04/07/16


နေပြည်တော် ဧပြီ ၆

နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအား မြန်မာပြည်သူလူထုက အားပေး ထောက်ခံ နေသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အားပေး ကူညီ ပံ့ပိုးပေး သွား မည်ဖြစ် ပါကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမားက ယနေ့ ည ၉ နာရီ တွင် တယ်လီ ဖုန်း ဆက်၍ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမားက နိုင်ငံတော်သမ္မတအဖြစ် စတင် တာဝန် ထမ်းဆောင်မှုအပေါ် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်မိ ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ သမိုင်း ဝင်ဆောင် ရွက် မှုများဖြစ်သည့်အတွက် ချီးကျူး ပါကြောင်း၊ အထင်ကြီး အားကျ ဖွယ်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးတွင် အားလုံး ပါဝင်သည့် နိုင်ငံရေး၊ သာယာ ဝပြောသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ စေရန်အတွက် ကြိုးပမ်း သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အား ကောင်းမွန်စွာ ပုံဖော်ရန်အတွက် အခွင့် အရေး ရရှိလာသည့်အတွက် ဝမ်းမြောက်ပါကြောင်း။

မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီနိုင်မည့် အလားအလာများကို ပွင့်လင်းစွာ အသိပေးနိုင်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအား ပံ့ပိုးကူညီသွားရန် အသင့်ရှိသည်ကို အသိပေးလို ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်အစီအမံများကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် အဆိုပြုထားသူနှင့်လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးသွားနိုင်ပါကြောင်း၊

မိမိအနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်လည်း ဆက်သွယ်ပြောကြားရန် ရှိပါကြောင်း၊ မကြာမီ ကျရောက်တော့ မည့် မြန်မာရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါသမယအတွက် ဆုမွန်ကောင်းများ ပို့သပါကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာပြည်သူလူထု၏ အားပေး ထောက်ခံ မှုဖြင့် ယခုကဲ့သို့ ကြီးလေးသောတာဝန်များကို ထမ်းဆောင်ရခြင်း ဖြစ် ပါကြောင်း၊ ပြည်သူ လူထု၏ အားပေးထောက်ခံမှုကို များစွာ တန်ဖိုးထား ပါကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတကြီးနှင့် အမေရိကန်ပြည်ထောင်စု မှ မြန်မာနိုင်ငံအပေါ် ဆက်လက်၍ ပံ့ပိုးကူညီမှု များ ပြုလုပ်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုများ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်းကူညီမှုများကို လိုလားပါကြောင်း၊

အမေရိကန်ပြည် ထောင်စုအပါအဝင် မိတ်ဆွေနိုင်ငံ များ၏ ပံ့ပိုး ကူညီ မှုဖြင့် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို များမကြာမီ ရောက် ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိအား ယခုကဲ့ သို့ နွေးထွေး စွာဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအပေါ် အားပေးထောက်ခံကြောင်း ဆက်သွယ် ပြောကြားသည့် အတွက် ကျေးဇူးအထူး တင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် တွေ့ကြုံနေရသော် လည်း ယင်းစိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm

သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က ပြောခွင့်ရှိသူ ခန့်အပ်
ဦးသိန်းစိန် အစိုးရ လက်ထက်က သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ သမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူ အဖြစ်ခန့်အပ် ခံရ ပါတယ်။

အရင်အစိုးရ လက်ထက်က သမ္မတ ဦးသိန်းစိန်နဲ့ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေးကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဒီတာဝန် အပ်နှင်းတာ ဖြစ်ပါတယ်။

ဦးဇော်ဌေးကတော့ သူ့အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် တာဝန်ယူထားတဲ့ တခြား ရာထူးတာဝန်တွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောရေး ဆိုခွင့် ရှိမှာ မဟုတ်ဘဲ သမ္မတရုံး ဌာနနဲ့ ပတ်သက်လို့သာ ပြောခွင့်ရသူ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အလိုက် ပေးအပ်တဲ့ တာဝန်တွေကို ဘယ်အစိုးရ တက်တက် ဆက်လက် တာဝန်ထမ်းဆောင်သွားကြရမှာ ဖြစ်လို့ သူ့အနေနဲ့လည်း ဝန်ထမ်းတစ်ယောက် လိုက်နာရမယ့် စည်းကမ်းနဲ့ တာဝန် ဝတ္တရားတွေ အတိုင်း လိုက်နာ သွားမယ်လို့ လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရက သူ့ကို အခုလို တာဝန်ပေးတာဟာ သမ္မတရုံးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး သင့်လျော်တယ်လို့ ယူဆတဲ့ အတွက် ပေးတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မနေ့က တီဗွီ မှန်သားပြင်ပေါ်တွင် စောင့်ကြည့်နေကြသော ပြည်သူ အများက ရင်တမမ ဖြစ်ကြရသည့် အရေးအခင်းကြီး ဖြစ်ပွားခဲ့ရပေသည်။ အကြောင်းကား ၎င်းတို့ ကိုယ်စားလှယ်များ တင်သွင်းသော နိုင်ငံတော် အတိုင်ပင်ခံ ဆိုသည့် ပုဂ္ဂိုလ်ရာထူးအား အသက် (၆၀) အရွယ်ရှိ ပုခုံးတွင် ကြယ်များ စီထားသည့် လူပုပု တဦးရဲ့ စီစစ်ရွေးချယ်မှုဖြင့် ရောက်ရှိနေရာယူနေကြသူများက အတိုက်အခံ ၀ါရင့် နိုင်ငံရေးသမားကြီးများအလား တဦးပြီး တဦး ထ ကန့်ကွက်။ အစုလိုက် မတ်တတ်ရပ် ကန့်ကွက် လုပ်နေကြသည့် အဖြစ်ကို ကြည့်ကာ စိတ်ပျက်စွာ ဖြင့် ရင်မနေကြခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် ပြည်သူများ အောင်ပွဲခံခဲ့ကြရသည်။ ပျော်ရွှင်ကြရသည်။ ရှုံးသူ များက ၎င်းတို့အား ဒီမိုကရေစီအရ အနိုင်ကျင့် ခံရပေသည်ဟု ငြည်းတွားကြပြန်သည်။ ဒီမိုကရေစီအရ အနိုင်ကျင့် ခံနေရခြင်းသည် ၎င်းတို့ကို ရည်ညွှန်းခြင်း မဟုတ်ပဲ အမှန်တကယ် အနိုင်ကျင့် ခံနေကြရသော ပြည်သူ များ အတွက် ပြောဆိုခြင်းလား သဲသဲ ကွဲကွဲ တော့ မရှိလှပေ၊

အကြောင်းမူ တဖက်သတ် အနိုင်ကျင့် ပြဌာန်းခံခဲ့ရသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ဖြင့် လူထု က ရွေးချယ်ဖို့ အသာထား တသက်နှင့်တကိုယ် မြင်ပင် မမြင်ဖူးရှာကြသော လူများက ၎င်းတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကြီးများကြားတွင် အခန့်သား ၀င်ရောက်ထိုင်ကာ တင်သမျှ ဥပဒေကြမ်းများကို ကန့်ကွက်နေကြခြင်း အမှုသည် ဒီမိုကရေစီ အနိုင်ကျင့် ခံရခြင်း မဟုတ်၍ အခြား မည်သည့် အကြောင်းများ ရှိနိုင်သေးသလဲ ဆိုသည့် အဖြစ်အား ဒီမိုကရေစီသည် မည်သည့် အဓိပ္ပါယ်ဆောင်မှန်း နားလည်နေသူ တိုင်းက သိနေကြခြင်းကြောင့်ပင် ဖြစ်သည်။

ပြည်သူ့ အကျိုး ရှေးရှု့သည့် ဥပဒေကြမ်းများကို တောက်လျောက် လူ လဲ ကန့်ကွက်နေကြခြင်းသည် ပြည်သူ နှင့် ဝေးကွာသည်ထက် ဝေးကွာလာကြဖို့ပဲ ရှိပြီး နိုင်ငံရေးတွင် ၎င်းတို့ မျှော်မှန်းသလို ဦးဆောင်မှု အခန်းကဏ္ကက ပေးဘို့နေနေသာသာ နောက်သို့ ရောက်မှန်းမသိ ရောက်ကုန်ကြရလေပြီ။

၎င်းတို့အတွက်ကား နည်းလမ်း (၂) လမ်းသာ ကျန်ပေော့သည်။ ပထမကား အရင်လို အာဏာကို လက်နက်အားကိုးဖြင့် ပြန်ယူမည်လား၊ သို့မဟုတ် ပါတ်စွာခွာ ဖျာသိမ်းကာ ပို၍ အရှက်မရမှီ စစ်တန်းလျားသို့ ပြန်ကြမည်လား

ပထမ နည်းကာ ဗိုလ်စောမောင် ဗိုလ် သန်းရွှေတို့ ခေတ်ကကဲ့သို့ မလွယ်ကူလှတော့၊ တကမ္ဘာလုံးက အရင်ကထက် ပြင်းထန်စွာ ၀ိုင်းဝန်း ပိတ်ဆို့ အရေးယူခြင်း ခံရမည့် အပြင် တိုင်းပြည် စီးပွားရေးက ရှိပြီးသား တိုးတက်မှုများ ကျွမ်းထိုး မှောက်ကုန် ဖြစ်ကုန်မည်။ ထို့အပြင် နိုင်ငံရေးတွင် နိုးကြားလာနေပြီး အခိုင်အမာ ရပ်တည်ပြီးသား ဖြစ်နေသည့် လူထု လူတန်းစား အသီးသီး နှင့် ထိတ်တိုက် ရင်ဆိုင်ကြရပေဦးမည်၊ အခန့်မသင့် က ပြည်တွင်းစစ်မီး ဟုန်းကနဲ တောက်လောင် သွားနိုင်သည်။

