03/17/16


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၅ ရက်နေ့မှာ တခဲနက် ရွေးချယ် တင်မြှောက်လိုက်ကြတဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ဆက်လက် ထွက်ပေါ်လာနေတာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ စည်းလုံး ညီညွတ်ဖို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အလားတူပဲ EU နဲ့ မြန်မာအိမ်နီးချင်း နိုင်ငံတွေကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့အပေါ် ၀မ်းမြောက်ကြိုဆိုကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“၂၀၁၅ နိုဝင်ဘာ ၈ ရက် နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေအပြီး လွှတ်တော်ကနေ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သား သမ္မတကို ရွေးချယ်ခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုပါတယ်။ ဒါဟာ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရက အစပျိုးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေးရှုဆောင်ရွက်နိုင်မယ့် ထူးခြားတဲ့ အောင်မြင်မှုတရပ်လည်း ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်းရေးတို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ အတွက်လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတသစ်ကို တိုက်တွန်း ပြောကြားလိုက်ကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ပါတယ်။ အသွင်ကူးပြောင်းရေးကာလရဲ့ အထင်ကရကျလှတဲ့ အခုလို အချိန်မျိုးမှာ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်နဲ့အတူ တခြား အဓိကကျတဲ့ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို အားဖြည့်ရာမှာ ချောမွေ့ပြီးတော့ ငြိမ်းချမ်းစွာ ဖော်ဆောင်နိုင်ရေးအတွက် အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရာမှာလည်း ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ထပ်ထောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Stephane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။

အလားတူပဲ EU - ဥရောပသမဂ္ဂအနေနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒီမိုကရေစီနည်းအရ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံမှုအပေါ် နွေးထွေးစွာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်လည်းဖြစ်၊ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အားပေးသူလည်းဖြစ်တဲ့ EU အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တန့်ပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာရေးအတွက် သမ္မတ ဦးထင်ကျော်အပါအ၀င် မကြာခင် ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဥရောပမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ လွှတ်တော်က ပေးအပ်လိုက်တဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်တော့မယ့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ရေးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ ပြယုတ်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ချီးကျူး ဂုဏ်ပြုကြောင်း မနေ့က ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးးကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရမှုအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်း၊ ရှေ့ဆက်လှမ်းရမယ့် ကိစ္စအရပ်ရပ်အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါဝင်နေတာအပြင် အရေးပါတဲ့ ၀န်ကြီးဌာနတွေကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေးအတွက် တပ်မတော်ရဲ့ ပါဝင် ဆောင်ရွက်မှုဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မတ်လ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရ၀န်ကြီးဌာနတွေ စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး အစိုးရ၀န်ကြီးအဖွဲ့ အမည်စာရင်းကိုတော့ ရှေ့သီတင်းပတ်ထဲမှာ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင်/VOA
http://burmese.voanews.com/content/eu-react-on-u-htin-kyaw/3240936.html

shwesattaw-620.jpg မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပနေစဉ်
Photo: Kyaw Min Khant Facebook
မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ မန်းရွှေစက်တော် ဘုရားပွဲကျင်းပခြင်းဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ စီးပွားရေးဆန်တဲ့ ပွဲတော်ဖြစ်လာပြီး ဘုရားဖူး သူတွေအတွက် နစ်နာမှုတွေ ရှိလာတဲ့အတွက် အခုလိုကော်မတီဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ကော်မတီ ဥက္ကဌဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် က ပြောပါတယ်။

"ရွှေစက်တော်ဘုရားပွဲတော်ဟာ ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ အစိုးရလက်ထက် ကိုင်တွယ်ခဲ့တဲ့ ကာလမှာ ရွှေစက်တော်ဘုရားပွဲတော်ဟာ မူလဗုဒ္ဓပူဇနိယဘုရားပွဲ ဂုဏ်အင်္ဂါအရည်အချင်းတွေ ထိခိုက်သွားတယ်၊ အခွန်အခဈေးနှုန်းကြီးမြင့်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝဘေး အန္တရာယ် ကာကွယ်မှုအပိုင်းတွေမှာ တော်တော့်ကို လျော့တိလျော့ရဲဖြစ်တဲ့အတွက် ဘုရားဖူးတွေ နစ်နာတယ်၊ ဗုဒ္ဓဘာသာဘုရားပွဲတစ်ခုရဲ့ ဓလေ့ထုံးထမ်းစဉ်လာတွေ ပျက်ပြားသွားတယ်၊ ဝန်ဆောင်မှုပေးတဲ့ပွဲတော်က စီးပွားရေးဆန်တဲ့ပွဲတော်ကြီး ဖြစ်သွားတာ တစ်နိုင်ငံလုံးသိတယ်၊ ဒါက ပြည်သူလူထုအကျိုးစီးပွားအတွက် လိုအပ်ချက်အနေနဲ့ ကျနော်တို့လွှတ်တော်က ဖွဲ့စည်း တာဖြစ်တယ်"

အဲ့ဒီကော်မတီဟာ အဂတိလိုက်စားမှုတွေ ရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေနဲ့ လေလံတင် တာတွေနဲ့ပတ်သက်ပြီး လေ့လာစိစစ်သွားမှာဖြစ်ပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို တာဝန်ယူကျင်းပတဲ့ ဂေါပကအဖွဲ့မှာ မကွေးတိုင်း အစိုးရအဖွဲ့ဝင်တွေ နဲ့ မကွေးခရိုင် အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့လည်း ဦးနေမျိုးကျော် က ပြောပါတယ်။

ဘုရားပွဲတော်မှာ ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့အတွက် တစ်နှစ်ကို ရွှေစက်တော်တောထဲက သစ်နဲ့ ၀ါးတွေကို သိန်းနဲ့ချီခုတ်ယူကြတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ရှိလာပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဧပြီလ နှစ်ဆန်းတစ်ရက်နေ့အထိ နှစ်လနီးပါးကြာ ကျင်းပတာဖြစ်ပါတယ်။

အဲ့ဒီကော်မတီဟာ အရင်လွှတ်တော်သက်တမ်းအတွင်းမရှိခဲ့ဘဲ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီရဲ့ သက်တမ်းဟာ တစ်လသာ ကြာမြင့်မှာဖြစ်ပါတယ်။
RFA

ဓါတ်ပုံ - အင်တာနက်
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် ကို လူသတ်မှုနဲ့အမှုဖွင့်ထားတယ်လို့ ခေါဇာမြို့နယ်ခွဲရဲစခန်းမှူး က ပြောပါတယ်။

ခလရ ၂၈၀က စစ်ဆင်ရေးလုပ်နေတုန်းမှာ ဓားပြနဲ့ မှားပြီးပစ်ခတ်မိတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ခေါဇာရဲစခန်းမှူး ရဲအုပ်ကျော်မြင့် က ပြောပါတယ်။

ခေါဇာမြိုနယ်ခွဲဖက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများပြီး ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာနဲ့ ဆက်ကြေးတောင်းတာတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း ခေါဇာရဲစခန်းမှူးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူ ၂ ဦးမှာ တစ်ဦးက ခြေတစ်ဖက်ပြတ်နေသူ တံငါသည်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ပင်လယ်ထဲအသွားမှာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်က ကိုမိုး ကို သေနတ်နဲ့ ပစ်ခတ်တာဖြစ်ပြီး ကိုချစ်စိုးက အော်ဟစ်အကူအညီတောင်းတာကြောင့် ကိုချစ်စိုးကိုပါ သေနတ်နဲ့ပစ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူ ကိုချစ်စိုးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် ကြည်လွင်နဲ့ ပုလောပလောက်က တပ်ရင်း ၂၉၀ တပ်ရင်းမှူးတွေက သေဆုံးသူ နှစ်ဦးရဲ့မိသားစုတွေထံ ထောက်ပံ့ကြေးအဖြစ် တစ်မိသားစုကို ငွေကျပ် ၅သိန်း၊ ဆန် ၂အိတ်နဲ့ ဆီ၂ပုံးစီ ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငွေကြေးအရှုပ်အရှင်းတစ်ခုကိုဖြေရှင်းပေးဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ အဖွဲ့ထံ တိုင်ကြားခဲ့တဲ့ ဒေသခံ လေးဦး ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ မြစ်ကြီးနားမြို့ မြို့မ အမှတ် ၁ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို မဖြေရှင်းခိုင်းဘဲ ကေအိုင်အေအဖွဲ့ကို ဆက်သွယ်ပြီး တိုင်ကြားတာကြောင့် ပုဒ်မ ၁၇ (၁) နဲ့ မနေ့က အမှုဖွင့်လိုက်တာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။

မြစ်ကြီးနားမြို့ တပ်ကုန်း ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ငွေကျပ်သိန်းနှစ်ရာပြန်ပေးဖို့ ပျက်ကွက်လို့ဆိုပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း လေးဦးက ကေအိုင်အေတပ်ရင်း ၁၁ ထံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုတိုင်ကြားမှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ကားတစ်စီး၊ ဆိုင်ကယ် ငါးစီး နဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် ဆယ်ယောက်ကျော်လောက်ဟာ တိုင်ကြားခံရသူ အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲ့ဒီကိစ္စဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က RFA ကို အတည်ပြုပြောပါတယ်။
ကေအိုင်အေထံ တိုင်ကြားသူ လေးဦးဟာ လတ်တလော ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာရဲ့မြောက်ဘက် ၁ဝ မိုင်အကွာမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


မတ် ၁၇ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘွားဒဲကျေးရွာအုပ်စုအတွင်း ရှိ မဲ့ပေါ်မူကလိုး(ချောင်း)တွင် မြန်မာအစိုးရစစ်တပ် သုံးဦး မြေမြှုပ်မိုင်း၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများသည် အစိုးရစစ်တပ်၏ ဖာပွန်အခြေစိုက် စစ်ဗျူဟာလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၃၄)မှ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ ဖြစ်ကြပြီး အဆိုပါ တပ်ရင်းသည် မတ်လ ၁၀ရက်နေ့က KNLA ကန့်သတ်နယ်မြေကို ကျော်လာသည့်အတွက် ယင်းသို့ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ(၅)က ပြောသည်။

KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် စောမူဟဲက “သူတို့ (အစိုးရစစ်တပ်) မိုင်းထိတာကတော့ ကန့်သတ် နယ်မြေ ကိုက်တစ်ထောင်လောက်ကို ကျော်လွန်ပြီး ဝင်လာလို့ ဖြစ်ပါတယ်။ တစ်ယောက်က မိုင်းနင်းမိပြီး ဘေးနားနှစ်ယောက်ပါ ထိတဲ့ သဘောလို့ ကျနော်တို့ သတင်းပြန်ကြားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒဏ်ရာရရှိသွားသည့် ခမရ-၄၃၄ မှ တပ်ဖွဲ့ဝင် သုံးဦးသည် မတ် ၁၃ ရက်နေ့က ဖာပွန်ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူလျှက်ရှိသည်ဟု သိရပြီး ယခုကိစ္စများနှင့် ပတ်သက်၍ ကေအိုင်စီမှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ဘူးသိုမြို့နယ်၊ ဘွားဒဲကျေးရွာအုပ်စုအတွင်းတွင် ဘွားဒဲ၊ တိုးညိုး၊ သောသီဒဲ၊ ချောလယ်ဒဲ၊ လောဖလာ့သေ့၊ သေ့ဂေမူဒဲ၊ ဒဲဘိုး၊ မယ်ပ၊ ဝေါခွဲ၊ ကော့လူပလယ်၊ ဝေါ်အိုးဝါး၊ ကင်းဒို့၊ ကင်းဒို့ခို့၊ ကျိသူးပူ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် တည်ရှိသည်။

ယခင်လ ဖေဖော်ဝါရီ ၂၄ရက်နေ့ကလည်း KNU ဖာပွန်ခရိုင် လူသောမြို့နယ် ဝါးကလေ့တုနှင့် ဖွာ့ဝေါ်နေရာ အကြား ရိက္ခာပို့ဆောင်လာသော အစိုးရယာဉ်တန်းကို KNLA တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ပစ်ခတ်ခဲ့ပြီး သတ်မှတ်ချက်အရ လူနှင့် မြင်းတို့နှင့်သာ ရိက္ခာပို့ရမည်ဖြစ်သော်လည်း ထိုသို့ မပို့သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၅)က ဆိုသည်။

ကေအိုင်စီ - KIC
http://kicnews.org/

မုန်းကိုးဒေသ KIA တပ်မဟာ ၆ စစ်သားများ
ယနေ့ နံနက် ၅ နာရီခန့်တွင် အစိုးရ တပ်မ ၉၉ စစ်ကြောင်းကို ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၃၆ မှ ဗုံးဖြင့် တိုက်ခိုက်ခဲ့ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေအတွင်း အစိုးရ တပ်မ ၉၉ စစ်ကြောင်းသည် မုန်းကို ဒေသသို့ သွားရန် ပန်ဆိုင်းမှ စထွက်လာချိန် ဂိတ်အနီး နမ်ဘာတက် ရွာတွင် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် နှစ်ဖက် တိုက်ပွဲ မရှိကြောင်း သိရသည်။

အစိုးရတပ်မှ မိုင်းပေါက်ကွဲ နေရာအနီး လူနေအိမ်သို့ သေနတ်ပစ်ခတ်ခြင်းကြောင့် နမ်ဘာတက် ရွာသား တရုတ်လူမျိုး ရိုဂရာရှင်း သည် ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ယခုချိန် တရုတ်နိုင်ငံ မန်ရှီဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း သိရသည်။

ဗုံးပေါက်ခွဲခြင်းကြောင့် အစိုးရတပ်ဘက် ထိခိုက်ကျဆုံးမှုသတင်းကို မသိရသေးသော်လည်း ယခုချိန် ၄င်းစစ်ကြောင်းသည် မုန်းကို ဒေသသို့ ဆက်လက် ချီတက်သွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တပ်မဟာ ၆ ကို မုန်းကို ဒေသမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တရားဝင် တိုးချဲ့ ဖွဲ့စည်းပြီးနောက် အစိုးရတပ် အင်အား ၂၀၀၀ ကျော် ၄င်းဒေသသမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်းဖြစ်သည်။

Kachinnews
http://burmese.kachinnews.com

အခု လပိုင်းအတွင်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ တူရကီ ကြုံနေရ။
တူရကီနိုင်ငံ၊ အန်ကာရာ မြို့တော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပေါ်ပေါက်ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို TAK ကာဒစ်ရှ် တပ်ဖွဲ့က သူတို့ လုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

လူ ၃၇ ဦး သေဆုံးခဲ့ရတဲ့ အဲဒီ ဗုံးခွဲမှုကို တူရကီ အရှေ့တောင်ပိုင်းမှာ ကာဒ်စ်ရှ်တွေကို နှိမ်နင်းခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ လုပ်ခဲ့တာလို့ TAK အဖွဲ့က အွန်လိုင်း ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြပါတယ်။

TAK အဖွဲ့ဟာ တူရကီမှာ မတရားအသင်း ကြေညာခံထားရတဲ့ ကာဒစ်ရှ် အလုပ်သမား ပါတီ PKK ရဲ့ အဖွဲ့ခွဲ တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက အန်ကာရာမြို့မှာပဲ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု နောက်တစ်ခုကိုလည်း TAK အဖွဲ့က သူတို့ စီစဉ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

တူရကီ အာဏာပိုင်တွေ ကတော့ တနင်္ဂနွေနေ့ ဗုံးခွဲမှုကို PKK က ပြုလုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဂျာမနီကလည်း အန်ကာရာမှာ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အန်ကာရာမှာ ရှိတဲ့ သူတို့ရဲ့ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ ကျောင်းတစ်ကျောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက အီစတန်ဘူလ် မြို့မှာ IS အဖွဲ့ရဲ့ အသေခံ ဗုံးခွဲမှုကြောင့် ဂျာမနီ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၁၂ ဦး သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


မတ် ၁၇ ။

မန္တလေးမြို့၊၂၇-လမ်း၊ ၈၁လမ်းနှင့် ၈၂ လမ်းကြားရှိ Central Money Changerသို့ မတ်လ ၁၅- ရက်နေ့ နံနက် ၁၀-နာရီခွဲဝန်းက နိုင်ငံခြားသား သုံးဦးရောက်ရှိ လာပြီး အမေရိကန် ဒေါ်လာခြောက်သောင်း လိမ်လည် ရယူ၍ မတ်လ ၁၅-ရက်က ထိုင်းနိုငံသို့ Bangkok Airways ဖြင့် ထွက်ခွာ သွားကြောင်း မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ မှ သိရသည်။

၎င်းတို့သည် ယင်းလေကြောင်းလိုင်းမှ လေယာဉ် အမှတ် HS-PPD၊ လေယာဉ်အမျိုးအစား A- 320 (Air Bus)၊ ခရီးစဉ်အမှတ် PG-710 ဖြင့် မွန်းလွဲ၁-နာရီ ၁၅-မိနစ်က ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး
၎င်းတို့မှာ ဂျော်ဂျီယာနိုင်ငံသား Mr.Koba Narmania Mr.Nugzar Narmania. Mr.Malkahz Narmania တို့ဖြစ်သည်။

ဖြစ်စဉ်မှာ မတ် ၁၂-ရက်နေ့က အမေရိကန်ဒေါ်လာ ၁၀၀-တန် တစ်ရွက်လာရောက်ရောင်းချခဲ့ပြီး ၁၃-ရက် နှင့် ၁၄- ရက်တွင် တစ်ရက်လျင် ဒေါ်လာ၂၀၀- လာ ရောက် ၀ယ်ယူခဲ့ကြောင်း၊ ၁၅-ရက်နေ့တွင် ရောက်ရှိ လာပြီး ဒေါ်လာခြောက်သောင်း လဲလှယ်လိုကြောင်း ပြောဆိုသဖြင့် ငွေလဲလှယ်ရေးမှ ဒေါ်လာ ၁၀၀-တန်( ဒေါ်လာခြောက်သောင်း)ကို မြန်မာငွေ ၁၂၁၀ နှုန်းဖြင့် တွက်ချက်လဲလှယ်ရန် ထုတ်ပြခဲ့ဟု ဆိုသည်။

ထို့နောက် နိုငံခြားသားနှစ်ဦးက ရေတွက်ပြီး ၄င်းတို့အိတ်အတွင်း ထည့်နေစဉ် ဒေါ်သန်းသန်းမြိုင်က ဖုန်း လာသဖြင့် ဖုန်းစကားပြောနေစဉ် ဒေါ်လာငွေ အိတ်ကို ခေတ္တထားခဲ့ပြီး မြန်မာငွေနှင့် ပတ်စ်ပို့ယူ ကာ ထွက် ခွာသွားကြောင်း၊ ထွက်ခွာပြီး မကြာမီ၎င်းတို့ ထားရစ်သည့် အိတ်အတွင်းမှ ငွေများကို ရေတွက်ရာ အပေါ်နှင့်အောက်တွင် ၁၀၀-တန်များ ညှပ်ထားကာ အတွင်းမှ တစ်ဒေါ်လာတန်ငွေစက္ကူများ ဖြစ်နေ၍ ဒေါ်လာငွေ ၁၁၂၆ ဖြင့် ဒေါ်လာခြောက်သောင်းကို လိမ်လည်ရယူသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Central Money Changer သို့ သွားရောက်မေးမြန်းရာတွင် အချိန် ၁၅-မိနစ်ခန့်နောက်ကျမှ သိရှိခဲ့ရ ကြောင်း ၊ အဆိုပါ လိမ်လည်ယူဆောင်သွားသည်မှာ မှန်ကန်ကြောင်းနှင့် နောက် ၁၅-ရက်ခန့်မှ ရှင်းလင်း ပြောပြမည်ဟုဖြေကြားသည်။

လိမ်လည်သွားသူများမှာ မန္တလေးမြို့ ကောင်းမြင့်ဟိုတယ်တွင် မတ် ၁၃-ရက်နေ့မှ ၁၄-ရက်နေ့ထိ တည်းခို နေထိုင်ခဲ့ပြီး ၁၅-ရက်နေ့တွင် အခန်းအပ်၍ ထွက်ခွာ သွားကြောင်း သိရပြီး နယ်မြေရဲစခန်းအမှတ် ၈-သို့ အမှုဖွင့်တိုင်တန်းခဲ့ရာ (ပ)၉၆/၂၀၁၆။ ဥပဒေပုဒ်မ ၄၂၀/၄၀၆/၁၁၄ တို့ဖြင့် အမှုလက်ခံထားပြီး ဖမ်းမိနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

Mandalay News (fb)

ရီပါပလေကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (Credit: Reuters) 
ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းအဖြစ် ​သူ့ကို ​လက်မခံဘူးဆိုရင် ​ဆိုးဝါးတဲ့ ​ဖြစ်ရပ်တွေ ​ဖြစ်ပေါ်လာနိုင်တယ်လို့ ​ရီပါပလေကန် ​သမ္မတလောင်းအဖြစ် ​ဝင်ပြိုင်နေတဲ့ ​သူဌေးကြီး ​Donald ​Trump ​က ​ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ​နိုဝင်ဘာလ ​၈ ​ရက်နေ့ကျရင် ​သမ္မတ ​ရွေးကောက်ပွဲ ​ရှိမှာ ​ဖြစ်ပါတယ်။

အဲဒီအတွက် ​နိုင်ငံရေး ​ပါတီတွေက ​သူတို့ရဲ့ ​သမ္မတလောင်းတွေကို ​ရွေးချယ်တင်မြောက်နေကြပါတယ်။

ရီပါပလေကန်ပါတီမှာတော့ ​အခုလောလောဆယ် ​Donald ​Trump ​က ​ရှေ့ပြေးနေပြီး ​ဒီမိုကရက်တစ်ပါတီမှာတော့ ​ဟီလာရီ ​ကလင်တန်က ​ရှေ့ပြေးနေပါတယ်။

Donald ​Trump ​ရဲ့ ​မူဆလင်တွေအပေါ် ​ထားတဲ့ ​ပေါ်လစီ၊ ​မက္ကဆီကိုနဲ့ ​ဒုက္ခသည်တွေအပေါ် ​ထားတဲ့ ​ပေါ်လစီနဲ့ ​အပြောအဆို ​မတတ်မှုတွေကြောင့် ​ရီပါပလေကန် ​ပါတီအတွင်းက ​လူတွေကပဲ ​Donald ​Trump ​ကို ​သမ္မတလောင်း ​မဖြစ်သင့်ဘူးလို့ ​ပြောဆိုဝေဖန်နေကြပါတယ်။

Donald ​Trump ​ကတော့ ​သူဒီအဆင့်အထိ ​ရောက်လာတာဟာ ​လူတွေရဲ့ ​ထောက်ခံမှုကြောင့် ​ရောက်လာတာ ​ဖြစ်ပြီး ​သူဟာ ​လူသန်းပေါင်း ​များစွာကို ​ကိုယ်စားပြုသူ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

အဲဒါကြောင့် ​သူ့ကို ​သမ္မတလောင်းဖြစ်ခွင့်က ​ပိတ်ပင်ရင်တော့ ​မတည်ငြိမ်မှုတွေ ​ဖြစ်မယ်လို့ ​ပြောဆိုလိုက်ပါတယ်။

သူ့ကို ​ထောက်ခံတဲ့ ​လူတွေဟာ ​အရင်တုန်းက ​နိုင်ငံရေး ​စိတ်မဝင်စားတဲ့လူတွေ၊ ​မဲပေးမှုမှာ ​မပါဝင်ခဲ့ကြသူတွေ ​ဖြစ်ပြီး ​အမေရိကန် ​နိုင်ငံရေးကို ​စိတ်ပျက်လွန်းလို့ ​မဲမပေးခဲ့ကြတာလို့ ​ဆိုပါတယ်။

အခုအခါမှာတော့ ​သူ့ကို ​ကြိုက်လို့ ​နိုင်ငံရေးကို ​စိတ်ဝင်စားလာပြီး ​မဲပေးကြမယ့်သူတွေ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

Donald ​Trump ​ဟာ ​သမ္မတလောင်းတွေအနေနဲ့ ​စကားရည်လုပွဲတွေလည်း ​လုပ်ရမှာ ​ဖြစ်ပေမယ့် ​တနင်္လာနေ့မှာ ​Fox ​News ​မှာ ​လုပ်မယ့် ​စကားနိုင်လုပွဲကို ​ဖျက်သိမ်းလိုက်ပါတယ်။

အရင်တုန်းကလည်း ​Fox ​News ​ကို ​မကြိုက်လို့ ​စကားနိုင်လုပွဲကို ​ဖျက်သိမ်းဖူးသလို ​ဒီတချီမှာလည်း ​စကားနိုင်လုပွဲကို ​အများကြီး ​လုပ်ပြီးသား ​ဖြစ်လို့ ​မလုပ်ချင်ဘူးလို့ ​ပြောဆိုနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Photo (Stefanos Foundation, AP)
နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်း ​ဗလီတစ်ခုမှာ ​အမျိုးသားလို ​ဝတ်ဆင်တဲ့ ​အမျိုးသမီး ​နှစ်ယောက်က ​အသေခံ ​ဗုံးဖောက်ခွဲမှု ​ပြုလုပ်ခဲ့ရာက ​အနည်းဆုံး ​၂၂ ​ယောက် ​သေဆုံးပြီး ​၃၅ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

Maiduguri ​မြို့မှာ ​ဒေသစံတော်ချိန် ​မနက် ​၅ ​နာရီ ​ခွဲမှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အမျိုးသားလို ​ဝတ်ဆင်တဲ့ ​အမျိုးသမီး ​နှစ်ယောက်ထဲက ​တစ်ယောက်ဟာ ​ဗလီဘုရာဝတ်ပြုကျောင်းထဲကို ​တခြားလူတွေနဲ့ ​ရှေ့ဆုံးတန်းကို ​ဝင်ရောက်ပြီး ​လူတွေက ​မတ်တတ်ရပ်ပြီး ​ဘုရားရှိခိုးမယ် ​လုပ်တုန်း ​ဗုံးကို ​ဖောက်ခွဲခဲ့တာ ​ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ​လူတွေ ​ထွက်ပြေးနေတုန်းမှာပဲ ​နောက်အမျိုးသမီး ​တစ်ယောက်က ​လူတွေကြားမှာ ​ထပ်မံ ​ဗုံးဖောက်ခွဲလိုက်တာ ​ဖြစ်တယ်လို့ ​နိုင်ဂျီးရီးယား ​အာဏာပိုင်တွေက ​ပြောပါတယ်။

ဘိုကို ​ဟာရမ် ​စစ်သွေးကြွတွေဟာ ​ဗလီလို ​နေရာတွေ၊ ​ဈေးနဲ့ ​ဘတ်စ်ကားဂိတ်လို ​နေရာကို ​ပစ်မှတ်ထားလေ့ရှိသလို ​အသေခံ ​ဗုံးဖောက်ခွဲတဲ့ ​အမျိုးသမီးတွေကို ​သုံးလေ့ရှိတာကြောင့် ​ဘိုကို ​ဟာရမ် ​အဖွဲ့ရဲ့ ​လက်ချက်ပဲ ​ဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်ထားရှိမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ဒီနေ့ ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလာတဲ့ ဝန်ကြီးဌာန အရေအတွက်နဲ့ အမည်စာရင်းကို နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားတဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ၂၁ ခုကို တင်ပြပါမယ်၊ နံပါတ် (၁) နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၂) စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ (၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (၄) ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ (၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ (၇) အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၈) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ (၉) စက်မှုဝန်ကြီးဌာန၊ (၁ဝ) ကျန်းမာရေးဝန်ကြီးဌာန၊ (၁၁) ပညာရေးဝန်ကြီးဌာန၊ (၁၂) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ (၁၃) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ (၁၄) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ (၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ (၁၆) ပြန်ကြားရေးဝန်ကြီးဌာန၊ (၁၇) တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ (၁၈) သမ္မတရုံးဝန်ကြီးဌာန၊ (၁၉) ကာကွယ်ရေးဝန်ကြီးဌာန၊ (၂ဝ) ပြည်ထဲရေးဝန်ကြီးဌာနနှင့် (၂၁) နယ်စပ်ရေးရာဝန်ကြီးဌာနတို့ဖြစ်ပါတယ်"

သမဝါယမ၊ သိပ္ပံနဲ့ နည်းပညာ၊ အားကစားနဲ့ သတ္တုတွင်းဝန်ကြီးဌာန ၄ ခုစလုံး လာမယ့်အစိုးရ လက်ထက်ဝန်ကြီးဌာန စာရင်းထဲမှာ မပါတော့ပါဘူး။ အဲ့ဒီဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာတွေကို ဘယ်ဝန်ကြီးဌာနတွေအောက်မှာ ထားရှိမယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခုနဲ့ ဝန်ကြီးဦးရေ ၉ဝ ကျော် ရှိခဲ့ရာကနေ ဝန်ကြီးဌာန ၂၁ ခုအထိ လျှော့ချတာ ပေါင်းစည်းလိုက်တာ ဖြစ်ပါတယ်။

အခုတင်ပြတဲ့ ဝန်ကြီးဌာနစာရင်းမှာ အရင်ကမရှိခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအသစ် ပါရှိပါတယ်။

အလားတူ အရင်က ဝန်ကြီးဌာန သီးသန့်စီရှိခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေါင်းလိုက်သလို ဆက်သွယ်ရေးနဲ့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပေါင်းလိုက်ပြီး၊ လဝကနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ကို ပေါင်းလိုက်တာဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေအတွက် ဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလာတဲ့ ဝန်ကြီးဌာနစာရင်းနဲ့ပတ်သက်ပြီး မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးချယ်တင်မြောက်လိုက်တဲ့ နိုင်ငံတော် သမ္မတသစ်က လာမယ့် ၅ နှစ်တာအတွင်း ပြည်ထောင်စု အစိုးရ ဝန်ကြီး ဌာနတွေကို ဝန်ကြီးဌာန ၂၁ ခု အဖြစ် သတ်မှတ်ကာ ပြည်ထောင်စုဝန်ကြီးဦးရေ ကို ၁၈ ဦးသာ ထားရှိမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ တင်ပြသွားပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန တခုကို အသစ်ဖွဲ့စည်းဖို့လည်း တင်ပြလိုက်ပါတယ်။

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန
၂။ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန
၃။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန
၎။ ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာန
၅။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန
၆။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန
၇။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန
၈။ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန
၉။ စက်မှုဝန်ကြီးဌာန
၁၀။ ကျန်းမာရေးဝန်ကြီးဌာန
၁၁။ ပညာရေးဝန်ကြီးဌာန
၁၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၃။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန
၁၅။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၆။ ပြန်ကြားရေးဝန်ကြီးဌာန
၁၇။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန
၁၈။ သမ္မတရုံးဝန်ကြီးဌာန
၁၉။ ကာကွယ်ရေးဝန်ကြီးဌာန
၂၀။ ပြည်တဲရေးဝန်ကြီးဌာန
၂၁။ နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ပါတယ်။

VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News


သူသည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီခရီးတလျှောက် လူယုံတော်အဖြစ် နှစ်ပေါင်းများစွာ လူမသိသူမသိနေထိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အားပေးထောက်ခံမှုဖြင့် မတ်လ ၁၅ ရက်နေ့က သူ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပြီ။

ဦထင်ကျော်သည် စကားပြောနူးညံ့သိမ်မွေ့သူဖြစ်ပြီး ကဗျာစာပေ ချစ်မြတ်နိုးသူဖြစ်သည်။ မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်းပါဝင်ရန် အစိုးရ၀န်ထမ်းဘ၀မှ အနားယူခဲ့သည်မှာဆယ်စုနှစ်အချို့ပင် ကြာညောင်းခဲ့ပြီ။ အဆိုပါ လမ်းခရီး၏လမ်းခုလတ်တွင် ဦးထင်ကျော်သည် အခြားသော ဒီမိုကရေစီ အရေးလှုပ်ရှားသူများနည်းတူ ထောင်သွင်းအကျဉ်းချခံခဲ့ရသည်။

ပြီးခဲ့သောသီတင်းပတ်အထိ ဦးထင်ကျော်ဆိုသော အမည်နာမသည် ပြည်ပအသိုင်းအ၀ိုင်းများမဆိုထားနှင့်
မြန်မာနိုင်ငံတွင်ပင် လူသိများသော လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားသော နာမည်မဟုတ်ချေ။ ထိုသို့ လူသိနည်းသူဦးထင်ကျော်အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်း ပထမဆုံးဒီမိုကရေစီနည်းကျ ရွေးကောက်ခြင်းခံရသောအစိုးရအဖွဲ့၏ ဥသျှောင်၊ နိုင်ငံတော်သမ္မတဖြစ်လာမည်ဟု မည်သူကမျှ တွေးထင်မထားခဲ့ပေ။

၂၀၁၅ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအနိုင်ရရှိရေး မမောတမ်းမပမ်းတမ်း ကြိုးပမ်းခဲ့သူ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုသည် ဖွဲ့စည်းပုံအခြခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကြောင့် နိုင်ငံတော်သမ္မတဖြစ်ခွင့် မရသည့်အခြေအနေတွင် သူမအတွက် ယုံကြည်စိတ်ချရသူနှင့် အနီးကပ် အကြံပေးတဦးဖြစ်သူ ဦးထင်ကျော်ကို သမ္မတတင်မြှောက်ခဲ့သည်။ အသက် (၇၀) ရှိပြီဖြစ်သော ဦးထင်ကျော်သည် ဂန္တ၀င်ကဗျာဆရာကြီး မင်းသုဝဏ်၏ သားဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သူတဦးဖြစ်သူ ဦးလွင်၏ သမက်လည်း ဖြစ်သည်။ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်ကဒဂုံ (၁) အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သူများဖြစ်ပြီး မိသားစုချင်းလည်း ရင်းနှီးမှုရှိကြောင်းသိရသည်။ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၁၉၉၂ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တောက်လျှောက် လိုက်ပါခဲ့သူဖြစ်သည်။

သို့နှင့်တိုင် အနေအေးသူတဦးဖြစ်သည့်အတွက် ပြီးခဲ့သောသီတင်းပတ်တွင် ပြည်သူ့လွှတ်တော်က ဦးထင်ကျော်အား ဒုသမ္မတအဖြစ် တင်မြှောက်လိုက်သောအခါ ဦးထင်ကျော်အကြောင်း သတင်းအချက်အလက်ရှာဖွေသည့် ဂျာနယ်လစ်များပင် ခေါင်းခဲခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ချခံထားရသည့်ကာလများအတွင်း သူမ၏နေအိမ်တွင်ပြုလုပ်သော ဟောပြောပွဲများ၌ ဒေါ်အောင်ဆန်းစုကြည်နံဘေးတွင်ရှိနေခဲ့သည့် ပဟေဠိလူသားမှာ ဦးထင်ကျော်ပင်ဖြစ်သည်။

“သူကစကားနည်းတယ်။ စာပေချစ်မြတ်နိုးတယ်။ စကားပြောရင် အေးဆေးသိမ်မွေ့တယ်။ ကြင်နာတတ်တယ်၊ ရိုးသားတယ်။ စိတ်အားထက်သန်မှုရှိပြီး ဘ၀ကို ရိုးရိုးရှင်းရှင်းနေတယ်”ဟု ဦးထင်ကျော်နှင့် နှစ် ၂၀ ကျော် သိကျွမ်းသူတဦးဖြစ်သည့် ဦးဇော်မင်းကျော်ကပြောသည်။ ဦးဇော်မင်းကျော်သည် ဦးထင်ကျော်မှ ၎င်း၏ဖခင်ကြီးအကြောင်းရေးသည့် ‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’ စာအုပ်၏ ထုတ်ဝေသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်တင်မြှောက်သူတဦးဖြစ်သည့် ဦးထင်ကျော်အတွက် သမ္မတရွေးချယ်ပွဲတွင် သေချာပေါက် အောင်ပွဲဆွတ်ခူးမည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲသကဲ့သို့ပင်။ စုစုပေါင်းမဲပေသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦးရှိသည့်အနက် ဦးထင်ကျော်က မဲပေါင်း ၃၆၀ ဖြင့် မတ်လ ၁၅ ရက်နေ့က နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတတာဝန်ကို ဧပြီ ၁ ရက်နေ့တွင် စတင်ထမ်းဆောင်မည် ဖြစ်သည်။

“ဦးထင်ကျော်ဟာ သူမအတွက် ယုံကြည်စိတ်ချရဆုံးပုဂ္ဂိုလ်ဆိုတာ သိစေချင်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုရွေးချယ်ခဲ့တာပဲ။ ဒီလိုပုဂ္ဂိုလ်မျိုး တိုင်းပြည်ကိုဦးဆောင်မယ်ဆိုရင် လူထုအတွက် အကျိုးရှိမှာပါ”ဟု အသက် (၄၈) နှစ်အရွယ် ဦးဇော်မင်းကျော်က ပြောသည်။

ဦးထင်ကျော်သည် ၁၉၆၇ တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘွဲ့၊ ၁၉၆၈ တွင် စီးပွားရေးမာစတာဘွဲ့ အသီးသီးရရှိခဲ့သည်။ ၁၉၇၀ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျုတာသိပ္ဗံဌာနသို့ ပြောင်းရွေ့ခဲ့ပြီး အင်္ဂလန်တွင် နှစ်နှစ်ခန့် ကွန်ပျုတာသိပ္ဗံလေ့လာဆည်းပူးခဲ့သည်။ ၁၉၇၅ ခုနှစ်အထိ ပရိုဂရမ်မာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံခြားစီးပွားဆက်ဆံရေးဌာန၌ ဒုတိယညွှန်မှူးအဖြစ် ၅ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင်ပါဝင်ရန် ဌာနမှ အနားယူခဲ့သည်။ ယောက္ခမဖြစ်သူဦးလွင် နာမကျန်းဖြစ်သည့်အချိန်များတွင် ဦးထင်ကျော်မှ ဒေါ်အောင်ဆန်းစုကြည်အား ပါတီဌာနချုပ်သို့ ကားမောင်း လိုက်ပို့လေ့ရှိသည်။ ထိုသို့ဖြင့် ဦးထင်ကျော်သည် နိုင်ငံခြားရေးပေါ်လစီများ၊ ပြည်ပသံရုံးများ၊ အစိုးရများနှင့်ဆက်ဆံရေး စသည့်ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဖြစ်လာသည်။

၂၀၀၀ ပြည့်နှစ်က NLD ပါတီဝင်များ မန္တလေးသို့ စည်းရုံးရေးဆင်းမသွားမီ ရန်ကုန်ဘူတာကြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဖြစ်သည်။ ဦးထင်ကျော်မှ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်ဘူတာကြီးသို့ ကားဖြင့်လိုက်ပို့ပေးခဲ့သည်။ ဘူတာကြီးတွင် သက်ဆိုင်ရာမှ ရထားလက်မှတ် မရောင်းပေးသောကြောင့် အခြေအနေတင်းမာလာသည်။ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်အား ဘူတာတွင် မထားရစ်ခဲ့ဘဲ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် အားလုံးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ် ထပ်မံချခံခဲ့ရသည်။ အခြားတက်ကြွလှုပ်ရှားသူ ၉ ဦး လည်း နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်တွင် လေးလအကျဉ်းချခံခဲ့ရသည်။ ယင်းမှာ သူ့ဘ၀တွင် အရေးပါသည့် အဖြစ်အပျက်တခုဟု ဆိုနိုင်သည်။

“ကျွန်တော်သိသလောက် အဲဒီမတိုင်ခင်နဲ့ ထောင်ကပြန်လွတ်လာတဲ့အချိန်အထိ သူ နိုင်ငံရေးမှာသိပ်ပြီး ထဲထဲဝင်ဝင် မပါသေးဘူး။ ပါတီမှာ အဓိကကျတဲ့နေရာ ရယူတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ကာလတွေတလျှောက်မှာ ပါတီကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပေးတဲ့ လူဖြစ်လာခဲ့တယ်”ဟု ဦးဇော်မင်းကျော်က ပြောသည်။

လက်ရှိတွင် ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သည်။ သူသည် NLD ပါတီအတွင်းစည်းမှ ပုဂ္ဂိုလ်များ၏ ယုံကြည်အားထားရသူလည်း ဖြစ်သည်။
“အစိုးရ၀န်ထမ်းဘ၀က အနားယူပြီးနောက်ပိုင်းကစပြီး စာရေးစာဖတ်ခြင်းမှာ အချိန်တော်တော် ပေးလာတယ်”ဟု ၎င်းက ပြောသည်။

ဥက္ကာဦး
Ref ; Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း ၆၀ ကြားချယ်ရီလမ်းရှိရွှေထီးဟိုတယ် တတိယထပ်ရှိအခန်းနံပါတ်---- အမျိုးသမီးတဦးသေဆုံးလျက်တွေ့ ယနေ့ (မတ် ၁၇) ရက် နေ့ကတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအဆိုပါဟိုတယ် အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်တို့ အဆိုပါဟိုတယ်သို့ မတ် ၁၇ ရက် နံနက် ၁ နာရီခန့်က ရောက်ရှိခဲ့ကြပြီးအခန်းနံပါတ် --- ၌ တည်းခိုကြပြီးအမျိုးသားဖြစ်သူမှာယနေ့မနက် ၆ နာရီခန့်က ပြန်လည်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။ ထို့နောက် ကျန်ရစ်သူအမျိုးသမီးနှစ်ဦးအနက် တဦးကမနက် ၉ နာရီခန့်တွင် ၎င်း၏သူငယ်ချင်းအိပ်ယာမှ နှိုးမရသဖြင့် ဟိုတယ်ဝန်ထမ်းများကို အကူအညီးတောင်းသဖြင့် ဟိုတယ်ဝန်ထမ်းများမှ အခန်းသို့ သွားရောက်ကြည့်ရှုရာအမျိုးသမီးမှာသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။


၎င်းတို့သုံးဦး၏အမည်များမှာမောင်ရန်လင်းအောင်၊ မဖြိုးသဉ္ဇာထက်နှင့် သေဆုံးသူမယုယုထက် (၂၁ နှစ် /ရန်ကုန် မှတ်ပုံတင်) တို့ဖြစ်ကြောင်းသိရသည်။

"သူတို့၃ ယောက်ကဒီနေ့မနက်၁နာရီအချိန်ကကျွန်တော်တို့ဟိုတယ်ကိုရောက်လာတယ်။တတိယထပ်အခန်း----မှာတည်းတယ်။ကိုရန်လင်းအောင်ကမနက် ၆ နာရီလောက်မှာCheck-outလုပ်ပြီးပြန်သွားတယ်။ ၉ နာရီလောက်မှာမဖြိုးသဉ္ဇာထက်က ကျွန်မညီမလေးဘာဖြစ်တယ်မသိဘူး၊ လာကြည့်ပေးပါဦးဆိုလို့ဝန်ထမ်းတွေသွားကြည့်တော့သေဆုံးနေတယ်”ဟုဟိုတယ်မှ တာဝန်ရှိသူတဦးကပြောသည်။


ကနဦးသတင်းများအရဟိုတယ်ခန်းတွင်း၌ သောက်စားထားသည့်ဘီယာဘူးများ၊အစားအသောက်များတွေ့ရှိရကြောင်း၊ သေဆုံးသူအမျိုးသမီး၏လက်ကိုင်အိတ်အတွင်းမှ ဆေးပြား(စစ်ဆေးဆဲ)အချို့ တွေ့ရှိရကြောင်းသိရသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးထင်ကျော် ကို မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း အရပ်သားသမ္မတတစ်ယောက် တင်မြှောက်လိုက်နိုင်တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုရှေးရှုပြီး ထူးခြားပြောင်မြောက်တဲ့ ရလာဒ်တစ်ခုအဖြစ် ကြိုဆိုကြောင်း မစ္စတာဘန်ကီမွန်းက သူ့ရဲ့သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို အလျင်မြန်မြန်နဲ့ ဆက်လက်ဖေါ်ဆောင်နိုင်မယ်လို့ မျှော်လင့် သလို၊ သမ္မတဦးထင်ကျော်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့၊ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ရွေးချယ်တင်မြှောက်ခံရတာကို ထိုင်ဝမ်အစိုးရက နိုင်ငံခြားရေးဌါနကနေတဆင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့မယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်ဝမ်အနေနဲ့ မြန်မာ နိုင်ငံမှာ တရားဝင်ကိုယ်စားလှယ်ရုံး မရှိသေးပေမယ့်၊ နိုင်ငံခြားရေး ဌါနလက်အောက်ခံ ထိုင်ဝမ်ပြည်ပ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သမ္မတ အက်ဘ်ဒူလ် ဟာမစ်နဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားတို့ကလည်း မြန်မာသမ္မတသစ် ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အလားတူ ပြည်တွင်းအဖွဲ့အစည်းတွေထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားရေးရာတွေ အပါအဝင် ပြည်သူလူထု အကျိုးတွေကို သမ္မတကြီးဦးထင်ကျော် ခေါင်းဆောင်မယ့် အစိုးရနဲ့ လက်တွဲ ကူညီဆောင်ရွက်သွားမယ်လို့ မတ်လ ၁၅ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၅ ရက်နေ့မှာ တခဲနက် ရွေးချယ် တင်မြှောက်လိုက်ကြတဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ဆက်လက် ထွက်ပေါ်လာနေတာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ စည်းလုံး ညီညွတ်ဖို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အလားတူပဲ EU နဲ့ မြန်မာအိမ်နီးချင်း နိုင်ငံတွေကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့အပေါ် ၀မ်းမြောက်ကြိုဆိုကြောင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

ဦးထင်ကျော် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“၂၀၁၅ နိုဝင်ဘာ ၈ ရက် နိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲတွေအပြီး လွှတ်တော်ကနေ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သား သမ္မတကို ရွေးချယ်ခဲ့တဲ့အတွက် အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုပါတယ်။ ဒါဟာ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရက အစပျိုးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေးရှုဆောင်ရွက်နိုင်မယ့် ထူးခြားတဲ့ အောင်မြင်မှုတရပ်လည်း ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်းရေးတို့အတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ အတွက်လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတသစ်ကို တိုက်တွန်း ပြောကြားလိုက်ကြောင်း Stephane Dujarric က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ပါတယ်။ အသွင်ကူးပြောင်းရေးကာလရဲ့ အထင်ကရကျလှတဲ့ အခုလို အချိန်မျိုးမှာ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်နဲ့အတူ တခြား အဓိကကျတဲ့ ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို အားဖြည့်ရာမှာ ချောမွေ့ပြီးတော့ ငြိမ်းချမ်းစွာ ဖော်ဆောင်နိုင်ရေးအတွက် အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး အခြေအနေနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရာမှာလည်း ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ထပ်ထောင်း အတည်ပြု ပြောကြားခဲ့တယ်လို့ Stephane Dujarric က ထည့်သွင်း ပြောဆိုသွားပါတယ်။

အလားတူပဲ EU - ဥရောပသမဂ္ဂအနေနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒီမိုကရေစီနည်းအရ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံမှုအပေါ် နွေးထွေးစွာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်လည်းဖြစ်၊ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အားပေးသူလည်းဖြစ်တဲ့ EU အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရေရှည်တည်တန့်ပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာရေးအတွက် သမ္မတ ဦးထင်ကျော်အပါအ၀င် မကြာခင် ထွက်ပေါ်လာမယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ဥရောပမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ကြိုဆိုကြောင်းနဲ့ လွှတ်တော်က ပေးအပ်လိုက်တဲ့ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်တော့မယ့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ရေးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီးတဲ့နောက် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတဲ့ ပြယုတ်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမှုအပေါ် ချီးကျူး ဂုဏ်ပြုကြောင်း မနေ့က ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးးကလည်း ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရမှုအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်း၊ ရှေ့ဆက်လှမ်းရမယ့် ကိစ္စအရပ်ရပ်အတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါဝင်နေတာအပြင် အရေးပါတဲ့ ၀န်ကြီးဌာနတွေကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေးအတွက် တပ်မတော်ရဲ့ ပါဝင် ဆောင်ရွက်မှုဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မတ်လ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်း မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရ၀န်ကြီးဌာနတွေ စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး အစိုးရ၀န်ကြီးအဖွဲ့ အမည်စာရင်းကိုတော့ ရှေ့သီတင်းပတ်ထဲမှာ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမေရိကန် အစိုးရအရာရှိတွေရဲ့ သိမ်းဆည်းမှုကိုခံထားရတဲ့ ဒေါ်လာကုဋေချီနေတဲ့ လဒ်ငွေတွေကို  ပြန်တောင်းခံဖို့ ကြိုးစားနေတဲ့ FIFA ကမ္ဘာဘောလုံး အဖွဲ့ချုပ် အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေက သူတို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲ တွေအတွင်း မဲတွေကို ရောင်းစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အမေရိကန် အစိုးရရှေ့နေချုပ်ရုံးကို တင်သွင်းတဲ့ လျှောက်ထားချက်မှာ FIFA က အဖွဲ့အနေနဲ့  လူပုဂ္ဂိုလ်တချို့ အဂတိလိုက်စားမှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်း အဂတိလိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွါးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

FIFA အဖွဲ့ချုပ်က ပြန်လည် တောင်းခံတဲ့ ငွေဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခဲ့တဲ့ FIFA အရာရှိတွေကို ပေးခဲ့ရတဲ့ လျှော်ကြေးတွေ၊ နေ့တွက်တွေ၊ ခရီးစားရိတ်တွေ၊ နဲ့ တခြားအသုံးစားရိတ်တွေ ဖြစ်တာမို့ ပြန်လည် တောင်းခံခွင့်ရှိတဲ့ အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

FIFA က သူတို့ရဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ၂၈.၂ သန်းရှိမယ်လို့ ခန့်မှန်းပါတယ်။
FIFA အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတဲ့ သူတွေက FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေ ကျင်းပနိုင်တဲ့ နေရာ ၁၅ နေရာ ရွေးချယ်တဲ့ ညှိနှိုင်းမှုတွေမှာ  အဂတိ လိုက်စားခဲ့တယ်လို့ အဖွဲ့ချုပ်က တင်သွင်းတဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။

အဂတိလိုက်စားကြောင်း ဝန်ခံခဲ့ကြတဲ့ FIFA အရာရှိဟောင်းတွေက  ဒေါ်လာ သန်း ၁၉၀ ကျော်ကို လျှော်ကြေး အဖြစ် ပြန်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ပြင်သစ် အကြမ်းဖက် နှိမ်နင်းရေး ရဲအဖွဲ့
ပဲရစ်မြို့ အလယ်ခေါင်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်မှုနဲ့ မသင်္ကာသူ အစ္စလာမ္မစ် စစ်သွေးကြွ ၄ ယောက်ကို ဖမ်းမိ ထားကြောင်း ပြင်သစ် ရဲက ပြောကြား ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကို ဖမ်းမိ ခဲ့တာပါ။

အော်တိုမက်တစ် ရိုင်ဖယ် ကျည်ဆံ ကတ် တကတ် နဲ့ ကွန်ပျူတာ အသုံးအဆောင် တွေကို လည်း ရဲက သိမ်းဆည်း မိခဲ့ပါတယ်။

ဒီထဲက တယောက်ကို အရင်လ ထဲက အကျယ်ချုပ်နဲ့ ဖမ်းထားတာ လို့ ပြင်သစ် သတင်းမီဒီယာ တွေက ဆိုပါတယ်။

ဒီလူ ၄ ယောက် အကြောင်း ကိုလည်း ထောက်လှမ်းရေး ဌာနတွေက သိတယ် လို့ ဆိုပါတယ်။

အင်္ဂါနေ့က ဘရပ်ဆဲမှာ လူတယောက်ကို ပစ်သတ် ဖမ်းဆီးမှု ဖြစ်ပြီးနောက် ခု ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

BBC Burmese
http://www.bbc.com/burmese


ရခိုင်ပြည်နယ် စစ်တွေမြို့က နယ်ခံစာနယ်ဇင်းသမားတဦးရဲ့ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရမှုကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ Root Investigative Agency – RIA သတင်းအယ်ဒီတာချုပ်ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကိုကြည့်ရင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်နေတယ်လို့လည်း နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့တွေက ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

RIA သတင်းအယ်ဒီတာချုပ် ဦးမင်းမင်းရဲ့ နေအိမ်ကို မတ်လ ၁၀ ရက်နေ့ည သန်းခေါင်ယံမတိုင်ခင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က အိမ်သားတွေ ရှိမနေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိခဲ့ပေမဲ့ - နေအိမ်နံရံတွေကတော့ ပျက်စီးသွားတယ်လို့ ဦးမင်းမင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီ CPJ က - လွတ်လပ်တဲ့ အဆင့်မြင့် စုံစမ်း စစ်ဆေးမှုတွေလုပ်ဆောင်ပြီး တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူဖို့ အစိုးရကို တောင်းဆိုတဲ့အကြောင်း CPJ ရဲ့ အာရှရေးရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Bob Ditz က အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရက ဒီကိစ္စကိုစုံစမ်းစစ်ဆေးမှုတွေ မလုပ်မှာ၊ ရေဆုံးရေဖျား မလိုက်မှာကို ကျနော်တို့ အစိုးရိမ်ဆုံးပါ။ ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတော်အဆင့် အာဏာပိုင်တွေ အနေနဲ့ ဒီအမှုကို ကျုးလွန်တဲ့သူကို စုံစမ်းဖော်ထုတ် အရေးယူစေချင်ပါတယ်။”

အလားတူ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF ကလည်း - အစိုးရအနေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်လို့လည်း မတ်လ ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတဦးရဲ့ နေအိမ် အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် - လွတ်လပ်စွာ ရေးသားဖော်ပြလိုကြတဲ့ မြန်မာနိုင်ငံ အရပ်ရပ်က သတင်းထောက်တွေအတွက် အန္တရာယ်ရှိတယ်လို့လည်း CPJ ရဲ့ အာရှရေးရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Bob Ditz က ဆက်ပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေသလို၊ ပဋိပက္ခ ဖြစ်ပွားတဲ့ ဘယ်နေရာမျိုးမှာမဆို လူတိုင်းအတွက် အန္တရာယ်များပါတယ်။ သတင်းတွေကို စုံစမ်းဖော်ပြနေတဲ့ သတင်းသမားတွေ အတွက်ကတော့ ပိုတောင်အန္တရာယ်များမယ်လို့ ထင်ပါတယ်။ အခုဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာလည်း စိုးရိမ်စရာပါ၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိနေသလဲ မသိရတာကလည်း ပိုပြီးစိုးရိမ်စရာ ကောင်းပါတယ်။”

သတင်းထောက်တွေ အသက်ဆုံးရှုံးရတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ များများစားစား မရှိပေမဲ့လည်း အန္တရာယ်ရှိတဲ့ အခြေအနေတွေကတော့ ရှိနေဆဲပဲ လို့လည်း ပြောပါတယ်။ မကြာခင် အစိုးရသစ်တက်လာတဲ့အခါ တိုးတက်မှုတွေ ရှိလာနိုင်မလား မျှော်လင့်မှုတွေ ရှိနေတယ်လို့လည်း Bob Ditz က ပြောဆိုခဲ့ပါတယ်။

RIA သတင်းအယ်ဒီတာချုပ် ဦးမင်းမင်း ကတော့ - သူ့နေအိမ် ဗုံးခွဲတိုက်ခိုက်မခံရခင် - လူမှုကွန်ယက်စာမျက်နှာတွေမှာ သူနဲ့ သူ့လုပ်ဖော်ကိုင်ဘက် တွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့လည်း - ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ပေါက်ကွဲမှုမဖြစ်ခင် ရက်ပေါင်း ၂၀ လောက်အလိုကတည်းက ကျနော်တို့ရဲ့ သတင်းထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး Facebook တို့ Viber တို့မှာ အရမ်းဝေဖန်မှုတွေ အမုန်းစကားတွေ ပျံ့နှံ့နေခဲ့ပါတယ်။ အထူးသဖြင့် အခု ပေါက်ကွဲခဲ့တဲ့ နေအိမ်ဟာဆိုရင် RIA ရဲ့ ရုံးခန်းဖြစ်တဲ့အကြောင်းရယ်၊ ကိုမင်းမင်းရဲ့နေအိမ်ဖြစ်တဲ့အကြောင်း ကိုမင်းမင်းတို့ကို သတ်မယ်ဆိုရင် ကျပ် သိန်း ၂၀ ကနေ ၃၀ အထိ ချက်ခြင်းကို လွှဲပေးသွားမယ် စတဲ့ လှုံ့ဆော်ရေးသားမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်တဲ့အတွက် ဒီပေါက်ကွဲမှုဟာ ကျနော်တို့ ထုတ်လုပ်တဲ့ သတင်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း အတည်ပြုထားပါတယ်။ ကျနော်တို့ မေလ ၅ ရက်နေ့ကပေါ့နော် ထုတ်လွှတ်ခဲ့တဲ့ သတင်းထဲမှာ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင် ကိုယ်တိုင်ဟာ ရခိုင်ပြည်နယ်ရဲ့မူးယစ်လမ်းကြောင်းတွေကို သူကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့ပါတယ်။ ဒီသတင်းကို ရေးသားရခြင်းဟာလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်တွင်းမှာ ဖမ်းမိတဲ့ (AA) တပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ကို ကိုးကားပြီး ကျနော်တို့က ရေးသားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပလက်ဝ ချင်းတောင်တန်းတွေမှာပေါ့နော် (AA) ဘက်က ချင်းတိုင်းရင်းသားတွေရဲ့ စားနပ်ရိက္ခာတွေကို တန်ဖိုးတစုံတရာမပေးဘဲ လုယူတာတွေ စတဲ့ သတင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမုန်းစကား ဖြန့်ဝေမှုတွေက ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။”

မေး - ဆိုတော့ လောလောဆယ် အာဏာပိုင်တွေကရော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်နေသလဲရှင့်။

ဖြေ - “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး စုံစမ်းစစ်ဆေးမှုတွေကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အပြင် ဒီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပါတယ်၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန စတဲ့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေအကုန်လုံးက လာရောက်စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးမှု နောက်ပိုင်းမှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်တာက ဒီဗုံးဟာ အသံဗုံးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။”

RIA သတင်းဌာနအယ်ဒီတာချုပ် ဦးမင်းမင်းရဲ့နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်တွေမြို့ရဲစခန်းက ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထု ပစ္စည်းအက်ဥပဒေ ပုဒ်မ (၃) နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တရားဝင် စာပေးပို့ တောင်းဆို ထားတယ်လို့လည်း RIA သတင်းဌာန အယ်ဒီတာချုပ် ဦးမင်းမင်း က ပြောဆိုခဲ့ပါတယ်။ RIA သတင်းဌာနကို ၂၀၁၅ ခုနှစ် သြဂုတ်လက စတင် ထူထောင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၁၂ ကစလို့ ဒေသခံရခိုင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ၊ ရခိုင်တပ်မတော် (AA) နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဗကြာင့် နယ်မြေခံ သတင်းထောက် တွေအနေနဲ့ သတင်းရေးသားရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရသလို၊ လုံခြုံရေးအရ ခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးမင်းမင်းက ပြောဆိုခဲ့ပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြောက်ကိုရီးယားမှာ ဖမ်းဆီး ခံထားရတဲ့ အမေရိကန် နိုင်ငံသား Otto Frederick Warmbier (Credit: AFP) 
မြောက်ကိုရီးယား ​နိုင်င့မှာ ​ထောင်ဒဏ် ​ကျခံနေရတဲ့ ​အမေရိကန်နိုင်ငံက ​ကောလိတ်ကျောင်းသားကို ​လွတ်ပေးဖို့ ​အမေရိကန် ​သမ္မတ ​အိမ်ဖြူတော်နဲ့ ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​မြောက်ကိုရီးယား ​အစိုးရကို ​တောင်းဆိုလိုက်ပါတယ်။

အသက် ​၂၁ ​နှစ်အရွယ် ​အမေရိကန်နိုင်ငံသား ​Otto ​Warmbier ​ဟာ ​ဟိုတယ်မှာ ​ချိတ်ဆွဲထားတဲ့ ​ဝါဒ ​ဖြန့်ချီရေး ​ဆိုင်းဘုတ်ကို ​ခိုးယူခဲ့ရာက ​မြောက်ကိုရီးယား ​အစိုးရကို ​ဖြုတ်ချဖို့ ​ကြိုးစားတဲ့ ​ပြစ်မှုနဲ့ ​အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ် ​၁၅ ​နှစ် ​ချမှတ်ခံလိုက်ရတာ ​ဖြစ်ပါတယ်။

အမေရိကန် ​အစိုးရကို ​မုန်းတီးတဲ့အတွက် ​မြောက်ကိုရီးယားက ​အခုလို ​မတရား ​ပြစ်ဒဏ်ပေးတာလို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

ဒီလပိုင်းအတွင်း ​မြောက်ကိုရီးယားက ​နျူကလီးယား ​လက်နက် ​စမ်းသပ်ပြီးတဲ့နောက် ​အမေရိကန်နဲ့ ​မြောက်ကိုရီးယား ​စစ်တပ်အကြား ​တင်းမာမှုတွေ ​ဖြစ်ပွားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ​ကုလသမဂ္ဂက ​ဒဏ်ခတ်ပိတ်ဆို့မှု ​ပြုလုပ်ဖို့ ​အမေရိကန်က ​ဦးဆောင်ပြီး ​လုပ်ဆောင်ခဲ့တဲ့အတွက်လည်း ​မြောက်ကိုရီးယားက ​မကျေမနပ် ​ဖြစ်နေပါတယ်။

မြောက်ကိုရီးယား ​အနေနဲ့ ​အမေရိကန်နိုင်ငံက ​အစိုးရ ​အရာရှိတွေကို ​လာလည်စေချင်တဲ့အခါမှာ ​အမေရိကန်နိုင်ငံသားတွေကို ​ဘန်းပြ ​ဖမ်းဆီးတာမျိုး ​လုပ်တတ်တယ်လို့လည်း ​ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ​အမေရိကန် ​နိုင်ငံသားတွေ ​လွတ်မြောက်ဖို့အတွက် ​အမေရိကန် ​သမ္မတဟောင်း ​ဂျင်မီ ​ကာတာနဲ့ ​ဘီလ်ကလင်တန်တို့လို ​ပုဂ္ဂိုလ်တွေ ​မြောက်ကိုရီးယားကို ​အလည်အပတ် ​သွားရတာမျိုး ​ရှိခဲ့ဖူးပါတယ်။

အခုလောလောဆယ် ​မြောက်ကိုရီးယားမှာ ​ဖမ်းဆီးခံထားရတဲ့ ​အမေရိကန် ​နိုင်ငံသား ​၃ ​ဦး ​ရှိတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 snld-position-620.jpg ရှမ်းပြည်နယ်ဝန်ကြီးချုပ်တာဝန်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးဦးအား တာဝန်ပေးအပ်ဖို့ သင့်တော်ကြောင်း ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ သျှမ်းအမျိုးသားများအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက သင့်တော်သူ တစ်ဦးဦးကို ရွေးချယ်ခန့်အပ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရောက် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

SNLD ပါတီဟာ ၀ါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ အခက်အခဲကို ပိုမိုသိရှိနားလည်နိုင် တယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများအဖွဲ့အစည်းက ကိုစိုင်းကျောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ငြိမ်းချမ်း ဖံွ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တိုင်းရင်းသားအားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ ခန့်အပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းနိုင်ငံရောက် ရှမ်းအမျိုးသားများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ အမေရိကန်နိုင်ငံရောက်ရှိနေတဲ့ ရှမ်းလူမှုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်အကြီးအကဲနေရာတွေအတွက် တခြားတိုင်းရင်းသားတွေကို ရွေးချယ်ခန့်အပ်ထား ပြီးဖြစ်တာကြောင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ်နေရာမှာ ရှမ်းတိုင်းရင်းသားကို ခန့်အပ်ပေးဖို့ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုတာ ဖြစ်ပါတယ်။

SNLD ပါတီဟာ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ NLD ပါတီနဲ့ နှစ်ပေါင်းများစွာ အတူလက်တွဲလုပ်ဆောင်ခဲ့တဲ့ ပါတီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA


kyauktaw-township-620.jpg
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၂ ဦးကို ကျောက်တော်မြို့နယ်တရားရုံး က ထောင်ဒဏ် ၃ နှစ်စီ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အယူခံတင်ဖို့ မတင်ဖို့ကို ပြစ်ဒဏ်ချမှတ်ခံရသူ ၂ဦးနဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးထွန်းလှက ပြောပါတယ်။

"မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁) အရ သူတို့နှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်၊ သူတို့က အထက်ရုံးကို အယူခံပေးပါလို့ တောင်းဆိုလာရင်တော့ ကျနော်တို့က အထက်ရုံးကို တက်ဖို့ရှိပါတယ်ခင်ဗျ"

အမိန့်ချမှတ်ခံရသူနှစ်ဦးဟာ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေကဖြစ်ပြီး ရက္ခိုင့်တပ်မတော်(AA)တပ်ဖွဲ့ဝင်တွေ ဖြစ် တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ပလက်ဝမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ကျောက်တော် မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရသူ နောက်ထပ် ၁၆ ဦး ကျန်ရှိနေပါတယ်။

RFA

"ဦးလေးတို့ သိပ်ပျော်နေကြတယ်ပေါ့ဟုတ်လား"
"ဒါပေါ့ ... ပျော်တာပေါ့... ဘာဖြစ်လို့လဲကွ"
"အမှန်ဆိုရင် ဦးလေးတို့ ဒီအချိန်မှာ ဒီ့ထက်ပိုပျော်နေရမှာ"
"ဘာဖြစ်လို့လဲကွ"
"ဦးလေးတို့ အမေစုသာ သမ္မတဖြစ်ရင် ဦးလေးတို့ ဒီ့ထက်ပျော်ကြမယ်ဆိုတာ ကျော်သိတာပေါ့ဗျာ"
"အလဲ့ ... သိလှချည်လားဟ"
"ဒါပဲလေ .. ဦးလေးတို့ အသုံးမကျတာအဲ့ဒါပဲ"
"အမ် .. ဘာဖြစ်လို့လဲဟ"
"ဦးလေးတို့အမေစုသာ ဦးရဲထွဋ်တို့ဦးလှဆွေတို့စကားကို နားထောင်ခဲ့ရင် ဒီအချိန်မှာ ဦးလေးတို့ အခုထက်ပိုပျော်နေရပြီလေ"
"ဟင် ... ဘာဖြစ်လို့လဲဟ"
"ဦးမြင့်ဆွေလို လုပ်ဖို့ကိစ္စလေ"
"လာပြန်ပြီ ... ဦးမြင့်ဆွေ ... "
"ဒါအမှန်တရားပဲ မဟုတ်ဘူးလားဗျ"
"ဒေါ်အောင်ဆန်းစုကြည်ကို ကလိန်ကကျစ်များမှတ်နေလားဟ"
"အဲ"
"မိသားစုကို ဖိအားပေး ၊ ဥပဒေကို ကျော်ခွပြီး ပြည်သူကို စံနမူနာယူမှု မှားအောင်လုပ်မယ့် မလိမ့်တပတ် အာဏာရူးများမှတ်နေသလား?"
"အဲ"
"ရော့ ... ဒါလေးယူထား"
"ဘာကြီးလဲဗျ"
"ဘာစကေဘီပုလင်းလေ"
"ဘာလုပ်ဖို့လဲဗျ"
"အခု မင်းပါးစပ်ကို အဲ့ဒါလေးနဲ့ ပလုပ်ကျင်းလိုက်စမ်း"
"အမ် .. ဘာလို့ပလုပ်ကျင်းရမှာလဲဗျ"
"ဝဲပေါက်မှာစိုးလို့ပါ"
"အာဗျာ ... စေတနာနဲ့ပြောတဲ့ဟာကို မလှောင်ပါနဲ့"
"မင်းတို့ စေတနာကြောင့် ဦးမြင့်ဆွေကြီးလည်း သနားပါတယ်"
"ဘာဖြစ်လို့လဲဗျ"
"ရွေးကောက်ခံမဟုတ်လို့ ထ ကန့်ကွက်တော့ ရွေးကောက်ရှုံးကြီးတစ်ယောက်အနေနဲ့ အနေခက်မှာပေါ့ကွ"
"အဲ"
"ဒါပေမယ့် ပြည်သူကသိတယ်ဟ အရမ်းပြဿနာရှာမှာမဟုတ်ဘူး"
"ဘာကြောင့်လဲ?"
"အမျိုးသားရင်ကြားစေ့ရေးလေကွာ"
"ဘာဆိုင်လို့လဲဗျာ"
"ဟ ... ဆိုင်တာပေါ့ဟ .... အခုပေးတဲ့မဲတွေမှာ ရွေးကောက်ခံသက်သက်ပဲကြည့်မယ်ဆိုရင် ဦးဟင်နရီဗန်ထီးယူ တောင်မှ မင့်ဦးမြင့်ဆွေရတဲ့မဲထက်သာတာ တပြည်လုံးသိတယ်လေ"
"အမ်"
"ဒီလို လူမျိုးကို ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေက သမ္မတလောင်းအဖြစ် အမည်တင်ကတည်းက ဘာအတွက်ဆိုတာ ရိပ်မိနေတဲ့လူတွေလည်း အများကြီးပဲ"
"ဘာရိပ်မိတာလဲဗျ"
"ခုနပြောတဲ့ မဲအရေအတွက်မှာ တပ်မတော်ကို ဖယ်လိုက်ရင် ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ တိုင်းရင်းသားနည်းနည်းပဲ ဦးမြင့်ဆွေကို မဲပေးခဲ့တာပေါ်လွင်တယ်လေ"
"အဲ့ဒီတော့ ဘာဖြစ်လဲ"
"အဲ့ဒီတော့ ကျန်တိုင်းရင်းသားအများစုက ဦးဟင်နရီဗန်ထီးယူကို ဦးမြင့်ဆွေထက် ပိုပြီး ယုံကြည်တဲ့သဘောပေါ့ကွာ"
"ယုံကြည်တော့ ဘာဖြစ်လဲဗျာ"
"ဟ ... မသေမချင်းမှတ်ထားဟ ... အဲ့ဒါ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကြိုးစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးကြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုတာပြတာကွ ငါတို့အမသားလေးရ"
"ဘာဆိုင်လို့လဲဗျာ"
"တိုင်းရင်းသားအများစု ယုံကြည်မှုက အမျိုးသားရင်ကြားစေ့ရေးနဲ့ မဆိုင်ဘူးလို့ မင်းထင်သလား?"
"အဲ"
"အဲ ... မနေပါနဲ့ကွာ ... ငါတို့က မဲခွဲပြီးမှသိတာပါ"
"မဲမခွဲခင်က ဘယ်သူတွေသိလို့လဲဗျ"
"မင့် ဘဘ တွေပေါ့ကွာ"
"အာ ... ဘယ်လိုလုပ်သိမှာလဲဗျာ"
"အင်း .. မင်းတို့ အဲ့လို ပိန်းလို့လည်း အရိုးကိုက် ဘောမ ဘဝ နဲ့ လူတကာ တံတွေးခွက်မှာ ပက်လက်မျောနေကြရတာပဲ"
"အာဗျာ ... ဦးလေး ဘယ်လို အထောက်အထားနဲ့ပြောတာလဲ ရှင်းရှင်းပြောပါ"
"အမျိုးသားရင်ကြားစေ့ရေးအတွက် ... မြန်မာတပြည်လုံးမှာ တည်ဆောက်ရမယ့် အဓိက ယုံကြည်မှု ဘယ်နှစ်ခုရှိလဲသိလား?"
"သိတော့သိပါတယ်ဗျာ ... ဒါပေမယ့် ဦးလေးပြောကြည့်ပါ"
"နှစ်ခုပဲရှိတယ် ..."
"ဘာတွေလဲဗျ ... ပြောကြည့်ပါဦး"
"အင်း ... လေသံကတော့ မလျှော့ပါလား ... ထားပါတော့ အမျိုးသားရင်ကြားစေ့ရေးမှာ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဗမာ နဲ့အပြန်အလှန် ယုံကြည်မှုရဖို့ ရယ် တပ်မတော်နဲ့ပြည်သူ အပြန်အလှန် ယုံကြည်မှုရဖို့ရယ် နှစ်မျိုးက အဓိကကျတယ် ... အဲ့ဒီယုံကြည်မှုတွေ တည်ဆောက်နိုင်ရင် တို့ဆီမှာ ငြိမ်းချမ်းရေးအတွက် ပိုက်ဆံတွေ သုံးနေစရာမလိုတော့ဘူး"
"ဟုတ်လား"
"တို့ဆီက ဒုက္ခသည်တွေ သူများဆီ သွားခိုလှုံစရာမလိုတော့ဘူး"
"အဲ"
"စစ်ဘေးရှောင်ရတဲ့ သနားစရာလူတွေအဖြစ် နိုင်ငံတကာက သတ်မှတ်တော့မှာမဟုတ်ဘူး"
"တိုင်းရင်းသား နဲ့ ဗမာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်တာကတော့ ဟုတ်ပါပြီ စစ်ဘေးတွေ ဝေးမယ်၊ အကျိုးအမြတ်တွေ အညီအမျှခွဲဝေမယ်တွေ ဘာညာကွိကွတွေ ကျော်လည်း တွေးမိပါတယ်"
"တွေးမိရဲ့သားနဲ့ စစ်ပွဲတွေဖြစ်ရင် မင်းက ဘာလို့ မြှောက်မြှောက်ပေးနေတာလဲ?"
"အဲ"
"အဲ့ဒါပဲ ... ပိန်းတယ်ပြောတော့လည်း မကြိုက်ဘူး ... မင်းတို့လိုကောင်တွေကြောင့် တိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှ ညီအကိုမောင်နှမလို ချစ်ချစ်ခင်ခင်နေချင်ကြတဲ့ ဗမာတွေအချောင်သိက္ခာကျနေရတာရော သိရဲ့လား?"
"အာဗျာ .. အပိုတွေ ပြောမနေနဲ့ တပ်မတော်နဲ့ပြည်သူက ယုံကြည်မှုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်တာလဲ ပြော"
"ဟ တပ်က မယုံကြည်လို့ နေရာတကာဝင်ပါနေတာမင်းမတွေ့ဘူးလား?"
"အဲ"
"နေရာတကာဝင်ပါလို့ မအပ်စပ်တဲ့ကိစ္စတွေဖြစ်လာပြီး အားလုံး နိမ့်ကျကုန်တာ မင်းမမြင်ဘူးလား?"
"အဲ"
"အခုလွှတ်တော်မှာ ဝင်ထိုင်နေတယ်ဆိုတာလည်း မယုံကြည်လို့မဟုတ်ဘူးလား?"
"အဲ"
"အဲ့လို မယုံကြည်မှုကို တည်ဆောက်ထားတော့ ပြည်သူ့ယုံကြည်မှုကိုရော ရနိုင်ပါ့မလား?"
"ဦးလေး စကားတွေက ဝေ့နေတယ် ... ဘဘ တွေ ကြိုသိတယ်ဆိုတဲ့ကိစ္စရှင်းဦးလေဗျာ"
"အဲ့ဒါပြောနေတာပဲ ... တိုင်းရင်းသားအများစုနဲ့ NLD အပြန်အလှန်ယုံကြည်နိုင်လိမ့်မယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်ခင် ဟောပြောပွဲတွေ လုပ်ကတည်းက မင့်အဘတွေက ရိပ်မိတယ်ဟ"
"အဲ့ဒီတော့?"
"ဒါပေမယ့် ရွေးကောက်ပွဲအပြီး ရလဒ်ထွက်လာတဲ့အချိန်မှာ သူတို့နဲ့ စစ်ဖြစ်နေတဲ့ တိုင်းရင်းသားတွေရော သူတို့နဲ့ ပုလဲနံပ သင့်နေတဲ့ တိုင်းရင်းသားတွေရော ၊ မသင့်တဲ့တိုင်းရင်းသားတွေရောက ဒီချုပ်ကို ဝိုင်းကြိုဆိုတော့ မျက်ခုံးလှုပ်ကုန်ကြတာပေါ့"
"ဘာကြောင့် မျက်ခုန်းလှုပ်ရမှာလဲ"
"သူတို့မလုပ်နိုင်တဲ့အလုပ်ကို သူတို့နှိပ်ကွပ်ခဲ့တဲ့ လူထုခေါင်းဆောင်နဲ့သူမရဲ့ပါတီက လုပ်နိုင်တော့မှာလေကွာ"
"အဲ"
"အဲ့ဒီတော့ ခုနက ငါပြောတဲ့ အဓိက နှစ်ချက်မှာ တစ်ချက်က NLD လုပ်နိုင်တာ သေချာသလောက်ရှိနေပြီဆိုတဲ့သဘောကို မင့်အဘတွေက တွက်ပြီးသားဖြစ်နေပြီ"
"အဲ့ဒီတော့ဘာဖြစ်လဲ"
"အဲ့ဒီတော့ ဒုတိယအချက်ကို လုံးဝ ကာကွယ်ဖို့ဆုံးဖြတ်တာပေါ့ဟ"
"ဘာအချက်လဲဗျ"
"တပ်မတော်နဲ့ ပြည်သူ ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရေးလေကွာ"
"အင်"
"အဲ့ဒီအတွက် ပြည်သူက သောက်မြင်အကပ်ဆုံးဘယ်သူဖြစ်မလဲဆိုတာကိုရှာတယ်"
"ဟင်"
"ပြည်သူ့ချဉ်ဖတ်ကို ရှာတယ်ဆိုပါတော့ကွာ"
"ဟမ်"
"ဒီတော့ ဦးမြင့်ဆွေကို မျက်စိကျရော"
"အမ်"
"ဒီလို လူကို တပ်မတော်ကိုယ်စားလှယ်တွေက သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ?"
"ဘယ်လိုဖြစ်သွားမှာလဲဟင်"
"ပြည်သူက မကျေမနပ်ဖြစ်မှာပေါ့ကွ"
"အဲ့ဒီတော့"
"နောက်ပိုင်းမှာ ဦးမြင့်ဆွေ ထပ်ပြီး သောက်တလွဲတွေ ထပ်လုပ်လေ သူ့ကိုတင်လိုက်တဲ့ တပ်မတော်သားတွေကို ပြည်သူက ထပ်မုန်းလေ ဖြစ်ဦးမယ်"
"အဲ"
"အဲ့ဒီတော့ တပ်နဲ့ပြည်သူ ယုံကြည်မှု တည်ဆောက်ဖို့ ပိုခက်ကုန်မှာပေါ့ကွာ"
"အဲ"
"နောက်ဆုံးတော့ ဦးမြင့်ဆွေ ရော .. တပ်မတော်သားကိုယ်စားလှယ်တွေရော ထိုးကျွေးခံလိုက်ရတဲ့သဘော ဖြစ်ကုန်တယ်"
"အဲ"
"ဒီကြားထဲ မကျေနပ်တဲ့လူတွေက တပ်မတော်သားတွေကို စစ်ခွေး လို့ ခေါ်ကုန်ကြဦးမယ်"
"အမ်"
"အဲ့လိုခေါ်တော့ စစ်သားတွေက အရပ်သားတွေကို ပြန်မုန်းကြဦးမှာ"
"အဲ"
"မုန်းတော့ တပ်နဲ့ပြည်သူ ယုံကြည်မှု တည်ဆောက်ဖို့ ပိုခက်သွားပြန်ဦးမယ်"
"အဲ"
"အဲ့ဒီလို ဖြစ်တာ ဘာကြောင့်လို့မင်းထင်သလဲ?"
"ဟင့်အင်း"
"တပ်မတော်ကို အသုံးချနေတဲ့ လူတစ်စု ရှိနေလို့ပေါ့ကွာ"
"အဲ"
"တကယ်တော့ တပ်ရဲ့သဘောသဘာဝကို ကောင်းကောင်းနားလည်ပေးနိုင်တဲ့လူတွေ ပြည်သူထဲမှာအများကြီးပါ"
"ဘာသဘောသဘာဝလဲဗျ"
"အထက်အမိန့်ကို နာခံရတဲ့ သဘောသဘာဝလေကွာ"
"သြော် ... "
"ပြဿနာက ... အောက်အမိန့်ကို နာခံရတဲ့ နိုင်ငံရေးအထွဋ်အထိပ်နေရာကို အထက်အမိန့်နာခံရတဲ့ သဘောသဘာဝရှိတဲ့အဖွဲ့အစည်းက ဇွတ်နေရာဝင်ယူထားအောင်လုပ်ထားတဲ့စနစ်ကြောင့်ကွ"
"သြော် ... "
"အဲ့ဒီတပ်မတော်သားကိုယ်စားလှယ်တွေ ရှိနေအောင်လုပ်ထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ့ကွာ"
"အင်း"
"အဲ့ဒီ ဥပဒေကို ဘယ်သူတွေဆွဲခဲ့တယ်ဆိုတာတွေ အရေးမကြီးတော့ပါဘူး"
"ဘာအရေးကြီးတာလဲ"
"တပ်နဲ့ပြည်သူ ကြားမှာ ခလောက်ဆန်မယ့် အဘ တွေ စိတ်ကြိုက်လုပ်လို့မရအောင် အခြေခံဥပဒေထဲက ပြင်သင့်တာကို ပြင်နိုင်ဖို့ပဲ အရေးကြီးတယ်"
"အဲ"
"မြန်မာ့တပ်မတော်ကို ပြည်သူနဲ့ဆန့်ကျင်ပြီး ကန့်လန့်တိုက်နေတဲ့ တပ်မတော်အဖြစ် ဘယ်ပြည်သူမှ မမြင်ချင်ကြဘူးကွ"
"အဲ"
"အခုတော့ ဦးမြင့်ဆွေလည်း ငါးနှစ်လောက်စိတ်ဆင်းရဲရဦးမယ် တပ်မတော်သားတွေလည်း ပြည်သူ့အမုန်းကို သက်တမ်းတိုးခံရဦးမယ်"
"ဦးလေးတို့ကို ပိုပြီးပျော်စေချင်လို့ အကြံပေးပါတယ်ဆိုမှ စိတ်ညစ်ပြနေတယ်"
"အေး ... ပျော်တော့ ပျော်ပါတယ် .... ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေးကို ဖျက်ဆီးမယ့်သူတွေတွေ့နေတာ့ နှီးတွေထပ်ဖြာရဦးတော့မယ်ကွာ"
"ဘာဖြစ်လို့လဲ နှီးမဖြာချင်တော့ဘူးလား"
"ငါက ငါ့နှီးကို ပင်စင်ပေးပြီး မင်းကို ဘာစကေဘီ လေး လူးခိုင်းလိုက် ပလုပ်ကျင်းခိုင်းလိုက်လောက်ပဲလုပ်တော့မလားလို့ စဉ်းစားနေတာကွ"
"ဘာဖြစ်လို့လဲဗျ ... ကြောက်သွားပြီလား?"
"မဟုတ်ပါဘူးကွာ ... ငါ့နှီးကို မင်းအတွက်သုံးနေတာ မင်းကြီးတော်ကြီးက သိပ်မကြည်လို့ပါ ... ဟီးဟီး"
"(*&^%$#@!"
_________
အောင်ကြီး

Cartoon Credit : ကာတွန်း မောင်မောင်ဖောင်တိန်
https://www.facebook.com/AungGyeeeee/posts/259987710999522

သမ္မတ ဦးသိန်းစိန်ကို တစ်ချို့က ဒီမိုကရေစီကို ပျိုးထောင် ပေးခဲ့သူဟု မတန်မရာ ချီးမွမ်း ကြသည်ကို မြင်တော့ ရယ်ချင်ပက်ကျိ ဖြစ်မိသည်။ တကယ်တော့ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ အလေ့အကျင့် စတင် ခဲ့တာ နှစ်တစ်ရာ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ဒီမိုကရေစီကို မလိုလား သူတို့က အကြိမ်ကြိမ် နောက်ကြောင်း ပြန်ဆွဲ ကြသဖြင့်သာ မြန်မာ့ ဒီမိုကရေစီ ရှေ့မတိုး နိုင်ခဲ့ခြင်း ဖြစ်သည်။

တိတိကျကျပြောရရင် ၁၉၁၀ ၀န်းကျင် ကိုလိုနီ လက်အောက်မှာ ကတည်းက ဒီမိုကရေစီ အလေ့အထများ ရှိခဲ့သည်။ ဒီမိုကရေစီ၏ အဓိက မဏ္ဍိုင်များ ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရား စီရင်ရေး တို့တွင် အင်္ဂလိပ်တို့ လွှမ်းမိုးထား သော်ငြား မြန်မာများကို အကန့် အသတ်ဖြင့်တဖြည်းဖြည်း ပါဝင်ခွင့် ပြုလာခဲ့သည်။ စတုတ္တ မဏ္ဍိုင်ကလည်း ထိုအချိန် ကတည်းက အတော် စည်ပင်နေပြီ ဖြစ်သည်။ နိုင်ငံရေးတွင် မထောက် မညှာတမ်း ရေးနေသည့် သတင်းစာများ ထွက်နေ ခဲ့သည်။ ပဉ္စမ မဏ္ဍိုင်ဟု ခေါ်သော အရပ်ဘက် လူ့အဖွဲ့အစည်း တွေကလည်း မှိုလို ပေါက်လာသည်။ နောက်ပိုင်း ဒိုင်အာခီ၊ ၉၁ ဌာန အုပ်ချုပ်ရေး တို့တွင် ရွေးကောက်ပွဲဖြင့် မဲပေး ရွေးချယ်သည့် အလေ့အထ ထွန်းကား လာသည်။

အဲဒီနောက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ အများအပြားက ဒီမိုကရေစီကို ယုံကြည်သူများ ဖြစ်ကြပြီး ဗိုလ်ချုပ်တို့ ဗြိတိသျှထံမှ လွတ်လပ်ရေး တောင်းခဲ့ စဉ်ကလည်း ဒီမိုကရေစီ နည်းလမ်းဖြင့်သာ တောင်းခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးခါစ မြန်မာ နိုင်ငံမှာလည်း ပါလီမန် ဒီမိုကရေစီ စနစ် ကိုပင် ကျင့်သုံးခဲ့သည်။ သို့သော် ဒီမိုကရေစီကို မယုံကြည်သူ၊ မလိုလားသူ တို့က မတူကွဲပြားသော အယူအဆများ ငြင်းခုံ ယှဉ်ပြိုင်ခြင်းကို စည်းလုံးမှု ပျက်ပြားသည်ဟု ယူဆကြသည်။ ဒီမိုကရေစီကို တိုင်းပြည် အတွက် အန္တရာယ်ဟု ယူဆပြီး အာဏာသိမ်းကာ ဒီမိုကရေစီကို ဖျက်ဆီး ကြသည်။

စစ်အစိုးရ လက်အောက်တွင် ဒီမိုကရေစီ အလေ့အထ အားလုံး ဆိတ်သုဉ်းပြီး အကြီးအကျယ် နောက်ကြောင်း ပြန်လှည့် သွားခဲ့သည်။ တဖန် “ဒီမို ကရေစီ ရရှိရေး၊ ဒို့အရေး” ဟူသည့် ကြွေးကြော်သံဖြင့် ၁၉၈၈ လူထု အုံကြွမှုကြီး အပြီးတွင် ပြည်သူ့ဆန္ဒကို မငြင်းပယ် နိုင်ဘဲ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေး ခဲ့ရသည်။ သို့သော် ဒီမိုကရေစီ မလိုလား သူများက ပြည်သူ တခဲနက် ထောက်ခံသည့် ပြည်သူ့ ကိုယ်စားလှယ် များကို အာဏာလွှဲပေး ရမည့်အစား ထောင်သွင်း အကျဉ်းချပြီး နောက်တစ်ကြိမ် ဒီမိုကရေစီကို နောက်ကြောင်း ပြန် ကြပြန်သည်။

လူထု၏ စဉ်ဆက်မပြတ် တောင်းဆိုမှု့များကြောင့် ၂၀၁၀ တွင် ဒီမိုကရေစီ စနစ်ကို တကျော့ ပြန်စသည်။ ယခုဆိုလျှင် သက်တမ်း ငါးနှစ် ကျော်ခဲ့ပြီ။ သို့သော် သူ့ရှေ့တွင် ဒီမိုကရေစီ၏ သက်တမ်းက နှစ် တစ်ရာကျော် ရှိသည်။ ဒီမိုကရေစီသည် မြန်မာ ပြည်သူတို့၏ သွေးသားထဲတွင် စွဲမြဲစွာ စိမ့်ဝင် နေပြီး ဖြစ်သည်။ အကယ်၍ တစုံတစ်ဦးက ဒီမိုကရေစီ သစ်ပင်ကို ခုတ်ယူ ဖျက်စီးသည့်တိုင် နောက်ထပ် ဒီမိုကရေစီ ပျိုးပင်လေး များကို သားစဉ် မြေးဆက် လက်ဆင့်ကမ်း စိုက်ပျိုးသွားကြ မည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီကို ပျိုးထောင်သူမှာ ပြည်သူ များသာ ဖြစ်ပေတော့သည်။

(ဆရာဖေမြင့်၏ မြန်မာ့ ဒီမိုကရေစီ နှစ် ၁၀၀ ခရီးကို မှတ်မိသလို ထုတ်နုတ် ရေးသားခြင်း ဖြစ်ပါသည်)

Zin Thaw Naing

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အားတွေ့ရစဉ် (ဆင်ဟွာ)
    ကုလသမဂ္ဂ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

    ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့်  ဦးထင်ကျော် အား  ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက် တစ်ခု၌ ပြောကြားခဲ့သည်။

ဘန်ကီမွန်းက ထိုသို့ရွေးချယ် တင်မြှောက်ခံရမှုအား မြန်မာနိုင်ငံ အစိုးရဟောင်း လက်ထက်တွင် ဆောင်ရွက် ခဲ့သည့် ဒီမိုကရေစီ ပြောင်းလဲမှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်ရန်အတွက် အရေးကြီးသည့် အောင်မြင်မှု တစ်ခုအဖြစ် ကြိုဆိုပါကြောင်း ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘန်က သမ္မတ ဦးထင်ကျော်နှင့် အခြား အရေးပါသည့် နိုင်ငံရေး ခေါင်းဆောင်များ သည် မြန်မာနိုင်ငံ အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် စည်းလုံး ညီညွတ်မှု ရရှိစေရန် အတွက် လက်တွဲ လုပ်ဆောင်သွားရန် ပြောကြား ခဲ့သည်။

ဘန်က မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် အကျိုးရှိစေမည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အခွင့်အရေး နှင့် ဥပဒေ ဖော်ဆောင်ရေးတို့အတွက် ကူညီ ထောက်ပံ့ပေးရန် ကုလသမဂ္ဂ အနေဖြင့် အဆင်သင့် ရှိနေပါကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)
    ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

    တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ မစ္စတာရှီကျင့်ဖိန် (Mr. Xi Jinping )မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်အား ၂၀၁၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ဂုဏ်ပြုခြင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

သ၀ဏ်လွှာတွင် ရှီကျင့်ဖိန် က အဆွေတော် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရကြောင်း သိရှိရသည့်အတွက် ကျွန်ုပ် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

အဆွေတော်၏ ဦးဆောင်မှု၏အောက်တွင် မြန်မာပြည်သူပြည်သား တို့သည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် အောင်မြင်မှုပိုမိုရရှိ နိုင်မည်ဟုကျွန်ုပ်ယုံကြည်ပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေဆက်စပ်လျက်ရှိပြီး ပေါက်ဖော်ချစ်ကြည်ရေးနက်ရှိုင်းလှပါသည်။

သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ်(၆၀)ကျော်အတွင်းမှာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို အခြေခံ၍ အိမ်နီးချင်းကောင်းဆက်ဆံရေး တိုးမြှင့်ခြင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အောင်မြင်ခြင်းတို့သည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများကိုဆောင်ကျဉ်းစေ၍ မိမိဒေသတို့၏ စည်ပင်သာယာရေးနှင့် တည်ငြိမ်မှုကိုလည်း ဖြစ်ထွန်းစေခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးသည် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသောအချိန်သို့ရောက်ရှိနေပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုကို ဆထက် ထမ်းပိုးပိုမိုနက်ရှိုင်းစွာတိုးမြှင့်ခြင်းသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူတို့၏ အကျိုးနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

တရုတ်-မြန်မာဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံ မှုအဆက်မပြတ်တည်ငြိမ်စွာတိုးမြှင့်ပြီး နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက် အဆွေတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်နိုင်ရန် ဆန္ဒရှိပါသည်။

(Xinhua)
http://www.xinhuamyanmar.com

ပုဒ်မ ၂၁၇ ပါ စကားရပ် ဟာ နိုင်ငံ ဥသျှောင် လိုမျိုး အခေါ်အဝေါ် တွေ အကြောင်း ပြောထား တာ မဟုတ်ပဲ လွှဲပြောင်း ပေးနိုင်တဲ့ လုပ်ပိုင် ခွင့် အာဏာ အပေါ်သာ ဆိုလိုတာ ဖြစ်။

ပြည်ထောင်စု လွှတ်တော် ကနေ ဦးထင်ကျော်ကို သမ္မတ အဖြစ် တင် မြှောက် ခဲ့ ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး လူတွေ ရဲ့ ခန့်မှန်း ပြောဆိုချက် တွေ ထွက်ပေါ် လာနေတာမှာ ဖွဲ့စည်းပုံပါ ပုဒ်မ ၂၁၇ ကို ရည်ညွှန်း ပြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံ့ ဥသျှောင် ရာထူး လိုမျိုး ဖန်တီး ပေး ထားနိုင်တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ပုဒ်မ ၂၁၇ အရ ပြည်ထောင်စု လွှတ်တော် ကနေ အာဏာပိုင် တစ်ဦးဦး ကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးအပ်ခြင်း မပြုနိုင်ဟု မသတ်မှတ်ရ လို့ ဆိုထားပါတယ်။

ဒီ အဓိပ္ပာယ်ဟာ လွှတ်တော် ကနေ အာဏာပိုင် တစ်ဦးဦး ကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးအပ်နိုင်တယ် ဆိုပြီး ဖွင့်ဆိုသူ တချို့က လွှတ်တော် အနေနဲ့ အဲဒီ့ ပုဒ်မ ၂၁၇ ကို အသုံးပြုပြီး ဒေါ်အောင်ဆန်း စုကြည် အတွက် ရာထူး နေရာ တစ်ခု ဖန်တီး ပေးနိုင်တယ် ဆိုပြီး သုံးသပ် နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစိ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေ အကြံပေးလည်း ဖြစ်၊ တရား လွှတ်တော် ရှေ့နေ တစ်ဦးလည်း ဖြစ်တဲ့ ဦးကိုနီ က အဲဒီ့ ပုဒ်မ ၂၁၇ ဟာ မြန်မာ နိုင်ငံရဲ့ ပထမဆုံး ၁၉၄၇ ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၅၉ ကို ပြန်ကူးယူ ထားတာ ဖြစ်ပြီး အမြင့်ဆုံး အုပ်ချုပ်ရေး အစိုးရ အာဏာ ဝန်ကြီးချုပ်မှာ ရှိတဲ့ ပါလီမန် ဒီမိုကရေစီ စံနစ် အတွက် ဖြစ်တယ် လို့ ဆိုပါတယ်။

ပါလီမန် ဒီမိုကရေစီ စံနစ် မှာ နိုင်ငံအကြီးအကဲ အနေနဲ့ သမ္မတ ခန့်အပ် ထား ပေမယ့် အုပ်ချုပ်ရေး အာဏာ ဟာ သမ္မတမှာပဲ ရှိတယ်လို့ မဆိုလိုကြောင်း ရေးသားထားတဲ့ ပုဒ်မ ဖြစ်တယ် လို့ ဦးကိုနီ က ပြောပါတယ်။ ဒါ့ကြောင့် သမ္မတ စံနစ် မျိုးမှာ အခုလို ပုဒ်မ မျိုးကို ဖွဲ့စည်းပုံထဲ ထည့်သွင်း ထားတာ ဟာ ရှုပ်ထွေးမှု တွေ ဖြစ်လာစေတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁၇ ပါ စကားရပ် ဟာ နိုင်ငံ ဥသျှောင် လိုမျိုး အခေါ်အဝေါ် တွေ အကြောင်း ပြောထား တာ မဟုတ်ပဲ လွှဲပြောင်း ပေးနိုင်တဲ့ လုပ်ပိုင် ခွင့် အာဏာ အပေါ်သာ ဆိုလိုတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီ ပုဒ်မ ကို အသုံးပြုပြီး တစ်ဦး တစ်ဖွဲ့ကို လွှတ်တော် က လုပ်ပိုင် ခွင့် အာဏာ အပ်နှင်းလို့ ရတာ မှန်ပေမယ့် ဖွဲ့စည်းပုံ နဲ့ မဆန့်ကျင် ရ ဆိုတဲ့ စကားရပ် လည်း ပါဝင် နေတယ် လို့ ဦးကိုနီ က ထောက်ပြ ပါတယ်။

အဲ့ဒီ့ အဓိပ္ပာယ်ဟာ သမ္မတ အာဏာကို ကျော်လွန် တဲ့ အာဏာမျိုးကို လွှတ်တော် က တစ်ဦးတစ်ယောက် ကို ပေးအပ် နိုင်ခြင်း မရှိဘူး ဆိုပြီး ဦးကိုနီ က ဖွင့်ဆိုပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁၈ (ခ)မှာလည်း၊ သမ္မတ အနေနဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တွေ ကို ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ် အရ ဆောင်ရွက်ရန် တာဝန် ရှိတဲ့ ပုဂ္ဂိုလ် ကို ဖြစ်စေ အာဏာ ခွဲဝေ ပေးနိုင် တယ် လို့ ဖော်ပြ ထားပါတယ်။

အဲဒီ့ ပုဒ်မ ၂၁၈ (ခ) အရ သမ္မတ ကနေ တစ်ဦးတစ်ယောက်ကို လုပ်ပိုင်ခွင့် အာဏာ တစုံတရာ အပ်နှင်း နိုင်ပေမယ့် အပ်နှင်း ခံရသူဟာ သမ္မတ ကိုပဲ တာဝန်ခံ ရမှာ ဖြစ်တဲ့ အတွက် သမ္မတ ထက် ကျော်လွန် တဲ့ အာဏာမျိုး ရရှိ နိုင်မှာ မဟုတ်ဘူး လို့ ဦးကိုနီ က ဖွင့်ဆို ထားပါတယ်။

BBC Burmese

၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဂျော်လီထွန်း အသက် ၅၉ နှစ်ဟာ နှလုံးရောဂါနဲ့ ဒီမနက် ၉နာရီခွဲကကွယ်လွန်သွားပါတယ်။ နှလုံးအောင့်တယ်အောင့်တယ်ဆိုပြီး ရုတ်တရက်ကွယ်လွန်သွားတဲ့ အကြောင်းနဲ့ ဈာပနကို မတ်လ ၁၈ ရက်နေ့ သုံးဆယ်မြို့ မှာ သဂြိုဟ်မယ်လို့ ဇနီးဖြစ်တဲ့ ဒေါ်အေးအေးသန်းက ပြောပါတယ်။

ဦးဂျော်လီထွန်းဟာ ၈၈ အရေးအခင်းတုန်းက သာယ၀တီမြို့နယ် မဟာဗျူဟာ သပိတ်ကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဆက်သွယ်ပြီး မြေအောက်လုပ်ငန်းတွေလုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းခံခဲ့ရပြီးတော့ ထောင်ဒဏ် ၅၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၂၃ နှစ်နေခဲ့ရပြီးနောက် ၂၀၁၁ ဇန်န၀ါရီလကမှ သမတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

 ထောင်ကလွတ်လာပြီးနောက် ထောင်တွင်းအတွေ့အကြုံတွေကို စာအုပ်အဖြစ်ရေးသားထုတ်ဝေနေသူတဦးဖြစ်ပါတယ်။

BBC Burmese

မတ် ၁၆ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဦးလှဖုန်းအား ရုံးထုတ်လာစဉ်

Kyat Pha Gyi အကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရ၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲခံရသူ ဦးလှဖုန်းကို မတ် ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၆ (ဃ) နှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ တရားလိုပြသက်သေအဖြစ် အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်၊ ကွန်ပျူတာဌာနမှ တပ်စုမှူးတာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီးငြိမ်းချမ်းသူအား မြို့နယ်တရားသူကြီး စစ်ဆေးခဲ့သည်။

“ရုရှား ဖက်ဒရယ်ရှင်းနိုင်ငံမှာ ပညာသင်ဘွဲ့ ရလာခဲ့တဲ့ အိုင်တီကျွမ်းကျင်သူ ဗိုလ်ကြီး ချမ်းငြိမ်းသူကို တရားလိုပြသက်သေ အမှတ် (၂) အဖြစ် စစ်ဆေးပါတယ်။ သူက အတတ်ပညာသဘောအရ ပြောသော်လည်းပဲ ကိုလှဖုန်း ဆိုတဲ့ အကောင့်မှာ အဲဒီအငြိအစွန်း မတွေ့ရဘူး။ သူပြောတဲ့အထဲမှာ ၂၀၁၅ ခုနှစ်၊ မတ်လတုန်းက လက်ပံတန်း ကျောင်းသားသပိတ်မှာ သူတို့ဆီက အမာခံ သတင်းပေးတစ်ဦးရဲ့ ပြောပြချက်အရ ကြက်ဖကြီးဆိုတာ ကိုကျော်ကျော်မင်းဆိုတဲ့ လူဖြစ်တယ်ဆိုတာကို သိရတော့ တယ်လီဖုန်းနံပါတ်တွေ လိုက်တာတဲ့။ အဲဒီတော့ တယ်လီဖုန်းနံပါတ်ကိုရရင် အသုံးပြုတဲ့ Viber ကိုလည်း ဖော်ထုတ်လို့ရပါတယ်တဲ့။ အဲဒီအချက်တွေအရ ပြောတာဆိုတော့ ဖြစ်နေတဲ့ ပြဿနာက သက်သေခံ (ဂ) အဖြစ် တင်ပြထားတဲ့ စာအုပ်ရဲ့ မျက်နှာဖုံးမှာပါတဲ့ ခေါင်းစဉ်နဲ့ အတွင်းထဲက ပုံတွေက စရွေးကိုက်မှု မရှိဘူး။ ပြောရမယ်ဆိုရင်တော့ ကနေ့ချိန်ထိ ကျွန်တော်တို့ စွပ်စွဲခံရသူတွေဘက်က လက်ခံနိုင်လောက်တဲ့ သက်သေခံချက်ကို မတွေ့သေးဘူး” ဟု စွပ်စွဲခံရသူ ဦးလှဖုန်း၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာများသို့ ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်ကြီး ငြိမ်းချမ်းသူ၏ ရုံးတော်သို့ ထွက်ဆိုချက်များတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက အွန်လိုင်းမှ Kyat Pha Gyi ဆိုသူမှာ ဦးလှဖုန်းဖြစ်ကြောင်း ခိုင်မာသည့် အကြောင်းပြချက် Email တစ်စောင် လက်ခံရရှိခဲ့ကြောင်း၊ Screenshot ပြုလုပ်ထားသည့် ဓာတ်ပုံလေးပုံ ပါဝင်ကြောင်း၊ ပထမပုံတွင် Kyat Pha Gyi Account နှင့် အိအိမွန် Account တို့ အပြန်အလှန် ပြောဆိုထားသည်တို့ ပါဝင်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် ဦးလှဖုန်းအား ပုဒ်မ ၅၀၅ (ခ) ဖြင့် သီးခြား ထပ်မံတရားစွဲဆိုသူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူး ကြီး စိုးဝင်းမော်အား စစ်ဆေးရမည်ဖြစ်သော်လည်း မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။

စွပ်စွဲခံရသူ ဦးလှဖုန်းက “ကျွန်တော့် အနေနဲ့ Kyat Pha Gyi အကောင့်ပိုင်ရှင်ဟာ ဘယ်သူဆိုတာ၊ ဘယ်မှာနေတယ်ဆိုတာမျိုး စုံစမ်းနေပါတယ်။ ကျွန်တော်ဟာ Kyat Pha Gyi အကောင့်ပိုင်ရှင် မဟုတ်ဘူးဆိုတာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ် ” ဟု မတ် ၁၆ ရက် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။

သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံအား ကွန်ပျူတာဖြင့် မဖွယ်မရာ ပြုလုပ်၍ Facebook ပေါ်တွင် ဖြန့်ဝေသော Kyat Pha Gyi အကောင့်ပိုင်ရှင်မှာ ဦးလှဖုန်းဖြစ်သည်ဟုဆိုကာ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော် က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် သီးခြား တရားစွဲထားခြင်း ဖြစ်သည်။

အမှုအား မတ် ၂၂ ရက် မွန်းလွဲ ၂ နာရီ သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ) ဖြင့် စွဲဆိုထားမှုမှ တရားလိုပြသက်သေများကို လည်းကောင်း၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားမှုတွင် တရားလိုအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ သိရသည်။

Kyat Pha Gyi အကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရသူ ဦးလှဖုန်းအား ချုပ်နှောင် စစ်ဆေးနေသည်မှာ ယနေ့(မတ် ၁၆ရက်) တွင် တစ်လ ပြည့်ပြီဖြစ်သော်လည်း Facebook ပေါ်တွင် Kyat Pha Gyi အကောင့်မှ Post များ ယနေ့ ထိ ဆက်လက်တင်နေဆဲ ဖြစ်သည်။
Writer:
ကြည်နိုင်
Eleven Media Group

[youtube src="kLZFDiRSMAc"/]
ရန်ကုန်မှာ ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အမှု၊ ၈လေးလုံး နှစ်ပတ်လည် လမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့မှု စတာတွေကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မတ်လ ၁၆ ရက်နေ့က မင်္ဂလာတောင်ညွန်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
Kamayut Media

[youtube src="h9DukpDxibs"/]
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့တရားစွဲဆိုခံထားရတဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ စွပ်စွဲခံထား ရသူ ကိုလှဖုန်းကို မတ်လ ၁၆ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

Kamayut Media



မနက်ဖြန် မတ်လ ၁၇ ရက်နေ့မှာအစိုးရ၀န်ကြီးဌာနစာရင်းကို ကြေညာဖို့ရှိပြီးတော့ အရင်ကထက် ၀န်ကြီးဌာနတွေကိုလျှော့ချသွားဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောဆိုလိုက်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်းအစိုးရအဖွဲ့အမည် စာရင်းကို ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းNLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံတော်သမ္မတနဲ့ ဒု သမ္မတတွေကို မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရွေးချယ်ခဲ့ပြီးနောက် အစိုးရအဖွဲ့၊ နောက် ဒီအဖွဲ့မှာ ပါဝင်မယ့်သူစာရင်းကို ကြေညာဖို့ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာ ဇော်မြင့်မောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ မနက်ဖြန်မှာ ၀န်ကြီးဌာန ဘယ်၂ ခုရှိမယ် ၊ ၀န်ကြီးအရေအတွက် ဦးရေဘယ်လောက် ရှိမယ် ဆိုတာကတော့ လွှတ်တော်မှာတင်ဆွေးနွေးပါလိမ့်မယ်။ မနက်ဖြန်ကျတော့ ကြေညာမှာပါ။”

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူကနေ တင်ပြလာတဲ့ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေကို ပြည်ထောင်စုလွှတ်တော်နာယက က မနက်ဖြန်မှာ လွှတ်တော်ကိုတင်ပြအတည်ပြုမှာပါ။ ဒါ့အပြင် လာမယ့်သီတင်းပတ်အတွင်းမှာ အစိုးရအဖွဲ့ ၀န်ကြီးစာရင်းတွေကို ကြေညာသွားဖို့ရှိနေပြီး ၀န်ကြီးဌာနတချို့ကို ပေါင်းစည်းသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။

“၂၄-၂၅ လောက်ပဲဖြစ်နိုင်ပါလိမ့်မယ်။ နောက်တပတ်ဖြစ်မယ်ပေါ့ဗျာ။ ပေါင်းလို့ရတဲ့ စက်မှု ၁ တို့ ၂ တို့ ရှိနေတာပေါ့ဗျာ။ အဲဒါတွေ ပေါင်းလို့ ရတာတွေပေါင်းမှာပေါ့ဗျာနော်။ ဥပမာ လျှပ်စစ်နဲ့ စွမ်းအင်ပေါင်းလို့ရတယ်။ အရင်တုန်း ကလည်း ဒါမျိုးရှိခဲ့တာကို အဲလိုပေါင်းလို့ရတဲ့ ၀န်ကြီးဌာနတွေပေါင်း မှာပေါ့။ ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ အစိုးရရဲ့အသုံးစရိတ်ကို လျှော့ချ ချင်တယ်။ သေးငယ်တဲ့အစိုးရ small government ပေါ့ဗျာ။ small government ဆိုတော့ government spending တွေ လျှော့ကျသွားမှာပေါ့။ အဓိကကတော့ ကျနော်တို့ government spending ကို လျှော့ချချင်လို့ ဒီရည်ရွယ်ချက်နဲ့ကို လျှော့တာပါ။”

အခုလို ၀န်ကြီးဌာနတွေကို တတ်နိုင်သမျှ စုစည်းပြီး အရေအတွက်လျှော့ချလိုက်တာဟာ ရေရှည်အလားအလာကောင်းပေမယ့် သတိနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

“NLD ကတော့ သူ လျှော့ချတာကောင်းတာပေါ့ ။ ဒါပေမယ့် ချက်ချင်းလုပ်နိုင်ဖို့ နဲနဲခက်မယ်ထင်တယ်။ ရုတ်တရက်လုပ်ရခက်မယ်ထင်တယ်။အဲဒါကြောင့် ဖြေးဖြေးချင်းလျှော့ချရင်တော့ကောင်းတယ်။ ၆ လ ဒါမှမဟုတ် ၁ နှစ်အတွင်း လျှော့ချရင်တော့ကောင်းပါတယ်။ လုပ်နိုင်တဲ့လူကတော့ ကောင်းတာပေါ့။ တချို့ပညာရှင်အများစုက သူတို့ပညာလောက်ပဲ တက်တယ်လေ။ ဒီဘက်ကို သိပ်ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မယ်။ နိုင်ငံရေးက နည်းနည်းလေး တကယ့်တကယ် သေချာ နားလည်တဲ့လူတွေ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။ ”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံအုပ်ချုပ်ရေး ယန္တယား စနစ်မှာ ယိုယွင်းမှုတွေရှိခဲ့တာကြောင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြေအနေတွေ ပြန်တည့်မတ်လာအောင် စနစ်တကျနဲ့ လုပ်ဆောင်သွားဖို့လိုတယ်လို့လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလို ထောက်ပြပါတယ်။

“ဒီ ဥစ္စာက ခုနကပြောသလို ခန့်မယ့် ၀န်ကြီးတွေရယ်၊ ပြီးတော့မှ ဒီလူတွေရဲ့ အရည်အချင်းတွေရယ် နောက် NLD ကချမှတ်မယ့် မူဝါဒပေါ့နော်။ မူဝါဒကလည်း အရေးကြီးတယ်။ မူဝါဒက ခုနလိုမျိုးကိစ္စဆိုရင် အဂတိလိုက်စားမှု ဘာညာပေါ့နော်။ အဂတိလိုက်စားမှု ကိစ္စတွေကို ကိုင်တွယ်တဲ့ဆီမှာလည်း နည်းနည်းစနစ်ကျဖို့လည်းလိုတယ်။ မလောဖို့လည်းလိုတယ်။ ညင်သာဖို့လည်းလိုတယ်။ ဒါမျိုးတွေပေါ့နော် သူတို့ ပေါ်လစီ ကောင်းကောင်းတွေချရလိမ့်မယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့မှ ပြောလို့ရမှာပါ။ တကယ်လို့ NLD က တာဝန်ယူလိုက်ပြီးတော့မှ ကျနော်တို့ဆီမှာ ရုတ်တရက်ပြောင်းလဲသွားမယ်ဆိုတာမဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် သေချာတာ တခုကတော့ နှစ် ၅၀ ကျော်အတွင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုက တိုင်းပြည်အကျိုးအတွက်ထက် ကိုယ်ကျိုးစီးပွားတွေက ပိုများနေတယ်လေ။ အဲဒါတွေထက်စာရင်တော့ ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ လုံးဝ ကွာခြားသွားမယ်ဆိုတော့ အရင်ခေတ်အခြေအနေတွေ အားလုံးထက်တော့ သာမှာ ကတော့ သေချာပေါက် ပြောနိုင်ပါတယ်။”

ပြည်သူ့လွှတ်တော်မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့အစည်းအဝေးကနေ ဦးထင်ကျော်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ ကနေ သမ္မတလောင်းအဖြစ် မတ်လ ၁၄ ရက်နေ့က မဲခွဲအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အနှစ် ၅၀ ကျော်အတွင်း မြန်မာ့သမိုင်းမှာ ပထမဆုံး အရပ်သားသမ္မတ အဖြစ် မှတ်တမ်းတင်ရမယ့် အသက် ၇၀ အရွယ် ဦးထင်ကျော်ဟာ မကြာမှီပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးသွားမှာလည်း ဖြစ်ပါတယ်။

အောင်အောင်/VOA
http://burmese.voanews.com/content/government-departments-will-announce-next-week-/3240091.html

minmin-reporter-620.jpg နေအိမ်ဗုံးဖောက်ခွဲခံရတဲ့ The Root Investigative Agency (RIA) သတင်းအေဂျင်စီ တာဝန်ခံ ကိုမင်းမင်း ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက်သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ ညဥ့်သန်းခေါင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဲ့ဒီပေါက်ကွဲမှုဟာ သတင်းသမားတစ်ဦးကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ သတင်းထောက် ကိုမင်းမင်းက ပြောပါတယ်။

"ဒီတိုက်ခိုက်မှုမတိုင်ခင် ရက်ပေါင်း ၂ဝ အလိုကနေ ဒီ Facebook တို့၊ Viber တို့မှာ ကျနော့်ရဲ့နေအိမ် တည်နေရာ ကို အတိအကျပြထားတဲ့ လမ်းညွှန်မှုတွေ၊ ဒီအိမ်ဟာ ရခိုင်အမျိုးသား သစ္စာဖောက်တွေ နေတဲ့အိမ်ဖြစ်တယ်၊ ရခိုင့် တပ်မတော်သားတွေ ဖမ်းဆီးခံနေရတာဟာ ဒီအိမ်ရဲ့ ကိုမင်းမင်း က သတင်းပေးတာကြောင့် စတဲ့အမုန်း စကားတွေ ဖြန့်ဝေခဲ့တယ်ပေါ့နော်၊ အဲ့ဒီနောက်ပိုင်းမှာ တိုက်ခိုက်မှုကဖြစ်လာခဲ့တာပါ"

သတင်းမီဒီယာသမားတစ်ဦး နေအိမ်ကို အခုလို ဗုံးခွဲတိုက်ခိုက်တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ RSF က ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုအကြောင်းရင်းကို မသိရှိရပေမယ့် အဲ့ဒီပေါက်ကွဲမှု မတိုင်ခင်မှာ အင်တာနက် ဖေ့စ်ဘွတ်နဲ့ Viber ကနေ ခြိမ်းခြောက်စာတွေ လက်ခံရရှိကြောင်း ကိုမင်းမင်းက ပြောပါတယ်။

ကိုမင်းမင်းဟာ စစ်တွေမြို့အခြေစိုက် The Root Investigative Agency (RIA) သတင်းအေဂျင်စီ တာဝန်ခံဖြစ်ပါတယ်။

ကိုမင်းမင်းကို ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA

htinkyaw-620.jpg သမ္မတအသစ် ဦးထင်ကျော် ကို တွေ့ရစဉ်
Photo: NLD Facebook

ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် တပ်မတော်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှေ့ဆက်ရမယ့် ကိစ္စအရပ်ရပ်မှာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖံွ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာတွေ မနေ့က ပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ရွေးကောက်ပွဲအပြီးမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွလက်တွဲဆောင်ရွက်ကြတဲ့ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို ချီးကျူးထားပါတယ်။

RFA

 welcome-htinkyaw-mingalondon-620.jpg သမ္မတ ဦးထင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာသူ ကျေးရွာသားတွေက မတ်လ ၁၆ ရက်နေ့က ထောက်ခံကြိုဆိုနေစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာသူ ကျေးရွာသားတွေက ဒီနေ့ ဂုဏ်ပြု ကြိုဆိုပွဲ ကျင်းပကြပါတယ်။

ဦးထင်ကျော်ဟာ အရပ်သားဖြစ်တာကြောင့် ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်မယ်လို့ ယုံကြည်ကြောင်း ပျဉ်းမပင် ကျေးရွာသူ ဒေါ်ကျစ်ကျစ်က ပြောပါတယ်။

ပျဉ်းမပင်ကျေးရွာက လူဦးရေ ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က သူတို့နေအိမ်တွေ ဖျက်ဆီး ခံရတာကြောင့် Myanmar Posco စက်ရုံ အနီးမှာ တဲထိုးနေထိုင်နေကြတာဖြစ်ပါတယ်။

ဦးထင်ကျော် ကို ဂုဏ်ပြုကြိုဆိုတဲ့ ပွဲတွေကို မနေ့က ကွမ်းခြံကုန်းမြို့မှာ ကျင်းပခဲ့ပြီး ပုသိမ်မြို့မှာလည်း ဒီနေ့ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေသခံတွေက ဂုဏ်ပြုပွဲ ကျင်းပခဲ့ပါတယ်။
RFA

zawmyintmaung-620.jpg မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Satt Paing Toe/ RFA


အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အသုံးစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဝန်ကြီး ဌာန အရေအတွက် ၂၀ လောက်သာ ထားရှိမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စု ဝန်ကြီးဌာနအရေအတွက်၊ အမည် နဲ့ ဝန်ကြီးဦးရေ သတ်မှတ်တာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရမှာဖြစ်တဲ့အတွက် အန်အယ်လ်ဒီ ပါတီရဲ့ အစိုးရမှာ ၀န်ကြီးဌာန ဘယ်နှစ်ခု ရှိမလဲ မေးမြန်းရာ မှာ ဒေါက်တာဇော်မြင့်မောင်က ပြောတာဖြစ်ပါတယ်။

"နက်ဖြန်ကျရင် ကျနော်တို့ ဝန်ကြီးဌာနအရေအတွက်လျှော့မယ်၊ ၂ဝ ပတ်ဝန်းကျင် လောက်ပဲရှိမယ်၊ ဝန်ကြီး ဌာနအရေအတွက်လျှော့တော့ ဝန်ကြီး အရေအတွက်လည်း လျော့မှာပေါ့၊ အဓိကပြောချက်တာကတော့ ဝန်ကြီးဌာနလျှော့ရတဲ့အကြောင်းရင်းက အစိုးရအသုံးစရိတ် ကိုလျှော့ချချင်လို့ပါ၊ ပေါင်းလို့ရတဲ့ဝန်ကြီး ဌာနခြင်း၊ အရင်တုန်းက လည်း ပေါင်းထားတဲ့ဝန်ကြီးဌာနတွေရှိခဲ့ဘူးတော့ ပြန်ပြီးတော့ ဖော်ဆောင် တာပေါ့၊ အဓိကကတော့ အစိုးရအသုံးစရိတ်ကို လျှော့ချင်လို့ပါ"

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဝန်ကြီးဌာန ၃၆ ခုရှိပြီး ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး ၉၀ ကျော် ခန့်အပ်ထား တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေအတွက် တိုင်းရင်းသားတွေကို ထည့်သွင်းခန့်အပ်သွားဖို့ လျာထားသလို တိုင်းဒေသကြီး နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေမှာလည်း အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို ခန့်အပ်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အစိုးရဖက်က နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေး အထောက်အကူပြု ကော်မတီနဲ့ အန်အယ်လ်ဒီပါတီ ဖက်က အသွင်ကူးပြောင်းရေးအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က ၄ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး သမ္မတ တာဝန်လွှဲပြောင်းရေး အခမ်းအနား ကျင်းပဖို့၊ အစိုးရ၀န်ကြီးဌာန တာဝန်လွှဲပြောင်းဖို့ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။
RFA