03/11/16

ကျတော်သိတဲ့ဦးထင်ကျော်က တမျိုးဗျ...
အမေ့ရဲ့ဟောပြောပွဲတွေမှာ ဖုံးတလုံးနဲ့မှတ်တမ်းတင်ရင်းအမေ့ကိုဂရုစိုက်တတ်တဲ့သူမျိုး....
စည်းရုံးရေးဟောပြောပွဲတိုင်းလိုလိုမှာ အခွင့်အရေးမယူ ပါဝါမပြပဲ လုံခြုံရေး စည်းအပြင်မှာခုံလေးတလုံးနဲ့ထိုင်ပီးနားထောင်တတ်တဲ့သူမျိုး...
လုံခြုံရေးကားတွေပြန်ထွက်လို့ လမ်းကျဉ်းတဲ့အခါကျရင် သူ့ထိုင်ခုံလေးသူကိုင်ပီး လွတ်တဲ့နေရာအထိဖယ်ပေးတဲ့သူမျိုး(တချို့ တချို့လူကြီးတွေဆို မျက်နှာထိမျက်နှာထားနဲ့ငါဘာကောင်လဲမင်းမသိဘူးလားဆိုတဲ့ပုံမျိုးတွေခဏခဏတွေ့ရတယ်)....လူကြားထဲကဖြတ်သွါးရင်လဲ ခါးလေးကိုင်း ကိုယ်လေးရို့ပီး တကယ်ကိုလူယဉ်ကျေးပီသပါတယ်..

တခါကရုံးရှေ့ဟောပြောပွဲမှာ သူနဲ့ဘေးချင်းကပ်ရပ်နေတာ (သူကတော့သိမှာမဟုတ်ဘူး)..ဂျာနယ်သယ်ခေါ်ပီးဂျာနယ်ဝယ်နေတာသူက...အန်ကယ့်လ်ဖတ်ချင်လို့ဂျာနယ်လေးရောင်းပေးလို့ရမလားတဲ့လေ...ပိုက်ဆံပေးတော့လဲ လက်နှစ်ဖက်နဲ့လေးလေးစားစားပေးတဲ့လူကြီး....စိတ်ထဲကနေ အလိုလိုနေရင်းလေးစားမိနေတာ.....ပွဲတိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစုကြည်လာပီဆို လူတွေကဝိုင်းနူတ်ဆက်ကြ..တချို့တာဝန်ရှိသူတွေဆိုတာလဲ လိုအပ်တာထက်ပိုပီးပါဝါတွေ အာဏာတွေပြကြတာပေါ့...သူလိုလူကတော့ရှားတယ်...အမေ သူ့နေရမဲ့နေရာရောက်ပီဆို ခပ်ကုတ်ကုတ်လေးနဲ့ သူ့ဟာသူတနေရာမှာထွက်နေတတ်တဲ့သူ....စကားနည်းသလောက် စကားချိုတဲ့သူ....ပြောပြရမယ်ဆိုရင်တော့အများကြီးပဲ..စာရှည်မှာစိုးလို့ အကြမ်းလောက်ပဲ ပြောပြတာ...

စကားပြန်ချုပ်ရမယ်ဆိုရင် ဦးထင်ကျော်ဟာ ကျနော်တို့ပြည်သူတွေအတွက်တကယ်လေးစား ယုံကြည် အားကိုးထိုက်တဲ့သူပါ...ကျနော်တို့လက်သန်းလေးတွေ မှင်ပေရကျိုး နပ်ပါတယ်ဗျာ

ဖခင်ဖြစ်သူ ဆရာကြီးမင်းသုဝဏ်ရဲ့ဆန္ဒတွေကို သားဖြစ်သူ ဦးထင်ကျော်က အကောင်ထည်ဖော်ခွင့်ရလေပြီ***
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဆရာကြီးမင်းသုဝဏ် ဟာ ၁၉၉၀ ရွေးကောက်ပွဲ မှာ ကမာရွတ် မဲဆန္ဒနယ်ရဲ့ NLD ရွေးချယ်ခံအမတ်ဖြစ်ပါတယ်
သူဟာ ၁၉၃၅ မှာ ရန်ကုန်တက္ကသိုလ်ကနေ Burmese Literature နဲ့ Master ဘွဲ့ရပြီး ၁၉၃၉ မှာ Oxford University ကနေ Literature Degree ဘွဲ့ရခဲ့ပါတယ်

" မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်....."

" မောင်လေးရေ ထပါတော့
ရောင်နီလာလှပေါ့
တစ်ကြော့ နှစ်ကြော့တေးကိုသီ
ငှက်ကျားနုတ်ပလီ…."

" ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်...."

" ၀ါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်..."

ပြီးရင်ပြောပြရအုံးမယ်
ဒါဒို့နိင်ငံသမ္မတကြီး (to-be-soon) ရဲ့ အဖေ စပ်သွားတာဆိုတာကိုပေါ့
၁၉၉၀အထွေထွေရွေးကောက်ပွဲကြီးမှာ
ဆရာကြီးမင်းသုဝဏ်က NLDကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမယ်ဆိုတော့ လူတော်တော်များများဝိုင်းတားခဲ့ကြတယ်တဲ့…

အမျိုးသားစာဆိုကြီးဆိုတဲ့ဂုဏ်ပုဒ်ကို မထိခိုက်စေချင်တာရယ် စစ်တပ်ကိုမယုံကြည်ကြတာရယ် ကြောင့်ပါ…

အဲဒီအချိန်မှာ ဆရာကြီးမင်းသုဝဏ်က ဘယ်လိုပြောခဲ့သလဲဆိုတော့
‪#‎အောင်ဆန်းအပေါ်မကျေခဲ့တဲ့အကြွေးကို‬ ‪#‎သူ့သမီးလေးကိုဆပ်ရမယ်‬ *** လို့ပြောခဲ့ပါတယ်…

အခုတော့
ဆရာကြီးမင်းသုဝဏ်ရဲ့ဗိုလ်ချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူအပေါ်
ပေးဆပ်ချင်ခဲ့တဲ့ဆန္ဒတွေကို သားဖြစ်သူဦးထင်ကျော်က ဆက်လက်အကောင်ထည်ဖော် ပေးဆပ်ခွင့်ကြုံပြီဟု ဆိုနိုင်ပေပြီ…
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဦးထင်ကျော်

၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ်

၁၉၆၆-၆၇ စီးပွားရေးပညာဘွဲ့၊ B.Eco

၁၉၆၈ M.Eco

(part 2- တက်ရောက်စဉ် တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)

၁၉၇၀ University of Computer Centre သို့ ပြောင်းရွှေ့ပညာသင်

(Programmer / Analyst)

၁၉၇၄-၇၅ M.Sc., Computer Science (RASU)

၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုပ်ငန်း)

၁၉၈၀-၁၉၉၂ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)

၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်

၁၉၇၁-၇၂ Institute of Computer Science, University of London

၁၉၇၄ Asia Electronic Union, Tokyo

၁၉၈၇ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့

till now Daw Khin Kyi Foundation တွင် စတင်တည်ထောင်စဉ်မှ ယနေ့အထိ

Executive Committee Member, အလုပ်အမှုဆောင် အဖြစ် တာဝန်ယူ

ဆောင်ရွက်လျက်ရှိ

အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Hset Paing Toe/RFA
၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဦးညီညီလွင်ဟာ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ခဲ့ကြောင်း အထောက်ထားမပြနိုင်ပဲ တရားလိုက စွပ်စွဲတာဖြစ်တယ်လို့ ဦးညီညီလွင်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"တရားလိုက နှုတ်နဲ့စွပ်စွဲတာ စာရွက်စာတမ်း အထောက်အထားမရှိဘူး၊ အဲ့ဒီတော့ နှုတ်နဲ့စွပ်စွဲတဲ့ဥစ္စာကို ကျနော်တို့က နှုတ်နဲ့ရှင်းရတဲ့သဘော၊ ၂ဝ၁၃ ခုနှစ်ကစပြီးတော့ ထိုင်းနိုင်ငံမှာ ဆေးသွားကုတယ်၊ ပြန်ဝင် လာတဲ့အခါမှာ တရားမဝင်မဟုတ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့လို့ ကျနော်တို့ဘက်ကနေ တင်ပြထားတဲ့ အချက်အလက်တွေအရက ၂ဝ၁၅ တုန်းကလည်း တရားဝင် ဝင်တယ်၊ အထောက်အထားတွေနဲ့ တင်ပြထား တယ်၊ သူတို့စွဲသလို မဟုတ်ဘူးဆိုတာတော့ ထင်ရှားတယ်"

ဦးညီညီလွင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံပေးဖို့ ၂ ကြိမ် လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဦးညီညီလွင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မဟာအောင်မြေမြို့နယ် ပါဝါဟိုတယ်မှာ တည်းခိုနေစဉ် ဖမ်းဆီးပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ဦးဂမ္ဘီရ အခုလက်ရှိ ဦးညီညီလွင်ဟာ ဦးဆောင်သံဃာတစ်ပါး အဖြစ် ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ရာက ၂ဝ၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပြီး သြစတေးလျနိုင်ငံသူနဲ့ အိမ်ထောင်ကျနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

[youtube src="OVaDhgAEwdQ"/]
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော်ကို မတ်လ ၁ဝရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။
Kamayut Media

[youtube src="fGW6ns7w_I4"/]
အားလုံးခန့်မှန်းထားသလို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘဲ မတ်လ ၁ဝ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာတော့ ဒုတိယသမ္မတလောင်း အမည်စာရင်းကို တင်သွင်းခဲ့ပါတယ်။
Kamayut Media

[youtube src="MSXpVWF05Zs"/]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတအဖြစ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ထားတဲ့သူကတော့ အမျိုးသားစာဆိုကြီး ဆရာကြီး မင်းသုဝဏ်ရဲ့ ဒုတိယမြောက်သားဖြစ်သူ ဦးထင်ကျော်ဖြစ်ပါတယ်။
Kamayut Media


(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို မတ်လ ၁၀ရက်တွင် အဆိုပြုလိုက်ပြီဖြစ်သည်။ NLDပါတီ အမျိုးသားလွှတ်တော်အမတ် ဦးဟင်နရီဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း (၂၀)ကြာ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံရသည့်အပေါ် စိတ်ခံစားချက်၊ ဒုတိယသမ္မတတစ်ဦးဖြစ်လာပါက လုပ်ဆောင်လိုသည့်အကြောင်းအရာများစသည်တို့ကို မတ်လ ၁၀ရက်၊ နေ့လည်ပိုင်းတွင် မဇ္ဈိမအပါအဝင် မီဒီယာအချို့က စည်ပင်ဧည့်ရိပ်သာတွင် သွားရောက်တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ဒုသမ္မတရာထူး စာရင်းသွင်းမယ်ဆိုတာ ဘယ်ရက်ကတည်းက စ သိတာလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ လေး၊ ငါးရက် လောက်က စသိပါတယ်။ အတိအကျတော့ မပြောတော့ဘူး။ (ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ )

မေး။ ။ ဒီလိုသိတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အဲ့အချိန်မှာ ကျနော်တကယ် အံ့သြမိတယ်။ ကျနော့်မှာ အဲ့လောက်ထိ မျှော်မှန်းရည်ရွယ်ထားတာ မရှိပါဘူး။ ရိုးရိုးသာမန်အမတ်အဆင့်နဲ့ပဲ ဒီမှာလာပြီး ကိုယ့်ဒေသအတွက်ပေါ့နော်။ ဒီမှာလာပြီး ပြည်သူလူထုကိုယ်စားပေါ့ ဒီမှာလာပြီး ပြောပေးမယ်ပေါ့။ ကျနော့်ကိုခေါ်ပြီး ဆန္ဒသဘောထားလေး မေးမြန်းကြည့်တဲ့အခါမှာ ကျနော် မထင်မှတ်တဲ့ very excited (အရမ်းစိတ်လှုပ်ရှား) ဖြစ်သွားတာပေါ့။

မေး။ ။ မိသားစုရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော့် မိသားစုက ဒီလိုတာဝန်နဲ့ ပတ်သက်ပြီးတော့ ကျနော် အမတ် စ ဖြစ်လာကတည်းက အများကြီး ဂုဏ်ယူပါတယ်။ အားလည်း ပေးပါတယ်။ ဘာပဲ ပြောပြောပေါ့နော် ကိုယ့်ဒေသအတွက်၊ ကျနော်တို့ ချင်းပြည်နယ်က အင်မတန်မှကို သူများ တခြား တိုင်းနဲ့ပြည်နယ်ထက် နောက်ကျတာပေါ့။ ကိုယ့်ဒေသအတွက် တတ်စွမ်းသမျှ ပါဝင်ခွင့်ရမှာဆိုတော့ (သူတို့) ဂုဏ်ယူကြတာပေါ့။ အားလည်းပေးကြတယ်။ ဝမ်းလည်း သာပါတယ်။

မေး။ ။ ဦးဟင်နရီရဲ့ ကိုယ်ရေးအကျဉ်းကို ပြောပြပါလား။
ဖြေ။ ။ ကျနော် အရင်က တပ်ထဲမှာ နှစ်နှစ်ဆယ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗိုလ်မှုးအဆင့်ထိ တာဝန်ထမ်းဆောင်တယ်။ ပြီးတော့မှ အမှတ် (၁) စစ်မှုဝန်ကြီးဌာနကို ကျနော် ညွှန်ကြားရေးမှုးအဆင့်နဲ့ ပြောင်းတယ်။ မန္တလေးမှာ ကျနော် ဗာဂျီးနီးယား စက်မှုလုပ်ငန်းလုပ်တယ်။ ပြီးတော့ ရန်ကုန်ရုံးချုပ်မှာ ဒါရိုက်တာ တစ်နှစ်လုပ်တယ်။ ပြီးတော့ ဘီးလင်းအရက်ချက်စက်ရုံမှာ သုံးနှစ်လုပ်တယ်။ စက်မှု (၁) မှာ ကိုးနှစ်၊ တပ်ထဲမှာ နှစ်နှစ်ဆယ်လောက် တာဝန် ထမ်းဆောင်ခဲ့တယ်။

မေး။ ။ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ယုံကြည်ချက် ရှိသလား။
ဖြေ။ ။ ကျနော့်မှာ ယုံကြည်ချက်ရှိပါတယ်။ ယုံကြည်ချက်က တာဝန်တစ်ခု ပေးအပ်လာတဲ့အခါမှာ အဲ့တာဝန်ကိုအကောင်းဆုံး ကြိုးစားပြီး အကောင်အထည်ဖေါ်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။

မေး။ ။ တိုင်းရင်းသားတွေ အများကြီးထဲက ချင်း တိုင်းရင်းသားဖြစ်တဲ့ ဦးဟင်နရီကိုမှ ရွေးချယ်တဲ့အတွက် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအားလုံးပါပဲ။ ကျနော်တို့ ချင်း ချည်းပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူလုံးဝရှုမထားဘူး။ အတတ်နိုင်ဆုံးလက်တွဲခေါ်ပြီးတော့ တိုင်းပြည်မှာ ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ကြမယ်ဆိုတဲ့ အနေအထားမျိုးပေါ့နော်။ အန်တီဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်ထားတယ် ဆိုတာမျိုးပေါ့ ကျနော်အဲ့လိုပဲ ခံယူထားတယ်။

မေး။ ။ ဖွဲ့စည်းပုံအရဆိုရင် ဒုသမ္မတတွေရဲ့ လုပ်ပိုင်ခွင့်က ပြောပလောက်အောင် မရှိဘူးပေါ့။ ဦးဟင်နရီအနေနဲ့ ဘယ်အတိုင်းအတာထိ လုပ်နိုင်မယ် ထင်ပါသလဲ။
ဖြေ။ ။ ဘယ်လောက်အတိုင်းအတာထိလဲ ဆိုရင် လက်တွေ့ လုပ်ကြည့်မှပဲ သိရမယ်ဗျ။ မလုပ်သေးခင်တော့ မလုပ်ဖူးသေးဘူး ဆိုတော့ ကျနော် ဘယ်လိုမှ ပြောလို့ မရသေးဘူး။ လုပ်နေရင်းနဲ့ပဲ အတိုင်းအတာဆိုတာ ပေါ်မှာပေါ့။

မေး။ ။ ကိုယ်တိုင်က တိုင်းရင်းသားတစ်ယောက်ဖြစ်နေတော့ တိုင်းရင်းသားအရေးအပါအဝင် ဘာတွေလုပ်ချင်တာ ရှိလဲ။
ဖြေ။ ။ အဓိကကတော့ တိုင်းရင်းသားဒေသတော်တော်များများမှာ ငြိမ်းချမ်းရေးမရှိဘူး။ အဲ့ဒီ ငြိမ်းချမ်းရေးပေါ့နော်။ အေးချမ်းတည်ငြိမ်ရေးကို ကျွန်တော်ဖြစ်စေချင်တယ်။ အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးဟာ ချင်းပြည်နယ်မှာ အင်မတန်မှ အခက်အခဲဖြစ်ပါတယ်။ အဲ့ဒီဟာက အဓိကဖြစ်နေတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။

မေး။ ။ ငြိမ်းချမ်းရေးကိစ္စကို ပြောသွားတယ်ပေါ့လေ။ ဒါနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့လောက်ပဲ NCAကို လက်မှတ်ထိုးတယ်။ တခြားအဖွဲ့တွေ ဘာကြောင့်မထိုးဘူးလို့ ထင်လဲ။
ဖြေ။ ။ အဲ့ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်က သုံးသပ်ချက်ပေးလိုက်မယ်ဆိုရင် သိပ်တော့ မကောင်းဘူး ထင်တယ်။

မေး။ ။ NLDအစိုးရလက်ထက်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်မှုရှိလား။
ဖြေ။ ။ ကျွန်တော်ယုံကြည်မှုရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ပါတီဥက္ကဌနဲ့ ပါတီမူဝါဒက ငြိမ်းချမ်းရေးကို အဓိကကြိုးစားပြီးလုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်လည်း ရှိပါတယ်။ ဒီဥစ္စာကို ဦးစားပေးလုပ်လိုက်မယ်ဆိုလို့ရှိရင် အခုအခင်းအကျင်းကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့တိုင်းရင်းသားတွေကို တော်တော်လေးကို အဓိကနေရာတာဝန်ပေးတာတွေ့တဲ့အခါမှာ ဒါဟာ တစ်ဖက်ကကြည့်မယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဖြစ်သလိုပဲ၊ အမျိုးသားရင်ကြားစေ့ရေးအတွက်လို့ပဲ ကျွန်တော်မှတ်ယူပါတယ် ခင်ဗျ…။

Mizzima - News in Burmese



အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သမ္မတလောင်း နှစ်ဦးရဲ့ အမည်စာရင်းကို လွှတ်တော် အသီးသီးမှာ တင်သွင်းလိုက်ပြီ ဖြစ်ပြီး ပြည်သူ့ဆန္ဒ အပြည့်အ၀ အကောင်အထည် ဖော်နိုင်တဲ့ အထိ ဆက်ပြီး ကြိုးစားသွားမယ်လို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေရဲ့ အကန့်အသတ်ကြောင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် မရှိတဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ အတွက် ပါတီ ကိုယ်စားလှယ်တွေကတော့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာတဲ့ အပေါ် ပါတီတွင်း သဘောထား ဘယ်လို ရှိနေပါသလဲ - မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတသစ်နဲ့ ဒုတိယ သမ္မတသစ်တွေ ရွေးချယ်ရေး လုပ်ငန်းစဉ်ကို လွှတ်တော်မှာ စတင်တဲ့ နေ့မှာဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်းထီးယူ တို့ကို သမ္မတလောင်းတွေ အဖြစ် အမည်စာရင်း တင်သွင်းလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်က လတ်တလောမှာ အခွင့်အလမ်း မရှိ ဖြစ်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ဒေါ်စု
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ ဒေါ်စု

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ရေး ဆက်လက်ကြိုးပမ်း သွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနိုင်ငံမှာ မွေးတယ်၊ ဒီနိုင်ငံသူ ဖြစ်တယ်။ အာဇာနည် ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးဖြစ်တယ်။ ဘာဖြစ်လို့ သူက သမ္မတ မဖြစ်ထိုက်ရမှာလဲ။ အဲဒီတော့ ဒီဥပဒေတွေက ဒီလို ပုဂ္ဂိုလ် တဦး တယောက်ကို ကန့်သတ်ထားတာကိုတော့ ကျနော်တို့က ဖယ်ရှားနိုင်ဖို့ ကျနော်တို့က ဒုတိယ အဆင့်အနေနဲ့တော့ ပြည်သူ့ထောက်ခံမှုနဲ့ အတူတူ ကြိုးစားရမှာပါ။"
ဒေါ်စု လွှတ်တော်သစ် ဖွင့်ပွဲ တက်ရောက်ခဲ့စဉ်က။
ဒေါ်စု လွှတ်တော်သစ် ဖွင့်ပွဲ တက်ရောက်ခဲ့စဉ်က။

NLD ပါတီက သမ္မတလောင်းတွေ ရွေးချယ်တာမှာတော့ ဦးထင်ကျော် ဟာ ပြည်တွင်းပြည်ပက လေးစားတဲ့ ပုဂ္ဂိုလ်၊ နောက် သစ္စာရှိ စည်းကမ်းလိုက်နာမှုတွေနဲ့ ရွေးချယ်တာ ဖြစ်ပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ ကိုတော့ တိုင်းရင်းသားများ တန်းတူညီမျှရေး အတွက် ရွေးချယ်တာ ဖြစ်တယ် လို့လည်း ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

ပါတီက တင်မြှောက်တဲ့ သမ္မတလောင်းတွေ အတွက် ၀မ်းသာ ဂုဏ်ယူကြပေမယ့် ပါတီခေါင်းဆောင် သမ္မတ ဖြစ်မလာတဲ့ အပေါ်မှာတော့ စိတ်မကောင်းဖြစ်ကြသူတွေ ရှိပါတယ်။ NLD အမတ် ဦးတင်ဌေးအောင်ကတော့ အခုလို ပြောပါတယ်။

"စိတ်ဆိုးတာ ဒေါသထွက်တာတော့ မရှိပါဘူး။ စိတ်မကောင်းတာပါ။ နိုင်ငံ အတွက် ပြည်သူတွေ အတွက် ၀မ်းနည်း တာပါ။ အဲဒါတော့ ခံစားရပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာခဲ့သည့်တိုင် နိုင်ငံကို တနည်းတဖုံနဲ့ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်လို့လည်း NLD အမတ် ဦးပိုက်ကိုက မျှော်လင့်ထားပါတယ်။

"နိုင်ငံရေး ဆိုတာ စိတ်ရှည်ရမယ်။ သည်းခံရမှာ ဖြစ်တဲ့ အတွက် ဒီအပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း အပေါ်မှာ စိတ်ဆိုးတာ မရှိပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လည်း သိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူက သမ္မတ မဖြစ်ပေမယ်လို့ တိုင်းပြည်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်ကနေ တဆင့်ဘဲ ဖြစ်ဖြစ် နေရာ တခုခု ကနေ သူ ဦးဆောင် သွားမှာပါ။"

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမျိုးအောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာအောင် ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

"ဒီဟာကတော့ ပြည်သူ တရပ်လုံးနဲ့ ထပ်တူ ထပ်မျှဘဲလေ။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပါတီရဲ့ ပြည်သူ့ခေါင်းဆောင် အခုလောလောဆယ်တော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် ဒါကတော့ မဖြစ် ဖြစ်အောင်တော့ ဆရာတို့ ကြိုးစားရမှာပေါ့။ တာဝန်ခံပေးတာပေါ့နော်။"

သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို လွှတ်တော်မှာ စတင်ချိန်မှာဘဲ ဒီလုပ်ငန်းစဉ်ဟာ ပါတီကို ထောက်ခံခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မျှော်မှန်းချက် ဆန္ဒတွေကို ဖော်ဆောင်ပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းအစ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုသို့ ပန်ကြားချက်မှာ ပြောဆိုပြီး ပြည်သူအားလုံးက ၀န်းရံထောက်ခံပေး ဖို့ မေတ္တာရပ်ခံထားပါတယ်။

အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမည်စာရင်း တင်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အများစု အနိုင်ရသူက သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး ဒုတိယနဲ့ တတိယ မဲ အများဆုံး ရရှိသူတွေက ဒုတိယ သမ္မတ (၁) နဲ့ ဒုတိယ သမ္မတ (၂) တို့ ဖြစ်လာကြမှာပါ။

လွှတ်တော်တွင်းမှာ NLD ပါတီက လွှတ်တော်တွင်း အများစု အနိုင်ရထားတယ်ဆိုပေမယ့် ပြည်ထောင်စု လွှတ်တော်တွင်းက ရွေးကောက်ခံ အရပ်သား လွှတ်တော် အမတ် စုစုပေါင်း (၄၉၁) ဦးမှာ NLD အမတ် အရေအတွက်က ( ၃၉၀) သာ ရှိနေတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သား လွှတ်တော်အမတ်စုစုပေါင်းက လွှတ်တော် ၂ ရပ်မှာ စုစုပေါင်း ( ၁၆၆ ) ဦးရှိနေတာဖြစ်ပါတယ်။

မသိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/mps-reacts-on-nomnation-/3228955.html


students-1year-anniversary-620.jpg
ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသအဖွဲ့က ကျင်းပစဉ်
Photo:Kyaw Zaw Win/RFA
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားကို သပိတ်စစ်ကြောင်းဖွင့်ခဲ့တဲ့ လက်ပံတန်းမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်-ဗကသ အဖွဲ့က ကျင်းပခဲ့ပါတယ်။

ဒီနေ့ လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဗကသ ကျောင်းသူ မပိုပိုက ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ပြောပါတယ်။

"ကျောင်းသားတွေ သာယာဝတီထောင်ထဲမှာနေရတာဆိုရင် ၁ နှစ်ပြည့်ပြီ၊ အင်းစိန်ထောင်မှာရောပေါ့နော်၊ ကျမတို့က အများကြီးမပြောချင်ဘူး မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပဲ ပြောချင်တယ်၊ နောက်တစ်ခုက ကျမတို့တောင်းဆိုထားတဲ့ ၁၁ ချက်ကို လုပ်ဆောင်ပေးဖို့လည်း ပြော ချင်တယ်၊ နောက်တစ်ခုက နောက်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ကျမတို့ရဲ့ တောင်းဆိုချက်တွေ ကို လိုက်လျောပေးဖို့ မျှော်လင့်တယ်ပေါ့နော်၊ ဒီမှာ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"

တစ်နှစ်ပြည့်အခမ်းအနားကို သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ဗကသ ကျောင်းသား ကျောင်းသူတွေ၊ ဖမ်းခံထား ရသူတွေရဲ့ မိဘတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၂ဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရစဉ်က ကျန်ရှိခဲ့တဲ့ အဝတ်အစား၊ အသုံးဆောင်ပစ္စည်းတွေကို ပြသထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းဟာ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်ပေးဖို့ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ခဲ့ရာ လက်ပံတန်းကို ရောက်စဉ်မှာ ရန်ကုန်ကို ဆက်လက်ချီတက်ခွင့်ပြုဖို့ ပဲခူးတိုင်း အစိုးရနဲ့ ဆွေးနွေးခဲ့ပေမယ့် မပြေလည်ပဲ ကျောင်းသား ကျောင်းသူတွေက အဲ့ဒီမြို့မှာ သပိတ်စခန်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

မတ်လ ၁ဝ ရက်နေ့မှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းလိုက်ပြီး သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ တစ်ရာကျော်ကို ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

လက်ရှိ သာယာဝတီ အကျဉ်းထောင်မှာ ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံထားရ ပါတယ်။ အလားတူ တစ်နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။

RFA

lpt-protest-jan-620.jpg
ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူတွေ သီးနှံလျော်ကြေးရရှိဖို့ တောင်းဆို ဆန္ဒပြစဉ်
ဓါတ်ပုံ - ဒေသခံတစ်ဦး
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့ တောင်သူ ၆၅ ဦးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးနဲ့ သီးနှံလျော်ကြေးကိစ္စ တွေ့ဆုံဆွေးနွေးစဉ်မှာ အမှုဖွင့်ထားကြောင်း အသိပေးတာဖြစ်တယ်လို့ တုံရွာက ဒေသခံ ဦးအောင်ကြီးက ပြောပါတယ်။

"တရားဝင်စာပို့ လှမ်းအကြောင်းကြားတာမရှိဘူး၊ ဒီပုဒ်မ ၁၈ ကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်လုံး တရားစွဲဆိုထားတဲ့ ဒေသခံအပါအဝင် အကုန်လုံးကို ဆင့်ခေါ်စာလည်းမရောက်ဘူး၊ တရားစွဲဆိုတဲ့ တရားဝင်စာလည်းမရောက်ဘူး၊ တရားစွဲဆိုခံရတယ်ဆိုတာကိုတော့ လက်ရှိ နယ်လုံဝန်ကြီး ဦးကျော်သန်းနိုင်ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ရယ် အပါအဝင်ပေါ့၊ ဝမ်ပေါင် ဦးပိုင်နဲ့ ဒေသခံတွေ ဆက်ဆံရေးရုံးမှာ သီးနှံလျော်ကြေးကိစ္စကို ညှိနှိုင်းတုန်းက သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောတာပါ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ပြီးခဲ့တဲ့နှစ်က ပျက်ကွက်ထားတာကြောင့် ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တုံရွာမက ဒေါ်အမာချို၊ တုံအလယ်တောက ဒေါ်စန္ဒာ၊ မိုးကြိုးပြင်အလယ်ရွာက ဦးဝင်းကျော် အပါအဝင် တောင်သူ ၆၅ ဦးကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲမှာ တုံရွာ၊ မိုးကြိုပြင်၊ ဖောင်းတကာ စတဲ့ကျေးရွာက ဒေသခံတွေပါဝင်တယ်လို့ ပြောပါတယ်။

RFA


henry-van-thio-620.jpg
အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်းတစ်ဦးအဖြစ် အဆိုပြုခံရတဲ့ ဦးဟင်နရီ ဗန်ထီးယူကို မတ်လ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo:Win Ko Ko Latt/RFA
အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်းတစ်ဦးအဖြစ် အဆိုပြုခံရတဲ့ ဦးဟင်နရီ ဗန်ထီးယူက ချင်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူကြောင်းနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့အစည်းအဝေးအပြီးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော့်ခံစားချက်နဲ့ပြောမယ်ဆိုရင် ကျနော် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတော်အတွက် အဆင့်အမြင့်ဆုံး တာဝန်ပေးအပ်ခြင်းခံရတဲ့အတွက်ကြောင့် ကျနော်အနေနဲ့ ချင်းတိုင်းရင်းသားများကိုယ်စား အများကြီးဂုဏ်ယူပါတယ်၊ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ပါတယ်၊ လွှတ်တော်ရဲ့ အခင်းအကျင်းကိုပဲပြောပြောပေါ့နော် အခု ကျနော်ကို ဒီတာဝန်ပေးအပ်တာနဲ့ပတ်သက် ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်၊ ဒါကြောင့်လည်း ကျနော်တို့ ရှေ့လျှောက်နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပြီးတော့ ကြိုးစားပြီး ဆောင်ရွက်ပါမယ်ဆိုတာ ကျနော်ပြောချင်ပါတယ်"

ဦးဟင်နရီဗန်ထီးယူဟာ တပ်မတော်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး စက်ရုံ- ၁ မှာ အစိုးရ၀န်ထမ်း အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူဟာ အသက် ၅၈နှစ် ရှိပြီး လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ အန်အယ်လ်ဒီပါတီဝင် ဖြစ်လာပြီး၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်ကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) မှာ ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/henryventhio-vice-president-03102016094328.html

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ မတ်လ ၁ဝ ရက်နေ့ က တွေ့ဆုံစဉ်။ Photo:Win Ko Ko Latt/RFA
လွှတ်တော်မှာ ဒီနေ့ စတင်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ်တွေဟာ မဲဆန္ဒရှင်တွေ ရဲ့ မျှော်မှန်းချက်နဲ့ လိုလားတောင့်တချက်တွေကို ဖော်ဆောင်ရေးရဲ့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒတွေကို အပြည့်အဝေ အကောင်အထည် မဖော်နိုင်မီ ကာလအတွင်း တည်ငြိမ်အေးချမ်းစွာနဲ့ လိုရာပန်းတိုင်ရောက်ရှိရေးအတွက် အားလုံးက ဥာဏ်ပညာ အမြော်အမြင်နဲ့ ဝန်းရံထောက်ခံပေးဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သန္နိဌာန်ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို အန်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီတို့က တင်သွင်းခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ကလည်း ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံရသူ ၄ ဦးကို ဂုဏ်ပြုကြောင်း သူ့ရဲ့အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုတင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ၂ ဦးကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပါတီအပေါ် သစ္စာရှိမှုနဲ့ တိုင်းပြည်အပေါ် အလုပ်အကျွေးပြုနိုင်မှု စတဲ့ မူ ၄ချက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ  လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီနေ့ လွှတ်တော် ၂ ရပ်မှာ ဒုသမ္မတလောင်းတွေ ရွေးချယ်အပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ အန်အယ်လ်ဒီကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့တာဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကျန်းမာရေးဂရုစိုက်ကြဖို့ လွှတ်တော်အစည်းအဝေးတွေကိုလည်း မပျက်မကွက် တက်ရောက်ကြဖို့လည်း မှာကြားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင်က ပြော ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တွင် ဒုတိယသမ္မတ အမည်စာရင်းများတင်သွင်းပြီး ညနေ ပိုင်းတွင် စည်ပင်ဧည့်ရိပ်သာ၌ ဒီချုပ်ရွေးချယ်ခံကိုယ်စားလှယ်များနှင့် နာရီဝက်ကြာ တွေ့ဆုံခဲ့သည်။

"ကျွန်တော်တို့ခေါင်းဆောင် လွတ်လွတ်လပ်လပ် ပေါ့ပါ့ပါးပါး ရယ်မောပျော်ရွှင်နေတာ မကြုံဖူး သလောက်ပဲ။ ဒီကနေ့တော့ သူမကတောင် အရွှန်းလေးတွေဖောက်လို့ ကိုယ်တိုင်လည်း လှိုက်လှိုက်လှဲလှဲ ရယ်မောလို့။ ရှေ့ခရီးမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဆီးကြိုနှင့်တယ်ဆိုပေမယ့် ခေါင်းဆောင်ရဲ့ ဒီကနေ့ လွတ်လပ်ပေါ့ပါးရယ်မောနေမှုက ကျွန်တော်တို့အတွက် ကြီးစွာသော အထောက်အပံ့နဲ့ ခွန်အားကိုဖြစ်စေပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ၄င်း၏ ဖေ့ဘုတ်လူမူကွန်ရက်စာမျက်နှာမှ ရေးသားမျှဝေခဲ့သည်။

“လွှတ်တော်ထဲ မဲပေးတဲ့နေရာမှာ အမှားအယွင်းမရှိအောင် မဲပေးကြဖို့၊ မဲပေးတဲ့ကိစ္စရပ်မျိုးဟာ နောက်မျိုးဆက် သစ်တွေ အတွက် အကောင်းဆုံး အရေးကြီးဆုံး လုပ်ငန်းတွေအတွက် ဆောင်ရွက်ရတယ်လို့ သဘောထားပြီး ဆောင်ရွက်ကြဖို့ မှာကြားခဲ့တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ယနေ့ ဒုတိယသမ္မတ ရွေးချယ်ခြင်းနှင့် မဲပေးခြင်းကိစ္စများကိုမူ အထူးညွန်ကြားထားခြင်း မရှိကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။
“ ပြည်သူတွေမဲကိုယူပြီး လွှတ်တော်ထဲမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးချယ်ခံကိုယ်စားလှယ်တွေ့ဆုံပွဲတွင် ကိုယ်စားလှယ် အားလုံးနီးပါးတက်ရောက်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်မည့် ရက်နေ့ မတိုင်မီအထိ အမတ်အားလုံး ခရီးမသွားကြရန် ၊ ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားခဲ့သည် ။ လွှတ်တော် အစည်းအဝေးများတွင် NLD အမတ်များအားလုံး ပင်နီ ၀တ်ဆင်ကြရန်လည်း အထူးအလေးထား တိုက်တွန်းသွားကြောင်း သိရှိရသည်။

ကိုပေါက်

ဓာတ်ပုံ - စောဖိုးခွား
The Ladies News Journal


မြန်မာနိုင်ငံမှာ လူစိတ်ဝင်အစားဆုံးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာလား၊ မဖြစ်ဘူးလား ဆိုသည့်ကိစ္စဖြစ်နေသည်။ ကိုယ်မဲထည့်ပေးလိုက်သော အဖွဲ့ချုပ်ပါတီက မည်သို့သော အပြောင်းအလဲများဖြင့် နိုင်ငံအား ၅ နှစ်အတွင်း အောက်ကျနောက်ကျ ဘဝကနေ ရှေ့တန်းရောက်အောင် ဆောင်ရွက်မလဲ၊ စစ်အာဏာရှင် လောင်းရိပ်အောက်က ရုန်းမထွက် နိုင်သေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်နည်း လမ်းအတွင်းကနေ ဘယ်လိုနည်းနဲ့ ပြင်ဆင်နိုင်မလဲ၊ အရှေ့က အစိုးရအသီးသီး၏ တာဝန်ယူမှု ကင်းမဲ့သော စာချုပ်စာတန်းများအား ဘယ်လိုပုံစံမျိုးဖြင့် ကိုင်တွယ်ဆောင်ရွက်မလဲ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ များကို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးနိုင်မလဲ စသောကိစ္စများကို စိတ်မဝင်စား နိုင်သည်အထိ သမ္မတပြသ၁နာက ရှေ့တန်းရောက်နေခြင်း အတော်ခွကျသော ကိစ္စဖြစ်နေသည်။

မြန်မာတွေ မင်းလောင်းမျှော်တတ်တာ ထူးဆန်းသော ကိစ္စမဟုတ်ပါ။ ဟိုးရှေးပဝေသဏီ ပဒေသရာဇ်ခေတ် ကတည်းကဖြစ်သည်။ ကိုလိုနီခေတ်တုန်းက အင်္ဂလိပ်အစိုးရကို ရရာလက်နက်ဖြင့် တော်လှန်သူပုန်ထစစဉ်ကပင် ကျေးလက်နေ ပြည်သူအပေါင်းကို ဆွဲဆောင်နိုင်ဖို့ ဆရာစံ (ခေါ်) ဦးစံရှား ကိုယ်တိုင် မင်းလောင်းအဖြစ်ကနေ ရှင်ဘုရင်အဖြစ် ဗိုလ်ဝင်ခံရခြင်းက ထင်ရှားသော သက်သေတစ်ခုအဖြစ် မှတ်တမ်း တင်ကျန်ရစ်သည်။ မင်းလောင်း အရှိန်အဝါဖြင့် တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်မည်ဟု ရိုးသားသော ပြည် သူအပေါင်းက ထင်ကြသည်ကို အပြစ်မမြင်ပါ။

သို့သော် အထက်ပါ အဖြစ်အပျက်များ၏ နောက်ဆက်တွဲရလဒ်များကို သင်ခန်းစာယူဖို့ ကောင်းသည်။ စနစ်တကျ ပြင်ဆင်ခြင်းမရှိဘဲ တိုင်းပြည်တစ်ခုကို အလျင်အမြန်ထူထောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ စစ်ရေးအရသာ နိုင်ငံအသစ်ကို ဓားမိုးပြီး အုပ်ချုပ်နိုင်မည်။ နိုင်ငံတော် တိုးတက်အောင်နှင့် ရေရှည် တည်တံ့အောင် ဆောင်ရွက်ဖို့အတွက် ရှင်ဘုရင်တစ်ပါးတည်း ဆောင်ရွက်ဖို့ဆိုတာ လွယ်ကူသော ကိစ္စမဟုတ်တာ သေချာပါသည်။ ရှေးခေတ်တုန်းကတော့ လက်ရုံးရည်နှင့် နှလုံးရည် အလုံးစုံမှသာ အောင်မြင်နိုင်သည်ဟု ပညာရှိအပေါင်းက ရေးသားခဲ့ကြသည်။

သက်ဦးဆံပိုင် ရှင်ဘုရင်ခေတ်ဆိုတော့ မင်းအကြိုက် လိုက်ရတာကများသည်။ နဘေးနားက မှူးမတ်များကောင်းဖို့ ပြည်သူတွေ အလုပ်လုပ်ဖို့ ဆိုတာတွေကို ကျမ်းဂန်တွေထဲ ထည့်မရေးရဲ။ မတော်ရင် အသက်ပါ ပါသွားနိုင်သည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်သော စာအများစုသည် မင်းလောင်းဟု ခေါ်ဆိုနိုင်သည့် ဘုရင့်သားတော်များကိုသာ သီးသန့် သင်ကြားပေးသော ဘာသာရပ် ဖြစ်သည်။

ရှေးခေတ် မင်းလောင်းအများစုမှာ ရုတ်တရက် မိုးပေါ်က ကျလာသည်ထက် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားခြင်း ခံရသူတွေ ပိုများသည်။ ဒီလိုဆိုတော့လည်း အလကားနေရင်း မင်းလောင်းအဖြစ် စိတ်ကူးယဉ်နေမည့်အစား မင်းကျင့်တရား နှင့် မင်းတို့တတ်အပ်သော ပညာရပ်အပေါင်းကို ကြိုတင်လေ့လာထားဖို့က ပိုအရေးကြီးနေတော့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် သမ္မတ ၄ ဦး အဆင့်ဆင့်ပြောင်းလဲ အုပ်ချုပ်ခဲ့သော်လည်း သမ္မတကြီး ဦနေဝင်းသာ အာဏာအရှိဆုံးဟု မှတ်ယူကြသည်။ ကျန်သမ္မတအသီးသီး က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ လောင်းရိပ်အောက်တွင်သာ ရုပ်ပြသမ္မတအဖြစ် တာဝန်ယူခဲ့ကြကြောင်း စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြောင့် မြန်မာနိုင်ငံ ဆင်းရဲမွဲတေသွားခြင်းနှင့် လူထု အုံကြွမှုများကို အကြိမ်ကြိမ် အကြမ်းဖက် နှိမ်နင်းခြင်းတိုင်းအတွက် ဦးနေဝင်းတွင်သာ တာဝန်ရှိသည်ဟု ထင်မြင်ကြသည်။ မည်သူကမှ ရုပ်သေးသမ္မတများအပေါ် ပြင်းပြင်းထန်ထန် စွပ်စွဲဝေဖန်ခြင်းမျိုး မရှိခဲ့။ ပြည်သူ အနည်းငယ်ကသာ ရှစ်လေးလုံး အရေးပေါ်ကာလတွင် သမ္မတဖြစ်လာသော ဗိုလ်မှူးချုပ်ဟောင်းဦးစိန်လွင် အပေါ် ရန်ကုန်မြို့အတွင်း ပစ်ခတ်မှုများအတွက် တာဝန်ရှိကြောင်း ဝေဖန်ခဲ့ကြသည်။

ဦးနေဝင်း၏ ရာထူးကိုဆက်ခံသော သမ္မတကြီးဦးစန်းယုသည် နိုင်ငံတော် အကြီးအကဲဟု မထင်မှတ်ရလောက်ပင် အေးဆေး ငြိမ်သက်စွာ ၁၉၈၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တာဝန်ယူသွားခဲ့သူ ဖြစ်သည်။ ယနေ့ခေတ် တပ်မတော်အရာရှိများ အမက်မောဆုံး ရာထူးဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဘဝမှ သမ္မတဖြစ်လာသူလည်း ဖြစ်သည်။ သူသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူဆဲမှာပင် တော်လှန်ရေးကောင်စီ အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၇၁ မှ ၁၉၇၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တစ်ပါတီ ဦးဆောင်သော ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်သည့် အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်သည်။

သမ္မတကြီးဦးစန်းယု လက်ထက်တွင် ဦးနေဝင်းသည် ပါတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ကောင်စီ နှင့်အစိုးရအဖွဲ့၏ အထက်တွင် ရှိနေခဲ့သည်။ သူ၏လက်ထက်တွင် နိုင်ငံတော်၏ အထွဋ်အထိပ် သမ္မတဖြစ် သော်ငြားလည်း အစိုးရထုတ်ပြည်သူ ပိုင်သတင်းစာများတွင် ပါတီဥက္ကဋ္ဌကြီး၏ နောက် ဒုတိယဦးစားပေး သတင်းအဖြစ်သာ ဖော်ပြခြင်းခံရသည်။

သူသမ္မတကြီးအဖြစ် တာဝန်ယူစဉ် ကာလအတွင်း ငွေစက္ကူများကို တရားမဝင်ကြေညာခြင်း၊ မောင်ဖုန်းမော် သေဆုံးသော စက်မှုတက္ကသိုလ် ကျောင်းသား အရေးအခင်း၊ ပြည်နှင့်တောင်ကြီးတွင် ဖြစ်ပွား သော လူမျိုးရေး ရုတ်ရင်းဆန်ခတ်မှုများအတွက် တာဝန်အရှိဆုံးသူ ဖြစ်ကြောင်း တစ်ခါမှ စွပ်စွဲပြစ်တင်ခြင်း မခံခဲ့ရသည်ကို ထူးဆန်းစွာ တွေ့ရသည်။ ပါတီဥက္ကဋ္ဌကြီးနှင့်အတူ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက် နုတ်ထွက်လွှာ တင်ပြီးနောက်ပိုင်း ကွယ်လွန်သည့် ၁၉၉၆ ခုနှစ်အထိ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်သွားခဲ့သူဖြစ်သည်။ ထို့ကြောင့်ပင် သူ့အားရုပ်သေး သမ္မတကြီးအဖြစ် အနောက်တိုင်း မီဒီယာတို့က ရေးသားခဲ့ကြခြင်းဖြစ်မည်။

ထို့အတူပင် နဝတနှင့် နအဖ စစ်ကောင်စီ အစိုးရများ လက်ထက်တွင် သမ္မတရာထူး မထားသော်လည်း အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ရာထူးကို စိတ်ချယုံကြည်ရသော ဗိုလ်ချုပ်ကြီးများအား ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ အသီးသီးဖြစ်ကြသည်။ ၎င်းဝန်ကြီးချုပ်များ ဦးဆောင်သော အချိန်များအတွင်း ဒီပဲရင်းလုပ်ကြံမှု၊ ကျောင်းသား အရေးအခင်း၊ နယ်စပ်တိုက်ပွဲ၊ သံဃာအရေးအခင်း၊ နာဂစ်မုန်တိုင်း နောက်ဆက်တွဲ ပြသ၁နာများအတွက် ဆိုးဝါးသော နှိပ်ကွပ်မှုများနှင့် လှစ်လျှူရှူ့ခံရခြင်းများ အတွက် အားလုံး၏ အပြစ်တင်ခြင်းကို ခံယူထိုက်ပါသည်။ သို့သော်လည်း အမှန်တကယ် အာဏာရှိသူ ဗိုလ်ချုပ်မှူးကြီးအပေါ်တွင်သာ စုပြုံမေတ္တာထားခဲ့ကြသည်။

ခိုင်းတာလုပ်ရသော ရုပ်သေးဝန်ကြီးချုပ်များအဖြစ် အသက်ရှူချောင်ကြတာကို တွေ့ရသည်။ ယခုထက်တိုင်လည်း အဆိုပါဝန်ကြီးချုပ်ဟောင်း တစ်ဦးက သတင်းသမားများ၏ မေးမြန်းမှုကို တာဝန်အရ လုပ်ရတာဖြစ်ကြောင်း မျက်နှာထိ မျက်နှာထားဖြင့် ပြန်ပြောနေဆဲဖြစ်သည်။ လူချစ်အောင် မနေတတ်သူဟုသာ ပြောစရာကျန်တော့သည်။

မိုဘိုင်းဖုန်းနှင့် အင်တာနက်ခေတ်တွင် မင်းလောင်း မျှော်စရာမလိုတော့ပါ။ ဘယ်သူတွေမှာ ဘယ်လို အရည်အချင်းတွေ ရှိနေသလဲဆိုတာ သတင်းမီဒီယာပေါင်းစုံ ပေါ်တက်လာသော အချက်အလက် တွေကိုကြည့်ပြီး သိရှိနိုင်တာ အမှန်ဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ခဲနက် ထောက်ခံမဲပေးခဲ့ကြသော မဲဆန္ဒရှင်ပြည်သူအပေါင်း၏ အဆုံးအဖြတ် မမှားနိုင်တာ သေချာသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အဖွဲ့ချုပ်ပါတီကိုပဲ လူကိုမကြည့် ပါတီကိုသာ ကြည့်ပြီး လွှတ်ထောက်ခံမဲတွေ ပေးခဲ့ကြခြင်းက သက်သေဖြစ်သည်။ သူမရှိနေသ၍ ဒီမိုကရေစီ မျှော်လင့်ချက်တွေ ရှင်သန်နေဦးမည်မှာ မလွဲပါ။ ဘယ်သူတွေ သမ္မတလောင်းဖြစ်ဖြစ် သူမ၏ ပြတ်သားသော ခေါင်းဆောင်မှုအောက်တွင်သာ တိုင်းပြည်မျက်နှာကို ကြည့်ပြီး အုပ်ချုပ်ရေးထိုင်ခုံတွင် ထိုင်ရမည်ဖြစ်သည်။

ရုပ်သေးသမ္မတလို့ အပြောမလွတ်လည်း ကိစ္စမရှိပါ။ ပြည်သူတွေအတွက် တစ်စက်ကလေးမျှ ထည့်မတွက်သော အာဏာရှင်ကြိုးဆွဲသည့် ရုပ်သေးသမ္မတတွေ အရှေ့မှာ အများကြီးရှိခဲ့ဖူးသည်။ ကောင်းတာလုပ်ရင် ပြည်သူတွေ ထာဝရမှတ်မိကြလိမ့်မည်။ ပြည်သူတွေ စိတ်ကြိုက်မလုပ်မိရင်လည်း ကိစ္စမရှိ။ ခိုင်းတဲ့အတိုင်း လုပ်ရရှာတာဟု ဖြေသိမ့်ပေးပါလိမ့်မည်။ ကြာတော့လည်း သူတို့ကို အပြစ်မမြင်ကြတော့။

မင်းလောင်းအတွက် စိတ်ဝင်စားနေသူများ သုံးသပ်နိုင်ဖို့ဖြစ်ပါသည်။ တကယ်တော့ ပြည်သူတွေဘက်မှာ အပြတ်ရပ်တည်ပေးမည်ဟု ကတိပြုထားသော ခေါင်းဆောင်တစ်ယောက် ရှိနေပြီးသား ဖြစ်သည်။ နောက်ထပ် လတ်တလော လိုနေသေးတာက တိုင်းပြည်အတွက် အလုပ်လုပ်ပေးမည့် ဝန်ထမ်း မင်းကောင်းများသာ ဖြစ်သည်။ ရုပ်သေးမကလို့ ရုပ်ပြသက်သက်ပင် ဖြစ်စေ တိုင်းပြည်အတွက် တကယ် လုပ်ပေးမည့်သူများသာ လိုသည်။

လှမျိုးထွန်း
The Ladies News Journal

၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက် မှ မတ်လ ၁၈ ရက်အတွင်း ကျင်းပမည့် သမ္မတရွေးချယ်တင်မြှောက်
ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယသမ္မတ သို့မဟုတ် သမ္မတလောင်းတစ်ဦးသည်
သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရန် ရာနှုန်းပြည့်နီးပါးသေချာနေပြီဖြစ်သည်။

ပိုအရေးကြီးသည်မှာ ဒုတိယသမ္မတ ရွေးကောက်တင်မြှောက်ခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုလွှတ်
တော်ကိုယ်စားလှယ်များသည် ဆန္ဒမဲလက်မှတ်ဖြင့်လျှို့ဝှက်ဆန္ဒမဲပေးကာ သမ္မတကို ရွေးကောက်တင်
မြှောက်ရမည်ဖြစ်သည်။ ဆန္ဒမဲလက်မှတ်တွင် ဒုတိယသမ္မတသုံးဦး သို့မဟုတ် သမ္မတလောင်းသုံးဦး
ကို အမည် အက္ခရာစဉ်အတိုင်း ရေးထားပြီး၊ သုံးဦးအနက် တစ်ဦးကိုသာ ထောက်ခံဆန္ဒမဲပေးရ
မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၅၇)ဦးအနက် တပ်မတော်သားကိုယ်စားလှယ်က (၁၆၆)
ဦး တင်းပြည့်ကျပ်ပြည့် ပါဝင်သည်။ ဒီချုပ်ကိုယ်စားလှယ်က (၃၉၀)ဦးရှိသည်။ တပ်မတော်သားလွှတ်
တော်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့်အခြားကိုယ်စားလှယ်များပေါင်းလျှင် ကိုယ်
စားလှယ်ဦးရေ (၂၁၆)ဦးခန့်ရှိနေသည်။ ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံသည် (၂၁၉)ဦးဖြစ်
သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတရွေးကောက်တင်မြှောက်ရာတွင် စနစ်တကျ၊ အမှား
အယွင်းမရှိ၊ တိတိကျကျဆောင်ရွက်နိုင်မှသာ သမ္မတနှင့် ဒုတိယသမ္မတ(၁)နေရာတို့ကို အပိုင်အနိုင်ရရှိနိုင်
မည်ဖြစ်သည်။ သမ္မတကိုမဲပေးမည့်သူများသည်တိကျရန်လိုအပ်မည်ဖြစ်သကဲ့သို့၊ ဒုတိယသမ္မတကိုမဲ
ပေးမည့်သူများကလည်း အမှားအယွင်းနည်းရန်လိုအပ်သည်။ မဲကွာခြားချက်သည် အလွန်ပါးလွှာလွန်း
သဖြင့် အမှားအယွင်းအတိမ်းအစောင်းဖြစ်ခဲ့မည်ဆိုလျှင် ဒုတိယသမ္မတ(၁)နေရာသည် တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်သူဖြစ်သွားနိုင်ခြေရှိနေပါသည်။

ဒီချုပ်နှင့်မဟာမိတ်များ၏မဲအရေအတွက်သည် (၄၄၁)ဦးသာရှိနိုင်ဖွယ်ရှိသည်။ ကျားခေါင်းပါတီနှင့်ရခိုင်အ
မျိုးသားပါတီတို့က ဒီချုပ်ဒုသမ္မတကို မဲပေးမှသာ အသာရနိုင်မည်ဖြစ်သည်။ ဒီချုပ်အနေဖြင့် သမ္မတကို မဲ (၂၂၅)မဲထက်ကျော်လွန်ပေးမည်ဆိုလျှင်၊ ဒုတိယသမ္မတ(၁)နေရာသည် မရေမရာဖြစ်သွားနိုင်ဖွယ်ရှိသည်။ ဒီချုပ်ခေါင်းဆောင်များအနေဖြင့် သမ္မတကို ပါတီကိုယ်စားလှယ်မည်မျှထောက်ခံမဲပေးခိုင်းမည်ကို တွက်ချက်ဆုံးဖြတ်ရမည်ဖြစ်သည်။

အခတ်မသင့်လျှင်၊ ဒီချုပ်ဒုတိယသမ္မတသည် ဒုတိယသမ္မတ(၂) ဖြစ်သွားနိုင်ခြေရှိနေသည်ကိုလည်း ထည့်
သွင်းတွက်ချက်ရမည်ဖြစ်သည်။ ရှမ်း၊ ရခိုင်၊ တအာင်း၊ဇိုမီး၊ မွန် ကိုယ်စားလှယ်များ စုစုပေါင်းသည် (၄၆)ဦးဖြစ်သည်။ ဒုတိယသမ္မတ(၁)ပါအနိုင်ရရှိနိုင်ရန်အတော်စေ့စေ့စပ်စပ်ပြင်ဆင်နိုင်မှ တော်ကာကျမည်ဖြစ်သည်။
သမ္မတမဲကို အပြတ်အသတ်ဖြစ်အောင် ဒီချုပ်အနေဖြင့်ပြင်ဆင်မည်ဆိုလျှင် ဒုတိယသမ္မတ(၁)ကို လက်လွတ်ရဖွယ်ရှိနေသည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

မိတ်ဆွေအချို့ ကျွန်တော့်ကို မေးလာကြတယ်။
သမ္မတ က ဘယ်သူလဲတဲ့ ...
ဒုသမ္မတ ၁ ကရော ဘယ်သူလဲတဲ့ ...
ဒုသမ္မတ ၂ ကရော ဘယ်သူလဲတဲ့ ...
သမ္မတကို ဘယ်လို ရွေးမှာလဲတဲ့ ...

အားလုံးကိုပေါင်းပြီး အတတ်နိုင်ဆုံး ကျွန်တော် နားလည်သလောက် ရှင်းပြပေးပါ့မယ်။ ကျွန်တော် မှားခဲ့ရင်လည်း ထောက်ပြပေးပါ။

ဒုသမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်မလဲ
============================

ယနေ့ လွှတ်တော်မှာ ဒုသမ္မတစာရင်း ထွက်လာပါတယ်။
ပြည်သူ့လွှတ်တော်ကတင်တဲ့ ဦးထင်ကျော်နဲ့ ဦးစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော်က အမည်စာရင်းတင်တဲ့ ဦးဟင်နရီဗန်ထီးယူ နဲ့ ဦးခင်အောင်မြင့် တို့ ၄ ယောက်ဖြစ်ပါတယ်။

ဒုသမ္မတကို ပြည်သူ့လွှတ်တော်က တစ်ယောက်၊ အမျိုးသားလွှတ်တော်က တစ်ယောက်သာ ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်။ လက်ရှိမှာ လွှတ်တော်နှစ်ရပ်လုံး အမည်စာရင်း တစ်ယောက်ထက်ပိုနေတဲ့အတွက် ၁၁.၃.၂၀၁၆ မနက်ဖန် သောကြာနေ့မှာ လွှတ်တော်အသီသီးမှာ မဲခွဲဆုံးဖြတ်ပြီး မဲအများဆုံး ရတဲ့သူနှစ်ယောက်ကို ဒုသမ္မတတွေအဖြစ် တင်မြှောက်ပါမယ်။

ပြည်သူ့လွှတ်တော်မှာ ဦးထင်ကျော်သာ မဲအများဆုံး ရမှာဖြစ်ပြီး အမျိုးသားလွှတ်တော်မှာတော့ ဦးဟင်နရီဗန်ထီးယူ က မဲအများဆုံးနဲ့ ဒုသမ္မတတွေ ဖြစ်ကြပါလိမ့်မယ်။ နောက်ထပ် တပ်မတော်က အမည်စာရင်း တင်သွင်းတဲ့သူက ဘယ်သူနဲ့မှ ပြိုင်စရာမလိုပဲ အလိုအလျှောက် ဒုသမ္မတ ထပ်ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ဒုသမ္မတ ၃ ယောက် ရပါပြီ။

အဲဒီနောက်မှာ ဒုသမ္မတတွေရဲ့ အရည်အချင်းကို ယနေ့ဖွဲ့စည်းလိုက်တဲ့ ဒေါက်တာမျိုးအောင်တို့ ပါဝင်တဲ့ သမ္မတအရည်အချင်းစစ်အဖွဲ့ ထံတင်ရပါ့မယ်။ သမ္မတအရည်အချင်းစစ်အဖွဲ့က သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိမရှိကို စစ်ဆေးလက်ခံပြီဆိုတာနဲ့ ပြည်ထောင်စု လွှတ်တော်ကို ပြန်တင်ရပါ့မယ်။

သမ္မတကို ဘယ်လိုရွေးချယ်မလဲ
===================
လာမယ့် ၁၇.၃.၂၀၁၆ ပြည်ထောင်စု လွှတ်တော်မှာ တစ်ခါ တပ်မတော်သား လွှတ်တော်ကိုစားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးက ဒုသမ္မတလောင်း အမည်စာရင်း ၃ ယောက်ထဲက ကိုယ်သမ္မတ ဖြစ်စေချင်တဲ့သူကို လျို့ဝှက်မဲပေး ရွေးချယ်ရပြီး မဲအနည်းအများအလိုက် သမ္မတ၊ ဒုသမ္မတ ၁၊ ဒုသမ္မတ ၂ တို့ကို ရွေးချယ်တင်မြှောက်မှာပဲ ဖြစ်ပါတယ်။

မဲပေးရွေးချယ်တဲ့အခါမှာ သမ္မတနေရာအတွက် ပူစရာမလိုပေမယ့် ဒုသမ္မတ ၁ နေရာအတွက်တော့ NLD က ဒုသမ္မတနဲ့ တပ်မတော်က တင်မြှောက်တဲ့ ဒုသမ္မတတို့ လုရမှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်
စုစုပေါင်း ၆၆၄ ဦးမှာ
အရပ်သား ကိုယ်စားလှယ် ၄၉၈ ယောက်
တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက် ရှိပါတယ်။ တပ်မတော်သား ၁၆၆ ယောက် + ကြံ့ဖွံ့ကိုယ်စားလှယ် + မဟာမိတ် ပါတီကိုယ်စားလှယ်ပေါင်းလိုက်ရင် မဲအရေအတွက် ၂၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။
သမ္မတနေရာနဲ့ ဒုသမ္မတ ၁ နေရာအတွက် NLD နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲပေးမှုပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော် သမ္မတကြီးနေရာကို NLD က ရမှာ သေချာနေပေမယ့် ဒုသမ္မတ ၁ နေရာကို တပ်မတော်က တင်မြှောက်တဲ့ ဒုသမ္မတ က ရသွားနိုင်ပါတယ်။ NLD ရွေးချယ်ထားတဲ့ ဒုသမ္မတ နှစ်ယောက်လုံး သမ္မတနဲ့ ဒုသမ္မတ ၁ နေရာတွေ ရနိုင်ဖို့အတွက် တစ်ဦးလျှင် အနဲဆုံး မဲ ၂၃၀ နဲ့ အထက်ရဖို့ လိုအပ်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Zarni Tike Facebook


ဒီနေ့ညနေ ၅:၀၀ တိတိမှာ စည်ပင်ဝင်းထဲက စားရိပ်သာ (၄)ဆီ ကျမတို့ခေါင်းဆောင်ရောက်ရှိလာပါတယ်။ ဒီတစ်ခါတော့ပြုံးရွင်ချိုသာတဲ့ မျက်နှာလေးနဲ့ ပါ။ ရောက်ရောက်ချင်း " အားလုံးမင်္ဂလာပါ ဒီနေ့တော့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကို မဆူပါဘူး" တဲ့ သူမတူအောင်ချိုသာတဲ့အပြုံးလေးနဲ့  စပြီးနှူတ်ဆက်တယ်လေ။ ကျမတို့ရင်ထဲ နေပူပူမှာလမင်းအစင်းတစ်ရာ သာသွားသလိုပါပဲရော။
ကျမတို့ရဲ့ ဥက္ကဌကဆက်ပြောတယ် ဒီလိုမဆူတာဘာ့ကြောင့်လဲဆိုတော့ မနက်ဖြန်မှာရွေးချယ်ရမယ့် မဲအတွက် စိတ်ဖိစီးမှုကင်းကင်းနဲ့ အမှားအယွင်း မရှိရအောင်ပါ တဲ့ ။

မနက်ဖြန် ရွေးချယ်ရမယ့် နိုင်ငံ့သမ္မတဟာ ပါတီအတွက်လည်းမဟုတ်ဘူး ပြည်သူ့အတွက်ပါ နိုင်ငံ့အနာဂတ် အတွက်ပါတဲ့။ ကျမတို့ကိုပြည်သူက ယုံကြည်မှုနဲ့ အပ်နှင်းလိုက်တဲ့တာဝန်အတွက်
တာဝန်ကျေရမှာမို့  ပြည်သူ့ကိုယ်စားအစစအရာရာဂရုတစိုက်ဆောင်ရွက်ပေးပါတဲ့။ ပြီးတော့မနက်ဖြန် ပင်နီ ဝတ်စုံဖို့နဲ့ ပင်နီရဲ့  သမိုင်းကြောင်းကိုလည်း ရှင်းပြသွားပါတယ်။ ပင်နီဆိုတာ ကိုယ့်ကိုကိုယ် အားကိုးတဲ့ သင်္ကေတ၊ လွတ်လပ်ခြင်းရဲ့ သင်္ကေတ ၊ စိတ်ဓာတ်မာကျော အင်အားရှိခြင်းရဲ့ သင်္ကေတ ကိုယ့်တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့သင်္ကေတ စသည်ဖြင့် အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ပြသွားပြီး ပြည်သူတွေက ပင်နီရောင်လွှမ်းနေတဲ့ မြင်ကွင်းကို မြင်ရရင် အင်မတန်မှအားတက်တယ် ဆိုပြီးလည်း ပြည်သူ့ရင်ထဲ ဘာတွေရှိတယ်ဆိုတာ သိထားတဲ့ကျမတို့ခေါင်းဆောင်က ပြောပါသေးတယ်။ဒီနေရာမှာစကားမစပ်
( ဒီလိုပြောနေတဲ့အချိန် လွှတ်တော်သက်တမ်းငါးနှစ်လုံးလုံး ပင်နီ တစ်မျိုးတည်းသာဝတ်ဖို့  ဆုံးဖြတ်ထားတဲ့ကျမရင်ထဲ ဖြစ်နေတဲ့ပီတိကို ပြောမပြတတ်တော့ဘူး။ )

လူထုခေါင်းဆောင်က ဆက်ပြောပါတယ်။ ဒါဆိုကျမက ဘာလို့ပင်နီ မဝတ်သလဲ လို့မေးစရာ ရှိပါတယ်တဲ့။
ပင်နီ ဆိုတာကျမတို့ပါတီရဲ့ ကိုယ်စားပြုဝတ်စုံပါ။ ကျမက ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ပါတီကိုပဲကိုယ်စားပြုမှာမဟုတ်ဘဲ ပါတီဝင်မဟုတ်တဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့သဘောနဲ့  ပင်နီကို မဝတ်ရတာပါတဲ့။ ကျမတို့ကိုတော့ပင်နီဝတ်စေပြီး ဥက္ကဌကဘာလို့  ပင်နီ မဝတ်ရသလဲ လို့သိချင်သူများလည်း ကျေနပ်မယ်ထင်ပါတယ်။
ဒီနောက်တော့ ကျမတို့ရဲ့ သမ္မတလောင်း တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခဲ့ရသလဲဆိုတာ ရှင်းပြပြီး ပြည်သူ့ထံ ပန်ကြားလွှာ တစ်စောင်ရေးကြောင်း နဲ့ ပြည်သူတွေကလည်း နားလည်လိမ့်မယ်လို့သူ ယုံကြည်ပါတယ်တဲ့ ။

ဘာလို့လဲဆိုတော့ နှစ်ပေါင်းသုံးဆယ် ပြည်သူနဲ့တသားတည်းနေခဲ့တဲ့အတွေ့အကြုံအရ ပြည်သူတွေကိုယုံကြည်တဲ့ အကြောင်းပြောပါတယ်။ ပြည်သူကိုမယုံကြည်ပဲနဲ့  ဒီမိုကရေစီကိုလုပ်လို့မရကြောင်းလည်းပြောလိုက်သေးတယ်။
ပြည်သူဟာ ရှင်းပြရင်နားလည်ပြီး အရေးကြီးတဲ့ အချိန်သွေးစည်းတဲ့ အကြောင်းလည်းပြောပြီးသူချစ်တဲ့ ပြည်သူတွေကို သူဘယ်လောက်ယုံကြည်ကြောင်း ပြသေးတယ်။ ပြည်သူတွေက ရွေးချယ်ပေးလို့ဒီနေရာ ကိုရောက်လာတဲ့အတွက် ဘာပဲလုပ်လုပ်ပြည်သူ့ကို ရှင်းပြရမှာဖြစ်တယ်လို့လည်းပြည်သူ့ခေါင်းဆောင်က ဆိုပါသေးတယ်။ ဒီနောက်တော့
ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နဲ့ မိတ်ဆက်ပေးပါတယ်။ဒီအ ချိန်မှာ ကျမတို့ရဲ့ ဒု သမ္မတဘယ်မှာထိုင်နေသလဲ ဆိုပြီးရှာယူရပါတယ်။ ရိုးရှင်းလွန်းတဲ့ ချင်းအမျိုးသားကြီးဟာ အခန်းရဲ့
ဟိုး နောက်ဆုံးထောင့်မှာ ထိုင်နေတာပါ သူထိုင်နေတဲ့ နေရာ ဆီက လူထုခေါင်းဆောင်ဆီ လျှောက်လာတဲ့ တစ်ချိန်လုံး ကျမတို့အားလုံးသူ့ကို တိုင်ပင်မထားရဘဲနဲ့  လက်ခုပ်သံအရှည်ကြီးံနဲ့ကြိုဆိုလိုက်ကြပါတယ်။ အဖွဲ့ချုပ်ဥက္ကဌရှေ့ရောက်လာတဲ့ သူ့ကို ပြုံးပြီးကြည့်နေသူကတော့ ကျမတို့ရဲ့ အဓိပတိပေါ့။ ပြီးတော့ လက်ခုပ်သံများနဲ့ ကြိုဆိုလိုက်တဲ့ အတွက်သိပ်ဝမ်းသာတဲ့အကြောင်း ကျမတို့ရဲ့ ဥက္ကဌက ချီးကျူးးလိုက်ပါသေးတယ်။ ဒု သမ္မတလောင်းဟာ သစ္စာရှိစွာ တာဝန်ထမ်းပါမယ့် အကြောင်းကတိသစ္စာစကားဆိုပ်ါတယ်။

သူ့နေရာဆီ မပြန်ခင် အဖွဲ့ချုပ်ဥက္ကဌကို ဦးညွှတ် အရိုအသေပေးနေတဲ့ မြင်ကွင်းဟာ ကျမတို့ရဲ့ လက်ခုပ်သံတွေကို ဒုတိယအကြိမ်အကြာကြီးမြည်စေခဲ့ပြန်ပါတယ်။ ဆွေးနွေးပွဲနောက်ဆုံးပိုင်းမှာတော့
ကျမတို့ ကျန်းမာရေးကို ဒေါက်တာဇော်မြင့်မောင်က တာဝန်ယူဖို့  နဲ့ ဦးဝင်းထိန်ကလည်း ကျမတို့ကိုမဆူဖို့  မှာနေပါသေးတယ်။အဲဒီတဒင်္ဂဟာ ကျမတို့ရဲ့ ခေါင်းဆောင်ဆိုတာထက် အိမ်နဲ့ ဝေးနေတဲ့ ကျမတို့အားလုံးအတွက် မိခင်တစ်ယောက်နဲ့ တူနေတာ အမှန်ပဲ။ ကျမတို့အားလုံးလည်း ဒီနေ့အထူးပဲ ကျေနပ်နေကြပါတယ်။ ကျမတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ရတဲ့ အခါတိုင်း အမြဲပဲ သံမဏိ မျက်နှာထားနဲ့  တင်းကျပ်သောစည်းကမ်းတွေကိုသာ ပြောဆို သွန်သင်နေတတ်တဲ့ သူမကို ပထမဆုံးအကြိမ် ဟာသလေးတွေပြောရင်း ကြည်လင်တဲ့မျက်နှာထားလေးနဲ့  ပြောဆိုခဲ့တဲ့ အတွက်တစ်ခါလေးပဲဖြစ်ဖြစ် လူသားများပီပီကျေနပ်တာတော့အမှန်ပဲ ။နောက်ထပ်တင်းကျပ်မယ့် သံမဏိစည်းမျဉ်း တွေကိုလည်းပန်းပွင့်တွေအလား ခံယူဖို့ အားတွေဖြစ်ရပါတယ်။ ခေါင်းဆောင်ပြောခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေထံ ပြန်တင်ပြရမယ် ဆိုတဲ့စကားအရ ကျမတို့ကြုံခဲ့ရသမျှ ဒီနေရာတဆင့်တင်ပြချင်ပါတယ်။

photo credit
Thiri Yadanar


ဒုတိယသမ္မတလောင်းများအဖြစ် ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူကို ရွေးချယ်ရာတွင် သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု ၊မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်ခြင်းဆိုသော မူ ၃ ချက်နှင့် ဦးထင်ကျော်ကို ရွေးချယ်ခြင်းဖြစ်ပြီး ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းသားများ တန်းတူညီမျှရေးအတွက် ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

" သစ္စာရှိမှုမှာကတော့ဦးထင်ကျော်ကို ရွေးချယ်တဲ့ ပထမဆုံး အချက်ပေါ။ နောက်တခုက စည်းကမ်းပိုင်းမှာလည်း လိုက်နာမှု အားကောင်းတယ်။ တတိယ တချက်ကတော့ ပညာတတ်ပုဂ္ဂိုလ်၊ အထူးသဖြင့် မြန်မာနဲ့ နိုင်ငံတကာက လေးစားမယ့် ပုဂ္ဂိုလ်ဖြစ်လို့ ရွေးလိုက်တာပေါ့။ နောက်တဦးက တိုင်းရင်းသားတန်းညီမျှရေးအတွက် ရွေးချယ်တယ်ဆိုတာကို ပြောတယ်။ ပြည်သူတွေအားလုံးကလည်း ဒါကို လက်ခံမယ်လို့ သူယုံကြည်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်" ဟု NLD အမတ်တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရွေးချယ်မည့် ရက်နေ့မတိုင်မီ အထိ အမတ်အားလုံး ခရီးမသွားကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်၊ အမတ်များကို ဦးဝင်းထိန်က ဆူပူခြင်း မပြုလုပ်ရန် ၊ မဲပေးရာတွင် ဂရုတစိုက် မဲပေးကြရန် မှာကြားသည်။

မတ်လ ၁၁ ရက်ေ်န့ ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် NLD အမတ်များအားလုံး ပင်နီ ၀တ်ဆင်ကြရန်လည်း အထူးအလေးထား တိုက်တွန်းသွားကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- ထွန်းထွန်း/ဧရာဝတီ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.