04/02/16

ပဲခူးရွှေမော်ဓောဘုရားပေါ်က ပန်းချီကားနံပါတ် ၁၆
တွင် ပါနေသော ကာချုပ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်တွဲလက်ညှိုးညွှန်ပြနေသည့်ပုံ
နေရာကို သက်ဆိုင်ရာလူကြီးများက ဘုရားဂေါပကအား ဖျက်ပေးရန် တောင်းဆိုလာသည့်အတွက် ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲက ဖျက်ပေးလိုက်ရကြောင်း ပန်းချီဆရာ ဦးအောင်လှိုင်ဦးက ပြောသည်။

''ဖျက်တာကလည်း လက်ညှိုးထိုးပြနေတဲ့ တစ်နေရာကိုပဲ ဖျက်ပေးလိုက်ရတာ။အဲ့ဒီပန်းချီကားမှာပါတဲ့ ဒေါ်စုရဲ့ နောက်ကျောပုံနဲ့ ဘေးပုံက ဘေးတိုက်လမ်းလျှောက်နေတဲ့ ဒေါ်စုရဲ့ပုံကတော့ မဖျက်ရသေးဘူး။သူတို့တောင်းဆိုလာတာက ဒေါ်စုပုံချန်ထားလို့ရတယ်။ဒါပေမဲ့ မထူးပါဘူးဆိုပြီး ကြည့်မကောင်းမှာစိုးလို့ နှစ်ယောက်လုံးဖျက်ပေးလိုက်ရတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ ပန်းချီကားကို ၄င်းပန်းချီဆရာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မူလပန်းချီပုံမှာ မှေးမှိန်နေပြီဖြစ်သောကြောင့် ပြန်လည်ရေးဆွဲရာတွင် ဒေါ်စုနှင့်
ကာချုပ်ပုံကို facebook ပေါ်တွင်တွေ့ရသည့်အတွက် ထူးထူးခြားခြားဖြစ်နေသဖြင့် ဂုဏ်ပြုသည့်သဘောနှင့် ထည့်ဆွဲလိုက်ကြောင်း သိရသည်။

ယင်းပန်းချီကားသည် ပဲခူးငလျင်ကြီးကြောင့် ရွှေမော်ဓောဘုရား ငှက်ပျောဖူးပြုတ်ကျနေချိန်တွင် လူတွေဝိုင်းကြည့်နေကြပုံကို သရုပ်ဖော်ထားခြင်းဖြစ်ပြီး ပန်းချီ၏ သဘောသဘာဝအရကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပုံကိုထည့်သွင်းရေးဆွဲလိုက်ခြင်းဖြစ်ကြောင်း
၎င်းပန်းချီဆရာက ဆိုသည်။

''အခုလို ဖျက်လိုက်ရတော့ စိတ်မကောင်းဘူး။ကျွန်တော်က ဂုဏ်ပြုတဲ့သဘောနဲ့ ဆွဲထားတာပါ။
ဘယ်သူ့မှထိခိုက်စေချင်လို့တော့ မဟုတ်ပါဘူး။
ကိုယ့်အနုပညာ ကိုယ်ပြန်ဖျက်ရတော့ ကိုယ့်သားသမီးကိုယ့်သတ်လိုက်ရသလို ဒီနေ့အထိ စိတ်မကောင်းဘူး ဖြစ်နေတယ်''ဟု ပန်းချီဆရာ ဦးအောင်လှိုင်ဦးက ပြောသည်။

ယင်းပန်းချီကားကို မြင်တွေ့ရသူများက ကြိုတင်ရေးဆွဲထားသည့် အတိတ်နိမိတ်ပေလော သို့လော သို့လောဖြင့် သံသယများပွားကာ facebook တွင်လူပြောများခဲ့သည်။

ကိုဦး

Photo credit - Kyaw Soe Naing
Popular News Journal

[youtube src="4xQvWZbUcMQ"/]
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမမြောက်နေ့အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တရားဥပဒေစိုးမိုးရေး ကို အဓိကလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆန်စပါး နိုင်ငံခြားတင်ပို့နိုင်အောင် ဈေးကွက်ရှာဖွေပြီး လယ်သမားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မွေးမြူရေးတွေနဲ့ပတ်သက်ပြီးတော့လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
DVB TV News

12933154_1053210994717400_5686997422230308536_n
[youtube src="0Dgleb_llDg"/]
မတ်လဆန်းပိုင်းကစပြီး အစိုးရအဖွဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက သတင်းစာတွေ အရင်လတွေထက် ရောင်းအား ပိုကောင်းခဲ့တယ်လို့ စာစောင်အရောင်း ဆိုင်တွေက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက်နေ့ကစပြီး ပုံစံသစ်နဲ့ ထွက်ရှိလာတဲ့၊ နိုင်ငံပိုင် သတင်း စာတွေလည်း ရောင်းအားကောင်းခဲ့ပြီး၊ စာဖတ်သူတွေရဲ့ အားပေးမှုလည်း ကောင်းခဲ့တယ်လို့ သိရပါတယ်။

သတင်းစာတွေရောင်းနေတဲ့ဆိုင်မှ မနေရီဝင်းက “အကုန်ရောင်းရတယ် မောင်လေး သတင်းစာတွေကလေ။ မြန်မာ့အလင်း၊ အစိုးရသတင်းစာတွေလည်း ရောင်းရတယ်။ ပုဂ္ဂလိက သတင်းစာတွေလည်း ဒီရက်ပိုင်း တော်တော်ရောင်းရတယ်။ ခါတိုင်းလည်း လကုန်ပိုင်းဆိုရင်တော့ ရောင်းရတာ များတယ်။ ဒါပေမယ့် ဒီလကတော့ ပိုရောင်းရတယ်ပေါ့။ အခုက ပုံစံလေးပြောင်း လိုက်တာလည်းပါတယ်။ သတင်းတွေကော၊ ဟိုနေ့ကဆို ကဗျာလေးတွေလည်း ပါတယ်။ အဲ့ဒါတွေလည်း ရောင်းရတာပေါ့။ အခု ပြန်ဖတ်နေကြပြီပေါ့ အစိုးရ သတင်းစာ တွေကိုလေ။ ခါတိုင်းဆို ပုဂ္ဂလိက သတင်းစာတွေပဲ ယူကြတယ်။ အခုတော့ အစိုးရ သတင်းစာတွေပါ တွဲယူကြတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ သတင်းစာတွေရောင်းနေတဲ့ဆိုင်မှ ကိုနိုင်လင်းက “ဒီရက်ပိုင်းတော့ သတင်းစာတွေကတော့ တော်တော်ဖြန့်နေရတယ်။ အခုက ပြောင်းလဲထားတဲ့ အခြေအနေဆိုတော့လေ။ အကုန်လုံး cover တွေပါ အကုန် ပြောင်းလဲသွားတာ။ နိုင်ငံပိုင် သတင်းစာမှာပဲ တော်တော်ကြီးကို ပြောင်းလဲမှုက အရမ်း များသွားတော့။ နိုင်ငံရေးတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ဘာတွေညာတွေက အစ ဆောင်းပါးတွေပါ ထည့်ပေးထားတာပေါ့။ မနေ့ကဆိုလည်း မင်းကိုနိုင်ဆောင်းပါးတွေပါထွက်တယ်။ ၀ယ်တဲ့သူတွေက အခု နိုင်ငံပိုင်သတင်းစာတွေကို တော်တော်စိတ်ဝင်စား လာကြတယ်။ ရောင်းအားလည်း တော်တော်များပါတယ်” လို့ ပြောပါတယ်။

သတင်းစာတွေကို အခုထက် ပိုမို အဆင့်မီပုံစံ ဖြစ်စေချင်တယ်လို့ ၀ယ်ယူဖတ်ရှုသူ ကိုဝင်းကိုကိုက ပြောပါတယ်။

“အခုက ဒီနေ့မှ အစလို့ပြောရမှာပေါ့။ အစဆိုတော့ ဘာမှတော့ ပြောလို့တော့ မရသေးဘူး။ အခုချိန်ထိတော့ ကောင်းနေတုန်းပဲ။ ပြောင်းတယ်ဆိုတာက အစိုးရပြောင်းလို့ သူတို့လိုက်ပြောင်းတာလား။ တကယ်ပဲ ပြောင်းတာလားဆိုတာ ကျနော်တို့ စောင့် ကြည့်ရဦးမှာပေါ့။ အသွင်အပြင်ကတော့ နိုင်ငံတကာ အဆင့်အတန်းမီလေး ဖြစ်စေချင်တာပေါ့။ ဒီ့ထက် အသွင်အပြင်လေး သားသားနားနားလေး၊ ကောင်းကောင်းလေး လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေကို ၂၀၁၃ ခုနှစ်က စတင်ထုတ်ဝေ ခွင့် ပြုခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာတွေဟာ အရင်အစိုးရသက်တမ်းကုန်အထိ အစိုးရအဖွဲ့ အာဘော်တွေကိုပဲ ဖော်ပြခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ လက်ရှိအစိုးရသစ် လက်ထက်မှာတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ အပြောင်းအလဲကြောင့် လူထုက ထောက်ခံလာကြပါတယ်။

သတင်း- အာကာ
DVB TV News

အိုင်အက်စ်အကြမ်းဖက်အဖွဲ့လို အစွန်းရောက်တပ်ဖွဲ့တွေက နျူကလီးယားတိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်တားဆီးမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ကမ္ဘာ့ နျူကလီးယားထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတအိုဘာမားက တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့က ၀ါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ နျူကလီးယားထိပ်သီးဆွေးနွေးပွဲကို နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်နေပြီး နျူးကလီးယားအကြမ်းဖက်တိုက်ခိုက်မှုတွေ ကာကွယ်တားဆီးရေး ကမ္ဘာ့နိုင်ငံတွေ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချနိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ဟာ နျူကလီးယားလက်နက်ရရှိရေး ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပြီး အိုင်အက်စ်အကြမ်းဖက်တွေကတော့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ဓာတုလက်နက်တွေ သုံးစွဲခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

လက်ရှိ မြောက်ကိုရီးယား နျူးကလီးယားအစီအစဉ်တွေ၊ ဒီထိပ်သီးဆွေးနွေးပွဲကို ရုရှားနိုင်ငံက မတက်ရောက်တဲ့အပေါ်တွေမှာလည်း ညီလာခံတက်ရောက်သူ နိုင်ငံတွေက စိုးရိမ်တယ်လို့ ပြောဆိုကြပါတယ်။

ရုရှားနိုင်ငံဟာ နျူးကလီးယားလက်နက်ထုတ်လုပ်မှုကို လျော့ချပြီး ရုရှားစစ်တပ်ကို ပြန်ပြီး အကြီးအကျယ်တည်ဆောက်နေတာကိုလည်း ပူပန်တယ်လို့ သမ္မတ အိုဘားမားကပြောဆိုပါတယ်။

ဒီညီလာခံကို တက်ရောက်ဖို့ ရုရှားသမ္မတပူတင်က ငြင်းဆန်ခဲ့သလို ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း လာဟိုမြို့ ဗုံးပေါက်ကွဲမှုအပြီး ဒီညီလာခံခရီးစဉ်ကို ဖျက်သိမ်းလိုက် ပါတယ်။ ဒီနှစ်နိုင်ငံလုံးက နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။

DVB TV News

"မြန်မာနိုင်ငံအတွက်တော့ ရင်လေးတယ်ဗျာ"
"ဘာဖြစ်လို့လဲဟ"
"အာဏာရှင်တွေကို ခေါင်းဆောင်တင်မိပြီလေ"
"ဘယ်သူတွေလဲဟ"
"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လေဗျာ"
"ဘာကြောင့် အဲ့လိုပြောတာလဲ ရှင်းစမ်းပါဦး"
"ပြည်သူတွေ မျက်ကွယ်ပြုခံနေရပြီလေဗျာ"
"ဘယ်မှာ မျက်ကွယ် ပြုခံရလို့လဲ?"
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း ကိစ္စလေဗျာ"
"အဲ့ဒါဘာဖြစ်လို့လဲ?"
"မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီလေဗျာ"
"အဲ့ဒီတော့ ဘာဖြစ်လို့လဲ?"
"ဘာဖြစ်ရမှာလဲ အဲ့ဒါလိုချင်တာကို ရအောင်ယူသွားတာလေ"
"သယံဇာတတွေ ယူသွားတာလား?"
"အဲ"
"သစ်တွေခုတ်သွားတာလား?"
"အဲ"
"ကျောက်စိမ်းတွေ တူးရောင်းကြလို့လား?"
"အဲ့လိုတော့ မဟုတ်ပါဘူး"
"ဒါဆို ဂက်စ်တွေ ရောင်းသွားတာလား?"
"အာဗျာ ... ပြည်သူကို ဂရုမစိုက်ပဲ အာဏာပါဝါတွေ ရအောင်ယူသွားတဲ့ကိစ္စကိုပြောတာဗျ"
"ဦးသန်းရွှေကြီးကိုပြောနေတာလား ... ထားလိုက်ပါတော့ကွာ သူလည်း အတော်အိုနေပါပြီ"
"အမ် ... မဟုတ်ဘူးလေဗျာ"
"သြော် ... ဦးနေဝင်းကို ပြောတာထင်တယ် ... သေတဲ့လူလည်း သေသွားပြီပဲ မေ့လိုက်ပါတော့ကွာ"
"မဟုတ်ဘူးဗျ"
"ဒါဆိုဘယ်သူလဲ?"
"ဒေါ်အောင်ဆန်းစုကြည်လေဗျာ ... သူလိုချင်တာကို ရအောင်ယူသွားပြီလေ"
"ဟင် ... ဘာယူသွားတာတုန်း?"
"နိုင်ငံတော်အတိုင်ပင်ခံရာထူးလေဗျာ"
"အောင်မယ်လေးဗျာ ... တပြည်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး အစစအရာရာ ပုံအပ်ထားတာမင်းမသိဘူးလား?"
"လူဦးရေ ၁၂သန်းလောက်က မဲပေးတာကိုများ တပြည်လုံးတဲ့ ... ဟားဟား"
"မယုံရင် မင်းတပြည်လုံးမှာ ဆန္ဒခံယူကြည့်လိုက်"
"ဘာကို ဆန္ဒခံယူရမှာလဲ?"
"ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အမြင့်ဆုံးတာဝန်ပေးချင်စိတ်ရှိမရှိလေးပဲ"
"ယူတော့ဘာဖြစ်မှာလဲဗျ"
"ဒီနိုင်ငံက လူတွေ စိတ်ထဲ အမှန်တကယ်ဘာရှိနေသလဲ ဆိုတာ မင်းသိရတာပေါ့ကွ ... ငါ့အထင် အနည်းဆုံး ၉၂.၄၈% ကျော်ကျော်လောက်က အမြင့်ဆုံးမှာ ထားချင်ကြတာကွ"
"ဘာကြောင့် အဲ့လို ပြောနိုင်ရတာလဲဗျ?"
"တပြည်လုံးမှာ စတုဒိသာကျွေးလိုက် သမ္မတကြီးကို ကြိုဆိုလိုက်လုပ်နေတာ ၉၅% တောင်ကျော်ချင်ကျော်နေမှာဟ ငါတို့အမသားလေးရ"
"အာဗျာ ... အပိုတွေ ပြောမနေနဲ့ အဲ့လို အမြင့်ဆုံးမှာ ထားချင်စိတ်ကပဲ အာဏာရှင်ဖြစ်အောင် တွန်းပို့နေတာ"
"ဟင်"
"မဟင်နဲ့လေ ... အခု ပြည်သူကို မျက်ကွယ်ပြုပြီး လုပ်ချင်ရာလုပ်နေပြီမဟုတ်လား?"
"ပြည်သူ့ဆန္ဒနဲ့ မညီဘူးလို့မင်းထင်သလား?"
"မသိဘူးဗျာ ... ဒီလိုတွေမဖြစ်ဖို့ မြန်မာပြည်မှာ Law Making Process ကို ပီပြင်စနစ်ကျအောင်လုပ်သင့်နေပြီ"
"ဟင် ... မင်းပါးစပ် အီးတွေ ထွက်လို့ပါလားဟ"
"ဟမ် ... ထွီ မညစ်ပတ်နဲ့ဗျာ"
"ရော့ရော့ လျှာကို နှီးနဲ့ ခြစ်ချပြီး ပလုပ်ကျင်းလိုက်"
"အာဗျာ တော်ပြီ"
"စောန ဘာပြောလိုက်တာ?"
"မြန်မာပြည်မှာ ဥပဒေပြုတဲ့ လုပ်ဆောင်ချက်အဆင့်တွေ ပီပြင်စေချင်လို့ပြောနေတာဗျ နောက်ထပ်ပြည်သူမျက်ကွယ်ပြုခံရမှာစိုးလို့"
"အခု မပီပြင်လို့လား?"
"ပြည်သူတောင် ကောင်းကောင်းမလေ့လာရသေးပဲ တစ်ရက်တည်း သတင်းစာမှာကြေညာတယ်"
"ဟုတ်တယ်လေ ... ဥပဒေကြမ်းက နှစ်မျက်နှာတောင်မပြည့်ပါဘူးဟ ၁၅ မိနစ်လောက်နဲ့ လေ့လာလို့ရပါတယ်"
"အဲ့ဒါက အရေးမကြီးဘူး တစ်ရက်တည်းကြေငြာပြီး တစ်ရက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံအတည်ပြုလိုက်တာက ရှက်စရာကောင်းတာ"
"ဘာရှက်စရာကောင်းလို့လဲ ထောက်ခံမဲ များတယ်မဟုတ်ဘူးလား?"
"ကန့်ကွက်သူတွေလည်းရှိပါတယ်"
"ထောက်ခံမဲက မများလို့လား?"
"ဟုတ်ပါတယ် ၁၃၇ မဲ နဲ့ အတည်ပြုလိုက်တာပါ"
"အေးလေ ... အဲ့ဒါ ပြီးပြီပေါ့"
"အဲ့ဒါပဲပြောနေတာပဲလေဗျာ .... တစ်ရက်တည်းကြေညာ တစ်ရက်တည်းအတည်ပြုတာ ပြည်သူကို မျက်ကွယ်ပြုတာမဟုတ်လို့ ဘာလဲဗျ?"
"သြော် ... မင်းမျက်လုံးဝိုင်းဝိုင်းလေးတွေကို ငါ့နှီးလေးနဲ့ ဖွဖွလေးထိုးပြီး အပူထုတ်ပေးမှဖြစ်တော့မှာပါကွာ"
"ဘာဖြစ်လို့လဲဗျ"
"အပူတွေအောင်းပြီး မမြင်တော့လို့ပေါ့ကွ"
"အာ ... မြင်တယ်ဗျ မြင်တယ် ပြည်သူကို မျက်ကွယ်ပြုတာ ဒီမျက်လုံးကြီးက မြင်တယ်"
"ထားပါတော့ မြင်တယ်ပဲထားပါတော့ ... ကန့်ကွက်တာက ဘယ်သူတွေလဲ?"
"တပ်မတော်သားကိုယ်စားလှယ်တွေ ကန့်ကွက်တယ်လေ"
"ထောက်ခံတာက ဘယ်သူတွေလဲ?"
"အရပ်သားကိုယ်စားလှယ်တွေပါ"
"ပြည်သူက ရွေးကောက်ထားတာ အရပ်သားကိုယ်စားလှယ်တွေလား တပ်မတော်သားကိုယ်စားလှယ်တွေလား?"
"အဲ"
"ပြောပါကွ"
"အာဗျာ"
"အရပ်သားကိုယ်စားလှယ်တွေဆိုတာ ပြည်သူက ရွေးကောက်ထားတာမဟုတ်ဘူးလား?"
"ဟုတ်တော့ ဟုတ်ပါတယ်"
"ပြည်သူကရွေးကောက်ထားတဲ့ အရပ်သား ကိုယ်စားလှယ် အများစု ထောက်ခံတယ်ဆိုတာ ပြည်သူရဲ့ သဘောထား ဆန္ဒပဲမဟုတ်ဘူးလား?"
"ဟုတ်တော့ ဟုတ်ပါတယ်"
"ပြည်သူက မရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ကန့်ကွက်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပါ့မလား?"
"အဲ"
"ဒီတော့ ပြည်သူကိုမျက်ကွယ်ပြုတာ ဘယ်သူတွေလဲ?"
"(*&^%$#@!"
_________
အောင်ကြီး

Cartoon credit : Okka Kyi Winn

ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနေသော တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ

အခွင့်ရေးလိုချင်သူများသည် ၀န်ကြီးချုပ် ထံ ငွေထုပ်ပိုက် ချဉ်းကပ် လာမှုများရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီက The Messenger Media သို ထုတ်ဖော်ပြောကြားလိုက်သည်။

"ဒါတော့ခင်ဗျားတို့ လည်းသိပါတယ်။ရာထူးရာခံကြီးလာတဲ့ လူတစ်ယောက်ကို အလုပ်အကိုင်တို့  သူတို့  စီးပွါးရေးတွေအတွက် အမျိုးမျိုး ကပ်လာတယ် ဆိုတာဒါသဘာဝပဲ ဟု ၄င်းကပြောသည်။

ဧပြီလ ၁ရက်နေ့  က တိုင်းဒေသကြီးလွတ်တော်တွင် ၀န်ကြီးချုပ် အဖြစ် ကတိသစ္စာ ဆိုပြီးနောက် ၀န်ကြီးချုပ် ရုံးခန်းသို့ စတင်ရောက်ရှိခိုက် မီဒီယာများနှင့် တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ငွေထုပ်ပိုက် ချဉ်းကပ်လားသူ များနှင့် ချဉ်းကပ်လာပုံတို့ ကို တော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဓာတ်ပုံ-Aung Aung Kyaw ဖေ့ဘုတ်
Messenger News Journal

မန္တလေး ဧပြီ ၁

မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ် မဟာ သင်္ကြန်ပွဲတော်ကို မန္တလေးမြို့တွင် စည်ကားစွာ ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များက ရေကစားမဏ္ဍပ်များကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တည် ဆောက်လျက်ရှိပြီး ယခုအခါ မန္တလေးကျုံးပတ်လည်တွင် ရေကစား မဏ္ဍပ်များ အပြိုင်အဆိုင် တည် ဆောက်နေကြပြီဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ မန္တလေးမဟာသင်္ကြန်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုနှင့်တိုင်းရင်းသားလုပ်ငန်းရှင်များကလည်း သတ်မှတ်စည်း ကမ်းချက်နှင့်အညီ ရေကစားမဏ္ဍပ် များ တည်ဆောက်မည်ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ်လမ်းများဖြစ်သော ကျုံးတောင်ဘက် ၂၆ လမ်းတွင် ရေ ကစားမဏ္ဍပ် ၁ဝခု၊ ကျုံးအရှေ့ဘက် ၆၆ လမ်းတွင် ရေကစားမဏ္ဍပ် ၁၁ခု၊ ကျုံးအနောက်ဘက် လမ်း ၈ဝ တွင် ရေကစားမဏ္ဍပ် ရှစ်ခုနှင့် ကျုံး မြောက်ဘက် ၁၂လမ်းတွင် ရေကစား မဏ္ဍပ် လေးခုရှိ၍ စုစုပေါင်းကျုံးပတ် လည်တစ်လျှောက် ရေကစားမဏ္ဍပ် ၃၃ ခုနှင့်အတူ မန္တလေးမြို့တွင်း၌ အလှပြမဏ္ဍပ် သုံးခုနှင့် ရေကစား မဏ္ဍပ် ငါးခုရှိရာ မန္တလေးမြို့၌ ရေကစားမဏ္ဍပ် စုစုပေါင်း ၄၁ ခု ရှိကြောင်း မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ အခွန်ဌာနမှ သိရသည်။

မန္တလေးမဟာသင်္ကြန်ကို နိုင်ငံ ကျော် အဆိုကျော်များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းတို့က (Iron Cross) တေးဂီတအဖွဲ့နှင့် လည်းကောင်း၊ (Luck Hand) တေးဂီတအဖွဲ့နှင့်အတူ ဝိုင်းစုခိုင် သိန်း၊ ချစ်ကောင်း၊ မေခလာ၊ အောင် ထက်၊ ဂရေဟမ်တို့ကလည်းကောင်း၊ ဖိုးကာ၊ ဟန်ထွန်း၊ လင်းလင်း၊ ဟဲလေး၊ ခန့်စည်သူ၊ ကောင်းမြတ်၊ နန္ဒစိုင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗိုလ်၊ နီနီခင်ဇာ်၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ခင်လေးနွယ်၊ သက်မွန်မြင့်၊ နန်းခင် ဇေယျာ စသည့်နိုင်ငံကျော် ရုပ်ရှင် နှင့်ဂီတအနုပညာရှင်များကပါ လာ ရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရ သည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရသည့်အခါ ဆန္ဒမဲပေးသူပြည်သူလူထုတို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြ သည်။NLD ၏ အောင်ပွဲသည် မိမိတို့၏ အောင်ပွဲဟု ထပ်တူမှတ်ယူကြသကဲ့သို့ NLD အစိုးရ သစ်ပေါ်ထွက်လာမည့် နေ့ရက်ကိုလည်း စိတ်ရှည် လက်ရှည်
စောင့်မျှော်ကြသည်။

သို့သော် တစ်ဖက်တွင်လည်း မေးခွန်းထုတ်သံတစ်ခု ကြားလာရသည်။
အဲဒါက အစိုးရ လုပ်မည့်သူတွေအရည်အချင်းရှိသလား ဟူ၍ ဖြစ်သည်။
မေးခွန်း ထုတ်သူများကNLDကို မယုံကြည်သူ၊NLDအစိုးရတက်လာမည်ကို မနှစ်သက်သူတွေဖြစ်သည်။

သူတို့မေးခွန်း ကြောင့်NLDလိုလားသော ပြည်သူအချို့ထဲမှာပါ စိုးရိမ်ပူပန်မှု များ ရှိခဲ့သည်။

အကြောင်းက တစ်ခါမှ အုပ်စိုးသူမဖြစ်ဖူးဘဲ နှစ်ပေါင်း များစွာ အတိုက်အခံ ဘဝမှာ နေလာသူတွေသည် အစိုးရအလုပ်ကို လုပ်နိုင်ပါမည်လား၊ လုပ်ကော လုပ်တတ်မည်လား ဟူသော ဆင်ခြေကန် စဉ်းစားနည်းကြောင့် ဖြစ်သည်။
စင်စစ်နိုင်ငံရေးသမားဆိုသည်မှာ အာဏာမရသည့်အခါ အတိုက် အခံဖြစ်သော်လည်း အာဏာရအောင် လုပ်နိုင်လျှင်ကား အစိုးရအလုပ်ကို လုပ်နိုင်စမြဲဖြစ်သည်။

နှစ်တစ်ရာကျော် ကိုလိုနီနယ်ချဲ့အောက်မှာ ကျွန်ဘဝ ကျရောက်ခဲ့သည့်
မြန်မာတွေ လွတ်လပ်ရေးရသည့်အခါ ကိုယ့်မင်း ကိုယ့်ချင်း၊ကိုယ့်တိုင်းပြည်နှင့် ကိုယ့်အစိုးရဖြစ်လာခဲ့သည် မဟုတ်လား။ တို့ဗမာတွေ အစိုးရမလုပ်ဖူးလို့ လုပ်တတ်သော နယ်ချဲ့များကိုပဲ ဆက်လက်အပ်နှံထားရမည်ဟု ဘယ်သူစဉ်းစား ဖူးသလဲ။

ယခုလည်း ထိုနည်းအတိုင်းပါပဲ။ ယခင် မအုပ်စိုးဖူးသော် လည်း ယခုတော့ပြည် သူက တင်မြှောက်သဖြင့် အစိုးရလုပ်ကြ တော့မည်။ အရေးကြီးတာ တိုင်းပြည် အတွက်ထားရှိသည့် စေတနာ ပါပဲ။ သို့သော် ထားပါတော့။ မေးမြန်း သူတို့ ပြောသော စကား ကို ပြန်ကောက်ပါမည်။

NLDတွေမှာ ဘာအရည်အချင်းရှိသလဲ။

NLDမှာ ကြီးမားသောအရည်အချင်းနှစ်ရပ် ရှိပါသည်။

တစ် ။ နှစ်ပေါင်းများစွာ ချေမှုန်းတိုက်ဖျက်သည့်ကြားက၊ စိတ်ဓာတ်မပျက်၊ လမ်းစဉ် မပျက်၊ အဖွဲ့အစည်းမပျက်အောင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည့် ဇွဲသတ္တိ ရှိသည်။

နှစ် ။ အခြေအနေ အခွင့်အခါပေးသည်နှင့် တစ်ပြိုင်နက် စုစည်းညီညွတ်စွာ စည်းရုံးလှုပ်ရှားကာ အောင်ပွဲရယူနိုင်သော အစွမ်းသတ္တိရှိသည်။
ဇွဲနှင့်စွမ်းရည်။

အဲဒါသည်။ အားလုံးသိပြီးဖြစ်သည့်NLD၏အရည်အချင်း များဖြစ်သည်။
အဲသည် အရည်အချင်းနှစ်ရပ်နှင့် တိုင်းပြည်အတွက်ထားရှိ သည့် စိတ်စေတနာ တို့ ပေါင်းစပ်ကာ NLD အစိုးရ တာဝန်ယူ ဆောင် ရွက်ကြတော့ မည်။

သို့သော် လက်တွေ့လောကကတော့ စိတ်စေတနာတို့ အရည် အချင်းတို့ထက် အကျိုးရ လဒ်ကို ကြည့်ကာသာ အစိုးရသစ်၏ စွမ်းရည်ကို အကဲဖြတ်ကြ မည်ဖြစ်သည်။

သည်တွင်၊ မျှတစွာ အကဲဖြတ်မည့်သူတို့အတွက် တိုင်းတာ ရန် စံ-ပေတံနှစ်ခု ရှိသည်ဟု မြင်ပါသည်။ တစ်ခုက၊ ယခင်နှစ် ၅ဝ ကာလတစ်လျှောက် တိုင်းပြည် ကို စီမံအုပ်ချုပ်ခဲ့သည့် အစိုးရအဆက်ဆက်တို့၏ စွမ်းရည်ဖြစ်သည်။ ထိုအစိုးရ အဆက် ဆက်တို့ တိုင်းပြည်တိုးတက်အောင် မည်မျှလုပ်ဆောင်နိုင်ခဲ့ပါ သလဲ။ အဲဒါ သည် နှိုင်းယှဉ်တိုင်းတာစရာ စံ တစ်ခုဖြစ်သည်။

နောက်စံ-ပေတံတစ်ခုကတော့ ပြည်သူအသိအမှတ်ပြုမှု ဖြစ်သည်။ အစိုးရသစ်၏ ဆောင်ရွက်မှုတွေအပေါ် ၄င်းအား တစ်ခဲနက် ရွေးချယ် တင်မြှောက် ခဲ့သည့် ပြည်သူတွေ ကျေနပ်အားရမှုရှိသလား မရှိဘူးလား ဟူသော အချက်ဖြစ်သည်။

အဆိုပါ ဒုတိယ ပေတံသည်ပင် အစိုးရသစ်အရည်အချင်းရှိမရှိ အကဲဖြတ်နိုင် မည့် ပို၍အရေးကြီးသော စံ-ပေတံဖြစ်သည်ဟု ဆိုချင်သည်။

MOI Webportal Myanmar

“ကျွန်တော်က တောက်လျှောက်ပြည်သူ့အတွက် နိုင်ငံရေးလှုပ်ရှားခဲ့တာဆိုတော့ ပြည်သူ တွေနစ်နာတာကို သိပါတယ်။ သူတို့မနစ်နာအောင် အဓိက ဆောင်ရွက်ပေးရမယ်ဆိုတာလည်း သိပါတယ်…”
------ ------ ------ ------ ------

မေး- နေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ရတော့မည့် ဒေါက်တာမျိုးအောင်အနေဖြင့် စိန်ခေါ်မှုတွေဖြစ်တဲ့ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားတွေကို ကျူးကျော်သူအဖြင့် တရားစွဲ ထောင်ချ နေမှုအပေါ် ဘယ်လိုများကိုင်တွယ်ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- ဒီကိစ္စကတော့ အဖွဲ့ချုပ်ရဲ့မူအရပဲ တနိုင်ငံလုံးမှာဖြစ်နေတဲ့ လယ်ယာမြေသိမ်းဆည်းမှု ကျူးကျော်ဆိုပြီး ဖမ်းဆီးထောင်ချခံရမှုတွေကို စိစစ်ပြီး အကောင်းဆုံးဆောင်ရွက်မှာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာဖြစ်နေတဲ့ ကိစ္စ ပေါ့နော်။ ကျွန်တော်ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတော့ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေကို သိပါတယ်။ တရားဥပဒေနဲ့အညီပဲ တောင်သူလယ်သမားတွေ မနစ်နာအောင်တော့ တနိုင်ငံလုံး မူနဲ့ပဲ ဖြေရှင်းပေးရမှာပေါ့။
နေပြည်တော်မှာတော့ တခြားတိုင်းဒေသကြီး ပြည်နယ်လောက် အခြေအနေသိပ်မဆိုးဘူးလို့တော့ သိထားပါ တယ်။ နေပြည်တော်ကောင်စီမှာလည်း ဒီပြဿနာ သိပ်မကြီးလို့တော့ သိထားပါတယ်။ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်လို့ ထင်ပါတယ်။

မေး- နေပြည်တော်စည်ပင်အနေနဲ့ တရားရုံးဖွင့်ပြီး ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို စီမံကိန်း ဆိုပြီးသိမ်း၊ ဖယ်မပေးရင် ကျူးကျော်သူအဖြစ် ပုဒ်မ (၂၆)၊ ပုဒ်မ (၂၇)တွေနဲ့ တရားစွဲ နှစ်ချီပြီး ရုံးချိန်တွေခေါ် ဘာဖြေရှင်းလျှောက်လဲချက်မှ လက်မခံဘဲ ထောင်ချအပြစ်ပေးနေမှုအပေါ် ဆရာ့အနေနဲ့ ဘယ်လိုများဆောင် ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ- ယခုလောလောဆယ်မှာတော့ ဒီကိစ္စအပေါ် မလေ့လာရသေးပါဘူး။ ဥပဒေနဲ့အညီဖြစ်အောင်တော့ အစွမ်း ကုန် ကြိုးစားမှာပါ။ ကျွန်တော်က တောက်လျှောက်ပြည်သူ့အတွက် နိုင်ငံရေးလှုပ်ရှားခဲ့တာဆိုတော့ ပြည်သူ တွေနစ်နာတာကို သိပါတယ်။ သူတို့မနစ်နာအောင် အဓိက ဆောင်ရွက်ပေးရမယ်ဆိုတာလည်း သိပါတယ်ဟု ဒေါက်တာမျိုးအောင်က News Watch ကို ပြောပါသည်။

ဒေါက်တာမျိုးအောင်သည် ၁၉၉၀ ခုနှစ်နောက်ပိုင်း ၀န်ထမ်းဘ၀မှထွက်ပြီး NLD ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ပြည်သူများအတွက် တက်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်းမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒဂုံအရှေ့ပိုင်းမြို့ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံတော် သမ္မတမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ခုအခါ သမ္မတအသစ်၊ ၀န်ကြီးအဖွဲ့အသစ်၊ အစိုးရအသစ်တက် လာပေပြီ။ စစ်တပ်ကခန့်အပ်သော ၀န်ကြီး သုံးဦး၊ ဒုသမ္မတတဦးပါသည်ဆိုစေဦး ပြည်ထောင်စုအစိုးရတွင် ပါဝင်သူအများစုမှာ လူသစ်များဖြစ်သည်။ ထိုလူ များမှာ သမ္မတတဦး၊ ဒုသမ္မတနှစ်ဦး၊ ၀န်ကြီး ၁၈ ဦး စုစု ပေါင်း ၂၁ ဦးရှိပေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန် ပြည်သို့ စစ်ပညာသွားသင်စဉ် လိုက်ပါသွားသူပေါင်းမှာ စုစုပေါင်းလူသုံးဆယ်ဖြစ်သည်။ နောက်တော့ တယောက်ဆုံးသွားသဖြင့် လူ ၂၉ ဦးကျန်သည်။ သို့သော် ထို ၂၉ ဦးကိုပင် ရဲဘော်သုံးကျိပ် (ရဲဘော်သုံးဆယ်) ဟု ခေါ်တွင်ခဲ့သည်။ ယခုအခါ NLD မှ ဦးဆောင်ဖွဲ့စည်းလာသော အစိုးရသစ်တွင်လည်း လူ ၂၁ ဦးပါရှိသည် ဖြစ်ရာ ရဲဘော်နှစ်ကျိပ်ဟုခေါ်သော် ရနိုင်ပါ၏။ ရဲဘော်သုံးကျိပ်သည်ကား မြန်မာ့သမိုင်းတွင် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ မြန်မာ့လွတ်လပ်ရေးကိုပြန်ယူပေးရန် ဖြစ်သည်။ ထိုတာဝန်ကို ရဲဘော်သုံးကျိပ်သည် ကျေပွန်ခဲ့ ပါ၏။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်သည် အင်္ဂလိပ်နှင့်ဂျပန်တို့ကို တော်လှန်တိုက် ခိုက်ပြီး မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ကြပါ၏။ လွတ်လပ်ရေးဟူသော ရည်မှန်းချက်ကိုတော့ အောင် မြင်ခဲ့သည်။ သို့သော် ရဲဘော်သုံးကျိပ်သည် တိုင်းပြည်လွတ်လပ်ရေးကို ယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသား အားလုံး စစ်အာဏာရှင်နှောင်ကြိုးအောက်မှ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းပြည် သာယာဝပြောရေးလုပ်ငန်းများကိုမူကား မလုပ်ပေးနိုင်ခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် လွတ်လပ်ရေး မရမီ ခြောက်လအလိုတွင် ကျဆုံးခဲ့ရပေသည်။ ကျန်ရစ်သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအနက် ဗိုလ်လက်ျာ ကို ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့တပ်မတော်၏အနာဂတ်ခေါင်းဆောင်အဖြစ် ရည်မှန်းအားကိုးခဲ့သော်လည်း အတွင်းကျိတ်ကြံနေသော ဗိုလ်နေ၀င်းလက်ထဲသို့ အာဏာရောက်သွားကာ တိုင်းပြည် ချောက်ထဲကျခဲ့၏။ ထိုစဉ်မှစကာ တိုင်းပြည်သည် ဆိုရှယ်လစ်လိုလို၊ တပါတီနိုင်ငံရေးစနစ်လိုလို၊ အာဏာရှင်စနစ်လိုလိုဖြင့် ရေစုန် မျောခဲ့ရသည်။ စီးပွားရေး၊ နိုင်ငံရေးအဘက်ဘက်မှ ချွတ်ခြုံကျခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကို အသက်ပေး တိုက်ခဲ့သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များလည်း ဦးနေ၀င်း၏ ဥပေက္ခာပြုခြင်းကိုခံရကာ ထောင်ကျသူကျ၊ တော ထဲတွင် တိုက်ပွဲဝင်ရင်း သေသူသေ၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူတိမ်းရှောင်ဖြစ်ခဲ့ရသည်။

ရဲဘော်သုံးကျိပ်ကား ဗိုလ်ချုပ်အောင်ဆန်းနှင့် တာထွက်ကောင်းခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းမရှိချိန်တွင် ဗိုလ်နေ၀င်း ဦးဆောင်ချိန်မှစကာ ပျက်စီးခဲ့ရသည်။ အကယ်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကတည်းက သခင်ရှုမောင်နှင့် သခင်ထွန်းအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဘက်တော်သားများမဟုတ်ဘဲ၊ ဗိုလ်ချုပ်အောင်ဆန်း နောက်ကျောကို ဓားနှင့်ထိုးရန် အမြဲကြံဆနေသူများဖြစ်သည်။ သခင်ထွန်းအုပ်သည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ၁၉၄၁ ဒီဇင်ဘာ၂၆ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းခင်အိမ်တွင် မြန်မာ့တပ်မတော်ဖွဲ့သောအခါ ဗိုလ်ဘွဲ့ခံယူရန်ငြင်းဆန်သည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ် သည်။ အင်္ဂလိပ်လက်ထက်တွင် အင်္ဂလိပ်ကို အတိအလင်း လက်နက်ကိုင်တော်လှန်မည်ဖြစ်သဖြင့် အမည်ရင်း များဖြင့် တော်လှန်ရေးလုပ်ပါက မြန်မာပြည်တွင် ကျန်ခဲ့ကြသော ရဲဘော်သုံးကျိပ်၏ မိသားစုဝင်များ၊ မိဘ ဆွေမျိုးအပေါင်းအသင်းများကို အင်္ဂလိပ်တို့က ဒုက္ခပေးမည်စိုးရိမ်သဖြင့် နာမည်အရင်းများနေရာတွင် ဗိုလ်ဘွဲ့ များကိုခံယူခြင်းဖြစ်သည်။ ခံ့ခံ့ညားညားဖြစ်ပြီး စိတ်ဓာတ်တက်ကြွကြစေရန်လည်း ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ဟန်ရှိသည်။ ထို့ကြောင့် သခင်အောင်ဆန်းသည် ဗိုလ်တေဇ၊ သခင်ကျော်စိန်သည် ဗိုလ်မိုးညို၊ သခင် ခင်မောင်ဦးသည် ဗိုလ်တာရာ၊ သခင်ငွေသည် ဗိုလ်စောအောင်၊ သခင်ရှုမောင်သည်ဗိုလ်နေ၀င်း၊ သခင်စောလွင် သည် ဗိုလ်မင်းခေါင်၊ သခင်စံမြသည် ဗိုလ်တောက်ထိန်၊ သခင်စံလှိုင်သည် ဗိုလ်အောင်၊ သခင်စိုးသည် ဗိုလ်မြင့် အောင်၊ ကိုဆောင်းသည် ဗိုလ်ထိန်ဝင်း၊ သခင်တင်အေးသည် ဗိုလ်ဘုန်းမြင့်၊ သခင်ထွန်းခင်သည် ဗိုလ်မြင့်ဆွေ၊ ကိုထွန်းရှိန်သည် ဗိုလ်ရန်နိုင်၊ သခင်ထွန်းရွှေသည် ဗိုလ်လင်းယုန်၊ သခင်ဘဂျမ်းသည် ဗိုလ်လရောင်၊ သခင် မောင်မောင်သည် ဗိုလ်ဥာဏ၊ ကိုရွှေသည် ဗိုလ်ကျော်ဇော၊ သခင်လှသည် ဗိုလ်မင်းရောင်၊ သခင်လှဖေသည် ဗိုလ်လကျာ်၊ ကိုလှမောင်သည် ဗိုလ်ဇေယျ၊ သခင်လှမြိုင်သည် ဗိုလ်ရန်အောင်၊ သခင်ထွန်း လွင်သည် ဗိုလ်ဗလ၊ သခင်သစ်သည် ဗိုလ်စောနောင်၊ သခင်သန်းညွန့်သည် ဗိုလ်ဇင်ယော်၊ သခင်သန်းတင်(၂) သည် ဗိုလ်မြဒင် (သခင်သန်းတင်-၁ မှာ ဗိုလ်ဘွဲ့မခံယူမီ သေဆုံးသွားခဲ့သည်)၊ သခင်အေးမောင်သည် ဗိုလ်မိုး၊ သခင်အောင် သန်းသည် ဗိုလ်စကြာ၊ ကိုအောင်သိန်းသည် ဗိုလ်ရဲထွဋ်အသီးသီးဖြစ်လာတော့သည်။ ထူးခြားသည်မှာ သခင် ထွန်းအုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအကြံပေးသလို ဗိုလ်ဘွဲ့ကိုမခံယူခဲ့ဘဲ နာမည်ရင်း သခင်ထွန်းအုပ်ကိုသာ သုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး ဖီလာကန့်လန့်တိုက်ခြင်းဟု ပြော၍ရသလို မြန်မာပြည်မှာ ကျန်ခဲ့ သော ဆွေမျိုးသားချင်းအတွက် အင်္ဂလိပ်ရန်ကိုမမှုသောကြောင့် အင်္ဂလိပ်သူလျှိုပေလားဟုပင် ထင်ယောင်မှား စရာဖြစ်သည်။ ထင်သည့်အတိုင်းပင် မြန်မာပြည်သို့ အင်္ဂလိပ်ပြန်ဝင်လာသည့် Civil Administration Ser-vice in Burma (CASB) ခေတ်သို့ရောက်သောအခါ သခင်ထွန်းအုပ်က ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်ခေတ်စစ် အတွင်း B.I.A စစ်တပ်ချီတက်လာရာလမ်းတွင် သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းရွာသူကြီးကို အင်္ဂလိပ်သူလှျို လုပ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မုတ္တမဘောလုံးကွင်း၌ လှံစွပ်ဖြင့်သုတ်သင်ကွပ်မျက်ခဲ့သည့်အတွက် လူသတ်မှုနှင့်စွဲချက်တင်အရေးယူပါက သူမျက်မြင်သက်သေလုပ်မည်ဟု ဒုတိယအကြိမ် နောက်ကျောသို့ ဓားနှင့်ထိုးသော လုပ်ရပ်ကိုလုပ်ကိုင်ခဲ့လေသည်။ သို့သော် တပြည်လုံးသည် ဗိုလ်ချုပ်အောင်ဆန်းနောက်တွင် ရှိနေသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဤကိစ္စမှာ သစ္စာဖောက်သူလှျိုတဦးအား စစ်အတွင်းဥပဒေနှင့် အညီ စစ်ခုံရုံးဖွဲ့၍ စီရင်ခြင်းဖြစ်ကြောင်း၊ ဒါမျိုးကိစ္စတွေ ဗြိတိသျှစစ်တပ်မှာရော ကင်းသလားဟု မေးခွန်းထုတ် ပြီး ကျွန်ုပ်၏လိပ်ပြာမှာ အစဉ်သန့်ရှင်းလျက်ဟူသော ကြေညာချက်တစောင် ထုတ်ပြန်ကာ တုံ့ပြန်ဖြေရှင်းခဲ့ သည်။ ဤသို့လျှင် ရဲဘော်သုံးကျိပ်အဖွဲ့အတွင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုကို ကန့်လန့်တိုက် နေသော အဖွဲ့ဝင်အချို့ပါဝင်နေတာ တွေ့ရလေသည်။

ယခုသော်ကား ရဲဘော်သုံးကျိပ် မရှိတော့ပေ။ ရဲဘော်သုံးကျိပ်ဦး တည်ကြိုးစားခဲ့သော မြန်မာ့လွတ်လပ်ရေး လည်း အောင်ပန်းဆင်ခဲ့ပြီ။ သို့သော် မြန်မာပြည်သူအများစုကတော့ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်သေး။ နိုင်ငံ ဒီမိုကရေစီရဖို့ ရုန်းကန်နေရဆဲဖြစ်သည်။ ဤအခြေအနေတွင် ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့ပေါ်လာသည်။ အဖွဲ့ဝင်မှာ နှစ်ကျိပ်နှင့်တယောက်ဖြစ်သည်။ အလွယ်ပြောရလျှင် ရဲဘော်နှစ်ကျိပ်ဖြစ်သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ် လက်စမသတ်နိုင်ခဲ့သော ဖက်ဒရယ်နှင့် ဒီမိုကရေစီအရေး၊ ပြည်တွင်းစစ်အဆုံးသတ်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ တိုင်းသူပြည် သားများ သက်သာချောင်ချိရေးတို့ကို သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်နှင့် ရဲဘော်နှစ်ကျိပ် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၄ ဦးအား နေပြည်တော် တွင် ခေါ်ယူတွေ့ဆုံကာ အစိုးရသစ်တွင်ပါဝင်မည့် ၀န်ကြီး များသည် မိမိတာဝန်ယူရသောဌာနများတွင် ပြည်သူ လူထုအကျိုးကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေးများကို ရက် ၁၀၀ အတွင်း ပြီးစီးနိုင်သော စီမံချက်များ ဆွဲထား ဖို့ ညွှန်ကြားချက်ပေးခဲ့ကြောင်း သိရလေသည်။ တနည်းဆိုရလျှင် အစိုးရသစ်၊ ၀န်ကြီးအသစ်များအတွက် ရက် ၁၀၀ တိုက်ပွဲဆင်နွှဲရန် အချက်ပေးလိုက်ခြင်းဖြစ်သည်။ အစိုးရသစ်တရပ် တက်လာပြီး ရက် ၁၀၀ ကို ပျားရည် ဆမ်းကာလဟု ခေါ်ကြသည်။ အစိုးရနှင့်ပြည်သူသည် လင်မယားသဖွယ် ချစ်ကြည်နေသောကာလမို့ ပျားရည် ဆမ်းကာလဟု ခေါ်ခြင်းလားမသိပေ။ ရက် ၁၀၀ အတွင်း ပြည်သူလူထုအတွက် ချက်ချင်းလက်ငင်း အကျိုး ရှိသောကိစ္စများကို သမ္မတဦးထင်ကျော်က ခန့်အပ်သော ၀န်ကြီးများသည် ဆောင်ရွက်ရတော့မည် ဖြစ်သည်။ ရက် ၁၀၀ ဆိုသည်မှာ သုံးလနှင့်ဆယ်ရက်ပဲရှိသဖြင့် တိုတောင်းသည်ဟု ပြော၍ရပါသည်။ သို့သော် ထိုရက် တရာအတွင်း ထင်သာမြင်သာသော ပြုပြင်ပြောင်းလဲရေးများလုပ်ချင်လျှင် လုပ်တတ်လျှင် များစွာလုပ်၍ ရပေ သည်။

ဥပမာ ဧပြီလ ၁ ရက်နေ့တွင် စတင်ကောက်ခံမည့် တယ်လီဖုန်းဘေလ်ထဲမှ ၅ ရာခိုင်နှုန်း ဖြတ်တောက်အခွန် ကောက်ခံမည့်ကိစ္စကို ပြည်သူလူထုက သဘောမကျပါ။ သက်ဆိုင်ရာ MPT ၊ အော်ရီဒူး၊ တယ်လီနော စသည့် ကုမ္ပဏီများက နိုင်ငံတော်အား အခွန်ဆောင်ထားပြီးဖြစ်ရာ ၀ယ်ယူသူက အဘယ်ကြောင့် ထပ်ပေးရမည်နည်း။ ထိုသို့လုပ်က နှစ်ထပ်ကွမ်းအခွန်ကောက်ခံသကဲ့သို့ ဖြစ်မနေဘူးလား။ လူထုက ဆင်းရဲနေတာ ချွေးနှဲစာထဲက ထပ်ကောက်ဦးမလို့လား စသည်ဖြင့် လူထုကမေးနေကြပေ၏။ စင်စစ် ထိုသို့ တယ်လီဖုန်းအခွန် စကောက်မည့် ကိစ္စသည် NLD အစိုးရကစတင်ကြံစည်ခြင်းမဟုတ်၊ ယခင်ငါးနှစ်နှင့် ငါးလအုပ်ချုပ်သွားသော ကြံ့ခိုင်ရေးအစိုးရ လက်ထက် ဆက်သွယ်ရေးဝန်ကြီးနှင့် ဘဏ္ဍာအခွန်ဝန်ကြီးတို့ ပူးပါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ တယ်လီ ဖုန်းဘေလ် အခွန်ကောက်မည့်ကိစ္စကို လွှတ်တော်အဟောင်းက တနှစ်သက်တမ်း နောက်ဆုတ်ထားခြင်းဖြစ် သည်။ ထို့ကြောင့် NLD သည် ကြားက၀င်၍ နာမည်အပျက်မခံသင့်ပေ။ ရက် ၁၀၀ အတွင်း ကောင်းမွန်သိသာ သော အပြောင်းအလဲကိုလုပ်ချင်သည်ဆိုပါက လွှတ်တော်တွင် နောက်သက်တမ်းနှစ်နှစ် တယ်လီဖုန်းဘေလ် အခွန်မကောက်ဖို့ အဆိုတင်သွင်းပြီး ဆုံးဖြတ်ချက်ချပေးဖို့ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်မှာလည်း NLD အမတ်အများစုရှိသော လွှတ်တော်ဖြစ်သဖြင့် ခက်ခဲသောကိစ္စမဟုတ်။ ရက်ပေါင်း ၁၀၀ မလိုဘဲ သုံးရက်ခန့် အလုပ်လုပ်လိုက်ရုံနှင့် ပြည်သူလူထုကိုအကျိုးပြုနိုင်သောကိစ္စဖြစ်သည်။ ထို့အတူပင် ပန်းခြံအားလုံး အခမဲ့ ၀င်ကြေး စနစ်၊ မြို့ဝင်ကြေး၊ လမ်းကြေး၊ တံတားကြေးများအခမဲ့စနစ်၊ လမ်းဘေးမှ ခေါင်းရွက်ဗျပ်ထိုးဈေးသည် များအား စည်ပင်သာယာမှ ဈေးကောက်ကောက်ခံနေသောစနစ်အားလုံးကို အခမဲ့သတ်မှတ်ကြေညာပေးလျှင် အချိန်တိုတိုအတွင်း လူအများဝမ်းသာစေနိုင်သော ထိရောက်သည့်လုပ်ရပ်များ ဖြစ်လာပေမည်။

ထို့အတူပင် နိုင်ငံတ၀န်းအဖမ်းခံနေရသော ကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးဖို့၊ တရားရင်ဆိုင်ဆဲ အမှုများကိုပိတ်သိမ်းပေးဖို့ သမ္မတ၏လုပ်ပိုင်ခွင့်နှင့်ဖိဖိစီးစီး ဆောင်ရွက် စေလိုသည်။ ယခင်က သမ္မတဦးသိန်းစိန်လုပ်ခဲ့သလိုတော့ နိုင်ငံရေးသမား မဖြစ်စလောက်ထဲတွင် လူဆိုးသူခိုး၊ ခိုးဆိုးနှိုက်၊ ဓားပြ၊ မုဒိမ်းကောင်များ များများရော၍ လူကြားကောင်းအောင် လွှတ်ပေးတာမျိုးတော့ မဖြစ်စေချင် ပါ။ ထောင်ထဲတွင်ရှိမနေသင့်သော ရာဇ၀တ်ပြစ်မှုမဟုတ်သည့် နိုင်ငံရေးအမြင်ကွဲလွဲမှုအရ ဖမ်းဆီးထိန်းသိမ်း ထားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရပါမည်။ ဖျက်သိမ်းလိုက်သောဝန်ကြီးဌာနထဲတွင် သတ္တုတွင်းဝန်ကြီးဌာန လည်း ပါသည်။ ထိုဝန်ကြီးဌာနမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်သို့ ရောက်သွားပြီဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်သောဌာနဖြစ်သွားပေပြီ။ ဖားကန့်တွင်ဖြစ်ပျက်နေသည်များမှာ ဒေသခံ ကချင်များကိုသာမက မြန်မာပြည်သူပြည်သားအားလုံးကိုပါ စိတ်နှလုံးညှိုးချုံးစေပါသည်။ ဖားကန့်သည် မူးယစ် ဆေးဝါး အကြီးအကျယ်ရောင်းဝယ်ဖောက်ကားမှု၊ စည်းကမ်းမရှိကျောက်စိမ်း တူးဖော်မှု၊ တရုတ်နိုင်ငံမှ တရား မ၀င် နယ်စပ်ဖြတ်ကျော် ယာဉ်ယန္တရားများတင်သွင်းမှု၊ အကောက်ခွန်မဲ့ ကျောက်နှင့်စက်ပစ္စည်းများ သယ် ဆောင်မှု၊ ၀န်ထမ်းများအကျင့်ပျက်ခြစားမှု၊ စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေစေမှု၊ နိုင်ငံခြားသားတရုတ်များ တရားမ၀င်ရောက်ရှိ နေထိုင်မှုစသည့်ပြဿနာပေါင်း သောင်းခြောက် ထောင်ရှိ နေသည့်နေရာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရက် ၁၀၀ တိုက်ပွဲအတွက် မဟာဗျူဟာကျ သော ဖားကန့်တိုက်ပွဲကိုဆင်နွှဲကာ အရေးပါသောနေရာများကို ထိန်းချုပ်ရမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်စဉ် နောက်ကျောကိုဓားနှင့်ထိုးမည့် သခင်ထွန်းအုပ်လိုလူများ၊ သခင်ရှုမောင်လိုလူများကို လည်း သတိထားရမည်ဖြစ်သည်။ မိမိအကျိုးစီးပွားပျက်သုဉ်းမှုကြောင့် အဝေးမှ စနိုက်ပါနှင့်ပစ်သလို ချောင်း မြောင်းလုပ်ကြံမည့် ရန်သူများကိုလည်း ထည့်သွင်းစဉ်းစားကာ ကွယ်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက် ၁၀၀ တိုက်ပွဲတွင် ထပ်မံသိမ်းပိုက်ရမည့် တောင်ကုန်း မှာ မြစ်ဆုံဆည်စီမံကိန်းဟူသော အလွန်ကြီးမားသည့် တောင်ကုန်းဖြစ်သည်။ ရန်သူသည် ထိုတောင်ကုန်းမှ ငါးနှစ်လုံးလုံး နောက်မဆုတ်တမ်းတွယ်ကပ်နေပြီး ထိုးစစ်ပြန်လည်စတင်ရန် အဘက်ဘက်မှ ပြင်ဆင်နေခဲ့ပါ သည်။ ထိုတောင်ကုန်းကျခဲ့လျှင် NLD လည်း ကျဆုံးမည်ဖြစ်သည်။ အကောင်းဆုံးမှာ စာချုပ်ပါအချက်အလက် များကို လေ့လာပြီးသည်နှင့် စီမံကိန်းကို လက်ခံ၊ လက်မခံ၊ ပြည်သူ့ဆန္ဒနှင့် ညီမညီ လူထုဆန္ဒခံယူပွဲပြုလုပ်ရန် ဖြစ်သည်။ ဖျက်သိမ်းပစ်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။ တရုတ်ပြည်မီးလင်းရန် မြန်မာတို့၏ အသည်းနှလုံး ဧရာဝတီအား မည်သည့်နည်းနှင့်မျှ ထိုးမကျွေးလိုကြောင်း တိုင်းသူပြည်သားများက သဘောထားရှိပါသည်။ ယခင်က ပြည်သူလူထုရွေး ကောက်တင်မြှောက်ထားသောအစိုးရမဟုတ်သည့် လူထုသဘောဆန္ဒမပါဘဲ စစ် အာဏာရှင်ဗိုလ်ချုပ်များနှင့် ကျိတ်ပုန်းချုပ်ဆိုခဲ့သော စာချုပ်များအတွက် နောက်တက်လာသော NLD အစိုးရ တွင် မဖြစ်မနေလိုက်နာရန် တာဝန်မရှိချေ။ တရုတ်ကို အားနာလွန်းပါက NLD သည် ပြည်သူများနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ပေလိမ့်မည်။ ထို့ကြောင့် ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဤတိုက်ပွဲတွင် ရဲရင့်ပါးနပ်စွာ ပွဲထွက်လာမည်ဟု မျှော်လင့်မိပါသည်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ဒေါ်အောင် ဆန်းစုကြည် သမာသမတ်ကျစွာ စစ်ဆေးထုတ်ပြန်ခဲ့သော်လည်း ထိုအစီရင်ခံစာအတိုင်း တရုတ်နှင့်အာဏာပိုင် တို့ဘက်မှ အပြည့်အ၀လိုက်နာခြင်းမရှိကြောင်း ဒေသခံတို့က အကြိမ်ကြိမ်ပြောကြားထားတာရှိသဖြင့် ဤဖြစ် ရပ်ကို နမူနာယူသင့်ပေသည်။ မြစ်ဆုံတိုက်ပွဲကား ရက် ၁၀၀ အတွင်း ရင်ဆိုင်ရမည့်အကြီးမားဆုံး တိုက်ပွဲလည်း ဖြစ်ပါသည်။ ရက် ၁၀၀ နှင့်ပင် တိုက်ပွဲပြီးချင်မှ ပြီးလိမ့်မည်။

အချို့လူငယ်ပညာတတ်များက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပျောက်သွားသဖြင့် စိုးရိမ်ကြသည်။ ယနေ့ခေတ် သည် အိုင်တီခေတ်၊ နည်းပညာခေတ်ဖြစ်သည်။ ဘုရင့်နောင်ခေတ်ကလို မြင်းစီးဓားခုတ် လုပ်ကြသည့်ခေတ် မဟုတ်၊ ဂြိုဟ်တုများ၊ ဒုံးပျံများ လွှတ်တင်ကြသောခေတ်ဖြစ်သည်။ အာကာသသို့ အပြိုင်အဆိုင် စူးစမ်းရှာဖွေကြ သောခေတ် ဖြစ်သည်။ ထို့ကြောင့် သိပ္ပံနှင့်နည်းပညာကို မြှင့်တင်စေလိုပါသည်။ တရုတ်နှင့်အိန္ဒိယတို့တွင် သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာနများ ရှိပါသည်။ စင်ကာပူတွင်လည်း သိပ္ပံနှင့်နည်းပညာဌာနကို ကုန်သွယ်ရေးနှင့်စက်မှု လက်မှုဝန်ကြီးဌာနအောက်တွင် Agency of Science,Technology and Research (ASTAR) ဟူ၍ ဖွဲ့စည်း ထားပါသည်။ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ဟောင်း)တွင် (၁) နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာန၊ (၂)သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ (၃) အဏုမြူစွမ်းအင်ဦးစီးဌာန၊ (၄) ဇီဝနည်း ပညာနှင့် ဒြပ်ပစ္စည်း သိပ္ပံသုတေသနဦးစီးဌာနဟူ၍ ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနကို ပညာရေးဝန်ကြီးဌာနအောက်သို့ ပို့လိုက်သည် ထင်ပါသည်။ ဘာပဲဖြစ်ဖြစ် ရက် ၁၀၀ တိုက်ပွဲ တွင် ဤဌာနများကိုလည်း ဖျက်သိမ်းမပစ်ဘဲ မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍတိုးတက်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သင့်ပါသည်။

သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီး ဌာန ပူးတွဲထားခြင်းမှာ အမှတ်တမဲ့ကြည့်လျှင်မှန်သော်လည်း အကောင်းဆုံး အတွဲအဖက်မဟုတ်ပါ။ အမှန် စင်စစ် ဟိုတယ်ခရီးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသည် ဆက်စပ်နေပါသည်။ ခရီးသွားတွေ ၀င်လာသောအခါ ဆိုက်ရောက် ဗီဇာ၊ တိုးရစ်ဗီဇာ၊ စီးပွားရေးဗီဇာ စသည်ဖြင့် ဗီဇာအမျိုးမျိုးထုတ်ပေးရသည်မှာ၊ ညှိနှိုင်းတိုင်ပင်ရသည်မှာ လူဝင်မှုကြီးကြပ်ရေးဖြစ်ပါသည်။ ထို့ကြောင့် ဟိုတယ်ခရီးနှင့်လူဝင်မှုကြီးကြပ်ရေးကို ပေါင်းလျှင် လည်းကောင်း၏။ သို့မဟုတ် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟိုတယ်ခရီးဝန်ကြီးဌာနကို ပေါင်းစပ်သော် ပိုမိုကောင်းမွန်၏။ အဘယ့်ကြောင့်ဆိုလျှင် ပုဂံ၊ မြောက်ဦး၊ သရေခေတ္တရာ(ပြည်မြို့)၊ ဟန်လင်း၊ ဗိဿနိုး စသည့် ရှေးဟောင်းယဉ်ကျေးမှုဇုန်နေရာများတွင် ဟိုတယ်ဆောက်လုပ်သောကိစ္စများအတွက် ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရှေးဟောင်းသုတေသနဦးစီးဌာန)တို့ ပြဿနာများစွာ၊ အငြင်းအခုန်များစွာဖြစ်နေရ၏။ ဟိုတယ်ခရီးဝန်ကြီးဌာနက ဟိုတယ်ဆောက်ခွင့်လိုင်စင်ထုတ်ပေးသော်လည်း ရှေးဟောင်းက ကန့်ကွက်ခြင်း၊ ရှေးဟောင်းသုတေသနဌာန (ယဉ်ကျေးမှုဝန်ကြီးဌာန)က ခွင့်မပြုသော်လည်း ဟိုတယ်ခရီးဝန်ကြီးဌာနမှ ဟိုတယ်တည်ဆောက်ခွင့်များပေးခြင်းတို့ကို မကြာခဏကြားနေရပေသည်။ ထို့ကြောင့် ထိုဌာနနှစ်ခုသည်လည်း (တကယ်ကျွမ်းကျင်သော) ၀န်ကြီးတဦးတည်းက အုပ်ချုပ်သောဌာနအဖြစ် ပေါင်းစပ်နိုင်လျှင် အလုပ်လုပ်ရတာ ထိရောက်လျင်မြန်ပေမည်။

လိုရင်းကိုပြောရလျှင် ရက် ၁၀၀ အတွင်း NLD မှ ၀န်ကြီးများ လုပ်ပြရမည့်ကိစ္စများမှာ အလွန်များပြားရှုပ်ထွေးပြီး တိုင်းပြည်အတွက် အရေးကြီးပါသည်။ ရက် ၁၀၀ အတွင်း တပွဲတိုးဆောင်ရွက်ချက်များထက် ရေရှည်တွင် ပြည်သူလူထုအကျိုးရှိမည့်ကိစ္စများဖြစ်သော ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်အကိုင်ရရှိရေး၊ တရားဥပဒေစိုးမိုး ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုမြင့်မားတိုးတက်ရေး၊ ရေနှင့် လျှပ်စစ်မီး လုံလောက်စွာရရှိရေးတို့ လိုအပ်နေပါသည်။ သမိုင်းဝင်အပြောင်းအလဲအဖြစ် ရက် ၁၀၀ တိုက်ပွဲကို ရဲဘော်နှစ်ကျိပ်မှ ၂၀၁၆ ဧပြီ ၁ ရက်မှစကာ စတင်ရင်ဆိုင်တိုက်ခိုက်တော့မည်ဖြစ်သည်။ ၁၉၆၂ မှစကာ လက်လွတ်ဆုံးရှုံးခဲ့ရသော ပြည်သူ့တောင် ကုန်းများကို အစိုးရသစ်နှင့်ဝန်ကြီးအဖွဲ့သည် ပြန်လည်သိမ်းပိုက်နိုင် ပါစေ။ ရဲဘော်နှစ်ကျိပ်အဖွဲ့တွင်လည်း ရဲဘော်သုံးကျိပ်အဖွဲ့တုန်းကလို နောက်ကျောကို ဓားနှင့်ထိုးမည့်အဖွဲ့ဝင် များ ကင်းဝေးပါစေဟု ဆုတောင်းလိုက်ပါသည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)[full-post]

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွေးကောက်ခံမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်နေမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာကြောင့် ပြင်ဆင်ရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၂၁ ခုရှိတဲ့အနက် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးတဲ့ အမည်စာရင်းကို သမ္မတက ခန့်အပ်အတည်ပြုပေးရတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ သမ္မတဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြပေမယ့် အမှန်တကယ် အုပ်ချုပ်တာဟာ ပြည်ထဲရေးဝန်ကြီးဌာနသာ ဖြစ်နေတာပါ။

အစိုးရသစ်လက်ထက် ထွေအုပ်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့် အပြောင်းအလဲနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ကို သမ္မတရုံးဝန်ကြီးဌာန လက်အောက်ကို ပြောင်းရွှေ့ပစ်လိုက်လို့ ရနိုင်မလား။ ရွေးကောက်ခံအစိုးရက မအုပ်ချုပ်ရဘဲ ကာချုပ်ကခန့်တဲ့ ပြည်ထဲရေးလက်အောက်ခံ ထွေအုပ်အဖွဲ့ကသာ အုပ်ချုပ်ခွင့်ရနေတာကို အပြောင်းအလဲ ဖြစ်သွားအောင်လို့။ ဘာတွေ အခက်အခဲရှိနိုင်မလဲ။

“ကျနော်တို့ ဒီနေ့အထိ လက်ရှိအုပ်ချုပ်ရေးပုံသဏ္ဌာန်က တပြည်ထောင်အုပ်ချုပ်ရေး ပုံသဏ္ဌာန်မျိုးကို ပုံဖော်ထားတာ။ ဆိုလိုတာက ဗမာနိုင်ငံ တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးကို အုပ်ချုပ်ဖို့ အခွင့်အာဏာပေးထားတယ်။ အဲဒီ ပြည်ထဲရေးဝန်ကြီးဌာနက နေပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ရယ် အဲဒီအဖွဲ့ကြီး ၂ ဖွဲ့ကို အဓိက ဖွဲ့စည်းပြီးတော့မှ အဲဒီအဖွဲ့ ၂ ဖွဲ့နဲ့ လက်တွေ့ တိုင်းပြည်ကို အုပ်ချုပ်တယ်။

“အဲဒီတော့ ပြည်နယ်၊ တိုင်း အားလုံးမှာ ကိုယ်ပိုင်အစိုးရတွေရှိတယ်၊ ပြည်နယ်အစိုးရရှိတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ရှိတယ်၊ ပြည်နယ်ဝန်ကြီးတွေရှိတယ်။ ဒါပေမယ့် သူတို့ကို အုပ်ချုပ်ရေးအာဏာ မပေးဘဲနဲ့ ပြည်ထဲရေးဝန်ကြီးကပဲ တိုက်ရိုက်အုပ်ချုပ်တဲ့ ပုံသဏ္ဌာန်ကို ပုံဖော်ထားတယ်။ အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်တွေ့အုပ်ချုပ်နေတာဟာ အံမ၀င်ဘူး၊ လွဲချော်နေတယ်။ ဖွဲ့စည်းပုံရဲ့သဘောက ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်ရမယ့် ပုံသဏ္ဌာန်ကို ဖော်ထားတယ်။ ဒါပေမယ့် လက်တွေ့အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံကျတော့ တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်တဲ့ ပုံသဏ္ဌာန် ပုံဖော်ထားတယ်။ ဒါကြောင့် လက်ရှိ အုပ်ချုပ်ရေးပုံသဏ္ဌာန်ဟာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အံဝင်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ရေတို၊ ရေရှည် ပြုပြင်ပြောင်းလဲရေး ၂ ခု လုပ်ရမယ်။

“ရေတို လတ်တလော ပြုပြင်ပြောင်းလဲရမယ့် ကိစ္စကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ အကုန်လုံးကို မထားတော့ဘဲနဲ့ ဗဟိုအဆင့်ကိုပဲ ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာ ထားပြီးတော့ ကျန် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ အဲဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေ အားလုံးကို ပြည်နယ်နဲ့တိုင်းအစိုးရ အဖွဲ့နဲ့ ၀န်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုလက်အောက်ကို လွှဲပေးလိုက်ရမယ်။ အဲဒီတော့ ဘာဖြစ်သွားမတုန်းဆိုရင် ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ဟာ သူ့ရဲ့ပြည်နယ်၊ သူ့ရဲ့တိုင်းကို လက်တွေ့အုပ်ချုပ်ဖို့အတွက် သူ့ကို ၀န်ထမ်းအဖွဲ့အစည်းတခု ပေးလိုက်တဲ့သဘော ဖြစ်သွားပြီ။

“တိုတိုပြောရရင် ပြည်နယ်ထွေအုပ်တွေ အားလုံးဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့အောက်ကို ရောက်သွားရမယ်။ ပြည်နယ်ဝန်ကြီးချုပ်ကပဲ အုပ်ချုပ်ရမယ်။ အမိန့်က အဲဒီကပဲသွားရမယ်၊ ဗဟိုအစိုးရက မသွားတော့ဘူး။ ဒါတခု။ နောက်တခါ ရဲတပ်ဖွဲ့။ ပြည်နယ်၊ တိုင်း ရဲတပ်ဖွဲ့တွေ အားလုံးကို ပြည်နယ်၊ တိုင်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ဒါကိုလည်း ပုံစံတမျိုးနဲ့ ပြန်ဖွဲ့ရမယ်။ အဲဒီတော့ ကျနော်တို့ အခုရဲတပ်ဖွဲ့ဟာ တပြည်လုံးကို ရဲတပ်ဖွဲ့တခုပဲ ထားတယ်၊ ရဲချုပ်တယောက်ကို ထားပြီးတော့ အဲဒီရဲချုပ်က တပြည်လုံးမှာရှိတဲ့ ရဲတွေကို အုပ်ချုပ်တယ်၊ အမိန့်ပေးတယ်။ သူ့ရဲ့အထက်မှာ ပြည်ထဲရေးဝန်ကြီးကနေတယ်။ သူ့ရဲ့အထက်မှာ ကာကွယ်ရေးဦးစီးချုပ်က ရှိတယ်။ အဲဒီတော့ အဲဒီဟာကိုလည်း ကျနော်တို့က ပြောင်းရမယ်။ ရဲကို ၂ မျိုး ပြန်ဖွဲ့သင့်တယ်။ ပထမတခုက ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့လို့ ခေါ်တယ်။ တနိုင်ငံလုံးရဲ့ လုံခြုံရေးကိုလုပ်မယ်၊ ဘယ်နားမှာ သောင်းကျန်းသတုန်း၊ ဘယ်နားမှာ ပြဿနာ ကြီးကြီးမားမား ရှိသတုန်း၊ အဲဒါတွေကို အဲဒီ ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့ကနေပြီးတော့ ကိုင်တွယ်ရမယ်။ အဲဒါ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ ထားရမယ်။ ပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဆိုတာ သပ်သပ်ဖွဲ့ရမယ်။ ဥပမာ ရှမ်းပြည်နယ်တွင်းမှာ လူဆိုး၊ သူခိုး၊ ဓားပြ၊ ဒါတွေမရှိရအောင် ထိန်းသိမ်းစောင့်ရှောက်မယ့်ရဲကို ကျနော်တို့က ဒေသဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဆိုတဲ့ နာမည်နဲ့ ပြည်နယ်နဲ့တိုင်းအားလုံးမှာ ဒါတွေက ဖွဲ့ထားပြီးသားတွေက ရှိပြီးသားတွေ။ အဲဒီတော့ လောလောဆယ် ပြည်နယ်၊ တိုင်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုလည်း ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရနဲ့ ၀န်ကြီးချုပ်ရဲ့လက်အောက်ကို ပြောင်းပေးလိုက်လို့ရှိရင် အေးအေးဆေးဆေးလေးနဲ့ ဒီဌာန ၂ ခုဟာ၊ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ဟာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်တွေအောက်ကို ရောက်သွားလိမ့်မယ်။ အဲဒီဝန်ကြီးချုပ်တွေက ဦးဆောင်ပြီးတော့မှ ဆက်ပြီး ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်သွားမယ်ဆိုရင် ဗဟိုအစိုးရမှာလည်း ၀န်ထုပ်ဝန်ပိုး အများကြီး ပေါ့သွားမှာဖြစ်သလို ပြည်နယ်၊ တိုင်းအစိုးရတွေကလည်း သူတို့ပြည်နယ်၊ သူတို့တိုင်း၊ သူတို့ကိုယ်ပိုင် အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးကို ဖြစ်သွားမယ့်အတွက် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ရှေ့ပြေးပုံသဏ္ဌာန်လေး ဖြစ်မှာပေါ့။ တကယ် အမြဲတမ်းအတွက်ကတော့ နောက်မှာ ကျနော်တို့ ဥပဒေ ထပ်ပြီးတော့ လိုက်ပေးရမယ်။ အဲဒါက ဘာတုန်းဆိုတော့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေလို့ ခေါ်တဲ့ ဥပဒေကို ပြန်ပြီးပြဋ္ဌာန်းပေးရမယ်။ ၁၉၅၃ ခုနှစ်က ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးဥပဒေလို့ ခေါ်ပါတယ်။ အဲဒါ ရပ်ကွက်ရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ်၊ အဲဒီ ၃ ခုကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာကို ပြဋ္ဌာန်းထားတာ။ ပြည်သူလူထုက အုပ်ချုပ်ရေးကောင်စီကို ရွေးကောက်တင်မြှောက်ရတယ်။ အဲဒီ အုပ်ချုပ်ရေးကောင်စီကနေပြီးတော့ ရပ်ကွက်ဆို ရပ်ကွက်အုပ်ချုပ်ရေးကောင်စီက ရပ်ကွက်ကို အုပ်ချုပ်တယ်။ မြို့နယ်ဆိုလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီက မြို့နယ်ကိုအုပ်ချုပ်မယ်၊ ခရိုင်ကလည်း ပြည်သူလူထုရွေးတဲ့ ခရိုင်အုပ်ချုပ်ရေးကောင်စီက ခရိုင်ကို အုပ်ချုပ်မယ်။ ခုနက ကျနော်တို့ပြောခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေဟာ ခရိုင်မှာရှိတဲ့ ထွေအုပ်ဝန်ထမ်းတွေဟာ အဲဒီ ခရိုင်အုပ်ချုပ်ရေးကောင်စီ အောက်ကို ရောက်သွားလိမ့်မယ်။ မြို့နယ်မှာရှိတဲ့ ထွေအုပ်ဝန်ထမ်းကလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီအောက်ကို ၀င်သွားမယ်။ အဲဒီလို ဒေသန္တရာဆိုင်ရာ အုပ်ချုပ်ရေးဥပဒေတခုကို ကျနော်တို့ ပြဋ္ဌာန်းနိုင်ပြီဆိုရင် အဲဒီဥပဒေနဲ့ အညီ ရွေးကောက်တင်မြှောက်လိုက်လို့ရှိရင် ကျနော်ထင်တယ် ၂၀၁၇ လောက်ကနေစပြီးတော့ တတိုင်းပြည်လုံးကို ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့သူက အုပ်ချုပ်တဲ့စနစ် ပြန်ပြီးတော့ ပေါ်သွားပါလိမ့်မယ်။”

ထွေအုပ်အဖွဲ့ကို ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ခွဲပြီး နေရာချ အပြောင်းအရွှေ့လုပ်ရင် အုပ်ချုပ်ရေးမှာ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်က ပြည်ထောင်စုကို ဘယ်လိုတာဝန်ခံရမလဲ။ ရှုပ်ထွေးမှုတွေ မဖြစ်နိုင်ဘူးလား။

“မဖြစ်ဘူးခင်ဗျ၊ မဖြစ်ဘူးခင်ဗျ။ ကျနော်တို့အားလုံးက ပြည်နယ်ဝန်ကြီးချုပ်အားလုံးဟာ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့အတွက် နိုင်ငံတော်သမ္မတကို တာဝန်ခံရမယ်လို့ ရေးထားပါတယ်။ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်က ခန့်ထားတဲ့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတာက ရှင်းရှင်းလင်းလင်း ရေးသားထားပြီးသားပါ။ အဲဒီတော့ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေ အားလုံးက သမ္မတက ခန့်တာဖြစ်တဲ့အတွက် သမ္မတကို တာဝန်ခံရမယ်။ တနိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်ပါတယ်။ အဲဒီတော့ သမ္မတက သူ့ရဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်နယ်၊ တိုင်းတွေ အားလုံးကို လက်တွေ့ကျကျ ခွဲပေးလိုက်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမှာ နည်းနည်းလေး ရှုပ်ထွေးနေတာက ကျနော်တို့ဗမာပြည်မှာ အခုလောလောဆယ် အုပ်ချုပ်ရေး ၅ ဆင့်ရှိတယ်။ အောက်ကနေပြောရင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းနဲ့ ဗဟိုပေါ့။ အဲဒီတော့ ဗဟိုပြည်ထောင်စုအစိုးရက ရွေးကောက်တင်မြှောက်ထားတာ၊ နောက်တခါ ပြည်နယ်၊ တိုင်းအစိုးရတွေကလည်း ရွေးကောက်တင်မြှောက်ထားတာ၊ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုတာလည်း ရွေးကောက်တင်မြှောက်ထားတာ။ အဲဒီတော့ အလယ်မှာရှိတဲ့ ၂ ခု၊ မြို့နယ်နဲ့ ခရိုင်ကပဲ ရွေးကောက်တာမဟုတ်ဘဲ ခန့်ထားတဲ့လူက အုပ်ချုပ်နေတာ။ အဓိကက အရေးအကြီးဆုံး အခြေခံအကျဆုံး နေရာ ၂ ခုကို ရွေးကောက်တင်မြှောက်ပုံစံ မဟုတ်ဘဲ အထက်က ခန့်ထားတဲ့ပုံစံနဲ့ အုပ်ချုပ်နေတာ။ အဲဒါကြောင့် ပြဿနာက သိပ်ပြီးတော့ များနေတယ်၊ မတရားမှုတွေ အရမ်းများနေတယ်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာတွေဟာ အများကြီးဖြစ်နေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီ အုပ်ချုပ်တဲ့ ၀န်ထမ်းနောက်မှာ ပြည်ထဲရေးဝန်ကြီးဆိုတဲ့ သိပ်ရာထူးကြီးတဲ့လူတွေက ကာဗာ (အကာအကွယ်) ပေးထားလို့။ တကယ့်တကယ်တော့ အဲဒီလို မဖြစ်ရဘူးလေ။ ကျနော် စောစောကပြောသလို ဒေသန္တရအုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ ပြည်သူရွေးတဲ့လူကပဲ အုပ်ချုပ်တာ ဖြစ်တော့မယ်။ မကြိုက်တာနဲ့ ပြည်သူက အော်မယ်၊ သူထွက်ပေးရမယ်။ အနိမ့်ဆုံး သူ ၅ နှစ်ပဲ အုပ်ချုပ်လို့ရမယ်၊ နောက်ဆို အရွေးခံရမှာ မဟုတ်တော့ဘူး။”

ဒါဆို ပြည်ထဲရေးဝန်ကြီးက ဘယ်ထွေအုပ်ကို သွားကိုင်ရတော့မှာလဲ။

“ပြည်ထဲရေးဝန်ကြီးက ဗဟိုအဆင့်ပဲ ကျန်တော့မယ်လေ။ ဒီ တနိုင်ငံလုံးမှာရှိတဲ့ အုပ်ချုပ်ရေးကို သမ္မတက တာဝန်ခံထားရတာ ဖြစ်တဲ့အတွက် လိုအပ်ရင် လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးဖို့အတွက်လောက်ပဲ ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးက ဒါပဲရှိတော့မယ်။ သူ့မှာ အဓိက ဘာရှိမတုန်းဆိုတော့ဗျာ ထောက်လှမ်းရေးရှိမယ်၊ ထောက်လှမ်းရေးဆိုတာ ပြည်ထောင်စုတခုလုံးရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးဟာ သူ့ဆီမှာရှိမယ် (သို့မဟုတ်) သမ္မတဆီမှာထားမယ်။ နောက်တခါ ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့ပေါ့။ သိပ်ပြီးတော့ သောင်းကျန်းနေတဲ့နေရာ၊ ဆူတဲ့ပူတဲ့နေရာတွေ အားဖြည့်ပေးဖို့ဆိုရင် အဲဒါ သူ့ဆီမှာထားမယ်။ ပြည်ထောင်စုတခုလုံးမှာ တနေရာမှာ အုပ်ချုပ်ရေးအားနည်းနေရင် အားနည်းတဲ့နေရာကို ဖြည့်စွက်ပေးဖို့ အင်အားဟာ ပြည်ထဲရေးဝန်ကြီး လက်အောက်မှာ ရှိလိမ့်မယ်။ ကျန်တဲ့ ဒီ ပြည်နယ်နဲ့ တိုင်းဒေသကြီး တခုချင်းကိုကတော့ သူ့ဟာသူ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကပဲ အုပ်ချုပ်သွားလိမ့်မယ်။”

ထွေအုပ်ကို ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေလက်အောက် ပို့ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ လွယ်ကူပါ့မလား၊ နိုင်ငံတ၀န်း လူထုဆန္ဒခံယူပွဲတွေ ယူရလောက်မယ့် အဆင့်မျိုး ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းရတာမျိုးလား။

“မဟုတ်ဘူး၊ မလိုဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်ပါတယ်။ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်တဲ့အတွက် အုပ်ချုပ်တာကို သမ္မတက သူ့စိတ်တိုင်းကျ အုပ်ချုပ်လို့ရပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို သုံးပြီးတော့ အုပ်ချုပ်လို့ ရပါတယ်။ ဒါပေမယ်လို့ ခုန ကျနော်ပြောတဲ့ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေမျိုးကျတော့ ဥပဒေပြဋ္ဌာန်းပြီးမှ အုပ်ချုပ်ရမှာဖြစ်တဲ့အတွက် သမ္မတက ဥပဒေကြမ်းရေးပြီးတော့ လွှတ်တော်ကို တင်ရပါမယ်။ လွှတ်တော်က အတည်ပြုပြီးတော့မှ ခုနက ကျနော်ပြောတဲ့ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီတို့ ခရိုင်ကောင်စီတို့ဆိုတာ၊ ဒါကတော့ ဥပဒေပြဋ္ဌာန်းပြီးမှ လုပ်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘူး။ အခုအုပ်ချုပ်နေတာကသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်။ မညီမညွတ် ဖြစ်နေတာပေါ့ဗျာ။ ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ရွေးတယ်ဗျာ ပြည်သူလူထုကနေ။ အစိုးရဆိုတာ ဖွဲ့တယ်ဗျာ။ ၀န်ကြီးဆိုတာတွေ ဖွဲ့ပေးတယ်ဗျာ၊ ၀န်ကြီးချုပ်ဆိုတာ ခန့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီဝန်ကြီးချုပ်က သူ့ပြည်နယ်ကို အုပ်ချုပ်ဖို့ သူ့မှာ ရဲလည်းမရှိဘူး၊ အထွေထွေအုပ်ချုပ်ရေးဌာန ၀န်ထမ်းလည်း မရှိဘူး။ အဲဒီတော့ အဲဒါကြီးက ဘာခေါ်သတုန်းဆိုတော့ဗျာ အိမ်ကြီးလှလှပပ ဆောက်ပြီးတော့ ဘာမှ လူလည်းမနေ၊ ဘာမှလည်းမရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ၊ အဲသလိုဖြစ်နေတာ။”

ထွေအုပ်ထဲမှာ စစ်တပ်က အရာရှိတွေက ထိပ်တန်းတာဝန်ရှိသူတွေ နေရာမှာ ပါဝင်ဆောင်ရွက်နေတာ တော်တော်များများရှိနေတယ်။ အခုလည်း ထွေအုပ်မှာ တပ်ကလူတွေ ၅၀၀ လောက် ထပ်တိုးနေတယ်ကြားတယ်။ ထွေအုပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ရင် ပြည်ထဲရေးက လက်ခံပါ့မလား။ ကာချုပ်က လက်ခံပါ့မလား။

“ဟုတ်ပြီဗျာ အဲဒီတော့ ၂ ခုခွဲဖြေမယ်။ နံပါတ် ၁ လူတွေပို့တယ်ပြောတယ်။ နောက်ထပ် လူ ၅၀၀ လောက်ပို့မယ် ထွေအုပ်ကို။ ပို့ပေါ့ဗျာ၊ နောက်တော့ အဲဒီဟာတွေက လုပ်ပိုင်ခွင့်အာဏာရှိလို့ ဒါကို မက်မောတာကိုး။ တကယ့်တကယ် စောစောကပြောသလို ရပ်ကွက်ကိုအုပ်ချုပ်လို့ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကိုအုပ်ချုပ်လို့ မြို့နယ်ကောင်စီတွေ ပေါ်လာပြီဆိုရင် သူတို့က ဘာလုပ်ပိုင်ခွင့်အာဏာမှ မရှိတော့ဘူး။ သူက ရိုးရိုး နိုင်ငံ့ဝန်ထမ်းပဲ ဖြစ်တော့မယ်။ အဲဒီဟာကျတော့ သူတို့ ဒီရာထူး သူတို့မက်ချင်မှ မက်တော့မယ်ပေါ့ဗျာ၊ ဒါက တခု။ နောက်ခုနတခု၊ ပြည်ထဲရေးဝန်ကြီးက သဘောတူပါ့မလား၊ ကာချုပ်က သဘောတူပါ့မလားဆိုတဲ့ ခင်ဗျားရဲ့မေးခွန်း။ အဲဒီတော့ သမ္မတဟာ အုပ်ချုပ်ရေးရဲ့ အကြီးအကဲ၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲလည်းဖြစ်တယ်၊ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်တယ်၊ ဒါ ပုဒ်မ ၁၆။ နောက်တခါ ပုဒ်မ ၅၈ အရ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်တယ်ဗျ။ ၁၉၉ အရ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တယ်ဗျ။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ သမ္မတလုပ်တာကို ပြည်ထဲရေးဝန်ကြီးက မလိုက်နာရင် ထွက် သူ။ သူ့အလုပ်က ထွက်ဖို့ပဲရှိတယ်။ မထွက်နိုင်လို့ရှိရင် စွပ်စွဲပြစ်တင်ပြီး ထုတ်ပစ်ဖို့ပဲရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဖြေက ရှင်းရှင်းလေး။ ပြည်ထောင်စုလွှတ်တော်ဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ဖွဲ့စည်းတာ။ အဲဒီပြည်ထောင်စုလွှတ်တော်က သမ္မတကို ရွေးပြီးတော့ ခန့်အပ်ထားတာ။ အဲဒီသမ္မတက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်။ ဆိုလိုတာက ပြဿနာပေါ်ရင် တာဝန်ခံရမယ့်သူသည် သမ္မတဖြစ်တယ်၊ ပြည်ထဲရေးဝန်ကြီး မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ ပြည်ထဲရေးဝန်ကြီးဟာ သမ္မတကို မနာခံဘူးဆိုရင် ထုတ်ပစ်ဖို့ပဲရှိတယ်၊ အသစ်အစားပြန်ထိုးဖို့ပဲ ရှိတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးက သဘောမတူရင် ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းမျိုးဟာ တက်လာစရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သမ္မတလုပ်တာကို ပြည်ထဲရေးဝန်ကြီးက သဘောမတူဘူးလို့ ပြောခွင့်ကို မရှိဘူး။ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်ပြောနေတာ။”

သမ္မတဦးထင်ကျော် သမ္မတတာဝန် စတင်ထမ်းရွက်ပြီဆိုတော့ အထက်က ဖြေကြားချက်တွေက ဖြစ်ကောင်းဖြစ်လာနိုင်သလား၊ အချိန်ယူရဦးမလား။

“ကျနော်တို့ ရွေးကောက်ပွဲ Manifesto (ရွေးကောက်ပွဲကြေညာစာတမ်း) မှာ ပါပြီးပါပြီခင်ဗျ။ တကယ့် နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေရဲ့ဘ၀ လုံခြုံ၊ ကြောင့်ကြမှု ကင်းပြီးတော့ အပူအပင်ကင်းမဲ့စွာနဲ့ နေထိုင်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ပေါ်ပေါက်အောင် လုပ်မယ်ဆိုတာ ရွေးကောက်ပွဲ Manifesto မှာ ပါပြီးသားပါ။ Administrative Reform လို့ခေါ်တယ်၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရှိမယ်၊ တရားရေးဌာန ပြုပြင်ပြောင်းလဲမှုရှိမယ်၊ ငြိမ်းချမ်းရေးလုပ်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ပြီးတော့ ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးဆိုတာ လုပ်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဓိက ၄ ချက် ပေးထားပါတယ်။ အဲဒီထဲမှာ ဒီ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးဆိုတာ ပါပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကတိ ဖြစ်တဲ့အတွက် သမ္မတကြီးဟာ သေချာပေါက် လုပ်သွားလိမ့်မယ်လို့ ကျနော် ပြောနိုင်ပါတယ်။”

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ အတွင်းရေးမှူးတွေက ကျန်နေခဲ့တယ်ဆိုတော့ အရင်အစိုးရလက်ထက်တုန်းက လူတွေပဲလား၊ အခု အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးတွေကလေ။

“ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး အားလုံးဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းမှူးတွေကို ခန့်ထားတာဗျ။ အဲဒီတော့ အဓိပ္ပာယ်က ပြည်နယ်၊ တိုင်းဒေသကြီးတွေ အားလုံးရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ Post တခုကို ထွေအုပ်က ယူထားတာပေါ့။ တနည်းအားဖြင့် ပြည်နယ်၊ တိုင်း အားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနကနေ ထိန်းချုပ်ထားတဲ့သဘော ဖြစ်နေတာပေါ့။ အဲဒါကြောင့် ဒီလိုမျိုးလုပ်လို့မရဘူး၊ အဲဒီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဘယ်လောက်ရာထူးကြီးကြီး တိုင်းမှူးဟာ သူက ၀န်ထမ်းပဲဖြစ်ရမယ်၊ ၀န်ထမ်းအကြီးအကဲပဲ။ သူ့ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့နေရာမှာပဲ သူက တာဝန်ရှိမယ်။ ပြည်သူလူထုကို အုပ်ချုပ်တဲ့နေရာမှာ အဲဒီ ထွေအုပ်တိုင်းမှူးက သူ့မှာ ဘာအာဏာမှ မရှိဘူး။ ပြည်သူလူထုကို အုပ်ချုပ်မှာက ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က အုပ်ချုပ်မှာ။ အဲဒီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်အောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေက သူ့ကျရာကျရာ တာဝန်တွေကို လုပ်ပေးရမယ်။ အုပ်ချုပ်ရေးအာဏာကို သူတို့ကို မပေးရဘူး၊ ၀န်ထမ်းအာဏာပဲ၊ နိုင်ငံ့ဝန်ထမ်း။ ၀န်ကြီးချုပ်ခိုင်းတာလုပ်၊ အစိုးရခို်င်းတာလုပ် ဒါပဲ။ သူတို့မှာ အုပ်ချုပ်ရေးအာဏာမအပ်ဘူး၊ ဒါကိုပြောတာ။ အခု အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သူတို့ အုပ်ချုပ်ရေးအာဏာ အပ်လိုက်တာ၊ ဟေ့ကောင် မင်းလာဆို သူက လာရတယ် ကျနော်တို့က။ မင်း ငါ့စကားနားထောင်ဆို နားထောင်ရမယ် ပြည်သူတွေက။ အမှန်က ၀န်ထမ်းကို အဲလိုအာဏာမပေးရဘူး။ အဲဒီလိုအာဏာကိုက ကောင်စီတွေကို ရွေးပြီးတော့မှ အဲဒီလိုအာဏာကို ပေးရတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆိုတာက ခရိုင်ကောင်စီရဲ့အောက်မှာ လုပ်ရတဲ့ ၀န်ထမ်းအကြီးအကဲပဲဖြစ်တယ်။ အခု ၀န်ထမ်းအကြီးအကဲက ပြည်သူတွေရဲ့ အကြီးအကဲ လာဖြစ်နေတာဟာ ကျနော်တို့ဆီမှာ ရှုပ်ထွေးနေတာပဲ။”

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ လုပ်မယ်လို့ အန်အယ်လ်ဒီက ကြွေးကြော်ခဲ့ပါတယ်။ အခုရော တရားစီရင်ရေးစနစ်က သမ္မတသစ် ဦးထင်ကျော်လက်ထက်မှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်မလဲ။

“တရားစီရင်ရေး ပြုပြင်ပြောင်းလဲဖို့ကိစ္စ ကြေညာစာတမ်းမှာပါတယ်။ အဲဒီတော့ ကြေညာစာတမ်းမှာ ပါတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်ကို အပိုင်း ၂ ပိုင်း ခွဲပြီး လုပ်ရမယ့်သဘော ရှိတယ်ဗျ။ တပိုင်းက ပြုပြင်ပြောင်းလဲရေး၊ တပိုင်းက ဖွဲ့စည်းပုံအခြေခံနဲ့ ဆက်စပ်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ ဒီဟာက ပြောင်းလို့မရဘူး။ ဥပမာ ကျနော်တို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆိုတာကို ဖွဲ့စည်းပြီးတော့မှ သူက တရားရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ ၂ ခုစလုံးကို ရောထွေးပြီး အပ်နှင်းထားတယ်။ ပြီးတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ဘတ်ဂျက်တွေဘာတွေ ဆွဲတာကလည်း သူက Independent မဖြစ်ဘူး။ အစိုးရကနေ တင်ပေးနေရတာတွေ ရှိနေတယ်။ ဒါမျိုး ဖြစ်လို့မရဘူး။ အဲဒီတော့ ဘယ်လိုလုပ်ရမတုန်းဆိုတော့ Judicial Ministry ဆိုတာ သတ်သတ်ပြန်ဖော်ရမယ်။ ကျနော်တို့ ၁၉၆၂ မတိုင်မီက ရှိပါတယ်။ တရားရေးဝန်ကြီးဌာနလို့ ခေါ်ပါတယ်။ တရားရေးဝန်ကြီးချုပ်ဆိုတာကို ခန့်ထားပါတယ်။ အဲဒီအောက်မှာမှ တရားရေးဝန်ကြီးများ၊ တရားရုံးချုပ် တရားသူကြီးများ ဆိုပြီးတော့ ဖွဲ့စည်းရပါတယ်။ ဆိုလိုတာက Judicial မှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ တရားရေးဆိုင်ရာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုပြီးတော့ ၂ မျိုးရှိတယ်။ တရားစီရင်ရေး ဆိုတာကတော့ ဖြောင့်မတ်မှန်တဲ့ တရားသူကြီးတွေ ခန့်ပြီးတော့ အမှုတွေကို စစ်ခိုင်းတဲ့အလုပ်ပေါ့။ အုပ်ချုပ်ရေးဆိုတာက အဲဒီတရားသူကြီးတွေ ဖြောင့်ဖြောင့်အလုပ်လုပ်ဖို့၊ အဲဒီတရားသူကြီးတွေ ရာထူးတိုးတာ၊ လျှော့တာ၊ ရွှေ့တာ၊ နယ်ပြောင်းတာ၊ အကျဉ်းထောင်တွေကို ထိန်းသိမ်းတာ၊ အုပ်ချုပ်တာ၊ အဲဒါကျတော့ အုပ်ချုပ်ရေးဌာနက တာဝန်ယူရတယ်။ အဲဒီတော့ တရားရေးဌာနကြီးကို ပြန်ပြီးတော့ ဖွဲ့စည်းမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြီးမှရမယ်၊ ဒါက တပိုင်း။ ဒုတိယတပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ခင် လုပ်လို့ရတဲ့ အပိုင်းကတော့ တရားစီရင်ရေးဥပဒေ အသစ်တခုကို ပြည်ထောင်စုလွှတ်တော်က ပြန်ရေးရမယ်။ အခုလောလောဆယ် ဗမာနိုင်ငံမှာ ၂၀၁၀ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအရ တရားစီရင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ အဲဒီဥပဒေကို ပိုမိုကောင်းမွန်တဲ့ ဥပဒေနဲ့ အစားထိုးဖို့လိုမယ်။ ဆိုလိုတာက တရားသူကြီးတွေကို လွတ်လွတ်လပ်လပ် စီရင်နိုင်တဲ့ အခွင့်အာဏာကို ဥပဒေနဲ့ ပြဋ္ဌာန်းပေးမယ်။ တရားသူကြီးတွေကို ဘယ်အုပ်ချုပ်ရေးဌာနကမှ စွက်ဖက်လို့မရဘူး၊ အမိန့်ပေးလို့မရဘူး၊ ညွှန်ကြားချက်ပေးလို့မရဘူး။ ပေးလာရင်လည်း လုံးဝမနာခံရဘူး။ တရားသူကြီးတွေဟာ တည်ဆဲဥပဒေကို ထောက်ထားပြီးတော့ လွတ်လွတ်လပ်လပ် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ရမယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း တာဝန်ယူရမယ်။ မှားရင် တာဝန်ခံရမယ်။ မမှားအောင် အထက်တရားသူကြီးတွေက စောင့်ကြည့်ပေးရမယ်။ တကယ်လို့ စောင့်ကြည့်ဖို့ပျက်ကွက်ရင် ပျက်ကွက်တဲ့ အထက်တရားသူကြီးပါ အရေးယူမယ်ဆိုတဲ့ ပုံမျိုးနဲ့ တရားစီရင်ရေး ဥပဒေတခုကို ရေးလိုက်နိုင်မယ် ဆိုရင်တော့ လောလောဆယ် လာဘ်ပေးလာဘ်ယူ ဖြစ်တာတွေ၊ မတော်မတရား ဆုံးဖြတ်တာတွေ အတော်အတန် နည်းပါးသွားမယ်။ ဒါကတော့ လတ်တလော လျှင်လျှင်မြန်မြန် လုပ်လို့ရတဲ့အပိုင်းပေါ့။ ခုန ကျနော်ပြောတဲ့ ဌာနကြီးတခုလုံး ပြုပြင်ပြောင်းလဲဖို့ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့အပိုင်း၊ အဲဒါကတော့ နည်းနည်းခက်မယ်၊ ဖွဲ့စည်းပုံပြင်ပြီးမှ လုပ်လို့ရမယ်။ ဖွဲ့စည်းပုံမပြင်ဘဲ လုပ်လို့ရတာကတော့ ခုနပြောသလို တရားစီရင်ရေးဥပဒေ အသစ်တခုကို ရေးဆွဲပြီးတော့မှ အစားထိုးရမယ်။ လုပ်စရာတွေ အများကြီးပဲ။”

By အေးနိုင်(ဒီဗွီဘီ)
DVB TV News


ရန်ကုန် ဧပြီ ၁

အစိုးရသစ် တာဝန်စတင်ထမ်းဆောင်သည့်နေ့တွင် ဗ.က.သ ကျောင်းသား ခေါင်းဆောင်လေးဦးကို ၂ဝ၁၅ ခု မတ် ၂၇ ရက်က ပြုလုပ်သည့်ဆန္ဒပြမှုဖြင့် တရားစွဲဆိုရုံးထုတ်ခဲ့သည်။

အမှုထပ်မံဖွင့်ဆိုခံရသူ ကိုနန္ဒာစစ်အောင်က ''ကျွန်တော့်မှာ ရုံးချိန်းထွက် ရင် ဘယ်အမှုအတွက်ထွက်တာလဲ၊ တရားရုံးတစ်ရုံးထဲမှာတောင် စစ်မယ်လို့ ခေါ်ရင် ဘယ်အမှုအတွက်စစ်မှာလဲ မသိတော့လောက်အောင်ကို အမှုတွေ က များပြားလွန်းတယ်'' ဟုဆိုသည်။

ဗ.က.သကျောင်းသားခေါင်းဆောင်ဖြစ်သူ ၄င်းသည် လက်ရှိအချိန် တွင် အမှုပေါင်း ၈ဝ ကျော်ဖြင့် တရားစွဲခံထားရသူဖြစ်သည်။ အမှုအများစု မှာ ပုဒ်မ(၁၈)နှင့် ၅ဝ၅(ခ)တို့ ဖြစ်ကြသည်။ ယခင်အမှုဟောင်းကို တရားစွဲဆို ခြင်းဖြစ်သောကြောင့် အစိုးရသစ်၏ လုပ်ဆောင်မှုမဟုတ်သော်လည်း တာဝန် စတင်သည့်နေ့တွင် ဦးဦးဖျားဖျားတရားစွဲခံရခြင်းကြောင့် အံ့သြမိသည်ဟု ဆိုသည်။

တရားစွဲဆိုထားသည့် အကြောင်းကို ပန်းဘဲတန်းတရားရုံးသို့ ဧပြီ ၁ ရက် က ရုံးချိန်းထွက်လာသော ဗ.က.သ ကျောင်းသား၊ ဗ.က.သ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုထံသို့ ပန်းဘဲတန်းရဲစခန်းမှ တာဝန်ရှိသူရောက်ရှိလာပြီး ၂ဝ၁၅ ခုနှစ် မတ် ၂၇ ရက် သိမ်ကြီးဈေးလှုပ်ရှားမှုနှင့်စပ်လျဉ်းပြီး ပုဒ်မ(၁၈)ဖြင့် ဗကသလေးဦးအား တရားစွဲဆို ထားကြောင်း လာရောက်အကြောင်းကြား၍ စစ်ချက်လာယူကြောင်း ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

တရားစွဲဆိုခံရသော ဗကသ လေးဦးမှာ ကိုကျော်ကိုကို၊ ကိုရှိန်းရာဇာထွန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုအောင်ထက်အောင်တို့ဖြစ်သည်။ အစိုးရသစ် စတင်တာဝန်ထမ်းဆောင်သော ဧပြီ ၁ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်နိုင်သည်ဟု မျှော်လင့်မှုများလည်းရှိခဲ့ကြသည်။

ဆိုင်ယန်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် ဧပြီ ၁ ရက်က ပန်းဘဲတန်းတရားရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်နှင့် ကိုကျော်ကိုကိုတို့ကို ရုံးထုတ်ခဲ့သည်။ ထို ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကိုနန္ဒာစစ်အောင်

အစိုးရသစ်က ပြည်သူရဲ့အပြောင်းအလဲ မျှော်လင့်ချက်ကိုဦးဆောင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံထူထောင်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံလုပ်တာ ကောင်းပါတယ်။ နိုင်ငံတကာအတွေ့အကြုံလည်းရှိ၊ ကောင်းမွန်ရင့်ကျက်တဲ့ ကိုယ်ရည်ကိုယ်သွေး လည်းရှိ၊ နိုင်ငံရဲ့ဒီမိုကရေစီရေး မျှော်လင့်ချက် ခေါင်းဆောင်လည်းဖြစ်တော့ သမ္မတအနေနဲ့ နိုင်ငံတော်အတွက်အကျိုးရှိတဲ့တာဝန်ယူမှုပါ။ အသက်အရွယ်နဲ့ တာဝန်ယူထားတဲ့အလုပ် တွေအတွက်တော့ စိတ်ပူပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လက်အကောင်အထည်ဖော်ပေးရေး ကျောင်းသားထု တောင်းဆိုမှုကို လက်ခံလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ကျောင်းသားထုရဲ့ ကျောင်းသားသမဂ္ဂအိပ်မက်နဲ့ ဒီမိုကရေစီ ပညာရေးမျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်ဖို့၊ ကျောင်းသားသမဂ္ဂတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိမ့်မယ်ထင်ပါတယ်။ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုဟာ အခြေခံကျပြီး ရေရှည်ဖွံ့ဖြိုးရေးဦးတည်ကြောင်း နားလည်နိုင်တဲ့သူပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၈၈ ကတည်းက ကျောင်းသား သမဂ္ဂတွေနဲ့တွဲပြီး တစ်ဆက်တစ်စပ်တည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းရဲ့ သမီးလည်းဖြစ်တော့ ကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားထုသမိုင်းအမွေကို နားလည် နိုင်သူလည်းဖြစ်တယ်။

အကျပ်အတည်းကတော့ ရှိပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံရဲ့ ခွင့်ပြုမှု လိုအပ်တာကိုး။ အဲဒီတော့ စစ်ဘက်က သဘောထားတင်းမာရင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ အခြားဘယ်လိုနည်းသုံးပြီး လွတ်နိုင်မလဲဆိုတာ အစိုးရသစ်က လုပ်နည်းလုပ်ဟန် ရှာရလိမ့်မယ်ထင်ပါတယ်။

မဖြိုးဖြိုးအောင်

ကျွန်မတို့တောင်းဆိုတဲ့ အချက်တွေကတော့ ပညာရေးလွတ်လပ်ခွင့်ကို အခြေခံပြီးတော့ ဒီမိုကရေစီပညာရေးကို တောင်းဆိုထားတာပါ။ တိုင်းပြည်တစ်ခုမှာ ဒီမိုကရေစီကို တကယ်သွားတော့မယ်ဆိုရင် ဒီတိုင်းပြည်ထဲမှာ ဒီမိုကရေစီပညာရေးစနစ်ကို အခြေခံတဲ့ ပညာရေးမျိုးဖြစ်မှသာလျှင် တကယ်ကို ဒီမိုကရေစီခိုင်မာတဲ့ တိုင်းပြည်မျိုးအဖြစ် ရေရှည်သွားနိုင်မှာပါ။ ပညာရေးကို ရင်းနှီး မြှုပ်နှံနိုင်မှသာလျှင် တိုင်းပြည်ကအခြေခိုင်နိုင်မယ်လို့ ကျွန်မတို့ကမြင်ပါတယ်။ ကျွန်မတို့ ပညာရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ လုပ်ခါစအချိန်က ဗ.က.သ ဗဟိုကော်မတီဝင် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေ၊ အင်တာဗျူးတွေကို မြန်မာဘာသာပြန်ပြီးတော့ အခွေလုပ် ထားတာလေးရှိပါတယ်။ အဲ့ဒီတုန်းက သူ့ရဲ့ ပညာရေးအပေါ်မှာထားတဲ့ သဘောထားတွေ၊ မူဝါဒတွေကိုလည်း ကျွန်မတို့ အကြမ်းဖျင်းတွေ့ရပါတယ်။ ဒီမှာပညာရေးက တိုင်းပြည်အတွက် တကယ်အရေးကြီးတယ် ဆိုတာကို သူကိုယ်တိုင် ယုံကြည်ထားတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ အခုက အစိုးရသစ်မှာလည်း အရေးကြီးတဲ့ ပညာရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ကြီးနေရာကို ယူထားပြီး ကိုင်တွယ်ထားတာ ကို တွေ့ရတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ပညာရေးမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ ကြီးကြီးမားမား ကွာဟချက်မရှိလောက်ဘူးလို့ယူဆပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ မတူတာတွေတော့ ရှိကောင်းရှိမှာပါ။ ဥပမာ အားဖြင့်ဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး ဗဟို ချုပ်ကိုင်မှုကို လျှော့ချဖို့ ကျွန်မတို့တောက် လျှောက်တောင်းဆိုတဲ့နေရာမှာ NLD ရဲ့ မူဝါဒထဲမှာကျတော့ အထိုက်အလျောက် ဗဟိုချုပ်ကိုင်မှုစနစ်ကိုထားဖို့ မူဝါဒချထားတာ ကို တွေ့ရပါတယ်။ ဒါမျိုးလေးတွေတော့ရှိပါ တယ်။ ဒါပေမယ့် ဒါတွေကိုလည်း ကျွန်မတို့ နှစ်ဖက်လုံးက စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေတဲ့ နည်းမျိုး၊ ပုံစံမျိုးနဲ့ပါ။ အဓိကအရေးကြီးဆုံးက အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီး နေရာကို ကိုင်တွယ်မယ်၊ ဒီတော့ အရင် ဦးသိန်းစိန်အစိုးရနဲ့ကျောင်းသားတွေ၊ NNER လိုပညာရှင်တွေပါတဲ့ အရပ်ဘက်အဖွဲ့အစည်း တွေပါမယ်။ လွှတ်တော်ပါမယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲပါ။ ဒီလေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူထားတဲ့ အချက်တွေရှိပါတယ်။ ဒါကိုအစိုးရသစ်အထူးသဖြင့် ပညာရေးဝန်ကြီးသစ်က ဒီလေးပွင့်ဆိုင် ကတိကဝတ်တွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်ပေးဖို့ ကိစ္စကလည်း ကျွန်မတို့အတွက် မဖြစ်မနေ တောင်းဆိုရမယ့် ကိစ္စတစ်ခုလို ပါဝင်လာပါပြီ။ လေးပွင့်ဆိုင်ထဲမှာက လတ်တလော ကျွန်မတို့သပိတ်က ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ရော၊ ရေရှည်မှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ ကျောင်းသားထုတွေရဲ့ တောင်းဆိုမှုတွေ ဒီအထဲမှာတစ်ပါတည်း ပါဝင်တာဖြစ်တဲ့အတွက် လေးပွင့်ဆိုင် သဘောတူညီမှုကို ဆက်ပြီးအကောင် အထည်ဖော်ဖို့ကလည်း အစိုးရသစ်နဲ့ ပညာရေးဝန်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အထူးဂရုပြုဆောင်ရွက်ပေးဖို့ ကျွန်မပြောချင်ပါတယ်။

ဒီမိုကရေစီတိုင်းပြည်ကို တကယ်ကူးပြောင်းပြီဆိုရင် နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝမရှိသင့်ဘူးဆိုတာ ဒီမိုကရေစီ လိုလားသူတွေ အားလုံးစိတ်ထဲမှာ ရှိထားပြီးသား အရာတစ်ခုဖြစ်ပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးတင်မကပါဘူး။ ကျွန်မသဘောထားကတော့ အကျဉ်းထောင် တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အပြင် နောက်ထပ် နိုင်ငံရေးသမားတွေ အဖမ်းမခံရဖို့ကလည်း အင်မတန်မှ အရေးကြီးတယ်လို့မြင်ပါတယ်။ ဒီတော့ လွှတ်တော်ထဲမှာရှိနေတဲ့ ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံရေး အကျဉ်းသားတွေကို အလွယ်တကူ ဖိနှိပ်လို့ရတဲ့ ဥပဒေတွေကို ဖျက်သိမ်းတဲ့နည်းလမ်းမျိုးကို ပိုပြီးတော့ ရွေးချယ်စေချင်တယ်။ ဒါမှ အာမခံချက်ရှိတဲ့၊ အခြေခိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာနိုင်မယ်လို့ မြင်တယ်။ ဒီလိုဥပဒေတွေကို ပြင်မယ်၊ ဖျက်မယ်။ တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးမှုတွေ ရှိလာမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားပြဿနာက ပြေလျော့ လာလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

ကိုကျော်ကိုကို

ကျွန်တော်ကတော့ ပညာရေးဝန်ကြီးသစ်ကို လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အကောင်အထည်ဖော်ပေးပါလို့ပဲ တောင်းဆို ချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကတော့ သူတို့မှာ အစီအစဉ်ရှိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ။

မော်လေး
The Mirror Daily
https://www.facebook.com/TheMirrorDaily


ရန်ကုန် ဧပြီ ၁

ယခု ဒီမိုကရေစီအစိုးရလက်ထက်၌ ရိုးရာပျော်ပွဲရွှင်ပွဲများတွင် ကနဦးပြောင်းလဲမှုတစ်ရပ်အနေဖြင့် လာမည့်ရန်ကုန်သင်္ကြန်ကာလတွင် ယခင်နှစ်များက ဆောက်လုပ်ခဲ့သော စီးပွားဖြစ်ဈေးကွက်မဏ္ဍပ်များတည်ဆောက်ဆော့ကစားခွင့်ပြုတော့မည်မဟုတ်ဘဲ မိသားစုနှင့် ကုမ္ပဏီဆိုင်ရာရေကစားမဏ္ဍပ်များသာ ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြန်မာတို့ရဲ့ရိုးရာသင်္ကြန်ပွဲတော်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ တည်ဆောက်ခွင့်ပြုတော့မှာမဟုတ်ပါဘူး။ အဓိကကတော့ ရိုးရာသင်္ကြန်ကိုအကြောင်းပြပြီး စီးပွားရှာတဲ့ကိစ္စ၊ ရေကိစ္စ၊ အယ်နီညိုကိစ္စ၊ ယာဉ်ကျပ်တည်းမှု ကိစ္စတွေအပါ အဝင် သင်္ကြန်ကိုအကြောင်းပြပြီး သောက်မယ်၊ စားမယ်၊ မူးမယ်၊ ယာဉ် ကြောပြောင်းပြန်မောင်းမယ်၊ ရန်ဖြစ် မယ်၊ အမျိုးသမီးတွေဆိုလည်း ရိုးရာ ယဉ်ကျေးမှုနဲ့လျော်ညီတဲ့ ဝတ်စားဆင် ယင်မှုတွေကို ထိန်းသိမ်းတဲ့အနေနဲ့ အခု ဝန်ကြီးချုပ်သစ်က ညွှန်ကြားမှု ပေးလိုက်တာဖြစ်တယ်''ဟု ယနေ့ ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ပထမ ပုံမှန်အစည်းအဝေး (ဒသမ)နေ့ အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ရန်ကုန်မြို့ ၌ ယခင်နှစ်များကကဲ့သို့ လူစည်ကား များပြားပြီး ယာဉ်ကျပ်တည်းမှု လွန်စွာဖြစ်ခဲ့သော ကန်တော်ကြီးပတ် လမ်း ရေကစားမဏ္ဍပ်ကြီးများ၊ အင်း လျားကန်ပေါင်တစ်လျှောက်ရှိ စီးပွား ဖြစ် ရေကစားမဏ္ဍပ်ကြီးများကို တွေ့ မြင်ရတော့မည်မဟုတ်ဘဲ မိသားစု ပိုင် ရေကစားမဏ္ဍပ်များ၊ ကုမ္ပဏီပိုင် ရေကစားမဏ္ဍပ်များသာ အစိုးရအနေ ဖြင့် ဆောက်လုပ်ရေကစားခွင့် ပြုသွားမည်ဖြစ်သည်။ ထိုသို့ ပြောင်းလဲ လိုက်ခြင်းဖြင့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ တစ်နေရာတည်း၌ ယခင် နှစ်များကဲ့သို့ စုရုံးစည်ကားနေခြင်း မျိုးမဟုတ်တော့ဘဲ မြို့နယ်အလိုက် စည်ကားစေရန် မြို့နယ်မဏ္ဍပ်များ၊ ခရိုင်မဏ္ဍပ်များကိုလည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လွတ်လပ် စွာ တည်ဆောက်ဆော့ကစားနိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်သင်္ကြန်မှာ အခုလို မဏ္ဍပ် တွေ ကန့်သတ်လိုက်တာ ကောင်းပါ တယ်။ သက်ဆိုင်ရာအနေနဲ့ရော လုံခြုံရေးပိုင်းဆိုင်ရာကအစ အဆင် ပြေသွားသလို၊ ယာဉ်ကြောကျပ်တည်း မှုလည်း တော်တော်လေး သက်သာ သွားမယ်လို့မြင်တယ်။ အထူးသဖြင့် ဒီနှစ်မှာ အယ်နီညိုရှိတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်မှုပေးတဲ့ အနေအထား ဖြစ်သွားပါမယ်''ဟု တာမွေမြို့နယ်မှ ဦးသိန်းမောင်က ပြောသည်။
ယခုနှစ် သင်္ကြန်တွင်း လုံခြုံရေး ပိုင်းဆိုင်ရာအနေဖြင့်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ အထွေထွေအုပ်ချုပ်ရေး၊ ကြက်ခြေနီ နှင့် လုံခြုံရေးပိုင်းဆိုင်ရာလုပ်ငန်း များကို မြို့နယ်အလိုက်၊ ခရိုင်အလိုက် တာဝန်ချထားပေးမည်ဖြစ်သည့်အပြင် ကင်းလှည့်မော်တော်ယာဉ် ၄၅ စီး ဖြင့်လည်း အချိန်ပြည့်လှည့်လည် စောင့်ကြပ်မှု ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ် ရန်ကုန်သင်္ကြန် ၌ တစ်မူထူးခြားစွာ ပြောင်းလဲသွား သည်မှာ ယခင်နှစ်များကကဲ့သို့ တိုင်း ဒေသကြီးအစိုးရမဏ္ဍပ်၊ မြို့တော်ဝန် မဏ္ဍပ်တို့ကို သီးခြားတည်ဆောက် သွားမည်မဟုတ်ဘဲ ရန်ကုန်မြို့ ဗဟို မဏ္ဍပ်အဖြစ်သာ မြို့တော်ခန်းမရှေ့ ၌ တည်ဆောက်ကာ မည်သူမဆို လွတ်လပ်စွာ ရေဆော့ ကစားနိုင်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါမဏ္ဍပ် ၌ ရိုးရာတိုင်းရင်းသားယဉ်ကျေးမှု အကပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

India Srinagar က မူဆလင်အမျိုးသမီး တဦး ဝတ်ပြုဆုတောင်းနေစဉ်။
မူဆလင်ယောက်ျားတွေက သူတို့အမျိုးသမီးတွေကို ကွာရှင်းချင်ရင် - ကွာရှင်းလိုက်ပြီ လို့ အဓိပ္ပာယ်ရတဲ့ talaq လို့ သုံးကြိမ်ပြောရုံနဲ့ တရားဝင် ကွာရှင်းခွင့်ပြုထားတဲ့ အစ္စလာမ်မိသားစုဥပဒေကို အိန္ဒိယ တရားရုံးချုပ်က စိစစ်နေပါတယ်။ ချက်ခြင်းကွာရှင်းနိုင်၊ မယားပြိုင်ယူနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စိန်ခေါ်ထားတဲ့ မူဆလင် အမျိုးသမီးတစ်ဦးရဲ့ အယူခံလွှာကြောင့် အခုလို တရားရုံးရဲ့ စိစစ်မှု ပေါ်ထွက်လာခဲ့တာပါ။

ရှေးရိုးစွဲ မူဆလင်အဖွဲ့တွေကတော့ အစ္စလာမ်တို့ရဲ့မိသားစုဆိုင်ရာဥပဒေတွေမှာ တရားစီရင်ရေးက ဘယ်လိုထိန်းချုပ်မှုကိုပဲဖြစ်ဖြစ် အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

Shayara Bano ဆိုသူ မူဆလင်အမျိုးသမီးတစ်ဦးက ၁၃ နှစ်ကြာ အိမ်ထောင်ရေး သက်တမ်းကို talaq သုံးကြိမ် လို့ ခေါ်တဲ့ စနစ်နဲ့ ကွာရှင်းပြတ်စဲခံခဲ့ရပြီးနောက် အခုလို အသနားခံလွှာ တင်ခဲ့တာပါ။ အမျိုးသမီးတွေအပေါ်မှာ ဒီလို ပြဌာန်းချက်ဟာ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ကိုယ်ပိုင်ပစ္စည်းလို ပြုမူဆက်ဆံတာဖြစ်ပြီး ဒါဟာ ခေတ်သစ် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ ကျား-မ တန်းတူရေးတွေကို ဆန့်ကျင်ရာကျတယ်လို့ ပြောပါတယ်။

သူ့ရဲ့အသနားခံလွှာမှာ Bano က - ယောက်ကျားတွေက သူတို့ရဲ့ဇနီးတွေကို ကွာရှင်းချင်ပြီဆိုရင် အဲဒီ talaq စကားသုံးလုံးကို facebook – skype နဲ့ text message တွေ ရိုက်ပို့ပြီး ကွာရှင်းတဲ့အမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ထိမ်းမြားလက်ထပ်တဲ့ဥပဒေ၊ အမွေဆက်ခံခြင်း၊ သားသမီးမွေးစားခြင်း နဲ့ သားသမီးပိုင်ဆိုင်ခွင့်တွေမှာ ကိုးကွယ်ရာ ဘာသာတစ်ခုချင်းစီကို လိုက်ပြီး သီးခြား ဥပဒေတွေ ရှိနေတာလည်းဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


နိရဉ္စရာ၊ ဧပြီ ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့ တွင် စစ်ကားတစ်စီးမှ အိမ်တစ်အိမ်မျက်နာစာ တစ်ခုကို ၀င်တိုက်ရာမှ ကျပ် ၇ သိန်း လျော်ကြေးပေးပြီး စစ်တပ်မှ ကျေအေးလိုက်ရသည်ဟု သတင်း ရရှိသည်။

ဧပြီလ ၁ ရက်နေ့က စစ်ကားကြီး တစ်စီးသည် စန္ဒာမုနိကျောင်းဘက်ကို အကွေ့တွင် ရှေ့ကတက်လာသော သုံးဘီးကို ရှောင်ကွင်းရာမှ ညာဘက် ပလက်ဖောင်းကို တက်ပြီး ဗန္ဓုလရပ်ကွက် ရွာထိပ်ရှိ ဒေါ်မရွှေအေး အိမ်ရှေ့ မျက်နှာစာကို ၀င်တိုက်ခဲ့သည်ဟု ဆိုသည်။

ကားတိုက်မှုကြောင့် ၀င်းရှေ့ အုတ်ထရံ ပြိုကျသွားပြီး အိမ်ရှေ့မျက်နာစာ သံဘောင်ဖြင့် ပြုလုပ်ထားသော အမိုးမှာ ပြိုလဲ ပျက်စီးသွားခဲ့ကာ စစ်တပ်က ကားတွင်လည်း ရှေ့မှန်များ ကွဲကျသွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။ တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ကားတိုက်မှုကြောင့် ခမရ ၃၇၈ မှ ဗိုလ်မှူး တစ်ဦး လာရောက် ဖြေရှင်းခဲ့ပြီး အပျက်အစီးအတွက် အိမ်ရှင်လျော်ကြေးတောင်းရာ ကျပ် (၇) သိန်းပေး၍ ကျေအေးလိုက်သည်ဟု သိရသည်။

ကားတိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်ထိန်းနှစ်ဦးရောက်ရှိလာသော်လည်း စစ်တပ်က ကားဖြစ်သဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

(ဓာတ်ပုံ- နောင်အေး fb)
Arakan State
https://www.facebook.com/NarinjaraNews/


မန္တလေး ဧပြီ ၁

ယခုနှစ်သင်္ကြန်ပွဲတော်တွင် ယခင် အသုံးပြုခဲ့သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဆိုသည့် အမည် အစား မန္တလေးမြို့တော် မဟာ သင်္ကြန်မဏ္ဍပ်ဟု အမည်ပြောင်းလဲ အတည် ပြုသတ်မှတ်ခဲ့ကြောင်း ဧပြီ ၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သင်္ကြန်ကျင်းပရေး ကော်မတီတို့ တွေ့ဆုံပြုလုပ်သည့် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာေ ဇော်မြင့်မောင်က ''ပြည်သူတွေမျှော်လင့်နေတဲ့ ကိစ္စတွေ ကို ကတိပေးထားတဲ့အတိုင်း အတတ် နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးပါ့မယ်။ အရင်အစိုးရစီမံသွားတဲ့ သင်္ကြန်ပွဲ တော်ကို အခု ကျွန်တော်တို့အစိုးရ အသစ်က အကောင်အထည်ဖော် ရတော့မှာပေါ့။ ကျွန်တော်ကတော့ Win-Win ပေါ်လစီပေါ့နော်။အရင်ကလုပ်သွားတာလည်း မပျက် စေချင်ဘူး။ နောက်ပြီး မန္တလေး ကိုချစ်တဲ့သူတွေက ရိုးရာသင်္ကြန် ဖြစ်ချင်တယ်။ ဒီတော့ ခေတ်လူငယ် တွေရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေး ချင်တယ်။ ဒါကြောင့် ရိုးရာသင်္ကြန် ချစ်သူတွေအတွက် မနက်ပိုင်းမှာ ဆွမ်းကပ်မယ်၊ ဆွမ်းလောင်းမယ်၊ ပဋ္ဌာန်းရွတ်မယ့် အစီအစဉ်လေးတွေ ထည့်ပေးမယ်။ ငွေအကုန်အကျခံပြီး လုပ်တာကိုတော့ နည်းနည်းပြောချင် တယ်။နောင်နှစ်တွေမှာတော့ ဒါကို ပြန်ပြီး စဉ်းစားရတော့မှာပေါ့''ဟု ၄င်းက ပြောသည်။

ထို့နောက် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အစား မန္တလေး မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဟု အတည်ပြုသတ်မှတ်ခြင်း၊ မဏ္ဍပ်၏ ဒီဇိုင်းပန်းခက်များကို အင်ဂျင်နီယာ များနှင့် ပြင်ဆင်မည့်အခြေအနေ၊ သင်္ကြန်အကြိုနေ့တွင် ဆရာတော် ကြီးများနှင့် အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်ခြင်းနှင့် မနက်ပိုင်းတွင် ဆွမ်းကပ်လှူမည့် အစီအစဉ် စသည့် အချက်သုံးချက်ကို အဓိကထား ဆုံးဖြတ်ခဲ့ကြကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။
''မန္တလေးမြို့တော်ဝန် မဟာ သင်္ကြန်မဏ္ဍပ်အစား ဝန်ကိုဖြုတ်ပြီး အမည်ပြောင်းလဲဖို့ အတည်ပြုခဲ့ကြ ပါတယ်။ နောက်ပြီး အကြိုနေ့မှာ ပြုလုပ်မယ့် အစီအစဉ်တွေနဲ့ ဘုံဆွမ်း လောင်းမယ့် အစီအစဉ်တွေလည်း တိုးလုပ်ဖို့ အစီအစဉ်ရှိပါတယ်''ဟု ၄င်းက ဆိုသည်။

ထို့ပြင် ယခင်ကကျုံးဘေးတွင် ရေစုပ်စက်များဖြင့် ရေပတ်ကစားခြင်း မပြုလုပ်ရန် ကြေညာချက် ထုတ်ပြန် ထားသော်လည်း ယခုနှစ်တွင်ပြန် လည် ခွင့်ပြုမည်ဖြစ်ကာ သတ်မှတ် ချက်များအနေဖြင့် နှစ်လက်မရေစုပ် စက်များဖြင့် ကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်က ငွေကျပ် တစ်သိန်း ကောက်ခံခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် နှစ်သိန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသစ်များနှင့် တွေ့ဆုံစဉ်။ ( မတ် ၂၅၊ ၂၀၁၆)
တိုင်းပြည်ရဲ့ အမြင့်မားဆုံး ရာထူးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ဖို့ လွှတ်တော်ကကြိုးပမ်းနေတာဟာ လူထု ဆန္ဒကို အကောင်အထည်ဖေါ်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြော ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေတခဲနက်တည်း မဲဆန္ဒပေးရွေးချယ်ခဲ့ပေမဲ့ သူ့ကို သမ္မတ မဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်ကြောင့် အခုလို လွှတ်တော် ရဲ့လုပ်ပိုင်ခွင့် ဥပဒေဘောင် ထဲကနေဆောင်ရွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဥပဒေပြုခန့်အပ်နိုင်ဖို့ ကြိုးပမ်းရာမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ မနေ့ သောကြာနေ့က အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ကန့်ကွက်ခဲ့ပါတယ်။

လူပုဂ္ဂိုလ်တဦးကပဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ နိုင်ငံတော် အချုပ်အချာ အာဏာ သုံးရပ်လုံးမှာ ပါဝင်နေတာဖြစ်တာကြောင့် အပြန်အလှန် ထိန်းညှိရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်မှာ အခုလို တင်ပြသွားပါတယ်။

" " ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အခြေခံမူတစ်ရပ်ဖြစ်သည့် ပုဒ်မ ၁၁(က) ပါ ပါတီအမည်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တဦးအား ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်စလုံးကို အပ်နှံတဲ့သဘော သက်ရောက်နေခြင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုတယ်ဆို သည့် ပြဋ္ဌာန်း ချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ယခု ဥပဒေကြမ်း ပါ ပြဋ္ဌာန်းချက်များ၏ အနက် အဓိပ္ပာယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင် ကွဲလွဲနေခြင်း တို့ကြောင့် ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးဆွဲပြီး မှသာ ပြဋ္ဌာန်းသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။"

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်အပ်မယ့် ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တာမရှိသလို၊ ကွဲလွဲမှုတွေလဲ မရှိဘူးလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ဗွီအိုအေ ကိုပြောပါတယ်။

"အဓိက ကတော့ အတိုင်ပင်ခံ အကြံပေးဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မဆန့်ကျင်စေပဲ ဆိုတာ ဒါ ချုပ်ထားတဲ့ ကိစ္စပဲ။ အကြံပေးအဖွဲ့ဆိုတာ အကြံပေးဖို့ အဖွဲ့လိုက် ဆွေးနွေးကြတယ်။ ပြောကြတယ် ဆိုကြတယ်ဆိုရင် တော်တော်နဲ့ ခရီးမပေါက်နိုင်ဘူးပေါ့။ တဦးချင်းကို တာဝန်ပေးထားတယ်။ သူက ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်ဆိုတာရယ်ကို ချုပ်ထားတာ ရှိပါတယ်။"

ဒါဆိုရင် NLD အစိုးရအဖွဲ့မှာ ၀န်ကြီးတာဝန်တွေအပြင် ပါတီဥက္ကဋ္ဌအဖြစ်ပါ ဆက်ပြီး ရှိနေမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ ဘာကြောင့် လိုအပ်ပါသလဲ။ ဥပဒေကြမ်းရေးဆွဲရေးမှာ ကူညီဆောင်ရွက် ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်က ဘာတုန်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် တကယ်တော့ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးရာ ခေါင်းဆောင်ပဲ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဦးဆောင်မှုပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော်လည်း ဒီပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်သည် များစွာ အနစ်နာခံခဲ့ပြီးတော့မှ အချိန်တွေ ဘဝတွေကို ရင်းပြီးတော့မှ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ကို ဆောင်ရွက် ခဲ့သော် လည်းပဲ တဖတ်သက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတရာထူးကို ရယူလို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီ့တော့ ဒီလိုအနေအထားမျိုးမှာ ဒီဝန်ကြီးဆိုတဲ့ ရာထူးဟာ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ တာဝန်ယူထားပေမဲ့လို့ ကျနော်တို့ ဒီ့ထက်ကြီးမြင့်တဲ့ ရာထူးတွေကိုတော့ သူ့ကို ပေးအပ်သင့်တယ်လို့ သဘောရတယ်။ ဒါပြည်သူတွေ ဘက်က ဆန္ဒပါ။ အဲ့တော့ အဲ့ဒီ့လို ဆန္ဒရှိတော့ အဲ့ဒီ့ပြည်သူတွေရဲ့ ဆန္ဒကို သိတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်တာပါပဲ။"

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေကို ဥပဒေအရ ပြဋ္ဌာန်းထားတာကိုတော့ ဦးကိုနီက အခုလိုဆက်ပြောပါတယ်။

"နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လို့ ဆိုတဲ့အတွက် အဲ့တာ အင်မတန်မှ ကြီးမြင့်တဲ့ရာထူးဖြစ်တယ်။ သမ္မတသော်လည်းကောင်း၊ လွှတ်တော်ဘက် ကသော်လည်းကောင်း တိုင်းပြည်ရဲ့ရှေ့ရေးအတွက် အကြံဉာဏ်လိုချင်ရင် အကြံဉာဏ်တောင်းခံနိုင်တယ်။ သူကလည်းပဲ အကြံဉာဏ်ပေးသင့်တယ်လို့ ယူဆလို့ရှိရင် အကြံဉာဏ်ပေးလို့ရတယ်။ အဲ့တော့ ဒီလိုအကြံဉာဏ်ပေးတာကို နာခံပြီးတော့ တိုင်းပြည်ကောင်းရာကို လုပ်သွားမယ်ဆိုရင် တိုင်းပြည်မှာ အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာမှာပဲ နိုင်ငံတကာကနေ လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ရဲ့ ပုံရိပ်မျိုးကို ကျနော်တို့ ရလာမှာပါပဲ။"

အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ အခုလိုမျိုး ပုဂ္ဂိုလ်တဦးတည်းကို ခန့်အပ်တာမျိုး မဟုတ်ပဲ သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာမျိုး ရှိခဲ့ကြောင်း ဦးအောင်သိန်းကပြောပါတယ်။

"အကြံပေး၊ အတိုင်ပင်ခံဆိုတာက ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ထားခဲ့ဖူးတာတွေ ရှိပါတယ်။ အခုလည်း ကျနော်တို့က အတိုင်ပင်ခံဆိုတဲ့သဘောကို အဖွဲ့အစည်းလိုက် မထားပဲနဲ့ တဦးချင်းအပေါ် ထားချင်းအားဖြင့် ခရီးရောက်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ပေါ့။"

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တခဲနက်မဲဆန္ဒပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ပေးခန့်အပ်ကြောင်းနဲ့ သူရဲ့ရာထူးသက်တမ်းဟာ သမ္မတရာထူးသက်တမ်းအတိုင်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


 ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ်
တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်
တပ်မတော်ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်
==================================================


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းခြင်း

သတင်းအဖွဲ့

ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားသည် ပြောင်းလဲတိုးတက်မှုကိုလိုလားလျက်ရှိသော ပြည်သူ့အတွက်၊ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုအတွက် သမိုင်းတွင်သည့် စကားရပ် ဖြစ်ခဲ့သည်။

ဒုတိယအကြိမ်လွှတ်တော်နှင့် အစိုးရအဖွဲ့များကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏မူဝါဒများနှင့်ကိုက်ညီစွာ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။

မတ် ၃ဝ ရက်တွင် နိုင်ငံတော်သမ္မတတာဝန် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကိုလည်း ကျင်းပနိုင်ခဲ့သည်ကို ပြည်သူအားလုံး သိရှိကြပြီးဖြစ်သည်။

နိုင်ငံတော်သမ္မတတာဝန် အောင်အောင်မြင်မြင် လွှဲပြောင်းနိုင်ခဲ့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်အား တာဝန်လွှဲပြောင်းမှုတွင် ပါဝင်ဆောင်ရွက် ခဲ့မှုအခြေအနေနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အခြေအနေများကို သတင်းအဖွဲ့က ဧပြီ ၁ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်-

မေး။ အစိုးရအဟောင်းနဲ့ အသစ်အကြား အဆင်ပြေပြေ တာဝန်လွှဲပြောင်းနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အခြေ အနေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော်က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲမဝင်ဘူး၊ မပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့ အခါမှာ အစိုးရအဟောင်းနဲ့ အစိုးရအသစ်အကူးအပြောင်းမှာ အဆင်ပြေစွာ တာဝန်လွှဲပြောင်းနိုင်ရေးအတွက် ကျွန်တော့်ကို တာဝန်ပေးခံရတယ်။

အစိုးရအဟောင်းကတော့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေးအဖွဲ့လို့သုံးနှုန်းပြီးတော့ ကျွန်တော်တို့ကတော့ အသွင်ကူးပြောင်းရေးအဖွဲ့လို့ သုံးနှုန်းပါတယ်။ အစိုးရအဟောင်းရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းရေးအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ခေါင်းဆောင်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်အုန်းနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ငါးဦးပါပါတယ်။


ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်ခေါင်းဆောင်ပြီး ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ပါပါတယ်။ ပံ့ပိုးကူညီဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းနဲ့ ဦးကျော်သီဟ၊ ပြည်သူ့လွှတ်တော်က ဒေါ်ခင်စန်းလှိုင်ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။

မေး။ အသွင်ကူးပြောင်းရေးမှာ အေးအေးချမ်းချမ်းနဲ့ ကူးပြောင်းနိုင်ဖို့က အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။ ဒီလိုကူးပြောင်းနိုင်ဖို့ ဆရာတို့အနေနဲ့ ဘာတွေဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသလဲ။

ဖြေ။ ဒီအသွင်ကူးပြောင်းရေးဟာ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ပထမအကြိမ် အသွင်ကူးပြောင်းရေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတကြီး ဦးသိန်းစိန်ကို လွှဲတာ၊ သူတို့တုန်းက အဆင်ပြေတယ်။ ဒါကမဆန်းဘူး။ ဘာကြောင့်လဲဆိုရင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ဗိုလ်ချုပ်ကြီးဟောင်း၊ ပါဝင်တဲ့ ပုဂ္ဂိုလ်တော်တော်များများကလည်း တပ်မတော်က ဆိုတော့ သိပ်မထူးဆန်းဘူး။ ဒါပေမယ့် ပြည်သူလူထု အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲအောင်နိုင်တဲ့ ကျွန်တော်တို့ကို ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရက တာဝန်လွှဲတဲ့ အခါကျတော့ အရပ်သားအစိုးရကို တာဝန်လွှဲတာ၊ သမိုင်းဝင်တဲ့ဖြစ်ရပ်ပါ။

ဒီသမိုင်းဝင်ဖြစ်ရပ်မှာ ကျွန်တော် တာဝန်ထမ်းဆောင် ခွင့်ရတာ ဂုဏ်ယူတယ်။ ကျွန်တော့်အရည်အချင်းကို ယုံကြည်ပြီး ဒီတာဝန်ကို ပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာ မိပါတယ်။

ချီးမြှင့်တယ်လို့လည်း ထင်မြင်မိပါတယ်။

အပြောင်းအလွှဲကိစ္စတစ်လျှောက်မှာ ပြီးခဲ့တဲ့ အပတ်ကထိ သမ္မတရုံးမှာ အစည်းအဝေး ငါးကြိမ်လုပ်ခဲ့တယ်။ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေနဲ့ ကူးပြောင်းချင်တယ်။ ဒါကြောင့် သူတို့ကို ဘာမှထွေထွေထူးထူးမတောင်းဆိုဘူး။ ကျွန်တော်တို့ဘက်က ဝန်ကြီးဌာန ၃၆ ခုကို ပေါင်းမယ်။ ပေါင်းတဲ့ဌာနတွေကို သူတို့ကို ပြောမယ်ဆိုပြီးတော့ ဆွေးနွေးခဲ့တယ်။ သူတို့ဘက်ကလည်း ဝန်ကြီးဌာနတိုင်း အဆောက်အအုံကအစ ဘတ်ဂျက်တွေ၊ နောက် လုပ်မယ့် စီမံကိန်းတွေ အားလုံးပဲ သူတို့ ပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတဲ့အကြောင်းလည်း ကျွန်တော်တို့ကို ပြောတယ်။

သူတို့ ပြင်ဆင်ထားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဘက်ကလည်း ဘာမှအထွေအထူး မတောင်းဆိုဘူး။ အသွင်ကူးပြောင်းမယ့် ၃ဝ ရက်နေ့ မတိုင်ခင်မှာ ကျွန်တော်တို့ ဝန်ကြီးတွေက တာဝန်ယူရတော့မှာဖြစ်တဲ့ အတွက် ဟိုဘက်က ဝန်ကြီးတွေနဲ့တွေ့ဖို့ အစီအစဉ်ဆွဲတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေနေဖို့၊ ထိုင်ဖို့အတွက် နေရာထိုင်ခင်းတွေ သွားကြည့်တယ်။ ဒီကိစ္စကတော့ အထွေအထူးပြောစရာမရှိလှပါဘူး။

မေး။ အစိုးရနှစ်ရပ်အကြား အဆင်ပြေပြေနဲ့ တာဝန်တွေ လွှဲပြောင်းနိုင်ခဲ့တယ်။ ဒီအပေါ်မှာ တာဝန်လွှဲပြောင်း ပေးသွားတဲ့ အစိုးရဟောင်းရဲ့ အခန်းကဏ္ဍ ပါဝင်မှုကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ အေးအေးချမ်းချမ်းနဲ့ တာဝန်လွှဲပြောင်းတဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ လောက် ဆိတ်သုဉ်း ခဲ့တယ်။ အဲဒီလို ဆိတ်သုဉ်းတဲ့ဖြစ်စဉ်ကနေ အခုလို အဆင်ပြေပြေနဲ့ လွှဲပြောင်းနိုင်တာ အတူပါဝင်ကြတဲ့ သူတွေရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ။

ပြီးတော့ တစ်ဖက်က ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးရဲထွဋ်တို့ရဲ့ ပူးပေါင်းကူညီမှုကိုလည်း တန်ဖိုးထားပါတယ်၊ အသိအမှတ်ပြုပါတယ်၊ ချီးကျူးမိပါတယ်။ အဓိကကတော့ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရထံကို အဆင်ပြေပြေနဲ့ တာဝန်လွှဲပြောင်းနိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။

မေး။ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ဒီလို သမ္မတတာဝန်အလွှဲအပြောင်းကို လွှတ်တော်ချန်နယ်ကနေလည်း တိုက်ရိုက်ထုတ်လွှင့်တဲ့အတွက် လွှတ်တော်လိုင်းကို ကြည့်တဲ့သူတွေ များလာတယ်လို့ သိရပါတယ်။ ဒါကဘာလဲဆိုတော့ အစိုးရဖြစ်စဉ်ကို ပြည်သူတွေ စိတ်ဝင်စားကြတယ်ဆိုတဲ့ သိသာစေတဲ့အချက် တစ်ခုပါ။

ကျွန်တော်တို့ ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဂ္ဂိုလ်တွေဟာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် တချို့ကတော့ အတွေ့အကြုံသိပ်မရှိသေးဘူး။ ဒီထဲမှာ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာကတော့ အဓိက ပါနေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုကင်းရှင်းရေးကို အဓိကမှာကြားထားပါတယ်။ ဒါတွေဟာ ရည်ရွယ်ချက်ကောင်းတွေဖြစ်တဲ့အတွက် ပြည်သူလူထုက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးချယ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ တိုင်းပြည်အတွက် အစိုးရတာဝန်စယူတဲ့ ရက်ပေါင်း ၁ဝဝ အတွင်းမှာ သိသာထင်ရှားတဲ့အလုပ်တွေ ကြိုးစားလုပ်မယ်။ နောက်ပြီးတော့ ခြောက်လ၊ တစ်နှစ်အဖြစ် ဦးစားပေး ဆောင်ရွက်မယ်။ ဌာနတိုင်း ပြင်ဆင်တာတွေ ရှိနေပါပြီ။

ပြုပြင်ပြောင်းလဲမှုကို သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းမှုတွေ ရှိလာတယ်။ မီဒီယာပွင့်လင်းမှုတွေ ရှိလာတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရားပြုပြင်ဖို့နဲ့ အဂတိတရား လျော့ပါးရေးမှာ အထိုက်အလျောက် မအောင်မြင်ခဲ့ဘူး။ ဒါကို သူတို့ကို အပြစ်တင်လို့ မရဘူး။ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။

သူတို့ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားပြုပြင်ဖို့နဲ့ အဂတိတရား လျော့ပါးရေးမှာ ကျွန်တော်တို့က ဆက်ပြီးအောင်မြင်အောင် လုပ်ဆောင်ရမယ်။

ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးပါ။ အမျိုးသား ရင်ကြားစေ့ရေးမှာ တပ်မတော်ရော၊ တိုင်းရင်းသားအဖွဲ့ တွေရော အားလုံးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တပ်မတော်ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်။ နိုင်ငံတိုးတက်ဖို့အတွက်ဆောင်ရွက်တဲ့အခါ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေဖို့ ဆောင်ရွက်တာဟာ စိန်ခေါ်မှု တစ်ခုထဲမှာပါပါတယ်။

မေး။ ဒီနေ့ တွေ့ဆုံမေးမြန်းမှုကနေ ဆရာ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့မှာ ပါဝင်မှုဖြစ်စဉ်ကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ကျွန်တော်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ မိတ္ထီလာမြို့နယ် အလယ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ မိတ္ထီလာ အထက(၁)ကနေ အထက်တန်းအောင်မြင်ပြီးတော့ စစ်တက္ကသိုလ်အပတ်စဉ်(၅)မှာ တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ အောင်စစ်သည်ဆု၊ စာပေထူးချွန် ရွှေတံဆိပ်ဆု နှစ်ခုရရှိခဲ့တယ်။ စစ်တက္ကသိုလ်သမိုင်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုပါ။

တာဝန်ထမ်းဆောင်တဲ့အခါ မြစ်ဝကျွန်းပေါ်တပ်ကို ရောက်တယ်။ ဒီအချိန်မှာ တော်လှန်ရေးကောင်စီတက်တဲ့အတွက် အသက်ငယ်ငယ်နဲ့ တာဝန်ကြီးကြီးတွေ ထမ်းဆောင်ခဲ့ရတယ်။ ခြေလျင်တပ်မှာ ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ ပြီးတော့ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ အရှေ့မြောက် ဒေသစစ်ဆင်ရေးတွေမှာ ပါဝင်ထမ်းဆောင်ခဲ့ရတယ်။ အသက်မသေရုံအန္တရာယ်ကြား ကျရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အဲဒီကမှ လူကြီးတွေ ရွေးချယ်လို့ စစ်ရုံးရောက်ပြီး ၁၉၆၉ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီကနေ တပ်ရင်းပြန်ပြီး တာဝန်ထမ်းဆောင်ချင် တယ်ဆိုတော့ လူကြီးတွေက ခွင့်မပြုဘူး။

နောက်ဆုံးကျတော့ အုန်းကျော်မြင့်နဲ့ အပေါင်းအသင်းတွေက လူကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့အထဲမှာ ကျွန်တော် ပါတယ်ဆိုပြီး ခြောက်လအချုပ်နဲ့ တပ်ကနေအထုတ်ခံရတယ်။ တကယ်တော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ သဘောမကျလို့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ လုပ်မယ် ဆိုတာတော့ သိတယ်။ သိတဲ့ဟာကို သတင်းမပို့ခဲ့ဘူး။

ဥပဒေအရ အပြစ်ရှိတယ်။ နိုင်ငံတော်လုပ်ကြံမှုကို ကြားရင်ကို သတင်းပို့ရမယ်၊ မပို့ရင် ကြံရာပါဆိုတာကို မသိခဲ့ဘူး။ နောက်တစ်ချက်က ကိုယ်ပြောလိုက်လို့ သူတို့ တွေလည်း ဒုက္ခရောက်မလားဆိုပြီး စာနာမှုကြောင့်လည်းပါတယ်။

၁၉၇၇ ခုနှစ်ကနေ တပ်ကထွက်ပြီး ၁၉၈၈ ခုနှစ်ထိ စီးပွားရေးလုပ်တယ်။ စီးပွားရေးက အောင်မြင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထုအုံကြွတဲ့အခါ အဲဒီတုန်းက မျိုးချစ်ရဲဘော်ဟောင်းများခေါ်တဲ့ အဖွဲ့ထဲကနေ အရေးတော်ပုံထဲ ပါခဲ့တယ်။

နောက် NLD ဖွဲ့တဲ့ အချိန်ကစပြီး ပါခဲ့တယ်။ အဲဒီကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ် တိုင်းမှာ ပါဝင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက နဝတခေတ်ဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာနဲ့ ဆက်ဆံဖို့အတွက် ကျွန်တော့်ကိုတာဝန်ပေးထားတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကိုခေါင်းဆောင် နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာ သူ့ရဲ့ အရည်အချင်းတွေကနေ တစ်ဆင့် ယုံကြည်လို့ ရာထူးမပါဘဲနဲ့ ရုံးဝန်ထမ်းအနေနဲ့ အစအဆုံးပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ ရက်မှာ ထောင်ချခံရတယ်။ ငါးနှစ်ခွဲကြာခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ ပြန်လွတ်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်ပြီးလုပ်ဆောင်ပေးတယ်။

၁၉၉၆ ခုနှစ် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အချိန်မှာ NLD အားလုံး အဖမ်းခံရတဲ့အတွက် ထောင်ထဲပြန်ရောက် သွားတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်အထိ ၁၄ နှစ်အတွင်း အင်းစိန်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေးနဲ့ ကသာ ထောင်ငါးခု ပြောင်းရွှေ့ခံရတယ်။ ထူးခြားတာတစ်ခုက ၂ဝဝ၈ ခုနှစ် စက်တင်ဘာမှာ ကသာထောင်ကနေ ကျွန်တော့်ကို လွှတ်ပြီဆိုပြီးတော့ အပြင်က တည်းခိုခန်းမှာ ထားတယ်။ နောက်နေ့မှာ ဆွေးနွေးစရာရှိတယ်လို့ လာခေါ်သွားပြီး ထောင်ထဲ ပြန်ရောက်သွားခဲ့တယ်။

ကျွန်တော် ထူးခြားပြီး စိတ်ထိခိုက်မှု မဖြစ်ပေါ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အဲဒီလို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ပါ။ ကျွန်တော့် မိသားစုက စိတ်ထိခိုက်ကြတာပေါ့။ လူတစ်ယောက်ကို ဒီနေ့ထောင်ကလွှတ်ပြီး နောက်နေ့ထောင်ထဲ ပြန်ထည့် တယ်ဆိုတာ အင်မတန်မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံရေးအရ ကြည့်ရင် ဆိုးရွားပေမယ့် စိတ်ထိခိုက်မှုနည်းခဲ့တယ်။

သူတို့ ထောင်ချတာ ၁၄ နှစ် ဆိုပေမယ့် ၁၄ နှစ်ကျော် နေခဲ့ရပြီးတော့ ၂ဝ၁ဝ ခုနှစ်မှာ ထောင်ကလွတ်တယ်။ လွတ်တဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဆီပဲ ပြန်ပြီးလုပ်တယ်။ သူတို့ကတော့ အမှတ်မရှိဘူး ပြောကြတယ်။ နိုင်ငံရေးသမားတွေ ထောင်ကျပြီး ပြန်လွတ်လာတဲ့ အခါ စီးပွားရေး၊ လူမှုရေး စသဖြင့် ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်မှာကို ကျွန်တော့်ဆီ မောင်နှမသားချင်းတွေ မလာရဲကြဘူး။ လာရင်ပြုတ်မှာကိုး။ နိုင်ငံရေးသမားတွေ ထောင်ကထွက်တဲ့အခါ နိုင်ငံရေးယုံကြည်ချက်တွေ ပြောင်းသွားတာ၊ စီးပွားပျက်သွားတာ၊ ရူးသွားတာ အများကြီးရှိပါတယ်။

ကျွန်တော်ကတော့ ကံအားလျော်စွာ ဘာသာရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ လူမှုရေးအမြင်တွေနဲ့ ယုံကြည်မှုကို ထိန်းသိမ်းနိုင်တဲ့အတွက် ပြန်လွတ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ကူညီခဲ့တယ်။ ၂ဝ၁၂ ရွေးကောက်ပွဲဝင်တဲ့အထိ ကျွန်တော်တို့ NLD ဟာ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့အနေအထား၊ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့တယ်။ လိုချင်တဲ့ အချက်တွေ ပြင်ပေးတယ်။ ၂ဝ၁၂ ကြားဖြတ်ကနေ လွှတ်တော်ထဲဝင်တဲ့အခါ အစိုးရနဲ့ ပေါင်းသွားပြီဆိုပြီး အပြောခံရတာတွေရှိတယ်။

ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောကိုသိတယ်။ သူ့ရဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်ဆောင်ရွက်တယ်ဆိုတာ သိတယ်။ ဒါကြောင့်သာ လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာရော အများစုပါဝင်နိုင်တဲ့ အနေအထားနဲ့ တာဝန်ယူနိုင်ခဲ့ခြင်းဖြစ်တယ်။

ဒီလိုတာဝန်ယူတဲ့အခါ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေးနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေ အနေမြင့်မားတိုးတက်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်သွားမယ်။

အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ ကန်သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြား။
နျူကလီယား လုံခြုံရေးကို သိသိသာသာ တိုးတက်အောင် ကမ္ဘာ့နိုင်ငံတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အမေရိကန်သမ္မတ Barack Obama က ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။ စုပြုံနေတဲ့ နျူ ကလီယား ပစ္စည်းတွေ လျှော့ချဖို့၊ လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ဖို့ အားထုတ်မှုအားလုံးကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

၂၁ ရာစုရဲ့ လုံခြုံရေးစိန်ခေါ်မှု တွေကို နိုင်ငံတနိုင်ငံထဲက လုပ်ဆောင်ဖြေရှင်းလို့ မရဘူးဆိုတာကိုဒီနျူကလီယား လုံခြုံရေး ပြဿနာက ဥပမာအဖြစ် ပြသနေတယ်လို့ ကမ္ဘာ့ခေါင်းဆောင် ၅၀ ကျော် တက်ရောက်လာတဲ့ ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့  နျူကလီယားလုံခြုံရေး ထိပ်သီးအစည်းဝေးမှာ သမ္မတ အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံပေါင်း တဒါဇင်ကျော်က သူတို့မှာရှိတဲ့ နျူကလီယားဗုံးလုပ်ရာမှာ လိုအပ်တဲ့ ရေဒီယို ဓါတ်ကြွပစ္စည်းတွေ ဖြစ်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ ပါဝင်နှုံးများတဲ့ ပစ္စည်းတွေ အားလုံးကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း  နျူကလီယား လုံခြုံရေး ညီလာခံ ၄ ခုကို သမ္မတ အိုဘားမား ကမကထလုပ် ကျင်းပခဲ့တာကနေ အခုလို ၂၁ ရာစုလုံခြုံရေး စိန်ခေါ်မှုကို နိုင်ငံတနိုင်ငံထဲနဲ့ မဖြေရှင်းနိုင်ဘူးဆိုတဲ့ အသိမျိုး ရခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ဒီစိန်ခေါ်မှု အတွက် ပူးပေါင်း ဆောင်ရွက်ဖို့လိုသလို၊ တနိုင်ငံနဲ့ တနိုင်ငံ အကန့်အသတ် မထားပဲ၊ အဖွဲ့အစည်းတွေ ရေရှည် လက်တွဲဆောင်ရွက်ဖို့ပါ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီး သိသိသာသာ တိုးတက်အောင်လုပ်နိုင်ခဲ့တာက သတင်းကောင်းပါ လို့လည်း ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အီရန်ရဲ့ နျူကလီယား ပြဿနာဆိုင်ရာ သဘောတူညီမှုရအောင် လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ P5+1 အဖွဲ့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ အီရန်နဲ့ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ ကြီးမားတဲ့ အောင်မြင်မှု တခု ဖြစ်ပြီး နျူကလီယား လက်နက် ပြန့်ပွါးမှု အန္တရာယ်ကို ဦးစားပေးခဲ့တဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုတခု ဖြစ်ကြောင်း ပြောပါတယ်။

ဒီနှစ် နျူကလီယားလုံခြုံရေးညီလာခံဟာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့မှာ dirty bomb လို့ခေါ်တဲ့ ဝန်းကျင်ညစ်ညမ်း စေပြီး အန္တရာယ်ကြီးတဲ့ ဗုံးတွေ ရှိနေနိုင်တယ်လို့ စိုးရိမ်စိတ်ပူမှုတွေ ကြီးထွားလာနေချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

ထိုင်းစစ်တပ်လုံခြုံရေးအဖွဲ့ဝင်များ။
ထိုင်းနိုင်ငံ စစ်တပ်အနေနဲ့ ရာဇ၀တ်မှုတွေကို တာဝန်ယူ ကိုင်တွယ်တာအပါအ၀င် လုပ်ပိုင်ခွင့်တွေကို ထိုင်းအစိုးရက ပို ပေးလိုက်ပါ တယ်။ နိုင်ငံတ၀န်း ရာဇ၀တ် ဂိုဏ်းကြီးတွေ နဲ့ ပြစ်မှုကျူးလွန်သူတွေကို နှိမ်နင်းရေး အစိုးရက စတင် လုပ်ဆောင်နေချိန် မှာပဲ စစ်တပ်ကို အခုလို လုပ်ပိုင်ခွင့်အာဏာတွေ ပိုပေးလိုက်တာပါ။

ဒါပေမဲ့လည်း အခု လုပ်ပိုင်ခွင့်အသစ်တွေကနေ မတရားလုပ်တာတွေ ဖြစ်လာနိုင်ပြီး အစိုးရအစိုးရကိုဝေဖန်သူတွေလည်း ဒီဥပဒေရဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်ကြောင်းပြောကြပါတယ်။

ဒီသီတင်းပတ်ထုတ်ပြန်တဲ့ အမိန့်အသစ်အရ စစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ရှာဖွေရေးလုပ်တာ၊ ပိုင်ဆိုင်ပစ္စည်းတွေ သိမ်းဆည်း တာ၊ ငွေကြေးအလွှဲအပြောင်း လုပ်တာတွေကို ဆိုင်းငံ့တာ၊ သံသယရှိသူတွေ ပြည်ပခရီးသွားလာခွင့် တားဆီးတာ စတဲ့ လုပ်ပိုင် ခွင့်တွေနဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးအရာရှိတွေအဖြစ် လုပ်ဆောင်နိုင်ကြမှာပါ။

ဒီအမိန့်အရ လုပ်ဆောင်နိုင်တဲ့ ရာဇ၀တ်မှုတွေထဲမှာ လူမှောင်ခိုကူးမှု၊ လိမ်လည်မှု၊ အသရေဖျက်မှု၊ လောင်းကစားမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည့်တန်ဆာမှု၊ အကောက်ခွန်မှု၊ အဆမတန်အတိုးယူပြီး ငွေချေးမှု၊ လက်နက်ခဲယမ်းမှု စတဲ့ ရာဇ၀တ်ပြစ်မှုပေါင်း ၂၀ ကျော် အကျူံးဝင်ပါတယ်။

အခုဥပဒေအရ ပစ်မှတ်ထားတဲ့လူတွေထဲမှာ ရဲနဲ့စစ်ဘက်အရာရှိတွေလည်း ရာနဲ့ချီပြီး ပါဝင်နေတယ်လို့လည်း ဒုတိယဝန်ကြီးချုပ် က ပြောပါတယ်။ ရဲတပ်ဖွဲ့မှာ အင်အားနည်းနေတာကို စစ်ဘက် တာဝန်ရှိသူတွေနဲ့ ဖြည့်စွက်တာဝန်ပေးဖို့ အစိုးရအနေနဲ့ လိုအပ်တယ်ဆိုပြီး အခု အထူးလုပ်ပိုင်ခွင့်အမိန့်အပေါ် ဒုတိယ၀န်ကြီးချုပ် Prawit Wongsuwan က ကာကွယ်ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အန်ကာရာ ဧပြီ ၁

တူရကီနိုင်ငံအရှေ့တောင်ဘက် ဒီယာဘာကီမြို့တွင် ဧပြီ ၁ ရက်က ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး ရဲအရာရှိ ခုနစ်ဦးသေဆုံးခဲ့ပြီး လူ ၂ဝ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

ရဲအရာရှိများတင်ဆောင်လာသောမော်တော်ယာဉ် တစ်စီးသည် မြို့တော်ရှိ ကားရပ်နားရာ နေရာတစ်ခုတွင် ရပ်တန့်ထားသော ကားတစ်စင်းအနီးသို့ ရောက်ရှိခဲ့သည့် အချိန်တွင် အဆိုပါရပ်တန့်ထားသောကားသည် ရုတ်တရက် ပေါက်ကွဲခဲ့ကြောင်း ဒေသန္တရ မီဒီယာများက ဆိုသည်။

မည်သည့်အဖွဲ့အစည်းက အဆိုပါဖြစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ယခုအချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ သို့သော် ဒေသန္တရမီဒီယာများက ကာ့ဒ် လက်နက်ကိုင်အဖွဲ့ကို ပြစ်မှုကျူးလွန်သည်ဟု ထင်ကြေးပေးကြသည်။

တူရကီအစိုးရက အကြမ်းဖက်သမားများဟု သတ်မှတ်ထားသော ကာ့ဒ်စစ်သွေးကြွများကို တူရကီ စစ်တပ်က ဒီယာဘာကာမြို့တွင် သုတ်သင်ချေမှုန်းလျက်ရှိသည်။ ယခုကားဗုံးခွဲတိုက်ခိုက်မှုသည် ကာ့ဒ်စစ်သွေး ကြွများ၏ လက်တုံ့ပြန်မှုတစ်ရပ် ဖြစ်နိုင်ဖွယ်ရှိကြောင်း မီဒီယာများကဆိုသည်။

မတ် ၃၁ ရက်က ဒေသဖွံ့ဖြိုးရေးဝန်ကြီးနှင့် အခြားသောဝန်ကြီးနှစ်ဦးတို့သည် ဒီယာဘာကာမြို့သို့ လာရောက်လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ် အာမက် ဒါဗူတိုလုက ဧပြီ ၁ ရက်တွင် အဆိုပါမြို့သို့ အလည်အပတ်ခရီးရောက်ရှိခဲ့သည်။ ယခုကားဗုံးခွဲမှုသည် ဝန်ကြီးချုပ်၏ခရီးစဉ်ကို ရည်ရွယ်ပြီး စစ်သွေးကြွများက ချိန်ကိုက်ဗုံးထောင်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ထင်မြင်ယူဆကြသည်။

ကာ့ဒ်စစ်သွေးကြွများက တူရကီနိုင်ငံတွင် ဗုံးအများ အပြားဖောက်ခွဲပြီးဖြစ်သည်ဟု ယုံကြည်ရသည်။ လွန်ခဲ့သောလက အန်ကာရာမြို့တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးခဲ့ရပြီး ဖေဖော်ဝါရီလတွင် တူရကီ စစ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ။
The Mirror Daily