01/11/16
The Glass Man ဇာတ်ကား
အမေရိကန်နိုင်ငံတွင် နှစ်စဉ်ပြုလုပ်သည့် Asians On Films Festival ၏ ဆန်ခါတင် ဇာတ်ကားများ စာရင်းတွင် အကောင်းဆုံး မှတ်တမ်းဇာတ်ကား စာရင်း၌ မြန်မာမှတ်တမ်းဖြစ်သည့် The Glass Man ဇာတ်ကား ပါဝင်လာကြောင်း သိရသည်။
Asians On Films Festival ၏ ဆန်ခါတင် ဇာတ်ကားများ စာရင်းကို ဇန်န၀ါရီ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး Best Drama၊ Best Comedy၊ Best Fantasy၊ Best Horror၊ Best Action၊ Best Documentary စသည့် ကဏ္ဍများအလိုက် ဆန်ခါတင် စာရင်းများအား ထုတ်ပြန်ခဲ့ရာတွင် Best Documentary ၏ ဆန်ခါတင်ဇာတ်ကား ငါးကား စာရင်းတွင် The Glass Man ဇာတ်ကား ပါဝင်လာခြင်း ဖြစ်သည်။
“The Glass Man ဇာတ်ကားက မသန်စွမ်းသူ တစ်ယောက်ရဲ့ ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေဆဲ ဖြစ်တာကို ရိုက်ကူး တင်ပြထားတဲ့ ဇာတ်ကား ဖြစ်သလို မသန်စွမ်းပေမယ့် ဘ၀ကို အရှုံးမပေးဘဲ ကျော်ဖြတ်နေတာကိုလည်း ပုံဖော်ထားတာပါ။ ဒီဇာတ်ကားလေးကို ပြည်တွင်းက လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာလည်း ဆန်ခါတင် ဇာတ်ကားအဖြစ် ရွေးချယ်ပြသ ခံခဲ့ရသလို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ရပါတယ်။ အခုလည်း အမေရိကန်နိုင်ငံမှာ လုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းဇာတ်ကားအတွက် ဆန်ခါတင်ဇာတ်ကား စာရင်းဝင်တယ်ဆိုတော့ ပျော်ပါတယ်။ ဇာတ်ကား ဖန်တီးကြတဲ့ တစ်ဖွဲ့လုံးကိုယ်စား ဂုဏ်ယူပါတယ်” ဟု The Glass Man ဇာတ်ကား၏ ဒါရိုက်တာ ၀ီရက ဆိုသည်။
Asians On Film Festival ကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ နှစ်စဉ်ပြုလုပ်ခြင်းဖြစ်ပြီး အာရှနိုင်ငံတွင်းမှ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ပြသနိုင်ရန်နှင့် အာရှနိုင်ငံများမှ အနုပညာ ဖန်တီးသူများနှင့် ဟောလိဝုဒ်မှ ရုပ်ရှင်ဖန်တီးသူများ ပူးပေါင်းကာ အနုပညာ ဖန်တီးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
[youtube src="AyFvhrvQS4U"/]
Writer:
လင်းလင်းခိုင်
Eleven Media Group
ဗြိတိသျှ Rock ဂီတသမိုင်းမှာ နာမည်တွင်တဲ့ အဆိုတော် David Bowie 
ဗြိတိသျှ Rock ဂီတသမိုင်းမှာ နာမည်တွင်တဲ့ အဆိုတော်ကြီး David Bowie အသက် ၆၉ နှစ်အရွယ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါပြီ။
David Bowie ဟာ တနှစ်ခွဲကြာ ကင်ဆာဝေဒနာခံစားခဲ့ရပြီးနောက် မိသားစုဝင်တွေ အလယ်မှာ ညင်ညင်သာသာပဲ အသက်ဆုံးပါးသွားတယ်လို့သူ့ ရဲ့လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ Twitter တို့မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့နောက်ဆုံး ၂၅ ချပ်မြောက် တေးဓါတ်ပြား ဖြစ်တဲ့ Blackstar ကို သူအသက် ၆၉ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ သူမ ကွယ်လွန်ခင် ၂ ရက် ကပဲ ဖြန့်ချီခဲ့တာပါ၊
သူ့ရဲ့ မ လိုလို ၊ ကျား လိုလို ဝတ်စားဆင်ယင်ပုံ၊ ပြီးတော့ ဂီတအမျိုးအစားတခုတည်းမှာ တွယ်ကပ်မနေပဲ Glam Rock, Hard Rock, Dance, Pop, Soul နဲ့ Punk စတဲ့ ဂီတ အမျိုးအစားပေါင်းစုံကို ခံစားပြီး ဖန်တီးခဲ့တာပါ။ ဂီတဇာတ်မြူး Lazarus ဆိုတဲ့ ပြဇာတ်ကို ရေးသားခဲ့တဲ့အတွက် မတ်လကျရင် ကာနီဂီ က ခန်းမကြီးမှာ ကျင်းပမယ့် ပွဲတခုမှာ သူ့ကိုဂုဏ်ပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်၊ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ကိုယ်ဟန်ပြမယ် Iman နဲ့ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
 ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆု ရသွားတဲ့ Leonardo DiCaprio နဲ့ The Revenant ဇတ်ကား ဒါရိုက်တာ Alejandro Gonzalez Inarritu
၇၃ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုကို အမေရိကန်ပြည်ထောင်စု Los Angeles မှာ မနေ့ညက ကျင်းပခဲ့ပါတယ်။
၁၈၂၀ ပြည့်လွန်နှစ်တွေတုန်းက နယ်မြေသစ်မှာ အခြေချနေထိုင်သူ တယောက် ၀က်ဝံတကောင် အကိုက်ခံရပြီးနောက် အသက်ရှင်အောင် ဘယ်လိုခက်ခက်ခဲ့ ရုန်းကန်းခဲ့သလဲဆိုတာကို ရိုက်ကူးထားတဲ့ The Revenant ဇတ်ကားကအကောင်းဆုံး ဇတ်လမ်းအသားပေး ဒရမ်မာကားဆုကို ရရှိသွားပါတယ်။
ဒီကားမှာ Leonardo DiCaprio က အကောင်းဆုံး သရုပ်ဆောင်ဆုရနဲ့ ဂွန်ဇာလက်ဇ်ကလည်းအကောင်းဆုံး ဒါရိုက်တာဆုရသွားတာပါ။ အကောင်းဆုံး ဇာတ်ပို့ဆုကိုတော့ Sylvester Stallone က လက်ဝှေ့အကြောင်းရိုက်ကူးထားတဲ့ Creed ဇာတ်ကား မှာ ရသွားတာပါ။
အင်္ဂါဂြိုလ်ပေါ်မှာ သေဆုံးသွားပြီလို့ယူဆထားတဲ့ အာကာသယာဉ်မှူး အသက်ရှင်နေဆဲဖြစ်တဲ့အကြောင်းရိုက်ထားတဲ့ The Martian ဇာတ်ကားက အကောင်းဆုံး ဟာသဇာတ်ကားဆုနဲ့ သရုပ်ဆောင် Matt Damon ကလည်း အကောင်းဆုံး သရုပ်ဆောင်ဆုကိုရသွားပါတယ်။
သားငယ်တယောက်နဲအတူ အကျဉ်းချခံထားတဲ့အကြောင်းရိုက်ကူးထားတဲ့ Room ဇာတ်ကားမှာတော့ Brie Larson က အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆုရသွားသလို မိသားစု စီးပွါးရေးလုပ်ငန်း ထူထောင်သူအဖြစ် သရုပ်ဆောင်ထားတဲ့ Jennifer Lawrence ကတော့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Joy ဇတ်ကားမှာရသွားပါတယ်။အကောင်းဆုံး အမျိုးသမီးဇတ်ပို့ဆုကိုတော့ Kate Winslet က Steve Jobbs ဇတ်ကားမှာ ရရှိသွားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ရေတွက်နေစဉ်
နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ရေတွက်နေစဉ်
ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဒီလ ၂၁ ရက်နေ့ မနက်ပိုင်းကျရင် ခုံဖွဲ့ စစ်ဆေးသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ငွေစာရင်း မတင်ထားတဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၅ ဦးရှိနေပြီးတော့ သူတို့ကို စစ်မေးတဲ့အခါမှာ ခိုင်လုံတဲ့ သက်သေမပြနိုင်ရင် အရည်အချင်း ပျက်ယွင်းတယ်လို့ ကြေညာခြင်း ခံရမှာလည်း ဖြစ်ပြီး လာမယ့် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ထောင်ကျော်ရှိတဲ့အထဲမှာ ၁၇၅ ဦးဟာ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်ထားခြင်း မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့နေက စပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း ပုံစံ ၂၀ နဲ့ တင်သွင်းရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြောညာထားပါတယ်။ ဒီငွေစာရင်း မတင်ပဲ ပျက်ကွက်တဲ့ သူတွေကိုဒီလ ၂၁ ရက်နေ့မှာ ခုံဖွဲ့ စစ်ဆေး သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦး က ဗွီအိုအေကို ပြောပါတယ်။
“၂၁ ရက်နေ့ ၁၀ နာရီမှာ စစစ်မယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ပျက်တာက ၁၇၅ ဦး သူတို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ၃၂ ဦး”
ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီက လွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ငွေစာရင်း မတင်ပဲ ပျက်ကွက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ငွေစာရင်း ပျက်ကွက်တဲ့ ကိုယ်စားလှယ်တွေ အရည်အချင်း ပျက်ကွက်ခြင်း ရှိမရှိဆုံးဖြတ်ထားတဲ့ အစီရင်ခံစာ တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာ ဖြစ်ပြီးတော့ ဒီအစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီငွေစာရင်း တတ်ဖို့ ပျက်ယွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်ကြေညာခြင်း ခံရမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က အခုလို ပြောပါတယ်။
“ပျက်ကွက်တဲ့လူတွေကို အခုအမှုဖွင့်ပြီးတော့ အရည်အချင်းပျက်ယွင်းတယ်လို့ ကြေညာခြင်း ခံရမှာပေါ့နော်။ အဲဒီလို သက်မှတ်ခြင်းခံလို့ရှိရင် ဒီရွေးကောက်ပွဲ အထွေထွေရွေးကောက်ပွဲ သက်တမ်းတခုပေါ့ ကြားဖြတ်တွေပေါ်လာရင်းနဲ့ သူအရွေးခံလို့မရဘူးပေါ့ကွာ။”
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် သိန်းတစ်ရာ သုံးစွဲခွင့် ပြုထားပြီး ကုန်ကျစရိတ် တင်သွင်းရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ထားတာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲပြီးတဲ့အခါမှာ ကုန်ကျစရိတ်တင်သွင်းတဲ့သူ နည်းနေသေးတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ရက်အတိုင်း ကုန်ကျစရိတ် တင်သွင်းဖို့အတွက် ကိုယ်စားလှယ်လောင်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ရည်မှန်းချက်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ ငွေစာရင်း မဖြစ်မနေ ရှင်းလင်းသင့်တယ်လို့ နိုင်ငံရေး သုံးသပ်တဲ့သူတွေက ရှု့မြင်ကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေကြောင့် နိုင်ငံရေးမှာ ထူးထူးခြားခြား ရိုက်ခတ်နိုင်စရာ မရှိဘူးလို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
“ကျနော်မြင်တာကတော့ သိပ်ပြီးတော့ ကြီးကြီးမားမား ရိုက်ခတ်မှုတော့ ဖြစ်နိုင်မယ်မထင်ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်စားလှယ်အားလုံး ၆၀၀၀ လောက် ပြိုင်တဲ့အထဲမှာ ၁၀၀ ကျော်လောက်ဆိုတော့ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် သူက သိပ်အများကြီးမရှိဘူးလို့ပြောလို့ရတယ်လေ။ အဲဒီအခါကျတော့ ဥပဒေနဲ့အညီဒီလို ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်တဲ့လူတွေကတော့ ကာလတခုအထိ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ကို ကန့်သတ်ခံရမှာပဲလို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ် ခင်ဗျာ။”
လက်ရှိ ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်ဘဲ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ရန်ကုန်တိုင်းက ၃၄ ဦးရှိနေပြီး တစ်နိုင်ငံလုံးမှာ အများဆုံးလည်းဖြစ်ပါတယ်။ဒါ့အပြင် ရှမ်းပြည်နယ်မှာ ၂၇ ဦး၊ ကချင်ပြည်နယ်မှာ ၂၅ ဦး၊ ရခိုင်ပြည်နယ် မှာ ၃ ဦး၊ မွန်ပြည်နယ်မှာ ငါးဦး၊ ချင်းပြည်နယ်နဲံ့ စစ်ကိုင်းတိုင်းတို့မှာ တစ်ဦးစီအပါအ၀င် ဧရာဝတီတိုင်းမှာ ၂၀ ဦး၊ မန္တလေးတိုင်းမှာ၁၇ ဦး၊ မကွေးတိုင်းမှာ ၆ ဦး၊ တနင်္သာရီတိုင်းမှာ ခုနစ်ဦးနဲ့ ပဲခူးမှာ ၆ ဦး ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပေမဲ့ ဘယ်နိုင်ငံရေး ပါတီတွေကလည်း ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
ထက်အောင်/VOA
http://burmese.voanews.com/content/elected-hluttaw-parlimentariant-/3139752.html?nocache=1
စလုံး ၊ နေပြည်တော် ၊ ဇန်န၀ါရီ ၁၁ ရက်
ဖွဲ့ စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအ၀င် အခြားဥပဒေကြမ်း ၁၃ ခုကို လက်ရှိလွှတ်တော်တွင် အတည်မပြုတော့ဘဲ လာမည့် ဒုတိယအကြိမ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ် ကြောင်းသိရသည်။
ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက်က ကျင်းပခဲ့သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ၁၄ ခု နှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်ဖြစ်သည့် ပြည်သူ့ လွှတ်တော်တွင် မှတ်တမ်းတင်ကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ ကို အမျိုးသားဒိမိုကရေစီအဖွဲ့ ချုပ် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် ဖေဖော်ဝါရီလတစ်ရက်နေ့ တွင် စတင်ကျင်းပမည်ဖြစ်သည်။
လက်ရှိလွှတ်တော်တွင် အတည်မပြုဘဲ လာမည့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရမည့် ဥပဒေကြမ်း ၁၄ ခု
(၁) နျူကလီးယား ဘေးအန္တရယ် ကင်းရှင်းရေး ဥပဒေကြမ်း
(၂) မြေသိမ်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
(၃) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
(၄) စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း
(၅) တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း
(၆) မူပိုင်ခွင့် ဥပဒေကြမ်း
(၇) ကုန်အမှတ်တံဆိပ် ဥပဒေကြမ်း
(၈) သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း
(၉) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့် ဥပဒေကြမ်း
(၁၀) မြန်မာနိုင်ငံစာရင်းအင်းဥပဒေကြမ်း
(၁၁) ပုဂ္ဂလိက ပညာရေးဥပဒေကြမ်း
(၁၂) အကျဉ်းထောင်များ ဥပဒေကြမ်း
(၁၃) ၁၉၄၉ ခုနှစ် ၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
(၁၄) လက်နက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
The Street View
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပတော့မည်ဟု ကြားသိရသောအခါ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် အမျိုးသားညီလာခံ၌ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း” “တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို” စသဖြင့် ရွတ်ဆိုကာ ယခုလို ပြာသိုလမှာ ရှေးကတည်းက ညီလာခံများ ကျင်းပခဲ့ကြကြောင်းဖြင့် ရွှန်းရွှန်းဝေအောင် အဖွင့်မိန့်ခွန်း ခြွေသွားခဲ့သည့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ (မျောက်ခေါင်းမျိုးညွန့်ဟု လူသိများသည့်) ဗိုလ်ချုပ်မျိုးညွန့်ကို သတိရမိသည်။
၎င်းက အမျိုးသားညီလာခံကြီးဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထူးခြားအရေးပါပြီး နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူများရဲ့အကျိုးကို အမြင့်မားဆုံး ဖော်ဆောင် အလုပ်အကြွေးပြုနိုင်စွမ်း ရှိစေရမည့်အကြောင်း မစားရ ၀ခမန်း အာဘောင်အာရင်းသန်သန် ဟစ်ကြွေးသွားခဲ့သည်။ ရာစုနှစ်၏ လေးပုံတပုံနီးပါးမျှ ကြာပြီးသည့် ယခုအချိန် တိုင်းပြည်၏ အခြေအနေကို ပြန်ကြည့်လိုက်သောအခါ အမျိုးသားညီလာခံသည် သမိုင်းတွင် ထူးခြားသည်ဟူသည်မှာ အဆိုးဘက်ကဖြစ်နေကြောင်း တွေ့နိုင်သည်။ ယင်း၏ ရလဒ်များကို ဖော်ဆောင်ခဲ့ရာတွင် (ခရိုနီတသိုက်၊ စစ်ခေါင်းဆောင်ဟောင်းသစ်များနှင့် နေပြည်တော်ရှိ နိုင်ငံရေးအ၀န်းအ၀ိုင်းတချို့မှလွဲ၍) တတိုင်းပြည်လုံးရှိ တိုင်းရင်းသားပေါင်းစုံ လူထု၏ အခြေအနေမှာ ကုန်းကောက်စရာ မရှိလောက်အောင်ပင် ဖြူခါပြာခါ ကျသွားခဲ့သောကြောင့် ဖြစ်သည်။ ဤအလားတူ ဇာတ်လမ်းကိုပင် နောက်တကျော့ ပြန်လှမ်းဦးတော့မည့် ငြိမ်းချမ်းရေးညီလာခံဟူသည်ကို အမွှမ်းတင်လာကြပြန်ချေပြီ။
နိုင်ငံရေးဆွေးနွေးပွဲကို လေသံလွှင့်၊ ငြိမ်းချမ်းရေးညီလာခံဟူသော ခေါင်းစဉ်သစ်ပြောင်း၊ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ ထည့်ပြလိုက်သောအခါ ဟိုနိုင်ငံရေးအင်အားစု၊ သည်တိုင်းရင်းသားအဖွဲ့ စသည်များအတွင်းတွင် အတော်ပင် လှုပ်ခါလျက်ရှိကြောင်း သတိပြုမိသည်။ စိတ်မချမ်းမြည့်ဘွယ် တွေ့ရသည်မှာမူ ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ကရင်ပြည်နယ် မာနယ်ပလောကို အခြေပြုပြီး ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) အား ဖွဲ့စည်းကာ တော်လှန်စစ်ကို တိုးမြှင့်ဦးဆောင်ခဲ့သည့်အပြင် အမျိုးသားညီလာခံကို ဆန့်ကျင်ခဲ့ကြရာ၌ ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့ကြသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ယခု ဒုတိယအကြိမ် အမျိုးသားညီလာခံကို ပုံဖော်ရာ၌မူ ရှေ့ဆုံးတန်းမှ ပါဝင်နေခြင်းပင်။ တော်လှန်စစ် ဆင်နွှဲခဲ့ရာ၌ နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့သော ကေအန်ယူသည် ညီလာခံ၏ မမျှတသည့် ဖွဲ့စည်းမှု၊ ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများအောက်တွင် မျက်စိလှည့်ခံရပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ဒူးထောက်ရတော့မည့် အရိပ်အယောင်များကို တွေ့မြင်နေရပါပြီ။ ရှစ်လေးလုံးအပြီးနောက်ပိုင်း မြို့ပြဒေသများကို အသီးသီးစွန့်ခွာပြီး ကချင်နှင့် ရှမ်းပြည်နယ်များအပြင် အဓိကအားဖြင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေးဒေသများသို့ ရောက်ရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တည်ထောင်တိုက်ပွဲဝင်ခဲ့စဉ်က တပ်ရင်း (၁၇) ရင်းအင်အား တသောင်းကျော်ရှိခဲ့သည်။ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ တပ်များနှင့် အတူလက်တွဲ၍ တော်လှန်စစ်ကို ဆင်နွှဲခဲ့စဉ်အတွင်း ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း စစ်ရှိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။ တော်လှန်ရေး ဗဟိုဌာနချုပ် မာနယ်ပလောကိုလည်း ခုခံကာကွယ် တိုက်ပွဲဝင်ခဲ့ကြရာ တိုက်ပွဲစဉ်များအတွင်း ရန်သူအလောင်းချင်းထပ်မျှ ကျဆုံးခဲ့သည်။ ၁၉၉၂ ခုနှစ် ဧပြီလတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်လှက တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရသည်။ ထိုစဉ်က မာနယ်ပလောဌာနချုပ်တွင် အောင်ပွဲခံယူခဲ့ကြပါသည်။
ထိုအောင်ပွဲနှင့်အတူ ကရင့်အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးအလံအား အမြင့်ဆုံး လွှင့်ထူနိုင်ခဲ့သည်။ ကရင်ဆိုတာ ဒါပဲကွဟု သက်သေပြနိုင်ခဲ့သည်။ တော်လှန်စစ်နှင့်အတူ တော်လှန်ရေးကို ဦးဆောင်နိုင်သည့် အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ နိုင်ငံရေးဂုဏ်သိက္ခာမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ (ဒီအေဘီ) တပ်ပေါင်းစုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြက “တော်လှန်ရေးလုပ်တယ်ဆိုတာ သတ္တိရှိဖို့လိုတယ်။” “လူထုကို အကာအကွယ်ပေးရမယ်။” “ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထု တခုအတွက်သာ မကဘူး။ တိုင်းရင်းသားပေါင်းစုံ လူထုများအတွက် ဖြစ်တယ်။” အစရှိသော မိန့်ခွန်းများသည် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးအတွင်း ပျံ့နှံ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့်အတူ စုပေါင်းခေါင်းဆောင်ခဲ့ကြရာတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်၊ ကေအိုင်အို ဥက္ကဋ္ဌကြီး ဦးဘရန်ဆိုင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး မန်းအောင်သန်းလေး စသူတို့မှာ အသိဉာဏ်ပညာနှင့် ပြည့်စုံကြ၊ ရိုးသားကြ၊ ကိုယ်ကျိုးမဖက်ဘဲ တော်လှန်ရေးကို တစိုက်မတ်မတ် ဆင်နွှဲကြသည့် ဂုဏ်သိက္ခာနှင့် ပြည့်စုံကြသူများ ဖြစ်သဖြင့် ထိုစဉ်က တော်လှန်ရေးတပ်ပေါင်းစုသည် ရန်သူစစ်အာဏာရှင်များအား ထိရောက်စွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ကာ စစ်ရှိန်ကိုမြှင့်ရန်နှင့် စစ်အခြေခံဒေသ တိုးချဲ့ရန်များကိုပင် လေ့လာပြင်ဆင်မှုများ ပြုနိုင်ခဲ့သည်။
ဤတွင် မြန်မာစစ်အာဏာရှင်များဘက်က စစ်ရေးထိုးစစ်များကို ရပ်ဆိုင်းကြောင်း တဘက်က ကြေညာသည်။ အခြားတဘက်က နိုင်ငံရေးထိုးစစ် စတင်လာပါတော့သည်။ ယင်းမှာ န၀တ စစ်အစိုးရက ၁၉၉၂ ခုနှစ် ဧပြီလ (၂၄) ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁၁/၉၀ ကို ထုတ်ပြန်ကာ ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် အမျိုးသားညီလာခံအား ၆ လအတွင်း ခေါ်ယူကျင်းပပေးမည်ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးဘက်က ရပ်တည်မှုမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ ယင်းကို ၁၉၉၀ ခုနှစ်ကတည်းက ဒီအေဘီ တပ်ပေါင်းစုက ဦးဆောင်ကာ စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ န၀တ စစ်အစိုးရက အမျိုးသားညီလာခံ ကျင်းပမည်ဟူသော လုပ်ငန်းစဉ်ကိုလည်း လုံးဝပင် ဆန့်ကျင် ရပ်တည်ခဲ့သည်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုသာ စိုက်လိုက်မတ်တတ် တောင်းဆိုခဲ့သည်။ ထိုစဉ်က ရပ်တည်တောင်းဆိုခဲ့ချက်များ မှန်သည်ဟု သုံးသပ်နိုင်သည်။ ယခုအချိန်တွင် ယင်းတို့ကို လက်ရှိစစ်အစိုးရက ရောင်ပြန်ဟပ် ဖော်ဆောင်မှုများ ပြုလာကြောင်း တွေ့နိုင်သည်။
ယခုကျင်းပတော့မည့် ငြိမ်းချမ်းရေးညီလာခံအား ကျင်းပပြီးခဲ့သည့် အမျိုးသားညီလာခံနှင့် နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်လာပါသည်။ သို့မှသာ အတိတ်ကအမှားကို သင်ခန်းစာယူ၊ နောင်မမှားအောင် ရှောင်နိုင်ပါမည်။ အမျိုးသားညီလာခံ မကျင်းပမီ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော န၀တ၏ အမိန့်အမှတ် ၁၃/၉၂ အပိုဒ် ၄(ခ) တွင် (တို့တာဝန်အရေးသုံးပါး ပါဝင်စေလျက်) အမျိုးသားညီလာခံ၏ ဦးတည်ချက် ဘောင် ၆ ရပ်ဟူသည်ကို ကြိုတင်သတ်မှတ် ဖော်ပြခဲ့သည်။ တဖန် အမျိုးသားညီလာခံ ကျင်းပပြီးနောက် ချမှတ်လိုက်သည့် အခြေခံမူများဟူရာတွင် ယင်း ဦးတည်ချက်ဘောင် ၆ ရပ်သည်သာလျှင် ထိပ်ဆုံးတန်းမှ ပါဝင်ခဲ့သည်။ စင်စစ်အားဖြင့် စစ်အစိုးရ၏မူကို အမျိုးသားညီလာခံမှ ချမှတ်လိုက်သည့်မူအနေဖြင့် ပြောင်ပြောင်တင်းတင်း လိမ်လည်ကာ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းမူ ၆ ရပ်သည်ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ (အခြေခံအကျဆုံး ကျောရိုးအဖြစ်) ပုဒ်မ (၆) အတိအကျ ဖြစ်လာခဲ့သည်။ ပုဒ်မ (၆) ပါ မူ ၆ ရပ်အနက် အဓိကအကျဆုံးမှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဖြစ်သည်။
ယင်းကိုရည်ညွှန်းလျက် တပြည်လုံးရှိ လွှတ်တော်အသီးသီး၌ စစ်သားအမတ် လေးပုံတပုံပါဝင်ခြင်း၊ သမ္မတ သို့မဟုတ် ဒု-သမ္မတ ဖြစ်နိုင်သူတဦးအား စစ်တပ်က ရွေးချယ်စေလွှတ်ခြင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ကာလုံကို ထည့်သွင်းခြင်း၊ စစ်ဘက်ဆိုင်ရာ တရားရုံး သီးခြားတည်ထောင်ခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးသုံးဦးကို ကာချုပ်က ခန့်ထားခြင်း အစရှိသဖြင့် (ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံတွင်မျှမရှိဘဲ) စစ်အာဏာရှင်စနစ်ကို ရေရှည်သက်ဆိုးရှည်စေမည့် ပြဋ္ဌာန်းချက်များအား ထည့်သွင်းစေခဲ့သည်။ ဤသည်မှာ အမျိုးသားညီလာခံမှ ထွက်ပေါ်ခဲ့ပြီး ယနေ့အထိ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံး ခါးသီးဆိုးဝါးစွာ ခံစားနေရသော ရလဒ်ဖြစ်သည်။
အန်အယ်လ်ဒီသည် ပြည်တွင်းစစ်ကို ငြှိမ်းသတ်နိုင်မည့် စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ထွက်လာရေး လမ်းကြောင်းနှင့် စပ်လျဉ်းပြီး နိုင်ငံရေးမဟာဗျူဟာ အမှားနှစ်ကြိမ် ကျူးလွန်ခဲ့သည်။ ပထမအကြိမ်မှာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံ ပေါ်ထွက်လာရေးအတွက် စီစဉ်ခင်းကျင်းထားသည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ န၀တ၏ ကြေညာချက်အမှတ် ၁/၉၀ အပိုဒ် ၂၀ အရပင်လျှင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များ၏ တာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဖြစ်ကြောင်း ၀န်ခံထားခဲ့ရသည်။ အကြောင်းကြောင်းကြောင့် အာဏာလွှဲပေးရေးအား ပြတ်ပြတ်သားသား မဦးဆောင်နိုင်ခဲ့သည်ရှိစေဦး၊ ၁/၉၀ ကိုပင် ကိုင်စွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် မိမိတို့မှာသာ အဓိကလုပ်ပိုင်ခွင့်ရှိကြောင်း တောင်းဆိုသင့်ခဲ့သည်။ လက်မခံပါက စစ်အစိုးရ၏ လုပ်ငန်းစဉ်ကို ငြင်းဆန်၊ ၎င်းက ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်မပြုဘဲ နိုင်ငံရေးအရ ခပ်တင်းတင်း ရပ်ခံနေရုံသာရှိသည်။ ထိုစဉ်က ယင်းကဲ့သို့ မရပ်တည်ဘဲ အမျိုးသားညီလာခံသို့ တက်ခြင်းဖြင့် ညီလာခံ၏ တရားဝင်မှု (Legitimacy) ကို အန်အယ်လ်ဒီက ဖြည့်ဆည်းပေးခဲ့သည်။
၁၉၉၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့၌ အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေက ၁/၉၀ အပိုဒ် ၂၀ ကိုပင် ကိုးကားကာ ရွေးကောက်ခံ ကိုယ်စားလှယ် စုစုပေါင်း ၃၇၇ ဦးခန့် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ယင်းတို့အားလုံးကို ညီလာခံကိုယ်စားလှယ်များအဖြစ် ခွင့်ပြုစေလိုကြောင်းဖြင့် အကြံပြုခဲ့သော်လည်း စစ်အစိုးရက ပယ်ချခဲ့သည်။ ၎င်းတို့ မူလချမှတ်ထားခဲ့ပြီးဖြစ်သော ကိုယ်စားလှယ်ရှစ်ဖွဲ့ (နိုင်ငံရေးပါတီ၊ ရွေးကောက်ခံကိုယ်စားလှယ်၊ တိုင်းရင်းသား၊ လယ်သမား၊ အလုပ်သမား၊ အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်းနှင့် အခြားဖိတ်ကြားသင့်သူများဟူသော) ကိုသာ အတင်းအကျပ် လက်ခံစေခဲ့သည်။
အမျိုးသားညီလာခံ တက်ရောက်ခဲ့သူ စုစုပေါင်း ၇၀၂ ဦးအနက် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၇ ဦးမျှကိုသာ တက်ရောက်ခွင့်ပြုခဲ့သဖြင့် ညီလာခံ၏ ခုနှစ်ပုံတပုံခန့်မျှကိုသာ လူထုကိုယ်စားလှယ်အနေဖြင့် လက်ခံနိုင်သူများ ကိုယ်စားပြုခွင့် ရခဲ့သည်။ ကျန်သည့် ခုနှစ်ပုံခြောက်ပုံအနက် ငါးပုံခန့်မှာ စစ်အစိုးရအလိုကျ ပုံသဏ္ဌာန်အမျိုးမျိုး ဖန်တည်းရွေးချယ် ခေါ်ယူထားခံရသူဖြင့် ညီလာခံကို လွှမ်းမိုးချယ်လှယ်ခဲ့သည်။ စစ်အစိုးရအလိုကျ အခြေခံမူ ဟူသည်များ ထွက်ပေါ်စေပါတော့သည်။
ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်တင်သွင်းခဲ့သည့် ရွေးကောက်ခံ ၃၇၇ ဦးလုံး ပါဝင်ခွင့်ရစေရေးမူကို စစ်အစိုးရက လက်မခံပါက အန်အယ်လ်ဒီအနေဖြင့် ညီလာခံ မတက်ရုံသာရှိသည်။ သို့ရာတွင် အန်အယ်လ်ဒီသည် စစ်အစိုးရ ပေးသမျှကလေးကိုပင် လက်ဝါးဖြန့်ယူကာ နိုင်ငံရေးပါတီကိုယ်စားလှယ် ၅ ဦး၊ ရွေးကောက်ခံ ၈၈ ဦးမျှဖြင့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။ ထိုမှစ၍ စစ်အစိုးရသည် အန်အယ်လ်ဒီ၏ အားနည်းချက်ကို သိသွားခဲ့ပြီဟု ဆိုနိုင်သည်။
၁၉၉၃ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အမျိုးသားညီလာခံတွင် ဦးအောင်ရွှေက “A Constitution shall not contain a seed of its own destruction” “အခြေခံဥပဒေတရပ်တွင် ယင်းအား ဖျက်ဆီးစေမည့် မျိုးဥ မပါရှိစေရ။” ဟူသောမူကို တင်သွင်းခဲ့သည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ယင်းကိုဖျက်ဆီးစေမည့် မျိုးဥသာမက အကောင်လိုက်ကိုပင် မြင်နေရပြီ။ ယင်းအကောင်များက အခြေခံဥပဒေအား ဖျက်ဆီးမည်ကို မသေချာသော်လည်း တိုင်းပြည်ကို ဖျက်ဆီးနေသည်မှာတော့ သေချာလျက်ရှိသည်။ အမျိုးသားညီလာခံတွင် ဦးအောင်ရွှေ၏ တင်ပြဆွေးနွေးချက် တခုတလေကိုမျှ စစ်အစိုးရက လိုက်နာလုပ်ဆောင်ခဲ့ခြင်း မရှိပါ။ အန်အယ်လ်ဒီကို တင်ပြခွင့်ပေးမည်။ သို့ရာတွင် စစ်အစိုးရက သူလုပ်ချင်တာ လုပ်သွားခဲ့သည်ကို အမျိုးသားညီလာခံမှ ထင်ရှားစွာ သင်ခန်းစာယူနိုင်သည်။ အမျိုးသားညီလာခံသို့ အန်အယ်လ်ဒီ တက်ရောက်ခဲ့ခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမှုကို ဖြည့်ဆည်းပေးရာသာ ရောက်စေခဲ့သည်။ ထိုစဉ်က ကရင့်တော်လှန်ရေးနယ်မြေ မာနယ်ပလောကို ဗဟိုပြုကာ ဖွဲ့စည်းထားသည့် အမျိုးသားကောင်စီ (National Council of the Union of Burma – NCUB) သည် အမျိုးသားညီလာခံကို တောက်လျှောက် ဆန့်ကျင်ခဲ့သည်။ ၁၉၉၄ အောက်တိုဘာလ ၁၀ ရက်မှ ၂၀ ရက်နေ့အတွင်း အမျိုးသားကောင်စီက ကမကထပြု ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှီးနှောဖလှယ်ပွဲ Constitutional Seminar တွင် ပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးနှင့် နိုင်ငံတကာရောက် နိုင်ငံရေးအင်အားစု အများစုကြီး အပါအ၀င် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ရာ ကိုယ်စားပြုမှု အကျယ်ပြန့်ဆုံးနှင့် တော်လှန်ရေးနယ်မြေတွင် ကျင်းပခဲ့သမျှအနက် အကြီးမားဆုံး နှီးနှောဖလှယ်ပွဲကြီး ဖြစ်ခဲ့သည်။ ယင်းတွင် အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို ဝေဖန်ထောက်ပြ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ညီလာခံကို လုပ်ထုံးလုပ်နည်းအရ ချုပ်ကိုင်ထားမှုမှာ မည်မျှအထိ တင်းကျပ်ပါသနည်း။ နောင်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၆) ဖြစ်လာမည့် ဦးတည်ချက် (၆) ရပ်ကို လုပ်ထုံးလုပ်နည်း၏ အခန်း (၁) မှာပင် ညီလာခံဦးတည်ချက်အနေဖြင့် ထည့်သွင်းသတ်မှတ်ထားပြီးဖြစ်သည်။ ယင်းတို့ကို ဆန့်ကျင်သည့် အခြေခံမှ ဆွေးနွေး၍ မရကြောင်း ကိုယ်စားလှယ်အားလုံး သိရှိပြီးဖြစ်သည်။ မည်သူမျှလည်း မဆွေးနွေးရဲခဲ့ကြ။ ဆွေးနွေးရာတွင်ပင် “သဘာပတိကြီးခင်ဗျား” ဟု ဦးတည်ပန်ကြားကာ ဆွေးနွေးရမည်ဟုဖြစ်ကြောင်း အတိအလင်း သတ်မှတ်ထားခြင်းဖြင့် ကိုယ်စားလှယ်များ၏ စိတ်ဓာတ်ကို ချိုးနှိမ်ထားခဲ့သည်။ “ကြိုတင်ပေးပို့ထားသော ဆွေးနွေးချက်အတိုင်း ဖတ်ကြားဆွေးနွေးရမည်။” ဟူ၍ သတ်မှတ်ခြင်းဖြင့် ရုပ်ခန္ဓာကိုယ်ကိုလည်း ချုပ်ကိုင်ထားခဲ့သည်။ ထိုအကြားမှပင် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဒေါက်တာအောင်ခင်ဆင့်အား ထောင်ဒဏ်နှစ် ၂၀ ချခဲ့သေးသည်။
အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် အတုအယောင်သာဖြစ်ကြောင်း သဘောပေါက်သဖြင့် ယင်းကို ကျောခိုင်းကာ လွတ်မြောက်နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မားကိုဘန်း၊ ဦးဒင်နီယယ်အောင် စသူတို့ကလည်း အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးတွင် ၎င်းတို့၏ အတွေ့အကြုံများကို ထပ်ဆောင်းတင်ပြခဲ့ကြသည်။ ထို့နောက် အဆိုပါ နှီးနှောဖလှယ်ပွဲမှနေ၍ အမျိုးသားညီလာခံကို ဆန့်ကျင်သွားကြရန် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာကြသောအခါ အဖွဲ့အစည်း အသီးသီးသည် ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလှုံ့ဆော်ကြပါတော့သည်။ ယင်း၏ အကျိုးသက်ရောက်မှုများအနက် တရပ်ဟု ဆိုနိုင်သည်။ ထိုမှ မရှေးမနှောင်းတွင် အန်အယ်လ်ဒီသည် အမျိုးသားညီလာခံ တက်ရောက်ခြင်းမှ ရပ်နားသွားခဲ့သည်။
အန်အယ်လ်ဒီက နိုင်ငံရေးမဟာဗျူဟာ ဒုတိယအမှားကို ထပ်မံကျူးလွန်ဦးတော့မှာလား။ “တနိုင်ငံလုံး အပစ်ရပ်စာချုပ် အန်စီအေတွင် တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်ပာူ၍သာ ရေးသားထားပြီး ရွေးကောက်ပွဲအနိုင်ရပါတီမှ ကိုယ်စားလှယ်များဟု ရေးသားထားခြင်း မရှိသည့်အတွက်” ဟူ၍ အကြောင်းပြကာ စစ်အစိုးရက အန်အယ်လ်ဒီ၏ အခန်းကဏ္ဍကို သေးသိမ်စေလိုက်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ရွေးကောက်ပွဲ၌ သဲသဲလှုပ်မျှ အနိုင်ရခဲ့သည့် အန်အယ်လ်ဒီကို (လွှတ်တော်အမတ်တနေရာမျှ အနိုင်မရခဲ့သည့်) နိုင်ငံရေးပါတီ အများစုကြီးနှင့် တန်းတူထားကာ ကိုယ်စားလှယ်တက်ရောက်ခွင့်ပြုသည်။ ဤသည်ကို အမျိုးသားညီလာခံတုန်းကကဲ့သို့ပင် အန်အယ်လ်ဒီက လက်ခံလိုက်ကြောင်း ကြားသိရပြန်သည်။
လက်နက်ကိုင်ရှစ်ဖွဲ့မျှနှင့်သာ လက်မှတ်ထိုးထားရုံမက စာချုပ်၏ ခေါင်းစဉ်နှင့် ဆန့်ကျင်ကာ တနိုင်ငံလုံး အပစ်ရပ်ရန်ပင် တတ်နိုင်စွမ်းမရှိသော အန်စီအေအပေါ် အခြေခံထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အန်အယ်လ်ဒီက လွယ်လင့်တကူ လက်ခံလိုက်မည်ဆိုပါက ကြီးမားသော နိုင်ငံရေး မဟာဗျူဟာ အမှားတခုကို ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ရာ ရောက်သွားနိုင်သည်။ အဘယ်ကြောင့်နည်း။ အပျက်သဘောဆောင်သည့် သက်ရောက်မှုမှာ ကြီးမားကျယ်ပြန့်မည် ဖြစ်သောကြောင့်ပင်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အန်စီအေကို လက်မှတ်ရေးထိုးရာ၌ သက်သေအဖြစ် ပါဝင်စေရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်သောအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် လက်မှတ်မထိုးနိုင်ကြောင်း၊ ရန်တိုက်ပေးသလို ဖြစ်နေမည်ကို စိုးရိမ်ကြောင်းဖြင့် ပြောကာ ငြင်းဆန်ခဲ့သည်။ ဤရပ်တည်ချက်အပေါ် ပြည်သူလူထုများ အထူးသဖြင့် ထိုစဉ်က အန်စီအေကို လက်မှတ်မထိုးဘဲ စုစည်းရပ်ခံခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တန်ဖိုးထားခဲ့ကြသည်။ ယခုမူ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီသည် ဤရပ်တည်ချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ချေပြီလား။
အန်အယ်လ်ဒီက ယင်းသို့သော ရပ်တည်လုပ်ဆောင်မည်ဆိုပါက အန်စီအေ လက်မှတ်မထိုးဘဲ ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပစ်ပယ်လိုက်ရာ ကျပါမည်။ စစ်အစိုးရလုပ်နေသည့် အန်စီအေကို အခြေခံမည့် အတုအယောင်ဆွေးနွေးပွဲ လုပ်ငန်းစဉ်တခုလုံးအား အသိအမှတ်ပြုပေးလိုက်ရာလည်း ရောက်သွားပါမည်။ စစ်အစိုးရခင်းထားသည့် အန်စီအေ၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များအတိုင်းသာ အန်အယ်လ်ဒီက ဆက်လက်ဖော်ဆောင်မည့် အနေအထားအား ဖော်ပြလိုက်သလိုလည်း ဖြစ်ပါမည်။ ယင်းမှာ မဟာဗျူဟာအမှားဟု သုံးသပ်ရသည့် ပထမအကြောင်း ဖြစ်သည်။
ဒုတိယအကြောင်းမှာ ရွေးကောက်ပွဲ အနိုင်ရသူများဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခွင့်၊ ပြင်ဆင်ခွင့် စသည့် လုပ်ပိုင်ခွင့်များ ရှိရမည်ဟူသော အချက်ကို အန်အယ်လ်ဒီကိုယ်တိုင်က ငြင်းပယ်လိုက်ရာရောက်မည် ဖြစ်ခြင်းပင်။ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ၏ တာဝန်သည် ဖွဲ့စည်းပုံကိစ္စကို တိုက်ရိုက် ကိုင်တွယ်သွားရန်သာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းကို လက်ခံထားသော အန်အယ်လ်ဒီသည် မိမိတို့အများစု အသာစီးရထားသော လွှတ်တော်အတွင်းတွင် ဤဖွဲ့စည်းပုံပြဿနာကို ကိုင်တွယ်သွားသင့်သည်။ ယခုမူ ယင်းနှင့်ဆန့်ကျင်ကာ ပြည်သူလူထုက အခွင့်အာဏာ အပ်နှင်းထားသော လွှတ်တော်အား ပြင်ပမှ အဖွဲ့အစည်းတခုက ဖွဲ့စည်းပုံကိစ္စကို အဓိကဦးတည်လျက် သံမဏိကြိုးကြီးတခုဖြင့် လှမ်းပြီး ချုပ်နှောင်မှုကို အန်အယ်လ်ဒီက လိုလိုလားလား လက်ခံလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။
တတိယအကြောင်းမှာ လွှတ်တော်၊ အစိုးရ စသည်များ ဖွဲ့စည်းလည်ပတ်ပြီးနောက်တွင် အန်အယ်လ်ဒီကိုယ်တိုင်ကိုလည်း ထိခိုက်စေတော့မည် ဖြစ်သောကြောင့်ပင်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၄၊ ၁၅) ရက်နေ့များတွင် ကျင်းပခဲ့သည့် တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) (အန်အယ်လ်ဒီပါဝင်တက်ရောက်သည့်) အစည်းအဝေးမှ အတည်ပြုလိုက်သည်ဟုဆိုသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ် ၁၄ “အကောင်အထည်ဖော်ခြင်း” ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
၁၄ (၁)။ ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါရှိသော သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ရှိစေရန် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်၊ တပ်မတော်နှင့် အစိုးရ၀န်ကြီးဌာနများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်။
၁၄ (၂)။ နိုင်ငံတော်အစိုးရသည် ပြည်ထောင်စု သဘောတူစာချုပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်။
အထက်ပါ အပိုဒ်နှစ်ခုအရဆိုလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အစိုးရ၏အထက်တွင် ရှိနေသည်။ ငြိမ်းချမ်းရေးညီလာခံမှ မွေးဖွားပေါ်ထွက်လာမည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ပါရှိသော သဘောတူညီချက်များနှင့် ဆန့်ကျင်ကာ အန်အယ်လ်ဒီ ဦးဆောင်သည့် လွှတ်တော်သည် ဥပဒေအသစ်များ ပြဋ္ဌာန်းခွင့်မရှိ။ တည်ဆဲဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်ခွင့်မရှိ။ ဤသည်ကို အန်အယ်လ်ဒီက လက်ခံလိုက်မည်ဆိုပါက ဥပဒေကြောင်းအရ အဘယ်မျှ ရင်နာဘွယ် ကောင်းပါသနည်း။ အန်အယ်လ်ဒီဦးဆောင်သည့် လွှတ်တော်က ဒီမိုကရက်တစ် ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ထွန်းရေး လမ်းကြောင်းကို ဦးတည်မည် ဆိုကြပါစို့။ ငြိမ်းချမ်းရေးညီလာခံကနေ ထွက်ပေါ်လာမည့် သဘောတူညီချက်များက ယင်းကို ပိတ်ထား (Block) လုပ်ထားလျှင် မည်သို့ဖြစ်မည်နည်း။ လူထု၏ အခြေခံလွတ်လပ်ခွင့်များကို ထိခိုက်ပြဋ္ဌာန်းထားသည့် ဥပဒေဟောင်းများအား လွှတ်တော်က ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း ပြုလိုမည်ဆိုပါစို့။ ယင်းတို့ကိုလည်း အလားတူ ပိတ်ထားလျှင် မည်သို့လုပ်ကြမည်နည်း။
အန်အယ်လ်ဒီသမ္မတ၏ နောက်မှာ ကာချုပ်က သေနတ်နှင့် ထောက်ထားမည်။ သမ္မတ၏ အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကန့်သတ်ထားခံရပြီးလည်း ဖြစ်သည်။ ထို့အပြင် ယခုတဖန် လွှတ်တော်ရော အန်အယ်လ်ဒီ အစိုးရကိုပါ ပြည်ထောင်စု သဘောတူစာချုပ်က ထပ်မံ၍ ထိန်းချုပ်ထားခံလိုက်ရသည့် အခြေအနေသို့ ရောက်သွားပါမည်။
သို့ဖြစ်ပါက အန်အယ်လ်ဒီဦးဆောင်သည့် လွှတ်တော်နှင့် အစိုးရသည် လူထုအတွင်း သာမန် အုပ်ချုပ်ရေးကိစ္စများ လည်ပတ်စေရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အုပ်ချုပ်ခြင်းတို့ လုပ်ရုံသာရှိသည်။ တကယ်တန်းအားဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်စေရန် အုတ်မြစ်ချနိုင်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေဟောင်းများအား ဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်နိုင်ဘွယ် မရှိတော့ပါ။
တခြမ်းပဲ့ အန်စီအေတွင် သက်သေအဖြစ် လက်မှတ်မထိုးဘဲ ဒေါ်အောင်ဆန်းစုကြည်သည် မှန်ကန်စွာ ရပ်တည်ခဲ့သည်။ “ဒါက ဆီပူအိုးပဲ၊ ဒီအထဲကို မဆင်းကြနဲ့” ဟူ၍ ထောက်ပြခဲ့ရာလည်း ရောက်ခဲ့သည်။ သို့ရာတွင် ယင်းမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ မကျင်းပရသေးပါ။ ရွေးကောက်ပျွဲရလဒ်များ ထွက်ပေါ်လာပြီးဖြစ်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ သူမ၏ရပ်တည်ချက် ပြောင်းသွားခြင်းလား။ တခြမ်းပဲ့ အန်စီအေအပေါ်တွင် အခြေခံပြီး ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင်ကို လက်ခံ အတည်ပြုပေးလိုက်မည်ဆိုလျှင် ဆီပူအိုးကို လက်ညှိုးထိုး၍ ငြင်းဆိုခဲ့သည့် သူမကိုယ်တိုင်ကပင် မီးပုံထဲသို့ ခုန်ချပြလိုက်ရာ ရောက်သွားပါမည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဤအခြေအနေကို အမြန်ဆုံး ပြန်လည်လေ့လာပြီး တည့်မတ်သွားနိုင်လိမ့်မည် မျှော်လင့်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကြံ့ဖွံ့မဟုတ်သည့် အခြားမည်သည့်ပါတီမှဖြစ်စေ အရပ်သားတဦးက သမ္မတအနေဖြင့် ခေါင်းဆောင်ကာ အစိုးရဖွဲ့စည်းမည်ဆိုပါက ခြေနှစ်ဘက်သာရှိပြီး လက်နှစ်ဘက်မရှိသည့် အစိုးရလို ဖြစ်နေသည်။ ညာလက်ရုံးသဖွယ် အားထားရမည့် ကာကွယ်ရေးဝန်ကြီးအား သမ္မတက ခန့်ထားခွင့်မရှိ။ သို့ဖြစ်၍ ကာကွယ်ရေးဝန်ကြီး၏ ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရမည့် ကာချုပ်မှတဆင့် တပ်မတော်အား သမ္မတအာဏာစက်ဖြင့် အမိန့်ပေး၍မရ။ ကာချုပ်ကို သမ္မတက ဖြုတ်ချခွင့်မရှိ။ ကာချုပ်က ပြန်ဖြုတ်ချမှာကိုပင် စိုးရိမ်နေရသည်။ ဤသည်မှာ အစိုးရတွင် ညာလက်ရုံးကင်းမဲ့နေသည့် အနေအထားဖြစ်သည်။
ဘယ်ရုံးလက်သဖွယ် အသုံးချရမည့် ပြည်ထဲရေးဝန်ကြီးအားလည်း သမ္မတက ခန့်ထားခွင့်မရှိ။ သို့ဖြစ်၍ ပြည်ထဲရေးဝန်ကြီး၏ ကွပ်ကဲမှုအောက်တွင် ရှိနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လုံခြုံရေးအဖွဲ့အစည်းများဖြစ်သော ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အမျိုးသားထောက်လှမ်းရေးဗျူရို အစရှိသည့် အဖွဲ့အစည်းများအား သမ္မတ၏ အာဏာသည် တိုက်ရိုက်သက်ရောက်မှုမရှိ။ ထို့အပြင် ဘယ်လက်ရုံး၏ အစိတ်အပိုင်းတခုသဖွယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်ဆံကာ ငြိမ်းချမ်းရေးကိစ္စများအား ထိတွေ့ကိုင်တွယ်ရမည့် နယ်စပ်ဒေသရေးရာ ၀န်ကြီးကလည်း သမ္မတကို အမှုထားစရာမလို။ ဤသည်မှာ အစိုးရတွင် ဘယ်လက်ရုံးကင်းမဲ့နေသည့် အနေအထားဖြစ်သည်။
အန်အယ်လ်ဒီသည် လူထုထောက်ခံမှုဖြင့် နိုင်ငံရေးရာဇပလ္လင်သို့ လှမ်းတက်သွားလိုက်နိုင်သော်လည်း ၎င်းက ဖွဲ့စည်းမည့် အစိုးရသည် ယင်းအခြေအနေကို ရင်ဆိုင်နေရလျက်ရှိသည်။ လက်နှစ်ဘက်မဲ့သလို ဖြစ်နေသော အန်အယ်လ်ဒီ အစိုးရအဖွဲ့ အနေဖြင့် တိုင်းပြည်ကို တစုံတရာ မျှဝေအုပ်ချုပ်ခွင့်ရနိုင်ရန် အာဏာယူထားဆဲ စစ်ခေါင်းဆောင် ဟောင်းသစ်များနှင့် ညှိရပါတော့သည်။ ၎င်းတို့ မကြိုက်တာမလုပ်ရဲ၊ ၎င်းတို့ချမှတ်ထားသည့် လမ်းကြောင်းနှင့် မသွေဖည်ရဲ၊ ၎င်းတို့လုပ်ငန်းစဉ်များနှင့် မဆန့်ကျင်ရဲ၊ အမှားကြီးမှန်း သိပါလျက်နှင့် ထုတ်ဖော်မပြောရဲ၊ မည်သည့်အပိုင်းကိုတော့ ၎င်းတို့အစိုးရသစ်က တာဝန်ခံနိုင်မည်၊ မည်သည့်အပိုင်းကိုတော့ တာဝန်မခံနိုင်ဟူ၍ပင် တိုင်းပြည်ကို မကြေညာရဲဘဲ ပြစ်မှုကျူးလွန်ခဲ့မှုကြီးများ၊ အဂတိလိုက်စားခဲ့မှုကြီးများ အပါအ၀င် အမှားဟူသမျှကိုပါ အန်အယ်လ်ဒီက တာဝန်ယူဆက်ခံကာ ဆက်လက်ချီတက်ရတော့မည်ဆိုပါမူ တိုင်းပြည်အတွက် လွန်စွာ ရင်လေးဖွယ်ပင်။
ဤအတိုင်းဆိုပါက ကာချုပ်က ဦးဆောင်လျက် အဆိုပါ ၀န်ကြီးဌာနသုံးခုနှင့် (အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများဟု ဆိုသော်လည်း အစိုးမရနိုင်သည့်) လက်နက်ကိုင် အဖွဲ့အစည်းများက ထင်သလို ကြမ်းကြ ရမ်းကြ၊ လူထုကို ဆက်လက်ဖိနှိပ်ကြမည့် ကျူးလွန်မှုများအား (လက်ပန်းတောင်းတောင် သာဓကမှာထက် ပိုမိုဆိုးရွားစွာ) အန်အယ်လ်ဒီ အစိုးရက လိုက်လံကာကွယ် ဖုံးဖိပေးရပါတော့မည်။ ယင်းသို့ပြုခြင်းဖြင့် လူထုနှင့် ထိပ်တိုက်တွေ့နိုင်သည့် အနေအထားမျိုးကို အန်အယ်လ်ဒီ မလျှောက်လှမ်းသင့်ပါ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ဖြစ်စေ၊ အန်အယ်လ်ဒီအနေဖြင့်ဖြစ်စေ အာဏာလိုချင်သည်ကို မည်သို့မျှ ကန့်ကွက်ရန် အကြောင်းမရှိ။ နိုင်ငံရေးပါတီထောင်ခြင်းမှာ အာဏာရလို၍သာ ထောင်ခြင်းဖြစ်သည်။ ဤသည်မှာ တရားဖြစ်သည်။ သို့ရာတွင် ပြည်တွင်းစစ်မီးကို ငြိမ်းစေပြီး တိုင်းပြည်တွင်းရှိ အခြေခံလူထုများ ဘ၀တိုးတက်မှုရှိအောင် အုပ်ချုပ်နိုင်စွမ်းရှိမည့် တကယ့်အာဏာကိုမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ မရနိုင်၊ စစ်အာဏာရှင်စနစ် လည်ပတ်ရေးကိုသာ ပံ့ပိုးပေးရာရောက်မည့် အာဏာအကျိုးအပဲ့ကိုမျှသာ ရနိုင်ပါမည်။ သို့ဖြစ်၍ အာဏာလိုချင်လျှင် တိုင်းပြည်အာဏာကို တကယ်တန်း ရအောင်ယူနိုင်သည့် လမ်းကြောင်းများကို ခင်းရန်လိုအပ်ပါမည်။ တဘက်တွင်လည်း အန်အယ်လ်ဒီ ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည်၍ ရနိုင်သည်။ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်ကာ တခြမ်းပဲ့ အပစ်ရပ်စာချုပ်အပေါ် အခြေပြုပြီး လက်ရှိစစ်အစိုးရ ခင်းထားသော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည် ဆိုလျှင်မူ စစ်မှန်သည့် အာဏာရမည်မဟုတ်။ ငြိမ်းချမ်းရေးနှင့်လည်း ဝေးပါမည်။
သို့ဖြစ်၍ အန်အယ်လ်ဒီသည် မိမိ၏ ငြိမ်းချမ်းရေး မဟာဗျူဟာကို ရှာဖွေတည်ဆောက်ရန် လိုအပ်လာပါတော့သည်။
ရွေးကောက်ပွဲ မဲဆွယ်ခဲ့ရာ၌ ပြောင်းလဲချိန်တန်ပြီဟု အန်အယ်လ်ဒီက ကြွေးကြော်ခဲ့သည်။ လူထုက အန်အယ်လ်ဒီအား မဲပေးခဲ့ရာတွင်လည်း အန်အယ်လ်ဒီက ဦးဆောင်ကာ ပြောင်းလဲပေးလိမ့်မည်ဟူသော မျှော်မှန်းချက်ဖြင့် ပေးခဲ့ခြင်းဖြစ်သည်။ ယခုမူ လူတွေသာ ပြောင်းသွားတယ်၊ (ဥပဒေတွေ ပြောင်းရန်ဝေးလို့) မူတွေဘာမှ မပြောင်းပါလားဟု သုံးသပ်လာကြမည်ဆိုရင် အန်အယ်လ်ဒီ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွင် အရေးအကြီးဆုံးဖြစ်သည်။ လက်ရှိ စစ်အစိုးရ ချမှတ်ထားသည့် လမ်းကြောင်းအတိုင်း ဆက်လျှောက်မည်ဆိုလျှင် အန်အယ်လ်ဒီအစိုးရသည် စစ်အစိုးရသာ ဖြစ်ပါမည်။ ငြိမ်းချမ်းရေးညီလာခံသည် စစ်မီးလျှံမည့် ညီလာခံသာ ဖြစ်ပါမည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသည် နောက်ထပ်နှစ်တရာတိုင် ပေါ်လာနိုင်ဖွယ်မရှိပါ။ အဘယ်ကြောင့်နည်း။ ယခုကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံသည် ကျင်းပခဲ့ပြီးဖြစ်သည့် အမျိုးသားညီလာခံနှင့် ကွက်တိတူနေသည့်အပြင် ပိုဆိုးသော နောက်ခံအခြေအနေများ ပေါ်ပေါက်နေသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ အဘယ်နည်း။ ပထမတခုမှာ နောက်ခံ ဥပဒေ အဆောက်အအုံ (Background Legal Framework) ဖြစ်သည်။ အမျိုးသားညီလာခံ ကျင်းပနေစဉ်က စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသည့် ဖွဲ့စည်းပုံ တည်ရှိမနေ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေပြီဖြစ်သည်။ ယင်းသည် ငြိမ်းချမ်းရေးညီလာခံကို အရိပ်မည်းကြီး ထိုးနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ဒုတိယတခုမှာ ညီလာခံကိုယ်စားလှယ် အချိုးအစား (Proportion of Representation) ဖြစ်သည်။ အမျိုးသားညီလာခံတုန်းကပင် ကိုယ်စားလှယ်အစုအဖွဲ့ အနေဖြင့် အမည်နာမ အတိအကျတပ်ကာ တက်ရောက်ခွင့် မရခဲ့သော တပ်မတော်သားများအား ငြိမ်းချမ်းရေးညီလာခံတွင် ကိုယ်စားလှယ်ဦးရေ ၁၅၀ အထိ သတ်မှတ်ပေးလိုက်သည်။ ၎င်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက် သက်ဆိုးရှည်စေမည့် အခိုင်အမာမဲ (Solid Voting) ဖြစ်သည်။
ဆက်လက်ရေတွက်ပါမည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးအနက် ကြံ့ဖွံ့မှ ၁၀ ဦးခန့် ပါလာနိုင်သည်။ အစိုးရအဖွဲ့ကိုယ်စားလှယ် ၇၅ ဦးအနက် အနည်းဆုံးအားဖြင့် ၂၀ ဦးခန့်ကို လက်ရှိစစ်ဗိုလ်များ၊ စစ်ဗိုလ်ဟောင်းများထဲက ထည့်သွင်းပေးရနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ် ၁၅၀ အနက် အနည်းဆုံး ၅၀ ဦးခန့်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်များနှင့် ပုလင်းတူဗူးဆို့ ဖြစ်နေပြီဟု တွက်နိုင်သည်။ တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅၀ အနက် ၁၀၀ ဦးခန့်သည် ၂၀၀၈ ဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြင်ဆင်သွားရေးကိုသာ သဘောတူနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ တို့အနက် (အမျိုးသားညီလာခံမှာကဲ့သို့ပင်) အနည်းဆုံး ၇၀ ခန့်မှာ စစ်အစိုးရက စိတ်ကြိုက်ခေါ်ယူမည့်သူများ ဖြစ်မှာ သေချာလောက်သည်။ စုစုပေါင်းလျှင် ၄၀၀ ရှိသည်။
ငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ် ၇၀၀ အနက် အနည်းဆုံး ၄၀၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာ ဆက်သွားလိုသူများ၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို ပုဒ်မ ၄၃၆ အခြေခံဖြင့် တဖြည်းဖြည်း ပြင်ဆင်သွားလိုသူများ၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံ၍သာ ဖက်ဒရယ်ပြည်ထောင်စုဟူသော အမည်နာမဖြင့် ဖော်ဆောင်လိုသူများ ဖြစ်မည်မှာ မလွဲဧကန်ပင်။ ကိုယ်စားလှယ်ဦးရေ အချိုးအစားအရ ကြည့်ရုံမျှနှင့် ညီလာခံ၏ ရလဒ်ကို တွက်ဆနိုင်သည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ပေါ်ထွက်လာရေးမှာ ဤကိုယ်စားလှယ် အချိုးအစားမျိုးဖြင့် လုံးဝပင် မဖြစ်နိုင်ပါ။
တတိယတခုမှာ ညီလာခံကို လည်ပတ်စေမည့် နောက်ခံစုဖွဲ့မှု (Operational institutional mechanism) ဖြစ်သည်။ ယင်းတွင် စစ်ခေါင်းဆောင်ဟောင်းများ၊ ၎င်းတို့နှင့် အပေးအယူ တည့်လျက်ရှိသော တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်ဟောင်းသစ်များ၏ မျက်နှာကိုကြည့်ပြီး ဘ၀ရပ်တည်နေကြရသည့် မြန်မာငြိမ်းချမ်းရေးဌာန (အမ်ပီစီ) မှ ပုဂ္ဂိုလ်များတို့က ညီလာခံအတွက် ဟိုကော်မတီ၊ သည်ကော်မတီ စသည့် ခေါင်းစဉ်ခွဲအမျိုးမျိုး အောက်တွင် အတွင်းရေးမှူးအဖွဲ့သဖွယ် ဆောင်ရွက်ခွင့်ရနေခြင်း ဖြစ်သည်။
စတုတ္ထနှင့် အရေးကြီးလှသော ဘောင်ခတ်မှုမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ အခန်း (၆) အပိုဒ် (၆-၂) အရ အောက်ပါအတိုင်း ကန့်သတ်ထားခြင်းဖြစ်သည်။
“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လုပ်ငန်းကော်မတီ အသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များ အပါအ၀င် အရေးကြီးသော ကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့ တခုချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။”
“ဆိုးလှချည်လား” ဟု ရေရွှတ်မိသည်။ ငယ်ငယ်က သူငယ်ချင်းအချင်းချင်း နောက်ပြောင်ပြောဆိုခဲ့သည့် “သည်ထက်ဆိုးတာတောင် သည်လောက်မဆိုးဘူး” ဟူသောစကားကို သတိရမိသည်။ ဆိုးလှပြီဟု သုံးသပ်ခဲ့သော အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်းများမှာပင် ယင်းကဲ့သို့ ကန့်သတ်မှုမျိုး မပါရှိပါ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး စသည်တို့နှင့် စပ်လျဉ်း၍ “ညီလာခံတက်ရောက်သူ အစုအဖွဲ့ တခုချင်းစီတိုင်းမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ” ရရန်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်။ ပထမအဆင့်မှာကတည်းက ပယ်ချခံခဲ့ရပြီးဖြစ်မည်။ ဒုတိယအဆင့်ဖြစ်သည့် “တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ” ရရန်ဟူသည်မှာ လုံးဝပင် မဖြစ်နိုင်တော့။ ပြင်ရန် လွန်စွာခက်အောင် လုပ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပုဒ်မ ၄၃၆ ကန့်သတ်မှုမျိုးကို ပြည်ထောင်စုညီလာခံတွင် အသုံးချထားခြင်းပင်။
ဤမျှဆိုးဝါးလှသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြုပေးခဲ့ကြသော နိုင်ငံရေးအင်အားစုများ အားလုံးတွင် တာဝန်ရှိပါမည်။ ယင်းအပေါ်အခြေခံ၍ ငြိမ်းချမ်းရေးညီလာခံ ကျင်းပပါတော့မည်။ ညီလာခံ အမြန်ဆုံးပြီးစီးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံကို ပိုမိုကျားကန်ပေးမည့် ဆုံးဖြတ်ချက်များနှင့် လွှတ်တော်နှင့် အစိုးရ၏ အခွင့်အာဏာအပေါ် သံမဏိကြိုးဖြင့် တုတ်နှောင်ထားမည့် ကန့်သတ်ချက်များသာ ထွက်ပေါ်လာပါမည်။ ညီလာခံကို နှစ်ပေါင်းရှည်ကြာစွာ ကျင်းပနေမည် ဆိုပါလျှင်လည်း တဘက်တွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲများ တခုပြီးတခု ကျင်းပကာ သက်တမ်းကို ဆွဲဆန့်သွားပါတော့မည်။ အခြေအနေနှစ်ရပ်လုံးတွင် စစ်အာဏာရှင်စနစ်သာ ရေရှည်တည်တန့်ခိုင်မြဲဖွယ်ရှိပါမည်။ “ဆုပ်လည်းစူး၊ စားလည်းရူး” ဆိုသည်မှာ ဤအခြေအနေမျိုးဖြစ်သည်။
သို့ဖြစ်၍ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာရေးကို လိုလားမြတ်နိုးသော နိုင်ငံရေးအင်အားစုများ အားလုံးသည် ဤနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်နှင့် ငြိမ်းချမ်းရေးညီလာခံဟူသည်ကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ကြရန်သာ ရှိသည်။ ထိုမှ နောက်တဆင့်သည် အဘယ်နည်း။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် တခြမ်းပဲ့ အန်စီအေကို လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ပြီး ဘက်နှစ်ဘက် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပရန် လိုပါမည်။ နောက်တဆင့်တွင် (တနိုင်ငံလုံး အပစ်ရပ် သဘောတူညီချက်များအပြင်) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ချနိုင်ရန် ရှင်းလင်းတိကျသော အခြေခံကျောရိုးများ၊ သုံးပွင့်ဆိုင်အပေါ် အခြေခံ၍ အများဆုံး ကိုယ်စားလှယ် ၃၀၀ ထက်မပိုဘဲ တက်ရောက်သော နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး သဘောတူညီချက်များ အစရှိသည်တို့ ပါဝင်စေမည့် ငြိမ်းချမ်းရေးစာချုပ် (Peace Agreement) ထွက်ပေါ်လာအောင်လုပ်၊ ထိုစာချုပ်ကိုသာ လွှတ်တော်သို့ တင်သွင်းကာ ဥပဒေပြုခြင်းဖြင့် ဥပဒေပြဿနာကို ကျော်လွှားနိုင်ပါမည်။
ပြည်ထောင်စုအတွက် ဤမျှအရေးကြီးလှသော အချိန်တွင် တိုင်းရင်းသားပေါင်းစုံ ပြည်သူအသီးသီးသည်လည်း မိမိတို့၏ သဘောထားအမြင်များအား တဦးချင်းစီအနေဖြင့် ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ထုတ်ဖော်ကြခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲအား လူထုဆွေးနွေးပွဲ အနေအထားမျိုးရောက်အောင် ဖန်တီးနိုင်မှသာ စစ်မှန်သည့်ငြိမ်းချမ်းရေး ရနိုင်သော လမ်းကြောင်းပေါ်လာပါမည်။ မငြိမ်းချမ်းနိုင်သော ငြိမ်းချမ်းရေးညီလာခံကို စောင့်ရန်မလိုပါ။
အောင်ထူး (လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ)
မနက်ဖြန် စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုမယ့်သူတွေ ပါဝင်ခွင့် မရှိသေးတဲ့အတွက် လူထုရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လူထုနဲ့ ဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်ဘဲ ဒီညီလာခံကို ဆက်လုပ်သွားမယ်ဆိုရင် လူထုအသံတွေ ပါဝင်နိုင်မှာ မဟုတ်တဲ့အကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၁၈ ဖွဲ့နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) နဲ့ လူမှုအဖွဲ့ ၅၃ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒို့မြေကွန်ရက်အဖွဲ့တွေက ပူးတွဲထုတ်ပြန်လိုက်တာပါ။
MATA အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုအောင်ကျော်မိုးက “အဓိကက သူတို့ဆွေးနွေးမယ့် အခန်းကဏ္ဍ ၅ ခု တွေ့ရတယ်။ အဲဒီမှာ သုံးထားတဲ့ စကားလုံးက အဲဒီဆွေးနွေးပွဲကနေပြီးတော့မှ မူတခုကို ချလိမ့်မယ့်ပုံစံမျိုး အနေနဲ့ လုပ်မယ်ဆိုတာ ကျနော်တို့ လေ့လာရတာပေါ့နော်။ အဲတော့ မူတခု ချလိုက်မယ်ဆိုရင် ဒီဟာက အားလုံးပါဝင်နိုင်ခြင်း မရှိသေးဘဲ ဒီမူတခုကို ချမယ်ဆိုတဲ့ကိစ္စဟာ နောက်ထပ် ဆွေးနွေးပွဲတွေမှာ ဒီမူကိုပဲ အခြေခံပြီး ဆွေးနွေးရမယ်ဆိုတဲ့ အကြောင်းတရားတွေ ဖြစ်လာလို့ရှိရင် ဒါတွေဟာ တော်တော်ကို နောက်ပိုင်းတွေမှာ အခက်အခဲတွေ ဖြစ်လာမှာပါ။ တကယ်လို့ မူတွေပေါ်မှာ ကျနော်တို့လူထုနဲ့ မအပ်စပ်တဲ့ကိစ္စတွေ၊ လက်မှတ်မထိုးရသေးတဲ့ အန်စီအေထဲမှာ မပါသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကြံပြုချက်တွေ ဒီဟာတွေကို အသိအမှတ်မပြုမှာကိုလည်း ကျနော်တို့ စိုးပါတယ်။”
အလားတူ မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း ‘ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့.တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် လက်နက်ကိုင် အင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးအင်အားစုများ စသဖြင့် အားလုံးပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးဖို့’ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၂၆ ဖွဲ့ကတော့ တနိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အပစ်ခတ်ရပ်စဲရေး ဖော်ဆောင်ခြင်း မရှိသေးဘဲ အခုလို နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ကြိုးစားနေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတယ်လို့ ကြေညာထားပါတယ်။
မနက်ဖြန် ဇန်န၀ါရီ ၁၂ ရက် စတင်မယ့် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်တွေ စတဲ့ ခေါင်းစဉ် ၅ ခုအောက်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။
ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တက်ရောက်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
DVB
http://burmese.dvb.no/archives/130590
မြန်မာနိုင်ငံ၏ ၀န်ကြီးဌာနဖောင်းပွမှုကို လျှော့ချမည်ဟု ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ပြောလာခဲ့သည်။ အမှန်တကယ်လည်း ဖြစ်သင့်သည့်ကိစ္စတခုဖြစ်ပြီး ယင်းကဲ့သို့ လျှော့ချရင်း ဗဟိုဦးစီး ချုပ်ကိုင်မှု ဗျူရိုကရေစီယန္တရား ကြိုးနီစနစ်ကိုပါ တခါတည်း အမြစ်ဖြတ်သင့်သည်။ ယင်းကြိုးနစ်စနစ်သည် ခေတ်ကာလကြာမြင့်စွာအုပ်ချုပ်လာခြင်း၏ အကျိုးဆက်အဖြစ် ယနေ့နိုင်ငံဝန်ထမ်း အများစုမှာ အထက်က ညွှန်ကြားချက်မလာမချင်း ဘာမျှမလုပ်တတ် မကိုင်တတ်ဖြစ်နေတော့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ၀န်ကြီးဌာနများပြားမှုနှင့်အတူ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတို့ကြောင့် ပြည်သူများမှာ မလိုအပ်ဘဲ အချိန်ကုန်ငွေကုန်ကြရသည်။ စီးပွားရေးလုပ်ငန်းများ၊ လိုင်စင်လုပ်ငန်း မှတ်ပုံတင်လုပ်ငန်းများပင် မဆိုထားနှင့် မြန်မာလူမျိုးတို့အတွက် အလှူအတန်းပြုလုပ်ရာတွင်ပင် လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုများစွာ ဆင့်ကဲဆင့်ကဲရှိလှသည်။
မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစုံတို့တွင် များသောအားဖြင့် စီးပွားဥစ္စာချမ်းသာရေးထက် အလှူအတန်း ပိုမိုပြုလုပ်နိုင်ရေးသာ ရည်ရွယ်ဦးတည်ကြသည်။ သို့သော်ငွေကြေးအတန်အသင့် အဆင်ပြေရန် အလှူအတန်း ပြုမည်ဆိုပါက လုပ်ထုံးလုပ်နည်း ဆင့်ကဲဆင့်ကဲဖြင့် ရှုပ်ထွေးမှုများစွာအား ဖြတ်သန်းပြီးမှ အလှူတခုအဖြစ် အောင်မြင်စွာလှူဒါန်းနိုင်သည်။
ဥပမာ သားရှင်ပြုအလှူပွဲတခု မြန်မာ့ရိုးရာအတိုင်း ဆိုင်းဝိုင်းနှင့်အတူ တရားပွဲပါဝင်မည်ဆိုပါက တရားဝင် လှူဒါန်းခွင့်ရရန် သက်ဆိုင်ရာ၏ ထောက်ခံချက်များရရှိရန် များစွာလိုအပ်သည်။ ဦးစွာ အလှူရှင်မှ မိမိလှူဒါန်းမည့်နေ့ရက်၌ လှူဒါန်းခွင့်ရရှိရန် ကျန်းမာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ရရှိရန် လိုအပ်သည်။ ယင်းကြောင့် ရပ်ကွက်၊ ကျေးရွာများအနေဖြင့် နီးစပ်ရာတိုက်နယ်ဆေးရုံ ကျန်းမာရေးမှူးထံသွားကာ ကျန်းမာ ရေးထောက်ခံချက်ယူရ၏။ ထောက်ခံချက်တွင် အလှူကျင်းပမည့်ရွာတွင် ကူးစက်ရောဂါမရှိကြောင်း အစား အသောက် ကျွေးမွေးမည့်နေရာနှင့် အိမ်သာသတ်မှတ်သည့် အကွာအဝေးတွင်ရှိကြောင်း ထောက်ခံချက်ယူရ ၏။ မည်သူသည့် ကျန်းမာရေးမှူးမှလာရောက်မကြည့်ရှုဘဲ ထောက်ခံစာရေး တံဆိပ်တုံးထုလက်မှတ်ထိုးကာ ပေးလိုက်ပြီး စာရွက်စာတမ်းကြေး သို့မဟုတ် အလှူငွေ ထည့်ခဲ့ရသည်။
ကျန်းမာရေးထောက်ခံချက်ရလျှင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာယူကာ မြို့နယ်သို့ထောက်ခံစာ တပွေ့တပိုက်ယူရန် သွားရပေတော့သည်။ မြို့နယ်သို့ရောက်လျှင် ဦးစွာမြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ထံတရားပွဲ၌ ဟောပြောမည့် ဆရာတော် အမည်နှင့်အတူ ခွင့်ပြုချက်တောင်းခံရသည်။ မဟနထံခွင့်ပြုထောက်ခံ လက်မှတ်ရရန် အလှူငွေထည့်ဝင်ပြီးပါက ဆိုင်းမိန့်ရရှိရန်အတွက် မြို့နယ်သဘင်အစည်းအရုံးသို့သွား၍ ထောက်ခံချက်ယူရသည်။ သဘင်အစည်းအရုံးကတော့ ကျန်နေရာများနှင့်မတူဘဲ အလှူငွေ ထည့်ဝင်စရာမလို ထောက်ခံချက် ဘောက်ချာတရွက်လျှင် ငါးထောင်ပေးရ၏။ ပိုပေးရန် မလိုအပ်သကဲ့သို့ လျှော့ပေး၍လည်း မရပေ။
မြို့နယ် သဘင်အစည်းအရုံး၏ ထောက်ခံချက်ရလျှင် မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထောက်ခံချက်ရရန် မြို့နယ်မီးသတ်တပ်ဖွဲ့ထံသို့သွားရသည်။ မြို့နယ်မီးသတ် အလှူငွေထည့်ထောက်ခံချက်ရယူပြီးသောအခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံထောက်ခံချက်ယူရန် ဆက်လက်ချီတက်ရလေတော့သည်။ ယင်းမြို့နယ်ရဲတပ်ဖွဲ့ ထောက်ခံချက်သည်လည်း လုပ်ငန်းစဉ်၏ နိဂုံးမဟုတ်သေးချေ။ ရဲစခန်း၏ ထောက်ခံချက်နှင့်အတူ အဓိက အရေးပါဆုံး ထောက်ခံချက်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်သည်သာ။
ယင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ထောက်ခံချက်သည် အရေးကြီးသကဲ့သို့ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုများစွာရှိပေသည်။ ကိုယ်တိုင်လုပ်၍ မရသည့် အခက်အခဲများ လည်းရှိသဖြင့် ပွဲစားဖြင့်ပြုလုပ်ရသည်အထိ ဖြစ်လာခဲ့သည်။ ပွဲစားထံသို့ စောစောကတင်ပြခဲ့သည့် ထောက်ခံချက်များ အပြည့်အစုံပေးပြီးလျှင် မိမိရပ်ကွက်၊ ကျေးရွာရှိ အလှူအိမ်တည် နေရာအား မြေပုံကြမ်းရေးဆွဲ၍ပေးရသည်။ မြေပုံကြမ်းတွင် အလှူအိမ်သည် စာသင်ကျောင်းနှင့် အကွာအဝေး၊ ဘုန်းကြီး ကျောင်းနှင့် အကွာအဝေး၊ အဓိကလမ်းမကြီးမှ မည်ကဲ့သို့သွားရသည်ကို တတ်သလောက်မှတ်သလောက် ရေးဆွဲပေးခဲ့ရသည်။ မှားခြင်း၊ မှန်ခြင်းအား မည်သူမှလာရောက်စစ်ဆေးခြင်းမရှိသော်လည်း ရေးဆွဲပေးခဲ့ရသည်။
ယင်းကဲ့သို့ မြေပုံကြမ်းရေးဆွဲပေးပြီးသည့်အခါ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် ကျေးရွာအတွင်းရှိ အရန်မီးသတ် လူစာရင်းနှင့်အတူ အခြားသော လူစာရင်း ၂၀ စာ ရေးပေးရသည်။ လူ၂၀စာ စာရင်းပေးသွင်း ရာ၌လည်း အလှူရှင်ဘက်က ကျေးရွာတွင် အမှန်တကယ်ရှိသည့် လူစာရင်းဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ အရေအတွက်ပြည့်လျှင် ပြီးပြီးရော ပေးခွင့်ရသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ထုံးလုပ်နည်း အရသာပေးရခြင်းဖြစ်ပြီး မည်သူမှလာရောက်၍ တကြိမ်တခါမှ စစ်ဆေးခြင်းမရှိသောကြောင့် ဖြစ်သည်။
ထိုကိစ္စအ၀၀ ပြီးသောအခါတွင် ရဲတပ်ဖွဲ့နှင့်ထွေ/အုပ်အတွက် ထောက်ခံချက်တောင်းရန် ပွဲစားအားအပ်ခဲ့ရ သည်။ ပွဲစားကရှင်းပြရာတွင်လည်း တောင်းယူခဲ့သော ထောက်ခံချက်မိတ္တူများအား လေးစုံခန့်ခွဲကာ ယင်းဌာန သို့ ပေးရသည်ဆို၏။ ထို့ကြောင့် စာရွက်အရေအတွက်ကြီးပင် အရွက်တရာခန့်ရှိပြီး ငွေကျပ်လေးသောင်းခန့် ပေးကာ ထားခဲ့ရသည်။ ယင်းမိတ္တူများအား မြို့နယ်မှတဆင့် ခရိုင်၊ တိုင်း စသည်အထိ တင်ရမည်ဖြစ်ပြီး ယင်းအထက်အဆင့်ဆင့်များမှ ပြန်ကျလာသောအခါမှ တရားဝင်လှူဒါန်းခွင့်အား ရရှိခြင်းဖြစ်သည်။ ယင်းခွင့်ပြုချက်ရရန်လည်း အနည်းဆုံးသုံးရက်မှ အများဆုံးငါးရက်အထိ ကြာမြင့်တက်ပြီး မိမိနှင့်သက်ဆိုင်သည့် မြို့နယ်သို့နှစ်ခေါက် လာနိုင်မှကိစ္စပြီးပြတ်နိုင်သည်။
ထိုကဲ့သို့ ဆောင်ရွက်ရခြင်းများတွင် အလှူရှင်မှ အချိန်နှစ်ရက်ပေးရသကဲ့သို့ ငွေကြေးအားဖြင့်လည်း သွားလာစရိတ်၊ အလှူငွေ၊ ပွဲစားခစသဖြင့် ငွေကျပ်ခုနစ်သောင်းခန့်မှ တသိန်းခန့်အထိ ကုန်ကျသည်။ ထိုထောက်ခံစာများသည် လှူဒါန်းသူအတွက် အမှန်တကယ် လိုအပ်မလိုအပ်တော့မသိပေ။ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆိုသောကြောင့်သာ လုပ်လိုက်ရသည်။ မည်သည့်ဌာနမှလည်း လာရောက်စစ် ဆေးအတည်ပြုပေးခြင်းလည်း မရှိပေ။ အလှူရှင်အနေဖြင့်လည်း မိမိလှူဒါန်းမှုလေးအောင်မြင်စေရန် ယင်းအဆင့်များအား မညည်းမညူဘဲ ကျော်ဖြတ်ကြရသည်။
ယခုကဲ့သို့ အလှူတခုလှူခွင့်ရရန် အဆင့်ဆင့်ဖြတ်သန်းရပုံအား မည်သည့်ကြောင့် သိရသလဲဆိုရင် ၂၀၁၄ ခုနှစ် ဇူလိုင်လပိုင်းခန့်က အမျိုးထဲကအလှူတွင် ထောက်ခံချက်များရရန် ကိုယ်တိုင်လုပ်ဆောင်ရသောကြောင့် ဖြစ်သည်။ ဖြတ်သန်းခဲ့သည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ထဲမှ ကျေးရွာတရွာတွင်ဖြစ်ခဲ့ပြီး လက်ရှိတွင်ထိုအဆင့်များအား ဖြတ်သန်းနေရဆဲဖြစ်သည်။
မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာတခုဖြစ်သည့် အလှူတခုပင်လျှင် ကျန်သည့်ဌာနဆိုင်ရာ ရုံးပြင်ကနားများနှင့် သက်ဆိုင်သည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့တွင်ဆိုလျှင် ပြောဖွယ်မရှိတော့ပေ။ ပြည်သူ့ ၀န်ဆောင်မှုအား ယင်းကဲ့သို့ အခြေခံကျသည့် အချက်လေးများမှစ၍ မပေးနိုင်လျှင် မည်ကဲ့သို့ကောင်းမွန်သည့် အစိုးရဖြစ်တော့မည်နည်း။ ယခင်အစိုးရ၏ ပြည်သူအပေါ် ပြုမူဆက်ဆံပုံများအား ယခုတက်လာမည့်အစိုးရမှ သင်ခန်းစာယူနိုင်ပါစေ ဆုတောင်းရင်း ပြည်သူ့ဝန်ဆောင်မှု အကောင်းဆုံးပေးမည့် အစိုးရမျိုးကို မျှော်လင့်နေကြောင်း တင်ပြလိုက်ရပါသည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မီးသင့်ခဲ့သော မင်္ဂလာဈေး ပြန်လည် တည်ဆောက်မည့် အစီအစဉ်များကို သမ္မတ ဦးသိန်းစိန် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)
သက်တမ်းအားဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး နှစ်ကြိမ်တိုင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် ရန်ကုန်မြို  မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ဇန်န၀ါရီ ၁၁ ရက်တွင် ဈေးသူဈေးသားများနှင့် တွေ့ ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် မင်္ဂလာဈေးကြီးအား ဖြိုကျပြီး ခေတ်မီပြီး မီးဘေးအန္တရာယ် လုံခြုံစိတ်ချရသည့် ဈေးသစ်ကြီးအဖြစ်  အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ပြီး နောင်ဖြစ်ပေါ်လာမည့် ဈေးသစ်ကြီး၏ ပုံသဏ္ဍာန်တွင် မော်တော်ယာဉ် တက်သည့် လမ်းများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့် မင်္ဂလာဈေး ဥက္ကဌ ဒေါက်တာ ဦးစောလှထွန်းက ပြောသည်။
မီးလောင်ပျက်စီးနေသော အဆင့်မြင့်မင်္ဂလာဈေးအား တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလ လမ်း နှင့် စက်ရုံ လမ်း ထောင့် ရှိ အဆင့်မြင့်မင်္ဂလာဈေးအား ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဈေးတွင် ဆိုင်ခန်းပေါင်း ၄၆၀၇ ဆိုင် ၊ စားသောက်ဆိုင် ၂၄ ဆိုင် ဖွင့်လှစ်ခဲ့သည်။
မင်္ဂလာဈေး၌ ၂၀၁၀ခုနှစ် မေလ အတွင်းက ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်း ခဲ့ပြီး နောက် ဒုတိယ အကြိမ်မြောက် တစ်ကျော့ပြန်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် တန်ဖိုးငွေ သိန်းပေါင်း ၃၆,၆၀၂ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
  (Xinhua)
http://www.xinhuamyanmar.com
ဇန်န၀ါရီ ၁၀ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စိုက်ပျိုးခဲ့ကြသည့် ကောက်သစ်များကို တိုင်းရင်းသားလူမျိုးတိုင်း မျှဝေစား သောက်ရင်း စည်းလုံးညီညွှတ်မှုကို ပြသကြရန်နှင့် ကောက်သစ်စားရင်း ပြည်ထောင်စုကြီး၏ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ကရင်နှစ်သစ်ကူးနေ့သို့ ယနေ့(ဇန်န၀ါရီလ ၁၀ရက်)တွင် ပေးပို့သော သ၀ဏ်လွှာ ၌ တိုက်တွန်းပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ ကျမတို့ ပြည်ထောင်စုကြီးမှာ ကောက်သစ်တွေ ပေါ်စပြုနေပါပြီ။ ဒီကောက်သစ်တွေဟာ တစ် ချိန်က ကျမတို့ ကောက်ပင်တွေ စိုက်ပျိုးခဲ့ကြခြင်းရဲ့ အကျိုးဆက်ပါပဲ။ ဒီနေ့ဒီအချိန်မှာ ရိတ်သိမ်းခဲ့တဲ့ ကောက်သစ်တွေကို ကျမ တို့ အတူစားသောက်ကြရင်း ကျမတို့ရဲ့ စည်းလုံးမှု၊ ညီညွှတ်မှုကို ပြသကြပါစို့။ ကောက်သစ်စားရင်း ကျမတို့ ပြည်ထောင်စုကြီး ရဲ့ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေကြပါစို့”ဟု သ၀ဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။
ထို့အပြင် ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုထဲတွင် သူမ အထူးနှစ်သက်သော ဓလေ့တစ်ခုဖြစ်သည့် ကရင်နှစ်သစ်ကူးကာလ တွင် မိမိတို့စိုက်ပျိုး၍ ရင့်မှည့်လာသော ကောက်သစ်များကို ရိတ်သိမ်းကာ ရလာသည့်ကောက်သစ်များကို မိမိတို့အချင်းချင်း ကြား အတူ မျှဝေစားသောက်ကြတဲ့ အလေ့အထ ဖြစ်ကြောင်းနှင့် ဤသည်မှာ ကရင်လူမျိုးများ၏ ညီညွှတ်မှု၊ စည်းလုံးမှုကို ဖော် ပြနေသည့် အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
ကရင်သက္ကရာဇ် ၂၇၅၅ခုနှစ်၊ (၇၀)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး သ၀ဏ် လွှာ၌ ကရင်ပြည်နယ်က ကရင်လူမျိုးများ အပါအ၀င် ပြည်သူများက ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ယုံယုံကြည်ကြည် ထောက်ခံမဲပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောဆိုခဲ့သည်။
တစ်ဆက်တည်းပင် ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးသော ပြဿနာမှာ ငြိမ်းချမ်းရေးကိစ္စဖြစ်ကြောင်း၊ ကရင်လူမျိုး များ အပါအ၀င် တိုင်းရင်းသားများ လိုလားသည့် တိုင်းရင်းသားများ ရပိုင်ခွင့်များကို အာမခံနိုင်မည့် နိုင်ငံရေးစနစ်အပေါ် အခြေခံ သော ငြိမ်းချမ်းရေးကို တည်ဆောက်သွားမည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
“ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးတဲ့ ပြဿနာကတော့ ငြိမ်းချမ်းရေးကိစ္စပါပဲ။ ကရင်ပြည်သူတွေ အပါအ၀င် ပြည် ထောင်စုသားအားလုံးဟာ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက်တွေကို ဘယ်လောက်ခံစားခဲ့ကြရတယ်ဆိုတာ အားလုံး အသိပါပဲ။”ဟု သူမက ပြောသည်။
ဒေါ်စု၏ ကရင်နှစ်သစ်ကူးသ၀ဏ်လွှာအပေါ် သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့နေ ကရင်လူငယ် စောကျော်ခွီးက “တိုင်းရင်းသား တွေ စည်းလုံးညီညွတ်ဖို့ ဆန္ဒပြုထားချက်နဲ့ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေသွားကြပါစို့ဆိုတဲ့ ဆန္ဒပြု ထားချက်ဟာ တိုင်းရင်းသားအားလုံးအတွက် သင့်လျော်မှန်ကန်တဲ့ စေတနာစကားဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးထက် စစ်မှန် တဲ့ ထာဝရငြိမ်းချမ်းရေးမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးထက် ဥမကွဲ သိုက်မပျက် စည်းလုံးညီညွှတ်ရေးမျိုး ကျနော်တို့ မျှော်လင့်ပါတယ်”ဟု မှတ်ချက်ပြုပြောဆိုသည်။
အလားတူ ကရင်အမျိုးသမီးအစည်းအရုံး(KWO) အတွင်းရေးမှူး နော်ကညောဖောကလည်း “ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလို ကရင်နှစ်သစ်ကူးနေ့မှာ သူမရဲ့ လေးစားမှု၊ အသိအမှတ်ပြုမှုတွေကို ပေးပို့တယ်လို့ ခံစားမိပါတယ်။ ဒီလို သူမရဲ့ အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ လေးစားမှုဟာ အမျိုးသားငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ ကရင်လူမျိုးတွေအတွက်တင်မဟုတ်ဘဲ အခြားတိုင်းရင်းသားလူမျိုးစုတွေအတွက်ပါ အလွန် အရေးကြီးပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်တိုင်းရင်းသားများသည် ကရင်ပြည်နယ် အပါအ၀င် ကရင်လူမျိုးများရှိရာ အရပ်ဒေသတိုင်း၌ ပြာသိုလဆန်း(၁)ရက်၊ သလေ(ကရင်လ)လဆန်းတစ်ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲ အခမ်းအနားကို ကျင်းပ လေ့ရှိရာ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် ကျရောက်သော ၂၇၅၅ ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို မြို့ရွာအသီးသီးတွင် တစ်ပြိုင်နက်တည်း စည်ကားစွာ ကျင်းပခဲ့ကြသည်။
 ကေအိုင်စီ
http://kicnews.org
မီးဘေးအန္တရာယ်သည် သဘာဝဘေး အန္တရာယ်ဖြစ်ခြင်းကြောင့် သမ္မတ၏ ရန်ပုံငွေ
(ပြည်သူ့ဘဏ္ဍာငွေ)ထဲတွင် ပါဝင်သော်လည်း ဘတ်ဂျက် နည်းနေခြင်းကြောင့်
မီးဘေးသင့်သည့် ဆိုင်ခန်းများအတွက် ကရုဏာကြေး အနေဖြင့် ငါးသိန်းနှင့်
ဆယ်သိန်းကြား ထောက်ပံ့ပေးမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားကြောင်း
မင်္ဂလာဈေး ဥက္ကဋ္ဌ ဒေါက်တာ ဦးစောလှထွန်းက ဇန်န၀ါရီ ၁၁ ရက်တွင် The Ladies
သို့ ပြောသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ဆုံးရှုံးခဲ့ပြီး
ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော် ဆုံးရှုံးမှုရှိခဲ့ရာ မီးဘေးသင့်ခဲ့သည့် ဆိုင်ခန်းများ
အတွက် လတ်တလောတွင် ရင်းနှီးလုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ
ထုတ်ချေးပေးမည်ဖြစ်ပြီး ၊ ဆိုင်ခန်းများ ပြန်လည် ရောင်းချနိုင်ရေးအတွက်
ယာယီဆိုင်ခန်းများကို အစိုးရစရိတ်ဖြင့် မင်္ဂလာဈေး ကားပါကင် သုံးထပ်နှင့်
မင်္ဂလာမွန်ဈေး ဘေးပတ်လည်တို့တွင် ဆောက်လုပ် ပေးသွားမည်ဟု
လည်း ဦးစောလှထွန်းက ပြောသည်။
“ဒီဈေးကြီးကို ပြန်လည် အသစ်တည်ဆောက်မလား ဆိုတာ အင်ဂျင်နီယာ အသင်း
ချုပ်ကို သူမေးမယ်၊ မေးပြီးတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ဖြစ်နိုင်တာက
ပြန်တည်ဆောက်မယ် ဆိုလို့ရှိရင်လည်း အကြံဥာဏ်ပေးတာပေါ့ ။ တစ်တွဲတည်း
တက်မယ်ဆိုရင် မီးတွေက တွဲလောင်တယ်ပေါ့ ။ တကယ်လို့ အဆောက်အအုံ
လေးခုလောက် ခွဲထားမယ်ဆိုရင် လောင်လဲတစ်လုံးစီပဲ လောင်မယ်ပေါ့ ။ မီးလောင်
လွယ်တာခွဲမယ်ပေါ့ ။ ဒါ နည်းတစ်မျိုး၊ ဆောက်တဲ့အခါမှာ ကားလမ်းတွေ
မီးငြှိမ်းသတ်တဲ့ စနစ်တွေလည်း ပါမယ် ။ ဒါကိုလည်း ဆောင်ရွက်ပေးမယ် ဆိုတဲ့
အကြောင်း ပြောပါတယ်” ဟု ဒေါက်တာဦးစောလှထွန်းက ပြောသည်။
ဆိုင်ခန်းများ ပြန်လည် ဆောက်လုပ်ရာတွင်လည်း ယခင်က ငါးပေအကျယ်သာ
ရှိသည့်အတွက် ခုနှစ်ပေအထိ တိုးချဲ့ ဆောက်လုပ်ပေးမည်ဖြစ်ပြီး ဈေးအသစ်
ပြန်လည် တည်ဆောက်ပြီးသည့်အခါ မူလပိုင်ရှင်များကိုသာ ဆိုင်ခန်းများ
ပြန်လည် ပေးအပ်သွားမည်ဟုလည်း ဦးစောလှထွန်းက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇန်န၀ါရီ ၁၁ ရက်က မီးလောင်ကျွမ်းမှု
ဖြစ်ပေါ်ခဲ့သည့် မင်္ဂလာဈေးသို့ ရောက်ရှိ လှည့်လည် ကြည့်ရှုခဲ့ပြီး ဆိုင်ခန်းများ
အတွက် ထောက်ပံ့ကြေးပေးမည့် အစီအစဉ်ငါးခုကို ချမှတ်ခဲ့သည်။ ယင်းအစီအစဉ်
များမှာ- ဈေးသူဈေးသားများ အတွက် ယာယီဈေးအား တတ်နိုင်သမျှ စုစုစည်းစည်း
ဖြစ်စေရေး၊ သပ်ရပ် တောင့်တင်း ခိုင်မာပြီး ရာသီဥတုဒဏ် ခံနိုင်ရေးအတွက်
အလေးထား ဆောင်ရွက်ပေးရန်၊ မီးလောင်ဆုံးရှုံးသွားသည့် ဈေးသူဈေးသားများ
အတွက် စည်ပင်ဘဏ်မှ သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးရန်၊
ယာယီဈေးသို့ ဆိုင်ခန်း ရွှေ့ပြောင်းစရိတ် အဆင်ပြေစေရေးအတွက် နိုင်ငံတော်
အစိုးရမှ ဆိုင်ခန်းတစ်ခန်းချင်း အလိုက် သင့်တော်သည့် ထောက်ပံ့ကြေးများ
ထောက်ပံ့ပေးရန်၊ ဈေးအဆောက်အအုံသစ် ပြန်လည် တည်ဆောက်ရာတွင် မီးဘေး
အပါအ၀င် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့် တည်ဆောက်မှု
ဖြစ်စေရေး၊ ရေရှည်အားဖြင့် အဆင့်မီ အဆင့်မြင့် ဈေးသစ် ဖြစ်စေရေးအတွက်
ကောင်းမွန်သော ဗိသုကာ ဒီဇိုင်းများ၊ အဆောက်အအုံပုံစံများ ရရှိနိုင်ရန်အတွက်
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရှင်များအသင်း
စသည်တို့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်၊ လျှပ်စစ်သုံးစွဲမှု၊ ဓာတ်အားကြိုးများ
ဖြန့်ခွဲတပ်ဆင်မှု စသည်တို့နှင့် ပတ်သက်၍လည်း ဘေးကင်း လုံခြုံစေရေးအတွက်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ် စံချိန် စံညွှန်းများ ပြည့်မီစေရေး
အလေးထား ဆောင်ရွက်သွားရန် တို့ဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
နိုင်ငံကျော် သဘင် ပညာရှင် အင်္လကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ သား
မင်းသားကြီး ဦးဝင်းဗိုလ်သည် ဇန်နဝါရီ ၁၁ ရက်တွင် နံနက် ၆ နာရီ မိနစ် ၅၀ခန့်က
ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ အစာအိမ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ရုပ်ကလာပ်ကို
ဇန်န၀ါရီ ၁၃ ရက်တွင် ရေဝေးသုဿန်၌ သင်္ဂြိုလ် သွားမည် ဖြစ်သည်။
မင်းသားကြီး ဝင်းဗိုလ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ် ရှိပြီ ဖြစ်ပြီး
အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ဒုတိယမြောက် သားကြီး ဖြစ်ပြီး
အကယ်ဒမီ မင်းသားကြီး ဦးညွန့်ဝင်း၏ ညီဖြစ်ပြီး ၊ ဦးဆန်းဝင်း၊ ဦးဝင်းမောင် ၊
ဦးချမ်းသာတို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။
ဦးဝင်းဗိုလ်သည် မန္တလေးတိုင်းဒေသကြီး တောင်ပြုံး ခပိုင်ရွာတွင် မွေးဖွားခဲ့ပြီး
သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ပါဝင် ကပြခဲ့ကာ အောင်မြင်မှုများ ရရှိခဲ့သူ တစ်ဦး
ဖြစ်သလို ဇာတ်ကားများတွင် ရုပ်ရှင်မင်းသား အဖြစ် ပါဝင် ရိုက်ကူး ခဲ့သူလည်း
ဖြစ်သည်။ ဦးဝင်းဗိုလ်သည် ရန်ကုန်မြို့ ၌ နေထိုင်ခဲ့ကာ ရုပ်ရှင် သရုပ်ဆောင်
ကျော်ကျော်ဗိုလ် အပါအဝင် သားသမီး ၆ ဦး ထွန်းကားခဲ့သည်။
မင်းသားကြီး ဦးဝင်းဗိုလ်သည် အစာအိမ်တွင် အနာဖြစ်သောကြောင့် ပြီးခဲ့သည့် လအနည်းငယ်ခန့် ကတည်းက ခွဲစိပ်ကုသမှုများ ပြုလုပ်ခဲ့ရပြီး နောင်းပိုင်းတွင်
နှလုံးရောဂါ ၊ သွေးတိုးရောဂါများ ထပ်မံဝင်ရောက်လာ၍ ကျန်းမာရေး အခြေအနေ
ပြန်လည် စိုးရိမ်ခဲ့ရပြီး ၀ိတိုရိယဆေး ရုံတွင် တက်ရောက်ကုသနေစဉ် ကွယ်လွန်
ခဲ့ခြင်း ဖြစ်သည်။
သတင်း -ဇော်မင်းထွန်း
Photo - ကျော်ကျော်ဗို FB
a href='https://www.facebook.com/News.TheLadies/?fref=ts' class="button small red"> The Ladies News Journal
ထိုင်းနိုင်ငံ မှုခင်း နိမ်နင်းရေးတပ်ဖွဲ့ နဲ့  လူဝန်မှု ကြီးကြပ်ရေး ၀န်းထမ်းများ ပူးပေါင်းဖမ်းဆီး နိုင်ငံတဲ့ တရုတ်နိုင်ငံသား ဘဏ်ကပ်အတုလုပ်နေတဲ့ ဂိုဏ်းဝင်တွေကို ယနေ့  သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။
တရုတ်နဲ့  နိုင်ငံတကာက ဘဏ်ကိုအသုံးပြု့ ငွေလွှဲနေကြတဲ့ သူတွေ ဆီက အချက်အလက်တွေ ခိုးယူကြီး ကပ်ပြားအတုတွေနဲ့  ဘဏ်တွေကနေ ထုတ်ယူခဲ့တာဟာ ထိုင်းဘတ်ငွေသန်းပေါင်း၂၂၅သန်း(ကျပ်သန်းပေါင်း၆၇၅၀) လောက် ဘဏ်ကပ်ပိုင်ရှင်တွေ ဆီကနေ ထုတ်ယူသွားပြီး ဖြစ်ပါတယ်။
တရုပ်နဲ့  ထိုင်ဝမ် နိုင်ငံသားများပါဝင်တဲ့ အဆိုပါ ကပ်အတုဂိုဏ်းဟာ အွန်န်လိုင်းကနေ ငွေပို့ နေကြတဲ့ သူတွေရဲ့  အချက်အလက်တွေကို ကူးယူပြီး ပိုင်ရှင်အစစ် ကိုင်နေတဲ့ Credit card ဘဏ်ကပ်အတိုင်း ပုံစံတူ လုပ်ပြီး ထိုင်းနိုင်ငံ ကုန်တိုက်နဲ့  အရောင်းဆိုင်ကြီးတွေ အဖိုးတန်ပစ္စည်းတွေ လိုက် ၀ယ်ကြပါတယ်။
ဂိုဏ်းဝင်(၂၀)ဦး ကို သက်သေခဲ အတုလုပ်စက် တွေနဲ့  အတူ ဘန်ကောက်မြို့ မှာ ဖမ်းမိခဲ့ပြီး အမျိုးသမီး (၇)ဦးပါဝင်ကြောင်း သိရပါတယ်။
Social Action for Women - SAW
sawburma.net
https://www.facebook.com/Social-Action-for-Women-SAW
    ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
    နိုင်ငံတကာတွင် အသုံးပြုနေသော Credit ကတ်ဖြင့် ငွေပေးချေနိုင်သော စနစ်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။
Credit ကတ်ဆိုသည်မှာ ကြိုတင်သတ်မှတ်ထားသော ငွေပမာဏကို သတ်မှတ် ထားသော အတိုးနှုန်းဖြင့် ချေးယူအသုံးပြုနိုင်သော ကတ်အမျိုးအစားဖြစ် ပြီး ယင်းကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ စိန်ရွှေရတနာဆိုင်များ၊ အမှတ် တရပစ္စည်းအရောင်းဆိုင်များ အစရှိသော စီးပွားရေးလုပ်ငန်းများတွင် ငွေသားကိုင် ဆောင်စရာမလိုဘဲ ပေးချေနိုင်ကြောင်း သိရသည်။
ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဒီကတ်ကို ထုတ်ဖြစ်တာက မြန်မာလူမျိုးတွေရဲ့ ဘဝနေထိုင်မှု ပုံစံကို ချိန်း ပေးချင်တာပါ။ ကတ်နဲ့ငွေပေးချေတဲ့ စနစ်ဆိုတာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြတာလေ။ အခုကတ် ကတော့ ပြည်တွင်း မှာပဲ အသုံးပြုနိုင်တာပေါ့။ ဒါကပထမခြေ လှမ်းပါ။ နောက်ကျရင် ပြည်ပ ထိပါ သယ်သွားလို့ရတဲ့ ကတ်ကိုလည်း ထုတ်သွားဖို့ရှိပါတယ်။’’ ဟု ပြောသည်။
ဧရာဝတီဘဏ်ရဲ့ MPU Credit ကတ်အား အခမဲ့လျှောက်ထားနိုင်ကြောင်း၊ ကတ်အခိုးခံရပြီဆိုလျှင် ဝ၉-၄၂ဝဝ၅၅၅၈၂ကို ချက်ချင်းဆက်သွယ် အကြောင်းကြားနိုင်ကြောင်း၊ နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများသို့  အကြောင်းကြားနိုင်ပြီး ကတ်အသစ်ပြန်လျှောက် မည်ဆိုပါက ငွေကျပ် ၃ဝ,ဝဝဝ ကျသင့်ပြီး လျှို့ဝှက်နံပါတ်ပြောင်းမည်ဆိုပါက ငွေကျပ် ၁ဝ,ဝဝဝ ကျခံရမည် ဖြစ်ကြောင်း သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
(Credit: Reuters) 
မြန်မာနိုင်ငံမှာ ​လက်ရှိ ​အစိုးရ ​သက်တမ်းမကုန်ခင်မှာပဲ ​ကုမ္ပဏီတချို့ကို ​လုပ်ကိုင်ခွင့် ​လိုင်စင် ​ချမှတ်တာတွေ ​လုပ်တာကို ​NLD ​က ​မသိရဘူးလို့ ​ဆိုပါတယ်။
လွှတ်တော်အမတ်တွေ ​အနားယူတဲ့အခါ ​ရရှိမယ့် ​ပင်စင်စနစ်တွေ၊ ​သမ္မတဟောင်းကို ​အရေးယူခွင့် ​မရှိတဲ့အပြင် ​အစောင့်အကြပ်တွေနဲ့ ​အကာအကွယ်ပေးရမယ့် ​ဥပဒေတွေကိုလည်း ​အစိုးရက ​မကြာသေးခင်တုန်းကပဲ ​ချမှတ်ခဲ့ကြပါတယ်။
ဒါ့အပြင် ​သမ္မတ ​ဦးသိန်းစိန်ဟာ ​လွှတ်တော်ရဲ့ ​အတည်ပြုမှုကို ​ယူစရာမလိုတဲ့ ​စီးပွားရေး ​လုပ်ပိုင်ခွင့် ​တချို့ကိုလည်း ​ကုမ္ပဏီတွေကို ​လုပ်ကိုင်ခွင့် ​ပေးလိုက်တာမျိုးတွေ ​လုပ်တယ်လို့ ​The ​Wall ​Street ​Journal ​မှာ ​ဖော်ပြထားပါတယ်။
အဲဒီလို ​လုပ်ဆောင်တဲ့အခါမှာလည်း ​တချိန်ကျရင် ​အစိုးရဖြစ်လာမယ့် ​NLD ​ပါတီနဲ့ ​တိုင်ပင်တာမျိုး ​မရှိဘူးလို့ ​ဆိုပါတယ်။
သမ္မတရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဆက်သွယ်ရေးဝန်ကြီး ​ဦးရဲထွဋ်ကတော့ ​သမ္မတကို ​အကာအကွယ်ပေးတဲ့ ​ဥပဒေဟာ ​သမ္မတ ​ဦးသိန်းစိန်ကိုပဲ ​ကောင်းကျိုး ​ဖြစ်စေတာမဟုတ်ပဲ ​နောက်တက်လာမယ့် ​သမ္မတအတွက်ပါ ​အကျိုးရှိစေမယ်လို့ ​တုန့်ပြန်ထားပါတယ်။
NLD ​ကတော့ ​လုပ်ကိုင်ခွင့် ​လိုင်စင်တွေကို ​အလျင်စလို ​ပေးတာမျိုး ​မလုပ်ပဲ ​နိုင်ငံကို ​တကယ်အကျိုးပြုမှ ​ပေးတာမျိုး ​ဖြစ်သင့်ကြောင်း၊ ​အစိုးရက ​ကုမ္ပဏီတချို့ကို ​စီးပွားရေး ​လုပ်ပိုင်ခွင့်တွေ ​ထပ်မံ ​ချမှတ်ပေးလိုက်တာတွေက ​နောင်တက်လာမယ့် ​အစိုးရသစ်အပေါ် ​ဝန်ထုတ်တွေ ​ဖြစ်စေနိုင်တယ်လို့ ​NLD ​ပါတီက ​ပြောပါတယ်။
ရခိုင်ပြည်နယ်က ​ကျောက်ဖြူရေနက်ဆိပ်ကမ်း ​တစ်ခုကို ​CITIC ​လို့ခေါ်တဲ့ ​တရုတ်အစိုးရပိုင် ​လုပ်ငန်း ​တစ်ခုကို ​လုပ်ကိုင်ခွင့် ​ပေးလိုက်တာတွေနဲ့ ​စစ်တပ်နဲ့ ​နီးစပ်တဲ့ ​လူတွေကို ​စီးပွားရေး ​လုပ်ကိုင်ခွင့် ​ပေးထားတာကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာ ​စစ်တပ်အနေနဲ့ ​စီးပွားရေး ​လောကမှာ ​ဆက်လက် ​လွှမ်းမိုးမှု ​ရချင်လို့ ​ဖြစ်နိုင်တယ်လို့လည်း ​သုံးသပ်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အလံနဲ့ အိန္ဒိယမှာ ဆန္ဒပြစဉ် (Credit: AFP)
ဖိလစ်ပိုင်နိုင်ငံ ​တောင်ပိုင်း ​မင်ဒါနာအို ​ဒေသကို ​IS ​အစ္စလာမ်မစ် ​ပိုင်နယ်မြေအဖြစ် ​သတ်မှတ်ထားပြီလို့ ​IS ​အဖွဲ့က ​ဗီဒီယို ​တစ်ခုမှာ ​ပြောဆိုထားပါတယ်။
The ​Australian ​သတင်းဌာနကနေ ​သီးသန့် ​ရရှိထားတဲ့ ​ဗီဒီယို ​တစ်ခုအရ ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​တပ်ရင်း ​၄ ​ခု ​ပူးပေါင်းပြီး ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်ဖို့ ​ကတိကဝတ်ပြုကြတဲ့ပုံကို ​ပြသထားပါတယ်။
အဲဒီအဖွဲ့က ​IS ​အလံနဲ့အတူ ​အင်တာနက်ပေါ်မှာ ​သောကြာနေ့တုန်းက ​တင်ခဲ့ကြပေမယ့် ​ချက်ချင်းဆိုသလို ​ဗီဒီယိုကို ​ပြန်ဖျက်လိုက်ပါတယ်။
မင်ဒါနာအို ​ဒေသက ​Basilan ​လေ့ကျင့်ရေး ​စခန်းမှာ ​ဗီဒီယိုကို ​ရိုက်ကူးခဲ့တာ ​ဖြစ်ပြီး ​အဲဒီဒေသဟာ ​မွတ်စလင်တွေ ​ကြီးစိုးပြီး ​မလေးရှားနဲ့ ​ထိစပ်နေတဲ့ ​ဒေသ ​ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ​IS ​က ​အစ္စလာမ်မစ် ​ဒေသကို ​တည်ထောင်လိုက်တာက ​အရှေ့တောင်အာရှ ​နိုင်ငံတွေနဲ့ ​သြစတြေးလျအတွက် ​လုံခြုံရေး ​စိုးရိမ်စရာ ​ဖြစ်တယ်လို့ ​ပညာရှင် ​Rohan ​Gunaratna ​က ​The ​Australian ​သတင်းကို ​ပြောသွားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းကို ​အကြမ်းဖက် ​သမားတွေ ​မသွားရောက်နိုင်အောင် ​ကန့်သတ်ဖမ်းဆီးမှုတွေ ​လုပ်တဲ့အတွက် ​အကြမ်းဖက် ​သမားတွေဟာ ​ဆီးရီးယား ​နိုင်ငံကို ​သွားခွင့်မရတော့ပေမယ့် ​ဖိလစ်ပိုင်လို ​နိုင်ငံမှာ  ​စစ်သင်တန်းယူပြီး ​သြစတြေးလျလို ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်နိုင်တယ်လို့ ​သတိပေးလိုက်ပါတယ်။
မင်ဒါနာအိုမှာ ​စစ်သွေးကြွအဖွဲ့တွေ ​ပူးပေါင်းပြီး ​မူဂျာဟီဒင်တပ် ​ထူထောင်တာကို ​အားကျပြီး ​အင်ဒိုနီးရှားနဲ့ ​မလေးရှားလို ​နိုင်ငံမှာလည်း ​အလားတူ ​ဖြစ်လာမှာကို ​စိုးရိမ်နေကြပါတယ်။
မကြာသေးခင်တုန်းကလည်း ​တရုတ်နိုင်ငံက ​ဝိဂါ ​မွတ်စလင်တချို့ဟာ ​ဆီးရီးယားကို ​သွားခွင့်မရတဲ့အတွက် ​အင်ဒိုနီးရှားနိုင်ငံက ​စစ်သွေးကြွတွေနဲ့ ​ပူးပေါင်းဖို့ ​လာရောက်ရင်း ​ဂျာဗားကျွန်းမှာ ​ဖမ်းဆီးခံရတာမျိုး ​ရှိခဲ့ပါတယ်။
ABC Radio Australia
 http://www.radioaustralia.net.au/burmese
    အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
    အစ္စတန်ဘူလ် နှင့် အက်ဒါနာပြည်နယ် တောင်ပိုင်းတွင် အိုင်အက်စ် (IS) အဖွဲ့ဝင်ဟု ယူဆရသူ ၃၃ ဦးအား တူရကီ ရဲများက ထိန်းသိမ်းထားကြောင်း ပြည်တွင်း ဒိုဂန် သတင်း အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက် (တနင်္ဂနွေနေ့) က ပြောခဲ့သည်။
ထိုနေ့ အစောပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည် အစ္စတန်ဘူလ်ရှိ ပြည်နယ် ငါးခုအား စစ်ဆင် ရေးများ တပြိုင်နက် ပြုလုပ်ခဲ့ရာ အိုင်အက်စ် အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၁၀ ဦးအား ဖမ်းဆီးနိုင်ခဲ့ သည်။
အဆိုပါ ထိန်းသိမ်းခံရသူများသည် ပဋိပက္ခ ဇုန်များအတွင်း IS စစ်သွေးကြွများနှင့် ဆက်သွယ်မှု ရှိသူများ ဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြထားသည်။
IS နှင့် ဆက်သွယ် ပူးပေါင်းမည့် နိုင်ငံခြားသား ၁၆ ဦးနှင့် IS စစ်သွေးကြွ အဖြစ် စုဆောင်းထားသူ တူရကီ နိုင်ငံသား ၇ ဦး ပါဝင်သည့် သံသယရှိသူ ၂၃ ဦးကိုမူ အက်ဒါနာတွင် အကျဉ်း ချထားကြောင်း သိ ရသည်။
သတင်းများ တင်ပြချက်များအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲများသည်  IS အဖွဲ့ဝင် စုဆောင်းသူ ၇ ဦးက IS အဖွဲ့သို့ ဝင်ရောက်မည့် နိုင်ငံခြားသူများနှင့် ကလေးများနှင့် အတူ ခရီးသွားလာနေကြောင်း သတင်းပေးမှု မှတဆင့် ထိုစစ်ဆင်ရေးအား စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းပေးချက်အရ IS တို့ လက်နက် တပ်ဆင်ပေးထားသည်ဟု သံသယရှိသော တူရကီ နိုင်ငံသား ၁၀ ဦးကို ရုရှား အမျိုးသမီး တစ်ဦးနှင့် အီဂျစ်လူမျိုး ၁၅ ဦး နှင့် အတူ ဖမ်းဆီးခဲ့သည်။
၎င်းတို့အား ကျန်းမာရေး စစ်ဆေးပြီးနောက် နိုင်ငံခြားသား ၁၆ ဦးကို ပြည်နှင်ဒဏ် ပေးရန်အတွက် ရွှေ့ပြောင်း သွားလာရေးဆိုင်ရာ  စီမံခန့်ခွဲမှုဌာနသို့  လွှဲပြောင်းပေးလိုက်ကြောင်း Daily News ကဖြည့်စွက် ဖော်ပြထား သည်။
 (Xinhua)
http://www.xinhuamyanmar.com
စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက် ဂွဈေးအနီး မီးလောင်မှုဖြစ်ပွား Level 4 လွှတ်ထားပါသည်။ ၁၁ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းကြောင်း သတင်းရရှိသည်။
Ref: Myanmar Fire Services Department
(၁၁.၁.၂၀၁၆)ရက်နေ့၊ နံနက် (၃)နာရီ (၅)မိနစ် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက် ၊ ကန်ရိပ်သာလမ်း၊ အမှတ် (၁၁/အေ) ၊ အိမ်ရှင် ဒေါ်အေးအေးကြည် ၏ ပြန်လည်ပြုပြင်တည်ဆောက်နေသော (၄၅×၃၅)ပေ၊ RC (၂)ထပ်တိုက် တွင် လှေ ကားအောက်ရှိ မီးအားမြှင့်စက် Voltage Change Over အပူလွန်ကဲရာမှ မီး စတင်လောင်ကြောင်း သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁၄)စီး၊ ကွပ်ကဲမှုယာဉ်(၇)စီး၊ သန္ဓေ(၁၄၀)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ (၀၃း၃၈) အချိန်တွင် မီးငြိမ်းပါ သည်။ မီးလောင်မှုကြောင့် မီးအားမြှင့်စက် Voltage Change Over (၁)လုံး၊ အပေါ်ထပ် ထုတ်တန်း ၊ ယောင်းတန်းများ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀၀၀ိ/- (ကျပ် တစ်ဆယ့် ငါးသိန်း) ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Myanmar Fire Services Department
https://www.facebook.com/fsd.gov
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၈ရက်နေ့ ၂၀၁၆ခုနှစ် နံနက် ၁၁နာရီခွဲလောက်မှာ ထိုင်းနိုင်ငံ နောင်ခိုင်ခရိုင် ဆန်ခုံမြို့နယ်မှာ မြန်မာပြည်သားတွေကို ထိုင်းနိုင်ငံသားမှတ်ပုံတင်လုပ်ပေးနေသော ပွဲစားအဖွဲ့နှင့် မြို့နယ်ညွန်ကြားရေးမှူးအပါအ၀င် စုစုပေါင်း ၂၃ဦးကို ရာဇ၀တ်မှု နှိမ်နှင်းရေးအဖွဲ့က တရားရုံးမှာ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးမှုပြုလုပ်နေပါတယ်။
လက်ရှိမှာ ၂၁ယောက် ဖမ်းဆီးရမိပြီဖြစ်ပြီး ကျန် ၂ယောက်ကတော့ နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။
၎င်းပွဲစားအဖွဲ့သည် မြန်မာပြည်သားတွေသာမက တရုတ်တွေကိုလည်းလုပ်ပေးနေပါတယ်။ တစ်ဦးကို ဘတ်ငွေ ၃၀၀၀၀၀ မှ ၅၀၀၀၀၀ အထိယူပါတယ်။
ဒီလိုလုပ်လာတာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပြီလို့ စစ်ဆေးမေးမြန်းချက်အရသိရပါတယ်။
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကတော့ ပွဲစားအဖွဲ့က ကျေးရွာအသီးသီးတွေကို မည်သူမည်ဝါသေဆုံးခဲ့တယ်ဆိုတာကို လိုက်စုံစမ်းပြီး မိသားစုထဲမှာတစ်ဦးတယောက် သေဆုံးခဲ့သူကို စာရင်းပေးပါက ဘတ်ငွေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိပေးပြီး ဒေသခံ ရွာသူကြီးကို လာဘ်ထိုးပြီးအာမခံခိုင်းကာ မြို့နယ်ညွန်ကြားရေးမှူးထံသို့ဆက်သွယ်လာဒ်ထိုး၍ ၎င်းလူသေအစား နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံ မှတ်ပုံတင်ထုတ်ပေးဌာနက လ၀ကရုံးမှာမဟုတ်ပဲ မြို့နယ်ရုံးမှာထုတ်ပေးတာဖြစ်ပါတယ်။ ဤအမှုကို အကျယ်ချဲ့ပြီး ထိုင်းနိုင်ငံအသီးသီးမှာရှိတဲ့ မှတ်ပုံတင်အတုပွဲစားဂိုဏ်းတွေနှင့်တကွ ငွေပေးပြီးထိုင်းနိုင်ငံသားမှတ်ပုံတင်လုပ်ခိုင်းနေသော မြန်မာ နှင့်တရုတ်တိုကိုလည်း လိုက်လံဖမ်းဆီးပြီး ဥပဒေအရထိရောက်စွာ အရေးယူသွားမယ်လို့ ပြောသွားပါတယ်။
MTF Channel
https://m.facebook.com/mtftv
ဓာတ်ပုံ - အမ်အိုအိုင် ဓာတ်ပုံ - အမ်အိုအိုင်
မလေးရှားနိုင်ငံက ဗီဇာဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၅၀ ကျော်အထိ တိုးမြှင့်ကောက်ခံနေတာကို ရုပ်သိမ်းပေးဖို့ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က အေဂျင်စီတွေ တောင်းဆိုလိုက်ပါတယ်။
မလေးရှားကို အလုပ်သွားလုပ်မယ့် သူတွေအတွက် ဗီဇာကြေးကို အရင် အမေရိကန် ၆ ဒေါ်လာသာ ကောက်ခံပေမယ့် နိုဝင်ဘာလကုန်ကစပြီး One Stop Service Center (OSC) ကနေတဆင့် အမေရိကန်ဒေါ်လာ ၅၁ ထိ တိုးမြှင့်လိုက်တာပါ။
ဒီလို ကုန်ကျစရိတ်တွေ ထပ်တိုးလာတာ အေဂျင်စီတွေအတွက် အခက်တွေ့သလို အလုပ်သမားတွေအတွက်လည်း နစ်နာမှုတွေ ဖြစ်စေနိုင်တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောပါတယ်။
မလေးရှားဗီဇာကြေးတွေ အခုလို တိုးကောက်လာတာတွေနဲ့ ပတ်သက်ပြီး မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဘက်ကတော့ မေလ ၁ ရက်နေ့အထိ မရွှေ့ဆိုင်းပေးဘူးဆိုရင် မလေးရှားသံရုံးရှေ့မှာ ဗီဇာမ၀င်ဖို့ ဆန္ဒပြ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနအနေနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေတဆင့် သက်ဆိုင်ရာကို ဗီဇာကြေး လျှော့ကောက်ဖို့နဲ့ နောက်ဆုတ်ပေးဖို့ တင်ပြသွားမယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
မလေးရှားဗီဇာကြေး ပြဿ နာနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာန၊ အေဂျင်စီတွေနဲ့ One Stop Service Center (OSC) ရုံးအဖွဲ့တို့ အရေးပေါ် အစည်းအဝေးကို ဇန်န၀ါရီ ၁၀ ရက်မနက်က ရန်ကင်းမြို့နယ် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့လာရေး သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံကို မြန်မာလုပ်သား တရားဝင်ပို့ပေးတဲ့ အေဂျင်စီ ၂၀၀ ကျော်လောက်ရှိနေပြီး ၁ လကို လုပ်သား ၃၀၀၀ ကျော်လောက် ပို့နေရပါတယ်။
မလေးရှားနိုင်ငံဟာ ထိုင်းနိုင်ငံပြီးရင် မြန်မာအလုပ်သမားတွေ ဒုတိယအများဆုံး သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုမှာ မြန်မာအလုပ်သမားပေါင်း ၃၉၀၀၀ လောက် သွားရောက်ခဲ့တယ်လို့ အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
DVB
http://burmese.dvb.no/archives/130482
ဇာတ်သဘင်နှင့် ရုပ်ရှင်မင်းသားကြီး ၀င်းဗိုလ်သည် ဇန်န၀ါရီ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ကျော်က ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ မင်းသားကြီး ၀င်းဗိုလ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်သည်။
မင်းသားကြီး ၀င်းဗိုလ်သည် အစာအိမ်တွင် အနာဖြစ်ခြင်းကြောင့် ခွဲစိတ်ကုသမှုများကို လွန်ခဲ့သည့် လအနည်းအငယ်ခန့်က ပြုလုပ်ခဲ့သည်။ ခွဲစိတ်ကုသမှုမှ ရောဂါသက်သာခဲ့ပြီးနောက် နှလုံးရောဂါ၊ သွေးတိုးရောဂါများကြောင့် ကျန်းမာရေး အခြေအနေ ပြန်လည်စိုးရိမ်ခဲ့ပြီး ၀ိတိုရိယဆေးရုံတွင် ပြန်လည်တက်ရောက် ကုသနေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မင်းသားကြီး ၀င်းဗိုလ်အား ဇန်န၀ါရီ ၁၃ ရက်တွင် ရေဝေးသုဿန်၌ သဂြိုလ်ရန် စီစဉ်ထားသည်ဟု သိရသည်။
အလကာင်္ကျော်စွာ ရွှေမန်းတင်မောင်၏ သားဖြစ်သူ ဦးဝင်းဗိုလ်သည် သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ပါဝင်ကပြခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ဦးဝင်းဗိုလ်သည် ရုပ်ရှင်မင်းသား အဖြစ်လည်း ဇာတ်ကားများ ရိုက်ကူးခဲ့သူဖြစ်သည်။
Eleven Media Group
၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ကျင်းပမှုဆိုင်ရာ မှတ်တမ်းများ ( ဓာတ်ပုံ-တိုင်းကျိုးပြည်ပြု ဒုတိယအတွဲ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်မှာ လုပ်ပါမယ်။ ညီလာခံအတွက် ကိုယ်စားလှယ် ၇၀၀ ခေါ်ယူခဲ့ပါတယ်။ ဒီညီလာခံဟာ အမျိုးသားညီလာခံကို ပြန်ပြီးအမှတ်ရစေပါတယ်။
၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်မှာ အမျိုးသားညီလာခံ စတင်ပါတယ်။ အခု ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်မှာ စတင်မှာပါ။
အမျိုးသား ညီလာခံအတွက် ကိုယ်စားလှယ် ၇၀၂ ဦး ခေါ်ယူပါတယ်။ အခုညီလာခံအတွက် ကိုယ်စားလှယ် ၇၀၀ ဦး ခေါ်ယူပါတယ်။ အမျိုးသား ညီလာခံမှာ ကိုယ်စားပြု အစုအဖွဲ့ရှစ်ဖွဲ့ တက်ရောက်ပါတယ်။ အခုညီလာခံအတွက် ကိုယ် စားပြုအစုအဖွဲ့ငါးဖွဲ့ သတ်မှတ်ထားပါတယ်။
အမျိုးသား ညီလာခံကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦး တက်ရောက်ခွင့် ရပါတယ်။ အခု ညီလာခံမှာတော့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးပဲ တက်ရောက်ခွင့် ရပါတယ်။ အမျိုးသား ညီလာခံ ထက်နည်းပါတယ်။
အမျိုးသား ညီလာခံကို တက်ရောက်ခွင့်ရတဲ့ ကိုယ်စားလှယ် အစုအဖွဲ့တွေမှာ နိုင်ငံရေးပါတီများ ကိုယ်စားလှယ် ၄၉ ဦး၊ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁၅ ဦး၊ တောင်သူလယ်သမား ကိုယ်စားလှယ် ၉၃ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၄၈ ဦး၊ တတ်သိပညာရှင် ကိုယ်စားလှယ် ၄၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၉၂ ဦး၊ အခြားဖိတ်ကြားသင့်တဲ့ ကိုယ်စားလှယ် ၅၇ ဦး ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ၇၀၂ ဦးမှာ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦးကလွဲရင် ကျန်တဲ့ ၅၉၅ ဦးက ဘက်တစ်ဘက်တည်းမှာ ရှိနေသူတွေ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့တဲ့ အမျိုးသား ညီလာခံဟာ ဟန်ပြသာ ဖြစ်ခဲ့ပြီး စစ်အာဏာရှင်တွေ စိတ်ကြိုက် ခြယ်လှယ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အမျိုးသား ညီလာခံ ပြီးဆုံးပါတယ်။ ရလဒ်အဖြစ်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထွက်လာပါတယ်။
အမျိုးသား ညီလာခံက အချိန် ၁၄ နှစ် ကြာခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်သေးပါဘူး။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) ရဲ့ ကနဦး ရည်မှန်းချက်တွေမှာတော့ ညီလာခံကို ငါးနှစ်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ပါဝင်တဲ့ ပုဒ်မခွဲ ၄-၂-၄ အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှာ စတင်ဖို့ ပြဋ္ဌာန်းထားပြီး လေးလတစ်ကြိမ် လုပ်မယ်လို့ ဆိုထားပါတယ်။
အမျိုးသား ညီလာခံရဲ့ ခေါင်းစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ထွက်လာခဲ့ပေမယ့် စစ်အာဏာရှင်တွေ စိတ်ကြိုက်ပဲ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ အခုထိ ဖြစ်နေတုန်းပါ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဦးတည်ချက်က ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ဒါမှမဟုတ် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုဖို့ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေး ဆွေးနွေးမှုလို့ ခေါ်ဆိုနေကြပေမယ့် အာလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မဟုတ်သလို အခုညီလာခံကို ဒုတိယပင်လုံအဖြစ် သတ်မှတ်လို့လည်း မရပါဘူး။
မစခင်မှာ ဆုံးနှင့်ပြီလား
၂၀၁၂ မှာ အသက်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေး” ကြွေးကြော်သံကို ပုံဖော်ဖို့ လေးနှစ်ကျော် ကြိုးစားခဲ့ပါတယ်။ အသံကျယ်ပြီး ငွေကုန်ခဲ့ပါတယ်။ သေနတ်သံတွေ မတိတ်ခဲ့သလို ယမ်းငွေ့ မပြယ်ခဲ့ပါဘူး။
နောက်ဆုံးမှာ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ထဲက ရှစ်ဖွဲ့နဲ့ သဘောတူညီမှုယူပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ထိုးခဲ့ပါတယ်။
NCA လက်မှတ်ရေးထိုးသူတွေထဲမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ “၀” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မပါခဲ့သလို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လည်း မပါခဲ့ပါဘူး။
နိုင်ငံအနှံ့ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေထဲက ၁၅ ရာခိုင်နှုန်းကပဲ NCA ကို လက်ခံခဲ့ပြီး လက်မှတ်ထိုးတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီ ၁၅ ရာခိုင်နှုန်းကို အခြေပြုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလုပ်မှာ ဖြစ်တဲ့အတွက် ဖယ်ဒရယ် ပြည်ထောင်စုအတွက် အုတ်မြစ်ချဖို့ ခက်ပါမယ်။
တစ်ဖက်မှာလည်း NCA လက်မှတ် မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ညီလာခံ ဖိတ်ခဲ့ပေမယ့် အားလုံးနီးပါး မတက်ပါဘူး။ NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးအရ ဖိအားပေးမှု ရှိတယ်လို့ ယူဆထားပါတယ်။ နောက်တစ်ချက်က ညီလာခံမှာ ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိဘဲ ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ တန်းတူမှု မရှိဘူးလို့ သူတို့က ဆိုပါတယ်။
ဒါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မစခင်က ဆုံးနှင့်စေခဲ့တဲ့ ပထမအချက် ဖြစ်ပါတယ်။
ဒုတိယ အချက်က ညီလာခံတက်သူ အစုအဖွဲ့များရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA လက်မှတ် ရေးထိုးထားသော အဖွဲ့ရှစ်ဖွဲ့မှ) ကိုယ်စားလှယ် ၁၅၀ ဦး၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အပိုဒ်ခွဲ ၆-၂အရ “ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်တွေ အပါအ၀င် အရေးကြီး ကိစ္စရပ်တွေ” ကို ညီလာခံတက်လာသူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲရမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
အပိုဒ်ခွဲ ၆-၂ ပါ အချက်တွေကလွဲပြီး ကျန်တဲ့ကိစ္စတွေကို ဆုံးဖြတ်တဲ့အခါ ညီလာခံတက်သူ အစုအဖွဲ့ တစ်ဖွဲ့ချင်းစီက အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက် ထောက်ခံမဲရပြီး တက်ရောက်သူ စုစုပေါင်းရဲ့ အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဆုံးဖြတ်ခွင့် ရှိပါမယ်။
ဒါကြောင့် အပိုဒ်ခွဲ ၆-၂ အတွက် အကြမ်းဖျင်းတွက်ရင် ကိုယ်စားလှယ် ၇၀၀ မှာ ၅၂၅ ဦးအထက် ထောက်ခံမှ ဆုံးဖြတ်လို့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ဦးက အစုအဖွဲ့တစ်ခု ဖြစ်တာကြောင့် တပ်မတော် သဘောမတူရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ အနေအထားပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ယူပြီးလို့ အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး စုစုပေါင်း ၁၅၀ ဦးက NLD နဲ့ တစ်သားတည်း ရှိခဲ့မယ် ဆိုရင်တောင် တပ်မတော်က သဘောမတူရင် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ နောက်ပြီး တရားဝင် နိုင်ငံရေးပါတီတွေဆီက ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး၊ စုစုပေါင်း ၂၅၀ ဦးဟာ NLD နဲ့ သဘောထား တစ်ခုတည်း ရှိလိမ့်မယ်လို့ ပြောဖို့ခက်ပါတယ်။
ဒီအတိုင်းပဲ ပုဒ်မခွဲ ၆-၂ မဟုတ်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း အကြမ်းဖျင်း ကိုယ်စားလှယ် ၇၀၀ မှာ ၄၅၅ ဦးအထက် ထောက်ခံမှ ရနိုင်မှာပါ။ ဒီမှာလည်း တပ်မတော်က သဘောမတူရင် လုပ်လို့မရပါဘူး။
အကယ်၍ NLD ဦးဆောင်တဲ့ အစိုးရတက်လာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး NCA လက်မှတ်ထိုးမယ်၊ အားလုံးပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖြစ်ခဲ့မယ်ဆိုရင်တောင် အခုသတ်မှတ်ထားတဲ့ အချိုးကျစနစ်အရ တပ်မတော် သဘောမတူရင် ဘာမှဆုံးဖြတ်လို့ မရပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ခက်ခဲသလိုပါပဲ။
ဒါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မစခင်မှာ ဆုံးနှင့်စေခဲ့တဲ့ ဒုတိယအချက် ဖြစ်ပါတယ်။
■ NLD သဘောထား ဘယ်လိုရှိလဲ
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ (ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ ဖွင့်ပွဲနေ့မှာ အချိန် ၁၀ မိနစ်ခန့် နှုတ်ခွန်းဆက် စကား ပြောမယ်လို့ ဆိုပါတယ်)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရက်တိုတိုပဲလုပ်ဖို့ NLD ဘက် သဘောထား ပေးခဲ့ပါတယ်။
လက်ရှိ အစိုးရပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်န၀ါရီ ၁၂ ရက်ကနေ ၂၂ ရက်ထိ ၁၀ ရက်ကြာ လုပ်လိုပါတယ်။ ဒါပေမဲ့ NLD ဘက်က ရက်လျှော့ခိုင်းတဲ့အတွက် ၁၆ ရက်အထိပဲ ငါးရက်ကြာ လုပ်မယ်လို့ ကြားချပါတယ်။ NLD ရဲ့ သဘောထားအမှန်က သုံးရက်ပဲ လုပ်စေချင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လက်ရှိအစိုးရက ငါးရက်ကြားချပြီး ဒီလိုရက်လျှော့ခဲ့ရတာကို “... လက်တွေ့မှာ အစိုးရက ဆောင်ရွက်လိုသော်လည်း အခြား stakeholder များရဲ့မေတ္တာရပ်ခံချက်အရ ကျင်းပမယ့်ရက် လျော့ဆောင်ရွက်ရဖို့ ဖြစ်လာတယ်” ဆိုပြီး MPC ရဲ့ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဇန်န၀ါရီ ၇ ရက်က ရေးခဲ့ပါတယ်။
ဒီမတိုင်ခင် ဒီဇင်ဘာ ၂၃ ရက် မှာ MPC ကို ဦးဆောင်သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ MPC အကြီးတန်း အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့ပါသေးတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်ကြတာ မရှိပေမယ့် လက်ရှိငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုင်ရာတွေ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ MPC ကို ဖျက်ဖို့ မရှိဘူးလို့ NLD ဘက်က ပြောခဲ့တာ ရှိပါတယ်။ အဖွဲ့ဆက်ရှိပြီး လူပြောင်းမလား၊ အဖွဲ့ရော လူတွေပါ ဆက်ရှိနေမလားဆိုတာ သေချာမသိရပါဘူး။
ဒီနောက်ပိုင်းမှာမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတက်ဘူးဆိုတဲ့ မှတ်ချက်ထွက်လာတာပါ။
တစ်ဖက်မှာတော့ MPC ရဲ့အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကို NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်အောက်မှာ တွဲလုပ်ပြီး ငြိမ်းချမ်းရေး ဆက်လုပ်ဖို့ ကမ်းလှမ်းတာကို ဦးလှမောင်ရွှေက ငြင်းဆိုခဲ့တယ်၊ MPC အဖွဲ့ဝင်အားလုံး ပြန်သုံးမှ အားလုံး ပြန်လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒီအတိုင်းပဲ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးမှုမှာ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်၊ ဒီအငြင်းပွားမှုတွေထဲမှာ အစိုးရဘက်က ငါးပွင့်ဆိုင် (တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ) လိုချင်ပြီး တိုင်းရင်းသားတွေဘက်က သုံးပွင့်ဆိုင် (တပ်မတော်+ အစိုးရ+ လွှတ်တော်= တစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တစ်စု၊ နိုင်ငံရေးပါတီတစ်စု) တောင်းဆိုတဲ့ ကိစ္စက အဓိက ဖြစ်ခဲ့ပါတယ်။
ဒီအချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းကြောင့် အငြင်းပွားမှု အဆင်ပြေသွားတယ်၊ အစုအဖွဲ့ ငါးစုထားဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါကို NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကြောင့် ပြေလည်ခဲ့တယ်ဆိုပြီး သတင်းလွှင့်ခဲ့တဲ့အတွက် NLD က ကျေနပ်မှု မရှိဘူးဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုယ်စားလှယ် ခွဲဝေမှုအပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ပါဝင်ဖို့ ဦးဥာဏ်ဝင်းရဲ့ ညှိနှိုင်းပေးမှုနဲ့ ဖြစ်လာခဲ့ပြီး ဒါကို တိုင်းရင်းသားတွေက မကျေနပ်ကြဘူးဆိုတဲ့ သတင်းထုတ်လွှင့်မှု ရှိခဲ့ပါတယ်။ ဒါကလည်း NLD နဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲမှု ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မတက်ဖို့ ဆုံးဖြတ်ခဲ့သလို နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေနဲ့ NCA သဘောတူညီချက်တွေကို ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဇန်န၀ါရီ ၁၂ ရက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု နောက်ဆုံးမီးစာ ဖြစ်ပါတယ်။ ဒါကို အစွမ်းကုန်လင်းစေဖို့ MPC က အားသွန်ထားပါတယ်။
NLD အတွက်လည်း “တိုင်းရင်းသား အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး” ဟာ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ဦးစားပေးအချက် ဖြစ်နေပါတယ်။
MPC အရွေ့နှင့် လက်ရှိအခြေအနေ
သမ္မတ ဦးသိန်းစိန် မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးပန်းတိုင် မရောက်ခဲ့တာ MPC မှာ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပဋိပက္ခဟာ ကိုလံဘီယာနဲ့ မတူသလို အာဖဂန်နစ္စတန်က အတွေ့အကြုံတွေလည်း အသုံးဝင်မှာ မဟုတ်ပါဘူး။
အခုချိန်မှာတင် MPC ကြောင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နိုင်ငံရေး လမ်းမှားရောက်ခဲ့ရတာ ရှိပါတယ်။ အစိုးရအနေနဲ့ဆိုရင် သူတို့လိုလားတဲ့ ငြိမ်းချမ်းရေးပန်းတိုင် မရောက်ခဲ့ပါဘူး။ တပ်မတော်ကတော့ စစ်စရိတ် ပိုကုန်ခဲ့ရသလို စစ်သည်များစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်မှာလည်း ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
ဒီလိုတွေ ဖြစ်ခဲ့ပေမယ့် MPC ရဲ့ ဦးဆောင်သူဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်တဲ့အတွက် သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုဘူးလို့ ၂၀၁၄ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ပြောဆိုမှုအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။
နောက်ပြီး လောက်ကိုင်ဒေသ၊ ကိုးကန့်ဒေသ တိုက်ပွဲဖြစ်စဉ်တွေဟာ ပြန်သုံးသပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
MPC ဟာ အမေရိကန်ကို အသုံးချပြီး တရုတ်ကို စိုးရိမ်စိတ်ဖြစ်စေတဲ့ နိုင်ငံရေးလမ်းစဉ်ကို တွန်းအားပေးခဲ့ပါတယ်။ အကျိုးဆက်က ကိုးကန့်စစ်ပွဲ ဖြစ်ခဲ့ပြီး နိုင်ငံတွင်း စစ်စရိတ် ထောင်းခြင်းနဲ့ ငွေဖောင်းပွမှုသာ အဖတ်တင်ခဲ့ပါတယ်။ ဒီအတွက် တပ်မတော်က အသုံးချခံ ဖြစ်ခဲ့ရပါတယ်။
နောက်ပြီး NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်မထိုးနိုင်ခဲ့တာ တရုတ်ကြောင့် ဖြစ်တယ်ဆိုတဲ့ အယူအဆကို MPC က သွတ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာက ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းတစ်ရပ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ NCA လက်မှတ်ထိုးရေး ကိစ္စမှာ တရုတ်က ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့ ပြောဆိုမှုကို MPC ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းအကောင်အထည်ဖော်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောဆိုမှုအတွက် တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ချိန်မှာ သူဒီလို မပြောခဲ့ဘူးလို့ ဒေါက်တာ မင်းဇော်ဦးက ပြန်ရှင်းပါတယ်။
ဒါပေမဲ့ MPC ဟာ အမေရိကန် သံတမန်တွေနဲ့ လုံးထွေးတဲ့ ဆက်ဆံရေးရှိသလို တရုတ်နဲ့လည်း ချိတ်ဆက်မှုတွေ ရှိတယ်လို့ ပြောကြသူတွေ ရှိပါတယ်။ ဒီထဲမှာ ဦးညိုအုန်းမြင့်နဲ့ ဒေါက်တာကျော်ရင်လှိုင်တို့က MPC နဲ့ တရုတ်အကြား ပေါင်းကူးတဲ့ ချိတ်ဆက်တွေလို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် တရုတ်ကို သွားခဲ့ပါတယ်။ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်နဲ့ လက်ရှိ ထိပ်တိုက်တွေ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တရုတ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်နွှယ်နေကြသူတွေပဲ ဖြစ်ပါတယ်။ ဒီဆက်နွှယ်မှုတွေကို ခြေကုပ်ယူပြီး အခြေအနေတွေ တင်းမာအောင် လုပ်ဆောင်သူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာကာလမှာ လုပ်ခဲ့သလို အခုထိလည်း လုပ်နေတုန်းပါပဲ။
တိုင်းရင်းသား လက်နက်ကိုင်တွေ အပိုင်းမှာတော့ သဘောထားကွဲမှုတွေ ပိုဖြစ်ခဲ့သလို စုစည်းမှုလည်း ပြိုကွဲနေပါတယ်။ ဒီအတွက် MPC က ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သိပါတယ်။
အခုလည်း NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ထဲမှာ သဘောထားနှစ်ခု ထိပ်တိုက်တွေ့နေပါတယ်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင်ပိုင်း နှစ်ခြမ်းကွဲတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။
RCSS ရဲ့ လှုပ်ရှားမှု ဘယ်ကို ဦးတည်နေသလဲ
ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) က NCA လက်မှတ်ထိုးပြီးချိန်မှာပဲ ရှမ်းပြည်နယ် တစ်ခုလုံးကို ဖြန့်ကျက်ဖို့ ခြေလှမ်းပြင်လာပါတယ်။ ဒီအခါ ရှမ်းပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့နဲ့ ပြဿ နာဖြစ်လာပါတယ်။
SSPP/SSA ရဲ့နောက်မှာ UWSA နဲ့ KIA ရှိပါတယ်။ အထူးသဖြင့် SSPP ကိုထိရင် UWSA က ထွက်လာပါတယ်။ စစ်ရေးအရ အကူအညီပေးခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒီနည်းနဲ့ NCA လက်မှတ်မထိုးထားတဲ့ UWSA ကို အစဆွဲထုတ်ဖို့ SSPP ကို ရန်စတယ်ဆိုတဲ့ ထင်မြင်ချက် ဖြစ်ခဲ့ပါတယ်။ TNLA နောက်မှာတော့ KIA ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက TNLA မှာ အင်အား ၂၀ လောက်ပဲ ရှိပါတယ်။ အခု ၄၀၀၀ နီးပါး ဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ MPC က TNLA ကို စည်းရုံးဖို့ ကြိုးစားပါသေးတယ်။ ပြေလည်မှု မရတဲ့နောက်ပိုင်း TNLA ထိန်းချုပ်နယ်တွေမှာ တိုက်ပွဲပိုပြင်းထန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အတွင်း RCSS ရဲ့ ဖြန့်ကြက်မှုဟာ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း အရှိန်မြင့်လာခဲ့သလို SSPP၊ TNLA တို့နဲ့ပါ စစ်ရေးထိတွေ့မှု ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း RCSS ဟာ UWSA နဲ့ သင့်မြတ်မှု မရှိပါဘူး။
KIA နဲ့ UWSA နောက်မှာ တရုတ်ရှိတယ်ဆိုရင် RCSS နောက်မှာ EU နဲ့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်၊ ဆွစ်ဇာလန်တို့က ငွေကြေးထောက်ပံ့တဲ့ EBO (The Euro-Burma Office) ဦးဆောင်သူ ဦးဟန်ညောင်ဝေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒီအတိုင်းပဲ RCSS ဟာ KNU လို MPC နဲ့ သဘောထားတူတဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်ရေး အကဲခတ်တွေရဲ့ ပြောဆိုချက်တွေအရ RCSS ဟာ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုးကောင်း-မိုးညှင်း မြေပြန့်ဒေသကိုပါ ဖြန့်ကြက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်တွေ ဘယ်လောက် မှန်တယ်ဆိုတာ မသိရပေမယ့် KIA ကို မုန်းတီးတဲ့ ရှမ်းနီတိုင်းရင်းသားတွေရဲ့ နာမည်ကို သုံးထားတဲ့ ရှမ်းနီ အမျိုးသား တပ်မတော် (SNA) ဆိုတာ အသစ်ပေါ်လာခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ SNA စတင်လှုပ်ရှားနေပြီလို့ ဆိုပါတယ်။ SNA ကို ဘယ်သူ ဦးဆောင်တယ်ဆိုတာ မသိရပါဘူး။
ဒါပေမဲ့ RCSS နဲ့ SNA အတူတူပဲလို့ ဆိုကြသလို SNA ရဲ့ရည်မှန်းချက်က KIA ထိန်းချုပ်နယ်မှာရှိတဲ့ ရှမ်းနယ်မြေတွေကို စိုးမိုးဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ KIA နဲ့ ထိပ်တိုက်တွေ့မယ့် ပုံစံမျိုးပါ။
ဒီလိုမဟုတ်ဘဲ တပ်မတော်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် နောက်ထပ် စစ်မျက်နှာစာသစ်တစ်ခု ထပ်ပေါ်လာဖို့ ရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ KIA အဖွဲ့အတွင်းမှာ သဘောထားကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့လေးနှစ်တာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု မျက်နှာစာမှာ ထင်ရှားခဲ့တဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို စစ်ဘက်တာဝန်တွေ၊ နိုင်ငံခြား ဆက်ဆံရေး တာဝန်တွေကနေ လျှော့ချခဲ့ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ကို တာဝန်တွေ လျှော့ချပြီး နောက်ထပ် ဒုတိယစစ်ဦးစီးချုပ် အသစ်နှစ်ဦးကို ဒီဇင်ဘာနောက်ဆုံးပတ်မှာ KIA က ခန့်အပ်လိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မှာ RCSS နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ပထမဆုံး ထိတွေ့မှု ဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပြီးလို့ မကြာခင် ဇန်န၀ါရီ ၉ ရက်မှာတော့ တပ်မတော်၊ RCSS နဲ့ NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PLNO) တို့အကြား ခြေလှမ်းတစ်ရပ်အဖြစ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ-ရှမ်းပြည်နယ် (JMC -S) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါက နှစ်ဖက်ထိတွေ့မှု မဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒီလိုမဖွဲ့ခင် ဇန်န၀ါရီ ၈ ရက်မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) လုပ်ငန်းစဉ်တွေအတွက် သုံးနှစ်စာ အမေရိကန်ဒေါ်လာ၂၁သန်း ကုန်ကျမယ်လို့ JMC-U က ထုတ်ပြောပါတယ်။ ဒီအတွက် ပြည်ပအလှူ ရှင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုလက်ရှိ JMC-U လုပ်ငန်းစဉ်တွေအတွက် ကုန်ကျစရိတ်ကို MPC နဲ့ တပ်မတော် အစီအစဉ်နဲ့ ဆောင်ရွက်နေတာပါ။ သုံးနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်း ကုန်မယ်ဆိုတဲ့ တွက်ချက်မှုကို ဘယ်သူက တွက်ပေးခဲ့သလဲ မသိပါဘူး။
ဒါပေမဲ့ JMC-U တစ်ခုတည်းရဲ့ လုပ်ငန်းစဉ် သုံးနှစ်စာအတွက် တွက်ချက်ပေးခဲ့တဲ့ ငွေပမာဏကိုကြည့်ရင် ပြီးခဲ့တဲ့လေးနှစ်အတွင်း ငြိမ်းချမ်းရေးအတွက် သုံးခဲ့တဲ့ ငွေပမာဏကို မှန်းလို့ရပါတယ်။ နည်းမှာမဟုတ်ပါဘူး။ ဒီအတွက် MPC ကို အဓိက ငွေကြေးကျောထောက်နောက်ခံ ပေးထားတဲ့ ဥရောပသမဂ္ဂ (EU) ကို အီးမေးလ်နဲ့ မေးမြန်းထားပါတယ်။ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ EU ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာတော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၂၀၁၃ ခုနှစ် မှာ ယူရို ၂၅ သန်း အကူအညီပေးဖို့ ကတိပြုထားတယ် ဆိုတဲ့အချက် ဖော်ပြထားပါတယ်။
နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုတွေ ဘယ်လောက်ပဲ ရှိခဲ့၊ ရှိခဲ့ ငွေကြေးနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ ပြီးခဲ့တဲ့လေးနှစ်မှာ သက်သေပြခဲ့ပါပြီ။
နိုင်ငံရေး မပြေလည်မှုဟာ ငြိမ်းချမ်းရေး မရခြင်းရဲ့ နောက်ကွယ်က အကြောင်းတစ်ခု ဖြစ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အထိမခံဘဲလုပ်တဲ့ ငြိမ်းချမ်းရေး အောင်မြင်မှု မရခဲ့ပါဘူး။
သယံဇာတ၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး
နိုင်ငံရေး မပြေလည်ရင် ငြိမ်းချမ်းရေး မရဘူးဆိုတာ အကြောင်းချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ် ပဋိပက္ခဟာ သယံဇာတ၊ စီးပွားရေး အကျိုးအမြတ် ခွဲဝေမှုတွေနဲ့လည်း အဓိက သက်ဆိုင်နေပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ပြီး တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရေး စတာတွေဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သယံဇာတနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကြောင့် ပါဝင်ပါတယ်။
ဒါတွေကို ပြေလည်အောင် မလုပ်ပေးနိုင်သရွေ့ နိုင်ငံရေးအရ အဖြေရှာခြင်းဆိုတာ စကားလုံးအရာပဲ ဖြစ်ပါမယ်။
အခုဖြစ်နေတဲ့ အခြေအနေတွေ ပြန်ကြည့်ရင်လည်း သယံဇာတ၊ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။
၁၇ နှစ်တာ အပစ်ရပ်ရေး စတင်ပျက်ပြယ်ခဲ့တဲ့ KIA နဲ့ တပ်မတော်အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ တာပိန်မြစ်ပေါ်မှာရှိတဲ့ ဆန်းဂန်း ရေအားလျှပ် စစ်စီမံကိန်း၊ မြစ်ဆုံဆည် စီမံကိန်း၊ တနိုင်းမြို့နယ်ထဲမှာရှိတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ချီဖွေဆည်ကိစ္စ၊ ပူတာအိုမှာရှိတဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဖားကန့် ကျောက်စိမ်းတွင်းများ၊ ဧရာဝတီမြစ်ကြောင်းမှာ ရှိနေတဲ့ ရွှေတွင်းဆိုင်ရာ ကိစ္စတွေနဲ့ ဆက်နွှယ်ပါတယ်။
ကရင်ပြည်နယ်မှာလည်း ၀ဲကြီးဆည်၊ ဟတ်ကြီးဆည်၊ ဒါးကွင်းဆည်နဲ့ လမ်းဖောက်လုပ်ရေး ကိစ္စတွေကြောင့် KNU နဲ့တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့သလို DKBA နဲ့လည်း ထိတွေ့မှုတွေ ဖြစ်ပါတယ်။ DKBA နဲ့ ထိတွေ့မှုတွေမှာ မြ၀တီ အထူးစီးပွားရေးဇုန် မြေယာကိစ္စ အငြင်းပွားမှု ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ တပ်မတော်နဲ့ မဟုတ်ဘဲ ကရင်တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်ခဲ့တဲ့ ထိတွေ့မှုတွေလည်း ဒါတွေနဲ့ ဆက်စပ်ပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ ရွာသစ်ဆည်၊ လောပီတ ရေအားလျှပ်စစ် စီမံကိန်း၊ မော်ချီး ခဲသတ္တုမိုင်း ကိစ္စတွေကြောင့် ကရင်နီ တိုးတက်ရေးပါတီ (KNPP) နဲ့ မပြေလည်မှုတွေ ဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်ထဲမှာ တာဆန်းဆည်၊ မိုင်းရှူး ပတ္တမြားတွင်း၊ အခြားသစ်ထုတ်လုပ်ရေး ဒေသတွေနဲ့ ပတ်သက်ပြီး RCSS နဲ့ ထိတွေ့မှုတွေ ဖြစ်ပါတယ်။ ရွှေလီဆည်၊ တာဆန်းဆည်၊ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မိုင်းရှူး ပတ္တမြားတွင်းနဲ့ ပတ်သက်ပြီး SSPP နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို ရွှေလီဆည်၊ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကိစ္စတွေကြောင့် TNLA နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
စီမံကိန်း ဧရိယာများအတွင်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ အကျိုးအမြတ် ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်နေသလို တပ်မတော်နဲ့သာမကဘဲ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားမှာပါ ဖြစ်နေတာပါ။ ဒီကြားထဲမှာ ပြည်သူတွေပဲ မြေစာပင် ဖြစ်နေရတာပါ။
ဒီလိုဖြစ်နေတဲ့ တစ်ချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးရင်း စီးပွားရေး လုပ်ပိုင်ခွင့်တွေရပြီး အကျိုးအမြတ် ရသွားသူတွေလည်း ရှိနေပါတယ်။ ဒီထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ သူတို့နဲ့ ပတ်သက်နေတဲ့ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်တွေ၊ မူးယစ်ရာဇာတွေ ပါဝင်ပတ်သက်နေသလို လက်ရှိအစိုးရနဲ့ ဆက်နွှယ်နေတဲ့ ခရိုနီ လုပ်ငန်းရှင်ကြီး တချို့လည်း ပါဝင်ပါတယ်။
သယံဇာတနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ တန်းတူညီမျှမှုရှိပြီး တိကျတဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းထားခြင်း မရှိတာ၊ တရားဥပဒေစိုးမိုးမှု မရှိတာတွေကြောင့် ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်၊ ခေါင်းပုံဖြတ်ခဲ့သူတွေ ရှိပါတယ်။ သူတို့ကြောင့်ပဲ သစ်တောတွေ ပြုန်းတီးခဲ့ရသလို တရားမ၀င် ကုန်သွယ်မှုတွေကြောင့် သယံဇာတ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီအပိုင်းမှာ အစိုးရတင်မကဘဲ ငြိမ်းချမ်းရေး ပွဲစားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ မူးယစ်ရာဇာတွေ၊ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်ငယ်တွေနဲ့ ခရိုနီ လုပ်ငန်းရှင်ကြီးတွေအားလုံး ပါဝင်ပတ်သက်နေပါတယ်။
ဆက်နွှယ်မှု စက်ဝန်း
မြန်မာ့သယံဇာတ အပိုင်းကိုပြောရင် သဘာဝဓာတ်ငွေ့အပြင် ရွှေ၊ ပလက်တီနမ်၊ ငွေ အပါအ၀င် အဖိုးတန် သတ္တုသိုက်တွေ၊ သံဖြူ၊ ခနောက်စိမ်း၊ သွပ်၊ ကြေးနီ၊ ခဲ၊ တန်စတင်၊ Rare Earth အပါအ၀င် စက်မှုလုပ်ငန်းဆိုင်ရာ သတ္တုတွေ၊ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား၊ ဥဿဖရား၊ ပုလဲစတဲ့ အဖိုးတန် ကျောက်မျက်တွေ၊ ကျွန်းသစ်နဲ့ သစ်မာအပါအ၀င် သစ်တောထွက် ပစ္စည်းတွေအားလုံး ပါဝင်ပါတယ်။
ဒါတွေကို သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူတွေအတွက် ပြည်သူတွေ ခံစားခွင့် မရခဲ့ပါဘူး။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Myanmar Peace Monitor) က ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ” အစီရင်ခံစာမှာ စီးပွားရေးကို ချုပ်ကိုင်ထားသူတွေအကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ ခရိုနီ လုပ်ငန်းရှင်ကြီး ၁၇ ဦးကို ဖော်ပြခဲ့ပါတယ်။ အဲဒီသူတွေထဲမှာ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်၊ ဦးဇော်ဇော်၊ ဦးပြည်အောင်နှင့် ဦးနေအောင်၊ ဦးအောင်သက်မန်း၊ မိုက်ကယ်မိုးမြင့်၊ ဦးနေ၀င်းထွန်း၊ ဦးခင်ရွှေ၊ ဦးဋ္ဌေးမြင့်၊ ဦးအိုက်ထွန်း၊ ဦးချစ်ခိုင်၊ ဦးအောင်ကိုဝင်း၊ ဆာ့ခ်ျပန်း၊ ဦးကျော်ဝင်း၊ ဦးဝင်းအောင်၊ ဦးအောင်မြတ် နဲ့ ဦးတင်ဝင်းတို့ ပါဝင်ခဲ့ပါတယ်။
ဒီအတိုင်းပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းများနဲ့ ကုမ္ပဏီတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) မှာ ခိုနှုန်းထုန် ကုမ္ပဏီဆိုတာရှိပြီး ဆောက်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်နေတယ်။ DKBA မှာ ကုမ္ပဏီ မရှိပေမယ့် ရာဘာစိုက်ခင်း၊ သစ်မွှေးစိုက်ပျိုးရေး၊ သတ္တုထုတ်လုပ်ရေးနဲ့ ကျွန်းသစ်ထုတ်လုပ်ရေးတွေ လုပ်နေတယ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း ကုမ္ပဏီ မှတ်ပုံတင်ထားတာမရှိဘူး။ ဒါပေမဲ့ သတ္တုတွင်းလုပ်ငန်း၊ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ၊ ကုန်သွယ်ရေးနဲ့ လူသုံးကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
KIO က ၁၉၉၄ ခုနှစ်မှာ ဘူးဂါးကုမ္ပဏီကို မှတ်ပုံတင်ထားပြီး လျှပ်စစ်ဖြန့်ဖြူးရေး၊ ကျောက်စိမ်း တူးဖော်ရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး ကုန်သွယ်မှု ရပ်ဆိုင်းသွားပေမယ့် အခုထိ လုပ်နေတာတွေ ရှိပါတယ်။
ကယားဌာနေ ကုမ္ပဏီနဲ့ တမောထာ ကုမ္ပဏီတွေကို KNPP ပိုင်ဆိုင်ထားပြီး ကယားဌာနေ ကုမ္ပဏီက ခဲထုတ်လုပ်ရေးလုပ်ငန်း လုပ်ပါတယ်။ တမောထာ ကုမ္ပဏီက သွင်းကုန်ထုတ်ကုန် ဆောင်ရွက်ဖို့ ပြင်ဆင်ထားပြီး ကျွန်းသစ်ကို ဦးစားပေး လုပ်မယ်လို့ ၂၀၁၃ ခုနှစ် မှတ်တမ်းတွေအရ သိရပါတယ်။
KNU မှာ မိုးကိုစံ ခရီးသွားနှင့် ပို့ဆောင်ရေး၊ ကုန်သွယ်ရေး ကုမ္ပဏီအပြင် မှတ်ပုံတင်မထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ အဲဒီလုပ်ငန်းတွေကတစ်ဆင့် သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်းနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ပါတယ်။ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီလည်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ မရှိပါဘူး။ ဒါပေမဲ့ ရာဘာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကျွန်းသစ်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ၂၀၁၃ ခုနှစ်မှာ တောင်းဆိုထားပါတယ်။
၁၉၈၉ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ရွှေလင်းစတား ကုမ္ပဏီက မိုင်းလားအဖွဲ့ (ND AA) ပိုင်ဖြစ်ပြီး သတ္တုတွင်း၊ စီးပွားဖြစ် စိုက်ပျိုးရေး၊ သစ်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကာဆီနို လုပ်ငန်းတွေ လုပ်နေပါတယ်။
၁၉၉၅ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ၊ ဟံသာဝတီ ကုမ္ပဏီနဲ့ ၂၀၁၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ ရာမညယူနိုက်တက်တို့ဟာ မွန်ပြည်သစ်ပါတီ (NMSP) က ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေဖြစ်ပြီး ဆောက်လုပ်ရေး၊ စီးပွားဖြစ် စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနဲ့ သစ်ထုတ်လုပ်ရေးကို လုပ်ပါတယ်။
PNLO အဖွဲ့အနေနဲ့ သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်း၊ ကုန်သွယ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဟိုတယ်လုပ်ငန်း၊ ပွဲရုံလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၂၀၁၃ ခုနှစ်မှာ ခွင့်ပြုချက် ရထားပါတယ်။
၂၀၁၂ ခုနှစ်မှာပဲ မှတ်ပုံတင်ခဲ့တဲ့ ရှမ်းတောင်တန်းချယ်ရီဟာ RCSS ရဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး သတ္တုတွင်း၊ လမ်းဖောက်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခွင့်ပြုချက် ရထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ စက်မှုဇုန် ထူထောင်ဖို့အထိ သူတို့မျှော်မှန်းထားပါတယ်။
ှSSPP မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ မရှိပါဘူး။ ဒါပေမဲ့ ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲပြီးချိန်ကစပြီး ခေါင်းဆောင်ပိုင်းမှာ ပတ္တမြားတွင်းတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“၀” အဖွဲ့ UWSA မှာ သော်တာဝင်း ကုမ္ပဏီ ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ မှတ်ပုံတင်ထားတဲ့ ဟုန်ပန်းကုမ္ပဏီကို အမည်ပြောင်းထားတာပါ။ တက်ခမ်း ကုမ္ပဏီ၊ မြန်မာတကောင်း ကုမ္ပဏီနဲ့ မိုင်းမော ကုမ္ပဏီတွေကိုလည်း UWSA က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ သူတို့ကတော့ ကဏ္ဍပေါင်းစုံ စီးပွားရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျောက်မျက်၊ သတ္တု တွင်း၊ သစ်ထုတ်လုပ်ရေး၊ ရေနံ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ဘဏ်၊ အရက်ချက်စက်ရုံ၊ လေကြောင်းလိုင်း၊ ဟိုတယ်နဲ့ ဘီယာချက်စက်ရုံတွေ လုပ်ကိုင်နေပါတယ်။
ဒါတွေက တရားဝင် ထွက်ပေါ်လာတဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်ပြီး န၀တအစိုးရလက်ထက် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ထားတဲ့ အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ ပိုင်ဆိုင်တဲ့လုပ်ငန်း၊ လုပ်ပိုင်ခွင့် များစွာလည်း ရှိနေပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး အကျိုးဆောင်လို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေး ပွဲစားတွေရဲ့ ကုမ္ပဏီတွေလည်း တိုင်းရင်းသားဒေသ အကျိုးအမြတ် ရယူမှုဆိုင်ရာတွေမှာ ပါဝင်ပတ်သက်နေပါတယ်။
အထူးသဖြင့် KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ချိတ်ဆက်ပေးခဲ့တဲ့ ထားဝယ်မင်းသမီး ကုမ္ပဏီ၊ KIO နဲ့အစိုးရကြား ပေါင်းကူးပေးတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှာ ပါဝင်နေတဲ့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ အခု MPC မှာ ပါဝင်နေပြီး Myanmar Egress အဖွဲ့ဝင် လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့ရဲ့ အခန်းကဏ္ဍနဲ့ သူတို့ရဲ့ အကျိုးအမြတ် ရရှိမှုတွေအပေါ် အမြဲတမ်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
သူတို့အားလုံးကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးအမြတ်အတွက်မဟုတ်ဘဲ စေတနာကို အရင်းခံပြီး အကျိုးဆောင် ပေးနေတာလို့ ပြောကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတယ်လို့ ပြောနေကြပမယ့် အဲဒီကြိုးပမ်းနေသူတွေမှာတော့ အကျိုးစီးပွားဆိုင်ရာ ခံစားခွင့်တွေ ရှိနေပြီး သူတို့ကိုယ်စားပြုတဲ့ ဒေသခံပြည်သူတွေကတော့ ဒုက္ခတွေကို ခါးစည်းခံနေရတုန်းပါပဲ။
ပြီးခဲ့တဲ့ငါးနှစ်တာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသား ဒေသတွေမှာ သယံဇာတ ပိုင်ဆိုင်မှုနဲ့ စီးပွားရေး စီမံခန့်ခွဲပိုင်ခွင့်တွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင်ပိုင်ခွင့် ရှိခဲ့ပါတယ်။
တစ်ဖက်မှာတော့ ပြည်တွင်းစစ်ကို ခုတုံးလုပ်ပြီး သယံဇာတ ထုတ်ယူမှုတွေနဲ့ ကိုယ်ကျိုးစီးပွား ရှာမှုတွေ ရှိခဲ့ပါတယ်။ သယံဇာတ ကုန်ဆုံးမှုတွေ ဖြစ်လာသလို မတရား ဖိနှိပ်ခံရမှု၊ စီးပွားရေး နာလံမထူမှု၊ ဘ၀ပျက်မှုတွေကို ဒေသခံ တိုင်းရင်းသား ပြည်သူတွေပဲ ခံစားခဲ့ရတာပါ။
ဒီကြားထဲမှာပဲ ငွေကြေးနဲ့ အခွင့်အရေးပေးပြီး ငြိမ်းချမ်းရေးယူဖို့ လုပ်ကြပါတယ်။ အောင်မြင်မှု မရဘဲ တိုင်းရင်းသား ပြည်သူတွေပဲ ထပ်နာခဲ့ပါတယ်။ ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးလည်းမရ၊ တိုင်းပြည်လည်း မွဲပြာကျဆိုတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။
အခုလည်း ငြိမ်းချမ်းရေးအတွက် အဓိကရင်းမြစ် ပြဿနာတွေကို မဖြေရှင်းဘဲ အမျိုးသားညီလာခံပုံစံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လုပ်မယ်ဆိုရင် ရုပ်ပြဖြစ်ရုံကလွဲပြီး စီးပွားရေး မပြေလည်မှု၊ နိုင်ငံရေး မပြေလည်မှုတွေကတစ်ဆင့် စစ်ပွဲတွေဆီကိုပဲ ဦးတည်နေမှာ ဖြစ်ပါတယ်။
NLD အနေနဲ့ကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ကတိပေးခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး ရလဒ်ထွက်အောင် လုပ်နိုင်ဖို့ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ MPC တို့ရဲ့ နိုင်ငံရေးလမ်းစဉ် အမှားကို မလိုက်မိဖို့ပါပဲ။
ကိုးကား - ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ အစီရင်ခံစာ-၂၀၁၃
Writer:
နေထွန်းနိုင်
Eleven Media Group