04/09/16


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်၊ ဝန်ကြီးဌာနနှစ်ခု၏ ပြည်ထောင်စု ၀န်ကြီးလည်းဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဧပြီ(၉)ရက်တွင် နေပြည်တော် ဥတ္တရသီရိမြို့ နယ်ရှိ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း အထူးကု ဆေးရုံကြီးတွင် ပြုလုပ်သည့် မျက်စိခွဲစိတ်ကုသမှုသည် အောင်မြင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ခွဲစိတ်မှု ညာဘက်မျက်စိဖြစ်ပြီး ကျန်ရှိသည် ဘယ်မျက်လုံးကို ဧပြီလ ၁၆ရက်နေ့တွင် ထပ်မံခွဲစိတ်မည် ဖြစ်ကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

အမျိုးသားဒီမိုကရေစုအဖွဲ့ ချုပ်ပါတီဥက္ကဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  နံနံက် ပိုင်း၌ နေပြည်တော် ဥတ္တရသီရိမြို့ နယ်ရှိ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း အထူးကု ဆေးရုံတးကြီးတွင် မျက်စိခွဲစိတ်ကုသမှုခံယူမည်ဖြစ်သည်။

ခွဲစိတ်ကုသမှုကို အငြိမ်းစားယူပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်ဖြစ်သူ ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင် ကဦးဆောငိမည်ဖြစ်ပြီး ဆေးရုံမှ အထူးကုဆရာဝန်များလည်းပါဝင်မည်ဖြစ်ကြောင်း ယင်းဆေးရုံမှ စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ခွဲစိတ်ကုသမှုခံယူမည့် ဆေးရုံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လာရောက် ကြည့်ရှုမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပါခွဲစိတ်ရန်ပြင်ဆင်ထားသော်လည်း ယနေ့ တွင် ခွဲစိတ်မှု ခံယူမည်မဟုတ်တော့ကြောင်းသိရသည်။
Mizzima - News in Burmese

တစ်မျိုးကြီးပဲဗျာ
==========
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ကျဉ်းတွေနဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စမှာ အခွင့်အာဏာရှိလို့ သာမန်ရိုးရိုးလေး လုပ်လိုက်တာပဲလို့ ထင်ရင် မှားသွားမှာပေါ့ဗျာ။ အတိုက်အခံလုပ်နေတဲ့ စစ်တပ်နဲ့ ထိပ်တိုက် ပြဿနာအကြီးကြီးကို ရင်ဆိုင်လိုက်တာပဲဗျ။

အမှုရင်ဆိုင်နေရတဲ့သူတွေကို တရားရုံးကနေ သဘောတူညီချက်နဲ့ ရုပ်သိမ်းချင်ရင် အမျိုးသားလုံခြုံရေးကောင်စီ လို့ခေါ်နေတဲ့ ကာလုံရဲ့ ထောက်ခံချက်နဲ့မှ လွှတ်နိုင်မှာကို ဒေါ်အောင်ဆန်းစုကြည်က ကာလုံထောက်ခံချက်ကို မသုံးဘူးဆိုတာကတော့ တစ်ဘက်ကလည်း စစ်ပြင်ဆင်နေပြီလို့ ယူဆရတော့မှာပဲ။ ဒီအမှုတွေကို ဆင်ထားတာ ပြည်ထဲရေး ကလေ။ ပြည်ထဲရေးဆိုတာကလည်း စစ်တပ်နဲ့ အများကြီး ပတ်သက်နေတာ။ ကာလုံကို ကျော်ပြီး ကျောင်းသားတွေကို တရားရုံးထောက်ခံချက်တွေနဲ့ လွှတ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြစ်လာတာကို ရင်ဆိုင်မယ်ဆိုပြီး ရဲဝံ့စွာ လုပ်ဆောင်ချက်ကို နားလည်ပေးစေချင်တယ်။

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် အဆိုတင်ကြတော့ စစ်တပ် တစ်မတ်သားက စော်ကားပြီး မဲမပေးဘူးဆိုတာတွေ၊ သဘောမတူဘူးဆိုတာတွေနဲ့ သူတို့ ရင်ထဲက သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ကြတယ်။ ဒါပေမဲ့ ဒီမိုကရေစီနည်းနဲ့ မဲခွဲတယ်။ ပြည်သူ့ ဘက်သားတွေ အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတယ်။

စစ်သားတစ်မတ်သားက သူတို့ကို ဒီမိုကရေစီနဲ့ အနိုင်ကျင့်တာလို့ စပြောတယ်။ ထကန့်ကွက်တယ် ရှုံးတယ်။ မဲခွဲတယ် ရှုံးတယ်။ ဒီလို တစ်မတ်သားရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေနဲ့ ပုန်ကန်ပြနေတာကို ရင်ဆိုင်နေရချိန်မှာ သူတို့ရဲ့ကာလုံကိုကျော်ပြီး နောက်တစ်ကြိမ် အကျဉ်းသားတွေအရေးကို သတ္တိရှိရှိ ရင်ဆိုင်ပြလိုက်တယ်ဆိုတာ တော်ရုံစေတနာ၊ တော်ရုံအမြော်အမြင်နဲ့ လုပ်လိုက်တာတော့ မဟုတ်ပါဘူး။

တပ်မတော်ဆိုတာ လွှတ်တော်ထဲမှာ အတိုက်အခံပါတီတစ်ခုလို ဖြစ်နေသဗျ။ ပြည်သူ့တပ်မတော်လား … ဘယ်သူ့တပ်မတော်လဲ ကွဲပြားစွာ ခွဲခြားပြနေသလိုပဲ။ တပ်မတော်ဆိုတာ နိုင်ငံရေးထဲမှာ အတိုက်အခံဝင်လုပ်ဖို့ လား၊ တိုင်းပြည်ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်ကျေစွာဆောင်ရွက်ဖို့လားဆိုတာ နောက်လာ နောက်သား ကျောင်းသားတွေကို ဘယ်လိုသင်ရပါလို့ ဆွေးနွေးစရာ ဖြစ်လာပြီ။

အခက်အခဲတွေ ပြဿနာတွေကို တာဝန်ခံ ခေါင်းခံပြီး ရင်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင် ချက်တွေ ဒီလောက်ရှင်းလင်းနေတာကို ကျောင်းသားတွေဘက်က တုံ့ပြန်ချက်တစ်ချက်ကတော့ ကျွန်တော့် စိတ်ထဲမှာ နည်းနည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ဟာ ကျောင်းဆရာ တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် သပိတ်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေကို အမြဲထောက်ခံနေခဲ့သူပါ။ ကျွန်တော်ရေးခဲ့တာတွေ ပြန်ကြည့်ပါ။

မနေ့က လွှတ်မြောက်လာတဲ့ ကျောင်းသားတွေက ရန်ကုန်ကိုလာ၊ သခင်ကိုယ်တော်မှိုင်း အုတ်ဂူကို သွားရောက် ဂါရဝပြုကြတယ်ဆိုတာကိုတော့ ကျွန်တော် ဘဝင်မကျမိဘူး။ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် အမျိုး မျိုးသော ပြဿနာအခက်အခဲတွေကို ရင်ဆိုင်ပြီး လွတ်မြောက်အောင် လုပ်ပေးတာ ဒေါ်အောင်ဆန်းစုကြည် လား၊ သခင်ကိုယ်တော်မှိုင်းလား။

ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ဂါရဝပြုဖို့ အလေးအမြတ်ပြုဖို့ ကျွန်တော်ပြောနေတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒါမျိုးတွေလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့သော လုပ်ရပ်လေးတွေဟာ အမှုမဲ့ အမှတ်မဲ့ စော်ကားသလိုလေးတွေ ဖြစ်တတ်တယ်ဆိုတာ သတိမူစေချင်လို့ပါ။ ကျွန်တော် ဒီလို ရေးတာ လည်း ကျောင်းသားတွေအပေါ် စော်ကားလိုစိတ်နဲ့ အပြစ်မြင်လို့ ရေးတာတော့ မဟုတ်ပါ။ စိတ်ထဲ ခံစားမိလို့ ရေးရတာပါ။ မကျေနပ်လည်း ဆဲနိုင်ပါတယ်။

၉.၄.၂၀၁၆
Credit. ဆရာတင်ညွန့်


ပဲခူး ဧပြီ ၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေး ရွာပေါင်း ၃၅ ရွာတွင် ရေပြတ်လပ် မှု ဖြစ်ပေါ်နေသဖြင့် အဆိုပါ ကျေးရွာများရေရရှိရေး ဆောင်ရွက် ပေးနေကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ရေပြတ်လပ်မှု ကြုံတွေ့နေရ သည့် ကျေးရွာများမှာ အရှေ့ခြမ်း သနပ်ပင်မြို့နယ်တွင် ကျွဲတဲရွာ၊ ကသစ်ခုံရွာ၊ လောင်မီးချောင်းဝရွာ၊ကသစ်ဝိုင်ရွာ၊ မင်းရွာ၊ လောင်မီးရွာ၊ ထောင်မင်းရွာ၊ ဝေါမြို့နယ်တွင် တော၊ စွန်းရွာ၊ အဗျားထမင်းဆိုင်ရွာ၊ အင်းတိုင်စုရွာ၊ ဇီးဖြူကုန်းရွာ၊ စိုင်တီ စုရွာ၊ ပုဂံရွာ၊ ကဝမြို့နယ်တွင် ရွှေဘုံ သာရွာ၊ ရွှေတဆုပ်ရွာ၊ ကံတော်ရွာ၊ ပဲခူးမြို့နယ်တွင် ပေပင်ချောင်း ကျေးရွာ၊ ကလိရွာ၊ ရှမ်းရွာကြီးနှင့် ညောင်လေးပင်မြို့နယ်တွင်အောင်း ကြီးရွာ၊ တောင်ငူမြို့နယ်တွင် စပါး လင်ကုန်းရွာ၊ ရေဆင်းကုန်းရွာ၊ လယ်တပြင်ကွင်းရွာ၊ သဲတောရွာ၊ ငါးမိုင်ရွာ၊ ခြောက်မိုင်ရွာ၊ ပန်းတောင်း မြို့နယ်တွင် အောင်ချမ်းသာ (မကျီ စမ်း)ရွာ၊ အောင်ချမ်းသာ (ရေပြာ စမ်း)ရွာ၊ ရေတွင်းလှရွာ၊ သဲဖြူရွာ၊ သဲကုန်းမြို့နယ်တွင် ရွှေစုပင်(ဘုန်း ကြီးကျောင်း)၊ သင်တောရွာ၊ လိန်တန်း ရွာနှင့် ပေါင်းတည်မြို့နယ်၌ သပြေ ကြီးစုရွာ၊ ကိုယ်ဝန်ဆောင်ရွာတို့ဖြစ် ကြကြောင်း သိရသည်။
''ပဲခူးတိုင်းဒေသကြီးမှာတော့ အခြေအနေအဆိုးဆုံးက သနပ်ပင် မြို့နယ်နဲ့ ဝေါမြို့နယ်ထဲကကျေးရွာ အချို့ပေါ့။ အဆိုးဆုံးသနပ်ပင်မြို့ နယ်ထဲက ကျေးရွာအချို့ဆိုရင် တုံ ကင်တွေကရေငန်ပဲထွက်တယ်။ ကန် တွေခန်းခြောက်ကုန်တယ်။ အဲဒီ တော့ သောက်ရေ ယာယီကန်တွေ ပြုလုပ်ပေးပြီး ရေဖြည့်ပေးထားပါ တယ်။ နောက်ထပ် ကျေးရွာတွေ အတွက်လည်း ရေပြတ်လပ်မှု ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ရေး ကြိုတင်စီမံမှုတွေ လည်း ပြုလုပ်ထားပါတယ်''ဟု တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဇင်ဇင်သက်က ပြောသည်။

အဆိုပါကျေးရွာများရှိ အိမ်ခြေ ၈၄ဝ၂ အိမ်မှ လူဦးရေစုစုပေါင်း ၄၁၈၉၆ ဦးအတွက် ရေသယ်ယာဉ် များဖြင့် ရေဖြန့်ဝေပေးခြင်း၊ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် အပြင် ရေကန်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၄ ရက် မှ ယနေ့အချိန်ထိစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ
ပိန်းဇလုပ်သိန်းညွန့်၊ ကိုကိုနေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ai-620.jpg ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၂၄ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတင်းစာရှင်းလင်းစဉ်
Photo: Zarni Htun/RFA
မြန်မာနိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေကို လွှတ်ပေးလိုက်တာဟာ လူ့အခွင့်အရေးတိုးတက်မှုအတွက် ပထမခြေလှမ်းဖြစ်ပြီး၊ NLD အစိုးရသစ်အနေနဲ့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ မတရားသဖြင့် ဖမ်းဆီးဖိနှိပ်နေတဲ့ ဥပဒေတွေ ပြုပြင်ပယ်ဖျက်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း Amnesty Int’l (AI) လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေ လွတ်မြောက်လာမှုဟာ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တဝဲလည်လည်ရှိနေခဲ့တဲ့ နိုင်ငံရေးအရ ဖမ်းဆီးအကျဉ်းချမှုတွေ အဆုံးသတ်သွားအောင် ဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိလာအောင် အစိုးရသစ်ကို ပြင်းပြင်းထန်ထန် အချက်ပေးလိုက်တာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူ Laura Haigh က ပြောပါတယ်။

မိမိတို့အဖွဲ့အနေနဲ့ တရားရင်ဆိုင်နေရသူတွေအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူအားလုံး လွတ်မြောက်လာတဲ့အထိ စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့ပြင် အစိုးရသစ်အနေနဲ့ လွတ်မြောက်လာသူတွေကို ကူညီထောက်ပံ့ပေးဖို့၊ သူတို့ရဲ့ဘဝတွေကို ပြန်လည်ထူထောင်ပေးဖို့ လိုအပ်ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

RFA

tharyarwaddy-free-620.jpg
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဝန်းရံပြည်သူတွေကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးက လွှတ်ပေးလိုက်စဉ်
Photo: Kyaw Zaw Win/RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ ဗကသအဖွဲ့ရဲ့ အခြေခံမူ(၅) ချက်နဲ့အတူ မပြီးပြတ်သေးတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ့် အပြင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးတွေအတွက် ကြိုးပမ်းလုပ်ဆောင် သွားမယ်လို့ ဗကသအဖွဲ့ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောပါတယ်။

သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ဗကသ ကျောင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်မှာ မနေ့ညက တွေ့ဆုံပြီးတဲ့နောက် အခုလို သဘောတူညီခဲ့တာဖြစ်တယ်လို့ မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။

"မူ ၅ ချက်ပေါ်မှာအခြေခံတဲ့ လုပ်ငန်းဆောင်တာတွေကို ကျမတို့ ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတာရယ်၊ နောက်တစ်ခုကတော့ ပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ မပြီးဆုံးသေးတဲ့ ကျမတို့ရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထမ်းဆောင်မယ်ဆိုတာရယ်၊ နောက်ဆုံးတစ်ခုကတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ကျမတို့ အစောပိုင်းကတည်းက ပြောဖြစ်ဖို့ကြိုးစားခဲ့သော်ငြားလည်းပေါ့နော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက်ကြောင့် အဲ့ဒါတွေက အကောင်အထည်မပေါ်လာခဲ့ဘူးပေါ့၊ အခုတော့ဒါကို အကောင်အထည်ဖော်ဖို့ ပြန်လည်လုပ်ဆောင်မယ်လို့ ဒါတွေကို အဓိကထားပြီးတော့ ကျမတို့ပြောဖြစ်ပါတယ်၊ အရေးကြီးဆုံးနောက်တစ်ချက်ကတော့ သမဂ္ဂအဆောက်အအုံကို ပြန်လည် တည်ဆောက်ဖို့လည်း ကျမတို့ ဗကသအဖွဲ့ချုပ်ကဆက်ပြီးတော့ ဒါကိုကြိုးပမ်းသွားဖို့လည်း ပြောဖြစ်ပါတယ်"

ဒါ့အပြင် လွှတ်တော်မှာ ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေမှာ ကျောင်းသူကျောင်းသားတွေ တောင်းဆို ထားတဲ့ အချက်တွေ မပါဝင်တာကြောင့် အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အစိုးရသစ်နဲ့ ညိနှိုင်းဆောင်ရွက်သွားဖို့အပြင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သဘောတူညီခဲ့တဲ့ ၄ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို ဆက်လက်အကောင်အထည် ဖော်ပေးဖို့အတွက်လည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မနေ့ ဧပြီလ (၈) ရက်နေ့မှာ အကျဉ်းထောင်တချို့က နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ သာယာဝတီ အကျဉ်းထာင်မှာ ပညာရေး ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်းရံသူအားလုံးကို သာယာဝတီတရားရုံးက အမှုပိတ်ပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
RFA

မနေ့က ကျွန်တော်တို့ လေးစား ချစ်ခင်ကြရတဲ့ ညီအစ်ကို မောင်နှမတွေ အပါအ၀င် အညွှန့် တလူလူနဲ့ ကျောင်းသား လူငယ်တွေ လွတ်တော့ ဖော်မပြနိုင်အောင် ပျော်ရွှင် ကြည်နူးရတယ်။

တချိန်တည်းမှာပဲ တက်လာတဲ့ သတင်းတွေ ဓါတ်ပုံတွေ ကြည့်ရင်း စိတ်မသက်မသာ ခံစားရတယ်။

၁။ မလိုအပ်ဘဲ တရားရုံး ပရ၀ဏ်ထဲ အလံတွေ ထောင်ထားတာ။

ဒီနေရာဌာနတွေဟာ အရင်တုန်းက ဘယ်လိုပဲ ပျက်ခဲ့ ပျက်ခဲ့၊ ပျက်အောင် လုပ်သူတွေရဲ့ သမိုင်း။ ကျွန်တော်တို့တွေက ဒီလို ပျက်ယွင်းမှုတွေကို မလိုချင်လို့ တိုက်နေကြသူတွေမို့ ကိုယ်တိုင်က စံပြကောင်း မဟုတ်သည့်တိုင် လိုက်နာသင့် ရိုသေသင့်တဲ့ စည်းကမ်း စိတ်ဓါတ် ရှိသင့်တယ်။

အခုလို မလိုအပ်ဘဲ အလံတွေ ထောင်တာ ဘယ်လို ရှုထောင့်ကမှ မတင့်တယ်တာမို့ ဆင်ခြင်သင့်ပါတယ်။

တချိန်မှာ တိုင်းပြည်ကို ဦးဆောင်ကြမယ့် လူငယ်တွေ အနေနဲ့ စိတ်ဓါတ် စည်းကမ်း ရင့်ကျက်မှု ရှိသင့်တယ်လို့ ယူဆပါတယ်။

၂။ လွတ်လာမယ့်သူတွေကို စောင့်ရတာ စိတ်မရှည်လို့ ထောင်ရှေ့မှာ ဆန္ဒပြကြတာ။

ဘယ်သူတွေ ဦးဆောင်ပြကြသလဲဆိုတာ မသိပေမယ့် ဒီကိစ္စဟာ ဆန္ဒပြခြင်းနဲ့ ဘာလိုမှ မသက်ဆိုင်ပါ။ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်ပါ။ တွေ့နေကျ ရောင်တော်ပြန် ဆန္ဒပြသူ မျက်နှာတချို့တော့ တွေ့ရတယ်။

ဘယ်အတိုင်းအတာ ဘယ်လောက်ကြာကြာ ဆန္ဒပြသလဲ မသိရသလို ဒီလို ဆန္ဒပြတာကို ဝိုင်းဝန်း ဖျောင်းဖျ တားဆီးကြတဲ့ သူတွေ ရှိ မရှိကို သတင်းအနေနဲ့ မတွေ့ရလို့ မသိပါ။

၃။ အလံတွေ ကိုင်ဆောင်ပြီး ဘုရားကို ချီတက်ကြတာ။

အချုပ်အနှောင်က လွတ်မြောက်လို့ ဘုရားကို သွားရောက် ဖူးမြော် ကန့်တော့တာ ဘာမှ ပြောစရာ မရှိဘူး။

ဒါပေမယ့် ခုလို တိုင်းပြည်အတွက် အစစ အရာရာ သတိထား ဆောင်ရွက်နေရတဲ့ အချိန်ကာလမှာ အလံ တလူလူနဲ့ စစ်ကြောင်းတွေ ချီတက်လာသလို ပြုမှုတာဟာ မလိုလားအပ်တဲ့ ပြဿ. နာတွေကို ဖိတ်ခေါ်နေသလို စိတ်အလိုလိုက်တဲ့ လုပ်ရပ်လို့ပဲ ယူဆပါတယ်။

အချုပ်ဆိုရရင် နောင်တချိန် တိုင်းပြည်တာဝန် ထမ်းဆောင်ကြရမယ့် ကျောင်းသား လူငယ်တွေ အနေနဲ့ မိမိတို့ရဲ့ ပြုမှုဆောင်ရွက်ချက်တွေကို အသိ ဆင်ခြင်ဥာဏ်နဲ့ ချင့်ချိန်ကြပါလို့ အကြံပြုပါရစေ။

စိုးထွန်း

အမည်ခံသူရဲကောင်းတွေဟာဥတုသုံးပါးမခံဘူး။

အကျဉ်းထောင်ဆိုတာအပန်းဖြေစခန်းမဟုတ်တာကြောင့်
ကောင်းကောင်းကြီးကိုယ်ချင်းစာတတ်လို့၊

မောင်တို့ကိုလေးစားရင်းစွဲစိတ်ကြောင့်
ပြောမထွက်လို့၊
မပြောရက်လို့ကိုယ့်လူတို့ရေ။

လွတ်လာတာတစ်ရက်မပြည့်သေးဘူး၊
ပြောပေါက်ဆိုပေါက်တွေက
လေနဲ့ဝမ်းမကွဲချင်တော့ဘူး။

ငါဟဲ့သခင်အောင်ဆန်းဆိုတဲ့ ဘဝင်စိတ်အခံနဲ့
ဂဠုန်ဦးစောအချိုးမချိုးကြလေနဲ့။

မောင်တို့ဖာသာသပိတ်လှန်ချင်လှန်
မလှန်ချင်လည်းဆက်မှောက်ကြ။

ပြည်သူလူထုထောက်ခံတဲ့အစိုးရကို
ကတ်ဖဲ့တိုက်မယ်ဆိုရင်၊လူထုကိုပါ၊
ရန်လိုရာကျတယ်ဆိုတဲ့
သုံးချက်တွက်နည်းလောက်တော့
ပိုင်ပိုင်နိုင်နိုင်နားလည်သင့်တယ်။

တတိုင်းပြည်လုံးမီးဟုန်းဟုန်းတောက်လောင်နေတာကို
တစ်ရပ်ကွက်တည်းကွက်ပြီး ရေမပက်ကောင်းလားဆိုပြီး
ရန်စွယ်နဲ့ငေါငေါဖြစ်နေတာကတော့
အတော့်ကို အကျည်းတန်လှတယ်။

ဗီဒီယိုဇာတ်ကားတွေထဲက
သီဟတင်စိုးလေသံတွေကိုဖျောက်တော့။

ငါ့မြင်းငါစိုင်းပြီး ဇွတ်တရွတ်
တစင်ထောင်ချင်တဲ့စိတ်ဓာတ်တွေကိုပြင်တော့။

မပြင်နိုင်မဖျောက်နိုင်လို့ကတော့
ဒီနေ့သူရဲကောင်းနက်ဖန်တိုင်းပြည်သစ္စာဖောက်
ဖြစ်သွားမှာပဲ။

သူရဲကောင်းစစ်စစ်ဆိုတာနတ်သမီးမီးခြစ်လို
ဥတုသုံးပါးခံရတယ်ကွဲ့။

မင်း ဒင်
,,,,,,,,,,,,,,,,,,,,,
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ အစိုးရအသစ် ဖြစ်သွားတာ (၁၀) ရက် မပြည့်သေးဘူး..

ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်..

တွေ့အပြီးမှာ ကနေဒါနိုင်ငံက မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍတွေအတွက် ဒေါ်လာ (၈)ဘီလျံ ကူမယ်လို့ ပြောတယ်.. မနေ့ကကျ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃.၅ မီလျှံ ကူမယ်လို့ အတည်ပြုတယ်..

ပြီးတော့ ၁၉၈၀လောက်တည်းက မပေးဘဲ ရပ်ထားလိုက်တဲ့ ကနေဒါနိုင်ငံက ပေးတဲ့ ပညာသင်ဆုလည်း ပြန်ပေးမယ်လို့ ပြောတယ်..

အဲဒါအပြင် သူငယ်တန်းကလေးတွေ အရင်လို စာမေးပွဲဖြေဖို့ မလိုတဲ့အကြောင်းတွေနဲ့.. သင်ရိုးညွှန်းတမ်းကအစ ကလေးတွေကို ဆွဲဆောင်မှုရှိတဲ့ ကာတွန်းရုပ်လေးတွေနဲ့.. ဖတ်စာအုပ်တွေ ပြောင်းတယ်..

ဦးသိန်းစိန် အုပ်ချုပ်တုန်းက ထောင်ထဲ ထည့်ပစ်ခံရတဲ့ သပိတ်မှောက်ကျောင်းသားတွေ အများစု ပြန်လွတ်ကုန်တယ်.. ကာချုပ်အမိန့် မလိုဘူးနော်.. သူမရဲ့ လုပ်ပိုင်ခွင့်ထဲက ဥပဒေဘောင်ထဲကနေ လုပ်ပေးသွားတာ..

ဒါတွေ အားလုံး ၁၀ရက်အတွင်းမှာ ဖြစ်သွားတာ.. နောက်ထပ်လည်း ပညာသင်ဆုတွေ အလုံးအရင်းလိုက် ဝင်လာဦးမှာ..

အထူးသဖြင့် DASSK က နိုဘယ်လ်ဆုအတွက် ရထားတဲ့ ပိုက်ဆံတွေကိုတောင် သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ scholarship တွေ ပေးပစ်တဲ့ ပညာရေးကို အားပေးလွန်းသူမှန်း သိလို့ နိုင်ငံတကာက ပညာသင်ဆုတွေ ဝိုင်းပေးဦးမှာ..

ကိုယ့်ဘက်က ပြင်ထားဖို့ပဲ လိုတယ်.. IELTS အမှတ်တွေ ကောင်းရမယ်.. လက်ရှိတက်နေတဲ့ကျောင်းမှာ အမှတ်တွေ ကောင်းရမယ်.. ကျောင်းဝင်ခွင့်က အဲဒါတွေနဲ့ ဆုံးဖြတ်တာကိုး.. ပြီးတော့ တကယ်လည်း အင်္ဂလိပ်လိုတတ်ရမယ်.. နောက်ထပ်ဘာသာစကားတစ်ခုလောက် ထပ်တတ်အောင်လုပ်ထားပြီး ဝမ်းစာဖြည့်ထားနိုင်ရင် ပိုတောင်ကောင်းသေး..

အဲဒါအပြင် ကျောင်းလျှောက်တဲ့အခါ အင်တာဗျူးတွေအတွက် ကြိုလေ့ကျင့်ထားမယ်.. Presentation Skill တွေ ဖြည့်ထားမယ်.. စာများများဖတ်ထားမယ်ဆိုရင် အခုနေခါ ၁၀တန်းဖြေထားတဲ့ ကလေးတွေ၊ ကျောင်းပြီးခါစ ဘွဲ့ရတွေလောက် ပညာရေးကံတက်နေတာ မရှိ..

ဒီတော့ မြန်မာပြည်ပညာရေးစနစ်က တဖြေးဖြေး ပြောင်းလာမယ်လို့ မျှော်လင့်ရတာပဲ.. ပညာတတ်အစစ်ဟာ ပညာရေးကို ဘယ်တော့မှ ပစ်မထားဘူး မဟုတ်လား.. အချိန်အတိုင်းတာ တစ်ခုအတွင်း ဒါတွေ ဖြစ်လာမယ်လို့ ယုံကြည်ပြီးသား..

အဲဒါကိုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုနဲ့လည်း အကျဉ်းထောင်က လွတ်လာသေးတယ်.. ပညာရေးသပိတ်ကြီးဟာ မပြီးသေးဘူး.. ဆက်တော်လှန်ရဦးမယ်ဆိုရင်တော့လည်း ရူးလွန်းအားကြီးလို့ပဲ မှတ်တယ်..

ခုချိန်ထိ တော်လှန်ရမယ်.. တော်လှန်ရမယ်ဆိုလည်း လုပ်ကြည့်လိုက်လေ.. ထမင်းတစ်ဆုတ် ဟင်းတစ်လုတ် ပေးဖို့နေနေသာသာ မေတ္တာတောင် ဝိုင်းတုံးဦးမယ်.. သီဟတင်စိုးတောင် တွက်ချေမကိုက်လို့ တော်လှန်ရေးကားတွေ မရိုက်တာ ကြာပေါ့..

ပြောနေတာက DASSK စီစဉ်သမျှ ဘာမှ အထွန့်မတက်ရဘဲ လက်ညှိုးထောင် ခေါင်းငြိမ့်လုပ်ရမယ် ပြောနေတာ မဟုတ်ဘူး.. အချိန်ပေးရမယ်.. အချိန်..

အိမ်အသစ်ဆောက်တာတောင် အချိန်ယူရသေးရင် သောက်ကျိုးနည်း အိမ်အဟောင်းအစုတ်ကြီး ဖြိုချပြီး ပြန်ဆောက်ဖို့ အချိန်ပိုလိုတာလည်း သိသင့်တယ်..အချိန်အခါလေးတော့ ကြည့်ကြပါဦးဟရို့.
Poe Phyu Thant


သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့  ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)
သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့ ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)

ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် လွတ်မြောက်လာ တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဘက်က တင်ပြတောင်းဆိုထားတဲ့အချက်တွေကို NLD အစိုးရက လိုက်လျောနိုင်ဖွယ်ရှိတယ်လို့ ပညာရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ ပညာရေး ဥပဒေပြင်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲမှု တချို့ရှိခဲ့တဲ့အပေါ် အနာဂတ် နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှု အလားအလာ ဘယ်လိုရှိနိုင်မလဲ။ မအင်ကြင်းနိုင်ကပြောပြမှာပါ။

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရှိခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှု တချို့ ရှိခဲ့တဲ့အပေါ် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ဘယ်လို အလားအလာရှိနိုင်မလဲ ဆိုတာ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် NNER က ကိုသွင်လင်းအောင် ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

" လွှတ်လိုက်တဲ့ အခြေအနေကို ကြည့်ရင်တော့ အခက်အခဲတွေ ရှိပါ့မလားပေါ့နော်။ ပိုပြီးတော့များ လွယ်ကူသွားမလားလို့ ထင်ရတဲ့ အခြေအနေမျိုးလေးတွေ တွေ့ လာရတယ်။ ဒီနေ့ လွှတ်လိုက်တဲ့အထဲ ၄၉၄ နဲ့ လွှတ်လိုက်တယ် ဆိုတာက ကျနော်တို့အမြင်ကတော့ တော်တော်ကောင်းတယ်။ စွပ်စွဲထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးတယ် ဆိုတဲ့အတွက် အဲ့ဒီ့ကျောင်းသားတွေ လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အပြစ်မရှိပါဘူးဆိုတဲ့ အဓိပါယ်မျိုး သက်ရောက်ပြီးတော့ အဲ့လိုမျိုးနဲ့ လွှတ်လိုက်တာပေါ့နော်။ NLD အစိုးရက ကျောင်းသားတွေအပေါ်မှာ အဲ့လိုသဘောထားခဲ့တဲ့အတွက် ပထမတုန်းက ကွဲလွဲခဲ့တာကနေ နောက်ပိုင်း မှာတော့ နည်းနည်းလေး လျော့နည်းပြီးတော့ ပိုလွယ်ကူလာနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်မျိုးလေးတွေတော့ အဲ့တာမျိုးလေးတွေတော့ တွေ့ရတယ်။"

အရင်ကဖြစ်ခဲ့တဲ့ အခြေအနေတွေကိုကြည့်ရင် ဦးသိန်းစိန်အစိုးရရဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြဿနာတွေဖြစ်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

" ကျနော့်အမြင်ကတော့ လိုက်လျောပေးနိုင်လိမ့်မယ်ဗျ။ ကျနော်တို့အားလုံး အာရုံစိုက် သွားရမှာက NLD ဘက်က မပေးတာလည်း မဟုတ်ဘူး။ ကျောင်းသားတွေဘက်က အတင်းလိုချင်တာလည်း မဟုတ်ဘူး။ အဓိက ကျနော်တို့ နိုင်ငံရဲ့ ပညာရေးကိုပဲ အာရုံစိုက်ပြီး စဉ်းစားမယ်ဆိုရင် ပေးနိုင်တာတွေ မပေးနိုင်တာတွေ ဆိုတဲ့ ပြသနာက ပေါ်လာမယ်လို့ မထင်ဘူး။ NLD က မပေးဘူးလို့ တင်းခံနေတယ်လို့ ကျနော်ကတော့ မထင်ဘူးခင်ဗျ။ NLD နဲ့လည်း မဆိုင်ခဲ့ဘူးလေ ဦးသိန်းစိန်အစိုးရနဲ့ပဲ ဒီပြသနာတွေ တက်ခဲ့တာ။ "

အခုလွတ်မြောက်လာတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကတော့ သူတို့တောင်းဆိုချက်တွေ အတိုင်း ပညာရေးဥပဒေပြင်ဆင်ရေးကို ဆက်လက် လှုပ်ရှားသွားမှာဖြစ်တယ်လို့ မနေ့က အကျဉ်းထောင်တွေကနေလွတ်မြောက်လာပြီး သတင်းမီဒီယာတွေကိုပြောကြားခဲ့တာပါ။

ဒါကြောင့် သူတို့တောင်းဆိုတဲ့ အဓိက (၄)ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ချင်း ကွဲလွဲမှုတချို့ ပါဝင်နေတဲ့ အတွက် နှစ်ဘက်ဆွေးနွေးမှုတွေမှာ အခက်အခဲ အနည်းအကျဉ်းတော့ရှိနိုင်တယ်လို့ ကိုသွင်လင်းအောင်ကဆိုပါတယ်။

"ကျောင်းသားတွေကတော့ သပိတ် ဆက်ပြီးတော့ မှောက်မယ်။ သူတို့ရဲ့တောင်းဆိုချက် (၁၁) ချက်ကို ဆက်တောင်းမယ် ဆိုတဲ့ သဘောထား မျိုးတော့ ပြောတာကို တွေ့ရတယ်။ NLD အနေနဲ့ကတော့ ပထမပိုင်း NLD နဲ့ ထိစပ်ခဲ့တဲ့ အတိုင်းအတာတွေကို အကြမ်းဖျင်းအားဖြင့်ဆို ကွဲလွဲချက်က ၃၊ ၄ ခုလောက် ကျနော်တို့ တွေ့ရတယ်။ တခုကတော့ အခမဲ့ ပညာရေးစနစ် မှာလည်း ကျောင်းသားတွေက အလယ်တန်းအထိ ပေးစေချင်တယ်။ NLD က မူလတန်းအထိပဲ ဖြစ်နိုင်မယ်လို့ ယုံကြည်တယ် နောက်တခုက ဘတ်ဂျက် ကို တောင်းတဲ့ကိစ္စမှာ NLD က လက်တွေ့မကျဘူးလို့ ဖြေတယ်။ တိုင်းရင်းသား ဘာသာ စကားသင်ကြား တာကလည်း ကျောင်းသားတွေ တောင်း တာက သိပ်ပြီးတော့ လက်တွေ့မကျဘူးဆိုပြီး မြင်တာလေးတွေ ရှိတယ်။ နောက်ပြီးတော့ အဓိက ကတော့ သမဂ္ဂနဲ့ပတ်သက်တဲ့ သမဂ္ဂဆိုတဲ့ စကားလုံး အသုံးအနှုံးပေါ့။ အဲ့ဒီ့လေးခု ကွဲလွဲခဲ့တာ ရှိတဲ့အခါကျတော့ ဆက်ပြီးတော့ တောင်းဆိုတဲ့ အခါ ကျလို့ ရှိရင် နည်းနည်းလေးတော့ အဖုအထစ်လေးတော့ ရှိနိုင်တယ်။"

အင်ကြင်းနိုင်။ ။ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးကို ခန့်အပ်တဲ့ကိစ္စမှာ ဒီပညာရေး ဌာနထဲမှာလည်း မကြေလည်ကြဘူး နောက် အခုဆိုရင် ကျောင်းသားတွေဘက် ကလည်း မကြိုက်ဘူးဆိုတဲ့အခါကျတော့ ဒီအပိုင်းမှာရော အခက်အခဲတွေ ရှိလာနိုင်မလားရှင့်။

"ဦးမျိုးသိမ်းကြီးနဲ့ပတ်သက်လို့ ၂၀၁၅ရဲ့ ဟိုးဘက်ကို ပြန်ကြည့်ရင် တော်တော်လေး ကို အဖုအထစ်ဖြစ်ခဲ့တယ်။ သူက နေပြည်တော်ကို ဖိတ်ပါတယ်လို့ သူကိုယ်တိုင် ပြောတဲ့အတွက် ဒီကကျောင်းသားတွေရော အဲ့ဒီ့အချိန်က ပညာရေးနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက လုပ်နေတဲ့ NNER ရဲ့ အဖွဲ့ဝင်တွေ နေပြည်တော်ကို သွားကြတယ်။ တချို့ဆိုရင် လမ်းမှာပဲရှိသေးတယ်။ တချို့ဆိုရင် နေပြည်တော် ကို ရောက်ပြီးသွားတော့ သူ မဖိတ်ပါဘူးဆိုတဲ့ ပုံစံမျိုးကြီး ပြန်လုပ်လိုက်တော့ အဲ့ကိစ္စက ကျောင်းသားတွေထဲမှာရော ဆရာတွေထဲမှာရော တော်တော်လေးကို အခဲမကျေစရာ တခုဖြစ်သွားတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ၂၀၁၅ ဒီဘက်မှာတော့ NLD အစိုးရအောက်မှာ သူ ဝန်ကြီးဖြစ်သွားတယ်။ သူ့ကို ထိန်းချုပ်မယ့် အစိုးရကတော့ ပြောင်းသွားတယ်။ အဲ့အစိုးရကလည်း ခုနကပြောတဲ့ ကျောင်းသားတွေကို ဒီနေ့ လွှတ်ပေးတဲ့ပုံကတော့ သဘောထားလေး ကတော့ နည်းနည်းလေး ကောင်းလာတာကို တွေ့ရတာမျိုးတွေ ရှိတယ်ဆိုတော့ အဲ့လိုဟာလေးတွေဆိုရင်တော့ ပိုပြီးများ ပြောလို့ဆိုလို့ အဆင်ပြေသွားမလား ဆိုပြီး ကျနော်တို့က မျှော်လင့်လို့ရတယ်။ "

သာယာဝတီထောင်နဲ့ အင်းစိန်ထောင် တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပညာရေး ဥပဒေ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတဲ့ ကျောင်းသားတွေကို မနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ထုတ်ပြန်ကြေညာချက်ကြောင့် လွတ်မြောက် လာတာကို ပညာရေးအသိုင်းအဝိုင်း တခုလုံးကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

အင်ကြင်းနိုင် /VOA
http://burmese.voanews.com/content/between-students-activisits-and-nld-gov/3277475.html


မုံရွာ ဧပြီ ၈

''ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်နဲ့ ကြေညာချက်အမှတ် (၁/၂ဝ၁၆)ကို ထုတ်ပြန်တဲ့ ဧပြီ ၇ ရက်ရဲ့ နောက်ရက် ဧပြီ ၈ ရက်မှာ မုံရွာမြို့က ကျောင်းဆရာ(အငြိမ်းစား)ဦးသန်းအေးကို ပုဒ်မ ၁၈/၅ဝ၅(ခ) စတဲ့ ပုဒ်မများနဲ့ ထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိုးနှက်လိုက်တဲ့ လုပ်ဆောင်ချက်လို့ပဲမြင်ပါတယ်'' ဟု မုံရွာမြို့နေ စာရေးဆရာကြီးဦးအံ့မောင်က ဧပြီ ၈ ရက်တွင် ဆရာကြီး ဦးသန်းအေးမုံရွာအကျဉ်းထောင်ကြီးချုပ်အတွင်း အထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ပြောပြသည်။

ဆရာကြီးဦးသန်းအေး၏ အိမ်ကို ဧပြီ ၈ ရက်က ဝရမ်းလာကပ်ရာ ဧပြီ ၈ ရက်တွင် လွန်ခဲ့သည့် ခြောက်လ က ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန်ဆီမီးထွန်း ဆုတောင်းမှုဖြင့် တရားစွဲဆိုထားမှုကိုရင်ဆိုင်ရန် အသွားတွင် ထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဦးသန်းအေး၏ဇနီးဒေါ်ခင်တင့်(ခ)ဒေါ်ရှမ်းမထံမှ သိရသည်။

''နိုင်ငံရေးကျောင်းသားတွေ လွတ်မြောက်ဖို့လွန်ခဲ့တဲ့ သီတင်းကျွတ်က မီးထွန်းဆုတောင်းတာရှိတယ်။ ကျွန်မတို့ အနေနဲ့ကတော့ သူက ရဲရဲတင်းတင်းသွားပြီး အမှုရင်ဆိုင် တာဘာပြောသာမှာလဲ။ ကျွန်မတို့ကတော့ သူအသက် ကြီးပြီဆိုတော့ အချုပ်ထဲမှာမထားချင်ပါဘူး။ ဟိုတုန်းကတော့ သူတို့နှိပ်စက်တဲ့ဒဏ်ခံခဲ့ရတယ်။ အခုတော့ ကျွန်မစိတ်ထဲမှာ အဲဒီလိုဟုတ်မယ်မထင်ပါဘူး။ အမှုတွဲတစ်ခုတည်း မှာပါတဲ့ ခြောက်ယောက်စလုံးကိုတော့ အဖမ်းမခံစေချင်ဘူး''ဟု ဒေါ်ခင်တင့်က သူ၏သဘောထားကို ပြောပြသည်။

ဆရာဦးသန်းအေးသည် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်စဉ်က ကျောင်းသား ကျောင်းသူများ အမှားပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြပ်မတ်ဆောင်ရွက် ပေးခဲ့သူဖြစ်ကြောင်း ဆရာကြီးဦးအံ့မောင်က ပြောပြသည်။

''အခုအချိန်မှာ နိုင်ငံရေးဖမ်းဆီးအရေးယူမှုတွေ လုံးဝရပ်နားပြီးတော့ သတိကြီးစွာနဲ့ကိုင်တွယ်ရမယ့် အချိန်ဖြစ်တဲ့ဒီရက်မှာပဲ နိုင်ငံရေးအရ ဖမ်းဆီးမှုတွေလုပ်တာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထိပါးလိုက်တယ်လို့ ယူဆပါတယ်။ ဒီအချိန်မှာအကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရမယ့် အချိန်မှာ ရုံးတင် စစ်ဆေးရမယ့်အမှုတွေကို ရုပ်သိမ်းပေးရမယ့်အချိန်ပါ။ ဒီအချိန်မှာ နိုင်ငံရေးအရဖမ်းဆီးတာကတော့ အချိန်ကာလနဲ့ဘယ်လိုမှ မသင့်တော်တဲ့အပြုအမူဖြစ် နေတယ်လို့ ယူဆပါတယ်''ဟု ဦးအံ့မောင်က ပြောပြသည်။

မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Amsterdam က မြောက်ကိုရီးယား စားသောက်ဆိုင်။
မြောက်ကိုရီးယားဟာ ကမ္ဘာတဝှမ်းမှာ စားသောက်ဆိုင် ကွန်ယက်ဖြန့် ထားပြီး နိုင်ငံခြားသားတွေဆီက အထူးသဖြင့် တောင်ကိုရီးယား နိုင်ငံသားတွေဆီက အချက်အလက်တွေကို ရယူဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားမှာ ဖွင့်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ခဲ့သူ တဦးက VOA ကိုပြောပါတယ်။

မြောက်ကိုရီးယားက ကမ္ဘာတဝှမ်းမှာ စားသောက်ဆိုင်ပေါင်း ၁၃၀ လောက် ဖွင့်ထားတာ ဖြစ်ပြီး အများအားဖြင့် တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ဝန်ထမ်းတွေ ခန့်ထားတဲ့ သူတို့ဆိုင်တွေ မှာ မြောက်ကိုရီးယား ဟင်းလျာတွေ ရောင်းချတာပါ။ ဒီလိုလုပ်ဆောင်တာဟာ မြောက်ကိုရီးယားရဲ့ ညင်သာတဲ့ နည်းလမ်းတွေထဲက တခုလို့ အများက မြင်ကြပေမယ့် ဒီဆိုင်တွေကနေ တခြားလုပ်ငန်းတွေ ကိုပါ လုပ်နေနိုင်တယ် လို့လည်း သံသယရှိကြတာပါ။

တချို့တောင်ကိုရီးယားနဲ့ အနောက်တိုင်း သတင်းဌာနတွေကတော့ မြောက်ကိုရီးယား အစိုးရဟာ ဒီစားသောက်ဆိုင်တွေကနေတဆင့် ငွေကြေးခဝါချတာလိုမျိုး တရားမဝင်လုပ်ငန်းတွေ လုပ်နေတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

မြောက်ကိုရီးယား အစိုးရရဲ့ ပြည်ပ စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ဘူးတဲ့ J လို့ပဲ နာမည် ဖေါ်ပြ ခွင့်ပေးသူကတော့ ဒီစားသောက်ဆိုင်တွေက စားပွဲထိုးတွေက စားသောက်ဆိုင် လာစားသူတွေဆီက အချက်အလက်တွေ စုဆောင်းပြီး မြောက်ကိုရီးယားကို ပြန်ပို့ပေးကြတယ်လို့ ပြောပါတယ်။

သူတို့ဟာ စားသောက်ဆိုင်လာသူ အထူးသဖြင့် တောင်ကိုရီးယားတွေ ဆီက ကိုယ်ရေး အချက်အလက်တွေကို သူတို့ အထက်လူကြီးဆီ ပို့ပေးကြရ သလို လွတ်လပ်မှု လည်း မရှိဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရ လုံခြုံရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ ကြီးကြပ်သူ တဦးကို စားပွဲထိုး ၁၀ ယောက်ကနေ အယောက် ၂၀ ကြား ကို စောင့်ကြည့် ကြီးကြပ်ရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယား စမ်းသပ်မှုနဲ့ ပဲ့ထိမ်းတပ် ဒုံးကျည် ပစ်လွှတ်မှုတွေ နောက်ပိုင်း တောင်ကိုရီးယား အစိုးရက မကြာသေးခင်ကပဲ ဒီစားသောက်ဆိုင်တွေကို မသွားဖို့ ပန်ကြားခဲ့တာမို့ ဒီဆိုင်တွေဟာ ငွေကြေးပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ သောကြာနေ့မှာတော့ ပြည်ပစားသောက်ဆိုင်တွေမှာ လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား ၁၃ ယောက်ဟာ တောင်ကိုရီးယားမှာ ခိုလှုံခွင့်တောင်းခဲ့တယ်လို့ တောင်ကိုရီးယားက ၂ နိုင်ငံ ပြ့န်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(လွတ်မြောက်လာတဲ့ ကျောင်းသူ ကျောင်းသားများကို သာယာဝတီတရားရုံးမှာ တွေ့ရစဉ်)

မနေ့ညက သာယာဝတီအကျဉ်းထောင်ကနေ နောက်ထပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ကျောင်းသူတွေ ဖြစ်တဲ့ ကိုနန္ဒစစ်အောင် ၊ မဖြိုးဖြိုးအောင် နဲ့ ကိုမင်းသွေးသစ်တို့ ၃ ဦးဟာ ည ၁၀ နာရီကျော်မှာ လွတ်မြောက်ခဲ့ပါတယ်။

အလားတူ ရန်ကုန် အင်းစိန်ထောင်ကနေ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီး ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ မနီလာသိန်း နဲ့မမီးမီး နဲ့ အလုပ်သမား လယ်သမားအရေးလှုပ်ရှားသူ မစုစုနွေး တို့လည်း လွတ်မြောက်ခဲ့ပါတယ်။

ဒါ့အပြင် အင်းစိန်ထောင်က ဗကသဥက္ကဌ ကိုကျော်ကိုကို ၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုနန်းလင်း ၊ ကိုဖိုးသား၊ ကိုပိုင်ရဲသူ ၊ ကိုပိုင်ဖြိုးမင်း ၊ ကိုမင်းသူကျော် ၊ ကိုဇေယျာလွင် တို့အပြင် အလုပ်သမားအရေး လှုပ်ရှားသူ ၄ ဦးလည်း လွတ်မြောက်ခဲ့ပါတယ်။

မနေ့က လွတ်မြောက်လာသူစုစုပေါင်းဟာ ၉၀ နီးပါးအထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတိုင်း အမြန်ဆုံး လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ တက်ကြွလှုပ်ရှားသူတွေ လွတ်မြောက်ဖို့ရာမှာ တရားရုံးချိန်း ရက်ချိန်းရှိတဲရက်မှာ ဥပဒေအရ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ နှစ်သစ်ကူး ရုံးပိတ်ရက်တွေအလွန်မှာ ဆက်လက် လွတ်မြောက်လာမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အခုလို လွတ်မြောက်လာတဲ့ ကျောင်းသူ ကျောင်းသားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း နဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆက်လက် လွတ်မြောက်လာမယ်လို့ မျှော်လင့်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးမယ်လို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

RFA

နန္ဒစစ်အောင်၊ ဖြိုးဖြိုးအောင် ၊ မင်းသွေးသစ် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်။
ပညာရေးဆိုင်ရာ စနစ် ပြုပြင်ပြောင်းလဲရေးတွေ အတွက် ပြန်လည် လွတ်မြောက် လာကြတဲ့ ကျောင်းသားတွေ အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး၊ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ် လို့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ဗွီအိုအေကို ပြောပါတယ်။ မဖြိုးဖြိုးအောင်ဟာ ဗွီအိုအေရဲ့ ညပိုင်း အသံလွှင့်နေချိန် အထိ သာယာဝတီထောင်ရှေ့မှာ လွှတ်မိန့်ကို စောင့်နေရဆဲပါ။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နဲ့ နန္ဒစစ်အောင်စတဲ့ ကျောင်းသားခေါင်းဆောင်တွေ သာယာဝတီအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်သွားပြီဖြစ်ပါတယ်။

သူတို့ မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။
မဖြိုးဖြိုးအောင်။ ။ "မြို့နယ်တွေကနေပြီးတော့ ဥပမာ ကျမဆိုလို့ရှိရင် ကျမကို တရားစွဲထားတာ (၁၀) မြို့နယ် (၁၀) ရုံး ရှိပါတယ်။ အဲဒီ (၁၀) မြို့နယ် (၁၀) ရုံးကနေပြီးတော့ အခုဆိုရင် သာယာဝတီ တရားရုံးကနေပြီးတော့ လွှတ် ဝရမ်းပေးလိုက်တယ်။ ဒါပေမယ့် ရန်ကုန်က (၉) ရုံးရဲ့ လွှတ်ဝရမ်းကိုစောင့်ရတာ။ အဲ့လိုအနေအထားမျိုးပါ။ (၉) ရုံး စုံအောင် စောင့်နေရတယ်ပေါ့။ ကိုနန္ဒစစ်အောင်ဆိုလည်း သူ့ရဲ့ တရားစွဲဆိုခံထားရတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်။ ကိုမင်းသွေးသစ်ဆိုလည်း အလားတူပါပဲ။ တရားစွဲဆိုထားတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်ပေါ့။ အဲ့တာကြောင့် လွှတ်ဝရမ်းတွေကို စောင့်နေဆဲပါပဲ။ နောက်တခုက ကျမတို့ သိထားသလောက်ကတော့ ဒီထောင်ကို လာပို့တာ မဟုတ်ပဲနဲ့ အင်းစိန်ထောင်ကို ပဲ လွှတ်ဝရမ်းတွေ အားလုံး အကုန်လုံးပို့ပြီးတော့ အင်းစိန်ထောင်က ထောင်အချင်းချင်း လှမ်းပြီးတော့ Fax နဲ့ပေါ့နော် လှမ်းပို့တဲ့ပုံစံမျိုး လုပ်မှာပေါ့။ အခုလောလောဆယ်တော့ မဝင်သေးဘူးလို့ ကြားပါတယ်ရှင့်။"

ကိုရန်နိုင်။ ။ ဒီနေ့တော့ အမိန့်ရလာမယ်လို့ မျှော်လင့်ရတာပေါ့။

မဖြိုးဖြိုးအောင်။ ။ ဟုတ်ကဲ့။ အခုအချိန်အထိကတော့ စောင့်နေဆဲ ကာလဖြစ်နေတာပေါ့။ ဒီနေ့ထဲမှာပဲ အမိန့်ရလာဖို့ မျှော်လင့်ကြတာပေါ့။

ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့ လွတ်သွားပြီဆိုရင် ဘာတွေ ဆက်လုပ်သွားဖို့ စဉ်းစားထားပါသလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ ဗကသများ အဖွဲ့ချုပ်ကတော့ မူလ လုပ်ငန်းစဉ်တွေ ရှိတယ်။ ဗကသရဲ့ မူ ငါးချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ မူငါးချက် အပေါ်မှာ အခြေခံတဲ့ ကျမတို့ရဲ့ လုပ်ငန်းစဉ်တွေက ဆက်ပြီးတော့ သွားမှာပါ။ အဲ့ဒီ့အထဲမှာမှ အရေးကြီးတဲ့ ကျမတို့သပိတ်လည်း ဆက်ပြီးရှိနေသေးတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ကျမတို့ လှုပ်ရှားမှုတွေကလည်း ရှိနေဦးမှာပဲ။

နောက်ဆုံးတချက်ကတော့ ကျမတို့ ကျောင်းသားထု ညီလာခံမှာ အရင်တနှစ်က ကျမတို့ ကျောင်းသားထု ညီလာခံကို ၂၀၁၅ မတ်လ မှာ နောက်ဆုံးထားပြီး မကျင်းပနိုင်ခဲ့ဘူး။ ကျမတို့ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ကျမတို့ သပိတ်မှောက်ခဲ့တယ်။ သပိတ်မှောက်လို့ အကျဉ်းထောင်ထဲရောက်ခဲ့တော့ ကျမတို့ ညီလာခံက မဖြစ်လာခဲ့ဘူးပေါ့နော်။ အဲ့တော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်မယ့် ကာလဖြစ်ပါလိမ့်မယ်။

ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့က အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ အခုလို တောင်းဆိုဆန္ဒပြခဲ့လို့ ဖမ်းဆီး ခံခဲ့ရတယ်။ အခုပြန်လွတ်မြောက်လာတဲ့ အချိန်မှာလည်း ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတော့ အခု အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ NNER နဲ့ NLD နဲ့လည်း ပညာရေးဥပဒေပြင်ဆင်ဖို့ ကိစ္စမှာ နည်းနည်းလေး ထိပ်တိုက်တွေ့ခဲ့တဲ့ အနေအထားလေး ရှိတော့ အခု မဖြိုးဖြိုးအောင်တို့ အခုဆက်လုပ်သွားမယ့် ဥစ္စာကရော ဘယ်လိုအနေအထားမျိုး ရှိနိုင်မလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ကတော့ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်း ကတောင် ဆွေးနွေးပွဲတွေ တောက်လျောက်တက်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ် တောက်လျောက် လုပ်ခဲ့ပါတယ်။ ကျမတို့ရဲ့ ဆန္ဒတွေ ကျမတို့ရဲ့ ဆွေးနွေးချက်တွေကို လုံးဝ လျစ်လျူရှု့ ထားတဲ့အခါကျတော့ ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပုံစံကို ရွေးပြီးတော့ ကျမတို့ ဆန္ဒပြပွဲတွေ ဖော်ဆောင်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ကတော့ ညှိနှိုင်းဆောင်ရွက်ဖို့ နည်းလမ်းကတော့ အမြဲတမ်း သုံးပါတယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ ၇၅% သော လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတဲ့ နေရာမှာလည်း ကျမတို့အနေနဲ့ ပိုပြီးတော့ ဒီမိုကရေစီ ပုံစံမျိုး ကျအောင် ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းကို ကျမတို့ကတော့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကစပြီး ကျမတို့က သွားမှာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ အစိုးရပြောင်းသွားပြီဆိုတော့ မဖြိုးဖြိုးအောင်တို့ရဲ့ တောင်းဆိုချက်တွေ လိုလားချက်တွေ ပြည့်ဝ လာလိမ့်မယ်လို့ မျှော်လင့်ထားလား။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ လက်ရှိပေါ့နော်။ အစိုးရသစ်ကတော့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် စပြီးတော့ လုပ်ဆောင်နေတာ တချို့ကို တွေ့နေရတယ်။ လက်ရှိအစိုးရကလည်း ကျမတို့နဲ့ ယုံကြည်မှုရှိတယ်။ ကျမတို့နဲ့ သိပ်ပြီးတော့ မကွဲပြားလှဘူးလို့ ကျမတို့တွေးတယ်။ တချို့ အခြေခံ အချက်အလက်တွေမှာတော့ ကျမတို့ သွားချင်တဲ့ ပုံစံတွေ ကွာဟချက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါကိုလည်း ကျမတို့ ညှိနှိုင်းဆွေးနွေးမယ် ဆိုလို့ရှိရင် ပြေလည်နိုင်လိမ့်မယ်လို့ ကျမတို့ကတော့ မျှော်လင့်ထားပါတယ်ရှင့်။ တကယ်သာ ပညာရှင်တွေ တိုင်ပင်ညှိနှိုင်းကြမယ်။ ကျမတို့ကလည်း ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြမယ် ဆိုလို့ရှိရင်တော့ အောင်မြင့်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။

ဖြိုးဖြိုးအောင် မင်းသွေးသစ်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံး မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်သွားပြီဖြစ်ပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တို့ကို ဧပြီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်အမျိုးသားပါတီ ANP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကို NLD ပါတီဖွဲ့စည်းတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တဲ့အတွက်  ANP ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပယ်လိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ အရေးပေါ်ပြုလုပ်ခဲ့တဲ့ ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းကနေ ဆုံးဖြတ်လိုက်တာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရမှာ ကျနော်တို့ပါတီက ရမ်းဗြဲမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ဟာ ကျနော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ဆက်သွယ်ခြင်း ညှိနှိုင်းခြင်း တင်ပြခြင်း ဆွေးနွေးခြင်း တစ်စုံတရာမရှိဘဲနဲ့ မိမိသဘောဆန္ဒအလျှောက် ပြည်နယ် အစိုးရဝန်ကြီးနေရာကို လက်ခံယူပြီးတော့ မနေ့ကပြည်နယ်လွှတ်တော်မှာ ကျမ်းကျိန်ဆို အတည်ဖြစ် သွားပြီဖြစ်တာကို ကျနော်တို့သိရပါတယ်၊ ဦးကျော်လွင် ကို ကျနော်တို့ပါတီအဆင့်ဆင့်က ရပ်စဲပြီးတော့ ပါတီဝင်အဖြစ်က ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်"

ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရကို သူတို့ ဦးဆောင်ဖွဲ့စည်းခွင့်မရရင် ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အစိုးရအဖွဲ့မှာ မပါဝင်ရဘူးလို့ စည်းကမ်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးအဖြစ် ဦးကျော်လွင် ကို ရွေးချယ်လက်ခံခဲ့ပါတယ်။

ဦးကျော်လွင်က သူဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန်အယ်လ်ဒီနဲ့ မူဝါဒတူတာကြောင့် လက်တွဲဆောင်ရွက်တာဖြစ်ကြောင်း သူ့ရဲ့မဲဆန္ဒနယ်ကလည်း အဲ့ဒီလို ပူးပေါင်းဆောင်ရွက်ဖို့ အများစု က ထောက်ခံထားကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ဝေဖန်မှုတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းညွှန်ချက်သစ်ထဲမှာ တိုက်တွန်းထား
ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အချစ်ရေး၊ လိင်ဆက်ဆံမှု၊ အိမ်ထောင်သားမွေးပြုမှုတွေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်သစ်တခုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က ထုတ်ပြန်လိုက်ပြီး ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုးမှာ ရှိနေသူတွေကို ဝေဖန်ပြစ်တင်တာမျိုးတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ခရစ်ယာန် ဘုန်းကြီးတွေကို ပုပ်ရဟန်းမင်းကြီးကပန်ကြားလိုက်ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ကျမ်းစာကို ပြင်ဆင် ပြောင်းလဲတာမျိုး မလုပ်ပဲ ဂိုဏ်းအုပ် ဘုန်းတော်ကြီးတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ခရစ်ယာန်ဘာသာကို သင်ကြား ပို့ချပေးခွင့် ပြုသင့်တယ်လို့ အဲဒီ လမ်းညွှန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလမ်းညွှန်ချက်သစ်အရ ကက်သလစ် ဘုန်းတော်ကြီးတွေအနေနဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုသူ တခုလပ်တွေကို ယေရှုခရစ်ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ် ပွဲတော်စာ စားခွင့်ပြုတာမျိုးတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကန်ဝန်ကြီးကယ်ရီနဲ့ အီရတ်ဝန်ကြီးချုပ် Haider al-Abadi တွေ့ဆုံ။ (ဧပြီ ၈၊ ၂၀၁၆)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီဟာ ကြိုတင်ကြေညာမထားဘဲ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ရောက်နေပြီး ဒါဟာဖြင့် ၂၀၁၄ ခုနှစ်ထဲကဆိုရင် သူ့ရဲ့ အီရတ်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဝန်ကြီးကယ်ရီဟာ ဘာရိန်းကနေ အီရတ်ကို ဒီကနေ့ ခရီးဆက်သွားတာဖြစ်ပြီး အီရတ်ဝန်ကြီးချုပ် Haider al-Abadi ၊ ကာ့ဒ် ဒေသဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးချုပ် Nechrivan Barzani တို့အပါအ၀င် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

အီရတ်အစိုးရအနေနဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအပြောင်းအလဲဆိုင်ရာ အရေးပါတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနေ တာနဲ့အမျှ အမေရိကန်ပြည်ထောင်စု ရဲ့ ခိုင်မာတဲ့ထောက်ခံမှုကို နိုင်ငံခြားရေးဝန်ကြီးက အထူးဖော်ပြပြောဆိုမယ်လို့ နိုင်ငံခြားရေး ဌာနပြောခွင့်ရ John Kirby ကပြောပါတယ်။

IS အစွန်းရောက်အဖွဲ့ကို အီရတ်နိုင်ငံက ဦးဆောင်ပြီး နှိမ်နင်းနေတာမှာ နိုင်ငံစုံ ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဆက်ပြီး ပံ့ပိုး ကူညီပေး သွားရေးကိစ္စကိုလည်း မစ္စတာကယ်ရီဆွေးနွေးမယ်လို့ ပြောခွင့်ရ Kirby ရဲ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ IS စစ်သွေးကြွတွေလက်ထဲကျသွားတဲ့ မြောက်ပိုင်းက Mosul မြို့ကိုပြန်ရဖို့ အီရတ်ဦးဆောင်တဲ့တပ်ဖွဲ့တွေ ထိုးစစ် ဆင်နေတဲ့အချိန်မှာပဲ ၀န်ကြီးကယ်ရီ သွားရောက်တာပါ။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲအတွက် အမေရိကန်က နောက်ထပ် အကူအညီတွေပေးဖို့ ရှိနိုင်ပါတယ်။ အီရတ်မှာ နောက်ထပ် စစ်ဘက် အခြေစိုက်စခန်းငယ်တခုဖွင့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

IS လက်နက်ကိုင်တွေ ပြန်ပေးဆွဲထားတဲ့ အလုပ်သမားတွေထဲက ရှီအာနဲ့ အားလွိုက် ဘာသာဝင်တွေ ကွပ်မျက်ခံခဲ့ရ
ဆီရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ ဘိလပ်မြေ စက်ရုံတခုကနေ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေ ပြန်ပေးဆွဲသွားတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၅၀ အခုအခါ အသတ်ခံလိုက်ရပြီလို့ သတင်းတွေအရ သိရပါတယ်။

အဲဒီ အလုပ်သမားတွေထဲက ဘာသာခြားတွေကို ခွဲထုတ်ပြီး ရှီအာနဲ့ အားလွိုက်တ်စ် တွေကို ကွပ်မျက် ခဲ့တယ်လို့ ပြန်ပေးဆွဲခံရသူ အလုပ်သမားတဦးရဲ့ ဆွေမျိုးတဦးက ဘီဘီစီကို ပြောပါတယ်။

ဆွန်နီမွတ်ဆလင် ၁၄၀ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ဓါးစာခံ တရာလောက်ကိုတော့ ဘတ်စ်ကားတွေနဲ့ IS တွေ ထိန်းချုပ်ရာ နေရာတွေကို ခေါ်သွားတယ်လို့ ယူဆရပါတယ်။

BBC Burmese
http://www.bbc.com/burmese

[youtube src="YlrZd8IjkjE"/]
ဇေယျာလွင်၊ ကျော်ကိုကို အပါအဝင် ကျောင်းသားခေါင်းဆောင်များ ဧပြီ ၈ရက် ည ၁၁နာရီက အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာစဉ်။ ည ၁၁နာရီတွင် အင်းစိန်ထောင်မှ ၁၂ ဦး လွတ်လာပြီဖြစ်သည်။ (ရိုက်ကူး- မျိုးသူရကိုကို)
Mizzima - News in Burmese

အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကျော်ကိုကို၊ လင်းထက်နိုင်၊ ဇေယျာလွင်၊ နန်းလင်း၊ ပိုင်ရဲသူ၊ ဖိုးသား၊ မင်းသုကျော်နှင့် ကိုဝင်းကျော့မှူးတို့ ယနေ့ ည ၁၀ နာရီ ၅၅ မိနစ်တွင် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

■ ဓာတ်ပုံ - ဇော်ညီ
Eleven Media Group

ပညာရေး ဥပဒေဆန္ဒပြသူ အများစုပါတဲ့ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးလှုပ်ရှားသူ ၉၀ ကျော် ဧပြီလ ၈ ရက်နေ့က ပြန်လွတ်လာပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး အတွက် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့အပြီး နောက်တစ်နေ့မှာ အခုလို လွတ်လာကြတာဖြစ် ပါတယ်။

ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ တက်ကြွ လှုပ်ရှားသူတွေလွတ်မြောက်ရေး အတွက်လည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဧပြီလ ၈ ရက်က ထပ်မဲ ထုတ်ပြန်တဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကြေညာချက်မှာ အခု ပြန်လွတ်မလာသေးသူတွေကို နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့ အချိန်မှာ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။

အခုလို လွှတ်ပေးလိုက်ပြီးပေမဲ့ နောင်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိလာနိုင်သေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP က ပြောပါတယ်။

ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဘဝ ရောက်ခဲ့ဖူးပြီး ဇနီးဖြစ်သူ မနီလာသိန်း ပြန်လွတ်လာမှာကို အင်းစိန် ထောင်ရှေ့မှာ သွားစောင့်မျှော် နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုဂျင်မီကတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိစေဖို့ နိုင်ငံရေး လွတ်လပ်စွာ လှုပ်ရှားခွင့်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရှိနေတဲ့ ကန့်သတ်ချက်တွေ၊ ဥပဒေနဲ့ နည်းဥပဒေတွေကို ပြင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဥပမာအားဖြင့် ပြည်သူတွေရဲ့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၁၈ နဲ့ အကြည်ညို ပျက်စေမှု ဆိုတဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့ ပုဒ်မ ၅၀၅ ခ လို ပုဒ်မ တွေကို ဖျက်သိမ်း သင့်တယ်လို့ သူက ပြောပါတယ်။

အဲဒါတွေကို ဖျက်နိုင် ပြင်နိုင်မှသာ နိုင်ငံရေးနဲ့ အကျဉ်းသား ဆိုတာကို ခွဲခြားလို့ ရမယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

တချိန်ကတော့ စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တောင်းဆိုတိုက်ပွဲဝင်သူတွေက နိုင်ငံရေး အကျဉ်းသားတွေဖြစ်ကြပေမဲ့ ဒီကနေ့ခေတ်မှာ လူတန်းစား၊ အစုအဖွဲ့နဲ့ အကျိုးစီးပွားတွေ မတူညီကြတော့တဲ့ အချိန်မှာ အစိုးရနဲ့ အမြင်မတူလို့ ဆန္ဒပြကြတာကို ဖမ်းဆီးမယ် ဆိုရင် သူတို့ကို ဘယ်လို သတ်မှတ်မယ် ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

အခုလက်ရှိ ဒီမိုကရေစီ အစိုးရနဲ့ ထိပ်တိုက်တွေ့လာသူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်လာမယ် ဆိုတာကိုလည်း ရှေ့မှာ အသေအချာ လေ့လာရလိမ့်မယ်လို့ ကိုဂျင်မီက ပြောပါတယ်။
<a href='https://www.facebook.com/bbcburmese/?fref=nf' class="button small red"> BBC Burmese</a>

ခုတစ်လော သတင်းစာတွေရဲ့ မျက်နှာဖုံးကို ကြည့်လိုက်ရင် အလွန် ကျက်သရေ ရှိလှသဗျ။ နိုင်ငံတကာနဲ့ ဆက်သွယ်ရေးတွေမှာ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေကို တို့သမ္မတကြီးကလည်း မော်ကြည့်နေစရာ မလိုတာတွေ့ရတယ်။

ဒီမနက်လည်းကြည့်ဗျာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကြားက ဘယ်စကားပြန်တွေမှ မခံဘဲ တိုက်ရိုက်တန်းတူ ဆက်ဆံပြောဆို နေတဲ့ကြတာ တွေ့လိုက်ရတော့ အနှစ်နှစ်အလလက မြင်ချင်တွေ့ချင်တဲ့ဆန္ဒ ခုမှပြည့်လိုက်ရလို့ ကျေနပ်မိသဗျ။

ခုတစ်လော နိုင်ငံတကာက ကြိုက်တဲ့သူတွေလာ သတင်းမီဒီယာတွေရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧည့်သည်တွေ တိုက်ရိုက် စကားပြောစင်မြင့်လေးတွေနဲ့ ပြောဆိုဆွေးနွေးနေကြတာကလည်း အစိုးရသစ်ရဲ့ခေတ် ထူးခြားတဲ့ မြင်ကွင်းတစ်ခုပဲ။

နောက်တစ်ခု မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ကိုင်ထုထားမှု တစ်ခုပါ။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဖြစ်လာပြီးပြီးချင်း “အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို ဒီလို လွှတ်ရပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်လိုက်တဲ့ ကြေညာချက်ပါပဲ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက်အမှတ် (၁/၂၀၁၆) နဲ့ကို ပထမဆုံး လုပ်ပိုင်ခွင့်ကို အသုံးချပြီး “ဒုန်း” ဆို ထုထည့်လိုက်တဲ့ နောက်တစ်ချက်ပေါ့။

ဟောဒီမှာ ကြည့်ထားကြကွယ့် အကျဉ်းသားဆိုပြီး မတရားဖမ်းဆီးနှိပ်စက်ထားတဲ့ နိုင်ငံသားတွေနဲ့ ကျောင်းသားတွေကို ဒီလို လွှတ်လို့ရတယ်ဆိုပြီးတော့ သူတို့ထုတ်ထားတဲ့ “ဖွဲ့စည်းပုံစာအုပ်အတိုင်း” ကို တစ်ချက်ချင်း ထောက်ပြထားတယ်။ ပြီးတော့ ဥပဒေအရလည်း ဒီလိုလုပ်လို့ရပါတယ်ကွယ်လို့ ပြောထားပြန်တယ်။

ဝမ်းသာလိုက်တာဗျာ။ ကျောင်းသားလေးတွေအပါအဝင် နိုင်ငံသူ နိုင်ငံသားတွေနဲ့ သူတို့နောက်က မိသားစုအားလုံး၊ ပြည်သူတွေအားလုံး ဒီလိုအချက်တွေနဲ့ စိတ်ချမ်းသာအောင် လုပ်ပေးလို့ ရပါတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြလိုက်တော့ အရမ်းစိတ်မကောင်းဖြစ်ရ ပြန်တယ်။

အရင် အစိုးရအကြောင်း မပြောတော့ပါဘူးလို့ စိတ်ကူးနေမှ ရင်နာစရာဖြစ်ခဲ့ရပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အချက်တွေကို ထောက်ပြီးတော့ သမ္မတ (ယခင်) က အားလုံး စိတ်ချမ်းသာရေး လုပ်ပေးနိုင်ပါလျက်နဲ့ လုပ်မပေးခဲ့ဘူးဆိုတာကိုက ဘယ်လောက်စေတနာတွေ နည်းခဲ့သလဲဆိုတာ ထင်ရှားနေတာပဲ။

ယခင် ပါးရိုက်မယ်ဆိုတဲ့ ဝန်ကြီးတစ်ပါး ပြောသွားတာ မှတ်မိသေးသလား။ “ဟေ့ ငါတို့ အစိုးရခေတ် နော် ပြဿနာလာမရှာနဲ့ သွား … ထောင်ထဲပဲ။ နောက်အစိုးရ တက်လာမှ လွှတ်ချင်လွှတ်” ဆိုတဲ့ တာဝန်မဲ့စကားကို ဒေါ်အောင်ဆန်းစုကြည် ကတော့ မိခင်ကြီးတစ်ယောက်ပမာ အားလုံး ရင်ခွင်ထဲ ဆွဲသွင်းပြီး အမေ့သားသမီးတွေကို အမေပစ်မထားပါဘူးကွာလို့ ပြလိုက်တဲ့သဘော ထားကတော့ လေးစားပြီးရင်း လေးစားလျက်ပါခင်ဗျာ။

၈.၄.၂၀၁၆
Tin nyunt

သာယာဝတီထောင်တွင် ဖမ်းဆီးထိန်သိမ်း ခံထားရကာ အမှုရင်ဆိုင်နေရသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော ဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နှင့် နန္ဒာစစ်အောင်တို့ တရားစွဲဆို ခံထားရသော အမှုများမှ လွှတ်ဝရမ်း ရရှိပြီဖြစ်၍ ယနေ့ (ဧပြီ ၈ ရက်) ည ၁၀ နာရီ ၂၀ မိနစ်တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်ပြီ ဖြစ်ကြောင်း မဖြိုးဖြိုးအောင်က အတည်ပြု ပြောကြားခဲ့ပါသည်။
Eleven Media Group

နေ့စွဲ ။ ။ ၂၀၁၆၊ ဧပြီ၊ ၈

• နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူ့ အစိုးရ၏ ဦးစားပေးလုပ်ငန်း ဖြစ်သည်နှင့်အညီ ယနေ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် နိုင်ငံရေးအကျဉ်းသားများ၊ အမှုရင်ဆိုင်ဆဲ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ပြန်လည်လွတ်မြောက်လာကြောင်း ကြားသိရသည့်အတွက် ကျွန်ုပ်တို့မှ ၀မ်းမြောက်ကြရပါ သည်။
• နောက်နေ့ရက်များတွင်လည်း ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ ဆက်လက်လွတ်မြောက် လာမည်ဟု ကျွန်ုပ်တို့က ယုံကြည်မျှော်လင့်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ကိုလည်း ဆက်လက်မျှော်လင့်လျက် ရှိပါသည်။
• ယနေ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အရပ်သားအစိုးရ အား အထူးကျေးဇူးတင်စွာဖြင့် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း ကျွန်ုပ်တို့မှ သ၀ဏ်လွှာပေးပို့ အပ်ပါသည်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )

[youtube src="8G6EFTk_F1w"/]
ပုဒ်မ ၁၈ နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ တရားစွဲဆိုခံထားရတဲ့ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးတို့ကို စွဲဆိုထားတဲ့ အမှုတွေကို ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက ရုတ်သိမ်းခဲ့ပြီး လွှတ်မိန့်ချပေးခဲ့ပါတယ်။

ဒါပေမယ့် ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေတို့ဟာ ထောင်ဒဏ် ငါးနှစ်ကျော် ကျခံနေရသူ ဖြစ်တာကြောင့် ဒီထောင်ဒဏ်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရ၊ မရ မသိနိုင်သေးတာ ဖြစ်ပါတယ်။
Eleven Media Group

နေပြည်တော် ဧပြီ ၈

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင် နေကြရ သူများနှင့် စပ်လျဉ်းသည့်အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးခဲ့သူများမှာ စုစုပေါင်း(၁၃၈)ဦးရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ၊
နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင် ဆိုင်နေကြရသော ကျောင်း သား ကျောင်းသူများ လွတ်မြောက်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ နည်းလမ်း (၃)သွယ်ဖြင့်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဧပြီ(၇)ရက်တွင် ကြေညာချက် အမှတ် (၁/၂၀၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက်ယခုကဲ့သို့ ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများ အတွင်းရှိ တရားရုံးများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၄)အရ ရုပ်သိမ်းသော အမှုမှ ယနေ့ည(၈)နာရီခွဲအချိန်အထိ လွှတ်ပေးခဲ့သူများမှာ အမျိုးသား(၁၁၁)ဦး၊ အမျိုးသမီး(၂၅)ဦးနှင့် ကလေး(၂)ဦး စုစုပေါင်း(၁၃၈)ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် သက်ဆိုင်ရာအ ကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံနေ ရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး အတွက်ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ မကြာ မီရောက်ရှိတော့မည့် နှစ်သစ်ကူး အခါသမယတွင် ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှုရင်ဆိုင်လျက်ရှိသောသူများနှင့် သက်ဆိုင်သည့်ပြစ်မှု များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ (၄၉၄)နှင့်အညီ အမှုရုပ်သိမ်းရေး အတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ဧပြီ(၈)ရက်နေ့အထိ အမှုစစ်ဆေးရန် တရားရုံးကချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း ယင်းနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်းမရှိသူများအတွက် အချိန် မီဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် နှစ်သစ်ကူးရုံးပိတ်ရက်ကုန်ဆုံးပြီးနောက် တရားရုံးများ ဖွင့်လှစ်သည့် အချိန်တွင် အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြေညာချက် အမှတ် (၂/၂၀၁၆)ဖြင့် ယနေ့ ထုတ်ပြန်ထားရှိသည်။

ထို့အပြင် သင်္ကြန်နှစ်သစ်ကူးချိန်ရောက်ရှိတိုင်း ခံစားခွင့်ပြုနေကြဖြစ်သည့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၏ နှစ်သစ်ကူးအထူးဆုမှတ်ရက် (ကြိုတင်လျှော့ရက်)များကို ခံစားရရှိကြသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၂၁၇၈)ဦးကိုလည်း ယနေ့တွင် အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
MOI Webportal Myanmar

အင်းစိန်အကျဉ်ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသောကြောင့် ပြည်သူများက ထောင်ရှေ့တွင် ယခုည၁၀နာရီအထိ စောင့်ဆိုင်းလျက်ရှိသည်။


၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်း ဧပြီ ၈ရက် ည ၉နာရီ ၄၀ခန့်ကလလွှတ်လာပါပြီ။ရိုက်ကူး - ယဉ်မွန်/မဇ္ဈိမ
Posted by Kyaw Soe Htut on Friday, April 8, 2016
မစုစုနွေး၊ မနီလာသိန်း၊ မမီးမီး၊ မစံပယ် တို့ အင်းစိန်အကျဉ်းထောင်မှ ည ၉နာရီ မိနစ် ၄၅တွင် လွတ်မြောက်ပြီ။ (ဓါတ်ပုံ မျိုးသူရကိုကို)
Mizzima - News in Burmese

အခုနှစ် မြန်မာသင်္ကြန်မှာ ကိုယ်တိုင်စပ်ဆိုထားတဲ့ မြန်မာဘာသာ သင်္ကြန်သီချင်းနဲ့ ဂျပန်အဆိုတော် မြန်မာနိုင်ငံမှာ လာရောက်သီဆို ဖျော်ဖြေမှာ ဖြစ်ပါတယ်။

၂၀၁၆ မြန်မာ့သင်္ကြန်ကာလတွေမှာ ဂျပန်နိုင်ငံက နာမည်ရ အဆိုတော် ဂျွန်ကို ဆုဝါဟာ ကိုယ်တိုင် ရေးစပ်ထားတဲ့ ပတ်လိုက်ပါလို့ အမည်ရတဲ့ မြန်မာ့သင်္ကြန် သီချင်းနဲ့ သီဆိုဖျော်ဖြေ မှာဖြစ်ပါတယ်။

လက်ရှိမှာ ဂျွန်ကို ဆုဝါဟာ မြန်မာနိုင်ငံရောက်ရှိနေပြိး ၁ လ နေထိုင်စဉ်အတွင်း မြန်မာ့ရိုးရာအနုပညာတွေကို ရနိုင်သလောက် လေ့လာသင်ယူသွားမယ်လို့လည်း ဒီဗွီဘီကို ပြောပြပါတယ်။

ဂျွန်ကိုဆုဝါဟာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ ပူးပေါင်းပါဝင်ဖျော်ဖြေနေသလို ၂၀၁၅ ခု မြန်မာသင်္ကြန်ကာလတွင်းမှာလည်း မြန်မာနိုင်ငံကို လာရောက်သီဆိုခဲ့ဖူးပါတယ်။

ဇော်ဇော်လှိုင်
DVB TV News


ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ လက်ပံတန်း၊ သာယာဝတီမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားအများစုကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သလိုပဲ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မကြာမီ ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ သမ္မတရဲ့အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား သီးသန့်ကိုသာ လွတ်ငြိမ်းခွင့်ပေးမှာကြောင့် စနစ်တကျ စီစစ်နေတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ အပါအ၀င် နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ အမှု ရင်ဆိုင်နေကြ တဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေး ကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ မနေ့က ကြေညာချက် တစောင် ထွက်ပေါ်ပြီးနောက်ပိုင်း ဒီကနေ့မှာပဲ ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီး တရား စီရင်ခံနေရတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီကနေ့ လွတ်မြောက်လာပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို မကြာမီ ရက်ပိုင်းအတွင်းမှာ လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ၀န်ကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

"ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဲ့တာတွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေ လုပ်နေတယ်။ စိစစ်ပြီးတာနဲ့ သမ္မတက လွှတ်မှာပေါ့နော်။ ပြီးတော့ ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေါ့နော်။ အဲ့တာလုပ်မယ်။ အဲ့တာလုပ်လို့ လွတ်ငြိမ်း သက်သာခွင့် ရတဲ့သူတွေကို အမြန်ဆုံးပေါ့နော် ဒီနေ့ မှီချင်မှ မှီမယ်။"

နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွ လုပ်ရှားသူတွေကိုသာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ စီစဉ်ထားပြီး စနစ်တကျ လေ့လာဆန်းစစ်မှုတွေ လုပ်နေတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

"သက်ဆိုင်ရာဌာနနဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်။ လုပ်နေတော့ အဓိက ဦးတည်ချက်က ဘာလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားပေါ့။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဖြစ်ရမယ်။ နောက်တချက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တဲ့ အတွက် သတ်မှတ်တဲ့သူပေါ့။ သတ်မှတ်တဲ့နိုင်ငံရေးအကျဉ်းသားကိုပဲ လွတ်အောင် လုပ်နေတဲ့အတွက် စီစဉ်မှုက နည်းနည်းလေး ကြာနေတယ်။ ကြန့်ကြာနေတယ်။ အရင်တုန်းက ပြစ်ဒဏ်တွေ အကုန်လုံး အကျဉ်းထောင်တွေ အားလုံးမှာ ရှိတဲ့အားလုံး အုတ်ရောရော ကျောက်ရောရော အဲ့လိုမဖြစ်စေချင်တဲ့ သဘောအရပေါ့နော်။ ဆိုလိုတာက သာမာန် ရာဇဝတ်မှု ပြစ်မှုတွေပေါ့နော် ပြစ်မှုကျခံနေရတဲ့သူတွေ မပါအောင် နိုင်ငံရေးအကျဉ်းသားသီးသန့်ပေါ့ အဲ့လိုမျိုး စိစစ်ပြီးတော့ လွတ်မြောက်ဖို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်ဖို့ လုပ်နေတယ်။"

ကိုထက်အောင်။ ။ နိုင်ငံရေး အကျဉ်းသား အဖြစ် ပြစ်ဒဏ် ကျခံနေရတဲ့သူတွေ ကို အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကပြောတာတော့ ၁၂၁ဦးရှိပါတယ်တဲ့။ ဆရာတို့က စိစစ်နေတဲ့အပိုင်းမှာရော လူ ဘယ်လောက်လောက်များ ရှိပါသလဲ။ လူဘယ်လောက်လောက်ကိုများ လွှတ်ပေးဖို့ စီစဉ်နေပါသလဲခင်ဗျ။ နိုင်ကျဉ်းတွေကိုပေါ့။

" နိုင်ကျဉ်းပေါ့နော်။ ဒီဘက်မှာတော့ အတိအကျတော့ မရသေးဘူး။ စိစစ်မှု တွေ လုပ်နေတယ်။ စိစစ်နေဆဲပဲ။ ဦးရေကတော့ တစ်ရာအောက်လား မသိဘူးခင်ဗျ။ လောလောဆယ်တော့ စိစစ်နေဆဲပဲ။ အဲ့လိုပဲ ပြောလို့ရတယ်။"

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြဌာန်း ထားတာကတော့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ သူတွေထဲမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ လယ်သမားတွေ အပါအ၀င် နိုင်ကျဉ်း ၁၂၁ ယောက်ရှိပြီး အားလုံး လွတ်မြောက်ဖို့ လိုအပ်တယ် လို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

" ကျနော်တို့ကတော့ ကျနော်တို့ပေးထားတဲ့ စာရင်းထဲက လူတွေက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီးတော့ အဖမ်းခံတဲ့သူတွေဆိုတာ သေချာတယ်။ ဆိုတော့ ဒီလူတွေ အကုန်လွတ်မြောက်လာဖို့ လိုအပ်ပါတယ်။ အဲ့ဒီ့အထဲမှာ တက်ကြွလှုပ်ရှားသူတွေ ပါမယ်။ သတင်းမီဒီယာသမားပါမယ်။ လယ်သမားရေး လှုပ်ရှားသူတွေ ပါမယ်။ အလုပ်သမားရေး ပါမယ်။ နောက် ရခိုင်ဒေသခံတွေ ပါမယ်။ ဥပမာ မနေ့တနေ့ကမှ ထောင်ချလိုက်တဲ့ ရခိုင်တပ်မတော်နဲ့ ဆက်စပ်ပတ်သတ်တယ် ဆိုပြီးတော့ ထောင်အချခံရသူ ၂၂ယောက်ရှိပါတယ်။ ဆိုတော့ ဒီလူတွေလည်း ပါဖို့လိုအပ်ပါတယ်။"

ကိုထက်အောင်။ ။ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြော တာက ပြစ်ဒဏ် ကျခံနေရတဲ့နိုင်ငံရေး အကျဉ်းသားကို သူတို့အနေနဲ့ စိစစ်နေတာက တစ်ရာအောက်ပဲ ရှိတယ်ပြောပါတယ်။ အဲ့ဒီ့အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။

" သူတို့က ဘယ်လိုပုံစံမျိုးတွေနဲ့ ရွေးချယ်သလဲဆိုတာ ကျနော်တို့ သေသေချာချာ မသိပါဘူး။ မသိတဲ့အခါကျတော့ ကျနော်တို့ ပြောရခက်ပါတယ်။ ကျနော်တို့က သေသေချာချာ အရင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ လက်ထက်ကတည်းကိုက ဒါကို စနစ်တကျနဲ့ ချိန်ပြီးတော့ လုပ်ထားတာပါ။"

ဒီကနေ့ လက်ပံတန်း သာယာဝတီမှာ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူ အများစုနဲ့ သူတို့နဲ့ အတူ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို အမှုကနေ ရုတ်သိမ်းပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ကြတဲ့ မဖြိုးဖြိုးအောင် ၊ ကိုနန္ဒစစ်အောင် ၊ ကိုမင်းသွေးသစ် ကိုကျော်ကိုကို နဲ့ ကိုလင်းထက်နိုင်တို့ကတော့ အမှုမပြတ်သေးတဲ့အတွက် လွတ်မြောက်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ယူနတီ ဂျာနယ် အယ်ဒီတာ နဲ့ သတင်းထောက် ၄ ယောက်အပါအ၀င် တခြား နိုင်ငံရေး တတ်ကြွ လုပ်ရှားသူတွေ လည်း လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် တက်လာပြီး သီတင်းပတ် တစ်ပတ်ကျော်အကြာမှာပဲ အမှုရင်ဆိုင်နေတဲ့ ကျောင်းသားကျောင်းသူတွေကို လွတ်မြောက်ပေး လိုက်ပြီး ပြစ်ဒဏ် ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သမ္မတ ဦးထင်ကျော်က စီစဉ်နေပါတယ်။

အခု လွှတ်ပေးလိုက်တဲ့ ကျောင်းသားတွေကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၄ အရ အမှု ရုပ်သိမ်းပြီး လွှတ်ပေးတာဖြစ်သလို၊ ပြစ်ဒဏ် ကျခံရပြီးသား နိုင်ငံရေး အကျဉ်းသားတွေ ကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မ ခွဲ (က)အရ သမ္မတရဲ့ လုပ်ပိုင်ခွင့် နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမှာဖြစ်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီအတွက် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ရဲ့ ထောက်ခံအတည်ပြုမှု ရယူစရာမလိုပါဘူး။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဗကသကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုနန္ဒစစ်အောင်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် နှင့် ဂျိမ်းစ် (ခ)ကိုလင်းထက်နိုင်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းသားများ အနေဖြင့် ယနေ့ည တွင် ရွှေတိဂုံဘုရားသို့ ဖူးမျှော်ကြမည်ဖြစ်ကြောင်းသိရပြီး လက်ရှိအချိန်တွင် ဥက္ကံမြို့တွင် ရောက်ရှိနေကြပြီး ပြန်လည် လွှတ်ပေး လိုက်သော ကျောင်းသားများအား စောင့်ကြို နေကြောင်း၊ ထိုမှ ရန်ကုန်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

ကနဦး သတင်းများအရ သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ၆၉ ဦး ကို တရားရှင်လွှတ်ပေး လိုက်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အချို့တွင် ပုဒ်မ၁၈၊ ၅၀၅(ခ)တို့ဖြင့် တရားဆွဲဆို ခံထားရသော အမှုများရှိနေသဖြင့် ဗကသကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုနန္ဒစစ်အောင်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်သုံးဦးအား သာယာဝတီထောင်မှ ပြန်လည်ခေါ်ယူထားကြောင်း ရေးသားဖော်ပြခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာရှိနေတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုသူ ကျောင်းသူ ကျောင်းသား ၆၉ ဦးကို အစိုးရက စွဲချက်တင်ထားတဲ့ အမှုတွေ ပယ်ဖျက်ပေးလိုက်တာကြောင့် ဒီကနေ့ လွတ်မြောက်လာပါတယ်။

တခြားအကျဉ်းထောင်တွေမှာ ကျောင်းသားတွေ ကျန်နေသေးတဲ့အတွက် အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ကိုမင်းသွေးသစ်က သာယာဝတီတရားရုံးမှာ ပြောပါတယ်။


လွတ်မြောက်လာတဲ့ ၆၉ ဦးထဲက ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ ၃ ဦးဟာ ရန်ကုန် တိုင်း မြို့နယ်တချို့က သူတို့ကို စွဲဆိုထားတဲ့ အမှုတွေ ကျန်နေသေးတာကြောင့် မလွတ်မြောက်သေးဘဲ ခေတ္တစောင့် ရဦးမယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမြို့နယ်တွေက အမှုတွေကို ဘယ်တော့ပယ်ဖျက်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

အမျိုးသားပညာရေးကို သပိတ်မှောက်တဲ့ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တာကြောင့် ကျောင်း သူ ကျောင်းသားတွေကို ပုဒ်မ ၁၈ တရားမ၀င် စီတန်းလှည့်လည်မှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှု၊ လူစုခွဲဖို့ ညွှန်ကြားချက်ကို မလိုက်နာမှု စတဲ့ ပုဒ်မတွေနဲ့ သာယာဝ တီထောင်မှာ တစ်နှစ်ကျော်ရှိနေပြီး အမှုရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။

ရန်ကုန်အင်းစိန်ထောင်မှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး လွတ်မြောက်လာ ပါတယ်။ မနီလာသိန်း၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ၊ ဒေါ်နော်အုန်းလှ အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ အဖွဲ့ဝင်တွေ ဒီကနေ့ လွတ်လာမလားဆိုတာ မသိရှိရသေးပါဘူး။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။ အဲ့ဒီအထဲမှာ အမှုရင်ဆိုင်ရေဆဲသူတွေအတွက် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းမယ်ဆိုရင် လွတ်မြောက်နိုင်တယ် လို့ ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သူတို့ရရှိတဲ့ စာရင်းအရ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အမိန့်ချပြီးသား ၉၀ ကျော်၊ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိပြီး အဲ့ဒီထက်လည်း ပိုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာတွေ့ရစဉ်။ Photo: Hset Paing Toe/RFA


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ကမ်းလက်များ ဘာသာပေါင်းစုံအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့နှစ်ဦးကို ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့လို့ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်းမှာ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခံခဲ့ရတာလို့ ကိုဇော်ဇော်လတ်က ပြောပါတယ်။


ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလက ချင်းပြည်နယ် တီးတိန်မြို့ကို ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ သွားရောက်ခဲ့စဉ်တုန်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခဲ့တာကို တရား မဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)နဲ့ ချမ်းအေးသာစံတရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်း ၄နှစ်ကျခံရမှာ ဖြစ်ပါတယ်။


အခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် အယူခံမတက်တော့ဘူးလို့ ပြောပါတယ်။


RFA Burmese
http://www.rfa.org/burmese

ဒမတ်စကတ်တွင် IS အဖွဲ့က သိမ်းပိုက်ထားသည့် စက်ရုံအား ဝေဟင်မှ မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒမတ်စကတ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်၏ အရှေ့မြောက်ပိုင်း ရှိ Dumair မြို့တွင် IS စစ်သွေးကြွများက ဖမ်းဆီးထားသည့် အလုပ်သမား ၁၄၀ ဦး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်း က ဧပြီလ ၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

လွတ်မြောက်လာသည့် အလုပ်သမား ၁၄၀ ဦးသည် ဧပြီလ ၄ ရက် နေ့လည်ပိုင်းက ဘိလပ်မြေ စက်ရုံအား IS အဖွဲ့က တိုက်ခိုက် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဓါးစားခံ အလုပ်သမား ၃၄၄ ဦး အနက်မှ အချို့ ဖြစ်ပြီး ကျန် ဓါးစားခံများ မှာမူ IS အဖွဲ့၏ လက်အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
အစောပိုင်း သတင်း ရရှိချက်များ အရ စက်ရုံ တိုက်ခိုက်ခံရမှုနှင့် Dumair ရှိ လေတပ် စခန်း တိုက်ခိုက်ခံရမှုတို့၏ နောက်ကွယ်တွင် IS အဖွဲ့အား ထောက်ခံသည့် သူပုန် အုပ်စုများ ပါဝင်နေကြောင်း သိရသည်။
ဆီးရီးယား စစ်တပ်သည် လေတပ်စခန်း တိုက်ခိုက်ခံရမှု အား ပြန်လည် တွန်းလှန် နိုင်ခဲ့သော်လည်း စက်ရုံကိုမူ IS အဖွဲ့က သိမ်းပိုက်ထားဆဲဖြစ်ပြီး Dumair မြို့သည် အစွန်းရောက် အုပ်စုများ နှင့် ဆီးရီးယားစစ်တပ် လက်အောက် တွင် နှစ်ခြမ်းကွဲလျက် ရှိကြောင်း သိရသည်။
နိုင်ငံပိုင် သတင်းဋ္ဌာန SANA က ဆီးရီးယား အာဏာပိုင်များသည် ဓါးစားခံများ လွတ်မြောက်လာရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

ဓါတ်ပုံ (တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် နတ်ချောင်းအားကစားကွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံစဉ်)
 နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒီကနေ့ တာမွေ အ.ထ.က ( ၁ )ကျောင်းမှာ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းက ဝန်ထမ်းတွေနဲ့ တွေ့ ဆုံစဉ် ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်တယ်လို့ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောပါတယ်။

တာမွေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပြောခဲ့ပါတယ်။

တက်ရောက်လာသူတွေကလည်း တာမွေမြို့နယ်မှာ မြို့နယ်ခန်းမ မရှိသေးတာကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ပညာရေး၊ မြို့နယ်အုပ်ချုပ်ရေး စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေက လူဦးရေ ၁၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်လို့ အကြမ်းဖက်ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို သာယာဝတီ တရားရုံးကနေ အမှုရုပ်သိမ်းပြီး လွှတ်မိန့် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ကျောင်းသားနဲ့ ၀ိုင်းရံပြည်သူ စုစုပေါင်း ၃၄ ဦး သာယာဝတီတရားရုံးကတဆင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

သာယာဝတီအပြင် ရန်ကုန်မှာရှိတဲ့ အခြားတရားရုံးတွေမှာ ဒီကနေ့ ရုံးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း သက်ဆိုင်ရာတရားရုံးတွေကနေ လွှတ်မိန့်ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ငါးဦးဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နဲ့ ကိုလင်းထက်နိုင်တို့ ကတော့ ရန်ကုန်တိုင်း အခြားမြို့နယ်တွေမှာ စွဲဆိုခံထားရတဲ့ အမှုတွေရှိတာကြောင့် အင်းစိန်ထောင်မှာ ပြန်လည်စောင့်ရမယ်လို့ နောက်ဆုံးအခြေအနေအရ သိထားရပါတယ်။ ထောင်အသီးသီးမှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါးကိုတော့ စီစစ်နေပြီး မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးမယ်လို့ သမတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရဆိုရင်တော့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း တရာကျော်ရှိပြီး၊ လေးရာကျော်ဟာ အမှုမျိုးစုံနဲ့ တရားစွဲဆိုခံထားရတယ်လို့သိရပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရုံးရဲ့ ပထမဆုံးကြေညာချက်မှာတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒီလူတွေ အခု မြန်မာနှစ်သစ်ကူးကာလမှာ လွတ်မြောက်လာဖို့ အမြန်ဆုံးညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓါတ်ပုံ ( ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ တွေ့ဆုံကြစဉ်)
နိုင်ငံတော်ကို အကာအကွယ်ပေးတဲ့ တပ်မတော်၊ ၀န်ထမ်းတွေနဲ့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ဖို့ လိုအပ်တဲ့အကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သူ့ရဲ့ ပထမဆုံးအကြိမ် ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်သစ် ဒေါက်တာခက်အောင်က အခုလို ပြောပါတယ်။

ဒါ့အပြင် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်သလို အခွန်ကောက်ခံရာမှာ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ ရာထူးတိုးတက်ရေးကိစ္စအတွက် နယ်ဒေသမှာ လာရောက် တာဝန်ထမ်းဆောင်ရတယ်ဆိုတဲ့ သဘောမျိုးမထားကြဘဲ ကချင်ပြည်နယ် ဖွံ့ဖြိုးစေရေးအတွက် အားတက်သရော ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ လွှတ်တော်မှာ ကချင်ပြည်နယ်အစိုးရ ၀န်ကြီး ၆ ဦး ကတိသစ္စာပြုလိုက်ပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဖြစ်သူ ဦးနေ၀င်းက ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တည်ငြိမ်အောင် အရင်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေဖြစ်တဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လမ်း ပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီး ဦးမြသိန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်၊ စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်း နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ကြတာပါ။

အဲ့ဒီဝန်ကြီး ၆ ဦးမှာ ၅ ဦးက အန်အယ်လ်ဒီပါတီက ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တစ်ဦးသာ ပြင်ပက ပညာရှင်ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


နိရဉ္စရာ၊ ဧပြီ ၉

ရခိုင်ပြည်နယ် စစ်တွေထောင်မှ ယနေ့ လွတ်မြောက်လာသူ ၂၃ ဦးမှာ နိုင်ငံရေးအရ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် လွတ်လာသူများ မဟုတ်ဘဲ လျော့ရက်စေ့၍ လွတ်မြောက်လာသူများသာ ဖြစ်ကြောင်း စစ်တွေထောင် လက်ထောက် ဦးစီးမှူး ဦးစိုင်းဒေါက နိရဉ္စရာသို့ ပြောဆိုသည်။


“ သူတို့ ၂၃ ဦး လွတ်မြောက်လာတာက လျော့ရက်စေ့ပြီး လွတ်လာသူတွေ ဖြစ်ပါတယ်။ ဒီဘက်မှာတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး လွတ်လာသူတွေ မရှိပါဘူး။ နှစ်သစ် သင်္ကြန်အကြို အနေနဲ့ လျော့ရက် ပြည့်သွားတဲ့ အတွက် လွတ်လာတဲ့ သူတွေ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။

လွတ်မြောက်လာသူ ၂၃ ဦးထဲတွင် ဘင်္ဂလီလူမျိုး ကျား ခြောက်ဦး၊ မ တစ်ဦး ပါဝင်သည်ဟု သိရသည်။

သာယာဝတီအကျဉ်းထောင်မှာ ရှိနေသည့် ဒီမိုကရေစီ ပညာရေး တိုက်ပွဲဝင် ကျောင်းသူ ကျောင်းသား ၆၉ ဦး ယနေ့တွင် အစိုးရဖက်က အမှုကို ပိတ်သိမ်းလိုက်သည့်အတွက် လွတ်မြောက်လာကြသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews


ရန်ကုန် ဧပြီ ၈

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အမူပိတ်သိမ်းကာ ယနေ့ညနေပိုင်းက ပြန်လည်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများက ရွှေတီဂုံစေတီသို့ လာရောက်၍ သစ္စာဓိဌာန်ပြုမည်ဖြစ်ကြောင်းသိရသည်။


သာယာဝတီခရိုင်တရားရုံးမှ တရားသူကြီးက တရားစွဲဆိုထားသည့် အမူများကို ပိတ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် ဗကသခေါင်းဆောင် ကိုသီဟဝင်းတင်ကပြောသည်။
'' အစကတည်းက အမူမမြောက်တဲ့ကိစ္စပါ။ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ဒီလိုမျိုး ဒီမိုကရေစီ ခြေလှမ်းကို စတင်ခဲ့လို့ ဝမ်းသာကြိုဆိုရမှာပါ။ အခုထောင်မှာ ပစ္စည်းတွေသိမ်းနေပါပြီ။ ရန်ကုန်ကိုလာမှာပါ'' ဟု ၎င်းကဆိုသည်။

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူ (၆၉) ဦးကို သာယာဝတီမှ အမူပိတ်သိမ်းသော်လည်း ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင် တို့သည် ရန်ကုန်မှအမူများ ပိတ်သိမ်းရန် ကျန်ရှိနေသေးသဖြင့် သာယာဝတီထောင်တွင် ကျန်ရှိနေမည်ဖြစ်သည်။


ထို့အပြင် ကိုသန်းထိုက်သည်လည်း တရားရုံးမထီမဲ့မြင်မူဖြင့် ဆက်လက်ကျန်ရှိဦးမည်ဖြစ်သည်။ အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်သည့် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်နေ့က လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/