03/12/16

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဝူဒီကျွန်း
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေဆီကို ခရီးသည်လေယာဉ်တွေ ပြေးဆွဲမယ့် တရုတ်ရဲ့ အစီအစဉ်ကို အမေရိကန်ဘက်က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လေယာဉ်ပြေးဆွဲရေး အစီအစဉ်ကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ပိုမိုတိုးမြှင့်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူက သတိပေးခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ထဲက နယ်မြေတွေကို ဒေသတွင်းကအခြား နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံ တို့ကလည်း သူတို့လည်း နယ်မြေပိုင်ဆိုင်ကြောင်း ပြောကြား နေကြပါတယ်။

တရုတ်အစိုးရပိုင် စင်ဟွာ သတင်းဌာန က လာမယ့် တစ်နှစ် အတွင်း ဝူဒီ ကျွန်းပေါ်ကို လေယာဉ်ပြေးဆွဲ မှုတွေ စတင်နိုင်မှာဖြစ်ကြောင်း သောကြာနေ့မှာ သတင်းထုတ်ပြန် ခဲ့ပြီးနောက် အခုလို သတိပေးတာ တွေဖြစ်လာတာပါ။

BBC Burmese
http://www.bbc.com/burmese


ပတ်စ်ပို့လုပ်ပေးမည်ဟု လိမ်လည်၍ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်လေ့ရှိသော ကိုလေး(ခ)သက်ပိုင်ဦး ကို ယနေ့တွင် MWRN နှင့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဖမ်းဆီးလိုက်ပါသည်။

 လွန်ခဲ့သောအပတ်က ပတ်စ်ပို့လုပ်ပေးမည်ဟု ဆိုကာ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားပြီး တည်းခိုခန်း တစ်ခုတွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

 အမျိုးသမီးငယ်မှာ မည်သည့်နေရာသို့ရောက်နေမှန်းမသိ၍ ၎င်းပွဲစားကို ပရိယာယ်ဖြင့် မဟာချိုင်သို့ ပြန်ရောက်အောင် ခေါ်ဆောင်လာခဲ့သည်။

 သူမ၏ မိသားစုများက MWRN နှင့် HRDF သို့လာရောက် တိုင်ကြားရာမှ ရဲတပ်ဖွဲ့နှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအတိုင်း အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။


ကျူးလွန်သူ ကိုလေး(ခ)သက်ပိုင်ဦး မှာ ဘီးလင်းမြို့မှဖြစ်ပြီး ၎င်းတွင်အိမ်ထောင်ရှိ၍ ၎င်း၏ဇနီးမှာ နွန်ထဘူရီခရိုင်တွင် အလုပ်လုပ်နေကြောင်း သိရသည်။

 ကိုလေး(ခ)သက်ပိုင်ဦးသည် ပွဲစားအလုပ်လုပ်ရင်း ယခုကဲ့သို့ အမျိုးသမီးငယ် လေးများကို ဖျားယောင်းခေါ်ဆောင်ပြီး အဓမ္မမှုများ ကျူးလွန်လေ့ရှိကြောင်း ကနဦးသတင်းများအရသိရသည်။

 ၎င်းကျူးလွန်မှုကို ခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦးမှာ စိုင်ဆီ နခေါ်ပထုမ်တွင်တစ်ဦး၊ နွန်ထဘူရီတွင် တစ်ဦးရှိကြောင်း သိရသည်။

 ထို့ကြောင့် ကိုလေး(ခ)သက်ပိုင်ဦး ၏ အဓမ္မကျူးလွန်ခြင်းခံခဲ့ရသော အမျိုးသမီးများအနေဖြင့် ထပ်မံ၍ တရားဥပဒေအတိုင်း အရေးယူနိုင်ရန် သတင်းပါး အပ်ပါသည်။ ပူးပေါင်းအရေးယူလိုပါက MWRN သို့ဆက်သွယ်နိုင်ပါသည်။

MWRN


တာချီလိတ် မတ် ၁၁

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စိတ်ြွကရူးသွပ်ဆေးပြားများသယ်ဆောင်လာသော မြန်မာ လေးဦးထံမှ စိတ်ြွကရူးသွပ်ဆေးပြား နှစ်သိန်း၊ 9မမပစ္စတို တစ်လက်၊ 9မမကျည် ရှစ်တောင့်၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့သိမ်းဆည်းရမိပြီး တစ်ဦး အသေ၊ သုံးဦးအရှင်ဖမ်းဆီးခဲ့ ကြောင်း မယ်ဆိုင်အွန်းလိုင်း သတင်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီအချိန်က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ပုံငန်းတိုက်နယ်၊ ဘန်ထန့်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန် ကျ အမှတ်(၂)လှုပ်ရှားယန္တာရားတပ်မှ
တာဝန်ကျ တပ်ဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့နယ်၊ အမှတ်(191)ရဲတပ်ဖွဲ့ဝင် များသည် မယ်ဆိုင်မြို့နယ်ဘက်မှ ချင်းရိုင်းမြို့နယ်ဘက်သို့ ထွက်ခွာ လာသောယာဉ်များအား စစ်ဆေးခဲ့ရာ ညနေ ၆ နာရီချိန်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဆိုင်ကယ် တစ်စီးဖြင့် အာခါလူမျိုးနှစ်ဦးနှင့် ကျောပိုးအိတ်ဖြင့် လမ်းလျှောက်လာသည့် အာခါလူမျိုးနှစ်ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား လေးဦးတို့အားတွေ့ရှိရ၍ ခေါ်ယူ စစ်ဆေးခဲ့ရာ သုံးဦးသာ စစ်ဆေးခံခဲ့ပြီး ကျန်တစ်ဦးမှာလမ်း၏ ယာ ဘက်ရှိ လိုင်းချီးစိုက်ပျိုးခြံ ဘက်သို့ ထွက်ပြေးသွားခဲ့သည်။


အဆိုပါ ထွက်ပြေးသွားသူအား အမှတ်(၂) လှုပ်ရှားယန္တာရားတပ်မှ လိုက်၍ ဖမ်းဆီးခဲ့ရာ ထွက်ပြေးသွားသည့် တရားခံမှ အသင့်ယူဆောင်လာ သော 9မမပစ္စတိုဖြင့် သုံးချက် ခုခံပစ်ခတ်သဖြင့် အမှတ်(၂)လှုပ်ရှားယန္တာရား တပ်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၄င်းတို့အား ဆက်လက်စစ်ဆေးရာ အသေဖမ်းဆီးရမိသူမှာ မောင်အားဆီး(၃၅ နှစ်)နှင့် မောင်အားစီ (၄၈ နှစ်)၊ မောင်အာဆာ(၄၃ နှစ်)၊ မောင်ဖိုင်းလို့ (၃၀ နှစ်) မိုင်းကိုးကျေးရွာ၊ တာချီလိတ်မြို့နယ်နေထိုင် သူတို့ဖြစ်ကြပြီး ၄င်းတို့နှင့်အတူ WY စာတမ်းပါ စိတ်ြွကရူးသွပ်ဆေးပြာ ၂၀ဝ၀ဝ၀ပြား၊ 9မမပစ္စတို တစ်လက်၊ ၄င်းကျည် ရှစ်တောင့်၊ လက်ကိုင် ဖုန်း နှစ်လုံး၊ ထိုင်း-၉၈ Honda Wave အပြာရောင်ဆိုင်ကယ် တစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၄င်တို့မှ တစ်ဦးလျှင် အခကြေးငွေ ထိုင်းနိုင်ငံ သုံးဘတ်ငွေ ၁၀ဝ၀ဖြင့် သယ်လာပြီး လာယူမည့်သူလက်အတွင်း မရောက်ခင် ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Credit Saw Maung
Social Action for Women - SAW


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်ကသာ ပထမဦးစားပေးဖြစ်မည်ဟု NLD ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဦးကိုနီ က News Watch သို့ ပြောသည်။

(NLD) မှ ပြည်သူ့လွှတ်တော်တွင် ဦးထင်ကျော် နှင့် အမျိုးသားလွှတ်တော်တွင် ဦးဟင်နရီဗန်ထီးယူတို့အား သမ္မတလောင်းများအဖြစ် ရွေးချယ်တင်မြောက်ထားပြီး တပ်မတော်သားအစုအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ရွေးချယ်တင်မြောက်ထားခြင်းဖြစ်သည်။
“ကျွန်တော်နားလည်သလောက် ဦးထင်ကျော်ကို သမ္မတမျှော်မှန်းထားတာ ဖြစ်တဲ့အတွက် ဦးထင်ကျော်ကိုပဲ အားလုံး ပုံအောပြီးတော့ မဲပေးကြမှာပါ။ ဦးဟင်နရီကတော့ ဒုသမ္မတ (၂)ပဲ ဖြစ်မှာပေါ့။ ဒီဟာက သိပ်အဓိက မကျပါဘူး။ ဒု-သမ္မတဆိုတာ သမ္မတမရှိတဲ့အခါ ခေတ္တယာယီ တာဝန်ထမ်းဆောင်ရတဲ့ အဆင့်ပဲရှိပါတယ်။ ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်တာဝန်ဆိုတာ ပြဌာန်ထားတာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ် ၁၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် သမ္မတရွေးချယ်ပွဲပြုလုပ်မည်ဖြစ်သည်။ လက်ရှိ ရွေးချယ်ထားသည့် ဒုသမ္မတ သုံးဦးအနက်မှ တဦးအားသမ္မတအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ မဲပေးရွေးချယ်မည် ဖြစ်သည်။
ယင်းမတိုင်မီ အဆိုပါသမ္မတလောင်းများအား နိုင်ငံတော် သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ကို ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဌ )၊ ဦးမန်းဝင်းခိုင် (အမျိုးသားလွှတ်တော် ဥက္ကဌ )၊ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ) ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ) ဒေါက်တာမျိုးအောင် (NLD အမတ်)၊ ဦးဘမျိုးသိန်း (NLD အမတ်)နှင့် ဗိုလ်ချုပ်သန်းစိုး (တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်) စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

“သမ္မတအရည်အချင်းသတ်မှတ်ချက် (၇) ချက် သတ်မှတ်ထားတယ်။ အဲဒီ ၇ ခုထဲမှာ မလိုအပ်ဘဲ သတ်မှတ်ထားတဲ့ အချက်တွေ ပါနေတာတွေ့ရတယ်။ စိစစ်လို့ မရတဲ့ ကိစ္စမှာ စစ်ရေးအမြင်ဆိုရင် အဲဒီစစ်ရေးအမြင်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုပေတံနဲ့ တိုင်းမှာလဲ။ စီးပွါးရေးအမြင်ရှိ မရှိဆိုတာမျိုးကို စစ်မဲ့သူ ဘယ်သူလဲ။ သူကအဲဒီလို ဆုံးဖြတ်ပေးရလောက်အောင် သူကရော တတ်ရဲ့လား။ သူ့မှာကော အမြင်ရှိရဲ့လား စသဖြင့်ပေါ့။ အဲလို တချို့ အရည်အချင်းသတ်မှတ်ချက်တွေမှာ စစ်ရေးအမြင်၊ စီးပွါးရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ နိုင်ငံရေးအမြင်ဆိုတဲ့ အချက်တွေမှာ လူတယောက်က အဲဒါတွေ အားလုံးရှိဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဒီလို သတ်မှတ်ချက်မျိုးဟာ ဘယ်နိုင်ငံမှာမှလည်း မရှိဘူး။ တိုင်းတာလို့မရတဲ့ စံနှုန်း၊ သတ်မှတ်ချက်တွေ ဖြစ်နေတယ်” ဟု ဦးကိုနီကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများပါက အရေပြား ပျက်စီးမှုသာမက မျက်လုံးပါ ထိခိုက်နိုင်သဖြင့် ပြည်သူများ ပိုမိုသတိထား နေထိုင်သင့်ကြောင်း ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောကြားလိုက်သည်။

“အပြင်ကို ထွက်မယ်ဆိုရင် အမိုးအကာ၊ အင်္ကျီလက်ရှည်နဲ့ မျက်နှာကို နေရောင် ကာကွယ်နိုင်တဲ့ ခရင်မ်တွေလိမ်းပြီး ထွက်ဖို့လိုပါတယ်။ အထူးသဖြင့် အမိုးအကာမရှိတဲ့ နေရာမှာ လုပ်နေတဲ့ လုပ်သားတွေ ပိုသတိထားရမယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် မျက်လုံးပါ ထိခိုက်လာနိုင်တယ်”ဟု ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောသည်။

အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည် ထိရောက်နိုင်မှု အမြင့်ဆုံးဒေသတွင် ထားဝယ်မြို့မှာ ဒုတိယနေရာတွင် ရှိနေသဖြင့် ပြည်သူများအနေဖြင့် အပူရှိန်မြင့်တက်သည့် အချိန်များတွင် အကြောင်းမရှိဘဲ အပြင်မထွက်သင့်ကြောင်း သိရသည်။

“အယ်လ်နီညိုကြောင့် အပှုရှပ်လူနာတွေရှိလာရင် အဆင်သင့်ကုသဖို့ ဆေးရုံကြီးမှာ လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ တက်လာတဲ့ လူနာစာရင်းကိုလည်း နေပြည်တော်အထိ သတင်းပို့ဖို့ လုပ်ဆောင်ထားပြီးသားပါ။ ပြည်သူတွေအနေနဲ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေအတိုင်း နေထိုင်ကြဖို့တော့ လိုတယ်” ဟု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။

အပူရှပ်လူနာများ ရှိလာပါက အဆင်သင့်ကုသနိုင်ရန် အတွက် ပြင်ပလူနာဌာနတွင် ခုတင် ၁၀ လုံး အဆင့်သင့် လုပ်ဆောင်ထားပြီး လူနာထားရှိရန်အတွက် လူခြောက်ယောက်ဆံ့ အဲယားကွန်း အခန်းကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည့်အပြင် ဆေးဝါးများလည်း အလုံအလောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အခြားဒေသများအတွင်း အပူရှပ်လူနာများ ရှိလာသော်လည်း ထားဝယ်ဆေးရုံကြီးတွင် လက်ရှိအချိန်ထိ အပူရှပ်လူနာ လာရောက်ကုသမှု မရှိသေးကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


ပဲခူးမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကလေးငယ်များ ကာကွယ်ဆေးထိုးပြီး နောက်ပိုင်း အသက်ရှူကျပ်ခြင်း၊ ရုတ်တရက် တက်ခြင်းများဖြစ်ခဲ့ကြောင်း၊ ကနဦး စစ်ဆေးချက်များအရ မွေးကင်းစကလေးများတွင် ပိုးဝင်၍ဖြစ်သည့် လက္ခဏာများ တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မတ်လ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို အသေးစိတ် သိရှိနိုင်ရန် သမားတော်များ၊ ကလေးအထူးကုများ၊ သက်ဆိုင်ရာအထူး ကုဆရာဝန်များ ပါဝင်သည့် အဖွဲ့များဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ လက်ရှိအချိန်တွင် အဖြေအချို့ကိုရရှိထားပြီး ဖြစ်ကြောင်း၊ ရောဂါဖြစ်နေသည့် ကလေးများကို သေချာစောင့်ကြပ်ကြည့်ရှု ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကလေးငယ် ၁၄ ဦး အသည်းရောင် အသားဝါ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင် ရုတ်တရက်တက်ခြင်း၊ အသက်ရှူကျပ်ခြင်း လက္ခဏာများတွေ့ရကြောင်း၊ ကလေးတစ်ဦးစီ၏ အခြေအနေကို သေချာစောင့်ကြည့်ပြီး လိုအပ်သည့်ကုသမှုများ ပေးခဲ့ကြောင်း၊ ရောဂါပြင်းထန်သော ကလေးများကို ရန်ကင်းကလေးဆေးရုံ၌ ပြုစုစောင့်ရှောက်လျက်ရှိကြောင်းကို ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်က ပြောသည်။

ကလေးငယ်များကို ဆေးရုံ၌ စောင့်ကြပ်ကြည့် ရှုကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကလေးငယ်များ၏ အခြေအနေမှာ ထပ်မံဆိုးရွားလာခြင်းမရှိဘဲ တည်ငြိမ်သည့် အခြေအနေရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကလေးငယ်များကို ထိုးပေးခဲ့သည့် ဆေးဝါးနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားရာတွင် အသက်ဇီဝနှင့် ပတ်သက်ပြီး ထုတ်လုပ်ထားသည့် ဆေးများကို WHO က အသိအမှတ်ပြုမှသာ လက်ခံစစ်ဆေးကြောင်း၊ ယခုဆေးသည် WHO ၏ အသိအမှတ်ပြုထားသော ဆေးဖြစ်သည့်အတွက် အန္တရာယ်ကင်းနိုင်သည်ဟု ယူဆနိုင်ကြောင်း၊ သို့သော်လည်း ကလေးငယ်များအား ထိုးခဲ့သောဆေးကို အန္တရာယ်ကင်း၊မကင်း မြန်မာနိုင်ငံ၏ အကောင်းဆုံး ဓာတ်ခွဲခန်း၌ အသေးစိတ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်နေကြောင်း၊ စစ်ဆေးနေဆဲဖြစ်သည့် ယခုဆေးကို ရောင်းဝယ်ခြင်းမပြုရန် တားမြစ်ထားပြီး ကလေးငယ်များ ရောဂါဖြစ်ပွားမှုကို ယခုဆေးကြောင့် ဟုတ်၊မဟုတ် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ သေချာအောင် ဖော်ထုတ်စစ်ဆေးပြီး ယခုဆေးကြောင့်ဖြစ်ပါက ကုမ္ပဏီကြီးများ၊ WHO နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက်ဆောင် ရွက်ရမည့် ကိစ္စရပ်များရှိကြောင်း ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies

[youtube src="ysD_r9T8lUo"/]
သေနတ်ဖြင့်ပစ်သတ်ခံရပြီးသေဆုံးခဲ့ရတယ်လို့တရားရုံးကအမိန့်ချခဲ့တဲ့ကိုပါကြီးအမှုနောက်ဆက်တွဲလာရောက်စုံစမ်းမေးမြန်းသူတွေကို မြို့နယ်ရဲတပ်ဖွဲ့မှူး က လိမ်ညာပြောဆိုခဲ့ပါတယ်။

DVB TV News


တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ယောက်က ကန့် ကွက်မဲ မရှိဘဲ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တယ်ဆိုတော့ တော်တော်သိက္ခာတရား မဲ့လွန်းတာဘဲ။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေဟာ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်မှု မရှိတော့တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့အပြင်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်အဖြစ် လာဘ်စားမှုတွေ ရှိခဲ့သူ တစ်ဦးပါ။

ထို့ အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ ချီတက်ဆုတောင်းနေကြတဲ့ သံဃာတော်တွေကို အကြမ်းဘက်နှိမ်နင်းမှုအတွက် တာဝန်ရှိသူတစ်ဦးပါ။

မဟာသန္တိသုခကျောင်းတိုက်ကြီးကို အကြမ်းဘက်ဝင်ရောက် သိမ်းပိုက်မှုမှာလည်း အမိန့် ပေးစေခိုင်းခဲ့သူပါ။

၂၀၁၂ ခုနှစ်တုန်းက ဒုတိယသမ္မတနေရာ လစ်လပ်သွားလို့  ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ယခုလို တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ကဘဲ တင်မြှောက်ဖို့ အတွက် ကြိုးစားခဲ့ကြပါတယ်။ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေဟာ အာဏာရှင်ကြီး သန်းရွှေရဲ့  လူယုံတော်ဖြစ်ပြီး၊ သန်းရွှေတို့  အာဏာကြီးထွားဖို့ အတွက် ခင်ညွန့် နဲ့  ထောက်လှမ်းရေးအုပ်စုကို ခြေမှုန်းဖျက်ဆီးခဲ့သူ ဖြစ်ပါတယ်။

ပထမတစ်ကြိမ် ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာ တင်သွင်းတော့ မြင့်ဆွေရဲ့  သားဖြစ်သူဟာ တာရာမြင့်ဆွေဟာ သြစတြေးလျနိုင်ငံသား ဖြစ်နေလို့  ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နဲ့  ညှိစွန်းနေတာကြောင့် ဒုတိယသမ္မတဖြစ်ပိုင်ခွင့် လွဲချော်ခြင်း ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၆) နှစ်ခန့် ကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားခဲ့ကြရာမှာ ၁၉၄ ဦးအနက် ၁၉ ဦးကို မြန်မာနိုင်ငံသားအဖြစ် လက်ခံလိုက်ကြောင်း လ၀က၀န်ကြီး ခင်ရီလက်အောက် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်ထဲမှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေ ပါဝင်နေခဲ့ပါတယ်။ ဘာကြောင့် ပြန်လည်လက်ခံတယ် ဘယ်လို သတ်မှတ်ချက်တွေအရ လက်ခံသလည်းဆိုတာ ခင်ရီတို့  ထုတ်ပြန်ကြေညာခြင်း မရှိသလို၊ သြစတြေးလျနိုင်ငံသားအဖြစ် စွန်လွှတ်မှု ရှိမရှိကို သက်သေ မပြနိုင်ခဲ့ပါဖူး။

စုံစမ်းသိရှိရမှုအရ ပြောရရင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မှာ ဆက်လက်ပြီး နေထိုင်သလို မြန်မာနိုင်ငံကိုလည်း အ၀င်အထွက် ပြုလုပ်နေတယ်လို့  သိရပါတယ်။

ယခုတစ်ခါ ဒုတိယအကြိမ်အဖြစ် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ အနေနဲ့  ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိထယသမ္မတအဖြစ် ပြန်လည်ရွေးချယ်တာဟာ မြန်မာပြည်သူလူထုအပေါ် မလိမ့်တပတ်နဲ့  စော်ကားလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့  ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တယ်ဆိုတာ တော်တော်သိက္ခာတရား မဲ့လွန်းတယ်လို့  ပြောရခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိရအောင် ဖော်ပြလိုက်ရသလို၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ်ချက်များနဲ့  ပြည့်စုံမှု ရှိမရှိကို ပြည်သူ့ လွှတ်တော်ကြီးနဲ့  သမ္မတ ဒုတိယသမ္မတ စိစစ်ရွေးချယ်ရေးအဖွဲ့ အနေနဲ့ လည်း တိကျသေချာစွာ စုံသမ်းစစ်ဆေးပေးဖို့  ပြောကြားလိုပါတယ်။



ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်ဖြစ်သလို၊ ရန်ကုန်တိုင်းဒေသကြီးရဲ့  ပါတီဥက္ကဌပါ။

တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့ က မြင့်ဆွေကို ဒုတိယသမ္မအဖြစ် တင်မြှောက်တာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရဲ့  ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ကို တင်မြှောက်တာနဲ့ ထပ်တူဖြစ်နေပါတယ်။

တပ်မတော်ဟာ ပါတီနိုင်ငံရေးတွေနဲ့  ကင်းရှင်းရမယ်လို့  ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့  စကားတွေဟာ လိမ်ညာပြောကြားတာဖြစ်နေပြီး၊ လက်တွေ့ မှာ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့ နဲ့  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေးပါတီရဲ့  အလုပ်ကို ပေါ်ပေါ်တင်တင် လုပ်ပြလိုက်တာ ဖြစ်နေလို့ ပါ။

မြင့်ဆွေဟာ လက်ရှိ တပ်မတော်တာဝန်များကို ထမ်းဆောင်နေသူ မဟုတ်တဲ့အပြင်၊ သိန်းစိန်ရဲ့  အစိုးရအဖွဲ့ ဝင်တစ်ဦးအဖြစ်ရော၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တစ်ဦး ဖြစ်နေတာမို့  တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့ က မြင့်ဆွေကို ဒုတိယသမ္မအဖြစ် တင်သွင်းခြင်းဟာ တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို အကြီးမားဆုံး ထိခိုက်စေပါတယ်။

ထို့ အပြင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ အရှုံးကြီး ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တစ်ဦးကို တစ်ဖက်လှည့်နဲ့  ပြန်လည်တင်မြှောက်ခြင်းဟာ တပ်မတော်ရဲ့  သမိုင်းကြောင်းကို ထပ်မံအမဲအစွန်းထင်စေပါတယ်။ ဒီလိုလုပ်ရပ်တွေကို ကြည့်ရင် ယနေ့  မြန်မာ့တပ်မတော်ဆိုတာ ကာချုပ် မင်းအောင်လှိုင်နဲ့  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ထင်ရာလုပ်ခြင်းကို ခံနေရတာလို့  သေချာပေါက် ပြောလို့ ရတာမို့  တပ်မတော်အတွင်းမှာ ရှိကြတဲ့ တပ်မတော်သားအားလုံးကို စော်ကားတာလည်း ဖြစ်ပါတယ်။

ဒီတင်မက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအတွင်းမှာ ဆန္ဒမဲတွေ ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသားအပေါင်းကို စော်ကားပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီအတွက် ကာချုပ် မင်းအောင်လှိုင်နဲ့  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့  မြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တင်မြှောက်ခြင်းကို ပြန်လည် ရုပ်သိမ်းပေးဖို့ ပါ။

ထို့ အတူ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ အနေနဲ့ ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့  မိမိတို့  ဂုဏ်သိက္ခာနဲ့  တပ်မတော်ရဲ့  ဂုဏ်သိက္ခာကို အလေးထားတယ်ဆိုရင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ဒုတိယအကြိမ် မလိမ့်တပတ် ပြန်လည်ရွေးချယ်တာမျိုးကို ပြည်လည်ပယ်ဖျက်ပေးဖို့  သင့်ပါတယ်။

နစ်နေမန်း။


၂၀၁၅အတွင်း မြန်မာပြည်သူများ၏ မဲပေးမှုနှုန်းနှင့် မဲပေးရန် စိတ်အားတက်ကြွမှုတို့က ကမ္ဘာကိုပင်အံ့အားသင့်စေခဲ့သည် (ဓာတ်ပုံ-နစ်ကီ)

ဒုသမ္မတသုံးဦး အမည် များ ထွက်ပေါ်လာရာ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်နှစ်ရပ်မှ ရွေးချယ်သည့် သမ္မတများကို ပြည်သူများက သဘောကျထောက်ခံခဲ့သော် လည်း တပ်မတော်ကိုယ်စားလှယ် များ ရွေးချယ်သည့် ဒုသမ္မတကိုမူ ဝေဖန်ပြောကြားမှုများ ထွက်ပေါ် လာသည်။

မတ်လ ၁၁ ရက်တွင် ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တပ်မတော်ကိုယ်စား လှယ်များက ဒုသမ္မတသုံးဦး ရွေး ချယ်တင်မြှောက်မှုကို ပြည်သူ များ စောင့်ကြည့်ခဲ့ကြပြီး ထွက် ပေါ်လာသည့် ဒုသမ္မတများနှင့် ပတ်သက်၍ စိတ်ခံစားမှုများကို လည်း လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ရေးသားခဲ့သည်။

တင်မြှောက်လာသည့် ဒု သမ္မတသုံးဦးအနက် မည်သူ့အား နိုင်ငံတော်သမ္မတကြီးအဖြစ် မြင် တွေ့ချင်ပါသလဲဟု 7Day Dailyသတင်းစာက ပြည်သူ ၂၀ ဦးအား မေးမြန်းကြည့်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့မှ ရွေးချယ်တင်မြှောက်လာ သည့် ဒုသမ္မတဦးထင်ကျော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် မြင် တွေ့လိုကြောင်း ပြောကြားကြ သည်။

‘‘စိတ်ဝင်စားမှုရှိပါတယ်။ အလုပ်ကိစ္စတွေတောင် ဂရုမစိုက် ဘဲ တီဗီရှေ့မှာစောင့်ကြည့်နေခဲ့ ပါတယ်။ ဦးထင်ကျော်ကို သမ္မတအဖြစ် မြင်ချင်ပါတယ်။ တပ်မတော်ကရွေးချယ်တဲ့ ဒုသမ္မတကို လုံးဝမကြိုက်ပါဘူး။ ဘာကြောင့်လဲဆို မြန်မာတစ်နိုင်ငံလုံးမပြောနဲ့ ရန်ကုန်တိုင်းတောင် မင်းမဲ့ဆန်ဆန်အုပ်ချုပ်နေလို့ပါ’’ဟု ဒုသမ္မတရွေးချယ်တင်မြှောက်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့သော ရန်ကုန်မြို့မှ ဖျော်ဖြေရေးစီစဉ်သူ တစ်ဦးဖြစ်သော ကိုကျော်စိုးနိုင်က ပြောကြားသည်။

‘‘အခု ဒုသမ္မတသုံးဦးထဲက ဦးထင်ကျော်ကိုပဲ ရွေးချယ်ချင်ပါတယ်။ သူကပညာအရည်အချင်း လည်း ရှိတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ သားလည်းဖြစ်တယ်။ နောက်ပြီး စီးပွားရေးမဟာဘွဲ့ လည်း ရရှိထားတဲ့ ဘွဲ့ရပညာ တတ်တစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာလည်း ဂုဏ်ယူစရာဖြစ်လာမယ့် သမ္မတ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါ တယ်။ အခုဒုသမ္မတသုံးဦးကို ကြည့်လိုက်ရင် ဦးထင်ကျော်က ပညာအရည်အချင်းလည်း သာတယ်။ သူဖြတ်သန်းခဲ့တဲ နိုင်ငံရေး အတွေ့အကြုံအရပါ ရင့်ကျက်မှု ရှိတဲ့အတွက် ရွေးချယ်လိုက်တာ ပါ။ စစ်တပ်ဘက်က တစ်ယောက် ရွေးချယ်ခဲ့တာဟာ ပြည်သူတွေ အတွက် စိုးရိမ်စရာကောင်းတဲ့၊ အချက်တစ်ချက်ပါ။ နိုင်ငံရေးအ ကြီးအကဲတွေလည်း ဂရုစိုက်၊ အာရုံစိုက်ရမယ့် အနေအထားမှာ ရှိနေပါတယ်’’ဟု အင်းစိန်မြို့နယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သော မချမ်းမြတ်သူက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်နှစ်ရပ်မှ ရွေး ချယ်တင်မြှောက်လိုက်သည့် ဒုသမ္မတနှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် စိတ်ကြိုက်ရွေး ချယ်တင် မြှောက်သည့်သူ နှစ်ဦးဖြစ်၍ ၎င်း တို့နှစ်ဦးအ တွက် စိုးရိမ်ပူပန်မှု မရှိကြောင်း တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုက ပြောသည်။

‘‘NLD ဘက်က တင်မြှောက် တဲ့ သမ္မတနှစ်ဦးကိုတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘူး။တပ်ဘက်ကတင်တဲ့ ဒုသမ္မတဦးမြင့်ဆွေကတော့အမှန်အတိုင်း ပြောရ ရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘ၀ မှာထဲကိုက သူ့ကိုဒုသမ္မတအဖြစ် တင်ဖို့ကြိုးစားခဲ့သေးတယ်လို့ သိရတယ်။ အဲဒီတုန်းကလည်း သူ့ ရဲ့ သားသမီးတွေ နိုင်ငံခြားသားခံ ယူထားတဲ့အတွက် ၅၉(စ)နဲ့ မညီ ညွတ်ဘူးဆိုပြီးတော့ သူ့ကိုဆက် မတင်တာလို့ ကြားဖူးတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်တုန်းက အမှန်တကယ် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဦးမြင့်ဆွေက လုပ်ခဲ့လို့လား၊ ကျွန်တော်ကတော့ အဲဒီအကြောင်းအရာကို မယုံရဲဘူး’’ ဟု ဦးဝင်းချိုက ပြောကြားသည်။

တပ်မတော်ကိုယ်စားလှယ် များ ရွေးချယ်တင်မြှောက်လာ သည့် ဒုသမ္မတမှာ လက်ရှိရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေဖြစ်သည်ဟု 7Day Dailyသတင်းဌာနကတင်ဆက်ရာ ၀င်ရောက်မှတ်ချက်ပေးသူ အများစု က ဝေဖန်ကန့်ကွက်သည့် စာသားများ ရေးသားခဲ့သည်။

‘‘စစ်တပ်မှာ လူတော် လူ ကောင်းရှားနေပြီလား။ ဒါမှမ ဟုတ် သန်းရွှေရဲ့ အစီအမံတစ်ခု ပဲလား။ ပြည်သူကတော့ လုံးဝ မကြိုက်ပါလို့ ပြောထားပါရစေ’’ ဟု ချစ်ဦးအမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ၀င်ရောက်မှတ်ချက် ပေးထားသည်။

‘‘ဦးထင်ကျော်ကိုပဲ နိုင်ငံ တော်သမ္မတဖြစ်စေချင်ပါတယ်။ ပညာရေး၊ နိုင်ငံရေးအတွေ့အ ကြုံတွေက ဘာမှအပြစ် ပြောစရာ မရှိပါဘူး။ ကျွန်မတို့ပြည်သူတွေ ရဲ့ လိုအပ်တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပညာရေး၊ စီး ပွားရေးကဏ္ဍတွေလည်း ဖွံ့ဖြိုး တိုးတက်လာမှာပါ။ စစ်တပ်ကို အယုံအကြည်မရှိပါဘူး။ သူတို့ ရွှေ့လို့ရမယ့်သူကိုပဲ ဒုသမ္မတအ ဖြစ် ရွေးချယ်ထားတယ်လို့ပဲ မြင်ပါတယ်’’ဟု တာမွေမြို့နယ်မှ အ ရောင်းဝန်ထမ်းတစ်ဦးဖြစ်သော မနန္ဒာကပြောသည်။

စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်မှ တောင်သူတစ်ဦးဖြစ်သော ဦးအောင်ဇော်ဦးက ‘‘ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တင်မြှောက်တဲ့ ဒုသမ္မတနှစ်ဦးစ လုံးကို ထင်လည်းထင်မထားဘူး။ အခြားသူတွေကိုပဲထင်ထားတာ။ သူတို့ကို သိလည်းမသိပါဘူး။ ဒါ ပေမဲ့ ဦးထင်ကျော်က စာရေးဆ ရာကြီးမင်းသုဝဏ်ရဲ့ သားဆို တော့ ဆရာကြီးလိုပဲ ဂုဏ်သိက္ခာ မြင့်မားပြီး ဉာဏ်ပညာကြီးမား မယ်လို့ မျှော်လင့်ထားတယ်။ စစ် မှန်တဲ့ ဒီမိုကရေစီစနစ်အတွက် ရွေးချယ်မှုလို့ထင်တယ်’’ ဟု ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ တောင်သူ ဦးခါအောင်က‘‘ကျွန်တော်ကတော့ ဦးဟင်နရီဗန်ထီးယူကိုပဲ သမ္မတအဖြစ်ရွေးချယ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်နေတဲ့အချိန်အခါမှာ တိုင်း ရင်းသားတွေလည်းပါသင့်တယ် လို့ထင်လို့ပါ။ နောက်ပြီး ဦးထင် ကျော်ကိုလည်း သမ္မတဖြစ်စေချင် ပါတယ်။ စစ်တပ်ဘက်ကရွေး ချယ်တာမဟုတ်တဲ့အတွက်ပါ။ ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်နေတဲ့အခါမှာ စစ်အစိုးရ ချုပ်ကိုင်မှုအောက်က ကင်းလွတ် ချင်လို့ စစ်တပ်ပါဝင်မှုကိုသဘော မကျပါဘူး’’ဟု မှတ်ချက်ပြုသည်။

မတ်လ ၁၁ ရက်တွင် ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တပ်မတော်ကိုယ်စား လှယ်များက ရွေးချယ်တင်မြှောက် သည့် ဒုတိယသမ္မတသုံးဦး ထွက်ပေါ်လာသည်။

သမ္မတဖြစ်လာမည့်သူဟု ပြောဆိုနေကြသည့် ဦးထင်ကျော် သည် ဆန္ဒမဲ၂၇၄ မဲ ဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ် စားလှယ်အစုအဖွဲ့က ရွေးချယ်သည့် ဒုတိယသမ္မတဖြစ်လာခဲ့ သည်။

ဦးဟင်နရီဗန်ထီးယူက ၁၄၈မဲရရှိပြီး အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သည့် ဒုသမ္မတဖြစ်လာသည်။

ထို့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လက်ရှိရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဒုတိယဗိုလ် ချုပ်ကြီးမြင့်ဆွေ(ငြိမ်း)အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်နှစ်ရပ်စလုံးက ရွေးချယ်ထားသည့် ဒုသမ္မတများသည် သမ္မတအရည်အချင်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ စိစစ်ရေးအ ဖွဲ့၏ တွေ့ရှိချက်များကို လာမည့် မတ်လ ၁၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ပြည်ထောင်စုလွှတ် တော်နာယကက ကြေညာမည် ဖြစ်သည်။ ထို့နောက် ဒုသမ္မတသုံးဦးအနက် နိုင်ငံတော်သမ္မတ တစ်ဦးကိုရွေးချယ် တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကိုလည်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာမည်ဖြစ်သည်။

7Day News Journal
http://www.7daydaily.com/story/60104


ပြည်ထောင်စုလွှတ်တော်က အစုအဖွဲ့အသီးသီးမှာ ဒုသမ္မတ ရွေးချယ်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ အခုနောက်ဆုံး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ သမ္မတ ရွေးချယ်ရေး အဖွဲ့ကနေ သမ္မတတစ်ယောက်ကို မဲပေးရွေးချယ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒီအ ဆင့် ပြီးသွားရင်တော့ သမ္မတနဲ့ ဒုသမ္မတ နှစ်ယောက် ပေါ်ပေါက်လာမှာဖြစ်ပြီး အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ပုံသဏ္ဍာန်လည်း ပေါ်လာမှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်အတွင်း အမတ်နေရာ ရရှိထားမှုအရ အင်န်အယ်လ်ဒီက နာမည်စာရင်း တင်သွင်းတဲ့ ဦးထင်ကျော်က သမ္မတ ဖြစ်လာမှာဖြစ်ပြီး တပ်မတော်က တင်သွင်းတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်းနဲ့ အငြိမ်းစား ဒုဗိုလ် ချုပ်ကြီး ဦးမြင့်ဆွေ၊ အင်န်အယ်လ်ဒီက တင်သွင်းတဲ့ ဦးဟင်နရီဗန်ထီးယူတို့ ဒုသမ္မတတွေ ဖြစ်လာ ကြမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမဟုတ်ပဲ အများက ထင်မှတ်မထားတဲ့ အခြား ပြဿနာတွေ ရှိလာနိုင်ဦးမလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အခုဆိုရင် ဥပဒေ နည်းဥပဒေတွေအရ ဒုသမ္မတ သုံးယောက် ရွေးချယ် ပြီးစီးခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သမ္မတ ဒုသမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ အဲဒီ သုံးယောက်ဟာ သမ္မတအရည်အချင်းနဲ့ ကိုက်ညီမညီ သမ္မတလောင်း စိစစ်ရေးချယ်ရေး အဖွဲ့က စိစစ်ပါလိမ့်မယ်။ အဲဒီ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ အမျိုးသား လွှတ်တော် ရွေးကောက်ခံ အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ်တစ်ယောက် စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ စိစစ် ရေးအဖွဲ့ (၇) ယောက်မှာ (၆) ယောက်ဟာ အင်န်အယ်လ်ဒီပါတီက ဖြစ်ပါတယ်။

စိစစ်ရေးအဖွဲ့ဟာ ဒုသမ္မတတွေရဲ့ အချက်အလက်တွေကို သိနိုင်ဖို့ ဌာနဆိုင်ရာတွေဆီကနေ လည်း တောင်းယူနိုင်ပါတယ်။ ကာယကံရှင် ဒုသမ္မတတွေဆီကလည်း တောင်းယူနိုင်ပါတယ်။ လက်ရှိ အခြေအနေအရတော့ ဒုသမ္မတ (၃) ယောက်စလုံး သမ္မတလောင်း အရည်အချင်း ပြည့်မီမယ့်သဘော ရှိနေပါတယ်။ မတော်တဆ ဒုသမ္မတ တစ်ယောက်ယောက်ကို အရည်အချင်း မပြည့်မီဘူးလို့ စစ်ဆေး တွေ့ရှိခဲ့ရင်တောင် သိပ်ပြဿနာ မရှိလှပါဘူး။ သက်ဆိုင်ရာ အစုအဖွဲ့မှာ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်ရွေးချယ်ရမှာဖြစ်လို့ အင်န်အယ်လ်ဒီရဲ့ ဒုသမ္မတ ပြဿနာပေါ်လည်း အင်န်အယ်လ်ဒီကပဲ အခြား တစ်ယောက်ယောက် ပြန်တင်မြှောက်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဘာပြဿနာမှ မပေါ်နိုင်ဘူးဆိုတဲ့ သဘောပါ။

ဒုသမ္မတ သုံးယောက်ထဲကနေ သမ္မတတစ်ယောက်ကို ရွေးချယ်ပုံကတော့ လျှို့ဝှက် မဲပေး စနစ်နဲ့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီနဲ့ တပ်မတော် အစုအဖွဲ့ ဘယ်နည်းဘယ်ပုံ မဲပေးမလဲဆိုတဲ့အပေါ် မူတည်ပြီး သမ္မတနဲ့ ဒုသမ္မတနေရာမှာ မထင်မှတ်ထားတွေ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဒုသမ္မတနှစ်ယောက်မှာ သမ္မတပြီးရင် မဲအများဆုံး ရတဲ့ ဒုသမ္မတနဲ့ မဲအနည်းဆုံးရတဲ့ ဒုသမ္မတ ကွာခြားမှု ရှိပါတယ်။ အကြောင်းကတော့ သမ္မတအနေနဲ့ ပြဿနာ တစ်စုံတစ်ခုတက်ရင်၊ နှုတ်ထွက်ရင် အဲဒီ မဲ ဒုတိယ အများဆုံးရထားတဲ့ ဒုသမ္မတက ကာလ တစ်ခု ယာယီသမ္မတအဖြစ် တာဝန်ယူခွင့်ရမှာ ဖြစ်လို့ပါပဲ။ အဲဒီ အချက်တစ်ချက်တည်းကြောင့်ပဲ ဒုသမ္မတ ဖြစ်ရင်တောင် အခွင့်အလမ်း ပိုကြီးတဲ့ ဒုသမ္မ ဖြစ်ရအောင် မဲများဖို့ လိုအပ်နေသေးတာပါ။

ဥပမာ- လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီဘက်က သမ္မတ နေရာရော၊ ဒုတိယ မဲအများစုရမယ့် ဒုသမ္မတနေရာကိုပါ ရယူလိုတယ်ဆိုရင် ခက်ခဲမှာဖြစ်သလို၊ မထင်မှတ်တာတွေလည်း ဖြစ်သွားနိုင်ပါတယ်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ အင်န်အယ်လ်ဒီက ၆၀ ရာခိုင်နှုန်းနီးပါးရှိပြီး တပ်တော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး ပေါင်းရင် ၃၀ ရာခိုင်နှုန်း စွန်းစွန်း၊ အခြားပါတီတွေက ၁၀ ရာခိုင်နှုန်းနီးပါး ရယူထားကြပါတယ်။ ဒီနေရာမှာ အင်န်အယ်လ်ဒီဟာ သမ္မတဖြစ်စေလိုတဲ့ ဦးထင် ကျော်ကို ၄၀ ရာခိုင်နှုန်း နီးပါးလောက် မဲပေး၊ ကျန်တာတွေ ဦးဟင်နရီ ဗန်ထီးယူကို မဲပေးတာမျိုး လုပ်ပြီး တစ်ယောက်ကို သမ္မတ၊ တစ်ယောက်ကို မဲ ဒုတိယအများစုရတဲ့ ဒုသမ္မတဖြစ်အောင် ကြိုးစား နိုင်ပါတယ်။ တကယ်လို့များ အဲလို လုပ်ကိုင်ခဲ့ရင် တစ်ဖက် တပ်မတော်အမတ်တွေနဲ့ ပြည်ခိုင်ဖြိုးဘက် ကလည်း ထင်မှတ်မထားပါဘဲ သူတို့တင်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို မဲမပေးဘဲ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ပုံအော မဲပေးလိုက်ရင် နိုင်ငံ့အထွဋ် အထိပ် နိုင်ငံတော်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ဦးထင်ကျော် သမ္မတအဖြစ်ကနေ လွဲချော်သွားနိုင်ပါတယ်။

ဒီလို မတော်တဆဖြစ်မှုတွေ အဖြစ်မခံနိုင်ဘူးဆိုရင် အင်န်အယ်လ်ဒီဟာ ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်စေချင်တဲ့ ဦးထင်ကျော် မဲ ၅၀ ရာခိုင်နှုန်းကျော်ရအောင် မဲပေးရပါလိမ့်မယ်။ ဒါဆိုရင် ဦးထင်ကျော်ဟာ လွတ်လွတ်ကျွတ်ကျွတ်၊ စိတ်ချလက်ချ နိုင်ငံတော်သမ္မတ ဖြစ်လာပါလိမ့်မယ်။ တပ်မ တော်သား အမတ်တွေနဲ့ ပြည်ခိုင်ဖြိုးဘက်ကလည်း သမရိုးကျအတိုင်း သူတို့တင်တဲ့ ဒုသမ္မတ ဦးမြင့် ဆွေကိုပဲ ပုံအော မဲပေးလိုက်ရင် အင်န်အယ်လ်ဒီကတင်တဲ့ နောက် ဒုတိယ သမ္မတတစ်ယောက်ဖြစ် တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကတော့ ဒုသမ္မတထဲမှာ မဲအနည်းဆုံးရတဲ့ ဝါစဉ် အငယ်ဆုံး သမ္မတ ဖြစ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီကတင်တဲ့ သမ္မတ ဦးထင်ကျော် အနား ယူတာဖြစ်စေ၊ နှုတ်ထွက်တာဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့် သမ္မတရာထူး မယူနိုင်တော့ဘူးဆိုရင် ဦးမြင့်ဆွေဟာ ကာလတစ်ခု ယာယီသမ္မတ တာဝန်ယူခွင့် ရပါလိမ့်မယ်။


အကောင်းဆုံးနည်းလမ်းကတော့ အင်န်အယ်လ်ဒီဟာ ကိုယ်တင်ချင်တဲ့ ဒုသမ္မတ ဦးထင်ကျော် ကို မဲ ၅၀ ရာခိုင်နှုန်းကျော်ပေးပြီး သေခြာပေါက် သမ္မတဖြစ်အောင် တင်လိုက်တာမျိုးပါ။ ဒီအတွက် ဦးဟင်နရီဗန်ထီးယူ ဝါစဉ် အငယ်ဆုံး ဒုသမ္မတလောက်ပဲ ဖြစ်လာမှာ ဖြစ်ပေမယ့် ပြဿနာမရှိတဲ့၊ မထင်မှတ်တာတွေ ဖြစ်လာမှာ မဟုတ်တဲ့ ပုံမှန် သမ္မတရွေးချယ်ပွဲပဲ ဖြစ်လာမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese

မတ်လ ၁ဝ ရက်နေ့ ပြည်သူ့လွှတ်တော်အတွင်း ဒုသမ္မတ အမည်စာရင်း တင်သွင်းမှု မြင်ကွင်း (PHOTO:- ဆွေဝင်း/Myanmar Now)
နေပြည်တော် (Myanmar Now) - လွှတ်တော်မှာ သမ္မတလောင်း ၄ ဦး အမည်ကို ကြာသပတေးနေ့မှာ တင်သွင်းလိုက်လိုက်ပါပြီ။ ဒါပေမယ့် ဒီလေးဦးထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပါဘူး။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်း/ဇနီး သို့မဟုတ် သားသမီးတွေဟာ နိုင်ငံခြားသား ဖြစ်နေရင် သမ္မတ တာဝန် ယူခွင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ သူ့အနေနဲ့ သမ္မတ မဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဟာ သမ္မတရဲ့ အထက်မှာ ရှိနေမယ်လို့ ပြောထားပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ဒီသမ္မတလောင်းစာရင်းထဲမှာ မပါပေမယ့် အခု သမ္မတ ရွေးချယ်မှုဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။ သူဦးဆောင်မယ့် အစိုးရဟာ အရပ်သား အစိုးရ စစ်စစ်ဖြစ်လာပြီး ၁၉၆၂ မှာ ပါလီမန်ဒီမိုကရေစီအစိုးရဆီကနေ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီနည်းလမ်းအရ ပေါ်လာမယ့် ပထမဆုံး အရပ်သားအစိုးရ ဖြစ်လာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နေသွားမယ်လို့လည်း NLD အကြီးတန်း ခေါင်းဆောင်တစ်ဦးထံက သိရပါတယ်။ ဒီရာထူးကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် အဓိကကျတဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရမယ့် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီမှာ ပါဝင်ခွင့်ရပါမယ်။ ဝန်ကြီးအဖွဲ့ဝင်တစ်ဦး ဖြစ်သွားရင် လွှတ်တော်ကိုယ်စားလှယ်တာဝန် ယူခွင့် မရှိတော့တဲ့အတွက် သူ့ရဲ့ မဲဆန္ဒနယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးရမှာပါ။

ပြည်သူ့လွှတ်တော်မှာ NLD က ဦးထင်ကျော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်း တို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ NLD က ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ၊ ပြည်ခိုင်ဖြိုးပါတီက ဦးခင်အောင်မြင့်တို့ကို အမည်စာရင်း တင်သွင်းပါတယ်။

နေပြည်တော် လွှတ်တော်နှစ်ရပ်မှာ နေရာ ၂၅ ရာခိုင်နှုန်း အသင့်ယူထားပြီးဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဒုသမ္မတတစ်ဦး အမည်စာရင်း တင်သွင်းဖို့ သီးခြားနေရာတစ်ခုမှာ စုဝေးကြမှာဖြစ်တဲ့အတွက် ဒီကနေ့ လွှတ်တော်ထဲမှာ ရှိမနေကြပါဘူး။ လွှတ်တော်မှာ NLD ကိုယ်စားလှယ်တွေက နေရာအများစုရထားတာကြောင့် သမ္မတနေရာအတွက် ရွေးချယ်တင်မြှောက်နိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်အားကိုးရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထင်ကျော်ကတော့ သမ္မတဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေပြီး သူဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သမ္မတနေရာအတွက် ရွေးချယ်ခံရမှာပါ။

ကိုယ်စားပြုသမ္မတ

အောက်စ်ဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဦးထင်ကျော်ဟာ နောက်ခံမျိုးရိုးကောင်းမွန်သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မဟုတ်ပါဘူး။ သူ့ရဲ့ဇနီးဖြစ်သူကတော့ NLD ကို ထူထောင်ရာမှာ ပါဝင်တဲ့ ကွယ်လွန်သူ ဦးလွင်ရဲ့ သမီး၊ NLD ကနေ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တာနဲ့ ပတ်သက်လို့ တုန်လှုပ်မှု မရှိကြပါဘူး။

အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ က NLD ကိုယ်စားလှယ် ဦးဝင်းဇော်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆွေးနွေးမှု မအောင်မြင်တဲ့နောက်မှာ အခြားရွေးချယ်စရာနည်းလမ်း မရှိတဲ့အတွက် ကိုယ်စားပြုသမ္မတတစ်ဦး ရွေးချယ်ခြင်းဟာ မှန်ကန်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“အကုန်လုံးက သိတယ် သူသမ္မတဖြစ်သင့်တယ်ဆိုတာကို သူကလည်း ဖြစ်ချင်ပါတယ်။ ဒါပေမဲ့လည်း အားလုံးက လိုက်ပါပြီးပြောင်းလဲဖို့ ဆိုတာကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ၂ဝဝ၈ ဖွဲ့ စည်းပုံကို ကိုင်ထားမှာပဲ။ ၅ နှစ်လုံးလုံး ကိုင်မလားဆိုတာကတော့ ပြောလို့ မရဘူး” လို့ ဦးဝင်းဇော်က ပြောပါတယ်။

အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က NLD ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းကတော့ ခန့်မှန်းရ ခက်နေတဲ့ နိုင်ငံရေးအခြေအနေဟာ အင်မတန် သိမ်မွေ့နက်နဲတယ်လို့ သုံးသပ်ပါတယ်။

“တစ်သက်လုံး မမျှော်လင့်ခဲ့တဲ့ အခြေအနေကိုရောက်နေပြီ။ ဘယ်လိုအသုံးချမလဲဆိုတာ အရေးကြီးပါတယ်။ ပြည်သူရော၊ အစိုးရအသစ်ရော၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရော ဟန်ချက်ညီမှ ရမှာပါ” လို့ ပြောပါတယ်။

အပြောင်းအလဲများ

စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတွေနဲ့အတူ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ NLD အစိုးရ ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေအပြင် အဓိကကျတဲ့ဝန်ကြီးဌာနသုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာတွေကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ကလည်း လိုနေပါတယ်။

“ကျွန်တော်တို့ရဲ့ တာဝန်က ယိုယွင်းပျက်စီးနေတဲ့ ဒီနိုင်ငံကြီးကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ဒီတာဝန်ကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“အဓိက အရေးကြီးဆုံးက ငြိမ်းချမ်းရေးရဖို့ပါ။ ငြိမ်းချမ်းရေးမရဘဲနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လို့ မရပါဘူး” လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ရက်တွေထဲမှာတော့ လွှတ်တော်ကော်မတီက အမည်စာရင်းတင်ထားတဲ့ ဒုသမ္မတလောင်းတွေကို ယခင်စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်သွားမှာဖြစ်ပါတယ်။ သမ္မတလောင်းတစ်ဦးဟာ စစ်ရေးအမြင်ရှိပြီး ပြည်ပအစိုးရတစ်ခုခုရဲ့ သြဇာခံမထားသူဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။

စီစဉ်ထားတဲ့အတိုင်းဆိုရင် သမ္မတရွေးချယ်တင်မြှောက်မှုကို မဲခွဲဆုံးဖြတ်ပြီးနောက်မှာ တရားဝင် တာဝန်လွှဲပြောင်းမှုကို မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပမှာပါ။ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ဖူးလို့ ဆိုထားပြီး သမ္မတအိမ်တော်မှာ ပြုလုပ်မယ့် ညစာစားပွဲကိုတော့ တက်ရောက်မယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောထားပါတယ်။ ။

Mizzima - News in Burmese

လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုတိယ သမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ သုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတ သုံးဦးထဲက ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် လျာထားတယ်လို့ သတင်းတွေထွက်နေပေမယ့် လက်တွေ့မဲပေးတဲ့အခါမှာ မထင်မှတ်တဲ့ ပုံစံဖြစ်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။ RFA


One Championship (MMA) လက်ဝှေ့ပြိုင်ပွဲကို မတ်လ ၁၈ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် One Championship (MMA) လက်ဝှေ့ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက သုဝဏ္ဏအားကစားကွင်း၌ပင် ကျင်းပခဲ့သည်။ One Championship (MMA) ပြိုင်ပွဲကို အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) အဓိက ပံ့ပိုးပေးထားသည်။

ထို One Championship (MMA) လက်ဝှေ့ပြိုင်ပွဲ၏ ထူးခြားချက်မှာ ကိုယ်ခံပညာပေါင်းစုံကို အသုံးပြုနိုင်ပြီး လဲကျသွားသော်လည်း ဆက်လက် တိုက်ခိုက်နိုင်သည်။

ယခုကျင်းပမည့် One Championship (MMA) လက်ဝှေ့ပြိုင်ပွဲကို အမေရိကန်နိုင်ငံရောက် ကချင်တိုင်းရင်းသား အောင်လအန်ဆန် (Aung La Nsang) ပါဝင် ထိုးသတ်မည်ဖြစ်ခြင်းကြောင့် မြန်မာလက်ဝှေ့ ၀ါသနာရှင်တို့၏ အထူးစိတ်ဝင်စားခြင်းကို ရရှိထားသည်။

ကချင်တိုင်းရင်းသား အောင်လအန်ဆန် (Aung La Nsang) သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မွေးဖွားခဲ့သည်။ အမေရိကန်နိုင်ငံကို ၁၈ နှစ်အရွယ် ကတည်းက ရောက်ရှိခဲ့ပြီး အမေရီကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်သည်။ ၄င်းသည် ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲ ၂၅ ပွဲကစားခဲ့ပြီး ၁၆ ပွဲ အနိုင်ရရှိထားသည်။ အမေရိကန်နိုင်ငံတွင် မြန်မာစပါးကြီးမြွေ (Burmese Python) ဟု လူသိများထင်ရှားသူ ဖြစ်သည်။

သတင်း - တီဇက်အေ
The Ladies News Journal


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူတို့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရမှုအား ဂုဏ်ပြုကြောင်းကို သူရဦးရွှေမန်းက သီးခြားစီ ရေးသားခဲ့သော်လည်း တပ်မတော်မှ ရွေးချယ်သည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မြင့်ဆွေကို ဂုဏ်ပြုကြောင်း သီးခြားရေးသားထားခြင်း မရှိသည်ကို တွေ့ရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူ တို့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရမှုအပေါ် ဂုဏ်ပြုအပ်ပါသည်ဟု မတ်လ ၁၁ ရက်က တစ်ဦးစီ သီးခြားဂုဏ်ပြုကြောင်းကို သူရဦးရွှေမန်းက ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် ဆန္ဒမွန် ဟုခေါင်းစဉ်တပ်၍ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မြင့်ဆွေ တို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရမှုအတွက် ၀မ်းမြောက်ပါကြောင်းနှင့် နိုင်ငံနှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် ရရှိလာမည့် တာဝန်များကို စိတ်စေတနာကောင်းများဖြင့် အောင်မြင်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်” ဟုသာ ရေးသားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

၂၀၁၅ ခုနှစ် မတ် ၁၄ ရက် နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားတွင် မြစ်ဆုံဒေသ၌ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့နှင့် ဒေသခံရွာသားများက မြစ်ဆုံစီမံကိန်းနှင့် အခြားဆည်စီမံကိန်းများ အပြီးတိုင် ရပ်ဆိုင်းရန် တောင်းဆိုနေစဉ်

မတ် ၉ရက်က AFP သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စီးပွားရေးအကြံပေးနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဟံသာမြင့်က NLD အစိုးရသစ်အနေဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ပုံစံသစ်ဖြင့် လုပ်ဆောင်ရန် စဉ်းစားနေပြီး တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ရရှိနေသောအခွင့်အရေးများကို အဆုံးသတ်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ဧပြီလဆန်းပိုင်းတွင် အစိုးရတာဝန် စတင်ထမ်းဆောင်နိုင်ဖွယ်ရှိသည့် NLD ပါတီအနေဖြင့် စီးပွားရေးတွင် တပ်မတော်မှ သြဇာလွှမ်းမိုးနေခြင်းနှင့် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးများ စီမံခန့်ခွဲခြင်းများ အပါအ၀င် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအများအပြား ရှိနေသည်။

မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံနှင့် ပြေလည်သည့် ဆက်ဆံရေးကြောင့် ကြွယ်ဝ ချမ်းသာလာခဲ့ပြီး တရုတ်နိုင်ငံမှရရှိခဲ့သည့် စီမံကိန်းများသည်လည်း ပြည်သူများအပေါ် အကျိုးကျေးဇူး အနည်းငယ်သာ ရှိသည်ဟု ဝေဖန်မှုများရှိကြောင်း AFP သတင်းဌာနက ထောက်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနေဖြင့်လည်း နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ရွေးချယ်မှုကြောင့် အနိုင်ရခဲ့ပြီး ၎င်းတို့၏ မူဝါဒကို ယေဘုယျသာ ကြေညာထားပြီး မူဝါဒဆိုင်ရာ အသေးစိတ် အချက်အလက်များ ထုတ်ပြန်မှု အနည်းငယ်သာ ရှိခဲ့သည်။

AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြည်သူများအနေဖြင့် ပြောင်းလဲမှုများကို မျှော်လင့်နေကြောင်း ဦးဟံသာမြင့်က ပြောကြားသည်။

“ ပြည်သူတွေမှာ မျှော်လင့်ချက်တွေက တော်တော် မြင့်မြင့်မားမား ရှိနေကြပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပုံစံတစ်ခုခုနဲ့ အမှားလုပ်မိရင် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးရာ ရောက်ပါလိမ့်မယ်” ဟု AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဝါဒပိုင်းဆိုင်ရာ အရေးကြီးသည့် ဆုံးဖြတ်ချက်များကို လုပ်ဆောင်မည်ဖြစ်ပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပုံစံသစ်ဖြင့် ပြန်လည်တည်ဆောက်ရေးလည်း ပါဝင်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် လက်ရှိစီမံကိန်း ဧရိယာသည် ငလျင်ကြောတစ်ခုနှင့် နီးကပ်စွာရှိနေခြင်း အပေါ် စိုးရိမ်မှုများရှိနေကြောင်းနှင့် ထိုကဲ့သို့ အန္တရာယ်များကို လျှော့ချရန် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဟံသာမြင့်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မြစ်ဆုံမှာ ဆည်ဆောက်ဖို့ကိစ္စကို လုံးဝငြင်းမယ်ဆိုရင် မြစ်အပေါ်ပိုင်းမှာ တခြားဆည်တွေ ဆောက်လို့ရပါတယ်” ဟု ဦးဟံသာမြင့်၏ ပြောကြားချက်ကို AFP က ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီအနေဖြင့်လည်း အခြားကုမ္ပဏီများထက် အခွင့်ထူးခံစားခွင့်မရှိဘဲ အခြားကုမ္ပဏီများနှင့်နည်းတူ မျှတစွာ ယှဉ်ပြိုင်ရမည့်အချိန် ရောက်ရှိလာပြီဖြစ်ကြောင်း NLD စီးပွားရေးအကြံပေး အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားခဲ့သည်။

“အရင် အစိုးရကနေ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအခွင့်အရေးတွေ ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် တပ်မတော်မှ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများသည် အရပ်သားထိန်းချုပ်မှု အောက်တွင် ရှိမည်မဟုတ်ကြောင်း ဦးဟံသာမြင့်၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့တပ်မတော်အပြင် တရုတ်ကုမ္ပဏီများမှ လုပ်ကိုင်နေသည့် စီမံကိန်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့ကျပြီး ထိရောက်သည့် ဆက်ဆံမှုများရှိခဲ့ကြောင်း AFP က ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းကို အာဏာပိုင်များက မီးလောင်ဗုံးအသုံးပြုကာ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထောက်ခံချက်များအရ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့အနေဖြင့် အဆိုပါ ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ထိုကဲ့သို့ အမျိုးသားစီးပွားရေးကို အကြောင်းပြကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုလိုက်ခြင်းအပေါ် တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက မကျေနပ်မှုများ ပေါ်ထွက်လာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဒေသခံများအပေါ် အကျိုးသက်ရောက်နိုင်သည့် ထိခိုက်မှုများ လျှော့ချရန် ထောက်ခံချက် အများအပြားလည်း ပြုလုပ်ခဲ့ကြောင်းနှင့် အစိုးရသစ်အနေဖြင့်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုများ ထပ်မံပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဦးဟံသာမြင့်က ပြောကြားခဲ့သည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီအနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မေလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းအပေါ် ဒေသခံများ ဆက်လက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပြီး NLD အစိုးရအတွက် အစောဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ထို့ပြင် NLD မှ ယခုကဲ့သို့ ပြောကြားမှုသည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ NLD အစိုးရနှင့် ပူးပေါင်းဆွေးနွေးပြီး အဘက်ဘက်က လက်ခံနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားခဲ့ပြီး တစ်ပတ်အတွင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ အစိုးရသစ်နဲ့ဆက်လက်ပြီးတော့ ဆွေးနွေးတိုင်ပင်မယ်။ အဘက်ဘက်က လက်ခံနိုင်မယ့် နည်းလမ်းကိုရှာမယ်။ မြန်မာပြည်သူလူထုကတော့ မြစ်ဆုံစီမံကိန်းကို တော်တော်အလေး ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားကြောင်း 7 Day သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်၏ ပြောကြားမှုကို နယ်ပယ်အသီးသီးမှ ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့ပြီး ပြည်သူများ၏ သဘောဆန္ဒကို နားလည်လေးစား လိုက်နာသင့်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။
Writer:
ဇေယျနန္ဒ
Eleven Media Group



ရွေးကောက်ပွဲမတိုင်ခင်က သမ္မတ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစု အဖွဲ့တွေက ဒုသမ္မတတွေအဖြစ်  ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို ဒီကနေ့ အတည်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်အရ သမ္မတဖြစ်မလာတဲ့အပေါ် သဘောထား အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

ထွန်းအိန္ဒြာဗိုလ် (ဂီတ၊ ရုပ်ရှင် အနုပညာရှင်)
“အမေဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရတာကတော့ တိုင်းပြည်အတွက် တိုက်ရိုအားဖြင့်ကတော့ နစ်နာတာပေါ့။ ဒါပေမယ့် အမေစုကတော့ ရောက်ရာနေရာကနေ တိုင်းပြည်ကို အတတ်နိုင်ဆုံး အကျိုးပြုလုပ်ဆောင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အမေစုကို သမ္မတဖြစ်စေချင်တာပေါ့၊ လူတိုင်းဖြစ်စေချင်တာပေါ့ မေးစရာတောင်မလိုဘူး။ အမေစုလို အရည်အချင်းရှိတဲ့လူမျိုးမှ သမ္မတမဖြစ်ရင် အရည်အချင်းမရှိတဲ့ လူတွေလုပ်ခဲ့တဲ့ သမ္မတပေါင်းများစွာမှာ ကျမတို့တိုင်းပြည် တော်တော်ပျက်စီးခဲ့ပြီးပြီ။ အမေစုလိုအရည်အချင်းရှိတဲ့လူကျတော့ သမ္မတဖြစ်ခွင့်မရဘူးဆိုကတည်းက ကျမတို့တိုင်းပြည်က ဒါ တရားမျှတမှုက တော်တော်မျက်ကွယ်ပြုရာ ရောက်နေတာပေါ့နော်။ အဲဒီတော့ အမေစုလို့အနေအထားမျိုးကို ကျမတို့က နိုင်ငံတကာမှာ ပညာရှင်အဖြစ်နဲ့ ငှားရင်တောင်မှ နိုင်ငံဘဏ္ဍာ ဘယ်လောက်အကုန်အကျခံပြီးငှားရင်တောင်မှ စိတ်ရင်းစေတနာချင်းမတူနိုင်ဘူး။ အမေစုလိုအရည်အချင်းမျိုးတူတဲ့လူကိုငှားရင်တောင်မှ စိတ်ရင်းစေတနာချင်း မတူနိုင်ဘူးပေါ့နော်။ အမေစုတန်ဖိုးကို သိကြဖို့လိုပါတယ်။ (အခုတင်မြှောက်မယ့်သမ္မတတွေ ဒုသမ္မတတွေအပေါ်အမြင်) ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ဒါ ကျမတယောက်တည်းအမြင်ပေါ့ သမ္မတတွေ၊ ဒုသမ္မတတွေဆိုတာကတော့ ပညတ်ချက်ပဲပေါ့နော်။ တကယ်အလုပ်လုပ်နိုင်မယ့်လူ၊ တကယ် lead (ဦးဆောင်) မယ့်၊ ကျမတို့တိုင်းပြည်ကို တကယ်ခေါင်းဆောင်မယ့်သူက အမေဒေါ်အောင်ဆန်းစုကြည်ပါပဲ။”

ဦးကိုကိုလေး (အန်အယ်လ်ဒီ မန္တလေးခရိုင် ဒုတိယဥက္ကဋ္ဌ)
“အခုလိုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးအတိုင်းအတာနဲ့ သမ္မတလို့ အားလုံးက လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိခြင်းသည် တိုင်းပြည်ရဲ့ရတနာတပါး ဆုံးရှုံးသွားတာပဲခင်ဗျာ။ ဒါက ဒေါ်စု နစ်နာသွားတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ ပြည်သူလူထုပဲ နစ်နာသွားတယ်လို့ပဲ ကျနော် သုံးသပ်ချင်ပါတယ်။ ကျနော်တို့ခေါင်းဆောင်က ယုံကြည်စွာတင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဒေါ်စုကိုယ်စား အများပြည်သူအကျိုးကို လုပ်ပေးနိုင်မယ့် သမ္မတလောင်းတွေလို့ ကျနော် ထင်မြင်ယူဆမိပါတယ်။”

ဦးနေမျိုးကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းအတွင်းရေးမှူး၊ မင်းဘူးစကုမဲဆန္ဒနယ် အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်း သမ္မတ တာဝန်မယူတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်နစ်နာလဲဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့ရဲ့ရပ်တည်ပုံက သူ့အတွက်ကြည့်တာ မဟုတ်တဲ့အတွက် သူတဦးတည်းရဲ့နစ်နာမှုကိုတော့ ထူးပြောစရာမလိုဘူးလို့မြင်ပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်အတွက် နစ်နာမှုကတော့ နံပါတ် (၁) ပြည်သူလူထုရဲ့ စိတ်နှလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့မဲပေးခဲ့တဲ့ ပြည်သူတွေအတွက်တော့ တစုံတရာ ထိခိုက်မှုရှိနိုင်တယ်။ နောက်တခုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်တဲ့ နေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက် ဦးဆောင်မှုမရှိတဲ့အတွက် တစုံတရာ ထိခိုက်မှုတချို့ရှိနိုင်တယ်။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပြီးဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း အာဏာရပါတီတွေဟာ သူ့ရဲ့ခေါင်းဆောင်ဟာ နိုင်ငံရဲ့ ဒီပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို မူဝါဒချတဲ့နေရာမှာ အနိုင်ရပါတီရဲ့ဥက္ကဋ္ဌဟာ အဓိကအခန်းကဏ္ဍမှာရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တယ်၊ ငြိမ်းချမ်းရေးကို ဦးတည်တယ်၊ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားလိုတဲ့ ဦးတည်ချက်အရ အခုလို ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ကို တိုက်ရိုက်မယူသော်လည်းပဲ တိုင်းပြည်ကို ကောင်းမွန်စွာ ခေါင်းဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အများကြီး အကျိုးပြုတဲ့အတွက် ကောင်းတဲ့အခြေအနေတရပ်လို့ပဲ ပြောချင်တယ်။”

ဒေါ်တင်တင်ညို  (မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ)
“ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်နိုင်ဘူးဆိုတာ ကျမတို့ ကြိုတင်မှန်းထားပြီးသားပေါ့နော်၊ အခုဆိုလို့ရှိရင်တော့ တခြားတယောက်ကနေ ဖြစ်လာတယ်ဆိုရင်လည်း သူ့အနေနဲ့က ဒီအပေါ်မှာ သေသေချာချာ ဦးဆောင်ပြီးတော့မှ ထိန်းကျောင်းသွားနိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်ပေါ့နော်၊ ခုဖြစ်လာမယ့် သမ္မတကိုပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူတွေက မျှော်မှန်းထားတဲ့အရာတွေကို ဖြစ်လာမယ့် သမ္မတကလည်း သေသေချာချာ နားလည်သဘောပေါက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ကနေ လိုက်ပါအကောင်အထည်ဖော်သွားနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ သမ္မတမဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က အထူးတလည် နစ်နာသွားမယ်လို့ မမြင်ပါဘူး။ သူက ပါတီမှာလည်းဥက္ကဋ္ဌ၊ အခုဖြစ်လာနိုင်ခြေရှိတဲ့ ဦးထင်ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပြီးတော့မှ ရိုကျိုးလိုက်နာမှု ရှိတဲ့သူပဲပေါ့။ ဒါကြောင့်မို့လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကတော့ ဆက်ရှိနေဦးမှာပဲ၊ ရှေ့မှာသာ မရှိတာ နောက်ကွယ်မှာတော့ရှိဦးမှာပဲ။ ဒါကြောင့်မို့လို့ အထူးတလည် နစ်နာသွားမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်မှာ အများစုကို ကိုယ်စားပြုနေတဲ့သူတွေကလည်း အန်အယ်လ်ဒီတွေကပဲဆိုတော့ သူတို့ကလည်း စုပေါင်းဦးဆောင်မှု စနစ်တွေနဲ့ သေသေချာချာ လုပ်ဆောင်သွားနိုင်မယ်လို့ယုံကြည်တယ်။”

ဦးအောင်မျိုးမင်း ((Equality Myanmar ဒါရိုက်တာ)
“တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ်ဆိုရင် သားရွှေအိုးထမ်းတဲ့ ကိစ္စမျိုးပေါ့နော်။ ကျနော်တို့မျှော်မှန်းတဲ့ ခေါင်းဆောင်ကောင်း လုပ်ပိုင်ခွင့်လည်း ရှိမယ်။ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့တွေ၊ အသိအမှတ်ပြုမှုတွေကောင်းမယ်။ အဲဒီတော့ ဒါက အကောင်းဆုံဖြစ်မယ်။ ဒါပေမယ့် အခုတော့ အဲဒီလိုမဖြစ်ဘူးဗျ။ မဖြစ်ပေမယ့် ကျနော်တို့ဘက်ကတော့ ရွေးချယ်ထားတဲ့ လူတွေအပေါ်မှာ အကောင်းဆုံးတော့ ရွေးချယ်ထားတယ်လို့ ယူဆတယ်။ အထူးသဖြင့် ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်းသားကိစ္စကို အလေးထားပြီးတော့ လုပ်ဆောင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီတော့ ဒီရွေးချယ်ထားတဲ့သမ္မတ၊ ဒုတိယသမ္မတထဲမှာ ဆိုရင် ကျနော်တို့ သူတို့ပေါ်မှာ ခိုင်မာတဲ့ယုံကြည်ချက်တွေ၊ သစ္စာရှိမှုတွေရှိတယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ အဲဒီထဲမှာမှ ပင်ကိုယ်ပညာတွေ၊ အတွေ့အကြုံတွေ စတဲ့ အရည်အချင်းနဲ့ပေါင်းစပ်နိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပေမယ့် ဒီဖြစ်တဲ့ပုံစံအတိုင်းပဲ အကောင်းဆုံး ရှေ့ဆက်သွားဖို့အတွက် မျှော်လင့်ပါတယ်။ ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူထုအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုလိုလားတယ်၊ မျှော်လင့်ချက်တွေ အများကြီးရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဒီလိုမျိုးမပါလာတဲ့အတွက်ကြောင့်မို့လို့ စိတ်မကောင်းတဲ့သူတွေ ရှိပါလိမ့်မယ်၊ ဒါပေမယ့်လည်း တဖက်မှာပြန်ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၅၉ (စ) ကို မပြင်နိုင်မချင်း ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ဖို့အတွက် အခက်အခဲရှိတယ်ဆိုတာ သဘောပေါက်ထားပါတယ်။ အခုချိန်မှာ ဒီလိုကန့်သတ်ချက်ကြောင့်မရှိပေမယ့် ရင်ထဲက ပြည်သူရဲ့ဆန္ဒထဲမှာ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့သူတွေတော့ ရှိနေကြဦးမှာပါပဲ။”

By အေးနိုင်
DVB TV News

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမြင့်ဆွေ။
တပ်မတော်ဘက်က ဒုသမ္မတလောင်းအဖြစ် မနေ့က အဆိုပြုတင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ လက်ရှိ အမေရိကန်ဒဏ်ခတ် အရေးယူထားတဲ့ စာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ အခုလို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ ဆိုရင် သူ့ကိုဘာကြောင့် သွတ်သွင်းခဲ့သလဲဆိုတဲ့ သူရဲ့လုပ်ရပ်ကို ဆက်ပြီး မလုပ်တော့ဘူး ဆိုတာ အခိုင်အမာ သက်သေပြဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

၂၀၀၇ခုနှစ် ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ဆက်စပ်နေတယ် ဆိုပြီး အမေရိကန်ပြည်ထောင်စုက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ ဖေါ်ပြခဲ့တဲ့ အထဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို အဲဒီအချိန်က စရခ ခေါ် တပ်လုံခြုံရေး အကြီးအကဲရာထူးနဲ့ဖေါ်ပြထားပြီး ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတဦး အဖြစ်ရေးသားထားပါတယ်။

အခုလို အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းမှာ (၉)နှစ်ဆက်တိုက်ပါနေတဲ့သူကို တပ်မတော်က ဒုသမ္မတလောင်း အဆိုတင်သွင်းခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးဖို့ရှိပါသလားလို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“ဦးမြင့်ဆွေအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု SDN စာရင်းမှာ ဘာကြောင့် ပါနေသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှုများဆိုင်ရာ ထိန်းချုပ်ရေးဌာန ကို မေးမြန်းကြည့်ပါလို့ ကျမတို့ ညွှန်းလိုပါတယ်။ ဒုတိယသမ္မတလောင်း အမည် တင်သွင်းခြင်း ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ထပ် အရေးကြီးတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး ကာလကို ထောက်ခံအားပေးသွားဖို့လဲ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာချထားပါတယ်။”

ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကို မြန်မာပြည်သူတွေကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်ဘက်ကမြင်ကြောင်း သူကအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့အမတ်နေရာ ၂၅%ကို စစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ အချက်ပါ။ ဒီအခြေအနေပေါ်မူတည်ပြီး စစ်တပ် ၂၅% ကိုယ်စားလှယ်ကနေ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ လောင်းတွေကို အမည်တင်သွင်းခွင့်ရ တာဖြစ်ပါတယ်။ နိုင်ငံကိုခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေကို နိုင်ငံသားတွေကသာ မဲပေးရွေးချယ်ခွင့်ရသင့်ကြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်အရနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖေါ်ဆောင်ပေးနိုင်ဖို့ ပြည်သူတို့ရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံခေါင်းဆောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူတဦးဖြစ်တာကြောင့် ဒုသမ္မတလောင်းအဖြစ် အဆိုတင်သွင်းတာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က မနေ့ သောကြာနေ့က ကျင်းပတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတရွေးချယ်ရေး အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

" ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် နိုင်ငံရေးအတွေ့အကြုံ များစွာ ရှိသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် စစ်ရေးအတွေ့အကြုံများစွာရှိသူလည်းဖြစ်ပါတယ်။ "

 ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်က ဒုသမ္မတလောင်းအဖြစ် တင်သွင်းတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းသူဟာ စီနီယာတဦးဖြစ်တဲ့အပြင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေရဲ့ သစ္စာရှိတဲ့ လူယုံတဦးဖြစ်နေတယ် ဆိုတာတွေ့ရတယ်လို့ စစ်သံမှုးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

သူဟာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပီအေသဘောမျိုးပေါ့လေ ကျနော်တို့ ဒီတပ်မတော်မှာ လုပ်ငန်းတာဝန် အားလုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မသွားခင်မှာ သူဆီကတဆင့် အားလုံးပဲ သွားရပါမယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ပင်လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောချင်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တဆင့် တင်ပြရတဲ့အနေအထားမျိုးရှိပါတယ်။ နောက်တခုက ကျနော်တို့ သိထားသလောက်ပေါ့လေ။ သထုံဇာတိပါ။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေနီးမျိုးဆက် တူတော်တယ်လို့သိရပါတယ်။ ပအို့ဝ်အမျိုးသား နွယ်တဲ့အနေအထားမျိုး ရှိပါတယ်။ "

အရင်သမ္မတဦးးသိန်စိန်အစိုးရလက်ထက်တုန်းက တပ်မတော်ဘက်ကနေ ဒုသမ္မတ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို တင်မြှောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကပြောပါတယ်။

" အရင်တချိန်တုန်းက ဒုသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးပေါ့နော် နှုတ်ထွက် ပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေရှိခဲ့တာပေါ့။ သူ့ရဲ့သားမက်လို့ထင်ပါတယ်။ အဲ့တာက သြစတြေးလျမှာ နိုင်ငံသားဖြစ်နေတယ် ဆိုတဲ့သတင်းတွေနဲ့ အဲ့တာကြောင့်ပဲ ပုဒ်မ ၅၉ စ နဲ့ ညိတယ်ဆိုတဲ့ သတင်းတွေ အဲ့ဒီ့အချိန်က ကြားခဲ့ရတာပေါ့။"

မနေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်တီးယူတို့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိမရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ဖွံဖြိုးရေး လွှတ်တော် အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ဒေါ်အောင်ဆန်းစု ကြည် ကနေ စိတ်ချ ယုံကြည်တဲ့ ဦးထင်ကျော် သမ္မတ ဖြစ်လာရေး အတွက် NLD ပါတီ က လုပ်ဆောင် လာ။
မြန်မာ နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာ နိုင်မယ့် ဒုတိယ သမ္မတ ၃ ဦး ထွက် ပေါ် လာ ခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသား ဒီ မိုကရေစီ အဖွဲ့ ချုပ် NLD ပါတီ က နာမည်စာရင်း တင်သွင်း ခဲ့ကြတဲ့ ဦးထင်ကျော် နဲ့ ဦးဟင်နရီ ဗန်ထီးယူ ဟာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့မှာ ကြံ့ခိုင်ရေး ပါတီက ပြိုင်ဘက် တွေ ထက် မဲ အပြတ်အသတ် အသာနဲ့ အသီးသီး ရွေးချယ် ခံခဲ့ ကြရသလို၊ တပ်မတော် ဘက်ကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ ကို သူတို့ တင်သွင်းတဲ့ ဒုသမ္မတ အဖြစ် ထုတ်ဖော် ကြေညာ ခဲ့ ပါတယ်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တော့ ပြည်သူ့ လွှတ်တော် အမတ် တစ်ဦး အဖြစ် လွှတ်တော် တွင်း ဒုသမ္မတ ရွေးပွဲ မှာ မဲထည့် ခဲ့ တာကို တွေ့ခဲ့ ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ ဖြစ်ခွင့် ကနေ ဖွဲ့စည်းပုံ အရ အတားအဆီး ဖြစ်နေစေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင် ဖို့ ရာ တပ်မတော် ဘက်က လက်မခံနိုင် ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစု ကြည် ကနေ စိတ်ချ ယုံကြည်တဲ့ ဦးထင်ကျော် သမ္မတ ဖြစ်လာရေး အတွက် NLD ပါတီ က လုပ်ဆောင် လာကြရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ တပ်မတော်ဘက်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေနဲ့ နီးစပ်သူ အဖြစ် လူ အများက ရှုမြင်ထားကြတဲ့ ဦးမြင့်ဆွေ ကို ဒုသမ္မတ အဖြစ် ထုတ်ဖော် ကြေညာ လာခဲ့တာပါ။

မတ်လ ၁၅ နေ့ ပြည်ထောင်စု လွှတ်တော် ကျင်းပတဲ့ အခါ ဒုတိယ သမ္မတလောင်း ၃ ဦးထဲက တစ်ဦးကို သမ္မတ အဖြစ် မဲပေး ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မကြာသေးခင်က ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုကို စောင့်ကြည့်ပြီး တဲ့နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က သူ့နိုင်ငံရဲ့ နျူကလီယား တိုက်ခိုက်နိုင်စွမ်းကို တိုးတက်အောင် လုပ်ရမယ်လို့ အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင်သတင်းမှာ ဖေါ်ပြထားပါတယ်။

နျူကလီယားထိပ်ဖူးတပ် ဒုံးကျည်အသစ်ရဲ့ ဖျက်ဆီးနိုင်စွမ်းအားကို ခန့်မှန်းနိုင်ဖို့ နျူကလီယား ဖေါက်ခွဲစမ်းသပ်မှုတွေ ခုထက် ပိုလုပ်ဆောင်ဖို့နဲ့ နျူကလီယား တိုက်ခိုက်မှု စွမ်းရည် မြှင့်တင်နိုင်ဖို့ တခြားစမ်းသပ်မှုတွေ လုပ်ဆောင်ချင်ကြောင်း Kim Jong Un ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းက ဖေါ်ပြပါတယ်။

ကင်က သူ့ရန်သူတွေရဲ့ မြောက်ကိုရီးယား အပေါ် အထင်သေးမှုနဲ့ ပရမ်းပတာ လုပ်မှုတွေအတွက် နောင်တရအောင် မြောက်ကိုရီးယားက လုပ်မှာဖြစ်ကြောင်း ကြေညာခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ကြာသပတေးနေ့က မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိမ်းတပ်ဒုံးကျည် ၂ ခုကို ပစ်လွှတ်ခဲ့ပြီး ဒီဒုံးကျည်တွေဟာ နိုင်ငံ့အရှေ့ဘက်ကမ်းလွန် ဒေသက ကီလိုမီတာ ၅၀၀ လောက်အကွာ ရေပြင်ထဲကို ကျရောက်ခဲ့တာပါ။

အခုလို ဒုံးကျည် စမ်းသပ်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုန့်ပြန်တာ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလေ့ကျင့်မှုဟာ သူတို့ နိုင်ငံကို ကျူးကျော်ဖို့ပြင်ဆင်တာလို့ သတ်မှတ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

ဆွန်နီ မွတ်ဆလင်မ် နိုင်ငံ တွေ လွှမ်းမိုးတဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် အတွင်း ဟစ်ဇ်ဘိုလာကို အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာ။
လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အဖွဲ့ ဟစ်ဇ်ဘိုလာ ကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အာရပ် နိုင်ငံများ အဖွဲ့ချုပ် က ကြေညာလိုက် ပါတယ်။

အာရပ် ပင်လယ်ကွေ့ နိုင်ငံများ က အရင် သီတင်းပတ် တုန်းက အလားတူ ကြညာ ခဲ့ပြီး ဖြစ်ပါတယ်။

ဆွန်နီ မွတ်ဆလင်မ် နိုင်ငံ တွေ လွှမ်းမိုးတဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် အတွင်း ဟစ်ဘိုလာကို အကြမ်းဖက် အဖွဲ့ အဖြစ် လက်ဘနွန် နဲ့ အီရတ် နိုင်ငံတွေ က လွဲပြီး တခဲနက် အတည်ပြု သတ်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံ က မဲ မပေးပဲ နေခဲ့တာပါ။

ဟစ်ဇ်ဘိုဘာ အဖွဲ့ ကို အဓိက ကျောထောက် နိုင်ငံ ပြုနေတဲ့ အီရန် နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ ကြား လတ်တလော ပိုပြီး တင်းမာမှု တွေ မြင့်တက် နေကြ သလို၊ ဆီးရီးယား ပြည်တွင်းစစ် မှာလည်း ဟစ်ဇ်ဘိုလာ အဖွဲ့က သမ္မတ အာဆတ် အစိုးရ ဘက်က ဝင်ကူ တိုက် နေပြီး ဆော်ဒီ ဦးဆောင်တဲ့ ပင်လယ်ကွေ့နိုင်ငံ တွေ က သူပုန် အုပ်စု တွေကို ထောက်ခံ နေကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

[youtube src="vSni3ZCGPAk"/]
၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း နှစ်ပေါင်း ၅ဝကျော်အတွင်း စစ်အုပ်ချုပ်မှုတွေကို ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ မြန်မာပြည်ဟာ ပထမဆုံး အရပ်သားစစ်စစ်၊ ပညာတတ်သမ္မတတစ်ဦးကို ပိုင်ဆိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
Kamayut Media

ဦးမြင့်ဆွေကို ပထမအကြိမ် ဒုသမ္မတ တင်ဖို့ ကြိုးစားခဲ့တုန်းက အရည်အချင်း သတ်မှတ်ချက် မမီခဲ့ပါဘူး
လွှတ်တော် နှစ်ရပ်စလုံးမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အဆိုပြုတဲ့ ဒုတိယ သမ္မတ တွေကို အပြတ်အသတ် ထောက်ခံမဲပေး ရွေးချယ်လိုက်တဲ့ မတ်လ ၁၁ ရက်နေ့ မှာပဲ တပ်မတော် ဘက်က လည်း သူတို့ တင်သွင်းမယ့် ဒုတိယ သမ္မတလောင်း နာမည်ကို ထုတ်ဖော် ကြေညာလိုက် ပါတယ်။

ရန်ကုန်တိုင်းအတွင်း စီမံကိန်းတွေ ချပေးမှုနဲ့ ပတ်သက်လို့ ဝေဖန် ခံနေရတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်ဖက်က ရွေးလိုက်တာဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်း ဖြစ်ပြီး တပ်မ ၁၁ တပ်မမှူး၊ အရှေ့တောင်တိုင်းနဲ့ ရန်ကုန်တိုင်း စစ်တိုင်းမှူး၊ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် မတက်ဘဲ ဗိုလ်ချုပ်ဖြစ်လာခဲ့သူ ဖြစ်တဲ့အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီး သူလို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထက် စီနီယာကျသူ တစ်ဦးဖြစ်ပြီး သူတို့ နှစ်ဦးရဲ့သား သမီးတွေ ကလည်း ရင်းနှီးကြပါတယ်။

တပ်မတော်က ရွေးချယ်ခဲ့တဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားတဲ့ ၂၀၁၂ တုန်းက တပ်မတော်က ဦးမြင့်ဆွေကိုဒုတိယ သမ္မတအဖြစ် တင်မြှောက်ဖို့ ကြိုးစားခဲ့ရာမှာ ဦးမြင့်ဆွေရဲ့ သားမက်ဖြစ်သူက သြစတေးလျ နိုင်ငံသား ဖြစ်နေတဲ့အတွက် ပုဒ်မ ၅၉ ( စ ) အရ ဒုတိယ သမ္မတ မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ မကြာသေးခင် လပိုင်းကပဲ သူသားမက်က မြန်မာနိုင်ငံသား ပြန်လည်ခံယူလိုက်တဲ့ အတွက် ပုဒ်မ ၅၉ ( စ )လုံးကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

အရင် စစ်အစိုးရ လက်ထက် ကတည်းက ပုဂ္ဂိုလ်ကို ဒုတိယသမ္မတ အဖြစ် တပ်မတော်က ရွေးချယ်တင်မြှောက်တာဟာ အရင်အစိုးရရဲ့ အမွေဟောင်းတွေကို ဆက်လက် ဆက်ခံတာ ဖြစ်ပြီး သူ့ကို ရွေးဖို့ တပ်ဖက်ကို နောက်ကွယ်က ဖိအားတွေပေးနေတာလားဆိုတာစဉ်းစားစရာ ဖြစ်နေတယ်လို့ တကောင်းနိုင်ငံရေး လေ့လာရေး အဖွဲ့က ဦးရဲမျိုးဟိန်းက ပြောပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် သမ္မတ လက်ထက်မှာ ဒုတိယ သမ္မတွေရဲ့အခန်းကဏ္ဍာ သိပ်အရေးမပါလှ ပေမဲ့ လက်ရှိ မဲရလဒ် အနေအထား အရ တပ်မတော်က တင်တဲ့သူ ဒုတိယ သမ္မတ ဖြစ်လာရင်တော့ ပွဲတက် သမ္မတ အဖြစ်သာ ရှိခဲ့ကြတဲ့ ဒုတိယ သမ္မတတွေ နိုင်ငံရေးမှာ ပိုမိုပါဝင် ပတ်သက်လာမလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့် နေသူတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၁ရက်)။ ။ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတအဖြစ် လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို မတ်လ ၁၁ရက်တွင် ရွေးချယ်လိုက်သည်။

နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမတွင် မတ်လ ၁၁ရက်၊ နံနက်ပိုင်းက ပြုလုပ်သော ဒုတိယသမ္မတရွေးချယ်ရေး အခမ်းအနားတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ဦးက အတည်ပြု ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် တင်မြှာက်ရန် ဗိုလ်မှူးချုပ် သန်းလွင်ကအဆိုပြုခဲ့ပြီး အဆိုပြုချက်အပေါ် ထောက်ခံခဲ့သော ဗိုလ်မှူးချုပ် တင်စန်းနိုင်က "ဦးမြင့်ဆွေ(ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစား)ဟာ ပထမအကြိမ်လွှတ်တော်သက်တမ်းကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးအတွေ့အကြုံများစွာရှိသူဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးအတွေ့အကြုံလည်း များစွာရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်" ဟု ပြောသည်။

ဗိုလ်မှူးချုပ် သန်းလွင်၏ အဆိုပြုချက်အပေါ် တပ်မတော်သားအမတ်အားလုံးက ကန့်ကွက်မှုမရှိသည့်အတွက်
ဦးမြင့်ဆွေအား ဒုသမ္မတအဖြစ်တင်မြှောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေသည် ၂၀၁၀ရွေးကောက်ပွဲကာလတွင် တပ်မတော်မှအငြိမ်းစားယူကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးမြင့်ဆွေတာဝန်ထမ်းဆောင်စဉ်တွင်မူ ရန်ကုန်မြို့သစ်စီမံကိန်းကိစ္စ၊ ဒဂုံစီးတီးစီမံကိန်းကိစ္စ၊ ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့တော်ခန်းမအရှေ့တွင် ဆန္ဒပြကျောင်းသားပြည်သူများကို "တာဝန်" ဟူသည့် လက်ပတ်နီပတ်ထားသူများက အကြမ်းဖက်ဖြိုခွင့်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခံရသူတစ်ဦးဖြစ်သည်။

ယင်းအပြင် ၂၀၀၇ခုနှစ်၊ ရွှေဝါရောင်သံဃာ့အရေးအခင်းလှုပ်ရှားမှုကို ဖြိုခွင်းခဲ့စဉ်က ဦးဆောင်တာဝန်ယူခဲ့သူ တစ်ဦးလည်းဖြစ်သည်။
Mizzima - News in Burmese

ဟင်္သာတ ၊ မတ် ၁၁ ။ ။ ဟင်္သာတတက္ကသိုလ် အနောက်ဘက်ရှိ ချစ်သူလမ်းကြားဟု လူသိများသော ဟင်္သာတ မြို့ရှောင်လမ်းတွင် မတ် ၃ ရက်နေ့ နံနက်ပိုင်းကတူးဖော်ရမိသည့် လူသတ်အလောင်းဖျောက်မှု တရားခံဟု စွပ်စွဲထားသူကို ရန်ကုန်မြောက်ပိုင်း ခရိုင်တွင် ယနေ့မနက်က ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ဟင်္သာတမြို့နယ် စစ်ကုန်းအုပ်စု မရမ်းလေးကျေးရွာ မူလတန်းကျောင်း၏ မူလတန်းပြဆရာ ကိုအေးနိုင်ဖြစ်ပြီး၎င်း၏ ရည်းစားဖြစ်သူ နှင်းပွင့်ဖြူမှ နှလုံးခုန်နှုန်းနှင့်သွေးခုန်နှုန်းကိုမြင့်မားစေသည့် Adrenaline အား အလွန်အကျွံ့ထိုး၍ သတ်ခဲ့သည်ဟု ရဲစခန်း၏ ကနဦး စစ်ချက်များအရသိရသည်။

သေဆုံးသူ ကိုအေးနိုင်နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဘုရားကုန်းကျေးရွာ ကျန်းမာရေးမှူး သန်းဇော် အား အလောင်းတွေ့ပြီး ၅ရက်အကြာတွင် ခေါ်ယူစစ်ဆေးချက်အရ သိရှိရခြင်းဖြစ်ပြီး မည်သို့သော် ကွင်းဆက်ဖြင့် ကျန်းမာရေးမှူး သန်းဇော်ကို ခေါ်ယူစစ်နိုင်သည်ကိုမူ ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်း စခန်းမှူးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

နှင်းပွင့်ဖြူနှင့် ကျန်းမာရေးမှူးသန်းဇော်သည် လွန်ခဲ့သည့် နှစ်နှစ်ခွဲ ကတည်းက ရည်းစားဖြစ်ခဲ့ပြီး အတူနေသည်ကို ပထမရည်းစားဖြစ်သူ ကိုအေးနိုင်က သိရှိပြီး အရက်မူးလာသည့်အခါတိုင်း ဆဲဆိုရိုင်းပြသည့်အတွက် နှင်းပွင့်ဖြူမှ သတ်ရန်ကြံခဲ့ကြောင်း ကျန်းမာရေးမှူးသန်းဇော်က ဟင်္သာတတရားရုံးတွင် မတ် ၁၀ရက်နေ့က ဖြောင့်ချက်ပေးခဲ့သည်။

နှင်းပွင့်ဖြူမှ အေးနိုင် အား သတ်လိုကြောင်း ကျန်းမာရေးမှူးသန်ဇော်အား မေးမြန်းခဲ့ရာ Adrenaline အား overdoes ထိုးပြီး သတ်၍ရသည်ဟု အကြံပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် နှင့်ပွင့်ဖြူ ရန်ကုန်ပြန်ရောက်လာပြီး လာစောင့်နေသော အေးနိုင်နှင့် တက္ကသိုလ်လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ကာ ချစ်သူလမ်းကြားသို့ သွားရောက်ခဲ့ကြောင်း ၊နှင်းပွင့်ဖြူမှ ကာမအားတိုးဆေး ထိုးပေးမည်ဟုဆိုကာ လက်မောင်းကို ဆေးထိုးပေးခဲ့ကြောင်း သန်းဇော်က တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့သည်။

ဆေးရှိန်ကြောင့် အော်ဟစ်ပြီး ဝမ်းများသွားနေသဖြင့် ပါးစပ်အားတိတ်ဖြင့် ပိတ်ခဲ့ကြောင်း ၊ နှင်းပွင့်ဖြူ မှ သန်းဇော်အား မနေရဲ၍ လာရောက်ကူညီရန် ဖုန်းဆက် အကူအညီတောင်းသဖြင့် ပေါက်ပြားအား ပီနံအိတ်တွင်ထည့်၍ သွားရောက်ခဲ့ပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသော ကိုအေးနိုင်အား မြုပ်နှံခဲ့ပြီး သန်းဇော်၏ဆိုင်ကယ်ဖြင့်ပင် ပြန်လာခဲ့ဟု ထွက်ဆိုခဲ့သည်။

ထို့နောက် ပေါက်ပြားအား လယ်တီကွင်း မြို့ထွက်တွင်လည်းကောင်း ကိုအေးနိုင်၏ဖုန်း Coolpad အနက်ရောင်အား ဦးပါရဲမြစ်ကမ်းရှိ မြစ်ထဲသို့ လွှင့်ပစ်ခဲ့ကြောင်း ၄င်းက ထွက်ဆိုသည်။

ထိုနေ့ ည ၁၀ နာရီအချိန်မှာပင် ရန်ကုန်သို့ လိုင်းကားဖြင့် နှင်းပွင့်ဖြူ ပြန်သွားခဲ့ကြောင်း ၊ ဆိုင်ကယ်ကို ယင်းညမှာပင် ချစ်သူလမ်းကြား၌ ထားရစ်ခဲ့ကြောင်း သန်းဇော်၏ ထွက်ဆိုချက်အရ သိရသည်။

ဖော်ထုတ်တွေ့ရှိချိန်က အသားများကျနေပြီဖြစ်ပြီး ပေါင်သားနှင့်အချို့နေရာများတွင်သာ အသားတစ်ချို့ကျန်ရစ်ခဲ့သောကြောင့် ၃လခန့်အကြာက မြုပ်နှံထားသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ဆက်လက်ဖော်ထုတ်ချက်အရ အလောင်းမြုပ်ထားသည်မှာ ၁၁ ရက် ခန့် သာကြာမြင့်သေးကြောင်း သိရသည်။

ယင်း အမှုအား ဟင်္သာတ အမှတ် (၁) မြို့မရဲစခန်းမှ (ပ)၇၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
Mizzima - News in Burmese


ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ။

 ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို မဲခွဲရွေးချယ်ခဲ့တဲ့ ဒီကနေ့မှာ အခုလို အမည်စာရင်း တင်သွင်းလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ။ ဒီအကြောင်း ကိုအောင်အောင်က စုံစမ်းမေးမြန်း တင်ပြပေးထားပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဒုသမ္မတလောင်းတင်သွင်း
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဒုသမ္မတလောင်းတင်သွင်း
ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဆင်ဖြူရှင်ခန်းမမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေ ကို ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းလိုက်တာပါ။ ဒီအခမ်းအနားကို တပ်မတော်သားကိုယ်စားလှယ် အားလုံး တက်ရောက်ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုလို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ဦးမြင့်ဆွေနဲ့ ပါတ်သတ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းဘက်ကတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင်းက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

" ကျမတို့ ပြီးခဲ့တဲ့ လွှတ်တော် ငါးနှစ်သက်တမ်းမှာ အလုပ်လက်တွဲပြီး လုပ်လာတဲ့အပိုင်းတွေမှာ ကျမတို့က ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှုတို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှေးရှု့ပြီးတော့ မေးခွန်းတွေမေး တယ်။ အဆိုတွေ တင်တယ်ပေါ့နော်။ ဒါပေမဲ့ အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ သူတယောက်အနေနဲ့ ဒီလိုဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ အင်မတန်ကို အားနည်းပြီးတော့ မေးတဲ့မေးခွန်းတွေကို မသိချင်ဟန်ဆောင်တာတွေရှိတယ်။ တခါ မီဒီယာတွေ သိချင်တဲ့ကိစ္စတွေ လူပြောသူပြောများတဲ့ ကိစ္စတွေဆိုလို့ရှိရင် မသိသလိုပဲ နေပြီးတော့ ခပ်တည်တည်ပဲ နေတတ်တဲ့ သဘောတွေရှိတယ်ပေါ့။

နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ သဘောထားတင်းမာတဲ့ သဘောထားရပ်တည်သူအနေနဲ့ သူက ရှိခဲ့တယ်။"
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမြင့်ဆွေ
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမြင့်ဆွေ
ဒါ့အပြင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ လွန်ခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်ပတ်နီဝတ်တွေက အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ ပါတ်သတ်ပြီးတော့လည်း ဒါဟာ ဥပဒေကြောင်းအရ လုပ်တာဆိုပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဦးမြင့်ဆွေက ဖြေရှင်းခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒီလို အနေအထားအောက်မှာပဲ ဦးမြင့်ဆွေဟာ အရင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ နဲ့ ရင်းနှီးသူဖြစ်တယ်လို့လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်းအယ်ဒီတာချုပ် ကိုသက်ဇင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"ဦးမြင့်ဆွေကို အရင်တခေါက်က ဒုတိယသမ္မတ တင်ဖို့ စီစဉ်သေးတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (၅၉ စ) နဲ့ ညိပြီးတော့ မရဘူးပေါ့။ အာဏာရှင်ဟောင်းဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ အဓိက အားကိုးရတဲ့သူဖြစ်တယ်လို့ ကျနော်တို့ လေ့လာတွေ့ရတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးလေ့လာသူတွေကလည်း အထပ်ထပ်အခါခါပြောကြတယ်။ သူ့ကိုရွေးလိုက်တာဟာ ဗိုလ်ချုပ်မှူုးကြီးသန်းရွှေ လက်ရှိစစ်တပ်ပေါ်မှာ တစုံတရာ လွှမ်းမိုးမှုများ ရှိသလားဆိုတာ သံသယဖြစ်စရာဖြစ်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးထင်ကျော်နဲ့ ဦးဟန်နရီဗန်တီးယူတို့ကို ဒုတိယသမ္မတတွေ အဖြစ် အဆိုတင်သွင်းပြီးနောက် ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ အများက လေးစားရလောက်တဲ့ အရည်အချင်းအပြင် တိုင်းရင်းသားတွေရဲ့အခွင့်အရေး အပေါ် လေးစားမှုရှိကြောင်း ပြသတဲ့ အနေနဲ့ သူတို့ ၂ ဦးကို ရွေးချယ်လိုက်တာလို့ NLD ပါတီဘက်ကတော့ ပြောဆိုထားတာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေ တင်မြှောက်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေရဲ့ အနေအထားကရော ဘယ်လောက်အထိအောင် လွှမ်းမိုးမှုရှိနိုင်ပါလဲ။

နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေရေးနေတဲ့ ကိုဝက-

" ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ ကာလ အတွင်းမှာ ထူးခြားတဲ့ လုပ်ဆောင်မှုဆိုလို့ ပြောပလောက်အောင် မရှိခဲ့ဘူး။ တိုင်းပြည်လူထုက အားတခုအနေနဲ့ မျှော်လင့်ချက်ထားနိုင်တဲ့သူမျိုး စိတ်ဝင်စားနိုင်တဲ့သူမျိုးတော့ မဟုတ်ဘူးလို့ ဒါ ကျနော် နိုင်ငံရေး အရတော့ ပြောနိုင်ပါတယ်။"
ရန်ကုန်တိုင်းလက်ရှိဝန်ကြီးချုပ်ဦးမြင့်ဆွေ
ရန်ကုန်တိုင်းလက်ရှိဝန်ကြီးချုပ်ဦးမြင့်ဆွေ
လွန်ခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ လမ်းကြောင်း ဒုတိယအဆင့်မှာ လက်ရှိအခြေအနေကနေ ယိမ်းယိုင်မှုကို လက်မခံနိုင်ဘူး လို့ ပြောကြားပြီးနောက်ပိုင်း ဦးမြင့်ဆွေကို အခုလို ရွေးချယ် တင်မြှောက်လိုက် တာကြောင့် သူဟာ တပ်မတော်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင် မယ့်သူ တဦးအဖြစ်လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုင်းမှူးနဲ့ တပ်မတော် လုံခြုံရေးရာ ကောင်စီ ဥက္ကဋ္ဌ တာဝန်အပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ရဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ သံဂါတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းရာမှာလည်း အဓိကတာဝန်ရှိသူတဦးအဖြစ် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

VOA/အောင်အောင်
http://burmese.voanews.com/content/army-nominated-to-yangon-region-chief-minister-myint-swe/3231810.html

ပြည်ထောင်စုအစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနည်းအကျဉ်းမျှသာပါဝင်နိုင်ပြီး အစိုးရအဖွဲ့ အမည်စာရင်းကို မတ်လ ၆ ရက်၌ ကြေညာမယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က မတ်လ ၄ ရက်နေ့မှာ မီဒီယာများကို ပြောပြပါတယ်။ ဆက်လက်ပြီး ဦးဝင်းထိန်က သမ္မတတာဝန်လွှဲပြောင်းပွဲကို မတ်လ ၃၀ ရက်တွင် ပြုလုပ်သွားမယ်ဆိုပြီး ပြောပါတယ်။

သမ္မတဦးသိန်းစိန်က သူ့ရဲ့အစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လျှောက်နိုင်အောင် လုပ်ပေးခဲ့တယ်။ အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှု အတော်များများ ရုပ်သိမ်းသွားအောင် ကြိုးပမ်းနိုင်ခဲ့ တယ်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ ချေးငွေများ၊ အကူအညီများ ပြန်လည်ရရှိအောင် လုပ်ပေးခဲ့တယ်။ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ပိုမို ၀င်ဆံ့လာတယ်။ အနောက်အုပ်စုနိုင်ငံကြီးများထံမှ အကူအညီအထောက်အပံ့တွေ ပြန်ရလာခဲ့တယ်။ ဒါ့ပြင် နောင်တက်လာမည့် အစိုးရသစ်အတွက် ငြိမ်းချမ်းရေးလမ်းစကို ဖော်ဆောင်ပေးခဲ့တယ်။ နောက်ဆုံး မြန်မာ့ သမိုင်းတွင် ဘယ်တုန်းကမှ အစဉ်အလာမရှိဘူးတဲ့ အစိုးရဟောင်းမှ အစိုးရသစ်သို့ ညင်သာချောမွေ့စွာ အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်အစိုးရက ပြောပါတယ်။

ဒါပေမဲ့ အစိုးရအပေါ် စောင့်ကြည့်ဝေဖန်ကြသူများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက မကြာမီ အာဏာစွန့်လွှတ်ရတော့မယ့် လက်ရှိအစိုးရဟာ NLD အစိုးရသစ်အတွက် အခက်အခဲတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ချန်ထားခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ လစ်ဗျား၊ အီရတ်တို့လောက် မဆိုးရွားပေမယ့် ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတယ်ဆိုပြီး ထောက်ပြကြပါတယ်။ အထူးသဖြင့် ဝေဖန်သူတွေက မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုအားပျော့ပြီး မူးယစ်ဆေးဝါးတွေ မတရားပျံ့နှံ့နေတာ၊ လူဆိုးလူမိုက်တွေ သောင်းကျန်းနေပြီး ရာဇ၀တ်မှုတွေ ထူပြောနေတာဟာ အစိုးရ သစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်တယ်ဆိုပြီး ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်လုံတိုးဂိတ်တွင် သေနတ်ပစ်ဖောက် ရမ်းကားခဲ့သူ ခိုအောင်းနေထိုင်တဲ့ နေရာကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်းရာ မူးယစ်ဆေးဝါး၊ လက်နက်ခဲ ယမ်းများ၊ ရွှေတပိဿာကျော်၊ မြန်မာငွေကျပ်သိန်း ၂၀၀ ကျော်နှင့် ထိုင်းဘတ်ငွေ သုံးသိန်းကို သိမ်းဆည်း ရမိပါတယ်။
အလားတူ ဖေဖော်ဝါရီ ၆ ရက်က တာမွေမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဟာ လှည့်ကင်းဆောင် ရွက်နေစဉ် နတ်မောက်ရပ်ကွက်၊ ဦးထွန်းမြတ်လမ်းမှာ မီးဖွင့်စက်နှိုးပြီး ရပ်ထားတဲ့ကားတစီးကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် စစ်ဆေးရာ Arakan Army (AA) အဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူတဦးကို ဖမ်းမိခဲ့တယ်။ ကွင်းဆက်အဖြစ် ဆက် လိုက်ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၈၀၀ နဲ့ လက်နက်တွေ၊ ကျည်ဆန်တွေ ဖမ်းဆီးမိခဲ့တယ်။ သူတို့တတွေဟာ မူးယစ်ဆေးဝါးရောင်းချပြီး AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ၀ယ်ယူထောက်ပံ့နေကြောင်း သိရပါတယ်။

အခုတလော နေ့စဉ်ထုတ် သတင်းစာတွေမှာ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ ဖမ်းမိနေတဲ့သတင်းများကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယ ဘိန်းအများဆုံး စိုက်ပျိုးနိုင်တဲ့ နိုင်ငံ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ကျော် ရှိနေတဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေ၊ တရားမ၀င် လက်နက်တွေပေါများနေတာ ထူးပြီးမဆန်းတဲ့ကိစ္စပါ။ ကချင်ပြည်နယ်မှ လူထုဟာ သူတို့ခင်ပွန်းတွေ၊ သားတွေ၊ လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးကြောင့် လူညွန့်တုံး အသက်ဆုံးရှုံးနေရတဲ့အဖြစ်ကို မခံစားနိုင်လွန်းတဲ့ အတွက် ကိုယ်တိုင်ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ကြိုးစားတယ်။ ဒါကို သက်ဆိုင်ရာက တားမြစ်တယ်။ ဘိန်းခင်း တွေ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာတွေက သိကြပါတယ်။ ဒါကို ဘာ့ကြောင့် မဖျက်ဆီးရသလဲ။ ဖျက်ဆီးမယ့်သူတွေကို ဘာ့ကြောင့် တားမြစ်ရသလဲ။ ဘာ့ကြောင့် သူတို့တတွေရဲ့ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်မှုမပေးနိုင်ရသလဲ။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းမှု အပေါ် မေးခွန်းထုတ်စရာပဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသရှိ ဘိန်းခင်းများ ဖျက်ဆီးဖို့ သွားရောက်တဲ့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များဟာ ဖေဖော်ဝါရီ ၂၅ ရက်က တူမီး သေနတ်များ၊ လက်လုပ်မိုင်းများနဲ့ တိုက်ခိုက်ခံရပြီး လူ ၃၀ လောက် ဒဏ်ရာများနဲ့ မြစ်ကြီးနားဆေး ရုံကိုရောက်လာပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံရှေ့မှာ BGF အလိုမရှိ၊ ဘိန်းစောင့်အစိုးရ အလိုမရှိ၊ နယ်ခြားစောင့်တပ်အလိုမရှိ၊ မူးယစ်ဆေးတိုက်ဖျက်ရေး တို့အရေး၊ ဘိန်းခင်းကာကွယ်သူ တို့ရန်သူဆိုပြီး လူအချို့က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကချင်ပြည်နယ်နဲ့ပတ်သက်ပြီး ထူးခြားတဲ့ နောက်ထပ်ကိစ္စတခုက ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်ရေးဖြစ်ပါတယ်။ ဖားကန့်မှာ တရုတ်နိုင်ငံမှ မြေသယ်ယာဉ်နဲ့စက်ယန္တရားကြီးတွေ အမြောက်အမြား တရားမ၀င်တင်သွင်းပြီး လုပ်ပိုင်ခွင့်ရကုမ္ပဏီကြီးတွေက လောဘတကြီး အကန့်သတ်မဲ့ တူးဖော်နေကြတယ်။ မြေစာပုံတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ကြတယ်။ ရေမဆေးကျောက်ရှာသူတွေ မြေစာပုံအတွင်း ၀င်ရှာကြတဲ့အခါ မြေစာပုံပြိုကျပြီး လူအများအပြား မကြာခဏ သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ အစိုးရက သက်ဆိုင်ရာကုမ္ပဏီတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးမှုတွေမလုပ်ခဲ့ဘူး။ နောက်ဆုံး ဒေသခံများက ဖားကန့်မှာ စက်ယန္တရားကြီးတွေရဲ့လောဘဇောတိုက် ကျောက်စိမ်းတူးဖော်နေတဲ့အတွက် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးရတယ်။ ချောင်းတွေ၊ မြောင်းတွေ နောက်ကျိပြီး သောက်သုံးရေ ရှားပါးရတယ်ဆိုပြီး စက်ယန္တရားကြီးတွေ သွားလာမှုကို တားဆီးဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ရတယ်။

တရုတ်နိုင်ငံက မြေသယ်ယာဉ်များ၊ စက်ယန္တရားအမြောက်အမြား ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီအထိ တရားမ၀င် တင်သွင်းမှုနဲ့ အစိုးရ၀န်ကြီးဌာနမှ ညွှန်ကြားရေှးမှူးချုပ်နှစ်ဦးနဲ့ အခြား အဆင့်အရာရှိ ၂၀ ကျော်တို့ကို တာဝန်မှ အနားပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၃ ရက်တွင် အတည်ပြုပါတယ်။ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း အဂတိလိုက်စားမှု ပြဿနာဟာ ညွှန် ကြားရေးမှူးချုပ်နှစ်ဦးနဲ့ အခြားအဆင့်အရာရှိများကို တာဝန်မှအနားပေးရုံနဲ့ ပြည်ဖုံးကားချလိုက်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ အဂတိလိုက်စားမှုကြောင့် တာဝန်မှထုတ်ပယ်ခံရသူများဟာ အဆင့်ဆင့်အမိန့်ပေးစနစ်ရဲ့ အလယ်အလတ်နေရာ၊ အောက်ဆုံးနေရာများ၌ ရှိကြသူများဖြစ်ကြပါတယ်။ သူတို့ဟာ မြန်မာ့ဒီမို ကရေစီလှေကြီးပေါ်ရှိ ငါးခုံးမများစွာအနက်မှ ငါးခုံးမအငယ်စားများဖြစ်ကြပါတယ်။ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စက်ယန္တရားကြီးများ ရာနဲ့ချီပြီးတင်သွင်းခွင့်၊ ဖားကန့်မြေကို ဘိုးဘွားပိုင်သဖွယ် သဘောထားပြီး စိတ်ကြိုက်တူးဆွခွင့်များပေးနိုင်တဲ့ အဆင့်ဆင့်အမိန့်ပေး ဦးဆောင်မှု စနစ်တွင်ပါဝင်ကြသူများ၊ ဥပဒေအထက်မှာနေရာယူထားကြသူများကတော့ ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း အဂတိလိုက်စားမှုပြဿနာနောက်ကွယ်မှာ ဒူးနှန့်ကျန်နေဆဲဖြစ်ပါတယ်။ တည်ဆဲအစိုးရဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးရဲ့ အဓိကရန်သူ၊ နိုင်ငံတော်ဖွံ့ဖြိုးရေးရဲ့အဓိကရန်သူဖြစ်တဲ့ အဂတိလိုက်စားမှုပြဿနာကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ မိမိပိုင်ဆိုင်မှု မချပြရဲသူများဖြင့် ဖွဲ့စည်းထားတဲ့ အစိုးရကိုယ် တိုင်လည်း စင်းလုံးချောတွေမဟုတ်တဲ့အတွက် မရဲဘဲနဲ့ ကျွဲပြဲစီးရမည့်အရေး လက်တွန့်နေပုံရပါတယ်။ အထူးသဖြင့် သုံးသိန်းထက်မကျော်တဲ့ လက်ဆောင်ပစ္စည်းလက်ခံရင် အဂတိလိုက်စားရာမမြောက်ဘူးဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောစကားပေါ်ထွက်လာပြီးနောက် အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်မှာ အကျင့်ပျက်ခြစား မှုတွေ ပိုများလာပါတော့တယ်။ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ပြောသလို တနိုင်ငံလုံး ဆီးသီးပန်းမှောက်ခဲ့ကြပါတယ်။ လာမည့် မတ် ၃၁ တွင် လက်ရှိအစိုးရရဲ့ သက်တမ်းကုန်ဆုံးပါတယ်။ ဒါပေမဲ့ ဆီးသီးပန်းမှောက်တဲ့ကိစ္စက မပြီးသေးဘဲ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ့်သဘောမျိုးလုပ်နေကြပါတယ်။

နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီး နောက်ပိုင်း နိုင်ငံမြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ နိုင်ငံပိုင်စီမံကိန်းများကို နေရာ တကျစီမံခြင်းမပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှု စသည်တို့ကို နိုင်ငံတော်နဲ့နိုင်ငံသားတို့ အကျိုးစီးပွားများအတွက် အသေးစိတ်စိစစ်ဟန့်တားကာ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို NLD မှ ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံလို သယံဇာတကျိန်စာ သင့်နေတဲ့နိုင်ငံ၊ မူးယစ်ဆေးဝါး ပေါများပျံ့နှံ့တဲ့နိုင်ငံ၊ အဂတိလိုက်စားမှု များပြားတဲ့နိုင်ငံ၊ ရာဇ၀တ်တွေထူပြောတဲ့နိုင်ငံကို Failed State လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် ကျဆုံးနေ တဲ့နိုင်ငံ၊ တိုင်းပျက်ပြည်ပျက်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဖဆပလခေတ်က ဥပဒေပြုလွှတ်တော်ကို တိုင်းပြု ပြည်ပြုလွှတ်တော်ဆိုပြီးခေါ်ပါတယ်။ အခုလည်းပဲ ပင်နီရောင်လွှမ်းနေတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်တရပ် သက်ဝင်လှုပ်ရှားနေပါပြီ။ မကြာမီ တိုင်းပြုပြည်ပြုအစိုးရသစ်တရပ် ပေါ်ထွက်လာပါတော့မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် တိုင်းပြည်အပေါ် စေတနာထားသူ၊ အရည်အချင်းရှိသူနဲ့ အဂတိကင်းသူများကို ရွေးချယ်ထားတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ ကမ္ဘာ့အလယ်မှာ အထီးကျန်ဖြစ်ခဲ့ရ၊ အောက်ကျ နောက်ကျဖြစ်ခဲ့ရပါတယ်။ လွဲမှားတဲ့စနစ်၊ လွဲမှားတဲ့စီမံအုပ်ချုပ်မှုများကြောင့် အုပ်စိုးသူလူတစု ဆယ်သက် စားမကုန်အောင် ကျိကျိတက်ချမ်းသာပြီး ပြည်သူလူထုအများစုကြီးက ဖွတ်ကျော ပြာစု၊ ခရုအဆန် ကျွတ်ဖြစ်ခဲ့ရပါတယ်။ တိုင်းပြည်ဟာလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ မလွတ်မြောက်နိုင်သေးပါဘူး။ ခုတော့ တိုင်းပြည်ရဲ့ အနာဂတ်ရောင်ခြည်သန်းလာပါပြီ။ တိုင်းပျက်ပြည်ပျက်အခြေအနေမှ ကမ္ဘာ့အလယ် မြန်မာဟေ့လို့ လက်မထောင်နိုင်စေဖို့ တိုင်းပြုပြည်ပြုလုပ်ငန်းမှာ အားလုံးတယောက်မကျန် တက်ကြွစွာပါဝင်ကြပါစို့လားဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


တရုတ်ပြည်တွင် သေဆုံးသူအမျိုးသမီးများ၏ အလောင်းများကို သင်္ချိုင်းဂူများမှခိုးယူကာ ထောင်နှင့်သောင်းနှင့်ချီသောငွေကြေးဖြင့် 'သတို့သမီးအလောင်း' အဖြစ်ရောင်းစားမှုများရှိနေကြောင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ တရုတ်ပြည်တွင်လက်မထပ်ရဘဲ သေဆုံးသွားသူ ယောက်ျားများမှာ ကံမကောင်းဟု ယူဆသော ရှေးဟောင်းအယူအဆတရပ်ရှိခဲ့သည်။ ယင်းအယူအဆ ပြန်လည်ထွက် ပေါ်လာခဲ့ပြီး မိသားစုများက ယင်းကဲ့သို့ သေဆုံးသွားသော လူပျိုကြီးများအတွက် အမျိုးသမီးအလောင်းများကို ၀ယ်ယူကာ အလောင်းအရိုးစုများကို သွပ်ကြိုးများနှင့် ချည်နှောင်ပြီး သတို့သမီးဝတ်စုံဝတ်ပေး၍ လူပျိုကြီးအလောင်းနှင့် ယှဉ်တွဲမြှပ်နှံမှု ပြုလုပ်လျက်ရှိသည်။

ယင်းကဲ့သို့ အမျိုးသမီးအလောင်းများ ခိုးယူခံရပြီး ''မမြင်ရသော တစ္ဆေအိမ်ထောင်ရေး''အတွက် အသုံးချမှုများ ရှိနေ၍ သေဆုံးသူ အမျိုးသမီးများ၏ ကျန်ရစ်သူများကို ပျောက်ဆုံးနေသော အလောင်းရှာဖွေရေး လုပ်ကိုင်နေကြရသည်။ တရုတ်ပြည်တောင်ပိုင်း ကျာန်ရှီ ပြည်နယ်၏ ဟောင်တောင်စီရင်စုတွင် ယင်းကဲ့သို့ အမျိုးသမီးအလောင်းပျောက်ဆုံးမှုမှာ အနည်းဆုံး ၃၆ လောင်းခန့်ရှိကြောင်း ယင်းဒေသ၏ ရဲတပ်ဖွဲ့အကြီး အကဲ လင်ရှုက ပြောပြသည်။
''ကျွန်တော့် အမေရဲ့အလောင်းကို ရှာနေတာ ကျွန်တော် ယွမ် ၅၀,၀၀၀ ကျော်ကုန်နေပြီ၊ ဒီလိုအလောင်းအခိုးခံရ တာ ကျွန်တော်နှလုံးသားကို ဆွဲညှစ်လိုက်သလိုပါပဲ''ဟု မိခင်အလောင်းအခိုးခံရသော ကော့ကျိစိန်ဆိုသူက ပြောပြသည်။

သို့သော်လည်း ကျာန်ရှီပြည်နယ်နှင့် မြောက်ပိုင်း ဟေနန်ပြည်နယ်များတွင် ငွေကြေးချမ်းသာကြွယ်ဝလာကြ သော ကျေးလက်ပြည်သူအချို့က ယင်းကဲ့သို့ အမျိုးသမီးအလောင်းများကို ငွေပေးဝယ်ပြီး ယင်းအစဉ်အလာဟောင်းကို ကျင့်သုံးနေကြခြင်းဖြစ်သည်။ ပူပူနွေးနွေး သေဆုံးသူ အမျိုးသမီးအလောင်းများကို ပေါင် စတာလင် ၁၁,၀၀၀ အထိ ပေးဝယ်နေသူများ ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်က ဇနီးသည်ကို သတ်ဖြတ်ပြီး အလောင်းကို ရောင်းစားရန် ကြိုးစားခဲ့သည့်လူတယောက်ကို ဖမ်းဆီးခဲ့ရသည့် ဖြစ်ရပ်ရှိခဲ့သည်။ ပုပ်သိုးဆွေးမြည့်နေသော အလောင်းကိုပင် ပေါင်စတာလင် ၅၀၀ နှင့်ရောင်းချမှုများရှိနေသည်။ တရုတ်နိုင်ငံဥပဒေအရ ယင်းကဲ့သို့ အလောင်းခိုးယူမှု သို့မဟုတ် ဖျက်ဆီးမှုပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်။

တေဇ၀င်း
Ref;Xinhua
https://www.facebook.com/NewsWatchJournal

၂၀၁၁ ခုနှစ် မတ် ၁၁ ရက်က ဆူနာမီကြောင့် အလုပ်သမား ၄၃ ဦး သေဆုံးခဲ့သည့် နေရာတွင် တည်ဆောက်နေသော သဘာဝဘေး ကြိုတင်ကာကွယ်ရေး ရုံးချုပ်အဆောက်အအုံကို မတ် ၇ ရက်က ရိုက်ကူးထားသောဓာတ်ပုံ Photo:(AP)

ဂျပန်နိုင်ငံတွင် ကမ်းလွန်ဒေသ၌ ဧရာမငလျင်ကြီး လှုပ်ခတ်ပြီးနောက် အရှေ့မြောက် ကမ်းရိုးတန်းတစ်လျှောက် လူပေါင်း ၁၈,၅၀၀ ကို သေဆုံး သို့မဟုတ် ပျောက်ဆုံးစေခဲ့ပြီး ၂၅ နှစ်အတွင်း အဆိုးရွားဆုံး နျူကလီယား ယိုစိမ့်မှုကြီး ဖြစ်ပွားစေခဲ့သည့် ငါးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို မတ် ၁၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဂျပန်ဧကရာဇ် အာကီဟီတို၊ မိဖုရား မီချီကို၊ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အခြားပါဝင်သူများသည် တိုကျိုမြို့တွင် ပြုလုပ်သော နိုင်ငံတော်အခမ်းအနားတွင် ဦးညွတ်အလေးပြုမှုများ ပြုလုပ်ခဲ့ကြသည်။ ဆူနာမီဒဏ်ကိုခံခဲ့ရသော ဒေသတစ်လျှောက်တွင် နေထိုင်သူ အများအပြားကလည်း ပစိဖိတ်သမုဒ္ဒရာအောက် ပြင်းအားအဆင့် ၉ ရှိ ငလျင်ကြီး ၂၀၁၁ ခုနှစ် မတ် ၁၁ ရက်တွင် လှုပ်ခဲ့သည့် အချိန်အတိအကျဖြစ်သော ဒေသစံတော် ချိန်မွန်းလွဲ ၂ နာရီ ၄၆ မိနစ် (ဂရင်းနစ်စံ တော်ချိန် ၀၅၄၆) ၌ အလားတူ အထိမ်းအမှတ်များကို ကျင်းပခဲ့ကြသည်။

အင်အားပြင်းထန်သော ငလျင်ကြီးကြောင့် ဧရာမရေတံတိုင်းကြီးဖြစ်ပေါ်ကာ ကျောင်းများနှင့် လူနေအိမ်ခြေများကို ၀ါးမျို သွားခဲ့ပြီး ကမ္ဘာကြီးအတွက် မမေ့နိုင်သော ရုပ်ပုံလွှာများကို ချန်ထားရစ်ခဲ့သည်။ ယင်းဒေသ၌ နေထိုင်သူများသည်
ပို၍မြင့်မားသော နေရာများဆီသို့ ကြောက်လန့်တကြား ပြေးလွှားခဲ့ရပြီး မော်တော်ယာဉ်များနှင့် သင်္ဘောများသည် ပြင်းထန်သော ရေလှိုင်းရိုက်ပုတ်မှုကြောင့် လွင့်စင်ခဲ့ရသည်။

ရေလှိုင်းများသည် ဖူကူရှီးမား၊ ဒေချိုင်း နျူကလီးယားဓာတ်အားပေးရုံကို ဖျက်ဆီးခဲ့ပြီး ရေဒီယိုသတ္တကြွ ယိုစိမ့်မှုများကို ဖြစ်ပွားစေခဲ့သည်။ ယင်းသည် ၁၉၈၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ချာနိုဘိုင်းနျူကလီးယား မတော်တဆမှု နောက်ပိုင်း အန္တရာယ်အကြီးမားဆုံး နျူကလီးယား မတော်တဆမှုဖြစ်ခဲ့ပြီး ယခုအ ချိန်အထိ အချို့နေရာများ၌ လူများ နေထိုင်နိုင်ခြင်း မရှိသေးပေ။

“လူတွေအနေနဲ့ စီးပွားရေးအပါအ၀င် နည်းလမ်းများစွာမှာ ခက်ခဲနေဆဲဖြစ်သည့် အဲဒီဒေသကနေ ဖယ်ရှားခဲ့ရသူတွေရဲ့ ဘ၀ကို အမှတ်ရနေလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု ကာဇူကိုနီဟေး (၃၉ နှစ်) က တို ကျိုမြို့ ပန်းခြံတစ်ခုအတွင်း ပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

“ဒီအခမ်းအနားက ဘေးဒုက္ခကြီးနဲ့ ကျွန်မတို့ရဲ့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အမှတ်ရစေဖို့ပါ” ဟုလည်း နီဟေးက ပြောကြားခဲ့သည်။ နီဟေးသည် ဘေးဒုက္ခကြီးဖြစ်ပွားပြီးနောက် သမီးနှစ်ဦးနှင့်အတူ ဖူကူရှီးမားမှ တိုကျိုသို့ ရွှေ့ပြောင်းခဲ့ရပြီး ယခုအခါ ဖူကူရှီးမားဒေသမှ မိခင်များကို ကူညီရန်အဖွဲ့အား ဦးဆောင်လျက်ရှိသည်။
နျူကလီးယား စက်ရုံ၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရေဒီယိုသတ္တိကြွ အရာများ အနီးအနားရှိ တောပိုင်းနှင့် သမုဒ္ဒရာထဲသို့ ပျံ့နှံ့စေခဲ့သော ဖူကူရှီးမားခရိုင်၏ အနေအထားသည် ယခုတိုင် စိုးရိမ်ဖွယ် ဖြစ်နေသေးသည်။

နျူကလီးယား မတော်တဆဖြစ်ပွားခဲ့မှုကြောင့် ယင်းဒေသ၌ နေထိုင်ကြသော လူပေါင်းသောင်းနှင့်ချီလျက်သည် နေအိမ်များ၊ လယ်ယာမြေများနှင့် ငါးဖမ်းလှေများကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များက နျူကလီးယားဓာတ်ပေါင်းဖိုများကို ပိတ်သိမ်းပြီး နေအိမ်များနှင့် လမ်းများကို သန့်စင်ရန်အတွက် အဖွဲ့များ စေလွှတ်ကာ အပေါ်ယံမြေကြီးများကိုလည်း တူးယူဖယ်ရှားခဲ့သည်။
Writer:
Ref: AFP

Eleven Media Group

မတ် ၁၀ ရက်က ပြင်သစ်အနောက်ပိုင်း စိန့်နာဇိုင်ရီရှိ STX သင်္ဘောကျင်းမှ ထွက်ခွာနေသော ကမ္ဘာ့အကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီး Harmony of the Seas ကိုတွေ့ရစဉ်

ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် သင်္ဘောကြီး Harmony of the Seas သည် မတ် ၁၁ ရက်က ၎င်း၏ပထမဆုံး စမ်းသပ်ခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံ အနောက်ပိုင်း စိန့်နာဇိုင်ရီမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ပုံမှန်ခရီးစဉ်ကို နောက်နှစ်လအကြာတွင် ပြေးဆွဲတော့မည်ဖြစ်သည်။

ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိသော ထိုသင်္ဘောကြီးကို စိန့်နာဇိုင်ရီမြို့ရှိ ပြင်သစ်သင်္ဘောကျင်း STX တွင် အမေရိကန် သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း Royal Caribbean International (RCI) အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ တန်ချိန်ပေါင်း ၁၂၀၀၀၀ ရှိသော သင်္ဘောကြီးကို ဆွဲသင်္ဘောခြောက်စင်း၏ အကူအညီဖြင့် ပင်လယ်ထဲသို့ ရေချမှုကို ဆိပ်ကမ်းတွင် လာရောက်စောင့်ကြည့်သူ ထောင်ချီရှိခဲ့ကြောင်း သိရသည်။

မတ် ၁၃ ရက်နေ့အထိ ကြာမြင့်မည့် အစမ်းခရီးစဉ်အတွက် သင်္ဘောပေါ်တွင် ပိုင်ရှင်များ၏ ၀န်ထမ်းများ၊ သင်္ဘောသားများ၊ အင်ဂျင်နီယာများ အပါအ၀င် လူ ၅၀၀ ခန့် လိုက်ပါသွားကြကြောင်း သိရသည်။ အမြင့်ပေ ၂၁၀ (မီတာ ၇၀) ရှိသော ထိုသင်္ဘောကြီးကို မိုင်ပေါင်းများစွာအကွာကပင် မြင်တွေ့နိုင်ကြောင်း သိရသည်။

သင်္ဘောကုန်းပတ်တွင် အထပ် ၁၆ ထပ်ပါဝင်ပြီး အီဖယ်မျှော်စင်အမြင့်ထက် မီတာ ၅၀ ပိုမိုသော ၃၆၂ မီတာ (၁၁၈၇ ပေ) ရှည်လျားသည့် ထိုသင်္ဘောပေါ်ကြီးပေါ်သို့ ခရီးသွားများ ၀င်ရောက်ကြည့်ရှုခြင်းကို လပေါင်းများစွာ ခွင့်ပြုထားခဲ့သည်ဟု သိရသည်။ Harmony သည် တိုက်တန်းနစ်သင်္ဘောကြီးထက် ပေ ၃၃၀ နီးပါး ပိုမိုရှည်လျားကြောင်း သိရသည်။ သင်္ဘောကြီးထဲတွင် လှိုင်းစီးနိုင်ရန် လှိုင်းအတုများ ဖန်တီးပေးသည့် နေရာနှစ်ခု၊ ကျောက်တောင်တက်ရန် နံရံတစ်ခုနှင့် ရေခဲစကိတ်ကွင်း အစရှိသည်တို့လည်းပါကြောင်း သိရသည်။

လှည့်စားမှုများသော စိန့်နာဇိုင်ရီ မြစ်ဝမှထွက်သည့် ခရီးစဉ်တွင် ကပ္ပတိန်ကို ကူညီ၍ လမ်းပြပေးရန် ရေကြောင်းပြသူသုံးဦးကို ပြီးခဲ့သည့်တစ်နှစ်လုံး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုရေကြောင်းပြများက သင်္ဘောကြီး ပင်လယ်ထဲသို့ရောက်ပြီး ၁၂ မိုင်အကွာအတွင် သင်္ဘောပေါ်မှ ပြန်လည်ထွက်ခွာသွားကြမည် ဖြစ်သည်။

Harmony သင်္ဘောကြီးပေါ်တွင် လိုက်ပါကြမည့် ခရီးသည်ပေါင်း ၆၀၀၀ ကို ၀န်ဆောင်မှုပေးရန် ၀န်ထမ်း ၂၀၀၀ ခန့်လိုအပ်မည်ဟု သိရသည်။ Harmony သည် RCI အပိုင်ပင်ဖြစ်သည့် လက်ရှိအကြီးဆုံး ဇိမ်ခံခရီးသည်တင် သင်္ဘောကြီးများဖြစ်ကြသည့် Allure of the Seas နှင့် Oasis of the Seas တို့ထက် တစ်မီတာ ပိုမိုကျယ်ပြန့်သည်ဟု သိရသည်။ ထိုသင်္ဘောကြီး နှစ်စင်းမှာလည်း ၃၆၂ မီတာ ရှည်လျားကြသည်။ Harmony ၏နောက်ထပ် စမ်းသပ်ခရီးစဉ်ကို ဧပြီလမကုန်မီ စတင်မည်ဖြစ်ပြီး ခရီးစဉ်များကို မေ ၁၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်သည်။

Ref : AFP
Eleven Media Group