02/13/16


ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်၊ ကမ်းပါးကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအား ယာဉ်တိုက်မှုတစ်ခုတွင် မျက်မြင်သက်သေအဖြစ် ခေါ်ယူစစ်ဆေး ရိုက်နှက်သည်ဟုဆိုကာ တိုင်ကြားခံခဲ့ရသည့် ငပုတောမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ကိစ္စအတွက် စခန်းမှူးဖြစ်သူအား ခေါ်ယူ သတိပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ကမ်းပါးကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်နေ့က လူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိခဲ့သူ ကလေးငယ်အား လက်ထိတ်ခတ်လျက် ကြားရဲကင်း တစ်ခုတွင် ၀ါးတုတ်ဖြင့် ရိုက်နှက်စစ်ဆေးခဲ့သည် ဆိုကာ မိခင် နန့်မို့အေးက ဖေဖော်ဝါရီ ၈ ရက်နေ့က တိုင်ကြားခဲ့သည့် အမှုကို ခုံရုံးဖွဲ့စစ်ဆေးအပြီး စခန်းမှူးဖြစ်သူအား ခေါ်ယူ သတိပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်အေး ကပြောသည်။

“ ဖြစ်စဉ်ရဲ့ အဓိကကတော့ တိုက်တဲ့ကားက ကျေးရွာအုပ်ချုပ်ရေးမှူး ကားဖြစ်နေတော့ သူတို့အိမ် ရှေ့တည့်တည့်မှာ တိုက်တာကို မပြောရဲဘူးဖြစ်နေလို့ အမှုပေါ်အောင် ခေါ်မေးတာပဲရှိပါတယ်။ ခုံရုံးဖွဲ့ စစ်ဆေးတာမှာ အဖေဖြစ်သူ ကိုယ်တိုင်က သူ့သားကို ရိုက်နှက်စစ်ဆေးခြင်း မရှိပါဘူးလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ စခန်းမှူးဖြစ်သူကိုတော့ အမှုကို ညင်သာစွာ မကိုင်တွယ်လို့ ခေါ်ယူသတိပေးသွားမှာပါ ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပထမတန်းဦးစီးမှူး ဒုရဲမှူးကြီးကျော်အေးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ လုပ်ကိုင်ခဲ့သည်မှာ ဥပဒေနှင့်အညီဖြစ်ကြောင်း အမှုမှန်ပေါ်ရန် စစ်ဆေးခဲ့ရသည့်အတွက် ယခုအခါ လူနှစ်ဦးအား အသက်သေဆုံးအောင် တိုက်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အုတ်၊ သဲ၊ ကျောက် သယ်သည့် ကားဒရိုင်ဘာကိုလည်း ဖမ်းဆီးပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အသက် ၁၈ နှစ် မပြည့်သေး သူများကို ကလေးသူငယ်ဟု သတ်မှတ်ကြောင်း၊ ကလေးသူငယ် ဆိုင်ရာ အခွင့်အရေး ဥပဒေပြဋ္ဌာန်းချက်များအရ လက်ထိတ်ခတ်ခွင့် မရှိကြောင်း၊ ကလေးသူငယ်များအား ယခုကဲ့သို့ ပြုမူခြင်းမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကာကွယ်ခြင်း ဥပဒေများ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးပါ သဘောတူညီချက်များကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကာကွယ်ခြင်း ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး (Child Rights) ကော်မတီဝင် ဦးမြင့်ဌေး ကပြောသည်။

သားဖြစ်သူကို ဖေဖော်ဝါရီ ၄ ရက်နေ့က ငပုတောစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ချိန်၌ ကလေးငယ်၏ ရင်ဘတ်နှင့် ကျောကုန်းတို့တွင် ဒဏ်ရာများတွေ့ရကြောင်း မိခင်ဖြစ်သူ နန့်မို့အေးက ပြောသည်။

" ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး EU (ဥရောပသမဂ္ဂ) က သင်တန်းတွေ ပေးနေတာပဲ။ ကလေးတွေကို ဘယ်လိုဆက်ဆံ ရမယ်ဆိုတာ ရဲတွေလည်းသိနေကြတာပဲ။ အဲဒါကိုတောင် အသက်မပြည့်သေးတဲ့ ကလေးကို လက်ထိတ်နောက်ပြန်ခတ်ပြီး ခြေထောက်တွေနဲ့ကန်၊ တုတ်နဲ့ရိုက်တာတွေ လုပ်တယ်ဆိုတော့ ကျူးလွန်တဲ့ ရဲတွေကို စံပြအနေနဲ့ အရေးယူသင့်တယ်လို့ ထင်တယ် " ဟု ပုသိမ်မြို့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမောင်မောင်ကြီး ကပြောသည်။

၂၀၁၃ ခုနှစ်ကလည်း လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသူ အသက် ၁၄ နှစ်အရွယ် ကလေးငယ်ကို လူသတ်မှု ၀န်ခံစေရန်အတွက် မြောင်းမြမြို့မ စခန်းမှ ရဲတပ်ဖွဲ့ဝင်များက မျက်ခုံးမွှေးကို မီးရှို့ခြင်း၊ ရေထဲသို့ ခေါင်းနှစ်ခြင်း၊ ဆေးလိပ်မီးဖြင့်တို့ခြင်း၊ အစားအစာနှင့်သောက်ရေတို့ မပေးဘဲ ဒူးခေါင်းအောက်တွင် ကျောက်ခဲနှစ်လုံး ထား၍ အချိန်ကြာမြင့်စွာ ဒူးထောက်ခိုင်းထားသည့် နည်းလမ်းများ အသုံးပြု၍ ညှဉ်းပန်းနှိပ်စက်သည့် အတွက် မိဘများက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားမှုများ ဖြစ်ပွားခဲ့သည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း လွှတ်တော် အစည်းအဝေးများ ကျင်းပနေခြင်း၊ အစိုးရရုံးများနှင့် ၀န်ထမ်းအိမ်ရာများ တည်ရှိခြင်း၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)အတွင်း လွှတ်တော်ကိုယ်စားလှယ် (၄၀၀)ကျော် တည်းခိုနေထိုင် နေခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် ၂၄ နာရီ တာဝန် ထမ်းဆောင် လျက်ရှိကြောင်း သိရှိရသည်။

လွှတ်တော်ဝန်းကျင်နှင့် ၀န်ထမ်းအိမ်ရာများ အစိုးရရုံးများအတွင်း လှည့်ကင်း ၀ပ်ကင်းများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရသည်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)တွင် အဆောင်တခုလျှင် အခန်းရှစ်ခန်းပါ တည်းခိုဆောင် (၇၇)ဆောင်ရှိပြီး (၆၆)ဆောင်တွင် လွှတ်တော် ကိုယ်စားလှယ်(၄၄၀)ဦးတို့ တည်းခိုနေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံ

ရဲတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့် ကျား (၉)၊ မ (၄)ဦးနှင့် သတင်းတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့်(၁)ဦး တို့က လုံခြုံရေးအတွက် တာဝန်ယူလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

Photo-Credit to the original uploader
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 ပုပ်ရဟန်းမင်းကြီး မက်ဆီကိုမှာ အလည်အပတ် ရောက်ရှိနေ
မက်ဆီကိုမှာ ၅ရက်ကြာအလည်အပတ်ခရီးရောက်ရှိနေတဲ့ ပုရဟန်းမင်းကြီး ဖရန်စစ် ကို သုံးသိန်းကျော်တဲ့ လူထုကြီးက ကြိုဆိုခဲ့ကြပါတယ်။ မက်ဆီကိုသမ္မတ အန်ရီကေးပီနာနီယာတို ကလည်း လေဆိပ်မှာပုပ်ရဟန်းမင်းကြီးကို သွားကြို ခဲ့ပါတယ်။

သူ့ရဲ့ဒီခရီးစဉ်အတွင်းမှာ မက်ဆီကိုရဲ့ ဆင်းရဲသားအများစုနေထိုင်တဲ့ ချီယာပက်စ်ပြည်နယ်မှာ တရားဟောဖို့ရှိသလို မူးယစ်ဂိုဏ်းတွေ ကြီးဆိုးတဲ့နေရာတွေကိုလည်း အလည်အပတ်သွားဖို့အစီအစဉ်ရှိပါတယ်။

လူဦးရေ ၁၂၂သန်းကျော်နေထိုင်တဲ့ မက်ဆီကို နိုင်ငံဟာ ကမ္ဘာ့ ဒုတိယအများဆုံးရိုမဲန် ကက်သလစ် ဘာသာဝင်တွေနေထိုင်တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မက်ဆီကိုကိုမလာခင် ရုရှ အော်သိုဒေါ့စ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် နဲ့ ကျူးဘား နိုင်ငံမြို့တော် ဟာဗားနားမှာတွေ့ဆုံခဲ့ပါသေးတယ်။

ခရစ်ယာန် ဘာသာထဲ နှစ် ပေါင်းတစ်ထောင် နီးပါးအရှေ့ခြမ်း နဲ့ အနောက်ခြမ်းကွဲပြား နေတဲ့ ကျောင်းတော်နှစ်ခု ရဲ့ အရေး တွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အရပ်သားတွေသေတာမရှိသေးဘူးလို့ ရုရှဘက်ကငြင်းဆိုထား
အရပ်သားပစ်မှတ်တွေကို ဆီးရီးယားမှာ ဗုံးကြဲနေတာတွေကို ရုရှအနေနဲ့ ချက်ခြင်းရပ်ဖို့ ပြင်သစ်ဝန်ကြီးချုပ် မန်နူရယ်ဗောလ်စ်က သတိပေးပြောဆိုလိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့ မှာပြုလုပ်နေတဲ့ ဆီးရီးယားစစ်ပွဲရပ်စဲရေး ကမ္ဘာ့ခေါင်းဆောင်များဆွေးနွေးပွဲမှာ ပြင်သစ်ဝန်ကြီးချုပ်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ဗုံးကြဲတာရပ်တာဟာ ဆီးရီးယား ငြိမ်းချမ်းရေး အတွက် သော့ချက်ဖြစ်တယ်လို့လည်းသူက ပြောပါတယ်။ရုရှဘက်ကတော့ သူတို့ဗုံးကြဲနေတာ အရပ်သားပစ်မှတ်တွေကို ထိခိုက်တဲ့အထောက် အထားတွေ အခုချိန်အထိ မတွေ့ခဲ့ရသေးဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ရုရှရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယား အရပ်သားတစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ကတော့ စွပ်ဆွဲထားပါတယ်။

ဆီးရီးယားအတွင်းမှာဖြစ်နေတဲ့ ပြသာနာတွေကို စစ်ရေးနည်းနဲ့ဖြေရှင်းမှဖြစ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သမ္မတအာဆတ်ရဲ့ စဉ်းစားချက်ကိုလည်း အမေရိကန်ဘက်က အစောပိုင်းက အမေရိကန်ဘက်ကနေ သတိပေး ထားတာရှိပါတယ်။

ဆီးရီးယားစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာ လူပေါင်း နှစ်သိန်း ငါးသောင်းကျော်သေဆုံးပြီး ဆယ့်တစ်သန်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ နေအိမ်၌ ပင့်ဖိတ်ထားသော နေပြည်တော်မှ ဥတ္တရသီရိမြို့နယ် သစ်ဝင်တိုင်သီရိမင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီး အမှူးပြု၍ သမဏေတစ်ပါး၊ ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ရွာ၊ အုန်းတောကျောင်းတိုက်မှ သမဏေတစ်ပါး၊ ထန်းတောကျောင်းတိုက်မှ သမဏေတစ်ပါး၊ တပ်ကုန်းမြို့နယ် ငွေတောင်တောရကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ဇေယျာသီရိမြို့နယ် သီရိရတနာ ဒုံတောကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ဇဗ္ဗူသီရိမြို့နယ် လက်ပံခါးလှကျောင်းတိုက်မှ သမဏေနှစ်ပါး၊ လယ်ဝေးမြို့နယ် ပြည်တော်အေးကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ပုဗ္ဗ္ပသီရိမြို့နယ် တောင်နီလေးကျောင်းတိုက်မှ သမဏေနှစ်ပါး တို့အား နေ့ဆွမ်း၊ သင်္ကန်းနှင့် ရဟန်းတော်သုံးပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူ ခဲ့ပါသည်။

NLD Chairperson (facebook)


 အယ်လ်နီညို ရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်ပြီး နေ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် အပူဒဏ်ကို အထူးသတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်း၏ဖေ့စ်ဘုတ်တွင် သတိပေး ရေးသားလိုက်သည်။

နေ့အပူချိန်များ စတင်မြင့်တက်လာနိုင်ပြီး ၄၀ ဒီဂရီ စင်တီဂိတ်အထိ တက်လာနိုင်သည်။ အယ်လ်နီညိုနှစ် ၂၀၁၆ ခုနှစ်အတွင်း ဆောင်းရာသီ မကုန်ဆုံးသေးသည့် ဖေဖော်ဝါရီလအတွင်း လာမည့်အပတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေ့အပူချိန်များသည် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုထားသည်။

နေ့အပူချိန်များ မြင့်တက်လာနိုင်သည့် ဒေသများမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ဖြစ်ကြောင်းလည်း ၎င်းက ရေးသားထားသည်။

လက်ရှိ အပူချိန်များသည် ဖြစ်မြဲအထက် ကျော်လွန်နေပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ တစ်ပြည်လုံးတွင် နေ့အပူချိန်များ ဖြစ်မြဲထက် ကျော်လွန်နေသည်ဟု ဒေါက်တာထွန်းလွင်က ရေးသားထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies

ဗိုလ်ချုပ်အောင်းဆန်း ၁၀၁ နှစ်ပြည့်မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ ဥတ္တရသီရိမြို့နယ်ရှိ နှင်းဆီစံအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်လှူပြီး မြန်မာလူငယ်များ ဗိုလ်ချုပ်အောင်းဆန်းကဲ့သို့ ဖြစ်စေချင်ကြောင်း ပြောသည်။

“ဖေဖေ့မွေးနေ့ကလည်း ကလေးများနေ့ဆိုတော့ ကိုရင်တွေကို ဆွမ်းကပ်တာပါ၊ အင်မတန်မှ ကြည်နူးစရာ ကောင်းပါတယ်၊ ခပ်တိုတို ပြောရမယ်ဆိုရင် မြန်မာပြည်က လူငယ်တွေ ဖေဖေ့လို ဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် သံဃာတစ်ပါးနှင့် ကိုရင် ၁၅ ပါးတို့အား ဆွမ်းခဲဖွယ်များ ဆက်ကပ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က နှင်းဆီစံအိမ်မှာ ဆွမ်းကပ်ခဲ့ပါတယ်။ နေပြည်တော် ၈ မြို့နယ်က တစ်မြို့နယ်ကို ကိုရင်လေး ၂ ပါးနဲ့ ဦးဇင်း တစ်ပါး၊ ကိုရင် ၁၅ ပါး၊ စုစုပေါင်း ၁၆ ပါးကို ဆွမ်းကပ်ခဲ့တာဖြစ်ပါတယ်။ရိုက်ကူး - ဝင်းကိုကိုလတ်/RFA

Posted by RFA Burmese on Friday, February 12, 2016
သတင်း - ကိုပေါက်
Photo - NLD.,MIZZIMA
The Ladies News Journal


အပြင်ကို သတင်းပေါက်ကြားခွင့် မပြု ပဲ တပ်မတော်နဲ့ ဆွေးနွေးနေမှုများသည် ဘယ် အခြေ ဆိုက်နေပြီကို မဲဆန္တွရှင် ပြည်သူများ တစွန်းတစမှ သိခွင့်မရရှာသေး။
သို့ သော် ပြည်သူ တရပ်လုံးက ၎င်းတို့ရဲ့ ခေါင်းဆောင်ကြီး အပေါ် ယုံကြည်ကိုးစား စိတ်ဖြင့် စောင့်စားလျက် ရှိကြပါတယ်။

သို့သော်လည်း တစွန်းတစ ထွက်ပေါ်လာနေသော သတင်းများကို ကြည့်၍ စစ်တပ်နဲ့ ဆက်ဆံရေး အခြေ မလှတော့လို့ ကောက်ချက်တွေ တညီတညွတ်ထဲ ထွက်ပေါ်လာပြီး ဝေဖန်မှုတွေ ကျယ်လောင်လာရတဲ့ အတွက် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးမှာ ရှောင်ရှားလိုတဲ့ ဖြစ်ရပ်တွေ နဲ့ တည့်တည့်ကြီး ၀င်တိုးသလို ဖြစ်လာနေပါတယ်။

ပထမ တချက်က သမ္မတ ရွေးချယ်ရေး အတွက် နောက်ထပ် ရက် (၄၀) နီးပါး ဆွဲဆန့် ခဲ့မှု နဲ့ ဒုတိယ အချက်က ဦးရွှေမန်းကို ဥပဒေကြမ်း ရေးဆွဲရေး တာဝန် ပေးခဲ့မှု တို့ ဖြစ်ပါတယ်။

ပထမ အချက်က စစ်တပ်မှ ၎င်းတို့ရဲ့ တောင်းဆိုချက် တလှေကြီးကို ချပြလာခဲ့မှုကြောင့် လူထု လက်မခံနိုင်မယ့် အချက်တွေ သေချာပေါက်ပါလာတာကြောင့် ဆွေးနွေးပွဲက မပြတ်သားနိုင် ဖြစ်လာနေပြီး နိုင်ငံရေး အရ အမျော်အမြင် ကြီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်က လိုရမယ်ရ လူထုအားကို ယူပြီး လုပ်လို့ ရအောင် ဒုတိယ အချက် ဖြစ်တဲ့ ဦးရွှေမန်း ရဲ့ အား ကို ယူလာခဲ့တာ ဖြစ်ပါတယ်။

အစိုးရ နဲ့ စစ်တပ်ရဲ့ အကြောင်းကို အံတို အောင် သိထားပြီး ဖြစ်တဲ့ ဦးရွှေမန်းက အရေးပါတဲ့ နေရာက ပါလာတဲ့ အဖြစ်ကို သွေးပျက်မတတ် ဖြစ်လာကြပါတယ်။ ဦးရွှေမန်း က အစိုးရဟောင်း ရဲ့ လုပ်ရပ်တွေ တွေးခေါ်မှုတွေကို နောကြေအောင် သိထားသူ တဦး ဆိုတာ အားလုံး အသိ ဖြစ်ပါတယ်။

ဒီအတွက် အစိုးရ အဖွဲ့ဟောင်းမှ လူ တွေ နေစရာ မရှိ ဖြစ်လာနေကြတဲ့ အတွက် စစ်တပ်ကို ပြေးကပ်လာကြပြီး အကာအကွယ် ယူကာ ခလောက်ဆန် လာကြတာလို့ ကြံခိုင်ရေး ပါတီရဲ့ အထက်တန်း အဖွဲ့ ၀င် တဦးက ရိုက်တာ သတင်းဌာနကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် အမျိုးသား ရင်ကြားစေ့ရေး ကြွေးကြော်သံ နဲ့ စတင်လာခဲ့တဲ့ တာဝန် လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်က ထိခိုက်လာခဲ့ရပါတယ်။ မကြာမီက ၅၉ (စ) နဲ့ ပါတ်သက်ပြီး တပ်မတော်နဲ့ NLD အကြားမှာ မီဒီယာမှတဆင့် အပြန်အလှန် ပြောဆိုမှုတွေ ဖြစ်လာတာ တွေ့ရပါတယ်။

ဦးရွှေမန်းကို တာဝန် ပေးလိုက်မှုကို ပေါ့သေးသေး ကိစ္စ မဟုတ်ဘူးလို့ ဦးသိန်းစိန် အစိုးရက တွက်ထားပါတယ်။ သူတို့ ရဲ့ အားနည်းချက် တွေ အခွင့် ကောင်း ယူပြီး ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် ဦးရွှေမန်းက သူရဲ့ က္ဈမ်းကျင်မှုကို အသုံးချပြီး တွန်းအားပေးနိုင်သလို အရင် ပွင့်လင်း မြင်သာမှု မရှိခဲ့တဲ့ စီးပွားရေး ကန်ထရိုက် စာချူ ပ်တွေကို တစဆီ ဆွဲလန်လာမယ့် အဖြစ်ကိုလည်း ရင်မအေးနိုင် ဖြစ်လာနေကြပြန်ပါတယ်။

ဒီအတွက် ဦးရွှေမန်း ဆွဲထည့်လာခြင်းဟာ အတိတ်ကို ပြန်လှန်လိုတဲ့ လုပ်ရပ်ဆိုပြီး တပ်မတော်နဲ့ အစိုးရ က တထစ်ချ ခံယူလာကာ သံသယ တွေ ကြီးထွားလာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌က ဒီကိစ္စကို တပ်ချူ ပ် အဟောင်းကြီး နဲ့ တွေ့ဆုံခဲ့စဉ်က ပြု လုပ်မှာ မဟုတ်လို့ ကိုယ်တိုင်ကိုယ်ကျ ကတိ ပြု ခဲ့တဲ့ အတွက် တိုင်းပြည်ရဲ့ အနာဂါတ် ခေါင်းဆောင်လို့ တပ်ချူ ပ်ကြီးက ခေါ်ဝေါ် သုံးစွဲခဲ့ပါတယ်။

ဦးသိန်းစိန်က ဒီစကား နဲ့ တော့ မလုံလောက်ဘူး ဆိုပြီး လွှတ်တော်အဟောင်း မဖျက် သိမ်းခင်မှာ သမ္မတ လုံခြုံရေး ဥပဒေကို ကမျောသောပါး လူမြင်မကောင်းအောင် လွှတ်တော်မှာ တင်ပြီး အတည်ပြု ချက် ရယူခဲ့ပါတယ်။ ဒီ ဥပဒေ က သမ္မတ တယောက် အတွက်သာ အကြုံးဝင်ပြီး ၀န်ကြီးတွေ မပါဘူုး လို့ ဦး ရွှေမန်း ရဲ့ အဖွဲ့ထဲ ပါနေတဲ့ ကြံ့ခိုင်ရေး ပါတီ ၀င် က ရိုက်တာ ကို ပြောပြပါတယ်။ အရင် ဘတ်ဂျက် ခွဲဝေ သုံးစွဲမှုတွေကို ပြန်ကြည့်ရမယ်လို့ လည်း ဆိုပါတယ်။

စစ်တပ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ ဒလဟော ၀င်ရောက်မယ့် ရန်ကုန်တိုင်း၊ ကိုယ်ပိုင် အုပ်ချူ ပ်ခွင့်ရ ဒေသများ လည်း ဖြစ်ပြီး တိုင်းရင်းသာ လူမျိုးစု တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေသော တရုတ် နဲ့ နယ်စပ်ခြင်း ထိစပ်နေတဲ့ ကချင် နဲ့ ရှမ်း ပြည်နယ်တွေမှာ ၀န်ကြီးချူ ပ် ရာထူးကို တောင်းဆိုလာနေပါတယ်။

ဒီတိုင်း နဲ့ ပြည်နယ်တွေက စီးပွားရေး အရ ရော၊ ငြိမ်းချမ်းရေးရရှိဘို့ ရော၊ တရုတ် နိုင်ငံနဲ့ ဆက်ဆံဘို့ နိုင်ငံခြားရေး မူဝါဒ အရ ရော အစိုးရ အသစ် အတွက် အရမ်း အရေးကြီး နေတဲ့ ဒေသ တွေ ဖြစ်နေတာမို့ လိုက်လျော ဘို့ ဆိုတာ အခက်တွေ့ နေရပါတယ်။

ကချင် နဲ့ ရှမ်း ဒေသကြီး နှစ်ခုလုံးမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေ ရော ကျောက်စိမ်း နဲ့ သစ်ခိုးထုတ်မှုတွေ အဓိက ဖြစ်ပေါ်နေပါတယ်။

တရုတ်ကလည်း ဒီ ဒေသ တွေမှာ ဆက်လက် သြဇာ သက်ရောက်နိုင်ရေး ကို စိတ်ဆောပြီး စောင့်ကြည့်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒါတွေကို ထောက်ရင် မြန်မာပြည်ဟာ Deep State တခု ဖြစ်လာဘို့ တာစူ နေပါပြီ။ Deep State ဆိုတာက ဒီမိုကရေစီ ကို ဆန့် ကျင်တဲ့ စစ်တပ်၊ ထောက်လှမ်းရေး၊ ရဲ နဲ့ တရားရေး ၊ ခရိုနီ များ အမျိုးသားရေး ၀ါဒီများက မိမိတို့ အကျိုးစီးပွားကို ဒီမိုကရေစီ နိုင်ငံရေး စနစ်အတွင်းမှ မရမနေ ကျုားကုတ် ကျားခဲ ကာကွယ်ပြီး State within the state ဖန်တီးလာနေမှုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အဲ့ဒီက တဆင့် ဒီမိုကရေစီ စနစ်ကို လူထုက အယုံအကြည်မဲ့လာစေပြီး အရင် စနစ်ဟောင်းကို ပြန်သွားဘို့ လွယ်ကူ သွားစေမယ်လို့ ယုံကြည် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကိုးကား။ ။ Reuters News

HSW
BrainWave ဉာဏ်လှိုင်း

ရှမ်းပြည်နယ် လွိုင်လင်မြို့ အမှတ်(၁)ရပ်ကွက် သီတာလမ်းရှိ ဂေါ်ရခါးလူမျိုး ဒေါ်မီးနားအိမ်တွင် ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အဖွဲ့အား လွိုင်လင်မြို့မှ ပင်လုံမြို့သို့ လိုက်လံ ပို့ဆောင်ပေးခဲ့သော ချက်ပလက်(ခ/၈၂၁၇)ကားကို ယနေ့တိုင် အမှတ်တရအဖြစ် သိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
-
ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားအားလုံး ဗြိတိသျှအုပ်ချုပ်မှုအောက်မှ အတူတကွ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အမြင်ချင်းနှီးနှောဖလှယ်ခွင့်နှင့် လွတ်လပ်ရေးရရန် လမ်းစပွင့်ခဲ့သော ပထမပင်လုံအစည်းအဝေးကို ၁၉၄၆ခုနှစ် မတ်လ၂၆ရက်မှ ၂၈ရက်ထိ ကျင်းပခဲ့ပြီး၊ တောင်တန်းနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရယူမည်ဖြစ်ကြောင်း သက်သေပြသည့် သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ဦးတို့က ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီ ၁၂ရက် (ဗုဒ္ဓဟူးနေ့) နံနက်၁၀နာရီတွင် အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ ပင်လုံစာချုပ်ချုပ်ဆိုရန်အသွားတွင် ဒေါ်မီးနား၏ဖခင် ဦးကံချားက ၎င်းပိုင် ချက်ပလက် ခ/၈၂၁၇ကားဖြင့် လိုက်လံပို့ဆောင်ခဲ့သော ယာဉ်ဖြစ်သောကြောင့် ယနေ့တိုင် သိမ်းထားဆဲဖြစ်သည်ဟု ဆိုသည်။
-
သမိုင်းဝင် ဒုတိယအကြိမ် ပင်လုံညီလာခံကြီးကို ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီ ၃ရက်မှ ၁၃ရက်ထိ ပင်လုံမြို့၏ အနောက်တောင်ဘက် (စနေထောင့်)၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဘုရင်ခံအမှုဆောင် ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီးများ၊ မြန်မာပြည်နိုင်ငံရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြားသံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ မြန်မာပြည်၌ ထင်ရှားကျော်ကြားသော ထိပ်သီးပုဂ္ဂိုလ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထုကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ဦးတို့က ပြည်မနှင့်တောင်တန်း ပူးပေါင်း၍ လွတ်လပ်ရေးရယူရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
=============
သန်းထိုက်(လှိုင်သာယာ)

ပဲကြီးလှော်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရှာလကာရည် စတဲ့ စားသောက်ကုန် ၁၉ မျိုးမှာ ဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
-
စိန်တောင်၊ ၀င်း၊ ဌေးဌေး၊ မို့မို့၊ ရွှေနန်းတော်၊ မုံရွာသား စတဲ့ အမှတ်တံဆိပ်ပါ ပဲကြီးလှော်ထုပ်တွေမှာ ခွင့်မပြု ဆိုးဆေးတွေ သုံးထားလို့ စားသုံးရန်မသင့်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
-
ဒါ့အပြင် Bull အချိုရည်၊ ၀ိုင်းချစ် ငရုတ်ဆီ၊ ကျော်ကျော်၊ ဓူဝံတံဆိပ်ပါ ငရုတ်ပွအရောင်တင်မှုန့်၊ ရှမ်းလေး ဂျုံခေါက်ဆွဲ၊ ဆတ်မင်း ငရုတ်ဆီ စတဲ့ စာေးသာက်ကုန်တွေမှာ ခွင့်မပြုဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတိပေးလိုက်ပါတယ်။
-
ကျန်းမာရေးဝန်ကြီဌာနက စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေကို သတိပေးကြေညာခဲ့တာ ရာနဲ့ချီ ရှိနေပြီဖြစ်ပြီး စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေ ထုတ်လုပ်သူတွေကိုတော့ အခုထိ ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာ မတွေ့ရပါဘူး။
-
စားသုံးဖို့ မသင့်ကြောင်း ကြေညာသတိပေးခဲ့တဲ့ အစားအသောက်တွေနဲ့ အမှတ်တံဆိပ်တွေကို မကြာခင် စာအုပ်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
=========

By ဒီဗွီဘီ

၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရကာ လက်ရှိအချိန်တွင်လည်း စိန်ခေါ်မှုများကို ဆက်လက်ဖြေရှင်းနေရဆဲဖြစ်သည်။ အစိုးရ ဖွဲ့ပြီးပါကလည်း စိန်ခေါ်မှုပေါင်းစုံကိုလည်း ဆက်လက်ရင်ဆိုင်ရမည်ကား မြေကြီးလက်ခတ်မလွဲပေ။
အဖွဲ့ချုပ်အနေဖြင့် လူထု၏ယုံကြည်ကိုးစားမှုကို အပြည့်အ၀နီးပါးရထားသော်လည်း ရာနှုန်းပြည့်ထောက်ခံမှု ရထားခြင်းမဟုတ်ပေ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ဒု-ဥက္ကဋ္ဌများခန့်ထားရေးတွင် အဖုအထစ်အနည်း အကျဉ်းရှိခဲ့ပေသည်။

ရခိုင်နှင့် ရှမ်းပြည်နယ်များမှအပ ကျန်တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအမည်များ ကြိုတင်ပေါက် ကြားခဲ့သည်။ ထို့ပြင်ရခိုင်နှင့် ရှမ်းပြည်နယ်လွှတ်တော်များအတွက် လွှတ်တော်ကိုယ်စားလှယ်အများစုရွေးချယ် ခံထားရသော ဒေသခံတိုင်းရင်းသားပါတီများက သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနေရာများကို မိမိအစီ အစဉ်ဖြင့် မိမိရွေးချယ်ခန့်ထားကြပေသည်။ ထို့ကြောင့် တိုင်းရင်းသားအရေးကိုင်တွယ်ရာတွင် ရှေ့လျှောက် ဒီချုပ်အဖွဲ့အတွက် အကျဉ်းအကျပ်အခက်အခဲများစွာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မီးမောင်းထိုးပြခံရလေပြီ။ တဖန်အတွင်းစည်းမလုံခြင်းကို ထပ်မံရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။ ပထမဦးစွာအစိုးရအမည်စာရင်း မေးမြန်းမှု ကြောင့် မီဒီယာနှင့် ဦးဝင်းထိန်အဆင်မပြေဖြစ်ပြီးနောက်ပြောရေးဆိုခွင့် ပုဂ္ဂိုလ်ဦးဉာဏ်ဝင်း ဖြစ်လာသည်။

အလွန်သိမ်မွေ့ပြီး အကဲဆတ်သောကာလကို ဖြတ်ကျော်နေရသဖြင့် ပြောရေးဆိုခွင့်ကို ပါတီဥက္ကဋ္ဌကိုယ်တိုင် ယူထားခြင်းအပေါ် ပြည်သူက နားလည်လက်ခံကြပါသည်။ သို့သော်လျှို့ဝှက်အပ်သောသတင်းများ အချိန် မတိုင်မီ ခဏခဏပေါက်ကြားနေခြင်းကို ဒီချုပ်အနေဖြင့် အလေးအနက်ပြန်လည်စိစစ်သင့်ပြီဖြစ်ကြောင်း မီးနီပြ ခံရခြင်းဖြစ်သည်။ စီအီးစီအဆင့်နှင့်သက်ဆိုင်ရာကိုယ်စားလှယ်များအနက် မည်သည့်မှ တာပေါက်ကျိုးနေပြီ နည်း။ ၅၉(စ)ပြင်ရန်(သို့မဟုတ်)ဆိုင်းငံ့ရန် အသံများထွက်လာစဉ် လူမှုကွန်ရက်ပေါ်တွင် ရဲလွင်မြင့်နာမည်ဖြင့် ဖွင့်ထားသော စာမျက်နှာအပေါ်၌ ၅၉(စ)ကိုပြင်ပါက သေနတ်၊ ကျည်ဆန်နှင့်လေ့ကျင့်ချိန်တလသာပေးပါ။ အသေသတ်ပေးပါမည်ဟူသော ရေးသားချက်ပေါ်ထွက်လာသည်။ အဆိုပါရေးသားချက်ကို ပြင်းထန်စွာတုံ့ပြန် ရေးသားချက်များ ထွက်လာကာ ဖေ့စ်ဘုတ်ပိုင်ရှင်လည်း သူ့စာမျက်နှာကိုပိတ်ကာ တိမ်းရှောင်နေသည် ဟူသော သတင်းများ ဆက်လက်ပေါ်ထွက်လာသည်။

ဒီချုပ်ဘက်က ဥပဒေကြောင်းအရ အမှုဖွင့်ရန်ပြင်ဆင်နေသည်။ ရဲလွင့်မြင့်နှင့် ကားရေဆေးလုပ်ငန်းစပ်တူ လုပ်ကိုင်နေသူများက ရဲလွင့်မြင့်အားလာရောက်ဖြေရှင်းရန် တုံ့ပြန်ခြင်းများလည်း ပေါ်ထွက်လာသည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ရဲလွင်မြင့်နှင့်သူ့မိခင်တို့ အမျိုးသားဒီမိုကရေ စီဌာနချုပ်သို့ လာရောက်တောင်းပန်သည် ဆို၏။ သို့သော်ရဲလွင့်မြင့်၏ မတတ်သာ၍ မိဘက တောင်းပန်ခိုင်း၍သာ တောင်းပန်သည်။ ဆက်လက်ပြီး ''NLD ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြောတယ် မထင်သလို၊ စိတ်တောင်မ၀င်စားပါဘူး''တဲ့။ ကိုယ်ကလည်း သူ့သတ်ချင်တာ မဟုတ်ဘူးလေ။ ဘာသတ်မှာလဲ သိတယ်မဟုတ်လား''ဟု ရေးသားထား သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ပြောသည်မထင်စေကာမူ ရည်ရွယ်ရင်းကား ဒေါ်အောင်ဆန်းစုကြည်သာဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ပြိုင်ဘက်များသည် မိမိလူမျိုးများ ဖြစ်သည်။ ဖခင်ဗိုလ်ချုပ်အောင် ဆန်းရင်ဆိုင်ခဲ့ရသည့် အခြေအနေထက် ပိုမိုရှုပ်ထွေးခက်ခဲသည်။ ဗိုလ်ချုပ်တွင် ပြိုင်ဘက်ဂဠုန် ဦးစော တယောက်သာရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်တွင် ဦးစောများပတ်ပတ်လည်ဝန်းရံလျက်ရှိသည်။ မသိ နားမလည်သည့် ဦးစော၊ ကိုယ်ကျိုးစီးပွားပျက်မည်ကို ထိတ်လန့်နေသောဦးစော။ အုပ်စုအကျိုးစီးပွားပျက်မည် ကို ကြောက်ရွံ့နေသော ဦးစော။ အာဏာကိုလက်မလွှတ်လိုဘဲ လွှတ်ခဲ့ရသောဦးစော စသည့် စသည့် ဦးစော ကိုယ်ပွားများစွာ ရှိနေပါသည်။

မြန်မာနိုင်ငံ၏ အမှန်တကယ်ပြုပြင် ပြောင်းလဲရေးဧပြီ ၁ ရက် ၂၀၁၆ ခုနှစ်မှစရမည် ဖြစ်သည်။ ပုဂ္ဂိုလ်စွဲမဟုတ် စေကာမူ၊ ယင်းအပြောင်းအလဲအတွက် အဓိကဇာတ်ဆောင်(Key Player) မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်သည် ဒင်္ဂါးတပြား၏ ခေါင်းနှင့်ပန်း ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သတိကြီးစွာဖြင့် ဉာဏ်မျက်စိဖွင့်ကာ အတွင်းရန်၊ အပြင်ရန်များကို ရှောင်ရှားရှင်းလင်း ရန် ပြင်ဆင်ရမည်ဖြစ်သည်။

အဖွဲ့ဝင်အယ်ဒီတာတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အမှိုက်သရိုက်ကင်းရှင်းရေးအစီအစဉ်တရပ်အဖြစ် အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်တွင် စီးကရက်အတိုများကို မြေကြီးပေါ်ပစ်ချခြင်းကို တရားမ၀င်ဥပဒေမဲ့လုပ်ရပ်အဖြစ်သတ်မှတ်ပြီး ပထမအကြိမ်ကျူးလွန်ပါက ဒဏ်ငွေဒေါ်လာ ၁၅၀၀ ချမှတ်မည်ဟု သိရသည်။ အမေရိကန်ဆေးလိပ်မသောက်သူများအခွင့်အရေးအဖွဲ့ဆိုသည့် စည်းရုံးရေးအဖွဲ့ကပြောကြားရာတွင် စီးကရက်တိုများသည် ကမ္ဘာအနှံ့တွင် အများဆုံးစွန့်ပစ်သည့်ပစ္စည်းဖြစ်နေပြီး နှစ်စဉ်စီးကရက်တို အရေအတွက် ၁ ဒသမ ၆၉ ဘီလီယံမှာလည်း အဆိပ်အတောက်အမှိုက်များဖြစ်လာနေသည်ဟု ဆိုသည်။

''စီးကရက်အစီခံတွေဟာ ဇီဝအဆင့်လျော့ကျသွားတဲ့ဟာမဟုတ်ဘူး။ စီးကရက်အစီခံတွေကို ပလတ်စတစ်နဲ့လုပ်ထားတယ်။ ရေဆိုးမြောင်းတွေထဲမှာ တစ်ဆို့နေတယ်။ ငှက်တွေက ဒါတွေစားပြီး အစာမခြေနိုင်ဘူး''ဟု မြောက်ပိုင်းအီလီနွိုက်ကို လှပအောင်ထားကြစို့-အဖွဲ့မှအမှုဆောင် ဒါရိုက်တာလိုဂီ ဂမ်းမောက ပြောခဲ့သည်။ အီလီနွိုက်တွင် ယခုကဲ့သို့စီးကရက်တိုများ စည်းကမ်းမဲ့ပစ်ချမှုကို ဥပဒေဖြင့် အရေးယူမှုသည့် သန့်ရှင်းရေးကိုအထောက်အကူပြုလုပ်လာနိုင်သည်။ ပထမအကြိမ်ပြစ်မှုကျူးလွန်သူကို ဒဏ်ငွေဒေါ်လာ ၁၅၀၀ ချမှတ်မည်ဖြစ်ပြီး ထပ်မံကျူးလွန်သူများကို ထောင်ဒဏ်တနှစ်နှင့်ဒေါ်လာ ၂၅၀၀၀ ဒဏ်ရိုက်မည်ဟုသိရသည်။

ထွဋ်ဝင်းထွဋ်
Ref;Minds
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“ အဖပြည့်ရှင်… အောင်ဆန်းသခင် ”

ဟိုသူက “အဖ” … တော်ခြင်

ဒီလူက “အဖိုး” … ခေါ်ခြင်

တိုင်းရွှေလွင် … တမိုးဖေါက်

ထွန်းတောက်တဲ့ … ကြယ်စင်

များဗိုလ်လူရှင်

သားမြေးအစဉ်

ခုံမင်စွာရို့ ကျိုး

မျိုးစုံကြွယ်

ရိုးဂုဏ်ထယ်

တောင်လိုမောက်သယ်

အံ့လောက်တဲ့ သတိုး ။ ။


ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့  ၂၀၁၆ ခုနှစ် တွင်ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၀၁)နှစ်ပြည့်နေ့ သို့ ဦးညွှတ်ပါ၏ ။
(မင်းကောင်းချစ်)
Photos credit to origin.


ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမှာ NLD ဦးစီး ကျင်းပ။ (သတင်းဓာတ်ပုံ- Credit to Kyaw Khant-ရှမ်းပြည်နယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာပေါ်လွင်အောင် သက်သေပြတဲ့ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ပင်လုံမြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ နဲ့ အစိုးရသစ်ဖြစ်လာမယ့် NLD ပါတီတို့ကလည်း ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ အဓိကသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ တာဟာ ဒီကနေ့ဆိုရင် ၆၉ နှစ်ရှိ သွားခဲ့ပြီဖြစ် ပါတယ်။ တောင်တန်းပြည်မ ပူးပေါင်းဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့တယ်လို့ NLD ပါတီ လွိုင်လင်ခရိုင် ဘဏ္ဍာရေးမှူး ဦးရဲလှိုင်က ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် ဗဟိုလူငယ်တွေကနေ ဦးစီးကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားပေါ့။ တိုင်းရင်းသားပေါင်းစုံ အကတွေနဲ့ပေါ့။ ပြည်ထောင်စုနေ့မှာ အခမ်းအနားကို ကျောက်တိုင် အလေးပြုတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ ဖတ်တယ်။ ကြေညာစာတမ်း ဖတ်တယ်ပေါ့ဗျာ။ ဦးဟန်သာမြင့်ဖတ်တယ်။ ဦးညီပု ဖတ်တယ်။ ဦးညီပုက ကြေညာစာတမ်း ဖတ်တယ်။ ဦးဟန်သာမြင့်က ဥက္ကဋ္ဌရဲ့ သဝဏ်လွှာဖတ်တယ်ပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပတာဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ် တယ်လို့ သူကပြောပါတယ်။ NLD ပါတီက ပင်လုံမြို့မှာ အခုလို ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးရဲလှိုင်က အခုလို ပြော ပါတယ်။

" အဓိကကတော့ ပင်လုံစာချုပ်ပါ ဖက်ဒရယ် ကိစ္စပေါ့။ ပြည်ထောင်စု ဖက်ဒရယ်ကိစ္စကို ဒါကို ကျနော်တို့ က သက်သေပြချင်တဲ့ သဘောပေါ့နော်။ အဓိက ကတော့ ဒီကိစ္စကို အဓိက ရည်ရွယ်ပါတယ်။"
ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်။
၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အခမ်းအနားတွေကိုလည်း နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း ဒီကနေ့မှာ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ပါတီနာယက ဦးတင်ဦး ဦးဆောင် ကျင်းပခဲ့ပြီး ၊ နိုင်ငံတကာက သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကိုတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ ခဲ့ပြီး၊ ၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာအောင် ကြိုးပမ်းဖို့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာအောင် သွေးစည်းညီညွတ်ကြဖို့ တိုက်တွန်း သွားပါတယ်။ ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးဖြစ်မြောက်ဖို့ ၊ ပြည်တွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ၊ ပြည်ထောင်စုစိတ်ဓါတ်တွေ ခိုင်မာ သန်စွမ်းလာအောင် လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ မကြာခင်ကာလမှာ အစိုးရဖွဲ့တော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းပဋိပက္ခချုပ်ရေးအတွက် ပြောဆိုနေပေမယ့်၊ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ကြေငြာထားခြင်းတော့ မရှိပါဘူး။
နေပြည်တော်က ပြည်ထောင်စုနေ့ 
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ သမ္မတဦးသိန်းစိန်  သ၀ဏ်လွှာပေးပို့ခဲ့ပြီး၊ အဲဒီသ၀ဏ်လွှာအတွင်းမှာတော့ - ရွေးကောက်ပွဲအောင်အောင်မြင်မြင် ကျင်းပပြီး၊ အစိုးရသစ်ကို နိုင်ငံရဲ့ အနာဂတ်ကို သိမ်မွေ့ညင်သာစွာ လွှဲပြောင်းပေးဖို့ စီစဉ်နေတာ၊ မကြာသေးခင်က တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့တချို့ နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ခဲ့ပြီး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခဲ့တာတွေကို ဖော်ပြထားပါတယ်။

ပြည်ထောင်စုနေ့ ညစာစားပွဲ-သမ္မတနဲ့ ဒေါ်စု
ဒါပေမဲ့လည်း မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတုန်းပဲဖြစ်ပြီး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့် ရောက်ပြီးလို့ ပြောလို့မရသေးပဲဖြစ်နေပါတယ်။

NLD ပါတီဘက်ကတော့ သူတို့အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ပါတီဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောကြားသွားခဲ့ ပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ညစာစားပွဲ
၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို နေပြည်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးက မြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။

ပြည်ထောင်စုနေ့အတွက် ပေးပို့ခဲ့ကြတဲ့ သဝဏ်လွှာတွေ သတင်းစကားတွေထဲမှာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ မကြာခင် တက်လာမယ့် အစိုးရ အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အရေးကြီးကြောင်း ထုတ်ဖော်ပြောဆို ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာမှာ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ သူတို့ဆောင်ရွက်ခဲ့တာကို ဖေါ်ပြခဲ့ပြီး အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း ဆက်ပြီးငြိမ်းချမ်းရေးတည်ဆောက်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း တိုင်းပြည်လွတ်လပ်ရေးရတာ ရာစုနှစ်တဝက်ကျော်ရှိခဲ့ပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရခဲ့သေးလို့ ပြည်ထောင်စု အစစ်လို့ မခေါ်နိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာကို ကိုးကားဖေါ်ပြခဲ့ပါတယ်။

ဒါကြောင့် အန်အဲဒီက လုပ်ချင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံလို ညီလာခံကြီးတခုဖြစ်မြောက်အောင် တိုင်းရင်းသားတွေ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းပါဝင် ကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အားလုံးလက်ခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းလာဖို့ဆိုရင် အဓိကက ဖွဲ့စည်းပုံကိုပြင်ရမှာဖြစ်တယ်လို့ လွှတ်တော်ထဲရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တဦးဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။

ပြည်နယ်တွေက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို အရေးကြီးတယ်လို့ ယူဆတာကြောင့် အရင်ဆုံး ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပြီးမှ တိုင်းရင်းသားအားလုံးရဲ့ သဘောတူညီချက်ကို ရယူပြီး တိုင်းရင်းသားတွေ လိုချင်တဲ့ ပြည်ထောင်စုကြီးကို တဆင့်ချင်း တည်ဆောက်သွားမယ်လို့ အန်အဲဒီ မြစ်ကြီးနား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအမ်ထုံးခါးနော်ဆန်က ပြောပါတယ်။

ပြည်သူ့က ရွေးချယ်လိုက်တဲ့ အစိုးရသစ် လက်ထက်မှာတော့ တိုင်းရင်းသားတွေရဲ့ ပိုလားချက်တွေ ပိုပြီးပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေ ပိုတွေ့လာရလိမ့်မယ်လို့ မျှော်လင့်နေကြောင်း တိုင်းရင်းသားတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

 tinoo-union-day-620.jpg ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ သူရဦးတင်ဦး မိန့်ခွန်းပြောကြားစဉ်
Photo: Htet Arkar/RFA

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အဓိကကျတဲ့ ညီညွတ်မှုနဲ့ ယုံကြည်ချက်ရဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

၆၉နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်မှတ်အခမ်းနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာ ဒီကနေ့ ကျင်းပရာမှာ နာယက သူရဦးတင်ဦက ပြောတာဖြစ်ပါတယ်။

ဒါ့ပြင် လာမယ့် မတ်လ ၁၇ရက်နေ့ဟာ နိုင်ငံအတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကိုဖြစ်ရမယ်လို့ သံဓိဌာန်ချ ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

"နိုင်ငံတော်ကို ဦးဆောင်မယ့် အဖွဲ့အစည်းတွေနဲ့တကွ အစိုးရအဖွဲ့အစည်းအသီးသီးများကို ထုတ်ပြန်တော့ မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားအားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားမည်၊ အရေးကြီးသော နေရာ များတွေမှာလည်း တိုင်းပြည်နဲ့ ထိုက်တန်စွာ တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်တွေကို ပါဝင်အောင် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ရှေ့လာမည့် အလားအလာတော့ဖြင့် မျှော်လင့်ချက် အင်မတန်မှ အလင်းရောင်ဘက်ဆီသို့ ချီတက်လျှက်ရှိနေတာကို မြင်နေရတာဖြစ်ပါတယ်၊ အထူးသဖြင့် ကျနော့်ရဲ့စိတ်ထဲမှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သံဓိဌာန်ချထားပါတယ်"

ဒါ့အပြင် နာယကသူရဦးတင်ဦးက ပင်လုံစာချုပ်ရဲ့ အနှစ်သာရဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဖြစ်ကြောင်းနဲ့ စက္ကူပေါ်မှာရေးထားတဲ့ စာချုပ်မျှသာမဟုတ်ဘဲ ပြည်ထောင်စုကို လိုလားယုံကြည် တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက သွေးစည်းညီညွတ်မှုကို ယုံကြည်ကြောင်း နှလုံးသားပေါ်မှာ ရေးထိုးထားတဲ့ ကတိက၀တ်ဖြစ်ကြောင်း ပြောပါတယ်။

အန်အယ်လ်ဒီရုံးချုပ်က ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတကာသံတမန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/pinlon-agreement-unity-symbol-02122016103256.html

စင်ကာာပူမှာ အိမ်အကူတစ်ယောက် တိုက်ခန်း ၇ လွှာ အမှိုက်ပစ်တဲ့အပေါက်ကနေ ထွက်ပြေး... (၁၁/၀၂/၂၀၁၆)

စင်ကားပူမှာ ပထမဆုံးဖြစ်ဖူးတဲ့ case လို့ဆိုတယ်။ ၂၀၁၅ နိုဝင်ဘာမှာ ဖြစ်တဲ့ case ခုမှ သတင်းစာမှာပါတာပါ။ အိမ်အကူက ၂၇ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ Rindu လို့ခေါ်တယ်။ စလုံးက တိုက်ခန်းတွေမှာ အမှိုက်ပစ်တဲ့အပေါက် ရှိတယ်။ အချို့က အိမ်ထဲမှာ သီးသန့်၊ အချို့က အိမ်အပြင်မှာ ဘုံဆိုင် ပစ်လို့ရတယ်။ ထွက်ပြေးတာအထပ်က ၇ လွှာ၊ ၁ လွှာရဲ့ အမြင့်က ၈.၅ ပေ လောက်ရှိတယ်။ စဉ်းစားကြည့် ပေ ၆၀ လောက်အမြင့်မှ လူတစ်ကိုယ်စာ အမှိုက်ပစ်ပေါက်ကနေ ခုန်ချထွက်ပြေးတာ ဘယ်လောက်များ အဲ့ဒီအိမ်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေလဲမသိ။

သတင်းမှာတော.. အိမ်ရှင်က လိင်နဲ့ပတ်သတ်တာ၊ ကိုယ်ထိလက်ရောက်စော်ကားတာမျိုးမရှိပါတဲ့။ ကလေးမဟာ စလုံးကို ပထမဆုံး လာအလုပ်လုပ်ဖူးတာ ဖြစ်ပြီး အလုပ်ဝင်တာလဲ ၂ လခွဲလောက်ပဲ ရှိသေးတယ်။ ဖြစ်နိုင်ခြေကတော့ ကလေးမလေးဟာ အခြေခံ English ပဲပြောတတ်တယ်၊ အလုပ်ချိန် အများကြီးလုပ်ရတယ်၊ တိုက်ခန်းတခါးက အမြဲပိတ်ထားပြီး သူမကို သော့မပေးထားပါ၊ off day လည်းမရ၊ နားချိန်လည်း ကောင်းကောင်းမရှိ၊ စတာတွေပေါင်းပြီး ကြာလာတော့ စိတ်ဖိစီးမှု ရပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

နောက်ပြီး ဒီလို မဖြစ်ခင်လေးမှာ အိမ်ရှင်ဟာ အိမ်အကူအသစ်နဲ့ လဲဖို့ request လုပ်ထားပြီး ၁ ပတ်အတွင်း လဲတော့မယ် လို့လဲ သိရပါတယ်။

ခုန်ချတော့ နှုတ်ခမ်းကွဲတယ်၊ ခြေထောက်အရိုးအက်သွားတယ်၊ ကျောရိုးလည်းဒဏ်ရာ ရသွားလို့ NUH hospital မှာ operation ၃ ခါ လုပ်ပြီး ခုတော့ ဆေးရုံကဆင်းလို့ အင်ဒိုးနီးရှား Batam ရှိတဲ့ HOME (Humanitarian Organisation for Migration Economics) ဂေဟာ တစ်ခုမှာ ရောက်ရှိနေပါတယ်။

HOME ရဲ့ ဒါရိုက်တာ Wham ကတော့ သူမအတွက် ဆေးကုသမှုစရိတ် ကာမိအောင် ရန်ပုံငွေ ကောက်ခံသွားမယ်လို့ပြောပါတယ်။ ဒီလို အိမ်အကူတွေ အိမ်က ထထွက်ပြောလာတဲ့ case တွေ ကို HOME ဆိုတဲ့ အဖွဲ့အစည်းက ကူညီနေတာ မနည်းတော့ပါဘူး။ စင်ကာပူမှာ ဒီအဖွဲ့အစည်းရှိတာ တော်တော်လေး ကောင်းပါတယ်။ လေးလည်း လေးစားပါတယ်။

မြန်မာပြည်မှ အိမ်အကူများ စလုံးကို လာအလုပ်လုပ်ခြင်းကို (အိမ်ရှင်ကိုယ်တိုင် ဝန်ခံကတိထိုး၍ ခေါ်ခြင်းမှ အပ) တားမြစ်ထားပါတယ်။ သို့ပေမယ့်လည်း စင်ကာပူဘက်က မ ban တော့ နည်းလမ်းအမျိုးမျိုးနဲ့ လာနေသူရှိပါတယ်။ မလာခင် စဉ်စားကြပါ။ အစဉ်ပြေတဲ့သူရှိသလို အစဉ်မပြေသူက ခပ်များများပါ။ မြန်မာနိုင်ငံနဲ့စာရင် စင်ကာပူမှာ ငွေပိုရတယ်ဆိုပေမယ့် အခြားနိုင်ငံခြားသားအိမ်မှာ အလုပ်လုပ်ရတာ မလွယ်လှပါ။ ဘာသာခြား၊ ယဉ်ကျေးမှုခြား၊ တနေကုန် အလုပ်လုပ်၊ အစောကြ်ီိးထရ၊ အိမ်ရှင်ရဲ့ အအော်အငေါက်ခံရ၊ နားချိန်အပြည့်မရ၊ အများကြီးပါ။

ဒီတော့ အတန်းပညာကို ဆုံးခန်းတိုင်အောင် သင်ယူကြပါ၊ အသက်မွေးဝမ်းကြောင်းပညာ တစ်ခုခု သင်ယူပါ။ ထိုပညာများဖြင့် နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်နိုင်အောင် ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။

မေတ္တာဖြင့်,
ရွှေဂျာနယ်
https://www.facebook.com/ShweJournal

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံကြစဉ်။ Photo: Myo Thant Khaing/RFA
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးတွေကို သူတို့စိတ်ကြိုက်ခန့်ဖို့ တောင်းဆိုနေကြောင်း မနေ့ကနေ့စွဲနဲ့ နေပြည်တော်ကလာတဲ့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။

ဒါ့အပြင် သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ကိစ္စကိုလည်း လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအားလုံးဟာ စိုးရိမ်ထိတ်လန့်နေဟန်ရှိတယ်လို့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွတ်တော်ကိုယ်စားလှယ်ဟောင်း  တစ်ဦးကပြောဆိုကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အာဏာကြီးမားတဲ့ အဲ့ဒီကော်မရှင်အနေနဲ့ အစိုးရဟောင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ဆန်းစစ်နိုင်သလို ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။  ဦးရွှေမန်းနဲ့အတူ အဲ့ဒီကော်မရှင်မှာ ပါဝင်သူတွေဟာ ဦးသိန်းစိန်အစိုးရမှာ ပါဝင်ခဲ့သူတွေရဲ့နောက်ကြောင်း အတွင်းသိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ သူတို့ကို အစိုးရသစ် အရေးယူခံရမယ့်ဘေးက အကာအကွယ်ပေးဖို့ စစ်တပ်ကို အားကိုးနေကြတယ်လို့ ဆိုပါတယ်။

ဥပဒေအရ သမ္မတဟောင်းကိုသာ အကာအကွယ်ပေးထားပြီး ဝန်ကြီးဟောင်းတွေကတော့ အကာအကွယ်မဲ့နေတယ်လို့လည်း ဦးရွှေမန်းခေါင်းဆောင်တဲ့ အဲ့ဒီအဖွဲ့မှာပါဝင်သူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ဟောင်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလက တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကအဖြစ်တွေကို NLD အနေနဲ့ နောက်ကြောင်းလှန်နေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရကလည်း မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာပြည်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် NLD အစိုးရသစ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို  အထူးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေဟာ သူတို့ထံကိုလာပြီး သမ္မတသစ်အကြောင်းနဲ့ စီးပွားရေးစာချုပ်တွေအကြောင်း တချိန်လုံးလိုလို မေးမြန်းနေကြတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောဆိုကြောင်းလည်း Reuters  သတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


မုံရွာ၊ ဖောဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်နှင့် နန္န၀န်ရပ်ကွက်အကြား ရွှေဝါရောင်ရေတွင်းလမ်း(ခေါ်) အင်းဖြတ်လမ်း၏တစ်နေရာတွင် ယခုလ ၁၂ ရက်ည ၁၀ နာရီအချိန်က အုပ်စုဖွဲ့ ရမ်းကားမှုများကြောင့် လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်ဒဏ်ရာကာ ယာဉ်အချို့ ပျက်စီးခဲ့ရကြောင်း ဦးခင်ဇော်က ပြောသည်။
`` အုပ်စုက နှစ်ဖွဲ့ဖြစ်တယ်၊ တစ်ဖွဲ့က လူအယောက် ၂၀ ၀န်ကျင်းလောက်ရှိပြီး နောက်တဖွဲ့ကတော့ မိန်းမတွေပါတဲ့ လူအယောက် ၅၀ ၀န်းကျင်လောက်ဖြစ်တယ်၊ လမ်းပေါ်လာသမျှလူကို စကားပြောမပါဘဲ ၀ိုင်းရိုက်တယ်၊ လောက်လေးခွများနဲ့ပစ်တယ်.. အခုကျွန်တော် ကားရဲ့ ရှေ့ကြည့်မှန်ကွဲသွားပြီး ..´´ ဟု ၎င်းက ဆက်လက်၍ ပြောသည်။


အဆိုပါ အင်းဖြတ်လမ်းပေါ်တွင် သွားလာလျက်ရှိသော ပြည်သူများအား မျက်နှာတွင် အနက်ရောင်ပုဝါစီးထားပြီး လက်အိတ်အချို့ဝတ်ဆင်ထားသူ အုပ်စုဖွဲ့ လူတစ်စုမှ လောက်လေးခွဖြင့် ပစ်ခတ်ခြင်း၊ တုတ်၊ဓားများကိုင်ဆောင်၍ အကြောင်းမဲ့ ရိုက်နှက်နေခြင်းဖြစ်သည်။


ထိုကြောင့် ကားမှန်ကွဲပြီး ဒဏ်ရာရ လူငယ်နှစ်ဦးအား ကူညီကယ်တင်ရန် လုပ်ဆောင်ခဲ့သူ ဦးခင်ဇော်က မုံရွာနယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် အကြိမ်ရေများစွာ ခေါ်ဆိုအကြောင်းအကြားခဲ့သော်လည်း ထိုနေ့ညက ရဲစခန်းမှ အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် ၎င်းလမ်းမကြီးပေါ်တွင် ဓိကရုဏ်ဆန်ဆန် ရုန်းရင်းဆန်ခတ်မှုများ အဆင့်ထိရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ယခုနှစ် လအနည်းငယ်အတွင်း၌ လူသတ်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့ရာ ဇန္န၀ါရီတစ်လအတွင် လူသတ်မှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကလေးစစ်သားတွေ။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကိုယ်တိုင် စောင့်ကြည့် ဖေါ်ပြထားတဲ့ ကလေးစစ်သားရှိနေဆဲနိုင်ငံ (၈) နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါဝင်နေဆဲဖြစ်တယ်လို့ မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံး ပြုမူဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ အတွက် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ကလေးစစ်သားတွေရဲ့ ဘ၀ပြန်လည် ထူထောင်ရေး အတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်ကနေ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ကမ္ဘာတ၀ှမ်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံပေါင်း (၂၀)ကျော်မှာ မိန်းကလေးနဲ့ ယောက်ျားလေး အရေအတွက် သောင်းနဲ့ချီပြီး ကလေးစစ်သားအဖြစ် အသုံးပြုနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်မှာလည်းပဲ ပဋိပက္ခတိုက်ပွဲတွေ အဆမတန်ဖြစ်လာတာ၊ စစ်ပွဲတွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ စတာတွေဟာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနိုင်ဖို့ ပျော့ကွက်ဖြစ်စေခဲ့တယ်လို့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ကပြောပါတယ်။

ဒါအပြင် လက်နက်ကိုင်တပ်တွေမှာ ကလေးစစ်သားစုဆောင်းမှုတွေရှိနေတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကနေ စောင့်ကြည့်ဖေါ်ပြခံရတဲ့ နိုင်ငံ (၈)နိုင်ငံစာရင်းမှာ Chad နိုင်ငံက လွဲပြီး မြန်မာအပါအ၀င် ကျန်တဲ့ အာဖဂန်နစ္စတန်၊ ဆိုမာလီးယား ၊ တောင်ဆူဒန်၊ ဆူဒန် နဲ့ ရီမင် စတဲ့ (၇) နိုင်ငံ ပါဝင်နေဆဲဖြစ်တယ် လို့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ အဲဒီနိုင်ငံတွေမှာ အထူးကိုယ်စားလှယ်နဲ့ UNICEF တို့ပူးပေါင်းပြီး ကလေးစစ်သား ပပျောက်ရေးလှုပ်ရှားမှုကို ၂၀၁၄ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံမှာတော့ အခုလို ကုလသမဂ္ဂဦးဆောင်တဲ့ လှုပ်ရှားမှုမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေ တဲ့ Equality Myanmar ရဲ့ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ တကယ့် ထဲထဲဝင်ဝင်တော့ မတွေ့ရဘူးဗျ။ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ်မှာ ကလေးစစ်သား ပပျောက်ဖို့ တောင်းဆို တဲ့ သဘောမျိုးတွေလောက်ပဲ ကျနော်တို့ တွေ့နေရတယ်။ ပြည်တွင်းမှာ ဒါနဲ့ပတ်သက်လို့ လာရောက်လုပ်ဆောင်တဲ့ အကြောင်းအရာတွေ ကျနော်တို့ မတွေ့ရဘူး။ အထူးသဖြင့် ကလေးစစ်သားအရေး ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တချို့သော လက်နက်ကိုင် အဖွဲ့တွေ လုပ်ဆောင်နေတဲ့ ကြားထဲမှာ ရှိနေတယ်။ အဲ့ဒီ့လူတွေနဲ့ UNICEF တို့ ဘာတို့နဲ့ သွားရောက်ပြီးတော့ တွေ့ဆုံတဲ့သဘောမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ဆိုတဲ့ ပုံစံမျိုးနဲ့ လာရောက် လုပ်ဆောင်တဲ့ အရာမျိုးတော့ ကျနော် မတွေ့ရဘူးဗျ။”

ရှေ့တန်းစစ်မျက်နှာက ကလေးစစ်သားတွေ
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သားအသုံးပြုတာကို သတိထား လုပ်ဆောင်တာမျိုး ရှိပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေ မှာတော့ ကလေးစစ်သား စုဆောင်းတာတွေ ပိုပြီးများလာတာတွေ့ရတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“ ဒါပေမဲ့ တချို့သောအဖွဲ့တွေကတော့ အခုမှ ပိုပြီးတော့တောင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့်မို့လို့ အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုထမ်းတဲ့ အရာကို အခုအချိန်မှာ ပိုတောင် လုပ်ဆောင်လာတာကို ကျနော်တို့ တွေ့နေရတယ်။ နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့ တချို့သော တပ်ဖွဲ့တွေထဲမှာ ဒီအပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးတာရှိပေမဲ့ တကယ်တမ်းကျတေ့ လက်နက်တွေ တပ်ဆင်ထားတုန်းပဲ။ အဲ့တော့ အဲ့နေရာတွေမှာလည်း ကလေးစစ်သားတွေကို အသုံးပြုနေတယ်။ ဒီ ဝတပ်ဖွဲ့တို့ ဘာတို့မှာ ဒီအတိုင်းပဲ ကျင့်သုံးနေတဲ့ပုံစံမျိုး ကျနော် တွေ့နေရပါတယ်။”

အသက်မပြည့်တဲ့ကလေးတွေ မိဘပြန်အပ်
မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှုအခြေအနေအဟာ အရင်ကလို မဟုတ်ပဲ လျော့ကျ လာပြီး စစ်တပ်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ ရာနဲ့ချီရှိခဲ့တယ်လို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးက ဖေါ်ပြခဲ့ ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂက ပြဌာန်း ထားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေရဲ့ ပါဝင်မှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်မှာ မနှစ်က ပဏာမ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမဲ့ ဒီစာချုပ်အတိုင်းလိုက်နာအကောင်အထည်ဖေါ်ပါမယ်ဆိုတဲ့ အဆင့်မျိုး မရောက်သေးတာကြောင့် ကလေးစစ်သားဟောင်းတွေရဲ့ ဘ၀လုံခြုံရေး အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ပဏာမ အဆင့်ဆိုတာကတော့ အတိအကျ တာဝန်ယူပြီးတော့ အပြည့်အဝ လိုက်နာပါမယ်ဆိုပြီးတော့ ကတိမျိုး မဟုတ်ဘူး။ တဝက်ပေးထားတဲ့ သဘောမျိုးပဲ ဖြစ်တယ်။ အဲ့တော့ ဒီစာချုပ်ကို ပဏာမ လက်မှတ်ထိုးတာက လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် တကယ့်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက်ကို ပဏာမ လက်မှတ်ထိုးတာနဲ့ စာလို့ရှိရင် အတည်ပြုလက်မှတ်ထိုးတဲ့ကိစ္စကို ကျနော်တို့ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။”

ဒါအပြင် ကလေးစစ်သားအဖြစ် လွတ်မြောက်လာသူတွေရဲ့ ဘ၀ပြန်လည် ထူထောင်ရေးမှာ တာဝန်ရှိသူတွေဘက်က အပြည့်အ၀ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဦးအောင်မျိုးမင်းကဆိုပါတယ်။

မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံးပြုမှုဆန့်ကျင့်တဲ့ နိုင်ငံတကာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာတော့ စစ်ရေးပဋိပက္ခမှာ ကလေးစစ်သားစုဆောင်း အသုံးပြုနေတာကြောင့် ကလေးသူငယ်အခွင့်အရေး အများဆုံးချိုးဖောက်အဖွဲ့အစည်းပေါင်း (၅၀)ကျော်ရဲ့အမည်စာရင်းတွေကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၅ အစီရင်ခံစာမှာ အတိအကျဖေါ်ပြ ထားကြောင်း ရေးသားထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေးခဲ့။
အကြီးဆုံး ခရစ်ယာန် ကျောင်းတော် ကြီး နှစ်ခု ဖြစ်တဲ့ ရိုမဲန် ကက်သလစ် ကျောင်းတော် နဲ့ ရုရှ အော်သိုဒေါ့စ် ကျောင်းတော် တွေ ရဲ့ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ ခဲ့ကြပြီ ဖြစ်ပါတယ်။

ကျောင်းတော် နှစ်ခု အကြား ဂိုဏ်းကွဲပြား မှု အပေါ် အခြေခံပြီး ရာစုနှစ် ပေါင်း များစွာ ရောရော ယှက်ယှက် မရှိလှ ပဲ နေခဲ့ ကြတာ ကနေ အခုတော့ ရိုမဲန် ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ရုရှ အော်သိုဒေါ့စ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် တို့ ကျူးဘား နိုင်ငံ မြို့တော် ဟာဗားနားမှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

ခရစ်ယာန် ကျောင်းတော်ကြီး နှစ်ခု ရဲ့ ခေါင်းဆောင် တွေကို ကျူးဘား သမ္မတ ရာအူးလ် ကက်စ်ထရို က ဟားဗားနား လေဆိပ် မှာ သွားရောက် ကြိုဆို ခဲ့ ပါတယ်။

ခရစ်ယာန် ဘာသာ ထဲ နှစ် ပေါင်း တစ်ထောင် နီးပါး အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ကွဲပြား နေတဲ့ ကျောင်းတော် နှစ်ခု ရဲ့ အရေး တွေ ကို ခေါင်းဆောင် နှစ်ဦး ပွင့်ပွင့်လင်း လင့် ဆွေးနွေး ခဲ့ ကြပြီး၊ ကျောင်းတော် နှစ်ခု အတူတကွ အလုပ်လုပ် သွား နိုင်မယ်လို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆိုပါတယ်။

ရုရှ အော်သိုဒေါ့စ် ကျောင်းတော် ရဲ့ ပေထရီယာ့ခ် လို့ ခေါ်တဲ့ အကြီးဆုံး ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကေရယ်လ် ကလည်း ကမ္ဘာ တဝှမ်း က ခရစ်ယာန် တွေ ကို အကာအကွယ် ပြု နိုင်ရေး မှာ ကျောင်းတော် တွေ အနေနဲ့ တစ်ခု ကို ကူညီ ဆောင်ရွက် ကြမယ် လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

TV ကွန်ပျူတာရှေ့ အချိန်ကြာမြင့်စွာ ကြည့်သူများ။ 
လူတွေဟာ အသက်ကြီး လာရင် ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်မယ့် အစား ဆိုဖာပေါ် မှာပဲ ထိုင်ပြီး ရုပ်မြင်သံကြား ကြည့်နေမယ်ဆိုရင် ဦးနှောက်တွေဟာ ကျုံ့ဝင်သေးငယ် သွားနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုမှာ တွေ့ရပါတယ်။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူကြီးပိုင်းတွေဟာ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ ဦးနှောက်ကျုံ့ လာတာကို Boston ဆေးတက္ကသိုလ် သုတေသီတွေ က တွေ့ခဲ့ ရကြောင်း ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဂျာနယ် တစ်စောင်မှာ ဖော်ပြထားတာပါ။

 နှလုံး၊ အဆုတ်နဲ့ သွေး ဆိုင်ရာ လေ့လာနေတဲ့ နိုင်ငံလုံးဆိုင်ရာ စီမံချက်ချက် တရပ်ကို သုတေသနလုပ်နေတဲ့ Framingham နှလုံးလေ့လာရေးအဖွဲ့ FHS က လူပေါင်း ၁၅၀၀ ကျော် ကို သုတေသနပြုနေခဲ့တာကနေ အခုလို တွေ့ခဲ့ တာဖြစ်ပါတယ်။

သုတေသနပြုတာကို ခံယူနေသူတွေဟာ ပျှမ်းမျှ အသက် ၄၀တန်း ဖြစ်ကြပြီး သူတို့ဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပျက်စီးချွတ်ယွင်းမှုနဲ့ နှလုံးရောဂါ မရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို လမ်းလျှောက်စက်တွေပေါ် လေ့ကျင့်ခိုင်း ခဲ့ပြီးစစ်ဆေးခဲ့တာပါ။

အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက် အဲဒီအုပ်စုကို လေ့လာကြည့်တဲ့ အခါမှာ နှလုံး၊ သွေးတိုးရောဂါတွေ ကင်းရှင်းသူ ၁၀၀၀ ကျော် လောက်ပဲကျန်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ခေါင်းဖြတ် သတ်တာမျိုး ဘယ် လက်နက်ကိုင်တပ် က ကျူးလွန်တာ လဲ ဆိုတာ ကိုတော့ UNA ရဲ့ ထုတ်ပြန်ချက် ထဲ မှာ မတွေ့ရပါဘူး။
ပလောင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ တအာင်း ပလောင် လက်နက်ကိုင် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း လို့လည်း ခေါ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး တပ် RCSS တို့ အကြား လတ်တလော ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ အတွင်း အရပ်သား တွေ ပါ ပစ်မှတ် ထား ဖမ်းဆီး ခံနေရ ပြီး ခေါင်းဖြတ် သတ် ခံရ တာ မျိုး အထိ ဖြစ် နေတယ် လို့ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA က ကြေညာချက် ထုတ် ကန့်ကွက် လိုက်ပါတယ်။

ဘယ် လက်နက်ကိုင်တပ် က ကျူးလွန်တာ လဲ ဆိုတာ ကိုတော့ UNA ရဲ့ ထုတ်ပြန်ချက် ထဲ မှာ မတွေ့ရပါဘူး။

UNA အဖွဲ့ ကို ၁၉၉၀ ရွေးကောက်ပွဲဝင် ခဲ့တဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ စုပေါင်း ဖွဲ့ခဲ့ ပြီး လက်ရှိ မှာ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ မွန် အမျိုးသား ပါတီ ၊ ရခိုင် အမျိုးသားပါတီ အပါအဝင် မြေပေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ ရဲ့ ညွန့်ပေါင်း အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS အနေနဲ့ တအောင်း ပလောင် ဒေသထဲ ထိ သွားရောက် ပြီး တိုက်ပွဲ တွေ ဖြစ်နေတာ ဟာ နောက်ကွယ်က ပယောဂ ပါနိုင်တယ် လို့ သံသယ ရှိတယ် ဆိုပြီး မွန် အမျိုးသား ပါတီ အတွင်းရေးမှုး နိုင်စိုးမြင့် က ဘီဘီစီ ကို ပြောပါတယ်။

RCSS ဟာ အစိုးရ စစ်တပ် နဲ့ ကြား တစ်နိုင်ငံ လုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေး ထိုး ထားတဲ့ အဖွဲ့ ဖြစ်ပြီး၊ TNLA ကတော့ NCA ထဲ မပါဝင်ဖို့ အစိုးရ ဘက်က ချန်လှပ် ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

တအာင်း ပလောင် နယ် ထဲ က တိုက်ပွဲ တွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ် တွေကို စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒုက္ခသည် အရေ အတွက် လည်း တဟုန်ထိုး များပြား လာနေတယ် ဆိုပြီး တော့လည်း UNA ရဲ့ ထုတ်ပြန်ချက် ထဲမှာ ပါဝင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မောင်းထုတ်ခံရလို့ နေစရာပျောက်သွားတဲ့မိသားစုများ။ သတင်းဓာတ်ပုံ- ဦးဇော်ရမ်း
မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်း တရားမ၀င် ရပ်ကွက်တချို့မှာ ကျုးကျော်နေထိုင်သူတွေအဖြစ် အာဏာပိုင်တွေက အတင်းအကျပ် ဖယ်ရှားခဲ့တဲ့ အတွက် လူပေါင်းထောင်နဲ့ချီပြီး နေစရာမဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာဟာ ရွေးကောက်ပွဲ မှာ တခဲနက် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွက်တော့ စိန်ခေါ်မှုတခုလည်း ဖြစ်လာနိုင်တဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုအဖြစ်နဲ့ လွှတ်တော်သစ်ကို ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ အာဏာပိုင်တွေက - တရားမ၀င် ကျုးကျော်နေထိုင်သူတွေဆိုပြီးတော့ ဖယ်ရှားခံလိုက်တဲ့အထဲမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်လည်း တခု ပါဝင်ခဲ့ပါတယ်။ ဘူဒိုဇာမြေထိုးကားတွေနဲ့ ရဲအင်အား ၂၀၀ လောက်အပြင် ဒုတ်တွေကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ အရပ်ဝတ်လူတအုပ်က အတင်းဝင်ရောက် ဖျက်ဆီးဖယ်ရှားခဲ့ကြတာပါ။

တပ်ပိုင်မြေပေါ်မှာ ကျုးကျော်နေထိုင်သူတွေဆိုပြီး ဖယ်ရှားခံခဲ့ရသူ လူပေါင်း ၂၅၀၀ ထဲမှာအသက်အစိတ်အရွယ် မသန္တာလည်း ပါဝင်ပြီး၊ အခုအခါ ကလေး ၃ ယောက်နဲ့အတူ - ပလပ်စတစ် မိုးကာစတွေနဲ့ လမ်းဘေးမှာ ဖြစ် သလိုလေး ဆောက် ထားတဲ့ ယိုင်နဲ့နဲ့ တဲလေးမှာ နေထိုင်နေရတာကြောင့် သူတို့ရဲ့ လုံခြုံမှုအတွက် အချိန်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ငိုကြွေးရင်း ပြောခဲ့ပါတယ်။

“ယောကျာ်းတွေက ရရာအလုပ်ကို ထွက်လုပ်နေကြရတာ။ ညနေစောင်းလာလို့ရှိရင် မိုးချုပ်ရင်ကို သတိဝီရိယနဲ့ အိပ်နေရတယ် ကျမတို့ ဘ၀မှာ။ သူများက လာပြီး မီးဒုတ်နဲ့ပစ်လည်း ကျမတို့ပဲ ခံရမှာပဲ။”

တချို့သူတွေကတော့ ၂၀၀၈ ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေ လို့ ဆိုပါတယ်။ Reuters က မြင်ခဲ့ရတဲ့ မိတ္တူ အမိန့်စာတစောင်မှာတော့ - မင်္ဂလာဒုံကျူးကျော်ဖယ်ရှားရေးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ဆောင်ခဲ့ တာဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ကို အစီရင်ခံတင်ပြခဲ့တယ်လို့ ပါရှိပါတယ်။

ကျူးကျော်သူတွေ ဖယ်ရှားခံခဲ့ရတဲ့ မြေကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး၊ ရန်ကုန်ကို ပြောင်းလာတဲ့သူ တော်တော်များများကတော့ - သူတို့ နေနေတဲ့ မြေကို စစ်တပ်က ပိုင်တယ်ဆိုတာ မသိထားကြပါဘူး။ နေစရာ မရှိတဲ့အတွက် ဘာမှမရှိတဲ့ မြေအလွတ်ပေါ်မှာ အိမ်ဆောက်ပြီး နေထိုင်လာကြ တာ ဖြစ်ပါတယ်။

အခုလို မြေယာအငြင်းပွားမှု ပြဿနာတွေဟာ စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတခုပါ။ မကြာသေးခင်က နှစ်တွေကစလို့ စစ်တပ်ရော၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတော်တော်များများက မြေတွေကို သိမ်းယူ လာနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင် (ICJ) ရဲ့ နိုင်ငံတကာ ဥပဒေအကြံပေး Daniel Aguirre ကတော့ - မြန်မာနိုင်ငံမှာ အခုလို အတင်းအဓမ္မ ဖယ်ရှားခံရသူ တော်တော်များများဟာ - အကူအညီ မရရှိကြဘူးလို့ အခုလို ပြောခဲ့ပါတယ်။

“ဒီလူတွေမှာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ အမြဲတမ်း နေစရာတို့ မရှိကြပါဘူး။ အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်မရကြသလို၊ လုံခြုံရေးကို ခြိမ်းခြောက်ခံရတဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းဖို့ လိုနေပြီလို့လည်း သူက အခုလို ဆက်ပြောခဲ့ပါတယ်။

“နောက်ဆုံးတနေ့မှာတော့ ဆွေစဉ်မျိုးဆက် နေလာကြတဲ့ မြေတွေကို ပိုင်ဆိုင်ခွင့်ပေးနိုင်မယ့် ဥပဒေသစ်တွေ ပြဌာန်းရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီလူတွေ ဖယ်ရှားခံရပြီး၊ လမ်းဘေးရောက်၊ ပန်းခြံရောက် တခြား လွတ်တဲ့နေရာတွေကို ရောက် ကုန်ပြီး၊ အဲဒီမှာလည်း တခါထပ်ပြီး မောင်းထုတ် ခံရဦးမှာပါ။ မြေပိုင်ဆိုင်ခွင့် အထောက်အထား မရှိကြတဲ့လူတွေ တနေရာက တနေရာ မောင်းထုတ်ခံရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပုံစံမျိုးတွေကို နိုင်ငံတကာမှာလည်း ရှိနေပါတယ်။”

အခုလို နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ မင်္ဂလာဒုံမြို့နယ်က အိမ်ခြေမဲ့သူတွေ ကို လျော်ကြေးပေးပြီး၊ အိမ်ပြန်ဆောက်ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆို ထားပေမဲ့လည်း - နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာ သီတင်း ၂ ပတ်လောက် ကြာလာတဲ့အထိ - သူတို့အနေနဲ့ ဘာအကူအညီမှ မရသေးဘူးလို့ - Reuters ကို ပြောဆိုခဲ့ကြပါတယ်။

အဲဒီအစား - ရဟန်းသံဃာတွေနဲ့ စေတနာရှင်တွေကနေ - ဒီလူတွေကို ငွေကြေးနဲ့ အစားအသောက်တွေ ပေးကမ်းတာကို မြင်တွေ့ရပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် - မကြာခင် တက်လာတော့မယ့် NLD အစိုးရသစ်အနေနဲ့ ဒီလို အငြင်းပွားမှုပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ လက်ဖက်စိုက်ခင်းကအစ - စီးကရက်ထုတ်လုပ်တာ၊ ဘီယာထုတ်လုပ်တာ၊ ကျောက်စိမ်းတူးဖော်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ အဆုံး စီးပွားရေးလုပ်ငန်း တော်တော်များများမှာ ဦးပိုင်ကုမ္ပဏီက ပါဝင်ပတ်သက်နေတာပါ။ ဦးပိုင်ကုမ္ပဏီက ထူထောင်ထားတဲ့ မြနန္ဒာရေသန့် စက်ရုံရဲ့ မန်နေဂျာ ဗိုလ်မှူးဝင်းမြင့်ကတော့ - ဒီမြေကို ဦးပိုင်က ပိုင်ဆိုင်ပေမဲ့ ဘာလုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ သူ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီကို အင်တာဗျူးမေးခွင့် တောင်းခံခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ပါဘူး။

NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကနေ ကျမ်းသစ္စာကျိန်ဆိုဖို့ရာ တပတ်တောင် မလိုတော့တဲ့ - ဇန်န၀ါရီလ ၂၆ ရက်နေ့မှာပဲ အာဏာပိုင်တွေက မင်္ဂလာဒုံမြို့နယ်တွင်းမှာ တရားမ၀င် ကျုးကျော်နေထိုင်သူတွေ ဆိုပြီးတော့ နေအိမ်တွေ ကို အဓမ္မ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မတ်လကုန် သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းပြည့်တဲ့အချိန်မှာတော့ - အစိုးရသစ် တက်လာမယ့် NLD ပါတီအနေနဲ့ ဆက်လက် ကိုင်တွယ်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေးအတွက် တပ်မတော်နှင့် စေ့စပ်ညှိနှိုင်းလျက်ရှိသည်။ ယင်းစေ့စပ်ညှိနှိုင်းမှုတွင် သူမ သမ္မတဖြစ်ရေးကိစ္စလည်း ပါဝင်ဖွယ်ရှိကြောင်း ပါတီထိပ်တန်းအရာရှိနှစ်ဦးက ပြောကြားသည်။ ၎င်းအရာရှိများက NLD သည် တပ်မတော်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးခွင့်ပြုမည့် သဘော တူညီချက်တရပ်၏ အစိတ်အပိုင်းအဖြစ် စစ်ဘက်အား အစိုးရအဖွဲ့ထိပ်တန်းရာထူးများ ကမ်းလှမ်းခဲ့ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား ဆက်ဆံရေးများသည် သူမအစိုးရအောင်မြင်ရေးအတွက် အလွန်တရာအရေးကြီးသည်ဟု ရှုမြင်ကြသည်။ ဖွဲ့စည်းပုံဥပဒေအပေါ် ထိန်းချုပ်မှုများအပြင် တပ်မတော်သည် လွှတ်တော်၏ နေရာလေးပုံတပုံနှင့် အဓိကကျသော ၀န်ကြီးဌာနများကို ရယူထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမသည် သမ္မတဖြစ်ချင်ကြောင်း နှစ်ရှည်လများ ပြောကြားခဲ့သည်။ သူမ သမ္မတဖြစ်ရေးအတွက် ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ အတွင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီသည် ရုပ်ပြသမ္မတတဦး ရွေးချယ်မည်ဖြစ်ပြီး သူမအနေဖြင့် သမ္မတ၏အထက်၌ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ သူမ၏ ပါတီဝင်များက သူမသမ္မတဖြစ်လာနိုင်သည်ဟု ယူဆကြောင်း ပြောကြားလာကြသည်။ စေ့စပ်ညှိနှိုင်းမှုများကို 'ကြားလူ'များမှ ပြုလုပ်နေကြောင်း အစိုးရအသွင်ကူးပြောင်းရေးအဖွဲ့အဖွဲ့ဝင်တဦးဖြစ်သူ သမ္မတရုံးညွှန်ကြားရေမှူး ဦးဇော်ဌေးက ပြောကြားသည်။

ကြားဝင်စေ့စပ်ညှိနှိုင်းသူများတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းပါဝင်သည်ဟု ယုံကြည်ရ သည်။ စစ်အစိုးရလက်ထက်တွင် ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ သူရဦးရွှေမန်းသည် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်တဦးဖြစ်လာခဲ့သည်။

The New York Times သတင်းစာကြီးကလည်း NLD ပါတီနှင့် တပ်မတော်တို့သည် အပေးအယူလုပ်ရန် နေပြည်တော် ပါလီမန်အဆောက်အအုံနှင့်ကပ်လျက် တပ်မတော်ဌာနချုပ်၌ စေ့စပ်ညှိနှိုင်းနေသည်ဟု ပါတီ ၀ါရင့်အဖွဲ့ဝင်နှစ်ဦး၏ ပြောကြားချက်အား ကိုးကားလျက်ဖော်ပြသည်။ သို့သော် သတင်းစာက ၎င်းပါတီဝင် နှစ်ဦး၏ အမည်နာမများကို ဖော်ပြမှုမရှိသလို စေ့စပ်ညှိနှိုင်းမှုများ၏ အသေးစိတ်အချက်အလက်ကိုလည်း ရေး သားဖော်ပြခြင်းမရှိပေ။ NLD ပါတီ ၀ါရင့် အဖွဲ့ဝင်တဦးက ပါတီသည် ရန်ကုန်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ် ကဲ့သို့သော အရေးကြီးနေရာသုံးခု၏ ၀န်ကြီးချုပ်ရာထူးများကိုပေးရန် စစ်တပ်အား ကမ်းလှမ်းရေး စဉ်းစားနေကြောင်း ပြောကြားသည်။

NLD ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်သည်ဟု အကောင်းဘက်မှ ရှုမြင်နေကြသည်။ NLD ပါတီ နာယကဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန်သေချာကြောင်း လွန်ခဲ့သော အပတ်တွင် ပြောကြားသည်။
သို့သော် တပ်မတော်အာဘော် 'မြ၀တီ' သတင်းစာက ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းသည် အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်ကြောင်း လွှတ်တော်သစ်စတင် ကျင်းပသည့်နေ့တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်တောက်ထွန်းက ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကိစ္စလုံးဝမဖြစ်နိုင်ဟု မပြောပေ။ တချိန်တည်းတွင် ၎င်းက ''ကျွန်ုပ်တို့အနေနဲ့ ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လုပ်ဆောင်သွားမည်''ဟု ပြောသည်။ NLD ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် မတ်လကုန်အထိ ဆက်လက်ညှိနှိုင်းသွားရန် အချိန်ရမည်ဖြစ်သည်။
ဝါရှင်တန်အခြေစိုက် အာရှအရေးအလေးထားသည့် ပညာရှင်အဖွဲ့ 2049 Institute မှ Kelly Currie က 'စည်း မကျော်နိုင်တဲ့ ဖြေရှင်းနည်းတရပ်ရရှိရေး သူတို့ကြိုးစားနေတယ်။ ချောချောမောမောဖြစ်သွားရင် အကောင်း ဆုံးပါပဲ''ဟု ပြောကြားသည်။

Ref; (The New York Times, Bangkok Post)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


နိုင်ငံရေးလောကတွင် တကမ္ဘာလုံးက ပြောစမှတ်ပြုကြသည့်စကားတခွန်းရှိသည်။ ထိုစကားမှာ Politics is a dirty game ဟူ၍ဖြစ်သည်။ နိုင်ငံရေးသည် ညစ်ပတ်သည့်ကစားပွဲဖြစ်သည်ဟူ၍ ဖြစ်သည်။ နိုင်ငံရေး ဆိုသည်မှာ စစ်တုရင်ကစားသလို လေအေးပေးစက်တပ်ထားသော အခန်းထဲမှာ သက်သောင့်သက်သာ အမြဲတမ်းကစားရတာမဟုတ်။ ဘောလုံးပွဲလို အချိန်အကန့်အသတ် စည်းမျဉ်းအတိအကျ၊ ဒိုင်လူကြီးနှင့်ကစားရ တာမဟုတ်။ လက်ဝှေ့ပွဲလို ခါးအောက်ပိုင်းမထိုးကြေးဟု သဘောတူထားသည်မဟုတ်။ အာဏာရဖို့၊ မိမိအဖွဲ့အသာစီးရဖို့၊ မိမိနိုင်ငံအကျိုးရှိဖို့၊ မိမိပြည်နယ်ကောင်းဖို့၊ မိမိလူမျိုးအကျိုးရှိဖို့ နည်းမျိုးစုံဖြင့် ကြိုးပမ်းလေ့ ရှိကြသောကြောင့် ဖြစ်သည်။ ထိုအထဲတွင် ကောင်းတာရော ဆိုးတာရော၊ တရားတာရော မတရားတာရော ပါဝင်လာနိုင်သဖြင့် နိုင်ငံရေးသည် ညစ်ပတ်သည့်ကစားပွဲဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ စင်စစ် နိုင်ငံရေးကိုယ် ၌က ညစ်ထေးယုတ်မာသည်မဟုတ်၊ လုပ်ကြကိုင်ကြသည့် နည်းလမ်းများနှင့် လူသားများက ယုတ်မာညစ်ထေးကြခြင်းဖြစ်သည်။

ယခုလည်းလာပြန်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို အတားအဆီးဖြစ်နေသည့် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၅၉(စ)ကို လွှတ်တော်တွင် ဆိုင်းငံ့မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအပေးအယူ ကစားကွက်များစွာ ပေါ်ထွက်နေကြောင်း သတင်းကြားရပါသည်။ အများ သိကြသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးသော ပြဋ္ဌာန်းချက်တရပ်ကို ပြင်ဆင်လိုလျှင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် အဆုံးအဖြတ်ပေးနိုင်သော အင်အားစုအဖြစ် လွှတ်တော်ထဲတွင် ၀င်ထိုင်နေပါသည်။ ပြင်ချင်သမျှ၊ ဖျက်ချင်သမျှ တပ်မတော်သဘောမတူပါက ဘာမှလုပ်၍မရပါ။ သို့သော် ပုဒ်မတခုကို ဆိုင်းငံခြင်းကိစ္စတွင်တော့ တပ်မတော်သည် ၀င်၍ကဖျက်ကယက်မလုပ်နိုင်ပါ။ ပြည်ထောင်စုလွှတ်တော် တွင်များရာဆန္ဒမဲဖြင့် ဆုံးဖြတ်၍ရပါသည်။ ဆန္ဒခံယူပွဲလည်း လုပ်စရာမလိုပါ။ ထို့ကြောင့် NLD အမတ်များလွှမ်းမိုးထားသော ပြည်ထောင်စုလွှတ်တော်ကြီးအနေဖြင့် ပုဒ်မ ၅၉(စ) ဆိုင်းငံ့ခြင်းကို လွယ်လွယ်ကူကူ လုပ်လို့ရသည်ဟု သာမန်အားဖြင့် ထင်စရာဖြစ်သည်။ စာတွေ့အရပြောရလျှင်လည်း NLD သည် ထိုသို့လုပ်၍ရပါသည်။ သို့သော် နောက်ဆက်တွဲပြဿနာပေါင်းသောင်းခြောက်ထောင်ရှိသည်။ ထိုကိစ္စသည် ငှက်ပျောသီး အခွံနွှာစားရတာလောက် မလွယ်ကူပါ။ တပ်မတော်က သဘောမတူလျှင် ပြဿနာရှည်လာနိုင်သည်။ တပ်မတော်နှင့် ညှိနှိုင်းတိုင်ပင်သဘောတူ ခြင်းမရှိဘဲ ဇွတ်အဆိုတင်ဆုံးဖြတ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တခုကို ဆိုင်းငံ့နိုင်သောအာဏာ ပြည်ထောင်စုလွှတ်တော်မှာရှိမရှိ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးပါရန်ဟူသော အဆိုပြုချက် တပ်မတော်ဘက်မှ တက်လာနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ တခုခုကို ဆိုင်းငံ့ပိုင်ခွင့်ရှိမရှိဆိုသောဥပဒေကြောင့် အငြင်းပွားမှုဖြစ်လာ မည်။ ထိုအခါ လောလောဆယ်အာဏာရှိနေသေးသော ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ အမှုကရောက်သွားမည်။ သမ္မတမတင်မြှောက်နိုင်၊ အစိုးရအသစ်မဖွဲ့နိုင်သေးဘဲ အချိန်တွေကုန်ကာ ဇာတ်မျောနေမည်။ ငြင်းကြခုံကြ ဆွေးနွေးကြတာတွေ အချိန်အကြာကြီး ဖြစ်မည်။ နောက်ဆုံးတွင် လူဟောင်းများဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတခုကို ဆိုင်းငံ့ခြင်းမပြုနိုင် ကြောင်း ဥပဒေစကားလုံးများ၊ အကိုးအကားအထောက်အထားများဖြင့် ဆုံးဖြတ်မည်။ ထိုအခါ ဈေးဦးလန်သလို NLD အများစုပါဝင်သော လွှတ်တော်တွင် NLD ကတင်သောအဆိုတခု စတင်ရှုံးနိမ့်မည်။ နိုင်ငံရေးအညွန့်ကျိုးသွားမည်။ ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ချင်ပုံမရပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရေးကို တဖက်က ကြိုးစားရင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သဘောတူ လက်ခံလာစေရေးကို တဖက်က ကြိုးစားနေခြင်းဖြစ်နိုင်ပါသည်။ တပ်မ တော်ကသာ ဆိုင်းငံ့ရေးအဆိုကို လက်ခံသဘောတူသည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆီသို့လည်း ရောက်စရာမရှိ၊ ပြည်သူ့ဆန္ဒခံယူပွဲလည်း လုပ်စရာမလို၊ နေပြည်တော်လွှတ်တော်ထဲမှာပင် ဆုံးဖြတ်ချက်ချလျက် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်ပါသည်။

ထိုအတွက် ပေးဆပ်ရသည်များလည်း ရှိလာပေမည်။ တပ်မတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ် စသော တိုင်းဒေသကြီးတခု၊ ပြည်နယ်သုံးခုတို့၏ ၀န်ကြီးချုပ်နေရာကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်အပ်ပေးရန် လိုချင်နေသည်ဟု သတင်းများထွက်ပေါ်နေပေသည်။ ထိုသတင်းကို တပ်ဘက်ကလည်း ငြင်းဆိုခြင်းမရှိသောကြောင့် အတည်ဟုပင် ယူဆမိ သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် တပ်မတော်သည် ထိုသို့တောင်းဆိုခွင့်မရှိပါ ။ ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးခုနစ်ခု၏ ၀န်ကြီးချုပ်ဆယ့်လေးဦးရာထူးများ ဘယ်သူ့ကိုပေးမလဲဆိုတာ သမ္မတကသာ ရာထူးခန့်ထားရေးကို ဆုံးဖြတ်ရမည့်သူဖြစ်သည်။ ထိုဝန်ကြီးချုပ် သည် ပြည်နယ်နှင့်တိုင်းလွှတ်တော်များတွင် ရွေးကောက်ခံရသော အရပ်သားလွှတ်တော်အမတ်များသာ ဖြစ်သင့်သည်မှာ ငြင်းမရသောအချက် ဖြစ်သည်။ ပြည်သူလူထုသည် စစ်သားများ အုပ်ချုပ်ရေးအကြီးအကဲ မဖြစ်စေလိုတော့သောကြောင့်သာ NLD ကို မဲပေးခဲ့ခြင်းဖြစ်သည်။ ယခု သော် NLD သည် တပ်မတော်ထံမှ လိုချင်တာတခုရှိနေသောကြောင့် တပ်ကလည်း အညှာကိုကိုင်ကာ သူလိုချင်တာကို ပြန်တောင်းခြင်းဖြစ်သည်။ သူတို့တောင်းဆိုထားသောဒေသများသည် မြန်မာနိုင်ငံတွင် အရေးအပါဆုံး ဒေသများဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ စက်မှုဇုန်မြေကွက်များ၊ အထပ်မြင့်အဆောက်အအုံများ၊ သီလ၀ါအထူးစီးပွားရေးဇုန်၊ စီးပွားရေးပါမစ်များ၊ ကန်ထရိုက်စာချုပ်များ၊ အိမ်ရာစီမံကိန်းများစသော အရေးပါသော စီးပွားရေးစားကွက်များနှင့်ပြည့်နှက်နေသည့် ရန်ကုန်မြို့၏အုပ်ချုပ်ရေးသာ အရပ်သား NLD ၀န်ကြီးချုပ်လက်ထဲသို့ရောက်သွားလျှင် ယခင်က မိမိတို့အချင်းချင်း လက်ဝါးရိုက်၍ ခွင်ချထားခဲ့သောစားကွက်များသည် ကစားလက်စ၊ စစ်တုရင်ခုံကို ဆွဲလှန်မှောက်ခံလိုက်ရသကဲ့သို့ အကျိုးစီးပွားပျက်စီးတော့မည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရာထူးကို တပ်မတော်သားတယောက်လက်ထဲသို့ ဆက်လက်တာဝန်ယူလိုခြင်းမှာ နိုင်ငံကောင်းစားရေးနှင့်မဆိုင်သော ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒသာဖြစ်သည်။ ကချင်ပြည်နယ်မှာတော့ အားလုံးသိကြသည့်အတိုင်း ကျောက်စိမ်းပြဿနာတက်နေသည်။ လောဘဇောတိုက်ကာ တူးကြဖော်ကြ လူတွေသေကြ၊ စည်းမရှိကမ်းမရှိခွင့်ပြုထားကြ၊ အခွန်ရှောင်ကြ၊ လက်သိပ်ထိုးပါမစ်ချပေးကြ၊ နိုင်ငံခြားသားတရုတ်များ နောက်ကွယ်မှ လွှမ်းမိုးကြိုးကိုင်ကြသည့် ပြဿနာများစွာရှိနေသည်။ အရပ်သားဝန်ကြီးချုပ်လက်အောက်သို့ ရောက်သွားလျှင် ယခင်က မသမာမှုများ ဘူးပေါ်သလို ပေါလောပေါ်လာဖို့ရှိသည်။ ဖုန်းမရဖိမရနိုင် သောကိစ္စများ ရှိသည်။ တဖက်တွင်လည်း KIA, KIO အဖွဲ့များနှင့် စစ်ရေးတင်းမာမှုရှိနေသည်ဖြစ်ရာ စစ်တိုက်ရာတွင် အရပ်သားဝန်ကြီးချုပ် ရှိနေလျှင် လူ့အခွင့်အရေးကိစ္စတွေ၊ ဂျီနီဗာကွန်ဗန်းရှင်းကိစ္စတွေ၊ ထင်ရာစိုင်း၍မရသောကိစ္စတွေ ရှိလာပေမည်။ ထို့ကြောင့် ကချင်ပြည်နယ်၏ ၀န်ကြီးချုပ်ရာထူးကိစ္စကို တပ်က ဆက်ယူထားချင်သည်။ ရှမ်းပြည်နယ်သည်လည်း ထိုနည်းနှင်နှင်ပင်။ တိုက်ပွဲတွေဖြစ်နေသည်။ မိုးမိတ်လို၊ မိုင်းရှူးလို ပတ္တမြားထွက်သောနေရာတွေ ရှိနေသည်။ နယ်စပ်ကုန်သွယ်ရေးတွေရှိနေသည်။ သဘာဝသယံဇာတတွေ ထွက်နေသည်။ သစ်လုပ်ကွက်တွေရှိနေသည်။ ရခိုင်ပြည်နယ်မှာတော့ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ ရှိနေသည်။ နှစ်စဉ်ဒေါ်လာဘီလျံနှင့်ချီသော စာချုပ်များရှိနေသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းလို တရုတ်နှင့်ဖက်စပ်စီမံကိန်းကြီးတွေရှိနေသည်။ အစိုးရတပ်မတော်ကို လက်နက်စွဲကိုင်ရင်ဆိုင် တိုက်ခိုက်နေသော AA လို ရခိုင့်တပ်မတော်ရှိနေသည်။ တိုက်ပွဲများ ကြိုးကြားကြိုးကြားရှိနေသည်။ ထို့ကြောင့် ဤဒေသ၏အာဏာအရှိဆုံးဝန်ကြီးချုပ်ရာထူးကို တပ်မတော်က ရလိုသည်။ ထို့ကြောင့် ထိုနေရာ လေးနေရာ ၀န်ကြီးချုပ်ရာထူးကိုပေးဖို့ တပ်မတော်က ဈေးခေါ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ၅၉(စ) ဆိုင်းငံပေးရေးကိုသဘောတူဖို့ ပြန်လည်ဈေးညှိသည်။ လောလောဆယ်တော့ ဈေးမတည့်သေး။ နှစ်ဖက်စလုံးက အရောင်းအ၀ယ်ဖြစ်ချင်ဇောနှင့်ညှိကြမှာ သေချာသည်။ နောက်ဆုံးတွင် ဈေးနည်းနည်းဆစ်ကြပြီး အပေးအယူဖြစ်ကြမှာ သေချာ၏။

ထိုမဟာဗျူဟာလေးနေရာ၏ ၀န်ကြီးချုပ်ရာထူးများကို ပေးလိုက်ရသောအခါ တိုင်းပြည်က ဘာပြန်ရမည်နည်း။ မြန်မာက လိုလားနေသော၊ ကမ္ဘာက လိုလားနေသော ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့် ငါးနှစ်ရလာနိုင်သည် (တပ်မတော်က အပေးအယူကိုသဘောတူလျှင်)။ လူထုခေါင်းဆောင်အရပ်သားပညာတတ်တဦး ၁၉၆၂ မှစကာ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သည်။ ထိုအခါ ကမ္ဘာတွင် ပေါက်ရောက် လေးစားလက်ခံသော သူမ၏ပုံရိပ်ကိုအသုံးချကာ မြန်မာနိုင်ငံကြီးကောင်း စားရေးအတွက် ဆောင်ရွက်နိုင်သည်များလည်း ရှိပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်။ နိုင်ငံတကာနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့နှင့်ချိတ်ဆက်ပြီး အောက်ခြေမြန်မာပြည်သူလူထု တိုးတက်ကြီးပွားရေး စီမံကိန်းများကို ချမှတ်ဆောင်ရွက်လာနိုင်မည်။ ယိုင်နဲ့နေသော တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် ကြိုးစားလာနိုင်သည်။ ပွင့်လင်းမြင်သာမှု ယခင်က ထက်ပိုရှိလာနိုင်သည်။ မြန်မာ၏သြဇာအရှိန်အဟုန်သည် အာဆီယံနိုင်ငံများအတွင်း ကြီးမားလာနိုင်သည်။ နိုင်ငံတကာဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်သည်။ ပြည်ပရောက်မြန်မာများအရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မည်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှစကာ ပညာရေးနှင့် ကျန်းမာရေးဘတ်ဂျက်များ တိုးမြှင့်သုံးစွဲလာနိုင်သည်။ (၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကတော့ ကြံ့ခိုင်ရေးလွှမ်းမိုးသော လွှတ်တော်စိတ်တိုင်း ကျရေးဆွဲအတည်ပြုသွားလေပြီ)။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လျှင် ကောင်းကွက်တော်တော်များများ ရှိပါသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် (လွန်ခဲ့သော ၆၉ နှစ်ခန့်က)က ချင်း၊ ကချင်၊ ရှမ်း စသည့်တောင်ပေါ်သား တိုင်းရင်းသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးကာ ဗြိတိသျှတို့နှင့် လက်မတွဲပဲ၊ ဗမာပြည်မအစိုးရနှင့်လက်တွဲ၍ လွတ်လပ်ရေး အတူတကွရယူမည်ဟု သဘောထားပေးကာ သမိုင်းတွင်သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ဖူးသည်။ ထိုနေ့သည် ပြည်ထောင်စုနေ့ဟု အမည် တွင်ပေ၏။ ပြောရလျှင် တိုင်းရင်းသားတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ယုံသဖြင့်၊ ဗမာများကိုယုံသဖြင့် သူတို့ကံကြမ္မာကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာများလက်သို့ အပ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည်လည်း အလွန်ရဲရင့်ဖြောင့်မတ်သော ခေါင်းဆောင်ကောင်းတယောက်ဖြစ်သည်နှင့်အညီ ဗမာရယ်၊ တိုင်းရင်းသားရယ်၊ စစ်တပ်ရယ်မခွဲဘဲ အားလုံးအကျိုးရှိအောင်ဆာင်ရွက်လိမ့်မည်မှာ သံသယ မရှိအောင် သေချာလှ၏။ သို့သော် ပင်လုံစာချုပ်လက်မှတ်ထိုးပြီး ငါးလနှင့်ခုနစ်ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ခဲ့၏။ ဗိုလ်ချုပ်နေ၀င်းနှင့် နောက်လူတို့သည် ဗိုလ်ချုပ်အောင်ဆန်းလက်နှင့်ရေးခဲ့သော ပင်လုံစာချုပ်၏ အနှစ်သာရများကို ခြေနှင့်နင်းခြေဖျက်ဆီးခဲ့၏။ ဗမာလည်း မကောင်းစား၊ ရှမ်းလည်းမကောင်းစား၊ ကချင်လည်းမကောင်းစား၊ ချင်းလည်းမကောင်းစားသော စစ်အာဏာရှင်ဝါဒကို ထူထောင်ခဲ့၏။ ယနေ့အထိ ထိုဝါဒသည် အမြစ်တွယ်နေဆဲဖြစ်သည်။ တိုင်းရင်းသားတို့သည် ဗမာလူမျိုးများကို အမြင်မကြည်မလင်ရှိကြ၏။ လူမျိုးကြီးဝါဒကိုကျင့်သုံးနေသည်ဟု ထင်မြင်ကြ၏။ သို့သော် စစ်အာဏာရှင်စနစ်အောက်တွင် ဗမာလူမျိုးလည်း ရှေ့တန်းမှ ခါးစည်းဒုက္ခခံနေကြရသည်ဆိုတာသိသော တိုင်းရင်းသားများကား နည်းပါးလှသည်။ နိုင်ငံရေးအကျဉ်းသားများကို လူမျိုးစုအလိုက် အချိုးချကြည့်လျှင် ဗမာလူမျိုးက များပါသည်။ အသက် စွန့်ခဲ့သူများတွင်လည်း ဗမာကမနည်းလှပါ။ အများစုဖြစ်သည်။ ထို့ကြောင့် စနစ်မကောင်းသောအခါ ဗမာသည် အခွင့်ထူးခံမဟုတ်ကြောင်း သိစေအပ်၏။ တိုင်းရင်းသားတို့ ယုံကြည်ချက်ကိုဖျက်သူမှာ ဗမာလူမျိုးမဟုတ်၊ စစ်အာဏာရှင်များသာဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံကြီးကောင်းစားဖို့ ရန်ကုန်တိုင်းအတွင်းမှ ဗမာအပါအ၀င် တိုင်းရင်းသားပေါင်းစုံ ကချင်၊ ချင်းနှင့် ရခိုင်တို့ အနစ်နာခံရမည့်သဘောမျိုး သမိုင်းတကျော့ပြန်ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေးအတွက် အထက်ပါဒေသများတွင် တပ်မတော်သားဝန်ကြီးချုပ်ဖြစ်ရေး လဲလှယ်ရမည်ကဲ့သို့ အခြေအနေရှိနေပါသည်။ တကယ်ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမည်။ ဟုတ်ခဲ့လျှင် အလျော် ရှိသလို၊ အစားရှိသည်။ ကောင်းကွက်ရှိသလို၊ ဆိုးကွက်လည်း ရှိလာပေလိမ့်မည်။ တကယ်တမ်းသာ တိုင်းပြည်ကောင်းဖို့အတွက် လဲရမည်ဆိုပါက ရဲရဲဝံ့ဝံ့လဲလှယ်ဖို့ ကျွန်တော်တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းတယောက် သမ္မတဖြစ်ဖို့ဆိုလျှင် တပ်မတော်သား ၀န်ကြီးချုပ်လက်အောက်တွင် မကြိုက်သော်လည်း နောက်ငါးနှစ် ကျွန်တော်တို့နေမည်။ တိုင်းပြည်ကိုသာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းအောင်လုပ်ပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တွင်တော့ တိုင်းရင်းသားတို့ ဘ၀နှင့်ရင်းကာ လောင်းကြေးထပ်ခဲ့သော ပင်လုံစာချုပ်သည် ငါးလနှင့် ခုနစ်ရက်အကြာမှာပဲေ၀၀ါးပျက်ပျယ်သွားခဲ့ရသည်။ ယခုအခါ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် သမိုင်းတပတ်ပြန်လည်လာပါပြီ။ လက်မှတ်ထိုးပြီး ငါးလအကြာတွင် မမျှော်လင့်ဘဲ ခရီးရှည်ထွက်ခွာသွားခဲ့ရသည့်ဖခင်ဖြစ်သူ လက်စမသတ် နိုင်သေးသောလုပ်ငန်းတာဝန်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နိုင်ပါစေဟု ဆန္ဒပြုပါသည်။ မည်သို့သောအပေးအယူလုပ်သည်ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး ၏မျက်နှာကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကြည့်လိမ့်မည်ဟုယုံကြည်ပါသည်။ အနာဂတ်မြန်မာနိုင်ငံတွင်
စစ်အာဏာရှင်စနစ်ကျဆုံးပါစေ။
ဒီမိုကရေစီအောင်မြင်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ပါစေ။

နိုင်ငံရေးသည် ညစ်ပတ်သောကစားပွဲဖြစ်သဖြင့် ညစ်ပတ်သောအပေးအယူများကို သဘောပေါက်နားလည်၍ တိုင်းပြည်အတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ပါစေသတည်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပုံအား ကွန်ပျူတာဖြင့် မဖွယ်မရာပြုလုပ်၍ Facebook ပေါ်တွင် ဖြန့်ဝေသော Kyat Pha Gyi Account ပိုင်ရှင်ဆိုသူအား သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်း ရရှိသည်။

အဆိုပါ Kyat Pha Gyi Account ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များကို တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ပြီး ရဲစခန်းသို့ လာရောက် တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ မရမ်းကုန်းမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးထံမှ သိရသည်။

“ဒီအမှုကို တိုင်းစစ်ဌာနချုပ်ရုံးက တာဝန်ရှိသူတစ်ဦးက လာရောက် တိုင်တန်း အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ တိုင်တန်းခံရတဲ့ Kyat Pha Gyi Account ပိုင်ရှင်ကိုလည်း တိုင်းစစ်ဌာနချုပ်က စုံစမ်း ဖော်ထုတ်ပေးခြင်းဖြစ်ပါ တယ်”ဟု မရမ်းကုန်းမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ Kyat Pha Gyi Account ပိုင်ရှင်အား တိုင်တန်းမှုတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးခေါင်းတွင် ထဘီဖြင့်ပတ်ထားသည့်ပုံ၊ သမ္မတဦးသိန်းစိန်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖိနပ်စီးပေးနေသည့် ပုံ အပါအ၀င် အခြားပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့်ပုံများ Facebook ပေါ်တွင်တင်ခြင်း၊ စော်ကားရေးသားသည့် အရေးအသားများ ရေးသားခြင်းများဖြင့် တိုင်တန်း အမှုဖွင့်ခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ တိုင်တန်းအမှုဖွင့်ခံရသည့် Kyat Pha Gyi Account ပိုင်ရှင်ဖြစ်သည်ဟုဆိုသူမှာ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သည့် ဦးလှဖုန်း (၃၈) နှစ်ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းကို တိုင်းစစ်ဌာနချုပ်မှ တိုင်တန်း အမှုလာဖွင့်သည့်နေ့ ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့မှ ၎င်း၏နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးလှဖုန်းရဲ့ နိုင်ငံကူးလက်မှတ်အရ နိုင်ငံခြားသင်္ဘောသား ဖြစ်တယ်လို့သိရတယ်။ နိုင်ငံခြားကိုလည်း အကြိမ်ကြိမ်သွားဖူးတယ်လို့ နိုင်ငံကူးလက်မှတ်အရ သိရတယ်။ သူ့ဆီမှာ တွေ့ရှိတဲ့ကွန်ပျူတာကိုတော့ ကျွန်တော်တို့သိမ်းဆည်းထားပါပြီ။ အဲဒါကို ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ စစ်ဆေးနေဆဲ ကာလဖြစ်တဲ့အတွက် အဲဒီလို Facebook Post တွေကို သူတင်၊ မတင်ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး”ဟု ဒုရဲမှူးဇော်ထွန်းက ဆက်လက် ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှဖုန်းကို မရမ်းကုန်းမြို့မ ရဲစခန်းက (ပ) ၁၅၁ /၂၀၁၆ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ကာ ရမန်ယူ ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးထားချိန်တွင် Kyat Pha Gyi Facebook အမည်ဖြင့် Post တင်ခြင်းများ ပြုလုပ်၍ အသုံးပြုမှုများ ဆက်ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နည်းတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကို Facebook ပေါ်တွင် မဖွယ်မရာတင်မှုဖြင့် မရမ်းကုန်းမြို့နယ်မှ ဦးဇော်မျိုးညွန့်ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အပြင် ပုဒ်မ ၅၀၅(ခ)ဖြင့် မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ကာ တရားရုံးက ပုဒ်မနှစ်ခုအတွက် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။

အလားတူ အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်ဖြင့် ခိုင်းနှိုင်းရေးသားမှုဖြင့် ချစ်သမီး(ခေါ်) ချောစန္ဒီထွန်းကိုလည်း မအူပင်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည့်အပြင် လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီကိုလည်း ယင်းကဲ့သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံကို မဖွယ်မရာပြုလုပ်၍ Facebook ပေါ်တင်မှုဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅(ခ) စသည့်ပုဒ်မများဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

ယခုနောက်ပိုင်းတွင် Facebook မှ တစ်ဆင့် ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်မှုများနှင့် ပတ်သက်၍ အမှုဖွင့် တိုင်တန်းမှုများ ပြားလာကြောင်းသိရပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအထိ ရန်ကုန်တိုင်းအတွင်း ဆက်သွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားမှု ၃၅ မှုရှိကြောင်း သိရသည်။

သို့သော် ယင်းအမှုများနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူမှု တရားရုံးတွင် အမှုမည်မျှ စစ်ဆေးနေသည် ဆိုသည်များနှင့်ပတ်သက်၍ တိတိကျကျ မသိရှိရသေးပေ။

ဆက်သွယ်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် တိုင်တန်းမှုများရှိသော်လည်း တပ်မတော်မှ တိုင်တန်းသော အမှုများနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်း၊ တရားစွဲဆို အပြစ်ပေးခြင်းများကိုသာ တွေ့ရှိရပြီး ကျန်အများပြည်သူများ တိုင်တန်းသည့် အမှုများအား ကိုင်တွယ်ဆောင်ရွက်ခြင်းအပေါ် ဝေဖန်မှုအချို့ရှိနေသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က Ye Lwin Myint ဟူသည့် Facebook တွင် “ဖွ မဆိုစကောင်း ၅၉(စ) ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS 50 တစ်လက်လောက်ရယ်၊ လေ့ကျင့်ချိန် ၁ လ လောက်ရယ်ပဲပေးပါ။ သေအောင်သတ်ပေးပါမယ် (အတည်ပြောတာပါ)” ဟု အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည့်ဆိုသည့် သဘောရေးသားခဲ့မှုများအပေါ် ဥပဒေအတိုင်း အရေးယူပေးရန် ဝေဖန်တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူက ညွှန်ကြားချက်နှင့် တိုင်ကြားသူ မရှိသောကြောင့် ဥပဒေအရ မဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် Ye Lwin Myint အမည်ရှိ Facebook Account ပိုင်ရှင်က ၎င်းရေးသားခဲ့သော Post နှင့်ပတ်သက်၍ NLD ရုံးချုပ်တွင် လာရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။

အင်တာနက်အသုံးပြုမှု တွင်ကျယ်လာပြီး နောက်ပိုင်းတွင် အာဏာရှင်ဝါဒ ဖြန့်ချိရေးယန္တရား အားကောင်းခဲ့သလို Myanmar Express ၊ ပြည်သူ့အာဏာ စသည်တို့မှာ လူသိများသည့် Account များဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် NLD ၀န်းရံသူများဟုဆိုကာ အာဏာရှင်ဆိတ်ဖွားဟု အမည်ပေးခံရသည့် သူများကဲ့သို့ပင် ပြုမူသူအချို့ ပေါ်ပေါက်ခဲ့ သည်။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အပုပ်ချခြင်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အမှောင်ထဲမှ ခဲပစ်သကဲ့သို့ လုပ်ဆောင်များအပေါ် ထောက်ပြမှုများ ရှိခဲ့သည်။

Yae Tay Za၊ San Maung၊ Zaw Myint Aye(Payit)၊ Yan Aung စသည် Account တို့မှာလည်း ၎င်းတို့ Facebook များပေါ်မှ ရေးသားမှုများနှင့် ပတ်သက်၍ လူသိများသော Account များ ဖြစ်သည်။

Eleven Media Group၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ပုတ်ခတ်ရေးသားမှုများနှင့် ပတ်သက်၍ Myat Maw နှင့် Swe Yu Account တို့မှ ရေးသားမှုများအတွက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင် Eleven Media Grop ၏ တာဝန်ရှိသူတစ်ဦးက တာမွေမြို့မ ရဲစခန်းသို့ အရေးယူပေးရန် တိုင်တန်းခဲ့သည်။

တိုင်တန်းမှုမှ Myat Maw Account နှင့် Swe Yu Account အသုံးပြုသူနှစ်ဦးကို တာမွေမြို့မ ရဲစခန်းက (ပ)၇၉/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇန်န၀ါရီ ၂၇ ရက် ညနေပိုင်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရပြီး လက်ရှိအထိ တိုင်တန်းထားသူများကို ရဲတပ်ဖွဲ့မှ စုံစမ်းဆဲ အဆင့်သာရှိသေးကြောင်းလည်း သိရသည်။

မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရနိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၆ (ဃ) တွင် ပြဋ္ဌာန်းထားသည်။


Writer:
မင်းသိန်းနိုင်၊ အောင်မျိုးသန့်၊ ဝေလင်းအောင်

Eleven Media Group


တရုတ်က ထိန်းသိမ်းခဲ့သည်ဟု ယူဆရသည့် ပျောက်ဆုံး ဟောင်ကောင်စာအုပ် အရောင်းသမားသည် သူ၏ဆန္ဒမပါဘဲ ပြည်မကြီးသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု ဗြိတိန်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ဟောင်ကောင်တွင် ကတိပြုထားသော လွတ်လပ်ခွင့်များ တဖြည်းဖြည်း ဆုံးရှုံးလာမည်ကို စိုးရိမ်မှုရှိနေချိန်တွင် ယင်းစာအုပ်အရောင်းသမားများ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ ဗြိတိန်၏ အပြင်းထန်ဆုံး မှတ်ချက်တစ်ခုဖြစ်သည်။

တရုတ်မူဝါဒများကို ဝေဖန်သောစာအုပ်များ ထုတ်ဝေသည့် စာအုပ်တိုက် Mighty Caurent မှ ဗြိတိန်ပတ်စ်ပို့ ကိုင်ထားသူ လီပို ပျောက်ဆုံးသွားမှုသည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို မလွှဲပေးမီ တရုတ်နှင့် လက်မှတ်ထိုးခဲ့သော ဟောင်ကောင်ဆိုင်ရာ ဗြိတိန်-တရုတ် ပူးတွဲကြေညာချက် သဘောတူညီချက်ကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ဟမ်မွန်းက အစီရင်ခံစာသစ် ထုတ်ပြန်ခဲ့သည်။ ယင်းစာအုပ်တိုက်မှ လျူဖော်၊ ချန်းချီဖင်းနှင့် လမ်ဝင်းကီးတို့သည် ပြီးခဲ့သော အောက်တိုဘာက ပြည်မကြီး တရုတ်တောင်ပိုင်းတွင် ပျောက်ဆုံးခဲ့ပြီး ဆွီဒင်နိုင်ငံသား တစ်ဦးဖြစ်သူ ကွေမင်းဟိုင်သည် ထိုင်းသို့ အားလပ်ရက် ခရီးသွားရာမှ ပျောက်ဆုံးခဲ့သည်။ တရုတ်အာဏာပိုင်များက ယခုအခါ ၎င်းတို့ကို ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း အတည်ပြုခဲ့သည်။

အသက် ၆၅ နှစ်ရှိ လီက ရေးသားခဲ့သည်ဟု ယူဆရပြီး သူ၏ဇနီးထံ ပို့ခဲ့သော စာများတွင် လီက သူသည် ယခုအခါ ပြည်မကြီးသို့ ရောက်ရှိနေကြောင်း၊ အမည်မဖော်သော စုံစမ်းစစ်ဆေးမှုများကို ကူညီပေးရန် ဆန္ဒအလျောက် တရုတ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်ဟု ၎င်း၏ ဇနီးက အတည်ပြုခဲ့သည်။ သို့သော် တရုတ်အာဏာပိုင်များသည် ဟောင်ကောင်ဥပဒေကို ချိုးဖောက်၍ လီကို ဟောင်ကောင်မှ ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပြုအမတ်များနှင့် တက်ကြွ လှုပ်ရှားသူများက စွပ်စွဲခဲ့သည်။ တရုတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသ ဟောင်ကောင်၏ ဥပဒေအရ တရုတ်ရဲများသည် ဟောင်ကောင်ပိုင်နက်၌ ဖမ်းဆီးခွင့်မရှိပေ။ ယင်းအမှုနှင့် ပတ်သက်၍ အချက်အလက်များ အပြည့်အစုံ မသိရသေးကြောင်း၊ သို့သော် လတ်တလော အချက်အလက်များအရ မစ္စတာလီသည် ဟောင်ကောင်ဥပဒေ လုပ်ထုံးလုပ်နည်းများမပါဘဲ သူ၏ဆန္ဒကို ဆန့်ကျင်လျက် ပြည်မကြီးသို့ ပို့ခံခဲ့ရကြောင်း ဖော်ပြနေသည်ဟု ယူကေပါလီမန်သို့ ဟောင်ကောင်နှင့် ပတ်သက်၍ ခြောက်လတစ်ကြိမ် တင်သွင်းရသော အစီရင်ခံစာတွင် ဟမ်မွန်းက ပြောကြားခဲ့သည်။ ယင်းသည် ဟောင်ကောင်ပြည်သူများကို ဟောင်ကောင်ဥပဒေဖြင့် ကာကွယ်ပေးမည်ဟု အာမခံထားသော “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒကို အားလျော့စေကြောင်း ၎င်းက ဆိုသည်။

ဟောင်ကောင်သည် ယင်းပူးတွဲကြေညာချက်အရ ပြည်မကြီးတွင် မရရှိနိုင်သော လွတ်လပ်ခွင့်ကို အနှစ် ၅၀ ကြာ ခံစားခွင့်ရရှိမည်ဖြစ်သည်။ သို့သော် ဂျာနယ်လစ်များ တိုက်ခိုက်ခံရမှုများနှင့် ဟောင်ကောင်ပညာရေး အင်စတီကျုများကို တရုတ်၏သြဇာ လွှမ်းမိုးလာမှုများကြောင့် လွတ်လပ်ခွင့်များ တဖြည်းဖြည်း ပျောက်ဆုံးသွားမည်ကို စိုးရိမ်မှု မြင့်တက်နေသည်။
Writer:
Ref: AFP
Eleven Media Group

 dassk-sagaing-trip-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ဖေ့စ်ဘွတ် လူမူကွန်ရက်စာမျက်နှာကနေ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ရေးသားချက်တွေ ပေါ်ပေါက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ရဲအစောင့်အရှောက်တွေ ပေးထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းတစ်ရပ်မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို မူလက NLD ပါတီဝင် လူငယ်တွေနဲ့ အဖွဲ့ဝင်တွေက တာဝန်ယူထားတာဖြစ်ပြီး အခုရဲအစောင့်အရှောက်တွေ ထားရှိတယ်လို့ အမည်မဖော်လိုတဲ့ NLD အရာရှိတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။ ပန်ကြားချက်အရ လုံခြုံရေးချပေးတာဖြစ်ပြီး တရားဝင်ဆောင်ရွက်တာမျိုး မဟုတ်ဘူးလို့ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောဆိုကြောင်း AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-security-02122016100727.html


unfc-meeting-620.jpg
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: Aung Moe Myint/RFA

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် အရင်းခံပြဿနာဖြစ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဌာန်းရမှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ၆၉ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သ၀ဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖော်ဆောင်နိုင်မယ့် ပြဌာန်းချက်တွေ မပါဝင်ဘူးလို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

"၂ဝဝ၈ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် ပြည်ထောင်စု အလားသဏ္ဍန်တူတဲ့ အနေအထားမျိုးကို ဖော်ဆောင် ညွှန်းဆိုနိုင်တဲ့ ပုဒ်ထီး ပုဒ်မေ တွမရှိဘူးပေါ့နော်၊ တချို့ညွှန်းဆိုသလို ပုဒ်မတချို့ရှိပေမဲ့ တကယ်တန်း ထဲထဲဝင်ဝင် ဥပဒေကြောင်းအရ သုံးသပ်မယ်ဆိုရင် တကယ်ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးဗျ၊ ဒါကြောင့် ကျနော်တို့က ပြီးပြည့်စုံတဲ့ ပြည်ထောင်စုတစ်ခုကို ဖြစ်ပေါ်တည်ဆောက်ဖို့ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ရမယ်ဆိုတဲ့သဘောကို ဆိုလိုတာဖြစ်ပါတယ်"

ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းအားထုတ်ကြဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြောင့် ပေါ်ပေါက်နေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်မှသာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲမှာဖြစ်တယ်လို့ UNFC သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြည်ထောင်စုအနှစ်သာရ ပျောက် ကွယ်ပြီး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

RFA
http://www.rfa.org/burmese/news/unfc-federal-constitution-02122016093316.html