04/15/16

အခု ရက်ပိုင်း အပူချိန်ပြဇယား
သင်္ကြန်ကာလအတွင်း မြန်မာ နိုင်ငံက တချို့ ဒေသတွေမှာ အပူချိန်ဟာ စံချိန်တင်လောက်အောင် မြင့်မားနေပြီး ဒီထက်ပိုပြီး ပူလာဖို့ရှိတယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ဒီလို ပုပြင်းလာနေတာဟာ အယ်လ်နီညိုလို့ ခေါ်တဲ့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုကြောင့် ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီကနေ ဂျွန်လအထိ သက်ရောက်မှုက ပိုများမယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ သစ်တောပြန်းတီးကြောင့် အပူဒဏ်ကို ပိုခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနှစ် အယ်လ်နီညိုရဲ့ နောက်ထူးခြားချက်တခုက အရှေ့တောင်အာရှ တခုလုံး အပူချိန်မြင့်နေပြီး မိုးနည်းနေကြတဲ့အတွက် ရှေ့မှာ ပို ပူလာအုံးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း တချို့နေရာတွေမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို တချို့နေရာတွေမှာ မိုးခေါင်တာမျိုး ရှိမယ် ဒါမှ မဟုတ်လဲ တနေရာထဲမှာ တချို့ကာလ မိုးအကြီးအကျယ်ရွာပြီး တချို့ကာလ မိုးမရွာပဲ အတော်ကြာကြာရှိနေနိုင်တဲ့ လွန်ကဲတဲ့ ရာသီဥတုမျိုး ရှိမယ်လို့ ပြောပါတယ်။

အစဉ်အလာအရ စစ်ကိုင်းတိုင်း မန္တလေးတိုင်းစတဲ့ဒေသတွေမှာ အပူဒဏ်ကို ပိုခံရနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြို့ဝကျွန်းပေါ်ဒေသတွေမှာ မိုးများရေကြီးတဲ့ ဒဏ်ကို ခံရမယ်လို့ ဆိုပါတယ်။

အယ်လ်နီညို အပြီး ဇူလိုင် သြဂုတ် စက်တင်ဘာလမှာ Neutralလို့ ခေါ်တဲ့ ရာသီဥတု အခြေအနေကို ရောက်မှာဖြစ်ပြီး စက်တင်ဘာ နောက်ဆုံးပတ်က စလို့ ၂၀၁၇ ခြောက်လပိုင်းအထိ အယ်လ်နီညာလို့ ခေါ်တဲ့ အေးမြစိုစွတ်တဲ့ ရာသီဥတု အနေအထားကိုရောက်မယ်လို့ ဦးထွန်းလွင်က ရှင်းပြခဲ့ပါတယ်။
BBC Burmese

 earthquake-mawlaik-620.jpg ဧပြီလ ၁၃ ရက်နေ့ညက လှုပ်ခဲ့တဲ့မြေငလျင်ပြ မြေပုံ
Photo: Myanmar Earthquake Committee Facebook

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြင်းအား (၄.၄) အဆင့်ရှိတဲ့ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မော်လိုက်မြို့က ငလျင်ငယ်ဟာ မနေ့က ညပိုင်းလှုပ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ဖြစ်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"သူကတော့ ငလျင်ငယ်ပါပဲ၊ အရင်တုန်းကဟာနဲ့ ဆက်စပ်ပြီးတော့ ယူမယ်ဆိုရင်လည်း ယူလို့ရတယ်၊ ငလျင်ကြီးလှုပ်ပြီးမှ တစ်နာရီ နှစ်နာရီအတွင်း နောက်ဆက်တွဲငလျင်လှုပ်တာပေါ့လေ၊ ဒီနေ့လှုပ်တဲ့ဟာကတော့ ၄.၄ နဲ့ အင်အားအနည်းငယ်လောက်လှုပ်တာပါ"

အဲ့ဒီငလျင်ငယ်ဟာ မန္တလေးမြို့မြေငလျင်စခန်းကနေ အနောက်မြောက်ဘက် မိုင် ၁၉၀ ခန့်အကွာ၊ မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး နေ့လည် ၁၂ နာရီ ၁၁ မိနစ်ခန့်က လှုပ်ခတ်သွားတာဖြစ် ပါတယ်။

ဧပြီလ ၁၃ ရက်နေ့ မနေ့ညကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရဲ့ အရှေ့တောင်ဘက် ၄၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်းထနှ်တဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

အဲ့ဒီအင်အားပြင်း ငလျင်လှုပ်ခတ်မှုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအ၀င် မြို့တော်တော်များများက ခံစားသိရှိခဲ့ကြပြီး ရန်ကုန်မြို့အထပ်မြင့်တိုက်တွေမှာ နေထိုင်သူတွေ လမ်းမပေါ်ထွက်နေခဲ့ကြရပါတယ်။
RFA

innlay-lake-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ကို တွေ့ရစဉ်
Photo: RFA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်ထဲမှာ ရေတွေခမ်းခြောက်လာတယ်လို့ အင်းလေးကန် လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့တွေက ပြောပါတယ်။

သင်္ကြန်ချိန်ကာလမှာဆိုရင် အင်းလေးကန်ရဲ့အလယ်မှာ ပုံမှန်ရေအမြင့်ပေ ၆ ပေ လောက်ရှိရမှာကို ၅ ပေလောက်သာ ရှိတော့တယ်လို့ အင်းလေးကန် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစုပေါင်းအဖွဲ့ ဥက္ကဌ ဦးသာဒိုးက ပြောပါတယ်။

"မနှစ်က တိုင်းတာထက်စာရင် ဒီနှစ်က နှစ်ပေနီးနီးလောက် ပိုလျော့နေတယ်၊ ဒီလိုသင်္ကြန်ကာလ မှာ ခြောက်ပေလောက်ရှိရမယ့် အနေအထားကနေ ခုငါးပေသာသာပဲရှိတော့တယ်၊ ၁ ပေလောက်လျော့နေတယ်"

အောက်ခံနုန်း မြေမျက်နှာပြင်ကနေ ရေမျက်နှာပြင်ကို တိုင်းတာတာဖြစ်ပြီး နုန်းမြေအထူဆိုရင် ၆ ပေ လောက်ကနေ ၄ ပေခွဲ လောက်အထိရှိနေတာကြောင့် တချို့ကျေးရွာတွေမှာ စက်လှေတွေသွားလို့ရအောင် မြောင်းတွေတူးပြီး သွားလာနေရပါတယ်။

အပူချိန်မြင့်တက်လာသလို လာမယ့် မေလမှာ ရေအမြင့် ၁ ပေလောက် ထပ်မံကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၀ ခုနှစ် မတိုင်ခင်က အခုလိုနွေရာသီဆို ကန်အလယ်ရေနက်ပိုင်းမှာ ရေအမြင့် ၈ ပေ လောက်ရှိခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာ တဖြည်းဖြည်းရေခမ်းတာတွေ ပိုဖြစ်လာပါတယ်။

အရင်က အင်းလေးကန်ထဲက ရေကိုသောက်သုံးလို့ရပေမယ့် လက်ရှိ ကျေးရွာတချို့မှာ သုံးရေအတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

ဒီနှစ်ဟာ အယ်လ်နီညိုရာသီဥတု ပြင်းထန်နေတာကြောင့် တစ်နိုင်ငံလုံးက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရေ ခမ်းခြောက်မှု ပိုများလာပြီး ဧပြီလထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးရွာပေါင်း တစ်ထောင်နီးပါး မှာ ရေရှားပါးနိုင်တယ်လို့လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။
RFA

 earthquake-620.jpg ဧပြီလ ၁၃ ရက်နေ့ညက လှုပ်ခဲ့တဲ့ အင်အား ၆.၈ အဆင့်ရှိ ငလျင်ကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပျက်စီးသွား တဲ့စေတီတွေကို တွေ့ရစဉ်
Photo: MOI Facebook

မနေ့ကညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ ငလျင်လှုပ်ခဲ့ရာမှာ စေတီပုထိုးတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် လူတွေထိခိုက်မှုတွေမရှိဘဲ ကနီ၊ ယင်းမာပင်၊ ချောင်းဦးနဲ့ အလုံမြို့တွေမှာ ပျက်စီးဆုံး ရှုံးတာတွေ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

"ကျနော်တို့ကတော့ ၆.၈ ဝန်းကျင်မှာရှိတယ်လို့ သိရပါတယ်ခင်ဗျာ၊ လှုပ်တာကတော့ တော်တော်လေးကိုလှုပ်ပါ တယ်၊ ယင်းမာပင်ဘက်မှာဆိုရင် စေတီငါးဆူ ထီးတော်ခတာတွေ အက်ကွဲတာတွေဖြစ်ပါတယ်ခင်ဗျာ၊ နောက် ဒီဘက်ချောင်းဦးဘက်မှာလည်း စေတီနှစ်ဆူလောက်ဖြစ်ပါတယ်ခင်ဗျ"

လက်ရှိမှာ ပျက်စီးဆုံးရှူံးမှုစာရင်းတွေကို မြေပြင်မှာ စာရင်းကောက်ခံနေပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မနေ့ကညပိုင်းလှုပ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်လာရင် သတိထားနေထိုင်ကြဖို့အတွက်လည်း နှိုးဆော်ထားတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုနှစ်ပိုင်းအတွင်းမှာ ငလျင်တွေ မကြာခဏလှုပ်ခတ်ခဲ့ပါတယ်။
RFA

police-thingyan-620.jpg
ရန်ကုန်မြို့မှာ ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့က ရေပက်ခံကားတွေကို လိုက်လံစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
.

 သင်္ကြန်ရက်တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ပြောက်ကျားဝတ်စုံတွေ ဆင်တူဝတ်ဆင်တာ၊ အလံတွေ ၊ တုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ပြီး လည်ပတ်တာတွေမလုပ်ဖို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က လူငယ်တွေကို လိုက်လံသတိပေးနှိုးဆော်ထားပါတယ်။

ဒေသတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်းရှိတာကြောင့် ပြောက်ကျားဝတ်စုံတွေ မဝတ်ဆင်ဖို့ စည်းကမ်း ချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ မော်လမြိုင်မြို့နယ်မှူး ရဲမှူးအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့ပြောတဲ့ အတိုင်းအတာပေါ်မှာ သူတို့လိုက်နာတဲ့ အနေအထားတော့ရှိပါတယ်၊ သူတို့ဆီမှာပါလာရင် လည်း သိမ်းဆည်းတယ်ပေါ့၊ လုံခြုံရေးနဲ့ပတ်သက်လို့ သတိပေးတယ်ဆိုတာက လူငယ်တွေအနေနဲ့ ပျောက်ကြား ဝတ်စုံတွေ ဝတ်တာတို့ အဖွဲ့အစည်းတွေဘာတွေ ဒီမှာရှိတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကျနော်တို့ကဆွေးနွေးတယ်၊ ဟောပြောတယ်၊ တိုက်တွန်းတယ်ပေါ့"

ဒါ့အပြင် သင်္ကြန်လည်ပတ်သူတွေအနေနဲ့ တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်မယ်ဆိုရင် သိမ်းဆည်းမှာဖြစ်တဲ့ အကြောင်းကိုလည်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က လူစည်ကားရာ သင်္ကြန်မဏ္ဍပ်တွေ၊ လမ်းတွေမှာ လိုက်လံ အသိပေးထားတယ်လို့ ပြောပါတယ်။

မော်လမြိုင်မြို့ဟာ မနက်ဖြန် သင်္ကြန်အကြတ်နေ့မှသာ စတင်စည်ကားတာဖြစ်ပြီး သင်္ကြန်လည်ပတ်သူတွေဟာ ဆိုင်ကယ်တွေနဲ့အဖွဲ့လိုက် လည်ပတ်ကြသလို ဝတ်စုံတူတွေ၊ တုတ်တွေကိုင်ဆောင်ပြီး အလှပြကြတာများပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း ရန်ကုန်မြို့အတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် အသက်သေ ဆုံးမှုတွေမရှိအောင် ကားတွေမှာ တုတ်၊ ဓား၊ လက်နက်တွေ ပါဝင်မှုရှိ၊ မရှိကို လည့်ကင်းတွေနဲ့ လိုက်လံစစ်ဆေးနေ သလို တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းရှာဖွေမှုတွေကို ရေကစားမဏ္ဍပ်ကြီးတွေမှာ တစ်နေ့ ကိုနှစ်ကြိမ် စစ်ဆေးနေပါတယ်။

ကားတွေမှာ အရက်ပုလင်းတွေ တင်ဆောင်လာတဲ့အခါမှာလည်း ရေသန့်ပုလင်းထဲ ပြောင်းထည့်ပေး တာတွေဆောင်ရွက်နေသလို လမ်းဘေးဈေးဆိုင်တွေမှာ ရောင်းချနေတဲ့ အရက်၊ ဘီယာ တွေကိုလည်း သိမ်းဆည်းတာတွေ ပြုလုပ်နေပါတယ်။

RFA

ငယ်စဉ်က ချစ်ခင်စွဲလန်းရဖူးသူကို ယခုအချိန်တွင်
ညှိုးငယ်သောဘ၀အဖြစ် ပြန်မြင်ရသည်မှာ မချိတင်ကဲ
ရှိလှပါသည်။
.
သူ၏ တချိန်ကတင့်တယ်သောအလှ၊ ၀င့်ထယ်သော
ဘ၀ကို ပြန်မြင်ချင်သေးသည်။ ဖြတ်သန်းမှုအရ ရင့်ကျတ်
တည်ငြိမ်သော ရုပ်သွင်ကို ကျက်သရေရှိရှိ တွေ့ချင်
စမ်းပါဘိ။

▬*▬*▬*▬

လွန်ဆွဲပွဲတခု ။ အဖြူရောင်ဘက်က ပိန်ညှောင်
ညှောင်တဦးတည်း။ အမည်းရောင်ဘက်ကမူ
ဗလ တောင့်တင်း လူများစွာ။ ဒိုင်သူကြီးလုပ်သူက
လက်မှာ ကြက်ကြောက်အိတ်ကိုဆွဲလျက်။ ( ကြက်ကြောက်
အိတ် ဆိုသည် မှာ ထိုခေတ်အခေါ် လူကြီးများကိုင်သည့်အိတ်။
မြို့မှလူကြီးများ ရပ်ရွာထဲ ထိုအိတ်ဆွဲ ၀င်လာပြီဆိုလျှင်
ရိုက်သတ် ချက်ကြွေးခံရတော့မှာမို့ ကြက်တွေ ကြောက်
လန့်ပြေးလွှားပုန်းအောင်ရတာ သရော်ရင်း ကြက်ကြောက်
အိတ်ဖြစ်လာ။ )
.
ဒိုင်လူကြီးက ၀စီမှုတ် ပွဲစပြီ။ အမည်းရောင်ဘက်က
သိသိသာသာအနိုင်ရမည့်ပုံပေါ်သည်နှင့် ဒိုင်လူကြီးက
ပွဲကိုရပ် ပြန်စခိုင်း။ နောက်တကြိမ်လည်း အမည်းဘက်ကပဲ
အားသာနေ။ ပြန်ရပ်ခိုင်း၊ ပြန်စခိုင်း။ အဖြူဘက်က
ဘယ်လိုနည်းနဲ့မှ မနိုင် ရှုံးမယ်ဆိုတာ သေချာမှန်းသိ
လျင် ဒိုင်လူကြီးကိုယ်တိုင်က အဖြူဘက်မှဝင်ဆွဲ
အမည်းတွေကို ကန်ချလိုက်ပြီး အနိုင်ယူ လိုက်တော့၏။
.
မဆလခေါ် တပါတီအာဏာရှင်ခေတ်က သင်္ကြန်
သံချပ် သရုပ်ဖော်မြင်ကွင်းတခုဖြစ်ပါသည်။ တပါတီ
အာဏာရှင် စနစ်ပီပီ ရွေးကောက်ပွဲဆိုသည်မှာ သူတို့
ချပေးသော ကိုယ်စားလှယ်လောင်းကို ကြိုက်လျှင်
ထောက်ခံ အဖြူရောင်ပုံး၊ မကြိုက်လျှင်ကန့်ကွက် အမည်း
ရောင်ပုံး ဆိုသည့်တိုင် လက်တွေ့တွင် အခက်ခဲရှိ
ပါသည်။
ထောက်ခံ အဖြူရောင်ပုန်းထဲ မဲထည့်တာ အလွယ်တကူ
ဝင်ပေမယ့် အမည်းရောင်ကန့်ကွက်ပုံးကျတော့ လက်လှမ်း
မမှီရာမှာ ထားပြီး မရမက ကန့်ကွက်မဲထည့်မည်ဆိုပြန်
တော့လည်း အမည်းရောင်ပုံးအ၀က မဲတပြားမ၀င်နိုင်အောင်
မည်သို့မည်ပုံ အထူး စီမံပြုလုပ် ထားသည်မသိ။
.
မဲဆန္ဒရှင်ပြည်သူများခမျာ ဒိုင်ကိုယ်တိုင်ညစ်နေမှန်းသိလျက်
မသက်မသာ ခံစား နေရသော ရွေးကောက်ပွဲများအကြောင်း
သင်္ကြန်သံချပ်သရုပ်ဖော် ကကွက်၊ ပြကွက်အဖြစ် အထက်ပါ
သရုပ်ပြကွက် တင်ဆက်ခဲ့ခြင်းဖြစ်ပါသည်။
.
▬*▬*▬*▬
.
နောက်ထပ် သင်္ကြန်သံချပ်အသင်းသားတခု၏ သရုပ်ပြကွက်
တခုကိုလည်း ကြည့်ပါဦး။ အကဲဖြတ် ဒိုင်များနှင့် အထူး
ဧည့်သည်များနေရာမှ ကြည့်လျှင် ဇာတ်စင်အနောက်ဘက်မှ
တက်လာသော ရင်ဖုံးအင်္ကျီ ပိုးတောင်ရှည်ပုဆိုး ၊ မောင့်
ကျက်သရေ ခေါင်းပေါင်းနှင့် အကျအန လူတယောက်ကို
တွေ့ရမည်။ သူက လက်အုပ်ချီလျက် မျက်နှာထားတည်တည် ။
ဇာတ်စင်နောက်ဘက်မှ ပရိသတ်များက တဝေါဝေါရယ်နေ
ကြသည်။ ဘေးဝဲယာနှစ်ဖက်နှင့် စင်ရှေ့မှ လူများက နား
မလည်နိုင်ကြ။ မောင့်ကျက်သရေကြီး စင်ရှေ့တိုးလာသည်နှင့်
အမျှ ၀ဲယာနှစ်ဖက်မှ ဝေါခနဲ ရယ်မောကြ။ ကာယကံရှင်
ကိုယ်တိုင် ဘာကြောင့်ရယ်နေကြမှန်း နားမလည်သည့်
ဟန်ဖြင့် ဘေးနှစ်ဖက်သို့ မျက်နှာ လှည့်ကြည့် ဘာရယ်ကြ
တာလဲ အဓိပ္ပာယ်ဖြင့် အသံတိတ် မျက်နှာအမူအရာဖြင့်သာ
ပြန်မေး။
ပရိသတ်ကား တသောသောရယ်ဆဲ။ ရှေ့တည့်တည့်မှ
အကဲဖြတ် အထူးဧည့်သည်များ နားမလည်နိုင်။စင်ပေါ်မှ
ဝတ်ကောင်းစားလှ လူကြီးမင်းသည်းမခံနိုင်တော့သည့်အဆုံး
သူ့မျက်နှာက ခင်ဗျားတို့ ဒီလောက်တောင် လှောင်ပြောင်
နေကြရင် မကတော့ဘူး ပြန်တော့မယ်ဟု အမူအရာဖြင့်
ပြန်လှည့်ဆင်းကာမှ သူနောက်ကြောတပြင်လုံး အ၀တ်ဗလာ
ခါးတောင် မြှောင်အောင် ကျိုက် တင်ပါး၊ကျောပြင် အိုးမည်း
သုတ်ထားတာ မြင်ကြရသည်။ ဆိုရှယ်လစ်လူ့ဘောင်သို့
မြန်မာ့နည်း မြန်မာဟန်ဖြင့် အောင်မြင်စွာချိတက်နေသည်
ဆိုသော ထိုခေတ်စနစ်ကြီးတခုလုံး၏ သရုပ်တခုလုံးကို စကား
တလုံးမျှ မသုံးပဲ ထိုသို့ တင်ဆက်နိုင်ခဲ့ပါသည်။
.
၁၉၆၂ မတိုင်မီ ဒီမိုကရေစီ ခေတ်တုန်းက လွတ်လပ်ခွင့်နှင့်
အတူ သံချပ်သရုပ်ပြများမှာ လူထုဘ၀ သောကမပြေလည်
မူများကို အပီအပြင်သရုပ်ဖော်နိုင်ခဲ့သည်။ ပြည်သူ့ဟစ်တိုင်
တမျိုးဟုလည်း ယုံကြည်ခဲ့ကြသည်။ ၁၉၆၂ အာဏာသိမ်းပြီး
နောက်.. ၁၉၇၀ နှောင်းပိုင်း သံချပ်များအပေါ် တင်းကျပ်လာပြီး
အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးေ တာင်းဆိုသော သံချပ်
စာသား သရုပ်ပြ ဂီတများကို အနိုင်အထက် နှိပ်ကွက်လာ
သည်မှာ ရန်ကုန်ထောင်ကြီး မဖျက်သိမ်း ခင်ထိ သံချပ်သမား
များ၏ သင်္ကြန်အတွင်း ဖမ်းဆီးချုပ်နှောင်ထားရာ ဖြစ်ခဲ့သေးသည်။
ကျနော်တို့ကောင်းစွာ သိမှီလိုက်သော ၁၉၇၄ နောက်ပိုင်း
မဆလခေတ်တွင်မူ ပိုမိုတင်းကျပ်သည့်အနေဖြင့် သံချပ်များကို
စီစစ်ရေးခွင့်ပြုမှ ထွက်ရသည့်ဘ၀ ရောက်လာသည်။ သံချပ်
သမားများကား အရှုံးမပေး။ မင်နီတွေရဲပတောင်းထနေသော
သံချပ်များကို တိုင်ရင်းဖောက်ရင်း ပထမ ခေါင်းဆောင်ကို
ဆွဲသွား။ ဒုတိယ ခေါင်းဆောင်ကဆက်တိုင်။ ဒုတိယခေါင်း
ဆောင်ကို ထပ်ဖမ်းပြန်တော့ တတိယ ခေါင်းဆောင်က သံချပ်
ဆက်ထိုး။ တသင်းလုံးမျိုးပြုတ်မှသာ ရပ်တော့သည်။
.
သံချပ်စာသားများကို တင်းကျပ်လွန်းသည့်အဆုံး ကြိုတင်
ဆင်ဆာဖြတ်မရသော သရုပ်ပြကွက်များဖြင့် တရားမျှတမှုေ
တောင်းဆိုတိုက်ပွဲများ ဆက်ခဲ့ကြသည်။ ဤဆောင်းပါး
အစတွင် ဖော်ပြခဲ့သော သရုပ်ပြနမူနာများအပါအ၀င် လူထု၏
နစ်နာမှုတောင်းဆိုချက်များ ဖော်ကျူးခဲ့ကြသည်တွင် စင်ပေါ်မှ
ဆင်းသည်နှင့် လက်ထိပ်ခတ်ခေါ်ဆောင်သွားရာ လိုက်ခဲ့
ရသော သံချပ်အသင်း များစွာ ရှိခဲ့ပါသည်။ မင်္ဂလာဒုံရေကြည်အိုင်
စစ်ကြောရေးစခန်း အချုပ်ခန်းနံရံများတွင် သံချပ်အသင်း
များ၏ နာမည်များစွာကို တန်းစီရေးထိုး ကမ္ပည်းတင်ခဲ့သည်မှာ
သက်သေအခိုင်အမာ။ ၁၉၈၈ အထိ ရှိခဲ့ပါသည်။
.
၁၉၈၈ အာဏာသိမ်းပြီး ၁၉၈၉ သင်္ကြန်တွင်လည်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ တွင် ပြည်သူ့ ဟစ်တိုင် ခေါ်ဆို
နိုင်သည့် ရင်ဖွင့်သံများ သင်္ကြန်ဒိုးသံ သံချပ်သံများ ဝေစီခဲ့ပါသည်။
မတရားဖိနှိပ်မှုကို ခြောက်လုံးပတ် ဗုံသံများ ၊ ယကွင်းသံများဖြင့်
အန်တုခဲ့ကြသေးသည်။ ဖြစ်လာသည့် အကျိုးဆက်အဖြစ်
နှိပ်ကွပ်မှုများ ကိုလည်း ရဲရဲ ရင်ဆိုင်ပြခဲ့ကြသည်။
.
▬*▬*▬*▬
.
၂၀၁၂ နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်
လာပြီး သံချပ်ယဉ်ကျေးမှု တခေတ်ဆန်းရန်
ပြည်သူ့အသံ ဟစ်တိုင်များ စိုက်ထူရန် အားထုတ်
ခဲ့ပါသေးသည်။ ဇွဲသတ္တိကောင်းကောင်းဖြင့်
လက်ခံကျင်းပပေးမည့် မဏ္ဍပ်ရှားပါဘိ။ သံချပ်
အသင်းကားများအား ထောက်ပံ့ပေးမည့်သူ
များလည်း ခဲယဉ်းပါသည်။ နွမ်းပါးသော
ဆင်ယင်မှုဖြင့် မပြည့်မစုံ ထွက်ခဲ့ကြ၊ သံချပ်
ထိုးခဲ့ကြသည်။ မဏ္ဍပ် မရှိသည့်အဆုံး လမ်းဘေး
မြေ၀ိုင်းအသွင် လူထုရင်ခွင်ထဲအရောက်
ကိုယ်စားအသံရင်ဖွင့်သံများ ထုတ်ခဲ့ကြသည်မှာ
ကျွန်တော်တို့ငယ်ဘ၀က စွဲလန်းခဲ့ဖူးသည့်
ချစ်မြတ်နိုးသူအား ညှိုးငယ်သောအသွင်ဖြင့်
မြင်ရသည့်နှယ် မချိတင်ကဲ ခံစားရပါသည်။
.
တချိန်က တင့်တယ်သောအလှ၊ ၀င့်ထယ်သော
ဘ၀ကို ပြန်မြင်ချင်သေးသည်။
ယခုပြည်သူ့အစိုးရက သံချပ်များကို အားပေးမည် ၊
စီစစ်ရေးမရှိ တင်ဆက်နိုင်ကြပြီဟု ပြည်သူ၏
မူလအခွင့်အရေးကို တလေးတစား အသိအမှတ်
ပြုနေပြီ။ စီစစ်ရေးဆင်ဆာဆိုသည်မှာ ကိုယ်စီ
ဥာဏ်ပညာ အမြော်အမြင်ပဲဟု နားလည်ပါသည်။
အားလုံး၏ စုပေါင်းအားကို မျှော်လင့်တောင့်တ
မိပါသည်။
ငယ်ချစ်ဆွေနှင့် နွေညများ အလှသစ်ဖြင့်
တင့်ပါစေ…။
.
- #မင်းကိုနိုင်
.
( တချိန်က ကျယ်ပြောတဲ့ ဇာတ်ခုံ၊ ပရိသတ်ကလည်း ထိုင်ခုံနဲ့
မဏ္ဍပ်ရုံ အကျအနခင်းကျင်း သင်္ကြန်သံချပ်ပွဲခင်းများ၏ ခမ်းနား
သော မြင်ကွင်းများနှင့်
ယခုမှ နလန်ထအားယူ အများပြည်သူနှင့်သက်ဆိုင်သော
မြေကွက်တွေ မရှိတော့ မြေ၀ိုင်းကနေရတဲ့ဘ၀ နှိုင်းယှဉ်
ကြည့်ရင်းအတွေးစများပါ )


မဟာ သင်္ကြန် အကြတ်နေ့ ပထမနေ့မှာ မြန်မာ နိုင်ငံတဝန်း သင်္ကြန် ပွဲတော်ကို ပျော်ပျော်ပါးပါး ဆက်လက် ဆင်နွှဲ နေကြပါတယ်။

ဖျော်ဖြေရေး အဖွဲ့တွေကလည်း မဏ္ဍပ်တွေနဲ့ ရပ်ကွက်ထဲတွေ အထိ သွားရောက် ဖျော်ဖြေနေကြပါတယ်။

ပြီးခဲ့တဲ့ တပတ်ကမှ ထောင်က လွတ်လာကြတဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တကသ ကျောင်းသားတွေရဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ကလည်း အင်းစိန်ထောင်ထဲမှာ အကျဉ်းကျ နေတုန်း ရေးခဲ့ကြတဲ့ သံချပ်တွေကို လှည့်လည် ဖျော်ဖြေ နေပါတယ်။

အကြတ်နေ့ မနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှာ သွားရောက် ဖျော်ဖြေခဲ့တုန်းက ရဲ စခန်းမှူးနဲ့ မြို့နယ်မှူးတို့ပါ ဝင်ရောက် သီဆိုခဲ့ကြတယ်လို့ သံချပ်ရေးသူ တစ်ယောက် ဖြစ်တဲ့ တကသ အဖွဲ့က ကိုဇေယျာလွင်က ပြောပါတယ်။

အခုနှစ် အတွက် သံချပ်ရေးသူတွေထဲမှာ တကသ ကျောင်းသားတွေ ဖြစ်တဲ့ ကိုဇော်လင်းထွဋ်၊ ကိုမင်းသူကျော်တို့လည်း ပါဝင် တယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေ အကျဉ်းကျနေတဲ့ အတွက် ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ မထွက်ရဘူးလို့ မဖြစ်ရအောင် အပြင်မှာ ရှိတဲ့သူတွေ လုပ်ဆောင်နိုင်အောင် ထောင်ထဲကနေ ရေးပေးခဲ့တာလို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

သူတို့အဖွဲ့က မဏ္ဍပ်တွေမှာ လိုက်လံ ဖျော်ဖြေတာ မဟုတ်ဘဲ ပြည်သူတွေနဲ့ ပိုမို ထိစပ်မှု ရှိအောင် ရပ်ကွက် ထဲမှာ မြေဝိုင်း ပုံစံနဲ့ ဖျော်ဖြေတာလို့ သူက ပြောပါတယ်။

အရင်က ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ အတွက် သံချပ်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင် ရေးပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ ကိုယ်တိုင်ပဲ ရေးတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။

အခုနှစ် သင်္ကြန်အနေအထားက ရေပက်ခံသူနဲ့ ဖျော်ဖြေရေး အဖွဲ့တွေ နည်းသွားလို့ အရင်နှစ်တွေနဲ့ ယှဉ်ရင် ခြောက်ကပ်သွားတယ်လို့ မြင်ရပေမဲ့ သင်္ကြန် သံချပ်ကားတွေနဲ့ အလှပြ ကားတွေ များလာပြီး ယဉ်ကျေးမှုပိုင်းကို ပိုမိုအားပေးလာတာ တွေ့ရတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။
BBC Burmese

ဧပြီ ၁၄ ရက် ညပိုင်းက ဂျပန်နိုင်ငံ ကျူရှူကျွန်း၏ အနောက်တောင်ဘက်စွန်းစွန်းကို ဗဟိုပြု၍ ပြင်အား ၆.၅ magnitude အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ယင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် နေအိမ်အချို့ ပြိုကျ ပျက်ဆီးခြင်း၊ မီးလောင်မှု အနည်းငယ်ဖြစ်ပွားခြင်းတို့ ရှိခဲ့သည်။ ထိုငလျင်ကြောင့် လူ ၃ ဦးသေဆုံးခဲ့သည်ဟု ဂျပန်မီဒီယာအချို့နှင့် ဂျပန်အစိုးရ၏ ဖော်ပြချက်အရ သိရသည်။ ထိခိုက်မှု အပြည့်အစုံကိုမူ သိရှိရခြင်း မရှိသေးပေ။

ငလျင်လှုပ်ခတ်မှုကြောင့် ကျူရှူကျွန်း၏ စီရင်စုနယ်တစ်ခုဖြစ်သော ကူမာမိုတိုတွင် အနည်းဆုံး ၁၂ ဦးထိ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၉ လုံး ပြိုကျပျက်ဆီးခဲ့ကြောင်း သိရသည်။ ဒုက္ခရောက်နေသူများအား ကယ်ဆယ်ရန် ငလျင်လှုပ်ခတ်ရာသို့ စစ်တပ်ဆိုင်ရာအမှုထမ်း ၃၅၀ ခန့်အား စေလွှတ်ထားကြောင်း ဂျပန်နိုင်ငံ၏ အစိုးရပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ယိုရှီဟီဒီဆူဂါက ပြောကြားခဲ့သည်။

“သဘာဝဘေးအန္တရာယ် တိုင်းတာမှုတွေ ဦးစားပေးပြုလုပ်ပြီး ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အရေးပေါ် ကူညီကယ်ဆယ်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ဆူဂါက ပြောကြားသည်။

Ref: AFP

(ငလျင်လှုပ်ဒဏ်ကြောင့် ပျက်ဆီးမှုအချို့အား တွေ့ရစဉ် Photo: AFP)
Eleven Media Group


မြန်မာရိုးရာ အတာသင်္ကြန် ပထမ အကြတ်နေ့ ရန်ကုန်မြို့မြင်ကွင်း။
မြန်မာရိုးရာ အတာသင်္ကြန် ပထမ အကြတ်နေ့ ရန်ကုန်မြို့မြင်ကွင်း။

ရန်ကုန်မြို့မှာ ပိုက်ဆံပေးပြီးပက်ရတဲ့ စီးပွားရေး မဏ္ဍပ်ကြီးတွေ လျော့နည်း သွားတဲ့အတွက် ၊ ရပ်ကွက် အတွင်း မဏ္ဍပ်ငယ်တွေ ပိုများလာပြီး ၊ လူတန်းစားပေါင်းစုံ ပျော်ရွှင်ဆင်နွဲနိုင်တဲ့ သင်္ကြန်ဖြစ်လာတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကပြောပါတယ်။ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းက ပေးဆပ်သူများအဖွဲ့ဟာ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်က ဖိတ်ကြားချက်နဲ့ အဲဒီမှာ ပထမဆုံးအကြိမ် သွားရောက်ပြီး သံချပ်နဲ့ ဖျော်ဖြေခဲ့တာပါ။ ရန်ကုန် နဲ့ မန္တလေးမြို့တွေရဲ့ သင်္ကြန် ပထမအကြတ်နေ့အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ။်
မင်းသားကျော်သူ အဖွဲ့ သံချပ်ဖျော်ဖြေ
မင်းသားကျော်သူ အဖွဲ့ သံချပ်ဖျော်ဖြေ
မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ကို နိုင်ငံတ၀ှမ်း ကျင်းပနေကြတာမှာ ဒီကနေ့ ပထမအကြတ်နေ့မှာတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မှာ ရုပ်ရှင်မင်းသားကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ရဲ့ ပေးဆပ်သူများအဖွဲ့ကလည်း သံချပ်နဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ပါ တယ်။ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မှာ ဒီကနေ့ လူထုကို ဖျော်ဖြေခဲ့တဲ့အခြေအနေကိုတော့ ဦးကျော်သူက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ကျနော်တို့ကို မြို့တော်ဝန်မဏ္ဍပ်က ဖိတ်တယ်လေ ဖိတ်တော့ ကျနော်တို့သွားတယ်။ အစက ၁၁ နာရီသွားရမှာ ရှေ့က မနက်ပိုင်းက ကျနော်ကလည်း နာရေးလမ်းကြောင်းတခု ကားမောင်းတယ်။ ကားမောင်းပြီးတာနဲ့ သွားနေတဲ့ ကားအဖွဲ့နဲ့ လမ်းမှာ ကြုံပြီးတော့ လမ်းမှာ ဆင်းပြီး ကျနော် လိုက်သွားတာ။ လမ်းမှာ ကားပိတ်တော့ နည်းနည်းနောက်ကျသွားတော့ ၁၂နာရီလောက်မှ ရောက်သွားတယ်။ ရောက်သွားတော့ ပရိတ်သတ်ကလည်း တော်တော်အားပေးပါမယ်။

မြို့တော်မဏ္ဍပ်မှာ ကျနော်တို့ ဒီလို သံချပ်အဖွဲ့ တက်ရတာ ဒါ ပထမဆုံးဦးပေါ့လေ။ အရင်တုန်းကဆိုရင် သံချပ်အဖွဲ့တွေ ဆို လုံးဝ လက်ခံတာမဟုတ်ဘူး။ ကျနော်လည်း အရင်တုန်းက အရင်အစိုးရလက်ထက်က မြို့တော် မဏ္ဍပ်ပေါ် တခါမှ မရောက်ဖူးဘူး။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံး ရောက်တာပါ ဒီစင်ပေါ်ကို။"
သင်္ကြန်အကြတ်နေ့မြင်ကွင်း
သင်္ကြန်အကြတ်နေ့မြင်ကွင်း
အရင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်တွေတုန်းက မြန်မာ့ရိုးရာသင်္ကြန်ရဲ့ လက္ခဏာတွေထဲက တခုဖြစ်တဲ့ သံချပ်ထိုးတာတွေကို တင်းကြပ်မှုတွေ ရှိခဲ့တာကြောင့် ၊ သံချပ်ဟာ နောက်ပိုင်းမှာ လူထုကြားမှာ အတော်လေးကို တိမ်ကောလုနီးပါဖြစ်လာခဲ့တာပါ။
ပေးဆပ်သူများ သံချပ်အဖွဲ့
ပေးဆပ်သူများ သံချပ်အဖွဲ့
အထူးသဖြင့် အစိုးရဌာနဆိုင်ရာမဏ္ဍပ်တခုလို နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ မြို့တော်ခန်းမ မဏ္ဍပ်ကနေ အခုလိုသံချပ် နဲ့ ဖျော်ဖြေခဲ့တာဟာ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သံချပ်နဲ့ ဖျော်ဖြေခွင့်ရခဲ့တဲ့အပေါ်မှာ ဦးကျော်သူ အခုလို ပြောပါတယ်။

" ကျနော်တို့က အနှစ်နှစ်အလလ မြိုသိပ်ထားတဲ့ စကားလုံးတွေပေါ့လေ။ ဒါပေမဲ့လည်း ကျနော်တို့လည်း ဒီသံချပ်ကိုတော့ ဒီနှစ်က အခုအစိုးရသစ်က ဆင်ဆာ မလုပ်ဘူးဆိုတော့ ကျနော်တို့က ပိုပြီးတော့ ကိုယ့်စည်း ကိုယ်စောင့်ရတယ်။ ပါစင်နယ်ကိစ္စတွေ မပါဖို့ ဒီဟာကို ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ သံချပ်စကားလုံးတွေ ရေးရတယ်။ ရေးပြီးတော့ ကိုယ့်ကိုကိုယ်ထိန်းသိမ်းမှ ရမှာပေါ့ ဆင်ဆာ မရှိဘူးဆိုတော့ ဆင်ဆာ မရှိဘူးဆိုပြီး စည်းလွတ်ဝါးလွတ်က လုပ်လို့မဖြစ်ဘူး။ ကိုယ့်စည်းကမ်း ကိုယ်ထိန်းသိမ်းပြီးတော့ ဒါ ကျနော်တို့ သံချပ်တိုင်ခဲ့တယ်ပေါ့လေ။ ပြည်သူလူထုကလည်း သဘောပေါက်တယ်။ သူတို့လည်း အရမ်းကျေနပ်ကြတယ်။ အားပေးမှုကို တော်တော်ခံရပါတယ်။ "

ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းရဲ့ ပေးဆပ်သူများ သင်္ကြန်သံချပ် အဖွဲ့ နိုင်ငံတ၀ှမ်း သိမ်းယူခံခဲ့ရတဲ့ သချိုင်းတွေနဲ့ ပတ်သက်ပြီး အဓိက သံချပ်ထိုးခဲ့တဲ့ အပြင်၊ အစိုးရသစ်လက်ထက် နိုင်ငံရေးအခင်းအကျင်းသစ်မှာ အားလုံး စည်းစည်းလုံးလုံး ရှေ့ဆက်ဆောင်ရွက်ကြဖို့ နှိုးဆော်တဲ့ သံချပ်တွေထိုးခဲ့တယ်လို့ ရန်ကုန်မြို့အတွင်း စီးပွားရေးမဏ္ဍပ်တွေ တည်ဆောက်ခွင့်တွေကို သူကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခုနှစ် ရန်ကုန်သင်္ကြန်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုတော့ ဦးကျော်သူက အခုလို ပြောပါတယ်။

"သင်္ကြန်ကတော့ ဒီနှစ်ကတော့ ကျနော်တို့ လူတန်းစားညီမျှမှုဖြစ် သွားတယ်လို့ ပြောလို့ရသွားတယ်။ ဥပမာ အရင်တုန်းက ပိုက်ဆံပေးပြီး တက်ရတဲ့ မဏ္ဍပ်ကြီးတွေ တီးဝိုင်းတွေ အဆိုတွေ ပါတဲ့ မဏ္ဍပ်တွေမှာ လူတွေက ပုံနေတယ်။ ရပ်ကွက်ထဲကလူတွေဆိုရင် ကိုယ့်ရပ်ကွက်ထဲမှာတောင် ရေမကစားနိုင်ဘူး။ အဲ့ဒီ့နေရာမှာ သွားပြီးတော့ ငေးမောပြီးကြည့်ရတယ်။ တချို့ မူးရူးနေတာ ဒါမျိုးတွေဖြစ်တာတွေ။

အခုဆိုရင် မဏ္ဍပ်လေးတွေ သူ့ ရပ်ကွက်ထဲက လမ်းလေးတွေမှာ သူ့ရပ်ကွက် သူ့အိမ်ရှေ့လေးတွေမှာ အုန်းလက်မဏ္ဍပ်လေးတွေ တပိုင်တနိုင်လေးတွေ လုပ်လာတာ ဒါလေးတွေက ချစ်စရာကောင်းတယ်။

ကျနော်တို့ ကားမောင်းရ သွားရတာလည်း တော်တော်လေး အဆင်ပြေတယ်။ ဒါပေမဲ့ မဏ္ဍပ်ကြီးတွေရှိတဲ့နေရာတွေကတော့ ကားမောင်းရတာ တော်တော်လေး စိတ်ရှည်ရှည်နဲ့ မောင်းရတာပေါ့လေ။ မူးတာလည်း မူးကြတာပဲ မူးတဲ့သူတွေလည်းရှိတယ်။ ရန်ဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဒါ အပျော်မကျူးဖို့ပဲ။ ကျနော်တို့ ကိုယ့်ကိုကိုယ် ထိန်းမှပဲ ရမှာ။ အဲ့ဒီ့ဟာတော့ ကျနော်မြင်ပါတယ်။"

တခါ မန္တလေးဘက်မှာဆိုရင်လည်း ကျုံး ၄ ဘက်စလုံးမှာ သင်္ကြန်ရေကစားသူတွေနဲ့ စည်းကားနေတယ်လို့ သိရပါတယ်။ မန္တလေးသင်္ကြန်အခြေအနေနဲ့ ပတ်သက်ပြီး Lazy Club တီးဝိုင်းက လိဒ်ဂစ်တာသမား ကိုနိုင်ဇော်က အခုလိုပြောပါတယ်။

"ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားပါပဲ။ ရန်ကုန်က တီးဝိုင်းတွေလည်း အများကြီးပါပဲ။ အဲ့တော့ မန္တလေးသင်္ကြန်က ကျနော်ထင်တယ်။ ရန်ကုန်ထက်တောင် ပိုစည်တယ်ထင်တယ်။ ရန်ကုန်ကလူတွေ အကုန်လုံး မန္တလေး ရောက်နေကြ တယ်ဗျာ။ ဆိုင်ကယ်တွေလည်း တအားများတယ်။ ကားတွေကလည်း ကျုံးပတ်ပတ်လည်မှာ တော်တော်များပါတယ်။ ဒါပေမဲ့ တခုရှိတာ ကျနော်တို့ မဏ္ဍပ် တွေ အားလုံး တူတဲ့အချက်ကတော့ မန်းသင်္ကြန်က သူ့ဟာသူ မဏ္ဍပ်ကြီး ဘယ်လောက်ကြီးကြီး ဘယ်လောက်ပဲ အဆိုတော်ကောင်းကောင်း ကျုံးရဲ့ ရှေ့က ပေးတဲ့ မဏ္ဍပ်ကလည်း သတ်မှတ်ထားတဲ့ ဧရိယာပဲလေ။ မဏ္ဍပ်အားလုံး ဖျော်ဖြေခွင့်ရတဲ့ နေရာကတော့ အတူတူပဲခင်ဗျ။ ကျနော်မြင်တာကလေ အားလုံးမျှတယ်ပေါ့ဗျာ။ "

Lazy Club တီးဝိုင်းအပြင်၊ နာမည်ကြီး Iron Cross တီးဝိုင်းအပါဝင် တခြား နာမည်ကြီး အနုပညာရှင်တွေ အတော်များများလည်း မန္တလေးမြို့မှာ ဖျော်ဖြေနေကြတယ်လို့ သိရပါတယ်။

VOA

[youtube src="NM1tSAuTQnk"/]
ရန်ကုန်မြို့ အခြေစိုက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ ဒဂုံမြို့သစ်-မြောက်ပိုင်းမှာ ရှိတဲ့ နာရေးကူညီမှုအသင်း-ရန်ကုန် ရုံးရှေ့မှာ သင်္ကြန်အကျနေ့ မနေ့ကက သွားရောက် သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က ကောက်နှုတ် တင်ပြထားပါတယ်။

[youtube src="AOptsVBSZks"/]
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ သင်္ကြန်သံချပ်ပြိုင်ပွဲ ကျင်းပနေ တာ ဧပြီလ ၁၃ရက်နေ့က ဒုတိယမြောက်နေ့ဖြစ်ပါတယ်။ လာရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေထဲက အပ္ပမာဒေန သမ္မာဒေထ သံချပ်အဖွဲ့ရဲ့ ယှဉ်ပြိုင်ခဲ့တာကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။


ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ မိဘဆွေမျိုးတွေ။
ပြန်ပေးဆွဲခံ Chibok ကျောင်းသူတွေရဲ့ မိဘဆွေမျိုးတွေ။

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းကနေ အစ္စလာမ် စစ်သွေးကြွတွေက ကျောင်းသူလေး ၂၀၀ ကျော်ကို ပြန်ပေးဆွဲ ဖမ်းဆီးသွားတာ နှစ်နှစ်ကြာပြီး တဲ့နောက် ပျောက်ဆုံးနေ တဲ့ မိန်းကလေးငယ်တွေကို လွန်ခဲ့တဲ့လေးလကမှ ရိုက်ယူထားတာလို့ဆိုတဲ့ ဗွီဒီယိုအသစ် တခု ထွက်လာတာကြောင့် မိဘတွေအနေနဲ့ သူတို့ကလေးတွေ အသက်ရှင်နေတုန်းပဲဆိုတဲ့ မျှော်လင့်ချက် ပြန်ပေါ်လာပါတယ်။

Chibok မြို့လေးမှာရှိတဲ့ ကျောင်းတကျောင်းကနေ ၂၀၁၄ ခုနှစ်မှာ ဘိုကို ဟာရမ်းမ် စစ်သွေးကြွတွေက ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးငယ် ၂၁၉ ယောက်နဲ့ပတ်သက်ပြီး အခုချိန်ထိ ဘာသတင်းမှ မရသလောက်ပါပဲ။ အဲဒီဖြစ်ရပ်အပေါ် ကမ္ဘာတ၀န်း ပြစ်တင် ရှုတ်ချကြပြီး နိုင်ဂျီးရီးယားမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့သလို မိန်းကလေးတွေကို ကူညီရှာဖွေပေးမယ်လို့ နိုင်ဂျီးရီးယားရဲ့ မဟာ မိတ်နိုင်ငံတွေက ကမ်းလှမ်းကြပါတယ်။

ဗုဒ္ဓဟူးနေ့ကမှထွက်လာတဲ့ ဗွီဒီယိုထဲမှာတော့ မိန်းကလေးငယ် ၁၅ ယောက်ပါပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ ရိုက်ယူထားပုံ ရပါ တယ်။ ဒါဟာဖြင့် သူတို့ ပြန်ပေးဆွဲခံရပြီး သိပ်မကြာခင်မှာ ဘိုကို ဟာရမ်းမ်အဖွဲ့ရဲ့ ၀ါဒဖြန့် ဗွီဒီယိုတခုထဲမှာ ပါခဲ့ပြီးကတည်းက ဆိုရင် အခုဗွီဒီယိုဟာ မိန်းကလေးငယ်တွေကို ပထမဆုံး ပြန်မြင်ရတာပါ။

ပြန်ပေးဆွဲထားရတဲ့ မိန်းကလေးတွေထဲက တဦးဖြစ်သူ Rifkatu Dalamg ရဲ့မိခင် Yana Galang က အဲဒါ ကျမတို့ ကလေးမ လေးတွေပါ ဟုတ်ပါတယ်လို့ ဗွီအိုအေကိုပြောပါတယ်။ ဗွီဒီယိုကို သူကြည့်ပြီးဖြစ်ပေမဲ့ အဲဒီထဲက ၁၅ ယောက်မှာ သူ့သမီးတော့ မပါဘူးလို့ ပြောပါတယ်။

ဗွီဒီယိုထဲမှာတော့ စစ်ဆေးသူ တယောက်က မိန်းကလေးငယ်တွေကို သူတို့ရဲ့နာမည်နဲ့ သူတို့ကို ဘယ်ကနေခေါ်လာတယ်ဆိုတာ မေးမြန်းနေတာကို မိန်းကလေးတွေက Hausa နဲ့ Kibaku ဘာသာစကားတွေ နဲ့ ပြန်ဖြေနေတာ တွေ့ရပါတယ်။
VOA


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ရုံးတက်စဉ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ရုံးတက်စဉ်။

သကြန်အစိုးရ ရုံးပိတ်ရက် ကာလဖြစ်ပေမယ့်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်က အရေးကြီး အစည်းအဝေး တရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သိရပါတယ်။ အသေးစိတ်ကို မသိရသေးပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒုတိယ ထုတ်ပြန်ချက်ပါ နိုင်ငံရေး အကျဉ်းသားကိစ္စဖြစ်မယ်လို့ ယူဆမှုတွေရှိနေပါတယ်။ ကိုရန်နိုင်က စုံစမ်းမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်စိခွဲစိတ်ကုသမှုကြောင့် အနားယူဖို့ ရှိနေပေမယ့် လည်း ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့မှာ နေပြည်တော်မှာ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုံးတက်။
ဒေါ်အောင်ဆန်းစုကြည် ရုံးတက်။ ဒီကနေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရုံးတက်တာပေါ့။ အရေးကြီးကိစ္စတွေပေါ့။ အရေးကြီး ညှိနှိုင်းဖို့ အချိန် အတိုင်းအတာ အားဖြင့် အချိန်အတိုင်းအတာအားဖြင့် လုပ်ဖို့ ဆောင်ရွက်ဖို့ ကိစ္စတွေ သက်ဆိုင်ရာတွေနဲ့ ကျနော်တို့ ညှိနှိုင်းတဲ့ အစည်းအဝေး ထိုင်တယ်ပေါ့။ အဲ့တာပါပဲ။ ကျန်တာကတော့ သူ့ အရေးကြီး လုပ်စရာ၊ ဖြတ်စရာ ကိစ္စလေးတွေ ရှိတာလေးတွေ အဲ့တာလေး  decision ပေး ဖြတ်တာမျိုး လုပ်တာရှိပါတယ်။ အစည်းအဝေး တခု လုပ်တယ်။ ဟုတ်ကဲ့။ ကျန်တာကတော့ အသေးစိတ်တော့ ထုတ်ပြန်ဖို့ မရှိပါဘူး။ အစည်းအဝေး တခု လုပ်ပါတယ်။ အရေးကြီးကိစ္စရပ်ပေါ့နော်။ အဲ့တာ လုပ်တယ်။ နောက်တခုကတော့ ကျန်တဲ့ ရုံးကိစ္စ အရေးကြီးကိစ္စတွေ လုပ်တယ်ပေါ့နော်။ ဟုတ်ကဲ့ဗျ။
အရေးကြီးကိစ္စ အဲ့လိုပဲ ပြောလို့ရမယ်ခင်ဗျ။ အဲ့တာတော့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရဘူးခင်ဗျ။ ဒီနေ့ သူ ၂နာရီ ၄၅မှာ ရုံးတက်တယ်ပေါ့နော်။ ပြီးရင် ခြောက်နာရီ ဆယ်မိနစ် အခုပဲ ရုံးဆင်းတယ်။ ရုံးကနေ ဆင်းသွားတယ်။

အဓိက ကတော့ သူ့မျက်စိနဲ့ပတ်သက်လို့ ပြည်သူလူထု စိတ်ပူပင်မှုတွေ မရှိအောင် အဲ့တာရယ် နောက်  ကျန်တဲ့စာတွေ တချို့ရယ် စာတွေတော့ အများကြီးတော့ မဖတ်ဘူးပေါ့နော် တချို့ ရေးပြီးသား နည်းနည်းပါးပါးတော့ ဖတ်နေတယ်။  "

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဒုတိယမြောက် ကြေညာချက်မှာတော့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာရေး အတွက် အမြန်ဆုံးဆောင်ရွက်တဲ့နေရာမှာ သင်္ကြန်ကာလ တိုက်နေတာမို့ သက်ြန်အပြီး အချိန်မှီဆောင်ရွက်မယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒါကြောင့်လည်း အခု အရေးကြီးတိုင်ပင်ဆွေးနွေးမှုတွေဟာ

သင်္ကြန်အပြီးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့ ဆောင်ရွက် ချက်ဖြစ်နိုင်တယ် လို့ ယူဆမှုတွေ ရှိပါတယ်။
VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-at-work-during-water-festival-holidays/3285526.html

၂၀၁၅ လူ့အခွင့်အရေးအစီရင်ခံစာ ကန်ထုတ်ပြန်
၂၀၁၅ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အကြိမ် ၄၀ မြောက်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့တ၀ှမ်း လူ့အခွင့်အရေး တိုးတက်ကောင်းမွန်စေဖို့နဲ့ ဒီမိုကရေစီ ရှင်သန်စေဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေတာမှာ တိုးတက်မှု မြင်တွေ့ခဲ့ရတဲ့ နိုင်ငံတွေအနက်မှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာရဲ့ ဦးတည်ချက်ကတော့ ကမ္ဘာ့တ၀ှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက် ကောင်းမွန်စေဖို့ ဖြစ်ပေမယ့်လို့လဲ ဒီနှစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့တ၀ှမ်း အာဏာရှင် အစိုးရတွေအနေနဲ့ သူတို့ အာဏာတွေကို ဆက်ထိန်းထာနိုင်ဖို့ ပြည်သူလူထုရဲ့ အသံတွေကို အင်အားသုံးပြီး ရက်စက်စွာ တိုးမြင့် နှိမ်နင်းနေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တင်ပြတိုင်းလဲ အရာမရောက် မှန်ပေမယ့်လို့ ဆက်လက် ကြိုးပမ်းသွားမယ်ဆိုရင် အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်တာတွေ ရှိတာကို မြန်မာ အပါအ၀င် တချို့ နိုင်ငံတွေမှာ တွေ့နေရပြီလို့ ၀န်ကြီး John Kerry က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဥပမာ - တူနီးရှားနဲ့ နိုင်ဂျီးရီးယား၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေမှာ အရေးကြီးတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ကျနော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ဒါပေမဲ့ ဒီနိုင်ငံ တနိုင်ငံချင်းစီမှာ ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ အကဲစမ်းမှုတွေ ရှိနေဆဲပါ။ ဒီအကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် တနိုင်ငံချင်းစီအလိုက် ကြိုးပမ်း အားထုတ်မှုတွေမှာ ကျနော်တို့က နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်အုပ်ချုပ်မှုအော် နှစ် ၅၀ ကျော်ကြာ နေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ ရှိတဲ့အတွက်ကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတိုင်းမှာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ဖော်ပြခြင်း ခံခဲ့ရတဲ့အပြင် ဒဏ်ခတ် ပိတ်ဆို့မှုတွေလည်း ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိလိုက်ပြီးတဲ့နောက် အရပ်သားအစိုးရ ဖွဲ့နိုင်တဲ့အပြင် လူ့အခွင့်အရေး တိုးတက်မှုတွေ စတင် တွေ့ရှိလာရပြီ ဖြစ်ပါတယ်။

ရှေ့မှာ ရင်ဆိုင်ရမယ့် အကဲစမ်းမှုတွေကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က ပြောခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ လာမဲ့နှစ်မှာ တိုးတက်မှု ပိုမို ရရှိဖို့အတွက် ဘယ်လို ဖိအားပေး ဆောင်ရွက်သွားမလဲ ဆိုတာကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို စတင် လွှတ်ပေးနေပါပြီ။ နိုင်ငံ့ရဲ့ ဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ တိုင်းရင်းသား လူနည်းစုတွေနဲ့ ငြိမ်းချမ်းရေး ပိုမိုရရှိဖို့ ကြိုးပမ်းမှုတွေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်နေတာ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနတွေကို စစ်တပ်ရဲ့ လက်အောက်မှာ ထားရှိနေတဲ့ အချက်နဲ့ သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့ရင် စစ်တပ်အနေနဲ့ အာဏာသိမ်းနိုင်တဲ့ အချက်ကိုလည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာအနက် အဓိက (၃) ရပ်ကတော့ လွှတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ စည်းရုံးခွင့်တို့မှာ ကန့်သတ်ခြင်း ခံနေရတာတွေ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကန့်သတ် ချုပ်ခြယ်မှုတွေကို ထောက်ပြထားပါတယ်။

တခြား ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ပြဿနာတွေကတော့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှုအပါအ၀င် အဓမ္မလုပ်အားပေးခိုင်းစေမှု၊ နိုင်ငံရေးအရ ဉာဏ်ဆင် ဖမ်းဆီးမှုအပြင် ငြိမ်းချမ်းစွာ ထုတ်ဖော် ပြောဆိုသူတွေကို အင်အားသုံး နှိမ်နင်းမှုနဲ့ အကတိလိုက်စားမှု ကျယ်ပြန့်တဲ့ အခြေအနေတွေနဲ့ သတင်းထောက်တချို့ကို ဖမ်းဆီးမှုတွေကို ထောက်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို ဦးသိန်းစိန် အစိုးရဟောင်းလက်ထက်က အကန့်အသတ်နဲ့ အရေးယူမှုတွေ ရှိခဲ့ပေမယ့် ကျူးလွန်ချိုးဖောက်တဲ့ အစိုးရ အရာရှိတွေနဲ့ လုံခြုံရေးတပ်တွေ အနေနဲ့ကတော့ အရေးယူခံရခြင်းမှ ကင်းလွတ်ကြတာ တွေ့ရတယ်လို့ ထောက်ပြထားပါတယ်။

တချိန်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေထဲမှာလဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သားများ အသုံးပြုမှုအပြင် ပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ် ပေးနိုင်ခြင်း မရှိဘူးလို့လဲ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

သမ္မတသစ် ဦးထင်ကျော်ကတော့ မြန်မာနိုင်ငံမှာ အခုလို ဒုက္ခရောက်နေကြသူတွေကို သူ့အနေနဲ့ မေ့မထားပဲ အခြေအနေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သင်္ကြန်အကြိုနေ့ ဆင်နွဲတဲ့အချိန်မှာ ကတိပေး ပြောကြားသွားခဲ့ပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီနေ့ ဧပြီ ၁၄ရက် သင်္ကြန် အကြတ် ပထမနေ့မှာတော့ ကျောင်းသားလူငယ်တွေရဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်ရဲစခန်းကို ဖိတ်ကြားချက်အရ စခန်းဝင်းအတွင်း သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ၂၀၁၂ခုနှစ်က ၈၈မျိုးဆက် ကျောင်းသားတွေက စတင်ခဲ့ပြီး နောက်ပိုင်းမှာ တကသကျောင်းသားတွေက လက်ဆင့်ကမ်းလာတာ အခုဆို (၄)နှစ်ရှိလာပါပြီ။ ဒီနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်မြို့လယ် ဆန္ဒပြပွဲကြောင်း ဖမ်းဆီး တရားစွဲခံခဲ့ရပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုပမ်းမှုကြောင့် သင်္ကြန်မတိုင်မှီ ပြန်လည်လွတ်မြောက်လာတဲ့ တကသကျောင်းသားတွေလည်း ဒေါင်းတို့မျိုးဆက်မှာ ပါဝင်ဖျော်ဖြေကြပါတယ်။ ဖမ်းဆီးခံခဲ့ရပြီး အမှုတွေရင်ဆိုင်နေဆဲ ကာလတွေတုန်းက သင်္ကြန်သံချပ်တွေကို ထောင်ထဲကနေ ရေးသားပေးခဲ့ကြကြောင်း တကသကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့ သွားရောက်ဖျော်ဖြေမှုမှာ မင်္ဂလာတောင်ညွှန့် စခန်းမှူးကလည်း သင်္ကြန်သီချင်းများကို ပါဝင်ကူညီသီဆိုပေးခဲ့ပြီး အခုလို ဖိတ်ကြားမှုဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားနဲ့ ရဲတပ်ဖွဲ့ဝင်တို့ဟာ တစ်သွေးတစ်သားထဲ ဖြစ်နေသင့်ကြောင်းကို ဒေါင်းတို့မျိုးဆက်အဖွဲ့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောကြားသွားပါတယ်။

ဓာတ်ပုံ - မောက်ခမ်းဝါ (ဒေါင်းတို့မျိုးဆက်)
DVB TV News


စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၁၄ ကုမ္ပဏီ ဥပဒေအရ အများပိုင် သာမန်ကုမ္ပဏီအဖြစ် အသွင်ပြောင်းတာကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနက မတ်လ (၃၀) ရက်နေ့က ခွင့်ပြုကြောင်း ဒါရိုက်တာအဖွဲ့က ကြေညာပါတယ်။ NLD အစိုးရသစ် စတင်ဖွဲ့စည်းတဲ့နေ့မှာ စစ်တပ်ပိုင်ကုမ္ပဏီကို အများနဲ့ သက်ဆိုင်တဲ့ အရပ်သားကုမ္ပဏီအဖြစ် အသွင်ပြောင်းတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်တာဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်ဟာ စစ်ဘက်အဖွဲ့အစည်း၊ စစ်ဗိုလ် နဲ့ အငြိမ်းစားစစ်ဗိုလ်တွေ ဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ဟာ အမေရိကန်က ဒဏ်ခတ်အရေးယူတဲ့ ကုမ္ပဏီစာရင်းမှာ အခုထက်ထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နဲ့ လက်တွဲလုပ်နေတာ ဦးပိုင်လိမိတက် ဖြစ်ပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုရဲ့  အခန်းကဏ္ဍနဲ့တာဝန်ကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံပိုင် လုပ်သင့်တယ်လို့ ဇန်နဝါရီလထုတ် Natural Resource Governance Institute ရဲ့  Gilded Gate-keepers ဆိုတဲ့ သုတေသနစာတမ်းမှာ အကြံပေးထားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့  ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖြစ်သွားပါပြီ။

ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးပိုင်တဲ့ အစုရှယ်ယာကို လက်ရှိ စစ်မှုထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေရဲ့  လက်ထဲ လွှဲပြောင်းပေးလိုက်ပြီလို့လဲ ဒါရိုက်တာအဖွဲ့ရဲ့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဖွဲ့အစည်းပိုင်၊ ဌာနပိုင်၊ ရုံးပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းမှာ အကျိုးခံစားခွင့် တိုးပွားလာပေမယ့် ၁၉၁၄ ကုမ္ပဏီအက်ဥပဒေ ပုဒ်မ (၁၃၆) အရ ကုမ္ပဏီရဲ့  ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ကြေညာရပါလိမ့်မယ်။ ပြဿနာဖြစ်ရင် နိုင်ငံတော်သမ္မတက စစ်ဆေးသူ (သို့မဟုတ်) စာရင်းစစ် ခန့်အပ်ပြီး စစ်ဆေးနိုင်ပါတယ်။ သမ္မတထံ အစီရင်ခံစာ တင်ရမယ်လို့ ပုဒ်မ (၁၃၈) က ဆိုပါတယ်။ မြန်မာ့စီးပွားရေးကို ကြီးစိုးထားတဲ့ စစ်တပ်ကုမ္ပဏီရဲ့  ပိုင်ဆိုင်မှုကို ပြည်သူအများသိနိုင်မယ့်သဘော ရှိပါတယ်။

နိုင်ငံ့ဝင်ငွေ (၂၀) ရာခိုင်နှုန်းကို ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းက ရပေမယ့် ၂၀၁၄ မှာ ရေနံဓါတ်ငွေ့ကရတဲ့ ဒေါ်လာသန်း (၁၄၀၀) ကို အစိုးရဘတ်ဂျက်မှာ မထည့်ဘဲ သီးသန့်ငွေစာရင်း လုပ်ထားတယ်လို့ Gilded Gate-keepers စာတမ်းမှာ ဖော်ပြပါတယ်။ ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းကဏ္ဍဟာ ဝင်ငွေအလွန်ကောင်းပြီး ခရိုနီကုမ္ပဏီနဲ့ အာဏာပိုင်တွေ ရောထွေးယှက်တင် ဖြစ်နေတာမို့ ပြုပြင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ NLD အစိုးရခေတ်မှာ ဒီကဏ္ဍကို ပြုပြင်နိုင်အောင် ရည်ရွယ်ပြီး စာတမ်းထုတ်ရတာလို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့ကို နိုင်ငံပိုင်လုပ်ငန်းရဲ့  ဝင်ငွေ (၆၀) ရာခိုင်နှုန်းနီးပါး အစိုးရဘတ်ဂျက်မှာ မပါတာဟာ အနုတ်လက္ခဏာ ဖြစ်ပါတယ်တဲ့။ ရေနံဓါတ်ငွေ့ဌာနရဲ့  သီးသန့်ရန်ပုံငွေ ဒေါ်လာသန်း (၁၄၀၀) ဟာ အစိုးရ ကျန်းမာရေးအသုံးစရိတ်ထက် နှစ်ဆနီးပါး ပိုများနေပါတယ်။

မြန်မာ့ရေနံဓါတ်ငွေ့မှာ အခြားစီးပွားရေးလုပ်ငန်း အများအပြားမရှိဘဲ ငွေကြေးအမြောက်အမြား ကိုင်ဆောင်တာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းဆိုင်ရာ ဥပဒေနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေရဲ့  တာဝန်ဝတ္တရားကို ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ သီးခြားစာရင်းစစ်ဌာနကိုသုံးပြီး နိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဆေးခိုင်းဖို့ Gilded Gate-keepers စာတမ်းမှာ အကြံပေးထားပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဟာ သတ္တုတွင်းလုပ်ငန်းမှာ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ သယံဇာတ တူးဖော်ရေးမှာ ဘယ်သူက ဘာရသင့်တယ်ဆိုတာကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က အဆုံးအဖြတ် ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလို အခွင့်ထူးခံ ဘဝနိဂုံးချုပ်လာရင် အာဏာသိမ်းဖို့ အကြောင်းရှာတဲ့အထိ စစ်ဗိုလ်တွေက ကြိုးပမ်းနိုင်ဖွယ် ရှိပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီက နိုင်ငံပိုင်လုပ်ငန်းအပေါ် သြဇာညောင်းတာဟာ အစိုးရကို အယုံအကြည် ကင်းမဲ့စေပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အစိုးရလို ပြုမှုနေပြီး အစိုးရရဲ့  ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ မပါဝင်ဘဲ အခွင့်ထူးခံယူတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်လုပ်ငန်းရဲ့  အခန်းကဏ္ဍကို အကျယ်တဝင့် ရှင်းလင်းထားတဲ့ ဥပဒေမရှိတဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုနေပါတယ်။ အစိုးရကို ထောက်ခံအားပေးတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် ခရိုနီတွေ အကျိုးခံစားရအောင် နိုင်ငံပိုင်လုပ်ငန်းတွေက အကွက်ထွင်ပေးနေပုံကို စစ်ဆေးခိုင်းဖို့ Gilded Gate-keepers စာတမ်းမှာ ဖော်ပြထားပါတယ်။

သယံဇာတလုပ်ငန်းကို ယုံကြည်စေချင်ရင် ဒီပြဿနာကို ပြည်သူ့ရှေ့ မှောက်ချပြပြီး အတိအလင်း ဆွေးနွေးရမယ်လို့ ဆိုပါတယ်။ သိသာမြင်သာမှု ကင်းမဲ့တဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းဟာ ထိပ်ပိုင်းက စစ်ဗိုလ်၊ အရာထမ်း နဲ့ ခရိုနီကုမ္ပဏီတွေ ကိုယ်ကျိုးရှာတဲ့ နေရာဌာနလို ဖြစ်နေပါတယ်။ နိုင်ငံပိုင်လုပ်ငန်းက ထိပ်တန်းအရာရှိတွေကို ခြောက်လတကြိမ်၊ လွှတ်တော်မှာ အစီရင်ခံခိုင်းပြီး မေးမြန်းစုံစမ်းတာဟာ NLD အစိုးရ လုပ်ရမယ့် တာဝန်တခုဖြစ်တယ်လို့ Natural Resource Governance Institute ရဲ့  Gilded Gate-keepers စာတမ်းမှာ အကြံပေး တင်ပြထားပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓာတ်ပုံ - မျိုးကိုစိုး( တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံ ထွက်သူများ ကို ပထမ အဆင့်အနေနှင့် အသိပညာပေးတားမြစ် လျက်ရှိသည်)
မော်လမြိုင် ၊ ဧပြီ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျောက် တုတ်၊ဓား လက်နက် ကိုင်ဆောင် ၍ ရေပက်ခံ ထွက်သူများ ကို လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များ က မော်လမြိုင်သင်္ကြန် (ပထမအကြတ်)နေ့ တွင် အသိ ပညာပေးတားမြစ်ကာ မှတ်တမ်းများပြုလုပ်ထားကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မော်လမြိုင် သင်္ကြန် တွင်မော်တော် ဆိုင်ကယ် များအုပ်စုဖွဲ့ စီးနင်းကာ တုတ်၊ဓါး ၊သံပိုက် ၊ အစရှိသည့် လက်နက် များကိုင်ဆောင် ကာ သင်္ကြန် ရေပက်ခံ ထွက်ကြသောကြောင့် ယင်းသို့ အသိပညာပေးကာ တားမြစ်ရ ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

“နေ့တိုင်းလှည့်ကင်းအဖွဲ့တွေရှိတယ် လှည့်ကင်းအဖွဲ့က အဲ့လိုလက် နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့တွေကို တွေ့ရှိတဲ့အချိန်မှာ ပညာပေးပြီး ပစ္စည်းတွေကိုသိမ်းဆည်သွားမှာပါ ။ဒီမနက်က တိုးချဲ့ကမ်းနား လမ်း မောင်ငံအလယ်တန်းရပ်ကွက်မှာ တုတ်ဓားလက်နက် ကိုင်ဆောင် တဲ့အဖွဲ့ကို ပညာပေးအနေနဲ့ နောက်ထပ်မကိုင်ဆောင်ဖို့ တားမြစ်ပြီးခဲ့တယ်”ဟု မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ - မျိုးကိုစိုး( တုတ်၊ဓား လက်နက် ကိုင်ဆောင်၍ ရေပက်ခံ ထွက်သူများ ကို ပထမ အဆင့်အနေနှင့် အသိပညာပေးတားမြစ် လျက်ရှိသည်)
ယခုကဲ့သို့ အများပြည်သူများ ပျော်ရွင်စွာ ရေကစားနေကျချိန်တွင် ဆိုင်ကယ် အိတ်ဇော ဖြုတ်မောင်းနှင်ခြင်း တုတ်၊ဓား လက်နက်များကိုင်ဆောင်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသောလည်း လိုက်နာမှု မရှိကြောင်း မော်လမြိုင်မြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဆိုင်ကယ် အစီး သုံးလေးဆယ် အဖွဲ့လိုက်သွားတဲ့အခါ ဆိုင်ကယ်လီဗာကို အသံအကျယ်ကြီး တွေဖြစ်အောင် ဆွဲတယ် အိတ်ဇောတွေဖြုတ်ကျတယ်၊ အဲ့တာအပြင် တစ်ချို့တွေက ခါးမှာ ဓားရှည်လိုမျိုးတွေချိတ် ထားကြတယ် သံပိုက်တွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင် ထားကြတာမျိုးတွေ လည်း တွေ့နေ့ရတယ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ခိုက်ရန် ဖြစ်ပွားမိခဲ့ရင် အရမ်း အန္တာရယ် များတာ” ဟု ၎င်းက ပြောဆိုသည်။

တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အဖွဲ့လိုက် ဆိုင်ကယ်မောင်းနှင် ကာ ရေပက်ခံထွက်နေကြသောလည်း ယခုနှစ်သင်္ကြန်အတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခိုက်ရန်ဖြစ်ပွား၍ရိုက်နှက်မှုများ ပထမ အကြတ်နေ့ အချိန်ထိ ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဟိန်းထက်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/

၂၀၁၆ ခုနှစ် ဧပြီလ ၁၄ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သင်္ကြန်အကြတ်နေ့(၂၀၁၆ ခုနှစ် အေပြီလ ၁၄ ရက်နေ့) နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် ရုံးတက်၍ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်ခဲ့သည်။

ညာဘက်မျက်လုံး ခွဲစိတ်ထားမှု အခြေအနေ ကောင်းမွန်ပြီး အလင်းရောင် အနည်းငယ် စူးရှသည်မှအပ စာများ ကောင်းမွန်စွာ ဖတ်ရှုနိုင်ကာ လက်ရှိအချိန်အထိ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
https://www.facebook.com/state.counsellor/





အိန္ဒိယနိုင်ငံတောင်ပိုင်းက ဟိန္ဒူ ဘုရားကျောင်း နှစ်ခုကို လူတွေ နှစ်စဉ် သန်းနဲ့ချီ သွားရောက်ကာ ဆံကေသာတွေ ဖြတ်လှူလေ့ ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လွတ်မြောက်ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာဖို့ပါဘဲ ။

အဲဒီအထဲမှာ ချန်နိုင်းပြည်နယ် ပါရမ်ဘာ ဆင်ခြေဖုံး အရပ်မှာ နေတဲ့ ဂိုပါလာ အမား ဆိုတဲ့ အမျိုးသမီးလည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။ ကျဘမ်း သန့်ရှင်းရေး အလုပ်လုပ်နေပေမယ့် ခင်ပွန်းသည်ကလည်း အလုပ်လက်မဲ့နဲ့ အရက်တွေ အရမ်းသောက် ၊ အကြီးဆုံး သားဖြစ်သူကလည်း စာမေးပွဲကျ ၊ သူတို့နေထိုင်ရာ အခန်းလေး ကိုလည်း ရောင်းချ ပေါင်နှံ လက်လွှတ် ရတော့မယ့် အခြေအနေမျိုးမှာ အခက်အခဲကြားက ရုန်းထွက်ပြီး ကံကောင်းခြင်းတွေ ဖြစ်လာဖို့ Tirutanni တီရက်တန်နီ ဘုရားကျောင်းမှာ ခေါင်းတုံးတုံးကာ သုံးပေနီးပါးရှိတဲ့ သူ့ဆံပင်ရှည်ကြီးကို ဖြတ်တောက် လှူဒါန်းလို့ ဟိန္ဒူ နတ်ဘုရား ဆီမှာ တိုင်တည်ခဲ့ပါတယ်။

ဘုရားကျောင်းက အဲဒီလို ရရှိတဲ့ ဆံပင်တွေကို ဆံပင်တု ထုတ်တဲ့ကုန်သည်တွေ ဆီိမှာ ပြန်ရောင်းပြီး ရရှိတဲ့ ငွေတွေကို လူမှု အကျိုးပြု လုပ်ငန်းတွေနဲ့ စာသင်ကျောင်းဆောက်တာ အပြင် ဘုရားကျောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပြန်သုံးတယ်လို့ သိရပါတယ်။ Tirupati တီရူပနီ ဘုရားကျောင်း ဆိုရင် နေ့စဉ် ဘုရားဖူး တသိန်းနီးပါး လာရောက်ပြီး အခုလို ဆံပင်အလှူကြောင့် ရတဲ့ငွေ တနှစ်ကို ဒေါ်လာ သုံးသန်းလောက် ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မဟာဗန္ဓုလပန်းခြံရှိ ရေပန်းကန်များအတွင်း အမူးသမားများနှင့် ကလေးများဆင်းပြီး ပျော်ပါးမှုကြောင့် ကန်အတွင်းရှိ အလှမွေးငါးများ သေဆုံး၍ ရေပန်းများ ပျက်စီးခဲ့ကြောင်း ဗန္ဓုလပန်းခြံသန့်ရှင်းရေးနှင့် သာယာလှပရေး တာဝန်ခံထံမှ သိရသည်။


‘ကန်က တော်တော်လေးကို ပျက်စီးသွားပြီ။ ဘယ်လောက်ပဲပျော်ပျော် စည်းကမ်းတော့ ရှိသင့်တာပေါ့ဗျာ။ အခုတော့ အများပိုင်ပစ္စည်းတွေ အကုန်ပျက်စီးသွားပြီ။ ရေတွေလည်းနောက်။ ရေပန်းတွေလည်းကျိုး၊ ငါးတွေလည်းသေကုန်တယ်’ဟု ၎င်းက ပြောသည်။


အဆိုပါ ရေကန်သည် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်နှင့်နီးသောကြောင့် လူစည်ကားလျက်ရှိပြီး မဏ္ဍပ်ခေတ္တနားချိန်တွင် ရေကန်ထဲသို့ အမူးသမားများနှင့် ကလေးများတွင် ၀င်ရောက်ကစားခဲ့သောကြောင့် ယခုကဲ့သို့ ပျက်စီးသွားခဲ့ရခြင်းဖြစ်ပြီး ရေကန်တွင်းရှိ အလှမွေးငါးများနှင့် ရေညှိများကြောင့် ရေဆင်းကစားသူများ ယားယံမှုနှင့် အဖုအပိန့်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


‘အဒေါ်လည်းမသိဘူး။ သူတို့ရေသွားဆော့မယ်ဆိုလို့ လွှတ်လိုက်တာ ပြန်တက်လာတော့ ကလေးကယားတယ်ဆိုပြီး ကုပ်ခိုင်းနေတော့တာပဲ၊ သန့်တဲ့ရေနဲ့ချိုးပေးလိုက်တော့မှ သက်သာသွားတယ်။ တကိုယ်လုံးလည်း အဖုအပိန့်တွေချည်းပဲ” ကလေးမိခင်တဦးကပြောသည်။

အဆိုပါ ရေပန်းကန်အတွင်းရှိ ရေများကို ရေစုပ်စက်များဖြင့် ထုတ်ပစ်ပြီး သင်္ကြန်ကာလလွန်မှသာ ရေပန်းများကို ပြန်လည်ပြု ပြင်၍ အလှမွေးငါးများ ထည့်မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ

မုံရွာ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတစ်နေရာကို ဗဟိုပြုပြီး ဧပြီလ ၁၃ရက်နေ့ည (၀၈း၂၅) နာရီတွင် (၆.၈) ရစ်ချစကေး အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ် မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့တွင် ဘုရားကျောင်း ကန်များမှ စေတီပုထိုးအချို့ ထီးတော်မြေခခြင်းနှင့် ကွဲအက်ခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းကျေးရွာ အုပ်စု၊ အထက်ကင်းကျေးရွာမှ ရွှေမုဌောစေတီ ထီးတော် ယိုင်ခြင်း၊ ခုံကြီးကျေးရွာအုပ်စု၊ မြောင်းကုန်းကျေးရွာမှ မင်းကုန်းဆုတောင်းပြည့်စေတီ စိန်ဖူးတော်မြေခ ဘုရားရင်ပြင်အက် ကွဲခြင်း၊ ချောင်းမကျေးရွာ အုပ်စု ချောင်းမ အရှေ့ရွာမှ ဆုတောင်းပြည့်စေတီ သပိတ်မှောက် အောက်ဖက်တွက် အက်ကြောင်းဖြစ်ပေါ်ပြီး ထီးတော်ယိုင်ခြင်း၊ နတ်ကြီးကျေးရွာအုပ်စု ရွာသာကျေးရွာမှ ရွှေဆံတော်ကျောင်းတိုက် စေတီတစ်ဆူ စိန်ဖူးတော်မြေ ခခြင်း၊ ကင်းတောင်ကျေးရွာအုပ်စု ခိုတွင်း ကျေးရွာမှ ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်အက်ကွဲခြင်း၊ မုဌောကျေးရွာအုပ်စု မုဌောအနောက် ရွာမှ ရွှေမုဌော ကျောင်းအတုလပုညရှင် ထိုင်တော်မူဘုရားကြီး တံတောင် ဆစ်အက် (ဥာဏ်တော် ၆ ပေ)ခြင်း၊ သမင်ခြံကျေးရွာအုပ်စု သမင်ခြံ ကျေးရွာမှ အဘယချမ်းသာ ကြာမှောက်ကြာလန် ကြာဖူးအက်ကွဲ ပလ္လင်အထက် အက်ကွဲ (ယခင်တစ်ကြိမ် လှုပ်ခတ်သဖြင့် ကွဲအက်ရာမှ ထပ်မံကွဲအက်)ခြင်းနှင့် မင်းမကျေးရွာရှိ စေတီအက်ကွဲခြင်း၊ ကနီမြို့ပေါ် ရပ်ကွက်(၂)ရှိ ရွှေ သိမ်တော် တောရကျောင်း သိမ်ကျောင်းဆောင် တိုင် အက်ကွဲခြင်းနှင့် ရှင်ဘုရင် စစ်သားဘုရား ထီးတော်ထပ်မံယိုင် (ယခင်တစ်ကြိမ်လှုပ်ခတ်သဖြင့် ထီးတော်ယိုင်ခဲ့ဖူးခြင်း)ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အလားတူ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ တမာပင်ရပ် ရပ်သစ်ကျောင်းတိုက် အနောက်ဖက်တွင် တည်ထားကိုးကွယ်သည့် ဥာဏ်တော်အမြင့် (၅၀)တောင်ရှိ ရွှေမြင်တင်စေတီ ထီးတော်မြေခခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာ တောင်ပေါ်ကျောင်း တိုက် မြောက်ဖက်ရှိ နှစ်ပေါင်း (၁၅၀)ကျော် သက်တမ်းရှိ ရှစ်မျက်နှာစေ တီကျောက် ထီးတော်မြေခပျက်စီးပြီး ဘုရားရှေ့ရှိ ကျောက်ထီး (၆)ခု ပျက်စီးခြင်း၊ ယင်းကျောင်းတိုက်ရှိ ဦးဘိုးဝန်စေတီ၊ မယ်ပေါင်းမယ်စေတီနှင့် အခြားစေတီ(၂)ဆူတို့ ကွဲအက်ပြီး ထီးတော်စောင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင်လည်း ရွာရှည်ကျေးရွာ အုပ်စု ၀က်မှေး-ကံတော ကျေးရွာသစ်ရှိ ကံတောကျောင်း တိုက် နှစ် ထပ်ကျောင်းဆောင်၏ အပေါ်ထပ်လှေကားအတက် အနောက်ဖက် နံရံတွင် (၅)ပေကျော်ခန့် အထက်အောက် အက်ကျောင်းနှင့် လှေကား အတက် အောက်ထပ်တွင် (၄)ပေခန့် အက် ကြောင်း(၂)ခုနှင့် အထက်အောက် (၅)ပေခန့် ဖြစ်ပွားခဲ့ကြောင်း နောက်ဆက်တွဲသတင်း ထပ်မံ ရရှိပါသည်။

(တိုင်းဒေသကြီး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


လက်ပံတောင်းဒေသက စပယ်တောင်ကြေးနီစီမံကိန်း လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ မိုးကြိုး ဆာလဖျူရစ် အက်ဆစ်စက်ရုံက ဓာတ်ငွေ့ ယိုစိမ့်ပေါက်ထွက်မှုတွေကြောင့် အက်ဆစ်နံ့တွေ ဆိုးရွားမှုကို မခံနိုင်တဲ့ ကံကုန်းရွာသား ၅၀၀ ကျော်ဟာ စက်ရုံပိတ်ပေးဖို့  အင်္ဂါနေ့ညက သွားရောက် တောင်းဆိုခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက စပယ်တောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အက်ဆစ်စက်ရုံက ဓာတ်ငွေ့တွေ ယိုစိမ့်မှုတွေကြောင့် အသက်ရှူမ၀ ဖြစ်လာတဲ့အပေါ်မှာ ကံကုန်းကျေးရွာသားတွေက သွားရောက် ကန့်ကွက်ခဲ့တာပါ။ အစပိုင်းမှာ ကျေးရွာသားတွေရဲ့ ကန့်ကွက်မှုကို စက်ရုံဘက်က လက်ခံ ဖြေရှင်း တုံ့ပြန်မှုမရှိပေမဲ့ ရွာသားအင်အား ၅၀၀ ကျော် တောင်းဆိုတဲ့အခါမှာတော့ ဖြေရှင်းပေးဖို့ လက်ခံခဲ့တယ်လို့ ကံကုန်းရွာက ရွာသားတဦးက အခုလို ရှင်းပြပါတယ်။

“အာခေါင်တွေ ယားယံတယ်။ နှာခေါင်းတွေ ယားယံတယ်။ နှာတွေမွှန်တယ်။ နောက် မျက်စိတွေစပ်တယ်။ အသက်ရှူမ၀တာတွေ ကျနော်တို့ရွာသားတွေမှာ အဲ့ဒီပုံစံမျိုးတွေ အများကြီးဖြစ်တယ်။ ခဏခဏ ဒီလိုမျိုးဖြစ်နေတယ်ဆိုတဲ့ ဥစ္စာကို ကျနော်တို့သွားပြီးတော့ ပြောဆိုတာပေါ့ဗျာ။ ပထမတော့ဗျာ ရွာသား ၄-၅၀ လောက်နဲ့ အက်ဆစ်ကန်ရှေ့ကို သွားပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တောင်းဆိုနေတဲ့အချိန်မှာ တစုံတယောက် တာဝန်ရှိသူ ဘယ်သူကမှ ဖြေရှင်းမပေးဘဲနဲ့ အချိန် ၂ နာရီကျော် ကြာသွားတဲ့အချိန်မှာ ရွာသားတွေက တဖြေးဖြေးများလာပြီးတော့ ၅၀၀ ၀န်းကျင်အထက်မှာ ရှိခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့က ဒီအနံ့နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ဆိုပြီးတော့ ကျနော်တို့က ဒါတွေကို ပြေပြေလည်လည် ပြောခဲ့တာလေ။ သူတို့ မဖြေရှင်းပေးလို့သာ ဒီလိုမျိုး အင်အားတွေ များလာတဲ့ အနေအထားတခု ရောက်သွားတာ။”

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရွာသားအများအပြား တောင်းဆိုတဲ့အခါမှာတော့ စက်ရုံဘက်က ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း အခုလို တုံ့ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်သွားလို့ပေါ့။ ပေါက်သွားလို့ ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာကို သူတို့ဝန်ခံတယ်။ နံလွန်းလို့ ရွာသူရွာသားတွေ ဒီနေရာကို ရောက်လာတယ်ဆိုတဲ့ဥစ္စာကိုလည်း သူတို့ ၀န်ခံတယ်ဆိုတာ သိရတယ်။ သူတို့စက်ရုံတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ပါ့မယ်။ သင်္ကြန်တွင်းမှာ စက်မလည်ရဘူးဆိုတာကို သူတို့ဝန်ခံတယ်။ နောက် ရွာသားတွေက ဘာကို တောင်းဆိုသလဲဆိုရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီစက်ရုံကို ရွာသားတွေအနေနဲ့ လာခဲ့တဲ့အကြောင်းရင်းက အနံ့နံလွန်းလို့ လာခဲ့တယ်ဆိုတဲ့ဥစ္စာကို တရားဝင် စာထွက်ပေးပါဆိုပြီး တောင်းဆိုခဲ့တာကိုလည်း သူတို့က စာ ပြန်ပေးပါ့မယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ဖြေရှင်းလို့ရခဲ့တယ်ပေါ့။”

အက်ဆစ်စက်ရုံ စတည်ထောင်ကတည်းက အကြိမ်ပေါင်းများစွာ ရွာသားတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ရကြောင်း အဲဒီအက်ဆစ်အနံ့တွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ လည်ချောင်းကင်ဆာ အပါအ၀င် တခြား အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့မှုတွေအတွက် ရွာသားတွေက အက်ဆစ်စက်ရုံအပေါ်မှာ သံသယရှိနေကြတာပါ။ ဒီလိုအဖြစ်တွေကြောင့် အကြိမ်ပေါင်း ၁၀ ကြိမ်မနည်း သွားရောက် ကန့်ကွက်ခဲ့ရတယ်လို့လည်း ဒေသခံက ဆက်ပြောပြပါတယ်။

“ပြီးခဲ့တဲ့ ၂ လလောက်အကြာမှာပဲ ဒီစက်ရုံဝင်းထဲမှာရှိတဲ့ ၉ တန်းကျောင်းသားတယောက်က လည်ချောင်းကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းမှာ ကင်ဆာနဲ့ သေသွားတာ ကျနော်တို့မှာ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့မှာ တခု ဘာရှိသလဲဆိုတော့ ဒီအကြောင်းကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သော်ငြားလည်း ဒီစက်ရုံကြောင့်ဖြစ်နေရတယ်ဆိုတဲ့ ကျနော်တို့စိတ်ထဲမှာ သံသယစိတ်တွေ အရမ်း ကြီးထွားနေရတယ်။ ပြောမယ်ဆိုရင်တော့ ၂၀၀၆-၂၀၀၇ သူတို့စက်ရုံတည်ပြီးနောက်ပိုင်းမှာ ဒီလိုမျိုး အကြိမ်ကြိမ်အခါခါတွေ ကျနော်တို့ ဖြစ်ခဲ့တယ်။ အခုအချိန်ထိ ဖြေရှင်းပေးတာတွေ မရှိဘူး။ နောက်နှစ်မှာလည်း ဒီလိုမျိုး ကျနော်တို့ အက်ဆစ်ငွေ့က ဘယ်လိုသုံးသလဲဗျာ။ ရာသီဥတုပြောင်းလဲတဲ့ အချိန်အခါမျိုးမှာ ဒီအက်ဆစ်ငွေ့တွေကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့တယ်။ ဒါကို ကျနော်တို့ သွားရောက်ပြောဆိုကြတဲ့အချိန်မှာ စက်ရုံက ကျနော်တို့ကို ဖြေရှင်းမှုမပေးခဲ့ဘူး။ ဒီလိုမျိုးနံတာကတော့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ရွာသားတွေကိုယ်တိုင်ကလည်း ဒီလိုနံလို့သွားပြောတဲ့အချိန်မှာ တချို့ဟာတွေက ပိုက်ပေါက်လို့နံတယ်။ အဲဒီမှာ ရပ်ပေးတာလိုမျိုးရှိခဲ့တယ်။ တချို့ဟာတွေက လုံးဝကို ဖြေရှင်းမပေးဘဲနဲ့ လျစ်လျူရှုခံခဲ့ရတဲ့ဟာမျိုးတွေလည်း ကျနော်တို့ ရှိခဲ့တယ်ဗျ။”

သဘာဝပတ်ဝန်ကျင်း လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေကလည်း ဒီကိစ္စအပေါ်မှာ ဝေဖန်မှုတွေရှိနေပေမဲ့ အက်ဆစ်စက်ရုံ လည်ပတ်မှုတွေကတော့ ရပ်နားသွားခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုအခါမှာတော့ အက်စစ်ငွေ့တွေ ယိုစိမ့်မှုတွေဟာ လေတို်က်တဲ့အခါတိုင်း ကျေးရွာသားတွေ အသက်ရှူမ၀ ဖြစ်တာဟာ အခုအခါမှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

ငလျင်အတွင်း ဒဏ်ရာ ရသူကို အိန္ဒိယ ဆေးရုံ တစ်ခုမှာ ကူညီနေစဉ် (Credit: AFP) 
မြန်မာနိုင်ငံ ​အနောက်မြောက်ပိုင်းမှာ ​ဗဟိုပြု ​လှုပ်ခတ်သွားတဲ့ ​အင်အားပြင်း ​ငလျင်ကြောင့် ​ဒဏ်ရရှိကြသလို ​အဲဒီလို ​အင်အားပြင်းတဲ့ ​ငလျင် ​လှုပ်ခတ်ပြီးရင် ​နောက်ဆက်တွဲ ​ငလျင်တွေလည်း ​လှုပ်ခတ်လေ့ ​ရှိတယ်လို့ ​သိရပါတယ်။

အမေရိကန်နိုင်ငံ ​ငလျင်တိုင်းထွာရေး ​အဖွဲ့ရဲ့ ​အဆိုအရ ​၆.၉ ​ပြင်းအားလောက် ​ရှိတဲ့ ​ငလျင်က ​မနေ့ည ​၈ ​နာရီ ​၂၅ ​မိနစ်လောက်တုန်းက ​ရေဦး၊ ​ကန့်ဘလူမြို့ ​အနောက်ဖက် ​၇၀ ​ကီလိုမီတာအကွာ၊ ​ချင်းတွင်းမြစ်ကမ်း ​အနီးတဝိုက်မှာ ​ဗဟိုပြု ​လှုတ်ခတ်ခဲ့တယ်လို့ ​ဆိုပါတယ်။

ငလျင်နဲ့ ​အနီးဆုံးကတော့ ​ပြင်ကိုင်း၊ ​သက်ကယ်ကျင်းနဲ့ ​ဘုံမဇင်းရွာတွေ ​ဖြစ်ကြတယ်လို့လည်း ​သိရပါတယ်။

အဲဒီ ​ငလျင်ရဲ့ ​ဒဏ်ကို ​မြန်မာနိုင်ငံ ​တခုလုံးအပြင် ​အိန္ဒိယ၊ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​နီပေါနိုင်ငံတို့မှာလည်း ​ခံစားခဲ့ကြရပါတယ်။

အိန္ဒိယနဲ့ ​ဘင်္ဂလားဒေ့ရှ်မှာ ​ပျက်စီးမှုတွေနဲ့ ​ဒဏ်ရာ ​ရရှိမှုတွေ ​အနည်းငယ် ​ရှိခဲ့ပေမယ့် ​မြန်မာနိုင်ငံရဲ့ ​အခြေအနေကိုတော့ ​အတိအကျ ​မသိရသေးပါဘူး။

ဒါပေမဲ့ ​စစ်ကိုင်းတိုင်း ​ဆားလင်းကြီးမြို့နယ် ​ဝါးတန်းကျေးရွာက ​သတ္တမဗောဓိ ​ဆုတောင်းပြည့် ​စေတီတော် ​စိန်ဖူးတော် ​မြေခခဲ့ရသလို ​မုံရွာခရိုင် ​ချောင်းဦးမြို့နယ် ​တောကျောင်းကြီးကျေးရွာ ​ရွှေဂူကြီး ​ဘုရားဝန်းအတွင်းက ​အရန်စေတီ ​၃ ​ဆူထဲက ​ဥာဏ်တော်အမြင့် ​၄၂ ​တောင်ရှိတဲ့ ​အရှေ့စေတီရဲ့ ​စိန်ဖူးတော် ​မြေခခဲ့ရတယ်လို့ ​ကနဦး ​သတင်းအရ ​သိရကြောင်း ​မြန်မာ့ပြန်ကြားရေး ​ဝန်ကြီးဌာန ​သတင်းအရ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​နေရာ ​တဝိုက်မှာ ​လူနေထူထပ်မှု ​မရှိသလို ​တိုက်အိမ်အမြင့်တွေလည်း ​မရှိတဲ့အတွက် ​ပျက်စီးမှုတွေ ​များလိမ့်မယ်လို့ ​မယူဆကြပါဘူး။

ရန်ကုန်မြို့က ​တိုက်မြင့်ပေါ်မှာ ​နေထိုင်တဲ့ ​လူတချို့ကတော့ ​စိုးရိမ်ခဲ့ရတယ်လို့ ​ပြောဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံ ​ဒါကာ ​မြို့မှာ ​လူအယောက် ​၅၀ ​လောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


14April 2016

13April 2016 ရက်နေ့  ညနေပိုင်းက ဘန်ကောက်မြို့ လည် စီလုံ မှာ သင်္ကြန်ပွဲ ကျင်းပနေစဉ်မှာ ထိုင်း မိန်းလေးငယ် တဦးကို လူကြပ်နေတဲ့ကြားက ရင်သားနဲ့  အတွင်းခံကြားကို လိုက်ကိုင်နေလို့  မိန်းခလေးက ဘေးက လူတွေကိုအော်ဟစ် အကူညီတောင်း ခဲ့ တဲ့ အတွက် ၀ိုင်းဝန်းဖမ်းဆီး ခဲ့ကြောင်း သိရပါတယ်။

အဖမ်းခံရတဲ့သူဟာ အသက် (၂၃)နှစ်ရှိ မြန်မာနိုင်ငံသား တဦး ဖြစ်ပြီး ထိုင်းဘာသာနဲ့ နံမည်ကို เสมา စေမာ လို့  ရေးသားဖေါ်ပြ ပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတဦး ဖြစ်ပါတယ်။


ဘန်ကောက်မြို့  ပသူနမ့်  မှာနေထိုင်နေပြီး အရက်သေစာ သောက်စားရင်း စီးလုံအရပ်ကို သုံးဘီးကားနဲ့  စီးလာခဲ့ပြီးတဲ့နောက် အရက်မူးနေလို့  ဖြစ်ရပ်တွေကို မမှတ်မိတော့ကြောင်း ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ယခုအမှုမှု မှာ တရားလိုမိန်းခလေးက အသက်မပြည့်သေးတဲ့အပြင် လူမြင်ကွင်းမှာ အမျိုးသမီးရဲ့  ကိုယ်အဂါင်္တွေ ကို ကိုထိလက်ရောက် ထိကိုင် စော်ကားမှူဟာ ထောင် (၁၀)နှစ်နဲ့  ငွေဒဏ် ဘတ် နှစ်သောင်း (ကျပ် ၇သိန်း)အထိ အမိန့် ချမှတ်နိုင်ကြောင်းသိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW


သင်္ကြန်အကျနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ညဦးပိုင်းမှာ မန္တလေးအနောက်မြောက်ဘက် မိုင် ၁၀၀ ကျော်အကွာမှာ အားပြင်းငလျင်ကြီးတခု လှုပ်ခတ်ခဲ့တာမို့ မန္တလေးမြို့ခံတွေကြား ထိတ်လန့်တကြား အိမ်ပြင် ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါလ်နိုင်ငံတွေမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတာပါ။ အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ သေဆုံးထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာစံတော်ချိန် ညနေ ၈ နာရီ ၂၅ မိနစ်ကျော်ကျော်လေးမှာ မန္တလေး မြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၁၂၂ မိုင်လောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ အရှေ့တောင်ဘက် ၄၂ မိုင်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိတဲ့  အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် မန္တလေးမြို့ခံတွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရတယ်လို့ မန္တလေးမြို့ခံ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“ကျနော်သတိထားမိတဲ့အချိန်ကတော့ ည ၈ နာရီနဲ့ ၂၆ မိနစ်ပေါ့ ကျနော်တို့လည်း သင်္ကြန်တွေဘာတွေ လျှောက်လည်ပြီးတော့ အိမ်ပြန်ရောက်နေကြပြီလေ။ အိမ်ပေါ်မှာ ထိုင်နေကြတုန်းရှိသေးတယ်။ ငလျင်ကလှုပ်လိုက်တော့ ရှေ့နဲ့နောက်နဲ့ ယမ်းနေတော့ ဆက်ပြီးတော့ စောင့်ကြည့်နေတော့ အိမ်ကြီးက ထပ်ယမ်းတော့ ဟာ ဒါ ငလျင်လှုပ်တာပေါ့ဆိုပြီး ကျနော်တို့လည်း နည်းနည်း ကြောက်လန့်ပြီး အိမ်ပေါ်ကနေ အကုန်ဆင်းကြတာ ၁ မိနစ်လောက်တော့ ကြာမယ်ဗျ ကျနော်ထင်တယ်။ အဲဒီလှုပ်တဲ့အချိန်မှာ ကျနော် သတိထားမိပြီး နာရီကိုကြည့်လိုက်တော့ ၈ နာရီနဲ့ ၂၆ မိနစ်ပါခင်ဗျ။”

မေး - ဘာများ ထူးထူးခြားခြား ဖြစ်ကြသေးလဲ။

ဖြေ - “ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ လူ တော်တော်များများ သိသွားကြတယ်လေ။ ကျနော်တို့ ပတ်ဝန်းကျင်က လူတော်တော်များများကတော့ ကိုယ့်အိမ်တွေကနေ ကိုယ် အပြင်ထွက်လာကြတာ များတယ်ခင်ဗျ။ ပြင်းတာတော့ ပြင်းတယ်ခင်ဗျ။ အရှိန်ကတော့ နည်းနည်း ပြင်းတယ်ပေါ့နော်။ မန္တလေးပတ်ဝန်းကျင်မှာတော့ ပြိုပျက်တဲ့အသံတော့ မကြားမိသေးဘူးခင်ဗျ။ သူတို့လည်း သိလိုက်တယ်ပေါ့နော်။ လူတော်တော်များများကတော့ ငလျင်လှုပ်တာကို သတိထားမိလိုက်တယ်ခင်ဗျ။ ဖြစ်ဖြစ်ချင်း ကျနော် ဖေ့ဘွခ်ပေါ် ကောက်တင်လိုက်တဲ့အချိန်မှာပဲ ရန်ကုန်က မိတ်ဆွေတွေကလည်းပေါ့နော် သူတို့ဘက်မှာလည်း လှုပ်တယ်ဆိုပြီးတော့ ပြောလာကြတယ်။ စစ်ကိုင်းဘက်ကလည်း လှုပ်တယ်လို့ ၀ိုင်းပြောကြတယ်ခင်ဗျ။ နေရာတော်တော်များများ လှုပ်သွားတယ်လို့ ကျနော် ကြားလိုက်ရတယ်။”


တမိနစ်လောက်ကြာခဲ့တဲ့ ဒီငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာလည်း ခံစားခဲ့ရသလို ယင်းမာပင်ခရိုင်ထဲက စေတီ ၂ ဆူနဲ့ မုံရွာခရိုင်ထဲက စေဆီ ၁ ဆူ၊ စိန်ဖူးတော် မြေခ ခဲ့သလို ကလေးမြို့နယ်ထဲက စာသင်ကျောင်းတခု အနည်းငယ် ပျက်စီးမှုရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ လောလောဆယ်မှာ ဘုရားပုထိုး အနည်းငယ်နဲ့ အဆောက်အဦး အနည်းငယ် ပျက်စီးတာကလွဲလို့ အသေအပျောက် သတင်းမရသေးသလို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လိုအပ်သလို လုပ်ဆောင်သွားမှာဖြစ်ကြောင်း လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ဖေ့ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယ၊ နီပေါလ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း ဒီငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရပြီး အိန္ဒိယ-မြန်မာနယ်စပ်နားမှာ ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ နယူးဒေလီက ငလျင်တိုင်းတာရေးစခန်း တာဝန်ခံ J. L. Gautam က ပြောပါတယ်။

“ပြင်းအား ၆.၈ ရှိတဲ့ ငလျင်တခုဟာ လက်တီကျူ့ ၂၃.၀ ဒီဂရီမြောက်နဲ့ လောင်ဂျီကျူ့ ၉၄.၉ ဒီဂရီ အရှေ့မှာ လှုပ်ခဲ့တာဖြစ်ပြီး ဗဟိုချက်ကတော့ မြန်မာ - အိန္ဒိယ နယ်စပ်နားမှာ ဖြစ်ပါတယ်။”

နယူးဒေလီမြို့တော်က မြင့်မားတဲ့ အဆောက်အဦးတွေထဲ အလုပ်လုပ်နေကြသူတွေလည်း ကြောက်လန့်တကြား ပြေးဆင်းခဲ့ကြတာဖြစ်ပြီး၊ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံခရိုင်ထဲမှာရှိတဲ့ Guwahati မြို့ခံတွေကတော့ အဆောက်အဦးတွေနဲ့ ဓာတ်အားလိုင်းသွယ်တဲ့ တိုင်တွေပါ လှုပ်ရမ်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ကျရောက်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း တချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်ဘက် တွန့်ခေါက်တောင်ကြောဒေသ (Western Fold Belt) ထဲက ရခိုင်၊ ချင်းနဲ့ နာဂတောင်တန်းတွေမှာ တွေ့ရလေ့ရှိတဲ့ ငလျင်တွေအတွက် ငလျင်ပေါ်ပေါက်လာစေတဲ့ အားကတော့ မြေထုချပ်ကြီး ၂ ခုရဲ့ လှုပ်ရှားမှုကြောင့် ဖြစ်ပါတယ်။ Eurasia Plate လို့ခေါ်တဲ့ မြေထုချပ်ကြီးရဲ့ တောင်ဘက်အစွန်မှာရှိတဲ့ မြန်မာမြေထုချပ်အောက်ထဲ အိန္ဒိယမြေထုချပ်ကြီးက အနောက်တောင်ဘက်ကနေ တနှစ်ကို ၃.၅ စင်တီမီတာနှုန်းနဲ့ တိုးဝင်နေတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ အတွင်း ပြင်းအားအဆင့် ၇ နဲ့အထက် လှုပ်ခဲ့တဲ့ ငလျင်ကြီး ၁၆ ခုထက်မနည်း ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဒီအနောက်ဘက်အကြောဟာ ငလျင်အများဆုံး လှုပ်တဲ့ဒေသ ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်း ဦးဆောင်တဲ့အဖွဲ့က သတ်မှတ်ထားတဲ့ ငလျင်ဇုန် ၅ ဇုန်ထဲက (မြေပြင်အရှိန်ပြင်းအား အဆင့် ၀.၄ နဲ့ ၀.၅ ကြားရှိတဲ့) အပျက်အစီး အများဆုံး ဇုန်နံပါတ် ၅ အဖြစ် သတ်မှတ်ထားတဲ့ထဲမှာ အခုလှုပ်ခဲ့တဲ့ ငလျင်ဗဟိုချက်နဲ့ သိပ်မဝေးတဲ့ ကလေးမြို့- ဟုမ္မလင်း ဒေသလည်း ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အရပ်သားအစိုးရသစ် တက်လာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ဖျော်ဖြေနေကြပေမဲ့ သံချပ်အများစုဟာ ဖိနှပ်ချုပ်ချယ်မှုတွေ ပိုများတဲ့ စစ်အစိုးရ လက်ထက်မှာတုန်းကလို လှောင်ပြောင်သံချပ်ထိုးစရာ အချက်လက်တွေ နည်းလာနေတယ်လို့ သံချပ် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

သံချပ်တိုင်တဲ့အဖွဲ့တွေကတော့ ပြုပြင်ဖို့လိုတဲ့ အချက်တွေကို ထောက်ပြစရာတွေကို ဇောင်းပေးပြီး သံချပ်ထိုးကြတယ်လို့ ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ ထုံးစံတွေနဲ့အညီ သံချပ်ယဉ်ကျေးမှုကို အားကောင်းလာအောင် ပြန်လည် လုပ်ဆောင်သွားမယ်လို့ သင်္ကြန်ကာလမတိုင်ခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဒီနှစ် ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း လိုက်လံ ဖျော်ဖြေနေတဲ့အထဲမှာ “သာဓုပါဗျာ”သံချပ်အဖွဲ့က သူတို့ရဲ့ပျက်လုံးတွေနဲ့ ပတ်သက်လို့  ဟာသသရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာပြောတာက -

“ဥပမာဗျာ - ပြည်သူ့လွှတ်တော်မှာပါ ဟိုတလောတုန်းက အစည်းအဝေးလုပ်တော့ဗျာ အဲဒီမှာ တောင်းဆိုတာတွေက များတယ်ဗျ။ တောင်းတာက ဘာများသလဲဆိုတော့ -

လွှတ်တော်ကြီးမှာ တင်ပြရတာ ရီချင်စရာ….

ကတ္တရာလမ်းတွေ ပေ ခိုးတောင်းတာ စည်ပင်ပါ….

သြော် ရီရတာ၊ ရီရတာ သင်္ကြန်ကျတော့ အကုန်လိုက်ပြောမှာ….

ဟေ့ အဆဲခံရတော့မယ်ဟေ့။ အဆဲခံရတော့မယ်….

ဟဲဟဲ အဲ့လိုလေးတွေပေါ့။ အဲတော့ ဒီမိုကရေစီအတွက် လူတွေက အသက်ပေးသွားကြတယ်ဗျ။ ကလေးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရဟန်းရှင်လူပြည်သူတွေ၊ အသက်ပေးသွားကြတယ်။ အဲဒီအသက်ပေးသွားကြတဲ့ ၀ိဥာဉ်တွေက လွှတ်တော်ထဲရောက်တယ်။ လွှတ်တော်ထိုင်ခုံအောက်မှာ ရှိနေတယ်။ တခါတခါ အစိပ်သားတွေ ထထပြီး မတ်တပ်ရပ်တယ်။ အဲဒီဝိဥာဉ်တွေ ထထခြောက်လို့ သူတို့ မတ်တပ် ထထရပ်တာ။ အဲ့လို ရီစရာလေးပေါ့။”

ဒါပေမဲ့လည်း ရန်ကုန်သင်္ကြန်မှာပျက်တဲ့ သံချပ်အဖွဲ့တွေဟာ လှောင်ပြောင်သံချပ်ထိုးစရာ အချက်လက် နည်းလာနေတယ်လို့ သံချပ်တွေ လေ့လာစောင့်ကြည့်နေတဲ့ ကိုသီဟသွေးက ပြောပါတယ်။

“ပြဿနာက ဘာလဲဆိုတော့ဗျာ အစိုးရကအသစ်ဖြစ်လာတဲ့အပေါ်မှာ အရင်လို ဦးသိန်းစိန်အစိုးရတို့၊ စစ်အစိုးရတို့လို သံချပ်ထိုးစရာ ထောက်စရာအကွက်က လောလောဆယ် မရှိကြဘူးဗျ။ အစာပလာနည်းတာပေါ့ဗျာ နော်။ ပစ်မှတ်တွေကလည်း နည်းသွားတယ်။ နည်းသွားတဲ့အခါကျတော့ တားဂတ်က လောလောဆယ် ၂ ခုပဲရှိတယ်။ ကျနော်တွေ့ရတာ အဲဒါ အဓိကကတော့ ငြိမ်းချမ်းရေးကိစ္စရယ်၊ လွှတ်တော်ထဲမှာ တပ်မတော်သား အစိပ်သားကျန်ခဲ့တဲ့ ကိစ္စတွေပေါ့နော် အဲဒီနှစ်ခုကိုပဲ သူတို့တွေ ပယ်ပယ်နယ်နယ် သူတို့မှာ ပြောစရာရှိတာပေါ့။ အရင်လောက်တော့ အများကြီး ပြောစရာမရှိတော့တဲ့ အနေအထားမျိုး သံချပ်ထိုးစရာမရှိတော့တဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်ဗျ။”

NLD အစိုးရနဲ့ပတ်သက်ပြီးလည်း သူတို့အဖွဲ့က ထောက်ပြ သံချပ်ထိုးခဲ့တယ်လို့ လူရွှင်တော် မောင်မေတ္တာ က ပြောပါတယ်။

“အာဏာရတဲ့အစိုးရလို့ပြောရင် သုံးတဲ့အသုံးနှုန်းက မှားနေတယ်ဗျ။ လက်သန်းကိုယ်စီ ညီညီညာညာနဲ့ သက်သေပြခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့ကျေးကျွန်၊ ပြည်သူ့အစိုးရ အဲ ကျနော်တို့သံချပ်မှာဗျာ ဘာပြောသလဲဆိုရင် နိုင်ငံတော်တံဆိပ်ကို အလေးပြုဖို့ပေါ့။ နိုင်ငံတော်တံဆိပ်ရှိတယ်ဗျာ။ မြန်မာနိုင်ငံက အစကတည်းက နိုင်ငံတော်တံဆိပ်ဟာ မပြောင်းလဲဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံရဲ့အလံ ပြောင်းနေတာ ၃ ခါရှိပြီ။ ၃ ခုစလုံး နိုင်ငံသူနိုင်ငံသားတွေ အလေးပြုခဲ့သလို၊ နိုင်ငံတော်တံဆိပ်ကို နိုင်ငံအကြီးအကဲများကလည်း အလေးပြုပေးပါဆိုတဲ့အကြောင်း ပြောချင်တယ်ဗျာ ဒါပဲ။”

သံချပ်အဖွဲ့တွေကို လူတွေ စိတ်ဝင်စားမှုရှိပေမဲ့ ဟိုအရင် အနှစ် ၃၀ ကျော်က သံချပ်ခေတ်ကိုတော့ မမီနိုင်သေးဘူးလို့ ကိုသီဟသွေးက မြင်ပါတယ်။

“သံချပ်အဖွဲ့တွေဟာ နားထောင်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဟိုတုန်းကလိုမျိုး မဆလခေတ်တခေတ်လုံး အစဉ်အလာရှိခဲ့တဲ့ သံချပ်တွေ အဲဒီလို ကာလကိုတော့ မမီသေးဘူးဗျ။ ဒါပေမဲ့ အခုကျတော့လည်း သူတို့တွေ လှည့်ပြီးတော့ ဖျော်ဖြေကြတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှုတွေ အထိုက်အလျောက်တော့ ရှိပါတယ်။”

အရင်နှစ်တွေထက် လုံခြုံရေးရော စည်းကမ်းပါ တင်းကျပ်ထားတဲ့ ဒီနှစ် အတာသင်္ကြန်အတွက် “သာဓုပါဗျာ” သံချပ်အဖွဲ့က နှစ်သစ် ဆုမွန် တောင်းလိုက်တယ်လို့ မောင်မေတ္တာ က ဆိုပါတယ်။

“မြန်မာနိုင်ငံလုံးသာမက တကမ္ဘာလုံး ပစ်ခတ်မှုတွေ ငြိမ်းချမ်းပါစေ။ မနာလိုမှုတွေ ကင်းဝေးကြပါစေ။ စုစုစည်းစည်းနဲ့ ကမ္ဘာကြီးကိုလှအောင် ဆောင်ရွက်နိုင်သော ကမ္ဘာသူကမ္ဘာသားများ ဖြစ်သလို မြန်မာနိုင်ငံကို လှအောင် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထည်ဝါအောင် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်အကြီးအကဲများ စုပေါင်းမိကြပါစေ။ ညီညွတ်ကြပါစေ။ အရောင်မခွဲဘဲ လူတစုတည်း ဆိုတဲ့စိတ်ထက် မြန်မာတ၀ှမ်းလုံး စိတ်ကို ဆောက်တည်ပြီး တိုင်းပြည်ကောင်းကျိုး ပြုနိုင်ကြပါစေလို့ ဆုတောင်းချင်ပါတယ်ဗျာ။”

ဒီနှစ်သင်္ကြန်မှာ တကသ ကျောင်းသားအဖွဲ့ကလည်း ခွပ်ဒေါင်းမျိုးဆက်ဆိုတဲ့ နာမည်နဲ့ သံချပ်အဖွဲ့တဖွဲ့လည်း လိုက်လံဖျော်ဖြေနေပြီး အစိုးရကို သရော်တဲ့ သံချပ်တွေ ထိုးကြတယ်လို့ သိရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရုရှားနိုင်ငံထုတ် Sukhoi SU-24 စစ်လေယာဉ် အမျိုးအစား (Credit: AFP) 
Baltic ​ပင်လယ်ပြင်မှာ ​ခုတ်မောင်းနေတဲ့ ​အမေရိကန် ​စစ်သင်္ဘော ​အနားကို ​ရုရှား ​စစ်လေယာဉ် ​နှစ်စင်းက ​ရန်စတဲ့အနေနဲ့ ​ဖြတ်မောင်း ​ပျံသန်းခဲ့တယ်လို့ ​အမေရိကန် ​အစိုးရ ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ရုရှားရဲ့ ​လုပ်ရပ်တွေထဲမှာ ​ဒီတချီကတော့ ​ရန်အစဆုံး ​လုပ်ရပ်ပဲ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အမေရိကန် ​စစ်သင်္ဘောက ​နိုင်ငံတကာ ​ရေပိုင်နက်ထဲ ​ဖြတ်မောင်းနေတုန်း ​ရုရှားဘက်က ​ရန်စလာတာ ​ဖြစ်ပြီး ​ဒီလုပ်ရပ်အပေါ် ​စိုးရိမ်မကင်းမှု ​ဖြစ်ရတယ်လို့ ​အမေရိကန် ​အိမ်ဖြူတော်က ​ပြောဆိုလိုက်ပါတယ်။

အမေရိကန် ​ကာကွယ်ရေးတပ်က ​ထုတ်ပြန်တဲ့ ​ဗီဒီယိုနဲ့ ​ဓာတ်ပုံတွေအရ ​ရုရှားနိုင်ငံက ​Sukhoi ​SU-24 ​စစ်လေယာဉ်နှစ်စင်းက ​အမေရိကန်နိုင်ငံပိုင် ​ဒုံးကျည်ဖြိုခွင်းရေး ​စစ်သင်္ဘောနားကို ​ဖြတ်မောင်းသွားတာကို ​တွေ့ရပြီး ​ဒီလုပ်ရပ်ဟာ ​လုံခြုံရေးကို ​ထိပါးနိုင်သလို ​ပရော်ဖက်ရှင်နာတွေရဲ့ ​လုပ်ရပ် ​မဟုတ်ဘူးလို့လည်း ​အမေရိကန်က ​ပြောလိုက်ပါတယ်။

ရုရှားရဲ့ ​လုပ်ရပ်ဟာ ​နိုင်ငံတကာ ​ရေပိုင်နက်နဲ့ ​ဝေဟင်မှာ ​သွားလာရမယ့် ​အကွာအဝေးကို ​လစ်လျူရှုနေတယ်လို့လည်း ​ပြောဆိုလိုက်ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ​မလိုအပ်ပဲ ​အမေရိကန်နဲ့ ​ရုရှားနိုင်ငံအကြား ​တင်းမာမှုတွေ ​ဖြစ်စေပြီး ​တခါတလေ ​မတော်တဆမှုတွေတောင် ​ဖြစ်သွားစေနိုင်တယ်လို့ ​ဝေဖန်လိုက်ပါတယ်။

အဲဒီလေယာဉ်တွေဟာ ​နီးကပ်စွာ ​ဖြတ်သန်းလွန်းလို့ ​ရေပြင်မှာတောင် ​လှုပ်ခတ်မှုတွေ ​ဖြစ်ရသလို ​အဲဒီမတိုင်ခင် ​တစ်ရက် ​အလိုမှာလည်း ​အလားတူ ​လုပ်ရပ်မျိုး ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

နောက်တခါ ​ရုရှားပိုင် ​KA-27 ​Helix ​ရဟတ်ယာဉ် ​တစ်စင်းဟာလည်း ​USS ​Donald ​Cook ​အနားကို ​၇ ​ကြိမ်တောင် ​ဖြတ်မောင်းသွားတာမျိုး ​လုပ်ခဲ့တယ်လို့ ​အမေရိကန်ဘက်က ​ပြောပါတယ်။

အမေရိကန်ဘက်က ​ရေဒီယိုနဲ့ ​ဆက်သွယ်ဖို့ ​ကြိုးစားပေမယ့် ​ရုရှားဖက်က ​အဆက်အသွယ် ​ပြန်မလုပ်ဘူးလို့လည်း ​ပြောပါတယ်။

ပင်လယ်ပြင်မှာ ​အမေရိကန်နဲ့ ​ရုရှားတို့ ​ထိပ်တိုက်ရင်ဆိုင်မှုကို ​ရှောင်ရှားဖို့ ​၁၉၇၂ ​ခုနှစ်ကတည်းက ​သဘောတူ ​လက်မှတ်ရေးထိုးကြပေမယ့် ​စစ်အေးကာလ ​တင်းမာမှုတွေက ​ပြန်လည်ရောက်ရှိနေပြီလား ​ဆိုပြီး ​သုံးသပ်နေကြပါတယ်။

ဥရောပ ​အရှေ့ပိုင်း ​ပင်လယ်ပြင်မှာ ​နေတိုးက ​နေရာယူမှုတွေ ​ပိုလုပ်မယ်လို့ ​ကြေညာပြီး ​မကြာခင်မှာပဲ ​အခုလို ​ဖြစ်ပေါ်တာလည်း ​ဖြစ်ပါတယ်။

Boltic ​ဒေသက ​နိုင်ငံတွေက ​ရုရှားနိုင်ငံရဲ့ ​ရန်စမှုကို ​စိုးရိမ်လို့ ​နေတိုးအနေနဲ့ ​အမြဲတမ်း ​လာရောက် ​အခြေချဖို့ ​တောင်းဆိုရာက ​နေတိုးက ​အင်အားတိုးချဲ့နေတာ ​ဖြစ်ပါတယ်။

ရုရှားကတော့ ​Baltic ​ဒေသနိုင်ငံတွေကို ​တိုက်ခိုက်ဖို့ ​စိတ်မကူးဘူးလို့ ​တုန့်ပြန်ထားပါတယ်။

By North America correspondent Michael Vincent, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese

 တောင်ကိုးရီးယား သမ္မတ Park Geun-hye
တောင်ကိုးရီးယား သမ္မတ Park Geun-hye ရဲ့ အာဏာရပါတီ ဟာ အခုရွေးကောက်ပွဲ မှာ အခြေအနေ မလှတာ တွေ့ ရပါတယ်။ ဥပဒေပြု လွှတ်တော် အမတ်ဦးရေ ၃၀၀ အနက် ၂၅၃ ဦး ရွေးကောက် ခံရမှသာ အာဏာရ ပါတီ ဆေနူရီ ပါတီ ဟာ လွှတ်တော်ထဲ မှာ စိုးမိုး နိုင်မှာပါ။ လွှတ်တော် မှာ ဆေနူရီ ပါတီ အင်အားတောင့် မှ မစ္စ Park Geun-hye ဟာ သူ့ရဲ့ သမ္မတ သက်တမ်း မကုန်မီ လာမဲ့ လပေါင်း၂၀ အတွင်းမှာ သူတို့ ပါတီ တင်သွင်း ထားတဲ့ အလုပ်သမား နဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ဥပဒေကြမ်း တွေ အတည်ဖြစ်မှာပါ။

ဒါပေမဲ့ သူ့လက်ထက် မှာ စီးပွားရေး ကိုင်တွယ်ပုံ၊ လူငယ်တွေ အလုပ်လက်မဲ့ ဦးရေ များလာတာတွေ၊ ပြည်ပ ထွက်ကုန် ကျဆင်းမှု အိမ်အသုံးစရိတ် တက်ရာက ကြွေးထူလာမှု စတာတွေ ကြောင့် ပြည်သူတွေ ဘက် က မကျေနပ်တာ တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အတိုက်အခံ ပြည်သူ့ပါတီ ရဲ့ ဒုတိယ ဥက္ကဌ အန်ချောင်ဆူး ကတော့ သူတို့ပါတီ အခြေအနေ ကောင်းတာ ကို ပြောရာ မှာ သူတို့ ဘက်ကလည်း အကောင်းဆုံး ကို ပြင်ဆင် ထားတဲ့ အတွက် ပြည်သူတွေ ရဲ့ ဉာဏ်ပညာ အမြော်အမြင် ရှိရှိ ဆုံးဖြတ်ချက် ကို ယုံကြည်ထား တဲ့ အကြောင်း နိုင်ငံရေး သမားတွေ အနေနဲ့ ပြည်သူတွေ ကို အလေးထား လေးစား မှ အကောင်းဆုံး တုံ့ပြန်ချက် ရတတ် ပါတယ် လို့ ပြောသွားတာပါ။

တချို့ မဲဆန္ဒရှင် တွေ ဘက်လည်း အခုအချိန် ဟာ စီးပွားရေး ကို အသားပေးတာ ကောင်းပေမဲ့လည်း မြောက် ကိုးရီးယား ရဲ့ ရန်စမှု ကိုလည်း နိုင်ငံတော် လုံခြုံရေး အရ ထည့်သွင်း စဉ်းစား သင့်ကြောင်း ဝေဖန် သူတွေ လည်း ရှိကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

 တောင်ကိုရီးယားမှာ လွှတ်တော်ရွေးကောက်ပွဲကျင်းပ
တောင်ကိုရီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးအပြီး ကောက်ယူထားတဲ့ ရလဒ်တွေ အရ - လက်ရှိ သမ္မတ Park Geun-hye ရဲ့ ရှေးရိုးစွဲဝါဒီ Saenuri ပါတီနဲ့ ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံပါတီက မျှော်လင့်ထားတာထက် အခြေအနေ ပိုကောင်းနေပြီး၊ အာဏာရပါတီက အမျိုးသားလွှတ်တော်မှာ အမတ်အများစုနေရာ ယူထားတာကိုတောင် ဆုံးရှုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

မကြာသေးခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာတော့ -  သမ္မတ ပခ့် ဟာ လူထုထောက်ခံမှုကို အခိုင်အမာရရှိထားကြောင်း ပြသနေပြီး၊ အထူးသဖြင့် မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုတွေ ကြီးထွားလာနေချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့ သူ့ရဲ့ပြတ်ပြတ်သားသား ရပ်တည်ချက်ကြောင့် ထောက်ခံခဲ့ကြတာပါ။

ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်နေရာ ၃၀၀ အထိ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

မကြာသေးခင်က လူထုစစ်တမ်းတွေအရ လက်ရှိအာဏာရပါတီက အများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မယ်လို့ ပြသနေပေမဲ့ ဗုဒ္ဓဟူးနေ့က မဲရုံကနေ ထွက်လာသူတွေကို ကောက်ယူခဲ့တဲ့ ရလဒ်တွေမှာတော့ Saenuri ပါတီက အားနည်းနေတာတွေ့ရပြီး၊ ကိုယ်စားလှယ် နေရာ ၁၂၁ နေရာကနေ ၁၄၃ နေရာကြားလောက်သာ အနိုင်ရခဲ့တာပါ။

KBS ရုပ်မြင်သံကြားက မဲပေးအပြီး ကောက်ယူခဲ့တဲ့ ရလဒ်တွေအရ - အတိုက်အခံ မင်ဂျိုးပါတီက ကိုယ်စားလှယ်နေရာ ၁၀၁ နေရာကနေ ၁၂၃ နေရာကြား ရရှိထားပြီး၊ ကြိုတင်ခန့်မှန်းချက်ထက် သိသိသာသာ ပိုများနေတာ တွေ့ကြရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အာဏာရှင်နိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု အမြဲဖြစ်
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အာဏာရှင်အစိုးရတွေဟာ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လာတဲ့ တိုင်းသူပြည်သားတွေကို ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချေမှုန်းနေကြတယ်လို့ အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲလိုက်ပါတယ်။

နိုင်ငံရေး လွတ်လပ်မှုကို လက်မခံ ငြင်းပယ်တဲ့ အစိုးရတွေဟာ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာ မဟုတ်ကြောင်း၊ အဲဒါကြောင့်လည်း အကြမ်းဖက် အစွန်းရောက်မှုတွေ အပါအ၀င် တိုင်းပြည်အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သူ့အနေနဲ့ ပြောကြားလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံအလိုက် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဌာနက အခု ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို နိုင်ငံခြား စစ်တပ်တွေကို လုံခြုံရေးအတွက် အထောက်အကူပေးဖို့ ဆုံးဖြတ်ချက်ချရာမှာ အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က ဗွီအိုအေကို ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း လူမှုအဖွဲ့အစည်းတွေအပေါ် ကမ္ဘာ့တ၀ှမ်းရှိ အာဏာရှင်နိုင်ငံတွေက ဖြိုခွင်း နှိမ်နင်းမှုတွေ ပိုမို တိုးမြင့်လာနေကြောင်း၊ သီးခြား လွတ်လပ်တဲ့ အသံတွေကို တိတ်ဆိတ်သွားအောင် လုပ်ဆောင်တာ၊ နိုင်ငံရေးအမြင် မတူသူတွေ ပပျောက်သွားအောင် လုပ်ဆောင်တာနဲ့ ငြိမ်းချမ်းစွာ ပြောင်းလဲမှု ဖော်ဆောင်နိုင်မယ့် လမ်းစတွေကို ပိတ်ပင်တာတွေ ပြုလုပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အကြိမ် ၄၀ မြောက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အာဏာရှင် အစိုးရတွေအဖြစ် အစီရင်ခံစာမှာ အမေရိကန် နိုင်ငံခြားရေးဌာနက နာမည်တပ် ပြစ်တင် ဝေဖန်ထားတာမှာ အစဉ်အလာအရ အာဏာရှင် အစိုးရတွေအဖြစ် ရည်ညွှန်းထားတဲ့ မြောက်ကိုရီးယား၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဆူဒန်နဲ့ Uzbekistan နိုင်ငံတွေလည်း ပါဝင်ပါတယ်။

အရပ်သားတွေကို လူမဆန်စွာ တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ပြစ်တင် ရှုတ်ချထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ငလျင်ကြောင့် ပျက်စီးမှု ဓာတ်ပုံများ။ MOI
ရန်ကုန် ဧပြီ ၁၃

မြန်မာနိုင်ငံကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ၏ အဖျားခတ်မှုကို ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်သည် ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိသဖြင့် အင်အားပြင်းငလျင်အဖြစ် သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

''ငလျင်ကြီးလှုပ်ရတာက အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက် မှာ လှုပ်သွားသလို ဖြစ်စဉ်တစ်ခုပါ။ မြေထုချပ်တွေ ရင်ဆိုင်တွန်းတိုက်ရာကနေ အခုလို ငလျင်ပြင်းပြင်း တွေ လှုပ်ခတ်ရပါတယ်။ ဖြစ်နိုင်တာက ငလျင်ကြီးပြီးရင် နောက်ဆက်တွဲတွေ လာတတ်တယ်။ အထူးသဖြင့်တော့ ပြတ်ရွေ့ ဇုန်တစ်ဝိုက်မှာ အဖြစ်များပြီး အင်အားအတော်အသင့် ငလျင်တွေ လည်း ပါလာတတ်လို့ သတိထားကြ ဖို့လိုပါတယ်''ဟု မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ ဒေါက်တာ ကျော်ထွန်းက ပြောကြားသည်။
ငလျင်ကြောင့် ပျက်စီးမှု ဓာတ်ပုံများ။ MOI


အဆိုပါ ငလျင်၏နောက်ဆက် တွဲအဖြစ် မြန်မာနိုင်ငံ အနောက် ပိုင်း ဒေသတစ်လျှောက် သတိထား စောင့်ကြည့်ရမည်ဖြစ်ပြီး အထူး သဖြင့် ကဘော်ပြတ်ရွေ့နှင့် စပ်ဆက် နေခြင်းကြောင့် မော်လိုက်မြို့ အပါ အဝင် ပတ်ဝန်းကျင်မြို့များ၌ စောင့်ကြည့်ရမည့် အခြေအနေရှိ ကြောင်း တာတမံများ၏ ကြံ့ခိုင်မှုကို လာမည့်မိုးရာသီမတိုင်မီ စစ်ဆေး ထားရန်လိုကြောင်း ငလျင်ပညာရှင် တစ်ဦးက အကြံပြုသည်။

ငလျင်ဒဏ်ကြောင့် ငလျင်ဗဟို ချက်မနှင့် နီးစပ်သည့် ကျေးရွာများ ကိုလည်း အခြေအနေကြည့်ရှုကြ ရန် ငလျင်ကော်မတီ၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် အသိပေးထားသည်။

ငလျင်ဒဏ်ကြောင့် ဆားလင်း ကြီးမြို့နယ် ဝါးတန်းကျေးရွာ သတ္တမ ဗောဓိစေတီ စိန်ဖူးတော်မြေခခဲ့ရပြီး ချောင်းဦးမြို့နယ် တောကျောင်းကြီး ကျေးရွာ ရွှေဂူကြီးဘုရား အရံစေတီ စိန်ဖူးလည်း မြေခခဲ့ရကြောင်းသိရ သည်။ ထို့ပြင် ရေစကြိုမြို့ ရွှေတန် ဆာဘုရား ကွဲအက်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်မြို့ မြရိပ် တောင်ပေါ်ကျောင်းတိုက်အတွင်း နှစ် ၁၅ဝ သက်တမ်းရှိစေတီရှေးဟောင်း ကျောက်ထီးတော် မြေခခဲ့သည်။ မော်လိုက်၊ ကလေးနှင့် တမူးမြို့များ မှ ဒေသခံအချို့ ငလျင်ဒဏ်ကြောင့် မူးဝေ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် ဘူမိ ဗေဒတိုင်းတာရေးစခန်း (USGS) မှ အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ဝ ပြင်းအားရှိ ငလျင်တစ်ခု မြန်မာ နိုင်ငံ အနောက်မြောက်ဘက်ပိုင်း၌ ဧပြီ ၁၃ ရက်က လှုပ်ခတ်သွားခဲ့ ကြောင်း၊ မုံရွာမြို့၏ မြောက်- အ နောက် မြောက်ဘက် ကီလိုမီတာ ၁ဝဝ အကွာ (၆၂မိုင်ခန့်)တွင် လှုပ် ခတ်သွားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်မှုအရှိန်မှာ မြေ အောက်အနက် ကီလိုမီတာ ၁၃၅ အထိ ရိုက်ခတ်မှုရှိသည်။ ဒေသ စံတော်ချိန် ည ၉ နာရီ ၅၅ မိနစ် ခန့်က အိန္ဒိယနှင့် မြန်မာနယ်စပ် ဒေသ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၌ အဆောက်အအုံများ တုန်ခါမှုဖြစ်ပွား ခဲ့ပြီး အိန္ဒိယအရှေ့ပိုင်းမြို့တော် ဂူဝါဟာတီ၌လည်း ပြင်းထန်စွာတုန်ခါ မှုများ ဖြစ်ပွားခဲ့ကြောင်း ရိုက်တာ သတင်းထောက်များကပြောသည်။

ထို့အတူ ည ၈ နာရီ ၂၅ မိနစ် ၁၈ စက္ကန့်တွင် မန္တလေးမြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၁၁၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ကလေးမြို့၏ အရှေ့- အရှေ့တောင်ဘက် ၄၂ မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့် ရှိ အင်အားပြင်းထန်သော မြေ ငလျင်တစ်ခု လှုပ်သွားကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ညောင်ဦး၊ ရန်ကုန်၊ ကျောက်ဖြူ၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါးမြို့တို့၌လည်း သတိပြုမိ ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ခင်ရတနာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS