01/20/16


ဦးနုသာရှိသေးရင်

အစဉ်အလာကြီးတဲ့ GTI ကျောင်းကြီးကို အာဏာရှင်တွေ လက်ထဲက တစ်စိတ်တစ်ပိုင်း ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီဆိုတာကတော့ မင်္ဂလာသတင်းပဲဗျ။ GTI ကို ပြဿနာ နေရာတစ်နေရာလို့ သတ်မှတ်ပြီး စစ်အစိုးရ အစဉ်အဆက် မျက်မုန်းကျိုးခဲ့တာပေါ့ဗျာ။ ကျောင်းကို အချုပ်ခန်းအဖြစ် အသုံးပြုပြီး ကျောင်းသားတွေ ဖမ်းထည့်၊ စစ်ဆေးခဲ့တာတွေကလည်း မေ့နိုင်စရာ ကိစ္စမှ မဟုတ်တာ။ သမိုင်းတစ်ပတ်လည်ချိန်လို့ ဆိုရတော့ မှာပေါ့။

GTI ကျောင်းကို အစိုးရ စက်မှုလက်မှုသိပ္ပံ ဆိုပြီးတော့ ၁၈၉၅ ခုနှစ်လောက်ကတည်းက ဖွင့်ခဲ့တာပါ။ အင်ဂျင်နီယာ အတတ်သင်ကျောင်းအနေနဲ့ နယ်ချဲ့အင်္ဂလိပ်တွေခေတ်ကတည်းက မြန်မာနိုင်ငံသားတွေ အတွက် ထူထောင်ပေးခဲ့တဲ့ အစဉ်အလာရှိသော ကျောင်းတော်ကြီးလို့ ဆိုရမှာပေါ့။

၁၉၉၆ ခုနှစ်မှာ ပညာရေးဝန်ကြီးလက်အောက်ကနေ သိပ္ပံနှင့်နည်းပညာဝန်ကြီးလက်အောက် ရောက်သွား တယ်။ ၁၉၉၈ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက် ရောက်သွားပြန်ရော။

အဲဒီမှာကတည်းက သွားပြီဆိုတာ သိလိုက်ရတယ်။ ရန်ကုန်စည်ပင်ဆိုတာကလည်း ရန်ကုန်မြို့ထဲက အကွက် မှန်သမျှ နိုင်ငံခြားကုမ္ပဏီတွေ လက်ထဲ ထိုးထည့်နေတာပဲ။ တခြားမကြည့်နဲ့ ဆူးလေရှန်ဂရီလာနဲ့ ဆက်စပ်ပြီး ဆောက်နေတဲ့ အနော်ရထားလမ်းထောင့် ဟိုတယ်နေရာဟာ ယခင်က ပန်းခြံနေရာ မဟုတ်ပါလား။

ပန်ခြံကိုလည်း ခွက်ပျောက်ရိုက်၊ လက်ရှိ ရှန်ဂရီလာဟိုတယ်ရှေ့က ကားပါကင်နေရာကလည်း အရင်က ဂုဏ်နဲ့ ပပဝင်း ရုပ်ရှင်ရုံရှေ့ လမ်းမနေရာ။ အဲဒီနေရာကိုတောင် ဟိုတယ်ကိုရောင်းစားပြီး လူတွေက တစ်တောင် လောက်ရှိတဲ့ ပလက်ဖောင်းမှာ သွားရအောင် လုပ်ရက်ကြတာ။

ခုလည်း GTI ကို အပြည့်ပြန်ရသေးတာ မဟုတ်ဘူးဗျ။ ပင်မဆောင်တစ်ခုကိုပဲ ပြန်ရသေးတာ။ ကျန်တဲ့ နေရာတွေကို ဘယ်သူတွေက ဘယ်သူ့တွေကို ဘယ်လောက်တွေနဲ့ ဘယ်နှနှစ်တောင် ငှားထားကြသလဲဆိုတာ ဖော်ထုတ်ကြရမှာပါ။

တစ်ချိန်က ဦးနုကို ဦးနေဝင်းအစိုးရက တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေသော ဦးနုနှင့် အပေါင်း အပါများ ဆိုတဲ့စကားသုံးပြီး စော်ကားမော်ကား စွပ်စွဲပြောကြားဖူးသဗျ။ ဦးနုသာ ရှိသေးရင်

“အေး … ငါက တိုင်းပြည်ကို လက်ညှိုးထိုးပြီး ရောင်းစားတာဆိုရင် မင်းတို့က မအေပေး၊ နှမပေး၊ တစ်မျိုးလုံး တစ်ဆွေလုံးပေးတဲ့အပြင် ရှိတာ အကုန်ယူဆိုပြီး ဟိုဟာပါပေးတဲ့ကောင်တွေ” လို့များ ပြောမလားမသိပါဘူး။

၁၉.၁.၂၀၁၆
Tin Nyunt

[youtube src="PrEW48_CgYc"/]

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့လို့ မြန်မာအစိုးရက အကြမ်းဖြိုခွဲပြီး သာယာဝတီထောင်ထဲ ဖမ်းဆီးထားတဲ့ ဗကသကျောင်းသားတွေနဲ့ဝန်းရံပြည်သူတွေကို ဇန်နဝါရီလ ၁၉ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

 fuel-620.jpg စက်သုံးဆီ ဖြည့်နေသည်ကို တွေ့ရစဉ်
Photo: Wikipedia

ဓါတ်ဆီ ဒီဇယ်စတဲ့ စက်သုံးဆီ လက်လီဈေးနှုန်းတွေဟာ အဆမတန် ဈေးကြီးနေတာကြောင့် အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာရောင်းချကြ ဖို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက အပတ်စဉ် ထုတ်ပြန်တဲ့ ဈေးနှုန်းအတိုင်းမဟုတ်ဘဲ ဈေးပိုတင်ရောင်းတာတွေ ရှိနေတဲ့အတွက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဇယ် တစ်ဂါလံကို ကျပ် ၃၀၀၀ ကျော် ဈေးရှိတာကနေ ကျပ် ၂၂၀၀ ဈေးလောက်ထိ ကျသွားနိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ရုံးအဖွဲ့မှုး ဗိုလ်မှူးကြီး ဝင်းနိုင်က ပြောပါတယ်။

"တစ်ခါလံကို ၄.၅၊ ၄.၆လီတာရှိတာကို၊ တစ်ခါလံကို ၂၂ဝဝ ကျော်သွားတာပေါ့နော်၊ ဟိုးအရင်ကထက်တော့ အများကြီးသက်သာတာပေါ့ဗျာ၊ အရင်ကတော့ ၃ဝဝဝ ကျော်လောက်ရှိတာပေါ့၊ တော်တော်လေးသက်သာသွားတာပေါ့၊ ရေနံ ဈေးနှုန်း ကျသွားတာလဲပါတယ်၊ ငွေလဲနှုန်းကလဲ သိသိသာသာကြီးမြင့်မားလာတာ မရှိတဲ့အခါကျတော့ သယ်ယူစရိတ်တွေကလဲ မြင့်မားလာတာ မရှိတော့ တာလဲပါတာပေါ့လေ"

အသင်းက သတ်မှတ်လိုက်တဲ့ဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၅၀၀ ကျပ်၊ 92 Ron တစ်လီ တာ ၅၅၀ ကျပ် ၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၅၆၀ ကျပ် နဲ့ 95 Ron တစ်လီ တာ ၆၆၀ ကျပ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေ သိသိသာသာကျဆင်းနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဈေးကြီးပေးပြီး ၀ယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်

RFA
http://www.rfa.org/burmese/news/fall-fuel-price-01192016105710.html


usdp-headoffice-620.jpg
နေပြည်တော်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ် ၁၂ ဦးပါ တက်ရောက်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အတွက် ပါတီတွင်း ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာ မလား ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်ကတော့ ဒီနေ့ အစည်းအဝေးဟာ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေး သာဖြစ်ကြောင်း ပြောပါတယ်။

"ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပါပဲခင်ဗျာ၊ ပုံမှန်အစည်းအဝေးတွေပါပဲ၊ ပါတီရဲ့သဘောကတော့ ရွေးကောက်ပွဲပြီးသွားရင် ပုံမှန်တော့အောင်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းတာတို့၊ ဘာတို့၊ ညာတို့တော့ရှိတာပေါ့၊ ပုံမှန်ပါတီစည်းရုံးရေး၊ ပါတီဝင်တိုးပွားရေး၊ ဒီကိစ္စတွေပါပဲ"

ဝန်ကြီးချုပ်တာဝန်ယူထားသူတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ပြီး ဝန်ကြီးချုပ် စုစုပေါင်း ၁၄ ယောက်ရှိရာမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ၀န်ကြီးချုပ်တွေတော့ အစည်းအဝေး မတက်ရောက်ဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌဟောင်း သူရဦးရွှေမန်း အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတချို့ကို ပါတီကနေ ထုတ်ပယ် လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဟာ ကောလဟာလသာ ဖြစ်ကြောင်းနဲ့ ပါတီတွင်းမှာ အဲဒီလိုဆွေးနွေးမှုမျိုးတွေ မရှိကြောင်းလည်း ဦးတင့်ဇော် က ပြောပါတယ်။

အဲဒီအစည်းအဝေးကို ပါတီရဲ့ပူးတွဲဥက္ကဌ ဦးဌေးဦး၊ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ၊ ဒုတိယဥက္ကဌ သူရဦးအေးမြင့်၊ ဗဟိုအကြံပေးတွေဖြစ်တဲ့ ဦးသိန်းဇော်၊ ဒေါက်တာမြဦးတို့လည်း တက်ရောက်နေတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ပါတီရဲ့ လူငယ်ရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပြီး မန္တလေး၊ ရန်ကုန်၊ မကွေး၊ ရတနာပုံ စတဲ့ တက္ကသိုလ်တွေက အငြိမ်းစား ပါမောက္ခချုပ်တွေ၊ ဒုတိယပါမောက္ခချုပ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/usdp-leaders-meet-naypyidaw-01192016102319.html

 lpt-protest-jan-620.jpg ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူ ၅ဝ ကျော် သီးနှံလျော်ကြေး ရရှိဖို့ တောင်းဆိုဆန္ဒပြစဉ်
ဓါတ်ပုံ - ဒေသခံတစ်ဦး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ခဲ့သူ ၃ ဦးကို တရားမ၀င်စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ ဇန်န၀ါရီလ ၁၆ ရက် နဲ့ ၁၈ ရက်နေ့တွေက ခွင့်ပြုချက်မရှိဘဲဆန္ဒပြတောင်းဆိုတာကြောင့် ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထားတာလို့ ဆားလင်းကြီးမြိုနယ် ညောင်ပင်းကြီး ရဲစခန်းမှူး ဒုရဲအုပ်ညိုမောင်က ပြောပါတယ်။

"၁၆ ရက်နေ့က တစ်ခုပေါ့၊ စီတန်းလှည့်လည်တဲ့ဟာမတင်ထားဘူး၊ မတင်ထားပဲ လုပ်လို့ စီတန်း ၁၈နဲ့ ဖွင့်တယ်၊ တုံရွာက မမာချိုပေါ့၊ ခွင့်ပြုချက် မတင်ပဲနဲ့ ဆန္ဒပြတဲ့ ဟာကို ကျနော်တို့ကအမှုဖွင့်တာပေါ့ဗျာ၊ သူတို့ဆီတော့ အကြောင်းကြားစာပို့တယ်"

ဝမ်ပေါင်ကြေးနီစီမံကိန်းကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ မြေနေရာတွေမှာ လျော်ကြေး မယူထားတဲ့ နေရာတွေလည်း ပါနေတာကြောင့် ဒေသခံတွေက ဆန္ဒပြတောင်းဆို ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၄ ခုနှစ်တစ်နှစ်လုံးအတွက် သီးနှံလျော်ကြေးအဖြစ် ဒေသခံတွေကို ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် လျော်ကြေး မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာလို့ သိရပါတယ်။

လျော်ကြေးပေးခဲ့တုန်းက မြေတစ်ဧကို သီးနှံလျော်ကြေးအဖြစ် ကျပ် ၂ သိန်း ပေးခဲ့တာဖြစ်ပါတယ်။

ခြံစည်းရိုးခတ်လိုက်တဲ့ ကြေးနီစီမံကိန်းဧရိယာဝင်းအတွင်း လျော်ကြေး ရယူမှု မရှိသေးတဲ့ လယ်ယာမြေ ဧက ၃ဝဝဝ ခန့်ရှိတယ်လို့သိရပါတယ်။

RFA
http://www.rfa.org/burmese/news/letpadaung-protest-arrested-01192016101023.html

ဓါတ်ပုံ- RCSS မှထုတ်ပြန်သည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိ ပစ္စည်းများ
ဂျန္နဝါရီ ၁၉ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့၌ RCSS/SSA သျှမ်းပြည်တပ်မတော် နှင့် PSLF/TNLA တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသောကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု များရှိသည်ဟု သိရသည်။

RCSS/SSA နှင့် PSLF/TNLA တို့အကြား ဂျန္နဝါရီလ ၁၃ ရက်က ကျောက် မဲမြို့နယ် ကန့်ကန် ကျေးရွာ၊ ၁၇ ရက် လွယ်ဆာကျေးရွာ ၊ ၁၈ရက်နေ့ တော့ဆန်ကျေး ရွာ ၊ သီပေါမြို့နယ် ကွန်ဟောတ်ကျေးရွာ ၊ ၁၉ ရက်နေ့ ကျောက်မဲမြို့နယ် ဝမ့်လွယ်ယင်ကျေးရွာ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်ဟု ဒေသခံများက ပြောသည်။

အင်အား ၁၀၀၀ ကျော် ရှိသည့် RCSS/SSA တပ်ဖွဲ့ဝင်များက မြန်မာ့ တပ်မတော် နှင့်အတူ ပူးပေါင်း၍ ၎င်းတို့အား လိုက်လံထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု PSLF/TNLA ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

“ဗမာ့တပ်မတော် နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေမရှိပါဘူး။ ကိုယ့်လမ်းကို သွားတာ သူတို့က ခြုံခို တိုက်ခိုက် တာ။ ကြိုတင်သတင်းရ လို့ တော်သေး တယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကာကွယ် တာဘဲရှိတယ်။ လိုက်လံ တိုက်ခိုက်တာလုံးဝမရှိဘူး။ ကျနော်တို့က သူတို့နဲ့ ပြသနာမတက်ချင်လို့ စာအကြိမ်ကြိမ် ရေးတယ်။ အကြောင်းမပြန်လို့ တွေ့ဆုံေ ဆွးနွေးတဲ့အဆင့် မရောက်နိုင်ဘူး” - ဟု ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသ ည်။

PSLF/TNLA ခေါင်းဆောင်ပိုင်းဖြစ်သည့် တာ့ဘုန်းကျော်က မြန်မာ့ သတင်းဌာနများသို့ RCSS/SSA နှင့် တွေ့ဆုံဆွေးနွေး ဖို့မရှိကြောင်း၊ ပြသ နြာေ ဖရှင်းလိုလျှင် ၎င်းတို့နေထိုင်ရာ သျှမ်းပြည်တောင်ပိုင်းသို့သာ တပ်ဆုတ်ပြန်ရမည်ဖြစ်ကြောင်း ပြောသည်။

RCSS/SSA ကလည်း ၎င်းတို့တပ်အခြေစိုက်ရာအမှတ် ၇၀၁ စစ်ဒေသသို့ စစ်ကြောင်းများ သင်တန်း ဆင်း၍ ပြန်သွားစဉ် PSLF/TNLA က စတင်ခြုံခို တိုက် ခိုက်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားရသည်ဟု ပြော သည်။ RCSS/SSA သည် သျှမ်းပြည်သားများ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ် သည့်အတွက် မည်သည့်နေ ရာ မဆိုသွားလာခွင့်ရှိသည်ဟု ပြောသည်။

TNLA မှ ဖမ်းဆီးထားသည့် နမ့်ခမ်းမြို့နယ် မိုင်းဝီး၊ ဟိုပန် ဒေသခံ ပြည်သူ ၁၂ ဦး၊ မန်တုံမြို့နယ် မိုင်းခတ်ဒေသခံ ၁၁ ဦး အနက် ၈ ဦး ပြန်လွှတ်ေ ပးပြီးသည်ဟု ဆိုသော်လည်း ဒေသံ ၁၅ ဦး ပြန် လွတ်ပေးခြင်းမရှိသေးဘူးဟု မူစယ်ခရိုင် လူငယ်ခေါင်းဆောင် စိုင်းဦးက ပြောသည်။ ထို့အတူ TNLA ဘက်ကလည်း ကျောက်မဲမြို့နယ် လွယ်ဆာ ဒေသခံ ၁၁ ဦးအား RCSS/ SSA မှ ဖမ်းဆီးသွားသည်ဟု စွပ်စွဲထားသည်။

တိုက်ပွဲဖြစ်ပွားနေမှုများသည် သျှမ်းပြည်လူထုသာ နှစ်နာစေသည့်အတွက် အစိုးရ တပ်မတော် အပါဝင် ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းကြပါရန် ညီညွတ်ေ သာတိုင်းရင်းသားများ မဟာမိတ် UNA က လဆန်းပိုင်း ထုတ်ပြန်ကြေငြာချက်ဖြင့် တောင်းဆိုထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၉

မေး- NLD က ဦးဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင် ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ အဲဒါလေးကို သိချင်လို့ပါ။
ဖြေ- ဟုတ်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ဆီက ပြောရေးဆိုခွင့် ရှိသူ ဒေါ်နန်းခင်ထွေးမြင့် နောက်ဆုံးပြောထားတာရှိတယ်လေ။ ပြည်နယ် တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကဘဲ ဦးဆောင် ပီးတော့ အစိုးရဖွဲ့ဖို့ ဆိုတာ သူပြောထားတာဘဲ။

မေး- အခုက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဦးညီပုက ၀န်ကြီးချုပ် ဖြစ်မယ်ဆိုပီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒါက မှန်ကန်ပါသလား။
ဖြေ- အဲဒါတွေကတော့ သူတို့ ထင်ကြေးတွေ ပြောတာနေမှာပါ။ ကျွန်တော်တို့ ဘက်ကတော့ ဘာမှ ပြောထားတာ မရှိ ပါဘူး။ ဒေါ်နန်းခင်ထွေးမြင့် ပြောတဲ့ အတိုင်းပါဘဲ။ တိုင်းနဲ့ ပြည်နယ် တွေမှာ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပီးတော့ အစိုးရဖွဲ့မယ်။ အဲဒီ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးချုပ်က ကျွန်တော်တို့ အဖွဲ့ဝင်ထဲကဘဲ ခန့်ထားမယ် ဆိုတာ ဒေါ်နန်းခင်ထွေးမြင့် ပြောပြီး ပါပြီ။

မေး- ဟုတ်ကဲ့။ အဲဒီတော့လေ NLD ပါတီ နဲ့ ANP ပါတီ တို့ ရခိုင်ပြည်နယ် အစိုးရရ ဖွဲ့စည်းရေး ကိစ္စမှာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းတာတွေကော ရှိပါလား။
ဖြေ- မရှိသေးပါဘူး။

မေး- ဆွေးနွေးဖို့ အစီအစဉ်ရှိပါလား။
ဖြေ- အဲဒါတွေကတော့ ဟို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင် ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ လုပ်မှာပါ။

မေး- ဟုတ်ကဲ့။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းကို ဘယ်နေ့လောက် သိရပါမလဲ။ ဘယ်နေ့လောက် ကျေညာပါ့မလဲ။
ဖြေ- အဲသလို သတ်မှတ်ထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးရအုံးမှာပါ။

မေး- အခုကလေ၊ ဒီရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းမယ့် အထဲမှာ ANP ပါတီကလည်း ရခိုင်ပြည်နယ်မှာ နေရာ အတော်များများ နိုင်ထားတော့ ANP ပါတီက ၀န်ကြီးတွေဘာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါသလား။
ဖြေ- အဲဒါကတော့ စောစောက ပြောထား သလိုပါဘဲ။ ဒေါ်အောင်ဆန်း စုကြည် က ဒီ အစိုးရဖွဲ့စည်းရေးနဲ့ တွေနဲ့ ပတ်သက်လို့ ပြောထားတာတွေ ရှိပါတယ်။ သူ ညှိနှိုင်းတိုင်ပင် လုပ်မယ် ဆိုတဲ့ဟာမျိုးတွေ ပြောထားပါတယ်။ အဲဒါကြောင့်မို့လို့ဘဲ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ပြီးမှဘဲ သူ့အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ပြောလို့ ရမှာ ဖြစ်ပါတယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးညီပုတို့ ဘယ်တော့လောက်တွေ့မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ- ကျွန်တော်တို့ ဟို သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပုံမှန်ကတော့ ဗဟိုအလုပ်အမှုဆောင် အစည်းကတော့ တစ်လ နှစ်ကြိမ် လုပ်နေတာတော့ ရှိပါတယ်။ အဲဒါတော့ အနည်းဆုံးတော့ တွေ့ဖြစ်မှာပါ။ ကြားထဲမှာ အရေးကြီးရင် ကြီးသလို တွေ့ကောင်း တွေ့နိုင်ပါတယ်။

မေး- ကျွန်တော်တို့ကြားတာကတော့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲမှာ ပါနိုင်မယ့်သူတွေ၊ NLD ရော၊ ANP ပါတီကရော ပါနိုင်တဲ့သူတွေကို ဦးညီပု က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတယ်လို့ ကြားရပါတယ်။ အဲဒါတွေကကော မှန်ပါသလား။
ဖြေ- အဲဒါတွေကတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ဟို လေ့လာနေပါတယ်။ ဘယ်လို လူမျိုးတွေ ကျွန်တော်တို့ အထဲထဲမှာ ပါဝင်နိုင်မလဲ။ အဲသလို လူတွေရဲ့ အရည်အချင်းတွေ ဘာတွေလဲဆိုတာ ကျွန်တော်တို့ လေ့လာနေပါတယ်။

(ပြီး)

(ဤတွေ့ဆုံ မေးမြန်းမှုအား နိရဉ္စရာမှ ဦးခိုင်မြတ်ကျော်က ၂၀၁၆ ဇန်န၀ါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။)

Arakan State
https://www.facebook.com/NarinjaraNews

အစိုးရတပ်နဲ့ ရခိုင်တပ်(AA) တို့ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်သည့်နေရာ (သတင်းဓါတ်ပုံ-ပြန်ကြားရေး)
အစိုးရတပ်နဲ့ ရခိုင်တပ်(AA) တို့ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေး ဒုက္ခသည် တွေမှာ နေရပ်ရင်းကို ပြန်ခွင့်မရပဲ ဒုက္ခသည် စခန်းတွေက နေရဆဲအခြေအနေမှာ တာဝန်ရှိသူတွေဘက်က အခြားနေရာကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့အတွက် ဒုက္ခသည်တွေမှာ နေထိုင်ရေး အတော်လေးကို အခက်တွေ့နေကြတယ်လို့ မြောက်ဦးက ရခိုင် လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရာချီတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေး အာမခံချက် ပေးနိုင်တဲ့ ရေရှည်ဘဝ ရပ်တည်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ကိုလည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့သူတွေက တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ကနေ ဇန်နဝါရီလဆန်းအထိ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် (AA) တို့အကြား ဆက်တိုက်ဆိုသလို တကျော့ပြန်   ပြန်လည် ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်ရင်ဆိုင် တိုက်ပွဲ တွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေဟာ သူတို့ရဲ့ တောင်ယာလုပ်ငန်းတွေ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဘေးလွတ်ရာ နီးစပ်ရာနေရာတွေမှာ ခိုလှုံကြသူတွေရှိသလို များပြားလှတဲ့ ဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်းသုံးခု ဖွင့်လှစ်ပြီး လိုအပ်တာတွေအတွက် မြို့ခံတွေက ဝိုင်း ကူညီ ပေးနေကြတယ်လို့ မြောက်ဦးမြို့နယ် ANP ပါတီ ဒုဥက္ကဋ္ဌ(၁)လည်းဖြစ် မြောက်ဦးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေက အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။

“ဒုက္ခသည်စခန်း ၃ ခု ရှိတယ်။ ကျီရာပြင် မှာ ၁၁၇ ယောက်၊ စေတီတောင်မှာ ၇၉ ယောက်၊ ရွာမ ပြင်မှာက ၆၇ ယောက် အကုန်လုံး ၂၆၃ ယောက် အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေက ဒုက္ခသည်တွေဆီ ကိုတော့ ဆန်၊ဆီ၊ဆား အ၀တ်အထည်တွေ လာပို့နေကြတယ်။ ပထမတော့ ရွာမှာ ရွာကိုပတ်ပြီးတော့ ကောက်ခံတယ်ပေါ့လေ။ ကောက်ခံလို့ရတာတွေနဲ့ ပထမဆုံးတော့ သူတို့ရဲ့ စားဝတ်နေရေးကို ဒီလို ရွာတွေက ဖြေရှင်းတယ်။ နောက်တော့ အရပ်ဖက်အဖွဲ့အစည်းတွေ သိသွားတော့ ဒီမေတ္တာမျှဝေဖောင်ဒေးရှင်းတို့ ၀ံလက် ဖောင်ဒေးရှင်းတို့ အရပ်ဖက် အဖွဲ့အစည်းတွေက လာကြတယ်။ အခုဆိုရင်တော့ သူတို့ စားသောက်ရေးအတွက်တော့ နဲနဲဖူလုံသွားပြီလို့တော့ ပြောလို့ရတယ်။”

နှစ်ရာကျော်သုံးရာနီးပါးရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို အစိုးရတပ်နဲ့ ရခိုင်တပ်ကြား စစ်ရေးတင်းမာနေဆဲအခြေအနေ၊ နယ်မြေမတည်ငြိမ် မအေးချမ်းသေးတဲ့ အနေအထားတွေကြောင့်ဒုက္ခသည်တွေ ရောက်လာရာ နေရပ်ရင်းကို ပြန်ခွင့်မပေးပဲ အခြားနေရာတွေကို ပို့ဆောင်ပေးဖို့ စီစဉ်နေတဲ့အတွက် ဒုက္ခသည် တွေမှာ ရေရှည် နေထိုင် ရပ်တည်ရေး အတော်လေးကို စိတ်သောကရောက်နေကြတယ်လို့ ဝံလက်ဖောင်ဒေးရှင်းရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးထွန်းသာစိန်က ပြောပါတယ်။

“ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ကျီယာပြင်တို့၊ စေတီတောင်တို့၊ ရွာမပြင်တို့ကို ရောက်လာကြတယ်။ သူတို့ မှုလနေခဲ့တဲ့ရွာကတော့ ဗာဂျီဆိုတဲ့ရွာနဲ့ သံတံတားဆိုတဲ့ ရွာ၊ရွာမဟုတ်ပဲနဲ့ ရွာလိုမျိုး တဲစုတွေ အစုလိုက်အဖွဲ့လိုက် နေကြတဲ့ တဲစုတွေရှိတယ် အဲ့ဒီ့တဲစုတွေကနေ တဆင့် စေတီတောင်တို့ ရွာမပြင်တို့ကို ရောက်လာကြတာ။ သူတို့နေခဲ့တဲ့ ဗာဂျီရွာတို့ သံတံတားတို့ကိုတော့ Local Government တွေက မပို့ဘူး။ ဒီရွာတွေကတဲ့ ခင်ဗျားတို့နေတဲ့ရွာတွေက ပြည်ထဲရေးအထိ မပေါက်သေးဘူး။ ရွာမဟုတ်သေးဘူး။ တဲစုတွေ အဆင့်ပဲ ရှိသေးတယ်။ အဲ့တာကြောင့်မို့လို့ တရားဥပဒေစိုးမိုးရေးမရှိဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ခင်ဗျားတို့ စစ်ဘေး၊ စစ်ဒဏ် သင့်ရတာ။ ဒါကြောင့်မို့ ခင်ဗျားတို့ စစ်ဘေး၊ စစ်ဒဏ်သင့်တဲ့နေရာတွေကို သွားဝံ့သလား။ သွားရဲသလား။ အဲ့လိုမေးကြတယ်ပေါ့လေ။ IDP တွေကလည်း သူတို့ဆန္ဒသဘောထားကတော့ Local Government တွေက အေးချမ်းသွားပြီ၊ လုံခြုံသွားပြီလို့ Mandate ပေးရင် သူတို့နေခဲ့တဲ့ ဗာဂျီတို့ သံတံတားတို့ကို ပြန်မှာပဲ သူတို့ကလည်း အာမခံချက်မပေးတော့ သူတို့က ဘယ်မှာ နေရမလဲ အဲ့လို ဇဝေဇဝါဖြစ်နေကြတယ်။”

ဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေအတွက် မြို့ခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေဘက်က ကူညီထောက်ပံ့ပေးနေပေမဲ့ သူတို့အတွက် သူတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖြစ်တဲ့ မိရိုးဖလာ တောင်ယာ လုပ်ငန်းနဲ့ နေ့စဉ်ဘေးကင်းလုံခြုံစွာ လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်လို့လည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောပါတယ်။

“ အခု ကျနော်မေးကြည့်တော့ သူတို့တွေက ဘာပြောကြသလဲဆိုတော့ ကျနော်တို့က တောတောင်ကို မှီခိုလို့ လုပ်စားလာကြတဲ့သူတွေပါ။ တောနဲ့တောင်နဲ့ သိပ်မဝေးတဲ့ ကျီရာပြင်တို့ စေတီတောင်တို့မှာ မှီခိုပြီးတော့ ကပ်ခိုပြီးတော့ နေရလို့ရှိရင် အဆင်ပြေပါတယ်လို့ ကျနော်တို့ကို ပြောကြတာပါပဲ။ သူတို့တွေ နေချင်တဲ့ နေပျော်တဲ့ နေရာတွေမှာ အဲ့ဒီ့ရွာတွေမှာ ထားလိုက်လို့ရှိရင် သူတို့အတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်အစိုးရဘက်က ဒုက္ခသည်တွေအတွက် ကူညီ ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကိုသိရအောင် ဆက်သွယ်ခဲ့ပေမဲ့လို့ ဆက်သွယ်လို့မရခဲ့ပါဘူး။ လက်ရှိရခိုင်ပြည်နယ်တွင်း အခြေအနေမှာတော့ အခုလို တကျော့ပြန် တိုက်ပွဲတွေကြောင့် ဒေသတွင်း ခရီးသွားလာရေးတွေမှာလည်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ကြား တကျော့ပြန်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ရာက အနည်းဆုံး တိုက်ပွဲ(၁၅)ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်ဘက်က တပ်ရင်းမှူးနဲ့ အရာရှိစစ်သည် တပ်သားတချို့ကျဆုံးခဲ့ရသလို ရခိုင်တပ်ဘက်မှာလည်း ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်လို့ စားဝတ်နေရေးနဲ့လုံခြုံရေး အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်ရေး အခက်အခဲတွေ တွေ့ကြုံနေရတဲ့အတွက် ကျောက်တော်မြို့မှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ကိုလည်း ဒေသခံရခိုင်ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ညီလာခံ လုပ်မယ့် ကိစ္စနဲ့ပါတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတို့ ကိုဆွေးနွေးခဲ့
ဇန်နဝါရီလ ၁၉ ရက်နေ့က ကြံခိုင်ရေး ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ကြံခိုင်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ပြည်နယ်နဲ့ တိုင်း က ဥက္ကဋ္ဌ တွေ တက်ရောက်ခဲ့ ကြပြီး တံခါးပိတ် ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

အစည်းအဝေး မှာတော့ ပါတီ ညီလာခံ လုပ်မယ့် ကိစ္စနဲ့ပါတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတို့ ကိုဆွေးနွေးခဲ့ ကြပြီး အများစုကတော့ အရေးပေါ် ညီလာခံ လုပ်ဖို့ သဘောတူကြတယ်လို့ဗဟို အလုပ် အမှုဆောင် ဦးလှသိန်းဆွေက ပြော ပါတယ်။

အခု အစည်းအဝေးမတိုင်ခင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင် အချို့ဟာ သမ္မတ ရဲ့ လယ်တောရိပ်သာ မှာ တစ်ပတ်အတွင်း နှစ်ကြိမ် တွေ့ ဆုံခဲ့ကြတယ်လို့ သတင်း တွေထွက်ပေါ် လာခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှု အပြီး သူရဦးရွှေမန်း အပါအဝင် ပါတီထိပ်တန်း ခေါင်းဆောင် ၁၂ ဦး ကို ပါတီက ထုတ်ပစ် ဖို့ ကိစ္စ တွေ ဆွေးနွေးခဲ့ကြပြီး အခု အစည်းအဝေးမှာ ဆုံးဖြတ် မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့အစည်းအဝေးမှာ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ပါတီ ဗဟို အလုပ်အမှု ဆောင် တစ်ဦးဖြစ်သူဦးလှသိန်းဆွေက ကောလာဟလ တွေသာ ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ကြံခိုင်ရေး ပါတီညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှာကျင်းပဖို့အစီအစဉ် ရှိပေမဲ့ အခုချိန်ထိမကျင်းပနိုင်သေးပဲ မေလမှာကျင်းပဖို့ စီစဉ် နေကြပါတယ်။

ပါတီ ညီလာခံမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကိုလျော့ချ ဖို့ရှိသလို ပြည်နယ်နဲ့ တိုင်း ဥက္ကဋ္ဌ အချို့လည်း ပါတီက အနားယူဖို့ရှိတယ်လို ကြံ့ခိုင်ရေး ပါတီရဲ့ တာဝန်ရှိသူတွေက ပြောနေ ကြပါတယ်။

RFA Burmese
http://www.bbc.com/burmese


အသက် (၃၄) နှစ်အရွယ် မြန်မာအမျိုးသမီးတဦးနှင့် လားရှိုးမြို့နေအိမ်တအိမ်တွင် တရုတ်နိုင်ငံသားတဦးတို့ မင်္ဂလာဆောင်နေကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်စု(၁၆)လားရှိုးမှ ရဲတပ်ဖွဲ့ဝင်များသည် ၄င်းအမျိုးသမီးအား လားရှိုးမြို့၊ ရပ်ကွက်(၉)အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်၍ သက်သေများရှေ့၌ ဖြစ်စဉ်ကို မေးမြန်းခဲ့သည်။ လွန်ခဲ့သော (၁၅) ရက်ခန့်က လားရှိုးမြို့နယ်၊ နောင်မွန်အုပ်စု၊ ခေးနင်းကျေးရွာတွင် နေထိုင်သည့် ဒေါ်အေးခမ်း၊ ၄င်း၏သားဖြစ်သူ အိုက်ထွန်း(ခ)အိုက်လွတ်နှင့် တရုတ်အမျိုးသား (၂) ဦးတို့ ၄င်း၏အိမ်သို့ရောက်ရှိလာပြီး တရုတ်အမျိုးသား (၂)ဦးအနက် အယောက်ယောက်နှင့်လက်ထပ်ပါက မြန်မာကျပ်ငွေ သိန်း(၅၀) ဖြင့် တင်တောင်းမည်ဟု စည်းရုံးပြီး စရံငွေ(၅)သိန်းကို ပေးအပ်ခဲ့သည်ဟုဆိုသည်။

ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် ဒေါ်အေးခမ်းမှ ၄င်းထံဖုန်းဆက်ပြီး (၁၃) ရက်နေ့တွင် မင်္ဂလာဆောင်မည်ဖြစ်ကြောင်းနှင့် မင်္ဂလာစရိတ်ကို ၄င်းတို့က ကုန်ကျခံမည်ဖြစ်ကြောင်း၊ ကျန်ငွေ (၄၅) သိန်းအား၊ တရုတ်နိုင်ငံရှိ တရုတ်အမျိုးသား၏ နေအိမ်သို့ရောက်ရှိမှသာ ရမည်ဖြစ်၍ တရုတ်နိုင်ငံသို့ လိုက်သွားရမည်ဖြစ်ကြောင်း သက်သေများရှေ့တွင် ထွက်ဆိုသည်။

ထိုကဲ့သို့ တရုတ်မယားအဖြစ် လက်ထပ်စေခဲ့ပြီး၊ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ရေးအတွက် ပြောဆိုစည်းရုံးသူများနှင့် အားပေးကူညီသူများဖြစ်သော ဒေါ်အေးခမ်းနှင့်သား အိုက်ထွန်း(ခ)အိုက်လွတ်၊ တရုတ်နိုင်ငံသားများဖြစ်သော ဒေါ်အေးခမ်းနှင့်သား အိုက်ထွန်း(ခ)အိုက်လွတ်၊ တရုတ်နိုင်ငံသားများဖြစ်ကြသော လီချီ(ခ)ကျိမ်းရွှမ်း၊ ထွန်းစောက်ရှင်းတို့အား ဥပဒေအရအရေးယူပေးပါရန် လူကုန်ကူးမှုတားဆီးနှိမ်းနှင်းရေးရဲတပ်ဖွဲ့ စု (၁၆) မှ ဒုရဲမှူးဝင်းညွှန့်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ (၁၃) ရက် ည (၇) နာရီ (၄၅) မိနစ်တွင် လားရှိုးနယ်မြေရဲစခန်းမှ (ပ)၁၄/၂၀၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ(၂၄)ဖြင့် အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့တရားမ၀င် ၀င်ရောက်လာသူ တရုတ်နိုင်ငံသား (၂) ဦးနှင့် ထိုသို့ ၀င်ရောက်နိုင်ရန် ဆောင်ရွက်ပေးသူ အိုက်ထွန်း(ခ)အိုက်လွတ်တို့အား လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လွှဲစာပေးပို့ထားကြောင်း သိရှိရသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တပ်မတော်သား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစာရင်းတွင် ဗိုလ်မှူးချုပ်သိန်းနိုင် (လေ-၁၇၉၃) ပါဝင်နေခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဗိုလ်မှူးချုပ်သိန်းနိုင်သည်မင်္ဂလာဒုံလေတပ်စခန်းမှူးဖြစ်ပြီး၊အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
သားမက်လည်းဖြစ်သည်။တပ်မတော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက်၊ တစ်ဦးတည်းသော ဗိုလ်မှူးချုပ်လည်းဖြစ်သည်။

တပ်မတော်သား တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းတွင် ပါဝင်သည့် ဗိုလ်မှူးကြီးများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအဖြစ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးမည်ဖြစ်သည်။ တပ်မတော်သားရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစာရင်းတွင်ဗိုလ်မှူးချုပ်တစ်ဦးနှင့်အတူ၊ ဗိုလ်မှူးကြီးတစ်ဦးပါဝင်နေခြင်းမှာ ပိုမိုထူးခြားနေသည်။ သမရိုးကျလေ့လာဆန်းစစ်မည်ဆိုလျှင်၊ ဗိုလ်မှူးချုပ်သိန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဖြစ်လာဖို့
သာရှိသည်။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ဗိုလ်မှူးကြီးတစ်ဦးကိုကိုယ်စားလှယ်အဖြစ် ထည့်သွင်းထားသနည်းဟု မေးခွန်းထုတ်ဖွယ်ဖြစ်လျက်ရှိသည်။

 တပ်မတော်၏၀ါရင့်အကြီးတန်းအရာရှိကြီးတစ်ဦးလည်းဖြစ်၊အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားမက်လည်းဖြစ်သူကို ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် လျာထားခြင်းမှာ ဖြစ်
နိုင်ပါ့မလား စဉ်းစားစရာဖြစ်သည်။ ဗိုလ်မှူးချုပ်သိန်းနိုင်ကိုတပ်မတော်သားရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းရသည့်နောက်ကွယ်တွင် မည်သည့်သဘောတူညီချက်များရှိနေမည်ကို
စိတ်ဝင်စားမိသည်။

အထူးသဖြင့် အာဏာရပါတီဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တပ်မတော်အကြား၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြား သဘောတူညီမှုများနှင့်ဆက်စပ်နေမလား စဉ်းစားစရာဖြစ်သည်။ အကြောင်းမဲ့သက်သက်၊ ဗိုလ်
မှူးချုပ်တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အမည်စာရင်းတင်
သွင်းခြင်းမဖြစ်နိုင်သကဲ့သို့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနေရာအတွက်
အမည်စာရင်းတင်သွင်းခြင်းလည်း ဖြစ်နိုင်ခြေနည်းပါးသည်ဟု သုံးသပ်ရ
မည်ဖြစ်သည်။

၂၀၁၁ခုနှစ်ဇန်န၀ါရီလ၂၀ရက်နေ့တွင်ထုတ်ပြန်ခဲ့သောတပ်မတော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအမည်စာရင်းတွင်ကရင်ပြည်နယ်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်း
၌ ဗိုလ်မှူးချုပ်ဇော်မင်း (ကြည်း - ၁၅၁၇၃) ပါဝင်ခဲ့သည်။

သူသည်တပ်မတော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက် တစ်
ဦးတည်းသော ဗိုလ်မှူးချုပ် ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဗိုလ်မှူးချုပ်ဇော်မင်းကို ကရင်ပြည်နယ်ဝန်
ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

၂၀၁၁ခုနှစ်မတ်လကုန်ပိုင်းတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များဖွဲ့စည်းခဲ့သည့်သာဓကများနှင့်
ဆက်စပ်စဉ်းစားမည်ဆိုလျှင်၊ဗိုလ်မှူးချုပ်သိန်းနိုင်သည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏၀န်ကြီးချုပ် ဖြစ်လာမည်လား
စဉ်းစားဖွယ်ရာဖြစ်သည်။ လူထုခေါင်းဆောင်နှင့်အငြိမ်းစားဗိုလ်ချုပ်မှူးကြီးတို့အကြား နှစ်နာရီကျော် တွေ့ဆုံဆွေးနွေးမှုများနှင့် ဆက်စပ်နေမည်လားစဉ်းစားစရာဖြစ်သည်။ စိတ်ဝင်စားဖွယ်ရာ သဲလွန်စတစ်ခုကို မြင်တွေ့လိုက်
ရသည့်အလား ခံစားမိသည်။

အကယ်၍....................................................................................
တပ်မတော်သားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသည့် အခင်းအကျင်းတွင် တိုင်းရင်းသားပါတီများ၊ အထူးသဖြင့် ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိတိုင်းရင်းသားပါတီများ၏ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးသည် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မလာနိုင်ပါက၊ နိုင်ငံရေးအရ အရုပ်ဆိုးအကျည်းတန်သွားနိုင်သည်ကိုအာဏာရပါတီခေါင်းဆောင်များအနေဖြင့်၊ နှလုံးသွင်းဆင်ခြင်သင့်သည်။

၂၀၁၁ခုနှစ်ဇန်န၀ါရီလတွင်အဆိုပြုခဲ့သောတပ်မတော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း
ပါ ဗိုလ်မှူးကြီးများအနက်၊ ဗိုလ်မှူးကြီးဇော်လွင် (ကြည်း - ၁၈၉၃၇) သည် တနင်္သာရီ
တိုင်းဒေသကြီးလွှတ်တော်တွင်လည်းကောင်း၊ ဗိုလ်မှူးကြီးထိန်လင်း
(ကြည်း - ၁၇၅၁၇)သည် ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်းကောင်း
အမည်စာရင်းထပ်မံပါရှိလာသည်ကို တွေ့ရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နေရာကို တပ်မတော်သားလွှတ်တော်
ကိုယ်စားလှယ်ဗိုလ်မှူးချုပ်က ရရှိလာမည်လား၊ လတ်တလောဒီချုပ်ပါတီ
တွင်းက သတင်းကြီးနေသည့်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်
စားလှယ်များက ရရှိလာမည်လား ရင်တုန်ပမ်းတုန်စောင့်ကြည့်ကြရဦး
မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ တရားဝင်အမည်စာ
ရင်းမထုတ်ပြန်သရွေ့၊ ကောလဟာလများ၊ မှန်းဆချက်များ၊ ခန့်မှန်း
ချက်များနှင့် ခြေချင်းလိမ်နေဦးမည်သာဖြစ်သည်။ အာဏာရပါတီဖြစ်
လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်၊ ရန်ကုန်တိုင်းဒေသ
ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ပါတီ၏ရွေးကောက်ခံလွှတ်တော်ကိုယ်
စားလှယ်များထဲမှသာ ရွေးချယ်ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း
လူသိရှင်ကြား၊ တရားဝင်ထုတ်ပြန်ကြေညာလာနိုင်မည်ဆိုလျှင်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုလူဖြစ်နိုးနိုး၊ ဒီလူဖြစ်နိုးနိုး
ခန့်မှန်းသုံးသပ်ချက်များကို အမြန်ဆုံးငြိမ်းသတ်နိုင်ဖွယ်ရှိပါလိမ့်မည်
ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

လေးစားလျက် -

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

၁၉ရက် ဇန်န၀ါရီလ ၂၀၁၆ ညနေ ၅နာရီ တွင် နေပြည်တော်ရှိ Kempinski Hotel ၌ လွတ်လပ်သော ရှေ့နေများ အသင်း၊ (မြန်မာနိုင်ငံ) (Independent Lawyer’s Association of Myanmar) မိတ်ဆက်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်စဉ်

၁၉ရက် ဇန်န၀ါရီလ ၂၀၁၆ ညနေ ၅နာရီ တွင် နေပြည်တော်ရှိ Kempinski Hotel ၌ လွတ်လပ်သော ရှေ့နေများ အသင်း၊ (မြန်မာနိုင်ငံ) (Independent Lawyer’s Association of Myanmar) မိတ်ဆက်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် International Bar Association’s Human Rights Institute (IBA) ဥက္ကဋ္ဌ Mr. David Rivkin နှင့် အတူ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့စဉ်

Posted by NLD Chairperson on Tuesday, January 19, 2016
၁၉ရက် ဇန်န၀ါရီလ ၂၀၁၆ ညနေ ၅နာရီ တွင် နေပြည်တော်ရှိ Kempinski Hotel ၌ လွတ်လပ်သော ရှေ့နေများ အသင်း၊ (မြန်မာနိုင်ငံ) (Independent Lawyer’s Association of Myanmar) မိတ်ဆက်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် International Bar Association’s Human Rights Institute (IBA) ဥက္ကဋ္ဌ Mr. David Rivkin နှင့် အတူ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့စဉ်

NLD Chairperson
[ads-post]

(၁) အစိုးရ၀န်ကြီး၊ ၀န်ကလေးမှအစ နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေးတို့၏ သတင်းကောင်း တွေကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပြည်သူတို့ ကြည်ညိုမှုဖြစ်ရန် သတင်းလိမ် သတင်းညာ သတင်းအမွမ်းတင်ရေး။ (၂) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် “ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ (ရှစ်လေးလုံး အရေးအခင်းမဖြစ်မီ ၁၉၇၀-၁၉၈၀ ၀န်းကျင်က ၀န်ကြီးချုပ်ဟောင်း ဦးနုအကြောင်း) အပုပ်ချတိုက်ခိုက် ရေးသားသော သတင်းလိမ် ဆောင်ပါးလိမ် များကို သတင်းစာများ၌ တစ်နေ့တစ်ပုဒ် မပါမဖြစ်အောင် ကြံဆောင်ဖော်ပြရ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ဟေ့ သူငယ်လေး ပရာဗဒါသတင်းစာ ရောက်ပြီလားကွ””

““ပရာဗဒါသတင်းစာ မထွက်တော့ဘူးဗျ””

ယခင် ဆိုဗီယက်ပြည်ထောင်စု ယခုရုရှားသမ္မတနိုင်ငံ မြို့တော်မော်စကိုမြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွင်ဖြစ်သည်။ ဆိုဗီယက် ကွန်မြူနစ်ပါတီကြီး ပြိုကွဲသွားသည့် ခရစ် ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် ရုရှား ဒီမိုရက်တစ် သမ္မတနိုင်ငံ ပေါ်ထွန်းလာပြီး ကွန်မြူနစ်တစ်ပါတီ အာဏာရှင် စနစ်ကြီးပျက်စီးခဲ့ပြီ။ ကွန်မြူနစ် အစိုးရ ကွယ်ပျောက်၍ ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းလာသည့် ရုရှားသမ္မတနိုင်ငံ၌ အာဏာရှင် အစိုးရထုတ် နာမည်ဆိုးနှင့် ကျော်ကြားသော ““ပရာဗဒါ နေ့စဉ် သတင်းစာကြီး”” ကို ရပ်ဆိုင်းလိုက်သည်။

ယခု လက်ဖက်ရည်ဆိုင်ထဲသို့ လာ၍ လက်ဖက်ရည် သောက်နေသော ရုရှားအဘိုးအိုတစ်ဦးက လက်ဖက်ရည်ဆိုင် အမှုထမ်းလူငယ်ကို ““အစိုးရထုတ်ပရာဗဒါ သတင်းစာရောက်ပြီလား”” ဟုမေးသည်။

ဆိုင်လုလင်ကလေးက ““ပရာဗဒါ သတင်းစာ မထွက်တော့ ဘူးခင်ဗျ””ဟု ပြန်ဖြေသည်။

ခဏကြာသောအခါ လက်ဖက်ရည် သောက်နေသော အဘိုးအိုသည် လက်ဖက်ရည်ဆိုင် လုပ်သားကလေးကို ထပ်၍ မေးပြန်သည်။

““ဟေ့ သူငယ် ပရာဗဒါ သတင်းစာ ရောက်ပြီလားကွ၊ ရောက်ရင် ယူလာခဲ့စမ်းပါ””

ထိုအခါ အဆိုပါ လက်ဖက်ရည်ဆိုင်မှ လုလင်ကလေးက ဤသို့ပြန်ပြောလေ၏။

““အဘိုး ပရာဗဒါ သတင်းစာ မထွက်တော့ဘူးလို့ ပြောပြီးပါပကောဗျ။ ဘယ်နှခါပြောရမှာလဲ””

ထိုအခါ လက်ဖက်ရည်သောက်နေသော အဘိုးအိုသည် ပြုံးဖြီးဖြီးလုပ်ကာ လက်ဖက်ရည်ဆိုင် လုလင်ကို ဤသို့ပြန်ပြောလေသည်။

““စိတ်မဆိုးပါနဲ့ သူငယ်လေးရယ်။ ပရာဗဒါ သတင်းစာ မထွက်တော့ဘူးဆိုတဲ့ အသံကိုကြားရတာ နားထဲမှာ သာယာလွန်းလို့ ထပ်ကာထပ်ကာ ကြားချင်လွန်းလို့ ပြောမိတာပါကွယ်””

ယနေ့ မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေနေသော ““ကြေးမုံသတင်းစာနှင့် မြန်မာ့ အလင်း”” ပြည်သူပိုင် သတင်းစာတို့၏ အနာဂတ်ရေးမှာ အထက်ပါ ရုရှားဒီမိုကရေစီ အစိုးရခေတ်တွင် ရပ်နားခံလိုက်ရသော ““ပရာဗဒါ အစိုးရ သတင်းစာကြီး၏ သွားရာလမ်းအတိုင်း တန်းတန်းမတ်မတ် လျှောက်လှမ်းကြရတော့မည့် အခြေအနေသို့ မလွဲမသွေ ရောက်ရှိနေပြီ။ ဒီမိုကရေစီအစိုးရ နှင့် အစိုးရထုတ် သတင်းစာဆိုသည်မှာ ဥပမာတင်ပြရလျှင် ဘုန်းကြီးနှင့်ဘီးလို လိုက်ဖက်ညီထွေ မရှိနိုင်ပေ။ ဒီမိုကရေစီ အစိုးရ ဆိုသည်က ပြည်သူတို့ကို သတင်းပေးရာ၌ ကောင်းသည်ဆိုးသည် ထိုနှစ်လီကို အမှန်အကန် ဖော်ပြရမည့် တာဝန်ရှိသည်။ အစိုးရသတင်းစာ ဆိုသည်က နှစ် ၅၀ ကာလ အစိုးရ ကောင်းသတင်းရေး၊ အစိုးရမကြိုက်သော သတင်းကို လိမ်လည်၍ မုသားသုံးကာ ရေးသားနေကြရသည် မဟုတ်လား။

ဤသည်မှာလည်း အထူးအဆန်း မဟုတ်ပေ။ အစိုးရသတင်းစာ အယ်ဒီတာ ဆရာတို့မှာ အထက်က ညွှန်ကြား တည်းဖြတ်ပေးသော ဆင်ဆာလုပ်ပြီး သတင်းနှင့်ဆောင်းပါးများကိုသာ ထည့်သွင်းခွင့်ရှိသည်။ အထက်အစိုးရ သဘောမကျသော သတင်းဆောင်းပါး ဖော်ပြမိလျှင် အလုပ်ပြုတ် ထမင်းငတ်ကိန်း ကြုံကြရမည် မဟုတ်ပါလား။ သူတို့လည်းလေ လောကီသားတွေပဲ။

ဤဆောင်းပါးကို ရေးသားဖြစ်သည်မှာ ““မြန်မာသံတော်ဆင့်”” အပတ်စဉ် သတင်းဂျာနယ် (၂-၁-၂၀၁၆) ထုတ် အချပ်ပိုစာမျက်နှာ (ဆ) တွင် အထင်ကရ ဖော်ပြပါရှိသော NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ သည့် စကားရပ်များအပေါ် ရှုမြင် သုံးသပ်တင်ပြလို၍ ဖြစ်သည်။

““အစိုးရပိုင် သတင်းစာဆိုသည်မှာ ဒီမိုကရေစီနှင့် မသင့်လျော်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ပြော””

မြန်မာသံတော်ဆင့် ဂျာနယ်၌ ဤသို့ ဆက်လက် ဖော်ပြပါရှိ၏။ ရန်ကုန်၊ ဒီဇင်ဘာ ၃၁ အစိုးရပိုင် သတင်းစာဆိုသည်မှာ ဒီမိုကရေစီနှင့် မသင့်လျော်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လွတ်လပ်သောအာရှ အသံ(RFA)သတင်းဌာနသို့ ပြောဆိုခဲ့သည်။

အစိုးရပိုင် သတင်းစာဆိုသည်မှာ ဒီမိုကရေစီနှင့် မသင့်လျော်သောကြောင့် အသေအချာ ဆွေးနွေးတိုင်ပင်ကာ လုပ်ဆောင် သွားမည်ဖြစ်ပြီး အချိန်မဆွဲလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

““အစ်မတို့ကတော့ အစိုးရပိုင် သတင်းစာဆိုတာ ဒီမိုကရေစီနဲ့ သင့်လျော်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ထင်တယ်။ ဒါပေမဲ့ နေ့ချင်းညချင်း မဟုတ်ပါဘူး။ သေသေချာချာ တိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမဲ့ သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင် အမြန်ဆုံး လုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွားမှာပါ”” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။

ပြောရဦးမည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်သော စစ်တပ်က မြန်မာနိုင်ငံ၌ နိုင်ငံတော် အာဏာ သိမ်းယူခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရ ဖွဲ့သည်။ ဗိုလ်နေ၀င်းက တော်လှန်ရေး ကောင်စီ အစိုးရအဖွဲ့ ရှင်ဘုရင်၊ သမ္မတ ၊ စစ်အာဏာရှင် ရာထူးယူသည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးစောမြင့်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ““ဆရာကြီးရွှေဥဒေါင်း”” အယ်ဒီတာချုပ်လုပ်၍ ““လုပ်သားပြည်သူ့နေ့စဉ်(မြန်မာ) အစိုးရ သတင်းစာထွက်သည်။ စစ်တပ်က ဗိုလ်အောင်ကြီးတို့ စစ်ဗိုလ်များ ထုတ်ဝေသော အင်္ဂလိပ်ဘာသာ The Guardian သတင်းစာထွက်သည်။ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ တွင် ““ကြေးမုံ သတင်းစာ”” ကို ပြည်သူပိုင်သိမ်းသည်။

၁၉၆၉ ခုနှစ်ကျမှ မြန်မာ့အလင်း သတင်းစာနှင့် ဟံသာဝတီ သတင်းစာတို့ကို ပြည်သူပိုင် ဆိုပေမယ့် အမှန်တကယ် ပြည်သူက မပိုင်ပါ။ စစ်ဗိုလ်တစ်စု၏ အာဏာရှင် အစိုးရကပိုင်သည်။ ဗိုလ်တထောင် သတင်းစာတိုက် ပိုင်ရှင်ဆရာ ““ဦးသိန်းဖေမြင့်””က သူပိုင်သော ဗိုလ်တထောင်သတင်းစာကို နိုင်ငံတော် အစိုးရက ပြည်သူပိုင် မသိမ်းသေးဘဲနှင့် သူဇာ(သိန်းဖေမြင့်) ကိုယ်ပိုင်ဆန္ဒနှင့် အစိုးရကို အပ်နှင်းသည်။

ဗိုလ်နေ၀င်း အာဏာရှင်အစိုးရသည် ထူးချွန်ပြောင်မြောက်သော သတင်းစာဆရာ အကျော်အမော်ကြီးများ၊ ““နေးရှင်းဦးလောရုံ၊ အိုးဝေဦးညိုမြ၊ ဂါးဒီးယန်းဦးစိန်ဝင်း၊ ကြေးမုံဦးသောင်း၊ ကြေးမုံစိန်ခင်မောင်ရီ၊ မိုးကြိုး ဦးခင်မောင်လေး၊ ထောက်တော်လှအောင် အပါအ၀င် ထိပ်သီးဆရာကြီးများကို အင်းစိန်အကျဉ်းထောင်ပို့ ချုပ်နှောင်ထားသည်။ သို့သော် ဦးနေ၀င်းသားသမီးများကို အင်္ဂလိပ်စာ သင်ပေးသော ကျူရှင်ဆရာမ၊ ယုဝတီ စောလှမြင့်၏ ခင်ပွန်းလည်းဖြစ်၊ “ခက်ဖွယ်ရယ်ကြုံပါပြီ၊ လက်နက်ကယ်စုံအညီနဲ့ ဆိုသော သန့်ရှင်ဖဆပလ ၀န်ကြီးဗိုလ်မင်းခေါင်တို့ ကိုယ်ပိုင်တပ်ဖွဲ့ လက်နက်စုဆောင်းသော သတင်းဆောင်းပါးကို အထောက်တော် သတင်းစာ၌ ရေးခဲ့သူလည်းဖြစ်သူ သတင်းစာဆရာ ““အထောက်တော်အုန်းမြင့်””ကိုမူ ဦးနေ၀င်းက မဖမ်းဆီးဘဲ စာပေစိစစ်ရေး ဌာနအကြီးအကဲခန့်သည်။ ဤသို့ဖြင့် သတင်းစာ လူရည်ချွန်တွေထောင်ထဲထည့်၊ သတင်းစာတွေကို အစိုးရပိုင်သိမ်းယူ၍ တော်လှန်ရေး စစ်အစိုးရ၊ လမ်းစဉ်ပါတီ ၊ တစ်ပါတီ အာဏာရှင်အစိုးရ အာဘော်အဖြစ်ထုတ်။ မဟုတ်မမှန် သတင်းတွေကို အဟုတ်အမှန် ဖြစ်ပြီး ပြည်သူတွေ ယုံကြည်အောင် လိမ်ညာ ရေးသားထုတ်ဝေခဲ့ကြသော အစိုးရ သတင်းစာ နှစ်ပေါင်း ၅၀ ကျော်အာဏာရှင်တို့ ခရီးနှင်ခဲ့ကြပြီ။ ထပ်၍ ပြောချင်သေးသည်။ အစိုးရသတင်းစာတို့၏ အလုပ်တာဝန်မှာ ၂ခုတည်းပင်။ (၁)အစိုးရ၀န်ကြီး၊ ၀န်ကလေးမှအစ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ နောင်နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေးတို့၏ သတင်းကောင်းတွေကို ကောင်း သည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေပြည်သူတို့ ကြည်ညိုမှုဖြစ်ရန် သတင်းလိမ် သတင်းညာ သတင်းအမွမ်းတင်ရေး။ (၂) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ““ဒေါ်အောင်ဆန်းစုကြည် အကြောင်း၊ (ရှစ်လေးလုံး အရေးအခင်းမဖြစ်မီ ၁၉၇၀-၁၉၈၀ ၀န်းကျင်က ၀န်ကြီးချုပ်ဟောင်း ဦးနုအကြောင်း) အပုပ်ချ တိုက်ခိုက်ရေးသားသော သတင်းလိမ် ဆောင်ပါးလိမ်များကို ရှာရှာဖွေဖွေရေးသည့် ဆောင်းပါးများ အစိုးရ သတင်းစာများ၌ တစ်နေ့တစ်ပုဒ် မပါမဖြစ်အောင် ကြံဆောင် ဖော်ပြရသည်။ စာရေးသူ တက္ကသိုလ်စိန်တင်အား စာရေးဆရာကြီး တိုက်စိုးက ပြောဖူးသည်။

““ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ ရေးထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ထိုးနှက်ဝေဖန် အပုပ်ချ ရေးတဲ့ ဆောင်းပါးတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံနဲ့ မသင့်လျော် မအပ်စပ်တော့ပါဘူးဗျာ”” တဲ့။

၂၀၁၅ ရွေးကောက်ပွဲ နီးသောအခါ တွင် အစိုးရသတင်းစာ ကြေးမုံ၊ မြန်မာ့ အလင်းတို့က အစွမ်းပြကြပြီ။ နိုင်ငံတော် သမ္မတကြီး ဦီးသိန်းစိန် မြို့နယ်များသို့ ဆင်း၍ အစိုးရမူဝါဒရှင်း၊ (အမှန်ကတော့ မဲဆွယ်တာပါပဲ)၊ ပြည်ခိုင်ဖြိုးအလံစိမ်းတွေ တလူလူထူပြီး ကြိုဆိုကြပုံတွေမှာ နေ့စဉ်နှင့် အမျှဖော်ပြပါရှိနေသည်။ ကြာတော့ စာဖတ်သူ ပြည်သူတွေမှာ အကန်းအညံ့တွေမှ မဟုတ်ပေဘဲကိုး။ အစိုးရသတင်းစာတွေ မတော်မတရား အရှက်နည်းစွာ လုပ်ပြနေသည်ကို ငြီးငွေ့ကြပြီးလျှင် ပြည်ခိုင်ဖြိုးဘက်က NLD ကို တောင်ပြိုကမ်းပြိုမဲ ဆန္ဒပေးကြသည်လား မေးမြန်းချင်တော့သည်။

ယခု အကျဉ်းထောင် ရောက်နေရှာသော ယခင်သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ““ဦးဆန်းဆင့်”” ရာထူးတွင် ရှိနေစဉ်က ၀ါရင့်နှစ်ပေါင်း၂၅၀၀ ကျော် ရွှေတိဂုံစေတီတော်ကြီး ဓာတ်ပုံကို အစိုးရ သတင်းစာ တွေက သတင်းစာကျောဖုံးပို့၍ နေပြည်တော်က ၀ါတော်ဆယ်ဂဏန်း မပြည့်သေးသော ထိုစဉ်က ဥပ္ပါတသန္တိ စေတီတော်ပုံကို သတင်းစာရှေ့ဖုံးပို့ တာ လွန်စွာ အရုပ်ဆိုးအကျည်းတန်ကြောင်း အစည်းအဝေးတစ်ခုမှာ ဖွင့်ပြောခဲ့၏။ ထို့ကြောင့် အခါကြီးရက်ကြီး ပွဲတော်နေ့တွေမှာ ရွှေတိဂုံစေတီပုံတော် အစိုးရသတင်းစာ၏ ရှေ့ဖုံး သို့ နေရာမှန် ပြောင်းရွှေ့ ဖော်ပြလာကြ၏။ သာဓု၊ သာဓုသာဓု သုံးကြိမ်ခေါ်ရ၏။ တော်ပါသေးရဲ့ဗျို့။ တက္ကသိုလ်စိန်တင်တို့နှင့်တကွ ဗုဒ္ဓဘာသာဝင်တွေအများ ကြည်ညိုသဒ္ဓါပွား ဦးတိုက်နေရသော လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီကြီးမှာ အစိုးရသတင်းစာတွေ ၌ စေတီမှန်နေရာမှန် ပြန်ရောက် သွား၍ပင်။ လူကြီးအကြိုက် မင်းလိုလိုက် မင်းကြိုက်ဆောင်ခဲ့သော အစိုးရသတင်းစာများက အယ်ဒီတာတွေ ငရဲရောက်မှာ မကြောက် ကြဘူးလား။

ယခုအခါ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲကြီးတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စု အစိုးရဖွဲ့နိုင်မည့် အင်အားကို ပိုင်ဆိုင်ကာ အောင်ပွဲခံခဲ့ပြီ။ ဒေါ်အောင်ဆန်း စုကြည်က RFA သတင်းဌာနကို ပြောဆိုခဲ့သလို အစိုးရ သတင်းစာ ကြေးမုံ၊ မြန်မာ့အလင်းတို့၏ အနာဂတ်ရေး ကို ထိုသတင်းစာတို့၏ မူလအစ ၀ါဒအတိုင်းပြည်သူ့ဘက်ကရပ်၍ ကောင်း ဟိတ်၊ ကောင်းမှု ပြန်ပြု ရေးသားနိုင်ရန် ဆောင်ရွက်နိုင်ပါစေ ဆန္ဒပြုရ၏။

တက္ကသိုလ်စိန်တင်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေက ကြောက်စိတ်အပေါ် အခြေခံပြီးဖြစ်တာပေါ့။ မလုံခြုံမှုနဲ့ကြောက်စိတ်က ဆက်နွှယ်နေတာပေါ့။ မေတ္တာတရား ခေါင်းပါးမှုနဲ့ပါ ဆက်နွှယ်ချင် ဆက်နွှယ်နေနိုင်ပါတယ် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောက်မြောင်းရပ် စာဖတ်အသင်းမှာ ““ဖတ်သူ၊ ပြောသူ၊ စနေစကားဝိုင်း”” ပြုလုပ်တာ ၂ ပတ်ရှိသွားပါပြီ။ ပထမအပတ်က ““ရေစိုထင်းနှင့် မီးမွေးခြင်း”” ခေါင်းစဉ်နဲ့ စာအုပ်ဖတ်ဆွေးနွေး ပွဲလေး ပြုလုပ်ခဲ့ပြီး နောက် တစ်ပတ်မှာတော့ ““အတွေးများ ကို ဖြန့်ခင်းခြင်း”” ခေါင်းစဉ်နဲ့ စာအုပ်ဖတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ ပါတယ်။ ကျောက်မြောင်းရပ်က တစ်ခုတည်းသော စာဖတ်အသင်းဖြစ်တဲ့ ““ကျောက်မြောင်းရပ် စာဖတ်အသင်း””ဟာ လက်ရှိအချိန်မှာတော့ ပြည်သူ ပိုင်တဲ့ စာဖတ်အသင်းအဖြစ်ကို ပြန်လည်ရောက်ရှိဖို့ ရပ်မိရပ်ဖတွေ ပြန်လည် ရုန်းကန် ကြိုးစားနေရဆဲ အနေအထားမှာပါ။ ““ကျောက်မြောင်းရပ် စာဖတ်အသင်း””ဟာ ၁၉၄၈မှာ ပြည်သူပိုင် စာဖတ်အသင်းအဖြစ် ရပ်တည်ရာကနေ ကာလရွေ့လျောလို့ ပိုင်ဆိုင်မှုတွေ အဆင့်ဆင့် ပြောင်း လဲပြီး “စာဖတ်အသင်း” ဆိုတဲ့ အနေအထား ပျက်ပြယ်ခဲ့ပါတယ်။ လူငယ်၊ လူကြီး၊ ကလေးမကျန် အသိဉာဏ် စုစည်းရာ စာဖတ်အသင်း အဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ ကျောက်မြောင်းရပ် ရပ်မိရပ်ဖတွေ ပြန်လည်ကြိုးပမ်းမှု အဖြစ် ““ကျောက်မြောင်းရပ် စာဖတ်အသင်း””(ယာယီ)ကို ခိုင်ခိုင်ခံ့ခံ့ တွန်းလှည်းတစ်ခုနဲ့ ထူထောင်ခဲ့တာ လာမယ့် ဗိုလ်ချုပ်မွေးနေ့ဆို တစ်နှစ်ပြည့်တော့မယ်လို့ စာကြည့်တိုက် တာဝန်ခံတစ်ဦးက ဆိုပါတယ်။ စာဖတ် အသင်း အဖွဲ့ဝင် ၃၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေး ရုန်းကန်နေရတဲ့ စာဖတ်အသင်းလေးရဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ““ဖတ်သူ၊ ပြောသူ”” စကားဝိုင်းကို ကျွန်တော်တို့ စာပေ၀ါသနာပါသူ မိတ်ဆွေတချို့ စုစည်းပြီး စီစဉ်ဖြစ်ခဲ့ကြပါတယ်။ ““ဖတ်သူ၊ ပြောသူ”” စကားဝိုင်းရဲ့ရည်ရွယ်ချက်ကတော့ စာပေ၀ါသနာရှင်တိုင်း တစ်နည်း စာဖတ်သူတိုင်း စာပေ ဟောပြော သူ ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်တစ်ရပ်ကို ပေးချင်တာပဲဖြစ်ပါတယ်။ စာပေ ဟောပြောပွဲ ဆိုတာကတော့ စာရေးဆရာတစ်ဦးက ဟောပြော သူ ပြုလုပ်ရပြီး စာပေ၀ါသနာရှင်တွေက နားထောင်ရပါ တယ်။ ““ဖတ်သူ၊ ပြောသူစကားဝိုင်း”” ကတော့ စာအုပ်ဖတ်သူတိုင်း စာပေအကြောင်းပြောသူ၊ ဟောသူဖြစ်ခွင့် ရှိပြီး လူတိုင်းပါဝင် ဆောင်ရွက်ခွင့် (Participation)ကို ဦးစားပေးထားပါတယ်။ စာမဖတ်ထားသူ များကတော့ စာအုပ်ဖတ်သလို လာရောက် နားထောင်နိုင်ပါတယ်။ စကားဝိုင်းမှာ စာဖတ်အသင်း အဖွဲ့ဝင်တွေအပြင် အဖွဲ့ဝင်မဟုတ်သူ ကလေး၊ လူငယ်၊ လူကြီးမရွေး ပါဝင်နိုင်ပါတယ်။ ကိုယ်ဖတ်ရှုထားတဲ့ စာအုပ် တွေထဲက တစ်အုပ်ကို မှတ်စုထုတ်ပြီး ဒါမှမဟုတ် မှတ်စုမထုတ်လည်း စာမျက်နှာတွေ မှတ်ပြီး ကိုယ်ခံစားရသလို၊ ကိုယ်တွေး မိသလို စကားဝိုင်းမှာ လာရောက်ဖတ်ပြခြင်းပါပဲ။ တစ်အုပ်လုံးကို ဖတ်ပြတာ မဟုတ်ပါဘူး။ ဖတ်သူရဲ့ကဏ္ဍ (ဖတ်ခြင်း)မှာ ခံစားရတာ၊ တွေးမိတာကို ပြောပြတဲ့အတွက် ဖတ်သူဟာ ပြောသူလည်း ဖြစ်သွားပါတယ်။ နားထောင်သူများကလည်း နားထောင်ရုံ သက်သက်နေလည်းရသလို စာဖတ်ပြသူ ပြောတာတွေကို ၀င်ရောက် ဆွေးနွေးချင်လည်း ဆွေးနွေးလို့ရပါတယ်။ ဘယ်စာအုပ်ရယ် မကန့်သတ် ထားပါဘူး။ ကိုယ်ဖတ်ဖူးရာ၊ နှစ်သက်ရာ စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးပြီး စာအုပ်ပါ အကြောင်း အရာတွေထဲက ခံစားမိတာ၊ တွေးမိတာ ပြောပြရုံပါပဲ။ လွတ်လွတ်လပ်လပ်ပါပဲ။ ဥပမာ “ဖတ်သူ၊ ပြောသူ” စကားဝိုင်းမှာ စာအုပ်သင်္ဘောကြီးအကြောင်း ပြောသူ ရှိသလို ဆရာမသန်းမြင့်အောင်ရဲ့ “ချစ်စိတ်” စာအုပ်ကို ဖတ်ခြင်း၊ ပြောခြင်း ပြုလုပ်သူလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ စနေညနေ “အတွေးများကို ဖြန့်ခင်းခြင်း”အစီအစဉ်မှာ ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်ပြ၊ ပြောပြ ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ က ALAN CLEMENTS ဆိုသူ အမေရိကန် ဂျာနယ်လစ်တစ်ဦးက ဒေါ်အောင်ဆန်း စုကြည်နဲ့ ၉ လတိုင်တိုင် အင်တာဗျူးထားတဲ့ "AUNG SAN SU KYI" "The Voice of Hope" စာအုပ်ကို ဆရာ မောင်ဆန်းကြယ် မြန်မာပြန်ထားတဲ့ “ရင်ခုန်သံမျှော်လင့်ချက်” “ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး” စာအုပ်ကို ကျွန်တော် ဖတ်၊ ပြော၊ ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါတယ်။

““ဒီစာအုပ်ကတော့ အလန်ခလိမန့်ဆို သူ အမေရိကန် ဂျာနယ်လစ် တစ်ဦး ရေးထားတဲ့စာအုပ်ပါ။ အလန်ခလိမန့်ဟာ အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၇၉ ကနေ ၁၉၈၇ အထိ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖြစ် နေထိုင်ဖူးသလို အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာဝင် ဘုန်းကြီးလို့လည်း စာရေးသူက အမှာစာမှာ ရေးထားပါတယ်။ ၁၉၈၀ မှာ NLD နာယကကြီး ဦးတင်ဦးနဲ့ ရဟန်းဘ၀ အတူတူနေခဲ့ဖူးတယ်လို့ စာရေးသူက ဆိုပါတယ်””

နားထောင်သူထဲက တစ်ယောက်က ““အမေရိကန်မှာကတည်းက ဗုဒ္ဓဘာသာ ဖြစ်နေတာလား”” လို့ မေးပါတယ်။““အဲဒါတော့ အမှာစာထဲမှာ မပါဘူးခင်ဗျ။ ကျွန်တော် အင်တာနက်ကနေ ရှာကြည့်ပါဦးမယ်””လို့ ကျွန်တော် ပြန်ဖြေပါတယ်။

““၈ နှစ်ရဟန်းဝတ်ပြီး ဦးနေ၀င်းလက်ထက် ငွေစက္ကူတွေသိမ်းတော့ ဒကာ၊ ဒကာမတွေ လောင်းတဲ့ ဆွမ်း၊ ဆွမ်းဟင်း အနေအထားတွေဟာ မြန်မာတွေရဲ့ ဒုက္ခကို ဖော်ပြနေတယ်ဆိုပြီး ရဟန်းဘ၀စွန့်ပြီး အမေရိကန် ပြန်သွားပါတယ်။ အမေရိကန်မှာ မြန်မာအကြောင်းတွေ နားစွင့်ပြီး မြန်မာနဲ့ ပတ်သက် တာတွေ လေ့လာ ပါတယ်။ မြန်မာအကြောင်း စာအုပ်တွေ ရေးသား ပါတယ်။ မြန်မာအကြောင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အဖမ်းစားနိုင်ဆုံးပဲလို့ အလန်ခလိမန့်က ဆိုတယ်ဗျ””

““ဒီနေရာမှာ ကျွန်တော်တို့ဆီက ဂျာနယ်လစ်တွေ အတုယူစရာ အချက်တွေ ရှိပါတယ်။ အလန်ခလိမန့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေ၊ အင်တာဗျူးတွေ၊ စာအုပ်တွေ အကုန်ဖတ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည့်ပြည့်စုံစုံသိပြီလို့ ယူဆတဲ့အချိန်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးဖို့ ကမ်းလှမ်းခဲ့တာပဲ။ မြန်မာပြည်က အင်တာဗျူးသူတွေ လေ့လာသင့်တဲ့ အချက်ပါပဲ””

နားထောင်သူတချို့ ဒီအချက်ကို ၀င်ဆွေးနွေးပါတယ်။

““အလန်ခလိမန့်ဟာ သူ ၉ လတိုင်တိုင် အင်တာဗျူးထားတဲ့ စာအုပ်ကို အခန်းငယ်လေးတွေခွဲပြီး ဖော်ပြ ထားပါတယ်။ အခန်းတစ်ခုချင်း ရဲ့ ခေါင်းစဉ်တွေကိုတော့ သူကိုယ်တိုင်ပဲ နာမည်ပေးခဲ့တယ်လို့ ၀န်ခံ ထားပါတယ်။ ခေါင်းစဉ်တွေကလည်း စိတ်ဝင်စားစရာပါ””

““(၁) အမိနိုင်ငံမှာ ကျွန်မတို့ ထောင်ကျနေတယ်။ (၂) တိမ်းရှောင်နေရင် ဘယ်ပြဿနာမှ ပြေလည်သွားမှာ မဟုတ်ဘူး။ (၃) သစ္စာဆိုတာ အင်အားအပြင်းဆုံး လက်နက်။ (၄) ကျွန်မကို အဓိကရပုဂ္ဂိုလ်ကြီး ထင်နေတာ အံ့အားသင့်မိတယ်။ (၅) ရန်သူတွေကို မုန်းလို့မရဘူး။ (၆) အကြမ်းဖက် လမ်းစဉ်ဆိုတာ နည်းမှန်လမ်းမှန် မဟုတ်ဘူး။ (၇) ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူကမှ အရှက်တကွဲ အကျိုးနည်းအောင် မလုပ်နိုင်ဘူး။ (၈) အာဏာမဲ့သြဇာ။ (၉) ---------- (၁၀)-------””

မာတိကာက ခေါင်းစဉ်တွေ ကျွန်တော် ရွတ်ပြပါတယ်။ ကျွန်တော် စာအုပ်အကြောင်း ဘာမှမပြောရသေးပါဘူး။ စကားဝိုင်းက အရှိန်မြင့်နေပါပြီ။ အမှာစာနဲ့ မာတိကာပဲ ကျွန်တော် ပြောရပါသေးတယ်။

““စာအုပ်မှာ အဲလိုအခန်းငယ်လေးတွေ ခွဲထားပါတယ်။ စာအုပ်အဖွင့်မှာ အင်တာဗျူးတဲ့သူဟာ ဒီမေးခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးခြင်း စတင်လိုက်ပါတယ်””

ALAN CLEMENTS ။ ။ ““နိုင်ငံရေး ဂုဏ်သိက္ခာ ဆိုတာကို ဒေါ်စုဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချင်ပါလဲခင်ဗျား””

ဒေါ်အောင်ဆန်းစုကြည်။ ။ ““နိုင်ငံရေးဂုဏ်သိက္ခာဆိုတာ နိုင်ငံရေးမှာ ရိုးသား ဖြူစင်မှုကို ဆိုလိုတယ်။ ဒီမှာ အရေးအကြီးဆုံးထဲက တစ်ခုကတော့ ပြည်သူတွေကို ဘယ်တော့မှ မလိမ်ဖို့ပါပဲ။ ဘယ်လိုမျိုး နိုင်ငံရေးသမားပဲ ဖြစ်ပါစေ။ သူ့ပါတီအတွက် ဖြစ်ဖြစ်၊ ပြည်သူ့ အတွက်လို့ ထင်နေလို့ပဲ ဖြစ်ဖြစ် ပြည်သူတွေကိုလိမ်နေရင် နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ ဝေးကွာနေဦးမှာပဲ””

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူအတွက် ဆိုရင်တောင် ပြည်သူကို မလိမ်မိဖို့ ခံယူထားချက်ကို စိတ်ဝင်စားသူ အတော်များပါတယ်။ ဒီအချက်ကို ဆွေးနွေးကြပါတယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီအတွေးအခေါ်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိလည်း ဒီအတွေးအခေါ်ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲတွေကို နားထောင်ရင် ကြားရမှာဖြစ်ကြောင်း ““ပြည်သူကို မတည်နိုင်တဲ့ ကတိမျိုး ကျွန်မမပေးနိုင်ဘူး”” ဆိုတဲ့ စကားရပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောတွေမှာ မကြာခဏ နားထောင်ဖူးကြောင်း၊ နိုင်ငံရေး ဂုဏ်သိက္ခာအတွက် ပြည်သူကိုမလိမ်တဲ့ အတွေးအခေါ် နဲ့ခံယူချက်ကို နှစ် ၂၀ လောက် ကြာရှည် ထိန်းသိမ်းထားနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်လည်း ပြည်သူကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူးလို့ သုံးသပ်နိုင်ကြောင်း ဆွေးနွေး ပါတယ်။ တက်ရောက်သူများကလည်း ကျွန်တော့် အမြင်အပေါ် ရှုထောင့်အမျိုးမျိုးက ၀င်ရောက် ဆွေးနွေးကြပါတယ်။

နောက်အလန်ခလိမန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမေးအဖြေတွေထဲက ကျွန်တော်ခံစားမိတဲ့ အတွေးပွားစရာ ဖြစ်တဲ့ အမေး၊ အဖြေတချို့ကို ထုတ်နုတ်ဖတ်ပြပါတယ်။ နားထောင်သူထဲက တချို့ ၀င်ဆွေးနွေးပါတယ်။ ““ကြောက်စိတ်””နဲ့ ပတ်သက်တဲ့ အမေးအဖြေအရောက်မှာ ကျွန်တော် ဖတ်ပြတာထက် ၀င်ရောက် ဆွေးနွေးမှုတွေက ပိုမိုများပြားပါတယ်။

ALAN CLEMENTS ။ ။ ““ကြောက်စိတ်က ဘာကိုအခြေခံပြီးဖြစ် တယ်လို့ ဒေါ်စုထင်လဲခင်ဗျား””

ဒေါ်အောင်ဆန်းစုကြည်။ ။ ““ဒီအကြောင်းကို ကျွန်မ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ ကြောက်စိတ်က မလုံခြုံမှုအပေါ် အခြေခံပြီးဖြစ်တာ။ မလုံခြုံမှုဆိုတာလည်း မေတ္တာတရား ခေါင်းပါးမှုကို အခြေခံပြီးဖြစ်တာ။ မေတ္တာတရား ခေါင်းပါးရင် ရှင်ကိုယ်တိုင်ရော၊ ရှင့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေမှာရော ချို့တဲ့မှုတစ်ခုတော့ ဖြစ်သွားနိုင် ပါတယ်။ အဲဒါကြောင့်မို့ မလုံခြုံ ဘူးလို့ ခံစားရတယ်။ မလုံခြုံမှုကနေ ကြောက်စိတ်ဘက် ဦးတည် သွားတတ်တယ်””

ဆွေးနွေးသူ (၁)။ ။ ““ဒါဆို သိပ်မကြာခင်က ပြဋ္ဌာန်းလိုက်တဲ့ သမ္မတလုံခြုံရေးဆိုင်ရာ ဥပဒေက ကြောက်စိတ် အပေါ် အခြေခံပြီးဖြစ်တာပေါ့။ မလုံခြုံမှုနဲ့ ကြောက်စိတ်က ဆက်နွှယ်နေ တာပေါ့။ မေတ္တာတရား ခေါင်းပါးမှုနဲ့ပါ ဆက်နွှယ်ချင် ဆက်နွှယ်နေနိုင်ပါတယ်””

ဆွေးနွေးသူ (၂)။ ။ ““အာဏာပိုင်တွေ လက်နက်ကိုင်လုံခြုံရေး လိုတာထက် ထူထပ်စွာထားတာ ကြောက်စိတ် ကြောင့်ပဲ။ သူတို့ကိုယ်သူတို့ မလုံခြုံဘူးထင်လို့။ နောက်တစ်ချက် ကျွန်တော် စဉ်းစားမိတာက နေအိမ် အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးတွေ ထူထပ်စွာထားတာလည်း သူတို့ရဲ့ မလုံခြုံမှုနဲ့ ကြောက်စိတ်ကြောင့်လို့ ထင်တယ်ခင်ဗျ””

ဆွေးနွေးသူ (၃)။ ။ ““-------””

ဆွေးနွေးသူ (၄)။ ။ ““-------””

နောက် အကြမ်းမဖက်ရေး လမ်းစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားခံယူချက်တစ်ခုကို စာအုပ်ကို လှန်လှောရွေးချယ်ရင်း ဖတ်ပြဖို့စဉ်းစားမိသွားပါတယ်။

““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီအကြမ်းမဖက်ရေး လမ်းစဉ်အပေါ် ခံယူချက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သတိထားမိဖို့ လိုပါတယ်။ အမှန်တော့ ဒီအင်တာဗျူး မတိုင်ခင် ဒီမိုကရေစီ လှုပ်ရှားမှုနှစ်ဦး ၁၉၈၈၊ ၈၉ လောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလမ်းစဉ်ကို ကိုင်စွဲခဲ့တာပါ””

ALAN CLEMENTS ။ ။ ““မနေ့က ဒေါ်စုရဲ့ ပြည်သူ့ဟောပြောပွဲကြီး မစခင်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား တစ်ယောက်က ကျွန်တော့်ကို ဟောသလိုကြီး တဲ့တိုးမေးတယ်ဗျ။ မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုမှာ အကြမ်းမဖက် လမ်းစဉ်နဲ့ ဆက်သွားနေတာထက် လက်နက်ကိုင် တော်လှန်တာက ပိုမသင့်တော် ဘူးလားတဲ့။ ကျွန်တော်က ဒီမေးခွန်းကို ဒေါ်စုကို မေးဖို့ပြောလိုက်တယ်””

ဒေါ်အောင်ဆန်းစုကြည်။ ။ ““ကျွန်မက လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါကနေ လက်နက်ကိုင်တာ အကောင်းဆုံးပဲဆိုပြီး အာဏာကို စွဲကိုင်လာတဲ့ အစဉ်အလာအလေ့ အထတစ်ခု ကျူးလွန်သွားမယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အင်အားသုံးပြီးမှ အောင်မြင်နိုင်တယ် ဆိုရင်တောင် နောက်ဆုံးတော့ လက်နက် အားကောင်းရင် ဘယ်သူမဆို အောင်ပွဲခံနိုင်၊ ထီးဖြူဆောင်းနိုင်တာပဲဆိုပြီး ပြည်သူတွေရဲ့ ရင်ထဲမှာ တင်ကျန်နေရစ်မယ်။ အဲဒီအချက်က ဒီမိုကရေစီကို အထောက်အကူမပြုဘူး””

ဒီအမေးအဖြေအပေါ်မှာလည်း ဆွေးနွေးချက်တွေ များပါတယ်။ “ဒီလမ်းစဉ်က နှေးတော့နှေးတယ်။ အလုပ်ဖြစ် တယ်ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်က သက်သေခံနေတာပဲ”လို့ ဆွေးနွေးသူ တစ်ဦးရှိသလို “ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာ ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအတွေးအခေါ်ကို ချပြသင့်တယ်” လို့ ဆွေးနွေးသူလည်းရှိပါတယ်။ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက် တစ်ခုထဲက “တချို့လူတွေက အကြမ်းမဖက်တဲ့နည်းဆိုတာ တုံဏှိဘာဝေ ဆိတ်ဆိတ်နေတာလို့ ထင်ကြတယ်။ အဲလိုမဟုတ်ဘူးနော်”” ဆိုတဲ့ စာကြောင်းကို ၀င်ရောက်ဖတ်ပြရင်း ဆွေးနွေးပါတယ်။

စာရှည်မှာစိုးလို့ ကျွန်တော်ထပ်မံဖတ်ပြတာနဲ့ ဆွေးနွေးချက်တွေကို မဖော်ပြတော့ပါဘူး။ စနေညနေက တစ်နာရီကျော် ကြာအောင် ကျွန်တော်ရယ်၊ ဆွေးနွေးသူတွေရယ်၊ အလန်ခလိမန့်ရယ်၊ ဒေါ်အောင်ဆန်း စုကြည်ရယ် စာမျက်နှာတွေပေါ်က တစ်ဆင့် အတွေးတွေ ကူးယှက်ဖလှယ် ရင်း “ဖတ်သူ၊ ပြောသူ စကားဝိုင်း” လေး မြိုင်ဆိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အတွေးတွေ ကိုယ်စီ လွတ်လပ်စွာ ဖြန့်ခင်းခဲ့ကြပါတယ်။ ကျွန်တော်ပြီးတော့ ဖတ်သူ၊ ပြောသူတွေ ကိုယ်စီ စာအုပ်တစ်အုပ်စီ ဖတ်ရင်း၊ ပြောရင်း၊ ဆွေးနွေးရင်း စနေညဟာ အတွေး ရောင်စဉ်အမျိုးမျိုးနဲ့ ကြည်လင် တောက်ပနေပါတယ်။ နိုင်ငံ တည်ဆောက်ရေးအတွက် တစ်ခန်းတစ်ကဏ္ဍက အထောက်အကူ ပြုမယ့် စာအုပ်တွေ ကျွန်တော်တို့ ဖတ်ကြ၊ ပြောကြ၊ ဆွေးနွေးကြရပါဦးမယ်။ စာကြည့်တိုက် တွေဟာ နိုင်ငံ တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်ဆိုတဲ့ အတွေးအခေါ် ပျံ့နှံ့အောင် အများပါဝင် ပူးပေါင်း ဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတာပါပဲ။

၁၀-၁-၂၀၁၆

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

အစိုးရဟာ မိဘပဲ၊ တပ်မတော်ဟာ မိဘပဲဟူ၍ သွားကြားလေတိုးသံများ တစ်ခါ တစ်ခါကြားနေရသည်။ မကြားလိုကြပါ။ မကြားလိုပါ။ ပြည်သူလူထု နားမခါးစေလိုပါ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တို့ ပင်စင်စားမိတ်ဆွေ ၂ ဦး ၃ ဦး နေ့စဉ်လိုလို မနက်ပိုင်းမှာ ရပ်ကွက်ထဲက ငွေတိုးဆိုတဲ့ လက်ဖက်ရည်ဆိုင်ကလေးမှာ ဆုံမိကြတယ်ဗျာ။ ငွေတိုးမှာ လေအိုးတွေ ရောက်နေကြပြီလို့လည်း ဆိုနိုင်ပါသဗျ။ ပင်စားတွေပဲဗျာ၊ အားအားရှိတိုင်း ထွက်သမျှ ဂျာနယ်တွေ လှိမ့်ဖတ်ပြီး ဝေဖန်ကြဆွေးနွေးကြ သုံးသပ်ကြရတာပေါ့။

ကျွန်တော်ရောက်ရောက်ချင်းပဲ ရောက်နှင့်နေတဲ့ မိတ်ဆွေက စကားဆိုတယ်ဗျ။ “တစ်နေ့က ဟိုဂျာနယ်ကို ဖတ်လိုက်မိလား၊ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ အာဘော်လေဗျာ။ သူနဲ့အင်တာဗျူးရာမှာ ပြောလိုက်တာ။

ကျွန်တော်။ ။ မဖတ်လိုက်မိဘူးဗျာ၊ ဘာများလဲဗျ၊ ဆိုစမ်းပါဦး။

မိတ်ဆွေ။ ။ သူ့အာဘော်က သားသမီးဆိုတာ မိဘစကားနားထောင်ရမယ်။ ပြန်လှန်ပြောဆိုတာ မလုပ်ရဘူး။ ဒီလိုပဲ ပြည်သူလူထုက မိဘနဲ့တူတဲ့အစိုးရကို ပြန်မပြောရ၊ မဝေဖန်ရဘူးဆိုတဲ့သဘော ပြောသွားတယ်ဗျာ။ စကားလုံးအတိအကျ မဟုတ်ပေမယ့် အဲဒီအဓိပ္ပာယ်ပါပဲ။ ကျွန်တော်သည် မိတ်ဆွေ၏ ပြောကြားခြင်းနှင့် ပတ်သက်၍ ပြန်လည်တွေးတောနေမိသည်။ ယခုအခါတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိဘပြည်သူများ ဟူ၍ ပြောဆို သုံးနှုန်းသွားသည်ကို သတိရလိုက်မိသည်။ ပြည်သူလူထုဟာ အမိအဖပါပဲ။ အစိုးရဆိုတာ ပြည်သူရဲ့ သဘောဆန္ဒအရ အလုပ်အကျွေးပြုရမယ့် ပြည့်အစေခံပါပဲဟူသော သဘောဆောင်လေသည်။

သို့သော် အယူအဆ မတူကွဲပြားကြခြင်းပေလောမသိ။ တပ်မတော် အရာရှိဟောင်းကြီးအချို့သည် “တပ်မတော်သာအမိ၊ တပ်မတော် သာအဖ”လုပ်ချင် နေကြဆဲ ရှိလေသည်။ ဗိုလ်ချုပ်ဟောင်းက ပြောလိုက်၊ ဗိုလ်ကြီးဟောင်းက ပြောလိုက်။

လွန်ခဲ့သော ၁၉၉၀ ၀န်းကျင်ကို ပြန်လည် သတိရမိသည်။ ပြည်သူ လူထုအုံကြွမှု ၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာသည်။ ကျွန်တော်သည် အိမ်ထဲကနေပြီး လမ်းပေါ်ကို ကြည့်ရှုနေမိသည်။ တောင်ဥက္ကလာပ လမ်းမကြီး တစ်နေရာမှာ ကြွေးကြော် ချီတက်လာသောလူအုပ်ကြီး။ လမ်းဘေး ရပ်ကြည့်နေသော လူများ ကလည်း လူအုပ်ကြီးနှင့် ပူးပေါင်းလိုက်ပါ သွားကြသည်။

မကြာပါ။ တပ်မတော်က တိုင်းပြည်အာဏာကို ထိန်းသိမ်း လိုက်ပြီဟု ကြေညာချက် ရေဒီယိုမှ ကြားရသည်။ လက်နက်အားကိုး အကြမ်းဖက်နှိမ်နင်းမှုဖြင့် ဆန္ဒပြပြည်သူအများ အကွဲကွဲအပြားပြား ချုပ်ငြိမ်းသွားရလေ၏။

မဟာရန်ကုန်မြို့နယ်အသီးသီးမှ လူအများအပြား ဖမ်းဆီးခြင်း ခံကြရသည်။ ကျောင်းသားလူငယ်များ အများဆုံး ဖြစ်လေသည်။ အန်အယ်လ်ဒီမှ ခေါင်းဆောင်များ၊ လူငယ်များ၊ မြို့နယ် အသီးသီးမှ ကျောင်းသား လူငယ်များဖြင့် အင်းစိန်ထောင်ကြီး ပြည့်ကျပ်သွားသည်။

ထိုသူများကို သက်ဆိုင်ရာက မင်းမဲ့စရိုက် ဆူပူသူများဟု သတ်မှတ်သည်။ ပြည်သူအများကတော့ ဒီမိုကရေစီ တောင်းဆိုသူများဟုဆိုသည်။ နေ့စဉ် အဖမ်းခံရသူ များပြားလာသည်။ အင်းစိန်မှာမဆံ့တော့။

သာယာဝတီထောင်သို့ ခွဲပို့ရလေသည်။ တောင်ဥက္ကလာပမှ လူငယ်အများအပြား ပါသွားသည်။ ဇနီးသည်က ပါသွားသော သားတော်မောင်ကို အပတ်စဉ် ထောင်ဝင်စာတွေ့ရာ ကျွန်တော်လည်း လိုက်ပါရသည်။ ၈ မိုင်လမ်းဆုံမှ နံနက် ၅ နာရီလောက်ထွက်သော ရန်ကုန်-သာယာဝတီ ဟိုင်းလတ်ကားသည် တောင်ဥက္ကလာ မိသားစုနှင့်ပင် လူပြည့်သွားတတ်သည်။ သာယာဝတီသို့ နံနက် ၈ နာရီလောက် ရောက်သည်။ အမှန်ကတော့ တစ်နာရီလောက် မောင်းရသော ခရီးကို ၃ နာရီခန့် ကြာမှရောက်သည်။ လမ်းမှာ အစစ်အဆေးတွေများသော ကြောင့်ဖြစ်သည်။

မှော်ဘီကစထွက်လျှင် တစ်မိုင်လောက်မှာ တစ်ခါရပ်ရ၏။ လူအားလုံးကားပေါ်ကဆင်း။ မှတ်ပုံတင်စစ်၊ ပြီး တစ်ဦးချင်း ပြန်တက်ကြရသည်။ ဒီကြားထဲပြောမှား ဆိုမှားရှိလျှင်၊ အဖြေမတတ်လျှင် နေရစ်ခဲ့ပေတော့။ တစ်နေ့မှာတော့ ကျွန်တော်တို့ စီးလာသော ကားသည် သာယာဝတီအ၀င်မှာ အစစ်ဆေးခံရသည်။ ကားစပယ်ယာက “ခဏခဏ စစ်လို့မပြီးတော့ဘူး”ဟု ညည်းတွားသည်။ ထိုအသံကို ကြားသွားသော ရဲဘော်တစ်ဦးက ကားသမားကို ကင်းမြီးကောက် ထောင်ခိုင်းပြီး ၁၅ မိနစ်ခန့် အပြစ်ပေးသည်။ မလှမ်း မကမ်းမှာတော့ အနီရောင်တွင် စာလုံးအဖြူကြီးများနှင့် ရေးထားသော ဆိုင်းဘုတ်ကြီးကို တွေ့နေရသည်။ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ”တဲ့။

နှစ် ၂၀ ကျော်ခဲ့ပြီ။ အကြမ်းဖက်စနစ်ဆိုး မျိုးတုံးခဲ့ပြီဟုထင်ရ၏။ ပြည်သူ က မွေးဖွားသော “ပြည်သူ့တပ်မတော်” ဟူသော အသံကို ကြားလာရသည်။ သမ္မတကပင် “မိဘပြည်သူများ” ဟူ၍ ခေါ်ဆိုသုံး နှုန်းလာသည်။

အစိုးရဟာ မိဘပဲ၊ တပ်မတော်ဟာ မိဘပဲဟူ၍ သွားကြားလေတိုးသံများ တစ်ခါ တစ်ခါကြားနေရသည်။ မကြားလိုကြပါ။ မကြားလိုပါ။

ပြည်သူလူထု နားမခါးစေလိုပါ။

မြတ်ဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

NLD အစိုးရအဖွဲ့သစ်မှာ စတုတ္ထအမျိုးအစား အကောင်းဆုံးအစိုးရ၊ အစိုးရရှိမှန်းတောင် ပြည်သူက မသိသော အစိုးရဖြစ်လာတော့မှာလား။ မဖြစ်လာနိုင်သေးပါ။ အစပိုင်းဖြစ်မလာနိုင်လျှင် ၅ နှစ်သက်တမ်း၏ အလယ်ပိုင်းတွင်ရော ဖြစ်လာနိုင်ပါ့မလား။ မဖြစ်လာနိုင်သေးပါ။ ထိုသို့ဆိုလျှင် နောက်ဆုံးကာလ ၂၀၂၀ ပြည့်ခါနီးလျှင်ရော ဖြစ်လာဖို့ အလားအလာရှိပါသလား။ အလားအလာလည်း မရှိလာနိုင်သေးပါ။ ဘာကြောင့် မဖြစ်လာနိုင်ပါသလဲ . . .

စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး ထိုအတိုင်းကျင့်သုံးလျှင် စတုတ္ထ အမျိုးအစားထဲ ရောက်ရှိနိုင်သော်လည်း ၂၀၁၆ တွင် အာဏာရပြီး အစိုးရဖွဲ့စည်းမည့် NLD အစိုးရမှာမူ စစ်အစိုးရခေတ်က စစ်အာဏာရှင်များ စိတ်ကြိုက်ရေးဆွဲကာ အဓမ္မ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသောကြောင့် စစ်တပ်၏ လွှမ်းမိုးမှုမှာလည်း ဆက်လက် တည်ရှိနေသည်။ အစိုးရ အဖွဲ့ထဲတွင် စစ်တပ်ကို ခွဲတမ်းပေးထားရသော စစ်ဗိုလ်ဝန်ကြီးများ၊ လွှတ်တော်ထဲတွင် လူထုက ရွေးချယ်သည့် အရပ်သားများ ပြဋ္ဌာန်းချင်တိုင်း ပြဋ္ဌာန်း၍ မရအောင် နေရာယူထားသည့် စစ်ဗိုလ်တစ်မတ်သား စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော ၄ နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အစိုးရအမျိုးအစား ခွဲခြားမှုတွင် ယနေ့ ကာလ၌ အာဏာလက်ရှိ ဖြစ်လာမည့် NLD ပါတီရော၊ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရော ရင်ဆိုင်လာရပေတော့မည်။ ထိုစဉ်က အစိုးရအမျိုးအစား အဓိပ္ပာယ် ဖွင့်ဆိုရာတွင်-

““ကျွန်မတို့ အရှေ့တိုင်းအဆို တစ်ခုရှိတယ်ပေါ့နော်။ အဆိုးဆုံး အစိုးရဆိုတာ ပြည်သူက ရွံ့မုန်းတဲ့အစိုးရတဲ့။ ဒါ့ထက် နည်းနည်းသာတာကတော့ ပြည်သူက ကြောက်တဲ့အစိုးရတဲ့။ ဒါထက်ပိုကောင်းတာကတော့ ပြည်သူက ချီးမွမ်းတဲ့အစိုးရတဲ့။ ဒါပေမဲ့အကောင်းဆုံး အစိုးရကတော့ ပြည်သူက ရှိမှန်းတောင် မသိတဲ့အစိုးရမျိုးပဲတဲ့””

ဟု ၂၀၁၂ ခုနှစ်က ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် ပြည်သူ လူထုအား ပြောကြားခဲ့ဖူးပါသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာ ပြည်သူလူထုရင်ထဲ စွဲငြိသွားသော မိန့်ခွန်းလည်းဖြစ် သည်။ ပြည်သူက ရွံသောအစိုးရ၊ ပြည်သူက ကြောက်သော အစိုးရ၊ ပြည်သူက ချီးမွမ်းသော အစိုးရနှင့် ပြည်သူက အစိုးရရှိမှန်း တောင်မသိသည့် အစိုးရဆိုပြီး ၄ မျိုးရှိသည်။ ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်ခဲ့ သော စစ်အစိုးရမှာ ပြည်သူက ရွံသော အစိုးရအဖြစ် အားလုံးက သဘောပေါက်ခဲ့ကြပါသည်။ ထိုအခါ ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများမှာ ထို ၄မျိုးထဲ ဘယ်လို ပါဝင်သလဲ သုံးသပ်ကြည့်ရာတွင် ထိုခေတ်ကာလ အစိုးရများကို သိမီခဲ့သူများသာ ဆုံးဖြတ်၍ရပေမည်။ ၁၉၄၈ ခုနှစ်မှနေ ၁၉၅၈ ထိအာဏာ ရလာခဲ့သော ဖဆပလအစိုးရကို ထိုအစိုးရ ၄ မျိုးအနက် ဘယ်အစိုးရထဲ ထည့်မလဲဟု သုံးသပ်ရန် ထိုအစိုးရကို သိမီခဲ့သူများသာ သိပေမည်။ သို့သော် မိမိတို့ အယူဝါဒအမြင်၊ ဂိုဏ်းဂဏများ အမြင်အရ ဖဆပလများက အကောင်းထည့်နိုင်သလို ပမညတများက အဆိုးပိုင်း ထည့်နိုင်သော်လည်း ဗကပများက ထိုအချိန်ကမူ ဒေါ်စု ပြောသော ပထမအမျိုးအစား ရွံ့မုန်းစရာကောင်းသော အမျိုးအစားထဲ ထည့်နိုင်လေသည်။ သို့သော် ၁၉၅၈ မှ ၆၀ ပြည့်နှစ်အထိ အာဏာသိမ်းခဲ့ သော အိမ်စောင့်အစိုးရနှင့် ကြုံတွေ့လာရ သောအခါတွင်မူ ဖဆပလ ထက်ပင် ဆိုးသည်ဟု ဝေဖန်ကြလေသည်။ ကိုကိုးကျွန်း အကျဉ်းထောင်စနစ်ကို ထိုဗိုလ်နေ၀င်း စစ်အစိုးရက စတင်တည်ထောင်ခဲ့လေသည်။ သို့သော်လည်း နောင်တက်လာသည့် စစ်အစိုးရအဆက်ဆက်မှာ သူ့ထက်သူ လူစွမ်းကောင်းများ ဖြစ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော ၄ မျိုးအနက် တတိယ၊ စတုတ္ထမှာ ဝေးသထက်ဝေးသွားပြီး ပထမ၊ ဒုတိယ အမျိုးအစားများထဲ၌ပင် တ၀ဲလည်လည် ရှိနေကြလေသည်။ ထိုအခါ ထို စစ်အစိုးရများကို သိမီခဲ့သူများအဖို့ ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သော စစ်အစိုးရကို ဘယ်အမျိုးအစားထဲ ထည့်မလဲဟု မိမိတို့ ဘာသာ ဆုံးဖြတ်ဖို့လို၏။ နောက် ၁၉၈၈ မှနေ ၂၀၁၀ အထိ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သော ဒုတိယစစ်အစိုးရ ကာလကိုလည်း နံပါတ်တစ်ထဲ ထည့်မလား၊ နံပါတ်နှစ်ထဲ ထည့်မလားဆိုသည်ကို မိမိတို့ဘ၀ လက်တွေ့များအရ ဆုံးဖြတ်နိုင်ကြပေလိမ့်မည်။ ထိုအခါ ၆၂ မှ ၈၈ စစ်အစိုးရ၊ ၈၈ မှ ၂၀၁၀ စစ်အစိုးရ၊ နှစ်ခုစလုံးမှာ လူသတ်ကြ၊ ပြည်သူကို ဖိနှိပ်ကြသည်သာ ရှိခဲ့သည်။ ပထမ စစ်အစိုးရဖြစ်သော ဗိုလ်နေ၀င်းနှင့် သူ့အမွေဆက်ခံသော နောက်တော်ပါများကလည်း လူသတ်ခဲ့ကြသည်။ 7 July အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ ဦးသန့်အရေးအခင်း စသည်တို့တွင် ပြည်သူကို နှိပ်စက် သတ်ဖြတ်ခဲ့ကြလေသည်။ သို့သော် ၈၈ အရေးတော်ပုံကြီး ဖြစ်လာသောအခါတွင် ဗိုလ်နေ၀င်းနှင့် နောက်တော်ပါ များက ပစ်ခတ်ဖိနှိပ်ကာ တားဆီးဖို့ ကြိုးစားခဲ့သည်။ အမှတ်ကောင်းကောင်းရသွား၏။ ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့က အာဏာသိမ်းကာ လူထုတိုက်ပွဲကြီးကို သွေးချောင်းစီးအောင် ပစ်ခတ် သတ်ဖြတ်ခဲ့လေသည်။ ယခင်စစ်အစိုးရအတိုင်း သူတို့လည်း လူသတ်ရမှာ ၀န်မလေးသော လက်မရွံ့များ ဖြစ်ခဲ့ပါသည်။ အမျိုးသား အချင်းချင်း၊ မိမိတို့ ပြည်သူများကို မိမိတို့အာဏာရရေး၊ အာဏာတည်မြဲရေး၊ မိမိတို့အာဏာပလ္လင်မှ မဆင်းဖို့အရေးအတွက် လက်ရဲဇက်ရဲ ဖြင့် သွေးချောင်းစီးအောင် ပစ်သတ်သည်ကို မျက်မြင် သက်သေများအဖြစ် မြင်တွေ့ခဲ့ကြရလေသည်။ ထို့ကြောင့် စစ်အစိုးရ ခေတ်တစ်လျှောက်လုံးကို ပထမရော၊ ဒုတိယရော နှစ်ဖွဲ့စလုံးသည် ပထမအမျိုးအစားဝင်များ ဖြစ်ကြပေတော့သည်။

၂၀၁၀ ပြည့်နှစ်က ၂၀၀၈ ဖွဲ့စည်းပုံ ကို အတင်းအဓမ္မ ပြဋ္ဌာန်းကာ လမ်းပြမြေပုံ ၇ ချက်နှင့်အညီ အာဏာ မရရအောင် အရေးပေါ်ပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်၊မရရသည့် နည်းဖြင့် မဲများကိုယူကာ ၂၀၁၀ တွင် တက်လာသည့် အစိုးရကိုမူ ၅ နှစ်တာ လုပ်ရပ်များကို ဆန်းစစ်ကြည့်ခြင်းအားဖြင့် တတိယဖြစ်သော ပြည်သူက ချီးမွမ်းသည့် အစိုးရဖြစ်မလာနိုင်။ ၅ နှစ်တာလုပ်ရပ်များမှာ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်၊ ပြည်သူ၏ ဆင်းရဲတွင်းကို မကယ်တင်နိုင်။ ဖိနှိပ်သော ဥပဒေများဖြင့် ဆန္ဒပြသမျှကို မတွန့်မဆုတ် ဖမ်းဆီးထောင်ချနေသောကြောင့် ပြည်သူက ကြောက်သော အစိုးရအဖြစ် ဒုတိယအမျိုးအစားထဲ ရောက်ရှိခဲ့ပါတော့သည်။

မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှာ အလွန်ပင် ကုသိုလ်ကံ ဆိုးလှရှာပါသည်။ မြေရှင်ပဒေသရာဇ်ကနေ ကိုလိုနီခေတ်သို့ ကူးပြောင်းခဲ့ကြရသည်။ လွတ်လပ်ရေးရသောအခါတွင်လည်း ပြည်တွင်း စစ်နှင့် နပန်းလုံး ကြရသည်။ ပြည်သူအတွက် အနစ်နာခံ၊ ပြည်သူကိုချစ်သော အစိုးရမျိုးနှင့် မကြုံ တွေ့ခဲ့ရရှာပေ။ ထို့ကြောင့် နံပါတ် ၄ အမျိုးအစားမှာ ယခုထက်တိုင် ဝေးသထက်ဝေး နေရှာသည်။ နံပါတ် ၃အမျိုးအစား ပြည်သူ ချီးမွမ်းသော အစိုးရမျိုးလည်း လွတ်လပ်ရေး ရပြီးသည်မှ ယခုထက်တိုင် မကြုံတွေ့ ခဲ့ရပေ။ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲကြီးကား ပြီးဆုံးသွားခဲ့ပြီ။ လူထုက စစ်အစိုးရ မျိုးဆက်များကိုမရွေးချယ်ကြပေ။ စစ်ဗိုလ်စစ်သား များမှာလည်း အာဏာရလောက်သည့် အမျိုးအစားထဲ မပါဝင်နိုင်ခဲ့ကြတော့ပေ။ လွှတ်တော်ထဲတွင် အစိုးရဖွဲ့နိုင် လောက်သော အင်အားအကောင်းဆုံး ကိုယ်စားလှယ်များမှာ အရပ်သားများချည်း ဖြစ် သွားတော့သည်။ ဒီမိုကရေစီ ဘက်တော်သားများသာ ရွေးချယ်ခံကြရသည်။ ထိုသို့ဆိုလျှင်၂၀၁၆ မှ စတင်၍ အစိုးရဖွဲ့စည်း နိုင်တော့မည့် NLD အစိုးရအဖွဲ့သစ်မှာ စတုတ္ထ အမျိုးအစား အကောင်းဆုံးအစိုးရ၊ အစိုးရရှိမှန်းတောင် ပြည်သူက မသိသော အစိုးရဖြစ်လာတော့မှာလား။

မဖြစ်လာနိုင်သေးပါ။ အစပိုင်းဖြစ်မလာနိုင်လျှင် ၅နှစ်သက်တမ်း၏ အလယ်ပိုင်းတွင်ရော ဖြစ်လာနိုင်ပါ့မလား။ မဖြစ်လာနိုင်သေးပါ။ ထိုသို့ဆိုလျှင် နောက်ဆုံးကာလ ၂၀၂၀ ပြည့်ခါနီးလျှင်ရော ဖြစ်လာဖို့ အလားအလာ ရှိပါသလား။ အလားအလာလည်း မရှိလာနိုင်သေးပါ။

ဘာကြောင့် မဖြစ်လာနိုင်ပါသလဲ။ ပြည်သူလူထုက တစ်ခဲနက် လိုလိုလားလား ရွေးချယ် တင်မြှောက် လိုက်သူများ ဖြစ်နေ ပါလျက်နှင့် ပြည်သူ၏ လိုအင်ဆန္ဒအားလုံးကို လိုက်လျောကာ ဒီမိုကရေစီအခွင့်အရေး များနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်မည့်အစိုးရ မဖြစ်နိုင်ပါသလဲ။ ထိုသို့ မဖြစ်ရသည်မှာ မြန်မာနိုင်ငံတွင် အစိုးရ ဖွဲ့စည်းခွင့်ကို ထိန်းချုပ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်ပေတော့သည်။ လစ်ဘရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံမှာမဆို ထိုနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိန်းချုပ် ပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှိကြရသည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အသက်လည်းဖြစ်၏။ စစ်မှန်သော ဒီမိုကရေစီစနစ် နှင့် ကိုက်ညီသောဖွဲ့စည်းပုံ အခြေခံဥပဒေရှိပြီး ထိုအတိုင်း ကျင့်သုံးလျှင် စတုတ္ထ အမျိုးအစားထဲ ရောက်ရှိနိုင်သော်လည်း ၂၀၁၆ တွင် အာဏာရပြီး အစိုးရဖွဲ့စည်းမည့် NLD အစိုးရမှာမူ စစ်အစိုးရ ခေတ်က စစ်အာဏာရှင်များ စိတ်ကြိုက်ရေးဆွဲကာ အဓမ်္မအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသောကြောင့် စစ်တပ်၏ လွှမ်းမိုးမှုမှာလည်း ဆက်လက် တည်ရှိနေသည်။ အစိုးရ အဖွဲ့ထဲတွင် စစ်တပ်ကို ခွဲတမ်းပေးထားရသော စစ်ဗိုလ်ဝန်ကြီးများ၊ လွှတ်တော်ထဲတွင် လူထုက ရွေးချယ်သည့် အရပ်သားများ ပြဋ္ဌာန်းချင်တိုင်း ပြဋ္ဌာန်း၍ မရအောင် နေရာယူထားသည့် စစ်ဗိုလ် တစ်မတ်သား စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည် မျှော်လင့် တကြီး ပြောဆိုခဲ့သော အစိုးရ ၄ မျိုးတွင် ပြည်သူလူထုက တစ်ခဲနက်ထောက်ခံကာ ရွေးကောက်ပွဲ အနိုင်ပေး လိုက်သည့်တိုင် စတုတ္ထအမျိုးအစား၊ အစိုးရရှိမှန်းတောင် မသိလောက် သည့် ပြည်သူလူထုကို မေတ္တာစေတနာ များဖြင့် အုပ်ချုပ်သော အစိုးရမျိုးကိုကား မရနိုင်သေးပေ။ စစ်တပ်ကလည်း တစ်စိတ်တစ်ပိုင်း စေတနာထားလာ၊ ဒေါ်အောင်ဆန်းစုကြည် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေသော အာဏာမငမ်းသည့် အစိုးရလည်း ဖြစ်လာမည် ဆိုလျှင် တတိယအစိုးရဖြစ်သောပြည်သူက ချီးမွမ်းသည့် အစိုးရမျိုး ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရပါတော့ သည်။

ထက်မြက်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald


dassk-naypyidaw-620.jpg
ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်တွင်ကျင်းပတဲ့ လွတ်လပ်သောရှေ့နေများအသင်းတရားဝင် ဖွင့်လှစ်ခြင်းအခမ်းအနားမှာ မိန့်ခွန်းပြောကြားနေစဉ်
Photo: Win Naung Toe/ RFA

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်း နိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

တရားဥပဒေစိုးမိုးရေးရှိဖို့ဟာ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ ပတ်သက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့နေပြည်တော်က Kempinski ဟိုတယ် မှာ နိုင်ငံတကာ ရှေ့နေများအသင်း၊ နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိသူတချို့နဲ့ မြန်မာနိုင်ငံက ရှေ့နေ တစ်ရာကျော်နဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

"နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာလျှင် နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်၊ နိုင်ငံသူ၊ နိုင်ငံသား တိုင်း စိတ်လုံခြုံမှုမရှိတဲ့ နိုင်ငံဆိုတာ အင်မတန်မှ သိက္ခာမဲ့တဲ့နိုင်ငံလို့ ကျမပြောချင်ပါတယ်"

ရှေ့နေတွေဟာ ၅ ရက်ကြာဆွေးနွေးပွဲကနေ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လွတ်လပ်သော ရှေ့နေများ အသင်း ပေါ်ထွက်လာရေး အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော် တရားရုံးတွေနဲ့တင် မလုံလောက်ဘဲ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်မယ့် ဥပဒေပညာရှင်တွေ အများအပြားလိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

ဒီဆွေးနွေးပွဲကို လာမယ့် ဇန်န၀ါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

RFA


၁၉ရက်နေ့ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ် (သတင်းဓါတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
၁၉ရက်နေ့ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ် (သတင်းဓါတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

တရုတ်ပြည်ဖက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် ဒီရက်ပိုင်းအတွင်းမြန်မာပြည်အ၀ှမ်းမှာ အအေးပိုခဲ့ရာက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့မှာ နှစ် ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်နဲ့ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မှာတော့ နှစ် ၃၀အတွင်း အနိမ့်ဆုံးအပူချိန်ထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းတွေမှာတော့ လေဖိအားကြီးရပ်ဝန်းဟာ ဗီယက်နမ်ကမ်းခြေဖက်ကို ရွေ့လျားသွားနေတာကြောင့် အပူချိန်ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဆောင်းတွင်းရာသီမှာ မြန်မာနိုင်ငံရဲ့ အပူအချိန်အပြောင်းအလဲဟာ တရုတ်နိုင်ငံဘက်မှာဖြစ်ပေါ်တဲ့ လေဖိအားကြီးရပ်ဝန်းနဲ့ ဟိမ၀န္တာတောင်တန်းဖက်က တိုက်ခတ်လာတဲ့ လေအေးဝင်ရောက်မှုအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တရုတ်ပြည်ဘက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့မှာ အပူချိန်ကျဆင်းခဲ့ရာက ရမည်းသင်းနဲ့ ကြို့ပင်ကောက်တို့မှာ စံချိန်တင်ကျဆင်းခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ရမည်းသင်းကတော့ ဒီနှစ်ထဲမှာပဲ ဇန်န၀ါရီလထဲမှာပေါ့ အနှိမ့်ဆုံးအပူချိန်အရ ၂ ခါ စံချိန်ချိုးသွားတယ်ပေါ့။ ပထမတကြိမ် ချိုးတာကတော့ ဒီ ၁၃ ရက် ၁ လ ၂၀၁၆ မှာ စံချိန်ချိုးတယ်ပေါ့။ အရင်စံချိန်အဟောင်းက ၇.၅ ရှိပြီးတော့ အဲဒီနေ့က ၇.၀ ရှိတယ်ပေါ့လေ။ နောက်တကြိမ် ၁၈ ရက် ၁ လ ၂၀၁၆ အဲဒီမှာကျတော့ ၆.၀ ဒီဂရီ Celsius ပေါ့လေ စင်တီဂရိတ်ရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ၅၂ နှစ် အတွင်းမှာကျတော့ ကျနော်တို့ အနိမ့်ဆုံးအပူချိန်ပေါ့လေ။အဲဒီလိုပဲ ကြို့ပင်ကောက်ကျတော့ ကျနော်တို့ အခုဒီ ၁၈ ရက် ၁ လ ၂၀၁၆ မှာတော့ သူကတော့ ၉.၀ ဒီဂရီစင်တီဂရိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့ သူကတော့ နှစ်ပေါင်း ၃၀ အတွင်းမှာပေါ့လေ အနိမ့်ဆုံးအပူချိန်ကိုရောက်ခဲ့ပါတယ် ဟုတ်ကဲ့။”

ဒီရက်ပိုင်းအတွင်း ပြောင်းလဲနိုင်တဲ့ မိုးလေ၀သ အခြေအနေကို အခုလို ဆက်ပြောပါတယ်။

“နောက် ၁ ရက် ၂ ရက်လောက်နေရင်တော့ နဲနဲ အအေးတော့ပြန်ပေါ့သွားမယ်ခင်ဗျ။ ပေါ့သွားပြီးတော့ ကျနော်တို့ ၂၆ နဲ့ ၂၇ မှာ နဲနဲလေးပြန်အေးမှာပေါ့လေ။ အဲလိုမျိုးလေးတော့ ရှိပါတယ်။ အဓိကကတော့ တရုတ်ပြည်မကြီးကနေ ထိုး ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်း ကျနော်တို့ ဗီယက်နမ် coast ကိုပေါ့လေ ၀င်သွားတဲ့အတွက်ကြောင့်မို့လို့ ဒီရက်ပိုင်းမှာတော့ ကျနော်တို့ ဘက်ကိုပေါ့လေ နဲနဲလေးပြန်ပြီးတော့ အအေးလျော့သွားမယ့် အနေအထားရှိတယ်။ ပြီးသွားတော့ ဒီအရှေ့ဖက်ကနေပြီးတော့ လာတဲ့ ဒီ တိမ်တိုက် တချို့ကြောင့်မို့လို့ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာလည်း လာမယ့် ၃ ရက်တွေအတွင်း အပူနည်းငယ် ရနိုင်မယ်ပေါ့လေ။

ဒီလ ၂၆ ရက်နောက်ပိုင်းမှာ တရုတ် လေဖိအားကြီးရပ်ဝန်းပြန်အားကောင်းလာနိုင်တာနဲ့ ဟိမ၀န္တာတောင်တန်းဖက်ကလေအေးဝင်ရောက်မှုကြောင့် ပြန်အေးလာနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပါတယ်။

ရမည်းသင်းမြို့နယ်က လက်ရှိ ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးကတော့ ၅၂ နှစ်အတွင်း အပူချိန် စံချိန်တင်ကျဆင်းခဲ့ပေမဲ့ ဒေသခံတွေ ကျန်းမာရေးဆိုးဆိုးဝါးဝါး ထိခိုက်တာတော့ မကြားရသေးကြောင်း ပြောပါတယ်။

“အေးတာက ဟုတ်တယ်ဗျာ။ ကျနော်တို့ဒီ အအေးဓါတ်ကတော့ အရင်နှစ်တွေနဲ့မတူဘူးပေါ့နော်။ အခု ရက်ပိုင်းအတွင်းမှာတော်တော်လေး သိသိသာသာအေးလာတယ်။ အခုလူတွေ ကျနော်တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လေ့လာမိသလောက် အအေးဒဏ်ကြောင့် သေတယ် ဆိုတာကတော့ ကျနော်မကြားဖူးသေးဘူးလောလောဆယ်လေ။ အခုဟာက အအေးဒဏ်ပိုပြင်းလို့ တချို့သံဃာတွေကလည်း အနွေးထည်မရှိတဲ့လူတွေကို လှူတာတော့ရှိတယ်လေ။ ဒီအအေးဒဏ်က သိသိသာသာအေးတဲ့အတွက် ကျနော်တို့ ဒီ ပုဂ္ဂလိကပိုင်းက အလှူရှင်တွေကလည်း ဆင်းရဲတဲ့ရွာတွေမှာ အနွေးထည်လေးတွေ လှူကြကန်းကြ အဲဒီအမျိုးတွေရှိတယ်။”

ရမည်းသင်းမှာ အပူချိန်ကျဆင်းတာဟာ ညသန်းခေါင်ဝန်းကျင်လောက်မှာ သိသာကြောင်းလည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာတော့ ညအပူချိန်ဟာ သုညအောက်ထိကျဆင်းပြီး ၃ရက်လောက် ဆက်တိုက်ရေခဲ ခဲ့ပါတယ်။ ဒီလို ရာသီဥတုဆိုးဝါးတာကြောင့် အသက် ၅နှစ်အောက်ကလေးငယ်တွေ အအေးမိရောဂါ အဖြစ်များပေမဲ့ အသက်ဆုံးရှုံးအောင်ထိ ဖြစ်ပွားတာမရှိကြောင်း ပင်လောင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခင်သိန်းထွေးက ပြောပါတယ်။

“ဟုတ်ကဲ့ အသက် ၅ နှစ်အောက် ကလေးလေးတွေပေါ့နော်၊ အဆုတ်အအေးမိတဲ့ ရောဂါလောက် ဖြစ်ပါတယ်ရှင့် အခုတလောကတော့။ လူသေလောက်တဲ့အထိတော့ မဖြစ်ပါဘူးရှင့်။ ကလေးတွေက ရေချိုး၊ ရေချိုးပြီး အေးပြီးတော့ အခါကျတော့ အဆုတ်အအေးမိတဲ့ ရောဂါလက္ခဏာလေးတွေနဲ့ အသက်ရှုခက်တာလေးတွေနဲ့ ရောက်လာကြပါတယ်။”

ကျန်းမာရေးဌာနအနေနဲ့ ရာသီဥတုအေးချိန်မှာ နွေးနွေးထွေးထွေးနေဖို့၊ ရေချိုးရာမှာ သတိထားဖို့နဲ့ မီးလှုံရာမှာလည်း မီးခိုးကြောင့် အသက်ရှုလမ်းကြောင်း ရောဂါမဖြစ်ပွားအောင် ဂရုစိုက်ဖို့အတွက် ကျေးရွာတွေမှာ ပညာပေးလုပ်ငန်းတွေဆောင်ရွက်နေကြောင်း ပြောပါတယ်။

မိုးဇလ ဌာနကတော့ ဒီကနေ့ ထူးခြားတဲ့ ညအပူချိန်အဖြစ် နမ့်စန်မြို့နဲ့ ဟားခါးမြို့ တို့မှာ သုည ဒီဂရီစင်တီဂရိတ်စီ၊ ပြင်ဦးလွင်မြို့မှာ ၂ ဒီဂရီစင်တီဂရိတ်၊ လားရှိးမြို့နဲ့ မိုးကုတ်မြို့ မှာ ၄ ဒီဂရီစင်တီဂရိတ်စီရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/myanmar-weather-winter-/3152626.html

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဖန်တီးရာ ရုံးခန်းမှာ အမျိုးသားလက္ခဏာ၊ သည်းခံခြင်းနဲ့နည်းပညာအကြောင်း ဆွေးနွေး။(photo-U.S. Embassy Rangoon's facebook)
ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဖန်တီးရာ ရုံးခန်းမှာ အမျိုးသားလက္ခဏာ၊ သည်းခံခြင်းနဲ့နည်းပညာအကြောင်း ဆွေးနွေး။(photo-U.S. Embassy Rangoon's facebook)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတွေကြား လူမျိုးဘာသာ၊ အသားအရောင် မခွဲခြားဘဲ၊ အပြန်အလှန် နားလည် သည်းခံမှုနဲ့ နည်းပညာတိုးတက် ဆန်းသစ်မှုတွေနဲ့ အတူ ခေတ်သစ် ထူထောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

National Identity ဆိုတဲ့ အမျိုးသားလက္ခဏာ သက်မှတ်ချက်ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ လူမျိုးဘာသာကိုအခြေမခံဘဲ အတွေးအခေါ်၊ အယူအဆနဲ့ အကြံဉာဏ်၊ တန်းတူညီမျှမှုတွေပေါ်မှာအခြေခံပါတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောဆို လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြမှာပါ။

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းတော့မယ့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကို ထူထောင်ကြနိုင်ကြဖို့ တိုက်တွန်းရင်း မြန်မာတို့ရဲ့ အမျိုးသားလက္ခဏာ National Identity သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူတွေနဲ့ လူငယ်တွေရဲ့ သဘောထားကို မေးခွန်းထုတ်လိုပါတယ်လို့ အခုလို ပြောဆို လိုက်ပါတယ်။

“ဒီကနေ့ကျနော်တို့မေးချင်တဲ့မေးခွန်းတခုကတော့ မြန်မာနိုင်ငံရဲ့ National Identity သတ်မှတ်ချက် အပေါ်ဘယ်လို သဘောထားသလဲ သိလိုပါတယ်။ ဘယ်လို ဖြစ်ထွန်းမှုတွေရှိနေတယ်၊ အခုဆိုရင် ဒီမိုကရေစီ အစိုးရ အုပ်ချုပ်တော့မယ့် အချိန်လည်းဖြစ်ပါတယ်။ National Identity နဲ့ ပတ်သက်လို့ ဒီထက်မက ဘာတွေ ဆက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေရှိနိုင်သလဲဆိုတာကိုသိလိုပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကိုအခြေမခံဘဲ National Identity သတ်မှတ်နိုင်ဖို့ အခွင့်အလန်းကောာ ရှိနိုင်ပါသလားဆိုတာကို မေးခွန်းထုတ်လိုပါတယ်။”

နှစ်ပေါင်း ၂၄၀ ကျော် ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု မတူကွဲပြားသူတွေ စုစည်းနေထိုင်ရာ ဖြစ်ပေမယ့် National Identity အမျိုးသား လက္ခဏာသတ်မှတ်ချက်ကတော့ မခွဲခြားဘဲ အမေရိကန်နိုင်ငံသားတွေရယ်လို့ဘဲ အသိအမှတ်ပြုထားကြတာဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောပါတယ်။

“ခွဲခြားဆက်ဆံမှု စစ်ပွဲတွေကို နှစ်ပေါင်း ၂၄၀ အတွင်း အောင်မြင်အောင် ကြိုးစား တိုက်ဖျက်နိုင်ခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်ပြည်ထောင်စုမှ National Identity အမျိုးသားသွင်ပြင်လက္ခဏာကို လူမျိုး၊ ဘာသာကို အခြေမခံဘဲ၊ အကြံဉာဏ် တွေနဲ့ အတွေးအခေါ်တွေကိုဘဲအခြေခံခဲ့လို့ပါဘဲ။ ဒီအကြံဉာဏ် အတွေးအခေါ်တွေထဲမှာ အယူအဆအရ ဘယ်ကဘဲလာလာ၊ ဘယ်သူဘဲဖြစ်ဖြစ်၊ မခွဲခြားဘဲ၊ တန်းတူ ဆက်ဆံကြဖို့ဘဲဖြစ်ပါတယ်။ တကယ်လို့များ ခေါင်းဆောင်ပိုင်းက လူမျိုးရေးအရ ကျနော်တို့ကို ခွဲခြားဖို့ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်အတွေးအခေါ်မဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့ ထောက်ပြမှာဖြစ်ပါတယ်။ တကယ့် အမေရိကန်တွေက မတူကွဲပြားမှုနဲ့ အပြန်အလှန် နားလည် သည်းခံမှုကို ယုံကြည်ကြပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ National Identity နဲ့ ပတ်သက်လာရင် မျိုးချစ်စိတ်နဲ့ သိပ်ကို အင်အားရှိတဲ့ ခုခံမှုပါဘဲ။”

Tom Malinowski နဲ့ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ဟာ လူငယ်တွေ၊ အရပ်ဘက်အသိုင်းအဝိုင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးခေါင်းဆောင်တွေ၊ နည်းပညာရှင်တွေ စုစုပေါင်း ၄၀ ခန့် နဲ့ အတူ ခေတ်သစ်မြန်မာနိုင်ငံအတွက် အမျိုးသားလက္ခဏာ၊ အပြန်အလှန်နားလည် သည်းခံခြင်းနဲ့ နည်းပညာအကြောင်းတို့ကို ရန်ကုန်မြို့က ဖန်တီးရာ ရုံးခန်းမှာ ဇန်နဝါရီ ၁၉ရက် ဒီနေ့ ညနေပိုင်းမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာတဝန်း အကြမ်းဖက်မှုတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေဟာ ဘာသာလူမျိုး မတူကွဲပြားခြားနားမှုကို နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက အခွင့်ကောင်းယူ အသုံးချခံခဲ့ရတာကြောင့်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ထောက်ပြလိုက်ပါတယ်။

“အသွင်မတူတဲ့ လူမျိုးနဲ့ ဘာသာရေး အုပ်စုတွေအကြား အကြမ်းဖက်တာ တွေကို တွေ့ရတာဟာ သူတို့တွေရဲ့ နာကျည်းမှုတွေကြောင့်မဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေ၊ ခေါင်းဆောင်တွေက သူတို့ ရည်မှန်းချက်ရောက်အောင် ဒီမတူကွဲပြားမှုတွေကို အခွင့်ကောင်းယူပြီး အသုံးချဖို့ကြိုးစားတဲ့ တာဝန်မဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာပေါ်က ပဋိပက္ခတိုင်းလိုလိုဟာ လူမျိုးရေးနဲ့ ဘာသာရေး မတူကွဲပြားမှုကို အသုံးချခဲ့တာများပါတယ်။”

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး တနင်္လာနေ့တုန်းကတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ အတူ နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း/VOA
http://burmese.voanews.com/content/tom-malinowski-visit-myanmar-/3152564.html


လက်နက်ကိုင်အ ဖွဲ့သစ်တစ်ခုအဖြစ် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ကို ဇန်န၀ါရီလ ၁၇ရက်နေ့က စတင်ထူထောင်လိုက်ကြောင်း ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) မှ သတင်းထုတ်ပြန်ထားသည်။

ယင်းလက်နက်ကိုင်တပ်ဖွဲ့သစ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နည်တို့တွင် အခြေပြုနေထိုင်လျက်ရှိသည့် ရှမ်းနီ လူမျိုးများက တည်ထောင်ခြင်းဖြစ်ပြီး မည်သည့် လက်နက်ကိုင်အ ဖွဲ့၏ လက်အောက်ခံမဟုတ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

‘ ဖွဲ့ထားတယ်ဆိုတာသေချာတယ် ခုလောလောဆယ်တော့ ဘယ်မီဒီယာနဲ့မှ မတွေ့သေးဘူး’ ဟု ရှမ်းနီ ခောတ်ဂျာနယ်မှ စိုင်းအောင်မျိုးလွင်ကပြောသည်။

ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ကို ရှမ်းအမျိုးနွယ်ဝင်များဖြစ်ကြသည့် တိုင်းနေခေါ်အထက်ရှမ်း ၊ တိုင်းမောဝ်ခေါ်မောဝ်ရှမ်း ၊ တိုင်းလုံး ခေါ် ရှမ်းကြီး ၊ တိုင်းခမ်းတီး ခေါ် ခမ်းတီးရှမ်း ၊ တိုင်းဆာ ခေါ် မိုင်းသာရှမ်း ၊ တိုင်းဂရူး ခေါ် ရှမ်းဂရူး ၊ တိုင်းကနန်း ခေါ် ရှမ်းကနန်း ၊ တိုင်းခွမ်း ခေါ် မိုင်းခွမ်းရှမ်း ၊ တို်င်းနိုင်း ခေါ် တိုင်းလိုင် ခေါ် တို်င်းလျဲန် ခေါ် ရှမ်းနီ မျိုးနွယ်ဝင်များကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းကြေငြာချက်တွင် ဖော်ပြထားသည်။

ရှမ်းနီ အမျိုးသား တပ်မတော်ကို ၁၉၈၉ ခုနစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသော်လည်း လေ့လာသူများကမူ ယခုမှ ထူထောင်ခြင်းဖြစ်ပြီး ယခင်ကတည်းကလည်း ထူထောင်ရန် စီစဉ်မှုများ ရှိခဲ့ဖူးသည်ဟု ဆိုသည်။
ရှမ်းနီ တွေက ကေအိုင်အေတွေ ဖားကန့်မှာ ရှမ်းဘိန်းစားမှန်သမျှ အကုန်သတ်တဲ့ ခေတ်ကတည်းက လက်နက်ကိုင်ထောင်ဖို့ဆိုပြီး ဦးခွန်ဆာ လက်ထက်တုန်းက အဲဒီဘက်က ရှမ်းနီ တွေက သွားဆက်သွယ်ဖူးတယ် နောက်ပိုင်းခွန်ဆာရဲ့ MTA ကလည်း အစိုးရဆီလက်နက်ချသွားတော့ ခုမှ ပြန်ပေါ်လာတာ ဖြစ်လိမ့်မယ် ABSDF ကျောင်းသားတပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခု မီဒီယာ လုပ်ငန်းလုပ်ကိုင်နေသူတဦးက ပြောသည်။

ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရှမ်းမျိုးနွယ်စုများအနေဖြင့် ယခင်က လက်နက်ကိုင်အဖွဲ့သီးသန့်ထူထောင်ခြင်းများမရှိခဲ့ပဲ ကေအိုင်အေထံတွင် အတင်းအဓမ္မ တပ်သားစုဆောင်းခံရခြင်း ( သို့မဟုတ် ) အဖွဲ့ဝင်အဖြစ် သွားဝင်ခြင်းမျိုးသာ ရှိခဲ့ဖူးပြီး ၈၈ အရေးတော်ပုံအပြီး ကျောင်းသားတပ်မတော် ဖွဲ့စည်းစဉ်ကလည်း ရှမ်းနီ အချို့မှာ သွားရောက်ပူးပေါင်းမှုများ ရှိခဲ့သည်။

ယခု သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံနေရသူ ဦးသံချောင်း ( ABSDF မြောက်ပိုင်းအရေးခင်းတွင် နာမည်ကျော်ကြားသူ ) မှာ ရှမ်းနီ လူမျိုးပင်ဖြစ် ကျောင်းသားတပ်ဖွဲ့မှ RCSS/SSA သို့ ကူးပြောင်းခဲ့သူဖြစ်သည်။

ယင်းအပြင် ကချင်ပြည်နယ်ရှိ ရှမ်းနီ အများစုနှင့် ကေအိုင်အိုတို့အကြား တပ်သားသစ် အဓမ္မစုဆောင်းခြင်း ၊ ဆပ်ကြေးကောက်ခြင်း စသည့်ကိစ္စရပ်များကြောင့် တင်းမာသည့် အခြေနေများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယခင်က ရှမ်းနီနှင့် ကချင်တိုင်းရင်းသားများအကြား တကြိမ် ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပါသည်။

ခုလို အခြေနေမျိုးတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဝေးသွားမှာစိုးရိမ်တယ်။ နောက်တချက်က အစိုးရကိုယ်တိုင်ကလည်း ရှမ်းနီ တွေကို ပြည်သူ့စစ်တွေအဖြစ် လိုက်လုပ်ပေးနေတာတွေရှိတော့ ဒီကိစ္စအပေါ် မရိုးသားဘူးလို့ ခံစားရတယ် ဟု ကချင်တိုင်းရင်းသူ တဦးဖြစ်သူ ဒေါ်ခွန်ဂျာက ပြောသည်။

ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွင်းတွင်လည်း ရှမ်းနီ များအတွက် ကချင်ပြည်နယ်အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့အား ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။
ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အနေဖြင့် ဒေသခံပြည်သူလူထုအပေါ် လက်နက်ကိုင်အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေမှုများကို ကာကွယ်ရန် ၊ မူးရစ်ဆေးဝါးအန္တရာယ်များတားဆီးရန် ၊ ဒေသတွင်းပြည်သူလူထုများ၏ ဖွံဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ စိုက်ပျိုးမွေးမြူရေး ၊ လူနေမှုဘ၀မြင့်တင်ရေး ၊ ဘက်စုံဖွံဖြိုးတိုးတက်ရေးတို့ကို ဆောက်ရွက်ရန် ၊ ဒေသတွင်း သဘာဝပတ်ဝန်းကျင်များကိုကာကွယ် တားဆီး ထိမ်းသိန်းစောင့်ရှောက်ရန် ၊ တိုင်းရင်းသားများတန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတညဆောက်ရာတွင်အခြားသောတိုင်းရင်းသားများဖြင့်ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

သတင်း - မျိုးမင်း
The Ladies News Journal
https://www.facebook.com/News.TheLadies

ကမ္ဘာ့ အသက်အကြီးဆုံး လူသား ယစုတရို ကိုအိဒဲ့အား တွေ့ရစဉ် (ဆင်ဟွာ)
    တိုကျို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

    ကမ္ဘာ့ အသက်အကြီးဆုံး လူသား ယစုတရို ကိုအိဒဲ့ သည် ဇန်နဝါရီလ ၁၉ရက်နေ့တွင် ဂျပန်နိုင်ငံ အလယ်ပိုင်း နာဂိုရာ ရှိ ဆေးရုံတစ်ရုံ တွင် နံနက်အစောပိုင်းက ကွယ်လွန်ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၁၁၂နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုအိဒဲ့ အား ၁၉၀၃ ခုနှစ် မတ်လ ၁၃ရ က်နေ့ တွင် ဖုခုအိ စီရင်စု ၌ မွေးဖွားခဲ့ပြီး အပ်ချုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကာ ၂၀၁၅ခုနှစ် သြဂုတ်လတွင် ကမ္ဘာ့ အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

ကိုအိဒဲ့သည် စိုင်းတမ စီရင်စု ရှိ အသက် ၁၁၂နှစ် အရွယ် ဆာကာရိ မိုမိုရိ ၂၀၁၅ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်သွားပြီးနောက် ကမ္ဘာ့ အသက်အကြီးဆုံး ဘွဲ့ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ယခု လက်ရှိ ဂျပန်နိုင်ငံ တွင် အသက်အကြီးဆုံး သူ မှာ တိုကျိုမြို့ရှိ မစမိစွတ် ရိုရှိဒါ ဖြစ်ပြီး အသက် ၁၁၁ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တကယ့် အသေအပျောက် ကိန်းဂဏန်းတွေက အစီရင်ခံမှာ ပါတာထက် ပိုများနိုင်တယ်လို့ ကုလက ပြော။
အီရတ် နိုင်ငံထဲက အရပ်သားတွေဟာ မယုံနိုင် လောက်အောင် ဆိုးရွားတဲ့ အကြမ်းဖက်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပြီး၊ ၂၀၁၄ ဇန်နဝါရီ ၁ ရက်ကနေ ၂၀၁၅ အောက်တိုဘာ ၃၁ ရက် အတွင်း အသတ် ခံရသူပေါင်း ၁၈,၈၀၀ ဦး ရှိခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

အဲဒီ ကာလအတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရတဲ့ အရေအတွက်ကလည်း ၃.၂ သန်း လောက် ရှိတယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြ ထားပါတယ်။

အကြမ်းဖက်မှု အများစုကို အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့က စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန် လုပ်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ စုစုပေါင်း ၃၅၀၀ လောက်ကိုလည်း IS အဖွဲ့က ကျွန်အဖြစ် ဖမ်းဆီး ခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေနဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေက ကျူးလွန်တဲ့ အကြမ်းဖက်မှု မတရားမှု တွေကိုလည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒီ အစီရင်ခံစာကို ပြုစုရာမှာ လွတ်မြောက် လာသူတွေရဲ့ ထွက်ဆိုချက်တွေ၊ မျက်မြင် သက်သေတွေနဲ့ မေးမြန်းချက်တွေပေါ် အခြေခံပြီး ပြုစုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

စီးပွားရေး တိုးနှုန်းက ၆.၈ ရာခိုင်နှုန်း အောက်ကို ရောက်လာရင် ပြန်လည် ဦးမော့လာစေမယ့် တွန်းအား တစ်ခု လိုပြီလို့ ပညာရှင်တွေက ပြော။
တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ ၂၀၁၄ မှာ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၅ မှာတော့ ၆.၉ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၅ နှစ် အတွင်း တိုးတက်မှု အနှေးကွေးဆုံး နှုန်းထား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား တစ်ခု ဖြစ်တဲ့ တရုတ် စီးပွားရေး တိုးနှုန်း အခုလို ကျဆင်းမှုဟာ ကမ္ဘာ အနှံ့က ရင်းနှီး မြှုပ်နှံသူတွေ အတွက် စိုးရိမ် ပူပန် စရာ ဖြစ်နေပါတယ်။

အခုနှစ် အတွက် တရုတ် စီးပွားရေး တိုးနှုန်းက ၆.၃ ရာခိုင်းနှုန်း ရှိနိုင်ပြီး ၂၀၁၇ မှာ ၆ ရာခိုင်နှုန်းသာ ရှိတော့မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ခန့်မှန်းချက် ထုတ်ခဲ့ပြီးနောက် အခု သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ တရားဝင် သတ်မှတ်နှုန်းကတော့ ၇ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

တရုတ် ဝန်ကြီးချုပ် လီကေချန်း ကတော့ စီးပွားရေး တိုးနှုန်း ကျနေပေမယ့် အလုပ်အကိုင် အသစ်တွေ ဖန်တီးပေး နိုင်နေသရွေ့ လက်သင့် ခံနိုင်ဖွယ် အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။

စောင့်ကြည့် လေ့လာသူ အချို့ကတော့ တရုတ် စီးပွားရေး တိုးနှုန်းဟာ တရားဝင် ကိန်းဂဏန်း တွေက ဖော်ပြတာထက် ပိုပြီး နှေးကွေး နေတယ်လို့ ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့စဉ်။ Photo: Thiha Tun/RFA
တိုင်းရင်းသားပေါင်းစုံတွေ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတဲ့ တိုင်းပြည်တစ်ခုဖြစ်နိုင်သလို တစ်ချိန်တည်းမှာလည်း အဲဒီ့လိုတိုင်းပြည်မျိုးဟာ ထိလွယ်ရှလွယ် တိုင်းပြည်မျိုးဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ ဘာသာပေါင်းစုံ က ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောတာဖြစ်ပါတယ်။

"လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတယ်လို့ ပြောလို့ရတာက မတူတဲ့သူတွေ စုပေါင်းနေထိုင်တဲ့အတွက် အတွေ့အကြုံတွေ မတူတာတွေ၊ အားအင်မတူတာတွေ၊ မတူကွဲပြားတဲ့အမြင်၊ ယဉ်ကျေးမှု၊ စွန့်ဦးတီထွင်နိုင်တဲ့ အင်အားတွေကြောင့် အားကောင်းတဲ့ တိုင်းပြည်ဖြစ်နိုင်တယ်လို့ ပြောလို့ ရတာပါ။ အမေရိကန်ပြည်ထောင်စုဟာ အင်အားကြီးတဲ့ အောင်မြင်တဲ့ တိုင်းပြည်တစ်ခုဖြစ်နေတာဟာ ဘာကြောင့်လဲဆိုတော့ တကမ္ဘာလုံးက လူမျိုးပေါင်းစုံကို လက်ခံထားပြီး တည်ထောင်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးတည်းရှိနေတဲ့ တိုင်းပြည်တစ်ပြည်ကို သုံးသပ်လို့ရတာက ပျင်းစရာကောင်းသလို မတူတဲ့ အင်အားတွေဆိုတာလည်း မရှိနိုင်ပါဘူး" လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က ပြောသွားတာဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေ အရပ်ဘက်အဖွဲ့တွေ အစည်းအဝေး ကို လူပေါင်း ၃၀ လောက် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး Derek Mitchell လည်း တက်ရောက်ခဲ့ပါတယ်။

အမေရိကန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တို့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ထိုင်းနိုင်ငံ ရနောင်းခရိုင် ငါးဖမ်းသင်္ဘောသည် မြန်မာ ကမ္ဘောဒီးယား ထိုင်း စသည့် သင်္ဘောသားများဖြင့် အန္ဒိယနှင့် အာဖရိက သမုဒ္ဒရာ အတွင်းမှာ ငါးဖမ်းထွက်နေရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်နေ့ ၂၀၁၅ခုနှစ်ကတည်းက သင်္ဘောသား ၆ဦးသေဆုံးပြီး ၂၀ဦးက နာမကျန်းရောဂါ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၎င်းနဲ့ပတ်သက်၍ အကြောင်းရင်း ရှာဖွေရန် ထိုင်းသတင်းအေဂျင်စီ သတင်းထောက်နဲ့တကွ ရနောင်းခရိုင်ဒုအုပ်ချုပ်ရေးမှူးတွေ အခင်းဖြစ်ပွားခဲ့သော ၎င်းသင်္ဘောပေါ်သို့ သွားရောက် စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

 ၂ထပ်သင်္ဘောဖြစ်ပြီး အခန်းလေးတွေ ခွဲထားတာကို တွေ့ရပါတယ် ငါးသိုလှောင်ခန်း အိပ်ခန်းက စုပေါင်း အိပ်သော အခန်းဖြစ်ပါတယ် ရေစစ်ခန်း မီးဖိုဆောင်တော့ ထောင့်တနေရာ သေးသေးလေးခွဲထားပါတယ်။
ငါးဖမ်းလိုက်ပါလာသော ကမ္ဘောဒီးယား သင်္ဘောသား မစ်စတာမီနာ အသက် ၂၀နှစ်၏ ပြောပြချက်အရ ၈လ လုံးလုံး အန္ဒိယနှင့် အာဖရိက ပင်လယ်အတွင်း ငါးဖမ်းနေပြီး နောက် ၂လကြာမှ စရိတ်တင်သင်္ဘောသေးက စားစရာ စရိတ်တွေ လာပို့ပေးပါတယ်။


လုပ်ဖော်ကိုင်ဖက် သင်္ဘောသားတွေလည်း အားအင်ကုန်ခန်း နာမကျန်းဖြစ်ကြပြီး တယောက်ပြီး တယောက်သေသွား ကြပါတယ်လို့ ပြောပြသွားပါတယ်။ သင်္ဘောကပ္ပိတန် မစ်စတာဘန်ဒစ်၏ ပြောပြချက်အရ သင်္ဘောသား ပထမတစ်ဦး သေဆုံးတာနဲ့ ချက်ချင်း ကမ်းခြေဆိုက်ဖို့ ဦးတည်မောင်းနှင်ခဲ့ပါတယ် သို့သော် ငါးဖမ်းနေသော နေရာမှ ထိုင်းကမ်းခြေသို့ မိုင်ပေါင်း ၂၅၀၀ ကွာဝေးသည့်အတွက် ကမ်းမဆိုက်ခင် ရက်အတန်ကြာအချိန်ယူရတာမို့ နောက်ထပ် သင်္ဘောသားတွေလည်း ၎င်းနည်းတူ တယောက်ပြီး တယောက်  သေသွားခဲ့ရပါတယ်လို့ ပြောသွားပါတယ်။

 ရနောင်းခရိုင် ဒုအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ နာမကျန်းသင်္ဘောသား ၂၀ဦးကို ဆေးကုသလို့ သက်သာသွားပြီဖြစ်၍ သင်္ဘောပေါ် ပြန်တက်ခိုင်းကာ နားနားနေနေနဲ့ အားအင် ပြည့်ဝလာလျှင် ငါးဖမ်းဆက်ထွက်ရန် ဖြစ်ပါတယ်။

 သေဆုံးသွားသော ၆ဦးကတော့ အကြောင်းရင်း ရှာဖွေရန် ၂ဦးမှာ သိပ္ပံနည်းကျစွာ ခွဲစိတ်ပြီးပြီဖြစ်ပြီး ကျန် ၄ဦးကိုတော့ ခွဲစိတ်နေဆဲ ဖြစ်ပါတယ် မကြာခင်မှာပဲ အကြောင်းရင်းကို အတည်ပြု ထုတ်ပြန်ကြေငြာ သွားမယ်လို့ ပြောသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv

(Credit: ABC Licensed) 
အာဖရိက ​တောင်ပိုင်းမှာ ​El ​Nino ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​လူပေါင်း ​၁၄ ​သန်းလောက် ​အစားအစာ ​မလုံလောက်မှုတွေနဲ့ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂရဲ့ ​ကမ္ဘာ့စားနပ်ရိက္ခာ ​အဖွဲ့က ​ပြောပါတယ်။

အယ်လ်နီနို ​ရာသီ ​ဥတု ​ဖြစ်စဉ်ကြောင့် ​မိုးခေါင်ရေရှားမှုတွေ ​ဖြစ်ပြီး ​အဆိုးဝါးဆုံးကတော့ ​မာလာဝီ ​နိုင်ငံမှာ ​ဖြစ်ပါတယ်။

အစာရှားပါးမှုကို ​ဒုတိယ ​အများဆုံး ​ကြုံနေရတာကတော့ ​Madagascar ​နိုင်ငံဖြစ်ပြီး ​အဲဒီနောက်မှာတော့ ​ဇင်ဘာဗွေ ​နိုင်ငံက ​နောက်လိုက်နေပါတယ်။

အရင်နှစ်တုန်းက ​ရာသီဥတု ​ဆိုးဝါးလို့ ​သီးနှံတွေ ​ရှားပါးနေသလို ​ဒီနှစ်နဲ့ ​လာမဲ့ ​နှစ်မှာလည်း ​မိုးခေါင်ရေရှားမယ့် ​အနေအထား ​ရှိနေတာကြောင့် ​စိုးရိမ်နေကြပါတယ်။

အယ်နီနို ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​ပစိဖိတ် ​ဒေသက ​နိုင်ငံတွေမှာ ​အစာရှားပါးမှု ​ဖြစ်ခဲ့သလို ​သြစတြေးလျ ​နိုင်ငံ ​မြောက်ပိုင်းမှာလည်း ​မိုးခေါင်ရေရှားပြီး ​ဖိလစ်ပိုင်နိုင်ငံမှာလည်း ​အလားတူ ​ပြဿနာတွေ ​ကြုံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ​အလားတူ ​ဖြစ်လာနိုင်တာကြောင့် ​ကြိုတင်ပြင်ဆင်ကြဖို့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​က ​သတိပေးထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် လည်း ပါဝင်တယ်လို့ သိရပါတယ်။

အရင်က တိုင်းဒေသကြီးလွှတ်တော်တွေမှာ ဗိုလ်မှူးကြီးအဆင့် တာဝန်ယူထားသူသာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူမယ့် ဒီလွှတ်တော်သက်တမ်းမှာ တပ်မတော်က တာဝန်ကြီးတဲ့သူတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ဗိုလ်မှူးချုပ်သိန်းနိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သားမက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကနေ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျက ပြောပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီးမှာ တက်ရောက်မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၈၆ ဦး အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဖြစ်ပြီး အခုထုတ်ပြန်တဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂၂၀ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်အဆင့်ရှိသူ ၂ဦး၊ ဗိုလ်မှူးချုပ်အဆင့် ၆ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အမျိုးသမီးကိုယ်စားလှယ် ၂ဦးလည်း ပါဝင်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ် ၁ဦး၊ ဗိုလ်မှူးချုပ် ၆ဦး ပါဝင်ပြီး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ပါဝင်တာ မတွေ့ရပါဘူး။

အရင်ပထမအကြိမ် လွှတ်တော်တွေစတင်ခဲ့စဉ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်သူပါခဲ့ခြင်းမရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းစီ ပါဝင်မယ့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese