04/14/16

ဓာတ်ပုံ- ဇော်ထိုက် ( မော်လမြိုင် အလှမယ် မအိဖြိုးသွယ် နှင့် မိခင်ဖြစ် သူ ဒေါ်သန်းသန်းအေး တို့ ၏ ဈာပန ကို ပိန္နဲကုန်းသုသာန်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်၊ ၁၃ ဧပြီ

ယဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့သည့် မော်လမြိုင် အလှမယ် မအိဖြိုးသွယ် နှင့် မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေး တို့ ၏ ဈာပန အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နေ့လည်က ပိန္နဲကုန်းသုသာန် တွင် ပြုလုပ်ခဲ့ကြောင်း Shade Model အေဂျင်စီမှ ဒေါ်သီတာပြုံးက ဟင်္သာမီဒီယာသို့ ပြောကြားခဲ့သည်။

Miss Universe Myanmar 2015&2016 ပြိုင် ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် မအိဖြိုးသွယ်သည် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်(၉၇) အနီးမှာ ဧပြီ ၁၁ ရက်နေ့ မနက် ၈ နာရီခန့်က ရန်ကုန်မှ အင်းလေး သို့ ဘုရားဖူးသွားစဉ် ကားတိမ်မှောက်ကာ အသက်ဆုံး ရှုံးခဲ့ခြင်းဖြစ်သည်။

“အမ တို့က သူကို အများကြီးမျှော်လင့် ထားတယ်၊ သူက အရပ်က လည်း မြင့်တယ်၊ ကိုယ် အချိုးအစားလည်း လှတယ်၊ သူ အခုလို ဆုံးပါးသွားတော့ အများကြီး စိတ်မကောင်းဖြစ်မိတယ်”ဟု ဒေါ်သီတာက ဆိုသည်။

အလှမယ် မအိဖြိုးသွယ် နဲ့ မိခင်ဖြစ်သူဒေါ်သန်းသန်းအေး တို့အတွက် ရက်လည်ဆွမ်းကျွေးအား ဧပြီ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် အမှတ် ၄၃၁၊ သမိန်ဗရမ်းလမ်း မြိုင်သာရပ် မော်လမြိုင်မြို့ တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာဉ်မတော်တဆဖြစ်စဉ်က မအိဖြိုးသွယ်နဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေး တို့ ဆုံးပါးခဲ့ပြီး၊ ၎င်းအဖေ အပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

“မအိဖြိုးသွယ် ဆုံးပါးသွားတော့ မွန်ပြည်နယ်က ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် အချိန်မကျမှီ ပျောက် ကွယ် သွားသလို ခံစားရတယ်၊ အများကြီး လည်း စိတ်မကောင်းဖြစ်မိတယ်” ဟု ၂၀၁၆ Miss Mawlamyine ဆုရှင် ကျိုက်ထိုမြို့နယ်အလှမယ် ဇင်ရတီလင်းက ပြောသည်။

အသက်ဆုံးပါးသွားသည့် မအိဖြိုးသွယ်သည် Miss Universe Myanmar 2015&2016 ပြိုင်ပွဲတွင် Top ၅ ဝင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ အရပ်မှာ ၅ ပေ ၉ လက်မ ရှိသည်။

ဇော်ထိုက်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဥာဏတောင်ရပ်ကွက်မှာရှိတဲ့ နိသာကရာ ရာမ မိုးကောင်းပရိယတ္တိ စာသင်တိုက်မှာ ကျောင်းဆောင်သစ်ဆောက်လုပ်နေတာကို လူအင်အား ၃၀ လောက်က မနေ့ညက နှစ်ကြိမ်တိုင်တိုင် ၀င်ရောက်ဖျက်ဆီးသွားတယ်လို့ ကျောင်းတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။

လတ်တလောမှာ ကျောင်းဆောင်သစ်ဆောက်လုပ်မှုကို ရပ်နားထားပြီး မနေ့ကဖြစ်ပွားခဲ့တဲ့ အခြေအနေကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းထံ အကြောင်းကြားထားတယ်လို့ ကျောင်းတိုက် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးချစ်ဦးမောင် က ပြောပါတယ်။

"မနေ့က မနက်ပိုင်း ၁ဝ နာရီလောက်မှာ ဇေကမ္ဘာက လုံခြုံရေးတာဝန်ခံ ကိုမျိုးခိုင် ဆိုတဲ့သူနဲ့ နောက်ဇေကမ္ဘာက လုံခြုံရေး ယူနီဖောင်းတွေ ဝတ်ထားတဲ့သူ အယောက် ၂ဝ လောက်က ကျောင်းကိုရောက်လာတယ်ပေါ့နော် ၊ ကျောင်းခြံစည်းရိုး အကာအရံတွေကို ဖျက်ပြီးတော့ အထဲကိုဝင်လာတယ်၊ ဆောက်နေတဲ့ကျောင်းကို သူ့ လူတွေကို ဖျက်ခိုင်းတယ်၊ ကျနော်တို့က တားတဲ့အတွက် ပြန်ထွက်သွားတယ်၊ အဲ့ဖြစ်စဉ်ကို ည ၈ နာရီလောက်မှာ ရဲစခန်းကို အမှုဖွင့်ဖို့သွားတယ်၊ ရဲစခန်းက အမှုဖွင့်မပေးလိုက်ဘဲနဲ့ ရဲ့နေ့စဉ်မှတ်တမ်းမှာပဲ ယူလိုက်တယ်၊ ကျနော်တို့ကပြန်လာတယ်၊ ၉ နာရီလောက်ဖြစ်သွားပြီပေါ့၊ အဲ့အချိန်မှာပဲ လူ ၃ဝ လောက်က ရောက်လာပြီး ခြံစည်းရိုးတွေကို အတင်းဝင်ဖျက်တယ်၊ သူတို့က မှောင်တဲ့ဘက်ကနေပြီးတော့ဝင်လာပြီး ဆောက်တဲ့ကျောင်းကို အတင်းဝင်ဖြိုသွားတယ်"

လူအင်အား ၃၀လောက်ဟာ ဆင်တူအကျီ င်္တွေ ၀တ်ဆင်ထားတာဖြစ်ပြီး မနေ့ညက ဒုတိယအကြိမ် ၀င်ရောက် ဖျက်ဆီးချိန်မှာ အော်ဟစ်တားမြစ်ခဲ့တဲ့ ဦးချစ်ဦးမောင်ကို လေးခွနဲ့ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

ဦးချစ်ဦးမောင် က ၀င်ရောက်ဖျက်ဆီးသူတွေက ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းတွေလို့ ပြောပေမယ့် ဇေကမ္ဘာကုမ္ပဏီ ဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ နိသာကရာ ရာမ မိုးကောင်းကျောင်းတိုက်ဟာ ၁၀ နှစ်နီးပါး တည်ရှိခဲ့တာဖြစ်ပြီး လက်ရှိကျောင်းတိုက်မှာ သံဃာ ၂ ပါး သီတင်းသုံးနေပြီး ကျောင်းဆောင်သစ်ကို မနေ့က စတင်ဆောက်လုပ်တာဖြစ်ပါတယ်။

အဲ့ဒီမြေနေရာဟာ ပေ ၁၀၀ ပတ်လည်ရှိပြီး ကျောင်းမြေနေရာလှူထားတဲ့ လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ အကြား ပိုင်ဆိုင်မှု အငြင်းပွားခဲ့တဲ့ မြေနေရာလည်းဖြစ်ပါတယ်။
RFA


pharkant-machin-620.jpg
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင်မှော်ရွာမှာ နေအိမ် ၄၀ ကျော် ပြိုကျပျက်စီးတာကို သက်ဆိုင်ရာကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ၅ ခုက ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း ဒီနေ့ သဘောတူလက်မှတ်ရေးထိုးပြီး ကတိပေးလိုက်ပါတယ်။

ကုမ္ပဏီ ၅ခုနဲ့ ဒေသခံတွေအကြား သဘောတူညီမှုရရှိထားတဲ့အချက်တွေကို ကုမ္ပဏီတွေဘက်က လိုက်နာဆောင် ရွက်ပေးမှာဖြစ်ကြောင်း လက်မှတ်ရေးထိုးပေးသွားတယ်လို့ ဒေသခံ ဦးရွှေသိန်းက ပြောပါတယ်။

"လုံးဝပျက်ဆီးသွားတဲ့ အိမ်တွေကို အသစ်ပြန်လည်ဆောက်ပေးဖို့အတွက် ဆုံးဖြတ်ချက်ချတာရှိတယ်၊ လုံးဝပျက်တာ မဟုတ်ဘဲနဲ့ ယိုယွင်းသွားတဲ့အိမ်တွေကိုကျတော့ ကျွမ်းကျင်တဲ့လက်သမား၊ ပန်းရံဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြန်လည်ပြုပြင်သွားမှာဖြစ်ပါတယ်၊ နိမ့်ကျသွားတဲ့မြေကို လမ်းကြောင်းဖော်ပြီးတော့မှ ပုံမှန်ပြန်ဖြစ်အောင် မြေစာဖို့ပြီးဆောင်ရွက်သွားမှာဖြစ်တယ်"

နေကြာရတနာ၊ စိမ်းကမ္ဘာ၊ မြန်မာ့ဂုဏ်ရည်၊ ကျောက်စိမ်းမင်း စတဲ့ ကုမ္ပဏီ ၅ ခုက လဂူးချောင်မှော်ရွာ မှာ ကျောက်မျက်တူးဖော်ပြီး မြေစာစွန့်ပစ်ကြတာဖြစ်ပါတယ်။

အဲ့ဒီမြေစာပုံအနီးမှာ ရွာသားတွေ အခြေချနေထိုင်နေတာ သုံးနှစ်ကျော်ရှိပြီး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ဒီနှစ်ဆန်းပိုင်းက စတင်တူးဖော်ရာမှာ အက်ကြောင်းတွေကနေ တဆင့် မြေပြိုမှုတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး မတ်လအထိ ပြိုကျခဲ့တဲ့ နေအိမ် ၄၈ လုံးရှိပြီး ယိုင်နဲ့လာတဲ့ နေအိမ်တွေလည်း ရှိနေပါတယ်။

ဒေသခံတွေဟာ ဒီလဆန်းပိုင်းကစတင်ပြီး ၁၂ ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ၂ ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
RFA

လဂူးချောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၇၀၀ လောက် နေထိုင်ကြတာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့ကနေ ရွှေ့ပြောင်းနေထိုင်ကြသူအများစုဟာ စွန့်ပစ်မြေစာပုံတွေအနီးမှာ ရွာတည်ပြီး အခြေချနေထိုင်ကြတာဖြစ်ပါတယ်။

ygn-thingyan-day2-620.jpg သင်္ကြန်အကျနေ့ ရန်ကုန်မြို့မှာ ရေကစားနေတဲ့လူတွေကို မြင်ရစဉ်
Photo: Aung Thain Kha/RFA

ဒီကနေ့ သင်္ကြန်အကျနေ့မှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့စည်ကားနေပါတယ်။ အခုနှစ်င်္ကြန်မှာ ရန်ကုန်ထက် မန္တလေးမြို့က ပိုပြီး စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်သင်္ကြန်မှာတော့ တမြို့လုံးအနှံ့ မဏ္ဍငယ်အများအပြားကို တွေ့ရတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ က ပြောပါတယ်။

"ကားမောင်းရတာကတော့ နည်းနည်းစိတ်ချမ်းသာတယ်၊ ရပ်ကွက်မဏ္ဍပ်တွေရှိတယ်၊ ကလေးတွေ လမ်းထိပ်ကလေးတွေမှာ အုန်းလက်ကလေးတွေနဲ့ မဏ္ဍပ်ကလေးတွေထိုး အဲ့ဒါမျိုးတွေရှိပါတယ်၊ မဏ္ဍပ်အကြီးကြီးတွေက နည်းတော့နည်းသွားတယ်၊ အင်းလျားကန်ဘောင်ထဲက ပိုက်ကြီးတွေချပြီးတော့ မဏ္ဍပ်တွေကသုံးတာ အဲ့ဒါတွေကသုံးတာ ကျနော်တို့က ရေတူးနေတဲ့သူဆိုတော့ ရေကိုနည်းနည်းနှမြောတာပေါ့၊ နယ်ဒေသတွေမှာ ရေရှားပါးတဲ့အချိန်မှာ ရန်ကုန်မှာရေတွေ ဒီလိုပေါပေါသီသီ ကန်ထဲကနေ ပိုက်ကြီးတွေနဲ့ ဆွဲထုတ်ပြီးသုံးတာ ဒါကတော့ လူမြင်မကောင်းဘူးပေါ့"

