03/09/16

ထားဝယ်မြို့ရှိ အအေးခန်းစက်ရုံတစ်ခုတွင် မတ်လ ၇ ရက်နေ့ ည ၁၁ နာရီခန့်က အဆိုပါအအေးခန်းစက်ရုံပိုင်ရှင်နှင့် လုပ်သားများစကား များနေကြစဉ် ရဲတပ်ဖွဲ့ဝင်အချို့၏ ဝင်ရောက်ရိုက်နှက်မှုကြောင့် သတိ လစ်မေ့မြောသွားသော အလုပ်သမားတစ်ဦးကို ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ပြန်လည်သတိမရလာသေးသဖြင့် ယနေ့(မတ်လ ၈ ရက်) ညနေ ၅ နာရီခွဲခန့်က စက်ရုံပိုင်ရှင်က စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ပို့ဆောင်ခဲ့ကြောင်း စက်ရုံမန်နေဂျာနှင့် အလုပ်သမားများထံမှ သိရသည်။

အလုပ်ချိန်ပြင်ပတွင် အရက်သောက်ပြီး စက်ရုံအတွင်းဝင်ရောက်လာသော အလုပ်သမားတစ်ဦးကို အလုပ်ရှင်က အလုပ်ထုတ်မည်ဟု ပြောဆိုသဖြင့် အခြားအလုပ်သမားများနှင့် အခြေအတင်ဖြစ်ခဲ့ကြောင်း၊ စက်ရုံပိုင်ရှင်က ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သဖြင့် လာရောက်ဖြန်ဖြေပေးခဲ့သော်လည်း အဆင်မပြေသည့်အတွက် ရပ်ကွက် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း အလုပ်သမား များက ပြောဆိုသည်။

ယင်းနေ့ ည ၉ နာရီခန့်တွင် ထားဝယ်မြို့နယ်ရဲမှူးနှင့်အဖွဲ့ ရောက်လာခဲ့ပြီး အလုပ်သမားခေါင်းဆောင်၊ စက်ရုံမန်နေဂျာ၊ စက်ရုံပိုင်ရှင်နှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးတို့ ဆွေးနွေးညှိနှိုင်းနေကြောင်း၊ အလုပ်သမားများကို တန်းစီထိုင်ခိုင်း ထားပြီး ဆွေးနွေးနေစဉ် ည ၁၁ နာရီခန့်တွင် ထားဝယ်မြိုမရဲစခန်းမှူးနှင့် အဖွဲ့က သေနတ်များကိုင်ဆောင်ကာ ထပ်မံရောက်ရှိလာကြောင်း အလုပ် သမားများက ဆိုသည်။

"ရဲတွေ ဘာကြောင့် ဒုတိယအကြိမ်ပြန်ရောက်လာတယ်ဆိုတာ မသိဘူး။ အဲ့ဒီလိုရောက်လာချိန်မှာ ရဲတပ်ဖွဲ့ဝင်တချို့က သေနတ်မောင်းတင်ပြီး ရဲအရာရှိတစ်ဦးက အလုပ်သမားတွေကို ကြိမ်းမောင်းနေလို့ အလုပ်သ မားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ဆက်ဆံရေးပိုပြီးတင်းမာလာတယ်" ဟု အဆိုပါ အအေးခန်းမှ အလုပ်သမားတစ်ဦးကပြောဆိုသည်။

ထိုအချိန်တွင် ရဲအရာရှိတစ်ဦးက အချိုးမပြေဟုဆိုကာ အလုပ်သမားတစ်ဦး ကို ဝင်ဆွဲချိန်တွင် ၎င်းက ကြောက်လန့်တကြားရုန်းကန်သဖြင့် ရဲတပ်ဖွဲ့ဝင် များက လက်သီးဖြင့် ဝိုင်းထိုး၊ ရာဘာတုတ်ဖြင့် ဝိုင်းရိုက်ပြီး ယူနီဖောင်းဝတ် ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက စက်ရုံအတွင်းရှိ ၂ လက်မ ပတ်လည် သစ်သားတုတ်ဖြင့် ရိုက်လိုက်ရာ တစ်ချက်တည်းနှင့် မေ့မျောသွားကြောင်း အလုပ်သမားများ က ပြောကြားသည်။

“ခေါင်းကိုရိုက်လိုက်ပြီး မေ့သွားမှ လက်ကိုကြိုးချည်ပြီး မြေကြီးပေါ် တရွတ် တိုက်ဆွဲသွားတာ ခွေးလိုပဲ။ နောက်ထပ်အလုပ်သမားတစ်ယောက်ကိုလည်း သေနတ်နဲ့ချိန်ပြီး လက်ထိပ်ခတ်ဝိုင်းရိုက်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားတယ်” ဟု မျက်မြင်တွေ့ရှိသော အသက် ၃၀ ဝန်းကျင်ရှိ အအေးခန်း စက်ရုံ အလုပ်သမားက ပြောဆိုသည်။

အလုပ်သမားများနှင့် အလုပ်ရှင်တို့ စကားအခြေအတင်ပြောဆိုနေစဉ် အလုပ်သမားအချို့က ခဲဖြင့်ပေါက်ရန်ကြိုးပမ်းသဖြင့် ရပ်ကွက် တာဝန် ရှိသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို အလုပ်သမားများက ရိုင်းပြစွာ ဆက်ဆံပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူလိုက် ရခြင်းဖြစ်ကြောင်း စက်ရုံမန်နေဂျာက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သွားရောက်ဖြန်ဖြေရန် ကြိုးစားရာမှ ရိုက်နှက်မှု အထိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သော မြို့နယ်ရဲတပ်ဖွဲ့ကို တစ်စုံတစ်ရာ မေးမြန်းခွင့်မရသေးဘဲ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်သူများကို စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

==================

(Photo- Dawei Watch)

The Voice Weekly

မတ်လ ၈ ရက် ၂၀၁၆ ခုနှစ်


lpt-620.jpg
မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်သတ္တုတူးဖော်ရေး စီမံကိန်းရဲ့ စွန့်ပစ်မြေစာပုံနေရာ တိုးချဲ့ဖို့အတွက် ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအုပ်စုမှာရှိတဲ့ ကျားတွင်းတောင် ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့ပေးဖို့ ကျောင်းတိုက်ဆရာတော်ထံ မြို့နယ်အုပ်ချုပ်ရေးမှူးက စာပေးပို့တာ ကို ကျောင်းတိုက်ဆရာတော်နဲ့ ဒေသခံတွေက မနေ့က ကန့်ကွက်စာတင်လိုက်ပါတယ်။

ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်းဟာ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အပြင် ကျောင်းအနီးမှာရှိတဲ့ ယမားချောင်းပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ရွှေပန်းခိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။

"သမိုင်းဝင် ကျားတွင်းတောင်ဆိုတော့ ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူးပေါ့ဗျာ၊ ဒီရွာဘေးနားတွေမှာဆိုရင် လည်း သဘာဝဘေးအန္တရာယ် ဆိုးကျိုးတွေ ဖုန်မှုန့်ထတာတွေလည်း ဖြစ်လာနိုင်တယ်ဗျ၊ ယမားချောင်းနဲ့ ကိုက် ၅ဝ လောက်ပဲကွာဝေးတာ ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က ဒီချောင်းပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်စာတင်လိုက်ခြင်းဖြစ်ပါတယ်"


ရွှေပန်းခိုင်ကျေးရွာအုပ်စု တယ်ပင်ကန်၊ ရေကြည်ပင်၊ မြရိပ် စတဲ့ကျေးရွာ ၆၀ လောက်က ဒေသခံတွေ လက်မှတ်ရေးထိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မြန်မာယမ်စီကုမ္ပဏီ၊ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ သစ်တောနဲ့သတ္တုရေးရာ ၀န်ကြီးဌာနတို့ထံ ပေးပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြို့နယ်သာသာနာရေးဦးစီးဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေထံ လိပ်မူပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။

အသစ်တိုးချဲ့မယ့် စွန့်ပစ်မြေစာပုံအနီးမှာ ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်း တည်ရှိနေတဲ့အတွက် အန္တရာယ် ရှိနိုင်တာကြောင့် နှင်းဆီတောင်နေရာကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားစာမှာ ပါရှိပါတယ်။ နေရာပြောင်းရွှေ့ လိုက်တဲ့ ကျောင်းဆောင်သစ်ကို မြန်မာယန်စီကုမ္ပဏီက အကုန်အကျခံဆောက်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ မြေစာ စွန့်ပစ်တဲ့ လုပ်ငန်းပြီးစီးရင် မူလကျောင်းဟောင်းမှာ ပြန်လည်သီတင်းသုံးနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

အဲ့ဒီလို ကျောင်းဆောင်သစ်ကို ပြောင်းရွှေ့လိုခြင်း ရှိ၊ မရှိ ကျားတွင်းတောင်ဆရာတော်ရဲ့ သဘောထား ကို တောင်းခံတာဖြစ်ပါတယ်။

RFA

 mindut-fire-620.jpg ချင်းပြည်နယ် မင်းတပ်မြို့ စည်ပင်သာယာဈေး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မီးလောင်ခဲ့စဉ် Photo: Myanmar Fire Services Department(Facebook)
 
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာရှိတဲ့ စည်ပင်သာယာဈေး မီးလောင်တာဟာ ချင်းပြည်နယ် ၀န်ကြီးချုပ်က မီးရှို့ခိုင်း တာဖြစ်ကြောင်း အင်တာနက်ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့တဲ့ မင်းတပ်မြို့ခံ ၄ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မင်းတပ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ မင်းတပ်မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်မြင့်ဇော်က ပြောပါတယ်။

"သူတို့ကို ၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ပဲဖွင့်တာ၊ တရားလိုက ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပါတယ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်ကို ဂုဏ်သရေညှိးနွမ်းစေတဲ့ စာသားတွေနဲ့ မီးလောင်ဓါတ်ပုံ ပါတာကို သူတို့ရဲ့ဖုန်းထဲမှာ စစ်ဆေးတွေ့ရှိတယ်"

အမှုဖွင့်ခံထားရသူ ၄ ဦးဟာ ခရစ်ယာန်ဓမ္မဆရာ ၃ဦးနဲ့ ကိုးတန်း ကျောင်းသားတစ်ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီး မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တိုက်ကြီးမြို့နယ်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

လက်ရှိ သူတို့၎ ဦးကို မင်းတပ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃၀ ကျော်၊ ငွေကျပ် သိန်း ၇၀ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးရှို့သူကိုလည်း မင်းတပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

RFA

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
မြန်မာနဲ့ တရုတ်ကြား သဘောတူထားပြီး ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ထားရတာကြောင့် နစ်နာမှုတွေ ရှိနေပြီး ဖြေရှင်းလုပ်ဆောင်သွားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုလိုက်ပြီး မြန်မာ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။ လူထုရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းဖို့ မြန်မာ အစိုးရသစ် အတွက် အခက်အခဲ တခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတို့က ရှုမြင်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တရပ် အာဏာလွှဲပြောင်းရယူဖို့ သတင်း ၃ ပတ်ဘဲ လိုတော့တဲ့ အချိန်မှာ ရပ်ဆိုင်းထားရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းလိုတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi က ပြောဆိုလိုက်ပါတယ်။

“မြစ်ဆုံရေကာတာဟာ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းပါ။ အတည်ပြု ထောက်ခံချက်တွေလည်း ရထားပြီး ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်ကြုံနေရတဲ့ အတွက်လည်း နစ်နာရပါတယ်။ ဒီကိစ္စကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ထိထိရောက်ရောက် ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားမှာပါ။ အနာဂတ် တရုတ် မြန်မာ ဆက်ဆံရေးမှာလည်း အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမယ်လို့ ယုံကြည်ပါတယ်။”

တရုတ်ကွန်မြူနစ် ပါတီ နှစ်ပတ်လည် ညီလာခံ အတွင်း ပြုလုပ်တဲ့ နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi က မြန်မာ့ မြစ်ဆုံစီမံကိန်းအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် မြန်မာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောဆိုသွားပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည် စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ပျက်ဆီးမယ့် အရေး စိုးရိမ်ချက်ကြောင့် ပြည်သူလူထုနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ခေတ္တ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရနဲ့ တရုတ် တို့ကြား ဘယ်လိုပုံစံနဲ့ သဘောတူထားကြလဲ ဆိုတာကိုလည်း အခုချိန်ထိ မသိရသေးတာကြောင့် မြစ်ဆုံဆည် အရေး ဖြေရှင်းဖို့ NLD အစိုးရ ဘေးကြပ် နံကြပ် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ရှုမြင်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ပြောဆိုပါတယ်။

“စလုပ်ကတည်းက ဒီ စာချုပ်စာတမ်းတွေက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အထဲမှာလည်း ပါတယ်လေ။ ထင်တာမြင်သာတာ ဘာတခုမှမရှိတော့ ဘာတွေ စာချုပ်ထားမှန်းကို ကျမတို့ သိတာမှမဟုတ်ဘဲ။ ဟုတ်တယ်မဟုတ်လား။ လျော်ကြေးတခုထဲနဲ့ ပြီးချင်မှ ပြီးမယ်။ နောက်တခုက တရုတ်ဘက်က ထောက်ပြနေတာ နောက်တခုရှိသေးတယ်။ တကယ်လို့သာ မြန်မာပြည်အစိုးရက ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီကိစ္စကို အပြီးအပိုင်ရုပ်သိမ်းပြီးတော့ တရုတ်အစိုးရကို နစ်နစ်နာနာ တခုခုဖြစ်သွားစေခဲ့လို့ရှိရင် မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့အတွက် နာမည် ပျက်သွားနိုင်တာပေါ့ဗျာ။ နိုင်ငံအနေနဲ့ ရင်းနှီးမြှပ်နှံမှုက တခြားနိုင်ငံတွေအတွက်လည်း ဘယ်လိုခေါ်မလဲ စဉ်းစားစရာကြီးဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာအစိုးရအနေနဲ့ မြန်မာပြည်ဘက်က အစိုးရအနေနဲ့ကော ပြည်သူတွေအနေနဲ့ကော သေသေချာချာစဉ်းစားသင့်တယ်လို့ တရုတ်ပြည်ဘက်ကပြောနေတာပဲ။ ကျမလည်း သိပါတယ်။ ဒီကိစ္စက သိပ်ပြီးတော့ ပြည်သူလူထုတရပ်လုံးက ခံစားမှုကြီးနေတဲ့ ကိစ္စဖြစ်တော့ လုပ်ရကိုင်ရတာ NLD အစိုးရအနေနဲ့ အတော်ခက်မယ်လို့ ထင်ပါတယ်။”

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကတော့ ပြည်သူလူထုက ခါးခါးသီးသီး ဆန့်ကျင်နေတာကြောင့် လုံးဝ ရပ်ဆိုင်းလိုက်နိုင်ရေးကို ဦးတည် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကချင်နိုင်ငံရေးသမား ဒေါက်တာ တူးဂျာက ပြောပါတယ်။

“သူတို့အနေနဲ့လည်း အခုတက်လာမယ့်အစိုးရက သမ္မတက ရပ်ဆိုင်းမယ်ဆိုတဲ့စကားမျိုးမဟုတ်ဘဲ ဒါကိုအပြီးဖျက်သိမ်းတဲ့ ထုတ်ပြန်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ထုတ်ပြန်သင့်တယ်လို့မြင်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင်တော့ တရုတ် ကုမ္ပဏီနဲ့ တရုတ်အစိုးရအနေနဲ့ NLD ကတက်လာမယ့် အစိုးရသစ်ကစာချုပ်ကိစ္စ ဆွေးနွေးကြရမှာပဲ။ ဆွေးနွေးပြီးတော့မှ ဘယ်လိုနားလည်မှုပြေလည်အောင် လုပ်ကြမလဲဆိုတဲ့ အပိုင်းရှိတယ်လေ။ ရှိနိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဆက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ခွင့်မပြုတာတော့ အများကြီးထူးတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကို အပြီးသတ်ပေါ့ဗျာ။ ကျနော်တို့ ဒါ စီမံကိန်းကို ဖျက်သိမ်းတဲ့ အနေအထားမျိုး ရောက်အောင်လို့ ဆွေးနွေးအဖြေရှာကြရလိမ့်မယ်လို့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံဆည် စီမံကိန်း အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ ဆိုတာကို အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်သူတွေကို အရင်ဆုံး အသိပေးမယ်လို့ ရွေးကောက်ပွဲ လူထု စည်းရုံးပွဲတွေမှာ ပြောဆိုထားတာပါ။ ဒါပေမယ့် အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ မသိရသေးတာကြောင့် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုလည်း မသိသေးတဲ့ အကြောင်း ကချင်ပြည်နယ်တွင်း လူထု စည်းရုံးဟောပြောမှုမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

တရုတ်အစိုးရပိုင် China Power Investment Corporation – CPI ၊ အရင် မြန်မာ စစ်အစိုးရ နဲ့ အေးရှားဝေါ ကုမ္ပဏီတို့ကြား သဘောတူညီထားတဲ့ မြစ်ဆုံဆည် စီမံကိန်းကိုတော့ ဧရာဝတီမြစ်ကြောင်းအစ မေခ၊ မလိခမြစ်နှစ်သွယ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ကြီး ၇ ခုနဲ့ မြစ်ခွဲလေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ၆ ခု တည်ဆောက်ရေး လုပ်ငန်းတွေပါဝင်ပါတယ်။၂၀၀၉ ခုနှစ်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည်နဲ့ ရေအားလျှပ်စစ် စီမံကိန်း အတွက် ကနဦး ဒေါ်လာ သန်း ၈၀၀ ကျော်လည်း တရုတ်ဘက်က ကုန်ကျထားပြီး ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မတ် ၈ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်ထိုး စစ်ဆင်တိုက်ခိုက်နေ မှုများကြောင့် ရွှေဖီမိုးလွတ် လက်ဖက် ရွက်နု ခူးချိန် မရဘဲ ‘ဝမ်းရေးအတွက် လက်ဖက် ခြံလုပ်ငန်း မှီခိုအားထားသည့်ဒေသခံများ’ စီးပွားပျက်ဖွယ်ရှိေ ကြာင်း ဒေသခံများ ကပြောသည်။

ဖေဖေါ်ဝါရီ လ နှောင်းပိုင်းမှစ၍ ယနေ့ အထိ သျှမ်းပြည်မြောက် ပိုင်း ကျောက် မဲ ခရိုင်၊ မူစယ်ခရိုင်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မြန် မာ့ တပ်မတော် မှ တပ်မ အင်အား ၇ ခု၊ ဒကစ ဒေသကွပ်ကဲရေးတပ် ၁ ခု၊ စစ်ဆင်ရေးကွပ်ကဲမှု တပ် ၆ ခု အင်း ထောင်ဂဏန်း အပြင် တိုက်လေ ယာဉ် များအသုံးပြုကာ ဒေသအတွင်း လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား ထိုးစစ် ဆင် တိုက်ခိုက်နေသည့်အတွက်ကြောင့် လက်ဖက် ခြံလုပ်ငန်း မလုပ်နို င်တော့ကြောင်း ရပ်ရွာအကြီးအကဲ တဦးက ပြောသည်။

ကျောက်မဲမြို့ အနောက် - မြောက်ဘက်ခြမ်း မိုင် ၂၀ ကွာနေ ရွာအကြီးအကဲ အိုက်ငီးက - “ကျနော် တို့မှာက လက်ဖက် ဘဲ လုပ်တယ်လေး။ အခု က ရွှေဖီ ရွက်နု ခူးရတော့မယ်။ မိုးမရွာခင် ပြီးအောင်ခူးရတာ။ တိုက်ပွဲတွေက နေ့ တိုင်း ဖြစ်နေတာ့ ခက်ပြီပေါ့။ တိုက်ပွဲက ရွာနား ကပ်လာေ တာ့ ကျောက် မဲမြို့ပေါ် ထပ်ပြေးရတော့မယ်ထင်တယ်။ ခြံတော့ မဆင်းနိုင်တော့ဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

နိုင်ငံနှင့်အဝှမ်း စားသုံးနေသည့် လက်ဖက် ၇၅% ကျော်မှာ အဆိုပါစစ်မက်ြ ဖစ်ပွါးရာ ဒေသအတွင်း မှ ထွက်ရှိပါသည်။

မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် RCSS/SSA နှင့် တပ်မ ၇၇ တို့ ပူးပေါင်းကာ ၄င်တို့အား တိုက်ခိုက်နေသည် ဟု PSLF/TNLA နိုင်ငံခြားဆက်ဆံရေးဌာနမှူးတာပန်းလှ က ပြောသည်။

အောက်ပြည်မှအလုပ်သမားများအား သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းသို့ နှစ်စဉ်နှစ်တိုင်း ဆွေမျိုးအလုပ်သမားခေါ်လာလေ့ရှိသည့် မကွေးသား မောင်ခိုင် က ‘ယခု နှစ် လက်ဖက် ခူးရန် တောင်တက် နိုင် ဖွယ်မရှိတော့သည့်အတွက် ကြုံရာ ကျဘမ်းလုပ်ငန်းများ အား ကျောက်မြို့ အတွင်း ရှာဖွေ လုပ်ကိုင် သွားဖွယ်ရှိသည် ဟု ပြောသည်။

ဖေဖေါ်ဝါရီ ၇ ရက်နေ့ မှ စ၍ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက် အတွင်း ဒေသခံ ၄၀၀၀ ကျော် နေရပ်မှ စွန့်ခွါရ သည်။ လက်ဖက် ခူးရန်အတွက် ဖေဖေါ်ဝါရီ လနှောင်းပိုင်း က နေရပ်ြ ပန်ကြသော်လည်း လက်ရှိ တပ်မတော်မှ ထိုးစစ်ဆင်မှုေ ကြာင့် နေ ရပ်မှ ပြန်လည်ရှောင်တိမ်းရဖွယ်ရှိသည်ဟု ဒေသခံများ ကပြောသည်။

လူထုအကျိုးစီးပွားကာကွယ်ရန်အလို့ငှာ ဒို့တာဝန်အရေးသုံးပါးနှင့် လူထု စည်းဇိမ်ဥစ္စာ အား ထိပါးနေ သည့် RCSS/SSA နှင့် သောင်းကျန်းသူ TNLA တပ်များ အပါအဝင် ဒေသတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များအား လွှတ်တော် ဆုံးဖြတ်ချက်အရ နယ်မြေရှင်းလင်းသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ RCSS/SSA ကလည်း TNLA နှင့် ဖြစ်ပွားနေသည့် ကိစ္စများ ဖြေရှင်း ပြီးမှသာလျှင် အဆိုပါဒေသအတွင်းသို့ ထွက်ခါဖို့ရန် ဆုံးဖြတ်မည်ဟု ပြောသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

လွှတ်တော်မှာ သမ္မတ ရာထူးရွေးချယ်တော့မယ်
မတ်လ ၁၀ ရက်နေ့မှာ ဒုသမ္မတတွေရဲ့ အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းပြီး သမ္မတသစ်နေရာ အတွက် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

သမ္မတ ရွေးချယ်ပြီးရင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ခန့်ထားဖို့ ရှိပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ရာထူးနေရာ အတွက် အမည် စာရင်းတချို့ သတင်းထွက်ပေါ်လာပါတယ်။

အရေးပါတဲ့ နေရာ တချို့ကတော့ ကချင်ပြည်နယ်မှာ ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်မှာ ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်မှာ ဦးညီပု၊ ကရင်ပြည်နယ်မှာ ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းမှာ ဦးဖြိုးမင်းသိန်း၊ ဧရာဝတီတိုင်းမှာ မန်းဂျော်နီ၊ စစ်ကိုင်းတိုင်းမှာ ဒေါက်တာ မြင့်နိုင်တို့ ဖြစ်ပါတယ်။

ဒီအမည် စာရင်း အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။

ဒေါ်နန်းခင်ထွေးမြင့်က သူ့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အတွက် လျာထားကြောင်း ကြားသိရပေမယ့် မတ်လ ၁၀ ရက်နေ့မှ တရားဝင် ကြေညာချက် ထွက်မယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို ဘီဘီစီက ဆက်သွယ်ပြီး သူ့ရဲ့ နိုင်ငံရေး အစဉ်အလာကို မေးမြန်းထားပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ ဖဆပလခေတ် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာ စောလှထွန်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား အခွင့်အရေးနဲ့ ဖက်ဒရယ် သဘောတရား ဆိုတာဟာ ဒေါ်နန်းခင်ထွေးမြင့် အတွက် ငယ်စဉ်ကတည်းက ကြားနေကျ အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။

စီးပွားရေး တက္ကသိုလ် ကျောင်းသူ ဘဝမှာ ဒေါ်နန်းခင်ထွေးမြင့်ဟာ ဦးသန့်အရေးအခင်း၊ အလုပ်သမား အရေးအခင်းတွေမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသား အဖြစ် ပါဝင်ခဲ့ပြီး အစိုးရက ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရပါတယ်။

ထောင်ထဲမှာ ၃ နှစ်ပဲနေခဲ့ပြီး ပြန်လွတ်လာတဲ့နောက် ပြည်တွင်းအခွန်ရုံးမှာ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။

၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာတဲ့ အခါ အများပြည်သူနဲ့ အတူ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အတွက် ဖမ်းဆီး ချုပ်နှောင်ခံရပြီး အလုပ်ပြုတ်ခဲ့ ပါတယ်။

အဲဒီနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် အဖြစ်အရွေးခံခဲ့ရပါတယ်။

ဒါပေမယ့် လွှတ်တော်ထဲ မရောက်ခဲ့ဘဲ တခြား အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အလားတူ နိုင်ငံရေး လောကဓံ အမျိုးမျိုးကို ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ဗဟိုကော်မတီ အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပြီး ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် ပါတီဥက္ကဋ္ဌက ရွေးချယ် တင်မြှောက် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လူဆိုတာမျိုးက ပရမ်းပတာ နေတတ်တဲ့သူမျိုးတွေ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အခြားသော သက်ရှိတွေ ထက်ပိုပြီးတော့ သာလွန်နေကြတာပေါ့။ ကမ္ဘာဦး (ကပ်ဦး) ကာလကတည်းက

“ကျွန်ုပ်တို့ ပြည်သူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားလျှင် စီရင်တော်မူပါ။ ဤသို့ စီရင်သည့်အတွက် မည်သည့် လုပ်ငန်းမျှ မလုပ်ပါနှင့်။ ကျွန်ုပ်တို့ ရှာဖွေရသမျှထဲက စားသုံးလောက်အောင်ပေးပါမည်။ ကျွန်ုပ်တို့ကို စီမံ အုပ်ချုပ်တော်မူပါ” ဆိုပြီး တိုင်းပြည်ကို စောင့်ရှောက်နိုင်မယ့် ဉာဏ်ပညာနဲ့ ပြည့်စုံသူကို မင်းအဖြစ် တင်မြှောက် ကြပါတယ်။ အဲဒီမင်းကိုလည်း “မဟာသမ္မတ” လို့ ခေါ်ကြတယ်။

“မဟာသမ္မတ” ဆိုတာ အများကသဘောတူ တင်မြှောက်ထားသောမင်းလို့ အဓိပ္ပာယ်ရပါတယ်။ ရှေးတုန်းက မင်းတွေကို ခတ္ထိယလို့လည်း ခေါ်သေးတယ်။ ခတ္ထိယဆိုတာက လယ်ယာမြေတို့ကို အစိုးရသောမင်းလို့ အဓိပ္ပာယ်ရတယ်။ ရာဇာမင်းလို့ သုံးရင်တော့ တရားသဖြင့် စီရင်ညွှန်ပြသောမင်းလို့ ဆိုလိုတယ်။

သမ္မတဆိုတာ

(၁) အများကကြည်ဖြူပြီး တင်မြှောက်မှ

(၂) လယ်ယာမြေကောင်းတို့ကို ပြည်သူအပေါင်း စိတ်ချမ်းသာအောင် စီမံဝေမျှ ချမ်းသာမှု ပြုနိုင်မှ

(၃) တရားသဖြင့် စီမံအုပ်ချုပ် ဥပဒေကို လေးစာလိုက်နာတတ်မှ သမ္မတလို့ ခေါ်ပါတယ်ဗျာ။

ဘုရားဟော ဇာတ်တော်ကြီးတွေဖြစ်တဲ့ ဧကနိပါတ်သံကိရဇာတ်နဲ့ နဝနိပါတ်ပဒကုသလဇာတ်တော် တွေထဲမှာ လက်ရှိအုပ်ချုပ်နေတဲ့ မင်းတွေကို မကြိုက်လို့ သတ်ပြီးတော့ မင်းအသစ်တင်မြှောက်ကြတယ်ဆိုတာ လည်း တွေ့ရတယ်။ ပုဂံရာဇဝင်မှာ စလေမင်းခွေးလည်း ပြည်သူသတ် လို့သေခဲ့ရတာပဲ။

ဆိုလိုချင်တာက ပြည်သူတွေက တင်မြှောက်မှ “သမ္မတ” ဆိုတာ ဖြစ်လာရတာ။ မြန်မာ့အစဉ်အလာတွေမှာ လည်း ဒီအတိုင်းယူဆခဲ့ကြတာ။ ပြည်သူလူထုက ကြိုက်ရင် သမ္မတလုပ်။ မကြိုက်ရင် သမ္မတပြုတ်ပေါ့။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထု အများဆန္ဒနဲ့ NLD ကို မဲပေးခဲ့ကြတာလည်း ရှေးထုံးအတိုင်း ကျွန်ုပ်တို့ကို တရားသဖြင့် အုပ်ချုပ်တော်မူပါဆိုပြီး လွှဲအပ်လိုက်တာပဲဗျ။ NLD ကို ဘာကြောင့် မဲပေးသလဲဆိုတာကလည်း ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည် အုပ်ချုပ်ပါဆိုပြီး တာဝန်ပေးပြီးသား။ တစ်နည်းပြောရရင် နိုင်ငံရဲ့ အကြီးမြတ်ဆုံးသောသူ ဖြစ်စေချင်ကြတာပဲဗျ။

ကဲ … ခင်ဗျားတို့ လူအုပ်စုတစ်စုက သမ္မတ မလုပ်ရလို့ တားနေလည်း ကျွန်တော်တို့ ပြည်သူတွေက ဂရုမစိုက်တော့ဘူး။ ဘာကြောင့်ဆိုတော့ ပြည်သူ့ရင်ထဲမှာ ၂၀၁၅ နိုဝင်ဘာလကတည်းက လက်သန်းတွေကို မင်နှစ်ပြီးတော့ “မဟာသမ္မတ” အဖြစ် တင်မြှောက်ပြီးသားဖြစ်နေလို့ပါ။

၈.၃.၂၀၁၆
Tin Nyunt

အွန်လိုင်းကနေ ချက်တင်း (chatting) လုပ်ခွင့်ပြုပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခွင့်ကို လမ်းဖွင့် ပေးလိုက်တာဟာ Critical Reading ကို တိုးမြင့်စေတယ်လို့ ပညာရေးဌာနက ယူဆပါသတဲ့။ မြန်မာပြည်မှာ တော့ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ

စင်ကာပူနိုင်ငံက Ngee Ann အလယ်တန်းကျောင်းမှာ ကျောင်းသားတွေကို မသိရင် အွန်လိုင်းကနေ အချင်းချင်း ချက်တင်းလုပ်ကြဆိုပြီး ဆရာတွေက အားပေးအားမြှောက်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ အတန်းထဲ ကွန်ပျူတာမကိုင်နိုင်၊ ကျောင်းကို ဖုန်းတောင်ယူမလာရဆိုတာတွေနဲ့ ဘယ်လောက် ကွာဟသွားပြီဆိုတာ ဆင်ခြင်နိုင်ကြဖို့ဖြစ်ပါတယ်။

Tampines ကျောင်းမှာလည်း ကျောင်းစာတွေကို အွန်လိုင်းပေါ်တက်ဖတ်နိုင်အောင် စီစဉ်ပေးထားတယ်။ ရည်ရွယ်ချက်ကတော့ Critical Reading ဖြစ်လာအောင်ပဲ။

အဓိကကျတဲ့ ကျောင်းသုံး ပြဋ္ဌာန်းချက်တွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်တွေနဲ့ ကွန်ပျူတာတွေ၊ မိုဘိုင်းလ်ဖုန်း တွေပေါ်မှာ download ယူပြီး ဖတ်နိုင်အောင် လုပ်ပေးလိုက်တာဟာ လွယ်အိတ်ကြီးထဲကို စာအုပ်တွေ အများကြီးထည့်ပြီး ခါးကုန်းလောက်အောင် လွယ်လာရတဲ့စနစ်ကို ပျောက်အောင်လုပ်နေတာပဲ။

ကျောင်းလာတာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်မနေအောင်ကို စီစဉ်ပေးနိုင်ရမယ်။ မြန်မာနိုင်ငံမှာကတော့ ကျောပိုးအိတ်၊ ဆွဲခြင်းအပြင် အိမ်ကတောင် နောက်ထပ် တစ်နိုင်တစ်ဆွဲနဲ့ လိုက်ပို့နေကြရတဲ့ဘဝက မလွတ်သေးဘူး။

မြန်မာကျောင်းသားတွေကို ကြည့်စမ်းပါ။ ကျောင်းတွေကို တစ်ယောက်တည်း လာနိုင်တဲ့ အနေအထားတွေ တောင် မရှိတော့ဘူး။ ကျောင်းလာရင် လိုက်ပို့တဲ့နောက်တစ်ယောက်ပါနေတာကိုက ကျောင်းသားတွေရဲ့ ကိုယ်ပိုင် အဆုံးအဖြတ်၊ ကြံဆမှု၊ ဖောက်ထွက်နိုင်စွမ်းတွေကို လျှော့နည်းစေတာပဲ။

ပညာရေးအကြောင်းတွေးလိုက်ရင် အများကြီး လိုက်ရဦးမယ်။ နိုင်ငံကို ခေတ်မီအောင် လုပ်တာက တစ်ပိုင်း၊ ပညာရေးမှာ ခေတ်မီအောင် ကြိုးပမ်းခိုင်းနေတာကတစ်ပိုင်း အားလုံး သိုင်းဝိုင်းပြီးတော့ လုပ်နေကြတယ်။ ပညာရေးကို ထိပ်ရောက်အောင် အမြန်ဆုံးတွန်းပို့နိုင်တာ နည်းပညာနဲ့ ကွန်ပျူတာပဲဗျ။ ကမ္ဘာ့ထိပ်တန်း အကောင်းဆုံး ပညာရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကိုကြည့်လိုက် ကွန်ပျူတာ၊ တက်ဘလက် တစ်ယောက်တစ်လုံးလောက် ကိုင်သုံးနိုင်အောင်ကို လုပ်နေကြတာ။

အိမ်နီးချင်းထိုင်းနိုင်ငံတောင် OLPC (one laptop per child) ကနေ OTPC (one tablet per child) ကို ကူးပြောင်း ကိုင်နိုင်အောင် အစိုးရအစီအစဉ်ရော မိဘတွေ အစီအစဉ်နဲ့ပါကြိုးစားနေကြပြီ။

ကျွန်တော်တို့ မြန်မာ နိုင်ငံမှာကတော့ အနှစ် ၂၀၊ အနှစ် ၄၀၊ အနှစ် ၆၀ စီမံကိန်းတွေနဲ့ သူတို့ပဲ တစ်သက်လုံး အုပ်ချုပ်ရမယ် ထင်ပြီး ရေရှည်စီမံကိန်းတွေဆွဲကာ လုပ်လိုက်ကြတာ။ နောက်ဆုံး ပညာရေးအဆင့်က အိုးခြမ်းပဲ့ထဲက ထမင်းရည်ကို ကုန်းလျက်နေရတဲ့ အဆင့်ပဲရှိသေးတယ်လို့ သူတို့ဝန်ကြီးတွေပဲ မှတ်ချက်ပေးသွားတာ ရင်နာစရာပေါ့။

သည်မိုး .. သည်လေ .. သည်သူခိုးတွေနဲ့ တိုင်းပြည်ကစုတ်ပြတ် .. ပညာရေးက ကျောင်းသားတစ်ယောက် ဖုန်း တစ်လုံး OMPC (one mobile per child) တောင်မဖြစ်သေးတာ ရင်နာသဗျာ။ အာဖရိကမှာတောင် OMPC နဲ့ စာတွေ သင်နေကြပြီတဲ့ဗျ။

၈.၃.၂၀၁၆
Tin Nyunt

 nandasitaung-620.jpg ကိုနန္ဒစစ်အောင် ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှာ မတ်လ ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒစစ်အောင်တို့က အင်းစိန်အကျဉ်းထောင် ကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ သာယာဝတီမြို့နယ်တရားရုံးထံ တင်သွင်းလျှောက်ထားလိုက်ပါတယ်။

သူတို့ ၃ဦးဟာ ရန်ကုန်မြို့က တရားရုံးတွေမှာလည်း အမှုရင်ဆိုင်နေရတဲ့အတွက် နေ့စဉ်ဆိုသလို သာယာဝတီ ကနေ ရန်ကုန်က တရားရုံးတွေကို လာရောက်နေရတာကြောင့် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ပေးဖို့ တင်ပြလိုက်တာဖြစ်တယ်လို့ ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

"ရန်ကုန်မှာ အမှုရင်ဆိုင်နေရတဲ့ ကျနော်ရယ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒစစ်အောင် ကို ရန်ကုန် အင်းစိန်ထောင် ကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ပဲ တောင်းဆိုတာပါ"

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းသွေးသစ်ဟာ ရန်ကုန်မြို့သန်လျင်၊ ကမာရွတ်၊ လမ်းမတော်မြို့နယ်တရားရုံးတွေမှာ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရပြီး မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒစစ်အောင်တို့ဟာလည်း မရမ်းကုန်း၊ ကမာရွတ်၊ ပန်းပဲတန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား စတဲ့မြို့နယ်တရားရုံး ၉ခုလောက်မှာ အမှုရင်ဆိုင်နေရပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ကျရောက်မယ့် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့်ပွဲကို လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာ မနက် ၁၀ နာရီ ၁၀မိနစ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

RFA

 international-women-day-620.jpg နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပစဉ်
Photo: Kyaw Lwin Oo/RFA 
 
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ လားရှိုး စတဲ့မြို့တွေမှာ အမျိုးသမီးအဖွဲ့အစည်းတွေက ကျင်းပကြပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်နဲ့ အမျိုးသမီးအဖွဲ့များကွန်ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ တေးသရုပ်ဖော်ပွဲတွေ ကျင်းပခဲ့ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေ ပိုမိုလာနိုင်မယ်ဆိုရင် အမျိုးသမီးအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ Women Triangle အဖွဲ့က မခင်လေးက ပြောပါတယ်။

"လူဦးရေအားဖြင့် အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက် တိုင်းပြည်မှာပိုများပါတယ်၊ အဲ့တော့ အမျိုးသမီး တန်ဖိုး ကိုယ်စားပြုဖို့ဆိုရင် ကိုယ်တွေ့ခံစားရတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ပြီးတော့ ပြောဆိုဆွေးနွေးတာက ပိုပြီးအောင်မြင်မယ့်အတွက် တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်၊ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ပိုပြီးတော့ အမျိုးသမီးအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ညီတဲ့ ပြောင်းလဲမှုကို မြန်မြန် ဆန်ဆန်လုပ်နိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်"

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ပြီးပြည့်စုံတဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အမျိုးသမီးတွေ အကာအကွယ်မဲ့နေပြီး ဒုက္ခဆင်းရဲတွေ ကြုံတွေ့နေရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ရှမ်းမြောက်အမျိုးသမီးကွန်ရက်က နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု နည်းနေကြောင်းနဲ့ ခွဲခြားဆက်ဆံခံနေရတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

RFA

ကံပိုင်တည် မြို့နယ် တစ်ဝိုက်မှ ဆဒုံး ၊ စင်ကြိုင် ၊ ဝေမိုး ကျေးရွာတွေ အနီးတစ်ဝိုက်မှ တောင်တန်း တောင်စောင်း ၊လျှိုမြောင်တိုင်းမှာ လိုလို ဘိန်းစိုက်ခင်းတွေကို တွေ့မြင့် ခဲရပါသည် ။ ယုတ်စွအဆုံး ပြောရလျှင် စင်ကြိုင် ကျေးရွာမှ BGF တပ်ရင်း စခန်း၏ ကပ်လျှက် တောင်စောင်းအခြေတွင်ပင် ဘိန်းခင်းများ စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့ရပါသည် ။ ကျနော့်အတွက် ထိုမြင်ကွင်းသည် လွန်စွာမှ ထူးဆန်းနေသောကြောင့် မော်တော်ကားဆရာအား ကားရပ်ခိုင်းပြီး သတင်းဓါတ်ပုံများ အမိအရ ရိုက်ယူခဲ့မိပါတော့သည် ။

ဘိန်းစိုက်ခင်းများကို ခပ်စိပ်စိပ် မြင်ဘူးခြင်းဟာ ပထမဆုံး မြင်ဘူးခြင်း ဖြစ်သောကြောင့် ဘဝ၏ အမှတ်တရ ဆိုလျှင်လည်း မှားမည်မထင် ။ ဘိန်းစိုက်ခင်းများကို လူနေကျေးရွာများအတွင်း စိုက်ပျိုးထားသည်များလည်း တွေ့ရှိရပြီး ၊PJS အဖွဲ့များ ဖျက်ဆီးနိုင်ခဲ့သော ဘိန်းစိုက်ခင်းမှာ အထက် စင်ကြိုင် ကျေးရွာ လူနေအိမ် နောက်ဖေး ဝက်ခြံအနီးတွင် စိုက်ပျိုးထားသော ဘိန်းစိုက်ခင်း ဖြစ်သည် ။ တောင်စောင်းများ၊ လျှိုမြောင်များတွင် တဲလေးများကိုယ်စီဖြင့် တွေ့မြင်ခဲ့ရပါသည် ။ထိုဘိန်းစိုက်ခင်းများ ရှိနေခြင်းက ဒေသခံ တော်တော်များများနှင့် ဝိုင်းမော် ကံပိုင်တည် လမ်းပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတစ်ခု ဖြစ်သည့် စင်ကြိုင် ဒုက္ခသည် အားလုံးနီးပါး အလုပ်အကိုင်များ ရရှိနေကြသည်ဟု ဝေမိုးကျေးရွာတွင် ဈေးရောင်းသူ တစ်ဦးမှ ပြောပြခဲ့ပါသည် ။ဘိန်းစိုက်ခင်းများကို ပေါင်းပင်ရှင်း ( အညာဒေသ အခေါ် ပေါင်းရှင်း ) ခ လူတစ်ဦးလျှင် တရုတ် ယွမ်ငွေ (၅၀) မှ ယွမ်(၁၀၀) ကြား လုပ်အားခ ပေးရသည်ဟု သိရပါသည် ။ တရုတ်ငွေဖြင့် လုပ်အားခ ရှင်းပေးသည်က များသည်ဟု ထိုသူမှ ဆက်ပြောခဲ့ပါသည် ။တရုတ်ယွမ်ငွေ (၅၀) သည် လက်ရှိပေါက်ဈေးဖြင့် တွက်လျှင် မြန်မာကျပ်ငွေ ၈၀၀၀ ကျပ် နှင့် ၁၀၀၀ ကျပ် ဝန်းကျင်နှင့်တန်ဘိုး ညီမျှသည် ။

ဆက်တွေးမိသော ပေမမှီ ဒေါက်မမှီ အတွေးစများ ....

သေချာသည်ကတော့ ကံပိုင်တည်ဒေသတွင် ဘိန်းခင်းများ အသေအချာ ရှိနေခဲ့ပြီ ။မော်စီတုန်းနှင့် ဦးဆခုမ် တိန့်ယိမ်း၏ နယ်ခြားစောင့်တပ်များ ထိမ်းချုပ်ရာ ပန်ဝါဒေသတွင်လည်း ဘိန်းစိုက်ခင်းများ ရှိနေကြောင်းကို ခိုင်မာသော ရုပ် /သံ မှတ်တမ်း ဓါတ်ပုံများအရ သိရှိခဲ့ရသည် ။ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ BGF တပ်များ၏ ကွပ်ကဲမှုအောက်တွင်ရှိသော ထိုဘိန်းစိုက်ခင်းများ နှင့် လက်နက်ကိုင် နှစ်ဖွဲ့ကြား မည်သို့သောကြောင့် ဘိန်းစိုက်ခင်းများ ကြီးထွားနေသည်ကို စဉ်းစားနေမိတော့သည် ။ မြန်မာ သာမက ကမ္ဘာကပါ ခွင့်မပြုသော ဘိန်းပင်များကို မြန်မာ့ လက်နက်ကိုင် အဖွဲ့အစည်းကြီး နှစ်ခု၏ နယ်မြေတွင် ဖွေးဖွေးလှုပ် သန်မြန် သီးပွင့် ဖြစ်ထွန်း နေခြင်းသည် ထိုအဖွဲ့အစည်းကြီး၏ နှစ်ရပ်၏ ဂုသိက္ခာနှင့် တိုက်ရိုက် အချိုး ဖြစ်နေသည်ဆိုလျှင် မည်သူမှ ငြင်းချက် ထုတ်မည် မထင် ။ ကမ္ဘာ့အလယ်တွင် သိက္ခာဆည်နေရသော ကျနော်တို့၏ မြန်မာ့တပ်မတော်သည် ကမ္ဘာ့ဘုံရန်သူ ဘိန်းခင်း ကာကွယ်ရေး တပ်မတော်ကြီးများ ဖြစ်နေပြီလားဟု ဝမ်းနည်းစွာ သံသယ ဖြစ်နေမိပါသည် ။ ထိုဘိန်းစိုက်ခင်းများနှင့် မြန်မာ့တပ်မတော်တို့ ကင်းရှင်းကြောင်းကို အထောက်အထားခိုင်မာစွာဖြင့် ပြည်သူကို ရှင်းပြရန် လိုအပ်သည်ဟု ထင်မြင်ယူဆမိပါသည် ။ ထို ဘိန်းစိုက်ခင်းများအား ပြည်ထောင်စု လွှတ်တော်မှ မည်သို့အရေးယူမည်ဆိုသည်ကိုလည်း တစ်ဆက်တည်း သိချင်နေကြပါသည် ။ကျနော်တို့ ပြည်သူများ၏ သံသယများ ကင်းရှင်းသွားအောင် တပ်မတော်၏ အဓိက တာဝန်အရှိဆုံးခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်အနေဖြင့် မည်သို့ ရှင်းပေးမည်ကို အစောတလျင် သိချင်နေကြသည် ။ ပြည်သူများ အနေဖြင့် မြန်မာ့တပ်မတော် နှင့် BGF များအပေါ် ပို၍ သံသယကြီးစေသော အချက် အချို့မှာ ခရစ်ယာန် ဘုန်းတော်ကြီးများ ဦးဆောင်သော လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat JaSan( PJS ) မှ ဘိန်းခင်းများဖျက်ဆီးရန် သွားရောက်ရာတွင် အကြောင်းအမျိုးမျိုးပြကာ တားဆီးနေခြင်း ၊
အားတက်သရော ပူးပေါင်းပါဝင်ခြင်းမရှိသည့်အပြင် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် လက်နက် များ ၊လက်ပစ်ဗုံးများ ဖြင့် တိုက်တိုက်နေသော်လည်း နယ်မြေခံ ဗျူဟာနှင့် BGF တို့မှ မိမိနှင့် မဆိုသလို နေခြင်း ၊ ဒေသခံများအား လက်ပစ်ဗုံးကဲ့သို့သော လက်နက်များ ကိုင်ခွင့် ပြုထားခြင်း ၊ PJS အဖွဲ့များထဲတွင် KIA တပ်မတော်သားများ ပါဝင်သည်ဟု သံသယဖြစ်နေကြခြင်း ၊ KIA ထိပ်ချုပ် နယ်မြေမှ ဘိန်းခင်းများကို အရင်ဖျက်မှ ကန်ပိုင်တည် ပန်ဝါဘက်မှ ဘိန်းခင်းများကို ဖျက်မည်ဟု ပြောဆိုနေကြခြင်း ၊ရှမ်းနီများ၏ ဘိန်းခင်းများကို ရွေးပြီး PJS မှ ဖျက်ဆီးနေသည်ဟု စွပ်စွဲပြောဆိုခြင်း ( အလကားနေရင်း ရှမ်းနီများ ဘိန်းစိုက်တောင်သူတွေ ဖြစ်သွားကြရ ) စသောအချက်များက တပ်မတော် နှင့် BGF တို့အားပြည်သူများ၏ သံသယ ကြီးစေခဲ့ပါသည် ။

ဇော်မိုးထက် Facebook

ရန်ကုန် မတ် ၈ ။ ။ ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် ဖားစည်သံဂျာနယ်၏ ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးဇော်ရဲထက် အား ဆက်သွယ်ရေးဥပဒေဖြင့် ယနေ့မြိုင်ကလေးတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဘားအံမြို့မရဲစခန်းမှူး သက်စိုးက မဇ္ဈိမသို့ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဌာနပေါင်းဆုံက အဂတိလိုက်စားမှုအကြောင်းကို လူမှုကွန်ယက် ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားခဲ့သည့်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ဇန်န၀ါရီ ၂၆ ရက်နေ့တွင် တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။

''သူကဘယ်မှာရှောင်နေလဲတော့မသိဘူး။ ဒီနေ့မြိုင်ကလေးမှာ ကုန်သွယ်လယ်ယာနဲ့ ဒေါ်ညိုနဲ့ ပြဿနာဖြစ်တာ သူတို့က လူအင်အား ၂၀ လောက်နဲ့ အုတ်တံတိုင်းလာဖျက်တဲ့အချိန် ကျွန်တော်တို့ ဖမ်းမိခဲ့တာ။'' ဟု စခန်းမှူးသက်စိုးကပြောသည်။

ဦးဇော်ရဲထက်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ (ပ) ၂၃/၂၀၁၆ ဖြင့် ဘားအံတရားရုံးတွင် ယမန်ယူပြီး မြို့မရဲစခန်း၌ချုပ်ထားခဲ့ကာ ယခုညနေ ၅နာရီတွင် တောင်ကလေး အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီးဖြစ်ကြောင်း ဘားအံမြို့မရဲစခန်းမှသိရသည်။

မီဒီယာလုပ်ငန်း လုပ်ဆောင်သူကို စာနယ်ဇင်းကောင်စီထံ တိုင်ကြားချင်းမရှိဘဲ အရေးယူခြင်းမှာ ဥပဒေနှင့် မညီညွတ်သည့်အတွက် မြို့နယ်တရားသူကြီးထံ ရမန်ယူ၍ ပြန်လည်တရားစွဲမည်ဟု ဦးဇော်ရဲထက်က ပြောသွားကြောင်း တရားရုံးသို့ သတင်းလိုက်ယူသော ဘားအံမြို့ခံ ကိုအောင်ပက ပြောသည်။

ယနေ့ ဖမ်းခံရသူ ဦးဇော်ရဲထက်က ''အခွန်မသွင်းဘဲ တွဲကားတွေနဲ့ တောလမ်းကနေ တစ်ညကို ၁၂ စီး ကနေ အစီး ၂၀ ထိ ဖြတ်တဲ့ သူတွေရှိတယ်။ အစ်ကိုတို့ဆီမှာ ဓါတ်ပုံအထောက်အထား တွေရှိပါ တယ်။ ကုန်သွယ်ရေးဇုန်ကနေ အခွန်မသွင်းဘူး။ တရားဝင်သွင်းခွင့်ရတဲ့ ကုမ္ပဏီက ရဲတပ်ဖွဲ့မှူးကိုသွားပြော တော့ သူတို့နဲ့မဆိုင်ဘူး ကာစတန်နဲ့ဆိုင်တယ်လို့ပြောတယ်။ ကာစတန်ကိုသွားပြောတော့ ခင်ဗျားတို့ စစ်ဆေးပိုင်ခွင့်မရှိဘူး လို့ပြောတယ်။ ဒေသခံလုပ်ငန်းရှင်တွေက အစ်ကို့ကိုပြောတော့ အွန်လိုင်းပေါ်မှာ ရေးလိုက်တယ်။ ဒါကြောင့်တရားစွဲတာ။'' ဟု ဖေဖော်ဝါရီ ၂ ရက်နေ့က မဇ္ဈိမသို့ပြောကြား ခဲ့ဖူးသည်။

ဖားစည်သံဂျာနယ်ထုတ်ဝေသူ အယ်ဒီတာချုပ် ဦးဇော်ရဲထက်မှာ ယခင်မြန်မာပိုစ် နှင့်မြန်မာပိုစ် ဂလိုဘယ်ဂျာနယ်တွင် အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ လူဘောင်သစ်ပါတီ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်သည်။

ဇော်ခမ်းဟိန်း
Mizzima - News in Burmese

တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ယုံကြည်မှုရှိကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဝန်ယီက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ ခိုင်မာပြီး တက်ကြွမှုရှိသည်ဟု ဆိုသည်။ နှစ်စဉ်ပြုလုပ်သည့် တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက်၌ သီးခြားပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေ ပြောင်းလဲမှုများက နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

NLD အစိုးရသစ် တက်လာချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းသောအခါ ၀န်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိထားပြီးဖြစ်သည်ဟု ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုက တိုးလာနေပါတယ်။ မြန်မာ့အနာဂက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်ခိုင်မာတဲ့ ယုံကြည်ချက် ရှိပါတယ်” ဟု ၀န်ကြီးကဆိုသည်။

မြစ်ဆုံစီမံကိန်း အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အခြား စီမံကိန်းများနှင့် ပတ်သက်၍ ၀န်ကြီးက ပူးပေါင်းဆောင်ရွက်မှုတွင် အခက်အခဲများ ရှိနေကြောင်း ၀န်ခံခဲ့သော်လည်း ထိုအခက်အခဲများက ဆက်ဆံရေး ထိခိုက်စေသည်ဆိုသော ပြောကြားမှုများကို ပယ်ချခဲ့သည်။

တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၂၉၄၀၀ ကီလိုဝပ်နာရီ ထုတ်လုပ်ပေးနိုင်ရန် ရည်မှန်းထားသည့် မြစ်ဆုံစီမံကိန်းအား ၂၀၁၉ တွင် ပြီးစီးရန် မူလက ရည်မှန်းထားခဲ့ပြီး စွမ်းအားပြည့် ထုတ်လုပ်နိုင်စွမ်း ၆၀၀၀ မဂ္ဂါဝပ် ရှိသည်။ သို့သော် ၂၀၀၉ ဒီဇင်ဘာတွင် စတင်ခဲ့သည့် မြစ်ဆုံစီမံကိန်းကို ၂၀၁၁ တွင် ဆိုင်းငံ့ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက မြစ်ဆုံ ရေကာတာသည် စီးပွားရေး စီမံကိန်း တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ အတည်ပြုချက်ရယူရမည့် လုပ်ငန်းစဉ် အားလုံး ဖြတ်ကျော်ရမည်ဟု ဆိုသည်။

“နှစ်ဦးနှစ်ဖက်လုံးအတွက် သင့်လျော်တဲ့ နည်းလမ်းနဲ့ ရှေ့ဆက် မှာပါ။ နှစ်နိုင်ငံလုံး အကျိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်မှုမျိုး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

KHTun
The Ladies News Journal

** ပြောင်းလဲချိန်မှာ **

နိုဝင်ဘာလတွင် NLD ပါတီသည် ရွေးကောက်ပွဲ နိုင်ခဲ့ပါသည်။ အမတ်အရေအတွက် အများဆုံးဖြင့် လွှတ်တော်ထဲကို ရောက်ခဲ့ပါပြီ။ အာဏာလွှဲပြောင်းပေးရန် အဆင့်ဆင့် ဆောင်ရွက်နေသည်။ ဧပြီလ တစ်ရက်အထိ စောင့်ရပေမည်။ ဒီမိုကရေစီ အပြောင်းအလဲ ကို ဆောင်ရွက်ဖို့ “အချိန်အကြာဆုံး နိုင်ငံ” ဟု သမိုင်းတွင်ခဲ့ပါသည်။ ၈၈ အရေးအခင်း ပြီးသည့်နောက် ဦးစိန်လွင် သမ္မတဖြစ်သည်။ ကြာကြာမခံပါ။

နောက် ဒေါက်တာမောင်မောင် သမ္မတဖြစ်သည်။ “ဒို့တစ်တွေ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ထူထောင်မယ်။ ဖျက်ဆီးခံလိုက်ရတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အုတ်မြစ်ချကြ မယ်” ဟူ၍ သူက ရုပ်မြင်သံကြားမှ စည်းရုံးသည်။ ပြည်သူတွေ လက်မခံပါ။ အဲဒီနောက် စစ်တပ် အာဏာသိမ်းသည်။ နောက် ၂၅ နှစ် ရှည်ကြာသွား သည်။ ပြောင်းလဲချိန်သည် တစ်ခါတစ်ရံ အင်မတန်ရှည်ကြာပါသည်။

** တောအုပ်အပြင်သို့ မရောက်မီ **

NLD ပါတီသည် ရွေးကောက်ပွဲ နိုင်ခဲ့သည့်အတွက် လက်သီး လက်မောင်း တန်းချင်လာသည်။ လွတ်လပ်ရေးရပြီးနောက် အနှစ် ၆၀ ကျော် စစ်အာဏာလက်ထဲမှ ဒီတစ်ခါသာ လူထုလက်ထဲ ပြန်ရပါတော့မည်။ သို့သော် စကားတစ်ခွန်းကို သတိရမိသည်။

“တို့တွေ တောအုပ်အပြင် မရောက်မချင်း လွတ်မြောက်ပြီလို့ မဆိုသာ” ဟူသော ဖြစ်သည်။ ထိုစကားကို ငယ်ငယ်က ကြားဖူးပါသည်။ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့ဖူးသည်ဟု ဆို၏။

တောအုပ်ထဲတွင် မှောင်မည်းနေသည်။ ခြသေ့င်္တွေရှိသလို ခွေးအတွေလည်းရှိသည်။ ယုန်ငယ်လေးတွေ ရှိသလို စပါးကြီးမြွေတွေလည်း ရှိသည်။ တေးဆိုငှက်လေးတွေ ရှိသလို အရုပ်ဆိုးသည့် လင်းတကြီးတွေ လည်း ရှိသည်။ ဒီတော့ တောအုပ်ထဲက အပြင်ကိုထွက်ဖို့ လိုသည်။ အမှောင်တွေပျောက်၍ အလင်းတွေရောက်ဖို့ ထိုင်စောင့်နေ၍မရ။ ကြိုးစားကြရပါမည်။

** မလှုပ်ကြလို့ပါ **

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးဆိုတာ တောင်းမှရတယ်။ ခင်ဗျားတို့ မလှုပ်ကြလို့ပါ ဆိုပြီး ပြောခဲ့သည်။ အင်္ဂလိပ်တွေ နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်သွားသည့် နောက်တွင် ကျွန်တော်တို့ အကျင့်ပါလာကြသည်။ နေလို့ ထိုင်လို့ အဆင်ပြေသားပဲဟု ထင်လာကြသည်။ ဒါနဲ့ ကျွန်သက် ရင့်လာသည်။ နိုင်ငံ၏ လွတ်လပ်ရေးလမ်းစ ပျောက်နေသည်။ နောက်ပိုင်း စစ်အာဏာရှင်အောက်တွင်လည်း ဒါကို သဘောကျသူ အတော်များသည်။ ဘာကြောင့် အရှည်ကို မကြည့်နိုင်ကြတာလဲ။ စကားတစ်ခုရှိသည်။ No man is an island တဲ့။ လူဟာ ကျွန်းလို မဟုတ်၊ တစ်နေရာတည်း မပြောင်းမလဲ ရပ်နေပါ့မလား။ သူတစ်ပါးလုပ်သမျှ ခံနေကြသူ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ခေါင်းထဲစွဲနေသည့် အလေ့အကျင့်တွေ (အကျင့်ဆိုး) များသည် လူကို ငရဲတွင်းဆီ (အောက်ဆုံး) အထိကို ရောက်စေသတဲ့။

ဒါဟာ ပညာတတ်တာတွေ၊ ချမ်းသာတာတွေနဲ့ မဆိုင်ဘူး။ အလေ့အထနှင့် သာ ဆိုင်သတဲ့။ အင်မတန် သတိထားသင့်သည့် အချက်ဖြစ်သည်။ ဒီတော့ အလေ့အကျင့်ဆိုတာကို ပြန်ကြည့်မည်။ အလေ့အကျင့်သည် ကြိုးကျစ်တာနှင့် တူ၏။ တစ်ပင်ပြီးတစ်ပင် လိမ်ရင်းလိမ်ရင်းနဲ့ နောက်ဆုံး မဖြတ်နိုင်သည်အထိ ဖြစ်သွားသည်ဟူသော သီအိုရီကို သဘောကျ စရာ ကောင်းလှသည်။ တင်ပြသူက စတီဗင်ကိုဗေးဟု ယူဆပါသည်။ သူပြောပြသည်။

တစ်ခါက သားအဖနှစ်ယောက် ဆပ်ကပ်ပွဲသွားကြည့်ကြသတဲ့။ သားဖြစ်သူ က ဆင်တွေ ကျားတွေ ကုလားအုတ်တွေကို မြင်ရ၍ အတော်လေးကို သဘောကျသည်။

“အဖေ ဇာတ်ရုံအနောက်ဘက် သွားကြည့်ရအောင်နော်”

“အေးကောင်းသားပဲ”

ဇာတ်ရုံနောက်ဘက်တွင် ဆင်တစ်ကောင်ကို တွေ့ရသည်။ လက်ရှိကမ္ဘာတွင် အကြီးဆုံးသတ္တ၀ါ ဖြစ်သည်။ သားသည် ဆင်ကို လှည့်ပတ်ကြည့်သည်။ ပြီးတော့ ဖခင်ကြီးကို ပြောသည်။

“အဖေ ဆင်ရဲ့ ခြေထောက်မှာ ကြိုးချည်ထားတယ်”

“အေး အဲဒါကို ထူးခတ်ထားတယ်လို့ ခေါ်တယ်”

“ဒါပေမဲ့ အဖေ သံငုတ်တိုလေး မြေကြီးမှာ ရိုက်ပြီး ဒီလောက် ကြိုးသေးသေး ချည်ထားတာ၊ ဘာဖြစ်လဲ ၊ ဆင်ရုန်းရင် လွတ်သွားမှာပေါ့”

“လွတ်သွားမှာပေါ့ သားရယ်။ ဒါပေမဲ့ ဆင် မရုန်းတော့ဘူး”

“ဘာဖြစ်လို့လဲ”

“ဆင်ကို ပထမကျုံးသွင်း ဖမ်းလေ့ရှိတယ်။ နောက်တော့ သူ့ကို သံကြိုး အကြီးကြီးတွေနဲ့ ထူးခတ်ထားတယ်။ သူရုန်းတယ်။ နာတာပဲရှိတယ် မရဘူး။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတယ်။ ဆင်က ရုန်းလို့ မရမှန်းသိလာတယ်။ ဒါနဲ့ပဲ သူ မရုန်းတော့ဘူး။ ဒီလိုနဲ့ တစ်စတစ်စနဲ့ ကြိုးကို ချည်တယ်ဆိုရုံလေး ချည်ထားလိုက်တယ်။ ဆင်ကလည်း သူ့ခြေထောက်မှာ ကြိုးချည်ထားပြီ ဆိုတာကို သိတယ်။ ဒါကြောင့် သူမရုန်းတော့တာပါပဲ”

** အာဇာနည်မျိုး သေရိုးမရှိ **

လွတ်လပ်ရေးရဖို့ ရုန်းခဲ့ကြသည်။ ဗိုလ်ချုပ်က ပန်းတိုင် မရောက်မီ တက် မထောင်ဖို့လည်း ပြောခဲ့သည်။ ယနေ့ ဒုတိယ လွတ်လပ်ရေး ဟု ကြွေးကြော်နေသော အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် က အောင်ပွဲခံခြင်းမပြုကြရန် တားမြစ်ထားသည်။ တကယ်တော့ ကျွန်တော်တို့ အောင့်အည်းမျိုသိပ်ထားသော စကားများကို ဖွင့်ချင်ကြပြီ၊ သမီးဖြစ်သူသည် ဖခင်၏ စကားအတိုင်း အချိန်ကို စောင့်နေသည်။

ယနေ့ အသက်ရှင်နေပါက ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၀၁ နှစ်ရှိပြီဖြစ်သည်။ သူ၏ အမြော်အမြင်ကို တကယ်တော့ သြချရသည်။ တကယ်တမ်း ကျွန်တော်တို့သည် အိန္ဒိယတို့ မလေးရှားတို့ ထက်စော၍ ဗြိတိသျှထံမှ လွတ်လပ်ရေးရခဲ့သည်။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေမယ်ဆိုကာ ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကို ထွက်သွားသည်။ ထိုလအတွင်းတွင် ဗြိတိသျှဝန်ကြီးချုပ် အက်တလီနှင့် စာချုပ် လက်မှတ်ရေးထိုးသည်။ ထိုလက်မှတ်ရေးထိုးသည့်အချိန်မှ တစ်နှစ်အတွင်း ( ၁၉၄၈၊ ဇန်န၀ါရီတွင်) လွတ်လပ်ရေးရခဲ့သည်။ တကယ်တော့ ၁၉၄၇ ခု၊ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရသည်။ သူသေသွားသော်လည်း ကတိက၀တ်တွေကို ဖျက်မသွားခဲ့ပေ။ ထိုအတိုင်းပင် NLD ချောင်းဦးအမတ်သည်လည်း ကွယ်လွန်သွားပေမယ့် သူ၏ မဲကတော့ အနိုင်ရမဲများ ဖြစ်ခဲ့သည်။

** နိဂုံး **

ငှက်သည် ပျံရင်းနဲ့ သေ၊ လူသည် ကြံရင်းနဲ့ သေ ဆိုသည့် စကားရှိသည်။ ဆရာမင်းသုဝဏ်က သေသည့်တိုင် မလျော့သွားသော စိတ်ဓာတ် ကို ရေးပြသွားသည်။ သူ့ကဗျာ၏ အမည်က သူ့မှာတမ်းဖြစ်သည်။

* သူ့မှာတမ်း *

သူတို့အဆုတ် ၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း ။

ဆိုသည့်အစကို သဘောပေါက်ပါမည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လွတ်လပ်ရေး ကြိုးပမ်းသူတွေထဲက ပြောက်ကျားလုလင် တစ်ယောက် မြေမြှုပ်မိုင်းထိ၍ သေလုဆဲဆဲတွင် ရွာသားများက သူ့ကို မေးကြသည်။ ပထမမေးခွန်းက “အမောင်ပြောက်ကျား ချစ်သူအားကို ဘာများမှာထားခဲ့လိုသနည်း” တဲ့။

ချစ်သူကို ခွင့်လွှတ်ကြောင်း သူပြောခဲ့သည်။ ဒုတိယမေးခွန်းမှာ “အမောင်ပြောက်ကျား မိဘအားကို ဘာများမှာထားခဲ့လိုသနည်း” ဖြစ်သည်။ သူက မိဘများကို ကန်တော့ကြောင်း ပြောခဲ့ပါသည်။

နောက်ဆုံးမေးခွန်းကတော့ “ အမောင်ပြောက်ကျား တိုင်းပြည်အားကို ဘာများ မှာထားခဲ့လိုသနည်း” ဟူ၍ ဖြစ်သည်။ သူ၏အဖြေမှာ -
“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ” ဟူ၍ ဖြစ်သည်။

ပြောက်ကျား ရဲဘော်လေး၏ ပြည်ချစ်စိတ်က လေးစားစရာကောင်းပါသည်။ ယနေ့လွန်ခဲ့သော ငါးနှစ်အစိုးရ ယခုလကုန် ထွက်ကြရပါတော့မည်။ သူတို့ ဘာတွေလုပ်ပေးခဲ့ပါသလဲ။ ပြည်သူတို့၏ အကျိုးစီးပွားအတွက် ဆက်လက် လုပ်ဆောင်ပေးမည့်သူများ လက်သို့ လုပ်ပိုင်ခွင့်အာဏာကို လွှဲပေးရပါတော့ မည်။ ပြောက်ကျားရဲဘော်လေးလို ပြည်ချစ်စိတ်နှင့် အားနာကြသလား၊ ဖက်တွယ်ထားလိုကြတာလား။ ဘယ်လိုဖြစ်ဖြစ် ပြည်သူများကို ကြင်နာကြပါ။

“ပြည်သူအတွက် ဆက်လက်လုပ်မည့် ပြည်ချစ်စိတ်များ ထားနိုင်ကြပါစေ” ဟု ဆုမွန်ကောင်း တောင်းမိပါကြောင်း ...။

ဒေါက်တာခင်မောင်ညို

The Ladies News Journal

 new-pyitaungsu-hluttaw-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ပယ်မဲမဖြစ်အောင် သတိထားသင့်တဲ့ အချက်တွေနဲ့ ဆန္ဒမဲလက်မှတ်ပုံစံတွေကို လွှတ်တော်ရုံးအသီးသီးက လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။

ဆန္ဒမဲပေးတဲ့အခါ ပယ်မဲမဖြစ်အောင် သတိပြုနိုင်ဖို့အတွက် ဖြန့်ဝေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် က ပြောပါတယ်။

"ပြည်သူ့လွှတ်တော် နည်းဥပဒေမှာ ပြဌာန်းထားပြီးသားပါ၊ အဲ့ဒီ သမ္မတလောင်းရွေးချယ်လို့ တစ်ဦးထက်ပိုလာရင် ဆန္ဒမဲလက်မှတ်စနစ်ကိုနဲ့ အသုံးပြုပါမယ်၊ ၇ ချက်ကတော့ ပယ်မဲဖြစ်မယ့်အကြောင်းပေါ့၊ ကျန်တာကတော့ အမှန်ခြစ်ပါရင် ထောက်ခံမဲပေါ့"

ပယ်မဲဖြစ်နိုင်တဲ့ ဆန္ဒမဲလက်မှတ်တွေက တစ်ဦးထက်ပိုပြီး ထောက်ခံဆန္ဒပြုထားတဲ့ လက်မှတ်၊ ဘယ်သူ့ကိုမှ ဆန္ဒမပြုထားတဲ့ လက်မှတ်၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် လက်မှတ်မပါတဲ့ ဆန္ဒမဲလက်မှတ် စတာတွေဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၁၀ရက်နေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေဟာ ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းဖို့အတွက် အဆိုပြုလွှာပုံစံတွေကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံကနေ ထုတ်ယူရမှာပြီး လွှတ်တော်အသီးသီးမှာ တင်သွင်းရမှာဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ဦးနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတလောင်းစာရင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တစ်ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တစ်ဦး စုစုပေါင်း ၃ဦး တင်သွင်းကြရမှာ ဖြစ်ပါတယ်။

RFA

 winmyint-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်ပိုင်မြေ၊ စီမံကိန်းနဲ့ စက်ရုံတွေကို ပုဂ္ဂလိကထံ အမြန်လွှဲပြောင်းနေတာတွေကို စိစစ်ဟန့်တားပေးဖို့ အရေးကြီးအဆိုအပေါ် ပါဝင်ဆွေးနွေးခဲ့တဲ့ အန်အယ်လ်ဒီပါတီ စေတုတ္တရာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်ရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒီနေ့တင်ပြတာကို လက်ခံကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဦးကျော်အောင်လွင်ရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ တပ်မြေသိမ်းဆည်းမှုအကြောင်း ဆွေးနွေးချက်တွေ ဟာ ပြည်သူ့လွှတ်တော် နည်းဥပဒေနဲ့ ကိုက်ညီမှုမရှိတာကြောင့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက် မှုအတိုင်း လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ရုံးထံ ညွှန်ကြားထားတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့ပါတယ်။

"အရေးကြီးအဆိုနဲ့ စပ်လျဉ်း၍ တပ်မတော်သား ကိုယ်စားလှယ်များက စေတုတ္တရာမြို့နယ်မှ ဦးကျော်အောင်လွင် ရဲ့ ဆွေးနွေးချက်များမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ကပစ (၂ဝ)ရဲ့ တပ်မြေကိစ္စနဲ့ ပတ်သက်သော အချက်အလက်များအား ကန့်ကွက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်မှတ်တမ်းများမှ ပယ်ဖျက်ပေးပါရန် တင်ပြလာ ပါတယ်၊ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈၊ နည်းဥပဒေခွဲ (ဂ)၌ အဆိုတစ်ရပ် ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲအဆိုနဲ့သာ အတိအကျ သက်ဆိုင်စေ ရမည်ဟူသော စည်းကမ်းချက်နဲ့ စေတုတ္တရာမြို့နယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်သည် ကိုက်ညီမှု မရှိသည့်အတွက် တပ်မတော်သား ကိုယ်စားလှယ်များ တင်ပြလာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ကပစ (၂ဝ)ရဲ့ တပ်မြေကိစ္စနဲ့ ပတ်သက်သော အချက်အလက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းမှ ထုတ်နုတ် ပယ်ဖျက်ရန် ညွှန်ကြားပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်"

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က အဲ့ဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တင်သွင်းပြီး ကိုယ်စားလှယ် ၁၂ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁ဦးတို့က ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုကို ဆွေးနွေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၀) က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆သောင်းကျော်ကိစ္စနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင်ကုမ္ပဏီတို့အကြား အကျိုးအမြတ် ခွဲဝေမှုတွေကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စတွေကို ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက တစ်ပြိုင်တည်းမတ်တပ်ရပ် ကန့်ကွက်ခဲ့ကြပါတယ်။

ဦးကျော်အောင်လွင်ရဲ့ ဆွေးနွေးချက်တွေထဲက လက်ပံတောင်းတောင်စီမံကိန်းနဲ့ တပ်သိမ်းမြေကိစ္စတွေဟာ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တပ်မတော်ရဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုအနေနဲ့ အထင် လွဲမှားမှုတွေ ဖြစ်စေနိုင်သလို လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း အမြင်သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်စေနိုင် တာကြောင့် ကန့်ကွက်ကြောင်းနဲ့ လွှတ်တော်မှတ်တမ်းတွေထဲကနေ ထုတ်နှုတ်ပယ်ဖျက်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက စာတင်သွင်းခဲ့တာဖြစ်ပါတယ်။

RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှ ကျောက်မျက်ကုမ္မဏီများ ကားကြီးများဖြင့် မြစ်ကြီးနား ကံပိုင်တည် ၊ ချီဗွေ ပန်ဝါ ၊ ကသာ ၊ဗန်းမော် ၊ လွယ်ဂျယ်စသည့် နယ်စပ်မှောင်ခို လမ်းကြောင်းများမှ တူးဖော်ရရှိသော ကျောက်စိမ်းများ အး တရုတ်ပြည်သို့ တရားမဝင် ပို့ဆောင်နေသည်ဟု သိရပါသည် ။

ယခုအခါ ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္မဏီများသည် အာဏာလွှဲပြီးသည့်နောက်ပိုင်းတွင် ဥပဒေနှင့်အညီ စစ်ဆေးခံရနိုင်ဖွယ် ရှိသည်ဟု ကုမ္မဏီအသိုင်းအဝိုင်းတွင် သတင်းများထွက်ပေါ်နေသောကြောင့် ထွက်ရှိသမျှ ကျောက်များကို ယခင်ကလို ဂိုဒေါင်များအတွင် မထားပဲ ချက်ချင်းအခွန်ဆောင်ပြီး ပို့နေသည်ဟု ကုမ္မဏီတစ်ခုမှ အမည်မဖော်လိုသူ တာဝန်ခံတစ်ဦးမှ ပြောပါသည် ။ဖားကန့်မှ တရုတ်ပြည်သို့အခွန်ဆောင်ပြီး ကျောက်စိမ်းများကို တိုက်ရိုက်ပို့ခွင့် ရှိပါသလား လို့ မေးမြန်းရာ “ ပို့ခွင့်တော့ ဘယ်ရှိမလဲဗျာ ခင်ဗျားလည်းသိနေတာပဲ ။ အရင်ကလည်း ဒီလိုပဲ နားလည်မှုနဲ့ သွားနေတာပဲ ။ ဥပဒေအတိုင်းဆို အခု မန္တလေးကို ကယ်ရီလုပ်နေတဲ့ ကုမ္မဏီတွေက ကားတွေ လမ်းမှာ အကုန်လုံးဖမ်းယုံရှိတာပဲ ” ။ဟု ပြောပြခဲ့ပါသည် ။အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကျောက်စိမ်းရုံး (လုံးခင်း) မှ ဒုညွှန်ကြားရေးမှူး ဦးရဲထွဋ် အား မေးမြန်းရန် ဆက်သွယ်ခဲ့ပေမဲ့ မရပါဘူး ။

ဖားကန့်ဒေသတွင် တရားဝင် ကျောက်စိမ်ကယ်ရီ လုပ်ငန်း လုပ်သူ (၇) ဦးခန့်ရှိပြီး ၊ မှောင်ခိုကယ်ရီများလည်း အမြောက်များရှိနေသည်ကိုလည်း တွေ့ရှိနေရပါသည် ။ ကျောက်စိမ်းများကို လိုင်စင်မဲ့ ဇိမ်ခံကားများဖြစ်သည့် လင်ခရူဇာ ၊ ပါဂျဲရိုး ၊ဆတ်ဖ် ၊ ဖိုးဝှီး ကားများဖြင့် ဆီတိုင်ကီများအားဖောက်ခြင်း ၊ကားဘော်ဒီမျာအတွင် ဖောက်ထွင်းထည့်ခြင်း များဖြင့် တရုတ်ပြည်သို့အများဆုံး ပို့ဆောင်နေကြပြီး ၊ ကုန်တင်ကားများဖြစ်သည့် ၁၂ ဘီး ၊ SKAT ၊ တုန်ဖုန်း ၊လေးလုံးထိုး ၊ သရီးကရောင်း စသောကားမျာဖြင့်လည်း ထုထည်ကြီးမားသော ကျောက်စိမ်းများကို တရုတ်ပြည်သို့ သယ်ဆောင်နေသည်ကို တွေ့ရှိနေရပြီး ယနေ့အချိန်ထိ တားဆီးထိမ်းချုပ်နိုင်ခြင်းမရှိဘူးဟု ဖားကန့်မှ ကျောက်စိမ်းလုပ်ငန်းရှင် တစ်ဦးက ပြောပါသည် ။

တရားဝင်အခွန်ဆောင်ပြီး သယ်ဆောင်သည့် ကယ်ရီများသည်လည်း ကျောက်စိမ်းရုံး(လုံးခင်း) နှင့်လက်ဝါးရိုက် ပြီး လုပ်ဆောင်နေကြောင်း ၊အခွန်ဆောင်ထားသည့် ကျောက်စိမ်းတုန်းအရေအတွက်သည် ကျောက်စိမ်းရုံးမှ ထုတ်ပေးသည့် စာရွက်ပေါ်မှ မျက်တောင် အဖွင့်အပိတ် ( “ ” ) ပေါ်တွင်အရေအတွက် အများကြီး ပြောင်းလဲသွားကြောင်း အမည်မဖော်လိုသူ မြစ်ကြီးနား စရဖ အရာရှိဟောင်းတစ်ဦးက သူ၏ အတွေ့အကြုံကို ပြောပြပါသည် ။“ သူတို့ တရားဝင် အခွန်ဆောင်ထားရင် ဘာလို့အစိုးရဌာနဆိုင်ရာတွေ တစ်ခုမကျန် ပိုက်ဆံလိုက်ပေးမလဲဗျာ ။ ရှင်းရှင်းလေးပဲ ။ခက်တာက ကျနော်တို့ ဖမ်းလို့မရဘူးဗျ ။ ကျနော်တို့က ဟီရိုးလုပ်ရင် ပြုတ်မှာ ငြိမ်နေတာပဲကောင်းတယ် ” ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည် ။

ဖားကန့်ဒေသမှ တရုတ်ပြည်သို့ ကျောက်စိမ်းများကို အများဆုံးတရားမဝင် တင်ပို့မှုကို ငြမ်းချမ်းရေးအဖွဲ့အစည်းများမှ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည် ။ အမျညးဆုံးတွေ့ရသည်မှာ NDAK နှင့် ဦလဆန်ဟောင်ဝါ အဖွဲ့တို့ဖြစ်ပြီး အခြားသော အဖွဲ့အစည်းများလည်း ရှိသေးသည်ဟု သိရပါသည် ။၁၉၄၅ ခု ကျောက်မျက်ရတနာထုတ်လုပ်ရေး နည်းဥဒေတွ ကျောက်မျက်ရတနာများသယ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး တင်ကြပ်စွာ ဖော်ပြထားသော်လည်း လိုက်နာခြင်းမရှိသကဲ့သို့ အစိုးရဘက်မှလည်း ထိရောက်စွာ အရေးယူခြင်း မရှိသည်ကို တွေ့ရှိနေရပါသည် ။

ယခုရက်ပိုင်းတွင် တရုတ်ပြည်သို့ တရားမဝင်ကျောက်စိမ်းများတစ်ရက်လျှင် တန်ပေါင်း ထောင်ချီပို့ဆောင်နေသည်ဟု မြစ်ကြီးမြို့မှ မြစ်ကြီးနား ကံပိုင်တည် ပြေးဆွဲနေသော ယဉ်မောင်းတစ်ဦးမှ ပြောပါသည် ။ “ စိတ်ပျက်စရာဗျာ ။ဒီလူတွေက နောက်အစိုးရကျရင် လာတ်မစားရတော့ ထင်သလို သယ်ခိုင်း ၊လုပ်ခိုင်းနေတာဗျ ။ ကြပ်ကြပ်ဆိုတာ စစ်တပ်ကအရာရှိတွေပဲ ” ဟု အဆိုပါ ယဉ်မောင်းမှ ဆက်လက်ပြောကြားခဲ့ပါသည် ။

ကချင်ပြည်နယ်မှ ထွက်သော ကျောက်စိမ်း ၊သစ် ၊ပယင်း ၊သတ္တု ၊တိရစ္ဆာန်ထွက် ပစ္စည်းမျညးကို မြစ်ကြီးနားမှ တစ်ဆင့် ချီဗွေ-ပန်ဝါ ၊မိုးမောက် -လွယ်ဂျယ် ၊ ကသာ -ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းများမှ တရားမဝင် ပို့ဆောင်နေလျှက်ရှိပြီး ယခင်က အများဆုံး အသုံးပြုကြသော မြစ်ကြီးနား လိုင်ဇာလမ်းအား စစ်ပွဲများဖြစ်ပွားသည့် အချိန်မှ စပြီး အသုံးမပြုတော့ကြောင်း သိရပါသည် ။

ဇော်မိုးထက် (၈.၃.၂၀၁၆ )


မကြာခင် သမ္မတစာရင်းကို သိရပါ့မယ်။ NLD အစိုးရကိုလည်း သိရှိခွင့် ရပါ့မယ်။ ပြည်နယ်အစိုးရများနဲ့ တိုင်းအစိုးရများကိုလည်း သိရှိနိုင်ပါ့မယ်။ မိမိတို့မသိသေးတာက မြန်မာနိုင်ငံဟာ ဘယ်လမ်းကြောင်းကို လျှောက်မလဲဆိုတဲ့ အချက်ပါပဲ။

နှစ်ပေါင်း(၅၀)မှာ ပြည်သူတို့ပထမဆုံးတင်မြှောက်တဲ့ အစိုးရဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ (၇၅)ရာခိုင်နှုန်းပဲ မှန်ပါတယ်။ လွှတ်တော်မှာလည်း (၇၅)ရာခိုင်နှုန်းပဲ မှန်ပါတယ်။ တရားစီရင်ရေးမှာ (၂၅)ရာခိုင်နှုန်းတောင် မမှန်သေးပါ။ ဒီအစိုးရက မြန်မာနိုင်ငံကို ဘယ်လောက်အထိ ဦးဆောင်နိုင်မှာလဲ၊ စစ်တပ်ကလည်း ဘယ်လမ်းကြောင်းကို လျှောက်ဖို့ စဉ်းစားထားသလဲ၊ ပြည်သူများနဲ့ တိုင်းရင်းသားများဟာ အဆိုးထဲက အကောင်းတွေကို ဘယ်လောက်အသုံးချနိုင်မလဲဆိုတာ လာမဲ့ (၅)နှစ်မှာ သိရပါလိမ့်မယ်။

လက်ရှိဥပဒေကို အင်ဒိုနီးရှားနိုင်ငံမှာ မအောင်မြင်ခဲ့တဲ့ ဒွိဖန်စီစနစ်ကို ပုံတူကူးချခဲ့ကြောင်း သိရတယ်။ တရုတ်မှာ အောင်မြင်ခဲ့တဲ့ ကွန်မြူနစ်အရင်းရှင်စနစ်ကို အားကျခဲ့ကြောင်း မိမိတို့ သိရှိထားတယ်။ အနောက်တိုင်းဒီမိုကရေစီကို ငြင်းပယ်ခဲ့ကြောင်း လေ့လာတွေ့ရှိထားတယ်။ ပြည်ထောင်စုစိတ်ဓာတ်ရှိတဲ့ ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြပြီး နိုင်ငံခေါင်းဆောင်မဖြစ်အောင် စီမံထားကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်တယ်။

မြန်မာဟာ အင်ဒိုနီးရှားလိုပဲ တိုင်းရင်းသားပေါင်းစုံ ရှိနေတဲ့ နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံတစ်ခုလည်း ဖြစ်တယ်။ အင်ဒိုနီးရှားဟာ တပြည်ထောင်စနစ်ကို အခြေခံတဲ့ သမ္မတနိုင်ငံ ဖြစ်တယ်။ မြန်မာဟာ ပြည်ထောင်စုနိုင်ငံ ဖြစ်ပေမဲ့ ဖွဲ့စည်းပုံက တပြည်ထောင်စနစ်ကို အခြေခံတယ်။ ဖွဲ့စည်းပုံမှာ သမ္မတနိုင်ငံလို့ ပြောပြီး အုပ်ချုပ်ရေးမှာ ပါလီမာန်စနစ် ဖြစ်နေတယ်။ ဗဟိုအစိုးရရုံးစိုက်ရာကို နေပြည်တော်လို့ သုံးပြီး သမ္မတကို သီဟာသနပလ္လင်ကို ပေးတယ်၊ ပြည်နယ်မှာ သမ္မတအမည်ကို မသုံး၊ ဝန်ကြီးအမည်ကိုပဲ ပေးတယ်။ ဒါပေမဲ့ ဗဟိုအစိုးရမှာ ဝန်ကြီးချုပ် မရှိပါ။

စစ်တပ်လက်ထက်မှာ အထူးဒေသတွေ ဖန်တီးခြင်းမှာလည်း အင်ဒိုကို အတုခိုးခြင်းဖြစ်တယ်။ ဥပမာ-အင်ဒိုမှာ ပြည်နယ်ပေါင်း (၃၄)ခု ရှိတယ်။ အထူးဒေသအဆင့်ကို ရရှိထားတာ ပြည်နယ်(၅)ခုပါ။ အဲ့ထဲမှာ အာချေပြည်နယ်၊ ဂျကာတာ၊ ယိုဂျကာတာ၊ ပါပူဝါ၊ အနောက်ပါပူဝါတို့ဟာ အခု မြန်မာနိုင်ငံ ဝဒေသမှာ ရရှိထားတဲ့ အခွင့်အရေးမျိုးကို ရရှိထားကြတယ်။ ဒီပြည်နယ်တွေက အခြားပြည်နယ်တွေထက် ကိုယ်ပိုင်ပြဌာန်းခွင့် ပိုရကြတယ်။ ဒါပေမဲ့ ဒီပြည်နယ်တွေကို ဒေသကြီးအဖြစ်နဲ့ တိုးချဲ့ပြီး အဲ့ဒီဒေသကြီးကို ဗဟိုအစိုးရက ထိန်းချုပ်ကာ အထက်လွှတ်တော်က အဲ့ဒီဒေသကြီးတွေကိုပဲ ကိုယ်စားပြုတော့ တပြည်ထောင်စနစ်စစ်စစ် ဖြစ်ရချေတော့တယ်။ မြန်မာနိုင်ငံမှာဆိုရင် အင်ဒိုလိုပဲ ပြည်နယ်တွေမှာ သူ့အစိုးရနဲ့ သူ့လွှတ်တော်ရှိတယ်။ ဒါပေမဲ့ မြန်မာမှာ ပြည်နယ်ဝန်ကြီးချုပ်ကို ဗဟိုကနေ ခန့်ပေးရတယ်။ ဒေသကြီးကို သတ်သတ်ထားပြီး အမျိုးသားလွှတ်တော်မှာ ပြည်နယ်တွေကို ထိန်းချုပ်ထားတယ်။ ဒါကြောင့် တပြည်ထောင်စနစ်စစ်စစ် ဖြစ်တယ်။

အင်ဒိုမှာ လွှတ်တော်နှစ်ခုကို ပေါင်းစုထားတဲ့ ပြည်သူ့အတိုင်ပင်ခံလွှတ်တော်ကို ထားတယ်။ အထက်နဲ့အောက်လွှတ်တော်ကို စုံညီလုပ်တဲ့လွှတ်တော်ပဲ။ မြန်မာမှာ ဒါကို ပြည်ထောင်စုလွှတ်တော်လို့ ခေါ်တယ်။ သမ္မတကို ရွေးတယ်၊ ဖြုတ်တယ်ပေါ့။ ၁၉၉၈ ခုနှစ်မှာ အာဏာရှင်ဆူဟာတို ဆင်းသွားတော့ ပြုပြင်ပြောင်းလဲရေးမှာ အားကောင်းလာတယ်။ ၂၀၀၄ ခုနှစ်မှာ လက်ရှိအင်ဒိုဖွဲ့စည်းပုံကို ရလိုက်တယ်။ လက်ရှိဖွဲ့စည်းပုံမှာ မြန်မာတို့အတုခိုးထားတဲ့ ဒွိဖန်စီပုံလုံးလုံးမဟုတ်တော့ပါ။ မြန်မာတွေကတော့ ဆူဟာတိုလက်ထက်က အာဏာရှင်စနစ်ကိုပဲ ဆက်ပြီး သုံးပါတယ်။ အင်ဒိုအာဏာရှင်စနစ်ထက် ပိုဆိုးတာက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာပဲ စစ်တပ်က လက်ဝါးကြီးအုပ်ထားတာ မဟုတ်ဘဲ ယင်းမဏ္ဍိုင်ကြီး(၃)ရပ်အပေါ်မှာ ခွထိုင်ထားတဲ့ ကာလုံအဖွဲ့ကိုလည်း ထားရှိခဲ့ခြင်းဖြစ်တယ်။

အင်ဒိုမှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိဆိုရင် ပြုပြင်ပြောင်းလဲရေးဟာ (၆)နှစ်ကြာခဲ့ပါတယ်။ စစ်တပ်က တဖြည်းဖြည်းနဲ့ ဆုတ်သွားခဲ့တာပါ။ မြန်မာမှာ ၂၀၁၀ ခုနှစ်က စပြီး ဒီကနေ့အထိဟာ (၆)နှစ် ဝင်လာပါပြီ။ ဒါပေမဲ့ စစ်တပ်က အောင်မြင်စွာ ဆုတ်ခွာသွားလိမ့်မယ်လို့ စစ်လော်ဘီတွေ အယုံသွင်းခဲ့သလို မဟုတ်ဘဲ စစ်တပ်က တိုးလို့သာ အာဏာကို ဆုပ်ကိုင်လာခဲ့တာကို တွေ့မြင်ရမှာပါ။ ဖွဲ့စည်းပုံကို အခုအချိန်အထိ ဘာမှ မပြင်ဆင်ရသေးပါ။ အင်ဒိုမှာ သူပုန်တွေနဲ့ ညှိနေရလို့ (၆)နှစ်ကြာခဲ့ပေမဲ့ မြန်မာမှာ စစ်တပ်က ရှိသမျှတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိဖို့ စိတ်မပါခဲ့ပါ။ လောလောဆယ်မှာ ဒီမိုတွေ ဘယ်လောက်အထိ အဆင့်ကျသွားသလဲဆိုခဲ့ရင် စီးပွားရေးတစ်ခုကလွဲပြီး ဘာမှ မရေးရဲတော့တဲ့အထိပါပဲ။ အခြားအရေးတွေကို ရေးရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတယ်လို့ ယူဆကုန်ကြပါပြီ။

အခု NLD အစိုးရက NCA မှာ တိုင်းရင်းသားတွေအားလုံး ပါဝင်လာနိုင်ဖို့ လုပ်ရမှာ ဖြစ်တယ်။ ပြီးရင် ဒိုင်းခံပြီး တိုင်းရင်းသားတွေနဲ့ စစ်တပ် ဆွေးနွေးကြပါလိမ့်မယ်။ နိုင်ငံရေးအဖြေတစ်ခုခုကို ရရှိခဲ့ရင် ပြည်ထောင်စုညီလာခံတစ်ရပ်ကို ကျင်းပကြပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုကလည်း သံအမတ်ဟောင်းသက်တမ်းကုန်လို့ သံအမတ်သစ်ကို ခန့်အပ်မှာ ဖြစ်တယ်။ သံအမတ်သစ်ဟာ အင်ဒိုမှာ သံအမတ်တာဝန်ကို ထမ်းဆောင်ဖူးသူ ဖြစ်တယ်။ အာရှဖစိဖိတ်ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်တယ်။ ဒါဟာ မြန်မာကို အင်ဒိုလိုပဲ ပြုပြင်ပြောင်းလဲစေပြီး မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှိဖစိဖိတ်ဒေသပေါ်လစီမှာ အခရာကျနေကြောင်း ထင်ရှားတဲ့ သင်္ကေတတစ်ခု ဖြစ်တယ်။

ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံကို မြန်မာပိုင်လုပ်ပြီး တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လောက် ပေးပြီး နှစ်သိမ့်ဖို့က သိပ်လွယ်တဲ့အလုပ် မဟုတ်ဘူး။ အာဏာကို ပေးသနားထာထက် အာဏာကို တန်းတူရည်တူ ခွဲဝေကြမှ အဆင်ပြေမှာ ဖြစ်တယ်။ လက်ရှိအခြေအနေမှာ NLD ကရော စစ်တပ်ကပါ ဒါကို ဆောင်ရွက်ပေးဖို့ တုံ့နှေးနေတာကို တွေ့ရမှာ ဖြစ်တယ်။ ဒါကို ဝေဖန်ဖို့ စောသေးတယ်ဆိုပေမဲ့ ဘာဖြစ်လာမှာလဲ ပြောဖို့ မစောပါ။ NLD အစိုးရဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ လုံးလုံးလျားလျား မဟုတ်ခဲ့ရင်တောင် အစိတ်အပိုင်းအတော်များများမှာ ရောက်နေခဲ့ပါပြီ။ လောလောဆယ်မှာ အဲ့အနေအထားနဲ့ သိပ်ပြီးတော့ မရင်းနှီးသေးပေမဲ့ မကြာခင်မှာ အသားကျသွားဖို့ ရှိပါတယ်။ ဘာဖြစ်လဲဆိုရင် လက်ရှိဖွဲ့စည်းပုံထဲမှာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှုကြောင့် NLD က ကြံဖန်ပြီး ဒီနိုင်ငံကို ဦးဆောင်မှုကလေး ပေးနိုင်တုန်းပဲဖြစ်လို့ပါပဲ။

ဒါပေမဲ့ အစိုးရလွှဲပြောင်းပုံ၊ အစိုးရလုပ်ငန်းစဉ်ချမှတ်ပုံကို လေ့လာကြည့်ရင် NLD အစိုးရဟာ အင်ဒိုပုံစံ ဒွိဖန်စီစနစ်နဲ့ သွားမှာမဟုတ်ဘဲ အမေရိကန်ပုံစံကို ပိုသဘောကျကြောင်း သိရှိနိုင်ပါတယ်။ အမေရိကန်ပုံစံကို အကောင်အထည်ဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပြီးဆုံးသွားဖို့ ရှိပါတယ်။ ဗမာပြည်နယ်တစ်ခုကို ဖန်တီးပါ။ (၈)ပြည်ထောင်ပဲဖြစ်ဖြစ်၊ (၁၀)ပြည်ထောင်ပဲ ဖြစ်ဖြစ် ပူးပေါင်းပါ။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြား အာဏာခွဲဝေပါ။ ဖက်ဒရယ်တပ်မတော်ကြီးရှိသလို ပြည်နယ်စောင့်တပ်ကိုလည်း ခွင့်ပြုနိုင်ပါစေ။ ဗဟိုအစိုးရကို ပြည်နယ်တွေက ဝင်ရောက်ခြယ်လှယ်လို့ မရသလို ပြည်နယ်များရဲ့ အုပ်ချုပ်ရေးကိုလည်း ဗဟိုအစိုးရက ဝင်ရောက်ချုပ်ခြယ်လို့ မရပါဘူး။ ဒီလမ်းကြောင်းကို သွားမှသာ မြန်မာနိုင်ငံဟာ ပြည်ထောင်စုဆိုတဲ့အမည်နဲ့ တန်ပါလိမ့်မယ်။ တကယ့်ငြိမ်းချမ်းရေးကို ရကြပါလိမ့်မယ်။ သာယာဝပြောတဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်ပါလိမ့်မယ်။

U Ravika