အရေးယူဆောင်ရွက်ပေးဖို့ လူပေါင်း ၆ ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီဇင်ဘာလ ၂ဝ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတောင်းဆိုခဲ့ကြတာပါ။

စာရေးသားပေးပို့ရာမှာ ဦးဆောင်ခဲ့သူ ၂ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မနေ့က ပထမဆုံး ခေါ်ယူ စစ်ဆေးခဲ့သလို ဒီနေ့မှာတော့ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေကို ဆက်လက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အခုလို စစ်ဆေးရာမှာ ပြင်ယောင်း၊ သဗြုချိုင်၊ လင်းသီ၊ ပေါက်တော စတဲ့ မွတ်ဆလင်တွေ အဓိကနေထိုင်တဲ့ ကျေးရွာပေါင်း ၁၉ ရွာက တာဝန်ရှိသူတွေကို စစ်ဆေးတာလို့လည်း သိရပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူပေါင်း ၁ သောင်းကျော်လောက် ရှိတယ်လို့လည်း သိရပါတယ်။ သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမှုရလဒ်တွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံစာတင်သွင်းရမှာဖြစ်တယ် လို့လည်း သိရပါတယ်။

RFA



အဆင့်မြင့် မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားအပြီး ဇန်န၀ါရီ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
မင်္ဂလာဈေး မီးလောင်မှုမှာ ၀ိုင်ယာရှော့ခ်ကြောင့် မီးလောင်ခြင်းဖြစ်ပြီး ဆိုင်ခန်း ပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်းသုံးသောင်း ကျော်ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်း

"တတိယ၊ စတုတ္ထ၊ ပဉ္စမ အကုန်လုံး မီးလောင်တယ်။ အောက်ကဟာတွေကတော့ လွတ်တယ်။ လောင်တာက ၁၆၃၆ ခန်း ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်းပေါင်း သုံးသောင်းကျော်တယ်။ မီးငြှိမ်းသတ်ရင်း မီးသတ်က တပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ သုံးထပ်က နံရံက သူ့ပေါ်ကို ကွာကျတယ်။ ညာဘက်ဒူးခေါင်းအောက်က အရိုးအက်တယ်။ ညာဘက် မျက်နှာ ညိုမည်းသွားတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အပြင်လူနာ အနေနဲ့ပဲ ကုသနေတယ်" ဟု မင်္ဂလာတောင်ညွန့် မြို့နယ်မှ မြို့နယ်ရဲမှူး ဦးသိန်းအောင်က ပြောကြားသည်။

ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်း

မီးလောင်ရသည့် အကြောင်းရင်းမှာ လေးလွှာတွင်ရှိသည့် ဆိုင်အမှတ် ၄၅၁ တွင် လိပ်ဆွဲတံခါး တပ်စင်ရန် ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းမှ ဦးအောင်ဘွားနှင့် ၎င်း၏ အလုပ်သမားများဖြစ်သော မင်းသိန်းခေါ် မှတ်ကြီး၊ အောင်အောင်၊ ညွန့်ဝင်းနှင့် ကိုချမ်းတို့ကို အလုပ်အပ်နှံခဲ့ကြောင်း ဇန်န၀ါရီ ၈ ရက် ညပိုင်းတွင် လုပ်ငန်းစတင်ရန် မင်္ဂလာဈေးဝင်းအတွင်း ပြုလုပ်သော သီတဂူ ဆရာတော် တရားပွဲပြီးမှ ခွင့်ပြုထားသော်လည်း မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး (ခေါ်) ဖိုးကျော်က တရားပွဲ မပြီးခင် ည ၁၀ နာရီခန့်တွင် လုပ်ငန်းလုပ်ကိုင်နိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့ကြောင်း၊ အဆိုပါဆိုင်သို့ ၀င်ရောက် အလုပ်လုပ်ကိုင်ရာမှ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုမိသဖြင့် ၀ိုင်ယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

"မီးညွန့်ကိုတော့ ၆ နာရီလောက်မှာ ထိန်းနိုင်ခဲ့တယ်။ ၇ နာရီလောက်မှာ မီးအားလုံး ငြိမ်းသွားပြီဆိုပေမယ့် ညနေ ၄ နာရီ လောက်အထိ မီးခိုးတွေ ထွက်နေလို့ မီးသတ်ယာဉ်တွေနဲ့ မီးသတ်နေရတုန်းပဲ။ ဒီဈေးက အရင်ကလည်း မီးလောင်ဖူးတယ်။ အဲဒီလို မီးလောင်ထားလို့ အဆောက်အအုံကို ပြန်လည်ပြင်ဆင်တဲ့ နေရာမှာ အရေးပေါ် လှေကားတွေ ထည့်သွင်းတာကလွဲပြီး မီးဘေး အန္တရာယ် ကာကွယ်ဖို့အတွက် သေသေချာချာ ဆောက်လုပ်ထားတာတွေ မရှိဘူး။ ဒီမှာက အထပ်မြင့် တိုက်အဆောက်အအုံတွေ မီးသတ်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ မပြည့်တဲ့အတွက် မီးလောင်ရင် အပျက်အစီး ဆုံးရှုံးက များတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ဦးတင်အေးက ပြောကြားသည်။

ဇန်န၀ါရီ  ၉ ရက် ညနေ ၃ နာရီ

မီးလောင်ကျွမ်းခဲ့သည့် အထပ်များဖြစ်သည့် တတိယလွှာတွင် အခန်းပေါင်း ၇၉၁ ခန်း၊ လေးလွှာတွင် ၇၉၇ ခန်း၊ ငါးလွှာတွင်  စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး တတိယလွှာနှင့် လေးလွှာသည် ကုန်စုံ၊ အလှကုန်၊ မီးဖိုချောင်သုံး ပစ္စည်းနှင့် ဆေးပစ္စည်းများ ရောင်းချသည့် နေရာဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် ၅၈ စီး၊ ထောက်ကူယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၁၁ စီး၊ လှေကားတင်ယာဉ် လေးစီး၊ ဘောက်ဆာ ၂၇ စီး၊ မိတ်ဖက်ယာဉ် ခြောက်စီး၊ ကြက်ခြေနီကား ၁၉ စီး၊ ၀ါတားတာဝါ နှစ်ခုဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၉ ရက် ညနေ ၃ နာရီ

မီးစတင် လောင်ကျွမ်းချိန်သည် ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် စတင် လောင်ကျွမ်းပြီး နံနက် ၅ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၉ ရက် နံနက်အစောပိုင်း

ထို့ပြင် မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ လာရောက်ခဲ့ပြီး မင်္ဂလာဈေး တစ်ဝိုက်အား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တပ်မတော် တပ်ရင်းများဖြစ်သည့် အမှတ် ၄၃၀၊ ၄၃၅၊ ၄၃၆၊  တပ်ရင်းများမှ တပ်မတော်သားများလည်း လာရောက်လုံခြုံရေး ယူပေးခဲ့သည်ကိုလည်း တွေ့ရသည်။


မင်္ဂလာဈေး မီလောင်မှုကြောင့် ယင်းဈေးဝန်းကျင် တစ်ဝိုက်နှင့် ယုဇနပလာဇာအား လုံခြုံရေးအရ ခေတ္တပိတ်ထားခဲ့ကြောင်း သိရပြီး ဇန်န၀ါရီ ၉ ရက် နံနက်ပိုင်းတွင် ဗညားဒလလမ်းနှင့် စက်ရုံလမ်းပိုင်းကိုလည်း ယာဉ်သွားလာမှု ခေတ္တပိတ်ထားခဲ့ကာ ဇန်န၀ါရီ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပြန်လည် ဖွင့်ပေးခဲ့ကြောင်းလည်း သိရသည်။  

ယင်းသို့ မီးလောင်ကျွမ်းမှုအား မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ် ၀န်ထမ်းများအား အဆိုပါ ရပ်ကွက်နေ ပြည်သူများက လက်ဖက်ရည်၊ မုန့်များနှင့် စားစရာများကို ကျွေးမွေးခဲ့ကြသည်။


အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးမှာ ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်ကလည်း မီးလောင်ကျွမ်းခဲ့ဖူးသည်။ ထိုစဉ်က နာရီပေါင်း ၅၀ ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး မြန်မာတစ်နိုင်ငံလုံး အတွင်းရှိ မီးလောင်မှုဖြစ်စဉ်များအနက် အချိန်အကြာမြင့်ဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ယခုအခေါက်မှာ ဒုတိယအကြိမ် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
Writer: 
ဥာဏ်ဝင်းရှိန်၊ အောင်ကျော်ထက်၊ ဆန်းထူးအောင်
Eleven Media Group

အစိုးရဖွဲ့စည်းရေးနှင့် အစိုးရအဖွဲ့သစ်အား မည်သူများနှင့် ဖွဲ့စည်းမည် ဆိုသည့်
အချက်များ ထည့်သွင်း ဆွေးနွေးဖွယ်ရှိသည့် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးကို မနက်ဖြန်
ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ
ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များထံမှ သိရသည်။

“အစည်းအဝေးက နေပြည်တော်မှာလုပ်မှာ။ အာဂျင်ဒါကတော့ ဘာဆွေးနွေးမယ်
ဆိုတာ တိတိကျကျ မပြောသေးဘူး။ ဒီလို အချိန်ရောက်နေမှတော့ အစိုးရ အဖွဲ့
ကိစ္စတွေ ၊ ဘယ်သူတွေ ဘယ်လို ဆိုတာကတော့ ပါမှာပေါ့လေ ၊ အသေးစိတ်ကို
တော့ အစည်းအဝေးကျမှပဲ သိရမယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က The Ladies News သို့ ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်း
အတာဖြင့် အစိုးရဖွဲ့နိုင်သည့် အနည်းဆုံး အရေအတွက်ထက် ကျော်လွန်ကာ
အနိုင်ရရှိခဲ့သည့် အန်အယ်လ်ဒီပါတီမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်
လောင်းများအနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ လာမည့်
လွှတ်တော် သက်တမ်းအတွက် စတင် တက်ရောက် ရတော့မည်ဖြစ်သည်။

“အစည်းဝေးကတော့ ပုံမှန်အစည်းအဝေးပါပဲ ။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ
ကြိုမသိရသေးပါဘူး” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှုရှိသူ တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

အန်အယ်လ်ဒီမှ ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ၀န်ကြီးနေရာပေးရန် စာရေးသား
တောင်းဆိုမှုများ ရှိနေသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၄ ရက်နေ့
လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောဆိုရာတွင် အတည်ပြု ပြောဆိုထားပြီး ပါတီစည်းမျဉ်း
အရ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

ယင်းအပြင် အစိုးရအဖွဲ့အတွင်း ပါဝင်ခွင့်ရရန်အတွက် နာမည်ထွက်ရန် ကြိုးစား
နေသူများကိုလည်း နာမည်ထွက်ပေါ်နေပါက ပိုမိုဝေးကွာ စေလိမ့်မည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုထားသည်။

Photo - NLD
The Ladies News Journal


ကလေးသူခိုးဟုဆိုကာ လက်ဝတ်ရတနာ ရောင်းချသည့် အမျိုးသမီးတစ်ဦးအား
ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် လူ သုံးဆယ်ခန့်က ၀ိုင်းဝန်းရိုက်နှက်မှု
ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင် အမျိုးသမီးက မကွေးမြို့ခံ
သတင်းမီဒီယာ သမားများထံ ဇန်န၀ါရီလ ၉ ရက်နေ့က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်၍
ပြောဆိုသည်။

ဖြစ်စဉ်မှာ လက်ဝတ်ရတနာ ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချ
သည့် ( အရပ်အခေါ် ရွှေပွဲစား ) မယုယုချိုမှာ ဇန်န၀ါရီလ ၅ ရက်နေ့က မကွေး ၊
မိချောင်းရဲ တိုက်နယ်ရှိ ၊ စိုင်ကျကျေးရွာသို့ လက်ဝတ်ရတနာများ သွားရောက်
ရောင်းချပြီး မကွေးသို့ ပြန်ရန် ဆိုင်ကယ်ကယ်ရီ ငှားရမ်းနိုင်သည့် ဂိတ်သို့
ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မ ဆွဲလား ရမ်းလား
ပြုလုပ်သဖြင့် အကူညီတောင်းရန် အနီးရှိနေအိမ်သို့ ၀င်ပြေးခဲ့ပြီး ထိုအိမ်မှာ ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးကံရွှေ၏ အိမ်ဖြစ်နေခဲ့သည်။

သူမအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကလေးသူခိုးထင်၍ ၀ိုင်းဝန်းရိုက်နှက်
ခဲ့ခြင်းဖြစ်ပြီး မိချောင်းရဲ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နောက်တွင် ရဲစခန်းကလည်း
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကလေးသူခိုးဟု သက်သေပြနိုင်ခြင်း မရှိ၍ ပြန်လွတ်
ပေးခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ မယုယုချိုက ပြောသည်။

"ကျွန်မညီမက နံရိုးတွေ ကျိုးထားကြောင်း ပြောတာတောင် ရဲတွေက မယုံကြောင်း
ပြောပြီး ငေါက်ငမ်းပြီး ဆက်ဆံခဲ့ကြပါတယ်။ ရဲစခန်းကို ရောက်တော့လည်း
လက်ဝတ် ရတနာတွေကို ပန်းထိမ်ဆရာ ဆိုသူတွေနဲ့ ခေါ်ပြပြီး ပစ္စည်းသိမ်းဖို့တွေပဲ
ပြောခဲ့ပါတယ်။ ကျွန်မ ညီမက အမှန်တွေ ပြောပြပေမယ့် နံရိုးနှစ်ချောင်း ကျိုးနေတာ
ကို ပရုတ်ဆီလေးတောင် လိမ်းမပေးခဲ့ပါဘူး။ ကျွန်မနဲ့ အဆက်အသွယ်ရလို့ နီးစပ်ရာ
ရဲတစ်ဦးက ကြားဝင်ကူညီတော့မှ ကျွန်မညီမကို လွှတ်ပေးခဲ့တာပါ " ဟု မယုယုချို၏
အစ်မဖြစ်သူမှ ဇန်န၀ါရီလ ၉ ရက်နေ့ မနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့သည့်
သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မတရားဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ် နစ်နာမှုများ
တိုင်ကြားရေးဋ္ဌာနသို့ ဇန်န၀ါရီ ၉ ရက်နေ့ နံနက်က တိုင်ကြားထားပြီး မတရား
ဖမ်းဆီး ရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ
ဆက်လက် ဆောင်ရွက်သွားမည်ဟု ကာယကံရှင်ဖြစ်သူက သတင်းစာ ရှင်းလင်းပွဲ
တွင် ပြောဆိုသည်။
သတင်း - ဦး(မကွေး)
The Ladies News Journal