03/21/16

 racial-discrimination-620.jpg အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပစဉ်
Photo: Win Naing/RFA

ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ခွဲခြားဆက်ဆံသူတွေဟာ နိုင်ငံတော်ကို တည်ဆောက်နေသူတွေ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်တာကြောင့် ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး Cardinal Charles Bo က ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကာဒီနယ် ချားလ်စ်ဘိုက ပြောသွားတာဖြစ် ပါတယ်။

"ဘာသာရေးကို အခြေခံပြီးတော့၊ လူမျိုးရေးကို အခြေခံပြီးတော့ ခွဲခြားတတ်သူတွေဟာ နိုင်ငံတော်ကို တည်ဆောက်တဲ့လူတွေ မဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်ပါတယ်၊ ဒီလိုမျိုး အနှောင့်ယှက် လုပ်နေတဲ့ လူတွေကို တရားမျှတစွာနဲ့ ကိုင်တွင်ဖို့ အရေးကြီးပါတယ်၊ ငြိမ်းချမ်းခြင်းကသာလျှင် ကျနော်တို့ရဲ့ နိုင်ငံတော်ကို တိုးတက်လာလိမ့်မယ်၊ ငြိမ်းချမ်းခြင်းမတိုင်ခင် တရားမျှတခြင်း၊ တရားမျှတခြင်းကနေ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်း ကနေ တိုးတက်ခြင်းကို ဦးတည်ကြရမှာဖြစ်ပါတယ်"

ဒါ့အပြင် မတူကွဲပြားခြင်းတွေကို လျစ်လျူရှုထားမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ မတူကွဲပြားခြင်းတွေကို လက်ခံတာဟာ တိုင်းပြည်အတွက် ခွန်အားဖြစ်ကြောင်းနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဘာသာရေး ကိုးကွယ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း အကာအကွယ်ပေးဖို့ လိုကြောင်းလည်း သူက ပြောပါတယ်။

ကာဒီနယ်ချားလ်စ်ဘိုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်နန်းတော်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ကာဒီနယ်အမတ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားသူများ ကင်းစင်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဘာသာပေါင်းစုံက ခွဲခြားဆက်ဆံမှု ပပျောက်ရေးလှုပ်ရှားသူ ၁၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

RFA


nilarthein-620.jpg
၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်း ကို မတ်လ ၇ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Aung Thain Kha/RFA

တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မနီလာသိန်း က သူ့ကို တရားခံပြေး အဖြစ် ကြေညာခဲ့တဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ် ဦးသန်းဝင်း ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ မရမ်းကုန်းမြို့ နယ် တရားရုံးထံ ဒီနေ့ လျှောက်ထားတာကို တရားသူကြီးက လက်ခံလိုက်ပါတယ်။

ရဲအုပ် ဦးသန်းဝင်းဟာ အိမ်လိပ်စာမှားယွင်းပြီး ရှာဖွေစစ်ဆေးခဲ့ပြီးနောက် မတွေ့ရှိတဲ့အတွက် တရားခံပြေး အဖြစ် ကြေညာလိုက်တာဟာ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေတယ်လို့ ယူဆတာကြောင့် အရေးယူပေး ဖို့ လျှောက်ထားတာဖြစ်တယ်လို့ မနီလာသိန်း က ပြောပါတယ်။

မနီလာသိန်းရဲ့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး လာမယ့် ရှေ့အပတ်ရုံးချိန်းမှာ ရဲအုပ်ဦးသန်းဝင်းကို ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာကို အတိအကျသိရှိရမှာဖြစ်ပါတယ်။

မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတာဖြစ်ပြီး အာမခံမယူတဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

မနီလာသိန်းနဲ့အတူ ဗကသကျောင်းသား ကိုလင်းထက်နိုင်(ခ) ဂျိမ်းစ် နဲ့ မဖြိုးဖြိုးအောင်တို့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ မနီလာသိန်း ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်မည့် အစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စုအဆင့် အနေဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ အဆိုပါ ၀န်ကြီးဌာန၏ ၀န်ကြီးရာထူးအတွက် မဟာမိတ်ဟောင်း တိုင်းရင်းသား ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကမ်းလှမ်းခဲ့မှုအပေါ် ရှမ်းပါတီဘက်မှ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ပါတီက ပြည်ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာ ကျွန်တော်တို့ ဘက်က ငြင်းလိုက်တယ်” ဟု SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က The Ladies News သို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် ငြင်းပယ်ရသည်ကိုမူ ဦးစိုင်းညွှန့်လွင်အနေဖြင့် ဖြေဆိုခဲ့ခြင်း မရှိပေ။ ရှမ်းပြည်နယ် အခြေစိုက် အင်အားကြီး တိုင်းရင်းသားပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုဖြေရှင်းနိုင်ရန်အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရာထူးကို SNLD ပါတီမှ ပါတီဝင်တစ်ဦးအား ပေးစေလိုကြောင်း ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောဆိုထားသည်။

ဧရိယာ အကျယ်ပြန့်ဆုံးနှင့် တိုင်းရင်းသား မျိုးနွယ်စု အများဆုံး ပြည်နယ် တစ်ပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ခန့်ရှိနေပြီး RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်းမှအပ ကျန်လက်နက်ကိုင် အဖွဲ့များမှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ပြုလုပ်ရခြင်း မရှိသေးပေ။

ယင်းအပြင် ကာလတာရှည် ပြည်တွင်းစစ်များအတွင်း အမျိုးအမည် စုံလွင်စွာဖြင့် လက်နက်ကိုင်ဆောင် ထားသော အစိုးရဘက်မှ ၀င်ရောက် ကူညီတိုက်ခိုက်ပေးသည့် ပြည်သူ့စစ်များ နယ်ခြားစောင့်များလည်း ရှိနေကာ ဘိန်းစိုက်ပျိုးမှု ပြသ၁နာများ မူးယစ်ဆေးဝါး ကုန်သွယ်မှု ၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း အခြေချနေထိုင်မှု အစရှိသဖြင့် မဖြစ်မနေ အမြန်ဖြေရှင်းရန် လိုနေသည့် ကိစ္စရပ်များလည်း ရှိနေသည်။

အန်အယ်လ်ဒီပါတီ အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များကို ပါတီဝင်ဝင်များကိုသာ ခန့်အပ်သွားမည်ဟု ပါတီအလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က မီဒီယာများကို ပြောဆိုထားပါသည်။

“ရှမ်းပြည်နယ်ကို ကျွန်တော်တို့ကို ပေးမယ့် အနေထားက တော်တော်လေးကို နည်းနေတယ်။ အန်အယ်လ်ဒီ ပါတီဝင်ပဲ ဖြစ်ဖို့များမယ်ထင်တယ်” ဟု ဦးစိုင်းညွှန့်လွင်ကလည်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

NLD ပါတီဝင်တစ်ဦးဖြစ်သည့် လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာရန် ရေပန်းစားနေပြီး ၄င်းမှာ ဗမာလူမျိုးတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

The Ladies News Journal


မတ် ၂၀ ရက်က ဟောင်ကောင်တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ဂျိုရှာဝေါင် (လယ်) (Photo: AFP)

ဟောင်ကောင် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှု ဆယ်ကျော်သက် ခေါင်းဆောင်က လာမည့် စက်တင်ဘာတွင် ကျင်းပမည့် ဥပဒေပြု ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်ရန် နိုင်ငံရေး ပါတီသစ် တစ်ခု ထူထောင်၍ ဦးဆောင်သွားမည်ဟု မတ် ၂၀ ရက်တွင် ကြေညာခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဂျိုရှာဝေါင်သည် ၂၀၁၄ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်၏ နေရာ အများအပြားကို လုံးဝနီးပါး ရပ်ဆိုင်းသွားစေခဲ့သော လမ်းပေါ်ထွက်၍ ကြီးမားသော လူထု ဆန္ဒပြမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။

ဟောင်ကောင် အနာဂတ် ခေါင်းဆောင်များအတွက် လွတ်လပ်ခွင့် အပြည့်အ၀ ရှိသော ရွေးကောက်ပွဲများ ကျင်းပပေးရန် ဒေသခံများက တောင်းဆိုနေစဉ် အဓိက လမ်းမကြီး အများအပြားကို ပိတ်ဆို့စေခဲ့သော ရက်ပေါင်း ၇၉ ရက် ကြာမြင့်ခဲ့သည့် ယင်းဆန္ဒပြမှုသည် ဟောင်ကောင် သို့မဟုတ် တရုတ်အစိုးရထံမှ မည်သည့် လိုက်လျောမှုကိုမျှ မရခဲ့ပေ။

နိုင်ငံရေး ရေစီးကြောင်းတွင် ပို၍ အစွန်းရောက်သော လူငယ် တက်ကြွ လှုပ်ရှားသူများက ခြေကုပ်ယူနိုင်ခဲ့ချိန်တွင် ဝေါင်၏ ယင်းကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ တရုတ်ထံမှ လွတ်လပ်ရေး ကြေညာရန် အတွက် တောင်းဆိုသော ကျောင်းသား တက်ကြွ လှုပ်ရှားသည့် ခေါင်းဆောင်တစ်ဦးသည် မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ထောက်ခံမဲ သောင်းနှင့်ချီ ရရှိခဲ့သည်။

“ကျွန်တော်တို့ရဲ့ အနေအထားကို ပြောင်းလဲဖို့ အချိန်ကျပြီ” ဟု ဝေါင်က နိုင်ငံရေးပါတီသစ် ထူထောင်ရန် ကျောင်းသား တက်ကြွ လှုပ်ရှားမှု အဖွဲ့ Scholarism ကို ဖျက်သိမ်းကြောင်း ကြေညာသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဟောင်ကောင် အနာဂတ်အတွက် ဒေသခံများအကြား ကိုယ့်ကိုယ်ကိုယ် ခိုင်မာသော သန္နိဋ္ဌာန် ချမှတ်နိုင်ရေးအတွက် တွန်းအားပေးနိုင်သည့် နိုင်ငံရေး သမားများကို ပြုစု ပျိုးထောင်ပေးနိုင်ရန် ပါတီသစ်က ရည်ရွယ်ကြောင်း ဝေါင်က ပြောကြားခဲ့သည်။ ဝေါင်မှာမူ အသက် ၂၁ နှစ်ပြည့်သည့် အချိန်အထိ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခွင့် မရှိသေးပေ။

ဟောင်ကောင်ကို ဗြိတိန်က ၁၉၉၇ ခုနှစ်တွင် တစ်နိုင်ငံ၊ စနစ်နှစ်ခု သဘောတူညီချက်ဖြင့် တရုတ်ထံ လွှဲပေးခဲ့ပြီး ယင်းသဘော တူညီချက်အရ ဟောင်ကောင်တွင် တရုတ်ပြည်မကြီး၌ မရရှိနိုင်သော လွတ်လပ်ခွင့်များကို အနှစ် ၅၀ ကြာ ခံစားခွင့် ပေးထားသည်။ သို့သော် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာပြီး လွတ်လပ်ခွင့်များ တဖြည်းဖြည်း ကျဆင်းလာမှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ဟောင်ကောင်ဒေသဆိုင်ရာ တက်ကြွလှုပ်ရှားသူ အချို့က တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ပေးရန် သို့မဟုတ် တရုတ် အစိုးရက ထည့်သွင်းစဉ်းစားခြင်းပင် မရှိသော လွတ်လပ်ရေး ရရှိရန် အတွက်ပါ တောင်းဆိုခဲ့ကြသည်။

Ref: AFP
Eleven Media Group

မကြာခင် ရက်သတ္တပတ်တွေအထိလူသိမများလှတဲ့ ဦးထင်ကျော်ဟာ မြန်မာပြည်ရဲ့ ၉ ယောက်မြောက်သမ္မတအဖြစ် ရာထူးလက်ခံပါတော့မယ်။ ရွေးကောက်ခံသမ္မတကဖောင်းပွနေတဲ့ ၀န်ကြီးဌာနတွေကို တစ်ဝက်နီးပါး လျှော့ချပြလိုက်တယ်။ ဒါဟာအပြောင်းအလဲအတွက် ကတိပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ နောက်ထပ် ပြောင်းလဲရမယ့် ကိစ္စတွေ အများကြီး ကျန်နေပါသေးတယ်။ ဒီထဲမှာ အခက်အခဲဆုံး ကိစ္စကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။


ဒီနေရာမှာ ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ မြန်မာပြည်ရဲ့ သမ္မတကို ဘယ်လိုရွေးချယ်သလဲ ဆိုတာကိုပဲ ကြည့်ရအောင်။ သမင်လည်ပြန် ကြည့်မယ်ဆိုရင် မနှစ်က ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တစ်ခဲနက် အနိုင်ရခဲ့တယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ် ၅၉ (စ) က ပိတ်ပင်ထားတဲ့ အခါမှာ သူတင်မယ့် သမ္မတဟာ ဘယ်သူ ဖြစ်မလဲဆိုပြီး အများကသိချင်ကြတယ်။ နောက်တော့ အန်အယ်လ်ဒီက တင်မယ့် ဒုတိယသမ္မတ နောက်တစ်ယောက်နဲ့ စစ်တပ်ကတင်မယ့် ဒုတိယ သမ္မတကို သိချင်ကြတယ်။ ကောလာဟလမျိုးစုံထွက်ပြီး လွှတ်တော်မှာ တင်မြှောက်တဲ့ နေ့ကျတော့မှပဲ အများသူငါ သိခွင့်ရကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ စိတ်ချရတဲ့ မိတ်ဆွေလည်းဖြစ်တဲ့ ဦးထင်ကျော်ရဲ့ အသိုင်းအ၀ိုင်း၊ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ ကိုယ်ကျင့်သီလနဲ့ ပတ်သက်လို့ အပြစ်ရှာလို့ မရပါဘူး။ ဒီအခြေအနေမှာ မှန်ကန်တဲ့ အကောင်းဆုံး ရွေးချယ်မှုအဖြစ်ပဲ လက်ခံကြပါတယ်၊ တကယ်တမ်းကျတော့ သမ္မတကိုရွေးချယ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ကောလာဟလတွေ၊ ပူညံပူညံတွေ များလွန်းလှတယ်။ ဒါက မြန်မာပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင် ပုဂ္ဂိုလ်ကြီးကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ အကြီးအကျယ် မှားယွင်းနေတယ် ဆိုတာကို မီးမောင်းထိုးပြနေတာပါပဲ။


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံသူတွေက တစ်ခါတလေ အမေရိကန် သမ္မတရွေးချယ်တဲ့ လုပ်ငန်းစဉ်နဲ့ နှိုင်းယှဉ်ပြောလေ့ ရှိပါတယ်။ အမေရိကန်မှာလည်း သမ္မတကို တိုက်ရိုက်ရွေးချယ်တာမျိုး မဟုတ်ဘဲ၊ ပြည်နယ်တွေ အလိုက် မဲဆန္ဒရှင်တွေက ရွေးချယ် စေလွှတ်ထားတဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်တွေက ရွေးချယ်တာကို ထောက်ပြကြလေ့ ရှိပါတယ်။


ဒါပေမဲ့ တကယ့်တကယ်မှာတော့ မတူပါဘူး။ သေချာတာ တစ်ခုကတော့ အမေရိကန် သမ္မတလောင်းတွေကို ပြည်သူတွေက အနည်းဆုံး တစ်နှစ်လောက် ကြိုသိကြပါတယ်။ အစပိုင်းမှာ အဓိကပါတီကြီးနှစ်ခုရဲ့ သမ္မတလောင်းတွေ ဒါဇင်နဲ့ချီပြီးလည်း ထွက်ပေါ်လာနိုင်ပါတယ်။ ပြည်နယ်အလိုက် အောက်ခြေအဆင့် ပါတီညီလာခံတွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရပါတယ်။ နောက်ဆုံးမှာ ပါတီတစ်ခုစီက တစ်ယောက်စီပဲကျန်ပြီး အိမ်ဖြူတော်မှာ သမ္မတနေရာရဖို့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရပါတယ်။ ဒုတိယသမ္မတကို ပါတီတွေက ရွေးတာရှိသလို၊ သမ္မတလောင်းက သူ့စိတ်ကြိုက် ရွေးတဲ့အခါလည်းရှိပါတယ်။


အမေရိကန်မှာလည်း အကြိုကာလမှာ အငြင်းပွားဖွယ်ရာ သမ္မတလောင်းတွေ ထွက်ပေါ်လာလေ့ ရှိပေမယ့် နောက်ဆုံးကျတော့ ပြည်သူတွေရဲ့  ရွေးချယ်မှုပါပဲ။ ကိုယ်မကြိုက်တဲ့ သမ္မတလောင်းကို၊ မဲပေးမယ်လို့ ကတိပြုထားတဲ့ ကိုယ်စားလှယ်ကို မဲမပေးဘဲနေနိုင်ပါတယ်။


မြန်မာပြည်မှာလည်း သမ္မတကို ပြည်သူတွေက တိုက်ရိုက်မရွေးဘဲ လွှတ်တော်က ရွေးချယ်တာဖြစ်လို့ အမေရိကန်ပုံစံ (Electoral College) စနစ်နဲ့ တူတယ်လို့ လိုရာဆွဲပြောနေသူတွေကို အခုပူညံပူညံကိစ္စတွေက လှောင်ပြောင်နေပါတယ်။ တစ်ချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံတွေကနေ ဘယ်လောက်သွေဖည်နေသလဲ ဆိုတာကို ပြသနေပါတယ်။


သနားစရာကောင်းတဲ့ မဲဆန္ဒရှင်တွေဟာ ကမ္ဘာမှာ အချိန်အကြာဆုံး အသွင်ကူးပြောင်းရေး ကာလရှည်ကြီးထဲမှာ နိုင်ငံကိုယ်စားပြု ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်လာမယ့် ပုဂ္ဂိုလ်တွေကို အရိပ်အမြွက်တောင် မသိကြပါဘူး။ ကောလာဟလ မျိုးစုံ၊ အတိတ်စိမ်းမျိုးစုံကို ဖြတ်သန်းပြီးတဲ့ ကာလကျတော့မှ အနိုင်ရပါတီကတင်တဲ့ သမ္မတလောင်း နှစ်ယောက်နဲ့ စစ်တပ်ကတင်တဲ့ သမ္မတလောင်း တစ်ယောက်ကို သိခွင့်ရကြပါတယ်။


တည့်တည့်ပြောမယ်ဆိုရင် ဒုတိယသမ္မတ နှစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်ကတင်ပြီ၊ တပ်မတော်သား အစုအဖွဲ့ရဲ့  ဒုသမ္မတကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်ပါတယ်။ ဆိုလိုတာကတော့ အန်အယ်လ်ဒီက တင်တဲ့ သမ္မတလောင်းကို ပါတီအမတ်တွေက မဲခွဲတာမဟုတ်သလို၊ တပ်မတော်ကတင်တဲ့ သမ္မတလောင်းကိုလည်း အောက်ခြေ တပ်မတော်သားတွေ၊ ဒါမှမဟုတ် တပ်မတော်သား ကိုယ်စားလှယ်တွေက ဆန္ဒပြုတာ မဟုတ်ပါဘူး။ နောက်ဆုံး အဆင့်ကျတော့မှ လွှတ်တော်မှာ မဲခွဲတာတော့ တစ်ပိုင်းပါ။


ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ မဲတွေ ပုံအောပေးခဲ့တာဟာ ဒေါ်အောင်ဆန်းကြည်ကပဲ ကောင်းသလို စီစဉ်တာကို လက်ခံနိုင်လို့ဆိုတာ ရှင်းပါတယ်။ ဒါဟာ လူပုဂ္ဂိုလ် တစ်ယောက်အပေါ် ယုံကြည်မှုနဲ့ ပုံအပ်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နှစ်ယောက်ကို ရွေးတဲ့အထဲက ဦးထင်ကျော်ကို ယေဘုယျ လက်ခံကြပေမယ့် ဦးဟင်နရီဗန်ထီးယူရဲ့  နောက်ကြောင်းနဲ့ ပတ်သက်လို့တော့ အငြင်းပွားမှုတွေ ထွက်ပေါ်လာပါတယ်။ ပိုဆိုးတာက စစ်တပ်က ဦးမြင့်ဆွေကို ရွေးချယ်လိုက်တာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့အပြင် နောက်ပြန်ဆွဲတဲ့ လုပ်ရပ်အဖြစ် ထောက်ပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် လာခြင်းကောင်းသည့် အရှင်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ ပြည်သူတွေအနေနဲ့ ရွေးချယ်ခွင့်တော့ မရှိတော့ပါဘူး။


ဒီနေရာမှာ လူပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဝေဖန်နေတာ မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လောက် ကမောက်ကမ နိုင်သလဲဆိုတာကိုပဲ မီးမောင်းထိုးပြချင်တာပါ။ တကယ်လို့များ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက သောင်ပြိုကမ်းပြို အနိုင်မရခဲ့ဘူးဆိုရင်၊ အရပ်သား နိုင်ငံရေးသမားတွေ မညီညွတ်ဘူးဆိုရင် စစ်တပ်ကတင်တဲ့ ဒုတိယသမ္မတဟာ နိုင်ငံတော်သမ္မတ ဖြစ်သွားပြီး လူထုက ကိုယ်စားလှယ်တွေရဲ့ အထက်ကို ရောက်သွားနိုင်ပါသေးတယ်။


အခုတစ်ခေါက်မှာ အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရတဲ့အတွက် မြန်မာတွေ ကံကောင်းသွားပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်စား ရွေးချယ်ထားတဲ့ ဦးထင်ကျော်မှာ အပြစ်ပြောစရာ သိပ်မရှိတာကလည်း ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ မြန်မာတွေဟာ ကံဆိုးတတ်တဲ့ လူမျိုးဖြစ်တဲ့အလျောက် အခုအတိုင်း သမ္မတရွေးချယ်တဲ့ လုပ်ငန်းစဉ်က စိတ်မချရပါဘူး။ နောင်မှာ ဦးထင်ကျော် မဟုတ်တဲ့ လူတစ်ယောက်ကို၊ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ လူတစ်ယောက်က ရွေးချယ်ခဲ့မယ်ဆိုရင် မြန်မာပြည် ကံဆိုးမိုးမှောင် ကျကောင်း ကျသွားနိုင်ပါတယ်။


ညီစောလွင်

The Ladies News Journal

ကမ္ဘာ့အထီးကျန်နိုင်ငံရဲ့ အာဏာရှင်ခေါင်းဆောင်တဦးဖြစ်နေသည့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တဦးဖြစ်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အတွက် စစ်တပ်မှ အကောင်းဆုံးစာဖိုမှူးကြီးက လျှာအရသာ တွေ့စေမည့် အစားအသောက်များ ချက်ပြုတ်ပေးနေရသည်ဟု ဆိုသည်။ မကြာသေးမီက ထွက်ပေါ် လာသော ဓာတ်ပုံများအရ အာဏာရှင်ကြီးသည် ကိုဘီအမဲကင်ကို အားပါးတရ စားသောက်ပြီး ခရစ္စတယ်ရှန်ပိန်အရက်ကိုသောက်ကာ ဆွစ်ဇာလန်မှလာသော အင်မန် တယ်ဒိန်ခဲကို မြုံ့နေပုံတွေ့ရသည်။

မကြာသေးမီက ၎င်းကို စစ်ရေးလေ့ကျင့်နေသည့်ပွဲတခု ကြည့်ရှုနေပုံတွေ့ရသည်။ ကုတ်အကျီင်္ပွပွကြီးကို ၀တ်ဆင်ထားသော ကင်ဂျုံအန်သည် ကုတ်အင်္ကျီပွပွကြီးဝတ် ဆင်ထားစေကာမူ ၎င်း၏ စူနေသောဗိုက်နှင့် မို့ဖောင်းနေသောပါးပြင်များကိုမူ ဖုံးကွယ် မထားနိုင်ချေ။ ယင်းပုံရိပ်များနှင့် ၎င်း၏ ဖခင်သေဆုံးပြီး အာကာစတင်ရယူချိန်က ပုံရိပ် နှိုင်းယှဉ်ကြည့်ပါက ကင်ဂျုံအန်၏ ခန္ဓာကိုယ်မှာ အဆမတန် ၀ဖြိုးလာလာကြောင်း တွေ့ရသည်။

ကင်ဂျုံအန် မှီဝဲနေသော အစားအသောက်များမှာလည်း ကမ္ဘာတွင် အကောင်းဆုံး အရသာ အရှိဆုံး အစားအသောက်များဖြစ်သည်ကို တွေ့ရသည်။ ၎င်းသည် တကြိမ်လျှင် ခရစ္စတယ်ရှန်ပိန်ကို နှစ်ပုလင်းသောက်လေ့ရှိသည်။

ယင်းကဲ့သို့ အကောင်းစား အစားအသောက်များ ကင်ဂျုံအန်မှီဝဲလေ့ရှိပုံကို ၎င်းနှင့်နီးစပ်သော ထိပ်တန်းပုဂ္ဂိုလ်အားလုံးက သိထားကြသည်။ မြောက်ကိုရီးယားတွင် ပြည်သူ အများစု ငတ်မွတ်ခေါင်းပါး ဖြစ်နေကြချိန်တွင် ခေါင်းဆောင်တဦးက ယင်းကဲ့သို့ အကောင်းဆုံး အစားအသောက်များ စားသောက်နေမှုသည် မရှက်မကြောက် ကြောင်သူတော်ကျင့်စဉ် ကျင့်သုံးနေခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

၁၉၉၀ ပြည့်နှစ်တ၀ိုက်က မြောက်ကိုရီးယားတွင် အငတ်ဘေးကြီးကြုံတွေ့ခဲ့ရပြီး လူပေါင်းနှစ်ကလည်း မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျွမ်းကျင် သူများခန့်မှန်းထားကြသည်။ မြောက်ကိုရီးယားတွင် ယခုကဲ့သို့ စားနပ်ရိက္ခာ ပြတ်လပ်မှု ကြောင့် ပြည်သူများ မည်သည့်အတိုင်းအတာအထိ ငတ်မွတ်လျက်ရှိကြောင်း သတင်းအတိအကျမရသော်လည်း အခြေအနေမှာ အလွန်ဆိုးဝါးနေကြောင်း ကုလသမဂ္ဂ FAO မှ အရာရှိတဦးက ပြောကြားခဲ့သည်။

ထွဋ်ဝင်းထွဋ်
Mail Online
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌါန သမ္မတရုံးဝန်ကြီးဌါန ပညာရေးဝန်ကြီးဌါန လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌါန အပါအ၀င် ၀န်ကြီးဌါန ၄ ခုရဲ့ပြည်ထောင်စု ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်မှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကျောင်းသားကျောင်းသူများ တင်ဆောင်လာသည့် ဘတ်စ်ကား တိမ်းမှောက်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဘာစီလိုနာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မတ်လ ၂၀ ရက်က ဘတ်စ်ကား တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၂၃ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၄င်းတို့အနက် သုံးဦးမှာ စိုးရိမ်ဖွယ် အခြေအနေ၌ ရှိနေကြောင်း သိရသည်။

Catalonia ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်ထဲရေးဝန်ကြီး Jordi Jane ၏ နောက်ဆုံး လေ့လာဆန်းစစ်ချက် များအရ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသ၊ Tarragona ပြည်နယ်၊ Freginals မြို့တွင် ဖြစ်ပွားခဲ့ သည့် ယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူ ၁၃ ဦးသည် နိုင်ငံခြားသား ကျောင်းသူများဖြစ်ပြီး ယင်းမတော်တဆမှု အား စုစုပေါင်း လူ ၆၃ ဦး ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။

ဘတ်စ်ကားပေါ်၌ လိုက်ပါလာသူ ခရီးသည်အများစုသည် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အရှေ့ အလယ်ပိုင်း ဒေသနှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အသက် ၂၁ နှစ် မှ ၂၉နှစ် ကြားရှိကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။

ခရီးသည် ၆၁ ဦး တင်ဆောင်လာသည့် ယင်းဘတ်စ်ကားသည် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် AP-7 အဝေးပြေးလမ်းမပေါ်၌ မော်တော်ကားတစ်စီး နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ပြီး မော်တော်ကား ပေါ်လိုက်ပါလာသူ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါယာဉ်တိုက်မှုသည် ယာဉ်မောင်း အိပ်ငိုက်သွားခြင်းကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း သိရသည်။

မတ်လ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည် ၂၀၀၀ခုနှစ် ဇူလိုင် ၆ ရက် စပိန်၌ ဖြစ်ပွားခဲ့သော ၂၈ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည့် ဘတ်စ်ကား နှင့် ထရပ်ကားတစ်စီးတိုက်မိမှု ပြီးနောက် အဆိုးရွားဆုံးသော ယာဉ်တိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

[youtube src="fahsmsHcV9o"/]
ဝန်ကြီးဌာနတွေ လျော့ချလိုက်တဲ့အတွက် ၀န်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်မှာကို မစိုးရိမ်ဖို့ သမ္မတသစ် ဦးထင်ကျော်က ပြောဆို

DVB TVonline

ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာန ၂၁ ခုကို ပြည်ထောင်စုဝန်ကြီး ၂၁ ဦးနဲ့ စုဖွဲ့သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံသမ္မတ ဦးထင်ကျော်တင်သွင်းတဲ့ ၀န်ကြီးဌာန ၂၁ ဌာန၊ အမည်နဲ့ ၀န်ကြီးအရေအတွက် ၁၈ ဦးတင်သွင်းတာကို လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ ပါတယ်။

ဦးဝင်းထိန်က “ဟုတ်တယ်လေ ၁၈ ဦးဆိုတာ ကျနော်တို့ အန်အယ်လ်ဒီအစိုးရရဲ့ ၁၈ ဦး၊ တပ်မတော်က ၃ ဦး။ အားလုံးပေါင်း ၂၁ ဦးပေါ့” လို့ ပြောပါတယ်။

ဦးထင်ကျော် တင်သွင်းတဲ့ ၀န်ကြီးဌာနအရေအတွက်နဲ့ အမည်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ (သမ္မတက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ ၀န်ကြီးအမည်စာရင်းရယူရမယ့်ဌာန ၃ ခု) ပါ ၀င်ပါတယ်။

ဒါပေမယ့် ဦးထင်ကျော်က လွှတ်တော်ကို ပြည်ထောင်စုဝန်ကြီး ၁၈ ဦးအမည်စာရင်းကို မတင်သွင်းသေးပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ အပိုဒ် (ခ) အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် အပိုဒ်ခွဲ (၂) အရ -ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်လို့ ပါရှိပါတယ်။

အပိုဒ် (ဂ) မှာတော့ နိုင်ငံတော်သမ္မတဟာ မိမိရွေးချယ်ထားသည့် ပုဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရမည်။ လို့ ဖော်ပြပါတယ်။

လတ်တလောမှာ ဦးထင်ကျော်ဟာ ရွေးကောက်ခံသမ္မတသာဖြစ်သေးပြီး သမ္မတဦးသိန်းစိန်ထံ က တာဝန်လွှဲပြောင်းရယူခြင်း မရှိသေးတဲ့အတွက် သမ္မတအဖြစ် (တရားဝင်) ကာကွယ်ရေး ဦးစီးချုပ်က သူအဆိုပြုခွင့်ရှိတဲ့ ၀န်ကြီး ၃ ဦးရဲ့အမည်စာရင်း မပေးသေးတာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

တဖက်မှာလည်း ဒီကနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ ထွက်လာတဲ့ ကောလာဟလမှာ အစိုးရအဖွဲ့တွင်းပါရှိမယ့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင်လျှင် ၀န်ကြီးဌာန ၃ ခုလောက်ကို ကိုင်တွယ်နိုင်တယ်ဆိုပြီး ပျံ့နှံ့နေပါတယ်။

ဒီကောလာဟလနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကို မေးမြန်းခဲ့တဲ့အခါမှာတော့ “၂၁ ဌာနရှိတာကို ၁၈ ယောက်ထဲနဲ့ ဦးဆောင်မယ်ဆိုတော့ တချို့ ပုဂ္ဂိုလ်တွေကတော့ ဌာနတခု နှစ်ခုကို ကိုင်ကြမှာပေါ့။ အဲလိုကနေ ထင်မြင်ယူဆလာကြတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဟာနဲ့ နီးစပ်တယ်၊ ဘာတွေ လုပ်ကိုင်မယ်ဆိုတာတွေ ဖြစ်လာတာပေါ့”လို့ ဖြေကြားခဲ့ပါတယ်။

အန်အယ်လ်ဒီက အစိုးရဖွဲ့ခွင့်ရတဲ့အတွက် အစိုးရမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့နေရာ ယူမှာဖြစ်တယ်လိုလည်း ပြောဆိုခဲ့ပါတယ်။

“ငါတို့မှာ အရေးကြီးတဲ့ Post က ဘာလဲဆိုတော့ ကာလုံလဲရှိနေတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတာကလည်း ဌာနကြီးရှိနေသေးတယ်။ ကာကွယ်ရေးဘက်ပါတဲ့ List တွေကလည်း ရှိနေ သေးတာပဲ။ ကာလုံရှိတယ် ဒါစဉ်းစားဖို့ပဲ” လို ပြောဆိုခဲ့ပါသေးတယ်။

By အေးနိုင်
DVB TV News

လ၀က၏ ထုတ်ပြန်စာ၊ တာမိုးညဲဒေသ၌ သြဇာရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးမြင့်လွင် (ခ) ၀မ်ကောင်းတာ့ အကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က ဖော်ပြထားသော အချက်အလက်များနှင့်
ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ (Shan Drug Watch) က ဖော်ပြခဲ့သော အချက်အလက်များကို တွေ့ရစဉ်

သမ္မတ ဦးသိန်းစိန် ရာထူးက မဖယ်မီ ရက်ပိုင်း အလိုမှာပဲ မြန်မာနိုင်ငံမှာ နောက်ထပ် အမည်ခံ တိုင်းရင်းသား လူမျိုးတစ်ခု ထပ်ပေါ်လာပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲမှာ လုံးဝ ပါဝင်ခဲ့ခြင်း မရှိတဲ့ မုန်းဝန်း အမည်ခံ တာမိုးညဲ ဒေသခံတွေကို မုန်းဝန်း ဗမာတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးဖို့ လုပ်ဆောင်ခဲ့တာပါ။

ဒါဟာ ပြည်သူတွေရဲ့ သဘောဆန္ဒ ပါဝင်ခြင်း မရှိဘဲ အမည်ခံ တိုင်းရင်းသား လူမျိုးတစ်ခု သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီလို ထပ်ပေါ်လာတဲ့ အမည်ခံ တိုင်းရင်းသား လူမျိုး ဆိုတာ ဗမာစာကို မတတ်၊ ဗမာစကား မပြောပဲ တရုတ် ဘာသာကိုပဲသိ၊ တရုတ်စကားပြော၊ တရုတ်နာမည် သုံးသူတွေ ဖြစ်နေပါတယ်။


■ မုန်းဝန်း ဗမာ သတ်မှတ်ခြင်း

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ၀န်ကြီးဋ္ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က မတ် ၁၁ ရက် ရက်စွဲနဲ့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ စာတစ်စောင် ပေါက်ကြားပြီး လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

“တာမိုးညဲ ဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသားများအား မုန်းဝန်း ဗမာဟု သတ်မှတ် အသုံးပြုသွားရန် ကိစ္စ” လို့ ခေါင်းစဉ်ပေးထားတဲ့ စာကို လ၀က ၀န်ကြီးဌာန အောက်မှာ ရှိတဲ့ ညွှန်ကြားရေးမှူးချုပ် သုံးဦးထံ ပေးပို့ခဲ့တာပါ။ စာမှာ အကြောင်းအရာ ခြောက်ချက် ပါဝင်ခဲ့ပါတယ်။

ပထမ တစ်ချက်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၀၁၀ ပြည့်နှစ်မှာ မုန်းဝန်း ဗမာလို့ သတ်မှတ်ပေးခဲ့တာကို တရားဝင် ဆက်ပြီး အတည်ပြုပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးနိုင်ဖို့ မုန်းဝန်း(ဗမာ)လို့ သတ်မှတ်ပြီး မှတ်ပုံတင်လဲပေးဖို့ မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ အချက်မှာတော့ ခေတ်အဆက်ဆက် နိုင်ငံတော်အကြီး အကဲတွေက နိုင်ငံတော် လုံခြုံရေး အတွက် သူတို့ (မုန်းဝန်း) ရဲ့ ပူးပေါင်းပါဝင်မှုကို အသိအမှတ် ပြုမှုများ ရှိခဲ့တယ်၊ ၁၉၉၈ ခုနှစ် မေ ၁၁ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းခရီးစဉ်မှာ တာမိုးညဲဒေသ မုန်းဝန်း(ဗမာ) တိုင်းရင်းသားတွေကို မုန်းဝန်း အမည်ကနေ တာမိုးညဲဒေသ ဗမာတိုင်းရင်းသား အမည်သို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့တဲ့ နောက်ပိုင်း ဗမာတိုင်းရင်းသား အမည် ခံယူခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၀ မှာ ပြည်ထဲရေး ၀န်ကြီးဌာနက မုန်းဝန်း တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး တာမိုးညဲမြို့မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တာမိုးညဲဒေသ ဗမာတိုင်းရင်းသားတွေကို နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးတဲ့ အခါ လူမျိုးနေရာမှာ ‘မုန်းဝန်း တရုတ်’ အစား မုန်းဝန်းဗမာ/ဗုဒ္ဓဘာသာလို့ ဖော်ပြပြီး စာရင်း ရေးသွင်းခဲ့တယ်။ ဒီ မတိုင်ခင် ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်တွေမှာ လူမျိုး နေရာတွေကို ပြင်ဆင်ပေးခဲ့ခြင်း မရှိဘူး၊ ၂၀၀၃ ခုနှစ်မှာ မှတ်ပုံတင် လုပ်ပေးတုန်းက လူမျိုးနေရာမှာ မုန်းဝန်းလို့သာ ဖော်ပြခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သတ်မှတ်ပေးခဲ့တဲ့ တာမိုးညဲ ဗမာ တိုင်းရင်းသား အမည် ပယ်ဖျက်ခံရသလို ဖြစ်ခဲ့တယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်ပေးဖို့ တာမိုးညဲ ဒေသခံတွေက လ၀က ၀န်ကြီးဆီ တင်ပြခဲ့တယ်လို့ တတိယ အချက်မှာ ဖော်ပြပါတယ်။

လားရှိုးမြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၆ ရက်က ပြုလုပ်တဲ့ တာမိုးညဲ ဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းတစ်ခန်း ပြသနိုင်ရေး အစည်းအဝေးမှာ ဒေသခံ ရှမ်း၊ တအာင်း (ပလောင်)၊ ‘၀’၊ ကချင်၊ ကိုးကန့်၊ မြောင် ဇီး(ခ)မှုန့်၊ လီဆူး၊ လားဟူ၊ ဗမာ၊ ဗမာ(မုန်းဝန်း) ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်၊ ကိုယ်စားလှယ် ၅၇ ဦးက တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ဖြစ်တည်မှုကို ထောက်ခံတယ်လို့ စတုထ္ထ အချက်မှာ ပြောခဲ့ပါတယ်။

ပဉ္စမ အချက်မှာ ဖော်ပြထားတဲ့ အရာက လ၀က ၀န်ထမ်း အချို့ဟာ နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်ကို မသိဘဲ မုန်းဝန်း လူမျိုးလို့ မှတ်ပုံတင်မှာ ဖော်ပြခဲ့တဲ့အတွက် ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ်မှာ ဆန္ဒမဲ ပေးခွင့်ရှိတဲ့ တားမိုးညဲဒေသ မုန်းဝန်း(ဗမာ) တိုင်းရင်းသား ၆၀၀၀၀ ကျော် ရှိတဲ့ထဲမှာ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်လောင်းကို မုန်းဝန်း (ဗမာ) ၆၂၀ ကျော်သာ မဲပေးခွင့် ရှိခဲ့တယ်၊ ရွေးကောက်ပွဲ ကော်မရှင်က မုန်းဝန်း(ဗမာ)တွေကို မဲပေးခွင့် ပြုခဲ့ပေမယ့် မှတ်ပုံတင်မှာ မုန်းဝန်း/မြန်၊ မုန်းဝန်း/တရုတ်၊ မုန်းဝန်း/ဗုဒ္ဓလို့ ဖော်ပြခံရသူတွေ မဲပေးခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအတွက် မှတ်ပုံတင်မှာ ဖော်ပြပြီး ဖြစ်တဲ့ လူမျိုးနေရာတွေမှာ မုန်ဝန်း(ဗမာ) သတ်မှတ်ပေးဖို့နဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား မှတ်ပုံတင်တွေကို အစားထိုး လဲလှယ် ပြင်ဆင်ပေးဖို့ နောက်ဆုံး အချက်မှာ ပြောခဲ့ပါတယ်။


■ တာမိုးညဲ၊ မုန်းဝန်းနှင့် ဆက်နွှယ်မှုများ

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မူဆယ် ဒေသတွေနဲ့ ထိစပ်နေတဲ့ တာမိုးညဲ ဒေသ ဆိုတာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလ စစ်အာဏာသိမ်း ခေါင်းဆောင်တွေ လက်ထက်မှာ ထင်ရှားလာတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

တာမိုးညဲ ပြည်သူ့စစ် အဖွဲ့မှာရော၊ မုန်းဝန်းပြည်သူ့စစ် အဖွဲ့မှာပါ သြဇာရှိတဲ့ ခေါင်းဆောင်ဟာ ဦးမြင့်လွင် (ခေါ်) ၀မ်ကောင်းတာ့ ဖြစ်ပါတယ်။ ဗမာလူမျိုး မဟုတ်ဘဲ တရုတ်-ကိုးကန့်နွယ်ဖွား ဖြစ်တဲ့ ဦးမြင့်လွင်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး)ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း အနိုင်ရထားပါတယ်။

ထူးခြားချက်က ဦးမြင့်လွင်ဟာ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ယခု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ) ဦးတီခွန်မြတ်လိုပဲ မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ကွတ်ခိုင်ဒေသတွင်းမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။

ဦးမြင့်လွင်ဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ Mong Tai Army (MTA) ကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် နှစ်ဦးနဲ့ အနီးကပ် ဆက်ဆံရေး ရှိသူ ဖြစ်ကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက ထုတ်ဝေတဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ (Shan Drug Watch) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သူဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုမှာ ပါဝင် ပတ်သက်နေသူ တစ်ဦး ဖြစ်တယ်လို့ ဆိုထားသလို နယ်သာလန် အခြေစိုက် (Transnational Institute - TNI) ရဲ့ ၂၀၁၂ ခုနှစ် အစီရင်ခံစာမှာလည်း ရှမ်းပြည်နယ်အတွင်း သယံဇာတ ထုတ်ယူမှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီကို ဦးဆောင်သူအဖြစ် ဖော်ပြခဲ့ပါတယ်။

ဦးမြင့်လွင်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ သူဟာ ၁၉၄၃ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်တယ်၊ အသက် ၇၃ နှစ်ရှိပြီး ပညာ အရည်အချင်း - ၇ တန်း၊ အလုပ်အကိုင် - တာမိုးညဲချမ်းသာ ရောင်းဝယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ၊ လူမျိုး - မုန်းဝန်း ဗမာ၊ မိခင်- ဒေါ်လီဖူပေါက်၊ ဖခင်- ဦးဝမ်လောက်ပန်း၊ ကိုးကွယ်သည့် ဘာသာ - ဗုဒ္ဓလို့ ဆိုထားပါတယ်။

မူးယစ်ဆေးဝါး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးမြင့်လွင်ရဲ့ ဆက်စပ်မှုကို သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီ ဖြစ်တဲ့ Sunshine Kaidi New Energy Group နဲ့ ပူးပေါင်းပြီး ဇီဝလောင်စာ ထုတ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှာ ရှိတဲ့ မြေရိုင်း ဧက ၆၀၀၀၀၀ ကျော် ပေးဖို့ ၂၀၁၃ ခုနှစ်က အစိုးရဆီမှာ တောင်းခဲ့ဖူးပါတယ်။ ဒေသခံတွေက လက်မခံဘဲ ကန့်ကွက်ခဲ့တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

ဦးမြင့်လွင် ဥက္ကဋ္ဌဖြစ်တဲ့ တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တာမိုးညဲ ပြည်သူ့စစ်အဖွဲ့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တာမိုးညဲမြို့ကို ဗဟိုပြုပြီး အနီးတ၀ိုက်မှာ စခန်းရှစ်ခု အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။ အဲဒီ ပြည်သူ့စစ် အဖွဲ့ကို ၁၉၇၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။ စတင် ဖွဲ့စည်းချိန်မှာ တားမိုညဲဟာ ကျေးရွာ အဆင့်ပဲ ရှိပါသေးတယ်။

၁၉၉၉ ခုနှစ် စက်တင်ဘာမှာ တားမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒီအချိန်မှာ တာမိုးညဲ ဒေသကို တာမိုးညဲ ဗမာ တိုင်းရင်းသား ဒေသလို့ သတ်မှတ်ခဲ့တဲ့ အပြင် ဒေသမှာ နေကြသူတွေကို မုန်းဝန်း အမည်ကနေ တာမိုးညဲဒေသ ဗမာတိုင်းရင်းသား အဖြစ် ပြောင်းဖို့ ၁၉၉၈ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သတ်မှတ်ပေးခဲ့ပါတယ်။

တာမိုးညဲချမ်းသာ ကုမ္ပဏီ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ စက်ပစ္စည်းတွေ၊ မဟာဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံ တည်ဆောက်ရာမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို၊ ဓာတုပစ္စည်းတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းတွေကို မြန်မာနိုင်ငံ အတွက် တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ငါး၊ ပုစွန်၊ ပဲမျိုးစုံ၊ လက်ဖက်ခြောက်၊ ပြောင်းနဲ့ ဂုန်လျှော်တွေကို ပြည်ပ တင်ပို့တဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။

တာမိုးညဲချမ်းသာ ကုမ္ပဏီဟာ တရုတ်နိုင်ငံက အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီခွဲ ခြောက်ခုရှိတဲ့ အထိ အင်အားကြီးခဲ့ပါတယ်။ ရရှိတဲ့ အချက်အလက်တွေအရ တာမိုးညဲချမ်းသာ ကုမ္ပဏီ အုပ်စုအောက်မှာ တာမိုးညဲချမ်းသာ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ၊ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီ၊ တာမိုးညဲ ချမ်းသာ သတ္တုတူးဖော်ရေး ကုမ္ပဏီ၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၊ ချမ်းသာ ကျောက်မျက်ကုမ္ပဏီနှင့် စီမံကိန်းအားလုံး ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။

ဖော်ပြပါ အချက်အလက်တွေက တာမိုးညဲဒေသ၊ ဦးမြင့်လွင်နဲ့ မုန်းဝန်းတို့အကြား ဆက်နွှယ်မှုတွေ ဖြစ်ပါတယ်။ ကျေးရွာအဆင့် ဌာနေ ပြည်သူ့စစ် အဖွဲ့ကနေ မြို့နယ်ခွဲ အဆင့်ထိ ဖြစ်လာတဲ့ တာမိုးညဲဟာ အခုချိန်မှာတော့ သူတို့ ဒေသမှာ နေထိုင်နေသူတွေကို တိုင်းရင်းသား မျိုးနွယ်အဖြစ် တရားဝင် သတ်မှတ်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့ပါပြီ။


■ တိုင်းရင်းသား စစ်သလား

မှတ်ပုံတင်ရဲ့ လူမျိုးနေရာမှာ မုံးဝန်းဗမာလို့ သတ်မှတ်ပေးမယ်ဆိုရင် တာမိုးညဲ ဒေသမှာ နေထိုင်ကြသူတွေ တိုင်းရင်းသား စစ်သလား ဆိုတဲ့ မေးခွန်း မေးရမှာပါ။ ဒါ့အပြင် သူတို့ရဲ့ နိုင်ငံသား ဖြစ်မှုကိုလည်း စိစစ်ရမှာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ရလဒ်အရ သတ်မှတ်တဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ‘မုန်းဝန်း’ အမည် ပါဝင်ခြင်း မရှိသလို မုန်းဝန်း ဗမာ ဆိုတာလည်း မရှိခဲ့ပါဘူး။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာလည်း မုန်းဝန်းကို တိုင်းရင်းသား လူမျိုးတစ်ခု အဖြစ် သတ်မှတ်ခြင်း မရှိဘဲ တိုင်းရင်းသား မျိုးနွယ် မဟုတ်သူတွေ ဖြည့်စွက်ရတဲ့ နံပါတ် ၉၁၄ မှာ ရေးသွင်းခဲ့ရပါတယ်။

ဒီအတိုင်းပဲ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိုးထဲမှာ ကိုးကန့်ကို တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ပေမယ့် မုန်းဝန်း၊ မုန်းဝန်းဗမာ အခေါ်အဝေါ် မရှိပါဘူး။ ဗမာ တိုင်းရင်းသား မျိုးနွယ်စု ကိုးမျိုးထဲမှာလည်း မုန်းဝန်း မပါပါဘူး။ ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကခူး (ခုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်) တို့ပဲ ဗမာတိုင်းရင်းသား မျိုးနွယ်စုထဲ ပါဝင်ပါတယ်။ ရှမ်းပြည်နယ်မှာ အစဉ်တစိုက် နေထိုင်လာတဲ့ ရှမ်းတိုင်းရင်းသားတွေက မုန်းဝန်းကို မုန်းဝန်း ဗမာ လုပ်ပြီး လူမျိုး တစ်ခုအဖြစ် သတ်မှတ်တာ လက်မခံပါဘူး။ မုန်းဝန်းဟာ ဒေသငယ် တစ်ခုရဲ့ အမည်သာဖြစ်ပြီး မုန်းဝန်း အမည်ခံတဲ့ လူဦးရေကလည်း နည်းတယ်လို့ ဆိုပါတယ်။ လ၀ကရဲ့ ထုတ်ပြန်ချက်မှာပါ ၀င်တဲ့ အချက်တစ်ခုအရ တာမိုးညဲ ဒေသမှာ (အသက် ၁၈ နှစ်အထက်)ဆန္ဒမဲပေးခွင့်ရှိသူ မုန်းဝန်း(ဗမာ) တိုင်းရင်းသား ၆၀၀၀၀ ကျော်ရှိ တယ်လို့ ဆိုပါတယ်။

တာမိုးညဲဒေသ ကွတ်ခိုင်၊ ကုန်ကြမ်းနှင့် လောက်ကိုင်ဒေသ ဆက်စပ်မှုနှင့် တာမိုးညဲ ဒေသ၏ လူဦးရေ စာရင်း (Source: DOP)

ဒါပေမဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ်မှာ ဖော်ပြထားတာက တာမိုးညဲ မြို့နယ်ခွဲ နေထိုင်သူ လူဦးရေ ၇၃၃၁၈ ဦး ရှိပါတယ်။ ဒီထဲမှာ အသက် ၁၈ နှစ်အထက် လူဦးရေ ၄၁၀၅၂ ဦး ရှိပါတယ်။ ဒါကြောင့် လ၀က ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ မုန်းဝန်း ၆၀၀၀၀ ကျော်ဟာ တာမိုးညဲ မြို့နယ်ခွဲမှာ နေထိုင်သူ ဖြစ်တယ် ဆိုရင် လူဦး ၂၀၀၀၀ နီးပါး ပိုထွက်နေတယ်လို့ ယူဆနိုင်ပါတယ်။

ဒါမှမဟုတ် လူဦးရေ ၆၀၀၀၀ ကျော်မှာ ကွတ်ခိုင်မြို့နယ်ထဲ နေထိုင်သူတွေ ပါဝင်တယ် ဆိုရင် တာမိုးညဲ ဒေသမှာ ၄၀၀၀၀ ကျော်၊ ကွတ်ခိုင်မြို့နယ်မှာ နေထိုင်သူ ဦးရေ ၂၀၀၀၀ နီးပါး ရှိတယ်လို့ ဆိုနိုင်ပါတယ်။

လက်တွေ့မှာတော့ မုံးဝန်း အမည်ခံထားသူတွေဟာ တာမိုးညဲနဲ့ ကွတ်ခိုင်တင် မကဘဲ ရှမ်းပြည်နယ် မြို့ကြီးတွေ အပါအ၀င် မန္တလေးမြို့မှာပါ နေထိုင်နေကြတဲ့ အချက်အလက်တွေ ရှိပါတယ်။ နိုင်ငံအနှံ့ ဖြန့်ကျက်နေထိုင်နေတဲ့ မုန်းဝန်း အားလုံးကို မုန်းဝန်း ဗမာလို့ သတ်မှတ်လိုက်တာနဲ့ သိန်းဂဏန်းရှိတဲ့ တရုတ်တွေ မုန်းဝန်းဗမာ ဖြစ်လာနိုင်ပါတယ်။


■ မုန်းဝန်း တရုတ်

ကိုယ့်ကိုယ်ကိုယ် မုန်းဝန်း ဗမာလို့ ပြောပြီး ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ဦးမြင့်လွင် ကိုယ်တိုင်က ဗမာ မဟုတ်ပါဘူး။ မြန်မာ နိုင်ငံတွင်းမှာ သူ့ကို ဖော်ပြတဲ့အခါ ကိုးကန့် တရုတ်လို့ ပြောပြီး နိုင်ငံတကာ အခြေစိုက် အဖွဲ့အစည်းတွေက ဖော်ပြတဲ့အခါ တရုတ်လို့ပဲ သုံးစွဲခဲ့ပါတယ်။

ဒီအတိုင်းပဲ ဦးမြင့်လွင် သြဇာသက်ရောက်မှု ကြီးတဲ့ တာမိုးညဲ ဒေသက မုံးဝန်းတွေကို မုံးဝန်း တရုတ် လူမျိုးတွေလို့ ရှမ်းတိုင်းရင်းသားတွေက သတ်မှတ်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကာလမှာ တရားစွဲဆိုတဲ့ အမှုတွေ ရှိခဲ့ပြီး အခုထိလည်း အမှုတွေ ပြီးပြတ်ခြင်း မရှိသေးပါဘူး။ မုန်းဝန်းတရုတ် လူမျိုးတွေကို တရားစွဲခဲ့တဲ့ အမှုတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ နမ့်စမ်ရုံးက မုန်းဝန်း ယဉ်ကျေးမှု အဖွဲ့ကို တရားစွဲဆိုတဲ့ အမှုက ထင်ရှားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလမှာ မုံးဝန်း ဗမာ ၆၀၀၀၀ ကျော်ရှိတဲ့ အထဲက ၆၀၀ ကျော်ပဲ မဲပေးခွင့် ရခဲ့တယ် ဆိုပေမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ မုန်းဝန်း ယဉ်ကျေးမှု အဖွဲ့ရဲ့ မဲဆွယ် စည်းရုံးမှု အားကောင်းခဲ့ပါတယ်။

သူတို့ မဲဆွယ်တဲ့ အခါမှာ လက်ကမ်းစာစောင်ကို တရုတ်ဘာသာ စကားနဲ့ ရေးသားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ မုန်းဝန်းတရုတ် လူမျိုးတွေကို ကူညီထောက်ပံ့မှု များစွာ လုပ်ပေးခဲ့တယ်၊ ပြည်ခိုင်ဖြိုး ပါတီ အနိုင်ရရင် မုန်းဝန်း တရုတ် လူမျိုးတွေ အခွင့်အရေး ရနိုင်မယ်၊ ကျေးဇူးသိတတ်သော အားဖြင့် မုန်းဝန်း တရုတ် လူမျိုးတွေ ပြည်ခိုင်ဖြိုးကို မဲပေးပါရန် ဆိုတဲ့ အချက်တွေ သူတို့စာမှာ ပါဝင်ခဲ့ပါတယ်။

တရုတ် ဘာသာနဲ့ ရေးသားခဲ့တဲ့ အဲဒီ စာရွက်ကို တာမိုးညဲ၊ ကွတ်ခိုင်ဒေသတွေတင် မကဘဲ တောင်ကြီး၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စမ် အပါအ၀င် ရှမ်းပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေကို ဖြန့်ဝေပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတဲ့ အပြင် စာမှာလည်း မုံးဝန်းပြည်ခိုင်ဖြိုး ပါတီလို့ သုံးခဲ့တဲ့အတွက် နမ့်စန် NLD ပါတီက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီကလည်း တရားစွဲခဲ့တာ ရှိပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံသား မဟုတ်တဲ့ တရုတ်၊ ဘင်္ဂါလီတွေကို မှတ်ပုံတင် ထုတ်ပေးပြီး ဆန္ဒမဲ ပေးခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလမှာ ဘင်္ဂါလီအရေး အာရုံစိုက်မှု အားကောင်းခဲ့တာကြောင့် နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေရဲ့ စိမ့်ဝင်မှု ကျယ်ပြန်ခဲ့ပါတယ်။ ဗမာစကား မတတ်၊ မြန်မာနိုင်ငံသား မဟုတ်ဘဲ မြန်မာ မှတ်ပုံတင် ကိုင်ထားသူ၊ မြန်မာပတ်စ်ပို့ ကိုင်ထားသူ တရုတ်တွေကို အများအပြား တွေ့လာပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်တွေရဲ့ စိမ့်ဝင်မှုကြောင့် မန္တလေးမြို့ ကျဆုံးလု နီးပါး ရောက်လာချိန်မှာ တိုင်းရင်းသား အမည်ခံ မုန်းဝန်းတွေကို ဘာတစ်ခုမှ စိစစ်ခြင်း မရှိဘဲ မုန်းဝန်း ဗမာ သတ်မှတ်ပေးလိုက်တာက ပြည်သူတွေ ထိတ်လန့်စရာ ဖြစ်ခဲ့ရပါတယ်။


■ ၁၉၈၂ နိုင်ငံသား ဥပဒေ

အရေအတွက် ၆၀၀၀၀ ကျော် ရှိတဲ့ မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာအဖြစ် ပြောင်းလဲ သတ်မှတ်ပေးဖို့ ဆိုတာဟာ ဘင်္ဂါလီများ နိုင်ငံသား ပေးဖို့ စိစစ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

လ၀က ၀န်ကြီးဌာန အတွင်းဝန် ဦးမြင့်ကြိုင်က မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာလို့ သတ်မှတ်တဲ့ ကိစ္စဟာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေ အခန်း(၂) အရ နိုင်ငံတော် သမ္မတက နိုင်ငံတော် အကျိုးငှာ လုပ်ပိုင်ခွင့်အရ လုပ်တာဖြစ်လို့ သတ်မှတ်တာ အကျုံးဝင်တယ်လို့ မတ် ၂၀ ရက်ထုတ် 7 Day သတင်းစာမှာ ပြောခဲ့ပါတယ်။

ဦးမြင့်ကြိုင် ဆိုလိုတာက နိုင်ငံသား ဥပဒေ အခန်း(၂) ပုဒ်မ-၄ နဲ့ ပုဒ်မ ၈ ကို ပြောတာ ဖြစ်နိုင်ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အခန်း (၂)၊ ပုဒ်မ-၄ မှာ “မည်သည့် မျိုးနွယ်စုသည် တိုင်းရင်းသား ဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော် ကောင်စီက ဆုံးဖြတ်နိုင်သည်” လို့ ဆိုထားပါတယ်။ အခန်း (၂) ပုဒ်မ-၈၊ ပုဒ်မခွဲ (က) မှာ “နိုင်ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မည်သူကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ် သတ်မှတ်နိုင်သည်”၊ ပုဒ်မခွဲ (ခ) မှာ “နိုင်ငံတော် ကောင်စီသည် နိုင်ငံတော်၏ အကျိုးငှာ မွေးရာပါ နိုင်ငံသားမှ အပ မည်သူကို မဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့် ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်” လို့ ဆိုထားပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရ လက်ထက်မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီ အချိန်တုန်းက နိုင်ငံတော် ကောင်စီ ရှိပေမယ့် အခု မရှိပါဘူး။ ဒီအတိုင်းပဲ လက်ရှိ အုပ်ချုပ်နေသူတွေကို နိုင်ငံတော် ကောင်စီ ဆိုပြီး လုပ်လို့ မရသလို သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုကို နိုင်ငံတော် ကောင်စီ လုပ်ဆောင်မှုအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုလို့ မရပါဘူး။

ဒါကြောင့် မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ သတ်မှတ်ခြင်းဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အခန်း(၂) အရ သမ္မတ လုပ်ပိုင်ခွင့်နဲ့ လုပ်တယ်ဆိုရင် ဒါဟာ တရား မ၀င်ပါဘူး။ တရား မ၀င်တာကို ဇွတ်အတည်ပြုတယ် ဆိုရင် ဥပဒေကို ကျော်လွန် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။


■ တန်းတူညီမျှ စိစစ်ပါ

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက စိမ့်ဝင်လာသူတွေကြောင့် တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွား၊ အမျိုးသား လုံခြုံရေးကို ထိပါးလာနိုင်တဲ့ အခြေအနေ ရောက်နေချိန်မှာ အရင် အုပ်ချုပ်သူ အဆင့်ဆင့်ရဲ့ လမ်းညွှန်ချက်ကြောင့်၊ သမ္မတရဲ့ မှတ်ချက်ပြုမှုကြောင့် တရုတ် မျိုးနွယ်စု တစ်ခုကို မှတ်ပုံတင်မှာ တရားဝင် အသိအမှတ်ပြုပြီး သတ်မှတ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

သတ်မှတ် ပေးချင်တယ် ဆိုရင် ပထမ အချက်က ဘင်္ဂါလီတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်တွေ အတိုင်း လုပ်ရပါမယ်၊ မုန်းဝန်း တရုတ်တွေရဲ့ နောက်ခံနဲ့ ဘင်္ဂါလီတွေရဲ့ နောက်ခံကို ကြည့်ရင် ဘင်္ဂါလီတွေက ပိုပြီး အခွင့်အရေး ရနိုင်ပါတယ်။

ဒီအချိန်မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ဥပဒေနဲ့ အသေးစိတ် စိစစ်ပြီး နိုင်ငံသား ဖြစ်ခွင့်အတွက် သတိထား လုပ်ဆောင်နေချိန်မှာ သမ္မတရဲ့ မှတ်ချက် တစ်ခုတည်းနဲ့ မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ သတ်မှတ်ပေးတယ် ဆိုတာ မမျှတတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသုံးပြုတဲ့ ဥပဒေချင်း တူတာတောင် ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့ သဘော သက်ရောက်ပါတယ်။ ဒီအတိုင်းပဲ မုန်းဝန်းတရုတ်တွေကို ဘင်္ဂါလီတွေထက် အခွင့်အရေး ပိုပေးတယ် ဆိုတာ ဘင်္ဂါလီနဲ့ တရုတ် နှစ်ခုအကြား တရုတ်ကို မျက်နှာသာ ပေးခြင်းပါပဲ။ နိုင်ငံအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကြောင့် မုန်းဝန်း တရုတ်တွေကို မုန်းဝန်း ဗမာ လုပ်မယ့် ကိစ္စကို ပြန်ပြီး စိစစ်ရပါလိမ့်မယ်။

ဒုတိယ တစ်ချက်က ရှိရင်းစွဲ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းမှာ လုံးဝ ပါဝင်ခြင်း မရှိဘဲ နောက်ထပ် တိုင်းရင်းသား မျိုးနွယ်စု တစ်ခု သတ်မှတ်၊ မှတ်ပုံတင်ပေါ်မှာ မှတ်တမ်းတင်ပေးမယ့် အစီအစဉ်ဟာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီလို လုပ်မယ်ဆိုရင် ရှမ်းပြည်နယ်တင် မကဘဲ တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ လုပ်ပြီးမှ သတ်မှတ်ပေးရမယ့် ကိစ္စ ဖြစ်ပါတယ်။


■ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ

မုန်းဝန်း ဗမာ သတ်မှတ်ရေး ကိစ္စဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အကျအဆုံး များခဲ့ရတဲ့ ကိုးကန့် လောက်ကိုင် တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်က ကြေးစားတွေ စိမ့်ဝင်ပြီး တိုက်ပွဲ ဆင်နွှဲခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။

တာမိုးညဲ ဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်ပြီး ဥပဒေ စိုးမိုးမှု အားနည်းတဲ့ လောက်ကိုင်၊ ကုန်းကြမ်း ဒေသတွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီနယ်မြေ အတွင်းမှာ နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ ဘယ်လောက်ထိ ရောက်ရှိ နေထိုင်နေကြသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလို နေထိုင်ကြသူတွေမှာ မုန်းဝန်း တရုတ် အရေခြုံထားတဲ့ တရုတ်ကြေးစား စစ်သားတွေ၊ စီးပွားရေး သမားတွေ၊ သာမန် တရုတ် နိုင်ငံသားတွေလည်း ပါဝင်နိုင်ပါတယ်။ မုန်းဝန်း ဗမာလို့ သတ်မှတ်ပေးလိုက်တာနဲ့ သူတို့ အားလုံး မြန်မာတိုင်းရင်းသား ခေါင်းစဉ်အောက်ကို အလွယ်တကူ ရောက်လာမှာ ဖြစ်ပါတယ်။

လ၀က ညွှန်ကြားချက်စာအရ (ယခု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ) ဦးတီခွန်မြတ်နဲ့ ဦးမြင့်လွင်တို့ အနိုင်ရခဲ့တဲ့ ကွတ်ခိုင် မဲဆန္ဒနယ် တစ်ခုတည်းမှာတင် မဲပေးပိုင်ခွင့် ရှိသူ မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော် ရှိနေတယ်ဆိုတဲ့ အထောက်အထား တွေ့ရပါတယ်။ ဒါဟာ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးမှုမှာ တရုတ်တွေ ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်နွှယ်နေပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ကာလ မဲဆွယ် စည်းရုံးမှုမှာလည်း မုန်းဝန်း တရုတ်တွေက တရုတ် ဘာသာစကား အသုံးပြုပြီး ပြည်ခိုင်ဖြိုးကို မဲပေးကြဖို့ ညွှန်ကြားတာတွေ ရှိခဲ့တဲ့ အတွက် နိုင်ငံသား အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ တရုတ်တွေ ဘယ်လောက်ထိ ပါဝင် ပတ်သက်ခဲ့သလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မုန်းဝန်း တရုတ်တွေ အဓိက ကြီးစိုးထားတဲ့ တာမိုးညဲ ဒေသ၊ ကွတ်ခိုင် မဲဆန္ဒနယ်မှာ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးတီခွန်မြတ်နဲ့ ဦးမြင့်လွင်တို့ အနိုင်ရခဲ့ခြင်း နောက်ကွယ်မှာ မုန်းဝန်း တရုတ်တွေ ဘယ်လောက် ပါဝင် ပတ်သက်ခဲ့သလဲ ဆိုတာ စဉ်းစားရမယ့် အချက် ဖြစ်ပါတယ်။

သေချာတာကတော့ မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော်ကို မုန်းဝန်း ဗမာအဖြစ် သတ်မှတ်ပေးခြင်းဟာ တရုတ်မျိုးနွယ်စုတွေကို ဗမာတိုင်းရင်းသား စာရင်း သွင်းသလိုပဲ ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုက မုန်းဝန်း တရုတ် ၆၀၀၀၀ ကျော်နဲ့သာ သက်ဆိုင်ရုံ မကဘဲ မုန်းဝန်း အရေခြုံထားတဲ့ တရုတ်တွေကို ဗမာ တိုင်းရင်းသား ဖြစ်ဖို့ အလွယ်တကူ ခွင့်ပြုလိုက်သလို ဖြစ်နေပါတယ်။

တိုင်းပြည်ရဲ့ အရှေ့တံခါး အားနည်းချက်ကြောင့် နိုင်ငံထဲကို နိုင်ငံသား မဟုတ်တဲ့ တရုတ်တွေ စိမ့်ဝင်နေချိန်မှာ ဗမာစကား မပြော၊ ဗမာစာ မတတ်တဲ့ တရုတ် မျိုးနွယ်စုတွေကို စနစ်တကျ စိစစ်ခြင်း မရှိဘဲ တိုင်းရင်းသားအဖြစ် အလွယ်တကူ သတ်မှတ်ပေးနေမယ် ဆိုရင် ဒါဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

Writer:
နေထွန်းနိုင်၊ စည်သာ(တောင်ကြီး)
Eleven Media Group

လွှတ်တော်
လွှတ်တော်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။ အစိုးရအဖွဲ့ထဲမှာတော့ NLD ပါတီက သာမက တိုင်းရင်းသားတွေ ပြင်ပကကျွမ်းကျင်သူတွေပါ ပါဝင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။


NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းမယ့် ၀န်ကြီးဌာန ၂၁ ခု အတွက် ၀န်ကြီးတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့လိုက်ပြီ မနက်ဖြန်မှာ လွှတ်တော်တွင်း တရားဝင် ကြေညာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ NLD က ခန့်အပ်တာဝန်ပေးမယ့် သူတွေထဲမှာတော့ ပါတီဝင်တွေရော ပြင်ပကလူတွေပါ နယ်ပယ်အသီးသီးက ပါဝင်မှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။


“ပြည်ထောင်စုလွှတ်တော်ကို ပေးရတာ ဒီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတကနေပြီးတော့ ပေးရတာပေါ့ကွာ။ အမျိုးသမီး ဘယ်နှစ်ယောက်တွေမမေးပါနဲ့ ၊ အမျိုးသမီးပါတယ်။ NLD ပါတယ် ။ ပညာရှင်လည်းပါတယ်။ NLD ပါတယ် ။ တိုင်းရင်းသားလည်းပါတယ်။ ပညာရှင်လည်းပါတယ်နော်။”


NLD အစိုးရသစ် လက်ထက်မှာ အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနအတွက်ကိုတော့ တိုင်းရင်းသား ခေါင်းဆောင် တဦးကိုတာဝန်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။


“တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှာ တိုင်းရင်းသား တဦးကို တာဝန်ပေးတယ်ဆိုတာပြောတာပါ။ နောက် နိုင်ငံရဲ့အကျိုးကိုပြုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အကျိုးပြုနိုင်တာလား၊ ကျန်တဲ့ အပြင်ကလူတွေက အကျိုးမပြုနိုင်ဘူးလား ဒါတွေလည်း စဉ်းစားရဦးမှာပေါ့။”


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတာဝန်ယူခွင့်မရှိတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရသစ်မှာ ဘယ်လို အခန်းကဏ္ဍက တာဝန်ယူမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့လည်း ပါတီနဲ့ အစိုးရသစ်ကိုပါ ဦးဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။


“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အဲတော့ NLD ဖွဲ့တဲ့ အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။NLD ကြီးကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တဲ့အတွက် NLD ဖွဲ့တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှာပါ။ အဲဒီကျတော့ ရာထူး Position ဆိုတာ အရေးကြီးသေးသလား။”


NLD အစိုးရသစ်က ၀န်ကြီးဌာန အများစုအတွက် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ ခုဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။


ထက်အောင်/VOA
http://burmese.voanews.com/content/nld-propose-list-of-ministers-in-hluttaw-/3247104.html


သမ္မတသစ် ၀န်ကြီးဌာနလျှော့ချရေး လွှတ်တော်မှာ တင်ပြ
သမ္မတသစ် ၀န်ကြီးဌာနလျှော့ချရေး လွှတ်တော်မှာ တင်ပြ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ်မှာ ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် အစီအစဉ်ကို ဒီကနေ့ပဲ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ၀န်ကြီးဌာနတွေ လျှော့ချလိုက်တဲ့အတွက် အသုံးစရိတ်တွေ ပိုထွက်လာတဲ့အတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်မှာဖြစ်သလို၊ ၀န်ထမ်းတွေ အနေနဲ့ အလုပ်အကိုင် ဆုံးရှုံးမှာကို မစိုးရိမ်ကြဖို့လည်း ဒီကနေ့ လွှတ်တော်မှာ အစိုးရသစ်ရဲ့ အစီအစဉ်တွေကို တင်ပြရာမှာ သမ္မတသစ် ဦးထင်ကျော်က ကတိပြုပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတသစ်က ဝန်ကြီးဌာနတွေ လျော့ချတာနဲ့ပတ်သတ်ပြီး ပထမဦးဆုံးအကြိမ် လွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြခဲ့တဲ့အပေါ် လွှတ်တော်က အတည်ပြုလက်ခံလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေလျှော့ချတာဟာ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးဖို့ ရည်ရွယ်တာသာဖြစ်ပြီး ဝန်ထမ်းတွေ အလုပ်အကိုင် ဆုံးရှုံးမှာကို မစိုးရိမ်ဖို့လည်း အာမခံလိုက်ပါတယ်။

“ဒီနေရာမှာ တချို့ဝန်ထမ်းများက ၀န်ကြီးဌာနများလျှော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။ ၀န်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ၀န်ကြီးဌာနနဲ့ ၀န်ကြီးဦးရေ လျှော့နည်းသွားတာပဲ ရှိပါတယ်။ ၀န်ထမ်းများကို သင့်တော်သလို ပြောင်းရွေ့နေရာ ချထားခြင်း အားဖြင့် အလုပ်အကိုင်လုံခြုံမှုပေးမှာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများအနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွှတ်ခြင်းရှိတဲ့အလုပ်မျိုးကိုသာ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်းလုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။”

သမ္မတသစ် ဦးထင်ကျော်က သူဦးဆောင်မယ့်အစိုးရသစ်ရဲ့ လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်မူဝါဒ တချို့ကိုလည်း ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါသေးတယ်။

“ကျနော့်အနေနဲ့ အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးရေး၊ အဂတိကင်းစင်သော လူ့အသိုင်းအ၀ိုင်းဖော်ဆော်ရေး အမျိုးသားအကျိုးစီးပွားကို ရှေးရှု့ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝ၍ ကျစ်လစ်ခိုင်မာသော ပြည်ထောင်စုအစိုးရတရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စတို့ကို ဦးတည်၍ဆောင်ရွက်ပါကြောင်း ပြည်ထောင်စု လွှတ်တော်ကြီးသို့ အလေးအနက်ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ။”

လက်ရှိမှာ ဝန်ကြီး တဦး လစာ သိန်း ၃၀၊ ဒုဝန်ကြီးတဦး လစာ သိန်း ၂၀ ကို နိုင်ငံ တော်က ပေးနေရပြီး အခြားသောအဆောင်အယောင်တွေဖြစ်တဲ့ အိမ်ကားစတဲ့ အဆောင်အယောင် တွေအတွက်လည်း နိုင်ငံတော်က ကျခံရတဲ့ စရိတ်တွေရှိပါတယ်။ ဝန်ကြီးဌာနတွေကို လျော့ချလိုက်တဲ့အတွက် သန်း ၅၀၀၀လောက်ကို သက်သာ သွားမယ်လို့ သမ္မတသစ်ကပြောဆိုလိုက်ပါတယ်။သမ္မတက ပိုထွက်လာမယ့် ငွေတွေကို ပညာရေးနဲ့ ဖွံ့ဖြိုးရေးပိုင်းတွေမှာသုံးမယ့် အပေါ် NNER အမျိုးသားပညာရေးကွန်ယက်က ဦးစိုးဝင်းကတော့ ပညာရေး မြင့်တင်မှုအပိုင်းမှာ လုပ်ဆောင်သင့်တာနဲ့ပတ်သတ်ပြီး သူ့အမြင်ကို ခုလိုပြောပါတယ်။

“ဘားဂျက်က အခြေခံပညာရေးကို ကျနော်တို့ မသင်မနေရ ၊ အလယ်တန်းပညာရေးပေါ့နော် အဆင့်မြင့်ဖို့လိုတယ်။ နိုင်ငံတကာမှာ အထက်တန်းအထိကို မသင်မနေရ အဆင့်မှီတဲ့ နိုင်ငံတွေမှာ လုပ်နေကြပြီပေါ့နော်။ ကလေးတွေကို ကျနော်တို့ စပြီး ပြုပြင်မယ်၊ မသင်မနေရ အလယ်တန်းပညာရေးမှာ ကလေးတွေ ကျောင်းမသင်ရတာမျိုးမဖြစ်အောင် ။ ကျောင်းထွက်ပြီးတော့ အလုပ်လုပ်နေရတဲ့ ရင်နာစရာ ကလေးအလုပ်သမားတွေ အများကြီးပဲ တနိုင်ငံလုံး အဲဒါတွေမဖြစ်အောင် ကျနော်တို့ အစွမ်းကုန် ပြုပြင်ဆောင်ရွက်ကြဖို့လိုတယ်ပေါ့။”

လာမယ့် အစိုးရသစ်ကို ဖွဲ့စည်းတာမှာ လက်ရှိ ထားရှိထားတဲ့ ဝန်ကြီးဌာန ၁၀ ခုကျော်ကို သက်ဆိုင်ရာဌာနတွေအလိုက်ပေါင်းစပ်လိုက်တာကြောင့် ရှိနေတဲ့ ဝန်ကြီးဌာန ၃၀ ကနေ့ အစိုးရသစ်လက်ထပ်မှာ ဝန်ကြီးဌာန အခု ၂၀ ဘဲထားရှိတော့မှာပါ။ ဒါကိုအများစုက လက်ခံကြိုဆိုခဲ့ကြပေမယ့် အချို့ကတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနလို့ ပြင်ဆင်တာမှာလည်း သာသနာရေးကိုနောက်ချန် ထားတဲ့အပေါ် ဝေဖန်တာတွေရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ယဉ်ကျေးမှုနဲ့သာသနာရေးဝန်ကြီးဌာနအမည်စာရင်းကို သာသနာရေး နဲ့ယဉ်ကျေးမှုဝန်ကြီး ဌာနလို့ နာမည်ပြောင်းလဲလိုက်တယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားတွေနဲ့ပတ်သတ်ပြီးတော့လည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ဆောင်ရွက်လုပ်ဆောင်မယ်လို့ သမ္မတကတိပြုပြောဆိုလိုက်တဲ့ အပေါ် ရခိုင်အမျိုးသားပါ တီက ဒေါက်တာ အေးမောင်က အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

“သမ္မတကြီးပြောတယ် တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတူသွားလိုတဲ့ ဆန္ဒတွေကို ဦးဆောင်တဲ့ သမ္မတအတိုင်း အစိုးရအဖွဲ့တိုင်းက အလေးအနက်ထားပြီးမှ စည်းရုံးဖို့လိုတယ်။ စည်းရုံးတဲ့အခါမှာလည်း ကိုယ်လိုချင်တာကြီးပဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေဘာလိုချင်သလဲဆိုတဲ့ Root cause ပေါ့။ အဲဒီအကြောင်းအရင်းကို ချဉ်းကပ်တဲ့အခါမှာလည်း တိုင်းရင်းသားတွေရဲ့ မျက်လုံးထဲကို ၀င်ကြည့်ဖို့လိုတယ်။ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရအောက်မှာ တိုင်းရင်းသားတွေရဲ့ခံစားချက်ကို မေ့ပစ်ထားတဲ့ ကာလပတ်လုံး ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု၊ တိုင်းရင်းသား အရေးကို ဆောင်ရွက်မယ်ဆိုတဲ့ ဆောင်ရွက်ချက်အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်သွားလိမ့်မယ်။”

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က သမ္မတသစ် ဦးထင်ကျော်က နောင်လာမယ့် အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး လွှတ်တော်မှာတင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြခဲ့ တဲ့အပေါ် ဒီကနေ့မှာ မဲခွဲ ဆုံး ဖြတ်အတည်ပြုလိုက်ပါတယ်။ လက်ရှိ ထားရှိမယ့် ဝန်ကြီးဌာန ၂၁ ခုမှာ ကာကွယ်ရေး၊ နယ်စပ်ရေး ရာဝန်ကြီးဌာနနဲ့ ပြည်ထဲရေး တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီး ချုပ်က ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ သမ္မတ သစ် ဦးထင်ကျော်က ခန့်အပ်မယ့် ဝန်ကြီး ဌာန ၁၈ခုက ဝန်ကြီးတွေရဲ့ အမည်စာရင်းတွေကို မနက်ဖြန်ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ပြန်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကကဒီကနေ့ လွှတ်တော်မှာကြေညာလိုက်တာကြောင့် မနက်ဖြန်မှာ ဝန်ကြီးအမည်စာရင်းတွေထွက်ပေါ် လာတော့မှာဖြစ်ပါတယ်။

မေခ/VOA
http://burmese.voanews.com/content/myanmar-president-hluttaw-/3247086.html


ထိုင်းနိုင်ငံတောင်ပိုင်း ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အယူခံဝင်ရက် တလထပ်မံတိုးမြှင့်ပေးဖို့ ဒီကနေ့ ကော်စမွီ ခရိုင်တရားရုံးမှာ ထပ်မံလျောက်ခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။


အခုမတ်လ ၂၄ ရက်နေ့နောက်ဆုံးအယူခံဝင်ရမှာဖြစ်ပေမယ့် ထပ်မံလျောက်ထားချက်ကို တရား ရုံးက ခွင့်ပြုတဲ့အတွက် လာမယ့်ဧပြီလ ၂၂ ရက်နေ့ကျမှ အယူခံဝင်မယ်လို့ သူက ပြောပါတယ်။


လက်ရှိမြန်မာလူငယ်တွေအတွက် အယူခံဝင်ဖို့ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပေမယ့် နောက်ထပ် ပြင်ဆင်စရာတွေရှိနေသေးလို့ ထပ်တိုးတောင်းတာလို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။


“ကျနော်တို့က ပြင်ဆင်မှုက ၉၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ။ ဒါပေမယ့် တကယ်လို့ ဒီလိုအချိန်ရမယ်ဆိုရင် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ကြိုတင်ပြင်ဆင်ပြီးတော့ ကျနော်တို့ ပြည့်စုံအောင် အယူခံမှာ တင်ချင်လို့ပါ။ အယူခံဆိုတာ တခါပဲ တင်ရတာပါ။ တပါပဲတင်ရတဲ့ အယူခံမှာ မပြည့်စုံဘဲနဲ့ နောက်မှ ထပ်တိုးချင်တယ်၊ ထပ်ပြင်ချင်တယ်ဆိုရင် မရပါဘူး။ ဒါကြောင့် အဲဒီအယူခံအချက်အလက်တွေက ပြည့်စုံဖို့ ဆိုတာက ကျနော်တို့ အခု ပူးပေါင်းထားတဲ့ နှစ်ဖွဲ့ရှိ ပါတယ်။ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီရယ်၊ မြန်မာပြည်ကအစိုးရအဖွဲ့အစည်းက ပို့ပေးတဲ့ ဥပဒေပညာရှင်တွေ ဒီအဖွဲ့တွေရဲ့ အကြံဉာဏ်ရယူတဲ့အခါမှာ ပိုပြီး ပြည့်စုံစေချင်လို့ပါ။”


၂၀၁၄ ခု အောက်တိုဘာလက ထိုင်းတောင်ပိုင်းလိပ်ကျွန်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရ မှုနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ တောင်ပိုင်း ကော်စမွီခရိုင် တရားရုံးက မနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သေဒဏ်ချမှတ် ခဲ့ပါတယ်။


မြန်မာလူငယ်နှစ်ဦး သေဒဏ်စီရင်တဲ့ပေါ် မြန်မာနိုင်ငံအနှံ့က မြန်မာပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ဒီလူငယ်နှစ်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေနေ့တွေက လည်း အယူခံဝင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


ရှေ့နေဦးအောင်မျိုးသန့်ကတော့ ဒီမြန်မာလူငယ်နှစ်ဦးဟာ အပြစ်မရှိကြောင်း ယုံကြည်နေ တယ်လို့ ပြောပါတယ်။


“ကျနော်တို့က ဒီကလေးတွေဟာ ဒီကနေ့ ဒီအချိန်အထိ အပြစ်ကင်းစင်တယ်လို့ ယူဆမိသေး တာပါ။ တခါတခါ အပြင်ကပြောနေတဲ့ စကားရှိပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံဖို့ ကိစ္စဟာ အဲဒီအဆင့်မရောက်သေးပါဘူး။ ကျနော်တို့ကလေးတွေဟာ အပြစ်ရှိတဲ့ လူတွေ မဟုတ်ဘူးဆိုတာ အခုချိန်ထိ ကျနော်တို့ ယုံကြည်နေဆဲပါ။ ဒါကြောင့်မို့ အပြစ်မရှိ ကြောင်းကိုပဲ ဥပဒေအရ အထက်ရုံးအဆင့်အဆင့်ကို တက်သွားဖို့ ရှိပါသေးတယ်။ အဲဒီ အဆင့်က လွတ်မြောက်သွားရင်လည်း ဒါပြီးသွားပါပြီ။ မလွတ်မြောက်လို့ရှိရင်လည်း အခုနက ပြောတဲ့ အသနားခံစာတင်တာတို့၊ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်တာတိုတာ လုပ်သင့်ရင် လုပ်ရမှာပါ။”


မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝေဖြိုးကတော့ ထောင်တွင်းမှာ ကျန်းကျန်းမာမာရှိကြောင်း လည်း ပြောပါတယ်။


DVB TV News


လွန်ခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန်နိုင်ငံရဲ့ သမ္မတလောင်း ရွေးချယ်ဖို့ မဲဆွယ်စည်းရုံးမှု လုပ်ကြရာမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မမြင်ခဲ့ကြရတဲ့ မြင်ကွင်းတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ အဲဒါတွေကတော့ မဲဆွယ်စည်းရုံးမယ့် ဘီလျံနာသူဌေးကြီး ဒေါ်လ်နယ်ရမ့်ကို စောင့်နေကြရင်း ပြိုင်ဘက်အုပ်စုတွေအကြား တဘက်နဲ့တဘက် စော်ကားပြောဆို အကြမ်းဖက်မှုတွေ၊ ဟိုတကွက်ဒီတကွက် ဖြစ်ပေါ်နေတဲ့ ရန်ပြုတိုက်ခိုက်မှု မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက် ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ရန်ပြုတိုက်ခိုက်မှုတွေဟာ ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့အရေး ယှဉ်ပြိုင်မဲဆွယ်နေတဲ့ ဒေါ်လ်နယ်ထရမ့် စီစဉ်ထားတဲ့ ချီကာဂို အီလီနွိုက်တက္ကသိုလ် ပရိဝုဏ်မှာ လူထုစုဝေးပွဲ မပြုလုပ်ခင်မှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ မစ္စတာ ဒေါ်နယ်လ်ထရမ့်က ချီကာဂို ပုလိပ်ဌာနနဲ့ ဆွေးနွေးပြီးချိန်မှာ သူ့ရဲ့ စုဝေးပွဲ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်ကြေညာချက်တခုမှာတော့ “မစ္စတာ ဒေါ်လ်နယ်ထရမ့် ချီကာဂို ရောက်လာပြီး ဥပဒေထိန်းသိမ်းရေး အရာရှိတွေနဲ့ တွေ့ဆုံအပြီးမှာ စုဝေးပွဲကျင်းပမယ့်နေရာ အတွင်းအပြင်ကို တက်ရောက်လာကြမယ့် သောင်းနဲ့ချီတဲ့ လူထုပရိသတ်ကြီးရဲ့ လုံခြုံရေးအတွက် ဒီနေ့ညကျင်းပမယ့် စုဝေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။” လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီလို မစ္စတာ ထရမ့်က စုဝေးပွဲကို ရက်ရွှေ့ဆိုင်းတော့မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ချီကာဂို အီလီနွိုက်တက္ကသိုလ် ပရိဝုဏ် ခန်းမကြီးထဲမှာ ရှိနေကြတဲ့ လူစုလူဝေးကြီးက ကျယ်ကျယ်လောင်လောင် ကြမ်းကြမ်းတမ်းတမ်းပဲ အော်ဟစ် အားပေးခဲ့ကြပါတယ်။

မာရီယာ ဟာနင်ဒက်ဇ်ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ရပ်ကွက် စည်းရုံးရေးသမားတယောက်က ဒေါ်နယ်လ်ထရမ့် လူထုစုဝေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ထ ကတဲ့အထိ ပျော်မြူးသွားခဲ့ပါတယ်။ သူက “ကျမတို့မြို့အတွက် ဒီလောက် တခါမှ ဂုဏ်မယူဖူးပါဘူးရှင်” လို့ စီအင်အင် သတင်းဌာနကို ပြောပါတယ်။ တကယ်တော့ သူ့ကို ရှေ့ဆုံးကပြေးနေတဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်းရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေနဲ့ သူ့မြို့က လူမျိုးရေးခွဲခြားမှုတွေက ဒေါ်လ်နယ်ထရမ့် စီစဉ်ထားတဲ့ပွဲကို ဆန့်ကျင်ကန့်ကွက်ရာမှာ ပါဝင်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ သူက “ကျမက လူမည်းဖြစ်သလို မက်ခ်ဆီကန် ဖြစ်တဲ့အတွက် ခုလို ကန့်ကွက် ဆန့်ကျင်ရတာပါ။ သူက ကျမကို ဘယ်ကိုနှင်ထုတ်မယ်တော့ မသိဘူးပေါ့ရှင်။ ဒါပေမယ့် ကျမကတော့ ချီကာဂိုမှာ လူမျိုးခွဲခြားရေးဝါဒကို နေ့တိုင်းကြုံတွေ့နေရလို့ ၀နေပါပြီရှင်။” လို့ နာနာကျင်ကျင် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေကတော့ ပွဲကိုရွှေ့ဆိုင်းလိုက်တဲ့အတွက် စိတ်ပျက်သွားခဲ့ကြပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဒေါ်နယ်လ်ထရမ့်က “ဒီကနေ့အထိတော့ ကျနော်တို့မှာ ပြဿနာများများစားစား မရှိခဲ့သေးပါဘူး။” လို့ စီအင်အင်သတင်းဌာနက ဒွန်လင်မန်ကို ပြောကြားခဲ့ပြီး သူ့ကို စွပ်စွဲပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး စိတ်ထိခိုက် နောင်တရတာမျိုး ဖြစ်သလားဆိုတဲ့ မေးခွန်းကိုတော့ “ကျနော် နောင်တမရပါဘူး။ အဲဒီလူတွေဟာ တကယ်ဆိုးဝါးတဲ့ ဆန္ဒပြသမားတွေပဲဗျာ။ တကယ့် ငကြွားတွေလေ။ ကြမ်းတမ်းတဲ့ လူရမ်းကားတွေပဲ” လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အာဏာပိုင်တွေက လူ ၅ ယောက် ဖမ်းဆီးခဲ့တယ်လို့ ချီကာဂို ကြားဖြတ်ပုလိပ်အဖွဲ့ကြီးကြပ်ရေးမှူး အက်စ်ကဲလန့်က ပြောကြားခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ စီဘီအက်စ် သတင်းဌာနက ဆိုပင်ဒပ်လည်း ပါဝင်ပါတယ်။ သူဟာ ရှေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းမ်မဂ္ဂဇင်း ဓာတ်ပုံသတင်းထောက် ခရစ်စ်မောရစ် (လျှိ့ဝှက်ထောက်လှမ်းရေး တယောက်က သူ့ကိုအသက်ရှူကြပ်အောင်လုပ်ပြီး မြေကြီးပေါ် တွန်းလှဲခဲ့တယ်လို့ ပြောခဲ့သူ) နဲ့ ဘရိတ်ဘတ် သတင်းထောက် မီးရှဲလ်ဖီးလ် (ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာကို သူ့ကို ဆွဲဖက်ထားခဲ့တယ် ဆိုပြီး တိုင်ချက်ဖွင့်ထားခဲ့သူ) တို့ ပြီးရင် ဒေါ်လ်နယ်ထရမ့်ရဲ့ ပွဲတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက် အဖမ်းဆီးခံခဲ့ရတဲ့ ခုချိန်ထိ နောက်ဆုံးသတင်းထောက် ဖြစ်ပါတယ်။ စီဘီအက်စ်သတင်းဌာန ဥက္ကဋ္ဌ ဒေးဗစ်ရုတ်ဒ်ကတော့ ပုလိပ်ဖမ်းဆီးတာကို ခုခံခဲ့တယ်ဆိုပြီး တရားစွဲခံခဲ့ရတဲ့ သူ့သတင်းထောက်ဘက်က ကာကွယ်ပြီး သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “ဗွီဒီယိုတိပ်မှာ သူက မခုခံခဲ့ဘူးဆိုတာ ခင်ဗျားတို့တွေ့မှာပါ။ သူက သူ့ကိုယ်သူ သတင်းယူနေတဲ့ သတင်းထောက်ပါလို့ ပြောပြခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ အက်စ်ကဲလန့်ရဲ့ အဆိုအရ လူစုလူဝေးကို ထိန်းချုပ်ဖို့ ပုလိပ်အရာရှိ အယောက် ၃၀၀ လောက် ချထားခဲ့ရပြီး ချီကာဂို ပုလိပ်အဖွဲ့အနေနဲ့ သူတို့ဟာ ထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေကို အကာအကွယ်ပေးဖို့အတွက် လုံခြုံရေး လုံလောက်အောင် ချထားပေးနိုင်ခဲ့တယ်လို့ ယုံကြည်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်လ်နယ်ထရမ့်ဟာ သူ့ရဲ့ လူမျိုးခွဲခြားမှုနဲ့ အမျိုးသားရေး အစွန်းရောက် ဟောပြော မဲဆွယ်မှုတွေကြောင့် သူ့ရဲ့ မဲဆွယ်စည်းရုံးရေး လူထုစုဝေးပွဲတွေမှာ ကန့်ကွက်ဆန့်ကျင်မှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရသလို သူ့ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ထောက်ခံသူ၊ ကန့်ကွက်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့လည်း ကြုံတွေ့နေခဲ့ရပါတယ်။ ကင်းဆတ်စ်စီးတီးမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာလည်း ပုလိပ်အဖွဲ့က ငရုတ်ရည်နဲ့ပက်မှုတ်ပြီး လူစုလူဝေးကို ဖြိုခွဲခဲ့ရတာကို တွေ့ရပါတယ်။ ချီကာဂို အီလီနွုက် တက္ကသိုလ်မှာ အရှက်ရခဲ့ပြီးတဲ့နောက် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးကို ပြန်လည်တာစူနိုင်ခဲ့ပေမယ့် မစ်ဇိုရီပြည်နယ် မစ်ဒ်လင်းဒ် ကဇာတ်ရုံ အတွင်းမှာလည်း ပြိုကွဲမှုတွေ ထပ်ပြီး ကြုံတွေ့ခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့အပတ် စနေနေ့ညမှာ ထရမ့် စကားပြောလို့ မိနစ်ပိုင်းအတွင်းမှာပဲ ကန့်ကွက်ဆန့်ကျင်မှုတွေက စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက လူစုလူဝေးကို “ကျနော်တို့ အချိန်အများကြီး ရှိပါတယ်။ ကျနော်တို့ မလောပါဘူး၊ ကျနော်တို့ မလောပါဘူးဗျာ” လို့ ပြောခဲ့ပါတယ်။ ကန့်ကွက်သူတွေက ကဇာတ်ရုံတခုလုံး အနှံ့ ဖြစ်နေပြီး သူ့ကို ထောက်ခံသူတွေရဲ့ ထိုင်ခုံတွေကို ယူနေကြပြီး ထောင်နဲ့ချီပြီး အပြင်မှာ စောင့်နေခဲ့ကြရတယ်လို့ ထရမ့်က ၀မ်းပန်းတနည်း ပြောကြားခဲ့ပါတယ်။

ခုလက်ရှိ အခြေအနေမှာ မစ္စတာ ဒေါ်လ်နယ်လ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က သောကြာနေ့ညမှာ ကျင်းပဖို့ရှိတဲ့ သူ့ရဲ့ လူထုစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက်မှာ ဆင်ဆင်နာတီမှာ လူထုစုဝေးပွဲ ကျင်းပဖို့ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ကြေညာအပြီး မကြာခင်မှာပဲ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အများစုက အကြမ်းမဖက်ခဲ့ကြတဲ့အတွက် ကံကောင်းထောက်မတယ်လို့ပဲ ပြောရမှာပါပဲ။ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ ဟုတ်ပ်ဟစ်စ် ရိုက်တာသတင်းဌာနရဲ့ သတင်းပေးပို့ချက်ဖြစ်တဲ့ အိုဟိုင်းအိုးစုဝေးပွဲကို လုံခြုံရေး အခြေအနေကြောင့် ပယ်ဖျက်လိုက်ရတယ်ဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။ ထရမ့်ကိုယ်တိုင်ကတော့ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ဝင်တယောက်က စကားပြောစင်မြင့်ကို လူတယောက် ပြေးလာနေပြီလို့ ပြောပြီး သူ စကားပြောနေတဲ့ပွဲကို ရှင်းလင်းပစ်ခဲ့တာတောင်မှ သူက သူစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်နိုင်ခြေရှိနေတဲ့ ဟီလာရီ ကလင်တန်ကတော့ ရီပတ်ဗလစ်ကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေကြတဲ့ ကာဆစ်ခ်ျနဲ့ တက်ဒ်ခရုဇ်တို့က ထရမ့်ကို သူ့ရဲ့ဒေါသနဲ့ အမုန်းတရားတွေ ပွားများလာစေနိုင်တဲ့ မိန့်ခွန်းစကားတွေအတွက် အပြစ်တင်နေတဲ့ အချိန်မှာပဲ “ကျမတို့နိုင်ငံရေးမှာ အကြမ်းဖက်မှု မရှိပါဘူး” လို့ လူထုကို ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာကတော့ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေနဲ့ လူမျိုးခွဲခြားရေး အရောင်လွှမ်းတဲ့ ဝေဖန်ပြောဆိုမှုတွေကြောင့် ကျောင်းသားတွေနဲ့ လူမည်းဘ၀ရေးရာ လှုပ်ရှားမှု အဖွဲ့ဝင်တွေ အပါအ၀င် အမျိုးမျိုးအစားအစားဖြစ်တဲ့ ဆန့်ကျင်ကန့်ကွက်သူတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

စဉ်းစားရမှာကတော့ ဒီကနေ့လောက် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ ဘာသာရေးခွဲခြားမှုတွေနဲ့ ယုံကြည်မှု မတူညီမှုဆိုင်ရာ ပြဿနာတွေနဲ့ ကမ္ဘာတ၀ှမ်းမှာ စစ်မီးတောက်လောင်နေတဲ့ အချိန်မှာ ဒေါ်လ်နယ်ထရမ့်လို လူမျိုးကို ရီပတ်ဗလစ်ကန်ပါတီကို ထောက်ခံတဲ့ ပြည်သူတွေက သူတို့ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ကြတော့မှာလား။

အဲဒီလိုဆိုရင် အနာဂတ် အမေရိကန်ပြည်ထောင်စုရဲ့ အလားအလာ ဘယ်လိုရှိလာနိုင်မလဲ။ နိုင်ငံတကာက အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ မူဝါဒအပေါ် ဘယ်လို သဘောထားမလဲ။ အဲဒီအချက်တွေကတော့ အမေရိကန်နိုင်ငံသားတွေတင် မဟုတ်ဘဲ နိုင်ငံတကာက ပြည်သူလူထု အနေနဲ့ပါ အလေးတယူ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်လို့ ယူဆမိပါတယ်။

စိုးနေလင်း
DVB TV News

၂၀၁၆ ၊ မတ်လ ၂၀ ရက်ကThe Ladies News ဖေ့စ်ဘုတ် စာမျက်နှာတွင် “သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကော်မရှင်အား တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာပို့ကန့်ကွက်” ဟူသော သတင်းကို ဖော်ပြခဲ့ပါသည်။

သို့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ထိုကဲ့သို့ အဆိုပါ ကော်မရှင်အား တိုင်ကြားကန့်ကွက်စာ ပေးပို့ထားခြင်း မရှိကြောင်း မြ၀တီသတင်းစာမျက်နှာက တစ်ဆင့် ထုတ်ပြန်လာပါသည်။

အဆိုပါ The Ladies သတင်းမှ ဖော်ပြခဲ့သည့် သတင်းနှင့် အလားတူ ပိုမိုပြည့်စုံသည့် (အသံဖိုင် အင်တာဗျူး ၊ သတင်းရင်းမြစ်အမည် .... များ ပါသည့်) သတင်းများကို အခြား ပြည်တွင်းဂျာနယ် ၃ ခု၏ ဖေ့ဘုတ်ပေ့ခ်ျများနှင့် ပြည်ပသတင်းဌာနများ ဖြစ်သည့် RFA၊ DVB တို့မှလည်း ဖော်ပြခဲ့ကြပြီး ယနေ့ထုတ် သတင်းစာအချို့တွင်လည်း ပုံနှိပ် ပါရှိခဲ့သည်။

The Ladies News ၏ သတင်းထောက်သို့ အမည်မဖော်ပြရန် တောင်းဆိုသည့် ယုံကြည်ရသည့် သတင်းရင်းမြစ်မှ ပြောကြားမှုကြောင့် အဆိုပါ သတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယခုကဲ့သို့ ၂၄ နာရီအတွင်း အဆိုပါသတင်းမှာ မှန်ကန်မှု မရှိကြောင်း ထုတ်ပြန်ပေးခြင်းကို The Ladies News မှ ကြိုဆိုပါသည်။

The Ladies News မှ ပြည်သူထံသို့ ဖြစ်နိုင်ချေများသည့် သတင်းများကို မိမိတို့ သတင်းဌာနနှင့် နီးစပ်သည့် စိတ်ချရသော သတင်းရင်းမြစ်များက သတင်းပေးလာလျှင် ဖော်ပြရမည်မှာ သတင်းမီဒီယာတို့၏ တာဝန်ဖြစ်သည်ကို နားလည်ထားပြီး ယခုအချိန်ကာလတွင် အထူးသဖြင့် နေပြည်တော်သတင်းရပ်ကွက်မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အမည်မဖော်လိုပဲ သတင်းပေးခြင်း၊ သတင်းများ တည်ငြိမ်မှု မရှိခြင်း၊ နိုင်ငံရေးကစားကွက်များ၊ ပါဝါဂိမ်းများအကြားတွင် သတင်းသမားတို့ ကြားညှပ်နိုင်ချိန် ဖြစ်သည် သတိပြု ဆောင်ရွက်လျက် ရှိသည်။

သို့ပါ၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ တိုင်ကြားကန့်ကွက်စာ ပေးပို့ထားခြင်း မရှိကြောင်း The Ladies News အနေဖြင့် ဖော်ပြအပ်ပါသည်။

The Ladies News Journal

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်း Myanmar Fiber Optic Communication CO.ltd (MFONC) ကုမ္ပဏီမှ တယ်လီနောနှင့် အော်ရီဒူး မြေအောက်ဖုန်းလိုင်း သွယ်တန်းမှုများအား ကျောက်ဖြုမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက တားမြစ်ထားသော်လည်း ဆက်လက် လုပ်ဆောင်မှုများ ရှိနေကြောင်း သိရှိရသည်။

ကုမ္ပဏီမှ မြေအောက် Cable ကြိုး သွယ်တန်းရန် မြေတူးဖော်မှုကြောင့် မြို့တွင်းရှိ လမ်းများ၊ ရေမြောင်းများ၊ ပလက်ဖောင်းများနှင့် လမ်းပခုံးများ ဖျက်ဆီးခံရမှုများနှင့် မြို့နယ်စည်ပင်၊ ထွေအုပ်နှင့် မြေစာရင်း ဦးစီးဌာနများမှ ဖေဖော်ဝါရီလ ၂၈ နေ့က ဆက်လက်တူးဖော်မှု မပြုလုပ်ရန် တားမြစ်ထားသော်လည်း တောင်ရင်း၊ ပလပွေ့၊ မင်းပြင် အစရှိသော ကျေးရွာများတွင် ဆက်လက် တူးဖော်လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

”မြို့မှာ ကတ္တရာလမ်းတွေ၊ ရေမြောင်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားလို့ ဆက်မလုပ်ဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နယ်ဖက်ကျေးရွာတွေမှာတော့ ဆက်လက် လုပ်နေဆဲပါ။ ဖိုင်းလိုင်း ဆက်ကြောင်း ဖြတ်သန်းခံရတဲ့ နေရာတွေမှာ လယ်ကွင်းတွေ၊ ဥယျာဉ်ခြံမြေတွေ တောက်လျောက် ပျက်စီးသွားတယ်။ ဒီကိစ္စကို သူတို့(ကုမ္ပဏီ)က တာဝန်ယူ တာဝန်ခံမှုမရှိဘူး” ဟု မင်းပြင်ကျေးရွာ အုပ်စုပိုင် ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။

ကေဘယ်ကြိုး မြေအောက်ဖြတ်သန်းသွားရာ တစ်လျောက် မင်းပြင်၊ ရေနံတောင်၊ တောင်ရင်း၊ အုန်းတော်၊ ဂုန်းချိန် အစရှိသည့် နယ်ဖက်ကျေးရွာ ၂၀ ခန့်တွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ ၅ ပေခန့်ထိ ပျက်စီးသွားခဲ့သော်လည်း နစ်နာကြေး တစ်စုံတစ်ရာ ပေးဆောင်မှု မရှိကြောင်း ကျေးရွာသားများထံမှ သိရသည်။

”ဥပဒေအရ စည်းမျဉ်းစည်းကမ်းအတိုင်း ခွင့်ပြုချက် ရယူဆောင်ရွက်မှု မရှိတဲ့အတွက် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ဆက်မလုပ်ဖို့နဲ့ ပျက်စီးမှုတွေကို မူလအတိုင်း ပြန်လည် ပြုပြင်ပေးဖို့ ကုမ္ပဏီကို ပြောထားပါတယ်” ဟု ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီလင်းက ပြောသည်။

MFONC ကုမ္ပဏီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များ တွင်လည်း Cable ကြိုးများ သွယ်တန်းခြင်း၊ တာဝါတိုင်များ တည်ဆောက်ခဲ့ပြီး ကြိုးသွယ်တန်းခြင်းနှင့် တာဝါတိုင်များ စိုက်ထူပြီးစီးပါက အော်ရီဒူးနှင့် တယ်လီနော ကုမ္ပဏီများအား ပြန်လည် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal

မကြာမီ တာဝန်လွှဲပြောင်း ရယူတော့မည့် သမ္မတသစ်ဦးထင်ကျော်က ၀န်ကြီးဌာနများ လျှော့ချခြင်းနှင့် ပတ်သက်၍ မတ်လ ၂၁ ရက်က လွှတ်တော်တွင် ပထမဆုံးအကြိမ် ရှင်းလင်းပြောဆိုခဲ့ပြီး၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်သည့် အလုပ်များကိုသာ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာ အကြောင်းလုံးဝ မရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဒီနေရာမှာ တချို့ ဝန်ထမ်းများက ဝန်ကြီးဌာနများ လျော့နည်းသွားလို့ အလုပ်လက်မဲ့ ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။ ဝန်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝန်ကြီးဌာနများနဲ့ ဝန်ကြီးဦးရေ လျော့နည်းသွာတာသာ ရှိပါတယ်၊ ဝန်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့ နေရာချထားခြင်းအားဖြင့် အလုပ်အကိုင် လုံခြုံမှုပေးမှာ ဖြစ်ပါတယ်။ နိုင်ငံ့ ဝန်ထမ်းများအနေနဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့ အလုပ်မျိုးကိုသာ လုပ်ကိုင်မည်ဆိုပါက အလုပ်လက်မဲ့ ဖြစ်စရာ အကြောင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်" ဟု မတ်လ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပသော ၀န်ကြီးဌာန အရေအတွက်နှင့် ပတ်သက်၍ လာရောက် ရှင်းလင်းပြောကြားရာတွင် ပြောဆိုသည်။

ဝန်ကြီးဌာနများ လျော့နည်းသွားခြင်းကြောင့် အစိုးရ၀န်ထမ်းများ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရမှုနှင့် ပတ်သက်၍ ၀န်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့ နေရာချထားပေးပြီး အလုပ်အကိုင် လုံခြုံမှုပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဌာနနှင့် ၀န်ကြီးဦးရေကို လျှော့ချလိုက်ခြင်းကြောင့် အစိုးရသစ် သက်တမ်း ၅ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ ထောင် ခြိုးခြံချွေတာပြီး ဖြစ်ကြောင်း၊ လျှော့ချလိုက်သည့် ၀န်ကြီးများ၏ လစာနှင့် အဆောင်အယောင် အသုံးစရိတ် ကျပ်သန်းပေါင်း ငါးထောင်ကို နိုင်ငံတော်တွင် လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုသုံးစွဲနိုင်မည် ဖြစ်ကြောင်း သမ္မတဦးထင်ကျော်က ရှင်းပြသည်။

အစိုးရသစ် လက်ထက်တွင် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရား ကင်းစင်သည့် လူ့အသိုင်းအ၀ိုင်း ဖော်ဆောင်ရေး၊ အမျိုးသား အကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနှင့် စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လစ်ခိုင်မာသည့် ပြည်ထောင်စု အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးတည် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဆောက်လုပ်ရေး စတဲ့ဝန်ကြီးဌာန ၁ဝ ခုကို လက်ရှိအတိုင်း ပြန်လည် ထားရှိထားပြီး အချို့ဝန်ကြီးဌာနများက လုပ်ငန်းသဘောခြင်း တူညီသည့်အတွက် ပေါင်းစပ်ဖွဲ့စည်းထားသည် ဟုလည်း ရှင်းပြခဲ့သည်။

သမ္မတရုံးဝန်ကြီးဌာန ၆ ခုကို တစ်ခုတည်းထားရှိပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွဲ့ဖြိုးရေးဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာန စသည့် ဌာန ၃ ခုကို စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပေါင်းစပ်လိုက်ခြင်း ဖြစ်ပြီး ၊ အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်လိုက်ကာ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနတို့ကို ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်ဟုလည်း သမ္မတဦးထင်ကျော်က ပြောသည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို တိုင်းရင်းသား အားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်ပြီး ပြည်ထောင်စု တစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေး အတွက် မရှိမဖြစ် လိုအပ်နေခြင်းကြောင့် အသစ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ထားသည့် ပြည်ထောင်စု ၀န်ကြီးဌာန အရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေတို့ကို ပြည်ထောင်စု လွှတ်တော်တွင် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံ ဆန္ဒမဲ ၆၀၀ ကျော်ရရှိသဖြင့် အတည်ပြုခဲ့ပြီး ၊ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု ထားရှိမည့်အပေါ် ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၂၂ မဲနဲ့ အတည်ပြုလိုက်ကာ၊ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်ထားရမည်ကို ထောက်ခံမဲ ၆ဝ၁ မဲ၊ ကန့်ကွက်မဲ ၂၁ မဲ၊ ကြားနေမဲ၊ ၁၄ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News Journal


ရွှေပြည်သာမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ)၊ ၆၆(ဃ) တို့ဖြင့် တရားစွဲဆို ခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခကို အချုပ်သားတစ်ဦးက မတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ကဗျာဆရာ မောင်ဆောင်းခသည် အချုပ်ခန်းအတွင်း ရဲဝန်ထမ်းများ ရှေ့တွင် အခြားအချုပ်သား တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ရိုက်နှက်သူ အချုပ်သားသည် အိမ်သာထုတ်ရာတွင် သုံးသော လက်ထိပ်ပါ သံကြိုးကို အသုံးပြု့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်ခံရခြင်းကြောင့် မောင်ဆောင်းခ၏ နောက်စေ့တွင် သံကြိုးလုံးရာ ဒဏ်ရာရရှိခဲ့ပြီး ရှေ့နေဦးကြည်သာဖုန်းမြင့်က ပြစ်မှုကျူးလွန်သူ အချုပ်သားအား တရားဆွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မောင်ဆောင်းခအား ရွှေပြည်သာတရားရုံးမှ ရွှေပြည်သာဆေးရုံသို့ မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ရွှေပြည်သာဆေးရုံမှ အင်းစိန်ဆေးရုံသို့ ရဲစခန်းမှ ကားဖြင့် လည်းကောင်း အဆင့်ဆင့် ပို့ဆောင်ကာ ဆေးစစ်ချက်ရယူလျက် ရှိကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၁ရက်)။ ။ သမ္မတဦးသိန်းစိန်လက်ထက်က ဝန်ကြီးဌာန(၃၆)ခု ထားရှိခဲ့ရာမှ ဦးထင်ကျော်သမ္မတအဖြစ် တာဝန်ယူမည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း (၂၁)သာ ထားရှိရန် ယနေ့ မတ်လ ၂၁ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဝန်ကြီးဌာနများ ၂၁ခုသာ ထားရှိရသည့်အပေါ် ဦးထင်ကျော်က လွှတ်တော်တွင် လာရောက်ရှင်းလင်း တင်ပြခဲ့ပြီး ဝန်ထမ်းများအနေဖြင့်လည်း အလုပ်လက်မဲ့ဖြစ်မည်မဟုတ်သောကြောင့် စိတ်မပူကြဖို့ ဦးထင်ကျော်က ပြောသည်။

ပြည်သူ့ဘဏ္ဍာငွေများကို ခြိုးခြံချွေတာသုံးစွဲသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေများကိုလည်း ပိုနေတဲ့နေရာမှ လိုနေတဲ့နေရာဆီသို့ ဦးတည်ကာ ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ဦးထင်ကျော်က လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဦးထင်ကျော်ရှင်းလင်းတင်ပြခဲ့မှုအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။



“လေးစားအပ်တဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ ချမ်းသာကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျနော့အနေနဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို လည်းကောင်း၊ ဆွေးနွေးခြင်းမပြုကြသော်လည်း ဝိုင်းဝန်းထောက်ခံခဲ့ကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။

လက်ရှိ ပကတိအခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို မူလအတိုင်းပဲ ထားရှိထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အချို့ဝန်ကြီးဌာနတွေကတော့ အမျိုးတူ၊ ဘာသာရပ်တူ၊ လုပ်ငန်းသဘောတူဖြစ်တာကြောင့် ပေါင်းစပ်ဖွဲ့စည်းခြင်းလည်း ရှိပါတယ်။ ဒါတွေကတော့ သမ္မတရုံးဝန်ကြီးဌာန(၆)ခုကို တစ်ခုတည်းထားရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါဒယဝန်ကြီးဌာန သုံးခုတို့ကိုပေါင်းပြီး တစ်ခုတည်းပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ပေါင်းစပ်ဖွဲ့စည်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟု ပေါင်းစပ်ခေါ်ဝေါ် ဖွဲ့စည်းခြင်း၊ အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် တိုင်းရင်းသားများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ် လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒီနေရာမှာ တစ်ချို့ဝန်ထမ်းများက ဝန်ကြီးဌာနများလျော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။

ဝန်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးဦးရေလျော့နည်းသွားတာသာ ရှိပါတယ်။ ဝန်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားခြင်းအားဖြင့် အလုပ်အကိုင်လုံခြုံမှုပေးမှာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့ အလုပ်အကိုင်မျိုးကိုသာ လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။

အခုလို ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေလျော့နည်းသွားခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရရဲ့မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ၊ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လျော့နည်းသွားတဲ့ဝန်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရငါးနှစ်သက်တမ်းအတွင်း သန်းပေါင်း(၅၀၀၀)ခန့် နိုင်ငံအတွက် ခြိုးခြံချွေတာပြီးလည်း ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုကို တတ်နိုင်သမျှ လျော့နည်းသက်သာစေနိုင်ပါမှ အတတ်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော်ဘဏ္ဍာငွေများစုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ နောင်မျိုးဆက်များအတွက် နိုင်ငံ့ဘဏ္ဍာအရံငွေများ ချန်ထားနိုင်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။

အဆိုပါ နိုင်ငံဘဏ္ဍာငွေများကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့ ပြည်သူလူထုလူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက် မျှဝေပေးနိုင်မှာဖြစ်ပါတယ်။

ဥပမာ- လျှော့ချလိုက်တဲ့ဝန်ကြီးများရဲ့ သန်းပေါင်း ၅၀၀၀ခန့်ရှိတဲ့ လစာနဲ့ အဆောင်အယောင်စားရိတ်များကို နိုင်ငံတော်မှာ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပိုမိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့အနေနဲ့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျစ်လျစ်ခိုင်သော ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို ဦးတည်၍ ဆောင်ရွက်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကြီးသို့ အလေးအနက် ရှင်းလင်းတင်ပြအပ်ပါတယ် ခင်ဗျာ”

ကျေးဇူးတင်ပါတယ်။
Mizzima - News in Burmese



ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊သာရဝေါနယ်မြေရဲစခန်းအပိုင်၊
အိုင်တလုတ်ကျေးရွာအုပ်စု၊ရွာကလေးစံပြကျေးရွာတွင်(၂၀.၃.
၂၀၁၆)နေ့ ည(၁၀)နာရီ အချိန်ခန့်က နာရေးအိမ်တွင် စကားများရာမှ သေနက်
ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရွာကလေးစံပြကျေးရွာနေ ဒေါ်မြ
စန်း၏ နာရေးအိမ်တွင် ဇော်မင်းအောင်(၂၂)နှစ်၊(ဘ)ဦးမောင်ဌေး၊ဗမာ/ဗုဒ္ဓ၊
ကျဘမ်းလုပ်နှင့် ဝေလင်းအောင်(၂၃)နှစ်၊(ဘ)ဦးကျော်စန်း၊ဗမာ/ဗုဒ္ဓ၊ကျဘမ်းလုပ်
ညောင်စောင်းလမ်း၊ရွာကလေးကျေးရွာနေသူတို့ အပျင်းပြေ ဖဲရိုက်ဆော့ကစားရာ
မှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးဝေလင်းအောင်သည် နေအိမ်သို့ပြန်သွားခဲ့ပြီး ပစ္စတိုသေနတ်
ယူလာကာ နာရေးအိမ်နှင့် တစ်ဝိုင်းတည်းနေ ဇော်မင်းအောင်၏ နေအိမ်ရှေ့သို့
ရောက်လာပြီး ဇော်မင်းအောင်အားထွက်ခဲ့ရန်ပြောနေစဉ် ဇော်မင်းအောင်၏ ဖခင်ဖြစ်သူ ဦးမောင်ဌေးမှ မလုပ်ရန်တားမြစ်ပြောဆိုရာ ဝေလင်းအောင်မှ လိုက်နာခြင်းမရှိဘဲ ယူဆောင်လာသော ပစ္စတိုသေနတ်ဖြင့် ၃/၄ချက်ပစ်ခတ်ခဲ့ပါသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမောင်ဌေးတွင် လက်မောင်း ပေါက်ထွက်ဒဏ်ရာရရှိခဲ့ပြီး သာရဝေါတိုက်နယ်ဆေးရုံတွင်အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသမှုခံယူလျှက်ရှိပြီး ဝေလင်းအောင်သည်
နာရေးအိမ်အတွင်းမှ ယောက်ဖတော်စပ်သူ စိုင်းမောင်၊(အသက်၊အဘ)စုံစမ်းဆဲ
နှင့်ဆွေမျိုးတော်စပ်သူ စိုးလေးတို့အားခေါ်ဆောင်၍ ရွာကလေးစံပြကျေးရွာမှ လက်ပံတန်းမြို့နယ် သီတာကုန်းကျေးရွာသို့ ထွက်ပြေးသွားသဖြင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့်ရဲတပ်ဖွဲ့ဝင်းများသည် သီတာအေးကျေးရွာနေ မသက်ခိုင်နေအိမ်သို့ရောက်ရှိစဉ် နေအိမ်ထဲမှ စိုင်းမောင်နှင့်စိုးလေးတို့အားတွေ့ရှိပြီး ဖမ်းဆီးကာ ဝေလင်းအောင်မည်သည့်နေရာတွင်ရှိကြောင်းစစ်
ဆေးမေးမြန်းနေစဉ် ဝေလင်းအောင်သည် နေအိမ်အပေါ်ထပ်မှ ရဲမှူးဖုန်းမြင့်နှင့်
အဖွဲ့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာနယ်ထိန်းခေါင်းဆောင်ရဲအုပ် အောင်နေဆန်း၏ ပေါင်တွင် သေနတ်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ခမုံတိုက်နယ်ဆေးရုံးတွင် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသမှုခံယူလျှက်ရှိပြီး ရဲမှူး ဖုန်းမြင့်နှင့်အဖွဲ့သည် ဝေလင်းအောင်ရှိသည့် နေအိမ်အား ၀ိုင်းဝန်းထားရှိကာ လက်နက်ချ ဖမ်းခံရေး ညလုံးပေါက် ဖျောင်းဖြစည်းရုံးနားချခဲ့ရာ နံနက်(၇း၀၀)အချိန်တွင် ဝေလင်းအောင်သည် သဘောပေါက် အမြင်မှန်ရကာ နေအိမ် ပေါ်မှ သေနတ်ပစ်ချပေးခဲ့သဖြင့်၎င်းသေနတ်အားသိမ်းစည်းပြီး ဝေလင်းအောင်အားဖမ်းဆီးရမိခဲ့ကြောင်းနှင့် ရွာနေပြည်သူတစ်ဦးမှအန္တရာယ်ရှိလက်နတ်ကိုင်ဆောင်ထားသူ ဝေလင်းအောင်အား ဖမ်းဆီးရတွင် ရဲတပ်ဖွဲ့မှလူသူလက်နတ်အင်အားအပြည့်အစုံပါသော်လည်းတရားခံအားပစ်ခတ်ဖမ်းဆီးခြင်းမပြုဘဲ
နားလည်းသဘောပေါက်အောင် တစ်ညလုံးပေါက် စိတ်ရှည်သီးခံစွာ ဖျောင်းဖြနားချ သဘောပေါက်အောင် စည်းရုံးပြီး ဖမ်းဆီနိုင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို အထူးပင်လေးစားဂုဏ်ပြုကြောင်းပြောကြားခဲ့သည်။

Thant Zin FB

ကျနော်အာဏာရတာ မဟုတ်ပါဘူးဗျာ
ပြည်သူခိုင်းတာ ကြိုးစားပြီးလုပ်ပေးရမယ့်
ဝန်ထမ်းလက်မှတ်ပါ !!
ဦးထင်ကျော်(နိုင်ငံတော်သမ္မတကြီး)
.
ပြည်သူပေးထား တာဝန်များကို
လေးစားခံယူ ကြိုးစားမည့်သူ
ပြည်သူအားထား သမ္မတစကား
လေးစားဂုဏ်ယူထိုက်ပါတကား…။

အာဏာဆိုတာ မှန်ရာမှာသုံး
လူမမုန်းအောင် လုပ်ဆောင်ပါမှ
အာဏာဆိုတဲ့ တန်ခိုးကိုပြ…။

အာဏာတခွဲသားနဲ့ ရမ်းကားရက်စက်
ဆန်ကောလောက်မှဇောက်မနက်ရင်
လူအများချဉ်တဲ့
လူ့ချဉ်ဖတ်သာဖြစ်တော့မှာ…။

ကျုပ်တို့သမ္မတ ရိုးသားဂုဏ်ပြ
လုပ်သမျှပြည်သူ့အတွက်
လမ်းမှန်နဲ့ချီတက်ပါလျှင်
မနက်ဖြန်ရေး စိတ်အေးရပြီ
အတွေးညီညီ စိတ်တည်ကြည်နဲ့
အတူချီတက်ကြပါစို့…။

တက္ကသိုလ်ဘုန်းကြွယ်(မတ်လ ၂၀ ၁၆)

ဦးမျိုးမြင့်ရေးဆွဲပြီး
မောင်ထွန်းဝေ တင်ပေးလှာတဲ့ပုံဖြစ်ပါတယ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုယ်ရံတော် အရာရှိဖြစ်သည့် ဗိုလ်မှူးချုပ် ၀င်းမြင့်သည် မတ်လ ၂၀ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က မော်တော်ယာဉ် မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဝင်းမြင့်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနားယူသွားသည့်တိုင် ဥပဒေနှင့်အညီ ကိုယ်ရံတော်အဖြစ် ဆက်လက်စောင့်ရှောက်ရန် ရွေးချယ်ခံထားရသူ တစ်ဦးလည်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် ၀ါရင့်နည်းပြ အရာရှိကြီး တာဝန် ထမ်းဆောင်ခဲ့သည့် ပညာတတ် တစ်ဦးဖြစ်ပြီး အစဉ်အလာရှိသည့် တိုက်ခိုက်ရေးသမား တစ်ဦးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် ခံစားခွင့်ရှိသော ကိုယ်ရံတော် ၂ ဦး ပဏာမထဲတွင် တစ်ဦးကို အမြဲတမ်း တာဝန်ပေး ခန့်အပ်ခဲ့ရာတွင် စိတ်ချယုံကြည်စွာ အရွေးခံခဲ့ရသူ ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဆက်ဆံရေးပြေပြစ်ပြီး စိတ်ရှည်သူတစ်ဦးအဖြစ် လုပ်ဖော်ကိုင်ဖက်များ အကြားတွင် သတင်းမွှေးပျံ့သူ တစ်ဦးဖြစ်ပြီး နောက်ကြောင်း သမိုင်းကြောင်းရှင်းကာ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကာ လုံခြုံရေးစည်းကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဗျူဟာပြောင်းလဲ ကျင့်သုံးပေးခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ရယူမှာဖြစ်တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေက ကမာရွတ်မီဒီယာကို ပြောပါတယ်။

လူထုခေါင်းဆောင်ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)ထဲ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ယူမှာဖြစ်ပြီး မွန်အမျိုးသားပါတီက နိုင်သက်လွင်ကတော့ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်လာတယ်လို့ ခိုင်လုံတိကျတဲ့သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ကမာရွတ်မီဒီယာက ရရှိထားတဲ့ နောက်ထပ်ဝန်ကြီး ၃ဦးကတော့ စာရေးဆရာဖေမြင့် (ပြန်ကြားရေး)နဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်တို့ဖြစ်ပါတယ်။

ကမာရွတ်မီဒီယာက ရရှိထားတဲ့ အစိုးရအဖွဲ့ဝန်ကြီးစာရင်းကတော့

၁။ ဒေါ်အောင်ဆန်းစုကြည် - နိုင်ငံခြားရေးဝန်ကြီး
၂။ နိုင်သက်လွင် - တိုင်းရင်းသားရေးရာဝန်ကြီး
၃။ ဒေါက်တာအောင်သူ - စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
၎။ ဦးသန့်စင်မောင် - ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
၅။ သူရဦးအောင်ကို - သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး
၆။ ဒေါက်တာကျော်ဝင်း - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၇။ ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်း - ကာကွယ်ရေးဝန်ကြီး
၈။ ဒု-ဗိုလ်ချုပ်ကြီးရဲအောင် - နယ်စပ်ရေးရာဝန်ကြီး
၉။ ဒု-ဗိုလ်ချုပ်ကြီးကျော်ဆွေ - ပြည်ထဲရေးဝန်ကြီး
၁ဝ။ ဦးဖေမြင့် - ပြန်ကြားရေးဝန်ကြီး
Kamayut Media

NLD အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လျာထားခံရသူအဖြစ် သတင်းထွက်ပေါ်နေသူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား အလိုမရှိကြောင်း ကြွေးကြော်ကာ မတ်လ ၂၁ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် လူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒပြနေကြစဉ်
(ဓာတ်ပုံ-သူရ မဇ္ဈိမ)


လှည်းကူးက ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဒေါက်တာအောင်မြတ်သူ ဦးဆောင်တဲ့ အင်အား ၂ထောင်လောက်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမယ့် လှည်းကူး NLD အမတ် ဦးဖြိုးမင်းသိန်းကို တရားစွဲဆိုထားတဲ့ကိစ္စ အထမြောက်စေဖို့ ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့မနက် ၉နာရီခွဲက စတင်ဆန္ဒပြခဲ့ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ကြံ့ခိုင်ရေးပါတီဖက်က မီးအားပေးစက်နဲ့ပတ်သက်လို့ NLD က ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းတဲ့ကိစ္စ ဦးဖြိုးမင်းသိန်းနဲ့ ဦးသိန်းတန်တို့ကို ပစ်မှတ်ထားတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။

ကြွေးကြော်သံ ပိုစတာတွေအားလုံးကလည်း ကြံ့ခိုင်ရေးပါတီအရောင် အစိမ်းရောင်ဖြစ်နေပါတယ်။
(ဓာတ်ပုံ - အောင်သန့်စင်/ကမာရွတ်မီဒီယာ)-မဇ္ဈိမ
Kamayut Media

ဟိုးရှေးကတည်းက လူတွေ သတိထားမိတဲ့ ပဟေဠိတစ်ခုကို ၂၀၁၄ ခုနှစ်ကျမှ အဖြေသိလာခဲ့ပါတယ်။ ကြိုးကြာတွေ၊ ငန်းရိုင်းတွေ၊ ဝံပိုငှက်တွေ၊ တောဘဲတွေစတဲ့ ငှက်ကြီးမျိုးတွေ ခရီးမိုင်ရှည် ပျံတဲ့အခါ မြားဦးပုံစံဖွဲ့ပြီး ပျံကြတာ မြင်ပေမယ့် ဘာကြောင့်လဲ၊ ဘာအတွက်လဲ တိတိကျကျ မသိခဲ့ကြဘူး။

စွမ်းအင် သက်သာမယ်လို့ မှန်းဆချက် ရှိပြီး ပန်ကာဒလက် လေယာဉ်တွေ အဲဒီလို မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ ပျံသန်းတဲ့အခါ လောင်စာ ၃၀ ရာခိုင်နှုန်းအထိ သက်သာတာ တွေ့ရပါတယ်။ ဒါပေမယ့်၊ ငှက်တွေကျတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ သိပ္ပံနည်းကျ သက်သေမပြနိုင်ခဲ့ဘူး။

လန်ဒန်တက္ကသိုလ်က ဒေါက်တာ ဂျိမ်းစ် အပ်ရှာဝုဒ်နဲ့ အဖွဲ့ဟာ ခုခေတ်မှ ပေါ်လာတဲ့ GPS တည်နေရာပြ ကိရိယာ၊ အရှိန်တိုင်းကိရိယာ (accelerometer) တွေကို ဗျိုင်းငှက်တွေမှာ တပ်ဆင်ပြီး သုတေသနလုပ်တော့မှ တိကျတဲ့ အဖြေတွေ သိလာခဲ့ရပါတယ်။

ငှက်တွေ အတောင်ပံခတ်တဲ့အခါ ဘယ်ညာ တောင်ပံဖျားက ခရုပတ် လေပွေလှိုင်း (vortex) ဖြစ်ပေါ်လာတယ်။ တောင်ပံတိုတဲ့ ငှက်ကလေးတွေမှာ မသိသာပေမယ့် တောင်ပံအလျားရှည်တဲ့ ငှက်ကြီးများမှာတော့ အဲဒီလေပွေလှိုင်းကြောင့် သူ့နောက်က ပျံတဲ့ ငှက်မှာ အင်အားသိပ်မစိုက်ရဘဲ သက်သာတယ်။ လေသာခိုလို့ ရတယ်ပေါ့။

ဒါပေမယ့်၊ ခရုပတ်လို လေပွေလှိုင်းဆိုတော့ ပင့်အားရှိတဲ့ နေရာကို မယူတတ်ရင် အောက်ကိုဖိတဲ့ လေအားကြောင့် ပိုပင်ပန်းတယ်။ (ပုံကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်။) ဒါကြောင့်၊ ငှက်တွေဟာ ထိပ်ဆုံးက ပျံတဲ့ ခေါင်းဆောင်ငှက်ရဲ့ နောက်မှာ အကွာအဝေးနဲ့ အနေအထားကို မှန်မှန်ကန်ကန် နေတတ်ရတယ်။

ဒါ့အပြင်၊ ခေါင်းဆောင်ငှက်ရဲ့ တောင်ပံခတ်တဲ့ စည်းချက်နဲ့ကိုက်ညီအောင် လိုက်လျောညီထွေ ပုံမှန်ခတ်မှသာ လေထဲမှာ ကိုယ်ဖော့အား ရထားသလို ညက်ညက်ညောညော ပျံနိုင်ပါတယ်။ ကိုယ်ခတ်ချင်သလို ခတ်ရင် ကိုယ်ပင်ပန်းတဲ့အပြင် ကိုယ့်နောက်က ပျံရတဲ့ အကောင်တွေလည်း မသက်သာဘူး။ ဖရိုဖရဲ မောပန်းနွမ်းနယ်တာပေါ့။

အဲဒီတော့၊ အုပ်ဖွဲ့ပျံသန်းနေတဲ့အထဲက ငှက်တစ်ကောင်ဟာ အပြင်ကို ရောက်သွားတာနဲ့ အရမ်းပင်ပန်းတာ သိသိသာသာ ခံစားရပြီးတော့ အုပ်ထဲကို အနေအထားမှန်မှန် ပြန်ဝင်လာရတယ်။

ဒီလို မြားဦးသဏ္ဌာန် အုပ်ဖွဲ့ပျံတဲ့အခါ အပင်ပန်းဆုံး၊ အားအစိုက်ရဆုံးကတော့ ထိပ်ဆုံးက ခေါင်းဆောင်လုပ်သူပါပဲ။ အပင်ပန်းဆုံးနေရာမှာ တစ်ကောင်တည်း ကြာရှည်မပျံနိုင်တော့ ဒုတိယနဲ့ တတိယ ခေါင်းဆောင်တွေက အလဲအလှယ်နဲ့ နေရာယူပေးကြရတယ်။ တောင်ပံအလျားမမီသေးတဲ့ အကောင်ငယ်၊ အကောင်ပေါက်တွေကတော့ နောက်ဖျားက လိုက်ရတယ်။ စည်းချက်မှန်အောင် အချက်ပြအော်သံပေးရတဲ့ အကောင်တွေလည်း ကြားက ပါသေးတယ်။

ဒါကြောင့်မို့ ငှက်တွေဟာ တစ်ကောင်ချင်းဆိုရင် မိုင်ထောင်ချီတဲ့ သမုဒ္ဒရာကြီးကို ဖြတ်ကျော် ပျံသန်းဖို့ မလွယ်ကူပေမယ့် တာဝန်ကိုယ်စီနဲ့ အုပ်ဖွဲ့ပြီး စနစ်တကျ ပျံတဲ့အခါ လိုရာခရီးကို ဆိုက်ရောက်ကြောင်း ဒေါက်တာ အပ်ရှာဝုဒ်ရဲ့ သုတေသနမှာ တွေ့ရှိခဲ့ရပါတယ်။

မိုင်ထောင်ချီခရီးရှည်ကို နှစ်စဉ်နှစ်တိုင်း အသွားအပြန် နှစ်ခေါက် ပျံသန်းလေ့ရှိတဲ့ ငှက်တွေရဲ့ စနစ်ကျတဲ့ အမူအကျင့်ကို လေ့လာကြည့်လိုက်တော့ လူသားတွေအတွက်လည်း သင်ခန်းစာ ယူစရာ တွေ့ရပါတယ်။

ဦးတည်ချက်ကို တိတိကျကျ သိနားလည်တဲ့ ခေါင်းဆောင်ရဲ့ နောက်မှာ အနေအထားမှန်မှန်နဲ့ ညီညီညာညာ လိုက်တတ်မှ လိုရာခရီးကို ရောက်ပါလိမ့်မယ်။ ခေါင်းဆောင် ပြောသမျှ၊ လုပ်သမျှ ကန့်လန့်တိုက်နေကြရင် ကိုယ်လည်း ပင်ပန်းတယ်၊ ကိုယ့်နောက်က လူတွေလည်း လျှာထွက်မှာပဲ။

ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေမှာ စည်းချက်ညီညီ မလိုက်ဘဲ ကိုယ့်သဘောနဲ့ ထင်ရာစိုင်းကြမယ် ဆိုရင် အုပ်စုတစ်ခုလုံး သမုဒ္ဒရာထဲ ခေါင်းစိုက်ပြီး သေပွဲဝင်ရလိမ့်မယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် တစ်ခေတ်မှာ တစ်ယောက်လို့ ဆိုလောက်တဲ့ ခေါင်းဆောင်နဲ့အတူ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာခဲ့ပါပြီ။ သူတို့ကို သင့်တော်တဲ့ တာဝန်များ အပ်နှင်းထားပြီးပြီမို့ သူတို့နဲ့အတူ ညီညီညာညာ တောင်ပံခတ်နိုင်မှ လေဟုန်ကိုဆန်ပြီး အဝေးဆုံးကို ပျံနိုင်ပါလိမ့်မယ်။
Credit: Min Myat Maung


နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု ထားရှိမယ့်အခြေအနေကို လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထောက်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ကြောင်း ဦးထင်ကျော်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနနဲ့ ၀န်ကြီးအရေအတွက်ကို လျှော့ချလိုက်တာကြောင့် အစိုးရသစ်သက်တမ်း ၅နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ထောင် ပိုထွက်လာမှာဖြစ်ကြောင်း သမ္မတအသစ် ဦးထင်ကျော်က ရှင်းပြခဲ့ပါတယ်။

အဲဒီလိုပိုထွက်လာတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို နိုင်ငံအတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ ကျေးလက်ဒေသဖံွ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှာ သုံးစွဲသွားမှာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

လုပ်ငန်းဌာနတူညီတဲ့ ၀န်ကြီးဌာနတွေကို ပေါင်းစပ်လိုက်ရာမှာ အရင်ကရှိခဲ့တဲ့ သမ၀ါယမ၀န်ကြီးဌာနဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအောက် ရောက်ရှိသွားပါတယ်။

အလားတူ သိပ္ပံ နဲ့ နည်းပညာဝန်ကြီးဌာနကို ပညာရေးဝန်ကြီးဌာနအောက် ပူးပေါင်းလိုက်တာဖြစ်ပါတယ်။ အသစ်ထားရှိမယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံ့ခိုင်မြဲဖို့အတွက် ထားရှိမှာဖြစ်ကြောင်း ဦးထင်ကျော် က ရှင်းပြခဲ့ပါတယ်။

ဝန်ကြီးဌာနတွေကို ပေါင်းစပ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်နေတဲ့ ၀န်ထမ်းတွေကို သင့်တော်သလို ရွှေ့ပြောင်းတာဝန်ပေးမှာဖြစ်ကြောင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်မယ်ဆိုရင် အလုပ်လက်မဲ့ဖြစ်မှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


နိုင်ငံတော်သမ္မတ အသစ် ဦးထင်ကျော် တင်ပြတဲ့ ၀န်ကြီးဌာန ၂၁ ဌာန ထားရှိမယ့်အပေါ် လွှတ်တော်မှာ စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ ၃မဲ၊ ကြားနေ ၂၂မဲ ရရှိခဲ့သလို ၀န်ကြီး ၁၈ ဦးခန့်အပ်ထားရှိမယ့်အပေါ် ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက် ၂၂မဲ ၊ ကြားနေ ၁၄ မဲ ရရှိခဲ့တာကြောင့် သမ္မတအသစ် ဦးထင်ကျော်ရဲ့ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် နဲ့ ၀န်ကြီးဦးရေ အဆိုပြုချက်ကို အတည်ပြုလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese