01/23/16


ဇန်န၀ါရီ (၂၂) ရက်နေ့  မနက်မှာ မြန်မာနိုင်ငံတ၀န်းလုံးက အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား တချို့အပါအ၀င် တခြားရာဇ၀ါတ်သားအကျဉ်းသားတွေနဲ့ အတူ စုစုပေါင်းအကျဉ်းသား (၁၀၂) ဦးကို နိုင်ငံတော်သမ္မတရုံးညွန်ကြားချက်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့သတင်းကို ဒီဗွီဘီ ရုပ်သံသတင်းမှာ ကြည့်လိုက် ရပါတယ်။

လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငဲ့ညှာသော အားဖြင့်လွှတ်ပေးတာလို့ ဆိုပါတယ်။ နိုင်ငံအကျိုးထမ်းဆောင်နိုင်ဖို့ လွှတ်ပေးတာဖြစ်ပြီး နောက်တကြိမ် ပြစ်မှု ကျူးလွန်ရင် ၄င်းပြစ်ဒဏ်အပြင် ကျန်နေတဲ့ ပြစ်ဒဏ်များကိုပါ ပူးတွဲ ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာန်ုင်ငံက) AAPP ထုတ်ပြန်တဲ့သတင်းထဲ မှာတော့ လွတ်မြောက်လာသူတွေထဲမှာ နေ့ လည် ၂ နာရီ ခွဲအထိ နိုင်ငံရေးအကျဉ်းသား (၅၂) ဦးသာပါဝင်ကြောင်းနဲ့ လက်ရှိအမှု့ရင်ဆိုင်နေရပြီး အချုပ်အနှောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား (၄၀၈) ဦးကျန်ရှိနေသေးကြောင်းလည်း ကြားသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်တယ်ဆိုတာ ယေဘူယျအားဖြင့် မလွှတ်ဘဲထားတာထက်စာရင်တော့ ကြိုဆိုကြရမှာပါ။ ဒါပေမဲ့ ဦးသိန်းစိန်တို့ အစိုးရတက်လာခါစကနေ အခုနောက်ဆုံးအာဏာလွှဲပေး၇တော့မယ် (၅) နှစ်သက်တမ်းအတွင်း အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားတက်ကြွ သူတွေအပေါ်ပြုမူဆက်ဆံခဲ့တဲ့ လုပ်ရပ်နဲ့ သမိုင်းကိုစောင်းငဲ့ကြည့်လိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ် စေတနာချို့ငဲ့နေတာထင်ထင်ရှားရှားတွေ့ နိုင်ပါတယ်။

၂၀၁၂ခုနှစ်မှာ ပြုပြင်ပြောင်းလဲမယ်လို့ ကမ္ဘာသိ ကြွေးကြော်ခဲ့ပြီးစကတော့ အဓိကအတိုင်အခံတွေနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တော့ပေးပါရဲ့ ဒါပေမဲ့လွှတ်ပေးရာမှာ ပြန်ပေးဆွဲထားရာကနေ အကြပ်ကိုင် တောင်းတဲ့ငွေရရင်ရသလောက်၊ ပိုရလာအောင် တတိတိနဲ့ ပြန်ပေးဆွဲခံရသူတွေကို ပြန်လွှတ်သလိုမျိုး လွှတ်ပေးခဲ့တာလို့ ဝေဖန်ခံခဲ့ရတာ မှတ်မိကြအုံးမှာပါ။

ပိုပြီးပြုပြင်ပြောင်းလဲမှု့တွေလုပ်ခြင်လာအောင် နိုင်ငံတကာကနေ တွန်းအားပေးတဲ့အနေနဲ့ ကူညီထောက်ပံ့ငွေ တွေရဖို့ ၊ သူတို့ ရဲ့ တရားမ၀င်အာဏာယူထားတဲ့ စစ်တပိုင်းအစိုးရကို ပြည်တွင်းပြည်ပကအသိအမှတ် ပြုခံရအောင်၊ ကမ္ဘာအသိုင်းအ၀ိုင်းမှာဝင်ဆန့် လာအောင်၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု့တချို့ဝင်လာအောင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာကို မျောက်ပြဆန်တောင်းသလိုမျိုး ဗန်းပြနိုင်ဖို့ လက်လှီစိတ်ပြီး အလီလီအခါခါ တအိအိလွှတ်ပေးခဲ့တဲ့သမိုင်းက အထင်အရှားကျန်ခဲ့တာဘဲမဟုတ်လား။

သူတို့ လိုခြင်တဲ့ နိုင်ငံတကာကူညီထောက်ပံ့ငွေတွေလည်းရ၊ ကမ္ဘာပတ်ငွေတွေချေး၊ ပြည်တွင်းပြည်ပက အသိအမှတ်ပြုမှု့တွေလည်း အတိုင်းအတာတခုထိရရောထပ်လွှတ်မပေးတော့ဘုးလေ။ ဒီကြားထဲ လွှတ်တာတော့ရှိပါရဲ့ တကယ်လွှတ်ပေးလိုက်တာက လူဆိုးလူမိုက်ရာဇ၀ါတ်သားတွေလေ။

သူတို့ အုပ်ချုပ်တဲ့သက်တမ်းအလယ်လောက်မှာ နိုင်ငံရေးအကျဉ်းသားတောင် ထောင်ထဲက အကုန်မလွှတ်ရ သေးဘူး လယ်သိမ်းခံလယ်သမားတွေ၊ လစာတိုးတောင်းတဲ့အလုပ်သမားတွေ၊ ပညာရေးစနစ် ပြင်ဖို့  တောင်းဆိုတဲ့ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေ၊ မီဒီယာသမားသတင်းသမားတွေ၊ မတရားမှု့ကို ဖေါ်ထုတ်ရဲတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကို ပြန်ဖမ်းပြီး ထောင်ချလာလိုက်တာ အခုနောက်ဆုံး ရွေးကောက်ပွဲရှုံးပြီး အာဏာလွှဲဖို့ လပိုင်းရက်ပိုင်းကျန်တဲ့ထိအောင်မဟုတ်လား။

ကောင်းမွန်သောအစိုးရဖြစ်အောင်လုပ်မယ်လို့ ပြောခဲ့တဲ့ ဦးသိန်းစိန်တို့ အစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်က (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ အကာအကွယ်ယူထားတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်ပြီး နိုင်ငံရေးလုပ်ရင်၊ လက်ရှိအစိုးရမတရားလုပ်တာကို ဖေါ်ထုတ်ဆန္ဒပြရင်၊ လယ်သမားတွေ၊အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ နိုင်ငံရေးသမားတွေကို ရော်ဘာကွင်းလို ဥပဒေတွေနဲ့ လိုရင်လိုသလို ပုဒ်မတွေ ကြိုက်သလိုတပ်ပြီး အာမခံမပေးဘဲဖမ်းမယ်။ အမှုကိုအချိန်ဆွဲစစ်တယ်၊ ပြီးပြတ်ရမဲ့အချိန် ကျော်လွန်တာတောင်မပြီးစီးဘဲ အချိန်တွေအမျာကြီးလွန်ကာမှ နောက်ကြောင်းပြန်အမှုသစ်တွေနဲ့ တရားထပ်စွဲတယ်။ဒီတော့ ယုံကြည်ချက်နဲ့ နိုင်ငံရေးသမားတွေကို တမင်ဒုက္ခခံစေချင်တာ၊ တစ်မှု့လွတ်ရင်လဲ နောက်တမှုနဲ့မလွတ်ရအောင်ဆိုတဲ့ အညှိုးအတေးတွေနဲ့ တမင်လုပ်သလိုဖြစ်နေတာ မြင်သာပါတယ်။

မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်တွေလက်ထက်မှာတော့ မတရားမှု့ကိုဆန့် ကျင်တဲ့၊ အမှန်တရားကိုမြတ်နိုးတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို တဖက်သတ် ဖိနှိပ်ဖို့  လိုသလိုအသုံးပြုခဲ့တဲ့၊ လူ့ ဂုဏ်သိက္ခာကို စော်ကားနင်းခြေရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မကတော့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) ပါဘဲ။
မကြာခင်အာဏာလက်လွှတ်ရတော့မဲ့ ဦးသိန်းစိန် တို့ ရဲ့ စစ်တပိုင်းအစိုးရ လက်ထက်မှာလည်း မဟုတ်မခံတဲ့ပြည်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ အတွက် အောက်ပါဥပဒေပုဒ်မ အမျိုးမျိုးကို ထပ်မံအသုံးချခဲ့တာကိုတွေ့ရပါတယ်။

၁) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈)
၂) အများပြည်သူကို အထိတ်တလန့် ဖြစ်စေအောင် တည်ငြိမ်မှု့ပျက်ပြားအောင် ကြံစည်လှုံ့ဆော်ရေးသားလုပ်ကိုင်မှု့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)
၃) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)

အထက်ပါ ဥပဒေပုဒ်မတွေကို ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အရပ်သားအစိုးရလက်ထက်မှာ ပြန်လည်စီစစ်သုံးသပ်ပြီး ဖျက်သိမ်းသင့်ရင်ဖျက်သိမ်း ဒါမှမဟုတ် လိုအပ်ခဲ့ရင် ဒီမိုကရေစီစံရည်စံညွှန်းများနဲ့ အညီ အသစ်ပြန်လည်ရေးဆွဲရမှာပါ။

အဲ့ဒါအပြင်အရေးကြီးတာက ကောင်းမွန်မှန်ကန်တဲ့ဥပဒေတွေပြဌာန်းပြီးတောင်မှ ဒီဥပဒေတွေကို အသုံးပြုမှု့မှန်ကန်ဖို့ ၊ ဥပဒေဘက်တော်သားတွေ တော်တည့်ဖြောင့်မတ်မှန်ကန်ဖို့ ၊ တရားဥပဒေစိုးမိုးမှု့ရှိဖို့ ၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးမယိမ်းယိုင်စေဖို့ စောင့်ကြပ်ထိမ်းကြောင်းရအုံးမှာပါ။ တနည်းအားဖြင့်ပြောရရင် ဥပဒေဆိုတာ အာဏာရှိသူတွေက အာဏာမဲ့သူတွေအပေါ် ဖိနှိပ်ရေးကရိယာအဖြစ်အသုံးမပြုနိုင်အောင် စီမံကြရမှာပါ။

နှောင်တဆိုတာ အမှန်တကယ်နှောင်တရသူတွေ၊ ရိုးရိုးသားနှောင်တရသူတွေအတွက် နောက်ကျတယ်ဆိုတာမရှိပါဘူး။ ပကတိတည်ကြည်တဲ့ နှောင်တစိတ်တွေနဲ့ ဒီကနေ့ ပြုပြင်ရင် ဒီကနေ့ အကျိုးခံစားရမှာပါ။

မြန်မာနိုင်ငံအပါအ၀င် လူ့ အဖွဲ့ အစည်းတိုင်း နိုင်ငံတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာတည်ဆောက်ဖို့ ဖြစ်စေ၊ ငြိမ်းချမ်းရေးရဖို့ ဖြစ်စေ လူ့ အရေးလူ့ အရာ လောကီဘ၀တွေအတွက် ဧကောဓမ္မောလို့ ခေါ်နိုင်တဲ့ တခုတည်းသောတရားကတော့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ နေထိုင်ရှင်သန်ခြင်းပါဘဲ။

ဒါကြောင့် လက်ရှိနိုင်ငံရေးပြသနာတွေကိုဖြေရှင်းဖို့ ဆိုရင် အစိုးရအဖွဲ့ နဲ့ စစ်ဗိုလ်ချုပ်တွေသာမက နိုင်ငံရေးအင်အားစုအားလုံးအပြင်၊ နိုင်ငံသူနိုင်ငံသားတိုင်းမှာ အသိဥာဏ်ဦးစီးတဲ့နိုင်ငံရေးအမြင်ရှိဖို့ ၊ ရိုးသားပြီးအစွဲကင်းဖို့  စိတ်ရင်းစေတနာရှင်းရှင်းထား၊ မေတ္တာ၊ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာစတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသားမှာတည်ထားနိုင်ဖို့ လိုအပ်ပါတယ်။

အမှားကိုတာဝန်ယူတတ်ခြင်း၊ ခွင့်လွှတ်သီးခံခြင်းတရားများနဲ့ ပြည်သူ့ အကျိုး၊ တနိုင်ငံလုံးရဲ့ ရေရှည်အကျိုးကို ရှေ့တန်းတင်ညှိနှိုင်းဆွေးနွေး လက်တွဲအဖြေရှာလိုတဲ့ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်လိုစိတ်တွေ မွေးမြူကြမှသာ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်မှာပါ။

ဒီဆောင်းပါးကိုနိဂုံးသပ်ရရင် ဒီမိုကရေစီစနစ်မှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျရတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ အကျဉ်းထောင်တွေထဲမှာ မရှိသင့် မရှိအပ်ပါဘူး။ ပြီးတော့ အမျိုးသားပြန်လည် ပေါင်းစည်းရေးကို တကယ်ဘဲအရင်းခံစေတနာထားပြီး ပြည်သူတွေနဲ့ အတူ ပူးပေါင်းရယူခြင်တယ်ဆိုရင် ဦးသိန်းစိန်အစိုးရနဲ့ တကွ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်တဲ့အခါမှာ နံမည်ကြီးဘုရားပုထိုးအ၀င်မုဒ်ဝတွေနားမှာ ဇီဝိတဒါန အလှူပြုလိုသူတွေထံက အခကြေးယူပြီး ငှက်ကလေးတွေကိုလွှတ်လိုက်၊ ပြန်ဖမ်းလိုက်လုပ်စားနေတဲ့ ငှက်မုဆိုးတွေရဲ့ဘေးမဲ့အလှူ မျိုးမဖြစ်စေဘို့ သတိပေးခြင်ပါတယ်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၂၂) ရက် ၂၀၁၆ ခုနှစ်



ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ရဲ့ ကိုယ် စားလှယ်တစ်ဦးဖြစ်တဲ့ စိုင်းဝင်းမြတ်ဦးတစ်ယောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်နေရာအတွက် နိုဝင်ဘာရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်တုန်းကဆိုရင် သူပြန်ရွေးကောက်တင်မြှောက်ခံရနိုင်ခြေများတဲ့အပေါ် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေခဲ့ပါတယ်။ အရင်အတိတ်တုန်းက သူ့မဲဆန္ဒနယ်က ပြည်သူလူထုဟာ ဒေသခံရှမ်းပါတီကိုပဲ တညီတညွတ်မဲပေးခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ လူများ စုဗမာပါတီဖြစ်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကိုယ်စားလှယ်တစ်ဦးက သူ့ကိုအနိုင် ယူသွားခဲ့ပါတယ်။ သိသာနေတာ ကတော့ ဘာလဲဆိုတော့ ရှမ်းပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်မှုရဲ့ အဆုံးအဖြတ်မဲ ဆန္ဒတွေကို ပုံဖော်ပေးခဲ့သူတွေက တော့ ရှမ်းပြည်နယ်က ‘၀’တိုင်း ရင်းသားပြည်သူလူထုပဲ ဖြစ်ပါ တယ်။ သူတို့ထဲက အများအပြား ဟာ ၁၉၉၀ နှောင်းပိုင်းကာလက နိုင်ငံမြောက်ပိုင်းဒေသတွေကနေ ပြီး ရှမ်းပြည်နယ်မှာ အခြေချလာ ခဲ့ကြသူတွေပါ။

NLD ကို မဲပေးကြဖို့ ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော်က ‘၀’တိုင်းရင်းသားမဲဆန္ဒ ရှင်တွေကို ညွှန်ကြားခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိပါ တယ်။ အင်အားသုံးသောင်း လောက်ရှိတဲ့ ‘၀’ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ဟာ မြန်မာ-တရုတ်နယ်စပ်မှာ ဌာန ချုပ်အခြေစိုက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနက် အင်အားအကြီး ဆုံးလက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ပါ တယ်။

အဲဒီလိုညွှန်ကြားချက်တွေ ဟာ ဘေဂျင်းနဲ့ ဘာမှပတ်သက်မှု မရှိဘူးလို့ ကျွန်တော်စကားပြော ဆိုဆွေးနွေးခဲ့တဲ့ တရုတ်ပညာရေး နဲ့ ထောက်လှမ်းရေးဌာနတွေက သတင်းရင်းမြစ်တွေကတော့ ငြင်း ဆိုကြပါတယ်။ ဒါပေမဲ့ ရှမ်းဝါရင့် နိုင်ငံရေးသမားတစ်ဦးနဲ့ မြန်မာ့ တပ်မတော်က အတွင်းသတင်း ရင်းမြစ်သုံးဦးကတော့ ရှမ်းပြည် နယ်က ‘၀’မဲဆန္ဒနယ်တွေအပေါ် တရုတ်လွှမ်းမိုးမှုရှိခဲ့တယ်လို့ ထင် ကြောင်း ပြောကြပါတယ်။

စစ်အစိုးရကို ကာလရှည် ကြာကျောထောက်နောက်ခံပြုခဲ့ ပြီး ဒီမိုကရေစီပါတီတွေနဲ့ စေ့စပ် ညှိနှိုင်းဖို့ ငြင်းဆိုခဲ့ဖူးတဲ့ ဘေဂျင်း က အခုဘာကြောင့်များ NLD ကို ထောက်ခံမလဲ။ အကြောင်းရင်း တစ်ခုကတော့ လတ်တလောနှစ် တွေအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးဒီရေစီးကြောင်းအလှည့်အ ပြောင်းကို တရုတ်ကတွေ့မြင်ခဲ့လို့ ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းတိုင်ရောက်အောင် သန္နိဋ္ဌာန် အပြည့်နဲ့ ဆောင်ရွက်မယ့် နိုင်ငံ ရေးသမားတစ်ဦးအဖြစ် တရုတ် က စဉ်းစားမိလာသလို တစ်ချိန် တည်းမှာပဲ မြန်မာစစ်တပ်က အမေရိကန်ပြည်ထောင်စုရယ်၊ ကန်ရဲ့ မဟာမိတ်တွေရယ်နဲ့ နိုင်ငံ ရေး၊ စစ်ရေးစကားကမ်းလှမ်းမှု တွေ လုပ်လာနေခဲ့လို့ပါပဲ။

ဒါပေမဲ့ မြန်မာဗိုလ်ချုပ်ကြီး တွေအနေနဲ့ သူတို့ရဲ့ သီးသန့်ပိုင် နက်အတွင်းမှာပဲ ရှိရမယ်လို့ တောက်လျှောက်သတ်မှတ်ချိန် ဆထားတဲ့ အရေးကိစ္စတွေရှိတဲ့ နေရာမှာ အခုလို NLD နဲ့ ဘေဂျင်း ရဲ့ အသစ်တစ်ဖန်ပြန်လည်သင့် မြတ်သွားမှုက ဗိုလ်ချုပ်ကြီးတွေရဲ့ တရားဝင်မှုကို ခြိမ်းခြောက်လာပါ တယ်။ ဗိုလ်ချုပ်ကြီးတွေက သူတို့ သီးသန့်ပိုင်နက်အတွင်းမှာပဲရှိရ မယ်လို့ ချိန်ဆထားတာတွေက တော့ နိုင်ငံခြားရေးမူဝါဒ၊ နယ်စပ်ရေးရာ၊ အမျိုးသားလုံခြုံရေး၊ ဖက် ဒရယ်ပြည်ထောင်စုဝါဒဆိုတဲ့ အ ရေးကိစ္စတွေပါပဲ။

ဒီတော့ တရုတ်နဲ့ လာမယ့် NLD အစိုးရကြား တိုးတက်လာတဲ့ ဆက်ဆံရေးကြောင့် နယ်စပ်ဒေသတွေက မငြိမ်သက်မှုတွေကို ကူညီငြိမ်သက်စေနိုင်သလိုပဲ နေပြည်တော်က မြန်မာအီလစ်တွေကြား မပြေလည်လှတဲ့ အာဏာချိန်ခွင်လျှာကိုလည်း ကပြောင်းကပြန်မှောက်ပစ်လိုက်နိုင်ပါတယ်။

မြန်မာနဲ့ တရုတ်ဆက်ဆံရေးဟာ သမ္မတဦးသိန်းစိန်လက်ထက် မှာ ဆုတ်ယုတ်ကျဆင်းသွားပါ တယ်။ ဒါဟာ တရုတ်ဆန့်ကျင်မှု အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး မြန်မာမှာရှိတဲ့ ကွန်မြူနစ်တော် လှန်ရေးသမားတွေကို ဘေဂျင်းကစတင်ကျောထောက်နောက်ခံပြု ခဲ့တဲ့ ၁၉၆၀ နှောင်းပိုင်းကာလ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်း ကစပြီး မမြင်ဖူးခဲ့တဲ့အနေအထား အထိ ဆက်ဆံရေးဒီရေကျသွားခဲ့ တာပါ။ ၁၉၆၀ နှောင်းပိုင်းကာလ နောက်ပိုင်းမှာတော့ တိမ့်ရှောင် ဖိန်နဲ့ မြန်မာက စစ်တပ်ဦးဆောင် တဲ့ ဆိုရှယ်လစ်အစိုးရနှစ်ဖက်စ လုံးက ကြားနေနိုင်ငံခြားရေးမူဝါဒ ကို ထိန်းသိမ်းခဲ့ကြတာကြောင့် ဆက်ဆံရေးက တဖြည်းဖြည်းတိုး တက်လာခဲ့ပါတယ်။

၁၉၈၈ စစ်အစိုးရအာဏာ သိမ်းပြီးနောက်မှာတော့ ဆက်ဆံ ရေးက မဟာဗျူဟာမြောက်မိတ် ဖက်အဆင့်ထိကို တိုးတက်သွား ခဲ့ပါတယ်။ စစ်အစိုးရကို အနောက် တိုင်းက အလျင်အမြန်ပဲ ၀ိုင်းဖယ်ကြဉ်ခဲ့ကြပြီး ပိတ်ဆို့အရေးယူမှု တွေချခဲ့တာကလည်း တရုတ်နဲ့ စစ်အစိုးရကြားနောက်ထပ် ဆယ်စု နှစ်ခုကြာ နိုင်ငံရေး၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းသွားစေသလို ဖြစ်ခဲ့ပါတယ်။ တ ခြားအရာပေါင်းများစွာအနက် မြန်မာဟာ တရုတ်ကို သဘာဝ သယံဇာတတွေ၊ ဘင်္ဂလားပင် လယ်အော် မဟာဗျူဟာမြောက် ထွက်ပေါက်ဝင်ပေါက်ရယ်ကို ပေးကမ်းခဲ့ပါတယ်။ မြန်မာကို အကူအညီတွေ၊ လက်နက်နဲ့ စစ် သင်တန်းတွေ၊ သံတမန်ရေး အကာအကွယ်ပေးမှုတွေ ဘေဂျင်းက ပေးခဲ့ပါတယ်။

၂၀၁၀ မှာ မြန်မာအစိုးရက လစ်ဘရယ်ဝါဒစတင်ကျင့်သုံး လာတဲ့အခါမှာ ဆက်ဆံရေးက တစ်ခါအေးစက်စက် ချဉ်တင်တင် ဖြန့်ခဲ့ပြန်ပါတယ်။ ၂၀၁၁ မှာ နေ ပြည်တော်က လက်ရှိဒီမိုကရေစီ အစိုးရလို့ဆိုတဲ့ အစိုးရဟာ တရုတ်က လုပ်နေတဲ့ ကြီးမားလှတဲ့ မြစ် ဆုံရေအားလျှပ်စစ်ဆည်စီမံကိန်း ကြီးကို ဆိုင်းငံ့ခဲ့ပါတယ်။ များ သောအားဖြင့်တော့ ဒါဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ တရုတ် ရဲ့ အလွဲသုံးစားလုပ်တတ်တဲ့ စီး ပွားရေးအလေ့အထတွေကို မြန်မာဒေသခံလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေအပေါ် တုံ့ပြန်လိုက်ရတဲ့အနေအထားပါပဲ။ ဒါပေမဲ့ ဘေဂျင်းကတော့ တရုတ်ရဲ့ လွှမ်းမိုးခံအဖြစ်ကနေပြီး ထွက်သွားဖို့ မြန်မာအစိုးရက ကြိုးစားနေပါတယ်ဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ခုအဖြစ် ဒီဆိုင်းငံ့မှုကို ရှုမြင်ခဲ့ပါတယ်။

လတ်တလောနှစ်တွေမှာ မြန်မာအစိုးရကို အတိုက်အခံလုပ် တဲ့ အတိုက်အခံအုပ်စုတွေနဲ့ ဝေ ဖန်သူတွေကို တရုတ်အစိုးရက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာ ပါတယ်။ မြန်မာသတင်းထောက် တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD အဆင့်မြင့်အရာရှိ တွေအပါအ၀င် နိုင်ငံရေးပါတီ တွေက ကိုယ်စားလှယ်တွေကို တွေ့ဆုံကာ တစ်ခါတလေမှာဖိတ်ခေါ်တာမျိုးတွေ လုပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပိုင်းမှာဆိုရင် အဓိကနိုင်ငံခြားစီမံကိန်းတွေမှာ လူထုပါဝင်မှုအရေးပါမှုလိုမျိုး NLD သတ်မှတ်ပြဋ္ဌာန်းထားတဲ့မူဝါဒတွေကို ဆန့်ကျင်မယ့်ပုံပေါ်တဲ့ အကျိုးစီးပွားတချို့အပါ အ၀င် တရုတ်အကျိုးစီးပွားကို ယေဘုယျအားဖြင့် အလိုက်အထိုက်ဖြစ်နေစေတဲ့ အနေအထားမျိုးကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့ပါတယ်။

NLD မဲဆန္ဒရှင်တချို့ကို စိတ်မသက်မသာဖြစ်စေတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ် ဆုံစီမံကိန်းကို စိန်ခေါ်ငြင်းဆိုတာ မျိုး နည်းနည်းပါးပါးပဲ ပြောဖူးသ လို အငြင်းပွားမှုရှိနေတဲ့ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း ကိစ္စမှာ ကန့်ကွက်ဆန္ဒပြသူတွေ အပေါ် ရဲတပ်ဖွဲ့က နှိမ်နင်းမှုဖြစ် ပြီးနောက်မှာ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ခြင်းမရှိပေ။ သမ္မတစီကျင်းပင်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာဆိုင်ရာ Centerpiece တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ “One Belt, One Road” ကို ဒေါ်အောင်ဆန်းစုကြည်က ချီးမွမ်းထားပါတယ်။ ‘‘ကျွန်မတို့ရဲ့ လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ရဲ့ လွတ်လပ်မှုကို ကျေးဇူးပြုပြီးအသုံးပြုပါ’’လို့ နိုင်ငံတကာအသိုက်အ၀န်းကို တစ်ခါတုန်းက ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံခဲ့ပေမယ့်လည်း သူ့လို နိုဗယ်ဆုရှင်တစ်ဦးဖြစ်တဲ့ အကျဉ်းစံ လျူရှောင်ဘိုအရေး အပါအ၀င် တရုတ်က လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သိသိသာသာကို နှုတ်ဆိတ်နေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာ မှာ မဟာဗျူဟာအရရော စီးပွား ရေးအရပါ အကျိုးစီးပွားတွေကို တွန်းတွန်းတိုက်တိုက် မြှင့်တင်နိုင်စေ ဖို့အတွက် နယ်စပ်ဒေသတစ်လျှောက်မှာ ပြဿနာ အသေးအမွှားလေးတွေကို တရုတ်အစိုးရက မွှေထားနေပုံပါပဲ။ ဒီနောက်ပိုင်းမှာဆိုရင် ဒေသတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ကို တရုတ်က စောင့်ကြည့်မှုတွေ တိုးမြှင့်ထားပါတယ်။ လူသူလက်နက်အင်အား ထောက်ပံ့သယ်ယူပို့ဆောင်ရေးအကူအညီနဲ့ တပ်ဖွဲ့ဝင်တွေကို တရုတ်က ကူညီထောက်ပံ့တာကြောင့် ၂၀၁၅ မှာ ကိုးကန့်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရတယ်လို့ အဆင့်မြင့်မြန်မာအစိုးရအရာရှိတွေက စွပ်စွဲခဲ့ပါတယ်။

အခုတပ်မတော်ဟာ လုပ်ရ ကိုင်ရခက် ခွကျတဲ့အနေအထား တစ်ခုမှာ ရောက်နေပါတယ်။ NLD အစိုးရလက်ထက် ဘေဂျင်း နဲ့ နေပြည်တော်ကြား ဆက်ဆံရေးဘယ်လိုတိုးတက်မှုမဆိုဟာ အ သွားနှစ်ဖက်ဓားတစ်လက် ဖြစ် လာပါလိမ့်မယ်။ မြန်မာဗိုလ်ချုပ် ကြီးတွေက မြောက်ပိုင်းတိုင်းရင်း သားပဋိပက္ခရပ်စဲမှုတချို့ကို သေ ချာပေါက်ကြိုဆိုမှာ ဖြစ်ပေမယ့် ရွေးကောက်ခံအရပ်သားအစိုးရ တစ်ရပ်ရဲ့ လွှဲအပ်ထားတဲ့ လုံခြုံ ရေးပြဿနာတွေအဖြစ် သိပ်အ မြင်မခံလိုကြပါဘူး။

တပ်မတော်အနေနဲ့ သူနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကြား တိုက်ခိုက်မှုကို သာမန်တော်လှန်သူတွေအပေါ် ချေမှုန်းမှုတစ်ရပ်အဖြစ်ထက် တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင် မြဲရေးကို ကာကွယ်ဖို့ ကြိုးပမ်း အားထုတ်မှုတစ်ရပ်အဖြစ် ဖော် ညွှန်းလာနေပါတယ်။ ကျယ်ပြန့် တဲ့ ပထ၀ီဝင်နိုင်ငံရေးနယ်နိမိတ်မှာ ဒေသတွင်းပဋိပက္ခတွေကို စီမံပုံသွင်းခြင်းအားဖြင့် တပ်မ တော်ဟာ ရှောင်လွှဲလို့မရ၊ မရှိမ ဖြစ်အရေးပါလှပါတယ်ဆိုတဲ့ အ နေအထားကို တည်ဆောက်ဖို့ သူ တို့မျှော်လင့်နေပါတယ်။

မြန်မာက နိုင်ငံရေး၊ စစ်ရေး အရာရှိတွေ အများအပြားနဲ့ ယူနန်က ထောက်လှမ်းရေးအရာရှိတွေ ကတော့ သူတို့အနေနဲ့ လာမယ့် လအနည်းငယ်အတွင်း အစိုးရ သစ်တစ်ရပ်ကို NLD ဖွဲ့စည်းပြီး နောက်မှာ ဘေဂျင်းနဲ့ NLD အနေနဲ့သဘောတူညီမှုတချို့ ရဖို့ကို မျှော်လင့်နေကြောင်း ကျွန်တော့်ကို ပြောကြပါတယ်။ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နဲ့ပတ်သက်လို့ NLD နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ဖိအားပေးပါလိမ့်မယ်။ ဒါဟာ လက်ရှိအစိုးရမဖော်ဆောင်နိုင်ခဲ့တဲ့ အောင်ပွဲတစ်ရပ်ကို NCA ကို ဒေါ်အောင်ဆန်းစုကြည်ထံ အောင်ပွဲတစ်ခုအဖြစ် လွှဲပြောင်းခြင်းပါပဲ။ အပြန်အလှန်အားဖြင့် အဓိကအခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေလိုမျိုး မြန်မာမှာရှိတဲ့ အရေးပါတဲ့ တရုတ်အကျိုးစီးပွားတွေကို NLD က လျှော်ပေးပါလိမ့်မယ်။

ဒါဟာ တပ်မတော်အနေနဲ့ ဖဲချပ်နည်းနည်းနဲ့ ကစားဖို့ ချန်ရစ် စေတာပါပဲ။ ဒါဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ တရားဝင်မှုကို ပြိုလဲအောင် တွန်းလှဲပစ်နိုင်မှာ မဟုတ်သလို တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေနှိုးဆွပေးခြင်းအား ဖြင့် အနောက်တိုင်းဆီက ထောက် ခံမှုကိုရနိုင်မှာလည်း မဟုတ်ပါ ဘူး။ အနည်းဆုံးတော့ အရှေ့ မြောက်ဒေသမှာ တရုတ်က စွာ တာတာနိုင်တဲ့၊ တုံ့ပြန်မှုတစ်ရပ်ကို အစပျိုးတဲ့၊ အန္တရာယ်များတဲ့ စွန့် စားဖဲချပ်ကို မကစားဘူးဆိုရင် ပေါ့လေ။ (ဒါမှမဟုတ်ရင်လည်း ဒါတွေအားလုံးအသုံးချပြီးတော့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေမျိုးမှာ တပ်မတော်က အာဏာလွှဲ ပြောင်းယူနိုင်တဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တွေကို သွားညှိပါလိမ့်မယ်။)

ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရသစ်နဲ့ တရုတ်ကြား ပိုကြီး မားကျယ်ပြန့်တဲ့ ပူးပေါင်းဆောင် ရွက်မှုလက္ခဏာတွေကြောင့် စိတ် ညစ်ညူးကြရတဲ့ မြန်မာဗိုလ်ချုပ် ကြီးတွေဟာ အရပ်သားအာဏာ ပိုင်တွေက သူတို့ကို အရင်တိုင်ပင်နေသရွေ့ လက်ခံဖို့ ဆန္ဒရှိနေနိုင် ပါတယ်။ အခုထိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ လက်တွဲလုပ်ကိုင်ဖို့ ဆန္ဒရှိနေပုံပါ ပဲ။ တရုတ်နဲ့ နောက်ထပ်အသစ် တစ်ဖန်သင့်မြတ်မှုကို မျှော်လင့် တယ်ဆိုရင် ရှေ့ဆက်ဖို့ သူကောင်းကောင်းလုပ်ကိုင်ပါလိမ့်မယ်။ မြန်မာ့လေဒီနဲ့ မြန်မာ့ဗိုလ်ချုပ်ကြီး တွေကြား ငြိမ်းချမ်းရေးဟာ ဘေ ဂျင်းကနေ ဖြတ်သန်းဖြစ်ပေါ်ပါ တယ်။

(နယူးယောက်တိုင်းမ် သတင်းစာပါ နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်၏ Aung San Suu Kyi, The Dragon’s Lady အတွေးအ မြင်ဆောင်းပါးကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆိုသည်။)

ငြိမ်းငြိမ်းပြည့် / 7Day News Journal
http://www.7daydaily.com/story/56379

 ygn-ycdc-khinhlaing-620.JPG ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာနဲ့ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင် ဟာ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန့်သတ်ပိုင်ခွင့် မရှိကြောင်း စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေ တာနဲ့ပတ်သက်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဖွဲ့စည်းပုံအရပြောမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုတာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့ လက်ထက်တုန်းကဆိုရင် ရန်ကုန်မြို့ကြီးကို မြို့တော်ဝန် တိုက်ရိုက်စီမံခန့်ခွဲပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အလျင်အမြန်နဲ့ အရှိန်အဟုန်နဲ့ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်၊ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့နောက်ပိုင်း အစိုးရသစ် ရဲ့လက်ထက်မှာကျတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကို ရောက်ရှိသွားတာဖြစ်ပါတယ်၊ အဲ့လိုဆောင်ရွက်တဲ့အခါကျတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆောင်ရွက်ရတဲ့ အချိန်မှာ ဘာပဲလုပ်လုပ် တိုင်းဒေသကြီးက ခွင့်ပြုချက်ကို တောင်းပါတယ်၊ ကျနော်တို့ သဘောနဲ့ဘာမှ လုပ်လို့မရပါဘူး၊ အဲ့ဒီလို မရတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီကနေပြီးတော့ ဘယ်လောက်ပဲကန့်သတ် တိုင်းဒေသကြီးနေပြီးတော့ ခွင့်ပြုမိန့်ရှိလို့ရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရပါဘူး၊ ကျနော်တို့ထက်မြင့်တဲ့ အဖွဲ့အစည်းက ကိုင်ထားတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီမှာရှိတဲ့လူတွေကလည်း ခေါင်းညှိတ်ခဲ့ရတာတွေ ပဲရှိပါတယ်၊ မလွန်ဆန်နိုင်တာတွေပဲ ရှိပါတယ်"

ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းမှာ အထပ်မြင့်အဆောက်အဦးတွေ မဆောက်လုပ်သင့်တဲ့ နေရာတွေ မှာ ဆောက်လုပ်နေတာ၊ ခွင့်ပြုမိန့်မရသေးပဲ ဆောက်လုပ်နေတာတွေ ရှိနေတယ်လို့လည်း ဦးခင်လှိုင်က ပြော ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အရာရှိတွေအပါအ၀င် ဝန်ထမ်းတွေမှာ စည်ပင်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု အားနည်းတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထပ်မြင့်အဆောက်အဦး အရေအတွက်ကို မြို့တော်စည်ပင်အနေနဲ့ အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပဲ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ဒီလဆန်းပိုင်းလောက်က ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိပဲ အထပ်မြင့်အဆောက်အဦးတွေ ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ တင်ပြခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/yangon-ycdc-khinhlaing-say-building-01222016221124.html

