01/22/16


၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာအတွက် ဘယ်သူတွေ ရွေးချယ်ထားသလဲ ဆိုတာ ကို လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ ပါတီပြောခွင့်ရတဦးက ဗွီအိုအေကို ပြောပါတယ်။ ရွေးချယ်မှုတွေမှာ အငြင်းပွားစရာတွေ ဖြစ်မှာစိုးတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်။

တိုင်းရင်းသား လွှတ်တော်အမတ် ၃ ဦး အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ၄ နေရာကို NLD ပါတီက ရွေးချယ်ထားပြီးဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက မနေ့က ဗုဒ္ဓဟူးနေ့မှာ AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ဒီကိစ္စ NLD ပါတီကို တိုက်ရိုက် မေးမြန်းတဲ့ အခါမှာတော့ -NLD အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေတဲ့ ကိစ္စဖြစ်လို့ လောလောဆယ် အတည်မပြုနိုင်သေးဘူးလို့ ပါတီပြောခွင့်ရ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

" နံပတ်တစ်- လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ဆိုတာ အင်မတန် အရေးကြီးတဲ့ ရာထူးတွေ၊ အဲ့ဒီ့ရာထူးတွေကို သတင်းဌာနတခုကို တယ်လီဖုန်းနဲ့ ဆက်ပြီး ပြောတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ နံပတ်နှစ်- အဲ့ဒီ့ကိစ္စက CEC ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဦးဉာဏ်ဝင်း သူ့ဘာသာသူ ပြောတဲ့ကိစ္စဖြစ်လို့ ဒီကိစ္စဟာ ပါတီတွင်းမှာ အငြင်းပွားနေတာဖြစ်နေတယ်။ နံပတ်သုံး- ကျနော်တို့က အမျိုးသားရင်ကြားစေ့ရေးမူ လည်းပါတယ်။ နောက် တိုင်းရင်းသားတွေရော အခြား ပါတီ့ သင့်တော်တဲ့သူတွေကိုလည်း ရွေးချယ်မှာမို့လို့ အဲ့ဒီ့လူတွေကို ထုတ်ပြောလိုက်လို့ရှိရင် သူတို့ဆီမှာ ပြဿနာဖြစ်မှာစိုးတယ်။ အဲ့တာကြောင့်မို့လို့ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းလုပ်နေတယ်။ နောက်တခုက ဒီဥစ္စာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတိထားပြီးတော့မှ လုပ်နေတဲ့ ကိစ္စဖြစ်တော့ သူကိုယ်တိုင် Timing ပေါ့။ သင့်တော်တဲ့ အချိန်ကျမှ ပြော ပါလိမ့်မယ်။ ကြေညာချက် ထုတ်ပါလိမ့်မယ်။ သတင်းဌာနတခုကို  ဟိုဟာ လုပ်တယ်ဆိုပြီးမှ ကျနော်တို့ မလုပ်ပါဘူး။ ကျနော့် ဘေးနားက လူတွေအားလုံး ကိုပြောပါတယ်။ စိတ်ရှည်ရှည်နဲ့ သီးခံစောင့်ကြပါလို့ပြောထားတယ်။ ဦးဉာဏ်ဝင်းပြောတဲ့ကိစ္စကို ငြင်းလည်း မငြင်းဘူး။ အတည်လည်း မပြုဘူး။ "

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို အသီးသီး ရွေးချယ်ထားပြီး ဒုဥက္ကဋ္ဌ နေရာတွေ အတွက်ကိုတော့ ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးကို ရွေးချယ်ထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ပြောခွင့်ရ ဦးဝင်းထိန်ကတော့ ဒီကိစ္စကို မတည်ပြုသလို ငြင်းဆိုခြင်းလည်း မလုပ်ခဲ့ပါဘူး။

NLD ပါတီ အနေနဲ့ အခုလို ကိစ္စမျိုးတွေမှာ အဖွဲ့စည်းတွင်း စိန်ခေါ်မှုတွေ ရှိနေရတာဟာ ပါတီ တည်ဆောက်ရေးနဲ့ ဖွဲ့စည်းမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်ဖြစ် တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတဦးဖြစ်တဲ့ ဦးရန်မျိုးသိမ်းက ပြောပါတယ်။

" ကျနော့်အမြင်ကတော့ဗျာ လွှတ်တော်ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ် ဒုသမ္မတပဲဖြစ်ဖြစ် ဝန်ကြီး အဖွဲ့ဝင်တွေပဲဖြစ်ဖြစ် ကြိုပြီး ကြေညာတာ၊ ပြည်သူလူထုကို ကြိုပြီး အသိပေးတာ ပြဿနာမရှိဘူးလို့ ကျနော်ကမြင်တယ်။ အဲ့ဒီ့လိုကြိုပြီး အသိမပေးနိုင်ဘူး ဆိုရင် ဒါဟာ အဖွဲ့အစည်းအတွင်းမှာ အားနည်းချက်တွေ၊ အဖွဲ့အစည်း အတွင်းမှာ  စိန်ခေါ်မှုတွေ အခက်အခဲတွေရှိနေတယ် ဆိုတာကို ထောက်ပြသလိုမျိုး ဖြစ်နေတယ်။ အဲ့တော့ လက်ရှိအခြေအနေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေအထားကို ကြည့်လိုက်လို့ရှိရင်တော့ သမ္မတ၊ ဒုသမ္မတ ဘယ်သူဖြစ်မလဲဆိုတာကို မပြောနိုင်သေးဘူး။ လွှတ်တော်ဥက္ကဋ္ဌတွေ ဘယ်သူဖြစ်မလဲ ဆိုတာ ထုတ်မပြောနိုင်သေးဘူးဆိုတာ အဲဒီ့ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အဲ့ဒီ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး ပါတီထဲမှာ ထုတ်ပြောလိုက်ရင် ပါတီထဲမှာ အကျပ်အတည်းတွေဖြစ်လာမလား ဝေဖန်သုံးသပ်မှုတွေ မြင့်တက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတာဟာ သဘာဝမကျဘူးလို့ ကျနော်ကတော့ မြင်တယ်။ နောက်ပြီး တကယ်တမ်း ပါတီဖွဲ့စည်းမှုပိုင်းနဲ့ပတ်သက်ပြီး အားနည်းချက်တွေ ဟာ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ကတည်းက စပြီး ရှိခဲ့တဲ့ အားနည်းချက်တွေ အပေါ်မှာ အခြေခံနေတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ "

လက်ရှိသတင်းထွက်ပေါ်နေသလို NLD ပါတီက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေ အတွက် တိုင်းရင်းသား လွှတ်တော်အမတ်တွေကို ဦးစားပေး ရွေးချယ်ထားတယ် ဆိုရင်တော့ လာမယ့်လွှတ်တော်သစ်ဟာ အရင်လွှတ်တော်ထက် ပိုမို အားကောင်းပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ လွှတ်တော် ဖွဲ့စည်းမှု ပုံစံမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဦးရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

NLD ပါတီက ရွေးချယ်မယ့်သူတွေကိုတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေမှာ တရားဝင် ခန့်အပ်ခံရဖို့ကိုတော့ လွှတ်တော်က မဲခွဲ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် သူတို့အနေနဲ့ အတည်ပြုချက် အလွယ်တကူရမယ့် အခြေအနေ ဖြစ်ပါတယ်။

မခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပါကစ္စတန် တက္ကသိုလ်တွင်း တိုက်ခိုက်ခံရမှု ဆန့်ကျင်ဆန္ဒပြ။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက်မြို့က တက္ကသိုလ်တခုမှာ ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကို၊ ထွက်ပြေး တိမ်းရှောင်နေတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့ဝင်တဦးက အာဖဂန်နိုင်ငံက လက်ကိုင်ဖုန်းကို အသုံးပြုပြီး၊ အာဖဂန်နိုင်ငံတွင်း တနေရာကနေ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

မနေ့တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး တွေ့ရှိမှုတွေကို ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Asim Bajwa က ဒီကနေ့ပဲ ကြေညာခဲ့တာပါ။ ပါကစ္စတန်စစ်ဦးစီးချုပ် Raheel Sharif က အာဖဂန်ခေါင်းဆောင်ပိုင်းနဲ့ အာဖဂန်မှာ ရှိနေတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တပ်မှူးတို့ကို တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ အကျည်းတန် အရုပ်ဆိုးတဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်အောင် ပူးပေါင်းကူညီဖို့ ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေဟာ စစ်တပ်က အကြမ်းဖက်ဝါဒီတွေအပေါ် ထိုးစစ်တွေကြောင့် ထွက်ပြေးပြီး၊ အာဖဂန်ဘက်ခြမ်း နယ်စပ်မှာ ခိုလှုံနေတယ်ဆိုပြီး ပါကစ္စတန်နိုင်ငံက စွပ်စွဲထားတာပါ။ နယ်စပ်ဖြတ်ကျော်ပြီး ပါကစ္စတန်ဘက်ကို မကြာခန ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်တယ်လို့လည်း ပါကစ္စတန် တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ အာဖဂန်နိုင်ငံတွင်းမှာ အခြေစိုက်ပြီး၊ ပါကစ္စတန်ကို ဆန့်ကျင်တိုက်ခိုက်နေသူ အကြမ်းဖက်သမားတွေ မရှိဘူးလို့ ဒီကနေ့ပဲ ငြင်းဆန်လိုက်ပါတယ်။ Charsadda မြို့က Bacha Khan တက္ကသိုလ်မှာ လူ ၂၁ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ မနေ့တုန်းက တိုက်ခိုက်မှုကိုလည်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ပံတောင်းကြေးနီစီမံကိန်းကို ဒေသခံများ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြစဉ်။ (၂၀၁၂)
လက်ပံတောင်းကြေးနီစီမံကိန်းကို ဒေသခံများ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြစဉ်။ (၂၀၁၂)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေး ရရှိရေး တောင်းဆိုတဲ့ ဒေသခံ ၆၀ကျော်ကို ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီး ရဲစခန်းက တရားစွဲ ထားတယ်လို့ တောင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ စီမံကိန်း ဖျက်သိမ်းဖို့ အတွက် ကန့်ကွက် ဆန္ဒပြတာတွေ နဲ့ မြေယာပြန်ရရေး တောင်းဆို တာတွေကို ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်ကစပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြပြီး ကုမ္ပဏီတွေကို သီးနှံလျော်ကြေးတောင်းဆိုတဲ့ ဒေသခံ ၆၀ကျော် ကို ခွင့်ပြုမိန့်မရပဲ ဆန္ဒ ထုတ်ဖော်မှု ပုဒ်မ ၁၈နဲ့ တရားစွဲ ထားတယ် လို့ ဒေသခံတောင်သူ ဒေါ်မာချိုကပြောပါတယ်။

""ဦးဝင်းကျော်တို့၊ ဒေါ်စန္ဒာတို့ ဒေါ်မာချိုတို့ အပါအဝင် ဆိုပြီး ၆၅ယောက် ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထားတယ်လို့သာ ပြောတာ ကျမတို့ဆီကို စာတို့ ဘာတို့ ပို့ခြင်း မရှိသေးဘူး။ အဲ့တာ ၂၀ရက်နေ့က ကျိမ်စာတိုက်တာလည်း နောက်ထပ် တယောက် တိုးထားတယ်တဲ့။ ဒေါ်ညိုလေးတဲ့။ ဦးဝင်းကျော်တို့၊ ဒေါ်စန္ဒာ တို့ ဒေါ်မာချို ဒေါ်ညိုလေးတို့ အပါအဝင် ၆၆ ယောက်ပေါ့။ မြန်မာဝမ်ပေါင် ကလည်း မတုန့်ပြန်သေးဘူး။ ဦးပိုင်ကလည်း မတုန့်ပြန်သေးဘူး။ တုန့်ပြန်တယ်ဆိုတာ ပုဒ်မတွေပဲ တုန့်ပြန်နေတာ။ ကျမတို့ကတော့ တရားစွဲလည်း ကျမတို့က အမှန်တရား တောင်းဆိုနေ တာလေ။ ကျမတို့ ရသင့်ရထိုက်လို့ လယ်ယာမြေ ဥပဒေထဲလည်း ပါလို့ တောင်းဆိုနေတာလေ။ ကျမတို့အနေနဲ့က သူတို့က ပုဒ်မတွေ တပ်လို့ တရားစွဲဆိုလည်း နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ကြောက် လည်း ကြောက်မှာ မဟုတ်ဘူး။ "

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဟာ ဒေသခံတောင်သူတွေ ရဲ့ မြေယာတွေ ကို သိမ်းယူခဲ့ပြီး တည်ဆောက်ထားတဲ့ စီမံကိန်းဖြစ် တယ်လို့ ဒေသခံတွေ ကပြောဆိုပြီး နစ်နာကြေး မယူထားတဲ့မြေယာတွေ အတွက် တနှစ်စာ သီးနှံလျော်ကြေး ကို အကြိမ်ကြိမ်တောင်းဆိုခဲ့တာပါ။

ဒီအတွက် ဒေသခံတွေသာမက သူတို့ကို ကူညီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဖမ်းဝရမ်းထုတ် ခံထားရပြီး ဒေသခံတွေဟာလည်း နည်းအမျိုးမျိုးနဲ့ တရားစွဲဆို ခံနေရတယ်လို့ ဆက်ပြောပါတယ်။

" အခုလာရောက်ကူညီတဲ့အဖွဲ့တွေကိုလည်း ဖမ်းဝရမ်းထုတ် တယ်။ ဒေသခံတွေကို လည်း အမှန်တရား တောင်းဆိုနေတဲ့အတွက်လည်း တရားတွေစွဲဆိုထားတယ်။ အခု သူတို့ဘက်က ကျတော့လည်း ဒေါ်ခင်ဝင်း ပစ်သတ်တဲ့ တရားခံကိုလည်းပဲ ဖော်ထုတ် မပေးဘူး။ မီးလောင်ဗုံး တရားခံကိုလည်းပဲ ဖော်ထုတ်မပေးဘူး။ တရားဥပဒေကို လေးစားလိုက်နာမှု မရှိဘူး။ ကျမတို့ ဒေသခံတွေဘက်ကတော့ တရားဥပဒေကို လေးစားလိုက်နာပါတယ်။ ကျမတို့တောင်းဆိုတဲ့ဟာကို အဖြေမရတဲ့အတွက် ကျမတို့ သွားနေရတဲ့အတွက် ကျမတို့ဘက်ကတော့ မတရားတဲ့ဥပဒေတွေနဲ့ ဒေသခံတွေကို စွဲဆိုနေတယ်လို့ ကျမပြောချင်ပါတယ်။ မြေပိုင်ရှင် ယာပိုင်ရှင်တွေ ကိုတော့ အမှုတွေတပ် တရားတွေစွဲ တကယ့်တကယ်ကျတော့ သူများ တိုင်းတပါးကလာပြီး တရုတ်တွေ မြေယာသိမ်း ထားတာကျတော့ သူတို့ လျစ်လျူရှု့ထား တာဖြစ်နေလို့မို့ လျော်ကြေး မယူတဲ့ လယ်ယာမြေတွေကို သွပ်ဆူးကြိုးခတ်ထားတာကို လျစ်လျူရှုထားတာမို့ ဒေသခံတွေ ကျေနပ်အောင် အဖြေတခုမှ ညှိနှိုင်း ဆွေးနွေးခြင်း မရှိတဲ့အတွက် ကျမတို့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကြီးကိုတော့ ကျမတို့ လက်သင့်လည်း မခံဘူး။ "

ဒေသခံတွေ သဘောမတူတဲ့ကြားက ကြေးနီ စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေတဲ့ ကုမ္ပဏီ ၂ခုဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ စီးပွားရေး ဦးပိုင်လီမီတက်ကို ရော ဒေသခံတောင်သူတွေကို တရားစွဲဆို ထားတယ် ဆိုတဲ့ ဆားလင်းကြီး ရဲစခန်းကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

လူအင်အား၊ စက်အင်အားတွေ သုံးပြီး လုပ်ဆောင်နေတဲ့ ကြေးနီ စီမံကိန်း ကို ဒေသခံတွေ ကလည်း နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ၂၀၁၂ခုနှစ် တုန်းကတော့ ကန့်ကွက်ဆနပြနေတဲ့သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲခဲ့ တာကြောင့် သံဃာနဲ့ အရပ်သား ၁၀၀လောက် အပြင်းအထန် ဒဏ်ရာများရခဲ့တာပါ။

ဒီဖြစ်ရပ်အပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို လိုက်နာခြင်း မရှိဘူးလို့လည်း ကော်မရှင်အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဒီစီမံကိန်းကို အရင်တုန်းက ကုမ္ပဏီ ၂ခုကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာ ထွက် အပြီးမှာ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာ အစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီ့နောက်မှာတော့ ဒေသခံ တချို့ကို မြေယာနစ်နာကြေးပေးခဲ့ပေမဲ့ တန်ရာ တန်ကြေးပေး တာမျိုး မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုဆန္ဒပြသူတွေ ဟာ မြေယာကို ဘယ်လိုနည်းမှ ရောင်းမှာ မဟုတ်တဲ့အကြောင်းနဲ့ သူတို့မြေယာတွေ ကို စိုက်ပျိုးလို့ မရအောင် သံဆူးကြိုးခတ် လိုက်တဲ့အတွက် တနှစ်စာ သီနှံလျော်ကြေးပေးဖို့ တောင်းဆိုနေတာလို့ လည်း ဆိုပါတယ် ။

အစိုးရသစ် တက်လာရင်လည်း သူတို့မြေယာတွေ ပြန် မရမချင်း တောင်းဆို သွားမယ် လို့ တောင်သူတွေကပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် တုန်းကတော့ ဒေသခံ တောင်သူ တဦးဖြစ် တဲ့ဒေါ်ခင်ဝင်း ဟာ မြေယာပြန်ရရေး တောင်းဆို ဆန္ဒုပြတဲ့အတွက် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။ တခြားတောင်သူ တဒါဇင်လောက် လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး တရားစွဲမူတွေ ခံခဲ့ရပါ တယ်။ ဒေသခံတောင်သူတွေ နဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်ကတော့ ကုမ္ပဏီ တာဝန်ရှိသူတွေ နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တရားပြန်စွဲဆိုတဲ့ အမူကိုတော့ ငြင်းပယ်ခံခဲ့ရတာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကုမ္ပဏီတွေက လူထုတွေထံ ကနေ မြေယာ သိမ်းပြီး လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေက လွန်ခဲ့တဲ့ ၃နှစ်ကျော် ကတည်းက အကြိမ်ပေါင်း ၂၈၀ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်းနယ်မြေမှာ ရှိတဲ့ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/lapadaung-protesters-/3155986.html

အင်ဒိုနီးရှား လုံခြုံရေးတင်းကျပ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ၂၀၀၉ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် IS စစ်သွေးကြွတွေနဲ့ ဆက်နွယ်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြုံခဲ့ရပြီးနောက်၊ အမျိုးသားလုံခြုံရေး ဥပဒေကို ပိုမိုတင်းကြပ်ဖို့ သမ္မတ Joko Widodo က တောင်းဆိုခဲ့ပေမဲ့လည်း လွှတ်တော်မှာ ဆန့်ကျင်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတွေက အကြမ်းဖက်ဝါဒီအုပ်စုတွေနဲ့ ပူးပေါင်းမှုတွေ မလုပ်ဖို့ တားမြစ်ထားတဲ့ ၂၀၀၃ ခုနှစ်က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ အကြမ်းဖက် သမားတွေရှိရာကို သွားရောက်ပူးပေါင်း တိုက်ခိုက်ပြီး ပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ သားတွေကို လက်မခံဖို့ အဆိုပြုချက်ကို သမ္မတက မနေ့တုန်းကပဲ ထောက်ခံပြောဆိုထားတာပါ။

အင်ဒိုနီးရှား အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအေဂျင်စီ BNPT ကတော့ IS အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားခဲ့ကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၀၀ လောက် ရှိပြီး၊ ၃၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ခိုက်ရေးအတွက် လေ့ကျင့်သင်တန်းပေးပြီး လက်တွေ့စမ်းသပ်ဖူးတဲ့ အတွေ့အကြုံရှိသူ ၁၅၀ လောက်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို ပြန်လာကြတယ်လို့ ယုံကြည်ထားကြတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း IS စစ်သွေးကြွတွေ နဲ့ ထောက်ခံသူတွေရဲ့ အန္တရာယ်တွေ ကြီးထွားလာတဲ့အပေါ် အင်ဒိုနီးရှား အာဏာပိုင်တွေက စိုးရိမ်လာကြပေမဲ့ လုံခြုံရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်တွေကတော့ လွှတ်တော်ထဲမှာ ကြန့်ကြာနေခဲ့ပါတယ်။

ဂျကာတာမြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရအပြီးမှာတော့ လွှတ်တော်တွင်းမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်လိုတဲ့ သဘောထားတွေ ပေါ်လာပေမဲ့၊ လွှတ်တော်တွင်းမှာ အင်အားမကြီးပေမဲ့ သြဇာ အရှိန်အ၀ါကောင်းတဲ့ အစ္စလာမ် ပါတီတွေကတော့ IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ မူစလင်တွေအားလုံးဟာ အကြမ်းဖက်သမား ဖြစ်လာကြတာ မဟုတ်ဘူးဆိုပြီး ဆန့်ကျင်မှုတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

 မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာ အလုပ်သမား အမြောက်အမြားရှိ
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်း ဈေးဖက်မှာ အိန္ဒိယ နွယ်ဖွား မလေးရှား နိုင်ငံသားတချို့နဲ့ မြန်မာနိုင်ငံသား တချို့တို့ ခိုက်ရန် ဖြစ်ပွားရာက ၂ ဦးသေဆုံးပြီး ၁၀ ယောက် နီးပါး ဒဏ်ရာရခဲ့ ပါတယ်။

အခုအခါ အခြေအနေ တင်းမာနေတဲ့ အနေအထားရှိပြီး အဖမ်းအဆီး တွေလည်းရှိရာမှာ မြန်မာနိုင်ငံသား ၃၀ဝ လောက် အဖမ်း ခံလိုက်ရပြီလို့ ဆာလာယန်း ဈေးမှာ ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆာလာယန်းဈေးမှာ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား တစ်ဦးဆီမှာ မလေးရှားနိုင်ငံသား တစ်စုက မိုက်ကြေးခွဲ ငွေတောင်းရာမှာ မပေးနိုင်လို့ မြန်မာနိုင်ငံသားကို ပြီးခဲ့တဲ့ ၁၂ ရက်နေ့က လိုက်ရိုက်ခဲ့ရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကြေးခွဲသူတွေက မြန်မာနိုင်ငံသားကို တုတ်၊ ဓါး၊ သေနပ် တွေနဲ့ တိုက်ခိုက်ရာမှာ တခြားမြန်မာ နိုင်ငံသားတွေက ခုခံ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ခိုက်ရန် ဖြစ်ပွား ခဲ့ကြ တယ်လို့ ဆာလာယန်း ဈေးမှာ ရှိနေသူတစ်ယောက်က ပြော ပါတယ်။

ဓါးဒဏ်ရာ ရခဲ့ကြတဲ့ မြန်မာ နိုင်ငံသား ငါးယောက်လောက်ကို ဆေးရုံမှာ ကုသပေးရတယ်လို့လည်း သိရကြောင်း အဲဒီလူက ပြောပါတယ်။

မလေးရှားမှာ ရှိတဲ့ မြန်မာ သံရုံးက ပြဿနာ ဖြစ်ရာ နေရာကို မသွားကြဖို့ မြန်မာ နိုင်ငံသားတွေကို သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မလေးရှား ရဲတွေ ကလည်း ဈေးထဲကို လူဆိုးဂိုဏ်တွေ မလာနိုင်အောင် အဝင်အထွက် လုံခြုံရေး ယူပေးထားတယ်လို့ ဆာလာယန်း ဈေးမှာ ရှိတဲ့ မြန်မာ နိုင်ငံသားတွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားတွေကို ဆာလယန်း ဈေးကနေ ဖယ်ရှားပေးဖို့ မလေးရှား လွှတ်တော်ထဲမှာ မေးခွန်း မေးတဲ့အထိ ဖြစ်ခဲ့တယ်လို့ မြန်မာ အသိုင်းအဝိုင်းက ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

[youtube src="0vbZiz_GF_M"/]
ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာစတင်မယ့် ဒုတိယအကြိမ်မြောက် လွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာတွေအတွက် အမည်ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေကို တောင်းပန်ထားပြီးဖြစ်ကာ လက်ရှိမှာ လူရွေးထားပြီးဖြစ်ပြီး ကြေညာဖို့သာ ကျန်ရှိတော့တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ
ဦးဝင်းထိန်က ပြောပါတယ်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်မှာ မီဒီယာတွေက မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့က AFP သတင်းဌာနက ဖော်ပြလိုက်တဲ့ လွှတ်တော်နှစ်ရပ်အတွက် ဥက္ကဋ္ဌနေရာတွေကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားထားမှုနဲ့ ပတ်သက်ပြီး CEC ဆုံးဖြတ်ချက်
မပါဘဲ ဘာကြောင့်အဲ့ဒီလို ဖြစ်ရတယ် ဆိုတာကို ပြန်မေးထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ လူရွေးချယ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သေချာသတိထားပြီး စိစစ်ရွေးချယ်ထားကာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား အကျိုးပြုမှုတွေကို မူအဖြစ် သတ်မှတ်ပြီး ရွေးချယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

Eleven Media Group

တရားစွဲခံထားရသော ဗကသကျောင်းသား ခေါင်းဆောင်များနှင့် ၀န်းရံပြည်သူတို့အား ဇန်န၀ါရီ ၂၁ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ တွေ့ရစဉ်

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မ ၅၀၅ (ခ)အပါအ၀င် ပုဒ်မငါးခုဖြင့် တရားစွဲခံထားရသည့် ဗကသကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုလင်းထက်နိုင်(ခ)ဂျိမ်း၊ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ဇန်န၀ါရီ ၂၁ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ကမာရွတ်မြို့နယ် တရားရုံးသို့ မြို့နယ်တရားသူကြီးအသစ် ပြောင်းရွှေ့လာသည့်အတွက် တရားသူကြီးက အမှုအား ပြန်လည်စစ်ဆေးရန် ဆန္ဒရှိမရှိ (သို့မဟုတ်) ယခင်စစ်ဆေး နေသည့်နေရာမှ ဆက်လက် စစ်ဆေးမည်ဟု ဆန္ဒရှိပါသလားဟု မေးမြန်းရာ စွပ်စွဲခံထားရသူများက ယခင်စစ်ဆေးနေသည့် နေရာမှ ဆက်လက် စစ်ဆေးမည်ဟု သဘောတူခဲ့ကြသည်။

လက်ရှိတွင် အမှုမှာ တရားလိုအား စစ်ဆေးလျက် ရှိသည့်အတွက် လာမည့် ဇန်န၀ါရီ ၂၈ ရက်ရုံးချိန်းတွင် တရားလိုအား အပြန်အလှန် စစ်ဆေးမှု စတင်မည်ဖြစ်ကြောင်း သိရသည်။

ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒာစစ်အောင်၊ ကျောင်းသူ မပိုပိုနှင့် ၀န်းရံပြည်သူ ကိုဝင်းကျော့မှူးတို့မှာ မတ် ၁၀ ရက်က ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွဲခဲ့မှုကို ရှုတ်ချကန့်ကွက်ကြောင်း ဆန္ဒပြမှုတွင် ပါဝင်သဖြင့် ကမာရွတ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့်ကာ ယခုကဲ့သို့ ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့အပြင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့မှုကြောင့် သာယာဝတီမြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် တရားစွဲခံထားရပြီး၂၀၁၄ ခုနှစ် နိုဝင်ဘာလက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု (လေးရက်သပိတ်) အတွက် လှိုင်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ အင်းလျားကန်ပေါင်တွင် အကြမ်းဖက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သောကြောင့် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာက မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများ၏ ညီလာခံ အစည်းအဝေး ဗီစီဒီချပ်များကို ရောင်းချခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်း၌ ပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။


Writer:
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group


၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးနေဝင်း တိုင်းပြည်အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ ဓါးမြတိုက်လုယူခဲ့ချိန်ကနေ၊ ပြည်သူလက်မခံတဲ့ တဖက်စောင်းနင်း ရွေးကောက်ပွဲ အတုအလိမ်ကြီးနဲ့ အာဏာသိမ်းပိုက်ထားတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရထိတိုင် ရေတွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အားကြီးသူလက်နက်ရှိသူက နိုင်ငံတော်အာဏာကို မောင်ပိုင်စီးတဲ့ဓလေ့ထွန်းကားခဲ့တာ နှစ်ပေါင်း (၅၀) ကျော်နေပြီ။

တကယ်တော့ မောင်ပိုင်စီးခြင်တဲ့စိတ်ဆိုတာ အသိဥာဏ်နည်းပါးမှု့၊ ကိုယ်ကျင့်သီလချို့ယွင်းမှု့တွေရဲ့ စေ့ဆော်တိုက်တွန်းလိုက်ရာက ထွက်ပေါ်လာတဲ့ အတ္တကိုဗဟိုပြုထားတဲ့ သိမ်ဖျင်းတဲ့အောက်တန်းစားစိတ် ပါဘဲ။

လူထုတပ်မတော်ကို လူတစုတပ်မတော်လုပ်ပြီး မောင်ပိုင်စီးခဲ့တယ်။ နိုင်ငံတော်ဆိုတာကို မောင်ပိုင်စီးတယ်။ စာဖတ်သူတွေမှတ်မိကြအုံးမှာပါ။ အာဏာရှင်ပိုးကူးစက်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ရဲ့သဘောထားကို “ နိုင်ငံတော်ရဲ့စေတနာ ” ဆိုတဲ့စကားလုံးကို (၁၉၈၈) ခုနှစ် အာဏာသိမ်းစက ပြည်သူပိုင်သတင်းစာနဲ့ ရေဒီယို ရုပ်မြင်သံကြားကနေ ဆီသည်မလက်သုတ်ပုဝါလို ထပ်ခါတလဲလဲသုံးခဲ့တာပါ။

စစ်အာဏာရှင်ဘိုးအေကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်တုံးကထဲက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော်နဲ့ တတိုင်းတပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားအပေါင်းက မတ်လ (၂၇) ရက်နေ့ မှာ ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံကနေမောင်းထုတ်ဖို့ တော်လှန်ခဲ့တာကိုအကြောင်းပြုပြီး ဂုဏ်ပြုကျင်းပလေ့ရှိတဲ့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ လို့  ဘယ်သူ့ ထံမှ ခွင့်မတောင်းဘဲ မောင်ပိုင်စီးခဲ့တယ်။

အဲ့ဒီတုံးက ပြန်လည်ဖွံ့ ဖြိုးချမ်းသာလာတဲ့ စစ်ရှုံးဂျပန်နိုင်ငံဟာ သူတို့ ရဲ့ ဒုတိယကမ္ဘာစစ်တုံးက ကျဆင်းခဲ့တဲ့ပုံရိပ်ကို ပြန်လည်ဆယ်ယူဖို့ ကျိုးစားနေချိန်ဆိုတော့ အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းကို ချေးငွေအမြောက်အများပေး လာဘ်ထိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ကို နံမည်ပြောင်းခိုင်းခဲ့တာကို လက်ခံပြီး ပြည်သူကိုမတိုင်ပင်ဘဲ တပ်မတော်နေ့ လို့ နံမည်သစ်ပေး မောင်ပိုင်စီးခဲ့တာဖြစ်တယ်။

လက်ရှိသမ္မတဦးသိန်းစိန်တို့ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ လက်ထက်မှာတော့ ပိုတောင်ဆိုးလာ သေးတယ်။ နိုင်ငံရဲ့ အင်္ဂလိပ်အမည်တောင် ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ တိုင်းရင်းသားမိဘပြည်သူတွေကို မတိုင်ပင်ဘဲ၊ သဘောတူညီချက်မယူဘဲ Burma ကနေ Myanmar လို့  ပြောင်းခြင်သလိုပြောင်းပြီး အများပိုင်နံမည်ကို ကိုယ်ပိုင်လုပ် မောင်ပိုင်စီးခဲ့တာ။

ပြင်ဆင်ဖို့ ခက်ခဲအောင် တမင်ရေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အတူ တိုင်းပြည်ရဲ့ အမှတ်အသား နိုင်ငံအလံကိုလည်း မောင်ပိုင်စီး ပြောင်းလဲပစ်တာ လက်ရှိသမ္မတဦးသိန်းစိန်တို့  စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ပါဘဲ။

အဲ့ဒါတင်မကသေးပါဘူး ၊ နိုင်ငံရဲ့အချုပ်အခြာအာဏာသုံးရပ်ကိုမောင်ပိုင်စီးတယ်၊ လုပ်ပိုင်ခွင့်တွေ မောင်ပိုင်စီးတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေဦးစီးပိုင်ဆိုင်တဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်ကိုတည်ထောင်ပြီး ပြည်သူပိုင်လုပ်ငန်း မြေနေရာအဆောင်အဦးတွေ ဓါးမြတိုက်သိမ်းပိုက် တိုင်းပြည်ရဲ့ အဓိကအကျဆုံး စီးပွားရေးလုပ်ကွက်တွေအားလုံးကို မောင်ပိုင်စီးခဲ့တာ လူတိုင်းသိပြီးသားပါ။

သူတို့ စနက်ကြောင့် ဆင်းရဲနွမ်းပါးခဲ့ရတဲ့ တောင်သူလယ်သမားတွေဆီက လယ်ယာမြေတွေကို မတရားသိမ်းပိုက် မောင်ပိုင်စီးတယ်၊ အားကိုးရာမဲ့ ဆင်းရဲသားမိဘပြည်သူတွေကို ကျူးကျော်သူလို့ အမည်တပ်လိုတပ် သူတို့ အိမ်ယာတွေ ဘူဒိုဇာနဲ့ ထိုး ထိုက်တန်တဲ့ တန်ရာတန်ကြေးမပေး၊ နေထိုင်လို့ မရနိုင်တဲ့ ဝေးလံခေါင်ဖျားဆီ မပြည့်မစုံနဲ့ပို ပြီ့း ပြည်သူတွေရဲ့အိမ်မြေယာတွေကို မောင်ပိုင်စီးခဲ့တယ်။

တက္ကသိုလ်တခုမှာ ရှိသင့်တဲ့အင်္ဂါရပ်တွေမပြည့်စုံဘဲ သင်ကြားမှု့အထောက်အကူပြုအဆောက်အအုံ၊ ပစ္စည်းတွေမရှိဘဲ နံမည်ခံတက္ကသိုလ်တွေရာချီအောင်ဖွင့်၊ ကျောင်းတွေပိတ်ခြင်သလိုပိတ်၊ ဖွင့်ခြင်သလိုဖွင့် နဲ့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို မောင်ပိုင်စီးပြီး နိုင်ငံရဲ့အနာဂါတ်ကို ဖျက်ဆီးခဲ့ကြတာ။

ပြည်သူတွေက ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ ပေးရင်းပြီးတောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီစနစ်ကိုလည်း အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ လို့ နံမည်ပေးပြီး မောင်ပိုင်စီးခဲ့ပြန်တာဘဲ မဟုတ်လား။

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ပြည်တွင်းပြည်ပကတွန်းအားပေးခံလာရတော့ ငြိမ်းချမ်းရေးအတွက် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ (NCA) ဆိုလည်း ပြည်သူ့ ဆန္ဒမဟုတ်တဲ့ တပ်မတော်မူ (၆) ချက်ကို အသေဆုပ်ပြီး မောင်ပိုင်စီးခဲ့တာပါဘဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြီးစီးသွားတဲ့ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ မောင်ပိုင်စီးထားတဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေတဲ့အပြင်၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ခဲ့တာမို့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးမပါဝင်ဘဲ ငြိမ်းချမ်းရေးဆိုတာ သူတို့ ကအုတ်မြစ်ချပေးခဲ့တာလို့ မှတ်တမ်းဝင်ကျေးဇူးအတင်ခံခြင်တော့ သူတို့ သက်တမ်း မကုန်ခင် လပိုင်းလေးအတွင်းမှာ ဖုတ်ပူမီးတိုက် အဆောတလျှင်လူမစုံမလင်နဲ့ တက်သုတ်ရိုက်ကျင်းပခဲ့တာ။

အဲ့ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ DDR, SSR (ခေါ်) စစ်လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းဖို့အရေးကို အချိန်ကာလ သတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖတ်လိုက်ရပါတယ်။

ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးစကားဝိုင်းတွေဆီတောင်မရောက်သေးဘူး၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ဘယ်လိုသွားမယ်၊ ဖွဲ့ စည်းပုံကိုဘယ်လိုပြင်မယ်၊ ဘယ်လိုနိုင်ငံရေးစနစ်နဲ့ သွားမယ်ဆိုတာတောင် ဘာမှမဆွေးနွေးရသေးဘူး လက်နက်ဖြုတ်ဖို့ တပ်ဖျက်ဖို့ တွင်တွင်ပြောနေတာဟာ ကြောင်းကျိုးမဆီလျှော်ဘူး။

တဆက်တည်းမှာပဲ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော်တရပ်သာရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်ကြောင်းလည်း ပြောဆိုခဲ့တဲ့သတင်းဖတ်လိုက်ရပါတယ်။

တကယ်တော့ တပ်မတော်ဟာ ပြည်သူ့ အစေခံ ၀န်ထမ်းအဖွဲ့အစည်းဘဲဖြစ်တာမို့ ပြည်သူကရွေးချယ် တင်မြှောက်လိုက်တဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကဖွဲ့ စည်းတော့မဲ့ ပြည်သူ့ ကိုကိုယ်စားပြုတဲ့ အရပ်သားအစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာလို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးကို တန်းတူရည်တူသဘောထားဆက်ဆံမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရယူနိုင်မှာပါ။

အဲ့လိုမှမဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေဟာ အတွေးအခေါ်ဟောင်းတွေမပြင်ဘဲ တပ်မတော်ကို ကိုယ်ပိုင်ထင်မှတ်ပြီး မောင်ပိုင်စီးအုံးမယ်၊ သူများထက်တမူးပိုရှူအုံးမယ်၊ အခွင့်ထူးခံအုံးမယ်၊ ဥပဒေအထက်နေအုံးမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလှမ်းဝေးနေအုံးမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၅) နေ့ ကလည်း လွှတ်တော်အစည်းအဝေးမှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းတွေနဲ့  စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ပွင့်ဖြူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်မိုးညိုက တပ်မတော်အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်။ သူ့ ရဲ့ဆွေးနွေးချက်ဟာ တပ်မတော်နဲ့  တပ်မတော်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆွေးနွေးချက်တွေကို လွှတ်တော်က မှတ်တမ်းအဖြစ် သိမ်းမထားဖို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်လွှာ ပေးပို့ကြောင်းသတင်းဖတ်လိုက်ရပြန်ပါတယ်။

ဒါဟာဘာကိုညွှန်ပြနေသလဲဆိုတော့ တပ်မတော်နဲ့ ပတ်သက်ရင်ဘာကိုမှ မဝေဖန်ဖို့ ၊ တပ်မတော် မကောင်းတာလုပ်လည်း ပြည်သူတွေက ဘာမှပြောခွင့်၊ စွက်ဖက်ခွင့်မရှိဆိုတဲ့သဘောပါဘဲ။ ပြည်သူနဲ့  တပ်မတော်ကိုဆက်စည်းခြားထားတာပါဘဲ။ တပ်မတော်အရာရှိတွေ၊ စစ်ဗိုလ်စစ်သားတွေ လူသတ်၊ မဒိမ်းမြေသိမ်းဓါးမြ စတဲ့ရာဇ၀ါတ်မှု့၊ နိုင်ငံတော်ဘဏ္ဍာခိုးယူမှု့တွေလုပ်လည်း ထိထိရောက်ရောက် အရေးယူခွင့်မရှိတဲ့သဘောနဲ့ အတူတူပါဘဲ။

သစ်ကိုင်းတွေချိုင်တဲ့အခါ နတ်နေကိုင်းချန်ခုတ်ခိုင်းသလိုမျိုး၊ တတိုင်းတပြည်လုံးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ တပ်မတော်ကိုတော့ မထိရမတို့ ရ၊ ပြောင်းလဲစရာမလိုတဲ့သဘော၊ ဥပဒေအထက်မှာ တပ်မတော် ဆက်ရှိနေမဲ့သဘောလို့ ဆိုလိုက်တာပါဘဲ။

ပြောင်းလဲခြင်းတွေသာလျှင်မပြောင်းလဲဘဲရှိတဲ့ လောကကြီးမှာ တည်မြဲတဲ့အရာဆိုတာဘာမှမရှိပါဘူး။ အဟောင်းအဟောင်း တွေဟာ အသစ်အသစ်တွေရဲ့ အစားဝင်ဖယ်ရှားမှု့ကိုခံရမှာ လောကဓမ္မတာပါ။ လူများစုမနှစ်မြို့တဲ့ စစ်အာဏာရှင်စနစ်ဟာ မီးဇာကုန်ဆီခမ်းနေပါပြီ။

ဒါကြောင့် စစ်ဗိုလ်ချုပ်တွေအပါအ၀င်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ စီးပွားရေး၊ မီဒီယာစတဲ့ ရှိရှိသမျှကဏ္ဍတွေထဲက အာဏာရှင်သူငယ်နာမစင်သေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို ပညာရှိသတိလက်လွတ် မဖြစ်ရလေအောင် အထူးသတိပေးလိုက်ခြင်ပါတယ်။

အခုချိန်ခါမှာ အာဏာရှင်စနစ်ဆိုးဒါဏ်ကို အနှစ်(၅၀)ကျော်ခံခဲ့ရလို့ လူစဉ်မမှီအောင် ဆင်းရဲနုံခြာပြီး အောက်တန်းနောက်တန်းကျခဲ့ရတဲ့ မိဘပြည်သူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အရာရာကို မောင်ပိုင်စီးခြင်တဲ့ဓလေ့နဲ့  ဗိုလ်ကျစီးပိုးတဲ့ အကျင့်စရိုက်တွေကို အလွန်ရွှံရှာစက်ဆုပ်နေပြီဆိုတာရယ်၊ နိုင်ငံသားအများစုရဲ့ အပြောင်းအလဲကိုလိုခြင်တဲ့ ပြင်းပျတဲ့ဆန္ဒကို လျှော့မတွက်မိစေဘို့ နဲ့  အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးတော့မဲ့ အချိန်ကစလို့ ရှေ့အနာဂါတ်ခရီးမှာ မောင်ပိုင်စီးတဲ့ဓလေ့ဆိုးကြီးကိုပါ နိဂုံးသပ်ခဲ့ပြီး၊ ကိုယ့်အတွက်၊ နှောင်းမျိုးဆက်တွေ ကောင်းကျိုးထွက်စေဖို့ အတွက် သိက္ခာရှိတဲ့သမိုင်းကောင်းကို ကမ္ဗည်းထွင်းရစ်ခဲ့ပါလို့  ထပ်လောင်းတိုက်တွန်းလိုက်ရပါကြောင်း။

(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၂၀) ရက် ၂၀၁၆ ခုနှစ်

(၁)
ကျောင်းသားတွေကို လွှတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ Facebook တွေပေါ်နဲ့၊ ပြည်သူများကြား ပျံ့နှံ့လာနေလို့ အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒါတောင် တကယ် မလွတ်သေးဘဲနဲ့ ဒီလောက် ၀မ်းသာနေရရင် တကယ် လွတ်လာမယ်ဆိုရင် ဘယ်လောက်များ ပြည်သူတွေ ၀မ်းသာကြမလဲ။ ပြည်သူကို မျက်နှာမူတဲ့ လုပ်ရပ်အဖြစ် ကြိုဆိုကြမလဲဆိုတာ တွေးမိပါတယ်ခင်ဗျ။

(၂)
ကျောင်းသားဆိုတာ ပြည်သူတွေရဲ့ သားသမီးတွေပါပဲ။ အခု နိုင်ငံအာဏာကို ချုပ်ကိုင်ထားတဲ့ လူကြီးတွေ ဆိုတာလည်း တစ်ချိန်က ကျောင်းသားတွေပါပဲ။ ကျောင်းသားဆိုတာ အရောင်မရှိတဲ့ ရေလိုပါပဲ။ အာဏာရဖို့ လုပ်နေသူတွေ မဟုတ်ပါ။ ပညာရေး အဆင့်အတန်း မြင့်မားအောင်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ ပျက်စီးနေတဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းနေကြသူတွေ ကလေးတွေသာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တစ်တိုင်းတစ်ပြည်လုံးက ၀ိုင်းဝန်းထောက်ခံနေကြတာ ဖြစ်ပါတယ်ခင်ဗျ။ (တစ်နည်းအားဖြင့်) မိဘတွေဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးကလည်း ပညာရေးစနစ် တစ်ခုလုံးကို ပြန်လည်ပြုပြင်ရန် လိုလားနေကြသူတွေ ဖြစ်ပါတယ်။

(၃)
ဆောင်းပါးရှင်ဟာ လက်ပံတန်းမှာ ဖမ်းဆီး ရုံးတင်ခံနေရတဲ့ ကျောင်းသားတွေ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအမှုကို လေ့လာတွေ့ရှိရတာကတော့ ကျောင်းသားတွေနဲ့ အာဏာပိုင်တို့ကြားမှာ တကယ်တော့ သဘောတူညီချက် ရပြီးသားပါ။ သဘောတူညီချက် ခြောက်ချက် ရှိပါတယ်။ ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီ သဘောတူညီချက် ခြောက်ရပ်အနက် သဘောတူညီချက် ၁ (က) (၂) မှာ ဘာပါသလဲဆိုတော့ “ဒီမိုကရေစီ ပညာရေး သပိတ်တွင် ပါဝင်သူ မည်သူ့ကိုမှ သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရ ကိစ္စနှင့် ပတ်သက်၍ ဒီမိုကရေစီ ပညာရေး သပိတ်တွင် ပါဝင်သူ ကျောင်းသားကျောင်းသူများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရဟု သဘောတူကြသည်။” ဟူ၍ ဖြစ်ပါတယ်။ သဘောတူညီချက်ကို လက်မှတ်ထိုးကြသူများကတော့ အစိုးရ ကိုယ်စားလှယ်အဖြစ် ဦးလှထွန်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသိန်းဆွေ၊ NNER ကိုယ်စားလှယ်အဖြစ် ဒေါက်တာသိန်းလွင်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ကိုယ်စားလှယ် (တစ်နည်းအားဖြင့် ကျောင်းသားသပိတ် ကိုယ်စားလှယ်) အောင်မှိုင်းဆန်း၊ ဇေယျာလွင်၊ ပြည့်ဖြိုးကျော်တို့ပဲ ဖြစ်ကြပါတယ်။ ဒီ ပူးတွဲကြေညာချက်ကို သက်သေခံအဖြစ် တရားရုံးမှာလည်း တင်ပြနိုင်ခဲ့ပါတယ်။

(၄)
အစိုးရ အနေနဲ့ ဒီလို ကတိက၀တ်တွေကို ပွင့်လင်းမြင်သာစွာ ပြည်သူရှေ့မှာ ကတိပေး “ပူးတွဲထုတ်ပြန် ကြေညာချက်” ထုတ်ပြန် ကတိပေးခဲ့ပြီးကာမှ အခုလို ကျောင်းသားတွေအပေါ် ကတိဖျက်ပြီး အရေးယူခဲ့တာတော့ဖြင့် ပြည်သူကို မျက်နှာမူရာ မရောက်ဘဲ ပြည်သူကို ကျောခိုင်းခဲ့ရာ ရောက်ခဲ့လို့ ပြည်သူတစ်ရပ်လုံး ၀မ်းနည်းကြေကွဲ စိတ်ထိခိုက်ခဲ့ကြပါတယ် ခင်ဗျ။

တကယ်တော့ လက်ပံတန်းမှာ ထိုင်သပိတ် ဆင်နွှဲနေသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း ကိစ္စနှင့် ပတ်သက်ပြီး အကြမ်းဖက် မခံရမီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ SNLD မှ ဦးခွန်ထွန်းဦးက ကြားဝင် စေ့စပ်လိုကြောင်း မတ်လ ၈ ရက် ၂၀၁၅ က သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော်လည်း အားလုံး စီစဉ်ပြီးပြီဖြစ်၍ ကြားညပ်လိမ့်မည်ဟုသာ ပြောခဲ့ကြောင်း သိရပါတယ် ခင်ဗျ။ ဒါကိုကြည့်ရင် ကျောင်းသားတွေက ၁၀-၃-၂၀၁၅ ရက်က စတင်၍ ဆူပူ၍ မဟုတ်ဘဲ အစိုးရ အနေနဲ့ သပိတ်ကို ဖြိုခွင်းရန် ကြိုတင်လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ထင်ရှားနေလို့၊ ကျောင်းသားတွေကို မတရားဖမ်းရာ ရောက်နေလို့ လွှတ်ပေးစေချင်တာပါ ခင်ဗျ။

(၅)
ဒါနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က သဘောတူညီချက်များကို အစိုးရဘက်မှ ဖောက်ဖျက်ခြင်းဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုရာမှာ “ဒါ တော်တော် ညှိနှိုင်းထားပြီးတော့ ကျောင်းသားရဲ့ ဆန္ဒ၊ ဘယ်သူ့ရဲ့ ဆန္ဒ အကုန်လုံး တညီတညွတ်နဲ့ ညှိနှိုင်းထားပြီးတဲ့ ကိစ္စကြီးက ဘယ်လိုမှ မဖြစ်သင့်ဘူး။ တီဗွီမှာလည်း ပါတယ်လေ။ ဒီလောက်ကြီး အဘတို့မှာ ၁၄-၅ ရက်အတွင်းမှာ အားလုံး ကျေနပ်သွားအောင် ကျောင်းသားတွေ လက်ခံသွားအောင်၊ NNER လည်း လက်ခံသွားအောင် နိုင်ငံရေး ပါတီတွေလည်း သူတို့ သဘောထားတွေ အကုန်လုံး ကြေညာချက် ထုတ်တယ်လေ။ ကျောင်းသားသမဂ္ဂက အခြားနိုင်ငံမှာ မရှိဘူး ဆိုပေမယ့် မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ သမိုင်းကြောင်းကြီး ရှိတယ်။ အဲဒီ ပြဿနာဖြေရှင်းပုံကို အဘသာဆို ဒီလို မရှင်းဘူး” ဟူ၍ ပြောကြားခဲ့တယ်လို့ စာနယ်ဇင်းတွေမှ ဖတ်ရှုခဲ့ရပါသဗျ။

စာရေးသူ ဆောင်းပါးရှင်မှ ရှေ့နေတစ်ဦး အနေနဲ့ ဦးအောင်မင်းရဲ့ ပြောကြားချက် ဦးခင်အောင်မြင့်ရဲ့ ပြောစကားများပါတဲ့ သတင်းဂျာနယ်ကို တရားရုံးမှာ သက်သေခံအဖြစ် တင်ပြခဲ့ပေမယ့် (မူလရုံးနဲ့ အယူခံရုံး) တွေက လက်မခံခဲ့ပါဘူး ခင်ဗျ။ ဒီလို ပယ်ခဲ့ခြင်းဟာ သက်သေခံ ဥပဒေနဲ့ မညီညွတ်ပေမယ့် ဒီလို အမှုတွေဆိုတာ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ မျက်နှာကိုလည်း ကြည့်ရတာကြောင့် တရားရုံးတွေရဲ့ အနေအထားကို သဘောပေါက် နားလည်ပေးခဲ့ရပါတယ်။ နောင်လွတ်လပ်တဲ့ တရားစီရင်ရေးခေတ်ကို ရရန် အစိုးရသစ် လက်ထက်မှာတော့ ဥပဒေနဲ့ ညီညွတ်ဖို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်ခင်ဗျ။

(၆)
နိဂုံးချုပ် အနေနဲ့ ကျောင်းသားတွေကို လွှတ်စေလိုတာကတော့ ကျောင်းသားတွေဟာ နိုင်ငံမျက်နှာ ပြည်သူမျက်နှာထောက်ပြီး “ပညာရေးစနစ်” ကောင်းမွန်အောင် လူကြီးလူကောင်း သားသမီးတွေပီပီ လူကြီးလူကောင်း စိတ်ဓာတ်နဲ့ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသူတွေသာ ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ လက်ရှိ အာဏာရ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ အနေနဲ့ သမိုင်းမှာ ကောင်းမှုကုသိုလ် တစ်ခုအဖြစ် မှတ်တမ်းကျန်ရစ်အောင် ပညာရေးသပိတ်မှာ ပါဝင်ခဲ့တဲ့ တစ်ပြည်လုံးရှိ ကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများ အားလုံးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှု ရုပ်သိမ်းပေးခြင်းအားဖြင့် လွှတ်ပေးပြီး သမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ အနေနဲ့ ပြည်သူကို မျက်နှာမူရာရောက်တဲ့ သမိုင်းတွင်မယ့် လုပ်ရပ်အဖြစ် သမိုင်းကောင်း ချန်ထားခဲ့လိမ့်မယ်လို့ ယုံကြည်ကြောင်းပါဗျာ။
__________________________________
Writer:
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
Eleven Media Group

မြန်မာနိုင်ငံတွင် အစိုးရအမျိုးမျိုး ပြောင်းလဲခဲ့လေပြီ။ သူ့ဘာသာသူ အချိန်တန်လို့
ပြောင်း တာတွေလည်း ရှိသလို၊ ပြောင်းလို့ပြောင်းမှန်း မသိအောင် အချင်းချင်း
ဇာတ်တိုက် ပြောင်းခဲ့တာတွေကိုလည်း အသက်အရွယ် အလိုက် နိုင်ငံသား
အားလုံးက သိထားနှင့်ပြီး ဖြစ်သည်။ ဘယ်လိုအစိုးရ တက်တက် နိုင်ငံရေးတွေ
ဘယ်လိုပြောင်းပြောင်း သမိုင်းကြောင်းကိုတော့ဖြင့် ဇာတ်မြှပ်မထားသင့်တာ
အမှန်ပင်။ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်သွားခဲ့သည့်
နိုင်ငံသားကောင်းတွေ နိုင်ငံတိုင်းမှာ ရှိသည်။

အစိုးရတွေ ဘယ်လိုပြောင်းပြောင်း တစ်ချိန်က ထင်ရှားသော ခေါင်းဆောင်တွေ
အသီးသီး၏ သမိုင်းဝင် ဆောင်ရွက်ခဲ့မှုအတွက် နည်းအမျိုးမျိုးဖြင့် အမှတ်တရ
တွေ ဖြစ်အောင် ဆောင်ရွက်ပေးခဲ့ကြသည် ကို တွေ့ရသည်။ သမိုင်းနှင့်
မျိုးချစ်စိတ်ဓာတ်သည် တစ်ဆက်တစ်စပ်တည်း ဖြစ်သည်။ သမိုင်းကို သိလေလေ
မျိုးချစ်စိတ်များ ပေါ်ပေါက်လာလေလေ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကား
အများနှင့်မတူ တစ်မူထူးခြား သည်ဟု ပြောရမည်။ မျိုးချစ်စိတ်ဓာတ်ဟူသော
စကားလုံးကို တွင်တွင်သုံးနေသော်လည်း တစ်ဖက်တွင် သမိုင်း ဖြစ်ရပ်များကို
သာမက သမိုင်းဝင် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်တွေကိုပါ
ဖျောက်ဖျက်ပစ်နေတာကို ရင်နာနာနှင့် ထိုင်ကြည့်နေရသော အဖြစ်မျိုးလောက်
ဆိုးမည်မထင်တော့ပါ။

မှတ်မိသေးသည်။ စစ်အစိုးရများ အုပ်ချုပ်စဉ်အခါက ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်
ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ကို အဆက်မပြတ်သုံးကာ လှေပွဲသဘင်၊
မြင်းခင်းသဘင်၊ ဆို၊ က၊ ရေး၊ တီး သဘင်တို့ ကို အဆက်မပြတ် လုပ်ကာ
သတင်းစာများကနေ အကြီးအကျယ် ဝါဒဖြန့်သည်။ တကယ်တော့ အားကစား
နည်းတစ်မျိုးသာ ဖြစ်သည်။ သို့သော် ရှေးခေတ်က လုပ်သည့်အတိုင်း
လိုက်လုပ်ရင် မျိုးချစ်စိတ်ရှိသည်ဟု အခါတော်ပေးများက စစ်ဗိုလ်ချုပ်ကြီး
တိုက်တွန်းသောအခါ သာမာန်လှေလှော်၊ မြင်းစီး အားကစားသည် မျိုးချစ်စိတ်ကို
မြှင့်တင်သော အလုပ်တွေဖြစ်ကုန်သည်။

တကယ်တော့အတင်းအကျပ်စစ်အာဏာသိမ်းကာ လူထုဆန္ဒပြပွဲများကို
အင်အားသုံးဖြိုခွဲ ပစ်လိုက်သည့်အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံ
အသီးသီးက ဆန့်ကျင်ဖိအားပေးသည်ကို တန်ပြန်သောအားဖြင့် အနောက်အုပ်စု
ကို အာခံခြင်းသည် မျိုးချစ်စိတ်ဖြစ်သည်ဟု လွဲမှားစွာ ဝါဒဖြန့်ချိခဲ့ခြင်းသာ
ဖြစ်သည်။

နောက်တော့ သည်ထက်မက ပိုဆိုးလာသည်။ ကိုလိုနီခေတ်က ပေးထားသော
မြို့အမည်၊ လမ်း အမည်များကို မြန်မာရာဇဝင်ထဲက အမည်များဖြင့် အစားထိုး
သည်။ နိုင်ငံ၏ အမည်ကိုပင် ကိုလိုနီစော်နံသည် ဟုဆိုကာ ဘားမားကို မြန်မာလို့
ပြောင်းပစ်သည်အထိ အစွန်းရောက်ခဲ့သည်။ မြို့တော် အသစ်စက်စက်ကြီး
တစ်ခုကို တောကြီးမြက်မည်းထဲမှာ သွားတည်ပြီး ရှေးခေတ်ရှင်ဘုရင်များ
နန်းစိုက်သော အသုံးအနှုန်းအတိုင်း "နေပြည်တော်" ဟု မှည့်ခေါ်စေသည်။
ဆင်းရဲမွဲတေသော နိုင်ငံတစ်ခု မဟုတ်သလိုပင် နိုင်ငံတော်ပိုင် ဘဏ္ဍာ ငွေ
ဘီလီယံနှင့်ချီ သုံးကာ အကောင်းတကာ့ အကောင်းဆုံး အုပ်ချုပ်ရေးမြို့
ဖြစ်အောင် ဖန်တီးသည်။ မည်သူနှင့် မှမတိုင်ပင် တိုင်းပြည်ကိုလည်း သဘောတူ
မတူ ချမပြပြန်မမေးဘဲ အာဏာရှင်တစ်ဦး၏ အတွေးအခေါ်ဖြင့် အတင်းအကျပ်
အကောင်အထည် ဖော်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ၎င်း၏လုပ်ရပ်များကို
ဖုံးကွယ်လိုသော အခါ မျိုးချစ်စိတ်ဆိုတာကြီးကို ထည့်ထည့်သုံးရင်း ဝါဒ
မှိုင်းတိုက်တာက အဆိုးဆုံးဖြစ်သည်။

မဆလအစိုးရခေတ်က မြို့တော်ခန်းမမှာ အထူးစာပေဟောပြောပွဲ ပြုလုပ်
ပါသည်။ ဆရာကြီး ဦးသုခနှင့် တက္ကသိုလ်ဘုန်းနိုင်တို့လည်း ပါဝင်သည်။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က မျိုးချစ်စိတ်ဆိုတာ ကဗျာလင်္ကာတွေကို
ဖတ်ခြင်းဖြင့် သော်လည်းကောင်း၊ အထိမ်းအမှတ် ထုလုပ်ထားသော
ကျောက်ဆစ် ရုပ်တုများကို ကြည့်ခြင်းဖြင့် သော်လည်းကောင်း ရနိုင်ကြောင်း
ဟောပြောခဲ့ပါသည်။ သူ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရောက်တော့ သူတို့နိုင်ငံရဲ့
အထင်ကရ ပုဂ္ဂိလ်များကို နေရာတိုင်းတွင် ပန်းပုထုဆစ် ပြသထားကြောင်း
ဟောပြောသွားခဲ့တာကို မှတ်မိနေ ပါသေးသည်။ ဒါကြောင့်ဖြစ်မည် ဥရောပနိုင်ငံ
အတော်များများတွင် ပန်းပုပညာ ထွန်းကားသလို သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများ၏
ရုပ်တုများကိုလည်း နေရာတိုင်းတွင် လက်ရာမြောက်စွာ တွေ့မြင်ရခြင်း
ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကြီးငယ် အသီးသီး တစ်ချက်လွှတ်အမိန့်ဖြင့်
အုပ်ချုပ်ခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း
ရုပ်တု အသစ်တွေ မပြောနှင့် ရှိပြီးသား ကြေးရုပ်တုကိုတောင် ပြုပြင်ထိန်းသိမ်း
ခြင်းမရှိ သည်အတိုင်း ပစ်ထားတာ အားလုံးအသိပင်။ ရုပ်တုအသစ်များဆို၍
သမိုင်းထဲက ပဒေသရာဇ် စစ်ဘုရင်ရုပ်တုတွေကိုသာ တခမ်းတနားဖြင့်
အမျိုးသားပြတိုက်တွင် ထုလုပ်ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (တကယ်တော့ သူမကွယ်လွန်ခင် နေထိုင်
သွားသည့်အိမ်) ကို အာဇာနည်နေ့မှ တစ်ပါး အခြားအချိန်များတွင် ပိတ်ထားတာ
ကိုသာ အမြဲကြုံခဲ့ကြဖူးမည် ဖြစ်သည်။ မေးလိုက်တိုင်း အကြီးစားပြင်ဆင်မှုများ
ပြုလုပ်နေသောကြောင့် ပိတ်ထားရသည်ဟု ဆင်ခြေပေးသည်။ ရံဖန်ရံခါ "ခေတ္တ
ပိတ်ထားသည်" ဟု စာတန်းလေးရေးကာ ဂိတ်တံခါးဝတွင် ချိတ်ဆွဲထားတာကို
တွေ့ရသည်။ ထိုခေတ္တ သည်နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သည်။ အိမ်နောက်ဖေး
မြေကွက်လပ်တွင် စိုက်ပျိုးနေသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ခြံဝင်းအပြင်
ကနေ ချောင်းကြည့်ရင်း ပြန်ခဲ့ရသည့် အကြိမ်ပေါင်း မနည်းခဲ့ပါ။

တကယ်တော့ ထိုပြတိုက်တွင် ထပ်မံတိုးချဲ့ထားသော အရာ ဘာတစ်ခုမှမရှိ။
ဗိုလ်ချုပ်နေခဲ့သလို ရိုးရှင်းသော အဆင်အပြင်ကလွဲ၍ ဘာမှထူးခြားတာ မရှိပါ။
သို့သော် ထိုနေအိမ်ပြတိုက်ကို သွားကြည့်မိတိုင်း ဗိုလ်ချုပ်အောင်ဆန်းကို
သတိရသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည် လွတ်လပ်ရေး
အတွက် မဆုတ်မနစ် ဆောင်ရွက်ချက်တွေ အားလုံး ရုပ်ရှင်ပြကွက်တွေလို
တစ်ခုချင်းစီ ပြန်ပေါ်လာသည် အထိ အိမ်ဟောင်းကြီး၏ နေရာတိုင်းတွင် သူ၏
အငွေ့အသက်တွေက ရှိနေသလို ခံစားရသည်။

အင်္ဂလန်နိုင်ငံက၂၀ ရာစုခေတ်၏ အထင်ကရ ပုဂ္ဂိုလ်ကြီးနှစ်ယောက် အကြောင်း
ကို ဥပမာ ထားပြီး ပြောချင်ပါသည်။ သူတို့နှစ်ယောက်လုံး တိုင်းပြည်အပေါ်မှာ
အမည်းစက်ရှိခဲ့ပါသည်။ ဒါပေမဲ့ အင်္ဂလိပ်တွေက အဲသည် အမည်းစက်ကို
ဖယ်ပြီးကြည့်သည်။ အမြော်အမြင်ရှိသော လူမျိုး၊ နိုင်ငံကြီးသားပီသသော
သူများနေသော နိုင်ငံလို့ဆိုရမည် ဖြစ်သည်။ တစ်ယောက်က ဝန်ကြီးချုပ်ချာချီ
ဖြစ်ပြီး နောက်တစ်ယောက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ ဖြစ်သည်။

ပထမကမ္ဘာစစ် (၁၉၁၄ - ၁၈) ဖြစ်တော့ ကွန်ဆာဗေးတစ်ခေါင်းဆောင် တစ်ဦး
ဖြစ်သူ ချာချီကို ရေတပ်ဝန်ကြီးခန့်၏။ ထိုအချိန်က ဂျာမနီကို အပြင်းအထန်
တိုက်နေရသော ရုရှားတွင် လက်နက်အကူအညီ လိုအပ်သည်။ ချာချီက ရုရှားကို
စစ်ကူပေးဖို့အတွက် ရေတပ်သင်္ဘောနှင့် စစ်လက်နက်ပစ္စည်းတွေ ပို့ပေးချင်
သည်။ သည်လိုနှင့် အင်္ဂလိပ် ရေတပ်သင်္ဘောတွေက ဒါဒနယ်ရေလက်ကြား
(ယခုတူရကီ) ကို ဖြတ်သွားရသည်။ ရေလက်ကြားမှာ တူရကီတပ်တွေက
စောင့်နေသည်။ ထိုတိုက်ပွဲမှာ ဗြိတိသျှဓနသဟာယ စစ်သည်ပေါင်း သောင်းနှင့်
ချီ၍ ကျဆုံးသွားသည်။ ချာချီလည်း ဝန်ကြီးဘဝကနေ ထွက်လိုက်ရသည်။
ဒါပေမဲ့ အင်္ဂလိပ်တွေက ဒုတိယကမ္ဘာစစ်ကြီးကို ချာချီက ဦးဆောင်ပြီး
နိုင်အောင်တိုက်ပေးတာ တစ်ခုတည်းနှင့်ကို ယခုတိုင် လေးစားဆဲ၊ ဂုဏ်ပြုဆဲပင်
ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမောင်ဂိုမာရီက ဒုတိယကမ္ဘာစစ်ကြီး အမြန်ပြီးဖို့ စစ်ဆင်ရေး တစ်ခု
ဆွဲပါသည်။ Operation Market Garden ဖြစ်ပါ၏။ ၎င်း၏ အစီအမံအတိုင်း
စစ်ဆင်ရေးအောင်မြင်လျှင် စစ်ကြီးက ၁၉၄၄ မှာ ပြီးမှာဖြစ်သည်။ ဒါပေမဲ့
စစ်ဆင်ရေး မအောင်မြင်ခဲ့ပါ။ ထိုစစ်ဆင်ရေးမှာ ဗြိတိသျှစစ်သည်ပေါင်း ၁၀,၀၀၀
ခန့် ကျသွားသည်။ သို့သော် အင်္ဂလိပ်တွေက အဲသည်လောက် အသေအပျောက်
များသည့် ကျဆုံးမှုကို ပုံကြီးမချဲ့ပါ။ အာဖရိကမှာ ဂျာမန်တွေကို မောင်းထုတ်နိုင်ခဲ့
သည့် သူ့ကို စစ်အတွင်း ကာကွယ်ရေးဦးစီးချုပ်အထိ ပေးခဲ့သည်။ ခုချိန်အထိ
လည်း ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်သူရဲကောင်း အဖြစ် သူ့ကိုသတ်မှတ်
ဂုဏ်ယူနေကြဆဲ ဖြစ်သည်။

မဆလအစိုးရခေတ် ကုန်ခါနီးအထိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်းကို ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ခြင်း။ အာဇာနည်နေ့ ရှေးခေတ်
မှတ်တမ်း အတိုအထွာများနှင့် စုပေါင်းကာ အမှတ်တရအဖြစ် ရုပ်မြင်သံကြားတွင်
ပြသည်။ ရေဒီယိုကနေ ဗိုလ်ချုပ်မိန့်ခွန်းတွေ လွှင့်ပေးသည်။ ကျဆုံးသော အချိန်
တွင် ဥဩဆွဲအချက်ပေးသည်။ တစ်နိုင်ငံလုံး လွမ်းသူ့ပန်းခွေချသည့်
အခမ်းအနားကို မြို့တိုင်းတွင် လုပ်သည်။ သို့သော် နဝတ၊ နအဖခေတ်တွင်
အထက်က ဖော်ပြခဲ့သော လုပ်ငန်းတွေ ဘာတစ်ခုမှ မလုပ်တော့တာ တွေ့ရ
သည်။ ပိုက်ဆံပေါ်တွင် ရိုက်နှိပ်ထားသော ဗိုလ်ချုပ်ပုံရိပ်ကစလို့ နတ်မောက်ရှိ
ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် အထက်တန်းကျောင်းအဆုံး အစဖျောက်
ခံလိုက်ရသည်။

သည်လောက်အထိ ရက်ရက်စက်စက် လုပ်ရအောင် ကျွန်တော်တို့ ဗိုလ်ချုပ်
ဘာတွေများ အမှားလုပ်ခဲ့လို့လဲ။ သူ့သမီးကို လူထုက ထောက်ခံတာနှင့်
သူ့နှင့်ပတ်သက်သော အထိမ်းအမှတ်တွေ အားလုံးကို မှေးမှိန်အောင် လုပ်ပစ်
တာ အလွန်အရုပ်ဆိုးသည်။ မြန်မာ့သမိုင်း၏ အမှောင်ခေတ်ဟုပင် တင်စားရင်
တောင် မှားမည်မထင်ပါ။

သူ့သမီးကို ဝန်တိုတာနှင့် သူ့အဖေနာမည်ကိုပါ ပျောက်သွားအောင်
ဖျောက်ဖျက်ခြင်းသည် တော်ရုံဝန်တိုစိတ်ဖြင့် လုပ်ခြင်းမဟုတ်တာ သေချာသည်။
တလောက စစ်အာဏာရှင်ဟောင်း အဘိုးအိုကြီးနှင့် ရွေးကောက်ပွဲ အနိုင်ရ
လူထု ခေါင်းဆောင်တို့ ကြိုတင်သတ်မှတ်ချက် မထားဘဲ တွေ့ဆုံခဲ့ကြကြောင်း
မြေးဖြစ်သူက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသောကြောင့်
လူစိတ်ဝင်စားစရာ သတင်းဖြစ်သွားသည်။ မီဒီယာအချို့က မြေးကလေးရေးသမျှ
စာသားတွေကို တစ်လုံးမကျန် ပုံနှိပ်စာမျက်နှာပေါ် တင်ပေးခဲ့ကြသည်။
လူထုခေါင်းဆောင် ကတော့ နှုတ်လုံသည်။ ယခင်အကျဉ်းသားဘဝ ကတည်းက
စစ်အာဏာရှင်ကြီး တွေ့ဆုံခဲ့ဖူးသည်။ ဘာတွေ ပြောခဲ့သည်၊ ဘာတွေ
သဘောတူ ခဲ့သည် စသည်ဖြင့် ဘာတစ်ခုမှ ပြန်မပြောခဲ့။ သူမတွင် ဝန်တိုစိတ်
မရှိသလို ရန်လိုစိတ်လည်း အလျဉ်းမရှိတာ သေချာပါသည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဆက်လက် ဆောင်ရွက် အကောင်
အထည် ဖော်သွားမည်ဟု လူထုခေါင်းဆောင်က ကြေညာထားသည်။ ယခုမှ
ထပြောသော စကားမဟုတ် ၊ ၁၉၈၈ ခုနှစ်ကတည်းက ပြောလာခဲ့သော
စကားများသာ ဖြစ်သည်။ လူထုခေါင်းဆောင်ကို ပြည်သူတွေက ယုံကြည်ကြ
သည်။ သူမ တွင် ဝန်တိုစိတ်မရှိ၊ သမိုင်းကြောင်းကို လိုသလိုဆွဲ ထိန်းချုပ်လိုသူ
မဟုတ်တာလည်း သေချာသည်။ သို့သော် ဝန်တိုစိတ်ကြီးမားသော
စစ်အာဏာရှင် ဟောင်းများကိုတော့ စိတ်မချသင့်ပါ။ ဘဝတစ်လျှောက်လုံး
တိုင်းပြည်အတွက် လွတ်လပ်ရေးအတွက် ပြင်းထန်သော စိတ်ဓာတ်ဖြင့်
ရိုးသားစွာ ဆောင်ရွက် လုပ်ကိုင်သွားသော ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်
ခေါင်းဆောင်ကြီး၏ သမိုင်းကြောင်းကိုတောင် ဖျောက်ထားခဲ့သူ၊ နိုင်ငံတော်
အမည်ကိုပင် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ အမည်ပြောင်းတတ်သူ၊ မြို့တော်
အသစ်ကို ကိုယ့်သဘောနှင့် ကိုယ် တည်ဆောက်ကာ အခြေခံဥပဒေထဲမှာ
တောင် အတည်တကျ ထည့်သွင်းခဲ့သူများ ဖြစ်လေသတည်း။

ဝန်တိုစိတ်ဖြင့် သမိုင်းကိုပင် လိုရာပုံစံသွင်းကာ ပြောင်းပြန်လှန်ပစ်ခဲ့သူများ
မြန်မာနိုင်ငံတွင် အမှန်တကယ် ရှိခဲ့ကြောင်း တင်ပြလိုက်ရပါသည်။ သမိုင်းထဲက
အဖိုးတန်လူသားများ အကြောင်းကို သိရှိမှသာ မျိုးချစ်စိတ်ဓာတ် အမှန်တကယ်
ပေါက်ဖွားရှင်သန်မှာ ဖြစ်ပါတော့သည်။
__________________________________

လှမျိုးထွန်း

The Ladies News Journal


မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကို အစိုးရက အခွန်ကင်းလွတ်ခွင့် ပေးထားခြင်း
ကြောင့် ၂၀၁၃-၁၄ ခုနှစ်အထိ အခွန်ပေးဆောင်ခြင်း မရှိကြောင်း တွင်းထွက်
သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင်ပါ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေး
ဦးပိုင်သည် နိုင်ငံတော်သို့ အနှစ် ၂၀ ကျော် အခွန်ပေးဆောင်ခဲ့ခြင်း မရှိသည်ကို
EITI အစီရင်ခံစာ ရေးဆွဲရာ၌ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်
လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက ဇန်န၀ါရီ ၂၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။

“ဦးပိုင်ရဲ့အခန်းကဏ္ဍသည် နိုင်ငံပိုင် ကုမ္ပဏီလိုလို၊ ပုဂ္ဂလိကပိုင် လုပ်ငန်းစုကြီး လိုလို
မတင်မကျ ပုံစံမျိုးနဲ့ အလုပ်လုပ်ပါတယ်။ နိုင်ငံတော်ရဲ့ ကုမ္ပဏီများကနေ ရသင့်ရထိုက်တဲ့ အခွင့်အရေးပိုင်း ဆိုင်ရာတွေမှာကတော့ နိုင်ငံပိုင် ကုမ္ပဏီကြီးများ
ထက် ပိုပြီးတော့ အခွင့်အရေးတွေ ယူပြီးတော့ လုပ်တာတွေလည်း အများကြီး
ရှိပါတယ်။ ဦးပိုင်လို ကုမ္ပဏီကြီးရဲ့ စာရင်းစစ်တဲ့ ကဏ္ဍကအစ တပ်မတော် စာရင်းစစ်
ရုံးကနေ စစ်ဆေးတာတို့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီး
တွေလို ပုံစံမျိုးဘဲဖြစ်ပါတယ်။ သို့ပေမယ့် အခွင့်အရေးနဲ့ နိုင်ငံတော်ကို ပြန်ထည့်ဝေမှု
ကျတော့ အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း စုကြီးတွေလို ဖြစ်မနေတာလိုလည်း
တွေ့ရပါတယ်” EITI အစီရင်ခံစာ ထုတ်ပြန်သည့် MATAအဖွဲ့မှ ကိုရဲမင်းဦးက
ပြောသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကဲ့သို့ ကုမ္မဏီများ၏ ငွေစာရင်းများကို ထုတ်ပြန်ရန်
ခက်ခဲမှုများရှိခဲ့ပြီး မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ၏ ၀င်ငွေရရှိမှုကို
စစ်ဆေးဖော်ပြရာ တွင်လည်း အားနည်းမှုများ ရှိခဲ့ကြောင်း MATAအဖွဲ့မှ
ကိုရဲမင်းဦးက ပြောသည်။

သမ္မတဦးသိန်းစိန် အကောင်အထည် ဖော်နေသည့် EITI လုပ်ငန်းစဉ်တွင်
ပါဝင်သည့် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့တွင် ပါဝင်သော အရပ်ဘက် လူမှုဖွံ့ဖြိုး
တိုးတက်ရေး ကိုယ်စားလှယ်ျားသည် တွင်းထွက် သယံဇာတ ထုတ်လုပ်မှုမှ ရရှိသည့်
ဝင်ငွေထွက်ငွေများ စစ်ဆေးရာတွင် ပါဝင်သူများလည်း ဖြစ်သည်။ တပ်မတော်ပိုင်
မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက် လုပ်ကိုင်နေသော သတ္တုတွင်း လုပ်ငန်းများ၊
ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများနှင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို
လေ့လာစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်
ကိုယ်စားလှယ်များက ပြောသည်။

ထုတ်ပြန်ပြီးဖြစ်သည့် EITI အစီရင်ခံစာတွင် ရေနံ၊ သဘာဝဓါတ်ငွေ့ နှင့် သတ္တု
ကဏ္ဍသုံးမျိုး၏ ဘဏ္ဍာရေး ကိစ္စများကို ထည့်သွင်းဖော်ပြခဲ့ပြီး လာမည့် နှစ်
အစီရင်ခံစာတွင် သတ္ထုကဏ္ဍအပြင် သစ်တော သားငါးကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍ
စသည့် အပိုင်းများကို ထပ်မံဖြည့်တင်းကာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
သိရသည်။

မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်း
မြင်သာမှု ဖော်ဆောင်ရေး ဒီအစီရင်ခံစာမှာ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်ကို အခြေခံပြီး
ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း၏ အခွန်ဘဏ္ဍာငွေ ၁၀၀ % ကို
ကိုယ်စားပြုသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ (၁၃) ခု၊ ကျောက်မျက်၊
ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၆၇ % ကို ကိုယ်စားပြုသည့် ကျောက်မျက် ရတနာ
ကုမ္ပဏီ (၃၀) ခုနှင့် သတ္တုကဏ္ဍ၏ အခွန် ဘဏ္ဍာငွေ ၅၀ % ကို ကိုယ်စားပြုသည့်
ကုမ္ပဏီ (၁၁) ခုတို့မှ ကောက်ခံရရှိသည့် အခွန်အခ အချက်အလက်များကို
ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal

election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်တွေကို တင်သွင်းဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ပြီး တင်သွင်းဖို့ ပျက်ကွက်သူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ဒီနေ့ ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။

တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ရန်ကုန်တိုင်းဒေသကြီးက ကိုယ်စားလှယ်လောင်း ၃၄ ဦးကို ဒီနေ့ ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့ဝင် ဦးညွန့်တင် က ပြောပါတယ်။

"ရန်ကုန်က ငွေစာရင်းမတင်တဲ့ ပျက်ကွက်တဲ့အမှုပေါ့နော် ၃၄ မှု၊ ခရိုင်ကော်မရှင်မှာ သူတို့က ငွေစာရင်း တင်ဖို့ ပျက်ကွက်တာပေါ့နော်၊ သူတို့ကို အရည်အချင်းပျက်ယွင်းတယ်လို့ သတ်မှတ်ဖို့ဆိုပြီးတော့ ခရိုင်ကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံတာပေါ့နော် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခွင့်ပေးတာပေါ့၊ သူတို့အကြောင်းပြခွင့်မရပဲနဲ့ မဆုံးဖြတ်ဘူးလေ၊ ဒီနေ့ ကိုယ်စားလှယ်လောင်းက ၁၃ ဦးလာတယ်၊ သူတို့ကို အရည်အချင်းပျက်ယွင်းတယ် လို့ မသက်မှတ်သင့်ဘူးလို့ သူတို့အကြောင်းပြသွားတာပေါ့"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို တစ်နေ့စီ ခေါ်ယူ စစ်ဆေးမှာဖြစ်ပြီး ဘာကြောင့် အသုံးစရိတ်စာရင်း မတင်ပြနိုင်တာလဲဆိုတာကို ရှင်းပြခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ကိုယ်စားလှယ်လောင်း ၁၇ဝ ကျော်ဟာ မဲဆွယ်စည်းရုံးရေးအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီမှာ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၅ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က အများဆုံးဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးပြီးနောက် လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဘယ်သူတွေကို အရည်အချင်းပျက်ယွင်းတဲ့စာရင်းမှာ ထုတ်ပြန်ကြေညာမလဲဆိုတာကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ခုံရုံးက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အဲ့ဒီလိုအရည်အချင်းပျက်ယွင်းတဲ့စာရင်းမှာ ပါသွားတဲ့သူတွေဟာ နောက်ရွေးကောက်ပွဲတစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲဥပဒေမှာ ပါရှိပါတယ်။

RFA
http://www.rfa.org/burmese/news/uec-begin-investigation-01212016094632.html

parliament-pyitaungsu-620.jpg
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA


မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုအားလုံး ရုတ်သိမ်းရေးအတွက် လာမယ့်အစိုးရသစ် သက်တမ်းအတွင်း ကြိုးစားဆောင်ရွက်ရမယ့် စီမံကိန်းတစ်ခုအဖြစ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းကို ဒုတိယကာလတို စီမံကိန်း ဥပဒေကြမ်းအဖြစ် ပြင်ဆင်ထားတာဖြစ်ပြီး ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးတာပါ။ စီးပွားရေးပိတ်ဆို့မှုကို လက်ရှိအစိုးရက အန်တုနိုင်ခဲ့ပြီး လာမယ့်အစိုးရသစ်က ဆက်လက်ကြိုးစားသွားရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးခဲ့ပါတယ်။

"အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်နိုင်ရေးဆိုတာလည်း အချက်တစ်ခုပါပါတယ်၊ ကျမတို့ ဒီအလုံးစုံပိတ်ဆို့မှုက အစတုန်းက အာဆီယံဒေသတွင်းမှာ ကျမတို့က အဆင်းရဲဆုံးဆိုပေမယ့် အခြေအနေ က အဲ့ဒီလောက်အထိမဆိုးလှဘူး နောက်ပိုင်းမှာတော့ ကျမတို့လည်း အောက်ကနိုင်ငံတွေတောင်မှ ကျမတို့ကို ကျော်ပြီးတော့ တက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိတ်ဆို့မှုရဲ့ဒဏ်ဟာ အင်မတန်ပြင်း ထန်တယ်၊ အဲ့ဒီပြင်းထန်တဲ့ဒဏ်ကို အန်တုပြီးတော့မှ ကျမတို့ ဒါပထမအစိုးရသက်တမ်းမှာ ကျမတို့ ဒီမိုကရေစီနိုင်ငံကို အုတ်မြစ်ချခဲ့တယ်၊ အဲ့ဒီချခဲ့တဲ့အုတ်မြစ်ကို အခုနောက်လာမယ့်အစိုးရက အားသွန် ခွန်စိုက်နဲ့ ကျမတို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"

အဲ့ဒီဥပဒေကြမ်းကို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက တင်သွင်းတာဖြစ်ပြီး ဥပဒေကြမ်းထဲမှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကနေ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မယ့် စီမံကိန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/lawmakers-discuss-drafted-bill-01212016093051.html

 winhtein-620.jpg NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ဖေဖောဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသစ်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ ရာထူးတာဝန်တွေအတွက် အမည်စာရင်းထွက်ပေါ်နေတာဟာ အတည် မဟုတ်သေးကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

အဲ့ဒီလို သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ မေးမြန်းရာမှာ အဲ့ဒီနေရာတွေ အတွက် ရွေးချယ်ထားပြီးတာမှန်ပေမယ့် ထွက်ပေါ်နေတဲ့ လူပုဂ္ဂိုလ်တွေကို အတည်ပြုမရသေးကြောင်း ဦးဝင်းထိန်က အခုလို ပြောပါတယ်။

"လူရွေးတာကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး သေသေချာချာ သတိထားပြီး စိစစ်ရွေးချယ် တယ်၊ ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ် နောက်တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြု မယ့် အခြားပါတီကပဲဖြစ်ဖြစ် အပြင်ကပုဂ္ဂိုလ်တွေဖြစ်ဖြစ် ပါမယ်ဆိုရင်အဲ့ဒီလူကိုရွေးတာ၊ ဒါရွေးတဲ့အခါမှာ သတိထားပြီးရွေးတယ်၊ နောက်တစ်ခုက ကြေညာဖို့ဆိုတာ တိုင်ပင်ရတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ်မှတ်မှုပါ"

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲ့ဒီစာရင်းထွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြောစရာ မရှိကြောင်းနဲ့ မီဒီယာတွေကိုပြောတဲ့သူကိုသာ မေးမြန်းကြဖို့သာ ဖြေကြားပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် မြဝတီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနဲ့ လွှတ်တော် ဒုဥက္ကဌ နေရာတွေအတွက် ANP ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦးနဲ့ တခြားပါတီတစ်ခုက ကချင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကို အဆိုပြုလျာထားကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို မနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း အခုလိုသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

RFA
http://burmese.voanews.com/content/nld-hluttaw-chairmen-positions/3155525.html

မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ)    (Credit: Mahn Saing Facebook)
မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ) (Credit: Mahn Saing Facebook)

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်သစ်အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌရာထူးတွေအတွက် ခန့်အပ်မယ့်လူတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တာမွေမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ကရင်ပြည်နယ် မြ၀တီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို ရွေးချယ်ထားတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီလွှတ်တော်နှစ်ရပ်ရဲ့ ဒုဥက္ကဌရာထူးတွေအတွက်ကိုတော့ ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦးတို့ကို အမည်တင်သွင်းထားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အမည်စာရင်း တင်သွင်းခံရသူ မြ၀တီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းဟာ မျက်နှာသစ်တဦးဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ကန်တကီပြည်နယ်မှာ နေထိုင်တဲ့ ကွယ်လွန်သူ မန်းဘခိုင်ရဲ့တူ - မန်းဝင်းခိုင်သန်းရဲ့ ဦးလေး ဒေါက်တာမန်းမြင့်ဆိုင် ကို ဗွီအိုအေ-မြန်မာပိုင်းက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောခဲ့ပါတယ်။

“၀င်းခိုင်သန်းက အသက် ၆၀ လောက်ရှိပြီ။ ၀င်းခိုင်သန်းဆိုတာက ခိုင်ဆိုတာ မန်းဘခိုင်ရဲ့ မြေးအရင်းမို့လို့ ခိုင်ကို ယူထားတာ။ သူ့အမေနာမည်က နန့်ခင်ရီခိုင်၊ အဖေနာမည်က မန်းသန်းရှိန်၊ အဲဒါကြောင့်မို့ သူ့နာမည်က ၀င်းခိုင်သန်း ဖြစ်သွားတာ။ အဲတော့ သူက ငယ်ငယ်ကတည်းကပါ။ အသက် ၂၀ ကျော်လောက်ကတည်းက B.A.B.L အောင်သွားတယ်လေ။ B.A.B.L အောင်သွားပြီးတော့ ရှေ့နေလုပ်နေတာ။ ပထမတုန်းကတော့ တို့ ဟင်္သာတမှာဆိုတော့ တို့နဲ့နီးနီး ကျုံပျော်ဆိုတဲ့မြို့မှာ အဲဒီမှာ ရှေ့နေလုပ်တယ်။ ရှေ့နေလုပ်ပြီးတော့ သူက မြ၀တီကို ပြောင်းသွားတာ။ အဲဒီမှာသွားပြီးတော့ သူက ရှေ့နေရုံးသွားဖွင့်တယ်။ ဖွင့်ပြီးတော့ သူက ဘာလုပ်လဲဆို သူက NLD အလုပ်လုပ်တယ်။ နောက်ပြီးတော့ သူက မရှိ ဆင်းရဲတဲ့ ကရင်အမျိုးသားတွေကို အမှု အလကားလိုက်ပေးတယ်။ ပရဟိတပေါ့။ အဲဒါမျိုးကို သူက လုပ်တာ။ လုပ်ရင်းကနေ နာမည်ကြီးလာပြီးတော့ သူက အမတ်ဝင်ရွေးတော့ အမတ်ဖြစ်သွားရော။ ဒီက ဆွေစုမျိုးစုနာမည်ကလည်း ရှိတယ်မို့လား။ မန်းဘခိုင်ရဲ့ မြေးအရင်း ဘာညာနဲ့ဆိုတော့ သူက ရသွားတာ။ ရသွားတော့ သူ့ကို အခုတော့ လွှတ်တော်ဥက္ကဌ ခန့်လိုက်ပြီလို့ ကြားတာပဲ။ လူမျိုးစုဥစ္စာကနေပြီးတော့ ကရင်ကိုး ကရင်အစစ်ကိုး။ ကရင်အမျိုးသားအနေနဲ့က ပထမဦးဆုံး ကိုယ့်အဖေ။ မန်းဘဆိုင်က ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တယ်။ ဦးနေ၀င်း အာဏာသိမ်းတဲ့အချိန်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌလေ။ အဲဒါက မန်းဘခိုင်ရဲ့ညီအရင်း၊ ကိုယ့်ရဲ့အဖေ။ အဲဒါက ပထမဦးဆုံး ကရင်အမျိုးသားထဲက လွှတ်တော်ဥက္ကဌပေါ့။ အခုက သူကတော့ မန်းဘခိုင်၊ မန်းဘဆိုင်တို့ရဲ့ မြေးပေါ့။ အခုတခါ သူက လွှတ်တော်ဥက္ကဌ ပြန်ဖြစ်တာပဲ။ ဒီအနွယ်ထဲကပဲ။”

VOA
http://burmese.voanews.com/content/iv-about-mann-win-khine-than/3155547.html


 မလေးရှားရောက် မြန်မာ ရွေ့ပြောင်းလုပ်သားများ အနေဖြင့် နောက်တက်လာမည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်လက်ထက်တွင် မြန်မာပြည်သို့ ပြည်တော်ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ ရှိ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးအော်စကာ က News Watch ဂျာနယ်သို့ပြောသည်။

“မလေးရှား ရောက်နေတဲ့ မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေ တော်တော်များများ က ပြန်လာဖို့ စီစဉ်နေကြပြီ။ တော်တော်များများလည်း ပြန်ရောက်နေပါပြီ။အားလုံးကတော့ ကိုယ့်မြေမှာလည်း တိုင်းပြည် အပြောင်းအလဲတွေ ဖြစ်နေပြီ ဘာပဲပြောပြော ကိုယ်နိုင်ငံကိုယ်တော့ ယုံကြည်ကြပါတယ်။

ဒီငွေ လောက်ကလည်း ဗမာပြည်မှာ ရှာလို့ရနေပါပြီ။ ကျွန်တော်တို့ ထွက်သွားတဲ့ အရင်ကာလ အချိန်အခါက တစ်မျိုးပေါ့။အခုချိန်မှာ အရင်လို့မဟုတ်တော့ဘူး။

မလေးရှားမှာ ဖြစ်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေ ရဲ့ အခက်အခဲအားလုံးကို နောက်တက်လာမဲ့ အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည် ပေါ့။ သူမ အများကြီး ကူညီနိုင်လိမ့်မယ်လို့ယုံကြည်တယ်။” ဟု ၄င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော မြန်မာရွေ့ပြောင်းအလုပ်သမား များ၏ အခက်အခဲများ အား မကြာခဏ လာရောက် ဆွေးနွေး ဟောပြော လျှက်ရှိသည့် ၈၈ ငြိမ်းပွင့်မှ ကိုမင်းကိုနိုင်၊ ကိုဂျေမီ၊ ဦးကိုကိုကြီး နှင့် စာရေးဆရာ၊ ဆရာမ များမှာ အသိဆုံးဖြစ်ပြီး ၄င်းတို့အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြောပြထားရှိပြီးဖြစ်သည့်အတွက် မလေးရှားရောက် မြန်မာ ရွေ့ပြောင်းအလုပ်သမားများ အခက်အခဲများအတွက် သူမ အား အပြည့်အ၀ ယုံကြည်ကြောင်း ၄င်းကဆိုသည်။

“မလေးရှားမှာ ဖြစ်နေတဲ့ အခက်အခဲအားလုံးကို နောက် အစိုးရသစ် တက်ခဲ့လို့ရှိရင် ဖြေရှင်းပေးနိုင်မယ်လို့ယုံကြည်တယ်။ဖြစ်လည်း ဖြစ်လာမှာပါ။ မင်းကိုနိုင်တို့ ကိုဂျင်မီတို့ ကိုကိုကြီး တို့ ဟောပြောပွဲတွေ အမြဲတမ်းလာတယ်။ ကိုယ်တို့ပဲခေါ်တာ။စာရေးဆရာတွေ ဟောပြောပွဲတွေ လုပ်ပေးတယ်။

သူတို့အားလုံးက ဒီရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေကို အားလုံး ပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီလိမ့်လို့ ယုံကြည်ပါတယ်။” ဟု ၄င်းကပြောသည်။
မလေးရှားရောက် မြန်မာ ရွေ့ပြောင်းအလုပ်သမားများသည် ယခင်နှင့် မတူဘဲ မြန်မာလုပ်သားများအပေါ်တွင် တင်းကြပ်မှုများ ပို၍ရှိလာကြောင်း ၊ခွင့်ပြုကြေးများ မြင့်တက်လာကြောင်း နှင့် ထိုင်းနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် မြန်မာရွေ့ပြောင်းလုပ်သားများကဲ့သို့ မဖြစ်စေရန်လည်း အဆိုပါ မလေးရှားနိုင်ငံ ရှိ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့မှ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“မလေးရှားရဲ့ မြို့နယ်တွေ ရပ်ကွက် တွေမှာ အသင်းသားတွေ အများကြီးရှိတယ်။ နီးစပ်တဲ့ ပရဟိတ အသင်းဖြစ်စေ ။ဘုန်းကြီးကျောင်းဖြစ်စေ။ဒီနေရာတွေမှာ သွားပြီး တွေ့ဆုံပွဲ ဆွေးနွေးပွဲတွေ လုပ်တယ်။အသင်းသားတွေနဲ့ ဆောင်ဖို့ ရှောင်ဖို့ ၊ဘယ်လို ၀တ်စားဆင်ယင်ရမယ်။ အပြင်သွားရင် ဖုန်းကဒ်တွေ ဖြည့်ထားရမယ်။ အရေးအကြောင်းရှိရင် ကိုယ့်လူ ကိုယ်ဆက်သွယ်ရမယ်။

သွားလို့ရှိရင် နှစ်ယောက်မသွားရဘူး။ ပြီးတော့ ကွမ်းစားမသွားရဘူး။ကတိပါ ဖိနပ်တွေ စီးပြီး မသွားရဘူး။အဲ့ဒါတွေကို သတိပေးချက်တွေ ဟောပြောပွဲတွေ လုပ်ပါတယ်။” ဟု ဦးအော်စကာ ကဆိုသည်။

မလေးရှားနိုင်ငံ ရှိ အဆိုပါ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့ အား ၂၀၁၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးမလေးရှားရောက် မြန်မာနိုင်ငံ ရွေ့ပြောင်းလုပ်သားများ ၏ ရင်ဆိုင် တွေ့ကြုံ ရသည့် အခက်အခဲများအား ကူညီ ရန်ဖြစ်ပြီး လက်ရှိ အချိန်အထိ သွေးလှူသည့် ပရဟိတ အပြင် နာရေး ပါလိုက်ပါဆောင်ရွက်လျှက်ရှိပြီး လက်ရှိအထိ အလောင်း ၉၀ ကျော် အခမဲ့ ကူညီ ဆောင်ရွက်ခဲ့ပြီဖြစ်ပြီး အဖွဲ့သည် ကွာလာလမ်ပူ မြို့ ၊ မြန်မာဆိုင်တန်းများအနီးတွင် ရုံးခန်းတည်ရှိပြီး
ဖုန်းနံပါတ် ၀၃၂၀၂၂၁၂၄၅ သို့ ၂၄ နာရီ အချိန်မရွေးဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်းသိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 ၂၀၀၆ ခုနှစ်က ရေဒီယို သတ္တိကြွ ပစ္စည်း ထည့်ထားတဲ့ လက်ဖက်ရည်ကို သောက်မိပြီးနောက် ရက်ပိုင်းအကြာမှာ သေဆုံးခဲ့။
ရုရှား သူလျှိုဟောင်း အလက်ဇန်ဒါ လစ်ဗင်ညန်ကို Alexander Litvinenko ၂၀၀၆ ခုနှစ်က ယူကေ နိုင်ငံမှာ လုပ်ကြံ ခံရတာဟာ ရုရှား သမ္မတ ပူတင်က ညွန်ကြား ခဲ့တာ ဖြစ်နိုင်တယ်လို့ စုံစမ်း စစ်ဆေးချက် တစ်ခုအရ တွေ့ရှိ ရပါတယ်။

သူတို့ နှစ်ဦးကြားမှာ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးလည်း ရှိတဲ့အတွက် မစ္စတာ ပူတင်က မစ္စတာ လစ်ဗင်ညန်ကို ကို ရေဒီယို သတ္တိကြွ ပိုလိုနီယံ-၂၀၁ နဲ့ အဆိပ်ခတ် ခိုင်းခဲ့တာလို့ အဲဒီ အစီရင်ခံစာက ပြောပါတယ်။

အဲဒီ သတ်ဖြတ်မှုဟာ နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်တာ ဖြစ်တယ်လို့ ယူကေ ပြည်ထဲရေး ဝန်ကြီး ထရီဇာ မေက ပြောပါတယ်။ အဲဒီ အမှုမှာ အဓိက လက်သည်အဖြစ် သံသယရှိတဲ့ Andrei Lugovoi နဲ့ Dmitry Kovtun တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကန့်သတ် ပိတ်ပင် လိုက်ပြီလို့ ထရီဇာ မေက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ကတော့ အခုလို စုံစမ်း စစ်ဆေးမှုဟာ သာမန် ရာဇဝတ်မှု တစ်ခုကို နိုင်ငံရေး အရ အရောင် ဆိုးတာပဲလို့ ပြောပါတယ်။

မစ္စတာ လစ်ဗင်ညန်ကို ဟာ ၂၀၀၆ ခုနှစ်က လန်ဒန် မြို့မှာ ရေဒီယို သတ္တိကြွ ပစ္စည်း ထည့်ထားတဲ့ လက်ဖက်ရည်ကို သောက်မိပြီးနောက် ရက်ပိုင်းအကြာမှာ သေဆုံး ခဲ့ပါတယ်။

ရုရှား သူလျှိုဟောင်းဖြစ်သူ မစ္စတာ လစ်ဗင်ညန်ကိုဟာ နောက်ပိုင်းမှာ ဗြိတိန် ထောက်လှမ်းရေး MI6 အတွက် အလုပ်လုပ် ခဲ့တယ်လို့ ယုံကြည်ရပြီး ရုရှား ဘက်က အပြင်းအထန် ဝေဖန်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


NLD အစိုးရ၏ သမ္မတလောင်းများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးများ လျာထားအမည်စာရင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်းနှင့် ထိုအမည်စာရင်းများကို လာမည့် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ဖွယ်ရှိကြောင်း NLD တာဝန်ရှိသူများ၏ ပြောဆိုချက်အရသိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ကျင်းပခဲ့သော ဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှ လျာထားစာရင်း ယခုလျာထားစာရင်းကို ဆွေးနွေးခဲ့သော် လည်း အတည်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါလျာထားစာရင်းတွင်လျာထားစာရင်းနှင့်အရန်စာရင်းဟူ၍ နှစ်မျိုးဖော်ပြထားကြောင်း NLD နှင့်နီးစပ်သူများကဆိုသည်။

သမ္မတရာထူးတွင်သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်- အရန်အဖြစ်၊ ဒေါက်တာတင်မာအောင် (NLD ဥက္ကဋ္ဌရုံးတာဝန်ခံ) ဒုတိယ သမ္မတအဖြစ် ဦးခွန်ထွန်းဦး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အရန်အဖြစ် ဒေါက်တာမျိုးအောင်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့် အရန်အဖြစ် ပြည်နယ်/တိုင်းမှ ဥပဒေပညာ ရှင်တဦးဖြစ်ကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လျာထားစာရင်းတွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း အရန်စာရင်းတွင်ကမာရွတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပေါင်း ဦးတင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနေရာတွင် သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အရန်စာရင်းတွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း ရန်ကုန်မြို့တော်ဝန်အဖြစ် ဗိုလ်တထောင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ထွန်းဝင်း အရန်အဖြစ် NLD ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ထံမှ တဦးကို လျာထားကြောင်း သိရသည်။

အစိုးရအဖွဲ့သစ်တွင် ၀န်ကြီးဌာနများကို (၂၆)ခုနှင့် (၂၇)ကြား ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါ ၀န်ကြီးများစာရင်းတွင် NLD ပါတီမှ ရှစ်ဦးသာပါဝင်ကြောင်း ကျန်ပုဂ္ဂိုလ် ၁၈ ဦးသည် ပြင်ပမှ ပုဂ္ဂိုလ်များ ပညာရှင်များပါဝင်ကြောင်း သိရသည်။

ဝန်ကြီးများစာရင်းတွင် လက်ရှိဦးသိန်းစိန် အစိုးရပွဲတွင် ပါဝင်တာဝန်ယူလျက်ရှိသည့် ၀န်ကြီးနှစ်ဦး၊ သုံးဦး ပါဝင်ဖွဲ့စည်းရန် လျာထား သည်ဟု ဆိုသည်။

အစိုးရအဖွဲ့သစ် လျာထားစာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များအား NLD လွှတ်တော်ကိုယ်စားလှယ် လေ့လာစောင့်ကြည့်ရေးအဖွဲ့က နောက်ကြောင်းများ၊ မဲဆန္ဒရှင်ပြည်သူနှင့် အဖွဲ့ဝင်များ၏ မကျေနပ်ချက်များ တိုင်ကြားချက်များရှိမရှိ စုံစမ်းနေပြီး ပြစ်ချက်ရှိပါက ထိုလျာထားစာရင်းမှ ဖယ်ရှားပြီး အရန်စာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များဖြင့် အစားထိုး သွားမည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီ၁၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့်CEC ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေး၊ ၀န်ကြီးဌာနလျှော့ချဖွဲ့စည်းရေးနှင့်ပါတီ၏ သတင်း/ ပြန်ကြား ရေးကော်မတီအဖွဲ့အသစ်ဖွဲ့စည်းရန်နှင့် ပြန်ကြားရေးဝန်ကြီး တာဝန်ယူမည့် ပုဂ္ဂိုလ်များကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း လာမည့် ဇန်န၀ါရီ ၂၄ ရက်တွင် ဒုတိယအကြိမ် CEC အစည်းအဝေးမှ လျာထားစာရင်းများကိုအပြီးသတ်ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ပြီး သတင်း ထုတ်ပြန်သွားမည်ဟုNLDCECဦးထွန်းထွန်းဟိန်က ပြီးခဲ့သည့်အပတ်က ပြောဆိုထား သည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


နိရဉ္စရာ၊ ဇန်န၀ါရီလ ၂၁

ရခိုင်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သော ဦးအေးသာအောင်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

ဤသို့ ကမ်းလှမ်းမှု အပေါ် ရခိုင်အမျိုးသား ပါတီမှ သဘောတူ မတူကို မသိရသေးသော်လည်း များမကြာမီ အကြောင်းပြန်လိမ့် မည်ဟု မျှော်လင့်ကြောင်း အမည် မဖော်လိုသူ NLD တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP သတင်းဌာနသို့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြောကြား ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအား NLD မှ အနိုင်ရထားကြသည့် ဦးဝင်းမြင့် အား ရွေးချယ်ထားသလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာအား ဦးမန်းဝင်းခိုင်သန်းကို ရွေးချယ် လျာထားကြောင်း ပြောကြားသည်။

လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို လျာထားရာ တစ်ဦးမှာ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သည်ဟု သိရသည်။

ယင်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ကမ်းလှမ်းမှု ထွက်ပေါ် လာခြင်း ဖြစ်သည်။

စစ်တွေတွင် ရောက်ရှိနေသော ဦးအေးသာအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ဘာမျှ မသိရသေးကြောင်းနှင့် ယခု ရန်ကုန်သို့ ပြန်ရန် စစ်တွေ လေဆိပ် သို့ ရောက်နေကြောင်း ပြောကြား သည်။

(ဓာတ်ပုံ- နိရဉ္စရာ)
Arakan State
https://www.facebook.com/NarinjaraNews


နေပြည်တော်၊ ဇန်နဝါရီ ၂၁

အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် မှ အနိုင်ရကိုယ်စားလှယ်အများစုတက်ရောက်ရမည့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့ လွှတ်တော် အတွက် ဥက္ကဌနေရာရာထူးများ ကြိုတင်ထွက်ပေါ်နေသည့် အမည်စာရင်းမှာ ပါတီ၏ ဗဟိုကော်မတီဆုံးဖြတ်ချက်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင် ဦးဝင်းထိန်က ပြောသည်။

ယခုကဲ့သို့ ပါတီဗဟိုကော်မတီ၏ဆုံးဖြတ်ချက် မပါသည့် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌနေရာ စုစုပေါင်း လေးနေရာအတွက် အမည်စာရင်းထွက်ပေါ်လာမှုအပေါ် သတင်းထုတ်ပြန်ခဲ့သည့် မီဒီယာအဖွဲ့ ထံ ပြန်လည်မေးထားသည်ဟု ဦးဝင်းထိန်ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းကြေငြာတာနဲ့ ပတ်သက်လို့ သဘောထားကတော့ CEC ရဲ့ ဆုံးဖြတ်ချက် မပါတဲ့အတွက်ကြောင့် ဘယ်လိုဖြစ်သလဲဆိုတာ ပြန်မေး ထားပြီးပြီ” ဟု ၄င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာအတွက် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တာမွေမြို့နယ်မှ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်နေရာတွင် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့် ဒုတိယဥက္ကဌ နေရာအတွက် ကချင်တိုင်းရင်းသားရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ နေရာအတွက် ဦးမန်းဝင်းခိုင်သန်း ၊ဒုတိယဥက္ကဌနေရာအတွက် ရခိုင်အမျိုးသားပါတီ မှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး ရွေးချယ် ထားသည်ဟု ပြည်ပ မီဒီယာ တစ်ခုက သတင်းထုတ်လွှင့်မှုခဲ့သည့် အပေါ် ဦးဝင်းထိန်ကတုံ့ ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီလိုရာထူးကို CEC ဆုံးဖြတ်ချက် နဲ့ လွှတ်တော်ဥက္ကဌတွေကို အသိပေးပြီးတော့မှ ကြေငြာမယ်” ဟု ဦးဝင်းထိန် က ပြောသည်။

ရာထူးတာဝန် နေရာ အတွက် လူရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ သေချာစွာ စိစစ်ရွေးချယ်ထားသည် ဟုဦးဝင်းထိန်ကပြောသည်။

“ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ်၊ တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့် အခြားပါတီ က ဖြစ်ဖြစ် အပြင်ကပဲဖြစ်ဖြစ် အဲ့ဒီလိုရွေးတာ၊ ရွေးတဲ့အခါမှာ တော်တော်သတိထားပြီးရွေးတာ၊ ကြေငြာဖို့ဆို တာ တိုင်ပင်ရတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ထွက်ပေါ်လာခဲ့သည့် သတင်းများ နှင့် ပက်သက်၍ အမျိုးသားဒိမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ သတင်းထောက်များက မေးမြန်းရာတွင် “ပြောတဲ့သူကိုပဲမေးပါ၊ အဲ့ ဒီကိစ္စအတွက် ပြောစရာမရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထွက်ပေါ်ခဲ့သည့် သတင်းများတွင် ပြည်သူ့ လွှတ်တော်ဥက္ကဌအဖြစ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း ဟု အမည်အတိအကျဖြင့် နှစ်ဦးပါဝင်ခဲ့ပြီး ဦးမန်းဝင်းခိုင်သန်းသည် ရာနှင့်ချီသော NLD ပါတီ၏ အနိုင်ရကိုယ်စားလှယ်များအနက် တစ်ဦးတည်း လွှတ်တော်အစည်းအဝေးများသို့  လာရောက်လေ့လာလျက်ရှိသည်။

The Street View
https://www.facebook.com/The-Street-View

ယာစွန် ဗိုလ်ချုပ်ကြီးအန်ဘန်လ ၊ ဘယ်စွန် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂမ်ရှောင်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွက် အရေးပါသော ဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်ကို ဇန်န၀ါရီ ၂၁ ရက် (ယနေ့တွင်) စတင်ကျင်းပ လျက်ရှိကြောင်း အမည်မဖော်လိုသူ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးက The Ladies သို့ပြောသည်။

" ဒီကနေ့ ဇန်န၀ါရီလ ၂၁ မှာ အစည်းဝေး စနေပြီ " ဟု အဆိုပါ အမည်မဖော်လိုသည့် အကြံပေးပုဂ္ဂိုလ်က ပြောသည်။

ဌာနချုပ်လိုင်ဇာတွင် ကျင်းပသည့် ယင်းအစည်းဝေးသို့ ချင်းမိုင် UNFC တိုင်းရင်းသား တပ်ပေါင်းစု ရုံးသို့ နေရာခေတ္တ ပြောင်းရွှေ့ခံထားရသည့် ဗိုလ်ချုပ်ဂွန်မော်ပါ တက်ရောက်နေသည်ဟု သိရသည်။

လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဦးဇောင်းဟရားမှာ အသက်ရွယ် ကြီးမြင့်လှပြီ ဖြစ်သောကြောင့် မူလကတည်းက အနားယူရန် အစီအစဉ်ရှိသည်ဟု သိရပြီး ၄င်း၏နေရာကို မည်သူဆက်ခံမည် ဆိုသည်ကို ယခု အစည်းဝေးတွင် တရားဝင် ဆုံးဖြတ်သွားဖွယ်ရှိနေသည်။

ယင်းအပြင် မကြာသေးခင်က ကေအိုင်အေအတွက် စစ်ဦးချုပ်နှစ်ဦးကို ခန့်အပ်ခဲ့သည့် အတွက် လက်ရှိစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က မည်သို့ဖြစ်မည် ၊ ယခင် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်က မည်သည့် ရာထူးသို့ ပြောင်းရမည် ဆိုသည်ကို ယခုအစည်းဝေးတွင် ဆုံးဖြတ်ရမည် ဖြစ်သည်။

ဗိုလ်ချုပ် ဂွန်မော်မှာမူ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်မှု ၊ ပညာတတ်ဖြစ်မှုတို့ကြောင့် နောက်ပိုင်း နှစ်များအတွင်း ကချင်လူထုအတွင်း သြဇာကြီးမားလာသည့် ပညာတတ် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာပြည်မ နိုင်ငံရေး အသိုင်းဝိုင်းတွင် သာမက နိုင်ငံတကာနှင့်ပါ ၀င်ဆံ့လာနိုင်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာနေသူတစ်ဦးလည်း ဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကေအိုင်အေ ခေါင်းဆောင်ပိုင်း အတွင်းသဘောထား ကွဲလွဲမှုများ ရှိသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးပြီး အဆိုပါ ကောလာဟလ ထွက်ပေါ်နေချိန်တွင် ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအန်ဘန်လမှာ “၀” ဌာနချုပ် ပန်ဆန်းတွင် ရှိနေသလို ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွန်မော်မှာ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ရောက်ရှိနေခဲ့သည်။

ယခုနောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးနှင့် ပထ၀ီနိုင်ငံရေး အခြေနေအရ တရုတ်နှင့် နီးစပ်သော အုပ်စုနှင့် အမေရိကန် အပါအ၀င် အနောက်နှင့်နီးစပ်သော တိုင်းရင်းသားအုပ်စုဟူ၍ ရှိနေရာ ယခု ဗဟိုကော်မတီ အစည်းဝေးတွင်လည်း ကေအိုင်အေ အနေနှင့် ရေရှည်ရပ်တည်ရေးအတွက် မည်သည့် အုပ်စုနှင့် အဓိကထား ဆက်ဆံမည်ဆိုသည်ကို ဆုံးဖြတ်ဖွယ် ရှိသည်ဟု ကေအိုင်အိုနှင့် နီးစပ်သည့် တိုင်းရင်းသားအရေး လေ့လာနေသူတစ်ဦးက ပြောသည်။

"အခုနောက်ပိုင်းမှာ တရုတ်နဲ့နီးသူ အနောက်အုပ်စုနဲ့ နီးတဲ့အဖွဲ့ဆိုပြီး ရှိလာတယ် ။ “၀” ရဲ့ ကြွယ်ဝ မှုအခြေအနေအရ ပန်ဆန်းဗဟိုပြု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုကလည်း ရှိလာတယ်။ ပြီးတော့ ကေအိုင်အိုက တိုင်းရင်းသား တပ်ပေါင်းစု UNFC မှာခေါင်းဆောင်လည်းဖြစ်တော့ ကေအိုင်အို ခေါင်းဆောင် အပြောင်းအလဲက တိုင်းရင်းသားအရေး အတွက်ပါလာပြီး အဆုံးဖြတ်ပေးမယ့် သဘော ရှိနေတဲ့အပြင် သူတို့ထဲမှာတင်ဖြစ်တဲ့ လက်မှတ်ထိုးတဲ့ အုပ်စု မထိုးသေးတဲ့ အုပ်စုနှစ်စုအကြား သဘောထား ၊ အရှေ့အုပ်စုလား အနောက်အုပ်စုလား ဆိုတဲ့ သဘောထားတွေကို ဒီအစည်းဝေးက အဆုံးအဖြတ် ပေးသွားမယ်ထင်တယ် " ဟု အဆိုပါ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်က ပြောသည်။

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်မှာ ၂၀၁၄ ခုနစ်က အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ဖူးသည်။ ၂၀၀၅ခုနစ်က စစ်အစိုးရ၏ အမျိုးသား ညီလာခံကို လက်ခံပြီး တပ်ဖွဲ့အား နိုင်နင်း အောင်ကိုင်တွယ်နိုင်မှု မရှိဟုဆိုတာ ယင်းကာလတွင် ကေအိုင်အို ဥက္ကဋ္ဌ အဖြစ်
တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီးဇော်မိုင် နှင့် အဖွဲ့အား ဗိုလ်ချုပ်အန်ဘန်လ ဦးဆောင်သည့် အဖွဲ့က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ဖူးပြီး ယင်းနာက်ပိုင်းတွင် ရှေ့မီနောက်မီ ဖြစ်သည့် ဦးဇောင်းဟရားအား ကေအိုင်အို ဥက္ကဋ္ဌအဖြစ် အာဏာသိမ်းပွဲ ဦးဆောင်သူများမှ တင်မြှောက်ထားခြင်း ဖြစ်သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

၁၈၈၀ ပြည့်နှစ်နောက်ပိုင်း ၂၀၁၅ ခုနှစ်ဟာ အပူဆုံးနှစ်ဖြစ်ခဲ့ (Credit: ABC)
သိပ္ပံပညာရှင်တွေရဲ့ ​အဆိုအရ ​၂၀၁၅ ​ခုနှစ်ဟာ ​ကမ္ဘာ့အပူချိန် ​အပူနွေးဆုံး ​ဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

၁၈၈၀ ​ပြည့်နှစ်နောက်ပိုင်း ​ကမ္ဘာ့အပူချိန်ထဲမှာ ​၂၀၁၄ ​ခုနှစ်က ​အပူဆုံး ​စံချိန်တင်ခဲ့ပေမယ့် ​၂၀၁၅ ​ခုနှစ်ကတော့ ​၂၀၁၄ ​ခုနှစ်ထက် ​အများကြီး ​ပိုပူလာတယ်လို့ ​ဆိုပါတယ်။

၂၀၁၅ ​ခုနှစ်အတွင်း ​အပူချိန် ​၀.၉ ​ဒီဂရီစဲလ်ဆီးယပ်စ် ​ပူနွေးတာဖြစ်ပြီး ​စံချိန်သစ် ​တင်သွားတာလို့ ​National ​Oceanic ​and ​Atmospheric ​Administration ​(NOAA) ​အဖွဲ့က ​ပြောပါတယ်။

NOAA ​ရဲ့ ​ပြောဆိုမှုကို ​အမေရိကန်အာကာသ ​အေဂျင်စီ ​နာဆာကလည်း ​ထောက်ခံလိုက်ပြီး ​သူတို့ကလည်း ​ဆက်တလိုက်တွေ၊ ​မိုးလေဝသဌာနတွေနဲ့ ​စမ်းသပ်တဲ့အခါမှာ ​ကမ္ဘာကြီးက ​သိသိသာသာ ​ပိုပြီး ​ပူနွေးလာတာကို ​တွေ့ရတာလို့ ​ဆိုပါတယ်။

ကမ္ဘာပူနွေးမှုကို ​ဖြစ်စေတာကတော့ ​ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် ​များလာမှုနဲ့ ​လူတွေကနေ ​ဖြစ်လာတဲ့ ​ညစ်ညမ်းမှုတွေကြောင့် ​ဖြစ်ရတာလို့ ​ဆိုပါတယ်။

အရင်တုန်းကတော့ ​ကမ္ဘာကြီး ​ပူနွေးလာပြီ ​ဆိုတဲ့ ​ကိစ္စကို ​တချို့အဖွဲ့အစည်းတွေက ​လက်မခံပဲ ​ဒါဟာ ​ဖြစ်ရိုးဖြစ်စဉ် ​ဖြစ်တယ်လို့သာ ​ပြောဆိုခဲ့ပေမယ့် ​ဒီတချီမှာတော့ ​ကမ္ဘာကြီးရဲ့ ​အပူချိန်ဟာ ​၁၈၈၀ ​ပြည့်နှစ်နောက်ပိုင်း ​၁ ​ဒီဂရီကျော် ​မြင့်တက်လာနေပြီ ​ဆိုတာကို ​လက်ခံနေကြတာ ​ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကပဲ ​ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​ပြုလုပ်တဲ့ ​ရာသီဥတုဆိုင်ရာ ​ညီလာခံမှာ ​ကမ္ဘာ့ပူနွေးမှုကို ​၂ ​% ​ထက် ​မပိုအောင် ​လုပ်ဆောင်ဖို့ ​သဘောတူခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ​ပူနွေးတဲ့ ​ရာသီဥတုကြောင့် ​တောမီးလောင်မှုတွေ ​ပိုဖြစ်ရသလို ​တချိန်တုန်းက ​မြောက်ပိုင်းက ​အပူပိုင်း ​ဒေသမှာပဲ ​ရှိတဲ့ ​ပင်လယ်ရေ ​သတ္တဝါတွေဟာ ​ပင်လယ်ရေ ​ပူနွေးလာမှုတွေကြောင့် ​အေးတဲ့ ​တောင်ဘက်ပိုင်းကို ​ရွှေ့ပြောင်းနေထိုင်တာမျိုးလည်း ​ဖြစ်နေပါတယ်။

ဒါ့အပြင် ​အယ်လ်နီနို ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​အာဖရိကတိုက်က ​နိုင်ငံတချို့၊ ​ပစိဖိတ်ဒေသက ​နိုင်ငံတချို့အပြင်၊ ​သြစတြေးလျ ​မြောက်ပိုင်း၊ ​ဖိလစ်ပိုင်နဲ့ ​ထိုင်းနိုင်ငံမှာ ​မိုးခေါင်ရေရှားမှု ​ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ​အလားတူ ​ဖြစ်နိုင်ခြေရှိတဲ့အတွက် ​ကြိုတင်ပြင်ဆင်ကြဖို့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​က ​နိုးဆော်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



ဇန်န၀ါရီ ၂၁ ။

ဟိမ၀န္တာဒေသတွင် ကိန်းဝပ်စံပယ်သော ဗုဒ္ဓမြတ်စွာ၏ အရိုးဓါတ်တော်များသည် ယနေ့ဇန်န၀ါရီ ၂၁-ရက်မွန်း လွဲပိုင်းက မန္တလေးသို့ အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပြီး Hotel United Mandalayတွင်ခေတ္တသီတင်းသုံး တော်မူပြီးနောက် စစ်ကိုင်းသီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။

အရိုးဓါတ်တော်ကို ဖူးမျှော်နိုင်ရန်အတွက် အပူဇော်ခံမည်ဖြစ်ပြီး ၂၁-ရက်နှင့်၂၂-ရက်တွင် စစ်ကိုင်း ဗုဒ္ဓ တက္ကသိုလ်၊ ၂၂-ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းကောင်းမှုတော်၊ ၂၃-ရက်နေ့တွင် မန္တလေး မဟာမြတ်မုနိ၊မိုးကောင်းဓမ္မာရုံ၊ ၂၄-ရက်နေ့တွင် မန္တလေးသုဓမ္မာကျောင်းတော်၊၂၅-ရက်တွင် နေပြည်တော် ဥပါတသန္တိ စေတီတော်၊၂၆-ရက်နေ့တွင် တောင်ငူမြို့ရွှေဆံတော်ဘုရား၊၂၇-၂၈-ရက်နေ့များတွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်တို့တွင် သီတင်းသုံး ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တိဗက်ဘုန်းတော်ကြီးများနှင့် နိုင်ငံအသီးသီးမှ ဘာသာရေး ခေါင်းဆောင်များတက်ရောက်ကြမည့် ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို ၂၂-ရက်မှ ၂၃-ရက်နေ့ထိ
သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓအရိုးဓါတ်တော်များ ပင့်ဆောင်ပူဇော်ခံခြင်း ဖြစ်သည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ ပညာအရည်အချင်းတွင် ချင်းပြည်နယ် အမတ်များသည် Ph.D ဘွဲ့ရ ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ် အများဆုံး ဦးဆောင်နေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးရှိသည့်အနက် Ph.D ဘွဲ့ရနှစ်ဦးရှိ၍ အလယ်တန်း တစ်ဦးပါဝင်သည်။ ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်၍ လွှတ်တော် ကိုယ်စားလှယ် ၉၇ ဦးတွင် Ph.D ဘွဲ့ရ သုံးဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ သုညရာခိုင်နှုန်း ဖြစ်သည်။ တတိယနေရာတွင် ရန်ကုန်တိုင်း ဒေသကြီးဖြစ်၍ လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦးတွင် Ph.D ဘွဲ့ရသုံးဦးရှိသည်ပြီး ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ သုည ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အဆင့်တွင် လွှတ်တော် ကိုယ်စားလှယ်များတွင် Ph.D ဘွဲ့ရကိုးဦးရှိသည်။ ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များတွင် စုစုပေါင်း ၃၉ဦးတွင် BA/MA ဘွဲ့ရသည် အများဆုံးဖြစ်ပြီး ၁၀ ဦးရှိသည်။ ဒုတိယအများဆုံးမှာ LLB / RL / HGP ဘွဲ့ရ ၈ ဦး၊ တတိယအများဆုံးမှာ BEd / Med ဘွဲ့ရ ၄ ဦးရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၀၇ ဦးရှိပြီး ဘွဲ့ရ ၂၃၁ ဦး၊ ၁၀ တန်းအောင် ၄၂ ဦးနှင့် အထက်တန်းအဆက် ၂၅ ဦး ရှိသည်။ ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာအရည်အချင်းမှာ ကိုယ်စားလှယ် စုစုပေါင်း ၁၁၅၀ ဦးရှိပြီး ဘွဲ့ရ ၉၀၂ ဦး၊ အထက်တန်းအောက် ၂၄၇ ဦးရှိသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် ကျရှုံးပါက ပြန်လည် ကုစားသည့်စနစ်ကို ယခုပညာသင်နှစ်မှ စတင်ပြီး မထားရှိတော့ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ညွှန်ကြားလိုက်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွ င်ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး မှတ်တမ်း (၁/၂၀၁၆) အကြောင်းအရာ (၆) သဘောတူညီချက်အရ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစစ်ဆေးခြင်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်ပြီး ဆောင်ရွက်ခြင်း မပြုရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး မှူးရုံးများ သို့ ယခုလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေရဲ့ ပညာရေး အရည်အသွေးအတွက် ကုစားကို မထားရှိဖို့ ပညာရှင်တွေက ဆွေးနွေး အကြံပြုကြပါတယ်။ ပထမတစ်နှစ်မှ ထားလိုက်တယ် ဆိုတာကလည်း လုပ်ခါစနှစ်ဖြစ်တဲ့အတွက် ကလေးတွေ နစ်နာမှာစိုးတဲ့အတွက် ကုစားကို ထားရှိပေးလိုက်တာပါ။ အခုနှစ်ကတော့ ဆရာတွေရဲ့ သင်ကြားမှု ကျောင်းသားတွေရဲ့ ကြိုးစားမှုတွေက အများကြီး တိုးတက်ဖို့ လိုသွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို ကုစား ဖြေဆိုမှု မထားရှိတော့သည့်အတွက် ကျောင်းသားကျောင်းသူများသည် အတန်းတင် စာမေးပွဲတွင် အဆင့်သတ်မှတ်ချက်ဖြစ်သည့် အဆင့် A, B, C, D တွင် အဆင့် D ရရှိပါက စာမေးပွဲကျရှုံးမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို အခြေခံပညာ စတုတ္ထတန်း နှင့် အဋ္ဌမတန်းတို့၏ နှစ်ဆုံး စာမေးပွဲရက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင် ကျင်းပမည်ဖြစ်ပြီး ၂၀ ရက်နေ့အထိ ဖြေဆိုရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies


အမေရိကန် အစုရှယ်ယာဈေးတွေဟာ ဗုဒ္ဓဟူးနေ့မှာ ကုန်သည်တွေအတွက် အတက်အကျကြမ်းတဲ့ နေ့တနေ့ ဖြစ်နေပြီး ပင်မ အစုရှယ်ယာတွေဟာ ဈေးပိတ်ချိန်မှာ သိသိသာသာ ပြန်တက်လာပေမယ့် ၃ ရာခိုင်နှုန်းကျော် အထိ ထိုးကျသွားတာနဲ့ လည်းကြုံခဲ့ရတာပါ။

စီးပွားရေးကျွမ်းကျင်သူတွေကတော့ ဒါဟာကမ္ဘာဈေးကွက်မတည်ငြိမ်ဘဲ  ရေနံဈေးထိုးကျနေတာ၊ တရုတ်စီးပွားရေး နှေးကွေးနေတာနဲ့ ဒီနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဆိုးရွားမယ်လို့ ခန့်မှန်းတာတွေကြောင့်လို့ ဆိုပါတယ်။

ရေနံစိမ်းတစည်ကို ၂၇ ဒေါ်လာအောက် ကျဆင်းနေတာက တချို့အစုရှယ်ယာ အညွှန်းကိန်းရဲ့အရေးပါတဲ့ ကဏ္ဍမှာရှိတဲ့ စွမ်းအင်ကုမ္ပဏီ အစုရှယ်ယာတွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ S&P 500 အညွှန်းကိန်းက ၁.၂ ရာခိုင်နှုန်း အကျနဲ့ ဈေးပိတ်ခဲ့သလို Dow အညွှန်းကိန်းကလည်း ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဂျာမဏီအစုရှယ်ယာ ဈေးတွေ ၂.၈ ရာခိုင်နှုန်းကျဆင်းခဲ့သလို ပြင်သစ်နဲ့ ဗြိတိန်က ပင်မ အညွှန်းကိန်းတွေကလည်း ၃.၅ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပါတယ်။

တိုကျို Nikkei အညွှန်းကိန်းက ၄ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို ဟောင်ကောင် Hang Seng အညွှန်းကိန်းက ၃.၅ နဲ့ တောင်ကိုရီးယား Kospi အညွှန်းကိန်းက ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။ တရုတ် Shanghai အညွှ့န်းကိန်းကလည်း ဗုဒ္ဓဟူးနေ့မှာ ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်။ Photo:shew.org
ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ရေနံထွက်ရှိနှုန်း ထိခိုက်နေရတယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။

မြန်မာ့ရေနံအထွက်နှုန်း ကျဆင်းနေတာကြောင့် နောက်ထပ်ရေနံတွင်းအသစ်တွေ ရှာဖွေဖို့ လိုအပ်လာနေပြီ လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းထွန်းက ပြောဆိုပါတယ်။

ဒါပေမဲ့ ရေနံဈေးနှုန်း ဆက်လက်ကျဆင်းနေမယ်ဆိုရင် ရေနံကုမ္ပဏီတွေကလည်း ကုန်ကျစရိတ်ကြီးမားတဲ့ တွင်းသစ်တွေရှာဖွေရေး ဆောင်ရွက်လိုကြမှာ မဟုတ်ကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ၁၉၈ဝ ပြည့်နှစ်တွေအတွင်း မြန်မာနိုင်ငံ ကုန်းတွင်းနဲ့ ကမ်းလွန်ပင်လယ်ပြင် စွမ်းအင်လုပ်ကွက်တွေ ကနေ နှစ်စဉ် ရေနံစိမ်း စည်ပေါင်း နှစ်သောင်းအထိ ထွက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရေနံထွက်နှုန်းကျဆင်း လာခဲ့ရာမှာ တစ်နှစ်ကို စည်ပေါင်း ၇၅ဝဝ ဝန်းကျင်သာ ထုတ်လုပ်နိုင်ခဲ့လို့ ၅ဝ% ၆ဝ % ထိ ကျဆင်းသွား ခဲ့ကြောင်း ဦးသန်းထွန်း က ပြောပါတယ်။

စွမ်းအင်ဝန်ကြီးဌာနက ရေနံတွင်းသစ်ပေါင်း ၁၆ ခု ခွင့်ပြုခဲ့ပေမဲ့၊ ရေနံအထွက်ကျဆင်းနေတဲ့ ရေနံချောင်း ၊ ရေနံချပ် ဒေသတွေမှာသာဖြစ်နေပါတယ်။

ရေနံဈေးနှုန်းဟာ ၂ဝ၁၄ ခုနှစ်က ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ တစ်ရာကျော်ရှိခဲ့ရာက၊ ပြီးခဲ့တဲ့ သီတင်းပတ်က တစ်စည်ကို ၂၈ ဒေါ်လာအောက် ကျဆင်းခဲ့ပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဝန်ဆောင်မှုအဖွဲ့က ဥက္ကဌ ဦးကျော်ကျော်လှိုင်ကတော့ ၂ဝ၁၇ ခုနှစ် ကျရင် ရေနံဈေးနှုန်း ပြန်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ အခုလတ်တလော ရေနံဈေး ကျဆင်းနေတာကြောင့် ရေနံရှာဖွေရေးကုမ္ပဏီတွေ လုပ်ငန်းစွန့်သွားကြမှာ စိုးရိမ်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံမှာ ကုန်းတွင်းရေနံလုပ်ကွက်ပေါင်း ၅၃ ခုရှိရာမှာ ၄ဝ က ရေနံတွေ ထုတ်နေပါတယ်။ ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်ပေါင်း ၅၁ ခုရှိရာမှာ ၃၈ ကွက်မှာ ဓါတ်ငွေ့ထုတ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ အင်အား ဟာ အများပြည်သူ ဦးရေ တစ်ထောင့် နှစ်ရာ ကျော်မှာ ရဲ တစ်ဦး နှုန်း။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ အင်အား ဟာ အများပြည်သူ ဦးရေ တစ်ထောင့် နှစ်ရာ ကျော်မှာ ရဲ တစ်ဦး နှုန်း ဖြစ်နေပြီး ရာဇဝတ် မှု တွေ လျော့ကျ ကင်းရှင်းဖို့ရာ ပြည်သူ လူထု အနေနဲ့ ဝိုင်းဝန်း ကူညီဖို့ လိုအပ် တယ် ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီးရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် မှာ တော့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ အင်းစိန်မြို့နယ်တွေက လူမိုက်ဂိုဏ်း တွေ ကို တိုင်း အဆင့် စီမံချက် ချ ပြီး ဖြိုခွင်း နေတာ မှာ လှိုင်သာယာ နဲ့ ရွှေပြည် သာ ဘက်က ရဲ မှတ်တမ်းရှိတဲ့ ရာဇဝင် လူဆိုး ခေါင်းဆောင် ၁၂ ယောက် ထဲ က တစ်ဝက် ကိုသာ ဖမ်း မိ ထားပါတယ်။

လှိုင်သာယာ နဲ့ ရွှေပြည်သာ မြို့နယ် တွေဟာ ရန်ကုန် မြို့ပြ ကို ပြောင်းရွှေ့ အခြေ ချ သူတွေ အများစု ဝင်ရောက် နေထိုင် တဲ့ နေရာ တွေ ဖြစ်တဲ့ အတွက် လူဆိုးဂိုဏ်း တွေ ထဲ ပါဝင် ပတ်သက် နေသူ တွေ အားလုံးရဲ့ ရာဇဝတ် နောက်ကြောင်း အခြေအနေ ကို အာဏာပိုင် တွေ ဘက်က သိဖို့ ခဲယဉ်း တယ်လို့ ရန်ကုန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။

ဒီလို အခြေ အနေ တွေ ကြောင့် တစ်နှစ် အတွင်း လူဆိုး ဂိုဏ်း အားလုံး ပပျောက် သွားဖို့ အတွက် ဆိုရင် ပြည်သူ လူထု ရဲ့ ပူးပေါင်း ကူညီ မှု လိုအပ်တယ် ဆိုပြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

အခု စီမံချက်ချ ဖမ်းဆီးမှုတွေ လုပ်နေတဲ့ မြို့နယ် ၃ ခု ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်း ထဲ ရာဇဝတ်မှု အများဆုံး ဖြစ်ခဲ့တဲ့ မြို့နယ်တွေ စာရင်းမှာ ပါဝင်ပါတယ်။

ဒီထဲက လှိုင်သာယာမြို့နယ် ကတော့ ရန်ကုန်တိုင်းထဲမှာ ရာဇဝတ်မှု အများဆုံး ဖြစ်ခဲ့ပြီး လူသတ်မှု ၂၅ မှု အပါအဝင် အမှုကြီး ၅၀ နီးပါး ဖြစ်ပေါ်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မန်းဝင်းခိုင်သန်း (ယာ တတိယမြောက်လူ) (Credit: Mahn Saing Facebook)
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်သစ်အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌရာထူးတွေအတွက် ခန့်အပ်မယ့်လူတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တာမွေမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ကရင်ပြည်နယ် မြ၀တီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို အမည်စာရင်း တင်သွင်းထားတယ်လို့ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီလွှတ်တော်နှစ်ရပ်ရဲ့ ဒုဥက္ကဌရာထူးတွေအတွက်ကိုတော့ ANP ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တဦးတို့ကို အမည်တင်သွင်းထားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အမည်စာရင်း တင်သွင်းခံရသူ မြ၀တီမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းဟာ မျက်နှာသစ်တဦးဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ကန်တကီပြည်နယ်မှာ နေထိုင်တဲ့ ကွယ်လွန်သူ မန်းဘခိုင်ရဲ့တူ - မန်းဝင်းခိုင်သန်းရဲ့ ဦးလေး ဒေါက်တာမန်းမြင့်ဆိုင် ကို ဗွီအိုအေ-မြန်မာပိုင်းက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောခဲ့ပါတယ်။

“၀င်းခိုင်သန်းက အသက် ၆၀ လောက်ရှိပြီ။ ၀င်းခိုင်သန်းဆိုတာက ခိုင်ဆိုတာ မန်းဘခိုင်ရဲ့ မြေးအရင်းမို့လို့ ခိုင်ကို ယူထားတာ။ သူ့အမေနာမည်က နန့်ခင်ရီခိုင်၊ အဖေနာမည်က မန်းသန်းရှိန်၊ အဲဒါကြောင့်မို့ သူ့နာမည်က ၀င်းခိုင်သန်း ဖြစ်သွားတာ။ အဲတော့ သူက ငယ်ငယ်ကတည်းကပါ။ အသက် ၂၀ ကျော်လောက်ကတည်းက B.A.B.L အောင်သွားတယ်လေ။ B.A.B.L အောင်သွားပြီးတော့ ရှေ့နေလုပ်နေတာ။ ပထမတုန်းကတော့ တို့ ဟင်္သာတမှာဆိုတော့ တို့နဲ့နီးနီး ကျုံပျော်ဆိုတဲ့မြို့မှာ အဲဒီမှာ ရှေ့နေလုပ်တယ်။ ရှေ့နေလုပ်ပြီးတော့ သူက မြ၀တီကို ပြောင်းသွားတာ။ အဲဒီမှာသွားပြီးတော့ သူက ရှေ့နေရုံးသွားဖွင့်တယ်။ ဖွင့်ပြီးတော့ သူက ဘာလုပ်လဲဆို သူက NLD အလုပ်လုပ်တယ်။ နောက်ပြီးတော့ သူက မရှိ ဆင်းရဲတဲ့ ကရင်အမျိုးသားတွေကို အမှု အလကားလိုက်ပေးတယ်။ ပရဟိတပေါ့။ အဲဒါမျိုးကို သူက လုပ်တာ။ လုပ်ရင်းကနေ နာမည်ကြီးလာပြီးတော့ သူက အမတ်ဝင်ရွေးတော့ အမတ်ဖြစ်သွားရော။ ဒီက ဆွေစုမျိုးစုနာမည်ကလည်း ရှိတယ်မို့လား။ မန်းဘခိုင်ရဲ့ မြေးအရင်း ဘာညာနဲ့ဆိုတော့ သူက ရသွားတာ။ ရသွားတော့ သူ့ကို အခုတော့ လွှတ်တော်ဥက္ကဌ ခန့်လိုက်ပြီလို့ ကြားတာပဲ။ လူမျိုးစုဥစ္စာကနေပြီးတော့ ကရင်ကိုး ကရင်အစစ်ကိုး။ ကရင်အမျိုးသားအနေနဲ့က ပထမဦးဆုံး ကိုယ့်အဖေ။ မန်းဘဆိုင်က ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တယ်။ ဦးနေ၀င်း အာဏာသိမ်းတဲ့အချိန်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌလေ။ အဲဒါက မန်းဘခိုင်ရဲ့ညီအရင်း၊ ကိုယ့်ရဲ့အဖေ။ အဲဒါက ပထမဦးဆုံး ကရင်အမျိုးသားထဲက လွှတ်တော်ဥက္ကဌပေါ့။ အခုက သူကတော့ မန်းဘခိုင်၊ မန်းဘဆိုင်တို့ရဲ့ မြေးပေါ့။ အခုတခါ သူက လွှတ်တော်ဥက္ကဌ ပြန်ဖြစ်တာပဲ။ ဒီအနွယ်ထဲကပဲ။”

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)
ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် တိုင်းရင်းသားလွှတ်တော်အမတ် ၃ ဦး အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ၄ နေရာအတွက် အမည်စာရင်း တင်သွင်းမယ့်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို အသီးသီး ရွေးချယ်လိုက်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် အမည်တင်သွင်းခံရတဲ့ အသက် ၆၄ နှစ်အရွယ် ဦးဝင်းမြင့်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ကိုယ်စားပြု အနိုင်ရခဲ့ဖူးသူတဦး ဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး  ပြည်သူ့လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ သူဟာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် ၁၉၈၅ ခုနှစ်ကစလို့ တရားလွှတ်တော် ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အမည်တင်သွင်းခံရသူ ဦးမန်းဝင်းခိုင်သန်း ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲဆန္ဒနယ်မြေက NLD ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရာက အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ဒုတိယ လွှတ်တော်ဥက္ကဋ္ဌတွေအဖြစ် ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တို့ကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

မကြာခင် ပြန်လည် စတင်တော့မယ့် လွှတ်တော်သစ်အတွက် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေကို NLD ပါတီက ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးလောကမှာ တိုင်းရင်းသားတွေကို ဘေးဖယ်ချန်ထားတယ်လို့ ပြောဆိုနေကြတဲ့အချိန်မှာပဲ တိုင်းရင်းသား ကိုယ်စားလှယ် ၃ ဦးကိုပါ ရွေးချယ်လိုက်တာကြောင့် တိုင်းရင်းသားတွေကို အားဖြည့်ပေးရာ ရောက်စေတယ်လို့ ဆိုပါတယ်။

အခုလို အမည်တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးစလုံးဟာ သူတို့ ရာထူးတွေမှာ ခန့်အပ်ခံရဖို့အတွက် လွှတ်တော်က မဲခွဲ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် သူတို့အနေနဲ့ အတည်ပြုချက် အလွယ်တကူ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

တပ်မတော်ကို ကိုယ်စားပြုပြီး တက်ရောက်ကြမယ့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးကို စစ်တပ်က ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ NLD ပါတီက အခုလို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အမည်စာရင်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com