01/26/16





ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၄ ရွာက နေအိမ်တွေကို လူအင်အားနဲ့ လာရောက်ဖျက်ဆီးမှာ စိုးရိမ်တာကြောင့် ရွာသူရွာသားတွေဟာ သူတို့နေထိုင်တဲ့ ကျေးရွာလမ်းထိပ်တွေမှာ ဒီကနေ့ ညပိုင်းက စောင့်အိပ်နေကြပါတယ်။

ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြေဧက ၅ဝဝ ကျော်ကို မြန်မာစီးပွားရေး ဦးပိုင်လီမီတက်ပိုင်တဲ့မြေဆိုပြီး ဒီနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ညပိုင်း နောက်ဆုံးထားဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Photo Aung Thain Kha/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese

 ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ကိုပိတ်ဆုံးတားဆီးနေစဉ်။
ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ကိုပိတ်ဆုံးတားဆီးနေစဉ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ မြေယာနစ်နာကြေးမယူထားတဲ့ လယ်တွေ အတွက် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတဲ့ဒေသခံတွေ ဆန္ဒပြနေတဲ့အတွက် ပုသိမ်-မုံရွာ ကားလမ်း ပိတ်ဆို့တားဆီးထားပြီး ကုန်စည်စီးဆင်းမှုတွေ အခက်အခဲတွေဖြစ်နေပါတယ်။ ဆန္ဒပြသူတွေရှိရာကို ဒီနေ့မှာတော့ ယင်းမာပင် ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူး လာရောက်ခဲ့ပြီး မနက်ဖန်မှာ မြန်မာ ၀မ်ပေါင်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်မှာ တည်ဆောက်နေတဲ့ ကြေးနီစီမံကိန်း ကြောင့် မြေသိမ်းယူခံရတဲ့ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြမူတွေကြောင့် ပုသိမ်-မုံရွာ ကားလမ်းကို တနင်္လာနေ့မှာ ရဲအင်အားတွေနဲ့ သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားတဲ့အတွက် ခရီးသွားကားတွေ ရော ဒေသထွက်ကုန်တွေရောင်းချတဲ့ ကုန်သည်တွေပါ အခက်အခဲ တွေ့ရတယ်လို့ ဒေသခံ တောင်သူတဦးကသုံးသပ် ပြောဆိုပါတယ်။

“ဒီဘက်က အဝေးပြေးလမ်းမကြီး ၊ လမ်းဆုံဆိုတော့ အဲဒီမှာ မှန်လုံကားတွေ မန္တလေး-ရန်ကုန် ဒါရိုက်ကားတွေလည်း ရှိတာပေါ့နော်။ အဲဒီက မြို့နယ်တွေလည်းတော်တော်လေး အုပ်စုများတဲ့အတွက် မုံရွာ ဒါရိုက်ကနေပြီး အရောင်းအ၀ယ်သမားတွေလည်းရှိတယ်။ အဲဒီကားတွေကိုလည်း ရပ်ထားရတာပေါ့။ ပိတ်ထားတာဆိုတော့။ သူတို့အများကြီး အချိန်တွေ ဆုံးရှုံးသွားတာပေါ့ ။ အဝေးပြေးလမ်းဆိုတော့နော်။ ဒီဘက်က မိုးရာသီကျရင် ကားတွေက ဆက်သွယ်ရေးတွေက လုံးဝမကောင်းဘူး ရွံ့တွေရှိကြတော့၊ ဒီနှစ်ရတဲ့သီးနှံကို ပွဲရုံကိုရောင်းတယ်၊ တနှစ်စာကို ဆန်၊ ဆီ၊ ဆား၊ ငပိတွေ အကုန်ဝယ်ပြီးတော့ အကုန်ပြန်ကြတာပေါ့။ အချိန်နဲ့အချိန် ကိုယ့်ရွာကို ပြန်ရောက်ရတာပေါ့။ ဒေသခံတွေက ဆိုင်ကယ်နဲ့ တနိုင်တပိုင် အရောင်းအ၀ယ်သမားလည်းရှိပါတယ်။ ဆိုင်တွဲသမားတွေလည်းရှိပါတယ်။လုံးဝမဖွင့်ပေးပါဘူး။ အာဏာပိုင်တွေဘက်ကတော့ နာရေးကားတွေ၊ လူနာတင်ကားတွေတောင်မှလုံးဝမဖွင့်ပေးပါဘူး။”

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့ကစပြီး ဒေသခံတွေက ဆန္ဒပြနေကြတာပါ။ သီးနှံ လျော်ကြေး တောင်းဆိုတဲ့ တောင်သူတွေ လာရာလမ်းဖြစ်တဲ့ ပုသိမ်-မုံရွာလမ်းကို အာဏာပိုင်တွေက ရဲအင်းအားတွေနဲ့ မကြာခဏ ပိတ်ဆို့ခဲ့ပါတယ်။ ဒီကနေ့မှာတော့ တရက်ခြားခန့် ဆိုသလို ဆန္ဒထုတ်ဖော်နေတဲ့ တောင်သူတွေရှိရာနေရာကို ယင်းမာပင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးမှူးက လာရောက်ခဲ့ပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေဆုံပေးမယ်လို ကတိပေးခဲ့တယ်လို့ ဒေသခံ တောင်သူတဦးက ပြောပါတယ်။

“ဒေသခံတွေ ဆုံးရှုံးနစ်နာလို့ သီးနှံလျော်ကြေးတောင်းဖို့လာတွေ့ဆုံတာပါ။ တွေ့ဆုံဖို့ကလည်း လုံးဝအကြောင်းမပြန်တဲ့အတွက် ဦးဇော်မျိုးညွန့် ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်အနေနဲ့ ဘာများ လုပ်ဆောင်ပေးနိုင်မလဲလို့ လူကိုယ်တိုင်သွားမေးတော့ မနက်ဖြန်ကို ၂၆ ရက်နေ့ ၁၂ နာရီမှာ ဆက်ဆံရေးရုံးမှာ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ လူတွေကိုလည်းခေါ်ခဲ့ပါ။ ကျမတို့က လျော်ကြေးမယူထားတဲ့ တောင်သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ရာအတွက် သီးနှံလျော်ကြေးရရှိဖို့ရာကျမတို့ ဆွေးနွေးဖို့ရန် တောင်းဆိုလိုက်တယ်။ သူ တာဝန်ယူ၊ တာဝန်ခံလိုက်ပါတယ်။”

ဒေသခံတွေက သီးနှံလျော်ကြေး တောင်းဆိုတာတွေလုပ်တဲ့အတွက် ဒေသခံ တောင်သူ ၆၆ ဦးကို ပုဒ်မ ၁၈နဲ့ ဆာလင်းကြီးမြို့နယ် အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။ ဒီကနေ့ မှာတော့ တောင်သူတွေက ညောင်းပင်ကြီး ရဲစခန်းရှေ့မှာစုရုံးပြီး သူတို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စကို မေးမြန်းတဲ့အခါမှာတော့ ရဲစခန်းက တာဝန်ယူဖြေကြားတာမျိုးမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ကုမ္ပဏီတွေက မြေယာသိမ်းပြီး လုပ်ဆောင်ခဲ့တယ်ဆိုပြီး စီမံကိန်း ဖျက်သိမ်းပေးရေးအတွက် ဒေသခံတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက အကြိမ်ပေါင်း ၂၈၀ ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်း နယ်မြေမှာရှိတဲ့ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ ဆန္ဒပြနေတဲ့ ကျေးရွာတွေကတော့ နစ်နာကြေး မယူထားတဲ့ ကျေးရွာတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ကန့်ကွက်ဆန္ဒပြတာကြောင့် လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ခံရလို့ တောင်သူတဦး သေဆုံးပြီး ဒေသခံ ၁ ဒါဇင်လောက်လည်း သေနတ်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/due-to-the-blocking-of-lapadaung-farmer-protest-by-government-local-economic-stuck-/3161695.html