Washington DC မြို့ကြီးကို ဦးတည်ပြီး ဧရာမ ဆီးနှင်းမုန်တိုင်းကြီး ကျရောက်နေပြီး ရုံးတွေ ကျောင်းတွေ ပိတ်ထားရပါတယ်။

လောလောဆယ် သတင်းရေးနေချိန်မှာ ဆီးနှင်း သုံးလက်မကျော်ကျဆင်းနေပြီဖြစ်ပြီး မုန်တိုင်းလွန်သွားချိန်မှာ ဆီးနှင်းထု နှစ်ပေကျော် ရှိမယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Washington DC မြို့ရှိ မြေပေါ် မြေအောက် မီးရထားတွေအကုန်လုံးနဲ့ ဘတ်စ်ကားလိုင်းအားလုံးကို သောကြာည ဘက်ပိုင်းကနေ တနင်္လာအထိ ရပ်ဆိုင်းသွားစေခဲ့ပါတယ်။

အရှေ့မြောက်ပိုင်း ပြည်နယ် တစ်ဒါဇင်လောက်ကို ဝင်တိုက်မှာဖြစ်ပြီိး လူ သန်း ၇ဝ လောက် ရင်ဆိုင်ကြရမှာ ဖြစ် ပါတယ်။ အာကင်ဆော၊ တယ်နယ်ဆီနဲ့ ကင်တတ်ကီပြည်နယ်တို့မှာ ဆီးနှင်း ငါးလက်မကျော်ကျော်ကျခဲ့ပြီး မြောက် ကယ်ရိုလိုင်းနားပြည်နယ်မှာ တစ်ပေလောက်အထိ ကျခဲ့ပါတယ်။

သောကြာနေ့ မွန်းလွဲပိုင်းကနေ စနေည သန်းခေါင်ကျော်အထိ ဆက်တိုက်ကြမှာမို့ လူတွေကို အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့ သက်ဆိုင်ရာကနှိုးဆော်ထားပြီး အရံစစ်တပ်ဖွဲ့ဝင် ၉ဝဝ ကျော်ကို အရေးပေါ်ကယ်ဆယ်ရေး တာဝန်ချထားပါတယ်။

လေယာဉ်ခရီးစဉ်ပေါင်း ၆၂ဝဝ ကို မနေ့ညနေက ပယ်ဖျက်ခဲ့ပြီး နောက်နှစ်ရက်အတွက်လည်း မရေမရာ ဖြစ်နေ တယ်။

RFA
http://www.rfa.org/burmese/news/washington-dc-snow-storm-01222016214124.html



မကြာမီရက်ပိုင်းက ပြင်သစ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးနှစ်ဦးနှင့် ကျွန်တော် ခရီးသွားရသည်။ ထိုခရီးစဉ်ပြီးဆုံးခါနီးတွင် ပြင်သစ်အမျိုးသမီးကြီးက ကျွန်တော့်ကို အောက်ပါအတိုင်းမေး၏။
''မစ္စတာညီ မင်းတို့နိုင်ငံမှာ အလုပ်မရှိတဲ့သူတွေကို အစိုးရက အနိမ့်ဆုံး ဘယ်လောက်ထောက်ပံ့ပါသလဲ''
''မင်းတို့နိုင်ငံမှာလိုမဟုတ်ဘူး၊ ငါတိုနိုင်ငံမှာ အလုပ်လက်မဲ့ထောက်ပံ့ကြေးဆိုတာမရှိဘူး၊ အလုပ်ရှိရှိမရှိရှိ အစိုးက တပြားတချပ်မှ ထောက်ပံ့တာမဟုတ်ဘူး''
''ဟင် ဒါဆို၊ လူတွေ ဘယ်က၀င်ငွေနဲ့ ထမင်းသွားစားမလဲ''
''ဒီလိုပဲကြည့်စားရတာပေါ့၊ စားစရာမရှိတော့လည်း ရှိတာလေးတွေ ပေါင်၊ ချေးငှားစား၊ ပေါင်စရာ ချေးစရာမရှိတော့လည်း ငတ်ကြပေါ့''
''ကျန်းမာရေး ထောက်ပံ့ကြေးရောပေးလား''
''မရှိပါဘူး''
''နေမကောင်းရင် ဘယ်လိုလုပ်မလဲ''
''ပိုက်ဆံရှိတဲ့သူတွေက ဘန်ကောက်တို့၊ စင်ကာပူတို့ သွားကုကြ၊ နည်းနည်းပါးပါးတတ်နိုင်တဲ့သူက ပြည်တွင်း က ပုဂ္ဂလိကဆေးရုံဆေးခန်းတွေသွားကြ၊ ဆင်းရဲတဲ့သူတွေ အများစုကတော့ လမ်းဘေးကွမ်းယာဆိုင်က စပ်ဆေးလေးတွေ ၀ယ်သောက်ကြ၊ မသက်သာတော့ အစိုးရဆေးရုံ တက်ကုကြပေါ့။ ဆေးရုံကတော့ နေရာတိုင်းမှာရှိတာ မဟုတ်ဘူး။ အချို့ ရွာတွေဆို ဆေးရုံကိုရောက်ဖို့ နှစ်ရက်ခရီးလောက် လာရတာတွေ တောင်ရှိတယ်။ ဆေးရုံတွေကတော့ အခမဲ့ကုပေးပါတယ်။ ဒါတောင်လိုအပ်တဲ့ ဆေးတို့၊ ခွဲစိတ်ခန်းမှာသုံးရမယ့် ဆေးပစ္စည်းတွေ၊ ဘာတွေကို လူနာကပဲ ၀ယ်ပေးရတယ်။ လုံးဝအခမဲ့ ဆိုတာမျိုးတော့ မရှိပါဘူး''
''ဒါဆိုရင် လူတွေ ငွေလိုတဲ့အခါ လုယက်မှုတွေ၊ ရာဇ၀တ်မှုတွေ ကျူးလွန်ကုန်ကြမှာပေါ့''
''တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ထုတ်ပုဂ္ဂလိကသတင်း စာတစောင်ဖတ်ကြည့်လိုက်ရာ ဇန်န၀ါရီ ၁၅ ရက်က မြောက်ဥက္ကလာတွင် ဘဏ်မှ ငွေထုတ်လာသူ အမျိုးသမီးတဦးကို ဆိုင်ကယ်စီးလာသော လူနှစ်ဦးမှ လူကို တွန်းလှဲ၊ ပိုက်ဆံအိတ်ကို လုယက်ပြီး ထွက်ပြေးသွားသော သတင်းကို ဖတ်ရပေ၏။ တဖန် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၌ အငှားကားစောင့်နေသော တူအရီးနှစ်ယောက်ထံမှ ကား ဆရာအပါအ၀င် လူလေးဦးက ဖုန်းကိုလုယူကာထွက်ပြေးသွားခဲ့ကြောင်းလည်း ၁၇-၁-၂၀၁၆ ရက် စံတော်ချိန် သတင်းစာတွင် ဖတ်ရပေသည်။ မကြာမီကလည်း ဘဏ်တခုတွင် မီးလောင်သည်ဟု ခြောက်လှန့်ကာ ငွေလုရန် ကြိုးစားသူတဦးကို ဖမ်းဆီးရမိလိုက်ပေသည်။ မြန်မာနိုင်ငံတွင် နေ့ခင်းကြောင်တောင် ကျူးလွန်သော ရာဇ၀တ်မှုများသည် များသထက်များလာပေ၏။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နိုင်ငံသားများအားလုံး အလုပ်အကိုင် ရရှိနေရေး (လူတိုင်းဝင်ငွေရှိနေစေရေး)သည် အစိုးရ၏တာဝန်ဖြစ်သည်။ လူတယောက်သည် အလုပ်လုပ်နိုင် ပါလျက်၊ အလုပ်လုပ်ချင်ပါလျက် အစိုးရက အလုပ်အကိုင်ရှာဖွေမပေးနိုင်ဘူးဆိုလျှင် ထိုလူ အလုပ်မရခင်၊ ၀င်ငွေမရှိခင်စပ်ကြား စားဝတ်နေရေးအဆင်ပြေစေရန် လစဉ်ထောက်ပံ့ကြေးကို အစိုးရမှ ထောက်ပံ့ပေးကြလေ့ ရှိသည်။ အားလုံးက လက်တွေ့ကျကျစဉ်းစားကြသည်မှာ လူတို့သည် အလုပ်လည်းမရှိ၊ ၀င်ငွေလည်းမရှိ၊ မိသားစုလည်းရှိနေပြီဆိုလျှင် ကိုယ့်မိသားစုထမင်းမငတ်ရေးအတွက် ရရာဒုစရိုက်အလုပ်ကို လုပ်ကြတော့မည် ဖြစ်သည်။ ခိုးခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ ရိုက်လုခြင်း၊ ဓားပြတိုက်ခြင်း၊ လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း စသော ရာဇ၀တ်မှုများ ဆင့်ပွားဖြစ်ပေါ်လာပေမည်။ ထို့ကြောင့် အလုပ်လုပ်ချင်ပါလျက် အလုပ်မရသေးသူများကို အစိုးရက ကြားခံအဖြစ် ၀င်ရောက်ထောက်ပံ့ရပေမည်။ ထိုသို့ထောက်ပံ့ကြေး တနိုင်ငံလုံးပေး နိုင်စေရန် ချမ်းသာသောသူများထံမှ အခွန်အကောက်ကို တိတိကျကျမလွတ်တမ်းကောက်ခံပေသည်။ အခွန်မဆောင်လျှင် မည်မျှ ရာထူးကြီးသူ၊ နာမည်ကြီးသူကိုမျှ ခွင့်လွှတ်ရိုးထုံးစံမရှိ၊ အားလုံးကို ဥပဒေအတိုင်းသာ ကျောသား ရင်သားမခွဲဘဲ ဆောင်ရွက်သည်။ ထို့ကြောင့် ချမ်းသာသူကော၊ အခြေခံလူတန်းစားရော မိမိအတိုင်းအတာ အရအခွန်ကို မလွတ်တမ်းမပျက်မကွက်ပေးဆောင်ကြရသည်။ ထိုသို့ ပေးဆောင်ထားသဖြင့် ကျောင်းများ၊ စာကြည့်တိုက်များ၊ လမ်းများ၊ ပန်းခြံများ၊ ပြတိုက်များ၊ ရဲစခန်းများ၊ မီးသတ်ဌာနများ စသည့်အခြေခံ အဆောက်အအုံများကို အစိုးရက လိုလေသေးမရှိ ဖြည့်ဆည်းတည်ဆောက်ပေးထားပေ၏။ ထို့ကြောင့် ပေးရသူကလည်း ကြည်ဖြူသည်။ ရယူလိုက်သော အစိုးရကလည်း ကောက်လိုက်သော အခွန်ငွေများကို ပြည်သူလူထုအတွက် တိတိကျကျပြန်သုံးပေးသည်။ ထို့ကြောင့် လူတယောက်သည် အလုပ်မရှိတော့သော် လည်း အခြေအနေမပျက် ရှင်သန်နိုင်သည်။ မြန်မာနိုင်ငံသို့ရောက်လာသော ကျောပိုးအိတ်လွယ်ခရီးသည် (Foreign Independent Traveller)အချို့သည်အလုပ်မရှိဘဲ အစိုးရမှပေးသော အလုပ်လက်မဲ့ထောက်ပံ့ ရေးငွေဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်လာကြသည်များပင်ရှိသည်။ ထိုငွေဖြင့် အားလပ်ရက်တွင် ခြိုးခြိုးခြံခြံဖြင့် ကမ္ဘာပင်ပတ်နိုင်သေးသည်။

အင်္ဂလန်နိုင်ငံတွင် အလုပ်ရှာနေသောသူများကို အလုပ်မရခင်စပ်ကြား ခြောက်လအထိ အစိုးရမှ ထောက်ပံ့ ကြေးငွေပေးထား၏။ ထောက်ပံ့ပုံမှာ အလုပ်လိုချင်သူ၏ အသက်အရွယ်၊ ပညာအရည်အချင်း၊ လုပ်နိုင်သော အလုပ်ကျွမ်းကျင်မှု၊ မိသားစုရှိမရှိ၊ ကလေးရှိမရှိ၊ ယခင်က လုပ်ကိုင်ဖူးသောအလုပ် စသည်တို့ကိုထောက်ထား တွက်ချက်၍ အနည်းဆုံး ရက်သတ္တတပတ် (၇ ရက်လျှင်) စတာလင်ပေါင် ၅၇ မှ ၇၂ ပေါင်ရသည်။ မြန်မာငွေနှင့် တွက်လျှင် အလုပ်မရှိသူတယောက် အစိုးရထံမှ အခမဲ့ရရှိသောငွေမှာ ခုနစ်ရက်တပတ်လျှင် ကျပ်တသိန်း လေးထောင့် ခုနစ်ရာ့ရှစ်ဆယ် (၁၀၄,၇၈၀ ကျပ်)မှ ကျပ်တသိန်းသုံးသောင်းတထောင့် ရှစ်ရာရှစ်ဆယ့်ကိုးကျပ် (၁၃၁,၈၈၉ ကျပ်)ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် အင်္ဂလန်နိုင်ငံတွင် အလုပ်မရှိအကိုင်မရှိသူတယောက်ကို အစိုးရမှပေးထားသောဝင်ငွေမှာ တလလျှင် မြန်မာငွေ လေးသိန်းကျပ်ကျော်ကျော် ဖြစ်သည်။ ထိုနှုန်းမျိုးနီးပါးဖြင့် အမေရိကမှာလည်း ပေးသည်။ ပြင်သစ်၊ ဂျာမဏီ၊ ဆွစ်ဇာလန် စသော ဥရောပနိုင်ငံများမှာလည်း ပေးသည်။ သြစတြေးလျကျွန်းနိုင်ငံမှာလည်း ပေးသည်သာဖြစ်သည်။ ထိုအခါအဆိုပါ နိုင်ငံများတွင် ကလေးနို့မှုန့်ဖိုးမရှိ သဖြင့် ပိုက်ဆံငါးထောင်၊ တသောင်းအတွက် လုယက်သောသူလည်းမရှိတော့၊ ဆေးရုံတွင် လာဘ်မထိုးနိုင် သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသောမသာလည်း မရှိတော့။ အကျင့်စာရိတ္တနဂိုကတည်းက မကောင်း သဖြင့် မကောင်းမှုကျူးလွန်သူများကတော့ သူ့ထိုက်နှင့်သူ့ကံဖြစ်သည်။ ငတ်သေသောမသာမရှိအောင် အစိုးရ ဘက်ကတော့ တာဝန်ကျေအောင် ဆောင်ရွက်ထားပြီးဖြစ်သည်။ မူးယစ်ဆေးစွဲနေသူများ အိမ်ခြေရာခြေမဲ့များ၊ အလုပ်မလုပ်နိုင်သော အိမ်ခြေရာခြေမရှိ ကလေကလွင့်များအတွက်ကိုလည်း ပစ်ပယ်မထား ထိုသူများငတ် မသေအောင် အစိုးရက စီမံပေးထားသည်။ စီမံပုံမှာ ထိုသူများကိုတော့ ငွေထုတ်မပေး၊ အစားအစာဝယ်စားနိုင် သော ကူပွန်လက်မှတ်များ ထုတ်ပေးထားသည်။ ထိုလက်မှတ်များဖြင့် သတ်မှတ်ထားသော စူပါမားကက်များ၊ ရှော့ပင်းစင်တာများမှာ အစားအသောက်များ ၀ယ်နိုင်သည်။ ကူပွန်ကို ပြန်လည်ရောင်းချခွင့်မရှိ။ ဆင်းရဲသူ အိမ်ခြေရာခြေမဲ့များမစားရ မသောက်ရမရှိရလေအောင် စီမံပေးခြင်းဖြစ်သည်။ ဆေးမချရ၍ လူသတ်ခြင်းတော့ ရှိချင်ရှိမည်။ ပေါင်မုန့်နှင့်ငါးသေတ္တာ စားစရာမရှိသဖြင့် လူသတ်ဖို့တော့မလိုအောင် အစိုးရက အဘက်ဘက်က စဉ်းစားဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးနိုင်အောင် ငွေရှာသောနောက်တနည်းမှာ အချို့သယံဇာတကြွယ်ဝသောနိုင်ငံများတွင် နိုင်ငံ၏သယံဇာတများကို ပြည်ပသို့ ရောင်းချရာမှရသောငွေများကို အစိုးရက ပြည်သူများအား အချိုးကျဝေပုံ ချ၍ ခွဲဝေထောက်ပံ့ခြင်း (၀င်ငွေကိုခွဲပေးခြင်း)ဖြင့် နိုင်ငံသားတို့ အထွေအထူးအလုပ်လုပ်စရာမလိုဘဲ ကြွယ်ဝ ချမ်းသာလာကြခြင်းဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစကာ အရှေ့အလယ်ပိုင်းဒေသမှ အာရပ်နိုင်ငံများ သည် ရေနံများထွက်သဖြင့် ချမ်းသာလာကြသည်။ ဆော်ဒီ အာရေဗျ၊ ကာတာ၊ ကူဝိတ်၊ UAE စသောနိုင်ငံများ သည် ရေနံစိမ်း ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် အလွန်အမင်းချမ်းသာလာရာ၊ အစိုးရသည် ရေနံမှရသော ၀င်ငွေများကို မိမိနိုင်ငံသားများအား အချိုးကျခွဲဝေ ထောက်ပံ့ခြင်းဖြင့် ဆော်ဒီနိုင်ငံသားများ၊ ကူဝိတ်နိုင်ငံသား များ၊ ယူအေအီးနိုင်ငံသားများ၊ ကာတာနိုင်ငံသားများသည် ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ၀င်ငွေကောင်းကာ လူတိုင်းနီးပါးသူဌေးဖြစ်လာကြပါသည်။ ထိုနိုင်ငံများတွင် နိုင်ငံသားတဦးချင်းစီ ၀င်ငွေကောင်းသည်နှင့်အညီ အချို့သောသယံဇာတကို ခေါင်းဆောင်တစုက အပိုင်စီးထားသည့် အာဏာရှင်နိုင်ငံများကဲ့သို့ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုမျိုးလည်း မဖြစ်တော့ပေ။ ထို့ကြောင့် မြန်မာအပါအ၀င် ဆင်းရဲသောနိုင်ငံများမှ အလုပ်သမားများကို ခေါ်ကာ သူတို့မလုပ်ချင်သော Dirty, Difficult, Dangerous ဆိုသော ဒီသုံးလုံးအလုပ်များကို ခိုင်းတော့သည်။ သူ့နိုင်ငံသားများကတော့ အဲကွန်းခန်းထဲဝယ် ကွန်ပျူတာရှေ့တွင် ထိုင်ရသော အလုပ်များကိုသာ လုပ်ကြတော့ သည်။

မြန်မာနိုင်ငံဝယ် စဉ်းစားဝေဖန်ပိုင်းခြားနိုင်သော အသိဥာဏ်အဆင့် အတန်းနိမ့်ကျသူအချို့က ဘယ်အစိုးရ တက်တက် ကိုယ်လုပ်မှကိုယ် စားရတာပဲဟု ပြောလေ့ရှိသည်။ အောင်ဆန်းစုကြည်တက်လည်း ဘာဖြစ်လဲ၊ ငါတို့ကတော့ ကိုယ်လုပ်မှကိုယ်စားရမှာပေါ့ဟု မျက်မွေးတဆုံးပဲကြည့်ကာ ပြောလေ့ရှိသည်။ အကယ်စင်စစ် သူတို့သာ စဉ်းစားတတ်လျှင် ကမ္ဘာပေါ်၌ အစိုးရသုံးမျိုးရှိကြောင်း သိလာပေလိမ့်မည်။ ထိုအစိုးရများမှာ -
(၁) ကိုယ်မလုပ်ဘဲ ကိုယ်စားရသည့်အစိုးရ
(၂) ကိုယ်လုပ်မှ ကိုယ်စားရမည့်အစိုးရ
(၃) ကိုယ်လုပ်သော်လည်း ကိုယ်မစားရသည့် အစိုးရဟူ၍ဖြစ်သည်။

နံပါတ် (၁) အစိုးရမျိုးမှာ အထက်က ရေးသားဖော်ပြခဲ့ပြီးသော မိမိနိုင်ငံသားများကို လိုလေသေးမရှိ အဘက် ဘက်က စန်စတကျစဉ်းစားတွက်ချက်ပြီး ထောက်ပံ့ပေးနေသောအစိုးရမျိုးဖြစ်သည်။ မိမိအလုပ်မလုပ်နိုင်သေး ချိန်၊ အလုပ်မရသေးချိန်တွင် ကိုယ်မလုပ်သော်လည်း ကိုယ် စားနေနိုင်အောင် ဆောင်ရွက်ပေးသည့် အစိုးရမျိုး ဖြစ်သည်။ နံပါတ်(၂) ကိုယ်လုပ်မှ ကိုယ်စားရသော အစိုးရဆိုသည်မှာ အထူးရှင်းစရာမလို အစိုးရက ထောက် လည်း မထောက်ပံ့၊ နှောင့်လည်းမနှောင့်ယှက်သော အစိုးရများဖြစ်သည်။ မြန်မာ၏အိမ်နီးချင်း အာဆီယံနိုင်ငံ များ၏ အစိုးရမျိုးဖြစ်သည်။ စင်ကာပူနိုင်ငံအစိုးရလို အစိုးရမျိုးဖြစ်သည်။ ထိုနိုင်ငံမျိုးသည် တရားဥပဒေစိုးမိုးမှု ရှိသောကြောင့် မိမိက ဥပဒေကိုမချိုးဖောက်သရွေ့ မည်သည့် ရဲကို၊ မည်သည့် တရားသူကြီးကို၊ မည်သည့် အာဏာပိုင်ကိုမျှ ကြောက်စရာမလိုသော နိုင်ငံမျိုးဖြစ်သည်။
တတိယအချက်ဖြစ်သည့် ကိုယ်လုပ်သော်လည်း ကိုယ်မစားရသည့် အစိုးရမှာ ၁၉၈၈ မှစကာ ယနေ့အချိန်အထိ တည်ရှိနေသေးသော စစ်အာဏာရှင်အစိုးရ၊ အာဏာရှင်တပိုင်းအစိုးရများ ဖြစ်ပါသည်။ မည်သည့်အစိုးရတက် တက် ကိုယ်လုပ်မှကိုယ်စားရမည်ဟုထင်သူက ထင်နေသော်လည်း ထိုအစိုးရမျိုးလက်အောက်တွင် ပြည်သူ လူထုသည် ကိုယ်လုပ်သလောက် ကိုယ်မစားရခြင်းကိုတွေးတတ်လျှင် သိနိုင်တွေ့နိုင်ပေလိမ့်မည်။ ၂၀၁၀ မတိုင်ခင်အချိန်ကအထိ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဈေးများမှာ ကမ္ဘာတွင် ပြောမယုံနိုင်လောက်အောင် ကြီးမြင့်ခဲ့ပါသည်။ အစိုးရ၏ စေတနာကင်းမဲ့မှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဟန်းဖုန်းများ ပေါ်ကာစက အင်တာနက်မရသော Sim ကတ်တခုလျှင် လေးဆယ့်ငါးသိန်းမှစကာ ဈေးပေါက်ခဲ့၏ (ထိုစဉ်က ထိုင်းနှင့် မလေးရှားတွင် မြန်မာငွေငါးထောင်ပင် မပေးရသော ပစ္စည်းဖြစ်သည်)။ ၂၀၀၆ ခုတွင် ဧည့်လမ်းညွှန်လုပ်ငန်း အတွက် မရှိမဖြစ်လိုအပ်သောကြောင့် ၅၁၄ ဖြင့် စသော GSM ဖုန်းတလုံး မျက်စိမှိတ်၍ ကျွန်တော်ဝယ်လိုက်ရာ ၂၉ သိန်းပေးရပါသည်။ ဟန်းဆက်မှာ တသိန်းပေးရသောကြောင့် ဖုန်းအတွက် မိနစ်ပိုင်းအတွင်းသိန်း ၃၀ ထွက် သွားပါချေသည်။ ထိုငွေသည် နေပူမရှောင်မိုးရွာမရှောင် သမာအာဇီဝအလုပ်ဖြင့် ကျွန်တော်နှစ်ပေါင်းများစွာ စုဆောင်းထားသောငွေ ဖြစ်ပါသည်။ ထိုငွေဖြင့် ကျွန်တော့်ဘ၀အတွက် စားရေး၊ နေရေး၊ ၀တ်ရေး၊ စီးပွားရေး များကို ရှေ့ဆက်လုပ်နိုင်ခွင့် ကြီးပွားတိုးတက်ခွင့်ရသင့်ပါ၏။ သို့သော် ကျွန်တော်စုဆောင်းထားသောငွေမှာ အခြားဘာအတွက်မှ မသုံးလိုက်ရဘဲ လက်သည်းခွံလောက် ဖုန်းကတ်လေးတခုအတွက် အားလုံးပြောင်ကျသွား ရခြင်းမှာ ကိုယ်လုပ်ပြီးကိုယ်မစားရခြင်း (၀ါ)ကိုယ်ရှာထားသောငွေကို အစိုးရက တဖက်လှည့်ဖြင့် ခေါင်းပုံဖြတ်၊ ဓားပြတိုက်ခံလိုက်ရခြင်းပင် မဟုတ်ပါလော။ အစိုးရသည် ထိုစဉ်က ယခုလိုသာ ဆင်းကတ်တခု ၁၅၀၀ ကျပ်ဖြင့် သာ ရောင်းချပေးခဲ့လျှင် ထိုငွေ ၂၉ သိန်းကို အခြားနေရာများတွင် ကျွန်တော်တို့ အသုံးချခွင့်ရပေလိမ့်မည်။ တယ်လီဖုန်းတင်မဟုတ် ထိုစဉ်က ကားတစီးသိန်းထောင်ကျော်၊ အလုပ်ကောင်းကောင်းတခုလိုချင်လျှင် သိန်း ရာကျော်မှ သိန်းထောင်ကျော်စသည်ဖြင့် ဈေးပေါက်နေပေရာ လူတို့မှာ ကိုယ်ရှာသော ငွေကို ကိုယ်မသုံးရတော့ ဘဲ အထက်ကိုပူဇော်ပသနေရတာနှင့်ပင် ကိုယ်လုပ်မှ သူစားရဘ၀သို့ ရောက်နေပေတော့သည်။

ယခုလည်း အစိုးရအာဏာပိုင်များနှင့် ခရိုနီများပေါင်းကာ မြေဈေးများကစားကြသောကြောင့် အိမ်ဈေး၊ မြေဈေး များအဆမတန် မြန်မာသည် ကမ္ဘာတွင် မြေဈေး၊ အိမ်ဈေးအကြီးဆုံးနိုင်ငံဖြစ်လာလေသည်။ ထိုအခါ ၀န်ထမ်း များ၊ လက်လုပ်လက်စားများသည် မိမိလစာဝင်ငွေ၏အများစုကို အိမ်လခအတွက် ထိုး၍ပေးလိုက်ရသော ကြောင့် ကိုယ်လုပ်သော်လည်း ကိုယ်မစားရတော့ဘဲ အိမ်လခဈေးကြီးမှုဒဏ်ကို ခါးစည်းခံကြရပေ၏။ တဖန် မကျန်းမမာဖြစ်လာပြန်လျှင်လည်း စရိတ်မျှပေးကျန်းမာရေးစနစ်ကြောင့် ကိုယ်လုပ်သည့်လုပ်အားခထဲမှ ကိုယ် မစားနိုင်တော့ဘဲ ဆေးရုံဆေးခန်းများအား ပူဇ်ာပသကြရပြန်လေ၏။ ထို့အပြင် အမှုအခင်းဖြစ်ပွားလာပါက ပြည်သူ့ရဲအား ပူဇော်ရခြင်း၊ တရားသူကြီးအားပသရခြင်း၊ ဥပဒေအရာရှိအား ချီးမြှောက်ရခြင်း၊ ရှေ့ဖတ်စာရေး အား လာဘ်တင်ရခြင်း စသည်တို့ကို သုံးစွဲရသဖြင့် ကိုယ်ရှာသမျှ ကိုယ်မစားရသောအဖြစ်များနှင့် တိုးရပြန်လေ သည်။

ထိုမျှမကသေး အောက်ခြေလူစားနင်းပြားလူတန်းစားမှာ ပညာလည်းမတတ်၊ အသိပညာလည်းမကြွယ်၊ ငွေအပို ကလည်း မရှိသဖြင့် မီးအာမခံ၊ ရေအာမခံ၊ အလုံးစုံအာမခံ စသော အာမခံ(Insurance)အကာအကွယ်များ မရှိကြသည်သာများ၏။ အစိုးရကလည်း ထိုဆင်းရဲသားများအတွက် အာမခံအကာအကွယ် ထိထိရောက်ရောက် ပေးနိုင်သောစနစ်ကိုလည်း ထည့်သွင်းစဉ်းစားလေ့မရှိပေ။ ထိုအခါ မိမိအိမ်မီးလောင် ခြင်း၊ နာဂစ်ကဲ့သို့ ရေကြီး ခြင်း၊ ၂၀၁၅ ကဲ့သို့ ရေကြီးနစ်မြုပ်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက တိုင်းသူပြည်သားတို့ ပင်ပန်းကြီးစွာ တသက်လုံး ရှာဖွေထားသောပစ္စည်းဥစ္စာများမှာ ရင်းစားပြန်မရတော့ဘဲ သဘာဝဘေးဒုက္ခဒဏ် ကြောင့် အ၀တ်တထည်ကိုယ်တခုဖြင့် ဒုက္ခသည်ဘ၀ နေ့ချင်းညချင်းရောက်တော့သည်။ ဤသည်မှာကိုယ်ရှာ သော်လည်း ကိုယ်မစားရသော လူတိုင်းကြုံဖူးသည့်အဖြစ်များ ဖြစ်သည်။ အနီးစပ်ဆုံးအနေဖြင့် တပ်တိုးချဲ့ခြင်း များ၊ အာဏာပိုင်များ၊ ခရိုနီများလက်ချက်ဖြင့် မိမိဓားမဦးချဘိုးဘေးဘီဘင်မှစကာ အစဉ်အဆက်လုပ်ကိုင်လာ ခဲ့သော လယ်မြေယာမြေများသည် ထောင်မြင်ရာစွန့်ဆိုသောစကားလို အကျဉ်းထောင်ကိုမြင်သဖြင့် ယာမြေကို စွန့်လွှတ်ပေးလိုက်ရခြင်းများမှာလည်း ကိုယ်လုပ်သော်လည်း ကိုယ်မစားရခြင်းဖြစ်သည်။ ထိုနည်းဖြင့် တောင်သူ ဒေါ်ခင်ဝင်းသေခဲ့သည်။ လက်ပံတောင်းတောင်ဒေသမှ ယာမြေများကို ရွာသားတို့ စွန့်လွှတ်ခဲ့ရသည်။ ထွန်တုံး တိုက်ပွဲဆင်နွှဲသူများ ထောင်သို့ရောက်ကြရသည်။ မိမိမြေတွင်နေမိ၍ ကျူးကျော်စွပ်စွဲခံရကာ အသက်ရှစ်ဆယ် မှ ထောင်ကျတန်းကျကြသည်။ တပြည်လုံး ထိုအဖြစ်ကို ကြုံဖူးပေပြီ။ ကိုယ်လုပ်သော်လည်း တရုတ်စား၊ ကုလားစား၊ ခရိုနီစား၊ အစိုးရစားသွားသည်မှာ မျက်စိကန်းမနေသူများမှလွဲ၍ အလွယ်တကူ တွေ့မြင်နိုင်သော အဖြစ်များဖြစ်သည်။

ထို့ကြောင့် ဘယ်အစိုးရပဲတက်တက် ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုသော အယူအဆသည် ဈေးပေါသော ပြည့်တန်ဆာစိတ်ဓာတ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစိုးရကောင်းပါက ကိုယ်မလုပ်ဘဲကိုယ်စားရသော အဖြစ်များ၊ အစိုးရညံ့ပါက ကိုယ်လုပ်သော်လည်း ကိုယ်မစားရသောအဖြစ်များလည်းရှိနေနိုင်သဖြင့် ကိုယ်လုပ်မှ ကိုယ် တကယ်အေးအေးစားချင်ပါလျှင် တကယ်ကောင်းသော အစိုးရတရပ် ကိုယ့်တိုင်းပြည်တွင်ပေါ်လာဖို့ နိုင်ငံ သားအားလုံးတွင် တာဝန်အပြည့်ရှိပါကြောင်း။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အင်တာဗျူးမိတ်ဆက်စာမြည်း − ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဖျက်သိမ်းရမည်ဟု NLD မှ ဥပဒေအကြံပေး ဦးကိုနီက ပြောသည်
ရန်ကုန် (Myanmar Now) − စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားတွင် အရေးပါလှသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏အောက်တွင် ရှိသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြည်ထဲရေးဝန်ကြီးတာဝန်ယူရမည့်သူကို တပ်မတော်က စေလွှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ဤအခြေအနေတွင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အစိုးရတာဝန်ယူစဉ် အုပ်ချုပ်ရေးယန္တရား မည်သို့ရှိမည်၊ အစိုးရသစ်က အုပ်ချုပ်ရေးကို မည်သို့ပုံဖော်မည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုဖြစ်သည်။

NLD ၏ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီက အုပ်ချုပ်ရေးတွင် ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ထားခြင်း၊ ထွေအုပ်ဌာနများ ရှိနေခြင်းတို့ကြောင့် ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့များ အလုပ်မရှိသည့်အခြေအနေသို့ ရောက်နေသည်ဟု သုံးသပ်သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးမီက ရန်ကုန်တွင် တွေ့ဆုံစဉ် ဦးကိုနီက ဖက်ဒရယ်ပြည်ထောင်စု၊ အုပ်ချုပ်ရေးယန္တရား၊ အစိုးရသစ်လက်ထက် အလားအလာတို့အကြောင်း ပြောပြထားသည်။

မေး – နိုင်ငံရဲ့ လက်ရှိအုပ်ချုပ်ရေးယန္တရားအကြောင်း နည်းနည်း သုံးသပ်ပြပါ။
ဖြေ – ၁၉၆၂ အာဏာသိမ်းပြီးချိန်ကစပြီး ဦးနေဝင်းက နိုင်ငံကို ဌာနတစ်ခုတည်းက အုပ်ချုပ်တဲ့စနစ်ကို ပုံဖော်ခဲ့တယ်။ ပြည်နယ်နဲ့တိုင်း ၁၄ခုလုံးကို ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်းကပဲ အုပ်ချုပ်ခဲ့တယ်။ ၁၉၈၈ အာဏာသိမ်းပြီး စစ်တပ်ကပြန်အုပ်ချုပ်တော့လည်း နိုင်ငံတစ်ခုလုံးကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ ပြန်အုပ်ချုပ်ခဲ့တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာတော့ အစိုးရအဖွဲ့ကို အားလုံးပေါင်း ၁၅ ဖွဲ့ ဖွဲ့လိုက်တယ်။ ဗဟိုအစိုးရဆိုတာက ပြည်ထောင်စုအစိုးရဆိုတဲ့နာမည်နဲ့ တစ်ဖွဲ့။ ပြည်နယ်နဲ့တိုင်းအစိုးရက ၁၄ ဖွဲ့ ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် တစ်နိုင်ငံလုံးကိုတော့ ဗဟိုအစိုးရကအုပ်ချုပ်ပြီး ပြည်နယ်တိုင်းတွေကိုတော့ သက်ဆိုင်ရာပြည်နယ်တိုင်းတွေက အုပ်ချုပ်တယ်လို့ထင်ရအောင် ပုံသဏ္ဌာန်တစ်ခုကိုဖန်တီးထားတယ်။ တစ်နိုင်ငံလုံးကို ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်နေတယ်။ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဘယ်သူ့အောက်မှာရှိလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးအောက်မှာ ရှိနေတယ်။ ပြည်ထဲရေးဝန်ကြီးကို ဘယ်သူက တိုက်ရိုက်ခန့်ထားတာလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်။ အဲဒီတော့ တစ်တိုင်းပြည်လုံးကို ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်နေသလိုဖြစ်နေတယ်။ ဒါက၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေတည်ပြီးတော့ သုံးသပ်ပြတာပါ။

မေး – ပြည်ထောင်စုစနစ်ကိုကူးပြောင်းနိုင်ဖို့အတွက် အစိုးရသစ်က ဘာတွေ လုပ်ရမလဲ။
ဖြေ – လက်ရှိတပ်မတော်သားအများစု၊ အစိုးရနဲ့ NLD တို့က မြန်မာနိုင်ငံကို ပြည်ထောင်စုစနစ်နဲ့တည်ဆောက်ဖို့ ဆန္ဒရှိနေကြတယ်။ ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်မယ်ဆိုရင် လက်ရှိအုပ်ချုပ်နေတဲ့စနစ်တစ်ခုလုံးကို ပြောင်းလဲဖို့လိုပါတယ်။ နိုင်ငံတစ်ခုလုံးကို တစ်ပြည်ထောင်စနစ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်းက အုပ်ချုပ်နေတာဟာ ဖက်ဒရယ်စနစ်ရဲ့ဆန့်ကျင်ဖက်ပဲ။ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် လက်ရှိအုပ်ချုပ်ရေးစနစ်ကို လုံးဝပြောင်းပစ်ရမယ်။ ပြောင်းပုံပြောင်းနည်းကလည်း လွယ်လွယ်လေးပဲ။ ဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဖျက်လိုက်ဖို့ပဲ လိုပါတယ်။ ရဲတပ်ဖွဲ့ကိုလည်း ပြန်ပြီးတော့ပြုပြင်ပြောင်းလဲဖို့ လိုလာမယ်။

မေး – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာ မရှိဘူးဆိုရင် အစိုးရအပြောင်းအလဲ လုပ်ငန်းတာဝန် အလွှဲအပြောင်းတွေမှာ ကြန့်ကြာ၊ အခက်တွေ့တာမျိုးတွေ ဖြစ်နိုင်ပါသလား။
ဖြေ – ရပ်ကွက်အုပ်ချုပ်ရေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အုပ်ချုပ်နေတယ်။ သူ့သက်တမ်းက မကြာခင်ကုန်တော့မယ်။ မကုန်ခင်တစ်လအလိုမှာရွေးလိုက်တယ်။ သူသက်တမ်းကုန်တဲ့အခါမှာ နောက်တက်လာမယ့် လူကိုလွှဲပြောင်းပေးသွားမယ်။ အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလည်း ဒီအတိုင်းပဲ သွားမယ်။ ဝန်ထမ်းတွေကတော့ ဒီအတိုင်းပဲရှိနေမယ်။ ဝန်ထမ်းတွေက နိုင်ငံဝန်ထမ်းတွေဖြစ်တယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေရမယ်။ သူတို့တွေက ဘယ်တော့မှ မပြောင်းဘူး။ အရွေးခံရတဲ့လူက အပြောင်းအလဲရှိမယ်။ ရုံးလုပ်ငန်းတွေကတော့ သူတို့ဟာသူတို့ လုပ်နေမယ်။

ခု နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ပထမအပတ်မှာ သူ့သက်တမ်းကုန်ပြီ။ ဒါပေမဲ့ နောက်အစိုးရ ပေါ်လာသည်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပုဒ်မ ၆၁ က ရေးထားတယ်။ နောက်အစိုးရပေါ်လာရင် လွဲလိုက်ရုံပဲလေ။ နောက်အစိုးရမပေါ်လာခင်အထိ သူကအုပ်ချုပ်ရုံပဲလေ။ ဒီအတိုင်းပဲ ခရိုင်တွေ၊ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာလည်းပဲ အရွေးခံရတဲ့ အဖွဲ့သည် နောက်အဖွဲ့ တက်လာသည်အထိ သူက အုပ်ချုပ်ရတယ်။ နောက်အဖွဲ့တက်လာမှ တာဝန်တွေကို လွှဲပြောင်းပေးပြီး သူကဆင်းသွားရတယ်။ ဘာမှ ထွေအုပ် (ဌာန) မလိုပါဘူး။ သဘောကတော့ လခစားဝန်ထမ်းက ပြည်သူကိုအုပ်ချုပ်စရာမလိုဘူး၊ ပြည်သူကရွေးချယ်တဲ့လူတွေကသာ ပြည်သူကို အုပ်ချုပ်လိမ့်မယ်၊ ဒါကိုပြောတာပါ။

မေး – တချို့ကတော့ ၂ဝဝ၈ဖွဲ့စည်းပုံဟာ တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်လို့ ဆိုတယ်ခင်ဗျ။
ဖြေ – တစ်စိတ်တစ်ပိုင်း ဖက်ဒရယ်အဆင့်ကို မရှိပါဘူး။ နည်းနည်းမှကိုမရှိတာ။ ဒါဟာ အယောင်ဆောင်ထားတာ။ ပြည်နယ်အစိုးရတွေမှာ ဘာလုပ်ပိုင်ခွင့်တွေရှိလဲ၊ ဗဟိုအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသာယာရေးလုပ်ငန်းကို ပံ့ပိုးကူညီရမယ်လို့ပဲ ရေးထားတယ်။ တကယ်က ဗဟိုအစိုးရဟာ ပြည်နယ်ကို မအုပ်ချုပ်ရဘူး။ ခုက ဗဟိုအစိုးရဟာ တစ်နိုင်ငံလုံးကို အုပ်ချုပ်ထားတဲ့အတွက် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဟာ ဘာမှလုပ်ပိုင်ခွင့်မရှိသလို၊ ဘာမှလည်း အလုပ်မရှိဘူး။ ဟန်ပြတွေပဲ ဖြစ်နေတယ်။

မေး – တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ ပြည်သူကရွေးချယ်ထားသူတွေ ရှိပါတယ်။ ဒါပေမဲ့ ထွေအုပ်က အုပ်ချုပ်ရေးကို အဓိကလုပ်ဆောင်နေတာတွေ့ရတယ်။
ဖြေ – အားလုံးကို ဗဟိုကချုပ်ကိုင်ထားလို့ဖြစ်တာ။ ပြည်နယ်တိုင်း ဒေသကြီးလွှတ်တော်ကပဲ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုရွေး၊ ဝန်ကြီးချုပ်ကိုလည်း သူတို့ဘာသာရွေး၊ သူတို့ပြည်နယ် သူ့တို့ဘာသာအုပ်ချုပ်၊ အုပ်ချုပ်ဖို့ဝန်ထမ်းအဖွဲ့ကိုလည်း သူတို့ဘာသာခန့်၊ လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ကိုလည်း သူတို့ဘာသာခန့်၊ ဒါဆို ဗဟိုအစိုးရနဲ့ ကင်းပြတ်သွားပြီ၊ သူတို့မှာအလုပ်တွေအများကြီးပေါ်လာပြီ။ အဲဒီအခါ ဝန်ကြီးဌာနအားလုံးဟာ သူ့အလုပ်သူဖြစ်တော့မယ်။ သူ့ပြည်နယ်အတွက် ဘတ်ဂျက် သူတို့ဘာသာ ရှာတော့မယ်။ သူ့ပြည်နယ် လုံခြုံရေးကို သူ့ပြည်နယ်ဝန်ကြီးက သူ့ဘာသာ လုပ်ရတော့မယ်။

အားလုံးက ဗဟိုကချုပ်ကိုင်ထားလို့ ဒီဝန်ကြီးဌာနတွေဟာ ဘာမှအလုပ်မရှိဘူးဖြစ်နေတယ်။ အမှန်ပြောရင် ဝန်ကြီးချုပ်လဲ ဘာအလုပ်မှမရှိဘူး။ အစိုးရအဖွဲ့လည်း ဘာအလုပ်မှမရှိဘူး။ အားလုံး ထွေအုပ်တိုင်းအတွင်းရေးမှူးကပဲ အားလုံးလုပ်သွားတယ်ဖြစ်နေတယ်။

မေး – အစိုးရအဖွဲ့အတွင်းရေးမှူးမှာ ဥပဒေအရပေးထားတဲ့ လုပ်ပိုင်ခွင့်တွေ မရှိဘူးလား။
ဖြေ – ဥပဒေအရ လုပ်ပိုင်ခွင့် ဘာမှပေးမထားပါဘူး။ အခြေခံဥပဒေအရ ပြည်နယ်နဲ့တိုင်းထွေအုပ်ဟာ အစိုးရအဖွဲ့မှာ အတွင်းရေးမှူးအနေနဲ့ပါရမယ်ပဲ ပြောတယ်။ သူ့အထက်မှာ ဝန်ကြီးတွေ အများကြီးရှိသေးတယ်။ အဲဒီဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေထိုင်တဲ့ အစည်းအဝေးက တိုင်းအတွက်အမြင့်ဆုံးပဲ။ ခိုင်းတာလုပ်ရမှာပေါ့၊ အဆင်မပြေလို့ကိုမရဘူး၊ အဆင်မပြေရင် ထုတ်ပစ်လိုက်ရုံပဲ။ ။

Myanmar Now



တပ်မတော်အနေနဲ့ နောက်တက်လာမယ့်အစိုးရနဲ့ ငြိမ်းချမ်းရေးရအောင် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင်၊ ချီလီနိုင်ငံ သမ္မတဟောင်းတို့ နေပြည်တော်မှာ ဇန်န၀ါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဟာ တိုင်းပြည်ရဲ့ သေရေးရှင်ရေး ကိစ္စဖြစ်တယ်၊ တပ်မတော် အနေနဲ့လည်း အဖြစ်နိုင်ဆုံးလိုက်လျောပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် အကောင်းဆုံးဖြစ်အောင် အလေးထားဆောင်ရွက်နေသကဲ့သို့ နောင်တက်လာမည့် အစိုးရနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များ အောင်မြင်အောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ချီလီသမ္မတဟောင်းက မြန်မာနိုင်ငံအနေဖြင့် တိုင်းနှင့်ပြည်နယ်များဖြင့် စုစည်း ထားခြင်း ဖြစ်၍ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများ၊ တပ်မတော်နှင့်ပြည်သူတို့ အနေဖြင့် အခြေအနေကို သိရှိနားလည်ပြီး အကောင်းဆုံး ဆောင်ရွက်ရန် လိုအပ်တယ်လို့ ပြန်လည် ဆွေးနွေးသွားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/131952

လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေ။
ပြည်ထောင်စု လွှတ်တော်မှာ ဇန်နဝါရီ ၂၂ ရက် နေ့ တုန်းက အတည် ပြုလိုက်တဲ့ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ အရ ကွန်ဒို တိုက်ခန်း တွေကို နိုင်ငံ ခြားသား တွေ ဆီ ရောင်းချ ခွင့် ပေးလိုက် ပါတယ်။

၆ ထပ် နဲ့ အထက် မြင့်တဲ့ အဆောက်အဦ တွေ မှာ ရှိတဲ့ စုစုပေါင်း တိုက်ခန်း အရေ အတွက် ရဲ့ ၄၀ % အထိ နိုင်ငံ ခြားသား တွေ ကို ရောင်းချ နိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ အိမ်မြေ တိုက်တာ ဈေးနှုန်း ကြီးမြင့် နေပြီး ရေရှည် အထိ အခုလို ဈေး ပေါက် နေနိုင် ဦးမှာ လား ဆိုတဲ့ တွက်ဆ မှု နဲ့ တကယ်တမ်း ကွန်ဒို တိုက်ခန်း တွေ အပိုင်ဝယ် မယ့် နိုင်ငံခြားသား အရေအတွက် နည်း နိုင်တယ် လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ကျွမ်းကျင်သူ အကြံပေး တစ်ဦး က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မှာလည်း နိုင်ငံခြားသား တချို့က မြန်မာနိုင်ငံသားတွေကို အမည်ခံခိုင်းပြီး ဝယ်ယူတာ တွေ ရှိနေတဲ့ အတွက် အခုလို တရားဝင် ဝယ်ခွင့် ပေးလိုက် တဲ့ အခါ တိုင်းပြည် အတွက် အခွန် ဘဏ္ဍာ ပိုရလာမယ့် အပြင် အရောင်းအဝယ် ဈေးကွက် လည်း ပိုပြီး သွက်လာ လိမ့်မယ် ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် တော်တော် များများ က မျှော်လင့် နေကြ ပါတယ်။

တစ်ဘက်မှာလည်း အခုလို နိုင်ငံခြားသားတွေ ပါ ဝယ်ယူခွင့် ရလာလို့ အိမ်ခြံ မြေဈေးတွေ ပိုတက်လာ မှာကို စိုးရိမ် သူတွေ လည်း ရှိနေပါတယ်။

တစ်နှစ် ခွဲကျော် ကြာ ဥပဒေကြမ်း ကို ဆွေးနွေး ခဲ့ပြီးတဲ့ နောက် အခုလို ဥပဒေ အခိုင်အမာ အနေနဲ့ ပေါ်ထွက် လာတဲ့ နောက် ကွန်ဒို တိုက်ခန်း တွေ ခိုင်မှာ မှု ရှိတာ ရယ်၊ ဘဏ်တွေ မှာ ပေါင်ခွင့် ရရှိ မှာရယ် စတဲ့ အချက် တွေ ကြောင့် ကွန်ဒို တိုက်ခန်း ကို စိတ်ဝင်စားသူ တွေ များလာ နိုင်တယ် ဆိုပြီး သုံးသပ် သူတွေ လည်း ရှိ နေ ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးမှာ အနယ်နယ်အရပ်ရပ်ကနေ တရားမဝင် တပိုင်တနိုင်ကျောက်တူးဖော်နေသူ တစ်ထောင်ဝန်းကျင် ရှိနေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

အရင်က အဲဒီနေရာမှာ ကျောက်တူးဖော်သူ သိပ်မရှိဘဲ အခုနောက်ပိုင်းမှာ တန်ဖိုးကြီးကျောက်တွေ ထွက်တယ်ဆိုပြီး စက်ယန္တရားတွေနဲ့ လာရောက်တူးဖော်ကြတဲ့သူတွေ များလာတာလို့ ဒေသခံ ကိုမောင်ညိုက ပြောပါတယ်။

"မိုးကာတဲလေးတွေ ဘာလေးတွေနဲ့ ကိုယ့်နေရာလေးတွေမှာနေပြီး တူးကြတာပေါ့၊ ကျောက်ကွက်က ကျနော်တို့မရောက်ခင် လွန်ခဲ့တဲ့နှစ် ၂ဝကျော်လောက်ကတည်းက ထွက်ခဲ့တာပေါ့၊ အဲ့တုန်းကတော့ အဖိုးမတန်ဘူးပေါ့ဗျာ၊ အခုကတော့ တဖြေးဖြေးအဖိုးတန်လာတယ်၊ ကျနော်တို့အကွက်က မဖယ်ပေးရဘူး၊ ဧည့်သည်တွေကိုပဲ ဖယ်ခိုင်းတာ"

ကျောက်မျက်ထွက်တဲ့နေရာကို ဒူးဆစ်ချောင်းကွက်ရပ်လို့ ခေါ်ပြီး ပတ္တမြားနဲ့ နီလာကျောက်တွေ ထွက်ရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာမှာ သပိတ်ကျင်းမြို့ နယ်အတွင်းက ဒေသခံတွေအပြင် မုံရွာ၊ ပြင်ဦးလွင် နဲ့ မိုးကုတ်မြို့နယ်ကနေ လာရောက်တူးဖော်သူတွေလည်း ရှိနေတာဖြစ်ပါတယ်။

တရားမဝင်ကျောက်မျက် လာရောက်တူးဖော်သူတွေအနေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ သတိပေးချက်ကို မလိုက်နာရင် သတ္တုတွင်းဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးစာမှာ ပါရှိပါတယ်။

သတ္တုတွင်းဥပဒေအရ တရားမဝင် ကျောက်မျက်ရှာဖွေတာ၊ စမ်းသပ်တိုင်းတာနဲ့ ထုတ်လုပ်တာတွေကို ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ငါးသောင်း ကျခံရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

၆၃ မျက်နှာ ပါ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်။
ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်း ပေါ် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ် ခံခဲ့ရမှုမှာ သေဒဏ် ချမှတ် ခံထားရတဲ့ မြန်မာ နိုင်ငံသား နှစ် ဦး ကို စီရင် ချက် ချပြီး တစ်လ အတွင်း အယူ ခံ ဝင်ရမယ်လို့ သတ်မှတ် ထားခဲ့ ပေမယ့် အခုတော့ အယူခံ ဝင်နိုင်တဲ့ နောက်ဆုံးရက် သတ်မှတ် ချက် ကို ထိုင်း တရားရုံးက နောက်ထပ် တစ်လ အချိန် တိုး ပေး လိုက် ပါတယ်။

အယူခံ မှာ တင်ပြမယ့် အချက် အလက် တွေ အပြည့်အစုံ ပြင်ဆင် နိုင်ဖို့ရာ ထိုင်း တရားရုံး ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လျှောက်ထား ခဲ့တာ မှာ အခုလို အချိန် တစ်လ ပိုရရှိ လာတာ ဖြစ်တယ် လို့ အယူ ခံ တင်မယ့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ရဲ့ ရှေ့နေ အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသူ ဦးစိန်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

၆၃ မျက်နှာ ပါရှိတဲ့ သေဒဏ် စီရင်ချက် ကို အကောင်းဆုံး ဖြေရှင်း တုံ့ပြန် နိုင်ဖို့ အခုလို အချိန် ထပ်မံ လိုအပ် ရတာ ဖြစ်ပြီး၊ အချိန် တစ်လ ပိုရလာ တဲ့ အတွက် ဒီအဲန် အေ စမ်းစစ်ချက် အပါအဝင် မှုခင်း ဆေးသိပ္ပံ ဆိုင်ရာ ကျွမ်းကျင်သူ တွေ နဲ့ ရှေ့နေ အဖွဲ့ ပိုပြီး အချိန်ယူ ဆွေးနွေး တိုင်ပင် လာနိုင် မှာ ဖြစ်တယ်လို့လည်း ဦးစိန်ဌေး က ဆိုပါတယ်။

ကနဦး အယူခံ တစ်လ သတ်မှတ်ချက် ဟာ အခုလ ၂၄ ရက် နေ့ ဆိုရင် ပြည့်ပြီ ဖြစ်ပြီး အခုတော့ နောက်တပ် တစ်လ အချိန် ပို ရလာ တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ကနေဒါ နိုင်ငံထဲ ဆာကက်ခ်ျတာဝမ် ဆိုတဲ့ ဒေသမှာ ဖြစ်ခဲ့တဲ့ စာသင်ကျောင်း သေနတ် ပစ်ခတ်မှု အတွင်း ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာ ရသွားတယ်လို့ ကနေဒါ ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒိုက အတည်ပြု ပါတယ်။

ပစ်ခတ်မှု ကျုးလွန်ခဲ့သူ လို့ သံသယ ရှိရသူ ကို ကနေဒါ အာဏာပိုင် တွေက ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

အခြေအနေကို ကောင်းကောင်း ထိန်းချုပ် ထားနိုင်ပြီ ဖြစ်တယ် လို့ ရဲတွေက သူ့ကို သတင်းပို့ ထားတယ် ဆိုပြီးတော့လည်း ၀န်ကြီးချုပ် က သတင်းထောက်တွေကို ပြောပါတယ်။

ဌာနေ အဘူရီဂျီနီ တွေရဲ့ ဒေသထဲက La Loche ဆိုတဲ့ စာသင်ကျောင်း တစ်ခု မှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အကြောင်း ဒေသ အာဏာပိုင် အကြီးအကဲ ဘရက်ဝေါလ် ကလည်း ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ ထုတ်မပြော သေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese/


