03/30/16
 women-violence-press-620.jpg အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အကာအကွယ်ပေးနိုင်ဖို့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ် Orchid Hotelမှာ ကျင်းပနေစဉ်
အစိုးရအနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို အကာအကွယ်ပေးနိုင်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲ ထားပေမယ့် လက်တွေ့အကောင်ထည်ဖော်မှု မရှိကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotelမှာ ကျင်းပတဲ့ "မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီးကာကွယ်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ၀န်ဆောင်မှုများနဲ့ အမျိုးသမီးများ ရယူနိုင်မှု" အစီရင်ခံစာထုတ်ပြန်ပွဲ နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာ့ရှေ့ဆောင်အဖွဲ့က ဒေါ်လွေးအေးနန်း က ပြောပါတယ်။
"အမျိုးသမီးတွေရဲ့ဘဝအဆင့်အတန်း တိုးတက်မြင့်မားဖို့အတွက် စီမံကိန်းဆိုပြီးတော့ ၁ဝ နှစ်တာစီမံကိန်း ၂၀၁၃ ကနေ ၂၀၂၂ ထိ မဟာဗျူဟာစီမံကိန်းရေးဆွဲ ထားတာရှိတယ်၊ ၂ဝ၁၃ ကနေစတော့ ခုချိန်ကြည့်မယ် ဆိုရင် ၃ နှစ်တောင် ရှိသွားပြီပေါ့နော်၊ ဒါပေမယ့် အဲ့စီမံကိန်းက စာအုပ်ထဲမှာကြည့်လို့ရှိရင် မြန်မာပြည်မှာ အမျိုးသမီးဖြစ်ရတာ အင်မတန်ဂုဏ်ယူတယ်၊ လူဖြစ်ရကျိုးနပ်တယ်ပေါ့နော်၊ ဒီတိုင်းသာအကောင် အထည်ဖော်မယ်ဆိုရင်ပေါ့၊ ဒါပေမယ့်ခုချိန်ထိ အကောင်အထည်ဖော်ခွင့်မရှိဘူး၊ စာအုပ်ထဲမှာပဲရှိတယ်"
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်းတွေကို အစိုးရက ရေးဆွဲနေ ဆဲဖြစ်ပြီး ပြည်နယ်တွေမှာရှိတဲ့ အမျိုးသမီးတွေက အဲဒီဥပဒေတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
အဲ့ဒီအစီရင်ခံစာကို ကချင်၊ ကယား ၊ ကရင်နဲ့ ချင်း ပြည်နယ်တွေ အပါအ၀င် ပြည်နယ်နဲ့ တိုင်း ၁၂ ခုမှာ အမျိုးသမီး အဖွဲ့အစည်း ၁၅ ခုက စစ်တမ်းကောက်ယူထား တာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ပညာ့ရှေ့ဆောင်အဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ မတူပီမြို့နယ် အမျိုးသမီး အဖွဲ့အစည်း၊ ကယားပြည်နယ် အမျိုးသမီးအစည်းအရုံး စတဲ့ အမျိုးသမီးအဖွဲ့ ၅ဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုအပေါ် ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးရရှိဖို့၊ အကြမ်းဖက်မှု ကာကွယ် တားဆီးရေး သင်တန်းပေးဖို့၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် စိတ်ချလုံခြုံတဲ့ ဂေဟာတွေ ရရှိဖို့အတွက် အစိုးရသစ် ထံ တောင်းဆိုကြပါတယ်။
RFA
 ကိုယ်ကျင့်တရားကို ထိခိုက်ပြီးတော့ ဟီရိဩတ္တပ္ပ တရား ကင်းမဲ့တဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင်လည်း အရေးယူလို့ ရ
အစိုးရသစ် လက်ထက်မှာ ကျင်းပတော့မယ့် မန္တလေး သင်္ကြန်မှာ ယဉ်ကျေးမှု နဲ့ မလျော်ညီ တဲ့ ဝတ်စား ဆင်ယင်မှုတွေကို အရေးယူမယ်လို့ ပြောပါတယ်။
မဏ္ဍပ် ၄၀ ကျော်မှာ ရဲလုံခြုံရေး ပြီးတော့ အုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ပူးပေါင်း ပြီး လုံခြုံရေး ဆောင်ရွက်သွားမယ်လို့ မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး စိန်ထွန်း က ပြောပါတယ်။
တရားမဝင် အရက် ရောင်း ဆိုင်တွေ နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုတွေ ကိုလည်း အရေးယူမယ်လို့ ဆိုပါတယ်။
ယဉ်ကျေးမှု နဲ့ မညီတဲ့ ဝတ်စားဆင်ယင် သူတွေကို မဖွယ်မရာ ကိုယ်အမူအရာ ကို ပြတဲ့ အတွက် ရဲဥပဒေ ပုဒ်မ ၃၄(၇) အရ အရေးယူလို့ ရတယ်လို့ ပြောပါတယ်။
ကိုယ်ကျင့်တရားကို ထိခိုက်ပြီးတော့ ဟီရိဩတ္တပ္ပ တရား ကင်းမဲ့တဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင်လည်း အရေးယူလို့ ရတယ်လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးတွေနဲ့ ပတ်သက်ပြီး ရောင်းချတာတွေ ရှိခဲ့ရင် အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။
ဘာသာ သာသနာ ထိခိုက်အောင် လုပ်ဆောင်တဲ့ အပြုအမူတွေကိုလည်း ပုဒ်မ ၁၈၈ အရ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ငွေများ ချမှတ် နိုင်တယ်လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
Apple ကုမ္ပဏီ တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)
    ဆန်ဖရန်စစ္စကို၊ မတ် ၂၉ ရက် (ဆင်ဟွာ)
    အကြမ်းဖက်သမား၏ အိုင်ဖုန်း (iPhone) အား လော့ခ်ဖြည် (unlock) ရာတွင် အက်ပဲ (Apple) ကုမ္ပဏီ၏ အကူအညီ မလိုဘဲ အမေရိကန် တရားရေးဋ္ဌာနက မတ်လ ၂၈ ရက်က အောင်မြင်စွာ ကျော်လွှားနိုင်မည့် နည်းလမ်းအား ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန် တရားရေးဋ္ဌာနနှင့် Silicon Valley နည်းပညာ ကုမ္ပဏီတို့သည် တရားရုံးတွင် အမှုကြားနာမည့်နေ့ မတိုင်မီ တစ်ရက်အလို၌ အကြမ်းဖက်သမား အသုံးပြုခဲ့သည့် iPhone 5c အား လော့ခ်ဖြည်နိုင်မည့် နည်းလမ်းသစ်အား တွေ့ရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ယင်း iPhone 5c အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ကယ်လီဖိုးနီးယားရှိ ဆန် ဘာနာဒီနို၌ လူ ၁၄ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုအား ဇနီးသည် Tashfeen Malik နှင့်အတူကျူးလွန်ခဲ့သော Syed Farook အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က အသေ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
iPhone ၏ လုံခြုံရေး စနစ်အရ လော့ခ်ဖြည်သည့်အခါ ၁၀ ကြိမ် မအောင်မြင်ခဲ့ပါက ဖုန်းအတွင်းရှိ အချက်အ လက်များအားလုံး ပျက်ဆီးသွားနိုင်သည့် လုံခြုံရေး Feature ထည့်သွင်းရေးဆွဲထားသည်။ ထို့ကြောင့် ယင်း လုံခြုံရေးစနစ်အား ကျော်လွှားရန် အထူးဆော့ဖ်ဝဲ တီထွင်ပေးပြီး အက်ဖ်ဘီအိုင်အား ကူညီရန် အက်ပဲကုမ္ပဏီ အား တရားသူကြီး Sheri Pym က ဖေဖော်ဝါရီလ ၁၆ ရက်တွင် အမိန့်ချခဲ့သည်။
အစောပိုင်း တီဗီ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် သုံးစွဲသူများ၏ အတွင်းရေးအား ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အက်ပဲ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ငြင်းဆိုထားပြီး ယင်းအမှုအား ရှိသမျှ နည်းလမ်းများဖြင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို အိုင်ဖုန်းမှာ အက်ဖ်ဘီအိုင် စုံထောက်များ လက်ထဲတွင် ရှိနေပြီး အိုင်လော့ခ်ဖြည်သည့် လုပ်ငန်းစဉ်မှာ လုပ်ဆောင်နေ ဆဲဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
[youtube src="oc5MlZYyBS4"/]
မကွေး၊ မတ် ၂၉ ။ ။ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်အစြ် ရွေးချယ်တင်မြှောက်ခံထားရသူ ပွင့်ဖြူ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုက တိုင်းအတွင်း အသိမ်းဆည်း ခံလယ်ယာမြေအရေးကိစ္စများကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းက မတ် ၂၉ရက် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ သတ္တမနေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုပြီးနောက် မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားစဉ် ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ရွေးကောက်ပွဲကလည်း ချောချောမွေ့မွေ့ပြီးသွားတယ်။ တတိုင်းပြည်လုံးမှာ ပြတ်ပြတ်သားသားနိုင်တာ ဘယ်အဖွဲ့ဆိုတာ ပြည် တွင်းပြည်ပ အားလုံးက လက်ခံတယ်။ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကလည်း အသိအမှတ်ပြုတယ်။ တပ်မတော်ကလည်း လက်ခံတယ်။ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရာမှာ ပထမဦးစားပေးအနေနဲ့ အသိမ်းဆည်းခံလယ်ယာမြေ အရေးကိစ္စတွေကို ဆောင်ရွက်သွားမယ်။" ဟု မကွေးတိုင်းဝန်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုက ပြောသည်။
ယနေ့ မကွေးတိုင်းလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပွင့်ဖြူမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာအောင်မိုးညိုအား ကန့်ကွက်သူမရှိ သဘောတူအတည်ပြုခဲ့ပြီး ၎င်း၏အမည်စာရင်းနှင့် စပ်လျဉ်း၍ (၂၀၁၃)ခုနှစ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာ နည်းဥပဒေ(၅၃)အရ တိုင်းလွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူထံ ပေးပို့သွားမည်ဖြစ်သည်။
ထို့ပြင် ဒုတိယအကြိမ်၊ မကွေးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။(MIZZIMA)
RFA Burmese
https://www.facebook.com/RFA-Burmese
သမ္မတသစ် ဦးထင်ကျော်သည် ကိုယ်ပိုင်ရပ်တည်ချက်၇ှိသည့် ပညာတတ် တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကို အပြည့်အ၀ရရှိသူဟု သတ်မှတ် ခံရသည်။ စကားပြောညင်သာသည်ဟု သိသူတိုင်းက ညွှန်းဆိုရသည့် ဦးထင်ကျော်၏ ဘ၀မှာ မြန်မာဒီမိုကရေစီရေး ရုန်းကန်မှုများနှင့် တိုက်ရိုက် ဆက်စပ်လျက် ရှိသည်။
မြန်မာ့အရေး ၀ါရင့်လေ့လာသူတစ်ဦး ဖြစ်သည့် ဘာတေးလ်လင့်တနာက “သူ (ဦးထင်ကျော်) က သာမန်လူတစ်ဦး မဟုတ်ပါဘူး။ နိုင်ငံရေး မိသားစုက လာသူပါ” ဟု ပြောကြားခဲ့သည်။
သို့သော် ဦးထင်ကျော်မှာ ယင်းဦးဆောင်ရမည့် အစိုးရအဖွဲ့အပေါ် မည်မျှ လွှမ်းမိုးနိုင်မည်နည်းဆိုသည့် မေးခွန်းများ ရှိနေသည်။ စစ်တပ်က အရေးပါသည့် အာဏာအချို့ ချုပ်ကိုင်ထားဆဲ ဖြစ်သည့် ရှုပ်ထွေးသည့် နိုင်ငံရေးစနစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုနှင့် သမ္မတဦးထင်ကျော်မှာ အတတ်နိုင်ဆုံး ကျော်လွှားလုပ်ဆောင်ရပေမည်။
ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၅ ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ဦးထင်ကျော်က မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲတွင်းမှ ရုန်းထွက်ရာတွင် ကြုံတွေ့ရနိုင်သည့် အတားအဆီးများအကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်နေတာတွေ့မှာပါ။ ဒါက ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်တော်တို့ လုပ်နေတာက နိုင်ငံအတွက် လိုအပ်နေတာတွေရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ ရှိပါသေးတယ်” ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်။
ဦးထင်ကျော်အား ဒုတိယသမ္မတလောင်းအဖြစ် မတ် ၁၀ တွင် NLD က အမည်စာရင်း တင်သွင်းခဲ့ချိန်တွင် ယင်း၏ အကြောင်းကို ပိုမိုအသေးစိတ် သိရှိနိုင်ရန် လေ့လာသူပညာရှင်များနှင့် မီဒီယာများက အပြိုင်အဆိုင် ကြိုးစားခဲ့ကြသည်။ အစဉ်အမြဲ တည်ရှိနေခဲ့သော်လည်း သတိမပြုမိခဲ့သည့် အခြေအနေမျိုးအတွက် ဦးထင်ကျော်မှာ နမူနာတစ်ခုဖြစ်သည်။ အမှန်တကယ်အားဖြင့် ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းစည်းတွင် ဆယ်စုနှစ်နှင့်ချီ၍ ပါဝင်ခဲ့သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရစဉ် ကာလအတွင်း မိသားစုမိတ်ဆွေအဖြစ် သာရေးနာရေးကိစ္စများအတွက် လာရောက်တွေ့ဆုံခွင့်ရှိသူ အနည်းငယ်တွင် ဦးထင်ကျော်လည်း ပါဝင်သည်။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာတွင် ရန်ကုန်မြို့မှ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးမြို့သို့ ရထားဖြင့် သွားရောက်ရန် ရန်ကုန်ဘူတာကြီးသို့ လာရောက်စဉ် ဦးထင်ကျော်လည်း အတူ ပါဝင်ခဲ့သည်။ ထိုဖြစ်ရပ်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ဦးထင်ကျော်အပါအ၀င် NLD ပါတီဝင်နှင့် ထောက်ခံသူ ဒါဇင်နှင့်ချီ၍ ဖမ်းဆီး ထိန်းသိမ်းခံရပြီး ဦးထင်ကျော်မှာ အင်းစိန်ထောင်တွင် လေးလကြာ နေခဲ့ရသည်။
ဦးထင်ကျော်သည် အင်းစိန်ထောင်တွင် ကျခံနေရစဉ် ထောင်ဝင်စာလာတွေ့သူများထံမှ ရရှိသည့် အစားအသောက်များကို အခြားအကျဉ်းသားများအား ဝေမျှပေး ခဲ့သည်ဟု ထိုစဉ်က အတူကျခံခဲ့ရသူနှစ်ဦးက ဘီဘီစီသတင်းဌာနနှင့် ယခုလအတွင်း ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ယင်းတို့ထဲမှ တစ်ဦးဖြစ်သူ ဦးသိန်းဆွေက ဦးထင်ကျော်သည် ဆင်းရဲချမ်းသာမရွေး လူအများအပေါ် ညီတူညီမျှ ကောင်းမွန်စွာ ဆက်ဆံတတ်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။
အရပ်မြင့်မြင့်နှင့် စကားပြောညင်သာကာ သိုသိုသိပ်သိပ် နေထိုင်လေ့ရှိသည့် ဦးထင်ကျော်သည် ၁၉၆၂ နောက်ပိုင်း ပထမဆုံး အရပ်သားစစ်စစ်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ဝေဖန်မှုပြင်းထန်လေ့ရှိသည့် မြန်မာ့နိုင်ငံရေး နယ်ပယ်တွင် ဦးထင်ကျော်အား သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ဝေဖန်မှု တစ်စုံတရာ မပေါ်ပေါက်သေးပေ။
ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ဇော်က “သူ့ရဲ့ တိုက်ပုံအကျီဖြူ လိုပဲ ဦးထင်ကျော်က သန့်ရှင်းတဲ့ လူတစ်ဦးဖြစ်ပြီး ခြစားမှု နာမည်ပျက်မရှိပါဘူး” ဟု စင်ကာပူ စထရိတ်တိုင်းမ်းသတင်းစာသို့ ပြောကြားခဲ့သည်။
ဦးထင်ကျော်အား အမည်စာရင်း တင်သွင်းပြီး မိနစ်ပိုင်းအတွင်းမှာပင် ၄င်းကို သိသူများက ၀မ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ကြသည်။ စာရေးဆရာ ၊ သမိုင်းပညာရှင် ဒေါက်တာ သန်းမြင့်ဦးက “ဦးထင်ကျော်ဟာ အကောင်းဆုံးရွေးချယ်မှုပါ။ အစွန်းအထင်း မရှိတဲ့ ဂုဏ်သိက္ခာနဲ့ လေးစားမှုခံရတဲ့ လူကောင်းတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။
အမည်မဖော်လိုသူ NLD ကိုယ်စားလှယ်တစ်ဦးကလည်း ဦးထင်ကျော်သည် “ဗဟုသုတကြွယ်ဝသူ၊ အတွေ့အကြုံ များသူ၊စဉ်းစား တွေးခေါ်နိုင်သူ” ဖြစ်သည်ဟု စထရိတ်တိုင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းက “ဒီနှစ်အတွင်းမှာ ကျွန်တော် သူနဲ့ နိုင်ငံရဲ့ ပြသ၁နာရပ်အမျိုးမျိုး အကြောင်း ဆွေးနွေးခဲ့ဖူးပြီး အဓိကအားဖြင့် စီးပွားရေးနဲ့ သမိုင်းဆိုင်ရာတွေပါ။ ဆွေးနွေးပြီးတဲ့ အကြိမ်တိုင်းမှာ သူ့ကို အထင်ကြီး မိပါတယ်။ သမ္မတရာထူးအတွက် သူ့ကို နာမည်စာရင်း တင်သွင်းတာကို ကြားတဲ့အခါ နိုင်ငံအတွက် မျှော်လင့်ချက်တွေ အများကြီး ဖြစ်မိပါတယ်” ဟု စထရိတ်တိုင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။
KHTun
Ref - Straits Times
The Ladies News Journal
anp-candidates-620.jpg
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးနေရာ လက်ခံသူရှိခဲ့ရင် ပါတီကနေ ထုတ်ပယ်ခံရမှာဖြစ်သလို ငွေဒဏ် ကျပ်သိန်း ၅၀၀ ပေးဆောင်ရမယ်လို့ ပါတီတွင်း စည်းကမ်းသတ် မှတ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပါတီရဲ့ဆုံးဖြတ်ချက်တွေ မူဝါဒတွေကို မလိုက်နာဘဲ ဖောက်ဖျက်တဲ့ ကိုယ်စားလှယ်တွေကို စည်းကမ်းထိန်း သိမ်းရေး ကော်မတီက ချမှတ်ထားတဲ့အတိုင်း အရေးယူသွားမှာဖြစ်တယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"ကျနော်တို့ CEC ကနေ ကျနော်တို့ပါတီရဲ့မူဝါဒသဘောထားတွေကို ထုတ်ပြန် ထားတဲ့အခါ ပါတီဝင်တိုင်း ကလေးစားလိုက်နာရမှာပါ၊ တစ်ကယ်လို့ ကျနော်တို့ ချမှတ်ထားတဲ့စည်းမျည်း၊ စည်းကမ်းတွေကို ပါတီဝင် တစ်ယောက်သည် ဆန့်ကျင်ဖောက်ဖျက်လာရင်တော့ ပါတီမှာချမှတ်ထားတဲ့စည်းမျည်း၊ စည်းကမ်း တွေအရ ကျနော်တို့အရေးယူဆောင်ရွက်သွားမှာပါ၊ အသေးစိတ်ကိုတော့ ကျနော်တို့အနေနဲ့ထုတ်ပြန်ခွင့်မရှိဘူး၊ စည်းမျည်း၊ စည်းကမ်းတိုင်းအရေးယူဆောင်ရွက် သွားမယ်ဆိုတာတော့ ပြောပြနိုင်ပါတယ်"
မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခဲ့ တာကြောင့် အစိုးရအဖွဲ့မှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြဖို့ စည်းကမ်းထုတ်ထားတာပါ။
ဒါ့အပြင် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ANP ပါတီ ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ပါဝင်မှာဖြစ်တယ် လို့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ပြောထားပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးနဲ့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
[youtube src="J_vYtCqIjqY"/]
လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ် (ပထမပိုင်း)
[youtube src="yLmTAtjFWjE"/]
လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ် (ဒုတိယပိုင်း)
ဒီကနေ့မှာတော့ ဘီဘီစီ မြန်မာပိုင်းကနေ လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် ဆိုတဲ့ အစီအစဉ်ကို ရန်ကုန်မြို့မှာ လုပ်ခဲ့ပါတယ်။
"တို့ကမ္ဘာတို့နေရာ"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြပြီး ပင်တိုင်ဆွေးနွေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုဇာဂနာ၊ စီးတီးမတ် အမှုဆောင် ဒေါ်ဝင်းဝင်းတင့်၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ယက်က ဒေါ်ခင်နှင်းကြည်သာနဲ့ ပေါ့အဆိုတော် ကိုရွှေထူးတို့ ဖြစ်ပါတယ်။
လူငယ်တွေလည်းတက်ရောက်ကြီး လူငယ်အရေးကို အဓိကထားဆွေးနွေးသွားကြပါတယ်။
Kamayut Media
 ပြန်ပေးသမားကို ဖမ်းမိကြောင်း ဆိုက်ပရပ် နိုင်ငံခြားရေး ဌာနအတည်ပြု
အီဂျစ် လေကြောင်းပိုင် လေယာဉ်တစ်စီး ပြန်ပေးဆွဲ ခံခဲ့ရမှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေ အားလုံး ဘေးမသီရန်မခဘဲ ပြန်လွတ် လာပြီ ဖြစ်ပါတယ်။
ဆိုက်ပရပ်က Larnaca လေဆိပ်မှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် ပြန်ပေးသမား ကိုလည်း ဖမ်းဆီးခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြန်ပေးဆွဲမှု ဖြစ်ရတဲ့ နောက်ခံ အကြောင်းကတော့ မရှင်းသေးပါဘူး။ ပြန်ပေးသမားက ဆိုက်ပရပ်မှာ ကွဲနေတဲ့ သူ့ဇနီးကို တွေ့ချင်လို့ ဆိုပြီး ရေးတဲ့ သတင်းဌာနတွေ ရှိသလို အီဂျစ်က အမျိုးသမီး အကျဉ်းစံတွေ လွတ်အောင် ကြံစည်တာ လို့လည်း ပြောနေကြ ပါတယ်။
အခုတော့ အခြေအနေ အေးဆေး ဖြစ်သွားလို့ အီဂျစ် နိုင်ငံသားလို့ သိရတဲ့ ပြန်ပေးဆွဲသူက လက်မြှောက်ပြီး လေယာဉ် လှေကား ပေါ်က ဆင်းလာတာကို ရုပ်မြင်သံကြား ပေါ်မှာ တွေ့ရပါတယ်။
အလက်ဇန္ဒြီးယား မြို့ကနေ ကိုင်ရိုကို ခရီးသည် ၅၆ ယောက် တင်ဆောင် ပျံသန်းလာတဲ့ A320 Airbus လေယာဉ်ပေါ်မှာ အမှုထမ်း ၆ ယောက်နဲ့ လုံခြုံရေး အရာရှိ တစ်ယောက် ပါလာတယ်လို့ အီဂျစ် လေကြောင်းက ပြောပါတယ်။
လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၂၆ ယောက် လိုက်ပါလာပြီး အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ဆီးရီးယား စတဲ့ နိုင်ငံသားတွေ ပါဝင်တယ် လို့လည်း အီဂျစ် မြို့ပြ လေကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန် ပါတယ်။
Larnaca လေဆိပ်ဟာ ဆိုက်ပရပ်ကျွန်း တောင်ပိုင်း ကမ်းခြေမှာ ရှိပြီး အခု လေယာဉ် အဝင်အထွက်တွေ ရပ်ဆိုင်း ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
(ဓာတ်ပုံ-ဒေါင်းလူ)
မကွေး၊ မတ် ၂၉ ။ ။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရထားသူ ပွင်ဖြူမြို့ မဲဆန္ဒနယ်မြေ အမှတ်(၂)မှ ဒေါက်တာအောင်မိုးညိုက ၎င်းပိုင်ဆိုင်မှုအား တိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၂၉ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည့် ဒေါက်တာအောင်မိုးညိုက "ကြွားတယ်လို့ မထင်ပါနဲ့။ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်း၊ မပြောင်းရွေ့နိုင်တဲ့ပစ္စည်း၊ အဖိုးတန် လက်ဝတ်ရတနာစသည့်ဖြင့် ဘာတစ်ခုမှ ကျွန်တော်မပိုင်ဆိုင်ပါဘူး၊ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း ကိုယ်ပိုင်ဘဏ်စာရင်း ဖွင့်ထားခြင်းများ၊ အဆောက်အဦး ခြံမြေ ဝယ်ထားခြင်းများ ဘာတစ်ခုမှ မရှိပါဘူး၊ သို့သော် မြန်မာ့စီးပွားရေးဘဏ် ပွင့်ဖြူမှာ အောင်မိုးညို နာမည်နဲ့ ဘဏ်စာအုပ် အမှတ်စဉ် ၃၁၇မှာရှိတဲ့ သိန်း၄၀ခန့်ဟာ ရေဘေးဒုက္ခသည်များအတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ သူငယ်ချင်းများက လှူဒါန်းထောက်ပံတဲ့ ငွေများ ဖြစ်ပါတယ်၊ ဘဏ်စာရင်းအနေနဲ့ စာအုပ်ထဲမှာ လောလောဆယ် ကျပ်