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေနေရာများအတွက် သိမ်းဆည်းခံထားရသည့် ဒေသခံမြေယာပိုင်ရှင်များက သီးနှံလျော်ကြေးရရှိရေး ဆန္ဒပြနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေနေရာများအတွက် သိမ်းဆည်းခံထားရသည့် ဒေသခံ မြေယာပိုင်ရှင်များက သီးနှံလျော်ကြေး ရရှိရေးနှင့် ၎င်းတို့ ဆန္ဒပြမှုများအပေါ် စွဲတင်ထားသည့် ပုဒ်မ ၁၈ တို့ ဖျက်သိမ်းပေးရေးအတွက် ဇန်န၀ါရီ ၂၅ ရက် ညနေ ၃ နာရီမှ ၄ နာရီအထိ မြန်မာ-၀မ်ပေါင် ကုမ္ပဏီရုံးရှေ့နှင့် ညောင်ပင်ကြီး ရဲစခန်းပေါက်ရှေ့တို့တွင် အင်အား ၁၀၀ နီးပါးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာသို့ လက်ပံတောင်းတောင် ဒေသခံ ကျေးရွာများ ဖြစ်ကြသည့် တုံရွာဆည်တည်းရွာ ဇီးတောရွာနှင့် မိုးကြိုးပြင်ရွာတို့မှ လာရောက်ပြီး ဆန္ဒပြခဲ့ရာ ဆန္ဒထုတ်ဖော်သည့် နေရာသို့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က လာရောက်ပြီး ဇန်န၀ါရီ ၂၆ ရက် နေ့လယ်တွင် ဒေသခံများ တောင်းဆိုနေသည့် သီးနှံလျော်ကြေး ကိစ္စရပ်အား ဆည်တည်းရွာသစ်တွင် ဖွင့်လှစ်ထားရှိသည့် ဆက်ဆံရေးရုံးတွင် ပြေလည်အောင် ညှိနှိုင်းပေးမည်ဟု ကတိပြု ပြောဆိုခဲ့သဖြင့် ဆန္ဒထုတ်ဖော်မှုအား ရပ်နားခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် လိုက်ပါသည့် မိုးကြိုးပြင်ရွာမှ အသက် (၆၀)အရွယ်ရှိ အမျိုးသမီးတစ်ဦးက “မြေယာလျော်ကြေး ရယူထားတာ မရှိဘူး။ သီးနှံလျော်ကြေး မနှစ်က ရတယ်။ ဒီနှစ် မရသေးဘူး။ ဘာမျှမစိုက်ရတော့ စားရေးသောက်ရေး မလွယ်ဘူး။ နွားစာကျွေးဖို့တောင် မလွယ်တဲ့အဖြစ် ရောက်နေရတယ်။ နွားစာ ၀ယ်မကျွေးနိုင်လို့ ရွာအနီးအနားက အပင်တွေခုတ်ပြီး ကျွေးနေရတယ်။ သူတို့က မြေယာတွေ သိမ်းလိုက်တော့ စာကျက်မြေတွေကလည်း မရှိတော့ဘူး” ဟု ပြောကြားသည်။

ယခု တောင်းဆိုနေသည့် ဆောင်းသီးနှံလျော်ကြေး ရရှိပါက ဆန္ဒပြမှုအား ရပ်နားပေးမည်ဖြစ်ပြီး မရရှိပါက နေ့စဉ်လာရောက်ပြီး ဆန္ဒပြ တောင်းဆိုနေကြရမည်ဖြစ်ကြောင်း ယခင်နှစ်က ဆောင်းသီးနှံဖြစ်သည့် ကုလားပဲ နှံစားပြောင်းနှင့် ပဲစင်းငုံတို့အား လျော်ကြေးခဲ့ပြီး ယခုနှစ် ဆောင်းသီးနှံအတွက် မပေးသဖြင့် တောင်းဆိုနေကြရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-၀မ်ပေါင်ရုံးရှေ့မှ ဆန္ဒထုတ်ဖော်မှု အပြီးတွင် ညောင်ပင်ကြီးရဲစခန်းရှေ့ အပေါက်တွင် ဒေသခံများအပေါ် အမှုဖွင့်ထားသည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရန်အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။


Writer:
စိုးမိုးထွန်း (မုံရွာ)
Eleven Media Group


rakhine-parliament-620.jpg
ဇန်နဝါရီလ ၂၅ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ်လက်ထက်မှာ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၄၅ ဘီလီယံ သုံးစွဲခွင့်ပြုပြီး ရေးဆွဲထားတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့မှာ အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွက် ငွေကျပ် ဘီလီယံပေါင်း ၃၀၀ ကျော် သုံးစွဲခွင့်ပြုဖို့ တင်ပြခဲ့ပေမယ့် ပြည်ထောင်စုအစိုးရက ငွေကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

"ဒီငါးနှစ်တာကာလမှာ ကျနော်တို့ တွေ့ကြုံခဲ့ရတာက ဘီလီယံ ၂ဝဝ ကျော်အထိရဖူးတယ်၊ အဲ့ဒီဘတ်ဂျက်နဲ့ ပတ်သက်ပြီး လျော့ချတယ်ဆိုတာ အမှန်ကတော့ မဖြစ်သင့်ပါဘူး၊ တခြားနေရာတွေမှာ ပြည်ထောင်စုရန်ပုံတွေများနေပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေ နှေးကွေးသွားမယ်၊ တဘက်မှာ ပြည်နယ်ရန်ပုံငွေတွေကို လျော့ချလိုက်မယ်ဆိုရင် ကျနော်တို့ ရှေ့ဆက်ပြီးတော့ သွားဖို့ခရီးလမ်းမှာ တော်တော်လေးကို နှေးကွေးသွားမယ်လို့ ကျနော်မြင်ပါတယ်"

လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်အတွက် ၂၀၁၂-၁၃
ဘဏ္ဍရေးနှစ်မှာ ၃၄ ဘီလီယံ အနည်းဆုံးရရှိခဲ့ပြီး ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ကျပ် ၂၀၂ ဘီလီယံ ရရှိခဲ့တဲ့အတွက် အများဆုံးဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၄၈ ဘီလီယံ ခွင့်ပြုခဲ့ပြီး ၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၁၄၅ ဘီလီယံသာ ခွင့်ပြုတာဖြစ်ပါတယ်။

ဒီနေ့ အတည်ပြုလိုက်တဲ့ ခွင့်ပြုငွေတွေထဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က
လွှတ်တော်ထံ ကတိပေးထားတဲ့ စီမံကိန်းအတော်များများအတွက် အသုံးပြုမယ့် ဘတ်ဂျက်တွေ မပါဝင်သလို တာတမံဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် လျာထားတဲ့ ဘတ်ဂျက်တွေလည်း ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌနေအိမ်တွေအတွက် ပြုပြင်စရိတ် ငွေကျပ် သိန်း ၅၀၀ စီနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ နေအိမ်ပြုပြင်ထိန်းသိမ်းစရိတ် ငွေကျပ် သိန်း ၄၈၀ တွေကို အသီးသီးခွင့်ပြုထားတာတွေ့ရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက
ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/2016-2017-rakhine-state-budget-01252016095942.html


ဂျန္နဝါရီ ၂၅ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးေ ရှာင်ကျေးလက် ရွာသား ၅၀၀ ကျော်သည် နေရပ်ရင်းရွာတွင် စစ်သုံြးေ မမြှုပ်မှိုင်းများ၊ လက်ကျန် ဗုံးများ ရှိနေသေးသည့်အပြင် စစ်ပွဲကာလ အိုးအိမ် လယ်ယာမြေများ ပျက်စီးကုန်ပြီဖြစ်သဖြင့် နေရပ်ပြန်မနေဖို့ ဆုံးဖြတ် လိုက် ကြကြောင်းသိရသည်။

မိုင်းရှူးမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်များ ရာဂဏန်းရှိနေသေးကြောင်း၊ မိုင်းရှူးမြို့ အ နောက် တောင်ဘက် ၇ မိုင်အကွာ ဟိုင်းပါရွာ တွင် ၁၀၀၀ ကျော် ရှိသေးကြောင်း၊ထိုအထဲမှ ကုန်းနိမ်ရွာသူရွာသား ပလောင်လူမျိုးများနှင့် ၊ နမ့်ပါ မုန်းရွာသူရွာသား လီဆူး နှင့် ပလောင် လူမျိုး ၅၀၀ ကျော်တို့ က နေရပ်ပြန် မနေရရေးအတွက် ကူညီကယ်ဆယ်ရေးကော်မတီ ထံ အကူ အညီတောင်း ခံကြသည်ဟု ဆိုသည်။

“နမ့်ပါမုံးက လီဆူးနဲ့ ပလောင်လူမျိုးတွေ၊ နောက်ပြီး ကုန်းနိမ်က တော့ ပလောင်တွေကြီးဘဲ။ သူတို့ကို နေရပ်ပြန်မပို့ဖို့ လာပြောတယ်။ သူတို့က ရွာမှာ ပြန်မနေဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဘာလို့ဆိုတော့ သူတို့မှာ နေ အိမ် လဲ တော်တော်ပျက်စီးတယ်။ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲတွေ နွားတွေ လဲ မရှိတော့ဘူး။ အဲဒါအပြင် ကျကျန်ခဲ့တဲ့ မကွဲသေးတဲ့ ဗုံးတွေ၊ မြေမြှုပ်မှိုင်းတွေ ရှိနေလို့ ကြောက်နေကြတယ်။ ရွာပြန်နေဖို့” - ဟု ကူညီရေးအဖွဲ့က နန်းစိန် က ပြောသည်။

ကုန်းနိမ် တွင် ကျွဲ ၂၆၂ ကောင် ၊ နွား၂၃၉ ကောင် ၊ ၀က် ၂၈၉ ကောင်၊ ကြက် ၁၁၇ ကောင် ၊ ဆိုင်ကယ် ၁၉ စီး ၊ ဆန်စက် ၆ လုံး ၊ စပါးတင်းပေါင်း ၅၀၀ ကျော် ၊ ပြောင်းတင်းပေါင်း ၁၀၀၀ ကျော် ပျက်စီး ဆုံးရှုံးသည်ဟု သျှမ်း လူငယ်ကွန်ယက်က လိုက်လံစာရင်းကောက်ယူနေသူ တဦးက ပြောသည် ။

ကုန်းနိမ်ရွာတွင် မိသားစု ၁၃၀ ကျော် လူဦးရေ ၅၀၀ ကျော်ရှိ ကြောင်း၊ နမ့်ပါ မုံးရွာ သီးသန့် လူဦးရေ အတိအကျ မသိရသေးကြောင်း၊ နေရပ်ပြန်ဖို့ ငြင်း ဆန် နေသူများ ၆၀၀ ကျော်နိုင် ကြောင်းပြောသည်။ ဝမ့်ဟိုင်းဌာနချုပ် ရုံး အရာ ရှိတဦးက နေရပ် မပြန်လိုသည့် ရွာသားများ အတွက် ဝမ်းရေးအတွက်စိုက် ပျိုးနေထိုင်နိုင်သည့် နေရာစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သို့ပြောသည်။

၂၀၁၅ အောက်တိုဘာ ၆ ရက် နိုဝင်ဘာလနှောင်းပိုင်းအထိ ကျေးသီး မြို့ နယ် နှင့် မိုင်းရှူးမြို့နယ် တွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ် စခန်းများအား အစိုးရ တပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ဒေ သခံ တစ်သောင်းကျော်နေရပ် မှ စွန့်ခွါခဲ့ရသည်။

၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက်ခေါင်းဆောင်က အပစ်ရပ်ရေး၊ တပ် ဆုတ်ခွါရေး သဘောတူညီချက်ကြောင့် ဒေသခံ တချို့နေရပ်ပြန်ေ နကြပြီ ဟု ဆိုသော်လည်း တထောင် ကျော်က နေရပ်ပြန်ဖို့ရန် မိမိလုံခြုံရေး အတွက် စိုးရိမ်နေဆဲဖြစ်သည်။ နှစ်ဘက် တပ်များ ဆုတ်ကြပြီဟုဆိုသော်လည်း လက် တကမ်းသာ ဆုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည်ဟု လည်း ဒေသခံများက ပြောဆိုနေကြသည်။

သျှမ်းသံတော်ဆင့် (ဖြူဟွမ်)
Panglong(Burmese)
https://www.facebook.com/Panglong.burmese

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးအဖွဲ့ဟာ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေ အသုံးပြုနေတဲ့ စက်ယန္တရားအစီးရေ တစ်သောင်းကျော်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီနှစ်ရာကျော်ရဲ့ စက်ယန္တရားတွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပါတယ်။

"ဘတ်ဟိုးပါတယ်၊ ဘူဒိုဇာပါတယ်၊ နောက်မြေသယ်ယာဉ်ကြီးတွေပါတယ်၊ နောက်ကျောက်ဖောက်စက်တွေ ပါတယ်၊ နောက်အုပ်ချုပ်မှုယာဉ်ပေါ့၊ အုပ်ချုပ်မှုယာဉ်ဆိုတာ ကုမ္ပဏီတွေသုံးတဲ့ယာဉ်ပေါ့ အဲ့ငါးခုပါတယ်၊ ကုမ္ပဏီ အားလုံးပေါင်း ကျနော်သိတာ ၂၆၂ ကိုစစ်တယ်ဗျာ၊ အားလုံးပေါင်းလိုက်တဲ့အခါ အစီးရေ တစ်သောင်းကျော်တယ်၊ အရင်တုန်းက ဖားကန့်ဒေသမှာ စက်ယန္တရားအရေအတွက် စာရင်းအတိအကျမရှိဘူး၊ ဒါလာစစ်တဲ့အတွက် စာရင်းအတိအကျလည်းဖြစ်ပါတယ်၊ ဒါတွေလည်း စနစ်စကျဖြစ်သွားနိုင်တဲ့ အနေအထားတွေပေါ့"

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တဲ့ အထူးကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၆ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ တပတ်ကြာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်၊ သတ္တုတွင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန စတဲ့ ပြည်ထောင်စုအဆင့် အရာရှိအယောက် ၂၀ ကျော်လိုက်ပါဝင်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီနှစ်အတွက် နိုင်ငံတော်ကိုအခွန်ဆောင်ပြီး ကျောက်တူးဖော်ဖို့ ရောက်ရှိနေတဲ့ စက်ယန္တရား ၇၀၀ ကျော်ရှိပြီး ဂျိတ်လင်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ကုမ္ပဏီ ၁၃ ခုရဲ့ စက်ယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
http://www.rfa.org/burmese

သတင်း အချက်အလက်တွေ ပိုမို မျှဝေနိုင်ဖို့ လိုနေပြီ ဆိုတာကို ပဲရစ် တိုက်ခိုက်မှုက ဖော်ပြခဲ့။
အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ဟာ ဥရောပကို အဓိက ဦးတည် တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေး ပုံစံသစ် တစ်ခုကို ဖော်ထုတ် လာခဲ့တယ်လို့ အီးယူ ရဲတပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ် Rob Wainwright က ပြောပါတယ်။

အီးယူ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းရေး စင်တာ အသစ် တစ်ခုကို သည်ဟေ့ဂ် မြို့မှာ ဖွင့်လှစ်စဉ်မှာ မစ္စတာ ဝိန်းရိုက် က အဲဒီလို ပြောခဲ့တာပါ။

အခု ဖွင့်လှစ်လိုက်တဲ့ အဲဒီ အကြမ်းဖက် နှိမ်နင်းရေး စင်တာက အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ပိုမို မျှဝေနိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်သလို၊ တခြား ရာဇဝတ် မှုခင်းတွေနဲ့ အကြမ်းဖက် ဝါဒအကြား အဆက်အစပ် တွေကိုလည်း ဖော်ထုတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ လူ ၁၃၀ သေဆုံး ခဲ့ရတဲ့ ပဲရစ် တိုက်ခိုက်မှုက အခုလို စင်တာ တစ်ခု ရှိသင့်တယ် ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ပဲရစ် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၉ ယောက်ကို ဖော်ပြထားတဲ့ ဗီဒီယို တစ်ခုကို IS အဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ ဗီဒီယို အဆုံးမှာ ဆီးရီးယားမှာ ရှိတဲ့ IS တွေ အပေါ် လေကြောင်း တိုက်ခိုက်ဖို့ ဗြိတိန် ပါလီမန်ထဲမှာ မဲခွဲ ဆုံးဖြတ်ပုံ တွေကိုလည်း ဖော်ပြ ထားတဲ့ အတွက် အဲဒီ ဗီဒီယိုကို ဗြိတိသျှ အစိုးရက စစ်ဆေး နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

တရုတ်နိုင်ငံ၊ တောင်ပိုင်း Shandong မှာ မြစ်ရေများခဲနေ။ (ဇန်န၀ါရီ ၂၅၊၂၀၁၆)
အာရှဒေသတွင်းနိုင်ငံအချို့မှာ နှင်းတွေ၊ ရေခဲမိုးတွေနဲ့ ရေခဲတမျှအေးလှတဲ့ လေတွေ တိုက်ခတ်နေတာကြောင့် အအေးလွန်ကဲလာပြီး ထိုင်ဝမ်မြို့တော်၊ထိုင်ပေနဲ့ ဘေးပတ်ဝန်းကျင်ဒေသတွေမှာ လူ ၆၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။

အပူချိန်ဟာ ၄ ဒီဂရီ Celsius အထိကျဆင်းသွားတာကြောင့် သေဆုံးသူတွေထဲမှာ အသက်အရွယ်ကြီးသူ အများအပြား ပါဝင်ပြီး နှလုံးရောဂါ၊ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းတာတွေ အပါအ၀င် တခြားအကြောင်းအရာ တွေကြောင့် သေဆုံးကုန်တာပါ။ ရာသီဥတုအခု ဖောက်ပြန်မှုကြောင့် သေဆုံးသူ အရေအတွက် ၈၅ ယောက်လောက်အထိရှိတယ်လို့ ထိုင်ဝမ်စောင့်ကြည့်ရေး သတင်း website မှာ ဖေါ်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က လူ ၅ ဦးသေဆုံးပြီး ၁၀၀ လောက်ဒဏ်ရာရခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကစလို့ အကြီးအကျယ် နှင်းကျမယ်ဆိုပြီးတော့လည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အခုလိုရာသီဥတု ဆိုးရွား နေတာကြောင့် ရထားတွေ၊ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားရပါတယ်။ ဟောင်ကောင်မှာ ရေခဲမိုးရွာသွန်းတာကြောင့် လမ်းတွေအပေါ် ရေခဲတွေဖုံးလွှမ်းသွားပြီးနောက် ရာဂဏန်းအတော်များများကို ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် မူလတန်းကျောင်းတွေနဲ့ မူကြိုကျောင်းတွေ ဒီကနေ့ပိတ်ထားပြီး ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း အအေးဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရာသီဥတု တိုင်းတာရေးဌာနတွေရဲ့ အဆိုအရ သောကြာနေ့ကစလို့ တနင်္ဂနွေနေ့ထိ အပူချိန်ကျဆင်းမှုဟာ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ဆိုပါတယ်။ တောင်ပိုင်းမြို့Guangzhou မှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရေခဲမိုးရွာသွန်းတယ်လို့ ဒေသ ရာသီဥတုတိုင်းတာရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး နှင်းကျတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားရပြီး လူပေါင်း ၉ သောင်းလောက် သောင်တင်နေခဲ့ပါတယ် ။

ဒီကနေ့မှာတော့ အပန်ဖြေကျွန်း Jeju ကနေ ၃ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေယာဉ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ အဲဒီကျွန်းမှာ အပူချိန် အနှုတ် ၆. ၁ ဒီဂရီ Celsius ကျဆင်းသွားခဲ့တာပါ။ ဗန်ကောက်မြို့တော်မှာဆိုလျင်လည်း တနင်္ဂနွေနေ့နှောင်းပိုင်းက ၁၆ ဒီဂရီ celsius အထိ ကျဆင်းသွားခဲ့ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုနဲ့ အသားကျနေသူတွေ ဗန်ကောက်မြို့သူမြို့သားတွေ အတွက်တော့ ဒါဟာအလွန်အေးတာကြောင့် နွေးထွေးတဲ့အ၀ည်အထည်တွေကို ၀တ်ဆင်နေကြရပါတယ်။

အစဉ်အလာမဟုတ်ပဲ အခုလို အပူချိန်ကျဆင်းတာကြောင့် ဗီယက်နမ်နိုင်ငံမှာလည်း လယ်သမားတွေဟာ စိုက်ခင်းတွေနဲ့ တိရိစ္ဆာန်တွေ သေဆုံးမှုမရှိအောင် ကြိုးစားနေကြပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း အအေးဆုံးဆောင်းရာသီကို ကြုံတွေ့ရတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသတွေမှာတော့ ၄ ဒီဂရီ Celsius အထိ ကျဆင်းသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဇီကာ ဗိုင်းရပ်စ်ဟာ တောင်နဲ့ မြောက် အမေရိက တဝန်းလုံး နီးပါး အထိ ကူးစက် ပျံ့ပွား နိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က သတိပေး လိုက်ပါတယ်။
ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရရင် ကိုယ်ပူချိန် တက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ရောဂါ လက္ခဏာတွေကို တွေ့ရပြီး၊ ကူးစက်မှုတွေကို ကာရစ်ဘီယံ ဒေသနဲ့ တောင်နဲ့ မြောက် အမေရိက တဝန်းက ၂၁ နိုင်ငံမှာ တွေ့ရှိရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မိခင်တွေဆီက ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ မွေးဖွားလာတဲ့ အတွက် တချို့ နိုင်ငံတွေမှာ အမျိုးသမီးတွေကို ကိုယ်ဝန် မဆောင်ကြဖို့ အကြံပေး ထားကြပါတယ်။

ဒီ ဗိုင်းရပ်စ် အတွက် ကုသနိုင်တဲ့၊ ကာကွယ် နိုင်တဲ့ ဆေးဝါး မရှိသေး ပါဘူး။

ဇီကာ ဗိုင်းရပ်စ်ကို အာဖရိက တိုက်မှာ စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပြီး ၂၀၁၅ မေလမှာ ဘရာဇီး နိုင်ငံမှာ တွေ့ရှိ ခဲ့ပြီးနောက် အမေရိက တိုက်မှာ ပျံ့ပွား လာတာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကို သဘာဝ အလျောက် ခုခံနိုင်စွမ်း အမေရိက တိုက်မှာ မရှိသလောက် ရှားပါးတဲ့ အတွက် အခုလောက် အထိ လျင်လျင်မြန်မြန် ပျံ့ပွားလာတာ ဖြစ်နိုင်တယ်လို့ ယူဆ ကြပါတယ်။

ဒီ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ Aedes ခြင်ကိုလည်း အမေရိက တိုက်က ကနေဒါနဲ့ ချီလီက လွဲပြီး နိုင်ငံ အားလုံးမှာ တွေ့ရှိ ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

လက်ပံတန်းအကြမ်းဖက်ဖြိုးခွင်းမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထိန်း သိမ်းခံထားရသူတွေရဲ့ ဆေးကုသခွင့် အကြပ်အတည်းဆိုင်ရာ စစ်တမ်း သတင်းစာရှင်းလင်းပွဲ
အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကန့်ကွက် သပိတ်မှောက်ခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ ဆေးဝါးကုသမှုအခက်ခဲကိုရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားနေတယ်ဆိုရင် ကျောင်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်။ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်နိုင်ရေး ကန့်ကွက် သပိတ်မှောက်ခဲ့လို့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေထဲက ၇၀ ရာခိုင်နှုန်း ဟာ အကြမ်းဖက်ဖြိုခွင်းမှုမှာ ရိုက်နှက်ခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရသူတွေထဲက ၇၄ ရာခိုင်နှုန်းဟာ ဆေးကုသမှု ခံယူခွင့်မရကြဘူးလို့ ဒီကနေ့ ထုတ်ပြန် လိုက်တဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုးခွင်းမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်း သိမ်းခံထားရသူတွေရဲ့ ဆေးကုသခွင့် အကျပ်အတည်းဆိုင်ရာ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အသေးစိတ် ကို ဗွီအိုအေ သတင်းထောက် မြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ မန္တလေးကနေရန်ကုန်အထိ ချီတက်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်း သားတွေနဲ့ ဝန်းရံပြည်သူ ၅၃ ဦး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင် နေရ တာ ၁၀ လ ရှိပါပြီ။

ကျောင်းသားသပိတ်မှာပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားရသူတွေအနေနဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရကြဘဲ အခြေအနေ အင်မတန်ဆိုးမှသာ ဆေးကုသမှုခံယူခွင့်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ရန်ကုန် မြို့မှာ ပြုလုပ်တဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်သူတွေရဲ့ ဆေးကုသခွင့်အကျပ်အတည်း စစ်တမ်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“အကြမ်းဖက်ဖြိုခွင်းတဲ့အချိန်မှာ ၁၀၀ ရာခိုင်နှုန်းမှာ ကျောင်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းက ရိုက်နှက်ဖြိုခွင်းတဲ့အချိန်မှာ အားလုံးက ရိုက်နှက်ခံခဲ့ရတယ်ဆိုတာကိုလည်း ကျနော်တို့တွေ့ခဲ့ရတယ်။ နောက်တခုက ဒီရိုက်နှက်ခံရတဲ့ ၇၀ ရာခိုင်နှုန်းထဲမှာမှ ၇၄ ရာခိုင်နှုန်းက ဆေးကုသမှုမရဘူးဆိုတာကိုလည်း ကျနော်တို့တွေ့ရတယ်။ နောက်အဲဒီမှာ ပိုအရေးကြီးတာက ဆေးကုသမှုမရတဲ့အပြင်ကို သူတို့က ထောင်ကျပြီးတော့မှ ဆေးကုသမှုမရခဲ့ဘူး၊ ထောင်ကျတဲ့ နောက်ဆက်တွဲမှာ သူတို့က ကျန်းမာရေးပိုပြီးတော့ ဆိုးလာတာကိုတွေ့ရတယ်။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဆရာဝန်ကိုယ်တိုင် တရားရုံးကို လာရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကျောင်းသားနဲ့ ဝန်ရံပြည်သူ ၂၂ဦး ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ရန်ကုန် ပြည်သူ့ ဆေး ရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရပြီး အဲ့မတိုင်ခင်ကာလအထိ ကျန်းမာရေး စစ်ဆေးခွင့်မရခဲ့ပါဘူး။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ အများစုခံ စားနေရတဲ့ ရောဂါတွေဟာ အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာ ရိုက်နှက်ခံရမှုကြောင့် ဖြစ်တာများတယ်လို့ ကျန်းမရေး စစ်ဆေးမှုပြုလုပ်ပေးခဲ့သူတွေက ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာ သက်မင်းက အခုလို ပြောပါတယ်။

“၇၀ ရာခိုင်နှုန်းကျော်က ထောင်ထဲရောက်မှ ဖြစ်တဲ့ရောဂါတွေပါ။ ကျန်တာကတော့ အပြင်ကနေ ပါတဲ့ရောဂါတွေဖြစ်ပါတယ်။ ဖြစ်တဲ့ရောဂါတွေအားလုံးကို ကျနော်တို့ကြည့်မယ်ဆိုရင် နံပတ် ၁ က အကြမ်းဖက်ရိုက်နှက်မှုကြောင့်ဖြစ်တာပါ။ အကြမ်းဖက်ရိုက်နှက်မှုကြောင့် ပထမဆုံးဖြစ်တာက head injury ၊ ခေါင်းတွေအရိုက်ခံရပါတယ်။ ခေါင်းအရိုက်ခံရတဲ့အတွက်ကြောင့် သူတို့တွေ severe ခေါင်းတွေအရမ်းကိုက်ပါတယ်။ ခေါင်းတွေအရမ်းကိုက်လို့ တခါတလေ မူးတာတွေ၊ ဆက်တိုက်အန်နေတာတွေ ၊ bad of vision ပေါ့နော် မျက်လုံးမှုန်တာတွေ ၊ အမြင်မှုန်ဝါးတာတွေဖြစ်လာပါတယ်။”

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့လို့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသများအဖွဲ့ ချုပ်က ကိုမင်းသွေးသစ်ရဲ့ မိခင် ဒေါ်ခင်ခင်ယုကတော့ အမှုရင်ဆိုင်နေရတာ ကြာရှည်လာတဲ့ပတ်သက်လို့ စိုးရိမ်တယ်လို့ဆိုပါတယ်။ မိခင်တယောက်အနေနဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ဒေါ်ခင်ခင်ယုက အခုလိုပြောပါတယ်။

“အမှုကလည်း အရမ်းကိုရှည်နေပြီပေါ့နော်။ အခုမှ တရားလိုဘက်က သက်သေကတယောက်ပဲ၊ ၁၀ လကျော်တဲ့အပိုင်းအခြားမှာ တယောက်ပဲ စစ်လို့ပြီးသေးတယ်ဆိုတော့ ကျမတို့က ဘယ်တော့မှ ဒီအမှုကြီးက ပြီးဆုံးမှာလဲ၊ အဲတော့ သူတို့ကျန်းမာရေးတွေရှေ့ဆက်ပြီးတော့ ဆိုးဝါးသွားမှာကိုလည်း အရမ်းပဲ စိုးရိမ်ပါတယ်။ မိဘတွေအားလုံးက စိုးရိမ်တာပါ။”

မြန်မာနိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်သွားနေတယ်ဆိုရင် ဒီအမှုကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုပြီး ဆေးကုသခွင့်တောင်းဆိုမှုတွေကိုလည်း မဖြစ်မနေပေးဖို့လိုတယ်လို့ လက်ပံတန်းကျောင်းသားအရေးမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Justice Trust အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ရည်မွန်ထွန်းက ပြောပါတယ်။

“ကျမတို့အနေနဲ့မြင်တာက ဒီလိုမျိုး ဆေးကုသခွင့်တောင်းဆိုတယ်ဆိုရင်ပေးကိုပေးရမယ်။ ဒီအမှုကြီးရှည်တာကိုလည်း တခုခုဖြေရှင်းပေးရမယ်လို့ မြင်တယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုနဲ့ ကျောင်းသားတွေကို လက်ပံတန်းမှာ ဖမ်းတဲ့ဟာတခုသည် ကြည့်လိုက်ရင် အခုဆက်သွားနေတဲ့ ခုံရုံးကြီးမှာပေါ့နော် ၊ မြန်မာနိုင်ငံရဲ့ ခုံရုံးစနစ်တခု ပျက်စီးနေတာပဲခေါ်၊ မြန်မာနိုင်ငံရဲ့ ခုံရုံးစနစ်မှာရှိတဲ့ပြဿနာတွေကို ထင်ထင်ရှားရှားကြီးမြင်ရတယ်ရှင့်။”

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့မှာအကြမ်းဖက်ဖြိုခွင်းခံရပြီး ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေရဲ့ ဆေးကုသခွင့် အကျပ်အတည်း စစ်တမ်းနဲ့ ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်၊ Justice Trust နဲ့ လက်ပံတန်းအကြမ်းဖက်မှု တရားမျှတရေး ကော်မတီတို့ ပူးပေါင်းပြီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားနဲ့ ဝန်းရံပြည်သူ တွေကို မတရားစွပ်စွဲထားတဲ့ ပုဒ်မတွေကို အမြန်ဆုံး ရုတ်သိမ်းပြီး အစိုးရအနေနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပုဂံမြို့ဟောင်းက ဧရာဟိုတယ်ကို တွေ့ရစဉ်
ပုဂံမြို့ဟောင်းက ဧရာဟိုတယ်မှာ အစိုးရက သတ်မှတ်ထားတဲ့ တစ်နေ့ အနိမ့်ဆုံး လုပ်ခ ၃၆၀၀ ကျပ်မရတဲ့အတွက် လုပ်ငန်းခွင်မ၀င်ဘဲ ဟိုတယ်ရှေ့မှာ ဆန္ဒပြနေတဲ့ ၀န်ထမ်း ၁၀၀ လောက်ဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု ပြေလည်သွား ခဲ့ပါတယ်။

အစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ ပေးဖို့အပါအ၀င် တောင်းဆိုချက် အတော်များများ ရရှိတဲ့အတွက် လုပ်ငန်းခွင်ပြန်ဝင်ကြမှာဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်း ကိုထွန်းထွန်းနိုင်က ပြော ပါတယ်။

"နိုင်ငံတော်က သတ်မှတ်ထားတယ်လေ အခြေခံလစာကို သူတို့က ကျနော်တို့ကို မပေးဘူးခင်ဗျ၊ ဇန်နဝါရီ ၃ ရက်နေ့က ကျနော်တို့လိုချင်တဲ့ ၁၂ ချက်ကို သူတို့ကိုစာတင်ပြီးတော့ တောင်းဆိုတယ်၊  သူတို့ဘက်ကနေ မလာရောက်တော့ ဇန်နဝါရီ ၉ ရက်နေ့မှာတခါ ညှိနှိုင်းဆွေးနွေးပေးဖို့အတွက် တောင်းဆိုတယ်၊ သူတို့ဘက်က လုပ်မပေးလို့ ခုလိုမျိုးပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဒီလိုလေးလုပ်တာပါ"

ဧရာဟိုတယ် ၀န်ထမ်းတွေဟာ လုပ်သက်အလိုက် ကျွမ်းကျင်မှုအလိုက် လစာတိုးမြှင့်ပေးဖို့၊ အစိုးရရုံးပိတ်ရက်တွေကို ခံစားခွင့်ပေးဖို့၊ လစာငွေဖြတ်တောက်တာ၊ အလုပ်ထုတ်တာတွေကို မညှိနှိုင်းဘဲ မလုပ်ဖို့ စတာတွေကို တောင်းဆို ကြတာဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေဟာ အရင်က အခြေခံလစာအဖြစ် တစ်လ ကျပ် ၈သောင်း ရရှိခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ အဲ့ဒီလစာပဲ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese



ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊မျှော်တော် ဦးကျေးရွာ မျှော်တော်ဦး ကမ်းခြေတွင် ဇန်နဝါရီ၂၅ရက်ယနေ့ နေ့ လယ်ပိုင်း ၄ နာရီ က ပေ၂၉ ပေခန့် ရှိဝေလ ငါးကြီးတစ်ကောင်သောင်တင်သေဆုံး လျှက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

" ကျွန်တော်တို့သွားကြည့်တော့ဒီ နေ့ညနေ ၄ နာရီလောက်က ကမ်းလျှက်ခြေမှာ တင်နေတာ။ ဝေလ ငါးအရှည်က ၂၉ပေလောက်ရှိမယ်။ ခန်မှန်းလုံးပတ်ကပေ၂၀ လောက် ရှိမယ်။တော်တော့်ကိုကြီးတာဗျ။ ငါးကြီးကတော့ ဒဏ်ရာ ဒဏ်ချက်တွေတော်တော်များ တယ်။ ကျောက်ဆောင်ကျောက်သားတွေကြားက ဆင်းမရဘဲသေနေ တာဖြစ်မယ်ဟု" သွားရောက်ကြည့်ရှုခဲ့သူစာရေး ဆရာဝေဟင်အောင်မှနိရဉ္စရာသို့ပြောသည်။

ယင်းသေဆုံးနေသောဝေလငါးကြီးအား ကမ်းခြေ နားတွင်မြေမြုပ်ရန် ရွာသူရွာသားများက စီစဉ်နေကြောင်းသိရသည်။

(ဓာတ်ပုံ- နိရဉ္စရာသတင်းဌာန/ ၀ဏ္ဍခွာညို)
ဝဏ္ဏခွာညို
Arakan State
https://www.facebook.com/NarinjaraNews/



ဇန်န၀ါရီ ၂၅

ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်များဖြစ်တဲ့ ပူးကက် နဲ့ ချွန်ဖုံး ခရိုင်အတွင်း မှာ ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှာ အလုပ်လုပ် ကိုင်နေကြ တဲ့ မြန်မာ အလုပ်သမား ၃၁ ဦးနဲ့ အတူ ထိုင်းလုပ်ငန်းရှင် ၀ိဆို စွမ်စ၀ပ် အား ရဲတပ်ဖွဲ့ ဝင်များ က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသား များဟာ သတ်မှတ်ထားတဲ့ အဆင့် သာ လုပ်ရမယ့် အလုပ်အကိုင် သတ်မှတ်ပေးထားတဲ့ အတိုင်း မလုပ်ဘဲ ထိုင်းနိုင်ငံသားတွေ အတွက်သာ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုက်နေကြ လို့ ဖြစ် တယ်လို့  ရဲမှူး ကြီးဖတ်ဖုံးစိုင်အူဗွန်ကသတင်းစာရှင်းလင်းရာမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့  သက်ဆိုင်က ခွင့်ပြုထားတဲ့ နယ်မြေကို ကျော်ပြီး တခြားပြည်နယ်တွေမှာ သွားရောက် လုပ်ကိုင်လို့ မရတဲ့အပြင် သတ်မှတ်ပေးထားတဲ့ အောက်ခြေအလုပ် (အိမ်ဖေါ်-ငါးဖမ်စက်လှေ-တောင်ယာခုတ်-အလုပ်ကြမ်း) ကိုသာ လုပ်ကိုင်ခွင့်ရပြီး၊အဆိုပါအလုပ်အကိုင်တွေက နေ တခြားထိုင်း လူမျိုးများ လုပ်ကိုင်နေသည့် အလုပ်များကို ၀င်ရောက်လုပ်ပိုင်ခွင့် မရှိကြောင်းနဲ့  နားလည်မှုနဲ့  လုပ်ပိုင်ခွင့် ပေးထားတာတွေကို တွေ့ ရှိခဲ့ရင် သတင်းပေးကြဘို့  ကို ရဲမှူးက အရေးပေါ်ဖုန်းနံပါတ်နဲ့  ထိုင်းပြည်သူတွေကို တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံ ထုတ် မန်နေဂျာအွန်လိုင်း သတင်းမှာဖေါ်ပြထားပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

 တောင်ကိုရီးယားမှာ အပန်းဖြေ ခရီးသွား ၆ သောင်းလောက် လေဆိပ်တွေမှာ ပိတ်မိနေ။
အာရှ အရှေ့ပိုင်း ဒေသမှာ အပူချိန် ရုတ်တရက် ကျဆင်းမှုကြောင့် ထိုင်ဝမ်မှာ အနည်းဆုံး ၈၅ ယောက် သေဆုံး ခဲ့ပြီး၊ တောင်ကိုရီးယား မှာတော့ ကမ္ဘာလှည့် ခရီးသွား ၆ သောင်းလောက် ပိတ်မိ နေတယ်လို့ သိရပါတယ်။

အပူချိန်ဟာ အခု သီတင်းပတ် အကုန်မှာ နှစ်ပေါင်း များစွာအတွင်း မကြုံဖူးတဲ့ ဒီဂရီ အထိ ရုတ်တရက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်က သေဆုံးသူ အများစုဟာ ကိုယ်ပူချိန် ကျဆင်းတဲ့ ရောဂါ၊ နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးရတဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ ထိုင်ဝမ် သတင်းမီဒီယာက ဆိုပါတယ်။

ဆီးနှင်းတွေ စံချိန်တင် ကျဆင်း တဲ့အတွက် တောင်ကိုရီးယား မှာလည်း အပန်းဖြေ ခရီးထွက်ရာ ဂျေဂျူးကျွန်း လေဆိပ်ကို ပိတ်ထား ရပြီး လေယာဉ် ခရီးစဉ်တွေကို ပယ်ဖျက် ခဲ့ရပါတယ်။

အပူချိန် ကျဆင်းတဲ့ ဒဏ်ကို တရုတ်ပြည် တောင်ပိုင်း၊ ဟောင်ကောင်နဲ့ ဂျပန် တို့မှာလည်း ကြုံတွေ့ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မအူပင် ၊ ဇန်နဝါရီ ၊ ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ ညောင်တုန်းမြို့နယ် ၊ ညောင်တုန်း - ရန်ကုန်ကားလမ်းမကြီး ၊ မဲဇလီကျေးရွာအုပ်စု ၊ အရွှဲကျေးရွာ နှင့် အေးစံကုန်းကျေးရွာကြား မိုင်တိုင် ၁၈/၇ - ၁၉/၀ ကြားတွင် ယနေ့ ၂၅-၁-၂၀၁၆ နံနက် ၁၁:၃၀ နာရီအချိန်ခန့်မှာ ဒဂုံဧရာအဝေးပြေးကားဂိတ်အတွင်းမှ (၁၁)နာရီအချိန် ထွက်လာသော မိဘမေတ္တာ ( အောင်သရဖူ ) နှင့် ရွှေဝါဖူး( ဖိုက်စတား ) ခရီးသည်တင်မှန်လုံယာဉ်နှစ်စီးတို့ ယာဉ်တိုက်မိမလို ဖြစ်ပွားရာ " မိဘမေတ္တာ " မှန်လုံယာဉ်သည် လမ်းဘေးသို့ တိမ်းမှောက်ပြီး ကားရှေ့ပိုင်းမှလိုက်ပါလာသည့် ခရီးသည်တစ်ဦးပွဲချင်းပြီး သေဆုံးပြီး ကားနှစ်စီးမှ ယာဉ်မောင်းနှစ်ဦးထွက်ပြေးတိမ်းရှောင်ကာ ထိခိုက်ဒဏ်ရာရရှိသူများ(၁၇)ဦးအနက်မှ ဒဏ်ရာပြင်းထန်သူ (၁၁)ဦးခန့်ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည် ။

Photos : Hnithata Shaped
မအူပင်သတင်းပုံရိပ် (Facebook)


ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည့် ဘရာဇီး အကျဉ်းထောင်ရှေ့သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေစဉ် (ဓာတ်ပုံ- အင်တာနက်)
    ရီယိုဒီဂျန်နိုင်ရို၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Recife မြို့ ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၀၀ ကျော် ထောင်ဖောက်ပြေးမှု ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အကျဉ်းသားနှစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

အကျဉ်းသားများသည် Frei Damiao de Bozanno အမည်ရှိ အကျဉ်းထောင် ၏ နံရံများထဲမှ တစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ ဖြင့် ဖျက်ဆီးကာ လွတ်မြောက်သွားခဲ့ကြောင်း ပြည်တွင်း သတင်းစာ Diario de Pernambuco ၌ ဖော်ပြခဲ့သည်။

သို့သော် အဆိုပါနေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က အနည်းဆုံး အကျဉ်းသား ၄၀ ကို ပြန်လည် ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် သုံးရက်ကလည်း  Recife ၏ မြို့ပြဧရိယာအတွင်း Itamaraca ရှိ Professor Barreto Campelo အကျဉ်းထောင်၌လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ကာ အကျဉ်းသား ၅၃ ဦး ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံ(သတင်းဓါတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရားဝင် ဖေ့စ်ဘုတ်)
မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အခန်းကဏ္ဍက ပါဝင်တဲ့ တပ်မတော်အကြီးအကဲနဲ့ အတိုက်အခံပါတီတို့အကြား အာဏာအလွှဲအပြောင်း ကာလ တွေ့ဆုံမှုတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အထူးအရေးကြီးတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလွန်ကာလ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရေးနဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေး ရှေ့လုပ်ငန်းစဉ်တွေ ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တနင်္လာနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီအထိ နှစ်နာရီကြာ နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲအလွန်ကာလမှ ဒုတိယကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ခဲ့ကြတာပါ။

တပ်မတော်အကြီးအကဲနဲ့ အနိုင်ရပါတီဥက္ကဋ္ဌ တွေ့ဆုံကြချိန် ရွေးကောက်ပွဲလွန်ကာလ အကူးအပြောင်းကာလတွင်း တည်ငြိမ်အေးချမ်းရေး နောက် လွှတ်တော်သစ်ခေါ်ယူရေး နောင်တက်လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးအပါအဝင် အစိုးရသစ်နဲ့ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က သတင်းထုတ်ပြန်ထားတာပါ။

အခုလို နိုင်ငံရဲ့အရေးကြီးအခန်းကဏ္ဍမှာပါတဲ့ တပ်မတော်ရဲ့အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်နဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီ အတိုက်အခံပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပေါ် အကျိုးရှိတဲ့ ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ဖော်ဆောင်နိုင်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှု့မြင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် NLDဘက်က အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ယူဆကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက သုံးသပ်ပါတယ်။

နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာ အရေးပါတဲ့နေရာမှာရှိနေတဲ့ တပ်မတော်နဲ့ အနိုင်ရပါတီတို့ကြား အသွင်ကူးပြောင်းကာလ အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်း ချောချောမွေ့မွေ့ဖြစ်အောင် အခုလို နှစ်ဘက်တွေ့ဆုံမှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်နေတာပါ။ အခုလို ဆက်တိုက်တွေ့ဆုံမှုတွေနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် အသွင်ကူးပြောင်းရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာလို့ ရှု့မြင်ရကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း သုံးသပ်ပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံတွင်း ငြိမ်းချမ်းရေးရရှိရေး အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောပါတယ်။ အနိုင်ရပါတီဘက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ အဓိကထားလုပ်ဆောင်မယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပြောဆိုထားတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား ပြေလည်အောင် အခုတက်မယ့် အစိုးရသစ်အနေနဲ့ ကြားဝင် ညှိနှိုင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ မြန်မာ့ဒီမိုကရေစီရေးလိုလားသူတွေက မျှော်လင့်နေကြတာပါ။

အခုတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်ကလည်း NLD ဥက္ကဋ္ဌရဲ့ FB လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာပဲ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီး အစိုးရသစ် အာဏာလွှဲပြောင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နေပြည်တော်၊ ဇန်န၀ါရီ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြသည်။



ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Senior General Min Aung Hlaing
https://www.facebook.com/seniorgeneralminaunghlaing/


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၅

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၃) မှ ရခိုင်လူငယ် တစ်ဦးဖြစ်သူ အောင်သန်းထွန်းကို စရဖ ဟု ယူဆရသော လူတစ်စုက လဘက်ရည်ဆိုင် တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ညီဖြစ်သူ ကိုအောင်စောထွန်းက နိရဉ္စရာသို့ ပြောဆိုသည်။

“ သူက မန္တလေးက ရောက်နေတဲ့ ဦးလေးတော်သူတစ်ဦးကို လိုက်ပြနေစဉ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရတာ ဖြစ်ပါတယ်။ သူက အဲသလို လိုက်ပြနေစဉ် အကွက် (၁၀) က လဘက်ရည်ဆိုင်တစ်ခုမှာ လဘက်ရည် သောက်နေတုန်း ကားအဖြူ တစ်စီးနဲ့ စရဖကလို့ ယူဆရတဲ့ လူ ခြောက်ဦး ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာပါ” ဟု ညီဖြစ်သူက ပြောဆိုသည်။

အောင်သန်းထွန်းမှာ ယခု အခါ စစ်တပ်ထဲတွင် ရှိနေသည်ဟု ကြားသိရပြီး မေးမြန်းခွင့် မရှိဟု ဆိုသဖြင့် စုံစမ်းမေးမြန်း၍ မရကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ဖမ်းခေါ်သွားတာက ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲလို့ ကျွန်တော်ဦးလေး ဦးစောလှထွန်းက မေးတာတောင် သူ့ကိုပါ သေနတ်နဲ့ ထောက်ထားတယ်လို့ သိရပါတယ်။ မေးပိုင်ခွင့် မရှိဘူးလို့ ပြောတယ်လို့ ဆိုပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

အောင်သန်းထွန်းမှာ အသက် (၃၀) ကျော် အရွယ်ဖြစ်ပြီး သံတိုသံကောက် လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ ဈေးကြီးမှ ဇန်န၀ါရီ ၂၂ ရက်နေ့ကလည်း  ရခိုင်လူငယ်နှစ်ဦးဖြစ်ကြသည့် ကိုဆန်းဝင်းထွန်း နှင့် အာနိုး (ခေါ်) ကျော်စိုးမိုးတို့ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှု သံသယဖြင့် စရဖ အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု အဖမ်းခံရသူများ ဆွေမျိုးများက ပြောသည်။

စစ်တွေမြို့ မင်းဂံ ရပ်ကွက် နိုင်တည်းခိုခန်းမှလည်း လွန်ခဲ့သော နှစ်ပတ်ခန့်က လူငယ် နှစ်ဦးဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသဖြင့် စစ်တွေမြို့ပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူမှာ ယနေ့ အချိန်ထိ စုစုပေါင်း (၅) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com


ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ဇန်န၀ါရီ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်များတွင် အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ကော်မတီအသီးသီး၏ သုံးသပ်ချက်များ တင်နေကြပြီဖြစ်ကြောင်း သိရသည်။

၂၈-၁-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ် သည်။ တဖန် ၂၆-၁-၂၀၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး နောက်ဆုံးနေ့လယ်စာ မိတ်ဆုံထမင်းစားပွဲပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီတို့မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၇၃) ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၀၁) ယောက်၊ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၈) ယောက် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် အယောက် (၂၉၂) ဦးတို့သည် စည်ပင်ဧည့်ရိပ်သာသို့ ဇန်န၀ါရီ ၂၅ ရက်နေ့က ရောက်ရှိလာကြရာ တာဝန်ရှိသူများမှ ကိုယ်စားလှယ်များအစဉ်ပြေစွာ နေထိုင်နိုင်ရေး ကြိုဆိုနေရာချထားလျက်ရှိကြောင်း သိရှိရသည်။

ဧည့်ရိပ်သာအတွင်း အဆောင်လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူနာတင်ယာဉ်(၂)စီး အသင့်ထားပေးခြင်းများ ပြုလုပ်ထားကြောင်း တွေ့ရှိ့ရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးတွင် တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့ အခြေချထားသည့် ကောင်းမှုရွာ ဘုရားကုန်းကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်မှ ခွဲထွက်ထားသည့် ဗိုလ်နားမကြားအဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ခ.စ.တ (၁၀၁၇) နယ်ခြားစောင့်တပ်မှ သိရှိရသည်။

ကော့ကရိတ်မြို့အနီး တပ်မတော်ခမရ ၅၄၈(ခွဲ-၁)နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (၁၀၁၇)မှ တပ်ဖွဲ့ဝင် ၅၀ ဦး အခြေချထားသည့် ကောင်းမှုကျေးရွာ ဘုရားကုန်းစခန်းကို ဗိုလ်နားမကြား (ခ) ဗိုလ်ကျော်မို့ (တပ်ခွဲမှူးအဆင့်ရှိ) ဦးစီးအင်အား ၂၀ ဝန်းကျင်မှ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီအချိန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ပစ်တော့ ပြန်လည် ပစ်ခတ်ကြရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရတာပါ။ မနက် ၃ နာရီလောက်မှာ အပစ်ရပ်သွားတယ်။ ကျဆုံးကတော့ မရှိဘူး” ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(၁၀၁၇)မှ ဗိုလ်မှူးစောကျော်နော်က ပြောသည်။

မနက် ၃ နာရီဝန်းကျင်တွင် ဗိုလ်နားမကြားတပ်ဖွဲ့မှာ ကောင်းမှုကျေးရွာ၏ အရှေ့ဘက်ခြမ်းကို ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းကြောင့် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကော့ကရိတ်ဘက်က ည ၁၀ နာရီလောက်မှာ သေနတ်သံတွေ စကြားရတယ်။ လက်နက်ကြီးသံတွေ များတယ်။ တိုက်ပွဲဖြစ်ပြီဆိုတာ သိပေမယ့် ဘယ်တပ်နဲ့ ဘယ်တပ် ဖြစ်နေကြမှန်းတော့ မသိဘူး။ မိုးလင်းတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး” ဟု ကော့ကရိတ်မြို့မှ ဒေသခံ ကိုတင်ဝင်းစိုးက ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် BGF တပ်များက နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်နေပြီး တစ်ဖက်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုရှိ၊ မရှိ စုံစမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


ရန်ကုန်၊ ဇန်န၀ါရီ ၂၅ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ်လုံးတီးချွတ် ရိုက်နှက်နှိပ်စက်ခံရမှုကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်စစ်ဆေးရန် ဆင့်ခေါ် ထားကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက ပြောသည်။

အမှုဖြစ်စဉ်နှင့်ပက်သက်၍ စွဲချက်တင်ရန် သင့်၊ မသင့်အား ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ၆၆(က) အရ ယနေ့ရုံးချိန်းတွင် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ် တရားသူကြီးက တရားခွင်တွင် ပြောသည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးထားသည့် ဗိုလ်မှူးကျော်နုမော်၏ စစ်ဆေးချက်များကို ဇန်န၀ါရီ ၁၈ ရက်က တရားရုံးသို့ တင်ပြခဲ့ကြောင်း၊ မစုဝေ၏ ဆေးစာများ၊ သက်သေစစ်ချက်များ အပါအ၀င် ကျင့် ၂၀၂ ဖြင့် စစ်ဆေးရန် ညွှန်ကြားထားသည့် စစ်ဆေးချက် အပြည့်အစုံကို ဗဟန်းမြို့ နယ် တရားသူ ကြီးထံ တင်ပြပြီး
ဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

“ လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ စစ်ဖို့ တရားခံကို ဆင့်ခေါ်ထားတယ် ။ ခုချိန်ထိတော့ တရားခံက ရုံးရှေ့ မရောက်သေးဘူး” ဟု ဗဟန်းမြို့နယ် တရားသူကြီးကပြောသည်။ ပြီးခဲ့သည့် ၂၀၁၅၊ နိုဝင်ဘာလ ၁၉ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော facebook စာမျက်နှာတွင် တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် ဖြစ်သူ ဗိုလ်မှူး ကျော်နုမော်၏ နေအိမ်ဖြစ်သော တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နေအိမ် ခြံဝင်းအတွင်း မစုဝေမှာ ကိုယ်တုံးလုံးဖြင့် နေပူထဲတွင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှုများ ခံနေရကြောင်း သတင်းနှင့် ဓာတ်ပုံ ဖော်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့က နေအိမ်အတွင်း ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရှာဖွေခဲ့စဉ် နှိပ်စက်ခံရသူ ကလေးငယ် မစုဝေနှင့် ရိုက်နှက် နှိပ်စက်ခဲ့သူဟုဆိုသူ အသက် ၄၂ နှစ် အရွယ်ရှိ အိမ်အကူ ဒေါ်သန်းနွဲ့တို့မှာ ရုတ်တရက် ပျောက်သွားခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိမ်ရှင် ဗိုလ်မှူး ကိုယ်တိုင် ယင်းအမျိုးသမီးနှင့် ကလေးငယ်တို့ကို ခေါ်ဆောင်ကာ ဗဟန်းမြို့မ ရဲစခန်းသို့ လာရောက်
အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်နှိပ်စက် ခံခဲ့ရသည့် မစုဝေ၏ ရင်ဘတ်၊ ကျော၊ ပေါင်နှင့် ပခုံးနှစ်ဖက်တို့တွင် အရှိုးရာ၊ ဒဏ်ရာများ ရရှိထားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ သိရသည်။

ယင်းသို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏နေအိမ်တွင် မိန်းကလေး ရိုက်နှက် နှိပ်စက်ခံရမှုမှာ အိမ်ရှင်ဖြစ်သူ ၎င်းတွင် တာဝန်ရှိသည့် အတွက်ကြောင့် ဗိုလ်မှူးကျော်နုမော်ကို စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ပြီး တပ်မတော်မှ အဆိုပါ ဗိုလ်မှူးအား ထုတ်ပယ်ခဲ့သည်။

မစုဝေ ရိုက်နှက် နှိပ်စက်ခံရခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တောင်ငူမြို့နယ်၊ ပဲချက်ကုန်း ကျေးရွာအုပ်စု၊ ထန်းသုံးပင် ကျေးရွာတွင် နေထိုင်ပြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့မရဲစခန်းက (ပ) ၄၆၅/၁၅၊ ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ယင်းမြို့မရဲစခန်း ထံမှ သိရှိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies