02/27/16



ပုံတွင်မြင်ရသည်မှာ ဆူယာပရာဆတ်ဆိုသူ အသက် ၃၄ နှစ်အရွယ် နီပေါအမျိုးသားက ၎င်း၏ခန္ဓာကိုယ်ပေါ်၌ သေစေနိုင်သည်အထိ အဆိပ်ပြင်း serena ပျား အကောင်ရေသန်းချီဆွဲစေ၍ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြသခဲ့ခြင်းဖြစ်သည်။


 ၎င်းသည် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၉ နှစ်ခန့် ရှိပြီး ပျားများကို သူ၏အကောင်းဆုံးမိတ်ဆွေများအဖြစ် သတ်မှတ်ထားသူဖြစ်သည်။

 ဂျပန်အမျိုးသားတဦး၏ အလားတူ ပြသမှုကို ကြည့်ရှုခဲ့ရပြီးနောက် ဆူယာပရာဆတ်က ယခုကဲ့သို့ လုပ်ပြခဲ့ခြင်းဖြစ်သည်။

_People’s DAily
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များအား လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးရာ ယခင်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) ဦးသန်းရွှေ၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင်က လုပ်ကိုင်ခွင့် နှစ်ဆိုင်ရရှိခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတန်းဝန်ဦးဖေသန်းက နိုင်ငံပိုင်မီဒီယာမှ ထုက်ပြန်ခဲ့သည်။

ယင်းထုက်ပြန်ချက်၌ အစိုးရမှ လုပ်ငန်းရှင်များထံသို့ စက်သုံးဆီဆိုင် ၂၆၁ ဆိုင် လွှဲပြောင်းပေးခဲ့သည်။ ထိုလုပ်ပိုင်ခွင့်ရရှိသော လုပ်ငန်းရှင်များသည် အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများသာ ရရှိခဲ့သည်။ SKY NET ရုပ်သံလိုင်း ထုတ်လွှင့်သည့် ရွှေသံလွင်ကုမ္ပဏီက ၁၃ ဆိုင်၊ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် လွန်စွာနီးစပ်သော ဧရာရွှေဝါကုမ္ပဏီက ၁၃ ဆိုင်၊ ဦးဇော်ဇော်ပိုင်ဆိုင်သောMax Myanmar ကုမ္ပဏီ၊ ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများကို ဆောက်လုပ်ခွင့်ရသော ရွှေတောင်ကုမ္ပဏီ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က နှစ်ဆိုင်နှင့် အခြားသော လုပ်ပိုင်ခွင့်ရ ဆိုင်များသည်လည်း အစိုးရအဖွဲ့နှင့် နီးစပ်သော လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

အလားတူ ၂၀၁၀ ခုနှစ် နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များ လုပ်ငန်းရှင်များထံ လွှဲပြောင်းပေရာ၌ အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဦးသိန်းစိန်အစိုးရကို ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း - ကျော်စိုးဦး
Photo - Saung Phyu
The Ladies News Journal

ချင်းမိုင်၊ဖေဖော်ဝါရီ ၂၇ ။ ။ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား လုံခြုံရေး ထပ်မံတိုးမြင့်ပေးရန်အတွက် ပြည်ထောင်စု အစိုးရသို့ အမြန်ဆုံး တင်ပြသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် နယ်လုံဝန်ကြီးက ပြောဆိုခဲ့သည်ဟု မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဥက္ကဌ ဦးလုန်ဂျွန်တူးရော်က ပြောသည်။

ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး၊ပြည်နယ်ရဲမှူးကြီးတို့နှင့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်များ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲပိုင်း ၃ နာရီခွဲမှ ၆ နာရီထိ မြစ်ကြီးနားမြို့ရှိ ပြည်နယ် ရဲတပ်ဖွဲရုံးတွင် တွေ့ဆုံဆွေးနွေး၍ သဘောတူညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ပစ်ခတ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရ၏ စီစဉ်ပေးသော လုံခြုံရေးအင်အား မလုံလောက်မှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရသည်ဟု သုံးသပ်ခဲ့ပြီး လုံခြုံရေးတိုးမြင့်ပေးရန် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တင်ပြခဲ့မှုအပေါ် ပြည်ထောင်စု အစိုးရထံသို့ အမြန်ဆုံး တင်ပြသွားမည်ဟု နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောဆိုခဲ့သည်ဟု မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဥက္ကဌ ဦးလုန်ဂျွန်တူးရော်က ပြောသည်။

“သူတို့က ပြည်နယ်အစိုးရကနေဆောင်ရွက်ပေးတာ လုံခြုံရေး လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် ပြည်ထောင်စု အစိုးရကို သူတို့ အကူအညီလိုအပ်ကြောင်း မြန်မြန်ဆန်ဆန် အစောတလျှင်တင်ပြ သွားမယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ဆွေးနွေးမှုတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ခဲ့မှုအပေါ် ဆွေးနွေးသုံးသပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ လိုက်ပါခဲ့သော်လည်း လုံလောက်မှုမရှိခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ပြည်သူများ ဆန္ဒဖော်ထုတ်မှုများ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အနေဖြင့် နောက်မဆုတ်ဘဲ ဘိန်းခင်းများ ဆက်လက် တိုက်ဖျက် သွားမည် ဖြစ်ကြောင်း ဦးလုန်ဂျွန်တူးရော်က ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှလည်း ဘိန်းဖျက်ဆီးရန် ဆိုင်းငံထားပြီး လုံခြုံရေး စောင့်ဆိုင်းရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟု ဆွေးနွေးမှုတွင် ပါဝင်သူ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးသွားမည် ဖြစ်ပြီး တည်ဆဲဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း နယ်လုံဝန်ကြီးက ပြောဆိုခဲ့သည်ဟု ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်က လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖက်ရေးအဖွဲ့ကို လက်နက်ကိုင် ခဲယမ်းများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများ ပစ်ခတ်ခံရသဖြင့် လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ တိုက်ခိုက်ခံ ရမှုအပေး မကျေနပ်သဖြင့် ပြည်သူလူထု ထောင်ချီက မြစ်ကြီးနားမြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လူထုအင်အား ၂၀၀၀ ကျော်သည် အုပ်စု ၆ စု ခွဲ၍ ဖေဖော်ဝါရီ ၂၄ ရက်က ဝိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေ လမ်းစုံမှ စတင်ထွက်ခွာခဲ့ရာ အုပ်စု ၂ နှင့် အုပ်စု ၄ အဖွဲ့တို့ကို ဘိန်းစိုက်ပျိုးသူများက လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
Mizzima - News in Burmese

ဘိန်းခင်းတွေ ဖျက်ဆီးဖို့သွားတဲ့ ကချင်လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေပြီလို့ ပြည်နယ်အစိုးရက ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောလိုက်ပါတယ်။

လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့က ကျူးလွန်ခဲ့သည်ဖြစ်ဖြစ် ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ်ကပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့ကပဲ လုပ်လုပ် တိုက်ခိုက်ခဲ့သူတွေကို စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့ ကချင်ပြည်နယ်အစိုးရလုံခြုံရေးဝန်ကြီးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ဘိန်းခင်းတွေလိုက်ဖျက်တဲ့ ပတ်ဂျာဆန်အဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဆဒုံ-ကမ်ပိုက်တီးလမ်းပေါ်က ဝေမိုးရွာအ၀င်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဘက်စလုံးက လူအယောက် ၃၀ ခန့် ဒဏ်ရာရခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/137208

စင်္ကာပူ၊ ဖေဖော်ဝါရီ ၂၆ ။ ။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနားသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် စင်္ကာပူနိုင်ငံသို့ ဖေဖော် ဝါရီ ၂၆ ရက် ည ၉ နာရီအချိန်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် စင်္ကာပူနိုင်ငံတွင် ပထမဆုံးအ ကြိမ် ပြုလုပ်မည့် ၎င်း၏ ဖျော်ဖြေပွဲအတွက် အငြင်းပွားမှုများ ဆက်လက် ကြုံတွေ့နေရကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

မက်ဒေါနားသည် ဆန်တိုဆာကျွန်းရှိ Capella Singapore ဟိုတယ်တွင် တည်းခိုရန် စီစဉ် ထားကြောင်း သတင်းအရင်းမြစ်က ထပ်လောင်း ပြောကြားသည်။ မက်ဒေါနားသည် အစမ်းလေ့ကျင့် မှု ပြုလုပ် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက်ညနေတွင် အမျိုးသား အားကစားကွင်းသို့ သွားရောက်ရန် မျှော်မှန်းထားသည်။ မက်ဒေါနားသည် ၎င်း၏ “Rebel Heart” ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မက်ဒေါနားသည် စင်္ကာပူနိုင်ငံအတွင်းရှိ ကက်သလစ်ဂိုဏ်းတော်နှင့် အခြားသော ဘာသာရေး အဖွဲ့အစည်းများက ၎င်း၏ ဖျော်ဖြေပွဲနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခံခဲ့ရပြီးနောက် သီတင်း ပတ်ကုန်တွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။

“ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ် ကိစ္စရပ်တွေကို သတိပြုရမှာ ဖြစ်တယ်။ မက်ဒေါနားဟာ စင်္ကာပူမှာရှိတဲ့ သူမရဲ့ ပရိတ်သတ်တွေကို တေးဂီတနဲ့ သူမရဲ့ အနုပညာကို ဖျော်ဖြေတင်ဆက်ဖို့အ တွက် စိတ်လှုပ်ရှားနေပါတယ်” ဟု မက်ဒေါနား၏ “Rebel Heart” ကမ္ဘာလှည့်ဖျော်ဖြေရေး ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

မက်ဒေါနားသည် စင်္ကာပူနိုင်ငံသို့ မလာမီ ဖေဖော်ဝါရီ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် ဖျော်ဖြေခဲ့သည်။
Mizzima - News in Burmese

အင်္ဂပူ၊ဖေဖော်ဝါရီ ၂၇ ။ ။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့မဲစလီကုန်းကျေးရွာအုပ်စု ရုံးဇင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်သည့် ဗိုလ်​​အောင်​​ကျော်​ရာပြည့်​ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်​လွှာ​ပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် "၁၉၈၈ခုနှစ်​မှာ ဒီမိုက​ရေစီအ​ရေး​တော်​ပုံကြီး​ပေါ်​ပေါက်​လာခဲ့ပြီး ဒီ​နေ့အထိ ဒီမိုက​ရေစီအ​ရေး​တော်​ပုံကြီးရဲ့ တာဝန်​​တွေကမပြီးဆုံး​သေးပါဘူး" ဟု ဒေါ်​အောင်ဆန်းစုကြည့်​က ရေးသားထားသည်။

ယနေ့အထိ ဒီမိုကရေစီအရေးတော်ပုံ မပြီးဆုံးသေးသည့်အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ယနေ့မျိုးဆက်များ၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းထားသည်။

သ၀ဏ်​လွှာတွင်​ "ကျွန်​မတို့တစ်​​တွေဟာ တိုင်းပြည်​နဲ့ပြည်​သူလူထုအကျိုးအတွက်​ရည်​ရွယ်​လုပ်​​ဆောင်​သွားကြရင်းကျဆုံးသွားတဲ့ အာဇာနည်​များကို​တော့ နှစ်​​ပေါင်းရာ​ထောင်​မက သတိရ​နေတတ်​ကြပါတယ်​၊ဗိုလ်​​အောင်​​ကျော်​ဟာ ကိုလိုနီ နယ်​ချဲ့ကိုလိုနီများကို ​ကျောင်းသားဘ၀နဲ့ ​ရှေတန်းက​နေ တွန်းလှန်​တိုက်​ပွဲဝင်​ခဲ့တယ်​၊ကျွန်​မသိတယ်​ ဗိုလ်​​အောင်​​ကျော်​ဟာ မြန်​မာ့ယဉ်​​ကျေးမှု၊မြန်​မာ့အစဉ်​အလာ​တွေကိုမြတ်​နိုးတန်​ဖိုးထားတယ်​၊မြန်​မာပြည်​ကြီးကိုချစ်​ခဲ့တယ်​"ဟု သ၀ဏ်​လွှာတွင်​​ရေးသားထားသည်​။

တိုင်းပြည်​အတွက်​ရဲဝံ့စွာလုပ်​​ဆောင်​သွားခဲ့ပြီး ၁၉၃၈ခုနှစ်​တွင် ၁၃၀၀ပြည့်​အ​ရေး​တေ်​ပုံကြီး၏ တာဝန်​​များ ကိုထမ်း​ဆောင်​ရင်​ကျဆုံးသွားခဲ့ကြောင်း အ​ရေး​တော်​ပုံကြီးခဲ့သည့်နောက် ၁၀နှစ်​ကြာမြန်​မာပြည်​ကြီး လွတ်​လပ်​​ရေးရခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်​ပြထားသည်​။

"ယခုအခါ ကျွန်​မတို့နိုင်​ငံမှာ ဗိုလ်​​အောင်​​ကျော်​ လို တိုင်းပြည်​အ​ပေါ်တာဝန်​​ကျေတဲ့ သား​ကောင်း၊သမီး​ကောင်းများကိုလိုအပ်​​နေပါတယ်​၊ကျွန်​မတို့ တိုင်းပြည်​နဲ့ပြည်​သူလူထုအများ ​ရေရှည်​​ကောင်းစားဖို့၊ ငြိမ်းချမ်းဖို့ဆိုတာ ကျွန်​မတို့အားလုံးကဝိုင်​ဝန်းတည်​​ဆောက်​မှရရှိမှာမို့ တိုင်းပြည်​နဲ့ပြည်​သူလူထုအတွက်​ကျရာအခန်းကဏ္ဍ က​နေ ဝိုင်းဝန်းတည်​​ဆောက်​ခြင်းအားဖြင့်​ ဗိုလ်​​အောင်​​ကျော်​ကိုဂုဏ်​ပြုကြပါလို့ တိုက်​တွန်းနှိုး​ဆော်​​ကြောင်း" ​နှိုးဆော်​ထားသည်​။

ယင်းအခမ်းအနားသို့ ၈၈ မျိုးဆက်​များ၊ ​ကျောင်းသားအဖွဲ့အစည်း အသီးသီးတက်​​ရောက်​ကြပြီး၊ သ၀ဏ်​လွှာများ​ပေးပို့ဖတ်​ကြားခဲ့သည်​။

ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာအား တိုင်းလွှတ်တော်ဥက္ကဠ ဦးအောင်ကျော်ခိုင်ဖတ်ကြားစဉ်။ (ရိုက်ကူး- စည်သူမောင်မောင်)

Posted by Mizzima - News in Burmese on Friday, February 26, 2016
စည်သူမောင်မောင်
Mizzima - News in Burmese

[youtube src="i_RFPKNSgpc"/]
လက်ရှိအစိုးရကို ပြည်ထောင်စု လွှတ်တော်မှာ တာဝန်ခံခိုင်းတဲ့ကိစ္စ ဖွဲ့စည်းပုံ အရပြန် သုံးသပ်ရမယ် ဆိုတဲ့ ဝန်ကြီးဦးရဲထွဠ်ရဲ့ ပြောစကားကို ရှေ့နေတွေက ပြန်လည်ချေပပြောဆိုထားပါတယ်။

DVB TV /မေသ­င်္ကြန်

ဆိုင်းဂျာဘွမ် ကျေးရွာအနီး ကျောက်မိုင်းခွဲရန် ဂန်းစက်ဖြင့် ဖောက်နေမှုအား တွေ့ရစဉ်

ဖားကန့်ဒေသတွင် လုပ်ကိုင်နေသော ကျောက်တူးဖော်ရေး ကုမ္ပဏီလုပ်ငန်းများက ယမ်းသိပ်သည်းဆ အများအပြား အသုံးပြု ကာ ကျောက်မိုင်းခွဲ လုပ်ကိုင်နေမှုကြောင့် ကျေးရွာအများအပြား ထိခိုက်နစ်နာမှု ရှိနေကြောင်း သိရသည်။

ယခင်ကထက် သိပ်သည်းဆ ပို၍များပြားသော ယမ်းများအသုံးပြုကာ ကျောက်မိုင်းခွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ အနေအထား ပျက်ယွင်းသွားခြင်း၊ အိမ်ဖောင်ဒေးရှင်း အုတ်ခုံများ အက်ကွဲခြင်း၊ ရံဖန်ရံခါ ကျောက်မိုင်းခွဲရာမှ လွင့်စင်လာသော ခဲလုံးများမှာ ကျေးရွာအတွင်းရှိ အိမ်ခေါင်မိုးများပေါ်သို့ ကျရောက်ခြင်း၊ အသံကျယ်လောင်စွာ ပေါက်ကွဲမြည်ဟီးသံကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်ပေါ်ရခြင်းတို့ ခံစားနေရကြောင်း ဒေသခံများက ပြောကြားသည်။

“မိုင်းခွဲလိုက်ရင် တစ်ရွာလုံး တုန်ခါသွားတာပဲ။ အိမ်တော်တော်များလည်း အောက်ခြေတမံတလင်းတွေ အက်ကွဲကုန်ပြီ။ ဒီကိစ္စတွေမှာ ကုမ္ပဏီကလည်း ဘာတာဝန်ယူမှုမှ မရှိပါဘူး။ တကယ်လို့ ရွာထဲကို ခဲလုံးလွင့်စင်လာရင်လည်း အလွန်အန္တရာယ် များပါတယ်” ဟု မမုံကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

ကျောက်မိုင်းခွဲမှုကြောင့် ကရင်ချောင်၊ ဟင်းတင့်၊ စပေါ့၊ မမုံ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ ကုဋေ၊ မားဆား၊ မဇွပ်ယန်၊ ဆန်ခါ စသည့်ကျေးရွာများမှာ ထိခိုက်နစ်နာမှုများရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကုဋေကျေးရွာအတွင်းရှိ အိမ်ခေါင်မိုးများပေါ်သို့ ကျောက်ခဲများ လွင့်စင်ကျခဲ့ရာ တစ်အိမ်လျှင် ကျပ်သိန်းတစ်ရာ ပေးလျော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က သတ်မှတ်ထားသော ကျောက်မိုင်းခွဲရန် အချိန်ဇယားအားလည်း ကုမ္ပဏီများ အနေဖြင့် လိုက်နာမှု မရှိကြောင်း၊ ကျောက်မိုင်းခွဲချိန်မှာ နံနက် ၆ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင်တစ်ကြိမ်၊ ညနေ ၅ နာရီတွင် တစ်ကြိမ် တစ်နေ့လျှင်သုံးကြိမ် သတ်မှတ်ထားသော်လည်း ညသန်းခေါင်ယံ အချိန်တွင်ပါ ကျောက်မိုင်းခွဲမှု လုပ်ဆောင်နေသဖြင့် ဒေသခံများမှာ အထိတ်တလန့် ဖြစ်ပေါ်နေကြောင်း၊ ညအချိန် ကျောက်မိုင်းခွဲမှုကြောင့် ခဲများလွင့်စင်လာပါကလည်း ရှောင်တိမ်းချိန် မရသဖြင့် အသက်အန္တရာယ် များစွာရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ဒေသခံများက ကုမ္ပဏီ မြေသယ်ကားလမ်းများအား ပိတ်ဆို့ဆန္ဒထုတ်ဖော်မှုတွင် ကျောက်မိုင်းခွဲရာ၌ ယမ်းသိပ်သည်းဆ လျှော့ချရမည့်အချက်လည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။
Writer:
အောင်ဟိန်းမင်း
Eleven Media Group



လက်ရှိအစိုးရအပေါ်တိုက်တွန်းတဲ့အရေးကြီးအဆိုကို အမတ်တွေဆွေးနွေးကြတဲ့အခါ ကြံ့ခိုင်ရေးကကျိုင်းတုံအမတ်ကအဆိုကိုကန့်ကွက်ဆွေးနွေးတဲ့သဘောမျိုးရှိခဲ့ပြီး NLD အမတ်တွေကာက်ခံဆွေးနွေးကြတာကိုတွေ့ရပါတယ်...

ဒီလိုဆွေးနွေးရာမှာNLDအမတ်တစ်ဦးကဆွေးနွေးစဉ်မှာ ဆွေးနွေးမှုတချို့ဟာအဆိုနဲ့တိုက်ရိုက်ပတ်သက်မှု နည်းပြီးယေဘုယျသဘောဆန်နေတာကိုတွေရတဲ့အခါ ဥက္ကဌဦးဝင်းမြင့်က အဆိုနဲ့ပတ်သက်တာကိုသာဆွေးနွေးဖို့ သတိပေးတာကိုတွေ့ရပါတယ်..
အဲဒီအမတ်ဆွေးနွေးနေစဉ်မှာပဲ တပ်မတော်သားအမတ် ဒုဗိုလ်မှုးကြီးတစ်ဦးက ခွင့်တောင်းပြီးကြားဖြတ်ကန့်ကွက်ဆွေးနွေးတာကိုတွေ့လိုက်ရပါတယ်..

ဥက္ကဌကလည်းခွင့်ပြုပေးခဲ့ပါတယ်..သူဆွေးနွေးတာက NLDအမတ်ရဲ့ဦးပိုင်နဲ့ပတ်သက်
တဲ့ လက်ပံတောင်းကိစ္စဆွေးနွေးချက်ပေါ် ပြန်လည်ကန့်ကွက်ကြားဖြတ်ဆွေးနွေး
ခြင်းပါ..သူ့ရဲ့ဆွေးနွေးမှုတွေကလည်း လက်ရှိအစိုးရကိုကာကွယ်တဲ့ မကြားခနကြားနေကြ စာရွက်ပေါ်ကကိန်းဂဏန်းအချက်လက်များကို ဖတ်ကြားတင်ပြခြင်းပါ
အကြောင်းအရာကသိတ်ဆန်းမဟုတ်ဒီနေရာမှာ ထူးခြားတာက အဲလို စစ်တပ်ကိုယ်စားလှယ်တစ်ဦးက ထပြီးဆွေးနွေးစဉ်မှာလွှတ်တော်တက်ရောက်နေတဲ့ ‪#‎စစ်တပ်အမတ်အားလုံးထပြီးမတ်တပ်ရပ်နေတဲ့ပုံစံဟာ‬
ထူးခြားတဲ့အပြုမူတစ်ခုပါပဲ..အဲဒီလုပ်ရပ်ဟာ လွှတ်တော်ဥပဒေ နည်းဥပဒေနဲ့ညီညွတ်မှု
ရှိမရှိဆိုတာလည်း မေးခွန်းထုတ်စရာပါ...

အဲလိုဆွေးနွေးစဉ်မှာ ဥက္ကဌဦးဝင်းမြင့်က
" ရပါပြီ " ဆိုပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းခိုင်း
လိုက်ပါတယ်..စစ်တပ်အမတ်က အနည်းငယ်ကြောင်သွားပေမယ့် စစ်တပ်အမတ်အားလုံးက ဥက္ကဌရဲ့အမိန့်ကို ရိုသေစွာနာခံသွားတာကိုလည်းသတိထားမိလိုက်ပါတယ်...

နောက်NLDအမတ်ရဲ့ဆက်လက်ဆွေးနွေးမှုကိုလည်း ဦးဝင်းမြင့်က နိဂုံးချုပ်ခိုင်းလိုက်တာတွေ့ရပါတယ်...

နောက်ပြီး ကြံ့ခိုင်ရေးကျိုင်းတုံအမတ်က ကန့်ကွက်ပြောကြားတဲ့ အဆိုတင်ခြင်းဟာ
လွှတ်တော်ဥပဒေနဲ့ညီညွတ်ခြင်းမရှိဆိုတဲ့ဆွေးနွေးချက်အပေါ် ဥက္ကဌဦးဝင်းမြင့်က
ဥပဒေအထောက်အထားအချက်အလက်ခိုင်ခိုင်မာမာနဲ့ ပြန်လည်တုန့်ပြန်ရှင်းလင်းသွားတာဟာလည်း အတော်အားရဖွယ်ရာပါ...

့နောက်တစ်ချက်က ဒီအဆိုကိုဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ထားတဲ့အစိုးရအဖွဲ့ဝင်တွေကပြန်လည်တင်ပြရန်အဆင်သင့်မရှိသေးတဲ့အတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ လာရောက်ခဲ့ခြင်းမရှိတာဟာလဲအစိုးရရဲ့လွှတ်တော်အပေါ် မလျှော်ကန်သောအပြုမူလို့ပဲ
မြင်လိုက်မိပါတယ်..

တကယ်ဆို ဖြစ်သင့်တာကဖိတ်ခေါ်ခံရတဲ့အစိုးရအဖွဲ့ဝင်အားလုံးမလာရောက်နိုင်တောင် အရေးပါတဲ့အစိုးရအဖွဲ့ဝင်တစ်ဦးက ကိုယ်စားလာရောက်ပြီး တလေးတစားနဲ့ အစိုးရရဲ့အနေအထားကိုတင်ပြပေးဖို့သင့်ပါတယ်..အခုလို လုံးဝမလာရောက်တဲလုပ်ရပ်ဟာဖြင် အစိုးရရဲ့ယခင်ကာလတွေကတည်းကစွဲလာတဲ့ မာန်မာန အာဏာရှင်ဆန်မှု နိုင်ငံရေးမဆန်မှု သဘောထားမကြီးမှုတွေကိုဖော်ပြလိုက်တာပါပဲ.

ဒါလည်းအဆန်းမဟုတ်တော့..ဒါကြောင့်လည်း ပြည်သူလူထုက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားဆန့်ကျင်ပြလိုက်တာပါပဲ....
ဒီမြင်ကွင်းကိုကြည့်ပြီးသုံးသပ်မိတာပါ..

ပထမလွှတ်တော်တုန်းက ဥက္ကဌသူရဦးရွှေမန်းဟာလည်း လွှတ်တော်ကိုပိုင်နိုင်စွာကိုင်တွယ်နိုင်ခဲ့ပြီးလွှတ်တော်ရဲ့အနေအထားကိုအရေးပါအရာရောက်အောင်စွမ်းဆောင်နိုင်ခဲ့တာတွေ့ခဲ့ရပါတယ်..အဲလိုစွမ်းဆောင်နိုင်ဖို့ဆိုတာကဦးရွှေမန်းလိုလူတစ်ယောက်အတွက် အခက်ခဲကြီးတော့မဟုတ်..
သူဟာယခင်ဗိုလ်ချုပ်ကြီးဟောင်း..စစ်အစိုးရရဲ့ထိပ်တန်းခေါင်းဆောင်တစ်ဦး..အဲအချိန်က အာဏာရပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့်စစ်တပ်က၂၅%ပါနေတဲ့..စစ်ဗိုလ်ဟောင်းအများစုဖြစ်ကြတဲ့ကြံ့ခိုင်ရေးအမတ်တွေပါနေတဲ့ လွှတ်တော်ကို နိုင်နင်းစွာကိုင်တွယ်နိုင်တာဟာ ခက်ခဲတဲ့အရာတစ်ရပ်မဟုတ်..နဂိုစစ်အစိုးရလက်ထက်ကတည်းကသူ့သြဇာနာခံခဲ့ရသူတွေဖြစ်နေတာဟာ သူ့အတွက်အဆင်ပြေစေတဲ့အနေအထား...

အခု ဦးဝင်းမြင်လိုလူတစ်ယောက်အတွက်တော့ လွယ်ကူတဲ့အရာတစ်ရပ်မဟုတ်ဆိုတာသိသာပါတယ်..အရပ်သားစစ်စစ်..နိုင်ငံရေးသမားတစ်ယောက်ကနေ လွှတ်တော်ဥက္ကဌဖြစ်လာတဲ့အခါ စစ်တပ်အမတ်တွေအဖြစ်ပါဝင်နေကြတဲ့ ဗိုလ်ချုပ်တွေ.ဗိုလ်မှုးချုပ်တွေစတဲ့အစဉ်အလာအရ ဗိုလ်ကျနိုင်စွမ်းရှိခဲ့သူတွေပါဝင်နေတဲ့အပြင် အခုလို အာဏာမလွှဲရသေးခင်အစိုးရဟောင်းရဲ့လက်ထက်မှာ လွှတ်တော်အသစ်ကိုကိုင်တွယ်ရတာဟာ စိန်ခေါ်မှုတွေအများပြားနဲ့ပါ...ဒါပေမဲ့ တကယ်အရည်ချင်းရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်အတွက်တော့စစ်သေနာပတိတာဝန်ကိုယူဖို့အတွက်တောင် ခက်ခဲတဲ့ကိစ္စမဟုတ်ပါ..

ဒါပေမဲ့ ဦးဝင်းမြင့်ဟာ စစ်ဗိုလ်ချုပ်တွေအပါအဝင် လွှတ်တော်ကို ဘက်မလိုက်ပဲ မျှမျှတတ..ပိုင်ပိုင်နိုင်နိုင်..တင်းတင်းမာမာ..တည်တ်ကြည်ကြည် ကွပ်ကဲသွားနိုင်ပုံဟာဖြင့်ကြည့်နေရသူ ကျနော့်အဖို့ ရင်ထဲမှာ ကျေနပ်ပီတိဖြစ်ရုံသာမက NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဥက္ကဌဦးဝင်းမြင့်ကိုလည်းလေးစားနှစ်ထောင်းအားရဖြစ်မိပါတယ်..

ဒါအစပဲရှိပါသေးတယ်..အနာဂတ် နိုင်ငံ့အရေးမှာ ပြည်သူတွေရဲ့အနှစ်နှစ်အလလကမျှော်လင့်နေတဲ့ဆန္ဒတွေ ကို NLDဦးဆောင်တဲ့လွှတ်တော်ကြီးက ဆောင်ကြဉ်းပေးမယ်ဆိုတာ မလွဲမသွေယုံကြည်နေမိပါတယ်..

Thetdwe Aung
https://www.facebook.com/thetdwe.aung?fref=ts#



မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် ဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ အလုပ်အများကြီးလုပ်ဖို့ အကြောင်းပြကာ မန္တလေးမြို့က စိတ္တရမဟီ ပထမထပ်မှာ နေထိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးရာထူးကဆင်းပေးဖို့ ရက်သတ္တပတ် ၅ ပတ်သာလိုတော့ချိန်မှာ အခုလို တောင်းဆိုတဲ့ လက်ရေးမူတစ်ခု လူမှုကွန်ရက်ပေါ်ရှိ ဝန်ထမ်းများအကြား ပျံ့နှံ့ခဲ့ပြီး မီလီလျံနာတစ်ယောက် အနေနဲ့ ဆင်းခါနီးအထိ ရသမျှအကုန်ယူနေတာဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။

စိတ္တရမဟီ အိမ်ရာစီမံကိန်းဟာ အမှန်တကယ် နေစရာလုံးဝမရှိတဲ့ ဝန်ထမ်းများစွာအတွက် ရည်ရွယ် ဆောက်လုပ်နေတာဖြစ်ပြီး ဦးစိုးသိန်းလို သန်းကြွယ်သူဌေးတစ်ဦးအနေနဲ့ နေစရာမရှိသည့် ဝန်ထမ်းများ ဆီက နေစရာလုယူခြင်းအပေါ် ဝန်ထမ်းအသိုင်းအဝိုင်းက ရှုတ်ချပြောဆိုနေကြောင်း သိရပါတယ်။

ဦးစိုးသိန်းရဲ့ သား/သမီးတွေ သာမက ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေကြပြီး သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာနေကြောင်း သိရပါတယ်။ ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ခင်ပွန်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း သမီးနောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခု လင်မယား နှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ မြို့တချို့မှာ အိမ်အလွတ်ကြီးတွေ ရှိနေပြီး မန္တလေးမှာ အိမ်မရှိသေးလို့ ဝန်ကြီးပြုတ်ခါနီး ဆင်းခါနီးမှာ အရအမိ နှိုက်ယူနေတာ ဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ ယခင်စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း ကိုယ်ကျိုးအတွက် နိုင်ငံပိုင်စက်ရုံများနဲ့ မြေနေရာတွေကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းတာတွေ၊ ရောင်းချတာတွေ လုပ်ခဲ့ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေရမယ့် စီမံကိန်းတွေကို တင်ဒါမခေါ်ဘဲ နီးစပ်သူတွေဆီက သိန်းပေါင်းများစွာလာဘ်ယူပြီး အလွန် နည်းတဲ့ ဈေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက် စက်မှု(၂)၀န်ကြီးဖြစ်စဉ်ကလည်း တရုတ်ပြည်က ကားတွေကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ကာ ရောင်းချတဲ့ WAGON ကား အစီး(၅၀၀၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီတွေဆီက တစ်စီးကို ဒေါ်လာ(၃၀၀၀) ဝန်ကြီးအတွက် သီးသန့် လာဘ်ယူခဲ့ ပါတယ်။ ဒါ့အပြင် စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးတိုင်း တစ်စီးကိုကျပ်ဆယ်သိန်း တောင်းခဲ့ပါ တယ်။ ဦးစိုးသိန်းလက်ထက်မှာ အစီးရေ ၃၀၀၀ ကျော် လိုင်စင်ထုတ်ပေးပြီး တရားမ၀င် တင်သွင်းလာတဲ့ ကားတွေ ကို စက်မှုဇုန်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။ နိုင်ငံတော် ဘက်ဂျက်များစွာဆုံးရှုံးခဲ့ပေမယ့် ဦးစိုးသိန်း ကတော့ အချမ်းသာဆုံးစာရင်းဝင် ထိပ်တန်းသူဌေးတစ်ဦးဖြစ်သွားပါတယ်။ တချို့ဝန်ကြီးဌာနမှာ ရှိကြတဲ့ ဝန်ထမ်းတွေဟာ ဦးစိုးသိန်းကို (ဦးခိုးသိမ်း)ဆိုပြီး ခေါ်ကြလောက်အောင်အထိ သူ့ရဲ့ မကောင်း သတင်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်ထားခြင်းခံရသော်လည်း ငွေကြေးအရှုပ်တော်ပုံတွေကြောင့် ဥက္ကဋ္ဌရာထူးက ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီလိုအကျင့်ပျက်မှုပေါင်းများစွာ၊ လာဘ်စားမှုပေါင်းများစွာနဲ့ နာမည်ကြီးပြီး ထိပ်တန်း သူဌေးစာရင်းဝင် ဖြစ်နေတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်က အိမ်တစ်လုံးကို တခြားနေရာမှာ ကိုယ့်ဘာကိုယ် မဝယ်ဘဲ နေစရာမရှိတဲ့ ဝန်ထမ်းတွေဆီက ကြားဖြတ်လုယူနေတာကို အခြေခံဝန်ထမ်းအသိုင်းအဝိုင်းက အပြစ်တင် ခဲ့ကြပြီး ဦးစိုးသိန်းနဲ့ ၎င်းမိသားစုဝင်များရဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေကြောင်း သိရပါ တယ်။

credit. ဒီမိုပလူတို
Via. Ye Nwe
https://www.facebook.com/profile.php?id=1000122097464406

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.

လက်ရှိ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းနေတဲ့ အရေးကြီး အဆိုတွေ ကို ဖြေရှင်းဆွေးနွေး ရန် သင့်မသင့် သုံးသပ်ဖို့ လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရုံး က ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ကို ပေးပို့တဲ့စာမှာ အခုလို ဖေါ်ပြထားတာပါ။ အခုလိုလွှတ်တော်က ဆင့်ခေါ်တာကို အစိုးရ အဖွဲ့ဘက်က သွားရောက်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက် လို့ ပြည်သူ့လွှတ်တော်မှာ NLD လွှတ်တော်အမတ်တချို့ အရေးကြီး အဆို တင်သွင်းပြီး မေးခွန်းထုတ်လာတဲ့အပေါ်မှာ လာရောက်ဆွေးနွေးဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း သမ္မတရုံးက ဖေဖေါ်ဝါရီလ(၂၆)ရက် နေ့ရက်စွဲနဲ့ ပေးပို့လာတဲ့ အကြောင်းကြားစာ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အခုလို လွှတ်တော်မှာ ပြောကြားသွားပါတယ်။

" လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ။ ယခု ဆွေးနွေးနေတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန (၁၄) ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော် လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များ ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်းဆွေးနွေးနိုင်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် အချိန်လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်။"

အစောပိုင်းတုန်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန် အစိုးရကို ပထမအကြိမ် လွှတ်တော်သက်တမ်း က ရွေးချယ်တင်မြှောက်ခဲ့ တာဖြစ်တာကြောင့် အခုလက်ရှိလွှတ်တော်သက်တမ်းမှာ သူတို့အစိုးရအနေနဲ့ တာဝန်ခံဖို့မလိုတဲ့အတွက် တမင်သပ်သပ်အစိုးရကို ထိုးနှက်တဲ့ ကိစ္စရပ်တွေမျိုးကို လွှတ်တော်မှာ ဝန်ကြီးတွေအနေနဲ့ သွားရောက်ဖြေရှင်းဖို့မလိုဘူးဆိုပြီး ဒီလိုလဲ ထည့်သွင်း ပြောသွားခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ "

ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မတ်လကုန်ထိ သက်တမ်းကျန်နေသေးတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ လက်ရှိလွှတ်တော်ကခေါ်ရင် သွားရမှာဖြစ်ပြီး ဒါကိုငြင်းဆိုခဲ့ရင်တော့ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တချို့ကမြင်ပါတယ်။

လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ စွပ်စွဲပြစ်တင်တာတွေလုပ်လို့ရသလို လိုအပ်ရင် တောင် ဖြုတ်ပစ်လို့ရတဲ့ အနေအထားထိ ပြဌာန်းထားတာရှိတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

" အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတဆိုတာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ အဲ့တော့ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ ဝန်ကြီးတွေ ဆိုရင် ပြောစရာကို မလိုတော့ဘူး ။ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးအာဏာကို ပိုင်တဲ့ သမ္မတတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်ဆိုတော့ ဝန်ကြီးတွေအားလုံးလည်း တာဝန်ခံရမယ်။ ဦးရဲထွဋ်ပြောသလို ပထမ လွှတ်တော်ကို တာဝန်ခံရမယ်။ ဒုတိယလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတဲ့ စကား မပါဘူး။ အဓိပ္ပါယ်က ဥပဒေနဲ့အညီ ရှိနေတဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ခေါ်ရင် သွားရမယ် တကယ်လို့ မသွားနိုင်ရင်လည်း အကျိုးအကြောင်းနဲ့ ပြောပြရမယ်။ သို့သော် ပြည်ထောင်စုလွှတ်တော်က ခေါ်တာကို မလာနိုင်ဘူးလို့ ပြောရင်တော့ အကြောင်းပြချက်မရှိပဲ မလာနိုင်ဘူးလို့ပြောရင် သို့သော် ငါတို့မှာ လာဖို့ တာဝန်မရှိဘူးလို့ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။ "

ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ က NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကနေ ရွေးကောက်ပွဲအပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အလျင်စလိုငှားရမ်း၊ လွှဲပြောင်းရောင်းချတာ၊ ပုဂ္ဂလိကပိုင်လုပ်တာ၊ ကျူးကျော်တွေကို အတင်းဓမ္မဖယ်ရှားတာ စတာတွေကို အာဏာမလွှဲပြောင်းခင် အလျင်အမြန်ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြတဲ့ အရေးကြီးအဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/new-parliament-and-current-gov-tension/3210588.html

[youtube src="4LLcoPrUbMk"/]

ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၃ ရက်မြောက်နေ့က ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုကို စေတုတ္တရာ အမတ် ဦးကျော်အောင်လွင်က ထောက်ခံဆွေးနွေးချိန်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦး ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အားလုံး မတ်တပ်ရပ် ကန့်ကွက်ခဲ့ပါတယ်။

Kamayut Media



မြန်မာတပ်မတော် ရေတပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း မြန်နှုန်းမြင့် လေယာဉ် ၃ စီး ၀င်ရောက်ဖြတ်သန်းသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်း ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီ ၂၈ မိနစ်ကနေ ၄ နာရီ ၃၇မိနစ်အတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာမှာ၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများပါရှိတဲ့အတွက် မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ထပ်မံ အသိပေးကြောင်းကြားမှုများ ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်သတင်းက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းရေပြင်တ၀ိုက်မှာ ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ်လ ၂ ရက်အထိ လုပ်ဆောင်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

တဆက်တစပ်တည်း ထုတ်ပြန်ထားတဲ့ စစ်တပ်သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲ့ဒီနေ့က ဆင်ဖြူရှင်စစ်ရေယာဉ်နဲ့ ကိုကိုးကျွန်းကို သွားရောက်ခဲ့ပြီး အဲ့ဒီရေယာဉ်ပေါ်မှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ပတ်သက်လို့ လိုအပ်တာတွေ ညွှန်ကြားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/137178


အိန္ဒိယနိုင်ငံက အမျိုးသမီးအုပ်စုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြစဉ် အိန္ဒိယနိုင်ငံက အမျိုးသမီးအုပ်စုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြစဉ်

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ရှာပူးဝါဒေသမှာ ၁၂ နှစ်အရွယ်အမျိုးသမီးကလေးကို မုဒိမ်းကျင့်ပြီး မီးတင်ရှို့သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ အင်ဒီးယန်းအိပ်စပရက်သတင်းက ဖော်ပြပါတယ်။

ကလေးငယ်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ အစောပိုင်းမှာ သေဆုံးခဲ့ပြီး ပြုကျင့်ကျူးလွန်တယ်လို့ သံသယရှိသူ ၁၉ နှစ်အရွယ် အမျိုးသားက ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာပါ။

ကလေးငယ်ရဲ့ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်း လောင်ကျွမ်းခဲ့ရကာ ဆေးရုံရောက်ပြီး မကြာခင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကလေးမဟာ မသေဆုံးခင်က ကြမ်းကြမ်းတမ်းတမ်းအဓမ္မပြုကျင့်ခံရတယ်လို့ ဆေးမှတ်တမ်းအရ ဖော်ပြခဲ့ကြောင်း ဒီသတင်းစာက ဆိုပါတယ်။

တာဝန်ကျရဲအရာရှိက “သူ့ကို လွန်ခဲ့တဲ့ ၈ ရက်ကနေ ၁၀ ရက်အထိ အကြိမ်ကြိမ်ပြုကျင့်နေပြီး ကလေးမက သူ့မိဘတွေကို မပြောဘူး။ မနေ့ကတော့ သူက မိဘတွေကို ပြောဖို့ဆုံးဖြတ်ခဲ့ရာမှာတော့ ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာ” လို့ ပြောပါတယ်။

ပြုကျင့်သံသယရှိသူကတော့ ထွက်ပြေးနေဆဲဖြစ်ပြီး ရဲက သူ့အဖေနဲ့ ညီအကိုတွေကို ဖမ်းဆီးမေးမြန်းနေပါတယ်။

ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံက အမျိုးသမီးအုပ်စုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ကလကတ္တားမှာ ကျင်းပကြပါတယ်။

၂၀၁၃ ခုနှစ်က အသက် ၂၀ အရွယ်အမျိုးသမီးငယ်ကို မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့မှုအတွက် အမျိုးသားသုံးဦးကို သေဒဏ်ပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/137181

စစ်တပ်ဟာ ၁၉၆၂ မှာ အာဏာ သိမ်းပြီး ကတည်းက တစ်ခါမှ မရှုံးဖူးတဲ့ အဖွဲ့အစည်း။ (ရှုံးရအောင်လည်း တူတူတန်တန် ပြိုင်ဘက် မပေါ်ခဲ့ ဖူးဘူး) သူတို့ကို ၁၉၈၉ အထိ အဓိက စိတ်အနှောက် အယှက် ပေးခဲ့တာက ဗကပ။ ဒါတောင် တရုတ် ကွန်မြူနစ် ပါတီရဲ့ ကျောထောက် နောက်ခံနဲ့ မဖြစ် ညစ်ကျယ် တိုက်ခဲ့ရတဲ့ အဖွဲ့အစည်း။ ကျန်တဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ ဆိုရင်တော့ ပြောစရာကို မရှိဘူး။ ဒီတော့ တိုက်ပွဲ အားလုံး ခြုံပြီး ပြောရရင် စစ်တပ် ဘက်က နိုင်ခဲ့တယ်လို့ပဲ ဆိုရမယ်။

သူတို့ ပထမဆုံး ရှုံးမလို ဖြစ်ခဲ့ရတာ ၁၉၉၀ ရွေးကောက်ပွဲ။ သူတို့ background ပေးထားတဲ့ တစည ပါတီက NLD ကို မဲရုံမှာ ဘယ်လိုမှ မယှဉ်နိုင်တော့ တဲ့အခါ အာဏာ လွှဲမပေးဘဲ မရှုံးအောင် ညစ်ပြီး ဆက်ထိန်းထား ခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၅ နှစ် ထပ်ကြာခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာလည်း သူတို့ Background ပေးတဲ့ ကြံ့ခိုင်ရေး ပါတီ မရှုမလှ ထပ်ရှုံးပြန်တယ်။

အခုတစ်ခါတော့ အရှုံးကို တစ်စိတ်တစ်ပိုင်း လက်ခံလိုက်ပြီး ဖြစ်ပေမယ့် ဒီခံစားချက်နဲ့ သူတို့ အသားမကျ သေးဘူး။ ပိုဆိုးတဲ့ အချက်က သူတို့ကိုယ် သူတို့ ပြည်သူတွေ ထောက်ခံတယ်လို့ ကိုယ့်အချင်းချင်း ၀ါဒဖြန့်ထား ပေမယ့် သူတို့ မုန်းတဲ့ အဖွဲ့အစည်းကို ပြည်သူတွေ တခဲနက် ထောက်ခံနေတာ လက်တွေ့ မြင်လိုက်ရတဲ့ အခါ ဆောက်တည် ရာမရ ဖြစ်ကုန်တော့ တာပဲ။ ကိုယ့်ကိုယ်ကို မှားတဲ့ဘက် ရောက်နေတယ် ဆိုတာကို လက်မခံချင်ဘဲ လက်ခံလိုက် ရတဲ့ ခံစားချက်က သူတို့အတွက် ဆိုးလွန်းတယ်။

ဒီနေ့ လွှတ်တော်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ ဒီခံစားချက်တွေ အတိုင်းသား မြင်ရတယ်။ လုံးဝ ရှုံးသွားပြီ ဆိုတဲ့ ခံစားချက်ကို အခု လွှတ်တော် တက်နေတဲ့ စစ်သား အားလုံး in service သက်တမ်းမှာ တစ်ကြိမ်မှ ကြုံဖူးကြမှာ မဟုတ်ဘူး။ ဗီဒီယိုဖိုင် ပြန်ကြည့်တဲ့ အချိန်မှာ စစ်သား အမတ်တွေ ကိုယ့်အရှုံးကို လက်မခံချင်တဲ့ စိတ်နဲ့ မာန်တင်း ထားကြပေမယ့် တစ်ယောက်ချင်းရဲ့ မျက်နှာတွေမှာ ပထမအကြိမ် လွှတ်တော်နဲ့ မတူဘဲ ယုံကြည်မှုတွေ ပျောက်ဆုံးနေတာ အတိုင်းသား တွေ့ခဲ့ ရတယ်။ သူတို့ အရှုံးကို ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ် ထင်တယ်။

Zin Thaw Naing Fb


sawtardohmu-620.jpg
ဘောကထ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က Green Hill Hotel မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က KNU ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ ပဒိုစောတာဒိုမူး သတင်းစာရှင်းလင်းစဉ်
Photo: Zarni Htun/RFA

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ဘောကထ ရေအားလျှပ်စစ်စီမံကိန်းကို KNU ကရင်အမျိုးသား အစည်းအရုံးပိုင် သူးလေကုမ္ပဏီက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန် လွှာ ရေးထိုးခဲ့တာဟာ လေ့လာဆန်းစစ်ဖို့အတွက်သာ သဘောတူခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ဗဟန်းမြို့နယ် Green Hill Hotel မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

လက်မှတ်ရေးထိုးတာဟာ ရေအားလျှပ်စစ်တည်ဆောက်ရေးအတွက် သဘောတူတာမဟုတ်ဘဲ လေ့လာ ဆန်းစစ်မှုအတွက်သာဖြစ်တယ်လို့ KNU ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ ပဒိုစောတာဒိုမူးက ပြောပါတယ်။

"အဓိကကတော့ MOEP နဲ့ ကျနော်တို့ MOU လက်မှတ်ထိုးခဲ့တာရှိတယ်၊ အမှန်ကတော့ အကြိုစမ်းသပ်လေ့လာမှု နဲ့ ပတ်သက်တဲ့ MOU ပဲဖြစ်ပါတယ်၊ ဆောက်လုပ်ရေးလုပ်ဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ ကျနော်တို့ သတင်းတွေ ကို ကြည့်တဲ့အခါကျတော့ တခါတည်း ဆောက်လုပ်ရေးပါ သွားလုပ်မယ်ဆိုတော့ ဒီရေအားလျှပ်စစ်လုပ်ငန်းကို တခါတည်း အကောင်အထည်ဖော်တော့မယ် ဆိုတဲ့ပုံစံမျိုး ချဲ့ကားသွားတဲ့အခါကျတော့ ဒေသခံလူထုတွေလည်း စိုးရိမ်သွားတဲ့အပိုင်းတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါကိုအားလုံးတခါတည်းသိရအောင် သတင်းစာရှင်းလင်းပွဲလုပ် တာဖြစ်ပါတယ်"

အဲဒီရေအားလျှပ်စစ်စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုတွေလုပ်တဲ့အခါ ဒေသခံတွေရဲ့ သဘောဆန္ဒမပါရင် ရပ်ဆိုင်းပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘောကထရေအားလျှပ်စစ် စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် လေ့လာဆန်း စစ်ချက်တွေ ပြုလုပ်ဖို့ ၂ နှစ်ကြာ သဘောတူညီမှုရရှိထားပြီး လာမယ့်မတ်လမှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းဟာ လျှပ်စစ်အင်အား ၁၆၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးပိုင် သူးလေကုမ္ပဏီဟာ ကရင်ပြည်နယ်အတွင်း မြေအောက်ဖိုက်ဘာဆက်ကြောင်း ထည့်တဲ့လုပ်ငန်းတွေမှာ ကန်ထရိုက်ယူလုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းကြီးအနေနဲ့ ဒီစီမံကိန်းကို စတင်တာဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/knu-explains-about-hydropower-02262016113320.html

ဆီးရီးယားမြို့ Homs မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးအတွက် အဖွဲ့ပေါင်း ၁၀၀ လောက်က စောင့်ကြည့် ကြမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဆီးရီးယားစံတော်ချိန် ညသန်းခေါင်မှာ စတင်ဖို့ စီစဉ်ထား ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို အဖွဲ့ ၉၇ ဖွဲ့ကနေ စောင့်ကြည့်လေ့လာသွားမယ်လို့ ကတိပေးကြကြောင်း ဆီးရီးယား အတိုက်အခံတွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီက ကျေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခု အပစ်အခတ်ရပ်စဲရေးအတွက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ အယ်လ် နူစရာ တပ်ဦး အကြမ်းဖက် အဖွဲ့တွေကိုတော့ ထည့်သွင်းမထားပါဘူး။

ယာယီ အပစ်အခတ်ရပ်စဲရေး မစတင်ခင် တနာရီတောင် မပြည့်တဲ့ အချိန်မှာပဲ နယူးရောက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တညီတညွတ်တည်း အတည်ပြုပေးခဲ့တာပါ။

ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်ဆင်နွဲနေတဲ့ အဖွဲ့အားလုံးက ဒီသဘောတူညီမှုနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက သောကြာနေ့မှာ တညီတညွတ်ထဲ တောင်းဆိုလိုက်ကြတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ ပြန်လည် စတင်ကြဖို့လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆီးရီးယားဆိုင်ရာ ကုလအထူးသံတမန် Staffan de Mistura က အပစ်အခတ်ရပ်စဲတဲ့ ကာလ ကြာရှည်အောင် ထိမ်းထားနိုင်ပြီ လူသားချင်းစာနာမှု အကူညီတွေ ဆက်ပေးနိုင်မယ် ဆိုရင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဂျနီဗာမှာ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။

အပစ်အခတ်စတင် ရပ်စဲလိုက်ပြီးတဲ့ နောက်မှာ ဆီးရီးယားက အစွန်းသိပ်မရောက်တဲ့ အတိုက်အခံတွေကို ရုရှားက တိုက်ခိုက်မှုတွေ မလုပ်ဖို့ ရုရှားဆီက အာမခံချက်တွေ ရထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mark Toner က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်မှု ရပ်ဆိုင်းတာနဲ့ ပါတ်သက်ပြီး အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြဖို့ လိုတယ် လို့လည်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှု မစခင်မှာတော့ ရုရှား စစ်လေယာဉ်တွေဟာ အကြမ်းဖက်အဖွဲ့တွေလို့ သူတို့ခေါ်တဲ့သူတွေအပေါ် သောကြာနေ့မှာ ဆက်တိုက်ဗုံးကြဲ ခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin ကလည်း ရုရှားလေယာဉ်တွေဟာ ဆီးရီးယားထဲမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ al-Nusra တပ်ဦး အကြမ်းဖက် အဖွဲ့တွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

FIFA ဥက္ကဋ္ဌသစ် Gianni Infantino ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
ငွေကြေးအရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရတဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ပိုမို ပွင့်လင်းမြင်သာမှု၊ အရည်အချင်းရှိပြီး၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့ကြီးဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်းရအောင် ပြန်လည်ကြိုးပမ်း သွားမယ်လို့ အသစ်ရွေးချယ်ခံခဲ့ရတဲ့ FIFA ဥက္ကဋ္ဌက ကတိပေးလိုက်ပါတယ်။

ခက်ခဲလွန်းတဲ့ ကာလတွေမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့ FIFA အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း FIFA ဥက္ကဋ္ဌသစ် Gianni Infantino ကပြောဆိုခဲ့ တာပါ။ ဘောလုံး ကစားနည်း ရေပန်း မစားသေးတဲ့ နေရာတွေ အပါအ၀င် - ကမ္ဘာပေါ်က နေရာတိုင်း မှာ ဘောလုံးအားကစားကို စိတ်ဝင်စားလာအောင် ကူညီဖို့ FIFA ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့် ထားကြောင်းလည်း မစ္စတာ Infantino က ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ မစ္စတာ Infantino အနေနဲ့ အကျင့်ပျက်ခြာစားမှုနဲ့ ဆက်နွယ်ပြီး ဒါဇင်ပေါင်းများစွာသော တာဝန်ရှိသူတွေအပေါ် ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ အပါအ၀င် FIFA အဖွဲ့ကြီးရဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ကာတာနိုင်ငံတွေမှာ သီးခြားစီ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ခုကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးလိုက်တဲ့ ကိစ္စဟာလည်း စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

မစ္စတာ အင်ဖန်တီနို ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌသစ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ သောကြာနေ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဓိက မဲအများစုရဖို့လိုအပ်တဲ့ ဒုတိယအကျော့ ရွေးချယ်ပွဲမှာ - အသက် ၄၅ နှစ်အရွယ် အီတလီနွယ်ဖွား ဆွစ်ဇာလန်နိုင်ငံသား Infantino က ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး၊ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ဥက္ကဌဖြစ်တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ အကျင့်ပျက်ခြစားမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲမှားတဲ့စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဥက္ကဌ ဆက်ပ် ဘလက်တာ Sepp Blatter ရဲ့ နေရာကို လွှဲပြောင်းယူရမယ့် မစ္စတာ Infantino က - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမည်းစက်ထင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွား မယ်လို့ ကတိပေးခဲ့တာပါ။

FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Gianni Infantino ကလည်း - သူဟာ အီတလီ၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ စပိန် ဘာသာစကား ၅ ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ ဆွစ်ဇာလန်နိုင်ငံ Fribourg တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုလို FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်မခံရရင် သူဟာ - ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၀ ပြည့် သြဂုတ်လမှာ စတင် လုပ်ကိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ (UEFA) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဖီဖာ ဥက္ကဌသစ် ဂျာနီ အင်ဖန်တီနို
ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ရာထူး ကို မနေ့ ကတော့ ဇူးရစ် မြို့ မှာ ရွေးချယ် လိုက်နိုင် ပါပြီ။ သူကတော့ ဆွစ်ဇာလန် နိုင်ငံသား ဂျာနီ အင်ဖန်တီနို ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန် နိုင်ငံ မှ ရှေ့နေ တဦး ဖြစ်ပြီး အသက် ၄၅ နှစ် ပဲ ရှိပါသေးတယ်။ ဥက္ကဌ ရွေးချယ်ပွဲ ဟာ လည်း တကြိမ် နဲ့ နဲ့ လိုအပ်တဲ့ အနိုင်မဲ ၅၀ ရာခိုင်နှုန်း ကို မရ တဲ့ အတွက် နောက်တကြိမ် မဲထည့် ပြီးကာ မှ ဝင်ရောက် ယှဉ်ပြိုင်သူ ၅ ဦး အနက် ဂျာနီ အင်ဖန်တီနို ဟာ ၂၀၇ မဲ အနက် ၁၁၅ မဲ နဲ့ အနိုင်ရခဲ့တာပါ။

သူ့ရဲ့ အောင်မြင်မှု နဲ့ ပတ်သက်ပြီး ဂျာနီ အင်ဖန်တီနို က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောရာမှာ ဖီဖာ နဲ့ ပတ်သက်လို့ ဂုဏ်ယူရ မဲ့ အဆင့် ပြန်ရောက် အောင် ကြိုးစား မယ့် အကြောင်း ဖီဖာ ဟာ ဘောလုံးလောက ကို ဘယ်လို မြှင့်တင် ပေးမယ် ဆိုတဲ့ အချက် ပေါ်မှာ ဂုဏ်ယူ ကြရတော့ မယ့် နေရာ မှာ ကဏ္ဍသစ် တရပ် ထဲ ဝင်လိုက် ကြတဲ့ အကြောင်း အခုကျင်းပ ပြီးစီးသွားတဲ့ ဖီဖာ ညီလာခံ ကနေ ပြုပြင် ပြောင်းလဲမှု အသစ်တွေ လည်း ချမှတ်နိုင်ခဲ့ ပြီမို့ ဒီပြုပြင်မှု တွေပေါ် မူတည်ပြီး ဖီဖာ ရဲ့ ပုံရိပ် နဲ့ ဂုဏ်သိက္ခာ ကို ပြန်ဆည်ပါ့မယ် လို့ ပြောသွားတာပါ။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန်ပြည်ထောင်စု နဲ့ ဆွစ်ဇာလန် နိုင်ငံ တို့မှာ အစီရင်ခံစာ ပေါင်း ၁၃၀ ကို မူတည်ပြီး စုံစမ်းစစ်ဆေးမှု ပြုရာ မှ ဖီဖာ ရဲ့ အဖွဲ့တွင်း မှာ ထိပ်တန်း အရာရှိတွေ မသင်္ကာဖွယ် အဂတိ လိုက်စားမှု တွေ ပေါ်ပေါက် ခဲ့ တာပါ။

အထူးသဖြင့် ကမ္ဘာ့ ဖလားဗိုလ်လုပွဲ ကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ ခွင့် မဲခွဲ ဆုံးဖြတိကြရာမှာ ထိပ်တန်း အရာရှိတွေ က လာဘ်ငွေ ယူပြီး ဘက်လိုက် မဲပေး ရွေးချယ်ခဲ့တာ တွေ ဖြစ်ခဲ့ လို့ပါပဲ။ အဲဒီ အတွက် ၂၀၁၈ခု နှစ် အတွက် ရုရှ ကို ကမ္ဘာ့ ဖလားဗိုလ်လုပွဲ အိမ်ရှင် နိုင်ငံ အဖြစ် ရွေးခဲ့တာရယ်၊ ၂၀၂၂ ခု နှစ် အတွက် ကာတာ နိုင်ငံ ကို ရွေးခဲ့မှု တွေ နဲ့ ငြိစွန်းခဲ့ကြတာပါ။

ဒီအမှုတွေ နဲ့ ဖီဖာ ဥက္ကဌ ဟောင်း ဆက်ပ်ဘလက်တာ လည်း ရာထူးက ဖယ်ရှားခြင်းခံခဲ့ရတာပါ။ ဆက်ပ်ဘလက်တာ က လည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကို လက်ခံ လိုက်ကြတဲ့ အတွက် သူဝမ်းသာတဲ့ အကြောင်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ပြော။

လက်ရှိ အစိုးရ ရဲ့ ဝန်ကြီး ဌာနေ တွေ ရဲ့ စီမံကိန်း တွေ နဲ့ ပတ်သက်ပြီး လက်ရှိ လွှတ်တော်ထဲ မေးခွန်း ထုတ် နေတာ တွေကို အစိုးရ ဘက်က လာရောက် ဖြေကြားတော့ မှာ မဟုတ်ဘူး လို့ အစိုးရ ဘက်က ပြောဆိုလာတာ ဟာ တာဝန်မဲ့ ပြောတာ ဖြစ်တယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လိုက်ပါတယ်။

သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ လွှတ်တော် ထဲမှာ နေရာ အများစု ရရှိ ထားတဲ့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ သစ် ဦးဆောင် ဖွဲ့ရမယ့် NLD ပါတီ အနေနဲ့ သိချင် တာတွေ ရှိရင် တာဝန် လွှဲပြောင်းမှု အထောက်အကူ အဖွဲ့ချင်း ညှိနှိုင်း မေးမြန်း နိုင်တယ် ဆိုတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ် မှာလည်း ဦးဝင်းထိန် က ငြင်းပယ်ခဲ့ ပါတယ်။

လွှတ်တော် တွင်း တင်တဲ့ အဆိုတွေ၊ မေးမြန်းမှု တွေ ဟာ အထောက်အကူ အပြု အဖွဲ့တွေ နဲ့ မဆိုင်ဘူးလို့ ဦးဝင်းထိန် က ဆိုပါတယ်။

အစိုးရ အလွှဲအပြောင်း ကာနီး အချိန်လိုမျိုး အကဲဆတ်လှတဲ့ ကာလ မှာ NLD ပါတီ ဘက်က လွှတ်တော်တွင်း မေးခွန်း ထုတ် လာတာ တွေ အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ အနေနဲ့ သဘော မကျ ဖြစ်သွားခဲ့တယ် လို့ မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦး က ယူဆတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ လွှတ်တော် အပေါ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ တာဝန်ခံဖို့ လို မလို ဖွဲ့စည်းပုံကို ပြန်သုံးသပ်ရမယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ်မှာ လည်း လက်ရှိ အစိုးရဟာ လက်ရှိ လွှတ်တော် အပေါ်မှာ တာဝန်ခံမှု ရှိမှ ဒီမိုကရေစီ စံနှုံး နဲ့ ကိုက်ညီမယ် လို့ ယူဆကြောင်းလည်း ဦးကျော်လင်းဦး က ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ လက်ကျန် သက်တမ်း မကြာခင်မှာပဲ ကုန်ဆုံး တော့မယ့် အချက်ရယ်၊ အမျိုး သား ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စ တွေ ကြောင့် NLD အနေနဲ့ လက်ရှိ အစိုးရ အပေါ် ဖိအား ပေးမှု တွေ လုပ်သင့် မသင့် ဆိုတာ ကိုတော့ NLD ပါတီ အနေနဲ့ ထည့်သွင်း စဉ်းစား မှာ ဖြစ်တယ် လို့ ဦးဝင်းထိန် က ပြောပါတယ်။

BBC

 winmyint-feb26-620.jpg လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ နိုင်ငံပိုင်မြေ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ၀န်ကြီးဌာနတွေက လာရောက်ဖြေကြားရှင်းလင်းနိုင်ဖို့ လွှတ်တော်က ဖိတ်ကြားခဲ့ပေမယ့် ၀န်ကြီးဌာနတွေကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း အစိုးရက အကြောင်းကြားထားတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုအပေါ် ကိုယ်စားလှယ် ၁၂ ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးတို့ ဆွေးနွေးပြီးနောက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြည်ထောင်စု အစိုးရရုံးက အကြောင်းပြန်စာကို အသိပေးကြေညာတာဖြစ်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ၊ အခုဆွေးနွေးနေတဲ့ အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ် သို့ လုပ်ငန်းတာဝန်များ စနစ်တကျလွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီးအဆို ကို ဖြေရှင်းဆွေးနွေးနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများ ကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အချိန်မီစေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်"

စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ထောက် ခံဆွေးနွေးစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ရာ တပ်မတော်သား ကိုယ်စား လှယ်အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။

အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီ နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငှားရမ်းရောင်းချ လွှဲပြောင်းတာတွေ၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားနေ တာတွေနဲ့ ပတ်သက်ပြီး စိစစ်ဟန့်တားပေးဖို့ တိုက်တွန်းတဲ့ အဆိုကို မနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုအပေါ် ကိုယ်စားလှယ် ၁၂ဦး တပ်မတော်သား ကိုယ်စားလှယ် ၁ဦး စုစုပေါင်း ၁၃ ဦးက ဆွေးနွေးရာမှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲခဲ့ တာဖြစ်ပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အများစု ဆွေးနွေးတဲ့အထဲမှာ ကျူးကျော်နေထိုင်သူတွေကို အဓမ္မဖယ်ရှားမှုတွေကို ကန့်ကွက်ဆွေးနွေးကြတာများပါတယ်။

အဆိုကို သက်ဆိုင်ရာဝန်ကြီးဌာန ၁၄ ခုက ဖြေကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် အတည်ပြုလိုက်ပါတယ်။

RFA
http://www.rfa.org/burmese/news/pyithu-hluttaw-approves-khinsanhaling-propose-02262016102621.html

 magawe-question-paper-620.jpg မေးခွန်းပေါက်ကြားခဲ့တဲ့ မကွေးတိုင်း ရှစ်တန်းစာမေးပွဲ မေးခွန်းလွှာကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီးမှာ လေးတန်းနဲ့ ရှစ်တန်း အတန်းတင်စာမေးပွဲ မေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နောင်မှာ အလားတူကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်က တင်သွင်းရာ လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုလိုက်ပြီး လာမယ့် မတ်လ ၁ရက်နေ့မှာ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။

"အရေးကြီးအဆို တင်သွင်းပြီးတဲ့အချိန်မှာ မကွေးမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် က ထောက်ခံတဲ့အတွက် လွှတ်တော်ကို အတည်ပြုဖို့ သဘောထားတောင်းတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ၆၈ ဦးလုံးက ကိုယ်စားလှယ်အားလုံးက သဘောတူတဲ့အတွက် လွှတ်တော်က ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့အတွက် အတည်ပြုဆုံးဖြတ်ပါတယ်ခင်ဗျ၊ ဒီအဆိုကို ဆက်ဆွေးနွေးဖို့က လာမယ့် မတ်လ ၁ ရက်နေ့ မနက် ၁ဝ နာရီမှာ မကွေးတိုင်းဒေသကြီး လွှတ်တော်ပြန်ခေါ်မယ်၊ အဲ့နေမှာပဲ အရေးကြီးအဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကို စာရင်းတင်းထားတဲ့ပုဂ္ဂိုလ်များ ဆွေးနွေးခွင့်ရပါမယ်"

လာမယ့် ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ အဆိုကို ဆွေးနွေးမယ့် ကိုယ်စားလှယ်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပြီး ဒီနေ့ကျင်းပတဲ့ လွှတ်တော်အပြီးမှာ ကိုယ်စားလှယ် ၄ ဦးက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ၄ တန်းနဲ့ ၈ တန်း အစိုးရစစ် အတန်းတင် စာမေးပွဲ မေးခွန်းတွေဟာ မကွေးတိုင်းဒေသကြီး တချို့မြို့နယ်တွေမှာ စာမေးပွဲကာလအတွင်း ပေါက်ကြားခဲ့တာဖြစ် ပါတယ်။

ဒီမေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်းလေးဦးကို နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/magwe-parliament-discusses-question-papers-leake-02262016102325.html

၁၉၄၇ ခုနှစ်မှာ ရေးဆွဲတဲ့ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေကို အလွန်အကျွံ အခွင့်အရေးပေးထားလို့ လျော့တိလျော့ရဲဖွဲ့စည်းပုံဖြစ်ခဲ့တယ်လို့ စစ်တပ်က စွတ်စွဲခဲ့တယ်။ အမှန်မှာ အဲ့လို မဟုတ်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကတိပြုခဲ့တဲ့ ကွန်ဖက်ဒရိတ်အဆင့် (ခွဲထွက်နိုင်တဲ့အဆင့်)ကို မမီသလို ပြည်ထောင်စုစစ်စစ်မူဖြစ်တဲ့ ဖက်ဒရယ်အဆင့်ကိုတောင် အဲ့ဖွဲ့စည်းပုံမှာ ပေးမထားဘူး။ တမတ်သားဖက်ဒရယ်ပဲ ပေးခဲ့ပါတယ်။ ပြည်ထောင်စုမှာ ရှိသင့်ရှိထိုက်တဲ့ တည်ငြိမ်မှုကို မရရှိခဲ့ပါ။ ဒါကြောင့် တိုင်းရင်းသားတွေက ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

တဖန် ၁၉၇၄ ခုနှစ်မှာ တလက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမှာလည်း ပြည်နယ်နဲ့ ပြည်မကို မခွဲခြားကြောင်းဆိုပြီး ပြည်မကို တိုင်း(၇)တိုင်းနဲ့ ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ရှိသမျှအာဏာကို ဗဟိုက ကြိုးကိုင်ပြီး တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒီအထိ လူအတော်များများက စစ်တပ်ကို အဆိုးသိပ်မမြင်ကြသေးပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံအရ စစ်တပ်ဟာ စစ်အာဏာရှင်ဦးနေဝင်းရဲ့ လက်ကိုင်တုတ်အဆင့်မျှသာ ရှိကြောင်း၊ ခါးပိုက်ဆောင်တပ်အဆင့်သာ ရှိကြောင်း ပြည်သူတွေက သိရှိလာကြတယ်။ ဖွဲ့စည်းပုံက မဆလတွေကို အကြွင်းမဲ့အာဏာကို အပ်နှင်းထားတော့ အောက်က အပေါ်ကို (၁၀)နှစ်လောက် လိမ်လိုက်တာနဲ့ပဲ မြန်မာနိုင်ငံဟာ စီးပွားရေးအရလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံကို လျှောက်ထားရတဲ့အဆင့်အထိ ကျသွားခဲ့ရတယ်။ ဒီတစ်ခါ ပြည်သူတွေကိုယ်တိုင်က ဖွဲ့စည်းပုံကို ဆန့်ကျင်လာခဲ့ကြလို့ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ရတယ်။ ဒါဟာ တိုင်းရင်းသားတွေတင် မဟုတ်ဘဲ လူများစုဗမာတွေကိုယ်တိုင်က ဖွဲ့စည်းပုံကို လက်မခံနိုင်တော့ခြင်း ဖြစ်တယ်။

အခု ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို လေ့လာကြည့်တော့လည်း မဆလအစား စစ်တပ်ဝင်လာတာပဲ အဖတ်တင်ပါတယ်။ စစ်တပ်ကို အလွန်အကျွံ အာဏာပေးထားလို့ ဖွဲ့စည်းပုံသက်တမ်း (၅)နှစ်ပဲ ရှိသေးတယ်။ ဖွဲ့စည်းပုံကြောင့် ထိပ်တိုက်တွေ့မှုပေါင်းမြောက်မြားစွာ ရှိလာပါတယ်။ ဒါတောင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုပြီး NLD က လွတ်အောင် ရှောင်နေတဲ့ကြားက ပွတ်တိုက်မှုအချို့ ရှိလာရတာပါ။ ပြီးခဲ့တဲ့ (၅)နှစ်သက်တမ်းမှာ ဖွတ်အစိုးရက စစ်တပ်နဲ့ တကြိတ်ထဲတညာဏ်ထဲဆိုတော့ အဖြူနဲ့အမည်း မသဲကွဲခဲ့ပါ။ နောက်လာမဲ့ (၅)နှစ်မှာ လွှတ်တော်ထဲမှာလည်း NLD, အစိုးရအဖွဲ့ဆိုတာကလည်း NLD ဆိုတော့ တမတ်သားအမတ်တွေနဲ့ စစ်တပ်ချုပ်ကိုင်ထားတဲ့ ဝန်ကြီးဌာနတွေအတွက် စိန်ခေါ်မှုတွေ များလာမှာ သေချာပါတယ်။ မကြာခင်မှာ ဖွဲ့စည်းပုံအကြပ်အတည်း ဖြစ်လာမှာ မုချပါပဲ။ ဒါကို စစ်တပ်၊ NLD နဲ့ တိုင်းရင်းသားတွေက ရှောင်လွှဲနိုင်ပါ့မလား ခန့်မှန်းလို့ မရသေးပါ။

လောလောဆယ်မှာ NLD က အစိုးရအဖွဲ့ကို မကျေညာရသေးပါ။ လွှတ်တော်နှစ်ရပ်ကိုပဲ ပုံမှန်အစည်းအဝေး ကျင်းပနေတာကို တွေ့ရပါတယ်။ လွှတ်တော်ဒုတိယပဉ္စကနှစ်မှာ တစ်လပဲ ရှိပါသေးတယ်။ ထူးထူးခြားခြားတင်တဲ့အဆိုဆိုရင် သုံးခုပဲ တွေ့ရပါသေးတယ်။

၁။ ရှမ်းမြောက်မှာ တိုက်ပွဲတွေရပ်တန့်ဖို့အဆို၊
၂။ ဘိန်းတိုက်ဖျက်မှုနဲ့ ပတ်သက်တဲ့အဆိုနဲ့
၃။ ပုဂ္ဂလိကလွှဲပြောင်းမှုကို ဆိုင်းငံ့တဲ့အဆိုပါ။

ပထမအဆိုကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကဲစမ်းတဲ့ အဆို ဖြစ်ပုံရတယ်။ ဒုတိယအဆိုကျတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပုံရတယ်။ တတိယအဆိုမှာ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့နိဒါန်းပါ။ ပထမအဆိုနဲ့ ဒုတိယအဆိုမှာ စစ်တပ်က လွှတ်တော်မှာ ထောက်ခံမဲပေးပြီး မြေပြင်မှာ အရင်အတိုင်း အနေအထိုင်မပျက် ရှိနေပါတယ်။ တတိယအဆိုကျတော့ ပုဂ္ဂိုလ်ကျော်အချို့ရဲ့ ကိုယ်ကျိုးစီးပွားတွေနဲ့ တိုက်ရိုက်ပတ်သက်နေတော့ ပြဿနာ စတက်ပါတယ်။ လက်ရှိလွှတ်တော်လုပ်ဆောင်ချက်များဟာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်တယ်လို့ ဇော်ဌေးဆီက အသံထွက်လာသလို ဦးရဲထွတ်ကလည်း သူတို့အစိုးရဟာ ပထမပဉ္စကလွှတ်တော်ကိုပဲ တာဝန်ခံရတာ ဖြစ်ပြီး ဒုတိယပဉ္စကလွတ်တော်ကို တာဝန်ခံရကြောင်း ဖွဲ့စည်းပုံမှာ ဖော်ပြမထားဘူးလို့ ငြင်းဆိုလာပါတယ်။ ဒါဟာ The first constitutional crisis ပါ။ တကယ်လို့ NLD က ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ဖို့ လိုလာခဲ့ရင်လည်း အခြားအကြပ်အတည်းတစ်ခု ဖြစ်လာမှာ မုချပါပဲ။ NCA ကို တိုင်းရင်းသားအားလုံး လက်မှတ်ထိုးပြီးလို့ နိုင်ငံရေးဆွေးနွေးပွဲအဖြေကနေ ဖွဲ့စည်းပုံကို ပြင်စရာရှိလာခဲ့ရင်လည်း Third wave crisis လာအုံးမှာပဲ။

ဒါတောင် ပိုင်ဆိုင်မှုကိစ္စ၊ ကြေးနီစီမံကိန်းကိစ္စလို တရုတ်စီမံကိန်းများ၊ အမျိုးကို ချစ်လှပါတယ်လို့ ရှေ့မှာ မျက်နှာတစ်မျိုးပြပြီး နောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတွေကို ဈေးပေါပေါနဲ့ ငှားခဲ့မှုများကို ကောင်းကောင်းမစုံစမ်းရသေးဘူး။ ဒါကြောင့် ဒီလူတွေက ဒီဖွဲ့စည်းပုံနဲ့ အလုပ်ဖြစ်နေတယ်၊ ပြည်သူ့အဆုံးအဖြတ်ကို ခံယူဖို့ သတ္တိ မရှိကြဘူး။ ဖွဲ့စည်းပုံကို မပြင်ရင် နောက်ထပ်အကြပ်အတည်းတစ်ခု ရှိလာမှာကိုလည်း မမှုဘူး။ ဖွဲ့စည်းပုံကြောင့် သူတို့ချမ်းသာသွားကြတယ်။ ဦးနေဝင်းလည်း အဲ့လိုပဲ။ အခု ဖွတ်တွေ၊ စစ်တပ်အရာရှိတွေလည်း အဲ့လိုပဲ။ ဘာအမျိုးကိုမှ ချစ်လှတာမဟုတ်။ သူတို့ဆွေမျိုးတွေကိုပဲ ချစ်လာခဲ့ကြတာ ဖြစ်တယ်။ အခု သူတို့က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NLD နဲ့ ပူးပေါင်းသလို လုပ်နေခြင်းမှာ သူတို့မှာ လိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးအမြတ်ရနိုင်တယ်လို့ တွက်ထားလို့ ဖြစ်တယ်။ သူတို့က သူတို့မိသားစုချမ်းသာရေးအတွက်ပဲ လုပ်တတ်တယ်။ တိုင်းပြည်ချမ်းသာလာဖို့ မလုပ်တတ်ဘူးဖြစ်နေတယ်။ တိုင်းပြည်စီးပွားရေးကို ဖြစ်အောင် မလုပ်ခဲ့ရင် သူတို့ဖွဲ့စည်းပုံကို ပြည်သူတွေအာရုံထားလာကြမှာကို သိနေလို့ပါပဲ။ အခုလည်း သူတို့က (၁၅)နှစ်ကြာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ (၅)နှစ်ကြာ အုပ်ချုပ်ခဲ့ပေမဲ့ ကမ္ဘာမှာ မပြောနဲ့၊ အာရှမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံဆိုလား။ ဒါတောင် လွှတ်တော်တွင်းမှာရော လွှတ်တော်ပြင်ပမှာပါ ခိုးလို့ မပြီးသေးဘူး။ အများပြောသလို (၅)နှစ်ခိုးရမဲ့အလုပ်ကို (၅)လနဲ့ အပြတ်ဖြတ်နေတဲ့ပုံပဲ။ သူတို့က ခိုးလွန်းလို့ ကွက်လပ်က အကျယ်ကြီး ဖြစ်နေတယ်။ အဲဒီကွက်လပ်ကို NLD ဖြည့်ပေးရတော့မယ်။ အနည်းဆုံး ဖြည့်ဆည်းပေးနိုင်မလားလို့ သူတို့မှာ တွက်ရေးရှိတယ်။ ဒါပေမဲ့ သူတို့တွက်ထားသလို မဟုတ်ဘဲ သူတို့အကျိုးစီးပွားကို နည်းနည်းပါးပါး ထိလိုက်တာနဲ့ "တိုင်းပြည်ကို ကယ်တင်ဖို့"ဆိုပြီး အကြမ်းဖက်လာအုံးမှာ သေချာပါတယ်။

ဒါကြောင့် UNFC အဖွဲ့အနေနဲ့ လွှတ်တော်တွင်းနိုင်ငံရေးကို လုံးဝစိတ်ဝင်စားလို့ မဖြစ်သေးဘူး။ စိတ်ဝင်စားသင့်တာက ဖွဲ့စည်းပုံကို စစ်တပ်က ဘယ်လောက်ပြင်ခွင့်ပေးမလဲဆိုတာပဲ ဖြစ်တယ်။ ဒါကို တစိုက်မတ်မတ် တောင်းဆိုသွားဖို့ လိုတယ်။ မအလက ဖွဲ့စည်းပုံကို မပြင်ချင်ဘူး၊ ဒီအတိုင်း နေသွားချင်တယ်၊ ဖက်ဒရယ်ကို မပေးဘူး၊ ဒီမိုကရေစီကို အကန့်အသတ်နဲ့ ပေးချင်တယ်။ ပြီးတော့ လက်နက်ချဖို့စကား ပြောတယ်။ ဒီတော့ ဘာလုပ်သင့်သလဲ။ မြန်မာ့တပ်မတော်နဲ့ ရင်ဘောင်တန်းနိုင်မဲ့ တပ်မတော်တစ်ခု မဖြစ်မနေ ထူထောင်ရမှာ ဖြစ်တယ်။ မထူထောင်ခဲ့ရင် အနှေးနဲ့အမြန် အတိုက်ခံရမှာပဲ။ သမ္မတကနေဒီ ပြောသလို ကျနော်တို့က ညှိနှိုင်းဖို့ မကြောက်ဘူး၊ ဒါပေမဲ့ ကြောက်လို့ ညှိနှိုင်းတာ မဟုတ်ဘူးဆိုတာ သူတို့ကို သိစေချင်တယ်။ ဒီစကားကို နှလုံးသွင်းပါ။ အရေးကြီးပါတယ်။

U Ravika

ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊
ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ မှာ ဒီကနေ့ စတင် ကျင်းပနေပါပြီ။ မြန်မာပြည်အ တွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါ ရီ ၂၇ရက်နေ့ မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မွေးနေ့ပွဲအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမှာ ဖေဖော်ဝါရီ ၂၆ရက်နဲ့ ၂၇ရက် ၂ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်အောင်ကျော် မွေးဖွားရာ ရုံးဇင်ကျေးရွာမှာ နှစ် ၁၀၀ပြည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ပြခန်းကို ဖွင့်လှစ်ခဲ့သလို ဗိုလ်အောင် ကျော်ရဲ့ ပုံတူကြေးရုပ်ကို မဲဇလီကုန်း ဗိုလ်အောင်ကျော် ခန်းမရှေ့မှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တသက်မှာ တခါတာ ကျင်းပခွင့်ရတာမို့ ပိတီဖြစ်သလို ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရာပြည့်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးဆန်းညွန့်ဦးက အခုလိုပြောပြပါတယ်။

"နောင်မျိုးဆက်သစ်တွေပေါ့ဗျာ ဘယ်လိုပဲ ကျွန်ပညာရေးစနစ်ကို စခဲ့ရင် ဘယ်လိုမှ ခေါင်းငုံ့မခံဘူး။ ဒီလို အသက်ကိုပေးပြီး တော်လှန် တယ်။ နောင်မျိုးဆက်သစ် ကလေးတွေ ဒီလို မဟုတ်မခံစိတ်ဓာတ်ကလေးတွေ ၊ သူ့ကျွန်မခံစိတ်ဓာတ်ကလေးတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို ငြိမ်မခံတတ်တဲ့ စိတ်ဓာတ်မျိုး ကိုယ့်နိုင်ငံအတွက် ဖြစ်အောင် အဲ့လိုလေးတွေဖြစ်အောင် မှတ်မှတ်ရရဖြစ်အောင် နောက်မျိုးဆက်သစ်တွေ အတုယူနိုင်အောင် ဒီပွဲကို ကျနော်တို့က အဓိကထားပြီး ကျင်းပပြုလုပ်တာပါခင်ဗျာ။"

ဒီအခမ်းအနားကို ဗိုလ်အောင်ကျော်ရဲ့ မြေးတော်စပ်သူ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် ၈၈မျိုးဆက်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေ တက်ရောက်ကြသလို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲတွေ အပြင် စာပေနဲ့ အနုပညာပြခန်းတွေကို လည်း ပြသထားပါတယ်။

နယ်ချဲ့ကိုလိုနီလက်ထက်မှာ မတရားမှုတွေကို တွန်းလှန်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ ရာပြည့်ပွဲဟာ နိုင်ငံရေး အရောင်အသွေး ကင်းကင်းနဲ့ ဗိုလ်အောင်ကျော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင် ခွင့်ရတဲ့ပွဲဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး အကူညီပေးနေတဲ့ ကိုဇော်ရမ်းက ပြောပါတယ်။

"ဒီပွဲမှာ ကျနော်တို့က နိုင်ငံရေးပါတီအရောင်အသွေးကင်းကင်းနဲ့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းက ညီငယ် ခွပ်ဒေါင်း မျိုးဆက်တွေ၊ နောက်တခါ အထက်မြန်မာပြည် ပင်မစစ်ကြောင်း က ကျောင်းသားတွေ နောက်တခါ ကျနော်တို့ ၇၄၊ ၇၅ ကျောင်းသားတွေ အကုန်လုံးပေါ့ ဒီကို ရောက်ရှိလာတယ်။ စာရေးဆရာတွေ ရောက်ရှိလာတယ်။ အကုန်လုံး ရောက်ရှိလာပြီး ဒီနှစ်တစ်ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား အနှစ်သာရ ရှိရှိနဲ့ ကျင်းပမှာဖြစ်တဲ့အတွက် တော်တော်လေး ကို ပြည့်ပြည့်စုံစုံ နိုင်ငံရေးအခင်းအကျင်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့အတွက် တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ "

ဗိုလ်အောင်ကျော်ရဲ့ တူ စာရေးဆရာ သန်းဝင်းနိုင်ကတော့ ဒီလို ရာပြည့်ပွဲမျိုးကို ဆွေမျိုးတွေ ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် ဒေသခံတွေ၊ လူငယ်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဝိုင်းဝန်းလုပ်ဆောင် ပေး ကြတဲ့အတွက် တိုင်းပြည်အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

" ကျနော်က သိပ်ဝမ်းသာပါတယ်။ ကျနော်တို့က လုပ်ရမှာလေ။ ကျနော်တို့ကလည်း မတတ်နိုင်ဘူး။ ကျောင်းသားဟောင်းတွေ၊ ဒေသခံလူငယ်တွေက ဝိုင်းလုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလုပ်ပေးတယ်ဆိုတော့ အရမ်းကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ကိုယ်တိုင် လည်း မလုပ်နိုင်ဘူးလေ။ ကျနော်တို့က ကိုယ်တိုင်အတွက်ရော တိုင်းပြည်အတွက်ရော ဂုဏ်ယူပါတယ်။"

နေမျိုးသီဟသူရ ဘွဲ့ရ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ နယ်ချဲ့အစိုးရက ၁၃၀၀ပြည့် အရေး တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့လို့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့က အတွင်းဝန်ရုံးကို ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ကြောင့် ဒဏ်ရာ ရခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။

မြင့်မြင့်ခိုင်/VOA
http://burmese.voanews.com/content/centennial-event-of-student-leader-martyr-bo-aung-kyaw/3209456.html

ပြန်ဝန် ဦးရဲထွဋ် မနေ့က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ (အစိုးရဟောင်းအဖွဲ့ဝင်တွေ) လွှတ်တော်ကို မတက်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဒီလို ရှင်းပါတယ်

၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်ဟာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကိုပဲ တာဝန်ခံထားရပါတယ် (ဒါကြောင့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ဟာ သူနဲ့ မဆိုင် သလိုလို)

၂။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြန်သုံးသပ်ရဦးမယ် (သုံးသပ်မနေပါနဲ့ ဝန်ကြီးရာ ဟိုလိုလို သည်လိုလို ဝေဝေဝါးဝါး ဖြစ်အောင်ကို စာသားတွေ ရေးသားထည့်သွင်း ခဲ့တာပါ)

၃။ နောက်ထပ်အဆိုတွေ၊ မေးခွန်းတွေပါ ဆက်တိုက်တင်လာတာကြောင့် ဒုတိယအကြိမ် လွှတ်တော် အစည်း အဝေးတွေကို လက်ရှိ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခြင်းကို ဆိုင်ငံ့ထားဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ထားပါတယ် (ဒီလို မေးခွန်းတွေ မေးလာလိမ့်မယ်လို့ မထင်ထားတာလား၊ မေးလာရင် ဖြေစရာ မလိုဘူး လို့ သတ်မှတ်ထားတာလား၊ အရင်အစိုးရအဖွဲ့ ဘာတွေ လုပ်ခဲ့သည်ဖြစ်စေ သမ္မတလိုပဲ နောက်ကြောင်းပြန် အရေးယူခြင်း မရှိစေရလား)

၎။ ဒေါ်ခင်စန်းလှိုင်က အဖြစ်မှန်တွေကို မသိဘဲ စွပ်စွဲထားတာတွေ ပါနေတယ် (ဒေါ်ခင်စန်းလှိုင်က မသိဘဲ စွပ်စွဲထားတယ်လို့သာ ဝန်ကြီးကပြောနေတယ်၊ ဝန်ကြီးရဲ့ သတင်းစာမှာပဲ “နောင်အစိုးရအဖွဲ့ တာဝန်ယူစဉ် စဉ်းစား စီမံဆောင်ရွက်နိုင်ရန် အချို့ကိစ္စများကို ဆိုင်းငံ့ထားရှိ” ဆိုပြီး ဇယားတွေ ထုတ်ပြန်ပေးထားတာကရော ဘာသဘောလဲ)

အစိုးရဟောင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် တာဝန်ယူစိတ် တာဝန်ခံစိတ်မရှိဘဲ နောက်ကြောင်းမပြန်ကြေး လုပ်တာတွေက ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်လေ့မရှိကြပါဘူး။ ဘယ်အစိုးရမဆို ကိုယ်တာဝန်ထမ်းဆောင်ခဲ့ စဉ်က လုပ်ဆောင်ခဲ့တာတွေကို တာဝန်ယူကြတယ်။ တာဝန်ခံကြတယ်။ ဥပဒေကြောင်းအရ အရေးယူလည်း လာရောက်ဖြေရှင်းကြတယ်။ အဝေးကြီးမကြည့်နဲ့ ထိုင်းနိုင်ငံမှာတောင် ယင်းလပ်ကတရားရုံးမှာ စွဲဆိုထားတဲ့ အမှုကို ရင်ဆိုင်နေရတာပဲ။

အစိုးရဟောင်း ဘာတွေလုပ်ခဲ့သည်ဖြစ်စေ မစွပ်စွဲပါနဲ့လို့ ပြောရအောင်၊ အထောက်အထားတွေ ခိုင်လုံစွာနဲ့ တင်ပြနိုင်ရင် ဝန်ကြီးတို့အားလုံး တာဝန်ရှိသူများ နောက်အစိုးရအဖွဲ့ရဲ့ တရားရုံးကို လာရောက် ရင်ဆိုင်ကြမှာလား ပြည်သူ့ကိုယ်စား မေးစမ်းပါရစေ။

၂၆.၂.၂၀၁၆
Tin Nyunt

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊
ပုဒ်မ ၂၀၃ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာ
ဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊
နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း
တာဝန်ခံရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြားသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဦးသိန်းစိန်နဲ့လက်ရှိပြည်ထောင်စုအစိုးရ
က ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်'' ဆို
သည့်ဖြေရှင်းချက်သည် ကြောင်းကျိုးဆီလျော်၊ ခိုင်လုံမှုလုံးလုံးမရှိပါ။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၂၀၃ တွင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်
ဟုဖော်ပြထားသည့်အလျောက်၊ နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စု
လွှတ်တော်ကို တာဝန်ခံရမည်ဖြစ်သည်။ သမ္မတကို ရွေးကောက်တင်မြှောက်
ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုသာ တာဝန်ခံရမည်ဟု ဖော်ပြထားခြင်း
မရှိ၊ ဥပဒေပြုရေးအာဏာကိုကိုင်စွဲထားသည့် ပြည်ထောင်စုလွှတ်တော်ကို
တာဝန်ခံရမည်ဟု ဆိုလိုရင်းသာဖြစ်ပါသည်။

အစိုးရအဖွဲ့အနေဖြင့်၊ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများတွင် အ
ဆိုများတင်သွင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့်ပတ်သက်၍ တက်ရောက်
ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ရာရောက်နိုင်ဖွယ်ရှိနေသည်။ နိုင်ငံတော်
သမ္မတ၏တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ဖော်ပြသည့် ပုဒ်မ ၂၀၂ မှ ပုဒ်မ ၂၁၅ အ
ထိပြဋ္ဌာန်းချက်များတွင် သမ္မတအနေဖြင့် လွှတ်တော်အဆိုများ၊ မေးခွန်းများ
နှင့်ပတ်သက်၍ တက်ရောက်ဆွေးနွေးခြင်းကို ဆိုင်းငံ့နိုင်သည့်ပြဋ္ဌာန်းချက်
ကို မတွေ့ရှိရပေ။ သို့ဖြစ်ပါ၍ အဆိုပါဆိုင်းငံ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂၀၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ရာရောက်သည်ဟု သုံးသပ်နိုင်
ပါသည်။

သမ္မတ သို့မဟုတ် သမ္မတရုံးဝန်ကြီးဌာနအနေဖြင့်၊ သမ္မတနှင့်အစိုးရအဖွဲ့၏
လွှတ်တော်အစည်းအဝေးများတွင် အဆိုများ၊ မေးခွန်းများ ဆွေးနွေးခြင်း ဆိုင်း
ငံ့မှုနှင့်ပတ်သက်၍ တရားဝင်ကြေညာချက်ထုတ်ပြန်သင့်သည်။

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်။ Photo: Kyaw Zaw Win/RFA
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီကာလအတွင်း လက်ရှိအစိုးရကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ရည်ရွယ်ချက်မျိုးရှိ တယ်လို့ ယူဆရတဲ့ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သွားရောက်ရှင်းပြမှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းနေတာတွေ နဲ့ပတ်သက်တဲ့ အရေးကြီးအဆိုအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတွေက လွှတ်တော်မှာ တက်ရောက် မရှင်းပြတဲ့အပေါ် မေးမြန်းရာမှာ ၀န်ကြီးဦးရဲထွဋ်က ဖြေကြားတာဖြစ်ပါတယ်။

"လက်ရှိအစိုးရကို သိက္ခာကျစေတဲ့ ရည်ရွယ်ချက်မျိုးလို့ ထင်ရတဲ့ကိစ္စ ဒီလိုဟာမျိုးမှာတော့ လာရောက်ဖြေဆိုဖို့ လုပ်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုချင်းအလိုက် အရေးကြီးလို့ရှိရင် အမျိုးသားရေးအတွက် လာရှင်းပြဖို့လို ရင်တော့ ကျနော်တို့ လာရှင်းပြဖို့အသင့်ရှိတယ်၊ သူတို့မေးတဲ့ကိစ္စတွေကို ကျနော်တို့က လွှတ်တော်မှာ သွားမရှင်းပြပေမယ့်လည်း ပြည်သူတွေ သိသင့်တယ်ဆိုရင်တော့ မီဒီယာတွေကနေတဆင့် ရှင်းပြသွားမှာပါ"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအသစ်နဲ့ အစိုးရဟောင်း၊ လွှတ်တော်အသစ်နဲ့ လွှတ်တော်အဟောင်းကြား သာ တာဝန်လွှဲပြောင်းရေးအတွက် ချိတ်ဆက်ဆောင်ရွက်ဖို့ရှိပြီး အစိုးရဟောင်းနဲ့ လွှတ်တော်အသစ်ကြား ဆောင် ရွက်ရမယ့် ကိစ္စမရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရှိ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အယ်လ်နီညို ရာသီဥတုကိစ္စ အရေးကြီးအဆိုနဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကိစ္စ  အရေးကြီးအဆိုတို့ဟာ အမျိုးသားအကျိုးစီးပွားနဲ့ သက်ဆိုင်တာကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက လွှတ်တော်မှာ သွားရောက်ရှင်းပြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာ မာန်အောင်မြို့နယ် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စက်မှုလက်မှုသိပ္ပံကျောင်းဖွင့်လှစ်ရေး၊ မွန်ပြည်နယ် မုဒုံမြို့နယ်မှာ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်ရေး၊ တနင်္သာရီမြစ်ဝအနီးမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ စွမ်းအင်ဝန်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင် မြေနေရာတွေကို လွှဲပြောင်းရောင်းချရေး စတဲ့ စီမံကိန်း ၆၈ ခုကို အစိုးရသစ်လက်ထက်မှာ စီမံဆောင်ရွက်ဖို့ ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရတစ်ရပ်က လွှတ်တော်တစ်ရပ်ကို တာဝန်ခံဖို့ လိုမလို အခြေခံဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားခြင်း မရှိဘူးလို့ ပြန်ကြားရေးဝန် ဦးရဲထွဋ်က ဆိုလာပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်အနေနဲ့ပြောခြင်းဖြစ်လို့ အုပ်ချုပ်ရေးမဏ္ဍိုင်က ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အပြန်အလှန်ထိမ်းကျောင်းခြင်းကို ဆိုင်းငံ့ ငြင်းပယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

၂၀၀၈ နာဂစ် မုန်တိုင်းကာလမှာ တက်သုတ်ရိုက်အတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို တစ်ဖက်သတ် အချိန်ယူရေးဆွဲခဲ့တာ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ စတင်ကတည်းကပါ။ ၂၀၀၈ အခြေခံဥပဒေဆိုတာက ပြည်သူရွေးချယ်ထားတဲ့ ရွေးကောက်ခံအမတ်တွေကို နည်းမျိုးစုံပယ်ပြီး။ အသိပညာရှင်ဆိုသူများ အခြားနိုင်ငံရေးအင်အားစုများနဲ့ ညောင်နှစ်ပင်မှာ စိတ်ကြိုက်ရေးထားတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အခု အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အကြီးအမှူးဖြစ်သူ သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသားညီလာခံ ကျင်းပတုန်းက သဘာပတိ အဖြစ် ဦးဆောင် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ စကားကဒီလိုပါ။ “ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စုအစိုးရက ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာ က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။"

ဒီအဖြစ်အပျက်မတိုင်ခင် လွှတ်တော်ကို တာဝန်ခံရှင်းပြခဲ့မှုတွေဟာလည်း ဥပဒေအရ တာဝန်ရှိလို့မဟုတ်ကြောင်း ရှေ့နောက်မညီဖြစ်နေခြင်းကို ကာကွယ်သွားပါသေးတယ်။ "ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စ တွေ၊ အယ်လ်နီညို ကိစ္စတွေဟာ အမျိုးသားအကျိုးစီးပွားနဲ့ ဆက်စပ်နေလို့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေက သွားရှင်းပြခဲ့တာပါ။"

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အခြေခံမူများအခန်းမှာ အစိုးရ၊ လွှတ်တော်နဲ့ တရားလွှတ်တော်များဟာ အချင်းချင်း အပြန်အလှန်ထိမ်းကျောင်းရမယ် ဆိုတာ ပါဝင်ပါတယ်။ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁၁(က) မှာ ဖော်ပြထားတာရှိပါတယ်။ "နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်။" ဒီမူအရ အစိုးရတစ်ရပ်ဟာ လွှတ်တော်ရဲ့ အပြန်အလှန်ထိမ်းကျောင်းမှုက လွတ်ကင်းလို့မရနိုင်ပါ။

ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်များနဲ့ အသက်ဝင်နေပြီးဖြစ်တဲ့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ငြင်းပယ်တဲ့ အစိုးရတစ်ရပ်ဟာ ပြည်သူရဲ့ ဆန္ဒကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ပြည်သူကရွေးချယ်ထားတဲ့ လွတ်တော်ကို တာဝန်မခံခြင်းဟာ ပြည်သူကို တာဝန်မခံခြင်းလည်း မြည်ပါတယ်။ ပိုပြီးထင်ရှားလာတာက အခြေခံဥပဒေကို အချိန်များစွာယူပြီး စိတ်ကြိုက်ရေးဆွဲလာသူတွေဟာ အုပ်စုအကျိုးစီးပွား အတွက် အခြေခံဥပဒေကိုအသုံးချဖို့သာ ရည်ရွယ်ကြပုံပါပဲ။ အခြေခံဥပဒအောက်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ အလုပ်လုပ်ကြဖို့ထက် ကိုယ့်အုပ်စုအကျိုးစီးပွားနဲ့ နေရာကို ကာကွယ်ရာမှာ အသုံးချဖို့ ရည်ရွယ်ထားတာကလည်း ပိုပြီးထင်ရှားလာပါတယ်။ အခြေခံဥပဒေကို တစ်ကြောင်းမှအထိမခံ ကာကွယ်မယ် ဆိုကြသူများဟာလည်း အကျိုးစီးပွားထိခိုက်လာတော့ ကိုယ်တိုင်ရေးထားတဲ့ ဥပဒေကို ကျော်လွန်ပြီးမထေမဲ့မြင် လုပ်ကြတာဟာလည်း တရားကျဖွယ်ဖြစ်လှပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ။ လွှတ်တော်ကို တာဝန်ခံဖို့ တရားဝင်ပျက်ကွက်ခဲ့တဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဟာ သူတို့ကိုယ်တိုင်ရေးသားခဲ့တဲ့ အခြေခံဥပဒေအပေါ် အကြီးမားဆုံးပျက်ရယ်ပြု စိန်ခေါ်ခဲ့တဲ့ နိုင်ငံတော်အစိုးရတစ်ရပ်အဖြစ် မှတ်တမ်းတင်ထားရမှာ ဖြစ်ပါတော့တယ်။

သုံးသပ်ချက် ‪#‎HaveASay‬
ဓာတ်ပုံ CNN

တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့။
တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့။

အစိုးရအာဏာ အလွှဲအပြောင်း မလုပ်ခင် စပ်ကြား နိုင်ငံတော် စီမံကိန်းနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလျင်စလို ကိုင်တွယ်ဆောင်ရွက်နေတာကို ကန့်ကွက်တဲ့ အဆိုအပေါ် ကိုယ်စားလှယ်အများစုက သဘောတူ တာကြောင့် ပြည်သူ့လွှတ်တော် မှာ အတည်ပြုခဲ့ပေမဲ့ အတည်ပြုချက်အပေါ် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးနေစဉ် တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်တွင်း တင်းမာခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုဖြစ်တဲ့ နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲအပြီး လက်ရှိဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းတွေကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတတွေကို လိုအပ်တဲ့ ဆောင်ရွက် မှုတွေ၊ သဘောတူညီမှုတွေ မလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှုတွေ ကို နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေး ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အဆိုကို ကြာသပတေးနေ့ က တင်သွင်းခဲ့တာပါ။ သောကြာနေ့ မှာတော့ ဒီအဆိုကို ဆက်လက်ဆွေးနွေးရာ လွှတ်တော်တွင်း အခြေအနေ တင်းမာမှုတွေဖြစ်ပြီး မဲခွဲဆုံးဖြတ်တာကြောင့် တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒီနေ့လွှတ်တော်တွင်း အခြေအနေကိုတော့ အဆိုတင်သွင်းတဲ့ ပုလဲ အမတ် ဒေါ်ခင်စန်းလှိုင် က အခုလိုပြောပြခဲ့ပါတယ်။

" လွှတ်တော်ထဲမှာ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်က ဆွေးနွေးတယ်။ အဲ့တာ သူတို့က လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်ဘက်က ဆွေးနွေးတာကို သူတို့ဘက်က မကျေမနပ်ဖြစ်ပြီးတော့ တပ်မတော်သားတယောက်က ထကန့်ကွက်တယ်။ တယောက်က ထ ကန့်ကွက်တာကို မကျေနပ်လို့ဆိုပြီး အကုန်လုံးက တပြိုင်နက်တည်း ထပြီးတော့ ကန့်ကွက်ကြတယ်။ ဒီနေ့လည်း လွှတ်တော်က တခါတည်း ဆုံးဖြတ်ချက် ချလိုက်ပြီလေ။ အဆိုတင်တာ အောင်မြင်ပြီး လွှတ်တော်က မှတ်တမ်းတင် ထားရှိတာ။"

စေတုတ္ထရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒီအဆိုကို ထောက်ခံကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးနေချိန်မှာပဲ လွတ်တော်ထဲမှာ ၂၅ရာခိုင်နှုံးရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်များအားလုံးက ကြားဖြတ်ကာ မတ်တပ်ရပ် ကန့်ကွက်ခဲ့တဲ့ အတွက် လွှတ်တော် ဥက္ကဋ္ဌက တပ်မတော်သား ကိုယ်စားလှယ်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

လွှတ်တော်တွင်း ဒီအဆိုကို ကန့်ကွက်မူတွေ၊ ထောက်ခံမူတွေ လုပ်နေတဲ့ တချိန်တည်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေ အားလုံးက မတ်တပ်ရပ် ကန့်ကွက်မှုဟာ ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်မှာ ပထမဦးဆုံးအကြိမ် ထူးထူးခြားခြား ဖြစ်ပွားခဲ့တာပါ။

ဒီအဆိုကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က လွှတ်တော်တွင်းမှာ အခုလိုကန့်ကွက်ခဲ့ပါတယ် ။

" ဒါကို ကျနော်တို့ လွှတ်တော်က အဆိုတရပ်အနေဖြင့် အတည်ပြု တင်သွင်းလိုက်ခြင်း အားဖြင့် နှစ်ဖက် အဖွဲ့အစည်းများအား ကောင်းသော လုပ်ဆောင်ခြင်း မဖြစ်ပဲ အမျိုးသား ရင်ကြား ပိုမိုကွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။"

ဒုတိယအကြိမ်လွှတ်တော်က လွတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့သက်ဆိုင်ရာဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ရှင်းပြဖို့အတွက် လွှတ်တော်မှာတင်ပြခဲ့ပေမဲ့ လက်ရှိအစိုးရကတော့ အရင်အစိုးရက အရင်လွှတ်တော်ကိုပဲ တာဝန်ခံတာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒါအပြင် နောက်လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ ဆက်တိုက်တင်လာတဲ့ အတွက် လက်ရှိ အစိုးရအနေနဲ့ တက်ရောက်ဆွေးနွေးဖို့ ဆိုင်းငံ့ ထားတယ် လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောဆို ထားပါတယ်။

ဒီလို ပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်ခင်စန်းလှိုင်က အခုလိုပြောဆိုသွားပါတယ်။

" ပထမအကြိမ် လွှတ်တော်ဖြစ်ဖြစ်၊ ဒုတိယအကြိမ် လွှတ်တော်ဖြစ်ဖြစ် ဝန်ကြီးဌာနတွေအနေနဲ့က လေးလေးစားစားနဲ့ ပြည်သူလူထုက သိချင်နေတဲ့ အချက်လေး ကို ပြည်သူလူထု ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းရ တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တကယ်တမ်းက ဒါလေးက ပြန်လည်ပြီး လာဖြေကြားမယ်ဆိုရင် အင်မတန်မှ ကောင်း တာပါပဲ။ ပြည်သူလူထု ကလည်း ဝန်ကြီးဌာနတွေက ဒီလိုမျိုး တိတိကျကျ ဖြေကြား တယ် ဆိုတာကိုလည်း လိုချင်တယ်။ အဲ့တာကိုလည်း သိချင်နေတယ်ဆိုတဲ့ အခြေအနေ တခုပါ။"

အစိုးရသစ် မတက်လာခင်မှာ သိသာထင်ရှားစွာနဲ့ အလျင်စလို လုပ်ဆောင်နေတယ် လို့ စွပ်စွဲခံနေရတဲ့ကိစ္စကတော့ ကချင်ပြည်နယ် တွင်းမှာ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို စက်အင်အား၊ လူအင်အားအများအပြားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ထောက်ပြဝေဖန်မူတွေရှိနေတာပါဒီလို တူးဖော်နေတာကြောင့် မြေစာပုံတွေ ပြိုကျပြီး လူတွေသေဆုံးမူတွေ ရှိနေတာကြောင့် ဒေသခံတွေက ကန့်ကွက်ရတဲ့အထိ တင်းမာခဲ့ပါတယ်။ ဒါ့အပြင် သံယံဇာတ တူးဖော်နေတဲ့ ကိစ္စတခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ မေလမှာ ကြေးနီ စထုတ်လုပ်တော့မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ပြောဆိုတဲ့အတွက် ဒီကိစ္စတွေဟာလည်း စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အစီရင်ခံစာ အတိုင်း အပြည့်အဝ လိုက်နာမူမရှိဘူး လို့ ဝေဖန်ခံနေရ တာဖြစ်ပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/lower-house-approved-nld-mp-proposal-not-to-abruptly-implementing-gov-projects/3209360.html


patjasan-protest-620.jpg
Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား ၅ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ပတ်ဂျာဆန် (Pat Jasan) လို့ခေါ်တဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလုံဂျုံတူးရော်က ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Pat Jasan အဖွဲ့က ပြည်နယ်အစိုးရနဲ့ တိုင်ပင်နေဆဲမှာ ပြည်နယ်လူထုက လူနာတွေကိုကြည့်ပြီးတော့မှ သူတို့စိတ်လှုပ်ရှားပြီး ဆန္ဒပြနေတဲ့အပိုင်းဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့က မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုပြီး အခုလာပြီးတော့ သူတို့ကို မြန်မြန်ဆန်ဆန်ရုပ်သိမ်းဖို့ ကျနော်တို့ လာပြီးတိုက်တွန်းနေ တာဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ကဖြတ်ပြီး ပြည်သူ့ဆေးရုံကြီးဘက်ကိုအသွားမှာ ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တားဆီးတာဖြစ်ပြီး ခွင့်ပြုထား တဲ့ သတ်မှတ်လမ်းကြောင်းအတိုင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ခိုက်ခံရတဲ့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ၀ိုင်းမော်မြို့နယ် ဝေမိုးကျေးရွာက ဘိန်းစိုက်တောင်သူလို့ ယူဆရတဲ့ ရွာသား ၂၁ ယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေ ဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသနေပြီး လူနာ ၃၇ ယောက် ရှိတယ်လို့ သိရပါတယ်။

လတ်တလော တိုက်ခိုက်ခံထားရအတွက် လက်ရှိအချိန်မှာ ဘိန်းဖျက်ဆီးရေးလုပ်ငန်းတွေကို ရပ်နားထားပြီး အဖွဲ့အားလုံးဟာ ဆဒုံးမြို့မှာ စခန်းချနေကြပါတယ်။

ဒီကနေ့ညနေပိုင်းမှာ ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ဘိန်းခင်းတွေ ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ဆွေးနွေးနေကြပါတယ်။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစပြီး အဖွဲ့ကြီး ၆ ဖွဲ့၊ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေချိန်မှာ မနေ့က တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/pajmyitkyina-protest-02262016095503.html

‘ဒီတပတ်တော့ ဆောင်းပါးမရေးတော့ဘူး၊ နားမယ်လို့ စဉ်းစားထားတာပါ။ ရှင်းရှင်းပြောရရင် ခုလိုပုံစံမျိုး ဆောင်းပါးတွေလည်း မရေးချင်တော့ဘူး။ ဒီအကြောင်းတွေ ရေးခဲ့တာတွေကလည်း များနေပြီ။ အပ်ကြောင်းလည်း ထပ်နေပါပြီ။ ရေးလွန်းလို့လည်း လက်က မီးခိုးထွက်တော့မယ်၊ ပြောင်းလဲမှုကတော့ မရှိ ဘူးလေ။ ဒီအချိန်မှာ ဆရာကြီးလူထုစိန်ဝင်း စကားလေး သွားသတိရမိတယ်။ ပြုပြင်တာ၊ မပြုပြင်တာကတော့ သူ့အလုပ် ကိုယ်ပြောစရာရှိတာတော့ ပြောရမှာပဲတဲ့။ ဟုတ်ကဲ့ ကျွန်တော်လည်း ခုမနေနိုင်လို့ ပြောလိုက်ပါဦးမယ်။
ပြီးခဲ့တဲ့အပတ်က ပဲခူးတိုင်းပညာရေးဌာနက မေးခွန်းထဲမှာ တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံလို့ဆိုပြီး မှားရေးခဲ့လို့ ပြစ်တင်ဝေဖန်သံတွေ ပွက်လောရိုက်ကုန်တယ်ဗျ။ အဲ့လိုတောင်ဖြစ်နေပြီလား၊ ဘာလားဆိုပြီး ပြည်သူတွေရဲ့ ဝေဖန်အပြစ်တင်သံတွေ သောသောညံသွားခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီကိစ္စမှာ ကျွန်တော် ကတော့ စိတ်မဆိုးခဲ့ဘူးဗျ။ အပြစ်လည်း မမြင်ချင်တော့ဘူး။ လက်တွေ့အကြောင်းတရားတွေက ရှိတယ်လေ။

အများစုကတော့ အဲလိုမှားရေးလိုက်တာဟာ ငါတို့နိုင်ငံနဲ့ ပြည်သူကို စော်ကားသလို ဖြစ်မနေဘူးလား။ ငါတို့နိုင်ငံက တရုတ်လက် အောက်ခံနိုင်ငံလား။ ကိုယ်ပိုင်အချုပ်အခြာ အာဏာပိုင်နဲ့နေတာကွလို့ တုံ့ပြန်ပြော ကြားကြပါတယ်။ သူတို့ပြောတာလည်း မှန်ပါတယ်။ ကိုယ့်နိုင်ငံကို အဲလိုပြောခံရတာ ဘယ်ခံနိုင်မှာလဲ။ ကျွန်တော်လည်း မခံနိုင်ပါဘူး။ ဒါပေမဲ့ ဒီစကားက လုံးလုံးမမှန်ဘူးလို့ ငြင်းနိုင်သလား။ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့က ဟိုကိုလိုနီ ခေတ်ကလို တိုင်းပြည်ကို လက်နက်နဲ့ကျူးကျော်သိမ်းပိုက်မှ သူ့ကျွန်ဘ၀ သူ့လက်အောက်ခံ ဘ၀ရောက်တယ်လို့ မြင်တာကိုး။ ဒီခေတ်က အဲလိုခေတ်မဟုတ်တော့ဘူး။ ခေတ်သစ်ကို လိုနီခေတ်ဖြစ်သွားပြီ။ ဘယ်နိုင်ငံကမှ လက်နက်ကိုင်ကျူးကျော်မနေတော့ဘူး။ လက်နက်ကိုင်ကျူးကျော်တာက နာမည်ပျက်တယ်။ လူတွေလည်း သေရတယ်။ ခုခေတ်က အဲလိုမဟုတ်တော့ဘူး၊ သွားကျူးကျော်စရာမလိုဘဲ လိုလိုချင်ချင်နဲ့ ကိုယ့်လက် အောက်ခံဖြစ်လာအောင်ကို လုပ်တဲ့ခေတ်ဖြစ်သွားပြီ။ အဲဒီစကားနဲ့ ပတ်သက်ပြီး ဘာလို့ကျွန်တော်စိတ်မဆိုးတာလဲဆိုတာ အောက်ပါအချက်တွေကိုကြည့်ပြီး စာဖတ်သူရော စိတ်ဆိုးသင့်မသင့် ဆုံးဖြတ်ကြပေါ့။

တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံလို့ရေးလို့ဝေဖန်သံတွေမှ မစဲသေးဘူး၊ နေပြည်တော်တွင် တရုတ်သံရုံး ရုံးခွဲဖွင့်လှစ်မှု နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ အကြောင်းကြားခြင်းမရှိ၊ တရားဝင်လက်ခံထားခြင်းမရှိဟုဆိုပြီး စာလုံးအကြီးကြီးနဲ့ ပါလာပါလေရောဗျာ။ ကဲ၊ ပွဲကိုသိမ်းရော အရင်ရက်က တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံလို့ရေးလို့ စိတ်ဆိုးကြတဲ့သူတွေ ဘာပြောချင်ကြသေးတုန်း။ ပြောစရာကုန်သွားပါပြီ။ နေပြည်တော်မှာလာ ရောက်ဖွင့်လှစ်တဲ့ သံရုံးရုံးခွဲဖွင့်လှစ်တာကို သက်ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာနကိုလည်း အသိမပေးဘူး။ ခွင့်ပြုချက်လည်း မယူခဲ့ဘူးတဲ့။ တိုးတိုးတိတ်တိတ် ဖွင့်ထားတာတောင်မဟုတ်ဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာလျိုကျန့်မင် (Mr.Liu Zhemin) ကိုယ်တိုင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ထိုသို့ ဖွင့်လှစ်ခဲ့ကြောင်းကို တရုတ်နိုင်ငံအစိုးရပိုင် ဆင်ဟွာ သတင်းဌာနမှာတောင် ဖော်ပြခဲ့ပါတယ်။ ကဲ၊ ဘယ်လောက်တောင် စော်ကားလိုက်ပါသလဲ။ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့သံရုံး တခုရဲ့ ရုံးခွဲဖွင့်တာတောင် သက်ဆိုင်ရာနိုင်ငံကို အသိပေးတာ၊ ခွင့်ပြုချက်တောင်းတာ လုံးဝမလုပ်ခဲ့တာဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုကို ဂရုမစိုက်ဘူးဆိုတဲ့ အပြုအမူပါပဲ။
ဒီကိစ္စကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိပြီး တရုတ်သံရုံးကိုလှမ်းမေးတော့ ဒီတခုတော့ နားလည်ပေးပါတဲ့၊ ကဲ ဘယ်လောက်လွယ်လိုက်တုန်း။ သူတို့နိုင်ငံမှာ အဲလိုသွားလုပ်လို့ရမလား မေးကြည့်ချင်ပါတယ်။ ကိုယ့်နိုင်ငံ ဘက်ကရော အလွယ်တကူကျေနပ်လိုက်မှာလား။ အနည်းဆုံး ခေါ်ယူသတိပေးတာလောက်တောင် မလုပ် တော့ဘူးလား။ ဟိုဝန်ကြီး ပြောသလို တပည့်တော်တို့က တရုတ်ကိုလည်းကြောက်ရပါတယ် ဘုရား ဆိုတဲ့အတိုင်း မသိချင်ယောင် ဆောင်နေလိုက်တော့မှာလား။

နောက်တခုပြောချင်တာ ကျွန်တော်တို့ မန္တလေးမှာ တရုတ်နိုင်ငံ ကားတွေရောက်ရှိ မောင်းနှင်အသုံးပြုနေ ကြတာပဲ ဖြစ်ပါတယ်။ တော်တော်ကြာနေပါပြီ၊ ဝေဖန်ပြောဆိုနေလည်း ဂရုမစိုက်ကြပေ။ သံရုံးကားဆို ပြောစရာ မရှိပါဘူး။ သံရုံးနံပါတ်နဲ့ကိုး။ ခုဟာက တရုတ်နံပါတ်တွေနဲ့ဆိုတော့ အဲဒီကားနဲ့ မှုခင်းတခုခုဖြစ်ရင်တောင် နံပါတ် ဘယ်လိုမှတ်ရမှန်း မသိပေ။ နယ်စပ်မူဆယ်မြို့လောက်မှာဆို မပြောလိုပေ။ ခုတော့ မြန်မာပြည်ရဲ့ ဒုတိယမြို့ တော်ထိ ရောက်ရှိနေတာ ဘာကြောင့်လဲ။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ရောက်ရှိနေတာလဲ။ ဖားကန့်မှာလည်း တရုတ်နိုင်ငံက ကား တွေရာချီ၊ ထောင်ချီပြီး ၀င်ရောက်တူးဖော်ယူငင်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ချင်သလို လုပ်ခွင့်ရနေတာတွေ တွေ့ရတော့ မြန်မာနိုင်ငံကို သူတို့လုပ်ချင်သလိုလုပ်လို့ရတယ်လို့ သဘောထား လာနေကြသလား။ ကိုယ့်ဘက်က လုပ်ခွင့်ပေးလို့ဖြစ်နေတာလားဆိုတာတော့ ကာယကံရှင်တွေပဲ သိမယ်ထင်ပါတယ်။ ဒါပေမဲ့ဒါတွေက မြန်မာနိုင်ငံမှာ လက်ရှိတကယ်ဖြစ်နေတဲ့အရာတွေပါ။

အစိုးရရော ပြည်သူအားလုံး လက်ရှိကျွန်တော်တို့နိုင်ငံနဲ့ တရုတ်ရဲ့ အနေအထားကို တချက်ချင်း နဖူးပေါ် လက်တင် စဉ်းစားကြည့်ကြပါဦး။ ကျွန်တော်တို့နိုင်ငံရဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေကို တရုတ်က တရားဝင်တမျိုး၊ တရားမ၀င်တသွယ် ယူငင်နေကြတာ တနိုင်ငံ လုံးအသိပါပဲ။ ရေနံသဘာဝဓာတ်ငွေ့၊ ကြေးနီ၊ ရွှေ၊ ကျောက်စိမ်း၊ သစ်တော အကုန်ပါပဲ သူတို့ယူနေကြတယ်။ မြန်မာနိုင်ငံရဲ့မြစ်တွေပေါ်ဆည်တွေ ဆောက်၊ လျှပ်စစ်တွေထုတ်ယူကြတယ်။ ရခိုင်ကမ်းရိုးတန်းကနေ သဘာဝဓာတ်ငွေ့တွေကို မြန်မာနိုင်ငံရဲ့အလယ်ဝမ်းဗိုက်ကိုဖြတ်ပြီး ပိုက်လိုင်းသွယ်ကာ တရုတ်ပြည်ကိုသယ်ကြတယ်။ ကျောက်ဖြူ- ကူမင်းရထားလမ်း ဖောက်ဖို့တောင် ရည်ရွယ်နေကြသေးတယ်လေ။ လာမယ့် မေလကစပြီး ဒေသခံကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေ၊ အသက်တွေပေးဆပ်ဆုံးရှုံးနစ်နာခဲ့ရတဲ့ လက်ပံ တောင်းတောင်ကနေ ကြေးနီစတင်ထုတ်လုပ်ခွင့်လည်း ရထားပါတယ်။

ခုဆိုဒီလို သဘာဝသယံဇာတတွေထုတ် ယူလို့အားမရတော့ဘဲ ကျွန်တော်တို့နိုင်ငံရဲ့ ပင်မအသက်သွေးကြောဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းပါ တရုတ်နိုင်ငံသားတွေက ၀င်ရောက်လုပ်ကိုင်နေကြပါပြီ။ ဖရဲ၊ သခွားစတဲ့ တရုတ် ဈေးကွက်ဝင်သီးနှံတွေကို ဧကရာချီပြီးစိုက်ကာ ထွက်လာသမျှကို သူတို့ရဲ့ပြည်မကြီးအထိ ပို့ကြတော့ ဒီက တနိုင်တပိုင်စိုက်တဲ့ ကျွန်တော်တို့ တောင်သူတွေက မယှဉ်နိုင်ဘဲ အရှုံးပေါ်ကုန်ကြပါတော့တယ်။ ပြည်သူအများစုဖြစ်တဲ့ တောင်သူတွေရဲ့လယ်ယာလုပ်ငန်းတွေပါ ၀င်ရောက် လုပ်ကိုင်နေကြပြီဆိုတော့ ရှေ့ဆက်မတွေးဝံ့စရာဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လာရောက်လုပ်ကိုင်တဲ့ လုပ်ငန်းအားလုံးမှာလည်း သူတို့နိုင်ငံသား အလုပ်သမားတွေပါ တခါတည်းခေါ်ယူလာတာ ဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံက အလုပ်သမားတွေကတော့ သူတို့မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေ၊ အန္တရာယ်များတဲ့ လုပ်ငန်း တွေမှာလုပ်ကိုင်ရတာပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ လာရောက်လုပ်ကိုင်သော်လည်း လုပ်ခလစာကျတော့ သူတို့နိုင်ငံသားတွေရဲ့ အစွန်းထွက်လောက်ပဲ ရကြပါတယ်။ ဒါအပြင် တရုတ်နိုင်ငံသားတွေရဲ့ အနိုင် ကျင့်ဖိနှိပ်ခိုင်းစေမှုတွေလည်းရှိခဲ့လို့ တွေးကြည့်ရင် ရင်နာစရာကောင်းလှပါတယ်။

မြန်မာပြည်ရဲ့ထိပ်တန်းအဓိကစီးပွားရေး လုပ်ငန်းကြီးတွေလည်း ကြည့်လိုက်ဦးလေ။ တရုတ်တွေပဲ အုပ်စိုး ထားတာပါ။ တိုင်းပြည်တခုရဲ့ အဓိက၀င်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့ ကားလမ်း၊ ဆိပ်ကမ်း၊ နိုင်ငံတကာ လေဆိပ်တွေလည်းကြည့်ဦး ဘယ်သူတွေ လုပ်ပိုင်ခွင့်ရထားလဲဆိုတာ။ မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ အိမ်မြေ တွေ၊ လယ်မြေတွေလည်း မြန်မာနာမည်ခံ တရုတ်တွေဝယ်ထားတဲ့ ပမာဏဟာ မခန့်မှန်းနိုင်ပေ။ ကျွန်တော် တို့နိုင်ငံရဲ့လည်ပတ်နေတဲ့ ငွေကြေးတွေထဲမှာ တရုတ်ပိုင်ငွေတော်တော်များများပါဝင်လည်ပတ်နေတယ်လို့ စီးပွားသမားအများစုရဲ့ ပြောဆိုသံတောင် ကြားဖူးပါတယ်။ ရင်နာစရာအကောင်းဆုံးကတော့ သယံဇာတ ပစ္စည်းသာမက မြန်မာမိန်းမပျိုလေးတွေပါ လိင်ကျွန်အဖြစ် ၀ယ်ယူသိမ်း ပိုက်နေကြတယ်ဆိုတော့ ဘာကျန် ကြသေးလဲ။ ကိုလိုနီလက်အောက်ခံ သူ့ကျွန်ဘ၀နဲ့ ခုခေတ်သစ်ကိုလိုနီလက်အောက်ခံဘ၀ ဘာကွာသေး လို့လဲ။ တချက်ချင်း သေချာစဉ်းစားကြည့်ကြပါ။ လက်ရှိဖြစ်နေတာတွေနဲ့ ချိန်ထိုးကြည့်ရင် စာမေးပွဲမေးခွန်းမှာ မှားရေးမိသလို တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံတော်လို့ အမည်မတပ်ရုံတမယ်ဘဲ ဖြစ်နေတာလေ။

အခုတက်လာမယ့် အစိုးရသစ်လက်ထက်မှ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး မူဝါဒဆုံးဖြတ်ချက် ပြတ်ပြတ် သားသားချမှတ်လုပ်ကိုင်နိုင်ဖို့ ပြောနေရတာ ဖြစ်ပါတယ်။ ယနေ့ထိ မငြိမ်းချမ်းသေးတဲ့ လက်ပံတောင်း တောင်ကိစ္စ ဘယ်လိုဖြေရှင်းကြမှာလဲ။ မေလဆို ကြေးနီစတင်ထုတ်တော့မယ်။ ပြည်သူတွေရွေးချယ်လိုက်တဲ့ အစိုးရတရပ်အနေနဲ့ ပြည်သူ့မျက်နှာပဲ ကြည့်ရမှာဖြစ်ပါတယ်။ ပြည်သူလက်မခံတဲ့လုပ်ငန်းကို လက်ခံစရာ မလိုပေ။ နောက်တခုက မြစ်ဆုံပဲဖြစ်ပါတယ်။ မြစ်ဆုံလည်း တရုတ်ဘက်က ဒီနေ့ထိ လက်မလျှော့သေးပေ။ ဒါတွေဟာ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။ အကောင်းဆုံးမူဝါဒလမ်းစဉ်ချမှတ်ပြီး တိုင်းပြည် အကျိုးအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ကျွန်တော် ခုပြောနေတာတွေဟာ တရုတ်မုန်းတီးရေး မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိ ပကတိအခြေအနေ ကိုသိဖို့၊ သိပြီးရင် ပြည်သူရော အစိုးရကပါ ကိုယ့်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။ တရုတ်ကိုဆန့်ကျင်နေတာ မဟုတ်ပါဘူး။ မိမိအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြဖို့ အတွက်ပါပဲ။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ရှိ နိုင်ငံရေးအနေအထားသို့ရောက်ရှိလာရန် မြန်မာလူထု နှစ်ငါးဆယ်ကျော်ကြာ အခက်အခဲအတား အဆီးများစွာကို ဖြတ်ကျော်ခဲ့ကြရသည်။ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်သူအများစုလိုချင် သည့် မဲရလဒ်ပေါ်ထွက်လာစေရန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီ-ချုပ်ပါတီဝင်များနှင့် ၀န်းရံသူ များ၊ ထောက်ခံမဲပေးခဲ့သူ လူထုလက်ခိုင်ခိုင်တွဲ၍ တာဝန်ကိုယ်စီကျေခဲ့ကြ၍ အများလို ချင်နေသည့် ပြောင်းလဲ ရေးလမ်းစပေါ်ရောက်ခဲ့ကြောင်း မြန်မာလူထု ကောင်းစွာနားလည်ကြပါသည်။
အခြေအနေအရပ်ရပ်ကို နားလည်စွာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် ၀မ်းသာအယ်လဲ အောင်ပွဲမခံကြဘဲ၊ ယနေ့ထိ သိုသိုသိပ်သိပ်နေ ထိုင်စောင့်ကြည့်နေရဆဲဖြစ်ပေသည်။ ယနေ့ မြန်မာလူထု(လူများစု) ဆန္ဒက လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ၏သမ္မတအဖြစ် မြင်လိုကြသည်။ သို့သော် ယနေ့ထိ ဒေါ်အောင် ဆန်းစုကြည်သမ္မတမဖြစ်စေရန် တားဆီးထားသောပုဒ်မ ၅၉(စ)ကို တနည်းတဖုံ လုပ်ဆောင်မည်၊ မလုပ်ဆောင် မည် ဘာမျှမသေချာမရေရာသေး။

၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းဥပဒေအားလုံး ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေမရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသောဥပဒေများပါရှိကြောင်း၊ ပြည်တွင်း ပြည်ပနှစ်ရပ်စလုံးက ဟိုယခင်ကလည်း ထောက်ပြကြသည်။ ယခုလည်း ထောက်ပြကြသည်။
၅၉(စ)ကို ဆက်လက်စွဲကိုင်လိုသူများဘက်မှလည်း ဒီမိုကရေစီသက် နုနယ်သေးသဖြင့် သင့်တော်သော အချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်သောအချက်များပြင်ကြရမည်ဟု ဆိုကြသည်။ ဒီမိုကရေစီကိုဖော် ဆောင်ပြီပြောနေစဉ်ကပင် ဒီမိုကရေစီနှင့် ဆန့်ကျင်သောဥပဒေများကို ထည့်သွင်းလက်ခံရေးဆွဲခဲ့ကြောင်း၊ ရိုးရိုးသားသားဝန်ခံခြင်းကို ယနေ့ထိ မြန်မာပြည်သူတို့ မကြားစဖူးပေ။ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေများကို မြန်မာ နိုင်ငံနှင့် ဆီလျော်သောကြောင့် ထည့်သွင်းထားသယောင် ပြေ ကြားလာသည်ကလည်း သည်ဖွဲ့စည်းပုံစတင် ပေါ်ပေါက်လာကတည်းက ဖြစ်ပေသည်။

သည် ၂၀၀၈ ဖွဲ့စည်းပုံကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူလိုလားသည့် ဒီ-ချုပ်ပါတီ ရွေးကောက်ပွဲ မ၀င်ခဲ့ပေ။ သို့သော် မြန်မာလူထုအများစုသည် သူတို့ကြိုက်နှစ်သက်မှု နည်းသောပါတီကို မဲမပေးခဲ့ကြ။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ထွက်ပေါ်လာသောရလဒ်က ကြိုတင်မဲပေါ် အခြေပြုထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် တဖက်က ပြင်ဆင်မှုများစွာကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာပင် စတင်ပန္နက်ချခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ ၁ ရက်တွင် ပြီးခဲ့သည်။ မေလကုန်လုတွင် ဗုဒ္ဓ ဘာသာဝင်တို့နှင့် တခြားဘာသာဝင်တခုအကြား လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ စတင်လာသည်။ ရခိုင် ပြည်နယ်မှစတင်သော လူမျိုးရေး၊ ဘာသာရေး မီးတောက်သည် တခြားမြို့ရွာများသို့ပါ ကူးစက်ခဲ့သည်။ အပြင်း ထန်ဆုံးကား မိတ္ထီလာအရေးအခင်းဖြစ်သည်။ ထိုကိစ္စများမှတဆင့် အမျိုး၊ ဘာသာ၊ သာသနာဆိုသောအသံများ ဆူညံလာသည်။ မျိုးစောင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး မြန်မာဘုန်းတော်ကြီးများပါဝင်သည့် အမျိုးဘာသာသာသနာ အဖွဲ့က ဦးစီးဆောင်ရွက်ခဲ့ကြသည်။ ဖြစ်လာသော လူမျိုးရေး၊ ဘာသာရေးပဋိက္ခများ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ပေါ်ပေါက်လာခြင်း၊ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းခြင်းစသည့် ကွင်းဆက်များကို ပြည်သူက ကြည့်တတ်သောမျက်စိနှင့် ကြည့်ခဲ့ကြသည်။ စိတ်အတွင်းမှ ဘ၀ပေးအသိများဖြင့် ထိုးဖောက်သိမြင်နေကြ သည်။

မြန်မာပြည်သူတို့ အကင်းပါးလွန်း၍သာ အမျိုးဘာသာသာသနာကို အသုံးချလျက် မဲများကို မိမိလိုသည့်ရလဒ် အဖြစ် ထွက်ပေါ်လာစေရန် ကြိုးပမ်းခဲ့သူများ၊ မမျှော်လင့်ခဲ့သည့်ရလဒ် ထွက်လာခြင်းဖြစ်သည်။ ပြည်သူတို့ ညီညာဖြဖြ ရုန်းထလိုက်သော ၂၀၁၅ မဲရလဒ်သည် တဖက်၏အရှိုက်ကို ထိုးရိုက်နိုင်ခဲ့သည်။ သည်နောက် လူထုခေါင်းဆောင်က သတိကြီးကြီးထားရန် အချက်ပြလိုက်သည်ကို ပြည်သူတို့ လိုက်နာခဲ့ကြသည်။
လွှတ်တော်နှစ်ရပ် ပြောင်းလဲဖွဲ့စည်းပြီးနောက် မတ်လအတွင်း အစိုးရသစ်ဖွဲ့စည်းရေးလုပ်ငန်းများ စတင်ရ တော့မည်။ လက်တကမ်း အနာဂတ်မြန်မာနိုင်ငံ၏ သမ္မတမည်သူဖြစ်လာမည်နည်းဆိုသည့် သိချင်စိတ် လူထု အကြားကြီးမားလှကြောင်း အားလုံးသိကြပါသည်။ အများစုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြ ကြောင်းကိုလည်း သူ့ကို ထောက်ခံသူများရော၊ မလိုလားသူများပါ သိကြပါသည်။

လက်ရှိ မြန်မာနှင့် ကမ္ဘာ့အနေအထားအရ မတ်လကုန်တွင်ဖြစ်ပေါ်လာမည့် မြန်မာအစိုးရသစ်တွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အရေးမကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အဓိပတိအနေဖြင့် မြန်မာနိုင်ငံကို ဦးဆောင်သွားမည်သာဖြစ်ပါသည်။ စင်စစ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရာထူးမယူခြင်းက သမ္မတရာထူးယူခြင်းထက် ပိုမိုကောင်းမွန်ပါသည်။ သမ္မတရာထူးယူလိုက်ပါက ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဒီ-ချုပ်ပါတီဥက္ကဋ္ဌရာထူးကို စွန့်ရမည်ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် လူထုအားနှင့် ပေါက်ဖွားလာသော အင်အားကြီးပါတီဟူ၍ ဒီ-ချုပ်ပါတီတခုသာ ရှိပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်ခရီးအတွက် ပါတီကျစ်လျစ်ခိုင်မာရေး၊ သန့်စင်ရေးများလုပ်ဆောင်ရန် လွန်စွာအရေးကြီးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေရန် ၅၉(စ)ကို ဆက်လက်ထားရှိမည်ဟူသော အရိပ်ပြစကားများထုတ်ပြောလာချိန်နှင့် ၅၉(စ) ထောက်ခံပွဲဟောပြောပွဲ ကျင်းပမည်ဆိုသော သတင်းများထွက်လာချိန်သည် အချိန်ကိုက်ဖြစ်ကြောင်း တွေ့ရှိ နိုင်ပါသည်။ ဟောပြောပွဲတခုဖြစ်မြောက်ရန် အဖွဲ့အစည်းအဆင့်ဆင့်ထံမှ ခွင့်ပြုချက်မျိုးစုံယူရသော ယနေ့ မြန်မာနိုင်ငံတွင် ၅၉(စ) ထောက်ခံဟောပြောပွဲကျင်းပခွင့် လွယ်လွယ်ကူကူအဘယ်ကြောင့်ရသနည်း။ ၅၉(စ) ထောက်ခံပွဲကျင်းပခွင့်ရသောကြောင့် ဆန့်ကျင်ကြောင်းဟောပြောလိုသူများက ခွင့်တောင်းလျှင် ခွင့်ပြုချက်ရ မည်ထင်ပါသလား။

၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာစဉ် တချို့သောနေရာများတွင် ရိုးရိုးတရားပွဲမဟုတ်ဘဲ၊ တရားပွဲကို အကြောင်း ပြလျက် မည်သူ့ကို မဲမပေးပါနှင့်။ မည်သည့်ပါတီကို မဲမပေးပါနှင့် ဟောပြောသောပွဲများကို မြန်မာလူထုမတက် ရောက်ဘဲ အသံတိတ်ဆန့်ကျင်ခဲ့ကြသည်။
ယခုလူထုလိုချင်သည့် အထွေထွေပြောင်းလဲရေးလမ်းစပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်အရ အများဆန္ဒနှင့်အညီ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လျှင်လည်း အကြောင်းမဟုတ်ပါ။ ယနေ့ မြန်မာ့ဒီမိုက ရေစီခရီးကို ဦးဆောင်မောင်းနှင်မည့်သူက ဒေါ်အောင်ဆန်းစုကြည်သာဖြစ်ပါသည်။ ယခုအချိန်တွင် ၅၉(စ) ထောက်ခံပွဲသို့ တက်ရောက်သူများအကြား ကြိုတင်ဇာတ်တိုက်ထားသူများရောနှောလျက် ဟောပြောမှုများကို သည်းမခံနိုင်သယောင် ဆူပူအော်ဟစ်၍ နှပ်ကြောင်းပေးလာပါက ဒေါ်အောင်ဆန်းစုကြည်ကို ရိုးရိုးသားသား သမ္မတဖြစ်စေလိုသူများ စိတ်ပါလက်ပါ ပူးပေါင်းဆူပူမိပါက ပြောင်းပေးရမည့် ဆဲဆဲအခြေအနေအတွက် အကြောင်းပြစရာဖြစ်လာနိုင်ပါသည်။

အပြောင်းအလဲခရီး ပြီးလုပြီးခင်အချိန်နှင့် ကိုက်ညှိပေါ်ထွက်လာ မည့်ထောင်ချောက်များကို သတိကြီးစွာ ကပ်လျက် မြန်မာလူထုတည်ငြိမ် ရင့်ကျက်မှုဖြင့် ဖြတ်ကျော်ကြပါလေ။

အဖွဲ့ဝင်အယ်ဒီတာတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)