တစ်သောင်းပဲ ကျန်ပါတယ်" ဟု ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ် ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး မတ်လ ၂၉ရက်တွင် မကွေးတိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံချက်ဖြင့် ဝန်ကြီးချုပ် ဖြစ်လာခြင်း ဖြစ်သည်။
Mizzima - News in Burmese
ဝန်းသို၊ မတ် ၂၉ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တတ်ကုန်းကျေးရွာအုပ်စုမှ ကိုယ့်အားကိုယ်ကိုစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ထားသော လိုင်းကြိုးများမှတဆင့် ကောလင်းမြို့နယ်၊ ပုဇင်းသာကျေးရွာက ဝန်သိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြင့် ပူးပေါင်း၍ ကုန်ကျစရိတ်ထည့်ဝင်ခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေခြင်းကို ကျေနပ်မှုမရှိသောကြောင့် ဒေသခံ ၂၀၀ ကျော်က မတ်လ ၂၉ ရက်၊မွန်းလွဲ ၁ နာရီက ဝန်းသိုမြို့ပတ်ကာ ဆန္ဒပြကြသည်။
ဆန္ဒပြကြသူများသည် ကိုယ့်အားကိုယ်ကိုး မီးရရှိအောင်ရွက်ခဲ့ကြသည့် တပ်ကုန်းကျေးရွာအုပ်စုမှ တပ်ကုန်းကျေးရွာ၊ဝက်တူးကျေးရွာ၊ လေးရွာကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့ဖြစ်ပြီး ကျပ်၆၉၂သိန်း အကုန်အကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ကုန်းကျေးရွာအုပ်စု မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖေက ဆိုသည်။
အဆိုပါကျေးရွာများသည် မီးရရှိအောင် ၂၀၀၈ခုနှစ်မှစတင်ကြိုးစားခဲ့ရာ ၂၀၁၂ခုနှစ်တွင် မီရရှိခဲ့ခြင်းဖြစ်သည်ဟု တပ်ကုန်းကျေးရွာအုပ်စု မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဖေက ဆက်လက်ဆိုသည်။
ထိုသို့တပ်ကုန်းကျေးရွာအုပ်စုမှ တည်ဆောက်ထားသော 33KV ဓာတ်အားလိုင်းကို ကောလင်းမြို့နယ်၊ ပုဇင်းတာကျေးရွာက ခွင့်ပြုချက်မယူ၊ ညှိနှိုင်းချက်များမရှိဘဲ ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြင့် ပူးပေါင်းကာ မီလင်းအောင်ဆောင်ရွက်ခြင်းကို ဒေသခံများက မကျေနပ်ခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးအောင်ဖေ ကဆိုသည်။
ကောလင်းမြို့နယ်၊ ပုဇင်းသာကျေးရွာမှ မီးရရှိအောင် ဆောင်ရွက်နေသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လကပင်စတင်၍ ရပ်မိရပ်ဖများနှင့် မီးလင်းရေးကော်မတီမှ တားဆီးပေးရန် ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာများထံသို့ အကြောင်းကြားစာများပေးပို့ကာ လူကိုယ်တိုင်သွားရောက်ပြောဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်သော်လည်း ညှိနှိုင်းဖြေရှင်းမပေးသဖြင့် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြရာတွင် ဦးဆောင်သည့် ဦးမြင့်မောင်က "အခုဟာက ဗိုလ်ကျတဲ့ပုံစံ တစ်ပြားမှမထည့်ဘဲ အလွယ်တကူလုပ်တာကို မကျေနပ်ဘူး။ ကျွန်တော်တို့ ဒီမီးရအောင်လုပ်ခဲ့တာ အစိုးရက အပ်တိုတစ်ချောင်းတောင်မပေးဘူး။ ကျွန်တော်တို့ သိန်း ၆၀၀ ကျော် အကုန်ခံပြီးလုပ်ထားတာပါ။ တစ်ပြားမှမပေးရင် အခုသွယ်ထားတဲ့မီးလိုင်းဖြုတ်ပေးပါ။ မတရားတဲ့နည်းနဲ့ မီးရအောင်ဆောင်ရွက်ပေးတဲ့ ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာကို အရေးယူပေးပါ။ ဒါကို ဒီနေ့တောင်းဆို ဆန္ဒပြကြတာပါ။"ဟုပြောသည်။
ဆန္ဒပြရာတွင်ပါဝင်သည့် လေးရွာကျေးရွာမှဒေါ်မြအေးက "ကျွန်မတို့က ရွာမီးလင်းဖို့မရှိမဲ့ရှိမဲ့နဲ့ငွေထည့်ပြီးလုပ်ခဲ့ရတာ။ ဒါကိုကြားကနေ ငွေမထည့်ဘဲ အလွယ်တကူ ဖြတ်ဆွဲပေးတာကို မကျေနပ်လို့ပါ။ လုပ်ပေးတဲ့သူကို လုံးဝမကျေနပ်ပါဘူး။တာဝန်ရှိတဲ့သူတွေကို အရေးယူပေးစေချင်တယ်။"ဟုပြောသည်။
ပုဂ္ဂလိကမှ ကိုယ့်အားကိုယ်ကိုးမီးရရှိအောင် ဆောင်ရွက်ထားသည့် လိုင်းကြိုးများမှ သီးခြားမြို့နယ်၊ ကျေးရွာများက လျှပ်စစ်မီးရယူလိုလျှင် ကိုယ့်အားကိုယ်ကိုးမီးလင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ခွင့်ပြုပေးမှသာ ဆွဲယူခွင့်ရှိသည်။ထိုသို့ ခွင့်ပြုခြင်းမရှိဘဲ ဆွဲယူခဲ့ပါက လျှပ်စစ်ဥပဒေအရအရေးယူနိုင်သည်ဟု ကျေးရွာလေးရွာမှ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ များကဆိုသည်။
ကိုယ့်အားကိုယ်ကိုး မီးရရှိအောင် ဝန်သိုမြို့နယ်၊ တပ်ကုန်းအုပ်စုမှ တပ်ကုန်းကျေးရွာ၊ ဝက်တူးကျေးရွာ၊လေးရွာကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့က အိမ်ခြေ ၄၀၀ ကျော်တို့သည် အချိုးချထည့်ဝင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဝန်သိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇေယျက "အဲဒီကိစ္စကို ဆုံးဖြတ်ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ထားပါတယ်။ ဖြေရှင်းပေးမှာပါ။ ပုဇင်းတောင်ကျေးရွာနဲ့လည်း ညှိနှိုင်းနေပါတယ်။ အခုဖြစ်နေတာက ကောလင်း၊ ဝန်းသို မြိုနယ် နှစ်မြို့နယ်ကြားမှာဖြစ်နေတော့ ညှိနှိုင်းမှုကကြာနေတာပါ။ ကျွန်တော်တို့အနေနဲ့ ဖြေရှင်းပေးနိုင်မှုမရှိပါဘူး။တိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးမှာပါ။" ဟုပြောသည်။
ဆန္ဒပြသူများသည် ဖြေရှင်းဆောင်ရွက် အရေးယူပေးခြင်းများမရှိပါက အထက်မြန်မာပြည်ရှေ့နေများကွန်ယက်ထံ အကူအညီတောင်းခံပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာကို တရားစွဲဆိုသွားမည်ဟု ဦးဆောင်သူများကဆိုသည်။
ဆန္ဒပြသူများသည် ဝန်းသိုမြို့ ဦးအောင်မြတ်ရုပ်ထုရှေ့မှစတင်၍ မြို့တွင်းသို့လှည့်ပတ်ကာ ဝန်းသိုမြို့နယ် လျှပ်စစ်ရုံးရှေ့အထိ ချီတက်ခဲ့ကြသည်။
အဆိုပါလေးရွာမှ ဆန္ဒပြနေကြသည့် ဒေသခံများသည် ကြားဖြတ်မီးရယူသုံးစွဲနေသည့် ကောလင်းမြို့နယ် ပုဇင်းတောင်ကျေးရွာမှ အချိုးကျ ထည့်ဝင်ငွေ သိန်း ၁၂၀ ထည့်မည်ဆိုလျှင် ကျေနပ်မည်ဟုဆိုသည်။
Mizzima - News in Burmese
၂၀၁၁ ခုနှစ်က စတင်တင်တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရ သက်တမ်းကာလ ၅ နှစ် မနက်ဖြန် မတ်လ ၃၀ ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ နှစ်ပေါင်းများစွာ အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံးအကြိမ် နိုင်ငံအာဏာကိုလွှဲပြောင်း ရယူဖို့ ရှိနေပါတယ်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်၊ ဒုတိယသမ္မတတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရွေးချယ်တင်မြှောက်ခံ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေက ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် က ပြည်ထောင်စု လွှတ်တော်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဒီနောက် နိုင်ငံတော်သမ္မတအိမ်တော်ကို သွားရောက်ကာ သမ္မတ ဦးသိန်းစိန်ထံကနေ နိုင်ငံတော် အကြီးအကဲတာဝန်ကို အခမ်းအနားနဲ့ တာဝန်လွှဲပြောင်းရယူမှာဖြစ်ပါတယ်။
အခမ်းအနားကျင်းပပုံတွေကို မြန်မာ့ရုပ်မြင်သံကြား( MRTV News Channel)၊ လွှတ်တော် Channel နဲ့ မြန်မာ့အသံရေဒီယိုတွေကနေ မနက် (၁၀)နာရီမှ စတင် တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ကြေညာထားပါတယ်။
DVB TV News
[youtube src="OfBaApBFDOk"/]
ANP ပါတီက ကန့်ကွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးမှာ အခက်အခဲမရှိနိုင်ဘူးလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် လျာထားခံရသူ ဦးညီပုက ပြောကြားလိုက်ပါတယ်။ ကိုအောင် သတင်းပေးပို့ထားပါတယ်။
DVB TV -
တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် အချို့အရ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား ကလေး ငါးဦးလျှင် တစ်ဦးမှာ ကျောင်းမနေရဘဲ အလုပ်လုပ်နေရသည်ဟု သိရသည်။ အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြား အလုပ်လုပ်နေရသူ ကလေးအရေအတွက် ၁.၇ သန်းခန့် ရှိနေသည်ဟု ၂၀၁၄ သန်းခေါင်စာရင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အလုပ်အကိုင်နှင့် စီးပွားရေး အစီရင်ခံစာတွင် ဖော်ပြသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ကူညီထောက်ပံ့ပေးခဲ့သည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ အများစုတွင် ဆင်းရဲမှုဒဏ် ခံနေရပြီး သဘာဝ ဘေးအန္တရာယ်များနှင့် ပဋိပက္ခများကြောင့် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေသူ သိန်းနှင့်ချီကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လိုအပ်နေသူ တစ်သန်းခန့်ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာလူဦးရေ၏ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းမှာ စိုက်ပျိုးမွေးမြူရေး သစ်တောနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ လယ်သမားများ၏ ၀င်ငွေမြှင့်တင်ရန်၊ နိုင်ငံ စီးပွားရေး တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားရေး ဆောင်ရွက်ရာတွင် ထိုကိန်းဂဏန်း အချက်အလက်များကို အသုံးပြုနိုင်မည်ဟု UNFPA က ဆိုသည်။ အစီရင်ခံစာတွင် ဖော်ပြချက်အရ အသက် ၆၅ နှစ်အထက် အသက်ကြီးရွယ်အို ငါးဦးလျှင် တစ်ဦးမှာ အလုပ်လုပ်နေရဆဲဖြစ်ပြီး အများစုမှာ ကာယလုပ်အား အသုံးပြုရသည့် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ဖြစ်သည်။
(UNFPA) မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဂျွန်နက်ဂျက်ဆင်က “အချက်အလက်တွေအရ သက်ကြီးရွယ်အို အများအပြားဟာ စီးပွားရေး အခြေအနေကြောင့် ရပ်တည်နိုင်ဖို့ ကာယအားသုံး အလုပ်တွေ လုပ်နေရပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် လူမှုဝန်ဆောင်မှုနဲ့ မူဝါဒတွေ လိုအပ်နေတယ်ဆိုတာ ဒီအချက်က ပြသနေပါတယ်” ဟု ဆိုသည်။
အစီရင်ခံစာပါ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ဆင်းရဲမှုအခြေအနေ ဆိုးဝါးစွာရှိနေပြီး အိမ်ထောင်စုအားလုံးတွင် သုံးပုံတစ်ပုံသာ လျှပ်စစ်မီး သုံးစွဲနိုင်သည်ဟု ဆိုသည်။ မီးဖွားမှု တစ်သိန်းတွင် ကလေးသေဆုံးမှုနှုန်း ၆၂ ဦးနှုန်းထိ ရှိနေပြီး မြန်မာနိုင်ငံသားများ၏ မျှော်မှန်းနိုင်သည့် ပျမ်းမျှသက်တမ်းမှာ ၆၆.၈ နှစ်ရှိကာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၇၄ နှစ်အထိရှိသည်ဟု ကမ္ဘာ့ဘဏ်အချက်အလက်များတွင် ဖော်ပြသည်။
KHTun
The Ladies News Journal
ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ သတ်မှတ်ထားတဲ့ အကျဉ်းသား အရေအတွက်ထက် ထောင်ထဲ မှာရှိတဲ့ အကျဉ်းသားအရေအတွက်က ထက်ဝက်ကျော်လောက် ပိုများနေတာ တွေ့ရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ အကျဉ်းသားတွေ များနေတဲ့အတွက် သူတို့နေထိုင် ရတဲ့အခက်အခဲတွေကို တွေ့ခဲ့ရတယ် လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ပြောပါတယ်။
"လက်ခံနိုင်တဲ့အရေအတွက်ထက်ပိုများနေတဲ့ အကျဉ်းသားတွေကိုတွေ့ရတာတစ်ခုပဲ၊ အဲ့ဒါမျိုးတွေ ပဲ တွေ့ရတာများတယ်၊ တစ်ထောင်လောက်ပဲဝင် ဆန့်ပေမယ့် နှစ်ထောင်လောက်ရှိတာတွေ့ရတယ်၊ ဒါပေမယ့် သူတို့ကဒီနယ်မှာ ထောင်ကတစ်ခုပဲရှိတယ်လေ၊ မိုးညှင်းမှာထောင်ဆောက်နေတုန်း၊ အဲ့ထောင် ပြီးသွားရင် ဟိုဖက်အကျဉ်းသားတွေက ဒီဖက်ထောင်ကိုမလာတော့ဘူးဆိုတော့ လျော့သွားနိုင်တာပေါ့"
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျခံနေရသူတွေများပြီး သူတို့တွေရဲ့အမှုဟာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတာတွေရှိတာမို့ အခုလိုအကျဉ်းသား အရေအတွက် များနေရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးအကျဉ်းထောင်၊ ရှမ်းပြည်နယ်က လားရှိုးအကျဉ်းထောင်တွေ ကို စစ်ဆေးခဲ့ပြီး မြန်မာတစ်ပြည်လုံးက အကျဉ်းထောင်တွေကို စစ်ဆေးလို့ပြီးရင် ၂၀၁၆ ခုနှစ်အတွက် အကျဉ်းထောင် စစ်ဆေးခဲ့မှုအခြေအနေတွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ရှိပါတယ်။
RFA
sittwe-downtown-620.JPG
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က လမ်းမကြီးတစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကြောင့် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို နိုင်ငံတော်သမ္မတရုံးက မနေ့ညက ရုပ်သိမ်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပေမယ့် လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
"ဒီလိုရုပ်သိမ်းလိုက်တဲ့အတွက် ထူးထူးခြားခြားဖြစ်ပေါ်လာလိမ့်မယ်လို့မမြင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းနှစ်ခုနဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး ပဋိပက္ခမဖြစ်အောင် လိုအပ်တဲ့အစီအမံတွေဆောင်ရွက်ပြီးသားဖြစ်ပါတယ်၊ လုံခြုံရေးတွေကလည်း ကျနော်တို့များသောအားဖြင့် ရဲတပ်ရင်းကလုံခြုံရေးတွေကိုပဲ သုံးထားတာဖြစ်တဲ့အတွက် ဒီလုံခြုံရေးတွေကဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင် နေမှာဖြစ်တဲ့အတွက် အရေးပေါ်အခြေအနေကို ရုတ်သိမ်းမယ် လို့ ကြေညာလိုက်တာနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တပ်လှန့်ထားတာတွေက လျော့ကျသွားမယ်လို့ ကျနော့်နေနဲ့ မထင်ပါဘူး"
လက်ရှိ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမယ့် အခြေအနေမရှိတော့တာကြောင့် အရေးပေါ်အခြေ အနေ ကြေညာချက်ကို ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတော်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့အရေးပေါ်အခြေအနေ ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီပဋိပက္ခကြောင့် လူဦးရေ တစ်သိန်းနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီး အိမ်ထောင်စုပေါင်း ၇ ထောင်လောက်ကို ပြန်လည်နေရာချထားနိုင်ခဲ့တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
RFA
လာမဲ့ မတ်လ (၃၁) ရက်နေ့ ဆိုရင်တော့ ပြည်သူအများစုလက်မခံတဲ့အပြင် အတိုက်ခံနိုင်ငံရေးအင်အားစုတွေ ဆန့် ကျင်သပိတ်မှောက်နေတဲ့ကြားက စစ်အာဏာရှင်တွေစိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ သူ့ ဖဲသူချိုးပြီး ကျင်းပခဲ့တဲ့ အငြင်းပွားစရာ (၂၀၁၀) ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြည်အာဏာ ရယူထားခဲ့တဲ့ ဦးသိန်းစိန်တို့ ရဲ့ စစ်ဘောင်းဘီချွတ်အစိုးရဟာ သက်တမ်းကုန်ဆုံးလို့ နိဌိတံပါတော့မယ်။
တချိန်ထဲမှာဘဲ နှစ်ပေါင်း (၅၀) ကျော်အောင် စစ်ဖိနပ်အောက်မှာ အကြောက်တရားနဲ့  လူ့ ဂုဏ်သိက္ခာတွေ ချိုးနှိမ်ခံခဲ့ရလို့ အောင့်အီးမျိုသိပ်ခဲ့ရတဲ့ ပြည်သူတွေဟာ သူတို့ ရဲ့ ရင်ထဲကဆန္ဒတွေကို ထင်ထင်ရှားရှားပြသ ဖို့ လက်သန်းမှာမှင်အတို့ ခံပြီး တညီတညာထဲ ပေးအပ်ခဲ့တဲ့မဲပြားတွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဖွဲ့ စည်းထားတဲ့ အစိုးရသစ်ဟာ နိုင်ငံတော်အာဏာကို တရားဝင်လွှဲပြောင်း ရယူတော့မဲ့ မင်္ဂလာအခါသမယလည်းဖြစ်ပါတယ်။
မျက်မှောက်အချိန်အခါဟာ ဗမာပြည်သူပြည်သားအများစု ကာလရှည်လျှားစွာ မျှော်လင့်တကြီး စောင့်စားခဲ့ရ တဲ့အချိန်ပါဘဲ။ လူသန်း (၅၀) ကျော်ရဲ့ နှစ်ပေါင်း (၅၄) ကျော်ကြာအောင်မက်ခဲ့ရတဲ့ အိမ်မက်တွေရှင်သန်နိုးထ လာချိန်လို့  ပြောရင်လည်း မမှားနိုင်ပါဘူး။
ပြည်သူလူထုရဲ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့  တိုင်းဒေသကြီးလွှတ်တော်အမတ် (၁၄) ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်များအဖြစ် သက်ဆိုင်ရာလွှတ်တော်တွေထံ တင်သွင်းပြီးအတည်ပြုခန့်အပ်တာလည်း ပြီးစီးသွားခဲ့ပါပြီ။ လာမဲ့ မတ်လ (၃ဝ) ရက်နေ့မှာ ကျင်းပမဲ့ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ ပြည်ထောင်စုဝန်ကြီးအသစ် တွေအပါအ၀င် အစိုးရအဖွဲ့ သစ် ကျမ်းသစ္စာဆိုလို့  ဧပြီ (၁) ရက်နေ့ ကစပြီးတာဝန်တွေ စတင်ထမ်းဆောင်ကြ တော့မှာဖြစ်ပါတယ်။
ခန့် အပ်ခံရတဲ့ ၀န်ကြီးချုပ်တချို့ ကလည်း မီဒီယာတွေနဲ့ တွေ့ ဆုံမေးမြန်တာကိုဖြေကြားရင်း ဦးသိန်းစိန်အစိုးရ မဖြေရှင်းခဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေ မချိမဆန့် ရင်ဆိုင်ခံစားနေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် အနက်က အမြန်ဆုံးကိုင်တွယ်သင့်တဲ့ကိစ္စတွေ၊ အချိန်တိုတွင်းဖြေရှင်းနိုင်မဲ့ အရေးကြီးဆုံးပြဿနာတွေကို သူတို့ လက်ထက်မှာ အတတ်နိုင်ဆုံး ကိုင်တွယ်ဖြေရှင်းသွားမဲ့အကြောင်းပြောကြားသွားခဲ့ကြပါပြီ။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး (၁၅) ဦးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရက်တစ်ရာအတွင်း ပြီးမြောက်နိုင်တဲ့ အကောင်အထည်ဖော်နိုင်တဲ့ လုပ်ငန်းမျိုးတွေကို ဦးစားပေးရေးဆွဲ စီမံဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်အတွင်းမှာရှိတဲ့ I-12 မှာ မတ်လ (၂၅) ရက်နေ့ တုံးက တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူမဲ့သူရဦးအောင်ကိုက မီဒီယာတွေကို အဲ့ဒီနေ့ ကဘဲ ပြောကြားထားပါတယ်။
အစိုးရသစ်နဲ့သံဃာ့အဖွဲ့အစည်းကြားမှာ နားလည်မှုရှိအောင် ပထမဆုံး ရက် (၁၀၀) အတွင်း ဆောင်ရွက်မဲ့ အကြောင်းနဲ့ တိုင်းရင်းသားတွေကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ၊ အဲဒီအပြင် တခြားပေါ့ ဘာသာငယ်တွေ ရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်။ ပြီးရင် အဓိကဘာသာကြီးလေးရပ်က စိတ်ဝမ်းမကွဲကြေး၊ သူများသွေးထိုးသွေးခွဲတိုင်းလည်း မယုံကြည်ဖို့ အတွက်၊ ဥပေက္ခာပြုဖို့အတွက်၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် အစီအမံရေးဆွဲဖို့ အတွက်လည်း လုပ်ပါမယ်။”လို့ လည်း ပြောကြားခဲ့ပါတယ်။
ဒါဟာ ပြည်သူကရွေးကောက်လို့ ထွက်ပေါ်လာတဲ့ ပြည်သူ့ အစိုးရတရပ်အနေနဲ့  ပြည်သူကိုမျက်နှာမူပြီး ပြည်သူတွေရဲ့ပုခုံးပေါ်တင်နေတဲ့ အောက်ပါဝန်ထုတ်ဝန်ပိုးပြဿနာတွေ၊ အန္တရာယ်ဒုက္ခတွေကို ပြည်သူနဲ့  လက်တွဲပြီး အခြေခံကျကျ ဖယ်ရှားနိုင်တာဖယ်ရှား၊ လျှော့ချသင့်တာလျှော့ချနိုင်ဖို့ ပထမဆုံးလှမ်းတဲ့ခြေလှမ်း တရပ်ပါဘဲ။
(၁) တရားဥပဒေမစိုးမိုးခြင်းပြဿနာ
(၂) အကျင့်ပျက်ခြစားမှု့၊ လာဘ်ပေးလာဘ်ယူမှု့ပြဿနာ
(၄) ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ
(၅) တိုင်းရင်းသားနဲ့ လူမျိုးငယ်စုပြဿနာ
(၆) နိုင်ငံရေးအကျဉ်းသားပြဿနာ
(၇) ပညာရေးနိမ့်ကျမှု့နဲ့ ပညာရေးဥပဒေပြဿနာ
(၈) မြေယာပြဿနာ
(၉) အလုပ်သမား-အလုပ်ရှင်အခွင့်အရေးနဲ့ လုပ်ခပြဿနာ
(၁၀) အလုပ်လက်မဲ့ပြဿနာ
(၁၁) သယံဇာတ ပရမ်းပတာထုတ်ယူသုံးစွဲခြင်းပြဿနာ
(၁၂) မြစ်ဆုံစီမံကိန်းပြဿနာ
(၁၃) ကျန်းမာရေးစောင့်ရှောက်မှု့နိမ့်ကျနေခြင်းပြဿနာ
(၁၄) ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာပြဿနာ
(၁၅) နိုင်ငံခြားရင်းနှိးမြုပ်နှံမှု့ဆိုင်ရာပြဿနာ
(၁၆) ကုန်ဈေးနှုန်းကြီးမြင့်မှု့ပြဿနာ
(၁၇) မီဒီယာလွတ်လပ်ခွင့်ပြဿနာ
(၁၈) ဖွဲ့ စည်းပုံပြင်ဆင်ရေးပြဿနာ
(၁၉) လျှပ်စစ်မီးမလုံလောက်မှု့ပြဿနာ
(၂၀) ယာဉ်ကြောပိတ်ဆို့မှုနဲ့  ပို့ ဆောင်ဆက်သွယ်ရေးပြဿနာ
(၂၁) ရေကြီးရေလျှံမှုပြဿနာ
(၂၂) အဆင့်တန်းမမှီတဲ့ အမှိုက်သိမ်းစနစ်နဲ့ အမှိုက်စုပုံနေမှုပြဿနာ
(၂၃) သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု့ပြဿနာ
(၂၄) အခွန်ရှောင်ပြဿနာ
(၂၅) ရေရှားပါးမှု့၊ ပြတ်လပ်မှု့ပြဿနာ
(၂၆) လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှု့ပြဿနာ
(၂၇) နိုင်ငံသားစီစစ်ရေးပြဿနာ
(၂၈) ဘင်ဂါလီလူမျိုးပြဿနာ
(၂၉) မူးယစ်ဆေးဝါးပြဿနာ
(၃၀) မီးဘေးပြဿနာ
(၃၁) လုပ်ငန်းခွင်အန္တရာယ်လျော့ချရေးပြဿနာ
(၃၂) ရာဇ၀ါတ်မှု့တိုက်ဖျက်ရေးနဲ့ လျော့ချရေး ပြဿနာ
(၃၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ပြဿနာ
အထက်ပါပြဿနာတွေထဲကတချို့ ဟာ ရက်ပေါင်း (၁၀၀) အတွင်းသိသာထင်ရှားအောင် ဖယ်ရှားဖြေရှင်းလို့ ရ နိုင်ပေမဲ့ တချို့ ပြဿနာတွေ - ဥပမာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာမျိုးဟာ ရက်တစ်ရာအတွင်းဖြေရှင်းဖို့  ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးနဲ့ တပ်မတော် အပါအ၀င် တိုင်းရင်းသားမိဘပြည်သူတွေ ညီညီညွတ်ညွတ်လက်တွဲဖြေရှင်းမယ်ဆိုရင် မဝေးလှတဲ့အနာဂါတ်မှာ ငြိမ်းချမ်းရေးမရနိုင်စရာ အကြောင်းမရှိပါဘူး။
နောက်ထပ်ခက်ခဲတဲ့ပြဿနာတခုက မြေယာပြဿနာပါ။ အလွန်နက်ရှိုင်းနေပါပြီ။ စစ်အစိုးရအဆက်ဆက်မှာ မြေလွတ်မြေရိုင်း၊ သစ်တောကြိုးဝိုင်းတွေလို နိုင်ငံတော်ပိုင်မြေတွေကိုလည်း ပုဂ္ဂလိကပိုင်အဖြစ်လုပ်ပြီးတော့ ရောင်းစားခဲ့တယ်။ လယ်စိုက်နေတဲ့မြေတွေကိုလည်း အခြားသုံးပြုခွင့်ဆိုပြီး စီးပွားရေးလုပ်ငန်းတွေ ပရမ်းပတာ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေလည်းအများကြီးရှိခဲ့တယ်။ စားကျက်မြေသိမ်းမှု့တွေ၊ တပ်သိမ်းမြေတွေ၊ ကျူးကျော် ကိစ္စတွေအများကြီးရှိတယ်။ ကန်တရာခြံတရာစီမံကိန်း၊ စက်မှု့ဇုန်စီမံကိန်း စတာတွေအကြောင်းအမျိုးမျိုးပြပြီး မတန်မရာကျေးပေးပြီး လယ်မြေယာမြေသိမ်းမှု့ တွေအများအပြားကျူးလွန်ခဲ့ကြတယ်။ မြေယာပိုင်ဆိုင်မှု့ဥပဒေ ကို စနစ်တကျလေ့လာသုံးသပ်ပြီး အများအကျိုးကိုရှေ့ရှု့လို့ ပြင်ဆင်သင့်တာပြင်ဆင်ဆောင်ရွက်ဖို့ လိုတယ်။
ဒါပေမဲ့လည်း သေခြာတာတခုကတော့ ဘယ်ကိစ္စ ပြဿနာမျိုးကိုမဆို လူအားလုံးကျေနပ်ပျော်ရွှင်စေအောင် တော့ ဘယ်လိုမှဖြေရှင်းနိုင်မှာမဟုတ်ဘူး။ စစ်မှန်တဲ့ပြောင်းလဲမှု့ဟုတ်မဟုတ်ဆိုတာကို တိုင်းပြည်အတွက် အကျိုးရှိမရှိဆိုတာရယ်၊ ပြည်သူအများစုလက်ခံမှု့ရှိမရှိဆိုတာနဲ့ ဘဲတိုင်းတာရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို နေပြည်တော်လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်မှာ မတ်လ (၂၈) ရက်နေ့ ကတွေ့ ဆုံခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေ စိတ်ပျက်အောင် မလုပ်ဆောင်ကြဖို့ မှာကြားခဲ့ပါတယ်။
ပြည်သူလူထုကြီးကလည်း ပြုပြင်ပြောင်းလဲရေးတာဝန်ဟာ တက်လာမဲ့အစိုးရသစ်တာဝန်ဘဲလို့ မှတ်ယူပြီး ပုံအပ်စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဒီအပြောင်းအလဲဟာ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်သာမက ကိုယ့်မျိုး ဆက်သစ်တွေအထိ သက်ဆိုင်နေတဲ့အရေးကြီးကိစ္စဖြစ်တယ်ဆိုတာ ရင်ထဲနှလုံးသားထဲကယုံကြည်ဖို့  လိုသလို၊ ခေတ်ဟောင်းက အကျင့်ဟောင်းစိတ်ဓါတ်ဟောင်းတွေစွန့် ပစ်လို့ စိတ်သစ်လူသစ်အတွေးသစ်တွေနဲ့  လက်တွဲပူးပေါင်းကြဖို့ နိုင်ရာဝန်ထမ်းကြဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံသားအားလုံး လိုလားတောင်းတနေကြတဲ့ ပဉ္စမမြန်မာနိုင်ငံတော်သစ်မှာ ပျားရစ်မြစ်တွေစီးဆင်း ရွှေရောင်ငွေရောင်တ၀င်းဝင်းနဲ့  အောင်စည်သံခွင်းလို့  အောင်ပွဲခံကျင်းပနိုင်မှာဖြစ်ပါကြောင်း ။ ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မတ်လ (၂၉) ရက် ၂၀၁၆ ခုနှစ်[full-post]
နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများက ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းများကို မတ်လ ၃၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အစီအစဉ် လျာထားချက် အရ သိရသည်။
ထို့အတူ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များ အဖြစ် ခန့် အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သော နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ ၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့ မှောက်တွင် ကတိသစ္စာ ပြုခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။
ထို့နောက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တတ်ရောက်၍ မိန့် ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များထံသို နိုင်ငံတကာမှ ပေးပို့ သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လက်ရှိသမ္မတ ဦးသိန်းစိန်မှ သမ္မတ အသစ် ဦးထင်ကျော်ထံ သမ္မတ စလွယ်ကို လွှဲအပ်ကာ အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး ညနေပိုင်းတွင် အာဏာလွဲပြောင်းရေး အထိမ်းမှတ် ညစာစားပွဲ အခမ်းနားကို ကျင်းပမည်ဖြစ်သည်။
ကျွန်တော်တို့ကိုတော့ ဖိတ်ထားတယ် ၂ ယောက် သွားတက်မယ်။ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီနဲ့ ညစာစားပွဲကိုပါဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
The Ladies News
https://www.facebook.com/News.TheLadies
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ဓါတ်ပုံ- ကို ထက်အောင် )
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တယောက်အနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ ငြိမ်းချမ်းရေးနဲ့ သယံဇာတတွေကို ထိထိရောက်ရောက် ခွဲဝေသုံးစွဲရေးတို့ကို အဓိကဦးစားပေးလုပ်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ NLD အစိုးရသစ်လက်ထက်မှာ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးနေရာတွေကို လျှော့ချသွားပြီး အစိုးရကို ကျစ်လစ် ထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်း ခန်းမှာ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာ ဒေါက်တာဇော်မြင့်မောင်ကို ကိုထက်အောင်က သွားရောက်တွေ့ဆုံ မေးမြန်းထားတာဖြစ်ပါတယ်။
“ကိုထက်အောင်။ ။ဒီကနေ့မှာပဲ ဆရာ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တဲ့အတွက် ဆရာ့အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဘယ်လို ကဏ္ဍ တွေကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့ရှိပါသလဲခင်ဗျ။
ဒေါက်တာ ဇော်မြင့်မောင်။ ။ မြန်မာနိုင်ငံမှာ ကနေ့ ကျနော်တို့အရင်အစိုးရကလည်း ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာလုပ်ခဲ့တယ်။ နောက်ပြီးတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီ ၂ ခုက တွဲလျက်ပေါ့နော်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရုံမကဘူး ပြည်သူတွေ ကိုယ်ရောစိတ်ရော ၊ စိတ်နှလုံး လုံခြုံစိတ်ချမှုရှိစေဖို့ မှုတည်တာပေါ့နော်။အဲတော့ ဘယ်ကဏ္ဍတွေကိုလည်းဆိုတော့ ကျနော်တို့နိုင်ငံက စိုက်ပျိုးမွေးမြူရေး နိုင်ငံလေ။ လူ ၇၀ ရာခိုင်နှုန်းက ကျနော်တို့ ကျေးလက်တွေမှာနေတယ်။ ကျနော်တို့မှာ Heavy Industry ဆိုတဲ့ စက်မှုလုပ်ငန်း သိပ်မဖွံ့ဖြိုးသေးဘူး။ ဆင်းရဲမွဲတေမှုလျှော့ချရေးလို့လည်းပြောနေသေးတယ် လယ်တွေမြေတွေသိမ်းပြီးတော့ တောင်သူလယ်သမားတွေဘ၀က ပိုပြီးတော့တောင် အခက်တွေ့နေသေးတယ်။ ဆိုတော့ ဒီကဏ္ဍကတော့ ပိုပြီးတော့ ဦးစားပေးရမယ့်အထဲမှာတော့ ပါမှာပေါ့နော်။ နောက်တခုပြောချင်တာဘာလဲဆိုတော့ တိုင်းပြည်မှာ သေနတ်သံတွေ ကြားနေရတုန်းရှိသေးတယ်။ စစ်မတ်တွေဖြစ်နေတာရှိသေးတယ် ဒါ ဘာလဲဆိုရင်မကောင်းတဲ့အလားအလာ။ နုနယ်သေးတဲ့ ဒီမိုကရေစီက နောက်ကြောင်းပြန်သွားနိုင်တဲ့အထဲမှာ ဒီတခုပါတယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမယ့် လုပ်ငန်းတွေက ငြိမ်းချမ်းရေးရအောင်လည်းလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တွေရှိနေသေးတယ်။ ငြိမ်းချမ်းရေး နဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးရေးကို တွဲလုပ်ရမယ်။ တခုပြီးမှ တခု လုပ်လို့မရတော့တဲ့အခြေအနေ။ အဲတော့ စိုက်ပျိုးမွေးမြူရေးကိုလည်းလုပ်ရမယ်။ အလားတူဘာလဲဆိုရင် ကျနော်တို့နိုင်ငံမှာ သံယံဇာတတွေတော်တော်ကုန်နေတယ်။ သံယံဇာတဆိုတာဘာပဲပြောပြော စက်မှုကဏ္ဍမှာလည်း အကျုံးဝင်တယ်။ သတ္တုကဏ္ဍမှာလည်း အကျုံးဝင်တယ်။ ကျနော်တို့နိုင်ငံမှာ သံယံဇာတကို အရှိအရှိအတိုင်းထုတ်ပြီး ရောင်းစားနေတာ။ Value Edit လုပ်နိုင်တဲ့ နည်းပညာမရှိခဲ့ဘူး။ဆိုတော့ ဒီကဏ္ဍကိုလည်း ကျနော်တို့ တပြိုင်နက်ထဲလုပ်ရမှာ။ ပြောရရင်တော့ပေါ့နော် ဒီ ၃ ခုကို ဦးစားပေးလုပ်ရမယ်အထဲမှာလည်း ဗဟိုအစိုးရမှာလည်း ပါမှာပေါ့နော်။ ဗဟိုအစိုးရရဲ့ Policy အတိုင်း တိုင်းဒေသကြီးက ဆက်လုပ်ရမှာပေါ့။
ကိုထက်အောင်။ ။ဟုတ်ကဲ့။ပြီးခဲ့တဲ့အစိုးရ သက်တမ်း၅ နှစ်အတွင်းမှာ တိုင်းဒေသကြီးလွှတ်တော် အပါအ၀င် ဒီဝန်ကြီးချုပ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဝေဖန်သံတွေဆူညံခဲ့ပါတယ်။ အဲတော့ ဆရာ့အနေနဲ့ လာမယ့် ဧပြီလဆန်းမှာ ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်တော့မယ်ဆိုတော့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါသလဲခင်ဗျ။
ဒေါက်တာ ဇော်မြင့်မောင်။ ။ သတိထားမိမှာပေါ့နော်။ ၀န်ကြီးဌာန ၂၁ ဌာန လုပ်လိုက်တယ်။ ၀န်ကြီးအရေအတွက်လျှော့ချတယ်။ တိုင်းဒေသကြီးမှာလည်း အလားတူ ၀န်ကြီးအရေအတွက်လည်းလျှော့ချမယ်။ ၀န်ကြီးဌာနတွေလည်း လျှော့ချမယ်။ ပြောရရင်တော့ ကျနော်တို့က ကျစ်လစ်တဲ့အစိုးရတခုဖွဲ့မယ်။ ပြည်သူကိုတာဝန်ခံနိုင်အောင်လုပ်မယ်။ အစိုးရရဲ့ အသုံးစားရိတ်တွေကို လျှော့ချအောင်လုပ်နိုင်မယ်။ကျနော်တို့ခေါင်းဆောင်ကိုက အမြဲတမ်းမှာထားတာနော် ဒီ ၀န်ကြီးချုပ်ဆိုလို့ ၀န်ကြီးချုပ်အာဏာ ၊ ၀န်ကြီးဆိုလို့ ၀န်ကြီးအာဏာ ဒီဟာ အာဏာမဟုတ်ဘူး။ ဒါ လုပ်ပိုင်ခွင့်ပဲ ကျနော်တို့ရတာ။ ပြည်သူက လွှဲပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာ ။ ဒီလုပ်ပိုင်ခွင့် အာဏာဘောင်ထက်မကျော်ရဘူး (၁) အချက်က ။ (၂) ကဘာလဲဆိုတော့ အလွဲသုံးစားမလုပ်ရဘူး။ အာဏာကို အလွဲသုံးစားမလုပ်ရဘူး။ ကျနော်တို့ကြိုးစားရမှာ စေတနာထားပြီး စေတနာ သန့်သန့်လုပ်မယ်။ ရိုးရိုးသားသားလုပ်မယ် ကြိုးကြိုးစားစားလုပ်မယ်။ အဂတိကင်းစင်တဲ့ အစိုးရဖြစ်အောင်လုပ်မယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်တဲ့ အစိုးရဖြစ်အောင်ကျနော်တို့ကြိုးစားရမယ်။ ဒီအတိုင်းပဲကျနော်တို့လုပ်မှာပါ။
ကိုထက်အောင်။ ။မန္တလေးတိုင်း မှာဆိုရင်လည်း ၀န်ကြီးတွေကို ဆရာ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင်တော့ ရွေးချယ်ခွင့်ရှိပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ မန္တလေးတိုင်း ၀န်ကြီးအနေနဲ့ ဘယ်သူ့ကို ရာထားတာရှိပါသလဲ။
ဒေါက်တာ ဇော်မြင့်မောင်။ ။ ရာထားတာ ကျနော်တို့က အခုအချိန်မှာတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောမယ်နော် ကျနော်တို့ ရာထားပြီးပြီ။ဒါကို သမ္မတဆီတင်ရတယ်။ ကျနော့်ကိုမေးတယ်။ ၀န်ကြီးဌာန ဘယ်နှစ်ဌာနရှိသလဲဆိုတော့ အရင်ကဟာထက်နည်းတယ်။ အရင်က ၉ ခုရှိတယ်။ အဲဒီတော့ ၀န်ကြီးဌာန အရေအတွက် နည်းတယ်ဆိုရင် ၀န်ကြီးအရေအတွက်လည်း နည်းမှာပါနော်။ အလားတူ ကျနော်တို့တွေကဘာလဲဆိုတော့ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇ှိပါတယ်။ ဘယ်ဝန်ကြီးကိုရွေးရွေး ၊ ဘာပဲရွေးရွေးပေါ့နော် ကျနော်တို့က ကျနော်တို့ ဥက္ကဋ္ဌ ဆီကို CV form နဲ့ တင်ပြီးတော့မှ အားလုံးညှိပြီးတော့မှ ဥက္ကဋ္ဌက အတည်ပြုချက်ယူပြီးတော့ ရွေးတယ်ဆိုတဲ့သဘောကို ကျနော်တို့ ပြောချင်တာပေါ့နော် ။ ဒါဘာလဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ၊ ၀န်ကြီးတွေပဲဖြစ်ဖြစ် အားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအောက်မှာ ၊ ပါတီရဲ့ ကြေညာစာတန်းတွေအောက်မှာပဲ ကျနော်တို့ နေထိုင်ကြရမှာပါ။ လိုက်နာကြရမှာပါ။
ကိုထက်အောင်။ ။ဆိုတော့ ဆရာ့အနေနဲ့ရွေးတဲ့အထဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ထဲကပဲလား ။ ဒါမှမဟုတ်တခြားပါတီတွေကရောပါမလား။ ဒါမှမဟုတ် တခြားပေါ့နော် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့သူတွေပါမလား။
ဒေါက်တာ ဇော်မြင့်မောင်။ ။ကျနော်တို့ပေါ့ တချို့နေရာတွေမှာ ပြင်ပ ပညာရှင်တွေ ပါမှကို ဖြစ်မှာပါ။ ပါမယ် နောက်လွှတ်တော်ကိုယ်စားလှယ်ထဲက ကျန်တဲ့ဝန်ကြီးတွေရှိပါတယ်။ တခြားပါတီကဆိုတော့ ဘာပဲပြောပြော အနိုင်ရများတဲ့အခါမှာ ဒီကိစ္စက ကျနော်တို့ စဉ်းစားရမယ့် ကိစ္စပဲလေ။ အခုလောလောလပ်လပ်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကရွေးထားတယ်။ ပါတီတွေဘာတွေ specific မပြောချင်ပါဘူးနော်။
ကိုထက်အောင်။ ။ ပြင်ပပညာရှင်တွေရော ဘယ်လိုဝန်ကြီးဌာနတွေကို အဓိက ကိုင်သွားမလဲခင်ဗျ။
ဒေါက်တာ ဇော်မြင့်မောင်။ ။ အဲဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့နေရာတွေက ပြင်ပက ပုဂ္ဂိုလ် မှရမှာ။ ဘာဖြစ်လို့လဲဆိုတော့ NLD က ဖိနိုပ်ခံရတဲ့ကာလတွေအများကြီးပဲ ။ ဖိနိုပ်တာကို ခံနိုင်ရည်ရှိတယ်။ ဆင်းရဲဒဏ်ကို ကောင်းကောင်းခံနိုင်တာရှိတယ်။ ကျနော်တို့မှာဘာလဲဆိုတော့ capacity building ဆိုတာမျိုးကို ကျနော်တို့ ကောင်းကောင်းမရခဲ့ဘူးခင်ဗျ။ ဆိုတော့ ကျနော်တို့မှာ အုပ်ချုပ်ရေးအတွေ့အကြုံမှာ နည်းတာတွေရှိတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တာ၊ ဘဏ်နာရေးတွေနဲ့ ။ ဒါ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့။ အဲလို field တွေမှာ အဲလိုနယ်ပယ်တွေမှာဆိုရင်တော့ ကျနော်တို့ ပညာရှင်ကို သုံးမယ်။”
ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့စဉ်။ Photo: Myo Thant Khaing/RFA
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ဟာ မနက်ဖြန် အစိုးရတာဝန်လွှဲပြောင်းယူပြီးနောက် တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်အသစ်တွေ၊ ပြည်နယ်/တိုင်းလွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာနအမည်တွေနဲ့ ခန့်အပ်မယ့် ဝန်ကြီးစာရင်းကို သမ္မတက အတည်ပြုလက်မှတ်ရေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဌ ဦးသန်း က ပြောပါတယ်။
ဒီနေ့အထိ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၁၂ ဦးကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးနောက် မနက်ဖြန် ကျန်တဲ့ဝန်ကြီးချုပ် ၂ ဦးကို အတည်ပြုမှာဖြစ်ပါတယ်။
သမ္မတအသစ် ဦးထင်ကျော်နဲ့ တွေ့ဆုံပွဲကို ကချင်နဲ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၂ဦးက တက်ရောက်မှာမဟုတ်ဘဲ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးတွေသာ တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပမယ့် ညစာစားပွဲကိုလည်း ဝန်ကြီးချုပ်အသစ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်မှာဖြစ်ပါတယ်။
လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးဌာန ၉ ခုစီလောက် ရှိနေတာဖြစ်ပြီး လာမယ့် အစိုးရသစ်လက်ထက် မှာ ဝန်ကြီးဌာန ၅ခုစီသာ ဖွဲ့စည်းထားရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်တွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ် ဦးမင်းမင်းဦး ကို တွေ့ရစဉ်။ Photo: RFA
မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်း၊ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၆ဦးကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာ မြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်း လျှန်လွယ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးအယ်လ်ဖောင်းရှို တို့ ဖြစ်ပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အသက် ၃၇နှစ်သာ ရှိပြီး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော် အဆိုပြုတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် ၁၄ဦးထဲမှာ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ် ၆ဦးကို မနေ့က အတည်ပြုခဲ့ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခက်အောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို မနက်ဖြန် လွှတ်တော်အစည်းအဝေးတွေမှာ အတည်ပြုမှာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ တာဝန်ထမ်းဆောင်ကြမယ့် တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်အသစ်တွေထဲမှာ အမျိုးသမီးဝန်ကြီးချုပ် ၂ဦး ပါဝင်ပါတယ်။
အတည်ပြုခံရတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တချို့ဟာ လာမယ့် မတ်လ ၃၁ရက်နေ့မှာ သက်ဆိုင်ရာလွှတ်တော် ဥက္ကဌ အသီးသီးရှေ့မှောက်မှာ ကတိသစ္စာပြုမှာဖြစ်သလို တချို့က ဧပြီ ၁ရက်နေ့မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ် နမ်ဖူ (Nam Hpu) တွင် အစိုးရတပ်ဖွဲနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များ ယမန်နေ့က ထိပ်တွေ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
တိုက်ပွဲ ဖြစ်ရခြင်းမှာ စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ မိုးမိတ် စစ်ဗျူဟာနှင့် စကခ ၂၁ (ဗန်းမော်) အစိုးရစစ်ကြောင်းများ တပ် အပြောင်းအလဲ သွားလာချိန် ထိပ်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာ ဗဟိုဌာချုပ် ဒုဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပြောခဲ့သည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျရှုံးမှု စာရင်းကို မသိရကြောင်း ပြောသည်။
အစိုးရတပ်ဘက် ဗန်းမော် နယ်မြေခံ ခလရ ၂၃၇ နှင့် မိုးမိတ် နယ်မြေခံ ခလရ ၂၇၆ ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းများအရ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ နယ်မြေ များတွင် အစိုးရတပ်နှင့် နေ့စဉ် လိုလို တိုက်ပွဲ ဖြစ်ပွားနေသော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲ မရှိသလောက် ဖြစ်နေဆဲ ဖြစ်သည်။
Kachin News Group - Burmese
http://burmese.kachinnews.com
မွန်ပြည်နယ်လွှတ်တော်မှာ မတ်လ ၂၉ ရက်နေ့က ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး အဆိုတင်သွင်းစဉ် ) Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်းကို တိုးချဲ့ဖောက်လုပ်တဲ့ စုန်ရေကုမ္ပဏီဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း အတွင်း ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ အတည်ပြုလိုက်ပါတယ်။
စုန်ရေကုမ္ပဏီအနေနဲ့ ငွေကျပ်သိန်းပေါင်း ၂သောင်းခွဲနဲ့ မြေ တစ်ဧကခွဲကို ပြည်နယ်အစိုးရထံပေးအပ်ဖို့ ကတိပြုထားပေမယ့် ကတိပြုချက်အတိုင်း မလိုက်နာတဲ့အတွက် ပြန်လည်စစ်ဆေးပေးဖို့ ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။
မော်လမြိုင် ကမ်းနားလမ်းတိုးချဲ့တဲ့ စီမံကိန်းကို ပြီးခဲ့တဲ့ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုပေးခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က စုန်ရေကုမ္ပဏီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်ကနေ မွန်ပြည်နယ် စည်ပင်ကော်မတီကို ငွေကျပ်သိန်းပေါင်း ၂သောင်းခွဲနဲ့ မြေတစ်ဧက ခွဲကို ပေးအပ်ဖို့ သဘောတူထားတာဖြစ်ပါတယ်။
ကုမ္မဏီက လုပ်ငန်းအဆင်မပြေမှုတွေကို အကြောင်းပြပြီး ကတိပြုထားတဲ့အတိုင်း မပေးအပ်ဘဲ ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲနဲ့ မြေတစ်ဧကနီးပါးကိုသာ ပြည်နယ်အစိုးရအဖွဲ့ထံ ပေးသွင်းခဲ့ပါတယ်။
ပေ ၄၃၀၀ ကျော်ရှည်လျားတဲ့ ကမ်းနားလမ်းတိုးချဲ့တဲ့ စီမံကိန်းကို စုန်ရေကုမ္မဏီက သိန်းပေါင်း ၆ သောင်းကျော် အကုန်ကျခံဖောက်လုပ်တာဖြစ်ပြီး လမ်းဖောက်လုပ်ရာမှာ ထွက်ရှိလာမယ့် မြေ ၂၁ ဧကကို ကုမ္ပဏီက ရရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အီဂျစ်လေယာဉ်ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ အီဂျစ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး ထွက်ပေါ်လာသော နောက်ဆုံးရ သတင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အလက်ဇန်းဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော အီဂျစ်လေကြောင်းလိုင်းပိုင် Airbus A320 အမျိုးအစား ခရီးသည်တင်လေယာဉ် MS181 အား ယနေ့ နံနက်ပိုင်းက လေယာဉ်ပေါ်ပါအမျိုးသားတဦးက ၎င်း၏ခန္ဓာကိုယ်တွင် အသေခံဗုံးခွဲခါးပတ် ၀တ်စဉ်ထားသည်ဟုဆိုကာ ခြိမ်းခြောက်၍ ပြန်ပေးဆွဲခြင်း ခံခဲ့ရ၊
-လေယာဉ်ကို ဆိုက်ပရက်စ် လာနာကာလေဆိပ်သို့ လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရပြီး လက်ရှိအချိန်အထိ အဆိုပါ လေဆိပ်၌ပင် ရှိနေသေး
-လေယာဉ်ပေါ်ပါ ခရီးသည်အများစုကို လေယာဉ်မှ ထွက်ခွာခွင့်ပြုခဲ့သည်။ ပြန်ပေးသမားနှင့် လူ ၇ ဦး လေယာဉ်ပေါ်တွင် ရှိနေသေးကြောင်း အီဂျစ် အရပ်ဘက်ပျံသန်းရေးဆိုင်ရာ ၀န်ကြီး ရှာရစ်ဖ်ဖာသီက ပြော၊ ထို ၇ ဦးမှာ - လေယာဉ်မှူး၊ လက်ထောက် လေယာဉ်မှူး၊ အမျိုးသမီး လေယာဉ်ဝန်ထမ်းတဦး၊ လုံခြုံရေးအရာရှိ တဦးနှင့် ခရီးသည် သုံးဦးဟု သိရ၊ ကနဦးက လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၅၅ ဦး ပါရှိ
-ပြန်ပေးသမား ခြိမ်းခြောက်သည့် အသေခံဗုံးခါးပတ်မှာ အစစ် ဟုတ်မဟုတ် အတည်မပြုနိုင်သေး
-ပြန်ပေးသမားက မည်သည့် တောင်းဆိုမှုမျိုးမှ ထုတ်ဖော်မပြောသေး၊ နိုင်ငံရေးလှုံဆောာ်မှုကြောင့် ဖြစ်နိုင်ခြေနည်းကြောင်း ယူဆရ၊ ဆိုက်ပရက်စ်သမ္မတနှင့် သတင်းထုတ်ပြန်ချက်များအရ ပြန်ပေးဆွဲမှုသည် အမျိုးသမီးတဦးနှင့်ပတ်သက်သည်။ ပြန်ပေးသမား၏အမည်မှာ Seif Eldin Mustafa ဟု ဆိုက်ပရက်စ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ Seif Eldin Mustafa သည် ၎င်း၏ဇနီးနှင့် အဆင်မပြေဟု ယူဆရပြီး စေ့စပ်မှုပြုရန်အတွက် ဇနီးဖြစ်သူအား လာနာကာလေဆိပ်သို့ ခေါ်ဆောင်ထားကြောင်း သိရ
-ပြန်ပေးသမား Seif Eldin Mustafa က ဇနီးသည်ထံ လေယာဉ်ပေါ်မှနေ၍ စာတစောင် ပစ်ပေးခဲ့သည်ဟု ဆိုသည်။
-“ဒီလူဟာ အကြမ်းဖက်သမားမဟုတ်ပါဘူး။ စိတ်ရူးပေါက်နေသူတယောက်ပါ”ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဘွန်ဒက်လီဂါ ဘောလုံးသမား ( ဟောင်း) Nizar Trabelsi အား လုံခြုံရးတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ခေါ်ဆောင်လာစဉ် (ဆင်ဟွာ)
    မတ်ဒရစ် ၊ မတ် ၂၉ ရက် ( ဆင်ဟွာ )
    ဂျာမန် အမှတ်ပေး ဘွန်ဒက်လီဂါပြိုင်ပွဲဝင် ဘောလုံးကစားသမားဟောင်း တစ်ဦးဖြစ်သူ တူနီရှားလူမျိုး Nizar Trabelsi ကို ဘယ်လ်ဂျီယံနိုင်ငံ Kleine-Brogel စစ်အခြေစိုက် စခန်းအား အသေခံ ဗုံးခွဲ တိုက်ခိုက်ရန် ကြံရွယ်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း စပိန်သတင်းစာ တစ်စောင်က မတ်လ ၂၈ ရက်တွင် ရေးသား ဖော်ပြလိုက်သည်။
ဆွစ်ဇာလန် ထောက်လှမ်းရေး တပ်ဖွဲ့ ဝင်များ၏ သတင်းလက်ဦးမှုကြောင့် အသေခံ ဗုံးခွဲမှုကို အချိန်မီ တားဆီး ကာကွယ်နိုင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားသည်။ အဆိုပါ အသေခံ ဗုံးသမားTrabelsi သည် ဘယ်လ်ဂျီယံနိုင်ငံတွင်းရှိ အကြမ်းဖက် ကွန်ရက်များမှ တဆင့် အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ နှင့်ဦးစွာ ချိတ်ဆက်မိခဲ့ပြီး နောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့ နှင့်လည်း ဆက်စပ်မှု ရှိခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရသည်။
သို့ သော် ၎င်းသည် အခြားသော နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်း နေထိုင်သူများကဲ့သို့  ဥရောပတိုက်တွင်း ဝင်ရောက်လာခဲ့သူ တစ်ဦး မဟုတ်ဘဲ ဘောလုံး ကစားရန် လာရောက်ခဲ့သူ တစ်ဦးသာ ဖြစ်ကြောင်း သိရသည်။ ၁၉၇၀ ပြည့်နှစ်တွင်မွေးဖွားခဲ့သည့် Trabelsi သည် ငယ်စဉ်ကပင် တူနီးရှား လူငယ်ဘောလုံး အကယ်ဒမီ တွင်လေ့ကျင့်ခွင့် ရရှိခဲ့သူ တစ်ဦးဖြစ်သည်။
နောက်ပိုင်းတွင် သူသည် ကြေးစား ဘောလုံးသမား တစ်ဦးအဖြစ် လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး ဘယ်လ်ဂျီယံ နိုင်ငံသို ပြောင်းရွှေ့ ခြေချခဲ့သည်။ ထို့ မှတဆင့် ဂျာမနီ ဘွန်ဒက်လီဂါပြိုင်ပွဲဝင် Fortuna Dusseldorf အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကြောင်းသိရသည်။
Trabelsi သည် ဘောလုံးသမားဘဝတွင် အရက် ၊ မူးယစ်ဆေးဝါး နှင့် လိင်ကိစ္စများ ဖြင့် အချိန်ဖြုန်းနေခဲ့ရာ အယ်ကိုင်းဒါး အဖွဲ့ ဝင် တစ်ဦးအဖြစ် လွယ်လွယ်ကူကူ လူသစ် စုဆောင်းခံလိုက် ရသည်။ ၄င်းသည် အကြမ်းဖက် ခေါင်းဆောင် အိုစမာ ဘင်လာဒင် နှင့်လည်း လက်ဖက်ရည် အတူတကွ သောက်ခွင့်ရခဲ့သူ တစ်ဦးဖြစ်သည်။
Trabelsi ၏ စစ်ဆင်ရေး တာဝန်မှာ အလေးချိန် ၉၅၀ ကီလိုဂရမ် ရှိ ပေါက်ကွဲ စေတက်သော ပစ္စည်းများ တင်ဆောင်ထားသည့် လော်ရီကားကြီးကို Kleine-Brogel စစ်အခြေစိုက် စခန်းသွင်းသို့ မောင်းသွင်းပြီး အသေခံ ဗုံးခွဲရန် ဖြစ်ကြောင်း သိရသည်။
( Xinhua )
http://www.xinhuamyanmar.com
အပိုင်စီးခံထားရသည့် လေယာဉ်အမှတ် ၁၈၁ ၊ အီဂျစ်ခရီးသည်တင် လေယာဉ်ကြီးအား တွေ့ ရစဉ် (ဆင်ဟွာ)
    ကိုင်ရို ၊ မတ် ၂၉ ရက် (ဆင်ဟွာ )
    အီဂျစ် ခရီးသည်တင် လေယာဉ်အား အပိုင်စီးထားကြသူများမှာ အီဂျစ်နိုင်ငံသားများ ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းဌာနက မတ်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား မတ်လ ၂၉ ရက် ၊ နံနက်ပိုင်းတွင် ပြန်လွှတ် ပေးလိုက်သော်လည်း လေယာဉ်အမှုထမ်း ၆ ဦး နှင့် နိုင်ငံခြားသား ၄ ဦးအား ဓားစားခံများအဖြစ် ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း အီဂျစ် လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန က ဆိုသည်။
အီဂျစ်နိုင်ငံ ပြည်တွင်း လေကြောင်း ပျံသန်းရေး ဝန်ကြီးဌာန၏ အဆိုအရ အပိုင်စီးခံရသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၆၁ ဦး လိုက်ပါလာကြောင်း ၊ ၄င်းတို့ အနက် အမေရိကန် နိုင်ငံသား ၁ဝ ဦး ၊ ဗြိတိသျှ နိုင်ငံသား ၈ ဦး နှင့် ဆီးရီးယား နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း သိရသည်။
( Xinhua )
http://www.xinhuamyanmar.com
ခရီးသည် ၅၅ ယောက်လိုက်ပါလာတဲ့ အီဂျစ်ခရီးသည်တင်လေယာဉ်တစီးကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ခါးပတ်တခုကို ၀တ်ထားတဲ့သူတယောက်က လေယာဉ်ကို အပိုင်စီးပြီး ဒီကနေ့ Cyprus နိုင်ငံမှာ ဆင်းသက်ခိုင်းခဲ့ပါတယ်။
ပြန်ပေးဆွဲသူနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ လေယာဉ်ပေါ်မှာပါတဲ့ လူ ၇ ယောက်ကို ချန်ပြီး ကျန်တဲ့သူအားလုံးကို လေယာဉ်ကနေ ထွက်ခွာခွင့် ပေးခဲ့တယ်လို့ အီဂျစ်အရပ်ဘက်လေကြောင်းဌာန ၀န်ကြီး Sherif Fathy က ပြောပါတယ်။ အီဂျစ်နိုင်ငံ Alexandria မြို့ကနေ Cairo မြို့ကိုအသွား လမ်းမှာ ခုလို လေယာဉ် စီးနင်းခံရတာပါ။ လေယာဉ်ပေါ်မှာကျန်ခဲ့သူတွေထဲမှာတော့ ၀န်ထမ်း ၄ ဦးနဲ့ ခရီးသည် ၃ ဦး ပါပါတယ်။
လေယာဉ်စီးနင်းထားသူ ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ကိုတော့ ၀န်ကြီး Fathy ငြင်းဆန်ထားပြီး လောလောဆယ် ဘာမှ ခိုင်ခိုင်မာမာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အခု လေယာဉ်စီးနင်းမှုဟာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ဆိုက်ပရပ်စ် နိုင်ငံ သမ္မတ Nicos Anastasiades က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တနင်္ဂနွေနေ့က အရှေ့ပိုင်းက လာဟိုးမြို့မှာ ခရစ်ယာန်ဘာသာ ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ပြင်းထန်တဲ့ အသေခံ ကားဗုံးဖောက်ခွဲမှုအပြီးမှာ အကြမ်းဖက်မှု ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က အလေးအနက်ပြောကြားလိုက်ပါတယ်။ လူသူစည်ကားတဲ့ ပန်းခြံကို တိုက်ခိုက်မှုကြောင့် ကလေး ၃၀ အပါဝင် လူပေါင်း အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ပြီး တခြားလူ ၃၀၀ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန် လုံခြုံရေးတပ်တွေဟာ အကြမ်းဖက်သမားတွေ ခိုအောင်းရာနေရာတွေ လေ့ကျင့်ရေးစခန်းတွေနဲ့ တခြား အကြမ်းဖက် တဲ့ အခြေခံယန္တရားတွေကို နှိမ်နင်းလျှက်ရှိတဲ့ အတွက်ကြောင့် သူတို့တွေဟာ ကြံရာမရပဲ လူထုစုဝေးတဲ့နေရာတွေနှင့် ပန်းခြံတွေကို ပစ်မှတ်ထားပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ကြတယ်လို့ တနင်္လာနေ့က ရုပ်သံလွှင့် မိန့်ခွန်းမှာ ပြောကြားခဲ့ပြီး ခုလိုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်မှုခြေမှုန်းရေး စစ်ဆင်မှုတွေကို ဟန့်တားစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ တစ်ဦးကလည်း တနင်္လာနေ့မှာ လုံခြုံရေးအဖွဲ့တွေအနေနဲ့နိုင်ငံမှာ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ပန်ဂျပ် ပြည်နယ်မြို့တော်အပြင် မူလတန်နဲ့ ဖိုင်ဆယ်လာဘက် မြို့နှစ်မြို့တို့မှာ ကနဦးရထားတဲ့ သတင်းအချက်လက်တွေ အပေါ်အခြေခံပြီး စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့မှာ အကြမ်းဖက်သမားတွေလို့ မသင်္ကာရသူတွေနဲ့ အပေါင်းပါတွေကို ဖမ်းဆီးရမိတယ်လို့ ပြောခဲ့ပါတယ်။ တခြားအသေးစိတ်အချက်လက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။
ပါကစ္စတန် တာလီဘန် ခွဲထွက်ရေးအဖွဲ့ ဂျမားလ်တူး၊ အာရား ရဲ့ ပြောခွင့်ရက ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ ဗုံးဖေါက်ခွဲမှုကို တာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ် Sharif က လာဟိုးမြို့ကို တနင်္လာနေ့မနက်က သွားရောက်ခဲ့ပြီး အရပ်ဘက်အကြီးအကဲတွေ၊ လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရ ပြည်သူတွေကိုလည်း ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဝန်ကြီးချုပ် Sharif ဟာ သူ့ရဲ့ ဒီသီတင်းပတ်အတွင်း အမေရိကန်မှာကျင်းပမယ့် နျူကလီယားး လုံခြုံရေးညီလာခံကိုသွားဖို့ရှိတဲ့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကလည်း နောက်မကြာခင်မှာပဲ ကြေညာခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
EAO အစည်းဝေးတက်ရောက်နေသော RCSS ခေါင်းဆောင် ယွတ်ဆစ်
KIA တပ်မဟာ ၆ နယ်မြေတွင် အစိုးရတပ်မ ၉၉ နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့များ ယမန်နေ့က အချိန် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
SSPP/SSA တပ်မဟာ ၁ မှ အင်အား ၂၀၀ ခန့်နှင့် အစိုးရတပ်မ ၉၉ အင်အား ၂၀၀ ကျော်ခန့်တို့သည် ယမန်နေ့ မနက်ပိုင်း ၁၀ မှ မွန်းလွဲပိုင်း ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှမ်းတပ်များသည် ယင်းနေရာမှ ဆုတ်ခွာသွားပြီး အစိုးရတပ်များ ကျန်ရှိနေသေးကြောင်း KIA တပ်မဟာ ၆ အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသည် KIA တပ်မဟာ ၆ နယ်မြေ မုန်းဘော် အနောက်ဘက်၊ မန်နောင်းရွာ အလွန် ခ ရာ တွင်ဖြစ်ပါသည်။ ယင်း ရှေ့တစ်ရက်က မန်းနောင်းရွာတွင် KIA တပ်ရင်း ၃၇ တပ်ဖွဲ့များကို အစိုးရတပ်မှ ကြားဝင်တိုက်ခိုက်ခဲ့သော နေရာဖြစ်ပါသည်။
KIA တပ်မဟာ ၆ နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသော ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တို့သည် SSA တံဆိပ်ဖြင့်သာ သွားလာနေသောကြောင့် ခွဲခြားရန်ပင် ခက်ခဲနေကြောင်း KIA အရာရှိတစ်ဦး ပြောသည်။
ရှမ်းတပ်ဖွဲ့များမှ KIA တပ်ဖွဲ့များကို နောက်ယောင်ခံ လိုက်နေတာဖြစ်ပြီး ရှမ်းတပ်များ၏ နောက်တွင် အစိုးရတပ်မှ အမြဲလိုလို ပါလာနေကြောင်း KIA တပ်မဟာ ၆ မှ ထိပ်တန်းအရာရှိတစ်ဦးက လွန်ခဲ့သည့် နှစ် ရက်က ကချင်သတင်းဌာန KNG ကို ပြောခဲ့သည်။
ထို့အပြင် ယခုကဲ့သို့ နောက်ယောင်ခံနေမှုများသည် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးအပြီး ဖြစ်ပေါ်လာသော အခြေအနေများ ဖြစ်ကြောင်းကို ယင်းအရာရှိက ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာ ၁၅ NCA လက်မှတ်ထိုးပြီးနောက် နိုဝင်ဘာလမှ စပြီး ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့များနှင့် တအောင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်လာခဲ့ပါသည်။
ထို့အတူ အစိုးရတပ် အင်အား ၃၀၀၀ ကျော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှား နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် NCA လက်မှတ် မထိုးသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ၏ ဖေဖော်ဝါရီ ၂၁ ထုတ်ပြန်ချက်တွင် အစိုးရမှ NCA ကို နိုင်ငံရေး စစ်ရေးလက်နက် သဖွယ် အသုံးပြုလာနေကြောင်း ဖော်ပြခဲ့ပါသည်။
ထို့အတူ မတ်လ ၂၆ မှ ၂၈ အထိ ပြုလုပ်သော တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ၏ သုံးရက်ကြာ ‘ဝ’ နယ် UWSP/UWSA ပန်ခမ်း အစည်းအဝေးတွင် လက်ရှိ RCSS နှင့် TNLA တို့ကြား ဖြစ်နေသည့် ပြဿနာကို ညှိ့နှိုင်းအဖြေရှာပြီး နှစ်ဦးနှစ်ဖက် ချက်ခြင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုထားပါသည်။ အကယ်၍ တဖက်က ပဋ္ဋိပက္ခ ဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီး ကာကွယ်သွားမည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။
Kachin News Group - Burmese
http://burmese.kachinnews.com
ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှစ်စဉ် ထုတ်ပြန်လေ့ရှိသော သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦး ‘TIME 100’ စာရင်းအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၁၀ ရက်နေ့ မဲပေးခွင့်မပိတ်သိမ်းမီအချိန်အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။ ‘TIME 100’ စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ဗံနှင့် နည်းပညာ၊ အတွေးအခေါ်ပညာရှင်များ စသဖြင့် နယ်ပယ်အသီးသီး၌ ထူးချွန်ပြောင်မြောက်သူများအား လူအများအပေါ် သြဇာသက်ရောက်မှုကို အခြေခံကာ TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းသို့ နောက်ဆုံးတရားဝင်စာရင်းကို အယ်ဒီတာအဖွဲ့က ရွေးချယ်သတ်မှတ်ခြင်းဖြစ်သော်လည်း အများပြည်သူ၏ဆန္ဒပြုမှုကိုလည်း ကောက်ခံလေ့ရှိရာ ယခုနှစ်အတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် မိမိ၏ဆန္ဒကို အောက်ပါ လင့်ခ်တွင် မဲပေးဆန္ဒပြုနိုင်သည်။
http://time.com/4264746/2016-time-100-poll/vote/9/…
ဆန္ဒမဲပေးလိုသူအနေနှင့် ဖေ့စ်ဘုတ် (သို့) တွစ်တာ အကောင့်ရှိရမည်ဖြစ်သည်။ ဆန္ဒမဲပေးခွင့်ကို ဧပြီ ၁၀ ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး အများဆန္ဒအရ ထွက်ပေါ်လာသော ရလဒ်ကို ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ သို့သော် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ‘TIME 100’ တရားဝင် အဆင့်သတ်မှတ်ချက်ကို ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အများဆန္ဒမဲပေးမှုဇယား၏ နံပါတ် ၂ နေရာတွင် ရှိနေပြီး ဒီမိုကရက်ပါတီမှ အမေရိကန်သမ္မတလောင်းတဦးဖြစ်သူ Bernie Sanders က နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မလေးရှား ဝန်ကြီးချုပ် Najib Razak နဲ့ ဇနီးသည် Rosmah Mansor (Credit: AFP) 
မလေးရှားနိုင်ငံ ​ဝန်ကြီးချုပ် ​Najib ​Razak ​ရဲ့ ​ဘဏ်အကောင့်ထဲမှာ ​နှစ်နှစ်အတွင်း ​ဒေါ်လာ ​သန်း ​တစ်ထောင် ​ဒါမှမဟုတ် ​မလေးရှား ​ရင်းဂစ် ​၃၃၂၀၆၇၀ ​ရင်းဂစ်လောက် ​ဝင်ရောက်လာတယ်လို့  ​ABC ​က ​စုံစမ်းသိရှိခဲ့ရပါတယ်။
သြစတြေးလျနိုင်ငံက ​ANZ ​ဘဏ် ​တစိတ်တပိုင်းပိုင်တဲ့ ​မလေးရှားနိုင်ငံက ​AmBank ​ထဲကို ​ငွေတွေ ​အချိန်တိုအတွင်း ​အများအပြား ​ဝင်ရောက်လာတဲ့အတွက် ​မလေးရှား ​ဝန်ကြီးချုပ်ဟာ ​ငွေမည်းကို ​ငွေဖြူ ​ဖြစ်အောင် ​လုပ်နေတာလားဆိုပြီး ​ဘဏ်တွေက ​ဂရုတစိုက် ​စောင့်ကြည့်လာတာ ​ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ​ဘဏ်အကောင့် ​ကုတ်နာမည်ကတော့ ​Mr ​X ​ဖြစ်ပြီး ​နှစ်နှစ်အတွင်းမှာ ​အမေရိကန် ​ဒေါ်လာ ​တစ်ဘီလီယံ ​(သန်းတစ်ထောင်) ​လောက် ​ဝင်ရောက်တာကို ​တွေ့ရှိရတာ ​ဖြစ်ပါတယ်။
မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​တစ်နှစ်စာ ​ဝင်ငွေက ​သြစတြေးလျ ​ဒေါ်လာ ​တစ်သိန်းကျော်သာ ​ရှိပေမယ့် ​မလေးရှားဝန်ကြီးချုပ်ရဲ့ ​ကတော် ​Rosmah ​Mansor ​ကတော့ ​ဒီဇိုင်နာ ​အိတ်တွေ၊ ​အဖိုးတန် ​စိန်တွေနဲ့ ​တခြား ​ဈေးများတဲ့ ​ဇိမ်ခံ ​ပစ္စည်းတွေကို ​ဝယ်ယူ ​သုံးစွဲတာကိုလည်း ​သတိထားမိကြတာ ​ဖြစ်ပါတယ်။
ဒါ့အပြင် ​ဇိမ်ခံ ​ဟိုတယ်တွေ၊ ​အကောင်းစား ​ကားတွေအတွက် ​ငွေတွေ ​သုံးခဲ့သလို ​နိုင်ငံရေး ​လုပ်ငန်းမှာလည်း ​သုံးစွဲခဲ့တာကို ​တွေ့ရှိခဲ့ကြပါတယ်။
မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​ဘဏ်အကောင့်ထဲကို ​ငွေလွဲပေးတာက ​Saudi ​Arabia ​အစိုးရ ​ဘဏ်အကောင့်တွေ ​ပါဝင်သလို ​ဆော်ဒီ ​မင်းသား ​တစ်ယောက်နဲ့ ​British ​Virgin ​Island ​က ​ကုမ္ပဏီတွေလည်း ​ပါဝင်ခဲ့ပါတယ်။
မလေးရှား ​ဝန်ကြီးချုပ်ကို ​ရေးသားတဲ့ ​ဆော်ဒီ ​အာရေးဗီးယား ​နိုင်ငံက ​မင်းသား ​တစ်ယောက်ဆီက ​စာထဲမှာတော့ ​အစ္စလာမ် ​ဘာသာ ​ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ရည်ရွယ်ပြီး ​လက်ဆောင်ပေးတဲ့အကြောင်း၊ ​လာဒ်ထိုးတာဟာ ​အစ္စလာမ် ​ဘာသာနဲ့ ​ဆန့်ကျင်တာကြောင့် ​ဒါဟာ ​လာဒ်ထိုးတာ ​မဟုတ်ပဲ ​လက်ဆောင်ပေးရုံသာ ​ဖြစ်တယ်ဆိုပြီး ​ရေးသားထားပါတယ်။
ABC ​သတင်းဌာနရဲ့ ​Four ​Corners ​အစီအစဉ်က ​မလေးရှား ​ဝန်ကြီးချုပ်က ​အဂတိ ​လိုက်စားမှုတွေ ​လုပ်နေတယ် ​ဆိုတဲ့ ​သတင်းကို ​လိုက်ရင်း ​မလေးရှားနိုင်ငံမှာ ​ခေတ္တ ​ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကိစ္စကို ​စုံစမ်းနေတဲ့ ​ABC ​သတင်းဌာနက ​သတင်းထောက် ​Linton ​Besser ​နဲ့ ​Louie ​Eroglu ​ကို ​မလေးရှား ​အာဏာပိုင်တွေက ​ဖမ်းဆီးပြီး ​နောက်ပိုင်းမှာ ​ပြည်နှင်ဒဏ် ​ပေးခဲ့တာ ​ဖြစ်ပါတယ်။
အဲဒီ ​သတင်းထောက်တွေ ​ပြန်လာပြီးတဲ့နောက် ​မနေ့ညတုန်းကပဲ ​ABC ​ရုပ်မြင်သံကြား ​အစီအစဉ်မှာ ​မလေးရှား ​ဝန်ကြီးချုပ်ရဲ့ ​ဘဏ်ထဲ ​ငွေတွေ ​အများအပြား ​ရှိနေတဲ့အကြောင်းကို ​ထုတ်လွှင့်ပြသခဲ့ပါတယ်။
အခုလောလောဆယ် ​မလေးရှား ​အစိုးရဘက်က ​အေဘီစီ ​Four ​Cornor ​က ​ထုတ်လွှင့်တဲ့ ​State ​of ​Fear ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​တုန့်ပြန်မှု ​လုပ်ထားတာ ​မတွေ့ရသေးပါဘူး။
Exclusive by Linton Besser, Elise Worthington and Jaya Balendra
ABC Radio Australia
http://www.radioaustralia.net.au/burmese