03/06/16

ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပွဲ တက်ရောက်လာတဲ့ ဦးဥာဏ်ဝင်းကို မတ်လ ၆ ရက်နေ့က နေပြည်တော်ရှိ နှင်းဆီ စံအိမ်တွင် တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတအမည်စာရင်းနဲ့ အစိုးရအဖွဲ့ဝင်အမည် စာရင်းတွေကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

ဒီကနေ့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ အစိုးရသစ် အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"အစည်းအဝေးမှာ ပထမဆုံးပြောစရာတစ်ခုပဲရှိတယ်၊ ကျနော်တို့ အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာလုပ်မယ်၊ သမ္မတကိစ္စတွေ၊ ဘာတွေ ကတော့ ပြောစရာဘာမှမပါဘူး၊ ဆွေးနွေးတာတွေကအများကြီးပါ၊ လာမယ့်အစိုးရသစ်မှာလုပ်မယ့်အလုပ်တွေ ဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်တစ်ခုမှ မရှိပါဘူး၊ ၃၁ ရက် မလွှဲသေးခင်သူတို့လက်ထဲမှာ ရှိမှာပေါ့၊ ၃၁ ရက်လွှဲပြီးရင် ဒီဖက်ကိုရောက်မှာပေါ့"

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တို့ အာဏာလွှဲပြောင်းရယူ ကြမှာဖြစ်ပါတယ်။

ဒီနေ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးစလုံး တက်ရောက်ကြပါတယ်။

ရှေ့လာမယ့် အစိုးရသစ်မှာ လုပ်ဆောင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အကြောင်းအရာအတော်များများကို ဆွေးနွေးဖြစ်တယ်လို့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သမ္မတများအဖြစ် ဦးထင်ကျော်နှင့် ဦးခွန်ထွန်းဦးတို့ကို ရွေးချယ်လိုက်ကြောင်း ကြေညာချက် အွန်လိုင်းတွင် ယခု ပြန့်နှံ့မှုနှင့် ပတ်သက်၍ အတုသာဖြစ်ကြောင်း NLD ပါတီ၏ အတွင်းရေးမှူးအဖွဲ့ ဝင် ဦးဝင်းထိန်ကပြောသည်။
" သိတယ်သိတယ် ခွန်ထွန်းဦးနဲ့ ဦးထင်ကျော် ရုံးစာထွက်နေတာ သိတယ် အဲ့ဒီရုံးစာကလုံးဝအတုကြီးပဲ " ဟု ဦးဝင်းထိန်က ယနေ့  ည ခုနှစ်နာရီ လေးဆယ်မိနစ်အချိန်တွင် Mizzima သို့ ပြောသည်။

ဦးထင်ကျော် အား ပြည်သူ့ လွှတ်တော်မှ ဒုသမ္မတ အဖြစ်လည်းကောင်း ၊ ဦးခွန်ထွန်းဦးအား အမျိုးသားလွှတ်တော် မှ ဒုသမ္မတ အဖြစ် လည်းကောင်း တင်သွင်းမည်ဟု NLD ပါတီ၏ ယနေ့ ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်ဟုဆိုကာ ရုံးတံဆိပ်တုံး ပါသောစာတစ်စောင် အွန်လိုင်း ဖေ့စ်ဘွတ်စာမျက် နှာတွင် ပျံနှံခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယ သမ္မတလောင်းအမည်စာရင်း ထုတ်ပြန်ထားသည့် ကြေညာချက် အတုသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လျက်ရှိပါသည်။ ဒီချုပ်တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် အဆိုပါကြေညာချက်ကို လုံးဝ မတွေ့
ရှိရ။ ဟု ရေးထားသည်။

Mizzima - News in Burmese

တီဟီရန်၊ မတ် ၆ ။ ။ အီရန်က ဘီလျှံနာလုပ်ငန်းရှင်သူဌေးကြီး ဘာဘတ်ဇန်ဂျန်နီအား အကျင့်ပျက်ခြစားမှုကြောင့် သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးတာဝန်ရှိသူများက ပြောသည်။

ဘာဘတ်ကို ရေနံအခွန်ငွေ ဘီလီယံများစွာကို မပေးဘဲ ရှောင်တိမ်းသည်ဆိုကာ ၂၀၁၃ ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းက ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ဘာဘတ်အား လိမ်လည်မှုနှင့် စီးပွားရေးပြစ်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းဖြစ်ကြောင်း တရားစီရင်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အခြားနှစ်ဦးကိုလည်း ဘာဘတ်နှင့်အတူ သေဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့ သုံးဦးစလုံးအနေဖြင့် အလွဲသုံးစားလုပ်ထားသည့် ငွေကြေးရန်ပုံငွေများအား ပြန်လည်ပေးအပ်ရန်လည်း အမိန့်ချမှတ်သည်။

အီရန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဘာဘတ်ကို ရေနံဒဏ်ခတ်ပိတ်ဆို့ထားခံရချိန် အီရန်နိုင်ငံ ရေနံရောင်းချမှုများတွင် ကူညီဆောင်ရွက်ပေးခြင်းများအတွက် အမေရိကန်နှင့် အီးယူက နာမည်ပျက် ဘလက်စ်လစ်စာရင်းသွင်းခံထားရသူလည်းဖြစ်သည်။

ဘာဘတ်သည် ယူအေအီး၊ တူရကီနှင့် မလေးရှားတို့တွင် ၎င်းပိုင် ကုမ္ပဏီများ၏ ကွန်ရက်ချိတ်ဆက်မှုများဖြင့် အီရန်အစိုးရကိုယ်စား ရေနံစည်သန်းပေါင်းများစွာကို အရောင်းထွက်အောင် လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဘာဘတ်၏ ချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံနီးပါး ရှိထားသည်။
Mizzima - News in Burmese

ဆိုးလ်၊ မတ် ၆ ။ ။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိနေချိန်၌ တောင်ကိုးရီးယားနှင့် အမေရိကန်တို့က အကြီးဆုံးမားဆုံးသော စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။

တောင်ကိုရီးယားစစ်တပ် သုံးသိန်းနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်မည်ဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက စစ်တပ်တာဝန်ရှိသူတစ်ဦးကို ကိုးကားဖော်ပြသည်။

ယခုလုပ်ဆောင်မှု စစ်ရေးလေ့ကျင့်မှုကြီးမှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုထက် နှစ်ဆမျှ ကြီးမားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်းကူးက ပြောသည်။

မြောက်ကိုရီးယားအား ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ပြဌာန်းပြီး ရက်အနည်းငယ်အတွင်း ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ဖောက်ခွဲပြီးနောက် လုံခြုံရေးတင်းမာမှုများ မြင့်မားလျက်ရှိနေသည်။

ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် မြောက်ကိုရီးယားက နျူကလီးယားလက်နက် ကြိုတင်ပြင်ဆင်ဖို့ ဖြစ်လာစေကြောင်း ပြောဆိုတုံ့ပြန်ကာ တာတိုပစ်ဒုံးကျည်များအား ပင်လယ်တွင် ပစ်ခတ်ပြလိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

စစ်ရေးပါရဂူများကမူ မြောက်ကိုရီးယားသည် ဒုံးကျည်များ၌ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်နိုင်သည် ဆိုခြင်းအပေါ် မယုံသင်္ကာ သံသယဖြစ်လျက် ရှိသည်။

ယခု တစ်သက်တာတွင် အကြီးဆုံးဖြစ်သော စစ်ရေးလေ့ကျင့်မှုအား မတ် ၇ ရက်တွင် စတင်ပြီး ဧပြီ ၃၀ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကာ မြောက်ကိုရီးယား၏ ရန်စမှုကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်းကူးက ပြောခဲ့သည်။
Mizzima - News in Burmese

ချင်းမိုင်၊မတ် ၆။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ စစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့အကြား မတ် ၆ ရက်နေ့က လေးနေရာတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု သိရသည်။

နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာနှင့် ဆမ်ငမ်ကျေးရွာကြားတွင်လည်းကောင်း၊ မန်တုံမြို့နယ် ပန်ခါးကျေးရွာနှင့် ဆိုင်းလိန်းကျေးရွာကြားတွင်လည်ကောင်း၊ကွတ်ခိုင်မြို့နယ် ဂျရမ်းကျေးရွာ အထက်တွင်လည်းကောင်း မတ် ၆ ရက် နံနက် ၈ နာရီခွဲမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးကွတ်ခိုင်မြို့နယ် မို်င်းယုလေးကျေးရွာ မိုင်းယုလေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ယနေ့ မွန်လွဲပိုင်း ၂ နာရီမှာ ယခု ၅ နာရီခွဲချိန်ထိ အစိုးရ စစ်တပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

“ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ အစိုးရဘက်က လက်နက်ကြီးနဲ့ အမြဲတမ်းပစ်တယ်။ ကျဆုံးမှုက ခုထိ ကျနော်တို့ဘက် မရှိသေးဘူး။ ကျန်တဲ့နေရာမှာက နာရီဝင် တစ်နာရီလောက်ဘဲကြာတယ်။ ခုနောက်ဆုံးဖြစ်တာက မိုင်းယုလေးမှာ ဖြစ်တဲ့ တိုက်ပွဲက ခုထိ မပြီးသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

TNLA ဘက်မှ ယခုထိ ထိခိုက်ကျဆုံးမှု မရှိသော်လည်း ယနေ့ နံနက်ပိုင်း နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ၈ ဦး ကျဆုံးမှု ရှိခဲ့သည်ဟု သိရကြောင်း သူက ပြောသည်။

ရှမ်းပြည်နယ်ကျောက်မဲ၊ ကွပ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ စသည့် တအာင်းတပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသများသို့ ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက်မှ တိုးမြင့်လာသူ အင်အား ၄၀၀၀ ကျော် ထပ်မံ တိုးမြင့်မှုများ ရှိလာသဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာဖြစ်သည်။

မတ်လ ၅ ရက်ကလည်း နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ စစ်တပ်နှင့် TNLA တပ်တို့အကြား မတ်လအတွင်း နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲအကြိမ်ပေါင်း ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

တအာင်းဒေသအတွင်း မူလက အစိုးရ၏ တပ်မတော် တပ်မ ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ လှုပ်ရှားနေရာမှ ယခု ရက်ပိုင်းတွင် တပ်မ ၅၅၊ ၁၀၁နှင့် စကခ ၂၊ ၇၊ ၁၀ စသည့် တပ်မများမှ စစ်အင်အား ၄၀၀၀ ထက်မနည်း တိုးချဲ့မှုများရှိလာသည်ဟု TNLA မှ မတ်လ ၁ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောကမဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွပ်ခိုင်စသည့် တအာင်းဒေသများအတွင်း မြန်မာတပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ ထိုးစစ်အရှိန် ပိုမိုမြင့်တင်ခြင်းသည် မြန်မာပြည် ငြိမ်းချမ်းရေးကို ဟန့်တားပျက်ဆီးစေသည့် လုပ်ရပ်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ထားသည်။

အစိုးရဘက်မှ စစ်အင်အားတိုးမြင့်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် အစိုးရဘက်မှ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒ လျော့နည်းနေသည်ဟု သံသယ ရှိလာသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက မဇ္စျိမကို မကြာမီက ပြောဆိုထားသည်။

Mizzima - News in Burmese

တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်း ပြောဆို
တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်း ပြောဆို

တိုင်ဝမ်ကျွန်းနဲ့ တိုင်ဝမ် လွတ်လပ်ရေးဘက်ကို ယိမ်းတဲ့ အစိုးရသစ်ကို တရုတ်သမ္မတ ရှီကျင့်ပင်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ တိုင်ဝမ် လွတ်လပ်ရေးအတွက် ဆောင်ရွက်မှု မှန်သမျှကို တရုတ်အစိုးရက ပြတ်ပြတ်သားသား ဟန့်တားသွားမှာ ဖြစ်ပြီး ခွဲထွက်မယ့် နောက်ထပ် သမိုင်းဝင် အဖြစ်ဆိုးမျိုး ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ပင်က လွှတ်တော် နှစ်ပတ်လည် ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်တာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြပါတယ်။

၁၉၄၉ ခုနှစ်က ချန်ကေရှိတ်ရဲ့ မျိုးချစ်တပ်ဖွဲ့တွေ မော်ဆီတုန်းရဲ့ ကွန်မြူနစ် တပ်မတော်ကို ပြည်တွင်းစစ်မှာ ရှုံးနိမ့်ပြီး တရုတ်ပြည်မကြီးကနေ ထွက်ပြေးသွားပြီးတဲ့နောက် တရုတ်နဲ့ တိုင်ဝမ်တို့ ကွဲကွာခဲ့ကြတာဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်တဲ့ တိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးကနေ ကွဲထွက်နေတဲ့ ခရိုင်တခုအဖြစ် တရုတ် အစိုးရက ရှုမြင်ထားတာ ဖြစ်ပြီး လိုအပ်ရင် အင်အားသုံးပြီး တိုင်ဝမ်ကျွန်းကို တရုတ်ရဲ့ အုပ်ချုပ်မှုအောက် ပြန်လည် ရယူဖို့အတွက် တရုတ် အစိုးရက သန္နိဋ္ဌာန် ချထားတာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/chinese-president-xi-warn-about-taiwan-independent-/3221752.html

 
တရုတ် အမျိုးသားပြည်သူ့ကွန့်ဂရက် အစည်းအဝေးမှာ တွေ့ရတဲ့ တရုတ်သမ္မတ။

တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်မှ ထိုင်ဝမ်ကျွန်း ခွဲထွက်မယ့် လုပ်ရပ်ကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးမှာ စနေနေ့ (မတ်လ ၅ ရက်) က ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်းကျွန်း အနေနဲ့ တရုတ်ပြည်မကြီးမှ ခွဲထွက်ကာ နိုင်ငံသစ်ထူထောင်မယ့် မည်သည့် လှုပ်ရှားမှုကိုမဆို တရုတ်သမ္မတက ပြင်းထန်စွာ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ ထိန်းသိမ်းရခက်သော နိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်သာ လက်ခံထားပါတယ်။
တရုတ်အစိုးရက လိုအပ်လျှင် ထိုင်ဝမ်ကို အင်အားသုံးပြီး ၎င်းရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်လည် ရယူသွားရန် စဉ်းစားထားတယ်လို့ ဆိုပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အမျိုးသားရေးဝါဒီ တပ်ဖွဲ့တွေဟာ ထိုင်ဝမ်ကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
 
တရုတ်ထိန်းချုပ်မှုကို မလိုလားတဲ့ ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ။

ထိုင်ဝမ်မှာ တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုကို မလိုလားတဲ့ Democratic Progressive Party (DPP) မှ အမျိုးသမီး နိုင်ငံရေးသမား Tsai Ing-Wen ရွေးကောက်ပွဲ အနိုင်ရကာ ထိုင်ဝမ်သမ္မတ ဖြစ်လာခဲ့ပြီးကတည်းက ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက အကြိမ်ကြိမ် သတိပေးနေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
 
ထိုင်ဝမ်မြင်ကွင်း

သမ္မတ ဇီကျင်ပင်းက ၁၈၉၅ ခုနှစ်မှာ ကွင်မင်းဆက်က ထိုင်ဝမ်ကို ဂျပန်လက်အောက် ပေးအပ်ခဲ့ရခြင်းအား ရည်ညွန်းခဲ့ပြီး ထိုင်ဝမ်ကို နောက်တစ်ကြိမ် ကွဲထွက်သွားတာမျိုး အဖြစ်ခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ကို ၁၈၉၅ ခုနှစ်ကတည်းက ဂျပန်က သိမ်းပိုက်ထားခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးမှသာ တရုတ်နိုင်ငံလက်အောက် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, Strait Times, SLH
Duwun
http://www.duwun.com.mm/news/-id4767647.html

[youtube src="8HDJYOsVDVA"/]
ဆရာဝန် နိုင်ငံရေးသမား ထီသည် ပူပေါင်းရောင်းခဲ့သည့်ဝန်ကြီးချုပ်
------------------------------------
ကန့်ဘလူ ဒီချုပ်အမတ် ဒေါက်တာမြင့်နိုင်ဟာ ၉၀ ခုနှစ်အမတ်တယောက်ဖြစ်ပါတယ်

စင်ပြိုင်အစိုးရဖွဲ့မှုနဲ့ ထောင်ဒဏ်၂၅နှစ်ကျခဲ့တယ် ။

၂၀၀၄ ထောက်လှမ်းရေးအဖွဲ့ တံမြက်စည်းအလှဲ ခံရတဲ့အချိန်မှာ ထောင်ကနေလွတ်လာခဲ့တယ် ။

ပထမအိမ်ထောင်ပြိုကွဲခဲ့ရပါတယ် ။

ဆေးကုသခွင့် ဆမ အသိမ်းခံထားရတဲ့အတွက် ထီလက်မှတ် ရောင်း စားခဲ့ရပါတယ် ။

နိုင်ငံရေးသမား တယောက်ဆီက ထီလက်မှတ်ဝယ်ရဲတဲ့သူ မရှိသလောက်ပါပဲ ။

ဒါကြောင့် ဆေးခန်းတွေ ကလေးအထူးကု ဆေးရုံတွေ ရှေ့မှာ ကစားစရာပူပေါင်း ရောင်းစားခဲ့ရပါတယ် ။

ထောင်ကပေးလိုက်တဲ့ဝေဒနာ တွေကြောင့် နှလုံးအဆို့ရှင်ပိတ်တဲ့ ဝေဒနာခံစားခဲ့ရပီး
ဆေးကုသဖို့ စရိတ်မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ထောက်ပံ့တဲ့ ငွေသိန်း၇၀နဲ့ ခွဲစိတ်ကုသခဲ့ရပါတယ် ။

ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် လျာထားခြင်းခံရပါတယ် ။

Kamayut Media

http://www.tonybates.ca/wp-content/uploads/Korean-children-with-laptops.jpg

ပညာရေးမှာ အကောင်းဆုံးပညာရေးလို့ အပြောခံချင်ကြတဲ့နိုင်ငံကြီးပါပဲ။ အထူးသဖြင့်လည်း အနောက်ပညာ ရေးကို အရမ်းအထင်ကြီးကြတယ်။ ကမ္ဘာ့အကောင်းဆုံးကျောင်း၊ ကမ္ဘာ့အကောင်းဆုံး ပညာရေးဆိုရင်လည်း အနောက်နိုင်ငံတွေက ထိပ်တန်းရောက်နေတတ်တာများတော့ အထင်ကြီးကြတာပေါ့။

ပညာရေးသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Pearson အုပ်စုကလည်း ပညာရေးကို မျက်ခြေမပြတ်ကြည့်ရှုပြီး သတင်းတွေ ထုတ်ပြန်ပေးနေပါတယ်။ လူတွေ အထင်ကြီးနေကြတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့ အကောင်းဆုံး ပညာရေးမှာ ၂၀၁၅/၂၀၁၆ အတွက် အဆင့် ၁၄ ပဲချိတ်သေးတယ်။ ဥရောပနိုင်ငံတွေထက်တောင် နောက်ကျနေတာတွေ့ရတယ်။

၂၀၁၅/ ၂၀၁၆ ခုနှစ်အတွက် ပညာရေးမှာ ကောက်ချက်ထုတ်ကြည့်လိုက်တော့

- အရှေ့အာရှနိုင်ငံတွေဟာ ပညာရေးမှာ သိသိသာသာတက်လာပြီးတော့ ဒီနှစ်အတွက် ထိပ်ဆုံး ရောက်လာပါတယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပညာရေးထိပ်တန်းရောက်လာတဲ့ အကောင်းဆုံးပညာနိုင်ငံ ကတော့ တောင်ကိုရီးယားနိုင်ငံဖြစ်ပါတယ်။ ဒုတိယနေရာမှာ ဂျပန်၊ တတိယ စင်ကာပူနိုင်ငံ၊ စတုတ္ထ ဟောင်ကောင်ဖြစ်ပါတယ်။ ထိပ်တန်းလေးနေစရာလုံးကို အာရှက စိုးမိုးသွားနိုင်ခဲ့တာ ဘာကြောင့်လဲ ဆိုတော့ “စမတ်အကျဆုံးပညာရေးစနစ်” ကို တောက်လျှောက် အမွေဆက်ခံနိုင်ခဲ့လို့ပါပဲ။ ပညာရေး အောင်မြင်မှုကို ရလဒ်နဲ့ပိုင်းဖြတ်ပါတယ်။ အဲဒီ လေးနိုင်ငံကတော့ ရလဒ်အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ လူနေမှုနဲ့ ယဉ်ကျေးမှုစနစ်တွေကလည်း ဆရာနဲ့ ပညာကို ရိုသေ လေးစား တဲ့ နိုင်ငံတွေဖြစ်နေတာကြောင့် ထိုက်တန်စွာ ဒီနှစ်တွေအတွက် ထိပ်တန်းကို ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

- ၂၀၁၂ ခုနှစ်မှာ ပညာရေးထိပ်တန်းနိုင်ငံဖြစ်ခဲ့တဲ့ ဖင်လန်နိုင်ငံကတော့ ဒီနှစ် အဆင့် ၅ ရောက်သွားတယ်။ ဆွီဒင်နိုင်ငံကလည်း အဆင့် ၂၁ ကနေ ၂၄ ဖြစ်သွားတယ်။

- ထူးခြားတဲ့နိုင်ငံကတော့ အစ္စရေးနိုင်ငံပဲ။ အဆင့် ၁၇ ကနေ ဒီနှစ် အဆင့် ၁၂ ဖြစ်လာတယ်။ ရုရှားလည်း အဆင့် ၁၃ ကနေ ၇ ဖြစ်လာတယ်။ ပိုလန်ကလည်း ဒီနှစ်အဆင့် ၁၀ ဖြစ်လာတယ်။

- ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နိုင်ငံ ၂၀ စာရင်းမဝင်တာကြာပါပြီ။ အင်ဒိုနီးရှားကတော့ နိုင်ငံ ၄၀ အဆင့်လောက် ရောက်လာတယ်။ မက္ကဆီကိုက ၃၉ နဲ့ ဘရာဇီးလ်ကလည်း ၃၈ ဖြစ်လာတယ်

ကမ္ဘာ့ပညာရေးထိပ်တန်း (၂၀) စာရင်းကို အစဉ်လိုက်ဖော်ပြရရင်

(၁) တောင်ကိုရီးယား (၂) ဂျပန် (၃) စင်ကာပူ (၄) ဟောင်ကောင် (၅) ဖင်လန် (၆) ဗြိတိန် (၇) ကနေဒါ (၈) နယ်သာလန် (၉) အိုင်ယာလန် (၁၀) ပိုလန် (၁၁) ဒိန်းမတ် (၁၂) ဂျာမနီ (၁၃) ရုရှား (၁၄) အမေရိကန်ပြည်ထောင်စု (၁၅) သြစတြေးလျ (၁၆) နယူးဇီလန် (၁၇) အစ္စရေး (၁၈) ဘယ်လ်ဂျီယံ (၁၉) ချက်ပြည်သူ့သမ္မတနိုင်ငံ (၂၀) ဆွစ်ဇာလန် နိုင်ငံတွေဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် (၂၀) စာရင်းဝင်တဲ့ နိုင်ငံအချို့ရဲ့ ပညာရေးအလေးပေးတာတွေကို လေ့လာကြည့်ရင်

တောင်ကိုရီးယားနိုင်ငံ

ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ ကမ္ဘာ့အဆင့် ၁ နေရာကို ရနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့ကြတဲ့ နိုင်ငံ တွေဖြစ်ပါတယ်။ တောင်ကိုရီးယားကတော့ ဂျပန်နိုင်ငံကို အဆင့် ၃ ဆင့်လောက်ဖြတ်ပြီးတော့ အနိုင်ယူခဲ့တာပါ။ ဂျပန်နိုင်ငံဟာ ကလေးပညာရေးကို ဦးစားပေးလုပ်ခဲ့လွန်းလို့လည်း အဆင့် ၂ နေရာကိုရောက်လာခဲ့တာဖြစ်ပါ တယ်။ တောင်ကိုရီးယားနိုင်ငံအောင်မြင်တာကိုလည်းမပြောနဲ့ သူတို့နိုင်ငံက ကလေးတွေ တစ်ပတ် ကျောင်းတက် ရက်က ၇ ရက်လောက်ဖြစ်နေတယ်လို့ဆိုပါတယ်။ မနှစ်က ပညာရေးအတွက် ဘတ်ဂျက်အသုံးစရိတ်က ဒေါ်လာ ၁၁,၃၀၀,၀၀၀,၀၀၀ ဖြစ်ပါတယ်။ နိုင်ငံရဲ့စာတတ်နှုန်းက ၉၇ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။ အမျိုးသားစာတတ် နှုန်းက ၉၉ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး စာတတ်မြောက်နှုန်းက ၉၆ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။

ဟောင်ကောင်

ဟောင်ကောင်ပညာရေးဟာ ဗြိတိန်နိုင်ငံပညာရေးကို အတုယူထားတဲ့ ပညာရေးစနစ်ဖြစ်ပါတယ်။ စီမံအုပ်ချုပ်မှု ပုံစံအားလုံး ဗြိတိန်နည်းကိုကျင့်သုံးတာတွေ့ရတယ်။ မနှစ်က ပညာရေးဘတ်ဂျက်အသုံးစရိတ်က ကျောင်းသား တစ်ဦးချင်းအတွက် ဒေါ်လာ ၃၉,၄၂၀ လောက်သုံးထားတာတွေ့ရတယ်။ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာရေးတွေမှာ စံပြုလောက်တဲ့ပညာရေးဖြစ်အောင် အားထုတ်နေကြတာတွေ့ရတယ်။ ကျောင်းသုံးပြဋ္ဌာန်း စာအုပ် တွေမှာလည်း အင်္ဂလိပ်စာနဲ့ တရုတ် ကန်တုန်စာတွေကို အဓိကထားပြီး ထုတ်ကြတယ်။ စာတတ်မြောက် နှုန်းက ၉၄ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။

ဗြိတိန်

ဗြိတိန်နိုင်ငံရဲ့ ပညာရေးစနစ်က ဗဟိုချုပ်ကိုင်မှုကင်းပြီး လုပ်ပိုင်ခွင့်တွေကို ဒေသအလိုက် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တွေ ခွဲဝေပေးထားပါတယ်။ ဒါကြောင့် ကိုယ့်ဒေသအလိုက် ပညာရေးကြမ္မာ ကိုယ်တိုင်စီမံ ဖန်တီးခွင့်ရှိတယ်လို့ ပြောရမယ်။ စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန်ဒေသတွေမှာ ဗြိတိန် အာဏာပိုင်တွေထံက ဘာအခွင့်မှ တောင်းခံနေစရာမလိုဘဲ ပညာရေးကို လွတ်လပ်စွာ စီမံဖန်တီးပိုင်ခွင့်တွေပေး ထားတာ ထူးခြားတယ်လို့ဆိုရမယ်။ ဗြိတိန်ဟာ ဥရောပမှာတော့ ပညာရေးအဆင့် နံပါတ် ၂ နေရာမှာရှိတယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်တော့သာ သူအဆင့် ၆ ရောက်သွားခဲ့တာ။

ကနေဒါ

ကနေဒါနိုင်ငံမှာ ကျင့်သုံးတဲ့ ပညာရေးစနစ်က ဗြိတိန်နဲ့ ပြင်သစ်ပညာရေးစနစ်တွေ ဖြစ်ပြီးတော့ မူလတန်း ပညာရေးကို ဦးစားပေးတယ်။ ကလေးတွေကို စာဖတ်ဝါသနာကြီးလာအောင် အခြေခံကတည်းက လုပ်ဆောင် ပေးလာတာဟာ ပညာရေးတိုးတက်အောင်မြင်ဖို့ဖြစ်လာခဲ့တာပဲ။ နိုင်ငံရဲ့စာတတ်မြောက်နှုန်းက ၉၉ ရာခိုင်နှုန်း ရှိတယ်။ တက္ကသိုလ်ပညာ ဆက်လက်သင်နိုင်နှုန်းကလည်း အရမ်းအားကောင်းတယ်။ သူတို့နိုင်ငံမှာ အသက် ၁၆ နှစ် အရွယ်အထိ ကလေးတိုင်း မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားတဲ့ အကျိုးတရားပဲ။ မူလတန်းက တည်းက ပညာကိုအခြေခိုင်အောင်လုပ်ထားတယ်။ မသင်မနေရပညာရေးကို အသက်တွေ တိုးမြှင့်လုပ်ပေးထား တာကြောင့် ပညာရေးအားကောင်းရတယ်လို့ မြင်ပါတယ်။

အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမားကိုယ်တိုင်က ပညာရေးကို အထူးအလေးပေးနေပေမယ့် ထိပ်တန်း နိုင်ငံအဆင့်တော့ ရောက်မလာပါဘူး။ စီးပွားရေး နိုင်ငံရေး အတည်ငြိမ်ဆုံးနဲ့ အားအကောင်းဆုံး နိုင်ငံဖြစ်ပေမယ့် ထိပ်တန်း ၁၀ စာရင်းတောင် မဝင်နိုင်ခဲ့ဘူး။ ခုလည်း အဆင့် ၁၄ လောက်နဲ့ ကျေနပ်နေရတာ။ ပညာရေးအတွက် အသုံးစရိတ်ကလည်း ၁ ဒသမ ၃ ထရီလီယံဒေါ်လာ ရှိတယ်။ စာတတ်မြောက်နှုန်း ၉၉ ရာခိုင်နှုန်းရှိတယ်။ နှစ်စဉ် အတန်းတိုင်းမှာ ဝင်ရောက်သင်ကြားနှုန်းကလည်း ၈၁ ဒသမ ၅ သန်းလောက်ရှိတယ်။ အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးကို အစိုးရက အကောင်အထည်ဖော်ပေးနေတယ်။

အစ္စရေး

ဒီနှစ်အတွက် အဆင့် ၁၇ ဝင်လာတဲ့ အစ္စရေးနိုင်ငံကတော့ ထူးခြားတယ်လို့ဆိုရမယ်။ အစ္စရေးရှီကယ် ၂၈ ဘီလီယံလောက် ပညာရေးမှာ အသုံးပြုနေတယ်။ အမေရိကန် တစ်ဒေါ်လာဟာ အစ္စရေး ၄ ရှီကယ်လောက်နဲ့ ညီပါတယ်။ ဒါကြောင့် ဒေါ်လာ ၇ ဘီလီယံလောက် သုံးနေတယ်လို့ ဆိုနိုင်တယ်။ ဟီးဘရူးနဲ့ အာရဗီစာတွေကို အခြေခံထားပြီး သင်ကြားတယ်။ နိုင်ငံစာတတ်မြောက်နှုန်းက ၁၀၀ ရာခိုင်နှုန်းရှိတယ်။ OECD နိုင်ငံများထဲမှာ တော့ အစ္စရေးနိုင်ငံဟာ ဒုတိယအဆင့်ရှိတယ်။ နိုင်ငံသား ၄၅ ရာခိုင်နှုန်းလောက် အထက်တန်းနဲ့ တက္ကသိုလ်ပညာ တွေကို တတ်မြောက်ထားကြတယ်။

အောင်မြင်တဲ့ နိုင်ငံတွေရဲ့ ပညာရေးကို လေ့လာကြည့်လိုက်ရင် ပညာရေးစနစ်မှာ ကောင်းမွန်ပြည့်စုံတဲ့ စနစ်တွေ အပေါ်ကို အခြေခံထားကြောင်းတွေ့ရတယ်။ အထူးသဖြင့်တော့ နိုင်ငံတော် ဘတ်ဂျက်ကနေ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးလုပ်နိုင်ကြတာကိုလည်းတွေ့ရတယ်။ ပညာရေးအကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံ ၂၀ မှာ ပညာရေးကို အလေးထားစရာ၊ ပညာရေးဟာ သူတို့ဘဝအတွက်အဖြေလို့ ယူဆထားတဲ့ နိုင်ငံတွေ လည်း ဖြစ်နေတာ တွေ့ရတယ်။ ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး ပညာရေးကို အသည်းအသန်ဖြစ်နေတဲ့ နိုင်ငံ တွေပဲ ပညာရေးမှာ အောင်မြင်နိုင်တာကိုတွေ့ရတယ်။

ကမ္ဘာ့ထိပ်တန်းနိုင်ငံ (၂၀) ရဲ့ ပညာရေးတိုးတက်မှုအားလုံးကို ပြန်ပြီးတော့ သုံးသပ်ကြည့်ရင်

- ကျောင်းစနေတဲ့ အသက်ဟာ ၇ နှစ်ဖြစ်တယ်

- ကလေးတွေကို အိမ်စာမပေးဘူး

- အသက် ၁၃ နှစ် မတိုင်မီအရွယ်အထိ စာမေးပွဲဆိုတာနဲ့ မကြုံတွေ့ရဘူး

- တော်သူညံ့သူ ခွဲခြားထားတာမရှိဘူး။

- သိပ္ပံတန်းတွေဆိုရင် တစ်ခန်းကို ၁၆ ယောက်လောက်ပဲ သင်ကြားတယ်

- နေ့တိုင်း ကျောင်းနားချိန်တွေကို အများကြီးပေးထားတယ်

- ဆရာအတတ်သင်တွေကို အဆင့်မြှင့်ပေးပြီး ကောင်းကောင်းတတ်အောင် သင်ပေးတယ်

- ဆရာအတတ်သင်ကျောင်းတွေမှာ သင်ယူတဲ့ဆရာတိုင်းကို အစိုးရကထောက်ပံ့တယ်

ပညာရေးအားပေးတယ်၊ ပညာရေးမြှင့်တင်မယ်ဆိုတာ ဆောင်ပုဒ်တွေထုတ်၊ ပါးစပ်တွေနဲ့အော်၊ လက်သီးလက်မောင်းတန်းပြနေဖို့ မလိုပါဘူး။ ပညာရေးတိုးတက်အောင်မြင်ဖို့ အစိုးရရဲ့ အားပေးမှု၊ ပညာရေး ကြောင့် ဘဝတွေကောင်းလာနိုင်တယ်ဆိုတဲ့ ခံယူမှုတွေရှိနိုင်အောင် လုပ်ပေးဖို့ အရေးကြီးတယ်ဆိုတာ သိသာပါ တယ်။ ပညာရေးတိုးတက်ချင်ရင် စိတ်ဓာတ်တွေကို အရင်ဆုံးပြုပြင်ပေးဖို့လိုပါလိမ့်မယ်။

(မှတ်ချက် - ဤဆောင်းပါးအတွက် Pearson Education အဖွဲ့ရဲ့ ၂၀၁၅/ ၂၀၁၆ ပညာရေးအစီရင်ခံစာကို ရည်ညွှန်းပါတယ်။ ဒီအဖွဲ့ဟာ လန်ဒန်မှာ Pearson International ဆိုပြီး ထူထောင်ထားတယ်။ ပညာရေးဆိုင်ရာ လေ့လာသုတေသနလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့ကြီးလည်းဖြစ်တယ်။)

Maukkha Education Magazine
http://maukkha.org/index.php/feature-article/9287-2016-03-02-10-27-03#.VtwVK8ue5bo.facebook


ရခိုင်အမျိုးသားပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သစ်နဲ့ မပူးပေါင်းဘဲ အတိုက်အခံလုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကို လက်မခံတဲ့အကြောင်း ပါတီဗဟိုကော်မတီဝင် တချို့က ဒီကနေ့ ရန်ကုန်မှာ ရှင်းလင်းပြောပါတယ်။

ပါတီက ထုတ်ပြန်ထားတဲ့ သဘောထားကြေညာချက်တွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အကြောင်း ဦးကျော်မြင့် ခေါင်းဆောင်တဲ့ ပါတီ စီအီးစီ ၆ ဦးက ဒီကနေ့ မတ်လ ၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

ရှင်းလင်းရာမှာပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ဦးမျိုးကျော်တော့ ဒီသဘောထား ရပ်တည်ချက်တွေဟာ တရားမ၀င်တဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့အကျိုးကို ဆန့်ကျင်တဲ့အတွက် ကန့်ကွက်ရတာလို့ ပြောပါတယ်။

“‘လူ ၇ ဦးနဲ့သာနေပြီးတော့ စပြီးတော့ ဆုံးဖြတ်ပြီးတော့ ထုတ်ထားတဲ့ ကြေညာချက်ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဒီဟာကို တရားမ၀င်ဘူးလို့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်တွေကို သူတို့ရဲ့ ကိုယ်စားနေပြီးတော့ အုပ်ချုပ်ဖို့ အာဏာတွေ ကို ပေးလိုက်တယ်။ မဲပေးလိုက်တယ်။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့အခါမှာ ပါတီအနေနဲ့ အတိုက်အခံနဲ့ပဲနေမယ်၊ ၀န်ကြီးချုပ်မှ မရရင် ဘယ်နေရာမှာမှ မပါဘူးဆိုပြီးတော့ အခါကျတော့၊ ကျနော်တို့ ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို သုံးလို့မရတော့ဘူးပေါ့” လို့ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ၆ ဦးဟာ ရခိုင်ပါတီ ၂ ပါတီ မပေါင်းစည်းခင်အချိန်က ရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)ပါတီဝင်တွေ လည်းဖြစ်ကြပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေကတော့ ပါတီတွင်းမှာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံရေးဆိုတာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒီတခါ အန်တီတို့ ရခိုင်အမျိုးသားပါတီနဲ့ အေအယ်လ်ဒီ အုပ်စုတွေ နည်းနည်းစိတ်သဘောထားချင်းတွေ ကွဲလွဲနေတာတွေရှိပါတယ်။ ဒါပေမယ့် ကွဲလွဲပိုင်ခွင့်လည်းရှိပါတယ်။ အဲဒီအတွက် ဒီနေ့ သူတို့လုပ်သွားတဲ့အပေါ်ကို ထောက်ထားပြီးတော့ ရခိုင်အမျိုးသားပါတီကလည်း ဒီနေ့ သတင်း စာရှင်းလင်းပွဲကို ကြည့်ပြီး အန်တီတို့ဘက်ကလည်း လုပ်သင့် ရင်လုပ်ပေး ရမှာပေါ့၊ ဒါမှ ပြည်သူတွေက တဖက်သတ်မမြင်အောင် အန်တီတို့ကတော့ ရခိုင်အမျိုးသားပါတီ တခုတည်းနဲ့ စုစုစည်းစည်းနဲ့ သွားချင်ပါတယ်။”

ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ မဟာမိတ်အဖြစ်က ရပ်စဲပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)နဲ့ လက်တွဲမယ်လို့ ကြေညာချက် အမှတ် ၂/၂၀၁၆ကို ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို ခန့်အပ်ဖို့ လျာထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားထားပါတယ်။

ဒီအခြေအနေအတိုင်းဖြစ်လာရင် ပြည်နယ်အစိုးရအဖွဲ့မှာ အေအန်ပီပါတီက ပါဝင်ဖို့မရှိဘူးလို့ လည်း ဒေါ်ခင်စောဝေကပြောပါတယ်။

“အန်တီတို့က မယူဘူးဆိုတာ၊ သူတို့ကို ရန်သူသဖွယ်လုပ်သွားမှာမဟုတ်ပါဘူး။ အစိုးရအဖွဲ့မှာမယူပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအစိုးရလုပ်တဲ့ဟာတွေကို ထိန်းကြောင်းသွားမှာပါ။ တူတာတွေကိုတော့ အန်တီတို့ ပူးပေါင်းလုပ်သွားပြီးတော့ မတူတာတွေ အန်တီတို့အတွက် သဟဇာတ မဖြစ်မယ့်ဟာတွေ ကိုထောက်ပြဆွေးနွေး ဆန့်ကျင်သွားမှာပါ”

ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းထားတဲ့ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။

လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင် စီးအီးစီ ၃၂ ဦးနဲ့ အများစုဟာ အာအန်ဒီပီပါတီဟောင်းက ဖြစ်ပြီး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအ၀င် စီအီးစီ ၇ ဦးဟာ အေအယ်လ်ဒီ ပါတီဟောင်းက ဖြစ်ပါတယ်။
ဓာတ်ပုံ – လေးလေးမွန်

DVB TV News



ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဆိုင်ယော့ခရိုင်ထဲမှာ ဒီနေ့မနက်ပိုင်းက စာရွက်စာတမ်းမဲ့ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို ရဲတွေက ဒီနေ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ခုလိုဖမ်းဆီးရမိခဲ့တာဟာ နေရာနှစ်နေရာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပထမတခုက မနက်ပိုင်း ၁ နာရီ ၄၀ မိနစ်လောက်မှာ ဘွန်တီ-၀မ်ဖိုလမ်းမကြီး၊ ဖူနွိုင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန်မှာ ပစ်ကပ်ကားနှစ်စီးနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်း မိခဲ့တာပါ။

နှစ်စီးထဲက တစီးဖြစ်တဲ့ မာဇဒါပစ်ကပ်ကားကို မြန်မာယာဉ်မောင်းက မောင်းနှင် လာတာဖြစ်ပြီး ကားပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးပါဝင်ပါတယ်။

နောက်တစီးဖြစ်တဲ့ နစ်ဆန်းပစ်ကပ်ကားကိုတော့ ကန်ချနာဘူရီခရိုင်တွင်းနေ ထိုင်းယာဉ်မောင်း အသက် ၃၇ နှစ်အရွယ် တွန်ရက် ချန်မရွန်ချော့ကော့ကီက မောင်းနှင်လာကာ ကားပေါ်မှာ လူ ၁၈ ယောက်ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ယာဉ်မောင်းနှစ်ဦးစလုံးက သူတို့ကို ဆိုင်တော့ခရိုင်၊ ဘန်ထိုင်းမောင်အရပ်အနီး တောတွင်းကနေ ဆိုင်ယော့ခရိုင်၊ ပတ်ခီးလန်ကျေးရွာဆီပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ကန်ချနဘူရီ-ဆောင်ကလာဘူရီကားလမ်းမကြီးပေါ်မှာ ဘတ်စ် ကားတစီးပေါ်ပါလာတဲ့ တရားမ၀င်မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေး လီးနယူးစ်အွန်လိုင်းသတင်းတပုဒ်ကို ညွှန်းပြီး ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါ တယ်။

သာဆအိုစစ်ဆေးရေးဂိတ်မှာ စစ်ဆေးချိန်မှာ ဘတ်စ်ကားပေါ်မှာပါလာတဲ့ မြန်မာ နိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာပါ။

ခုဖမ်းဆီးရမိခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကို တရားမ၀င်ဝင် ရောက်လာမှုအတွက် စွဲချက်တင်သွားမှာ ဖြစ်ပြီး မြန်မာယာဉ်မောင်းနဲ့ ထိုင်းယာဉ်မောင်း ကိုတော့ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ လူမှောင်ခိုမှုနဲ့ စွဲချက်တင်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

DVB TV News



12803159_1242437732437463_5715959789890619008_n

တပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုးတွေဟာ မတ်လ ၆ ရက် နေ့မှာ လွန်ကဲအဆင့်နဲ့ အလွန်မြင့်တဲ့အဆင့်မှာ ရောက်ရှိနေလိမ့်မယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က အသိပေးထားပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် (8.9 မှ 10.9) အထိ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့် (11.1 မှ 13.0) အထိရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်တပတ်အတွင်း နေ့အပူချိန် 45°C ကျော်လွန်ပြီး အပူချိန်မြင့်တက်လာနိုင်မှုကိုလည်း သတိပေးထားပါတယ်။

မတ်လ (၅) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်း တို့မှာ နေ့အပူချိန် 40°C ကနေ 45°C အထိ တက်လာနိုင်ပြီး မကွေးတိုင်း အနောက်တောင်ပိုင်းမှာတော့ နေ့အပူချိန်ဟာ နေ့အပူချိန်ဟာ 45°C အထက်ကို ကျော်လွန်ရောက်ရှိလာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားတာပါ။

ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန် 35°C-38°C ကြားရှိနိုင်ကြောင်း ခန့်မှန်းပြောကြားထားပါတယ်။

DVB TV News


MUGABE3

ဇင်ဘာဘွေအစိုးရနဲ့ လာရောက်ဖက်စပ်လုပ်ကိုင်နေတဲ့ စိန်တူးဖော်ရေး နိုင်ငံခြားကုမ္ပဏီတွေဟာ ဇင်ဘာဘွေနိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေကို တရားမ၀င် ခိုးထုတ်နေကြတဲ့အတွက် စိန်တွင်းလုပ်ငန်းအားလုံးကို အစိုးရက ပြန်ကိုင်တွယ်တော့မယ်လို့ ဇင်ဘာဘွေသမ္မတက ပြောဆိုပါတယ်။

ဒီစိန်တွင်းဖက်စပ်ကုမ္ပဏီတွေဟာ လူလည်ကျပြီး စိန်တွေ ပြည်ပကို တရားမ၀င်မှောင်ခို ခိုးထုတ်နေကြတယ်လို့ ဇင်ဘာဘွေသမ္မတ မူဂါဘီက အစိုးရရုပ်သံနဲ့ အင်တာဗျူးတခုမှာ စွပ်စွဲပြောဆိုခဲ့တာပါ။

အခုလို စိန်တွင်းလုပ်ငန်းတွေကို အစိုးရက ပြန်ပြီး တာဝန်ယူကိုင်တွယ်တော့ဆိုတော့ ဇင်ဘာဘွေနိုင်ငံမှာ အဓိက ရင်းနှီမြှုပ်နှံနေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေကို သမ္မတ မူဂါဘီက ငြင်းဆန်ပါတယ်။

ဇင်ဘာဘွေ နိုင်ငံဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အဆင့် ၈၊ စိန် အထုတ်ရောင်းဆုံး နိုင်ငံဖြစ်ပါတယ်။
ဇင်ဘာဘွေ စိန်တွင်းလုပ်ငန်းတွေကနေ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအထိ ၀င်ငွေရရှိခဲ့ပေမယ့် ဇင်ဘာဘွေနိုင်ငံအနေနဲ့တော့ ၂ ဘီလီယံပဲ ရတဲ့အတွက် ဘာမှ သိပ်မရခဲ့ဘူးလို့ မူဂါဘီကပြောဆိုပါတယ်။

နိုင်ငံအတွက် အကျိုးရှိအောင် ကိုယ့်ဒေသခံတွေနဲ့ တွဲပြီး ဖက်စပ်လုပ်ကိုင်ခါမှ ကိုယ့်ဒေသခံတွေ ကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံထဲ ဘာတွေဖြစ်နေတယ်ဆိုတာ သိလည်း မသိကြ၊ မြင်လည်းမမြင်ကြတော့ဘူးလို့ မူဂါဘီကပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက စိန်တူးဖော်ရေး ကုမ္ပဏီတခုဟာ ကုမ္ပဏီလိုင်စင် သက်တမ်းကုန်ဆုံးလျက်နဲ့ ဆက်လက်လုပ်ကိုင်နေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အစိုးရက ပိတ်ပင်ခဲ့ပါတယ်။

DVB TV News


ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ န၀ဒေးလမ်း၊ ALFA Hotel ၁၀ လွှာမှာ တည်းခိုနေထိုင်နေတဲ့ ဂျပန်နိုင်ငံသား Mr. KURIHARA KENTARO ဟာ ဒီကနေ့ မနက် ၇ နာရီ ၀န်းကျင်းလောက်က အခန်းပြတင်းပေါက်ကနေ ပြုတ်ကျ သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

အခန်းပြတင်းပေါက်ကနေ ပြုတ်ကျခဲ့ရာ ဓာတ်ကြိုးနဲ့ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားခေါင်မိုးပေါ်မှတစ်ဆင့် မြေပြင်ပေါ်ကို ပြုတ်ကျပြီး သေဆုံးသွားတာပါ။

သေဆုံးသူ ဂျပန်နိုင်ငံသားဟာ SOJITZ Corporation Yangon နဲ့ ဆက်သွယ်ပြီး စားသောက်ကုန်လုပ်ငန်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဟိုတယ်ကို ရောက်ရှိနေတာပါ။

အခန်းအမှတ် ၁၀၀၉ မှာ တည်းခိုနေထိုင်ရာကနေ မတ်လ ၅ ရက်နေ့က အင်တာ နက် ဆက်သွယ်မှုမကောင်းတဲ့အတွက် အခန်းအမှတ် ၁၀၀၃ ကို ပြောင်းရွှေ့ခဲတာဖြစ်ပြီး သေဆုံးမှုနဲ့ ပက်သက်လို့ ဒဂုံမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။
DVB TV News



လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက ပြည်သူတွေဟာ စိုးရိမ်သောကတွေ၊ ဒေါသတွေ၊ အထင်သေးမှုတွေ၊ မတရားမှုကို ဥပဒေကို လက်တလုံးခြားလုပ်ပြီး တရားသယောင်လုပ်နေတာကိုခံရပြန်ပြီဆိုတဲ့ ခံစားချက်တွေ ပြန်ဖြစ်လာကြပါတယ်။
တကယ်တော့ နိုင်ငံရေးကရိုးရှင်းပါတယ်။ မရိုးရှင်းနိုင်ဘဲ နိုင်ငံရေးကို ကိုယ့်အတ္တကြောင့် လိုရာဆွဲပြောနေသူ တွေ၊ ရှက်ရကောင်းမှန်း မသိ၊ သိက္ခာမဲ့မှန်းမသိ ပြောဆိုလုပ်ကိုင်နေကြတဲ့ နိုင်ငံရေးသမားဆိုသူတွေ၊ ဆင်းရ တော့မယ့်၊ ဖယ်ရတော့မယ့် တချို့ဝန်ကြီးတွေ၊ တိုင်းပြည်ရဲ့ အရေးပါအရာရောက်တဲ့ နေရာ၊ ရာထူးကို ယူထားသူတချို့ရဲ့ လတ်တလော ပြောစကားတွေ၊ လုပ်ကိုင်ပုံတွေကြောင့် အစိုးရအပြောင်းအလဲဖြစ်ပြီး ရင်တောင် အဘက်ဘက်က ချွတ်ခြုံကျနေတဲ့နိုင်ငံက အရှိန်အဟုန်နဲ့ ပြန်တည်ဆောက်ရမယ့်အစား အချင်းချင်း မလိုအပ်ဘဲ ပြဿနာဖန်တီးနေတာက တိုင်းပြည်ကိုနောက်ပြန်ဆွဲနေတာနဲ့ အတူတူပါပဲ။

ဥပဒေဆိုတာ လူကလုပ်တာပါ။ လူဆိုတာဘယ်လောက် အဘက်ဘက်က ကြိုတင်စဉ်းစားလုပ်ကိုင်ပါစေ ချို့ယွင်းချက် အားနည်းချက်ရှိနေတတ်ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဒီကနေ့အသံဗလံ တဖန် ပြန်ဆူ လာတဲ့ ၅၉(စ)၊ ၄၃၆ စတဲ့ ပုဒ်မပါနေတဲ့ မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဒီကနေ့ ပြောလာကြတဲ့ စကားတွေက ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ပါပဲ။
မြန်မာပြည်သူအများစု ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်။ ချစ်ခင်အားထားကြတယ်။ လေးစားတန်ဖိုး ထားကြတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသူ၊ မနှစ်မြို့သူ တွေလည်း မြန်မာပြည်သူတွေထဲမှာရှိကြောင်း အားလုံးသိကြပါတယ်။ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် လည်း သိပါတယ်။ ဘယ်လောက်တော်တဲ့ ခေါင်းဆောင်ဖြစ်စေ၊ မလိုလားသူများလည်းရှိကြတာ လောက သဘာဝပါ။ ဘာမှလက်မခံစရာ မရှိပါဘူး။

လက်မခံနိုင်တာက ဒီမိုကရေစီနည်းမကျတာနဲ့ ဥပဒေကိုလိုရင် သုံးပြီး မလိုရင်လျှော့ပေးတဲ့ ဖြစ်ရပ်တွေပါ။ ဇန်န၀ါရီလကုန်မှာ ဖြစ်လာတဲ့ လွှတ်တော်အပြောင်းအလဲကို လူထုက နှစ်ထောင်းအားရဖြစ်ကြပါတယ်။ ဆက်မြင်ရမယ့် အစိုးရသစ်ကိုလည်း သိလိုကြစိတ်၊ မြင်လိုကြစိတ်စော နေကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရဲ့သမ္မတအဖြစ် မြင်လိုကြပါတယ်။ ဘယ်နည်းနဲ့ အဖြေရှာကြ၊ ညှိနှိုင်းကြလေ မလဲ မျှော်လင့်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့အဖြစ်တွေက ရံဖန်ရံခါ စိတ်ပျက်စရာကောင်းလှပါ တယ်။ အကဲဆတ်လွန်းတဲ့ အနေ အထားကြောင့်၊ ဒီ-ချုပ်ဘက်ကလည်း အစိုးရသစ်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ သိချင်သူတွေကိုစိတ်တိုကြ ပါတယ်။ ဦးဝင်းထိန်ဆိုရင် RFA ကို မတော်မရော်တွေ ပြန်ပြောတဲ့ထိ စိတ်တိုခဲ့ပါတယ်။

အစိုးရဘက်၊ တပ်မတော်ဘက်ကလည်း ထိုနည်းတူပါပဲ။ သမ္မတကြီးဦးသိန်းစိန်က အကြောင်းကြုံတိုင်း အာဏာလွှဲပြောင်းရေးချောမွေ့ညင်သာဖို့လုပ်ဆောင်နေကြောင်း ဖော်ထုတ်ပြောပေမယ့် အတွေ့အကြုံ မျိုးစုံကြုံဖူးတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ဖြစ်လာမှ ယုံတော့မယ်ဆိုတဲ့ စိတ်ကိုမပြောင်းစေနိုင်ခဲ့ပါဘူး။
အချိန်က ကုန်လွယ်ပါတယ်။ အစိုးရသစ်နဲ့အဟောင်း လက်လွှဲဖို့ ရက်ပိုင်းသာကျန်ပါတော့တယ်။ ဒီ-ချုပ်ပါတီ အနေနဲ့ လွှတ်တော်ထဲမှာ မတ်လ ၁၇ ရက်ဆိုရင်ပဲ အစိုးရအဖွဲ့ လျာထားစာရင်း၊ ဒုတိယသမ္မတ နှစ်ဦးအမည်တွေကို တင်သွင်းရတော့မှာပါ။ တပ်မတော်ခေါင်းဆောင်တွေက မြန်မာ့ဒီမိုကရေစီကို ငါးနှစ်ပဲ ဖြတ်သန်းရသေးလို့ သက်တမ်းနုသေးတယ်။ အကြောင်းပြနေတာကလည်း မလျော်ကန်တဲ့ ဆင်ခြေတွေပါ။

၁၉၆၀ ရွေးကောက်ပွဲ၊ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာလူထု ဘယ်လောက်ဒီမိုကရေစီကျင့်စဉ်ကိုနားလည်တယ်ဆိုတာ ပြသသွားကြပါတယ်။ မိမိပြည်သူက ဒီလောက် စည်းကမ်းတကျ မနက်မလင်းခင်ကတည်းက တန်းစီပြီးပေးခဲ့တဲ့ ဆန္ဒမဲတွေကို အကောင်အထည် ဖော်ပေးဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။
ဒီမိုကရေစီကျင့်စဉ်အရ ၅၉(စ)ကို ပြင်လိုသည်ပဲဖြစ်စေ၊ မပြင်လိုသည်ပဲဖြစ်စေ နည်းလမ်းနှစ်မျိုးသုံးနိုင်ပါတယ်။ ဒါက လွှတ်တော်အတွင်းက ပြင်ဖို့ကြိုးစားတဲ့နည်းနဲ့ လွှတ်တော်ပြင်ပက ပြင်ဖို့ကြိုးစားတဲ့နည်းပါ။ လွှတ်တော်ထဲပြင်ဆင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားတဲ့နည်းတွေ သုံးရပါမယ်။ လွှတ်တော်ပြင်ပနည်းသုံးလိုရင် ပြည်သူအားလုံးရဲ့ ဆန္ဒမဲကောက်ကြည့်ပါ။

ဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မြန်မာလူထုက ၅၉(စ)၊ ၄၃၆ စတာတွေကို ပြင်လိုတယ်။ မပြင်လိုဘူး ထင်ထင်ရှားရှားပြကြမှာပါ။ ဒီလို တရားနည်းလမ်းတကျမလုပ်ဘဲ လူထုကိုအထင်သေးတဲ့နည်းသုံးပြီး ၅၉(စ) ထောက်ခံပွဲလုပ်ခွင့်ပြုတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေ အနေနဲ့ ၅၉(စ)ကို ကန့်ကွက်ဟောပြောလို သူများက ခွင့်တောင်းလာရင်လည်း ခွင့်ပြုရပါလိမ့်မယ်။ ဥပမာ - အခုဒေါ်ခင်ဝိုင်းကြည်တို့ ဟောပြောသွားတဲ့ နေရာမှာပဲ မင်းကိုနိုင်၊ ဗေလုဝနဲ့ကိုကိုကြီးတို့ ဟောခွင့် တောင်းရင် ခွင့်ပြုရပါလိမ့်မယ်။ ဒါမှသာ ဒီမိုကရေစီကို နားလည်တဲ့ အုပ်ချုပ်သူတွေဖြစ်ပါလိမ့်မယ်။ ထောက်ခံသူကို အလွယ်တကူခွင့်ပြုပေမယ့် ကန့်ကွက်မယ့်သူကို အကြောင်းပြအချိန်ဆွဲ ဟောပြောခွင့်မပေးဘူးဆိုရင် ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီကျင့်စဉ်ကို မလိုက်နာတဲ့အရေခြုံ ဒီမိုကရေစီအုပ်ချုပ်ရေးသမားတွေပဲ ဖြစ်ပါလိမ့်မယ်။

တာဝန်လွှဲပြောင်းပေးဖို့ ရက်ပိုင်းအလိုလောက်မှာ သမိုင်းမော်ကွန်း တင်ကျန်ရစ်အောင် ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေများကို ထောက်ခံတဲ့ ပြည် သူနဲ့ ကန့်ကွက်တဲ့ပြည်သူကို တန်းတူအခွင့်အရေးပေးရပါလိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီကို တကယ်လိုလားသူလူထုကဒီလိုခပ်ချာချာအလုပ်မျိုးကို မလုပ်ပါဘူး။ မြန်မာလူထုက ၅၉(စ)ကို ထောက်ခံသလား။ မထောက်ခံဘူးလား ၂၀၁၅ ရွေးကောက်ပွဲမဲရလဒ်နဲ့ သက်သေပြခဲ့ပြီးပါပြီ။ အခု ဒေါ်ခင်ဝိုင်းကြည်တို့ အုပ်စုကိုစင်ပြိုင် ၅၉(စ) ကန့်ကွက်ကြောင်း ဟောပြောကြမယ်ဆိုရင် လူတွေပုရွက်ဆိတ်အုံ တုတ်နဲ့ထိုးသလို လမ်းပေါ်ထွက်လာကြမှာပါ။ ဒီနည်းကအာဏာလွှဲပြောင်းရေးကိုပဲ ထိခိုက်စေမယ်ဆိုတာ ဆိုက်ကားသမားတောင် သိပါတယ်။ နှစ်ရှည်လများသည်းခံခဲ့ရတာတွေကို ၅၉(စ) ထောင်ချောက်ထဲ ဘယ်သူမှမ၀င်တော့ပါဘူး။

လွှတ်တော်ထဲမှာ ပီအာ၊ ပီအာအော်နေတုန်းကတည်းက စာရေးလောက်တယ် မယူဆခဲ့လို့ ဒေါ်ခင်ဝိုင်း ကြည်ကို လျစ်လျူရှုခဲ့ပါတယ်။ ဒါပေမဲ့ ၅၉(စ) ထောက်ခံပွဲအပြီး မီဒီယာတခုကမေးမြန်းတာကို ဒေါ်ခင် ၀ိုင်းကြည်ဖြေတာတွေက မြန်မာ့နိုင်ငံရေးနဲ့ အတော်လွဲချော်နေလို့ ရှောင်လွှဲလို့မရဘဲ အမည်ထည့် ရေးရပါတော့တယ်။
ဒေါ်ခင်ဝိုင်းကြည်က ''ဥပဒေဆိုတာ ခြွင်းချက်လည်း မရှိဘူး။ ဘယ်တုန်းက ဘယ်ဥပဒေကို ဆိုင်းငံ့ပေးခဲ့ရတယ် ဆိုတာတွေကလည်း မဟုတ်ဘူး''စသဖြင့် ဖြေကြားသွားပါတယ်။ ဒီလိုဖြေကြားသွားတာတွေ က မနေ့တနေ့ကမှ လွှတ်တော်ထဲကထွက်လာရတဲ့ ပူပူနွေးနွေး အမတ် ပြုတ်နဲ့မတူဘဲ လမ်းဘေးက ကိုယ်ထင်ရာစွတ်ပြောနေတဲ့ သာမန်အရပ်သူတယောက်နဲ့တူနေပါတယ်။

ဒေါ်ခင်ဝိုင်းကြည်လေ့လာမယ်ဆိုရင် ၁၉၅၈ - ၁၉၆၀ ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသူမဟုတ်လို့ ၀န်ကြီးချုပ်ဦးနုနေရာကို ခဏ ဆက်ယူဖို့၊ ၀န်ကြီးချုပ်ရာထူးကို ခဏဆက်ယူဖို့ လွှတ်တော်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မ - ၁၁၆ ကို ပြင်ပေးခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒေါ်ခင်ဝိုင်းကြည် ၅၉(စ) ကိုထောက်ခံတာ၊ ဒေါ်ခင်ဝိုင်းကြည်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ ဒါပေမဲ့ မနေ့တနေ့ကမှ လွှတ်တော်ထဲက ထွက်လာတဲ့ အမတ် ဟောင်းတယောက်အနေနဲ့ မြန်မာပြည်သမိုင်းကြောင်းကိုတောင် ဖြောင့်ဖြောင့်ကြီးဆန့်ကျင် ပြောနေတာ ရှက်စရာပါ။
စစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာခဲ့ပြီးပါပြီ။ လူထုက စစ်အာဏာရှင်ဟောင်းတွေရဲ့ လုပ်နည်းလုပ်ဟန်တွေကိုယဉ်ပါး နေခဲ့တာကြာပါပြီ။ ၅၉(စ) ထောက်ခံပွဲဟာ နောက်ဆုံး ပြည်သူကို မီးတိုက် ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ ၅၉(စ)ကို ပြင်ချင်နေသူတွေ၊ ဆိုင်းငံ့နေ ချင်သူတွေ အုံနဲ့ ကျင်းနဲ့ထွက်လာ၊ တည်ငြိမ်ရေးကို ထိခိုက်တယ် အကြောင်းပြချက်နဲ့ အစိုးရလွှဲပြောင်းရေးကိုနောက်ဆုတ်စေတဲ့ ရလဒ်များထိ ဖြစ်လာနိုင်တယ်ဆိုတာလူထုက ကြိုမြင်ပါတယ်။

အခုကျင်းပသွားတဲ့ ၅၉(စ) ထောက်ခံပွဲမှာတက်ရောက်သူ ၃၀၀ ဆိုတာ ရန်ကုန်လူဦးရေနဲ့ နှိုင်းယှဉ်ရင် ရှက်စရာပါ။ ဒီပွဲမှာ ဟောပြောသွားတာတွေက ဟောပြောသူတွေရဲ့ သမိုင်းမှတ်တမ်းပါ။
၂၀၁၅ မှာ မဲတွေအားလုံးနီးပါး ဒီ-ချုပ်ပါတီဘက်ရောက်လာတာ၊ အဲဒီကာလတုန်းက မဲဆွယ်ပွဲတွေမှာ တော ပြောတောင်ပြောပြောခဲ့ကြတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ ကျေးဇူးကြောင့်ပါ။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ သေခဲ့တာ သူတို့အသံကြောင့်ပါ။ မြန်မာမှာ ဆိုးရိုးရှိသလေ။ အသံကြောင့် ဖားသေတဲ့။

ခုရက်အတွင်း အနာဂတ်မှာ လက်ရှိအသံကြောင့်သေမယ့် ဖားတွေ တွေ့နေရပါသေးတယ်။ လွှတ်တော်သစ်က မေးမြန်းတဲ့ကိစ္စတွေကို လွှတ်တော်ဆီလာရောက်မဖြေကြားတာနဲ့ပတ်သက်ပြီး သမ္မတရှေ့က ကြိုကြိုပြောနှင့်သူ ၀န်ကြီးလို့ နာမည်ကျော်ခဲ့သူဝန်ကြီးက လွှတ်တော် သစ်ဆီကိုအစိုးရဟောင်းဝန်ကြီးတွေ သွားရောက်ဖြေကြားဖို့ မလိုလို့ ဆိုလိုက်ပါတယ်။ ဒီအခင်းအကျင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဟာကွက် ပျော့ကွက်က ထပ်ထွက်လာပါ တယ်။ အဲဒါကတော့ ရွေးကောက်ပွဲပြီးချိန်နဲ့ အစိုးရအလွှဲအပြောင်းလုပ်ချိန် ဟလွန်းနေတာပါပဲ။ တကယ်တော့ ဒီနေ့ ရွေးကောက်ပွဲပြီးတလအတွင်း လွှဲပြောင်းဆိုတာမျိုးဖြစ်သင့်တာပါ။ လွှတ်တော်အသစ်ကို အစိုးရဟောင်း က သွားရောက်ဖြေရှင်းစရာမလိုဆိုတာကလည်း အဖြေမှန်မဟုတ်ပါဘူး။

ဒီအစိုးရဟောင်းကပဲ တာဝန်ခံပြီးလုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲအရ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေပါ။ ကိုယ်မှန်နေရင် အကျိုးသင့်အကြောင်းသင့် ဘာမှလာမဖြေစရာမရှိပါဘူး။ ဒီဝန်ကြီးကို အမည်နာမ အမျိုးမျိုးတပ်ပေးကြတာကိုလည်း လွှတ်တော်သစ်နဲ့ အစိုးရဟောင်း အပြောတွေကြောင့်လို့ နားလည်လိုက်ပါတယ်။ အသံကြောင့်သေမယ့် ဖားတွေ မတ် ၃၀ မတိုင်မီဘယ်လောက်ထွက်လာလေဦးမလဲ။ စိတ်ဝင်စားစရာပါ။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

[youtube src="B9A63DhlpWk"/]
အစိုးရသစ်ကိုအာဏာလွှဲပြောင်းရေးအစီအစဉ်ကို ပြည်သူ့လွှတ်တော်မှာပဲ ကျင်းပပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက အတည်ပြုပြောကြားလိုက်ပါတယ်။

နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပါတီထိပ်တန်းခေါင်းဆောင်တွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီနေ့ကျင်းပခဲ့ပြီးနောက် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

“အစည်းအဝေးမှာ ပထမဆုံး ပြောစရာတခုပဲ ရှိတယ်။ ကျနော်တို့ အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာ လုပ်မယ် ဒါတခု။ နောက်သမ္မတ ကိစ္စတွေ ဘာတွေနဲ့ ပတ်သက်ပြီး ကျနော်ပြောစရာ ဘာမှမပါဘူး။ ဆွေးနွေးတာတွေအများကြီးပါ။ ရှေ့လာမယ့် အစိုးရမှာ လုပ်မယ့်အလုပ်တွေ ဆွေးနွေးတာ။ ဆုံးဖြတ်ချက် တခုမှမရှိဘူး။”

အစည်းအဝေးတက်ရောက်လာသူတွေထဲမှာ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဋ္ဌေးကြွယ် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး ပါဝင်ပါတယ်။

DVB TV News

တရုတ် သံအမတ်မှ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ရေး နှစ်ဘက် ပြေလည်ရန် မြန်မာ အစိုးရသစ် နဲ့ ဆွေးနွေး ရန် ရှိပြီး သို့ မှသာ လျော်ကြေး ပေးရမယ့် အရေး ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်များအား သူ့ အိမိမှာ ခေါ် ပြော လိုက်ပါတယ်။

ရန် ကုန် မြို့ စွန်ဘက်မှ ဆေးရုံတရုံ ဆောက်လုပ်ပေးမှာ ဖြစ်တဲ့ အပြင် မြစ်ဆုံတ၀ိုက်ရှိ ဒေသခံ များရဲ့ လိုအပ်ချက်တွေကို အကုန် ဖြည့်ဆည်း ပေးမယ် လို့ ဆိုပါတယ်။

သူ အပြောအရ မြန်မာပြည်သည် မိုးတွင်း တွင် ရေ အလျံပါယ်ရနေပြီး နွေတွင် ရေရှားပါးလာခြင်းမှာ ရေ အရင်းအမြစ်ကို တရုတ်နိုင်ငံလို ကောင်းစွာ စီမံ မခန့် ခွဲတတ်၍ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ် သံအမတ် မေ့နေပုံရသည် အချက်က တရုတ် နိုင်ငံ အတွင်းရှိ မြစ် သုံးပုံတပုံသည် သောက်သုံးဘို့ နေနေသာသာ လက်ဖြင့် ထိလို့ ပင် မရအောင် အန္တာရယ် ရှိနေသည် ဆိုသည့် အချက်ပင်။

အကျယ်အ၀န်းအားဖြင့် ၁၇၃ စတုရန်းမိုင် ရှိမည့် ဆည်ဆောက်ပြီး က ရေအား လျပ်စစ် စက်ရုံတည်ကာ တနှစ်လျင် စုစုပေါင်း ကီလိုဝတ် သန်းပေါင်း ၃၀ ဘီလီယံ ခန့် ထုတ်လုပ်နိုင်မယ် လျာထား ထားပြီး မြန်မာ ပြည်မှ ပိုလျံ မှသာ တရုတ် ပြည်သို့ ပြန်လည် တင်ပို့ ရောင်းချရမည့် စီမံကိန်း ဖြစ်ပါတယ်။ သို့သော် မြန်မာပြည်မှ ထွက်ရှိတဲ့ လျပ်စစ်ဓါတ်ကို ဖြန့် ဖြူးရန် ပါဝါ လိုင်း များ အဆင်သင့် မရှိသဖြင့် ယူနန် နယ်သို့ သာ အကုန်နီးပါး တင်ပို့ ရမယ့် အရေးကို တရုတ်က ကောင်းစွာ သိရှိ ထားပြီး ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်ချူ ပ်ဆိုခဲ့တဲ့ စာချူ ပ်အရ မြန်မာ ဘက်မှ တရုတ်ပြည်သို့ တင်ပို့ သမျ ကို အခွန် အကောက်ရမှာ ဖြစ်ပြီး ကမ္ဘာတွင် ၁၇ ခု မြောက် အကြီးဆုံး ဖြစ်မယ့် ဆည်ကြီးကို နှစ် ၅၀ ကျော်က လုံးဝပိုင်ဆိုင် ဘို့ ရှိနေပါတယ်။

သို့သော် စစ်အစိုးရ ထည့်မတွက်ခဲ့သည့် အချက်က မြန်မာတို့ရဲ့ ယဉ်ကျေးမှု စတင် ထွန်းကားရာ ဧရာဝတီ မြစ်ကြီး တိမ်ကောနိုင်မယ့် အရေး နဲ့ အခြား မြစ်ရေကြီးမှု များ အပါအ၀င် လယ်ယာမြေများ တိမ်ကောပြီး သဘာဝ ပါတ်ဝန်းကျင် ပျက်စီးမယ့် အရေးပဲ ဖြစ်ပါတယ်။ ဒီ အရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ကြွ လှုပ်ရှားသူများက အပြင်းအထန် ကန့် ကွက် ခဲ့ကြပြီး အခွင့်အရေးကို ချောင်းနေတဲ့ ဦးသိန်းစိန် အစိုးရ ကလည်း မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ပြစ်ခဲ့တဲ့ အတွက် ဦးသိန်းစိန် အဖို့ နိုင်ငံရေး အရ အမြတ်တွေ တပွေ့ တပိုက်ကြီး ပိုက်မိ သွားရတဲ့ အပြင် အနောက်အုပ်စု နဲ့ ပြန် ပေါင်းထုတ်ဘို့ လမ်းပွင့်သွားခဲ့ပါတယ်။

မြန်မာလျပ်စစ် ၀န်ကြီးဌာန၊ စတီဗင်လော ရဲ့ အေရှားဝါး ကုမ္ပဏီ နဲ့ China Power Investment Corp. (CPI) နဲ့ ချူ ပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃.၈ ဘီလီယံ ကုန်ကျမယ့် စီမံကိန်းကို ကချင် ဒေသခံများက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်အလုပ်သမား ၄ ဦး သေဆုံးခဲ့ရတဲ့ အပြင် KIA နဲ့လည်း တိုက်ပွဲတွေ ကြို့ကြား ကြို့ ကြား စတင် ဖြစ်ပေါ် လာခဲ့ရပါတယ်။

ယခုအခါ လသားမျ ပင် ရှိရှာ အုန်းမည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကို ပွဲဦးထွက် စတင် အားစမ်းလာပြီ ဖြစ်သဖြင့် မိခင် ဧရာဝတီ ကို ကာကွယ်ရန် နိုင်ငံသား အားလုံးအတွက် သမိုင်းပေး တာဝန် ကြီး တရပ် ကျရောက်လာပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ။ ။ Mizzima News

ကိုးကား။ ။ Mizzima News and other various news agencies

HSW
BrainWave ဉာဏ်လှိုင်း

ပခုက္ကူမြို့အနီး ဧရာဝတီမြစ် သောင်ထွန်းနေမှုကို ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ NLD အစိုးရနှင့် ပူးပေါင်းဆွေးနွေးပြီး အဘက်ဘက်က လက်ခံနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မတ် ၄ ရက်ညပိုင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မတ် ၅ ရက်ထုတ် 7 Day သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ အစိုးရသစ်နဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးတိုင်ပင်မယ်။ အဘက်ဘက်က လက်ခံနိုင်မယ့် နည်းလမ်းကိုရှာမယ်။ မြန်မာပြည်သူလူထုကတော့ မြစ်ဆုံစီမံကိန်းကို တော်တော်အလေးထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားကြောင်း 7 Day သတင်းစာတွင် ဖော်ပြခဲ့သည်။

မြစ်ဆုံစီမံကိန်း ဘယ်လိုဖြစ်လာလဲ


မြစ်ဆုံရေကာတာ စီမံကိန်းသည် ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာ၊ မြစ်ဆုံတွင် ရေကာတာ ခုနစ်ခု စီမံကိန်းဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ CPI ကုမ္ပဏီတို့က လက်မှတ်ထိုး အကောင်အထည်ဖော်ခဲ့ကြကြောင်း သိရသည်။ ဧရာဝတီမြစ်၊ မေခမြစ်၊ မလိခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ ခုနစ်ခုအနက် မြစ်ဆုံရေကာတာသည် အကြီးဆုံးဖြစ်ပြီး မြစ်ကြီးနားမြို့အထက် ၂၅ မိုင်ခန့်အကွာ တန်ဖဲကျေးရွာအောက် သုံးမိုင်ခန့်အကွာတွင် တည်ဆောက်မည် ဖြစ်သည်။ CPI ကုမ္ပဏီသည် ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်းခုနစ်ခု၊ စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ မြစ်ဆုံရေကာတာသည် ပေ ၅၀၀ မြင့်သည့် ကျောက်ကွန်ကရစ် ရေကာတာ အမျိုးအစားဖြစ်ပြီး အဆိုပါ စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် ပံ့ပိုးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြစ်ဆုံစီမံကိန်း စတင်လက်မှတ် ရေးထိုးသည့် အချိန်တွင် မြန်မာပြည်သူများ အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ထိခိုက်နိုင်သည့် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွား၊ ကျန်းမာရေး ပြဿနာများကို တရားဝင် ပြောဆိုခြင်း မရှိသကဲ့သို့ ဒေသခံများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ မရှိခဲ့ကြောင်းနှင့် ဒေသခံများ၏ တောင်းဆိုမှုများကိုလည်း လျစ်လျူ ရှုထားခဲ့ကြသည်။

အဘက်ဘက်က လုံးဝကန့်ကွက်ထားတဲ့ မြစ်ဆုံစီမံကိန်း

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရှင်များ၊ ပြည်သူများက လက်မခံနိုင်ကြောင်း အဘက်ဘက်က ကန့်ကွက်မှုများ ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့်လုပ်ငန်း စတင်ရန်ဆောင်ရွက်ခဲ့ရာတွင် ယင်းစီမံကိန်းကြောင့် ရာသီဥတုဖောက်ပြန်ပြီး မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ဧရာဝတီမြစ်ရေ ကြီးမှုများ ဖြစ်ပေါ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်များ လှုပ်ခတ်ခြင်း ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ ဧရာဝတီမြစ်၏ ဂေဟစနစ်ပျက်စီးပြီး ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေများကို ပြည်သူများအနေဖြင့် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

မြစ်ဆုံစီမံကိန်းကြောင့် ရေလွှမ်းမိုးမည့် ဧရိယာသည် ဟက်တာ ၄၈၀၀ ခန့်ရှိပြီး ဒေသရှိ ကျေးရွာပေါင်း ၄၈ ရွာခန့် ရေနစ်မြုပ်မည့်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သို့ဖြစ်၍ ဧရာဝတီမြစ်ဆုံ အရေးကိစ္စနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပေါင်းစုံပါဝင်ခဲ့ကြသည့် “သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ” ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်များမှ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မြစ်ဆုံအရေးကိစ္စအား မလုပ်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်၍ ဦးသိန်းစိန် ဦးဆောင်သည့် အစိုရလက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း ငါးနှစ်အတွင်း စီမံကိန်း ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးသို့ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများထံ လိပ်မူပြီး သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ သ၀ဏ်လွှာတွင် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကို စနစ်တကျ လေ့လာဆန်းစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်း စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။

ထိုသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို သတင်းစာဆရာကြီးများ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး NLD ပါတီ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း တို့ကလည်း ကြိုဆိုခဲ့ကြပြီးဖြစ်သည်။

ထိုသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တောင်းဆိုခဲ့သည်။

ပြည်သူတွေရဲ့ အသက်သွေးကြော ဧရာဝတီနဲ့ မြစ်ဆုံ

မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြောသဖွယ်ဖြစ်သော ဧရာဝတီမြစ်သည် မြစ်ဆုံဒေသမှ အစပြုကာ လူနေမှု ထူထပ်သော စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများ၊ ပြည်နယ်၊ တိုင်းဒေသကြီးအချို့၏ မြို့တော်များကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ သပိတ်ကျဉ်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည်၊ ရွှေတောင်၊ မြန်အောင်၊ ဟင်္သာတ၊ ဓနုဖြူ အစရှိသည်မြို့များ တည်ရှိနေသည်။

ဧရာဝတီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရသူ အများအပြား ရှိနေပြီး မြန်မာနိုင်ငံ၏ အဓိက အရေးကြီးသည့် မြစ်ကြီးတစ်စင်းလည်း ဖြစ်သည်။

ထိုသို့အရေးပါသည့် ဧရာဝတီမြစ်၏ မြစ်လက်တက်များတွင် ဆည်တည်ဆောက်မှု အများအပြား ရှိနေခဲ့ပြီး နောက်ဆုံး အဓိကမြစ်ဆုံနေရာတွင် ဧရာဝတီမြစ်ကိုပိတ်ကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်ရန် တရုတ်ဘက်က ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။

ဧရာဝတီမြစ် အောက်ပိုင်းတွင်ရှိသည့် ဂေဟစနစ်များ ပျက်စီးခြင်း၊ ရေစီးရေလာ ပျက်စီးခြင်း အစရှိသည့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ပျက်စီးသွားမည် ဖြစ်ကြောင်း၊ မြန်မာတစ်ပြည်လုံး၏ ဆန်စပါးရာခိုင်နှုန်း ၆၀ ထွက်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသလည်း ထိခိုက်ပျက်စီးမှုများ ရှိနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များ၏ အသက်ရှင်ရပ်တည်နိုင်မှု အနေအထားများ ပြောင်းလဲကုန်မည်ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

လုံးဝမဖြစ်နိုင်တဲ့ မြစ်ဆုံစီမံကိန်း

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ သစ်တောများမှ သစ်များအား တရုတ်ဘက်က အလွန်အကျွံ လာရောက်ထုတ်ယူမှုများကြောင့် အဆိုပါဒေသများရှိ သစ်တောများလည်း ပြုန်းတီးခဲ့ပြီဖြစ်သည်။

မြစ်ဆုံဆည် ဆောက်လုပ်မည့် တရုတ် CPI ကုမ္ပဏီသည် အစိုးရနှင့် မြစ်ဆုံစီမံကိန်း စာချုပ်ချုပ်ဆိုပြီးသည့် ၂၀၀၆ ခုနှစ်နောက်ပိုင်း တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် သစ်တောခုတ်ထွင် ရှင်းလင်းမှုများကြောင့် သစ်တောပြုန်းတီးမှုများ ရှိခဲ့သည်။ ဇီဝမျိုးစုံမျိုးကွဲ၊ အဖိုးတန် သယံဇာတများ ပျက်စီးပျောက်ဆုံး လျော့နည်းခဲ့ရသည်။ စီမံကိန်း ရေ၀ပ်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများသည်လည်း ရွှေ့ပြောင်းပေးခဲ့ရခြင်းကြောင့် လူနေမှုဘ၀များလည်း ပျက်ယွင်းခဲ့ရသည်။

ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသ၏ သစ်တောများလည်း ယခုတဖြည်းဖြည်း ပြုန်းတီးနေပြီဖြစ်သည်။ ယင်းသို့ သစ်တောများ ပြုန်းတီးမှုနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ် အကျိုးဆက်များအဖြစ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ရေကြီးမှုများ ရင်ဆိုင်နေပြီး အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသသည် ယင်းအန္တရာယ်များ အဓိက ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် ပူပြင်းခြောက်သွေ့သည့် အချိန်များတွင်မူ ဧရာဝတီ မြစ်ရေခန်းခြောက်မှုများကို ဒေသအများအပြားတွင် ကြုံတွေ့နေရကြသည်။

ယင်းသို့ ရေဝေရေလဲဒေသ ပျက်စီးမှုများ၊ ဂေဟစနစ်ပြောင်းလဲမှုများကို ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကြုံတွေ့နေရာ မြစ်ဆုံဆည်ကြီး ထပ်မံတည်ဆောက်လိုက်ပါက ပိုမိုဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်မည်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြထားကြသည်။ သို့ဖြစ်ရာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် မြစ်ဆုံဒေသတွင် ဆည်ဆောက်လုပ်ခြင်းမှာ လုံးဝမဖြစ်နိုင်ဘဲ မြစ်ဆုံဆည်နှင့် ပတ်သက်ပြီး သဘောတူညီချက်သည်လည်း တစ်နိုင်ငံလုံး၏ အမျိုးသား အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည် မဟုတ်ပေ။

“ကေအိုင်အို/ကေအိုင်အေ သဘောထားကတော့ မစခင်ကတည်းက မလုပ်ဖို့ပါပဲ။ အခုအထိလည်း ဒီသဘောထားပါပဲ။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မတိုင်ခင်ကတည်းက စာပို့ပြီးကန့်ကွက်ထားတာ ရှိပါတယ်။ မပြောင်းလဲပါဘူး။ ကချင်လူထုကြီးက သဘောမတူနိုင်တာကို ကျွန်တော်တို့လည်း သဘောတူလို့မရပါဘူး။ ကျွန်တော် တစ်ယောက်တည်း အမြင်ကတော့ ပြည်တွင်းက ပညာရှင်တွေရော လူထုတွေပါ ကန့်ကွက်နေကြတဲ့ အတိုင်းပါပဲ။ ဘေးထွက်ဆိုးကျိုးက အနည်းနှင့်အများ မခန့်မှန်းနိုင်တဲ့ အပိုင်းပါ။အစိုးရပိုင်းကလည်း ဒီမြစ်ဆုံဆည် စီမံကိန်းနှင့် ပြည်သူတွေ စိတ်အေးရအောင် ကိုင်တွယ်မယ် ထင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် အရေးကလည်း ဒီနေ့အချိန်အခါမှာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာတာပါ။ ကချင်လူထုကတော့ မြစ်ဆုံလိုဒေသမျိုးကို ဘယ်လိုမှ စွန့်လွှတ်နိုင်မှာ မဟုတ်ပါဘူး” ဟု မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီး ခွန်နောင်က ပြောကြားသည်။

တစ်ကျော့ပြန်လာဖို့ လမ်းစရှာနေတဲ့ မြစ်ဆုံစီမံကိန်း

7Day သတင်းစာတွင် ဖော်ပြခဲ့သည့် ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ NLD အစိုးရနှင့် ပူးပေါင်းဆွေးနွေးပြီး အဘက်ဘက်က လက်ခံနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်၏ ပြောကြားချက်မှာ အစိုးရသစ်လက်ထက်တွင် မြစ်ဆုံစီမံကိန်းက တစ်ကျော့ပြန်စရန် လမ်းစရှာနေသည့် အဓိပ္ပာယ် ဖြစ်နေသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ ပြောကြားချက်တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် မဟာမိတ် စီမံကိန်းများသည် ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာမှု ရှိသင့်ကြောင်း ပြောကြားခဲ့သည်ဟုပါရှိပြီး အဆိုပါအချက်ကို ၎င်းတို့အနေဖြင့် သဘောတူကြောင်း ဆိုထားသည်။

“NLD အစိုးရအသစ် တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာ တရုတ်အစိုးရ ကိုယ်စားလှယ် သံအမတ်က အခုလို ပြောလာတာဟာ NLD အစိုးရသစ်ကို အကျပ်အတည်းရောက်အောင် ရည်ရွယ်တယ်လို့ သုံးသပ်တဲ့အတွက် ကန့်ကွက်ပါတယ်။ အခုလို စီမံကိန်းတွေ ပြန်စဖို့ နည်းလမ်းစုံနဲ့ ကြိုးပမ်းမယ်မပြောခင် ယခင်အစိုးရအဖွဲ့ဝင်တွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ အကျင့်ပျက်ခြစားမှုတွေ ဘယ်လိုလုပ်ခဲ့ကြတယ် ဆိုတာကို အရင်ဆုံး ဖော်ထုတ်စမ်းစစ် အရေးယူဖို့လုပ်ဖို့ တရုတ်နိုင်ငံအစိုးရကို တိုက်တွန်းချင်ပါတယ်” ဟု ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာ ကျော်သူက ပြောကြားသည်။

မြစ်ဆုံဆည် စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိပြီး တရုတ်နိုင်ငံမှ အဓိက ပံ့ပိုးပေးမည်ဖြစ်ပြီး ရရှိလာမည့် လျှပ်စစ်စွမ်းအင် ရာခိုင်နှုန်း ၉၀ ကိုတရုတ်နိုင်ငံသို့ ပံ့ပိုးရမည် ဖြစ်သောကြောင့် မြန်မာ့မြေပေါ်တွင် လာရောက်ပြုလုပ်ပြီး မြန်မာပြည်သူလူထုအတွက် များစွာနစ်နာမည့် စီမံကိန်းကြီးလည်း ဖြစ်သည်။

တရုတ်က မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးပမ်းနေမှုကို တညီတညွတ်တည်း ကန့်ကွက်နေကြ

မြစ်ဆုံစီမံကိန်းအား ပြန်လည်လုပ်ဆောင်ရန် အဆိုပြုချက် လုပ်ဆောင်ချက် မှန်သမျှသည် ပြည်သူရွေးချယ် တာဝန်ပေးထားသည့် အစိုးရနှင့် ပြည်သူကို ရန်တိုက်ပေးပြီး နက်နဲရှုပ်ထွေး တာဝန်ကြီးမားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပျက်စီးစေလိုသည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု ရှုမြင်သည့်အတွက် ကန့်ကွက်ကြောင်း ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာ ကျော်သူက ပြောကြားသည်။

“မြစ်ဆုံစီမံကိန်းက ဆက်လုပ်သင့် မလုပ်သင့်ဆိုတာက ပြည်သူတွေ အပေါ်မှာ မူတည်တယ်။ လုပ်တဲ့နေရာမှာ အကောင်းနဲ့ အဆိုးက ဒွန်တွဲနေမှာ၊ ပြည်သူတွေက ကောင်းတာကိုလည်း သေချာသိရမယ်။ ဆိုးတာကိုလည်း သေချာသိရမယ်။ ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးပါတီတွေ အစိုးရအဖွဲ့ကသာလျှင် ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ တစ်တိုင်းပြည်လုံးက ပါဝင်ပြီးတော့ ကောင်းကျိုးဆိုးကျိုးကို ခံစားရမယ့် သူတွေပါ ပါဝင်ပြီးတော့ ဆုံးဖြတ်မှသာလျှင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မယ်။ တစ်တိုင်းပြည်လုံးက မလုပ်ချင်ဘူးတားရင် မလုပ်ဖို့ပဲရှိတယ်။ အဲဒီအတွက်တော့ ပြင်ဆင်ရမယ်” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “စာချုပ်ရဲ့ သဘောအရ ကိုယ့်ဘက်က တစ်ဖက်သတ် ရပ်တယ်လို့ ထင်သွားရင် ပြန်ပြီးတော့ တာဝန်ယူရတဲ့ အပိုင်းတွေ ရှိမှာပေါ့။ ပြည်သူက မလုပ်နဲ့တော့ဆိုရင် စာချုပ်က ပျက်ပြယ်သွားတာပေါ့။ ဒါပေမဲ့ လိုအပ်သလို တာဝန်ယူရမယ်ဆိုတာက ပါလေ့ပါထရှိတယ်။ ဒီစာချုပ်မှာလည်း ပါမယ်လို့ ယူဆတယ်။ ဒီအတိုင်းကို ဆောင်ရွက်သွားမယ်ဆိုရင် စာချုပ်က တရားဝင်လား ဆိုတာကို ပြန်ပြီးစမ်းစစ်ရမယ်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က လုပ်သွားတယ်လို့ ပြောပေမယ့် ဘယ်လောက်တရားဝင်မှု ရှိလည်းဆိုတဲ့ အချက်ကို စစ်ဆေးရမယ်။ ဒီအပေါ်မှာကော တရားဝင် ဥပဒေဘောင်အတွင်းက လုပ်ထားတဲ့ အရာတွေရှိလား ဆိုတာကို စုံစမ်းဖော်ထုတ်သွားဖို့လိုမယ်။ နောက်တစ်ခုက EIA,SIA မပြီးဘဲနဲ့ လုပ်နေတာဖြစ်တဲ့အတွက် တကယ်လို့ ပြန်ပြီးလျော်ရမယ်လို့ ပြောရင်တောင်မှ ဘောင်ဝင်တဲ့ လုပ်ငန်းရှိမယ် ဘောင်မ၀င်တဲ့ လုပ်ငန်းရှိမယ်။ သူတို့လုပ်သွားတဲ့ လုပ်ငန်းပမာဏက စခန်းချခွင့် ပမာဏထက် ပိုနေလား၊ တောတွေရှင်းသွားမယ်။ တောင်တွေရှင်းသွားမယ်။ မြေကြီးတွေ ထုတ်သွားမယ်။ ဒါကိုလည်း ပြန်စမ်းစစ်ဖို့လိုမယ်။ အဲဒီထဲမှာ ဘောင်မ၀င်ဘဲ လုပ်သွားမယ်ဆိုရင် ပတ်ဝန်းကျင်ရေးရာ လျော်ကြေးကကော ဘယ်လောက်ရှိလဲ ဆိုတာကို သုံးသပ်ဖို့လိုတာပေါ့။ အဲဒါကို ကိုလျော်ရမယ့်အထဲက ပြန်နုတ်ရမှာပေါ့။ ဒီလိုအချက်တွေကို ဆက်လုပ်သွားဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လိုအပ်ရင် လျော်သွားမယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

“ဒီစီမံကိန်းကို ဆက်ပြီးကန့်ကွက်နေမှာပဲ။ ဒီစီမံကိန်းကို မကြိုက်လို့ မဟုတ်ဘူး။ ဒေါ်လေးတို့တိုင်းပြည် မဖွံ့ဖြိုးသေးဘူး။ ဖွံ့ဖြိုးဖို့လိုမယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး စားပွဲခေါ်နေတဲ့ အချိန်မှာ မြစ်ဆုံကို ချန်ထားသင့်တဲ့ ကိစ္စကြီး၊ တိုင်းရင်းသားတွေ စိတ်အနှောင့်အယှက် ဖြစ်မယ့်ဟာကို မလုပ်စေချင်ဘူး။ နောက်တစ်ချက်က မြန်မာပြည်တစ်ပြည်လုံးနဲ့ ဆိုင်တယ်။ ဧရာဝတီ တကယ်ပေါက်ဖွားတဲ့နေရာ မေခနဲ့ မလိခဆုံတဲ့ မြန်မာပြည် မြစ်ကြီးနားမှာ။ အဲဒီကနေ မြစ်ဝကျွန်းပေါ်အထိ သွားတာဆိုတော့ ဒီမြစ်က အမျိုးသားရေးမြစ်ပဲ၊ ဧရာဝတီ စီးဆင်းလာတဲ့ နေရာတစ်လျှောက်က တိုင်းပြည်ကို ပြုစုပျိုးထောင်ပေးတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် ဒီမြစ်ကြီးကို မပေးနိုင်ဘူး။ ဘယ်လိုပညာရပ်နဲ့ပဲလုပ်လုပ် ထိကိုမထိသင့်တဲ့ ကိစ္စပဲ။ မြစ်ကကြာလာပြီ။ အနည်အနှစ်တွေ ထွန်းလာပြီ။ အဲဒါတွေကို ပြုစုစောင့်ရှောက်မယ်ဆိုရင်တော့ လက်ခံတယ်။ ဒီမြစ်ကို အသုံးချပြီးတော့ လျှပ်စစ်ထုတ်မှာကိုတော့ လက်မခံဘူး။ စွမ်းအင်တွေရဖို့ နည်းပညာတွေ အများကြီး ထွက်ပေါ်လာပြီ၊ စွမ်းအင်တွေရဖို့ ဒီလိုဆည်အကြီးကြီးတွေ ဆောက်တဲ့ခေတ်လည်း မရှိတော့ဘူး။ ဟိုက်ဒရိုပါဝါကို နည်းအမျိုးမျိုးနဲ့ လုပ်တာတွေ ပြည့်မြဲစွမ်းအင်နဲ့ လုပ်တာတွေ အများကြီး ပေါ်နေတယ်” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က မှတ်ချက်ပြုသည်။

“မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး အရင်ကလည်း ဆွေးနွေးဖူးပါတယ်။ အဲဒီမြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်က ပြည်သူလူထုသာ မကဘူး။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း လုံးဝလက်မခံနိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဘယ်လိုမှ သဘောတူနိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ မြင်ပါတယ်။ သူတို့ဘက်က ဘယ်လိုဖြစ်ဖြစ် ညှိမယ်ဆိုရင်တော့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား သာမက တစ်နိုင်ငံလုံးကလည်း လက်မခံဘူး။ အဲဒါကြောင့် သူတို့က လာညှိမယ်ဆိုရင်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားတွေက လက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု မြစ်ကြီးနား မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်က ပြောကြားသည်။

“မြစ်ဆုံစီမံကိန်းကို ပြည်သူတွေအားလုံးက တစ်ကြိမ်ကန့်ကွက်ခဲ့ဖူးပြီ။ အခု နောက်အစိုးရနဲ့ ဆက်လုပ်ဖို့ ကြိုးစားတယ် ဆိုတာကိုလည်း လက်မခံနိုင်ဘူး၊ အခု လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ ဒီစီမံကိန်းရဲ့ အကျိုးဆက်က မြစ်ဝကျွန်းပေါ်ကို ဆုံးရှုံးမှုရှိစေမှ။ ဒီစီမံကိန်းနဲ့ ပက်သက်ရင် တကယ်အကျိုးရှိမှာက တရုတ်ပဲ၊ အစ်ကိုတို့ နိုင်ငံသားတွေ ခံစားရမှာက မရှိသလောက်ပဲ၊ အစိုးရပိုင်းကိုလည်း မျှော်လင့်ထားတာက ကောင်းမွန်တဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ အဖြစ်နဲ့ မျှော်လင့်ထားတာပါ။ NLD ပါတီအနေနဲ့လည်း မဲဆွယ်စည်းရုံးတဲ့ အချိန်မှာ ပြောထားတာလေးတွေ ရှိတယ်။ ပြည်သူလက်မခံတဲ့ စီမံကိန်းမှန်သမျှကို လက်မခံဘူးဆိုတာ။ ဒါကို အကောင်အထည် ဖော်စေချင်တယ်။ တရုတ်ဘက် ကြိုးစားတာကို မဖြစ်လာစေချင်ဘူး။ အခုဆို ဧရာဝတီတိုင်းမှာ ရေကြီးပြီဆိုရင် အလွန်ပဲ။ နွေဆိုရင်လည်း ရေခန်းပြီးတော့ လုပ်ငန်းတွေလုပ်ဖို့တောင်မှ ခက်ခဲတယ်။ ကမ်းတွေလည်း တအားပြိုနေတယ်။ ပြီးတော့ ရေလုပ်ငန်းတွေ ရေလုပ်သားတွေ သဘာဝ သယံဇာတတွေကို မှီခိုနေရသူတွေအတွက် ဒီစီမံကိန်းကို ကန့်ကွက်ရမှာပဲ။ လာမယ့် အစိုးရအသစ် အနေနဲ့လည်း မဲဆွယ်စည်းရုံးစဉ်က ပြောကြားထားမှုတွေကို မမေ့ပစ်ဘူးလို့ ထင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး EITI လုပ်ငန်းအဖွဲ့မှ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးစိုးလှိုင်ဦးက ပြောကြားသည်။

“မြစ်ဆုံစီမံကိန်းအတွက် ပြောရရင် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရှေးရှုပြီးသွားချင်ရင် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား ပြည်သူတွေရဲ့ သဘောဆန္ဒကို နားလည်လေးစား လိုက်နာသင့်တယ်။ တရုတ်နိုင်ငံ စီပီအိုင် ကုမ္ပဏီက ကြိုးစားတာက သူတို့အပိုင်းပဲလေ။ ဒါပေမဲ့ တစ်ဖက်က ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ လုပ်ပိုင်ခွင့်ရှိသူ၊ အာဏာရှိသူတချို့နဲ့ပေါင်းပြီး အစောပိုင်း ကနဦးကတည်းက အခွင့်အရေး ယူခဲ့တာပဲ။ ဒါပေမဲ့ ပြည်သူပြည်သား အများဆန္ဒက မြစ်ဆုံကိစ္စကို လုံးဝကန့်ကွက်နေတယ်။ အဲဒီလိုပဲ သဘာဝပတ် ၀န်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ အားလုံးက မြစ်ဆုံနဲ့ပတ်သက်ရင် လုံးဝကန့်ကွက်နေတဲ့ သဘောထားကို သူတို့နားလည် သဘောပေါက်စေချင်တယ်။ ဒါဟာ အဲဒီကာလ ၂၀၁၁ ခုနှစ်ရဲ့ အနေအထားတင် မဟုတ်ဘဲ မြစ်ဆုံစီမံကိန်းကို ဘယ်တော့လုပ်လုပ် ဘယ်ချိန်လုပ်လုပ် တစ်သက်လုံး ကန့်ကွက်သွားမယ် ဆိုတာကို သူတို့ ပိုမိုသဘောပေါက်ပြီး နားလည်စေချင်တယ်” ဟု စိမ်းရောင်စို (Activities) ဦးဆောင်အဖွဲ့ဝင် တာဝန်ခံ ဦးမောင်မောင်ဦးက ပြောကြားသည်။

“ဧရာဝတီမြစ်က ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီစီမံကိန်းကြောင့် ဆိုးကျိုးသက်ရောက်မှုတွေ များနိုင်တဲ့အတွက် လက်မခံဘူးလို့ ကျွန်တော်တို့က ကန့်ကွက်ထားတာ။ ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့တောင်းဆိုချက်က ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးအောင်က ပြောကြားသည်။

“အခုဆိုရင်ပဲ သစ်တောတွေ ပြုန်းတီးပြီးတော့ ဧရာဝတီမြစ် တိမ်ကောလာမှုကို ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ ခံစားနေရပြီ။ ပုံမှန်စီးဆင်းမြဲ မရှိတော့ ရေငန်တွေက နှစ်စဉ်ကုန်းတွင်းပိုင်း တိုးဝင်လာတယ်။ စိုက်ပျိုးလယ်တွေ ဆုံးရှုံးလာတယ်။ မြစ်ရေကြီးမှုတွေကလည်း မကြာခဏကို ဖြစ်လာတယ်။ ပုံမှန်ရေဝေရေလဲစနစ် ပျက်ဆုံးလာတဲ့အချိန်မှာ ဒီစီမံကိန်းကို ပြန်အကောင်အထည် ဖော်မယ်ဆိုရင်တော့ လုံးဝလက်ခံစရာ မရှိဘူး။ အရင်အစိုးရ လက်ထက်မှာတောင်မှ ရပ်တန့်ထားခဲ့ရတဲ့ စီမံကိန်းဟာ အခုလာမယ့် ပြည်သူရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရလက်ထက်ရောက်မှ ပြန်စတင်မယ်ဆိုရင် ဒါပြည်သူနဲ့ ထိပ်တိုက်တိုးမှာ၊ အစိုးရသာ ပြောင်းသွားတာ ပြည်သူတွေရဲ့သဘောထားကတော့ ပြောင်းလဲစရာ မရှိဘူး။ NLD အနေနဲ့လည်း ပြည်သူလက်မခံတာ မလုပ်ဘူးလို့ ပြောထားပြီးသား။ ဒီစီမံကိန်းဟာ ပါတီတစ်ခုရဲ့ သဘောတူညီချက် အစိုးရတစ်ခုရဲ့ သဘောတူချက်လောက်နဲ့ လုပ်ဆောင်မယ် ဆိုရင်တော့ လက်မခံနိုင်ပါဘူး။ ဒီစီမံကိန်းက ပြည်သူတွေကို အကျိုးမရှိစေဘူး ဆိုတာကို ပညာရှင်တွေ အားလုံးက ပြောထားပြီးသားဖြစ်တယ်” ဧရာဝတီတိုင်း ဒေသကြီး ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးဆောင်သူ ဦးအောင်မိုးဝင်းက ပြောကြားသည်။

ိ“ပြည်သူက တောင်းဆိုထားလို့သာ လက်ရှိအစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားပေးမယ်ဆိုတာ ဖြစ်လာတာပဲ။ ပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အပါအ၀င် ပြည်သူတွေက မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ ကန့်ကွက်ထားပြီးသားပါ။ အခုတောင်မှ သေးသေးလေးတွေ ဆောက်လာတာတောင် မြစ်ကြောင်းတွေ ပျက်စီးသွားပြီးတော့ ရေကြီးနစ်မြုပ်မှုတွေဖြစ်နေတာ အဲဒီပြဿနာတွေ အများကြီးပဲလေ။ ဧရာဝတီမြစ်ကြောင်းရဲ့ ထိပ်ကနေ ပိတ်ပြီး ဒီစီမံကိန်းကိုသာ လုပ်ဖြစ်ရင် သဘာဝပတ်ဝန်းကျင်ရော လူမှုစီးပွားဘ၀တွေပါ ထိခိုက်မှုတွေ အများကြီး ရှိလာနိုင်တယ်။ အဲဒါ ကြောင့် လာမည့်အစိုးရသစ် လက်ထက်မှာလည်း ဆက်မလုပ်ဖို့၊ ဖျက်သိမ်းဖို့အတွက် တောင်းဆိုဖို့ကိုလည်း အရပ်ဘက် အဖွဲ့အ စည်းတွေက စီစဉ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) မှ ကိုလင်းလင်းက ပြောကြားသည်။

“နောက်လာမယ့် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်း ကိစ္စကို လူထုကိုချပြဖို့ စဉ်းစားမယ်ဆိုရင် တရုတ်အစိုးရနဲ့ ကိစ္စမှာ ပါဝင်နေသူတွေအကြား လာဘ်ပေးလာဘ်ယူမှုတွေ ဘယ်လောက်ရှိခဲ့သလဲ ဆိုတာကို Transparency ရှိရှိ သိအောင် အရင်လုပ်ရပါမယ်။ မြန်မာနိုင်ငံမှာ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး (၁) မြစ်ဆုံစီမံကိန်း၊ (၂) မဟာဗျူဟာအရ အရေးပါတဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်းစီမံကိန်း၊ (၃) တရုတ်အစိုးရရဲ့ ပေါ်လစီဖြစ်တဲ့ One belt, One road အောက်ကနေ တရုတ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းကို ဖြတ်သန်းအသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရယူမယ့်ကိစ္စ ဒီသုံးခုကိုတော့ တစ်ဖက်သတ်လုပ်ဖို့ မသင့်ပါဘူး။ လုပ်မယ်ဆိုရင် လူထုဆန္ဒခံယူပွဲ လုပ်ပြီးမှသာ လုပ်သင့်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့လည်း ဆိုင်တဲ့အတွက် ဖြစ်ပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က သုံးသပ်ပြောကြားခဲ့ပါသည်။
Writer:
ကျော်ထင်၊ ထက်ရှိုင်း

Eleven Media Group


ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ နဲ့ ကွတ်ခိုင် မြို့နယ် တွေ ထဲမှာ ပြီးခဲ့တဲ့ သောကြာ နေ့က တအောင်းပလောင် လက်နက်ကိုင် တပ် TNLA နဲ့ အစိုးရ စစ်တပ် ကြား တိုက်ပွဲ တွေ ဖြစ်ပွားခဲ့တယ် လို့ TNLA ဘက်က ပြောပါတယ်။

နမ္မတူ မြို့နယ် ဟိုက်တောင် ကျေးရွာ အနီး တိုက်ပွဲ မှာ အစိုးရ ဘက်ကတော့ ထိခိုက် မှု ရှိ တယ် လို့ TNLA ဘက်က ပြောပေမယ့် သီးခြား အတည်ပြုချက် တော့ မရရှိ ပါဘူး။

ဖေဖေါ်ဝါရီ တတိယ ပတ် လောက်က စပြီး တအောင်း ပလောင် ဒေသ ထဲကို အစိုးရ စစ်ကား ပေါင်း ၅၀၀ ကျော် ဝင်လာ ခဲ့တယ် လို့ TNLA ပြောခွင့်ရ ဗိုလ်မှုး မိုင်အိုက်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

အခုလဆန်း ကစပြီး နေ့စဉ် ထိတွေ့ပစ်ခတ် မှု တွေ ရှိနေတယ် လို့လည်း သူက ဆိုပါတယ်။

TNLA ကို ကချင် လက်နက်ကိုင် KIA က ကျောထောက် နောက်ခံ ပြုထားတယ် ဆိုတဲ့ စွပ်စွဲ မှု တွေ ကို ဗိုလ်မှုး မိုင်အိုက်ကျော် က ငြင်းပယ် ခဲ့ပြီး၊ နမ်ခမ်း နဲ့ ကွတ်ခိုင် နယ် တွေ လို TNLA အပါအဝင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP နဲ့ ကချင် KIA တပ် တွေ ပါ လှုပ်ရှား ကြတဲ့ ဒေသတွေ ကို တော့ တပ်ပေါင်းစု နယ်မြေ အဖြစ် သတ် မှတ် ထား တယ် လို့ ဗိုလ်မှုး မိုင်အိုက်ကျော် က ပြောပါတယ်။

BBC Burmese

 အစိုးရ က သိမ်းယူ လိုက်တဲ့ တူရကီ ရဲ့ အရောင်းရ ဆုံး ဇမန်း သတင်းစာ တိုက် ရှေ့ လူ တွေ စုရုံး ခဲ့ကြ။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ မီဒီယာ လွတ်လပ်ခွင့် ဆန္ဒပြပွဲ ကို ရဲ က ဖြိုခွင်း ခဲ့ ပါတယ်။

အစိုးရ က သိမ်းယူ လိုက်တဲ့ တူရကီ ရဲ့ အရောင်းရ ဆုံး ဇမန်း သတင်းစာ တိုက် ရှေ့ လူ တွေ စုရုံး ခဲ့ကြတာ ဖြစ်ပြီး တူရကီ အစိုးရ ကို ရှုတ်ချ ပြစ်တင် ခဲ့ကြပါတယ်။

သတင်းလွတ်လပ်ခွင့် ကို ပိတ်ပင် လို့ မရ ကြောင်း အော်ဟစ် နေတဲ့ လူအုပ်ကို တူရကီ ရဲ တွေက မျက်ရည်ယို ဗုံး တွေ နဲ့ ပစ်၊ ရေပိုက်တွေနဲ့ ထိုးပြီး ဖြိုခွင်း ခဲ့ကြ ပါတယ်။

ဇမန်း သတင်းစာ တိုက် ကို အစိုးရ က ထိန်းချုပ် လိုက်တဲ့ နောက် မူလ ဝန်ထမ်း အတော်များများ အလုပ်ဖြုတ် ခံခဲ့ရတယ် လို့ ဒေသတွင်း သတင်း ဌာန တွေက ပြောပါတယ်။

အခုလို တူရကီ အစိုးရ က သတင်းစာ တိုက် ကို သိမ်းယူ ခဲ့တဲ့ လုပ်ရပ် အပေါ် တူရကီ အတိုက်အခံ ပါတီကရော အနောက် နိုင်ငံတွေကပါ ကန့်ကွက် နေကြ ပါတယ်။

BBC Burmese