04/05/16

ရှမ်းပြည်နယ် မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင် ဖွဲ့တဲ့ ပြည်နယ် အစိုးရ အဖွဲ့ ဝင် အမည်စာရင်း ဧပြီ ၄ ရက် နေ့က ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပေမယ့် ရှမ်းပြည်နယ် အခြေစိုက် အဓိက တိုင်းရင်းသားပါတီကြီး တစ်ခု ဖြစ်တဲ့ SNLD ပါတီဝင် တစ်ဦးတစ်ယောက်မှ ပါဝင် လာခြင်း မရှိပါဘူး။

ပြည်ထောင်စု အဆင့်မှာရော ပြည်နယ် အဆင့်မှာပါ အစိုးရ အဖွဲ့ထဲ ပါဝင်ဖို့ NLD ပါတီဘက်က ကမ်းလှမ်း ခဲ့ ပေမယ့် ပါတီရဲ့ အခြေအနေ နဲ့ နိုင်ငံရေး ရည်မှန်းချက် တွေ ကြောင့် ငြင်းပယ် ခဲ့တယ် ဆိုပြီး SNLD ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ထဲ ပါဝင်ခြင်း မရှိပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင် ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အားလုံးမှာ NLD ပါတီ နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ SNLD လွှတ်တော် အမတ် တွေကို ပါတီ က လမ်းညွှန် ထားတယ် လို့လည်း ဦးစိုင်းလိတ် က ဆိုပါတယ်။

ဒါ့အပြင် လွှတ်တော် ပြင်ပ မှာလည်း အားလုံး ပါဝင် တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကြီး ပေါ်ပေါက် လာရင် SNLD ဘက်က ပါဝင် ဆွေးနွေးဖို့ အဆင်သင့် ရှိတယ် လို့ ဦးစိုင်းလိတ် က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၅ ရက် အင်္ဂါနေ့ မှာ တော့ SNLD ပါတီ ရဲ့ ဗဟို ကော်မတီ နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် တွေ ကို အသစ် ပြန်လည် ရွေးချယ် တင်မြှောက် ကြဖို့ ရှိနေတာ မှာ ဗဟို ကော်မတီ ဝင် ၇၅ ယောက် နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် ၂၅ ယောက် ထားရှိမှာ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့မှာ ပြီး ခဲ့တဲ့ တနင်္ဂနွေ ကစလို့ SNLD ပါတီ ရဲ့ မြို့နယ် စုံညီ အစည်းအဝေး ကျင်းပ နေပါတယ်။
BBC Burmese

ခွင့်ပြု လက်ဆောင်တွေကို အကြိမ်ကြိမ် လက်မခံရ လို့လည်း ဒေါ်စု ညွှန်ကြား
အဂတိလိုက်စားမှုကို အချိန်တို အတွင်းပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပါတယ်။

ဒီလမ်းညွှန်ချက်ကို နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၁ ရက် ရက်စွဲနဲ့ ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး အစိုးရတွေကို ပေးပို့ ထားတယ်လို့ ဧပြီလ ၄ ရက်နေ့က နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဓိက အားဖြင့် အစိုးရ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်ရာထူးကြောင့် အကျိုး ခံစားခွင့် ရလိုတဲ့ အတွက် ပေးတာလို့ ယူဆရတဲ့ လက်ဆောင်တွေကို လက်မခံဖို့ တားမြစ်ထားတာပါ။

ဒါပေမဲ့ ချွင်းချက် အနေနဲ့ အဲဒီ ပုဂ္ဂိုလ်တွေဟာ လူတစ်ယောက်ဆီကနေ ကျပ်နှစ်သောင်းခွဲ ထက်မပိုတဲ့ ပစ္စည်းကို တစ်နှစ်မှာ တစ်သိန်းထက် ပိုလက်မခံရလို့လည်း ညွှန်ကြား ချက်မှာ ပါရှိပါတယ်။

တစ်နှစ်တစ်ခါ အခါကြီး ရက်ကြီးတွေမှာ ဂါရဝ ပြုတဲ့အနေနဲ့ ပေးရင်တော့ ကျပ်ငွေ တစ်သိန်း ထက်မပိုတဲ့ လက်ဆောင်ပစ္စည်းကို လက်ခံနိုင်တယ်လို့လည်း ဖော်ပြပါတယ်။

နိုင်ငံခြား အစိုးရက ပေးတဲ့ လက်ဆောင် ဆိုရင်တော့ တန်ဖိုး လေးသိန်းထက် မပိုတဲ့ လက်ဆောင်ပစ္စည်းတွေကိုသာ လက်ခံနိုင်ပါတယ်။

လက်ဆောင်ပစ္စည်း ပေးအပ်လာခဲ့ရင် လက်ခံသည်ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက်အကြီးအကဲထံ အမြန်ဆုံးတင်ပြဖို့နဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ တွေကို ပေးလာတဲ့ လက်ဆောင်ပစ္စည်းတွေ ကိစ္စကို ဦးစီးရုံးတွေရဲ့ ဒုတိယ ညွန်ကြားရေးမှူးချုပ်တွေက နိုင်ငံတော် သမ္မတရုံး ဝန်ကြီးထံ အမြန်ဆုံးတင်ပြရမယ် လို့လည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ ကန့်သတ်ချက် ဖောက်ဖျက်သူတွေကို ဥပဒေကြောင်းအရ ဘယ်လို အရေးယူမယ် ဆိုတာ မဖော် ပြထားတဲ အတွက် လက်တွေ့ အကောင်ထည်ဖော် နိုင်ပါ့ မလားဆိုတာ လူတွေက မရှင်းမလင်း ဖြစ်နေကြပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကတော့ ကန့်သတ်ချက်ကို မလိုက်နာရင် တာဝန်က ရပ်စဲခံရမယ့် အပြင် ထောင်ကျနိုင်တဲ့ အထိ အရေးယူ ခံရနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


နေပြည်တော် ဧပြီ ၎

နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ မတ် ၃၁ ရကအ် ထိ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန် သည် ယနေ့ နံနက် ၈ နာရီက ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ် အနီးရှိ ပါမောက္ခချုပ်ဆရာတော်၏ ဓမ္မာဓိပတိစံကျောင်း၌ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတကြီးကို စစ်ကိုင်းသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ ကျင်းပစဉ်က သီတဂူဆရာတော်က သင်္ကန်းဝတ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်တွေ မအားလပ်တာကြောင့် သမ္မတ တာဝန်ကနေ ပြီးဆုံးသွားတဲ့အခါမှာ တော့ သာသနာ့ဘောင်ဝင်ပါဦးမယ်လို့ သမ္မတကြီး က ကတိပေးခဲ့ဖူး ပါတယ် ဟု သတီ ဂူသာသနာပြုအဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

ဦးသိန်းစိန်သည် ယနေ့နံနက်တွင် ရဟန်းဘ၀သို့ ရောက်ရှိခဲ့ပြီး ဘွဲ့အမည်မှာ ဥူးသန္တိဓမ္မ ဖြစ် ကြောင်း သမ္မတဟောင်းနှင့် နီးစပ်နှင့် နီးစပ်သည့် မောင်မောင်အောင်၏ လူမှုကွန်ရက်မှ သိရှိရပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ရိုက်ကူးထားသည့် ရဟန်းဓာတ်ပုံများကိုလည်း ၎င်းက လူမှုကွန်ရက်တွင် တင်ထားရာ ဦးသိန်းစိန်ကို ထောက်ခံခဲ့သူ လူပေါင်းများစွာက ကြိုက်နှစ်သက်ကြောင်းနှင့် ပြန်လည်မျှဝေခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဒုလ္လဘအဖြစ် သင်္ကန်းဝတ် ခြင်းဖြစ်ပြီး ငါးရက်ခန့် သာသနာ့ ဘောင်တွင် နေထိုင်သီတင်းသုံးကာ တရားဘာဝနာများကို လိုက်နာကျင့် သုံးသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ပြောကြား သည်။

ဦးသိန်းစိန်သည် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းသည့်ကာလတွင် ထွက်ပေါ်လာခဲ့သည့် သမ္မတ တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အများဆုံး အနိုင်ရခဲ့သည့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အပြီး ရလဒ်များ ထွက်ပေါ်လာချိန်တွင် သမ္မတရာထူးတာဝန်ကို လက်ရှိ သမ္မတသစ်ထံ သိမ်မွေ့ညင်သာ အေးချမ်းစွာဖြင့် လွှဲပြောင်းပေးအပ်ခဲ့သူလည်း ဖြစ်သည်။

သမ္မတရာထူးတာဝန်ကို စွန့်ခွာခဲ့သည့် လေးရက်မြောက်နေ့တွင် ယခုကဲ့သို့ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း သတင်းသုံးရာ အဆိုပါစံကျောင်းသည် ပါမောက္ခချုပ်ဆရာတော်ကြီး နန္ဒမာလာဘိဝံသ နွေကာလတွင် ကျန်းမာရေးအခြေအနေအရ လာရောက်သီတင်းသုံးရာ စံကျောင်းတစ်ခုလည်း ဖြစ်သည်။

ခင်ရတနာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ယခု တလော သတင်း ဓါတ်ပုံများ တွင် ပါလာသည်များကို ကြည့်ရပါက လွှတ်တော်တွင်း တပ်မတော် ကိုယ်စားလှယ်များသည် ယခင်က လူများကဲ့သို့ အိပ်ငိုက်မနေရဲကြတော့။ လုပ်ချင်တာလည်း မလုပ်ရဲကြတော့ပဲ လက်ထဲတွင် ၂၀၀၈ ခြေဥ စာအုပ်အစိမ်းလေး အား ဖင်ပြန် ခေါင်းပြန် ဖတ်ရှုကြ။ အချက်ပေးလျင် တပြိုင်တည်း မတ်တတ်ရပ်နိုင်ရန် မျက်စိကို ဖွင့် နားကို စွင့်ထားကြရသည်ကို ကြည့်ပြီး ဒုက္ခကလည်း မသေးလှပါလား ဟု သနား မိ ပေသည် ။

ပြီးခဲ့သည့် တော်လှန်ရေးနေ့ က ၎င်းတို့ ရဲ့ တပ်ချူ ပ်ကြီး ပြောသွားသည့် မိန့် ခွန်းကလည်း အစိုးရသစ် အပေါ် အယုံအကြည် ကင်းမဲ့နေကြောင်း အထင်အရှား ပေါ်လွင် နေပေသည်။

တပ်မတော်သည် ဖွဲ့ စည်းပုံ ကို မပြင်ဆင်ရေး အတွက် လွှတ်တော်တွင့် အစောင့်သဖွယ် လာရောက်တက်နေရသည်ကို နားလည်ပေး၍ ရ နိုင်သော်လည်း အခြားသော နိုင်ငံကို တိုးတက်ပြောင်းလဲစေရေး အတွက် လိုအပ်သည့် ဥပဒေကြမ်း များကို တင်သွင်း ပြဌာန်းနေမှုများကို အဘယ့်ကြောင့် လိုက်လံ ကန့် ကွက် ဆွေးနွေးနေကြရသနည်း။ ကိုယ်မထောက်ခံချင်ကလည်း ကြားနေမဲ ပေးလိုက်ယုံသာ ပင် ရှိသည်။

ယခု ၀င်ရောက် လုပ်ကိုင်နေသည့် အစိုးရသစ်ကလည်း တိုင်းပြည် အတွင်း ပြု ပြင်သင့်သည်များကို ပွဲကြည့် ပရိသာတ် အနေဖြင့် နှစ်ပေါင်းများစွာ ကြည့်ခဲ့ပြီး ဖြစ်၍ ကောင်းစွာ နားလည် နေသည့် အပြင် လိုအပ်သည်များကို နိုင်ငံတကာမှ က္ဈမ်းကျင်သူများနဲ့ တိုင်ပင် ဆွေးနွေးပြီး လုပ်ကိုင်နေကြသူများလည်း ဖြစ်သည်။

ယခု တပ်မတော်သား ကိုယ်စားလှယ်များက ဦးထင်ကျော်အား သမ္မတ တင်မြှောက်သည်ကိုလည်း ကန့် ကွက်၊ ဦးဗန်သီယိုအား ဒုသမ္မတ တင်မြှောက်သည်ကိုလည်း ကန့် ကွက်ပြန်။ သူတို့ တင်မြှောက်သည့်လူ ကျပြန်တော့ နာမည်ပျက် စာရင်း ၀င်နေသူ ဖြစ်နေပြန်သည်။

တပ်မတော်သည်၎င်းတို့ အား တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်သူများဟု အထင်ရောက်စေလိုပြီး NLD အပေါ် လူထုက လုံးဝ ယုံကြည် ကိုးစားသွားမည့် အရေးကို မရှု့စိမ့်နိုင်။ သို့ မတွက် ခိုင်လုံသည် မခိုင်လုံသည် အပထား၊ နည်းနည်းလေးတော့ ၀င်ပြောလိုက်မှ ဖြစ်မည်ဟု ကြံစည် ထားပုံရသည်။

အစိုးရသစ် အတွက်လည်း ဒုက္ခပေးနိုင်ရန် ထောင်ချောက်များ ဆင်ထားခဲ့သည်ဟု သြစတေသျ အမျိုးသား တက္ကသိုလ်မှ Olivia Cable မှ ထောက်ပြခဲ့သည်။ သူမ၏ ဆောင်းပါးတွင် အမြဲတမ်း အတွင်းဝန်များ မနှစ်က ၀န်ကြီးဌာန တိုင်းလိုလို ခန့် အပ်ခဲ့ပြီး NLD အစိုးရ ဘတ်ဂျက် ပြဌာန်းရေးတွင် ထောင်ချောက် ဆင်ထားခြင်းမျိုး၊ အများပြည်သူ ရဲ့ နေတဒူဝ လုပ်ငန်းများကို ထိတွေ့ လုပ်ကိုင်ပေးနေရသည့် မြို့ နယ် မှသည် ရပ်ကွက် အဆင့် အထိ ကို တပ်မတော်ရဲ့ အာဏာ စက်အောက် ထားရှိစေခြင်း ဖြင့် လိုအပ်လျင် လိုအပ်သလို မောင်းခလုတ်များ ဖြုတ်နိုင်တယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးခံ ကျောင်းသားများ ဆက်လက် ထိမ်းသိမ်းထားခြင်း က လွန်စွာမှ သိသာလှပါတယ်။ လက်ရှိ အစိုးရသစ် နဲ့ လိုအပ်လျင် အပေးအယူ ပြု လုပ်နိုင်ရန် ဓါးစာခံ အဖြစ် ထိမ်းသိမ်းထားတဲ့ သဘော သက်ရောက်နေပါတယ်။ အချိန်ကျလာက ထုတ်သုံးနိုင်မည့် bargaining chip ပင် ဖြစ်သည်။

မည်သို့ သော ရည်ရွယ်ချက်များဖြင့် ပြု လုပ်နေသော်ညားလည်း နောက်ဆုံးတွင် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများပေါ်ပေါက်ရေး၊ တိုးတက် ကောင်းမွန်သော ပညာရေး ၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဖြစ်ပေါ်လာရေး ကို မျော်လင့် စောင့်စား အားခဲထားကြသည့် ပြည်သူများမှ ၎င်းတို့ရဲ့ တိုးတက်မှု ကို နောက်ပြန်ဆွဲရန် ကြိုးစားနေကြသည အဖွဲ့ အစည်း အဖြစ်သာ ရှုမြင် ခံသွားရဘို့ ရှိနေပါတယ်။

တပ်မတော် အနေဖြင့်လည်း ၎င်းတို့ နှစ်ပေါင်း များစွာ ဓါးမိုး၍ ကျင့်သုံး အုပ်ချူပ်နေမှူများကြောင့် တိုင်းပြည်အား ဖွံ့ ဖြိုးစည်ပင်သည့် နိုင်ငံ အဖြစ်ကော ဖေါ်ဆောင်နိုင်ခဲ့ပါသလားဟု ဆောင်းပါးရှင် စည်သူ အောင်မြင့် က မေးခွန်းထုတ်ခဲ့ပါတယ်။ ဖွံ့ ဖြိုးမှုကို အသာထား၍ ၎င်းတို့ ရဲ့ အဓိက တာဝန်ကြီး ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင်ကော ဆောင်ရွက်နိုင်ခဲ့ပါသလား။

အဆိုပါ အဖြေများကို ပြည်သူများသာ ဖြေရမည် ဆိုပါက ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျ ကျန်ခဲ့ခြင်း၊ ဆင်းရဲ မွဲတေသူ လူတန်းစားများ များသထက် များလာနေခြင်း နဲ့ မြောက်ဘက် နယ်ခြားတွင် အင်အားကြီးမားလာနေသော ၀ လက်နက်ကိုင် အဖွဲ့ က ခြိမ်းခြောက်လာနေခြင်းတို ပဲ အဖတ်တင် ကျန်ခဲ့သည်ဟုသာ တညီတညွတ်တည်း ပြောဆိုကြမည် ထင်သည်။

သို့ အတွက် ပြည်သူများ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရကို ယုံကြည်မှူ အပြည့်ထား၍ ပူးပေါင်း ဆောင်ရွက်ကြရေးသည် တပ်မတော်အတွက် သမိုင်းက သဘာဝကျစွာ တောင်းဆိုလာနေသော အမျိုးသားရေး တာဝန်ကြီး တရပ် ဖြစ်လာပေသည်။

တပ်မတော်သည် ပြည်သူ ဆန္ဒနဲ့ တသားတည်းကျသော အဖွဲ့ အစည်းအဖြစ် ပြောင်းလဲရပ်တည်လာပါက ပြည်သူများသည် ယခုထက် အဆတရာ မက ပျော်ရွှင်ကြရကာ နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့ များသို့ အိုးစည် ဗုံမောင်းများတီး၍ ၀င်ရောက် ကာ ဂုဏ်ပြု ကြို ဆိုလာကြမည်ကား မလွဲဧကန်ပင် ဖြစ်တောသည်။

အဘယ်ကြောင့်  မပြောင်းလဲနိုင်ပဲ နေနိုင် ရက်ကြ ပေသနည်း။ အမေရိကန်တွင်ပင် ပြည်သူများက ရွေးချယ် တင်မြှောက်ခဲ့သော အုပ်ချူ ပ်ရေး အတွေ့ အကြုံ မရှိသလောက်ဟု ပြောရမည့် လူမည်း သမ္မတ တယောက်ကိုပင် စစ်ဗိုလ်ချူ ပ်ကြီးများက ၎င်းတို့ရဲ့ လက်နက်ကိုင် တပ်ပေါင်းစု စစ်သေနာ ပတိ အဖြစ် တလေးတစား ဆက်ဆံခဲ့ကြသည် မဟုတ်ပါလား။

HSW
BrainWave ဉာဏ်လှိုင်း

[youtube src="hes9JEacL6A"/]
Thant Myo Htwayမှ တာဝန်ယူရိုက်ကူးတည်းဖြတ်၍ တင်ဆက်ပြီး
Second Camera အဖြစ် ကိုရဲထွဋ်နောင်(မင်္ဂလာဒိုး)မှ ကူညီရိုက်ကူးပေးသည်

 ဒါကိုပြည်သူတွေသိထားမှ အဖမ်းခံထားရသူတွေ မလွတ်ပေးတဲ့အပေါ် အစိုးရသစ်ကို အမြင်ရှင်း မှာဖြစ်ပါတယ်။

အစိုးရပြောင်းပြီးနိုင် ရးသမားတွေ ဘာလို့ မလွှတ်သလဲဆိုတဲ့ မေးခွန်းတွေမေးသလို
ထောင်မခါဘူးလားပြည်သူတင်တဲ့အစိုးရ သမ္မတဖြစ်ပြီပဲ အရင်သ မ္မတ တုန်းက တော့လွှတ်တယ်လို့ မေလားကြပါတယ်။

ဟုတ်ကဲ့ !! ဒီလိုလွှတ်ဖို့ အတွက် နိုင်ငံတော်ရဲ့ လုံခြုံရေးဥပဒေအရ ကာလုံသဘေားတူချက်နဲ့
မှလွှတ်ပေးလို့ ရမှာပါ။

အရင်အစိုးရလက်ထပ် ဘာလို့ ကျောင်းသား နဲ့တက်ကြွသူတွေကို ဆက်တိုက် ဖမ်းဆီးခဲ့သလဲ။

အကြောင်းကတော့ ဒီလိုဖမ်းပြီးထားခဲ့လိုက်တော့ နောင်တက်လာတဲ့အစိုးရအတွက် အကျပ်တည်ဖြစ်စေတာပေါ့။

ဘာကြောင့်ပါလဲ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ သမ္မတရဲ့သဘောထားတစ်ခုထဲနဲ့မရပါဘူး။

အပေါ်မှာပြောခဲ့သလို နိုင်ငံတော်လုံခြုံရေးဥပဒေအရ ကာလုံမှာ ဆုံးဖြတ်ရမှာပါ။

ကာလုံကောင်စီမှာ အဖွဲ့ဝင်၁၁ဦး ရှိတာမှာ စစ်တပ်က ၆ဦးနဲ့လက်ရှိအစိုးရ သစ်အဖွဲ့က ၅ဦးပါပါတယ်။

အရင်ဦးသိန်စိန်က ဖမ်းထားတဲ့သူတွေ ခဏခဏ လွှတ်ပေးတယ်ဆိုတာက ကာချုပ်နဲ့ပလဲနံပ သင့်ခဲ့တော့ အဆင်ပြေခဲ့ပါတယ်။

လုံခြုံရေးကောင်စီမှာ စစ်တပ်က ၆ဦး ပါနေတာမှာ ကာချုပ်က ဦးဆောင်ထားသလို အခုလက်ရှိအစိုးရ အဖွဲ့အသစ်မှာ ၅ဦး ပဲပါတော့ ဆွေး နွေးညှိုနှိုင်းဖို့ လိုမှာဖြစ်သလို မဲခွဲရမယ်ဆိုရင်တောင် စစ်တပ်က အများဆုံးပါလို့  ရလဒ်ကမသေချာပါဘူး။

ဒါကိုပြည်သူတွေသိထားမှ အဖမ်းခံထားရသူတွေ မလွတ်ပေးတဲ့အပေါ် အစိုးရသစ်ကို အမြင်ရှင်း မှာဖြစ်ပါတယ်။

ဒါမှမဟုတ်ရင်တော့ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ ဖြစ်လာနိုင်ပါတယ်။

သြော် အစိုးရအသစ်အတွက် ထောင်ချောက်တွေက အများသားပါလားနော်။
့်
Credit ~ Kan Tar

ကျောင်းသားတွေပြန်လွှတ်ပေးဖို့ အဓိကချုပ်ကိုင်ထားတာ ကာလုံဥပဒေ ဖြစ်ပါတယ်
တပ်က လုပ်ပိုင်ခွင့် ၆၀%ပိုင်ပါတယ်ပြည်သူများအထင်လွဲစေဖို့အစိုးရသစ်အကြပ်ရိုက်အောင်
ပြည်သူတွေဆန္ဒပြဆူပူ အောင်စီစဉ်ထားတယ်လို့မြင်မိပါတယ်...

လေးစားလျက်
ကျော် ဇေ ယျ

ပညာရေးဝန်ကြီးဌာနကို ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားကြောင်း သိလိုက်ရတော့ ဝမ်းသာလိုက်တာဗျာ ပြောမပြနိုင်လောက်အောင်ပါပဲ။ မြန်မာ့ ပညာရေးလောကရဲ့ နွေဦးရောက်လာပြီလို့တောင် ကျွန်တော်က လျှောက်ပြောနေမိတာ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့တာကြောင့် စိတ်ထဲမှာ သိပ်ပြီးတော့ ဘဝင်မကျ ဖြစ်မိပြန်တယ်။ ဒါပေမဲ့ သမ္မတကို အကြံပေးရမယ့် ပုဂ္ဂိုလ်အဖြစ် ဝိုင်းပြီးတင်မြှောက်ကြတော့ လည်း ကျေနပ်မိ တာပဲ။

ဟောဗျာ … ခုတစ်ခါ ပညာရေးဝန်ကြီးတာဝန်ကို ဒေါက်တာ မျိုးသိမ်းကြီးဆိုတဲ့ ပုဂ္ဂိုလ်ကို လွှဲပေးဖို့ လုပ်နေတယ် ဆိုပြန်တော့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်မိသွားတယ်။ ကျောင်းသားတွေ အပေါ်မှာရော၊ NNER အပေါ်မှာရော၊ ဆရာများသမဂ္ဂအပေါ်မှာပါ အစာမကြေ တဲ့သူ တစ်ယောက်ဟာ ပညာရေးဝန်ကြီးဖြစ်လာခဲ့ရင်ဆိုပြီး ကျွန်တော် အများကြီး ဆက်တွေးမိသွားတယ်။

ကျွန်တော်တို့ ကျောင်းသားတွေ ပုဒ်ထီးပုဒ်မပေါင်း ၈၀ လောက်နဲ့ အမှုတွေရင်ဆိုင်နေကြရတယ်။ ထောင်တွေထဲမှာ အကျဉ်းခံနေကြရတဲ့ ကျောင်းသားတွေရဲ့ဘဝတွေဟာ ဒီလိုပဲ ပညာရေးအတွက် အစတေးခံ တွေ ဖြစ်သွားကြရတော့မှာလားလို့ စိုးရိမ်စိတ်တွေ မပျောက်သေးဘူး။ ပညာရေးအတွက် NNER ကြိုးပမ်း ဆောင်ရွက်ချက်တွေကလည်း သဲထဲရေသွန်သလို အချိန်မရွေးဖြစ်သွားနိုင်တယ်။ ကျောင်းသားသမဂ္ဂဆိုတာ ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးတော့မှာလား သံသယပွားစရာဖြစ်သွားပြီ။

ပညာရေးဝန်ကြီးအဖြစ် ဦးမျိုးသိမ်းကြီးကို ရွေးချယ်ထားတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပညာရေးဌာနမှာ ရှိနေတဲ့ သူအပေါင်းဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရွေးချယ်ခွင့် မရှိနိုင်တော့တဲ့ အနေအထားကို ရောက်နေပြီ။ ပထမ ၅ နှစ်ခေတ်မှာ ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီက ပစ်မှတ်ဖြစ်ပြီး၊ နောက် ဒုတိယ ၅ နှစ်သက်တမ်းမှာ ဦးမျိုးသိမ်းကြီးက ပညာရေးဌာနရဲ့ ဂက်စတာပိုအဖြစ် ပစ်မှတ်ဖြစ်သွားတော့မှာလား။

ပုဂ္ဂိုလ်ခင်မှ အလုပ်လုပ်ရတာလည်း အဆင်ပြေနိုင်တယ်ဗျ။ ကိုယ့်အထက်ကပုဂ္ဂိုလ်ဟာ တစ်ချိန်က ဂက်စတာပို တစ်ယောက်လို လက်စွမ်းပြသူဖြစ်ခဲ့ပြီး ခုမှဝတ်ဖြူစင်ကြယ်လေးနဲ့ ပုတီးလေးကိုင်ပြီးဝင်လာရင်လည်း ဘယ်သူကမှ သူတော်ကောင်းလို့ မြင်တော့မယ် မထင်ပါဘူး။

ရုပ်ရှင်တွေထဲမှာလိုပေါ့ လူကြမ်း လူယုတ်မာ မုဒိမ်းကောင်အဖြစ် တောက်လျှောက် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ သူတစ်ယောက်ကို သူတော်ကောင်းအခန်းက ပြောင်းပြီး သရုပ်ဆောင်ခိုင်းလို့ကတော့ လူရယ်စရာကြီးဖြစ်နေ တော့မှာပဲ။

ဆရာတွေအများစုကတော့ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးဖြစ်လာတော့မယ်ဆိုတာကို “ဟင်ခနဲ” “ဟာခနဲ” ဆိုပြီး မနှစ်မြို့စွာ ကြိုဆိုနေကြပါပြီ။ ဆရာလောကရဲ့ ရင်ထဲကစကားလေးတွေလည်း နည်းနည်းလောက်တော့ နားထောင်သင့်ပါတယ်။

ကျွန်တော်မနေ့က လှည်းသမားကနေ ကနောင်မင်းသားကို ပြောတဲ့စကားhttp://www.dawnmanhon.com/2016/04/blog-post_785.htmlကိုတော့ ငှားမသုံးပါရစေနဲ့ဗျာ။

၎.၄.၂၀၁၆
Tin Nyunt

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူထမ်းဆောင်လိုက်ရတဲ့ ကိုဖြိုးမင်းသိန်းတစ်ယောက် တာဝန်ယူယူချင်း စတင်ကိုင်တွယ်လိုက်ရတာကတော့ သင်္ကြန်မဏ္ဍပ်ကိစ္စပဲဗျ။ ဒီနှစ် သင်္ကြန်မဏ္ဍပ် ၃၀၀ ကျော် ခွင့်ပြုချက်မပေးတော့ဘူးလို့ ဝုန်းထည့်လိုက်တဲ့အတွက် အဘတို့ခေတ်မှာ အဘသားသမီးတွေ မြိုင်လိုက်တဲ့ တဲနန်းတွေဟာ ပြည်သူ့အစိုးရသစ်လက်ထက်ကစပြီးတော့ နိဋ္ဌိတံသွားရပါပြီ။ ကိုဖြိုးမင်းသိန်းရေ အားပေး တယ်။ ခင်ဗျားမှန်တယ်ထင်တာကို ပြတ်သားစွာ ကိုင်တွယ်တာ ဂုဏ်ယူတယ်။ မြွေကို အမြီးက မကိုင်ဘဲ လည်ပင်းကနေ မိမိရရကိုင်ပြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဖိုက်တင်း … ကိုဖြိုးမင်းသိန်း

ဦးဖေမြင့်ခင်ဗျား

မင်းတုန်းမင်းကြီးရဲ့ “ငါမကောင်း ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်း ငါ့မိဖုရားကိုရေး” ဆိုတဲ့ သတင်းစာ မူဝါဒ အကြောင်းတော့ ကောင်းကောင်း သိမယ်ထင်ပါတယ်။ ဆရာ့ကို ဆရာလုပ်တယ်လို့တော့ မထင်စေချင်ပါဘူး။ ဝန်ကြီးလက်ထက်မှာ နိုင်ငံတော်ပိုင် သတင်းစာတွေကို “အဘ” ကနေ “အစ်မ” လို့ပြောင်းလဲလိုက်တာ လောက်နဲ့တော့ ပြောင်းလဲမှုကြီးတစ်ခုလို့ မသတ်မှတ်ပါရစေနဲ့ခင်ဗျာ။ ယခင် ဝန်ကြီးထက် ပြောင်းလဲမှုတွေ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာ မျှော်လင့်နေပါတယ်။

ပုံစံခွက် ထဲမှာ ဝန်ကြီးတွေက အဝိုင်းဆိုရင် အဝိုင်းပဲ ထုတ်နေတာကို လေးထောင့်ပြောင်းထုတ်လိုက်တာနဲ့ ပြောင်းလဲမှုလို့ မသတ်မှတ်ပါရစေနဲ့။ အဘဘက်လည်း မလိုက်၊ အစ်မဘက်လည်းမလိုက်တဲ့ ကြားနေ မှန်တဲ့ဘက်ကိုလိုက်တဲ့ သတင်းစာအဖြစ် မျှော်လင့်ပါရစေ။ သတင်းစာခေတ်ကို မင်းတုန်းမင်းကြီးလောက်တောင် သတ္တိရှိစွာ မဖော်ထုတ်နိုင်ရင် အထင်ကြီးစရာ ဖြစ်မလာမှာကို စိုးရိမ်လို့ ပြောမိတာပါ။

ကြုံတုန်းလေး မှတ်သားမိတာ ပြောရဦးမယ်။ ရှေးမင်းတွေ နန်းတက်လာရင် မြို့သစ်တည်ကြသဗျ။ သူတို့က အမိန့်ထုတ်ရုံထုတ်တာ ပြည်သူတွေက ထွန့်ထွန့်လူးနေကြရတာ။ မင်းတုန်းက မြို့သစ်တည်ပြီး မဟာသကျ မာရဇိန် ကျောက်တော်ကြီးဘုရား မျက်နှာတော်ဖွင့်ပွဲကို ၁၈၆၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ကျင်းပတယ်။

ဘုရားပွဲဆိုတော့ စည်ကားသပေါ့။ မင်းတုန်းရဲ့ညီတော် အိမ်ရှေ့စံကနောင်မင်းသားကလည်း ပွဲထဲကို လာတယ်။ ရိုးရိုးမလာဘူး။ ပုံစံဖျက်ပြီး အရပ်ဝတ်နဲ့ လှည်းကြုံစီးလာတာ။ လှည်းပေါ်မှာ လှည်းမောင်းတဲ့ ဦးကြီးနဲ့ စကား လက်ဆုံကျလာရင်း သူက စုံစမ်းတဲ့အနေနဲ့
“ဘကြီး ဘယ့်နှယ် ပျော်ရဲ့လား” လို့ မေးလိုက်တယ်။ ဦးကြီးကလည်း “ပျော်တာပေါ့မောင်ရင် … ငါတို့မှာ ဘုရင်က လမ်းဖောက်ခိုင်း၊ မြေတူးခိုင်း၊ ကျောက်သယ်ခိုင်းနဲ့ မနားရအောင် လုပ်ခဲ့ရတာ ခုလို ဘုရားပွဲမှာပဲ အသက်ရှူချောင်ရတာ ပျော်တာပေါ့” လို့ ပြန်ပြောလိုက်တယ်။

ဒီတော့ ကနောင်ကလည်း “ဒီမင်းက မြို့သစ်တည်နေရလို့ပါ … နောက်မင်း လာရင် သက်သာသွားမှာပေါ့ ဘကြီးရာ” လို့ပြောလိုက် တယ်။ နောက်မင်း ဆိုတာ သူ့ကိုရည်စူးပြီး ပြုံးပြုံးကြီးပြောနေတာ။ အဲဒီအခိုက် လှည်း မောင်းနေတဲ့ ဦးကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့

“မထင်ပါနဲ့ မောင်ရင်ရာ … ဒီခွေးမျိုးတွေ ဒီလိုပဲ နေမှာပါ” လို့ တုတ်ထည့်လိုက်တာ ကနောင်မင်း တစ်ယောက် ဇက်ကလေးပုပြီး အသံတောင် မထွက်နိုင်တော့ပါဘူး။

ဟုတ်ကဲ့ … လှည်းမောင်းတဲ့ဦးကြီးအပြောအတိုင်းတော့ ကျွန်တော်တို့ ပြည်သူ့အစိုးရကို အဖြစ်မခံနိုင်ပေါင်ဗျာ။

၃.၄.၂၀၁၆
Tin Nyunt

 pray-political-prisoners-free-620.jpg နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်တွေ ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ငှက်လွှတ်ပွဲပြုလုပ်ခဲ့စဉ်
Photo: Htet Arkar/RFA

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင် ၂၀ လောက်က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံအနီးမှာ ဒီနေ့ ဆုတောင်းပွဲ ကျင်းပကြပါတယ်။

အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်မြောက်လာမယ်လို့ မျှော်လင့်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ဝင် ကိုဆန်းတင့်ကျော် က ပြောပါတယ်။

"သတိရှိနေတဲ့အစိုးရအဖွဲ့ကို နိုင်ငံရေးအကျဉ်းသားတွေအတွက်ကို ပိုပြီးသတိရှိပြီးတော့ အမြန်ဆုံးလုပ်ဆောင်နိုင် ရန် ထပ်လောင်းသတိပေးလိုက်တာတစ်ခုပါပဲ၊ ကျနော်တို့က တိုက်တွန်းမှုဆိုတာထက် မေတ္တာရပ်ခံတာပေါ့နော်၊ အမြန်ဆုံးလွတ်မြောက်အောင်လုပ်ပေးဖို့ မေတ္တာရပ်ခံမယ်၊ ကျနော်ယုံကြည်နေတယ်ဗျာ ဒီအစိုးရအဖွဲ့က ကျနော်တို့လိုပဲ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တဲ့လူတွေနဲ့ လက်တွဲပြီးလာခဲ့တဲ့လူတွေ အများစုပါဝင်နေတယ်၊ သူတို့အမြန်ဆုံး လွတ်မြောက်အောင် ကြိုးစားမယ်လို့ ယုံကြည်တယ်၊ ဒီနိုင်ငံရေးအကျဉ်းသားတွေအားလုံး မကြာခင်မှာပဲ လွတ်မြောက်လာမယ်လို့ယုံကြည်တယ်"

အဲဒီဆုတောင်းပွဲမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ သေဆုံးခဲ့တဲ့ ပြည်သူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။

ဘာသာပေါင်းစုံအဖွဲ့ဝင်တွေကလည်း ဘာသာအသီးသီးရဲ့ ဆုတောင်းစကားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းကြပါတယ်။

လောလောဆယ်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်ရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။
RFA

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရဖွဲ့စည်းဖို့ ဒီကနေ့ပဲ လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ ၀န်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာ အရင်တုန်းက အစိုးရ၀န်ထမ်းဟောင်းတွေ ပါဝင်နေတဲ့ အတွက်လည်း NLD အစိုးရသစ် အနေနဲ့ မျှော်လင့်ထားသလောက် အုပ်ချုပ်ရေးမှာ ထိရောက်နိုင်ပါ့မလား စိုးရိမ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရင်အစိုးရလက်ထက်မှာ ၀န်ကြီးဌာန ၉ ခု ရှိနေရာက အခုအခါ ဝန်ကြီးဌာန ၆ ခုနဲ့ ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်း လွှတ်တော်မှာ တင်ပြခဲ့တာပါ။ အရင်ကထားရှိခဲ့တဲ့ ဝန်ကြီးဌာနတွေထဲက တချို့ကို ပေါင်းစည်းခဲ့ပြီး သက်ဆိုင်ရာအလိုက် ပြန်လည်ဖွဲ့စည်းရာမှာတော့ ဝန်ကြီးဌာန ၆ ခုသာ ရှိတော့မှာ ဖြစ်တဲ့အကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က လွှတ်တော်မှာတင်သွင်းခဲ့တာပါ။

“ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဌာနအရေအတွက်ကို လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ၊ စီမံကိန်း နဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေး သစ်တောနဲ့စွမ်းအင်ဝန်ကြီးဌာန ၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စုစုပေါင်း ၀န်ကြီးဌာန ၆ ခုဖြင့်၎င်း၊ ၀န်ကြီးဦးရေ ၆ ဦးဖြင့်၎င်း ဖွဲ့စည်းမှာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌဦးတင်မောင်ထွန်း တိုင်းဝန်ကြီးချုပ်ကတင်သွင်းလာတဲ့ အစိုးရအဖွဲ့နဲ့ပက်သတ်ပြီး ခုလို လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာဝန်ကြီးတွေအနေနဲ့ ပြင်ပပညာရှင်လည်းဖြစ် အရင်နိုင်ငံဝန်ထမ်းဟောင်းတွေဖြစ်တဲ့ ဦးမြင့်သောင်း၊ ဦးဟံထွန်း၊ ဒေါ်နီလာကျော်၊ ဦးမောင်မောင်စိုးနဲ့ NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးနိုင်ငံလင်း တို့ကို ဝန်ကြီးတွေအဖြစ်လျာထားကြောင်း၊ ရှေ့နေချုပ်ဟောင်း ဦးဟန်ထူးကို ဥပဒေချုပ်၊ စာရင်းစစ်ဟောင်း ဒေါ်ခင်သန်းလှ ကို စာရင်းစစ်ချုပ် အနေနဲ့ လျာထားတယ်လို့လွှတ်တော်မှာ တင်ပြခဲ့တာပါ။

ဝန်ကြီး ချုပ်ရွေးချယ်သူတွေဟာ အများစုက အစိုးရဝန်ထမ်းဟောင်းတွေများတာကြောင့် ခေါက်ရိုးကျိုးတဲ့အကျင့်တွေပါလာရင် အစိုးရ အဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့ဆက်နိုင်ပါ့မလားလို့စိုးရိမ်နေတာတွေရှိနေပါတယ်။ NLD ပါတီက ရန်ကုန်တိုင်းလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးဝင်းမောင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ရဲ့အပေါ်က ကျနော်တို့လူကြီးတွေက ဒါသင့်တော်တယ်လို့ အများကြီးလုပ်ပေးနိုင်မယ်ထင်လို့ ကျနော်တို့ကို ဒါ ခန့်အပ်တာဖြစ်ပါတယ်။ ဒါပေမယ့်ကျနော်တို့ အငြိမ်းစားဝန်ထမ်းတွေများနေတယ်။ ဒီအငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ယခင်လို ခေါက်ရိုးကျိုးတဲ့ပုံစံမျိုး ၊ ခေါက်ရိုးကျိုးတယ်ဆိုတာက ဒါခိုင်းထားတယ် ဒါပဲလုပ်၊ ဒီဟာပဲရှိတယ် ဒါပဲလုပ် ဆိုတဲ့ပုံစံမျိုး ခေါက်ရိုးကျိုးတဲ့ အနေအထားမျိုး ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့က ခေါက်ရိုးကျိုးနေတာတွေကို ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒနဲ့ လုပ်ကိုင်တာတွေလည်းရှိပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အနေအထားနဲ့ လုပ်တာတွေလည်းရှိပါတယ်။ အရင်လို အငြိမ်းစားဝန်ထမ်းတွေ ဖြစ်တဲ့အတွက် အရင်လို ခေါက်ရိုးကျိုးတဲ့ အနေအထားမျိုးရှိမရှိကတော့ ကျနော်တို့ လွှတ်တော်အနေနဲ့လေ့လာစောင့်ကြည့်ပြီး လွှတ်တော်အနေနဲ့ ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။”

ဒီကနေ့မှာ ဝန်ကြီးချုပ်တင်ပြလာသူတွေကို လွှတ်တော်မှာ ကန့်ကွက်သူမ၇ှိအတည်ပြုလိုက်တာကြောင့် ဒီလူတွေဟာမကြာခင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ မှာတာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလူတွေအနေနဲ့ ၀န်ကြီးတွေအနေနဲ့ခန့်အပ်လိုက်တာဖြစ်ပြီး၊ဘယ်ဝန်ကြီးဌာနတွေကို တာဝန်ယူမလဲဆိုတာကိုတော့ တိုင်းဝန်ကြီးချုပ်က ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့ခြင်းမရှိသေးပါဘူး။

ဥပဒေကြမ်းကော်မတီဝင် ဦးဝင်းမောင်ကဦးမြင့်သောင်း ကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ၊ ဦးဟံထွန်း ကို စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့စွမ်းအင်ဝန်ကြီး ၊ ဒေါ်နီလာကျော် ကို လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ဦးမောင်မောင်စိုးကို စည်ပင်သာယာရေးဝန်ကြီး၊ ဦးနိုင်ငံလင်း ကိုလူမှုရေး ဝန်ကြီး ၊ ဦးဟန်ထူးကို ဥပဒေချုပ်၊ ဒေါ်ခင်သန်းလှ ကို စာရင်းစစ်ချုပ် အဖြစ်တာဝန်ပေးမှာဖြစ်တယ်လို့ သူကခုလိုပြောပါတယ်။

“ဒေါ်ခင်သန်းလှ ကတော့ ကျနော်တို့ စာရင်းစစ်ချုပ်ဖြစ်ပြီးတော့ ဒေါ်နီလာကျော် က လျှပ်စစ် ၀န်ကြီးဖြစ်ဖို့များတယ်။ ဦးနိုင်ငံလင်း ကတော့ ကျနော်တို့ NLD နဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ အကုန်လုံးအပြင်က။”

လက်ရှိမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်ထားတဲ့ ဗိုလ်မှုးကြီးခင်အောင်ထွန်းက တာဝန်ယူသွားမှာပါ။ မကြာခင်မှာ ဒီရွေးချယ်လိုက်တဲ့ သူတွေက ဂတိသစ္စာ ပြုကာ လာမယ့် ၅ နှစ်သက်တမ်းကိုတာဝန်ယူသွားမှာဖြစ်ပါတယ်။

အစိုးရသစ်မှာ ဦးမောင်မောင်စိုး ကိုတာဝန်ပေးအပ်ခဲ့တဲ့ စည်ပင်သာယာရေးဝန်ကြီး ရာထူးဟာ၊ အရင်က မြို့တော်ဝန်ရာထူးလည်း ဖြစ်ပါတယ်။ ဦးမောင်မောင်စိုး ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးသန်းမြင့်နဲ့ ဦးကျော်ဝင်းတို့လိုပဲ ပြည်ပက ရရှိထားတဲ့ ပါရဂူဘွဲ့လက်မှတ်တွေဟာ အတုတွေ ဖြစ်နေတယ်ဆိုပြီး အင်တာနက် လူမှုကွန်ယက်တွေမှာ ဝေဖန်ပြောဆိုခံနေရသူ တဦးလည်း ဖြစ်ပါတယ်။

မေခ
VOA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.