01/14/16

slum-house-620.jpg
ရန်ကုန်မြို့နယ်အတွင်းက ကျူးကျော်အိမ်တချို့ကို တွေ့ရစဉ်
Photo: RFA
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြဲမြံအောင်၊ စံသမာဓိနဲ့ ဓမ္မပါလ စတဲ့ရပ်ကွက်တွေက မြေဧက ၅၀၀ ကျော်မှာ ဆောက်လုပ်ထားတဲ့ အိမ်ခြေ နှစ်ထောင်ကျော်ကို ၆ရက်အတွင်း ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ညွှန်ကြားချက်စာတွေကို ဝေထားတာဖြစ်ပြီး သတ်မှတ်ကာလအတွင်း မဖယ်ရှားရင် ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးထားကြောင်း စံသမာဓိရပ်ကွက် မှာနေထိုင်တဲ့ ကိုစောထင်အောင်က ပြောပါတယ်။

"စက်မှုဇုန်မြေဆိုပြီး အားလုံးဧက ၅၆ဝ ဆိုပြီးထည့်ထားတယ်၊ တကယ်တန်းကျတော့ ကျနော်တို့ ရပ်ကွက် ၃ ကွက် အနေအထားနဲ့ တိုးချဲ့ထားတဲ့အကွက် ၂ ကွက် အနေအထားဆိုရင် သူတို့ပြောတဲ့ဧက ၅ဝဝ ကျော်မရှိဘူးဗျ၊ ဒီမြေပေါ်မှာ အစိုးရပိုင်တဲ့မြေဘာညာပေါ့ ပစ္စည်းတွေကိုထားခဲ့ပြီးတော့ ကျန်တာတွေအကုန်လုံး ဖျက်ဆီးပြီးတော့ တစ်ပတ်အတွင်း ၁၁ ရက်နေ့ပေးပြီးတော့ ၁၇ ရက် နောက်ဆုံးထားပြီးတော့ ဖမ်ရှားပေးရမယ်၊ မဖယ်ရှားရင် ရက် ၃ဝ ထောင်ချမယ်ပေါ့"

အဲဒီနေရာမှာ လူဦးရေ တစ်သောင်းကျော် နေထိုင်နေတာဖြစ်ပြီး ပြောင်းရွှေ့ပေးဖို့အတွက် အခက်အခဲရှိကြောင်း ကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ မနေ့က မေတ္တာရပ်ခံစာပေးပို့လိုက်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီမြေနေရာဟာ ၁၉၈၈ ခုနှစ်မတိုင်ခင်က မွေးမြူရေးနဲ့ ရေလုပ်ငန်းဦးစီးဌာနက နို့စားနွားမွေးမြူရေး လုပ်ငန်းစားကျက်မြေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဖြစ်နေတဲ့ အတွက် နေအိမ်တွေ ဆောက်လုပ်ပြီး ၀င်ရောက်နေထိုင်ကြတာဖြစ်တယ်လို့ ပြောကြပါတယ်။

အဲဒီရပ်ကွက်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက နေထိုင်ခဲ့ကြသူတွေ ရှိသလို နာဂစ်လေမုန်တိုင်းဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက်က ပြောင်းရွှေ့လာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်

RFA
http://www.rfa.org/burmese/news/warn-slum-houses-move-01132016095332.html

အင်ဒိုနီးရှားနိုင်ငံက မြန်မာရေလုပ်သား များ (ဧပြီလ ၄ ရက်၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံက မြန်မာရေလုပ်သား များ (ဧပြီလ ၄ ရက်၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံတွင်းက ငါးလုပ်ငန်းတွေမှာ တရားမ၀င် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဦး မနေ့က ရန်ကုန်နိုင်ငံတကာ လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်း ငါးလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ်ခိုင်းစေခံရနေရတဲ့ မြန်မာလုပ်သားတွေ သူတို့လုပ်ခတွေ ပြန်ရပြီး၊ မြန်မာနိုင်ငံပြန်ရောက်အောင် ဆောင်ရွက်ပေးနိုင်တာ အခုလို ၂၈ ဦး အထိ ရှိသွားပြီး၊ နောက်ထပ် ၇၅ ဦးကတော့ အင်ဒိုနီးရှားနိုင်ငံ Ambon မြို့မှာ နိုင်ငံသားစီစစ်ဖို့ နဲ့ သူတို့ လုပ်ခလစာ တွေ ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေဆဲရှိတယ်လို့ မြန်မာငါးလုပ်သားတွေအတွက် အကူအညီပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျာကာတာမြို့ မြန်မာသံရုံး တာဝန်ရှိသူ တဦးကို မြန်မာအလုပ်သမားတွေ ကိစ္စ ဆောင်ရွက်ပေးနေတဲ့ အခြေအနေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းစဉ် အခုလို စဖြေပါတယ်။

“ဖြေ။ ။ စုစုပေါင်းက သူက ၁၀၃ ယောက်ရှိတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၈ ယောက်ပို့ပြီးပြီ။

မေး။ ။ အဲဒီတော့ ဒီအလုပ်သမားတွေရဲ့ နစ်နာကြေးတွေအားလုံးဖြေရှင်း နိုင်ခဲ့ပြီးပြီလား။

ဖြေ။ ။ ပြန်ပို့တဲ့အလုပ်သမားတွေအခု လစာရပြီးသား၊ ဖြေရှင်းပြီးသား အလုပ်သမားတွေ ကိုပဲ ပြန်ပို့တာရှင့်။ ဒီဇင်ဘာလောက်တုန်းက သံအမတ်ကြီးနဲ့ သံရုံးဝင်ထမ်း ၂ ဦးသွားပြီးတော့ သူတို့လစာတွေပေါ့နော် ၊ အဲဒီ ၁၀၃ ယောက်ရဲ့ လစာတွေရဖို့ကို အင်ဒိုနီးရှားအစိုးရရယ်၊ IOM ရယ် ၊ သံရုံးရယ် ပေါ့နော် ၃ ယောက်သွားပြီးတော့ ညှိနှိုင်းခဲ့တယ်။ နောက် ကုမ္မဏီတွေပါ သူတို့ကို အားလုံးခေါ်ပြီးတော့ လစာပေးဖို့ လုပ်ခဲ့တယ်။

မေး။ ။ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာဖက်က နိုင်ငံသားစီစစ်ရေးတွေဘာတွေ သံရုံးဖက်က လုပ်ဆောင်ပေးရတာပေါ့ သဘောက။

ဖြေ။ ။ ဟုတ်တယ်။ သွားတယ် သူတို့ကိုတွေ့တယ်၊ သူတို့မှာ အချက်အလက်က သူတို့ကို သွားတွေ့မှရတာ၊ အချက်အလက်တွေကောက်၊ ကောက်ပြီးတဲ့အခါကျရင် ဒီနိုင်ငံခြားရေးကတဆင့် လူဝင်မှုကြီးကြပ်ရေးကိုပို့၊ သူတို့တွေကနေပြီးတော့ confirm ပြန်လုပ်ပေးတယ်။

မေး။ ။ဒီ ၁၀၃ ယောက်လုံးက တရားဝင် ထွက်ပြီးတော့ အလုပ်လုပ်တဲ့လူတွေလား၊ တရားမ၀င် အလုပ်သမားတွေလား၊ မြန်မာနိုင်ငံဖက်က။

ဖြေ။ ။ သူတို့က ဘယ်လိုပြောရမလဲဆိုတော့ သူတို့က အဲဒီ နယ်စပ်ဖက်တွေမှာနေတာဖြစ်မှာပေါ့နော်။ တချို့အများစုက မွန်ပြည်နယ်၊ ထိုင်းနယ်စပ်ဖက်မှာ နယ်နီးတဲ့နေရာမှာနေကြတယ်။ သူတို့က သူတို့ဟာသူတို့ သွားကြတယ်။ တရားဝင်လို့လည်းပြောလို့မရဘူး။ စာချုပ်စာတမ်းတွေဘာတွေမရှိဘူး။ သူတို့က ထိုင်းက မဟာချိင်ဖက်ကနေပြီးတော့ လှေကို သူတို့ Agent တွေဖြစ်ဖြစ် ပွဲစားတွေနဲ့ရောက်လာပြီးတော့မှ အင်ဒိုနီးရှားဘက်ကို လှေတွေနဲ့ရောက်လာတာ။

မေး။ ။ အဲဒီတော့ မနေ့က ၁၄ ယောက် ပို့ပြီးပြီဆိုတော့ ဘယ်နှစ်ယောက်လောက်များကျန်ပါသလဲ အခု က

ဖြေ။ ။ ၇၅ ယောက်လောက်ကျန်သေးတယ်ရှင့်။

မေး။ ။ ပြန်မပို့နိုင်သေးဘူးဆိုတာ သူတို့က ဘာအတွက်ကြောင့်မို့လို့လဲခင်ဗျာ။ လုပ်ခလစာကြောင့်လား ၊ နိုင်ငံသား စစ်ဆေးမှုကြောင့်လား။

ဖြေ။ ။ ၂ ခုစလုံးပဲ။ နိုင်ငံသားစစ်ဆေးမှုလည်းကျန်သေးတယ်။ တချို့ကကျတော့ သူတို့ပေးထားတဲ့ နေရပ်လိပ်စာတွေက ဟိုမှာသွားကြည့်တော့မရှိဘူး။ သူတို့မှာလည်း ဘယ်လိုပြောရမလဲ၊ နိုင်ငံသားကပ်တွေလည်း တခုမှမရှိဘူး ၊ အထောက်အထားတွေက မရှိဘူး။ ပြီးတော့ သူတို့ရဲ့လိပ်စာတွေကို သွားကြည့်ပြီးတော့ အဲဒီမှာ အမှန်တကယ်နေခဲ့တာ ဟုတ်မဟုတ် ဒီလူဝင်မှုကြီးကြပ်ရေးက သွားပြီးတော့ စီစစ်ရတယ်။ အဲဒီအချိန်မှာ သူတို့ပေးထားတဲ့လိပ်စာမှားတယ်။ တချို့ကျတော့ လိပ်စာအမှန်ကိုမပေးဘူး။ သူတို့နာမည်တွေကိုလည်း အိမ်နာမည်တွေပြောတာတို့ အမျိုးမျိုးပြောတော့ ဟိုဖက်မှာသွားစစ်တော့ မတွေ့ရဘူးပေါ့နော်။ အဲဒီတော့ သူတို့က ပြန်ပြီး အတည်ပြုပေးပါဆိုပြီး ပြန်လာတယ်။အဲဒီလူတွေလည်းရှိတယ်။ နောက်တချို့ကျတော့ အခု လစာတွေ သူက ပြန်ပြီးတော့ လစာတွေအခုတွက်နေတယ်။ တွက်ပြီးတဲ့အခါကျရင်ပြန်ပေးတယ်။ ထပ်တော့ ပို့ဦးမှာ။၁၅ ရက်နေ့လောက်ကျရင် ပို့ဖို့ ရာထားတယ်။ အဲဒီလိုမျိုး တသုတ်ပြီး တသုတ် ပြန်ပို့တာပေါ့နော်။ အခုလို ဇန်န၀ါ၇ီလကျတော့ လေယာဉ်လက်မှတ်က Booking လုပ်ရတာ ခတ်တော့ သူတို့က တသုတ်ပြီး တသုတ်ပြန်ပို့မယ်။

မေး။ ။အခုဒီ ပြန်ပို့တဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ လေယာဉ်ကုန်ကျစာရိတ်တို့ဘာတို့ နဲ့ ပတ်သက်ပြီးတော့ ဘယ်သူက တာဝန်ခံပြီးလုပ်ပေးပါသလဲ။

ဖြေ။ ။ အခု အသုတ်လိုက်ပြန်ပို့တာတော့ IOM ကနေပြီးတော့ လုပ်ပေးတယ်။ သူတို့ လူကုန်ကူးလိုမျိုးသဘောအနေနဲ့ သူက ပြန်လုပ်ပေးတယ်။”

အင်ဒိုနီးရှားနိုင်ငံတွင်း ငါးလုပ်ငန်းတွေမှာ နိုင်ငံခြားသား အလုပ်သမားတွေကို ကျေးကျွန် သဖွယ် အသုံးချနေတာနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းတွေမှာ မနှစ်က ရေးသားဖော်ပြခဲ့တဲ့နောက်၊ အင်ဒိုနီးရှားနိုင်ငံတွင်းက နိုင်ငံခြားသားအလုပ်သမားတွေ သုံးတဲ့ ငါးလုပ်ငန်းအားလုံးကို ရပ်ခိုင်းထားတာဖြစ်ပါတယ်။ အဲဒီမှာ အများစုက ထိုင်းနိုင်ငံသားတွေဖြစ်ပြီး စီစစ်ပြီးသား မြန်မာနိုင်ငံသား ၁၀၃ ဦး ရှိတယ်လို့ သိရပါတယ်။

ကိုသားညွှန့်ဦး/VOA
http://burmese.voanews.com/content/myanmar-indonesia-fisherman-/3143385.html

မြန်မာသတင်း ဂျာနယ်များ
မြန်မာသတင်း ဂျာနယ်များ

ကိုးကန့်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေမှာ တိုင်းရင်းသားလူမျိုးရေး ခွဲခြားတဲ့ အမုန်းစကားတွေ လူမှုကွန်ယက်တွေမှာ အများဆုံးပြန့်ပွားခဲ့ပြီး ရွေးကောက်ပွဲ အကြိုကာလတွေမှာ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေပျံ့နှံ့ခဲ့တယ်လို့ PEN Myanmar အဖွဲ့က ပြောဆိုလိုက်ပါတယ်။ PEN Myanmar အဖွဲ့အနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းမှာ ထွက်ရှိခဲ့တဲ့ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ သီချင်းတွေအပြင် လူမှုကွန်ယက်တွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတစ်ရပ် ရေးသားထုတ်ဝေခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

PEN Myanmar အဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ကနေ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာလဆန်းပိုင်းအထိ ပြည်တွင်းမှာ ထုတ်ဝေဖြန့်ချိခဲ့တဲ့ သတင်း မီဒီယာတွေ၊ လူမှုကွန်ယက်တွေ၊ ရုပ်ရှင်နဲ့ သီချင်းတွေမှာ အမုန်းစကား ပါဝင်မှုတွေကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးကဏ္ဍတွေနဲ့ ပတ်သက်တဲ့ အမုန်းစကား ပါဝင်မှု တွေကို လေ့လာ ခဲ့ကြတာပါ။

၂၀၁၅ နှစ်ဆန်းပိုင်းလောက်က မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလတွေမှာ လူမှုကွန်ယက်တွေမှာရော သတင်းမီဒီယာတွေမှာပါ တိုင်းရင်းသား လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေ ပြန့်နှံ့ခဲ့တယ်လို့ PEN Myanmar အဖွဲ့ အစီအစဉ်တာဝန်ခံ မဇာခြည်ဦးက အခုလို ပြောပါတယ်။

“သူတို့ ဒီကြားထဲမှာ စစ်ပွဲတွေ ဖြစ်တယ်မလား။ ကိုးကန့်နဲ့ အစိုးရတပ်နဲ့ စစ်ပွဲတွေဖြစ်တယ်။ အဲဒီအတွင်းမှာ ဘာတွေအများဆုံးသွားတွေ့ရသလဲဆိုတော့ ခုနကလိုပေါ့ ethnicity တွေ နဲ့ ပတ်သက်ပြီးတော့ discrimination လုပ်တဲ့အသုံးအနှုန်းတွေ အများကြီးတွေ့ရတယ်။ ဘာလို့တွေ့ရသလဲဆိုတော့ အဲဒီအချိန်ကျတော့ တိုက်ပွဲတွေဖြစ်နေတယ်။ ဖြစ်ပြီးတော့ ဒီကနေထုတ်တဲ့ ဒီအစိုးရ သတင်းမီဒီယာကနေ ထုတ်တဲ့ သတင်းလွှာကိုက သူက အဲဒီအသုံးအနှုန်းတွေ ပါနေတာလေ။ ဆိုတော့ အဲဒီအသုံးအနှုန်းတွေကို ပြန်ပြီးတော့ တဆင့်ဖော်ပြရတဲ့ သတင်းစာတွေ ၊ ဂျာနယ်တွေ အကုန်လုံးကလည်းပဲ အဲဒါကို ပြောင်းလို့မရဘူး၊ သူဖော်ပြတဲ့အတိုင်းပဲ ပြန်ဖော်ပြရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီကာလအတွင်းမှာ Hate Speech အများဆုံးပေါ့။ Ethnicity နဲ့ ပတ်သက်တဲ့ Hate Speech အများဆုံး တွေ့တဲ့အတွက်ပေါ့ ။”

ရွေးကောက်ပွဲအကြိုကာလတွေမှာ ဘာသာရေးအမုန်းစကားတွေကို လူမှုကွန်ယက်တွေမှာ အကောင့်တုတွေနဲ့ ရည်ရွယ်ချက် ရှိရှိ ဖြန့်တာမျိုးလည်း တွေ့ရှိရတယ်လို့ မဇာခြည်ဦးက ဆက်ပြောပါတယ်။

“ ဒီရွေးကောက်ပွဲမတိုင်ခင်ကာလဆိုရင် ဘာသာရေးနဲ့ ပတ်သက်တဲ့ Hate Speech တွေ အများဆုံးတွေ့ရတယ်။ ဘယ်ကနေပြီးတော့ စပြန့်လာသလဲဆိုတော့ များသောအားဖြင့် fake account တွေကနေ ပြန့်တာပါ။ ဒါပေမယ့် fake account တွေကနေ တမင်တကာဖြန့်လိုက်တဲ့ ပုံစံမျိုးကိုလည်းတွေ့ရတာပေါ့။ တပြိုင်နက်တည်း ပြန့်သွားတဲ့ ပုံစံမျိုးတွေပေါ့။”

သတင်းမီဒီယာတွေမှာတော့ အမုန်းစကားတွေ ပါဝင်မှုနည်းအောင် ရေးသား ကြတာကို တွေ့ရပြီး ခံစားချက်ကို ထုတ်ဖော်ကြတဲ့ အနုပညာသမားတွေရဲ့ လက်ရာတွေမှာ အမုန်းစကားတွေကို ပိုပြီးတွေ့ရတယ်လို့ မဇာခြည်ဦးက ပြောပါတယ်။

အမုန်းစကားတွေကို PEN နိုင်ငံတကာအဖွဲ့က ပညာရှင်တစ်ဦးက သက်ဆိုင်ရာ ကဏ္ဍနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို သတ်မှတ်ပြီး ဒီအစီရင်ခံစာမှာ စိစစ်လေ့လာထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အမုန်းစကားတွေကို အမုန်းစကားရယ်လို့ သတိမမူမိဘဲ နေ့တဓူဝ အသုံးပြုနေကြတာကိုလည်း တွေ့ရတယ်လို့ မဇာခြည်ဦးက အခုလို ပြောပါတယ်

“တို့ လူတွေအချင်းချင်းမှာကိုပဲ မသိမသာ တယောက်ကိုတယောက် ဖိနှိပ်ချိုးနှိမ်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပေမယ့်လည်း တို့တွေမှာ သုံးကျင့်ဖြစ်နေတဲ့ စကားလုံးတွေ ရှိတာပေါ့နော်။ အဲလိုမျိုးဟာတွေဆိုရင် Hate Speech ထဲကို count လုပ်လို့ရတာပေါ့။ သူ့ရဲ့ Theory အရဆိုရင် ဒါတွေက Hate Speech ဖြစ်နေတယ်။ ဒါပေမယ့် ဒီမှာကျတော့ တော်တော်များများသုံးနေကြတဲ့ ရယ်စရာလိုပဲဖြစ်ဖြစ် ၊ မုန်းစရာလိုဖြစ်ဖြစ် အဲလိုမျိုးတွေ သုံးနေတယ်ပေါ့။ နောက်ပြီးတော့ မဲဆွယ် စည်းရုံးတဲ့ သီချင်းတွေ လုပ်တဲ့အခါဆိုရင်လည်း ပါသွားတာပဲပေါ့နော်။ သီချင်းတွေထဲမှာ သူက လူတွေရဲ့ emotion ကို လုံ့ဆော်ပေးနိုင်အောင်လို့ သုံးရတာကို။”

အစီရင်ခံစာထဲမှာ အစိုးရအနေနဲ့ အငြင်းပွားမှုဆိုင်ရာ လူထု အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့၊ လူမှုကွန်ယက်တွေမှာ ကြမ်းတမ်းတဲ့၊ သူတပါးကို ထိခိုက်စေနိုင်တဲ့ စကားအသုံးအနှံးတွေနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထားရှိဖို့ အပြင် အစိုးရအပါအဝင် သတင်းမီဒီယာတွေအနေနဲ့ မှန်ကန်ခိုင်မာတဲ့ သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ကြဖို့ အကြံပြုထားပါတယ်။

မြန်မာ့မီဒီယာတွေပေါ်က အမုန်းစကားဖြန့်ချိမှု အစီရင်ခံစာအတွက် Facebook လူမှုကွန်ယက်စာမျက်နှာ ၁၅၃ ခု၊ ပုံနှိပ်စာစောင် မဂဇင်းနဲ့ သတင်းစာအစောင်ပေါင်း ၁၆၁၃ စောင်၊ တစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေနဲ့ သီချင်းအပုဒ်ရေ ၂၆၀ ကျော်ကို စိစစ်လေ့လာခဲ့တာပါ။ နောက်ဆုံးအဆင့် အချောသတ် အစီရင်ခံစာကိုတော့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/hate-speech-in-myanmar-media/3143352.html

အခင်းဖြစ်ပွားခဲ့သော နေအိမ်အား ဇန်န၀ါရီ ၁၃ ရက်က တွေ့ရစဉ်

လှိုင်သာယာမြို့နယ် FMI City အိမ်ရာ၌ အိမ်အကူ မိန်းကလေးအား ဓားထောက် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ကာ မီးခံသေတ္တာထဲမှ ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာ ပစ္စည်းများနှင့် ဒေါ်လာများ ယူဆောင်သွားမှု ဇန်န၀ါရီ ၁၂ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ် (၄)ရပ်ကွက် FMI City အိမ်ရာ ယမင်းရွှေဝါလမ်းရှိ အမှတ် O/173 နေ ဒေါက်တာ ဒေါ်.... (၅၇)နှစ်သည် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ထားသည့် သဇင်ဆေးခန်း၌ ရှိနေစဉ် ၎င်း၏ အသက် ၉၂ နှစ်အရွယ် အမေဖြစ်သူနှင့် အိမ်အကူဖြစ်သည့် မ....... (၂၀) နှစ်တို့မှာ နေအိမ်တွင် ရှိနေခဲ့ကြောင်း၊ ထိုအချိန်တွင် အသက် ၂၇ အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦး အိမ်ထဲသို့ ရောက်ရှိလာကာ ရေချိုးပြီး အိမ်ထဲသို့ ၀င်လာသည့် အိမ်အကူဖြစ်သူ မ.....အား ဓားဖြင့်ထောက်ကာ ရတနာပစ္စည်း ထားသည့်နေရာအား မေးမြန်းခဲ့ကြောင်း သိရသည်။

အိမ်အကူဖြစ်သူ မ...မှာ ကြောက်လန့်ပြီး အိမ်ရှင်ဖြစ်သူ ဒေါက်တာ၏ အိပ်ခန်းအတွင်းမှ မီးခံသေတ္တာအား ပြလိုက်ကြောင်း သိရသည်။

“အန်တီက အဲဒီလိုဖြစ်တဲ့ အချိန်မှာ ဆေးခန်းမှာ ရှိနေတာပါ။ အိမ်အကူ ကောင်မလေးက အိမ်မှာပြဿနာတက်နေတယ်လို့ ဖုန်းဆက် အကြောင်းကြားတယ်။ အဲဒါကြောင့် သက်ဆိုင်ရာကို အန်တီက ဆေးခန်းကပဲ ဖုန်းနဲ့အကြောင်းကြားပြီး အိမ်ကို လိုက်သွားခဲ့တယ်။ အိမ်ကိုရောက်ရှိတဲ့ အချိန်မှာ ရဲတွေ ရောက်နေတာ တွေ့ရတယ်။ အန်တီ့ အခန်းထဲက မီးခံသေတ္တာကို ရိုက်ဖွင့်ထားတဲ့ပုံစံ တွေ့ရပြီး အထဲမှာရှိတဲ့ ရတနာပစ္စည်းတွေ မရှိတော့ဘူး” ဟု အိမ်ရှင်ဖြစ်သူက ပြောကြားခဲ့သည်။

အဆိုပါ အိမ်ထဲသို့ ၀င်ရောက်ပြီး အိမ်အကူအား ခြိမ်းခြောက်ပြီး ရတနာပစ္စည်းများ ပြခိုင်းခဲ့သော အမျိုးသားမှာ မီးခံသေတ္တာထဲမှ စုစုပေါင်း ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်း ၂၃ မျိုးအပြင် အမေရိကန် ဒေါ်လာ ၆၀၀၀ နှင့် ငွေစက္ကူများ ယူဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရတနာပစ္စည်းများ ယူဆောင်ပြီးနောက် အိမ်အကူဖြစ်သူ မ....ကို အိပ်ခန်း တစ်ခန်းထဲသို့ ခေါ်ဆောင်၍ သားမယားတစ်ကြိမ် ပြုကျင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဆက်လက်၍ အိမ်ရှင်ဖြစ်သူက “အန်တီက ဒီအိမ်ရာထဲမှာ ၂၀၀၆ ခုနှစ်ကတည်းက စနေတာပါ။ အခု အိမ်အကူ ကောင်မလေးက ရောက်တာ ခြောက်လလောက် ရှိပါပြီ။ အန်တီ နေတဲ့အိမ်က ထောင့်စွန်းမှာ ရှိတဲ့အတွက် အခင်းဖြစ်ပွားတဲ့ အချိန်မှာ လူသွားလူလာ ပြတ်လေ့ မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက “အိမ်အကူ ကောင်မလေးကို မနေ့က အင်းစိန်ဆေးရုံမှာ ဆေးစစ်ထားတယ်။ လက်ရှိမှာ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၆၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယခု နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၌ ဖောက်ထွင်းမှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Writer:
အောင်မျိုးသန့်၊ သန့်ဇင်ကျော်
Eleven Media Group

ယခုရက်သတ္တပတ်အတွင်း လူပြောအများဆုံးမှာ ဦးဝင်းထိန်နှင့် RFA အင်တာဗျူးအကြောင်းပင်ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုအမျိုးမျိုး ပေါ်ပေါက်နေသည်မှာလည်း အရှိန်မသေသေး။ ထိုထိုသော ဂယက်များထန်နေသည့်ကာလအတွင်းမှာပင် ပေါ်ပြူလာနယူးစ်က ဦးဝင်းထိန်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ကာ NLD အစိုးရ တက်လျှင်တက်ခြင်း ပထမဦးဆုံးဆောင်ရွက်မည့်လုပ်ငန်း၊ NLD အစိုးရလက်ထက် ဆောင်ရွက်မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြည်သူတွေ ဘဝမြင့်မားရေးကို NLD က ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေး၊ တပ်မတော်အပေါ်ထားရှိသွားမည့် NLD အစိုးရ၏ သဘောထား၊ ၅၉(စ)သာ ပြင်ဆင်ခွင့်ရခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မဖြစ်၊ ဝန်ကြီးဖြစ်ချင်သူများသံအမတ်ဖြစ်ချင်သူများ အတွင်းဝန်ဖြစ်ချင်သူများ၏ ပေးစာများ၊ ဝန်ထမ်းများအတွက် NLD အစိုးရက မည်သို့စီစဉ်ထားသည် ဆိုခြင်း၊ မီဒီယာတို့အပေါ် NLD ၏ သဘောထား အစရှိသည်တို့ကို မေးမြန်းခဲ့ရာ ဦးဝင်းထိန်က ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားခဲ့ခြင်းကို စာဖတ်ပရိသတ်အား တင်ပြလိုက်ရပါကြောင်း …

ဒီချုပ် အစိုးရစစဖွဲ့ချင်း စလုပ်မှာက ဘယ်အလုပ်လဲဗျ။

စလုပ်မှာက ဝန်ကြီးဌာနတွေ လျှော့မှာ။ ဝန်ထမ်းတွေတော့ မလျှော့ဘူး။ ဝန်ထမ်းတွေလျှော့လို့ ဘယ်ဖြစ်မလဲ။ သူတို့ သက်ဆိုင်ရာမှာ ခွဲပြီးနေရာချထားမှာ။ အချို့ သောဝန်ကြီးဌာနတွေက လိုမှမလိုတာ။ သူတို့ လူသူတို့ ရာထူးပေးချင်လို့ဖွဲ့ထားတဲ့ ဝန်ကြီးဌာနတွေ။ ဝန်ကြီးအနည်းဆုံး ၁ဝ ယောက် လျှော့သွားမယ်။ အခုဝန်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီးက ၁ဝဝ လောက် ရှိတယ်။ အန်ကယ်တို့က ဒုဝန်ကြီးတွေကို ထားချင်မှတောင်ထားမှာ။ ဦးနုအစိုးရရော၊ အင်္ဂလိပ်အစိုးရလက်ထက်မှာ အတွင်းဝန်ဆိုတာ ရှိတယ်။ အဲ့ဒီ အတွင်းဝန်တွေက ဝန်ကြီးဘယ်လောက်ပြောင်းပြောင်း သူတို့ကရှိနေတယ်။ ပြောမယ်ဆိုရင် အဲ့ဒီအတွင်းဝန်တွေက ဝန်ကြီးတွေကို အထောက်အကူပြုတာ။ အခုအစိုးရက အတွင်းဝန်လည်းထားတယ်။ ရှုပ်ကုန်ရော အဲ့ဒီမှာ အတွင်းဝန်ဆိုတာတွေကလည်း ဗိုလ်ချုပ်တွေများတယ်။ ဌာနဆိုင်ရာကလူတွေလည်း ဥပဒေ နဲ့မညီရင်ဥပဒေအတိုင်းသွားမှာပဲ။

ဝန်ထမ်းတွေအတွက် နောက်တက်လာမယ့် အစိုးရက ဘယ်လိုစီစဉ်ထားလဲ။

အစိုးရအသစ်တက်လာလို့ ဝန်ကြီးဌာနတွေ ကျုံ့ သွားသော်လည်း ပိုလာမယ့် ဝန်ထမ်းမရှိဘူး။ သူ့နေရာနဲ့သူ နေရာချထားပေးမယ်။ သို့သော်လည်းပဲ ဒီဝန်ကြီးဌာနက ဝန်ထမ်းတွေ အခြားဌာန မှာ အဆင်မပြေဘူးဆိုရင် သင်တန်းပေးမယ်။ နောက်တစ်ခုက အထူးသဖြင့် နေပြည်တော်မှာပေါ့။နေပြည်တော်မှာ ဝန်ထမ်းတွေက မနေချင်ဘူး။ သယ်ယူပို့ဆောင်ရေး မရှိဘူး။ နောက်ကလေးတွေရဲ့ ကျောင်း အဲ့ဒါတွေဖြည့်ဆည်းပေးမယ်။ အခုပြဿနာက ဘာလဲဆိုတော့ အစိုးရဌာနကြီးကို ရန်ကုန် ပြန်ပြောင်းမလို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။ ရန်ကုန်လမ်းကျပ်တာနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက် နေပြည်တော်မှာနေတဲ့ ပုဂ္ဂိုလ်တွေ နေရထိုင်ရချောင်လည်အောင် လုပ်ပေးမယ်။ ပြီးရင်သံရုံးတွေလည်း တစ်စတစ်စ ရောက်လာလိမ့်မယ်။ အကုန်မရောက်ရင်တောင် တစ်ပိုင်းတစ်စ ရောက်လာလိမ့်မယ်ဆိုတော့ သူတို့ရောက်လာရင် မြို့အင်္ဂါရပ်ပိုပီသမှာပေါ့။ အခု ဟိုတယ် တွေဆိုလူမရှိဘူး။ အဲ့ဒီလို မြို့အင်္ဂါရပ် ပိုပီပြင်လာတော့မှ လာတဲ့သူ တွေများမှာ။ နောက်ပြီး ရန်ကုန်မှာ အခုသူတို့ လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာ။ တန်ဖိုးကနည်းမှမနည်းတာ။ ကိုယ်တို့ကလည်း အဲ့ဒါသွားထိရင် ကျား မြီးဆွဲရသလို ဖြစ်နေတာ။ အဲ့ဒါက ကိုယ်လည်းမကျွမ်းကျင်တော့ သိပ် မပြောနိုင်ဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဆောင်ရွက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းသိပါရစေ အန်ကယ် ဦးဝင်းထိန်ခင်ဗျာ။

ငြိမ်းချမ်းရေးကတော့ အင်မတန်ပြောရခက်တယ်။ ၁ အချက်က အပစ်အခတ်ရပ်စဲဖို့ လက်မှတ် ထိုးထားတဲ့ ရှစ်ဖွဲ့၊ နောက်လက်မှတ်မထိုးထားတဲ့ အဖွဲ့မှာလည်း နှစ်ပိုင်းရှိတယ်။ ပလောင်ရယ်၊ ကိုးကန့်ရယ်၊ ရခိုင်ရယ် သူတို့ကိုတော့ လက်ရှိငြိမ်းချမ်းရေး ဖိတ်ပြီးဆွေး နွေးတဲ့အဖွဲ့က မကြည်တဲ့ သဘောပေါ့။ အဲ့ဒီတော့ အဲ့ဒီဟာတွေ သောင်းပြောင်းထွေလာတွေကို ဖြတ်ပြီးတော့မှ ငြိမ်းချမ်းရေးရဖို့ ဆိုတာကတော့ အင်မတန်ခက်တယ်လို့ အန်ကယ်က မြင်တယ်။အဲ့ဒီတော့ ငြိမ်းချမ်းရေးက အဲ့ဒီလို ပေါ့။ အခုလောလောဆယ်တော့ ဃြဗလုပ်တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကရော၊ ကိုယ်တို့ကရော အသိအမှတ်ပြုတယ်။အသိအမှတ် ပြုပြီးတော့မှ နောက်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ဦး စီးပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လုပ်မယ်လို့ ပြောပြီးသား။ ဒါပေမဲ့ လက်ရှိရှိနေတဲ့ MPC ကိုလည်း ပြန်လည်သုံးသပ်မယ်။ ဖျက်မပစ်ဘူး။ အဲ့ဒါလည်း ပြောထားပြီးသား။ တစ်ခုရှိတာကတော့ အခု ၁၂ ၊ ၁၃ ၊ ၁၄ မှာ လုပ်မယ် ပြောထားတဲ့ ညီလာခံပေါ့။ အဲ့ဒီ ညီလာခံမှာတော့ကိုယ်တို့ သဘောထားကတော့ အရင်အဆက်ဆက်လုပ်ခဲ့တာကို အသိအမှတ်ပြုတယ်။ ဒါပဲ။ အသိအမှတ်ပြုတဲ့ အခမ်းအနားပဲလို့ ကိုယ်က ယူဆ တော့မယ်။ တတ်နိုင်ရင် တစ်ရက်တည်းပြီးရင်တောင်မှ ပြီးစေချင်တယ်။ အဲ့ဒီတော့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလုပ်မှာက ငါးရက်လုပ်မယ်ပြောတယ်။ ကိုယ်တို့က သုံးရက်နဲ့ ပြတ်ပါတယ်ပြောတယ်။ အဲ့ဒါသူတို့နဲ့ ညှိနေကြတယ်။ ဒီပဒိုကွယ်ထူးဝင်း တို့ကလည်း လေးရက်နဲ့ လုပ်ချင်တယ်။ လုပ်ချင်တော့ သူတို့ပြောတာလည်း သဘာဝကျပါတယ်။

သူတို့လုပ်ခဲ့တာတွေ တောက် လျှောက်လုပ်ခဲ့တဲ့အတွက် လေးရက်လောက် ပြောပါစေ။ အန်ကယ်တို့လည်း အဲ့ဒီကျရင် အန်ကယ်တို့ စိတ်ကြိုက်ပြင်လို့ရတာပဲ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က သုံးရက်နဲ့ ပြီးစေချင်သော်လည်းပဲ ကိုယ်တို့ကလေးရက် ဖြစ်ချင်တယ်။ အခု ဒေါက်တာ စိုင်းမောက်ခမ်းတို့က ငါးရက်ဖြစ်ချင်တယ်။ ဘယ်လိုဖြစ်မလဲမသိဘူး။ ဒီညီလာခံကြီး တစ်ခုလုံးက စကားတွေပြောပြီး ဘာမှဆုံးဖြတ်ချက်ကျမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ ဦးအောင်မင်း ခေါင်းဆောင်ပြီး လာမယ့်အဖွဲ့မှာ သူတို့က ပြောသွားတာက ဆွေးနွေးမယ့် ဘာသာရပ်တွေကနိုင်ငံရေးပါမယ်။ လုံခြုံရေးပါမယ်။ စီးပွားရေး ပါမယ်။ အခြားလူမျိုးရေးတွေပါမှာ ပေါ့။ နိုင်ငံရေးနဲ့ လုံခြုံရေးကအပစ်အခတ်ရပ်စဲရေးနဲ့ ဆိုင်တယ်။ စီးပွားရေးကတော့မ ဆိုင်ဘူး။ ဖွဲ့ စည်းပုံပြင်ဆင်ရေးတို့ ဘာတို့ဆိုတာက ဒါလွှတ်တော်နဲ့ ဆိုင်တဲ့ကိစ္စ။ ငြိမ်းချမ်းရေးအဖွဲ့နဲ့ အစိုးရ ဘာမှထည့်ဆွေးနွေးစရာ မလိုဘူး။ ပြောပြီးတော့ လာမယ့်ညီလာခံက သုံးရက်ဖြစ်မလား။ လေးရက်ဖြစ် မလား။ ငါးရက်ဖြစ်မလားဆိုတာက ခုနကအဖွဲ့နဲ့ ဆွေးနွေးပြီးတော့မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ တစ်ခုရှိ တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ဖိတ်ချင်တယ်။ သူတို့လည်းဖိတ်တယ်လို့ပြောတယ်။ ဖိတ်တဲ့ အခါမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖြစ်မဖြစ်ကတော့ အခြေအနေပေါ် မူတည်ပြီးမှ သိ နိုင်မှာပါ။ တွေ့ချင်တယ်။ သူတို့ ဘက်ကလည်း စာတွေထုတ်ထား တာရှိတယ်။ ဒေါ်အောင်ဆန်းစု ကြည် နဲ့တွေ့ပြီးမှ ဆွေးနွေးချင်တယ်ဆိုတာပါတော့အခုကိုယ်တို့က တစ် ပန်းသာမှာကတော့ ကိုယ်တို့က စေတနာပါတယ်။ ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ နောက်တစ်ချက်က ဒါကနည်းနည်းရှည်တယ်။

ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုင်ငံရေးကစားပွဲလို၊ ကျွန်တော် ရွေးကောက်ပွဲမတိုင်ခင်ကလည်းတက်တယ်။ ရွေးကောက်ပွဲပြီးတော့ လည်းတက်တယ်။ သူတို့လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အဲ့ဒီလို ပဲ ၉၂ ပါတီက ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးဖို့ဆိုပြီးတော့ ကျွန်တော်အလှည့်ကျ ကျွန်တော်ပြောတယ်။ အဲ့ဒါက လက်တွေ့မကျဘူးထင်တယ် ဆိုပြီးတော့။ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာတုန်းကပါတီပေါင်း ၂ဝဝ ကျော်ရှိတယ်။ ရွေးကောက်ပွဲလည်း ပြီးရော ၂ဝ တောင်မကျန်တော့ဘူး။ ကျန်တဲ့ ပါတီက ပြည်သူလူထုထောက်ခံမှု မရှိတဲ့အတွက်ကြောင့် အဲ့ဒီလိုပဲ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ၉၂ ပါတီရှိတယ်။

ရွေးကောက်ပွဲပြီးရင် ဘယ် နှစ်ပါတီကျန်လဲ စောင့်ကြည့်ရမယ်။ ပြည်သူလူထုထောက်ခံမှု မရှိတဲ့ပါတီတွေကို ပါဝင်သင့် မသင့် စဉ်းစားရမယ်။ ဒါကြောင့် ပါ တီကြီးက အနိုင်ကျင့်တယ်ဆိုပြီး ပြောမှာစိုးလို့၊ ကျွန်တော်ကပြော တာ အဲ့ဒီတော့ ငြိမ်းချမ်းရေးက နိုင်ငံရေး ကစားကွက်မဖြစ်စေချင် ဘူးဆိုတာက ရွေးကောက်ပွဲပြီးတော့ သူတို့ကဖိတ်တယ်။ အစိုးရက ၁၆ ယောက် တိုင်းရင်းသားအဖွဲ့ က ၁၆ ယောက် နိုင်ငံရေးပါတီက ၁၆ ယောက် အဲ့ဒီတော့ အန်ကယ် ကပြောတယ်။ အစိုးရအဖွဲ့က ၁၆ ယောက် တိုင်းရင်းသားက ၁၆ ယောက်။ ဒါကိုဝေဖန်စရာမရှိဘူးလို့၊ ဒါပေမဲ့ နိုင်ငံရေးပါတီက ၁၆ ယောက်ရွေးတဲ့အခါမှာ အဲ့ဒီကိစ္စကို အခုပြောရတော့မယ်လို့၊ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့ ပါတီက ရွေးကောက်ပွဲမှာ ၈ဝ ရာခိုင်နှုန်းနိုင်သွားတဲ့ပါတီ။ အဲ့ဒီ ပါတီနဲ့ တစ်ယောက်မှမနိုင်တဲ့ ပါတီကို အတူတူထားရင် ဒါနိုင်ငံရေးအရ သဘာဝမကျဘူး။ အဲ့ဒီဟာကို အန်ကယ်ကသဘောမတူဘူး။ အန်ကယ်လိုပဲ ဒေါ်အောင်ဆန်း စုကြည်လည်းသဘောမတူဘူး ။ ဒါပေမဲ့သူတို့ ဂရုမစိုက်ပါဘူး။ နိုင်ငံရေးဟိုဟာထဲကို ဦးသုဝေကို ဒုတိယ ဥက္ကဋ္ဌပေးသတဲ့။ ဦးသုဝေက နိုင်ငံရေးဝါရင့်တဲ့ နိုင်ငံရေး သမားတော့ဟုတ်တယ်။ ဒါပေမဲ့ သူ့ပါတီက ၁ ယောက်မှမနိုင်ဘူး။ ဒုတိယဥက္ကဋ္ဌ ပေးတယ်ဆိုကတည်းက ဒါက နိုင်ငံရေး ကစားသလိုဖြစ်သွားပြီ။ ဘာလို့လဲဆိုတော့ သမ္မတနဲ့တွေ့တဲ့နိုင်ငံရေးပါတီထဲမှာဆိုရင် အာဏာသိမ်းဖို့အထိ ပြောတဲ့ လူတွေရှိတဲ့ ပါတီတွေပါတယ်။ အဲ့ဒီလို လူတွေသူတို့အသုံးမချဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့က ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးအစစ် တည်ဆောက်ချင်တယ်ဆိုရင် နိုင်ငံရေးမကစားရဘူး။ ဒေါ် အောင်ဆန်းစုကြည်ရော၊ ကိုယ်ရော အမြဲပြောတယ်။

အဲ့ဒီတော့ နောင်အစိုးရဖွဲ့ပြီး ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် NCA ကို တကယ်တမ်း NCA ပီသသော Nation Wide ဆိုတာ တကယ် Nation Wide ဖြစ်မှလေ။ အခုဟာက နေရှင်းဝိုက်မဟုတ်ဘူး။ Partial Ceasefire အဲ့ဒီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့က အခုနက ရခိုင်တို့၊ ကိုးကန့်တို့၊ ပလောင်တို့ အကုန်ပါမှဖြစ်မှာလေ။ သို့သော်လည်း ပြောတာသာ လုပ်တာခက်တယ်။ ဘာကြောင့်ခက်လဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးက အပြိုင်သွားမှာ၊ ဖွဲ့စည်းပုံ ပြင်တဲ့အခါမှာ အနာဂတ်မှာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ဖို့ ငြိမ်း ချမ်းရေးဟာ တစ်နေရာရာမှာ သွားဆုံမှာ။ အဲ့ဒီလိုသွားဆုံမှ ငြိမ်း ချမ်းရေးက အကောင်အထည်ဖော် လိမ့်မယ် ဒါပေမဲ့လုပ်ဖို့အတော်ခက်လိမ့်မယ်။ ဒေါ်စုလည်းသိပြီးပြီ။ ကိုယ်တို့လည်း သိပြီးပြီ။ ဒါပေမဲ့ ကြိုးစားလုပ်မယ်။

ပြည်သူတွေရဲ့ ဘဝမြင့်မားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင် ပေးမလဲခင်ဗျ။

ရွေးကောက်ပွဲနိုင်တဲ့ အဓိကအကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို ပြည်သူတွေကထောက်ခံတယ်။ ထောက်ခံတာမှာ ထောက်ခံတာကတစ်ပိုင်း မျှော်လင့်တာက တစ်ပိုင်း။ ပြည်သူ တို့မျှော်လင့်တာကို ဖြည့်ဆည်းဖို့က ဒေါ်အောင်ဆန်းစုကြည်တာဝန်။ ကိုယ်တို့ NLD ကိုယ်စားလှယ်တွေ ရဲ့ တာဝန်။ အဲ့ဒီတော့ ဘယ်လို ဖြည့်ဆည်းရမလဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုးတက်တက်အောင် လုပ်ဖို့၊ နောက် တခြားအရေးကြီးတာ တွေရှိတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ၊ ဖွဲ့စည်းပုံပြင်ရေးကိစ္စတွေ။ ဒါပေမဲ့ ထိထိရောက်ရောက်ဖြစ်စေမယ့် ဟာက ပြည်သူလူထုရဲ့ စားဝတ် နေရေး တိုးတက်ဖို့၊ တိုးတက်ဖို့က ပြောတော့သာ လွယ်တာလုပ် တော့ ခက်တယ်။ ဦးသိန်းစိန်အစိုးရမှာ ဒေါက်တာမောင်မောင်သိမ်းတို့၊ ဒေါက်တာ အောင်ထွန်းသက်တို့ ခန့်တာပဲ။ သိသိတာတာကြီးတိုးတက်လာတာ သိပ်မတွေ့ဘူး။ ဒါပေမဲ့ တခုရှိတာက အန်ကယ်က စီးပွားရေးမကျွမ်းကျင်တော့ သိပ်မပြောတတ်ဘူး။ ကိုဟံသာမြင့် နဲ့ စီးပွားရေးအဖွဲ့တွေ လုပ်တာရှိတယ်။ ကိုယ်တို့ ရွေးကောက်ပွဲ ကြေညာချက်မှာလည်း စီးပွားရေး ပေါ်လစီတွေ ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အန်ကယ်တို့ သေ ချာ လူတွေရွေးနေတယ်။ ပေါ့ပေါ့တန်တန်မရွေးဘူး။ ဒါပေမဲ့ အဓိက ချို့ယွင်းချက်က အတွေ့အကြုံရှိတဲ့ သူနည်းတယ်။ ဒါပေမဲ့ ကိုယ်တို့ ကသာတာက စေတနာရှိတယ်။ ပြည်သူလူထုအတွက် လုပ်မယ်ဆိုတဲ့ စေတနာရှိတယ်။ အဂတိတရား အင်မတန်နည်းမယ်။ နည်းမယ်ဆို တာက အဂတိတရား မဖြစ်ရဘူး ဆိုတဲ့ဆုံးဖြတ်ချက်နဲ့လူတွေရှိသလို ဥက္ကဋ္ဌ ကြောက်လို့လည်း လုပ်ရဲ မှာမဟုတ်ဘူး။ ဥက္ကဋ္ဌ ကြိမ်းထား ပြီးပြီလေ။ အဂတိတရားဖြစ်လို့ကတော့ ဘယ်သူမှမညှာဘူး။ ထောင် ချပစ်မယ်။ ချမှ။ မချလို့ မရဘူး။ အဲ့ဒီလိုဆန်ရင်းနာနာဖွတ်မှ၊ ကိုယ် လူတွေက ကျားကုတ် ကျားခဲနဲ့နေ မှ အောင်မြင်မှာ။

အဲ့ဒီတော့ အဲ့ဒီတော့ ပြည်သူရဲ့ စားဝတ်နေရေးပြေလည်ဖို့က အခု လက်ရှိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးပြင်စရာရှိတယ်။ အဲ့ဒီတော့ ခုနပြောသလို ပေါ့၊ စေတနာရယ် အဂတိတရား နည်းပါးမှုရှိကြောင်း၊ အမှားတွေ့ မယ်ဆိုလည်း ပြည်သူလူထုက စာနာမှုပေးလိမ့်မယ်လို့ မျှော်လင့် တာပေါ့။ အန်ကယ်ကတော့အစိုးရ အဖွဲ့မှာ ပါမှာမဟုတ်ဘူးလေ။ မပါဘူးလို့လည်း ဒေါ်စုကိုပြောထားပြီး ပြီ။ ဘာလို့လဲဆိုတော့ ရွေးကောက် ပွဲဝင်လိုက်တော့ အမာခံတော် တော်များများက လွှတ်တော်ထဲ ရောက်သွားပြီ။ ပါတီကဟာသွားပြီ။ အဲ့ဒီဟာတဲ့နေရာ ပြန်ဖြည့်ဖို့။

ခုနကပြောသလိုပေါ့နော်။ အတွေ့ အကြုံရှိတဲ့သူတွေ ရွေးနေတယ်။ အခုလက်ရှိမှာ ပြည်ခိုင်ဖြိုးကပါမယ်၊ ဘယ်ကပါမယ်၊ အများကြီး မှန်းပြီး ပြောနေကြပါတယ်ခင်ဗျ။ အဲ့ဒီအပေါ်ကိုရော။

အခုက ဒီလိုလေ အမျိုးသားရော၊ ပြည်သူရော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကအများကြီးဆို တော့ဘယ်သူ့မှ မပါဘဲဖွဲ့လို့ရတယ်။ ဘယ်သူ့မှ ပါစရာမလိုဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောထား သလို အမျိုးသားရင်ကြားစေ့ရေး ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးက သင့်တော်တဲ့သူတွေပါမယ်။ တိုင်း ရင်းသားတွေထဲက ပါမယ်။ အများ ကြီးတော့ မဟုတ်ဘူး။ သူချထားတဲ့ မူဝါဒအတိုင်း ကိုက်ညီတဲ့၊ ပြည်ခိုင် ဖြိုးမှ မဟုတ်ဘူး။ ကျန်တဲ့ပါတီထဲ ကသင့်တော်တဲ့သူပါမယ်။ တိုင်းရင်း သားတွေထဲကပါမယ်။ ဒါမှအမျိုးသား ရင်ကြားစေ့ရေး ဖြစ်မှာပေါ့။ အဲ့ဒီ ထက် ပိုအရေးကြီးဆုံးကတော့ တပ်မတော်နဲ့ ပြေလည်ဖို့ပဲ။ အခု ထိတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးက ကောင်းတယ်။ ဒါကြောင့်အနာဂတ် ဖွဲ့စည်းပုံပြင် ဆင်ရေးက သူတို့သဘောတူမှ ရတာကိုး။ အဲ့ဒါကြောင့် ပြင်လို့ရရင် ရ၊ မရရင် ဆိုင်းငံ့လို့ ရရင်ရ။ ဒါကြောင့်တပ်မတော်နဲ့ဆက်ဆံရေးက အဓိကအကျဆုံးပဲ။

ဒါဆိုရင် ကာချုပ်ကြီးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေးက တော်တော်လေးပြေလည်မှုရှိတဲ့ သဘောလားဗျ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာဗျူဟာတွေကြောင့်ပေါ့။ ဦးသိန်းစိန်နဲ့ တွေ့တယ်။ တပ်ချုပ်နဲ့ တွေ့တယ်။ မထင်မှတ်ဘဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့တွေ့တယ်။ အဲ့ဒီ အဓိပ္ပာယ်ကဘာလဲဆိုရင်ဗိုလ်ချုပ် မှူးကြီးသန်းရွှေက အစိုးရအဖွဲ့မှာ မပါဝင်မပတ်သက်တော့ဘူး။ သို့သော် ဒီသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် သူခန့်ခဲ့တာ။ အဲ့ဒီတော့ သူက သြဇာရှိတယ်။ သြဇာရှိတဲ့အတွက်ကြောင့် သူလိုလူရဲ့ သဘောတူညီမှု လိုတာပေါ့။ဒါကြောင့် ပြည်သူလူထုရော၊ နိုင်ငံတကာရော တုံ့ပြန်ချက်က ကောင်းတယ်။ ဒါက အမျိုးသားရင်ကြားစေ့ရေးကိုသွားဖို့ ခြေလှမ်းစလိုက်တာပဲ။

ဒါဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးက နောက်စမယ့် လွှတ်တော်အတွင်း သက်ရောက်နိုင်တာပေါ့။

အဲ့ဒါက မြေစမ်းခရမ်းပျိုးပေါ့။ ဖိအားတော့ပေးလို့ မရဘူး။

နောင်တက်လာမယ့် ဒီချုပ် အစိုးရ အနေနဲ့ တပ်မတော်အပေါ်ထားရှိ သွားမယ့် သဘောထားကို ပြောပြ ပေးပါခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏပြောတယ်လေ။ သူ့အဖေတည်ထားတဲ့ တပ်မတော်၊ ငယ်ငယ်လေးကတည်းက တပ်မတော် အပေါ် သံယောဇဉ်ရှိတယ်။ နိုင်ငံရေးလုပ်တဲ့တစ်လျှောက်လုံးမှာ တပ်မတော်ကို စော်ကားတဲ့စကား မျိုးတစ်ခါမှ မပြောဖူးဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်စေ ချင်တယ်။ ခေတ်မီသောတပ်မတော် ဖြစ်စေချင်တယ်။ အဲ့ဒါသူ့ရဲ့ ဆန္ဒ။ အဲ့ဒီဆန္ဒပေါ်မူတည်ပြီးတော့မှ ရေ ရှည်မှာတပ်မတော်နဲ့ ဆက်ဆံရေး က မကောင်းလာစရာမရှိဘူး။ ကောင်းလာဖို့ပဲ ရှိတယ်။ အဲ့ဒီတော့ အရင်တုန်းကဖြစ်တဲ့ ပြဿနာက တပ်မတော်နဲ့ မဆိုင်ဘူး။ လူနဲ့ပဲ ဆိုင်တယ်။

ဝန်ကြီးချုပ်ထဲကဆိုရင် လွှတ်တော်ထဲ အနိုင်ရတဲ့သူပဲ ခန့်ရမယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဆိုရင် အနိုင်ရတဲ့သူရော၊ တခြားကရော ခန့်လို့ရမယ်ပေါ့နော်။ အဲ့ဒါကို ဘယ်လိုဆောင်ရွက်နေပါသလဲ။

ပြောလို့မဖြစ်သေးတဲ့ အချိန်မို့သာ မပြောတာ။ ရွေးချယ်နေပါတယ်။ အဓိကစံနှုန်းကတော့ တိုင်းပြည်ချစ်ဖို့၊ နိုင်ငံချစ်ဖို့၊ အထူးသဖြင့် အမှားနည်းနိုင်သမျှနည်းသူကို ရွေးနေပါတယ်။

အခု ကိုယ်စားလှယ်တွေအရည်အသွေးမြှင့်တင်ရေးသင်တန်းတွေ ပေးနေပြီဆိုတော့ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးပိုင်းဘယ်လို ရှိလဲဗျ။

အန်ကယ်တို့စာရင်းတွေလုပ် ကြည့်တဲ့အခါမှာ ဆရာဝန်က ၇ဝ လောက်ပါတယ်။ အင်ဂျင်နီယာ ၅ဝ ကျော်လောက်ပါတယ်။ နောက် ဥပဒေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူက ၄ဝ၊ ၅ဝလောက်ပါတယ်။ စီးပွားရေးနဲ့က ၃ဝ လောက်ပါတယ်။ နောက် အခြားမေဂျာတွေနဲ့ကလည်းပါတယ်။ ၇ တန်း၊ ၈ တန်း ပါတယ်။ လယ်သမားတွေပါတယ်။ နောက် ပေါင်ပြတ်သူပါပါသေးတယ်။ ဒါပေမဲ့ သူတို့က အရည်အသွေး ရှိပြီးသား။ သို့သော်လည်း ပင်ကိုအရည်အသွေးတွေကို နိုင်ငံရေးအသိနဲ့ ပေါင်းပေးဖို့၊ အခုသင်တန်းတွေက လည်း ဒါပဲ။ နောက်လွှတ်တော် ကိုယ်စားလှယ်အသစ်တွေရောက် လာရင် အရင်လူဟောင်းတွေက သူတို့ အတွေ့အကြုံတွေပြန်မျှဝေမှာ။

၅၉ (စ)သာ တကယ်လို့ ပြင်လို့ရခဲ့ ရင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်မှာပေါ့။

သမ္မတမဖြစ်ရင် ပါတီကိုဆက်ခေါင်းဆောင်မယ်။ သမ္မတဖြစ်ရင် ပါတီက ထွက်ရတော့မယ်။ အဲ့ဒါ ပြဿနာ ကိုယ်စားလှယ် ၃၉ဝ လုံး မှာ၊ ပါတီမှာက အတွေ့အကြုံရှိတဲ့ သူက တော်တော်များတယ်။ အဲ့ဒီမှာ ပါတီက ဟာသွားပြီ။ ဖြည့်ဖို့အတွက်လည်း ကိုယ်တို့က စိတ်ကူးရှိထားပြီးသား။ လူငယ်တွေထဲက ဟိုတုန်းကတော့ လူငယ် ကို ၃ဝ လို့သတ်မှတ်ပေမယ့် တဖြည်းဖြည်းဖိနှိပ်မှုများလာလို့ လူငယ်ကို ၃၅ နှစ်လို့ပြောင်း သတ်မှတ်ရတာရှိတယ်။ ၃၅ နှစ်အောက် က ကလေးတွေက နိုင်ငံရေး သင်တန်းတွေ၊ နောက် Public Policy သင်တန်းတွေပေးမှာ၊ ပေးဖို့လည်းရှိတယ်။

လူနေအိမ်တွေမှာ ရုံးခန်းတွေ ဆောက်ရတော့ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ လစာဖြတ်ပြီးရုံး ခန်းဆောက်မယ်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ အဲ့ဒီအပေါ်မှာရော။

ဟုတ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းဖြတ်မှာ။ တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားလှယ်တွေကတော့ ၂ဝ ရာခိုင်နှုန်း။ အဲ့ဒီထက်မြင့်လို့ ဝန် ကြီးဘာညာ ၅ဝရာခိုင်နှုန်းဖြတ်မှာ။ အဲ့ဒီရတဲ့ပိုက်ဆံနဲ့ ပါတီရုံးတွေ တည်ဆောက်မှာ။ ဘာလို့လဲဆို တော့ အခုက ပါတီရုံးတွေ ပိုက်ဆံ မတတ်နိုင်ရင်တချို့က စေတနာနဲ့ ငှားတာရှိတယ်။ ဒါပေမဲ့ အဲ့ဒီအ ပေါ် စေတနာတင်မဟုတ်ဘူး။ ပါတီကို ခြယ်လှယ်လာတာတွေ ခဏခဏကြုံတယ်။ အဲ့ဒီတော့ ရတဲ့ပိုက်ဆံကို ပါတီရုံးတွေ ဦးစား ပေးမယ်။ အခုတစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ကိုယ်တို့ဆီက အားလုံး မယူဘူး။ စုပြီးတော့မှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး တစ်ခုခု လူထုအကျိုးပြုမယ့်ဟာကိုလှူမှာ။ အဲ့ဒီဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးမယ်။ ကိုယ်တို့လည်း ဝိုင်းစဉ်းစားပေးမှာ ပေါ့။ အဲ့ဒါယူရတာ စိတ်မသန့်ဘူး။ အဓိပ္ပာယ်မှ မရှိဘဲနဲ့။ လခတိုးတုန်း ကလည်း ကိုယ်တို့ သဘောမတူခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ လခတိုးဖို့လုပ်တာမဟုတ်ဘူး။ စေတနာ့ ဝန်ထမ်းအနေနဲ့လုပ်တာ။ ဥပဒေ ပြဋ္ဌာန်းလိုက်တော့ မယူလို့မရဘူး။ အခု ဒီဥပဒေပြဋ္ဌာန်းလိုက်ရင်လည်း မယူလို့မရတော့ဘူး။

အန်ကယ် ဦးဝင်းထိန်ဆီကိုတောင်မှ ဝန်ကြီးနေရာတောင်းတဲ့စာတွေ ရောက်နေတယ်သိရပါတယ်။

နှစ်ပိုင်းရှိတယ်လေ။ တစ်ပိုင်းကတော့ တိုင်းပြည်ထူထောင်ဖို့က အရည်အချင်းရှိသူမှန်သမျှ ဒီချုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဖိတ်ခေါ်ပြီး အသုံးပြုဖို့ မူလည်းရှိတယ်။ နောက်တစ်ပိုင်းက ဒီမိုကရေ စီရဖို့ လှုပ်ရှားမှုထဲမှာ လက်လေးတောင်မမြှောက်ဖူးတဲ့ သူတွေ၊ လျှောက်လွှာတင်တဲ့သူတွေရှိတော့ ရယ်ရခက်၊ ငိုရခက်ပေါ့။ အဲ့ဒီဟာမူအရ တိုင်းပြည်အတွက် အသုံးကျမယ်ဆိုပါတီဝင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် တိုင်းရင်းသားတွေလည်းသုံးမှာ။ သို့သော် ရာထူးလို ချင်တယ်ပြောတဲ့ သူတွေကို ဘယ် လိုစဉ်းစားလို့ရမလဲ။ အဲ့ဒါပဲ ဒါက ပြည်သူကိုအကျိုးပြုမှာမဟုတ်ဘူး။ သူ့အကျိုးအတွက်။ လျှောက်လွှာတွေ ကျွန်တော့်ဆီမှာရှိတယ်။ အမြဲ တမ်းအတွင်းဝန်တောင်ပါသေးတယ်။ သံအမတ်တွေလည်းပါတယ်။ဝန်ကြီး ဖြစ်ချင်တဲ့သူပါတယ်။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်ဆီပြောပြ တော့ သူကရယ်တယ်။ လာတောင်း ဆိုတဲ့သူက လေးငါးဆယ်တော့ မရှိဘူး။

မီဒီယာကဏ္ဍကိုရော ဘယ်လိုစီစဉ်ထားလဲ။

မီဒီယာနဲ့ ပတ်သက်လို့က ကိုယ်ပြောတယ်မို့လား။ ဦးမြတ်ခိုင်က မေးဖူးတယ်။ ခင်ဗျားအကြောင်း ကျွန်တော်ရေးရင် တရားစွဲမလားတဲ့။ မစွဲဘူးလို့ ဘာကြောင့်လဲဆိုတော့ တစ်အချက်အလုပ်ရှုပ်တယ်။ ကိုယ်တို့ပြောချင်တာကို မီဒီယာရှိ မှပြောလို့ရတာ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ရှိမှ ရေးလို့ရတာ။ အဲဒီလို ဟိုတလောကပြောတဲ့ ကိစ္စ နဲ့ဝေဖန်တယ်။ ဝေဖန်တယ် ကိစ္စမရှိဘူး။ ငါ့ပြောရကောင်းလား၊ ဒေါသဖြစ်ရင် ကိုယ်ပဲအရူးဖြစ်မှာ။ သူတို့ ရည်ရွယ်ချက် ဘယ်လိုရှိရှိ တစ်ခုတော့ရှိတာပေါ့။ ကိုယ်က ထောင်ကျတာများလို့ ဘယ်ကောင်ဘယ်အချိုးကိုတန်းသိတယ်။ အစိုးရသစ်မှာ မီဒီယာကိုအလေးထား ဆက်ဆံသွားမယ်။ မီဒီယာက အဓိကပဲလေ။ ပြောမယ်ဆိုရင် ဘယ်သူက ဘာလုပ်လုပ် ပြည်သူကို အသိဥာဏ်ပေးနိုင်တာ မီဒီယာကပဲ၊ မီဒီယာအများစုကတော့ မှန်မှန်ကန်ကန် သတင်းပေးတာများတယ်။ ဒီဆွမ်းဆန်ထဲ ကြွက်ချေးရောတာ တော့ ဘယ်တတ်နိုင်မလဲ။ ဒါ လူ့သဘာဝပေါ့။

ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့


ဇန်န၀ါရီလ ၁၀ ရက် ၊ ည ၁၀း ၃၀ နာရီ ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်၊ မြဝတ်ရည်လမ်းရှိ ဦးကျော်စွာမြင့် Kyaw Swar Myint (Tomorrow ဂျာနယ်တိုက်)၏ နေအိမ်မှ အရွယ်မရောက်သေးသော မိန်းကလေးငယ်တစ်ဦးအား ဗလက္ကာရပြုကျင့်ရန် ကြိုးစားပြီး ထိုအိမ်မှ မိသားစုဝင်သုံးဦးကို ကပ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးစိုက် တိုက်ခိုက်ခဲ့သူ ရဲသူဝင်း ကို ယနေ့ ဇန်န၀ါရီလ ၁၃ ရက်၊ မွန်းလွဲ ၁း ၃၀ နာရီအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ရန် ကြိုးစားပြီး အမျိုးသမီးတစ်ဦးကို သေနိုင်လောက်သည်အထိ ကပ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးခဲ့သူသည် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) သူရ ( - )၀င်း၏ သား ဖြစ်ပြီး ယခုအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သဖြင့် ဦးကျော်စွာမြင့်(Tomorrow ဂျာနယ်တိုက်)၏ မိသားစုမှာ ထပ်မံဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် စိုးရိမ်နေကြရသည်ဟုလည်း ကြားသိရသည်။

ပြစ်မှုကျူးလွန်သူ ရဲသူဝင်းကို ယမန်နေ့က ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင်လည်း နောက်ဆက်တွဲ အမှုများကို ဆက်ဖွင့်သွားမည်ဟု ဦးကျော်စွာမြင့်၏ မိသားစုအသိုင်းအ၀န်းမှ ကြားသိရသည်။

(Ant Bwe Kyaw)
.


ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟန်နာဝှစ်တာရစ်၏ အစ်မဖြစ်သူ လော်ရာဝှစ်တာရစ်က ထိုင်းအာဏာပိုင်များသည် ယင်းတို့ မိသားစု၏ ကြေကွဲဝမ်းနည်းမှုကို အလေးမထားခဲ့ဟု ဝေဖန်ပြောကြားလိုက်သည်။

လော်ရာက “ကျွန်မတို့ ဟန်နာကို ဆုံးရှုံးပြီး ကတည်းက လိပ်ကျွန်းမှာ သံသယဖြစ်ဖွယ် သေဆုံးမှုတွေ အများအပြား ရှိခဲ့တယ်” ဟု ပြောကြား ခဲ့သည်။ ဟန်နာ သေဆုံးပြီးနောက်ပိုင်းတွင် လော်ရာသည် အသက် အန္တရာယ် ခြိမ်းခြောက်မှုများ၊ နောက်မှ လိုက်ကြည့်ခံရမှုများ ကြုံတွေ့ခဲ့ရပြီး လူသတ်မှု ဓာတ်ပုံများ ပေးပို့ခံခဲ့ရသည်ဟု သူမ၏ ဖေ့စ်ဘုတ်တွင် ရင်ဖွင့် ဖော်ပြခဲ့သည်။

ဟန်နာ အသတ်ခံရမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် အတွက် လျော်ကြေးပေးမည်ဟု ယင်း၏ မိသားစုကို လာရောက် ကမ်းလှမ်းမှု ကြုံတွေ့ခဲ့ရသည်ဟု လော်ရာက ဆိုသည်။ “ကျွန်မတို့ အတော်ကို တုန်လှုပ်သွားခဲ့ပြီး သူတို့ကို မောင်းထုတ်ခဲ့ပါတယ်” ဟု လော်ရာ က ဖေ့စ်ဘုတ်တွင် ဖော်ပြခဲ့သည်။

လိပ်ကျွန်းတွင် အခြားခရီးသွား လူငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ ရခြင်းနှင့် ထိုင်းနိုင်ငံအား ကမ္ဘာပေါ်တွင် အလှပဆုံးနေရာ အဖြစ် ရေးသားထားမှုကို တွေ့ရှိခဲ့ခြင်းတို့ကြောင့် လော်ရာက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လော်ရာက ညီမဖြစ်သူ၏ အမှု စစ်ဆေးစဉ်ကာလအတွင်း ထိုင်းအာဏာပိုင် များသည် ယင်းတို့မိသားစုအား ထိခိုက်နာကျင်စေသည့် ပြောကြားမှု အများအပြား ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။

ထိုင်းအာဏာပိုင်များက ဟန်နာအား ဆုံးရှုံးခံရခြင်းကို ရည်ညွှန်း၍ “ခင်ဗျားတို့ ဘာကြောင့် ဒီလောက် ပြသ၁နာ ရှာနေတာလဲ၊ အိမ်ပြန်ပြီး နောက်တစ်ယောက် ထပ်မွေးပါလား” ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် “ဘာလို့ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ သူ (ဟန်နာ) က ရက် ၃၀ အတွင်း ပြန်ပြီး လူဝင်စားဖြစ်နိုင်တာပဲ။ နောက်ဘ၀ကျရင် ပို ကံကောင်းချင် ကောင်းမှာပေါ့ဟု ပြောကြားခဲ့သည်” ဟု ဆိုသည်။

လော်ရာသည် လိပ်ကျွန်းသည် အလွန်လှပသော်လည်း အလွန် အန္တရာယ်များသည့် ထောင်ချောက်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားနိုင် သည်ကို သတိပြုမိရန် လူအများအား နှိုးဆော်ထားသည့် ဖေ့စ်ဘုတ်ပို့စ်အား အကြိမ် ၁၄၀၀ ကျော် Share လုပ်ခံထားရသည်။

ယင်းတို့မိသားစု ထိုင်းနိုင်ငံတွင် ရှိနေစဉ် ထိုင်းအာဏာပိုင်များ၏ မေးမြန်းမှုများတွင် “ဒီကို ဘာလာလုပ်ကြတာလဲ။ ဘာကို ဂရုစိုက်နေတာလဲ။ သူက သေပြီးသွားပြီပဲ” ဆိုသည့် စကားများ ပါဝင်ခဲ့သည်ဟု ဆိုသည်။

လော်ရာက ထိုင်းရဲတပ်ဖွဲ့ကိုလည်း ခြစားနေသည်ဟု ဝေဖန်ခဲ့သည်။ ဟန်နာ၏ အမှုဖြစ်ပွားပြီးနောက်တွင် လိပ်ကျွန်း၌ သံသယဖြစ် ဖွယ် သေဆုံးမှု အများအပြား ဖြစ်ခဲ့သော် လည်း သေကြောင်း ကြံစည်မှုများ၊ ရှင်းမပြနိုင်သည့် မတော်တဆမှုများအဖြစ် ပုံဖျက်ဖုံးကွယ်ခဲ့ သည် ဟု လော်ရာက ဆိုသည်။ ဟန်နာ၏ အမှုမှာ အလွန်ရက်စက်သည့် လူသတ်မှုဖြစ်သဖြင့်သာ ထိုသို့ ဖုံးကွယ်ခံရမှု မကြုံရပဲ နိုင်ငံတကာ က ဂရုပြုမိခဲ့ခြင်း ဖြစ်သည် ဟု လော်ရာက ပြောကြားခဲ့သည်။

ယင်းက ထိုင်းနိုင်ငံအား လှပသည့် နိုင်ငံအဖြစ် ရှုမြင်နေသူများအနေဖြင့် ဟန်နာအမှုနှင့် ပတ်သက်၍ “Anonymous ဟက်ကာအဖွဲ့က အွန်လိုင်း တင်ခဲ့သည့် ဗီဒီယိုကိုကြည့်ရှုရန် ပြောကြားထားသည်။ လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးမှာ တရားခံအ စစ်အမှန် မဟုတ်ဘဲ လူစားထိုးခံရခြင်းဖြစ်သည်ဟု Anonymous အဖွဲ့က စွပ်စွဲထားပြီး သံသယဖြစ်ဖွယ် အချက်များကို ၃၇ မိနစ်ကြာ ဗီဒီယို တွင် ဖော်ပြထားသည်။

ထိုဗီဒီယိုကို ဟက်ကာအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က ထိုင်းရဲတပ်ဖွဲ့ ကို ဦးတည်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့သည်။ တိုက်ခိုက်မှုများတွင် ၀က်ဘ်ဆိုက် ၁၄ ခု ဟက် လုပ်ခံခဲ့ရပြီး ထိုင်းရဲတပ်၏ စွမ်းဆောင်ရည်နှင့် လူသတ်မှုနှင့် အခြား မှုခင်းများအား ကိုင်တွယ်ပုံကို ဗီဒီယိုထဲတွင် မျက်နှာဖုံးစွပ် လူတစ်ဦး က မေးခွန်းထုတ်ခဲ့သည်။

KHTun
The Ladies News Journal

kyauktaw-civil-war-campaign-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ပွဲတွေရပ်တန့်ရေးအတွက် သံဃာတော်တွေနဲ့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Min Thein Aung/RFA

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ သံဃာတော်တွေနဲ့ ဒေသခံ ၄၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပြည်တွင်းစစ်က တိုင်းရင်းသားတွေအတွက် ဆိုးကျိုးတွေသာဖြစ်စေတာကြောင့် စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကျောက်တော်မြို့ခံ ဦးမောင်အေးစောက ပြောပါတယ်။

"ကျနော်တို့ တိုင်းပြည်က မငြိမ်မသက်နဲ့ ပြည်တွင်းစစ်ကာလကို ဖြတ်သန်းပြီး ကျနော်တို့ အားလုံးခါးသီးတဲ့ အတွေ့အကြုံတွေကို ခံစားရတယ်၊ ဖက်ဒရယ်နိုင်ငံတော်ကို ထူထောင်မယ်ဆိုပြီးတော့လေ နိုင်ငံတော်အစိုးရကရော တပ်မတော်ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကရော တိုင်းရင်းသားပါတီတွေကရော အားလုံးသဘောတူထားပြီးကြပြီ၊ ဒီအချိန်မှာ ဘာဖြစ်လို့ စစ်ဖြစ်ကြရတော့မှာလဲ၊ သေနေကြတဲ့ဟာတွေက အကုန်လုံးတိုင်းရင်းသားတွေပဲလေ၊ စစ်ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွင်းမှာ အမုန်းတရားတွေ ပိုပြီးတော့ သက်ဆိုးရှည်လာမယ်၊ ဒါကို ကျနော်တို့မလိုချင်ဘူး၊ စစ်ပွဲတွေရပ်သင့်ပြီ၊ အဲဒါကြောင့် စစ်ပွဲရပ်စဲဖို့ လာပြီးတော့ ပူးပေါင်းရတာဖြစ်ပါတယ်"

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ပေါက်လာရေးစတဲ့အချက်တွေကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒါ့အပြင် အစိုးရတပ်မတော်ဘက်က ပေါ်တာဆွဲတာတွေ ရှိနေတာကြောင့် ဒေသခံအမျိုးသားတွေဟာ လယ်ယာလုပ်ငန်းခွင်တွေကို လုပ်ကိုင်နိုင်ခြင်းမရှိကြတော့ဘဲ နီးစပ်ရာနေရာတွေမှာ ပုန်းအောင်းနေရတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/kyauktaw-protest-civil-war-stop-01132016095422.html


မြောက်ကိုရီးယားကို နည်းလမ်း အသစ်နဲ့ ရင်ဆိုင်ဖို့ တောင်ကိုရီးယား သမ္မတက ပြော။

တောင်နဲ့ မြောက် နယ်စပ်က စစ်ကင်းမဲ့ ဇုန်ကို ဖြတ်ပျံ လာတဲ့ မြောက်ကိုရီးယားရဲ့ ဒရုန်းယာဉ် တစ်စီးကို တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေက သတိပေး ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းယာဉ် ပြန်လှည့်တဲ့ အထိ တောင်ကိုရီးယား တပ်သားတွေက အချက် ၂၀ လောက် ပစ်ခတ် ခဲ့တယ်လို့ ယုန်ဟပ် သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ် ခဲ့ပြီးနောက် တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှုတွေ အပြင်းထန်ဆုံး လုပ်ဖို့ တရုတ် နိုင်ငံကို အစောပိုင်းက တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

ပြုံယမ်းက ဟိုက်ဒရိုဂျင် ဗုံးကို စမ်းသပ် အောင်မြင် ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ပညာရှင်တွေကတော့ မြောက်ကိုရီးယား စမ်းသပ် ခဲ့တာဟာ သာမန် နျူကလီးယား လက်နက်သာ ဖြစ်နိုင်ပြီး ဟိုက်ဒရိုဂျင်ဗုံး မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။

BBC Burmese
2 hrs ·


ဒီနေ့ ခေတ် တချို့ကလေးတွေကတော့ ဒဏ္ဍာရီတွေလာပြောနေတယ်လို့ များထင်မလားမသိဘူး။ စာရေးသူတို့  ခပ်ငယ်ငယ်က ကလေးကစားကွင်းဆိုတာရှိခဲ့ဘူးတယ်။ ကစားကွင်းဆိုလို့ ပေါ့တော့တော့မထင်လိုက်နဲ့ ။ ဒန်းစင်၊ လျှောစင်၊ ဆီးဆော်တွေတင်မက တွဲလောင်းခိုကစားရတဲ့ မျောက်လွှဲကျော်ဘားတန်းတွေအပြင် ဘောလီဘောကွင်း၊ ဘောလုံးကွင်းလည်းရှိတယ်။ စာကြည့်တိုက်လေးလည်းအနားမှာရှိတယ်။
တော်လှန်ရေးကောင်စီနံမည်ခံနဲ့ စစ်တပ်ကအာဏာသိမ်းပြီး ဆယ်စုတခုတောင်မရှိတတ်သေးတော့ ပါလီမန်ဒီမိုကရေစီခေတ်တုံးက ချမ်းသာကြွယ်ဝမှု့အကြွင်းအကျန်လေးတွေရှိနေသေးတယ်လေ။ နောက်ကျမှ ထညှက်လုံးခွေးလျှက်သလို တဖြေးဖြေးလုံးပါးပါးရာက အခုတော့ ထန်းလျှက်တတောင်းလုံးမျိုချနေကြတာ မဟုတ်လား။ ဒီအကြောင်းတွေ ထားလိုက်ပါအုံး။

ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့  လွယ်အိပ်ပစ်ချပြီး မီးဖိုချောင်ထဲကအမေ့ကို သားကစားကွင်း သွားပြီလို့ အော်ပြောရင်း အိမ်နဲ့ ခပ်လှမ်းလှမ်းက ကစားကွင်းဆီပြေးတော့တာဘဲ။ ခရိုင်အဆင့်တောင်မရှိတဲ့ သိပ်မကြီးလှတဲ့ နယ်မြို့လေးဆိုတော့ တမြို့လုံးက ကလေးတွေဟာ အဲ့ဒီကစားကွင်းလေးထဲမှာ ညနေဆို ခေါ်စရာမလိုဘူးရောက်နေကြပြီ။
ဒီဆောင်းပါးမှာရေးပြခြင်တာက ငယ်တုံးကကစားဖေါ်တွေထဲမှာ “ ဘုရားစူးပါစေ မိုးကြိုးပစ်ပါစေ ” လို့  အမြဲတမ်းကျိန်ပြော၊ လိမ်ပြောလေ့ရှိတဲ့ သူငယ်ချင်းတယောက်အကြောင်းပါ။ သူ့ ကို သူငယ်ချင်းတွေက မိုးကြိုးပစ်လို့ ခေါ်ကြတာ။ နှပ်ချေးကလည်းတွဲလောင်းကျနေတတ်တော့ နှပ်ချေးလို့ လည်းခေါ်ကြတာပေါ့။ သူက စောရနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာပုံရတယ်။ ဘာဘဲကစားကြ၊ ကစားကြ ခိုးတတ်တယ်၊ တိုတတ်တယ်။ ကျောက်ဂေါ်လီ၊ ဖန်ဂေါ်လီပစ်တန်းကစားလည်းခိုးတာဘဲ။ ပိုကာချပ်တွေထပ်ကစားလည်းခိုး၊ ရော်ဘာကွင်း ပစ်တန်းကစားလည်းခိုး၊ နောက်ဆုံး မကျီးစေ့လေးတွေနဲ့ ဇယ်တောက်တန်းကစားလည်းခိုးတာဘဲ။ အကျင့်ဖြစ်သွားပုံရပါတယ်။

ခြေမလေးနဲ့ ကုပ်ယူသွားလိုက်၊ လက်ကလေးကြားညှပ်ယူသွားလိုက်နဲ့ သိပ်လျှင်တာဘဲ။ သူငယ်ချင်းတွေ ကစားနေရင်း မျက်စိရှေ့တင် ဟိုဟာလေးပျောက်သွား၊ ဒီဟာလေးလျှော့သွားနဲ့ ပထမပိုင်းတော့မသိပါဘူး။ နောက်တော့ သူယူတာလက်ပူးလက်ကြပ်မိရော။ တခါမကနှစ်ခါမက မိတာဆိုတော့ နောက်ဘာပျောက်ပျောက် သူ့ ကိုယိုးစွပ်ကြတာပေါ့။
သူကလည်း သူခိုးယိုးခံရတိုင်း “ ဘုရားစူးပါစေ မိုးကြိုးပစ်ပါစေ ” သူမယူဘူးလို့ ကျိန်တွယ်ပြောလေ့ရှိတယ်။ ရှာကြဖွေကြပြန်တော့ သူ့ ဆီမှာတွေ့ ရတတ်တယ်။ ဒီတော့ ဘယ်သူမှ သူကျိန်ပြောတာကို မယုံတော့ဘူး။ မိုးရွာလာလို့ မိုးခြိမ်းသံကြားရင် ဘယ်သူမှ သူ့ အနားအကပ်မခံခြင်ကြဘူး၊ မောင်းထုတ်ကြတာ၊ သူနဲ့ ရောပြီး မိုးကြိုးအပစ်ခံရမှာစိုးလို့ လေ။
ဆိုလိုခြင်တဲ့သဘောက ပါးစပ်ကဘယ်လောက်အာမခံနေနေ၊ ဘယ်လောက်ကောင်းတာတွေပြောနေပါစေ လက်တွေ့ မှာ ပြောတဲ့အတိုင်းမလုပ်ခဲ့ရင်၊ ရိုးရိုးသားသားမလုပ်ဆောင်ရင် တခါနှစ်ခါဆိုတာကိစ္စမရှိပေမဲ့ အခါခါတလွဲတွေလုပ်လာရင်တော့ ဘယ်သူကမှ ယုံကြည်ကြမှာ မဟုတ်ဘူးဆိုတာကို အဓိကပြောခြင်တာပါ။

ဒီလိုပါဘဲအုပ်ချုပ်ရေး နိုင်ငံရေးကိစ္စတွေမှာ ရိုးရိုးသားသားမဆောင်ရွက်ဘဲ ကတိတွေအထပ်ထပ်ပေး၊ အပြောတခြား အလုပ်တခြား လုပ်စားလာရင်တော့ ပြည်သူတွေကဘယ်လိုယုံကြည်ရမှာလည်း။

မိမိတို့ တိုက်ပွဲဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသော စစ်သာဖြစ်သည်ဆိုသည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ရဲဘော်ရဲဘက်များအားလုံးက မှန်သောသစ္စာကို ဘယ်လောက်ကျိန်ဆိုလည်း မြန်မာ့သမိုင်းဖြစ်စဉ်တလျှောက်လုံးကို ပြန်ငဲ့ကြည့်တဲ့အခါ လက်နက်မဲ့ပြည်သူတွေကို အကြိမ်ကြိမ်သတ်ဖြတ်ခဲ့တာတွေ၊ ကမ္ဘာအရှည်ကြာဆုံးပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ဘဲ လူ့ အသက်ပေါင်းများစွာသေကြေဆုံးရှုံးနေရတာတွေ၊ စစ်ပြေးဒုက္ခသည်သန်းချီပြီးမိမိနေရပ်ကိုစွန့် ခွာထွက်ပြေးနေရတာတွေ၊ စစ်အာဏာရှင်နဲ့ အသိုင်းအ၀ိုင်းတွေ ဘီလျှံနာဖြစ်နေပေမဲ့ ပြည်သူအများစုက ကုံးကောက်စရာမရှိအောင်ဆင်းရဲမွဲတေနေရတာတွေက အတုံးလိုက်အတစ်လိုက်ရှိနေတာ့ ဘယ်သူကယုံမှာလည်း။

လက်ရှိနိုင်ငံတော်သမ္မတ ဥိးသိန်းစိန်ကလည်း မိဘပြည်သူများခင်ဗျာလို့  ဘယ်လောက်ဘဲခေါ်ခေါ် လက်တွေ့ မှာ ပြည်သူတွေကိုအကာအကွယ်မပေးနိုင်ရင်၊ မစောင့်ရှောက်ရင်၊ ပြည်သူ့ ဆန္ဒတွေကို မဖြည့်ဆီးပေးရင် အလှောင်အပြောင်ခံရပြီး အလကားဖြစ်တော့တာမဟုတ်လား။ ကောင်းမွန်သောအစိုးရ၊ သန့် ရှင်းသောအစိုးရဖြစ်အောင်လုပ်မယ်လို့ စာရေးသူရဲ့ သူငယ်ချင်း မိုးကြိုးပစ် ပြောသလို ကျိန်ပြောတောင် လက်တွေ့ မှာ အစိုးရသက်တမ်း (၅)နှစ်အတွင်းမှာ အဂတိလိုက်စားမှု့ အကျင့်ပျက်ခြစားမှု့တွေကို ထိထိရောက်ရောက်မတိုက်ဖျက်ခဲ့တော့ ပြည်သူလူထုက ဘယ်လိုလုပ်ပြီးယုံကြည်ရမှာလဲ။

စိတ်ပိုင်းရုပ်ပိုင်း၊ အတွေးအခေါ်၊ အကျင့်စာရိတ္တနဲ့ သီလတွေ အဖက်ဖက်ကချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဟောင်းကိုဖြိုလို့ ပြည်သူ့ ဒီမိုကရေစီစနစ်သစ်တည်ရာမှာ ပြုပြင်ပြောင်းလဲစရာတွေက ဒုနဲ့ဒေးရှိတာမို့ အနှစ်သာရရှိတဲ့ ပြောင်းလဲချိန်တန်ပြီဆိုတာကို သဘောမပေါက်သူတွေကော၊ သဘောပေါက်ရဲ့သားနဲ့  အပေါ်ယံအယောင်ပြလေးတွေ ပြောင်းလဲပြနေတာကို ပြောင်းပေးနေပါတယ်လို့ ရူးခြင်ယောင်ဆောင်ပြောနေသူတွေ အားလုံးအတွက် ထောင်သောင်းချီနေတဲ့ ပြောင်းစရာတွေထဲက လတ်တလော နိုင်ငံရေးအခြေအနေကိုထင်ဟပ်နေတဲ့ အောက်ပါပြောင်းလဲချိန်တန်ပြီဆိုတာ - (၁) (၂) (၃)(၄) ကိုရေးပေးလိုက်ပါတယ်။

“ ပြောင်းလဲချိန်တန်ပြီဆိုတာ - (၁) ”

မြန်မာပြည်ရဲ့လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်က စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်ပြီး နိုင်ငံရေးလုပ်ရင်၊ လက်ရှိအစိုးရမတရားလုပ်တာကို ဖေါ်ထုတ်ဆန္ဒပြရင်၊ လယ်သမားတွေ၊အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ နိုင်ငံရေးသမားတွေကို ရော်ဘာကွင်းလို ဥပဒေတွေနဲ့ လိုရင်လိုသလိုပုဒ်မတွေကြိုက်သလို တပ်ပြီး အာမခံမပေးဘဲဖမ်းမယ်။ အမှုကိုအချိန်ဆွဲစစ်တယ်၊ ပြီးပြတ်ရမဲ့အချိန်ကျော်လွန်တာတောင် မပြီးစီးဘဲ အချိန်တွေအမျာကြီးလွန်ကာမှ နောက်ကြောင်းပြန်အမှုသစ်တွေနဲ့တရားထပ်စွဲတယ်။
ဒီတော့ ယုံကြည်ချက်နဲ့ နိုင်ငံရေးသမားတွေကို တမင်ဒုက္ခခံစေချင်တာ၊ တမှုလွတ်ရင်လဲ နောက်တမှုနဲ့ မလွတ်ရအောင်ဆိုတဲ့ အညှိုးအတေးတွေနဲ့ တမင်လုပ်သလိုဖြစ်နေတယ်။

ဒါကြောင့် လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ကို မဖြစ်မနေ ပြင်ရလိမ့်မယ်။ ဥပဒေအထက်က စစ်အာဏာရှင် တရားစီရင်ရေးစနစ်ကနေ တရားဥပဒေစိုးမိုးမှု့ရှိတဲ့ ပြည်သူ့ ဒီမိုကရေစီတရားစီရင်ရေးဆီရောက်အောင် ပြောင်းလဲရမယ်။

“ ပြောင်းလဲချိန်တန်ပြီဆိုတာ - (၂) ”

တို့ တိုင်းပြည်မှာ ဘယ်တော့မှာ့ အစားပြန်မရနိုင်တော့တဲ့ နိုင်ငံပိုင်အဖိုးတန်အရာများစွာဟာ စက္ကန့် တိုင်း မိနစ်တိုင်းမှာ ဒလဟောပေါက်ယိုစီးကျလေလွင့်ဆုံးရှုံးစေတဲ့ အောက်ပါယိုပေါက်ကြီး (၁၀)ပေါက်ရှိနေတာ နှစ်ပေါင်း (၅၀) ကျော်နေပါပြီ။
၁) သယံဇာတဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Natural Resources Drain )...
၂) နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Finance/Budget Drain )
၃) ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြုပ်နှံမှု့များ ပြောင်းရွေ့ လျှော့ပါးကျဆင်းမှု့ ( Capital Drain)
၎) ဦးနှောက်ယိုစီးမှု့ ( Brain Drain )
၅) ကဏ္ဍအသီးသီးမှာ.. အရည်အသွေးနိမ့်ပါးလျှော့ကျမှု့ ( Quality Drain )
၆) နိုင်ငံသားအခွင့်အရေးနှင့် လူ့ အခွင့်အရေးပျောက်ရှဆုံးရှုံးမှု့ ( Human Rights Drain )
၇) ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းနှင့် ရှေးဟောင်းအမွေအနှစ်များယိုယွင်းပျက်ဆီးမှု့(Culture and Heritage Drain )
၈) အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲပျက်သုဉ်းမှု့ ( National Unity Drain )
၉) ကိုယ်ကျင့်သီလစာရိတ္တများယိမ်းယိုင်ပျက်ဆီးမှု့ ( Character Drain )
၁၀) လုပ်အားဆုံးရှုံးလေလွင့်မှု့ ( Labour Drain )
မဆုံးရှုံးသင့်တဲ့ အများပိုင်ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်အတွက်အကျိုးမရှိဘဲ အခုလိုအလဿ လေလွင့်ဆုံးရှုံးနေရတဲ့ အရင်းခံအကြောင်းတရားက ကိုယ်ကျင့်သီလကျိုးပြတ်မှု့နဲ့ အကျင့်ပျက်ခြစားမှု့ပါဘဲ။
အဲ့ဒီလို လေလွင့်ဆုံးရှုံးစေခဲ့ရာမှာ ဦးသိန်းစိန်တို့ ရဲ့ အခုလက်ရှိ စစ်တပိုင်းအစိုးရအပါအ၀င် ၁၉၈၈ အာဏာသိမ်းစစ်အစိုးရတွေရဲ့လက်ထက်မှာ အဆိုးဆုံးပါဘဲ။
သူတို့ အုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာလည်း အကျင့်ပျက်ခြစားမှု့၊ အဂတိလိုက်စားမှု့ အာဏာ အလွဲသုံးစားပြု ကိုယ်ကျိုးရှာမှု့တွေကို အယောင်ပြ၊ ကြားကောင်းယုံ ဟန်ပြလောက်သာ အောက်ခြေ အနည်းအကျဉ်းကိုသာ အရေးယူပြပေမဲ့ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်နဲ့ ဦးပိုင်ကစလို့  သူတို့ အသိုင်းအ၀ိုင်း တခုလုံး ပြည်သူ့ ဘဏ္ဍာတွေကိုဖေါက်စား၊ ခိုးဝှက်ကြီးပွားနေတာကို စောရလိုင်စင်ချပေးသလို မမြင်ယောင် မကြားယောင်ဆောင်ပြီး တမင်လွှတ်ပေးထားတာ လူတိုင်းသိပါတယ်။

အခုနောက်ဆုံး လက်ကျန်သက်တမ်း လပိုင်းအတွင်းမှာတော့ ဝေသာလီပြည်ဘီလူးဝင်စီးသလို မီးကုန် ယမ်းကုန် ခိုးဆိုးလုယက်နေကြတာ မြင်မကောင်းကြားမကောင်းအောင် ဖြစ်နေရတာမဟုတ်လား။

ဒါကြောင့် အရှက်အကြောက်မဲ့ သူခိုးဓါးမြစိတ်ဝင်လို့ နေ့ ခင်းကြောင်တောင်လာဘ်စားအကျင့်ပျက်မှု့တွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးပြီး၊ စာရိတ္တသီလ၊ ၀ါရိတ္တသီလပျက်ပြားနေတဲ့ လူ့ အဖွဲ့အစည်းကြီးကို ပြန်လည်ကောင်းမွန်အောင် မဖြစ်မနေပြောင်းလဲရမယ်။

“ ပြောင်းလဲချိန်တန်ပြီဆိုတာ - (၃) ”

မြို့နယ်နဲ့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတွေရဲ့ အထက်ရာထူးတွေမှာ မိုးကျရွှေကို အငြိမ်စားစစ်ဘက်အရာရှိတွေ ခန့်အပ်မဲ့ အစီအစဉ်ကို ဖဲကြိုးပြာလှုပ်ရှားမှုတွေနဲ့ ကန့်ကွက်ခဲ့ကြတဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတွေနဲ့  ၀န်ထမ်း (၃၀) ခန့်ကို ကို ၀န်ကြီးဌာနက ဇန်န၀ါရီ (၅) ရက်နေ့ က စတင်ပြီး နေပြည်တော်ကို ခေါ်ယူခုံဖွဲ့စစ်ဆေးနေတဲ့သတင်းတွေ ဖတ်လိုက်ရတယ်။

အငြိမ်စားစစ်ဘက်အရာရှိတွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ထိုက်တန်တဲ့ခံစားခွင့်တွေပေးရင်ဘယ်သူမှ မကန့် ကွက်ပါဘူး။ နိုင်ငံ့ ဝန်ထမ်းတိုင်းဟာ သူတို့ အလုပ်အမျိုးအစားနဲ့လျှော်ညီတဲ့ခံစားခွင့်ဆိုတာရှိရမှာပေါ့။

ဒါပေမဲ့အခုလို စစ်အာဏာရှင်ရဲ့ အမိန့် နဲ့ သစ္စာခံလာအောင် မအပ်စပ်တဲ့ရာထူးနေရာဌာနတွေပေးတာဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်တိုင်းပြည်အလွန်နစ်နာစေမဲ့အပြင် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု့ တွေတိုးပွားလာစေတာမို့ လုံးဝမလုပ်အပ်တော့ပါဘူး။

ဒါဟာမလုပ်သင့်မလုပ်အပ်တဲ့ အလုပ်ကို ဆက်လုပ်နေတာ။ အယင်စစ်အာဏာရှင်တွေရဲ့လုပ်နေကျ အကျင့်ဟောင်းအတိုင်း နှောင်ကိုတပ်မတော်အရာရှိတွေ အခွင့်ထူးခံနေတာ၊ ဥပဒေအထက်မှာနေတာကို မဆန့် ကျင်ရဲအောင် ၀န်ထမ်းတွေပြည်သူတွေကို အာဏာသုံး ခြိမ်းခြောက်လိုက်တာပါ။ တပ်မတော်နဲ့ပြည်သူကို ထပ်စည်းခြားပြီးသွေးခွဲဖို့ ကျိုးပမ်းချက်တခုလို့ ဘဲဆိုခြင်တယ်။

ဒါကြောင့် လက်နက်အားကိုး၊ ဓနဥစ္စာအားကိုး၊ အသိုင်းအ၀ိုင်းအားကိုး၊ အာဏာအားကိုးနဲ့ မိဘပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့စိတ်ဓါတ်တွေ၊ အခွင့်ထူးခံခြင်တဲ့စိတ်ဓါတ်တွေကို အပြီးတိုင် ဖျက်သိမ်းပစ်နိင်အောင် ပြောင်းလဲရလိမ့်မယ်။

“ ပြောင်းလဲချိန်တန်ပြီဆိုတာ - (၄) ”

မင်းစိတ်စိုးစိတ်ပေါက်နေသူတွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအမြင်နဲ့ အာဏာရှင်စစ်ရေးအတွေးအခေါ်ဟောင်းတွေ၊ ကျည်သံမဆိတ် သွေးမတိတ်တဲ့စစ်ရေးအမြင်တွေ ပြောင်းလဲပြင်ဆင်ဖို့ လိုတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၄) ရက်နေ့ က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ “ ယနေ့ မိမိတို့ တိုက်ပွဲဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသော စစ်သာဖြစ်သည်ဆိုသည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ရဲဘော်ရဲဘက်များအားလုံးက မှန်သောသစ္စာဆိုဝံ့ကြောင်း” ပြောသွားတာကိုဖတ်လိုက်ရပါတယ်။

ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း သူ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ “ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်လှုပ်ရှားလျက်ရှိသော AA သောင်းကျန်း သူများကို တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းလျက်ရှိ ” ဆိုတဲ့ပို့ စ်ကို
“ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်လုံခြုံရေးတို့အတွက် တပ်မတော်အနေဖြင့် AA သောင်းကျန်း သူများကို အပြီးတိုင် ရှင်းလင်းတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ” မြ၀တီသတင်းကိုလည်း မြေပုံတွေ လက်နက်ပုံတွေနဲ့ ဝေေ၀ဆာဆာတင်ထားပါသေးတယ်။

စစ်ရေး၊ စီးပွားရေး၊ လူမှု့ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့လူနဲ့ ဆိုင်တဲ့ အရေးအရာကိစ္စအားလုံးဟာ နိုင်ငံရေးပါ။ ဒီတော့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးဆိုတာ မိမိနဲ့ ရပ်တည်ချက်မတူ၊ အမြင်ခြင်းမတူသူတွေနဲ့ အတူတွဲ ညှိနှိုင်းအလုပ်လုပ်ကြရတာ။

တို့ တိုင်းပြည်မှာက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေ၊ စားပွဲဝိုင်းတွေနဲ့ လူ့ ယဉ်ကျေးပီသစွာ မဖြေရှင်းဘဲ တရိစ္ဆာန်အရိုင်းအစိုင်းတွေလို တောရိုင်းဥပဒေသနဲ့  လက်နက်နဲ့ အကြမ်းဖက်ဗိုလ်ကျလာခဲ့ကြတာ လွတ်လပ်ရေးရပြီးကထဲကမဟုတ်လား။

လက်ရှိဦးသိန်းစိန်တို့ အစိုးရအပါအ၀င် စစ်အာဏာရှင်အစိုးရတိုင်းဟာ သူတို့ အလိုမလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို အမြစ်ဖြတ်ချေမှုန်းရမဲ့ရန်သူ “ သောင်းကျန်းသူအဖွဲ့ ” လို့ ခေါ်မယ် တိုက်မယ်။ သူတို့ မတရားလုပ်တာကို ခေါင်းငုံမခံတဲ့ကျောင်းသားတွေဆိုရင် “ ကျောင်းသားဆိုး ” သံဃာတော်ကို “ သင်္ကန်းဝတ် ” နိုင်ငံရေးသမားဆို “ ဆူပူအောင်လှုံ့ဆော်သူ” လို့ သမုဒ်ပြီး ပုဒ်မအမျိုးမျိုးနဲ့ ထောင်ထဲထည့်မယ်၊ သူတို့ ပြောတာလက်ခံတဲ့ကုလားဆို လွှတ်တော်ထဲသွင်း၊ သူတို့ မလိုတဲ့ကုလားဆို “ ကုလားဆိုး ” စတဲ့ အပြောအဆို အကျင့်အကြံ အပြုအမူ အလုပ်အကိုင်တွေဟာ မိမိနဲ့ မိမိအသိုင်းအ၀ိုင်းတခုထဲကောင်းစားရေးကိုအခြေခံတဲ့ စစ်အာဏာရှင်အတွေးအခေါ်အဟောင်းအမြင်းတွေက မြစ်ဖျားခံလာတာ။

ဒါကြောင့် မြန်မာနိုင်ငံကို စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အရှည်တည်တံ့မဲ့ ငြိမ်းချပ်းရေးကို ခိုင်ခိုင်မာမာတည်ဆောက်လိုရင် တိုင်းရင်းသားညီအကိုမောင်နှမအခြင်းခြင်းကို ချေမှုန်းသုတ်သင်ရမယ်ဆိုတဲ့ သွေးထွက်စေမဲ့ စစ်ရေးအမြင်တွေကိုခ၀ါချလို့  သွေးတိတ်စေမဲ့ ကာကွယ်ရေးအမြင်တွေ ဖြစ်ထွန်းလာအောင် ပြောင်းလဲဖို့ လိုတယ်။

လေးစားလျှက်
(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၉) ရက်နေ့  ၂၀၁၅ ခုနှစ်

 မြောက်ကိုရီးယားနိုင်ငံက စတုတ္ထ အကြိမ်မြောက်  နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့
မြောက်ကိုရီးယားနိုင်ငံက စတုတ္ထ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့

ပြီးခဲ့တဲ့သီတင်းပတ်တွင်း မြောက်ကိုရီးယားနိုင်ငံက စတုတ္ထအကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မကင်းဖြစ်ကြောင်း မြန်မာနိုင်ငံအစိုးရက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်တဲ့အကြောင်း ၀ိုင်းဝန်းပြောဆိုနေကြပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ ခုလို မြန်မာအစိုးရရဲ့ ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် နိုင်ငံတကာ လက်နက် မပျံ့ပွားရေး သဘောတူညီချက်ကို ထိခိုက်စေပြီး ဒေသတွင်း တင်းမာမှုကိုလည်း မြင့်တက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ လူအမြောက်အများ သေကြေစေနိုင်တဲ့ လက်နက် မပျံ့ပွားရေးတို့အတွက် အထူးပင် အလေးထားကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ရေးဇုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပြီး နျူကလီးယား လက်နက် ကင်းရှင်းတဲ့ကမ္ဘာကြီး ဖြစ်ပေါ်ရေး အစွမ်းကုန် ကြိုးစားနေတယ်လို့လည်း ပြောထားပါတယ်။

ဒါကြောင့်မိုလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားက လိုက်နာဖို့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က အခုလို ကြေညာချက်မျိုးထုတ်တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်ဆံမှုတွေအပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ပြောထားဖူးပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီးယားစီကနေ နျူကလီးယားနည်းပညာ ရယူဖို့ ကြိုးစားဖူးသလားဆိုတဲ့ သံသယ တွေတောင် ထွက်ခဲ့ဖူးတာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒီကိစ္စ မဟုတ်တဲ့အကြောင်း အလျင်းသင့်တိုင်း ငြင်းဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/north-korea-myanmar-prohibit-/3143269.html

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားစဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ ဖိတ်ခေါ်မှုအပေါ် ညီလာခံ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က
အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်မှုအဖြစ်ရှုမြင်ပြီး ပြည်ထောင်စုတပ်မတော်ကို တိုင်းပြည်၊ နိုင်ငံရေးစနစ်နဲ့ အညီဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။
ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ DDR,
SSR (ခေါ်) စစ်လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းဖို့အရေးကို အချိန်ကာလ သတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော် တရပ်သာရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက SSR , DDR လုပ်ငန်းတွေ ဖော်ဆောင်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ထည့်သွင်းထားကြောင်း နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်အပေါ်မှာတော့ အပြုသဘောဆောင်တဲ့ ဖိတ်ခေါ်ချက်အဖြစ် သုံးသပ်ပါတယ်။

“ဒီကနေ့မှာတော့ NCA ကိုလက်မှတ်ရေးထိုးပြီးတော့မှ အခုလိုပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဒီလို အတူတကွ ကျင်းပတာကတော့ ကျနော်တို့အမြင်မှာ ဖက်ဒရယ်မှုကို အားလုံးကလည်း ဒါ လက်ခံကြပြီ။ အစိုးရအပါအ၀င်၊ တပ်မတော်အပါအ၀င် အားလုံးကလည်း လက်ခံကြပြီဖြစ်ပါတယ်။ ထိုနည်းတူပဲ ကျနော်တို့အချင်းချင်းကြားမှာ တဦးနဲ့ တဦး သောင်းကျန်းသူလို့ ဒီလို မမြင်ကြတော့ပဲနဲ့ ကျနော်တို့က ပြည်ထောင်စုကို ပြန်လည် ထူထောင်ကြမယ့် ပြည်ထောင်ဖက်တွေအနေနဲ့ ဒီလိုသက်မှတ်လိုက်တာ လို့ပဲမြင်ပါတယ်။ ဒါကြောင့်မို့လို ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတဲ့ဟာက အရင်တုန်းကလို ကျနော်တို့ကို သောင်းကျန်းသူလို့ သဘောထားတာမျိုး နှိမ့်ဆက်ဆံတာမျိုးမဟုတ်ပဲနဲ့ ဒီတိုင်းပြည်ရဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဒါအတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပြည်ထောင်ဖက်များ အနေနဲ့ ပြည်ထောင်စုကို ပြန်လည်ထူထောင်ရေးအခြေခံပါ ပြောသွားတယ်လို့ပဲ ကျနော်ကတော့ မှတ်ယူပါတယ်။”

အရင်ကတော့ ဖက်ဒရယ်စနစ်ကို ခွဲထွက်မှုအနေနဲ့ လက်မခံသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း သောင်းကျန်းသူအဖြစ် ရှုမြင်ခဲ့ကြကြောင်းလည်း ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကတော့ တပ်မတော်ဖွဲ့စည်းရေးဟာ နိုင်ငံရေးစနစ်ကို အခြေခံဖို့ လိုအပ်ပြီး ကျင့်သုံးမယ့် နိုင်ငံရေးစနစ်ကိုဆွေးနွေးပြီးမှသာ ကာကွယ်ရေးစနစ်ကို ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

“နိုင်ငံတော် တခုမှာတော့ တပ်မတော် ၁ ခုပဲ ရှိရမယ်ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ဒီ တပ်ကို ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကတော့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်တယ်။ နိုင်ငံတော် ဖွဲ့စည်းပုံစနစ်နဲ့ ပတ်သက်တယ်။ ဒီတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုမှာ ကျနော်တို့ တည်ဆောက်မယ့်နိုင်ငံ ဖက်ဒရယ် နိုင်ငံတော်ဆိုလို့ရှိရင်လည်း ဒီတပ်က နိုင်ငံရေးစနစ်နဲ့ ကိုက်ညီတဲ့တပ်ပဲ ဖွဲ့စည်းရမှာပေါ့။ ဒီကိစ္စက ကျနော်တို့ နိုင်ငံရေးစနစ်အရ ဒါဆွေးနွေးအဖြေရှာပြီးမှသာ ဒီနိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော် ဘယ်လိုဖွဲ့စည်းမလဲဆိုတာ ရှိတာပေါ့။ ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ တပ်မတော်ဖွဲ့စည်းပုံပဲ ရှိရမှာပေါ့။”

လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လုံခြုံရေး ဆိုင်ရာကိစ္စအပါအ၀င် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်ကြောင်း ဆက်ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။ ဒီတော့ ငြိမ်းချမ်းရေးပြဿနာက ခုန ကျနော်ပြောတဲ့ အခြေခံ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပြဿနာ၊ ဒီမိုကရေစီ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ ငြိမ်းချမ်းရေး ညီလာခံကနေပြီးတော့ တိုင်းပြည် ညီလာခံလို့လည်း ပြောလို့ရပါတယ်။ ဒီတိုင်းပြည်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတို့ ၊ တိုင်းပြည်နဲ့ ကိုက်ညီတဲ့ ဥပဒေတို့က တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေ အတွက်အကျိုးရှိတဲ့ တိုင်းပြည်ကို ပြန်လည် ပြုပြင်ပေးတဲ့ ဆွေးနွေးမှု ဖြစ်တဲ့ အတွက်ကြောင့် ဒီဆွေးနွေးမှုက ရလဒ်တွေ ရလာရင် တိုင်းပြည်အေးချမ်းမယ်၊ ငြိမ်းချမ်းမယ်၊ ရန်လိုမှုလည်း မရှိမယ့်အတွက်ကြောင့် ဒီညီလာခံကနေပြီးတော့ အဲဒီလိုမျိုးရလဒ်တွေ ထွက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ က မိမိတို့အစုအဖွဲ့ အတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို သီးခြားစီ ဆွေးနွေးနေပါတယ်။

ဒီလိုဆွေးနွေးပြီးတဲ့နောက် ခေါင်းစဉ်အလိုက် အလွှာအသီးသီးပါဝင်တဲ့အဖွဲ့ခွဲတွေက ထပ်မံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လက်ရှိကျင်းပတဲ့ ညီလာခံမှာတော့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အခြေခံမူ အဖြစ် ချမှတ်မှာဖြစ်ပြီး ဆုံးဖြတ်ချက် ချတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/reaction-on-the-general-min-aung-hlaing-speech-/3143142.html



လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်တွေမှာ ပြည်သူ့ဆန္ဒသဘောထားကို အခြေပြုပေးဖို့နဲ့ ညီလာခံရဲ့ ဆုံးဖြတ်ချက် ဆွေးနွေးချက်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ တိုင်းရင်းသားတွေပါ သိရှိနိုင်အောင် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးနဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပါ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်လာစေရေး အလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ မဆုမွန် က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကစလို့ ၅ ရက်တာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ ကိုယ်စားပြု တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်လာစေရေး အဓိကထား ဆွေးနွေးစေလိုပါတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဘက် မဟာမိတ် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အနာဂတ်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက် ချမှတ်တဲ့အခါ လူထုအသံတွေ လူထုဆန္ဒသဘောထားတွေကို အလေးထား နားထောင်စေလိုပါတယ်လို့ အရပ်ဘက်အဖွဲ့အစည်း မြန်မာလူထုမဟာမိတ်အဖွဲ့က ဦးအောင်ကျော်မိုး က ပြောပါတယ်။

“အနာဂတ်တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ လူထုရဲ့အသံတွေကိုလည်း အမှန်တကယ် စင်စစ် ပါဝင်သွားစေချင်တဲ့ ဆန္ဒတွေ၊ လူထုရဲ့အသံတွေကို ထင်ဟပ်ပေါ်လွင်အောင် လူထုရဲ့ဆန္ဒတွေ ထင်ဟပ်ပေါ်လွင်ဖို့အတွက်ကလည်း ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအနေနဲ့ ဒါတွေကို သတိထားပြီးတော့မှ ဆောင်ရွက်ပေးပါလို့ပဲ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ အားလုံး ပါဝင်သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။ အားလုံး ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အားလုံး ပါဝင်စေချင်သလိုမျိုး အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့လူတွေလည်း ဒီထဲကို ပါဝင်လာစေချင်တယ်။ ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်လို့တော့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ဒါဟာ ပထမခြေလှမ်းတရပ်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အားလုံး ပါဝင်နိုင်လောက်တဲ့ အနှစ်သာရနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတခု ဖြစ်ပေါ်လာဖို့အတွက်ကတော့ ကျနော်တို့ အတတ်နိုင်ဆုံး မျှော်လင့်ပါတယ်ဗျ။”

ငြိမ်းချမ်းရေး ညီလာခံအတွင်းမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက် အတည်ပြုချက်တွေနဲ့ ပတ်သက်လို့လည်း အများပြည်သူလူထု အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် တိုင်းရင်းသား ဘာသာစကားမျိုးစုံနဲ့ ထုတ်ပြန်ပေးဖို့နဲ့ ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက်ပြင်ဆင် အကြံပေးချက်တွေကိုလည်း လွတ်လပ်စွာ အကြံပြုခွင့်ပေးဖို့ တောင်းဆိုလိုပါတယ်လို့လည်း ပွင့်လင်းမြင်သာမှု တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း မဟာမိတ်အဖွဲ့ MATA ရဲ့ ဦးဆောင်ကော်မတီဝင် ဦးဇော်လွင်က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအားလုံး ကြားထဲမှာ နားလည်မှု မလွဲမှားစေချင်ဘူး။ နောက်ပြီး အားလုံး ပြည့်ပြည့်စုံစုံ နားလည်စေချင်တယ်။ ဒါကြောင့်မို့လို့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တယ်ဆိုတော့ ကောင်းပါတယ်။ နိုင်ငံတကာကလည်း သိတယ်။ အများစုလည်း သိမယ်ပေါ့။ မြန်မာလိုဖတ်တတ်တဲ့လူ။ ဒါပေမဲ့ ကျနော်တို့ နားလည်မှု တည်ဆောက်တဲ့အခါမှာ မြန်မာတခုတည်းနဲ့လည်း တည်ဆောက်လို့ မရနိုင်ဘူးလေ။ အဲတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တိုင်းရင်းသားတိုင်းမှာ အလိုလိုကို ရှိနေကြတာ။ အဲတော့ အားလုံး အလုံးစုံ တာဝန်နဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် အခု ဒီကချမယ်ဆိုတဲ့ မူကို ဒါ အခုက ပထမဆုံး ညီလာခံပေါ့နော် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတယ်၊ ဘာတွေ ဆွေးနွေးကြမယ်၊ ဘာတွေ ဆက်လုပ်ကြမယ် ရှေ့အလားအလာတွေတော့ ဘာတွေရှိသလဲ ဆိုတာလေးတွေ၊ နောက်ပြီးတော့ အားလုံး ပါဝင်ကြမယ်ဆိုလို့ရှိရင်လည်း ငါတို့သည် ဘယ်လိုအခန်းကဏ္ဍကနေ ငြိမ်းချမ်းရေးအတွက် တတတ်တအား ပါဝင်နိုင်မယ်ဆိုတာ သူတို့သိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ထုတ်ပြန်စေချင်တာပါ။”

ညီလာခံအတွင်းမှာ အမှန်တကယ် ဒေသတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာတွေနဲ့ လက်တွေ့ပြည်သူ့အသံတွေကို ပါဝင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရတပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်တွေဘက်က တင်ပြဆွေးနွေးစေလိုကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တောင်းဆိုပါတယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ နိုင်ငံသားတွေဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံရေးကိစ္စတွေကို ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ကတော့ အားလုံးပါဝင်သင့်တယ်လို့ ထင်ပါတယ်။ အားလုံး ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားဒေသတွေမှာ အခု လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အားလုံး ပါဝင်စေချင်သလိုမျိုး အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ လူတွေလည်း ဒီထဲကို ပါဝင်လာစေချင်တယ်။ နောက်တခုက အချိုးအစား မညီမျှတဲ့ ကိစ္စတွေမှာ အနာဂတ်တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ လူထုရဲ့အသံတွေကိုလည်း အမှန်တကယ် စင်စစ် ကျနော်တို့က ပါဝင်သွားစေချင်တဲ့ ဆန္ဒတွေကတော့ တော်တော်ရှိပါတယ်ဗျ။ အဲတော့ လူထုရဲ့အသံတွေကို ထင်ဟပ်ပေါ်လွင်အောင် လူထုရဲ့ဆန္ဒတွေ ထင်ဟပ်ပေါ်လွင်ဖို့အတွက်ကလည်း ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအနေနဲ့ ဒါကို သတိထားပြီးတော့မှ ဆောင်ရွက်ပေးပါလို့ပဲ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒီညီလာခံအဖွင့်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အနိုင်ရပါတီ NLD ပါတီဥက္ကဋ္ဌတို့ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သလို အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ အစပျိုး လုပ်ဆောင်မှုတွေကို ရရှိနိုင်မယ်လို့ ယူဆပြီး လူထုရဲ့ ဆန္ဒနဲ့အညီ တည်ငြိမ်တဲ့ နိုင်ငံတော်တည်ဆောက်နိုင်ဖို့ လိုလားကြောင်းနဲ့ ဒီညီလာခံရလဒ်တွေကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ကိုလည်း စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/myanmar-peace-talks/3142800.html



လိပ်ကျွန်းလူသတ်မှုအယူခံ ကူညီဖို့အတွက် မြန်မာအစိုးရက ဥပဒေပညာရှင် မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက စတဲ့ ကိုယ်စားလှယ် ၃ ဦးကို မြန်မာနိုင်ငံက စေလွှတ်ခဲ့ပါတယ်။ ဒီ ၃ ဦးဟာ လိပ်ကျွန်းသေဒဏ်ကျနေတဲ့ လူငယ် ၂ ဦးကိစ္စနဲ့ပတ်သက်လို့ ထိုင်းရှေ့နေများကောင်စီနဲ့ တွေဆုံဆွေးနွေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ၂ ဦးကို တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံကို ကန့်ကွက်ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတ၀ှမ်းမှာ ဖြစ်ပေါ်ခဲ့တာပါ။

ဒီနောက်မှာတော့ လိပ်ကျွန်းလူသတ်မှုအတွက် အယူခံဆက်တက်ဖို့ အထောက်အကူ ဖြစ်စေနိုင်မယ့် ကျွမ်းကျင်တဲ့ ပညာရှင်တွေကို မြန်မာသံရုံးစုံစမ်းရေးကော်မတီက မြန်မာအစိုးရကို တောင်းဆိုထားပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ မြန်မာအစိုးရဘက်က လွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေ ရောက်ရှိလာခဲ့ပြီး ထိုင်းရှေ့နေများကောင်စီနဲ့ လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ အယူခံဆက်တက်ဖို့ ပြင်ဆင်မှု စတင်နေပြီဖြစ်တယ်လို့ မြန်မာသံရုံးစုံစမ်းရေးကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ကျွမ်းကျင်တဲ့ဥပဒေပညာရှင်ရယ်၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန်ရယ်၊ နောက်ပြီးတော့ ဥပဒေပိုင်းအရာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ရယ် သူတို့ ၃ ယောက်က မနေ့က ရောက်တယ်။ သူတို့တွေနဲ့ ကျနော်တို့ အထူးစုံစမ်းရေးကော်မတီတို့က အစည်းအဝေးလုပ်ကြပြီးတော့ မနေ့က ၄ နာရီမှာ ရှေ့နေများကောင်စီကို သွားပြီးတော့မှ မှုခင်းအသွားအပြန်တွေကို စကားပြောကြတယ်။ ဒီနေ့ကျတော့ မြန်မာသံရုံးထဲကနေပြီးတော့ အဲဒီမှုခင်းကနေပြီးတော့ ဆုံးဖြတ်ချက်တွေ၊ ဆေးစစ်ချက်တွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေကို ပြန်လှန်သုံးသပ်တာကို အဲဒီထိုင်းရှေ့နေများကောင်စီနဲ့ အခု နေပြည်တော်က စေလွှတ်ထားတဲ့ အရာရှိကြီး ၃ ယောက်နဲ့ ကျနော်တို့ အပြန်အလှန် ပြောကြတယ်။ မနက်ဖြန်ကျရင်တော့ သံရုံးအထူးစုံစမ်းရေးကော်မတီနဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မနက်ဖြန်မှာ အဲဒီကလေးတွေရှိနေတဲ့ အကျဉ်းထောင်ကို သွားဖို့ရှိတယ်။”

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦး မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ မြန်မာလူငယ် ၂ ဦးရဲ့အမှုအတွက် အထောက်အကူ ဖြစ်စေဖို့အတွက် ရောက်ရှိလာခဲ့တာပါ။ သူတို့တွေဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ဖြစ်တဲ့အတွက် လိပ်ကျွန်းအမှုနဲ့ပတ်သက်လို့ နောက်ထပ် အချက်အလက် အသစ်တွေ ထပ်ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဦးကျော်သောင်း က ဆိုပါတယ်။

“ကျနော်တို့ ကလေးတွေနဲ့ တွေ့တိုင်းတွေ့တိုင်းကို မေးမြန်းခဲ့တဲ့ကိစ္စရပ်တွေမှာ အမှုအခင်းနဲ့ ပတ်သက်ပြီးတော့မှ မသိဘူး၊ မရှိဘူးဆိုတာပဲ သူတို့တွေ ဘူးခါခဲ့တာကိုး ဆိုတော့ သူတို့ ဘာတွေ သိရှိထားတာရှိသေးလဲ။ ကာယကံရှင်အဖြစ် စွပ်စွဲခံထားရတဲ့ တရားလိုလို့ စွပ်စွဲခံရယုံမက သေဒဏ်ချမှတ်ခံထားရတဲ့ ကလေးတွေဆီက ဘာအချက်အလက် အသစ်အဆန်းတွေ ရမလဲဆိုတာ ကျနော့်အနေနဲ့ အထူး စိတ်ဝင်စားသလို ဘာအချက်အလက်တွေ ရနိုင်မလဲ၊ ဘယ်သူတွေ ဒီကိစ္စကို သိသလဲ။ မင်းတို့ရော ဘာတွေကို သိခဲ့သလဲဆိုတာတော့ ကျနော်တော့ ဘာပဲပြောပြော သူတို့တွေ ပြောလာဆိုလာအောင်တော့ မေးမယ်လို့တော့ စိတ်ကူးထားတာရှိတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/koh-tao-murder-case/3142787.html


ရန်ကုန်မြို့တောင်ဘက် ကမ်းခြေတ၀ိုက်ကိုအခြေပြုပြီး ၁၂-၁-၂၀၁၆ ည ၉ နာရီခွဲခန့်တွင် ပြင်းအားရစ်ခ်ျတာစကေး ၄.၈ ရှိ ငလျင်ငယ်လှုပ်ခတ်ခဲ့ပြီး၊ နောက်ဆက်တွဲငလျင်ငယ် ၃ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ Photo: Myanmar Earthquake Committee Facebook
ရန်ကုန်မြို့မှာ မနေ့ညတုန်းက ပြင်းအားရစ်ခ်ျတာစကေး ၄.၈ အဆင့်နဲ့ လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ဆက်စပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့ည ၉ နာရီခွဲလောက်က လှုတ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ ရန်ကုန်မြို့ ပင်လယ်ဝအနီးမှာ ဗဟိုပြုခဲ့တာလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။

"မနေ့ညတုန်းက လှုပ်ခဲ့တဲ့ မြေငလျင်က ကမ္ဘာအေးမြေငလျင် စခန်းကနေပြီးတော့ အရှေ့တောင်ဘက် ၄၁ မိုင်ခန့်အကွာပေါ့၊ အဓိကကတော့ ရန်ကုန်မြစ်ဝက ပင်လယ်ပြင်ကို ဗဟိုပြုပြီးတော့မှ လှုပ်ခတ်ခဲ့ပါတယ်၊ ပြင်းအားကတော့ ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိပါတယ်"

ငလျင်လှုတ်မှာကို ဘယ်အချိန်၊ ဘယ်နေရာမှာ ပြင်းအားဘယ်လောက်နဲ့ လှုတ်မယ်လို့ ကြိုတင်ခန့်မှန်းလို့ မရပေမယ့် စစ်ကိုင်းပြတ်ရွှေ့ကြောဟာ အချိန်မရွေးငလျင်တွေ လှုတ်ခတ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် တိုက်တာအဆောက်အဦးတွေ ဆောက်လုပ်ရာမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေဖြစ်ဖို့ လိုအပ်ကြောင်း၊ ငလျင်လှုတ်ရင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ ကြိုတင်လေ့ကျင့်မှုတွေကို လုပ်ဆောင်ထားသင့်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မြန်မာ-အိန္ဒိယနယ်စပ်မှာ မြေငလျင်လှုတ်ခဲ့တဲ့အတွက် ရန်ကုန်မြို့အထိ ငလျင်ဒဏ်သက်ရောက်မှုကို သိရှိခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှာဖွေကြစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးမှာ ကျောက်တွင်းလုပ်ငန်းလုပ်နေတဲ့ ရာဇဌာနေကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် လူဦးရေ ၄၀ လောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မြေစာပုံပိနေတာတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမယ့် နောက်ထပ်မြေကြီးတွေ အက်ကွဲနေတာကြောင့် ရှာဖွေရေးကို ဆက်မလုပ်ရဲဘဲ ရပ်ဆိုင်းထားရတယ်လို့  ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနော်လောက ပြောပါတယ်။

"မြေစာပုံက ထပ်ပြိုဖို့ အလားအလာရှိသေးတယ်လေ၊ အက်နေတယ်လေ၊ အောက်မှာ ဘတ်ဟိုးနဲ့နှိုက်ပြီဆိုရင် အပေါ်ကပြိုတော့မှာ အဲ့လိုဆိုတော့ ဘယ်လိုမှလုပ်လို့မရဘူး၊ အဲ့ဒါနဲ့ပြန်ခဲ့ကြတာ၊ လောလောဆယ် ကုမ္ပဏီက ဘတ်ဟိုးတစ်စီးနဲ့ စမ်းကြည့်တာပေါ့၊ ပြိုတဲ့နေရာကလည်း တော်တော်လေး ကျယ်တဲ့အခါကျတော့ အလောင်းက ဘယ်မှာရှိမှန်းမသိဘူးဖြစ်နေတယ်"

မနေ့ည ၁၀ နာရီ ခွဲလောက်မှာ မြေစာပုံပြိုကျတာဖြစ်ပြီး မြေစာပုံပိတဲ့အထဲ ပါသွားသူ ၃ ယောက်ရဲ့ အမည်စာရင်းကို သာ ရရှိထားတယ်လို့ သိရပါတယ်။

အဲဒီမြေစာပုံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လူဦးရေ ရာချီသေဆုံးမှု ဖြစ်ခဲ့တဲ့ မြေစာပုံပြိုကျရာအနီးမှာ ဖြစ်တယ် လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမေရိကန် ရေတပ်သားတွေရဲ့ ပုံကို အီရန် စစ်တပ်က ထုတ်ပြန်ခဲ့။
အီရန်က သူ့ရဲ့ ရေပိုင်နက်ထဲ ဝင်လာလို့ ဖမ်းဆီး ခဲ့တဲ့ အမေရိကန် ရေတပ်သား ၁၀ ဦးကို နောက်ရက်မှာ ပြန်လွှတ် ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တိုးတက်လာတဲ့ အမေရိကန်နဲ့ အီရန် ဆက်ဆံရေးအပေါ် စမ်းသပ်ချက် တစ်ခု ဖြစ်ခဲ့ပြီး အလျင်အမြန် ဖြေရှင်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က ပင်လယ်ကွေ့ ဒေသမှာ စစ်ရေး လေ့ကျင့်မှု တစ်ခုအတွင်း အမေရိကန် ရေယာဉ် ၂ စင်း အနက် ၁ စင်း စက်ချို့ယွင်း ခဲ့ရာက ရေတပ်သား ၁၀ ဦး အီရန် ရေပိုင်နက်ထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝါရှင်တန်က တောင်းပန် ခဲ့ပြီးနောက် အဲဒီ ရေတပ်သား တွေကို နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်လွှတ် ပေးခဲ့တယ်လို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူ ထားချက်ကို အမေရိကန်နဲ့ အီရန်တို့ အကောင်အထည် ဖော်ဖို့ ကြိုးပမ်း နေချိန်မှာ ဒီကိစ္စ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မရည်ရွယ်ဘဲ ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်က ထုတ်ပြန်ခဲ့ကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ သွားပါတယ်။

BBC Burmese
http://www.bbc.com/burmese

နှစ်နိုင်ငံ နယ်စပ်၌ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းပြ မြေပုံကိုတွေ့ရစဉ် (ဓာတ်ပုံ- Yonhap)
    ဆိုးလ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ပျံသန်းလာသည့် မောင်းသူမဲ့လေယာဉ် တစ်စီးသည် အနောက်ပိုင်း နယ်စပ် ဒေသတွင် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ် ၏ အချက်များစွာ သတိပေး ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ (DPRK)ဖက်သို့ ပြန်လည် ပျံသန်းသွားခဲ့ကြောင်း  ပူးတွဲစစ်ဦးစီးချုပ် ၏ပြောကြားချက်ကို ကိုးကား၍ ဒေသခံ သတင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ပူးတွဲစစ်ဦးစီးချုပ် က မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်မှ မောင်းသူမဲ့လေယာဉ် (UAV) အား ဒေသစံတော်ချိန် ၂း၁၀ နာရီ (0510 GMT) ၌ အနောက်ဖက် နယ်စပ် ရှိ တောင်ကိုရီးယားနိုင်ငံ ဒိုရာစန် စောင့်ကြည့်လေ့လာရေးနေရာ(OP) အနီးတွင် ထောက်လှမ်းတွေ့ရှိမိခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးအစားမသိ မောင်းသူမဲ့လေယာဉ်သည် စစ်တပ်နယ်နိမိတ်မျဉ်းကြောင်း အနီး ပျံသန်းနေသောကြောင့် တောင်ကိုရီးယားနိုင်ငံ (ROK) စစ်တပ်က စက်သေနတ်ဖြင့် အချက် ၂၀ ကျော် သတိပေး ပစ်ခတ်ခဲ့ပြီး နောက် အဆိုပါ မောင်းသူမဲ့လေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ (DPRK) က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ကို တုံပြန်သည့် အနေဖြင့် တောင်ကိုရီးယား (ROK) စစ်တပ်သည် နယ်စပ် တစ်လျှောက်တွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) အား ဆန့်ကျင်သည့် ဝါဒဖြန့်မှုများအား အသံချဲ့စက်များဖြင့် ထုတ်လွှင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ(ROK) နည်းတူ မြောက်ကိုရီးယားနိုင်ငံ (DPRK) ဖက်မှလည်း နယ်စပ်ဒေသတွင် ဝါဒဖြန့်မှု များ ထုတ်လွှင့်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ (ROK) ဆန့်ကျင်ရေး လက်ကမ်းစာစောင် ထောင်ပေါင်း များစွာ ကို ကြဲချခဲ့ကာ ယင်း စာရွက်များကို ဆိုးလ် နှင့် Gyeonggi ပြည်နယ် အချို့နေရာများတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

 (Xinhua)
http://www.xinhuamyanmar.com


ရန်ကုန်မြို့တွင်း Downtown ၆ မြို့နယ်ရှိ လမ်းဘေးပျံကျဈေးသည်များအား မနက်ဖြန် ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်ကာ ညနေ ၃ နာရီကျော်မှသာ ရောင်းချရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဇန်န၀ါရီ ၁၃ ရက် နေ့လယ်ပိုင်းက လိုက်လံ သတိပေးနေကြောင်း သိရသည်။


“ညနေ ၃ နာရီလောက်မှာ ရောင်းချရမဲ့ကိစ္စကို ၃ နာရီမတိုင်ခင် ရောင်းနေကြတယ်။ အခုဆိုရင် အဓိက ကားတွေပိတ်တဲ့ ပန်းဆိုးတန်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းတို့မှာဆိုရင် ယာဉ်ထိန်းကလည်း ကားတွေကို ဖမ်းတယ်။စည်ပင်ကလည်း ညနေ ၃ နာရီကျော် ဆိုင်တွေ ဖမ်းနေတာပါပဲ။အခုလိုက်ပြောနေတယ်ဆိုတာကလည်း ဈေးဆိုင်တွေ မေ့နေမှာစိုးလို့ လိုက်ပြီး သတိပေးတာပေါ့။ အရင်ကတည်းကလည်း သတ်မှတ်ချိန်မတိုင်ခင် ရောင်းချတဲ့ ဈေးဆိုင်တွေကို ဖမ်းဆီးခဲ့တာပါပဲ”ဟု YCDC ၊ စီမံရေရာဌာနမှ တာဝန်ရှိသူတဦးကပြောသည်။


ယင်းကဲ့သို့ လမ်းဘေးဈေးသည်များအား အချိန်သတ်မှတ်ကာ စနစ်တကျရောင်းချရန် ၂၀၁၁ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


ရန်ကုန်မြို့ FMI အိမ်ရာတွင် ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက နေအိမ်အတွင်း ၀င်ရောက်ကာ သိန်း ၂၀၀ ကျော် တန်ဖိုးရှိပစ္စည်းများအား လုယက်ကာ အဆိုပါ အိမ်ရှိ ကောင်မလေးအား အတင်းအဓမ္မ မုဒိမ်းကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိခဲ့သည်။

လှိုင်သာယာမြို့နယ် FMI အိမ်ရာ အမှတ် ၄ ရပ်ကွက် အိမ်အမှတ် ၁၇၃၊ ယမင်းရွှေစင် သစ်ခွလမ်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က အဆိုပါနေအိမ်တွင် အိမ်ဖော် ကောင်မလေးနှင့်အသက် ၉၃ နှစ်အရွယ် အဘွားအိုတစ်ဦးတို့ရှိနေစဉ် ဘောင်းဘီ အတိုအနက်နှင့်အင်္ကျီအဖြူရောင် ၀တ်ဆင်ထားသည့်
ခန့်မှန်းအသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးက နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာကြောင်း၊

ယင်းနောက် အဆိုပါ အမျိုးသားက အိမ်ဖော်ကောင်မလေးအား အိမ်နောက်ဖေးဘက်သို့ ခေါ်ကာ ပါးစပ်ကိုတိတ်နှင့် ပိတ်၊ လက်နှစ်ဖက်ကို ကြိုးဖြင့်နောက်ပြန်တုတ် နှစ်ထပ်အိမ် အိမ်ပေါ်ထပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် အသက် ၉၃ နှစ်အရွယ် အဘွားအိုမှာ နေအိမ်အောက်ထပ်ရှိ အခန်းတစ်ခုတွင်
ရှိနေကြောင်း သက်ဆိုင်ရာ မြို့မစခန်းတွင် အိမ်ဖော်ကောင်မလေး၏ ထွက်ဆိုချက်များအရ သိရသည်။

အိမ်ပေါ်ထပ် အရောက်တွင် အဆိုပါ အမျိုးသားက အိမ်ဖော်ကောင်မလေးအား ဓားဖြင့်ထောက်ကာ ပစ္စည်းများထားသော နေရာပြရန် ပြောဆိုခဲ့ပြီး အဆိုပါမိန်းကလေးမှ လော့ချထားသော အခန်းတွင် ထားသည်ဟု ပြောကြားခဲ့ရာ အဆိုပါ တံခါးအား တူဖြင့် ရိုက်ဖွင့်ခဲ့ကြောင်း၊ အခန်းအတွင်းတွင် မီးခံသေတ္တာ` တစ်လုံးနှင့် ခရီးဆောင်အိတ် တစ်လုံးတွေ့ရှိခဲ့ကြောင်း၊ ခရီးဆောင်အိတ်ကို ဖျက်ကာ အိတ်အတွင်းမှ မီးခံသေတ္တာ သော့ရရှိခဲ့ပြီး အဆိုပါသော့ဖြင့် မီးခံသေတ္တာအား ဖွင့်ကာ အတွင်းရှိ အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် ရွှေထည်ပစ္စည်းတန်ဖိုးကျပ်သိန်း ၁၃၀ အပါအ၀င် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀ ၀န်းကျင်အား
ယူဆောင် သွားခဲ့ကြောင်း အဆိုပါ ထွက်ဆိုချက်များအရ သိရသည်။

အဆိုပါ အမျိုးသားက အခြားအိပ်ခန်းအတွင်း ခေါ်ဆောင်ကာ အိမ်ဖော်ကောင်မလေးအား အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ပြီး စုစုပေါင်းအချိန် တစ်နာရီကျော်ကြာ မြှင့်ခဲ့ကာသော့တောင်းကာ နေအိမ်ခြံဝန်းအတွင်းမှ ထွက်ခွာသွားကြောင်း၊ ယင်းနောက်အိမ်ရှင်များထံ ဖုန်းဆက်အကြောင်းကြား ခဲ့ကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးများထံအကြောင်းကြားခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

’ဒီနေရာမှာ နေလာတာ ၉ နှစ်လောက်ရှိသွားပြီ တစ်ခါမှ မဖြစ်ဖူးဘူး ။ အိမ်ဖော်ကောင်မလေးက ၆ လရှိပြီ။ အိမ်မှာလုပ်နေတာ သူ့ကိုက အရင်က အိမ်မှာ ၆နှစ်လောက် လုပ်သွားတဲ့ အိမ်ဖော်ကပဲ ရှာပေးတာ အိမ်မှာမရှိတော့လို့ ဖြစ်တယ်ဆိုတာ သေချာမသိဘူး ခုတော့ ရဲစခန်းက စစ်နေတယ်” ဟု အိမ်ရှင် ဆရာဝန်
အမျိုးသမီးက The Ladies News Journal ကိုပြောသည်။

ယင်းနေအိမ်တွင် ဆရာဝန်လင်မယားနှစ်ဦး၊ ဒေါ်တော်စပ်သူ အဘွားတစ်ဦးနှင့် အိမ်ဖောင်ကောင်းမလေး တစ်ဦးသာ နေထိုင်ပြီး အခင်းဖြစ်ပွားစဉ်တွင် ဆရာဝန်အမျိုးသားမှာ စင်ကာပူနိုင်ငံသို့ သွားရောက်နေကာ ဇနီးဖြစ်သူမှာ အလုပ်သွားနေကြောင်း သိရသည်။

အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးက “ဖြစ်ပြီးတော့ သွားကြည့်တော့ အိမ်မှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေတာတော့ တွေ့တယ် ။ ကောင်မလေးကတော့ လုပြီးတော့မုဒိမ်းကျင့်တယ်လို့ ထွက်တယ် ။ ဘယ်လိုဖြစ်တယ် ဆိုတာကိုတော့ အမှုကြီးတော့ တိုင်းကရဲတွေပါ ဆင်း စစ်နေပါတယ်’ ဟု ပြောသည်။

ယင်းလုယက်မှုနှင့် အတင်းအဓမ္မ ကြံစည်မှုတို့နှင့်ပက်သက်၍ လှိုင်သာယာ မြို့နယ်မြို့မ ရဲစခန်းမှ ပ-၆၅ / ၂၀၁၆ အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၆၊ ၃၇၆တို့ဖြင့် အမှုဖွင့်ကာ တိုင်းဒေသကြီး ရဲတပ်မှ တာဝန်ယူစစ်ဆေးလျက် ရှိကြောင်းသိရသည်။

FMI အိမ်ရာတွင် ယခင်နှစ်များကလည်း လုယက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး ၄င်းအိမ်ရာမှာ အကျယ်အ၀န်း ၅၀၀ ဧက ကျော်၇ှိကာ အိမ်ခြေ ၁၈၀၀ ကျော်ရှိကြောင်း သိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies


အမည်မဖော်လိုသော We are Anonymous ဟိုက်ကာအဖွဲ့သည် ထိုင်း လိပ်ကျွန်းလူသတ်မှု တရားစီရင်ဆုံးဖြတ်ရာမှ မျှတမှုမရှိသည့်အတွက် ထိုင်းနိုင်ငံတ၀ှမ်းရှိ ထိုင်းတရားရုံးဝပ်ဆိုက်ပေါင်း ၃၀၈ ခုကို
ဝင်ရောက် Shuts down ပိတ်ပစ်လိုက်ပါတယ်လို့ ဒီနေ့ ဇန်န၀ါရီလ ၁၃ရက်နေ့ ၂၀၁၆ခုနှစ်ထုတ် ထိုင်း Prachatalk သတင်းစာမှာရေးသားဖော်ပြထားပါတယ်။

MTF Channel
https://www.facebook.com/mtftv

ရေငုတ်သင်္ဘောပေါ်ကနေ လွတ်တင်တဲ့ ဒုံးကျဉ်လို့ မြောက်ကိုရီးယားက ပြောပေမယ့် ယုံကြည်သူနည်းပါး (Credit: ABC licensed) 
မြောက်ကိုရီးယားက ​အရင်တစ်ပါတ်တုန်းကပဲ ​ရေငုတ်သင်္ဘောပေါ်ကနေ ​ဒုံးကျဉ်ကို ​အောင်မြင်စွာ ​စမ်းသပ်ထုတ်လွှင့်လိုက်တဲ့ ​ဗီဒီယိုကို ​ထုတ်ပြန်ခဲ့ပေမယ့် ​ကျွမ်းကျင်ပညာရှင်တွေကတော့ ​အဲဒီ ​ဗီဒီယိုဟာ ​အတုဖြစ်နေတယ်လို့ ​ဆိုပါတယ်။

မြောက်ကိုရီးယား ​နိုင်ငံဟာ ​ဇန်နဝါရီလ ​၆ ​ရက်နေ့တုန်းကလည်း ​ဟိုက်ဒရိုဂျင်ဗုံးကို ​အောင်မြင်စွာ ​စမ်းသပ်နိုင်ပြီလို့ ​ပြောဆိုခဲ့ဖူးပါတယ်။

အဲဒါ့အပြင် ​ရေငုတ်သင်္ဘောကနေ ​နျူကလီးယား ​ထိပ်ဖူးကို ​သယ်ဆောင်နိုင်တဲ့ ​ဒုံးကျဉ်ကိုလည်း ​ဒီဇင်ဘာလတုန်းက ​အောင်မြင်စွာ ​စမ်းသပ်နိုင်ခဲ့တယ်လို့ ​ရုပ်မြင်သံကြားမှာ ​ပြသလိုက်ပါတယ်။

အရင်တုန်းကတော့ ​ဒုံးကျဉ်စမ်းသပ်ပြီးတာနဲ့ ​ချက်ချင်း ​ထုတ်ပြန်လေ့ရှိပေမယ့် ​ဒီတချီမှာတော့ ​နောက်ကျမှ ​ထုတ်ပြန်တာ ​ဖြစ်ပါတယ်။

အဲဒီ ​ဗီဒီယိုကို ​ကျွမ်းကျင်ပညာရှင်တွေက ​သေခြာလေ့လာတဲ့အခါမှာ ​အချိန်အများကြီး ​ယူပြီး ​ယုံကြည်ရလောက်အောင် ​အဆင့်ဆင့် ​တည်းဖြတ်ထားတဲ့ ​ဗီဒီယို ​ဖြစ်နေတယ်လို့ ​ပညာရှင်တွေက ​ပြောပါတယ်။

အမှန်မှာတော့ ​အဲဒီ ​ဒုံးကျဉ်ကို ​ပစ်လွတ်တဲ့အခါမှာ ​အောင်မြင်မှု ​မရှိပေမယ့် ​အရင်တခေါက်က ​ပစ်လွတ်စမ်းသပ်ခဲ့တဲ့ ​ဗီဒီယိုနဲ့ ​ရောပြီး ​အောင်မြင်မှု ​ရှိတဲ့အကြောင်း ​တည်းဖြတ်လိုက်တာလို့ ​ထောက်ပြကြပါတယ်။

အဲဒါ့အပြင် ​အဲဒီ ​ဒုံးကျဉ်ကို ​ရေငုတ်သင်္ဘောပေါ်ကနေ ​လွတ်တင်တာ ​မဟုတ်ပဲ ​ရှည်လျားတဲ့ ​ကုန်တင်သင်္ဘောကနေ ​လွတ်တင်တာ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ဟိုက်ဒရိုဂျင်ဗုံးကို ​အောင်မြင်စွာ ​စမ်းသပ်နိုင်ပြီလို့ ​မြောက်ကိုရီးယားက ​ပြောဆိုတာကို ​ယုံကြည်မှု ​နည်းပါးပေမယ့်လည်း ​အဲဒီလို ​ရန်စတဲ့ ​အပြုအမှုတွေနဲ့ ​အပြောအဆိုတွေအပေါ် ​တုန့်ပြန်မှုတွေလုပ်ဖို့ ​ကြိုးစားနေကြပါတယ်။
ဟိုက်ဒရိုဂျင်ဗုံး ​စမ်းသပ်ခဲ့တုန်းက ​ပြင်းအား ​၅.၁ ​ရှိတဲ့ ​မြေငလျင် ​လှုပ်ခတ်ခဲ့တာ ​ရှိပေမယ့် ​အဲဒီ ​ပြင်းအားဟာ ​နည်းလွန်းနေပြီး ​ဟိုက်ဒရိုဂျင်ဗုံး ​မဖြစ်နိုင်ဘူးလို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက သူ့ရဲ့သမ္မတ သက်တမ်း အတွင်း   အောင်မြင်မှုတွေနဲ့ အနာဂတ်အတွက် သူ့ရဲ့အမြင်တွေ ကို ခုနစ်ကြိမ်နဲ့ နောက်ဆုံးအကြိမ်ပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ သမ္မတသက်တမ်း နောက်ဆုံးနှစ် ထဲ ရောက်လာတာနဲ့အမျှ သူ ဘာတွေ ချန်ထားရစ်တယ်ဆိုတာကို သတ်မှတ်ဖို့ ကြိုးစားတဲ့ အကောင်းမြင်မိန့်ခွန်းတခုအဖြစ် အင်္ဂါနေ့ညက ပြောသွားတာပါ။

အမေရိကန်ရဲ့စီးပွားရေးဟာ ကျဆင်းနေတယ်လို့ ပြောတဲ့လူ ဘယ်သူမဆို လုပ်ကြံပြောဆိုနေတာပဲဖြစ်တယ်လို့ဆိုပြီး အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးရဲ့ အောက်လွှတ်တော်ခန်းမမှာ ပြောတဲ့မိန့်ခွန်းထဲ စီးပွားရေး ကိစ္စတွေနဲ့ပတ်သက်ပြီး သူ လုပ်ဆောင်ခဲ့တာတွေအပေါ် ခုခံ ချေပ ပြောဆို သွားပါတယ်။

ဘာလူမျိုးဖြစ်တယ် ဒါမှမဟုတ် ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာပေါ်မူတည်ပြီး လူတွေကို ပစ်မှတ်ထားတဲ့ နိုင်ငံရေးကို လည်း မစ္စတာအိုဘားမား က ပြစ်တင် ဝေဖန်ပါတယ်။ ဒီအချက်ဟာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ကြိုး စားနေကြတဲ့ ဘီလီယံနာသူဌေးကြီး Donald Trump အပါအ၀င် ရီပတ်ဘလီကန်တွေကို သွယ်ဝိုက်ပြီးတော့ ဝေဖန်ချက်တခု အဖြစ် မြင်ကြပါတယ်။

နိုင်ငံရေးသမားတွေက မူစလင်တွေကို ထိခိုက်အောင် ပြောဆိုတဲ့အခါ၊ ပလီကျောင်းတခုကို ဖျက်ဆီးခံရ တဲ့အခါ ဒါမှမဟုတ် ကလေးတယောက် အနိုင်ကျင့်ခံရတဲ့အခါ အဲဒါတွေက ပိုပြီး ဘေးကင်းလုံခြုံစေတာမဟုတ်ဘဲ အမှားအယွင်း သက်သက်ပဲ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောသွား ပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့တော့ ကမ္ဘာတ၀န်းမှာ တိုက်ခိုက်မှုကြီးတွေလုပ်ခဲ့တဲ့ IS အစွန်းရောက် အဖွဲ့အပါအ၀င် အကြမ်းဖက်ဝါဒကိုင်စွဲတဲ့အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုကို မစ္စတာ အိုဘားမားက သတိပြု ပြောဆိုပါတယ်။ ဒါပေမဲ့လည်း အစွန်းရောက် အကြမ်းဖက်ဝါဒ ကိုင်စွဲသူတွေဟာ အမှန်တကယ်စိုးရိမ်ရ မယ့်ကိစ္စ မဟုတ်ဘူးလို့ဆိုပြီး ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ထဲ ကျွံဝင်နေပြီလို့ ပြောသူတွေကို သတိပေးသွားပါတယ်။

ဒီမိုကရက်နဲ့ရီပတ်ဘလီကန်တွေအကြား နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတာကိုလည်း သမ္မတအိုဘားမားက ပွင့်ပွင့် လင်းလင်းပဲ စိတ်ပျက် လက်ပျက် ပြောပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ကျန်နေသေးတဲ့ သမ္မတ သက်တမ်းအတွင်း မူဝါဒရေးရာ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဆက်လုပ်သွားမယ်ဆိုတာကိုတော့ အခိုင်အမာပြောသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဇန်နဝါရီလ ၁၃ ရက်နေ့က ပြင်​ဦးလွင်​စစ်​တက္ကသိုလ်​ကို KNU ဥက္ကဌ စောမူတူးစေးဖိုး သွား​ရောက်​​လေ့လာရာ တာဝန်​ရှိသူများက လိုက်​လံရှင်းပြစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အဖွင့်မိန့်ခွန်းတက်ရောက်ပြောကြားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူးတူးစေးဖိုးဟာ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကို ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ် တာဝန်ရှိသူတွေဖိတ်ကြားချက်အရ သွားရောက်လေ့လာခဲ့တာလို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ပြောပါတယ်။

"အခုကတော့ရိုးရိုးအလည်သွားတာပါ၊ ဟိုဖက်ကလိုလိုလားလားနဲ့ ဖိတ်ကြားပြီးလာပါဆိုတော့မှ လည်တာပါ၊ အလည်သွားတာပါ၊ မေမြို့ကိုယ့်ဘာသာ အလည်သွားရင်းနဲ့ ခဏဝင်တာပါ၊"

ကေအမ်ယူဥက္ကဌ မူးတူးစေးဖိုးဟာ ပြင်ဦးလွင် စစ်တက္ကသိုလ် လည်ပတ်ခဲ့တဲ့ ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ကေအင်ယူ ဥက္ကဌ မူတူးစေးဖိုးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့မကြာခဏ နေပြည်တော်မှာ တွေ့ဆုံခဲ့သူ လည်း ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း မကြာခဏ နေပြည်တော်မှာ လက်ခံတွေ့ဆုံမှုရတဲ့ ကေအင်ယူ ခေါင်းဆောင် ဖြစ်ပါတယ်။ မနေ့ကငြိမ်းချမ်ရေး ညီလာခံမှာ သူဟာ မိန့်ခွန်းပြောကြားရာမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပဲခူးတိုင်းတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့တွင် ဇန်န၀ါရီ ၁၂ ရက် က မီးသင်္ဂြိုဟ်စက် အဖောက်ခံရသောသတင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပြီး လူစိတ်ဝင်စားမှု အထူးများပြားခဲ့သည်။

အဆိုပါ သတင်း လူမှုကွန်ရက် (ဖေ့ဘုတ်) အသုံးပြုသူတဦးက ဓာတ်ပုံနှင့်တကွတင်ခဲ့ခြင်းဖြစ်ပြီး ယင်းပုံအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ''ဒါကိုသာကြည့် တိုင်းပြည် အခြေအနေ။ မိလို့ကတော့ ခုနစ်ရက်တိတိ သုသာန်မှာ ကြိုးတုပ်ချည်ထားဖို့ကောင်းတယ်''ဟူသော မှတ်ချက်ဖြင့် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြန်လည်ဝေမျှ (share) ခဲ့သည်။

အဆိုပါမီးသင်္ဂြိုဟ်စက်သည် ပရဟိတအသင်းတခုမှ တိုက်ရိုက်စီမံဆောင်ရွက်နေခြင်းဖြစ်ပြီး စည်ပင်သာယာမှ စီမံဆောင်ရွက်ခြင်း မဟုတ်ကြောင်း ပေါင်းတည်စည်ပင်သာယာရေး ကော်မတီစီမံဌာနမှ ဦးစီးမှူး ဦးတင်ဇော် လင်းက ပြောသည်။
''မီးသင်္ဂြိုဟ်စက်ပျောက်တယ်ဆိုတဲ့ သတင်းကတော့ မဟုတ်ပါဘူး။ တံခါးပျက်သွားတာတော့ ဟုတ်ပါတယ်။ ငမူးတကောင် ၀င်အိပ်သွားတာ ထင်တယ်။ လုပ်တဲ့သူ ဘယ်သူဆိုတာတော့ မသိပါဘူး။ ဇန်န၀ါရီ ၁၁ ညပိုင်းက ဖြစ်တာ။ လာတော့ တိုင်ကြားတာ မရှိသေးပါဘူး''ဟု ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်း မီးသင်္ဂြိုဟ်စက်သည် ပေါင်းတည်မြို့ မင်းကွဲ (၂)ရပ်ကွက် အနောက်လမ်းနဲ့ ၁၈ လမ်းထောင့်ရှိ ရွှေနိဗ္ဗာန် မီးသင်္ဂြိုဟ်အသင်း၏ မီးသင်္ဂြိုဟ်စက်ဖြစ်ပြီး ပေါင်းတည်သင်္ချိုင်းတွင်ထားရှိသည့် သင်္ဂြိုဟ်စက်ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ''တံခါးပတ္တာကို ၀က်အူလှည့်နဲ့ထိုးပြီးတော့ဝင်တဲ့ အနေအထား တွေ့ရတယ်။ အဲဒီအထဲမှာတော့ ဘာမှ မရှိဘူး။ ထင်းပဲရှိတယ်။ မီးသင်္ဂြိုဟ်စက်ဆိုပေမယ့် ထင်းနဲ့သင်္ဂြိုဟ်တဲ့ မီးသင်္ဂြိုဟ် စက်ပေါ့။ မူးကြောင်ရူးကြောင်ဝင်အိပ်တာ နေမှာ။ သော့ကိုလည်း မဖျက်ဘူး။ မီးရှို့တဲ့ အထဲက အခန်းကိုလည်း မဖြုတ်ဘူး။ ကျွန်တော်ထင်တာကတော့ မူးကြောင်ရူးကြောင်တွေ နေမှာပေါ့။ တော်ရုံတန်ရုံ လူက မလုပ်ပါဘူး''ဟု ရွှေနိဗ္ဗာန် မီးသင်္ဂြိုဟ်အသင်းမှ ကိုသန့်ဇင်ဦးက News Watch သို့ ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

၂၀၁၂ ခုနှစ်အတွင်းက မန္တလေးတိုင်း အတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ မြင်ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း ငလျင်ငယ်များ အကြိမ်အရေအတွက် စိတ်ပြီး လှုပ်ခတ်ခဲ့မှုများကြောင့် ငလျင်ကြီး တစ်ခု၏ ရှေ့ ပြေးငလျင်များ ဖြစ်မည်လား ဆိုသည်ကို အနည်းငယ် စိုးရိမ်ပူပန်မိပြီး သတိထား စောင့်ကြည့် နေကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ဆင်ဟွာ သို့ ဇန်နဝါရီ ၁၃ ရက်တွင် ပြောခဲ့သည်။

“အခုလှုပ်တဲ့ ငလျင်တွေကတော့ ငလျင်ငယ်လေးတွေပါ။ဒါပေမယ့် အကြိမ်ရေတွက်က နည်းနည်းလေး စိတ်နေ ပါတယ်။ဒါကြောင့် ကျွန်တော်တို့ လည်း သတိထားပြီးတော့ စောင့်ကြည့်နေပါတယ်။ဇန်နဝါရီ ၁၂ ရက် လှုပ်ခဲ့တဲ့ လက်ခုတ်ကုန်းနားမှာ အရင်တုန်းက ငလျင်အလတ်တွေ လှုပ်ခဲ့ဘူးတဲ့ မှတ်တမ်းတော့ ရှိတယ်။ဒါပေမယ့် အဲဒီနေရာရဲ့ အရှေ့ ဘက်မှာ ငလျင် အကြီးကြီးတွေ လှုပ်ခဲ့တဲ့ စစ်ကိုင်း ပြတ်ရွေ့နဲ့ ကလည်း သိပ်မကွာတဲ့ အခါကြတော့ ဆက်စပ်မှုများ ရှိနေမလား ဆိုတာလဲ နည်းနည်း ပူပန်ပါတယ်။ တကယ်လို့ ဒါဟာ ရှေ့ ပြေးငလျင်လိုမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ငလျင်ကြီး တစ်ခုရဲ့ ရှေ့ ပြေးငလျင်များ ဖြစ်မလား ဆိုတာကို နည်းနည်း ပူပန်တာပေါ့။ ဒါပေမယ့် ရှေ့ ပြေးငလျင် ဆိုတာမျိုးက တကယ်တမ်း မှတ်တမ်းတွေမှာဆိုရင် ရှိပါတယ်။ဖြစ်ခဲပါတယ်။ငလျင်အကြီးကြီးတွေက တစ်ခါတည်း လှုပ်လိုက်ပြီးမှ နောက်ဆက်တွဲ ငလျင်က ပိုပြီး သိသာတယ်လေ။ဒါကြောင့် ဒါကို ရှေ့ ပြေးငလျင် ဖြစ်မယ်လို့ တော့ တိတိကျကျ မပြောနိုင်ဘူး။ဒါပေမယ့် အားလုံးက သတိထား စောင့်ကြည့်သင့်တယ်လို့ တော့ ထင်ပါတယ်။” မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်း ရန်ကုန်မြို့တောင်ဖက် လက်ခုတ်ကုန်းကမ်းခြေတဝိုက်ကို ဗဟိုပြု၍ ပြင်းအား ၄.၈ ရစ်ခ်ျတာစကေး အင်အား အနည်းငယ်ရှိသော မြေငလျင်သည် ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီ ၂၉ မိနစ်တွင် စတင် လှုပ်ခတ် ခဲ့ပြီးနောက် ဆက်လက်၍ နောက်ဆက်တွဲ ငလျင်ငယ် ၃ ကြိမ် လှုပ်ခတ်ခဲ့ပြီး ပမာဏအားဖြင့် ၄.၀ ၊ ၃.၆ ၊ ၂.၈ ရစ်ခ်ျတာစကေး အသီးသီး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

“ဒါက ခုနက ပြတ်ရွေ့ ကြော အကြီးကြီးနဲ့ တိုက်ရိုက် ဆက်စပ်ရင်တော့ မှုလ ဒီနေရာမှာ စစ်ကိုင်း ပြတ်ရွေ့ ကလည်း မလှုပ်ခဲ့တာက နှစ်တော်တော် ကြာနေပြီ။နှစ်ပေါင်း ၈၀ ကျော် ရှိနေပြီ ဆိုတဲ့အခါကြတော့ ပမာဏ ၇ လောက် ရှိတဲ့ ငလျင်ကြီးတွေ လှုပ်နိုင်တယ်။လှုပ်နိုင်တဲ့အတွက် အဲလို တစ်ကျော့ပြန် ဖြစ်ဖို့ အတွက် အလားအလာများလား ဆိုတာတော့ သတိထားရမယ့် သဘောပေါ့။ဒါပေမယ့် သာမန် အဲဒီနားလေး တစ်ဝိုက်မှာလည်း ငလျင်ကြောငယ်လေးတွေ ရှိတော့ ဒါကြောင့်လည်း ငလျင် ငယ်လေးတွေ လှုပ်တတ်ပါတယ်။အဲဒီတော့ ငလျင်ငယ်လေးပဲ လှုပ်ပြီးတော့လည်း ပြီးသွားနိုင်ပါတယ်။”ဟု မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ထပ်မံ ပြောကြားခဲ့သည်။
ထို့ ပြင် ပြည်သူများအနေဖြင့် ငလျင်လှုပ်ခတ်မည့် အချိန်များအား သိရှိ မှန်းဆနိုင်ခြင်း မရှိသည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်ထားသင့်ကြောင်း ၊ ငလျင်ဒဏ်ခံရပါက သတိထားသင့်သည့် အချက်များအား အကြုံပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ၊ ၃၀ အတွင်း ငလျင်အလတ်စားများသာ လှုပ်ခတ်ခဲ့ပြီး အကြမ်းဖျင်း ဆိုပါက အင်အား ပမာဏ ၇ အဆင့်လောက် ရှိသည့် ငလျင်များ လှုပ်ခတ်ခြင်း မရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၊ အင်အားပြင်း ငလျင်များအဖြစ် ၆.၅ အဆင့်ရှိ ပုဂံငလျင် ၊ ၆.၈ အဆင့်ရှိ တောင်တွင်းကြီး ငလျင် ၊ ၆.၈ အဆင့်ရှိ တာချီလိတ် တာလေ ငလျင် ၊ ၆.၈ အဆင့်ရှိ သပိတ်ကျင်း ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com