01/30/16

[youtube src="DEqgCui14os"/]
လာမယ့် အစိုးရသစ် လက်ထက်မှာ ရာထူးတာဝန်ပေးဖို့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကမ်းလှမ်းထားမှု မရှိသေးဘူးလို့ သူရဦးရွှေမန်းက ပြောပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့အပြီး ညနေပိုင်းမှာ လွှတ်တော်ဝန်း အတွင်းရှိ ဇဗ္မူသီရိဆောင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာ တစ်ဦးက NLD ဘက်က ဘယ်လိုရာထူး နေရာတွေအတွက် ကမ်းလှမ်းထားမှု ရှိလဲဆိုတဲ့ မေးခွန်းကို အခုလို ဖြေကြားထားတာပါ။

အဲ့ဒီနောက် သတင်းမီဒီယာတစ်ဦးက အာဏာလွှဲပြောင်းရေးဟာ ချောချောမွေ့မွေ့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါသလား မေးခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ သမ္မတဦးသိန်းစိန် အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပေါ်လာတဲ့ အစိုးရဖြစ်တာကြောင့် သူ့သက်တမ်းကုန်ရင် ဆင်းသွားရမှာ ဖြစ်တာကြောင့် မစိုးရိမ်ဖို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် လာမည့်လွှတ်တော် အသစ်မှာ ပုဒ်မ ၅၉ (စ) ကိုဆိုင်းငံ့၊ ပြင်ဆင်နိုင်မယ် ထင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ၅၉ စ မှာခက်ခဲနက်နဲ သိမ်မွေ့ပြီး ချဉ်းကပ်မှု နည်းလမ်းနဲ့ ဆောင်ရွက်မှု နည်းလမ်းမှန်ပြီး ကောင်းမွန်ရင်တော့ ဖြစ်သွားမယ်လို့ သုံးသပ်ဖြေကြား ခဲ့ပါတယ်။
Eleven Media Group

ကရင်ငါးပါတီ တပါတီတစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး- သတင်းဓာတ်ပုံ Credit to KPP.
ကရင်ငါးပါတီ တပါတီတစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းရေး အစည်းအဝေး- သတင်းဓာတ်ပုံ Credit to KPP.

၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကရင်နိုင်ငံရေးပါတီ(၅)ပါတီကနေ တပါတီတည်း အဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက် ရရှိခဲ့ပြီးပြီလို့ ကရင် ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။ လက်ရှိမှာ ပေါင်းစည်းရေးကော်မတီ (၃၀) ဦးကို ဖွဲ့စည်းထားပြီး လာမယ့် ဖေဖေါ်ဝါရီလလောက် မှာ ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ ကို ပြန်လည် ဆွေးနွေး သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

မတူကွဲပြားစွာ ရပ်တည်နေတဲ့ ကရင်နိုင်ငံရေးပါတီ(၅)ခုကို ဒီနှစ်တောအတွင်း တပါတီတည်းအဖြစ် ပေါင်းစည်းသွားဖို့ သဘောတူညီချက်ရရှိခဲ့ပြီးလို့ ကရင် အမျိုးသားပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက အခုလို ပြောပါ တယ်။

" အားလုံးကတော့ ပေါင်းကြဖို့ သဘောတူကြပြီ။ တူကြပြီ ဆိုတဲ့အခါကျတော့ တပါတီကို ခြောက်ယောက်ပေါ့နော်။ ငါးပါတီဆိုတော့ အယောက်သုံးဆယ်နဲ့ ဖွဲ့စည်းဖို့ လုပ်ထားတယ်။ ကျနော်တို့ အဲ့ဒီ့အဖွဲ့ကနေပြီးတော့ ပါတီပေါင်းစည်းရေး အတွက် မူဝါဒ ရေးဆွဲမယ်။ အကုန်လုံး အဲ့တာကို ဆောင်ရွက်ဖို့အတွက်လေ။"

ပါတီ တစ်ခုတည်း ပေါင်းစည်းရေး ကော်မတီ(၃၀)ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ အစည်းအဝေး ကနေ ဖွဲ့စည်းပြီး နိုင်ငံရေးပါတီ တစ်ခု အဖြစ် ဖွဲ့စည်းဖို့ သဘောတူ လိုက်တာဖြစ်ပါတယ်။ ပေါင်းစည်းရေးကော်မတီတွေအနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလလောက်မှာ ပေါင်းစည်းရေး လုပ်ငန်း စဉ်တွေ ကို ပြန်လည် ဆွေးနွေးသွားမယ်လို့ မန်းကျော်ငြိမ်းကဆက်ပြောပါတယ်။

" ပါတီရဲ့ မူဝါဒတွေကို တယောက်နဲ့ တယောက်တော့ ပြန်ညှိရမှာပေါ့။ မူဝါဒပိုင်းဆိုင်ရာ ကတော့ ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ အတွက်တော့ ဘယ်လို ဖက်ဒရယ်မျိုးကို နှစ်သက်သလဲ ဆိုတဲ့ပုံစံနဲ့ စပြီးတော့ ညှိတော့ ညှိကြရမှာပေါ့။ ပါတီရဲ့ မူဝါဒရေးဆွဲမယ်။ စည်းမျဉ်းစည်းကမ်းတွေပေါ့။ အကုန်လုံးညှိရမှာပေါ့နော်။ "

ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းရတာဟာ ကရင်ပြည်သူတွေ ရဲ့ တောင်းဆိုချက် အရ နဲ့ ကရင်အမျိုးသားစည်းလုံး ညီညွတ်ရေးကိုရှေးရှုတယ်လို့လဲ သူကဆိုပါတယ်။

ပြီးခဲ့တဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီကွဲပြားနေမှုကြောင့် ကရင်ပြည်နယ် သံတော်မြို့နယ်မှာ ကရင်ပြည်သူ့ပါတီ ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးသာ အနိုင်ရပြီးကျန်တဲ့(၄)ပါတီကတော့ ကိုယ် စားလှယ်နေရာ အနိုင်ရတာ မရှိခဲ့ပါဘူး။

ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီကနေ နိုင်ငံရေးပါတီတစ်ခုတည်း ဖြစ်အောင်ပူးပေါင်းဖို့အတွက် မတူညီတဲ့ ပါတီမူဝါဒတွေရှိနေပေမဲ့လဲ တူညီတဲ့အပိုင်းကနေ စတင်ပူးပေါင်း လုပ်ဆောင်သွာမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

" ကျနော်တို့ တပါတီတည်းဖြစ်အောင် ပူးပေါင်းမယ်။ မူဝါဒမတူတာတွေကို ချန်ထားရမှာပေါ့ဗျာ။ ဒါပဲပေါ့။"

၂၀၁၅ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ ၄ နေရာမှာ တိုင်းရင်းသားတွေကို ၃ နေရာပေးလိုက်တဲ့လုပ်ဆောင်ချက်အပေါ်ကြိုဆိုပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး အပိုင်းမှာ NLDအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကိုစောင့်ကြည့်သွားရမယ်လို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

"ကျနော်တို့ ကြိုဆိုပါတယ်။ တိတိကျကျနဲ့ အဖြေမှန်ထွက်ဖို့ကိုပဲ ကျနော်တို့က မျှော်လင့် တယ်။ ဖြစ်နိုင်ရင်တောင် သမ္မတ နေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေကို ပေးမယ်ဆိုရင် ကျနော်တို့က ပိုဝမ်းသာတာပေါ့ဗျာ။ NLD အစိုးရကိုတော့ ကျနော်တို့က မျှော်လင့်ချင်တယ်ပေါ့ဗျာ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်တို့၊ စစ်မှန်တဲ့ ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့ကို သူက အကောင်အထည်ဖော်ပေးမယ်လို့တော့ သူကပြောပါတယ်။ သို့သော် လက်တွေ့ ဘယ်လောက်အထိ ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားရှိမယ်။"

၂၀၁၅ ရွေးကောက်ပွဲတုန်းက ကရင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသားပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီ ၅ပါတီ ကနေ ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးတွေမှာ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံခဲ့ပေမဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ကရင်လူမျိုးတွေကို ကိုယ်စားပြုနိုင်မဲ့ ကရင်နိုင်ငံရေးပါတီ တခုတည်းဖြစ်ဖို့ အတွက် ပါတီချင်းပေါင်းစည်းဖို့ ကြိုးပမ်းနေတာလဲဖြစ်ပါတယ်။

ကရင်နိုင်ငံရေးပါတီ ၅ပါတီ ပူးပေါင်းပြီး ဒီနှစ်အတွင်း ပါတီတစ်ခုတည်းဖြစ်အောင် ဖွဲ့စည်းသွားမယ်လို့ ဇန်နဝါရီလ (၂၇) ရက်စွဲနဲ့ သဘောထား ကြေညာချက်ကိုလဲ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ကိုနိုင်ကွန်းအိမ်/VOA
http://burmese.voanews.com/content/karen-political-parties-merge/3168935.html

ကိုထက်ခေါင်လင်းကို EU ဥရောပသမဂ္ဂ မှ ပေးအပ် ချီးမြှင့်တဲ့ "EU Lorenzo Natali Prize"  မီဒီယာဆု ရရှိမှု အတွက် ဂုဏ်ပြု။ ( Photo Credit to- European Union Delegation to Myanmar)
ကိုထက်ခေါင်လင်းကို EU ဥရောပသမဂ္ဂ မှ ပေးအပ် ချီးမြှင့်တဲ့ "EU Lorenzo Natali Prize" မီဒီယာဆု ရရှိမှု အတွက် ဂုဏ်ပြု။ ( Photo Credit to- European Union Delegation to Myanmar)

EU ဥရောပသမဂ္ဂက ဂုဏ်ပြုချီးမြင့်တဲ့ ၂၀၁၅ ခုနှစ်အတွက် Lorenzo Natali ဆုတဆုကို မြန်မာနိုင်ငံက သတင်းထောက်တဦး ပထမဆုံးအကြိမ် ရရှိသွားပါတယ်။ ရန်ကုန်မြို့မှာ ပြည့်တန်ဆာအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ မိန်းကလေးငယ် တယောက်ရဲ့ အကြောင်းကို အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသက် ၁၈ နှစ်အောက် ကလေးပြည့်တန်ဆာတွေအကြောင်းကို Myanmar Now အကြီးတန်း သတင်းထောက် ကိုထက်ခေါင်လင်းက သတင်းဆောင်းပါးရေးသားခဲ့ပြီး အခုလို Lorenzo Natali နိုင်ငံတကာဆုကို ရရှိလိုက်တာပါ။

ဒီဆောင်းပါးကို Myanmar Now အင်တာနက်အော်လိုင်း သတင်းမှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က Poverty drives Myanmar girls into underage sex work ဆင်းရဲမွဲတေမှုကြောင့် အသက်မပြည့်တဲ့ မြန်မာ မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်ငန်းထဲရောက်ရတယ် ဆိုပြီး ရေးသားခဲ့တာပါ။
သတင်းသမားတွေနဲ့တွေ့ဆုံသတင်းသမားတွေနဲ့တွေ့ဆုံ

ဒီကနေ့ ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးမှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံခဲ့တဲ့ ကိုထက်ခေါင်လင်းက မြန်မာနိုင်ငံက သတင်းထောက်တွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းခဲ့သလို၊ နောက်တတ်လာမယ့် အစိုးရလက်ထက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေရတဲ့ သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး များများ ဖန်တီးပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။
သတင်းသမားတွေနဲ့တွေ့ဆုံ
သတင်းသမားတွေနဲ့တွေ့ဆုံ
ဥရောပသမဂ္ဂက ချီးမြင့်တဲ့ Lorenzo Natali ဆုဟာ အာဖရိက၊ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ်ဒေသတွေ အပါအ၀င် ဥရောပနဲ့ လက်တင် အမေရိကား နိုင်ငံတွေမှာရှိတဲ့ သတင်းထောက်တွေရဲ့ သတင်းဆောင်းပါးတွေထဲကနေ ဒေသတခုချင်းအတွက် ပရောဖက်ရှင်နယ်ဆုနဲ့ အပျော်တမ်းဆု ၂ ဆုစီ ပေးအပ် ချီးမြှင့်တာပါ။

ဒီအထဲမှာ ကိုထက်ခေါင်လင်းကတော့ အာရှနဲ့ ပစိဖိတ်ဒေသအတွက် ပရောဖက်ရှင်နယ် ဆုကို မြန်မာသတင်းထောက် တယောက်အနေနဲ့ ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ Lorenzo Natali ဆုရသူတွေကို ဒီလ အစောပိုင်းက ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ကို ဖိတ်ခေါ် ချီးမြှင့်ခဲ့ပြီး၊ ဆုကြေးငွေကတော့ ယူရို ငါးထောင်စီဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/myanmar-journalist-htet-khaung-linn-winning-eu-lorenzo-natali-prize/3168313.html

ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ကြံ့ခိုင်ရေး ပါတီတွင်း ဖြစ်ပေါ် ခဲ့။
ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က လွှတ် တော် အမတ် တွေ အနေနဲ့ တစ်ဦး ချင်းစီ သဘောထား အတိုင်း လွတ်လွတ် လပ်လပ် လွှတ်တော် တွင်း အဆိုတင် တာမျိုး ပြုလုပ် လို့ မရခဲ့ ဘူး ဆိုပြီး ကြံ့ခိုင်ရေး ပါတီ မှာ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ ဖူး သူ တစ်ဦး က ထုတ်ဖော် ပြောဆို လာပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဗဟို အလုပ်အမှု ဆောင် ကော်မတီ ဝင် စီအီးစီ တွေ နဲ့ ဖွဲ့စည်း ထားတဲ့ ဆင်ဆာ အဖွဲ့ ရဲ့ စိစစ် အတည်ပြု မှု ကို အရင် ခံယူ ပြီး မှ လွှတ်တော် အတွင်း အဆိုပြု တင်ပြ ရတာ မျိုး ဖြစ်တယ် လို့ ကိုယ် တိုင်လည်း ပါတီ စီအီးစီ တစ်ဦး ဖြစ်ခဲ့ ဖူးတဲ့ သူရ ဦးအောင်ကို က ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက် သောကြာ နေ့ ကပဲ ကြံ့ခိုင်ရေး ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် ရဲ့ နောက်ဆုံး ရက် အဖြစ် ကျင်းပ ခဲ့ ပြီး နောက် သူရ ဦးအောင်ကို က သူ့ အနေနဲ့ ကြံ့ခိုင်ရေး ပါတီ နဲ့ ကြား လမ်းခွဲ လိုက် ပြီ လို့ ပြောကြား လာပါတယ်။

ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ နဲ့ မညီပဲ အာဏာရှင် ဆန်ဆန် လုပ်ရပ် တွေ ပါတီတွင်း ဖြစ်ပေါ် ခဲ့တယ် ဆိုပြီးတော့လည်း သူရ ဦးအောင်ကိုက ဝေဖန် ခဲ့တာ မှာ ပြီးခဲ့တဲ့ နှစ် ဩဂုတ် လက ကြံခိုင်ရေး ပါတီ ရဲ့ ဥက္ကဌ နေရာ ကနေ သူရ ဦးရွှေမန်း ကို အင်အားသုံး ဖယ်ရှား ခဲ့တဲ့ ဖြစ်ရပ် ကို ဥပမာ ပေး ပြောဆို ခဲ့ ပါတယ်။

ကြံ့ခိုင်ရေး ပါတီတွင်း ဦးသိန်းစိန် နဲ့ ဦးရွှေမန်း တို့ အကြား အာဏာလွန်ဆွဲ ပွဲ အပြီး မှာ သူရ ဦးရွှေမန်း နဲ့ နီးစပ်သူ တစ်ဦး အဖြစ် ယူဆရတဲ့ သူရ ဦးအောင် လည်း အဲဒီ့ ပါတီ ရဲ့ စီးအီးစီ အဖြစ် ကနေ ဖယ်ရှား ခံခဲ့ ရပါတယ်။

သူ့ရဲ့ အနာဂတ် နိုင်ငံရေး နဲ့ ပတ်သက်ပြီး ဘီဘီစီ က မေးမြန်း ရာမှာတော့ သူရ ဦးအောင်ကို က သူဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူပုဂ္ဂိုလ် ချင်း ခင်မင် ရင်းနှီး သူ တစ်ဦး ဖြစ်ပြီး တိုင်းပြည် အတွက် အတူ ဝိုင်းဝန်း ကူညီ ဖို့ အဖွဲ့ချုပ် ဥက္ကဌ က မကြခဏ ပြောဆို ဖူး တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် တိတိကျကျ ဘယ်လို ရာထူး တာဝန် နေရာ မျိုး မှာ ဝင်ပြီး ဆောင်ရွက်ဖို့ ကိုတော့ ပြောဆို ညှိနှိုင်း ထားတာ မရှိဘူး လို့ သူရ ဦးအောင်ကို က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

Burma Politics - Last Parliament Session held in Naypyidaw- MOI
ခုဆိုရင် အရင် စစ်အစိုးရက ဖန်တီးပေးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော်တွေ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဇန်န၀ါရီ(၂၈) နဲ့ (၂၉ )ရက်နေ့ မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ နှုတ်ဆက်ပွဲတွေ ကျင်းပကြပါတယ်။ အားလုံးလိုလိုသော အမတ်တွေက သူတို့ လွှတ်တော်ကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်ပြီး လွှတ်တော် မှတ်တမ်းထဲ ၀င်အောင် ပြောဆိုကြပါတယ်။ အဓိက ပြောကြ ဆိုကြတာက နှစ်ပေါင်း ၂၀ ကျော်အတွင်း လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပြီး သူတို့တွေက အသက်သွင်းခဲ့တယ် ဆိုတာမျိုး၊ လွှတ်တော်တွင်းမှာ ပါတီစွဲ လူမျိုးစွဲ မထားပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ခဲ့ကြတယ် ဆိုတာမျိုး၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုပြီး ပြည်သူတွေ အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာမျိုး၊ ဘယ်လောက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဒုက္ခခံပြီး လုပ်ခဲ့ကိုင်ခဲ့ကြတယ် ဆိုတာမျိုးတွေပါ။ ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေဟာ ဘယ်လို လွှတ်တော်တွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေကို ပြန်ကြည့်ရင် တကယ့် လွှတ်တော်တွေအလား ပီပီပြင်ပြင် အသက်ဝင်အောင် လုပ်ခဲ့တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၁၄ ခုသော လွှတ်တော်တွေအားလုံး တစ်ခုမှ ပြည်ထောင်စု အဆင့် လွှတ်တော်လို အသက် မ၀င်ခဲ့လို့ ဖြစ်ပါတယ်။ လွှတ်တော် သက်တန်းကာလ အတွင်း ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းတာတွေကိုတော့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တကယ့် ပြည်သူလူထု အကျိုးအတွက် ဖြစ်ရဲ့လား၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ဖယ်ရှားပေးထားတဲ့ ဥပဒေတွေ ဖြစ်ရဲ့လား ဆိုတာကတော့ ဆွေးနွေးစရာ အများကြီး ရှိနေပါတယ်။

နမူနာအားဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ဆိုရင် ဒီမိုကရေစီလည်း မကျ၊ ရှုတ်လည်း ရှုတ်ထွေး အခြေအနေမျိုး ဖြစ်အောင် ပြဌာန်းထားတာ တွေ့ရမယ် ဖြစ်ပါတယ်။ အဲလို ရှုတ်ထွေးတဲ့ ဥပဒေကြောင့်ပဲ အရင် အာဏာရှင် ခေတ်က အတိုင်း ပြည်သူလူထုကို ဆန့်ကျင်သူတွေ၊ ကိုယ်ကျိုးသမားတွေ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွေကို ဆက်ပြီး ရယူထားနိုင်သေးတာ တွေ့ရပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်းစွာ စုရုံး စီတန်း ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေကို အကြောင်းပြုပြီးတော့ပဲ ကျောင်းသားနဲ့ လူပေါင်းများစွာ ဖမ်းဆီး၊ တရားရုံး တင်ပို့ခံရ၊ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မျိုးစောင့် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိစေမယ့် ဥပဒေတွေလို့ သတ်မှတ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါတွေက နမူနာ သဘောလောက်ပါ။ လက်ရှိ လွှတ်တော်ဟာ အဲလို ဥပဒေ အများကြီး ပြဌာန်းခဲ့ပါတယ်။

နောက်တစ်ချက် လွှတ်တော်ဟာ သမ္မတ နဲ့ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတယ်၊ ထိန်းညှိတယ် ဆိုတဲ့ ကိစ္စပါ။ တကယ့်တကယ်ကျတော့ အဲဒီကိစ္စတွေထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ၊ ဂိုဏ်းဂဏ တိုက်ပွဲ ပြသနာတွေ အများကြီး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရ ခေတ်လွန်ကို ပြန်ကြည့်ရင် လွှတ်တော်ထဲကို အမတ်ဖြစ်ပြီး ရောက်သွားသူတွေထဲမှာ အရင် အခွင့်ထူးရခဲ့တဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီတွေ ပါသွားကြပါတယ်။ လွှတ်တော်ကို သူတို့ ကြီးစိုး လွှမ်းမိုးထားပါတယ်။

တစ်ဖက်မှာ အစိုးရ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် ဘက်မှာလည်း သူတို့ အုပ်စုနဲ့ သူတို့ ရှိကြပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ၀န်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီ အုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေ မပေးတော့ပါဘူး။ ပုံစံ အသစ်၊ လူအသစ်တွေနဲ့ လုပ်ပါတယ်။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအ၀ိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။ နောက်ပိုင်း အစိုးရဘက်က လုပ်ရပ်တွေ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ရပ်တွေကို စေ့စေ့စပ်စပ် ကြည့်ရှု ဝေဖန်ပါတော့တယ်။ ဒါဟာ အစိုးရနဲ့ လွှတ်တော် ပုံမှန် Check and Balance လုပ်တာမျိုး မဟုတ်ပါဘူး။ ဥပမာအားဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံခြား ဘဏ်တွေကို ၀င်ရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ ကိစ္စတွေမှာဆိုရင် လွှတ်တော် ဘက်က အသည်းအသန် ကန့်ကွက်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က မအောင်မမြင် ဇာတ်မျောဖြစ်အောင် လုပ်လိုက်တဲ့ ပြသနာကြီးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြည်သူတွေ လက်ထဲ ပြန်ရောက်ရေး ကိစ္စပါ။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်က လယ်သိမ်းယာသိမ်း ပြသနာဟာ အတော့်ကို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ သိမ်းသူတွေကလည်း မျိုးစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ စစ်ဗိုလ် နဲ့ ခရိုနီသူဌေး စုံနေအောင် ပါပါတယ်။ လယ်သိမ်းယာသိမ်း လုပ်ခဲ့တဲ့သူတွေ အများကြီးကလည်း လွှတ်တော်ထဲ အမတ်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ နောက်ဆုံး အဲဒီ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးတဲ့ လွှတ်တော်ဘက်ကလည်း ပြသနာကို ရှင်းလင်းတဲ့အထိ မကိုင်တွယ်ပဲ ဇာတ်မျောအဖြစ် လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။

လွှတ်တော်ရဲ့ အရေးအကြီးဆုံးသော ပြသနာ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့တာပါ။ ရွေးကောက်ခံ နဲ့ တပ်တော်သားတွေ ညှိနှိုင်းပြီး ဖွဲ့စည်းပုံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား ပြင်ဖို့ ကြိုးစားရမှာကို ဖွဲ့စည်းပုံပြင်ရေးကော်မတီ ထဲကနေ တပ်မတော်သားတွေကိုရော အခြားပါတီဝင်တွေကိုပါ ထုတ်ပယ်၊ သူရဦးရွှေမန်း သဘောကျတာကိုပဲ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက လုပ်ခဲ့တာပါ။ နောက်ဆုံး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဘာတစ်ခုမှ အရာမထင်ခဲ့ပါဘူး။

လွှတ်တော် နောက်ဆုံးနေ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရော သူရဦးရွှေမန်းပါ စကားပြောကြပါတယ်။ သမ္မတ ဦးသိန်းစိန်က “ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်နာကျင်မှုများကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့တယ်”ဆိုပြီး ပြောခဲ့သလို သူရဦးရွှေမန်းကလည်း “ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီးရပါတယ်။ ဒီလိုပဲ ကျွန်တော်နဲ့ နီးစပ်သူတွေလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီး ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏ တိုက်ပွဲကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ကုန်လွန်ခဲ့တဲ့ လွှတ်တော် သက်တန်းဟာ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ဆိုတာထက် ကိုယ်ကျိုးစီးပွားနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ပိုပြီး လွှမ်းမိုးခဲ့တဲ့ လွှတ်တော်လို့ သတ်မှတ်ရင် ပို နီးစပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို အနှုတ် သုည ဒဿမ ၁% သတ်မှတ်ဖို့ ကို မျှော်လင့်မထားဘဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘဏ် အပ်ငွေတွေပေါ် အတိုးနှုန်းကို အရင်က သုည ဒဿမ ၁% နဲ့ နည်းနည်းလေးပဲ ပေးထားတဲ့ ဗဟိုဘဏ်မှာ - လက်ရှိ ငွေအပ်ထားတဲ့ ဘဏ်လုပ်ငန်း တွေအပေါ် သက်ရောက်မှု ရှိစေမှာပါ ဖြစ်ပါတယ်။

ရေနံဈေးနှုန်း နောက်ထပ်ကျဆင်းမယ့် အလားအလာ၊ တရုတ် အပါအ၀င် ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေမှာ မရေမရာ အခြေအနေ၊ စီးပွားရေးဆိုင်ရာ ယုံကြည်မှု နဲ့ လူတွေရဲ့ ကျဆင်းနေတဲ့ စိတ်အခံ ပျောက်သွားအောင် လုပ်ဖို့ နှောင့်နှေးသွားစေနိုင်တဲ့ ကမ္ဘာလုံး ဆိုင်ရာဈေးကွက် မတည်မငြိမ်ဖြစ်နေတာ စတဲ့ အန္တရာယ်တွေရှိနေတယ်လို့ ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဟရုဟိကို့ ကုရိုဒါ (Haruhiko Kuroda) က တိုကျိုမြို့တော်မှာ သတင်းထောက်တွေ ကိုပြောပါတယ်။

လိုအပ်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း ထပ်ပြီး လျှော့ချမယ်လို့ ဗဟိုဘဏ်အဖွဲ့ဝင်တွေ ၅ မဲ ၄ မဲနဲ့ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

အခုလို ဂျပန်ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း သတ်မှတ်မယ်လို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက် အာရှဒေသ အစုရှယ်ယာဈေးတွေ သောကြာနေ့က သိသိသာသာ တက်သွားပါတယ်။ ဂျပန်ဗဟိုဘဏ် ရဲ့ အခုကြေညာချက်ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ငွေထုတ်ချေးတာတွေ အရှိန်အဟုန် နဲ့ ဖြစ်လာမယ့်သဘော ရှိပါတယ်။

တိုကျိုမြို့ Nikkei အစုရှယ်ယာအညွှန်းကိန်းဟာ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေပြီးတဲ့နောက် ၂.၈% အတက်နဲ့ ဈေးပိတ်နိုင်ခဲ့သလို၊ ဟောင်ကောင် Hang Seng အစုရှယ်ယာအညွှန်းကိန်းဟာလည်း ၂.၅% အတက်ပြခဲ့ပြီး၊ ရှန်ဟဲ စုပေါင်းအညွှန်းကိန်းဟာလည်း ၃.၁% အတက်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ဆစ်ဒနီ၊ စင်္ကာပူ၊ မနီလာနဲ့ တိုင်ပေ ဈေးကွက်တွေမှာလည်း ၂% စီလောက် အတက်နဲ့ ဈေးပိတ်ပါတယ်။ ဥရောပဈေးကွက်မှာလည်း သောကြာနေ့ မနက်ပိုင်းက အာရှဈေးကွက် အတိုင်းပဲ အတက်ပြနေခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 အရပ်သား တွေ နေထိုင်တဲ့ အရပ် တွေ မှာပါ ဗုံးကြဲ တိုက်ခိုက် နေတာ တွေ ရပ်ဖို့ အတိုက်အခံတွေ တောင်းဆို။
ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် ရည်ရွယ် ပြီး ကုလသမဂ္ဂ အစီအစဉ် နဲ့ ကျင်းပတဲ့ ငြိမ်းချမ်းရေး စကားပြောပွဲ တွေကို တက်ရောက်မယ် လို့ ဆီးရီးယား ရဲ့ အဓိက အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ က ပြောပါတယ်။

အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ ဆိုပြီး နာမည် ပေးထားတဲ့ ဆီးရီးယား အတိုက်အခံ အင်အားစု က ဆွေးနွေးပွဲ လာပြီး တက်မယ့် အကြောင်း ကုလသမဂ္ဂရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ ထံ ကို အတည်ပြု ပြောကြား လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ အဖွဲ့ အနေနဲ့ ဆီးရီးယား အစိုးရနဲ့ ညှိနှိုင်းမှု တွေ ပြုလုပ် မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ ထဲ အရပ်သား တွေ နေထိုင်တဲ့ အရပ် တွေ မှာပါ ဗုံးကြဲ တိုက်ခိုက် နေတာ တွေ မရပ်မချင်း ဂျီနီဗာ အစည်းအဝေး ကို မတက်ရောက် နိုင်ဘူး ဆိုပြီး အဲဒီ့ အဖွဲ့ က အစောပိုင်းတုန်းက ငြင်းဆန် နေခဲ့ကြ တာ ဖြစ်ပါတယ်။

မူလ က စီစဉ် ထားတဲ့ အတိုင်း ဇန်နဝါရီ ၂၉ ရက် သောကြာ နေ့ က စလို့ ဂျနီဗာ မြို့မှာ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို အစပျိုး ခဲ့ ကြတာမှာ ကုလသမဂ္ဂ သံတမန် မစ္စတာ ဒီ မစ္စတူရာ နဲ့ သမ္မတ အာဆတ် အစိုးရ ရဲ့ ကိုယ်စားလှယ် အဖွဲ့ တို့ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီအချိန် မှာပဲ နယ်သာလန် အစိုးရ က သူတို့ရဲ့ စစ်လေယာဉ် တွေ ဟာ ဆီးရီးယား နိုင်ငံ ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ပစ်မှတ် ထားပြီး စတင် တိုက်ခိုက် တော့မယ် ဆိုပြီး ပြောလာ ပါတယ်။

အီရတ် နိုင်ငံ ထဲမှာတော့ IS ပစ်မှတ် တွေ ကို နယ်သာလန် စစ်လေယာဉ် တွေ တိုက်ခိုက် နှင့် ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ တုန်းက ပဲရစ် မြို့တော် အတိုက်ခိုက် ခံခဲ့ရပြီး နောက်ပိုင်း ပြင်သစ် နဲ့ အမေရိကန် တို့ က နယ်သာလန် အစိုးရ ကို လေကြောင်း တိုက်ခိုက်မှု တွေကို ဆီးရီးယား ထဲမှာ ပါ တိုးချဲ့ လုပ်ဆောင်ဖို့ တောင်းဆို ထားကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဆော်ဒီက ဗလီ ကို ဗုံးခွဲ တိုက်ခိုက်မှုတခု မြင်ကွင်း (မေ ၂၂၊ ၂၀၁၅)
အီရန်နိုင်ငံကို ခရီးသွားလာမှုအတွက် အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန က သောကြာနေ့မှာပဲ သတိပေးချက် ထုတ်ပြန်လိုက် ပါတယ်။ အထူးသဖြင့် အီရန်နွယ်ဖွါး အမေရိကန် နိုင်ငံသားတွေကို သတိပေးထားတာပါ။ ဒါဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းက အကျုံးဝင်တဲ့ သတိပေးချက်နေရာမှာ အစားထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နဲ့ အီရန် ၂ နိုင်ငံစလုံးအတွက် နိုင်ငံသားခံယူထားသူတွေ အနေနဲ့ အီရန်မှာ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတာကို ထပ်မံ သတိပေးထားတာပါ။

အီရန်နဲ့ အမေရိကန်တို့ကြား သံတမန် ဆက်သွယ်ရေး မရှိတဲ့အတွက် အရေးပေါ် တစုံတရာ ဖြစ်ခဲ့ရင် အမေရိကန်က သူ့နိုင်ငံသားတွေကို အကူညီပေးဖို့ အကန့်အသတ်တွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာတော့ အရှေ့ပိုင်းက ရှီယာပလီဝတ်ကျောင်း တခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေတုန်း သေနတ်သမား တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနဲဆုံး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။

Al-Ahsa မြို့က Mahasen အရပ်မှာ ရှိတဲ့ Imam Reza ဗလီမှာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ တာပါ။ ဝင်ရောက်တိုက်ခိုက်သူ တဦးက သူ့ရဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကို ဖေါက်ခွဲနေ တုန်း တခြားလူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် လို့ ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုအစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။ တိုက်ခိုက်သူတယောက် အသေခံဗုံး ဖေါက်ခွဲဖို့ လုပ်နေတာကိုတော့ ဟန့်တားနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။ Mahasen ဟာ ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံဖြစ်တဲ့ အစိုးရပိုင် ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီက ရှီယာ အလုပ်သမား အများအပြား နေထိုင်တဲ့ နေရာဖြစ်ပါတယ်။

ဆူနီဘုရင် အုပ်ချုပ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ရှီယာလူဦးရေက တနိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုံးကနေ ၁၅ ရာခိုင်နှုံးလောက် ရှိနေတာပါ။ ရှီယာ လူနည်းစုတွေဟာ အရင်ကလည်း အိုင်အက်စ် အစွန်းရောက်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မြောက်ကိုရီးယားနိုင်ငံဟာ နောက်သီတင်းပတ်အတွင်းမှာ ဒုံးကျည်ပစ်လွှတ် စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက တိတ်တဆိတ် ပြောဆိုနေကြပါတယ်။ ဒုံးကျည် ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆနိုင်တဲ့ လှုပ်ရှားမှု မျိုးတွေ မြောက်ကိုရီးယား က လုပ်နေတာကို တွေ့ထားတယ်လို့ အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီလိုပစ်လွှတ်မှုမျိုးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒုံးကျည် ကြားဖြတ်စနစ်ကို အသင့်ပြင်ထားဖို့ ဂျပန်အစိုးရက ဒီကနေ့ ညွှန်ကြားချက် ထုတ်ထား ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း၊ Tongchang-ri စခန်းကနေ တာဝေး ပဲ့ထိန်းဒုံးကျည်တစင်းကို ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံရ တာကို ဂြိုဟ်တုက ရိုက်ယူထားတဲ့ ရုပ်ပုံတွေက ပြနေတယ်လို့ ဂျပန်သတင်းဌာနတွေက အစောပိုင်းမှာ ဖော်ပြပါတယ်။

အဲ့ဒီစခန်းကနေ ကီလိုမီတာ ၁ သောင်းကျော်ထိရောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ဖူးပါတယ်။ ဒုံးကျည်တွေ ဟာ အာကာသထဲကို ဂြိုဟ်တုတွေ လွှတ်တင်ဖို့အတွက် သုံးတဲ့ ရော့ကက် ဒုံးယာဉ်တွေဖြစ်တယ် လို့ မြောက်ကိုရီးယားက ပြောပါ တယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားဟာ ဂျပန်နဲ့ အမေရိကန်ကို တိုက်ခိုက်တာမှာ အသုံးပြုနိုင်တဲ့ ဒုံးကျည်တွေကို ထုတ်လုပ်ဖို့ စမ်းသပ်နေတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေက သံသယရှိနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အကြီးတန်းခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတဦးအနေနဲ့ ဆက်လက် ရပ်တည်ပြီး၊ တိုင်းပြည်နဲ့လူထု အကျိုးစီးပွား အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီနဲ့မဆို လက်တွဲလုပ်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ နေပြည်တော်က ဒီနေ့ လွှတ်တော်ဟောင်း နောက်ဆုံးနေ့ မှာ ရောက်ရှိလာတဲ့ သူရဦးအောင်ကို ကို မမေခက တွေ့ဆုံမေးမြန်းထားတာပါ။

မေခ။  ။ ချိတ်ဆက်ပြီးတော့ ညှိနှိုင်းလာတာမျိုးတွေရော ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတွေက တော်တော်များများ ထွက်နေတာပါ။ ဝန်ကြီးတနေရာမှာ အန်ကယ်လ်ကို ပေးမယ်ဆိုတဲ့ အသံတွေ တော်တော်လေး ထွက်နေလို့ပါ။

သူရဦးအောင်ကို။    ။ ဦးက အခုထက်ထိ အစ်မက အန်တီစုက ပြောတာဆိုတာ မရှိသေးပါဘူး။ မတွေ့သေးပါဘူး။ ဒါပေမဲ့ပေါ့လေ လိုအပ်ရင် ဝိုင်းကူပါဆိုတဲ့ စကားတော့ မကြာခဏ ပြောပါတယ်။ လိုအပ်ရင် တိုင်းပြည်အတွက် ဝိုင်းကူပါလို့ပြောတာပဲ အဲ့လောက်ပဲ ပြောလို့ရပါတယ်။ တော်လျောက် ရပ်တည်မှုကိုက ပြည်သူ့ဘက်က ရပ်တည်တာပဲလေ။ တိုင်းပြည်နဲ့ လူမျိုးဘက်က ရပ်တည်တာ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းဘက်ကမှ ရပ်တည်တာမဟုတ်ဘူး။ ထို့ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင် အဆင်သင့်ရှိပါတယ်။

မေခ။    ။ အဲ့တော့ NLD နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ပါတီနဲ့ရော သဘောထား ကွဲလွဲတာ ရှိမလားရှင့်။

သူရဦးအောင်ကို။   ။ အခုဟာက အန်ကယ်လ်မှာက ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်လည်း မရှိတော့ပါဘူး။ မရှိလို့မို့လို့ ဘာမှ သဘောထားကွဲလွဲစရာလည်း ရှိမှာမဟုတ်ပါဘူး။

မေခ ။    ။ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီက တာဝန်မရှိတာလဲ။ အန်ကယ်လ်က ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်အနေနဲ့ ပဲ နေတာမဟုတ်ဘူးလား။

သူရဦးအောင်ကို။    ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန်မရှိတော့ပါဘူး။

မေခ။   ။ ပါတီဝင်အနေနဲ့ရော ဆက်လက်ရှိနေပါသေးလားရှင့်။

သူရဦးအောင်ကို။   ။ ပါတီဝင်အနေနဲ့တော့ ဆက်လက်ရှိနေပါတယ်။ ပါတီဝင်ဆိုတာ သာမန်ပဲလေ။ သာမန်ပါတီဝင်အဖြစ် ရှိမှာပါ။

မေခ။   ။ အကယ်လို့ NLD ပါတီ ရဲ့ ဖွဲ့စည်းပုံထဲမှာ မပါဝင်ဘူးဆိုခဲ့ရင် အန်ကယ်လ် အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ နိုင်ငံရေးထဲမှာ ဆက်ပြီးတော့ ဆက်သွားဖို့များ စီစဉ်ထားပါလဲရှင့်။

သူရဦးအောင်ကို။   ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ပါဘူး။ မရှိတော့ပေါ့လေ။ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကို အဆင်သင့်ရှိမှာပါ။ ထင်ပါတယ်။ နုတ်ထွက်ဖို့အတွက်တော့ တင်ဖို့မလိုဘူးထင်ပါတယ်။

သူရဦးအောင်ကိုဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာ ဆက်ဆံခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတဦးအဖြစ်နဲ့ အများက သိကြပါတယ်။ ဒါကြောင့်လည်း ကြံ့ခိုင်ရေးပါတီတွင်းမှာ အခြားခေါင်းဆောင်ပိုင်းတွေနဲ့ သဘောကွဲလွဲခဲ့မှုတွေရှိခဲ့ပါတယ်။၊ အခုလာမယ့် အန်အယ်ဒီအစိုးရအဖွဲ့မှာလည်း ပါဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းတွက်ဆမှုတွေ ရှိနေပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လာမယ့် လွှတ်တော်သစ်မှာ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့် မပါတော့
ပြီးခဲ့တဲ့ ပါလီမန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် လွှတ်တော်နိုင်ငံရေးကို စတင်ခဲ့တာ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့က ပြီးဆုံးခဲ့တဲ့ ၅ နှစ်ကြာ ပါလီမန်သက်တမ်းမှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကနေ ပေါက်ဖွား လာခဲ့တဲ့ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း ငါးနှစ် အတွင်းမှာ အများ ပြည်သူ အတွက် လိုအပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ စတာတွေ အပါအဝင် ဥပဒေပေါင်း ၂၂၉ ခုကို ပြဌာန်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲတဲ့ လွှတ်တော် သက်တမ်းမှာ အစိုးရကို ထိန်းကျောင်းနိုင်တဲ့ ကိစ္စမှာ ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် လမ်းသစ်ဖောက်နိုင်တဲ့ အုတ်မြစ် ချပေးနိုင်ခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

လူထုနဲ့ နိုင်ငံအတွက် အကျိုးမရှိတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်က ဖြတ်တောက် ပေးခဲ့တာမျိုး၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေခုံရုံးကိုတောင် လွှတ်တော်က အပြောင်းအလဲ လုပ်ခဲ့တာ မျိုး ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

လွှတ်တော် အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့ အပိုင်းမှာတော့ လူ့အခွင့် အရေးအရရော၊ တရားမျှတမှုပိုင်းမှာပါ ပြင်ဆင်တာ အသစ်ပြဌာန်းတာတွေ မလုပ်နိုင်ခဲ့တဲ့ ဥပဒေတွေလည်း ရှိကြောင်းနဲ့ အကျဉ်းထောင် ဥပဒေ၊ ၁၉၅၀ ပြည့် အရေးပေါ် စီမံမှု ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေကို မလုပ်နိုင်ခဲ့ဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

လွှတ်တော်ကြီး တစ်ခုလုံးကိုလည်း တခြားဒီမိုကရေစီ နိုင်ငံတွေမှာလို အကြိတ်အနယ် ဆွေးနွေးကြတဲ့ လွှတ်တော်ကြီး အဖြစ် မပြောင်းလဲ နိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။

တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ဖို့ ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အရှိန်အဟုန်ကို မြှင့်ဖို့ လိုတယ်၊ နိုင်ငံရေး သမားတွေအပေါ် တပ်မတော်က ယုံကြည်မှု ရှိလာတဲ့ အခါ လွှတ်တော်တွင်းက တဖြည်းဖြည်း ဆုတ်ခွာသွားမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောထားပြီး ဖြစ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောပါတယ်။

အခြေခံ ဥပဒေကို ပြင်ဖို့ ကိစ္စမှာ တပ်မတော်ရဲ့ ယုံကြည်မှု ရအောင် ဆွဲဆောင်တဲ့နည်းနဲ့သာ ဆောင်ရွက်လို့ ရမယ်ဆိုတာ ပြီးခဲ့တဲ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းက ပြခဲ့ပြီလို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

လွှတ်တော် သစ် အတွက် အကြံပြုချက်တွေကိုလည်း ကိုယ်စားလှယ်တွေက ပြောကြား
ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပထမအကြိမ် လွှတ်တော် ရဲ့ နောက်ဆုံး ဆွေးနွေး ပွဲတွေကို ကျင်းပ ခဲ့ပြီး ဥပဒေ ရေးရာတွေ ပြောဆို ဆွေးနွေးခြင်း မလုပ်ဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နှုတ်ဆက်စကား ပြောကြားခဲ့ကြပါတယ်။

ပထမ အကြိမ် လွှတ်တော် ကို ပြန်လည် သုံးသပ်ချက်တွေ ပါသလို လွှတ်တော် သစ် အတွက် အကြံပြုချက်တွေကိုလည်း ကိုယ်စားလှယ်တွေက ပြောကြား ခဲ့ကြပါတယ်။

အကြပြုချက်ထဲမှာတော့ ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော် တွေမှာ ဝန်ထမ်းမလုံ မလောက် ဖြစ်နေတာကိုခန့်အပ်ပေးဖို့၊ ကော်မတီတွေ ဖွဲ့စည်းတဲ့အခါ လုပ်ငန်းကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းဖို့ လူနည်းစုပါတီများ ကို တူညီတဲ့ တန်းတူအခွင့်အရေးတွေပေးဖို့အကြံပြု ခဲ့ကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ အမျိုးသား နိုင်ငံရေးကို ဆောင်ရွက်သွားမယ်လို ပြောကြားခဲ့ပါတယ်။

ပထမကြိမ်လွှတ်တော် ၅ နှစ်သက်တမ်းမှာ ဥပဒေပေါင်း ၂၂၉ ခုပြဌာန်းနိုင်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မှာ မေးခွန်းပေါင်း တစ်သောင်းကျော်မေးမြန်းနိုင်ခဲ့တယ်လို့သူရဦးရွှေမန်းကပြောပါတယ်။

လွှတ်တော်အစည်းအဝေးပြီးမှာတော စုပေါင်းနေလည်စာ စားခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က သီဆို ကပြဖျော်ဖြေကြပါတယ်။

နဂါးနီသီးချင်းကိုသီဆိုသွားသူကတော့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမြငြိမ်း ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ လူခွန်လူကောင်းသီးချင်းကိုသီဆိုခဲ့ပါတယ်။

မနောမြေအလှသီးချင်းကို လွှတ်တော် ကိုယ်စားလှယ် အားလုံးက သီဆို ကပြ ခဲ့ပြီးဆုတော်ငွေများစွာလဲ ရရှိခဲ့ပါတယ်။

သီဆိုဖျော်ဖြေမူ့အပြီးမှာတော့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နှုတ် ဆက် စကားပြောကြားခဲ့ပြီး ငါးနှစ်အတွင်း သူ့မှာ ဒဏ်ရာဒဏ်ချက်တွေရခဲ့ပေမယ့် ကျေနပ်တယ်လို့ ပြော သွားခဲ့ပါတယ်။

နှုတ်ဆက်မိန့်ခွန်းပြောအပြီးမှာတော့ ကိုယ်စားလှယ်တွေကတောင်းဆိုတဲ့အတွက်ဦးရွှေမန်းကိုယ်တိုင် သီးချင်းတစ်ပုဒ်သီဆိုခဲ့ပြီးအခမ်း အနားကိုပျော်ရွင်စွာပဲအဆုံးသတ်ခဲ့ပါတယ်။

၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဆို ရင် တော့ ရွေးကောက်ပွဲ မှာ အနိုင် ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကိုစတင်တော့မှာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


“ ဦးပိုင်ဆိုတာ ဦးနိုင်သူတွေက အများဆိုင်ဓနဥစ္စာတွေကို ကျူးပိုင်ထားတဲ့အဖွဲ့ ”

မြန်မာနိုင်ငံမှာ ဆင်းရဲသားမျက်နှာမွဲ ပြည်သူပြည်သားတွေဟာ ငွေရှိသူ၊ အာဏာရှိသူတွေရဲ့ ထင်တိုင်းကြဲ အနိုင်ကျင့် ဗိုလ်ကျမှု့တွေ ၊ ဗရုတ်သုတ်ခစီမံကိန်းတွေအောက်မှာ ဒုက္ခသုက္ခအဖုံဖုံနဲ့ ငရဲခံခဲ့ရတာဟာ နှစ် (၅၀) ကျော်ပြီးလို့  ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေပြီဆိုတာတောင် ခုထက်ထိမလွတ်မြောက်သေးပါဘူး။

အခုလည်းကြည့်ပါအုံး ဒီရက်ပိုင်းအတွင်း ဖတ်ရတဲ့သတင်း၊ ကြားရတဲ့သတင်းတွေက စိတ်မချမ်းမြေ့စရာ ကောင်းလိုက်တာ။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်ရှိ စံသမာဓိ၊ မြဲမာန်အောင်၊ ဓမ္မပါလရပ်ကွက် သုံးခုမှ စုစုပေါင်း အိမ်ခြေနှစ်ထောင်ခန့် ရှိ ကျူးကျော်နေအိမ်များကို မိုးများရွာသွန်း၍ ရာသီဥတုအေးနေတဲ့ အချိန်မှာကိုဘဲ ဇန်နဝါရီ (၂၆) ရက်နံနက်က အင်အားသုံးရှင်းလင်းဖယ်ရှားခဲ့တဲ့သတင်းပါဘဲ။

အဲ့ဒီ စက်မှုဇုန်အတွင်းက ရပ်ကွက်သုံးခုမှာရှိတဲ့ ကျူးကျော်နေအိမ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထားဖယ်ပေးဖို့  ကြေညာခဲ့ပြီး ဖယ်ရှားရန်ကျန်နေတဲ့ နေအိမ်တွေကို ဇန်နဝါရီ (၂၆) ရက်နံနက်မှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဖယ်ရှားခံရတဲ့ နေအိမ်တွေအနက်က အချို့ဟာ လွန်ခဲ့ သည့် နှစ် (၂၀) လောက်ကတည်းက နေထိုင်ခဲ့ကြ သူတွေလည်းရှိခဲ့ပြီး ပိုင်ဆိုင်သူမရှိတဲ့ စားကျက်မြေ တွင် ရှင်းလင်းနေထိုင်ခဲ့ကြလို့ ကျူးကျော်ဆိုပြီးသတ်မှတ် ဖယ်ရှားတာကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ ကျူးကျော်မဟုတ်ဘူး။ သူတို့ဘာသာတံဆိပ်တပ်ပြီး ဦးပိုင်ကိုဘယ်အချိန်ကတည်းက ပေးလိုက်မှန်းမသိဘူး။ နောက်အစိုးရမတက်ခင် သူတို့ ဒီမြေကွက်ကို အပိုင်သိမ်းနိုင်ဖို့ လုပ်တယ်လို့ထင်တယ်’လို့ ဖယ်ရှားခံရတဲ့ အထဲမှာပါဝင်တဲ့ စံသမာဓိရပ်ကွက်နေ ဦးစောအောင်ကြည်က ပြောတယ်လို့ လည်းသိရပါတယ်။

အဓိကအားဖြင့် စံသမာဓိရပ်ကွက်ကနေအိမ်တွေကို ဖယ်ရှားခဲ့တာဖြစ်ပြီး အဲ့ဒီမြေဟာမြန်မာ့စီးပွားရေးဦးပိုင်ကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားမြေ၊ စီမံကိန်းမြေဖြစ်လို့ တရားမဝင်ဘဲ ဝင်ရောက်နေထိုင်သူတွေကို ဖယ်ရှားရခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေ ဘက်ကဆိုပါတယ်။

ဦးသိန်းစိန်တို့ အစိုးရဟာ ဇန်နဝါရီ (၂၃) ရက်တုံးကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အစိုးရစီမံကိန်းနယ်မြေမှာ ကျူးကျော်နေထိုင်တယ်လို့ ဆိုကာ နှစ်ပေါင်း (၂၀) ခန့်ကြာ နေထိုင်ခဲ့တဲ့ ကျူးကျော်အိမ်ခြေ (၂၀၀) ကျော်ကို အင်အားသုံးဖယ်ရှားခဲ့တယ်။ ဇန်နဝါရီ (၂၅) ရက်မှာလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၄)၊ ညောင်နီကျေးရွာမှာရှိ ဒေသခံများနေထိုင်နေတဲ့ မြေတွေကို အမှတ် (၉၅၈) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)က ခြံစည်းရိုးဝင်ခတ်ပြီးနေအိမ်တွေကို ဖျက်ဆီးပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်း တတိယမြောက်အနေနဲ့  ပျဉ်းမပင်စက်မှုဇုန်ရှိ ကျူးကျော်နေအိမ်တွေကို ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။

ဆောင်းတွင်းကြီးမှာရာသီတွေဖေါက်ပြန်ပြီး အခါမဲ့မိုးတွေကရွာလို့ ပြည်သူတွေမှာ ဆင်းရဲဒုက္ခကြီးနေတာကို ကူညီဖေးမရမဲ့အစား ဒီလောက်ရာသီဥတုဆိုးရွားနေတဲ့ကြားမှာ ဗူးလေးရာဖရုံဆင့်အောင် မြေနိမ့်ရာလှံစိုက်ခြင် ကြရသလဲ၊ ဘာလို့ များသဲကြီးမဲကြီး ဆင်းရဲသားပြည်သူတွေရဲ့အိုးအိမ်လေးတွေကို အားတက်သရော ဖျက်ဆီးခြင်ကြတာလည်း စေ့ငုကြည့်လိုက်မိတယ်။

အရင်းခံအကြောင်းတရားကိုတွေ့ ရတာကတော့ သိပ်ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ်။ စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းလို့ အကြောင်းပြပြီး စစ်ဗိုလ်ချုပ်ကြီးတွေအကျိုးစီးပွားဖြစ်ထွန်းဖို့ အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း လုပ်ကွက်တွေ၊ မြေနေရာအဆောက်အဦးစက်ရုံတွေကို ပြည်သူတွေအလိုမတူဘဲ သိမ်းပိုက်ပြီး တည်ထောင် ခဲ့တယ်လို့ နံမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အတွက်လို့ ဆိုဘဲ။

အဲ့ဒီ ဦးပိုင်အဖွဲ့ ရဲ့ စီးပွားရေးအမြတ်အစွန်းတွေက တိုင်းပြည်ဘဏ္ဍာကိုဖြည့်တင်းပေးနေတာမျိုးဖြစ်ဖြစ်၊ ပြည်သူတွေအတွက်အကျိုးဖြစ်ထွန်းလို့ နိုင်ငံအတွက်အထောက်အကူဖြစ်နေရင်တောင်မှ အခုလို လူသားခြင်းမစာမနာ နေစရာ၊ကျောခင်းစရာ၊ ယာယီအမိုးအကာတောင် စီစဉ်မပေးဘဲ လက်လွတ်စပယ်၊ တာဝန်မဲ့ဖယ်ရှားရှင်းလင်းတယ်ဆိုရင်တောင် ကန့် ကွက်ရှုံ့ ချရမှာပါ။

သူများတိုင်းပြည်တွေမှာ အစိုးရဦးစီးတဲ့လုပ်ငန်းတွေဆိုတာ နှစ်ကုန်ရင် အမြတ်အစွန်းရှင်းတမ်း၊ ၀င်ငွေထွက်ငွေ ဘဏ္ဍာရေးအစီရင်ခံစာ (Financial Report/ Balance Sheet) အခွန်ဘယ်လောက်ဆောင်ရတယ် ဆိုတာတွေ ပြည်သူသိအောင်၊ အများမြင်သာအောင်ထုတ်ပြန်ကြရတာ။

အခုဟာက ဦးပိုင်အဖွဲ့ လုပ်ငန်းတွေဟာ ဘယ်လိုအောင်မြင်တယ်၊ ၀င်ငွေထွက်ငွေဘယ်လောက် ဘယ်ကရတယ်ဆိုတာ အသေးစိတ်မထုတ်ပြန်ပေမဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ အသိုင်းအ၀ိုင်းတွေသာ နိဗ္ဗာန်ရောက် အဆီရစ်သွားတာမြင်နေရတာဘဲမဟုတ်လား။

တို့ ပြည်သူတွေမှာတော့ အခွင့်အရေးအညီအမျှမရခဲ့တာကြောင့် ကုန်းကောက်စရာမရှိအောင်ဆင်းရဲနုံခြာလို့  ကျောခင်းစရာ မြေနေရာလေးတောင် မပိုင်ဆိုင်တာမို့ မတတ်သာဘဲအဆင်ပြေရာနေရာလေးတွေမှာ လူစဉ်မမှီ တဲ့ လေးတိုင်စင်သာသာတဲလေးတွေ ဆောက်ပြီးနေကြတာကိုဘဲ အနိုင်ထပ်ကျင့်တယ်ဆိုတာကတော့ လူစိတ်ကင်းမဲ့လွန်းရာကြတယ်။

ဒီနေရာမှာ အရေးအကြီးတဲ့အချက်တချက်ကိုပြောပါရစေ။ အိုးမဲ့အိမ်မဲ့ဖြစ်ဖြစ်၊ ကျူးကျော်သူလို့  သတ်မှတ်ခံရ သူတွေဘဲဖြစ်ဖြစ် လယ်ယာမဲ့လယ်သမားဖြစ်ဖြစ်၊ လက်လုပ်လက်စားဆင်းရဲသားဖြစ်ဖြစ် မိဘပြည်သူတွေဘဲ ဆိုတာ အစိုးရလုပ်မဲ့အဖွဲ့ တိုင်း ရင်ထဲအသဲထဲမှာ စွဲစွဲမြဲမြဲမှတ်ထားယုံမက လက်တွေ့ မှာလည်း မိဘလို သဘောထားစောင့်ရှောက်ဖို့ လိုတယ်။

လက်ရှိသမ္မတဦးသိန်းစိန်လို မိဘပြည်သူများခင်ဗျားလို့ ခေါ်ယုံသာခေါ်ပြီး လက်တွေ့ မှာ ဆင်းရဲသား ပြည်သူတွေကို မိဘလိုမပြောနဲ့ လူလိုတောင်သဘောမထားဘဲ ကျုးကျော်သူလို့ သတ်မှတ်ပြီး သူတို့  အသိုက်အမြုံတွေကို ဘူဒိုဇာနဲ့ ထိုးကော်ဖျက်ပြီး အခုလို ခွေးမောင်းသလိုမောင်းထုတ်နေရင်တော့ ပြည်သူ့ ကျိန်စာသင့်လို့ သမိုင်းညစ်သမိုင်းဆိုးနဲ့ ကမ္ဗည်းထိုးရစ်ရမှာအသေအခြာပါဘဲ။

စာဖတ်သူတွေမှတ်မိကြအုံးမှာပါ၊ လက်ပတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာပြဿနာတက်တော့ တရုပ်ပိုင်ဝမ်ပေါင်ကုမ္ပဏီနဲ့ အကျိုးတူဖက်စပ်လုပ်တဲ့ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိလူကြီးတွေနဲ့ စစ်ဗိုလ်တွေကို မြေယာဆုံးရှုံးခဲ့ရတဲ့ မဟုတ်မခံရဲရင့်တဲ့ တောင်သူမကြီးတဦးက လက်ညိုးငေါက်ငေါက်ထိုး သူခိုးယိုးတာကို အဲ့ဒီပုဂ္ဂိုလ်တွေထဲကတဦးဟာ အရိပ်သုံးပါးနားမလည်ဘဲ ကျုပ်တို့ က နိုင်ငံတော်အတွက်အလုပ်လုပ်နေတာလို့  ဘယ်သူမှမယုံတော့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်သုံးမန္တန်ဟောင်းကိုရွတ်ပြတော့ လယ်သူမကြီးတွေက ၀ိုင်းဟားတဲ့ ဗီဒီယိုရုပ်သံဖိုင်ဟာ လူမှု့ကွန်ယက်တွေပေါ်အတော်ပျံ့ နှံ့ ခဲ့တယ်လေ။

ဒီတော့ ဦးပိုင်ဆိုတာဘယ်လိုအဖွဲ့ အစည်းမျိုးလဲ၊ ဘာအတွက်တည်ထောင်ထားတာလည်း၊ ဘာတွေလုပ်နေကြ တာလည်း၊ ဘယ်သူတွေအကျိုးဖြစ်ထွန်းနေသလဲဆိုတာ မသိရသေးတဲ့ မိဘပြည်သူတွေသိရအောင် ဒီဆောင်းပါးမှာ အကျဉ်းရုံးပြီးထည့်ရေးပေးလိုက်ပါတယ်။
နိုင်ငံရေးစိတ်ဝင်စားသူတွေကတော့ ဆရာဒေါက်တာတင့်ဆွေ၊ ဆရာဖိုးသံချောင်း၊ ဆရာမောင်အောင်မျိုးတို့  ရေးသားခဲ့တဲ့ ဦးပိုင်လီမိတက်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေမှာ ဖတ်ဖူးကြမှာပါ။

“ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း - သမိုင်းနောက်ခံ”

လွတ်လပ်ရေးရပြီးတော့ မညီမညွတ်ဖြစ်ကြလို့ တိုင်းရင်းသားတွေလက်နက်ကိုင်ဆန့် ကျင်ရာက ပြည်တွင်း စစ်မီးတဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ ထုံးစံအတိုင်း စစ်ဖြစ်ပြီဆိုတာနဲ့ ကာကွယ်ရေးကို အကြောင်းပြုလို့  စစ်ဗိုလ်ကြီးတွေရှေ့တန်းရောက်လာခဲ့တယ်။ (၁၉၅ဝ) စုနှစ်အစောပိုင်းတွင် တပ်မတော်သားတွေကို စားသုံး ကုန်ပစ္စည်းတွေ အဖိုးနှုန်းချိုသာစွာနဲ့  ရောင်းချပေးဖို့  DSI (Defense Services Institute) ကို တည်ထောင်ခဲ့ကြတယ်။

(၁၉၅ဝ) ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အထူးအခွင့်အရေးတွေရခဲ့တော့ DSI ရဲ့ ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စစ်တပ်အကျိုးစီးပွားအတွက် စိတ်ဓါတ်စစ်ဆင်ရေးလက်နက်လိုသုံးခဲ့တဲ့မြဝတီပုံနှိပ်လုပ်ငန်း၊ ဂါဒီယန်သတင်းစာစတဲ့လုပ်ငန်းတွေ အတော်အတန်အောင်မြင်ခဲ့တယ်။

(၁၉၆၀) နောက်ပိုင်းမှာတော့ DSI ရဲ့လုပ်ငန်းအများစုဟာ အသစ်ဖွဲ့စည်း ထူထောင်လိုက်သည့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း BEDC (ဘီအီးဒီစီ) လက်အောက်ရောက်သွားတယ်။ ဘီးအီးဒီစီဟာ သွင်းကုန်ပို့ကုန်လုပ်ငန်းနှင့်အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်ကအစ ဘီးအီးဒီစီ အရက်ဆိုင်အထိ လုပ်ငန်းစုံလုပ်ခဲ့တယ်။

ဒီလိုလုပ်တာဟာ တကယ်တော့ တပ်မတော်အနေနဲ့ သူ့ ရဲ့ အဓိကတာဝန် (Primary Task) ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကိစ္စကိုကျော်လွန်ပြီး စီပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ စစ်ဗိုလ် လူတန်းစားအကျိုးစီးပွားအတွက် မောင်ပိုင်စီးခဲ့တာပါဘဲ။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေကို အာဏာနဲ့ ပေါင်းစပ်ထားတဲ့ “ စစ်ဗျူရိုကရက်အရင်းအနှီး” လို့  ဒေါက်တာတင့်ဆွေက သုံးနှုန်းခဲ့တာ မမှားပါဘူး။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက လက်နက်အားကိုးနဲ့ ဗိုလ်ကျအာဏာသိမ်းယူခြင်းနဲ့ အတူ DSI နဲ့  BEDC ပိုင်ဆိုင်တဲ့ကုမ္ပဏီအားလုံး စုစုပေါင်း (၄၇) ခုကို ပြည်သူပိုင်အဖြစ်သိမ်းပိုက်ခဲ့တယ်။ ပြည်သူပိုင်သိမ်းချိန်က DSI အောက်မှာကုမ္ပဏီ (၅) ခုရှိပြီး BEDC အောက်မှာကုမ္ပဏီ (၄၂) ခုရှိတယ်လို့ ဆိုတယ်။

ပြည်သူလူထုရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုသွေးချောင်းစီးသတ်ဖြတ်လို့  (၁၉၈၈) ခုနှစ် စက်တင်ဘာလမှာ တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်မှ စစ်တပ်စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်ကြီးမားစွာနဲ့ ပြန်လည် ရှင်သန်လာခဲ့တယ်။ အကြောင်းရင်းကတော့ ပြည်သူတွေနာကျဉ်းမုန်းတီးခံခဲ့ရတဲ့ အာဏာရှင်ခါးပိုက်ဆောင် စစ်တပ်ကို မပေးအပ်ထိုက်တဲ့ အခွင့်ထူးခံခွင့်တွေပေးအပ်ပြီး စစ်အာဏာရှင်တွေရဲ့သစ္စာခံကျိုးနွှံလာအောင် လာဘ်ထိုးဖျက်ဆီးလိုရင်းပါဘဲ။

“ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်ပေါ်ထွန်းလာခြင်း”

(၈၈) အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့အစိုးရဟာ အမိန့်ကြော်ငြာစာအမှတ် ၇/၉ဝ နဲ့  (၁၉၉ဝ) ပြည့်နှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို (၁၉၅ဝ) ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေကိုအသုံးပြုပြီး ဖွဲ့စည်းခဲ့ပါတယ်။

ဦးပိုင်ကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ဟာ တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစားတပ်မတော်သားတွေ၊ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့အစည်းတွေ၊ တပ်ရင်းသက်သာချောင်ချိရေးအဖွဲ့တွေကို ထောက်ပံ့ရန် ဖြစ်တယ်လို့ ဆိုထားပေမဲ့ အမှန်တကယ်က ဦးပိုင်လီမိတက်ကို စစ်တပ်အရာရှိကြီးတွေကသာ ထိပ်ပိုင်းမှချယ်လှယ်အကျိုးခံစားရရေးဆိုတာမြင်နေရပါတယ်။

ပြည်သူ့ ဘဏ္ဍာထဲက နှိုက်ယူခဲ့တဲ့ငွေကြေးတွေအပါအ၀င် မူလအရင်းအနှီးပမဏ ကျပ်ကုဋေတထောင်နဲ့  မတည်ခဲ့တဲ့ ဦးပိုင်လီမိတက်မှာ ပဋ္ဌမအဖွဲ့ဝင်များအဖြစ် ပါဝင်ရမဲ့သူတွေစာရင်းမှာ စစ်အရာရှိကြီးပေါင်း (၁၄) ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် ၇/၉ဝ၊ အပိုဒ် ၄၊၅၊၆ အရ အရင်းအနှီးရဲ့ ၄ဝ% ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်ပြီး ကျန် ၆ဝ%ကို စစ်တပ် အသိုင်းအဝိုင်းများက ထည့်ဝင်မယ်လို့ ဆိုထားပါတယ်။ တနည်းအားဖြင့်ပြောရရင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်မည့် ၄ဝ% (ကျပ်ကုဋေ ၄ဝဝ) ဟာ အတိုးအရင်းပြန်မရဘဲ ဆုံးရှုံးနေတဲ့ပြည်သူ့ဘဏ္ဍာများသာဖြစ်တယ်။

စစ်တပ်ဦးပိုင်လီမိတက်ဟာ အထူးကုမ္ပဏီတခုအနေနဲ အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရတာမို့ တိုင်းပြည်ဝင်ငွေနဲ့ ပြည်သူ့ ဘဏ္ဍာတွေထပ်မံ ဆုံးရှူံးစေပါတယ်။
ကျန်အရင်းအနှီး ၆ဝ% ကိုတော့ လက်ရှိစစ်မှုထမ်းဆဲနဲ့ အငြိမ်းစားတပ်မတော်အရာရှိတွေ၊ စစ်မှုထမ်းဟောင်း တွေ၊ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ရာအဖွဲ့တွေက ထည့်ဝင်ပိုင်ဆိုင်ကြတာဖြစ်တယ်။ ဒီအတွက် အောက်ခြေစစ်သား တပ်မှူးတပ်သားတွေဟာ အစုရှယ်ယာဝင်ဖို့ဆိုပြီး သူတို့ ရဲ့ မလောက်မငှလစာထဲက သတ်မှတ်ရာနှုန်းအလိုက် ဖြတ်တောက်ခြင်းခံနေရတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့ စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု့ ၀န်ကြီးဌာနရဲ့ အမိန့် ကြော်ငြာစာအမှတ် (၉၂/၂၀၁၄) အရ ဦးပိုင်လီမိတက်ရဲ့ ခွင့်ပြုမတည်ငွေရင်းဟာ ကျပ်ကုဋေတထောင် (၁၀၀,၀၀၀,၀၀၀,၀၀၀) ကနေ ကုဋေတထောင်ငါးရာ (၁၅၀,၀၀၀,၀၀၀,၀၀၀) ဖြစ်လာ ခဲ့တယ်။

ဦးပိုင်ဟာ ကျောက်မျက်ထုတ်လုပ်ရေးနဲ့ တင်ပို့ ရောင်းချရေးလုပ်ငန်း၊ သတ္တုတူးဖေါ်ရေးလုပ်ငန်း၊ သစ်နဲ့  သစ်အခြေပြုလုပ်ငန်း၊ စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နဲ့  ခရီးသွားလာရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်း အထည်ချုပ်စက်ရုံ၊ ကုန်တိုက်ကြီးများ၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပြူတာ၊ ဆောက်လုပ်ရေးနဲ့ ခြံမြေ အရောင်းအဝယ်လုပ်ငန်း၊ သံမဏိစက်ရုံ၊ ဘိလပ်မြေထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ရေးစက်ရုံ၊ အလှကုန်နဲ့ စာရေးကိရိယာဆိုင်များ စတဲ့ အမြတ်အစွန်းကြီးမားတဲ့လုပ်ငန်းမှန်သမျှ အကုန်လက်ဝါးကြီးအုပ် ချယ်လှယ်လုပ်ကိုင်နေတာပါ။

တနည်းအားဖြင့်ပြောရရင် စစ်ဗိုလ်ချုပ်တွေမောင်ပိုင်စီးထားတဲ့ ဦးပိုင်အဖွဲ့ ဟာ အုပ်ချုပ်ရေးအာဏာနဲ့  လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး တိုင်းပြည်ရဲ့ ရှားပါးတဲ့ သယံဇာတနဲ့ ဘဏ္ဍာငွေရင်းငွေနှီးတွေကို ပြည်သူပြည်သားအားလုံးအကျိုးအတွက်မဟုတ်ဖဲ တစုတဖွဲ့ စစ်တပ်တခုထဲအတွက် အခမဲ့ထုတ်ယူသုံးစွဲနေတာဖြစ်တယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အများပြည်သူတွေက ခရိုစိမ်းလို့ လှောင်ပြောင်ခေါ်ပြီး ကျိန်စာတိုက်ခြင်းခံနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ( Myanma Economic Holdings Ltd.) ဟာတိုင်းပြည်ဘဏ္ဍာကိုအရင်းပြု နိုင်ငံပိုင်သယံဇာတနဲ့ မြေယာတွေသိမ်းပိုက်၊ တနိုင်ငံလုံးရဲ့ပင်မစီးပွားရေးလုပ်ငန်းကိုင်ငန်းတွေကို ထိန်းချုပ် ချယ်လှယ်လာတာ နှစ်ပေါင်း (၂၀) ကျော် (၃၀) တွင်းဝင်လာပါပြီ။ စစ်ဗိုလ်ချုပ်တွေမီလျှံနာဖြစ်စေပြီး လူနည်းစု၊ လူတစုတဖွဲ့ အကျိုးစီးပွားအတွက် လူများစုဖြစ်တဲ့မိဘပြည်သူတွေကို ဆင်းရဲဒုက္ခအဖုံဖုံရောက်စေ ယုံမက ဒူးနဲ့ မျက်ရေသုတ်နေရတဲ့ဘ၀ရောက်အောင် လူသားခြင်းစာနာတဲ့ အစီအမံတွေမပါဘဲ အိုးအိမ်တွေဖျက်ဆီး၊ မြေယာတွေလုယက်သိမ်းပိုက်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ပါလို့ သတိပေးလိုက်ပါတယ်။

မိဘကိုမျက်ရေကြီးငယ်ကျအောင်လုပ်တဲ့ သားသမီးဟာ ဘယ်တော့မှရေရှည်မကြီးပွားနိုင်သလို၊မိဘပြည်သူကို မျက်ရေကြီးငယ်ကျအောင်လုပ်တဲ့အစိုးရတိုင်းဟာ ဘယ်သောအခါမှ လားရာလည်းမကောင်းသလို နိဂုံးလည်း မကောင်းနိုင်ပါဘူး။ ။

(မင်းကောင်းချစ်)
ဇန်န၀ါရီလ (၂၈) ရက် ၂၀၁၆ ခုနှစ်




ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ ဒုတိယ ဥက္ကဌရာထူးအတွက် အဆိုပြုခံထားရတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်က သူဟာ ဘိန်းချက်စခန်းတွေကို တိုက်ဖျက်ခဲ့သူသာဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ဝေဖန်နေသူတွေအနေနဲ့လည်း သူ့ဒေသကို သွားရောက်လေ့လာသင့်ကြောင်း ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌနေရာအတွက် ဦးတီခွန်မြတ်ကို ရွေးချယ်ထားကြောင်း သတင်းထွက်ပေါ်လာချိန်မှာ ဦးတီခွန်မြတ်ဟာ ကွတ်ခိုင်မြို့ အထူးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးတီခွန်မြတ်ကို မေးမြန်းရာမှာ အခုလို တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။

"အဲ့ဒီဒေသမှာ ဘိန်းချက်စခန်းဆိုတာရှိခဲ့တယ်၊ အဲ့ဘိန်းချက်စခန်းကို အန်ကယ်ကိုယ်တိုင် သွားတိုက်ခဲ့တာပဲ၊ တစ်ခုတင်မကဘူး အများကြီးပါ၊ အဲ့လိုဖမ်းဆီးအရေးယူတဲ့ကိစ္စတွေ လုပ်ခဲ့တဲ့အပိုင်းတွေ ဒါတွေက မဖော်ပြဘဲနဲ့ အခုကျတော့ ပြောင်းပြန်ပြန်ပြောတော့ စဉ်းစားကြည့်ပါ၊ အမှန်သိချင်ရင် အဲ့ဒေသကို သွားမေးကြည့်ပါ၊ ဒါကတော့ အမှန်ဆုံးဖြစ်ပါလိမ့်မယ်၊ အကုန်မပြောချင်ဘူး၊ ပြောရင်အခုအချိန်က ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလဆိုတော့ ပြောလိုက်ရင် အဲ့ဒီအတွက် အများကြီးဟိုဟာဖြစ်မှာစိုးလို့ အောင့်အီးထားတာ"

ဦးတီခွန်မြတ်ဟာ ၅နှစ်တာကာလအတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကွတ်ခိုင်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြည်ထောင်စု လွှတ်တော် နာကက သူရဦးရွှေမန်းက လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)
NLD ဦးဆောင် တဲ့ အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တာဝန်ပေး လာတဲ့ အပေါ်မှာ လက်ခံသွားဖို့ အသင့်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် ဘက်က လည်း သူ့ကို အသုံးချလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာကက သူရဦးရွှေမန်း က လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွား ပါတယ်။ အသွင် ကူးပြောင်းရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ အကြံပေးမှုတွေ လုပ်ခဲ့တယ် လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ ပထမအကြိမ် လွှတ်တော်တွေ ရပ်နားတဲ့ နောက်ဆုံးနေ့မှာ သူရဦးရွှေမန်းက မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းမယ့် အစိုးရသစ် လက်ထက်မှာ နေရာပေးလာပါက လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း မရွေးချယ်ဘူးဆိုရင်လည်း နိုင်ငံရေးလုပ်ငန်းတွေကို လုပ် ဆောင် သွားမယ်လို့ သူကအခုလိုပြောခဲ့ပါတယ်။

"ဘယ်တာဝန်၊ ဘယ်ကိစ္စတွေမှာ လုပ်ပေးပါ ဆိုတဲ့ဟာတော့ လောလောဆယ် မရှိပါဘူး။ ကိုယ့်ရဲ့သုံးသပ်ချက်၊ မျှော်လင့်ချက်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလို့ရှိရင်လည်း တာဝန်ပေးမယ် သို့မဟုတ် အသုံးချမယ် ဆိုလို့ရှိရင်ပေါ့လေ။ သေချာ စဉ်းစားပြီးတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ်။ တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စမျိုး ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ တို့ဘက်ကတော့ ဘယ်နေရာ၊ ဘယ်ရာထူး၊ ဘာတာဝန်ဆိုတဲ့ဟာကို အဓိကထား မစဉ်းစားပဲနဲ့ အများအကျိုး၊ တိုင်းပြည် အကျိုးအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အတိုင်းပဲ ဖြစ်ပါတယ်။"

သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့တာပါ။ လက်ရှိမှာ NLD ပါတီ ရဲ့ လွှတ်တော်တွေ အတွက် ဥက္ကဋ္ဌ၊  ဒုဥက္ကဋ္ဌနေရာတွေ ရွေးချယ်မှုမှာ အကြံဉာဏ်ပေး ခဲ့ ကြောင်း၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ကို ပြည်ခိုင်ဖြိုးပါတီဝင် ကချင် လွှတ်တော် အမတ် ဦးတီခွန်မြတ် ကို ရွေးချယ်ဖို့ ထောက်ခံပြောဆိုခဲ့ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုပါတယ်။

ဒီအပေါ်မှာ NLD ပါတီက ဖွဲ့မယ့် အစိုးရသစ် အတွက် ပါဝင်ကြမယ့် လူရွေးချယ်မှု မှာ သူရဦးရွှေမန်းက ရွေးချယ်ပေးဖို့ ထောက်ခံထားသူ ရှိမရှိကို ဗွီအိုအေကမေးမြန်း တာမှာ သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် လျှို့ဝှက်ပြီးတော့ အဓိကထားဆောင်ရွက်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းရေးတို့ ဝန်ကြီး ရွေးချယ်ရေးတို့ ဘယ်သူ သမ္မတဖြစ်လာမလဲ၊ ဘယ်သူ့ကို ဖြစ်စေချင်သလဲ။ အဲ့လိုပြောလိုက်မယ်ဆိုရင် ခုနက လည်လည်ပတ်ပတ်နဲ့ မေးလိုက်တဲ့ မေးခွန်းကို ဥက္ကဋ္ဌကြီးက ထောင်ချောက်ထဲ ဝင်ပြီး ဖြေလိုက်သလိုဖြစ်သွားမှာပေါ့။ ပွင့်လင်းမြင်သာမှု ဆိုတာက လိုပါတယ်။ သူ့အချိန်နဲ့သူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ခုနက တိုင်ပင်တယ် ဆိုတဲ့နေရာမှာ အဲ့တာတွေလည်း ပါနိုင်တာပေါ့။ နော် အဲ့တာတွေလည်း ပါနိုင်တာပေါ့။ ပါနိုင်ပေမဲ့ ဘယ်သူ့ကို ဘယ်လို ဆိုတာတော့လည်း လုံခြုံမှု ချိုးဖောက်သလို  တိုင်ပင်တဲ့သူအပေါ်မှာ သစ္စာမဲ့ရာလည်း ရောက်သွားနိုင်ပါတယ်။"

မကြာမှီ အစိုးရသစ် ဖွဲ့တော့မယ့် အနိုင်ရ NLD ပါတီအနေနဲ့ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သတ်ပြီးလည်း သူက အခုလိုပြောဆိုလိုက်ပါသေးတယ်။

"စိန်ခေါ်မှုကတော့ တော်တော်များတယ်။ သူတို့ရင်ဆိုင်ကြုံတွေ့ရမယ့် Mindset ပေါ့။ လူဆိုတဲ့နေရာမှာ အားလုံးကို ဆိုလိုပါတယ်။ ဒီကနေ့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံ အရ  ဗဟိုဦးစီးစနစ်၊ အမိန့်နဲ့ညွှန်ကြားပြီး အုပ်ချုပ်တယ်။ အဲ့ကနေပြီးတော့ကာ ဒီမိုကရေစီ နည်းကျ ပြန်အုပ်ချုပ်မယ် ။ အဲ့ဒီ့ Mindset နဲ့ အဲ့ဒီ့အလေ့အကျင့် ဒါ အခက်အခဲဆုံးထဲက တခုပဲဖြစ်ပါတယ်။ အဲ့ဒီ့အထဲမှာ NLD အဖွဲ့ဝင်တွေလည်း ပါနိုင်တယ်။ ဝန်ထမ်းတွေလည်း ပါနိုင်တယ်။ NLD အစိုးရ တက်လာပြီဆိုရင် အားလုံး အဆင်ပြေသွားမယ် ထင်တယ်ဗျ။ လူတွေ အလုပ်အကိုင်တွေ ရလာမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှုံမှုတွေ လှိမ့်ပြီး ဝင်လာမယ်။ ပြီးတဲ့အခါမှာ ဝင်ငွေတွေ တိုးလာမယ်။ စသည် စသည် ပေါ့လေ။ ဒီလိုမျှော်လင့်ချက်တွေက တအားကြီးတယ်။ အဲ့ဒီ့တအားကြီးတာလည်း စိန်ခေါ်မှု တခုပဲ။ "

မကြာခင် တင်မြှောက်ခံရမယ့် သမ္မတနဲ့ပတ်သတ်ပြီး ဘယ်သူဘယ်ဝါကို ဖြစ်ဖို့နဲ့ ဘယ်သူ့ကို သမ္မတဖြစ်စေချင်လဲဆိုတာကိုတော့ တိကျစွာမပြောဆိုခဲ့ပါဘူး။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံနိုင်ဖို့ကို စီစဉ်ပေးခဲ့ တာဟာလည်း နိုင်ငံကောင်းဖို့ ရည်ရွယ် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရွေးကောက်ပွဲ အပြီးမှာ နေ့စဉ်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကပြောဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေ ကို ဆွေးနွေးသလဲ ဆိုတာကို တော့ သူက မပြောခဲ့ပါဘူး။

လက်ရှိမှာတော့ ပထမအကြိမ်ကျင်းပတဲ့ လွှတ်တော်တွေဟာ ဒီကနေ့မှာ ရပ်နားလိုက်ပါပြီ။ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော်ပြန် စတော့မှာ ဖြစ်ပေမယ့် ခုချိန်ထိတော့ လွှတ်တော် ၂ရပ်အတွက် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌနေရာတွေကိုဘဲ NLD ပါတီက ထုတ်ပြန်ပေးထားပါတယ်။ ဒီမှာ လွှတ်တော် နာယကဟောင်းတဦးလည်းဖြစ် တပ်မတော်သားလည်းဖြစ်တဲ့ သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေးကောင်းမွန် တာကြောင့် NLD ပါတီ အစိုးရဖွဲ့မယ် ဆိုရင် သမ္မတလုပ်ပိုင်ခွင့်နဲ့ တာဝန်ပေးမယ့် နေရာတနေရာ ရနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ရဲ့ နုတ်ဆက်စကားဟာ ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြားမှာ ပျော်ရွှင် ရယ်မောစေခဲ့ရသလို ရုပ်သံနဲ့ Facebook ကတဆင့် လူထုအကြား အလျင်အမြန် ပျံနှံ့သွားခဲ့ပါတယ်။ ဒီလို ပျံ့နှံ့သွားစေတာကတော့ ဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ အရွှန်းဖောက် ပြောဆို နုတ်ဆက်လိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းရဲ့ ပြည်ထောင်စု လွှတ်တော် နောက်ဆုံး ကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး ဒီအစည်းအဝေး မှာ ပြည်ထောင်စု လွှတ်တော် နာယက၊ ဒု နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ သက်ဆိုင်ရာ ပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့သလို အသီးသီးက နုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

ဒီလို အကြံပြုဆွေးနွေးတာ၊ နုတ်ဆက် စကားပြောကြားတာမှာတော့ လွှတ်တော် အတွင်းမှာရော လွှတ်တော်ပြင်ပမှာပါ လူအများကို နှစ်သက် ရွှင်မြူးစေခဲ့သူကတော့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပဲဖြစ်ပါတယ်။

ဦးခင်အောင်မြင့်က ၁၅မိနစ်ကြာ ဆွေးနွေးပြောဆိုရာမှာ ပထမပိုင်း ၅မိနစ်လောက် မှာတော့ ၅နှစ်တာဖြတ်သန်းခဲ့တဲ့ လွှတ်တော်တွင်း အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ အခုလို အကြံပြုခဲ့ပါတယ်။

"အားနည်းချက် အနေနဲ့ကတော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်မှာ စိုးတဲ့အတွက် သက်သက်သာသာပဲ ပြောပါမယ်။ နောက်လူတွေ ဝေဖန်ပါလိမ့်မယ်။ သို့သော် ဒီမိုကရေစီစနစ်မှာ အများသဘောတူတိုင်း မှန်တယ်လို့ တထစ်ချ ယူလို့မရဘူး ဆိုတဲ့ အတွေ့အကြုံတွေတော့ ရှိခဲ့ကြပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မှားမိရင်လည်း အများရှေ့မှာ မှားကြောင်း ဝန်ခံပြီး မမှားအောင် ချက်ခြင်းပြင်နိုင်တဲ့ သတ္တိ ၊ မတတ်သေးရင်လည်း မတတ်သေးကြောင်း ဝန်ခံပြီး တတ်အောင် ကြိုးပမ်းအားထုတ်တဲ့ ဇွဲလုံ့လ ဝီရိယရှိခဲ့ကြတာ အမှန်ပဲ ဖြစ်ပါတယ်။

အားသာချက်အနေနဲ့ ပထမဆုံးအချက်ကတော့ လွှတ်တော်စစချင်း ကျနော်တို့ တိုက်တွန်းခဲ့ သလိုပဲ လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားပဲနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုး အတွက် ရှေးရှု့ဆောင်ရွက်ကြမယ် ဆိုတဲ့အခါမှာ အထူး စည်းလုံး ညီညွတ်သွားတာကို တွေ့ရပါတယ်။ "

လွှတ်တော်တွင်းမှာ ရေးရာကော်မတီ အသီးသီးဟာ တက်တက်ကြွကြွဆောင်ရွက်ခဲ့ သလို ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ ဥပဒေပေါင်း ၂၂၉ခု ပြုစုခဲ့ပြီး အမျိုးသား စီမံကိန်းဥပဒေ၊ နိုင်ငံတော်အစိုးရရဲ့ ဘဏ္ဍာငွေရ သုံး ခန့်မှန်းခြေဥပဒေ၊ အခွန်အကောက်ဆိုင်ရာ ဥပဒေတွေကိုလည်း သုံးသပ်အစီရင်ခံ တင်ပြနိုင် ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

သူရဲ့အကြံပြုဆွေးနွေးချက် အပြီးနောက်ပိုင်းမှာတော့ လွှတ်တော် ကိုယ်စားလှယ်တချို့ အပေါ် မှာ အခုလို အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

"နုတ်ဆက်စကားဆိုရင် အမှတ်တရလေးတွေ ပြောဖို့လိုမယ် ထင်ပါတယ်။ ဒီထဲမှာ တွေ့မိတာလေးတွေ တဦးချင်းလည်း နည်းနည်းပါးပါးတော့ တို့ထားတာလေးတွေ ရှိတာပေါ့။ အမျိုးသားလွှတ်တော်က ဒေါက်တာမြတ်ဉာဏစိုး၊ လွှတ်တော်စတဲ့အချိန်မှာ ငယ်ငယ်ချောချောနဲ့ ။ ဒီနေ့ စင်ပေါ်တက်ဖို့ ကျနော်ရှေ့မှာ ဖြတ်ဖြတ် သွားတဲ့အခါမှာ လက်ပြင်လေးကို ကုန်းလို့ အဖိုးအိုပေါက်စလေးဖြစ်။ အမျိုးသားလွှတ်တော်က စကားပြော အမြန်ဆုံးဆု ပေးသင့်တာကတော့ ဦးဖုန်းမြင့်အောင်ပါပဲ။ မိနစ် ၂၀ပေးလိုက်တာ အစအဆုံး သူဆွေးနွေးသွားတာ ဘာမှ နားမလည်လိုက်ဘူး။ ပြန်ပြန်မေး ရတယ်။ နောက်တယောက်ကတော့ ညစာစားပွဲတိုင်း နဂါးနီ သီချင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဆိုခဲ့ပြီးကာမှ  ရွေးကောက်ပွဲ ကာလကျမှ အစိမ်းရောင် လွှမ်းစေရမယ်ဆိုပြီးတော့မှ စကားကျွံသွားလို့ ဝိုင်းပြီး ပလေးခံရတဲ့ ဦးမြငြိမ်းဖြစ်ပါတယ်။ "

အမျိးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

"ဒေါ်ခင်စန်းလှိုင်ပေါ့။ ပြည်ထောင်စုနေ့ ညစာစားပွဲတခုမှာ သူက သပ်သပ်ယပ်ယပ် သေသေချာချာ ပြင်လာတဲ့အခါကျတော့ ဘယ်သူများပါလိမ့်လို့ ဒီလိုပြောတဲ့အခါ မနက်ဖြန် လက်ဘက်ရည်တိုက်မယ်လို့ ပြောထားတယ် ကျနော့်ကို ။ အဲ့ဒီ့နေ့ကစပြီး ဒီနေ့အထိ ရှောင်နေတာ အခုအချိန်အထိ ဘာ လက်ဘက်ရည်မှ လည်း မသောက်ရဘူး။ ထို့အတူပဲ ဒေါ်စန္ဒာမင်း ပြည်ထောင်စုနေ့ ညစာစားပွဲမှာ နာဂဝတ်စုံ ဝတ်လာတော့ ဒီလိုလေးလည်း လှတာပဲလို့ ကျနော်ပြောလိုက်ပါတယ်။ သို့သော် ဒီနေ့အထိ ကိတ်မုန့်တချပ်မှ မရပါဘူး။

နှစ်သစ်ကူးတိုင်း နှစ်သစ်ကူးတိုင်း ကိတ်မုန့်ပို့ပေး တာကတော့ ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပါတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ အားလုံးထဲမှာ အလှဆုံးလို့လည်း ပြောရမှာဖြစ်ပါတယ်။ "

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပေါ်မှာလည်း အခုလို ပြောဆိုပြီး အားလုံးကို နုတ်ခွန်းဆက်ခဲ့ ပါတယ်။

"လွှတ်တော်ကြီးတခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်အောင် ၊ ပျားပမ်းခတ်နေအောင် ၊ ဘယ်သူမှ မနားရအောင် စီမံဖန်တီးသွားတာကတော့ နာယကကြီးပါပဲ။ ဒါကြောင့်မို့လို့လည်း လွှတ်တော်ကြီးက ကျနော်တို့ အဆင့်အတန်းမှီပြီးတော့ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ခဲ့ကြတာဖြစ်တဲ့အကြောင်း ဂုဏ်ပြုပြောကြားရင်းနဲ့ လွမ်းနေမယ်နော်လို့ နုတ်ဆက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။"

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကလည်း နောက်ဆုံး နုတ်ဆက် စကားပြောကြားရာမှာ မိမိ မဲရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် ရွေးကောက်ပွဲ မှာ ပြည်သူတွေ အနိုင်ရတယ်လို့ ပြည်သူ တစ်ယောက်အနေနဲ့ မိမိလည်းနိုင်တယ် လို့ ပြောဆိုခဲ့ပြီးနောက်မှာတော့ ပထမအကြိမ် လွှတ်တော်သက်တမ်း ရဲ့ ပြည်ထောင်စု လွှတ်တော် နောက်ဆုံးနေ့ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုင်းလုပ်သား တစ်ဦးကို စတင် ကယ်ထုတ်ပုံကို စီစီတီဗီ သတင်းဌာနမှာ ပြသခဲ့။
တရုတ် နိုင်ငံမှာ ပြိုကျသွားတဲ့ မိုင်းတွင်း တစ်ခုအတွင်း ၃၆ ရက်ကြာအောင် အသက်ရှင်လျက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၄ ဦး အနက် ၃ ဦးကို စတင် ကယ်ထုတ် နိုင်ခဲ့ပြီလို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

ရှန်ဒေါင်း ပြည်နယ် အရှေ့ပိုင်းက မြေဖြူမိုင်းမှာ ပိတ်မိ နေသူတွေကို ဘေးလွတ်ရာကို ပို့ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြေပြင်ပေါ် ဆွဲတင် လိုက်နိုင်တဲ့ မိုင်းလုပ်သားတွေကို ဆေးရုံကို ခေါ်သွားတဲ့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို တရုတ်ပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြ သွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြိုကျခဲ့တဲ့ အဲဒီ မိုင်းတွင်းမှာ လူ ၁၇ ယောက် ပိတ်မိခဲ့ပြီး သူတို့ အထဲကမှ အသက်ရှင် နေသေးသူ ၄ ဦးကိုသာ တွေ့ခဲ့တာပါ။

သူတို့တွေ အထဲက ၁ ယောက်ကိုတော့ သေဆုံးကြောင်း အတည်ပြု ကြေညာခဲ့ပြီး ကျန်သူတွေရဲ့ အခြေအနေကိုတော့ မသိရ သေးပါဘူး။

ကယ်ဆယ်ရေး သမားတွေက အသက်ရှင် နေသူတွေ ရှိတဲ့ နေရာအထိ သီတင်းပတ် အတော်ကြာကြာ ဥမင် တူးပြီး၊ ရေနဲ့ အဖျော်ရည်တွေကို ခက်ခက်ခဲခဲ ထောက်ပံ့ ပေးနေခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပရာ သူရဦးရွှေမန်း ကိုတွေ့ရစဉ် Photo:Myo Thant Khaing/RFA
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ဖို့ မိမိ စီစဉ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ အားလုံးအတွက် ကောင်းတဲ့တွေ့ဆုံမှုဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ သူရဦးရွှေမန်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနဲ့ တွေ့ဆုံခြင်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း အတွက်ရော ၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ရော၊ နိုင်ငံ့အတွက်ရော အများကြီးအခြေအနေကောင်းများ ဖြစ်ပေါ် လာနိုင်တယ်လို့ သုံးသပ်တဲ့အတွက် ဒီလိုတွေ့ဆုံပေးခြင်းဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းတဲ့ ရက်ကာလအတွင်းမှာပဲ ကိုယ့်အနေနဲ့ သူနဲ့ဘယ်ရက်ဘယ်အချိန်မှာတွေ့မယ် တစ်ခါတည်း ဆောင်ရန်ရှောင် ရန် တွေ့သင့်တယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်"

လာမယ့်အစိုးရလက်ထက် တာဝန်ယူဖို့အတွက် အန်အယ်လ်ဒီဖက်က ကမ်းလှမ်းထားတာ မရှိသေးတာကြောင့် သူ့အနေနဲ့ ဘာမှပြောစရာ မရှိသေးကြောင်းလည်း ပြောပါတယ်။

တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးမြန်းရရာမှာ သူရဦးရွှေမန်းက တပ်မတော်ဟာ လက်ရှိမှာ ၂ဝဝ၈ ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးတိုင်း နိုင်ငံရေးမှာပါနေဦးမှာဖြစ်ပြီး တစ်ချိန်ကျရင် နိုင်ငံရေးမှာ လုံးဝမပါတော့ဘဲ ကာကွယ်ရေးသက်သက်ပဲ တာဝန်ယူမယ်ဆိုတဲ့ ဆုံးဖြတ်တဲ့အချိန်ကျရင် တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသွားမှာဖြစ်ကြောင်း ၊ နိုင်ငံသားတွေကလည်း ဝိုင်းဝန်းပါဝင်ဖို့လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဥက္ကဌအပေါ် ဘယ်လိုသဘောထားသလဲလို့ သတင်းထောက်တစ်ဦးက မေးရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းကို ခွဲခြားမြင်ဖို့လိုအပ်ကြောင်းနဲ့ အပေါ်ယံကြည့်လို့မရကြောင်း ပြော ပါတယ်။

RFA Burmese
http://www.rfa.org/burmese


တနေ့မှာ ကျောင်းသားမိဘတဦးက ကျွန်တော့်ကို လမ်းကြုံနှုတ်ဆက်ရင်း ပြောပါတယ်။ ဆရာ့တပည့်ကို အခုထက် ပိုတော်အောင် လေ့ကျင့်ပေးပါ။ ဆရာ့ကိုလည်း အပ်ပါတယ်တဲ့။ ကျွန်တော်က တော်ချင်တာ ခဏ ထား၊ အခုတတ်သိနေတဲ့ အရှိန်လေးလျော့မသွားအောင် ကလေးကိုဝယ်ပေးထားတဲ့ဖုန်းကို ပြန်သိမ်း ထားလိုက်ပါ။ သိမ်းဖို့ကိုခက်နေရင်တောင်မှ ကလေးဖုန်းအသုံးပြုနေတာကိုလျှော့ဖို့ ပြောချလိုက်ရတော့တယ်။ မိဘတွေ တော်တော်လေး မျက်နှာပျက်သွားကြတယ်။ မတတ်နိုင်ဘူးလေ။ ကိုယ်ကဆရာဆိုတော့ ဆိုရေးရှိက ဆိုရမည်ပေါ့။ လက်ခံတာ၊ လက်မခံတာက သူတို့အပိုင်း၊ ပြောရမှာက ကိုယ့်အပိုင်းလို့ကို ခံယူထားမိတယ်။

ယနေ့ခေတ်မှာတော့ ကျောင်းသားမိဘတိုင်းလိုလိုပင် ကလေးတွေကို ချစ်ပြတဲ့နေရာမှာ လိုအပ်တာထက်ပိုမိုပြီး အလိုလိုက်နေကြသလို ဖြစ်နေကြတယ်လို့ ကျွန်တော်မြင်ပါတယ်။ အများစုက ကိုယ့်ကလေးကို ဖုန်းဝယ်ပေး လိုက်တာနဲ့တင် လူရာဝင်သွားမယ်၊ ခေတ်မီသွားမယ်လို့ထင်နေကြတာကြောင့်ပေါ့။ တကယ်တမ်းကျတော့ ဖုန်းဆိုတာ ခေတ်ပေါ်အသုံးအဆောင်တမျိုးပါ။ ကြွားစရာလို့ မယူဆကြဘဲ လျော်ကန်စွာအကျိုးရှိအောင် အသုံးချတတ်ကြမယ်ဆိုရင် အင်မတန်အကျိုးများတာပါ။ တချို့ကျပြန်တော့ ဆင်ခြေပေးတတ်ကြပါသေးတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ကလေးနဲ့လွယ်လင့်တကူအဆက်အသွယ်ရအောင်လို့ပါတဲ့။ အိမ်ကနေ ကျောင်းကိုကားစီးသွားရမယ်ဆိုရင် သုံးမှတ်တိုင်၊ လေးမှတ်တိုင်သာသာလောက် သွားရတာလေ။ တခါတလေ ကျရင် ကျောင်းသားတွေထက်ကို မိဘတွေက မလိုအပ်တာကို ပိုအကဲသန်နေကြတယ်လို့တောင် ကျွန်တော် ထင်မိပါတယ်။

ကြာတော့ ကြာခဲ့ပါပြီ။ အတန်းငယ်ငယ်ကတည်းက ကျွန်တော် လေ့ကျင့်သင်ကြားပေးလာခဲ့တဲ့ တပည့်လေး တယောက်ရှိခဲ့ဖူးတယ်။ အင်မတန်ထက်မြက်ပြီးတော့ ကျောင်းမှာဆို အမြဲလိုလိုအဆင့်(၁)ကနေ (၅) အောက် ကို မဆင်းတဲ့ကလေးပါ။ ကလေးက အင်္ဂလိပ်စာမှာဆိုရင်လည်း Essential Grammar in Use (အနီရောင်စာအုပ်ကို) ၈ တန်းလောက်ကတည်းက အပြတ်လေ့ကျင့်ထားတာပါ။ ၉ တန်းကို ရောက်တဲ့အခါမှာ မိဘတွေက ကလေးကို ဖုန်းတလုံး ၀ယ်ပေးလိုက်ပါတယ်။ ကောင်းတယ်မဟုတ်လားလို့ ကျွန်တော့်ကိုမေးတော့ ဘာမှပြန်မပြောသာခဲ့ဘူး။ ကိုယ်ကလည်း ဖုန်းလေးတလုံးတောင်မှ ၀ယ်ပြီးတော့ မကိုင်နိုင်သေးတဲ့အချိန် ဆိုတော့ မ၀ယ်ပေးနဲ့ဦးလို့ပြောရင် မနာလိုလို့ပြောတာပဲဆိုပြီး တလွဲအထင်ခံရမှာလည်း စိုးတာပေါ့။ ကလေးက အားရင် ဖုန်းနဲ့ဂိမ်းကို စတင်ကစားနေပါပြီ။ ကိုးတန်းစာမေးပွဲပြီးတဲ့အခါမှာတော့ ရံဖန်ရံခါမှာ ဂိမ်းဆိုင်ကိုတောင် သွားတတ်နေပါပြီ။ အဲဒီအချိန်တုန်းက Dota ဆိုတဲ့ ဂိမ်းခေတ်စားစပြုတဲ့အချိန်လေ။ သိပ်မကြာခင်မှာပဲ ကလေးဟာ မျက်မှန်ကိုစတပ်ခဲ့ရတယ်။ ဆုံးရှုံးမှုလို့ ကျွန်တော်မြင်မိတာကတော့ ကလေးဟာ ဆယ်တန်းကို ရိုးရိုးနဲ့ပဲအောင်ခဲ့ရရှာတယ်။ အခု အချိန်ထိကို ဂိမ်း(Dota)ကို ခုံမင်နေတုန်းဖြစ်သွားတာပါ။ ကလေး Level မြင့်သွားတာကတော့ မျက်မှန်ပါဝါ တိုးသွားတာပါပဲ။ ဖုန်းကနေတဆင့် ဂိမ်းဆော့တတ်သွားတဲ့ကျောင်းသားကို မသွန်သင်နိုင်ခဲ့တာကိုလည်း အပြစ်မကင်းသလိုတောင် ကျွန်တော်ခံစားခဲ့ရပါတယ်။

ယနေ့ခေတ် ကျောင်းသားလေးတွေကျပြန်တော့ တဆင့်ထပ်တိုးပိုဆိုးလာတာကို တွေ့ရပါတယ်။ အရင်က အမြဲလိုလို တက်ကြွနေတဲ့ ကျောင်းသားဟာ မှုန်ကုပ်ကုပ်ဖြစ်လာတယ်။ စိတ်လည်း အလွယ်တကူတိုလာ တတ်ကြပါတယ်။ ဖုန်းလက်ဝယ်ရတာနဲ့ သူငယ်ချင်းအချင်းချင်း မက်ဆေ့တွေပို့ကြနဲ့၊ တချို့များဆိုရင် စာသင် ချိန်တောင် မက်ဆေ့ဝင်လာတဲ့အသံတွေ ကြားနေရရောလေ။ အတန်း တချိန်ဆင်းလို့ နောက်ဆရာတယောက် မ၀င်သေးရင် ဖုန်းကို ကလိနေကြတော့တာပါ။ ရည်မှန်းချက်ကြီးတယ်ဆိုတဲ့ကလေးတွေ ဘ၀မှာ စောစောစီး စီးနဲ့ အိမ်ထောင်ကျသွားတာတွေကိုမြင်နေရ၊ ကြားနေရပြန်တော့ အလိုလိုနှမြောနေမိပါတယ်။

အဆိုးရွားဆုံးလို့ ကျွန်တော်မြင်မိတာကတော့ ဖုန်းနဲ့ဂိမ်းဆော့တဲ့ အတွေ့အကြုံရင့်လာတဲ့အခါမှာ နောက်ဆုံးပေါ် COC (Clash of Clans) ကို ဆော့တဲ့အဆင့်ကို ရောက်လာကြတော့တာပါပဲ။ Internet ဖွင့်ပြီးဆော့ရတဲ့ စစ်တိုက်ဂိမ်းတမျိုးပါ။ တဖက်နဲ့တဖက် အုပ်စုဖွဲ့ပြီး တိုက်ကြတာကို Clan တိုက်တယ်လို့ ခေါ်ပါတယ်။ ဆော့နေကြတာကို မြင်နေရ၊ ကြားနေရပြန်တော့ လူ့စွမ်းအားတွေ ဖြုန်းတီးနေကြသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း COC ၊ လမ်းထိပ်က အုတ်ခုံတွေမှာလည်း COC ၊ တက္ကသိုလ်ကျောင်းသားတွေကို မေးကြည့်တဲ့အခါ ကျောင်းမှာ လက်တွေ့ပိုင်း (Practical) ၀င်ရတဲ့ အချိန်ဆိုရင် အရမ်းကိုသရုပ်ပျက်ကြတယ်တဲ့။ ဖုန်းအားသွင်းဖို့ မီးပလပ်ပေါက်ကိုတောင်မှ အလုအယက် နေရာဦးနေကြတယ်တဲ့လေ။ စာကို စိတ်ပါလက်ပါနဲ့ သင်ယူကြရမှာထက် ၀တ်ကျေတန်းကျေဆိုရုံလေး သဘောထားကြပြီး လက်တွေ့ခန်းရဲ့အနောက်ဘက်မှာ မိန်းကလေးတွေကပါ ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းကြပြီးတော့ Clan တိုက်နေကြသတဲ့လေ။ ပညာသင်ယူဖို့သွားတဲ့ကျောင်းကို ဖုန်းအားသွင်း ကြိုးယူသွားတဲ့ ကျောင်းသားတွေပမာဏကိုကြည့်ရင် COC ကို တော်တော်စွဲလမ်းနေကြတယ်လို့ဆိုရင် လွန်မည်မထင်ပါ။ အလုပ်လုပ်နေကြသူ တချို့ဆိုပါလျှင် COC ကို ဆော့ရာမှာ ခုံမင်လွန်းကြရှာသည်ထင့်။ ညဘက် အိပ်ရေးပျက်ခံဆော့၊ နောက်တနေ့အလုပ်မှာ လန်းဆန်းမှုမရှိတော့။ လုပ်ငန်းခွင်မှာလည်း လစ်ရင် လစ်သလို ဂိမ်းကိုဆော့ကြရင်း အလုပ်တွင်အဆင်မပြေကြတော့ဘဲ နောက်ဆုံးတွင် အလုပ်ပါပြုတ်သည်အထိ ဖြစ်ကြရသည်တဲ့။ တချို့ဆို မျက်မှန်မတပ်သင့်ဘဲနဲ့ မျက်မှန်တပ်ကြရတော့တဲ့အထိ။ တချို့ကတော့ စစ်ရေး အမြင်ရှိအောင် ဆော့ကြတယ်လို့ ဆိုကြပြန်သေးတယ်။

၅ တန်း၊ ၆ တန်း ကျောင်းသားလေးတွေတောင်မှ စာသင်ချိန်နားလို့ အချင်းချင်းစကားပြောကြတဲ့အခါ COC ကိုပဲ အပ်ကြောင်းထပ်ကာ ပြောဆိုနေကြတော့တယ်။ စွဲစွဲလမ်းလမ်း ဆော့နေကြတဲ့အဆင့်ဟာ အလွယ် တကူရပ်လို့ကို မရနိုင်တော့တဲ့အထိပါပဲ။ တချို့ကလေးတွေဆိုရင် အိမ်အလုပ်တွေကိုတောင်မှ မယ်မယ်ရရ ၀ိုင်းကူမလုပ်ချင်ကြတော့တာပါ။ ခဏနေရင် ဖုန်းနဲ့အင်တာနက်ကလေး ဖွင့်လိုက်၊ ကစားတဲ့အခါမှာ အထောက် အကူရမယ့် Gem ဆိုတာမျိုး ရမလားကြည့်လိုက်နဲ့အချိန် ကောင်းတွေကို ဖြုန်းတီးနေကြတာပါ။ COC account ကို ပြန်ရောင်းစားလို့ရတယ်လို့ ပြောနေကြတဲ့သူတွေကိုတော့ အလေးအနက်ထားပြီးတွေးဖို့ ကျွန်တော်ပြော လိုက်ချင်ပါသေးတယ်။ ပြန်ရောင်းစားရင်ရမယ့် ငွေဟာ Internet သုံးလို့ ကုန်မယ့်ငွေထက်သာနေရင်တောင်မှ ကုန်ဆုံးသွားမယ့် အချိန်တွေ၊ ဘ၀အတွက် ကြိုးစားရမယ့်အချိန်တွေဟာ တက်သစ်စလူငယ် လေးတွေအတွက် ပြန်မရနိုင်တော့တဲ့ အကြီးမားဆုံးဆုံးရှုံးမှုပါပဲ။ နီးစပ်ရာ တပည့်လေးတွေကိုတော့ 'ဂိမ်းဆော့ရင်းနဲ့ဘ၀ပါတိမ်းပြီး တကယ်ပဲ ဂိမ်းသွားလိမ့်မယ်။ Clan တိုက်ရင်းနဲ့ ဘ၀မှာဆုတ်ယုတ်မှုတွေနဲ့အတူ ကာလနာတိုက်သွားလိမ့် မယ်'ဆိုတာကိုတော့ တွေ့တိုင်း၊ ကြုံတိုင်းမှာကြိုက် ကြိုက် မကြိုက်ကြိုက် ကျွန်တော့်ဘက်က ပြောနေဦးမှာပါ။ တချို့က COK (Clash of King), တချို့ကတော့ Virtual Villagers အစရှိတဲ့ ဂိမ်းတွေကို ဆော့နေကြရင်းနဲ့ အချိန်ဖြုန်းပွဲတော်ကို တက်တက်ကြွကြွ ဆင်နွှဲနေကြပါတော့တယ်။ တချို့အိမ်တွေမှာတော့ မိဘနဲ့သားသမီး အပြိုင်အဆိုင် ဂိမ်းဆော့နေကြတာမျိုးလည်း တွေ့ရပြန်ပါသေးတယ်။ တချို့က ဖုန်းနဲ့ Facebook တို့ Viber တို့ကို အလွန်အမင်းသုံး တတ်ကြပါတယ်။

မိမိသိထားတာလေးတွေကို Share လုပ်ကြတာမျိုး၊ သတင်းထူးလေးတွေကို အချင်းချင်းဖြန့်ဝေတာမျိုးအနေနဲ့ သုံးကြမယ်ဆိုရင်တော့ အလွန်ပင် အကျိုးရှိပါတယ်။ မသုံးရရင် မနေနိုင်အောင်ဖြစ်နေကြမယ်ဆိုရင်တော့ မိမိဟာ စက်ရဲ့ကျွန်၊ Facebook ကျွန် ဖြစ်မှန်းမသိ ဖြစ်နေပြီဆိုတာကိုတော့ သတိကပ်ကြစေချင်ပါတယ်။ ဖုန်းနဲ့ Online ကို အကျိုးမဲ့တလွဲသုံးနေကြမယ်ဆိုရင်တော့ သုံးနေရင်းနဲ့ ဘ၀ပါတုံးသွားနိုင်တယ်။ ပျက်စီးနေတယ်လို့ ကျွန်တော်မဆိုလိုပါ။ ကြိုးစားရမယ့် တက်သစ်စအရွယ်မှာ Online အသုံးများရင်းကနေ မရည်ရွယ်ဘဲ အိမ်ထောင်စောစောကျတတ်ပြီး ဘ၀မှာဖြစ်ချင်သလို မဖြစ်ကြတော့မှာကို ဆိုလိုတာပါ။ ဘ၀အတွက် ရည်မှန်း ချက်ကြီးမားတဲ့သူဆိုရင်တော့ သတိထားရှောင်ရှားကြစေချင်ပါတယ်။ မိဘတွေအနေနဲ့ကလည်း မိမိရဲ့ကလေး ဖုန်းကို အလွန်အမင်းသုံးနေပြီးမသုံးရရင် မနေနိုင်တော့အဆင့်ကိုရောက်၊ မရောက်ကိုတော့ အကဲခတ်ကြည့် စေချင်ပါတယ်။ အလွန်အမင်းဖုန်းသုံးစွဲနေပြီဆိုရင်တော့ ဖုန်းသုံးတာကို လျော့ပါးအောင် နည်းလမ်းရှာဖွေရပါ မယ်။ ဥပမာ Phone bill ကို အလွန်အမင်းဖြည့်ပေးခြင်းကို လျှော့ချပေးရပါမည်။ နောက်ထပ်နည်းလမ်းတခုမှာ ညခုနစ်နာရီထိုးပါက အိမ်ရှိစင်မြင့် တခုပေါ်မှာ ဖုန်းကိုတင်ထားခိုင်းတဲ့ နည်းလမ်းမျိုးပါ။ ဖုန်းသုံးစွဲတာကို လျော့ပါးအောင် လုပ်နိုင်လာပါလျှင် မိမိကလေး ညအချိန်လွန် Online သုံးစွဲတာ၊ COC ကစားတာကို ထိန်းချုပ်လာနိုင်ပါလိမ့်မည်။ ကျောင်းသားသည်လည်း ယခင်ကထက် အိပ်ချိန်ပိုမိုရရှိပြီး နောက်တနေ့တွင် ကျောင်းသင်ခန်းစာများကို လန်းဆန်းတက်ကြွစွာဖြင့် သင်ယူဆည်းပူးခြင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်နိုင်လာပါလိမ့်မည်။ စိတ်နှင့်ကိုယ် ပြန်လည်ကပ်နိုင်လာပါတော့မည်။

ကျွန်တော် လက်ရှိ စာသင်နေရသော အိမ်တအိမ်မှာတော့ ကလေးကို အမှတ်များများနဲ့ အောင်စေချင်သည်။ အကြံဥာဏ်ပေးရန် မိဘများက ဆိုလာပါသည်။ ကျွန်တော်က ကျောင်းသားကို ဂုဏ်ထူးထွက်စေချင်ပါက ဖုန်းပြောင်းပြီး သုံးစွဲတာကို လျှော့ခိုင်းစေချင်သည်ဟု အရဲကိုးကာ ပြောလိုက်ရတော့သည်။ ပြောပြီး နောက်နေ့မှစကာ မိဘများက ကျောင်းသားကို ခလုတ်နှိပ်ဖုန်း (Keypad) ကို ပြောင်းလဲသုံးခိုင်းလိုက်ပါသည်။ ကလေးမှာ သုံးရက်၊ လေးရက်လောက်အထိ ဆော့နေကြအချိန်တွေမှာ စိတ်ထဲတွင် ကလိကလိနှင့် တော်တော့်ကို နေရခက်ပါသည်တဲ့။ နောက်ပိုင်း မဆော့ဘဲနေတာ နေသားတကျဖြစ်လာတော့မှ စာလုပ်ရာတွင် တော်တော်တွင် ကျယ်လာပါသည်တဲ့လေ။ ထူးထူးခြားခြား ၀မ်းမြောက်စွာ ခံစားမိပါသည်။ ယင်းမိဘများကဲ့သို့ ပင် မိဘတိုင်းကို ဖြစ်သင့်သည်ကို အလေးထားကာ ကျောင်းသားရှေ့ရေးကို အတည့်တွေးမြင်တတ်စေချင် ပါသည်။ ဂိမ်းအလွန်ကစားတတ်သော ကျောင်းသားတဦးအိမ်ကို မကြာသေးမီကပင် လမ်းကြုံဝင်လည်မိပါသေး တယ်။ ကလေးကဆယ်တန်းအောင်ထားပြီးတော့ အပြင်ကျောင်းတခုမှာ တက်နေတာပါ။ မိဘများကတော့ အိမ် အပေါ်ထပ်မှာ သားလေးစာလုပ်နေပါသည်တဲ့။ အိမ်ပေါ်ကိုတက်ကြည့်လိုက်သည့်အခါမှာ ဆရာ့ကိုမြင်တဲ့ ကလေးဟာ မျက်စိမျက်နှာကို ပျက်နေပါလေ ရော။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ကွန်ပျူတာကို သွားကြည့်မိတော့မှ (Dota) ခုတ်လက်စဖြစ်နေလေရဲ့။ ကျွန်တော်က ကလေးကို 'မင်းငယ်ငယ်လေးထဲက ဆော့လာခဲ့တဲ့ ဂိမ်းကို ခုထိတောင် မရိုးနိုင်ဘဲ ဆော့တတ်တုန်းနော်'လို့ ပြောလိုက်မိတယ်။ ကလေးက 'ဆရာလည်း ငယ်ငယ်ကတည်း က စားခဲ့တဲ့ထမင်းကို ခုထိမရိုးနိုင်အောင် စားနေတုန်းပဲ'လေတဲ့။ အရင်က စာအလွန်တော်ခဲ့တဲ့ ကလေးဟာ ထမင်းစားတာတို့၊ အိပ်စက်တာတို့ဆိုတာ ဇီဝလိုအပ်ချက် (biological need) ဖြစ်တယ်ဆိုတာကိုတောင် မသုံးသပ်နိုင်တော့တဲ့အဖြစ်ရဲ့ တရားခံဟာ ဂိမ်းကြောင့်လို့ပဲဟု ကျွန်တော်ယူဆလိုက်မိပါတော့တယ်။

အခြားသော၊ အခြားသော ကျောင်းသားမိဘတိုင်းကိုလည်း မိမိတို့ရင်သွေး ကျောင်းသားငယ်လေးများကို စည်းကမ်းတကျဖြစ်သော၊ နည်းလမ်းမှန်ကန်စွာဖြစ်သော၊ တည့်မတ်လျော်ကန်သော အနာဂတ်ကို မျှော် ရည်ကာ ကောင်းမွန်စွာ နည်းပေးလမ်းပြကာ လမ်းဖွင့်ပေးနိုင်ကြသော စသော စသော 'သော'ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြသော မိဘများ ဖြစ်ကြစေလိုကြောင်းကို 'လက်ဦးဆရာ၊ မည်ထိုက်စွာသား ပုဗ္ဗာစရိယ၊ မိနှင့်ဘ'ဟူသောစကားဖြင့်သာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ရပါတော့သည်။

ဖိုးထက်ဖေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လာမယ့် ဒုတိယလွှတ်တော် သက်တမ်းအတွက် ရွေးကောက် တင်မြှောက် မခံရတော့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က နိုင်ငံရေးမှာ တစ်သီးပုဂ္ဂလအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် အစိုးရအဖွဲ့ထဲမှာ တာဝန်ယူပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းလာရင် လက်တွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီဘက်က အစိုးရအဖွဲ့နေရာအတွက် ကမ်းလှမ်းပြောဆိုထားတာ ရှိလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူရဦးအောင်ကိုက ပြောတာဖြစ်ပါတယ်။

သူရဦးအောင်ကိုဟာ အရင်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းနဲ့အတူ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးကနေ ဖယ်ရှားခံရရာမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစိုးရရဲ့ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထောက်ပြခဲ့သူဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် တကယ်တော့ ပြည်သူတွေ အနိုင်ရတာဖြစ်ပြီး ပြည်သူတွေဟာ သူတို့ရဲ့နေရာမှန်ကို ပြန်ရောက်သွားတာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်နောက်ဆုံးနေ့ နှုတ်ဆက်စကားပြောရာမှာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။

"မိမိ မဲရှုံးလို့ စိတ်မကောင်းဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ အနိုင်ရတယ်လို့ ပြည်သူ တစ်ယောက်အနေနဲ့ မိမိလည်းနိုင်တယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်တွေ အနိုင်ရတာမဟုတ်ဘူး၊ ရွေးချယ်ခံရတာလို့ပြောပါတယ်၊ အနိုင်ရသူတွေ ဟာ ပြည်သူတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ တကယ်တော့ ပြည်သူတွေ အနိုင်ရတာပါ၊ အနိုင်ရတယ် ဆိုတာထက် သူတို့ရဲ့ကိုယ်ပိုင်နေရာကို သူတို့ပြန်ရောက်သွားတယ်လို့ ဆိုနိုင်ပါတယ်"

လွှတ်တော်သက်တမ်း ၅နှစ်အတွင်း အားမရတာတွေ၊ လိုအပ်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်တဲ့ အားနည်းချက်တွေရှိခဲ့ပေမယ့် နှစ်ပေါင်း ၃၀အတွင်း ပထမဆုံး ပြန်လည်ဖြစ်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အားလုံးက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ မေးခွန်းပေါင်း ၁သောင်း ၁ထောင်ကျော်၊ ကြယ်ပွင့်ပြမေးခွန်း ၄ထောင်ကျော်၊ ကြယ်ပွင့်မပြမေးခွန်း ၆ ထောင်ကျော်မေးမြန်းခဲ့ပြီး အရေးကြီးအဆိုတွေအပါအဝင် အဆိုပေါင်း ၂ ရာကျော် မေးမြန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၅နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ဥပဒေပေါင်း ၂၂၉ ခု ပြဌာန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


၂၀၁၅ ဒီဇင်ဘာ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဆည်နှင့် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူး ရဲရင့်ပိုင်မှူးအား မန္တလေး၊ အမရပူရမြို့နယ် တရားရုံးမှ ဇန်န၀ါရီ ၂၉ ရက်တွင် ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရသည်။

ရဲရင်ပိုင်မှူးအား ပုဒ်မ ၁၈ အရ ၃ လ၊ ပုဒ်မ ၅၀၅(ခ)အရ ၆ လနှင့် ပုဒ်မ ၁၄၃ အရ ၃ လဟု ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း တပေါင်းတည်းကျခံရမည်ဖြစ်၍ ၆ လသာ ကျခံရမှာဖြစ်သည်။

၎င်းအပါအ၀င် ကျောင်းသား ၅ ဦးသည် မန္တလေး(ရတနာပုံ)တက္ကသိုလ်ကျောင်း အုတ်နံရံတွင် ၂၀၁၅၊ ဇွန်လ ၂၆ ရက်က ရေးသားခဲ့သည့် စာသားများနှင့်ပတ်သက်ပြီး ပုဒ်မ ၁၈၊ပုဒ်မ ၅၀၅(ခ)၊ ၁၄၃/၁၄၇/၁၁၄ တို့ဖြင့် တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။

အဖြူရောင်မှုတ်ဆေးဖြင့်"အပြစ်မဲ့ကျောင်းသားပြည်သူ-လွတ်မြောက်ပါစေ၊အကြမ်းဖက်စစ်အစိုးရ-ကျရှုံးပါစေ၊ ကျောင်းသားများ-နိုင်သည်၊ ၄၃၆ ချက်ချင်းပြင်"စသည့်စာသားများရေးသားခဲ့သည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကျောင်းသားလေးဦးအား၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ခွင့်ပြုချက်မယူဘဲ အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ဆန္ဒပြမှုဖြင့် သန်လျင်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် ၂၀၁၆ ခုနှစ်တွင် ပြန်လည် အမှုဖွင့် အရေးယူလိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းသားလေးဦး ဖြစ်သည့် ကိုမင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင် တို့သည် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရှေ့တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော် ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကြောင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် သန်လျင်မြို့မ ရဲစခန်းက အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အစိုးရက ကျောင်းသားတွေကို ဘာသဘောနဲ့ တရားစွဲဆိုမှုတွေ လုပ်နေတာလဲ။ ညီမတို့က အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို မကျေနပ်လို့ ဆန္ဒပြတယ်။ အမှန်တရားကို လုပ်တာပဲ။ ညီမက ပြည်သူဆိုတော့ အစိုးရက တရားစွဲရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” ဟု တရားစွဲခံရသူ မပိုပိုက ပြောသည်။

ပုဒ်မ ၁၈ ဖြင့် နောက်ကြောင်းပြန် တရားစွဲခံရသည့် ကိုမင်းသွေးသစ်သည် သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ဆန္ဒပြသည့် အတွက် လက်ပံတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅ ၊ ပုဒ်မ ၁၄၇ ၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် လက်ရှိတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေးပိုင်းက အပြောင်းအလဲ ပြုလုပ်ခါနီးမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို လွှတ်ပေးမယ် ထင်တာ။ အခုတော့ ပုဒ်မတွေ ဆက်တိုက် တိုးနေတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးလို့ ပြောပေမယ့် ဆန္ဒပြတဲ့ ကျောင်းသားတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ မကြုံရသလို ကောင်းမွန်တဲ့ တရားစီရင်ရေးနဲ့လည်း မကြုံရဘူး ဖြစ်နေတယ်။ အစိုးရ ပြောင်းလဲခါနီးတောင် တရားစွဲဆိုမှုတွေ ဆက်တိုက် လုပ်နေတာကို အံသြလို့ မဆုံးဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးဌေးက ပြောသည်။

မပိုပို နှင့် မတင်တင်ခိုင် တို့မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ နေ့တွင် လှည်းတန်းဈေးအနီးမှ စိုက်ပျိုးရေး မှတ်တိုင်အထိ ခွင့်ပြုချက်မရှိဘဲ လမ်းလျှောက် ဆန္ဒပြသည့်အတွက် ပုဒ်မ ၁၈ ၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅ ၊ ပုဒ်မ ၁၄၇ ၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် သန်လျင်- ခရမ်းကားလမ်းမတွင် အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဗကသမှ ကိုမင်းသွေးသစ်၊ ကိုရဲမင်းဦး၊ မပိုပို၊ မတင်တင်ခိုင်တို့ကို သန်လျင်မြို့မှ ရဲစခန်းမှ တရားစွဲဆိုမှုပြုရန် အကြောင်းကြားစာတွင် ပါဝင်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


ထိုင်းမြန်မာနယ်စပ် ကရင်စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချထားရန် မြန်မာဘက်ခြမ်းသို့ပြန်ပို့ဖို့ တတ်ခရိုင်ထိုင်းအစိုးရနဲ့ DKBAမှဗိုလ်မှုးချုပ်စောလှဖွယ် (ခ)ဗိုလ်နှုတ်ခမ်းမွေးတို့ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းမှုတရပ်ကို မနေ့ ဇန်န၀ါရီလ ၂၈ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

 တတ်ခရိုင် အွန့် ပြန်း(อุ้มเปี้ยม) စစ်ပြေးဒုက္ခသည်စခန်းကော်မတီနှင့် စစ်ပြေးဒုက္ခသည် ကူညီပံ့ပိုးနေသော လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ပါတယ်။

 ကရင်စစ်ပြေးဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အဆင်ပြေစေရန်စသည့်အကြောင်း အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

 ဗိုလ်မှူးချုပ်နှုတ်ခမ်းမွှေးမှ အကယ်၍ထိုင်းနယ်စပ်တွင်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်များအား မြန်မာပြည်အတွင်းသို့ ပြန်ဝင်လာချင်တယ်ဆိုပါက သူတို့အတွက်မြ၀တီမြို့ အနီးတွင် မြို့ သစ်တစ်ခု တည်ထောင်ပေးသွားမှာဖြစ်ပြီး အိမ်ထောင်စုတစ်စုစီအတွက် စိုက်ပျိုးလုပ်ကိုင်ရန်မြေယာ ၃ ဧကစီချပေးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။

ယခုလို မြန်မာနယ်စပ်အတွင်းတွင်လည်း ပစ်ခတ်မှုရပ်စဲသွားပြီဖြစ်တဲ့အတွက် စစ်မြေပြင်မှ စီးပွားရေးမြေပြင်သို့ ပြောင်းလဲလာပြီဖြစ်ပြီး ဒုက္ခသည်မိဘပြည်သူများမှ မိမိတို့ ကျွမ်းကျင်သော အသက်မွေးဝမ်းကြောင်းနှင့်လုပ်ကိုင်စားသောက်နိုင်ရန် တာဝန်ယူဆောင်ရွက် ပေးမည်ဟုပြောကြားထားပါတယ်။

MTF Channel
https://www.facebook.com/mtftv


 ၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းရှိသူ ဖြစ်ကြောင်း ပုံစံ ၈၈/၆ အိမ်ထောင်စု စာရင်းရှိရမည်။

၂။ အိုးပိုင်၊ အိမ်ပိုင် မရှိသူ ဖြစ်ရမည်။

၃။ အငှားစနစ် ဖြစ်ပြီး လက်လဲငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရပါ။

၎။ မဟာဗန္ဓုလအိမ်ရာတွင် တိုက်ခန်း စုစုပေါင်း (၁၂၀၀) ရှိပါသည်။ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ အကျယ်အဝန်း ရှိပါသည်။

၅။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်နိုင်မည် ဖြစ်ပါသည်။

၆။ လျှောက်လွှာ မရောင်းပါ။

၇။ မြို့နယ်ထွေအုပ်ရုံးများတွင် လျှောက်လွှာပုံစံ ကူးယူ၍ (လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ) လျှောက်ထားနိုင်ပါသည်။

၈။ တိုင်းဒေကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ကော်မတီ/အဖွဲ့ဖြင့် လျှောက်လွှာများ စိစစ်ခြင်း ပြုလုပ်၍ ငှားရမ်းပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

၉။ * [ လျှောက်လွှာများကို ၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ပြည်လမ်းနှင့် အလုံလမ်းထောင့် လွှတ်တော်ဝန်း ဂိတ်အမှတ် ၄ တွင် လျောက်ထားရမည် ဖြစ်ပါသည်။ ယင်းနေရာတွင် လျှောက်လွှာလက်ခံသည့် အဖွဲ့ ရှိမည် ဖြစ်ပါသည်။ ] *

Source - ရန်ကုန်တိုင်းဒေသကြီးအစိုးရ

NRGI အဖွဲ့ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် စီးပွားရေးရာ ဥပဒေကျွမ်းကျင်ပညာရှင် Patrick Heller ကို တွေ့ရစဉ် Photo: Natural Resource Governance Institute
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးတွေကို ပြည်ထောင်စုအစိုးရငွေစာရင်းထဲကို မထည့်ဘဲ သီးသန့်စာရင်းဖွင့်ထားတဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ ၁. ၆ ဘီလီယံကျော် ရှိတယ်လို့ အမေရိကန်အခြေစိုက် Natural Resource Governance Institute (NRGI) ခေါ် သဘာဝသယံဇာတ ထိန်းသိမ်းစီမံရေးအဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့ Jasmine Palace Hotel မှာ NRGI အဖွဲ့ရဲ့ အစိုးရပိုင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖေါ် ရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ NRGI အဖွဲ့ရဲ့ သုတေသနအဖွဲ့ ခေါင်းဆောင် စီးပွားရေးရာ ဥပဒေကျွမ်းကျင်ပညာရှင် Patrick Heller ကပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အဖွဲ့ရဲ့ သီးသန့်ငွေကြေးပမာဏ အစိုးရကတစ်နိုင်ငံလုံးအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုခဲ့တဲ့ငွေကြေးပမာဏထက် ပိုများနေတာဖြစ်ပါတယ်။ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေအပေါ်များစွာ သက်ရောက်မှုရှိနေတာ ဖြစ်တယ်လို့ Mr Heller ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေဟာ တစ်နိုင်ငံလုံးအခွန်ငွေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအထိ အခွန်ဆောင်ထားကြပေမဲ့  ပြန်လည်ထုတ်ယူသုံးစွဲတာဟာ ၁၅ ရာခိုင်နှုန်းအထိရှိနေသလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီဟာ အစိုးရပိုင်လုပ်ငန်းတွေလို့ သီးသန့်အခွင့်အရေး တွေရနေတယ်လို့ လည်း ပြောပါတယ်။

အမေရိကန်အခြေစိုက် Natural Resource Governance Institute (NRGI) အဖွဲ့ဟာ ကမ္ဘာနိုင်ငံအသီးသီးရဲ့ သဘာဝသယံဇာတ ထုတ်လုပ်မှုတွေကို စောင့်ကြည့်လေ့လာ သုတေသနပြုလုပ်တဲ့အဖွဲ့ဖြစ်သလို၊ အစိုးရတွေရဲ့ မူဝါဒဆိုင်ရာတွေကို အကြံပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပရီမီးယားကော်ဖီမှ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံစမ်းမဲဆုမဲပေါင်းများစွာ ဖွင့်လှစ်ခဲ့ရာ ဇန်န၀ါရီ ၂၆ ရက် အထိ ကျပ်သိန်းတထောင်ဆုမဲအပါအ၀င် ကျပ်သိန်း ၁၀၀ ဆု၊ ကျပ်ဆယ်သိန်းဆု စုမဲပေါင်း ၈၅ ဆုကျန်ရှိနေသေးကြောင်း အဆိုပါကုမ္ပဏီ၏တာဝန်ရှိသူ မယဉ်ဝေပြုံး က သတင်းမီဒီယာများသို့ ပြောကြား သည်။

''ပရီမီးယားက နှစ်စဉ်ကံစမ်းမဲအစီ အစဉ်တွေပေးလေ့ရှိပေမယ့် ဆယ်နှစ်ပြည့် အထိမ်းအမှတ်မှာ ကံထူးတဲ့ သူတွေ ထိုက်ထိုက်တန်တန် ခံစားစေချင်လို့ သိန်းတထောင်ဆုတဆု၊ သိန်းတရာဆု ၅၀၊ ဆယ်သိန်းဆု ၅၀ ပေးဖို့ စီစဉ်တာပါ''ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့ကံစမ်းမဲပေးခြင်းကြောင့် ဈေးနှုန်းနှင့် အရည်အသွေးအား မပြောင်းလဲဘဲ ထုတ်လုပ်ဖြန့်ချိခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ကံစမ်းမဲပေါက်သူအား ထိုက်တန်သည့်အခွင့်အရေးရရှိစေရန်အတွက် ယခင် ကံစမ်းမဲပေးနေကျပုံစံဖြစ်သည့် ကျပ် ၁၀၀၊ ၂၀၀ မပေးတော့ဘဲ ယခုကဲ့သို့ပြုလုပ်ရသည်ဟုဆိုသည်။ ထိုသို့ ပြုလုပ်သည့်အတွက် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာများ၌ ပရီမီးယားကော်ဖီအား ဟာသအဖြစ် Thank You ကော်ဖီအဖြစ် ခေါ်ဆိုနေခြင်းများကြောင့် ရှင်းလင်းစွာသိစေလို၍ ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရသည်ဟု ဆိုသည်။

''အခုဆို ပရီမီးယားကော်ဖီကို လူအများစုက ဖေ့စ်ဘုတ်ပေါ်ကနေ Thank You ကော်ဖီဆိုပြီး နာမည်ပေးတာ နာမည်အသစ်တောင်ရနေပြီ။ အဲလို ဟာသလုပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ သူတို့အတွက်လည်း ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်တွေလုပ်နေတယ်။ အဲဒီ အစီအစဉ်ကို မကြာမီပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ပိုနာမည်ရလာတယ်။ တကယ် ကျေးဇူးတင်လို့ပါ'' ဟုပြောကြားသည်။

ယင်းပရီမီးယားကော်ဖီကံစမ်းမဲအား ၂၀၁၅ နိုဝင်ဘာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကံစမ်းမဲကုန်ဆုံးချိန်ကို ၂၀၁၆ ဖေဖော်ဝါရီဟု မူလက သတ်မှတ်ထားသည်ဟုဆိုသည်။ ''ကံစမ်းမဲအစီအစဉ်ကို တခဲနက် အားပေးတဲ့ ပရိသတ်တွေအတွက် ဖေဖော်ဝါရီလို့ မသတ်မှတ်တော့ဘဲ မတ်လအထိ တိုးပေးလိုက်တယ်။ နောက်ပြီး ဆယ်သိန်းဆု ၂၀ လည်းထပ်တိုးလိုက်တယ်။ ဒီတော့ အားလုံးကျပ်သိန်းတထောင်ဆုမဲ အပါအ၀င်ဆို ဆုမဲပေါင်း ၈၅ ဆုကျန်ပါသေးတယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိ ကျပ်သိန်း ၁၀၀ ဆု ၁၉ ဆု၊ ကျပ် ၁၀ သိန်းဆု ၁၇ ဆုတို့၏ ကံထူးရှင်များပေါ်ထွက်လာပြီး ထပ်မံထွက်ပေါ်လာမည့် ကံထူးရှင်များအားလည်း သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ MRTV-4 ရသစုံညွှန်းတမ်းအစီစဉ် စသည်တို့တွင် စဉ်ဆက်မပြတ် ဖော်ပြပေးသွားမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ သိလိုလျှင်လည်း ပရီမီးယားကော်ဖီ၏ Facebook တွင် တင်ဆက်ပေးသွားမည်ဟုဆိုသည်။

ပရီမီးယားကံစမ်းမဲအစီအစဉ်၌ ပရီမီးယား 3 in 1၊ ပရီမီးယား 2 Plus 1၊ ပရီမီးယား Espresso၊ ပရီမီးယားနို့မှုန့် စသည့် ထုတ်ကုန်လေးမျိုးတွင် ထည့်သွင်းထားသည်ဟုဆိုသည်။ ပရီမီးယားကော်ဖီသည် ဈေးကွက်တွင် ရောင်းအားကောင်းနေ၍ စားသုံးသူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် 'ရင်မတုန်ပေမယ့် ရင်ခုန်စရာ သိန်းတထောင်' ကံစမ်းမဲအစီစဉ်အား ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ကော့စမွီး တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: thaivisa website
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို နတ်ခွန်စီထမရတ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာက ဇန်န၀ါရီလ ၂၇ ရက်နေ့က ဘန်ကောက်မြို့အနီး နွန်ထပ်ဘူရီခရိုင် ဘန်ခွမ် ဗဟိုအကျဉ်းထောင်ကို ထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ထောင်ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့က မအေးမာချို က RFA ကို အခုလို ပြောဆိုပါတယ်။

"နွန်ထပ်ဘူရီထောင် ကို ပြောင်းသွားပြီ၊ အာဏာပိုင်တွေပြောတာကတော့ ဒီမှာခဏလာထားတာပဲတဲ့၊ အပြစ်ကြီးတဲ့ အမှုသည်တွေဆိုရင် ခုနကထောင်ကိုပို့လိုက်ရတာပေါ့နော်"

မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်ပြီးတဲ့နောက် ကော့စမွေအကျဉ်းထောင်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ နခွန်စီထမရတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီထောင်တွင်းမှာ သူတို့အပေါ် အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိတယ်လို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူတွေ က ပြောဆိုခဲ့ပြီးနောက် အခုလို ဘန်ခွမ်ဗဟိုအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့အတွက် အယူခံတင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်တွေနဲ့ ကူညီပံ့ပိုးပေးနေကြသူတွေ တွေ့ဆုံခဲ့ကြပြီး လာမယ့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီအမှုမှာ အဓိကကျတဲ့ DNA မျိုးရိုးဗီဇ အပါအ၀င် အချက်အလက်တွေ စုဆောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာလူငယ်နှစ်ဦး စိတ်ဓါတ်မကျဆင်းစေဖို့အတွက် နှစ်ပတ်တစ်ကြိမ် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားခဲ့ပြီးဖြစ်ပါတယ်။ အခု ထပ်မံပြောင်းရွှေ့လိုက်တဲ့ ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့နိုင်ဖို့ ထပ်မံကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel 
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အမေရိကန် သမ္မတ Barack Obama အမည်စာရင်း တင်သွင်းထားတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို ကြာသပတေးနေ့ မှာတော့ အမေရိကန် အထက်လွှတ်တော်ရဲ့ အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း အတည်ပြုပေး လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် သံအမတ်ရာထူးကို လက်ခံဖို့ အထက်လွှတ်တော် တရပ်လုံးရဲ့ အတည်ပြုချက်ကိုတော့ ယူရအုံးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ သေသေချာချာ မလုပ်ဆောင်ခင်မှာ အိုဘားမား အစိုးရက ဒဏ်ခတ်မှု လျှော့ချပေးတာလို အမြန် လုပ်ဆောင်မှု တွေ အတွက် ရီပါတ်ဘလစ်ကင် အထက်လွှတ်တော်အမတ်တွေက စိုးရိမ်စိတ်ပူကြောင်း ကြာသပတေးနေ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော် မတီ အစည်းအဝေးမှာ ပြောကြားကြပါတယ်။ အိုဘားမား အစိုးရအဖွဲ့ ကိုယ်တိုင် ကလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာနဲ့ တခြားပြဿနာတွေအတွက် စိုးရိမ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာတော့ မစ္စတာ Marciel က မြန်မာနိုင်ငံမှာ ရွှေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပခဲ့ပေမယ့် လုပ်စရာတွေ အများကြီးရှိနေသေးကြောင်းနဲ့ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ သံအမတ်တာဝန်ထမ်းဆောင်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေးကဏ္ဍတွေ အပါအ၀င် ဆင်းရဲမွဲတေမှုနဲ့ ရောဂါကင်းစင်ရေး တိုက်ဖျက်ဖို့ ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့တွေရဲ့ကဏ္ဍမြှင့်တင်ရေးမှာ အမေရိကန်ရဲ့ပံပိုးမှုတွေကို ဆက်ပြီး တိုးမြှင့်လုပ်ဆောင် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Scot Marciel ဟာ ၂၀၀၇ခုနှစ်ကနေ ၂၀၁၀ပြည့်နှစ်ထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်များစွာ သွားလာခဲ့ပါတယ်။
မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့စဉ်။
သူဟာ ၂၀၁၀ ကနေ ၂၀၁၃ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ တာဝန်ကိုတော့ ၂၀၁၃ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Marciel ဟာ ကယ်လီဖိုးနီးယား တက္ကသိုလ် Davis နဲ့ Flectcher ဥပဒေကျောင်းတွေမှာ ပညာဆည်းပူးခဲ့ပြီး ဘာသာစကားအနေနဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ပေါ်တူဂီဘာသာစကားတွေကို တတ်ကျွမ်းသူ ဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဌာနတာဝန်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးလ်၊ တူရကီနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်က သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အမေရိကန်အထက်လွှတ်တော်က ၂၀၁၂ခုနှစ် ဇွန်လမှာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အတည်ပြုခန့်အပ်ခဲ့ တာဖြစ်ပြီး ၂၀၁၆ မှာ ရာထူးသက်တမ်းကုန်ဆုံးမယ့် မစ္စတာ Mitchell နေရာမှာ Scot Marciel က တာဝန်ယူရမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com