02/21/16


ဟုတ်ပါတယ်။ အဖြစ်ကဒီလိုပါ။ ကျွန်တော်ဒီနေ့ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က အပြန်မှာ စင်္ကာပူချန်ဂီလေဆိပ်ကနေတစ်ဆင့် ရန်ကုန်ကိုပြန်စီးရပါတယ်။ ပုံမှန်အားဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ KLIA 2 လေဆိပ်ကနေပြန်ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အကြောင်းအမျိုးမျိုးကြောင့် စင်္ကာပူကနေပြန်ဖို့ ဖြစ်လာပါတယ်။ ကောင်းပါတယ်။ အတွေ့အကြုံသစ်တစ်ခုအနေနဲ့ပေါ့။ နောက်ပြီး ကျွန်တော်စီးရမဲ့ လေယာဉ်ခရီးစဉ်နှစ်ခုက ၂၂ နာရီလောက်ကွာပါတယ်။ စင်္ကာပူ Immigration ပေါ်လစီအရ Transit Visa အနေနဲ့ လေဆိပ်မှာ ပေးခဲ့ရင် ကျွန်တော်အပြင်ထွက်ပြီး လျှောက်သွားလို့ ရပါတယ်။ မရရင်လည်း လေဆိပ်ထဲပဲပေါ့။ (ဘာလို့ မျှော်လင့်မိလဲဆိုရင် လွန်ခဲ့တဲ့ ၃ လက မလေးရှားလေဆိပ်ကနေ Transit Visa နဲ့ ကျွန်တော် အပြင်လျှောက် သွားခဲ့ဖူးပါတယ်။ အခမဲ့ Transit Visa ပါ။ ပြန်ထွက်မဲ့ လေယာဉ်ရဲ့ Boarding Pass တော့ပြရပါတယ်။ သူတို့နိုင်ငံ နယ်နိမိတ်အတွင်း ခွင့်ပြုထားသလောက်သွားလို့ရပါတယ်။ အချိန်မှီ မမှီကတော့ ကိုယ့် ဒေါသနဲ့ ကိုယ်ပဲပေါ့။)

ဒီလိုနဲ့ ကျွန်တော် ချန်ဂီလေဆိပ်ရောက်လာပါတယ်။ ရောက်ရောက်ချင်း Immigration ကို အရင်သွားပါတယ်။ ကျွန်တော် Transit Visa လိုချင်တယ်ပြောတော့ မင်းဘာ Passport လဲ အရင်ဆုံးမေးပါတယ်။ မြန်မာလို့ဖြေတော့ လေဆိပ်မှာ မြန်မာ Passport ကို Transit မပေးဘူးလို့ပြောပါတယ်။ (တစ်ခြား Passport တွေ ရတဲ့ဟာရှိသလို မရတာတွေလည်း ရှိပါတယ်။) မင်းဝင်ချင်ရင် သံရုံးမှာ တစ်ခါတည်းလျှောက်လာရမှာလို့ပြောပါတယ်။ ပြီးပြီလေ။ ဂိတ်ဆုံးသွားပြီ။ သူ့နိုင်ငံရဲ့ ဥပဒေ ကျွန်တော်ဘာပြောလို့ရမှာလဲ။ အေးဆေးပေါ့။ ကျွန်တော်မှ ကြိုမလျှောက်ထားတာ။ ဘာအရေးလဲ။ လေဆိပ် Transit Area ထဲ လျှောက်သွားနေလိုက်ပါတယ်။ (ပန်းခြံတွေ၊ ဆိုင်ခန်းတွေ၊ အခမဲ့ အင်တာနက်၊ အခမဲ့ ရုပ်ရှင်ရုံ၊ Online Game ကြိုက်တတ်သူတွေအတွက် Game ဆော့ဖို့ အခန်းလေးတွေနဲ့ ပျင်းချိန်တောင်မရပါဘူး။)

ဒါပေမဲ့ ပြဿနာက ကျွန်တော်လျှောက်သွားရင်း တွေ့လိုက်မိတဲ့ Airport Guide စာရွက် ကလေးကနေစပါတယ်။ ချန်ဂီလေဆိပ်ကနေ တစ်ဆင့်စီးရမဲ့ ခရီးသည်များ လေယာဉ်ခရီးစဉ်နှစ်ခု အချိန် ၅ နာရီခွဲကွာရင် စင်္ကာပူမြို့ထဲကို အခမဲ့ လိုက်ပို့ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ ခရီးစဉ်က လေဆိပ်ကနေစပြီး လေဆိပ်မှာပြန်ဆုံးပါတယ်။ ၄နာရီ ခရီးစဉ်ပါ။ ၃ နာရီခြားတစ်ခါလောက်ထွက်ပြီး Free Singapore Tour Counter မှာ စာရင်းပေးရပါတယ်။ ကောင်တာက Transit Area ထဲမှာ ရှိနေတဲ့အတွက် (သိပ်တော့ မမျှော်လင့်ပေမဲ့) Immigration ရဲ့ Transit Visa နဲ့များ လွတ်မလားဆိုပြီး ကျွန်တော်သွားစုံစမ်းမိပါတယ်။ (ကိုယ့်သဘောနဲ့ကိုယ် လျှောက်သွားတာမဟုတ်ဘဲ သူတို့စီစဉ်တဲ့ကား၊ သူတို့ စီစဉ်တဲ့ Guide က လိုက်ပို့တာ ကြောင့်ပါ။) ကောင်တာမှာ မလေးလူမျိုး အဖွားကြီးတစ်ယောက်နဲ့ တရုတ်လူမျိုး အဖိုးကြီးတစ်ယောက်ရှိပါတယ်။ ကျွန်တော် Free Tour ရမလား မေးတော့ ထုံးစံအတိုင်း Passport မေး ၊ မြန်မာလို့ဖြေ ၊ မြန်မာဆိုရင် Visa ရှိမှ ရမယ်လို့ပြန်ပြောပါတယ်။ အေးဆေးပဲ။ နဂိုတည်းက သိပ်မှ မမျှော်လင့်ထားတာ။ သူတို့နဲ့ စကားပြောပြီး ကောင်တာဘေးက ပလပ်မှာ ဖုန်းအားသွင်း အင်တာနက်သုံးနေလိုက်ပါတယ်။

ခဏနေတော့ နောက်ထပ် ခရီးသည်တွေ လာစုံစမ်းကြပါတယ်။ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ ဥရောပသားအချို့။ အားလုံး Free tour ရကြပါတယ်။ နိုင်ငံကြီးတွေဆိုတော့ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာ လာပါပြီ။ လင်မယားနှစ်ယောက် အင်ဒိုနီးရှားပါ။ သူတို့ရပါတယ်။ သြော်... အင်ဒိုလည်း ရတယ်ပေါ့။ ဖိလစ်ပိုင်... သူတို့လည်းရပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်လာတော့ စိတ်ဝင်စားစရာကောင်းလာပါပြီ။ ဒါနဲ့ပဲ လူနည်းနည်းရှင်းတော့ အဖိုးကြီးနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ ဦးလေး ဘယ်နိုင်ငံတွေရလဲဆိုတော့ အာ... အကုန်တော့ ငါအလွတ်မရဘူးလို့ပြောပါတယ်။ ဥရောပအကုန်ရလားမေးတော့ တစ်ချို့မရဘူးလို့ဖြေပါတယ်။ အာရှထဲမှာရော ဆိုတော့ တစ်ချို့ရတယ် တစ်ချို့မရဘူးလို့ ဖြေပြန်ပါတယ်။ ကျွန်တော် သွားချင်နေတာသိတော့ သူက ကောင်လေးရာ... ငါလုပ်တာမဟုတ်ဘူး Immigration ကလုပ်တာလို့ အရွှန်းဖောက်ပါတယ်။ သူ့မှာ ရမရ စာရွက်နဲ့ စာရင်းရှိပါတယ်။ ဒါနဲ့ ကျွန်တော်ထပ်မေးလိုက်ပါတယ်။ ဦးလေး အာဆီယံရော...။

ကျွန်တော်မြန်မာမှန်းလဲ သူသိပြီးသားဖြစ်နေပါပြီ။ သူ့စာရွက်ပြန်ကြည့်ပြီး ကောင်လေး အာဆီယံတွေ ပြောကြည့်စမ်းကွာတဲ့။ ငင့်... စာမေးခံရပြီ။ အင်ဒို... ခုနက ရတာမြင်ပြီးပြီ။ ဖိလစ်ပိုင်... မြင်ပြီးပြီ။ ဦးလေး... ထိုင်း...ဗျာ။ ရတယ်။ မလေးရှား... သိပ်ရ။ ဗီယက်နမ်... ရ။ ကမ္ဗောဒီးယား... ရ၏။ ဘရူနိုင်း... ရ။ နောက်ဆုံး... လာအို... ရတယ်။ ပြီးပြီ ဇာတ်လမ်းက။ အရှေ့ တီမောတော့ ကျွန်တော် ဆက်မမေးတော့ပါဘူး။ အာဆီယံထဲ ပါမပါတောင် ကျွန်တော်သေချာမသိတဲ့နိုင်ငံလေးကို မေးမနေချင်တော့ပါဘူး။ (ရတယ်ဖြေရင်... ပိုဆိုးပြီ။)
သူလည်းခုမှ သတိထားမိပုံရပါတယ်။ အာဆီယံမှာ မင်းပဲ မရတာတဲ့။ မဆီမဆိုင် သူကကျွန်တော့်ကို I'm sorry တွေ ဘာတွေလုပ် နှစ်သိမ့်နေပါတယ်။ ကျွန်တော်ကလည်း ရပါတယ် ဦးလေးရာပေါ့။ ဟုတ်နေတာပဲ။ သူနဲ့လည်း ဘာမှမဆိုင်ဘဲနဲ့။

ဒီကိစ္စလေးမှာ ကျွန်တော့်အတွက် မေးစရာ၊ တွေးစရာတွေ ပေါ်လာပါတယ်။ စင်္ကာပူ နဲ့ မြန်မာ ရန်ညိုး ရန်စများရရှိသလား။ မြန်မာက ဘာများဖြစ်လိုပါလိမ့်။ အာဆီယံထဲမှာ မြန်မာ တစ်ခုပဲ ဘာလို့ ခွင့်မပြုတာပါလိမ့်။

ဟိုတစ်နှစ်က Sea Game ပြိုင်ပွဲကြီး သောက်သောက်လဲ ကျင်းပတာတွေ။ သမ္မတကြီး ဦးသိန်းစိန် အာဆီယံ ဥက္ကဋ္ဌ ရာထူးရတာတွေ ပြန်မြင်ယောင်မိပါတယ်။ အာဆီယံ နဲ့ မြန်မာ...။ မြန်မာ နဲ့ အာဆီယံ...။ မီးပန်းလေးဖောက်ရရုံပဲလား...။

ကျွန်တော် စင်္ကာပူမြို့ထဲ ဝင်ခွင့်မရတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ အခြား အာဆီယံနိုင်ငံ အားလုံးကို စင်္ကာပူနိုင်ငံခြားရေးဌာနက ပေးထားတဲ့ အခွင့်အရေး... မြန်မာက ဘာလို့မရတာပါလဲ။ အဲ့ဒါက အရေးကြီးတာပါ။

ဒီလို ကိစ္စသေးသေးလေးကစလို့ ကျွန်တော်တို့ မမြင်နိုင်တဲ့ အပေးအယူတွေ၊ အလျော်အစားတွေ၊ ဒေသတွင်းနိုင်ငံတွေကြားမှာ မြန်မာက ဘယ်လောက်တောင် နစ်နာနေခဲ့ပြီလဲ။ ဘယ်လောက်တောင် အောက်ကျ နောက်ကျ နေခဲ့ပြီလဲ။ ဘာတွေ ဘယ်လိုတွေ ပျောက်ပျက်သွားခဲ့ပြီလဲ။ ဒီလိုကိစ္စလေးမှာတောင် ညှိနှိုင်းဆွေးနွေးနိုင်သူ မရှိရင်...။ ဒီလို လူမသိ သူမသိ ကိစ္စသေးသေးလေးပေါင်းများစွာကို ဥပမာထားတွေးကြည့်ရင်... လူမသိသူမသိ ကိစ္စကြီးကြီးတွေများ ဘယ်လောက်တောင် နစ်နာနေမလဲဆိုတာ...

ထပ်ပြောပါမယ်...
ကျွန်တော် စင်္ကာပူမြို့ထဲ ဝင်ခွင့်မရတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ အခြား အာဆီယံနိုင်ငံ အားလုံးကို စင်္ကာပူနိုင်ငံခြားရေးဌာနက ပေးထားတဲ့ အခွင့်အရေး... မြန်မာက ဘာလို့မရတာပါလဲ။ အဲ့ဒါက အရေးကြီးတာပါ။

(မှတ်ချက်။ ။ ကျွန်တော်ကတော့ လေဆိပ်မှာ ရုပ်ရှင်ကြည့်ပြီးပြန်လာပါတယ်။ နိုင်ငံ့ကိုယ်စားပြု အစည်းအဝေးတွေ သွားသွားတက်ကြတဲ့လူတွေတော့ ကျွန်တော့်လိုပဲ ရုပ်ရှင်လေးကြည့်၊ မုန့်လေးစား၊ အင်တာနက်လေးသုံး၊ Shopping လေး ထွက်ရုံလောက်လုပ်ပြီး ပြန်မလာကြဖို့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ရိုးရှင်းစွာ မျှော်လင့်မိပါတယ်။)

ချန်ဂီလေဆိပ်၊ Terminal 2 ၊ ဂိတ် F - 50 အနီး၊ Information Counter ရဲ့ အနောက်မှာ Free Singapore Tour ကောင်တာ ရှိပါတယ်။ ညနေ ၆ နာရီခွဲ ကောင်တာပိတ်ပါတယ်။

ပြည့်ဇော်ဖြိုး
၂၀.၂.၂၀၁၆ (စနေ)
https://www.facebook.com/lwin.oo.12327/posts/684980371644738?pnref=story
.
Credit : Lwin Oo

နယူးဒေလီမှာ ရေပြတ်နေပုံ
နယူးဒေလီမှာ ရေပြတ်နေပုံ

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် တခုမှာ နှစ်ရက်ကြာ အကြမ်းဖက် ဆန္ဒပြမှုတွေကြောင့် လူသေဆုံးတဲ့အထိ ရှိလာနေပြီး နယူးဒေလီမြို့တော်မှာလည်း ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ 
အိန္ဒိယ ဆန္ဒပြပွဲ

ဟာရားနား ပြည်နယ်မှာ စိုက်ပျိုးရေး အဓိက လုပ်ကိုင်တဲ့ ကျေးလက်နေ Jat မျိုးနွယ်ဝင်တွေ သီတင်းတပတ်ကြာ ဆန္ဒပြနေကြတာပါ။ Jat မျိုးနွယ်ဝင်တွေက အစိုးရ အလုပ်အကိုင်တွေနဲ့ တက္ကသိုလ် ၀င်ခွင့်တွေအပါအ၀င် ပြည်ထောင်စုနဲ့ ပြည်နယ်ရဲ့ အကျိုးခံစားခွင့်တွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အကြမ်းဖက်မှု အသွင် ဆောင်လာပါတယ်။

ဆန္ဒပြသူတွေက အိမ်တွေနဲ့ ရထားဘူတာရုံတွေကို မီးတင်ရှို့ပြီး ဟာရားနားပြည်နယ်ကနေ နယူးဒေလီကို ရေသွယ်ထားတဲ့ တူးမြောင်းတခုက ရေသယ်ယူပို့ဆောင်ပေးနေတဲ့ ကိရိယာတွေကိုလည်း ဖျက်ဆီးခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို ရဲတွေက ပစ်ခတ်ခဲ့လို့ လူ ၁၀ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ထိပ်တိုက်တွေ့မှုတွေ အတွင်း လူ ၁၅၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

နယူးဒေလီ မြို့တော်မှာ ရေရရှိမှုကို ထိန်းသိမ်းထားနိုင်ဖို့ မြို့ခံတွေ အတွက် ရေကို ခွဲတမ်းနဲ့ ဖြန့်ဝေမှာ ဖြစ်ပြီး မနက်ဖြန် တနလာင်္နေ့မှာ ကျောင်းတွေ ပိတ်ထားမယ်လို့ နယူးဒေလီ အုပ်ချုပ်ရေးမှူး Arvind Kejriwal က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာထားပါတယ်။ အိန္ဒိယ နိုင်ငံမှာ ဇာတ်နိမ့်တွေကို ခွဲခြားဆက်ဆံတာကို တန်ပြန်လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ အထူးအခွင့်အရေး ပေးရေး ဆိုင်ရာ မူဝါဒ တရပ်ကို ချမှတ်ထားပါတယ်။

VOA
http://burmese.voanews.com/content/india-caste-violence-/3200366.html

ကချင် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဝင်များ ( သတင်းဓါတ်ပုံ-Jade Land Kachin Facebook) 
ကချင်ပြည်နယ်တွင်း ဘိန်းခင်းဖျက်ဆီးတိုက်ဖျက်ရေးမှာ အစိုးရက ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ လွှတ်တော်မှာ အဆို တင်သွင်းဖို့ရှိတယ်လို့ ကချင်နိုင်ငံရေးပါတီတခုက ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဘိန်းခင်းဖျက်ဖို့သွားတဲ့ ထောင်နဲ့ချီတဲ့လူတွေ ချီဖွေလမ်းခွဲမှာ သီတင်းတပတ်နီးပါး ကြာအောင် ပိတ်ဆို့တားဆီးခံထားရချိန်မှာပဲ အခုလိုပြောလိုက်တာပါ။ ဒီကနေ့မှာတော့ Pat Jasan ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုအဖွဲ့နဲ့ ကချင်ပြည်နယ်တွင်း မြို့အသီးသီးက ကချင်လူထု ထောင်ချီ ပူးပေါင်းပါဝင်ပြီး အဲဒီတားဆီးခံထားရတဲ့နေရာမှာ ဝတ်ပြုဆုတောင်းပွဲ လုပ်ကြပါတယ်။ ဘိန်းခင်းဖျက်ဆီးရေး ကချင်လူထုရဲ့ ကြိုးပမ်းမှု အဟန့်အတားဖြစ်နေရတဲ့ နောက်ဆုံး အခြေအနေကိုကတော့ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မူးယစ်အန္တရာယ်ကြီးမားနေတဲ့ ကချင်ပြည်နယ်တွင်း ဘိန်းဖျက်လုပ်ငန်းတွေကို ဒေသခံပြည်သူလူထုက ဦးဆောင်ပြီး ဆောင်ရွက်နေတာကို အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပါ ပြည်သူလူထုနဲ့အတူ လက်တွဲပူးပေါင်းပါဝင်ကြဖို့ အဆိုကို လွှတ်တော်ထဲမှာ ရှေ့သီတင်းပတ်ထဲ တင်သွင်းနိုင်ခြေရှိတယ်လို့ ကချင်နိုင်ငံရေးပါတီ ဖြစ်တဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်ကပြောပါတယ်။

“လွှတ်တော်အသစ်မှာလည်းပဲ အခု မနက်ဖြန်၊ တပတ်ခါလောက်မှာတင်မယ့်အနေအထား ကြားသိရတယ်။ ဆောင်ရွက်တဲ့နေရာမှာပြည်သူလူထုနဲ့ အစိုးရ နဲ့ လက်တွဲပြီးဆောင်ရွက်သင့်တယ်။ အားလုံးရဲ့ အန္တရာယ်ဖြစ်နေတဲ့အတွက်ကြောင့်ဆိုတဲ့ဟာမျိုးကို အဆိုတင်မယ်ဆိုတဲ့ဟာမျိုးကို ကြားသိရတယ်။

အထူးသဖြင့် ကျနော်တို့ပြည်နယ်ဘက်မှာ ခံစားနေရတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ပေါ့လေ။ အဲဒါနဲ့ ပတ်သက်တာကို အစိုးရအနေနဲ့ တက်နိုင်သမျှ ကြိုးစားနေပေမယ့်လို့လဲ၊ တဖက်က ရောင်းတာ၊၀ယ်တာ၊သုံးစွဲတာ ပိုပိုများလာတဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း ကိုယ်တိုင်ပါဝင်ပြီးတော့ ဒါ မှုးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ်။ အစိုးရနဲ့ လက်တွဲပြီးတော့ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးကို ဆောင်ရွက်သင့်တယ် ဆိုတဲ့ အဆိုကို တင်ပြီးတော့ လွှတ်တော်ကတော့ အတည်ပြုပြီးဖြစ်ပါတယ်။ ပြည်သူလူထုလည်း ပါဝင်ပြီးတော့ တိုက်ဖျက်ဖို့ဆိုတဲ့ ဥစ္စာ၊ ကျနော်တို့လွှတ်တော်ပိုင်းမှာ ပါဝင်ခဲ့တဲ့ဟာပေါ့။

ထိုနည်းတူစွာ ပြည်သူ့လွှတ်တော်ဘက်ကလည်း အဲလိုအဆိုတင်သွင်းပြီးတော့ အတည်ပြုထားတဲ့အချက်တွေလည်းရှိခဲ့တယ်။ ဆိုတော့ လွှတ်တော်ပိုင်းကလည်း တက်နိုင်သမျှ တော့ ဆောင်ရွက်ခဲ့တာပေါ့လေ။”

ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ဒေသတွေဖြစ်တဲ့ ကဒုံးနဲ့ ကန်ပိုင်တီဒေသတွေဆီကို သွားနေကြတဲ့ Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ကို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မှာစိုးတဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစလို့စစ်တပ်နဲ့ နယ်မြေရဲလုံခြုံရေးတွေဘက်က ပိတ်ပြီး တားဆီးခဲ့တဲ့အတွက် ရောက်ရာနေရာဖြစ်တဲ့ ချီဖွေ-ဆဒုံးလမ်းခွဲ လမ်းမကြီးပေါ်မှာ ခေတ္တ ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ဘိန်းဖျက်အဖွဲ့တွေဟာ လမ်းမတွေပေါ်မှာပဲ ရွက်ဖျင်တဲတွေ ထိုးပြီး ဖြစ်သလိုနေနေကြဆဲဖြစ်ပါတယ်။

သီတင်းတပတ်ကြာ ပိတ်ဆို့ခံထားရလို့ အခက်အခဲတွေ များစွာနဲ့ ကြုံနေရတဲ့ Pat Jasan မူးယစ်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ စောင့်ဆိုင်းနေခဲ့ပြီး ဒီကနေ့မှာတော့ တပ်မတော်နဲ့ ရဲဘက်က သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ချိန် မှာတော့ ကချင်အဖွဲ့တွေဘက်က လိုက်ပါသွားတဲ့ လူငယ်တွေ သတင်းမှတ်တမ်းရယူမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် အခြေအတင်ဖြစ်ခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပြပါတယ်။

“သူတို့ဆီက လူကြီးတွေကို ကျနော်တို့ Pat Jasan အဖွဲ့ဘက်က လူကြီးတွေက အစည်းအဝေးလုပ်ဖို့ခေါ်တဲ့အချိန်မှာ သူတို့ မလာဘူး ။ အဲဒါနဲ့ ကျနော်တို့ဆီက လူကြီး ၆ ယောက်လောက်က သူတို့ဆီကို အစည်းအဝေး သွားလုပ်မယ်ဆိုတော့ ဓါတ်ပုံယူဖို့ မီဒီယာသမားလို့ပြောလို့ရမှာပေါ့ Camera ကိုင်တဲ့လူ ကျနော်တို့ဆီက ဓါတ်ပုံဆရာ ၄၊ ၅ ယောက်ကို ခေါ်သွားတယ်။ ခေါ်သွားတော့ သူတို့က တဲအထဲမှာ အစည်းအဝေး လုပ်နေတယ်။ ကျနော်တို့ အဲဒီမှာ ရိုက်ပြီးတော့ အပြင်မှာ ပြန်သွားရိုက်မယ်လေ ဆိုပြီးမှ အပြင်ထွက်ပြီး ဆရာတယောက်နဲ့ စကားပြောရင်းနဲ့ ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ စစ်သား ၂ ပွင့် ဗိုလ်ကလာပြီးတော့ ဓါတ်ပုံမရိုက်ရဘူး၊ ဘာညာပြောပြီးတော့ ကျနော့် camera ကို လုတယ် အဲလိုမျိုးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ထိုးကြတာပေါ့။ အဲ့ခါကျတော့ သေနတ်မောင်းချိန်တာတို့ရှိတာပေါ့၊ ကျနော်တို့အဖွဲ့ကို ၀ိုင်းလိုက်တာတို့ ရှိတာပေါ့ ၊ ကုန်းပေါ်က ဟာတွေရော အကုန်လုံး။”

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကချင်ပြည်နယ်တွင်းက မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် အစရှိတဲ့ မြို့အသီးသီးက ကချင်ဘာသာရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ကချင်ရပ်မိရပ်ဖတွေ၊ ကချင်ပြည်သူလူထုနဲ့ ကချင်လူငယ်တွေ ဆိုင်ကယ်တွေ ကားတွေနဲ့ ထောင်ချီရောက်ရှိလာကြပြီး ဘိန်းခင်း သွားဖျက်မယ့် Pat Jasan လို့ခေါ်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရည်ရွယ်ချက် အတိုင်း အောင်မြင်အောင် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရေး စုပေါင်း ဆုတောင်းဝတ်ပြုပွဲတခု ကျင်းပခဲ့ပါတယ်။

ကြွေးကြော်သံများ -(ဘိန်းခင်းစိုက်သူ ဒို့ရန်သူ၊ ဘိန်းခင်း ကာကွယ်သူ ဒို့ရန်သူ၊ ဘိန်းခင်းစိုက်ပျိုးရေး အားပေးသူဒို့ရန်သူ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူ ဒို့ရန်သူ ဘိန်းစိုက်ပျိုးသူ ကာကွယ်သူ ဒို့ရန်သူ)

ကချင်မိသားစုတိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရှိလာနေလို့ အနာဂတ် ကချင်လူငယ်မျိုးဆက် တွေအတွက် အရမ်းကို အန္တရာယ်များလာနေပြီ ဖြစ်တဲ့အတွက် မူးယစ်တိုက်ဖျက်ရေးမှာ ကချင်လူငယ်တွေပါ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က ပြောပါတယ်။

“ကျနော်တို့ ကချင်လူငယ်တော်တော်များများ ၈၀ ရာခိုင်နှုန်းလောက်က ဘိန်းစားတွေကြီးဘဲ။ ဘိန်းစိုက်တဲ့လူတွေက ကျနော်တို့ကချင်တွေ မဟုတ်ဘူး။ တရုတ်သူဌေးတွေ လာစိုက်တယ်။ အဲဒီမှာမှ ကချင်လူငယ်တွေက ပိုက်ဆံရှာတာပေါ့ အဲလောက် အဆင့်ပဲရှိတယ်။ ကျနော်တို့ ကချင်တွေက စိုက်တာတော့ မရှိဘူးပေါ့ ။ အဲလိုဆိုတော့ ဘိန်းစားက များတယ်ဆိုတော့ ဒီဟာကို တိုက်ဖျက်ရမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ အခု ဒီဟာကို ပါဝင် တက်ကြွလှုပ်ရှားသူတွေထဲမှာ ကချင်လူငယ်တွေ အများကြီးပါဝင်တယ်။”

ကချင်ပြည်နယ်တွင်း လူငယ်တွေနဲ့ပြည်သူတွေကြား အထူးစိုးရိမ်စရာအနေအထားကို ရောက်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး အတွက် ဘာသာရေးအဖွဲ့တွေက ဦးဆောင်တဲ့ ဒေသခံလူထုအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ဘိန်းခင်းတွေကို ဘိန်းခြစ် ရာသီအမီ သွားရောက် ဖျက်ဆီးကြဖို့အရေးကြိုးစားနေကြတာဖြစ်တယ်လို့လည်း ဦးခက်ထိန်နန်ကပြောပါတယ်။

“ မိသားစုသော်လည်းကောင်း၊ ညီအစ်ကိုသော်လည်းကောင်း အကုန်လုံးက မူးယစ်ဆေးဝါးရဲ့သားကောင်တွေဖြစ်ကုန်တော့ မိသားစုတိုင်းက မခံစားနိုင်တော့လွန်းလို့ ဒါကို သူတို့ တိုက်ဖျက်လာတာ။ ဧကသုံးထောင်ကျော်လောက်တော့ ဖျက်ဆီးနိုင်ခဲ့ပြီ။ ပန်ဝါဒေသဘက်မှာက ဧက တစ်သောင်းကျော်လောက် ကျန်သေးတယ်။ အခုက ဘိန်းခြစ်တဲ့ရာသီရောက်လာပြီ တချို့ကလည်း စခြစ်နေပြီဆိုတော့ အချိန်မှီဖျက်ဆီးနိုင်မှ ထိရောက်မှာဖြစ်တဲ့အတွက် မရမက သွားပြီး ဖျက်ဆီးနိုင်မှ မဖြစ်မနေဆိုတဲ့ အနေအထားအရ သူတို့လည်း ကြိုးစားနေတဲ့ အနေအထား တွေ့ရတယ်။”

မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာက ကချင်ပြည်သူလူထုနဲ့ လူငယ်တွေကြားမှာ အတော်လေးကို အန္တရာယ်ကြီးမားနေတာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင် လူမှုစီးပွားတွေအတွက် အထူးစိုးရိမ်စရာအနေအထားဖြစ်လာနေတဲ့အတွက် ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်းစုံ၊ သာသနာရေးက ခရစ်ယာန် အသင်းတော်ဂိုဏ်းပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေ ဒေသခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်တဲ့ လူအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ကြီးက ဦးဆောင်ပြီး ကချင်ပြည်နယ်တွင်း ဘိန်းခင်းဧက အများဆုံး စိုက်ပျိုးထားတဲ့ ဒေသတွေက ဘိန်းခင်းတွေကို သွားဖျက်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

KBC အထွေအထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson မှ PJS အပါဝင် လူထု ၁၀၀၀၀ ကျော်အား ဒေသနာဖြင့် ခွန်အားပေးနေပုံ၊ ချီဖွေ-ဆဒုံး လမ်းခွဲ၊ မြစ်ကြီးနား-ကန်ပိုင်တီ လမ်းမ၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
မြန်မာအစိုးရ ထိန်းချုပ်နယ်မြေ ကန်ပိုင်တီဒေသ ဘိန်းခြံများ ဖျက်ဆီးနိုင်ရန် လူထု ၁၀၀၀၀ ကျော် ပါဝင်သော အထူး ဆုတောင်းပွဲကြီးကို ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ တားဆီးခံရသည့် နေရာတွင် ယနေ့ ဖေဖော်ဝါရီ ၂၁ နံနက် ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။

ဆုတောင်းပွဲကို ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး PJS အဖွဲ့ များကို အစိုးရ စစ်တပ်နှင့် ရဲ များ တားဆီး ထားသော နေရာ ကန်ပိုင်တီလမ်း ချီဖွေ-ဆဒုံး လမ်းခွဲတွင် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တို့မှ လူထု ထောင်ပေါင်းများစွာ လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အသင်းတော် ခေါင်းဆောင်များက PJS အဖွဲ့တွင် ပါဝင် ဆက်ကပ်ကြသူများကို နှုတ်ကပတ်တော်ဖြင့် အထူး ခွန်အားပေးခြင်းနှင့် ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးကို နောက်ဆုတ်ရန် အစီစဉ် မရှိကြောင်း ယနေ့ ၀တ်ပြု အစီစဉ် ဒေသနာတွင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC အထွေထွေ အတွင်းရေးမှုး Rev. Dr. Hkalam Samson က ယခုလို မြန်မာဘာသာဖြင့် အလေးအနက်ထား ထည့်ပြောခဲ့သည်။

“ကျနော်တို့ နောက် မဆုတ်ပါဘူး။ ရှေ့ကို တိုးမှာ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ တာဝန်ရှိတဲ့ လုံခြုံရေးတွေက အထက်အမိန့် လို့ပြောတယ်။ ကျနော်တို့ရဲ့အထက်အမိန့် ကလည်း ရှင်းရှင်း လင်းလင်း ပြတ်ပြတ် သားသား ကျနော်တို့ ရှိပါတယ်။ ကျနော်တို့ ခရစ်ယာန်များရဲ့ အထက်အမိန့်ဟာ ဘုရားသခင် စေခိုင်းတာကို လုပ်ဖို့ဖြစ်ပါတယ်။”

KBC သည် ကချင် အသင်းတော်များတွင် အကြီးဆုံးဖြစ်သည်။

မူးယစ်ဆေးဝါးသည် ကချင်အမျိုးသားများ အတွက် မက လူသားအားလုံး၏ ‘ဘုံရန်သူ’ ဖြစ်သောကြောင့် မြန်မာအစိုးရနှင့် KIO ကြား မူဝါဒ ကွဲပြားမှု ရှိသော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်မူ ပူးပေါင်း သင့်ကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ယုံကြည်ထားပါသည်။

လူထု အင်အား ၃၇၀၀ ကျော်ရှိသော PJS အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ယခုအချိန်ထိ ချီဖွေ-ဆဒုံး လမ်းခွဲတွင် အစိုးရ ရဲ နှင့် စစ်တပ်များ၏ တားဆီးမှုကြောင့် သောင်တင်နေဆဲဖြစ်သည်။

သို့သော်လည်း လာမည့် အပတ်တွင် ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ်ကို အတားအဆီးရှိသော်လည်း စတင်မည်ဖြစ်ကြောင်း PJS အဖွဲ့ဝင်များ ပြောဆိုနေကြသည်။

Kachinnews
http://burmese.kachinnews.com


လက်ရှိနိုင်ငံရေးအခြေအနေအရဆိုရင် အဓိက ဘက်နှစ်ဘက်ပဲရှိတယ်။ အဲဒီဘက်နှစ်ဘက်က တပ်မတော်နဲ့ ဒီချုပ်။ ကြံ့ခိုင်ရေးက ဘက်အဆင့်မှာမရှိတော့ဘူး။ ကမ္ဘာကျော် သန်းခေါင်ယံအာဏာသိမ်းမှုအပြီးမှာ ကြံ့ခိုင်ရေးဆိုတာ အက်ကြောင်းတွေဗလပွနဲ့ဖြစ်နေပြီ။ ဘက်တစ်ခုအနေအထားပြန်ရောက်ဖို့အတွက် သူတို့ မနည်းပြန်ထူထောင်ရတော့မှာ။

ဒီချုပ်နဲ့ တပ်မတော်ရဲ့ အနေအထားကို မှန်းဆကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအခြေအနေကထက် အများကြီးအပြုသဘောဆောင်လာတယ်။ လွှတ်တော်အတွင်း တပ်မတော်သားတွေနဲ့ ဒီချုပ်အမတ်တွေအတူတူတွဲရိုက်ထားတဲ့ပုံတွေ၊ ဒီချုပ်အမတ်နဲ့ တပ်မတော်သားအမတ် ပခုံးဖက်ပြီး တွဲလျှောက်နေတဲ့ပုံတွေ၊ အမေစုနဲ့ကာချုပ် လှိုက်လှိုက်လှဲလှဲအပြုံးနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံတွေက ကျနော်တို့ပြည်သူတွေအတွက် အားဆေးတစ်ခွက်သောက်နေရသလိုပါပဲ။

ကာချုပ်ဘက်မှာ လက်နက်ကိုင်အဖွဲ့အစည်းက အင်အားအဖြစ်ရှိနေသလို အမေစုနဲ့ ဒီချုပ်ဘက်မှာ ပြည်သူတွေက အင်အားတစ်ခုအဖြစ်ရှိနေတဲ့အချိန် အင်အားတူနေသူချင်း လက်ဆွဲနှုတ်ဆက် တွေ့ဆုံဆွေးနွေးနေကြတာဟာ နိုင်ငံအတွက် အားတက်စရာ၊ နိုင်ငံအတွက် မျှော်လင့်ချက်တွေ တိုးလာစရာအခြေအနေ။

ဒီအခြေအနေကို မနာလို မရှုစိမ့်သူတွေကလဲ အနှောက်အယှက်အမျိုးမျိုးပေးနေကြတယ်။ နာမည်ကတော့ လှပါတယ်။ တတိယအင်အားစုတဲ့ ။

ဒီနေရာမှာ ဖြတ်ပြောရရင်.... ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကလဲ တတိယအင်အားစုဆိုပြီး ပေါ်လာခဲ့သေးတယ်။ မီဒီယာတစ်ခုက သင်တန်းတွေပေးပြီး လူမပြောင်း မူပြောင်းတို့....၊ အရွေ့တစ်ခုတို့ ၊ ပေးထားချက်က ဘာတို့ ဆိုပြီး ကြွေးကြော်ခဲ့ကြတာ။ ၂၀၁၀ ရွေးကောက်ပွဲပြီးချိန်ကျတော့ သူတို့အမြင်မှားခဲ့ကြောင်း သူတို့မီဒီယာကနေ ဝန်ခံခဲ့ရတယ်။

နောက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကလဲ တတိယအင်အားစုဆိုပြီး ပါတီတစ်ခုပေါ်လာလိုက်သေးတယ်။ အမျိုး ဘာသာ သာသနာ ဆိုတဲ့ လူကြိုက်များနိုင်လောက်တဲ့ စကားလုံးကို ကိုင်စွဲပြီိး ရွေးကောက်ပွဲကိုဝင်ခဲ့တာ တနေရာတောင်မနိုင်ခဲ့ပဲ ခွက်ခွက်လန်အောင်ရှုံးတဲ့အပြင် ရွေးကောက်ပွဲ မဲဆွယ်စရိတ်တွေကိုတောင် မရှင်းနိုင်လို့ ရွေးကော်က သူတို့ကိုယ်စားလှယ်လောင်းတွေကို နာမည်ပျက်စာရင်းသွင်းတဲ့အထိ အရှက်တွေ ဗြန်းဗြန်းကွဲခဲ့ရတယ်။

အခုလဲ တတိယအင်အားစုဆိုပြီိးပေါ်လာပြန်ပြီ။ ဒီတခါတတိယအင်အားစုကတော့ မီဒီယာတခုက ဦးဆောင်တာလဲမဟုတ်၊ ပါတီတခုက နာမည်ခံတာလဲမဟုတ်တော့ဘူး။

နာမည်ပျက်သထက်ပျက်လာလို့၊ သြဇာအာဏာကို လိုတာထက် ပိုထူထောင်လာလို့ ဒေါက်ဖြုတ်ခြင်းခံလိုက်ရတဲ့ ထောက်ပြုတ်တွေ ပါဝင်ပတ်သက်နေတဲ့ တတိယအင်အားစု။

လူထုကိုမှိုင်းတိုက်တာ၊ အာရုံလွှဲတာ၊ ဖြိုခွင်းတာအပြင် သူ့လူကိုယ့်ဘက်သားမွေးတာကအစ ၈၈ထဲက အတွေ့အကြုံရင့်လာတဲ့ ထောက်ပြုတ်ဟောင်းတွေ ပါဝင်ပတ်သက်လာကြတာ။ သူတို့ကို နောက်ကွယ်ကနေ ထောက်ပံ့ ပံ့ပိုးနေတာသည် လက်ရှိကိုယ့်ရဲ့အနေအထားလေး ယိုယွင်းပျက်စီးသွားမှာစိုးတဲ့ လူတွေ။

အခုဖြစ်ထွန်းလာတဲ့ တတိယအင်အားစုသည် ဖျံနှစ်ကောင်နဲ့ ငါးကြင်းပုံပြင်ထဲက မြေခွေးလိုအနေအထား။ အဲဒီ့အတွက် ဖျံနှစ်ကောင် မသင့်မမြတ်ဖြစ်အောင် ကြားထဲကနေဝင်ခလောက်ဆန်နေကြတယ်။ တပ်မတော်သင်တန်းကျောင်းဗီဒီယိုဖိုင်ဆိုတာ အပြင်ပြည်သူတစ်ယောက် ရိုက်ကူးဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထား။ အဲဒီဗီဒီယိုဖိုင် လိုင်းပေါ်တက်လာတယ်။ ဒါ့အပြင် ပြည်သူတွေက တပ်မတော်အပေါ်အထင်အမြင်လွှဲမှားအောင် တပ်မတော်ဆိုတာ ဒီလိုပဲကွဆိုတဲ့ မန့်တွေ ပို့စ်တွေ တင်လာကြတယ်။ နောက် ဟိုဘက်နဲ့ ဒီဘက်အထင်အမြင်လွဲမှားစေမယ့်ပို့စ်မျိုး သတင်းမျိုးတွေကို ခလောက်ဆန်ဆန် တင်လာကြတယ်။

သူ့ချည်းပဲလား...ဆိုရင် ... ဆားနဲ့ပါဘုရားလို့ပြောရမလိုပါပဲ။ လူမျိုးရေး ဘာသာရေးတွေပါ မီးမွှေးဖို့ ကြိုးစားလာကြတယ်။ လောလောလတ်လတ် ရန်ကုန်မြို့စွန်က သာမန်မှုခင်းတစ်ခုကို လူမျိုးရေး ဘာသာရေးသတင်းမှားတွေနဲ့ မီးထိုးပေးနေတာက သက်သေပါပဲ။

ကျနော်တို့ ပြည်သူတွေ တတိယအင်အားစုအမည်ခံ မြေခွေးတွေကို သတိထားကြဖို့၊ သူတို့အကွက်ထဲမဝင်ဖို့ အရေးကြီးနေပြီ။ ဒီချုပ်အစိုးရဖြစ်ဖို့အတွက် ၈၈ ထဲက ကြိုးစားလာခဲ့ကြတာ အခုအချိန်က လက်တကမ်းပဲ လိုတော့တဲ့အနေအထား။ ဒီအနေအထားကို ကျနော်တို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှကာကွယ်ရင်း ဒီချုပ်အစိုးရဖြစ်လာအောင် ထိန်းသိမ်းကာကွယ်သွားကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။

သက်ငြိမ်


မြန်မာ.နိုင်ငံရေးလောကမှလူအပေါင်းသည် ပုဒ်မ ၅၉(စ) နှင်. ပုဒ်မ ၄၃၆ စသည်တို.တွင်မဲနေသော်လည်း ပုဒ်မ ၃၄၂ ၏အားနည်းချက်များကို ပြောသူမရှိသလောက် မေ.လျော.နေကြသည် ။ ထိုမုဒ်မ ၃၄၂ တွင်လည်း မရှုပ်မရှင်းဖြစ်နေသော ၊တိကျရေရာမှုမရှိသော ယေဘုယျဆန်လွန်းသောပြဌာန်းချက်များပါဝင်နေသည်ကိုထောက်ပြလိုပါသည် ။

၂၀၀၈ တွင်အတည်ပြုလိုက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၇) သည် တပ်မတော်ဟူသောအခန်းဖြစ်ပါသည် ။ထိုအခန်း(၇) ပုဒ်မ ၃၄၂ တွင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင်.လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင်. တပ်မတော်ကာကွယ်ရေးဦးစီချုပ်ကိုခန်.အပ်တာဝန်ပေးရမည် ဟုပါဝင်ပါသည် ။ဆက်ဖတ်ကြည်.သောအခါ တိုင်းပြည်ကာကွယ်ရေးနှင်. လွှတ်တော်နိုင်ငံရေးအတွက်အရေးအကြီဆုံးဖြစ်သည်. တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဖြစ်သင်.ဖြစ်ထိုက်သည်. အရည်အချင်းသတ်ချက် ကိုလုံးဝမတွေ.ရှိရသည်မှာအလွန်ထူးဆန်း၍ ဖွဲ.စည်းပုံအခြေခံဥပဒေ၏လစ်ဟာမှုကြီး (သို.မဟုတ် )တမင်သက်သက် အသာစီးယူထားသောအချက်ကြီးဖြစ်နေပါသည် ။

နိုင်ငံအတွက်အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သော သမ္မတရာထူးရွေးချယ်ရာတွင် ပုဒ်မ ၅၉ (က) မှ (ဆ) အထိ အချက် ခုနစ်ချက် အသေးစိတ်ရေပက်မ၀င်အောင်ပြဌာန်းထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ထိုက်သည်. လူတစ်ယောက်၏ အရည်အချင်းသတ်မှတ်ချက်များကို စာရွက်ပေါ်တွင်တိတိကျကျဘာမှချရေးထားခြင်းမရှိပဲ ကာလုံ အဖွဲ.ကိုသာလွှဲချထားလေသည် ။ထိုကာကွယ်ရေးနှင်.လုံခြုံရေးအဖွဲ.တွင်အဖွဲ.၀င် (၁၁)ဦးရှိရာတွင်လည်း စစ်ဘက်မှလက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊တပ်မတော်မှတင်သော ဒုသမ္မတစ်ယောက် ၊ ကာကွယ်ရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ဟူသော တပ်မတော်မှလူ ၆ယောက်ကအဓိကထားဆုံးဖြတ်မည်ဖြစ်သဖြင်. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတပ်မတော်ကခန်.ခွင်.ရှိသလိုသာဖြစ်နေပါသည် ။ သမ္မတကခန်.ခွင်.ရှိသည်ဆိုခြင်းမှာဟန်ပြသာဖြစ်နေသည် ။ ကာလုံအဖွဲ.တွင် လူ ၁၁ ယောက်သာရှိသည်.အနက် ကာကွယ်ရေးဦးစီးချုပ်ပါပြီးပါလျက် ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုထည်ထားခြင်းမှာလည်း လူထပ်နေသလိုရှိကာ တမင်စစ်ဘက်မှလူများကို လူဦးရေအသာရအောင်လုပ်ထားသလိုဖြစ်နေပါသည် ။ အဆိုးဆုံးအချက်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ခန်.အပ်ခံရမည်.သူ၏

(က) အသက်ကန်.သတ်ချက်
(ခ) ပညာအရည်အချင်းကန်.သတ်ချက်
(ဂ) အငြိမ်းစားယူရမည်.သက်တမ်း
(ဃ) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်
(င) အခြားအရည်အချင်းကန်.သတ်ချက် များ
(စ) ကာကွယ်ရေးဦးစီးချုပ်၏ရာထူးသက်တမ်း
(ဆ) ရာထူးမှဆက်လက်မထမ်းဆောင်သင်.သော စွပ်စွဲပြစ်တင်မှု များ ကို
ဖွဲ.စည်းပုံအခြေခံဥပဒေတွင်လုံးဝထည်.သွင်းပြဌာန်းထားခြင်းမရှိချေ ။

ထိုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မည်သည်.စံသတ်မှတ်ချက်များဖြင်.ရွေးမည် (ဥပမာ ဗိုလ်သင်တန်းအပါတ်စဉ်ရှေ.နောက်စီနီယာအရရွေးမည်လား ၊ ဗိုလ်ချုပ်မှူးကြီး၊ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်မှပဲရွေးမည်လော ၊ သို.မဟုတ် အထက်လူကြီးဟောင်းများ၏အကြံဥာဏ်ထောက်ခံချက်ဖြင်.သာရွေးမည်လား ၊ သမ္မတက ခန်.ထားခွင်.ရှိသည်ဟုပြောထားရာ သမ္မတတကယ်ကြိုက်နှစ်သက်သူကို ရွေးချယ်ခွင်.ရမည်လား )ဟူ၍မေးစရာကိစ္စတွေရှိပေသည် ။ထို.အပြင် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်ကိုခန်.အပ်ရမည်ဟု ဆိုရာ၌

- သမ္မတတစ်ခါတက်တိုင်း ကာကွယ်ရေးဦးချုပ်တစ်ကြိမ်ခန်.အပ်ရမည်လား
- အငြိမ်းစားတပ်မတော်အရာရှိဟောင်းတစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ် သမ္မတမှ အမည်တင်သွင်းခွင်.ရှိမရှိ
- ကာလုံအဖွဲ.ကလက်ရှိရွေးချယ်ထားသော ကာကွယ်ရေးဦးစီးချုပ်ကို နောက်တက်လာသော ကာလုံအဖွဲ.က အသစ်ပြန်ရွေးချယ်ပေးနိုင်ခွင်.ရှိမရှိ

စသည်.အချက်များသည် ဖွဲ.စည်းပုံအခြခံဥပဒေတွင်လည်းမပါ ၊ တပ်မတော်ကတရားဝင်ထုတ်ပြန်ကြေငြာမှုလည်းမရှိသော မရှုပ်မရှင်းကိစ္စများဖြစ်သည် ။ ထိုကိစ္စများကိုလွှတ်တော်တွင်တရားဝင်မေးမြန်းကာ ဥပဒေခိုင်မာအောင်ပြုသင်.ပါသည် ။ထိုသို.မဟုတ်ပါက သမ္မတများ ၊လွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်ထောင်စုတရားသူကြီးချုပ် ၊ ပြည်ထောင်စုရှေ.နေချုပ် ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရာထူးတို.အတွက် စစ်စစ်ပေါက်ပေါက်စဉ်းစားသလောက် နိုင်ငံ၏ အာဏာ ဗဟိုချက်ဖြစ်နေသော ကာကွယ်ရေးဦးစီးချုပ်ရာထူးအရည်အချင်းသတ်မှတ်ချက်မှာ ပျောက်ကွယ်လစ်ဟာနေပါသည် ။

ပြီးခဲ.သောရက်ပိုင်းက တပ်မတော်လေးလပါတ်အစည်းအဝေးအပြီး ဗိုလ်ချုပ်မှူးကြီးနှင်.ဒုတိယဗိုလ်ချုပ်မှူးကြီးနေရာများအတွက် အငြိမ်းစားယူရမည်.သက်တမ်းမှာ ၆၅ နှစ်အထိတိုးမြှင်.လိုက်ကြောင်းသတင်းများထွက်လာပေသည် ။ လက်ရှိကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏အသက်မှာလည်း မကြာခင် ၆၀ ပြည်.တောမည်ဖြစ်သဖြင်. သက်ပြည်.ပင်စင်ယူကာနီးမှ ထိုသို. ၅ နှစ်ထပ်တိုးလိုက်ခြင်းကို ပြည်သူလူထုက ဝေဖန်နေကြသည် ။ အမှန်စင်စစ် ရာထူးမှအငြိမ်းစားယူသည်.သက်တမ်း ၊ ရာထူးစတင်ခန်.ထားနိုင်သည်.အငယ်ဆုံးသက်တမ်း ၊ နှင်.အခြားအရည်အချင်းသတ်မှတ်ချက်များကို ဖွဲ.စည်းပုံအခြေခံဥပဒေ တွင်သာတရားဝင်ရေးဆွဲပြဌာန်းထားသင်.ပေသည် ။ သိုမဟုတ် ပြည်ထောင်စုလွှတ်တော်ကသာအတည်ပြုပြဌာန်းပေးရပေလိမ်.မည် ။ ၅၉ (စ)သည်ပြင်ဆင်ရန် အလွန်ခက်အောင်ပုဒ်မမျာစွာဖြင်. ချုပ်နှောင်ထားသော်လည်း ၊ပုဒ်မ ၃၄၂ မှာ ဘာမှရှင်းအောင်ရေးမထားသဖြင်. သက်ဆိုင်ရာပုဂ္ဂိုလ်များက ဘာပဲထပ်ထည်.ချင်သည်ဖြစ်စေ ငှက်ပျောသီးအခွံနွှာစားသလိုလွယ်ကူလွန်းနေသည်. ဟာကွက်ကြီးဖြစ်ပေါ်နေပါကြောင်း ။

သရ၀ဏ်(ပြည်)

ပုံ။။ ယနေ့ ပြသနာဖြစ်သည့် နေရာ ။
 လမ်းပိတ်ခံထားရသည့် Pat Jasan အဖွဲ့မှ ခေါင်းဆောင်များအား ချီဖွေလမ်းခွဲတွင် ဂိတ်စောင့်သည့် တပ်မတော်အဖွဲ့မှ ခေါ်ယူပြီး အစည်းအဝေးကျင်းပနေ စဉ် ဓာတ်ပုံရိုက်သည့် KBC မီဒီယာ ဌာနမှ သတင်းထောက်တစ်ဦးအား အပွင့်နှစ်ပွင့်ရှိသည့် တပ်မတော်သားတစ်ဦးသည် ဓာတ်ပုံမရိုက်ရန်နှင့် ရိုက်ပြီးသား ဓာတ်ပုံများကိုလည်း ဖျက်ပေးရန် ပြောဆိုပြီး စပြီး ရန်ရှာကာ လက်ဖြင့်ထိုး သည့်အတွက် သတင်းထောက်မှလည်းပြန်ထိုးကာ အချင်းချင်း ခိုက် ရန်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

နှစ်ပွင့်ဗိုလ်တစ်ယောက်မှ အရင်ကန်သည့်အတွက် သတင်းထောက်မှ ပြန်ထိုးခဲ့ရာ အခြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များမှလည်း ပြန်ထိုးခဲ့ပြီး တပ်မတော်သားတို့မှလည်း သေနတ်မှောင်းတွေတင်သည့်အထိ ပြသနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နှစ်ဖက် လူကြီးများ ပြန်လည် တားဆီးလိုက်သည့်အတွက် ယခုအချိန် အဆင်ပြေပြီး မူလအတိုင်းပြန်ဖြစ်ပွားပြီဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါချီဖွေလမ်းခွဲတွင် မိတ်မိနေသည့် Pat Jasan အဖွဲ့များ အယောက် ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည

ယနေ့မနက်နံနက်ပိုင်းတွင်လည်း Pat Jasan အဖွဲ့များ မြစ်ကြီးနား နှင့် ၀ိုင်းမော်မြို့နယ်ရှိ ဘာသာရေး ဂိုဏ်ပေါင်းစုံလူထုများ အယောက် တစ်သောင်းဝန်းကျင်တို့ ချီဖွေလမ်းခွဲတွင် စုပေါင်းဝတ်ပြုပွဲကျင်းပခဲ့ကြသည်။

Pat Jasan အဖွဲ့နှင့် အစိုးရတပ့် ခိုက်ရန်ဖြစ်ပွားသည့် ဗီဒီယိုဖိုင်###

Posted by နန်းညို ဖလောင် ကြည် on Sunday, February 21, 2016
Kachinwaves
https://www.facebook.com/kachinwavesnews


နောက်ဆုံးထွက်ရှိခဲ့သည့် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့သည့် Aston Martin DB10 ကားကို ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်ဟု Christie’s လေလံလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။

Spectre ဇာတ်ကားအတွက် အထူးဖန်တီးခဲ့သည့် Spectre Silver DB10 ကို ယူကေရှိ Aston Martin ရုံးချုပ်တွင် တည်ဆောက်ခဲ့သည်ဟု သိရသည်။ ယင်းကားသည် V8 ဓာတ်ဆီအင်ဂျင် အသုံးပြုထားပြီး တစ်နာရီလျှင် မိုင် ၁၉၀ နှုန်းအထိ မောင်းနှင်နိုင်သော်လည်း အများပြည်သူသုံး လမ်းမများတွင် မောင်းနှင်နိုင်မည်မဟုတ်ဟု Sky News က ဖော်ပြခဲ့သည်။

အဆိုပါကားကို လေလံအောင်သူသည် ဂျိမ်းစ်ဘွန်းသရုပ်ဆောင် ဒယ်နီရယ်ခရေ့ခ်ျ လက်မှတ်ရေးထိုးထားသည့် အထူးသတ္ထုပြားတစ်ခု ရရှိမည်ဖြစ်သည်။ Aston Martin ကုမ္ပဏီသည် ၁၉၆၄ ခုနှစ်တွင် Goldfinger ဇာတ်ကားမှ စတင်ပြီး ဂျိမ်းစ်ဘွန်းစီးသည့် ကားများကို ထုတ်လုပ်ပေးခဲ့သည်။

၅၃ နှစ်အတွင်း ထွက်ရှိခဲ့သည့် ၂၄ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre သည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ၀င်ငွေ ဒေါ်လာ ၈၇၉ သန်း ရရှိခဲ့သည်။

လန်ဒန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါလေလံပွဲတွင် ဂျိမ်းစ်ဘွန်းဇာတ်ကား ၂၄ ကားမှ 007 အမှတ်တရ အခြားပစ္စည်း ၁၀ခု ကို လေလံတင်ရောင်းချခဲ့ရာတွင် ဒေါ်လာ လေးသန်းကျော် ရရှိခဲ့သည်။ အဆိုပါရောင်းချမှုမှ အကျိုးအမြတ်များကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းမည်ဟု သိရသည်။

ကျန်ရှိသည့် ဂျိမ်းစ်ဘွန်းအမှတ်တရ ပစ္စည်း ၁၄ ခုကို ဖေဖော်ဝါရီ ၂၃ ရက်အထိ အွန်လိုင်းမှ လေလံတင် ရောင်းချမည်ဖြစ်သည်။
Eleven Media Group


ဖေဖော်ဝါရီလ ၂၁ ရက် ။ ။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများ ပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ မကွေးတိုင်း ချောက်မြို့နယ်မှ ကျောင်းအုပ် သုံးဦးအား ချောက်မြို့နယ်ပညာရေးမှူးက ဖေဖော်ဝါရီ ၂၀ရက်က တရားလိုပြု တိုင်တန်းသဖြင့် ချောက်မြို့နယ်၊မြို့မရဲစခန်းက လျို့ဝှက်ချက်ပေါက်ကြားမှုဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ချောက်မြို့၊ သလုံးသွေး အလက(ခွဲ)ကျောင်း၊ ထိန်းစမ်း အလက(ခွဲ)ကျောင်း၊ အမှတ်(၁၀၉) အလက(ခွဲ)ချောင်းပိုက် ကျေးရွာတို့မှ ကျောင်းအုပ်ဆရာ(၃)ဦးအား ချောက်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ကျောင်းအုပ်(၃)ဦးကို နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ စစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ ၂၀ရက်နေ့ကတော့ မကွေးတိုင်းပညာရေးမှူးရုံးက ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။" ဟု ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ဦးမင်းမင်းစိုးက ပြောသည်။

ယင်းကျောင်းအုပ် သုံးဦးသည် စာမေးပွဲမေးခွန်းလွှာများကို လျို့ဝှက်လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသူများဖြစ်ကြသော်လည်း မိမိတို့သဘောဆန္ဒအလျောက် ဖွင့်ဖောက်၍ မသက်ဆိုင်သူများထံဖြန့်ဝေခြင်း၊ ပညာရေးဌာန၏ စာမေးပွဲမေးခွန်းလွှာများ ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပြီး အချိန်မတိုင်မီ ဖြန့်ဝေပေါက်ကြားခဲ့ခြင်း၊ ရာထူးတာဝန်အလျောက် လျို့ဝှက်လုံခြုံစွာ ထိန်းသိမ်းရမည့် မေးခွန်းများကို အချိန်မတိုင်မီ ဖွင့်ဖောက်ဖြန့်ဝေပေါက်ကြားစေခဲ့မှုဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၄ရက်တွင် ချောက်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ရွှေတွင်းကုန်းရပ်ကွက်တွင် (၈)တန်းနှင့် (၄)တန်း မေးခွန်းလွှာများ လူမှုကွန်ယက်စာမျက်နှာဖြစ်သော Facebook မှတစ်ဆင့် ပျံ့နှံ့ခဲ့ခြင်းကြောင့် ပညာရေးမှူးက တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်း ဦးမင်းမင်းစိုးက ပြောသည်။

ချောက်မြို့နယ် ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက ဖေဖော်ဝါရီ ၂၀ရက် နေ့လည်က လာရောက်တိုင်ကြားသဖြင့် ချောက်မြို့၊မြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၅(၁)(က)(ဂ)အရ အရေးယူမှု ပြုလုပ်ထားကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းပညာရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ ချောက်မြို့ နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် မြို့နယ်ပညာရေးမှူးသည် တိုင်းပညာရေးမှူးရုံးသို့ သွားနေကြောင်း နှင့် ၎င်း၏ လက်ကိုင်ဖုန်းမှာ ရုံး၌မေ့ကျန်ခဲ့ကြောင်းသာ ဖြေကြားခဲ့သည်။ တိုင်ကြားခံထားရသူ ကျောင်းအုပ်(၃)ဦး၏ ဖုန်းများမှာလည်း အသိမ်းဆည်းခံထားသည်ဟု ကြားသိရကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။

Mizzima - News in Burmese

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစတင်ခဲ့တဲ့ အစိုးစစ်စာမေးပွဲ လေးတန်းနဲ့ ရှစ်တန်း မေး ခွန်း တွေပေါက်ကြားခဲ့တာနဲ့ပတ်သက်လို့မကွေးခရိုင်၊
ချောက်မြို့မရဲစခန်းမှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပ ဒေပုဒ်မ၅ (၁ )/(က)နဲ့(ဂ)တို့အရ ပညာရေးဝန်ထမ်း(၄)ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ ဒီကနေ့မနက်က မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒုရဲမှူးမင်းဟန်က သတင်းဌာနတွေကိုဖြေကြားလိုက်ပါတယ်။

အွန်လိုင်းမှဒီယာကနေတစ်ဆင့်ပြန့်နှံ့လာတဲ့ မေးခွန်းပေါက်ကြားမှုကို တာဝန်ပေးချက်အရ ဖေဖော် ဝါရီ လ(၁၈)ရက်နေ့မှာ ကိုယ်ပိုင်အထက်တန်းကျောင်းဆရာမတစ်ဦးနဲ့ မိတ္တူဆိုင်တစ်ဆိုင်ကို စတင်စစ် ဆေးရာမှ တစ်ဆင့် ချောက်မြို့နယ်မှ ပညာရေးဝန်ထမ်းလေးဦးထံမှ စတင်ပေါက်ကြားတယ်လို့ စစ်ဆေး ပေါ် ပေါက်ချက်အရ ချောက်မြို့ မြို့မရဲစခန်း ပ/၂၃ -၂၀၁၆နဲ့ သုံးဦး၊ပ/၂၄-၂၀၁၆နဲ့(၁)အမှုဖွင့် ဆက်လက် စစ်ဆေးနေစဲဖြစ်တယ်လို့ပြောပါတယ်။

ခုံဖွဲ့စစ်ဆေးရာမှာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဝန်ကြီးတစ်ဦး၊တိုင်းဒုရဲတပ်မှူးတစ်ဦး၊ခရိုင် ဒုရဲ တပ်ဖွဲ့မှူးတစ်ဦး၊အထွေထွေအုပ်ချုပ်ရေးသီးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ဦးနဲ့မြန် မာနိုင်ငံသ တင်းရဲ တပ်ဖွဲ့ကရဲမှူးတစ်ဦးပါဝင်ပြီးခုံဖွဲ့စစ်ဆေးခဲ့ကြောင်းရှင်းပြပြောဆိုပါတယ်။မကွေးတိုင်းပညာရေးဌာနကလည်းစစ်ဆေးမှုဆက်လက်ပြုလုပ်နေကြောင်းနဲ့ စစ်ဆေးပေါ်ပေါက်မှုအပေါ်မူတည်လို့ အမှုဖွင့် အရေးယူ ဆောင်ရွက် သွား မှာဖြစ်တယ်လို့ဆက်လက်ပြောကြားပါတယ်။
မကွေးတိုင်းပညာရေးမှူးရုံးကတော့ ယခုအချိန်အထိတွေ့ဆုံမေးမြန်းခွင့် မရသေးကြောင်း သတင်းဌာန အားလုံးကတညီတညွတ်တည်း အတည်ပြုပြောကြားခဲ့ပါတယ်။

Popular News Journal

ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

    ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။

အဘူ ဘာဂျန်တာ အား ဒါကာ ဆေးပညာကောလိပ် နှင့် ဆေးရုံ (DMCH) တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အောင်မြင်ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု၊ ပလတ်စတစ် ဆာဂျရီ နှင့်စီမံကိန်း ဌာန ၏အကြီးအကဲ Prof. Md Abul Kalam သည် အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ဆေးပညာ အသင်းအားဦးဆောင်ပြီး ခွဲစိတ်မှု ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀း၃၀ မှ စတင်၍ ၄နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းက ဘာဂျန်တာအတွက် ကျန်ရှိနေသည့် ခွဲစိတ်မှု များကို တဖြည်းဖြည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲသည်။

ဘာဂျန်တာသည် epidermodysplasia verruciformis အမည်ရှိ ရှားပါး ရောဂါတစ်မျိုးကို နှစ်ပေါင်း ၂၀ကျော် ကြာ ခံစားခဲ့ရပြီး အဆိုပါရောဂါကြောင့် ၄င်း၏ လက်နှင့် ခြေထောက်များတွင် အလေးချိန် အားဖြင့် ၄ ကီလိုဂရမ်ရှိသည့် သစ်ပင်သဏ္ဍာန် အဖုအထစ်များ ဖြစ်ပေါ်နေကြောင်းသိရသည်။

အဆိုပါ ရှားပါးရောဂါအား “သစ်ပင်လူသား” ရောဂါဟု ခေါ်လေ့ရှိသည်။

ဘာဂျန်တာသည် ကမ္ဘာပေါ်တွင် အဆိုပါရောဂါဖြစ်ပွားနေသည့် လေးဦးမြောက်လူသားဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရားပုထိုးများအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

    ပုဂံရှေးဟောင်းနယ်မြေ ရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူအများ စုဖွဲ့ကခုန်နေမှုများကြောင့် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင်ရန် ဆောင်ရွက်မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ပုဂံရှေးဟောင်းနယ်မြေ၌ ပုဂံမြင်ကွင်းများကို ကြည့်ရှုနိုင်ရန် ကြံ့ခိုင်မှုရှိသော ဘုရားပုထိုးငါးဆူပေါ်သို့ တက်ရောက်ခွင့်ပြုထားပြီး အဆိုပါ ဘုရားပုထိုးများပေါ်တွင် ယဉ်ကျေးမှုနှင့် မဆီလျော်စွာ နေထိုင်မှုများကြောင့် ပုဂံယဉ် ကျေးမှုနယ်မြေတွင် တက်ရောက် ခွင့်ပြုထားသော ဘုရားပုထိုးများ ပေါ်သို့ တက်ရောက်ခွင့်မပြုခြင်း ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ တော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန် ဆောင်ရွက်တော့မည် ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ပြာသာဒ်ကြီးဘုရားပေါ်တွင် ဆေးကုမ္ပဏီတစ်ခုမှ လူအများ အသံချဲ့ စက်များဖြင့် အဖွဲ့လိုက်ဆူညံစွာ ကခုန်ခဲ့သည့်ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံ များပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်၌ ယဉ် ကျေးမှုဝန်ကြီးဌာနက ပုဂံဘုရား ပုထိုးစေတီများနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com



ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခြင်းသည် အားလုံးအတွက် အကျိုးဖြစ်လာစေဖို့  ဖြစ်သည်ဟု
တောင်ကိုရီးယားနိုင်ငံသို့  ရောက်ရှိနေသည့် ၈၈ ပွင့်လင်းလူ့ အဖွဲ့ အစည်းခေါင်းဆောင် ကိုဂျင်မီမှ ကိုရီးယား သတင်းမီဒီယာများသို့  ထုတ်ဖော်ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ တွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသော ကိုဂျင်မီသည် ထိုနေ့ တွင်ပင် ကိုရီးယား နေ့ စဉ်သတင်းစာကြီးတစ်စောင်ဖြစ်သော ဂယောင်းဟန်း သတင်းစာအပါအ၀င် သတင်းမီဒီယာများနှင့် သီးသန် တွေ့ ဆုံခဲ့ပါသည်။

ရွေးကောက်ပွဲ အလွန် ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို မေးမြန်းသည့်အပေါ်တွင်လည်း ၊ ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေသည် ပင်လယ်ကို ဖြတ်ကျော်ရန် တက်စုံရွက်စုံလွှင့်နိုင်မည့် သဘောင်္တစ်စီးတော့ ကျနော်တို့ ရပြီ၊ သဘောင်္ပေါ်မှာ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးလုပ်နိုင်မှသာလျှင် ကျနော်တို့ တွေအားလုံး ပင်လယ်ကို ဖြတ်ကျော်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီတိုင်းပြည်ဆိုတဲ့ ကမ်းကိုချောမောစွာနဲ့ ရောက်နိုင်မယ်ဟု၊ တိုင်းပြည်မျက်နှာကိုသာကြည့်ပြီး၊ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွင် အားလုံးရဲ့ 
တာဝန်သိပူးပေါင်းဆောင်ရွက်မှုက သိပ်အရေးကြီးနေကြောင်းကိုလည်း အရေးပေးပြောကြားခဲ့သည်။

ကိုရီးယားသတင်းလင့် ။ ။
http://m.news.naver.com/read.nhn?mode=LSD&mid=sec&sid1=104&oid=032&aid=0002676709
Credit : Yan Naing Htun Thi

နိင်ငံတော်သမ္မတ၏ကိုယ်ရေးအရာရှိဗိုလိမှူးကြီး(ငြိမ်း) ဦးကိုကိုကျော်သည် သမ္မတအမိန့်ဖြင့် ဖြူ့းမြို့တွင် ရွေးကောက်ပွဲဝင်ရန် ရာထူးတာဝန်မှနှုတ်ထွက်ခဲ့သည်။
-
ဦးရွှေမန်းကိုအပြုတ်ဖြုတ်ရန်ဖြစ်သည်။
-
မဲဆန္နတွင်ဝင်ပြိုင်ရန်ခရိုနီစီဘီဘဏ်ဥက္ကဌဦးခင်မောင်အေး ကသန်းပေါင်းများစွာထောက်ပံခဲ့သည်။
-
ဦးသိန်းစိန်အတွက်ရွေးကောက်ပွဲတွင်အနိင်ရန် နေဇင်လတ် ကောင်းမြတ်ထွဋ်တို့လို အကူပါတီခွဲပေါင်းများစွာ နံမည်အမျိုးမျိုးဖြင့် ထူထောင်
နိင်ရန် စရိတ်ငွေကြေးများစွာကို ခရိုနီကြီးများ ကုန်ကျခံခဲ့ရလေသည်။
-
ပါတီရလဒ်မယုံနိင်စရာအဖြစ်ဆိုးနှင်ကြုံသောအခါအများအပြားမှာ ဖွတ်မရဓါးမဆုံးကိန်းမျိုးရာထူးလက်လွှတ်ဖြစ်ကုန်သော်လည်း
သမ္မတလူရင်းPAဦးကိုကိုကျော်ကမူသမ္မတအမိန့်ဖြင့်ရွေးကောက်ပွဲတွင်ရုပ်ပျက်ဆင်းပျက်ရှုံးနှိမ့်သော်လည်းရွေးကောက်ပွဲအပြီးတွင်ပို၍အသား
ပါသောနေပြည်တော်စည်ပင်ကော်မတီတွင်ဒု့ညွှန်ကြားရေးမှူးချုပ်ပြန်ခန့်ခံရလေသည်။
==========
chit ko ko

အမရပူရမြို့နယ် ဧရာဝတီမြစ်အတွင်း ယဉ်တော်ကျွန်းမှ ဖရဲစိုက် တောင်သူများကို တွေ့ရစဉ်

မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကိုင်းကျွန်းမြေများနှင့် တိုင်းဒေသကြီး အတွင်းရှိ ဖရဲစိုက်ပျိုးနိုင်သည့် မြေနေရာများတွင် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသား အမည်ခံပြီး မြေငှားရမ်း ဖရဲစိုက်ပျိုးမှု များပြားလာခြင်းကြောင့် ဒေသတွင်း ဖရဲစိုက် တောင်သူများ အခက်ခဲ ဖြစ်ပေါ်လျက်ရှိကြောင်း နှစ်စဉ်ဖရဲစိုက် တောင်သူများထံမှ စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသားများ အနေဖြင့် ပြည်တွင်းသို့ လာရောက်၍ ဒေသခံ တောင်သူများအား နာမည်ခံပြီး မြေဧက အမြောက်အမြား ငှားရမ်းကာ ဖရဲ၊ သခွားစိုက်ပျိုးခြင်း၊ ကိုယ်တိုင်တင်ပို့ ရောင်းချခြင်းများ တစ်နှစ်ထက် တစ်နှစ် များပြားလာမှုကြောင့် မူဆယ်ဈေးကွက်တွင် ဒေသခံ တောင်သူများက ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိဘဲ ဈေးနှိမ်ခံရခြင်းများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

"တရုတ်တွေက မြေနေရာ တစ်နေရာတည်းကို အခြေချစိုက်တာ မဟုတ်ဘူး။ တစ်နေရာကို နှစ်နှစ်လောက်စိုက်ပြီး တခြားနေရာ ပြောင်းစိုက်တယ်။ အဲလိုပြောင်းစိုက်တာ သိတဲ့တချို့နယ်တွေက လူတွေက တရုတ်ဆိုရင် မြေမငှားဘူးဆိုပြီး လုပ်ကြတယ်။ ဒါနဲ့ တရုတ်တွေက ဗမာတွေကို အမည်ခံ ငှားစိုက်တယ်။ ပြီးတော့ အမည်ခံတဲ့သူကိုပဲ စိုက်ခင်း တာဝန်ခံ သဘောမျိုးထားပြီး သူတို့စိတ်ကြိုက်ခူးပြီး ကျန်တဲ့အသီးတွေကို အမည်ခံခိုင်းတဲ့ သူကိုပေးခဲ့ပြီး နောက်နှစ်ဆက်ငှား ပေးဖို့ပါ ချည်ပစ်လိုက်တယ်" ဟု မန္တလေးမြို့ အမရပူရမြို့နယ် ဧရာဝတီမြစ် အတွင်းရှိ ယဉ်တော်ကျွန်းမှ ဖရဲစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

"ဒေသတွင်းမှာ တရုတ်စိုက်ခင်းတွေရှိ နေသရွေ့ ဧကနည်းနည်းနဲ့ တစ်နိုင်လေး စိုက်ပျိုးရောင်းချတဲ့ ဗမာတောင်သူတွေ အနေနဲ့ သူတို့ ဈေးကွက်ကို မယှဉ်နိုင်ဘဲ အမြဲအရှုံးပေါ်နေဦးမှာ။ အခုဆိုရင် အထက်မူဆယ် ဈေးကွက်ကလည်း မကောင်းတော့ ပြည်တွင်းဈေးကွက်မှာပဲ ဈေးနည်းနည်းနဲ့ ရောင်းနေရတယ်။ တရုတ်တွေက ဧက ၅၀၊ ၁၀၀ စိုက်နိုင်ကြတော့ သူတို့ အသီးပေါ်တဲ့ အချိန်မှာ ဒေသခံ တောင်သူတွေစိုက်တဲ့ အသီးက ရှေ့တိုးမရတော့ဘူး။ တရုတ်လူမျိုးဖြစ်တော့ ပြည်မကြီး ဈေးကွက်အထိ ထိုးဖောက်နိုင်တယ်။ သူ့လူနဲ့ သူဈေးကွက်ထဲမှာ အသီးတွေပြည့်ပြီး ဒီဘက်ကို ဆင်းမ၀ယ်တော့ဘူး" ဟု ဧရာဝတီမြစ် အတွင်းရှိ ပယ်ငါးဆယ်ကျွန်းမှ ဖရဲစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

မန္တလေးမှ တရုတ်ပြည် မူဆယ်ဈေးကွက်သို့ ဖရဲသီးများ တင်ပို့ ရောင်းချရာတွင် ကျယ်ဂေါင်သို့ ရောက်ပါက အသီးမကြိုက်လျှင် တန်ချိန်လျော့ပြီး ငွေရှင်းပေးမှုကြောင့် ကားပေါ်ပါသည့် တန်ချိန်အတိုင်း ငွေအတိအကျ မရရှိကြောင်း၊ မူဆယ်ဈေးကွက်တွင်လည်း ယခင်က ဖရဲသီးပွဲရုံ သုံး၊ လေးရုံရှိရာမှ ယခု ပွဲရုံ ၃၀၊ ၄၀ နီးပါးအထိ တိုးလာခြင်းကြောင့် ကုန်သည်များ အနေဖြင့် တရုတ်ဝယ်လက် ပွဲစားများပေးသည့် ဈေးနှုန်းများဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်နေရကြောင်း သိရသည်။
Writer:
အောင်သူ၊ လဲ့လဲ့အောင်
Eleven Media Group

Drone နည်းပညာဆိုင်ရာ ဟောပြောပွဲအား တွေ့ရစဉ် (ဓာတ်ပုံ -နေမျိုးထွန်း)

မောင်းသူမဲ့ Drone လေယာဉ်များကို နယ်ပယ်အသီးသီးတွင် လုပ်ဆောင်ချက်ပုံစံ အမျိုးမျိုးဖြင့် အသုံးပြုနိုင်သော်လည်း လက်ရှိတွင် အပျော်မောင်းနှင်ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရန် မောင်းနှင်ခြင်းတို့အတွက်သာ အဓိက အသုံးပြုနေသေးကြောင်း သိရသည်။ ထို့ပြင် မောင်းသူမဲ့ Drone လေယာဉ်များ၏ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲပိုင်းကို ကိုယ်တိုင်ဖန်တီး တပ်ဆင်ရေးသား၍ အသုံးပြု မောင်းနှင်သူများလည်း ရှိနေကြောင်း သိရသည်။

"Drone လေယာဉ် အသုံးပြုမှုကို ကြည့်လိုက်ရင် အပျင်းပြေ အပျော်မောင်းတဲ့သူတွေ ရှိမယ်။ နောက်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးရေးအတွက် အသုံးပြုသူတွေရှိတာ တွေ့ရတယ်။ အမှန်တော့ Drone လေယာဉ်တွေကို ပုံစံမျိုးစုံနဲ့ အသုံးပြုနိုင်ပြီး ကဏ္ဍအသီးသီးအတွက် အသုံးချနိုင်ပါတယ်။ စိုက်ခင်းတွေမှာ ပိုးသတ်ဆေးတွေ ဖျန်းဖို့သုံးနိုင်သလို ကယ်ဆယ်ရေး အတွက်လည်း သုံးကြတာရှိတယ်။ လူတစ်ယောက်ကို ကောင်းကောင်း သယ်ဆောင်နိုင်တဲ့ Drone တွေ ရှိပါတယ်။ စိုက်ခင်းတွေမှာ ပိုးသတ်ဆေးဖျန်းတဲ့ အခါမှာ ဖျန်းရမယ့် လမ်းကြောင်းကို စိတ်ကြိုက် သတ်မှတ်ပေးထားလို့ ရတယ်။ Amazon ဆိုရင်လည်း ပါဆယ်ထုပ်တွေ aပးပို့တာကို Drone အသုံးပြုပြီး စမ်းသပ်ပေးပို့ခဲ့တယ်။ ဒါပေမဲ့ ပို့တဲ့ပစ္စည်းကို အမှန်တကယ် လက်ခံရရှိခြင်း ရှိ၊ မရှိ ဘာနဲ့အတည်ပြုမလဲစတဲ့ ပြဿနာ တွေတော့ ရှိနေပါသေးတယ်။ နောက်ပြီး မြေပုံရေးဆွဲဖို့ Drone တွေနဲ့ ရိုက်ကူးပြီး ပြန်ပေါင်းစပ်ကြတာတွေ ရှိတယ်။ မြေပြင်အခြေအနေကို သိဖို့ အသုံးပြုကြတာလည်း ရှိတယ်" ဟု Drone နည်းပညာဆိုင်ရာ ဟောပြောပွဲတွင် Ubuntu Myanmar LoCo Team မှ Tho Hi က ပြောကြားသည်။

"ဘက်ထရီ ကုန်သွားရင် သူ့ကို စတင် လွှတ်လိုက်တဲ့ နေရာကို ပြန်လာဖို့ သတ်မှတ် ပေးထားလို့ရတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကြုံခဲ့ရတာ တစ်ခုက ကားနဲ့သွားနေရင်း Drone ကို ပျံသန်းခိုင်းထားတာ၊ ဘက်ထရီလည်း ကုန်ရော စလွှတ်တဲ့ နေရာကို ပြန်သွားနေလို့ အခက်ကြုံရတာတွေ ရှိတယ်။ ကိုယ်က အဲဒီ နေရာမှာ မရှိတော့ဘူးလေ။ Drone တွေ အများဆုံး ပျက်တာကတော့ တစ်ခုခုနဲ့ ထိခိုက်မိလို့ပါ။ တချို့ Drone တွေမှာတော့ ပန်ကာတွေကို ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေ တပ်ဆင်ထားတာမျိုး ရှိတယ်။ စမောင်းတဲ့သူတွေ အတွက်တော့ အဲဒါမျိုးက အဆင်ပြေတာပေါ့" ဟု Kanaung Hub ၏ Coordinator ဖြစ်သူ ကိုကိုရဲက ပြောကြားသည်။

မောင်းသူမဲ့ Drone လေယာဉ်များ အတွက် ဥပဒေ ရေးဆွဲလျက်ရှိပြီး ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် ထိန်းချုပ်မောင်းနှင်ရန်အတွက် လှိုင်းကြိမ်နှုန်း အသုံးပြုရသောကြောင့် Frequency နှင့် Spectrum ဆိုင်ရာ နည်းဥပဒေများကိုလည်း လိုက်နာရမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မလေးရှားနိုင်ငံ ဆီလာယန်းလက်ကားဈေးကွက်တွင် လုပ်ကိုင်နေသည့် ကုန်သည်တစ်ဦးအား ရေမြောင်းတစ်ခုအတွင်း ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်သားတွေ့ရှိသည်။

ယခုထိတ်လန့်ဖွယ်လူသတ်မှုကြောင့် ပြီးခဲ့သည့်လအတွင်းက လူအုပ်လိုက် ရန်ပွဲများဖြစ်ပွားခဲ့သည့် ယင်းဈေးကွက်က မြန်မာကုန်သည်များကြား ထိတ်လန့်မှုများ ထပ်မံပေါ်ပေါက်လာခဲ့ရသည်။

သေဆုံးသူ အသက် ၄၆ နှစ်ရှိ ဖော်ဇော်ကာရမ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က အလုပ်ပါမစ်ကိစ္စဆောင်ရွက်ရန်အတွက် သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရန် ဆီလာယန်းဈေးအနီးရှိ ၎င်း၏ နေအိမ်မှ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း မိတ်ဆွေများက ပြောသည်။

ကာရမ်၏ ဇနီးနှင့် သူငယ်ချင်းဖြစ်သူ ရှာရစ်တို့က သူအိမ်မှထွက်သွားပြီး မကြာမီ ဖုန်းခေါ်ဆိုခဲ့ရာတွင် ပဟေဠိဖြစ်ဖွယ်ကြုံရကြောင်း၊ ယခင်က တစ်ကြိမ်တစ်ခါမှ မပြောဘူးခဲ့သည့် ဘာဟာဆာမလေးဘာသာစကားဖြင့် အလုပ်များလွန်းနေသည်ဟု ပြန်ပြောသည်နှင့် ကြုံရကြောင်း၊ နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်ရာတွင် ဖုန်းခေါ်၍ မရတော့ပဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသည့် အမည်မှန် သီဟဖြစ်သူ သေဆုံးသူ ကာရမ်ကို ဖေဖော်ဝါရီ ၁၉ ရက်၌ သေဆုံးရုပ်အလောင်းအား တာမန်ဆီလာယန်းမတ်မူအရပ်ရှိ ရေဆိုးမြောင်းတစ်ခုအတွင်း ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းအား လက်နှင့် ကိုယ်လုံးတို့ကို ကြိုးဖြင့်တုပ်ထားသည်ကို တွေ့ရပြီး မျက်နှာမှာလည်း ပြာနှမ်းနေသည်။ ဦးခေါင်းဘေးဖက်မှ ပစ်ခတ်ခံထားရခြင်းဖြစ်သကဲ့သို့ ဝမ်းဗိုက်တွင်လည်း ပစ်ခတ်ခံထားရသည်။

ကာရမ်၏ အလောင်းမှာ နောက်ဆုံးအိမ်က ထွက်သွားသည့် အဝတ်အစားနှင့် မဟုတ်ကြောင်း သူငယ်ချင်းတစ်ဦးကလည်း ပြောသည်။

"သူမှာ ရန်သူ မရှိပါဘူး။ လူတိုင်းနဲ့ သင့်မြတ်သူပါ။ ဘယ်လိုများ ခုလိုဖြစ်ရလဲမသိဘူး။ ဒီလူသတ်သမားတွေကို အမြန်ဖမ်းရမယ်။"ဟု သူငယ်ချင်းဖြစ်သူ ရှာရစ်က ပြောပြီး ကာရမ်က ဆီလာယန်းသို့ ၁၉၈၉ ခုနှစ်ကတည်းက ရောက်ရှိနေသူတစ်ဦးဖြစ်ကြောင်း ဆိုသည်။

ဆီလာယန်းတွင် မြန်မာအသိုက်အဝန်းအတွက် လုံခြုံမှု စိုးရိမ်ရကြောင်း၊ ကာရမ်အသတ်ခံရမှုကလည်း ယခုနှစ်အတွင်း မြန်မာအလုပ်သမားများအပေါ် ကျုးလွန်သည့် ဒုတိယအကြိမ် အကြမ်းဖက်လုပ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ဆီလာယန်းတွင် ကားနှစ်ဦးဖြင့် လူငါးဦးတို့က တွေ့ရာဝှေ့ယမ်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ သုံးဦးရှိခဲ့သည်။

Mizzima - News in Burmese

"ကျွန်မတို့ပြည်ထောင်စုကြီးတစ်ခုလုံး နေရာတိုင်း၊ နေရာတိုင်းမှာ အေးချမ်းနေပြီ၊ ငြိမ်းချမ်းနေပြီလို့ပြောလို့မရဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါမှာ ကျွန်မတို့ပြည်ထောင်စုကြီးဟာ မငြိမ်းချမ်းတဲ့နယ်မြေတွေ တစ်လက်မမှမရှိအောင်လို့ ကြိုးစားရမှာဖြစ်ပါတယ်"

"ငြိမ်းချမ်းမှုအတွက် အဓိကလိုအပ်ချက်ကဘာလဲဆိုတော့ တစ်ယောက်တစ်မျိုးပြောကြမှာပဲ။ ဒါပေမဲ့ ကျွန်မအနေနဲ့တော့ ပေးချင်တဲ့စိတ်၊ ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ ပေးဆပ်ချင်တဲ့စိတ်ကို ပြုစုပျိုးထောင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ငြိမ်းချမ်းရေးကိုရဖို့ ခက်ခဲမှာမဟုတ်ပါဘူး"

"အင်မတန်မှသစ္စာတရားကြီးမားတယ်လို့နာမည်ကြီးတဲ့ ချင်းတိုင်းရင်းသားများဟာ ပြည်ထောင်စုထူထောင်ရေးမှာ ရှေ့ကနေပြီးတော့ လမ်းပြစေချင်ပါတယ်"

‘‘ကျွန်မတို့အားလုံး တစ်ဦး အပေါ် တစ်ဦး သစ္စာတရားရှေ့ ထားပြီးတော့ လက်တွဲသွားမယ် ဆိုရင် ကျွန်မတို့မလုပ်နိုင်တဲ့ကိစ္စ ဘာမှမရှိပါဘူး။ ကျွန်မတို့တိုင်း ရင်းသားများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြပါ‘‘

"ချင်းအမျိုးသားများရဲ့ ဇွဲ သတ္တိနဲ့ တကယ့်ကို ပြည်ထောင်စု စိတ်ဓာတ်ကို အတုယူပြီးတော့ ချင်းတိုင်းရင်းသားများအပါအဝင် ကျွန်မတို့နိုင်ငံရဲ့တိုင်းရင်းသား များအားလုံးဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရဲ့ အရိပ်အာဝါသ အောက်မှာ ချမ်းချမ်းမြေ့မြေ့ဝဝ ပြောပြော
နေနိုင်ကြပါစေလို့ ဆု တောင်းမေတ္တာပို့ပါတယ်’’
The Ladies News Journal

[youtube src="7L0zcEWQ7O0"/]
မန္တလေးတိုင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားတဆူပေါ်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ကခုန်ခဲ့ကြတဲ့ ဆေးကုမ္ပဏီအနေနဲ့ သူတို့လုပ်ရပ်မှားယွင်းကြောင်း သတင်းစာကတဆင့် ၀န်ချတောင်း ပန်သွားမှာဖြစ်ပါတယ်။

Lucky Star ဆေးကုမ္ပဏီဟာ သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်နဲ့ ပုဂံက ပြသာဒ်ကြီးဘုရားပေါ်မှာ ကြော်ငြာရိုက်အပြီး အောင်ပွဲခံတဲ့သဘော ကခုန်ခဲ့ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် ညနေဘက်မှာ ဘုရားရင်ပြင်ပေါ်တခွင်လုံး အဲ့ဒီလို အောင်ပွဲခံ ကခုန်နေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင် အင်တာနက်ပေါ်တက်လာခဲ့ပါတယ်။

ဒီသတင်းကြောင့် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ ဆေးကုမ္ပဏီကို ခေါ်ယူသတိပေးထားကြောင်းလည်း အဲ့ဒီဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

“မှတ်တမ်းရိုက်ပြီးတော့ ပျော်ပြီးတော့ သူတို့ ကတယ်လို့ ပြောပါတယ်။ မည်သို့ပင်ဆိုစေပေါ့၊ ဖေ့စ်ဘွတ်ပေါ်တက်လာပြီး မိဘပြည်သူတွေ မြင်တွေ့တဲ့အခါကျတော့ အ ဂါရ၀ ဖြစ်တာပေါ့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို မလေးစားရာလည်း ရောက်တယ်၊ သူတို့လည်း တောင်းပန်တယ်။ မသိလို့ ပါပေါ့၊ အဲ့ဒါဆိုလည်း ၀န်ချတောင်းပန်တဲ့စာ ထုတ်ပေါ့၊ အဲ့လိုလေး လုပ်ထားပါတယ်။”

မန္တလေးတိုင်း၊ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးရဲမြတ်ထွန်းက အဲ့ဒီဘုရားမှာ ပုဂံနေ၀င်ချိန် စောင့်ကြည့်ကြသူများလို့ ခရီးသည်တွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောပါတယ်။

“ဒီပြသာဒ်ကြီး ဘုရားဆိုတာက ညနေစောင်း နေ၀င်ချိန်ကြည့်ကြတဲ့ဘုရားဗျ၊ သူက Sunset enjoy လုပ်တဲ့အချိန်မှာမှ လာပြီးတော့ ဒီ ရင်ပြင်ကြီးတခုလုံးပေါ်မှာ အသံချဲ့စက်တွေနဲ့ ကခုန်နေကြတော့ Sunset လာကြည့်တဲ့သူတွေအတွက် အနှောင့်အယှက်တွေ ဖြစ်နေရာက မရှိ ဖြစ်တာပေါ့။”

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကလည်း ဖေဖော်ဝါရီ ၁၉ ရက်ရက်စွဲနဲ့ ကန့်ကွက်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမှာ နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ရန် ထိထိရောက်ရောက်တားမြစ်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါတယ်။

ရုပ်သံ – Ghantgaw Naing

DVB
http://burmese.dvb.no/archives/136171

ဓာတ်ပုံ-မဇ္ဈိမ

အခုရက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ စတုတ္တတန်းနဲ့ အဌမတန်း အတန်းတင် စာမေးပွဲတွေ ဖြေဆိုနေကြပါတယ်။ ဒီစာမေးပွဲ ကာလ အတွင်း တစ်ချို့ မြို့နယ်တွေမှာ နေ့စဉ်ရက် ဆက်၊ မေးခွန်းပေါက်ကြားမှု၊ မေးခွန်းတွေထဲ အလွဲအချော်တွေ ပါဝင်နေမှုနဲ့ ပတ်သက်ပြီး သတင်း ဌာနတွေက ဇောင်းပေး ဖော်ပြနေကြသလို၊ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာလည်း ပျံ့နှံ့နေပါတယ်။ ဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အများကတော့ သက်ဆိုင်သူတွေကို ပြောင်စ ရာ၊ လှောင်စရာ၊ ရီစရာမောစရာအဖြစ် ပြောဆို မှတ်ချက်ပြုနေတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ သရော်လှောင်ပြောင်စရာ ကိစ္စ တစ်ခု မဟုတ်ပါဘူး။ မြန်မာ့ပညာရေး အလွန်အမင်း နိမ့်ကျ နေမှု တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ လူသား အရည်အသွေး နိမ့်ကျနေမှုတွေရဲ့ နမူနာ ဇာတ်လမ်း တွေပဲ ဖြစ်ပါတယ်။ အခုလို ပညာရေး နိမ့်ကျနေခဲ့တာတော့ ကာလ ကြာမြင့်ပါပြီ။ အရင် ခေတ်ကာလ တလျောက်လုံး ဒီကိစ္စကို လေးနက်ခဲ့ကြရဲ့လား၊ အခုထက်ထိရော လေးနက်မှု ရှိရှိ စဉ်းစားမိကြရဲ့ လား၊ ဆိုတာ ဝေဖန် သုံးသပ်ကြည့်ကြရအောင်ပါ။

ဖြစ်စဉ်တွေကိုကြည့်ရင် ပဲခူးတိုင်း (၈) တန်း မေးခွန်းမှာ စာမှားယွင်းမှု ဖြစ်ပါတယ်။ “တရုတ် ပြည်သူ့ သမ္မတနိုင်ငံ” လို့ ရေးရမယ့်အစား “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော်” ဆိုပြီး မှားယွင်း ဖော်ပြထားတာပါ။ တကယ်တော့ အခုနှစ် (၈)တန်း စာမေးပွဲဆိုတာ ကျောင်းစစ် မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းအဆင့် ပညာရေးဌာနက မေးခွန်းထုတ် စစ်ဆေးတဲ့ တိုင်းနဲ့ပြည်နယ်အဆင့် စာမေးပွဲ တွေ ဖြစ်ပါတယ်။ ဒီလိုမေးခွန်းမျိုးမှာ အခုလို အမှားအယွင်းတွေ ပါလာတာကတော့ အတော်လေးကို အရုပ်ဆိုး အကျည်းတန်ပါတယ်။

နောက်ပြဿနာ တစ်ခုက မန္တလေးတိုင်း ခရိုင်တစ်ခုက (၄)တန်း မေးခွန်းမှာပါ။ အဲဒီ မေးခွန်း ထဲမှာ စာလုံးပေါင်း အမှား(၃)နေရာလောက် ပါနေပါတယ်။ တစ်နေရာမှာ မြားဆိပ်လို့ မရေးပဲ မြှားဆိပ် ဆိုပြီး ဖော်ပြထားပါတယ်။ အမှားအမှန် စာလုံးပေါင်း ရွေးခိုင်းတာမှာ ရွေးခိုင်းတဲ့ နှစ်ခုစလုံး မှားနေတာ ပါ။ နောက်တစ်နေရာမှာတော့ အောက်ပါ ကွက်လပ်များကို ဖြည့်စွက်ပါလို့ ရေးရမယ့်အစား “ကွက်လက်” များဆိုပြီး ရေးထားတာပါ။ ဒီကနေ့ လူငယ်တွေ အမှားများတဲ့ ပသပ်နဲ့ ကသပ် မှားရေး တာပါ။ နောက်တစ်နေရာမှာလည်း သိုးတစ်အုပ်လို့ ရေးရမယ့်အစား “သိုးတစ်အုတ်” ဆိုပြီး မှားရေး ထားပါသေးတယ်။

နောက်ပြဿနာတစ်ခု ဖြစ်တာက မကွေးတိုင်းမှာပါ။ (၄)တန်းနဲ့ (၈)တန်း မေးခွန်းတွေ ပေါက်ကြားပြီး ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြရုံမက မိတ္တူကူးဆိုင်က ကူးရောင်းသည်အထိ ဖေါဖေါသီသီ ဖြစ်ခဲ့တာပါ။ ဒီပြဿနာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်း ကနေ မိတ္တူကူး ရောင်းစားခဲ့သူတစ်ယောက်နဲ့ သူ့ကို မေးခွန်းလာကူးခိုင်းတဲ့ ကိုယ်ပိုင် အထက်တန်း ကျောင်းက ဆရာမတစ်ယောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ့် မေးခွန်းကို ဘယ်နေရာက ပေါက်လာသလဲ မဖော်ထုတ်နိုင်သေးပါဘူး။

ဒီပြဿနာတွေကိုကြည့်ရင် ပထမ တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတော်လို့ မှားယွင်းတဲ့ ကိစ္စတွေ၊ စာလုံးပေါင်း မှားယွင်းတဲ့ ကိစ္စတွေဟာ မေးခွန်းထုတ်တဲ့ ပညာရေးဌာန အရာရှိတွေရဲ့ အရည်အသွေး ကျဆင်း ညံ့ဖျင်းနေတာကို ပြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို အမှားအယွင်းမျိုးတွေဟာ အခြားသော တိုင်းနဲ့ပြည်နယ် မေးခွန်းတွေ၊ ခရိုင်အဆင့်က ထုတ်တဲ့ မေးခွန်းတွေမှာလည်း ရှိနိုင်ပါတယ်။ ကျောင်းစစ် မေးခွန်းသာ ဆိုခဲ့ရင်တော့ ဆိုနိုင်ဖွယ်တောင် မရှိပါဘူး။ တစ်ခုလုံးကို ခြုံကြည့်ရင် မေးခွန်းထုတ်တဲ့ ဆရာတွေ ပညာရေးဌာန အရာရှိတွေ အဆင့် မှာကို ဒီလောက် အရည်အသွေး နိမ့်ပါးနေရင် သူတို့တွေက သင်ကြားပေးလိုက်တဲ့ ကလေးတွေရဲ့ အရည်အသွေး ဘယ်လောက် ရှိမလဲ မှန်းဆ နိုင်ပါတယ်။

ဒုတိယ ပြဿနာကတော့ မေးခွန်းပေါက်တာ၊ မေးခွန်းကို မသမာမှုလုပ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်သုံးဆယ် အထက်ကို ကြည့်လိုက်ရင်ပဲ ဒီကိစ္စမျိုး ရိုးဟိုးဟိုး နေပြီလို့ ပြောရမလိုတောင် ဖြစ်နေပါပြီ။ အစိုးရ စာသင်ကျောင်းတွေဟာ စာကောင်းကောင်း မသင်ပါ ဘူး။ ဒီတော့ ကျူရှင်တွေ ဂိုက်တွေပေါ်ပါတယ်။ အဲဒီ ကျူရှင်တွေ ဂိုက်တွေကလည်း စာသင်တာ မဟုတ်ပါဘူး။ စာမေးပွဲမှာ ဘာမေးလာရင် ဘယ်လိုဖြေ ဆိုတဲ့ စာမေးပွဲ ဖြေနည်းတွေကိုပဲ သင်ပေးတာ ပါ။ အဲဒီအခါ မေးခွန်းနဲ့ မေးခွန်းထုတ်တဲ့ စနစ်၊ အမှတ်ပေး စနစ် အရေးပါလာပါတယ်။ ဒါဟာ ပညာ တတ်မြောက်ရေးနဲ့ နှိုင်းယှဉ်ရင် ဖီလာ ဆန့်ကျင်ဖြစ်နေတာ တွေ့ကြရပါလိမ့်မယ်။ ဒီလိုနဲ့ စာမေးပွဲနီးရင် စာမကျက်တော့ပဲ မေးခွန်းလိုက်တာ၊ စပေါ့လိုက်တယ် ဆိုတာမျိုး ခေတ်စားနေတာ ကြာပါပြီ။ အဲဒီ နည်းနဲ့ အတန်းအောင်သွားသူတွေဟာ အခုဆိုရင် ဆရာ၊ ဆရာမတင်မက ကျောင်းအုပ်၊ ပညာရေးမှူး တွေတောင် ဖြစ်နေပါပြီ။ ညံ့တဲ့မျိုးဆက်က ညံ့ဖျင်းတဲ့ စနစ်နဲ့ ဦးဆောင်သင်ကြားပေးနေတဲ့ ပညာရေး မှာ ဘယ်လိုရလာဒ်တွေ ထွက်လာမလဲ၊ အနာဂတ်ကို ဦးဆောင်မယ်ဆိုတဲ့ မျိုးဆက်သစ်တွေရဲ့ အရည်အသွေး ဘယ်လို ဖြစ်လာမလဲဆိုတာ ဗေဒင် မေးစရာတောင် မလိုတော့တဲ့ အခြေအနေပါ။

ဒီနေရာမှာ ပညာရေးကို ဖျက်ဆီးခဲ့သူတွေဟာ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် စနစ် ဖြစ်ပေမယ့် အတိုက်အခံတွေကိုယ်တိုင်ကလည်း ဒီအချက်ကို မလေးနက်ခဲ့ပါဘူး။ စစ်အာဏာရှင်တွေ နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ရာမှာ အရည်အသွေးရှိတဲ့ ပြည်သူတွေကသာ တွန်းလှန်နိုင် တယ်ဆိုတာ သတိမပြုမိခဲ့ကြပါဘူး။ ပြည်သူတွေ ပညာမတတ်ရင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း အားနည်း ရင်၊ လူသား အရည်အသွေး နိမ့်ကျနေရင် အင်အားကြီးတဲ့ အာဏာရှင်တွေကို တွန်းလှန်ဖို့ ဘယ်လိုမှ အားရှိမှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေတွေကြောင့်ပဲ မြန်မာနိုင်ငံဟာ အာဏာရှင်တွေ လက်အောက်မှာ ရာစုနှစ် တစ်ဝက်ကျော် နေခဲ့ရတာပါ။ အခု အသွင်ကူးပြောင်းရေး ပထမအဆင့်ကို ကျော်ဖြတ်နေပါပြီ။ ဒီမိုကရေစီကို ခရီးဆုံး ပန်းတိုင်အထိ သွားနိုင်ဖို့ဆိုရင် ပညာရည် ပြည့်ဝတဲ့၊ စဉ်းစား တွေးခေါ်နိုင်စွမ်းရှိတဲ့၊ လူသားအရည်အသွေးမြင့်တဲ့ ပြည်သူတွေနဲ့ သွားမှသာ မြန်မြန် ရောက်မှာပါ။ ဒီမိုကရေစီ ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားဖို့ဆိုရင် လူသား အရည်အသွေးမြင့်တဲ့ ပြည်သူလူထုကြီး ဖြစ်နေဖို့ လိုပါတယ်။ အဲဒီအတွက် အခု ဖြစ်ပေါ်နေတဲ့ ပညာရေးလောကက ပြဿ နာတွေကို ရယ်ပွဲ ဖွဲ့မနေပဲ လေးနက်သင့်ကြပါတယ်။ ခုလို အစိုးရတာဝန်နဲ့ အခွင့်ရတုန်းအခိုက် နိမ့်ကျနေတဲ့ ပညာရေးကို စနစ်တကျ မြှင့်တင်ဖို့၊ ပညာရေး မြှင့်တင်ရေးကို လေးနက်ကြဖို့ အချိန် ရောက်နေပြီ ဖြစ်ကြောင်းပါ။

စည်သူအောင်မြင့်
Mizzima - News in Burmese

ဓာတ်ပုံ-မဇ္ဈိမ

ယခုရက်များအတွင်းတော့ စာမေးပွဲမေးခွန်းအမှားများ၊ မေးခွန်းပေါက်ကြားမှုများကိစ္စမှာ လူတွေ စိတ်အ၀င်စားဆုံးသတင်းများဖြစ်ပါသည်။ သတင်းတစ်ပုဒ်ဖြစ်ဖို့လိုအပ်ချက်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ခြင်းနှင့် အခြား သာမာန်ထက် ထူးခြားသည့်အဖြစ်အပျက်မျိုးကို သတင်းဟု ယူဆနိုင်ပါသည်။ ထိုအခါ မေးခွန်းအမှားနှင့် မေးခွန်းပေါက်ကြားခြင်း ကိစ္စများမှာ သတင်းအဖြစ် ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

မေးခွန်းအမှားကလည်း မှားပဲမှားနိုင်လွန်းသည်ဟု ပြောရလောက်အောင် မှားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အခြေခံပညာ အဌမတန်းစာမေးပွဲ ပထဝီဝင် ဘာသာရပ် မေးခွန်း အမှတ်စဉ် ၂(ဃ)တွင် တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ဟု မှားယွင်းဖေါ် ပြသည့် မေးခွန်းသတင်းမှာ တစ်တိုင်းပြည်လုံး ပြောလို့မဆုံအောင် ဖြစ်ခဲ့ကြရသည်။

သည်လိုသတင်း ထွက်ပေါ်လာသည့်အခါ ဒါဟာဖြင့် စာမေးပွဲ မေးခွန်းထုတ်သူကိုယ်တိုင်က လည်းကောင်း တခြားတာဝန်ရှိသူ တစ်ဦးဦးကလည်းကောင်း အသိရှိရှိ ထုတ်လိုက်ခြင်းသာ ဖြစ်သည် ဟူသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်လာခဲ့သလို ဒီလိုမှားယွင်း ဖေါ်ပြလိုက်ခြင်းအား ဖြင့် ပြည်သူတွေကို တမင် အရွဲ့တိုက် ဖေါ်ပြလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသည့် ထင်မြင်ယူဆ မှုများသည်လည်း ထွက်ပေါ်လာခဲ့ရပါသည်။

တရုတ်နိုင်ငံ ရင်းနှီးမြုတ်နှံမှု ကုမ္ပဏီတချို့နှင့် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များ၊ နိုင်ငံရေး နိုးကြားတက်ကြွသူများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများအပေါ် အခြေခံ ကာ လူအများ စိတ်ဆိုးဒေါ်သဖြစ်အောင် တမင်လုပ်ကြံ ဖေါ်ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟူသည့် ထင်မြင်ယူဆချက် စကားများလည်း ကြားခဲ့ကြရပါသည်။

ထို့ပြင် ပညာရေးနှင့်ပတ်သက်သည့် အခြားသတင်းတစ်ပုဒ်ကိုလည်း ကြားကြရပြန်ပါသည်။ မေးခွန်းများ ပေါက်ကြားသည့် သတင်းများဖြစ်သည်။ မကွေးတိုင်းအတွင်း စာမေးပွဲမေးခွန်းများ လေးဘာသာအထိ ပေါက်ကြားခဲ့သည်ဟု ဆိုပါသည်။ ခရိုင်အဆင့် စတုတ္ထတန်းစာမေးပွဲ မေးခွန်း များနှင့် တိုင်းအဆင့် အဌမတန်းစာမေးပွဲမေးခွန်းများမှာ မဖြေဆိုမီတစ်ရက်အလိုနေ့များတွင် ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်း ပေါက်ကြားခဲ့သည့် သတင်းအတွက် မည်သူ့တွင် တာဝန်အရှိဆုံးဖြစ်သည် မည်သည့်အတွက်ကြောင့် ပေါက်ကြားရသည်ဖြစ်စေ သည်သတင်းမှာ ကျောင်းသားများ ကျောင်းသား မိဘများအတွက် ထိတ်လန့်တကြား တအံ့တသြ ဖြစ်စေရုံသာမက ဒေါသများပင် ဖြစ်လာစေနိုင်ပါ သည်။ သည်ကြားထဲ မေးခွန်းတစ်ခုတည်းမဟုတ် တစ်ရက်တည်းမဟုတ် နေ့စဉ်ရက်ဆက် မဖြေဆိုမီ တစ်ရက်အလိုနေ့တိုင်း လေးရက်ဆက်တိုက် ပေါက်ကြားခဲ့သည်ဟုဆိုသဖြင့် သည်သတင်းမှာ လွန်စွာ အရုပ်ဆိုးလှသည့် သတင်း ဖြစ်လာခဲ့ပါသည်။

တချိန်တုန်းကဆိုလျင် စာမေးခွန်း မေးခွန်းပေါက်ကြားခြင်း ကိစ္စမှာ အင်မတိအင်မတန် ဖြစ်ခဲ လှသည့် ကိစ္စဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တာဝန်ရှိသူများ တလှေကြီး အလုပ်ပြုတ်သည့် ကိစ္စဖြစ်သည်။ မည်သည့် တာဝန်ရှိသူမှ သည်လို ပေါ့ပေါ့ပျက်ပျက် လုပ်ရဲကြလိမ့်မည် မဟုတ်။ သည်လောက်အထိလည်း တလွဲသတ္တိမရှိကြ။

ယခုတော့ မေးတဲ့မေးခွန်းကလည်း အမှား။ သည်ကြားထဲ မေးခွန်းတွေကလည်း ပေါက်ကြား လိုက်သေးသည်။ သည်လိုဖြစ်လာတော့ တစ်နှစ်လုံး ငွေအား လူအား စိုက်ထုတ်ခဲ့ရသည့် ကျောင်းသား မိဘများကလည်း မကြေနပ်ချင်။ တချိန်လုံး စာအုပ်နှင့်မျက်နှာ မခွာခဲ့ကြရသည့် ကျောင်းသားများကလည်း မကြေနပ် ဖြစ်ကြရသည်။ ဒါကတော့ သဘာဝကျသည့် အကျိုးဆက် ဖြစ်သည်။

ထိုအခါ အင်မတန်အရေးကြီးပြီး အတိမ်းအစောင်းမခံ နိုင်ငံရေးအရ အရေးကြီးလှသည့် သည်လိုအချိန်မျိုးတွင် သည်လို သတင်းမျိုး ထွက်ပေါ်လာသည်မှာ လွန်စွာ စိုးရိမ်ဖွယ်ကိစ္စပင် ဖြစ်သည်။ ဒီမိုကရေစီ အကူးအပြောင်းကို မလိုလားသည့် လူပုဂ္ဂိုလ်တချို့က တမင်ပင် လူတွေ လမ်းပေါ်ထွက်လာအောင် ဖန်တီးနေသလားဟူသည့် ဝေဖန်သံများ ထွက်ပေါ်လာကြရပါသည်။

မည်သို့ပင်ဖြစ်စေ၊ မပြေးတော်တန်ရာရှိ လူတွေကတော့ စိုးရိမ်စိတ်နှင့် အပြင်းအထန် ဝေဖန်ပြစ် တင်နေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။ ပညာရေးဌာန တာဝန်ရှိသူများအနေနှင့် ယင်းကိစ္စများ ကို အလျင်အမြန် ထိရောက်မှန်ကန်စွာ အရေးယူဆောင်ရွက်ပြီး တိုင်းပြည်သို့ ပွင့်လင်းမြင်သာစွာ ဖြေရှင်းသင့်ကြောင်း မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

အယ်ဒီတာအာဘော်
Mizzima - News in Burmese

နှစ် ၅၀ ကျော် စစ်အာဏာရှင်တွေ မွေးထုတ်ခဲ့သူတွေ၊ ထောက်ခံခဲ့သူတွေက လူထုခေါင်းဆောင် သမ္မတတက်လုပ်မှာကို စိုးကြောက်ပြီး နောက် အာဏာရှင်ကို မွေးထုတ်မှာလား ပြန်မေးနေတော့ သူခိုးက လူဟစ်တယ်လို့ပဲ ထင်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်စသည့် ပြောဆို လှုပ်ရှားမှုများကို ရည်ညွှန်းလျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်လိုက်သည်။

ပြည်ထောင်စုနေ့စဉ်၏ ၅၉(စ) နှင့်ပတ်သက်၍ တုန့်ပြန်ချက်တွင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟု ဆိုထားပြီး လူတစ်ဦးဦးကို အာဏာရှင်ဖြစ်စေရန် တွန်းပို့နေသလားဟုလည်း မေးခွန်းထုတ်ထားသည်။ “ပါးစပ်က ဒီမိုကရေစီဟု ပြောပြီး လက်တွေ့တွင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု ပြုလုပ်နေကြသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ အမိဝမ်းမှ အာဏာရှင် စနစ်ကို မွေးဖွားခိုင်းနေကြသလား၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို အာဏာရှင် ဖြစ်စေမည့် လမ်းကြောင်းသို့ ပို့နေကြတာလားဟု မေးလိုက်ပါရစေ” ဟု ရေးသားထားသည်။

ပြည်ထောင်စု နေ့စဉ်၏ ဖေဖေါ်ဝါရီ ၂၀ ရက်ထုတ် သတင်းစာတွင် “၅၉(စ) ၏ သန္ဓေက အမျိုးသားရေး” ဟု ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အယ်ဒီတာ့အာဘော်တွင် ဖေါ်ပြခြင်းဖြစ်သည်။

အဆိုပါ အာဘော်တွင် ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး အမှတ် (၄) တွင် ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) တင်သွင်းခဲ့သည့် အဆိုကို ကိုးကားဖေါ်ပြထားသည်။ ဗိုလ်ချုပ် တင်သွင်းခဲ့သည့် အဆိုသည် “မြန်မာနိုင်ငံတော်အတွက် ရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ချက် ခုနှစ်ရပ် အဆိုတွင် နိုင်ငံခြားသားလွှမ်းမိုးမှု၊ စွက်ဖက်မှု သြဇာပေးမှု ကင်းရှင်းသော နိုင်ငံ ဖြစ်ရန် ပြောကြားခဲ့သည်” ဟု ပြည်ထောင်စုနေ့စဉ်က ကိုးကားဖေါ်ပြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု ဆိုထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၄ တွင် “နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူ” သည် လွှတ်တော်တစ်ရပ်ရပ်၏ အမတ်မဖြစ်ရဟု ပြဋ္ဌာန်းထားသည်ကိုလည်း ကိုးကားဖေါ်ပြထားသည်။

လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း အဆိုပြုခဲ့သည့် အဆိုပြုချက်ကို ကိုးကားလျက် ပုဒ်မ ၅၉(စ) သည် “ဗိုလ်ချုပ်အောင်ဆန်း စခဲ့သည်မူမှ လမ်းစဉ်ပါတီ၊ ယနေ့ခေတ်အထိ အမျိုးသားရေး လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်း” ဟုလည်း ပြည်ထောင်စုနေ့စဉ် အာဘော်က ဆိုသည်။

သို့သော် “ထိုအကြောင်းကို ဖုံးကွယ်ကြပြီးနောက် ပါးစပ်က ဒီမိုကရေစီဟု ပြောပြီး လက်တွေ့တွင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု ပြုလုပ်နေကြသည်” ဟု ပြည်ထောင်စု နေ့စဉ်က တုန့်ပြန်သည်။ အလားတူ “ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံသူများတွင် နိုင်ငံခြား အဆက်အနွယ် မကင်းသူများ၊ မြန်မာ မျိုးမစစ်သူများ မြန်မာ့နိုင်ငံရေးတွင် မပါဝင် မပတ်သက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟုလည်း ရေးသားထားသည်။

Mizzima - News in Burmese

မြန်မာပြည်မှာ မငြိမ်းချမ်းတဲ့နယ်မြေ တလက်မမှ မရှိအောင် ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ သူက ပြောဆိုခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ငြိမ်းချမ်းမှု မရှိဘဲနဲ့ မြန်မာပြည်ထောင်စု ချမ်းသာကြွယ်ဝဖို့ မရှိဘူးလို့လည်း ဒေါ်စုက ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် တဦးနဲ့တဦး ပေးဆပ်ချင်တဲ့စိတ်ရှိရင် မခက်ခဲပါဘူးလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတခု ဖွံ့ဖြိုးချမ်းသာမှုဆိုတာဟာ နိုင်ငံသားတွေ စိတ်အေးချမ်းသာမှု စိတ်လုံခြုံမှုနဲ့ မိမိနိုင်ငံအတွက် ဂုဏ်ယူလိုမှု စတဲ့အချက်တွေနဲ့ တိုင်းတာရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လွှတ်တော်နာယကဟောင်း ဦးရွှေမန်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ မန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – NLD Chairperson
DVB
http://burmese.dvb.no/archives/136210



ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဒေသခံပြည်သူ အထိတ်တလန့်ဖြစ်အောင် ဗုံးအတု ထားရှိမှုတခုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်၊ အနော်ရထာလမ်းမဘေးရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မိုင်းပုံသဏ္ဌာန်လို့ယူဆရတဲ့ ကိရိယာတခုတွေ့လို့ ရဲနဲ့ စစ်အင်ဂျင်နီယာတပ်က သွားရောက်စစ်ဆေးခဲ့ပါတယ်။

မိုင်းနဲ့ ပုံစံတူပြုလုပ်ထားတဲ့ အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မခွဲခန့်၊ အချင်း ၁.၂၅ လက်မခန့်ရှိ စက္ကူပိုက်သာဖြစ်ပြီး ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေဖို့ ဗုံးအတုပြုလုပ်ခြင်းသာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုမရှိကြစေရန် အသိပေးဖော်ပြအပ်ပါတယ်လို့ ရန်ကုန်ရဲအင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – Yangon Police
DVB
http://burmese.dvb.no/archives/136232


နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် Abuja မှာရှိတဲ့ စစ်ဌာနချုပ်မှာ လူ့အခွင့်အရေးရုံးတခု တည်ထောာင်လိုက်ပြီဖြစ်ကြောင်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sani Kukasheka Usman က ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ်း အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တခြား အကြမ်းဖက်အဖွဲ့အစည်းတွေကို အစိုးရက တွန်းလှန် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမှာ စစ်တပ်အရာရှိတွေအနေနဲ့ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာစေဖို့အတွက် သင်တန်းတွေ ဆက်လက် ပို့ချသွားဖို့ အခုလို လူ့အခွင့်အရေးရုံး ဖွင့်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်တဲ့အစီရင်ခံစာအတွင်း နိုင်ဂျီးရီးယား လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပြီးနောက် အဖွဲ့က အဆင့်မြင့် အရာရှိတွေနဲ့ စစ်ဦးစီးချုပ် Tukur Buratai တို့ တွေ့ဆုံအပြီးမှာ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဘိုကိုဟာရမ်းအဖွဲနဲ့ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ချိုးဖောက်ခဲ့တယ်ဆိုပြီး Amnesty ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

ဘိုကိုဟာရမ်းအဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ဒေသတွေမှာ စစ်တပ်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုကြတာပါ။ အဲဒီလို စွပ်စွဲပြောဆိုမှုတွေကို စစ်တပ်က ပုံမှန် ငြင်းဆိုလေ့ ရှိပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ စစ်အရာရှိတွေအနေနဲ့ အပြစ်ပေး အရေးယူခံရတာမျိုး မရှိဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပေမဲ့လည်း နိုင်ဂျီးရီးယား စစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်လို့ ပြောခွင့်ရ ဗိုလ်မှူးကြီး Usman က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ ဒီမိုကရက်တစ်ပါတီက တိုင်းပြည်အနောက်ဘက်ခြမ်း Nevada ပြည်နယ်မှာ ပထမဆုံးအကြိမ် ဦးဆောင်ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Bernie Sanders ကို မဲအရေအတွက် ၅၂% ၊ ၄၈% နဲ့ အနိုင်ရရှိလိုက်ပြီ ဖြစ်ပါတယ်။

တချို့က နိုင်နိုင်ပါ့မလားဆိုတဲ့ သံသယ သူတို့အပေါ် ရှိကောင်း ရှိခဲ့နိုင်ပေမဲ့ သူတို့ကတော့ ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူးလို့ အော်ဟစ် ထောက်ခံသူတွေကို Nevada ပြည်နယ်က ပါတီဌာနချုပ်ရုံးမှာ Clinton က ပြောကြားလိုက်ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ကိုလည်း သူမက ချီးကျူး ပြောကြားလိုက်ပြီး ဟိုတယ်၊ ကာစီနိုတွေမှာ အလုပ်လုပ်နေကြသူတွေ၊ ကျောင်းသားတွေ၊ မိသားစုဝင်တွေနဲ့ တခြား ထောက်ခံသူတွေကိုပါ Hillary Clinton က သူ့ရဲ့ အောင်ပွဲခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

Nevada ပြည်နယ်က ထောက်ခံသူတွေကို Bernie Sanders က ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ - သူတို့အနေနဲ့ အလုပ်သမား လူတန်းစားတွေနဲ့ လူငယ်တွေ အရင်က တခါမှ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလီကန် ပါတီဝင်တွေဟာလည်း တိုင်းပြည်တောင်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ Souith Carolina ပြည်ရဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ စနေနေ့က မဲပေးခဲ့ကြတာမှာ မဲရုံတွေပိတ်ခါစ ဒေသစံတော်ချိန် ၈ နာရီ မထိုးခင်အထိ ဘီလီယံနာ သူဌေးကြီး Donald Trum ထိပ်ကနေ ဦးဆောင်နေပါတယ်။

South Carolina ပြည်နယ်မှာ ကျင်းပမယ့် ရီပတ်ဘလီကန်ပါတီတွင်း ရွေးချယ်မှုဟာ မတ်လ ၁ ရက်နေ့မှာ ကျင်းပမယ့် Super Tuesday ခေါ် ပြည်နယ်ပေါင်း ၁၂ ခုမှာ တပြိုင်ထဲ ကျင်းပမယ့် ရွေးချယ်မှုတွေ မတိုင်ခင် ကိုယ်စားလှယ်လောင်း အရေအတွက် လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျူးဘား အစိုးရ ကို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းချင်းရာ တွေကို ပွင့်ပွင့်လင်းလင်း ပြောမယ်။
အမေရိကန် သမ္မတ အိုဘားမားဟာ ဇနီးသည် မီရှဲ နဲ့ အတူ ရှေ့လထဲမှာ ကျူးဘား နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အစိုးရ တွေ အကြား ဆက်ဆံရေး ရဲ့ စာမျက်နှာ သစ် ဖွင့်နိုင်မယ့် ခရီးစဉ် ဖြစ်လာလိမ့်မယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း ကျူးဘား အစိုးရ ကို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အကြောင်းချင်းရာ တွေကို ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုပြီးတော့လည်း သမ္မတ အိုဘားမား က အပတ်စဉ် သမ္မတ မိန့်ခွန်း ထဲမှာ ကတိ ပြု ပါတယ်။

အမေရိကန် နဲ့ ကျူးဘား နှစ်နိုင်ငံကြား ရာစာနှစ် ထက်ဝက် ကျော် ဆက်ဆံရေး တင်းမာ နေခဲ့ရာ ကနေ ပြီးခဲ့နှစ် ဇူလိုင် လ တုန်း ကမှ သံတမန် အဆက်အသွယ် ပြန်လည် ထားရှိ လာတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ရဲ့ ကျူးဘား ခရီးစဉ် ဟာ နှစ်ပေါင်း ၉၀ နီးပါး အတွင်း အမေရိကန် သမ္မတ တစ်ယောက် ကျူးဘား ကို သွားရောက် မှာ ဖြစ်ပါတယ်။

တခါ၊ လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အဓိက ပါတီ ကြီးတွေ ဖြစ်တဲ့ ရီပတ်ဘလေကဲန် နဲ့ ဒီမိုကရက် ပါတီ တွေ ကို ကိုယ်စားပြုတဲ့ သမ္မတလောင်း ဖြစ်လာ နိုင်ဖို့ အပြိုင် ကြိုးစား နေသူ တွေ အတွက် ပြည်နယ် တစ်ခု ချင်းစီ အလိုက် ရွေးကောက် ခံ နေကြတာ မှာ၊ အခု တခါမှာ တော့ ရီပတ်ဘလေကဲန် ပါတီ အတွက် တောင်ကာရိုလိုင်းနား ပြည်နယ် ပရိုင်မာရီ ရွေးကောက်ပွဲ နဲ့ ဒီမိုကရက် ပါတီ အတွက် နဗားဒါး ပြည်နယ် ကောကပ်စ် ပွဲတွေ ကျင်းပ နေပြီ ဖြစ်ပါတယ်။

ရီပတ်ဘလေကဲန် က ဆိုရင် ဒေါ်နယ်ထရမ့် နဲ့ တက်ဒ် ခရုဇ် တို့ အကြိတ်အနယ် ရှိနိုင်ပြီး၊ ဒီမိုကရက် ပါတီ ကို ကြည့်ပြန်ရင်လည်း ဟစ်လာရီ ကလင်တန် သေချာ ပေါက် နိုင် နိုင်တယ်လို့ ယူဆထားကြတဲ့ နဗားဒါးမှာ ဘာနီ ဆဲန်ဒါးစ် ရဲ့ အကြီးအကျယ် စိန်ခေါ်မှု တွေ ကြုံ နေရပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ဇွန်လ ၂၃ ရက်နေ့ မှာ အီးယူထဲ ဆက်နေ မနေ ဆုံးဖြတ်ဖို့ ဗြိတိန် မှာ ဆန္ဒခံယူပွဲ ကျင်းပမယ်။
ဗြိတိန် နိုင်ငံသား တွေ အနေနဲ့ ဘဝတစ်သက်တာ မှာ အရေးကြီးဆုံး ဆုံးဖြတ်ချက် တွေ ထဲ တစ်ခု အပါအဝင် ဖြစ်လာ စေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲ ဆက်ပြီး နေမလား၊ လမ်းခွဲမလား ဆိုတာ ကို ဆုံးဖြတ် ကြရမှာ ဖြစ်တယ် လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က ပြောပါတယ်။

လာမယ့် ဇွန်လ ၂၃ ရက်နေ့ မှာ အီးယူထဲ ဆက်နေ မနေ ဆုံးဖြတ်ဖို့ ဗြိတိန် မှာ ဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန် ကြေညာ ထားပါတယ်။

အီးယူ နဲ့ ဗြိတိန် တို့ရဲ့ အနာဂတ် ဆက်ဆံရေး အကြောင်း ဆွေးနွေး ညှိနှိုင်း ခဲ့ကြတဲ့ ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေး ကို မချစ် လှပေမယ့် ထွက်လာတဲ့ ရလာဒ် တွေ အရဆိုရင် အီးယူထဲ ဆက်နေရင် ဗြိတိန် အတွက် ပိုပြီး လုံခြုံမယ်၊ တောင့်တင်း ခိုင်မာမယ်၊ ပိုပြီး ကြွယ်ဝ နိုင်မယ် လို့ ယုံကြည် တယ် ဆိုပြီး မစ္စတာ ကင်မရွန် က ဆိုပါတယ်။

ဒါပေမယ့် ဘရပ်ဆဲလ်စ် ဆွေနွေးပွဲ ရဲ့ အဖြေဟာ ဗြိတိန် ရဲ့ သီးသန့် အချုပ်အာဏာ ကို ပြန်လည် ထူထောင်ဖို့ မလုံလောက် ဘူး လို့ ရှုမြင် နေကြတဲ့ ဒေးဗစ် ကင်မရွန် အစိုးရ အဖွဲ့ ဝင် ဝန်ကြီး တချို့ ကတော့ ဆန္ဒခံယူ ပွဲ ကျရင် အီးယူထဲ ဆက်မနေရေး ဘက်က မဲထည့်ကြဖို့ ဆော်ဩ လှုံ့ဆော် လာနိုင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဖေဖော်ဝါရီလ ၁၈ရက်က ဘရပ်ဆဲလ် မြို့တွင် ကျင်းပသော အီးယူ ထိပ်သီးညီလာခံတွင် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ဥရောပ ကော်မရှင် သမ္မတ Jean-Claude Juncker နှင့်အတူ တွေ့ရစဉ်။ (AP Photo/Geert Vanden Wijngaert)
ဗြိတိန်ဝန်ကြီးချုပ် David Cameron က EU ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ်ဆက်ပါရေးအပေါ် ဆန္ဒခံယူပွဲကို ဇွန်လ ၂၃ ရက်နေ့မှာ လုပ်သွားမယ်လို့ ဒီနေ့ကြေညာလိုက်ပါတယ်။

ဒေါင်းနင်းလမ်း အမှတ် (၁၀) မှာရှိတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်အိမ် အပြင်ဘက်မှာရှိတဲ့ သတင်းထောက်တွေကို စကားပြောရာမှာ ဝန်ကြီးချုပ် Cameron က ဗြိတိန်နိုင်ငံအနေနဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဒီ EU ဥရောပသမဂ္ဂ အဖွဲ့ထဲမှာ ဆက်နေသွားဖို့ အစိုးရဝန်ကြီးအဖွဲ့က အတည်ပြုဆုံးဖြတ်ထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် Cameron က ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဆက်ရှိနေခြင်းဟာ ဗြိတိန်နိုင်ငံအတွက် ပိုပြီး အားကောင်းစေမယ်၊ ပိုလုံခြုံစေမယ်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့ ဥရောပ သမဂ္ဂထဲမှာ ပိုကောင်းတဲ့ အနေအထားရလာစေနိုင်တယ် လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ ခုလို ဥရောပ သမဂ္ဂထဲ ဆက်နေမနေ ဆိုတာကို ဗြိတိန်ပြည်သူတွေ ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Cameron ဆက်ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Cameron ကပဲ ပြုပြင်ပြောင်းရေးလုပ်လာနေတဲ့ ဥရောပသမဂ္ဂထဲမှာ ဗြိတိန်အနေနဲ့ အခုရထားတဲ့ အထူးအဆင့်အတန်းနဲ့ ဆက်နေသွားဖို့အတွက် ဗြိတိန်လူထုကို စည်းရုံးယူသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဒီ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့အကြား ခုလို ဗြိတိန်ကို အထူးအဆင့်အတန်းပေးဖို့ သဘောတူညီချက်ကို မနေ့က ပြီးခဲ့တဲ့ (၂) ရက်ကြာ Brussels မြို့မှာ အမြန်လုပ်ခဲ့တဲ့ EU ထိပ်သီးဆွေးနွေးပွဲက ရရှိခဲ့တာပါ။

ဒီသဘောတူညီချက်အရ ဗြိတိန်နိုင်ငံအနေနဲ့ နိုင်ငံထဲကို လာရောက် အလုပ်လုပ်ကိုင်တဲ့ အခြား ဥရောပနိုင်ငံသားတွေအပေါ် လူမှုဖူလုံရေးနဲ့ အကျိုးခံစားခွင့်တွေကို ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပယူယိုငွေ ပြောင်းမသုံးပဲ ကိုယ်ပိုင်ငွေ ပေါင်စတာလင်ကို ဆက်သုံးတာ အတွက် ပစ်ဒဏ်ပေးခံရမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ကိုလည်း ရရှိခဲ့ပါတယ်။

ဒီသဘောတူညီချက်အပေါ် ကန့်ကွက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတွေကတော့ ဒီသဘောတူချက်ဟာ အဓိပ္ပာယ်မရှိဘူး။ ဘာလို့လဲ ဆိုတော့ ဘာမှ အပြောင်းအလဲ ဖြစ်မလာလို့ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်မှာ ဗြိတိန်ပြည်သူတွေ အနေနဲ့ ဒီ ဗျူရိုကရက်တွေ၊ စီးပွားရေးကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ဆန့်ကျင်စည်းရုံးရေး ပြင်းပြင်းထန်ထန် လုပ်ပြီး၊ ဒီမိုကရေစီ အခွင့်အရေးတွေ ကို ပြန်ရအောင်ယူရမယ်လို့ ဆိုနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမေရိကန် လေယာဉ်များ တိုက်ခိုက်ခဲ့သော လစ်ဗျားနိုင်ငံ၊ Sabratha မြို့ အနီးရှိ IS စစ်သွေးကြွ လေ့ကျင့်ရေး စခန်းကို ဖေဖော်ဝါရီလ ၁၉ရက်က တွေ့ရစဉ်။ (Photo -Sabratha Municipal Council via AP)
လစ်ဗျားနိုင်ငံ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့အပေါ် မနေ့က အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလထဲက ပြန်ပေးဆွဲခံထားရတဲ့ ဆာဗီးယား သံရုံးဝန်ထမ်း (၂) ဦး သေဆုံးသွားခဲ့ပါတယ်။

မနေ့က ဒီလေကြောင်းတိုက်ခိုက်မှုမှာ နိုင်ငံ အနောက်ပိုင်းက IS စစ်သွေးကြွ သင်တန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆာဗီယားနိုင်ငံခြားရေးဝန်ကြီး Ivica Dacci အနေနဲ့ ဒီနေ့ပဲ ဘဲဂရက်မြို.မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ခုလို ထုတ်ပြောရာမှာ ဒီသေဆုံးသူ (၂) ဦးဟာ သံရုံးဆက်သွယ်ရေးအရာရှိ Sladjana Stankovic နဲ့ ကားဒရိုင်ဘာ Jovica Stepic တို့ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဝန်ကြီး Dacic ကပဲ မနှစ် နိုဝင်ဘာလတုံးက ဆာဗီယား သံအမတ်အပါအဝင် သူတို့ သံတမန် ယာဉ်တန်းကို လစ်ဗျားကမ်းခြေမြို့ Sabratha မှာ ပစ်ခံခံခဲ့ရစဉ် ဒီ သေဆုံးသွားသူ (၂) ဦး ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီး Dacic ကဆက်ပြီး ခုလို သူတို့ (၂) ဦး သေဆုံးသွားရတဲ့ သတင်းကို နိုင်ငံခြား အရာရှိတွေက ဆာဗီးယားအစိုးရကို ပြောပြခဲ့တာဖြစ်ပေမဲ့ လစ်ဗျားအစိုးရဘက်ကတော့ အတည်ပြုပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မနေ့ သောကြာနေ့မှာ အမေရိကန် စစ်လေယာဉ်တွေသုံးပြီး တူနီးရှားနယ်စပ်နား လစ်ဗျားဘက်မှာရှိတဲ့ IS အစ္စလာမ် စစ်သွေးကြွ သင်တန်ကျောင်းကို တိုက်ခိုက်ခဲ့ရာမှာ အဓိကပစ်မှတ်တွေကို ထိသွားခဲ့ပြီး စစ်သွေးကြွအဖွဲ့ဝင်သစ် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒီလေကြောင်းတိုက်ပွဲထဲမှာ ဒီ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Noureddine Chouchane ကျဆုံးသွားဖို့ များတယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတွေက ဝါရှင်တန်မြို.တော်မှာ ထုတ်ပြောလိုက်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ် ပြန်ကြားရေး တာဝန်ခံ Peter Cook က ဒီ လေကြောင်းတိုက်ခိုက်မှုဟာ တကယ့်ကို အောင်မြင်ခဲ့တယ်လို့ သူတို့ယုံကြည်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ထုတ်ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ မရောက်ခင်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ မီးလောင်မှုတွေကြောင့် ဆုံးရှုံးမှုတွေက မနှစ်က တနှစ်ပတ်လုံးထက် ပိုများနေတဲ့အကြောင်း မြစ်မခသတင်းအေဂျင်စီက ကိုကောင်းမြတ်ဖြိုးက တင်ပြပေးပါထားပါတယ်။

၂၀၁၆ ဇန်န၀ါရီလကနေ ဖေဖော်ဝါရီ လလယ်အထိ မီးလောင်လို့ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးဟာ ကျပ်သန်းပေါင်း လေးသောင်းနီးပါးရှိနေပြီး ၂၀၁၅ တနှစ်လုံး မီးလောင်လို့ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးထက်တောင် ၁၀ ဆကျော် များပြားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး မီးလောင်မှုပေါင်း နှစ်ထောင်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ အခု ၂၀၁၆ နှစ်ဆန်းပိုင်းမှာတော့ မီးလောင်မှုပေါင်း ၂၀၀ နီးပါး ရှိနေပြီး အများစုကတော့ ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးသော်တာကတော့ မီးလောင်ကျွမ်းမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
ဦးသော်တာ။ ။ “မီးဖိုမီးကြောင့်လောင်တာ၊ လျှပ်စစ်ကြောင့်လောင်တာတွေ ၈၅ - ၉၀% လောက်က ပေါ့ဆလို့လောင်တာတွေ ဖြစ်တဲ့အတွက် အားလုံးက သတိ ၀ိရိယနဲ့ ၊ ကျနော်တို့ သတိရှိရှိနဲ့ ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်သွားကြဖို့။”

ဆောင်းရာသီ မကုန်သေးခင်မှာပဲ မြန်မာနိုင်ငံရဲ့ နေ့အပူချိန်ဟာ ၄၀ စင်တီဂရိတ် ကျော်လာနိုင်တဲ့အတွက် နွေရာသီမှာ အပူချိန် ဘယ်လောက်အထိ မြင့်နိုင်မလဲဆိုတာကတော့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ El Nino ရာသီဥတုဟာ အလွန်ပူပြင်း ခြောက်သွေ့စေတတ်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြဖို့ လိုတယ်လို့လဲ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောဆိုထားကြပါတယ်။
အဲဒီလို အပူချိန် မြင့်တက်နေတဲ့အတွက် မီးလောင်မှုတွေဖြစ်လာရင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဒုတိယ ညွန်ကြားရေးမှူး ဦးဆောင်ဆွေဝင်းက အခုလို ပြောပါတယ်။

ဦးအောင်ဆွေဝင်း။ ။ “ပေးခဲ့တဲ့အချိန်လေးမှာ ငြိမ်းသတ်နိုင်ဖို့အတွက် ဒီ သက်ဆိုင်ရာ ကာယကံရှင်၊ ဒါမှမဟုတ်လည်း စတင် တွေ့ရှိသူကပေါ့နော်၊ ကိုယ့်ဆီမှာ အသင့်ဆောင်ထားတဲ့ မီးသတ်ဆေးဗူး၊ ဒါမှမဟုတ် ရေပုန်းပေါ့နော်၊ ဒါမှမဟုတ်လဲ ရရာပစ္စည်းတွေနဲ့ ငြိမ်းသတ်လို့ရှိရင် ဒါဟာ လွယ်လွယ်ကူကူနဲ့ ငြိမ်းသွားမှာပါ။ အဲဒီလို လွယ်လွယ်ကူကူနဲ့ ငြိမ်းသွားနိုင်အောင်အတွက်

ကျနော်တို့ အိမ်တွေမှာ၊ နေရာတိုင်းမှာ ရှိသင့် ရှိထိုက်တဲ့ မီးဘေး ကြိုတင် ကာကွယ်ရေး ပစ္စည်းတွေပေါ့၊ ဥပမာ ထင်ထင်ရှားရှားဆိုရင် မီးသတ်ဆေးဗူးပေါ့နော်၊ အခုခေတ်နဲ့ဆိုရင် ဒါ ပြည်သူတွေလည်း မီးသတ်ဆေးဗူးကို ဆောင်ထားသင့်ပါပြီ။”

ဒီနှစ်ဆန်းပိုင်းမှာဆိုရင်တော့ ကြီးမားတဲ့ မီးလောင်မှုတွေဟာ ရန်ကုန်မြို့ မင်္ဂလာဈေး၊ လပွတ္တာမြို့၊ နမ့်ဆန်မြို့၊ တနင်္သာရီတိုင်း ပုလောမြို့က ကျိုက်ကာကျေးရွာ မီးလောင်မှုတွေပဲ ဖြစ်ပါတယ်။ အဲဒီမီးလောင်မှုတွေကြောင့် နေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၂,၀၀၀ ကျော် ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ခဲ့ပြီဆိုရင်တော့ ခံစားရတဲ့သူတွေဟာ အနဲနဲ့ အများကတော့ ဒုက္ခရောက်ကြပါတယ်။ နမ့်ဆန်မြို့လိုမျိုး မီးလောင်ခဲ့ပြီဆိုရင်တော့ အရင်လို ပြန်ဖြစ်ဖို့အတွက် ပြန်လည်ထူထောင်ရေးကို အချိန်ယူပြီး လုပ်ဆောင်ရတော့မှာပါ။

ဒါကြောင့် မီးဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်ဖို့အတွက် ဘာတွေလုပ်သင့်တယ်ဆိုတာကိုလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဒုတိယညွန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက အခုလို ပြောပါတယ်။

ဦးအောင်ဆွေဝင်း။ ။ “ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို ဆောင်ထားခြင်းဖြင့် တန်ဖိုးများတယ်လို့ တချို့တွေက ထင်ကြပါတယ်။ တကယ်တမ်းကျတော့ ဒီကုန်ကျစားရိတ်က မီးလောင်ဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်လို့ရှိရင် ဘာမှ မပြောပလောက်ပါဘူး။ အင်မတန်မှ နဲပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မီးဘေးကာကွယ်ရေးအတွက် ဒီ သုံးစွဲတဲ့ငွေဟာလည်း အကျိုးရှိစွာ ရင်းနှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ မီးဘေး ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ ထားရှိခြင်းအားဖြင့် ကျနော်တို့ ရရှိတဲ့အကျိုး ကျေးဇူးတွေဟာ အများကြီးပါ။ အဲဒီအထဲမှာမှ ကျနော် ထင်ရှားတဲ့ သာဓက (၂) ခုကို တင်ပြလိုပါတယ်။ ပထမတခုကတော့ မိမိရဲ့ စည်းစိမ်ဥစ္စာကို လုံခြုံစေပါတယ်။ ဒုတိယတချက်ကတော့ သူတပါးရဲ့ စည်းစိမ်ဥစ္စာကို ချမ်းသာရာ ရစေပါတယ်။”

ရန်သူမျိုး (၅) ပါးထဲမှာ တပါးအပါအ၀င်ဖြစ်တဲ့ မီးဘေးကတော့ ခံစားရတဲ့သူတွေအတွက် မသက်သာလှပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ပညာရှင်တွေက ဒီနှစ် နွေရာသီအတွက် မီးဘေးကို ကြိုတင် ကာကွယ်ထားကြဖို့ တိုက်တွန်းနေကြပါတယ်။

VOA
http://burmese.voanews.com/content/fire-in-burma/3200176.html

“ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ရမှာပေါ့။ ဘာလို့မဖြစ်ရမှာလဲ” ဟု NLD နာယကကြီး ဦးတင်ဦးက မကြာသေးခင် ရက်ပိုင်း အတွင်းက မီဒီယာများကို ပြောခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် အဓိက အဟန့်အတားဖြစ်သည့် ၅၉(စ) က ရှိနေသည်။ ၅၉(စ)ကို ထောက်ခံသည့် တပ်မတော် ရှိနေသည်။

ဆုမင်းကို၊ မင်းသူအောင်

အမျိုးသားရေးဝါဒီများလည်း ရှိနေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် လွှတ်တော်အသစ် စတင်ပြီး မကြာမီမှာပင် ၅၉(စ) ကို ဆိုင်းငံ့မည်၊ ပြင်ဆင်မည် စသဖြင့် အသံ အမျိုးမျိုး ထွက်လာသည်။ ထို့အတူပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဥပဒေပညာရှင်များ အကြား၊ နိုင်ငံရေးသမားများ အကြား၊ နိုင်ငံရေးလေ့လာ သုံးသပ် သူများ အကြားတွင် အမြင် အမျိုးမျိုး ကွဲပြားနေကြသည်။

သို့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မည်သို့ ဆောင်ရွက် သွားမည်ဟု ရေရေရာရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ကြသဖြင့် ၅၉(စ)နှင့် ပတ်သက်၍ လူထုကလည်း စိတ်ဝင်တစား ရှိနေကြသည်။

အမျိုးသားဝါဒီများနှင့် ၅၉(စ)

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပ လှုပ်ရှားမှုမှ တစ်ဆင့် လွှတ်တော်တွင်း ပြင်ဆင်ရေး အထိ ရောက်ရှိအောင် ဆောင်ရွက်ခဲ့ဖူးသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၅၉(စ) ပြင်ဆင်ရေး ဆန္ဒပြသူများ ရှိသကဲ့သို့ ၅၉(စ) မပြင်ဆင်ရန် ဆန္ဒပြသူများလည်း ရှိခဲ့သည်။ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ဦးတည် လုပ်ဆောင်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆိုထားကြရာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ဆိုလျှင် ၅၉(စ) ကို ပြင်ဆင် (သို့) ဆိုင်းငံ့ တစ်ခုခု လုပ်ရပေမည်။ ထိုအခါတွင် မူလကပင် ၅၉(စ) မပြင်ဆင်သင့်ဟု အသံထွက်ထားသော အမျိုးသားရေး ၀ါဒီများနှင့် ထိပ်တိုက် တွေ့လာနိုင်စရာ ရှိလာသည်။

“အမျိုးသားရေး ၀ါဒီသမားတွေနဲ့ ထိပ်တိုက် တွေ့မယ်။ ဒါပေမဲ့ အမျိုးသားဝါဒီ သမားတွေထဲမှာမှ ဦးပါမောက္ခလို ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပေါ့။ ဒီဟာကြီးကို မပြင်နိုင်လောက်အောင်တော့ အင်အားတကြီးတော့ မရှိဘူးဗျ။ ထိပ်တိုက် တွေ့မှုလေးတွေတော့ ရှိမယ်။ဒါပေမဲ့လို့ တကယ်ပြင်ကြမယ်၊ လွှတ်တော် ကနေ သဘောတူမယ် ဆိုရင် ဒီမိုကရေစီစနစ် အရ ပြင်နိုင်လိမ့်မယ်”ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ ဆရာသော်နေဇော်က ပြော သည်။

ပုဒ်မ ၅၉(စ) ကိစ္စ လွှတ်တော်သို့ မရောက်ခင်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော် နှင့် ဦးစွာ ညှိနှိုင်းဖို့ လိုသည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဆိုကြသည်။ လွှတ်တော်အသစ် စတင်သည့်နေ့မှာပင် တပ်မတော်ပိုင် သတင်းစာ ဖြစ်သည့် မြ၀တီသတင်းစာတွင် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန် မသင့်ကြောင်း ဆောင်းပါး တစ်ပုဒ် ဖော်ပြခဲ့ရာ၊ ထိုဆောင်းပါးမှာ တပ်မတော်မှ အသံထွက်သည့် သဘော သက်ရောက်သည်ဟု လူတော်တော် များများ ကပင် ယူဆကြသည်။ အကယ်၍ တပ်မတော်နှင့် ဆွေးနွေးမှု အဆင်ပြေခဲ့လျှင် ၅၉(စ) နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များမှာလည်း အဆင် ချောမွေ့ဖွယ် ရှိပြီး၊ အမျိုးသားရေး ၀ါဒီများနှင့် ထိပ်တိုက် တွေ့ဆုံမှု မပြင်းထန်နိုင်ဟု သုံးသပ်သူ များကဆိုသည်။

“အမျိုးသားရေးဝါဒီတွေ၊ ဘယ်သူဘယ်ဝါဒီတွေ၊ ညာဝါဒီ ဖြစ်ချင်သလောက်ဖြစ်ပေါ့ဗျာ။ တပ်မတော်က သဘောထားကြီးကြီးနဲ့ ညှိနှိုင်းလို့ရတယ် ဆိုရင် အဲဒီ လူတွေက အဖျက်သမားတွေ ဖြစ်သွားမှာ။ တပ်မတော်က သဘောထားကြီးနဲ့ အဆင်ပြေတယ် ဆိုရင် အကောင်းဆုံးပဲ။ တပ်မတော်က သဘောထားကြီးလို့ အဆင်ပြေရင် အမျိုးသားရေး ၀ါဒီတွေက အော်ချင်သလိုအော် ဘာမှ ထိရောက်မှာ မဟုတ်ဘူး”ဟု ရခိုင်အမျိုးသားပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အာဏာ လွှဲပြောင်းရေးနှင့် ပတ်သက်၍ နှစ်ကြိမ် တိတိ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။ သို့ရာတွင် အဆိုပါ ဆွေးနွေးပွဲတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ဘဲ အားလုံး အဆင်ပြေပါတယ်ဟုသာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းထောက်များကို ပြောခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမည် မဖော်လိုသည့် တာဝန်ရှိသူတစ်ဦး ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲတွင် ၅၉(စ)ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ရာ အခြေအနေ ကောင်းသည်ဟု ပြောထားသည်။

နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်ကမူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တတိယအကြိမ် တွေ့ဆုံကာ ဆွေးနွေးနိုင်ဖွယ် ရှိပြီး၊ အဆိုပါ ဆွေးနွေးမှု ရလဒ် မထွက်ပါကလည်း လွှတ်တော်တွင်း နေရာ အများစု အနိုင် ရရှိထားသည့် အားကိုယူကာ ၅၉(စ) ကို ဖယ်ရှား၍ သမ္မတဖြစ်ရေး လမ်းကြောင်းကို ဖွင့်နိုင်သည်ဟု ၎င်း၏ ဆောင်းပါး တစ်ပုဒ်တွင် သုံးသပ် ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး လမ်းကြောင်းဖွင့်ရန် ၅၉(စ) ဖယ်ရှားရာတွင် ပြင်ဆင်ရေးလမ်း ကြောင်း (သို့) ဆိုင်းငံ့ရေး လမ်းကြောင်းကို အသုံးပြု ရမည် ဖြစ်သည်။

ပြင်ဆင်ရေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၅) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရ မည်ဟု ပြဋ္ဌာန်းထားသည်။

“၅၉(စ) ပြင်ဆင်ရေးက ဥပဒေအရ မဖြစ်နိုင်ဘူး”ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပုဒ်မ ၄၃၆ ကို ရည်ညွှန်း၍ ပြောသည်။

ပုဒ်မ၅၉(စ) အပါအ၀င် အရေးကြီးသည့် ပုဒ်မများကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဟု ပုဒ်မ(၄၃၆) (ခ)တွင် ပြဋ္ဌာန်းထားသည်။ ထိုကဲ့သို့ သဘောတူပြီးနောက်တွင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည် ဖြစ်ပြီး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပုဒ်မ(၄၃၆) (က) တွင် ပြဋ္ဌာန်းထားသည်။

ယင်းအတွက်ကြောင့် လွှတ်တော်တွင် ရောက်ရှိနေသော (၂၅) ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမဲက အရေးပါနေသည်။ ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒ တစ်ရပ် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလွဲမသွေ လုပ်ဆောင်မည် ဖြစ်သည်။

“ပြည်သူလူထုက ဆုံးဖြတ် ပြီးသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရဲ့အကြီးအကဲ။ အဲဒါကို တပ်မတော်က လက်ခံလိုက်ရင် တပ်မတော်နဲ့ပြည်သူ တစ်သားတည်း ဖြစ်သွားမယ်။ တကယ်လို့ တပ်မတော်က ဒါကို လက်မခံဘူး။ ဆန့်ကျင် ဆွေးနွေးမယ် ဆိုရင် ပြည်သူတွေက တပ်မတော် အပေါ် ပိုပြီးတော့မှ အထင်အမြင် လွဲသွားမယ်” ဟု ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

တပ်မတော်မှ တာဝန်ရှိသူများကမူ မူလကပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လာလျှင် ဥပဒေအတိုင်း လုပ်ဆောင်ရန် မကြာခဏ ပြောလေ့ရှိပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀(စ) တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ဆိုင်းငံ့ရေး

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဒုတိယ လမ်းကြောင်း တစ်ခု ဖြစ်သည့် ၅၉(စ) ဆိုင်းငံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း ပြင်ပတွင်မူ အငြင်းပွားမှုများ ရှိနေသည်။ ၅၉(စ) ဆိုင်းငံ့ရေးမှာ ယခု ကျင်းပနေသော လွှတ်တော်အတွင်းတွင် သတင်း ပြန့်နှံ့ခဲ့ခြင်း မဟုတ်ဘဲ ပထမအကြိမ် လွှတ်တော် အစည်းအဝေးမှ စတင် အငြင်းပွားမှုများ ဖြစ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၅၉(စ) ဆိုင်းငံ့ရေး နှင့် ပတ်သက်၍ လွှတ်တော်တွင် အရေးကြီး အဆိုတင်ရန် ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များကို ကိုးကား၍ စံတော်ချိန် သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

သို့သော် ၅၉(စ)မှာ လတ်တလောတွင် ဖြစ်ပေါ်နေသည့် ပြဿနာတစ်ရပ် မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုသည့် နေ့မှ စကာ ဖြစ်ပေါ်နေသော ပြဿနာ ဖြစ်၍ ၅၉(စ) ဆိုင်းငံ့ရေးကို အရေးကြီးအဆို အဖြစ် တင်ရန်မှာ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ပုဒ်မ(၆၆) နှင့် ငြိစွန်း နေသဖြင့် အရေးကြီးအဆိုတင်၍မရပေ။ ပြည် ထောင်စုလွှတ်တော်နည်းဥပဒေ ပုဒ်မ-၆၆ တွင် “ယင်းအဆိုသည် လောလောဆယ် ပေါ်ပေါက်လာသော ကိစ္စလည်း ဖြစ်၍ အများပြည်သူနှင့် အရေးတကြီး သက်ဆိုင်သော ကိစ္စဖြစ်ပြီးလျှင် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် လိုအပ်သည့် ကိစ္စလည်း ဖြစ်ရမည်”ဟု ပြဋ္ဌာန်း ထားသည်။

“ဆိုင်းငံ့လမ်းကြောင်းက ဥပဒေနဲ့ မညီဘူး။ အချို့တွေက ပြောကြတယ်။ ဆိုင်းငံ့တာက ဥပဒေမှာ မရှိဘူးလို့ ပြောကြတယ်။ ဒါဆိုရင် ဥပဒေတိုင်းကို ဒီလိုပဲ ဆိုင်းငံ့နေကြ တော့မှာပေါ့”ဟု ဆရာသော်နေဇော် (ဥပဒေ)က ပြောသည်။

အကယ်၍ ၅၉(စ) ဆိုင်းငံ့ရေးကို ဆောင်ရွက်လိုပါက အရေးကြီး အဆိုတင်ရမည် မဟုတ်ဘဲ ၅၉(စ) ဆိုင်းငံ့ရေး ဥပဒေကြမ်းတင်ရမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“ဖျက်လည်းမဖျက်ဘူး၊ ပြောင်းလဲ မပြောင်းဘူး၊ ပြင်လည်း မပြင်ဘူး။ သူ့အတိုင်း ရှိနေမှာပဲ။ သူ့ကို ကာလတစ်ခုပဲ မသုံးတာ။ အဲဒါကို ယာယီ ရပ်ဆိုင်းတယ်လို့ ပြောကြတယ်။ ဒီလို သာဓက မြန်မာပြည်မှာ ရှိတယ်”ဟု ဦးကိုနီက ပြောသည်။

ဦးကိုနီပြောသည့် သာဓကမှာ ၁၉၅၉ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်းအား ၀န်ကြီးချုပ် အဖြစ် ဆက်လက် တာဝန် ပေးနိုင်ရန် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၁၆ ကို ဥပဒေတစ်ရပ် ပြဋ္ဌာန်းကာ ပြင်ဆင်ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

အချိန်

၅၉(စ)ကို ပြင်ဆင်သည် ဖြစ်စေ၊ ဆိုင်းငံ့သည် ဖြစ်စေ အချိန်ကာလ တစ်ခုတော့ ယူရမည် ဖြစ်သည်။ ယခု လတ်တလော ကာလမှာမူ လွှတ်တော်၏ လုပ်ငန်း တာဝန်မှာ လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရန်သာ ဖြစ်ပြီး အဆိုတင်ခြင်း၊ ဥပဒေကြမ်း တင်ခြင်း၊ ဆွေးနွေးခြင်းများကို လုပ်ဆောင်ဦးမည် မဟုတ်ပေ။ ထိုနောက် အဆိုတင်ခြင်း၊ ဥပဒေကြမ်း တင်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ အကယ်၍ ဆိုင်းငံ့သည့် အဆိုအား လွှတ်တော် အတွင်း တင်ပြမည် ဆိုပါက ထောက်ခံ ဆွေးနွေးခြင်း ပြုလုပ်ရမည် ဖြစ်ပြီး၊ ၅၉(စ) ဆိုင်းငံ့၊ မဆိုင်းငံ့မှာ တစ်ပတ်ခန့် အချိန်သာ ကြာနိုင်ခြေရှိသည်။

၅၉(စ) ကို ပြင်ဆင်ခြင်း လမ်းကြောင်းဖြင့် သွားမည် ဆိုပါက လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်သည့် ရလဒ်ကို အတည်ပြု၍ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ကာ ပြည်ထုလူထု၏ ထောက်ခံမှုကို ရယူ ရဦးမည် ဖြစ်သည်။ ယင်းအတွက် အဆိုတင်သည့် နေမှစ၍ အချိန်သုံးလခန့် ကြာမြင့် နိုင်ခြေရှိသည်။ မတ်လ(၁၇) ရက်နေ့တွင် လွှတ်တော်တွင် ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်သွင်းသည့် သမ္မတ အမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည် ပါဝင်နိုင်ခြေ မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ မတိုင်မီက ၎င်းအနေဖြင့် သမ္မတ၏ အထက်တွင် နေမည် ဖြစ်ကာ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားထားရာ ၅၉(စ) အတားအဆီးကို မကျော်လွှားနိုင်သေးခင် ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပေါ်လစီ ချမှတ်ထားသည့် အတိုင်း ဆောင်ရွက်မည့် ဒုတိယသမ္မတလောင်း နှစ်ဦးကိုသာ တင်သွင်းနိုင်ဖွယ် ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ၅၉(စ) အတားအဆီး ကျော်လွှားရေးသည် ပြည်သူများ၏ လိုလားချက် ဖြစ်သည်။ ၂၀(စ) ကို ကိုင်စွဲထားသည့် (၂၅)ရာ ခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် သဘောတူ ညီမှုရရန်မှာလည်း NLD ပါတီ၏ ပါးနပ်မှုနှင့် ဇွဲရှိမှု အပေါ် မူတည်နေရာ၊ သမ္မတ မတင်မြှောက်ခင် အချိန်အထိ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကို ရင်တမမဖြင့် မျှော်လင့်နေမည်သာ ဖြစ်သည်။

အကယ်၍ ၅၉(စ) လမ်းစ ပွင့်သွားလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ အတားအဆီး မရှိတော့ပေ။ ဦးဝင်းထိန်ကမူ ယခု ကဲ့သို့ ပြောဆိုထားသည်။

“အဓိကရည်ရွက်ချက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် ရေးပဲ”

Nainglin Aung