ဦးကျော်သူ က ရန်ကုန်မှာ အကျနေ့အထိ ယဉ်မတော်တဆမှုတွေနဲ့ တခြားခိုက်ရန်ဖြစ်ပွားမှုတွေ ခါတိုင်းနှစ်တွေထက် နည်းပါးတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာတော့ အကြိုနေ့နဲ့ အကျနေ့ နှစ်ရက်လုံး ယဉ်မတော်တဆ တိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့ပါတယ်။ မနေ့က မန္တလေးဆေးရုံကြီးကို ရောက်ရှိလာသူတွေနဲ့ ပတ်သက်ပြီး ဒေါက်တာမင်းလွင်က "၁၂ ရက်နေ့ မနက် ၈ နာရီကနေ ဒီ ၁၃ ရက်နေ့ မနက် ၈ နာရီဆို ကျနော်တို့က စာရင်းချုပ်တာပေါ့လေ၊ မန္တလေးဆေးရုံကြီးမှာရောက်ပြီး သေတဲ့လူက ၄ ယောက်ရှိတယ်၊ အပြင်ကနေ သေတဲ့လူနာက ၃ ယောက်ရှိတယ်၊ စုစုပေါင်းသေတာက ၇ ယောက်ရှိပါတယ်၊ အများဆုံးက တဝက်လောက်က ယာဉ်တိုက်မှုတွေဖြစ်တာ" လို့ ပြောပါတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာသူ လူနာစုစုပေါင်း ၂၅၂ ဦးရှိပြီး ဆေးရုံမှာ ဆက်လက်ကုသထားရသူ ၄၄ ဦးရှိပါတယ်။

ဒီကနေ့ သင်္ကြန်အကျနေ့မှာ မော်လမြိုင်၊ ပြည်၊ မုံရွာ၊ ပုသိမ်၊ ပဲခူး၊ ကျောက်ဆည် နဲ့ စစ်ကိုင်းစတဲ့ မြို့တွေမှာလည်း သံင်္ကြန်သံချပ်အဖွဲ့တွေ အလှပြကားတွေ၊ ဖျော်ဖြေရေးယာဉ်တွေနဲ့ စည်ကားနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ မန္တလေး၊ အင်းလေးနဲ့ ပုဂံမြို့တွေမှာ ကမ္ဘာလှည့်ခရီးသည်တွေလည်း ပါဝင်ရေကစားနေကြတာကို မြင်ရပါတယ်။
RFA

ကလေးမြို့ အရှေ့တောင်ဘက် ၄၂ မိုင်ကို ဗဟိုပြု (ရွေ့) အင်အား ၆ ဒသမ ၈ ပြင်းအားဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ကို ကလေးမြို့၊ ကလေးဝနှင့် တမူးမြို့ခံများ ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း ကလေးမြို့အခြေစိုက် Eleven Media Group သတင်းထောက်က ပြောကြားပါသည်။

“ကျွန်တော်က ဗဟိုမဏ္ဍပ်ရှေ့မှာ ရောက်နေတယ်။ ပထမဆုံး ဆိုင်ကယ်ပေါ်ကနေ မြေကြီးလှုပ်တဲ့ ခံစားမှုကို ရတယ်။ နောက် မြေကြီးလှုပ်တာကို ခံစားမိရာက သင်္ကြန်မဏ္ဍပ်စင်ပါ လှုပ်လာတယ်။ ဒီအခါ တာဝန်ရှိတဲ့ သူတွေက ငလျင်လှုပ်နေပြီ ဆိုတာကို သတိပေး ပြောတယ်။ တော်တော်လေး လှုပ်လာတဲ့ အချိန်မှာ မဏ္ဍပ်ရှေ့မှာ ရှိနေတဲ့သူတွေ ၀ပ်ပြီး ထိုင်ချလိုက်ရတာတို့၊ စင်ပေါ်ကဆင်းပြေးရတာတို့ လုပ်ရတယ်။ အခုတော့ အပျက်အစီး မသိရသေးဘူး။ ကလေးဝ မြို့မှာတော့ မြစ်ရေတွေ လှုပ်ခါရမ်းတဲ့ အထိကို ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ကျွန်တော့်ကို ပြောတယ်။ အရင်က ငလျင်လှုပ်ရှင် ဘာမှ မခံစားရသူတွေတောင် ဒီတစ်ခါမှာ တော်တော် ခံစားလိုက်ရတယ်။ လမ်းပေါ်ထွက်ပြေးရတာတွေ ရှိခဲ့တယ်။ တမူးမှာလည်း ဒီအတိုင်းပဲ။ မြို့ပေါ်မှာတွေတော့ အပျက်အစီး မတွေ့ရသေးဘူး” ဟု Eleven Media Group ၏ ကလေးမြို့ အခြေစိုက် သတင်းထောက် ကိုအောင်သူထွန်းက ပြောကြားသည်။

ပုံစာ - ငလျင်လှုပ်ခတ်မှုကြောင့် မဏ္ဍပ်ရှေ့တွင် ရေကစားနေသူများ ထိုင်နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)
Eleven Media Group

laiza-thingyan-620.jpg
ကချင်ပြည်နယ် လိုင်ဇာမြို့မှာကျင်းပတဲ့ ၂ဝ၁၆ ခုနှစ် မြန်မာသင်္ကြန်ပွဲတော်ကို တွေ့ရစဉ်
Photo: Lachid Kachin

နှစ်သစ်ကူး မြန်မာသင်္ကြန်ကာလမှာ မြန်မာနိုင်ငံတ၀ှမ်းမှာ သင်္ကြန်ပွဲတွေ ကျင်းပကြသလို တရုတ်မြန်မာနယ် စပ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ absdf မြောက်ပိုင်း ဒေသမှာလည်း ဒေသခံတွေ အများအပြား စုပေါင်းပြီးတော့ သင်္ကြန်ပွဲကျင်းပနေကြတယ်လို့ သိရပါတယ်။

မနေ့က သင်္ကြန်အကျနေ့ကတည်းက လိုင်ဇာမြို့က တာဝန်ရှိသူတွေပါ လာပြီးတော့ သင်္ကြန်ဖွင့်ပွဲကျင်းပပြီး စတုဒီသာ အကျွေးအမွေးတွေနဲ့ စည်စည်ကားကား ကျင်းပကြတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်ပွဲကျင်းပပုံနဲ့ ပတ်သက်လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ လိုင်ဇာဒေသခံ ကိုစောထွေး က RFA ကို ပြောပြပါတယ်။

"ကျနော်တို့ ရပ်မိရပ်ဖနဲ့ ကျောင်းသားတပ်မတော်တို့ စုပေါင်းပြီးတော့ လုပ်ကြတာပါ၊ နောက်ရက်တွေ လည်း ရေကစားမယ့်သူက ဒီမှာ မော်တာလေးတွေနဲ့ ပက်ကြတာပါ၊ စတုဒီသာက နေ့တိုင်းလိုလို ရှိတယ်၊ ရပ်မိရပ်ဖ အဖြူရောင် နာရေးအသင်းက ဦးဆောင်ပြီးတော့ စတုဒီသာကျွေးဖို့ အစီအစဉ်အကုန်လုပ်ထားပြီးပီ၊ သင်္ကြန်ပြီးတဲ့အထိပေါ့ ရက်ထပ်တယ်ဆိုတော့ ၅ ရက်ပေါ့၊ နှစ်ဆန်းတစ်ရက်နေ့ကျရင် သက်ကြီးပူဇော်ပွဲနဲ့ ရပ်မိရပ်ဖတွေ အတာအိုးတွေနဲ့ နှစ်သစ်ကူးနေ့မှာ ပရိတ်တရားနာကြမှာ"

ကေအိုင်အိုထိန်းချုပ်ရှိရာ လိုင်ဇာမြို့အနီးမှာ စည်စည်ကားကားနဲ့ သင်္ကြန်ပွဲကျင်းတာ ၂၀၁၃ ခုနှစ်ကတည်း ကဖြစ်ပါတယ်။ အရင်နှစ်တွေက သင်္ကြန်ပွဲကို မိုးလဲချောင်းတံတားထိပ်မှာ ကျင်းပတာဖြစ်ပြီး ဒီနှစ်တော့ absdf မြောက်ပိုင်း ဗဟိုဌာနချုပ်မှာ ကျင်းပတာဖြစ်ပါတယ်။ လိုင်ဇာမြို့က ကချင်၊ ရှမ်း၊ ဗမာ၊ ရခိုင်စတဲ့ လူမျိုးပေါင်းစုံလာရောက် ရေကစားကြတယ်လို့ သိရပါတယ်။
RFA

“ မြနန္ဒာ ”လို့ ကြေညာပြီး
“ မန်းတောင်ရိပ်ခို” ဆိုတီးနေတုန်းပဲ
ဒီနှစ်လည်း အဲသလို
အလွဲနဲ့စတယ်
.
တခါက အိပ်ယာဘေး စင်္ကြံလျှောက်ရင်း
လိပ်ပြာကလေး သင်္ကြန်ရောက်ခဲ့ပေမယ့်
ကျချိန်နဲ့ ပွင့်ချိန် လွဲတော့
သင်္ကြန် နဲ့ ပိတောက်လည်း လွဲခဲ့
မုန့်လုံးရေပေါ် လှမ်းဆွဲတော့
ထန်းလျက်နဲ့ ငရုတ်သီးလွဲ
ရှူးရှဲ
.
အုန်းလက်မဏ္ဍပ်လေးအောက်
သူရောက်လာမယ် မျှော်ဆဲ
.
တကယ်တော့
( နန်းတော်ရှေ့ဆရာတင်ရဲ့)
မြနန္ဒာသီချင်းမှာ
“ ရက်ရွေးမနေပါနဲ့ ကိုကိုရယ်”လို့
ခြေဆင်းစတယ်
.
ပြက္ခဒိန်ပေါ်လက်ထောက်
နွေပိတောက်ရယ်
မေဆံတောက်ရယ်
မြနန္ဒာ ကြေညာပြီး
မန်းတောင်ရိပ်ခို ဆိုဦးမလားပဲ...။.....။
.
- ‪#‎မင်းကိုနိုင်‬
( ၁၃-ဧပြီ-၂၀၁၆ )

[youtube src="DziBW-lgsWc"/]
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမှိုက်ကောက်တဲ့ သရုပ်ပြမှုနဲ့ အပ္ပမ္မာဒေထ သမ္မာဒေန သံချပ်အဖွဲ့ရဲ့ သံချပ်တစ်ကွက်
Credit.. Saw Phoe Khwar


မန်းသင်္ကြန်တွင် လူငယ်များက စစ်ဝတ်စုံများနှင့် အခြားနိုင်ငံများမှ အဖွဲ့အစည်း ၀တ်စုံများနှင့် အလံများ ၀တ်ဆင်ကာ ရေကားစားကြခြင်းမှာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ဖေါက်ဖျက်သဖြင့် ယင်းဝတ်စုံများကို သိမ်းဆည်းကာ ပညာပေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ ကတော့ သူတို့ အကျီတွေ သင်္ကြန်ကာလမှာ သိမ်းထားမယ်။ ပြီးမှပြန်ပေးမယ်။ သင်္ကြန်ရေ ကစားကြမယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းတွေထုတ်ပြန်ပေးထားတယ်။ ဒါကိုလိုက်နာဖို့ လိုပါ တယ်။”ဟု ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သင်္ကြန်ပွဲတော် လုံခြုံရေးနှင့် ယာဉ်များ စည်းကမ်းတကျ ရှိရေး အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲများက တာဝန်ယူဆောင်ရွက်နေကြသည့် အပြင်ကားများပေါ်တွင် ဒုတ်/ဓါး/လက်နက်များသာမက အရက်များသယ် ဆောင်ခြင်းတို့ကိုစစ်ဆေးနေသည်ဟုဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မုံရွာ ဧပြီ ၁၃

ကလေးမြို့၏ အရှေ့ဖက် (၄၂)မိုင်အကွာ မန္တလေးမြို့၏ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ချတ် စကေး(၆.၈) အဆင့်ရှိ မြေငလျင် တစ်ခု ဧပြီလ(၁၃)ရက် ည(၈)နာရီ (၂၅)မိနစ်ခန့်က လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ၀ါးတန်းကျေးရွာ သတ္တမဗောဓိ ဆုတောင်းပြည့်
စေတီတော် စိန်ဖူးတော် မြေခခြင်းဖြစ်ပေါ်ခဲ့ပြီး အလားတူ မုံရွာခရိုင်
ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ အရန်စေတီ(၃)ဆူအနက် ဥာဏ်တော်အမြင့် (၄၂)တောင်ရှိ အရှေ့စေတီ စိန်ဖူးတော် မြေခခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ ရှိပါက အချိန်နှင့် တစ်ပြေးညီ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ကနဦး သတင်း ရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)

MOI Webtoral Myanmar

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အမှတ် ၁၄ ရပ်ကွက်က စနစ်သစ်ပုထိုးကျောင်းတိုက်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေအတွက် အပူရှောင်ကာကွယ်ရေးစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ထားပါတယ်။

အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်လွန်ကဲလာတဲ့အတွက် သက်ကြီးရွယ်အိုတွေ နွေရာသီမှာ အပူဒဏ်သက်သာအောင်ဆိုပြီး အပူရှောင်စခန်း ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ စနစ်သစ် ပုထိုးကျောင်းတိုက် ဆရာတော် ဦးကောသလ္လ က မိန့်ပါတယ်။

"ဦးဇင်းကျောင်းဝိုင်းက သစ်ပင်ရိပ်တွေကောင်းတယ်၊ ပတ်ချာလည်မှာ ထန်းရွက်မိုးတဲတွေလုပ်ပြီးတော့ အဖိုးအဖွားတွေနေဖို့ အဓိကကတော့ ၆၅ နှစ်အထက် လူကြီးတွေအတွက် ငါဘာလုပ်ပေးနိုင်သလဲပေါ့၊ အဓိကကတော့ လူအိုတွေ အေးအေးချမ်းချမ်းလေးနေပြီးတော့ နွေရာသီမှာအပူဒဏ်သက်သာအောင်ပါ"

အပူရှောင်ကာကွယ်ရေးစခန်းကို နေ့စဉ် လာရောက်သူ ၆၀ လောက် ရှိလာပြီး စခန်းကို ထန်းရွက်မိုးကာနဲ့ သဲခင်းထားပြီး လူဦးရေ ၄၀၀ နီးပါးလောက် နေထိုင်လို့ရတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

အဲဒီစခန်းမှာ ညအိပ်ခွင့်မရှိဘဲ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိသာ လက်ခံတာဖြစ်ပါတယ်။ ပခုက္ကူမြို့ပေါ် ရပ်ကွက် ၁၅ခုက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို မနက်ပိုင်းမှာ ကားနဲ့လှည့်ကြိုပြီး ညနေမှာ နေအိမ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်။

အဲဒီစခန်းမှာ သူနာပြုဆရာ ၂ ဦးက နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး အပူရှောင်စခန်းကို ဇွန်လလောက်အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
RFA

thai-thingyan-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သင်္ကြန်ပွဲတော် ဆင်နွှဲနေကြစဉ်
Photo: Aung Moe Myint/RFA

ဒီကနေ့ဟာ မြန်မာနှစ်သစ်ကူးပွဲတော်အစဖြစ်တဲ့ သင်္ကြန်အကျနေဖြစ်ပြီး အတာသင်္ကြန်ဆင်နွဲ နေကြသလို ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာလည်း ချင်းမိုင်မြို့တည်နှစ် ၇၂၀ ပြည့်နှစ် အခမ်းအနားတွေ အပါအ၀င် အတာ သင်္ကြန်အကျနေ့ကျင်းပနေပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း ထိုင်းနိုင်ငံသားတွေနဲ့အတူ ပါဝင်ဆင်နွှဲနေ ကြပါတယ်။

ဒီကနေ့မှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဘုန်းကြီးကျောင်းပေါင်း ၄၈ ကျောင်းက ဘုရားတွေ ဒေသစာရီ ကြွချီတဲ့ပွဲလည်း ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအများစု ကိုးကွယ်နေတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော် ကြီးကျောင်းကလည်း မြန်မာနိုင်ငံကိုယ်စား ပါဝင်ခွင့်ရခဲ့ပါတယ်။

ဒီကနေ့နေ့လည် ၂ နာရီကစလို့ ချင်းမိုင်မြို့ န၀ရတ်တံတားထိပ်ကနေပြီး ချင်းမိုင်မြို့လယ် ကျုံးအထဲမှာရှိတဲ့ ထိုင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ၀ပ်ဖရစင်ကို မိမိရိုးရာယဉ်ကျေးမှူ တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ဆင်နွဲခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်မီးမီး က RFA ကို အခုလို ပြောဆိုပါတယ်။

"သင်္ကြန်မှာဆိုလို့ရှိရင် နှစ်သစ်မှာ ကိုယ့်ရဲ့ ဘုန်းကြီးကျောင်းမှာပေါ့နော်၊ တန်ခိုးကြီးတဲ့ ဘုရားလေးတွေကို ပင့်ဆောင်ပြီးတော့ ဒီ ပြည်သူပြည်သားတွေ ရေသပ္ပာယ်ပေးတယ်ပေါ့နော်၊ အဲ့ဒါကို မြန်မာတွေကလည်း ပါဝင်ဖို့ အဓိကကတော့ ဒီကိုယ့်ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဟာ ဒီနိုင်ငံကိုလည်း သိစေချင်တာပေါ့နော်၊ ကျမတို့ရဲ့ မြန်မာ့ ရိုးရာယဉ်ကျေးမှု သင်္ကြန်တွေလည်းရှိတယ်၊ နောက်ဒီမှာလည်း စည်စည်ကားကားနဲ့ပဲ မြန်မာတွေလည်း ဘုရားတွေ ရေသပ္ပာယ်လို့ရအောင်နော်၊ နောက် စည်းစည်းလုံးလုံးလေးရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။"

ချင်းမိုင်မြို့မှာ အခုလိုကျင်းပဆင်နွဲနေတာဟာ နှစ်စဉ် နှစ်သစ်ကူးအတာသင်္ကြန် ကျရောက်ချိန်တိုင်း ထိုင်းရိုးရာအက ယဉ်ကျေးမှုတွေနဲ့ ယှဉ်ပြိုင်အလှပြယာဉ်တွေ တူရိယာတွေ တီးမှုတ်ကပြနေကြပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့်ရတာဟာ အခုနှစ်ဟာ လေးကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ချင်းမိုင်မြို့က ဒီသင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲခွင့်ရခဲ့တဲ့ ကရင်အမျိုးသား ကိုပန်းစိန် က သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုပါတယ်။

"ကျနော်တို့ တိုင်းရင်းသားတွေ ဒီနှစ်ဆိုလို့ရှိရင် အများကြီး လာရောက်ပြီး စုကြတယ်ဗျ နှစ်တိုင်းဆိုလို့ရှိရင်လည်း ဒီကျနော်တို့ကျောင်းမှာ ငန်းရုပ်တွေနဲ့ ဘုရားတွေ ပင့်သွားပြီးတော့ ကျနော်တို့ ရိုးရာအကနဲ့ အလှမယ်လေးတွေနဲ့ အများကြီးပဲဗျ၊ ကျနော်တို့ ဒီနှစ် ပျော်ပျော်ရွှင်ရွှင်နဲ့ မြို့ပတ်ရမယ်ဆိုတော့ကာ ကျနော့်အနေနဲ့ဆို တော်တော်လေး ပီတိဖြစ်မိတယ်လို့ ပြောရမှာပေါ့၊ ကျနော်ဝင်ရောက်ပြီးတော့ သူငယ်ချင်းတွေနဲ့ တိုင်းရင်းသားတွေနဲ့ အချင်း ချင်းတွေနဲ့ ကြုံရဆုံရ၀င်ရောက်ပြီးတော့ ပျော်ရတယ်၊ နောက်တစ်ချက်ကလည်း ကျနော်တို့ ဒီထိုင်းနိုင်ငံသားတွေ ဆိုလို့ရှိရင်လည်း ကျနော်တို့ရဲ့ မြန်မာ့ဓလေ့ မြန်မာ့ထုံးစံ မြန်မာ့ရိုးရာတွေကို မတွေ့ဘူးတော့ သူတို့မှာ ပြုံးပြုံး ရွှင်ရွှင်တွေကို ကျနော်တို့ အများကြီး တွေ့ရတယ်ဗျ၊ ဒါ ကျနော့်အနေနဲ့ဆို အရမ်းကို ပီတိဖြစ်မိတယ်လို့ ကျနော် ပြောချင်တာပေါ့"

ချင်းမိုင်သင်္ကြန်ကတော့ မြန်မာနိုင်ငံက ရန်ကုန် မန္တလေးက သင်္ကြန်တွေလို မဏ္ဍပ်ကြီးတွေ အများကြီးမရှိဘဲ ချင်းမိုင်မြို့ရိုး ကျုံးဘေးတလျှောက်မှာ ထိုင်းနာမည်ကြီး အဆိုတော်တချို့ဖျော်ဖြေကြတဲ့ မဏ္ဍပ်တချို့နဲ့ ကျုံးပတ်ပတ်လည် ရေကစားကြတာ တွေ့ရပါတယ်။

သင်္ကြန်အချိန်ကာလဟာလည်း မြန်မာနိုင်ငံမှာလို ထိုင်းနိုင်ငံမှာလည်း အလုပ်ပိတ်ကြတာကြောင့် ထိုင်းနိုင် ငံရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမြောက်အများဟာလည်း ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွဲနေကြတာ တွေ့ရပါတယ်။

VOA

 students-free-620.JPG လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ် Photo: Kyaw Zaw Win/RF

မြန်မာနိုင်ငံမှာ NLD အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကြိုဆိုလိုက်ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်မံလွှတ်ပေးဖို့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိပြု ပြောကြား ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာခဲ့တာဟာ မြန်မာနိုင်ငံအတွက် အလွန်ထူးခြားတဲ့အခါ သမယဖြစ်ပြီး၊ မြန်မာနိုင်ငံ ဒီမိုရေစီအသွင်ကူးပြောင်းမှု ပိုမိုခရီးရောက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အခြေခံကျတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်၊ စုရုံးလှည့်လည်ခွင့်တွေဟာ လူ့အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့အတိုင်း၊ မူလ ကတည်းက ဖမ်းဆီးအကျဉ်းချ မခံထိုက်ခဲ့သူတွေ အခုလို လွတ်မြောက်လာခဲ့ပြီး၊ မိသားစုတွေနဲ့ ပျော်ပျော် ရွှင်ရွှင် ပြန်လည်ဆုံဆည်းခဲ့ကြတာကို မြင်တွေ့ရတဲ့အပေါ် အထူးသဖြင့် မုဒိတာ ပွားရပါတယ်၊ မနှစ်က အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးက အကျဉ်းချခံထားရသူတွေ အမျိုးသား အမျိုးသမီးတွေ ဟာ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာအောင် ကူညီနေကြသူတွေဖြစ် ကြကြောင်း ပြောဆိုခဲ့ပါတယ်။ အခုတော့ တိုင်းပြည်မှာ အသွင်ကူးပြောင်းရေးတွေ ဆက်လက်ပေါ်ထွန်း ဖို့ ဆောင်ရွက်ခွင့်ရှိတဲ့အတိုင်း သူတို့ကျရာအခန်းက ပါဝင်နိုင်ကြပြီဖြစ်ပါတယ်၊ ဒီနှစ် နှစ်သစ်ကူးသင်္ကြန်ဟာ အထိမ်းအမှတ်ဆင်နွှဲစရာတွေ အများအပြားကို ဆောင်ယူလာခဲ့သလို၊ နောက်လာမယ့် သင်္ကြန်တွေဟာလည်း လွတ်လပ်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်က ပြည်သူတွေအတွက် အလားတူ အောင်ပွဲတွေ ဆောင်ကြဉ်း လာမယ်ဆိုတာ မျှော်လင့်နေပါတယ်လို့ မစ္စ ယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

RFA
http://www.rfa.org/burmese/news/un-welcomes-political-prisoners-welcome-04122016230127.html

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ သတင်းဓါတ်ပုံ
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ သတင်းဓါတ်ပုံ

ဆယ်စုနှစ်များစွာအတွင်း မြန်မာပြည်တ၀ှမ်းအပူချိန်ဟာ စံချိန်တင်မြင့် တက်ခဲ့ပြီး မကွေး၊ စစ်ကိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာတော့ မဟာသင်္ကြန်ကာလအတွင်းမှာ အပူချိန်အမြင့်မားဆုံး ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်မားနေတာကြောင့်
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကျန်းမာရေး အသိနဲ့ယှဉ်ပြီး ရေကစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ်နွေရာသီရဲ့ အပူချိန်စံချိန်တင်မြင့်တက်လာတဲ့ဒေသတွေကတော့ မကွေးတိုင်းဒေသကြီးက ချောက်၊တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးက ရမည်းသင်းနဲ့ မိတ္ထီလာတို့ဖြစ်ပါတယ်။ ဒီလ ၁၂ရက်နေ့ တိုင်းထွာချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့ဟာ အပူချိန် ၄၆.၂ ဒီကရီစင်တီဂရိတ်( ၁၁၅ဒီကရီဖာရင်ဟိုက်ကျော်)နဲ့ ၃၂နှစ်ကာလအမြင့်ဆုံး၊
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့က ၄၃.၈ ဒီကရီစင်တီဂရိတ် ( ၁၁၁ ဒီကရီ ဖာရင်ဟိုက်နီးပါး )နဲ့ ၅၂နှစ်အတွင်းအမြင့်ဆုံး၊မန္တလေးတိုင်းဒေသကြီး ရမည်းသင်းနဲ့မိတ္တီလာက ၄၃.၆နဲ့ ၄၃.၅ ဒီကရီစင်တီကရိတ်(၁၁၀ ဒီကရီဖာရင်ဟိုက်ကျော်) တွေနဲ့ နှစ် ၅၀ကျော်အတွင်း အမြင့်ဆုံးအထိ
မြင့်တက်ခဲ့တာဖြစ်ပါတယ်။


မြန်မာပြည်အ၀ှမ်းမှာ ဒီလို အပူချိန်တွေ စံချိန်ကျိုးအောင်မြင့်တက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သင်္ကြန်ကာလ ရေကစားရာမှာ သတိထားကြဖို့ အခုလို တိုက်တွန်း လိုက်ပါတယ်။


“ဒီ သင်္ကြန်ကာလမှာ ကိုယ့်ဆိုင်ရာဒေသရဲ့ အပူချိန်ကိုမှုတည်ပြီးတော့ ကစားချိန်ကို နေ့လည်၊ နေ့ခင်း မကစားပဲ နားပြီးမှ ညနေစောင်းနဲ့ မနက်စောင်းကစားကြဖို့ ရေကစားချိန်တွေကို စောစောစီးစီးကစားပြီးတော့မှ ညနေလည်း နေလေးအေးမှ ကစားကြဖို့ အပူချိန်လျှော့တဲ့နေရာရှိမယ်။ များတဲ့နေရာကျတော့ လျှော့ကြပါလို့ ဒါကလည်း လူထုကျန်းမာရေးကိုဗျ၊ တိုင်းပြည်ကလည်း နောက်အနာဂတ်ထူထောင်ရမှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်တွေဘယ်လောက်ပဲကောင်းကောင်း ၊ ဘာတွေပဲ လုပ်ပဲလုပ်ချင် မကျန်းမာရင် မရဘူးကွာ၊ ဟုတ်ပြီလား ။ နောက်ပြီးတော့ မြန်မာ့ရိုးရာအစဉ်အလာတွေကြီးမားတာတွေကို သရုပ်ပျက်မှုတွေမလုပ်ပဲနဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းပြီးတော့ ပျော်ပျော်ရွင်ရင်။ ခိုက်ရန်တွေမဖြစ်ပွားပဲ No Alcohol တိုက်ခိုက် ထိခိုက်မှုတွေ မဖြစ်ပွားပဲနဲ့ပေါ့ဗျာ ပျော်ရွင်နေကြပါစေလို့။”


မြန်မာပြည်မှာ အပူဆုံးလို့ ပြောရမယ့် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာတော့ သင်္ကြန်ကာလရေကစားတာနဲ့ပတ်သက်ပြီး သီးခြားကျန်းမာရေး သတိပေးချက် ထုတ်ပြန်တာမရှိသေးပါဘူး။ ချောက်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကတော့ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်သင့်ကြောင်း အခုလို ပြောပါတယ်။


“အခုလောလောဆယ်တော့ ထုတ်တာမတွေ့သေးဘူးဗျ။ ကျနော်တို့အဲဒါကို အကြံပြုဖို့အတွက် မနက်တုန်းကကျနော်တို့ လက်ဘက်ရည် ၀ိုင်းမှာပြောသေးတယ်။ မနက်ပိုင်းကိုရှေ့တိုးပြီးတော့ ညနေပိုင်းလေးကို နောက်ဆုတ်ဖို့အတွက် အဲဒါလေးအစီအစဉ်ကို ပြောဖြစ်သေးတယ်။ မလုပ်တော့မလုပ်ရသေးဘူး သီးခြားထုတ်ပြန်ချက်တော့ မထုတ်ရသေးဘူး။ ကျနော်တို့ ထွေအုပ်အဖွဲ့နဲ့ ဒီနေ့ညနေကို ကျနော်တို့ ဆုံတဲ့အချိန်လေးမှာ ကျနော်အဲဒါ သူတို့ကို အကြံပြုလိုက်ပါဦးမယ်။ ဒါဘယ်သူမဆိုဖြစ်သင့်နေပြီ။ အခုဒီနေ့ဆိုရင် တအားပူနေပြီလေ။”

မကွေးတိုင်းဒေသကြီးရဲ့ မြို့တော် မကွေးမြို့မှာတော့ ဧပြီလဆန်းပိုင်းက အပူချိန်မြင့်တက်မှုနဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားတာရှိပေမဲ့
ကျယ်ပြန့်တဲ့ ပညာပေးမှုတွေအားနည်းနေတယ်လို့ ရှုမြင်ကြောင်း မြို့ခံတဦးဖြစ်တဲ့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

“အခု ဧပြီလ မဆန်းခင်ကတည်းကနေပြီးတော့မှ အပူရှိန်နဲ့ ပတ်သက်လို့ TV ကနေပြီးတော့မှ သတိပေး ဆိုင်းဘုတ်တွေတို့ ဒီမြို့လယ်ခေါင်က မီးပိုင့်လမ်းဆုံမှာ ရှိတဲ့ LED ဘုတ်ကနေပြီးတော့ ကြေညာပေးတာတို့လုပ်တယ်ခင်ဗျ။ ဒီအပူချိန်ကြောင့် သင်္ကြန်မှာ ဆင်ခြင်ကြဖို့ဆိုတာတော့ အထူးတလည်ပြောတာတော့မရှိဘူးခင်ဗျ။ စိုးရိမ်စရာကောင်းတာကတော့ မကွေးတိုင်းနဲ့ ချောက် ဇုံတွေပေါ့။ အဲဒီဇုံမှာဆိုရင် ပြီးခဲ့တဲ့အပတ်က ၄၆ အထိတက်သွားတယ်ဆိုတော့ ပြီးခဲ့တဲ့ ၂၀၀၇ တုန်းက ကြုံဖူးတဲ့အပူကြောင့် shock ဖြစ်တာမျိုးတွေ၊ အဲဒီတုန်းက မကွေးဆေးရုံမှာတော်တော်ကို အပူ shock ဖြစ်တာမျိုးတွေ ကြားခဲ့တာပေါ့နော်။ အဲဒါမျိုးအတွက်တော့ နောက်ထပ်ပညာပေးမှုတွေ အားနည်းနေတယ်လို့ ကျနော်ကမြင်တယ်ပေါ့ဗျာ။”

မန္တလေး ပုသိမ်ကြီးမြို့နယ်က လူမှုကူညီရေးအသင်းက ဦးမင်းကျော်ကတော့ သင်္ကြန်လည်ပတ်သူတွေဟာ ပုံမှန်အတိုင်းရှိနေပြီး အကြိုနေ့ကတော့ ခိုက်ရန်ဖြစ်တာနဲ့ ယာဉ်မတော်တဆထိခိုက်တာကြောင့် လူ ၁၀၀ကျော် ဆေးရုံရောက်ခဲ့ကြောင်း ပြောပါတယ်။

“အခုက ၃၉ ဒီဂရီ စင်တီဂရိတ်ရှိတယ်ဗျာ။ ပူမှာပေါ့ မန္တလေးက ၄၀ ကျော်မယ်ဗျာ။ လည်တဲ့လူတွေလည်း လည်နေတယ် ။ မနေ့ကဆိုရင် ပွဲပြီးသွားတာ လူ ၇၀ လောက် ဆေးရုံရောက်တယ်ပေါ့လေ။ ၁၂၈ ယောက်ပေါ့နော် ဆေးရုံရောက်တာ။”

ဒီနေ့မှာတော့ မန္တလေးမြို့မှာ ရဲတပ်ဖွဲ့က သရုပ်ပျက်ဝတ်စားဆင်ယဉ်တာတွေကို တားဆီးတာတွေ ရှိသလို ဒုတ်၊ ဒါးလက်နက်ကိုင်ဆောင်တာတွေကိုလည်း ရှာဖွေစစ်ဆေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ မြန်မာပြည်အနှံက မြို့ကြီးတွေမှာတော့ ဒီနှစ်သင်္ကြန်ပွဲတော်ကို ပုံမှန်နှစ်တွေအတိုင်း စည်စည်ကားကားကျင်းပနေကြပေမဲ့ တချို့မြို့တွေမှာတော့ အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲကြောင့်ရေကစားမဏ္ဍပ်တွေ လျော့ကျသွားတာတွေ ရှိနေပါတယ်။

VOA


အခုဆိုရင် မြန်မာနိုင်ငံမှာ တန်ခူးလ အခါသမယ မဟာသင်္ကြန်ပွဲ ဆင်နွဲနေကြပြီ ဖြစ်တာနဲ့အတူ ရေပက်ခံ ထွက်ကြတာ သင်္ကြန် အလှပြ အက သံချပ်တွေနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပနေကြပါပြီ။

ပြည်ပရောက် မြန်မာတွေကလည်း နှစ်သစ်ကူး သင်္ကြန်ပွဲတွေကို ကိုယ့်ဒေသအလိုက် အဆင်ပြေသလို ကျင်းပပြုလုပ် နေကြရာမှာ သံချပ်ထိုးတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးဝေ က တင်ပြထားပါတယ်။

ပြည်ပမှာ ရောက်ရှိ နေထိုင်ကြသူတွေကလည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို တမ်းတ လွမ်းဆွတ်နေကြတဲ့အလျောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သင်္ကြန်ပွဲတွေ ကျင်းပကြပါတယ်။ ကျင်းပတဲ့ နေရာမှာတော့ နေထိုင်ကြရာ ဒေသရဲ့ ရာသီဥတု လူအများအလုပ်အားလပ်ရက် စတာတွေကိုချိန်ပြီးတော့ တချို့နေရာတွေမှာ တန်ခူးလ သင်္ကြန်တော် အချိန်အခါမတိုင်ခင် ကြိုပြီးတော့ လုပ်ကြတာရှိသလို၊ တချို့ရာသီဥတု အေးနေသေးတဲ့ အရပ်တွေမှာတော့ ဇွန်၊ ဇူလိုင်လ မှ နောက်ကျပြီး ကျင်းပကြရတာလည်းရှိပါတယ်။

မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲ ရေကစားတာနဲ့အတူ တွဲပြီးတော့ ပါဝင်လာတာကတော့ သံချပ်ထိုးတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အတန်ကြာကတည်းက ပြည်ပမှာ အခြေစိုက်တဲ့ သင်္ကြန်သံချပ်အဖွဲ့တွေထဲမှာ ထင်ရှားတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီက သံချပ်အဖွဲ့နဲ့ ဂျပန်နိုင်ငံက မင်္ဂလာဒိုး သံချပ်အဖွဲ့တို့ ဖြစ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ် အိန္ဒိယနိုင်ငံမှာ သံချပ်မထိုးနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က မင်္ဂလာဒိုးအဖွဲ့ကတော့ ဆက်တိုက် ဖျော်ဖြေခဲ့တာ ၂၆ နှစ်ရှိပါပြီ။ အခုနှစ်မှာဆိုရင်တော့

“ဗိုလ်ချုပ်ကြီးတို့ အကုန်ဝုန်းခဲ့တာ --------- ကမ္ဘာကျော်ပါတယ်။

ခရိုနီကြီးတို့ အကုန်ဝါးခဲ့တာ ------------- ပြာဒကေ ပြာဒကေ

ဥပဒေဆိုတာ စာအုပ်ထဲမှာ ------ ပြန်ရှာပါ ပြန်ရှာပါ

မန္တလေးက ၀ိရသူ အာရုံပြောင်းပြီဟေ့

ကိုယ်ပေါ်မှာသင်္ဃန်းပတ်ကာ 2

၉၆၉ အကျိုး ၂ ဆတိုးကာ 2

ဒို့ အရေးလုပ်ကာ စီးပွားရှာ

ခရိုနီပေးတဲ့ ငွေများဘုန်းကာ -------- လူပုံအလယ်မှာ

သာသနာအကြောင်း ကိုယ်ကျိုးပွားတာ ---- အာပလာအာပလာ

အသိတရားရှိပါ အရှက်တရားထားပါ သာသနာတော်မှာ

ဖေ့စ်ဘွခ်သုံးကာ အတော်ပွားများတာ ------- တာဝန်မယူပါ”

မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်ဖျော်ဖြေပွဲနဲ့ မြန်မာအတာသင်္ကြန်ပွဲကို တိုကျို၊ ပီဘီယပန်းခြံမှာ ဧပြီလ ၃ ရက်နေ့က ပြုလုပ်ကျင်းပခဲ့တာပါ။ ဒီနှစ် မင်္ဂလာဒိုးအဖွဲ့ရဲ့ သင်္ကြန်တွေနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းဝေက အခုလို ရှင်းပြပါတယ်။

“အထူးသဖြင့်တော့ ရေးထားတာ ဒီအစိုးရအပြောင်းအလဲတွေမှာ လူတွေ တော်တော်များများ နားလည်နိုင်မယ့် အကြောင်းအရာတွေ၊ ပြီးတော့ တရုတ်ပြည်ကြီးဟာ မြန်မာပြည်ကို တဖြေးဖြေးနဲ့ ၀ါးမျိုနေတယ်ဆိုတဲ့အကြောင်းတွေကို မီးမောင်းထိုးပြီး ဖော်ပြထားတာ။ ကျနော်ဆိုတာကတော့ စိတ်ရောင်စုံဆိုတဲ့ သင်္ကြန်သံချပ်ပါပဲ။ တခြား ထူးထူးခြားခြား ပြောင်းလဲတာကတော့ အရပ်သားအစိုးရကို ကြိုဆိုတယ်ဆိုတဲ့အကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲကာလမှာ ဘာတွေ တိုးတက်လာမလဲ အကုန်လုံးက အရိပ်အခြေအနေတွေ စောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်း။ အွန်လိုင်းပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းပေါ့ဗျာ။”

အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ဒေသအစုအဖွဲ့လိုက် သင်္ကြန်ပွဲလေးတွေ ကျင်းပကြပြီးတော့ အလှ၊ အက၊ သံချပ်၊ စတုဒီသာ ကျွေးမွေးမှုစတာတွေနဲ့ ကျင်းပဖို့ရှိပါတယ်။ အခုနှစ် ဖလော်ရေဒါပြည်နယ် အိုကီချိုဘီ ရေကန်ကြီးရှိရာ အိုကီချိုဘီမြို့က သီတဂူဓမ္မ၀ိဟာရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ အတာသင်္ကြန်ပွဲကိုတော့ အီစတာဆန်းဒေးဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အဲ့လိုကျင်းပခဲ့ရာမှာ သံချပ်ထိုးတဲ့အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။

“ပျော်စေရွှင်စေ ဆုတောင်းချွေ၊ နှစ်သစ်ကူးမှာ ရွှင်လန်းစေဖို့၊ တူးပို့ကြတဲ့ ပြည်မြန်မာ၊ ဖားရပ်တော်ဟာ ရေကန်ဖြစ်ဖို့….”

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး စတာတွေကို သံချပ်ထိုးပြီးတော့ ပြောပြခဲ့တဲ့အကြောင်း အတာသင်္ကြန် ဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကျော်ကျော်က ပြောပါတယ်။

ဖလော်ရေဒါသင်္ကြန်ပွဲရဲ့ အပြင်အဆင်နဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်ကျော်က

“မြန်မာပြည်က သင်္ကြန်နဲ့ တူအောင်လို့ပေါ့ ခြံက မြေနေရာကျယ်တော့ ကျနော်တို့ စင်မြင့်ဆောက်တယ်။ အဲဒီစင်ပေါ်မှာပဲ ကတဲ့လူတို့၊ တီးဝိုင်းတီးမယ့်လူတို့ ဘာတို့ကို စင်ပေါ်မှာထားပြီးတော့ အဲဒီဘေးမှာပဲ တဲတွေဘာတွေ ထိုးပြီးတော့ စားဖို့ သောက်ဖို့ အစီအစဉ်တွေ ဘာတွေ လုပ်ပေးတယ်။ စတုဒီသာလည်းကျွေးတယ်။ ကတဲ့လူတွေကလည်း သူတို့ရဲ့ စေတနာနဲ့ပဲ လာပြီးတော့ က ကြတယ်။”

အလားတူ အမေရိကန်နိုင်ငံ အနောက်ခြမ်း ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို အစရှိတဲ့ မြို့ကြီးတွေမှာလည်း သင်္ကြန်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ၀ါရှင်တန်ဒီစီ ဧရိယာနဲ့ နယူးယောက်တို့မှာလည်း သင်္ကြန်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ သံချပ်အစီအစဉ်တော့ ဒီနှစ်မှာ မပါဘူးလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရင်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာကာစ ဖြစ်တဲ့အတွက် သံချပ်ထိုး ထောက်ပြ ဝေဖန်တာမျိုး မလုပ်သေးဘဲ စောင့်ကြည့်ဦးမယ်လို့ သူက ပြောဆိုပါတယ်။
VOA http://burmese.voanews.com/content/oversea-thingyan/3283471.html



ကွယ်လွန်သူ နာမည်ကျော် ဗြိတိသျှအဆိုတော် David Bowie ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သူ့ရဲ့ အပြာရောင်ဂျင်း ဆိုတဲ့ သံစဉ်စာရွက်ကို လေလံတင်ရောင်းချပြီး ရလာမယ့်ငွေကို မြန်မာနိုင်ငံမှာ ကျား-မ တန်းတူညီမျှရေးအတွက် သုံးစွဲဖို့ စီစဉ်နေပါတယ်။

၁၉၈၄ ခုနှစ်တုန်းက ထုတ်ဝေပြီး၊ ဗြိတိန်နိုင်ငံမှာ ရွှေနဲ့ အမေရိကန်မှာ ပလက်တီနမ်ဆုတွေ ဆွတ်ခူးခဲ့တဲ့ David Bowie ရဲ့ Tonight လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ အပြာရောင်ဂျင်း သံစဉ်စာရွက်မှာတော့ သူ့လက်မှတ်နဲ့အတူ ဓာတ်ပုံ ၂ ပုံလည်း ပါဝင်ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုတွေတိုက်ဖျက်ရေး ဗြိတိန်နိုင်ငံက ပရဟိတအဖွဲ့တခုဖြစ်တဲ့ Oxfam နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ဂီတလောကက အမျိုးသမီးတွေရဲ့ The Music Circle အဖွဲ့က လန်ဒန်အရှေ့ပိုင်းမှာ ရှေ့လထဲကျင်းပမယ့် နှစ်စဉ်ဈေးရောင်းပွဲတော်မှာ လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဈေးရောင်းပွဲကို မေလ ၁၄ ရက်မှာ စတင်မှာ ဖြစ်ပေမဲ့ David Bowie ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သံစဉ်စာသားပိုစတာကိုတော့ အခုကတည်းက စတင်လေလံဆွဲ ၀ယ်ယူလို့ရနိုင်ပြီး အခုအခါ အနည်းဆုံး ဗြိတိသျှပေါင်ငွေ ၃၀၀ လောက် ပေးနေကြတဲ့ သံစဉ်စာရွက်ဟာကို ဒီထက်ပိုပေးပြီး ၀ယ်ယူကြလိမ့်မယ်လို့လည်း ပွဲစီစဉ်သူတွေ မျှော်လင့်နေကြပါတယ်။

ဂီတနဲ့ ထူးခြားတဲ့ဖက်ရှင် ဖန်တီးမှုတွေနဲ့ အနုပညာသမိုင်းမှာ ထင်ရှားခဲ့တဲ့ David Bowie ကတော့ ဒီနှစ်ဆန်းမှာပဲ ကင်ဆာရောဂါနဲ့ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/david-bowie-myanmar/3283487.html

မန္တလေး သင်္ကြန်အကျနေ့ မြင်ကွင်း
ဒီကနေ့ သင်္ကြန် အကျနေ့မှာတော့ နိုင်ငံတ၀န်း သင်္ကြန်ပွဲတော်တွေကို စည်စည်ကားကား ဆင်နွှဲနေပါတယ်။ သင်္ကြန်မြို့တော်လို့ တင်စားရမယ့် မန္တလေးမြို့ ကျုံးတ၀ိုက်မှာ တိုးမပေါက်အောင် စည်းကားနေသလို ရန်ကုန်မြို့သူ မြို့သားတွေလည်း သင်္ကြန်ပွဲကို တက်တက်ကြွကြွ ဆင်နွှဲနေကြပါတယ်။ သင်္ကြန်အကျနေ့ မြင်ကွင်းတွေကို မသိင်္ဂီထိုက် စုစည်းထားပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တန်ခူးလဆန်း ၆ ရက်နေ့ သင်္ကြန်အကျနေ့မှာတော့ သင်္ကြန်မြို့တော်လို့ တင်စားရမယ့် မန္တလေးမြို့မှာ အနုပညာရှင် အကျော်အမော်တွေရဲ့ ဖျော်ဖြေမှုတွေ၊ မြို့မ တူရိယာ အဖွဲ့ အပါအ၀င် အလှပြယာဉ်တွေ၊ သံချပ် အဖွဲ့တွေနဲ့ သင်္ကြန်ပွဲတော်က အတော်လေး အရှိန်ရနေပါပြီ။ အစဉ်အလာအတိုင်းပါဘဲ မန္တလေးကျုံးတ၀ိုက်မှာတော့ တိုးမပေါက်အောင် စည်ကားနေပြီလို့ မန္တလေးမြို့ခံ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“ကျုံး ပတ်လည်မှာများတယ်။ IC က အဓိက။ ကျနော်တို့အခု မနက်ကဆို IC က MPT မဏ္ဍပ်ဆို ကျုံးရဲ့မြောက်ဘက်က တိုးမပေါက်ဘူး။ စည်တယ်။ အထူးသဖြင့် ရန်ကုန်က အထူးသဖြင့် ရန်ကုန်အဆိုတော်တွေ ၊ ရန်ကုန်က မင်းသား မင်းသမီးတွေ တော်တော်များများက ဒီနေ့ရောက်တယ်။ ဒီနေ့ မန္တလေးကို လာကြတယ်ဆိုတော့ ။ မန္တလေးမှာ တချို့ဆိုရင် ရန်ကုန်က အဲဒီလိုကျပ်တော့ မန္တလေးမှာတောင်ဆင်းပြီးလာကြတာ။ MPT မဏ္ဍပ်မှာ Iron Cross ကထိုင်တာဆိုတော့ အဲဒီမှာများတယ်။ အဲဒီမှာတော့ တိုးမပေါက်ဘူး။ နောက်တခါ ကျုံးအနောက်ဘက်မှာ Lazy Club ၊ နောက်တခါ Alpine က ထုံးစံအတိုင်း Alpine က Sai Sai ဆိုတော့ အဲဒီမှာလည်းများတယ်။ ကျုံးဘေးမှာတော့ မဏ္ဍပ်နည်းနည်းလေး မျှသွားတယ်။ မျှသွားတယ်ဆိုတာ အထူးသဖြင့် အရင်တုန်းကတော့အရှေ့ဘက်မှာ လည်းများတယ်။ အခုက ဒီအနောက်ဘက်ကိုလည်း မျှလိုက်တဲ့အခါကျတော့ အဲဒါကတော့ အနေတော်ပဲ။ ကျနော်တို့ မန္တလေးက ဆိုင်ကယ်ကလည်းများတယ်။ ကားတွေကလည်းများလာတဲ့အခါကတော့ ဒီနေရာတွေမှာ စည်တဲ့နေရာတွေမှာကျတော့ တော်တော်လေး ကျပ်သွားတာပေါ့ဗျာ။ နောက်ကျုံးဘေး ရေပက်တာတွေကလည်း နည်းနည်းကန့်သတ်လိုက်တဲ့ အခါကျတော့ မနှစ်ကထက်စာရင်တော့ နည်းနည်းလေး ၊ မနှစ်ကတော့ ဒီထက်ပိုများတာပေါ့။”

မန္တလေးရဲ့ ဂုဏ်ထူးဆောင် မြို့မ တူရိယာ အဖွဲ့ကြီး အပါအ၀င် အလှပြယာဉ်တွေ အရင်နှစ်တွေ အတိုင်း မပြောင်းမလဲ လှည့်လည် ဖျော်ဖြေနေပေမယ့် သံချပ်အဖွဲ့တွေတော့ နည်းသွားပါတယ်။

“မြို့မကတော့ လှည့်နေတာပေါ့။ မြို့မကတော့ သူက ထုံးစံအတိုင်းပဲ မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ပေါ့ ။ ဆိုတော့ မြို့တော်ဝန်ဖြုတ်လိုက်တာပေါ့။ မြို့တော်ဝန် ဆိုတာဖြုတ်လိုက်တော့ ကျနော်တို့ကတော့ ဆိုတော့ အရင်တုန်းက မန္တလေး မြို့တော်ဝန်မဏ္ဍပ်ပေါ့ဗျာ။ နောက် ဗဟိုလို့လည်းမသုံးဘူး။ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်က မြို့မအရှေ့က ဦးဆောင်ပြီးတော့ ကျန်တာကတော့ မြနန်းမန္တလာတို့ နောက်တခါ သီတာမေ တို့ ပြင်ဦးလွင်ခရိုင်တို့၊ ခရိုင်လိုက်တွေပေါ့နော် ခရိုင်အလိုက်ကားတွေလည်းဝင်ရတယ်လေ။ မနေ့ကတော့ အဲဒါတွေဝင်တယ် နောက် အောင်စံမောင် သံချပ်အဖွဲ့မနေ့ကတော့ ၀င်ပြိုင်တယ်။ နောက်ကျန်တဲ့ သံချပ် ၃ ဖွဲ့ကလည်း ဒီနေ့ပြိုင်ကြဦးမယ်။ အဲဒါကတော့ ကျနော်တို့ မန္တလေး မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဆိုပြီးမှ မြို့တော်စည်ပင်အရှေ့မှာရှိတဲ့ ဗဟိုမဏ္ဍပ်ပေါ့လေ အဲဒီမှာလည်း ပရိတ်သတ်ရှိပါတယ်။”

အစိုးရသစ် အပြောင်းမှာ သင်္ကြန်ပွဲတော်တွေရဲ့ အစဉ်အလာတွေလည်း ပြောင်းလာပါတယ်။ သင်္ကြန်မဏ္ဍပ်ဆောက်ခွင့် တချို့ ကန့်သတ်ခံလိုက်ရတဲ့ ရန်ကုန် သင်္ကြန်ကတော့ ခါတိုင်းနှစ်တွေနဲ့ မတူပေမယ့် စည်းကားနေဆဲ ဖြစ်ပါတယ်လို့ ရန်ကုန်မြို့ခံ ကိုဇွဲရန်နိုင်က ပြောပါတယ်။

“အဓိက ဒီရပ်ကွက်ထဲပိုင်းတွေပေါ့နော်။ ဒီရပ်ကွက်ပိုင်းတွေ ကျနော်တို့ဆို ဒီမရမ်းကုန်း၊ လှိုင် ၊ သမိုင်းဘက်မှာတော့ အရင်နှစ်တွေ ထက်ကို နည်းနည်းလေးပိုပြီးတော့ စည်ကားမှုတွေရှိတာကိုတွေ့ရတယ် ဒီနှစ်ကတော့။ ဟုတ်ကဲ့ ပြီးခဲ့တဲ့နှစ်ကတော့ တနေရာထဲမှာ စုပြုံပြီး လူငယ်တွေပျော်ကြတယ်ပေါ့။ ဒီနှစ်ကတော့ မဏ္ဍပ်တွေကလည်း တချို့နေရာတွေမှာ ဆောက်လုပ်ခွင့်ပိတ်ထားတော့ အားလုံးက ရန်ကုန်မြို့အနှံ့မှာ ပျော်ကြ ပါးကြ ရွင်ကြတယ်ဆိုတော့ နေရာလေးတွေ နည်းနည်းလေး ပြန့်သွားတယ်ပေါ့နော်။ ဒါပေမယ့်လည်း လူငယ်ဆိုတဲ့သဘာဝနဲ့ ပျော်ရွင်ကြတာပါပဲ။ အားလုံးကလည်း နေရာနည်းနည်းပြန့်ပြီး ပျော်တဲ့သဘောပါပဲ။ ကျန်တာတော့ သိပ်ပြီးထူးထူးခြားခြားကြီး ပြောင်းလဲသွားတာတော့ မရှိပါဘူးခင်ဗျ။ စည်သင့်သလောက်စည်ပါတယ်ခင်ဗျ ။ ကျနော်တို့ ခြောက်ကပ်ကပ်ဖြစ်တယ် ဆိုတာတော့ မဟုတ်ဘူးခင်ဗျ။ အနုပညာရှင်တချို့ကလည်း ရန်ကုန်မှာရှိနေတယ်ဆိုတော့ စည်သင့်သလောက်တော့ စည်ပါတယ်အမ။ လောလောဆယ်ကတော့ ပြည်လမ်းပေါ့နော်။ ပြည်လမ်းတ၀ိုက်ကတော့ စည်ကားမှုရှိပါတယ်။ ကျနော်တို့အမြင်ကတော့ လောလောဆယ်ပြည်လမ်းစည်ကားတယ်။ နောက်ကျနော်တို့ ရန်ကုန်မြို့တော်ဝန် မြို့တော်ခန်းမနား ဗဟိုမဏ္ဍပ်ပိုင်းတွေ မြို့တွင်းပိုင်းတွေလည်း စည်ပါတယ်ခင်ဗျ။ ဒီနှစ်ကတော့ အယ်နီညှိရှိတော့ ပိုပူပါတယ်ခင်ဗျ။ ရာသီဥတုကတော့ ပိုပူပါတယ်။ ရဲအင်အားတွေလည်းသိသိသာသာတိုးချထားတာတွေ့ရပါတယ်။”

မန္တလေးမြို့မှာတော့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အဖမ်းအဆီး တချို့ ရှိပါတယ်။ ရန်ကုန်မှာတော့ အဖမ်းအဆီး သတင်းတွေ မရှိသေးပါဘူး။ ရဲအင်အားကိုတော့ သိသိသာသာ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ရာသီဥတုက ပူပြင်းလွန်းတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေလည်း ရှိနေပါတယ်။ မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ကာလမှာ မူးယစ်ဆေးဝါး အန္တရာယ်နဲ့ မှုခင်းတွေ မဖြစ်ပွားစေရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြေငလျင်သတင်း အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ ၁၃-၄-၂၀၁၆ ည(၈း၅၅) နာရီအချိန် (၁၃-၄-၂၀၁၆)ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ၂၀း၂၅း၁၇ နာရီ(ည ၈း၂၅း၁၇ နာရီ)အချိန်တွင် မော်လိုက်မြို့၏အရှေ့တောင်ဖက် ၇၄ ကီလိုမီတာ(၄၆ မိုင်) အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုလျက် အင်းအား ရစ်ခ်ျတာစကေး ၆.၉ ရှိ ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ပြည်ထောင် USGS တိုင်းတာရေးစခန်းမှ တိုင်းတာရရှိခဲ့ပါတယ်။

 ဒေါက်တာထွန်းလွင်


ဓါတ်ပုံ - USGS 
Nearby Places

    74.0 km (46.0 mi) SE of Mawlaik, Burma
    103.0 km (64.0 mi) NW of Shwebo, Burma
    115.0 km (71.5 mi) NNW of Monywa, Burma
    165.0 km (102.5 mi) W of Mogok, Burma
    396.0 km (246.1 mi) NNW of Nay Pyi Taw, Burma

အခုလေးတင်ဧပြီလ ၁၃ ဒေသစံတော်ချိန် ည၈း၂၅ မှာ ရေဦး၊ ကန့်ဘလူမြို့ အနောက်ဖက် ၇၀ကီလိုမီတာအကွာ၊ ချင်းတွင်းမြစ်ကမ်းအနီးတဝိုက် ဗဟိုပြု၍ အင်အား ပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ပမာဏ ၇.၁ ဖြစ်ပြီးး အနက် ၁၂၂ ကီလိုမီတာ ဖြစ်ကြောင်း ကနဦးသတင်းများမှာ သိရပါသည်။ ငလျင်ကော်မီတီသို့ ဆက်သွယ် သတင်းပေးပို့သည်များ ရရှိပါသည်။

 ယခုငလျင်သည် အင်အားပြင်း ငလျင်ဖြစ်သောကြောင့် စောက်နက်သော်လည်း တနိုင်ငံလုံးက ငလျင်အရှိန် ခံစားရကြောင်း သိရပါသည်။ သက်ဆိုင်ရာ မြို့နယ်များအလိုက် မိမိတို့ ကြုံတွေ့ သိရသော အချက်အလက်များအား ကွန်မန့်နေရာ၌ တင်ပြပေးကြပါရန် မေတ္တာရပ်ခံပါသည်။

 ငလျင်ဗဟိုချက်နှင့် အနီးဆုံး ဖြစ်သော ပြင်ကိုင်း၊ သက်ကယ်ကျင်း၊ ဘုံမဇင်း စသော ကျေးရွာများ၏ အခြေအနေအားလည်း စုံစမ်းကြည့်ကြပါရန် နီးစပ်သူများအား တိုက်တွန်းပါသည်။ အထပ်မြင့်နေသူများက မည်သည့် အလွှာက သိရှိရကြောင်း ဖေါ်ပြပေးစေချင်ပါသည်။

Myanmar Earthquake Committee
https://www.facebook.com/MyanmarEarthquakeCommittee/



မန္တလေး ဧပြီ ၁၃

မန္တလေးမြို့ တော်သင်္ကြန်ကာလအကြိုနေ့ မှ ယနေ့ နံနက်ပိုင်းအထိ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မဆင်မခြင် မောင်းနှင်မှုကြောင့် မန္တလေးဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ဆေးရုံတက် သေဆုံးမှု အနေဖြင့်ရောက်ရှိလူနာ ၂၅၂ဦးအနက် ၄၄ဦးသည်ဆေးဝါးကုသမှုခံယူ လျက်ရှိပြီး၇ဦးသေဆုံးရာတွင် ၄ဦးသည် လမ်းတွင်သေဆုံးခဲ့ပြီးကျန်၃ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။


လက်ရှိအချိန်အထိ လူနာများရောက်ရှိနေပြီး အများစုက အပျော်လွန်ကဲမှုကြောင့်ဖြစ်ကြောင်းသိရသည်။

ကျော်ထွေး(china.com)
https://www.facebook.com/china.com.mm/

Photo - The Star Online

မလေးရှားနိုင်ငံမှာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး မနေ့က လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ကွာလာလာမ်ပူအခြေစိုက် The Star သတင်းစာက ဖော်ပြပါတယ်။

သတ်ဖြတ်သူ ၃ ဦးဟာ မြန်မာနိုင်ငံသားရဲ့ လည်ပင်းကို ခုတ်လှီးပြီး၊ ရင်ဘတ်နဲ့ လက်ကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

Jalan Parmatang Batu အရပ်မှာ ကော်ဖီဆိုင်ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားဟာ မနက်ဆိုင်ဖွင့်ချိန် သတ်ဖြတ်ခံ ရတဲ့ နေရာမှာပဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သတ်ဖြတ်သွားသူ ၃ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ မြန်မာနိုင်ငံသားတွေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတာ ဒါဇင်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Mossack Fonseca ဌာနချုပ် အပြင်မှာ ရောက်ရှိနေတဲ့ ရဲ (Credit: Reuters) 
Panama ​Papers ​လို့ခေါ်တဲ့ ​မီဒီယာဆီ ​ပေါက်ကြားတဲ့ ​အချက်အလက်တွေအရ ​Mossack ​Fonseca ​ဥပဒေ ​အကျိုးဆောင် ​အဖွဲ့ဟာ ​ကမ္ဘာတလွှားက ​ချမ်းသာသူတွေ ​အခွန်ရှောင်နိုင်အောင် ​လုပ်ဆောင်ပေးတယ်လို့ ​စွပ်စွဲခံရပြီးနောက် ​ရဲတွေက ​Mossack ​Fonseca ​ဌာနချုပ်ကို ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်လိုက်ပါတယ်။ ​'

ပနားမား ​မြို့က ​ရုံးချုပ်အပြင် ​တခြား ​ဌာနခွဲတွေကိုလည်း ​ဝင်ရောက် ​ရှာဖွေမှုတွေ ​လုပ်မယ်လို့ ​ပနားမား ​ရဲက ​ပြော်ပါတယ်။

အင်္ဂါနေ့ ​မွန်းလွဲပိုင်းက ​စပြီး ​ရဲတွေက ​Mossack ​Fonseca ​ရုံးချုပ်နားကို ​တဖြေးဖြေး ​ရောက်ရှိလာပြီး ​ဝင်ရောက်စီးနှင်းကြတာ ​ဖြစ်ပါတယ်။

Mossack ​Fonseca ​ကို ​မီဒီယာ ​တွေက ​ဆက်သွယ်ပေမယ့် ​ဘာတုန့်ပြန်ချက်မှ ​လုပ်ထားတာ ​မရှိပါဘူး။

ဒါပေမဲ့ ​Mossack ​Fonseca ​တည်ထောင်ရေးမှာ ​ပါဝင်တဲ့ ​Ramon ​Fonseca ​ကတော့ ​သူတို့ ​ကုမ္ပဏီအနေနဲ့ ​ဥပဒေ ​ချိုးဖောက်မှုတွေ ​မလုပ်ရသလို၊ ​စာရွက်စာတမ်း ​ဖျက်ဆီးလိုက်တာမျိုးလည်း ​မလုပ်ခဲ့ရဘူးလို့ ​ပြောဆိုထားပါတယ်။

Mossack ​Fonseca ​ဥပဒေ ​အကျိုးဆောင် ​ကုမ္ပဏီဟာ ​ကမ္ဘာတဝှမ်းက ​ကြွယ်ဝ ​ချမ်းသာတဲ့လူတွေ၊ ​နာမည်ကြီး ​ပုဂ္ဂိုလ်နဲ့ ​နိုင်ငံရေး ​သမား ​တချို့အတွက် ​အကျိုးဆောင်ပေးနေတာ ​ဖြစ်ပါတယ်။

နိုင်ငံတကာက ​လူတွေကို ​အကျိုးဆောင်ပေးတဲ့အတွက် ​Panama ​Papers ​ပေါက်ကြားမှုက ​ကမ္ဘာတလွှားအပေါ် ​သက်ရောက်မှုတွေ ​ဖြစ်နေပါတယ်။

အဲဒီ ​ပေါက်ကြားမှုနဲ့ ​ဆက်စပ်ပြီး ​Iceland ​ဝန်ကြီးချုပ်ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တောင်းဆိုမှုတွေ၊ ​ဗြိတိန်ဝန်ကြီးချုပ်က ​သူ့အခွန် ​မှတ်တမ်းကို ​ချပြလိုက်ရတာတွေလုပ်ခဲ့ပြီး ​ရုရှား ​သမ္မတကတော့ ​အမေရိကန်က ​သူ့ကို ​တမင်အကွက်ဆင်တာ ​ဆိုပြီး ​တုန့်ပြန်ရတဲ့အထိ ​ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရကလည်း ​Panama ​Papers ​ကို ​လိုက်ပြီး ​ဆင်ဆာလုပ်နေရသလို ​အခွန်ရှောင်တဲ့အထဲမှာ ​သြစတြေးလျ၊ ​ပြင်သစ်၊ ​မက္ကဆီကို၊ ​အိန္ဒိယ၊ ​ပီရူး၊ ​စပိန်နဲ့ ​မြန်မာက ​လူချမ်းသာတွေလည်း ​အဲဒီ ​ကုမ္ပဏီကို ​အသုံးပြုတဲ့အကြောင်းကို ​လူတွေ ​သိခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ဘုရားဖူးကားတစ်စီး ကားလမ်းတံတားဘောင်ကို ဝင်တိုက်ပြီး လမ်းဘေး ထိုးကျကာ လူများသေဆုံး

သထုံ ဧပြီ ၁၃

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဧပြီလ ၁၂ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီခွဲ အချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး ကားလမ်း တံတား ဘောင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးထိုးကျကာ ယာဉ်ပေါ်ပါသူများအနက် ၉ ဦး သေဆုံးပြီး ကျန်သူများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။


"တံတားဘောင်ကို အရှိန်နဲ့တိုက်မိပြီး လမ်းဘေးထိုးကျသွားတာ။ ၆ ယောက်ကတော့ နေရာတင် သေတယ် ကျန်သူတွေကို သထုံဆေးရုံပို့တော့ လမ်းမှာတင် တစ်ဦးဆုံးပြီး ဆေးရုံမှာ နှစ်ဦး ထပ်ဆုံးတယ်။ ပေါင်း ၉ ဦးရှိပြီ။ ကျန်သူ ၁၁ ဦးကလည်း ဒဏ်ရာပြင်းတော့ အရေးပေါ်ကားနဲ့ ရန်ကုန်ကို တင်သွားကြပြီ" ဟု သထုံမြို့မစခန်းမှူး ဒုရဲမှူးထွန်းသိန်းက ပြောသည်။


ဖြစ်စဉ်မှာ သထုံဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဝဏ္ဏစိုး (၄၃)နှစ် ရွှေပေါက္ကံအနောက်ပိုင်း မြောက်ဥက္က လာပမြို့နယ်တွင်နေထိုင် သူ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN/5830 အဖြူရောင် CANTER အမျိုးအစား ဘုရားဖူးယာဉ်သည် ဇရစ်ချောင်ကျေးရွာ သထုံ-ရန်ကုန်ကားလမ်း မိုင်တိုင်အ မှတ် (၁၄၃/၀) နှင့် (၁၄၃/၁) အကြားရှိ တံတားအမှတ် (၁/၁၄၄)၏ ညာဖက်ဘောင်အား အရှိန်လွန် တိုက်မိပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူများ သေဆုံးပြီး ဒဏ်ရာအပြင်း အထန် ရရှိခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏစိုးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီ ၎င်းအား ယာဉ်(ပ) ၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် သထုံမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

G-7 နိုင်ငံခြားရေးဝန်ကြီးများ Hiroshima ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံအတွင်း တွေ့ရစဉ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် စိုးရိမ် ပူပန်ကြောင်း G-7 လို့ခေါ်တဲ့ စက်မှု ဖွံ့ဖြိုးတိုးတက်တဲ့ ထိပ်တန်း (၇) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ထဲ့သွင်း ဖော်ပြထားတာကို တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန် လိုက်ပါတယ်။

G-7 နိုင်ငံတွေရဲ့ ကြေညာချက်ဟာ ပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှု ကြီးထွားလာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပြီး တရုတ်နိုင်ငံအနေနဲ့ G-7 ရဲ့ အခုလို ပြောဆိုမှုအပေါ် ပြင်းထန်စွာ မကျေနပ်မိကြောင်း ပြောပါတယ်။

ဒါ့အပြင် G-7 နိုင်ငံတွေအနေနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ကြိုးပမ်း အားထုတ်မှုကို လေးစားသမှု ပြုသင့်ကြောင်း၊ တာဝန်မဲ့တဲ့ စကားလုံးတွေနဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိရေးကို ဖြစ်ပေါ်စေအောင် အပြုသဘောဆန်စွာ လုပ်ဆောင်သင့်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ G-7 စည်းဝေးပွဲက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ - ခြိမ်းချောက်မှု၊ နိုင်ထက်စီးနင်း ပြုကျင့်မှု၊ လက်ရှိ အနေအထားတွေကနေ ပြောင်းလဲမှုတွေဖြစ်ပေါ်စေမယ့် တဖက်သတ် ရန်လိုတဲ့ အပြုအမှုတွေ လုပ်ဆောင်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ နိုင်ငံအားလုံးတို့အနေနဲ့ ကျွန်းတုတွေ တည်ဆောက်တာတွေ၊ အဲဒီ ကျွန်းတွေပေါ်မှာ ကင်းစခန်းတွေ တည်ဆောက်ပြီး စစ်ဖက်အတွက် အသုံးပြုမှုတွေ ရှောင်ကျဉ်ဖို့ တိုက်တွန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တရုတ်အမျိုးသမီး လူနေတိုက်ခန်းတွေဘက်သို့ လမ်းလျှောက်လာစဉ် (တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်)
Leftover Women လို့ အမည်ပေးထားတဲ့ အိမ်ထောင်မရှိကြတဲ့ အမျိုးသမီးတွေအကြောင်း စိတ်လှုပ်ရှားဖွယ်ရာ ဗွီဒီယိုကြော်ငြာဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ၄ မိနစ်ကြာ မှတ်တမ်းပုံစံ ဗွီဒီယိုဟာ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရှိတယ်ဆိုတဲ့ SK-II ဂျပန်အလှပြင်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးရဲ့ နိုင်ငံတကာလှုပ်ရှားမှု တစိတ်တပိုင်း ဖြစ်ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေအပေါ် လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲ ခွဲခြားဆက်ဆံမှုကို ဖော်ညွှန်းထားတာဖြစ်ပြီး၊ တရုတ်အစိုးရအနေနဲ့ ကျား-မ တန်းတူ ခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ခြင်း မရှိတာကိုလည်း ထောက်ပြထားတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၂၇ အရွယ်ရောက်လို့ အိမ်ထောင်မကျဘူးဆိုရင် ဘ၀ဟာ ပြည့်စုံတယ်လို့ မယူဆဘဲ အသက် ၂၀ အတွင်းမှာပဲ အိမ်ထောင်ပြု ကြဖို့ ဖိအားပေးခံကြရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ Weibo လို့ခေါ်တဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရက်အနည်းငယ်အတွင်း ဒီဗွီဒီယိုကို သိန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြရာမှာ အိမ်ထောင်မပြုကျတဲ့ အမျိုးသမီးတွေအပေါ် အပြစ်မြင်ကြမယ့်အစား ပိုမို ထောက်ခံ အားပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ SK-II ရဲ့ ကြေညာချက်မှာလည်း တရုတ်အမျိုးသမီး တွေအနေနဲ့ အခုလို ဖိအားပေးခံရမှုအပေါ် အပြုသဘောဆောင်တဲ့ နည်းလမ်းကတဆင့် တရုတ်အမျိုးသမီးတွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ခေတ်သစ် တရုတ်အမျိုးသမီးတွေအနေနဲ့ ပညာပိုတတ်ကြပြီး၊ ဘ၀မှာ အိမ်ထောင်မပြုဘဲ ပညာကို ရှာဖွေလိုကြသူတွေ တိုးလာဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိ အမျိုးသားနဲ့ အမျိုးသမီး အချိုးအစားဟာ ၁၀၇ နဲ့ ၁၀၀ ရှိပါတယ်။ တရုတ်ရဲ့ နှစ်ပေါင်းများစွာ သားသမီးတဦးသာ ယူရတဲ့ပေါ်လစီကြောင့် အခုလို နိုင်ငံတွင်း ကျား-မ အရေအတွက် မမျှ ဖြစ်ခဲ့ရတာပါ။ လက်တွေ့မှာတော့ - အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ ပြဿနာထက် အိမ်ထောင်မပြုတဲ့ အမျိုးသားတွေရဲ့ ပြဿနာဟာ ပိုပြီး ကြီးမားတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

၂၀၂၀ ကျရင် တရုတ်နိုင်ငံမှာ အမျိုးသား အနည်းဆုံး ၂၄ သန်းတို့အတွက် လက်ထပ်နိုင်မယ့် အမျိုးသမီးတွေ ရှိကြမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေက ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးအဖွဲ့ကို ထူထောင်သူ ဇန် ဂျင်း ကတော့ - အခုလို အမျိုးသမီးတွေအပေါ် ရှုမြင်မှုဟာ အိမ်ထောင်တွင်းမှာ အမျိုးသမီးတွေကို ချုပ်ခြယ်ထားလိုတဲ့ ကွန်မြူနစ်ပါတီရဲ့ လျှို့ဝှက်တဲ့ မူဝါဒကြောင့်လို့ ရှုမြင်ပါတယ်။ ၂၀၁၃ တရုတ်နိုင်ငံဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် ညီလာခံမှာ သမ္မတ ရှီ ကျင်းပင် က တရုတ်အမျိုးသမီးတွေအနေနဲ့ မိသားစုအရေးကို ဦးစားပေးဖို့ ပွင့်ပွင့်လင်းလင်း တိုက်တွန်းခဲ့တဲ့ အတွက် ဒါဟာ ကျား-မတန်းတူအခွင့်အရေး ရရှိမှုအတွက် ကြိုးပမ်းရာမှာ အမျှော်အမြင်ကင်းရာ ရောက်တယ်လို့ ဇန် က ဝေဖန်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

သမ္မတ ရူးဆက်ဖ် နဲ့ ဒုသမ္မတ တယ်မာ
ဘရာဇီး သမ္မတ ဂျီလ်မာ ရူးဆက်ဖ် က သူ့ ကို ရာထူးက ဖြုတ်ချ ပြီး အာဏာ သိမ်းဖို့ ကြိုးပမ်း တဲ့ အထဲမှာ ဒုတိယ သမ္မတ မီရှဲ တယ်မာ လည်း ပါတယ် လို့ စွပ်စွဲလိုက်ပါတယ်။ သူ့ အပေါ်မှာ အစိုးရ အသုံးစရိတ် ဘတ်ဂျက် လိုငွေ ပြနေတာတွေ ကို ဖုံးကွယ်ဖို့ ငွေစရင်း တွေ မမှန်မကန် ပြုပြင်ခဲ့တယ် လို့ ဆိုပြီး အရေးယူဖို့ ကွန်ဂရက်လွှတ်တော် မှာ ဆွေးနွေး နေကြ တာပါ။

သူ့ဘက်က အခုလို မစ္စတာ တယ်မာ ကို စွပ်စွဲရခြင်း ကလည်း မနေ့ က ထွက်လာတဲ့ မစ္စတာ တယ်မာ ရဲ့ အသံ နဲ့ ထွက်လာတဲ့ အသံသွင်း တိတ်ခွေ သတင်းတခု မှာ သမ္မတ ရူးဆက်ဖ် ကို စစ်ဆေးမှု ပြုနေပြီ ဖြစ်တဲ့ အကြောင်း တွေ ပြောထားလို့ပါ။ ဒါကြောင့် မို့ သမ္မတ ရူးဆက်ဖ် က မစ္စတာ တယ်မာ ကိုရော အောက်လွှတ်တော် ဥက္ကဌ အက်ဒွာဒို ကုညာ ပါ ပူးပေါင်းလုပ်ကြံမှု စရင်းဝင် အဖြစ် ဘရာဇီးလ်လီးယား မြို့တော် မှာ ဒေါသတကြီး နဲ့ ပြောခဲ့ပါတယ်။

သမ္မတဆီ က အာဏာသိမ်းဖို့ ကြိုးပမ်းသူ နှစ်ဦး ဟာ ကြိုတင် ကြံစည် ကြတယ် ဆိုတဲ့ အချက် ဟာ အခုတော့ ရှင်းသွား ပါပြီ လို့ စွပ်စွဲ လိုက်တာပါ။ သူ့ ကို အရေးယူ ဖို့ ပင် မဲခွဲဆုံးဖြတ်မှု တောင်မပြုရသေးဘူး သူတို့ထဲ က တဦးက သမ္မတ ရာထူးတောင် ယူထားပြီးပြီ လို့ ပြောသွား တာပါ။

မစ္စတာ တယ်မာ ဘက်ကတော့ လည်း သူပြောတဲ့ အသံသွင်း တိတ်ခွေ သတင်းစကား ဟာ မတော်တဆ ပေါက်ကြား သွားတဲ့ အကြောင်း ဆိုပါတယ်။ ဒီအသံသွင်း ပြောကြားချက်ကတော့ အောက်လွှတ်တော် အနေနဲ့ သမ္မတ ကို တရားစွဲ ဖို့ ထောက်ခံတဲ့ မဲအရေအတွက် အသာစီးရခဲ့ရင် သူ့ အနေနဲ့ ဘရာဇီးလ် ပြည်သူတွေ ကို ပန်ကြားလိုတာက ဒုသမ္မတ ကို သမ္မတ နေရာမှာ ထုံးစံ အရ အစားထိုးပြီ ဆိုရင် သူ ဟာ ဂုဏ်သိက္ခာ ရှိရှိ စဉ်စား ချင့်ချိန်မှု နဲ့ နိုင်ငံ ကို ထိန်းကျောင်း သွားပါ့မယ် လို့ ပြောထား တာပါ။

မစ္စတာ တယ်မာ ဘက် က အခုလို ပြောတာ တွေ ကြိုတင် ပေါက်ကြားတဲ့ အတွက် လည်း သူကိုယ်တိုင်ပင် အရေးယူ ခံရနိုင်ဘွယ် ရှိတယ် လို့ ဘရာဇီး မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ တကယ်တော့ သမ္မတ ရူးဆက်ဖ် ကို အရေးယူရေး မယူရေး ကို အောက်လွှတ်တော် မှာ မဲခွဲ ဆုံးဖြတ် မှာ ကတော့ လာမဲ့ တနင်္ဂနွေ မှာ စတင်မှာပါ။

BBC Burmese
http://www.bbc.com/burmese


ဝါရှင်တန် ဧပြီ ၁၂

အမေရိကန်ဦးဆောင်သည့်ထိုးစစ်များဖြင့် အီရတ်ရှိ အိုင်အက်စ်အကြမ်းဖက် သမားများကို ဆက်လက်မောင်းထုတ်လျက်ရှိရာ အမေရိကန်နှင့် ဒေသတွင်း တည်ငြိမ်ရေးလိုလားသော ကုလသမဂ္ဂအရာရှိများကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဧပြီ ၁၂ ရက်က ဖော်ပြ ခဲ့သည်။

အဓိကစိုးရိမ်ပူပန်မှုမှာ ပျက်စီးနေသော မြို့တော် ရာမဒီနှင့် တခြားမြို့ များကို ပြန်လည်တည်ဆောက်ရန် လုံလောက်သော ဘဏ္ဍာငွေမရှိခြင်းနှင့် အမေရိကန်ဦးဆောင်အဖွဲ့များ၏ အဓိက ရည်ရွယ်ချက်ဖြစ်သော အစ္စလမ္မစ် တို့ ထိန်းချုပ်ထားသော မြို့တော် မိုဆူးလ်ကို မသိမ်းပိုက်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂသည် အမေရိကန်နှင့် ၄င်း၏မဟာမိတ်များထံမှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ ကို လွန်ခဲ့သော ဒီဇင်ဘာလက အမေရိကန်ဦးဆောင် အီရတ်တပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့သော ပျက်စီးနေသည့် အီရတ်ရှိ မြို့တော် ရာမဒီနှင့် ယင်းကဲ့သို့ အခြားပျက်စီးနေသော မြို့များကို တည် ဆောက်ရန် ရန်ပုံငွေအသစ်တစ်ရပ်ကို တောင်းခံခဲ့ကြောင်း အီရတ်ရှိ ကုလ သမဂ္ဂအဆင့် (၂ ) အရာရှိ လိုက်စ်ဂရန်ဒီက ရိုက်တာသို့ပြောခဲ့သည်။

ယခုလမ်းကြောင်းအတိုင်း မြန်ဆန်ထိရောက်စွာ ဆက်လက်မသွားနိုင်ပါက အိုင်အက်စ်အကြမ်းဖက် ဆန့်ကျင်လှုပ်ရှားဆောင်ရွက်မှုများမှာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နိုင်ရကြောင်း ဂရန်ဒီကဆက်လက်ပြောကြားခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


ရန်ကုန် ဧပြီ ၁၂

ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာတို့၏ နှစ်သစ်ကူးအတာ သင်္ကြန်ရိုးရာပွဲတွင် မြန်မာနိုင်ငံ၏ အချက်အချာကျပြီး အထင်ကရ မြို့တော်ကြီးဖြစ်သည့် ရန်ကုန် မြို့ကြီးတွင် ယခင်နှစ်များကဲ့သို့ စီးပွားဖြစ်မဏ္ဍပ်ကြီးများ မရှိခြင်း ကြောင့် သင်္ကြန်ကာလတွင် ရေပက်ခံ ကားဈေးကွက်မှာလည်း သိသိသာသာ ကျဆင်းလျက်ရှိ ကြောင်း နှစ်စဉ်ရေပက်ခံကား လိုက်လံငှားပေးသူတစ်ဦးထံမှ သိရ သည်။

''ဒီနှစ်က ရေပက်ခံကားဈေးကွက် နဲ့ပတ်သက်လို့ကတော့ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောရမယ်။ မဏ္ဍပ်တွေကလည်း အရင်နှစ်တွေလို တကယ်အထင်ကရ ရေကစားတဲ့ မဏ္ဍပ်ကြီးတွေ မရှိတော့ဘူး။ အရင်ကဆို ကန်တော်ကြီးပတ်လမ်း တို့၊ အင်းလျားတို့မှာဆို အနည်းဆုံး မဏ္ဍပ် ၂ဝ လောက်ရှိတယ်။ ခုအစိုးရ သစ်က အယ်နီညိုကြောင့်လား၊ လူငယ်တွေ သင်္ကြန်မှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပျက်စီးမှုတွေကြောင့်လား၊ ရိုးရာသင်္ကြန်ကို အကြောင်းပြပြီး စီးပွားဖြစ် မဏ္ဍပ်တွေကြောင့်လား ဘာကြောင့်လဲတော့မသိဘူး။ သတင်း စာတွေ၊ ဂျာနယ်တွေထဲမှာတော့ ဒီနှစ်မှာ စီးပွားဖြစ်မဏ္ဍပ်ကြီးတွေ ကန့်သတ်လိုက်တယ်လို့တော့ ဖတ် လိုက်ရတယ်။ အဲဒီလိုကန့်သတ် လိုက်တော့ ကျွန်တော်တို့သင်္ကြန် လည်ပတ်လိုက်တဲ့ ကားဈေးကွက် တွေကျတော့ အခက်တွေ့တာ ပါ''ဟု နှစ်စဉ်သင်္ကြန်ရက်များတွင် သင်္ကြန်ကား အငှားလိုက်နေသော တာမွေမြို့နယ်မှ ကိုမိုးဝေက ပြော သည်။

ယခုနှစ် သင်္ကြန်ကားဈေးကွက် တွင် လိုက်အေ့(စ်)တစ်စီး အနည်းဆုံး တစ်သိန်းဝင်းကျင်မှ လည်ပတ်မည့် ရက်အလိုက် ငွေကျပ်တစ်သိန်းခွဲ ဝန်းကျင်အထိ ပေါက်ဈေးခေါ်ကြ သော်လည်း ယနေ့အထိ သင်္ကြန်ကား ငှားရမ်းမှုမှာ အေးစက်လျက်ရှိသည်။ ယခင် သင်္ကြန်နှစ်များကဆိုလျှင် သင်္ကြန်မကျမီ တစ်ပတ်ကြိုကတည်း က သင်္ကြန်ကားဈေးကွက်မှာ သိသိ သာသာလှုပ်ခတ်လျက်ရှိပြီး သင်္ကြန် ကာလရောက်လျှင် သင်္ကြန်ကားငှားဖို့ လုံးဝမလွယ်ကူတော့ကြောင်း ယခင် နှစ်အတာသင်္ကြန်ရက်များတွင် ကား ငှားလည်ပတ်သူများ အသိုင်းအဝိုင်း မှ သိရသည်။

နှစ်သစ်ကူး ဒီနှစ်သင်္ကြန်မှာ ခါတိုင်းနှစ်တွေလို၊ လည်ပတ်ဖို့ရော၊ မဏ္ဍပ်ထိုင်ဖို့လည်း ခုချိန်ထိတော့ စိတ်မရှိသေးဘူး။ သူငယ်ချင်းတွေ ကလည်း တချို့က သင်္ကန်းဝတ်ကြ တယ်။ တချို့က အထက်မန္တလေးကို သွားကြတယ်။ မန္တလေးမှာက လေးဖြူ တို့အဖွဲ့ရှိတယ်။
''ဒီနှစ်ရန်ကုန်မှာက ထူးထူး ခြားခြားခါတိုင်းနှစ်တွေလို သိပ် အသံမကြားရဘူး။ မနှစ်ကဆို အကြတ်တစ်ရက်ရော၊ နောက်ဆုံး နေ့ အတက်တစ်ရက်ပါ သူငယ်ချင်း တွေနဲ့ပေါင်းပြီး ကားငှားလည်ဖြစ် တယ်။ ဒီနှစ်တော့ ကားငှားလည် ဖြစ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ဘယ်မဏ္ဍပ်မှာ ရေဆော့ ဖြစ်မလဲတော့ မသိသေးဘူး''ဟု ဗဟန်းမြို့နယ်မှ လူငယ်တစ်ဦးဖြစ် သည့် မောင်မြတ်မင်းသူက ပြော သည်။

ရန်ကုန်မြို့အနေဖြင့် ယခုနှစ် နှစ်သစ်ကူးအတာသင်္ကြန်တွင် ဝန်ကြီး ချုပ်သစ်က စီးပွားဖြစ်သင်္ကြန်ကို အကြောင်းပြ၍ စီးပွားဖြစ်မဏ္ဍပ် ကြီးများကို ဆောက်လုပ်ခွင့်မပြုရန် ပိတ်ပင်တားမြစ်ခဲ့သော်လည်း ပေ ၁ဝဝ အထက် ရေကစားမဏ္ဍပ်ကြီး ၁၉ ခု၊ မဏ္ဍပ်လတ်နှစ်ခုနှင့် ရေကစား မဏ္ဍပ်ငယ် ၁၈၉ ခု တည်ဆောက် ရေကစားခွင့်ပြုထားသည်။ ပေ ၁ဝဝ အထက်ရေကစားမဏ္ဍပ် ၁၉ ခုတွင် မြို့တော်ခန်းမရှေ့ရှိ ဗဟို မဏ္ဍပ်၊ အရှေ့ပိုင်းခရိုင်မဏ္ဍပ်၊ တောင်ပိုင်းခရိုင်မဏ္ဍပ်၊ အနောက်ပိုင်း ခရိုင်မဏ္ဍပ်နှင့် မြောက်ပိုင်းခရိုင် မဏ္ဍပ်တို့အပြင် မြန်မာ့အမျိုးသား လေကြောင်းနှင့် မြန်မာ့လျှပ်စစ် ဓာတ်အားဖြန့်ဝေရေးမဏ္ဍပ် စုစုပေါင်း ခုနစ်ခုနှင့် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၂ ခုတို့ကို ခွင့်ပြုထားကြောင်း သိရ သည်။

သတင်း-မင်းခေတ်၊ ဓာတ်ပုံ-မိုးမခ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS