03/20/16

ကချင်တိုင်းရင်းသား လက်ဝှေ့ကျော်အောင်လအင်ဆန်း (ဗမာ့စပါးအုံး) က လူမျိုးခြားလက်ဝှေ့ကျော်ကို မိနစ်ပိုင်းအတွင်းအနိုင်ယူလိုက်ပါတယ်။ ဒီအတွက် တို့မြန်မာကွလို့ ဂုဏ်ယူကြတာတွေကိုလဲတွေ့ရမိတယ်။ ဒီကိစ္စနဲ့ ဒုသမ္မတ ဦးချင်းကြီးကို ဆန္ဒပြမယ့်ကိစ္စကို မခံနိုင်တဲ့သူတွေက ပြန်ပြောတာတွေလဲ တွေ့မိတယ်။

ဒီနေရာမှာ ကျနော်ပြောပြချင်တာလေးရှိလာတယ်။ အားလုံးအတွက်ပါ။ အောင်လအင်ဆန်ဆိုတဲ့ လက်ဝှေ့သမားကို အစိုးရဘက်သား၊ ဒီမိုဘက်သား၊ကြားနေကနေ သိသမျှလူတွေ အားလုံး တသားထဲဂုဏ်ယူကြတယ်မလား။ ဘာကြောင့်လဲ။ အဓိက အကြောင်းကတော့ မြန်မာပြည်ထဲကနေ မြန်မာ့ဂုဏ်ဆောင်ဆိုတာတွေ ပေါပေါများများ ထွက်မနေတာကြောင့်ပါ။ အကယ်၍ မြန်မာ့ဂုဏ်ဆောင် တင်းနစ်အကျော်အမော၊ ဂေါက်သီးအကျော်အမော်၊ ရေကူးချန်ပီယံ၊ အာရှကြယ်အဆင့်အနုပညာရှင်ကဗျာဆရာ၊ ပန်းချီဆရာ စတာတွေ များများစားစား ထွက်နေခဲ့ရင် အောင်လအင်ဆန်အောင်ပွဲရလို့ ဂုဏ်ယူကြရင်တောင် နိုင်လို့ ဂုဏ်ယူတာသက်သက်လောက်ပဲဖြစ်ပြီး အခုလောက်ဖြစ်ချင်မှ ဖြစ်မယ်မဟုတ်လား။ ဒီကနေ ဆက်စပ်တွေးကြည့်ရအောင်ပါ။

ကျေန်ာတို့နိုင်ငံဟာ အောင်လအင်ဆန်လို အားကစားသမားတွေ ထွက်ပေါ်နိုင်စွမ်းရှိခဲ့တယ်။ မြန်မာဘောလုံးအသင်းဟာ အရှေ့တောင်အာရှကနေ အာရှအဆင့်ထိုးဖောက်နိုင်တဲ့ တစ်ခုတည်းသောဘောလုံးအသင်းဖြစ်ခဲ့ဖူးတယ်မလား။ ဒါ့အပြင်ကမ္ဘာကျော်ဦးသန့်၊ နောက် ဘန်ဒေါင်းညီလာခံမှာ တလေးတစားချိတ်ထားရတဲ့ ဦးနုတို့လို ကမ္ဘာ့ခေါင်းဆောင်တွေထဲ လူရာဝင်တဲ့ခေါင်းဆောင်တွေရှိခဲ့ဖူးတယ်လေ။ ထပ်ခါတလဲလဲပြောဖူးပြီးသားစကားထပ်ပြောရရင် အခု ချမ်းသာလာတဲ့ တရုတ်၊ စင်ကာပူတို့ခေါင်းဆောင်တွေရဲ့ အမြုတေစီးပွားရေးအိုင်ဒီယာဆိုတာ ဗမာပြည်လွတ်လပ်ရေးမရခင်ဗိုလ်ချုပ်အောင်ဆန်းကက်ဘိနက်စကတည်းက တို့ဗိုလ်ချုပ်က ဒီလူတွေထက်နှစ်နှစ်ဆယ်မက စောမြင်ကြိုတင်အကွက်ချခဲ့ပြီးသား။ ဦးစော ယုတ်မာလိုက်လို့ တိုင်းပြည် ဒုက္ခရောက်ခဲ့တာပါ။

ဆက်ပြောရရင် အခု အောင်လအင်ဆန်းအောင်ပွဲသာမက ကျန်တဲ့အလှမယ်ပွဲတွေမှာပါ အလုံးအရင်းအားပေးခဲ့ကြတယ်မဟုတ်လား။ အရင်းစစ်လိုက်ရင် မြန်မာနိုင်ငံဟာ နောက်ကျောက်ကျ ကျန်နေရစ်ခဲ့ပြီ။ နိုင်ငံတကာအလယ်မှာ မြန်မာလို့ပြော၇င် အတော်များများက လူမွဲနိုင်ငံအဖြစ်သာ စာရင်းပေါက်နေခဲ့ပြီ။ ဒီအချက်ဟာ အမှန်တရားဆိုတာ အထက်ပါ အပြုအမူတွေက အကောင်းဆုံးသက်သေပါပဲ။

အောင်လအင်ဆန်လို အားကစားသမားတွေထွက်နိုင်စွမ်းရှိပါလျက်နဲ့ အစစအောက်ကျခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးသန့်တို့လို ကမ္ဘာ့အဆင့်ခေါင်းဆောင်တွေထွက်ခဲ့ပါလျက်နဲ့ မြန်မာနိုင်ငံဟာ ကျဆုံးခဲ့ရတယ်။ ဘာလို့လဲ။ ခေါင်းဆောင်ကောင်းတွေ ကို ယုတ်မာမယ့်လူတွေ မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်ပေါ်ပေါက်တတ်သလို ကိုယ်ကျိုးတစ်ခုသာ အဓိက ကြည့်ပြီး နိုင်ငံရေးစံနစ်မှန်မှန်ကန်ကန်မတည်ဆောက်နိုင်ခဲ့လို့ပါ။

အောင်လအင်ဆန်ကို လက်ခုပ်လက်ဝါးအရမ်းတီးနေမိရင် ဒါလေးကိုပြန်တွေးကြည့်။ ငါဘယ်လောက်အထိ သိမ်ငယ်နေပါလိမ့်လို့ပြန်တွေးကြည့်ပါ။ ဒါတွေဟာ နိုင်ငံရေးစံနစ်မှားယွင်းခဲ့လို့ဆိုတာလေး သေသေချာချာ နားလည်သွားစေချင်တာပါပဲ။

Myoset Min

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းထွက်ပေါ်နေတာကြားသိကြောင်းနဲ့ ကော်မရှင်ကိုကန့်ကွက်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းတွေ သို့မဟုတ် အဆိုတင်သွင်းရမှာဖြစ်တယ်လို့ အဲဒီကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။

"အဲ့လိုသတင်းထွက်တာတော့ရှိတယ်၊ ဒါပေမယ့်သူရဲ့လမ်းကြောင်းက ကျနော်တို့ ကော်မရှင်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာ၊ ကန့်ကွက်တာလုပ်မယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် နာယကဆီကို တပ်မတော်သားကိုယ်စားလှယ်တွေကနေပြီးတော့ မေးခွန်းမေးမြန်းလိုသော် လည်းကောင်း၊ အဆိုတင်သွင်းဖို့သော်လည်းကောင်း လုပ်ရမယ့်ကိစ္စ၊ တစ်ကယ် ဟုတ်မဟုတ်တော့ မသိဘူး၊ သတင်းထွက်လာတာ ကျနော်လည်းကြားပါတယ်"

အဲဒီကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ ညီမညီ ဆိုတာတွေကို လေ့လာဆန်းစစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ကြပါတယ်။

သူရဦးရွှေမန်းဟာ ကော်မရှင်ဥက္ကဌအဖြစ် လစာငွေမယူဘဲ တာဝန်ထမ်းဆောင် သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

RFA


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ မတ်လ ၁၈ ရက်ကရောက်ရှိစဉ် ဒေသခံများက ကြိုဆိုနေစဉ် (ဓာတ်ပုံ − အုန်းမြင့်)

ပြည်သူများစီးပွားရေး ပြေလည်ပါက အဆဲခံရလျှင် လည်း ကျေနပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်း မြင့်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားထားသည်။

မတ်လ ၁၈ ရက် သမ္မတ၏ ပူတာအိုခရီးစဉ်တွင် ဖုန်ကန်ရာ ဇီခန်းမ၌ တွေ့ဆုံပွဲမှ ပြောကြားချက်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဖော်ပြထားသည်။

‘‘ပြုပြင်ပြောင်းလဲမှုတွေ အ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် တွေအကြောင်း ငါးနှစ်တာအ တွင်း ဆောင်ရွက်ခဲ့တာတွေ ပြော မဆုံးပါဘူး။ ဒါပေမဲ့လည်း ပြည် သူတွေထဲက ကျေနပ်ကြသူတွေ၊ မကျေနပ်ကြသူတွေထဲက အဆိုး ရွားဆုံးတုံ့ပြန်မှုတစ်ခုက ကား တွေကျပ်လို့ အစိုးရကို ဆဲတာ မကြားဝံ့မနာသာပါပဲ’’ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုဝန် ကြီး ဦးအုန်းမြင့်၏ ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။

ဆက်လက်၍ ‘‘ကျွန်တော်ကတော့ ပြည်သူ့အသံကို နားစွင့်ရင်း သြော် ... ကားကျပ်တာ ကားတွေများလာလို့၊ ကားတွေများတာ ၀ယ်စီးနိုင်ကြလို့၊ ၀ယ်စီးနိုင်တာ စီးပွားရေး အဆင်ပြေလာလို့ ပြည်သူတွေ အစစအရာရာ အဆင်ပြေရင် အဆဲခံရတာ ကျေနပ်ပါတယ်’’ဟု သမ္မတဦးသိန်းစိန်၏ ဓာတ်ပုံနှင့်တကွ ဖုန်ကန်ရာဇီခန်းမတွင် တွေ့ဆုံပွဲ၌ ပြောကြားချက်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်စစ်ဆေးခဲ့ကြောင်းနှင့် ငါးနှစ်တာကာလအတွင်း အစိုးရ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ မှုများကို ရှင်းလင်းမှာကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများ က ထုတ်ပြန်ထားသည်။

7Day News Journal

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆော့ချောင်နှင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ၂၀၁၄ခုနှစ်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်)

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်ကုန်သွယ်မှုတွင် ပါဝင်မှုဖြင့် ဘလက်လစ်စာရင်းသွင်းကာ ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆော့ချောင်အား လူစားထိုးမည်ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှစကာ ပထမဆုံးသံအမတ်ကြီးအဖြစ် ကင်ဆော့ချောင်က ၂၀၀၇ ခုနှစ်မှစကာ တာဝန်ယူခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ကင်ဆော့ချောင်နေရာတွင် ဂျူဟိုဘွန်အား မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

“မြောက်ကိုရီးယားနိုင်ငံက သံအမတ်ကြီးကင်ကို ပြန်ခေါ်ဖို့ရှိပြီး မြန်မာအစိုးရသစ်နှင့် ဆက်ဆံရေးချောမွေ့စေရေးအတွက် သံအမတ်ကြီးသစ်ကို ခန့်အပ်သွားဖို့ရှိပါတယ်။”ဟု ဗြိတိန်နိုင်ငံ Royal United Service Institute မှ နျူကလီးယားမူဝါဒရေးရာ လက်ထောက်ညွန်ကြားရေးမှူးချုပ် အင်ဒရာအာဂါက NK News သို့ ပြောသည်။

ကုလသမဂ္ဂက မကြာသေးမီက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံပြဌာန်းလိုက်ခြင်းကြောင့် မြောက်ကိုရီးယားလက်နက်ကုန်သွယ်မှုတွင် ပါဝင်သူများအပေါ် ကုလအဖွဲ့ဝင်နိုင်ငံများက လက်မခံနိုင်ဖွယ်ဖြစ်လာသည်။

“မြန်မာနိုင်ငံက မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဟာ KOMID အတွက် အလုပ်လုပ်ပေးနေသူပါ မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။”အမေရိကန် ဘဏ္ဍာရေးဌာနက သတင်းထုတ်ပြန်သည်။

ကိုရီးယားသတ္တုတူးဖော်ကုန်သွယ်ရေးကော်ပိုရေးရှင်း KOMID သည် ဖျက်အားပြင်းဒုံးကျည်များနှင့် စစ်လက်နက်ပစ္စည်းများကို ကုန်သွယ်နေသည့် ကော်ပိုရေးရှင်းအဖြစ် သတ်မှတ်ခံထားရသည်။
Mizzima - News in Burmese

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်သည် ပြည်ထောင်စုအဆင့်နှင့် လျော်ညီခြင်းမရှိဟုဆိုကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တပ်မတော်အစုအဖွဲ့က တိုင်ကြားကန့်ကွက်စာ ပေးပို့ထားကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြော သည်။

“စာပို့တာတော့ဟုတ်တယ်၊ အမှန်က ပြည်ထောင်စုလွှတ်တော် နာယကထံ အရင်ပို့ရမှာ၊ သူတို့က ဟိုကိုတိုက် ရိုက်ပို့လိုက်တာ” ဟု ၄င်းကဖြည့်စွက်ပြောသည်။

ယခင် ပထမအကြိမ်လွှတ်တော်တွင် ပြည်သူ့လွှတ်တော်၌သာ ယင်းကော်မရှင်ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒုတိယအကြိမ်လွှတ်တော်မှသာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား အစုအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင်သည် ပြည်ထောင်စုအဆင့်နှင့် လျော်ညီခြင်းရှိ မရှိ မေးခွန်းမေးရန် တင်ပြခဲ့သော်လည်း ဥပဒေနှင့်မကိုက်ညီ၍ ပြည်ထောင်စုလွှတ်တော် နာယကမှ ပယ်ချခဲ့ကြောင်း သိရသည်။

ဥပဒေနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်တွင် အဖွဲ့ဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်က သူရဦးရွှေမန်းနှင့်အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဦးဇော်မြင့်ဖေ၊ ဦးစောလှထွန်း၊ ဦးကြည်သာ စသူတို့ ပါဝင်သည်။

ကိုပေါက်
The Ladies News Journal

အစိုးရသစ်လက်ထက် ဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များ၏ အမည် စာရင်းများ သတင်းထွက်ပေါ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးအဖြစ် NLD CEC တစ်ဦးဖြစ်သူ ဒေါက်တာမျိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေ (သံအမတ်ကြီးဟောင်း)၊ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာ ဦးဖေမြင့် တို့ သတင်းထွက် ပေါ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာမြင့်ထွေး(ဒေါက်ထွေး ဆေး/မန်း)၊ ပို့ဆောင်ရေးဝန်ကြီးအဖြစ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသန့်စင်မောင် (စာရေးဆရာ ကိုတာ၏ညီ)၊ ပညာရေးဝန်ကြီးအဖြစ် ပြည်သူ့လွှတ တော် ကိုယ်စားလှယ် ဒေါက်တာ အောင်သူ၊ ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးအဖြစ် ဦးစောမိုးမြင့် (သတ္တုတွင်း ဒု-ညွန်ကြားရေးမှူး အငြိမ်းစား)တို့လည်း သတင်းထွက်လျက်ရှိသည်။

ယခင် တပ်မတော်အစိုးရလက်ထက်တွင် ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီတွင်လည်း အရေးပါခဲ့သည့် ပုဂ္ဂိုလ်များလည်း ဝန်ကြီးနေရာများ ပါဝင်လာဖွယ်ရှိကြောင်းသိရသည်။

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး အဖြစ် သူရဦးအောင်ကို ဖြစ်ပြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး အဖြစ် ဦးကြည်သာ(လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား) ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်မှ အချို့ပုဂ္ဂိုလ်များလည်း အစိုးရအဖွဲ့တွင် ပါဝင်လာ ဖွယ်ရှိကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦးက သတင်းထွက်နေပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးအောင်ကြည်ညွန့်က သတင်းထွက်ပေါ်လျက်ရှိသည်။

ကိုပေါက်
The Ladies News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး၊ သတင်းထုတ်ပြန်မှုအပိုင်းတွေမှာ လတ်တလော အားနည်းချက်တွေရှိနေပြီး၊ အစိုးရဖွဲ့စည်းပြီးရင်တော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ NLD ဗဟိုကော်မတီအဖွဲ့ဝင်နဲ့ NLD ဗဟို ပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောကြားလိုက်ပါတယ်။ NLD ပါတီကထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်တာဝန်ခံလည်းဖြစ်သူ စာရေးဆရာကြီး မုံရွာအောင်ရှင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA

 
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို တွေ့ရစဉ်။
NLD အစိုးရသစ်မှာ တာဝန်ပေးအပ်မယ့် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ခန့်အပ်မယ့် ဝန်ကြီးချုပ်တွေ နေပြည်တော်ကို ရောက်နေတယ်ဆိုတဲ့ သတင်းတွေအပါအဝင် သတင်းသမားတွေ လက်ရှိနေပြည်တော်မှာ သတင်းရယူနေကြရတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ Frontier Myanmar သတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် အကြီးတန်းသတင်းထောက် ဦးစိုးသန်းလင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို တွေ့ရစဉ်။ Photo: Satt Paing Toe/ RFA
ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတွေစာရင်းကို လာမယ့်သီတင်းပတ် ထဲမှာ ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြော ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံတော် သမ္မတက သူရွေးချယ်ထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းဒေသ ကြီး ပြည်နယ်အစိုးရအဖွဲ့ ရွေးချယ်မှုအစီအစဉ်တွေကို ဒီကနေ့ နေပြည်တော်က စည်ပင်ရိပ်သာ မှာ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးဦးရေ၊ ဝန်ကြီးဌာနအရေအတွက် ဘာဝန်ကြီးဌာနတွေဆိုတာ ပြောပြီး ပြီဆိုလို့ရှိရင် ၂၁ ရက်နေ့ကျလို့ရှိရင် သူ့အစီအစဉ်နဲ့ သမ္မတ ဘာကြောင့်ဒီလိုပြောတယ်ဆိုတာ ရှင်းလိမ့်မယ် အစီအစဉ်အရ၊ အဲ့ဒါပြီးလို့ရှိရင် ဝန်ကြီးတွေ အမည်နာမပါလိမ့်မယ်၊ ပြီးလို့ရှိရင် တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတက အမည်စာရင်း တင်သွင်းမယ့် ဝန်ကြီးချုပ်ဟာပြီးပြီ၊ ပြီးလို့ရှိရင် ဝန်ကြီးချုပ်တွေကနေတင်တဲ့ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အဲ့ဒါတွေက တဆင့်ချင်းလာမှာ၊ အဲ့ဒါတွေပြီးပြီဆိုလို့ရှိရင် သမ္မတ ကျမ်းကျိန်မယ့်နေ့ပဲ၊ သမ္မတ ကျမ်းမကျိန်ခင် ဒါတွေအကုန်ပြီးသွားမှာ တဆင့်ချင်း တဆင့်ချင်း ဒါကအခြေခံဥပဒေနဲ့ ရေးထားတဲ့အတိုင်း တဆင့်ချင်းသွားမှာပဲ၊ တစ်ခါတည်း တပြိုင်နက်တည်း မထုတ်ပြန်ဘူး"

ရွေးချယ်ထားပြီးဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ ဒီကနေ့ တွေ့ဆုံတယ်လို့ သတင်းတွေထွက်ပေမယ့် ဒေါက်တာဇော်မြင့်မောင်ကတော့ သီးခြား အတည်ပြုတာ မရှိပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း သာ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အန်အယ်လ်ဒီအစိုးရက ခန့်အပ်မယ့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေသူတွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း ၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု စတဲ့ပုဂ္ဂိုလ်တွေကတော့ နေပြည်တော်ကို လာရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန် စတော့ခ်ရှယ်ယာ အိပ်ချိန်းက အရောင်းအဝယ်တွေ မတ်လ ၂၅ရက်နေ့မှာ စမယ်။
မြန်မာနိုင်ငံမှာ စတော့ခ် ရှယ်ယာ အရောင်းအဝယ် လုပ်ငန်းတွေ လာမယ့် မတ်လ ၂၅ရက်နေ့မှာ စတင်တော့မှာပါ။

ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြားခံ ဆောင်ရွက်ပေးမယ့် ကုမ္ပဏီတွေလည်း စတင် ဖွင့်လှစ်နေပြီ ဖြစ်ရာမှာ အဲဒီထဲက တခုဖြစ်တဲ့ CB Securities Limited ကုမ္ပဏီကတော့ ဒီကနေ့ မတ်လ ၁၉ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ရှယ်ယာ ရောင်းဝယ်လိုသူ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အဲဒီ ကုမ္ပဏီတွေနဲ့ Securities Trading Account ဖွင့်ဖို့ လိုပြီး အဲဒီ Account ရှိသူ မှန်သမျှ ရန်ကုန် စတော့ခ် အိပ်ချိန်းပေါ်မှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို အဲဒီ Securities ကုမ္ပဏီတွေကနေ တဆင့် ရောင်းနိုင် ဝယ်နိုင်မှာ ဖြစ်ပါတယ်။

စတော့ခ် ရှယ်ယာစနစ်ထဲ ဝင်ပြီး ငွေကြေးခဝါချမှုမျိုးတွေ လုပ်လာတာမျိုး မဖြစ်အောင် စည်းမျဉ်း ကန့်သတ်မှုတွေ သတ်မှတ်ထားသလို Securities ကုမ္ပဏီတွေအနေနဲ့လည်း ကိုယ့်ဖောက်သည် ရင်းနှီးမြှုပ်နှံသူရဲ့ အကြောင်းကို အသေအချာ သိထားအောင် လုပ်ရတာမျိုးတွေ ရှိတယ်လို့ CB Securities Limited ကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ဉီးသောင်းဟန်က ဘီဘီစီကို ပြောပါတယ်။

လူတယောက်ကို ကျပ်ငွေ သိန်း၁၀၀ အထက် ရှယ်ယာ ဝယ်ယူတယ် ဆိုရင်တော့ သတင်းပို့ရမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အိပ်ချိန်း စနစ်ကြီး စနစ်တကျ ပေါ်ပေါက်လာပြီ ဖြစ်သလို ဂျပန်နိုင်ငံကလည်း လိုအပ်တဲ့ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ အကူအညီတွေ ပေးပြီး Shares holder အနေနဲ့ လုပ်နေပြီ ဖြစ်တဲ့အတွက် အရင် အတိတ်ကာလကလို ငွေရင်းနှီးမြှုပ်နှံသူတွေအတွက် ဆုံးရှုံး နစ်နာမှုတွေ ဖြစ်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


မနှစ် နိုဝင်ဘာလတုန်းက လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူအဖြစ် အဓိက မသင်္ကာရသူဟာ ဘောလုံးကွင်းအပြင်မှာ သူ့ကိုယ်သူ အသေခံဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ပြောင်းသွားခဲ့တယ်လို့ ပြင်သစ် အစိုးရရှေ့နေက ပြောပါတယ်။

Salah Abdeslam ကို Brussels မြို့ ဆေးရုံက ပေးဆင်းလိုက်ပြီးတဲ့နောက် စနေနေ့က အကျဉ်းထောင်ကို ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူနဲ့ မသင်္ကာရသူ အပေါင်းပါ နောက်တဦးတို့ရှိရာကို Belgium ရဲတပ်ဖွဲ့က ၀င်ရောက် စီးနှင်းစဉ် ၂ ဦးစလုံး ထိခိုက်ဒဏ်ရာရသွားပြီး နောက်တနေ့မှာ အခုလို အကျဉ်းထောင်ကို ပို့လိုက်တာ ဖြစ်ပါတယ်။


ဘောလုံးကွင်းအပြင်မှာ သူ့ကိုယ်သူ အသေခံ ဖောက်ခွဲမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်ဆိုတဲ့ Abdeslam ရဲ့ ထွက်ဆိုမှုကို သတိထားပြီး လက်ခံရမယ်လို့ ပြင်သစ်အစိုးရရှေ့နေ Francois Molins က ပြောပါတယ်။ ပဲရစ်မြို့က တိုက်ခိုက်ခြင်းမခံရတဲ့ နေရာတွေမှာ Abdeslam ကို တွေ့ခဲ့ရတယ်လို့လည်း အစိုးရရှေ့နေက ပြောပါတယ်။

အဲဒီ မသင်္ကာခံရသူ Salah Abdeslam ရဲ့ ရှေ့နေ Sven Mary ကတော့ သူ့ရဲ့ အမှုသည်ဟာ Belgium ရဲတပ်ဖွဲ့နဲ့ လိုက်လျော ဆောင်ရွက်ပေးမှာ ဖြစ်ပေမဲ့ ပြင်သစ်နိုင်ငံကို ပြည်နှင်ဒဏ်ပေးမယ့်ကိစ္စကို ဆန့်ကျင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Interpol - နိုင်ငံတကာ ရဲတပ်ဖွဲ့ကလည်း Abdeslam ရဲ့ အပေါင်းပါတွေ ဥရောပတိုက်ထဲက ထွက်ပြေးဖို့ ကြိုးစားနိုင်ခြေရှိတာကြောင့် အစိုးရတွေအနေနဲ့ နယ်ခြားဒေသတွေကို အထူးသတိထား စောင့်ကြည့်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဘယ်လ်ဂျီယံ အာဏာပိုင် တွေ ရဲ့ စစ်ဆေး မေးမြန်း နေတာကို Salah Abdeslam ပူးပေါင်း ကူညီ နေ။
ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့ မှာ ပြီးခဲ့တဲ့ သောကြာနေ့ က ဖမ်းဆီး မိထားတဲ့ Salah Abdeslam ဟာ အရင်နှစ် နိုဝင်ဘာ လ တုန်းက လူပေါင်း ၁၃၀ သေဆုံး စေခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှု တွေ ထဲ အဓိက နေရာက ပါဝင်သူ ဖြစ်တယ် လို့ ပြင်သစ် အာဏာပိုင် တွေက ပြောပါတယ်။

Salah Abdeslam ဟာ ပဲရစ်မှာ အသေခံ ဗုံးခွဲခဲ့ကြ တဲ့ အဖွဲ့တွေ ကို စီမံ ခန့်ခွဲ ခဲ့တဲ့ အပြင်၊ တိုက်ခိုက် မှု တွေ အတွင်း လိုအပ် တဲ့ ပစ္စည်း ပစ္စယ တွေ ပံ့ပိုး တပ်ဆင် ပေးရာ မှာပါ အဓိက ကျသူ ဖြစ်တယ်လို့ ပြင်သစ် အစိုးရ ရှေ့နေက ပြောပါတယ်။

သူကိုယ်တိုင် အသေခံ ဗုံးခွဲဖို့ ပြင်ဆင် ထားပေမယ့် အသေခံ ဗုံး ခါးပတ် ကို ကိုယ်က ဖြုတ်ပြီး စွန့်ပစ် ခဲ့တယ် လို့ Salah Abdeslam က ထွက်ဆို ထားတယ် ဆိုပြီး အဲဒီ့ ပြင်သစ် အရာရှိက ဆိုပါတယ်။

ဘယ်လ်ဂျီယံ အာဏာပိုင် တွေ ရဲ့ စစ်ဆေး မေးမြန်း နေတာကို Salah Abdeslam ပူးပေါင်း ကူညီ နေတယ် ဆိုပြီး သူ့ရဲ့ ရှေ့နေ က အစောပိုင်းတုန်းက ပြောထားပါတယ်။

ဒါပေမယ့် ပြင်သစ် နိုင်ငံ ကို လွှဲပြောင်း မပေးဖို့ ဥပဒေကြောင်း အရ ရင်ဆိုင် သွားမယ်လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


အီဂျစ်နိုင်ငံ Saini ကျွန်းဆွယ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တခုကို အစ္စလာမ်စစ်သွေးကြွတွေက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးသွားတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

မြောက် Saini ကျွန်းဆွယ်ရဲ့ ခရိုင်မြို့တော် El-Arish မှာရှိတဲ့ အဲဒီ စစ်ဆေးရေးဂိတ်ကို မော်တာတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆေးရေးဂိတ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားဗုံးနဲ့ အသေခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီလတုန်းကလည်း El-Arish မြို့လယ်ခေါင်မှာ စစ်သွေးကြွတွေက အလားတူ တိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့တဲ့အတွက် အနဲဆုံး ၅ ဦး သေဆုံးခဲ့တာပါ။

Saini ဒေသမှာ လွန်ခဲ့တဲ့ နှစ်အနဲငယ်ကတည်းက အစ္စလာမ်မစ် သောင်းကျန်းသူတွေရဲ့ လှုပ်ရှားမှု အတန်အသင့် ရှိခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်အတွင်း မြို့တော် ကိုင်ရိုနဲ့ တခြားဒေသတွေမှာ လူထု ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အစ္စလာမ်ဝါဒီ သမ္မတ Mohammed Morsi ကို စစ်တပ်က ရာထူးကဖြုတ်ချပြီးတဲ့နောက်မှာ အရှိန်မြင့် ဖြစ်ပေါ်လာခဲ့တာပါ။

အဆိုးရွားဆုံး တိုက်ခိုက်မှုကတော့ မနှစ် အောက်တိုဘာလတုန်းက ရုရှားပိုင် လေကြောင်းလိုင်းတခုကို စစ်သွေးကြွတွေက ပစ်ချလိုက်တဲ့အတွက် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Saini အခြေစိုက် IS အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အီရတ်နိုင်ငံ Makhmour မှာ စနေနေ့က IS အစွန်းရောက် စစ်သွေးကြွတွေရဲ့ ရော့ကက်လောင်ချာနဲ့ ပစ်ခတ်မှုအတွင်း အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် တော်တော်များများလည်း ဒဏ်ရာတွေ ရရှိခဲ့ကြောင်း - အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုအတွင်းမှာ အီရတ်စစ်သား ၃ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Makhmour မှာ အခြေစိုက်တဲ့ ကာဒ် ပရှ်မက်ဂါ တပ်ဖွဲ့ဝင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

၂၀၁၄ ခုနှစ်က IS အဖွဲ့ လက်ထဲကနေ ကာဒ် ပရှ်မက်ဂါ တပ်ဖွဲ့တွေ ပြန်လည် သိမ်းယူထားခဲ့တဲ့ Makhmour ဒေသဟာဆိုရင် အချိန်အတော်ကြာကတည်းက ကတိပြုထားတဲ့ မိုဆူးမြို့သိမ်း တိုက်ပွဲဆင်နွှဲဖို့ အီရတ်နဲ့ ပရှ်မီဂါတပ်ဖွဲ့တွေ ဆုံဆည်းတဲ့ နေရာတခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကတော့ Makhmour ဒေသကို မကြာသေးခင်ကမှ ပြောင်းရွှေ့အခြေစိုက်တဲ့ အီရတ်တပ်ဖွဲ့တွေနဲ့အတူ လက်တွဲ လုပ်ဆောင်နေတာဖြစ်ပြီး၊ မကြာခဏ ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ဒေသတခုလည်း ဖြစ်လာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးဌာန (၃၆) ခုနဲ့ ဝန်ကြီးဦးရေ (၁၀၀) လောက်ခန့်ထားပြီး ပြည်သူ့ဘဏ္ဍာတွေကို (ဝါးစေ=ဝေစား) လုပ်ခဲ့ကြတဲ့ကာလ ကုန်ဆုံးတော့မယ်ဗျ။ အစိုးရသစ် လက်ထက်မှာ ဝန်ကြီးဌာန (၂၁) ခုပဲထားပြီး ဝန်ကြီးဦးရေတွေ လျှော့ချလိုက်တာကြောင့် ဝန်ကြီး တွေကို ပေးထား ကျွေးထားရတဲ့ လစာငွေ ကျပ်သိန်းပေါင်း (၃၂,၄၀၀) သက်သာသွားမယ်ဗျာ။ သူတို့ကို ပေးထားရတဲ့ အဆောင်အယောင်တွေ၊ တပည့်တပန်းတွေ၊ ဝန်ထမ်းတွေ စရိတ်ပါ ထည့် တွက်ရင် မြန်မာနိုင်ငံမှာ ယိုပေါက်တွေကို ပိတ်လိုက်သလိုဖြစ်သွားတော့မယ်။

အစိုးရသစ်က တက်လာလာချင်း ယခင်ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ရဲ့ ဆင်သတ်အရပ်ဝေတဲ့ကိစ္စတွေကို ပြောင်မြောက်စွာစတင်ကိုင်တွယ်လိုက်တာကတော့ အလွန်ချီးကျူးလေးစားဖွယ်လုပ်ဆောင်မှု တစ်ခု ပေါ့။ မြန်မာပြည်အနာဂတ်ကို အရပ်သားတွေ စတင်ပုံဖော်နေပြီ သတိသာထားကြပေတော့။

အစိုးရသစ်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဆက်ထားဦးမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကြိုဆို ရမှာက “ပြန်ကြားရေးဝန်ကြီးဌာနဟာ အစိုးရဝါဒဖြန့်ချိဖို့သက်သက်ထားမှာမဟုတ်” ဆိုတဲ့ သတင်း ပဲဗျ။ ကိုင်း နှစ်ပေါင်းများစွာ အစိုးရသတင်းစာ၊ အစိုးရရုပ်သံဆိုပြီးတော့ နိုင်ငံတော် အကြီးအကဲတွေ အိမ်သာတက်တာကလွဲပြီး မျက်နှာဖုံးသတင်းတွေနဲ့ အသားပေးဖော်ပြနေတဲ့ခေတ် တစ်ခန်းရပ်ပြီပေါ့။ ဘိုင်း … ဘိုင် … ပြန်ဝန် ဦးရဲထွဋ် …

ဦးရဲထွဋ်ဆိုလို့ မတ်လ ၂၆ ရက်နေ့မှာ ကျင်းပမယ့် လူငယ်ဖိုရမ်တစ်ခုမှာ ပြန်ဝန်ကိုယ်တိုင်တက်မယ်၊ လူငယ်တွေ မေးခွန်းမေးနိုင်တယ်တဲ့။ ဟဲ့ … လူငယ်တို့ ဦးရဲထွဋ်ကို ဘယ်လို မျှော်လင့်ချက်တွေနဲ့ မေးခွန်းတွေ မေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်မယ်ထင်လို့ မေးခွန်းတွေ မေးကြမလဲ။ ဟိုမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် အနာဂတ်ပျောက်တော့မှာ ကို မေးခွန်းတွေ မေးရင်ညှာညှာ တာတာလေး မေးကြပါ။ သူ့ကို မျက်ရည်ကျအောင်တော့ မလုပ်မိပါစေနဲ့။

အစိုးရသစ်လက်ထက်မှာ သမဝါယမဝန်ကြီးဌာန ပျောက်တော့မယ်။ ဦးနေဝင်းလက်ထက်က တည်းက သားဝမယားဝလုပ်လာခဲ့တဲ့ ဌာနကြီးတစ်ခု ပျောက်တော့မယ်ဆိုတာကတော့ လုံးဝမရှိသင့်၊ ခေတ်နဲ့လည်း မလျှော်ညီတော့တဲ့ ဝန်ကြီးဌာနတစ်ခုကို လက်စတုံးနိုင်ခဲ့တာဖြစ်လို့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ … ဒါပေမဲ့ … ဝန်ကြီး ဦးကျော်ဆန်းရဲ့ ရှုပ်ခဲ့သမျှချည်လုံးကြီးကို ဘယ်သူကူလို့ ရှင်းကြမလဲ။ အကြွေးတွေ … အကြွေးတွေ ဘယ်သူ ဆပ်ကြမလဲ ?

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းကတော့ အလွန်လှတဲ့ အကွက်လေးတစ်ကွက်ကို ရွှေ့လိုက်တာပဲလို့ ယူဆရသဗျ။ စစ်တက္ကသိုလ်လောက်ကို ကမ္ဘာ့တက္ကသိုလ်လောက် ထင်နေတဲ့ သူတွေနဲ့ Oxford ကျောင်းထွက်ရဲ့ ဉာဏ်ရည်တိုက်ပွဲကို ဆက်လက်ရှုစားကြပါဗျာ။

ဒီနေ့အတွက် သတင်းခေါင်းစဉ် ဤမျှပင်။

၁၉.၃.၂၀၁၆
Copy From
Tin Nyunt

မဇ္ဈိမလှိုင်းတေးဂီတနှင့် ပန်းရဲ့လမ်း ပရဟိတဂီတအဖွဲ့အစည်းကို ဦးစီးပဲ့ကိုင်သူ ကိုရဲလွင်၏ ဂီတနှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အား မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲကို “ ခရမ်းပြာဘ၀ . . . ခရမ်းပြာည …”ခေါင်းစဉ်အမည်ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ၎င်းပွဲတွင် အနုပညာရှင်များဖြစ်ကြသော စိုးပိုင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ခိုင်ထူး၊ ဂျေမောင်မောင်၊ ကိုင်ဇာ၊ မွန်းအောင်၊ ဇော်ဝင်းထွဋ်၊ တူးတူး၊ သားထွေးနှင့် ပန်းရဲ့လမ်း၊ စိုးစိုး၊ စံလင်း၊ နိုင်မင်း၊ စိုးထက်၊ ကျော်မောင်မောင်ထွေး၊ ကိုထွဋ်ဆူမို၊ မီမီဝင်းဖေနှင့် သျှီတို့ ပါဝင်ကြမည် ဖြစ်သည်။

၎င်းပွဲကို လူတန်းစားမရွေးကြည့်ရှုနိုင်ရန် ၀င်ကြေးအခမဲ့ဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ အဆိုပါပွဲကို ညနေ ၆ နာရီတွင် စတင်ဖျော်ဖြေမည်ဖြစ်သည်။ အဆိုပါပွဲမှ ရရှိသော အလှူငွေများကိုလည်း (HIV/AIDS) ရောဂါဝေဒနာရှင်များအား ကူညီထောက်ပံ့သော အဖွဲ့အစည်းသို့ လှူဒါန်းသွားမည်ဖြစ်သည်။

လင်းအိမ်ထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဗမာ့ရိုးရာ စာပေသင်ကြားရေးဟာ ဘုန်းကြီးကျောင်းသင်ကြားရေးဖြစ်တယ်။ ဘုန်းကြီးကျောင်းဆိုတော့ ဗုဒ္ဓ သာသနာရဲ့ဆက်သွယ်ရေး မီဒီယာဖြစ်တဲ့ ပါဠိကိုသုံးတော့တာပေါ့။ ပါဠိဆိုတော့ သရ ၈ လုံး၊ ဗျည်း ၃၃ လုံး ဆိုတဲ့ အက္ခရာ ၄၁ လုံးကို အခြေခံတော့တာပေါ့။ (အက္ခရာပါဒယော ဧကစတ္တာ လီသံ- အစတဲ့ အက္ခရာက ၄၁ လုံး။ ကစ္စည်းသဒ္ဒါကျမ်း။) အဲဒီတင် တိဘက် ဗမာစကားတခုဖြစ်တဲ့ ဘာသာစကားကို အိန္ဒ ဥရောပဘာသာ စကားရဲ့ သဒ္ဒါပုံစံထဲ ရိုက်သွင်းလိုက်တော့ အကုန်ကိုးရိုးကားရားတွေ ဖြစ်ကုန်တော့တာပါပဲ။
ကျွန်တော်တို့ဘာသာ စကားမှာမပါရှိတဲ့ အသံတွေကို အပိုအဖြစ်အလုပ်ရှုပ်ခံ ကျက်မှတ်နေရတယ်။ ဃ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ။ စာလုံး ပေါင်းမှန်အောင် ကြိုးစားအားထုတ်နေရတယ်။ တကယ်မှာ ဗမာစကား စစ်စစ်ကို ရေးချဖို့ အတွက် အက္ခရာ ၁၉ လုံးပဲလိုတယ်။ က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ အ။

စကားသံတွေမှာ အသံအိုးပေါက်ကို တိုးထွက်လာတဲ့အသံကို ဃောသအသံလို့ခေါ်ပြီး အလွယ်တကူ ထွက်လာ တဲ့အသံကို အဃောသ အသံလို့ခေါ်တယ်။ က၊ ခဟာ အဃောသဖြစ်ပြီး ဂ၊ ဃဟာ ဃောသသံ ဖြစ်တယ်။ ဗမာ အရေးအသားမှာ ဒီနှစ်ခုကို ခွဲခြားရေးစရာ မလိုဘူး။ ဖတ်တဲ့လူက အလိုလိုကြည့်ကျက်ဖတ်သွားတတ်တယ်။ ဒါကြောင့် ဗမာစာရေးရာမှာ ဃောသစာလုံးတွေ ဖြုတ်ပစ်နိုင်တယ်။ ကျောက်စာမှာ ဒေ၀ဒတ်ကို 'တေ၀တတ်' လို့ရေးတာ တွေ့ဖူးတယ်။

ဗမာစကားဟာ အဃောသကို ဃောသလုပ်ပြီး ရွတ်ဆိုချင်တဲ့ သဘောအင်မတန်ဆောင်တယ်။ ပုဂံကို 'ဘဂံ'လို့ ရွတ်ဆိုတယ်။ ပဲခူးကို 'ဘဂိုး'လို့ ဆိုတယ်။ 'စစ်ကိုင်းကို ဇဂိုင်း'လို့ ဆိုကြတယ်။ ပုစွန်တောင်ကို 'ဘဇွန်ဒေါင်'လို့ ရွတ်ကြတယ်။ သွားကြပါပီကို 'သွားဂျဘာဘီ'လို့ ပြောကြတယ်။ အဲသလို အသံမပြောင်းလဲတဲ့စကားတွေကို အထူးသတိပြု မှတ်သားသင့်တယ်။ တိုင်းပြည်(တိုင်းဗြီမဖြစ်)၊ စာပေ (စာဘေမဖြစ်)။

အဲဒီတော့ ဗမာစာရေးရာမှာ ဃောသစာလုံးတွေ ဖြုတ်ပစ်နိုင်တယ်။ က၊ ခ၊ င ပဲလိုတယ်။ ဂ၊ ဃ မလိုဘူး။ အလားတူ စ၊ ဆ၊ ည ဆိုရင် တော်ပြီ။ ဇ၊ ဈ မလိုဘူး။ တ၊ ထ၊ န ဆိုတော် ပြီ။ ဒ၊ ဓ မလိုဘူး။ ပ၊ ဖ၊ မ ဆိုရပြီ။ ဗ၊ ဘ မလို။ ဒါကြောင့် ဗမာစကားအတွက် အက္ခရာ ၁၉ လုံးပဲ လိုအပ်တယ်။ ဒါပေမဲ့ တွင်ကျယ်နေပြီဖြစ်တဲ့ ပါဠိ သက်စကားလုံးတချို့ကို ရေးသားဖို့အတွက် အက္ခရာတချို့ကတော့ ဆက်လက်ထိန်းသိမ်းထားရဦးမှာပါပဲ။ ဥပမာ ပါဠိအတွက် ဠ။ ဒါပေမဲ့ ဒါမျိုးကိုလည်း စာလုံးပေါင်းပြင်ရေးပြီး တဖြည်းဖြည်းနဲ့ ဖြုတ်ယူနိုင်ပါလိမ့်မယ်။ ဥပမာ ပါလိပေါ့။ အာလာဝကပေါ့။ သီရိလင်္ကာကို သီဟိုဠ်ရေးနေတာကိုလည်း စာရေးသူတော်တော်များများက ဠဖြုတ်ပြီး ရေးနေကြပါပြီ။ သီဟိုကျွန်း။ သူ့နာမည်ကိုသုံးတဲ့ သရက်သီးကိုတောင် သီဟိုသရက်သီး ရေးနေကြ ပါတယ်။

အဲဒီတော့ သူငယ်တန်းမှာ ကျွန်တော်တို့ကလေးတွေ သင်ယူရမယ့် ကကြီး၊ ခခွေးဟာ ဟောသလိုဖြစ်မယ်။
က၊ ခ၊ င၊ စ၊ ဆ၊ ည၊ တ၊ ထ၊ န၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ အ
ဂငယ်မရှိတော့တဲ့အတွက် ကျပန်ပြည်၊ ကျာနယ်စာစောင်၊ ကြိုဟ်တု၊ ကျင်းစိမ်း၊ ကရုစိုက် စသဖြင့် ဖြစ်မယ်။
ဇ၊ ဈ မရှိတော့တဲ့အတွက် ဇီးကွက်ကို စီးကွက်၊ဈေးကို ဆေး၊ ဇော်ဂျီကို စော်ကျီ၊ ဇာက်ကို စက်၊ ဇာတ်လမ်းကို စတ်လမ်း။

ဒ၊ ဓ မရှိတော့တဲ့အတွက် ဒီမိုး ဒီလေကို သည်မိုး သည်လေ၊ ခိုးသားဓားပြကို ခိုးသားထားပြ။
ဗ၊ ဘ မရှိတော့တဲ့အတွက် ဗလာမဲကို ပလာမဲ၊ ဗိုလ်ပါကို ပိုလ် ပါ၊ ဗလက္ကာယကို ပလက္ကာယ။

ယ/ရ ဟာ ဗမာစကားမှာ တော့ တသံတည်းပါပဲ။ ဒါပေမဲ့ ပါဠိ အင်္ဂလိပ်စတဲ့ နိုင်ငံခြားစကား မှာတော့ ကွဲပြားရမှာ ဖြစ်တဲ့အတွက် ဗမာစကားထဲမှာ ပါဠိအင်္ဂလိပ်ပါလာခဲ့ရင် ကွဲကွဲပြားပြားရေးပြဖို့လို ပေလိမ့်မယ်။ 'ယ'က Y သံဖြစ်ပြီး ရက R သံ ဖြစ်တယ်။ ပါဠိ 'အရိယာ'ကို ရေးရင် 'အယိယာ' ဖြစ်မသွားဖို့ သတိရှိရမယ် (အမှန် ariya)။ အလားတူ အင်္ဂလိပ် york ကိုရေးရင် 'ရော့က်' ဖြစ်မသွားဖို့ သတိပြုရမယ်။ အမှန် 'ယော့ခ်'လို့ ဖြစ်ရမယ်။ တေးဂီတ rock ကိုရေးရင် ရော့က် ဖြစ်ရမယ်။ ယောက် မဖြစ်စေရ။

ဗမာစကားမှာ နှာခေါင်းသံကလွဲလို့ အဆုံးဗျည်းတွေကို အသံထွက်လေ့မရှိဘူး။ ဥပမာ အင်္ဂလိပ်လ March ကို မတ်ပဲ ခေါ်နေကြတယ်။ နိုင်ငံခြားနဲ့ အဆက်အသွယ်များလာတဲ့ ကနေ့လိုခေတ်မှာတော့ မာခ်ျလို့ ကြိုးစားရေး သင့်ပြီ။ ဗမာစကားထဲရောက်သွားပြီဖြစ်တဲ့ မတ်လကိုတော့ ထားလိုက်ပါတော့။ ကျန်နိုင်ငံခြားစကားသစ်တွေ ကို ဗမာစကားထဲ ငှားသုံးမယ်ဆိုရင် သူမူရင်းအသံနဲ့ နီးနိုင်သလောက်နီးနီး တုပရေးရမယ်။ ဒါမှမဟုတ် ရှေးမြန်မာကြီးများ europe ကို 'ဥရောပ' လုပ်သလိုမျိုး မြန်မာဇာတ်သွင်းပစ်ရမယ်။ Technology ကို တက်ခနော်လော်ဂျီ ဒါမှမဟုတ် တက်ခနိလောဂ။

Classic ကို ဗမာလို အက္ခရာဖလှယ်မယ်ဆိုပါတော့ ကလာဆစ်လို့တင် ပညာမဲ့ အရပ်သားရေးသလို မရေးဘဲ အဆုံးသတ်ဗျည်းအရေးပါပုံကို သတိပြုကာ ကလာဆစ်က် ဒါမှမဟုတ် ကလာဆိကလို့ ရေးတာကမှ ဘာသာ စကားသဘောအရ မှန်ကန်ပေလိမ့်မယ်။ အလားတူ Physic ကိုရေးရင်လည်း ဖီးဆစ်ဆိုရုံနဲ့မပြီး နောက်ဆုံး ခသံပါမှ အဓိပ္ပာယ် ပြည့်စုံမယ်။ ဒါကြောင့် ဖီးဆစ်က် ဒါမှမဟုတ် ဖီးဆိကလို့ ရေးရမယ်။ ဒါမှ အဓိပ္ပာယ်ပြည့်စုံ တယ်လို့ သိရမယ်။
အထူးသဖြင့် အင်္ဂလိပ်နောက်ဆက် ic ဟာ ပါဠိနောက်ဆက် -ိက (သံဃိက၊ ဓမ္မိက၊ စေတသိက) နဲ့ ရုပ်ရော၊ အဓိပ္ပာယ်ပါတူတာကို သတိရှိရမယ်။ အင်္ဂလိပ်-ပါဠိ နှစ်ခုစလုံးဟာ အိန္ဒဥရောပ ဘာသာတွေ ဖြစ်ကြပေသကိုး။

ဗမာစကားစစ်စစ်ဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း ပါဠိသံတွေမပါတဲ့အတွက် ဃ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ တို့ လုံးဝ မလိုပါဘူး။ ဒါကြောင့် မူလတန်းက ကလေးတွေ လုံးဝသင်စရာမလိုဘူး။ မူလတန်းလွန်-တက္ကသိုလ်အဆင့်တို့ ကမှ လိုမှာဖြစ်တယ်။ ဒါလည်း ဗဟုသုတအဖြစ် လိုရမယ်ရသိထားရင်တော်ပါပြီ။ ပေါရာဏစကားလုံးတွေလို ခက်ဆစ်အဓိပ္ပာယ်အဖြစ် မှတ်ထားရင်ရပါတယ်။ တကူးတက သင်ပေးစရာမလိုပါ။ ဒီအက္ခရာတွေကို မူလတန်း ကလေးတွေတင် မလိုတာမဟုတ်၊ အထက်တန်း-တက္ကသိုလ် ကလေးတွေလည်း ကျက်မှတ်စရာမလို - ဖတ်တဲ့ စာထဲတွေ့မှ ခက်ဆစ်အဓိပ္ပာယ်အဖြစ် ခရီးသွားဟန်လွဲ မှတ်လိုက်ရင်တော်ပါပြီ။

ဒါကြောင့် ကလေးတွေကို ဗမာစာသင်ရင် ပါဠိသုံးဗျည်း ၃၃ လုံးကို အချိန်ကုန်ခံသင်မပေးဘဲ ဗမာစကား အတွက် လိုအပ်တဲ့ ၁၉ လုံးကိုသာ သင်ပေးဖို့လိုပေလိမ့်မယ်။ ဗျည်း ၃၃ လုံးပါတဲ့ သင်ပုန်းကြီးကို ဘုန်းကြီး ကျောင်းအတွက်ထားလိုက်ပါ။ အစိုးရကျောင်းတွေအတွက်ကိုတော့ ၁၉ လုံးသာပါတဲ့ ဖတ်စာများ ထုတ်ဝေပြီး သင်ကြားပေးဖို့ လိုပါလိမ့်မယ်။ အထက်တန်းရောက်မှသာ ဘုန်းကြီးကျောင်းမှာဖြင့် ပါဠိ စာဖတ်နိုင်ဖို့အတွက် ဒီလို ဒီလို အက္ခရာတွေ သင်ကြားရကြောင်း ဗဟုသုတအဖြစ် ဆရာ၊ ဆရာမများက ကလေးတွေကို ပြောပြ ရမယ်။

ဒီလိုဆိုရင် ကျွန်တော်တို့ကလေးတွေ ဗမာစာသင်တဲ့အခါ အချိန်အများကြီးသက်သာပြီး စာရေးစာဖတ် ခါတိုင်း ထက် ပိုမိုသွက်သွက်လက်လက် မြန်မြန်ဆန်ဆန် တတ်လာကြလိမ့်မယ်ဆိုတာ မြေကြီးလက် ခတ်မလွဲဖြစ်ပါ လိမ့်မယ်။

မောင်သာနိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

NLD က တင်မြှောက်သော သမ္မတ နှင့် ဒုတိယ သမ္မတတို့အား တပ်မတော်က မထောက်ခံဘူးဟု ဆိုနိုင်ပါသည်။ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှ ပူးပေါင်း ဆောင်ရွက်မည့် သဘော ကြေညာချက် ထွက်လာသည်။ သမ္မတဦးထင်ကျော်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့အား သမ္မတလောင်း အရည်အချင်းနှင့် ကိုက်ညီမူရှိမရှိ စိစစ်ရာတွင် တပ်မတော်သား အစုအဖွဲ့က ဦးထင်ကျော်အား ထောက်ခံခြင်း ကန့်ကွက်ခြင်းမပြုပေ။ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကိုမူ ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် ရှေ့ဆက်ရမည့် ခရီးတွင် အရပ်သားအစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးမှာ အားပြိုင်မှုများ ပွတ်တိုက်မှုများ ထိပ်တိုက်တွေ့စရာတွေ များရှိလာလေတော့မလား ဆိုသည်မှာ နိုင်ငံရေး လေ့လာသူများကြား ဆ၀ါးစရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်များ ရှင်းလင်းပြတ်သားစွာ ရေးသားထားခြင်း မရှိသည့် စကားလုံးများ ရှုပ်ထွေးများပြားလှသော ဥပဒေ နည်းဥပဒေများကလည်း များစွာရှိနေသည်။ ထိုအားနားချက်များကို အရင်းခံကာ တစ်ဖက်နှင့်တစ်ဖက် ပြသ၁နာများ ဖြစ်လာနိုင်စရာ ရှိသည်။

ပြီးခဲ့သည့် ကြံ့ခိုင်ရေးပါတီ အာဏာရချိန်တွင် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ပြည်သူ့ လွှတ်တော် ဥပဒေကြား အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲလွဲရာမှာ ထိပ်တိုက်ဖြစ်ခဲ့ရသည်။ နောက်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရသည်။

လတ်တလောတွင်လည်း သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား တပ်မတော်သား အစုဖွဲ့ ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည်။

တပ်မတော်သား အစုဖွဲ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နိုင်ငံခြား၌ ခြောက်နှစ်ခန့် နေထိုင်ခြင်းသည် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ မေးမြန်းပါကြောင်း တင်ပြခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသော နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက်တွင် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် နှစ်ဆယ် နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်၊ ခြွင်းချက် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ရေတွက်ရမည် ဟုပြဋ္ဌာန်းထားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဆွစ်ဇာလန်နိုင်ငံသို့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ တရားဝင် ထွက်ခွာခဲ့သည့်တိုင် နိုင်ငံတော်၏ ခွင့်ပြုချက် ဟုတ်မဟုတ် တပ်မတော်သား အစုအဖွဲ့က အဓိပ္ပာယ် ဖွင့်ဆိုခိုင်းခြင်း ဖြစ်သည်။ တပ်မတော်သား အစုအဖွဲ့က တောင်းဆိုခဲ့သော်လည်း သမ္မတရွေးချယ်ရေးအဖွဲ့က လုပ်ထုံးလုပ်နည်းအရ မဲခွဲဆုံးဖြတ်ပြီး သမ္မတလောင်း အရည်အချင်းနှင့် ကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ရှေ့ဆက်ရမည့်ခရီးတွင် ယခုကဲ့သို့ ဥပဒေ နည်းဥပဒေများ၏ အားနည်ချက်များကြောင့် ယခုလိုပြသ၁နာ ပေါင်းများစွာ ရှိလာနိုင်သည်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပင်စင်သက်တမ်းတိုးရေး ကိစ္စသည်လည်း ဥပဒေများ၏ အားနည်းချက်ကြောင့် ထိပ်တိုက်တွေ့စရာ ကိစ္စတစ်ခုဖြစ်သည်။

နိုင်ငံဝန်ထမ်း ဥပဒေအရ နိုင်ငံဝန်ထမ်းများ၏ ပင်စင်သက်တမ်း အသက် ၆၀ သတ်မှတ်ထားသည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လဆန်းတွင် အသက် ၆၀ ပြည့်မည် ဖြစ်သည်။

သို့သော် လက်ရှိ တပ်မတော်နှင့်ဆိုင်သော ဥပဒေ နည်းဥပဒေများအရ အသက် ၆၀ နှစ်ထက်ပို၍ နေလို့ရသည့် သဘောရှိသည်။ မြန်မ့ာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များထဲက ဦးသန်းရွှေနှင့် ဦးနေ၀င်းတို့မှာ အသက် ၆၀ ကျော်သည်အထိ ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် ၆၀ ထက်ကျော်ပြီး တာဝန်ထမ်းဆောင်သည့် အချိန်က သာမန်ဦးစီးချုပ် တာဝန်အပြင် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်အာဏာကိုပါ စီမံခန့်ခွဲခွင့် ရရှိထားသူ၊ နိုင်ငံတော်၏ အဓိပတိတစ်ဦး ဖြစ်သည်။ ထိုအချိန်က ယခုကဲ့သို့လည်း လွှတ်တော်နှင့် အစိုးရအဖွဲ့ မရှိသေးသည့်အတွက် ဦးသန်းရွှေအနေဖြင့် အမိန့်ကြေညာစာထုတ် ဆောင်ရွက်နိုင်သည်။

သို့သော်လည်း လက်ရှိမှာက အစိုးရ၊ လွှတ်တော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေပြီဖြစ်ရာ ဥပဒေရေးရာ နှင့်ဆိုင်သော ကိစ္စရပ်များမှာ လွှတ်တော်၏ သဘောတူညီမှု ရရှိရန်လိုအပ်မည် ဖြစ်သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ကကနကောင်စီ အမိန့်ဖြင့် လက်ရှိကာကွယ်ရေးဦးစီးချုပ်၏ ပင်စင်သက်တမ်းအား ၆၅ ထိ တိုးထားသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

လက်ရှိ လုပ်ထုံးလုပ်နည်းများအရ ထိုကဲ့သို့ သက်တမ်းတိုးလျှင် လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ယူဖို့လိုသည်ဟု လေ့လာသူအချို့က ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ သက်တမ်းတိုး လိုက်သည်ကိုလည်း နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖို့ လိုသည်ဟု လေ့လာသူအချို့က ဆိုသည်။ လက်ရှိအချိန်ထိ နိုင်ငံတော် ပြန်တမ်းတွင် မတွေ့ရသေးကြောင်းလည်း ပြောဆိုကြသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံတော်သမ္မတက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ခန့်အပ်ရသည်ဟု ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်အရ သမ္မတအသစ်အနေဖြင့် သူကြိုက်နှစ်သက်သူ တစ်ဦးကို ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်အပ်နိုင်သည့် သဘောဖြစ်သည်။

ထို့ကြောင့်လည်း NLD အစိုးရနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကြား ထိုကိစ္စမှာလည်း ထိပ်တိုက်တိုးစရာ တစ်ခု ဖြစ်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်။ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက် တွေ့လာလျှင်လည်း နှစ်ဖက်စလုံးမှာက အင်အားရှိနေသည့် အနေအထား ဖြစ်နေကြသည်။

တပ်မတော်ဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏ အမြင့်ဆုံး ကောင်စီနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့် ကာလုံတွင် ခြောက်ဦးရှိနေပြီး NLD ဘက်က ငါးဦးသာ ရှိသည်။ ကာလုံတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ဖို့  NLD အစိုးရနှင့် တပ်မတော်တို့ ကြား သဘောထားကွဲလွဲလို့ မဲခွဲလျှင် တပ်မတော်က အသာစီးရမည့် သဘောရှိသည်။ ထို့အပြင် တိုင်းပြည်အတွက် အရေးကြီးသည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူများ ဖြစ်နေသည်။ ထို့အပြင် ၀န်ကြီးဌာနများ၏ ထိပ်တန်းရာထူး ကြီးကြီးမားမားကိုလည်း အငြိမ်းစား တပ်မတော်သားများက တာဝန်ယူထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့် များစွာ ပေးထားသည်။

NLD အနေဖြင့်လည်း လွှတ်တော်နှင့် အုပ်ချုပ်ရေး အာဏာတို့ ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကလွဲ၍ ကျန်ဥပဒေများအား ပြင်နိုင်ဖျက်နိုင် အသစ်ပြန်ရေးနိုင်သော အခွင့်အာဏာ ရှိနေသည်။ ထို့အပြင် အုပ်ချုပ်ရေး အာဏာတွင်လည်း နိုင်ငံတော်၏ အဓိပတိ သမ္မတ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်တိုင်း ၀န်ကြီးချုပ်များမှာ NLD က တင်မြှောက်ထားသူများ ဖြစ်သည်။ အလားတူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးနှင့် တရားရေးမဏ္ဍိုင်ကိုလည်း NLD က ခန့်အပ်မည့်သူများနှင့် အစားထိုးတော့မည် ဖြစ်သည်။

ထို့အပြင် အမေရိကန် ၊ တရုတ်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက NLD ဘက်က ရှိနေသည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ဆက်ဆံရေး ပြေလည်ခဲ့သော တရုတ်နိုင်ငံမှာ အခုအခါ NLD ဘက်က ရပ်တည်နေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်ကကဲ့သို့ ဆောင်ရွက်ရန် ခက်ခဲမည့် အနေအထား ရှိနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

ထို့ကြောင့် နှစ်ဖက်စလုံးက အင်အားရှိနေပြီဖြစ်ကာ ဥပဒေ နည်းဥပဒေများ၏ အားနည်းချက်များကြောင့် ပွတ်တိုက်မှုများ ထိပ်တိုက်တွေ့စရာများ ဖြစ်လာနိုင်သည့် အနေအထား ရှိလာမည်ကို စိုးရိမ်မှုများ ရှိကြသည်။ ထို့ကြောင့်လည်း အသွင်ကူးပြောင်းမှု ချောမွေ့ စေရန် ရွေးကောက်ပွဲပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးကြိမ်တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ် သတင်းမထုတ်ပြန်သော်လည်း တွေ့ဆုံဆွေးနွေးမှုမှာ မချောမွေ့ခဲ့ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  နောက်ဆုံးတွေ့ဆုံရာတွင် တပ်မတော်ဘက်က တောင်းဆိုထားသည်များအား သူမအနေဖြင့် မလိုက်လျောနိုင်သဖြင့် ပုဒ်မ ၅၉( စ )ကိစ္စကိုလည်း မဆွေးနွေးတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာခဲ့သည် မှာတော့ သေချာခဲ့သည်။ ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း သူမနှင့်တွေ့ဆုံအပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေအတိုင်း ဆောင်ရွက်ရန်နှင့် မည်သည့် မတည်မငြိမ်မှုကိုမှ တပ်မတော်အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း စသည်တို့ကိုလည်း သင်တန်းကျောင်းဆင်းပွဲများတွင် ပြောဆိုခဲ့သည်။ နောက်ဆုံး သဘောထားတင်းမာသူဟု ဝေဖန်ခံနေရသော လက်ရှိဝန်ကြီးချုပ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်သား အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် တင်မြှောက်ခဲ့သည်။

သို့သော် စိတ်သက်သာရာ ဖြစ်စရာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့် ထိပ်တိုက်တိုးမည့်ကိစ္စများအား တတ်နိုင်သလောက် ရှောင်ရှားမည့် သဘောရှိသည်။ တပ်မတော်နှင့် ထိပ်တိုက်တိုးမည့်ကိစ္စများအား ဦးစားပေး ဆောင်ရွက်မည် မဟုတ်ဘဲ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးရန်အတွက်သာ ဦးစားပေး လုပ်ဆောင်မည့်သဘော ရှိသည်။

လက်ရှိအနေအထားမှာမူ တစ်ဖက်နှင့်တစ်ဖက်မှာ အင်အားချိန်ခွင်လျှာ မျှနေသည့် အနေအထား ဖြစ်နေသည်။ တစ်ဖက်နှင့်တစ်ဖက် အမှားမခံဘဲ စောင့်ကြည်နေကြသည့် သဘောရှိသလို ထိတွေ့ ဆက်ဆံမှု များလာပါကလည်း အဆင်ပြေသွားနိုင်သည်ဟု လေ့လာသူအချို့က ယူဆကြသည်။ သို့သော် လက်ရှိ အနေအထားအရမူ NLD အစိုးရ လျှောက်လှမ်းရမည့် ငါးနှစ်သက်တမ်းသည် ပန်းခင်းလမ်းဖြစ်လာဖို့တော့ လွယ်မည်မထင်။

စောကရင်
The Ladies News Journal[full-post]

ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးတစ်တုံးကို ဖားကန့် ဒေသခံတစ်ဦးက အရည်အသွေး စစ်ဆေးနေသည်ကို စက်တင်ဘာလ ၁၈ရက်နေ့က တွေကရစဉ်။ ဓါတ်ပုံ- (AP Photo/Esther Htsusan)
ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးတစ်တုံးကို ဖားကန့် ဒေသခံတစ်ဦးက အရည်အသွေး စစ်ဆေးနေသည်ကို စက်တင်ဘာလ ၁၈ရက်နေ့က တွေကရစဉ်။ ဓါတ်ပုံ- (AP Photo/Esther Htsusan)

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင်း ကျောက်စိမ်း သယံဇာတတွေကို အလွန်အကျွံ တူးဖော်ထုတ်လုပ်နေတာရဲ့ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝ ဆုံးရှုံးနစ်နာနေရတာတွေကို အလေးပေးပြီး အရေးတကြီးဖြေရှင်းပေးဖို့ ဖားကန့် မြို့မိဖြို့ဖတွေနဲ့ ဒေသခံ ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ အစိုးရသစ်ကို လိုအပ်တဲ့ ဒေသတွင်းက အချက်အလက်တွေနဲ့ ကူညီအကြံပေး ဆောင်ရွက်နိုင်ဖို့ကိုလည်း ပြည်နယ်တိုင်း အသီးသီးက အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဖားကန့်မှာ အခုတွေ့ဆုံနေကြပြီး ဝိုင်းဝန်း ဆွေးနွေး အဖြေရှာနေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ကမ္ဘာ့ အရည်အသွေးအဆင့်မီ ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက အရပ်ဖက် လူမှုအဖွဲ့တွေ၊ ကချင်ပြည်နယ်တွင်းက အရပ်ဖက်အဖွဲ့အစည်း၊ ရပ်မိရပ်ဖတွေ နဲ့ ဒေသခံပြည်သူတွေ စုဝေးပြီး ဖားကန့် ဒေသတွင်း ကျောက်စိမ်းသယံဇာတ တူးဖော်ထုတ်လုပ်မှု ဆိုင်ရာ မူဝါဒ အထောက်အကူပြုဆွေးနွေးပွဲကို ဖားကန့် နှစ်ခြင်းအသင်းတော် မရှီကထောင် ဘုရားကျောင်းမှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။

အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လာမယ့် အစိုးရသစ်လက်ထက် ကချင်ပြည်နယ် ဖားကန့်ဒေသအရေး အလေးပေး ဆောင်ရွက်ပေးဖို့ ကချင်ပြည်သူတွေက လိုလားကြောင်း ဖားကန့်မြို့မိဖြို့ဖဖြစ်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦး La Tawng က အခုလိုပြောပါတယ်။

”ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ဒေသခံ လူထုတွေရဲ့ ဘ၀ကို သိရှိ နားလည်းပြီးတော့ စာနာပြီးတော့၊ ကျွန်တော်တို့အတွက်လည်း ကုမ္ပဏီအတွက်တင် မဟုတ်ပဲနဲ့ ကျွန်တော်တို့ ဒီမှာ ဖြစ်နေတဲ့ လူထုတွေအတွက် ထည့်စဉ်းစားပေးပါ။ ပြီးတော့ ကျွန်တော်တို့ အတွက်လည်း အခွင့်အရေးတွေ ဖန်တီးပေးပါလို့ အဲဒီလို ပြောချင်ပါတယ်။ ကျွန်တော်တို့ ဖားကန့် ဒေသမှာပေါ့လေ စနစ်မကျပဲနဲ့ ထုတ်ယူသုံးစွဲသွားတဲ့ ဒီ ကျောက်မျက်ရတနာ ထုတ်ယူ သုံးစွဲမှုရဲ့ နောက်ဆက်တွဲ ပြဿနာကို အခု လာမယ့် အစိုးရသစ်မှာ ဘယ်လို ဖြေရှင်းနိုင်ဖို့ နည်းလမ်းသစ်ကို ဘယ်လို အထောက်အကူ ပေးနိုင်မလဲဆိုတာကို ၀ိုင်းပြီး ဆွေးနွေးတာပါ။ ”

ကချင်ပြည်နယ်တွင်းက ကျောက်စိမ်းသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ အရေးကိစ္စ နောက်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ကိစ္စတွေဟာ NLD ပါတီအစိုးရလက်ထက် အလေးထား ဖြေရှင်းပေးမယ့် အရေးကိစ္စတွေဖြစ်တယ်ဆိုတာကို ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း ပြောဆိုပါတယ်။

ဖားကန့်ဒေသအရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း တွေ့ကြုံနေရတဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်း တင်ပြနိုင်အောင် ဆောင်ရွက်နေတဲ့ အကြောင်း သဘာဝ ပတ်ဝန်းကျင်နဲ့ သယံဇာတရေးရာ ကော်မတီဝင်လည်းဖြစ်တဲ့ ဖားကန့် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အခုလိုရှင်းပြပါတယ်။

“တိုင်းရင်းသားတွေ ဇောင်းပေးဖို့ လုပ်ဖို့ အဓိကထားတယ်။ နောက်ပြီးတော့ ပိုပြီးတော့မှ သတိပြုရမှာကတော့ သဘာဝ ပတ်ဝန်းကျင်ပေါ့ဗျာ။ ဥရုချောင်းဆိုရင် ဖားကန့်မှာ သုံးမရဘူး ဖြစ်သွားပြီ။ မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ ဘာမှ သုံးမရဘူး ဖြစ်သွားပြီ။ နောက်ပြီးတော့မှ အဲဒီမှာရှိတဲ့ တောတောင်တွေ အားလုံး ပြောင်သွားပြီ။ တောင်နေရာ ပြိုသွားပြီဆိုတော့ ဒါတွေဟာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံက ဒါလောက်ကြီး တူးစရာ မလိုပဲနဲ့ အေးအေးဆေးဆေးလေးနဲ့ လုပ်စားကိုင်စားလို့ ရတယ်။ ဒီဥစ္စာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောမယ်ဆိုလို့ ရှိရင် သယံဇာတကို သိပ်ပြီးတော့ အလေးမထားဘူးဗျ။ အလေးထားတာက လူအရင်းအမြစ်ပဲလေ။ လူအရင်းအမြစ်တွေ တိုးတက်လာမှ နိုင်ငံတိုးတက်မယ်လေ။ ဆိုတော့ အိမ်တွင်း ပစ္စည်းတွေ ထုတ်ရောင်းစား နေလို့တော့ ရေရှည်မရပ်တည်နိုင်ဘူးလို့ ကျွန်တော် မြင်တယ်လေ။ ကျွန်တော်တို့လည်း ဒေသခံအတွက်တော့ အဆင်ပြေအောင်တော့ ညှိမှာပေါ့ဗျာ။ ဘယ်လို လုပ်မလဲ ဆိုတော့ သူတို့ တင်လာတဲ့ဟာကို ကျွန်တော်တို့က စီစစ်ပြီးတော့ အားလုံးနဲ့တိုင်ပင်ပြီးတော့ သဘာဝ ပတ်ဝန်းကျင်လည်း မထိအောင်ပေါ့ဗျာ အားလုံးအနေနဲ့ ဘယ်လို လုပ်ကြမယ်ဆိုတာကို သူတို့ဆွဲလာတဲ့ဟာကို ကျွန်တော်တို့က ဒီမှာ လွှတ်တော် မရောက်ခင်မှာ အပြင်မှာ ညှိနှိုင်းဦးမှာပေါ့ဗျာ။ ညှိနှိုင်းပြီးတော့ လွှတ်တော် ဥပဒေ တစ်ရပ်အနေနဲ့ တင်ဖြစ်အောင်တော့ လုပ်ဖို့ ကြိုးစားနေပါတယ်။”

ဖားကန့်ဒေသခံတွေ အနေနဲ့ ဒေသတွင်းက သဘာဝသယံဇာတအကျိုးစီးပွားကို ခံစားခွင့်ရရှိရေး၊ ဒေသခံတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လုံခြံမှုမရှိပဲ အန္တရာယ် ဖြစ်ရတဲ့အထိ နစ်နာဆုံးရှုံးခဲ့ရတဲ့ လူနေမှုဘဝတွေ နစ်နာချက်တွေ မြေစာပုံပြိုကျမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အသက်တွေ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားပြဿနာတွေ၊ နောက် မြစ်ချောင်းရေအရင်းအမြစ်တွေ ပြောင်းလဲရတဲ့အထိ နစ်နာခဲ့ရတဲ့ သဘာဝသယံဇာတ ထိခိုက်ခဲ့ရတာတွေအတွက် အစိုးရသစ် အနေနဲ့ စနစ်တကျ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံပြည်သူတွေက လိုလားနေကြတယ် လို့လည်း ဖားကန့်မြို့ခံ ဦးLa Tawng က ပြောပါတယ်။

“ကျွန်တော်တို့ ဖားကန့်ဒေသ ဒေသခံတွေပေါ့ဗျာ။ ဒီတောင်ယာတွေ ဥယျာဉ်တွေ အားလုံး အသိမ်းပိုက်ခံရတယ်ဗျာ။ ဒီအသိမ်းပိုက်ခံရုံတင် မကဘူး ဆိုးကျိုးက ဘာလဲဆိုတော့ အခု ကျွန်တော်တို့ နှစ်ပိုင်းလိုလိုခံစားနေရတယ်ဗျာ။ ကျန်းမာရေးအရ၊ ပညာရေးအရ အစသဖြင့် နစ်နာမှု တွေ အကြိမ်ကြိမ် ခံစားလာရတဲ့အခါကျတော့ ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ၊ ကျွန်တော်တို့ ဒေသခံတွေ ဘာလုပ်စားရတော့မလဲ။ မျှမျှတတ ဖြစ်ဖို့အတွက်ပေါ့လေ အဲဒါဆွေးနွေးခဲ့ပါတယ်။ ”

ပြီးခဲ့တဲ့လ ဇန်နဝါရီလကုန်ပိုင်းက သတ္တုတွင်းဝန်ကြီးဌာနဘက်က သဘာဝသယံဇာတ တူးဖော်ရေးနဲ့ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက် ထွက်လာပြီးတဲ့ နောက်ပိုင်း ဖားကန့်ဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်းက သဘာဝသံယံဇာတ တူးဖော်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး လူထုအကျိုးခံစားခွင့် ရစေရေး သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ဒေသခံတွေရဲ့ လူနေမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံတွေနဲ့အရပ်ဖက် အဖွဲ့စည်းတွေဘက်က စုဝေးဆွေးနွေးမှုတွေ ပြုလုပ်ကြပြီး လက်ရှိအစိုးရကိုရော နောင်တက်လာမယ့် အစိုးရသစ်ကိုရော တောင်းဆိုချက်တွေ၊ အကြံပြုချက်တွေ တင်ပြနိုင်ရေး ဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/kachin-cso-discuss/3245492.html

htayoo-620
 ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ရန်ကုန်တိုင်းထဲက ပါတီဝင်တို့ဟာ ပါတီရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ပါတီတိုင်းရုံးမှာ ပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းထဲက ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

"ကျနော်တို့ ရန်ကုန်တိုင်းမှာ တွေ့ဆုံပွဲပေါ့လေ၊ ဗဟိုကော်မတီနဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရေးမှူးတွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲလေးလုပ်တာပါ၊ ပါတီလုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့သွားမယ့် ကိစ္စလေးတွေကို အကြမ်းမျဉ်းစီစဉ်ထားတဲ့ အနေအထားလေးတွေကို အခုချပြတာပေါ့နော် အသိပေး တာပေါ့၊ ပြီးရင် ပြည်နယ်နဲ့ တိုင်းတွေမှာလည်းပဲ ဒီလိုလုပ်ဖို့ အစီအစဉ်တွေရှိတယ် ရတဲ့အချိန်ပေါ်ကြည့် ပြီးတော့ပေါ့လေ၊ အခုလို တွေ့ဆုံပွဲတွေ လုပ်မှာပေါ့"

ဆွေးနွေးပွဲကို ပါတီဒုတိယဥက္ကဌ ဦးဌေးဦး၊ ဒုတိယသမ္မတ-၁ အဖြစ်တာဝန်ထမ်းဆောင်မယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။

ဆွေးနွေးပွဲအစီအစဉ် အသေးစိတ်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့တာမျိုးမရှိခဲ့ပဲ အခုလို တွေ့ဆုံပွဲမျိုးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း မကြာခင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

RFA

[youtube src="CCcNZsTkcP4"/]
တရုတ်နိုင်ငံဘက်ကလာမယ့်အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ကြိုးပမ်းမယ်လို့ ပြောဆိုမှုတွေထွက်ပေါ်လာတဲ့အပေါ်မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးပြောကြားမှုတွေဟာ
တစ်ဖက်သတ်ပြောနေတာသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာဇော်မြင့်မောင်ကမတ်လ ၁၉ ရက်ကပြောပါတယ်။

မြစ်ဆုံစီမံကိန်းပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်ဘက်ကပြောကြားမှုတွေကိုနယ်ပယ်အသီးသီးက ကန့်ကွက်ထားပြီးစီမံကိန်းဆက်လက်အကောင်အထည်ဖော်ဖို့ပြုလုပ်ပါက ဆန္ဒပြကန့်ကွက်မှုတွေ
ဖြစ်ပွားလာနိုင်တာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် ရေလွှမ်းမိုးမယ့် ဧရိယာဟတ်တာ ၄၈၀၀ ခန့်ရှိပြီးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၄၈ ရွာခန့် ရေနစ်မြုပ်မယ့်ဘေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Eleven Web TV

[youtube src="RTg2dSY8DDE"/]
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ရဲ့ ဈာပနအခမ်းအနားကို မြဝတီခရိုင်၊ဝေါလေမြိုင်ဒေသ DKBA စစ်စခန်းတည်ရှိတဲ့ ဆုံဆည်းမြိုင်ကျေးရွာကခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းမှာ မတ်လ ၁၉ ရက်နေ့ မွန်းလွဲသုံးနာရီက ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစောလားပွယ်ရဲ့ ရုပ်အလောင်းကိုဆုံဆည်းမြိုင်ကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာထားရှိကာ မွန်းလွဲ၁နာရီခွဲခန့်မှာတော့ နှစ်မိုင်ခန့်ဝေးတဲ့ ဘုရားကျောင်းကိုကျန်ရစ်သူမိသားစုတွေ၊ တပ်ဖွဲ့ဝင်တွေ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေကခြေကျင်ခရီးနဲ့ ပို့ဆောင်ခဲ့ကြပါတယ်။အဲဒီနောက် သင်းအုပ်ဆရာတွေကမေတ္တာပို့ဆုတောင်းတာတွေပြုလုပ်ခဲ့ပြီးညနေ၃နာရီအချိန်မှာတော့ စစ်အခမ်းအနားနဲ့ သေနတ်ပစ်ဖောက် အလေးပြုပြီးအမိန့်စာပြန်ကာသဂြိုဟ်ခဲ့ပါတယ်။
Eleven Web TV

[youtube src="Gvn0ou0VujU"/]
မတ်လ ၁၉ ရက်နေ့ ညနေ ၅နာရီခန့်က ရန်ကုန်ဘူတာကြီးရှေ့မှာ အဆိုတော်လေးဖြူနဲ့ အိုင်စီအဖွဲ့တို့
ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့ပါတယ်။
ကြော်ငြာရိုက်ကူးခဲ့ရာမှာ နက်စ်ကဖေးကြော်ငြာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကားပေါ်ကနေ ဖျော်ဖြေမှုပြုလုပ်နေတဲ့
ပုံစံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီလို ကြော်ငြာရိုက်ကူးတာကို ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့ပြီး လာရောက်ကြည့်ရှုသူတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
Eleven Media Group


zawmyintmaung-620.jpg
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Satt Paing Toe/ RFA

ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတွေစာရင်းကို လာမယ့်သီတင်းပတ် ထဲမှာ ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြော ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံတော် သမ္မတက သူရွေးချယ်ထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းဒေသ ကြီး ပြည်နယ်အစိုးရအဖွဲ့ ရွေးချယ်မှုအစီအစဉ်တွေကို ဒီကနေ့ နေပြည်တော်က စည်ပင်ရိပ်သာ မှာ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"လွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီးဦးရေ၊ ဝန်ကြီးဌာနအရေအတွက် ဘာဝန်ကြီးဌာနတွေဆိုတာ ပြောပြီး ပြီဆိုလို့ရှိရင် ၂၁ ရက်နေ့ကျလို့ရှိရင် သူ့အစီအစဉ်နဲ့ သမ္မတ ဘာကြောင့်ဒီလိုပြောတယ်ဆိုတာ ရှင်းလိမ့်မယ် အစီအစဉ်အရ၊ အဲ့ဒါပြီးလို့ရှိရင် ဝန်ကြီးတွေ အမည်နာမပါလိမ့်မယ်၊ ပြီးလို့ရှိရင် တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခံထားရသော သမ္မတက အမည်စာရင်း တင်သွင်းမယ့် ဝန်ကြီးချုပ်ဟာပြီးပြီ၊ ပြီးလို့ရှိရင် ဝန်ကြီးချုပ်တွေကနေတင်တဲ့ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အဲ့ဒါတွေက တဆင့်ချင်းလာမှာ၊ အဲ့ဒါတွေပြီးပြီဆိုလို့ရှိရင် သမ္မတ ကျမ်းကျိန်မယ့်နေ့ပဲ၊ သမ္မတ ကျမ်းမကျိန်ခင် ဒါတွေအကုန်ပြီးသွားမှာ တဆင့်ချင်း တဆင့်ချင်း ဒါကအခြေခံဥပဒေနဲ့ ရေးထားတဲ့အတိုင်း တဆင့်ချင်းသွားမှာပဲ၊ တစ်ခါတည်း တပြိုင်နက်တည်း မထုတ်ပြန်ဘူး"

ရွေးချယ်ထားပြီးဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ ဒီကနေ့ တွေ့ဆုံတယ်လို့ သတင်းတွေထွက်ပေမယ့် ဒေါက်တာဇော်မြင့်မောင်ကတော့ သီးခြား အတည်ပြုတာ မရှိပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း သာ ဆောင်ရွက်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အန်အယ်လ်ဒီအစိုးရက ခန့်အပ်မယ့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ နေအိမ်တွေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေသူတွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း ၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာမြင့်နိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု စတဲ့ပုဂ္ဂိုလ်တွေကတော့ နေပြည်တော်ကို လာရောက်ခဲ့ကြပါတယ်။

RFA

 media-conference-ygn-620.jpg ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံက ဦးဆာင်ပြီး မြန်မာ့ရုပ်သံလွှင့် မီဒီယာညီလာခံကို မတ်လ ၁၉ ရက်နေ့က ကျင်းပစဉ်
Photo: Thiha Tun/RFA

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာဆိုင်ရာဥပဒေကို ပြင်ဆင်ပြောင်းလဲရေးအတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ကြိုးစားသွားမှာဖြစ်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီမိုကရက်တစ်မြန်မာ့အသံက ဦးဆောင်ပြီး မြန်မာ့ရုပ်သံလွှင့်မီဒီယာညီလာခံ ကျင်းပနေတဲ့ အစည်းအဝေးမှာ DVB ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

"ပြုပြင်ဖို့လိုအပ်တဲ့ဟာတွေ၊ ကောင်းအောင်လုပ်ဖို့အတွက် လိုအပ်တဲ့ဟာတွေ ပြီးတော့ မတရားမှုတွေ အများကြီးရှိတဲ့လို့ ယုံကြည်တယ်၊ ပြည်တွင်းမီဒီယာမှာ ကျနော်တို့ တစ်ယောက်တည်း ပြင်လို့မရဘူး၊ အဲ့ဒီတော့ ဒီလောကထဲကို ဝင်လာမယ့်လူတွေ ပြီးတော့မှ လွှတ်တော်အမတ်တွေ ပြီးတော့ နိုင်ငံရေးသမားတွေ အားလုံးက တန်းတူရည်တူပြီးတော့မှ ဒါတော့ပြုပြင်သင့်ပါလားဆိုပြီးတော့ အားလုံးသဘောတူညီချက်လိုမျိုးရလာပြီးမှ ပြင်လို့ရလာမယ်လေ၊ အဲ့လိုဟာတွေကို ကျနော်တို့ သိနိုင်အောင်ဆိုပြီးတော့မှ ဝိုင်းဝန်းဆွေးနွေးလို့ရအောင်လို့ ပြည်ပပညာရှင်တွေရော၊ ပြည်တွင်းပညာရှင်တွေရော ခေါ်ပြီးတော့မှ ဆွေးနွေးကြတာပါ"

ဒါ့အပြင် အသံလွှင့်မီဒီယာလုပ်ငန်းက ထုတ်လွှင့်တဲ့ လေလိုင်းဟာ အကန့်အသတ်ရှိပြီး ထပ်မံတိုးချဲ့လို့မရတာကြောင့် ရှိနေပြီးသားမီဒီယာကြီးတွေက လက်ဝါးကြီးအုပ်ထားတဲ့သဘောဖြစ်ပြီး နောက်ဝင်လာမယ့် လုပ်ငန်းသစ်၊ လူသစ်တွေအတွက် နေရာမရှိတော့ဘူးလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီညီလာခံကို တက်ရောက်လာတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အဲ့ဒီရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာဆိုင်ရာဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာ အမြန်ဆုံးတင်ပြဖို့ ကြိုးစားသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့ရုပ်သံလွှင့်မီဒီယာညီလာခံက ရရှိလာမယ့် အကြံပြုချက်၊ ဆွေးနွေးချက်တွေကို စုစည်းပြီး မနက်ဖြန်ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

RFA

 shan-refugees-620.jpg ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေကို ဖမ်းဆီးခံနေရတာတွေ ရပ်တန့်ပေးဖို့အတွက် တအာင်းကျောင်းသား နဲ့ လူငယ်အဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့တို့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေ နောက်ထပ်မဖြစ်ပွားဖို့၊ ဒေသခံတွေကို ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့အတွက် တောင်းဆို ထားတာဖြစ်တယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က မိုင်းမျိုးအောင်က ပြောပါတယ်။

"တိုက်ပွဲတွေလည်း အရမ်းပြင်းထန်မှာ စိုးရိမ်တာ တစ်ခုရယ်၊ အခုလက်ရှိမှာက စစ်တိုက်တာချင်း မဟုတ်ပဲနဲ့ပေါ့နော် ဒီတစ်ခါ လူထုကိုပစ်မှတ်ထားပြီးတော့မှ ဖမ်းဆီးတာမျိုးတွေ တောက်လျှောက် အဲ့ဒီင်္လိုဖြစ်လာတဲ့အချိန်မျိုးမှာ ဒီထက်ပိုဆိုးလာမှာ ကျနော်တို့ စိုးရိမ်တာပေါ့၊ ဟန့်တားနိုင်အောင်ပေါ့နော် အဲ့ဒါကြောင့်မို့လို့ အခု သူတို့ ဖမ်းဆီးထားပြီးတဲ့လူတွေကိုလည်း သူတို့အမြန်ဆုံး လွှတ်ပေးနိုင်ဖို့ အတွက်၊ ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သက်ဆိုင်ရာ တပ်မတော်အရာရှိတွေ အရေးယူနိုင်အောင် ကျနော်တို့ ညှိနှိုင်းတာပါ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကနေ မတ်လ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ဝဝ လောက် ဖမ်းဆီးခံခဲ့ရပြီး ညှင်းပမ်းနှိပ်စက်ခံရသူ ၃ ဦးရှိခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး ပြင်းထန် စွာဒဏ်ရာရရှိခဲ့သလို နေအိမ် အလုံး၂ဝ မီးရှို့ခံခဲ့ရကြောင်း၊ ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်နဲ့ စပါးတွေပါ ဖျက်ဆီးခံခဲ့ရသလို ဒေသခံ တစ်ထောင်ကျော် အိုးအိမ်တွေကို စွန့်ခွာနေရကြောင်း အဲ့ဒီကြေညာချက်မှာ ပါရှိပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက လွယ်ကန်ရွာဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တစ်ရွာလုံးမီးရှို့ခံခဲ့ရပြီး လွယ်စရမ်းရွာ ဟာလည်း တစ်ရွာလုံးဖျက်ဆီးခံခဲ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာမှာ ၇ဝဝ လောက်နဲ့ နမ့်ဖက်ကာရွာမှာ ဒုက္ခသည် ၆၅ဝ ကျော်တို့ ခိုလှုံနေကြရပါတယ်။

RFA