01/16/16

အပျိုအရွယ်လေးကိုကျောင်းစိမ်းထမိန်ရင်ရှားဝတ်ခိုင်းပြီးမတော်တရှော်ကြော်ငြာတာ
ဘယ်ဘီယာပါလိမ့်

ဒီမနက် သတင်းတွေထဲမှာ စိတ်ဝင်စားမိတာက “တူးပို့” ကိစ္စ။ မြန်မာနိုင်ငံမှာ ဖြန့်ချိတဲ့ Tuborg ဆိုတဲ့ နိုင်ငံခြား ဘီယာကို မြန်မာနိုင်ငံမှာ မြန်မာကားလ်ဘတ်ကုမ္ပဏီ လို့ အမည်ပေးထားတဲ့ ကုမ္ပဏီက ဖြန့်ချိသတဲ့။ Tuborg ကို ဒိန်းမတ်နိုင်ငံက ထုတ်တာပါ။

Tuborg ကို YouTube မှာ အသံထွက်လိုက်ရှာတော့ “ထူးဘော့” လို့ ထွက်ပြထားတာ တွေ့ရပါတယ်။ မူလနိုင်ငံရဲ့ အသံမှာလည်း “တူးပို့” လို့ ထွက်မထားပါဘူး။

မြန်မာတွေက သင်္ကြန်ဆိုရင် “တူးပို့ … တူးပို့ … တေးသံသာ” ဆိုတာနဲ့ ယဉ်ပါးလာကြတာပါ။ ဆရာ မြို့မငြိမ်းကျေးဇူးကြောင့် သင်္ကြန်ရဲ့ ဂန္ထဝင်သီချင်းဖြစ်ခဲ့ရပါတယ်။ မြန်မာလူမျိုးတွေအတွက် အလွန် လေးစားစရာ သင်္ကြန်ရဲ့ အသံလေးကို ဆရာ မြို့မငြိမ်းက တီထွင် တင်စား ဂုဏ်ယူရလောက်အောင် လုပ်ခဲ့တာပါဗျာ။

ခုတော့ “တူးပို့” ဆိုတဲ့ အသံကြားလိုက်ရင် သူတို့ Tuborg ဘီယာကို သောက်ချင်လာအောင် ဈေးကွက်စီးပွားရေး အကြောင်းပြပြီး ပြည်တွင်းဝိသမလောဘသားတွေနဲ့ ပြည်ပက ပေါင်းရိုက်တာ တော့ မဖြစ်သင့်ပါဘူး။ ဒိန်းမတ်က “တူးပို့” ဆိုတဲ့ ရည်ရွယ်ချက်ကို တစ်စက်မှ သိမှာ မဟုတ်ဘူး။ လာမယ့် သင်္ကြန်မှာ တူးပို့နဲ့ ဖောက်လိုက်ရရင်ဆိုတဲ့ အတွေးမျိုး မြန်မာတွေထဲက အကြံပဲဖြစ်မှာပေါ့။

ခုဆိုရင် မန္တလေး မြို့မအသင်းကြီးက တူးပို့စာလုံးကို အလွဲသုံးမှုနဲ့ ပတ်သက်ပြီး အမျိုးသားရေး တစ်ခုလို ခံယူကာ တရားစွဲဖို့ ပြင်ဆင်နေကြပြီ။ ထောက်ခံပါတယ်ဗျာ။

ဒါပေမဲ့ ပြောစရာကလည်း ရှိပြန်တယ်ဗျ။ “မြန်မာဘီယာ” ဆိုတဲ့ ကိစ္စ။ မြန်မာလို့ ပြောလိုက်ရင် ဘီယာ ဖြစ်သွားအောင် နှစ်ပေါင်းများစွာ စော်ကားခဲ့တဲ့ ကုမ္ပဏီနဲ့ အသင်းအဖွဲ့ကိုတော့ အမျိုးသားရေး အနေနဲ့ တရားစွဲပြီး ဖျက်သိမ်းခိုင်းဖို့ ပြီးခဲ့တဲ့ လွှတ်တော် ၅ နှစ်မှာ သတိတောင် မရခဲ့ကြပါဘူး။

ဟဲ … ဟဲ .. မတို့ရ မထိရဆိုတဲ့ အဖွဲ့အစည်းကြီးကများ ကိုင်ထားလို့ ကြောက်နေကြသလားတော့ မပြောတတ်ဘူးပေါ့။

တူးပို့ကို ဘီယာကြော်ငြာ လုပ်ပစ်တာဟာ မြို့မငြိမ်းနဲ့ မန္တလေးကို စော်ကားသလို မြင်ပြီး မြို့မအဖွဲ့က တရားစွဲဖို့ ပြင်နေသလို၊ မြန်မာဘီယာ ဆိုတာ တစ်မျိုးသားလုံး၊ မြန်မာ လူမျိုးတစ်မျိုးလုံးကို စော်ကားနေတာပါလားလို့ မြင်ပြီး ပြည်သူအားလုံးက ဝိုင်းပြီးတရားမစွဲသင်ဘူးလားဗျာ။

၁၆.၁.၂၀၁၆
Tin Nyunt



ထိုင်းနိုင်ငံလိပ်ကျွန်းတွင် အသတ်ခံရသူ ဟန်နာဝစ်သာရစ်ရဲ့ အမ လော်ရာကို တရားစွဲဖို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲရဲ့ ကြိုးစားလုပ်ဆောင်ချက်ဟာ အကျိုးမရှိဘူးလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းစာ အယ်ဒီတာ အာဘော်က ရေးပါတယ်။

ဇန်န၀ါရီ ၁၆ ရက်ထုတ် ဘန်ကောက်ပိုစ်သတင်းစာရဲ့ “ခြိမ်းခြောက်ဖို့အတွက် အချိန်မရှိဘူး”ဆိုတဲ့ အယ်ဒီတာအာဘော်မှာ အခုလို ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်မှာ ဟန်နာ အမ လော်ရာက လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ လွဲချော်မှုတွေရှိတယ်လို့ ရေးသားခဲ့ပါတယ်။

ဒါအပြင် ထိုင်းတရားရုံးရဲ့ ရိုင်းပြတဲ့ဆက်ဆံမှုတွေကို ဖွင့်ချခဲ့ပြီး နောက်ပိုင်း ရေးသားချက်တွေကို ပြန်လည် တည်းဖြတ်ခဲ့သလို ဖေ့ဘွတ်ခ် စာမျက်နှာဟာလည်း ရှာဖွေမရဖြစ်ခဲ့ပါတယ်။

ဒီရေးသားချက်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် လူသတ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ကိုင်တွယ်ခဲ့လို့ ထိခိုက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့ နာမည်ဂုဏ်သတင်းကို ရှုတ်ချတာနဲ့ တူတယ်လို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။

မိသားစုကို တစုံတရာမပြောဆိုဖို့ တိတ်ဆိတ်သွားစေနိုင်တဲ့ တရားစွဲဖို့ ခြိမ်းခြောက်တာ ထက်စာရင် ၀ှစ်သာရစ် မိသားစုကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စွပ်စွဲချက်တွေအတွက် သတင်းအချက်အလက်တွေကို ရဲတပ်ဖွဲ့နဲ့ တရားရုံးက တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။

လော်ရာရဲ့ စွပ်စွဲချက်ကို စိစစ်ပြီး ကြောင်းကျိုးခိုင်လုံမှုရှိမရှိ သက်သေပြဖို့အတွက် စုံစမ်းစစ်ဆေးမှု တွေကို သင့်တော်အောင်ဆောင်ရွက်ပြီး လူထုကို ချပြနိုင်ရင် ဒါဟာ ရဲတွေအတွက် အကောင်းဆုံး ဆောင်ရွက်ချက်တခု ဖြစ်နိုင်တယ်လို့ ရေးပါတယ်။

ဒါအပြင် လူသတ်မှုဟာ စုံစမ်းစစ်ဆေးမှုတွေ စတင်ကတည်း တရားရုံးက အမိန့်ချမှတ်တဲ့ အချိန်ထိ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့က ကနဦး ၀န်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အတွက် ၀န်ခံခဲ့တာ ဖြစ်သလို အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ဒီအန်အေ စစ်ဆေးချက်တွေကိုလည်း အာဘော်မှာ ထည့်သွင်းရေးသားထားပါတယ်။

တရားရုံးက အမိန့်ချမှတ်လိုက်ပေမယ့် အမှုမှာ မေးခွန်းထုတ်စရာတွေရှိနေသေးသလို အယူခံဆက်ဝင်ရင်လည်း မေးခွန်းတွေ ပိုထွက်လာမယ်လို့ ဆိုပါတယ်။

အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေအတွက် ရဲတပ်ဖွဲ့နဲ့ တရားရုံးက ရှင်းလင်းဆောင်ရွက်နိုင်တဲ့ တခုတည်းသော နည်းလမ်းက အမှုကို ပွင့်လင်းမြင်မှုရှိရှိနဲ့ ကျွမ်းကျွမ်းကျင်းကျင် ကိုင်တွယ်ပြီး ဝေဖန်သူတွေကို မခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ ရေးသားပြီး အယ်ဒီတာ့အာဘော်ကို အဆုံးသတ်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/131156

ဝင်ငွေရရန် ကချင်ရိုးရာခေါင်းပေါင်း ချုပ်လုပ်နေကြတဲ့ အမျိုးသမီးများ။ မိနစ်လေးငါးဆယ်ကြာ ချုပ်ရတဲ့ ခေါင်းပေါင်းတစ်ခုအတွက် ချုပ်ခ ကျပ်တစ်ရာ ရမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

မြစ်ကြီးနား (Myanmar Now) ။ ။ ရွယ်ဂျာဟာ ၂ဝ၁၁ ခုနှစ်ကသူတို့ ရွာအနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြား ကထွက်မပြေးဘဲ အိမ်မှာခြောက်လကျော် တင်းခံပြီးနေခဲ့ ပါတယ်။ ဒီနေရာမှာပဲမွေး၊ ဒီနေရာမှာပဲကြီးပြင်း၊လယ်ယာလုပ်တဲ့ ခင်ပွန်းသည်၊ ကလေးငယ်တစ်ဦး တို့နဲ့ အတူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာပါ။

“ဒါပေမဲ့ အာဏာပိုင်တွေက ကချင်တွေဆို KIA နဲ့ ပတ်သက်မှုရှိနေတယ်လို့ မြင်လာတယ်။ စီးပွားရေး၊ လူမှုရေးကြောင့် KIA ဆိုပြီးစွပ်စွဲရင် ဘာမှ စုံစမ်းစစ်ဆေးခြင်းမရှိဘူး။ ဖမ်းတာပဲ”လို့ ရွယ်ဂျာက ပြောပါတယ်။

ခင်ပွန်းသည် ဒီလိုလိမ်လည် တိုင်ကြားခံမှာ စိုးတာရယ်၊ အဲဒီတုန်းက သူ့မှာ ဒုတိယကလေးကို ကိုယ်ဝန်အရင့်အမာ လွယ်ထားရတာတို့ကြောင့် နောက်ဆုံးမှာတော့၂ဝ၁၂ ခုနှစ် မတ်လမှာ တာလော ကြီးရွာကနေ ကားနဲ့ နှစ်နာရီလောက် သွားရတဲ့ မြစ်ကြီးနားမြို့ကိုထွက်ခွာခဲ့ရတယ်။ စိန့်ပေါလ်ဂျန်မိုင် ကောင်း ဒုက္ခသည်စခန်းကို ရောက်ရှိပြီး နှစ်ပတ်အကြာမှာ သူတို့ရဲ့ ဒုတိယမြောက် ကလေးကို မွေးပါတယ်။

“ဒီနေရာမှာ ဒီလောက်ကြာကြာနေရမယ်လို့ မထင်ခဲ့ဘူး” လို့ သက်ငယ်၊ ဓနိတွေနဲ့ ကာရံထား ပြီး ဒုက္ခသည်စခန်းရဲ့ အစည်းအဝေးခန်းအဖြစ် အသုံးပြုတဲ့ နေရာမှာ သူက ပြောပြပါတယ်။ ဒီဒုက္ခ သည် စခန်းလေးဟာ ကစ်သလစ်ဘုရားရှိခိုးကျောင်းက တည်ထောက်ထားတဲ့ ကရုဏာမြန်မာ လူမှုကူ ညီရေး အသင်းရဲ့ အထောက်အပံ့တွေနဲ့ အဓိက ရပ်တည်နေတာဖြစ်ပြီး ဒီနှစ်ဆိုရင် ရွယ်ဂျာဟာ စခန်း တာဝန်ခံအဖြစ် ထမ်းဆောင်နေတာပါ။

သူတို့ရွာနားတိုက်ပွဲတွေ မဖြစ်တော့ပေမယ့် အစိုးရစစ်တပ်ရှိနေတာရယ်၊ အနှံ့အပြားထောင် ထားတဲ့ မိုင်းတွေ ဆက်ရှိနေတာ တွေရယ်ကို ကြောက်တာကြောင့် သူတို့ မိသားစု ရွာကို မပြန်ရဲကြ သေးပါဘူး။ ဒါပေမဲ့ နေအိမ်ကနေ့ စွန့်ခွာလာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ရွယ်ဂျာ့မှာ မျှော်လင့်ချက်တွေ ရှိလာပါပြီ။

“ကျွန်မ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက မဲမထည့်ခဲ့ဘူး၊ ကိုယ်ထည့်လည်း မထူးခြားဘူးဆိုပြီး တော့။ ဒီတစ်ခေါက်တော့ အစောကြီးအိပ်ရာကထပြီးမဲသွားပေးတယ်။ ထင်ထားတဲ့အတိုင်းဘဲ NLD နိုင်လို့ အရမ်းပျော်တယ်။ ငြိမ်းချမ်းရေးကိုဦးစားပေးမယ်လို့ ထင်ပါတယ်။ အများကြီးပြောင်းလဲ လိမ့်မယ်လို့ထင်တယ်” လို့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရည်ညွှန်းပြောပါတယ်။

ကျွန်မ တွေ့ဆုံပြောဆိုခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အားလုံးမှာ ဒီလိုမျှော်လင့်ချက်တွေ ရှိနေပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲပြန်စတာ ငါးနှစ်နီးပါး ရှိခဲ့ဖြစ်လို့ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရရှိအောင် အကောင်အထည်ဖော်၊ စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းပြီးရင် သူတို့အနေနဲ့ အိမ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

တစ်ဖက်နှင့်တစ်ဖက် ကာလရှည်ကြာ မကျေနပ်မှုများကြောင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ၁၇ နှစ်အကြာမှာ ပျက်စီးသွားခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာကနေ အရပ်သားတစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။ ငြိမ်းချမ်းရေးရဖို့ ကြန့်ကြာလာတာနဲ့အမျှ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ခိုလှုံကြတဲ့ ဒီစစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ယုံကြည်မှု ကျဆင်းလာကြပါတယ်။

“ဒီစခန်းတွေမှာနေရတာ ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေဟာ ငြီးငွေ့လာတယ်၊ အလုပ်အ ကိုင်ဆိုလည်း အနီးအနားမှာ မရှိဘူး။ လုပ်ကိုင် စားသောက်ဖို့ဆိုတော့လည်း မြေအခက်အခဲရှိတော့ အဆင်မပြေဘူး။ ပြည်ပက ကူညီတာတွေလည်း လျော့ကြလာတော့ တကယ်လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တာတွေ ရှိလာတယ်။ အားလုံးက မရေမရာဆိုတော့ ကူညီသူတွေလည်း လက်ပန်းကျလာတယ်၊ ဒုက္ခသည်တွေလည်းစိတ်ဓာတ်ကျလာတယ်”လို့ မေတ္တာဖောင်ဒေးရှင်းမှ ဒေါ်အိဖြူအောင်ကပြောပါတယ်။

ဒီဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံးသော NGO အဖွဲ့အစည်း တစ်ခုဖြစ် ပြီး ကချင်ပြည်နယ်က ဒုက္ခသည်တွေအပေါ် အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေကို ၂ဝ၁၁ ကတည်းက စတင် လုပ်ဆောင်နေတာပါ။ ဒီစခန်းတွေမှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တွေကလည်း ဖြစ်ပေါ်နေပါသေးတယ်။ ခင်ပွန်းသည်တွေက သူတို့ရဲ့ စိတ်မကျေနပ်မှုကို ဇနီးသည်အ ပေါ်မှာပုံချ၊ အကြမ်းဖက်တာတွေက အများဆုံးဖြစ်ပါတယ်လို့ ဒေါ်အိဖြူအောင်က ပြောပါတယ်။

မေတ္တာဖောင်ဒေးရှင်းက ဒုက္ခသည်စခန်း ၄၁ မှာ ၂ဝ၁၄၊ ဧပြီကနေ ၂ဝ၁၅၊ မတ်လအထိ ၁၅ လကြာကာလအတွင်းအမျိုးသမီးတွေ အကြမ်းဖက်နှိပ်စက်ခံရမှုပေါင်း ၅၈၃ ခုစာရင်းရရှိထားပါတယ်။
အဲဒီတော့ ဒီစစ်ရှောင် ဒုက္ခသည်တွေဟာ ရွေးကောက်ပွဲရလဒ်အပေါ် စိတ်တွေလှုပ်ရှားနေ တာဟာ အရမ်းအံ့သြစရာတော့ မဟုတ်ပါဘူး။

လေ့လာစောင့်ကြည့်သူတွေကတော့ တိုင်းရင်းသားပြည်နယ် ဒေသတွေမှာ NLD ပါတီအကြီးအကျယ် အနိုင်ရသွားတာကိုအံ့အားသင့်သွားကြပါတယ်။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် ၃ဝ မှာ ၂၂ နေရာ အတွက် NLD အနိုင်ရခဲ့သလို ပြည်နယ်လွှတ်တော်မှာလည်းနေရာထက်ဝက်ကျော် နိုင်တာကြောင့် ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့်တွေမှာအခိုင်အမာထောက်ခံမှုရရှိခဲ့တာပါ။

“မျှော်လင့်တာကအစိုးရအသစ်ကိုမျှော်လင့်နေတာပေါ့။ စစ်ပြေးတွေရော၊ အားလုံးရော၊ လူမျိုး ဘာသာ မခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ် လို့မျှော် လင့်တယ်” လို့ ဒေါ်ရွယ်ဂျာရဲ့ ဇာတိရွာမှ အသက် ၄ဝ အရွယ် ဒေါ်ဂါးခွန်ရာက ပြောပါတယ်။

ထိခိုက်သွားတဲ့ ဘဝတွေ

တိုက်ပွဲတွေ ပြန်လည်စဖြစ်ပြီးတဲ့နောက်ပိုင်း ဒုက္ခသည်စခန်းများဟာ နေရာအခက်အခဲ ဖြစ်လာသလို မိုးတွင်းမှာ ရေကြီးမှုကိုလည်း ကြုံတွေ့ရပါတယ်။ နွေရာသီမှာတော့ မခံမရပ်နိုင်လောက် အောင် ပူပါတယ်။ သူတို့အတွက် အကူအညီ အထောက်အပံ့တွေ ရရှိမှု နည်းလာသလို အနာဂတ် ဟာလည်း မသေချာပါဘူး။ ဒီဒုက္ခသည်တွေကို ကူညီဖို့ ဒေါ်လာသန်း ၄ဝ လိုအပ်နေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း အစားအစာ မပေးတော့ဘဲ ငွေစတင်ပေးနေပါပြီ။ အစိုးရရဲ့ ထိန်းချုပ်မှုအပြင်ဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်စခန်းတွေဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်မှာ ရှိနေပြီး အကူအညီရရှိမှုလည်း နည်းနေတာကြောင့် အခြေအနေတွေက ပိုမို ဆိုရွားနေတာပါ။ အခြေအနေတွေ သည့်ထက်ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေကြပါပြီ။

“ဒီမှာကတော့ ဝင်ငွေမရှိဘူး၊ ထွက်ငွေပဲရှိတယ်” လို့ အသက် ၄ဝ အရွယ် လတောင်ခွန်ရာက ပြောပါတယ်။ “ကျွန်မမှာ ကလေး ၈ ယောက်ရှိတယ်။ ကျွန်မယောက်ျားက မနှစ်က ဆီးချိုဖြစ် လို့…အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။ ဒီနေ့တော့ နေ့စားလုပ်ဖို့ဆိုပြီး သူငယ်ချင်းတွေနဲ့ ထွက်သွား လေရဲ့” လို့ ဆိုပါတယ်။ အလုပ်လုပ်ဖို့ သူတို့ ဝန်မလေးပေမယ့် အလုပ်အကိုင် အလွန်ရှားပါးတယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေက ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ် သွားလုပ်မယ် ဆိုရင် အများဆုံးအနေနဲ့ အမျိုးသမီးတစ်ဦးကိုတစ်နေ့ ကျပ်သုံးထောင်၊ အမျိုးသားဆိုရင် တစ်ဦးကို ခြောက်ထောင်လောက် ရတတ်တယ်။ အဲဒီလောက် မရတာလည်းရှိကြတယ်လို့ ဆိုပါတယ်။

“အလုပ်ရှင်တွေက နှိမ်ကြတယ်။ 'နင်တို့က အကူအညီရနေတာ။ ၂,ဝဝဝ ပဲပေးလည်း ရတယ်' လို့ပြောတယ်။ ကျွန်မတို့က ချေးများလို့ မရဘူး”လို့ ဒေါ်ဂါးခွန်ရာက ပြောပါတယ်။ အနည်းငယ်ပိုကြီး တဲ့ ဇီအွန်စခန်းမှာတော့ ဒုက္ခသည် ၇၁ဝ လောက်ကို ကချင်နှစ်ခြင်း အဖွဲ့က အဓိက ကူညီထောက်ပံ့ ထားပါတယ်။ အမျိုးသမီးတွေက ကချင်ရိုးရာ ခေါင်းပေါင်းလေးတွေကို ချုပ်ပြီး ကလေးတွေကို ထိန်းရင်း ဝင်ငွေရှာပါတယ်။ ခေါင်းပေါင်းတစ်ခုကျပ် ၁ဝဝ ရဖို့အတွက် မိနစ် ၄ဝ ကနေ ၅ဝ အထိ ကြာမြင့်တတ်ပါတယ်။

လူငယ်တွေကတော့ ကျောင်းကထွက်ပြီး ဝင်ငွေရမယ့် အလုပ်ကို ရှာလုပ်နေကြပါတယ်။ အသက် ၂ဝ အရွယ် ဇော်ဖန်းကတော့ သူ့အနေနဲ့ အထက်တန်းပြီးအောင် ကျောင်းဆက်တက်ချင် တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆယ်တန်းစာမေးပွဲ ကျပြီးတဲ့နောက်မှာ ပညာရေးကို စွန့်ခွာပြီး အခြားတစ်မြို့မှာ လယ်အငှား သွားလုပ်နေပါတယ်။ သူလည်းပဲ ရွေးကောက်ပွဲတုန်းက မဲမပေးခဲ့ပါဘူး။
“နိုင်ငံရေး စိတ်မဝင်စားတာလဲ ပါတယ်၊ အလုပ်မအားလို့ မလာဖြစ်တာလည်း ပါတယ်။ ဒါပေ မယ့် အပြောင်းအလဲကိုတော့ မျှော်လင့်နေပါတယ်။ ဘာဖြစ်မလဲတော့ မှန်းလို့မရဘူး”လို့ ဆိုတယ်။

ဖျောက်ဖျက်ဖို့ မလွယ်တဲ့ ဒဏ်ရာတွေ

မျှော်လင့်ချက်တွေ အရမ်းမကြီးဖို့ အကူအညီပေးရေး ဝန်ထမ်းတွေက သတိပေးထားပါတယ်။ “အစိုးရအသစ် တက်ရင်လည်း ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း အရမ်းကြီး ပြောင်းသွားမယ် မထင်ဘူး။ နိုင်ငံရေးအခြေအနေ ကောင်းသွားလို့ ပြန်လို့ရပြီဆိုရင်တောင် အရင်ကအတိုင်း လုပ်ကိုင်စားသောက် နိုင်ဖို့အတွက် အကူအညီကတော့ ကျွန်မတို့ လုပ်ပေးနေရဦးမှာပဲ”လို့ မေတ္တာဖောင်ဒေးရှင်း ကဒေါ်အိဖြူအောင်က ပြောပါတယ်။

အိမ်ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့ဖူးတဲ့ ကလေးလေးယောက်အမေ အသက် ၃၉ နှစ်အရွယ် ဒေါ်လုဆန်ကတော့ ထွက်ပြေးလာပြီးလအနည်းအကြာမှာ မြစ်ကြီးနားမြို့ရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ သူတို့အိမ်ကိုဒုက္ခသည်စခန်းကနေခဏပြန်သွားဖို့အတွက် ထောက်ခံချက်တွေ၊ ခွင့်ပြုချက်တွေ အများကြီးယူပြီး ကြိုးပန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ သူကရွာမှာဆိုင်ကိုရော၊ တင်းပေါင်းရာနဲ့ချီ ကျန်ခဲ့တဲ့ စပါးတွေကိုရောစွန့်ခွာပြီးထွက်ပြေးခဲ့ရသူပါ။

“ဘာမှမကျန်ဘူး။ စပါးတွေလည်းအကုန်ကုန်။ ပစ္စည်းအကောင်းတွေဆိုအကုန်ယူသွားကြတာ။ နောက်မှကြားတာကစစ်တပ်ကယူသွားတယ်လို့ ပြောကြတယ်” လို့ သူက အသံတွေတုန်လာရင်း ပြောပြပါ တယ်။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကိုလည်းပျောက်ကင်းအောင် ကုသဖို့ လိုနေပါတယ်။ သူငယ် ချင်းတွေနဲ့ မိသားစုတွေ ဆုံးရှုံးခဲ့ရသလိုအားလုံးနီးပါးမှာလက်ဗလာဖြစ်နေပါပြီ။ သူတို့ ရွာအနီးနားနဲ့ တစ်ရွာတည်းနေတဲ့သူတွေ နှိပ်စက်ခံရတာ၊ ဒုက္ခိတဖြစ်သွားတာ၊ အသတ်ခံရတာတွေကို ကြားသိနေ ရပါတယ်။ အများစုကအစိုးရစစ်တပ်ကြောင့် ဖြစ်ပွားရတာဆိုတဲ့ သတင်းတွေကြောင့်လည်း အစိုးရတပ် တွေ အပေါ်မှာ ရွံကြောက်ကြီးဖြစ်နေသလို အခြားတိုင်းရင်းသားတွေလည်း စုပေါင်းနေထိုင်တဲ့ ဒီရွာ တွေမှာ အချင်းချင်းယုံကြည်မှုတွေ ပျောက်ဆုံးနေပါပြီ။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဦးကွမ်ဘောလကတော့ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် စစ်အစိုးရက တိုင်းရင်းသားတွေအပေါ်မှာဒီလိုနှိုပ်စက်ခဲ့တာတွေကို ကြားခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်း၊ ကချင်၊ ဗမာတိုင်းရင်းသားတွေနေထိုင်တဲ့ သူတို့ရွာမှာတိုက်ပွဲတွေမဖြစ်ခင်က ပြည်သူတွေဟာတစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတို့ဟာ လည်း လမ်းကလေးသာခြားပြီး ရင်းရင်းနှီးနှီး ရှိကြတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ရွာအများအပြားမှာ KIA ရဲ့ အန္တရာယ်ကကာကွယ်ဖို့ ရှမ်းနဲ့ ဗမာတိုင်းရင်း သားတွေဟာ အစိုးရပေးထားတဲ့ လက်နက်တွေရရှိပြီး ပြည်သူ့စစ်တွေ ဖြစ်နေပါပြီလို့ စစ်ဘေးရှောင် ဒုက္ခသည်များက ပြောပါတယ်။ ဒေါ်လုဆန်ကတော့ NLD နဲ့ ယခုနေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မေတ္တာရပ်ခံပေးပါလို့ ပြောလိုက်ပါတယ်။

“၇ နှစ်ဆိုတော့ ရွာတွေလည်းပျက်ကုန်ပြီ။ ကလေးတွေရှေ့ရေးလည်းမကောင်းဘူး။ စစ်ရှောင် တွေလည်း အရမ်းဒုက္ခရောက်တယ်။ ချထားတဲ့ စစ်တပ်တွေလည်း အမြန်သိမ်းပေးပါ။ နောက်ပြီးပြန် လည်နေရာ ချထားရေး၊ မိုင်းရှင်းပေးရေးတွေလည်း လုပ်ပေးပါ။ ကျွန်မတို့က အရမ်းပြန်ချင်ပြီ”

Mizzima - News in Burmese

“ဦးကျော်မြင့် က ဘာပြောသလဲဆိုတော့ အဲဒီမှာရှိတဲ့ စခန်းမှူးတယောက်ကို မဲပေါက်စေချင်တယ် ပြောတယ်၊ စီစဉ်ပေးပါဆိုလို့ စီစဉ်ပေးရတာ။ စီစဉ်ပေးရတာလည်း မဲလာနှိုက်သူကို လက်ဆွဲနှုတ်ဆက်ချိန် မဲလိပ်ကို နှိုက်မယ့်သူလက်ထဲ ထည့်ပေးလိုက်တယ်။ Park Royal မှာ ကားမဲပေါက်တဲ့သူတွေ၊ ကံစမ်းမဲကြီးတွေပေါက်တဲ့သူ တွေကလည်း သူ့အမျိုးတွေထဲကပဲ။”
------ ------ ------ ------ ------

''ကိုတင့် Thank You တခွက်''ဟု နေ့လယ်ခင်း ထမင်းစားပြီးချိန် ကော်ဖီတခွက်သောက်လေ့ရှိသဖြင့် မိမိရုံးနှင့် မလှမ်းမကမ်းတွင် ဖွင့်သည့် ကိုတင့်လက်ဖက်ရည်ဆိုင်သို့ရောက်တိုင်း မှာနေကျစကားပင် ဖြစ်သည်။ ခါတိုင်း ဆိုလျှင် နက်(စ)ကော်ဖီသာ သောက်လေ့ရှိသော်လည်း လတ်တလော၌ ကံစမ်းမဲပါသည်ဟုဆိုသောကော်ဖီကို ပြောင်းလဲသောက်လာခဲ့ရာ ရက်သတ္တပတ် အတန်ပင်ကြာခဲ့သော်လည်း မည်သည့်ကံစမ်းမဲမျှမပေါက်ဘဲ Thank You သာပါသောကြောင့် ထိုသို့မှာရခြင်းပင် ဖြစ်သည်။
ထိုကံစမ်းမဲပါသည်ဆိုသည့် ကော်ဖီအား မိမိက Thank You ဟု အမည်ပေးထားခြင်းမဟုတ်ဘဲ ဆိုင်ရှင် ကိုတင့်ကိုယ်တိုင် Thank You ကော်ဖီဟု အမည်ပေးထားသောကြောင့်ပင် ဖြစ်သည်။ ကိုတင့်၏ အဆိုကား ''ကျုပ် အဲဒီကော်ဖီကို အထုပ်ကြီး ၁၅ ထုပ်လောက်ဖောက်တာမှာ ပေါက်မဲက တထုပ်ပါတယ်။ အထုပ် ၂၀ ကျော်မှ နောက်တထုပ် ထပ်ပေါက်တယ်။ ပေါက်မဲကလည်း ကော်ဖီတခွက်ပဲလေ။ ဒီကော်ဖီကိုမှ Thank You နာမည်မပေးရင် ဘယ်ကော်ဖီကို အမည်ပေးရမလဲ''ဟု ဆိုလေ၏။ ထိုသို့ အထုပ် ၂၀ ကျော်ရောင်းချပြီးချိန်မှ ကော်ဖီနှစ်ခွက်သာပေါက်သောကြောင့် ကိုတင့်ကိုယ်တိုင် လက်ကီးမကောင်းသည်ပင်ဖြစ်မည်ဟု ပြောမိ၏။ ထိုသို့မဟုတ်ကြောင်း ၎င်းတို့လက္ကားဝယ်သည့် ဆိုင်ရှင်ကိုယ်တိုင်ပင် ပေါက်မဲလာရောက်လဲသူ လွန်စွာနည်းပါး သည်ဟု သတင်းစကားပါးလိုက်သည်ဆိုသောကြောင့် ကံစမ်းမဲများအား သံသယ၀င် မိချေတော့၏။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း ကံစမ်းမဲသောင်းကျန်းနေမှုအား အသေအချာစေ့ငုလျှင် တီဗွီအစီအစဉ်များမှာပင် ယမကာအထိ ကံစမ်းမဲ လွှမ်းမိုးနေလေသည်။ ကံစမ်းမဲများတွင် အရက်၊ ဘီယာ၊ ကော်ဖီမစ်၊ ဆပ်ပြာမှုန့်၊ ဟင်း ခတ်မှုန့်မှစတင်ပြီး မိုဘိုင်းလ်အော်ပရေတာအထိ အပြိုင်အဆိုင် ကံစမ်းမဲများဖြင့် စားသုံးသူများအား ဆွဲဆောင် နေရာ ကံစမ်းမဲပေးသည့်ကုမ္ပဏီများ၏ ရိုးသားမှုရှိမရှိ မည်သည့်စံနှုန်းများဖြင့် အကဲဖြတ်ကြကုန်အံ့နည်း။
တခါက Father Land ကုမ္ပဏီမှ တိုက်ခန်းများ ၀ယ်ယူသူများအား ကံစမ်းမဲဖောက်၍ ဆုမဲများစွာပေးလေသည်။ ဗလာမပါကံစမ်းမဲဖြစ်သည့်အလျောက် အမြင့်ဆုံးဆု မော်တော်ကားအပါအ၀င် အနိမ့်ဆုံး အီတလီနိုင်ငံလုပ် ဟုဆိုသော ကြွေပန်းအိုးများပါ ပါဝင်သည်။ ကံစမ်းမဲ မဲနှိုက်ပွဲကိုလည်း Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် ခမ်းနားစွာ ကျင်းပသည်။ နာမည်ကျော်အစီအစဉ်တင်ဆက်သူများဖြင့် စနစ်တကျ ကျင်းပမည်ဟု ထင်ရသည်။ သို့သော် နောက်ကွယ်ကကိစ္စများသည် ထင်သလောက်မရိုးဖြောင့်ကြောင်းကိုကား အချိန်များစွာကြာမြင့်မှ သိရ သည်။
Father Land ကုမ္ပဏီဈေးကွက် အရောင်းမြှင့်တင်ရေးကြော်ငြာအားကောင်းခဲ့သလို ကံစမ်းမဲလည်း တတပ် တအားပင်။ ယင်းအကြောင်း အသေးစိတ်သိရှိသ Father Land ကုမ္ပဏီတွင် သုံးနှစ်ကျော် အလုပ်လုပ်ခဲ့ဖူးသူက ယခုကဲ့သို့ ရှင်းပြသည်။
''တောင်ကြီးမှာ တိုက်ခန်းအရောင်းမြှင့်တင်ရင်း ဆိုင်ကယ်ကံစမ်းမဲတွေ ဖောက်ပေးတယ်။ အဲဒီမှာ ဦးကျော်မြင့် က ဘာပြောသလဲဆိုတော့ အဲဒီမှာရှိတဲ့ စခန်းမှူးတယောက်ကို မဲပေါက်စေချင်တယ် ပြောတယ်၊ စီစဉ်ပေးပါဆို လို့ စီစဉ်ပေးရတာ။ စီစဉ်ပေးရတာလည်း မဲလာနှိုက်သူကို လက်ဆွဲနှုတ်ဆက်ချိန် မဲလိပ်ကို နှိုက်မယ့်သူလက်ထဲ ထည့်ပေးလိုက်တယ်။ Park Royal မှာ ကားမဲပေါက်တဲ့သူတွေ၊ ကံစမ်းမဲကြီးတွေပေါက်တဲ့သူ တွေကလည်း သူ့အမျိုးတွေထဲကပဲ။ ဘယ်သူက စနစ်တကျလိုက်စိစစ်နိုင်မှာမို့လဲ''ဟု သူ၏အတွေ့အကြုံကို ပြောပြသည်။

သို့သော် လက်ရှိကံစမ်းမဲပေးနေသည့် ကုန်ပစ္စည်းကုမ္ပဏီများမှာတော့ ထိုကဲ့သို့လုပ်မည်မထင်။ ဒါပေမဲ့ အတိအကျ အာမခံပေးနိုင်မှုအတွက်လည်း မယုံရဲပေ။ ကံစမ်းမဲကုမ္ပဏီများ ကြွေးကြော်သကဲ့သို့ စားသုံးသူ များအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့်ဆိုသောအဆိုသည်ကား အမှန်တကယ် ကျေးဇူးတုံ့ပြန်ရာရောက် မရောက် မေးခွန်းထုတ်ရမည် ဖြစ်သည်။
ဈေးကွက်စီးပွားရေးပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ မြန်မာ ပြည်တွင်းရောင်းချသည့်ကုန်ပစ္စည်း အများစု သည် ကံစမ်းမဲမပါမဖြစ်ပါရမည်ဆိုသကဲ့သို့ ဖြစ်နေ၏။ စားသုံးသူကို ကျေးဇူးတုံ့ပြန်သည်ဟုဆိုကာ ဈေးကွက် အရောင်းမြှင့်တင်လိုမှုဖြင့် ကံစမ်းမဲများ အပြိုင်ပေးကြသည်။
အမှန်တကယ် စားသုံးသူအား ကျေးဇူးတုံ့ပြန်လိုပါက မိမိရောင်းချသော ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်း မွန်အောင် အစားအသောက်ဆိုပါက ကျန်းမာရေးနှင့်ညီညွတ်စေရန်၊ မိုဘိုင်းလ်အော်ပရေတာများ ဆိုလျှင် ခေါ်ဆိုခများ လျှော့ချရန်၊ အင်တာနက်သုံးစွဲခများ လျှော့ချရန်နှင့် ဆက်သွယ်မှုကွန်ရက်ကျယ်ပြန့်ရန် လုပ်ဆောင်သင့်ပေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က အောင်ဘာလေထီဆုဖွင့်ပွဲနှင့် ပတ်သက်၍ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်း တထောင်ပေါက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ ပေးမည်ဟု ထီရောင်းချသည့်ကုမ္ပဏီများ အပြိုင်အဆိုင် ကြော်ငြာကြလေသည်။ ယင်းကဲ့သို့ အစိုးရအောင်ဘာလေထီအား ကံစမ်းမဲဖြင့် ဆွဲဆောင်နေသောကြောင့် ထီလက်မှတ်များဈေးနှုန်း ကြီးမြင့်နေရခြင်းအား လွှတ်တော်တင်ပြီး ဆွေးနွေးခဲ့ရာ ထီလက်မှတ်များအား ကံစမ်း၍ ရောင်းချခွင့်ပိတ်သိမ်းခဲ့သည်။
ယခုကဲ့သို့ မြန်မာပြည်တွင် ကုန်ပစ္စည်းတိုင်း သဲသဲလှုပ် ကံစမ်းမဲများဖြင့် ဆွဲဆောင်ရောင်းချနေခြင်းသည် တရား ၀င်ခြင်းရှိမရှိ လေ့လာကြည့်ရာ ၁၉၈၇ ခုနှစ် ဇွန် ၂၃ ရက် အမိန့်ကြော်ငြာစာအမှတ် ၁/၈၇ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် လောင်းကစား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြင့် ငြိစွန်းနေ သည်ကိုတွေ့ရသည်။ ထိုဥပဒေ၌ လောင်းကစားအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အခန်း(၁) ပုဒ်မ ၂-က ၌ ''လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတခုခုတွင်ပါဝင်ပြီး ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘော တူပြီးဖြစ်သော ပစ္စည်းတစုံတရာအတွက်လည်းကောင်း၊ အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုသည်''ဟု ဖွင့်ဆိုထားသည်။

ထိုကဲ့သို့ ကံစမ်းခြင်းအမှုသည် ဥပဒေနှင့်မလွတ်ကင်းသော်လည်း ကျွန်တော်တို့၏ နေ့စဉ်လူမှုဘ၀ထဲတွင် ကံစမ်းခြင်းဖြင့် ဆွဲဆောင်ခံရသည့်ကိစ္စများ အလွန်အကျူးကြုံတွေ့နေရ၏။ အရေးယူမည့်သူ မရှိသကဲ့သို့ ကောင်းကျိုးဆိုးကျိုး ဝေဖန်ဆန်းစစ်သူလည်းမရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂတာဝန်ရှိသူတဦးကလည်း ''ကျွန်တော်တို့နိုင်ငံက ကံစမ်းမဲက လွန်ကိုလွန်နေပြီ။ နိုင်ငံတကာမှာဆို အထိမ်းအမှတ်ပွဲတခုခုအတွက် ပျော်ရွှင်စရာလက်ဆောင်လောက်ပဲပေးတာ။ ကျွန်တော်တို့ကတော့ ကံစမ်းမဲပေးတဲ့ပစ္စည်းဆို မ၀ယ်ဘူး။ စားသုံးသူဆီက ငွေကြေးနဲ့ ပြန်ပေးတာဖြစ်လို့ တကယ်စားသုံးသူကို အကျိုးပြုချင်ရင် ကိုယ့်ပစ္စည်းကို အရည်အသွေးပြည့်မီအောင်လုပ်ပြီး ဈေးသက်သာအောင် လုပ်သင့်တယ်''ဟု ဆိုသည်။

လက်ရှိစီးပွားရေးလုပ်ငန်းကြီးများ ဆွဲဆောင်နေသော ကံစမ်းမဲသည် စားသုံးသူအကျိုးအတွက် အမှန်တကယ် ပြုလုပ်ခြင်းလား၊ တရားဥပဒေအပေါ် လက်တလုံးခြား လုပ်ဆောင်နေခြင်းလား စိစစ်သင့်ပေသည်။
သို့မဟုတ်ပါက ကံစမ်းမဲသည် ကုမ္ပဏီကြီးများ၏ အမြတ်ခွန်ကို ရှောင်ရှားသည့်လမ်းကြောင်းအဖြစ် တိုင်းပြည်နှင့်လူမျိုးအပေါ် လှည့်ဖြားနေခြင်းသဘောထက် ပိုမည်မဟုတ်ပေ။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

yawd-serk-press-620.jpg RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းနေစဉ်
Photo: Aung Moe Myint/RFA


ဆွစ်ဇာလန်နိုင်ငံက ဖက်ဒရယ်စနစ်ကျင့်သုံးပုံတွေ၊ အုပ်ချုပ်ရေးနည်းစနစ်တွေ၊ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးစနစ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဆွေးနွေးဖို့အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကတဆင့် ဆွစ်ဇာလန်နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။

ခရီးစဉ်မှာပါဝင်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်း က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ဆွစ်ဇာလန်နိုင်ငံနဲ့ အခု ကျနော်တို့ ရှမ်းပြည်နဲ့က ပထဝီအနေအထားအရ ခပ်ဆင်ဆင်ဆိုတော့ သူတို့ကျင့် သုံးနေတဲ့ ဖက်ဒရယ်စနစ်ဟာ ကျနော်တို့ ရှမ်းပြည်အတွက် ဘယ်လိုအထောက်အကူ ပြုနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ သွားလေ့လာဖို့ပါ၊ ပထမဦးဆုံးကျတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ဆုံ မှာဖြစ်ပါတယ်၊ ဆွစ်ဇာလန်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်ပေါ့နော် သူတို့ရဲ့ သမိုင်းကြောင်းတွေ သူတို့ရဲ့ နိုင်ငံရေး စနစ်မှာဘယ်လို လည်ပတ်တယ်၊ နောက်ပြီးတော့ သူတို့ရဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံအဆင့်ဆင့် ဘယ်လိုရှိတယ် ဆိုတဲ့အကြောင်းကို သူတို့ရှင်းပြမှာဖြစ်ပါတယ်"

ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ဒီခရီးစဉ်မှာ RCSS အဖွဲ့ရဲ့ နိုင်ငံရေး အတိုင်ပင်ခံတွေဖြစ်ကြတဲ့ ကြောက်ဝ် ခွန်ဆိုင်း၊ ကြောက်ဝ် ပင်းခမ်း၊ RCSS အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်း၊ နိုင်ငံခြားရေးဌာနက အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ယွက်မိဏ်း စတဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/rcss-go-to-switzerland-01152016215041.html

အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဟု ကြွေးကြော်နေသူများက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်သည့် ကျောင်းသား များအပေါ် သဘောထား မကြီးနိုင်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် များအပေါ်တွင် လည်း သဘောထားကြီးနိုင်ပါ့မလားဆိုသည် မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်းဖမ်းဆီးခံ ကျောင်းသားများအရေးလိုက်ပါ ဆောင်ရွက်ပေး နေသောတရား လွှတ်တော်ရှေ့နေ ဦးဌေးက ဇန်န ၀ါရီ ၁၂ ရက်တွင် မြန်မာသံတော် ဆင့်သို့ပြောသည်။

ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်းမှ ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ)တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး ၁၀ လကျော် ကြာသည့် တိုင်အောင် တရားရင်ဆိုင်နေကြရခြင်း၊ ဖမ်းဆီးခံကျောင်းသားများ ဘက်မှ ဥပဒေနှင့်မညီဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် လုံခြုံရေးရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများကို ပြန်လည်တရားစွဲဆိုရန် ကြိုးပမ်းမှုကို တရားရုံးက ပယ်ချခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““ကိုမင်းသွေးသစ်ကို လမ်းမတော်နဲ့ ကမာရွတ်က ပုဒ်မ ၁၈ထပ်တိုးတယ်လို့ကြားတယ်။ ပုဒ်မတွေ ထပ်တိုး တာက အကုန်လုံး နီးပါးတိုးနေကြတာပဲ။ ဒီနေ့မှာကို ကျော်ကိုကို မျက်ကွယ်မှာ စစ်ခဲ့တဲ့ ထွက်ချက်တွေကို ပြန်စစ်တာ။ တရားလိုရဲမှူးကို စစ်တာမပြီးသေးဘူး။ လွတ်ငြိမ်းချမ်းသာ ခွင့်ထုတ် ပြန်ပေးသင့်ပါပြီ။ အမှုက ကြာ နေပြီလေ။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးတဲ့သူတွေကို အရေးမယူဘဲနဲ့ အမျိုးသားပညာရေး ဥပဒေ ပြင် ဆင်ဖို့ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို အရေးယူတာမသင့်ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်း ရေးတွေ ပြောနေတဲ့ သူတွေက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေ အပေါ်မှာ သဘောထားမကြီးနိုင်တာက တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာလည်း သဘောထားကြီး နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်””ဟု ဖမ်းဆီးခံကျောင်း သားများအရေး လိုက်ပါဆောင် ရွက် ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးဌေးကပြောသည်။

ထို့ပြင် သာယာဝတီမြို့နယ် တရားရုံးကကိုမြကြီးနှင့် ကိုထိန်လင်းအောင်တို့၏ အာမခံလျှောက် ထားမှုကို ၃၂ ကြိမ်မြောက် ရုံးချိန်းတွင် ပယ်လိုက်သောကြောင့် ၃၃ ကြိမ်မြောက် ရုံးချိန်းတွင် သာယာ ၀တီခရိုင် တရားရုံးသို့ အာမခံဆက် လျှောက်ထားခဲ့ရာ ဇန်န၀ါရီ ၁၉ ရက်တွင် အဆိုပါ အာမခံအား ခရိုင်တရားရုံးက အမိန့်ချမည်ဖြစ် သည်။

““ခရိုင်တရားရုံးကို ဆက်တက်ထားတဲ့ကိစ္စကို ၁၉ ရက်နေ့မှာ အမိန့်ချမယ်။ ၀န်းရံပြည်သူ ကိုဘိုဘိုမျိုးက ဒီနေ့ ရုံးချိန်းမှာ အစာအိမ်ရောဂါဖြစ်နေလို့ သာယာဝတီဆေးရုံမှာ သွားပြရတယ်။ သာယာဝတီဆေးရုံ က ထောင် ဆေးရုံကို ပြန်လွှဲတယ်။ အရင်က ကျန်းမာရေးမကောင်းရင် သာယာဝတီဆေးရုံမှာ တက်ရတယ်။ လိုအပ်မှ ရန်ကုန်ဆေးရုံကြီးကို လွှဲတယ်။ အခုက ထောင်ဆေးရုံရဲ့ ထောက်ခံချက်ပါမှ အပြင်ဆေးရုံ မှာ ပြသခွင့်ရမှာ””ဟု ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၏ ကျန်းမာရေးနှင့် အာမခံကိစ္စ လိုက်ပါဆောင်ရွက်ပေး နေသော တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောသည်။

၃၄ ကြိမ်မြောက် ရုံးချိန်းတွင် နော်ဝေသံရုံးနှင့် နော်ဝေနိုင်ငံ ကျောင်းသား သမဂ္ဂအဖွဲ့အစည်းမှ ကျောင်းသားများ လာရောက်ခဲ့ပြီး သပိတ်အကြမ်း ဖက်ဖြိုခွင်း ဖမ်းဆီးခံရစဉ် အခြေအနေများ၊ ဗကသများ အဖွဲ့ချုပ်၏ မူဝါဒများ အပါအ၀င် ထောင်တွင်းကြုံတွေ့နေရ သည့် အခြေအနေများကို ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအမှု၏ ၃၅ ကြိမ်မြောက် ရုံးချိန်းကို ဇန်န၀ါရီ ၁၉ရက်သို့ ချိန်းဆိုထားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှုများအနက် အထင်ကရတခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့ ကြောသည် အင်အားကြီးငလျင်များ တကျော့ပြန်လှုပ်ခတ်လာနိုင်သည့် အချိန်နီးကပ်လာလျက်ရှိခြင်းကြောင့် သတိထားရမည့် အခြေအနေတွင်ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးသူရအောင် က News Watch ဂျာနယ်သို့ပြောသည်။ ဇန်န၀ါရီလ ၁၂ ရက် ည ၉ နာရီခွဲခန့်က ရစ်ခ်ျတာစကေး ပမာဏ ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တခုသည် ရန်ကုန်မြို့၏ တောင်ဘက်ကမ်းခြေတ၀ိုက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ကြောင်း သိရသည်။ ထိုသို့ လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအားပမာဏ ၃ ဒသမ ၈၊ ၃ ဒသမ ၆ နှင့် ဇန်န၀ါရီလ ၁၃ ရက် နံနက် ၁ နာရီ ၄၁ မိနစ်ခန့်တွင် ပြင်းအားပမာဏ ၂ ဒသမ ၈ ပမာဏ အဆင့်ရှိ နောက်ဆက်တွဲငလျင် ငယ်များပါလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုလှုပ်ခတ်မှုသည် မြန်မာနိုင်ငံ၏ တောင်ဘက်ရှိ ပင်လယ်ပြင်အတွင်း ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း ပြတ်ရွေ့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။
''ပမာဏ အငယ်လေးတွေ လှုပ်တာကတော့ ပညာပိုင်းဆိုင်ရာ သဘောမှာတော့ ငလျင်ကြီးတွေမဖြစ်ဖို့ ရပ်တန့် သွားဖို့ မရှိဘူးပေါ့။ အသေးလေးတွေ အများကြီးလှုပ်လာတယ်။ ဥပမာ ပြင်းအား ပမာဏလေးဝန်းကျင်နဲ့ လေးအကျော် အဆင့်တွေ လှုပ်လာခဲ့ရင်တော့ ငလျင်ကြီး လှုပ်လာနိုင်တယ်ဆိုတဲ့ သဘောကို ပေါ်လွင်နေပါ တယ်။ ဒါတွေက ဘယ်သူမှ ပုံမှန်တွက်ချက်လို့ မရဘူး။ သတိထားသင့်ပါတယ်''ဟု ဦးသူရအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၃၀ ခုနှစ်ခန့်က ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တခု ပဲခူးမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးမှုများစွာရှိခဲ့သည်။ ထိုနောက် ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်များ ထပ်မံ လှုပ်ခတ်ခြင်းမရှိခဲ့ကြောင်း သိရသည်။ သုတေသနပြုလုပ်ချက်များအရ စစ်ကိုင်းပြတ်ရွေ့၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်စေသော အင်အားပြင်း ငလျင်တခုသည် နှစ်တရာဝန်းကျင်ခန့်၌ ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သတိပြုရန် လိုအပ်ကြောင်းလည်း အကြံပြုပြောဆိုထားသည်။

''ပြတ်ရွေ့ကတော့ ငလျင်ကြီးတွေကို နှစ်တရာအတွင်းမှာ မဖြစ်ပေါ်သေးတာရယ်၊ တဖန်ဖြစ်လာနိုင်တဲ့အချိန် ကတော့ သုတေသနအချက်တွေနဲ့ နီးကပ်လာပါပြီ။ ငလျင်ဆိုတာကတော့ ကြိုလည်း မသိနိုင်ဘူး။ တားဆီးလို့ ရှောင်လွှဲလို့ မရပါဘူး''ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်းပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းကြောင်း ဆူနာမီဖြစ်ပေါ်နိုင်မှုကို ပြည်သူများအကြား စိုးရိမ်မှုများရှိခဲ့ကြောင်း သိရသည်။

''လှုပ်တဲ့ပမာဏနည်းတယ်ဆိုရင်တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပြင်းအား ပမာဏ ၇ အဆင့်ဝန်းကျင်နဲ့ ပင်လယ်ပြင် ကို ဗဟိုချက်ထားပြီး လှုပ်ခဲ့ရင် ကမ်းခြေနဲ့ နီးခဲ့ရင်စတဲ့ အခြေအနေတွေကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်နိုင်တယ်'' ဟု ဦးသူရအောင်က ပြောသည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်ပိုင်းကို ပိုင်းခြားထားပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှ ပဲခူးမြို့နှင့် ရန်ကုန်မြို့၏ အရှေ့ဘက်ခြမ်း ခရမ်း၊ သုံးခွမှတဆင့် ကပ္ပလီပင်လယ်အော် အတွင်းသို့ ၀င်ရောက်သွားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အရှေ့အနောက်ပိုင်းခြားထားသည့် သဏ္ဌာန်ရှိ သည့် အဆိုပါ မြေလွှာနှစ်ချပ်သည် တောင်/မြောက် ဆန့်ကျင်ဘက် ရွေ့လျားကာ ငလျင်လှုပ်ခတ်မှုကို ဖြစ်ပေါ် ခြင်းဖြစ်ကြောင်း သိရသည်။

''စစ်ကိုင်းပြတ်ရွေ့က ရန်ကုန်နဲ့ လှမ်းတယ်ဆိုပေမယ့် အကွာအဝေး၊ ပြတ်ရွေ့ရဲ့သဘော၊ မြေထုအခြေအနေ တွေအရ ပင်လယ်မဟုတ်ဘဲ မြေထုပိုင်းမှာ လှုပ်ခတ်လာရင်တော့ ရန်ကုန်မြို့မှာ တော်တော်လေး ထိခိုက်နိုင်ပါ တယ်။ အဓိကတော့ အဆောက်အအုံပါပဲ။ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေရှိဖို့နဲ့ စနစ်တကျ စစ်ဆေးဖို့ တွေ လိုအပ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံကဲ့သို့ ငလျင်ဘေးအန္တရာယ်ကျရောက်သည့် နိုင်ငံမဟုတ်သော်လည်း အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ငလျင်အန္တရာယ်ကျရောက်နိုင်မှု အန္တရာယ်ပိုရှိပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေ နိုင်သည့် အခြေအနေမျိုးတွင်ရှိကြောင်း သုံးသပ်ကြသည်။

''စစ်ကိုင်းပြတ်ရွေ့တလျောက်မှာ ပြင်းအားပမာဏများများ လှုပ်ခဲ့ရင်တော့ ထိခိုက်နိုင်တာပဲလေ။ ပြတ်ရွေ့ရဲ့ ထိပ်ပိုင်းဒေသ သပိတ်ကျင်းလိုမျိုးလှုပ်ခဲ့ပြီး ပျက်စီးမှုတွေရှိခဲ့တာပဲ။ ခုနပြောသလို လှုပ်ခတ်မှု ပြင်းအားများရင် ထိခိုက်မှာပဲ။ အဲဒီတော့ သတိကတော့ အမြဲရှိဖို့လိုပါတယ်။ သဘာဝဘေးအန္တရာယ်အနေနဲ့ကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း ပဲခူး ဖြူးလိုဒေသရယ်၊ တောင်ဘက်ပိုင်းတွေမှာ လှုပ်ဖို့တော့ အလား အလာရှိပါတယ်''ဟု ဦးသူရအောင်က ပြောသည်။

မင်းဗညား

[youtube src="WXTNHwOlr-4"/]

ကမာရွတ်မြို့နယ် တရားရုံးမှာ အမျိုးပညာရေး ဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ဗကသဥက္ကဌ ကိုကျော်ကိုကို အပါအ၀င် ကျောင်းသားလေးဦးနဲ့ ၀န်းရံပြည်သူ တစ်ဦးတို့ကို ဇန်န၀ါရီလ ၁၅ ရက်နေ့က ပုံမှန်ရုံးထုတ်ခဲ့ပါတယ်။

အဲဒီရုံးချိန်းမှာ ၂၀၁၄ခု နှစ်၊ နိုဝင်ဘာလ အတွင်း နာရေးကူညီမှုခန်းမမှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသားထု အရေးပေါ် အစည်းအဝေး လုပ်ခဲ့တဲ့ အကြောင်းအရာအခွေကို ရန်ပုံငွေရရှိဖို့ မြို့တော်ခန်းမ အနီးမှာ ကျောင်းသားတွေရောင်းချခဲ့တာနဲ့ ပတ်သတ်ပြီး လက်ရှိမှာဗကသ အဖွဲ့ချုပ်က ဥက္ကဌကိုကျော်ကိုကို ကိုပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲဆိုဖို့ စစ်ချက်ရယူ ထားတယ်လို့ ကျောင်းသူ မပိုပိုကပြောပါတယ်။

Eleven Media Group


ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့် အလုပ်ဖြစ်ပြီး အစိုးရကလည်း
လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက နိုင်ငံခြားအဖွဲ့တစ်ခုကို
ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာ
လုပ်နေကြခြင်းကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က
ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုလိုက်သည်။

RFA သတင်းဌာနက “မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့
အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့ ပြုပြင်
တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့ ပြောကြတယ်ခင်ဗျ။ ...... ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစ်မတို့
အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ် ဆောက်ရွက်မလဲခင်ဗျာ” ဟု
မေးမြန်းခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

ရန်ကုန်မြို့တော် စီမံကိန်းဟုဆိုကာ ရေးဆွဲခိုင်းခဲ့ရာ ဆွဲထားသည့် အဖွဲ့က
ကောင်းကောင်းမွန်မွန် ရေးဆွဲထားသော်လည်း စီမံကိန်းသည် စက္ကူပေါ်တွင်
ဆွဲခိုင်းထားခြင်းဖြစ်၍ ပြန်လှည့်ကြည့်သည့်ပုံမရှိဘဲ လုပ်ချင်သလို လုပ်နေကြသည့်
အတွက် စနစ်မရှိ စည်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး
လုပ်ငန်းကို ပထမဦးဆုံး တရားဥပဒေ စိုးမိုးရေးနှင့် ကိုင်တွယ်ရမည်ဟုလည်း
၎င်းကဆိုသည်။

“ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ လုပ်နေတဲ့ကိစ္စ၊
စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။ ဒီလို မလုပ်သင့်တဲ့
ကိစ္စတွေ မလုပ်အောင်၊ မဆောက်သင့်တဲ့ နေရာတွေ မဆောက်အောင်၊
မဆောက်သင့်တဲ့ အဆောက်အအုံလိုမျိုး မဆောက်ဖို့ ၊ ဒါတွေဟာ စည်းမျဉ်း
စည်းကမ်း ဥပဒေတွေ ရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော်
ပြဿနာတက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊ ဥပဒေအသစ်
တွေလည်း လိုတာတွေလည်း ထပ်ပြဋ္ဌာန်းရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။

ထို့အတူ “ရန်ကုန်မှာက အခု အဆောက်အအုံတွေ၊ ရုံးတွေမှာ အာမခံထားတာ
ကလည်း အကုန်လုံး မဟုတ်ဘူးလို့ ကျွန်တော်ကြားတယ် ခင်ဗျ။....... အခုမီးလောင်ရင် တစ်ခါတည်း
ဘဝပျက်သွားကြရော၊ တချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ” ဟု
RFA သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အဆောက်အအုံများ
ကားများကို အာမခံထားရှိရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်ရမည့်
ကိစ္စဖြစ်ပြီး စီးပွားရေး အခြေအနေနှင့်လည်း ဆိုင်သည်၊ အဆင့်အတန်းမီသည့်
အဆောက်အအုံများ ၊ အန္တရာယ်ကင်းသည့် အဆောက်အအုံများ ဆောက်ဖို့
သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ရန်လိုသည်၊ သတ်မှတ်ချက်များ အတိုင်း
လုပ်ဆောင်ဖို့ ဆိုရာတွင် တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက်ဆိုင်ပြီး စက္ကူပေါ်
တွင်သာ ဥပဒေထားပြီး သက်ရောက်မှု မရှိပါက အလကားပင်ဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal


စင်စစ် နုရင်ဘတ် (နျူရင်ဘာ့ဂ်/Nuremberg) ဆိုသည်မှာ ကျွန်တော်တို့နေထိုင်ရာ မြန်မာပြည်မှ မိုင်ထောင် ပေါင်းများစွာကွာလှမ်းလှသော ဥရောပတိုက်၊ ဂျာမဏီနိုင်ငံ၏ မြို့လေးတမြို့သာဖြစ်သည်။ ထိုမြို့နှင့် မြန်မာနိုင်ငံသည် ဘာမှလဲ သမိုင်းကြောင်းအပတ်အသက်လည်းရှိသည် မဟုတ်။ ထိုမျှဝေးကွာလှသော အရပ်မှ မြို့တမြို့၏အမည်နာမသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပတ် သက်နေသည်မှာ ထူးဆန်းသောဖြစ်ရပ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးကိုပြောသောအခါ ၁၉၉၀ မှစကာ ယနေ့ ၂၀၁၆ နှစ်ဦးကာလအထိ နုရင်ဘတ်အတွေးအခေါ်က လွှမ်းမိုးနေဆဲ၊ နုရင်ဘတ်တစ္ဆေခြောက်နေဆဲရှိတာကို စိတ်မကောင်းစွာ တွေ့ရသည်။ နုရင်ဘတ်တစ္ဆေခြောက်ခံနေရသူများမှာ စစ်အာဏာရှင်အစိုးရ သာမက၊ အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်ပြည်သူလူထုဟူ၍ သုံးဦးသုံးဖလှယ် ဖြစ်နေကြတာ တွေ့ရလေသည်။ ထိုမျှ အဆာကျယ် နာမည်ကြီးလေသော နုရင်ဘတ်သည် အဘယ်အရာမျိုးနည်း။ အသက် လေးဆယ်ကျော်အရွယ်များနှင့် စာဖတ်သူများက သိကြမည်ဖြစ်သော်လည်း၊ အသက်နှစ်ဆယ့်ငါးနှစ်အောက် လူငယ်များ၊ ကမ္ဘာ့ဖြစ်ရပ်များနှင့် အလှမ်းဝေးသူများကတော့ သေသေချာချာ သိချင်မှသိကြပေမည်။ စာရေး ခြင်းဆိုသည်မှာ သိပြီးသားသူကို ရည်ရွယ်ရေးသားခြင်းမဟုတ်မူဘဲ မသိသေးသောသူများသိပါစေဟူသော စေတနာဖြင့်ရေးသားရခြင်းဖြစ်ရာ နုနုရင်ဘတ်ဇာတ်ကြောင်းလေးကို အနည်းငယ် အတိုချုပ်ဇာတ်ကြောင်းလှန် ရပေအံ့။

ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၅ တွင်ပြီးသောအခါ နာဇီဂျာမဏီ၊ ဖက်ဆစ်ဂျပန်၊ အီတလီနိုင်ငံများစစ်ရှုံး၍ အမေရိကန်၊ အင်္ဂလန်၊ ရုရှားစသော မဟာမိတ်နိုင်ငံများက စစ်ပွဲတွင်နိုင်လိုက်သည်။ ကမ္ဘာစစ်ကြီးပြီးသောအခါ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီစစ်ခေါင်းဆောင်များ၏ ယုတ်မာညစ်ထေးလှသော Holocaust ခေါ် အစုလိုက် အပြုံလိုက် မျိုးဖြုတ်လူသတ်မှုများ၊ စစ်ရာဇ၀တ်မှုများအတွက် တရားခံနာဇီခေါင်းဆောင်များကို စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခဲ့သည်။ ထိုသို့ စစ်ခုံရုံးတင်ခြင်းကို ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှာပြုလုပ်ခဲ့သည်။ ထို့ကြောင့် နုရင်ဘတ် စစ်ခုံရုံးဟု ကမ္ဘာကျော်သည်။ ထိုသို့ခုံရုံးတင်ခံရမှာကြောက်သဖြင့် နာဇီဂျာမဏီခေါင်း ဆောင် အဓိပတိကြီးအဒေါ့ဟစ်တလာ၊ ဟိန်းနရစ်ခ်ျ ဟင်းမလား၊ ဂျိုးဇက်ဂိုဘဲလ် စသည့်ထိပ်သီးသုံးဦးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြသည်။ ထို့ကြောင့် ထိပ်သီးခေါင်းဆောင်များမှာ စစ်ခုံရုံးတင်မခံလိုက်ရဘဲ ဘ၀ပြောင်းသွားကြသည်။ ကျန်သည့်နာဇီနိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်ထဲမှ တာဝန်အရှိဆုံး လူ ၂၃ ဦးကို နုရင်ဘတ်စစ် ခုံရုံးတင်ကာစစ်ဆေးခဲ့ရာ ၁၉၄၅ နိုဝင်ဘာ ၂၀ မှ ၁၉၄၆ အောက်တိုဘာ ၁ ရက်အထိကြာခဲ့ သည်။ စီရင်ချက်ချသောအခါ တရားခံ ၁၂ ဦးကို သေဒဏ်(ကြိုးပေးကွပ်မျက်ရန်) ချမှတ်ခဲ့သည်။ သုံးယောက်ကို တသက် တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။ လေးဦးကို ဆယ်နှစ်မှ နှစ် ၂၀ အတွင်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။ သုံးယောက်ကို ပြစ်မှုမထင်ရှားသဖြင့် လွှတ်ပေးခဲ့သည်။ ၁၉၄၆ အောက်တိုဘာ ၁၆ ရက်တွင် သေဒဏ်ကျ တရားခံ ၁၁ ဦးကို ကြိုးပေးကွပ်မျက်ခဲ့သည်။ ဟားမန်းဂိုရင်းဆိုသူက ကြိုးမပေးမီနာရီပိုင်းအလိုတွင် ဆိုင်ယာနိုက်အဆိပ်သောက်၍ ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်သွားသည်။ ဤကား ပထမအသုတ် နုရင်ဘတ်စစ်ခုံရုံးတင်ခြင်း ဖြစ်သည်။ အမေရိကန်ဦးဆောင်၍ ပထမအသုတ်လောက် ပြစ်မှု မကြီးကျယ်သော နာဇီစစ်တရားခံများကို ဒုတိယအသုတ် နုရင်ဘတ်စစ် ခုံရုံးတင်သည်။ ထိုက်သင့် သောပြစ်ဒဏ်များခံကြရသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် နုရင်ဘတ်စစ်ခုံရုံးသည် ထင်ရှားလာသည်။ အထူး သဖြင့် စစ်အတွင်း မတရားကျင့်ကြံခဲ့ကြသူများတချိန်တွင် တရားစီရင်ရေးအောက်တွင် အရေးယူခံကြရမည့် ကမ္ဘာ့သာဓကကြီးဖြစ်လာသည်။ ရာဇ၀တ်ဘေးပြေးမလွတ်သော ပြယုဂ်ကြီးဖြစ်လာသည်။ ယုတ်ကန်းသူတို့ပေး ဆပ်ရသည့်ပွဲကြီး ဖြစ်လာသည်။

ထိုနုရင်ဘတ်သည် မြန်မာပြည်သို့ မည်သို့မည်ပုံ ရိုက်ခတ်ပါသလဲ။ ၁၉၉၀ ပြည့်နှစ်မတိုင်မီအထိ မြန်မာ့နိုင်ငံရေး တွင် နုရင်ဘတ်ဆိုတာ မရောယှက်သေးချေ။ နုရင်ဘတ်ကသတ်သတ်၊ မြန်မာ့နိုင်ငံရေးက သတ်သတ်ဖြစ် သည်။ ထိုအချိန်တွင် ၁၉၉၀ မေလ ၂၇ တွင် ၂၆ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံအကြိမ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပသည်။ ပါတီများစွာယှဉ်ပြိုင်သော်လည်း အဓိကအားဖြင့် လူထု ထောက်ခံသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။ NLD နိုင်သည်။ အပြတ် အသတ်နိုင်သည်။ အစိုးရဖွဲ့နိုင်တော့မည့် လှိုင်းတံပိုးရိုက်လိုက်သလို သောင်ပြိုကမ်းပြိုနိုင်ခြင်းဖြစ်သည်။ ထိုအနိုင်ကြောင့် တပြည်လုံးဝမ်းသာကြသော်လည်း စစ်အစိုးရက မတုန်မလှုပ်လုပ်နေသည်။ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါမည်ဟုလည်းမပြော၊ လွှတ်တော်ခေါ်ပေးဖို့လည်း မပြော၊ ယုတ်စွအဆုံး အနိုင်ရပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောဖို့ကိုပင် မသိကျိုးကျွန်ပြုနေသည်။ တကမ္ဘာလုံးကရော၊ မြန်မာတပြည် လုံးကပါ NLD သည် အစိုးရဖွဲ့နိုင်တော့မည်ဟု ထင်ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးပင် NLD ကို ရှေ့ဆုံးမှပြေးလာကာ ၀မ်းမြောက်ကြောင်း အသိအမှတ်ပြုချီးကျူးသည်။ ထိုအချိန်တွင် NLD ဒုဥက္ကဋ္ဌ ကာနယ်ကြည်မောင်(ခေါ်) ဦးကြည်မောင်သည် ၁၉၉၀ ဇူလိုင် လထုတ် Asia Week မဂ္ဂဇင်းတွင် အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာ မေးသူက စစ်အာဏာရှင်တွေအနေနဲ့ လူထုကလက်စားချေ လက် တုံ့ပြန်မှာကို စိုးရိမ်နေသလားမေးခဲ့သည်။ ထိုမေးခွန်းကို တကယ်တော့ ဦးကြည်မောင်သည် ဒေါ်အောင်ဆန်း စုကြည်ဖြေလေ့ရှိသော လက်သုံးစကားတခုနှင့်ဖြေဖို့ကောင်းသည်။ ဒေါ်အောင်ဆန်းစုကြည်သာဆိုလျှင် ''အဲဒါ ကတော့ စိုးရိမ်သလားမစိုးရိမ်သလားဆိုတာ ကာယကံရှင် စစ်အာဏာရှင်တွေကိုပဲ သွားမေးကြည့် လိုက်ပေါ့နော်''ဟု ရယ်ရယ်မောမော၊ ၀ိနည်းလွတ်ဖြေမည်ဖြစ်သည်။ သို့သော် ဦးကြည်မောင်ကတော့ ခပ်ရိုးရိုး ပဲတွေးကာ ''ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးရှိပါတယ်လို့ပဲ ကျွန်တော်ပြောပါမယ်၊ တကယ်တမ်းမှာတော့ ဂျာမန် ဘယ်နှယောက်များ နုရင်ဘတ်ခုံရုံးတက်ခဲ့ရလို့လဲ''ဟုဖြေခဲ့သည်။ သတင်းထောက်က ''ဒါဆိုရင် ရန်ကုန် မှာလဲ နုရင်ဘတ်ခုံရုံးရှိလာမယ်ဆိုတဲ့ သဘောပြောတာလား''ဟု ထပ်ဆင့်မေးရာ ''မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။ သာမန်ပြည် သူတွေကတော့ စစ်သားတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်၊ ဒါက သက်သက် ပုံကြီး ချဲ့တာပါ၊ ဗိုလ်ချုပ်ခင်ညွန့်လိုလူတွေကတော့ အကြောင်းကြောင်းကြောင့် မလုံမခြုံခံစားရမှာပေါ့''ဟု ရှင်းလင်းခဲ့၏။ ရှင်းကာမှ ပိုရှုပ်ဆိုသလို ဦးကြည်မောင်က ခုံရုံးတော့မတင်ဘူး၊ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်က သူ့ဘာသာကြောက်နေတာပါဟု ဆိုလိုဟန်ရှိသည်။ သို့သော် မြန်မာလိုပြောသည်ကို Asia Week က အင်္ဂလိပ်လို ဖော်ပြ၊ ထိုမှတဖန် မြန်မာမီဒီယာတွေက မြန်မာလိုဘာသာပြန် ထည့်ကြပြောကြသဖြင့် ဗိုလ်ချုပ်ခင်ညွန့်တို့ကို က နုရင်ဘတ်လို စစ်ခုံရုံးတင်မယ်လို့ပြောသလိုလို ဘာလိုလိုတွေနှင့် စကားတွေက ကားကုန်သည်။ သေချာသည်ကတော့ နုရင်ဘတ်ဆိုသောစကားကို သတင်းထောက်က စမေးခြင်းမဟုတ်ဘဲ ဦးကြည်မောင်က သူ့စိတ်ကူးနှင့်သူ ထည့်သွင်းအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုအင်တာဗျူးဆောင်းပါးပါလာပြီး သည်နှင့် ပြဿနာများဆက်တိုက်ဖြစ်ပေါ်လာခဲ့တော့သည်။ ဦးကြည်မောင်၏ အပြစ်သက်သက်ဟုတော့ စွပ်စွဲ၍ မရ။ နင်မဟုတ်ရင်နင့်အဖေဟု အပြစ်ရှာစွပ်စွဲသော ၀ံပုလွေနှင့်သိုးငယ်လေးပုံပြင်လိုဖြစ်မည်။

ထိုအချိန်မှစကာ နုရင်ဘတ်တစ္ဆေသည် မြန်မာ့နိုင်ငံရေးတွင် ခြောက်လှန့်တော့သည်။ န၀တစစ်အစိုးရသည် နဂိုတည်းက NLD အနိုင်ရသည်ကို အာဏာမလွှဲချင်သဖြင့် ငြိမ်ချက်သားကောင်းကာ အပြစ်ရှာ၊ ချက်ကောင်း စောင့်နေသူဖြစ်သည်။ ဦးကြည်မောင်၏စကားက စစ်အစိုးရအသိုင်းအ၀ိုင်းထဲဝယ် ဗုံးတလုံးလို ပေါက်ကွဲသွားခဲ့ သည်။ စစ်သားပီပီ ဗိုလ်ချုပ်စောမောင်လမ်းစဉ်အတိုင်း ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာ လွှဲပေးချင်သော အဖွဲ့နှင့် NLD ကို အာဏာလွှဲမပေးဘဲ အပြတ်ချေမှုန်းချင်သော အဖွဲ့တို့နှစ်ဖွဲ့ အယူအဆကွဲသွားသည်။ နောက် ဆုံးတွင် တပ်မတော်က စစ်တန်းလျားပြန်ရေးအယူအဆ ရှုံးနိမ့်သွားပြီး ခေါင်းမာဂိုဏ်းသားများ နေရာရလာကြ သည်။ ဗိုလ်ချုပ်ခင်ညွန့်ခေါင်းဆောင်သော တပ်မတော်ထောက်လှမ်းရေးက ရွေးကောက်ခံ NLD အမတ်များကို အကြောင်းအမျိုးမျိုးဖြင့် ပိုက်စိပ်တိုက်ဖမ်းဆီးတော့သည်။ ဦးကြည်မောင် အင်တာဗျူးပါလာပြီး လွှတ်တော် အမတ်များအပါအ၀င် နိုင်ငံရေးလောကမှ လူ ၂၀၀ ခန့်ကို ဗိုလ်ချုပ်ခင်ညွန့်က ဖမ်းဆီးခဲ့သည်ဆို၏။ စစ်အစိုးရ၏ အဓိက စိုးရိမ်ပူပန်မှုမှာ သူတို့အာဏာလက်လွှတ်ခဲ့ရလျှင် သူတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် နောက် ကြောင်း ပြန်တရားစွဲ အရေးယူခံရမည်ကို အဓိက ဖြစ်သည်။ ဓားကိုင်ထားသော လူတယောက်ထံမှ အခြား တယောက်က ဓားတောင်းသောအခါ ခင်ဗျားဒီဓားကိုရခဲ့ရင် ဘာလုပ်မလဲဟုမေးရာ အေး ဒီဓားကိုရရင် မင်းကို အရင်ခုတ်မယ်ဟုဖြေပါက မည်သူမှ အမိုက်ခံ၍ ဓားကိုလွှဲပြောင်းပေးမည်မဟုတ်ကြောင်း တချို့သူများက ထောက်ပြကြသည်။ အမှန်တော့ စစ်အစိုးရသည် နဂိုကတည်းက အာဏာမစွန့်ချင်သော စိတ်အခံရှိရာ ဦးကြည် မောင်၏ အင်တာဗျူးက အကြောင်းပြစရာသက်သက်ဖြစ်သွားပြီး ယိုးမယ်ဖွဲ့ခြင်းလည်း ဖြစ်ပုံပေါ်ပါပေ၏။ အာဏာအလွှဲအပြောင်းသည် အလွန်ညင်သာသောကိစ္စ ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရသည် သူတို့၏ စစ်ရေး၊ နိုင်ငံရေးအတွေးအခေါ်များတွင် နုရင်ဘတ်ခုံရုံးကိစ္စသည် ရှေ့တန်းမှ ထည့်သွင်းတွက်ချက်သော ကိစ္စဖြစ်လာ ပါသည်။ ထိုစိုးရိမ်မှုစိတ္တဇကြောင့်ပင် အမျိုးသားညီလာခံကို ဟန်ပြခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က ဦးစီးရေးဆွဲကာ ပုဒ်မ ၄၄၅ လို နောက်ကြောင်းပြန် အရေးမယူပါဘူးဆိုသော ပုဒ်မတွေ၊ တပ်မ တော်သား ၂၅ ရာခိုင်နှုန်းမပါဘဲ ဖွဲ့စည်းပုံပြင်လို့မရသော ပုဒ်မ ၄၃၆ လိုဟာတွေ၊ NLD က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မှာစိုးသောကြောင့် ကြံကြံဖန်ဖန်ထည့်ထားသော ပုဒ်မ ၅၉(စ)လိုဟာတွေကို အချိန်ဆယ်စုနှစ်ကျော်ကျော်ယူကာ ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ ယုတ်စွအဆုံးထို နုရင်ဘတ်ခြောက်လှန့်မှုသည် ရာထူးမှဆင်းကာနီး သမ္မတဦးသိန်းစိန်အထိပါ ရိုက်ခတ်ခဲ့တာသေချာသည်။ သမ္မတကြီးသည် ရာထူးမှဆင်းရကာနီး နောက်ဆုံးအချိန်တွင် ရာဇဣနြေ္ဒ ပင်မဆည်နိုင်တော့ဘဲ သမ္မတလုပ်ခဲ့ဖူးသူ၏ လုံခြုံဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး သမ္မတသည်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း တာဝန်အရပြုလုပ် ဆောင်ရွက်ခဲ့သည်များအပေါ် တရားစွဲဆိုခြင်း၊ အရေးယူခြင်းမပြုရဟု ဥပဒေပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်အစိုးရအဖွဲ့ဝင်ဟောင်းများတွင် နုရင်ဘတ်အိပ်မက်ဆိုးက ယခုထက်တိုင် ခြောက်လှန့်နေ ဆဲရှိကြောင်း မြင်လိုက်ရ၏။ အတိုက်အခံ(ယခုအခါ အာဏာရပါတီဖြစ်တော့မည့်) NLD သည်လည်း နုရင်ဘတ် တစ္ဆေခြောက်ခံရခြင်းမှမလွတ်သေးပေ။ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲပြီးသောအခါ အနိုင်ရလွှတ်တော်ကိုယ် စားလှယ်များကို မီဒီယာများနှင့်တွေ့ဆုံစကားမပြောဖို့ ပိတ်ပင်လိုက်သည်။ NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်အား RFA ရေဒီယို သတင်းဌာနက ၂၀၁၆ ဇန်န၀ါရီ ၅ ရက်က အင်တာဗျူးပြုလုပ်ရာ မေးမြန်းသူက-

''အခုဆိုရင် NLD ထဲက အမတ်တွေတော်တော်များများကလည်း မပြောရဲမဆိုရဲဖြစ်နေကြတာ တွေ့ရပါတယ်။ ပါတီထိပ်ပိုင်းမှာဆိုရင် အန်ကယ်တို့နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ပြောနိုင်တယ်ဆိုပြီးတော့ပေါ့လေ၊ သူတို့ပြောကြတာရှိပါတယ်''ဟူ၍ မေးသည်ကိုဦးဝင်းထိန်က ''မပြောရဲမဆိုရဲဖြစ်တာ မဟုတ်ဘူး၊ ပြောချင် ကြတာ။ ကျုပ်တို့က မပြောနဲ့လို့တားထားတာ။ အကြောင်းတွေရှိတယ်ဗျ။ ၁၉၉၀ ရွေးကောက်ပွဲ ၀င်တုန်းက ဦးကြည်မောင်ပြောတဲ့စကားတခွန်းကို အထအနကောက် ပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကနေ လူ ၂၀၀ လောက် ထောင်ထဲပို့ပစ်တာလေ။ နောက်ပြီး အဲဒါကိုအကြောင်းပြုပြီး အာဏာမလွှဲဘူး၊ ဘာညာပေါက်ကရလျှောက်လုပ် တာ။ အဲဒါမျိုးတွေက ကျွန်တော်တို့က ခံခဲ့ရပေါင်းများပြီ။ ခဲမှန်ဘူးတဲ့စာသငယ်လို ဖြစ်နေတယ်''ဟုဖြေကြားခဲ့၏။ ထို့ကြောင့် NLD ပါတီတွင်လည်း ဦးကြည်မောင်လက်ထက်က ဖြစ်ပွားခဲ့သော နုရင်ဘတ်ကိစ္စသည် ခြောက်လှန့်နေဆဲဖြစ်၍ ယခုတိုင်တထိတ်ထိတ်နှင့် နေနေရကြောင်း ထင်ရှားပေသည်။

''ပြည်သူလူထုဘက်ကရော။ ပို၍ဆိုးသည်။ ကျွန်တော်တို့သည် ရွေးကောက်ပွဲတွင် ကိုယ်နိုင် စေချင်သော ပါတီနိုင်သဖြင့် ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံလိုသည်။ ကိုယ်အမြင်ကတ်သော သူများရှုံးနိမ့်သွားသဖြင့် အားရပါးရ အထိမ်းအမှတ်ပွဲများ ကျင်းပလိုသည်။ အနည်းဆုံး မီးရှူးမီးပန်းများ လွှတ်လိုသည်။ အောင်ပြီဟေ့ဟု လက်သီး လက်မောင်းတန်းကာ အားပါးတရဟစ်ကြွေးချင်သည်။ ဘီယာခွက်ချင်းတိုက်ကာ ချီးယားစ်ဟု အော်ချင်သည်။ ဟိုလူကြီး ပြုတ်သွားတဲ့အတွက်ဟု ဘီယာဖန်ခွက်ချင်း ချွင်ခနဲမြည်အောင် မြို့လယ်ကောင်တွင် အောင်ပွဲခံလို သည်။NLD နိုင်သဖြင့် အိုးစည်ဒိုးပတ်နှင့်ထွက်လိုသည်။ ၁၉၉၀ တုန်းကပြည်မြို့တွင် ရွှေခမောက်တခုလုပ်၍ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ကို အချို့က အခမ်းအနားနှင့်လက်ဆောင်ပေးကြသည်။ ထိုသို့မဟုတ်တောင် လွှတ်တော်အမတ်များနှင့်အတူ ညစာစားပွဲလောက်တော့လုပ်ချင်သည်။ (၂၇)နှစ်၊ (၂၈)နှစ် တတိုင်းတပြည်လုံး လက်တွဲဆောင်ရွက်ခဲ့သော မစ်ရှင်တခု၊ တော်လှန်ရေးတခု အောင်မြင်ခြင်းအထိမ်းအမှတ်ကို ပျော်ပျော်ပါးပါး ဆင်နွှဲချင်သည်။ သို့သော်ပြည်သူအားလုံးရင်ထဲတွင် စိုးရိမ်သောကတွေ ရှိနေသည်။ နုရင် ဘတ်ခုံရုံးကဲ့သို့သော ကိစ္စများပေါ်လာမှာကို စိတ်ပူကြသည်။ အနိုင်ရသော အမတ်များ တယောက်ပြီးတယောက် ထောင်ထဲရောက် ကုန်မှာကို တွေးပူကြသည်။ ၁၉၉၀ တွင် ဗိုလ်ချုပ်ခင်ညွန့်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ညစ်သလို ထပ်ညစ်မှာ ကို ကြောက်ရွံ့ကြသည်။ ၂၀၁၅/၂၀၁၆ တွင် နုရင်ဘတ်ပြန်ပေါ်လာမှာကို ကြောက်ကြသည်။ ထို့ကြောင့် လူထုသည် ဓားပြရှေ့တွင် ထီပေါက်ကြောင်းမကြုံးဝါးရဲသလို တိတ်တိတ်ကလေး ကလေးမသာမျက်နှာ လေးတွေနှင့် ရွေးကောက်ပွဲအလွန်ကာလကို ခက်ခက်ခဲခဲဖြတ်သန်းရသည်။ အော် ပျော်တာပင် ရဲရဲမပျော်ဝံ့၊ အောင်ပွဲခံတာပင် ရဲရဲအောင်ပွဲမခံဝံ့သော တိုင်းပြည်ပါတကား။

၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော်အသစ်၊ အမျိုးသားလွှတ်တော်အသစ်ခေါ်ပေးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ကကြေညာခဲ့ပြီ။ ၁၉၉၀ ထက်တော့ တိကျရေရာမှုသာလွန်မြင့်မားသော အဆင့်အထိရှိလာခဲ့ပေပြီ။ စီစဉ်ထားသည့်အတိုင်းသာ လွှတ်တော်ခေါ်နိုင်ခဲ့လျှင် ဖေဖော်ဝါရီပထမပတ်တွင် လွှတ်တော်ဥက္ကဋ္ဌများ ရွေးနိုင်ပေလိမ့်မည်။ ဖေဖော်ဝါရီ ဒုတိယပတ်တွင် သမ္မတတဦး ဒုတိယသမ္မတနှစ်ဦးရွေးချယ်ပြီး ဖြစ်ပေလိမ့်မည်။ ဖေဖော်ဝါရီတတိယပတ်တွင် အစိုးရ အဖွဲ့ဝန်ကြီးစာရင်းကိုကြေညာနိုင်ပေလိမ့်မည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ။ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် စသည့် ရာထူးများစွာကို ကြေညာနိုင်လိမ့်မည်။ မတ်လ ပထမပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ပြည်နယ်ဝန်ကြီးချုပ်များကို ကြေညာနိုင်ပေလိမ့်မည်။ မတ်လလယ် သို့မဟုတ် မတ်လကုန်တွင် အစိုးရသစ်သည် အစိုးရဟောင်းထံမှ နိုင်ငံတော်အာဏာ ယန္တရားကို လွှဲပြောင်းရယူနိုင်ပေလိမ့်မည်။ ထိုအချိန်သို့ အမြန်ဆုံးရောက် လိုပါသည်။ ထိုအချိန်သို့ရောက်မှသာ ၁၉၉၀ ဇူလိုင်လမှစကာ တနိုင်ငံလုံးကိုခြောက်လှန့်ခဲ့သော နုရင်ဘတ်တစ္ဆေသည် မြန်မာ့နိုင်ငံရေးမှ ချုပ်ငြိမ်းသွားပေလိမ့်မည်။ စစ်အာဏာရှင်၊ NLD နှင့် ပြည်သူလူထု သုံးဦးသုံး ဖလှယ်လုံး မအေးငြိမ်းသွားစေနိုင်သေးသည့်တိုင် အနည်းဆုံးအားဖြင့် နုရင်ဘတ်အိပ်မက်ဆိုးသည် ထိုကာလလောက် ဆိုလျှင် NLD ထံတွင် လည်းကောင်း၊ မြန်မာပြည်သူလူထုထံတွင်လည်းကောင်း ရှိတော့မည် မဟုတ်တာ သေချာပေပြီ။ စစ်အာဏာရှင်တို့ထံမှာ နုရင်ဘတ်အိပ်မက်ဆိုး ဆက်ပြီးရှိမရှိဆိုတာကတော့ သူတို့ပဲသိနိုင်မည် ဖြစ်သည်။ ရှိခဲ့သည်ဆိုလျှင်တောင် နုရင်ဘတ်လိုခုံရုံးတင်ခံရခြင်းမျိုးမရှိနိုင်ဘဲ သမိုင်းတွင် သူတို့ ဘာတွေလုပ်ခဲ့ သလဲဆိုတာပေါ်မူတည်ပြီး တယောက်ချင်း၏ စိတ်ထဲတွင် မသေမချင်းရှိနေမည့် အတွင်းတစ္ဆေတကောင်အဖြစ် သာ သူတို့အားလုံး၏ စိတ်ထဲဝယ် ခြောက်လှန့်နေတော့မည်ဖြစ်ပေသည်။

သရ၀ဏ်(ပြည်)
ကိုးကား - စောင့်ကြည့်ဂျာနယ် အတွဲ(၁၀) အမှတ်(၃၆)၊



ဒီမိုကရေစီဆိုတာ သူတို့ ကလမ်းဖွင့်ပေးခဲ့တာ၊ ငြိမ်းချမ်းရေးဆိုတာ သူတို့ ကအုတ်မြစ်ချပေးခဲ့တာလို့  မှတ်တမ်းဝင် ကျေးဇူးအတင်ခံခြင်တဲ့၊ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်လို့ သွေးစွန်းခဲ့တဲ့ (၈၈) အာဏာသိမ်းစစ်အစိုးရက ဆင်းသက်ပေါက်ဖွားလာတဲ့ ဦးသိန်းစိန်တို့ စစ်ဘောင်းဘီချွတ်အစိုးရဟာ သူတို့ သက်တမ်းမကုန်ခင် လပိုင်းလေးအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဖုတ်ပူမီးတိုက် အဆောတလျှင် လူမစုံမလင်နဲ့ လုပ်နေတာ ပြီးတောင်ပြီးတော့မယ်။

(၈၈) အာဏာသိမ်းစဉ်ကထဲက အခုအချိန်ထိ အနှစ်သာရကျတဲ့ အခြေခံကျတဲ့ အပြောင်းအလဲတွေဘာတခုမှ မလုပ်ခဲ့၊ မပြောင်းလဲခဲ့တာ အတိုင်းသားမြင်နေရပါတယ်။ တံပျက်စည်းလှဲ၊ ထုံးသုတ်သလို အပေါ်ယံအလုပ်တွေ၊ အကာအလုပ်တွေကိုသာ မမြင်ဘူးမူးမြစ်ထင်သူ၊ မသိနားမလည်သူတွေကို ပြောင်းလဲမှု့ လုပ်နေပါတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြပြီး၊ အချိန်ဆွဲလုပ်စား လာလိုက်တာ စစ်ဗိုလ်ချုပ်ကြီးတွေ ဘီလျှံနာဖြစ်ကုန်တာ သက်သေအထောက်အထားပါဘဲ။

ရေရှည်ခံမဲ့အပြောင်းအလဲ၊ တိုင်းပြည်ရဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ အပြောင်းအလဲလုပ်ဖို့ ဆိုရင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အသွေးအသားနဲ့ ရိုးတွင်းချည်ဆီထဲမှာလှိုက်စားအမြစ်တွယ်နေတဲ့ အာဏာရှင်အတွေးအခေါ်ဟောင်း၊ အကျင့်ဟောင်းတွေကို အရင်ဆုံး ခ၀ါချရှင်းထုတ်ပစ်ဖို့ လိုတယ်။

လူအများရဲ့စားဝတ်နေရေးလုံခြုံရေးစတဲ့ စီးပွားရေးဘ၀၊ လူမှု့ဘ၀စတဲ့ နိုင်ငံရေးကိစ္စရပ်တွေကို စီမံခန့် ခွဲရာမှာ လူအများရဲ့ဆန္ဒနဲ့ အုပ်ချုပ်စီမံဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ ဒီမိုကရေစီစနစ်ဟာ ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပေမဲ့ ကမ္ဘာမှာပေါ်ထွန်းခဲ့သမျှ လူသားတွေဖန်တီးခဲ့တဲ့ နိုင်ငံရေးစနစ်တွေထဲမှာတော့ အများသဘောဆန္ဒတွေကို အထင်ဟပ်နိုင်ဆုံး အကောင်အထည်ဖေါ်လုပ်ကိုင်နိုင်ခွင့်အရှိဆုံးစနစ်လို့ အားလုံးလိုလိုက လက်ခံထားတဲ့ စနစ်ဘဲမဟုတ်လား။

စစ်အာဏာရှင်စနစ် အမြစ်တွယ်ခဲ့တာ ရာစုနှစ်တ၀က်ကျော်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အုတ်မြစ်ချ တည်ဆောက်ဖို့ အတွက်ဆိုရင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတကယ်ရခြင်ရင်၊ အရှည်တည်တံ့မဲ့ငြိမ်းချမ်းရေးကိုပိုင်ဆိုင်ခြင်တယ်ဆိုရင် သွက်သွက်ခါအောင်မှားယွင်းနေတဲ့ စစ်အာဏာရှင်အတွေးအခေါ်ဟောင်း၊ အကျင့်ဟောင်းများစွာထဲက “ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး”ဆိုတဲ့ အယူအဆဟာ မူလဘူတအရင်းခံ စစ်အာဏာရှင်မျိုးရိုးဗီဇဆိုး (Devil ‘s DNA) ဖြစ်တာမို့  အမြစ်လှန်တူးနှုတ် ရှင်းထုတ်ပစ်ဖို့ လိုတယ်။

ဒီအယူအဆဟာ စစ်ဗိုလ်ချုပ်တွေ နိုင်ငံတော်အချုပ်အခြာအာဏာကို ထာဝရ မောင်ပိုင်စီးနိုင်အောင် လှည့်စားထားတဲ့ အတွေးအခေါ်အမှားကြီးဖြစ်တယ်။ မိဘပြည်သူတွေသာ အာဏာပိုင်ရှင် အစစ်အမှန် ဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုတာမို့ ပြည်သူ့ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေတယ်။

အဲ့ဒီအတွေးဟောင်းကြီးကိုရာဇ၀င်ထဲမှာထားရစ်လို့  ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အတွေးသစ်အမြင်သစ်တွေဖြစ်တည်လာအောင် အပြောင်းအလဲလုပ်ကြရမယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရာမှာ ပြည်သူကရွေးချယ် တင်မြှောက်လိုက်တဲ့အရပ်သာအစိုးရရဲ့အမိန့် အောက်မှာ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှု့ရှိတဲ့ ပရော်ဖက်ရှင်နယ် ပြည်ထောင်စုတပ်မတော်တခုဖြစ်လာအောင် “ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး”ဆိုတဲ့ နိုင်ငံတော်အာဏာ မောင်ပိုင်စီးရေး စစ်အာဏာရှင်သန္ဓေဆိုး စစ်ဂျပိုးအတွေးအခေါ်မျိုးကို အကြွင်းမဲ့ စွန့် လွှတ်ပြောင်းလဲပစ်ဖို့ လိုပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၁၆) ရက် ၂၀၁၆ ခုနှစ်




ပြီးခဲ့တဲ့ ဇန်န၀ါရီ (၉) ရက်နေ့  နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ မင်္ဂလာဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့သတင်းကို သတင်းမီဒီယာတွေမှာဖတ်ခဲ့ရတယ်။ မင်္ဂလာဈေးမှာ မီးလောင်တာဟာ ဒီအကြိမ်နဲ့ ဆို နှစ်ခါရှိပါပြီ။ (၂၀၁၀) ပြည့်နှစ် မေ (၂၄) ရက်တုံးကလည်း မင်္ဂလာဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

တရက်ထဲမှာဘဲ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၄၁) လမ်း (၈၇) လမ်း သံလျက်မော်အရှေ့ သဇင်တိုက်ခန်းသုံးထပ်မှာ တိုက်ခန်းဝါယာရှော့ဖြစ်ပြီး ဇန်နဝါရီလ (၉) ရက်နေ့ ည (၉) နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့သတင်းကို DVB သတင်းမှာဖတ်လိုက်ရပြန်ပါတယ်။

နွေရာသီတောင်မရောက်သေးဘဲ ဆောင်းနှောင်းရာသီမှာတောင် မီးလောင်မှု့တွေဖြစ်ပွားနေတာ၊ လောင်တော့လည်းထိခိုက်ဆုံးရှုံးမှု့တွေကြီးမားတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်သလို၊ အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှု့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု့မရှိဘူးဆိုတာ ပြသနေတဲ့ရေချိန်တခုလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ ဖြိုးမှု့နိမ်းကျပြီး အုပ်ချုပ်ပုံစနစ်မမှန်တဲ့တိုင်းပြည်တွေမှာ လုပ်ငန်းခွင်အန္တရာယ်မျိုးစုံ၊ မတော်တဆထိခိုက်ပျက်ဆီးမှု့ ၊ ရန်သူမျိုးငါးပါး စတဲ့အိပ်ပျော်နေတဲ့ ဘီလူးကြီးများစွာ မကြာခဏနိုးထ အန္တရာယ်ပြုခံရမှု့တွေ ပိုမိုများပြားလေ့ရှိပါတယ်။

အခြေခံအကြောင်းအရင်းကတော့ အထက်မှာပြောခဲ့တဲ့ ဘီလူးကြီးတွေ မနှိုးထအောင် စီမံနိုင်တဲ့ အုပ်ချုပ်ပုံဥပဒေ၊ နည်းဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေမပြည့်စုံမှု့၊ အားနည်ချက်များစွာရှိနေတဲ့အပြင် ကြိုတင်ကာကွယ်မှု့၊ ပြင်ဆင်လေ့ကျင့်မှု့၊ ဖြစ်လာခဲ့ရင် ကောင်းစွာထိမ်းချုပ်နိုင်အောင် အထိအခိုက်နည်းနိုင်သမျှနည်းအောင် ပြင်ဆင်စီမံ မထားတာတွေကြောင့်ဖြစ်ပါတယ်။

အဲ့ဒါအပြင် လုပ်သားပြည်သူတွေကို အဆိုပါဘီလူးကြီးတွေရဲ့အန္တရာယ်နဲ့ သူတို့ ကိုမနှိုးထအောင် ဘယ်လိုသတိပြုရမယ်ဆိုတဲ့ အသိပညာပေးမှု့ စဉ်ဆက်မပြတ်လုပ်ဆောင်နေဖို့ အရေးကြီးသလို၊ အန္တရာယ်သတိပေးချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တဦးချင်းသာမက အဖွဲ့ အစည်း၊ ဌာန၊ ကုမ္ပဏီတွေအားလုံး လိုက်နာမှု့ရှိမရှိဆိုတာ အမြဲတစေ ကြပ်မပ်ထိန်းကြောင်းဖို့ လည်းလိုပါတယ်။

မီးလောင်မှု့မဖြစ်ပွားအောင်ကာကွယ်ရမဲ့အစီအမံတွေနဲ့ အတူတွဲပါလာတဲ့၊ လိုက်နာရမဲ့တာဝန်ဝတ္တရားတွေ၊ တာဝန်ယူမှု့၊ တာဝန်ခံမှု့တွေဟာ စီမံအုပ်ချုပ်သူတွေသာမက လုပ်သားပြည်သူတွေအပါအ၀င် လူတိုင်းလူတိုင်း အပေါ်မှာ ဆိုင်ရာဆိုင်ရာ ကိုယ်စီကိုယ်ငှ ရှိပါတယ်။

မီးလောင်မှု့ဖြစ်ပွားတယ်ဆိုတာ အခြေအနေအကြောင်းသုံးပါးပြည့်စုံမှ ဖြစ်တာပါ။ မီးလောင်တတ်တဲ့ပစ္စည်း လောင်စာ (Fuel) ၊ အောက်ဆီဂျင် (Oxygen) နဲ့ အပူ (Heat) စတဲ့ အခြေအနေထဲက တခုခုမရှိရင် မီးမလောင်ပါဘူး။ အဲ့ဒီအထဲမှာ အောက်ဆီဂျင်ကိုဖယ်ရှားထိန်းချုပ်ဖို့ ဆိုတာခဲယဉ်းတာမို့  လောင်စာတွေဖြစ်တဲ့ ဓါတ်ဆီ၊ ဓါတ်ငွေ့ ၊ သစ်သား၊ စက္ကူ၊ ပလတ်စတစ်စတာတွေကို စနစ်တကျသိုလှောင်ထားမယ်၊ အပူဖြစ်ပေါ်စေမဲ့ကိစ္စရပ်တွေ ဥပမာ - လျှပ်စစ်ကြိုးတွေမနိုင်ဝန်သုံးလို့ အပူလွန်လျှော့ဖြစ်စေမှု့မဖြစ်အောင် ပညာပေးအရေးယူတားဆီးလို့ ရပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အဆောက်အဦးတွေဆောက်လုပ်ရာမှာ လိုက်နာရမဲ့ အဆောက်အဦး ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ မီးအန္တရာယ်နှင့်ဆိုင်တဲ့ နည်းဥပဒေ (Fire Code)၊ အဆောက်အအုံဆိုင်ရာနည်းဥပဒေ (Building Code)၊ စတာတွေ တိတိကျကျရှိဖို့  လိုပြီး မှန်မှန်ကန်ကန် လိုက်နာအောင်ဆောင်ရွက်ဖို့ လည်းလိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီနေ့ အထိတိုင်အောင် အဲ့ဒီ Fire Code နဲ့  Building Code တွေကို စနစ်တကျအတည်ပြု နိုင်သေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စင်္ကာပူမှာတော့ အဆောက်အဦးတခုကို မဆောက်လုပ်ခင်မှာကို အောက်ပါ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ (Act/Regulations/Codes) ကိုလိုက်နာလို့  ဆောက်လုပ်ခွင့်လိုင်စင် လျှောက်ထားပြီး အတည်ပြုချက် ရယူကြရတယ်။
 Code of Practice on Buildability.
 Code on accessibility in the build environment.
 Code of Practice for Fire Precautions in Buildings (also known as Fire Code).
 Code for Environmental Sustainability of Buildings.
 Fire Safety Act.
 Fire Safety (Building Fire Safety) Regulation.
 CP 29 Code of practice for fire hydrant systems and hose reels.
 CP 10 Code of practice for the installation and servicing of electrical fire alarm systems.
 CP 52 Code of practice for automatic fire sprinkler system.

Code of Practice on Buildability ဆိုတာက ဆောက်မဲ့အဆောက်အဦးရဲ့ အမျိုးအစားအလိုက် သူ့ မှာရှိရမဲ့ ဒီဇိုင်းအင်္ဂါရပ်တွေပြည့်စုံမှု့ရှိမရှိကို တိုင်းတာအမှတ်ပေးလိုက်နာရအောင် ထုတ်ထားတဲ့ နည်းဥပဒေဘဲ။ အောက်ပါ နမူနာဇယားကိုကြည့်ပါ။
Minimum Buildable Design Score

Code on accessibility in the build environment ဆိုတာကို အကြမ်းဖျင်းပြောရရင် ဆောက်လုပ်မဲ့ အဆောက်အအုံရဲ့ ၀န်းကျင်အနေအထား သင့်တော်မှု့ရှိမရှိ ( ဥပမာ မီးသတ်ကား၊ သူနာပြုယာဉ်စတာတွေ ၀င်ထွက်သွားလာလို့ ရမရ) ဆိုတာတွေ မဆောက်လုပ်ခင် သေသေခြာခြာ စစ်ဆေးအောင်ပြုထားတဲ့ နည်းဥပဒေတခုပါဘဲ။
အဲ့ဒီဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ မညီညွတ်ဘဲဆောက်ရင်၊ မလိုက်နာဘူးဆိုရင် ပြစ်ဒါဏ်တွေချမှတ်ခံရမယ်။

အဲ့ဒါတွေကို လိုက်နာလို့ ဆောက်လုပ်ပြီးတာနဲ့ မလုံလောက်သေးဘူး ။ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် အဆောက်အဦးပိုင်ရှင်တွေ၊ နေထိုင်လုပ်ကိုင်သူတွေ နှစ်စဉ်လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေ ( ဥပမာ - မီးလောင်မှု့ ကြုံလာရင်ဘယ်လိုရင်ဆိုင်ဆောင်ရွက်ရမယ်ဆိုတာသိဖို့ လေ့ကျင့်ခန်းတွေ ( Fire Drill ) အရေးပေါ်အခြေအနေမှာ လူတွေကိုဘေးကင်းရာကိုရွေ့ ပြောင်းတတ်ဖို့ လေ့ကျင့်ခန်းတွေ ( Emergency Response Drill/ Evacuation Exercise ) လုပ်ဆောင်ကြရတယ်။ အဲ့ဒါအပြင် နှစ်စဉ် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု့ ( Fire Safety Audit) ကိုလုပ်ကြရတယ်။ အဲ့ဒီလိုစစ်ဆေးဝင်တဲ့အခါမှာလည်း အဖြစ်သဘော၊ အပြသဘောလောက်လုပ်လို့ မရဘူး။ စုံစမ်းစစ်ဆေးသူကို လာဘ်ထိုးလို့ လည်းမရဘူး။ အောက်မှာဖေါ်ပြထားတဲ့ စမ်းသတ်မှု့တွေလုပ်ပြီး မှတ်တမ်းတွေယူတာ။

 Fire protection valves inspection.
 Fire pumps flow tests.
 Test sprinkler water flow alarm systems.
 Fire hydrants flow tests.
ဥပမာဆိုရင် မီးသတ်ငုတ် များ အလုပ်လုပ်မလုပ်စစ်ဆေးခြင်းရလာဒ် (hydrant flow test results) ဟာ 500 gpm @ 20psi ထက်ကျော်လွန်နေဖို့ လိုတယ်။ မိန်းခလုပ်နဲ့ လျှပ်စစ်ဘုတ်ခုံတွေထားတဲ့အခန်းတွေ ကွန်ပြူတာဆာဗာတွေထားတဲ့အခန်းတွေမှာ မီးခိုးအနံ့ ရရင်အချက်ပေးတဲ့ Smoke Detector တွေ တပ်ထားမထားဆိုတာကအစ အသေးစိတ်စစ်ဆေးတာ။

ဆိုခြင်တဲ့သဘောက အုပ်ချုပ်ပုံစနစ်မှန်ကန်ပြီးတရားဥပဒေစိုးမိုးတဲ့တိုင်းနိုင်ငံတွေမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေရဲ့ ဘ၀လုံခြုံစိတ်ချမှု့ဟာ အတော်အတန်စိတ်ချရတယ်။
မြန်မာနိုင်ငံလို အုပ်ချုပ်ပုံစနစ်ကလည်း မမှန်ကန်သေး၊ တရားဥပဒေစိုးမိုးမှု့ကလည်းမရှိသေးတဲ့ တိုင်းပြည်က ပြည်သူလူထုရဲ့ဘ၀ကတော့ နေ့ စဉ်နဲ့အမျှ စွန့် စားမှု့တွေ မလိုအပ်ဖဲယူနေကြရတဲ့အပြင် ဘ၀လုံခြုံမှု့ မရှိဘူး ဆိုတာ မင်္ဂလာဈေးမီးကြီးက သက်သေပြသွားတာပါဘဲ။

နှစ်ကြိမ်တိုင်တိုင်မီးလောင်ဆုံးရှုံးမှု့ကြုံရတဲ့ မင်္ဂလာဈေးသူဈေးသားတွေလို မြန်မာပြည်သူတွေဟာ ဘယ်လောက် ရိုးရိုးသားသား သမာအာဇီဝနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ကျိုးစား စုဆောင်းပေမဲ့ ရှာထားတဲ့ ဓနဥစ္စာတွေဟာ လက်တဖျစ်အတွင်းပျောက်ကွယ်သွားတာဟာ တချို့ကတော့ ဘ၀၀ဋ်ကြွေးပါလာတာဘဲလို့ ဖြေတွေး တွေးရင်တွေး ကြမယ်။

တကယ်တော့ ဘယ်မီးလောင်မှု့မဆို ကြိုတင်ကာကွယ်နိုင်သလို အုပ်ချုပ်သူအစိုးရက သူ့ တာဝန်သူယူပြီး ပြဌာန်းရမဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ စနစ်တကျဆောင်ရွက်မယ်၊ ကြိုတင်ကာကွယ်မှု့၊ ပညာပေးမှု့၊ စစ်ဆေးအရေးယူမှူ့တွေ ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ဒီလိုအဖြစ်ဆိုးတွေ မရှိသလောက်နည်းသွားမှာ ဖြစ်သလို၊ တကယ်လို့ ဖြစ်ခဲ့ရင်တောင် အထိအခိုက်နည်းအောင် စီမံနိုင်တယ်ဆိုတာ သေခြာပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်

ဒီ လုပ်ငန်းစဉ် ကို လိုက်နာ ရမယ့် စီးပွားရေး အမျိုး အစား တွေ ထဲမှာ ရေနံ သဘာဝ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော် တာ၊ သစ်ခုတ် တာ ကစလို့၊ ကုန်ထုတ် လုပ်ငန်း တွေ၊ မွေးမြူရေး လုပ်ငန်း တွေ လည်း ပါဝင် နေပါတယ်။
စီးပွားရေး လုပ်ငန်း အမျိုးစား ပေါင်း ၁၄၀ ကျော် အပေါ် သက်ရောက် စေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စံညွှန်းစံကိန်း တွေ ကို အစိုးရ က သတ်မှတ် ကြေညာ လိုက် ပါတယ်။

ကိုယ်လုပ်ဆောင်မယ့် စီးပွားရေး လုပ်ငန်း ဟာ ပတ်ဝန်းကျင် အပေါ်မှာ ဘယ်လောက် ထိခိုက် နိုင်မလဲ ဆိုတာကို အခု ထုတ်ပြန် ထားတဲ့ သတ်မှတ် လမ်းညွှန် ချက်တွေ အရ လုပ်ငန်း မစတင်ခင် အရင် ဆန်းစစ် ရမှာ ဖြစ်ပြီး သက်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ကို တင်ပြ ရမှာ ဖြစ်ပါတယ်။

ဒီ လုပ်ငန်းစဉ် ကို လိုက်နာ ရမယ့် စီးပွားရေး အမျိုး အစား တွေ ထဲမှာ ရေနံ သဘာဝ ဓာတ်ငွေ့ နဲ့ သတ္တုတူးဖော် တာ၊ သစ်ခုတ် တာ ကစလို့၊ ကုန်ထုတ် လုပ်ငန်း တွေ၊ မွေးမြူရေး လုပ်ငန်း တွေ လည်း ပါဝင် နေပါတယ်။

ပတ်ဝန်းကျင် အပေါ် သက်ရောက်မယ့် အတိုင်းအတာ ကို အစိုးရ ဝန်ကြီး ဌာန က ကျေနပ် လက်ခံ မှသာ လုပ်ငန်း လိုင်စင် ရမှာ ဖြစ်ပါတယ်။

ပျက်ကွက် ဒဏ်ကြေး အနေနဲ့ ဒေါ်လာ ၅ ထောင် ကနေ ၁ သောင်းကြား သတ်မှတ် ထား သလို၊ စမ်းစစ်မှု အစီရင် ခံစာ ကို သတ်မှတ် ရက် အတိုင်း မတင် နိုင်ရင် တစ်ရက် ခြင်း အလိုက် ပေးဆောင် ရမယ့် ရက်လွန် ကြေး တွေ အပြင် နောက်ဆုံး လုပ်ငန်း ပိတ်သိမ်း တဲ့ အထိ လည်း အရေးယူ ခံရ နိုင်တယ် ဆိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ဘီဘီစီ ကို ပြောပါတယ်။

ခွင့်ပြုထားပြီးသား လုပ်ငန်းတွေထဲက ပတ်ဝန်းကျင် ထိခိုက်မှု ရှိလို့ ဆိုပြီး ဝန်ကြီးဌာန ကို တိုင်ကြားမှုပေါင်း (၇၁)မှုရှိပြီး ဒါတွေကို စိစစ် ဆောင်ရွက် နေတယ်လို့ ဦးနေအေးက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟိုတယ် ဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် အနောက် နိုင်ငံသား တွေ တည်းခိုလေ့ ရှိတဲ့ ဟိုတယ် အတိုက်အခိုက် ခံရ။
အာဖရိက အနောက်ပိုင်း ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ ဘာကီနာဖာဆို ရဲ့ မြို့တော် ဝါဂါဒူးဂူးမှာ ဟိုတယ် တစ်လုံးကို သေနတ် သမားတွေ ဝင်ရောက် တိုက်ခိုက် ခဲ့ကြ ပြီး ပေါက်ကွဲသံတွေ၊ သေနတ်သံ တွေ ထွက်ပေါ် လာပါတယ်။

သေနတ်သမား တွေ ဟာ ဟိုတယ်ရှေ့ ကားဗုံးတွေ ဖောက် ခွဲခဲ့ ကြပြီး ဟိုတယ် အဆောက်အဦ ကို စီးနင်း ခဲ့ကြတယ် လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

အဲဒီလို စီးနင်း ခံရတဲ့ ဟိုတယ် ဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် အနောက် နိုင်ငံသား တွေ တည်းခိုလေ့ ရှိတဲ့ ဟိုတယ် ဖြစ်ပြီး အနီးက စားသောက်ဆိုင် တစ်ဆိုင်လည်း အတိုက်ခိုက် ခံခဲ့ ရပါတယ်။

အစိုးရ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ လည်း အခင်း ဖြစ်ရာဆီ ရောက် လာခဲ့ပြီး အပြန်အလှန် ပစ်ခတ် မှု တွေ ဖြစ်ပေါ် ခဲ့တယ် လို့ အနီးနား မှာ ရှိသူ တွေ က ပြောပါတယ်။

အစ္စလာမ်မစ် တွေ ဖြစ်နိုင်တယ် လို့ ယူဆ ရတဲ့ သေနတ်သမားတွေ ဟာ ဟိုတယ် ထဲမှာ ဓါးစာခံ တွေ ဖမ်းဆီး ထားနိုင် တယ် လို့လည်း တချို့ သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဒုက္ခသည်ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ အာရှတိုက်တို့က စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအရ အဖြေရှာကြဖို့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အကျပ်အတည်းပြဿနာ စီမံခန့်ခွဲရေးဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားလူထု အနေနဲ့ တိုင်းပြည်တွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ ဥရောပက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စည်းရုံးဖြောင့်ဖျကြတဲ့ အစပျိုးကြိုးပမ်းမှုတွေ ရှိနေပြီလို့လည်း ဆာဗီးယား ၀န်ကြီးချုပ် နဲ့ ဆာဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာ သောကြာနေ့က တွေ့ဆုံအပြီးမှာ ပဲ ကော်မရှင်နာမင်းကြီး ခရစ္စတို စတိုင်လီယံနိုဒ် (Christos Stylianides) ကပြောဆိုခဲ့တာပါ။

ဒုက္ခသည်ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်၊ ဆီးရီးယား၊ အာဖဂန်နဲ့ အီရတ်နိုင်ငံတွေမှာ နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ကြိုးပမ်းရမယ်၊ တချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံတွင်းမှာ အခြေခံ လိုအပ်ချက်တွေ ကို ထောက်ပံ့ရုံတင်မက ပညာရေးလို အစီအစဉ်မျိုးတွေနဲ့ ဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာတွေကို အကာအကွယ်ပေးနိုင်ဖို့၊ တိုင်းပြည်ထဲမှာပဲ ဆက်လက်နေထိုင်ကြဖို့ စည်းရုံးရမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဆိုမာလီယာနိုင်ငံ အနောက်တောင်ဘက် Kenya နယ်စပ်ပြမြေပုံ။ 
ဆိုမာလီယာနိုင်ငံ အနောက်တောင်ဘက် Kenya နယ်စပ်နားမှာ ရှိတဲ့ အာဖရိက သမဂ္ဂရဲ့ စစ်အခြေစိုက်စခန်း ကို Al-Shabab စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် အာဖရိကသမဂ္ဂလုပ်ငန်းတွေအတွက် တာဝန် ထမ်းဆောင်နေတဲ့ ကင်ညာစစ်သား ဒါဇင်နဲ့ ချီပြီး သေဆုံးခဲ့ရပါတယ်။

Gedo ဒေသမှာ ရှိတဲ့ Elbe မြို့ကလေးမှာ သောကြာနေ့ မနက်အစောပိုင်း အသေခံ ဗုံးဖေါက်ခွဲမှုနဲ့ စတင်ခဲ့တဲ့ ဝင်ရောက်တိုက်ခိုက်မှုဟာ နောက်ပိုင်းမှာတော့ အခြေစိုက် စခန်းက ကင်ညာတပ်သားတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွါးခဲ့ ပါတယ်။

ကင်ညာတပ်တွေရဲ့ အခြေစိုက်စခန်းနားမှာ ရှိတဲ့ ဆိုမာလီယာ စစ်တပ် အခြေစိုက် စခန်းကို Al- Shabab စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ တာလို့ ကင်ညာ ကာကွယ်ရေးတပ်သားတွေက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ စစ်သွေးကြွတွေက စခန်းကို ဝင်ရောက် တိုက်ခိုက်ပေမယ့် ကင်ညာတပ်သားတွေက ဆိုမာလီယာ စစ်သားတွေရဲ့ အကူအညီနဲ့ပြန်လှန် ခုခံခဲ့တယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Al-Shabab တွေက ဒီတိုက်ပွဲမှာ ကင်ညာတပ်သား ၆၀ သေဆုံးခဲ့တယ် n Isaak ကတော့ သေဆုံးခဲ့တဲ့ ကင်ညာတပ်သား ၄၀ ထက်မနည်း ရှိပြီး တချို့ တပ်သားတွေက အခြေစိုက် စခန်းကနေ လွတ်မြောက် ထွက်ပြေး နိုင်ခဲ့ တယ်လို့ ပြောပါတယ်။

ဒေသခံတွေကတော့ အဲဒီမြို့နဲ့ အနီးဝန်းကျင်ကို Al- Shabab တွေ ထိန်းချုပ်ထားပြီး သူတို့ရဲ့ အလံတွေ လွှင့်ထူထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်သွေးကြွတွေဟာ စစ်တပ်ယာဉ်တွေပေါ်က လက်နက်တွေကို သိမ်းထားတယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းက ရှုတ်ချလိုက်ပြီး ဆိုမာလီယာ အစိုးရနဲ့ လူထုက ပံ့ပိုးပေးနေတဲ့ AMISOM အဖွဲ့နဲ့ အာဖရိက သမဂ္ဂတို့နဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကို ဒီတိုက်ခိုက်မှုက မှေးမှိန်အောင် မလုပ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ Al- Shabab အဖွဲ့ဟာ မနှစ်က စက်တင်ဘာလမှာလည်း အာဖရိက သမဂ္ဂရဲ့ အဆောက်အဦးတွေ ကို အလားတူ တိုက်ခိုက်ခဲ့တာမို့ ငြိမ်းချမ်းရေးထိန်း တပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမေရိကန် ပြည်ထောင်စု ထဲက စတော့ ဈေးကွက် တွေမှာ ရှယ်ယာ တန်ဖိုးတွေ သိသိသာသာ ကျဆင်း ခဲ့ ပါတယ်။

အစောပိုင်းက ဥရောပ နဲ့ အာရှ ဈေးကွက် တွေ မှာ စတော့ တန်ဖိုး တွေ ထိုးဆင်း ခဲ့ ပြီးတဲ့ နောက် အမေရိကန် မှာပါ အခုလို လိုက်လံ ကျဆင်း လာတာ ဖြစ်ပါတယ်။

နယူးယောက် မြို့ ဝေါလ် စထရိ ဈေးကွက် တွေ မှာ the Down Jones (ဒေါင်းဂျုံးစ်) ရှယ်ယာ တန်ဖိုး ရည်ညွှန်းကိန်း ဟာ ၃ % ဝန်းကျင် ကျဆင်း ခဲ့ပါတယ်။

ရေနံ ဈေးလည်း တစ်စည် ကို ဒေါ်လာ ၃၀ အောက် ကို အခု သီတင်းပတ် ထဲ မှာတင် ဒုတိယ အကြိမ် မြောက် အဖြစ် ကျဆင်း ခဲ့ ပါတယ်။

အခုလို စတော့ ရှယ်ယာ တန်ဖိုး တွေ ကျဆင်း နေပေမယ့် အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီ အစိုးရ ရဲ့ ငွေကြေး ဘွန်း စာချုပ်တွေ တန်ဖိုး မြင့် တက် လာ သလို၊ ရွှေဈေး လည်း မြင့်တက် ခဲ့ ပါတယ်။

တရုတ် ပြည် စီးပွားရေး နှေးကွေး သွားတဲ့ အပေါ် စိုးရိမ်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာ ကလည်း တကမ္ဘာ လုံးက စတော့ ဈေးကွက် တွေ အပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ် ခံနေရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


နိုင်ငံတကာ အာကာသ စခန်း အပြင်ဘက်ကို အာကာသယာဉ်မှုး နှစ်ယောက် ၆ နာရီခွဲ ကြာ လမ်းလျှောက်မယ့် အမေရိကန် အာကာသ အေဂျင်စီ နာဆာ ရဲ့ အစီအစဉ်ဟာ ၄ နာရီ ကျော် အကြာ မှာပဲ ရပ်နား ခဲ့ရပါတယ်။

အာကာသယာဉ်မှုး တစ်ယောက် ရဲ့ ခေါင်းဆောင်း ဟဲလ်မက် ထဲမှာ ရေတွေ တွေ့လာရတဲ့ နောက် အခုလို ရပ်နား ခဲ့ရတာ ဖြစ်ပါတယ်။

အာကာသ ထဲ ပထမဆုံး အကြိမ် အဖြစ် လမ်းလျှောက် ခဲ့တဲ့ ဗြိတိသျှ အာကာသ ယာဉ်မှုး Tim Peake ဟာ သူ့ အဖော် အမေရိကန် အာကာသ ယာဉ်မှုး ရဲ့ ဟဲလ်မက် ထဲမှာ ရေပါးပါး လေး လွှမ်း နေတာ ကို မြင်ခဲ့ရ ပါတယ်။

သတ်မှတ်ချိန် မပြည့်မှီ အာကာသထဲ လမ်းလျှောက်တာ ရပ်နား ခဲ့ရပေမယ့် လူတွေ တော့ ဘယ်လို အန္တရာယ်မှ မရှိ ခဲ့ကြဘူး ဆိုပြီး နာဆာက ထုတ်ပြန် ပါတယ်။

ဒါ့အပြင် အာကာသ စခန်း အပြင် ထွက် ရတဲ့ အဓိက ရည်မှန်း ချက် ဖြစ်တဲ့ ပျက် နေတဲ့ လျှပ်စစ် သေတ္တာငယ် တစ်လုံးကို အစားထိုး လဲလှယ် ဖို့ တာဝန်လည်း ပြီးမြောက် ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် ကတော့ အီတလီ အာကာသယာဉ်မှုး Luca Parmitano ရဲ့ ဟဲလ်မက် ထဲမှာ ရေတွေ အတော် လေး မြန်မြန် ပြည့် လာခဲ့ လို့ ရေမွန်း သေရမယ့် အန္တရာယ် အထိ ကြုံ ခဲ့ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


pharkant-machin-620.jpg
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ စက်ယန္တရားတွေကို စစ်ဆေးမှတ်ပုံတင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စေလွှတ်တဲ့ အထူးကွင်းဆင်းစုံစမ်းရေးအဖွဲ့ဟာ ဖားကန့်မြို့ကို ဒီကနေ့ ရောက်ရှိနေပါတယ်။

သတ္တုတွင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်စတဲ့ ဌာနတွေက အဆင့်မြင့်အရာရှိ အယောက် ၂၀ ကျော်က ကွင်းဆင်းစစ်ဆေးမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး မြင့်ထူးကပြောပါတယ်။

အဲဒီစစ်ဆေးရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တာဖြစ်ပြီး အစည်းအဝေးကိစ္စတွေရှိနေတဲ့အတွက် လောလောဆယ် ဖားကန့်ကို ဗိုလ်ချုပ်အောင်စိုး မရောက်သေးဘူးလို့ ဆိုပါတယ်။

ယာဉ်စက်ယန္တရားတွေကို စစ်ဆေးမှတ်ပုံတင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ နေလည်ပိုင်းက ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ တရားမဝင် ကျောက်စိမ်းတူးဖော်ရေးယာဉ်၊ စက်ယန္တရားတွေ ဖားကန့်ဘက်သယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အခုလို ကွင်းဆင်းစုံစမ်းမှုတွေပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းတွေကလည်း ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းထွန်းနဲ့ ဦးဝင်းရှိန်တို့ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ မြစ်ကြီးနား၊ ကန်ပိုက်တီနဲ့ ဖားကန့်ဒေသတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ အခုနှစ်ရာသီအတွက် နိုင်ငံတော်ကို အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတဲ့ ယာဉ်စက်ယန္တရားအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီး လက်ရှိဖားကန့်မြို့နယ်ကို အစီးရေ ခုနှစ်ရာကျော် ရောက်ရှိပြီးဖြစ်ပါတယ်။

အဲဒီစက်ယန္တရားအစီးရေ ခုနှစ်ရာကျော်ဟာ ဂျိတ်လန်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ကုမ္ပဏီ ၁၃ ခုရဲ့ တူးဖော်ရေးယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/machine-investigators-arrive-pharkant-01152016104627.html

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာကို မကျေနပ်တဲ့ ကျေးရွာ ၁၅ ရွာက ရွာသားတွေစုပေါင်းပြီး မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ဆန္ဒပြစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်မှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းရာမှာ ဥပဒေနဲ့မညီလို့ဆိုပြီး ကျေးရွာ ၁၅ ရွာက ရွာခံ ၃၀၀ လောက် စုပေါင်းပြီး ဒီကနေ့ မလှိုင်မြို့မှာ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။

အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့အတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဆယ်အိမ်စုမှူးတွေ ရွေးချယ်ရာမှာ ရွာခံတွေရဲ့သဘော တူညီချက်မပါဘဲ လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေကိုသာ ရွေးချယ်နေတဲ့အတွက် ကန့်ကွက် တာဖြစ်တယ်လို့ မလှိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာက ဦးကြည်တိုးက ပြောပါတယ်။

"အခုဆယ်အိမ်ခေါင်း ရွေးချယ်တာတောင် သူတို့က မမှန်မကန်နဲ့ လူကြီးပီပီ ဂုဏ်သရေရှိစွာ မလုပ်တဲ့ အတွက် နောက်ရွေးချယ်တဲ့ ဥက္ကဌအလုပ်မှာဆိုရင် ဒီ့ထက်ပိုညစ်လာမှာပါ၊ သူတို့နဲ့ပဲ ပြီးမယ့်လူတွေပဲ လုပ်နေမယ်ဆိုရင် ကျနော်တို့ရွာက မတိုးတက်နိုင်ပါဘူး"

ဆန္ဒပြသူတွေဟာ ကြီးကြပ်ရေးအဖွဲ့တွေကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဆယ်အိမ်မှူး ရွေးချယ်နေမှုတွေကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မလှိုင်မြို့နယ်မှာ ကျေးရွာအုပ်စု ၅၆ အုပ်စုရှိပြီး အုပ်စု ၂၀ လောက်မှာ အလားတူ ပြဿနာတွေ ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ဖို့အတွက် ကြီးကြပ်ပေးရမယ့်အဖွဲ့ကို ရပ်ရွာက လေးစားကြည်ညိုသူတွေနဲ့ ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီအဖွဲ့က ဆယ်အိမ်စုမှူးတွေ ကို ပြန်လည်ရွေးချယ်ပြီး ဆယ်အိမ်စုမှူးတွေကမှ လျှို့ဝှက်မဲပေးစနစ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။

တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာ ဒေသခံတွေကို မေးမြန်းတာမရှိဘဲ လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပဲ သူတို့နဲ့နီးစပ်သူတွေကိုသာ ရွေးချယ်ခန့်အပ်တဲ့အတွက် ပြဿနာတွေ ရှိနေတာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဦးရွှေမန်းဖယ်ရှားခံရရင် သူလည်း ဖယ်ခံရ နိုင်တယ်လို့ ဦးခင်ရွှေပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း နဲ့ ဗဟိုကော်မတီဝင် ဦးခင်ရွှေ တို့ကို ပါတီ ကနေ ဖယ်ရှား လိုက်တယ် ဆိုတဲ့ သတင်းတွေ ကြားရ တယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ပြည်သူ့ လွှတ်တော် အတွက် ဒေါ်အောင်ဆန်း စုကြည်ကို မဲပေးဖို့ ပြောခဲ့တာနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေး ပါတီရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ခုံရုံး သဘောမျိုး ခေါ်ယူ မေးမြန်းတာ ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

သူရဦးရွှေမန်းကိုလည်း ပါတီ ကနေ ဖယ်ရှားတယ်ဆိုတဲ့ သတင်းတွေ ကြားရလို့ ဦးခင်ရွှေကို မေးကြည့်ရာမှာ သူတို့ နှစ်ယောက်က ခမည်းခမက်တွေ ဖြစ်နေလို့ တနွယ်ငင် တစင်ပါ သဘောမျိုးနဲ့ ဖယ်ရှားနိုင်ဖွယ်ရှိတယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးလှသိန်းဆွေ ကတော့ အခုလို ဖယ်ရှားတယ်ဆိုတဲ့ ကိစ္စမျိုးကို ပါတီညီလာခံ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ကြလေ့ရှိတာကြောင့် အခုကိစ္စမှာ အစည်းအဝေးတွေ ခေါ်ယူဆုံးဖြတ်တာ မရှိလို့ ထုတ်ပယ်တာ မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။

ဒါ့အပြင် သူက ပြီးခဲ့တဲ့ လပိုင်းက သူရဦးရွှေမန်းကို ပါတီ ဥက္ကဌ အဖြစ်က ဖယ်ရှားခဲ့တုန်းကလည်း တရားဝင် အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဦးရွှေမန်းကို ဥက္ကဌ နေရာကနေ ဖယ်ရှားပြီး နောက်တစ်နေ့ ရောက်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီခေါ်ယူ ဆုံးဖြတ်ပြီး ဦးဌေးဦးကို ပူးတွဲ ဥက္ကဌ အဖြစ် ခန့်ထားခဲ့တာလို့ ဦးလှသိန်းဆွေက ပြောပါတယ်။

BBC
http://www.bbc.com/burmese/burma/2016/01/160115_shwemann_khinshwe_usdp


တူးပို့ ဆိုတဲ့ စကားလုံးကို မသုံးဖို့ အတိအလင်းပြောတဲ့ ကြားက ဈေးကွက် ပေါ် ရောက်လာ တယ်လို့ မြို့မ မိသားစုကပြော

မြန်မာတို့ရဲ့နှစ်သစ်ကူး သင်္ကြန်ရောက်တိုင်း လူတိုင်းပါးစပ်ဖျား ရေးပန်း စား နေဆဲ ဖြစ်တဲ့ တူးပို့သီချင်း ခေါင်းစဉ်ကို ဒိန်းမတ်နိုင်ငံထုတ် Tuborg ဘီယာက မြန်မာ စာသား တူးပိုးနဲ့ မြူးစို့ဆိုပြီး ဘီယာပုလင်းတွေ သံဗူး တွေမှာ တံဆိပ် ရိုက်နှိပ် ဖြန့် ချီလို့ ဆိုပြီး တူးပို့ သီချင်းရဲ့ သခင်ဖြစ်တဲ့ မြို့မငြိမ်းရဲ့ မိသားစု တွေက ဒီစာသား ဖျက်မပေးရင် တရားစွဲမယ်လို့ ပြောပါတယ်။

တူးပို့ ဆိုတဲ့ အဘိဓါန်မှာ မရှိဘဲ မြန်မာ အားလုံး ပါးစပ်ထဲမှာ ရှိနေတဲ့ စကားလုံးကို ဘီယာကုမ္ပဏီဖြစ်တဲ့ Tuborg က တူးပို့ ဘီယာဆိုပြီး မြန်မာပြည်ထဲမှာ ဖြန့်နေလို့ မြို့မငြိမ်းမိသားစုနဲ့ မြို့မအဖွဲ့သားတွေက သတင်းစာ ရှင်းလင်းပွဲ တရပ်လုပ်ပြီး ကန့်ကွက်လိုက်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဆရာမြို့မငြိမ်းရဲ့သားဖြစ်သူ မြို့မဦးရွှန်းမြိုင်ကမြန်မာ တမျိုးသားလုံး အသိအမှတ် ပြုထားတဲ့ တူးပို့ သင်္ကြန် သီချင်းကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနဲ့ ဆရာမြို့မငြိမ်းရဲ့မိသားစုတွေ ၄ကြိမ် တွေ့ဆုံပြီးခဲ့ဖူး ပေမယ့် မိသားစု ဘက်က တူးပို့ ဆိုတဲ့ စကားလုံးကို မသုံးဖို့ အတိအလင်းပြောတဲ့ ကြားက ဈေးကွက် ပေါ် ရောက်လာလို့ ကန့်ကွက်ရတာဖြစ်တယ်လို့လည်း ဦးရွှန်းမြိုင်က ပြောပါတယ်။

မြို့မငြိမ်းရဲ့ မြေးလည်းဖြစ် ပန်းချီပေါ်ဦးသက်ရဲ့သားလည်းဖြစ်တဲ့ ကိုဇော်မျိုးဦးက ကုမ္ပဏီအနေနဲ့ တပတ်အတွင်း တူးပို့ ဆိုတဲ့ မြန်မာလိုရေးထားတဲ့ နာမည်ကို ဖျက်မပေးရင် နိုင်ငံတကာအဆင့်ထိ တရားစွဲဆိုဖို့ ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။ ယဉ်ကျေးမှု ဆိုင်ရာ စကားလုံး တစ်ခု ကို မလျော်မကန် အသုံးမပြုဖို့ ခုခံ ကာကွယ်ရမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

Tuborg ဘီယာဖြန့်ဝေတဲ့ Carlsberg ကုမ္ပဏီရဲ့ အရောင်း မန်နေဂျာ Mrs Birgitte Weeke ကတော့ ကုမ္ပဏီကြောင့် ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေတာမျိုး မရှိ စေချင်ဘဲ မြို့မငြိမ်း မိသားစုနဲ့ အမြန်ဆုံးဆက်သွယ်ပြီး ဒါကို ဘယ်လို အကောင်း ဆုံး အသင့်တော်ဆုံးနည်းတွေနဲ့ ဖြေရှင်းမလဲ ဆိုတာ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

တရားစွဲတဲ့ အဆင့်ရောက်ပြီ ဆိုရင် အမှုနိုင်ဖို့ မနိုင်ဖို့ ဆိုတာထက် မြို့မရဲ့ ဂုဏ်သိက္ခာနဲ့ တူးပို့ဆိုတာ ဘီယာ မဟုတ်ဘူး ဆိုတာ အများပြည်သူသိဖို့ လုပ်ဆောင်တာသာဖြစ်တယ်လို့ မြို့မ အသိုင်းအဝိုင်းက ပြောနေကြပါတယ်။

BBC
http://www.bbc.com/burmese/burma/2016/01/160115_tuborg_beer

သမ္မတဦးသိန်းစိန် ထွက်တော်မူအိမ်ကခွာတယ်ဆိုတော့ မျက်ရည်ကျသူတွေက တို့သမ္မတကြီး သနားပါတယ်တွေဘာတွေ ဖြစ်နေကြတာကြည့်ပြီး နည်းနည်းလေး အသည်းပေါက်မိတယ်။ သမ္မတ အိမ်တော်ဆိုတဲ့ နေရာကနေ လယ်တောကိုပြောင်းရတယ်ဆိုပြီး ကျွတ် .. ကျွတ် … ကျွတ် လုပ်သူတွေ လည်း လုပ်နေကြတယ်။ လယ်တောဆိုတာ သူတို့ဘာမှန်းသိကြတာမဟုတ်ဘူး။

လယ်တောဆိုတဲ့ အရပ်မှာ လုံခြုံရေးအပြည့်နဲ့ ခမ်းနားတဲ့ အိမ်တော်ကြီးနဲ့ နေကြရမှာကို သူတို့သိကြတာ မဟုတ်ဘူး။ ဒါကြောင့်လည်း သမ္မတကြီး ရာထူးပြုတ်တော့ လယ်တောထဲရောက်သွားတယ်ဆိုပြီး ဖြစ်အောင် တမင်တကာ အကွက်ဆင်ထားကြတာ။

ဒီနေရာမှာ ပြောချင်တာက သမ္မတချင်း နှိုင်းယှဉ်ပြချင်တာ။ ဥရုဂွေးနိုင်ငံမှာ သမ္မတယိုဆေး မူဇီကာ ဆိုတာရှိတယ်။ သူလည်း ဦးသိန်းစိန်နဲ့ခေတ်ပြိုင် ၂၀၁၀ ကနေ ၂၀၁၅ အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူပေါ့။ ယခင်က ပြောက်ကျားသူပုန်။ စစ်အာဏာရှင်ခေတ်မှာ ထောင် ၁၃ နှစ်ကျပြီးတော့မှ သမ္မတရွေးကောက်ပွဲကနေ ပြည်သူပေးတဲ့မဲနဲ့ သမ္မတဖြစ်လာတာ။ ဦးသိန်းစိန်လို သမ္မတ ဖြစ်လာပုံမျိုးတော့မတူဘူး။

သူ့ကို ကမ္ဘာ့ အနှိမ့်ချဆုံး၊ အရိုးသားဆုံး၊ မာန်မာနမရှိဆုံး သမ္မတဘွဲ့ပေးထားကြတယ်။ သူက သမ္မတ လစာအဖြစ် တစ်လကို ဒေါ်လာ ၁၂၀၀၀ ရတယ်။ မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၅၆ သိန်းလောက် ရတယ်ပေါ့။ သူက ရတဲ့ လစာထဲက ဆင်းရဲသားတွေနဲ့ သာမန်လက်လုပ်လက်စား လူတန်းစားတွေကို လစဉ် သူ့ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းပြန်လှူတယ်။ ကဲ .. တွက်ကြည့်တော့ သူတစ်လကို ပြည်သူတွေ အတွက် ပြန်လှူနေတဲ့ငွေက သိန်း ၁၄၀ လောက်ရှိတယ်။ တစ်လ ၁၆ သိန်းထဲနဲ့ ရပ်တည်နေရတဲ့ သမ္မတ (မူဇီကာကိုပြောတာ)။ သမ္မတ ဦးသိန်းစိန်အိမ်တော်က အိမ်ဖော်လစာလောက်ပဲရှိမယ်။

၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့က မူဇီကာ သမ္မတရာထူးကနေ နုတ်ထွက်ပေးတော့ မယ်ဆိုတော့ ဘီဘီစီ သတင်းထောက်တစ်ယောက်က
“သမ္မတကြီး မူဇီကာကတော့ ရာထူးကဆင်းပေးလိုက်ပါပြီ။ သူနုတ်ထွက်သွားတယ်ဆိုပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးကလည်းခိုင်မာ၊ လူမှုရေးကလည်းတည်ငြိမ်ပြီး အိမ်နီးချင်း နိုင်ငံကြီးတွေက အားကျအထင်ကြီးလောက်အောင် စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်သွားနိုင်ခဲ့ပါတယ်” လို့ ကြေညာသွားခဲ့တယ်။ ကဲ တို့သမ္မတကြီး ထွက်တော်မူတော့ တိုင်းပြည်ကို ဘယ်လိုထားခဲ့သလဲ။

မူဇီကာသမ္မတ သက်တမ်းတစ်လျှောက် ၁၉၈၇ ခုနှစ်လောက်ကတည်းကထုတ်ထား တဲ့ ဗောက်စ်ဝက်ဂွန် ဘီတယ် ကားစုတ်လေးပဲစီးပြီး ရုံးတက်တယ်။ ၂၀၁၀ ပြည့်နှစ် သမ္မတရာထူးအတွက် ပိုင်ဆိုင်မှုတွေ ကြေညာဆိုတော့ သူပိုင်တဲ့ ဗောက်စ်ဝက်ဂွန်ကားလေး ကိုပဲ ဒေါ်လာ ၁၈၀၀ တန်ပါ တယ်လို့ကြေညာတယ်။ သူ့မှာ အကြီးမား ဆုံးပိုင်ဆိုင်တာ အဲဒါပဲရှိတယ်။

၂၀၁၄ ခုနှစ်မှာ သမ္မတကြီးရဲ့ ရိုးသားမှုနဲ့ အနေစုတ်တာကို မီဒီယာတွေက ဖော်ထုတ်လိုက်လို့ ကားစုတ်လေးစီးနေရတာ ကမ္ဘာကသိသွားတယ်။ ဥရုဂွေးသတင်းစာတစ်စောင်ကနေ သမ္မတကြီးကား ကို ဒေါ်လာ တစ်သန်းနဲ့ လေလံတင်လိုက်တယ်။ ၁၉၈၇ ခုနှစ်ထုတ်ကားဖြစ်တဲ့အပြင် အရိုးသားဆုံး သမ္မတစီးတဲ့ကားဆိုပြီးတော့ပါ။

မူဇီကာကလည်း အေး .. ဒေါ်လာ တစ်သန်းနဲ့သာ သူ့ကားကိုရောင်းရရင် အိုးမဲ့အိမ်မဲ့တွေအတွက် နေစရာအိမ်တွေကို ဆောက်လှူဦးမှာတဲ့ဗျာ။ ခုတော့ သမ္မတကြီးဟာ သူ့ဇနီးပိုင်တဲ့ တကယ့် လယ်ထဲက ဂိုဒေါင်လိုလိုအိမ်စုတ်လေးမှာ ခွေးတစ်ကောင်နဲ့အတူ သွားနေပါတယ်။ ဇနီးရယ် သူရယ် ခွေးတစ်ကောင်ရယ်ဆိုတော့ ခွေးကလည်း အစောင့်လို့ မထင်လိုက်ပါနဲ့။ ဘာမှ အားကိုးရမှာ မဟုတ်ဘူး။ ခြေထောက် သုံးချောင်းပဲရှိလို့။

ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ကတော့ လယ်တောလို့ အမည်ပေးထားတဲ့ ရပ်ကွက်ကြီးထဲမှာ၊ နန်းတော်လို တိုက်ကြီး၊ ကားကောင်းကြီးတွေစီးပြီး၊ ခံစားခွင့်လစာအပြည့် နေနိုင်မယ့်အပြင် သမ္မတကို လုံခြုံရေးအတွက် အစောင့်အရှောက်တွေ ထားပေးရဦးမတဲ့။

ကွာပါတယ် … တကယ့်ကို ကွာပါတယ်။ ပြည်သူ့သမ္မတနဲ့ သူ့သမ္မတ တကယ့် တကယ့်ကို ကွာလှပါသဗျာ။ ဥရုဂွေးကာ မူဇီကာရေ … သမ္မတဖြစ်ရတဲ့ ခင်ဗျားကို ကျွန်တော်တို့ သမ္မတကြီး ကတော့ ဟား နေမှာ သေချာတယ်။

Tin Nyunt (၁၅.၁.၂၀၁၆)

kayah-pm-620.jpg
လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကကျင်းပတဲ့ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး မိန့်ခွန်းပြောနေစဉ်
Photo: Nay Thwae/RFA

ကယားပြည်နယ် ဖံွ့ဖြိုးတိုးတက်ရေးအတွက် မကြာမီတာဝန်ယူမယ့် အစိုးရသစ်အဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းဆောင် ရွက်ကြဖို့ လက်ရှိ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ကန္နာဟေဝန် ပန်းခြံမှာ ကျင်းပခဲ့ရာ အခမ်းအနားမှာ ၀န်ကြီးချုပ် ဦးခင်မောင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

"အစိုးရသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားများအားလုံးက လက်တွဲညီညီ အားကြိုးမာန်တက် ပူးပေါင်းပြီးတော့ ကယားပြည်နယ်တစ်ခုလုံး ဘက်စုံဖွံဖြိုးပြီး၊ ငြိမ်းချမ်းရေးဖားစည် သံတွေ ဝေလျှံအောင် စည်းလုံးညီညွှတ်စွာနဲ့ လက်တွဲမဖြုတ်တမ်း ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်"

ပြီးခဲ့တဲ့ ၅နှစ်တာကာလအတွင်း ကယားပြည်နယ်မှာ နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တည်ဆောက်ဖို့ ၊ တစ်ပြည်နယ်လုံး မီးလင်းရေးနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေ အကောင်အထည်ဖော်ရာမှာ မပြီးပြတ်ခဲ့တဲ့အတွက် လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့က သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

အရင်က ကရင်နီပြည်နယ်အဖြစ် သတ်မှတ်ထားရာကနေ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်က ကယားပြည်နယ် အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ၁၉၅၂ ခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့မှာ ပြည်နယ်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီတို့က ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/64-kayah-state-day-01152016093140.html


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့။ သတင်းဓာတ်ပုံ မြန်မာငြိမ်းချမ်းရေးစင်တာ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့။ သတင်းဓာတ်ပုံ မြန်မာငြိမ်းချမ်းရေးစင်တာ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့မှာ နိုင်ငံရေး အစုအဖွဲ့ အသီးသီးက ခေါင်းစဉ် အလိုက် ဆွေးနွေးချက်တွေကို အဆုံးသတ် လိုက်ပြီး နိုင်ငံရေး ကဏ္ဍခေါင်းစဉ်နဲ့ဆွေးနွေးချက်အောက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကို အစုအဖွဲ့အားလုံးက လက်ခံပေမဲ့ ပြည်ထောင်စု ဖွဲ့စည်းရာ မှာတော့ မတူညီတဲ့ အမြင်တွေ ကို မှတ်တမ်းရယူထားပါတယ်။ အလားတူပဲ လုံခြုံရေးကဏ္ဍမှာလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား မတူညီတဲ့ အမြင်တွေရှိနေပြီး မတူညီတာတွေကို အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့မှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့တွေက ကိုယ်စားလှယ်တွေ ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍတွေကို သင့်တင့်တဲ့ ဦးရေအလိုက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍကို ဆွေးနွေးကြရာမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူ ကို ပါဝင်ဆွေးနွေးတဲ့ အစုအဖွဲ့အားလုံးက သဘောတူကြတယ်လို့ နိုင်ငံရေး ကဏ္ဍ သဘာပတိ အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

" အဓိက ကတော့ ဖက်ဒရယ်မူကို အားလုံးလက်ခံ တယ်။ နောက်ပြီးတော့ ပြည်နယ် ဆိုလည်း ပြည်နယ်၊ တိုင်းဆိုလည်း တိုင်း Sate ဆိုလည်း State တပြေးညီ သတ်မှတ်သင့်တယ်လို့ ပြောတယ်။ တချို့ကလည်း ပြည်နယ် အသစ်တွေလည်း ပေါ်လာနိုင်တယ်။ ပြည်နယ်အသစ်တွေ ပေါ်လာနိုင်တဲ့အတွက် အကြံဉာဏ်ပေးတာတွေရှိပါတယ်။ တချို့ကလည်း ပြည်နယ် အသစ်သော်လည်းကောင်း၊ နယ်မြေ အသစ်သော်လည်းကောင်း၊ တိုင်းဒေသကြီး မြို့နယ်အသစ်သော်လည်းကောင်း ဖော်ထုတ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်သွားသင့်တယ်လို့လည်း တင်ပြတဲ့သူရှိပါတယ်။

တိုင်းရင်းသားအဖွဲ့တဖွဲ့ကတော့ ၈ ပြည်ထောင် မူကို တင်ပြပါတယ်။ ဒါပေမဲ့ တော်တော်များများ ကတော့ ၈ ပြည်ထောင် မူဟာ ဒါ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပြိုကွဲစေမယ်။ ဧရာဝတီတိုင်းဆိုရင် ရခိုင်တွေလည်းရှိတယ်။ ကရင်တွေလည်း ရှိတယ်။ အဲ့တာကြောင့် အဲ့လိုလည်း တင်ပြတဲ့အဖွဲ့ရှိပါတယ်။ "

ဒီလို တင်ပြရာမှာ ပအိုဝ်း၊ပလောင်၊ နာဂ၊ ၀ စတဲ့ ဒေသတွေကို ပြည်နယ်ဖွဲ့စည်းဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခု အစား ဗမာအပါအ၀င် ၈ပြည်ထောင် သတ်မှတ်ဖို့ တင်ပြတာတွေ ရှိနေတာဖြစ်ပါတယ်။

တပ်မတော်တော်သားကိုယ်စားလှယ်တွေက လက်ရှိ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆွေးနွေးခဲ့သလို တချို့ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အတွင်း ဆွေးနွေးချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံ ကို ပြန်လည် စဉ်းစားသင့်ကြောင်း တင်ပြခဲ့တာတွေ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကိုယ်စားလှယ် မိဆူးပွင့်က ပြောပါတယ်။

" NCA ကနေ အခြေခံပြီးတော့ အားလုံးသဘောတူ ရေးဆွဲထားတဲ့ နိုင်ငံရေး မူဘောင်ကနေတဆင့် နိုင်ငံရေး ပြဿနာတွေကို ချဆွေးနွေးမယ်။ မူဝါဒတွေကို ချမယ်။ ပြီးတော့မှ ရရှိလာမယ့် နိုင်ငံရေးရလဒ်အပေါ် မူတည်ပြီး ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းပုံက အသစ်ရေးမလား၊ ပြင်မလား။ ဒီလိုအပိုင်းကိုပဲ စဉ်းစားသင့်တယ်ပေါ့နော်။ အခုက ကျမတို့ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ဆွေးနွေးနေရသလိုမျိုး ဖြစ်လို့ရှိရင် အဲ့လိုမျိုး ဘောင်ကန့်လိုက်လို့ရှိရင် အခက်အခဲဖြစ်မယ်ဆိုတာမျိုးတွေကိုလည်း ကျမတို့ ABSDF ဘက်က အဲ့ဒီ့ဟာလေးကို သေချာပြန်တင်ပြနိုင်ခဲ့တယ်ပေါ့လေ။ "

နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲအပေါ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အခုလို သုံးသပ်ပါတယ်။

" ဒီနေ့ ဆွေးနွေးပွဲ ကြည့်ရတာကတော့ တိုင်းရင်းသားဘက်ကရော တပ်မတော်ဘက်ကရော အစိုးရဘက်ကရော တတ်သိပညာရှင်ဘက် ကရော နိုင်ငံရေး ပါတီဘက်ကရော အားလုံး အပြုသဘော နဲ့ဆွေးနွေးတာ တွေ့ရပါတယ်။ "

တခြားအရေးကြီး ခေါင်းစဉ်တခုဖြစ်တဲ့ လုံခြုံရေးကဏ္ဍ ဆွေးနွေးချက်မှာတော့ တပ်မတော် တခုတည်း ရှိရေးကို သဘောတူပေမဲ့ တချို့အချက်တွေကို အပြန်အလှန် မေးမြန်းရှင်းလင်းတာရှိကြောင်း လုံခြုံရေးကဏ္ဍ သဘာပတိအဖွဲ့ဝင် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက အခုလို ပြောပါတယ်။

"တခုတည်းသော ပြည်ထောင်စု တပ်မတော်တည်ရှိရေး ကိုတော့ သဘောတူတယ်။ ဒါပေမဲ့ အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိရေးဆိုတာ ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲ ပေါ့နော်။ အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားမယ်ဆိုရင် တပ်မတော်မှာ Command တွေ ရှုပ်ထွေးသွားမယ်။ ဒီလိုမျိုး မဖြစ်သင့်ဘူး စသဖြင့် တပ်မတော်ဘက်က တင်ပြချက်တွေရှိတယ်။ အဲ့ဒီ့အပေါ်မှာ တချို့လူတွေက တင်ပြချက်တွေကို ပြန်လည်ရှင်းလင်းခိုင်းတာတွေရှိတယ်။ အဲ့တာမျိုး ပြန်ရှင်းရတာတွေရှိတယ်။ နောက်တခုကတော့ တပ်မတော်ထဲမှာ တိုင်းရင်းသားတွေက အချိုးကျ ကိုယ်စားပြု ပါဝင်နိုင်ဖို့ လိုတယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ အဲ့တာ ဘာကိုဆိုလိုတာလဲပေါ့နော့် အဲ့လိုမျိုး ကိစ္စတွေကို နှစ်ဘက် ကြေလည်အောင် မေးခွန်းတွေကို ပြန်ပြီးတော့ ရှင်းကြတာပါပဲ။ "

လုံခြုံရေးကဏ္ဍဆွေးနွေးပွဲမှာ ဘုံ သဘောတူညီချက် ရတာမျိုး မရှိပေမဲ့ အမြင် မတူတာတွေကို ဖလှယ်နိုင်ခဲ့တယ်လို့လည်း ရဲဘော်သံခဲက ပြောပါတယ်။

" ကျနော်တို့ လုံခြုံရေးဆိုင်ရာ အစုအဖွဲ့မှာ ဘုံ သဘောတူညီချက်ကို ရှာဖွေနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ရှာဖွေနိုင်ဖို့ လုပ်နိုင်တဲ့ အနေအထားလည်း မဟုတ်ဘူး။ အင်မတန်မှ ရက်ကလည်း တိုတယ်။ သို့သော်လည်းပဲ သေချာတာ တခုကတော့ တချိန်တုန်းက တဘက်နဲ့ တဘက် ဒ်ီလိုမျိုးတောင် ပြောခွင့်မရှိတဲ့ အနေအထားမှာ အခု တပ်မတော်နဲ့ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းတွေရဲ့ ကြားမှာ အမြင်မတူသော်လည်းပဲ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တဲ့ အခြေအနေ တခုတော့ ရောက်တယ်လို့ ကျနော်တို့ ယူဆတယ်။ "

မနက်ဖြန်မှာတော့ အစုအဖွဲ့အလိုက် ကဏ္ဍကြီး ၅ရပ်ပါ ဆွေးနွေးချက်တွေ ကို ပြန်လည် သုံးသပ်မှာပါ။ အဲဒီနောက်မှာ အစုအဖွဲ့အားလုံးက တူညီတဲ့ အချက်တွေကို စုစည်းပြီး ဆက်လက် ဆွေးနွေးမယ့် အခြေခံမူတခုအဖြစ် ချမှတ်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချ တာမျိုးတော့ ရှိမှာ မဟုတ်ပါဘူး။ ဒီအခြေခံမူတွေ ကို နောက်တက်မယ့် အစိုးရသစ်ကို လွှဲပြောင်းပေးအပ် သွားမှာဖြစ်ပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/day-4-of-the-national-peace-conference-in-myanmar/3147250.html


ပြည်နယ်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသဦးစီးအဖွဲ့တွေကို အာဏာခွဲဝေရေး (Power Sharing), သယံဇာတ ခွဲဝေရေး (Resource Sharing), အခွန်အခ ခွဲဝေရေး (Tax Sharing) အတွက် ဖွဲ့စည်းထားတဲ့ ကော်မတီရဲ့  ဆောင်ရွက်ချက်တွေကို လွန်ခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့က သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ခွဲဝေမှုကော်မတီ အစီရင်ခံစာဟာ အကျဉ်းချုပ် (၁၆) ရွက်၊ အပြည့်အစုံ (၅၂၆) ရွက် ရှိပါတယ်။ လိုရင်းတိုရှင်း ပြောရရင် ဗဟိုအစိုးရ နဲ့ ဒေသန္တရအစိုးရတွေရဲ့  လုပ်ပိုင်ခွင့် နဲ့ ရပိုင်ခွင့်ကို သတ်မှတ်တာပဲ ဖြစ်ပါတယ်။ ဗဟိုက သတ်မှတ်တဲ့အတိုင်း ဒေသခံအစိုးရတွေက အနည်းအကျဉ်း ရရှိမှာ ဖြစ်ပါတယ်။

သမ္မတရုံးက မထုတ်ပြန်မီ မနှစ်က သုတေသီ သက်အောင်လင်း နဲ့ Mari Oye တို့က သယံဇာတ ခွဲဝေရေး အစီရင်ခံစာကို ၂၀၁၄ ဇွန်လမှာ ထုတ်ဝေပါတယ်။ ဝန်ကြီးဌာနအရာထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တွေ့ဆုံမေးမြန်းပြီး ရေးသားထားတဲ့ စာမျက်နှာ (၆၀) ကျော် အစီရင်ခံစာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်မီ၊ သယံဇာတ အုပ်ချုပ်ရေးမှာ ဒေသခံအစိုးရတွေ ပါဝင်မယ့် အခန်းကဏ္ဍကို တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲဖို့ အကြံပြုထားပါတယ်။ တချို့ နေရာမှာ ဒေသခံတွေ စီမံခန့်ခွဲတာက ပိုပြီးထိရောက်အောင်မြင်တယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေ ဇယား (၅) မှာ ဆား၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှုးဆီ စတဲ့ တန်းဖိုးနည်း တောထွက်ပစ္စည်းတွေကိုသာ ဒေသခံအစိုးရက အခွန်ကောက်နိုင်ပြီး ကျွန်းနဲ့သစ်မာလို တန်းဖိုးမြင့် တောထွက်ပစ္စည်းတွေကိုတော့ ဗဟိုအစိုးရက အခွန်စည်းကြပ်ပါတယ်။ အခွန်ကောက်ခံခွင့်ရှိတဲ့ ကိစ္စမှာလည်း ဗဟိုအစိုးရသတ်မှတ်တဲ့ အချိုးအစားအတိုင်း ဒေသခံအစိုးရက ရယူနိုင်တယ်လို့ ခွဲဝေမှုကော်မတီ အစီရင်ခံစာ ဖော်ပြပါတယ်။ ကုန်သွယ်လုပ်ငန်းကို ဒေသခံအစိုးရ အခွန်ကောက်ယူနိုင်ပေမယ့် သွင်းကုန်ကိုတော့ ဗဟိုအစိုးရသာ စည်းကြပ်ခွင့် ရှိပါတယ်။ ပြည်ပအထောက်အပံ့နဲ့ ဆောင်ရွက်လိုတဲ့ စီမံချက်ကို ဒေသန္တရအစိုးရက တိုက်ရိုက်ညှိနှိုင်းလုပ်ကိုင်ပြီး နားလည်မှု စာလွှာမူကြမ်း ရေးဆွဲနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၃) လ တကြိမ် ဗဟိုအစိုးရကို အစီရင်ခံဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

စွမ်းအင်၊ လျှပ်စစ်၊ သတ္တု၊ သစ်တော စတဲ့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေကို ဗဟိုအစိုးရလုပ်ပိုင်ခွင့်အဖြစ် ခွဲဝေမှုကော်မတီက သတ်မှတ်ပါတယ်။ ဒါပေမဲ့ အသေးစား၊ အလတ်စား လျှပ်စစ်ဓါတ်အား ထုတ်ယူရင်တော့ ရသင့်တဲ့ အချိုးကျ ရန်ပုံငွေကို ခံစားနိုင်အောင် ခွဲဝေဖို့ ဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။ သတ္တု နဲ့ ကျောက်မျက်လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ်ဟာ ဒေသခံအရာရှိနဲ့ ဝန်ကြီးဌာန သဘောတူညီချက် ရယူရမယ်လို့ ဆိုပါတယ်။ စက်မှုဇုန် တည်ထောင်ရာမှာတော့ ဒေသခံအစိုးရတွေကို အတော်လေး လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ ဒေသန္တရအစိုးရကချည်း ဆုံးဖြတ်ပြီး လုပ်ကိုင်နိုင်တာနည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက် တောင်းခံရတာမျိုးက များပါတယ်။ တကယ်တော့ သယံဇာတခွဲဝေမှုကို မူသဘောနဲ့ လက်ခံတာဖြစ်လို့ သိပ်မထူးခြားပါဘူး။

တိုင်းနဲ့ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေးရတဲ့ အကြောင်းရင်းက ဒေသခံအစိုးရဟာ ဒေသခံပြည်သူနဲ့ ပိုပြီးနီးကပ်တဲ့အတွက် ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒေသခံအစိုးရဟာ သယံဇာတ စီမံခန့်ခွဲပိုင်ခွင့် အနည်းငယ်သာ ဖြစ်ပေမယ့် အခုလို စီမံခန့်ခွဲတဲ့ တာဝန်ပေးအပ်ခံရတာဟာ အရေးကြီးတဲ့ အစဉ်အလာကို တည်ဆောက်တာမို့ တိုးတက်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံဝင်ငွေ ခွဲဝေမှုဟာ စေ့စပ်ဆွေးနွေးသူတွေက စိတ်ကြိုက်တခါတည်း လုပ်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ သယံဇာတကို အနာဂတ်မျိုးဆက်တွေလည်း ပိုင်ဆိုင်တာမို့ ကုန်ခမ်းသွားတဲ့အချိန်မှာလည်း အကျိုးခံစားနိုင်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဝင်ငွေခွဲဝေမှု ပုံစံဟာ အနာဂတ် စီးပွားရေး၊ နိုင်ငံရေး နဲ့ သယံဇာတ ပြုန်းတီးမှုကို အကျိုးသက်ရောက်လိမ့်မယ်လို့ သုတေသီ သက်အောင်လင်းတို့အဖွဲ့က ဆိုပါတယ်။

နော်ဝေအခြေစိုက် သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI မှာ မြန်မာဟာ လွန်ခဲ့တဲ့ ဇူလိုင်လက အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။ ပွင့်လင်းမြင်သာရေးကို အဓိကထားတာမို့ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ ရှုမှု၊ တိုင်းရင်းသားပြည်သူရဲ့  သဘောထားနဲ့ အကျိုးစီးပွားကို အလေးထားမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စတာတွေကို မြန်မာရဲ့  အခြေခံမူအဖြစ် သတ်မှတ်ပါတယ်။ ဥပဒေစည်းမျဉ်း၊ သတင်းဖော်ပြမှု၊ စစ်ဆေးမှု၊ အုပ်ချုပ်မှု စတာတွေမှာ မြန်မာဟာ အညံ့ဆုံးဖြစ်နေပေမယ့် အဖွဲ့ဝင်လောင်းအနေနဲ့ သယံဇာတဝင်ငွေကို ဖော်ပြရပါလိမ့်မယ်။

၂၀၁၃/၁၄ ဘဏ္ဍာရေးနှစ်မှာ ဓါတ်ငွေ့ ဒေါ်လာသန်း (၃၃၀၀) ရရှိပြီး၊ မနှစ်က ကျောက်မျက်ဝင်ငွေ ဒေါ်လာသန်း (၃၄၀၀) ရရှိကြောင်း သိရပါတယ်။ သယံဇာတ အများစုဟာ တိုင်းရင်းသားနယ်မြေမှာ ရှိတာမို့ ခွဲဝေရေးဟာ ဒေသခံအတွက် အရေးကြီးပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖျက်မှု အများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ဒေသခံရဲ့  အကျိုးစီးပွားကို တကယ်အလေးထားဖို့ လိုနေပါတယ်။ အစိုးရရဲ့  ခွဲဝေမှုကော်မတီ အစီရင်ခံစာဟာ ဒေသခံရဲ့  မျှော်လင့်ချက်နဲ့ တခြားစီ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့  ဝင်ငွေကို တရားမျှတစွာ ခွဲဝေရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လယ်သမားတစ်ဦး လယ်ထွန်နေစဉ်။ Photo: RFA
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်၊ ဌာနေပြည်သူ့စစ်၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်သောင်းခွဲနီးပါးရှိကြောင်း ပြည်နယ်အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေက ပါတီဗဟိုထံ တင်ပြထားတယ်လို့ သိရပါတယ်။

လာမယ့် အစိုးရသစ်လက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေတွေအရေးကို စုံစမ်းစစ်ဆေးမယ့်အဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် စာရင်းတွေကို ပြန်လည်ပြုစုတာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။

"ကျနော်တို့လွှတ်တော်ကနေလည်း လယ်​ယာ​မြေသိမ်းဆည်းခံရမှု စုံစမ်းစစ်​​ဆေး​ရေး​ကော်​မတီ ပြန်ဖွဲ့ရမယ်လေ၊ ပြန်ဖွဲ့ပြီးတဲ့ခါကျရင် ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မြေယာစီမံခန့်ခွဲရေးကော်မတီက အသစ်ပြန်ဖွဲ့ရမှာလေ၊ အဲဒီ့ဟာတွေကနေတဆင့် တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်သွားပြီး ကျနော်တို့ စီစဉ်နေပါတယ်"

တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ကလောနဲ့ ရပ်စောက်မြို့နယ်အတွင်းက ဧကတစ်ရာကျော်ကိုသာ ပြန်လည်ပေးအပ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သိမ်းယူခံရတဲ့ လယ်ယာမြေဧကစာရင်းကို ပြုစုပြီး ပါတီဗဟိုမှာရှိတဲ့ တောင်သူလယ်သမားရေးရာကော်မတီထံ တင်ပြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

တောင်သူလယ်သမားရေးရာကော်မတီထံ ရန်ကုန်၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို လက်ခံရရှိထားပြီး ဧကစုစုပေါင်းကို စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese