03/18/16

[youtube src="xRl_na2JWCI"/]
ဒေါက်တာဇော်မြင့်မောင်(ပြောခွင့်ရပုဂ္ဂိုလ်­-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နှင့် တွေ့ဆုံမေးမြန်းခန်း
အန်အယ်လ်ဒီ အစိုးရသစ် ဖွဲ့စည်းပုံ အလားအလာ တွေ့ဆုံမေးမြန်းခန်း
တင်ဆက် - ကျော်သက်မင်း
DVB TVonline

 dassk-meet-international-organizations-620.jpg ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဟာ ဂျပန်၊ ကနေဒါ၊ နော်ဝေ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ် စတဲ့ သံရုံး တာဝန်ရှိသူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မတ်လ ၁၇ ရက်နေ့က တွေ့ဆုံစဉ်
Photo: NLD Chairperson

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဂျပန်၊ ကနေဒါ၊ နော်ဝေ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ် စတဲ့ သံရုံး တာဝန်ရှိသူတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးတာ ဖြစ်တယ်လို့ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

"ကျမတို့အဓိက တာဝန်ကတော့ လွှတ်တော်ပိုင်းဆိုင်ရာကိုပေါ့နော် ကျမတို့ ဖွံ့ဖြိုးတိုးတက်အောင်အတွက် တခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုပေါင်းစပ်ပြီးတော့မှ ညှိနှိုင်းပြီးလုပ်ကိုင် ဆောင်ရွက်မလဲဆိုတာမျိုးပါရှင့်"

အဲ့ဒီအဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရုံးဝန်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးနဲ့ လွှတ်တော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်လွှတ်တော်တွေအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့စွဲနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ အတွင်းရေးမှူးအဖြစ် ဦးဖြိုးဇေယျာသော်၊ အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုး၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ် ဦးကြည်မင်း၊ ပြည်သူ့လွှတ်တော်ရုံး ခေတ္တ ညွှန်ကြားရေးမှုးချုပ် ဦးတင်ဝင်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဒေါ်သန်းငွေ၊ ဦးစိုင်းထွန်းစိန်၊ ဒေါ်ဝင့်ဝါထွန်းတို့ ပါဝင်ပါတယ်။

RFA

 ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးအောင်မင်း သီးခြား လုပ်လို
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ က နေခွဲထွက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရ ပါတယ်။

မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကို ထူထောင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဦးတင်မောင်သန်းက ဦးအောင်မင်းနဲ့ အတူ ခွဲထွက်မယ့် အဖွဲ့မှာ ပါသွားမှာဖြစ်ပါတယ်။

ဦးအောင်မင်းနဲ့ အဖွဲ့က Centre for Peace and Development ဆိုနဲ့ နာမည်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန မှအသင်းအဖွဲ့ မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဖြစ်တဲ့ အပြင် ရန်ကုန်မြို့ တော်ဝင်စင်တာမှာ ရုံးခန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ MPC က လက်ရှိ တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ကျန်တဲ့ အဖွဲ့က အစိုးရသစ်နဲ့ လက်တွဲ ဖို့ရှိတယ်လို့ MPC ဘက်ကရော NLD ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း ဘက်ကပါ လာတဲ့ သတင်းတွေ အရ သိရပါတယ်။

MPC မှာ ကျန်ခဲ့ပြီး အစိုးရ သစ်နဲ့ လက်တွဲ ဆောင်ရွက်မယ့် အဖွဲ့မှာတော့ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးနဲ့ ဒေါက်တာမင်းဇော်ဦးတို့ပါဝင် မယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ NLD ဘက်က ကမ်းလှမ်းတာ မရှိသေးပေမဲ့ ကမ်းလှမ်းလာရင်တော့ အစိုးရ သစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဒေါက်တာ တင်မျိုးဝင်းနဲ့အတူ အကောင် ထည်ဖော် ဆောင်ရွက်ဖို့ အသင့် ရှိကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

MPC က အစိုးရသစ်ရဲ့ ဦးဆောင်မှု လက်အောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင် ကြမှာ ဖြစ်ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ကတော့ အစိုးရသစ် လက်အောက်မှာ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သီးခြား လုပ်လိုတဲ့ အတွက် အခုလို ခွဲထွက်တာ ဆိုတဲ့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese


နှစ်ပေါင်း ၆၀ နီးပါးကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရဖို့အတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာကို မတ်လ ၃၁ ရက်နေ့ကစပြီး - EU ဥရောပသမဂ္ဂ က ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ MPC နဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ MPC ကို Peace Donor Support Group (PDSG) နဲ့ နော်ဝေအခြေစိုက် Myanmar Peace Support Initiative (MPSI) တို့က နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ကူညီနေတာဖြစ်ပြီး၊ PDSG အဖွဲ့ထဲမှာတော့ - EU ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ကမ္ဘာ့ဘဏ်တို့ ပါဝင်ကြတာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်က ဧပြီလ ၁ ရက်နေ့မှာ တရားဝင် စတင် တာဝန်ယူရတော့မှာ ဖြစ်တာမို့ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ MPC အပေါ် EU ဥရောပသမဂ္ဂ ကနေ ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးမယ့် မတ်လ ၃၁ ရက်နေ့ကစပြီး ငွေကြေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က - မကြာသေးခင်ကပဲ MPC အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး - MPC ရဲ့ ဆောင်ရွက်တွေကို အသိအမှတ်ပြု လက်ခံတဲ့အကြောင်း၊ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ MPC ကို ဆက်လက် ထားရှိမှာဖြစ်တဲ့အကြောင်းနဲ့ MPC ရဲ့ လုပ်ငန်းတွေအားလုံးကို ပြန်လည် သုံးသပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း MPC နဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့တဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနဲ့ UPCC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကိုလည်း တရားဝင် ဖျက်သိမ်းရမှာဖြစ်ပါတယ်။ UPCC မှာတော့ သမ္မတ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချူပ် တို့ ပါဝင်တာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချိန်တိုင်း အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ - UPWC နဲ့ UPCC တို့ကို တရားဝင် ဖျက်သိမ်းတဲ့ အချိန်ကျရင် - MPC မှာ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ NLD အစိုးရသစ် တက်လာတဲ့အခါကျရင်တော့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ - NLD ပါတီဝင် ဒေါက်တာ တင်မျိုးဝင်းက စေ့စပ်ညှိနှိုင်းရေးမှူး ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း - ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တဲ့ UNFC တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဆွေးနွေးခဲ့ကြရာမှာ - အခုချိန်ထိတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်သေးတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်ကျရင်တော့ ကျန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပြီး - ငြိမ်းငြိမ်းချမ်းချမ်းရေး ကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ဖို့အတွက် အများက မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်ရှင်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ မကျီးချောင်းဝရွာသား (၂) ဦးကို မတ်လ (၈) ရက်နေ့ သန်းခေါင်ယံအချိန်၌ သေနတ်ဖြင့် မှားယွင်းပစ်သတ်ခဲ့သည်ဟုဆိုသော အမှတ် (၂၈၀) တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက် အမှုအား မကြာမီ ရေးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းလိမ့်မည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ သိရသည်။

အဆိုပါ ဗိုလ်ကြီး ဇော်မျိုးထက် အား လူသတ်မှုပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးက မွန်သတင်းအေဂျင်စီသို့ ယနေ့ (မတ် ၁၇ ရက်) တွင် အတည်ပြု ပြောကြားခဲ့သည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က“ကျတော်တို့ ဥပဒေအကြောင်းအရ အရေးယူရမှာဆိုတော့ မကြာပါဘူး။ လွှဲမှာပါ။ လူသတ်မှုဆိုတော့ ကြေးအေးလို့တော့ မရနိုင်ဘူး” ဟု ပြောသည်။

သို့ရာတွင် တပ်မတော်သား အရာရှိဖြစ်သောကြောင့် စစ်ခုံရုံး(သို့မဟုတ်) အရပ်ဘက်တရားရုံးဖြင့် အရေးယူမည်ကို အတိကျမသိသေးကြောင်း၊ လက်ရှိတွင် ၄င်းလူသတ်မှုကျူးလွန်ခဲ့သော အရာရှိအား သက်ဆိုင်သော တပ်ရင်းတွင် စစ်ဆေးနေသည်ဟု ရဲမှူးက ဆက်ပြောသည်။


အသတ်ခံရသူ ၂ ဦး အသုဘအခမ်းအနား(Mi Hong SA)
အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ကမ်းရိုးတန်းဒေသတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကြည်လွင်၊ ခမရ ၂၈၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေဒွေးနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ကိုဝင်း တို့က သေဆုံးသူ ဦးမိုး(အသက် ၄၀ နှစ်)နှင့် ဦးချစ်စိုး(အသက် ၂၃ နှစ်) တို့၏ ကျန်ရစ်သူ မိသားစုအတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် စားသုံးဆီများ မန်ကျီးချောင်းဝ ရွာသို့ ကိုယ်တိုင်သွားရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။

“မိသားစုစားဝတ်နေရေးအတွက်ဆိုပြီးတော့ မတ်လ (၁၄) ရက်နေ့မှာ လာရောက်ထောက်ပံ့သွားတာပါ။ နှစ်ယောက်လုံးအတွက် ငွေသား (၁၀) သိန်း၊ ဆန် (၄) အိတ်နှင့် ဆီ (၄) ပုံး ထောက်ပံ့ခဲ့တယ်” ဟု ကျန်ရစ်သူ မိသားစုဝင် မိဒါဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

မိဒါဦးက “တပ်မတော်ဘက်က ခြိမ်းချောက်တာ၊ အတင်းအဓမ္မ ကြေးအေးလက်မှတ်ရေးထိုးခိုင်းတာ မရှိပါဘူး။ လာရောက် ထောက်ပံ့ခဲ့တဲ့နေ့မှာပဲ တကယ်ပစ်ခဲ့ခတ်တာလား၊ ပစ်တဲ့နေရာတွေကို စစ်ဆေးပြီးတော့ မှတ်တမ်းရေးပါတယ်။ အဲသည့် မှတ်တမ်းကို ဖတ်ပြပြီးတော့ ကျွန်မတို့ရဲ့ ထွက်ဆိုချက်အနေနဲ့ အဲဒီစာရွက်ပေါ်မှာ လက်မှတ် ထိုးခဲ့တယ်” ဟု ဆိုသည်။

အခင်းဖြစ်ပွားသည့်ညတွင် တံငါသည် ဦးမိုးနှင့် ဦးချစ်စိုးတို့ (၂) ဦးသည် ဒီရေတက်ချိန် ပင်လယ်ပြင်သို့သွားရန် နေအိမ်မှထွက်လာစဉ် ရွာလယ်လမ်းမကြီးတွင် ဗိုလ်ကြီး ဇော်မျိုးထက် ပစ်ခတ်သောကြောင့် ၂ ဦးလုံး သေဆုံးသွားသည်ကို မှားယွင်းပစ်ခတ်မှုဟု သတင်းများထွက်ပေါ်နေသည်။

မွန်သတင်းအေဂျင်စီ
http://burmese.monnews.org

သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ
ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက မြေယာ သိမ်းဆည်းမှုနဲ့ ဖြေရှင်း ပေးအပ်ပြီး စာရင်းတွေကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရှိတဲ့ သိမ်းဆည်းမြေဧက ၄သိန်းခွဲကို မူလ ပိုင်ရှင်တွေထံ ပြန်လည်စွန့်လွှတ်မှာ ဖြစ်ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့အထိ မြေဧက ၄သိန်းနီးပါးလောက် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တောင်သူလယ်သမားအခွင့်အရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေယာ ဥပဒေသင်တန်း ပို့ချပေးနေတဲ့ မကွေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အကြံပေး ဦးအောင်ကျော်ကျော်ကတော့ မြန်မာတနိုင်ငံလုံးမှာ စစ်တပ်နဲ့ အဖွဲ့အစည်းပေါင်းစုံက သိမ်းဆည်းထားတဲ့ မြေဧက စုစုပေါင်း ၅ဒဿမ၂သန်း ရှိတယ်လို့ လန်ဒန်အခြေစိုက် PNI ဆိုတဲ့ နိုင်ငံခြား အဖွဲ့အစည်းတခုရဲ့ စစ်တမ်း ကောက်ယူချက်အရ သိရကြောင်းနဲ့ အခု ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအတိုင်း ဆိုရင် ကျန်တဲ့ မြေဧက အမြောက်အများကို ပြန်မစွန့်လွှတ်တော့ဘူး ဆိုတဲ့ သဘော တွေ့ရကြောင်း ဘီဘီစီကိုပြောပါတယ်။

စစ်အစိုးရခေတ် မြေယာတွေ သိမ်းဆည်းခဲ့စဉ်တုန်းက ၁၈၉၄ခုနှစ် မြေသိမ်း အက်ဥပဒေအရ မြေစာရင်းဉီးစီးမှူးတွေက မြေပုံမြေညွှန်းတွေနဲ့ စနစ်တကျ တွက်ချက် သိမ်းယူခဲ့တာ မဟုတ်ပဲ အမိန့်အာဏာနဲ့ လက်ညှိုးထိုး သိမ်းခဲ့တာ ဖြစ်တဲ့အတွက် ပြန်စွန့်လွှတ်တဲ့အခါ ဘယ်လို ပြန်ပေးရမလဲ ဆိုတာ မသိတော့သလို မြေပိုင်ရှင်တွေကိုယ်တိုင်လည်း သူတို့မြေ ဘယ်နားမှာ ရှိခဲ့တာလဲ ဆိုတာကို မမှတ်မိတော့တဲ့ ပြဿနာမျိုးတွေ ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခဲ့တုန်းက အစိုးရ အာဏာပိုင်တွေ၊ ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ပဲ ဖွဲ့ခဲ့တာ ဖြစ်ကြောင်း၊ တကယ်ဆိုရင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မြေယာအငြင်းပွားမှု ဖြေရှင်းရေး ယန္တရား ဆိုတာကို ဖွဲ့သင့်ကြောင်းနဲ့ အစိုးရ အာဏာပိုင်တွေရော၊ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ တောင်သူလယ်သမား ခေါင်းဆောင်တွေပါ ပါဝင်ခွင့် ပြုပြီး လုပ်ပိုင်ခွင့် အာဏာ အပြည့်ပေးမှသာ အောင်မြင်မှာ ဖြစ်ကြောင်း မကွေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အကြံပေး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှာဖွေကြစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကရင်ချောင်ရွာအနီးက ရွှေဂေါင်ဂေါင် ကျောက်လုပ်ကွက်မှာ ဒီကနေ့မနက်က ကမ်းပါးပြိုကျတာကြောင့် ကျောက်စိမ်းတူးနေသူ သုံးဦး သေဆုံးခဲ့ပါတယ်။

ကျောက်ကျင်းကို အောက်ခြေကနေ တူးနေတုန်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိပ်မူရွာက သခါင်္လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က ပြောပါတယ်။

"၃ ယောက်လုံး ပိကျပြီးတော့ သေသွားတယ်၊ ဆေးရုံမှာစစ်ဆေးခံပြီးတော့ အခုသဂြိုလ်ဖို့လုပ်နေပြီ ၊ မြေစာပုံမှာဖြစ်တာ မဟုတ်ဘူး၊ နောက်က ကျင်းတူးတဲ့နေရာမှာဖြစ်တာ၊ ကုမ္ပဏီနဲ့မဆိုင်ဘူး၊ ကိုယ့်ဟာကိုယ် ကျင်းတူးတာကနေဖြစ်တာ၊ ညမတူးရင်တော့ ကောင်းတာပေါ့၊ ညဆိုရင်တော့ မမြင်ရဘူးလေ၊ မမြင်ရတော့ သတိမထားနိုင်ဘူး၊ နေ့ဆိုရင်တော့ မြင်နေရတာပေါ့၊ ၂ဝ ကျော်လေးတွေ ဆိုတော့ တူးဖို့ဟာလောက်ပဲသိတယ် အန္တရာယ်ကို သိပ်မမြင်ဖူးသလိုဖြစ်နေတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်တပိုင် ကျောက်တူးဖော်နေသူတွေဟာ ရေမဆေးကျောက်ရှာ ရင်း မြေစာပုံပြိုကျလို့ သေဆုံးမှုတွေရှိသလို လုပ်ကွက်ကျောက်ကျင်းတွေရဲ့ အောက်ခြေကနေ တူးဖော်ရာမှာ ကမ်းပါးပြိုကျလို့လည်း မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူရွာအနီး ကန်ခမ်စုပေါင်း စွန့်ပစ်မြေစာပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလာရောက်လုပ်ကိုင်နေသူ နှစ်သိန်းဝန်းကျင် ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ၃၆ ခု ရှိသည့်အနက်မှ လာမည့် ဧပြီ ၁ ရက်မှ စတင်တာဝန်ယူတော့မည့် အစိုးရသစ်အဖွဲ့လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုကိုသာ ထားရှိ တော့မည်ဆိုသည့် ပြည်ထောင်စု လွှတ်တော်၏ ကြေညာချက်အပေါ် သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများ စိုးရိမ်ခြင်း မရှိကြရန်၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ယခင်က ပြောကြားထားသည့်အတိုင်း ဝန်ထမ်းဦးရေကို လျော့ချသွားမည် မဟုတ်ကြောင်းနှင့် ဝန်ထမ်းများ၏ စားဝတ်နေရေးများကိုလည်း မစိုးရိမ် ကြရန် NLD ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမနေ့၌ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်မှ တင်သွင်းလာသည့် ဝန်ကြီးဌာန (21)ခုတို့၏ အမည်စာရင်းများနှင့် ဝန်ကြီးဦးရေ သတ်မှတ်ခြင်းကို လွှတ်တော်မှ ကြေညာခဲ့သည်။

အဆိုပါကြေညာခြင်းအပေါ် ဦးထွန်းထွန်းဟိန်က "စိုးရိမ်စိတ်မထားပါနဲ့၊ နော် ဘာဖြစ်လို့ လည်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌကိုယ်တိုင်က ပြောထားပြီး သားပါ။ဝန်ထမ်းတွေကို မဖြုတ်ပါဘူး။ နော် ဒီမှာ ပိုနေတဲ့ဝန်ထမ်းဆိုရင်တော့ တခြားဌာနကို ပြောင်းချင်ပြောင်းရ မှာပေါ့လေ။ နော် ဒါပေမယ့် စားဝတ် နေရေးအတွက်လည်း မပူပါနဲ့လို့ အန်ကယ်တို့ ပြောချင်ပါတယ်" ဟု သတင်းထောက်များသို့ ဖြေကြား သွားခဲ့သည်။

ဆက်လက်၍ ယနေ့ လွှတ်တော်မှ ကြေညာခဲ့သည့် ဝန်ကြီးဌာန ၂၁ ခု တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အမည်ဖြင့် ယခင်အစိုးရများ လက်ထက်က မရှိခဲ့ဖူးပဲ လာမည့် အစိုးရသစ် လက်ထက်၌ ထားရှိသွား မည့်အပေါ် သတင်းထောက်များက မေးမြန်းရာ ဦးထွန်းထွန်းဟိန်က "အန်ကယ်တို့နိုင်ငံမှာက ငြိမ်းချမ်းရေး အရေးကြီးတာပေါ့နော်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆိုလို့ ရှိရင် တိုင်းရင်းသား တော်တော်လေး များများရှိတာပေါ့ နော်။အဲဒီတော့ တိုင်းရင်းသား တော်တော်လေး များများ ရှိတဲ့အတွက် ဒီတိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန ပေါ်လာတာကို အန်ကယ်တို့က မျှော်လည်း မျှော်လင့် ရမှာ၊ အားလည်း အားကိုးရမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန ထားရှိရေးနှင့်ပတ်သက်ပြီး ပြီးခဲ့ သည့် ပထမအကြိမ် လွှတ်တော်သက် တမ်းတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ်များမှ အဆိုပြု တင်သွင်း ခဲ့ဖူးသော်လည်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

credit: Thet Aung (ပုလဲ)

ဝတစစ်အစိုးရတက်လာခါစအချိန်ကဖြစ်သည်။ နိုင်ငံတော်ပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားများတွင် "တပ်မတော်၏ သဘောထားအမှန်" ဟူသော အသုံးအနှုန်းကို ရေလဲထပ်အောင် သုံးစွဲခဲ့ကြတာကို ကြုံခဲ့ဖူးသူများ မှတ်မိကြပါဦးမည်။ ဒုတိယကမ္ဘာစစ်အလွန်ကာလ အပြိုင်းအရိုင်းပေါ်ပေါက်လာသည့် ကွန်မြူနစ်နိုင်ငံများတွင်သုံးသော နည်းတစ်မျိုးဖြစ်သည့် ထပ်ကာထပ်ကာ လူသိအောင်ပြောခြင်းနည်းဖြင့် ဦးနှောက်ထဲစွဲသွားအောင် လုပ်ခြင်းဖြစ်သည်။

ဘာလုပ်လုပ် "တပ်မတော်၏ သဘောထားအမှန်ကို သိမြင်သော" စာသားကို ရှေ့ကခံပြီးရေးသည်။ လက်နက်ချအလင်းဝင်သည့်သူများ၊ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွသူများအား ဖမ်းဆီးရာမှ ပြန်လွှတ်ပေးခြင်း သို့မဟုတ် ပရိသတ်ရှေ့ထွက်စေခြင်း စသည့် အခမ်းအနား တစ်ခုခု အကြောင်း သတင်းရေးသားသည့်အခါများတွင် တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာသည့် ဦးဘယ်သူ၊ မောင်ဘယ်ဝါ ကဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနား တွင် ပြည်သူများအား ဝန်ချတောင်းပန် ခဲ့သည့်အကြောင်း အမြဲ တစေမြင်ရကြားရသည်။

“အာဏာသိမ်းစစ်အစိုးရ၏ စေတနာအမှန်ကိုနားလည်သဘောပေါက်လာပါပြီ။ ထို့ကြောင့် ထိုသူအား ဂုဏ်ပြုကြိုဆိုပါသည်” စသည်ဖြင့် စိတ်ပျက်ငြီးငွေ့စရာ ကောင်းလောက်အောင် အဆက်မပြတ် ဝါဒဖြန့်ချိခဲ့ခြင်းကြောင့် အရပ်ထဲတွင် ဟာသလုပ်ပြောသော ဗန်းစကားအဖြစ် သုံးစွဲခဲ့ကြသည်။ စစ်အစိုးရကို လက်နက်ကိုင်တိုက်မည်ဟု ဆုံးဖြတ်ကာ နယ်စပ်ဒေသရှိ သူပုန်များထံ သွားရောက်ပူးပေါင်းခဲ့သော ကျောင်းသားများ လက်တွေ့တွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ကြိုးစားအားထုတ်ကြသည်။ ၎င်းတို့ကို အခွင့်အရေးယူကာ တပ်မတော်၏ သဘောထားအမှန်ကို နားလည်သဘောပေါက်လာသည့် ကျောင်းသားများအား မိဘရင်ခွင်သို့ ပြန်လည် အပ်နှံသော အခမ်းအနားပေါင်းများစွာ လုပ်ပြသည်။ ခြေလျင်လျှောက်ပြန်လာသောသူများကို လေယာဉ်ပျံပေါ် တင်ကာ ရန်ကုန်အထိ ပို့ပေးသည်။ ရှေ့ဆုံးက တစ်ယောက်ကို အလံကိုင်ပြီးမှ လေယာဉ်ပေါ်မှဆင်းစေသည်။ ကလေးငယ်များအား ပန်းကုံးစွပ်ခိုင်းသေးသည်။ ဒါတွေကို သတင်းစာနှင့် ရုပ်မြင်သံကြားကနေ အဆက်မပြတ် ထုတ်လွှင့်ပြသည်။

နောက်ထပ်ရှိသေးသည်၊ နဝတအစိုးရလက်ထက်တွင် တီထွင်လိုက်သော "လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်" ဆိုသော စကား လုံးဖြစ်သည်။ လက်နက်ချအလင်းဝင်သည်ဟု မဆလအစိုးရခေတ် တစ်လျှောက်လုံး သုံးလာသည့် စကားလုံးနေရာတွင် အစားထိုး လိုက်ခြင်းဖြစ်သည်။ သို့သော် ဝါဒဖြန့်ချိရေး ကတော့ ကောင်းသည်။ သောင်းကျန်းသူတွေ နေ့စဉ်ရက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်နှင့် လဲကုန်ကြပြီလို့တောင် ထင်မှတ်ရသည်။ ဒါတွေအားလုံး ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ယနေ့အထိ မပြီးနိုင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တိုက်ပွဲများက သက်သေပြနေကြသည်။ "လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်" ဆိုသော အခမ်းအနားများတွင်လည်း တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာသည်ဟူသော စကားလုံးကြီးကို ထည့်ထားတော့ အူလယ်လယ်ဖြစ်ရသည်။ တပ်မတော်၏ သဘောထားသည် လက်နက်နှင့် လဲသော ငြိမ်းချမ်းရေးဖြစ်သည်ဟု အဓိပ္ပာယ်ပေါက်ကုန်သည်။

မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရသက်တမ်းတစ်လျှောက် သုံးစွဲလာသည့် "တပ်မတော်၏ သဘောထားအမှန်" ဆိုသော စကားရပ်သည် နောင်တရပါပြီဟူသော အသွင်ဖြင့်သာ အရပ်သားများက နားလည်သည်။ တကယ်တပ်မတော်၏ သဘောထားအမှန်ဟာ ဘာလဲဆိုတာ တစ်ခါမှ ရှင်းမပြဖူးပါ။ တပ်မတော်၏ အရပ်သားများအပေါ်ထားသော သဘောထား အမှန်ကို ဗိုလ်ချုပ်ကြီးတွေ မိန့်ခွန်းချွေတိုင်း တစ်ခါမှ ထည့်ပြောတာ မကြားခဲ့ရ။ တပ်မတော်၏ သဘောထားကို အတင်းအကျပ် လိုက်နာခိုင်းသော အချက်တစ်ခုကိုတော့ အမျိုးသားညီလာခံတွင် ထင်ထင်ရှားရှားမြင်ခဲ့ရသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသော အနာဂတ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲသည့် အမျိုးသားညီလာခံ ဆိုတာကြီးကို စစ်အစိုးရကိုယ်တိုင် လက်ရွေးစင်လုပ်ရွေးထားသော ကိုယ်စားလှယ်အများစုနှင့် လုံခြုံစိတ်ချရသော နေရာတွင် ရေးဆွဲခြင်းဖြစ်သော်လည်း စိတ်မချနိုင်ဘဲ ညီလာခံအား ကာကွယ်သည့် ဥပဒေတွေဘာတွေ ထပ်ထုတ်ခဲ့သည်။ ၎င်းဥပဒေဖြင့်ပင် အမျိုးသား ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ အပြစ်ပေးခံရကာ အကျဉ်းသားဖြစ်သွား သူတွေမနည်း။

ဘာကြောင့် ဒီလိုထုတ်ရသည်အထိ ဖြစ်ရလဲဆိုတာ ပြန်လေ့လာသောအခါ အခြေခံဥပဒေရေးဆွဲရမည့် အခြေခံမူများကို စစ်အစိုးရက ချပေးရာ၌ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်နေရာမှ ပါဝင်ရမည် ဟူသောအချက်ကို သွားတွေ့သည်။ တပ်မတော်သည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု တစ်ဖက်က တွင်တွင်အော်နေသော်လည်း ဖွဲ့စည်းပုံဆွဲသည့်အခါ တပ်မတော်သည် နိုင်ငံရေးတွင် ဦးဆောင်ရမည်ဟု အတင်းအကျပ်ခိုင်းစေခဲ့သည်။ ၎င်းအချက်ကြောင့်ပင် ယနေ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍများ ပေါ်ပေါက်လာရသည်။ အုပ်ချုပ်ရေးနှင့် ပါလီမန် လွှတ်တော်တွင် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ အသက်ဝင်လာသောခေတ်တွင် ကြံ့ခိုင်ရေးအစိုးရခေတ် ဖြစ်သွားသောကြောင့် အစိုးရပိုင်သတင်းစာများက ယခင်ကလို တပ်မတော်၏ သဘောထားအမှန်ဆိုသည့် အရေးအသားတွေ ပျောက်ကွယ်သွားသည်။ တပ်မတော်၏ ခေါင်းဆောင်အသစ်နှင့် အတူအပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ပြည်သူတွေက မျှော်လင့်မိသည်။ တပ်မတော်၏ သဘောထားအစစ်အမှန်ကို သတင်းစာများက ရေးသည်ထက် တပ်မတော်ကိုယ်စားခေါင်းဆောင်သစ်တွေ ကိုယ်တိုင်ပြောတာတွေကို ကြားချင်နာချင်ကြသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် အတူ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီဝင်အနည်းငယ် ကြံ့ခိုင်ရေးနှင့် တပ်မတော် ကိုယ်စားလှယ်များ လွှမ်းမိုးသော လွှတ်တော်အတွင်းသို့ ရောက်လာသောအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းပေါ်ကို ရောက်မှန်းမသိ ရောက်လာသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရပါတီကြီး၏ ဗဟိုကော်မတီဝင် ဝန်ကြီးဟောင်းကိုယ်တိုင် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ကန့်ကွက်သူမရှိသောကြောင့် ပြင်ဆင်ရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ စုံစမ်းလေ့လာ စစ်တမ်း ကောက်ယူသည်ခဲ့ သည်။ ထိုအခါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသည်။

လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ဖို့အတွက် မဲခွဲသောအခါ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ ကိုယ်တိုင် တင်သွင်းသော ဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကို မြင်ရသောအခါ အားလုံးက တအံ့တဩဖြစ်ရသည်။ သဘောထားကွဲမှုများ ပေါ်ပေါက်လာသည့် အတွက် အခြေခံဥပဒေအတိုင်း မဲခွဲ ဆုံးဖြတ်ခဲ့သည်။ ထင်သည့်အတိုင်းပင် ၇၅ ရာခိုင်နှုန်းပြည့်မီအောင် ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ထောက်ခံမဲမရခဲ့ပါ။ ဒီတော့လည်း တပ်မတော်၏ သဘောထားအတိုင်း (တပ်မတော်သား ကိုယ်စားလှယ်များ၏ ကန့်ကွက်ချက်အတိုင်း) အခြေခံဥပဒေပြင်ဆင်ရေး အရေးနိမ့်သွားခဲ့သည်။

သို့သော် လွှတ်တော်ချယ်နယ်နှင့် သတင်းမီဒီယာများ၏ ကောင်းမှုကြောင့် ထိုနေ့က မဲခွဲအပြီး ရလဒ်ကို ကြေညာချိန်တွင် ထူးဆန်းသောလှုပ်ရှားမှုကို ပြည်သူတွေက သိလိုက်ရသည်။ ၎င်းကား အခြားမဟုတ် မဲခွဲခြင်း၏ ရလဒ်နှင့် ပြင်ဆင်ရေးဥပဒေကြမ်းအား ပယ်ဖျက်ကြောင်း ကြေညာချိန်တွင် တပ်မတော်သားကိုယ်စားလှယ်များအားလုံး မတ်တတ်ရပ်ကာ လက်ခုပ်လက်ဝါးတီး အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်မတိုင်မီက မဲပေးခွင့်ရှိသူ သန်းပေါင်းများစွာသော အသက်ပြည့်ပြည်သူတွေ၏ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးခြင်း ရလဒ်ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်သည်။ ပြည်သူ့ သဘောထား အစစ်အမှန်ဟု မှတ်ယူနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ မှတ်ပုံတင်အမှတ်ဖြင့် လက်မှတ်ထိုးထားခြင်း ဖြစ်သော်လည်း တပ်မတော်က ဆန့်ကျင်ကွဲလွဲစွာ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ဒါကို ခေတ်သစ်တပ်မတော်၏ သဘောထားအဖြစ် မှတ်ယူရမည်သာဖြစ်သည်။

အထက်ပါဖြစ်ရပ်၏ နောက်ပိုင်းတွင် တပ်မတော်၏ သဘောထားကို ထင်ဟပ်စေသော လှုပ်ရှားမှုများကို မတွေ့ရတော့ဘဲ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသောအချိန်ကျမှ တစ်ဖန်ပြန်တွေ့ရသည်။ တပ်မတော် ထိပ်တန်းခေါင်းဆောင်များ အစုလိုက်အပြုံလိုက် အငြိမ်းစားယူကာ ရွေးကောက်ပွဲဝင်ဖို့ အာဏာရပါတီသို့ ကူးပြောင်းလာခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပွတ်တိုက်မှုများဖြစ်ပေါ်ကာ ပါတီဥက္ကဋ္ဌအား ရာထူးမှထုတ်ပယ်ခြင်းနှင့် သမ္မတဖြစ်သောကြောင့်နုတ်ထွက်သွားရသော နေရာတွင် နောက်တစ်ဦးဖြင့် အစားထိုးခြင်းကို တွေ့ရသည်။

အဆိုပါ ပူပူနွေးနွေး အငြိမ်းစားဗိုလ်ချုပ်များ၏ အာဏာရပါတီကို အင်အားဖြည့်တင်းခြင်းက တပ်မတော်၏ သဘောထားအမှန်တစ်ရပ်အဖြစ် ယူဆလို့ရသည်။ သို့သော် အာဏာရ ပါတီကြီး ရွေးကောက်ပွဲ တွင် မရှုမလှ ရှုံးနိမ့်သွားသောအခါ ပြည်သူ့သဘောထားနှင့် တပ်မတော်၏ သဘောထား ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာသည့်နောက်ပိုင်း တပ်မတော် ခေါင်းဆောင်နှင့် အနိုင်ရပါတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွေဖြစ်ပေါ်လာသည်။ တပ်မတော်၏ သဘောထားအမှန်တွေ ထွက်ပေါ်လာပြီဟု တိုင်းပြည်က မျှော်လင့်ကြပြန်သည်။ အမှန်တကယ်လည်း တပ်မတော်အတွက် ပြည်သူ့သဘောထားနှင့် တစ်ထပ်တည်းကျအောင် ညှိနှိုင်းဖို့ အချိန်အခါကောင်းဖြစ်သည်။ သို့သော် မျှော်လင့်ချက်များအားလုံး ဒုတိယမြောက် လွှတ်တော်အစည်းအဝေးသစ် စတင်ချိန်တွင် မှေးမှိန်သွားရသည်။ ၅၉ (စ) ဆိုင်းငံ့ရေးအယူအဆနှင့် ဆက်စပ်သော မျှော်လင့်ချက်ကို အခြေခံဥပဒေကို အသက်နှင့် လဲ၍ ကာကွယ်သွားမည်ဟု တုံ့ပြန်သည်။ သမ္မတ၏အထက်တွင် မည်သူမျှမရှိစေရဟူသော စကားသံတွေ တပ်မတော်အသိုင်းအဝိုင်းအတွင်းက ထွက်ပေါ်လာသည်။

သို့သော် ပြည်သူကရွေးချယ်ပေးသော လူထုခေါင်းဆောင်၏ အဆုံးအဖြတ်က မြန်မာ့သမိုင်းအတွက် မှတ်သားဖွယ်ရာဖြစ်ခဲ့သည်။ ဆင်းရဲမွဲတေနေသော နိုင်ငံအတွက် ပြည်သူ့ ဘက်က ရပ်တည်ပေးမည့် အစိုးရပေါ်ပေါက်ရေးက ပိုအရေးကြီးသည်။ ထို့ကြောင့် သူမသမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင် ဆိုင်းငံ့ရေး အယူအဆ အားလုံးကို စွန့်လွှတ်ကာ ပါတီ အပေါ် သစ္စာရှိသော ပညာတတ် အမျိုးကောင်းသား တစ်ဦးကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခြင်းဖြင့်သဘောထား တင်းမာလွန်းသည့် တပ်မတော်နှင့် နိုင်ငံရေး အကျပ်အတည်းကို ကျော်ဖြတ်ခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ ကတိပေးထားသည့် အမျိုးသား ရင်ကြားစေ့ရေး လမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သည်။

ဒုသမ္မတလောင်းအမည်စာရင်း တင်သွင်းသောအခါ တပ်မတော်၏ သဘောထားအမှန်ကို တိုင်းပြည်က ထပ်တွေ့လိုက်ရပြန်သည်။ နာမည်ဆိုးများစွာဖြင့် လူသိများသည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တပ်မတော်၏ ဒုသမ္မတလောင်းအဖြစ် တစ်နိုင်ငံလုံးကအံ့ဩသွားအောင် ပြတ်ပြတ်သားသား တင်မြှောက်ပြသည်။ လွှတ်တော် ဒီမိုကရေစီနည်းအရ အများဆန္ဒကို ခံယူလိုက်သောအခါ အဖွဲ့ချုပ်ပါတီ၏ အားကို မယှဉ်နိုင်ဘဲ ဦးထင်ကျော်သာ သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အများ၏ဆန္ဒကို လေးစားလိုက်နာရမည်မှာ ဒီမိုကရေစီ၏ အခြေခံသဘောတရားပင်ဖြစ်သည်။ မည်သူမျှ ဆန့်ကျင်၍မရနိုင်။

၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို မဲခွဲစဉ်အခါက ပြင်ဆင်ရေးသမားများအပေါ် အနိုင်ရသူများအသွင်ဖြင့် မတ်တတ်ရပ်ကာ လက်ခုပ် လက်ဝါးတီး အောင်ပွဲခံခဲ့သူများ အားလုံးသည် ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ သမ္မတလောင်းရွေးချယ်သော မဲရလဒ်ကို ကြေညာချိန်တွင် နိုင်ငံတော် သမ္မတသစ်ဖြစ်လာသည့် ဦးထင်ကျော်အား အရပ်သားလွှတ်တော် ကိုယ်စားလှယ်အားလုံးက လက်ခုပ်တီးဂုဏ်ပြုနေချိန်တွင် အများနှင့် မတူ ထူးခြားစွာ တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်ကို ပြည်သူအားလုံး အံ့သြဖွယ် ဖန်သားပြင်ပေါ်တွင် ကြည့်ရှုလိုက်ရသည်။

ဤသည်ပင် ၂၀၁၆ ခုနှစ်၏ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအပေါ် တပ်မတော်၏သဘောထားအမှန် ဖြစ်ပေလိမ့်မည်။ ပြည်သူအပေါင်းက ဒီမိုကရေစီအပြောင်းအလဲ၏ အရပ်သားစစ်စစ် အစိုးရမျှော်လင့်ချက် ရောင်နီဦးအတွက် ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေခြင်းအပေါ် ပူးပေါင်းဂုဏ်ပြုခြင်းဖြင့် ဘာမှ အကျိုးမဲ့စရာ အကြောင်းမရှိ။ ရှေ့ဆက်ရမည့် အမျိုးသားရင်ကြားစေ့ရေး ခရီးရှည်အတွက် တပ်မတော်၏ သဘောထားအမှန်ကို တရားဝင် သိရှိရမည်ကိုပင် ရင်လေးမိ ပါတော့သည်။

လှမျိုးထွန်း

The Ladies News Journal[full-post]
ပြည်သူတွေ ရင်ထဲမှာ ခံစားနေရတာကို ကာတွန်းဆရာက ကွက်တိရေးတတ်တယ်။

အစိုးရသစ်ဝန်ကြီးဌာနများ ဒီကနေ့ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း။
အစိုးရသစ်ဝန်ကြီးဌာနများ ဒီကနေ့ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း။
ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သား သမ္မတသစ် ဦးထင်ကျော်ကနေ အစိုးရဖွဲ့စည်းပုံကို ဒီကနေ့ လွှတ်တော်ကို တင်ပြခဲ့တာမှာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက ထားရှိထားတဲ့ ဝန်ကြီးဌာန ၃၆ခု ထဲကနေ ဝန်ကြီးဌာန ၂၁ခု အထိ လျှော့ချထားတာတွေ့ရပါတယ်။ ဒီအထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာနအသစ်တခုကိုတော့ ထပ်တိုးထားပါတယ်။ နိုင်ငံတော်သမ္မတသစ်ရဲ့ ဝန်ကြီးဌာနသစ် အဆိုပြုချက်နဲ့ ပတ်သက်တဲ့ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ ထားပါတယ်။

မကြာခင် တာဝန်လွှဲပြောင်းယူတော့မယ့် သမ္မတသစ် ဦးထင်ကျော်က သူဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ခုသာ ထားရှိမယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြသွားပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် လက်ထပ်မှာ ဝန်ကြီး ဌာန ၃၆ခု ထားရှိထားပါတယ်။ ဒီထဲမှာ ဝန်ကြီးဌာန ၁၆ခုကို သက်ဆိုင်ရာ ဌာန အလိုက် ပေါင်းစည်းမှုတွေ လုပ်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပေါင်းစည်းမယ့် ဝန်ကြီးဌာနများကတော့ သာသနာရေးဝန်ကြီးဌာနကို ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကိုပေါင်းကာ ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာနပေါင်းကာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနနဲ့ အမျိုးသားစီမံကိန်းစီးပွားရေးဝန်ကြီးဌာနကို ပေါင်းကာ စီမ့ကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနကိုပေါင်းကာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး ဆည်မြောင်း ဝန်ကြီးဌာနနဲ့ မွေးမြူရေး၊ ရေလုပ်ငန်းကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ကိုပေါင်းကာ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ၊ သတ္ထုတွင်းနဲ့ သစ်တောဝန်ကြီးဌာန ၂ခုကိုပေါင်းကာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ဆိုပြီး ပေါင်းစည်းလိုက်ပါတယ်။

ဒီပြင် အားကစားဝန်ကြီးဌာန ကို ကျန်းမာရေးဝန်ကြီးဌာနအောက်ကို ပေါင်းလိုက်ပြီး သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနကိုလည်း ပညာရေးဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန ကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်တို့ကို ပေါင်းလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးဌာန ၆ခု ထားရှိထားတဲ့ သမ္မတရုံးဝန်ကြီး ဌာနကိုလည်း တခုတည်းထဲသာ ပေါင်းပြီး ထားရှိသွားတော့မှာပါ။ အစိုးရသစ်လက်ထက် ထားရှိမယ့် ဝန်ကြီးဌာနတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ခုလိုလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

"နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူထံမှ ပြည်ထောင်စု အစိုးရဝန်ကြီးဌာန အရေအတွက်ကို ၂၁ ဌာနအဖြစ် လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးရေကို ၁၈ဦးအဖြစ် လည်းကောင်း၊ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၂၄တို့နဲ့အညီ ၂၀၁၆ခုနှစ် မတ်လ ၁၆ရက် ရက်စွဲပါ စာဖြင့် ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားပါတယ်။"

လက်ရှိတည်ဆဲ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၂၀၂ အရနိုင်ငံတော်သမ္မတ အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက် နိုင်တယ်လို့ပြဌာန်းထားပါတယ်။

လတ်တလောသတင်းတွေအရ အသစ်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့အစည်းမှာ NLD ပါတီက ၈ဦး ခန့်သာ ပါဝင်ပြီး ကျန်သူတွေကို တတ်သိပညာရှင်တွေကို ခန့်အပ်ကာ ဖွဲ့စည်းသွားမယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေကပြောဆိုနေတာတွေရှိပေမယ့် NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ ဒါကိုအတည်ပြုချက် မပေးသလို ငြင်းဆိုတာလဲ မလုပ်ပါဘူး။

ဝန်ကြီးဌာနတွေကို ပေါင်းစည်းလိုက်ပေမယ့် ဝန်ထမ်းတွေကို လျော့ချသွားဖို့ လုပ်ဆောင်မှာ မဟုတ်တာကြောင့် ဝန်ထမ်းတွေအနေနဲ့ မစိုးရိမ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားပါတယ်။

အမည်မဖော်လိုသူ ဝန်ထမ်းတဦးကတော့ ဒီလိုဝန်ကြီးဌာနတွေပေါင်းစည်းလိုက်တဲ့ အပေါ် ဘာမှ ထိခိုက်နိုင်ဖွယ်မရှိတာကြောင့် ကြိုဆိုကြောင်း၊ အစိုးရသစ်လက်ထက်မှာ လုပ်သလောက် အကျိုးခံစားခွင့်ကို စစ်မှန်စွာ ရရှိစေလိုကြောင်း အခုလို ဗွီအိုအေက မေးမြန်းမှုကိုဖြေဆိုခဲ့ပါတယ်။

"အရင်တုန်းကတော့ လုပ်သက် ၁၅နှစ်၊ အနှစ် ၂၀ ရှိတဲ့သူ ဘာမှ မတက်ပဲနဲ့ ဟေ့ကောင်တွေ ဒါလုပ်ဆို လုပ်သာလုပ်ရတယ်။ ကြောက်လို့သာ လုပ်ရတယ်။ ရာထူးကျတော့လည်း မိုးနဲ့မြေလို ကွာနေတော့ တာဝန်ဆိုပြီး လုပ်တာ၊ တင်ပြတာကိုလည်း လက်မခံတော့ လုပ်ရတာ ကိုင်ရတာ ခရီးမတွင်ဘူးဗျ။ အရင်တုန်းက အခြေအနေကို ပြောပြတာပါ။ အခုအရပ်သားအစိုးရတက်လာတယ်။ တက်လာတဲ့အခါမှာ အရင်တုန်းက မိုးကျရွှေကိုတွေ အရင်ပုံစံတွေ ကို ဖျောက်ဖျက်ပြီးတော့ ဒီအရပ်သားအစိုးရလက်ထက်မှာတော့ အဲ့တာလေးတွေ ဆန်ကာတင်စိစစ်ပြီးတော့ ကြွက်ချေးတွေကို ရွေးထုတ်ပြီးတော့ လုပ်လိုက်မယ်လို့ ကျနော်ကတော့ ထင်မိပါတယ်ဗျ။ "

အစိုးရသစ်လက်ထက်မှာ တိုင်း ရင်းသားဝန်ကြီးဌာနအနေနဲ့ အသစ်ထပ်မံဖွဲ့စည်းဖို့ လုပ်ဆောင်ထားတဲ့ အပေါ် တိုင်းရင်းသားတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီအသစ် ဖွဲ့မယ့် ဝန်ကြီးဌာနမှာ တိုင်းရင်းသားအရေးကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားတဦးက ဦးဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်က ဒေါ်နန်းဝါနုက ခုလိုပြောပြပါတယ်။

"တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့လက်အောက်မှာကျတော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေလည်း ရှိစေချင်ပါတယ်။ အဲ့ဒီ့ဌာနတွေကတဆင့် တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု၊ အခွင့်အရေးပေါ့။ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သွားနိုင်တဲ့ အထိရောက်အောင် ဒီဝန်ကြီးတယောက်က တကယ် အလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ တိုင်းရင်းသားတွေအပေါ်မှာ တကယ်စိတ်စေတနာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်ပေါ့နော်။ ဖြစ်နိုင်လို့ရှိရင် တိုင်းရင်းသားပါတီထဲကနေ ရွေးချယ်ပေးစေချင်ပါတယ်ရှင့်။"

အစိုးရအသစ် အနေနဲ့ ဝန်ကြီးဌာနတွေကို ပေါင်းစည်းတာတွေ လုပ်ကာ ဝန်ကြီး ဌာန ၂၁ခုသာထားဖို့ ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့သလို ပြည်ထောင်စုဝန်ကြီးဦးရေ ကို ၁၈ ဦးသာထားရှိမယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒီတင်ပြမှုကို မနက်ဖန် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားမှာပါ။

မေခ/VOA
http://burmese.voanews.com/content/newly-elected-president-proposes-modification-of-ministeries-/3241887.html

ဧရာဝတီမြစ်ဆုံစီမံကိန်း
ဧရာဝတီမြစ်ဆုံစီမံကိန်း

ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပြီးနောက် ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ်တွင်းက မြစ်ဆုံရေကာတာ စီမံကိန်းကို အစိုးရသစ် လက်ထက် မှာ ပြန်စနိုင်အောင် တရုတ်နိုင်ငံက ဆက်ကြိုးပမ်းသွားမယ့်အကြောင်း အဆင့်မြင့် သံတမန် တဦးက ဒီကနေ့ပဲ ထပ်မံပြောဆိုလိုက်ပါတယ်။ မကြာသေးခင် ရက်တွေအတွင်း စီမံကိန်းပြန်စနိုင်ရေး တရုတ်အစိုးရ အဆင့်မြင့် အရာရှိတွေ ဆက်တိုက် ဆိုသလို ပြောဆိုမှုတွေ ထွက်ပေါ်လာနေတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်မယ့် အစိုးရအတွက် စိန်ခေါ်မှုတခု လည်း ဖြစ်လာနိုင်ပါတယ်။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင် နဲ့ ဒေသခံ လူမှုအသိုင်းအ၀ိုင်းကို ထိခိုက်နိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားတဲ့ စီမံကိန်းကို ပြန်စဖို့ အစိုးရသစ်နဲ့ ဆွေးနွေးမယ်လို့ တရုတ်နိုင်ငံက ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း ၃,၆၀၀ အကုန်အကျခံပြီး တရုတ်နိုင်ငံက ဆောက်လုပ်မယ့် စီမံကိန်းအတွက် သဘောတူညီချက်တွေဟာ အခုအချိန်အထိ မပျက်ပြယ်သေးဘူးလို့လည်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“၂၀၁၁ ခုနှစ်မှာ မြန်မာအစိုးရက စီမံကိန်းကို ရပ်လိုက်တာဟာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ဒါပေမဲ့လည်း စာချုပ်က အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ စီမံကိန်း ရှေ့ဆက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့က ၂ နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်။ လက်ရှိအစိုးရအနေနဲ့ စီမံကိန်းကို ပြန်စဖို့ အချိန်မရှိတော့ဘူးလို့ ထင်ပါတယ်။ အစိုးရသစ် တက်လာတဲ့ အချိန်ကျရင်တော့ စီမံကိန်းပြန်စနိုင်အောင် တရုတ်အစိုးရက ဆက်ပြီးဆွေးနွေးသွားမှာပါ။”

မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာမှုတွေ ရှိခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကပဲ ပြောဆိုခဲ့သလို၊ ဒီမတိုင်ခင်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး က ပြန်စနိုင်ဖို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တဲ့ NLD အစိုးရသစ် အနေနဲ့ကတော့ လူထုရဲ့ ဆန္ဒကို အလေးထား စဉ်းစားဆုံးဖြတ်မှာ ဖြစ်တဲ့ အကြောင်း NLD ပါတီရဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် ကပြောပါတယ်။

“NLD က ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာဇော်မြင့်မောင် ကပြောပြီလေ၊ ပြည်သူတွေ ရဲ့ လိုလားချက်နဲ့သာ လုပ်ပါမယ်ဆိုတာ သူပြောပြီလေ။ ဘာကြောင့်လဲဆိုတော့ တရုတ်က လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူးလေ။ ဘာကြောင့်လဲဆိုတော့ လူထုတွေက မကြိုက်ဘူးဆိုရင်တော့ ဒါကို လုပ်ဖို့တော့ NLD ကတော့ အစီအစဉ်ရှိမှာ မဟုတ်ပါဘူး။ တဖက်သတ် ကျနော်တို့ကိုတော့ ဒီလိုအနိုင်ကျင့်လို့ ရမယ်တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ဥပဒေတွေလည်းရှိတယ်။ ကျနော်တို့ နောက်မှာလည်း ဟိုတုန်းကလို အစိုးရမဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ အစိုးရနောက်မှာလည်း ကမ္ဘာတခုလုံး ရပ်တည်နေပြီဆိုတော့ ကမ္ဘာတခုလုံး ကျနော်တို့ ဖြေရှင်းတဲ့အထဲမှာ ပါလာမှာပဲလေ။”

မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းပြီး အရင်စစ်အစိုးရတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတယ်လို့ အများက ယူဆထားတဲ့ တရုတ်နိုင်ငံ အနေနဲ့ မကြာသေးခင် နှစ်တွေကစလို့ NLD နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကလည်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို တရုတ်သမ္မတ Xi Jinping ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့သလို၊ NLD က ရွေးချယ်ထားတဲ့ ဦးထင်ကျော် ကို ဒီသီတင်းပတ်ထဲ သမ္မတသစ်အဖြစ် လွှတ်တော်က တင်မြှောက်လိုက်တဲ့ အပေါ်မှာလည်း တရုတ်သမ္မတက ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ရမယ့် အချိန်မျိုးမှာ တရုတ်အစိုးရ အနေနဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ ဖိအားပေးလာမယ်ဆိုရင်တော့ ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က သတိပေးပါတယ်။

“ကျနော့်အမြင်ကတော့လေ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုအောက်မှာ ဖွဲ့စည်းခဲ့တဲ့ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တနည်းအားဖြင့် ပြော ရင်တော့ NLD အစိုးရအဖွဲ့ လက်ထက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအ၀င် နိုင်ငံတကာက စီမံကိန်းကြီးတွေကို စနစ်တကျ ပြန်လည် သုံးသပ်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့အညီ ဖော်ဆောင်တာမျိုးကို စိစစ်ပြီးတော့လုပ်ဖို့ ပြင်ဆင်နေပြီလို့ ကျနော်နားလည်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုမ္ပဏီတွေ အနေနဲ့ ဒီစီမံကိန်း လုပ်ငန်းတွေကို အစိုးရသစ် လက်ထက်မှာ ဖိအားပေး၊ တွန်းအားပေး ဆောင်ရွက်လာမယ်ဆိုရင် ပထမအဆင့် အနေနဲ့တော့ မြန်မာပြည်သူ လူထု တရပ်လုံးနဲ့တော့ ထိပ်တိုက်တွေ့လာနိုင်တဲ့ အနေအထားမျိုး ရှိပြီးတော့၊ အဲဒီကနေ ဆက်စပ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးပါ ထိခိုက်ပွန်းရှ လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

စစ်အစိုးရတွေ လက်ထက်မှာ သဘောတူညီချက် ရရှိခဲ့ကြတဲ့ မြစ်ဆုံစီမံကိန်း အပါအ၀င် မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက ၀င်ရောက် လုပ်ကိုင်နေတဲ့ စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုတွေ အားနည်းတယ်လို့လည်း အများက ထောက်ပြနေကြတာပါ။ စစ်ကိုင်းတိုင်း မုံရွာခရိုင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်မယ့် စီမံကိန်းတွေမှာလည်း မြေယာသိမ်းဆည်းမှုတွေ၊ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး/VOA
http://burmese.voanews.com/content/china-myanmar-myitsone-dam-/3241821.html

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာ လူထုချစ်ခင် လေးစားထောက်ခံမှုကို အရဆုံး လူထုခေါင်းဆောင် နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူဟာ တိုင်းပြည်ရဲ့ Moral Leader စံပြခေါင်းဆောင်အဖြစ် ထာဝရ ရှိသွားမယ့် သူတဦးဖြစ်တယ်ဆိုတာ သံသယ ရှိစရာမလိုပါ။

ဒါပေမယ့် အခုနိုင်ငံရေး အရွေ့မှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ တရားဝင် တာဝန်ယူမှုက ဘယ်လိုရှိမလဲဆိုတာ ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့် မေးခွန်းထုတ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ကာလမှာတော့ သူဟာ သမ္မတရဲ့ အထက်မှာ ရှိမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ သူဟာ သမ္မတဖြစ်လာမယ့် ဦးထင်ကျော်ရဲ့ အထက်မှာ စံလို့မရပါ။

ဒီလို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လို့ ဝေဖန်ရေးဒဏ်ကို ခံလိုက်ရသူကတော့ ဦးထင်ကျော်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းစာ တချို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သေးသမ္မတလို့ ဝိုင်းပြီး ထောက်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည် အကြောင်းတွေကို နှစ်ပေါင်းများစွာ လေ့လာရေးသားပြီး အာဏာရှင် ဦးနေဝင်း အကြောင်းကို မကြာခင်က စာအုပ်ထုတ် ရေးသားခဲ့တဲ့ ပါမောက္ခ ရောဘတ်တေလာကတော့ Nikkei Asian Review မှာ မကြာခင်က မြန်မာပြည်အကြောင်း ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။

ဆောင်းပါးရဲ့ အချုပ်ကတော့ မြန်မာပြည်ကို ဗြိတိသျှက အုပ်ချုပ်ခဲ့စဉ်တုန်းက ဒိုင်အာခီစနစ် အုပ်ချုပ်ရေးကို ပြန်ဖော်ပြထားတာ တွေ့ရပါတယ်။ ဗြိတိသျှဘုရင်ခံချုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မြန်မာဝန်ကြီး ၂ ပါးက ပြည်တွင်းရေး ကိစ္စ၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ဒေသတွင်း အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲ အုပ်ချုပ်ရတဲ့အကြောင်းကို စာရေးသူက ဖော်ပြထားပြီး နောက်ပိုင်းမှာတော့ ဗြိတိသျှအာဏာပိုင်တွေက ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး နဲ့ မြောက်ပိုင်းက တိုင်းရင်းသား (အထူးသဖြင့် ရှမ်းပြည်) ကို တိုက်ရိုက်ကိုင်တွယ် အုပ်ချုပ်ပြီး ကျန်တာကိုတော့ မြန်မာဝန်ကြီးတွေလက်ထဲ အုပ်ချုပ်ရေးအာဏာကို အပ်နှင်းတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ဂျပန်က မြန်မာပြည်ကို မသိမ်းခဲ့ရင် ဒီစနစ်ဟာ ဆက်ပြီး သက်ဆိုးရှည်မလား။ ဗြိတိသျှက လွတ်လပ်ရေး ပေးလိုက်ပြီး မြန်မာပြည်မှာ ပါလီမန် ဒီမိုကရေစီ ဘယ်လို ပုံစံပြောင်းသွားမလဲ ဆိုတာကို စာရေးသူက မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်းမှာတော့ ဒီနေ့ခေတ်နဲ့ ဒိုင်အာခီစနစ် ဘာမှမဆိုင်တော့ပါ။ ဒါပေမယ့် ဒေါ်အောင်စုကြည်ရဲ့ ကဏ္ဍကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒါကြောင့် ယခုအချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို တရားဝင် အုပ်ချုပ်မယ်ဆိုရင် သမ္မတအသစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီး သို့မဟုတ် ဝန်ကြီးချုပ်နေရာပေးပြီး အခုဖွဲ့စည်းမယ့် ကက်ဘိနက်ကို ဦးဆောင် စေတာမျိုးကို လုပ်လို့ရမလားလို့ ဆောင်းပါးမှာ ဥာဏ်ကစား အဖြေရှာထားပါတယ်။

ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးအဖွဲ့ သို့မဟုတ် အစိုးရရဲ့ ခေါင်းဆောင်ပဲဖြစ်မယ်၊ နိုင်ငံတော်ရဲ့ ခေါင်းဆောင် (Head of State) မဟုတ်ဘူး ဆိုတာမျိုးကို ဆိုလိုတာပါ။ ဒီလိုလုပ်ရင်ရော တပ်မတော်သား အင်အားစုက လက်ခံမှာလား။

ဒီလို မဖြစ်ခဲ့ဘူးဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယက ကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာ ဂန္ဒီ (Sonia Gandhi) လို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌကြီးအဖြစ် ဆက်နေပြီး လွတ်တော်မှာလည်း အကြီးအကဲအဖြစ် ဆက်ပြီးရှိနေမယ် ဆိုတာမျိုးရော ဖြစ်နိုင်မလားလို့ ရေးသားထားပါတယ်။ ပါတီဥက္ကဋ္ဌကြီး ဆိုပါတော့။ အဖြေမရှိသေးတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဋ္ဌကြီး အဖြစ် ဆက်ပြီး ရှိနေတဲ့အတွက် ပါတီရဲ့လုပ်ငန်းတွေ မျိုးဆက်သစ် မွေးထုတ်ဖို့ကိစ္စတွေ လုပ်နိုင်တဲ့အပြင် နိုင်ငံရေးထဲ ဆက်ပါနေဦးမယ်။ အခုတက်လာမယ့် အစိုးရနဲ့ရော တပ်မတော်နဲ့ပါ ဆက်ဆံရေးကို တည်ဆောက်ထားလို့ရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်မယ်လို့ သတင်းထုတ်ပြန်လိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ဆက်ဆုံးဖြတ်မလဲဆိုတာ အားလုံးစိတ်ဝင်တစား မေးခွန်းထုတ် စောင့်ကြည့်နေကြပါတယ်။

============

Search Myanmar

 ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF သတင်းစာရှင်းလင်းပွဲ။
ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေး ဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF သတင်းစာရှင်းလင်းပွဲ။

မြန်မာနိုင်ငံဟာ ငွေကြေးဆိုင်ရာ ပြစ်မှုနဲ့ ငွေမဲခ၀ါချမှု တိုက်ဖျက်ရေး မဟာဗျူဟာ ကျကျ ဆောင်ရွက်ချက်တွေ ချို့ယွင်းအားနည်းမှုတွေ ရှိနေတဲ့ နိုင်ငံ အဖြစ် ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် ငွေကြေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ FATF က ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ အတွက်ရာ တိုင်းပြည် ရဲ့ ငွေမဲခဝါချမှု စနစ် ထိရောက်ကြောင်းပြသဖို့ လာမယ့် အစိုးရသစ် အနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ် လို့ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ GovRisk က ပြောဆိုလိုက်ပါတယ်။ ဒီနေ့လုပ်တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က အပြည့်အစုံ တင်ပြပေးပါလိမ့်မယ်။

လာမယ့် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်မှုတွေ အပေါ် ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာဆောင်ရွက်တာ ရှိ၊ မရှိ သီးခြား လွတ်လပ်တဲ့ အကဲဖြတ်သုံးသပ်မှု ခံယူရမှာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ရဲ့ စံနှုန်းတွေကို လက်တွေ့မှာ တကယ် လိုက်နာ တယ်ဆိုရင် ငွေမဲခဝါချမှုဆိုင်ရာ နာမည်ပျက် စာရင်းကနေ ထွက်နိုင်ဖို့ အခွင့်အရေးရှိမယ်လို့ ငွေကြေး စီမံခန့်ခွဲ မှုဆိုင်ရာ အကြံပေးအဖွဲ့ GovRisk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nicolas Le Moignan က ပြောပါတယ်။

"ဗဟာဗျူဟာကျတဲ့ အားနည်းချက်တွေ" ဆိုတဲ့ အသုံးအနှုန်းက ငွေကြေး ဆိုင်ရာ လှုပ်ရှားရေး တပ်ဖွဲ့ FATF ရဲ့ အများပြည်သူ သိအောင်ကြေညာတဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားတာပါ။ မြန်မာပြည်အနေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စနစ်မှာ အခုလို ဗဟာဗျူဟာကျတဲ့ အားနည်းချက်တွေ ကို ကျော်လွှားနိုင်ဖို့ အတွက်ဆိုရင် FATF နဲ့အတူ အကောင်ထည်ဖော်ရမယ့် လုပ်ငန်းစဉ်ဆိုတာ ရှိပါတယ်။ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးစနစ် အားနည်း တဲ့နိုင်ငံက အစိုးရမှာ သီးခြား အမျိုးသားအဆင့် ဗဟာဗျူဟာအစီအစဉ်ဆိုတာရှိရပါတယ်။ ဘာကြောင့်လဲဆို တော့ ဒါက ငွေကြေး ဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ရဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ အတွက် အရေးကြီးတာကြောင့်ပါ။"

မြန်မာနိုင်ငံအနေနဲ့ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ဖို့ အတွက် ကျယ် ပြန့်တဲ့ ဥပဒေ မူဘောင်တရပ် မဖြစ်မနေရှိဖို့ လိုအပ်ပြီး ငွေဖြူကနေ ငွေမဲအဖြစ် ပြောင်းတာကို တားဆီးနိုင်ဖို့ တောင့်တင်းခိုင်မာတဲ့ အစီအမံတွေ အပြင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဥပဒေကို လေးစား လိုက်နာမှုရှိစေဖို့ အားကောင်းတဲ့ အစီအမံတွေလည်း ရှိရမှာဖြစ်ပါတယ်။

အရင်ကတော့ မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်းမှာ ငွေမဲခဝါချတဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပြီး ဘိန်းရာဇာအဖြစ် နာမည်ထွက်ခဲ့တဲ့ ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်၊ ရှမ်းတရုတ်အနွယ် ဦးကျော်ဝင်း တည်ထောင်တဲ့ May flower ဘဏ်နဲ့ ဝ-လက်နက်ကိုင်နဲ့အဆက်အသွယ်ရှိလို့ နာမည်ထွက်ခဲ့တဲ့ ဦးတင်စိန် တည်ထောင်ထားတဲ့ Universal ဘဏ်တွေ ပါဝင်ပါတယ်။

ဒီကနေ့အချိန်မှာတော့ မြန်မာပြည်အပါအဝင် နိုင်ငံတကာမှာ ငွေမဲတွေကို အိမ်ခြံမြေ လုပ်ငန်းမှာ အများဆုံး ခဝါချမှု ဖြစ်တယ်လို့ GovRisk က Nicolas Le Moignan က အခုလိုပြောပါတယ်။

"ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ National Risk Assessment လို့ခေါ်တဲ့ အမျိုး သားအဆင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။ ဒါက ဘယ်ကဏ္ဍမှာ ငွေကြေးခဝါချမှုတွေ အဖြစ်များသလဲဆိုတာ ဆန်းစစ်နိုင်ဖို့အတွက် FATF က သတ်မှတ်ထားတဲ့ ငွေကြေး ခဝါချ မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအမံတွေထဲမှာ ပါဝင်လို့ပါပဲ။ မြန်မာနိုင်ငံတင် မဟုတ်ဘဲ နိုင်ငံတကာမှာလည်း ဘယ်ကဏ္ဍမှာ ငွေကြေးခဝါချမှု ဖြစ်နိုင်ခြေ များသလဲဆိုတာ ပြောရရင် အိမ်ခြံမြေလုပ်ငန်းပဲဖြစ်ပါတယ်။ ဒါ ကြောင့် ငွေကြေး ခဝါချမှုဖြစ်နိုင်ခြေရှိတဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို ကြီးကြပ်ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ် တာဖြစ်ပါတယ်။"

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ မတ်လမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၁၅ဦး ပါဝင်တဲ့ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဗဟို ဘုတ်အဖွဲ့ကိုလည်း ၂၀၁၄ သြဂုတ်လ မှာ ဖွဲ့စည်းခဲ့သလို ဖမ်းဆီးရမိတဲ့ ငွေကြေးခဝါချမှု စုစုပေါင်း ၄၉မှုရှိပါတယ်။

ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ FATF ထဲမှာပါဝင်တဲ့ အာရှ ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖက်ရေး (APG) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာပြည် အနေနဲ့ FATF စံနှုန်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုပြီး ကတိပြု ထားရတာဖြစ်ပါတယ်။

မြင့်မြင့်ခိုင်/VOA
http://burmese.voanews.com/content/anti-money-laundry-in-myanmar/3241810.html

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မေခ-မလိခ ဧရာဝတီမြစ်ဆုံမှာ ၂ဝ၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အခမ်းအနားကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေးအတွက် မြန်မာအစိုးရသစ်ကို တွန်းအားပေးသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူဇန်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီထားတဲ့ လုပ်ငန်းစာချုပ်ဟာ အသက်ဝင်နေဆဲပဲလို့ တရုတ်ဒုဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ စီမံကိန်း ရပ်နားထားရတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း ရှေ့သီတင်းပတ်ကျင်းပမယ့် တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲမတိုင်ခင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ အချိန်မလုံလောက်တော့တာကြောင့် အစိုးရသစ်တက်လာတာနဲ့တပြိုင်နက် ဒီစီမံကိန်းပြန်စနိုင်အောင် တွန်းအားပေးပြောဆိုသွားမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေမှာ ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံတွေရဲ့ ဆန့်ကျင်မူတွေနဲ့ ရင်ဆိုင်နေရသလို၊ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းတဲ့ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာလည်း ပြဿနာတွေရှိနေ တာ ဖြစ်ပါတယ်။

တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်အပမ်းဖြေကျွန်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မြန်မာအစိုးရ တက်ရောက်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese

မြန်မာနိုင်ငံ အနှံ့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးပြောကြားသည်။

“ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက မတ် ၁၇ ရက်က နေပြီးတော့ လွန်ကဲအဆင့် ၁၁ ကို ရောက်ရှိလာနိုင်ပါတယ်”ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများအနေဖြင့် အသားနေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအမြင်အာရုံ ထိခိုက်စေခြင်းနှင့် သားသမီး မရနိုင်သောရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း ဒေါက်တာဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။

“ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် ရောက်ရှိနေသော နေရောင်ခြည်အောက်တွင် အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့ နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်ကြီးမားပါတယ်။ နေရောင်ခြည်ထဲမှာ နေထိုင်သွားလာခြင်းမှ ရှောင်ကြဉ်ပါ။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ ပြန်လည် ကျဆင်းသွားသည်အထိ သို့မဟုတ် နေကျသွားသည်အထိ စောင့်ဆိုင်းပါ၊ ခရမ်းလွန်ရောင်ခြည် အကာအကွယ်ပေး အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ အနားကျယ်ပြန့်သော ဦးထုပ်များဆောင်းခြင်း၊ ရောင်ခြည်ကာမျက်မှန် SPF 30+ ကို တပ်ဆင်ခြင်း၊ အရိပ်အာဝါသ အောက်နေထိုင်ခြင်း စတာတွေကို ကာကွယ်မှုအဖြစ် ဆောင်ရွက်သင့်ပါတယ်”ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ ဖော်ပြရာတွင် အရောင်အလိုက်ခွဲကာ သတ်မှတ်ထားခြင်းဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှာ အစိမ်းရောင်၊ အသင့်အတင့်အဆင့်မှာ အ၀ါရောင်၊ အမြင့်အဆင့်မှာ လိမ္မော်ရောင်၊ အလွန်မြင့်အဆင့်မှာ ခရမ်းရောင်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Writer:
ဆန်းထူးအောင်
Eleven Media Group

ဝါရှင်တန်၊ မတ်၊ ၁၇ ။ ။ ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခြင်းမှာလည်း ကမ္ဘာကြီးအပေါ်ကျရောက် နိုင်သည့် ထိပ်တန်းအန္တရာယ် ၁၀ ခုစာရင်းတွင် ပါဝင်လျှက်ရှိကြောင်း စီးပွားရေးသတင်းယူနစ် (EIU) ကထုတ်ပြန်လိုက် သည်။

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်ရွေးကောက်ပွဲတွင် အနိုင်ရပြီး သမ္မတဖြစ်လာပါက ကမ္ဘာ့စီးပွားရေးကို ဖျက်လိုဖျက်ဆီး လုပ်ခြင်း၊ အမေရိကန်ပြည်ထောင်စုအတွင်းတွင် နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာများ တင်းကျပ်ခြင်းတို့ကို လုပ်ဆောင်လာ နိုင်သည်ဟု လန်ဒန်အခြေစိုက် သုတေသနလုပ်ငန်း EIU က ထုတ်ပြန်ထားသည်။

သို့ရာတွင် ဒေါ်နယ်လ်ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်ကို အနိုင်ရနိုင်ချေရှိသည်ဟုတော့ EIU ကခန့်မှန်းထားခြင်း မရှိချေ။

ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်လာခြင်းက ဥရောပမှ ဗြိတိန်ထွက်ခွာခြင်း နှင့် တောင်တရုတ်ပင်လယ်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ခြင်းတို့ထက်ပင် ကမ္ဘာကြီးအတွက်ပို၍ အန္တရာယ်ရှိနိုင်သည်ဟု EIU က ဖော်ပြထားသည်။

EIU ကထုတ်ပြန်သည့် ယနေ့ကမ္ဘာကြီးအပေါ်ကျရောက်နိုင်သည့် ထိပ်တန်းအန္တရာယ်များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းခြင်း၊ ယူကရိန်းကို ရုရှားကကျူးကျော်ခြင်း၊ ဥရောပမှ ဗြိတိန်ထွက်ခွာခြင်းတို့လည်း ပါဝင်လျှက်ရှိသည်။

EIU သည် ကမ္ဘာကြီးအပေါ်ကျရောက်လာနိုင်သည့် ထိပ်တန်းအန္တရာယ် ၁၀ ခု၏ အန္တရာယ်အဆင့်များ ကို ၁ မှ ၂၅ အတွင်းကိန်းဂဏန်းများနှင့် ညွှန်းဆိုဖော်ပြခဲ့ရာ ဒေါ်နယ်လ်ထရမ့် အမေရိကန်သမ္မတဖြစ်ခြင်းကို ညွှန်းကိန်း ၁၂ ဖြင့် သတ်မှတ်ဖော်ပြထားသည်။

ထိုညွှန်းကိန်းအဆင့်မှာ ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများကြောင့် ကမ္ဘာ့စီးပွားရေးမတည်မငြိမ်ဖြစ်ပေါ်လာမှု အန္တရာယ် အတွက် သတ်မှတ်ထားသည့်ညွှန်းကိန်းနှင့် တူညီလျှက်ရှိသည်ကို တွေ့ရသည်။
Mizzima - News in Burmese