ယိုးဒယား ကို နမူနာ ယူ၍ မရ၊ ယိုးဒယား နိုင်ငံရေးကား ၎င်းတို့ရဲ့ ပြည်သူများ နေတဒူဝ ပါတီကြီး နှစ်ခု ထောက်ခံသူများ ဟိုဘက်သည်ဘက် အားပြိုင်နေမှုများကို စိတ်ကုန်နေကြပြီ၊ စစ်တပ်အာဏာသိမ်းမှုကို ကျားကန် နိုင်သည့် စီးပွားရေး အခြခံ အဆောက်အအုံများက အခိုင်အမာ နေရာယူပြီး ဖြစ်သည့်အပြင် အမေရိကန်ကလည်း တပည့်ရင်းဖြစ်သော ထိုင်းကို ကတ္တီပါ လက်အိတ်လေး စွပ်၍ ဖွဖွလေးပဲ ထိုးနှက်ခဲ့သည်။ မြန်မာကား ထိုအခွင့်အရေး မည်သို့မျှ မရ၊

ဆရာ အရင်းဖြစ်သော တရုတ်ပြည်ပင် တိုင်းပြည်ကို စီမံခန့်ခွဲနိုင်စွမ်း မရှိရှာသော ၎င်းတို့အား စိတ်ကုန်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်ကာ ယခု ပထမဆုံး အစိုးရသစ်ကို နိုင်ငံခြားရေး ၀န်ကြီး အပြေးလွှတ်ကာ ကိုယ်ထိ လက်ရောက် ချီးမြှောက်လာနေကြပြီ ဖြစ်သည်။ ယင်းသည်ကား တိုက်ဆိုင်မှုလား၊ အခုလို တင်းမာမှု မြင့်တက်လာနေသော အချိန်တွင် တရုတ်မှ ထောက်ခံမှုရှိကြောင်း ပြသရန် စီစဉ်မှု လား မည်သူမျှ မပြောနိုင်ပေ၊ သို့သော် မနေ့ကပင် တရုတ် နိုင်ငံခြားရေးဝန်ကြီး မှ တရုတ်-မြန်မာ ဆက်ဆံရေးတွင် သမိုင်းတွင်မည့် ကဏ္ကသစ်ကို စတင် ဖွင့်လှစ်လိုက်ပြီဟု လူသိရှင်ကြား ပြောဆို သွားခဲ့ပေပြီ။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် အစိုးရတို့အကြား ရယူခဲ့သော နားလည်မှုသည် ခါးသီးမှု ရှိကောင်း ရှိနေပေမယ့် ထို အန္တာရယ် တို့ကို ကြားကန်ပေးရန် နှင့် ပြည်သူ နှင့် နိုင်ငံ အကျိုးသည်သာ ပထမ ဟူသော ခံယူချက်များအကြား ဒေါ်အောင်ဆန်းစုကြည်မှ မဖြစ်မနေ လိမ္မာပါးနပ်စွာ စီရင်မှု အဖြစ် ပြည်သူ များ အနေဖြင့် ရှု့မြင်ကြရန် လိုသည်။

သို့မဟုတ်က လူမိုက်များ လက်ဝယ်သို့ လည်စင်း ပေးသလို ဖြစ်သွားမည်၊ အခြေအနေကား လုံးဝ ထိခိုက် ပွန်းရှ မခံနိုင်သည့် အဖြစ်ကို ရောက်လာခဲ့ပြီး ဖြစ်သည်ကို ပြည်သူများ အနေဖြင့် ကောင်းစွာ သဘောပေါက်ထားရန် လိုသည်။

ဒီနေရာတွင် လုထု ခေါင်းဆောင်ကြီး နောက်တွင် စည်းလုံးညီညွတ်စွာ ရပ်တည်ကြဘို့သာ ရှိသည်။ ယခုလည်း သူမရဲ့ ကျွမ်းကျင်လှသော နိုင်ငံရေး ကစားကွက်များအောက်တွင် အလဲလဲ အပြိုပြို ဖြစ်ကုန်ကြပေပြီ၊ ဆက်လက်တောင့်ထားနိုင်ရန် လွန်စွာ အရေးကြီးနေပြီ ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။ ယင်း အရေးသည် မိမိတို့နှင် နောင်လာနောင်သား များရဲ့ အနာဂါတ်ကို ကာကွယ် ခြင်းပင် ဖြစ်ပေတော့သည်။

HSW
BrainWave ဉာဏ်လှိုင်း

students-tharyarwaddy-620.jpg အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ်က ဆုတောင်းပွဲ ကျင်းပခဲ့သူ ၆ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်တာဖြစ်ပြီး လာမယ့် ဧပြီ ၈ ရက်နေ့မှာ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်စာ ပို့ထားတယ်လို့ တရားစွဲခံထားရသူတဦးဖြစ်တဲ့ မုံရွာခရိုင် ဗကသ ကျောင်းသား ကိုဖြိုးဇော်ဦး က ပြောပါတယ်။

"ကျနော်တို့ အိမ်ရှေ့မှာလာပြီး တရားခံပြေးအဖြစ် စာလာကပ်သွားတယ်၊ ကျနော်တို့က မဟုတ်တာလုပ်ထားတာ မဟုတ်ဘူးလေ၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်ရှိတဲ့အတွက် ကျနော်တို့ဆီမှာ အပြစ်မရှိဘူး၊ အခုလာမယ့် ၈ ရက်နေ့မှာ ကျနော်တို့ကို ရုံးတင်မယ်လို့ ပြောထားတယ်ခင်ဗျ၊ မတရားပုဒ်မဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ရင်ဆိုင်စရာအကြောင်းမရှိပါဘူး၊ တရားစီရင်မှုကို အယုံအကြည်မရှိတဲ့အတွက် ကျနော်တို့မသွားဘူး"

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မုံရွာမြို့က ရွှေစည်းခုံဘုရားမှာ တစ်လကြာ ညစဉ်ဆုတောင်းပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆုတောင်းပွဲမှာ မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ကျောင်း သားတွေ၊ ဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
RFA

တရုတ်သမ္မတ ရှီကျင်ပင်း အပါအ၀င် တရုတ်ခေါင်းဆောင်များ၏ သတင်းဓာတ်ပုံ ဖော်ပြသော သတင်းစာ တစ်စောင်ကို ဧပြီ ၆ ရက်က ဖတ်ရှုနေသူ တစ်ဦး (Photo: AFP)

ပနားမား ပေါက်ကြားမှုနှင့် ပတ်သက်သော အကြောင်းအရာ အားလုံးကို ၀က်ဘ်ဆိုက်များ၌ ပိတ်ပင်ထားရန် တရုတ်သတင်းလုပ်ငန်း အားလုံးကို ညွှန်ကြားထားကြောင်း သိရသည်။ တရုတ်နိုင်ငံကို တိုက်ခိုက်သည့် အကြောင်းအရာများအား ဖော်ပြသည်ကို တွေ့ရှိပါက ပြင်းထန်သည့် အပြစ်ပေး အရေးယူမှုနှင့် ကြုံရမည်ဟုလည်း သတိပေးထားသည်။ ပနားမား ပေါက်ကြားမှု အထောက်အထားများအရ တရုတ် ပေါ်လစ်ဗျူရို၏ အဖွဲ့ဝင်ဟောင်းနှင့် လက်ရှိအဖွဲ့ဝင် ရှစ်ဦးထက် မနည်းတို့၏ ဆွေမျိုးများသည် ပြည်ပ၌ ကုမ္ပဏီများ ပိုင်ဆိုင်ထားကြကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင်ပင်း၏ ယောက်ဖတော်သူ တိန်ကျားကွေ၊ တရုတ်ဝန်ကြီးချုပ်ဟောင်း လီပင်း၏ သမီး လီရှောင်လင်းတို့သည် ပြည်ပ၌ အိမ်ခြံမြေ လုပ်ငန်းနှင့် အခြား ပိုင်ဆိုင်မှုများ ရှိထားကြောင်း ပနားမား အထောက်အထားများတွင် ဖော်ပြခဲ့သည်။

ပြည်နယ်ဆိုင်ရာ အင်တာနက် ထိန်းချုပ်ရေး လုပ်ငန်းမှ ဆင်ဆာညွှန်ကြားချက် တစ်ခု ပေါက်ကြားခဲ့ပြီးနောက် တရုတ် အယ်ဒီတာများ အနေဖြင့် ပနားမား ပေါက်ကြားမှုအကြောင်း ဖော်ပြခြင်းအား တားမြစ်ထားခဲ့သည်ကို သိရှိခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော China Digital Times က ရရှိခဲ့သော ယင်းညွှန်ကြားချက်တွင် ပနားမား ပေါက်ကြားမှုနှင့် ပတ်သက်သည့် သတင်းများအားလုံး ဖော်ပြထားခဲ့ပါက ရှာဖွေ၍ ဖျက်ရန်နှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို ဆက်လက် ဖော်ပြခြင်း မပြုရန် ပါဝင်ခဲ့သည်။

ထို့ပြင် China Digital Times က ဖော်ပြခဲ့သော ဒုတိယ ညွှန်ကြားချက် တစ်ခုက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ လက်ထောက်များ ချမ်းသာကြွယ်ဝမှုကို ဧပြီ ၄ ရက်က ဖော်ပြထားချက်အား ၀က်ဘ်ဆိုက်မှ ဖယ်ရှားရန် တောင်းဆိုခဲ့သည်။ တရုတ် သတင်းလုပ်ငန်းများ အနေဖြင့် ယင်းညွှန်ကြားချက်များကို ဧပြီ ၅ ရက်တွင် လိုက်နာ ဆောင်ရွက်ခဲ့ကြဖွယ် ရှိသည်။ Shanghai Daily သတင်းစာသည် သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခဲ့သော ပနားမား ပေါက်ကြားမှု အကြောင်း သတင်းကို အွန်လိုင်းတွင် ဖယ်ရှားခဲ့သည်။ တရုတ်နိုင်ငံရေး သမားများနှင့် ဆက်နွှယ်နေသော ထိုသတင်းအား ကြည့်ရှုသူများသည် ယင်းစာမျက်နှာအား ဖော်ပြနိုင်ခြင်း မရှိကြောင်း ရေးသားထားသည့် စာကိုသာ တွေ့ရှိခဲ့ကြရသည်။ တရုတ် နိုင်ငံပိုင် ရုပ်သံ စီစီတီဗီကလည်း ၎င်း၏ သုံးမိနစ်ကြာ ပနားမား သတင်းတင်ဆက်မှုကို YouTube တွင် ဖယ်ရှားခဲ့သည်။ တရုတ်တွင် လူမှုမီဒီယာ၌ ကန့်သတ်ပိတ်ဆို့မှုများကို စောင့်ကြည့်သည့် Free Weibo ၀က်ဘ်ဆိုက်က “ပနားမား” အကြောင်းအရာသည် တရုတ် လူမှုကွန်ရက်တွင် အပြင်းထန်ဆုံး ဆင်ဆာ ပိတ်ဆို့မှု ခံထားရသည့် စကားလုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:The Guardian

Eleven Media Group

 myanmar-veneer-620.jpg စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ဧပြီလ ၆ ရက်နေ့က စစ်ကိုင်းမြို့ထဲမှာ လှည့်လည်ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ တစ်လကျော်ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမား ၁၀၀ ကျော်ဟာ ဒီကနေ့ စစ်ကိုင်းမြို့မှာ လှည့်လည် ဆန္ဒပြကြပါတယ်။

အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်ပေးဖို့ နဲ့ ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်နဲ့ ခရီးစရိတ်တွေ ရရှိဖို့တောင်းဆိုကြတာ ဖြစ်တယ်လို့ စက်ရုံအလုပ်သမား ဒေါ်အိအိခိုင် က ပြောပါတယ်။

"ကျမတို့လိုချင်တာက အခု ပိုက်ဆံတစ်သောင်းပေးတယ်၊ ထမင်းကျွေးတယ်၊ ကျမတို့က အစောကြီးကတည်းက အဲ့ဒါကိုလိုချင်တာ၊ အခုသူတို့ အဲ့ဒါကိုပေးနေတယ်၊ ပြီးတော့ သုံးပွင့်ဆိုင်ညှိနှိုင်းမှုကို လိုချင်တယ်၊ အလုပ်ရှင်၊ အလုပ်သမား၊ နောက်အကြီးအကဲတွေ ဘာတွေနဲ့ပေါ့နော်၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုလည်း မလုပ်ဘူး၊ ၃၈ ရက်ရှိပြီ၊ ဘယ်သူမှ လာရောက်ဖြေရှင်းပေးခြင်းမရှိဘူး၊ အဲ့ဒါကြောင့်မို့ ကျမတို့လမ်းပေါ်ထွက်တာပါ"

အဲဒီအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက စက်ရုံရှေ့မှာ ထိုင်သပိတ်စခန်း ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။ အရင်က စက်ရုံတွင်းမှာ တောင်းဆိုခဲ့တဲ့ အလုပ်သမား ၂၀၀ နီးပါးကို အလုပ်ကနေ ထုတ်ပယ်ထားတာဖြစ်ပါတယ်။

သပိတ်စခန်းက ရက်ကြာမြင့်လာပြီဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

အဲဒီစက်မှုဇုံနယ်မြေမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဦး က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ အဲဒီအလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို တင်ပြဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
RFA

[youtube src="Fr7sh3O2Gog"/]
ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်စုစုနွေးကို ဧပြီလ ၆ရက်က လှိုင်သာယာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
Kamayut Media

[youtube src="_zDMJBVWdKY"/]
ဒီမိုကရေစီအစိုးရ သမ္မတဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးထွန်းလင်းခြံလမ်း မိသားစုဝင်တွေဟာ ဧပြီလ ၅ရက်နေ့က စတုဒီသာအလှူ ပြုလုပ်ခဲ့ကြပါတယ်။
Kamayut Media

သမ္မတ ဦး ထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( မတ်လ၊ ၁၅ရက် ၂၀၁၆)
သမ္မတ ဦး ထင်ကျော် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ( မတ်လ၊ ၁၅ရက် ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်တဲ့ ဥပဒေကို သမ္မတလက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်သွားပါပြီ။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော် ၂ ရပ်ရဲ့ အတည်ပြုချက်နဲ့ သမ္မတထံကို ပေးပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင့် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့သိတာ ဒီကနေ့ သမ္မတလက်မှတ်ထိုးပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ပါတယ်ခင်ဗျ။”

လွှတ်တော ၂ ရပ်တို့ အတည်ပြုလိုက်ပြီး နောက်တနေ့မှာဘဲ သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်ထံကို ပြန်လည် ပေးပို့ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“သမ္မတလက်မှတ်ရေးထိုးပြီးသွားရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်ထုတ်ပြန် ထုတ်ပြန်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဒီဥပဒေအရပေါ့နော် ခန့်အပ်တယ်ဆိုတဲ့ဟာ အဲဒီ process တခုကျန်ပါတယ်။”

သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရတဲ့ ရွေးကောက်ပွဲ အများစု အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ခန့်အပ်ဖို့ အစိုးရ အာဏာလွှဲပြောင်းရယူပြီး နောက်တနေ့မှာဘဲ အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေရဲ့ ရည်ရွယ်ချက်ကိုလည်း ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေး စနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် အမတ် အများစု ဖြစ်တဲ့ လွှတ်တော် ၂ ရပ်မှာ အများဆန္ဒနဲ့ အတည်ပြုနိုင်ခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ် အားလုံးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အမတ်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက်
VOA

ဧပြီ ၆၊ ရန်ကုန် ။ ။ လာမည့် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့အနေဖြင့် လက်ရှိအစိုးရသစ်အား အပြုသဘောဆောင်သည့် အကြံပြုချက်များဖြင့် သံချပ်ထိုးသွားမည်ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင်များက မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ်ကတည်းက သံချပ်ထိုးကာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိရှိစေဖို့အတွက် အစိုးရကို ဝေဖန်ထောက်ပြမှုတွေနဲ့အတူ သံချပ်ထိုးခဲ့ပေမယ့်လည်း၊ ယခုနှစ်မှာတော့ အစိုးရသစ် တက်လာချိန်ဟာ ရက်ပိုင်းသာရှိသေးတဲ့အတွက် အစိုးရသစ်ကို ကြိုဆိုကြောင်းနှင့် အပြုဆောင်သည့်အကြံပြုချက်တွေနှင့်အတူ လက်ရှိဖြစ်ပျက်နေသော ပြည်သူ့ခံစားချက်တွေကို အဓိကထား သံချပ်ထိုးသွားမည်ဖြစ်ကြောင်း အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့ တည်ထောင်သူကိုစိုင်းမျိုးဇော်ကိုက မဇ္ဈိမကိုပြောသည်။

"အရင်အစိုးရလက်ထက်မှာလည်း တော်တော်များများထောက်ပြခဲ့တာရှိတယ်။ သံချပ်ဆိုတာကတော့ ကောင်းတာကို ချီးမွန်းတဲ့အလုပ်ကိုလုပ်တာမဟုတ်ဘဲ မှားနေတာကို ထောက်ပြတဲ့ အလုပ်ဖြစ်တဲ့အတွက် သံချပ်ဆိုတာ အပြစ်မြင်တဲ့သဘောသွားဆောင်တယ်လို့ထင်ကောင်းထင်ရတယ်။ ဒါပေမယ့်အစ်ကိုတို့ကတော့ ကောင်းတာတွေကို ပြောပြသလို ဝေဖန်ထောက်ပြရမယ့်ဟာတွေကို ပိုပြောခဲ့တယ်။ ဒါပေမယ့် အခုအစိုးရသစ်တက်လာပေမယ့် အခုအစိုးရကိုတော့ ဝေဖန်ဖို့ စောလွန်းနေသေးတယ်။ အကြံပေးတဲ့သဘောလေးနဲ့ ပြည်သူတွေဘက်ကတောင်းဆိုတဲ့သံလေးတွေ ထည့်ထားတယ် "ဟု ကိုစိုင်းမျိုးဇော်ကို က ပြောသည်။

သံချပ်နှင့်ပတ်သက်၍လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ရိုးရာနှင့်အညီ သံချပ်ကို အကောင်းဆုံးဖြစ်အောင်စီစဉ်ထားတဲ့အပြင်၊ သင်္ကြန်ရက်များတွင် အလှပြယာဉ်ဖြင့်ရန်ကုန်တစ်မြို့လုံးပတ်ကာ သံချပ်များထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

"အစ်ကိုတို့က သံချပ်စလုပ်ကတည်းက မြန်မာ့ယဉ်ကျေးမှုနဲ့အညီ သံချပ်ကိုလုပ်တယ်။ ပရိသတ်ကိုလည်း စိတ်ဝင်စားအောင်လုပ်ထားတာတွေလည်းရှိပါတယ်။ ဖြစ်နိုင်ရင်တော့ မြန်မာ့ယဉ်ကျေးမှု စစ်စစ်ဖြစ်အောင်လုပ်ထားပေမယ့် ခေတ်ကာလပြောင်းလဲလာတဲ့အတွက် စကားလုံးအထားအသိုလေးတွေလည်းကောင်းမွန်အောင်လည်း လုပ်ထားပါတယ်"ဟု ကိုစိုင်းမျိုးဇော်ကိုက မဇ္ဈိမကို ပြောသည်။

လေထန်ကုန်းအွန်လိုင်းသံချပ်တွင် ငြိမ်းချမ်းရေးနှင့်သတ်ဆိုင်သော သံချပ်စာသားများ၊ ကားလမ်းကြောင်းပိတ်ဆို့မှုစာသားများ၊ မြစ်ဆုံစီမံကိန်းများအပြင် ခေတ်ကာလ၀တ်စားဆင်ယင်မှုများကိုပါ သရော်သောစာသားများကိုပါ ထည့်သွင်းကာ သံချပ်ထိုးရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။

ယဉ်မွန်
Mizzima - News in Burmese


Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားသူတွေရဲ့ စာရင်း အင်တာနက်စာမျက်နှာ
Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားသူတွေရဲ့ စာရင်း အင်တာနက်စာမျက်နှာ

Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံကဆိုပြီးတော့ လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါပါတယ်။
Panama Papers ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံကဆိုပြီး လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါဝင်နေ
Panama Papers ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံကဆိုပြီး လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါဝင်ေ
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က မကြာသေးခင်ရက်ပိုင်းကပဲ ဖွင့်ချ ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ အခုလို မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေတာကို ICIJ အဖွဲ့က သူတို့ရဲ့ဝက်ဘ်ဆိုက်တ်မှာ တင်ထားတာကို တွေ့ရတာပါ။

စာရင်းထဲမှာဖော်ပြထားတဲ့ နာမည်တွေထဲမှာ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသန္တာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီးတွေ့ရပါတယ်။

ဒီစာရင်းမှာ ပါသူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။ သူတို့ရဲ့ အခုလို ပြည်ပလျှို့ဝှက် ဘဏ်စာရင်းတွေရဲ့ ရည်ရွယ်ရင်း သဘောသဘာဝအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကတော့ Financecorp Limited ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီလူ့ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေဆိုပြီး ဖော်ပြထားတာမှာတော့ Chief Target Overseas Ltd, Sky-Link Communications Ltd, Compass Point Finance Ltd, MPRL E&P Pte Ltd, Siam (Canadian) China Ltd, Chance Best Development Ltd, Master Timber Corporation, Myint & Associates Co. Ltd, Asia Drilling Pte Ltd, G V Trading Pte Ltd, Winterson Intl Ltd, Bay Maritime Pte Ltd, High Returns Trading Ltd, Auto Transportation Ltd, Cairnhill Management Ltd, Global Business Development Ltd စတဲ့ကုမ္ပဏီတွေကို တွေ့ရပါတယ်။

zawhtay-620.jpgနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ Wang Yi က ပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်တာပါ။

"သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ဖိတ်ကြားတဲ့ဟာပေါ့နော် အဲ့ဒါပြောပါတယ်၊ နောက် တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ ဥပဒေပြဌာန်းနိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းပြောပါတယ်၊ ကျနော်တို့ မြန်မာနိုင်ငံဘက်ကတော့ သမ္မတကြီး Xi Jinping က ဒီလိုမျိုးပြောကြားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်တာကို ပြောပါတယ်၊ နောက်တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်စုနဲ့ တိုင်ပင်ပြီးတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ သွားဖို့ခရီးစဉ် သတ်မှတ်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်"

မြန်မာပြည်သူတွေ အကျိုးရှိမယ်ဆိုရင် တရုတ်နိုင်ငံအပါအ၀င် မည်သည့်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးလက္ခဏာအဖြစ် နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ကိစ္စကိုလည်း ဆွေးနွေးတယ် လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကိစ္စ သီးခြားဆွေးနွေးတာမရှိဘဲ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ယေဘူယျအားဖြင့် ခြုံပြီးဆွေးနွေး တာသာရှိကြောင်း ပြောပါတယ်။

RFA

[youtube src="Kn3EVriuhvM"/]
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို ဥပဒေ အဖြစ် နိုင်ငံတော် သမ္မတက ဧပြီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေအဖြစ် ထုတ်ပြန်ဖို့ ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်ပေးပို့ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့တာကြောင့် လွှတ်တော်နှစ်ရပ် သဘောတူညီတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်တယ်လို့ မှတ်ယူပြီး ပြည်ထောင်စုလွှတ်တော်နာယကက ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နိုင်ငံတော်သမ္မတထံကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကလည်း ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုလက်မှတ် ရေးထိုးတာကို ဧပြီ ၆ ရက် မွန်းလွဲပိုင်းမှာပဲ ဆောင်ရွက်ခဲ့ပြီး ဥပဒေအဖြစ် ထုတ်ပြန်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်ပေးပို့ထားတာ ဖြစ်ပါတယ်။

Eleven Media Group



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအား ဧပြီ ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်သည်။ ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ကလည်း အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သွားပြီ ဖြစ်သည်။


ချစ်သူ အဖြစ်မှ အဆက်ဖျက်မည် ဟု ဆိုသောကြောင့် ချစ်သူ ကောင်မလေး ၏မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် တွင် ဧပြီလ ၆ ရက်နေ့ မနက်ပိုင်း ၌ ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်း မြို့မ ရဲစခန်းမှ သိရသည်။

“လက်တလော သိရသလောက် အခြေအနေက လူငယ်သဘာဝ ရည်စားအဖြစ်က ဖြတ်လို့စကားများရကနေပြီးတော့ အခု လို ကတ်ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားတာလို့တော့သိထားပါတယ်။


ပထမအဆက်ဖျက်မယ်လို့ပြောတဲနေ့ကလည်း ကောင်လေးက ကောင်မလေးကို ပါးရိုက်ခဲ့ပါသေးတယ်လို့ သိထားရပါတယ်။အမှုမှန်ပေါ်ဖို့ ဆက်လက် စစ်ဆေးနေပါတယ်။” ဟု စမ်းချောင်း မြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက News Watch ဂျာနယ်သို့ပြောသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒဂုံစင်တာ ပထမ ထပ် ၊ ONYX အလှပစ္စည်း အရောင်းဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးတစ်ဦးသည် မိမိချစ်သူ ကောင်လေးအား အဆက်ဖျက်ရန် ဖုန်းဖြင့်ပြောခဲ့သည်အား ကျေနပ်မှုမရှိသဖြင့် အလုပ် အထိလိုက်လာ ကာ စကားပြောရာမှ ရန်ဖြစ်ပွားခဲ့ကာ အခင်းဖြစ်ပွားနေစဉ် အမျိုးသား ကောင်လေးမှာ ကတ်ကြေးဖြင့် အမျိုးသမီးကောင်မလေး ၏ မျက်လုံး အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အမှုမှန်ပေါ်ပေါက်အောင်လို့ လက်ရှိ ပြစ်မှု ကျူးလွန်သူကို ဖမ်းမိထားပါပြီး ဖြစ်ပါတယ်။ အမှုအတွက် စစ်ဆေးနေပါတယ်။ ချွန်ထက်တဲ့အရာ နဲ့ အပြင်အထန် ဒဏ်ရာရရှိစေမှု၊နာကျင်စေမှု စတဲ့ ပုဒ်မတွေ နဲ့ အမှုဖွင့်ပြီးအရေးယူဆောင်ရွက်နေပါတယ်။ ကောင်မလေး ကတော့ မျက်လုံးတစ်လုံး ပေါက်သွားပြီးတော့ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသနေရပါတယ်။”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် အမျိုးသမီးတွင် ညာဘက် မျက်လုံးပေါက်ထွက်ခဲ့ပြီး ဘယ်မျက်လုံးအောက်၊ ဦးခေါင်း ၊မေးစေ့ နှင့် လက်တို့တွင် ကတ်ကြေး ဒဏ်ရာများ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားအား နေဒွေး အား စမ်းချောင်းမြို့မ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၂၆/၃၀၇/၄၅၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

နေမင်းခ
ဓါတ်ပုံ-စမ်းချောင်းရဲစခန်း
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal


နေပြည်တော် ဧပြီ ၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေး ၀န်ကြီးက မြန်မာအစိုးရသစ် အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ဘ၀ တိုးတက်ရေး၊ ပြည်တွင်းငြိမ်း ချမ်းမှု တည်ဆောက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးမှု ကို အလေးထားဆောင်ရွက်မည်ဟု သိရ၍ တရုတ်နိုင်ငံအနေဖြင့် အထူးအလေး အနက် ထောက်ခံပါကြောင်း၊


ရန်ကုန်- နေပြည်တော်- မန္တလေး မြန်နှုန်းမြှင့် ရထားလမ်း တည်ဆောက်ရေး ရေရှည်စီမံကိန်းတွင် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို အလေးထားပြီး အမျိုးသားပြန်လည် သင့်မြတ် ရေးတွင် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေးပေါ်လစီပြောင်းလဲမှုမရှိဘဲ ကဏ္ဍပေါင်းစုံ ချစ်ကြည်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ကလည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့အား တရုတ် နိုင်ငံသို့ လာရောက် လည်ပတ် ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့အတူ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်သူ လူထု၏ လူနေမှုဘ၀မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန် ကဏ္ဍများစွာ ရှိကြောင်း၊ ပြည်သူပြည်သား များအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေ မည့် ကိစ္စရပ် များတွင် နှစ်နိုင်ငံညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက် သွားရန် ဆန္ဒရှိကြောင်း၊ တရုတ် နိုင်ငံသမ္မတ၏ ချစ်ကြည်ရင်းနှီးမှုဖြင့် ဖိတ်ကြားမှု အပေါ် အခါအခွင့်သင့်သည့် အချိန်တွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် တရုတ် ၀န်ကြီးနှင့် အတူ မြန်မာနိုင်ငံ ဆိုင် ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည် ။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

တရုတ်နိုင်ငံခြားရေး Wang Yi နဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံစဉ် (Photo-General Min Aung Hlaing FB)
အစိုးရသစ်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး Wang Yi ဟာ သူ့ခရီးစဉ် ဒုတိယမြောက်နေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့သလို၊ မြန်မာသမ္မတ ဦးထင်ကျော်နဲ့လည်း ညနေပိုင်းမှာ သီးခြားတွေ့ဆုံပါတယ်။

အစိုးရသစ် တက်လာတဲ့အချိန်မှာ တရုတ်နိုင်ငံဖက်က အခုလို အစောဆုံးလာရောက်တွေ့ဆုံတာဟာ ဘာကြောင့်လဲလို့ လေ့လာသူတွေအကြား စူးစမ်းမှုတွေရှိသလို၊ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ မြစ်ဆုံလို စီမံကိန်းပြန်စရေး သူတို့ဖက်က လိုလားနေတဲ့ကိစ္စဟာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်လာမလားဆိုမေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရသစ်နဲ့ တရုတ်နိုင်ငံဆက်ဆံရေးရဲ့အလားအလာကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို မေးမြန်းတင်ပြ ထားပါတယ်။

အစိုးရသစ်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က အခုလို အစောဆုံးလာရောက်တွေ့ဆုံတာဟာ ဘာကြောင့်ပါလဲလို့ သုံးသပ်တာတွေရှိသလိုမြစ်ဆုံလို စီမံကိန်းတွေဟာ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်လာမလားဆိုမေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရသစ်နဲ့ တရုတ်နိုင်ငံဆက်ဆံရေးရဲ့အလားအလာကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို မေးမြန်းတင်ပြ ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိဟာ မြန်မာအစိုးရသစ်ဖွဲ့စည်းပြီး တပတ်ကာလအတွင်းမှာ ပထမဆုံးမြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီး ကျင်းပတဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခိုင်မြဲစေဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အကူအညီပေးဖို့နဲ့လူထုဘ၀မြှင်တင်ဖို့ စတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြကြောင်းနဲ့ မြစ်ဆုံလို စီမံကိန်းတွေ ကိစ္စကိုတော့ ဆွေးနွေးခဲ့တာမရှိကြောင်းလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးအလားအလာအပေါ်တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အခုလို ပြောဆိုပါတယ်။

“တရုတ်က ဘာဖြစ်လို့ ဒီလောက်တောင် လောလာ သလဲ၊ ဒီလောက်တောင်အရေးပေးလာသလဲဆိုတော့ သူ့မှာလည်း အကြောင်းတွေရှိပါတယ်။တခုက ဘာလဲဆိုတော့ မြန်မာပြည်သူလူထုကြားမှာ တရုတ်ရဲ့ ပုံရိပ်က တော်တော်ဆိုးဆိုးဝါးဝါးတွေဖြစ်ခဲ့တော့ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ သူတို့အစောကြီးကတည်းက စဉ်းစားနေတာပါ။ အရင်တုန်းက စစ်အုပ်စုတခုတည်းကိုပဲ ဂရုစိုက်ပြီးဆွေးနွေးပေမယ့် နောက်ပိုင်းကျတော့ အတိုက်အခံ အင်အားစုတွေရော၊ နောက်ပြီးတော့ သတင်းသမားတွေရော ၊လူမှုအဖွဲ့အစည်းတွေအကုန်ဖိတ်ပြီးတော့ ချစ်ကြည်ရေးတွေတည်ဆောက်နေတာပေါ့။ ဒါ့အပြင်ဟိုတလောတုန်းက ကိုးကန့်ကိစ္စတွေတုန်းကလည်း အများကြီးဖြစ်ခဲ့တယ်လေ။ အဲဒီတရုတ်မြန်မာနယ်စပ်တလျှောက်မှာ မတည်ငြိမ်သေးတဲ့ နေရာတွေရှိသေးတော့ အဲဒီဒေသ တည်ငြိမ်ရေးတွေအတွက်လည်း တရုတ်ဘက်က အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ တရုတ်က မြန်မာနိုင်ငံကို တော်တော်လေး ဂရုစိုက် ပြီးတော့ သူများထက်ဦးအောင် စောစောစီးစီးသွားပြီးတော့ နှတ်ဆက်တာဖြစ်ပါလိမ့်မယ်။”

တဆက်တည်းမှာပဲ မြန်မာပြည်သူတွေ လက်မခံတဲ့ မြစ်ဆုံလို အကြီးစားစီမံကိန်းတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဟန့်အတားရှိနိုင်မလားဆိုတာကိုတော့ အခုလို သုံးသပ်ပါတယ်။

“ဒီ မြစ်ဆုံကိစ္စတင်မဟုတ်ဘူး အများကြီးပါ။ အဲဒီဟာတွေအားလုံးကိုပြန်လည်ပြီးစစ်ဆေးရမယ်။ ပြန်လည်ပြီး ညှိနှိုင်းရမှာဖြစ်တယ်။ တရုတ်ကလည်း မြစ်ဆုံကိစ္စပြောတဲ့အခါတိုင်းမှာလည်း ဒီစကားမျိုးပြောပါတယ်။ နှစ်ဖက်အပြန်အလှန် စဉ်းစားစစ်ဆေးဆွေးနွေးပြီးမှသာလျှင် နှစ်ဖက် ပြန်လည်လက်ခံ နိုင်တဲ့အဖြေတခုကို ရှာရလိမ့်မယ် လို့ပြောတာကြားဖူးပါတယ်။ ဒီနိုင်ငံခြားရေးဝန်ကြီးပဲ သူတို့ ၃ လပိုင်းက ပီကင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာကြားဖူးပါတယ်။ အဲတော့ သူတို့ဘက်ကလည်း ဒီအတိုင်းကြီးတော့ သွားလို့မဖြစ်ဘူး။ ဆွေးနွေးကြရဦးမယ်၊ ညှိနှိုင်းကြရဦးမယ်လို့ တွက်ထားပြီးသားပါ။ ကျမအမြင်ကလည်း အရင်အစိုးရတွေအဆက်ဆက်လုပ်ခဲ့တဲ့ စီမံကိန်းကြီး တွေအားလုံးဟာ ပြန်လည် ဆန်းစစ်သင့်တယ်လို့ မြင်ပါတယ်။”

မြန်မာအစိုးရသစ်အနေနဲ့လည်း ပြန်လည်သုံးသပ်ပြီး ညှိနှိုင်းဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

စိမ်းလန်းအမိမြေအဖွဲ့ဥက္ကဌ ဦးဝင်းမျိုးသူက ပြည်သူတွေမလိုလားတဲ့ စီမံကိန်းတွေကို နှစ်ဖက်ညှိနှိုင်းတာမျိုးမလုပ်ဘဲ လျော်ကြေး တောင်းဆိုတာမျိုးဖြစ်လာရင် အိမ်နီးခြင်းကောင်းအဖြစ် ယူဆဖို့ ခက်ခဲလာမယ်လို့ ထောက်ပြပါတယ်။

“မြစ်ဆုံဆည်ကိစ္စက ပြည်သူလူထုရဲ့သဘောထားမပါပဲနဲ့ သူတို့ခေါင်းဆောင်တွေပေါ်မှာမှုတည်ပြီးဖြစ်ခဲ့တဲ့ ကိစ္စပေါ့နော်။ ဒီလို Project ကြီးကို ဒေါ်လာ ၁ ဘီလီယံလောက်ရှိမယ်လို့ပြောတာကနေ အခု ၆.၅ ဘီလီယံလောက်ရှိမယ်ဆိုတဲ့ အသံတွေထွက်လာတယ်။ မှန်လားမမှန်လားတော့ မသိဘူးဗျာနော်။ ဒါဆိုရင်တော့ ကျနော်တို့ကို ငွေနဲ့ ခြိမ်းခြောက်သလိုဖြစ်လာရင်၊ တွန်းအားပေးသလိုဖြစ်လာရင် ဒါတွေက ကျနော်တို့အနေနဲ့ သူတို့က မိတ်ဆွေအိမ်နီးနားချင်းကောင်းနိုင်ငံလို့ ယူဆဖို့ ခက်သွားတာပေါ့နော်။ ဒါကြောင့် ဒီကိစ္စမှာ စောနကပြောသလိုအဆင်မပြေတဲ့အတွက် ကျန်တဲ့ကိစ္စရပ်တွေရှိတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ၊ နောက်တခုက နယ်စပ်ကုန်သွယ်ရေးတွေမှာ သူတို့ရဲ့မူဝါဒက မျှတမှုမရှိပဲနဲ့ပေါ့နော် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါတွေကိုတော့ ကျနော်တို့က ရင်ဆိုင်ဖို့ပဲရှိတာပေါ့လေ။ ကိုယ့်ကြမ္မာဖန်တီးနိုင်အောင် ဖန်တီးရမှာပဲ။”

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးမြအေးကတော့ အရင်အစိုးရနဲ့ သဘောတူထားတဲ့ စီမံကိန်းတွေကို ပြန်လည်သုံးသပ်ပြီးဆောင်ရွက်ဖို့ လိုအပ်ပေမဲ့ မြစ်ဆုံစီမံကိန်းကိုတော့ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။

“ဒီတရုတ်ရင်းနှီးမြုပ်နှံ့မှုနဲ့ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းကတော့ ပြန်သူလူထုက ဘယ်လိုပဲ ပြန်ပြီးလုပ်မယ်ဖြစ်ဖြစ် ကျနော်ထင်တယ်လက်ခံမှာမဟုတ်ဘူးဗျ အဲဒါကျတော့လေ။ ကျနော်တို့ကိုယ်တိုင်လည်း လက်ခံဖို့ခက်ခဲပါတယ် ဒီကိစ္စကတော့လေ။ အရင်အစိုးရအဟောင်းကလုပ်ခဲ့တဲ့ ကိစ္စတွေ စာချုပ်တွေကို လူထုကို ပြသပြီးတော့မှ ရှင်းပြပြီးတော့မှ ဒီအစိုးရ ဘယ်လိုဆက်သွားမလဲဆိုတာကတော့ လူထုနဲ့ တိုင်ပင်ဆွေးနွေးသွားရမယ်လို့ထင်တယ်။ မြစ်ဆုံကတော့ ကျနော်ထင်တယ် ဘယ်လိုမှ ဆက်လုပ်လို့ရမှာမဟုတ်ဘူး။”

အင်္ဂါနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတော့ လူထုမလိုလားသလို နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လာစေနိုင်တဲ့ မြစ်ဆုံစီမံကိန်းကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည်က စာချုပ်ကို မဖတ်ရသေး တာကြောင့် လူထုကို ချမပြနိုင်သေးကြောင်း ပြောဆိုပါတယ်။ တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးရာမှာ ကြုံတွေ့နေတဲ့ကိစ္စကို ဒီချစ်ကြည်ရင်းနှီးတဲ့နည်းလမ်းမှတဆင့် အားလုံးဖြေရှင်းနိုင်ပါတယ်လို့ သဘောတူခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓါတ်ပုံ - ဝင်းကိုကိုလတ်/ RFA ( နိုင်ငံတော်သမ္နတ ဦးတင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့ ဧပြီလ ၆ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံနေစဉ် )

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ (Wang Yi) က ပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

မြန်မာပြည်သူတွေ အကျိုးရှိမယ်ဆိုရင် တရုတ်နိုင်ငံအပါအ၀င် မည်သည့်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးလက္ခဏာအဖြစ် နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ ကိစ္စကိုလည်း ဆွေးနွေးတယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကိစ္စ သီးခြားဆွေးနွေးတာမရှိဘဲ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ယေဘူယျအားဖြင့် ခြုံပြီးဆွေးနွေးတာသာရှိကြောင်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ဒေါ်အောင်ဆန်းစုကြည်ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသည့် သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး (ခ)မှူးဇော်အားခန့်အပ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ခံရသူ ဦးဇော်ဌေးက “ ကျွန်တော်တို့ဆီမှာတော့ နည်းနည်းထူးဆန်းတာပေါ့။ တခြားနိုင်ငံမှာလည်းအစိုးရတွေကအပြောင်းအလဲရှိနေတယ်။ကျွန်တော်တို့နိုင်ငံမှာအစိုးရအပြောင်းအလဲကအခု၂၀၁၅ ရွေးကောက်ပွဲအပြီးမှ တွေ့ရတာကိုး။၅ နှစ်တကြိမ်ရွေးကောက်ပွဲက ရှိနေမှာပဲ။

အစိုးရအဖွဲ့တွေကလည်း၅ နှစ်တစ်ကြိမ် ပြောင်းနေမှာပဲ။ နိုင်ငံဝန်ထမ်းတွေကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် အငြိမ်းစားမယူခင်ထမ်းဆောင်သွားဖို့ပါပဲ။ဒါတွေက နိုင်ငံတကာမှာတော့ မထူးဆန်းဘူးပေါ့။ဒီမှာတော့ အခုမှ NLD အစိုးရအပြောင်းအလဲမှာ နည်းနည်းထူးဆန်းသလိုဖြစ်နေတယ်။

ပရောဖက်ရှင်နယ် နိုင်ငံဝန်ထမ်းအရကြည့်မယ်ဆိုရင်တော့ နောင်လည်း ဒီပုံစံအတိုင်းသွားမှာပေါ့” ဟု ဆိုသည်။၎င်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒများနှင့်အညီတာဝန်ကျေပွန်အောင်ဆောင်ရွက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုပါတီဥက္ကဌတာဝန်ယူထားသည့်NLDပါတီပါတီကိစ္စများကို ပြောဆိုခွင့်မရှိသကဲ့သို့ နိုင်ငံခြားဝန်ကြီးဌာန နှင့်ဆက်စပ်သည့်အရေးကိစ္စများကိုလည်း ပြောရေးဆိုခွင့်မရှိကြောင်းသမ္မတရုံးဝန်ကြီးဌာန၏ကိစ္စရပ်များကိုသာ ပြောဆိုသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။

ထိုပြင် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ သမ္မတအိမ်တော်သတင်းထောင်များနှင့်လည်း ၂ ပတ်တစ်ကြိမ်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းသည်ယခင်သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံး၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအဖြစ်ထမ်းဆောင်ခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဧပြီလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။ Photo: RFA
ကျပ်ငွေ ၃၂ ဘီလျံကျော်ကုန်ကျမယ့် ရန်ကုန်တိုင်းထဲက ကမ္ဘာအေးနဲ့ ပါရမီလမ်းဆုံနဲ့ မြောက်ဥက္ကလာပ လမ်းဆုံတွေမှာ တည်ဆောက်မယ့် ခုံးကျော် တံတားနှစ်စင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး အဲဒီအစား ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပက မြို့နယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာအသုံးပြုဖို့ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီခုံးကျော်တံတားနှစ်စင်းဆောက်လုပ်ဖို့ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရ ဘဏ္ဍာရေးဝန်ကြီးက တင်သွင်းခဲ့တာကို ဒီနေ့ လွှတ်တော်မှာ ပြင်ဆင်လိုက် တာလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

"တစ်ခုကို ၁၆ ဘီလီယံဆိုတော့ ၂ ခုကို ၁၆ ဘီလီယံကျော်လောက်ရှိတယ်၊ ရန်ကုန် တိုင်းရဲ့၁၆၊ ၁၇ ဘတ်ဂျက်မှာ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ အဲ့ဒီ တံတား ၂ စင်းက၊ ကျန်တာ ကျနော်တို့လမ်းတံတားလိုအပ်ချက်လုပ်တာက ၂၅ ရာခိုင်နှုန်းပဲရှိတယ်တဲ့၊ ငွေကြေးပမာဏက"

ခုံးကျော်တံတားနှစ်စင်းဆောက်လုပ်မယ့် ကုန်ကျငွေ ကျပ် ၃၂ ဘီလျံကျော် ဆိုတဲ့ပမာဏဟာ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာ အသုံး စားရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိပြီး အဲဒီမြို့နယ်တွေက ကျေးရွာခြင်းဆက်လမ်းတွေကို ဦးစားပေးလုပ်ဆောင်မှာဖြစ် တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှုပြဿနာတွေကို ခုံးကျော်တံတားတွေ ဆောက်လုပ်ပြီး ဖြေရှင်းတာက လိုချင်တဲ့အဖြေမဟုတ်တဲ့အတွက် အခုလိုတစ်ခြား ဖွံ့ဖြိုးရေးပိုင်းတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံခြားရေး ဝန်ကြီး၊ သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေကြမ်းကို ​ပြည်သူ့လွှတ်တော်က ​အတည်ပြုပြီးတဲ့နောက် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတ ​အထက်မှာ ​တရားဝင်နေလို့ရမယ့် ​အနေအထား ​ပိုများလာပါတယ်။

မြန်မာ ​တပ်မတော် ​ကိုယ်စားလှယ်တွေက ​နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေကြမ်းအစား ​နိုင်ငံတော် ​သမ္မတရဲ့ ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဆိုင်ရာ ​ဥပဒေအဖြစ် ​သတ်မှတ်ပေးဖို့ ​ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ​မဲခွဲဆုံးဖြတ်တဲ့အခါမှာ ​တပ်မတော် ​ကိုယ်စားလှယ်တွေက ​မဲမပေးခဲ့ကြပေမယ့် ​ပြည်သူ့လွှတ်တော်မှာ ​NLD ​က ​လူများစုဖြစ်လို့ ​လူများစုရဲ့ ​ထောက်ခံချက်တဲ့ ​ဥပဒေကြမ်းကို ​အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီ ​ဥပဒေကြမ်းကို ​အမျိုးသား ​လွှတ်တော်ကလည်း ​အတည်ပြုပြီးသား ​ဖြစ်သလို ​ပြည်သူ့လွှတ်တော်မှာလည်း ​ထပ်မံ ​အတည်ပြုလိုက်တဲ့အတွက် ​သမ္မတ ​ဦးထင်ကျော်ရဲ့ ​ထောက်ခံမှု ​လက်မှတ် ​ရရှိရင်တော့ ​အဲဒီဥပဒေက ​အသက်ဝင်လာမှာ ​ဖြစ်ပါတယ်။

နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ရာထူးက ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတအထက်မှာ ​တရားဝင် ​နေရာပေးမယ့် ​ဥပဒေ ​ဖြစ်တယ်လို့လည်း ​သုံးသပ်နေကြတဲ့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့်ကနေ ​ပိတ်ပင်တဲ့ ​၅၉ ​(စ) ​က ​ဘာမှ ​အသုံးမဝင်တော့ဘူးဆိုပြီး ​ပြောဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ်ဖြစ်ဖို့ ​အလားအလာများနေတဲ့အပြင် ​နိုင်ငံခြားရေး ​ဝန်ကြီးနဲ့ ​သမ္မတရုံး ​ဝန်ကြီးအဖြစ်လည်း ​တာဝန်ထမ်းဆောင်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေးမှာ အခုလိုအရေးကြီးတဲ့အချိန်အခါမှာ လာရောက်လည်ပတ်ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းနဲ့ အီတလီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံကူညီသွားမှာဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ အီတလီ နိုင်ငံခြားရေးဝန်ကြီး Paolo Gentiloni က ပြောခဲ့တာပါ။

"နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုကြောင်းနဲ့ ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေမှာ အီတလီက အဖွဲ့ဝင်ဖြစ်တဲ့ ဥရောပသမဂ္ဂ အနေနဲ့ ဘယ်လိုပါဝင်ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြောင်း မြန်မာပြည်သူတွေကို သိစေချင်တာက အီတလီအစိုးရက ထောက်ခံကူညီသွားမှာဖြစ်ကြောင်း" ပြောခဲ့ တာဖြစ်ပါတယ်။

နှစ်ဖက်ဆွေးနွေးတဲ့အထဲမှာ အီတလီ နဲ့ မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး ကိစ္စကိုလည်း အဓိကထားဆွေးနွေးကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပြောင်းအလဲအတွက် လတ်တလောကြိုးပမ်းချက်တွေအကြောင်းနဲ့ အီတလီ မြန်မာနှစ်နိုင်ငံဆက်ဆံရေး အကြောင်းတွေ ဆွေးနွေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ကလေးဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကလေးမြို့ တွင် ဧပြီ ၅ ရက်ညပိုင်း ၁၁ နာရီခွဲအချိန်ခန့် က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာဘုရားကျောင်းကန်၊ လူနေအိမ်၊ ရဲကင်း၊ ကွန်ကရစ်ဓာတ်တိုင်များပျက်စီးမှုရှိခဲ့ပြီးသစ်ပင်သစ်ကိုင်းများကျိုးကျမှုနှင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါလေပြင်းတိုက်ခတ်ရာတွင် ရေဆန်ကျွန်းဘုရား(ကျီကုန်း) ငှက်မြတ်နားတော်ကွေး၍ စိန်ဖူးတော် ဆလင်းကျောက်ပဲ့ကျသွားပြီးကလေးမြို့ အ၀င်မုခ်ဦးနေရာတွင် အင်တာနက်အသုံးပြုနေသည့် မောင်မင်းသုဝေ (၂၉)နှစ်သည် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်သို့ ပြန်လာစဉ် ချင်းသစ်ထုတ်လုပ်ရေးဝင်းရှေ့  ကလေး- ကလေးဝလမ်းပေါ်သို့ အရောက်တွင် ဆိပ်ဖြူပင်ကိုင်းကျိုးကျ၍ ဆိုင်ကယ်မောင်းနှင်သူမောင်မင်းသုဝေအပေါ်သို့ ပိကျရာနေရာတွင် သေဆုံးခဲ့ကြောင်း၊ နောက်ပါလိုက်သူမောင်အာကာဟိန်းမှာဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။


ယင်းသို့ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးဝင်းရှိ ၀န်ထမ်းနေအိမ်တစ်လုံးပေါ်သို့  ကုက္ကိုလ်ပင်ကျိုးကျသဖြင့် ပြိုကျပျက်စီးခြင်း၊ ချမ်းမြေ့အောင်စည်ရပ်ကွက် သီလရှင်စာသင်တိုက်အမိုးသွပ် ၅၀ ချပ်ခန့် လေလန်ပျက်စီးခြင်း၊ အေးရိပ်မွန် အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေးဂေဟာအမိုးသွပ် ၁၀၀ ချပ်ခန့် လေလန်ပျက်စီးခြင်း၊ ပင်လုံရပ်ကွက် လူနေအိမ် နှစ်လုံးနှင့် စပါးဂိုဒေါင် နှစ်လုံးတို့ မှ အမိုးသွပ် ၃၄ ချပ်လေလန်ပျက်စီးခြင်း၊ လက်ပံချောင်းရဲကင်းအမိုးသွပ် ရှစ်ချပ်နှင့် မြို့ နယ်ရဲတပ်ဖွဲ့ မှူး(ကလေး)ရုံးအမိုးသွပ် ၅၀ ချပ်လေလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယင်းအပြင် လျှပ်စစ်ဓာတ်တိုင် ၄၀၀ ဗို့ လိုင်းကွန်ကရစ်တိုင် ၉ မီတာလေးတိုင်၊ သစ်သားတိုင် နှစ်တိုင်နှင့် ၁၁ ကေဗွီလိုင်း ၁၀ မီတာတစ်တိုင်ပျက်စီးခဲ့ရာဓာတ်အားပြန်လည်ပို့ လွှတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ ၀န်ထမ်းများက ကွန်ကရစ်တိုင်များအစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ကလေးမြို့ တွင်းဗိုလ်ချုပ်လမ်းမပေါ်သို့  သစ်ကိုင်းများကျိုးကျနေမှုအား မြို့ နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဌ ဦးဝေလွင်ဖြိုးကဦးစီး၍ မြို့ နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့ စေရန်အတွက် သစ်ကိုင်းကျိုးများကိုအချိန်နှင့်တစ်ပြေးညီရှင်းလင်းဖယ်ရှားကြပြီးဖောင်ကူး- အင်ဒိုင်းကြီးကျေးရွာလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့ နေမှုများကိုလည်းကျီကုန်းကျေးရွာဘက်မှ ယာယီသွားလာစေပြီးလမ်းဦးစီးဌာနမှ ရှင်းလင်းလျက်ရှိကြသည်။

ထိုသို့ ကလေးမြို့ နှင့် ကလေးမြို့ နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ပျက်စီးမှုနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းများကိုဆက်လက်ကောက်ယူနေဆဲဖြစ်ဖြစ်ကြောင်း မြို့ နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဌထံမှသိရသည်။

ချင်းတွင်းသား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
    နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား ယနေ့ ဧပြီလ ၆ ရက် ညနေပိုင်း အချိန်တွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူတို့ ပါဝင် တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ မြန်မာပြည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဧပြီလ ၅ ရက်တွင်  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဧပြီလ ၆ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် လည်းကောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)  အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း အပါအဝင် ပါတီ ဗဟို ကော်မတီဝင်များနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဧပြီလ ၅ ရက်မှ စတင်၍ ၂ ရက်အကြာ လာရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

( Xinhua)
http://www.xinhuamyanmar.com

ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ပြန်လည် လွတ်မြောက်လာသည့် ဓါးစားခံများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အဘူဂျာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယား စစ်တပ်က နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Borno ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခု တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦး အား ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီလ ၅ ရက်က ပြောကြားခဲ့သည်။

စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Sani Usman က စစ်တပ်သည် ဧပြီလ ၄ ရက်က ပြုလုပ်ခဲ့သည့် စီးနင်းမှု တွင် ဘိုကိုဟာရမ် စစ်သွေးကြွ ၁၅ ဦး အား သုတ်သင်နိုင်ခဲ့ပြီး ခေါင်းဆောင် ၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များက ကူညီ ထောက်ပံ့ပေးခဲ့ပြီး စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများသို့ ခေါ်ဆောင်သွား ပေးခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွများ ၏ လက်နက် ခဲယမ်းများသာမက ၄င်းတို့အသုံးပြုသည့် ယာဉ်များကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အုပ်စုသည် အစ္စလာမ်မစ် ပြည်နယ် ထူထောင်ရန် အတွက် ၂၀၀၉ ခုနှစ် တွင် သောင်းကျန်းမှုများ ပြုလုပ်ခဲ့သည့် အချိန်မှစ၍ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟာရမ် စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ဧရိယာ တော်တော်များများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်သွေးကြွများသည် နိုင်ငံ တစ်လျှောက် အကြမ်းဖက်မှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၄င်းတို့၏ အကြမ်းဖက် လုပ်ရပ်များသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကင်မရွန်း၊ ချဒ် နှင့် နိုင်ဂျာ နိုင်ငံများသို့ ပျံ့နှံလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ဝါရှင်တန် ၊ ၆-၄-၂၀၁၆

အမေရိကန် ပြည်ထောင်စု တင်နက်စီ ပြည်နယ် ဂရိတ်စမုတ် ကီတောင် အနီးရှိ ပြည်သူ့ဥယျာဉ် အနီးတွင် ဧပြီ ၄ ရက် ညနေပိုင်းက ရှုခင်းများ လှည့်လည် ကြည့်ရှုနေသော အပျော်စီး ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ စီးနင်း လိုက်ပါလာသည့် လူငါးဦးစလုံး သေဆုံး ခဲ့ကြောင်း သတင်းဌာန များက ထုတ်ပြန် ကြေညာသည်။

အဆိုပါ ရဟတ်ယာဉ် သည် Bell 206 အမျိုးအစား ဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျမှုတွင် အဆောက်အအုံများ ထိခိုက် ပျက်စီးခြင်း မရှိကြောင်း နှင့် လူများလည်း ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ဆီးဗီးယားဗီလ် ဒေသသည် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်လေ့ ရှိသော နေရာတစ်ခု ဖြစ်ပြီး ယင်းဒေသတွင် အပျော်စီး ရဟတ်ယာဉ် များသည် တစ်နေ့လျှင် အနည်းဆုံး သုံးစင်းမှ လေးစင်း ပျံသန်းလေ့ ရှိကြောင်း နှင့် ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားရာ နေရာသို့ စုံစမ်းရန် တာဝန်ရှိသူများ ကို စေလွှတ်ထားပြီး ဖြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေး နှင့် လုံခြုံရေး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပြသည်။

PyiChitThar
http://www.pyichitthar.com


Breaking news on 6April 2016

တူရကီနိုင်ငံ အီစတန်ဘူ ရဲအရာရှိတွေက အင်တာနက် အွန်လိုင်း ကနေ ဒေါ်လာ (၇)သိန်းကျော် (ကျပ် သိန်းပေါင်း ၇၀၀၀)ခိုးယူခဲ့ကြတဲ့ ဟတ်ကာ ညီနောင်TU နဲ့  VU အပါအ၀င်အဖွဲ့ ဝင် (၂၀)ကိုဖမ်းဆီး နိုင်ခဲ့ကြောင်း သိရပါတယ်။

ဆိုဒ်ဘာ ဟတ်ကာ ညီနှောင်အဖွဲ့ ဟာ ဘဏ်တွေ -စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့  အွန်လိုင်းအချက်အလက်တွေကို နည်းပညာ မျိုးစုံနဲ့  ထိုးဖေါက်ဝင်ရောက် ကြည့်ခဲ့ကြပြီး ဘဏ်စာရင်းဆိုင်ရာအချက်အလက်တွေကိုခိုးယူခဲ့ကြပါတယ်။
ပြီးတဲ့အခါ သူတို့ ရဲ့  ဟတ်ခံရတဲ့ သူတွေ ရဲ့  ဘဏ်တွေကနေ ငွေတွေလွဲပြောင်းယူကြတာဖြစ်ပါတယ်။

မကောင်းတာကို အားကျနေကြတဲ့ လူငယ်မျိုးဆက်တွေဟာ သူတပါးကိုနှောက် ရှက်ဖျက်ဆီးနိုင်ဘို့  ဟက်ကာ ပညာတွေကိုလေ့လာခဲ့ပြီး သူတပါးအတွင်းရေးကိုဝင်ရောက်ခိုးကြည့်တဲ့အဆင့်ကနေ ငွေခိုးတာ တွေ
ခြိမ်းခြောက်ပြီးငွေတောင်းတဲ့အဆင့် တဖန် တဦးတယောက်ရဲ့  အွန်လိုင်းအကောင့်ကို သုံးမရအောင် ဖျက်ဆီးတဲ့အဆင့် ထိ ရောက်လာခဲ့ပါတယ်။

ခုလို မသမာတဲ့ နည်းပညာတွေကို အကြမ်းဖက်သမားတွေအများ ဆုံးသုံး နေကြပြီး နိုင်ငံရဲ့  လုံခြုံရေးစနစ်နဲ့  လူထု အသက်ပေါင်းများစွာသေ ဆုံးတဲ့ အထိ အန္တရယ်ကြီးပါတယ်၊ ဥပမာ လေကြောင်းဆိုင်ရာ ထိမ်းချုပ်မှုကို အွန်လိုင်းကနေ ဟက်ကာတွေက လမ်းကြောင်းပြောင်းခိုင်းပြီး လေပေါ်မှာ ၀င်တိုက်တဲ့အဆင့်အထိ အန္တရယ်ပေးနိုင်တာကြောင့် အစိုးရတွေအနေနဲ့  ကျွမ်းကျင်ပညာရှင်တွေဌားရမ်းပြီး ဟက်ကာအုပ်စုတွေရဲ့  ရန်ကို လေ့ လာစောင့်ကြည့်နေရပါတယ်။

Social Action for Women - SAW

ကိုးကားPolice nab operators of virus fraud network
https://www.facebook.com/Social-Action-for-Women-SAW


ဝါရှင်တန် ၊ ၆-၄-၂၀၁၆

အမေရိကန် ပြည်ထောင်စု သမ္မတနေရာ အတွက် ယှဉ်ပြိုင် နေကြသော ဟီလာရီ ကလင်တန် နှင့် ဘာနီဆန်းဒါးစ် တို့က မဲဆွယ် စည်းရုံးရေးတွင် လုပ်အားခ မညီမျှမှုနှင့် ခက်ခဲသော အလုပ်အနေ အထားတို့ကို အလေးပေး ပြောဆို ခဲ့ကြသဖြင့် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်နှင့် နယူးယောက်မြို့ တို့တွင် ဧပြီ ၄ ရက်က တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာ ခန့် လုပ်အားခ သတ်မှတ် ပေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တစ်နာရီလျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာဟူသော နှုန်းသည် အမေရိကန် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး အတိုင်းအတာ ဖြစ်ကြောင်း၊ လူချမ်းသာများ နှင့် အောက်ခြေ လူတန်းစားများ ကွာဟမှုကို လျှော့ချရန် အခြား ပြည်နယ်များ ကလည်း ပါဝင်လာ နိုင်ကြောင်း၊ သမ္မတ အိုဘားမား ကိုယ်တိုင် လိုလား မှုရှိသော်လည်း လွှတ်တော်က ဆုံး ဖြတ်ချက်ချရန် နှောင့်နှေး နေသေးကြောင်း၊ ယခု လုပ်ဆောင်ချက် သည် တစ်နိုင်ငံလုံးတွင် ညီမျှမှုများ ဖြစ်ပေါ်စေမည်ဟု ဟီလာရီ ကလင်တန် က ပြောကြားခဲ့သည်။


ယခု လှုပ်ရှားမှုသည် လုပ်ငန်းရှင် များကို ယခင်ကထက် ကုန်ကျမှုများစွာ ဖြစ်စေမည် ဖြစ်ကြောင်း စီးပွားရေးအုပ်စု များနှင့် ရီပတ်ဘလီကန် အဖွဲ့ဝင်များက သတိပေးပြော ကြားခဲ့ကြောင်း၊ ဥပဒေနည်း အရ၊ တွက်ချက်မှုများ အရ ကယ်လီဖိုးနီးယား ပြည်နယ်မှ စီးပွားရေး အခွန်ဆောင်သူ များက အစိုးရဝန်ထမ်း များအတွက် ယခင်ကထက် ဒေါ်လာ သန်းပေါင်း ၃၆ဝ ခန့် ပိုမို ကုန်ကျမည် ဖြစ်သည်။ အသေးစား လုပ်ငန်းလုပ် ဆောင်နေသူ များအတွက် ယင်း ဆုံးဖြတ်ချက်၏ သက်ရောက်မှုမှာ ဆိုးရွားမည် ဖြစ်ကြောင်း၊ ကယ်လီဖိုးနီးယား ပြည်နယ် အတွင်းမှ လုပ်ငန်းရှင်များ၏ သဘောထား များကို လျစ်လျူရှု လိုက်ခြင်းက ဆက်ခရာမန်တို မြို့တော်ကို ပျက်စီးစေရန် အကြောင်းရင်း တစ်ခု ဖြစ်လာနိုင်ကြောင်း ရီပတ်ဘလီကန် များက ပြောကြားခဲ့သည်။

နယူးယောက် ပြည်နယ်တွင် ယခု လတ်တလော၌ အနိမ့်ဆုံးဝင်ငွေမှာ တစ်နာရီလျှင် ၉ ဒေါ်လာ ဖြစ်ပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အနိမ့်ဆုံး ဝင်ငွေကို ၁၅ ဒေါ်လာသို့ တိုးမြှင့်မည် ဆိုပါက ငွေကြေး ဖောင်းပွမှုများ အနည်းနှင့်အများ ရှိလာမည်မှာ သေချာကြောင်း နိုင်ငံရေး လေ့ လာ စောင့်ကြည့် သူ များ က သုံးသပ် ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


နိရဉ္စရာ၊ ဧပြီ ၆

ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်မှုဖြင့် နောက်ထပ် ရခိုင်လူငယ် ၆ ဦးကို ကျောက်တော်မြို့နယ် တရားရုံးမှ ထောင် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်သဖြင့် လက်ရှိ အချိန်ထိ ၎င်းမြို့နယ်တရားရုံးမှ ထောင်ချသည့် ရခိုင်လူငယ် အရေအတွက်မှာ ၃၇ ဦးထိ ရှိသွားပြီဟု သိရသည်။

ဧပြီလ ၆ ရက် ယနေ့ ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ် ခံရသူများမှာ

၁။ကိုစိုးနိုင် ( ဘ)ဦးသာစိန်၊ မြိတ်ဝကျေးရွာ၊ ပလက်ဝမြို့ နယ်။
၂။ကိုဦးဘမောင် (ဘ)ဦးမောင်ခင်သိန်း၊ သိမ်တောင်ကျေးရွာ၊ ရသေ့တောင်မြို့ နယ်။
၃။ကိုမောင်ကျော်သိန်း(ဘ)ဦးမောင်ထွန်းစိန်၊ ကြောင်ရှည်ကျေးရွာ၊ မင်းပြားမြို့ နယ်။
၎။ကိုမောင်သန်းဝေ(ဘ)ဦးသာထွန်းဦး၊ အရှေ့ပိုင်း၊ ကျောက်ဖြူမြို့ ။
၅။ကိုထွန်းထွန်းဝင်း(ဘ)ဦးထွန်းခိုင်၊ သာယာကုန်းကျေးရွာ၊ မင်းပြားမြို့ နယ်။
၆။ကိုထွန်းစိုးနိုင်(ဘ)ဦးထွန်းဦးဖြူ|ညိုရောင်ချောင်းကျေးရွာ|စစ်တွေမြို့ နယ် တို့ ဖြစ်သည်။

သူတို့ ၆ ဦးစလုံးက ရက္ခိုင့်တပ်မတော်မှ ဖြစ်ကြောင်း ဝန်ခံသဖြင့် တရားသူကြီးက ထိုသို့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့ အမှုကို ရှေ့နေ လိုက်ပေးနေသူ ဦးထွန်းလှက နိရဉ္စရာ သတင်းဌာနသို့  အတည်ပြုပြောကြားသည်။

သူတို့အား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှင့် ၁၇ (၂) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း တစ်ပေါင်း တည်း ၅ နှစ်စီ ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ကိုထွန်းလှက ပြောသည်။

ရက္ခိုင့်တပ်မတော် (AA ) နှင့် ဆက်သွယ်မှုဖြင့် ကျောက်တော်မြို့နယ် တရားရုံး တစ်ခုတည်းက ထောင်ချခံရသူမှာ ယခုအခါ စုစုပေါင်း ၃၇ ဦး ရှိသွားပြီဟု သိရသည်။ ထောင်ချခံရသူများမှာ မတ်လ ၁၆ ရက်နေ့က ၂ ဦး၊ မတ်လ ၃၀ ရက်နေ့ ၁၂ ဦး၊ မတ်လ ၃၁ ရက်နေ့က ၁၁ ဦး၊ ဧပြီလ ၄ ရက်နေ့က ၆ ဦးနှင့် ဧပြီ ၆ ရက်နေ့တွင် ၆ ဦး ဖြစ်သည်။

နောက်ထပ် တစ်ဦးသာ ကျောက်တော် ရဲစခန်း အချုပ်ထဲ၌ ကျန်ရှိနေသည်ဟု သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews