02/25/16

ဒီမနက်လမ်းလျှောက်ရင်း ထူးထူးခြားခြား ဆရာကြီး ဒေါက်တာသန်းထွန်းကို သတိရမိတယ်။ လမ်းမှာ တွေ့လိုက်ရတဲ့ လမ်းလျှောက်နေတဲ့လူတစ်ယောက်ဟာ ဆရာကြီး ပုံစံအတိုင်းပဲ။ ဆရာကြီးကို မကွယ်လွန်မီက တွေ့ဖူးတယ်။ ခိုးကြည့်ရတာ။ စကားတောင်သွားမပြောရဲပါဘူး။ ဆရာကြီးက ကျွန်တော့် သင်ဆရာမဟုတ် ပါဘူး။ ဒါပေမဲ့ မြင်ဆရာ၊ ကြားဆရာပါ။ ဒီလိုပြောလို့ ဆရာကြီးကို ခုတုံးလုပ်စရာ ဘာမှအကြောင်းမရှိဘူး။ ပညာရှင်ကိုလေးစားပြီး တန်ဖိုးထားတာပဲရှိတယ်။ ဆရာကြီးက သူ့ကို ပညာရှင်လို့ပြောရင် တစ်နေရာကနေ ကျွန်တော့်ကို ဆဲများနေမလားမသိဘူး။ ဘာကြောင့်လည်းဆိုတော့ ဆရာကြီးက သူ့ကိုယ်သူ “ပညာသေ” လို့ အမြဲ ပြောနေတတ်တာ။

ကျွန်တော်တို့ အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားတွေဘဝက သမိုင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြရတယ်။ ကမ္ဘာ့သမိုင်းတစ်အုပ်၊ မြန်မာ့သမိုင်းတစ်အုပ်၊ ကမ္ဘာ့သမိုင်းသင်တာက ဆရာတစ်ယောက်၊ မြန်မာ့သမိုင်းသင်တာက ဆရာတစ်ယောက်ခွဲထားတယ်။ စာမေးပွဲဖြေရင်လည်း ကမ္ဘာနဲ့မြန်မာကို တစ်ဝက်စီ ဖြေကြရတယ်။

ကျွန်တော်က ကမ္ဘာ့သမိုင်းကို ပိုကြိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ သင်တဲ့ဆရာက ကမ္ဘာ့သမိုင်းကို လက်တန်းပြောသင်တာတွေက အံ့သြစရာတွေဖြစ်နေ လို့ပဲ။ ပြင်သစ်တော်လှန်ရေး အဲဒီအချိန်ကတည်းက စိတ်ဝင်စားတယ်။ “ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား” လို့ပြောတဲ့ ဘုရင်မအကြောင်းကို ဆရာက ပီပြင်အောင် သင်နိုင်တယ်။ ပဒေသရာဇ်စနစ်မကောင်းကြောင်းတွေ ပြောပြနိုင်တယ်။ ဒါပေမဲ့ ဆိုရှယ်လစ်ခေတ်မှာ ဆိုရှယ်လစ်စနစ်ကောင်းကြောင်း ဘယ်တော့မှ မပြောဘူး။ အာဏာရှင်တွေဟာ ဘယ်တော့မှ လူတွေဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့် လည်းဆိုတော့ သေနတ်ကိုင်လိုက်တာနဲ့ လူစိတ်ပျောက်သွားတတ်ကြလို့ပဲဆိုတာ အမြဲ ပြောတယ်။

ဗိုလ်နေဝင်းအစိုးရတက်လာတော့ “စနစ်သစ်ပညာရေး” ဆိုတာတွေ လုပ်လာသဗျ။ ဘာကြောင့်လည်း ဆိုတော့ စနစ်ဟောင်းလို့ သူထင်တဲ့ ပညာရေးမှာက တော်လှန်ရေးတွေ ပါနေတာကိုး။ သမိုင်းတွေကိုဖျောက်တယ်။ ကမ္ဘာ့ သမိုင်းတွေကို ရောတောတော ယောင်တောင်တောင်ဖြစ်အောင် ပြဋ္ဌာန်းတယ်။ ဆိုရှယ်လစ်သမိုင်းတွေ၊ ဆိုရှယ်လစ်အတွေးအခေါ်တွေ ရိုက်သွင်းနိုင်အောင် ကြိုးစားတယ်။ အဲဒီအချိန်မှာ ဆရာကြီး ဒေါက်တာ သန်းထွန်းပြောသွားဖူးတဲ့ စကားကို ဒီမနက် သတိရနေမိတယ်။

“စနစ်သစ်ပညာရေး စတော့မယ်ဆိုတော့ တို့ကို ညှိနှိုင်း အစည်းအဝေးခေါ်တယ်ကွ။ သူတို့က သိပ္ပံ ဘာသာရပ်ကို အားပေးမယ်၊ သမိုင်းကို သင်ဖို့ မလိုဘူးဆိုတာတောင် ပြောလာကြတယ်။ အစည်းအဝေးမှာ ငါကပြောတယ်။ သမိုင်းကို မသင်ရင် မသင်ကြနဲ့၊ သမိုင်းဆရာတွေကို အလုပ်ဖြုတ်ပစ်လိုက်။ လူ ၃၀၀ လောက် ထမင်း ငတ်သွားမယ်။ ဒါပေမဲ့ သမိုင်းကို မသင်ဘူးရင် နောင် အနှစ် ၂၀ ကြာတဲ့အခါ နိုင်ငံဟာ ခွေးဖြစ်သွားမယ် လို့ ငါပြောလိုက်တယ်” လို့ ဆရာကြီးက ဆိုခဲ့ကြောင်း မှတ်သားရဖူးပါတယ်။

ဗိုလ်နေဝင်း အစိုးရတက်ခဲ့တာ ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိဆိုတော့ ၂၆ နှစ်လောက်ကြာသွားတယ်။ ဆရာကြီး ပြောတဲ့နှစ်နဲ့ ကွက်တိလောက်ပဲ။ ခွေးဖြစ်ကုန် တယ်။ နောက်ထပ် စစ်အစိုးရ ထပ်တက်လာပြန်တယ်။ သမိုင်းကို ကျကျနန သမိုင်းမှန်တွေ သင်ရမလားလို့ မျှော်လင့်တယ်။ နောက်ထပ် နှစ်ပေါင်း ၂၀ ထပ်ကျော် တယ်။ သမိုင်းမှန်တွေ အဖျောက်ခံထားရတဲ့အတိုင်း သင်ကြ တယ်။ နောက်တစ်ကြိမ် ခွေးထပ်ဖြစ် တယ်။ ၂၀ နှစ်ခါကျော်ပြီ။ နောက်ထက် ၂၀ အတွင်း ဆရာကြီးဒေါက်တာသန်းထွန်းလို သမိုင်းဆရာစစ်စစ်၊ ဒေါက်တာ စစ်ကြီးတွေက မွေးထုတ်လိုက်တဲ့ တပည့်တွေကနေ စစ်ဗိုလ်တွေရဲ့ နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး သမိုင်း တွေအစား မတရားတဲ့အာဏာရှင်မှန်သမျှ ပြည်သူတွေ ဘယ်လိုတိုက်ထုတ်ကြတယ်ဆိုတဲ့ သမိုင်းစစ် သမိုင်းမှန် တွေကို သင်ကြရတော့မယ်လို့ မျှော်လင့်နေမိတယ်။

၂၄.၂.၂၀၁၆
Tin Nyunt

ပညာရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဆိုသူ ဒေါက်တာ စိုးဝင်းရဲ့ စကားလေးကို ဖောက်သည် ချခွင့်ပြုပါဗျာ။ ဒေါက်တာဘွဲ့ရထားသူရဲ့ အလွန်မှတ်သားစရာကောင်းသော အဆင့်အတန်းရှိလှတဲ့စကားပါ။

“တစ်နိုင်ငံလုံးမှာ ဘယ်ဝန်ထမ်းအများဆုံးလည်းလို့ကြည့်ရင် ပညာရေးဝန်ထမ်းက အများဆုံး မဟုတ်ဘူး လား။ အဲတော့ မင်း…ဝန်ထမ်း ငါးယောက်လောက်ရှိတဲ့ ဝန်ထမ်းက ဘာမှ မဖြစ်ဘဲနဲ့ ပညာရေး ဝန်ထမ်းမှ ဖြစ်နေတယ်။ ပညာရေးဝန်ထမ်းတွေပဲ ဖြစ်နေတယ်လို့ပြောရင် မင်းတို့ရှိတဲ့ လူအချိုးနဲ့ စားကြည့်လေ။ အယောက်ပေါင်းသိန်းချီပြီး ရှိတဲ့အထဲက တစ်ယောက်ဖြစ်တာသည် အပြစ်အကြီးကြီးလား။ အပြစ်ရှိရင် ရှိတဲ့ အတိုင်း ငါတို့ဘက်က အရေးယူတယ်လေ။ ဒါကြီးကို ပုံကြီးဘာလို့ ချဲ့နေကြတာတုန်း…”

ကဲ … ပညာရေးဌာနက ဒေါက်တာဆိုသူက ပညာရေးဝန်ထမ်းတွေဟာ အများဆုံးဖြစ်လို့ မှားတာ အပြစ်လား တဲ့။ ဝန်ထမ်းထဲမှာ ဦးရေအများဆုံးဖြစ်လို့ အချိုးနဲ့စားကြည့်ရင် ဒီအပြစ်ဆိုတာတွေက ဘာမှ မပြောပလောက် ဘူးတဲ့ဗျာ။ မှတ်သားလောက်ပါပေတယ်။ တကယ့်ကို ပညာရှိဒေါက်တာ အတွင်းဝန်တစ်ယောက် ပါးစပ်က ထုတ်ဖော်မြွက်ကြားတဲ့ စကားပါခင်ဗျာ။

ဒီနေ့ သတင်းစာတစ်စောင် (The Voice Daily) မှာ အဲဒီ အတွင်းဝန် အင်တာဗျူးဖတ်ပြီးတော့ အချိုးစား ညီမျှခြင်းချ၊ မှားခွင့်ရ ဥပဒေသကို သူဘယ်မှာသင်ပြီး ဒေါက်တာဘွဲ့ရလာသလဲဆိုတာလည်း သိချင်မိသဗျ။

“များရင် မှားခွင့်ရှိ ဥပဒေသ” “များရင် အပြစ်မရှိ” “အများထဲက တစ်ယောက်မှားတာ ပုံကြီးချဲ့မရ” အလွန်မှတ် သားစရာကောင်းသော ပညာဝန်ရဲ့ ဖြေဆိုချက်တွေကို ဖတ်လိုက်ရပြီး သူ့နောက်ဆုံးစကားက ပိုဆိုးသွား သေးတယ်။

“မမှားသင့်တာ မှားရင် လက်ခံတယ်” တဲ့ဗျာ..

ကျွန်တော် ပြောပါရစေ တွင်းဝန်ခင်ဗျာ

“တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ” ဆိုတဲ့ အမှားကို ဒေါက်တာက လက်ခံတယ်လို့ ဆိုလိုက်တာလား။ မေးခွန်း မှားရိုက်မိတာကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ယူထားတဲ့ရာထူးနဲ့ ကိုယ်ရထားတဲ့ ဘွဲ့နဲ့ မတန် မရာ ပြန်လည်ဖြေရှင်း ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတာက ပိုဆိုးသွားပြီပေါ့ဗျာ။

ခင်ဗျား အင်တာဗျူး တစ်ခုလုံးမှာ အရေးယူမယ်ဆိုတာတွေကြီး ထပ်နေတယ်ဗျ။ အောက်ခြေကို ဆော်မယ် နှက်မယ်ဆိုတာတွေချည်းဖြစ်နေတယ်။ ခင်ဗျားတို့ အထက်ကလူတွေ ပေါ့ဆတာတွေ၊ ပညာရေးကို အလေး မထားတာတွေ၊ စာမေးပွဲဆိုတာ အရေးမကြီးပါဘူးကွာဆိုပြီး လုပ်ခဲ့တာတွေရဲ့ အကျိုးဆက်တွေကို ခင်ဗျားတို့ တာဝန်ယူပြီး ဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတာ တစ်ခွန်းမှ မပါဘူး။

စနစ်ဆိုး စနစ်ပဲ့မှာ အုပ်ချုပ်နေတဲ့ လူတန်းစားတွေကလည်း အောက်ခြေကို စော် လိုက်မဟဲ့ … နှက်လိုက်မဟဲ့ … အရေးယူလိုက်မဟဲ့ ဆိုတာတွေချည်း ဖြစ်နေပါတယ်။ ခုလည်းကြည့်လေ သောက်သောက်လဲ သောက်တလွဲ အမှားတွေကို ပုံကြီးချဲ့မနေကြနဲ့လို့ ပြောနေတဲ့သူဟာ ဒေါက်တာဘွဲ့ရ ပညာရေးဌာနက အတွင်းဝန်ပါတဲ့ ခင်ဗျာ။

၂၄.၂.၂၀၁၆
Tin Nyunt

ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထား
ဆီးရီးယား ထဲကို လေကြောင်း ကနေ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပထမဆုံး အကြိမ် ချပေး ခဲ့တယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်း အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ပိတ်ဆို့ ဝိုင်းရံတာ ခံ နေရတဲ့ ဒဲရ်အဇော မြို့ ရှိရာဆီ ထောက်ပံ့ရေး ပစ္စည်း အထုပ်တွေ ချပေးခဲ့တာပါ။

စုစုပေါင်း ၂၁ တန် အလေးချိန် ရှိတဲ့ အထုပ်တွေ ကို ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ ရဲ့ လေယာဉ်ပျံ နဲ့ ချပေး ခဲ့တယ်လို့ ကုလသမဂ္ဂ ကူညီ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အကြီးအကဲ Stephen O'Brien က လုံခြုံရေး ကောင်စီ ကို ပြောပါတယ်။

ရည်မှန်းထားတဲ့ နေရာ တွေ ဆီ ပစ္စည်းတွေ အောင်အောင်မြင်မြင် ရောက်သွား နိုင်ခဲ့လား ဆိုတာ တိတိကျကျ မသိရ ပါဘူး။

ဒဲရ်အဇော မြို့ရဲ့ နေရာ တော်တော်များများ ကို IS တွေ ထိန်းချုပ် ထားပြီး ကျန်တဲ့ အရပ် တွေ ကိုလည်း ပိတ်ဆို့ ထားတာ မှာ လူ ၂ သိန်း လောက် ပိတ်မိနေတယ် လို့ ကုလသမဂ္ဂ အဖွဲ့ က ဆိုပါတယ်။

BBC
http://www.bbc.com/burmese/world/2016/02/160224_syria_airdrop

ရှမ်းပြည်နယ် ထဲမှာ တအောင်းပလောင် တပ် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ် RCSS/SSA တို့ အကြား တိုက်ပွဲ တွေ ဖြစ် နေခဲ့။

 ရှမ်းပြည်နယ် ထဲ တိုင်းရင်းသား လက်နက်ကိုင် တပ် တွေ အကြား ဖြစ်နေတဲ့ တိုက်ပွဲ တွေ ကြောင့် အစိုးရ စစ်တပ် က ကြားထဲကနေ နယ်မြေ ရှင်းလင်းမှု တွေ ဝင်ရောက် လုပ်ဆောင် ခဲ့ပေမယ့် ပစ်ခတ် တိုက်ခိုက် တာမျိုး တော့ မရှိ ခဲ့ ဘူး ဆိုပြီး တပ်မတော် အရာရှိ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ဟာ အများ ပြည်သူရဲ့ အသက်အိုးအိမ် ကို ထိခိုက် နေတဲ့ အတွက် အခုလို ဝင်ရောက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ လည်း ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဆိုပါတယ်။

တိုက်ပွဲ မဖြစ်ပဲ အစိုးရ စစ်တပ် က ဘယ်လို ပုံစံ မျိုးနဲ့ နယ်မြေ ရှင်းလင်းခဲ့ သလဲ ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မရှိ လှပါဘူး။

ရှမ်းပြည်နယ် တအောင်း ပလောင် ဒေသ မှာ တအောင်းပလောင် တပ် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ် RCSS/SSA တို့ အကြား တိုက်ပွဲ တွေ ဖြစ် နေခဲ့ ပြီး၊ အိုးအိမ် တွေ စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒုက္ခသည် တွေ လည်း ထောင်ပေါင်း များစွာ ရှိ နေပါတယ်။

RCSS/SSA ဟာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့ ဖြစ်ပြီး၊ NCA အရ ဖွဲ့ရတဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ ကို ရှမ်းပြည်နယ် ထဲမှာ ပြည်နယ် အဆင့် ဖွဲ့စည်းထား ရှိပြီး ဖြစ်ပါတယ်။

RCSS အနေနဲ့ နယ်မြေ ကျော်လွန် တာ မျိုး တွေ ပြုလုပ် နေတာကို ပြီး ခဲ့တဲ့ ဖေဖေါ်ရီ ၁၂ ရက် လောက် က စပြီး ရှမ်းပြည်နယ် ထဲ က စောင့်ကြည့်ရေး ကော်မတီ ထံ အစိုးရ စစ်တပ် က အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် RCSS/SSA ဘက်က ပြန်လည် ဆုတ်ဖို့ ငြင်းဆန် ခဲ့တဲ့ အတွက် အစိုးရ စစ်တပ် က အခုလို နယ်မြေ ရှင်းလင်းရေး တွေ လုပ်ဆောင် ရတာ လို့ ပြောပါတယ်။

NCA အရ လက်နက်ကိုင် တပ် တွေ ကို နေရာချ ရေး လုပ်ဆောင် ရမှာ ဖြစ်ပေမယ့် အခုအချိန် ထိ အတိတကျ မသတ်မှတ် သေးရသလို၊ TNLA ရဲ့ တိုက်ခိုက် မှု ကြောင့် သူတို့ အနေနဲ့ ဝင်ရောက် တိုက်ခိုက် ရတာ ဖြစ်တယ် လို့ RCSS/SSA ဘက် က ဘီဘီစီ ကို ပြောထား ပါတယ်။

အခုလို အခြေအနေမှာ JMC-U ရဲ့ ၄ ကြိမ် မြောက် အစည်း အဝေး ကတော့ ၃ ရက်တာ ကျင်းပ ပြီးစီး သွားခဲ့ ပြီ ဖြစ်ပါတယ်။

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ကို တနင်္သာရီ တိုင်းထဲ မှာလည်း တိုင်း အဆင့် ကော်မတီ တစ်ရပ် ဖွဲ့စည်းလာဖို့ ရှိနေပါတယ်။

BBC
http://www.bbc.com/burmese/burma/2016/02/160224_shan_fighting_military_jmcu

 water-scarcity-620.jpg မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် စပါးတွင်းကျေးရွာအုပ်စုက ရွာတွေမှာ ချောင်းရေတွေ ခန်းစပြုနေတာကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြင်ရစဉ်
Photo: Nay Thwae/RFA

အယ်လ်နီညိုရာသီဥတု ကျရောက်မှုကြောင့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရှမ်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ က ကျေးရွာတွေမှာ ရေပြတ်လပ်မှုတွေ အများဆုံးကြုံတွေ့နိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက ရွာပေါင်း ၄၀၀ ကျော်၊ ပဲခူးတိုင်းက ရွာပေါင်း ၂၀၀ကျော် နဲ့ ရှမ်းပြည်နယ်က ရွာပေါင်း ၂၀၀ နီးပါးဟာ ရေရှားပါးမှုဒဏ် ပိုခံရနိုင်တဲ့ကျေးရွာတွေဖြစ်တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောပါတယ်။

"ဒီနှစ်ရေပြတ်နိုင်တဲ့ အလားအလာရှိတဲ့စာရင်းကို ကျနော်တို့ပြုစုတယ်၊ မြို့နယ်အလိုက် ရရှိတဲ့အချက်အလက်တွေ ကို ကျနော်တို့ ခရိုင်၊ တိုင်း တွေအဆင့်ဆင့်စုပြီးတော့ ရုံးချုပ်မှာစုလိုက်တဲ့အခါမှာ ကိန်းဂဏန်းများနေတာ ဧရာဝတီမှာဖြစ်နေတယ်၊ ဧရာဝတီက ၄၄၆ ရွာမှာ ရေခမ်းနေတယ်ဆိုပြီးပြထားတယ်၊ ပဲခူးတိုင်းမှာဆိုရင် ၂၂၅ ရွာ၊ ရှမ်းပြည်နယ်က ၁၉၅ ရွာမှာ ရေခမ်းနိုင်တယ် မြို့နယ် ၁ဝ ခုမှာလေ၊ မကွေးတိုင်းတို့ မန္တလေးတိုင်းတို့မှာ လည်း ရေရှားတယ်၊ မန္တလေးတိုင်းမှာဆိုရင် ၁၅ဝ မြို့နယ်ပေါင်း ၂ဝ လောက်ရှိတယ်၊ ဒါပေမဲ့ မြို့နယ်လို့ပြောတဲ့ အခါမှာ တစ်မြို့နယ်လုံမဟုတ်ဘူးလေ၊ တချို့မြို့နယ်က တစ်ရွာ နှစ်ရွာပဲရှိတာကိုး၊ တချို့က ခုနှစ်ရွာ ရှစ်ရွာပဲ ရှိတာကိုး၊ အဲ့လိုညီတော့မညီဘူး၊ စုစုပေါင်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ သုံးလအတွင်း ၁၇၆၁ ရွာလောက်က ရေပြတ် သွားနိုင်တဲ့ အနေအထားရှိတယ်"

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ ရှမ်းပြည်နယ်ဘက်က ကျေးရွာတွေကို လတ်တလော ရေရရှိဖို့လုပ်ဆောင်ပေးနေပြီး လာမယ့် မတ်လအတွင်းမှာ ကျေးရွာပေါင်း ၉၀၀ ကျော် ရေရှားသွားနိုင် တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ အယ်လ်နီိညိုရာသီဥတုကြောင့် အရင်နှစ်တွေထက်စောပြီး ရေရှားပါးလာတဲ့အတွက် ကျွဲ၊ နွား တိရိစ္ဆာန်တွေ အတွက်လည်း ရေခက်ခဲနိုင်ကြောင်း ဦးလှခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ မြို့နယ် ၅၉ မြို့နယ်က ကျေးရွာပေါင်း ၄၆၄ ရွာ ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာတော့ အရင်နှစ်ထက် အချိန်စောပြီး ရေပြတ်လပ်မှုတွေရှိလာသလို ရေရှားပါးမှုဒဏ်ခံရမယ့် ရွာလည်းပိုများလာတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/water-scarcity-02242016110919.html


ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီစနစ်ကို လက်ခံလျှင် လက်နက်စွန့်ရမည်ဟု ပြောကြားမှုအပေါ် ယင်းမှာ နိုင်ငံရေးပြဿနာများကို ရှေ့ဆက် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ယနေ့ တုံ့ပြန် ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၂ရက်နေ့က ကလောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သင်တန်းသားအရာရှိ များနှင့် တွေ့ဆုံပွဲ၌ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍မရနိုင်ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနေဖြင့် ဒီမိုကရေစီစနစ်ကိုလက်ခံပါက လက်နက်စွန့်ပြီး တရားဥပဒေနှင့်အညီ တောင်းဆိုမှုများ ပြုလုပ်ကြရမည်ဟု ပြော ကြားခဲ့မှုကို တိုင်းရင်းသားဘက်က ယင်းသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “အဓိကဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ကို စွန့်ရမယ်ဆိုတာတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ တရားဥပဒေ ဘောင်ထဲဝင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၊ ဒီမူနဲ့ပဲ ဆက်လက်ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး״ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ပါက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေ ဖြင့် လက်နက်စွန့်မည်မဟုတ်ဘဲ နိုင်ငံရေးပြဿနာများ ပြေလည်ခဲ့လျှင် တိုင်းရင်းသားများ၏ လက်နက်ကိုင်ထားခြင်း ကိစ္စရပ်မှာ ဖြေရှင်းပြီးသားဖြစ်၍ တိုင်းရင်းသားများ၏ လက်နက်ကိုင်ထားမှုကို စိုးရိမ်စရာ မလိုအပ်ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက် ပြောသည်။

အလားတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ထိုသို့ပြောဆိုမှုကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၌ ယုံကြည်မှုတစုံတရာ ပျက်ပြားသွားစေနိုင်ကြောင်း ယခုလို ပြော ဆိုလိုက်သည်။

၎င်းက “ကျနော်တို့အနေနဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့ NCA ကိုလက်မှတ်ထိုးခဲ့တာပဲ။ လက်နက်ချဖို့ ကျနော်တို့မှာ သဘောထား မရှိဘူး။ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ ယုံကြည်မှုက ရှိရမယ်လေ။ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ ယုံကြည်မှုကို တည်ဆောက်တဲ့အ ချိန်မှာ အခုလို ပြောတာတော့ ယုံကြည်မှုကို တစုံတရာ ပျက်ပြားစေတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်၌ KNU၊ KNU/KNLA -PC၊ DKBA၊ RCSS/SSA၊ PNLO၊ ABSDF နှင့် CNF တို့ ပါဝင်သော လက်နက် ကိုင်အဖွဲ့ ၈ဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA ကို လက်မှတ်ရေးထိုးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်ထဲသို့ဝင်ပြီး လက်နက်ကိုင်လမ်းစဉ်စွန့်ရေးကိစ္စကို ၂၀၁၅ခုနှစ်၊ သြ ဂုတ်လတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလားတူ ပြောဆိုခဲ့ဘူးသည်။ ခေတ်အဆက်ဆက် အုပ်စိုးသူ မြန်မာအ စိုးရက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ၌ လက်နက်ကိုင် စွန့်လွှတ်ရေးလမ်းစဉ်ကိုသာ ကျင့်သုံးခဲ့မှုကြောင့် လက်ရှိအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ရခြင်းဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သုံးသပ်ပြောဆိုနေကြ သည်။

စအိုင်ဆူး
KIC - ကေအိုင်စီ
http://kicnews.org

နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် NLD ပါတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ (သတင်းဓါတ်ပုံ-MOI)
နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် NLD ပါတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ (သတင်းဓါတ်ပုံ-MOI)

အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ဟာ အဆင်ပြေ ချောမွေ့နေပြီး လာမယ့် မတ်လကုန်မှာ တာဝန်လွှဲပြောင်းရေး အလုံးစုံ ပြီးစီးမယ်လို့ မျှော်လင့်တဲ့ အကြောင်း လက်ရှိ အစိုးရနဲ့ အစိုးရသစ် ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။ နှစ်ဘက်တို့ ဒီကနေ့ တွေ့ဆုံ ပွဲမှာတော့ သမ္မတ အိမ်တော်မှာ ကျင်းပမယ့် သမ္မတ တာဝန်လွှဲပြောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။ အစိုးရသစ် တာဝန်လွှဲပြောင်းရေး အခြေအနေ ဘယ်လောက်ထိ ရှိနေပြီလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အစိုးရသစ် တာဝန် အလွှဲအပြောင်း ညှိနှိုင်းမှုတွေဟာ အဆင်ပြေ ချောမွေ့မှု ရှိနေပြီး လာမယ့် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရသစ်ကို လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း လက်ရှိ အစိုးရ အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးမှု အပြီးမှာ ထုတ်ဖော်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သမ္မတ တာဝန်လွှဲပြောင်းရေး လက်ရှိ ဆွေးနွေးနေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အစိုးရ လွဲပြောင်းရေး အဲဒါတွေကတော့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ကျနော်တို့ လုပ်ခဲ့ပြီးပြီပေါ့နော်။ လုပ်ခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်က ဆောင်ရွက်နေတဲ့ အနေအထားလေးတွေ ရှင်းပြတယ်။ အဓိက အချက်ကတော့ ကျနော်တို့က ဘာလဲဆိုတော့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းတဲ့ အခမ်းအနားပေါ့နော်။ အဲဒီအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သမ္မတ အိမ်တော်မှာ ကျင်းပမယ်။ ကျင်းပမယ့်ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က သမိုင်းကြောင်းအရ ရှာဖွေလေ့လာပြီးတော့ စီစဉ်ထားတဲ့ အစီအစဉ်ကို သူတို့ကို အသေးစိတ် ရှင်းပြတယ်။ ပြီးတော့ အပြန်အလှန်ဆွေးနွေးပါတယ်။”

အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးရေး မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ အစိုးရသစ် ဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကြား ဗုဒ္ဓဟူးနေ့ တွေ့ဆုံ ညှိနှိုင်းပွဲမှာတော့ နှစ်ဘက်တို့ အပေးအယူ မျှတစွာ ရှိခဲ့ပြီး တာဝန်လွှဲပြောင်းရေး အလားအလာ အခြေအနေ ကောင်းပါတယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ် အဖြစ် အစိုးရအဖွဲ့ ကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

“အခြေအနေကတော့ ဒီလိုချောမွေ့တဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းဖြစ် ဖို့က သေချာသလောက်ပါပဲ။သူတို့ကလည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတယ်။ ကျနော်တို့ဘက်က တောင်းဆိုတဲ့ဟာတွေလည်း သူတို့ လိုက်လျောတဲ့ အခါကျတော့ ဘာမှ ပြဿနာမရှိပါဘူး။ တခုတော့ရှိတယ် မတ်လ ၃၀ ရက်နေ့ဆိုရင်တော့ အားလုံး တရားဝင်လွှဲပြောင်းပြီး သမ္မတ လွှဲပြောင်းတာရော ၊ ၀န်ကြီးအဖွဲ့လွှဲပြောင်းတာရော မတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံး လုပ်ဆောင်ဖြစ်မှာပါ။”

လက်ရှိ အစိုးရကတော့ လာမယ့် မတ်လကုန်မှာ သက်တမ်းကုန်မှာ ဖြစ်တာကြောင့် မတ်လ ၃၀ ရက် မတိုင်ခင်မှာ အစိုးရသစ်ကို အာဏာလွှဲပြောင်းပေး ရမှာ ဖြစ်ပါတယ်။ ဒီလို အာဏာလွှဲပြောင်းပြီးမှသာ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီးတွေနဲ့ အရင် အစိုးရမှာ တာဝန်ယူခဲ့ကြတဲ့ ၀န်ကြီးတွေ ကြား တွေ့ဆုံနိုင်မှာ ဖြစ်တယ်လို့လည်း NLD ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ဘက်က ရှိတာ ကျနော်တို့ခန့်မယ့် ၀န်ကြီးတွေက ၀န်ကြီးဌာနတွေ လျှော့မှာ ဆိုတဲ့ အခါကျတော့ ၀န်ကြီးဌာန ၂ ခု၊ ၃ ခုပေါင်းပြီးတော့ တယောက်တာဝန် ပေးရမှာ ဆိုတော့ သူတို့ကို တာဝန်မပေးခင်မှာ ဒီလက်ရှိ ဦးသိန်းစိန်အစိုးရ၀န်ကြီးတွေနဲ့ ပေးတွေ့လို့တော့ မဆီလျော်သေးဘူး။ ကျနော်တို့က ၀န်ကြီးဌာနတွေ ၀န်ကြီးတွေ ခန့်ပြီးပြီဆိုတော့မှ သူတို့နဲ့ ညှိပြီးတော့မှ အတိအကျပြောင်းလဲဖို့ ဆက်လုပ်ရမှာဖြစ်တယ်။”

လောလောဆယ်မှာတော့ အစိုးရသစ် ဖွဲ့စည်းမယ့် NLD ပါတီဘက်က သမ္မတလောင်း အမည်စာရင်းရော၊ အစိုးရ အဖွဲ့ဝင်တွေ စာရင်း လျာထားချက်ရော ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် မတ်လ ၁၇ ရက်နေ့ ကျမှ လွှတ်တော်မှာ တင်သွင်းဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သမ္မတအမည်စာရင်း တင်သွင်းမှု အတည်ပြုမှုတွေ အပြီး သတင်း ၂ ပတ်လောက် အတွင်း အစိုးရ တာဝန် အလွှဲအပြောင်းဟာ ပြောဆိုထားသလောက် ချောမွေ့မှု ရှိနိုင်ပါ့မလားဆိုတဲ့ အပေါ်မှာတော့ သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“Transition Smooth ဖြစ်အောင် ကျနော်တို့ ဒီဘက်အဖွဲ့ ၂ ဖွဲ့က လုပ်တာဖြစ်ပါတယ်။ ဟိုဘက်က အစိုးရတင်မြှောက်တာ သမ္မတရွေးတာ ဒါ NLD ပါတီအတွင်းက ကိစ္စတွေ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောဖို့မရှိပါဘူး။”

လာမယ့် မတ်လကုန် အစိုးရသစ်ကို အာဏာလွှဲပြောင်းနိုင်ရေး ဆောင်ရွက်မှု ကတော့ ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး အကြိမ် အရပ်သား အစိုးရ တရပ်ကို အာဏာလွှဲပြောင်းမှု ဖြစ်တာကြောင့် နှစ်ဘက်စလုံးတို့က သတိထား ဆောင်ရွက်နေကြတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ လက်ရှိ မြန်မာ အစိုးရရဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ကြား ဗုဒ္ဓဟူးနေ့ နေ့လည်က ဆွေးနွေးပွဲမှာတော့ အစိုးရဘက်က ၀န်ကြီး ဦးလှထွန်း ခေါင်းဆာင်ပြီး NLD ဘက်က ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တို့ ဦးဆောင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တကြိမ် ဆွေးနွေးပွဲတွေကိုတော့ လာမယ့် မတ်လဆန်းမှာ ထပ်ပြီး ကျင်းပဖို့ စီစဉ်ထားပြီးလိုအပ်ရင် နောက်ထပ် ဆွေးနွေး ပွဲတွေလည်း ထပ်ရှိလာနိုင်တယ် လို့ နှစ်ဘက်လုံးက ပြောဆိုကြပါတယ်။

မသိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/nld-meet-with-transition-commitee-/3204884.html

ဒေါ်နီလာသိန်း (၈၈ငြိမ်း/ပွင့်) ကို မရမ်းကုန်းတရားရုံးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) က တွေ့ရစဉ်

ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြမှုကြောင့် ဒေါ်နီလာသိန်း (၈၈ငြိမ်း/ပွင့်)၊ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ကို မရမ်းကုန်းတရားရုံးတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ဖြင့် စတင်တရားစွဲဆိုပြီး ဒေါ်နီလာသိန်းမှာ အာမခံ မလျှောက်ထားသဖြင့် ၎င်းကို အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို သမိုင်းလမ်းဆုံမှ စတင်ကာ ထောက်ခံဆန္ဒပြသည့်အတွက်ဟုဆိုကာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအုပ်သန်းဝင်းက ဒေါ်နီလာသိန်း၊ မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ကို တရားစွဲဆိုခြင်းဖြစ်ပြီး ယခုရုံးချိန်းတွင် တရားလိုဖြစ်သူကို စစ်ဆေးမေးမြန်းခဲ့သည်။

မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင် (ခ) ဂျိမ်းတို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က တရားလိုဖြစ်သူ ရဲအုပ်သန်းဝင်းကို စစ်ဆေးမေးမြန်းခဲ့ပြီး ဒေါ်နီလာသိန်းမှာ ရှေ့နေမခေါ်ဘဲ တရားလိုကို ၄င်းကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

“ကျွန်မနေအိမ် အိမ်လိပ်စာအမှားနဲ့ ကျွန်မကို လိုက်ရှာတယ်။ ပြီးတော့ တရားခံပြေးအဖြစ် ကြေငြာတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွှမ်းစေတယ်။ နောက်ပြီး စခန်းမှူးတစ်ယောက်ဟာ အလုပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ၊ လက်အောက်က နယ်ထိန်းရဲတွေကိုပဲ စစ်ဆေးခိုင်းပြီး သေချာမရှာဘဲ ကျွန်မကို တရားခံပြေး ကြေငြာတာဖြစ်တဲ့အတွက် ကျွန်မတို့ကို တရားလိုပြုလုပ် တရားစွဲဆိုတဲ့ ရဲအုပ်သန်းဝင်းကို အရေးယူသင့်ကြောင်း တရားရုံးမှာ လျှောက်လိုက်တယ်။ နောက်ပြီး ဒီအမှုမှာ ကျွန်မ အာမခံ လုံးဝမယူဘူး”ဟု ဒေါ်နီလာသိန်း (၈၈ငြိမ်း/ပွင့်)မှ မီဒီယာများသို့ ပြောကြားသည်။

တရားလို ရဲအုပ်သန်းဝင်းကို အရေးယူသင့်ကြောင်း လျှောက်ထားမှုကို မရမ်းကုန်းမြို့နယ် တရားသူကြီးက ရဲတရားရုံးများနှင့်သာ သက်ဆိုင်ကြောင်းနှင့် ဒေါ်နီလာသိန်း၏ ပြောကြားချက်ကိုမူ တရားရုံးတွင် မှတ်တမ်းတင်ပေးထားကြောင်း ပြောကြားခဲ့သည်။

ယခုအမှုနှင့် ပတ်သက်၍ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က “ဒီအမှုက ဒီမိုကရေစီပညာရေးသပိတ်ကို ထောက်ခံတဲ့ လူငယ်တွေစုပြီး လုပ်တာဖြစ်တယ်။ ကျွန်မကလည်း ဒီမိုကရေစီပညာရေးစစ်ကြောင်းကို ကိုယ်စားပြုတဲ့အနေနဲ့ ၀င်ပါပေးတာဖြစ်တယ်။ တကယ်တမ်းဆိုရင် ကျွန်မဦးဆောင်တာတော့ မဟုတ်တာ သေချာတယ်။ တရားလို ရဲအုပ်ပြောသွားတာ တင်ပြချက်တွေကလည်း မှားယွင်းနေပါတယ်။ ဆန္ဒပြတဲ့ ကားထွက်တဲ့နေရာကစပြီး ထွက်ချက်တွေက မှားနေတာပါ။ ကျွန်မတို့ကိုသူတို့က မြင်ဖူးနေလို့သာ ဦးဆောင်တယ်ဆိုပြီး တရားစွဲဆိုတာပါ။ တကယ်တမ်းဆို ရဲတွေနဲ့တောင် ကျွန်မတို့နဲ့ စကားပြောခြင်းမရှိခဲ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၁၈ဟာ တက်ကြွလှုပ်ရှားသူတွေကို လိုသလိုသုံးတဲ့အတွက် အလွန်အန္တရာယ်ရှိတဲ့ ပုဒ်မဆိုတာ သေချာနေပါတယ်”ဟုပြောကြားသည်။

နောက်ရုံးချိန်းကို မတ်လ ၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပြီး ကိုလင်းထက်နိုင်နှင့် ဒေါ်နီလာသိန်းတို့မှာ အင်းစိန်ထောင်နှင့် မဖြိုးဖြိုးအောင်မှာ သာယာဝတီအကျဉ်းထောင်မှ တရားလာရောက် ရင်ဆိုင်ရမည်ဖြစ်သည်။

Writer:
သက်မင်း
Eleven Media Group

ဖေဖော်ဝါရီ ၂၃ ရက် သာယာဝတီမြို့နယ် တရားရုံး ရုံးထုတ်တွင် ဗကသ ကျောင်းသားများအား တွေ့ရစဉ် လွှတ်တော်သစ် အနေဖြင့် နိုင်ငံရေးသမားများကို ဖိနှိပ်ထားသော ပုဒ်မများကို ပြုပြင်ရန် ကြိုးပမ်းပေးသင့်သည်ဟု ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ဖေဖော်ဝါရီ ၂၃ ရက်က သာယာဝတီမြို့နယ် တရားရုံး ရုံးထုတ်စဉ်အတွင်း သတင်းမီဒီယာများသို့ ပြောကြားသည်။ "ဥပဒေတွေကို တကယ်ကို ခေတ်နဲ့လျော်ညီတဲ့ ဥပဒေတွေအဖြစ် ပြောင်းပေးနိုင်ဖို့ လိုတယ်။ အရေးကြီးတာက အစိုးရသစ်တော့ မပြောင်းနိုင်သေးဘူးပေါ့နော်။ အစိုးရသစ် အပြောင်းအလဲက တစ်လကြာပြီးမှ ရောက်လာမယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့လို တက်ကြွလှုပ်ရှားသူတွေနဲ့ ပတ်သက်လို့ဆိုရင် ပုဒ်မ ၁၈ လိုမျိုး ဖိနှိပ်ဖို့သက်သက် ရေးဆွဲထားတဲ့ ပုဒ်မတွေကို မဖြစ်မနေ ပြင်ဆင်တာမျိုး၊ ဖျက်သိမ်းတာမျိုးက လုပ်ရမှာဘဲ။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတာတွေ မကဘဲ နိုင်ငံရေး အကျဉ်းသား ထပ်ဖမ်းတာမျိုး မလုပ်အောင်ဖြစ်ပါတယ်။

လွှတ်တော်ထဲကတော့ ဥပဒေပြုရေးဆိုင်ရာ တာဝန်ရှိတာ ဖြစ်တဲ့အတွက် တက်လာမယ့် အစိုးရက စောစောစီးစီး ပြင်ဆင်ပြဋ္ဌာန်းတာတွေ၊ အသစ်ရေးဆွဲတာတွေကို လုပ်သင့်နေပြီလို့ ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်" ဟု အမှု ၂၀ ကျော်ဖြင့် တရား ရင်ဆိုင်နေရသည့် မဖြိုးဖြိုးအောင်က ပြောကြားသည်။

"အဲဒီပုဒ်မတွေကို ပြင်မယ်ဆိုရင်တော့ ချက်ချင်းပြင်လို့ ရနိုင်တာပဲ။ လွှတ်တော်က ပြင်မယ်ဆိုရင် ဆုံးဖြတ်ချက် မြန်မြန်ချနိုင်တဲ့ ကိစ္စပါပဲ။ အလွန်ဆုံး တစ်ပတ်လောက် အတွင်းမှာပဲ အကောင်အထည် ဖော်နိုင်မယ် ထင်ပါတယ်။ ကြားကာလမှာ ငါးပတ်လောက် အချိန်ရနေပြီး တစ်ပတ်လောက် အတွင်းမှာ တင်ကို ပြင်အောင် လုပ်နိုင်ပါတယ်။ အကောင်အထည် ဖော်နိုင်ပါတယ်" ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုကလည်း ပြောကြားသည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးဖြစ်သော ရဲအုပ်ရန်လင်းနိုင်ကို စစ်ဆေး မေးမြန်းပြီးနောက် နောက်ထပ်တရားလိုပြ သက်သေတစ်ဦးဖြစ်သော ရဲအုပ်ဝင်းဇော်ကို ကျောင်းသားများ၏ ရှေ့နေများထဲမှ တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်က စစ်ဆေး မေးမြန်းခဲ့သည်။

"အခင်းဖြစ်တဲ့နေ့က ဖမ်းဆီးခံရသူ ၁၂၇ ဦးစလုံးမှာ အခုရုံးရှေ့မှာ ရှိနေတဲ့ ၆၇ ဦးလုံးပါတယ်။ ဖမ်းမိတယ်ဆိုပြီး တရားလိုပြသက်သေ ရဲအုပ်ဝင်းဇော်က ထွက်ထားတယ်။ နောက်မှဖမ်းမိတဲ့ ကိုကျော်ကိုကို၊ ကိုမိုးထက်နေ၊ ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ ကိုနန္ဒစစ်အောင်တို့ကို ရှိတယ်။ ဖမ်းမိတယ်ဆိုပြီး ထွက်ထားတယ်။ တရားလို ရဲမှူးဖုန်းမြင့်ကို စစ်တော့ အခင်းဖြစ်တဲ့နေ့မှာ မရှိဘူးဆိုတာ မှန်တယ်ဆိုပြီး ထွက်ထားတယ်။ ၁၀ ရက်၊ ၁၁ ရက်က မရှိဘဲ နောက်မှဖမ်းထားတာပါဆိုပြီး တရားလိုက ထွက်ထားတာ။ တရားလိုရဲ့ ထွက်ချက်နဲ့ တရားလိုပြ သက်သေရဲ့ ထွက်ချက်ဟာ ကွဲလွဲနေတယ်။ ဒါကြောင့် မဟုတ်မမှန် ထွက်ဆိုပါတယ်ဆိုပြီး တရားလိုပြသက်သေ ရဲအုပ် ၀င်းဇော်ကို အရေးယူဖို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၃အရ ရုံးတော်ကိုနှုတ်နဲ့ လျှောက်ထားတယ်။ တရားသူကြီးက ပယ်ချပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က အကြိမ် ၄၀ မြောက် ရုံးချိန်းအခြေအနေကို ပြောကြားသည်။

ထို့ပြင် ယခုရုံးချိန်းတွင် ကျောင်းသားများသည် တရားလိုပြ သက်သေတစ်ဦးဖြစ်သော လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟကို ရုံးတော်သို့ ခေါ်ပေးရန် တရားသူကြီးထံ တင်ပြလျှောက်ထားခဲ့သည်။

"သူက ကျွန်တော်တို့ သပိတ်စစ်ကြောင်း ဖြိုခွဲတဲ့နေရာမှာ အစအဆုံးပါတယ်။ နောက်ပြီး သပိတ်စစ်ကြောင်း အဖြိုခွဲမခံရခင် ဈေးထဲမှာ ဆန္ဒသွားပြကတည်းက မြို့နယ်မှူး ဆွဲတင်လိုက်တော့လို့ ပြောတဲ့ ဗွီဒီယိုဖိုင် သက်သေတွေ ရှိတယ်။ အဲဒီတော့ သူ့ရဲ့သက်သေ အရေးပါမှုကို မစစ်ဘဲနဲ့ တခြားသက်သေတွေကို စစ်တဲ့အတွက် ချက်ချင်းခေါ်ပြီး စစ်ဆေးချင်တယ်။ တရားရုံးက လူတစ်ယောက်ကို စစ်ဖို့အတွက် ဆင့်ခေါ်ရတဲ့ အာဏာက အဲဒီလောက် နိမ့်ကျနေပြီလား မေးစရာ ဖြစ်လာတယ်။ အခုဆို ရုံးချိန်း လေးချိန်းရှိပြီ။ ဆင့်ခေါ်ပေမယ့် မလာသေးဘူး။ နောက်ပြီး သူက ရာထူးကနေ အနားယူသွားရပြီလို့ ပြောတယ်။ အဲဒီတော့ သူလာထွက်ရင် အစိုးရဘက်ကို သက်သေမဖြစ်ဘဲ ကျွန်တော်တို့ကို အထောက်အပံ့ဖြစ်မယ့် တချို့ကိစ္စတွေ ဖြစ်လာမှာ စိုးရိမ်လို့ အာဏာပိုင်တွေက လှည့်လုပ်လိုက်တယ်လို့ မြင်တယ်။ ကြားလည်း ကြားရတယ်" ဟု ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ်က ပြောကြားသည်။

ထို့ပြင် သာယာဝတီထောင်မှ ရန်ကုန်မြို့ရှိ မြို့နယ်တရားရုံးများသို့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်တို့မှာ နေ့တိုင်းနီးပါး သွားရောက်တရား ရင်ဆိုင်နေရသည့်အတွက် အင်းစိန်ထောင်သို့ ထောင်ပြောင်းရွှေ့ခွင့် တင်ထားသော်လည်း မရသေးကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်နှင့် စာတင်တောင်းဆိုခြင်းများ ပြုလုပ်ရန်အတွက် ပြင်ဆင်နေကြောင်း ကျောင်းသား ခေါင်းဆောင်များက ပြောကြားသည်။

Writer: သက်မင်း
Eleven Media Group


[youtube src="RTy6WOXABss"/]
ကျောင်းသားသပိတ်ကို ထောက်ခံပွဲ ပြုလုပ်ရာမှာ ပါဝင်တယ်ဆိုပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး မနီလာသိန်းက တရားစွဲဆိုမှုကို အာမခံရယူခြင်း မရှိတာကြောင့် ရုံးချိန်းအပြီးမှာ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Eleven Media Group

ဒီနေ့နိုင်ငံရေးသုံးသပ်ချက်ကို (၁) ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နဲ့တိုင်း (၁၂)ခုက သူ့လွှတ်တော်ခေါင်းဆောင်တွေက NLD အစိုးရမဖွဲ့နိုင်ခင် အနေအထိုင်အပြောအဆိုအလုပ်အကိုင် သတိထားကြဖို့ သတိပေးတဲ့အချက်၊ (၂) တိုင်းရင်းသားပါတီ(၄)ခုကို တရုတ်က ဖိတ်တဲ့အချက်၊ (၃) ဦးအောင်မင်းရဲ့ UPWC က UNFC နဲ့ RCSS တို့ကို တွေ့တဲ့အချက်နဲ့ (၄) ကာချုပ်မအလက ဖွဲ့စည်းပုံကို သင့်တော်တဲ့အချိန်ကျမှ ဖွဲ့စည်းပုံကို ပြင်မယ်၊ ပြင်တဲ့အခါမှာလည်းပဲ အခန်း (၁၂)ပါအတိုင်း ဖြစ်ရမယ်လို့ ကလောတပ်နယ်မှာ ပြောသွားတဲ့အချက်ပေါ်မှာ အခြေခံပြီး ဆွေးနွေးမှာပါ။ ဒါတွေဟာ အင်မတန်မှ ထူးခြားတဲ့အချက်တွေ ဖြစ်သလို မြန်မာပြည်ရဲ့ အနာဂတ်နဲ့လည်း ပတ်သက်နေပါတယ်။

ဒီအချက်တွေကို အပြန်အလှန်သုံးသပ်ရင် (၁) ဒေါ်စုသမ္မတဖြစ်ဖို့ အဆင်မပြေသေးဘူး၊ အစိုးရဖွဲ့ဖို့တောင် ကျေကျေလည်လည် ညှိနေရတုန်းပဲဆိုတာ တွေ့ရတယ်။ (၂) တရုတ်တွေ တွေ့တဲ့ တိုင်းရင်းသားပါတီတွေဟာ ကရင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းတို့ ဖြစ်တယ်။ ဒါ တရုတ်စီမံကိန်းနဲ့ စီးပွားရေးကိစ္စ ဖြစ်ပါလိမ့်မယ်။ (၃) UPWC နဲ့ ဦးအောင်မင်းကို ဆက်ထားဖို့ မအလက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုထားတယ်။ တိုင်းရင်းသားတွေအနေနဲ့ နောက်အစိုးရတက်လာခဲ့ပေမဲ့လည်း ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ရင် လက်ရှိလူတွေနဲ့ပဲ နှစ်ပါးသွားရမဲ့အခြေအနေပါ။ (၄) နာဂစ်ဖွဲ့စည်းပုံမှာ အားနည်းချက်တွေအများကြီး ရှိတယ်၊ စစ်တပ်သဘောမတူဘဲနဲ့လည်း ဖွဲ့စည်းပုံအချို့ကို လက်တလုံးခြားလှည့်လိုက်လို့ ရတဲ့အခြေအနေ ရှိတယ်။ ဒါကို စစ်တပ်က ဘယ်နည်းနဲ့မဆို တားမယ်ဆိုတဲ့ သဘောပါ။ ဗိုလ်စိန်မှန်ကွင်းမှာ လုပ်မဲ့ ပုဒ်မ ၅၉ (စ)ထောက်ခံပွဲဟာ မအလတို့ပွဲ ဖြစ်ဖို့များပါတယ်။

မိမိတို့လေ့လာအကဲခတ်မိသလောက် (၁) NLD ဟာ အတိုင်းအတာထက် ကျော်လွန်ပြီး စစ်တပ်ကို အလိုလိုက်အကြိုက်ဆောင်နေတယ်၊ (၂) တိုင်းရင်းသားတွေဟာ မိမိတို့ဆိုင်ရာပါတီကို မဲမပေးခဲ့ကြလို့ အထိနာစပြုနေပါပြီ၊ (၃) အဖွဲ့(၃)ဖွဲ့ကို NCA မှာ လက်မခံသေးဘူး၊ ဒီမိုကရေစီနဲ့ လက်နက်လဲလှယ်ဖို့ ပြောနေတုန်းပဲ၊ (၄) ဖွဲ့စည်းပုံကို စစ်တပ်က မပြင်ချင်သေးဘူး။ ဒါတွေပဲ။ မိမိသုံးသပ်ချက် မမှန်ဘူးဆိုခဲ့ရင် ထောက်ပြနိုင်ပါတယ်။ ပျော်တော်ဆက်အရေးအသားနဲ့တော့ လက်မခံဘူး။ အခြေအနေကောင်းနေပါတယ်လို့ လျှောက်ဖြီးနေရုံနဲ့ ဘာတစ်ခုမှ ကောင်းလာတာကို မမြင်မိလို့ပါပဲ။ ဘာဖြစ်လဲဆိုရင် ဒီအတိုင်း နေသွားခဲ့ရင် မြန်မာပြည်ဒီမိုကရေစီ ရနေပြီလို့ ထင်ကုန်မှာစိုးလို့ပါပဲ။

ညက လေယဉ်ပေါ်မှာ ဗိုက်ကြီးသည်တစ်ယောက်နဲ့ အတူထိုင်ရတယ်။ သူက သူ့ကိုယ်ဝန်ကို ကြွားရာကနေ မိမိကို "ဘယ်နိုင်ငံက လာပါသလဲ"လို့ မေးတယ်။ Burma ကို ပြောတော့ မသိဘူး။ တရုတ်နဲ့အိန္ဒိယကြား ဟိမဝန္တာတောင်ခြေမှာ ရှိနေတဲ့ နိုင်ငံလို့ ပြောတော့ အဲဒါ Myanmar ပါတဲ့။ ဟုတ်တယ် မြန်မာပါပဲလို့ ပြောမှ သူရှင်းသွားတယ်။ Burma က အရင်က အမည်ပါ၊ အခု Myanmar က စစ်တပ်က ရုံးတွေမှာ အစားထိုးလိုက်တဲ့နာမည်ပါလို့ ပြောပြရတယ်။ နောက်-သူက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ နိုင်ခဲ့ပြီပဲ၊ မြန်မာပြည်မှာ ဒီမိုကရေစီ ရနေပြီမဟုတ်လားတဲ့။ ပြဿနာက ဒီမှာပဲ။ နိုင်ငံတကာက လူတွေက မြန်မာပြည်မှာ အခြေအနေကောင်းသွားပြီလို့ ယူဆကုန်ကြတယ်။ ဒီအချက်ဟာ စစ်တပ်အတွက် အင်မတန်မှ အမြတ်ထွက်စေပါတယ်။ တကယ်မကောင်းဘဲ ကောင်းတယ်လို့ ထင်နေခြင်းမှာ မိစ္ဆာဒိဋ္ဌကို သမ္မာဒိဋ္ဌိနဲ့ ရောနေလို့ပါပဲ။ စစ်ကျွန်ဆိုတဲ့ မိစ္ဆာတရားကို ဒီမိုကရေစီဆိုတဲ့ သမ္မာတရားနဲ့ အမှတ်မှားသွားလို့ပါပဲ။ ဒါက အစပဲ ရှိပါသေးတယ်။

ကော်လိုရာဒိုပြည်နယ်၊ မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့ပြီး လောလောဆယ် တက္ကဆက်ပြည်နယ်၊ မက္ကစီကိုနယ်စပ်မှာ အိမ်ထောင်ကျနေတဲ့ ဒီမိန်းကလေးငယ်တစ်ယောက်က မြန်မာပြည်မှာ ဒီမိုကရေစီ ရနေပြီ၊ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို အနိုင်ရနေပြီပဲလို့ ပြောတာဟာ ကိစ္စ မရှိသေးဘူး။ မြန်မာနိုင်ငံသားတွေကရော ဒီလိုထင်နေကြတဲ့လူတွေ ဘယ်လောက်များနေပြီလဲ။ မြန်မာပြည်ကို ပူပူနွေးနွေး အလည်ပြန်ခဲ့တဲ့ ဒကာတစ်ယောက်ကလည်း ဟိုမှာ သိကြတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် နိုင်ပြီ ဒီလောက်ပဲ သိကြတယ်တဲ့။ ဒါ ပေါ့သေးသေး သဘောထားလို့ မရဘူး။ ဒီမိုကရေစီလမ်းကြောင်းကို အလွဲကြီး လွဲစေနိုင်တဲ့ကိစ္စပါ။ ဒီစကားကို ပြောလို့ ဘယ်အဖွဲ့အစည်းကိုမှ ပုတ်ခတ်လိုစိတ် ရှိတာ မဟုတ်ဘူး။

ဒါပေမဲ့ စစ်တပ်ဘက်ကို ပြန်စိစစ်ကြည့်ပါ။ အပေါ်ယံကြည့်ရင် သူတို့ဟာ ဖွဲ့စည်းပုံအရ အာဏာအရှိဆုံး ဖြစ်ပါတယ်။ သမ္မတစ်နေရာ၊ ဝန်ကြီး(၃)နေရာ၊ လွှတ်တော်မှာ (၂၅)ရာခိုင်နှုန်းနဲ့ ကာလုံမှာ (၆)နေရာရထားတော့ ကျောက်တုံးကျောက်စိုင်ပမာ ရပ်တည်လျက် ရှိပါတယ်။ သူတို့က ဒီကနေ ခြေကုပ်ယူပြီး အခြားအရေးကိစ္စတွေမှာ ဝင်စွက်ဖက်နိုင်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရမှာပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းနဲ့ စစ်တပ်ကို ဆက်ဆံနေတဲ့အချိန်မှာ စစ်တပ်က လိုအပ်သလောက် ဟက်ဟက်ပက်ပက် မရှိသေးဘူးဆိုတာ လူတိုင်းအမြင်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိန်းစိန်အစိုးရကို နိုင်ငံတကာစင်မြင့်ပေါ် တင်ပေးခဲ့တယ်၊ မြန်မာနိုင်ငံမှာ အာဆီယံထိပ်သီအစည်းအဝေး ဖြစ်လာအောင်လည်း သွယ်ဝိုက်ပြီးတော့ ကူညီပေးခဲ့တယ်၊ စီးပွားရေးပိတ်ဆို့မှုကိုလည်း ယာယီပြန်ပွင့်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှအားကစားပွဲတော်ဟာလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အသီးအပွင့်တွေပါ။ နောက်ပြီး နာဂစ်ဖွဲ့စည်းပုံနဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ဇီဂျင်ဗူးနဲ့ အသက်ရှုနေခဲ့တာပါ။ ဦးအောင်သောင်းကို အမေရိကန်တွေက အရေးယူတော့ အမေရိကန်ဘက်က မရပ်တည်ဘဲ ဦးအောင်သောင်းကို အကာအကွယ်ပေးခဲ့ပါတယ်။ NLD ဟာ အတိတ်မှာ မနေဘဲ အနာဂတ်အတွက် ပစ္စုပ္ပန်တည့်တည့်မှာ နေမှာဖြစ်ကြောင်း အခါခါ ကတိပြုခဲ့ပြသားပါ။ တပ်ချုပ်ဟောင်းနဲ့ တွေ့ချိန်၊ တပ်ချုပ်သစ်နဲ့ တွေ့ချိန်မှာ ဒီကိစ္စကို အသိပေးပြီဖြစ်ပါလိမ့်မယ်။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှ ပြန်ပေးစရာမလိုဘဲ စစ်တပ်က ခံစားခဲ့ရတဲ့ အကျိုးစီးပွားတွေပါပဲ။

ဒါပေမဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ခိုင်းစရာ နောက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အခြားမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ မင်းအောင်လှိုင်စကားကို ချိန်ထိုးကြည့်ရင် သိရပါလိမ့်မယ်။ တိုင်းရင်းသားတွေနဲ့ သဘောတူညီနိုင်တဲ့အထိ လက်ရှိဖွဲ့စည်းပုံကို စစ်တပ်က မပြင်ချင်သေးဘူးဆိုတဲ့ အချက်ပဲ။ စစ်တပ်က တစ်ခုပြီးတစ်ခု ဈေးတည်ပါတယ်။ ဒီတစ်ချက်ကို ရဖို့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ လိုပါသေးတယ်။ မအလ ပြောတဲ့စကားကို ကြည့်ပါ။ "ဖွဲ့စည်းပုံကို ပြင်သင့်တဲ့ အချိန်ကျမှ ပြင်မယ်၊ ပြင်ရင်လည်း အခန်း (၁၂)အရ ပြင်ရမယ်၊ လက်နက်ကိုင်လမ်းစဉ်ဟာ ဒီမိုကရေစီမကျဘူး၊ ဒီမိုကရေစီနည်းကျကျ တောင်းဆိုဖို့ လက်နက်ချရမယ်"တဲ့။ အဓိပ္ပါယ်ကတော့ အင်အားစုအားလုံးက နာဂစ်ဖွဲ့စည်းပုံအောက်ကို မရောက်မချင်း လက်ရှိဖွဲ့စည်းပုံကို ပြင်ပေးမှာမဟုတ်ဘူးဆိုတဲ့ အမြင်ပါ။ ဒါပေမဲ့ UNFC က လက်နက်ချလိုက်ခဲ့ရင်ကော ပြင်ပေးမလားဆိုတာပဲ။ ဒါတောင် မြန်မာစစ်တပ်က ဘာအာမခံချက်မှ မပေးပါ။ SSPP/SSA ကတော့ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း လက်နက်ချမှာမဟုတ်ဘူးလို့ ပူပူနွေးနွေးပြောသွားပါတယ်။ လိုချင်တာ ရခဲ့ရင်ကော လက်နက်ချမှာလားလို့ ထောက်စရာ ရှိပါတယ်။ လက်နက်ချစကားကို ပြောမဲ့အစား အဆမတန်အင်အားကြီးမားတဲ့ မြန်မာ့တပ်မတော်အနေအထားကကော ဖွဲ့ည်းပုံနဲ့အညီ ဘယ်လောက်အပြုအပြင်ခံနိုင်မလဲ ပြန်မေးရမယ်။

မိမိတို့သိရှိရသလောက် မြန်မာ့တပ်မတော်ဟာ (၁) မိမိတို့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအောက်မှာ မနေဘူး၊ (၂) ကတိကို အခါခါ ချိုးဖောက်တယ်၊ (၃) ပြည်သူများနဲ့ တိုင်းရင်းသားများကို ရန်သူလို့ မြင်တယ်၊ (၄) သွေးခွဲအုပ်ချုပ်ရေးကို အသုံးချတုန်း ဖြစ်တယ။ ဒါကြောင့် (၁) ဖွဲ့စည်းပုံကို လက်နက်လို အသုံးချပြီး ပြိုင်ဘက်ကို တိုက်တယ်၊ (၂) ကျောင်းသားနဲ့ တိုင်းရင်းသားတွေကို ပေးဖူးတဲ့ကတိကို အခါခါ ချိုးဖောက်တယ်၊ (၃) NCA နဲ့ မြေယာကိစ္စကို လက်နက်သဖွယ်သုံးတယ်၊ (၄) လူမျိုး၊ ဘာသာစကား၊ သာသနာတူနေခဲ့ရင်တောင် နိုင်ငံရေးခံယူချက်အရ ကွဲပြားနေခဲ့ရင် သွေးခွဲပြီး အုပ်ချုပ်တယ်။ စစ်တပ်နဲ့ ဆက်ဆံသူတိုင်း အထက်ဖော်ပြပါအချက်များကို လက်ခံကြမှာပါ။ ဒီအဖြစ်ကို သုံ့သပ်ရရင် စစ်တပ်ဟာ အခွင့်ထူးတွေ ဒီလောက် ရရှိနေတာတောင် အနေကျဉ်းကြပ်နေတဲ့ပုံပါပဲ။ သူတို့က ထောင့်တစ်ခုမှာ စုပြုံပြီး သွားကပ်နေကြတယ်။ ဒါဟာ သတ္တိရှိလို့ မာန်ဖီနေတာ မဟုတ်ဘဲ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ သူတို့ဟာသူတို့ လှုပ်ရှားရခက်နေကြတာပါ။ ဖွဲ့စည်းပုံအရ သူတို့က မတရားဘဲ ရယူထားတာ များနေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့အမြတ်ထုတ်ခဲ့တာ၊ အသုံးချခဲ့တာ များနေတယ်။ ရယူတာ များလေ သူတို့အတွက် စိတ်ဖိစီးမှုများလေပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က မအလနဲ့ နောက်ဆုံး တွေ့တဲ့နောက်မှာ မအလဘက်က လေသံနည်းနည်းပြန်မာလာတာကို တွေ့ရတယ်။ ဒါပေမဲ့ ဦးအောင်မင်းတို့ရဲ့ UPWC က အသက်ပြန်ဝင်လာတာကို တွေ့ရတယ်။ ဇင်းမယ်ကို သွားတယ်။ UNFC နဲ့ တွေ့တယ်။ RCSS နဲ့ တွေ့ပြီး RCSS တပ်တွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုတယ်။ ဒါဟာ ကောင်းမွန်တဲ့ အချက်တွေပဲ ဖြစ်တယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက် ပါကောင်းပါနိုင်ပါတယ်။ တကယ်လို့ ပါခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မအလတို့ကြားမှာ လေးစားမှုအချို့၊ ယုံကြည်မှုအချို့ တည်ဆောက်နိုင်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်က သဘောမတူမချင်း ဇွတ်လုပ်မှာ မဟုတ်သလို ဖွဲ့စည်းပုံပြင်ရေးလမ်းကြောင်းကနေလည်း သွေဖည်သွားမှာမဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရနေပြီလားလို့ မေးရင် မရသေးဘူးလို့ ဖြေရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံကို မပြင်မချင်း ဒီမိုကရေစ်ဖက်ဒရယ်နိုင်ငံ ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီဖြစ်ပါတယ်။ အမှန်မှာ သန်းရွှေကြီးနဲ့ သိန်းစိန်ကြီးတို့ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဟာ NLD, တိုင်းရင်းသားတွေကိုပဲ ထိန်းချုပ်ထားတာ မဟုတ်ဘဲ စစ်တပ်ကိုလည်း အကျဉ်းအကြပ်ထဲ ဆွဲသွင်းထားကြောင်း သိရှိနားလည်ထားကြဖို့ လိုပါလိမ့်မယ်။

U Ravika


မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်နန်းစိုက်ရာ ယဉ်ကျေးမှု့မြို့တော်ရတနာပုံမန္တလေးအကြောင်းပြောကြပြီဆိုရင် လူတိုင်းလိုလိုသိကြတာက “ အသက်ကလေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို ” အဲ့သလိုမဟုတ်လား။ စစ်အစိုးရခေတ်အဆက်ဆက်တုံးကတော့ လူသူအများဟာ ကိုယ့်အသက်ရှည်ရေး၊ ကိုယ်ကောင်းစားရေး၊ ကိုယ်အနေချောင်ရေးအတွက်သာ တွေးတောကြံစည်လုပ်ကိုင်ရင်း မြန်မာ့ယဉ်ကျေးမှု့ အမွေအနှစ်တွေ အထင်အရှားဆုံး စုပုံကျန်ရစ်ရာနေရာတနေရာဖြစ်တဲ့ ရတနာပုံမန္တလေးရဲ့ အသက်ရှည်ရာရှည်ကြောင်းလေးကို မေ့လျှော့သူကမေ့လျှော့၊ မတတ်သာတော့ ခပ်ခွာခွာနေခဲ့သူကနေလို့ ၊ တနိုင်တပိုင်လုပ်ကိုင်သူတွေက အနည်းအကျဉ်းသာရှိခဲ့တာမဟုတ်လား။

အခုချိန်မှာတော့ ပြည်သူအများစုက တရားဝင်ပေးအပ်လိုက်တဲ့ အုပ်ချုပ်ခွင်၊ လုပ်ပိုင်ခွင့်အာဏာတွေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တိုင်းပြည်ကိုမကြာခင်မှာ စီမံအုပ်ချုပ်ခွင့်ရတော့မှာပါ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးတွေကိုလည်း နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ခေါ်ယူ ကျင်းပနေခဲ့ပါပြီ။

ဦးသိန်းစိန်တို့ ရဲ့ အယင်စစ်တပိုင်းအစိုးရလက်ထက်ကလို အကျင့်ပျက်ခြစားမှု့တွေကို ထိထိရောက်ရောက် မတိုက်ဖျက်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ထက်တော့ အများကြီးသာအောင်လုပ်နိုင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလောက်ပါဘူး။

ဒါပေမဲ့မျိုးဆက်နဲ့ ချီပြီး နစ်နာဆုံးရှုံးခဲ့ရသူတွေမျှော်လင့်သလောက်တော့ မြန်မြန်ဆန်ဆန်ပြောင်းလဲတိုးတက် နိုင်ဖို့ ကတော့ အခက်အခဲ ကန့် သတ်မှု့များစွာရှိနေပါသေးတယ်။ ပြည်သူတွေမျှော်လင့်နေတဲ့ အပြောင်းအလဲ ကိုဖေါ်ဆောင်ရမဲ့ NLD အစိုးရဟာ သံခြေကျင်းတတ်ခံရတဲ့လူတယောက်လို အပြောင်းအလဲကို မလိုက်ပါလိုတဲ့ စစ်အာဏာရှင်လက်ကျန်အသိုင်းအ၀ိုင်းတန်းလန်းနဲ့ မလွတ်မလပ်လုပ်ကိုင်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲနေတဲ့သမိုင်းရေစီးကြောင်းကြီးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်စီးဆင်း နေမှာပါ။ မလိုက်ပါလိုသူတွေဟာ တနေရာရာရာတချိန်ချိန်ရောက်တဲ့အခါ ကမ်းပေါ်မှာအမှိုက်တွေ၊ ဒိုက်တွေလို တင်ကျန်ရစ်ခဲ့မှာပါဘဲ။

ရတနာပုံမန္တလေးရဲ့ အသက်ရှည်ရေး အကြောင်းပြန်ကောက်ရရင် မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်တည်ရာ မင်းနေပြည်တော်ဟောင်း မန္တလေးမြို့ဟာ အောက်ပါဘေးကြီး (၇) မျိုးရဲ့ခြိမ်းခြောက် အန္တရာယ်ပြုမှု့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် သုံးမျိုးလုံးမှာ ခံခဲ့ရ၊ ခံနေရ၊ ခံရအုံးမှာဖြစ်ပါတယ်။

(၁) ရေဘေး
(၂) မီးဘေး
(၃) ခြင်ဘေး
(၄) ပူလောင်ခြောက်သွေ့ မှု့ ဘေး
(၅) ရှေးဟောင်းအမွေအနှစ်ပျက်ဆီးမှု့ ဘေး
(၆) ယဉ်ကျေးမှု့ကွယ်ပတိမ်ကောခြင်းဘေး
(၇) အမျိုးသားရေးလက္ခဏာပျက်သုဉ်းခြင်းဘေး … စတာတွေပါဘဲ

အထက်ပါဘေးဆိုးကြီးတွေဟာ ပြန်အစားထိုးမရနိုင်တော့တဲ့ မန္တလေးရဲ့အသွေးအသားတွေကို အရည်အသွေး ညံ့ဖျင်းယုံမက စေတနာချို့တဲ့ပြီး အမျှော်အမြင်နည်းပါးတဲ့ အုပ်စိုးသူတွေလက်အောက်မှာ တတိတိတအိအိ ဖျက်ဆီးဝါးမျိုပစ်နေတာပါ။

(၁) ရေဘေး

မန္တလေးမှာ မိုးတွင်းရောက်ရင် မိုးသည်းသည်းရွာလိုက်တာနဲ့  တချို့နေရာတွေမှာ လမ်းမတွေပေါ်ရေတွေ ဒူးဆစ်လောက်ထိ တက်လာပြီး ရေလွှမ်းတာနှစ်စဉ်လိုလိုဖြစ်လာပြီ။ ဧရာဝတီမြစ်ရေကြီးလို့  ရေလွှမ်းခံရ တယ်ဆိုတာ မြန်မာဘုရင်တွေလက်ထက်ကထဲကဖြစ်ခဲ့တာဆိုပေမဲ့ အခုခေတ်ကြုံနေရတဲ့ရေကြီးမှု့ကတော့ မြစ်ရေမကြီးပေမဲ့ မြောင်းတွေရေမစီးလို့ မလွှမ်းသင့်ဘဲလွှမ်းရတဲ့ရေကြီးမှု့ပါ။ တနည်းအားဖြင့်ပြောရရင် သဘာဝရေဘေးဆိုတာထက် အုပ်ချုပ်သူတွေစီမံပုံညံ့ဖျင်းလို့ ဖြစ်ရလာတဲ့ လူ့ ပရောဂရေဘေးကိုပြောနေ တာပါ။

မလွှမ်းခံနိုင်ရိုးလား မန္တလေးမြို့တွင်းမှာ ရှိရှိသမျှမြောင်းကြီး၊ မြောင်းလတ် မြောင်းငယ် အသွယ်ကိုကြည့်လိုက်ပါ။ မပိတ်မဆို့ ဘဲကြည်ကြည်လင်လင်နဲ့ စီးဆင်းနေတဲ့မြောင်းဆိုတာ မရှိသလောက်ပါဘဲ။ မြောင်းတိုင်းလိုလို ပိတ်ဆို့ နေတာကိုး။ မပိတ်ခံနိုင်ရိုးလား မြို့ တော်တခုရဲ့ အရေးကြီးဆုံးအင်္ဂါရပ်တွေထဲမှာပါတဲ့ ရေဆိုးစွန့် ပစ်တဲ့စနစ်နဲ့ မညီညွတ်ဘဲ ဖေါက်ခြင်သလိုဖေါက်ထားတာလေ။ ပြီးတော့ လုံလောက်တဲ့ အမှိုက်သိမ်းတဲ့စနစ်ကလည်းမရှိတော့ မြို့သူမြို့သားတွေက ရေမြောင်းဆိုတာ အမှိုက်ပစ်တဲ့နေရာ၊ မစင်စွန့် တဲ့အရပ်လို့ သတ်မှတ်ကြတာဆန်းသလား။

မြန်မာဘုရင်တွေလက်ထက်က လှေတွေအသုံးပြုပြီး မတ္တရာနယ်နဲ့ ကုန်စည်တွေသယ်ယူပို့ ဆောင်နိုင်အောင် ရေစီးကောင်းပြီး သန့် ရှင်းခဲ့ဘူးတဲ့ ရျွှေတချောင်းမြောင်းဆိုတာ ခုသွားကြည့်လိုက်ပါ။ ရေအရောင်ကိုက မဲနက် အမြင်ကမကောင်း၊ ယင်နဲ့ ခြင်တွေတလောင်းလောင်း၊ အပုပ်နံ့ တထောင်းထောင်းဖြစ်သွားတာ ဘယ်လောက် ရှက်စရာကောင်းသလဲ။

လှပသန်ရှင်း အနံ့အသက်ကင်းပြီး ခေတ်မှီတင့်တယ်နေချင်စဖွယ်မြို့တော်ဖြစ်ဖို့ဆိုတာ စနစ်ကျတဲ့ရေဆိုး စွန့်ထုတ်မှု့ ၊ ကောင်းမွန်ထိရောက်တဲ့ အမှိုက်သိမ်းစနစ်တွေ မဖြစ်မနေရှိဘို့လိုပါတယ်။ မြောင်းဆိုတာ ရေမစီးနိုင်ရင် မိုးရွာတာနဲ့ ချက်ခြင်းပြည့် လျှံပြီးရေကြီးစေတော့တာမဟုတ်လား။

နောက်ထပ်ပြောခြင်တဲ့ အချက်က မိုးရာသီမှာ မန္တလေးမြို့ကို မြစ်မင်းဧရာဝတီ ဒေါသူပုန်ထလာခဲ့ရင် ကာကွယ် ပေးနိုင်အောင် မြစ်ကမ်းပါးတလျှောက် ဖို့ တည်ထားတဲ့တာရိုးကြီးရဲ့ကြံခိုင်မှု့ပါဘဲ။ မင်းတုန်းမင်းတရားကြီးဟာ အမရပူရရွှေနန်းကနေပြောင်းရွေ့ ဖို့  မန္တလေးရတနာပုံမြို့ သစ်တည်စတုံးက ဧရာဝတီမြစ်ကမ်းဘေးက တာရိုးကြီးရဲ့ ထိပ်အကျယ်ကိုလည်းချဲ့ခဲ့သလို တာရိုးအမြင့်ကိုလည်းမြှင့်တင်ခဲ့ပါတယ်။ မပြောကောင်း မဆိုကောင်း အဲ့ဒီတာရိုးကြီးကျိုးခဲ့ရင် မန္တလေးတမြို့လုံးနဲ့ အနီးနားဒေသတွေ ရေအောက်ရောက်ယုံတင်မက ဧရာဝတီမြစ်လမ်းကြောင်းပြောင်းသွားလောက်အောင် အန္တရာယ်ရှိပါတယ်။

လူလုပ်ကပ်ဘေးတွေကြောင့် လက်ရှိကမ္ဘာကြီးရဲ့ရာသီဥတုအပြောင်းအလဲနဲ့  နှောင်မှာပိုများလာမဲ့ ရွာသွန်း မိုးရေချိန်လက္မမြင့်တက်လာမှု့တွေကို ကြိုတင်ထည့်သွင်းတွက်ချက်ပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ တာရိုးကြီး ရဲ့ဒါဏ်ခံနိုင်မှု့၊ သင့်တော်မှု့ရှိမရှိဆိုတာကို လေ့လာဆန်းစစ်သင့်ပါတယ်။ လိုအပ်လာရင် သံကူကွန်ကရစ်တွေနဲ့  တာရိုးအသစ်ဆောက်သင့်ရင်လည်းဆောက်ရမှာပါ။

(၂) မီးဘေး

နွေရာသီရောက်ပြီဆိုရင် မြို့သူမြိုးသားတွေ ပူပင်သောကအရောက်ရဆုံးကိစ္စကတော့ မီးဘေးအန္တရာယ်ပါဘဲ။ မန္တလေးဟာနှစ်ကြိမ်တိုင်တိုင် (၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်) မြို့လုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ဘူးပါတယ်။ အနည်းနဲ့  အများသာကွာမယ် မီးမလောင်တဲ့နှစ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့်တချို့ ကမန္တလေးမီးကိန်းသင့်တယ်လို့ ပြော ကြတယ်။ တကယ်တော့ အရပ်ဒေသတခုမှာ မီးလောင်မှု့ မကြာခဏဖြစ်တယ်၊ ဖြစ်တိုင်းလည်း ဆုံးရှုံးမှု့ကြီးမား တယ်ဆိုတာ ဘာကိုညွှန်ပြနေသလဲဆိုရင် အဲ့ဒီအရပ်ဒေသဟာ မီးဘေးအန္တရာယ်ကို ထိရောက်မှန်ကန်စွာ ကြိုတင်ကာကွယ်မှု့ ပြင်ဆင်မှု့မရှိဘူး၊ မီးဘေးအန္တရာယ်ကိုကောင်းစွာမသိသေးဘူးဆိုတာကို ညွှန်ပြနေတာ ပါဘဲ။

မီးလောင်မှု့ဖြစ်ပွားတယ်ဆိုတာ အောက်ပါအခြေအနေအကြောင်းသုံးပါးပြည့်စုံမှ ဖြစ်တာပါ။ မီးလောင်တတ် တဲ့ပစ္စည်း လောင်စာ (Fuel) ၊ အောက်ဆီဂျင် (Oxygen) နဲ့ အပူ (Heat) စတဲ့ အခြေအနေထဲက တခုခုမရှိရင် မီးမလောင်ပါဘူး။ အဲ့ဒီအထဲမှာ အောက်ဆီဂျင်ကိုဖယ်ရှားထိန်းချုပ်ဖို့ ဆိုတာခဲယဉ်းတာမို့  လောင်စာတွေဖြစ်တဲ့ ဓါတ်ဆီ၊ ဓါတ်ငွေ့ ၊ သစ်သား၊ စက္ကူ၊ ပလတ်စတစ်စတာတွေကို စနစ်တကျသိုလှောင်ထားမယ်၊ အပူဖြစ်ပေါ်စေမဲ့ ကိစ္စရပ်တွေ ဥပမာ - လျှပ်စစ်ကြိုးတွေမနိုင်ဝန်သုံးလို့  အပူလွန်လျှော့ဖြစ်စေမှု့မဖြစ်အောင် ပညာပေးအရေးယူ တားဆီးလို့ ရပါတယ်။

မြန်မာနိုင်ငံမှာက တရားဥပဒေမစိုးမိုးတော့ ဟိုးအယင်တုံးကလည်း ဓါတ်ဆီ၊ ဒီဇယ်ဆီရောင်းချမှု့တွေကို ကောင်းကောင်းမထိန်းချုပ်ဖူး၊ အခုခေတ်ပိုဆိုးလာတယ်။ မန္တလေးမှာဆိုရင် လမ်းဘေးတွေမှာ ဓါတ်ဆီ၊ ဒီဇယ်ဆီရောင်းတဲ့ဆိုင်တွေမှိုလိုပေါက်နေတာမဟုတ်လား။ ဘာလိုင်စင်မှမလိုဘူး ရောင်းခြင်တဲ့သူက ကိုယ့်အိမ်ရှေ့မှာတင် စင်ကလေးထိုး နေ့ ခင်းဆို ဓါတ်ဆီပုလင်းတွေထုတ်ရောင်း၊ ညဆိုအိမ်ထဲဖြစ်သလိုသိမ်းထားကြတာဘဲလေ။

ဒီတော့မီးလောင်ပြီဆိုတာနဲ့ မီးကချက်ခြင်းကြီးမယ်၊ ကူးစက်တာမြန်တော့တာပေါ့။ ဦးကျားကြီးဝင်းမီးကြောင့် မန္တလေးမြို့ပြောင်သလင်းခါအောင် မီးလောင်ခံခဲ့ရတာ သိုလှောင်ထားတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီတွေကြောင့်လည်း ပါတယ်။

(၃) ခြင်ဘေး

ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေကို အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ပိုး (၅) မျိုးထက်မနည်းကို သယ်ဆောင် ကူးစက်ပေးနေတာ ခြင်ကောင်တွေပါ။ ဇီကာ (Zika)၊ သွေးလွန်တုပ်ကွေး (Dengue)၊ ငှက်ဖျား (Malaria)၊ အာဖရိကအ၀ါရောင်အဖျား (Yellow fever)၊ နိုင်းအနောက်ပိုင်းအဖျား (West Nile) နဲ့ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်အမှေးရောင်အဖျား (Japanese encephalitis, chikungunya) တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကိုပြီး လူတရိစ္ဆာန်တွေဆီကူးစက်စေနိုင်ပါတယ်။

မန္တလေးမှာရှိတဲ့ မြောင်းတိုင်းလိုလိုဟာ ခြင်တွေအတွက် ပေါက်ပွားမွေ့ လျှော်စရာ ဘုံဗိမာန်ကြီးတွေဖြစ်နေတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒီတော့ မန္တလေးကိုအလည်ရောက်လာသူတိုင်းကြုံတွေ့ ညည်းငြူမှတ်ချက်ပြုကြတာ က ခြင်တွေပေါလိုက်တာဆိုတာဘဲမဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ဒီခြင်တွေကြောင့် တုပ်ကွေးအဖျားတွေဖြစ်ပွား ပြီး မလိုအပ်ဖဲငွေကြေးတွေကုန်ကျခံကုသရ၊ တန်ဘိုးရှိတဲ့လူ့ အသက်တွေဆုံရှုံးနေရတာမဟုတ်လား။

ခြင်ဘေးကို ကာကွယ်တားဆီးလိုရင်တော့ အစိုးရနဲ့ ပြည်သူလက်တွဲကူမှဖြစ်နိုင်တာပါ။ ထိရောက်မှန်ကန်တဲ့ အမှိုက်သိမ်းစနစ်ရှိဘို့ လိုတယ်။ ပြည်သူတွေကလည်း အမှိုက်သိမ်းတာအစိုးရအလုပ်လို့ သဘောထားပြီး အမှိုက်ပစ်ခြင်ရာပစ်တဲ့စိတ်ဓါတ်တွေဖျောက်ဖို့ လိုတယ်။ လူတဦးချင်းဆီက သန့် ရှင်းမှု့ကိုအလေးထားပြီး စည်းကမ်းကောင်းမှ မြို့ရွာနိုင်ငံတွေဆိုတာ ထာဝစဉ်သန့် ရှင်းလှပနိုင်တာဖြစ်တယ်။

ခြင်တွေပေါက်ပွားစေနိုင်တဲ့ မစီးဆင်းတဲ့ရေတွင်း၊ ရေကန်တွေ၊ စီးဆင်းနေတဲ့ရေမြောင်းတွေကို သန့် ရှင်းပြီး ခြင်မနေနိုင်အောင် အမြဲတမ်းလုပ်ကိုင်စစ်ဆေးဆောင်ရွက်နေဖို့ လိုပါတယ်။ ဥပမာ ပိတ်ဆို့ နေတဲ့ အမှိုက်တွေ ပုံမှန်ဆယ်ဖို့ လိုသလို ခြင်သတ်ဆေးရေ၊ ဆေးပြားထည့်တာတို့  ခြင်ဆေးဖြန်း (Thermal Fogging) တာတွေ စနစ်တကျလုပ်ဖို့ လိုတယ်။

ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ ရဲ့ နိုင်ငံအဆင့်အရေးပေါ် ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို တိုက်ဖျက်ဖို့ စစ်သည်အင်အား (၂၀၀,၀၀၀) ကျော်အသုံးချပြီး သူ့ လူထုကို ကျန်းမာရေးအသိဖြန့် ဖြူးရေး၊ ဇီကာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်တားဆီးရေးအတွက် သတိပေးလုပ်ဆောင်နေရပြီ။

တို့ နိုင်ငံလည်း ပြောင်းလည်းချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့  ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရဟာ မကြာခင်ပေါ်ထွန်းလာတော့မယ်။ ပြုပြင်စရာ၊ ပြောင်းလဲစရာ ယိုးယွင်းနေတဲ့ကဏ္ဍပေါင်းသောင်းခြောက်ထောင်ထဲက ဘယ်ဟာတွေဟာဦးစားပေးကိုင်တွယ်ရမယ်၊ ဘယ်လိုဆောင်ရွက်အပ်တယ်ဆိုတာဆုံးဖြတ်လုပ်ကိုင်ကြတဲ့အခါ လွှတ်တော်၊ အစိုးရအဖွဲ့ တင်သာမက ပြည်သူတွေလည်း ကျယ်ကျယ်ပြန့် ပြန့် ပါဝင်ကြဖို့ လိုတယ်။ ပြည်သူမပါတဲ့ အပြောင်းအလဲမှန်သမျှ ဘယ်တော့မှ ရေရှည်မအောင်မြင်နိုင်ပါဘူး။

ကဲအခုတော့ စာရှည်သွားပြီမို့ နောက်ဆောင်းပါးကျမှ ကျန်တဲ့ဘေးလေးမျိုးအကြောင်းရေးပါအုံးမယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
Photos credit to original uploader.

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများ၊ ဘိန်းခင်းများ လိုက်လံဖျက်ဆီးနေသည့် ကိုယ်ထူကိုယ်ထ အဖွဲ့အား နှောင့်ယှက်တားဆီး ပိတ်ပင်မှုများ သက်ဆိုင်အစိုးရအဖွဲ့မှ ကူညီပေးရေး အဆိုကို ဝိုင်းမောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလကမ်ဇဂျုံး တင်သွင်းခဲ့သည်။

"ကျွန်တော်တို့နိုင်ငံမှာ လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ကလေးများပါ မကျန် မူးယစ်ဆေးစွဲ တဲ့ကပ်ဆိုးကြီး ကျရောက်နေပြီး ဒုက္ခမျိုးစုံနဲ့ ပင်လယ်ဝေနေရပါတယ်၊ တိုင်းပြည်ရဲ့တန်း ဖိုးရှိတဲ့ လူသား အရင်းအမြစ်တွေ ဆုံးရှုံးနေတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ" ဟု ၄င်းက ပြောသည်။

ခေတ်အဆက်ဆက် နိုင်ငံတော်အား အုပ်ချုပ်ခဲ့သည့် အစိုးရအဖွဲ့၊ UN အဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်
ပေါင်းစပ်ပြီး နှစ်တိုနှစ်ရှည် စီမံကိန်းများဖြင့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်းလည်း ၄င်းကဆိုသည်။

"အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများဟာ မူးယစ်ဆေးဝါး အန္တရာယ်ကို ဆိုးရွားစွာ ခံစားခဲ့ကြရပါတယ်၊ ဒါကြောင့် ၂၀၁၄ ခုနှစ်ကစပြီး ရှမ်းမြောက် မှ မိခင်များနှင့် ကချင်ပြည်နယ်မှ လူငယ်များပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ကိုဖွဲ့စည်းခဲ့ပါတယ်" ဟု အဆိုတင်သွင်းသူက ပြောသည်။

၂၀၁၄ ခုနှစ်က ဘိန်းခင်း ဧက ၈၀၀ ကျော်၊ ၂၀၁၅ ခုနှစ် ဘိန်းခင်းဧက ၃,၀၀၀ ကျော် ဖျက်ဆီးခဲ့သော်လည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည့် ဒေသများသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ သွားရောက်ရာတွင် လူအင်အားတစ်ထောင်ခန့်က လက်နက်မျိုးစုံ ကိုင်ဆောင်ပြီး လမ်းပိတ်ဆို့ခဲ့သည့်အပြင် ဇန်နဝါရီ ၃၀ ရက်နေ့တွင်လည်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်သည့်အတွက် လူသုံးဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဦးလကမ်ဇဂျုံး ကဆိုသည်။

"ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား လုံခြုံရေးကိစ္စ တောင်းဆိုသော် လည်း လုပ်ပေးနိုင်ခြင်းမရှိဘဲ၊ ဌာနပေါင်းစုံမှ တာဝန် ပေးအပ်ထားသူများကသာ ဘိန်းခင်းများ ဖျက်ဆီးရန်ဖြစ်ကြောင်း အကြောင်း ပြန်ကြားလာပါတယ်" ဟု ၄င်းကပြောသည်။

ဘိန်းစိုက်ပျိုးသူများဘက်မှ ကိုယ်စားလှယ်တစ်ဦး စေလွှတ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ စေလွှတ်သည့် ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ လာရောက်ဖျက်ဆီးမည် ဆိုပါက လက်ခံမည် ဖြစ်ပြီး လူထုအခြေပြုအဖွဲ့ လာရောက်ဖျက်ဆီးမည်ဆိုပါက လက်မခံဘဲ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာမည်ဟု ကချင်လူထုကပြောကြောင်း ၄င်းကရှင်းပြသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ တစ်ဦးသာရှိခဲ့ပြီး ထောက်ခံသူ များသည့်အတွက် အဆိုအတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးမည် ဖြစ်သည်။

ကိုပေါက်
The Ladies News Journal

အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသား အခွင့်အရေး အာမခံချက်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်ထူထောင်ခြင်းစသည့် ကတိက၀တ်များကို အလေးထား၍ တိုင်းရင်းသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေနိုင်သည့် သံလွင်ရေကာတာ စီမံကိန်းများကို ရပ်ဆိုင်းရန် သံလွင်မြစ်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက် က ဖေဖော်ဝါ၂၄ ရက် တွင်
သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။

ယခင်စစ်အစိုးရ လက်ထက်တွင် ဆင်းရဲသည့် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်း များသည် လက်ရှိ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း နိုင်ငံသား ပြည်သူလူထုကို အသိပေး ထုတ်ပြန် ကြေညာခြင်းနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများ ရရှိထားသည့် ရေကာတာစီမံကိန်း ၂၉ ခုရှိသည့် အနက် ၁၈ ခုကို အကောင်အထည် ဖော်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် သဘောတူညီချက်ကို ဖေဖော်ဝါရီ ၂ ရက် ၂၀၁၆ ခုနှစ် တွင် ချုပ်ဆိုခြင်းသည် လာမည့် အစိုးရသစ်နှင့် တိုင်းရင်းသား ပြည်သူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်စေသည်သာမက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က ထုတ်ပြန်သည်။

“သဘောထားကြေညာချက် ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ အစိုးရပိုင်းက တစ်စုံတစ်ရာ တုံ့ပြန်မှုတော့ မရှိသေးပါဘူး၊ ဒီစီမံကိန်းတွေ ရပ်ဆိုင်းဖို့အတွက် ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပါ ၊ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ လုံးဝရပ်ဆိုင်းဖို့ ဆောင်ရွက်မှာပါ” ဟု
သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်မှ ကိုသိန်းဇော်က The Ladies သို့ပြောသည်။

အစိုးရမှထုတ်ပေးသည့် ရေကာတာ စီမံကိန်း တည်ဆောက်ရေးကို ခွင့်ပြုချက်ပေးသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC)သည် ပွင့်လင်းမြင်သာမှု မရှိသည့် အပြင် EIA/SIA စည်းကမ်းချက်များ လုပ်ထုံးများနှင့်အညီ ဒေသခံတို့၏ သဘောထား ရယူခြင်းမရှိသောကြောင့် ယင်းသက်သေခံ လက်မှတ်ကို အယုံအကြည် မရှိကြောင်းလည်း သဘောထား ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal


ကျောက်မဲမြို့ ဘုန်းတော်ကြီးကျောင်းအတွင်း စစ်ဘေးရှောင်များကို တွေ့ရစဉ်

အစိုးရ တပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် တအာင်းပလောင် TNLA/PSLF နှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တို့အား နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကြေညာခဲ့ပြီးနောက်တစ်ရက်မှာပင် ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ ဒုက္ခသည်များ ပိုမိုဝင်ရောက်လာနေကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများက The Ladies News သို့ ပြောဆိုသည်။

‘ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ တစ်ရက်တည်းတင် ဒုက္ခသည် ၁၀၀ ကျော်လောက် ထပ်တိုးလာတယ်။ မိုင်းငေါ့ဘက်လာတာ ပလောင်နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လေ ‘ ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းသန်းမောင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းအထိ လက်ခံရရှိထားသည့် စာရင်းများအရ ကျောက်မဲမြို့ပေါ်တွင်ပင် စစ်ဘေးရှောင် ၄,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး တပ်မတော်မှ ဆုတ်ခွာခိုင်းထားသည့် RCSS/SSA တပ်ဖွဲ့များမှာလည်း ကျောက်မဲမြို့နယ်အတွင်းတွင်ပင်ရှိနေကာ ဒုက္ခသည်အရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေကြောင်းလည်း ၄င်းက သုံးသပ်သည်။

ကျောက်မဲဒေသအတွင်း RCSS နှင့်တ အာင်းပလောင်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နယ်မြေတည်ငြိမ်ရေးအတွက် ၄င်းလက်နက်ကိုင်အဖွဲ့စည်းများကို ရှင်းလင်းရေးလုပ်ဆောင်မည်ဟု တပ်မတော်မှ ထုတ်ပြန်ထားသဖြင့် ဒေသခံများမှာ တိုက်ပွဲများ ကြာရှည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ကျောက်မဲမြို့ပေါ် စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်များအား ပြည်တွင်းမှ လူမှုရေးအသင်းအဖွဲ့များအပြင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းများကပါ အကူညီပေးနေသည်ဟု သိရသည်။

The Ladies News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီသည် ရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များ၏ လစာမှ ချို့တဲ့ပညာသင် ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ NLD ပါတီ အရှုံးပေါ်ခဲ့သော ဒေသများမှာ အထူးအခွင့်အရေး ရရှိလာမည့် အခြေအနေရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အား ရည်ညွှန်းလျှက် မကွေးတိုင်း NLD ရုံးမှ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သိရသည်။

‘’မဲမပေးလည်း NLD က ဂရုစိုက်မှာပါ အထူးသဖြင့် မိတ္ထီလာလို NLDအရှုံးပေါ်ခဲ့တဲ့ နေရာတွေကို ပိုမိုဂရုတစိုက် အကူအညီပေးသွားမှာပါ။ ဘယ်သူ့ကိုမှ မဲမပေးလို့ ခွဲခြားဆက်ဆံတာမလုပ်တာပါဘူး ပိုလို့တောင် ဂရုစိုက်ဖို့ အဖွဲ့ချုပ်က ညွှန်ကြားထားပါတယ်လို့ ‘’မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဇော်က News Watch သို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးတွင် NLDရှုံးခဲ့သော ကျေးရွာများစွာရှိပြီး ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ ၃၀ ခန့်နှင့် စလင်းမြို့နယ်တွင် ၇ ရွာခန့် ရှိသည်။ NLD အကြီးအကျယ်မဲရှုံးခဲ့သော ဒေသမှာ မန္တလေးတိုင်းမှ မိတ္ထီလာဒေသဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အရှုံးပေါ်ခဲ့သော ဒေသများအားလုံးရှိ ပြည်သူများကို ပိုမိုအရေးပေးဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ ၂နာရီကျော်တွင် နိုင်ငံတော် အာဏာလွှဲပြောင်းရေးအတွက် NLD ပါတီနှင့် အစိုးရအဖွဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အောင်မြင်ချောမွေ့သည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က News Watch သို့ ပြောသည်။

“ သမ္မတ သက်တမ်းက မတ်လ ၃၁ ရက်နေ့မှာ ဆုံးမှာလေ။ ၃၁ရက်နေ့ မတိုင်ခင်မှာ အာဏာ လွှဲပြောင်းဖို့ ကိစ္စဆွေးနွေးတာတော့ ချောမွေ့ပါတယ်။ သူတို့ဘက်က ဝန်ကြီးတွေပါတယ်၊ အန်ကယ်တို့ဘက်ကတော့ ဝန်ကြီးတွေ မခန့်ရသေးဘူးဆိုတော့ လက်တွေ့လုပ်လို့ မရသေးဘူး။ နောက်တချက်ကတော့ အာဏာလွှဲပြောင်းတဲ့အခါမှာတော့ ဘာမှ အခက်အခဲ အတားအဆီးရှိစရာ အကြောင်းမရှိဘူး။ ပြေလည်မယ့် အလားအလာ များပါတယ်။ အဆင်ပြေချောမွေ့ပါတယ်”ဟု ဦးဝင်းထိန်က ဆိုသည်။

NLD အစိုးရအဖွဲ့ အမည်စာရင်းနှင့် သမ္မတလောင်း အမည်စာရင်းများကို ကြေညာထားသည့် အတိုင်း မတ်လ ၁၇ရက်တွင် စတင် ဆွေးနွေးတင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲကို မတ်လဆန်းတွင် စတုတ္ထအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ဆွေးနွေးပွဲတွင် အစိုးရ အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးမောင်မောင်အုန်း၊ သမ္မတရုံး ဒုတိယ ညွှန်/ချုပ် ဦးဇော်ဌေးနှင့် NLD ဘက်မှ အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေနိုင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကချင်ပြည်နယ် မြောက်ပိုင်း ဒေသဖြစ်သောဧရာဝတီမြစ်၏ မြစ်လက်တက်ကြီးတစ်ခုဖြစ်သည့်မလိခမြစ်ဖျားဒေတွင်မိုးများရွာသွန်းခဲ့ပြီး ရေခဲတောင်များ အရေပျော်ကျမှုကြောင့် ကသာမြို့ရှိ ဧရာဝတီမြစ်ရေသည် ဖေဖဝါရီလ ၂၄ ရက်နေ့ နံနက် ၆း၀၀ နာရီ အချိန် တိုင်တာချက်အရ ၃- ပေခန့် မြင့်တက် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန မှ သိရသည်။

ဖေဖော်ဝါရီလ၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၌၁၆နာရီအတွင်း၁၂ ပေခန့် မြင့်တက်ခဲ့ပြီး ၂၄.၂. ၂၀၁၆ ရက်နေ့ နေ့လည် ၁၂း၃၀ နာရီအချိန် တိုင်းထွာချက်အရ နှစ်ရက်အတွင်း ၄င်း မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် (၅) ပေခန့်ပြန်လည် ကျဆင်းခဲ့ပြီ ဖြစ်သည်။

အဆိုပါမြစ်ရေသည် ဗန်းမော်မြို့တွင် နှစ်ရက် အတွင်းခန့်နှင့် ကသာမြို့တွင် ဖေဖဝါရီလ ၂၄ရက်နေ့ ညနေပိုင်းအချိန် တိုင်းတာချက် အရ (၅) ပေခန့် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ကသာမြို့မှာဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် မြစ်ကမ်းဘေး နေအိမ်တွေ ထိခိုက်တာမျိုးတော့ မရှိသေးဘူး။ ငါးအင်း ပိတ်တန်းတွေ ပျက်စီးသွားတာ တော့ ရှိတယ်။ မြစ်စွပ်ဒေါင့် ငါးအင်း ပိတ်ထားတာတွေ ပျက်စီးသွားတဲ့ အတွက် ကသာမြို့မှာ ငါးရှားလာနိုင်သလို ငါးဈေးနှုန်းလည်း မြင့်တက် လာနိုင်ပါတယ်" ဟုရေယာဉ်များ စနစ်တကျပြေဆွဲရေး ဥက္ကဌ ဦးကြီးမြင့် က ပြောသည်။

ထို့ကြောင့် လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ကသာမြို့တွင် ၅ပေမှ ၈ပေအထိ မြင့်တက်နိုင်ပြီးနောက် ၂ရက်မှ ၄ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊
မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး မြို့တို့တွင် ၅ပေမှ ၆ ပေ ခန့်နှင့် နောက် ၅ ရက်မှ ၁၀ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၄ ပေမှ ၅ ပေအထိ
မြစ်ရေမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ခန့်မှန်းပါရှိသည်။

ထို့အပြင် ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့်မြစ်ကြောင်းအတွင်း သွားလာနေသည့်ရေယာဉ်၊ လှေ၊ သင်္ဘောများ ဂရုပြုကြသွားလာကြရန်နှင့်
မြစ်ရေနည်းစဉ်သဲသောင်ခုံများပေါ်တွင်စိုက်ပျိုးနေထိုင်သူများနှင့် မြစ်ကမ်းဘေး အနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် မြစ်ရေရုတ်တရက် တိုးလာနိုင်မှုကို ဂရုပြု၍ ကုန်းမြင့်ရာသို့ ရွေ့ပြောင်းနေထိုင် သင့်ကြောင်း ကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ဦး က အကြံပြုချက်အရ ကသာမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးကျော်အောင်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ကသာခရိုင် မီးသတ် ဦးဌာနမှဦးစိုးမင်းညွှန့်နှင့်တပ်ဖွဲ့ဝင်များ၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်းနှင့်ပူးပေါင်း အဖွဲ့က လိုက်လံ အသိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဗေဒါ (ကသာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မနီလာသိန်း တရားရုံးတက်စဉ် (သတင်းဓါတ်ပုံ-သဉ္ဇာခိုင်)
မနီလာသိန်း တရားရုံးတက်စဉ် (သတင်းဓါတ်ပုံ-သဉ္ဇာခိုင်)

လက်ပံတန်းကျောင်းသား သပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲ ပြုလုပ်တယ်ဆိုပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို ပုဒ်မ ၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက တရားစွဲဆိုလိုက်ပြီးနောက် အင်းစိန်အကျဉ်းထောင် ကိုပို့လိုက်ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က သမိုင်းလမ်းဆုံမှာ ထောက်ခံဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့တာကြောင့် အခုလိုဖမ်းဆီးခဲ့တာပါ ။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့ဟာ လုပ်ထုံး လုပ်နည်းအတိုင်းဆောင်ရွက်ခြင်းမရှိပဲ မနီလာသိန်းအပေါ် တရားခံပြေး အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေကြောင်း အရ ဖြေရှင်းမယ်လို့ မနီလာသိန်းရဲ့ခင်ပွန်းဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

“ကိုဂျင်မီ။ ။ ပုဒ်မ ၁၈ ကို ကျူးလွန်တယ်ဆိုပြီးတော့ အဲဒီအမှုက ဘယ်တုန်းက ကျူးလွန်သလဲဆိုတော့ လွန်ခဲ့တဲ့ မနှစ်က ၁ နှစ်လောက်ကြာပြီ ဟာကို အခုမှ ပြန်ုစွဲတာ။ စွဲတော့ အခု တရားရုံးထုတ်တယ်။ တရားရုံးကနေပြီးတော့ အာမခံလျှောက်ဖို့ပြောတယ်။ မနီလာသိန်းကတော့ ဒီ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ဘာမှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး။ အာမခံလည်းမလျောက်ဘူး။ အမိန့်ချမှတ်ခဲ့ရင်လည်း ဒဏ်ငွေ ဆောင်မှာမဟုတ်ဘူး။ ထောင်ချရင်လည်း ချပေါ့ ။ အဲလို သူ့ရဲ့ရပ်တည်ချက်ကို တခါတည်း တရားသူကြီးကိုသူပြောထားပြီးသား။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ဘာကြောင့် အာမခံမယူဘဲ ထောင်ထဲကို သွားဖို့ဆုံးဖြတ်ခဲ့တာလည်း ခင်ဗျ။

ကိုဂျင်မီ။ ။ သူက အပြစ်ကျူးလွန်တယ်လို့ကို မခံစားရဘူး။ ဒီပုဒ်မ ၁၈ နဲ့ စွဲတာကိုက တရားမျှတမှုမရှိဘူးလေ။ အဲတော့ တရားမျှတမှုမရှိတဲ့ဟာကို သူရင်ဆိုင်နေစရာအကြောင်းမရှိဘူး။ သူက အဲဒီလိုဆုံးဖြတ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးအထွေအထူးသူက ဘယ်ဟာကတော့ မှားပါတယ် ဆိုတာပြောနေစရာအကြောင်းမရှိဘူး။

ကိုအောင်အောင်။ ။ဘာကြောင့်ဖမ်းဆီးသလဲဆိုတာကော ပြောပြပေးပါဦး။

ကိုဂျင်မီ။ ။ မရမ်းကုန်း သမိုင်းလမ်းဆုံမှာတဲ့ ဆန္ဒပွဲဖြစ်တဲ့အထဲမှာ မနီလာသိန်းတို့က ကားတစီးနဲ့ရောက်လာပြီး ဒါကို ဦးဆောင်ခဲ့တယ် ဆိုတဲ့ သဘောမျိုးနဲ့ပြောတယ်။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ ကျနော်တို့ သိသလောက်ပေါ့နော် ရဲကနေပြီး အိမ်ရောက်လာရှာတာမဟုတ်ပဲနဲ့ တရားခံ ပြေးအဖြစ် ကြေညာခဲ့တယ်ဆိုတာလည်း သိရတယ်လေ။

ကိုဂျင်မီ။ ။ အိမ်လိပ်စာတောင်မှန်အောင်မပြောနိုင်ဘူးဗျာ။ မနီလာသိန်းက လူမသိ သူမသိ ပုဂ္ဂိုလ်လည်းမဟုတ်ဘူးဗျာ။ ပြီးတော့ ကျနော်တို့အိမ်က လူတိုင်းမေးလို့ရတဲ့အိမ်။ တကယ်ပဲ မနီလာသိန်းနဲ့တွေ့ချင်တယ်ဆိုရင် တခြားထွေထွေထူးထူး မေးစရာမရှိပါဘူး။ ကျနော့်မိဘတွေရှိပါတယ်။ သူ့မိဘတွေရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်းရှိပါတယ်။ နောက်ပြီးတော့ ရုံးလည်းနေ့တိုင်း တက်နေပါတယ်။ အဲဒါကိုသူက မနီလာသိန်း မရှိတဲ့နေရာကို ၃ ခေါက်လောက်သွားရှာပြီးတဲ့အခါကျတော့ ရဲရဲ့ဥပဒေအရကတော့ ၃ ခါရှာလို့မတွေ့ရင် တရားခံပြေးအဖြစ်ကြေညာလို့ရတယ်ဆိုပြီး လုပ်တာကတော့ အင်မတန်မှ ရုပ်ပျက်နိုင်လွန်းပါတယ်။ နောက်ပြီးတော့ ဒါ ဂုဏ်သိက္ခာ သိပ်မဲ့လွန်းတယ်။ အဲဒါကို ကျနော်တို့က အသရေဖျက်မှုနဲ့ ကျနော်တို့က ပြန်ပြီးတော့ ဥပဒေအရေ ဘယ်လိုတုန့်ပြန်နိုင်မလဲ ဥပဒေကြောင်း အရပေါ့နော်။ နောက်တချက်က ရဲက သူရှာဖွေရမယ့် လူကို ကြိုးစားအားထုတ် ပြီးတော့ ရှာဖွေခြင်းမရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ အဲဒါသူ့ရဲ့ အမှန်တော့ သူက တာဝန်ပေါ့လျော့တာပေါ့နော်။ ရဲက သူ့အလုပ်နဲ့အညီမလုပ်ခဲ့ဘူး တာဝန်ပေါ့လျော့တယ်။ ဥပဒေကြောင်းအရ ဆင့်ခေါ်စာ ပို့ခဲ့တာမျိုး အနီးစပ်ဆုံးကို ဆက်သွယ်တာမရှိပဲနဲ့ အဲလိုလုပ်ခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ က ရဲဘက်ကိုလည်း ရဲစည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ကျနော်တို့က တုန့်ပြန်ဆောင်ရွက်သွားမှာပါ။

ကိုအောင်အောင်။ ။ဟုတ်ကဲ့။ကိုဂျင်မီ ရေ နောက်ဆုံးမေးခွန်းပါခင်ဗျာ။ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာတွေခန့်မှန်းထားသလဲ၊ ပြင်ဆင်ထားပါသလဲခင်ဗျာ။

ကိုဂျင်မီ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပဲလုပ်လုပ်ပါ မနီလာသိန်း ဘက်ကတော့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့တော့ ပြောပြီးသား။ ကြိုက်တဲ့ပုံစံနဲ့ပဲ အရေးယူလိုက်၊ အဲဒါကို သူ့အနေနဲ့ ဘာမှ တုန့်ပြန်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တရားမျှတမှုမရှိတဲ့အတွက် မေးခွန်းထုတ်မှာလဲမဟုတ်ဘူး၊ သူကလည်း ဖြေမှာလည်းမဟုတ်ဘူး။ နောက်အာမခံမလျောက်ဘူး။ သူ့ဘက်က ဒါတွေကို ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပြီ တရားရုံးနဲ့ ပူးပေါင်းမဆောင်ရွက်နိုင်ဘူးဆိုတာ။”

အောင်အောင်/VOA
http://burmese.voanews.com/content/nilar-thein-arrested-again/3204794.html

တအောင်း ပလောင်တပ်ဖွဲ့ဝင်များ (သတင်းဓါတ်ပုံ-PSLF -TNLA News & Information Department)
တအောင်း ပလောင်တပ်ဖွဲ့ဝင်များ (သတင်းဓါတ်ပုံ-PSLF -TNLA News & Information Department)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီ စနစ်ကို လက်ခံတယ်ဆိုရင် လက်နက်တွေစွန့်ပြီး တရားဥပဒေ နဲ့အညီ တောင်းဆို မှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုချက်ကို တပ်မတော်ပိုင်မြ၀တီ သတင်းစာ မှာဖေါ်ပြထားပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်နက်စွန့်ရေး ပြောဆိုမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေဘယ်လိုအမြင်သဘောထားရှိပြီး ဘယ်လိုတုန့်ပြန်မှုတွေရှိနေပါသလဲဆိုတာကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်နက်ချရေးပြောဆိုမှုတွေဟာ NCAအပစ်ရပ်စာချုပ်ပါအချက်တွေနဲ့ ကိုက်ညီ မှုမရှိဘူးလို့ NCA အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော RCSS/SSA ရဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နဂိုသဘောတူပြီးသားရှိထားတဲ့ NCA နဲ့က တဆင့်ပြီး တဆင့်ဖော်ဆောင် သွားရင်တော့ ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မှာပဲ။ ဒီလိုမဟုတ်ပဲနဲ့ လက်နက်ချ ရေးကိုပဲ ပြောနေမယ်ဆိုရင် NCA မှာပါတဲ့သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ကလောတပ်နယ်၊စစ်ဦးစီးတက္ကသိုလ်မှာ သင်တန်းသားတွေ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောခဲ့တာကို တပ်မတော်ပိုင်မြ၀တီသတင်းစာကနေ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်သင့်ပြင် ထိုက်တဲ့ အချက်တွေ ကို သင့်တော်တဲ့ အချိန်မှာ ပြုပြင်ရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်ရုံ နဲ့ မြန်မာနိုင်ငံ အတွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုမရပ်တန့် နိုင်ဘူးလို့ လက်ရှိမြန်မာ့ တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ တအောင်း ပလောင်တပ်ဖွဲ့ရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ တာပန်းလှကပြောပါတယ်။

“ဖြစ်ရမှာက တကယ်အားလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ကို တည်ထောင်ရမယ်။ တကယ် စစ်တပ်ကိုလည်း civilian အရပ်သား အောက်မှာ ထားရှိ ရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုးလုပ်မှသာ ကျနော်တို့နိုင်ငံ ပြည်တွင်း စစ်ရပ်တန့် မှာဖြစ်ပြီးတော့ ကျနော်တို့ မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တက်လှမ်းနိုင် မှာဖြစ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် စိုင်းညွန့်လွင် အနေ နဲ့ ကတော့ တိုင်းရင်းသားတွေအနေနဲ့ လက် နက်ကိုင်ရတဲ့ အခြေခံ ပြဿ နာ အကြောင်းအရင်း ကိုဖြေရှင်းဖို့လိုတယ်လို့ပြောပါတယ်။

“ပြဿနာက ဘာကြောင့်လက်နက်ကိုင်ရသလဲဆိုတာကို စဉ်းစားဖို့လိုမယ်။ အဲဒီလက်နက်ကိုင်ရတဲ့အကြောင်းအရင်းကို ကုစားမှသာလျှင် ပြီးမယ်လို့ ကျနော်ထင်ပါတယ်။ လက်နက် စွန့်လွှတ်လိုက်ရုံနဲ့ပဲ ခုန အကြောင်းအရင်းတွေ မရှင်းနိုင်ဘူးဆိုရင် ပြန်ဖြစ်ဦးမှာ။ ဒီလူတွေမကိုင်တော့ဘူးဆိုပေမယ့် နောက်လူတွေ ကိုင်ဦးမှာပဲ။”

မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာကအကြီးတန်းအရာရှိ ဦးလှမောင်ရွှေအနေနဲ့ကတော့ နှစ်ဖက်လက်ခံနိုင်တဲ့ လမ်းကြောင်းမျိုးညှိနှိုင်း ဖို့လိုတယ်လို့ သူ့အမြင်ကိုအခုလိုပြောပါတယ်။

“တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားလို့ သူတို့ပါဝင်ခဲ့လို့လဲ ဒီ NCA ဆိုတာမျိုးကို လက်မှတ်ရေးထိုးနိုင်တာပဲ။ တပ်မတော်ဘက်ကရော အစိုးရ ဘက်ကရော လမ်းဖွင့်ထားတာပါပဲ။ ဒါပေမယ့် တိုင်းရင်းသားတွေ ဘက်ကလည်း ဒီဖွင့်ထားတဲ့ လမ်းကြောင်းပေါ်မှာ ညှိနှိုင်းပြီးတော့ လက်ခံနိုင်တာမျိုး ကို သူတို့လည်း ညှိနှိုင်းဖို့တော့ လိုမယ်လို့ ထင်တယ်ဗျာ။”

လက်ရှိမှာ ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင် တဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ကနေ NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ထိုင်းနိုင်ငံ ကိုရောက်ရှိနေတဲ့ အခြေအနေမှာဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ လက်နက်စွန့်ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ(၂၂)ရက်ညနေပိုင်းမှာ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ UPWC ခေါ် မြန်မာ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်သေးပေမဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အနေအထားနဲ့ NCAလက်မှတ်ရေးထိုးဖို့အတွက် အစိုးရအနေနဲ့ လမ်းဖွင့်ထားကြောင်း UPWC ဘက်က ပြောဆိုခဲ့ ပါတယ်။

လက်ရှိမှာမြန်မာအစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ကလွဲပြီး ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု UNFC အဖွဲ့အနေနဲ့တော့ UPWCနဲ့ ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အဖွဲ့တွေနဲ့ အခုရက်ပိုင်းတွေမှာ ထပ်မံဆွေးနွေး ညှိနှိုင်းနေဆဲလည်း ဖြစ်ပါတယ်။

နိုင်ကွန်းအိမ်/VOA
http://burmese.voanews.com/content/the-react-of-min-aung-hlaing-statement-by-ethnic-armed-group-/3204659.html

USGS ငလျင်ပြမြေပုံ
USGS ငလျင်ပြမြေပုံ

ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ဒေးဒရဲမြို့အနီးကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း မြေငလျင်ငယ်လှုပ်ခတ်မှုတွေ ရှိခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့ အင်အားကြီးငလျင် လှုပ်ခတ်နိုင်တယ်လို့ မြန်မာငလျင်ကော်မတီက သတိပေးပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါ့မယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဒေးဒရဲ ပြတ်ရွေ့ကြောကနေ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးလှစောက အခုလို အတည်ပြု ပြောဆိုပါတယ်။

“ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပေါ့နော်။ မြန်မာ စံတော်ချိန်က ၇ နာရီ ၄၂ မိနစ်နဲ့ ၂၀ စက္ကန့်အချိန်မှာ ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၈ မိုင်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းပေါ့၊ ဒေးဒရဲမြို့ရဲ့ တောင်-အရှေ့တောင် ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြုပြီးတော့ ရစ်ခ်တာစကေး အင်အားက ၄.၄ ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။”

ရန်ကုန်မြို့တွင်းက မြို့နယ်တော်တော်များများမှာ ဒီ ငလျင်လှုပ်ရှားမှုကို သိသိသာသာခံစားခဲ့ကြရသလို ဖျာပုံ၊ ဘိုကလေးနဲ့ ဒလမြို့တွေမှာလည်း လှုပ်ရှားမှုဖြစ်ပွားခဲ့တာပါ။

ဒေးဒရဲမြို့ အရှေ့တောင်ဘက်မှာ ရှိတဲ့ ဒေးဒရဲပြတ်ရွေ့ငယ်လေးတွေကနေ လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ဦးလှစောက ဆက်ပြောပါတယ်။

“အဲဒီနားမှာ ကျနော်တို့ ပြတ်ရွေ့အသေးလေးတွေရှိတယ်လေ။ ဒေဒရဲ တောင်ဘက်၊ အရှေ့တောင်ဘက် မှာ ပြတ်ရွေ့ကြောင်းလေးတွေ ရှိပါတယ်။ ပြတ်ရွေ့ကြောင်းလေးတွေ ကနေ လှုပ်တာပါ။ အင်အားကလည်း နည်းပါတယ်။ အင်အားက ၄.၄ ဆိုတော့ အင်အားအနည်းငယ် ပဲရှိပါတယ်။”

လွန်ခဲ့တဲ့ ၂ လအတွင်း ငလျင်ငယ်တွေ သုံး၊ လေးကြိမ် လှုပ်ခတ် ခဲ့တာကြောင့် နောက်ဆက်တွဲ ငလျင်ကြီး လှုပ်နိုင်ခြေ ရှိတယ်လို့ မြန်မာမြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က အခုလို သတိပေးပြောဆိုပါတယ်။

“လွန်ခဲ့တဲ့ ၁ လ၊ ၂ လကလည်းပဲ အဒီနေရာကပဲ ကျနော်တို့ magnitude ၄ တို့ ၊ ၄.၈ something ပေါ့။ ငလျင်လေးတွေ ၃၊ ၄ ကြိမ်လောက် ဆက်တိုက် လှုပ်ထားတာတော့ ရှိတယ်။ အဲဒီနေရာကပဲ လှုပ်နေတဲ့အခါကျတော့ နည်းနည်းတော့ သတိထားဖို့တော့ လိုအပ်လာတာပေါ့။ အနာဂတ်မှာ ငလျင်ကြီးကြီးမားမား လှုပ်ဖို့များ ဒီလောက် လှုပ်လာတာလားပေါ့။ ကျနော်တို့ကတော့ သတိထားစေချင်တာပေါ့။”

မြန်မာမြေငလျင်ကော်မတီရဲ့ မှတ်တမ်းတွေအရ နှစ် ၁၀၀ လျှင် တစ်ခါ အင်အားပြင်း ငလျင်လှုပ်တတ်တာကြောင့် ဒီနှစ်ပိုင်းတွေမှာ အင်အားပြင်း ငလျင်လှုပ်နိုင်ခြေ ရှိတယ်လို့ ဒေါက်တာမျိုးသန့်က အခုလို သုံးသပ်ပါတယ်။

“ဒီ ပဲခူး Segment က နောက်ဆုံးလှုပ်ခဲ့တာက ၁၉၃၀ ။ ကျနော်တို့ဒီ နောက်ဆုံး information တွေရော၊ estimate parameter တွေရောသုံးပြီးတော့ ကျနော်တို့ predication လုပ်တဲ့အခါကျတော့ magnitude 7 နဲ့အထက်ပိုင်း ကနေပြီးတော့ ပြန်လှုပ်ဖို့ ဆိုရင် ခုနပြောခဲ့တဲ့ နှစ် ၈၀ နဲ့ ၁၀၀ ပတ်ဝန်းကျင် ကြာတယ်ပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ၁၉၃၀ ကနေ ၂၀၁၆ ဆိုတော့ ၈၀ တော့ ကျော်လာတာပေါ့။ လှုပ်မယ်ဆိုရင် လှုပ်ဖို့ chance များလာတယ်ပေါ့။”

ဒီနေ့ မနက်လှုပ်ခတ်သွားတဲ့ မြန်မာပြည်တွင်း ငလျင်အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ငလျင်ဌာန အပါအဝင် နိုင်ငံတကာ ငလျင်ဌာနတွေရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာမျိုး မရှိတာကြောင့် အမှန်တကယ်ပဲ ငလျင်လှုပ်ခဲ့သလားဆိုတာကို မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။

သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/myanmar-earthquake-/3204562.html

ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ လက်ပံတန်းကျောင်းသားများ။ (မတ်လ ၁၀ ရက် ၊ ၂၀၁၅)
ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ လက်ပံတန်းကျောင်းသားများ။ (မတ်လ ၁၀ ရက် ၊ ၂၀၁၅)

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကဏ္ဍ အသီးသီးမှာ တိုးတက်မှုမရှိခဲ့တာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်တခုမှာ ဖော်ပြလိုက် ပါတယ်။

အစီရင်ခံစာမှာ အဓိက ထောက်ပြထားတာတွေကတော့ ရိုဟင်ဂျာမူစလင်တွေရဲ့ အခြေအနေ ထပ်ပြီး ဆိုးရွားသွားတာ၊ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို နှိမ်နင်းဖြိုခွဲတာတွေ အစိုးရက အရှိန်တိုးမြှင့်ပြီး လုပ် ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားဆိုင်ရာ ဥပဒေတွေကို ချိုး ဖောက်တယ်ဆိုတဲ့ သတင်းတွေထွက်ထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ သံသယရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အပြစ် ပေး အရေးယူ ခံရတာမျိုး လုံးဝ မရှိသလောက် ကင်းလွတ်နေတာတွေကို AI အဖွဲ့က ထောက်ပြ ထားပါတယ်။

၂၀၁၅ ခုနှစ်ကုန်ချိန်မှာ နိုင်ငံရေးအကျဉ်းသား ၁၁၄ ယောက် အကျဉ်းထောင်တွေ ထဲမှာ ရှိနေဆဲဖြစ်ပြီး အမျိုးသားပညာရေးဥပဒေ ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူ တွေ ရာပေါင်းများစွာ တရားစွဲ ခံထားရတာကို AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို စီးပွားရေးလုပ်ငန်းတွေက ကျူးလွန်တာမျိုးမဖြစ်ရအောင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ တရားဥပဒေ မရှိ တာကိုလည်း AI က ထောက်ပြပါတယ်။

လူတွေကို နေအိမ်တွေကနေ အတင်းအဓမ္မဖယ်ရှားတာမျိုးကို တားဆီးကန့်သတ်တဲ့ ဥပဒေမျိုး မရှိဘူးလို့ AI ကပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြန်ပြီး သုံးသပ်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အကြံပေးတာကို မြန်မာနိုင်ငံက ပယ်ချခဲ့သလို ရိုဟင်ဂျာလူနည်းစုတွေ ခွဲခြား ဆက်ဆံခံနေရတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့လည်း ငြင်းခဲ့ တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/amnesty-internation-new-report-no-improvement-in-hr-myanmar-/3204537.html

 minaunghlaing-bahtoo-620.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်မှ သင်တန်းသားအရာရှိတွေနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်
Photo: Senior General Min Aung Hlaing(Facebook)

မြန်မာနိုင်ငံသမိုင်းမှာ တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှုတွေနဲ့ တပ်မတော်အပေါ် သစ္စာမဲ့ မှုတွေကြောင့် နိုင်ငံအရေး ရှုပ်ထွေးခဲ့ရကြောင်းနဲ့ အဲဒီလိုရှုပ်ထွေးမှုတွေ ထပ်မံမဖြစ်ပွားအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သတ်မှတ်ချက်တချို့ကို ထည့်သွင်းထားတာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မနေ့က ဗထူးဗိုလ်သင်တန်းကျောင်းမှာ သင်တန်းသားအရာရှိတွေ ဗိုလ်လောင်းတွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာတွေကို ဒီနေ့ထုတ် မြ၀တီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

တိုင်းပြည်မှာ သစ္စာမဲ့တဲ့လုပ်ရပ်တွေကြောင့် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘ၀ကျရောက်ခဲ့ကြောင်းနဲ့ သစ္စာမဲ့တဲ့ လက်နက်ကိုင်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ကနေ တပ်မတော်က ကာကွယ်ပေးခဲ့ရကြောင်း လည်း ပြောခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖံွ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အမျိုးသားနိုင်ငံရေးအဖြစ် ဦးဆောင်ခဲ့ကြောင်းနဲ့ လက်ရှိအခြေအနေမပျက်ယွင်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပထမ ၅နှစ်သက်တမ်းမှာ ဒီမိုကရေစီကို ခြေကုပ်ရယူခဲ့ပြီး ဒုတိယသက်တမ်းအတွင်းမှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေရရှိအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/minaunghlaing-speaks-loyal-to-country-02242016095538.html

 uhlasaw-620.JPG ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော အယ်လ်နီညိုအရေး ထောက်ခံဆွေးနွေးစဉ်
Photo: RFA

အယ်လ်နီညို ရာသီဥတုဟာ အမျိုးသားရေး စိန်ခေါ်မှုဖြစ်ပြီး လက်ရှိအစိုးရတင်မဟုတ်ဘဲ လာမယ့်အစိုးရသစ်အနေနဲ့ ဆက်လက်တာဝန်ယူဆောင်ရွက်ဖို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ အယ်လ်နီညိုနောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၈ဦးက ဒီကနေ့ ဆက်လက်ဆွေးနွေးရာမှာ ဦးဦးလှစောက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"အယ်လ်နီညို ပြဿနာဟာ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် အင်မတန်ကြီးမားတဲ့ အမျိုးသားရေး စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်၊ ဒေါက်တာမောင်သင်း က အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ တာဝန်အရှိဆုံး ပြည်ထောင်စု အစိုးရကို တိုက်တွန်းပါတယ်၊ ပြည်ထောင်စုအစိုးရ ဆိုတဲ့နေရာမှာ ကျနော့်အနေနဲ့ အချိန်တိုတိုလေးအတွင်းမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပြည်ထောင်စုအစိုးရအပြင် မကြာခင်အခြေအနေမှာ အာဏာလွှဲပြောင်းယူတော့ မယ့် ဒီမိုကရေစီပြည်ထောင်စု အစိုးရသစ်အနေနဲ့လည်း ဒီအမျိုးသားရေးတာဝန်ကြီးကို ရဲရဲရင့်ရင့်ပြတ်ပြတ်သား သား ဦးဆောင်ဖို့ ကျနော်ထပ်လောင်းဖြည့်စွက်ပါတယ်"

အဲဒီအရေးကြီးအဆိုကို မနေ့က ကိုယ်စားလှယ် ၁၄ဦးနဲ့ ဒီနေ့ ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၂ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အယ်လ်နီညိုကြောင့် ရေရှားပါးမှု၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ လျှပ်စစ်မီးလျော့နည်းရရှိမှု၊ အပူချိန်မြင့်မားမှု စတဲ့ နောက်ဆက်တွဲဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကလည်း ဌာနဆိုင်ရာအသီးသီးက ပြင်ဆင်ဆောင်ရွက်နေတာတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုကို ထောက်ခံမဲ ၄၀၀၊ ကန့်ကွက်မဲ ၁မဲ သာရှိတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင်ကြဖို့ အစိုးရထံ တိုက်တွန်းသွားမှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/parliaement-approved-elnino-discuss-02242016093636.html


ဘိန်းစိုက်ခင်းတွေကိစ္စ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ် ကိုယ်စားလှယ်ဦးရေ ၂၀ လောက် မဲမပေးဘဲ ပျောက်နေတဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။

ဒီကနေ့ ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်က ဘိန်းစိုက်ခင်းဖျက်မယ့်သူတွေကို အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ အရေးကြီးအဆိုကို ၀ိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတာကို မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် ၂၀ က မဲမပေးဘဲ ပျောက်နေတာဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အခုလို သတိပေးလိုက်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးစရာတစ်ခုရှိပါတယ်၊ ကျနော်တို့ဒီနေ့ အစည်းအဝေးတက်ရောက်စဉ်တုန်းက အစည်းအဝေးတက်ရောက်သူ ၄၂၆ ဦး ရှိပါတယ်၊ အခုမဲပေးတဲ့အခါမှာ ၄၀၆ ဦးတွေ့ရှိရပါတယ်၊ ၂၀ ပျောက်နေပါတယ်၊ ၂၀ ပျောက်နေတာက ကော်မတီအစည်းအဝေးတွေ ရှိလို့သွားသလား၊ ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားသလား၊ ကျနော်တို့အလေးအနက်ထားရပါမယ်၊ နောက်ကို ကော်မတီအစည်းအဝေးတွေရှိရင် ကျနော်တို့ ကော်မတီအစည်းအဝေးတိုင်းက လွှတ်တော်ထိ နေ့လည်ပိုင်းကနေပြီးတော့ ညနေ ၄ နာရီ၊ ၄ နာရီခွဲ ရုံးချိန်ထိ လုပ်နိုင်ပါတယ်၊ အခုလောလောဆယ် ၂၀ ပျောက်တာတွေ့ရှိတာကို လွှတ်တော်ကို အသိပေးကြေညာခြင်းဖြစ်ပါတယ်"

ကချင်ပြည်နယ်နဲ့ တရုတ်မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဘိန်းစိုက်ပျိုးမှုကို တဖက်နိုင်ငံက လက်ဝဲကြီးအုပ်ထားတာကြောင့် အချုပ်အခြာအာဏာကို ထိပါးနေတာဖြစ်ကြောင်း အဲဒီ ဘိန်းစိုက်ခင်းတွေကို တိုက်ဖျက်မယ့်သူတွေကို အကာအကွယ်ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးက ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ယခုအခါ အဆိုပါဘိန်းစိုက်ပျိုးသူများဟာ တစ်ဖက်နိုင်ငံသားများက လက်ဝါးကြီးအုပ် စီးပွားဖြစ်လုပ်ကိုင်နေတာကို တွေ့ရလို့ နိုင်ငံတော်ရဲ့အချုပ်အခြာနှင့် ပတ်သက်ပြီးတော့ လည်း ပုံရိပ်ကျဆုံးရပါတယ်၊ အောက်ခြေဒေသခံပြည်သူလူထုများပါဝင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အနေဖြင့် ၄င်းတို့ကိုယ်တိုင်တွေ့မြင်ထားသော ဧက ၁ သောင်းကျော်ခန့်ရှိ ဘိန်းခင်းများကို အချိန်မှီသွားရောက် ဖျက်ဆီးနိုင်ရန်အတွက် ထိရောက်သော ကူညီပံ့ပိုးပေးမှုကို လိုလားလျက်ရှိနေကြပါသည်၊ နိဂုံးချုပ်အားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးတွင် ပြည်သူလူထုပါဝင်မှုအပေါ် ကြိုဆိုထောက်ခံ ရန်နှင့် ဟန့်တားနှောက့်ယှက်နေသော အန္တရာယ်က ကာကွယ်ပေးရန်အပြင် ထိရောက် သောပံ့ပိုးမှုများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်ပြအပ်ပါသည်"

လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော် တက်ရောက်သူ ၄၂၆ ဦး ရှိတဲ့အထဲက မဲပေးသူ ၄၀၆ ဦးသာ ရှိတာကြောင့် ကိုယ်စားလှယ် ဦးရေ ၂၀ ရဲ့ မဲတွေ ပျောက်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွင်း ကချင်ပြည်နယ် တနိုင်း၊ ပူတာအို ၊ ဆွမ်ပရာဘွမ် ၊ ချီဖွေ နဲ့ အင်းတော်ကြီး စတဲ့ ဒေသတွေက ဘိန်းခင်းဧက ၃ထောင်ကျော်ကို လူထုအင်အားနဲ့ ဖျက်ဆီးနိုင်ခဲ့ သလို ၀ိုင်းမော်ဒေသမှာလည်း ဒေသဆိုင်ရာအစိုးရအဖွဲ့၊ အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ တို့နဲ့ ပူးပေါင်းပြီး ဘိန်းစိုက်ဧက ၈၀၀ နီးပါးဖျက်ဆီးခဲ့နိုင်ကြောင်း အဆိုတင်သွင်းသူ ဦးလဂမ်ဇယ်ဂျုံးက ပြောခဲ့ပါတယ်။

ဦးလဂမ်ဇယ်ဂျုံး တင်သွင်းတဲ့ အရေးကြီးအဆိုကို ဆက်လက်ဆွေးနွေးဖို့ အတည်ပြု လိုက်ပြီး မနက်ဖြန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


မြေပုံ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၏ ဇာတ်ပွဲ တစ်ခုအတွင်း လူငယ်များ အပြန်အလှန်ရိုက်ကြရာမှ လူ ၆ ဦးကို ဆေးရုံတင်လိုက်ရသည်ဟု သတင်း ရရှိသည်။

ကမ်းကြီးမြို့၊ ရွာသာယာရပ်ကွက်တွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ နှစ်ညတိုင်တိုင် နာရေးကူညီမှုအသင်းရန်ပုံငွေအတွက် ရတနာထွန်းဇာတ်အဖွဲ့ ကပြရာ နောက်ဆုံးညတွင် လူငယ်များ ဇာတ်စင်အောက်၌ ကခုန်ကြရာမှ စကားများရန်ဖြစ်ပြီး ရိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲကာလ ဖြစ်သဖြင့် ကျောင်းသားမိဘများ ဆန့်ကျင်နေသည့်ကြားထဲမှ ပြုလုပ်ခဲ့သော ဇာတ်ပွဲအတွင်း ထိုသို့ ခိုက်ရန် ဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားများအကြား မကျေနပ်မှုများ တိုးပွားနေကြောင်း ကျောင်းသား မိဘ တစ်ဦက ပြောသည်။

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမ်းထောင်းကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက “ ဒဏ်ရာ လူနာခြောက်ဦးစလုံး စိုးရိမ်စရာမရှိပါဘူး။ ဆေးကုသခံယူနေပါတယ်” ဟုဖြေကြားသည်။

အပြန်အလှန်ရိုက်နှက်ကြရာတွင် ဒဏ်ရာ ရရှိသူ လူငယ်ခြောက်ဦးအား ကမ်းထောင်းကြီး တိုက်နယ် ဆေးရုံတွင်ထားရပြီး နှစ်ဦးမှာ ဆေးရုံးမှ ဆင်းသွားခဲ့ကာ လေးဦးမှာ ဆေးရုံတက်နေရသေးကြောင်း ဒေသခံများက ပြောသည်။

ကမ်းထောင်းကြီးမြို့တွင် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အသံချဲ့စက်များကို ည(၈)နာရီမှ နံနက်(၄ )နာရီထိနှင့် နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ဖွင့်ခွင့်မရှိကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၎င်းဇာတ်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိနေသည့် RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်း တပ်ဖွဲ့များမှာ အစိုးရတပ်မတော်မှ သတ်မှတ်ထားသော နေရာသို့ ပြန်လည်ဆုတ်ခွာခြင်း မရှိသောကြောင့် နယ်မြေရှင်းလင်းရေး ပြုလုပ်တော့မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အပစ်မရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် တအာင်းပလောင် တပ်ဖွဲ့ TNLA/PSLF နှင့် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲထားသည့် RCSS/SSA တို့အကြား နယ်မြေအငြင်းပွားမှု ပြသ၁နာများကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တအာင်းပလောင် တပ်ဖွဲ့စခန်းများကို သိမ်းပိုက်ခဲ့သည့် RCSS/SSA တပ်များကို ပြန်လည်ဆုတ်ခွာရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ညွှန်ကြားထားခဲ့ပြီး ပြန်လည်ဆုတ်ခွာမည် မဟုတ်ဟု RCSS/SSA တပ်ဖွဲ့မှ အကြောင်းပြန်ကြားခဲ့သည့် အတွက် တပ်မတော်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ လက်နက်ကိုင် အဖွဲ့အားလုံးကို ရှင်းလင်းလျက်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစကတည်းက ဒီလိုဖြစ်မယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ သိသင့်တယ်။ အန်စီအေ ဆိုတာလည်း ဒီအစိုးရကနေ စပြီးတော့မှ အခြေတည်ထားတာ။ အန်စီအေ ထိုးတဲ့လူနဲ့ မထိုးတဲ့လူကို ထိပ်တိုက်တွေ့အောင် ဖန်တီးတာလည်း သူတို့ရဲ့ ပရောဂ မကင်းဘူး။ အဲဒီတော့ အန်စီအေအပေါ် သာယာနေတဲ့ အဖွဲ့တွေရော တစ်ဖက်သတ် မြင်နေတဲ့အဖွဲ့တွေရော ကိုယ့်ကိုကိုယ် နားလည်ဖို့လိုတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ
ဦးစိုင်းလိတ်က မှတ်ချက်ပြုပြောဆိုသည်။

အာစီအက်စ်အက်စ် နှင့် တအာင်းပလောင်တို့ အကြား RCSS/SSA အဖွဲ့မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှမ်းမြောက်ရှိ ရှမ်းနှင့် တအာင်းပလောင် တိုင်းရင်းသားများ နေထိုင်သည့် နယ်မြေများကို သူပိုင်သည် ကိုယ်ပိုင်သည်ဟု အငြင်းပွားခဲ့ခြင်းဖြစ်ကာ အာစီအက်စ်အက်စ်မှာ အစိုးရနှင့်တ ရားဝင် နယ်မြေသတ်မှတ်မှု မပြုလုပ်ရခင် နယ်မြေချဲ့ထွင်ခြင်း ဖြစ်သည်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ စွပ်စွဲမှုများရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ထိုင်းမြန်မာနယ်စပ် လွယ်တိုင်းလျှံတွင် ဌာနချုပ်ရှိသည့် အာစီအက်စ်အက်စ် တပ်ဖွဲ့ဝင်များ ထောင်နှင့်ချီပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိလာမှု အပေါ်တွင်လည်း အစိုးရမှ တစ်စုံတစ်ရာ တားဆီးခဲ့မှု မရှိသည့်အပေါ် ဝေဖန်မှုများရှိနေခဲ့ပြီး ယခုကဲ့ တအာင်းပလောင် တပ်ဖွဲ့စခန်းများကို အာစီအက်စအက်စ်အဖွဲ့မှ သိမ်းပိုက်ခဲ့ပြီးနောက်တွင် တပ်မတော်မှ အာစီအက်စ်အက်စ် တပ်ဖွဲ့များကို ပြန်ဆုတ်ခိုင်းသည့်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၀(င)တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ဖော်ပြထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၄၁ တွင် နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ဖော်ပြထားကာ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ တပ်မတော်မှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA အဖွဲ့များ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံပြည်သူများ ဒုက္ခများ ကြုံတွေ့နေမှုအပေါ် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးတို့အတွက် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် အစိုးရ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်း၍ ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုခဲ့သည့်အတွက် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက် လှုပ်ရှားရှင်းလင်းလျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA အဖွဲ့များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ရဟန်းသံဃာများကို ဖမ်းဆီးခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကျောက်မဲ ခရိုင်အတွင်းမှ ဒေသခံပြည်သူ အမျိုးသား ၁၄၆၇ ဦး၊ အမျိုးသမီး ၂၁၉၀ ဦး၊ စုစုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင် လျက်ရှိသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်ပြီး တိုင်းရင်းသားညီအစ်ကို အချင်းချင်းအကြား ညှိနှိုင်း ဖြေရှင်းနေကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည့် အတွက် တပ်မတော်အနေဖြင့် စောင့်ကြည့်ခဲ့သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies

( ဓာတ်ပုံ- နီပေါနိုင်ငံမှ တွင်အော်တာ လေယာဉ် တစ်စီးကို တွေ့ရစဉ်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄

ဆိုးရွားသော ရာသီ ဥတုကြောင့် နီပေါနိုင်ငံတွင် လေယာဉ် တစ်စီး ယနေ့ ပျက်ကျရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ လူ ၂၃ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း Reuters တွင် သတင်း ဖော်ပြသည်။

ပျက်ကျသော လေယာဉ်ငယ်မှာ ပုဂ္ဂလိက လေကြောင်းလိုင်း Tara ပိုင် တွင်အော်တာ (Twin Otter) အမျိုးအစား ဖြစ်ပြီး နိုင်ငံမြို့တော် Kathmandu မှ ၁၂၅ ကီလိုမီတွင် နှင်းများထူထပ်စွာ ကျရာမှ ရာသီဥတု ဆိုးရွားပြီး ပျက်ကျ သွားကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါ လေယာဉ်သည် Pokhara မြို့မှ Jomsom သို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

ယခု လေယာဉ်ပျက်စီးမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နီပေါ လေယာဉ်ပျက်ကျမှုတွင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews


ထိုင်းနိုင်ငံတောင်ပိုင်းရှိကာဘူရီ နယ်မြေတောတွင်းတစ်နေရာ၌ ထိုင်း စစ်တပ်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာအလုပ်သမား ၃၅ဦး ကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (Myanmar Association Thailand)မှပြည်ထောင်စု နေ့စဉ်သို့ ဆက်သွယ်ပြောကြား သည်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံ ကော့ သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဆိပ်ဖူးနှင့် အောင်ချမ်းသာရွာ အခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်း မှတစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ အခြေစိုက် မြန်မာလူ ကုန်ကူးဂိုဏ်းနှင့် လူကုန်ကူးသူ များထံသို့ မြန်မာအမျိုးသမီးခုနစ် ဦးနှင့် အမျိုးသား၂၈ ဦးတို့အား ဆက်သွယ်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၇ဝဝဝ မှ ၁၅ဝဝဝ အထိ လူကုန်ကူးသူများအား ပေးခဲ့ရ ကြောင်းဖြင့် အလုပ်သမားများ၏ ပြောချက်အား ထိုင်းနိုင်ငံရှိ နေ့စဉ် ထုတ် ဒေးလီးမေးလ်သတင်းစာမှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ၌ ပန်းရောင်ဘတ် ကတ်ပြုလုပ်ပေးမည်ကိုအကြောင်း ပြ၍ မြန်မာလူကုန်ကူးဂိုဏ်းများ က ထိုင်းနိုင်ငံသို့လာရောက် အလုပ် လုပ်ကိုင်လိုကြသည့် မြန်မာလူငယ် များအား စုဆောင်းခေါ်ဆောင်နေ ကြသဖြင့် ထိုင်းစစ်တပ်က သတိ ထားစောင့်ကြည့်နေခိုက် သတင်း စုံစမ်းရရှိခဲ့သောကြောင် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 အလုပ် သမားများမှာ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ရှောင်ကွင်းသည့်အနေဖြင့် တောထဲ၌ လမ်းလျှောက်နေစဉ် ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး လူကုန်ကူးသည့် ဂိုဏ်းသား များအား ဖမ်းဆီးရမိခဲ့ခြင်းမရှိ ကြောင်း၊ မြန်မာအလုပ်သမားများ ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ တောင်ပိုင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ကြမည်ဟု သိရကြောင်း သတင်းမှဖော်ပြထားသည်။

မောင်စိန်ဝင်း
The Union Daily
http://uniondaily.net

ပြည်သူ့ လွှတ်တော် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

    ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်း နှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို အကျိုး သက်ရောက်မှု ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ် စီမံ ဆောင်ရွက် နိုင်ရေး နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား လွတ်တော် ကိုယ်စားလှယ် ၂၂ ဦးက နှစ်ရက်ကြာ ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ၀န်ကြီးဌာနများဖြစ်ကြသည့် ပို့ ဆောင်ရေး ၀န်ကြီးဌာန ၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၊ ပြည်ထဲရေး ၀န်ကြီးဌာန ၊ ကျန်းမာရေး ၀န်ကြီးဌာန ၊ လူမူဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန တို့ မှ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံ ဆောင်ရွက်ထားမှုများအား ပြန်လည် ရှင်းလင်း တင်ပြခဲ့ပြီးနောက် အဆိုရှင်၏ သဘောထားအတိုင်း လွှတ်တော်၏ သဘောဆန္ဒရယူခဲ့သည်။

အရေးကြီးအဆိုနှင့် ပတ်သတ်၍ ဆန္ဒမဲပေးခွင့်ရှိသူ ၄၃၀ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၄၀၀ ၊ ကန့် ကွက် ဆန္ဒမဲ ၁ ၊ ကြားနေ ဆန္ဒမဲ ၁၄ ဖြင့် ထောက်ခံဆန္ဒမဲ အရေအတွက် များသဖြင့် အဆိုအား အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား မိတ္ထီလာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ ရာသီဥတု ပြောင်းလဲခြင်း နှင့် အယ်လ်နီညို(EL Nino) အကျိုး သက်ရောက် မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူလူထု ကြုံတွေ့ ခံစားရမည့် ရေရှားပါးမှု ၊ အပူချိန် ပြင်းထန်မှု ၊ သောက်သုံးရေ ရှားပါးမှု ၊ ကျန်းမာရေး ပြသနာများ ၊ စားရေရိက္ခာ ပြသနာများ ၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် စီမံ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ၊ ပြည်တွင်းပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com