04/17/16


nawohnhla-620.JPG
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှကို ဧပြီလ ၁၇ ရက်နေ့က ရွှေတိဂုံဘုရားမှာ တွေ့ရစဉ်
Photo: Thiha Tun/RFA

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှတို့အဖွဲ့ဟာ ရန်ကုန်မြို့ အင်းလျားကန်မှာ ငါးလွှတ်ပွဲပြုလုပ်ခဲ့ပြီး ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းပွဲနဲ့ ငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့တိုင်း နှစ်စဉ်ပြုနေကြဖြစ်တဲ့အတွက် ဒီနေ့ ပြန်လွတ်လာပြီးချိန်မှာ လုပ်ဖြစ်တာလို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

"အန်တီတို့ ဒီငါးလွှတ်ပွဲ၊ ဆုတောင်းပွဲက တကယ်တမ်းကျရင် ရွှေတိဂုံဘုရားပေါ်မှာ ၂ဝဝ၄ ခုနှစ်ကနေပြီး ဆုတောင်းပွဲစလုပ်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက်ပေါ့နော်၊ အန်တီ ထောင်ကျတဲ့အချိန်ပဲ ကျန်တဲ့လူတွေ ဆက်လုပ်တယ်၊ အန်တီတို့ကတော့ ငါးလွှတ်ပွဲကို နှစ်စဉ်လုပ်ခဲ့တာ ၂၃ နှစ်ရှိခဲ့ပြီပေါ့နော်၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆုတောင်းပွဲက အန်တီ ၂ဝ၁၂ နောက်ပိုင်း မလုပ်ဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တခြားကိစ္စဖြစ်တဲ့ တောင်သူလယ်သမားတွေ မတရားခံရမှုကိစ္စဖြစ်လို့ အန်တီမလုပ်ဖြစ်ခဲ့ဘူး"

ဒီနေ့ နိုင်ငံတော် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ ၈၃ ဦးရှိပြီး အင်းစိန်ထောင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၆ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက်သာမက ၂ဝဝ၈ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာပါရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေအပေါ်မှာ ဖိနှိပ်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်ရေး ကြိုးစားဖို့လိုတယ်လို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ငါးလွှတ်ပွဲကို ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်နဲ့ ကရင်အမျိုးသမီးအစည်းအရုံးက အဖွဲ့ဝင်တွေ စုပေါင်းပြုလုပ်တာဖြစ်ပါတယ်။
RFA

မြန်မာတွေမှာ “ပွဲပြီး မီးသေ” ဆိုတဲ့စကားရှိပါတယ်။ ရှေးတုန်းက သူ့အဓိပ္ပာယ်နဲ့သူ သုံးခဲ့ကြတာပဲ။ ခုခေတ်ကတော့ တစ်မျိုး ပြောင်းသွားပြီ။ “ပွဲပြီး အမှိုက်ကောက်” ဖြစ်သွားတယ်။ ပွဲပြီးရင် အမှိုက်မဖွခဲ့ရဘူး။ ကိုယ် ဖွထားတဲ့ အမှိုက်တွေကို ကိုယ်ပြန်ကောက်။ သူများ ဖွထားခဲ့လည်း အမြင်မတော်ရင် လုပ်လိုက်ကြဆိုတာ ချစ်စရာ အလေ့အထလေးတစ်ခုဖြစ်သွားရတယ်။

စစ်အစိုးရတွေအုပ်ချုပ်ခဲ့ချိန်က “စားပြီးနားမလည်” ဆိုတဲ့ပုံစံမျိုးတွေ လုပ်ခဲ့ကြတာပဲ။ စားပြီးရင် နားလည်ရ မယ်ဆိုတဲ့ သဘောတရားကိုလည်း အတိုက်အခံဘက်က လေသံစထွက်လာတာ။ လူတွေက သေနတ်နဲ့ပစ်မှ စစ်တိုက်တယ် ထင်ကြတယ်။ ပါးစပ်နဲ့ တိုက်ခဲ့တဲ့စစ်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေ စစ်အစိုးရထဲမှာ အများကြီးပဲ။

ကိုယ့်အမှိုက်ကိုယ်ရှင်းလို့ မင်းသားကြီး ကိုကျော်သူ လိုက်လုပ်နေတာ ကြာပါပြီ။ သူများအမှိုက် ရပ်ကွက်ထဲ လိုက်ရှင်းပေးတာတောင် ပြဿနာအရှာခံခဲ့ရတယ်။ အမှိုက်ရှင်းတာကို အမှိုက်တွေ ဖွထားတဲ့ အစိုးရက မကြိုက်တော့ ကိုကျော်သူ အမှိုက်တောင် ရဲရဲ လိုက်မကောက်နိုင်ဖြစ်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က တစ်ချက် လှုံ့လိုက်တယ်။ “ပြည်သူတွေ အမှိုက်ကောက်ကြပါ”တဲ့။ ကိုယ်တိုင်လည်း စံပြအဖြစ် ကောက်ပြ တယ်။ ပြည်သူတွေက သူ့ကိုချစ်တော့ အမှိုက်ကောက်တာ ပြဿနာမဟုတ်ဘူး။ အမှိုက် မကောက်တာ ပြဿနာလို့ ခံယူလာကြတယ်။

အမှိုက်ကောက်ရမယ်ဆိုတဲ့ “အသိ” ကို ပေါ့ပေါ့လေးတွေးပြီး ပေါ်ပင်လုပ်လိုက် တာ မဟုတ်ဘူး။ ဘာလုပ်လုပ် ကိုယ်လုပ်တာကို တာဝန်ခံရဲရမယ်၊ တာဝန်ယူရဲရမယ်၊ ရှင်းရဲရမယ်ဆိုတဲ့ အခြေခံစိတ်ဓာတ်ကို သွင်းပေး လိုက်တာလို့မြင်တယ်။

ဒါကြောင့်လည်း ပွဲတစ်ခုခု လုပ်လိုက်ပြီးတာနဲ့ ကိုယ့်အမှိုက် ကိုယ်ရှင်း ကြရအောင်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လှုပ်ရှား မှုတွေ ပြည်သူကြားမှာ ခေတ်စား လာတယ်။ ဝေးဝေးမကြည့်နဲ့ သင်္ကြန်အပြီး မြို့တော်ခန်းမရှေ့ အမှိုက်တစ်စမှ ရှိမနေအောင် လုပ်ပြသွားတာတွေကြည့်ပေါ့။

အစိုးရသစ်ဟာ ကိုယ့်အမှိုက်ကိုယ်ရှင်းကြရအောင်လို့ ပြောနေတာ အကြောင်းမဲ့ မဟုတ်ဘူးဗျ။ ရှေ့လျှောက် ဘာလုပ်လုပ် ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့စိတ်ဓာတ်နဲ့ သတ္တိတွေကို လေ့ကျင့်ပျိုးထောင်နေတာလို့ မှတ်ယူ လိုက်ပါ။

အမှိုက်မပွစေချင်ရင် အစကတည်းက စည်းကမ်းမဲ့ မပစ်ကြရဘူး။ အမှိုက်ကစပြီး ပြသာဒ်မီးလောင်တတ်တာ ကြောင့် အမှိုက်သိမ်းတဲ့စနစ်နဲ့ တိုင်းပြည်သစ်ကို စတင်ပြီး ကောင်းအောင်လုပ်ခဲ့တာလို့ ကျွန်တော်မြင်ပါတယ်။

ပြည်သူကကြည်ဖြူတော့ အမှိုက်ကောက်ကြရအောင်လို့ပြောတာကလည်း ချစ်ကြည်ဖွယ်စကားဖြစ်နေပါသဗျား။ ပြည်သူက မကြည်ဖြူတော့ နွားနို့သောက်ကြပါလို့ ပြောတာဟာ ဟားစရာဖြစ်သွားရတာကြည့်ပေါ့။ လူဆိုတာ မျိုးက သူတို့ချစ်ရင် ဘယ်သူ့ကိုမှ အပြစ်မမြင်ဘူး။ ချစ်လွယ် မုန်းလွယ်လွန်းတာကြောင့် ရန်သူက ချက်ချင်း မိတ်ဆွေဖြစ်၊ မိတ်ဆွေက ချက်ချင်း ရန်သူဖြစ်သွားရတာလည်းရှိပါတယ်။ “နှုတ်ကြောင့်သေ” တတ်သလို “လက်ကြောင့်သေ” သွားတာတွေလည်း အများကြီးပါ။

၁၇.၄.၂၀၁၆
Tin Nyunt

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင် အသီးသီးကနေ လွတ်မြောက်လာသူ ၈၃ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

ဒီနေ့ လွတ်မြောက်လာသူတွေဟာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ဝ ဝန်းကျင်လောက် ကျန်နေဆဲဖြစ်ကြောင်း AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် က ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ အင်းစိန်ထောင်က ၁၆ဦး၊ ပခုက္ကူထောင်က ၅ဦး၊ စစ်တွေထောင်က ၄ဦး၊ ပြည်ထောင်က ၆ဦး၊ အိုးဘိုထောင်က ၄ဦး၊ ထုံးဘိုရဲဘက်စခန်းက ၂ဦး၊ မြင်းခြံထောင်က ၅ဦး၊ သထုံထောင်က ၉ဦး၊ တောင်ငူထောင်က ၄ဦး၊ မုံရွာထောင်က ၁ဦး၊ ညောင်ဦးထောင်က ၁ဦး၊ ရဲဘက်စခန်းတွေက ၆ဦး တို့ ပါဝင်တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်းစိန်ထောင်က ၁၆ ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှုတို့နဲ့ အင်းစိန်ထောင်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်နော်အုံးလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကိုထင်ကျော်တို့ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်မှုကြောင့် စစ်တွေထောင်မှာ အကျဉ်းချခံထားရသူ ၄ဦး၊ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ ပခုက္ကူထောင်မှာ အကျဉ်းကျနေတဲ့ ယူနတီသတင်းသမား ၅ဦး၊ ဘာသာ သာသနာညှိုးနွမ်းစေမှုနဲ့ မုံရွာထောင်မှာ အကျဉ်းကျနေတဲ့ စာရေးဆရာ ထင်လင်းဦး တို့လည်း လွတ်မြောက်လာပါတယ်။

ဒါ့အပြင် အင်းစိန်ထောင်မှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၊ အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မတို့နဲ့ နှစ်ပေါင်း ၂၀ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လေတပ်က ဗိုလ်ကြီး နေလင်းဒွေး နဲ့ ဗိုလ်ကြီး ချစ်ကို လည်း ပါဝင်ပါတယ်။

AAPP ရဲ့စာရင်းတွေထဲမှာ မပါဝင်ဘဲ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ လားရှိုးအကျဉ်းထောင်က ၈ဦး၊ သီပေါထောင် ၁ဦး၊ ကျိုက်မရောထောင်က ၁ဦးတို့လည်း လွတ်မြောက်လာတယ်လို့ RFA က စုံစမ်းသိရပါတယ်။

နှစ်သစ်ကူးချိန်မှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူလူထုနှလုံးစိတ်ဝမ်းငြိမ်းချမ်း စေဖို့အတွက် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အစိုးရသစ်တာဝန်စတင်ထမ်းဆောင်တဲ့ ရက်ပေါင်း ၁၇ ရက်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ၂ကြိမ်ရှိပြီဖြစ်ပါတယ်။

RFA

တောင်အမေရိက တိုက်ရဲ့  အီကွေဒေါ နိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်ဟာ ပင်လယ်ကွေ့ အနီးမှာ ဖြစ်ပွားခဲ့ပြီး ပြင်းအားရစ်ချက်တာစကေး (7.9)အထိ ရှိခဲ့တယ်လို့  (.ga.gov.au) သြစတေးလျ ငလျင်တိုင်တာရေး ဌာ န က မှတ်တမ်းတင်ထားပါတယ်။
7.9 16 April 2016 @ 23:58: 0.356 -79.880 0 Near Coast of Ecuador

ကီတို နဲ့  ဂွာရာကွေး မြို့ မှာ ရှိတဲ့ ကုန်တိုက်တွေ -ဈေးရောင်းစင်တာတွေ ရဲ့  အတွင်းပိုင်း ပျက်စီး ပြိုကျ ခဲ့ပြီး အဆောက်အဦး နဲ့ တံတားတွေပါ ပြိုသွား ခဲ့ပါတယ်။

မြို့ တွင်းအဆောက်အဦးအတော်များများအက်ကွဲကြောင်းတွေဖြစ်သွားခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ပြိုကျခဲ့တာကို ရုပ်သံသတင်းတွေမှာဖေါ်ပြနေ ပါတယ်။

အီကွေဒေါ သမ္မတ ကတော့ ခုဖြစ်ရပ်နဲ့ ပါတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျှင် အမြန်လုပ်ဆောင်ကြဘို့  အာဏာပိုင်တွေကို ညွှန်ကြားနေပါတယ်။ သေဆုံးဒဏ်ရာရသူစာရင်းထုတ်ပြန်ရာမှာ( ၂၈ ) ဦး သေဆုံးကြောင်း နောက်ဆုံးသတင်းတွေမှာဖေါ်ပြနေပါတယ်။

ယခုအချိန်အထိ နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်နေတယ်လို့  Twitter စာမျက်နှာတွေမှာ ရေးသားဖေါ်ပြနေကြပါတယ်။ကမ်းခြေအချို့ မှာ လှိုင်းတွေ ရိုက်ခတ်မယ်လို့  ပစိဖိတ် ဆူနာမိ လေ့လာစောင့်ကြည့်ရေး အဖွဲ့ က ထုတ်ပြန်ထားတာတွေ့ ရပါတယ်။

7.8-magnitude quake hits Ecuador's central coast

Social Action for Women- SAW

ကောဇာသက္ကရာဇ် (၁၃၇၇) ပြည့်နှစ်ကနေ (၁၃၇၈) ခုနှစ်ဆီကိုကူးပြောင်းတဲ့ ပါဠိဘာသာနဲ့  “သင်္ကန္တ” “ကူးပြောင်းခြင်း”, “ပြောင်းရွှေ့ခြင်း”အတွက် အထိမ်းအမှတ်ပြုကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော်ကြီးဟာ မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့တာ တနင်္ဂနွေဆိုရင် တန်ခူးလဆန်း (၁) ရက်ရောက်ရှိလို့  နှစ်သစ်ကူးပါတော့မယ်။

ရှေးရှေးကပဌာန်းဆက်နည်းခဲ့လို့ မဟာသင်္ကြန်ပွဲတော်ကို နွှဲပျော်ခွင့်မကြုံခဲ့ရတာ အနှစ် (၂၀) ကျော်ခဲ့ပေမဲ့ တန်ခူးလရောက်တိုင်း သင်္ကြန်သီချင်းတွေ ကြားတိုင်းတော့ဖြင့် သွေးထဲသားထဲမှာ ပျော်ဝင်လို့ လည်ပတ်နေဆဲ သင်္ကြန်ပိုးကတော့ ဟိုနားကတိုး ဒီနားကိုထိုးနဲ့  မရိုးမရွဖြစ်မြဲပါဘဲ့။

ဒီနှစ်မှာလည်းအယင်နှစ်တွေလိုထုံးစံအတိုင်း အင်တာနက်သတင်း၊ တီဗွီရုပ်မြင်သံကြားသတင်းတွေ ယူကျု့  ဗွီဒီယိုလေးတွေကြည့်ရင်း အလွမ်းဖြေခဲ့ရတာပါဘဲ။ အဲလ်နီညို နှိပ်စက်ထားလို့  အပူလွန်ခြောက်သယောင်း နေဆဲ မြန်မာနိုင်ငံတွင်းမှာကျင်းပခဲ့တဲ့ ဒီနှစ်မဟာသင်္ကြန်ပွဲတော်ရဲ့ ပုံရိပ်တွေထဲမှာ ထူးထူးခြားခြားသတိပြုမိ တာကတော့ ရဲဝန်ထမ်းတွေရဲ့ အယင်တုံးကနဲ့ မတူကွဲပြားတဲ့အပြုအမူတွေကြောင့် ပြည်သူ့ မေတ္တာကို စတင် သိမ်းပိုက်နေတဲ့ ပုံရိပ်များစွာပါဘဲ။

စနစ်မမှန်၊ အုပ်ချုပ်သူမမှန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်မှာ အကျင့်ပျက်ခြစားမှု့၊ အခွင့်အာဏာအလွဲသုံးစား ပြုလို့ ပြည်သူလူထုကို အနိုင်ကျင့်စော်ကားမှု့စတဲ့ နံမည်ဆိုးအမျိုးမျိုးနဲ့ ပြည်သူ့ ချည်ဖတ်ဖြစ်ခဲ့ရတဲ့ လက်နက် ကိုင်ဝန်ထမ်းတွေထဲမှာ ပြည်သူတွေနဲ့ အနီးကပ်ဆုံးထိတွေ့ ရတဲ့ တပ်ဖွဲ့ ကတော့ ရဲဝန်ထမ်းတွေဘဲမဟုတ်လား။

အထူးသဖြင့် အယင်အစိုးရဟောင်း ဦးသိန်းစိန်တို့ လက်ထက်မှာ တရုပ်ပြည်အကျိုးစီးပွားအတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် လယ်သိမ်းခံတောင်သူတွေကို ပစ်ခပ်သတ်ဖြတ်တာ၊ သံဃာတော်တွေကို မီးသင်္ကန်းကပ်ခဲ့တာ၊ မလောက်ငှလို့ လုပ်ခတိုးတောင်းရှာတဲ့ အလုပ်သမားတွေကို တရားနည်းလမ်းမကျဘဲနှိမ်နှင်းခဲ့တာ၊ စစ်တပ်နဲ့ ခရီုနီတွေ မတန်မရာလုယူ သိမ်းပိုက်ထားတဲ့ အများပြည်သူပိုင်မြေတွေပေါ်မှာ နေစရာမြေမရှိလို့ ဝင်ရောက်နေထိုင်ကြတဲ့ ဆင်းရဲသားပြည်သူတွေရဲ့ တဲကုပ်လေးတွေကို ကျူးကျော်လို့ သမုဒ်ပြီး ဘူဒိုဇာတွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့တာ၊ ဒီမိုကရေစီပညာရေး အတွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားနဲ့  ၀ိုင်းရံပြည်သူများကို လက်ပံတန်းမြို့မှာ ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်၊ ခုန်ပေါက်ဖျက်ဆီး မတရားသဖြင့်ဖမ်းဆီးခဲ့တဲ့ သမိုင်းဆိုးများစွာ ကမ္ဗည်းထိုးခဲ့ကြတာ လတ်လတ်ဆတ်ဆတ်ဘဲရှိပါသေးတယ်။

မိဘပြည်သူတွေနဲ့ သူတို့ သားသမီးတွေဟာ နှစ်ရှည်လများ အနိုင်ထက်ကျင့်မှု့ကို မချိမဆန့် ခံစားလာခဲ့ရပေမဲ့ ပြီးခဲ့တဲ့သင်္ကြန်ရက်တွေအတွင်း ရဲဝန်ထမ်းတွေရဲ့ ပြည်သူ့ ရဲပီသစွာ အမှု့ထမ်းယုံနဲ့ တင် အယင်အပြစ်တွေ မေ့ဖျောက်လို့ “ ဦးဦးရဲသားကြီး ” “ ရဲကိုကိုကြီးတဲ့ ” ခေါ်နေကြပါပြီ။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် အတိတ်မှာဘယ်လောက်ဘဲမှားခဲ့မှားခဲ့ လမ်းမှန်ပေါ်လျှောက်လှမ်းလာတဲ့ ဘယ်သူ့ ကိုမဆို ပြည်သူလူထုဟာ ခွင့်လွတ်တတ်တယ်ဆိုတာ ထင်ထင်ရှားရှားပြသနေတာပါဘဲ။ ဒါဟာ မြန်မာနိုင်ငံအတွက် အလွန်ကောင်းတဲ့ လက္ခဏာတရပ်ပါဘဲ။

လူမသိသူမသိအောင်အရက်မူးနေတဲ့ ပြည်သူ့ သားသမီးတွေကို အန္တရာယ်ကင်းအောင်စောင့်ရှောက်တာ၊ အရက်ပုလင်းကအစ အမှိုက်ကောက်တာ၊ ပျက်နေတဲ့ စက်နိုးမရတဲ့ကားကိုကူညီတွန်ပေးကြတာ၊ ရိုင်းပြတဲ့ သူတွေ၊ အန္တရာယ်မလွတ်ကင်းအောင်ဝတ်စားသူတွေ၊ စည်းကမ်းဖေါက်ဖျက်သူတွေကို ကျောသားရင်သား မခွဲခြားဘဲ အရေးယူပြတာတွေဟာ ပြည်သူ့ ရဲ့ဝန်ထမ်းတွေရဲ့လက္ခဏာတွေကိုပြသတာဘဲမဟုတ်လား။

တကယ်တော့ ရဲဝန်ထမ်းတွေဖြစ်ဖြစ်၊ တပ်မတော်သားတွေဘဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်းဘဲဖြစ်ဖြစ် ပြည်သူတွေကိုယ်တိုင်ဘဲဖြစ်ဖြစ် စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ အကျင့်သီလပျက်ကြတယ်၊ လာဘ်စားကြတယ်၊ ခိုးကြ၀ှက်ကြတယ်၊ စည်းကမ်းဖေါက်ဖျက်ကြတယ်၊ အခွင့်ထူးခံကြတယ်၊ ဥပဒေအထက်နေကြတယ်ဆိုတာ အဲ့ဒီခေတ်ဆိုးခေတ်ပျက်တွေက ခွင့်ပြုထားလို့ ကျူးလွန်နိုင်ကြတာပါ။

အုပ်ချုပ်သူတွေကိုယ်တိုင်က အကျင့်သီလမကောင်း၊ တိုင်းပြည်အပေါ်စေတနာမကောင်းခဲ့ကြတော့ ညံဖျင်းတဲ့ အုပ်ချုပ်မှု့စနစ်အောက်မှာ ခေါင်မလုံတော့ ကြမ်းခင်တွေမိုးစိုခဲ့သလို သူတို့ ဟာ အဲ့ဒီခေတ်ပျက်တွေက ပြဌာန်း လိုက်တဲ့ အတိုင်း ပြုမူကျူးလွန်ခဲ့ကြတာပါ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားနဲ့ အရပ်သားအစိုးရသစ်တရပ်ကိုဖွဲ့ စည်းနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျှော်အမြင်ကြီးမားစွာ ဦးဆောင်မှု့အောက်မှာ အာဏာလွှဲပြောင်း မယူခင်ကထဲက ဥပဒေပြုရမဲ့ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးအာဏာယူရမဲ့ အစိုးရအဖွဲ့ ဝင်ဖြစ်မဲ့ဝန်ကြီး လောင်းတွေကို ဥပဒေအထက်၊ ပြည်သူ့ အထက်မှာမနေရဲအောင်၊ အမှိုက်ကောက်ရတာတို့ ၊ ပိုင်ဆိုင်မှု့ကြေညာရတာတို့ ၊ ခံစားခွင့်တွေလျှော့ယူရတာတို့ လုပ်ပြီး ပေါက်ပြဲနေတဲ့ ခေါင်မိုးအစုတ်ကြီးကို ပြင်ဆင်ပြခဲ့တယ်လေ။

ဒီတော့ မှန်ကန်တဲ့အစိုးရတရပ်၊ တော်တည့်ဖြောင့်မတ်တဲ့ အုပ်ချုပ်သူအစိုးရတရပ်အောက်မှာ သူတို့ အောက် က၀န်ထမ်းတွေ ဘယ်လိုလုပ်ပြီး အယင်ခေတ်တုံးကလို အကျင့်ပျက်၊ တာဝန်မဲ့နေရဲပါတော့မလဲ။ ဒီလို ပြောင်းလဲလာတဲ့ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေးရာသီဥတုအပြောင်းအလဲကိုမှ မလိုက်ပါနိုင်တဲ့သူတွေ အကျင်းဟောင်းမဖျောက်နိုင်တဲ့သူတွေကတော့ အရိပ်သုံးပါးမသိတဲ့ ဂျီသငယ် ကျားစာဖြစ်ဆိုသလို သိပ်မကြာခင် တရားရုံးတွေမှာ သူတို့ ကိုမြင်ကြရ တော့မှာမဟုတ်လား။
အမှန်တရားကတော့ ရဲတပ်ဖွဲ့ ဖြစ်ဖြစ်၊ စစ်တပ်ဘဲဖြစ်ဖြစ် ဘယ်လူ့ အဖွဲ့ အစည်းမှာမဆို သူခိုးဂျပိုးစိတ်ရှိတဲ့ လူဆိုးလူယုတ်မာတွေရှိသလို၊ လူကောင်းသူကောင်းတွေလည်းအမြောက်အများရှိတယ်ဆိုတာပါဘဲ။ ဘာဘဲပြောပြော ဒီနှစ်သင်္ကြန်မှာ ပြည်သူတွေ ကြည်ကြည်ဖြူဖြူပေးတဲ့ အကယ်ဒမီကို ရသွားတာကတော့ ရဲတပ်ဖွဲ့ဘဲလို့ လူသူအများကပြောဆိုနေကြပါပြီ။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားနဲ့ အညီ ဝန်ထမ်းလောကမှာ ပြည်သူလူထုနဲ့ အနီးကပ် အထိတွေ့ရဆုံးရဲတပ်ဖွဲ့ ကဦးစွာပြောင်းလဲခဲ့တာမို့ ကြိုဆိုကြရမှာဖြစ်ပါတယ်။ တပ်မတော်သားတွေကလည်း အခုဆို မီးဘေး ကယ်ဆယ်ရေး၊ ရေဘေးကယ်ဆယ်ရေး၊ အပူလွန်ကဲမှု့တွေကြောင့် ရေရှားပါးပြတ်လပ်နေတဲ့အရပ်တွေကို စစ်တပ်ရေကားကြီးတွေနဲ့ ရေအခက်အခဲကို ကူညီဖြေရှင်းပေးနေကြပါပြီ။ အရေးကြီးတာက ဘာဘဲလုပ်လုပ် ရိုးရိုးသားသား၊ စေတနာပါပါလုပ်ကိုင်ကြဖို့ လိုပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ အများပြည်သူတွေ သိရှိသတိပြုမိစေဖို့  ပြည်သူ့ ရဲကျင့်ဝတ်ပေါင်း (၇၀) ကျော်ရှိတဲ့ အနက်က ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါး ကိုဖေါ်ပြပေးလိုက်ပါတယ်။

(၁) ဥပဒေဘောင်အတွင်းနေထိုင်ကြသော ပြည်သူလူထုကို လေးစားချစ်ခင်ပါ။
(၂) ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။
(၃) ပြည်သူလူထုကအပ်နှင်းထားသော လက်နက်နှင့်လုပ်ပိုင်ခွင့်များကိုအသုံးပြု၍ ပြည်သူလူထုကိုကာကွယ်ပါ။
(၄) ပြည်သူလူထု၏ဆန္ဒကို တရားဥပဒေနဲ့ အညီဖြည့်ဆီးပါ။
(၅) ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ရိုင်းပြစွာပြောဆို ဆက်ဆံပြောဆိုမှု့ကိုရှောင်ကြဉ်ပါ။
(၆) ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု့ကိုရယူပါ။
(၇) ပြည်သူလူထု၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကိုလေးစားပါ။
(၈) ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါ။
(၉) လုပ်ကိုင်ခွင့်အာဏာကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိရန်သတိပြုပါ။
(၁၀) ပြည်သူလူထု၏ သားပျို၊ သမီးပျိုနှင့် သားမယားတို့ ကိုစည်းစောင့်ပါ။

ပြည်သူ့ ရဲတပ်ဖွဲ့ လိုပါဘဲ တပ်မတော်သားတွေမှာလည်း လိုက်နာရမဲ့ ကျင့်ဝတ် (၆၀) နဲ့ သစ္စာလေးချက်ဆိုတာ ရှိပါတယ်။ (၁၉၅၃) ခုနှစ်လောက်က စတင်ပေါ်ထွက်လာခဲ့တဲ့ စစ်သည်တော်ကျင့်ဝတ်ဆိုတာ ငါပြောသလိုလုပ် ၊ ငါလုပ်သလိုမလုပ်နဲ့ဆိုသလို နမူနာဆိုးကိုပြသသွားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင် နေတဲ့ကာလမှာ ပြဌာန်းခဲ့တာပါ။ ဒါကြောင့်လည်း ဦးဆောင်နွားလား ဖြောင့်ဖြောင့်မသွားတော့ နောက်နွားတသိုက်လည်းဖြောင့်ဖြောင့်မလိုက်ခဲ့ကြတာ မဆန်းပါဘူး။

စာရှည်မှာစိုးလို့ ဒီဆောင်းပါးမှာတော့ သစ္စာလေးချက်ကိုဘဲဖေါ်ပြပေးလိုက်ပါတယ်။

(၁) ငါတို့ သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိရိုသေပါမည်။
(၂) ငါတို့ သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကိုစောင့်သိရိုသေပါမည်။
(၃) ငါ့အား အထက်မှပေးအပ်သောအမိန့် နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။
(၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ်ဌာန်ပြုပါ၏။

ဒီဆောင်းပါးကိုနိဂုံးသပ်ရရင် ပြည်သူ့ အစေခံဝန်ထမ်းအဖွဲ့ စည်းတွေထဲမှာပါတဲ့ ပြည်သူ့ ရဲ့တပ်ဖွဲ့ ဝင်တချို့နဲ့  တပ်မတော်သားတချို့ရဲ့ပြောင်းလဲလာမှု့ကို လှိုက်လှဲစွာကြိုဆိုပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ကျင့်ဝတ်တွေ ဆိုတာ အထက်အရာရှိကို နှုတ်တက်ရွရွရွတ်ပြနိုင်ယုံ၊ ရေးဖြေပြိုင်ပွဲတွေမှာချရေးနိုင်ယုံ ကျက်မှတ်အာဂုံဆောင် ထားရမဲ့ကျင့်ဝတ်တွေ မဟုတ်ပါဘူး။ နှလုံးသားအသိနဲ့ လက်တွေ့ ကျင့်ကြံလိုက်နာစောင့်ထိန်းရမဲ့ကျင့်ဝတ်တွေ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ ပြည်သူတွေအပေါ်မှာ ရေလိုလလိုကျင့်မယ် “ ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ”ဆိုတဲ့ခံယူချက်ရှိမယ်၊ နိုင်ငံတော်နှင့်နိုင်ငံသားတွေရဲ့ သစ္စာကို တကယ်ဘဲ ရိုးသားစွာ စောင့်သိရိုသေကြမယ်ဆိုရင် မကြာတော့တဲ့အချိန်မှာ ပြည်သူတွေအားကိုးအားထားတဲ့ ဦးဦးရဲသားကြီးတွေ ပြည်သူကပန်းကုံးစွပ်ခြင်တဲ့ ပြည်သူချစ်တဲ့စစ်သားကြီးတွေဖြစ်လာမှာ မုချဧကန် အမှန်ဖြစ်ပါကြောင်း။

လေးစားစွာဖြင့်

(မင်းကောင်းချစ်)
နှစ်ဆန်း (၁) ရက် မြန်မာနှစ်သစ်ကူးနေ့ 
တန်ခူးလဆန်း (၁၀) ရက် ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ်
ဧပြီလ (၁ရ) ရက် ၂၀၁၆ ခုနှစ်


ဦးတင့်ဆန်း  
ဦးတင့်ဆန်း

အစိုးရသစ်လက်ထက်မှာလည်း သတင်းသမားတွေ သတိထားလုပ်မှရမယ်၊ စစ်တပ်ကိုထိရင် စကားလုံးတလုံးတောင် မခံဘူးဆိုတာ လေးလေးနက်နက် သိထားတယ်လို့ ဒီနေ့ပဲ ပခုက္ကူထောင်က ပြန်လွတ်လာတဲ့ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။
သူကတော့ အစိုးရသစ်လက်ထက်မှာ သတင်းသမားတယောက်အနေနဲ့ပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အစိုးရကို စောင့်ကြည့်ထောက်ပြသွားမယ်လို့လည်း ပြောပါတယ်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်း စက်ရုံကို လျှိ့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦးနဲ့ ဦးအောင်သူရ တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့မှာတော့ ပခုက္ကူခရိုင် တရားရုံးမှာ သူတို့ ၅ ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပြီး အခု သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြတာ ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့ ဦးတင့်ဆန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးတင့်ဆန်းတို့ကို အစိုးရသစ်က လွှတ်ပေးလိုက်တယ်၊ အခု ထောင်က ထွက်လာလာချင်း အစိုးရသစ်ကို ဘာပြောချင်လဲ။
“ပထမဆုံး ပြောချင်တာက ကြိုဆိုပါတယ်၊ ဒါပေမယ့် တချို့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့အတွက် အဲ့ဒါတွေ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ အစိုးရသစ်မှာ သတိထားရမယ့်အချက်တွေက အရင် အစိုးရဟောင်းရဲ့ ပြဿ နာတွေက အများကြီး ရှိနေသေးတယ်၊ အဲ့ဒီ ပြဿ  နာတွေကို သေသေချာချာနဲ့ ကိုင်တွယ်နိုင်မှ ကျနော်တို့ ရည်မှန်းထားတဲ့ဆီ ရောက်လိမ့်မယ်လို့ ထင်ပါတယ်။”

ဦးတင့်ဆန်းတို့ သတင်းသမားတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ထောင်ချခံခဲ့ရတာ တရားသဖြင့်လား မတရားဘူးလား၊ ဘယ်လိုမြင်လဲ။
“အမှန်ကတော့ သတင်းသမားက ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပါပဲ၊ ဒါပေမယ့် အစိုးရရဲ့ ရုပ်ပြက ဒီမိုကရေစီကူးပြောင်းရေး လုပ်နေတယ်ဆိုပြီး သူတို့က သွားပေမယ့် ငါတို့ကို ထိလို့ရှိရင် မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ကို နှစ်ရှည်ထောင်ချတယ်လို့ မြင်တယ်၊ ဒုတိယတချက်ကတော့ အရင် အစိုးရဟာ အလုပ်တွေ အားလုံးကို ဟန်ပြပဲ လုပ်ခဲ့တယ်၊ လက်တွေ့ကျကျ ဘာမှ မလုပ်ခဲ့ဘူး။ ခပ်ရှင်းရှင်းစကားနဲ့ ပြောရရင်တော့ သူတို့က ပေါ့ပျက်ပျက်အလုပ်တွေကိုပဲ လုပ်တာများခဲ့ပြီးတော့ တကယ်ကို ရင်ထဲက ရှိတဲ့အလုပ် မလုပ်ဘူး။ နောက်တခုက သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးသယောင်ယောင်နဲ့ မပေးခဲ့တဲ့အတွက် ဒီလို ပြဿ နာတွေရှိခဲ့တယ်လို့ မြင်ပါတယ်။”

ဦးတင့်ဆန်း နိုင်ငံရေးလုပ်တုန်းကလည်း ထောင်ကျဖူးတယ်၊ အခု သတင်းသမား ဘ၀နဲ့လည်း ထောင်ကျတယ်၊ ထောင်မှာ ဘာတွေ ကွာနေပြီလဲ။
“အချုပ်က ၃ ကြိမ်၊ ထောင်က ၃ ကြိမ်၊ ၆ ကြိမ်လောက် ကျခဲ့ဖူးတယ်။ ဒါပေမယ့် ထောင် ခုချိန်ထိ မပြောင်းလဲဘူး၊ ဘာကြောင့် မပြောင်းလဲလဲ ဆိုတော့ ထောင်မှာ ရှိနေတဲ့ ပြဿ   နာတွေ အတော်များများကို အရင်အတိုင်းပဲရှိတယ်။ နည်းနည်းလေး သတင်းဖတ်ခွင့်ရယ်၊ သတင်းနားထောင်ခွင့်ရယ် ရလာတာက လွဲလို့ ကျန်တာတွေက ရှိနေဆဲပဲ။ နောက်တခုက ထောင်ထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ကျနေတဲ့လူငယ်တွေ တော်တော်များများက ကျွန်စနစ်လို ဖြတ်သန်းနေရတုန်းပဲ ရှိသေးတယ်။လုံးဝ မပြောင်းလဲသေးဘူးခင်ဗျ။”

နောက်တခုက ယူနတီသတင်းသမားတွေကို ထောင်ချတော့ ပြည်တွင်းပြည်ပ မီဒီယာသမားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်၊ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်၊ အဲ့ဒီအပေါ်ရော။
“ကြိုဆိုပါတယ်။ ကျနော်တို့ရဲ့ မီဒီယာသမားတွေက ကျနော်တို့အပေါ် စာနာပြီးတော့ ကူညီကြတဲ့အတွက် ပြည်တွင်းပြည်ပ မီဒီယာသမား လုပ်ဖော်ကိုင်ဘက်အားလုံးကို ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။အဲ့လိုပဲ ဖြစ်နေရမှာပါ။”

ဦးတင့်ဆန်းက နိုင်ငံရေးလည်း လုပ်ခဲ့ဖူးတယ်၊ သတင်းသမားလည်း လုပ်ခဲ့ဖူးတယ်။ အခု အစိုးရသစ်လက်ထက်မှာ ဘာဆက်လုပ်မယ် စိတ်ကူးလဲ။
“ကျနော် သတင်းမီဒီယာသမားတယောက်အနေနဲ့ပဲ ဆက်ပြီး ရှိနေမှာပါ။ သတင်းသမားတယောက်အနေနဲ့ လက်ရှိ အစိုးရသစ်ကိုတော့ ကျနော်တို့ လိုလားတဲ့ အစိုးရ ဖြစ်ပေမယ့် သူတို့ကို စောင့်ကြည့်ပြီးတော့ မှားတာတွေကို ဝေဖန်မယ်၊ မှန်တာကိုလည်း အပြုသဘောနဲ့ အကြံပြုဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။”

အခု အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေ ပိုပြီးတော့ လုပ်သာကိုင်သာ ရှိလာမယ်လို့ မြင်လား၊ ဒါမှ မဟုတ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလို ထောင်ကျနိုင်သေးလား။
“အရင် အစိုးရထက်စာရင် အခု အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာ ရှိလိမ့်မယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ပြန်ကြားရေးဝန်ကြီးကလည်း ကျနော်တို့နဲ့ မစိမ်းတဲ့ သတင်းလောကက ဆရာ ဖြစ်နေတော့လေ၊ အစိုးရသစ်ဟာ ပြည်သူက ရွေးချယ်တဲ့ အစိုးရဖြစ်ပေမယ့် သတင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တတွေ သတိထားပြီး ဆောင်ရွက်မှ ရပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော စစ်တပ်က ထိုင်နေတဲ့အတွက် စစ်တပ်ကိုထိလို့ရှိရင် လုံးဝ စကားလုံးတလုံးတောင် မခံဘူး ဆိုတာ ကျနော်တို့ လေးလေးနက်နက် သိထားတဲ့အချက်တွေ ရှိနေတဲ့အတွက် သတင်းရေးတဲ့အခါမှာ သတိထားပြီး ရေးစေချင်ပါတယ်။”

DVB TV News

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေကို ဝေဖန်ထောက်ပြဖို့နဲ့ အကြံပြုလမ်းညွှန်ပေးဖို့ စတဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပါဝင်ပေးကြ ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ တိုင်းပြည်ကို ပြောကြားတဲ့ မိန့််ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိနေရာကဏ္ဍအသီးအသီးက ပူးပေါင်းဆောက်ရွက်ခြင်း၊ ကျနော်တို့ရဲ့ချွက်ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင့်သင့်တာတွေကို အကြံပြုလမ်းညွှန်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်၊ နှစ်သစ်ကို ခွန်သစ်၊ အားသစ်၊ စိတ်စေတနာ အသစ်တွေနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်"

နိုင်ငံရေးအကျဉ်းသားတွေ နဲ့ တခြားအကျဉ်းသား စုစုပေါင်း ၈၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်ကြောင်းနဲ့ ကျန်သူတွေကိုလည်း ရုံးချိန်းရက်တွေမှာ ဆက်လက် လွှတ်ပေးသွားမှာဖြစ်ပြီး နောင်မှာ ယုံကြည်ချက်အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်သူတွေကို အကျဉ်းကျခံရတဲ့ ဘေးကလွတ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ တိုးတက်မြင့်မားရေး စတဲ့ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောပါတယ်။

အစိုးရအနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးအကျိုးရလဒ်တွေ ထွက်ပေါ်လာစေဖို့ မပြတ်တဲ့ သတိ၊ မလျှော့တဲ့ လုံ့လ ၀ီရိယ နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးလိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရတစ်ဖွဲ့လုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အနေနဲ့ စတုဒီသာကျွေးမွေးတာ လုပ်အားဒါနပြုကြတာတွေအတွက် ကျေးဇူးတင်ပြီး အသိအမှတ်ပြုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Photo: Myanmar President Office/ Facebook
RFA


ရန်ကုန် အင်းစိန်ထောင်တွင်း ၁ နှစ်နဲ့ ၄ လကြာ အကျဉ်းကျခဲ့ပြီး နှစ်ဆန်းတရက်မှာ သမ္မတ ဦးထင်ကျော်ရဲ့အမိန့်နဲ့ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က အစိုးရသစ်လက်ထက်မှာ ဆန္ဒပြစရာ မလိုဘူးလို့ ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ဦးနေမျိုးဇင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အစိုးရသစ်ကို ပထမဆုံး ဘာပြောချင်လဲဗျ။
“ပြည်သူ့အစိုးရစစ်စစ်ဖြစ်အောင် အပြောနဲ့အလုပ်ညီကြောင်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဖြင့် ပထမဆုံး သက်သေပြလိုက်တယ်၊ နှစ်ကူးနှုတ်ဆက် အစိုးရတရပ်ရဲ့ အလုပ်ကို လုပ်ပြလိုက်တဲ့အတွက် ဂုဏ်ယူတယ်၊ ဂုဏ်ပြုပါတယ်ဆိုတာ ပထမဆုံး ပြောချင်ပါတယ်။”

ဦးနေမျိုးဇင်တို့က အစိုးရဟောင်းလက်ထက်မှာ ထောင်ထဲရောက်သွားတယ်၊ အစိုးရသစ်လက်ထက်မှာ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ အခု အစိုးရသစ်တက်လာတော့ ထူးထူးခြားခြား ပြောင်းလဲတာ တွေ့ရလား၊
“ထောင်က စစ်အစိုးရလက်ထက်လောက် မဆိုးတော့ဘူးလို့ ဆိုရပေမယ့် ပြုပြင်ပြောင်းလဲပြင်ဆင်ပေးတဲ့ ဌာနကြီးမျိုးဖြစ်အောင်တော့ အများကြီး လုပ်ရဦးမယ်၊ အခုကတော့ အရင်ခေတ်ဟောင်းက ပုံစံအတိုင်း ဖမ်းဆီးချုပ်နှောင်ထားတာအင်အားက တအားများတယ်၊ ၈၀၀၀၊ ကျော် ၉၀၀၀ နီးပါးရှိနေတယ်။ ၆၀၀၀ ပဲဆန့်တဲ့ ထောင်မှာ ၃၀၀၀ လောက် ပိုနေတယ်၊ အချုပ်သားတွေက အများကြီးဖြစ်နေတယ်။ ထောင်ဝန်ထမ်းက အားနည်းပြီးတော့ အကျဉ်းထောင်ဥပဒေလည်း စနစ်တကျရေးဆွဲပြီးပြဋ္ဌာန်းထားတာ မရှိသေးတော့ အလျဉ်းသင့်သလို အုပ်ချုပ်နေရတယ်။ သိပ်ဆိုးဝါးတဲ့ လူတွေအတွက်ကို လူ့အခွင့်အရေး ဘေးချိတ်ပြီးတော့ အကျဉ်းသားအချင်းချင်း ဖိနှိပ်ခြင်း၊ စောင့်ကြည့်ထိန်းချုပ် အနိုင်ကျင့်ခြင်း ပုံစံတွေ ကျင့်သုံးနေရဆဲဖြစ်သလို တချို့သော ထောင်ဝန်ထမ်းငယ် အရာရှိငယ်တွေကတော့ လာဘ်ပေးလာဘ်ယူမှုတွေ အခုအချိန်ထိ ရှိနေသေးတယ်။ ပြီးတော့ ပြင်ပမှာ တိကျတဲ့ တရားဥပေဒစိုးမိုးရေးနဲ့ တိကျတဲ့ ရာဇ၀တ်မှု ထိန်းသိမ်းရေးတွေ မလုပ်နိုင်သေးတဲ့အခါကျတော့ သာမန် ခိုးမှုလောက်နဲ့ ထောင်ထဲ ရောက်လာတဲ့ အကျဉ်းသားတယောက်က ထောင်က ပြန်ထွက်တာနဲ့ လူသတ်တယ်၊ ဓားပြတိုက်ရယ်နဲ့ အကုန်လုံး လုပ်ရဲသွားတဲ့ သူတယောက် ဖြစ်သွားတယ်။ ဆရာကြီးလုပ်တဲ့ လူမိုက်ကြီးတွေရဲ့ သွန်သင်မှုကို လာရောက်သင်ယူကြတဲ့ ဘ၀တက္ကသိုလ်လို ဖြစ်နေတယ်။ ထင်သလိုဖမ်း ထင်သလို ထောင်ချချင်သလို လာဘ်ပေးလာဘ်ယူလုပ်နေတဲ့ ကိစ္စတွေနဲ့ ဆက်လည်နေဦးမယ်ဆိုရင်တော့ အကျဉ်းထောင်စနစ်က အလကား ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။”

ဦးနေမျိုးဇင်တို့က ထောင်ကထွက်ပြီး အမှုရင်ဆိုင်နေရတာ ခဏခဏ၊ ရဲတွေနဲ့ ပတ်သက်နေခဲ့ရတာလေ၊ အခု ရဲတွေနဲ့ ပတ်သက်လို့ ဘယ်လို မြင်လဲဗျ။
“ပြည်သူ့ရဲ ပီပီသသနေချင်တဲ့ အရာရှိအရာခံ ရဲတပ်သားရဲတပ်ဖွဲ့ဝင်တွေ အမြောက်အမြား ရှိနေတာတော့ သေချာတယ်ဗျ၊ ဒါပေမယ့် သူတို့ကို နှစ်ပေါင်းများစွာ စစ်အာဏာာရှင်တွေရဲ့ လက်ကတုံး အထူးသဖြင့် တပ်မတော်ရဲ့ လက်ကတုံးတောင်ဝှေးအဖြစ် မြို့ပြအုပ်ချုပ်ရေးမှာ ကြားခံအဖြစ် လူမိုက်တပ်ဖွဲ့အဖြစ် သူတို့ အသုံးချခံခဲ့ရတာ နှစ်ကြာလာတယ်။ နောက်တခါ မိုးကျရွှေကိုယ်ဆိုပြီး စစ်တပ်က အသွင်ပြောင်းရောက်လာတဲ့ အားလုံးတော့ မဆိုလိုပါဘူး။ တချို့လည်း စိတ်ကောင်းစေတနာကောင်း ရှိကြပါတယ်။ အဲ့ဒီ မိုးကျရွှေကိုယ်တွေက စစ်ပုံစံအတိုင်း ရေဘူးပေါက်တာ မလိုချင်ဘူးဆိုပြီး ခိုင်းစေတာတွေ ရှိသလို အထက်အောက် ဆင့်ကဲဆင့်ကဲ ပြန်လှန်ကြည့်ရှုရတဲ့ ငွေရှာပေးရတာပေါ့နော်၊ ဥပမာအားဖြင့် နယ်ထိန်းက စခန်းမှူးကို ဘယ်လောက်၊ စခန်းမှူးကတခါ မြို့နယ်မှူးကို ဘယ်လောက်၊ မြို့နယ်မှူးက ခရိုင်မှူးကို ဘယ်လောက် ခရိုင်မှူးက တိုင်းမှူးကို ဘယ်လောက်၊ ဆင့်ကဲဆင့်ကဲ အဲ့ဒီလို တရားမ၀င် ရှာဖွေပေးနေရတဲ့ အလုပ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်လာတော့ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ချင်သော်လည်းပဲ ဆောင်ရွက်ခွင့် မရလို့ ၀မ်းနည်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အမြောက်အမြား ရှိပါတယ်။ အခု ပြည်ထဲရေးဝန်ကြီး အသစ်လဲ ပြောင်းသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ၀န်ကြီးကောင်းရင် နောက်လိုက်ကောင်းမယ်ဆိုတဲ့အတိုင်း ခု ပြည်ထဲရေးဝန်ကြီးအသစ်က သင်္ကြန်ကာလမှာကိုပဲ ပဏမအစပြုပြီးတော့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ စတင်လိုက်တယ်လို့ ကျနော် ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း တိကျတဲ့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတကာက သင်ပြပေးထားတဲ့ အရည်အချင်းမြှင့် စွမ်းရည်တွေအတိုင်း တိကျစေ့စပ်သေချာ လုပ်ပိုင်ခွင့်ပြည့်ဝစွာနဲ့ ရဲအလုပ်ခေါ်တဲ့ မြို့ပြကာကွယ်ရေးကို ပီပီပြင်ပြင်ဆောင်ရွက်ခွင့် အစိုးရသစ်က ဖန်တီးပေးမယ်ဆိုရင် ရဲတပ်ဖွဲ့ အများကြီး ကောင်းလာမှာပါ။”

ဦးနေမျိုးဇင်တို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အခု အစိုးရသစ်လက်ထက်မှာ ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။
“အခုတော့ တာဝန်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပါဦးမယ်၊ သူတို့ ဟောပြောတဲ့မိန့်ခွန်းတွေကို လက်လှမ်းမီသလောက် နားထောင်ပါဦးမယ်၊ အခုကတော့ ကျနော့်အနေနဲ့ စူးစမ်းလေ့လာဆဲဖြစ်တဲ့အတွက်ကြောင့် တိတိကျကျ ဘယ်လမ်းကြောင်းအတိုင်းသွားမယ်ဆိုတာ မပြောနိုင်သေးပါဘူး။”

ဆန္ဒပြဦးမှာလား။
“ဆန္ဒပြစရာ မလိုဘူးလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့အစိုးရဖြစ်တယ်၊ ပြည်သူ့အစိုးရကို တန်ပြန်စောင့်ကြည့်နေမယ့် စနစ်ဟောင်းက လူဟောင်းတချို့ ကန့်လန့်တိုက်လိုက်မယ့် ဂဏန်းတချို့  ရှိပါလိမ့်မယ်။ ကျနော့်အနေနဲ့ ဆန္ဒပြစရာ မရှိတဲ့အပြင် ဆန္ဒပြဖို့လည်း မလိုဘူး၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြုပြည်ပြု တည်ဆောက်ရေးအလုပ်တွေ စဉ်ဆက်မပြတ် လူထုအကြားမှာ ဟောပြောမယ်၊ စည်းရုံးမယ်၊ အပြန်အလှန်ထိန်းကျောင်းပြီး သွားရမယ့် လုပ်ငန်းစဉ်တွေ အမြောက်အမြား ရှိနေတယ်ဆိုတာ သိတဲ့အတွက်ကြောင့် တာဝန်တွေယူရင်းနဲ့ပဲ အချိန်တွေကို တိတိကျကျ တန်ဖိုးရှိအောင် သုံးရမှာမို့လို့ ကျနော့်အနေနဲ့ ဆန္ဒပြစရာ မရှိဘူး။”

By ရွှေအောင်
DVB TV News

"ရဲကားတွေဝင်လာတော့ တရွာလုံးကြောင်ကြည့်နေကြတယ်၊ ကျနော်တို့သောက်ရေသန့်လာလှူတာပါလို့လဲပြောရော တရွာလုံးအပြေးအလွှား အိုးတွေခွက်တွေပုံးတွေဆွဲပြီး
ထွက်လာလိုက်ကြတာ စိတ်မကောင်းလွန်းလို့ မျက်ရည်တောင်ဝဲမိပါတယ်" တဲ့ ..

အင်းလေ .. အရင်လို ဘယ်သူ့လာဖမ်းပြန်ပြီလဲလို့ထင်နေကြမှာ ...

သူတို့ရဲတွေကလဲ ဖမ်းစရာ စစ်စရာရှိမှ ရွာတွေရောက်တာမလား ..

ခုတော့ ဦးရဲကြီးတို့က
သင်္ကြန်တွင်း ရေကစားဖို့မပြောနဲ့
သောက်သုံးရေတောင် ရှားပါးနေတဲ့
မကွေးတိုင်း ဂန်ဂေါမြို့နယ် ဇီးပြားအုပ်စု ရောင်နက်ကျေးရွာကို သောက်ရေသန့်ဘူးကြီး ၁၃၀ သွားရောက်လှူဒါန်းကြပါတယ် ...

ပြောင်းလဲမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ် ...

ပြည်သူ့အတွက် အမြဲကူညီနိုင်ပါစေ။

Copy from.. Hlaing Htate Htar
Photo Credit - ပြည်သူ့ရဲတပ်ဖွဲ့သတင်း

[youtube src="_5FTaSeAgCI"/]
ကျွန်တော်ကြောင့် လက်ရှိအစိုးရသွားနေတဲ့လမ်းကြောင်း အနှောင့်အယှက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ် လို့ ကိုနေမျိုးဇင်က ပြောကြားခဲ့ပါတယ်။
ရိုက်ကူး ယဉ်မွန်
Mizzima - News in Burmese

ပြီးခဲ.သောရက်ပိုင်းက ပြည်သူ.လွှတ်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို တပိုဒ်ခြင်း မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် မဲမပေးပဲ အဖွဲ.လိုက်ဆန္ဒပြသလိုပြုမူခဲ.သည် ။ နောက်ဆုံးဥပဒေကြမ်းတစ်ခုလုံးကို အတည်ပြုရန်သဘောတူမတူ မေးမြန်းရာ၌လည်း သဘောမတူကြောင်းအားလုံးမတ်တပ်ရပ်၍ ကန်.ကွက်ခဲ.ကြသည် ။ ဤဖြစ်စဉ်တွင် ဒီမိုကရေစီ၏သဘောသကန်ကိုတွေ.မြင်ရမည်ဖြစ်သလို ၊ဒီမိုကရေစီမဆန်သောအပြုအမူများကိုလည်းတွေ.မြင်ရမည်ဖြစစ်သည် ။ ဒီမိုကရေစီ၌ အဆိုတစ်ခုကိုဆုံးဖြတ်ချက်ချရာတွင် ထောက်ခံခြင်း ၊ ကန်.ကွက်ခြင်း ၊ ကြားနေခြင်း တို.ရှိသည် ။ ကြားနေခြင်းသည် မဲမပေးခြင်းနှင်.မတူပဲ ထိုဆုံးဖြတ်ချက်တွင် ဘယ်ဘက်မှမပါလိုသည်.အနက်အဓိပါယ်ဖြစ်သည် ။ ကုလသမဂ္ဂဆုံးဖြတ်ချက်များတွင် ကြားနေမဲ ၊ကန်.ကွက်မဲ ၊ ထောက်ခံမဲများကိုမကြာခနတွေ.နိုင်၏ ။ သို.သော်မဲမပေးခြင်းမှာအဓိပါယ်တစ်မျိုးဖြစ်သည် ။ မဲခွဲဆုံးဖြတ်သည်.အကြောင်းအရာကိုလုံးဝသဘောမတူအပြင်းအထန်ဆန်.ကျင်ကန်.ကွက် သည်.သဘော ၊ဆန္ဒပြသပိတ်မှောက်သည်.သဘော ကိုဆောင်သည် ။ ကုလသမဂ္ဂတွင်ပါလက်စတိုင်းနိုင်ငံတော်အားအချုပ်အခြားအာဏာပိုင်နိုင်ငံအဖြစ်အသိအမှတ်ပြုရေးဆွေးနွေးပွဲမှန်သမျှတွင် အစ္စရေးအစိုးရ ကိုယ်စားလှယ်သည် ညီလာခံခန်းမအတွင်းမှ သပိတ်မှောက်ထွက်ခွာဆန္ဒပြမည်ဖြစ်သည် ။ ထိုင်ဝမ်လွတ်လပ်ရေး၊တိဘက်လွတ်လပ်ရေးတို.ကိုဆွေးနွေးလျှင်တရုတ်အစိုးရသည် အစည်းအဝေးမှထွက်ခွာခြင်း (သို.မဟုတ်) သူတို.ပိုင်ဆိုင်သော တချက်လွှတ်ဗီတိုအာဏာအသုံးပြု၍ပယ်ချခြင်းတို.ကိုပြုလုပ်မည်ဖြစ်သည် ။ ထိုအပြုအမူသည် ဒီမကရေစီဆန်သောအပြုအမူများမဟုတ်ပါ ။ ဒီမိုကရေစီတွင် လူများစု၏ဆုံးဖြတ်ချက်ကို လူနည်းစုကလိုက်နာရသလို ၊ လူနည်းစု၏ ဆန္ဒကိုလည်း လူများစုကလေးစားရပါသည် ။နှစ်ဦးနှစ်ဘက်သဘောထားကြီးမှုသည် ဒီမိုကရေစီဖြစ်ပါသည် ။

တကယ်တော. ဒီမိုကရေစီနိုင်ငံကြီးများတွင် တပ်မတော်သည် ပြည်သူလူထုကရွေးကောက်တင်မြှောက်သောအရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်နေရစမြဲဖြစ်သည် ။ လွှတ်တော်တွင် ဥပဒေပြုခြင်းသည် လွှတ်တော်အမတ်များ၏ကိစ္စသာဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင်.ပါတ်သက်လာလျှင်သာစစ်တပ်၏တာဝန်ဖြစ်သည် ။ တိုင်းပြည်ကာကွယ်ရာတွင်ပင် စစ်ပွဲတစ်ပွဲကိုတိုက်သင်.သည် (သို.မဟုတ်)စစ်ပြေငြိမ်းသင်.သည်ဆိုခြင်းကို သမ္မတနှင်.လွှတ်တော်မှသာဆုံးဖြတ်ချက်ချခွင်.ရှိပြီး စစ်တပ်သည်ထိုဆုံဖြတ်ချက်ကိုလက်တွေ.အကောင်အထည်ဖော်ရရုံသာတာဝန်ရှိလေသည် ။ ထို.ကြောင်. အမေရိကန်များအကျအရှုံးများလှသော ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်တပ်မတော်သည် အရပ်သားအစိုးရ၏ဆုံးဖြတ်ချက်ကိုသာလိုက်နာ၍ ပရော်ဖက်ရှင်နယ်လ်ပီပီ စစ်တိုက်သောတာဝန်ကိုသာ မမှိတ်မသုံထမ်းရွက်ခဲ.ပါသည် ။ တိုင်းပြည်၏ဖိအားကြောင်. သမ္မတကစစ်ရပ်စဲရန်ကြေငြာသောအခါမှ တပ်မတော်သည် စစ်တပ်ကိုပြန်ဆုတ်ခဲ.ပါသည် ။ဆိုလိုသည်မှာ တပ်မတော်သည် အစိုးရနှင်.လွှတ်တော်ကိုတာဝန်ခံရမည်ဖြစ်သည် ။ မိမိဆုံးဖြတ်ချက် ၊မိမိထင်မြင်ချက်များကိုရှေ.တန်းမတင်ရဟူသည်.အချက်သည် ဒီမိုကရေစီတွင်အရေးကြီးသောအချက်ဖြစ်သည် ။

စင်စစ် စစ်တပ်၏သဘောသဘာဝကိုက ဒီမိုကရေစီကိုကျင်.သုံး၍ မရသောလုပ်ငန်းသဘာဝဖြစ်သည် ။ တောင်ကုန်းတစ်ခုကိုတက်သိမ်းရန် ရဲဘော်တို.တက်ဟု ဗိုလ်ကအမိန်.ပေးသည်.အခါ ဖြစ်ပါ.မလားဗိုလ်ကြီး သူတို.က အင်အားများတယ်နော် ဟူ၍တစ်မျိုး ၊ ကျွန်တော်ကခြေထောက်နာနေလို. မလိုက်နိုင်ဘူးဟူတစ်ဖုံအကြောင်းပြညှိနှိုင်းခြင်း ၊ မဲခွဲဆုံးဖြတ်ခြင်းများလုပ်နေ၍မရ ၊အမိန်.ပေးသည်.အခါဘာမှစောဒကတက်မနေပဲ အထက်အရာရှိ၏စကားကို မှားမှားမှန်မှန် လိုက်နာဆောင်ရွက်ရန်တာဝန်ရှိလေသည် ။ထိုသို.မဟုတ်ပါက မည်သို.မျှစစ်တိုက်၍ရမည်မဟုတ်ပေ ။ အထက်အမိန်.မနာခံပါကလည်းနောက်တန်းပြန်ရောက်သောအခါ Court Martial ခေါ်စစ်ခုံရုံးအတင်ခံရပေဦးမည် ။ ထို.ကြောင်. စစ်တပ်၏သဘောသဘာဝအရ ဒီမိုကရေစီခေါ်အများဆန္ဒဖြင်.ဆုံးဖြတ်ခြင်းကို ကျင်.သုံး၍မရပေ ။တနည်းဆိုရလျှင် တပ်မတော်သားများသည် ဒီမိုကရေစီနှင်.အလှမ်းဝေးသူများဖြစ်သည် ။ ဆိုလိုရင်းမှာတပ်မတော်ကိုအပြစ်ပြောလိုရင်းမဟုတ် ၊လုပ်ငန်းသဘာဝအရ မအပ်စပ်ပုံကိုသာထောက်ပြလိုခြင်းဖြစ်သည် ။ ဤသို.ဒီမိုကရေစီအလေ.အထများနှင်. မအပ်စပ်သောသူများ လွှတ်တော်အတွင်းဝင်ရောက်၍ ဥပဒေပြုရေးလုပ်ငန်းများဆောင်ရွက်သောအခါ ဘုန်းကြီးနှင်.ဘီးလိုမအပ်စပ်သောကိစ္စများဖြစ်ပေါ်လာရချေသည် ။ အမိန်.ပေး ၊အမိန်.ခံစနစ်ဖြင်.အသားကျနေသူများသည် ဒီမိုကရေစီဟုဆိုအပ်သော မိမိမကြိုက်သော်လည်းအများစုက လိုလားနှစ်ခြိုက်နေလျှင် သည်းခံလိုက်လျောသောဓလေ.ကို အသားကျဖို.အတော်ကိုကြိုးစားရဦးမည်ဖြစ်သည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.မညီဘူးဟုယူဆပါကလည်း အခြားသောဒီမိုကရေစီလုပ်ထုံးများဖြစ်သည်. ကန်.ကွက်မဲပေးခြင်း ၊ ဥပဒေပြဌာန်းပြီးသွားသောအခါ ဖွဲ.စည်းပုံအခြေခံဥပဒေခုံရုံးသို. ပို.ကာ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီမညီ စိစစ်ခံယူစေခြင်းတို.ကိုဆောင်ရွက်၍ရပေသည် ။ စစ်တိုက်သလို တဖွဲ.လုံးဆင်း ၊တဖွဲ.လုံးတက် ဆိုသလို အစုအဖွဲ.အင်အားပြခြင်းများကား လွှတ်တော်အတွင်းဆောင်ရွက်၍ကောင်းသောလုပ်ငန်းများမဟုတ်ပေ ။ လူများစုအသာစီးရနေသောပါတီကလည်း ငါတို.လူများတာပဲ ဒီကောင်တွေကိုဘာဂရုစိုက်ရမှာလည်းဟူသော မထီမဲ.မြင်သဘောမျိုးမထားပဲ စိတ်ရှည်လက်ရှည်နှင်.အချိန်ပေးညှိနှုင်းကာ လေးလေးစားစားဖြင်. ရှင်းပြနိုင်လျှင်အကောင်းဆုံးဖြစ်သည် ။ လူနည်းစု၏သဘောသဘာဝ ၊စိုးရိမ်ကြောင်.ကြမှုကို လူများစုအသာစီးရထားသူများကလည်းစာနာနားလည်ရမည်ဖြစ်သည် ။

မည်သို.ပင်ရှိစေ စစ်တပ်နှင်.ဒီမိုကရေစီဝါဒသည် နဂိုကတည်းက ပြဒါးတစ်လမ်း ၊သံတစ်လမ်းသဖွယ် ပြောင်းပြန်ဇောက်ထိုးတည်ရှိနေသည်ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်၍လွှတ်တော်အတွင်းမှ တပ်မတော်သားများအောင်မြင်စွာဆုတ်ခွာသွားခြင်းကသာ တပ်မတော်၊နိုင်ငံရေးပါတီများနှင်.တိုင်းသူပြည်သားများအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်ပါကြောင်းတင်ပြလိုက်ရပေသည် ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ်
၁၇.၄.၂၀၁၆

ဧပြီ ၁၆ ရက် နံနက် ၇ နာရီ ၃၅ မိနစ် (ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅ မိနစ်) အချိန်က ထိုင်းနိုင်ငံ Bumrungard ဆေးရုံကြီးတွင် ဘ၀ခန္ဓာချုပ်ငြိမ်းပြီး ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည့် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော် ဘဒ္ဒန္တ မဏ္ဍိတဘိဝံသ၏ ရုပ်ကလာပ်သည် ယနေ့ (ဧပြီ ၁၇ ရက်- မြန်မာနှစ်ဆန်း ၁ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်သည် ထိုင်းလေကြောင်း ခရီးစဉ် TG- 303 ဖြင့်
ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ သက်တော် ၉၅ နှစ် ၊ သိက္ခာတော် ၇၅ ၀ါ ရှိသော ရွှေတောင်ကုန်း ဆရာတော်ကြီးသည် မတ် ၁၇ ရက်မှ ဧပြီ ၈ ရက်အထိ
ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံတွင် လည်းကောင်း၊ ဧပြီ ၈ ရက်မှ ၁၀ ရက် အထိ ရန်ကုန်ဆေးရုံကြီးတွင်လည်းကောင်း ဆေးကုသမှု ခံယူခဲ့ပြီး ဧပြီ ၁၀ ရက် တွင် ထိုင်းနိုင်ငံ Bumrungard ဆေးရုံကြီး၌ ဆေးကုသခံမှု ခံယူခဲ့ကာ ဧပြီ ၁၆ ရက်တွင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
.

ကနဦးသတင်းများအရ ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ရွှေတောင်ကြား ရပ်ကွက်ရှိ ရွှေတောင်ကုန်းကျောင်းတိုက်တွင် ခေတ္တထားရှိပြီး ဧပြီ ၂၂ ရက်တွင် ကျိက္ကဆံကွင်း၌ အန္တိမဈာပန မီးသင်္ဂြဟ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဓာတ်ပုံ- viation Police-YGN၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၊ Usandar Dika၊ Thidar Lwin Facebook
Eleven Media Group

ယနေ့ (ဧပြီ ၁၇ ရက်- မြန်မာနှစ်ဆန်း ၁ ရက်) တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သူ များစာရင်းတွင် မုံရွာထောင်၌ ထောင်ဒဏ်ကျခံနေရသူ ဦးထင်လင်းဦးလည်း ပါဝင်ခဲ့ပါသည်။


နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ကျောက်ဆည် ခရိုင် ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုရဲရင့်ပိုင်မှူး၊ တောင်သူအရေး လှုပ်ရှားသူ ကိုဇော်လတ်နှင့် လ၀က အမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ကိုဇော်ဝင်းဘိုနှင့် ကိုအောင်စိုးတို့ မန္တလေး အိုးဘိုထောင်မှ ယနေ့ (ဧပြီ ၁၇ ရက်- မြန်မာနှစ်ဆန်း ၁ ရက်) တွင် ပြန်လည် လွတ်မြောက်ခဲ့ပါသည်။ ထို့အတူ ထုံးဘို အမျိုးသမီး အကျဉ်း စခန်းမှလည်း တောင်သူ မမာသင်းနှင့် မခင်မာသင်းတို့ ပြန်လွတ် ခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - ဌေးလှအောင်

Eleven Media Group


အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေး တို့ကို ဦးတည်သောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် အပြစ် ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦးအား မြန်မာနှစ်ဆန်း ၁ ရက် ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီးနောက် ယနေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် ၁၆ ဦးတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ ပြည်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ပြည်လည်လွတ်မြောက်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထဲတွင် ကိုထင်ကျော်၊ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင် တို့အပါအ၀င် အခြားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သ
ည်။

ဓာတ်ပုံ - သက်မင်း
Eleven Media Group

မကွေးတိုင်း၊ ပခုက္ကူထောင်တွင် ထောင်ဒဏ် ၁၀ နှစ် ( သုံးနှစ်လျော့ - ၇ နှစ်) ကျခံနေသော ယူနတီဂျာနယ်လစ် ငါးဦးဖြစ်သည့် ဦးတင့်ဆန်း၊ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနှင့် ကိုစည်သူစိုးတို့ ယနေ့ (ဧပြီ ၁၇ ရက်- မြန်မာနှစ်ဆန်း ၁ ရက်) တွင် ပြန်လည် လွတ်မြောက်ခဲ့ပါသည်။

ဓာတ်ပုံ - သက်ထိန်ဝင်း

Eleven Media Group

ယနေ့ (ဧပြီ ၁၇ ရက်- မြန်မာနှစ်ဆန်း ၁ ရက်) တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ပြန်လွတ်ခဲ့သူများအနက် အင်းစိန်ထောင်မှ ပြန်လွတ်ခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ကိုသန်းဆွေ
(၂) ကိုနေမျိုးဇင်
(၃) ကိုထင်ကျော်
(၄) ကိုတင်ထွဋ်ပိုင်
(၅) ဒေါ်နော်အုန်းလှ
(၆) ကိုသူဇော်ကြည်ဝင်း
(၇) ကိုနိုင်ဇော်ကြည်ဝင်း
(၈) ဒေါ်လေးလေး
(၉) ဒေါ်စိန်ထွေး
(၁၀) ကိုနိုင်ဌေးလွင်
(၁၁) ဒေါက်တာ မြတ်နုခိုင်
(၁၂) ကိုမျိုးမင်းမင်း
(၁၃) မသန်းသန်းမော်
(၁၄) ကိုဇော်မျိုးညွန့်
(၁၅) ဗိုလ်ကြီး နေလင်းဒွေး (လေတပ်)
(၁၆) ဗိုလ်ကြီး ချစ်ကိုကို (လေတပ်)
Eleven Media Group

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့၊ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား များဖြစ်သည့် ပုဒ်မ-၁၈၊ ၁၉၊ ၅၀၅(ခ) တို့ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံနေရသည့် ကိုဝင်းလှိုင်၊ ထောင်ဒဏ်(၁၀) လကျခံနေရသည့် ကိုကျော်ဆွေ၊ ထောင်ဒဏ်သုံးလကျခံနေရသည့် ကိုမျိုးနိုင်၊ ကိုဇော်လေး၊ ကိုဝင်းလှိုင်ထွန်း၊ ကိုသန်းထွန်းဇော် တို့လွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါ အကျဉ်းသားခြောက်ဦးအား လွတ်ငြိမ်းခွင့်ပေးရာတွင် ကျင့်- ၄၀၁(က) ဖြင့်လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး၊ ယင်းဥပဒေအရ နောက်အမှုများကျူးလွန်ပါက ယခုပြစ်မှု ကြွေးကျန်များပါ တပေါင်းတည်း ကျခံရမည်ဖြစ်ကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး အခါသမယ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်သူလူထု နှလုံး စိတ်ဝမ်းငြိမ်းချမ်းရေးတို့ကို ဦးတည်ကာ အကျဉ်းသား ၈၃ ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၂၀၄၊ ပုဒ်မခွဲ(က)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

■ ဝေလင်း (ပြည်)
Eleven Media Group


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သင်္ကြန်ပွဲတော်အတွင်း ပြည်သူ၊ ပြည်သားတွေကို ကူညီ လုပ်ဆောင်ပေးခဲ့ကြတဲ့သူတွေအတွက် ကျေးဇူးတင်လွှာကို ဧပြီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်အတွင်း နိုင်ငံသူ၊ နိုင်ငံသားတွေ သင်္ကြန်ပွဲကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာနေရာကနေ စေတနာအပြည့်နဲ့ ထမ်းဆောင်ပေးခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံသူ နိုင်ငံသားတွေကို ၀မ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ခဲ့ရကြောင်း၊ ဒါ့အပြင် လုံခြုံရေးတာဝန်ယူပေးခဲ့ကြသူများ၊ ကျန်းမာရေး ၀န်ထမ်းတွေ အပါအ၀င် ရုံးလုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံအ၀ှမ်းက ၀န်ထမ်းတွေ၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျွေးမွေး ဧည့်ခံကြသူတွေ၊ သန့်ရှင်းရေးနဲ့ ဝေယျာဝစ္စများ ဆောင်ရွက်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း၊ အဲဒီလို စိတ်ရင်း စေတနာကောင်းတွေနဲ့ ဖေးမကူညီ စောင့်ရှောက်မှုတွေကို မြင်တွေ့ရတဲ့အတွက် နိုင်ငံတော်၏ အနာဂတ်ခရီးအတွက် နှစ်ထောင်းအာရ ဂုဏ်ယူ ၀မ်းမြောက်ရသလို ရှေ့လာမယ့် နှစ်သစ်မှာလည်း စိတ်သစ်၊ လူသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့ လျှောက်လှမ်းတဲ့ နေရာမှာ ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်အတက်နေ့၊ ၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မနက် ၉ နာရီခန့်က ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို ထပ်မံ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
VOA


ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်မည်

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

၁၇-၄-၂ဝ၁၆

နိုင်ငံတော်သူ နိုင်ငံသားများ ခင်ဗျား၊

နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ဒီကနေ့ကစတင်ကာ မင်္ဂလာရှိသော နှစ်သစ်ကို ဝင်ရောက်ကြတော့မှာဖြစ်ပါတယ်။

ထူးမြတ်တဲ့ဒီလိုနေ့ရက်မှာ နိုင်ငံသူ နိုင်ငံသားများကို ဦးစွာပထမပြောကြားလိုတာကတော့ ကျေးဇူးစကားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ထောက်ခံဆန္ဒမဲပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံ့တာဝန်များကို လွှဲပြောင်းရယူနိုင်ခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အခုလို နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားခွင့်ရတာဖြစ်လို့ မဲဆန္ဒရှင် ပြည်သူလူထုကြီးကို အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကာ သူတို့အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ လတ်တလောကိစ္စရပ်များအတွက် ဖြေရှင်းဆောင်ရွက်တာ ဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်းမျဉ်းများနဲ့အညီ ကျင့်သုံးဆောင်ရွက် ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာဖြစ်ကြောင်း အားလုံးကယုံကြည်စွာဖြင့် မျှော်လင့်စောင့်စားလျက်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့်ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံးအကျိုးရလဒ်တွေပေါ်ထွက်လာစေဖို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့သောလုံ့လဝီရိယနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အထူးလိုအပ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အစိုးရကတိုင်းပြည်အကျိုးအတွက်ရည်ရွယ် ချမှတ်ထားတဲ့မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူ များကလည်း မိမိတို့နေရာကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြုလမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်။

နှစ်သစ်ကို ခွန်သစ်အားသစ် စိတ်စေတနာသစ်တွေနဲ့ ဖြတ်သန်းနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။

ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင်ထမ်းဆောင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတစ်ဖွဲ့လုံးကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ပြည်သူလူထုတွေက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေးခဲ့ကြတာ၊ လုပ်အားဒါန ပြုကြတာတွေအတွက် အထူးပဲဝမ်းမြောက်ကျေးဇူးတင်ပြီး အသိအမှတ်ပြု ပါတယ်ဆိုတာကို ပြောကြားလိုပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

The Mirror Daily

https://www.facebook.com/TheMirrorDaily/


တူရကီသမ္မတ Recep Tayyip Erdogan ကို ပျက်လုံးထုတ်ခဲ့တဲ့ ဂျာမနီနိုင်ငံသား လူရွှင်တော် Jan Boehmermann အပေါ် အရေးယူဖို့ ကြိုးပမ်းလာမယ်ဆိုရင် သူ့ဘက်ကနေ အပြည့်အ၀ ရပ်တည်သွားမှာဖြစ်တဲ့အကြောင်း ဂျာမန်ရုပ်မြင်သံကြား ဌာန ZDF က ကတိပေးလိုက်ပါတယ်။

ဂျာမန်လူရွှင်တော်ကို အရေးယူဖို့ တူရကီရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံတဲ့အကြောင်း ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ကြေညာခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာပဲ ZDF ရုပ်မြင်သံကြားဌာနရဲ့ အကြီးအကဲ က ကတိပေးခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် အပြစ်ရှိတယ် မရှိဘူးဆိုတာကိုတော့ တရားရုံးကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဂျာမန်လူရွှင်တော် ဘိုမားမန်းအနေနဲ့ ဌာနရဲ့ အပြည့်အ၀ ပံ့ပိုးမှုကို ရရှိမှာဖြစ်တဲ့အကြောင်း - ZDF ရုပ်သံအကြီးအကဲ Thomas Bellut က အပတ်စဉ်ထုတ် ဂျာမန်စာစောင်ဖြစ်တဲ့ Der Spiegel ကို ပြောဆိုခဲ့ပါတယ်။

တူရကီသမ္မတနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ရာမှာ သက်ဆိုင်ရာ အဆင့်တိုင်းမှာ ဌာနက သူနဲ့အတူ လိုက်ပါကူညီသွားမယ်ဆိုတာကိုလည်း လူရွှင်တော် ဘိုမားမန်းကို အသိပေးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ပျက်လုံးထုတ်ခဲ့တဲ့ အစီအစဉ်ကို ထုတ်လွှင့်ဖို့ရာ အတည်ပြုပေးခဲ့ တဲ့ အယ်ဒီတာကိုလည်း စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာတော့ - တူရကီသမ္မတဟာ မိန်းကလေးငယ်တွေကို ရိုက်နှက်၊ ကလေးငယ်တွေပါဝင်တဲ့ ညစ်ညမ်းရုပ်ရှင် တွေကိုကြည့်၊ တိရစ္ဆာန်လိုပြုမူတဲ့ သဘောမျိုး အဓိပ္ပါယ်ထွက်တဲ့ ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့တာပါ။ တူရကီအစိုးရကတော့ ပြည်ပနိုင်ငံက ခေါင်းဆောင်တဦးကို စော်ကားမှုအတွက် အရေးယူပေးဖို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ခြင်း စာပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ လက်နက်အရောင်းအ၀ယ် သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြင်သစ်သမ္မတ Francois Hollande အီဂျစ်နိုင်ငံကို တနင်္ဂနွေနေ့ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ အော်လန်းဒ်ရဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ခရီးစဉ်ဟာ - လက်ဘနွန်နိုင်ငံမှာ စနေနေ့ကစတင်ပြီး၊ အင်္ဂါနေ့ ဂျော်ဒန်နိုင်ငံမှာ အဆုံးသတ်မယ့် ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ခရီးစဉ်တွေအတွင်း - အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတွေက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှု အခြေအနေတွေကအစ၊ ဒုက္ခသည်အရေး၊ ကာလကြာရှည်ဖြစ်ပွားနေတဲ့ အစ္စရေးလ်-ပါလက်စတိုင်း ပဋိပက္ခတွေအဆုံး အပြန်အလှန် စိုးရိမ်စရာ ကိစ္စရပ်တွေကိုလည်း အာရပ်မဟာမိတ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တနင်္လာနေ့ကျရင်တော့ - ပြင်သစ်သမ္မတ အော်လန်းဒ် နဲ့ အီဂျစ်သမ္မတ Abdel-Fatah el-Sissi တို့နှစ်ဦးဟာ ပြင်သစ်နိုင်ငံထုတ် စစ်တပ်သုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ် အပါအ၀င် ဒေါ်လာ ၁.၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေကို အီဂျစ်နိုင်ငံက ၀ယ်ယူမယ့် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်တယ်လို့လည်း ပြင်သစ်နိုင်ငံက La Tribune အင်တာနက် ၀ပ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံး လက်နက်အရောင်းအ၀ယ် သဘောတူညီချက်ကြောင့် အီဂျစ်နိုင်ငံကို လက်နက်ရောင်းချရာမှာ အမေရိကန်ထက် ကျော်လွန်ပြီး ပြင်သစ်နိုင်ငံက ထိပ်တန်းရောက်လာသလို၊ ပြင်သစ်နိုင်ငံရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ကြောင်းလည်း ပဲရစ်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ သတင်းထောက် Pierre Tran ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဗန်ကောက် ဧပြီ ၁၆

ထိုင်းရိုးရာ ရေသဘင်ပွဲတော် လေးရက်တာကာလ အတွင်း မော်တော်ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ ၂၅၉ ဦး ရှိပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။
ယခုနှစ် ရေသဘင်ပွဲတော်(ဆွန်ခရန်ပွဲတော်)အတွင်း မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်သည် ယခင်နှစ်ကထက် ၃၆ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံအဝန်း ယာဉ်မတော်တဆဖြစ်မှု ၂၂၁၆ ခုရှိခဲ့ပြီး ၂၃၇၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခင်နှစ်ထက် ၂၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘေးအန္တရာယ်ကြိုတင်တားဆီးရေးဌာန၏ ယာဉ်မတော် တဆမှုကင်းစင်ရေးစင်တာက ဆိုသည်။

ဧပြီ ၁၄ ရက် တစ်ရက်တည်းမှာပင် ကား မတော်တဆမှု ၅၅၅ ခုဖြစ်ပွားကာ ၇၈ ဦးသေဆုံးပြီး ၆ဝ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ၏ ပြည်သူ့ ရေးရာဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သီရာဝသ် ဘွန်ရာဝသ်က ဆိုသည်။
ရေသဘင်ပွဲတော်ရက်အတွင်း မူးယစ်သောက်စားပြီး မောင်းနှင်ခြင်းသည် မတော်တဆမှုများ၏ အဓိက အကြောင်းရင်းခံပင်ဖြစ်ကြောင်း ¤င်းက ဆက်လက် ပြောသည်။

ရေသဘင်ပွဲတော်လေးရက်အတွင်း ချင်းမိုင်ခရိုင် တစ်ခုတည်းမှာပင် မတော်တဆမှု ၁ဝဝ ခန့်ဖြစ်ပွားခဲ့ပြီး ၁ဝ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဗန်ကောက်မြို့အတွင်း လူသေဆုံးမှုရှိသော မတော်တဆမှု ၁၄ ခုခန့်ရှိခဲ့သည်။ ခရိုင်လေးခုတွင် ယာဉ်မတော်တဆမှု ၁၃၉ ခု ဖြစ်ပွား ခဲ့သည်။

မတော်တဆမှုဖြစ်ပွားနှုန်း လျော့ကျစေရေးအတွက် လမ်းမများပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူ များက မော်တော်ယာဉ်များအား အရှိန်ပြင်းမောင်းနှင်မှုမရှိစေရန်၊ မူးယစ်သောက်စားမောင်းနှင်မှုများမပြုစေရန်၊ ခါးပတ်မဝတ်ဘဲ ယာဉ်မောင်းနှင်မှုမရှိစေရန်နှင့် မော်တော် ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်မဆောင်းဘဲ မောင်းနှင် မှုမရှိစေရန် လိုက်လံစစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ယာဉ်မတော်တဆမှုကင်းစင်ရေးစင်တာက ဆိုသည်။

ဗန်ကောက်ပို့စ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily

အစိုးရသစ်ရဲ့ စီမံချက်သစ်အောက်မှာ ရန်ကုန် သင်္ကြန် အောင်မြင်စွာ ကျင်းပ ပြီးစီး
ဧပြီလ ၁၆ရက် သင်္ကြန် အတက်နေ့မှာ ရန်ကုန်မြို့ သင်္ကြန်ပွဲတော်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗဟိုမဏ္ဍပ် ပိတ်ပွဲ အခမ်းအနားနဲ့ အောင်မြင်စွာ ပိတ်သိမ်းပေးခဲ့ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ချမှတ်ခဲ့တဲ့ စီမံချက်သစ် အောက်မှာ ဒီနှစ် ရန်ကုန် သင်္ကြန်ပွဲတော် အတိုင်းအတာ တခုအထိ အောင်မြင်ခဲ့တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောပါတယ်။

အခုနှစ်မှာ မူးယစ်ရမ်းကား သောက်စားသူတွေ မနှစ်ကထက် သိသိသာသာ လျော့နည်းသွားသလို ရန်ကုန်မြို့မှာ မဏ္ဍပ်တွေ များပြီး ကားတွေ ပိတ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့ပေမယ့် ကားပိတ်တာမျိုး လုံးဝမရှိခဲ့ပဲ မြို့နယ်အနှံ့မှာ အုန်းလက် မဏ္ဍပ်တွေ ပေါ်လာပြီး ဟိုးတုန်းကလို မိသားစုလိုက် ရေကစားကြတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

အရင်အစိုးရ ပါမစ် ချပေးခဲ့တဲ့ မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် ၄၅ချက်နဲ့ အညီ ဆက်ဖွင့်ခွင့်ပေးခဲ့ရာမှာ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်တာ တွေ့ရတယ်လို့ သူကပြောပါတယ်။

ဖွင့်ခွင့်ရခဲ့တဲ့ မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး ရောင်းချတာမျိုး၊ အရက်သေစာ သောက်စား ရမ်းကားတာမျိုးတွေကို မှတ်တမ်းတင်နေတဲ့ ရဲတပ်ဖွဲ့တွေ၊ အထူးစုံစမ်း စစ်ဆေးရေး တာဝန်ကျတွေက သင်္ကြန်ပြီးရင် ဒီမှတ်တမ်းတွေအရ အရေးယူ ဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

အခုနှစ် သင်္ကြန်မှာ ပြည်သူ့ရဲတွေ၊ ရဲဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူတွေကို တာဝန်ကျေစွာ စောင့်ရှောက်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

အခုနှစ်မှာ သံချပ်ကားတွေ အများကြီး ထွက်လာခဲ့ပြီး မြန်မာ့ ယဉ်ကျေးမှု ဖော်ထုတ်တဲ့ အစီအစဉ်တွေ လုပ်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မြန်မာ့ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ယိမ်းတွေ၊ အကအလှ သဘာဝတွေက ဗြုန်းကနဲ စီစဉ်ရတာ ဖြစ်တဲ့အတွက် ပြည့်စုံချင်မှ ပြည့်စုံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အခုတက်လာတဲ့ အစိုးရရဲ့ ပေါ်လစီတွေ၊ မူဝါဒတွေကို နောင်နှစ်မှာ ကြိုတင် ပြင်ဆင်မှုတွေနဲ့အတူ လုပ်ချင်တဲ့ အတိုင်းအတာအရ လုပ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ပြန်လွတ် လာမယ့် သူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာနိုင်တယ်။
မြန်မာ နှစ်ဆန်း တစ်ရက် ဧပြီလ ၁၇ ရက် မှာ နိုင်ငံ တဝှမ်း အကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့်ပြုပြီး ပြန်လွှတ် ပေးမယ် လို့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး ပြီး ထုတ်ပြန် ပါတယ်။

ဒါဟာ ဖွဲ့စည်းပုံ က ခွင့်ပြုထားတဲ့ သမ္မတ အာဏာကို အသုံးပြုပြီး လွတ်ငြိမ်းခွင့် ပေးတာ ဖြစ်တယ် ဆိုပြီးတော့လည်း အခြေခံ ဥပဒေပါ ပုဒ်မ ၂၀၄ (က) ကို ရည်ညွှန်း ဖော်ပြ ထားပါတယ်။

ပြန်လွှတ်ပေးမယ် ဆိုတဲ့ အကျဉ်းသား ၈၃ ဦး ရဲ့ နာမည် စာရင်း ကို တပါတည်း ထုတ်ပြန် မပေး သေးပေမယ့် ပြန်လွတ် လာမယ့် သူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင် လာနိုင်တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

အဲဒီ့ အထဲမှာ မကွေးတိုင်း ပေါက်မြို့နယ် စစ်တပ် ကန့်သတ်နယ်မြေထဲက စက်ရုံ သတင်း အကြောင်း ဖော်ပြမှု နဲ့ ထောင်ချ ခံနေရတဲ့ ယူနတီ ဂျာနယ် က သူတွေ ၅ ဦး လည်း ပါဝင် တဲ့ အကြောင်း ဘီဘီစီ အနေနဲ့ အတည်ပြု ထား နိုင်ပါတယ်။

သက်ဆိုင်ရာ ပုခုက္ကူ ထောင်အာဏာပိုင် တွေက မိသားစုဝင် တွေ ဆီ အကြောင်းကြား ထားနှင့်ပြီး ဖြစ်တယ် လို့ ယူနတီ သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီး မလွင်လွင်မြင့်က ဘီဘီစီ ကို ပြောပါတယ်။

ယူနတီ ဂျာနယ်တိုက်က စာနယ်ဇင်း သမားတွေ ဟာ ထောင်ဒဏ် ၇ နှစ် ကျခံ နေရာကနေ ၃ နှစ် နီးပါး အချိန်မှာ ပြန်လည် လွတ်မြောက် လာမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်သော ပြည်သူသို့ ကျေးဇူးတင်လွှာ




နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
https://www.facebook.com/state.counsellor

အတိတ်အကြောင်းကိုတွေး
တဆိတ်ကလေးမှ စိတ်မအေး
တစိမ့်စိမ့်တွေးလျှင်သာ ကိုယ်သာခံရမှာ
မသက်သာစရာ စိတ်ဝေဒနာကို
ထပ်အခါခါ ခံစားနေပါလျှင်
စိတ်သာပင်ပန်း အဆိပ်တွေလွှမ်းပြီး
တက်လမ်းဆိုတာ ပျောက်သွားမှာ…။

အဲ့ဒီအခါ ဖြစ်လာသမျှအကြောင်းကိုမူ
သင်္ခန်းစာယူပြီး လူသစ်စိတ်သစ်
မူစနစ်အသစ်နဲ့ ဒီမိုကရေစီစစ်စစ်ကို
အစိုးရသစ်နဲ့အတူ ၀ိုင်းလို့ကူ
ဖြူစင်တဲ့နှလုံး အမုန်းကိုချေ
အပြုံးပန်းတွေနဲ့ မဆုံးသေးတဲ့လမ်းကို
တက်လှမ်းကာတူပြိုင်ပြိုင်
နိုင်တဲ့ဘက်က တက်မကိုကိုင်
မယိုင်သောစိတ်ဓါတ်နဲ့
အဆက်မပြတ်လှော်ခတ်
မရပ်မနား တတပ်တအား
ခေါင်ဆောင်ကောင်းနောက်ကိုလိုက်သွား
အကျင့်ပျက်တွေကိုဖယ်ရှား
အများအား ပြည်သူအားနဲ့ ၀ိုင်းတွန်းကြပါလျှင်
ဒို့တိုင်းပြည်ဘီးကြီး ရှေ့သို့လိမ့်ပြီး
ခရီးပန်တိုင် အရောက်လှမ်းနိုင်ကြမှာပေ…။

တက္ကသိုလ်ဘုန်းကြွယ်(15-4-16)

ဧပြီလ ၁၆ရက်နေ့က ကျင်းပသော ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား။ ဓါတ်ပုံ (ဗညားမောင်မောင်/Ministry of Information)
ဧပြီလ ၁၆ရက်နေ့က ကျင်းပသော ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား။ ဓါတ်ပုံ (ဗညားမောင်မောင်/Ministry of Information)
သောတရှင်များခင်ဗျား

မနက်ဖြန်ဆိုရင်တော့ မြန်မာနှစ်ဆန်းတရက်နေ့ကို စတင် ၀င်ရောက်ပြီဖြစ်ပါတယ်။

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေး လူထုတိုက်က စာရေးဆရာညီပုလေး၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ စတူရီယိုတေးသံရှင် မမီမီဝင်းဖေတို့က နှစ်ကူး နှုတ်ဆက်ဆုတောင်းတွေ ဗွီအိုအေကို ပြောထားပါတယ်။ နားဆင်ကြည့်ပါ။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေး လူထုတိုက်က စာရေးဆရာညီပုလေး၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ စတူရီယိုတေးသံရှင် မမီမီဝင်းဖေတို့က မြန်မာနှစ်ကူးအကြို နှုတ်ဆက်ဆုတောင်းတွေကို ကြားခဲ့ရတာပါ။ VOA

ယခုနှစ် သင်္ကြန် ပွဲတော် ကာလအတွင်း တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ။- (ဓါတ်ပုံ- Yangon Police)
အစိုးရသစ် လက်ထက် ပထမဆုံးကျင်းပခဲ့တဲ့ ဒီနှစ် သင်္ကြန်ပွဲတော်တွင်း သင်္ကြန်ပွဲ ဆင်နွှဲမှုတွေမှာ ထူးထူးခြားခြား ပြည်သူလူထုဘက်က ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကို ပိုထိန်းသိမ်းလာသလို ပိုပြီးတော့လည်း စည်းကမ်းရှိ လာတာ တွေ့ရတယ်လို့ သင်္ကြန်ကို စောင့်ကြည့်ခဲ့သူတွေက ပြောပါတယ်။ ပြည်သူနဲ့ ရဲ လုံခြုံရေးတွေကြား လုံခြုံရေး ပူးပေါင်းကူညီမှုတွေနဲ့အတူ ပွဲတော်တွင်း အမှိုက်သရိုက်တွေကိုလည်း တာဝန်ရှိသူတွေနဲ့ အတူ ကူညီညာ ဝိုင်းဝန်းသိမ်းဆည်း ကြတယ်လို့ ဆိုပါတယ်။ ဒီပြောင်းလဲမှုတွေကို သင်္ကြန်တွင်းက စလို့ နိုင်ငံပြောင်းလဲမှုတွေမှာ ပြည်သူလူထုနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိုလည်း တိုက်တွန်းမှုတွေရှိပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်။ ဒီနေ့ စနေနေ့ကတော့ မြန်မာ့ရိုးရာ မဟာ အတာရေသဘင် ပွဲတော် နောက်ဆုံးနေ့ သင်္ကြန် အတက်နေ့ ဖြစ်ပါတယ်။ မြန်မာ့နှစ်သစ်ကူး အခါသမယ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီး နေရာ အနှံ့မှာ ရေသဘင် ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်ယင် ကျင်းပနေပါတယ်။

ဒီနှစ်သင်္ကြန်တွင်း ထူးခြားချက်တွေနဲ့ ပတ်သက်လို့ မန္တလေးမြို့ က စာရေးဆရာ လည်းဖြစ်၊ ဝါရင့်သတင်းသမားလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်က အခုလိုပြောပါတယ်။

“ကျွန်တော်က မန္တလေး ကျုံးဘေးမှာ နေပါတယ်။ သတိထားမိတာ တစ်ချက် ကတော့ နေ့မှာ သကြန်တွင်း ရှုပ်ပွထားတဲ့ အမှိုက်တွေကို ညတွင်းချင်း မန္တလေး စည်ပင်သာယာက ရှင်းပစ်လိုက်ပါတယ်။ မနက်လင်းရင် အမှိုက်တွေ အကုန်လုံး သန့်သွားတယ်။ အရင်ကဆို ဒီလို မဟုတ်ဘူး။ ဒါက သိသာတဲ့ အပြောင်းအလဲ တစ်ခုပေါ့။ ယဉ်ကျေးမှုနဲ့ ပက်သက်လို့ မဏ္ဍပ်တွေပေါ်မှာ ဆိုနေတဲ့ အဆိုတော်တွေရဲ့ ၀တ်စားဆင်ယင်မှုတွေကို ကျွန်တော် မြင်ရတာ ဆိုရင် တော်တော်လေး သပ်သပ်ရပ်ရပ်နဲ့ လုံလုံခြုံခြုံ လှလှပပလေး ၀တ်လာတာတွေ့ရပါတယ်။ မန္တလေးရဲ့ ထူးခြားချက်တစ်ခုက ရပ်ကွက်တွေ ထဲမှာ ရှေးယခင်ကလိုပဲ မဏ္ဍပ်တွေ ပြောင်းပြီးတော့ လုပ်လာကြတယ်။ ကျုံးဘေးတင် မဟုတ်ပဲ မဏ္ဍပ်တွေ ရှိလာတဲ့အတွက်ကြောင့်မို့ ဒါဟာ ကောင်းတဲ့အစဉ်အလာ တစ်ခုဖြစ်တယ်။ နောက်ပိုင်းမှာ ညပိုင်းမှာ  ရေမပက်တော့ဘူးဆိုရင် အရင်လိုပဲ အဆို၊ အက၊ အတီး၊ အမှုတ်တွေနဲ့ ပိုလှပတဲ့၊ ယဉ်ကျေးမှု ဆန်တဲ့ သင်္ကြန် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

မန္တလေးမြို့တွင်း ရေသဘင်ပွဲတော်တွင်း မဏ္ဍပ်တွင်း ဖျော်ဖြေမှုတွေ နဲ့ ရေပက်ကစားသူတွေကြား ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့အတူ ရဲလုံခြုံရေး တွေနဲ့ ပြည်သူတွေကြား ပိုပြီးတော့ ရင်းနှီးနွေးထွေးမှု ရှိလာတာကိုလည်း သတိထားမိတယ်လို့ စာရေးဆရာဦးကျော်ရင်မြင့်က တဆက်တည်း ပြောပြပါတယ်။

”နောက်တစ်ခုက ရဲတွေ။ ရဲတွေကိုလည်း လူတွေက အမြင်ပြောင်းလဲသွားပါတယ်။ ရဲတွေကလည်း လူတွေအပေါ်မှာ ဆက်ဆံပုံ မြင်ပုံ ပြောင်းသွားပုံရပါတယ်။ ရဲတွေက အကူအညီတွေပေးတယ်။ လူတွေကလည်း အဲဒီလို ကူညီတတ် တဲ့ ရဲတွေကို ချစ်ခင်ပြီးတော့ လက်တွဲလာတာတွေ့ရပါတယ်။ အဲဒီတော့ တိုင်းပြည် က ပြောင်းလဲလာတဲ့ အချိန်မှာ ထိပ်ပိုင်းက လူတွေရဲ့ အမြင်တွေ လည်း ပြောင်းလဲသွားတယ်။ လုပ်ရပ်တွေလည်း ပြောင်းလဲသွားတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အတွက် လူတွေကလည်း အပြောင်းအလဲကို ၀မ်းမြောက် ၀မ်းသာရှိပါတယ်။ ဒီပုံစံအတိုင်းသာ ပြောင်းလဲသွားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုက အချိန်တိုတိုအတွင်းမှာ ခရီးရောက်လိမ့်မယ်လို့ ထင်ပါတယ်။”

ရန်ကုန်မြို့တော်မှာတော့ ဒီကနေ့မှာ ထူးထူးခြားခြား ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ ဖျော်ဖြေရေးမှာ လိုက်ပါခဲ့တဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ မခင်လေးကတော့ မြို့တော်ဝန်ရဲ့မဏ္ဍပ်မှာ ဒီမိုကရေစီ အင်အားစုတွေ ဖျော်ဖြေခွင့်ရတဲ့အပေါ် ထူးခြားချက်အဖြစ် မြင်ပါတယ်။

“ဒေါင်းတို့ မျိုးဆက်တင် လာတာမဟုတ်ဘူးလေ။ ၈၈ မျိုးဆက်တွေကော ကျွန်မတို့ အားလုံးသွားကြပြီးတော့၊ သံချပ်နဲ့ ဖျော်ဖြေတယ်ပေါ့လေ။ တော်တော်လေး စိတ်ထဲမှာ ကျေနပ်မိတယ်။ ၀မ်းသာပီတိဖြစ်တဲ့ ဟာလေးတော့ ခံစားရပါတယ်။ ဘာလို့လဲ ဆိုတော့ အထူးသဖြင့် မြို့တော်ခမ်းမပေါ့လေ။ ဒီအရှေ့မှာ အစဉ်တစိုက် ဒီမိုကရေစီရေး တောင်းဆိုတဲ့သူတွေ၊ ဆန္ဒပြတဲ့ သူတွေက ဒီမြို့တော် ခမ်းမ ရှေ့မှာ ပြည်သူလူထုရဲ့ ခံစားချက်တွေကို ဆန္ဒပြကြ တယ်။ ကြွေးကြော်ကြတယ်။ ဒါပေမယ့် အဆက်ဆက်မှာ တောင်းဆိုမှုတွေကို ဥပက္ခာ ပြုခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်ကျတော့ နိုင်ငံရေး အခြေအနေ ပြောင်းသွားတာနဲ့ အညီ အစိုးရသစ် လက်ထက်မှာ စင်ပေါ်မှာ တက်ပြီးတော့ ပြည်သူတွေရဲ့ ခံစားချက်တွေကို သရုပ်ဖော်တဲ့ ဟာလေးတွေ တွေ့ရတဲ့အခါမှာ ရှေ့လျှောက်မှာလည်း ပြည်သူရဲ့ အသံကို နားထောင်တဲ့၊ ပြည်သူရဲ့ ဆန္ဒအမှန်ကို အကောင်အထည်ဖော်ပေးမယ့် အစိုးရဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ”

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့က ကိုရဲဇာနည်ထွန်းကလည်း မြို့တော်ခန်းမရှေ့မှာ အမြဲတမ်း ဒီမိုကရေစီအင်အားစုတွေဘက်က တောင်းဆိုမှုတွေနဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေ ရှိခဲ့ပေမဲ့လို့ ဒီနှစ်မှာတော့ မြို့တော်ခန်းမ မဏ္ဍပ်မှာ ဖျော်ဖြေခွင့်ရတဲ့အပေါ် အားရကြောင်းပြောပါတယ်။

“ရန်ကုန်တိုင်း ဗဟိုမဏ္ဍပ်ပေါ်မှာ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေ၊ ဒေါင်းအလံတွေ။ တက်ပြီး ဖျော်ဖြေခွင့်မရတာ ဆယ်စုနှစ်တွေ သုံးခုတောင် မကတော့ဘူး။ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ ၂၅ ရာခိုင်နှုန်းကို အဓိက highlight လုပ်ပြီး ပြောကြတယ်။ ကျွန်တော်တို့ ကျောင်းသားတွေက။ ”

ခရီးသွား ဧည့်လုပ်ငန်းလုပ်ကိုင်သူ ကိုမင်းမင်းထွန်း ကလည်း နိုင်ငံခြားသားခရီးသွားတွေရော ပြည်သူလူထု လွယ်ကူအဆင်ပြေအောင် သန့်စင်ခန်းတွေကို စနစ်တကျထားရှိပေးဖို့လိုအပ်သလို အမှိုက်တွေကိုလည်း စနစ်တကျ ရှင်းလင်းပေးဖို့ အကြံပြုပါတယ်။

“အမှိုက်ကတော့ အခုအချိန်အထိ စည်းကမ်းမရှိ၊ အချို့နေရာတွေမှာ ပွပလဲ နေတာပဲ။ အဲဒါတွေကတော့ တွေနေရတုန်းပဲ။ အမှိုက်ပုံးထားပေးရုံနဲ့လဲ မလုံလောက်သေးဘူး။ အဲဒီအမှိုက်ကို လာသိမ်းဖို့လဲ လိုသေးတယ်။ တချို့နေရာတွေမှာက အမှိုက်ပုံးတော့ရှိတယ် အမှိုက်က ပြည့် ပြီးတော့၊ ဘေးပတ်ချာလည်မှာကို တော်တော် ဆိုးဆိုးဝါးဝါး စုပုံထားကြတာ။ သိမ်းဆည်းမှုအပိုင်းမှာကလည်း တော်တော်လေးလိုတယ်။ အစိုးရအပိုင်းကပေါ့နော်။ အဲဒါလေးမြင်တယ် ခင်ဗျ။ ”

 ပြည်သူလူထု လူသောင်းချီပါဝင်ဆင်နွှဲတဲ့ မြို့တော်တွေထဲက အတာ သင်္ကြန်ပွဲတော်တွင်းမှာတော့ အမှိုက်သရိုက်တွေကို တာဝန်ရှိသူတွေဘက်က စနစ်တကျ သိမ်းဆည်းရှင်းလင်းတာ ရှိသလို မင်းသားကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းရန်ကုန်လို ကိုယ့်အမှိုက်ကိုယ်ရှင်း လှုပ်ရှားမှုတွေနဲ့ အမှိုက်ရှင်း လုပ်ဆောင်တာတွေကို ပြည်သူလူထုဘက်ကလည်း ပူးပေါင်း ပါဝင်တာရှိပါတယ်။

ဒီကနေ့ စနေနေ့မှာ အတက်နေ့ဖြစ်သွားပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာပဲ သင်္ကြန်ကာလ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာ ပြည်သူလူထုကို နှစ်သစ်နုတ်ခွန်းဆက်စကား နံနက် ၇ နာရီ မှာ တကြိမ်၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီနှင့် ည ၈ နာရီ သတင်း အပြီးတွေမှာ MRTV ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်တွေကနေ သမ္မတရဲ့ မိန့်ခွန်းကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မဆုမွန်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းက သူ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ မြန်မာနိုင်ငံသားတစ်ဦးအကြောင်းကို ဓာတ်ပုံနဲ့တကွ Status ရေးပြီး ချီးကျူးစကား ဆိုခဲ့ပါတယ်။ ပက်ကီယောင်း ချီးကျူးခဲ့သူကတော့ မြန်မာလူမှုကွန်ရက်မှာ နဂိုကတည်းက ပျံ့နှံ့ပြီးသားဖြစ်တဲ့ အမျိုးသားတစ်ဦးရဲ့ပုံပါ။ ဘယ်ဘက်ခြေချင်းဝတ်နားထိ ပြတ်ပြီး မိုးထဲရေထဲမှာ ပန်းရောင်းနေတဲ့ အဆိုပါအမျိုးသားရဲ့ဓာတ်ပုံတွေကို ပက်ကီယောင်း သူ့ရဲ့ Facebook မှာတင်ရှိပြီး အခုလို မှတ်ချက်ပြုခဲ့ပါတယ်။ '' သူဟာ ကျွန်တော့် အတွက် သူရဲကောင်းပါပဲ။ ဆင်ခြေမရှိသည့် အလုပ်ကြိုးစားလုပ်ကိုင်ခြင်း" ဟု ပက်ကီယောင်းက အဆိုပါအမျိုးသား၏ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို တခုတ်တရ ချီူးကျူးခဲ့တာဖြစ်ပါတယ်။

Photo: AFP
Eleven Media Group