တရုတ်နဲ့ အီရန်က Facebook သုံးစွဲသူ အများအပြားဟာ အခုအခါမှာ သူတို့ကို စောင့်ကြည့်နေမှာကို စိုးရိမ်စရာ မလိုတော့ပဲ စမတ်ဖုံးတွေကနေ ကမ္ဘာ့ အကြီးဆုံး လူမှုကွန်ယက်ကို စိတ်ချလက်ချ ဝင်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာ anonymizer လို့ ခေါ်တဲ့ လင့်ခ် နဲ့ ချိတ်ဆက်ပြီး သုံးစွဲသူ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်အောင် လုပ်ပေးတဲ့ software နဲ့ သုံးနိုင်လို့ ဖြစ်ပါတယ်။

ဒါကို Android စံနစ်သုံး စမတ်ဖုံးတွေအတွက် ဖေ့စ်ဘုတ် application မှာ အသစ်ထည့်ပေးထားတာ ဖြစ်ပါတယ်။သူက ဖေ့စ်ဘုတ်ကို Tor Project လို့ခေါ်တဲ့ http://www.torproject .org/system နဲ့ ဆက်ပေးပြီး သုံးစွဲသူကို စောင့်ကြည့် တာတွေ မလုပ်နိုင်အောင်နဲ့ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာကို ထိထိရောက်ရောက် အကာကွယ်ပေးနိုင်ပါတယ်။

ဒီ Tor software ကို Android စံနစ်သုံး ဖုံးတွေက ဖေ့စ်ဘုတ်သုံးသူတွေ အခမဲ့ ထည့်သွင်း နိုင်ပါတယ်။ သူ့ကို မိုဘိုင်းဖုံးမှာ Orbot လို့ခေါ်တဲ့ Tor application ကို သွင်းလိုက်တာနဲ့ Tor ကွန်ယက်ထဲကို ဖေ့စ်ဘုတ်ကနေ အလိုအလျောက် ဝင်သွားတာပါ။

Apple အိုင်ဖုံးတွေမှာတော့ စနစ်မတူတဲ့အတွက် Tor ကွန်ယက်နဲ့ ဆက်လို့မရပါဘူး။ ဖေ့စ်ဘုတ်ကတော့ သူ့ရဲ့ application ဟာ တရုတ်နဲ့ အီရန်တွေ အတွက်သုံးဖို့ ဆိုပြီး ရည်ရွယ်ထုတ်တာ မဟုတ်ဖူးလို့ ဆိုပါတယ်။

Tor ကို အမေရိကန်ရေကြောင်း သုတေသနဌာန ဝန်ထမ်းတွေက အင်တာနက်ကနေ လျို့ဝှက်အချက်လက်တွေ ပေးပို့တဲ့အခါ လုံခြုံစေဖို့ နည်းလမ်းတခုအဖြစ် ဓါတ်ခွဲခန်းမှာ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


back-ribbon-movement-620.jpg
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်စဉ်
Photo: Black Ribbon Movement Myanmar 2015 Facebook

တပ်မတော်ဆရာဝန်တွေကို အရပ်ဘက် ပြောင်းရွေ့ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး ဖဲကြိုးနက် ဆရာဝန်များလှုပ်ရှားမှုအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားမှုဦးစီးဌာနက ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့စွဲနဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်သင်တန်းဆင်း ပါရဂူဆေးမှူးတွေကို ချင်းပြည်နယ်နဲ့ နာဂဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ကျမ်းမာရေးဝန်ကြီးဌာနကို ဆန္ဒအလျောက် ပြောင်းရွေ့လိုသူစာရင်းပေးပို့ဖို့ တောင်းခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ဇန်နဝါရီလ ၂ဝ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အဖွဲ့က ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ အလင်္ကာ ကပြောပါတယ်။

"ကျမတို့ဘက်က တောင်းဆိုချင်တာက ဒီကတိကို တည်စေချင်ပါတယ်၊ တည်ဖို့လည်းမျှော်လင့်တယ်၊ အစိုးရသစ်နဲ့ စပ်ကူးမတ်ကူးကြားမှာ ဒီလိုမျိုးကို မလုပ်စေချင်ပါဘူး၊ ကျမတို့ အဲ့ဟာနဲ့ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဖြတ်သန်းရအောင်ပေါ့နော်၊ တပ်မတော်အနေနဲ့လည်း ကျမတို့နဲ့ တပ်မတော်ကြားမှာ၊ ပြည်သူနဲ့ တပ်မတော်ကြားမှာ အင်မတန်ကို နွေးနွေးထွေးထွေး ဆက်ဆံချင်တာပါ၊ ယုံကြည်မှုတွေ ချစ်ခင်မှုတွေ အပြန်အလှန် တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုမျိုးလုပ်လိုက်တယ်ဆိုရင် တပ်မတော်ရဲ့ ပုံရိပ်ကျသွားပါလိမ့်မယ်"

ပြီးခဲ့တဲ့ နှစ်ကလည်း အလားတူ ပြဿနာပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် ကျန်းမာရေးဝန်ကြီးက နောင်အခုလို စီစဉ်ဆောင်ရွက်ခြင်းမပြုပါလို့ မီဒီယာတွေကတဆင့် နှုတ်ကတိပေးခဲ့တာဖြစ်ပါတယ်။

ဖဲကြိုးနက်လှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက်မှာ မိမိတို့ ရပ်တည်ချက်ဖြစ်တဲ့ တရားမဲ့မူဝါဒနဲ့ လွဲမှားသော စီမံခန့်ခွဲမှုများနဲ့ ပတ်သက်ပြီး ဆက်လက် ဆန့်ကျင်လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။

RFA
http://www.rfa.org/burmese/news/black-ribbon-movement-2016-01222016114153.html

ဘိန်းခင်းတစ်ခင်းကို တွေ့ရစဉ် Photo: Nay Thwae/RFA
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ကချင်အထူးဒေသ(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စခုန်တိန့်ယိန်း ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်းဧကပေါင်း ၂၀၀၀ လောက်ကို ဒေသခံတစ်ထောင်ကျော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ၀င်တွေက မနက်ဖြန်မှာ သွားရောက်ဖျက်စီးကြမယ်လို့ သိရပါတယ်။

ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးမယ့်သူတွေထဲမှာ ပါဝင်တဲ့ ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဒေသခံ ဦးလာရစ် က သူတို့အစီအစဉ်ကို အခုလို ပြောပါတယ်။

"ကျနော်တို့က လူတစ်ထောင်ကျော်နဲ့ ဖျက်ဆီးဖို့ မနက်ဖြန် ၉ နာရီလောက်ဆိုသွားတော့မှာ၊ ဘယ်သူပဲတားတား ဘာပဲလုပ်လုပ်ပေါ့၊ ကျနော်တို့က ရှင်းစရာရှိတာ ရှင်းသွားရမှာပဲလေ၊ ရဲသားအယောက် ၅ဝ လောက် လွှတ်ပေးမယ်လို့ပြောတာပါ၊ ပြီးတော့ အုပ်ချုပ်ရေးကလူကြီးတွေ ကူညီမယ်လို့ပြောတယ်ခင်ဗျ"

ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်စီးမယ့် အဖွဲ့ရဲ့ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ်အစိုးရနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်နဲ့ အုပ်ချုပ်ရေးအရာရှိတွေဟာ လုံခြုံရေးအနေနဲ့ လိုက်ပါကြမှာ ဖြစ်ပါတယ်။

အဲ့ဒီ ဘိန်းစိုက်ခင်းရှိတဲ့နေရာတွေဟာ ၀ိုင်းမော်မြို့နယ်ထဲက စဒုံး၊ ကန်ပိုက်တီး၊ ချီဗွေ၊ ပန်ဝါ စတဲ့နေရာတွေက တောင်တန်းတွေမှာ စိုက်ပျိုးထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ၂ ပတ်လောက်ကလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကန်ပိုက်တီးမြို့နယ်အတွင်းက ဘိန်းစိုက်ခင်းအတော်များများကို ဖျက်ဆီးခဲ့ကြပါတယ်။

မနက်ဖြန် ဘိန်းခင်းတွေဖျက်စီးမယ့်အဖွဲ့ထဲမှာ ဒေသတွင်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

[youtube src="fSfxU461EJk"/]
GOLD FOR WHAT? -- English Below --
ဓါတ်ပုံဇာတ်လမ်း-ရဲဇော်ဖြိုး

မြန်မာရေကူးမယ်လေးတစ်ယောက်ဟာလက်နှစ်ဖက်မပါဘဲမွေးဖွားလာခဲ့ပေမယ့် ၂၅ ကြိမ်မြောက်မြန်မာအမျိုးသားအာကစားပွဲတော် မှာ ရွှေတံဆိပ်တစ်ခု ၊ ငွေတံဆိပ်သုံးခုနဲ့ ကြေးတံဆိပ် တစ်ခုဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် မိသားစုကိုထောက်ပံ့နိုင်ဖို့ အာစီယံပြိုင်ပွဲဝင်ဖို့ အစီအစဉ်ကိုစွန့် လွှတ်ပြီး လမ်းပေါ်မှာ ပိုက်ဆံတောင်းတဲ့သူအဖြစ်လုပ်ကိုင်နေရပါတယ်။

------------

GOLD FOR WHAT?
A story by Yei Zaw Phyo

A young swimmer born with no arms has won one gold, three silver and one bronze medals at the 25th Myanmar National Para Games. But she had to stop training and could not compete at the ASEAN Para Games because she needs to work as a beggar to take care of her family.

Yangon Photo Festival 2015

 political-prisoners-insein-620.jpg သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA
နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၀၁ ဦးရှိပြီး အဲ့ဒီအထဲ မှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက်ပါရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

လွတ်မြောက်လာတဲ့အထဲက နိုင်ငံရေးအကျဉ်းသားဦးရေကို AAPP ပြန်ကြားရေးတာဝန်ခံ ကိုအောင်မျိုးကျော်က အခုလို ပြောပါတယ်။

"၁ဝ၁ ဦးဆိုတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့သတင်းကို ကျနော်တို့ ဖေ့ဘုတ်ပေါ်ကနေတွေ့ရတယ်၊ အန်းစိန်ထောင်က ၁၉ ယောက်ပါ၊ တောင်ငူထောင်က ၃ ယောက်ပါ၊ ပြည်ထောင်က ၄ ယောက်ပါ၊ မန္တလေးထောင်က ၁ ယောက်ပါ၊ ညောင်ဦးထောင် ၂ ယောက်ပါ၊ မြစ်ကြီးနားထောင် ၂ ယောက်ပါ၊ ၊ ပူတာအိုထောင် ၁ ယောက်ပါ၊ ဘားအံထောင်က ၁၉ ယောက်ပါ၊ မိတ္ထီလာထောင်က ၁ ယောက်တိုးပါတယ်၊ ၅၂ ယောက်ရှိသွားပါပြီ"

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်၊ ဘားအံအကျဉ်းထောင်က ၁၉ ယောက်၊ ပြည်အကျဉ်းထောင်က ၄ ယောက်၊ တောင်ငူအကျဉ်းထောင်က ၃ ယောက်၊ ညောင်ဦးအကျဉ်းထောင် ၂ ယောက်၊ မြစ်ကြီးနားအကျဉ်းထောင် ၂ ယောက်၊ ပူတာအိုအကျဉ်းထောင် ၁ ယောက်၊ မန္တလေးအကျဉ်းထောင်က ၁ ယောက်နဲ့ မိတ္ထီလာအကျဉ်းထောင်က ၁ ယောက် ဖြစ်ပါတယ်။

လွတ်မြောက်လာသူအများစုဟာ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု ပုဒ်မ ၁၉ စတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ချခံရသူတွေ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့အတွက် အမှုရင်ဆိုင်နေရဆဲ လက်ပံတန်းထောင် က ကျောင်းသူ ကျောင်းသား ၅၀ ၀န်းကျင်လောက်တော့ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အမှုစစ်ဆေးလို့ ပြီးစီးသွားပြီဖြစ်တဲ့ နော်အုန်းလှ၊ ကိုထင်ကျော်၊ စာရေးဆရာ ထင်လင်းဦးနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့လည်း လွတ်မြောက်လာသူတွေထဲ မပါသေးပါဘူး။

AAPP အဖွဲ့ရဲ့စာရင်းအရ လက်ရှိနိုင်ငံရေး ပြစ်မှုတွေနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၈ ဦးရှိပြီး အမှုရင်ဆိုင်ပြီးပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသူ ၇၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

အစိုးရက အကျဉ်းသားလွတ်ပေးမှုနဲ့ ပတ်သက်ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပြုစုနေ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။

အလားတူပဲ လက်ပံတောင်း ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရတာကို မျှတတဲ့တရားစီရင်ရေးရဖို့နဲ့ အခြားမြေသိမ်းယာသိမ်းခံရသူတွေ မနစ်နာအောင်ဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုလို့ ထောင်ချခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်ဟာ အင်းစိန်ထောင်ကနေ ဒီနေ့ပြန်လွတ်လာပါတယ်။

RFA
http://www.rfa.org/burmese/news/fifty-politicial-prisoners-free-01222016090433.html


ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။
ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ထားခံရတဲ့ ဦးခွန်ဂျာလီကို လှိုင်မြို့နယ် တရားသူကြီး ဦးစိန်ကြည်က ထောင်ဒဏ် ခြောက်လ ကျခံဖို့ ဇန်နန၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းက အမိန့်ချခဲ့မှတ်ခဲ့ ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ဓာတ်ပုံကိုခြေထောက်ဖြင့် နင်းထားတဲ့ ဓာတ်ပုံအား ဖေ့ဘွတ်ခ်တွင် တင်ထားတဲ့ အတွက်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ထားခံရတဲ့ကချင်အမျိုးသား ဦးခွန်ဂျာလီကိုအခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ဒီလို အမိန့်ချမှတ်ခဲ့တဲ့ အပေါ် ဦးခွန်ဂျာလီက မတရားဘူးလို့ ထင်တယ်လို့ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။


ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ၆လ ချမှတ်ခံခဲ့ရတဲ့ ဦးခွန်ဂျာလီက မတရားဘူးလို့ထင်ကြောင်း ပြောကြား (ရုပ်သံ) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ထားခံရတဲ့ ဦးခွန်ဂျာလီကို လှိုင်မြို့နယ် တရားသူကြီး ဦးစိန်ကြည်က ထောင်ဒဏ် ခြောက်လ ကျခံဖို့ ဇန်နန၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းက အမိန့်ချခဲ့မှတ်ခဲ့ ပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ဓာတ်ပုံကိုခြေထောက်ဖြင့် နင်းထားတဲ့ ဓာတ်ပုံအား ဖေ့ဘွတ်ခ်တွင် တင်ထားတဲ့ အတွက်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ထားခံရတဲ့ကချင်အမျိုးသား ဦးခွန်ဂျာလီကိုအခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ဒီလို အမိန့်ချမှတ်ခဲ့တဲ့ အပေါ် ဦးခွန်ဂျာလီက မတရားဘူးလို့ ထင်တယ်လို့ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။
Posted by Eleven Web TV on Friday, January 22, 2016
Eleven Media Group

ဇန်န၀ါရီ ၂၂ရက်နေ့နံနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င် အကျဉ်းသား၊အကျဉ်းသူအချို့ကို နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်း သား ၁၀၀ ၀န်းကျင်နဲ့ နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၀ထက် မနည်းရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဦးထွန်းကြည်ကပြောပါတယ်။

ဇန်န၀ါရီ်၂၂ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ကျော်ကိုလွှတ်ပေးလိုက်ပေမယ့် ထောင်အသီးသီးမှာနိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးတာဖြစ်ပါတယ်။


နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာနိုင်ငံရေး အကျဉ်းသား ၁၀၀ ၀န်းကျင်နဲ့  နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၀ ရာထက် မနည်းရှိနေသေးဟုဆို (ရုပ်သံ) ဇန်န၀ါရီ ၂၂ရက်နေ့နံနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င် အကျဉ်းသား၊အကျဉ်းသူအချို့ကို နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်း သား ၁၀၀ ၀န်းကျင်နဲ့ နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူ ၄၀၀ထက် မနည်းရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဦးထွန်းကြည်ကပြောပါတယ်။ဇန်န၀ါရီ်၂၂ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ကျော်ကိုလွှတ်ပေးလိုက်ပေမယ့် ထောင်အသီးသီးမှာနိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးတာဖြစ်ပါတယ်။
Posted by Eleven Web TV on Friday, January 22, 2016
Eleven Media Group

စလုံး ၊ နေပြည်တော် ၊ ဇန်န၀ါရီ ၂၂ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD )ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သာပြောရေးဆိုခွင့်ရှိသူ ကြောင်း ကြေငြာချက်အမှတ် ၂/၁/၂၀၁၆ ဇန်န၀ါရီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ

“ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယခုလက်ရှိအခြေအနေတွင် သိမ်သိမ်မွေ့ မွေ့ ဖြင့် လုပ်ကိုင်ဆောင်ရွက်နေရသည့် အချိန်ကာလဖြစ်ပါသည် ။ သို့ ပါ၍ အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ်၏ မူဝါဒများ ၊ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ မှတစ်ပါး အခြားပုဂ္ဂိုလ်များအနေဖြင့် ပြောရေးဆိုခွင့်မရှိကြောင်း ကြေငြာလိုက်ပါသည် ” ဟု ကြေငြာချက်တွင် ဖော်ပြပါရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသားဒိမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ဦးဥာဏ်ဝင်းကပြောကြားသည်ဟုဆိုကာ ပါတီမှ ရွေးချယ်တင်မြှောက်ရန်လျာထားသည့် အမျိုးသားလွှတ်တော် ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ တို့ ၏ အမည်စာရင်းများကို ပြည်ပ မီဒီယာ တစ်ခုကဖော်ပြခဲ့သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသူကိုသာပြန်လည်မေးမြန်းရန် ၊ ဦးဝင်းထိန်က ဦးဥာဏ်ဝင်းပြောဆိုမှုသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချတ်မဟုတ်ဟု ပြန်လည်တုံ့ ပြန်ပြောဆိုခဲ့ကြသည်။

ဦးဥာဏ်ဝင်းပြောဆိုမှုသည် ဗဟိုကော်မတီဆုံးဖြတ်ချက် မဟုတ်ခြင်း (သို့ မဟုတ်) လွှတ်တော်ဥက္ကဌ ရာထူးများအဖြစ် လျာထားခံရသူလေးဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီ ဆုံးဖြတ်ချက် မဟုတ်ခြင်း ဆိုသည်ကိုမူ အတိအကျ မသိရပေ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့် တို့ ကို ပြောရေးဆိုခွင့်ရှိသူများအဖြစ် သတ်မှတ်တာဝန်ပေးထားရာမှ ယခုကဲ့သို့  ပါတီဥက္ကဌ တစ်ဦးသား ပြောရေးဆိုခွင့် ရှိသူအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

The Street View


ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။
ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံ အပေါ် ခြေထောက် နဲ့ နင်းထားတဲ့ ဓါတ်ပုံကို ဖေ့ဘုတ် လူမှု ကွန်ယက် မှာ ဖြန့်ဝေတယ် ဆိုတဲ့ စွဲချက်နဲ့ ကချင်ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားသူ ပတ်ထရစ် ကွန်ဂျာလီကို ရန်ကုန်မြို့ တရားရုံးတခုကနေ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ ပြစ်မှုထင်ရှားတယ်လို့ တရားသူကြီးက တရားခွင်အတွင်း ဆုံးဖြတ်ပြောဆိုခဲ့ပေမယ့်၊ ပတ်ထရစ် ကွန်ဂျာလီကတော့ ဒါဟာ တရားမျှတမှုမရှိဘူး လို့ ဝေဖန် တုန့်ပြန်လိုက်ပါတယ်။ အမိန့်ချရာ ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံ ကို ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ ဦးပတ်ထရစ်ကွမ်ဂျာလီကို ဒီကနေ့မှာပဲ လှိုင်မြို့နယ် တရားရုံး ကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ် ၆၆ ဃ နဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ဦးပတ်ထရစ် ကွမ်ဂျာလီကတော့ ဒီအမှုဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

" ကျနော်အနေနဲ့ကတော့ ဒီဖေ့စ်ဘွတ်ခ်ဆိုတာ ကျနော်တို့ဆီမှာ ဥပဒေလည်း မရှိဘူး။ မရှိပေမဲ့ အခုလိုမျိုး ခြောက်လ ချတယ်ဆိုတာက ကျနော့်အတွက်က မတရားဘူးလို့ပြောချင်တယ်။ နောက်တခုက ဘာပြောချင်လဲဆိုရင် ကျနော်တို့ကတော့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောဆိုပေမဲ့ တကယ်တမ်းကျတော့ တရားသူကြီးအတွက်က အရမ်းခက်ခဲပါတယ်။ တရားသူကြီးတွေနဲ့ သက်ဆိုင်ရာတွေက အကောင်းဆုံး လုပ်ပေးတယ် ဒါပေမဲ့ နည်းဥပဒေ မရှိတဲ့အခါကျတော့ ကျနော်တို့ ဘာမှ မလုပ်ခဲ့ပေမဲ့ ကျနော် ပြစ်ဒဏ် ချခံရတယ်။"

ကချင်တိုင်းရင်းသား ဦးထရစ်ကွန်ဂျာလီကို အမှုစစ်နေစဉ်အတွင်းမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတဲ့အတွက် အာမခံ အကြိမ်ကြိမ် လျှောက် ထားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါ့အပြင် တရားစီရင်နိုင်တဲ့ ခိုင်လုံတဲ့ သက်သေ စွတ်စွဲချက်မရှိပဲ ဒီအမှုကို ချမှတ်ခဲ့တာကြောင့် တရားရေး မဏ္ဍိုင် အားနည်းမှု ရှိတယ်လို့ ဇနီးဖြစ်သူ မမေစံပယ်ဖြူက ထောက်ပြပါတယ်။

" ကျမ အမျိုးသား ကိုပတ်ထရစ်ကွန်ဂျာလီရဲ့ အမှုဟာ ကျမတို့နိုင်ငံမှာ ရှိတဲ့ တရားစီရင်ရေးရဲ့ အားနည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကို အကောင်းဆုံး ထင်ဟပ် ပြသနိုင်တယ်။ ဥပမာတွေ အများကြီးထဲက သာဓက တခုသာလျင် ဖြစ်တယ်လို့ ပြောချင်တယ်။ "

ကိုထက်အောင်။ ။ ဟုတ်ကဲ့။ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေပေါ်မှာ အကောင့်တုတွေနဲ့ရေးသားတာတွေ အများကြီးရှိတယ်။ အဲ့ဒီ့အထဲမှာမှ ချစ်သမီးရယ် ဦးပက်ထရစ်ကွန်ဂျာလီရယ် အလားတူ ပုဒ်မနဲ့ ထောင်ဒဏ် ခြောက်လစီ ချမှတ်တဲ့အပေါ်မှာ ဘာကြောင့်လို့ အမအနေနဲ့ ယူဆလဲ ဗျ။

" အဓိက ကတော့ ဘယ်လောက်ကြီးတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်နေစေကာမူ တပ်မတော်ကို မထိသရွေ့ ကာလပတ်လုံး လွှတ်ထားပေးမယ် တပ်မတော်ကို လာထိရင်တော့ မရဘူး။ အနည်းဆုံးတော့ ထောင်ခြောက် ကျကို ကျရမယ်ဆိုတဲ့ Message ကို ပေးနေတာလို့ပဲ ကျမကတော့ မြင်ပါတယ်။ "

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့တာကြောင့် တပ်မတော် အကြည်ညိုပျက်စေတဲ့ ပြစ်မှု ထင်ရှားတဲ့အတွက် ဒီပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်တယ်လို့ တရားသူကြီးက တရားခွင် အတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ဦးပတ်ထရစ်ရဲ့ ရှေ့နေဖြစ်သူ ဦးအယ်လ်ခွန်ရိန်ပန် ကတော့ ဒီအမှုကို အယူခံဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ တရားရုံးမှာ ရှိတဲ့ အထောက်အထားတွေလောက်နဲ့ အခြေခံပြီးတော့ အခုလို ပြစ်ဒဏ် ချမှတ်တာကတော့ ကျနော်တို့ မှားယွင်းတယ်လို့ လုံးဝ မြင်ပါတယ်။ အဲ့ဒီ့အမိန့်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အထက်တရားရုံးကို ကျနော်တို့ အယူခံ တက်သွားမယ်။ ကိုကွန်ဂျာလီပြောသလိုပဲ ဒီအယူခံတက်တာက ဒီအယူခံတက်နေတဲ့ ကာလအတွင်းမှာကို သူ လွတ်မြောက်ရင် လွတ်မြောက် သွားမယ်။ ဒါပေမဲ့ ဒီအယူခံတက်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖေ့စ်ဘွတ်သုံးစွဲသူ ငါးသန်းရဲ့ အကျိုးကို ရှေးရှု့ပြီးတော့ ကျနော်တို့ တက်မှာပါ။ ဒီလိုမျိုး ခိုင်မာတဲ့ အထောက်အထားမရှိပဲနဲ့ ပြစ်ဒဏ် ချမှတ်တဲ့ အစဉ်အလာတွေ မြန်မာနိုင်ငံ တရားစီရင်ရေးကနေ ပပျောက်သွားဖို့အတွက် ရည်ရွယ်ပြီးတော့ အယူခံဆက်တက်ပြီးတော့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမှာပါ။"

ဦးပတ်ထရစ် ကွမ်ဂျာလီကို အောက်တိုဘာလ ၁၄ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပြီူး အင်းစိန် အကျဥ်းထောင်မှာ ရက်ပေါင်း ၉၀ ကျော် ထိန်းသိမ်းထား တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာထောင်ဒဏ် ၆ လ ချမှတ်ခံထားရပေမယ့် ချုပ်ရက် ခံစားခွင့် ရတာကြောင့် သူဟာ ပြစ်ဒဏ် ၂ လကျော် ဆက်လက် ကျခံရမှာ ဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးမှာတော့ မိသားစုဝင်တွေအပြင် အမေရိကန်၊ ဗြိတိန်၊ EU ဥရောပသမဂ္ဂ သံရုံးတွေက တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW တို့လည်း လာရောက်ခဲ့ကြပါတယ်။

ထက်အောင်/VOA
http://burmese.voanews.com/content/six-months-sentence-to-detained-kachin-activist-/3157607.html

နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)
နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)

မြန်မာ အစိုးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသား ၁၀၀ ကျော် ဒီကနေ့ ပြန်လွတ် လာရာမှာ၊ အဲ့ဒီအထဲ နိုင်ငံရေး အကျဉ်းသား ၅၁ဦးထက် မနည်း ပါဝင်တယ် လို့ သိရပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒပြလို့ ထိန်းသိမ်းခံ ရတဲ့ ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ လေးရာကျော် ကတော့ အကျဉ်းထောင်တွေထဲ ရှိနေဆဲဖြစ်တယ်လို့ တတ်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က စုံစမ်းမေးမြန်း ပြီး သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အရ အကျဉ်းသား ၁၀၀ကျော် ပြန်လည် လွတ်ပေးခဲ့တဲ့ အခါမှာ အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင် ၊ မြစ်ကြီးနား အကျဉ်းထောင် ပြည်ထောင် ညောင်ဦးထောင် စတဲ့ အကျဉ်းထောင်တွေ ကနေ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်ပါတယ်။

အင်စိန်ထောင်ကနေ ၁၉လကြာ အကျဉ်းကျပြီး ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုနောင်နောင်ကတော့ အခုလိုပြောပါတယ်။

" 401 ကို ကျနော်တို့က လက်သင့်မခံဘူး။ ခင်ဗျားတို့ လွှတ်ချင်လို့ရှိရင် ဒီအတိုင်း လွှတ်၊ လွှတ်လို့ရှိရင် 401 ထိုးမှ၊ လက်မှတ်ထိုးမှ လွတ်မယ်ဆိုရင် ရတယ် မလွှတ်နဲ့ ထောင်ထဲ ကျနော်တို့ ပြန်ဝင်မယ်ဆိုပြီး ကျနော်တို့ ဦးဘမြင့်တို့ပါ အားလုံးစုပြီး ပြောလိုက်တော့ ကျနော်တို့ လက်မှတ်တောင် မထိုးခဲ့ရဘူးဗျ။ ဒီအတိုင်း ထွက်လာတာပါပဲ။"

အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုနေလင်းစိုး ကတော့ အမေရိကန်နိုင်ငံကနေ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး ပြောဆိုတဲ့အတွက် ဟန်ပြသဘောနဲ့ နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးတာလို့ ယူဆတယ်လို့ ပြောပါတယ်။

" ကျနော်ထင်တောတော့ အမေရိကန်က နိုင်ငံရေး အကျဉ်းသားပြန် လွှတ်ပေးဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ သူတို့တွေ ပြောမယ်ဆိုရင် ကျနော်တို့ကို အလွှတ်ပြလိုက်တာပေါ့ဗျာ။ အလွှတ်ပြလိုက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ ကျန်သေးတယ်ပေါ့နော်။ အဲ့တော့ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဆန္ဒဖော်ထုတ်တဲ့ ကိုနေမျိုးဇင်တို့ အန်တီနော်အုံးလှတို့ တင်ထွဋ်ပိုင်တို့ ကျန်ပါသေးတယ်။ "

မန္တလေး အိုးဘိုထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ ကတော့ တက်ကြွလှုပ်ရှားသူတွေ အတော်များများကို ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

" ကျနော်ဆိုလို့ရှိရင်လည်း နောက်ထပ် တစ်လလောက်နေရင် ပြန် လွတ်ပြီလေ။ ပြန်လွတ်မယ့် ရက်နီးတဲ့သူတွေကိုပဲ သူတို့ပြန်လွှတ်တာ။ အဲ့ဒီ့တော့ ကျနော်တို့အနေနဲ့က ဝမ်းလည်း ဝမ်းမသာဘူး။ ကြိုလည်း မကြိုဆိုနိုင်ဘူး။ ဒီအစိုးရအနေနဲ့ တကယ်သာ တိုင်းပြည်အပေါ် ပြည်သူလူထုအပေါ် စေတနာ ထားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ၊ လယ်သမားတွေ တက်ကြွလှုပ်ရှားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုပါတယ်။ "

ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ဘာသာရေး ယုံကြည်ချက်နဲ့ နှစ်ရှည် ထိမ်းသိမ်းခံထားရတဲ့ မိုးပြာဆရာတော် ဦးဉာဏလည်း မြစ်ကြီးနား အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ လယ်သမားရေး၊ အလုပ်သမားရေးနဲ့ တက်ကြွလှုပ်ရှားသူ တချို့ကိုသာ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၁၀၀လောက် ကျန်နေသေးတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တာဝန်ရှိသူကိုသက်ဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲရဲ့စာရင်းအရ ဆိုရင် အနည်းဆုံး ၃၃ဦးသာ ပါဝင်ပြီး စာရင်းထဲမှာ မပါဝင်တဲ့ ဘားအံအကျဉ်းထောင်ကနေ ၁၈ယောက်နဲ့ ဆိုရင်တော့ အများဆုံး ၅၁ဦး ပြန်လည် လွတ်မြောက် လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကဆိုပါတယ်။

" ပြည်ထောင်က လေးယောက်၊ မြစ်ကြီးနားက နှစ်ယောက်၊ ပူတာအိုထောင်က တစ်ယောက်၊ အင်းစိန်ထောင်က ၁၉ယောက်၊ အိုးဘိုထောင်က တယောက်၊ ဘားအံထောင်က ၁၉ယောက်၊ စောမောင်ကြီးအပါအဝင် ၁၉ယောက် ဆိုတော့ စောမောင်ကြီးကလွဲရင် ကျန်တဲ့ ၁၈က နိုင်ကျဉ်းစာရင်းထဲမှာ မပါသေးဘူး။ တောင်ငူက သုံးယောက်၊ ညောင်ဦးက နှစ်ယောက်၊ အားလုံးပေါင်း ၅၁ ယောက်။"

အရပ်သားအစိုးရလက်ထက် မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ငြိမ်းသက်သာခွင့် အမည်တွေနဲ့ အကြိမ်ပေါင်း ၁၉ကြိမ်မှာ အကျဉ်းပေါင်း (၃သောင်းကျော်) လွှတ်ပေးခဲ့ ပါတယ်။ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၁၆၁ သာရှိခဲ့တယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ ကပြောပါတယ်။

အခုဆိုရင် အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀ခန့် ကျန်နေသေး သလို ထောင်ထဲမှာ ချုပ်နှောင်ခံနေရပြီး အမှုများစွာကို ရင်ဆိုင်နေရတဲ့ ကျောင်းသားနဲ့ တက်ကြွ လှုပ်ရှားသူပေါင်း ၄၇၁ယောက် ကျန်နေသေးတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကလည်း ပြောဆိုပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/prisoners-released-today-under-amnesty/3157589.html

နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)
နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတချို့ကို အစိုးရက ပြန်လွှတ်ပေးမယ့် အစီအစဉ်ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပေမဲ့၊ ကျန်နေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန် လွှတ်ပေးဖို့ လည်း တောင်းဆို လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက် ဟာ အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် အသိအမှတ်ပြုပေမဲ့လည်း ဆက်လက် ဖမ်းဆီးခံရသူတွေ ရှိနေဆဲဖြစ်သလို၊ အမှုရင်ဆိုင်နေရသူတွေ အများအပြား ရှိနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လည်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ တာပါ။

အစိုးရက ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၁၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက် တဲ့ အထဲမှာတော့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ပါဝင်ကြောင်း တက်ကြွ လှုပ်ရှားသူတွေနဲ့ ပြန်လည် လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဒီကနေ့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာတော့ သာသာနာညှိုးနွမ်းစေမှုနဲ့ ပြီးခဲ့တဲ့နှစ် ထဲမှာပဲ ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေး ခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Philip Blackwood အပြင်၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ အနည်းဆုံး ၃၃ ယောက် ပြန်လည် လွတ်မြောက်လာတဲ့ အကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က ပြောပါတယ်။

ဒီကနေ့မှာပဲ ကရင်ပြည်နယ် ဘားအံထောင်ကနေ ပြန်လည် လွတ်မြောက်လာ သူတွေထဲ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇-၁ နဲ့ ဖမ်းဆီးခံထားရသူ ၁၈ ဦးလည်း ပါဝင်ပေမဲ့ ဘယ်သူတွေ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ လည်း ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အကျဉ်းသားပေါင်း ထောင်နဲ့ချီ လွှတ်ပေးခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား တထောင်ကျော်လောက် ပြန်လည်လွတ်မြောက်လာပေမဲ့ ဆက်လက် ဖမ်းဆီးထားသူတွေ၊ အရေးယူ ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေလည်း အများအပြား ရှိနေတုန်းပဲလို့လည်း နိုင်ငံရေး အကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

VOA
http://burmese.voanews.com/content/myanmar-released-prisoners-/3157450.html

မစ္စတာ ဝမ်ဘီယာဟာ ဗာဂျီးနီးယား တက္ကသိုလ်က စီးပွားရေး ကျောင်းသား ဖြစ်တယ်လို့ ဆို။
မြောက်ကိုရီးယား နိုင်ငံ အပေါ် ရန်လိုတဲ့ အပြုအမူ ပြုလုပ်တယ် ဆိုတဲ့ အမေရိကန် ကျောင်းသား တစ်ယောက်ကို မြောက်ကိုရီးယားက ဖမ်းဆီး လိုက်ပါတယ်။

အလည်အပတ် ခရီးစဉ် တစ်ခုနဲ့ ရောက်လာတဲ့ အဲဒီ ကျောင်းသားဟာ Otto Frederick Warmbier ဆိုသူ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ပြောပါတယ်။

KCNA သတင်းဌာနက ပြောဆိုရာမှာ သူဟာ အမေရိကန် အစိုးရရဲ့ အလိုအတိုင်း မြောက်ကိုရီးယားရဲ့ စည်းလုံးမှုကို ဖြိုခွဲ့ဖို့ အကြံနဲ့ နိုင်ငံထဲကို ကမ္ဘာလှည့် ခရီးသည်အဖြစ် ဝင်လာတာလို့ ဆိုပါတယ်။

မစ္စတာ Warmbier ပြန်လည် လွတ်မြောက် လာဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စား ဆွီဒင် သံရုံးက ဆောင်ရွက် ပေးနေတယ်လို့ သူ့ ခရီးစဉ်အဖွဲ့ ဖြစ်တဲ့ Young Pioneers က ပြောပါတယ်။

ဗာဂျီးနီးယား တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်တဲ့ မစ္စတာ Warmbier ဟာ မြောက်ကိုရီးယားမှာ အဖမ်း ခံရတဲ့ ၃ ယောက်မြောက် အနောက်နိုင်ငံသား ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ ရန်သူ နိုင်ငံတွေကို ဖိအားပေးတဲ့ အနေနဲ့ အခုလို နိုင်ငံခြားသား တွေကို ဖမ်းဆီး ထိန်းသိမ်းလေ့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြို့တော် ဝါရှင်တန်ဒီစီက အိမ်ဖြူတော်ရှေ့ နှင်းရှင်းနေစဉ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
ဗွီအိုအေ အမေရိကန်အသံ VOA ရုံးချုပ်ရှိရာ ၀ါရှင်တန်ဒီစီ အပါအ၀င် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ ဒီကနေ့ သောကြာနေ့ စံချိန်ချိုးလောက်အောင် နှင်းမုန်တိုင်း ကျရောက်ပြီး ရာသီဥတု ဆိုးရွားမယ့် အန္တရာယ်ရှိနေပါတယ်။ သောကြာနေ့ နေ့လည်ပိုင်းကနေ တနင်္ဂနွေနေ့အထိ ကျမယ့်နှင်းတွေဟာ ၀ါရှင်တန်ဒီစီ မြို့တော်မှာ ၂ ပေလောက်အထိ ရှိလိမ့်မယ် လို့လည်း မိုးလေ၀သ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

လေပြင်းတိုက်ခတ်တဲ့ အန္တရာယ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမယ့် အန္တရာယ်တွေလည်း ရှိနေပါတယ်။ မုန်တိုင်းမ၀င်ခင်မှာပဲ ၀ါရှင်တန်ဒီစီ မြို့တော်ဝန် Muriel Bowser က သောကြာနေ့ကစပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့သလို၊ ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ အစိုးရရုံးတွေဟာလည်း မွန်းလွဲပိုင်းမှာ နေ့တ၀က်ပိတ်မှာပါ။

ဝါရှင်တန်ဒီစီက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း မလုပ်စဖူး အာဏာပိုင်တွေက ပိတ်ဖို့စီစဉ်နေပါတယ်။ နိုင်ငံ အနှံ့က လေယာဉ် ခရီးစဉ်ပေါင်း ၄၅၀၀ ကျော်ကိုလည်း ဖျက်ခဲ့ရပါတယ်။ နှင်းမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံရနိုင်သလို၊ ဒေသခံတွေ အနေနဲ့ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းထားဖိုလည်း အာဏာပိုင်တွေက တိုက်တွန်းထားတာပါ။

ဝါရှင်တန်နဲ့ ကပ်လျက်ရှိနေတဲ့ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့သလို၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe ကလည်း မုန်တိုင်းအန္တရာယ်ကို လူထုအနေနဲ့ အလေးအနက် သတိထားဖို့ နှိုးဆော်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို အမေရိကန် အရှေ့ဖက်ခြမ်းက လူ သန်း ၅၀ လောက် ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန် မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ အဖွဲ့ချုပ်သည် လက်ရှိ အခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သဖြင့် မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်နှင့်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်း ကို လျာထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


ဗုဒ္ဓဘုရားပုံတော်အား မသင့်လျော်သည့် ဒီဇိုင်းဆင်မြန်းမှုဖြင့် အကျဉ်းကျရောက်နေသည့် နယူးဇီလန် နိုင်ငံသားအား ဇန်န၀ါရီလ ၂၂ ရက် (ယနေ့) လွတ်ငြိမ်းချမ်းသာခွင့် ပေးသော အကျဉ်းသား ၁၀၂ ဦးအတွင်း ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နှစ်က ရန်ကန်မြို့ ဗဟန်းမြို့နယ်အတွင်း V - Gastro Bar ဆိုင်တွင် ဘုရားပုံတော်အား မသင့်လျော်သည့် ဒီဇိုင်းဆင်မြန်းကာ ဆိုင်ကြော်ငြာခဲ့မှုနှင့် ပက်သက်၍ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၅(က)နှင့် ပုဒ်မ ၁၈တို့ဖြင့် တရားစွဲဆိုကာ ဗဟန်းမြိုနယ် တရားရုံးမှ စုစုပေါင်း ထောက်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (၄၀၁/ခ) အရ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီး မှ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံသား အကျဉ်းသား ၁၀၁ဦး၊ နိုင်ငံခြားသား အကျဉ်သား တစ်ဦးပါဝင်ခဲ့ကာ အဆိုပါ နိုင်ငံခြားသားမှာ V-Gastro Bar အမှုဖြင့် အကျဉ်းကျနေသည့် နယူးဇီလန်
နိုင်ငံသား ဖြစ်ကြောင်း သိရသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

ဝိုင်းမော်မြို့နယ်မှာ ရောက်ရှိနေတဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့နဲ့ တုတ်ချောင်းတွေကိုင်ပြီး လမ်းမ ပိတ်ဆို့ ဆန့်ကျင်နေတဲ့ ဘိန်းခင်းပိုင်ရှင်တွေ (ဘယ်ပုံ)
ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ဘိန်းခင်းများ ဖျက်ဆီးရှင်းလင်းရေးအတွက် လူထုအင်အားကြီးသည် ဇန်န၀ါရီ ၁၈ ရက် ၀ိုင်းမော်မြို့တွင်စုရုံးရောက်ရှိနေပြီဖြစ်သည်။

ယင်းကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် ကချင်ပြည်နယ် မြို့နယ်ပေါင်းစုံ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ လူအင်အား ၁၂၀၀ ကျော်ပါဝင်ပြီး အဖွဲ့ ၁၂ ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးခြင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်သည် ကချင်ပြည်နယ်တွင် ဘိန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ အဓိက အစိုးရထိန်းချုပ်သည့် ဆဒုံးဒေသ နှင့် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ယခု အစိုးရနယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်သော ကန်ပိုင်တီဒေသတို့တွင် ဘိန်းကို လွတ်လွတ်လပ်လပ် စိုက်ပျိုးနေခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၉ ရက်နေ့ ၄င်းဒေသသို့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ၀ိုင်းမော်မှ ထွက်ခွာရန်ပြင်ဆင်နေချိန် ဘိန်းခင်းပိုင်ရှင်များက တုတ်ချောင်းများကိုင်စွဲကာ ကားလမ်းမပိတ်ဆို့ဆန့်ကျင်ခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရမှကြားဝင်၍ အစီအစဉ်ကို ခေတ္တရပ်ဆိုင်းစေခဲ့သည်။

သို့သော် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့များလိုက်ပါလုံခြုံရေးပေးမှုအောက် အဆိုပါဒေသ ၂ ခု သို့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းကို ဇန်န၀ါရီ ၂၃၊ မနက်ဖြန် ပြန်စ မည်ဖြစ်ကြောင်းသိရသည်။

ယခုချိန် လူထုအင်အားဖြင့် ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းများကို ဟူးကောင်းချိုင့်ဝှမ်းဒေသနှင့် ပူတာအိုခရိုင်တို့တွင်လည်း အင်တိုက်အားတိုက်လုပ်ဆောင်နေပါသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြိုနယ်အတွင်း ဘိန်းခင်းများဖျက်ဆီးနေချိန် ဇန်န၀ါရီ ၁၅ ရက်နေ့က  ဘိန်းခင်းဖျက်ဆီးရေးတွင်အဖွဲ့မှ မောင်လထော်ယောသပ်တူးစိုင်း၊ အသက် ၁၉နှစ်သည် ဘိန်းခင်းပိုင်ရှင်များ၏ တူမီးသေနတ်ဖြင့် ချောင်းမြောင်း ပစ်သတ်ခြင်း ခံခဲ့ရသည်။ မောင်တူးစိုင်းသည် မိုးကောင်းမြို့နယ် လဘန်ကျေးရွာမှ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ပြီးနောက် ကချင်ပြည်နယ်သည် ဘိန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် အဖဂန်နစ္စတန်နိုင်ငံပြီးနောက် ဘိန်း ဒုတိယအများဆုံးစိုက်ပျိုးသော နိုင်ငံဖြစ်သည်။

၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများပြန်လည် ဖြစ်ပွားလာပြီးနောက် ဘိန်းစိုက်ခင်းများ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာတွင် ပါရှိသည်။

Kachin News Group
http://burmese.kachinnews.com


 ပျောက်ဆုံးနေသူအား တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန်ဖော်ပြခြင်း

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

သင်္ဃန်းကျွန်းမြို့နယ်နေ ကိုလွင်ဖြိုးမှ ၎င်း၏အစ်မဖြစ်သူ မဇင်နှင်းလွင်၊ (၂၈)နှစ်သည် ၁၇.၁.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် နေအိမ်မှ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ဧည့်သည်လိုက်ပို့ရာမှ ပြန်မလာပျောက်ဆုံးနေသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ လူပျောက်ရေးဖွင့် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့ တိုင်တန်းချက်အရ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၃/၂၀၁၆)ဖြင့် ရေးဖွင့်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲစခန်းများသို့ ပျောက်ဆုံး သူ၏ မှတ်တမ်းဓာတ်ပုံများပေးပို့ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေသူမှာ ဓာတ်ပုံတွင်ဖော်ပြထားသူဖြစ်ကြောင်း သိရှိရပြီး ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှစုံစမ်းရှာဖွေလျက် ရှိရာတွင် အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ပြည်သူများမှ လည်း ၎င်းနှင့်
ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ သတင်းပေးဆက်သွယ်ကူညီနိုင်ပါရန် ဖော်ပြအပ်ပါသည် -

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၈၆၁၀၆၈၂
သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၆၂၄၃၆
သင်္ဃန်းကျွန်းမြို့မရဲစခန်း - ၀၁ ၅၆၂၅၄၄

Yangon Police
https://www.facebook.com/yangonpolice


၂၀၁၅ ခုနှစ် စက်တင်ဘာ ၅ ရက် မှ ဒီဇင်ဘာလကုန်အထိ သုံးလခန့် ပျောက်ဆုံးခဲ့သော မြောက်ဒဂုံမြို့နယ်နေ ဆယ်တန်းကျောင်းသူလေးနှစ်ဦးမှာ တရုတ်ပြည်လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဟိုတယ်တခုနှင့် နေအိမ်တခုတို့ တွင် သွားရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့သည် နေအိမ်များသို့ ပြန်လည် ရောက်ရှိ လာပြီဖြစ်ကြောင်း ကျောင်းသူနှစ်ဦး၏ မိဘများထံမှ သိရသည်။

''သမီးလေးတွေကိုခေါ်ယူပြီး အလုပ်ခန့်ထားတဲ့ အလုပ်ရှင်အမျိုးသားက လွယ်ဂျယ်ကနေ ဗန်းမော်ကိုလာတော့ လေဆိပ်မှာ သူတို့ပုံတွေကပ်ထားတာ တွေ့တယ်။

ပြီးတော့ အင်တာနက်မှာလည်း သူတို့တွေနဲ့ လူပျောက် ကြော်ငြာတွေ တွေ့တော့ ကလေးတွေကို မိဘတွေဆီကို ဆက်သွယ်ခိုင်းရင်းကနေပြီးတော့ ကျွန်မတို့နဲ့ အဆက်အသွယ်ရခဲ့တာပါ။

ပျောက်ကတည်းကရှာနေတာ သုံးလလောက် ကြာတော့မှ သတင်းရပါတယ်။ သတင်း ရ,ရချင်းပဲ ကျွန်မတို့ ဒီကလိုက်သွားတာပါ။ ခရီးစဉ်အစအဆုံးမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

နောက်ဆုံး လွယ်ဂျယ်မြို့က နေအိမ်တခုမှာ သမီးငယ်နှစ်ဦးက သန့်ရှင်း ရေးလုပ်နေတာကို တွေ့ရတယ်။ သမီးက တွေ့,တွေ့ချင်းကျောင်းပြန်တက်ပြီး စာမေး ပွဲဖြေမယ်လို့ ပြောတယ်'' ဟု ပျောက်ဆုံးခဲ့ သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်း၏ မိခင်ဖြစ်သူက News Watch သို့ ပြောသည်။

မနေခြည်လင်းသည် အထက(၅) မြောက်ဒဂုံတွင် တက်ရောက်နေသည့် ကျောင်းသူတဦးဖြစ်ပြီး ယခုကဲ့သို့ ဘေးမသီရန်မခဘဲ ပြန်လည်တွေ့ရှိခဲ့မှုအပေါ်တွင် မိဘများအနေဖြင့် အလွန်ဝမ်းသာပျော်ရွှင်မိပါကြောင်း ၎င်းက ဆိုသည်။
''အဲဒီတရုတ်ပြည်ကို ရောက်တုန်းက ညတိုင်းငိုတယ်။

အိမ်ကိုသတိရပြီးတော့ပြန်ချင်လို့။ တနေ့ကို နံနက် ၆ နာရီ ခွဲလောက်ကနေ ၇ နာရီခွဲအထိ သန့်ရှင်းရေးလုပ်ရတယ်။ သန့်ရှင်းရေးက ဘာတွေလဲဆိုတော့ ကြမ်းတိုက်၊ ဖုန်သုတ်၊ တံမြက်စည်းလှည်း၊ ဟင်းချက်ရင် ၀ိုင်းကူလုပ်ပေးရတယ်။ ပြီးတာနဲ့ ထမင်းကျွေးပါတယ်။

ပြီးတာနဲ့ သူတို့ဖွင့်ထားတဲ့ ရင်ရင် ဟိုတယ်ကိုသွားပြီး သန့်ရှင်းရေးထပ်လုပ်ရတယ်။ ညနေသုံးနာရီ၊ လေးနာရီလောက်ဆို အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်၊ ပြီးတာနဲ့ ထမင်းစားပြီးရင် အိပ်လို့ရပါတယ်။ ကျန်တာတော့ ဘာမှမခိုင်းပါဘူး'' ဟု ပျောက်ဆုံးခဲ့သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်းက ပြောပြသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၅ ရက် မွန်းလွှဲ ၁ နာရီခန့်တွင် ကျူရှင်မှ ကမ္ဘာအေးဘုရားသို့ ဦးစွာထွက်လာ ခဲ့ပြီး ထိုမှတဆင့် မြတ်မန္တလာထွန်းကားနှင့် လက်မှတ်ဖြတ်ကာ ပြင်ဦးလွင်မြို့သို့ နောက်နေ့နံနက် စက်တင်ဘာ ၆ ရက် တွင် ရောက်ရှိခဲ့ကြောင်း၊ ပြင်ဦးလွင်တွင် အလုပ်ရှာရာမှ အမျိုးသမီးတဦးနှင့်တွေ့ဆုံကာ နှစ်ညအိပ်ခဲ့ပြီး ထိုအမျိုးသမီး၏ ချိတ်ဆက်ပေးမှုကြောင့် ပြင်ဦးလွင်မှ ဗန်းမော်မြို့သို့ စက်တင်ဘာ ၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ယင်းမြို့တွင် တညအိပ်ကာ နောက်နေ့နံနက် တရုတ်ပြည်နယ် လွယ်ဂျယ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေါ်ကွမ်ရင်၏နေအိမ်တွင် သန့်ရှင်းရေးအလုပ်ရရှိခဲ့သည့်အတွက် သုံးလခန့်အလုပ်လုပ်ကိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သမီးလေး အခုလိုပြန်လာလို့ ၀မ်းသာမိပါတယ်။ ဟိုက အလုပ်ရှင်ကလည်း သဘောကောင်းပါတယ်။ ပြန်ခါနီး မုန့်ဖိုးတောင်ပေးလိုက်ပါတယ်။ တော်ပါသေးတယ်။

သူတော်ကောင်းနဲ့ တွေ့လိုပေါ့။ အခုနှစ်တော့ စာမေးပွဲ ဖြေဖို့ မမီတော့ဘူး။ လာမယ့်နှစ်ကို ကျောင်းပြန်ထားရမလား၊ အပြင်ဖြေနဲ့ ဖြေခိုင်းရမှာလားဆိုတာ မသိသေး ပါဘူး။ သမီးလေးရဲ့ ဆန္ဒပါပဲ။ အခု သမီးလေးက စိတ်ရှုပ်နေတော့ မပြောတတ်သေးပါဘူး''ဟု ပျောက်ဆုံးသွား သည့် ကျောင်းသူနှစ်ဦးအနက်မှ မနှင်းသဇင်၏မိခင်က News Watch သို့ ပြောသည်။

အဆိုပါဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းထားရာ နှစ်ဖက်မိဘများသဘောတူညီမှုဖြင့် လက်မှတ်ထိုး၍ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံအား မဖွယ်မရာ ပြုလုပ်ကာ လူမှုကွန်ရက် စာမျက်နှာတွင် ဖြန့်ဝေခဲ့သည်ဆိုပြီး ကချင်တိုင်းရင်းသားဖြစ်သူ ပက်ထရစ်ခွန်ဂျာလီအား ဇန်န၀ါရီလ ၂၂ ရက်နေ့ (ယနေ့)တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အရ ထောင်ဒဏ် ၆ လ ကျခံစေ
ရန် လှိုင်မြို့နယ် တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

ပက်ထရစ် ခွန်ဂျာလီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ)အရ လှိုင်မြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာ သက်သေပစ္စည်း အထောက်အထားများ၊ တရားလိုပြ သက်သေများ၊ တရားခံဘက်မှ သက်သေများအား စစ်ဆေးချက်များ အပေါ် မူတည်၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသောကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း
ဖြစ်ကြောင်း လှိုင်မြို့နယ် တရားသူကြီးက တရားခွင်တွင် ပြောသည်။

“ဒီအမှုမှာ တရားလိုဘက်က ခိုင်လုံထင်ရှားတဲ့ သက်သေမရှိပါဘူး ။ လူတစ်ယောက်ရဲ့ အပြုအမူကို ကြည့်ပြီး ဆုံးဖြတ်ရစတမ်းဆိုရင် ပြစ်မှုကျူးလွန်နေတဲ့ သူတွေ အများကြီး ရှိပါတယ် ။ အဲဒီအတွက်ကြောင့် တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်” ပက်ထရစ်ခွန်ဂျာလီ၏ ဇနီးဖြစ်သူ လူ့အခွင့်အရေး
လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူက ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းက လိုင်မြို့နယ် အမှတ် ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ်အိမ်ရာ၊ တိုက် ၂၈ ၊ အခန်းအမှတ် ၂၀၁ တွင် နေထိုင်သူ ဦးခွန်ဂျာလီက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ဓာတ်ပုံကိုခြေထောက်ဖြင့် နင်းထားသည့် ဓာတ်ပုံအား ဖြန့်ဝေမှုခဲ့သည်ဟု ဆိုပြီး အာဏာပိုင်များက ၄င်း၏ဖုန်းနှင့် လက်ပ်တော့တို့အား သိမ်းစည်းကာ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟူသော အကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမိန့်ချမှတ်မှုအား တရားခံဘက်မှ တစ်လအတွင်း အယူခံ လျှောက်ထားနိုင်မည်ဖြစ်ပြီး အယူခံဝင်ရန် အစီအစဉ်နှင့် ပက်သက်၍ တရားခံ၏ရှေ့နေဖြင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားမည်ဟု ၄င်း၏ဇနီးက ပြောသည်။

ထောင်ဒဏ် ၆ လ ချမှတ်ခံရသူ ပက်ထရစ်ခွန်ဂျာလီမှာ စစ်ဘေးရှောင် ဒုက္ခသည်များအား အကူအညီပေးရန် လိုအပ်ချက်များနှင့် ပက်သက်၍ သုတေသန လုပ်ဆောင်နေသူဖြစ်ကာ လူ့အခွင့်အရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်မှုများ ရှိနေသူ တစ်ဦးလည်း ဖြစ်သည်။

သတင်း / ဓာတ်ပုံ - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies