03/24/16


လူ့အခွင့်အရေး ကောင်စီ မှာ မြန်မာ အခြေအနေ ကို သုံးသပ်

မတ်လ ၁၇ ရက် က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ နိုင်ငံ အလိုက် လူ့အခွင့်အရေး အခြေအနေ ကို သုံးသပ် ဆွေးနွေးပွဲ ကျင်းပ ခဲ့ရာ မှာ မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး အခြေအနေ ကိုလည်း သုံးသပ်မှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဆွေးနွေးပွဲ ကို တက်ရောက် ခဲ့ကြတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း တွေက လက်ရှိ အစိုးရ ဟာ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေ ကို တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြောင်း မတ်လ ၂၃ ရက်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ် ပြီး ပြောကြား ခဲ့ပါတယ်။

မြန်မာပြည်က ၁ဝ ဖွဲ့ ဒီအစည်းအဝေး တက်ရောက်ခဲ့ကြပြီး မြန်မာ အစိုးရက အရင် အစည်းအဝေးမှာ လက်ခံ ကတိပြုထားတဲ့ လူ့အခွင့်အရေး အကြံပြုချက် တွေကို အကောင်အထည် မဖော်နိုင်သေးဘူးလို့ သူတို့က ထုတ်ပြန် ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆို၊ သင်းပင်း ဖွဲ့ခွင့်တွေကို အာမခံမယ်လို့ အစိုးရက ကတိပြု ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ပြည်ကြီးခင် အဖွဲ့က အုပ်ချုပ်မှု ဒါရိုက်တာ မနွယ်ဇင်ဝင်းက ပြောပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူတွေကို ခြိမ်းခြောက်နေတဲ့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ၊ သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေတွေကို အစိုးရက ပြင်ဆင်မယ့်ပုံလည်း မရှိဘူးလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြတဲ့ တပ်သားတွေနဲ့ အာဏာပိုင်တွေကို အပြစ်ပေး မခံရဘဲ ကင်းလွတ်နေတာကို အဆုံးသတ်ဖို့ကိုလည်း အာဏာပိုင်တွေက ငြင်းဆန်ခဲ့တယ် လို့ အဖွဲ့ ၁ဝ ဖွဲ့က ထုတ်ပြန် ထားပါတယ်။

BBC Burmese

NLD နဲ့ SNLD အကြား ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အကြောင်း ပြောဆို ဆွေးနွေး ထားတာ မရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် ဖွဲ့စည်းမယ့် အစိုးရထဲ အသစ် ဖွဲ့စည်း ထားရှိ လာမယ့် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဌာနဟာ ဦးသိန်းစိန် လက်ထက် ပြဌာန်း ခဲ့တဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်တဲ့ ဥပဒေ အရ ဖွဲ့စည်း ထားရှိတာ ဖြစ်တယ် ဆိုပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက ဝေဖန် လိုက်ပါတယ်။

NLD အစိုးရ သစ်မှာ အဲဒီ့ ဥပဒေ အတိုင်း သွားရင် တိုင်းရင်းသား တွေ အလိုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ မမျှော်လင့် နိုင်ဖို့ မရှိတာ ကြောင့် အစိုးရ သစ် အနေနဲ့ ဘယ်လို နည်းဥပဒေ တွေ ပြဌာန်း လာပြီး ချဲ့ထွင် လုပ်ကိုင် လာနိုင်မလဲ ဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်တယ် လို့ SNLD ရဲ့ ပြောခွင့်ရ စိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

NLD ပါတီ က တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ အတွက် SNLD ပါတီ က ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ စိုင်းညွန့်လွင် ကို ကမ်းလှမ်း ခဲ့ ပေမယ့် SNLD ပါတီ က ငြင်းပယ် ခဲ့ပါတယ်။

NLD ပါတီ ရဲ့ ကမ်းလှမ်းချက် လက်ခံ ရရှိ ခဲ့ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက် တွေ့ဆုံ ခဲ့ သလို SNLD ပါတီတွင်းမှာလည်း ဗဟို ကော်မတီဝင် တွေ အစည်းအဝေး ၃ ရက် တိုင် ပြုလုပ် ခဲ့ကြပြီး တဲ့နောက် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ ကို လက်မခံဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ SNLD ပါတီ က ပြောပါတယ်။

SNLD ပါတီ အနေနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာကို ပိုမို လိုလား မျှော်လင့် တဲ့ အတွက် တိုင်းရင်းသား ရေးရာဝန်ကြီး နေရာ ကို စွန့်လွှတ် ခဲ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ ထင်မြင် မှု တွေ အပေါ် မှာလည်း စိုင်းလိတ် က ငြင်းပယ် ခဲ့ပြီး NLD နဲ့ SNLD အကြား ရှမ်းပြည်နယ် ဝန်ကြီးချုပ် နေရာ အကြောင်း ပြောဆို ဆွေးနွေး ထားတာ မရှိဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ပြည်သူလူထုရဲ့ မျှော်လင့်ချက်ဟာ အရပ်သား ပညာရှင်အများအပြားပါတဲ့ NLD ရဲ့အစိုးရအဖွဲ့အပေါ်မှာအတော်လေးကြီးမားပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ၀န်ကြီးနေရာပေါင်းစုံမှာ စစ်ဗိုလ်ချုပ်များချည်း အုပ်ချုပ်ချယ်လှယ်တာကိုခံခဲ့ရတဲ့အတွက် အခုလိုအပြောင်းအလဲအပေါ်မျှော်လင့်ချက်ပိုကြီးကြတာပါ။ အဲဒါကြောင့် ပါတီအနေနဲ့လဲတာဝန်ကြီးလှပါတယ်။ ပြည်သူလူထု ယုံကြည်ကိုးစားမှုကို အလွဲသုံးစားမပြုမိအောင် သတိထားရပါလိမ့်မယ်။
ဒါပေမယ့် လူထုရွေးချယ်လိုက်တဲ့ပါတီရဲ့ အုပ်ချုပ်ရေးအာဏာလမ်းခရီးဟာ စတာနဲ့ကြမ်းတမ်းလှပါတယ်။ လျှို့ဝှက်သိပ်သည်းစွာနဲ့ အသေချာစိစစ်ရွေးချယ်ထားခဲ့တဲ့ ၀န်ကြီးနေရာများထဲမှ ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်မှ ၀န်ကြီးအဖြစ်အမည်တင်သွင်းခြင်းခံထားရသူ နှစ်ယောက်ရဲ့ ပညာရေးဆိုင်ရာဘွဲ့များနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ်တွေဖြစ်လာလို့ပါ။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ ဦးကျော်ဝင်းဟာ Online diploma mill တစ်ခုဖြစ်တဲ့ Brooklyn Park University မှ Phd ဘွဲ့ကိုရရှိခဲ့တယ်လို့ သူ့ရဲ့ CV မှာဖော်ပြထားပါတယ်။ အဲဒီကျောင်းဟာ အတုအယောင်ကျောင်းတစ်ခုဖြစ်ကြောင်း အင်တာနက်အွန်လိုင်းမှာ အလွယ်တကူပဲရှာတွေ့နိုင်ပါတယ်။ ဦးကျော်ဝင်းဟာ အဲဒီကျောင်းရဲ့ online education ကို၂၀၀၉မှာစတင်ဆည်းပူးလေ့လာခဲ့ပြီး ၂၀၁၀ မှာ ဘွဲ့လက်မှတ်ရရှိခဲ့တယ်လို့ဆိုတယ်။ ဒါပေမယ့် အဲဒီကျောင်းဟာ အတုအယောင်ဖြစ်ကြောင်းကို ၂၀၁၅မှာမှ သေချာသိရပြီး သူ့အမည်မှာသူကိုယ်တိုင် ဒေါက်တာဆိုတဲ့ ဂုဏ်ထူးကို တပ်မသုံးတော့ကြောင်း ကာယကံရှင်ကိုယ်တိုင်ဝန်ခံထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ရေးအချက်အလက် cv မှာအဲဒီဘွဲ့အတုတွေ မဖေါ်ပြခဲ့ရင် ဘာမှပြသနာမရှိပါ။ သူကိုယ်တိုင်ကတော့ သုံးစွဲနေကြ CV အဟောင်းကို အနည်းငယ်ပြင်ဆင်ပြီး ပါတီသို့ပေးလိုက်ရာမှာ အဲဒီဘွဲ့အတုများကို ဖြုတ်လိုက်ဖို့ သတိမေ့သွားကြောင်းဆိုပါတယ်။ သူဟာအလိမ်ခံလိုက်ရသူဖြစ်ပေမယ့် သူအလိမ်ခံရကြောင်းသိပြီးနောက်မှာ အဲဒီအတုအယောင်ဘွဲ့ကို လုံးဝမသုံးမိအောင်ဂရုစိုက်ဖို့တာဝန်ဟာသူ့မှာပဲရှိပါတယ်။ တကယ်တော့ သူ့မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ခိုင်မှာတဲ့ BEcon ဘွဲ့ရှိထားပြီး လုပ်ငန်းအတွေ့အကြုံအားဖြင့်လည်း စီမံကိန်းမှုး၊ အခွန်ဦးစီးမှုးတာဝန်များကို ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ အဲဒါတွေနှင့်ပင်လုံလောက်ပါလျက် အခုတော့ သူ့ရဲ့ CV မှာ အဲဒီအတုအယောင်ဘွဲ့ကိုသုံးမိတဲ့အတွက် ပါတီနှင့် လွှတ်တော်ရဲ့အဆုံးအဖြတ်ကိုခံယူရပါလိမ့်မယ်။ သူကိုယ်တိုင်ကလဲ အဲလိုခံယူမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ယောက်ကတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် လျာထားခြင်းခံရသူဒေါက်တာသန်းမြင့်ဖြစ်ပါတယ်။ သူ့ရဲ့ CV မှာ Pacific Western University (California) က Phd ဘွဲ့ရခဲ့ကြောင်းဖေါ်ပြထားပါတယ်။ အွန်လိုင်း Facebook မှာထောက်ပြသူများက Pacific Western University ဟာ အစိုးရအသိအမှတ်ပြုတဲ့ကျောင်းမဟုတ်ပဲ ၂၀၀၆ခုနှစ်မှာ ဟာဝိုင်ယီအုပ်ချုပ်ရေးအစိုးရက ပိတ်ပစ်တာခံရတယ်လို့ပြောကြပါတယ်။ ဒီနေရာမှာ သတိပြုဖို့ရာက ပိတ်ပစ်ခံရတဲ့ကျောင်းဟာ Pacific Western University (Hawaii) ဖြစ်ပါတယ်။
Pacific Western Universityအမည်နဲ့ Hawaii, Louisiana နဲ့ California စသည်နေရာသုံးခုမှာ ကျောင်းသုံးခုရှိပါတယ်။ Pacific Western University (California)ဟာ ၁၉၇၆ခုနှစ်မှာစတင်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ California Miramar University (CMU) အဖြစ်ပြောင်းလဲသွားပါတယ် (Asset transfer လုပ်တယ်လို့သုံးပါတယ်)။ California Miramar University ဟာအစိုးရအသိအမှတ်ပြု အဝေးသင် စာပေးစာယူကျောင်းဖြစ်ပါတယ်။ မှတ်တမ်းများအရ Pacific Western University (California)ဟာ California state မှအသိအမှတ်ပြုခြင်းခံရတဲ့ကျောင်းဖြစ်ခဲ့ပါတယ်။ ဒေါက်တာသန်းမြင့်ရဲ့ VOA နှင့်အင်တာဗျူးအရ သူ့ဘွဲ့လက်မှတ်မှာ ၁၉၉၉မှာ ရရှိထားကြောင်း ခိုင်မာတဲ့အထောက်အထားရှိပြီး ၆နှစ်ခွဲကြာဆည်းပူးခဲ့ရကြောင်း Doctoral dissertation paper တင်ပြီးမှ ရရှိခဲ့တဲ့ဘွဲ့ဖြစ်ကြောင်းရှင်းပြပါတယ်။

သူပြောတာ အပြည့်အစုံကတော့ -
၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNP Specialist နဲ့ Salmon Island ရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာတွေ့တာလေ။ ဟိုရောက်တော့ ကျနော်ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လား မသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းကပြီးသွားတယ်ပေါ့ဗျာ။ ပြီးသွားတော့ ဒါက ကျောင်းကတော့ အပေးအယူ ၊ ဟိုတုန်းကတော့ Online ဆိုပေမယ့် Online မရှိဘူးခင်ဗျ၊ တယ်လီဖုန်းနဲ့ စာတိုက်ရယ် နဲ့ပဲလုပ်ရတာပေါ့လေ။ လုပ်ရတော့ ကျနော် ၁၉၉၉ ဖေဖ၀ါရီလမှာ ပြီးတယ်ပေါ့လေ။ ကျနော်တို့က dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း ၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ကျနော် သိသလောက်ဆိုရင် ဒီကျောင်းက တက်တာအများစုက ကုလသမဂ္ဂ၀န်ထမ်းတွေရှိတယ်ဗျ။ အသက်ကြီးတွေပေါ့နော်။ ၂၀၀၂ ခုနှစ်က အမေရိကန်မှာ ပညာရေး ဥပဒေတခုပြောင်းလိုက်တယ် လို့ပြောတယ်ခင်ဗျ ။ ပြောင်းလိုက်တော့ တချို့ Institutions တွေကို လိုင်စင် ထပ်မပေးတော့ဘူးလို့ပြောတယ်။ ပိတ်လိုက်တာက လိုင်စင်ထပ်မပေးတော့ တာလား။ ဟိုတုန်းကလုပ်တာတွေကို အသိအမှတ်မပြုတာလား။ ဒါတော့ကျနော်မသိဘူးခင်ဗျ။"

အထက်ပါ အချက်အလက်များအရ ဒေါက်တာသန်းမြင့်ရရှိခဲ့တဲ့ Phd ဟာ အဲဒီခေတ်က Diploma mill မှပေးတဲ့ဘွဲ့မဟုတ်ပါဘူး။ Pacific Western University (California) မှ Phd ရရှိထားသူများထဲမှာ Malawi နိုင်ငံသမ္မတ Bingu wa Mutharika လည်းပါဝင်ပါတယ်။

အမှန်တော့ ပြည်ထောင်စုဝန်ကြီးကဲ့သို့ political post များအတွက် ဘွဲ့ဒီဂရီများဟာ သိပ်အရေးကြီးတဲ့အရာမဟုတ်ပါ။ အကယ်၍ ပြည်သူလူထုမှ သံသယယရှိသည်ဆိုပါ ကပြောင်းလဲချိန်တန်ပြီ ဆိုသည့် ကြွေးကြော်သံဖြင့် အစိုးရဖွဲ့တော့မည့် ပြည်သူ့ပါတီအနေနှင့် ပြည်သူလူထု သံသယကင်းအောင် ဒေါက်တာသန်းမြင့်အားမေးခွန်းထုတ်လိုပါကလည်း ထုတ်နိုင်ပါတယ်။ ကာယကံရှင်မှ လွှတ်တော်မှာ တရားဝင်ရှင်းလင်းတင်ပြသည်များကို ပြည်သူလူထုနှင့် လွှတ်တော်ထံမှ အဆုံးအဖြတ်ခံယူ မှတ်ကျောက်တင်နိုင်ကြောင်း တင်ပြလိုက်ပါတယ်။

Ref: https://en.wikipedia.org/wiki/California_Miramar_University
http://burmese.voanews.com/…/the-background-ed…/3250792.html

အရေးအသား ‪#‎HaveASay‬

ပြည်ထောင်စုလွှတ်တော်၌ အစိုးရသစ် လက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအတွက် လျာထားခြင်း ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း PhD ဘွဲ့ယူခဲ့သော ကျောင်းမှာ အတုဖြစ်နေ ခြင်းကို အမှန်တကယ် မသိရှိခဲ့ကြောင်း The Ladies ကိုပြောသည်။

“မသိခဲ့လို့ အန်ကယ်တက်ခဲ့တာပေါ့၊ နောက်ပြီး သူတို့ရေးထားတာကလည်း အမေရိကန် Education Department ကနေပြီးတော့ လိုင်စင်ပေးထားတယ်ဆိုတော့ ဒါကိုယုံလို့တက်ခဲ့တာလေ၊ နောက်ပြီးတော့ သူတို့ ကိုဖြေရတဲ့အခါမှာ တကယ့်ကို ကြိုးကြိုးစားစားနဲ့ ရေးရတာတွေရှိတယ်၊ သူတို့မေးတာကိုလေ၊ အဲ့ဒီအတိုင်း အန်ကယ်လုပ်ခဲ့တာပေါ့” ဟု ဦးကျော်ဝင်းက ရှင်းပြသည်။

ကိုယ်ရေးအချက်အလက်တွင် ဒေါက်တာဟု ထည့်သွင်းထားခြင်းမှာ မသိရှိမှီကာလက အသုံးပြုခဲ့သည့် စာရွက် စာတမ်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် စာရင်းတင်ရာတွင် စိစစ်မှုအားနည်းခဲ့ခြင်း ကြောင်း ယင်းစာရွက် ပါသွားခဲ့ကာ ယနေ့အချိန်ထိ လက်လှမ်းမှီသမျှ ရှင်းပြ၍ ယခုအခါ အမည်ရှေ့တွင် ဒေါက်တာဟု ထည့်သွင်းအ သုံးပြုခြင်း မရှိတော့ဟု ၄င်းကဆိုသည်။

“၂၀၁၅ ခုနှစ် ဒီဇင်ဘာလမတိုင်ခင်တော့ ကြားနေရတာတော့ရှိတာပေါ့၊ ဒါပေမယ့် ကိုယ့်တက်ခဲ့တဲ့ University က စိတ်ချရတယ်ဆိုတော့ စိတ်လည်းမဝင်စားဘူး၊ သိပ်လည်းနားမထောင်ဘူး၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလောက် ကျတော့မှ Complement BP ထဲပါတယ်ဆိုတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

၎င်းအနေဖြင့် ရိုးသားစွာ အမှန်တကယ်ကြိုးစားခဲ့သော်လည်း ကျောင်းအနေဖြင့် အတုဖြစ်နေခြင်းနှင့် အဆင့် အတန်းမမှီခြင်းသည် ကျောင်းနှင့်သာသက်ဆိုင်ပြီး ၄င်းကမူ အမှန်တကယ် သင်ကြားခဲ့ကြောင်း ဖြည့်စွက်ပြော သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူက ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းတင်ပြရာတွင်လည်း ဦးကျော်ဝင်းဟုသာ ဖော်ပြထားပြီး လွှတ်တော်တက်ရောက် လက် မှတ်ထိုးရာတွင်လည်း ဦးကျော်ဝင်းဟုသာ တရားဝင်သုံးစွဲထားခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း မှန်မှန်ကန် ကန်ရှင်းပြထားပြီး ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

“အန်ကယ်က ဒီဝန်ကြီးရာထူးနဲ့ပတ်သက်ပြီးတော့လည်း ကိုယ့်အကျိုးအတွက် ဂုဏ်သိက္ခာအတွက် လုံးဝမစဉ်း စားထားဘူး၊ ဒီရာထူးတာဝန်ရမှ ဆိုတာမျိုး အန်ကယ့်စိတ်ထဲမှာ မရှိပါဘူး၊ တိုင်းပြည်အတွက် ကျရာတာဝန် ထမ်းဆောင်မယ်၊ ဒီတိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဆိုတာပဲ စဉ်းစားတယ်” ဟု ၄င်းကရှင်းပြသည်။

သတင်းနှင့် ဓါတ်ပုံ - ကိုပေါက်

The Ladies News Journal

ယခင်က ၀န်ကြီးဆိုသည်နှင်. ကိုယ်နှင်.ဘာမှမဆိုင်သောသဘော ၊ အလွန်အလှမ်းဝေးသော မဉ္ဖူသကနတ်ပန်းလိုလို ၊ လူမရောက်မြင်းမိုရ်တောင်လိုလို ကျွန်တော်တို.စိတ်မှာခံစားရသည် ။ ထိုသို.ခံသစားရအောင်လည်း ၀န်ကြီးအဆက်ဆက်သည် သာမန်ပြည်သူလူထုထဲမှဖြစ်လ.ဖြစ်ထမရှိ ။ မင်းကြိုက်စိုးကြိုက် ဒေါ်စိန်အေးကျောင်းထွက်များသာ အနှီ ၀န်ကြီး ၊ ၀န်ကလေး ၊ ညွှန်မှူး ၊ညွှန်ချုပ် ။ အတွင်းဝန် ၊ ဘာညာစသည်ဖြင်. သူတို. ကျောင်းထွက်များသာခန်.ထားလေ.ရှိသည် ။ ထို.ကြောင်. ထိုလူမျိုးနှင်. ကျွန်တော်တို. စာပေအနုပညာသမားများသည် အသိုင်းအ၀ိုင်းချင်းမတူသောကြောင်. နီးစပ်မှုမရှိခဲ.ပါ ။ ၀န်ကြီးဆိုသောရာထူးသည် ၀န်ထမ်းလောက အတိုင်းအတာနှင်.ဆိုလျှင် ဌာနတွင်အကြီးဆုံးဧရာမပုဂ္ဂိုလ်ကြီးဖြစ်သည် ။ အနုပညာသမားတို.အမြင်တွင်မူကား လူကြီးဖြစ်စေ ၊၀န်ကြီးဖြစ်စေ ၊ စာတစ်ပုဒ် ၊ ကဗျာတစ်ပုဒ် ၊ ပန်းချီတစ်ကား ၊ သီချင်းတစ်ပုဒ်ကိုသီကုံးဖွဲ.ဆိုရသော အနုပညာသမားတို.၏ဖန်တီးမှု အရည်အသွေးကပိုမို ချီးမွမ်းချင်စရာကောင်းသောဂုဏ်ပုဒ်တစ်ခုပင်ဖြစ်သည် ။ ထိုသို.သော အနုပညာခံယူချက် ၊ အနူပညာမာနကို ပစ္စတိုခါးကြားထိုးထားသော အဘဟူသည်.ပုဂ္ဂိုလ်များနားလည်နိုင်မည်မဟုတ်ချေ ။ သူတို.ရောက်နေသောနေရာကိုလည်းပြည်သူလူထုက (အထူးသဖြင်. အနုပညာသမားများက ) အထင်မကြီး ၊ ပြည်သူလူထုကိုလည်း ယခင်လူကြီးဆိုသူများက တစ်စက်မှအထင်အမြင်မရှိပဲ အပြန်အလှန်မုန်းတီးခဲ.ကြပေ၏ ။

ယခုသော်ခေတ်ပြောင်းခဲ.ပေပြီ ။ သူလိုငါလို ၊ ပြည်သူထဲမှ တတ်သိပညာရှင်များသည် ဦးထင်ကျော်ခေါင်ဆောင်သောအစိုးရအဖွဲ.တွင် ထိုက်ထိုက်တန်တန်နေရာပေးခံရလေပြီ ။ ၀န်ကြီးစာရင်းတွင် လူ ၁၈ ဦးရှိရာအရပ်သားသမ္မတကြီးဦးထင်ကျော်က အမည်စာရင်းသွင်းသူ ၁၅ ယောက်နှင်. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူ ၃ ယောက် ၊ ပေါင်း ၁၈ ယောက်ဖြစ်သည် ။ ဒုသမ္မတများကိုထပ်မံထည်.သွင်းတွက်ချက်လျှင် လူ ၂၀ ရှိမည်ဖြစ်ရာ သမိုင်းတွင်အောင် ရဲဘော် ၂ ကျိပ် ဟုအမည်ပေးရမည်ဖြစ်သည် ။သို.သော်ထိုရဲဘော်နှစ်ကျိပ်အကြောင်းပြောစရာရှိလာ၏ ။ ၀န်ကြီးဖြစ်သောအခါ ၊ ဒုသမ္မတဖြစ်သောအခါ ဘယ်သူ.ကိုသစ္စာခံကြမည်နည်းဟူသောပြသနာဖြစ်သည် ။ဖွဲ.စည်းပုံအခြေခံဥပဒေတွင် ဒုတိယသမ္မတများသည် သမ္မတကိုတာဝန်ခံရမည် ဟုပြဌာန်းထား၏ ။ ပြည်ထောင်စုဝန်ကြီးများသည် သမ္မတကိုပင်တာဝန်ခံရပေမည် ။ သို.သော်အကျင်.ဗီဇဟူသည်ဖျောက်ခဲလှ၏ ။ တပ်မတော်ကရွေးချယ်စေလွှတ်လိုက်သူသည် ပြည်သူကိုသစ္စာခံခြင်းထက် တပ်မတော်ကာချုပ်ကိုသာ သစ္စာစောင်.သိတာဝန်ခံဖို.အကျင်.ဖြစ်ကောင်းဖြစ်နေပေလိမ်.မည် ။ အရပ်သားဒုသမ္မတနှင်.အရပ်သားဝန်ကြီးများကတော. ပြည်သူလူထုကိုမျက်နှာမူလိမ်.မည်ဟုယူဆရပါသည် ။

ဘာပဲဖြစ်ဖြစ် ကိုယ်.မိတ်ဆွေ စာပေဟောပြောပွဲများတွင်အတူတွဲ၍ဟောပြောဖူးသော စာရေးဆရာဒေါက်တာဖေမြင်. ပြန်ကြားရေးဝန်ကြီးအဖြစ် ခန်.အပ်ခံရ၍ အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါသည် ။ ဆရာဖေမြင်.နှင်.ကျွန်တော်သည် ကော.မှူးမြို.နယ်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစာကြည်.တိုက်တွင်တစ်ကြိမ် ၊ ရန်ကုန်မြို. ဘောက်ထော်တွင်တစ်ကြိမ် ၊ ကြည်.မြင်.တိုင်ထီးတန်းလမ်းတွင်တစ်ကြိမ် အတူတူ စာပေဟောဖူးပါသည် ။ သို.သော်ဆရာဖေမြင်.နှင်.ပါတ်သက်၍ ပြည်မြို.စာပေဟောပြောပွဲတွင်တော. မြို.ခံများ ကသိကအောက်ဖြစ်ရတာလေးတွေရှိဖူးသည် ။ ကျွန်တော်တို.ပြည်မြို.တွင် ၂၀၁၄ ဒီဇင်ဘာလက စာပေဟောပြောပွဲတစ်ပွဲလုပ်သည် ။ဟောပြောပွဲမတိုင်ခင် သုံးလေးလလောက်အလိုကတည်းက ဆရာဖေမြင်.ကိုဖိတ်သည် ။ ဆရာမနုနုရည်(အင်းဝ)ကိုဖိတ်သည် ။ ဆရာကျော်ရင်မြင်.ကိုဖိတ်သည် ။ ထိုသို.ဖိတ်သောအခါ ဆရာဖေမြင်.သည် ထွက်ပေါက်တစ်ခု ၊ ဂယ်ပေါက်တစ်ခုကို ဖန်တီးထားပြီးမှ ဖိတ်ကြားမှုကိုလက်ခံ၏ ။
“ အဲဒိနေ.ကိုလက်ခံပါတယ် ၊ရပါတယ် ။ ဒါပေမယ်. နိုင်ငံခြားသွားဖို.ကိစ္စပေါ်မလာဘူးဆိုရင်တော. Confirm ဖြစ်ပါတယ် “ ဟူ၍ဖြစ်သည် ။ စာပေဟောပြောပွဲလက်ခံသော်လည်း အရှင်လက်ခံခြင်းဖြစ်သည် ။ ပွဲစီစဉ်သူများက လည်းနားလည်ပေးသည် ။ဟုတ်ပေသားပဲ နိုင်ငံခြားဆိုတာ လူတိုင်းသွားနိုင်တာမဟုတ် ။ဆရာဖေမြင်.တို.လိုအလုပ်ကြီးအကိုင်ကြီးသမားတွေပဲသွားနိုင်တာဖြစ်၍ ကိစ္စပေါ်လာလျှင် ခွင်.ပြုရပေမပေါ. ။ ဤသို.ဖြင်. စာပေဟောပြောပွဲရက်တဖြည်းဖြည်းနီးလာ၏ ။ပြည်မှဟောပြောပွဲကော်မတီများမှာ သတင်းစာ ၊ဂျာနယ်များကိုလည်ပင်းရှည်အောင်ဖတ်ကြ ၊ ကြည်.ကြရင်း ဆရာဖေမြင်.တို. စာနယ်ဇင်းကောင်စီ (ယာယီ )အဖွဲ.နိုင်ငံခြားခရီးစဉ်ရှိမရှိ ။ ဆရာဖေမြင်.တစ်ယောက်တည်း နိုင်ငံခြားခရီးရှိမရှိကိုကြိတ်ပြီးလေ.လာကြသည် ။ မရှိ ။ဘာမှမကြား ။ ဟန်ကျသည် ။ ဆရာဖေမြင်.ငါတို.မြို.ကိုလာဟောတော.မည် ။ မြို.သူမြို.သား စာပေ၀ါသနာရှင်များသည် နှစ်ထောင်းအားရ ကြေနပ်ပီတိဖြစ်ကြကုန်၏ ။ မြို.ပေါ်တွင်သာမက ပြည်မြို.နှင်.အနီးတ၀ိုက်ဒေသများ တွင် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူကြသည် ။ ကြော်ငြာတွေလုပ်ကြသည် ။ သတင်းစကားတွေပါးကြသည် ။

သိုနှင်. ဟောပြောမည်.နေ.မတိုင်မီတစ်ရက်သို.ရောက်လာသည် ။ ထိုအချိန်တွင်ဆရာဖေမြင်.ထံသို.ဆက်သွယ်သောအခါ ဟောပြောပွဲမလာနိုင်သလိုလိုဖြစ်နေကြောင်းသိရလေသည် ။
“ ပြည်မှာဟောရမယ်.နေ.မှာ နေပြည်တော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ. စာနယ်ဇင်းကောင်စီနဲ.တွေ.ဆုံပွဲသွားရမယ် “
ပြည်မှလူများ ဟိုက်ကနဲ ၊ဟင်ကနဲဖြစ်သွားသည် ။ အသံများကတုန်တယင်ဖြစ်သွားသည် ။

“ဒါဆိုဘယ်လိုလုပ်မလဲဆရာ ၊ ဆရာပြောတုန်းက နိုင်ငံခြားခရီးစဉ်မရှိရင် ကွန်ဖမ်းဖြစ်ပါတယ်ဆို “

“ အေးဗျ ၊ လူကြီးကတွေ.ချင်တယ်ဆိုတော. သူအားတဲ.နေ.မှာ တွေ.ဆုံပွဲကလုပ်ရတာ ၊ ညနေလေးနာရီ ငါးနာရီလောက်တော.ပြီးမှာပါ ဒီလိုလုပ်ပါ ခင်ဗျားတို.ကျွန်တော်.ကို လေးနာရီလောက်နေပြည်တော်မှာလာစောင်.ပေးပါလား ၊ ကာချုပ်နဲ.တွေ.ဆုံပွဲ ပြီးတာနဲ. ကားမောင်းပြီးနေပြည်တော်ကနေ ပြည်ကိုသွားကြတာပေါ. “

ဆရာဖေမြင်.က၀ိနည်းလွတ်ပြောခြင်းဖြစ်သည် ။ သူကပွဲကိုဖျက်ခြင်းမဟုတ် လာခေါ်သူတွေ ခေါ်နိုင်ရင်ခေါ် မခေါ်နိုင်ကသူ.တာဝန်မဟုတ်သလိုလိုရှိ၏ ။ ။အမှန်စင်စစ်ဆရာဖေမြင်.မပါလဲ ကာချုပ်နှင်.တွေ.ဆုံပွဲကိုဆရာဖိုးသောကြာတို.အဖွဲ.ကဆက်လုပ်သွားလျင်ရပါသည် ။ သို.သော် ဆရာဖေမြင်.က ထိုပွဲကိုသိပ်အလေးထားနေသည် ။ လက်ခံထားခဲ.သောစာပေဟောပြောပွဲကား ဒုတိယဦးစားပေးဖြစ်ပါချေ၏။ ကာချုပ်မျက်နှာကားကြီးမားပါဘိ ။ ပြည်အဖွဲ.ကစဉ်းစားသည် ။ ဆရာဖေမြင်.တို.အဖွဲ.တွင် ကိုကျော်မင်းဆွေတို. ၊ ဆရာဖိုးသောကြာ(ခေတ်+မိုး)တို. အခြား စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ.၀င်တွေ ဆယ်ယောက်ထက်မနည်းပါသည် ။ အခြား သတင်းဌာနမှသတင်းထောက်တွေလည်းပါဦးမည် ။ ထိုအဖွဲ.တွေတွေ.ကြဆုံကြပြောကြဆိုကြ ၊အင်တာဗျူးကြ စားကြသောက်ကြ မည်မှာ မည်သည်.နည်းနှင်.မှ ညနေလေးနာရီအတိတွင် ထွက်ခွာဖို.မဖြစ်နိုင် ။ အကယ်၍ညနေလေးနာရီ တွင် ပြီး၍ထွက်နိုင်သည်ထား ၊ နေပြည်တော်နှင်. ပြည်မြို.မှာ ခြောက်နာရီခန်.မောင်းရမည်ဖြစ်သဖြင်. သူပြည်မြို.သို. ကံကောင်း၍အစောဆုံး ရောက်မည်.အချိန်မှာ ညဆယ်နာရီဖြစ်သည် ။ အကယ်၍လမ်းတွင် ထမင်းစားနားခြင်း ၊ လက်ဘက်ရည်သောက်ခြင်းတို.ပြုပါက ညဆယ်.တစ်နာရီထိုးမှရောက်လာနိုင်ပေမည် ။အခမ်းအနားမှဆောင်းတွင်းဘက်ဖြစ်သည်.အပြင် ဘောလုံးကွင်းကြီးထဲတွင် out door ပွဲဖြစ်၍ သိပ်ပြီးညနက်၍မရ ။ည (၇)နာရီလောက်စရမည်ဖြစ်သဖြင်. ကိုးနာရီခွဲလောက်ဆိုလျှင်ဆရာဖေမြင်.အလှည်.သို.ရောက်ပေမည် ။ အကယ်၍ ညနေလေးနာရီတွင် နေပြည်တော်မှမထွက်ခွာနိုင်ပဲ ငါးနာရီ ၊ခြောက်နာရီမှထွက်ခွာလာပါက ပိုဆိုးတော.မည် ။ မည်သို.မှ ဟောပြောဖို.မီတော.မည်မဟုတ် ။ စင်းလုံးငှားရသော ကားဖိုးသာ အပိုထပ်ကုန်တာအဖတ်တင်ပေမည် ။ထိုအခါ အဖက်ဖက်မှစဉ်းစားကြပြီး

“ညနေ လေးနာရီမှဆရာ.ကိုနေပြည်တော်လာခေါ်ရမယ်ဆိုရင်တော. လာမခေါ်တော.ပါဘူးဆရာ “ ဟုဆရာဖေမြင်.ကိုဝမ်းနည်းစွာ နှုတ်ဆက်လိုက်ရပြီး စာပေဟောပြောပွဲကို ဆရာမနုနုရည်(အင်းဝ ) ၊ ဆရာကျော်ရင်မြင်.တို.နဲ.ပဲ အောင်မြင်စွာကျင်းပခဲ.ပါသည် ။ ပြည်မှစာဖတ်ပရိသတ်များက် ဆရာဖေမြင်.သည် ပြည်သူ(ပြည်မြို.သူမြို.သားများ ) ထက် ကာချုပ်ကိုပိုအလေးထားကြောင်းတဖွဖွပြောနေကြပါသည် ။

တစ်ခါက ကော.မှူးဟောပြောပွဲသို. ဆရာဖေမြင်.နှင်.ကျွန်တော်ကားဖြင်. အတူတူသွားကြရင်း ကျွန်တော်.ကို ခရီးသွားကုမ္မဏီတစ်ခုကဖုန်းဆက်ပြီး ဧည်.လမ်းညွှန်ငှားပါသည် ။ သူတို.ငှားသည်မှာ ယခုလောလောဆယ်အတွက်မဟုတ် ။ ရှေ.နှစ်ခါအတွက် သီလ၀ါဆိပ်ကမ်းတွင်ရောက်လာမည်. ကမ္ဘာလှည်.သင်္ဘောကြီးမှခရီးသည်များအတွက် ၀န်ဆောင်မှုပေးရန်ကြိုတင်ငှားရမ်းခြင်းဖြစ်သည်။ကျွန်တော်ကလက်ခံလိုက်ပြီး ရက်စွဲကိုသေသေချာချာစာအုပ်တွင်ရေမှတ်လိုက်သောအခါ ဆရာဖေမြင်.ကကျွန်တော်.ကိုအထူးတဆန်းကြည်.ပြီး

“ ကိုသရ၀ဏ် အဲဒိလိုတစ်နှစ်ကြိုလက်ခံတော. တကယ်လိုက်နိုင်ပါ.မလား (ကတိတည်နိုင်ပါ.မလား ) “ ဟုမေးပါသည် ။ “တည်ပါတယ်ဆရာ ဘာအကြောင်းပဲပေါ်လာလာ သေရေးရှင်ရေးကလွဲရင် လက်ခံထားတဲ.အလုပ်တစ်ခုကိုကျွန်တော်မဖျက်တတ်ဘူး “ဟု ကျွန်တော်ကအဖြေပေးလိုက်ပါသည် ။ ထိုအခါကျွန်တော်သတိထားမိသည်မှာ ဆရာဖေမြင်.သည် ကတိပေးပြီးလျှင် သိပ်အလေးအနက်မထားတတ်ဘူးဆိုတာကိုပဲဖြစ်သည် ။ ပို၍ကောင်းမွန်သော (သို.မဟုတ် ) ပို၍အရေးပါသော ကိစ္စတစ်ခုပေါ်လာလျှင် မူလလက်ခံထားသောကတိကိုဖျက်ဖို. သိပ်ပြီးအားနာတတ်သူတစ်ယောက်မဟုတ်ကြောင်း ခန်.မှန်းမိလေသည် ။ နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ်ကတွေ.ချင်သဖြင်.အခေါ်ခံရသော စာရေးဆရာများများစားစားမရှိပါ ။ထိုသ.ိုခေါ်တွေ.သည်. စာနယ်ဇင်းကောင်စီအဖွဲ.၀င်များထဲတွင်ဆရာဖေမြင်.ပါသဖြင်. ၀မ်းမြောက်ဂုဏ်ယူပါသည် ။ သို.သော် ကာချုပ်သည်နောက်မှစိတ်ကူးပေါက်၍ခေါ်လိုက်ခြင်းဖြစ်ပြီး စာပေဟောပြောပွဲသည် သုံးလေးလကြိုဖိတ်ထားခြင်းဖြစ်၍ ကျွန်တော်သာဆို ကာချုပ်နှင်.တွေ.ဖို.ကိစ္စထက် စာပေဟောပြောပွဲတွင် ကတိတည်စွာဟောပြောနိုင်ဖို.ကိုပဲ အလေးထားမည်ဖြစ်သည် (ထိုစိတ်ဓာတ်ကြောင်.ပဲ ဖွတ်ကြားစာရေးဆရာဘ၀ကမတက်နိုင်တာလားမသိပါ ) ။ ဆရာဖေမြင်.ကတော. သူဘာသာပြန်ခဲ.သော တက်ကျမ်းတွေထဲမှနည်းနိသယျတွေကိုလက်တွေ.ကျင်.သုံးနိုင်သူဖြစ်သည် ။
ဘာပဲပြောပြော ဆရာဖေမြင်.သည်ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကယုံကြည်လေးစားခေါ်ယူသဖြင်. ပြန်ကြားရေးဝန်ကြီးဌာနကိုကိုင်တွယ်မည်.၀န်ကြီးတစ်ယောက်ဖြစ်သွားပါပြီ ။ ၀န်ကြီးဘ၀ငါးနှစ်သက်တမ်းကို ဖြတ်သန်းရတော.မည်ဖြစ်သည် ။ ယခင် ပြန်ကြားရေးဝန်ကြီးများသည် ပြည်ခိုင်ဖြိုးပါတီနှင်.တပ်မတော်မှ စိတ်ကြိုက်ရွေးချယ်စေလွှတ်ခဲ.သူများဖြစ်၍ စာပေ ရုပ်ရှင် အနုပညာလောကနှင်. သိပ်ပြီး အစေးမကပ်လှပါ ။ ဆရာဖေမြင်.ကတော. ကိုယ်တိုင်လည်း စာရေးဆရာဖြစ်သဖြင်. စာပေလောကကိုပို၍ကိုယ်စားပြုပြီးတိုင်းပြည်ကောင်းကျိုးဆောင်ရွက်နိုင်မှာသေချာပါသည် ။ ၀န်ကြီး ၁၈ ဦးတွင် တပ်မတော်ကာချုပ်အတွက်အလုပ်လုပ်မည်. ၀န်ကြီးများပါသလို ၊ ပြည်သူလူထုအတွက် အလုပ်လုပ်မည်.၀န်ကြီးများလည်းပါဝင်မည်ဖြစ်ပါသည် ။ ကျွန်တော်တို.ချစ်သောစာရေးဆရာ ပြန်ကြားရေးဝန်ကြီးသည်လည်း ပြည်သူလူထုအတွက်အလုပ်လုပ်သော ၀န်ကြီးတစ်ပါးအဖြစ်အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်ပါစေသတည်း ။

သရ၀ဏ်(ပြည်)

[youtube src="Arza04Z5eec"/]
အန်အယ်လ်ဒီ ပါတီက ၀န်ကြီးအဖြစ် စာရင်းတင်သွင်းထားတဲ့ ဦးကျော်ဝင်း ရဲ့ ဘွဲ့ဟာ အတုဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ကာယကံရှင်ကပြောပါတယ်။ အရင်တုန်းက Biography (ကိုယ်ရေးအကျဉ်း) ပေးလိုက်မိလို့ မှားယွင်းသွားတာဖြစ်ပီး ရိုးးရိုးသားသားနဲ့ဖြစ်သွားတယ်ဆိုတာယုံ­ုကြည်တဲ့ အတွက် NLD ဘက်ကနားလည်ပေးပြီး ဘွဲ့လက်မှတ်ကိုလည်းပြပြီးပါပြီလို့ ဦးကျော်ဝင်း ကပြောပါတယ်။
DVB TV -

ဓာတ်ပုံ-မဇ္ဈိမ

ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးမရယူပေမယ့် အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်ဆိုတာကို NLD ပါတီကရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပါ အတိအလင်းပြောကြားထားတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

မြန်မာသမ္မတသစ်ဖြစ်လာတော့မယ့် ဦးထင်ကျော်ကို NLD ပါတီကရွေးချယ်တင်မြှောက်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားပြီးသားလည်း ဖြစ်ပါတယ်။

အဲဒီလို ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ အစိုးရအဖွဲ့ကို သမ္မတရဲ့အထက်ကနေထိန်းကျောင်းမယ့်ပုံစံကြောင့် ဒေါ်အောင်ဆန်းစုကြည်ရှေ့ဆက်ရမယ့်ပုံစံကို အိန္ဒိယနိုင်ငံက ဆိုနီယာဂန္ဒီဖြတ်သန်းခဲ့ပုံနဲ့ တစ်ချို့လေ့လာသူတွေက နှိုင်းယှဉ်ကြည့်လာကြပါတယ်။

ဆိုနီယာဂန္ဒီဟာ ၂၀၀၄ ခုနှစ်တုန်းက သူမရဲ့ ကွန်ဂရက်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက်မှာ ပါတီခေါင်းဆောင်အဖြစ်နဲ့ပဲ မန်မိုဟန်ဆင်းခ်ျဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ထိန်းကျောင်းခဲ့သူ ဖြစ်ပါတယ်။

ဆိုနီယာဂန္ဒီဟာ အီတလီနိုင်ငံမှာမွေးဖွားသူတစ်ဦးဖြစ်တာကြောင့် ၀န်ကြီးချုပ်ရာထူးကို သူမရယူလိုက်မယ်ဆိုရင် အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေပေါ်ပေါက်လာမှာစိုးတဲ့အတွက် အဲဒီိလို ပါတီခေါင်းဆောင်အနေနဲ့ပဲ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုနီယာဂန္ဒီ ဖြတ်သန်းခဲ့တဲ့အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ ခပ်ဆင်ဆင်တူတယ်လို့ ပြောမယ်ဆို ပြောလို့ရတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ဆိုနီယာဂန္ဒီရဲ့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လျှောက်လှမ်းရတဲ့လမ်းကြားမှာ အဓိကကွာခြားတာတစ်ခုကတော့ အိန္ဒိယနိုင်ငံမှာက မြန်မာနိုင်ငံမှာလို နိုင်ငံခြားမှာမွေးဖွားသူ၊ ဒါမှမဟုတ် နိုင်ငံခြားသား ခင်ပွန်း၊ဇနီး၊ ဆွေမျိုး ရှိသူတွေကို ဥပဒေကြောင်းအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတာမျိုး မရှိတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၅၊ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရပြီးတဲ့နောက်မှာ သူမကို ဆိုနီယာဂန္ဒီနဲ့ နှိုင်းယှဉ်ပြောကြားတာဟာ အတိအကျမှန်ကန်မှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကရဲ့ အဖိနှိပ်ခံလူထုခေါင်းဆောင်ကနေ နောက်ပိုင်းမှာ သမ္မတဖြစ်လာခဲ့သူ နယ်လ်ဆင်မင်ဒဲလားနဲ့ နှိုင်းယှဉ်ကြည့်သူတွေလည်း ရှိနေပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်လိုပဲ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်တဲ့ နယ်လ်ဆင်မင်ဒဲလားဟာ သူ့ရဲ့တော်လှန်ရေး လုပ်ဆောင်ချက်တွေကြောင့် ၂၇ နှစ်ကြာအကျဉ်းချခံခဲ့ရပြီး ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကရဲ့ ပထမဆုံးလူမည်းသမ္မတ ဖြစ်လာခဲ့သူပါ။

ဒါပေမဲ့ ဆိုနီယာဂန္ဒီနဲ့ နှိုင်းယှဉ်တုန်းကလိုပါပဲ။ နယ်လ်ဆင်မင်ဒဲလားဟာ တောင်အာဖရိကမှာ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်တားမြစ်ခံထားရတာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့ခရီးဟာ နယ်လ်ဆင်မင်ဒဲလားဖြတ်သန်းခဲ့ရပုံမျိုးနဲ့လည်း မတူညီနိုင်တာ အသေအချာပါပဲ။

ဒါ့အပြင်ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ ကြေညာချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့အတွင်းမှာပါ ၀န်ကြီးနေရာရယူသွားဖို့ရှိနေပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးရယူမယ်လို့ ခန့်မှန်းသုံးသပ်နေမှုတွေတောင် ပေါ်ထွက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးနေရာ ရယူသွားမှာဖြစ်တာကြောင့် သူမအနေနဲ့ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နိုင်တော့မှာမဟုတ်ဘဲ ပါတီခေါင်းဆောင်နေရာကနေလည်း ဖယ်ထားပေးရတော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ပါတီက တိုင်းပြည်ကို ထိန်းကျောင်းသွားနိုင်ဖို့အတွက် ပါတီတွင်းမှာ ဘယ်လို တာဝန်ခွဲဝေသတ်မှတ်မှုတွေလုပ်မလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အတွင်းမှာတစ်ဖက်ကပါဝင်ဆောင်ရွက်နေသလို ပါတီကိုလည်း အကောင်းဆုံးပုံစံနဲ့ ထားရှိနိုင်ခဲ့မယ်ဆိုရင် အပြောင်မြောက်ဆုံးနိုင်ငံရေးရွှေ့ကွက်တစ်ကွက်ကို ရွှေ့လိုက်ရာရောက်မှာ ဖြစ်ပြီး အနာဂတ်မှာ နိုင်ငံရေးအရလည်း အခုထက်ပိုမို ခိုင်မာအားကောင်းလာမှာပဲ ဖြစ်ပါတယ်။

(www.aseantoday.com တွင်ဖော်ပြထားသော Aung San Suu Kyi: a Nelson Mandela or a Sonia Gandhi ? ကို ဆီလျော်အောင်ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

ဖြိုးမင်းသန့်
Mizzima - News in Burmese


longlon-car-accident-620.jpg
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်မှာ ဘုရားဖူးသွားတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့စဉ်
Photo: တံမြက်စည်း(လှိုင်သာယာ ၂) FacebooK

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်က လက်ခတ်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပြီး တိမ်းမှောက်တာကြောင့် ယာဉ်ပေါ်မှာပါတဲ့ လူ ၁၃ ယောက် သေဆုံးပြီး ၄၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

လောင်းလုံဆေးရုံမှာ ၁၁ဦးနဲ့ ထားဝယ်ဆေးရုံမှာ ၂ ဦး သေဆုံးသွားတယ်လို့ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုဝေဖြိုးက ပြောပါတယ်။

"စုစုပေါင်း ၁၃ ယောက်သေတယ်၊ ၄၇ ယောက်က ဒဏ်ရာရတာပေါ့၊ အကုန်လုံးနီးပါးပြင်းတယ်၊ အခုက လောင်းလုံဆေးရုံးကနေ လိုအပ်တာတွေလုပ်ပြီးတော့ ထားဝယ်ဆေးရုံ ပြန်လွှဲပေးတယ်"

အဲဒီဘုရားဖူးယာဉ်မှာ သရက်ချောင်းမြို့နယ် ညောင်ဇင်နဲ့ ဆေးဖြန့်ကုန်း ကျေးရွာက ဒေသခံ ၆၀ ခန့် လိုက်ပါလာတာဖြစ်ပြီး ဘရိတ်ပေါက်သွားတာဖြစ်နိုင်တယ်လို့ ကိုဝေဖြိုးက ပြောပါတယ်။

ကျန်တဲ့ ၄၇ဦးဟာ ထားဝယ်ဆေးရုံမှာ ဆေးကုသနေဆဲဖြစ်ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ရှိနေပါတယ်။

RFA

mdy-fire-620.jpg မတ်လ ၂၂ ရက်နေ့ညက မန္တလေးမြို့က မင်္ဂလာဈေး မီးလောင်ခဲ့စဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုရာမှာ လူနေတိုက်ခန်းနဲ့ ဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့ အတွက် ဈေးသူဈေးသားတွေက ယာယီဈေးတစ်ခု ဆောက်လုပ်ပေးဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီကို ဒီနေ့ တောင်းဆိုကြပါတယ်။

မင်္ဂလာဈေးအနီးတ၀ိုက်မှာ ဈေးပြန်လည်ရောင်းချခွင့်ရဖို့အတွက် စည်ပင်သာယာရေး ကော်မတီနဲ့ ညှိနှိုင်းခဲ့တာလို့ ဆိုင်ခန်း ၈ ခန်း ဆုံးရှုံးသွားတဲ့ ဒေါ်သွယ်သွယ်စန်းက ပြောပါတယ်။

"ဒါကို အင်ဂျင်နီယာတွေနဲ့ စမ်းသပ်လို့ ကောင်းသေးတယ်ဆိုရင်လည်း မူလအတိုင်းပြန်ထည့်၊ ပညာရှင်တွေနဲ့ စမ်းသပ်ပြီးတဲ့အခါကျတော့ ဘိုနေမြဲကျားနေမြဲ ဈေးသည်တွေအတွက် ဒီအတိုင်းပြန်ဖွင့်ပေးပါ၊ အဲ့လို ပညာရှင်တွေရဲ့ စမ်းသပ်ချက်နဲ့ ရောင်းလို့မရဘူးဆိုရင်လည်း ကျမတို့ အခြေခံလူတန်းစား ဈေးသည်တွေ ဝယ်နိုင်တဲ့ အနေအထားမျိုးပဲ ဆောက်ပေးပါ"

သင်္ကြန်ကာလအတွက် ကုန်ပစ္စည်းတွေသိုလှောင်ထားချိန်မှာ မီးလောင်တာဖြစ်တဲ့အတွက် ဆုံးရှုံးမှုများတယ်လို့ ဆိုင်ခန်းဆုံးရှုံးသွားသူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ မနေ့ညနေကနေ ည ၈နာရီကျော်အထိ ၄ နာရီကြာမြင့်ခဲ့ပြီး ဒီနေ့ နေ့လည်ကလည်း မီးကြွင်းမီးကျန်ကနေတဆင့် မီးထပ်လောင်နေတဲ့အတွက် မီးသတ်ကား ၁၀ စီးလောက်နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။

ဆိုင်ခန်းတွေမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သယ်ယူကြဖို့နဲ့ အဲဒီနေရာကို ဆက်လက်အသုံးပြုခွင့် ပေးဖို့သင့်၊ မသင့်ကို ပညာရှင်တွေနဲ့ စစ်ဆေးသွားမှာဖြစ်တယ်လို့ မန္တလေးစည်ပင်က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်မှုဖြစ်တဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

RFA

 anp-supporters-620.jpg ရခိုင်အမျိုးသားပါတီ ANP ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့ခွင့်ရရှိရေးအတွက် မတ်လ ၂၃ ရက်နေ့က စစ်တွေမြို့ ဒေသခံ ၅ဝဝ ကျော် တောင်းဆိုဆန္ဒပြကြစဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ရရှိရေးကို ထောက်ခံကြောင်း ဒေသခံ ၅၀၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးအနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်တာကြောင့် ရခိုင်အစိုးရဖွဲ့ခွင့်ကို ANP ပါတီကသာ ရသင့်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ကိုမိုး က ပြောပါတယ်။

"ကျနော်တို့က ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာတော့ မဟုတ်ပါဘူး၊ ကျနော်တို့လိုချင်တာက ကျနော်တို့ ရခိုင်တွေပေးတဲ့ မဲဟာ ANP ကိုသာပေးတာဖြစ်ပါတယ်၊ ကျနော်တို့ အစိုးရကိုလည်း ANP သာ ဖြစ်စေချင်ပါတယ်၊ ဒါကြောင့် ကျနော်တို့ရခိုင်တွေက ANP ကိုသာ အစိုးရဖွဲ့စေချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ANP သာ ရခိုင်မှာ အနိုင်ရတာကြောင့်ဖြစ်ပါတယ်"

ဆန္ဒပြသူတွေက စစ်တွေမြို့လယ်က ဝင်္ကဘာကွင်းကနေ မြို့ကိုလှည့်ပတ်ပြီး ပြည်သူတွေရဲ့ဆန္ဒကို လေးစားကြဖို့နဲ့ တစ်ပါတီအာဏာရှင်စနစ်မဖြစ်စေဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ကိုယ်စားလှယ်ကို ခန့်အပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကိုလည်း ကန့်ကွက်ကြောင်း ပြောကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီရဲ့ ရပ်ကျေးပါတီဝင်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီကိုထောက်ခံအားပေးသူတွေ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
RFA

မြန်မာသက္ကရာဇ်နဲ့ ဆို တပေါင်းလ၊ ခရစ်သက္ကရာဇ်အရဆိုရင် မတ်လဟာ မြန်မာနိုင်ငံအတွက်တော့ တော်လှန်ရေးသမိုင်းကြောင်းတွေ အမြှောင်းအမြှောင်းထတဲ့လဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀) ကျော်တုံးက မတ်လ ၂၇ ရက်နေ့ မှာ ဗမာပြည်သူလူထုကြီးရဲ့ အမှန်တရားတွေနဲ့ ရဲစွမ်းသတ္တိတွေ ကုန်းရုန်းထခဲ့ကြတယ်။

ရာသီတွေအလီလီပြောင်းလို့ နှစ်တွေဘယ်လိုပင်ဟောင်းဟောင်း နွေနေပူပူကျွတ်ကျွတ်ဆူတဲ့ ဟော့ဒီ မိန်ရာသီတပေါင်းလ (သို့ ) မတ်လ၊ လက်ပံပွင့်နီနီတွေ ရဲရဲတောက်ပွင့်တဲ့လရာသီကိုရောက်ပြီဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းခုနှစ်ဆယ်ကျော်က လူမဆန် အောင်ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို နိုင်ငံတ၀ှမ်းလုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူတွေ ညီညီညာညာလက်တွဲလို့ တော်လှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲရင့်ပြောင်မြောက်တဲ့ သမိုင်းကြောင်းနဲ့ နေ့ ရက်ကိုကို ပြန်ပြောင်းလို့ သတိရကြမြဲ၊ အထိမ်းအမှတ်ပြု ဦးညွှတ်ကြရမြဲပါ။

ဒါကြောင့်လည်း ကျဆုံးခဲ့ရတဲ့တိုင်းရင်းသားပြည်သူလူထုနဲ့တကွ တပ်မတော်သားအပေါင်းကို အမှတ်ရဦးညွှတ် ဂုဏ်ပြုဖို့ အတွက်သာမက ဖိနှိပ်မှု့တိုင်းကိုခေါင်းငုံ့ မခံတတ်တဲ့ တော်လှန်ရေးစိတ်ဓါတ်ကို ပြည်သူတွေကြားမှာ ထာဝစဉ်ရှင်သန်နေစေဖို့ မတ်လ (၂၇) ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့ လို့ လွတ်လပ်ရေးရပြီးတဲ့နောက် အစပိုင်းနှစ်တွေမှာ သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ က ဗိုလ်နေ၀င်းကို တပ်တွင်းဆိုရှယ်လစ် ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော်ကိုလွှမ်းမိုးလာတဲ့ကာလ (၁၉၅၄) ခုနှစ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ ကို “တပ်မတော်နေ့ ” လို့  အမည်ပြောင်းခဲ့ကြတယ်ဆိုတဲ့အကြောင်းကို ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှုးချုပ် (ဟောင်း) ကျော်ဇောရဲ့ “၂၀၀၃ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အထိမ်းအမှတ် DVB နဲ့  တွေ့ ဆုံမေးမြန်းခန်း”ကတဆင့် ကြားနာခဲ့ရပါတယ်။

ဒါဟာ တနိုင်ငံလုံးက ပြည်သူတရပ်လုံးနဲ့ ဆိုင်တဲ့ သမိုင်းဝင်နေ့ ကို တပ်မတော်အကြီးအကဲ စစ်ဗိုလ်တချို့ က မူရင်းပိုင်ရှင်ပြည်သူတွေထံက မောင်ပိုင်စီးလုယူခဲ့တာဖြစ်သလို အဓိပ္ပါယ်အစစ်အမှန်ကိုလည်း ပျောက်ပျက်သွား စေပါတယ်။ တနည်းအားဖြင့်ပြောရရင် ဒီလိုမိုက်မဲတဲ့အမည်ပြောင်းမှု့ဟာ ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲ လိုက်သလိုဖြစ်ပြီး စတင်ဝေကွာလာစေခဲ့ပါတယ်။
တကယ်တော့ တပ်မတော်ကိုဂုဏ်ပြုဖို့ “တပ်မတော်နေ့ ” ရယ်လို့ သတ်မှတ်ရရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ်တို့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဖွဲ့ စည်းခဲ့တဲ့ နေ့ ဖြစ်တဲ့ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့ဘဲ ဖြစ်သင့်တယ်လို့  ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှုးချုပ် (ဟောင်း) ကျော်ဇောက အကြံပြုထားပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အဆင်ခြင်နည်းတဲ့စစ်ဗိုလ်တချို့ တပ်မတော်ကိုအုပ်စီးခွင့်ရသွားခြင်းဟာ နိုင်ငံအတွက် သာမက တပ်မတော်အတွက်ပါ ကံဆိုးမိုးမှောင်ကျခဲ့ရတာပါဘဲ။ ၁၉၆၂ ခုနှစ် နိုင်ငံ့အာဏာကို စစ်တပ်က ဓါးမြတိုက်လုယူခဲ့တဲ့အချိန်ကစလို့ ဒီကနေ့ အချိန်ထိအောင် နှစ်ပေါင်း (၅၀) ကျော် အတွင်း မိဘပြည်သူ ရဟန်းရှင်လူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ဗိုလ်ကျအနိုင်ကျင့်ခဲ့တာ တကြိမ်တခါထဲမဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါမဟုတ်လား။

ဒါကြောင့်မို့ လည်း ပေါ်လာစဉ်ကာလတုံးကတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့  ပြည်သူတွေကြားက ပြည်သူ့ သားသမီးတွေနဲ့ ဖွဲ့ စည်းဖြစ်တည်လာတာမို့  တော်လှန်ရေးနေ့  ရောက်ရင်ဘဲဖြစ်ဖြစ်၊ ရှေ့ တန်းကဘဲပြန်လာပြန်လာ ပြည်သူလူထုကြီးက အားကိုးတကြီး အမြတ်တနိုးနဲ့  စွပ်ကျတဲ့ ပန်းကုံးတွေဖုံး တပြုံးပြုံးတပ်မတော်ဟာ အခုတော့ ပြည်သူမုန်းတဲ့ စစ်အာဏာရှင်ခါးပိုက်ဆောင်တပ်၊ ပြည်သူရွံရှာလို့ သရဲသဘက်တွေကို သံပုံးတီးထုတ်သလို မလာအောင် ဖဲကြိုးရောင်စုံနဲ့ မောင်းထုတ်ခံနေရတဲ့ ပြည်သူ့ ချဉ်ဖတ်တပ်မတော်ဘ၀ လျောကျရောက်ရှိသွားတာကို ၀မ်းနည်းကျေကွဲဖွယ်ရာတွေ့ မြင်ရတာပါ။

ဒီနေရာမှာ တော်လှန်ရေးဆိုတဲ့ ဝေါ်ဟာရနဲ့ ပါတ်သက်လို့ အရေးကြီးတဲ့အချက်ကိုရေးပြခြင်ပါတယ်။ ဘယ်ခေတ်မှာဘဲဖြစ်ဖြစ်၊ ဘယ်စနစ်ကိုဘဲကျင့်သုံးကျင့်သုံး ဖိနှိပ်မှု့တွေရှိနေတဲ့ ခေတ်တိုင်း၊ စနစ်တိုင်း၊ အရပ်တိုင်းမှာ တော်လှန်ရေးဆိုတာ အမြဲတစေရှိနေမယ်ဆိုတဲ့အချက်ပါဘဲ။

ကျွန်ပိုင်ရှင်ခေတ်ကိုကြည့်ကြည့်၊ မြေရှင်ပဒေသရာဇ်ခေတ်ကိုကြည်ကြည့်၊ အရင်းရှင်ခေတ်၊ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ နာဇီစနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ စည်းကမ်းပြည့်ဝသော အရှေ့တိုင်း ဒီမိုကရေစီစနစ်၊ အနောက်တိုင်းဒီမိုကရေစီစနစ် … ဘယ်လိုစနစ်ကိုဘဲကျင့်သုံးသုံး ဖိနှိပ်မှု့၊ မတရားမှု့တွေရှိနေ၊ ဖြစ်တည်လာတဲ့လူ့ အဖွဲ့ အစည်းတိုင်းမှာ တော်လှန်ရေးဆိုတာ မလွှဲမသွေပေါ်ပေါက် လာတော့တာပါဘဲ။

ဒါကြောင့်လည်း စစ်အာဏာရှင်ဖြစ်ဖြစ်၊ အရပ်သားအာဏာရှင်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့စကားလုံးကို မကြားချင်၊ မပေါ်ပေါက်စေချင်ကြပါဘူး။ ဒါပေမဲ့လည်း သူတို့ ရဲ့ဆုတောင်းဟာဘယ်တော့မှ မပြည့်ဝဘဲ မတရားမှု့ကိုဆန့် ကျင်တဲ့ လူထုအုံကြွမှု့တော်လှန်ရေးကြီးတွေဟာ ဆုံမှတ်တခုခုကို ရောက်တာနဲ့ ပေါက်ကွဲ မွေးဖွားလာလေ့ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာလည်း မဆလ၊ န၀တ၊ နအဖ အာဏာသိမ်းစစ်အစိုးရတိုင်း ဟာ သူတို့ ရဲ့ မတရားမှု့ ဖိနှိပ်ဗိုလ်ကျမှု့တွေကို ဆန့် ကျင်ကျတဲ့ ကျောင်းသားဆိုရင် ကျောင်းသားဆိုး၊ နိုင်ငံရေးသမားဆို ပြည်ပအားကိုးပဆိန်ရိုး၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဆို သောင်းကျန်းသူလို့ အမြဲသမုဒ်ပြီး ပြည်သူတွေအမြင်မှားအောင် တဆိပ်ကပ်၊ နိုင်ငံရေးနဲ့ မပတ်သက်ရဲအောင် ရက်ရက်စက်စက်နှိပ်ကွပ်ပြီး တော်လှန်ရေးဆိုတဲ့ စကားလုံးကို ဖျောက်ဖျက်ခဲ့ကြတာမဟုတ်လား။

အခုတော့ ခေတ်ကပြောင်းလာပြီ၊ ပြည်သူတွေကလည်း နိုင်ငံရေးကိစ္စတွေပိုမိုနားလည်လာကြပြီ။ အရင်လို သတင်းအမှောင်ဖုံး၊ သမိုင်းမှန်တွေဖုံးပြီး လိမ်ညာကောက်ကျစ်လို့ အလုပ်မဖြစ်တော့ဘူး။ အဲ့ဒီအာဏာရှင် အကျင်းဆိုးကိုမဖျောက်နိုင်ရင်တော့ ရှေ့လျှောက် နစ်သထက်နစ်၊ ဖွတ်သထက်ညစ်ဖို့ ဘဲရှိတယ်။

လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ရဲရင် ဗမာ့တပ်မတော်ရဲ့ဂုဏ်သိက္ခာဟာ မြောင်းထဲရောက်နေတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ မိဘလုပ်သားပြည်သူတွေအနေနဲ့ တပ်မတော်ဟာ သူတို့ ဖက်က ရပ်တည်ကာကွယ် ပေးမဲ့ ပြည်သူ့ တပ်မတော်လို့  မယုံကြည်ကြပါဘူး။ ဘာလို့ လည်းဆိုတော့ တပ်မတော်ဟာ စစ်အာဏာရှင် အမိန့် ကိုသာနာခံလို့ အာဏာရှင်ခါးပိုက်ဆောင်တပ်ဖြစ်ခဲ့တာေ၉၆၂ ခုနှစ်ကနေ ခုချိန်ထိတိုင်အောင်ဘဲ မဟုတ်လား။

ဒီတော့ လက်ရှိတပ်မတော်ကို ပြည်သူချစ်တဲ့တပ်မတော်ဖြစ်လာဖို့ ဆိုတာ တကယ်ဆန္ဒရှိရင်မခဲယဉ်းပါဘူး။ ပြည်သူတွေဖြစ်ခြင်တာတွေ၊ ပြောင်းလဲခြင်တာတွေကို ပြည်သူနဲ့ အတူ လက်တွဲဖြည့်ဆီးပေးဖို့ ပါဘဲ။ ပြည်သူကတပ်မတော်ကို နိုင်ငံရေး အုပ်ချုပ်ရေးကိစ္စမှာမပါစေခြင်ဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဖရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်နိုင်ဖို့ ဘားတိုက်ကို သိက္ခာရှိရှိအမြန်ဆုံးပြန်စေခြင်တာကြာပါပြီ။ ပြည်သူတွေက ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ခြင်ကြတယ်၊ ပုဒ်မ ၄၃၆ ကိုပြင်ခြင်တယ်၊ လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေထွက်သွားစေခြင်တယ်။ အဲ့ဒီပြည်သူ့ ဆန္ဒတွေကို ဖြည်းဆည်းလာတဲ့တနေ့ မှာ ပြည်သူတွေက တပ်မတော်ကို ပန်းကုံးစွပ်ကြိုဆိုကြမှာ အသေအခြာပါဘဲ။
ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင့် မတ်လ (၂၇) ရက်ဟာ တပ်မတော်နေ့ မဟုတ်ပါဘူး။ မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ဖက်ဆစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့ စည်းခဲ့တဲ့ ဗမာ့တပ်မတော်နဲ့ စိတ်တူကိုယ်တူလက်တွဲကြပြီး အတူတစ်ကွတိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့  မတ်လ (၂၇) ရက်နေ့ ကို တော်လှန်ရေးနေ့ ရယ်လို့  ကမ္ဗည်းထွင်း သမိုင်းဝင်စေခဲ့တာပါ။

တကယ့်တပ်မတော်နေ့ ဖြစ်သင့်တာက ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ်တို့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဖွဲ့ စည်းခဲ့တဲ့နေ့ ဖြစ်တဲ့ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့ဘဲ ဖြစ်သင့်ပါတယ်။

အမှန်တရားကိုစောင်ရှောက်တတ်တဲ့ မတရားမှု့ကိုဆန့် ကျင်တတ်တဲ့ “ တော်လှန်ရေး ” ဆိုတဲ့စကားလုံးကို ဖျောက်ဖျက်ထားခြင်းအား ရပ်တန့် ဖို့ အချိန်ကြပါပြီ။ ဂုဏ်ပြုအပ်တဲ့တော်လှန်ရေးနေ့ နဲ့ တပ်မတော်နေ့ ကို ခွဲခြားသတ်မှတ်ပါလို့ အလေးအနက်တိုက်တွန်းရင်း ဒီဆောင်းပါးကိုနိဂုံးချုပ်အပ်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
တပေါင်းလဆန်း (၁၄) ရက် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်
မတ်လ (၂၂) ရက် ခရစ်သက္ကရာဇ်၂၀၁၆ ခုနှစ်[full-post]



နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က အစိုးရသစ် လက်ထက်တွင် ပိုမို ထိရောက်စွာ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၀န်ကြီးဌာန အရေအတွက်အား လက်ရှိ ၃၆ ခုမှ ၂၁ ခု အထိ လျှော့ချထားပြီး လျာထားသည့် ၀န်ကြီး ၁၈ ဦးစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဖြစ်သည်။ ဦးထင်ကျော်၏ အဆိုပြုမှုတွင် လုပ်ငန်းသဘာဝချင်း နီးစပ် တူညီမှုရှိသည့် ၀န်ကြီးဌာနများကို ပေါင်းစပ် ဖွဲ့စည်းထားသည်။

သို့သော် ထိုသို့ ၀န်ကြီးဌာန ဖွဲ့စည်းပုံများ ပြောင်းလဲခြင်းက စစ်တပ်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပြီး တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်။ စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေး အဖွဲ့အစည်းများအတွက် သစ်တောနှင့် သတ္တုတွင်းလုပ်ငန်းများက အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေလျက် ရှိသည်။ အစိုးရသစ် လက်ထက်တွင် သတ္တုတွင်း ၀န်ကြီးဌာနအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနနှင့် ပေါင်းစပ်မည်ဖြစ်သည်။

NLD သည် သယံဇာတ လုပ်ငန်းတွင် တရားဥပဒေ စိုးမိုးမှုရှိစေရန် ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ မတိုင်မီ ကတည်းက ပြောကြားထားသဖြင့် ထိုပြုပြင်ပြောင်းလဲမှုများက စစ်တပ်၏ အကျိုးစီးပွားကို လျော့ကျစေနိုင်မည် ဖြစ်သည်။ ယင်းတို့၏ အကျိုးစီးပွားနှင့် ယှဉ်လာပါက အထိခံမည် မဟုတ်ပေ။ စစ်တပ် ပါဝင်ပတ်သက်မှုရှိသည့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်လအတွင်း NLD အမတ်တစ်ဦးက လွှတ်တော်တွင် ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်များအားလုံး၏ မတ်တတ်ရပ် ကန့်ကွက်ခြင်းကို ခံခဲ့သည်။ အဆိုပါ အမတ် ဆွေးနွေးသည့် အချက်အလက်များကိုလည်း လွှတ်တော်တွင် မှတ်တမ်းမတင်ရင် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ပြည်သူ့လွှတ်တော် ဥက္ကဌထံ စာရေးတောင်းဆိုခဲ့ကြသည်။

စစ်အစိုးရခေတ် အခြေခံဥပဒေအရ စစ်တပ်သည် အမတ်နေရာ လေးပုံတစ်ပုံကို ရယူထားပြီး အရေးပါသည့် ၀န်ကြီးသုံးဦး ခန့်အပ်ခွင့်သည့် စစ်တပ်နှင့် NLD တို့ သဘောထား ကွဲလွဲမှု ကြီးမားလာပါက အစိုးရအဖွဲ့အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ ရှိသည်ဟု လေ့လာသူများက ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ် ငါးဆယ်ကြာ စစ်တပ်အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကွဲပြားမှုများကို တံတားထိုးပေးနိုင်မည့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝါရင့် ပါတီဝင်တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်တပ်နဲ့ ညှိနှိုင်းဖို့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို မယုံပါဘူး။ ဦးမြင့်ဆွေကို ရွေးချယ်တာက သူတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ နောက်ဆုံး ဆောင်ရွက်မှုပါ” ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရထားသည့် NLD က ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဟု ကတိပြုထားသည်။ ထိုအဆိုပြုထားသည့် အစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းက အစိုးရသစ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့နိုင်မည့် အခွင့်အရေး ဖြစ်သည်။ ၀န်ကြီးဌာနများ ပေါင်းစပ်လိုက်သဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာမည်ဟု လေ့လာသူများက ဆိုသည်။

NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်မြင့်မောင်က “စစ်တပ်က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်တော်တို့က အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကိုင်ဆွဲသွားမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ အမျိုးသမီးများ၏ အသက်ကို ကာကွယ်စောင့်ရှောက်မည့် ကျွမ်းကျင်သားဖွား ဆရာမ မျိုးဆက်သစ်တစ်ခုကို အရှိန်မြင့် လေ့ကျင့်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံ၌ နှစ်စဉ် အမျိုးသမီး သုံးထောင်ခုနစ်ရာခန့်မှာ မီးဖွားစဉ် သေဆုံးနေရပြီး မီးဖွားမှု ၄၃ ရာခိုင်နှုန်းခန့်မှာ ကျွမ်းကျင်သူများ၏ ကူညီထောက်ပံ့မှုမပါဘဲ မွေးဖွားနေရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် ချိတ်ဆက်ထားသည့် အန်ဂျီအိုတစ်ခုဖြစ်သော Jhpiego နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သားဖွားဆရာမသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား လိုအပ်သည့် ကျွမ်းကျင်မှုများရရှိရန် ဖြည့်ဆည်းပေးလျက်ရှိသည်။

Jhpiego သည် မြန်မာနိုင်ငံတွင် သားဖွား ဆရာမသင်တန်းကျောင်း ၂၄ ခုနှင့် လက်တွဲကာ ဆရာနှင့် ကျောင်းသားများ အရေအတွက်နှင့် အရည်အသွေး မြှင့်တင်ရေး၊ လက်တွေ့ လေ့ကျင့်ရေးဌာနများ၊ ပစ္စည်းကိရိယာများ အဆင့်မြင့်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအနှံ့မှ ရာနှင့်ချီသည့် တာဝန်ထမ်းဆောင်ဆဲ သားဖွားဆရာမများနှင့် သင်တန်းသားသစ်များ အနေဖြင့် နည်းစနစ်သစ်များကို သင်ယူနိုင်ပြီ ဖြစ်သည်။ ယခုအစီအစဉ်များမှ ထောက်ပံ့ပေးထားသည့် သင်ထောက်ကူ ကိရိယာသစ်များက မီးဖွားမှုနှင့် မွေးကာစကလေး စောင့်ရှောက်မှုတို့အား ပုံစံတူ ပြုလုပ်လေ့ကျင့်နိုင်စေမည်ဖြစ်ပြီး သင်တန်းသားများအတွက် လက်တွေ့လေ့ကျင့်မှု အတွေ့အကြုံများ ရရှိစေနိုင်မည် ဖြစ်သည်။

ပြည်မြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်မို့မို့ဦးက “သင်တန်းသားတွေအနေနဲ့ ပိုပြီး စနစ်တကျ လေ့ကျင့်နိုင်ပြီး စွမ်းဆောင်ရည်တွေ မြင့်မားလာမှာပါ။ ဒီအစဉ်အစီတွေက မြန်မာနိုင်ငံမှာ မီးဖွားစဉ် မိခင်နဲ့ ကလေးသေဆုံးနှုန်းကို လျှော့ချပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

မိခင်နှင့် ကလေးများအား အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ခိုင်မာသည့် စည်းမျဉ်းစည်းကမ်းစနစ်များ ချမှတ်နိုင်ရန် Jhpiego သည် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု ပိုမို အဆင့်မြင့် ကောင်းမွန်စေရန်အတွက် စံနှုန်းများ၊ စည်းမျဉ်းများ၊ ကျင့်ဝတ်များ သတ်မှတ်ပေးခြင်း၊ သင်တန်းအစီအစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ခြင်းမှာ အရေးပါသည့် လုပ်ငန်းများဖြစ်သည်ဟု ဆိုသည်။

Jhpiego သည် မြန်မာနိုင်ငံရှိ သားဖွား ဆရာမသင်တန်းကျောင်းများတွင် အထူးချွန်ဆုံး စံပြဆရာမအဖြစ် တာဝန်ထမ်းဆောင်မည့် ၀ါရင့်ဆရာမ ၆၈ ဦးကို သင်တန်းပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် အခြားဆရာမနှင့် တာဝန်ထမ်းဆောင်နေသူ ၁၆၅ ဦးကိုလည်း သင်တန်းပေးခဲ့သည်ဟုဆိုသည်။

Jhpiego သည် သားဖွားဆရာမများ လေ့ကျင့်ရေးဌာန ၁၀ ခုအတွက် ကိရိယာသစ်များ ထောက်ပံ့ခဲ့ပြီး ယခုနှစ်အတွင်း အလားတူ လေ့ကျင့်ရေးဌာန ၁၄ ခုနှင့် လက်တွေ့လေ့ကျင့်ရေးဆေးခန်း ၂၂ ခုအား ထပ်မံထောက်ပံ့ရန် စီစဉ်ထားသည်ဟု ဆိုသည်။

KHTun

The Ladies News Journal

"အဲဒီ တက္ကသိုလ်ကို မဖြုတ်လိုက်မိဘူး ..... မေ့သွားတယ်"
------ ----- ----- ---

( ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုခြင်း ခံထားရသူ ဦးကျော်ဝင်းနှင့် Irrawaddy တို့ အင်တာဗျူး တွင် ပြောကြားမှု )

“အန်ကယ်က ၂၀၀၉ ခုနှစ်လောက်မှာ ပညာလိုချင်တော့ အွန်လိုင်းမှာ ရှာတယ်။ အဲဒီမှာ American Education Dep က အသိအမှတ်ပြုတယ်ဆိုတဲ့ Brooklyn Park University ကို သွားတွေ့တယ်။ အဲဒီမှာ လှမ်းချိတ်ပြီး စားမေးပွဲဖြေတယ်။ သူတို့မေးတာတွေ ဖြေတယ်”

“အဲဒီအချိန်က အန်ကယ့်မှာ ငွေရေးကြေးရေးကလည်း အဆင်မပြေဘူး။ စာတမ်းတွေဖြေတာတောင် အင်တာနက်ဆိုင် သွားလုပ်ရတာ။ အဲလိုနဲ့ ၂၀၁၀ လောက်မှာ လက်မှတ်ရတယ်။ အန်ကယ် ပျော်တာပေါ့။ ကိုယ့်ကိုကိုယ်လည်း ဒေါက်တာ ဆိုပြီး ဂုဏ်ယူတယ်။ ဒေါက်တာကျော်ဝင်း ဖြစ်ရော”

“ဒါပေမယ့် ၂၀၁၅ ကျမှ အဲဒီတက္ကသိုလ်က အတုကြီးဆိုတာ သိတယ်။ ရှက်လိုက်တာကွာ။ ကြိုးစားခဲ့သမျှသဲထဲရေသွန်ပဲ။ အဲဒါနဲ့ ဒေါက်တာဆိုတာကြီးကို ဖြုတ်ပြီး ဦးကျော်ဝင်းလို့ လုပ်လိုက်တယ်”

“အခုခေတ်လူငယ်တွေကိုလည်း သတိထားစေချင်တယ်။ အန်ကယ့်လို မဖြစ်အောင်ပေါ့။ ဒါပေမယ့် အန်ကယ် တခြားစာပေ၊ မျိုးစုံကို ကိုယ်ဘာသာ အမြဲလေ့လာတယ်”

“တခုလွတ်သွားတာက ပရိုဖိုင်တင်တော့ အဲဒီ တက္ကသိုလ်ကို မဖြုတ်လိုက်မိဘူး။ မေ့သွားတယ်။ ပြဿ နာက အဲဒီမှာ စပြီး အခုလိုတွေ ပွကုန်တာပဲ။ အန်ကယ်တသက်လုံး ကြိုးစားခဲ့သမျှ အလကား ဖြစ်ကုန်ပါပြီကွာ”

ဦးကျော်ဝင်းရဲ့ ကိုယ်ရေးနောက်ခံအကျဉ်းမှာ အမေရိကန်ပြည်ထောင်စု Brooklyn Park University နဲ့ Certified Master of Business Consultant ,GAFM တို့က ပါရဂူဘွဲ့ နဲ့ Master of Consultant ဘွဲ့များ ရရှိခဲ့တယ်လို့ ဖော်ပြထားသည်။

Ref - Irrawaddy
The Ladies News Journal


ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို လူငယ်ထုက စွဲလမ်းခုံမင်စွာ အသုံးပြုလာကြသည်။ Facebook သုံးစွဲမှု လွန်ကျူးခြင်းကို ရောဂါတစ်ခုအနေဖြင့် ဖော်ထုတ်လာကြသည်။ စစ်ဆေးနည်းများ အသုံးပြုကာ Facebook စွဲလမ်းမှုကို စစ်ဆေးလာကြကြောင်းလည်း တွေ့ရသည်။ မျိုးဆက်သစ် လူငယ်များတွင် Facebook စွဲလမ်းမှုသည် ပြဿနာတစ်ရပ်အနေဖြင့် တည်ရှိလာသည်။ ရာဇဝတ်မှုဖြစ်ပေါ်လာမှုများသည် Facebook တွင် အခြေခံလာသည့် ကိစ္စများဖြစ်လာသည်ကို တွေ့လာရသည်။ Facebook ကြောင့်အိမ်ထောင်ကျသည်။ Facebook ကြောင့် အိမ်ထောင်ကွဲသည်။ Facebook ကြောင့် လူသတ်မိသည် စသည် … စသည် များစွာဖြစ်လာခဲ့ရသည်။

မည်သည့်ကိစ္စမဆို လွန်ကျူးလာလျှင် ဘေးထွက်ဆိုးကျိုးဟုခေါ်သည့် (side effect) တစ်ခုခု ဝင်လာတတ်သည် ပင်။ ၂၀၀၀ ပြည့်နှစ်က မရှိသေးသည့် ပြဿနာတစ်ရပ်သည့် မျိုးဆက်သစ်လူငယ်တို့ကို ခြိမ်းခြောက်လာသည်။ လူငယ်များနှင့် Facebook ကြောင့်ဖြစ်လာသည့် ဝေဒနာများကို မည်သို့ကုစားရမည်ဆိုခြင်းကို လေ့လာ သုတေသနများ ပြုလုပ်လာကြသည်။

စွဲလမ်းခြင်းဆိုသည်မှာ အဘယ်နည်း။ “စွဲလမ်းမှုဆိုသည်မှာ တစ်ခုခုကို ထပ်ကာတလဲလဲ၊ မရပ်မနား၊ မနေမနား ပြုလုပ်လိုခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ Facebook ကိုတစ်ချိန်လုံးထိုင်ကြည့်ပြီး Facebook နှင့် အချိန် များစွာ အတူမနေရလျှင် စိတ်မသက်မသာဖြစ်လာခြင်းကို Facebook စွဲဝေဒနာတစ်ရပ်ဟု ဖွင့်ဆိုကြပါသည်။

Facebook စွဲလမ်းမှု ရှိ၊ မရှိ မည်သို့တိုင်းတာ စစ်ဆေးနိုင်ပါသနည်း။ အောက်ပါတို့ကို ဖြေကြည့်စေလိုပါသည်။

- Facebook ကို နေ့စဉ် အသုံးပြုနေပါသလား

- နံနက်အစောဆုံး အင်တာနက်ကိုအဖွင့်နှင့် နောက်ဆုံး အိပ်မည်ဟုကြံကာ အိပ်ယာဝင်ချိန်အထိ Facebook ကို ပထမဆုံးနှင့် နောက်ဆုံးအဖြစ် အသုံးပြုပါသလား

- တစ်နေကုန် မရပ်မနား Facebook ကိုဖွင့်ထားပြီး ဘာကိုမျှ စိတ်မဝင်စားလောက်အောင် ဖြစ်နေပါ သလား

- အင်တာနက်ကို အသုံးပြုမှု၏ ၈၀ ရာခိုင်နှုန်းလောက်ကို Facebook တွင် အချိန်ကုန်နေပါသလား

- အမြဲတန်း သူများစာတွေကို လိုက်ဖတ်ပြီး မရပ်မနား Share တွေလုပ်၊ Like တွေ လုပ်နေပါသလား

- သင့်တွင် Facebook ပေါ်ကလွဲပြီး ပြင်ပတွင် မိတ်ဆွေများများစားစား မရှိဘူးလား

- မိတ်ဆွေများနှင့် တစ်ချိန်လုံးထိုင်ပြီး Chatting လုပ်နေမိပါသလား

- နောက်ဆုံးညအထိ ကိုယ့်ဘဝ၏ အဖိုးအတန်ဆုံး အချိန်များကို Facebook တွင် ကုန်လွန်ခဲ့ပါသလား

- Facebook ပေါ်က မိတ်ဆွေများကိုသာ လူထင်ပြီး၊ သူတို့နှင့် ပြောဆိုဆက်ဆံနေရခြင်းအပေါ်တွင် သာယာနေမိပါသလား

- Facebook သည် အခြားအရာအားလုံးထက် ပိုပြီး အရေးကြီးသည်ဟု ထင်ပါသလား

- Facebook ကို တစ်နေ့လောက် မသုံးရလျှင် စိတ်ထဲတွင် မအီမသာဖြစ်လာတတ်ပါသလား

အထက်ပါမေးခွန်းများကို ဖြေကြည့်လိုက်သည်နှင့် ကိုယ့်ထံတွင် Facebook Symptoms ဟုခေါ်သော ဝေဒနာ ရှိနေပြီလားဆိုခြင်းကို ကောင်းစွာ အကဲဖြတ်နိုင်ပါလိမ့်မည်။

အရာရာသည် လွန်ကျူးလာပြီးဆိုလျှင် စွဲလမ်းခြင်းဖြစ်တတ်သည်။ စွဲလမ်းခြင်းဆိုသည်မှာ စွဲလမ်းသူအပေါ် အမြဲ ဒုက္ခပေးနေမည်သာဖြစ်သည်။ ဆင်ခြင်စဉ်းစား သုံးစားကြရန်သာဖြစ်သည်။

Written by တင်ညွန့်
http://maukkha.org/index.php/interview-maukkha/opinion-maukkha/9399-2016-03-23-11-40-59#.VvKFC7xsDYU.facebook

ဒီနေ့သတင်းတွေထဲမှာ အကြိုက်ဆုံးကတော့ ကျူးဘားနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ စကားပဲဗျ။

“ကျူးဘားနိုင်ငံရဲ့ အနာဂတ်ကို ကျူးဘားပြည်သူတွေကသာ ဆုံးဖြတ်ရမယ်”
ဆိုတဲ့စကားကတော့ အလွန်မှန်တဲ့အတွက် ထောက်ခံပါတယ်။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို အဲဒီနိုင်ငံက ပြည်သူဆိုတာတွေက အဆုံးအဖြတ်ပေးတာ အမှန်ဆုံးပေါ့။ ကျူးဘားနိုင်ငံလို နိုင်ငံငယ်လေးကို လက်နက်ကိုင်လူတစ်စုကပဲ ကွန်မြူနစ်လမ်းစဉ် အမည်ခံ စစ်အာဏာရှင် တွေအနေနဲ့ အုပ်ချုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။

တိုင်းပြည်ကို ပြည်သူကပိုင်တယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိရ မယ်။ ပြည်သူတွေရဲ့ ကြမ္မာကို လက်နက် ကိုင် အုပ်စုတစ်စုက ဖန်တီးစီရင်ပိုင်ခွင့် မရှိဘူး။ လက်နက်ကိုင်အုပ်စုဆိုတာ ပြည်သူ့ ဝန်ထမ်း။ ပြည်သူတွေရဲ့ အစေအပါးတွေ။ ပြည်သူကို ရန်သူလို ဆက်ဆံဖို့ မဟုတ်ဘူး။ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးဖို့ တာဝန်ယူရုံသက်သက်ပဲဖြစ်သင့်တယ်။ ပြည်သူတွေကို စိုးမိုးအုပ်ချုပ် မင်းလုပ်ဖို့ မဟုတ်ဘူးဆိုတာ မီးမောင်းထိုးပြလိုက်တဲ့ စကားလေးဖြစ်လို့ မလွတ်လပ်သေးတဲ့ ပြည်သူတွေအတွက် လွတ်မြောက်စေဖို့ အလင်းတစ်ခုလို့ ယူဆမိပါတယ်။

တစ်ချိန်က ကျူးဘားရဲ့ ခေါင်းဆောင် ကက်စ်ထရိုက ပြောသွားဖူးပါတယ်။

“သမိုင်းက အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဆိုတာ။ အဲဒါ သူ့ရဲ့ တရားခွင်မှာ ပြောကြားခဲ့တဲ့ ထင်ရှားတဲ့ စကား တွေပါ။

နှစ်ပေါင်းများစွာကြာပြီး အမေရိကန် သမ္မတ အိုဘားမား ကျူးဘားပြန်ရောက်လာချိန်မှာ

“ပြည်သူက အဆုံးအဖြတ် ပေးပါလိမ့်မယ်” လို့ပြောသွားတဲ့စကားဟာ အလွန်အဓိပ္ပာယ်ရှိတဲ့ စကားလို့ ပြော နိုင်ပါတယ်။

CNN ရုပ်သံသတင်းမှာ သမ္မတအိုဘားမားနဲ့ မိသားစု လေယာဉ်ပေါ်က ဆင်းလာတာ တွေ့ရတယ်။ မိုးရွာထဲမှာ ကိုယ့်ထီးလေးတွေကိုယ်ဖွင့်ပြီး ဆင်းလာတာပဲဗျ။ သူ့သမီးတွေလည်း ကိုယ့်ထီးကိုယ်ဖွင့်ဆောင်းကြတယ်။ ဘုရားကျောင်း သွားတော့လည်း သမ္မတမိသားစု ကိုယ့်ထီးလေးတွေ ကိုယ်ဆောင်းပြီး ဂုဏ်ယူစရာကောင်းတဲ့ လုပ်ဆောင်မှုတွေကို ပြကြတယ်။

မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကစပြီးတော့ ကိုယ့်ထီးကိုယ်ဆောင်းတဲ့ အလေ့အထ တွေ ထွန်းကားလာတဲ့အတွက် ကြိုဆို ဂုဏ်ပြုပါတယ်။ ထီးတော်မိုး၊ ဖိနပ်တော်ကိုင်တွေကို ခန့်ထားပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်မှာ စိုးမိုးစေခဲ့တဲ့ မတန်မရာမှန်းသူတွေ၊ မင်းလောင်း ဘုရင်ရူးတွေ လက်ထဲက မြန်မာနိုင်ငံကြီး လွတ်မြောက်တော့မယ်ဆိုတာလည်း အမှန်ပြောရရင်

“ပြည်သူတွေက အဆုံးအဖြတ်ပေးခဲ့တာပဲ မဟုတ်ပါလား”

၂၃.၃.၂၀၁၆
Tin Nyunt

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

NLD အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးရာထူးတာဝန်ယူမှာဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌနေရာနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကပါ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။

ဒါအပြင်ထွက်ပေါ်နေတဲ့သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် အခြားအရေးပါတဲ့ ၀န်ကြီးဌာန (၃)ခုကိုလည်း ပူးတွဲကိုင်တွယ်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းက ၀န်ကြီးဌာန (၄)ခုလုံးတာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ သတင်းအပေါ် မြန်မာ့အရေးကျွမ်းကျင်သူ တချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားဝင်ဘယ်နေရာကနေ ဦးဆောင်သွားမလဲလို့ အများက စောင့်ကြည့်နေချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က သမ္မတဦးထင်ကျော်တင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝန်ကြီး (၁၈)ဦးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခဲ့ပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ လျှပ်စစ်စွမ်းအင်နဲ့ ပညာရေးဝန်ကြီးဌာန (၄)ခုကို ပူးတွဲတာဝန်ယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဝန်ကြီးဌာန(၄)ခုလုံးကို ကိုင်တွယ်မယ့်အနေအထားနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမှူးဟောင်း Priscilla Clapp က သူ့အမြင့်ကို ဗွီအိုအေကိုပြောပါတယ်။

“ဌာန (၄)ခုရဲ့ ၀န်ကြီးရာထူးတွေယူထားတော့ တာဝန်တွေသိပ်ကြီးတာပေါ့။ သမ္မတရုံးဝန်ကြီးအဖြစ် သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရမှာဖြစ်ပါ တယ်။ မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတဦးသိန်းစိန်ခေတ်က သမ္မတရုံးဝန်ကြီးတွေအနေနဲ့ အထူးအာဏာရှိကြပြီး သမ္မတအတွက် ခက်ခဲတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေး ကြရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရုံးဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုလိုဆက်လုပ်သွားဖို့ရှိ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့တော့ သူဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားရေးမူ ၀ါဒတွေကို တာဝန်ယူရမှာဖြစ်ပါတယ်။ ဒါအပြင် သမ္မတ၊ ဒုသမ္မတ၊ တပ်ချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေပါဝင်တဲ့ ကာလုံကောင်စီမှာလည်း သူကအဖွဲ့ဝင်တဦးဖြစ်လာမှာပါ။ အခြားဝန်ကြီးဌာန (၂)ခုကတော့ စိတ်ဝင်စားစရာပဲ။ သူကအမျိုးသားပညာရေးဥပဒေမှာ သိပ်ကိုစိတ်ဝင်စားပြီး ပညာရေးမှာလည်း စိတ်အားထက်သန်တာတွေ့ရပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း နိုင်ငံအတွက်သိပ်ကိုအရေးကြီးလှပါတယ်။ ကျမအမြင်အရတော့ ဒီဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေဖြစ်ဖို့ လိုလားနေတယ်လို့ သူယူဆပုံရတယ်လို့ ကျမထင်ပါတယ်။”

ဒါအပြင် ဒီဝန်ကြီးဌာနတွေကို ကိုင်တွယ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းပြည့်ဝတဲ့ လက်ထောက်ကောင်းတွေရှိဖို့ လိုအပ်တယ်လို့မြင်ကြောင်း Priscilla Clapp ကဆိုပါတယ်။

“သူ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ အားကိုးရမယ့်လက်ထောက်တွေရှိမယ်၊ အမှုထမ်းတွေလည်း တော်ကြမယ်ဆိုရင် သူ့အနေနဲ့ တာဝန်အားလုံးယူရမယ့်အစား လမ်းညွှန်မှုပေးနိုင်မှာပါ။ ဒီလိုဝန်ကြီးဌာနတွေကို ယူရတာဟာ သူ့အနေနဲ့လမ်းညွှန်မှုပေးလို့တဲ့အတွက်ဖြစ်တယ်လို့ ကျမထင်ပါတယ်။ ဒါအပြင် ဒီအစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေရဲ့ လည်ပတ်မှုပုံစံမျိုးကို လည်း ပြောင်းချင်ပုံရတယ်လို့ ကျမထင်ပါတယ်။ ဆုံးဖြတ်ချက်ချရမှာ ၀န်ကြီးကပဲချရမယ်ဆိုတဲ့ စနစ်မျိုးကို အစိုးရဟောင်းလက်ထက်က ကျင့်သုံးခံတဲ့အတိုင်း ဒါဟာ သိပ်အလုပ်မဖြစ်တာတွေ့ခဲ့ရပါတယ်။ ဒီလိုအတွေးအခေါ်ကိုလည်း ပြောင်းလဲချင်ပုံရတယ်လို့ ယူဆပါတယ်။"

ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင်တားမြစ်ထားလို့သာ အခုလို ၀န်ကြီးဌာနတွေကို တာဝန်ယူလိုက်တာဖြစ်တယ်လို့ Priscilla Clapp ကသုံးသပ်ပေမယ့် အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးဌာနတွေမှာ နေရာဝင်ယူမယ့်အတွက် အခက်အခဲတွေအများကြီးရှိမှာဖြစ်တယ်လို့မြင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steingberg ကပြောပါတယ်။

“ယေဘုယျပြောရမယ်ဆိုရင် နိုင်ငံတကာမှာ သမ္မတရဲ့အလုပ်က လုပ်ငန်းတာဝန်တွေခွဲဝေပေးရတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာ ဒီဝန်ကြီးဌာနတွေရှိနေတာဖြစ်ပါတယ်။ သူတယောက်တည်း ၀န်ကြီးဌာနတွေကို ကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဘယ်လူပုဂ္ဂိုလ်တဦးတယောက်ကမှ ဒီလိုဝန်ကြီးဌာနတွေကို တပြိုင်နက်တည်းကိုင်တွယ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဒါမျိုးဆိုတာ သူရဲ့ စွမ်းအားတခုတည်းနဲ့မရပါဘူး။ လူအားလုံးရဲ့စွမ်းအားဖြစ်ပါတယ်။ အလွန်အလွန်ခက်ခဲတဲ့အလုပ်တွေပါ။ အဲဒါတွေကို သူတယောက်တည်း လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်က စစ်တပ်ကထိန်းချုပ်မထားတဲ့ ကျန်တဲ့ ၀န်ကြီးဌာနတွေအားလုံးကို သူ့အနေနဲ့ ကြိုးစားထိန်းကျောင်းသွား မယ်ဆိုတာပါ။ နောက်ပြီး အသစ်ပြုလုပ်လိုက်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာဆိုရင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ အပြိုင်အဆိုင်ဖြစ်လာဖို့ရှိပါတယ်။ ဒါတွေဟာ အနာဂတ်အတွက် ပြဿနာတွေ ရှိနေပြီးသားဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။”

ဒီလို အလွန်ခက်ခဲတဲ့အလုပ်တွေရှိနေတာသိရဲ့သားနဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာန တချို့ကို သူတယောက်တည်းပဲ ကိုင်တွယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်လို့ ထင်ပါသလဲလို့ မေးကြည့်တော့ David Steinberg ပြန်ဖြေတာက

“ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြေနိုင်မှာပါ။ ဒါပေမဲ့ ကျနော်တို့အားလုံးလဲ အဓိကအကြောင်းအရာဘာတွေဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြပါတယ်။ ကျနော့်အမြင်အရတော့ သူ့အနေနဲ့ ဒီအလုပ်တွေအားလုံးကို လုပ်နိုင်မယ်လို့ သူယုံကြည်တဲ့အတွက်ကြောင့်လို့ထင်ပါတယ်။ တိုင်းပြည်အကျိုးအတွက် သူ့အနေနဲ့ လုပ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတာပါ။ တကယ်တမ်းမှာတော့ ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ လက်ရှိ သူဟာလည်း တိုင်းပြည်ရဲ့ ခေါင်းဆောင်ဆိုတဲ့ ခံစားချက်ရှိနေတာကြောင့် အခုလို တာဝန်ယူဆောင်ရွက်တာဖြစ်နိုင်ပါတယ်” လို့ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာပါဝင်ပြီး တာဝန်ယူ လုပ်ဆောင်သွား မှာ ဖြစ်တဲ့အတွက်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLD ဥက္ကဌ နေရာ နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေကနေ နုတ်ထွက်ပေးရမှာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ လည်းအဲဒီအတွက်ပြင်ဆင်ထားပြီသားဖြစ်တယ်လို့ NLD ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့မှာ ၀န်ကြီးနေရာယူမယ်ဆိုရင် ပါတီမှာ ဦးဆောင်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် ဒီလိုမျိုးကိစ္စတွေကို မလုပ်ခင်မှာကတည်းက ကြိုပြင်ဆင်ခဲ့တာရှိပါတယ်။ အန်ကယ်ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတဲ့အတွင်းရေးမှုးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။ ဒါကတော့ ပါတီကိုထိန်းကျောင်းဖို့အတွက် ဆက်ပြီးတော့ ဦးဆောင်ဖို့အတွက် ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒ်ါအောင်ဆန်း စုကြည်ကတော့ ပုံစံတမျိုးမဟုတ် တမျိုးနဲ့တော့ ဆက်ပြီးဦးဆောင်နေ မှာပါ။”

NLD အစိုးရအဖွဲ့ဝင် ၀န်ကြီး(၁၈)ဦးမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီဝင် (၆)ဦး၊ ကြံခိုင်ဖွံဖြိုးရေးပါတီဝင် (၂)ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး (၁)ဦး၊ ပညာရှင် (၆)ဦးနဲ့ ကျန် (၃)ဦးကတော့ ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုထားသူတွေဖြစ်ပါတယ်။ ဒီဝန်ကြီး (၁၈)ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ (၂၄)ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်/VOA
 http://burmese.voanews.com/content/dassk-four-ministers-positions/3250607.html

ဝရန်
NCA  လက်မှတ်ရေးထိုးပွဲ ၊ အောက်တိုဘာ ၂၀၁၅ (photo: MOI)
NCA လက်မှတ်ရေးထိုးပွဲ ၊ အောက်တိုဘာ ၂၀၁၅ (photo: MOI)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ ကျင်းပဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရသစ်နဲ့အတူ ဆက်လက်ဆောင်ရွက်ဖို့နဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှား ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီလ ၂၄ရက်နေ့ကနေ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့် အချက်တွေကိုတော့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ ၈ ဖွဲ့အစည်းအဝေးဖြစ်တယ်ဆိုတဲ့အတွက် ၈ ဖွဲ့ကြားမှာ ပူးပေါင်း ဆောင်ရွက်မှု အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့ဗျာ။ ၈ ဖွဲ့မှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေက အများကြီးပေါ့ဗျာ။ ၈ ဖွဲ့ရဲ့ ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှုကို အကောင်းဆုံးဖြစ်အောင် နည်းလမ်းရှာမယ်ဗျာ နံပတ် ၁ ။ နံပတ် ၂ ကတော့ အစိုးရအသစ်နဲ့အဟောင်းနဲ့ အပြောင်းအလဲလုပ်ပြီးနောက်မှာ ကျနော်တို့ NCA ကို အကောင်အထည်ဖော်ဖို့အတွက် ဆက်လက်ပြီးတော့ အစိုးရအသစ်နဲ့လည်း လက်တွဲရမယ်ဆိုတော့ ဘယ်လိုဆက်သွားမလဲပေါ့၊ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ လုပ်သွားဖို့ ၊ နံပတ် ၃ ကတော့ လက်မှတ်ထိုးသည်ဖြစ်စေ ၊ မထိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ တိုင်းရင်းသားညီအကိုတွေ NCA မထိုးသေးတဲ့အဖွဲ့အစည်းတွေနဲ့ ညီညွတ်ရေးမပျက်ပေါ့ဗျာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အတူတကွဆက်ပါနိုင်ဖို့ အဲဒီဟာတွေကိုတော့ နည်းလမ်းရှာဖို့ ကျနော်တို့တွေ့ဆုံကြတာပဲဖြစ်ပါတယ်။”

အစိုးရသစ်နဲ့တွေ့ဆုံဖို့နဲ့ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ်နိုင်တာမရှိသေးဘူးလို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့တော့ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ် က အခု အစိုးရရဲ့ Function တွေလည်ပတ်ဖို့ကြိုးစားနေတဲ့အချိန်ဆိုတော့ ဒါကျနော်တို့က မမေးသင့်သေးဘူးပေါ့။ သူတို့ပြီးတာနဲ့ သူတို့ နည်းနည်းငြိမ်တာနဲ့ ကျနော်တို့ လုပ်လက်စလုပ်ငန်းတွေဖို့ အစည်းအဝေးတွေ ပေါ်ပေါက်လာမယ်လို့တော့ ယူဆတာပေါ့ဗျာ။ ကျနော်ထင်တယ် ဧပြီလ အခင်းအကျင်းကို စောင့်ကြည့်ရမှာပေါ့နော်။ မထိုးရသေးတဲ့အဖွဲ့တွေက UNFC ညီလာခံပြီးမှ တွေ့မလိုလိုလည်းပြောတယ်ခင်ဗျ။ ကျနော်အဖြေတော့ အတိအကျမရဘူး။”

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမယ့် ရက်ကို မသတ်မှတ်နိုင်သေးပါဘူး။

လာမယ့် ဧပြီလအတွင်းလွှတ်တော်နားရက်တွေမှာတော့ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်တွေက သူတို့ဒေသအခြေစိုက် ရပ်မိရပ်ဖတွေ၊ လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လက်အကောင်အထည်ဖော်ဖို့ အကြိုညှိနှိုင်းသွားဖို့ ရှိနေကြောင် ကော်မတီအဖွဲ့ဝင် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူက ပြောပါတယ်။

“ကျနော်တို့အစည်းအဝေးကတော့ ၂ ခါတော့ လုပ်ပြီးပြီပေါ့ဗျာ။ ဒါပေမယ့်လို့ ကျနော်တို့က ဘယ်အချိန်လုပ်ရမယ်ဆိုတဲ့ တိကျတဲ့ရက်တွေကတော့ သတ်မှတ်ခြင်းမရှိဘူး။ သို့သော်လည်း ကျနော်တို့အခု လွှတ်တော်နားတဲ့အချိန်မှာတော့ သက်ဆိုင်ရာ ကျနော်တို့ ဒီ ပြည်နယ်တွေနားမှာပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ တဦးချင်းပဲဖြစ်ဖြစ် အဲဒီနားမှာ ကျနော်တို့ နည်းနည်းလေး ရပ်မိရပ်ဖတို့နဲ့ဖြစ်ဖြစ်ပေါ့လေ။ အဲလိုမျိုးအတူတကွပေါင်းစည်းပြီးတော့မှ တွေ့ဆုံဖို့တော့ အစီအစဉ်ရှိပါတယ်။ ညှိနှိုင်းဆွေးနွေးလို့ရလာတဲ့အကြောင်းအရာလေးတွေကို ကျနော်တို့က ကော်မတီကို ပြန်ပြီးတော့မှ တင်ပြမယ်ပေါ့ဗျာ။

တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကတော့ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ထားပါတယ်။လောလောဆည် NCA ကို လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ UNFC အနေနဲ့ ဆက်လက်ရပ်တည်နေပြီး ဒီရက်ပိုင်းတွေမှာ နှစ်ပတ်လည်အစည်းအဝေးတွေ ကျင်းပနေတာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေနဲ့ UNFC အဖွဲ့ဝင်တွေ တွေ့ဆုံရေးနဲ့ပတ်သက်ပြီး UNFC ရဲ့ ဒုဥက္ကဌ ဦးနိုင်ဟံသာကို မေးမြန်းရာမှာတော့ အစည်းအဝေးရောက်ရှိနေတာကြောင့် ဖြေဆိုတာမရှိခဲ့ပါဘူး။ လောလောဆည်မှာ NCA ကို လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၈ဖွဲ့ရှိပြီး မရေးထိုးသေးတဲ့အဖွဲ့ကတော့ အနည်းဆုံး ၁၁ ဖွဲ့ လောက်ကျန်ရှိနေတာဖြစ်ပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/nca-will-heald-tomorrow/3250960.html

U Phay Myint
U Phay Myint

မြန်မာသမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းမှာ ပါဝင်လာပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုပြီး သတင်းထွက်နေတဲ့ စာရေးဆရာ ဒေါက်တာဖေမြင့်ကို စာနယ်ဇင်းသမားတွေက ကြိုဆိုလိုက်ပြီး သူသာပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းက ပိုမို လွတ်လပ် ပွင့်လင်းလာလိမ့်မယ်လို့ မျှော်လင့်သလို စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နားလည်တဲ့သူအဖြစ် ပြောဆိုကြပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော်တင်သွင်းတဲ့ဝန်ကြီး ၁၈ ဦးထဲမှာ ပြန်ကြားရေးဝန်ကြီးအဖြစ် စားရေးဆရာ ဒေါက်တာဖေမြင့်ကို အမည်စာရင်း တင်သွင်းခံခဲ့ရတာပါ။ သူဟာ မြန်မာစာနယ်ဇင်းကောင်စီမှာ ပထမ ၅ နှစ်တာကာလမှာကော လက်ရှိမှာကော တာဝန်ယူနေသူတဦးဖြစ်ပြီး မျှတတဲ့ သဘောထားရှိသူ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားပါတယ်။ သူ့ကို စာနယ်ဇင်းသမားတွေကတော့ ပြန်ကြားဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းလောကကို သိနားလည်သူဖြစ်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ပိုမို ရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

Tomorrow ဂျာနယ်အယ်ဒီတာချုပ် စာနယ်ဇင်းသမား ဦးဇော်သက်ထွေးကတော့ စာရေးဆရာကြီး ဖေမြင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာ့စာနယ်ဇင်းအခြေအနေကို နားလည်ပြီး မီဒီယာမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိနားလည်သူမို့ ကောင်းမွန်တယ်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဆရာဖေမြင့်ဖြစ်တာတော့ ကျနော်တို့ ကျေနပ်သဘောကျပါတယ်ပေါ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မီဒီယာရဲ့ အခြေအနေကို နားလည်တယ်။ နောက်တခုက မီဒီယာ ဘာတွေ လိုအပ်တယ်ဆိုတာလည်း သူသိတယ်လေ။”

လေဒီဂျာနယ်ရဲ့ အယ်ဒီတာ စာနယ်ဇင်းသမား စိုင်းထွန်းအောင်လွင်ကတော့ စာရေးဆရာကြီးဖေမြင့်ဟာ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားသလို ဘယ်အစိုးရလက်ထက်ပဲဖြစ်ဖြစ် ရပ်တည်ချက်မှန်ကန်သူဖြစ်တာကြောင့် ၀န်ကြီးကောင်းတဦး ဖြစ်လာမယ်ဆိုတာကို သံသယဖြစ်စရာတောင် မလိုဘူးလို့ ဆိုပါတယ်။

“ရှေးအစိုးရလက်ထက်တွေမှာပဲဖြစ်ဖြစ် ဘာတွေမှာပဲဖြစ်ဖြစ် တချို့ စာနယ်ဇင်းသမားတွေဟာ တချို့ အစိုးရနဲ့ တအား နီးစပ်သွားတာတို့ ဘာတို့ ရှိခဲ့ပေမဲ့ သူ့အနေနဲ့ကတော့ အဲ့ဒါမျိုး လုပ်ခဲ့တာ မရှိဘူး။ ရိုးသားဖြူစင်မှုလည်း ရှိတယ်ပေါ့။ လက်ရှိ ရနေတဲ့ အနေအထားထက်လည်း ပိုပြီး လွတ်လပ်ခွင့်တွေ ရလာမယ်။ စာနယ်ဇင်း အခွင့်အရေးတွေ ပိုပြီး ရလာမယ်လို့လည်း မျှော်လင့်ထားတယ်။”

ဒါပေမဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးဖို့ကတော့ အစိုးရကထိန်းချုပ်ထားမှုတွေ မရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ စာရေးဆရာကြီး ဖေမြင့်ကို သူတာဝန်ယူရပြီဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေအတွက် ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲ မေးတဲ့အခါမှာတော့ ပြန်ကြားရေးဝန်ကြီးအဖြစ် တိတိကျကျ ရွေးချယ်ခံရပြီဆိုတော့မှသာ ပြောဆိုချင်တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“Confirmation ပေါ့နော် ပြီးတော့မှပဲ အင်တာဗျူးလေး ဘာလေး လုပ်တာကောင်းတယ်လို့။ အခုတော့ လုပ်လို့ မကောင်းပါဘူး။ နဲနဲ စောပါသေးတယ်။”

စာရေးဆရာကြီး ဒေါက်တာဖေမြင့်ဟာ ရခိုင်ပြည် သံတွဲမြို့ဇာတိဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိခဲ့ပါတယ်။ ဆေးကျောင်းသား ဘဝကနေ စာပေရေးသားခဲ့ပြီး ၁၉၇၇-ခုနှစ်ကနေ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အထိ ပြင်ပ အထွေထွေရောဂါကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်တွင် စာပေလုပ်ငန်းတခုတည်းကိုသာ လုပ်ကိုင်ခဲ့တာပါ။ သူရဲ့အအောင်မြင်ဆုံး စာအုပ်တွေကတော့ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ၀တ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စတဲ့ စာအုပ်တွေပါ။

ဆရာကြီးဖေမြင့်ဟာ လူသုံးကုန်ပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်မှာ အမျိုးသားစာပေဆု (၀တ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့ပြီး သူရဲ့ ဘာသာပြန်စာအုပ်တွေဟာလည်း စာဖတ်သူတွေအတွက် ဘ၀သင်္ခန်းစာတွေ ရရှိစေသလို စိတ်ခွန်အားတွေ ရရှိစေတဲ့ စာပေများအဖြစ် လူငယ်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။

မအေးအေးမာ/VOA
http://burmese.voanews.com/content/u-phe-myint/3250611.html

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့် အခမ်းအနားကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပနေစဉ်။ Photo: Htet Arker/ RFA
ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အမြင့်ဆုံး စွန့်လွှတ်ကြသူတွေ ဖြစ်ကြောင်းနဲ့ သူတို့မယုံကြည်တဲ့အရာတွေကို အသက်စွန့်ပြီး အနစ်နာခံတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသ၀ဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်တိုးတိုးလွင်က ဖတ်ကြားခဲ့ပါတယ်။

"သူရဲကောင်း အာဇာနည်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက်၊ စွန့်လွှတ်စွန့်စား ခဲ့ကြပါတယ်၊ ပေးဆပ်အနစ်နာခံခဲ့ကြပါတယ်၊ အဲ့ထဲမှာ အသက်စွန့်ခဲ့သူများဟာ အမြင့်ဆုံးပေးဆပ်ခဲ့ကြတဲ့ သူတွေ၊ အဆုံးစွန်ဆုံးပေး ဆပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်၊  အသက်စွန့်ခဲ့တဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေဆိုတာ သူတို့ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြ၊ လှုပ်ရှားခဲ့ကြတဲ့သူတွေပါ၊ တနည်းအားဖြင့် သူတို့မယုံကြည်တဲ့ အရာကိုလက်ခံဖို့ အသက်စွန့်ပြီးငြင်းပယ်ခဲ့ကြတဲ့ သူတွေပါ"

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀ လောက် ရှိနေပြီး တရားရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီကနေ့ နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့မိသားစုတွေကို ဂုဏ်ပြုလွှာနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မတ် ၂၃

မြစ်ကြီးနားမြို့တွင် ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပြုလုပ်သူတစ်ဦးအား မတ် ၂၂ ရက်ညက ဖမ်းဆီးအရေးယူလိုက်ကြောင်း မြစ်ကြီးနားနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ညဦးပိုင်းက နယ်မြေရဲစခန်းမှနယ်ထိန်းတပ်ဖွဲ့ဝင်များ နယ်မြေ လုံခြုံရေးဆောင်ရွက်နေကြစဉ် မြို့သစ်ရပ်ကွက်၊ သစ္စာတည်းခိုခန်း၊ အခန်း ၈ တွင်လာရောက်တည်းခိုသည့် ရဲမင်း ဆိုသူမှာ ငွေစက္ကူအတုဖြင့် လာရောက်တည်းခိုနေကြောင်း တည်းခိုခန်းတာဝန်ရှိသူက အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ တည်းခိုနေသူ ရဲမင်းအားတွေ့ရှိရပြီး စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် မိုးကာအကျီင်္အတွင်းမှ အက္ခရာနှင့်နံပါတ်များတူသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃ ရွက်၊ ရှပ်အကျီင်္အိပ်ကပ်အတွင်းမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု ၄ ရွက်၊ တည်းခိုခန်းခပေးချေထားသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူ ၂ ရွက် စုစုပေါင်း ၉ ရွက်ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ရဲမင်း၏ ထွက်ဆိုချက်အရ ၎င်းမှာမြို့သစ်ရပ်ကွက်ရှိ မနောဖြူအထည်နှင့်ဖိနပ်ဆိုင်အပေါ် ထပ်ခိုးတွင် ငှားရမ်းနေထိုင်ကြောင်း၊ ထိုနေရာတွင်ပင် ငွေစက္ကူအတုများပြုလုပ်ကြောင်း၊ ငွေတုကို ကာလာပရင်တာဖြင့် ထုတ်လုပ်ကြောင်းထွက်ဆိုခဲ့၍ ငွေတုပြုလုပ်သည့် ကွန်ပြူတာ၊ပရင်တာနှင့် အခြားဆက်စပ် ပစ္စည်းများကို ရဲစခန်းက သွားရောက်ရှာဖွေသိမ်းဆည်းခဲ့သည်ဟုလည်း သိရသည်။

ငွေစက္ကူအတုများပြုလုပ်သုံးစွဲခဲ့သော မောင်ရဲမင်း၊အသက် ၂၄ နှစ်၊ဈေးရောင်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူအား ဥပဒေအရအရေးယူပေးရန် ရဲအုပ်မိုးမြင့်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ နယ်မြေရဲစခန်းမှ (ပ)၆၁/၂၀၁၆၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆ နှင့် အမှုဖွင့်လှစ်ခဲ့ပြီး အမှုစစ်အရာရှိအဖြစ် ဒုရဲအုပ်အောင်ကျော်မင်းက ဆောင်ရွက်ကာ မှုခင်းတပ်ဖွဲ့(CID)နှင့် ဆက်လက်ပူးပေါင်းစစ်ဆေးနေကြောင်း သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/


မတ်-၂၃

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးတစ်ယောက်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ ရွေးချယ်ခံထားရသည့် လှိုင်သာယာမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်အား ဘွဲ့လက်မှတ် အတုပြု လုပ်ခဲ့ပြီး ၄င်းတက်ခဲ့သည့် တက္ကသိုလ်သည်လည်း အမှန်တကယ်မရှိကြောင်း ထွက်ပေါ်နေသော သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း The Ladies ကိုပြောသည်။

“ ၇ နှစ်လုံးလုံး PhD မှာအပတ်တကုတ်ကြိုးစားခဲ့တယ်၊ ကျွန်တော့်စာတမ်းကို ကြိုက်တဲ့တက္ကသိုလ်ကဆရာကြီး လာဖတ်နိုင်တယ်၊ comment ပေးနိုင်တယ်၊ တကယ့်အဆင့်အတန်းမှီတဲ့ စာတမ်းအနေနဲ့ ဆောင်ရွက်ထားတာ” ဟု ဒေါက်တာသန်းမြင့်က ရှင်းပြသည်။


၎င်း PhD ဘွဲ့ရရှိရန် တင်သွင်းခဲ့သည့်စာတမ်းနှင့် ပတ်သက်ပြီး မည့်သည့်အချိန်မဆို အစစ်ဆေးခံနိုင်ကြောင်း နှင့် လာရောက်လေ့လာနိုင်ကြောင်း ထပ်လောင်းပြောသည်။

“ကျောင်းတွေသဘောကတော့ ချွတ်ချော်မှုတော့ဖြစ်နိုင်တာပေါ့၊ နောက်ပိုင်းမှ ကျောင်းက ပျက်တာဆိုတော့ ဒီဘွဲ့ကိုဖျက်တယ်ဆိုလည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော် ရိုးရိုးသားသားလုပ်ခဲ့တာပဲ၊ ကျွန်တော်တစ်ယောက် ထဲလည်း မဟုတ်ဘူး၊ ပိုက်ဆံပေးလို့ ရထားတာလည်းမဟုတ်ဘူး” ဟု ရှင်းပြသည်။
ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့သည့် PACIFIC WESTERN UNIVERSITY တွင် မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ဆရာကြီးနိုင်ပန်းလှ လည်းတက်ရောက်အောင်မြင်ခဲ့ကြောင်း ၄င်းက ဆိုသည်။


“ပါတီအကြီးအကဲတွေကို ဒီဘွဲ့နဲ့ပတ်သက်ပြီး မူရင်းစာရွက်စာတမ်းတွေတင်ပြပြီးပြီ၊ မိတ္တူလည်း ပေးထားပြီးပါပြီ၊ အားလုံးအဆင်ပြေပါတယ်”ဟု ၄င်းကပြောသည်။
ဒေါက်တာသန်းမြင့်သည် PhD ဘွဲ့ရရှိရန် မာလာဝီနိုင်ငံနဲ့ ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ လူမှုရေး၊ စီးပွားရေးများကို စာတမ်းပြုစုခဲ့ခြင်းဖြစ်သည်။

ကိုပေါက်
The Ladies New
https://www.facebook.com/News.TheLadies/

ဒေါက်တာသန်းမြင့် 
ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်ကနေ အစိုးရသစ်မှာ ပါဝင်မယ့် ပြည်ထောင်စုဝန်ကြီးစာရင်းကို မနေ့က လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ အဲဒီစာရင်းမှာပါဝင်တဲ့ ၀န်ကြီးနှစ်ဦးရဲ့ ပညာရေးနောက်ခံနဲ့ပတ်သက်လို့ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်ချက်တွေ ပေါ်ထွက်နေပါတယ်။ ကာယကံရှင် နှစ်ဦးစလုံးကတော့ အခုလို ဝေဖန်စွတ်စွဲချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်းမှာ ကန့်ကွက်မှုတွေ ရှိလာရင်၊ သူတို့ဖက်က တင်ပြတဲ့အထောက်အထားတွေအပေါ် တင်ပြီး လွှတ်တော်တခုလုံးရဲ့ အဆုံးအဖြတ်ကို ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ်စုံစမ်းမေးမြန်းထားတာပါ။

အဆိုပြု ပြည်ထောင်စုဝန်ကြီးစာရင်းထဲပါဝင်သူ ဒေါက်တာသန်းမြင့် နဲ့ ဦးကျော်ဝင်းတို့ ရထားတဲ့ စီးပွားရေး ဒေါက်တာဘွဲ့တွေနဲ့ ပတ်သက်လို့ ဒီဘွဲ့တွေ့ပေးခဲ့တဲ့ အမေရိကန်တက္ကသိုလ်တွေဟာ မှန်ကန်မှုမရှိဘူးဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်ဝင်းရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တယ်ဆိုတဲ့ Brooklyn Park University ဟာ ဆိုရင် နိုင်ငံတကာမှာ ဘွဲ့လက်မှတ်တုတွေ ထုတ်ပေးနေတဲ့ တကယ်အမှန်မရှိတဲ့ တက္ကသိုလ်ဆိုပြီး ၂၀၁၅ ခု New York Times သတင်း တရပ်ကို ကိုးကားပြီး ဝေဖန်မှုတွေရှိနေတာပါ။ ဦးကျော်ဝင်းကတော့ ဒီတက္ကသိုလ် အမှန်မရှိဘူးဆိုတာ သူ့အနေနဲ့ ၂၀၁၅ ဒီဇင်ဘာကျမှ သိခဲ့ရပြီး၊ အခု ဖြစ်ရပ်အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါ့မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဦးကျော်ဝင်း။ ။ ဆရာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အဲဒီမှာပေါ့ အွန်လိုင်းဒီဂရီတခုကို လိုချင်တာပေါ့ ။ အဲဒီတော့ ဆရာလိုက်ရှာတော့ Brooklyn Park University တွေ့တယ်။ တွေ့တော့ အဲဒီမှာလည်းရေးထားတာက US Economic Ensuring Department က လိုင်စင်ထုတ်ပေးတယ်ဆိုတော့ အန်ကယ်လည်း စိတ်ချတာပေါ့နော် ။ စိတ်ထဲမှာလည်းတော်တော်လည်းမကောင်းဘူးပေါ့ တလှုပ်လှုပ်လည်းခံစားရတယ်။ ကိုယ်ကတော့ ယုံကြည်အားထားပြီးတော့ လုပ်လိုက်တဲ့ ကိစ္စ။

ကိုထက်အောင်။ ။မနေ့ကတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ပေါ့နော်။ ဒီ အွန်လိုင်းပေါ်မှာ ဆရာတို့ Biography နဲ့တင်ခဲ့တဲ့ဟာက ဆရာတို့ကိုယ်တိုင်ရေးခဲ့တာလား။ ဒါမှမဟုတ် ပါတီကရေးခဲ့တာပါလား ဆရာ။

ဦးကျော်ဝင်း။ ။ လွှတ်တော်အမတ်တွေအားလုံးကပေးခဲ့တာပေါ့။ ဆရာတို့ရေးခဲ့တဲ့အထဲမှာလည်း ပါတယ်။ ဟိုတုန်းကရေးထားတဲ့ Biography ဆိုတော့ ဆရာလည်း အမှတ်တမဲ့နဲ့ ပေးလိုက်တယ်၊ ပါသွားတယ် အဲဒါဖြစ်လိမ့်မယ်။

ကိုထက်အောင်။ ။အဲတော့ဆရာ။ တကယ်လို့များ ဆရာတို့ ဘွဲ့နဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တဦး၊ တယောက်က ကန့်ကွက်မယ်ဆို၇င် ဆရာ့အနေနဲ့ ဘာများတုန့်ပြန်သွားမလဲဆရာ။

ဦးကျော်ဝင်း။ ။ ဆရာ့ရင်ထဲမှာ အခုရှိနေတာကတော့ ဒီတာဝန်ပေးတဲ့အခါကျရင် ဒီတာဝန် ထမ်းဆောင်ဖို့အတွက် ဆ၇ာက သာမန်လူတန်းစားပါ။ ဆရာ့အဖေ၊ အမေကလည်း လယ်ယာသမားတွေ တောင်သူသမားတွေဖြစ်လာတာဆိုတော့ ဆရာတို့နိုင်ငံဆင်းရဲနေတာ၊ ဆရာတို့အလွှာတွေ ဆင်းရဲနေတာ ဆရာ ခံစားနေရတော့ လုပ်ခွင့်ရှိရင်လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် အခုလိုပေါ့ အကြောင်းကြောင်းကြောင့် ဒီလိုဖြစ်သွားရင်လည်း ဆရာစိတ်မကောင်းဘူး ၀မ်းနည်းမယ် ဒါပဲရှိတာပေါ့။

ကိုထက်အောင်။ ။ ဘွဲ့နဲ့ပတ်သက်လို့ ပါတီအတွင်းမှာကော ဘာများပြောဆိုတာရှိပါသလဲဆရာ။

ဦးကျော်ဝင်း။ ။ အဲဒါက ဒီလို ဆရာလည်းသိတာလေ ၂၀၁၅ ဒီဇင်ဘာလောက်မှာ ဆရာလည်းသိတာ ။ ဆရာလည်း ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့ ကျောင်းလည်းလှည့်မကြည့်ဖြစ်ဘူးပေါ့နော် ။ အဲဒီကျောင်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ လှည့်မကြည့်ဖြစ်ဘူးပေါ့နော်။ အဲဒီကျမှ ဆရာလည်းသိတာ။ ဒါလည်း တကယ်ပြောရင်တော့ ပါတီက တကယ်ဆရာ့ကို ယုံကြည်လို့ သူတို့လည်း ဆရာတင်ထားတဲ့အပေါ်မှာ လက်ခံထားတယ်လို့ ဆရာထင်တယ်။ ပါတီမှာတော့ ချွင်းချက်မရှိဘူးလို့ထင်တယ်။ ဖြစ်ရင်ဆရာ့မှာ အပြစ်ရှိမယ်လို့ထင်တယ်။

ကိုထက်အောင်။ ။ ဆရာ ဒီကျောင်းကနေ PHD ကရော ဘယ်တုန်းက ရခဲ့ပါသလဲ ဆရာ။

ဦးကျော်ဝင်း။ ။ ၂၀၁၀ မှာ လက်မှတ်ထုတ်ပေးထားပြီးတော့ အဲဒီ Certificate လည်းဆ၇ာ့ဆီမှာရှိတယ်။"

ပြည်ထောင်စုအစိုးရ၀န်ကြီးအဖြစ် အဆိုပြုခံရသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်ရဲ့ ပညာရေးနောက်ခံမှာ သူဒေါက်တာဘွဲ့ရခဲ့တဲ့ Pacific Western University ဟာဆိုရင် အမေရိကန်အစိုးရ ပညာရေးဌာနကနေ အသိအမှတ်မပြုတဲ့ ဘွဲဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။ ဒီ တက္ကသိုလ်ခွဲနဲ့ ပတ်သက်လို့ ဘွဲ့အတုတွေ ထုတ်ပေးနေတယ်ဆိုတဲ့ စွတ်စွဲမှုတွေကို အမေရိကန်လွှတ်တော်မှာ ၂၀၀၄ ခုနှစ်က စတင် ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ် ၂၀၀၆ ခုနှစ်မှာတော့ Hawaii ပြည်နယ် အစိုးရက ဒီတက္ကသိုလ်ခွဲရဲ့ လုပ်ငန်းတွေ အားလုံးကို ရပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

 ဒေါက်တာသန်းမြင့်ကိုယ်တိုင်ကတော့ သူ့ဖက်ကတော့ သူလေ့လာသင်ယူပြီး ၁၉၉၉ ခုနှစ်မှာ ဘွှဲလက်မှတ်ရတယ်ဆိုတဲ့ အထောက်အထားအခိုင်ရှိပြီး၊ နောက်ပိုင်းပြဿနာဟာ အမေရိကန်တက္ကသိုလ်ဖက်က ပြဿနာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဒေါက်တာသန်းမြင့်။ ။ ဒီ ၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNP Specialist နဲ့ Salmon Islandရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာတွေ့တာလေ။ ဟိုရောက်တော့ ကျနော်ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လားမသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းကပြီးသွားတယ်ပေါ့ဗျာ။ ပြီးသွားတော့ ဒါက ကျောင်းကတော့ အပေးအယူ ၊ ဟိုတုန်းကတော့ Online ဆိုပေမယ့် Online မရှိဘူးခင်ဗျ၊ တယ်လီဖုန်းနဲ့ စာတိုက်ရယ်နဲ့ပဲလုပ်ရတာပေါ့လေ။ လုပ်ရတော့ ကျနော် ၁၉၉၉ ဖေဖ၀ါရီလမှာပြီတယ်ပေါ့လေ။ ကျနော်တို့က dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ကျနော် သိသလောက်ဆိုရင် ဒီကျောင်းက တက်တာအများစုက ကုလသမဂ္ဂ၀န်ထမ်းတွေရှိတယ်ဗျ။ အသက်ကြီးတွေပေါ့နော်။ ၂၀၀၂ ခုနှစ်က အမေရိကန်မှာ ပညာရေး ဥပဒေတခုပြောင်းလိုက်တယ် လို့ပြောတယ်ခင်ဗျ ။ ပြောင်းလိုက်တော့ တချို့ Institution တွေကို လိုင်စင်ထပ်မပေးတော့ဘူးလို့ပြောတယ်။ ပိတ်လိုက်တာက လိုင်စင်ထပ်မပေးတော့တာလား။ ဟိုတုန်းကလုပ်တာတွေကို အသိအမှတ်မပြုတာလား။ ဒါတော့ကျနော်မသိဘူးခင်ဗျ။

ကိုထက်အောင်။ ။ ဆရာတို့ ၀န်ကြီး အဖြစ်မပေးခင်မှာ ကန့်ကွက်လို့ရတယ်ဆိုတော့လေ။ တကယ်လို့များ ဒီနေ့မှာ ကိုယ်စားလှယ်တဦးဦးက ဆရာတို့ကို ကန့်ကွက်ခဲ့တယ်ဆိုရင် ဆရာအပါအ၀င် အဖွဲ့ချုပ်ဘက်က ဘာများ တုန့်ပြန်သွားဖို့ရှိပါသလဲဆရာ။

ဒေါက်တာသန်းမြင့်။ ။ ဒါကတော့ ကန့်ကွက်တယ်ဆိုတာကတော့ဗျာ ပညာနဲ့ပတ်သက်လို့ အထောက်အထား မှားတယ်ဆို၇င်လည်း ပါတီက ဒါကတော့ ကျနော်တို့ ပညာရေးအထောက်အထားကို သက်ဆိုင်ရာ အမေရိကန် သံရုံးကတဆင့် မေးမယ်ခင်ဗျာ။ မေးလို့ကျနော်တို့က ဒါလုပ်ရတော့မှာပေါ့လေ။ သူက ကန့်ကွက်ရင် defense လုပ်ရတော့မှာပေါ့ဗျာ။”

အခုလို ဖြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကတော့ ကာယကံရှင်တွေကို မေးမြန်းဖို့သာ တုန့်ပြန်ပြီး တစုံတရာ မှတ်ချက်ပေးစရာမရှိသေးဘူးလို့ဆိုပါတယ်။ ဒါဟာ Online ပေါ်မှာ ရှိနေတဲ့ ပြဿနာဖြစ်နေပြီး၊ လုပ်ရိုးလုပ်စဉ် လွှတ်တော်တွင်း ကန့်ကွက်ပြောဆိုမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ကန့်ကွက်လာရင်လည်း ကာယကံရှင်တွေဖက်က အထောက်အထားနဲ့ ခုခံသလို၊ ပါတီဖက်ကလည်း ကန့်ကွက်မှုအပေါ်တည်ပြီး တုန့်ပြန်ဆောင်ရွက်မယ်လို့ NLD ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာဖြစ်နေတဲ့ အခု ဝေဖန်ချက်ဟာ လွှတ်တော်စာမျက်နှာမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နောက်ခံရာဇ၀တ်မှတ်တမ်းပေါ်မူတည်ပြီး ရှိနေတာဖြစ်ပါတယ်။ အဆိုပြုထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ နောက်ခံရာဇ၀င်တွေကိုတော့ လွှတ်တော်တွင်း သီးခြားဖြန့်ဝေရာမှာ၊ လွှတ်တော်မှတ်တမ်းမှာရှိတဲ့ အချက်အလက်တွေနဲ့ တူမတူ အသေအချာ မသိရသေးပါဘူး။ ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက်မှာတော့ အထက်ပါ ပြဿနာနဲ့ပတ်သက်ကို ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့စည်းပုံပါ ဖော်ပြချက်နဲ့ ရှင်းရှင်းလင်းလင်းမရှိပေမယ့်၊ ဒီ စွတ်စွဲချက်တွေ ခိုင်လုံရင်တော့ ဒီသက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ လွှတ်တော်အမတ် ရာထူးအပေါ်မှာ တစုံတရာသက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မွန်ပြည်နယ် သထုံမြို့ မြို့မရဲစခန်းတွင် ခိုးမှုကျူးလွန်သူဟုယူဆရသူအား သထုံခရိုင်မှု /ကူဌာနမှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ရက်နေ့က သထုံမြို့ သိမ်ကုန်းရပ်ကွက် ရေစက်ပိုင်းရှိ ချမ်းမြေ့တည်းခိုခန်းတွင် ငွေပျောက်ဆုံးမှုဖြစ်ပွားသဖြင့် မသင်္ကာသူဟုယူဆခံရသည့် ချမ်းမြေ့တည်းခိုခန်း မန်နေဂျာဖြစ်သူ ကိုကျော်သက်အောင် ၃၂ နှစ် ဘ ဦးအောင်မြင့်စိန်အား သထုံမြို့မရဲစခန်းတွင် မတ်လ ၂၁ ရက်နေ့ညတွင် သထုံခရိုင် မှု/ကူဌာနမှ ဒုရဲအုပ် လှိုင်ဝင်းထွန်းပါ အဖွဲ့ဝင် ၇ ဦးမှ စစ်ဆေးစဉ်သေဆုံးသွားကြောင်း သိရသည်။


ရဲလုပ်ထုံးလုပ်နည်းအရ အမှုတစ်ခုဖြစ်ပေါ်လာပါက စစ်းဆေးနည်းလမ်းများအား အသုံးပြု၍ စစ်ဆေးမှုများပြုလုပ်ကြရာတွင် စစ်ဆေးသူ၏ စိတ်နေသဘောထားအရ စစ်ဆေးကြသဖြင့် ယခုလိုဖြစ်ရပ်များဖြစ်လာရကြောင်း သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းကပြောသည်။

"အခုဟာက ခိုးမှုနဲ့ပတ်သက်ပြီး စစ်ဆေးရင်းနဲ့လဲကျသွားတယ်။ အဲဒီအတွက်ဆေးရုံပို့တာ ဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။ ခုတော့ စစ်ဆေးတဲ့အဖွဲ့တွေကို ဘယ်လိုစစ်ဆေးလို့ အခုလိုလူသေတဲ့အထိ ဖြစ်သွားလဲဆိုတာ စုံခုံဖွဲ့ပြီး စစ်ဆေးနေပါတယ်။ အကြောင်းရင်း အမှန်ကိုသိရရင်တော့ ဥပဒေအရ အရေးယူနိုင်အောင်ဆောင်ရွက်သွားပါမယ်''ဟု ၄င်းကဆက်လက်ပြောကြားသည်။


သေဆုံးမှုအကြောင်းရင်းကို ပြောခွင့်မရှိကြောင်း၊ ဆေးရုံရောက်လာချိန်၌ ခန္ခာကိုယ် နွေးနေသေးသဖြင့် သေဆုံးသည်မှာ မကြာသေးကြောင်း၊ ဆေးရုံ၏လုပ်ထုံးလုပ်နည်းများနဲ့အညီ စစ်ဆေးဆောင်ရွက်ထားကြောင်း သထုံခရိုင်ဆေးရုံအုပ် ဒေါက်တာ သင်းသင်းအိက ပြောသည်။

အမှုတခုကျူးလွန်သူအား ဥပဒေအရ စစ်ဆေးရမည်ဆိုသည်မှာ မှန်သော်လည်း ယခုလို လူသေဆုံးတဲ့အထိ စစ်ဆေးသည်ကို လက်မခံနိုင်ကြောင်း ဥပဒေမဲ့လုပ်နည်းတစ်ခုဖြစ်သည့်အတွက် မိသားစုဝင်တဦးအနေဖြင့် ဝမ်းနည်းရကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ မနန်းသီတာလှိုင်က ပြောသည်။

"ကျွန်မယောကျာင်္းက ကျန်းမာရေးကောင်းသူတဦးပါ။ အဖမ်းခံရပြီးကတည်းက ကျန်းမာရေး ချို့တဲ့လာတယ်။ အိမ်မှာ ပစ္စည်းလာရှာတဲ့အချိန် သူတို့တွေပါးစပ်ကပြောတော့ လက်ဖျားနဲ့တောင် မတို့ထားဘူးဆိုပြီး ကျွန်မတို့ရှေ့မှာ ထိုးတာမြင်ရတယ်။ စစ်ဆေးရင်းနဲ့လက်လွန်သွားတာတဲ့ မြို့နယ်မှူးနဲ့ စခန်းမှူး လာပြောမှ သိရတယ်။ သူနဲ့အတူအဖမ်းခံရတဲ့ ကျွန်မညီမယောကျာင်္းဆိုရင်လည်း နံပါတ်တုတ်နဲ့လည်း ရိုက်တယ်။ ကျင်စက်နဲ့လည်း တို့တယ်။ မီးလဲရှို့တယ်။ ကြိုးတွေနဲ့လည်း ရိုက်တယ်လို့ပြောတယ်။ လူအသက်တချောင်းကို တန်ဖိုးမထားဘူး။ သေသွားတာ ညကတည်းက လာပြောတာက မနက် ၁၁ နာရီမှ ဆိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက ပြောကြားသည်။

၂၀၁၆ မတ်လ ၁ ရက်နေ့ညနေပိုင်းတွင် တင်ရဲဝင်းကုမ္ပဏီမှ အရောင်းဝန်ထမ်းဖြစ်သူ ကိုထက်အောင်နှင့်အဖွဲ့မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက်တည်းခိုစဉ် ၄င်းတို့ကုမ္ပဏီပိုင် ငွေကျပ် (၁၁၃) သိန်းကျော် ပျောက်ဆုံးမှုဖြစ်ပွားသဖြင့် မသင်္ကာသူ ချမ်းမြေ့တည်းခိုခန်းမန်နေဂျာဖြစ်သူ ကိုကျော်သက်အောင်အား ဖမ်းဆီးကာ သထုံခရိုင်မှု/ကူဌာနမှ တပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့စဉ်ပါဝင်သူ (၇) ဦးအား ဥပဒေအရအရေးယူပေးပါရန် ဒုရဲမှူးထွန်းသိန်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့် သထုံမြို့မရဲစခန်းမှ ပြစ်မှုကြီးအမှတ် (၃/၂၀၁၆)၊ (ပ) ၁၅၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၀၂/၁၁၄) ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခေါက်ချိုး

ပုံ-သေဆုံးသူ ကိုကျော်သက်အောင် (စွပ်ကျယ် အပြာဝတ်) အား စစ်ဆေးမေးမြန်းစဉ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် သူရဦးအောင်ကို ကိုတွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ခွင့်ရတဲ့အခါ ကျရာ တာဝန်ထမ်းဆောင်ပေးဖို့အတွက် ဒေါ်အောင်ဆန်းစု ကြည်က ပြီးခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက လွှတ်တော်ထဲမှာ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ အစိုးရသစ် ဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့အပြင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်ရက်ပိုင်းက ညှိုနှိုင်းခဲ့တာဖြစ်တယ် လို့လည်း သူရဦးအောင်ကိုက ပြောပါတယ်။

"ဒီတာဝန်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကာလတည်းက လွတ်တော်ထဲမှာ အမကြီးဒေါ်အောင်ဆန်းစုကြည်က မကြာခဏပြောပါတယ်၊ အနာဂတ်မှာ သူတို့ပါတီအောင်မြင်ပြီးအနိုင်ရခွင့်ရတဲ့အခါမှာ လိုအပ်တဲ့နေရာကဏ္ဍကနေ ဦးအောင်ကို ပူးပေါင်းဆောင်ရွက်ပေးပါ၊ ဦးအောင်ကို ရဲ့အတွေ့အကြုံတွေက တိုင်းပြည်တွက်လိုအပ်ပါတယ်လို့ ကြိမ်ဖန်များစွာပြောခဲ့တာရှိပါတယ်၊ အခုပေါ့လေ၊ ကြိုတင်ပြီး ညှိုနှိုင်းခဲ့သလိုပဲ၊ ကျရာ အခန်းကဏ္ဍကနေ အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာရပ်ခံချက်ကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်၊ အမကြီးဒေါ်အောင်ဆန်းစုကြည် ရဲ့တာဝန်ပေးချက်အရ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖြစ်ပါတယ်"

သူရဦးအောင်ကိုဟာ စစ်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနကို ဒုတိယဝန်ကြီး အဖြစ် ၁၁ နှစ်ကျော် ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်မြေကနေ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်အရွေးချယ်ခံ ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားအတွက် အခြားပါတီတွေနဲ့လည်း လက်တွဲဆောင်ရွက်သွား မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်း ပုံစည်းမျဉ်းအရလည်း ဒီတာဝန်ကို လက်ခံ တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ရဲ့ အစိုးရဝန်ကြီးခန့်အပ်ဖို့ လျာထားတဲ့စာရင်းထဲမှာ သူရဦးအောင်ကိုအပြင် အမ်းမြို့နယ် မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေလည်း ပါဝင်ပါတယ်။

သူရဦးအောင်ကိုဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာ သာမန်ပါတီဝင်တစ်ဦး သာဖြစ်ပြီး ပါတီရဲ့သီးသန့် တာဝန်ထမ်းဆောင်နေတာ မရှိဘူး လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက် ကဖြစ်ပွားခဲ့သည့် မန္တလေးမင်္ဂလာဈေး မီးလောင်ကျွမ်းမှုတွင် ငွေကျပ် ၁၀၅၄၆.၆၀ သိန်းခန့် ဆုံးရှုံးခဲ့ရ သည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကယနေ့ထုတ်ပြန်ခဲ့သည်။

ယမန်နေ့က မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးတွင် ရုံးခန်း (၇) ခန်း၊ အရောင်းပြခန်း (၆) ခန်း၊ အတည်ဆိုင်ခန်း (၄၈၁) ခန်း၊ လူနေတိုက်ခန်း (၅၆) ခန်း၊ စုစုပေါင်း အခန်း (၅၅၀) ရှိသည့် အနက် အရောင်းပြခန်း (၄) ခန်း၊ အတည်ဆိုင်ခန်း (၂၉၈)ခန်း၊ လူနေတိုက်ခန်း (၁၉) ခန်း စုစုပေါင်း (၃၂၁) ခန်း နှင့် အလင်းပေါက် ပျံကျဆိုင် (၄၃) ဆိုင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေနှင့် (က)အဆောက်အဦဆုံးရှုံးမှုခန့်မှန်းတန်ဘိုး (၁)မြေညီထပ် ၂၉.၈၀ သိန်း (၂)ပထမထပ် ၅၃၃၄.၀၀ သိန်း (၃)ဒုတိယထပ် ၂၇.၇၅ သိန်း (၄)တတိယထပ် ၁၄၈.၀၀ သိန်း (၅)လျှပ်စစ်တန်ဘိုး ၇.၈၅ သိန်း ပေါင်း ၅၅၄၇.၆၀ သိန်း (ခ) ပစ္စည်းဆုံးရှုံးမှုခန့်မှန်းတန်ဘိုး ၅၀၀၀.၀၀ သိန်း စုစုပေါင်း ဆုံးရှုံးမှုတန်ဘိုး ၁၀၅၄၆.၆၀ သိန်း ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့ ညနေ ၆ နာရီသတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးနှင့်စပ်လျဉ်း၍ မြို့ခံများအကြား ဝေဖန်မှုပေါင်းစုံလည်းရှိနေသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်။ Photo: RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှာ ဘိန်းစိုက်ပျိုးတဲ့ ရွာသားတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တပ်ရင်း ၃ က မနေ့က လာရောက် ဖမ်းဆီးရာမှာ နယ်မြေခံ နယ်ခြားစောင့်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့က ရွာသား ၂၇ ယောက်ကို ဖမ်းဆီးသွားပြီးနောက် မနေ့က ဒုတိယအကြိမ် လာရောက်ဖမ်းဆီးရာမှာ ကန်ပိုက်တီး နဲ့ ဆဒုံးမြို့နယ် အစပ်က ထန်းမိုခမ်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

"KIA ဆဒုံးရွာနဲ့ ထန်းမိုခမ်းရွာကိုလာပြီးမှ ဘိန်းခင်းမှာရှိတဲ့လူထုတွေကို ဘိန်းစိုက်ပျိုးတယ်ဆိုပြီးမှ ဖမ်းခေါ်သွားတယ်၊ ၂ ၇ ယောက်၊ နောက်ပြီးမှ ပြန်လာပြီးမှ ကန်ပိုက်တီးမြို့နယ်နဲ့ ဆဒုံးမြို့နယ်အစပ် ထန်းမိုခမ်းနေရာမှာဖြစ်တာ၊ တိုက်ပွဲကမနေ့ကဖြစ်တယ်၊ လူတွေဖမ်းတာက ၂၁ ရက်နေ့က"

တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့ က အတည်ပြုပါတယ်။

မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ကေအိုင်အေ အဖွဲ့တွေ ဘိန်းခင်းဖျက်ဖို့သွားချိန်မှာ နယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနဲ့ အသေးစိတ်ကိုတော့ သူလည်း မသိရှိရသေးဘူးလို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ရွာသား ၂၇ ယောက်ဟာ ထန်းမိုခမ်းနဲ့ ကဇုန်ရွာသားတွေဖြစ်ပြီး လီဆူ၊ လာချိတ်၊ လော်ဝေါ်စတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေနဲ့ တရုတ်လူမျိုး တချို့ပါဝင်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ နယ်ခြားစောင့်တပ်တွေ၊ ကေအိုင်အေနဲ့ ကချင် အထူးဒေသ ၁ တပ်တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မန္တလေးမင်္ဂလာဈေးမီးဘေးသင့်ပြည်သူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့သယ်ယူစရာရှိတာတွေကို ဒီနေ့မနက်ပိုင်းကစပြီးသယ်ယူခွင့်ပေးနေပြီဖြစ်ပါတယ်။



မီးလောင်မှုကြောင့် ဈေးအတွင်း ရုံးခန်း ၇ ခန်း၊ အရောင်းပြခန်း ၆ ခန်း၊ အထည်ဆိုင်ခန်း ၄၈၁ ခန်း၊ လူနေတိုက်ခန်း ၅၆ ခန်း၊ စုစုပေါင်း ၅၅၀ ခန်း ရှိရာမှာ ရုံးခန်း ၁ ခန်း၊ အရောင်းပြခန်း ၅ ခန်း၊ အထည်ဆိုင်ခန်း ၂၆၃ ခန်း၊ လူနေတိုက်ခန်း ၂၈ ခန်း စုစုပေါင်း ၂၉၇ ခန်း မီးလောင်းဆုံးရှုံးခဲ့ရတယ်လို့ မြို့တော်စည်ပင်တာဝန်ရှိသူကပြောပါတယ်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/