04/19/16

နေပြည်တော် ဧပြီ ၁၈

တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း AA သောင်း ကျန်းသူ အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ မတ်လနှင့် ဒီဇင်ဘာလတွင် ၁ ကြိမ်စီ၊ မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ်(၆၈)နှင့် (၇၁)အကြားမှ တစ်ဆင့် ပလက်ဝ၊ ကျောက်တော်နယ်မြေ များတွင် အခြေခံနယ်မြေတည်ဆောက်ရန် ဝင်ရောက်လာခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်းခဲ့ရာ သောင်းကျန်း သူများသည် တစ်ဖက်နိုင်ငံ အတွင်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ယခုနှစ်၊ သင်္ကြန်ကာလမတိုင်မီ ဧပြီပထမပတ်အတွင်း AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်သည် လက်နက် ကိုယ်စီဖြင့် ရခိုင်ပြည်နယ်အတွင်း သင်္ကြန် ရေ ကစားပွဲတော်ကာလကို အခွင့်ကောင်းယူ၍ ပြည် သူများ အေးချမ်း
ပျော်ရွှင်စွာ ရေကစားခြင်းအား နှောင့်ယှက်ပြီး အထိတ် တလန့် ဖြစ်စေရန်
ဖောက်ခွဲခြင်း၊ မြို့/ရွာ၊ တပ်စခန်းများကို နှောင့်ယှက် ပစ်ခတ်ခြင်းစသည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် ကျောက်တော်မြို့နယ်၊ လောရမတောင် နယ်မြေ တစ်ဝိုက်သို့ စိမ့်ဝင်လှုပ်ရှားလာခဲ့ကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခဲ့ရာ ဧပြီ ၁၆ ရက်တွင် အင်အားနှင့်
ခေါင်းဆောင် စိစစ်ဆဲ AA သောင်းကျန်းသူ ၂ ဖွဲ့ဖြင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား ခဲ့ပြီး သောင်းကျန်းသူများသည် အဖွဲ့ငယ်များအဖြစ် ပြန့်ကွဲကာ ဆုတ်ခွာ ထွက်ပြေးလျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် AA သောင်းကျန်းသူအဖွဲ့ထံမှ ဆက် သွယ်ရေးမြောင်း များနှင့် ပစ်ကျင်းများဖြင့် တူးဖော်ပြု လုပ်ထားသည့် ယာယီအခြေပြုနေရာများကို သိမ်းပိုက်ရရှိခဲ့ကာ လူနေတဲများ၊ ဒေသန္တရ လက်လုပ်မိုင်းနှင့် ဆက်စပ် ပစ္စည်းများ၊ ချပ်ဝတ်တန်ဆာများ၊ အခြား အသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်း ရမိခဲ့ကြောင်း တိုက်ပွဲဖြစ်စဉ် များတွင် AA သောင်းကျန်းသူ တစ်ဖွဲ့က ရွာသားများ အသွင်ယူပြီး ချောင်းမြောင်း၍ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းများ ရှိခဲ့ကြောင်း သိရသည်။

AA သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့ အပြောင်း အလဲကာ လနှင့် အများပြည်သူရုံးပိတ်ရက် သင်္ကြန်ကာလကို အလစ်အငိုက်ရယူကာ ဝင်ရောက် လှုပ်ရှားခဲ့ခြင်း ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေး ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် တပ်မတော် အနေဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိသော AA သောင်းကျန်းသူများကို အပြီးတိုင် ချေမှုန်းနိုင်ရေး ဆက်လက် နယ်မြေ ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar

https://www.facebook.com/MOIWebportalMyanmar

အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကော်ပိုရေရှင်း။
အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကော်ပိုရေရှင်းက အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံခန့် တန်ဖိုးရှိတဲ့ မြန်မာကမ်းရိုးတန်းရှိ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်တွေကို အရောင်းတင်ဖို့ ကြေညာထားတယ်လို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး ရိုက်တာ သတင်းတရပ် က ဖေါ်ပြပါတယ်။

ဒါဟာ မြန်မာ့သံယံဇာတ ထုတ်ယူမှုနဲ့ ပတ်သက်လို့ ဖက်စပ်လုပ်ကိုင်မှုမှာ တန်ဖိုး အများဆုံး ရောင်းချမယ့် ပမာဏ လည်းဖြစ် ပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်းတွေ ထိုးကျခဲ့တဲ့ အတွက် ၂၀၁၅ခုနှစ်မှာ Chevron ရဲ့ဝင်ငွေဟာ (၄.၆) ဘီလီယံရှိပြီး ၂၀၁၄ခုနှစ်မှာ (၁၉.၂) ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။ အခုလိုငွေကြေးအရှုံးပေါ်မှုကို ထိန်းနိုင်ဖို့ Chevron ရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် အခုလိုမြန်မာဓါတ်ငွေ့ ဖက်စပ် လုပ်ကိုင်မှုကို ရောင်းချဖို့ ကြေညာခဲ့တာလို့ သိရပါတယ်။

Chevron ဘက်ကအခုလိုရောင်းချတာကို ၀ယ်ယူမယ့် ကုမ္ပဏီပေါင်း ခြောက်ခုလောက် ရှိနိုင်ပြီး သြစတြေးလျရဲ့ Woodside ရေနံကုမ္ပဏီ၊ ထိုင်းရဲ့ PTTE ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နဲ့ထိုင်းနိုင်ငံကို ပို့နိုင်တဲ့ ဈေးကွက်တွေရှိခဲ့တဲ့အပြင် ပြည်တွင်း သဘာဝဓါတ်ငွေ့သုံးစွဲမှုဈေးကွက်ကလည်း တိုးလာတဲ့အတွက်ကြောင့် စီးပွားရေးအရ အောင်မြင်နိုင်မယ့် အလားအလာရှိတာကို ဒီကုမ္ပဏီတွေအနေနဲ့ နားလည် သဘောပေါက်ထားကြတယ်လို့ စင်္ကာပူအခြေစိုက် စွမ်းအင်အကြံပေး ကုမ္ပဏီ Wood Mackenzie ကပြောကြောင်း ရိုက်တာသတင်းဌာနက ကိုးကားဖေါ်ပြထားပါတယ်။

ဒီအရောင်းအဝယ် လုပ်ဆောင်မှုကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်တခုက တဆင့် ပြုလုပ်နေဆဲဖြစ်တဲ့အတွက်ကြောင့် လူသိထင်ရှား ထုတ်ဖေါ် ပြောကြားခြင်း မရှိသလို နှစ် (၂၀) ကြာမြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ Chevron ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

မုတ္တမပင်လယ်မှာ ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီက ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ရတနာနဲ့ စိန်သဘာဝ ဓါတ်ငွေ့လုပ်ငန်းတွေမှာ Chevron ဟာ အစုရှယ်ယာ၂၈.၃% ပိုင်ဆိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မတ်လက Chevron အနေနဲ့ မြန်မာနိုင်ငံရှိသူရဲ့ ကုမ္ပဏီခွဲ Unocal Myamar Offshore ကုမ္ပဏီလီမိတက်က တဆင့် မြန်မာအစိုးရပိုင် MOGE ခေါ် မြန်မာ့ရေနံ နဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ဖက်စပ်ပြီး ရခိုင် ကမ်းရိုးတန်းမှာ Block A5 လုပ်ကွက်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ရှာဖွေဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီရေနံရှာဖွေ လုပ်ကွက်မှာ သူက ၉၉% ပိုင်ဆိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က Chevron ရဲ့နေ့စဉ် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်က ဖျမ်းမျှ (၁၁၇) သန်းကုဗပေရှိခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ အထွက် (၂.၂%) ရှိခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com/

စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်အစိုးရအကြား ဦးအောင်ကြည်က ကြားခံ ဆက်သွယ်ပေးခဲ့
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁၈ရက်နေ့ မနက်က ပြောကြားခဲ့တဲ့ မြန်မာ့ နှစ်သစ်ကူး အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ တွေကို အဓိက ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲရေး စတင် လုပ်ဆောင်ခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ရပ်ကို တန်ဖိုးထားပြီး လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာတဲ့အထိ ပြီးမြောက်အောင် ဆက်လက် ဆောင်ရွက် သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ညီလာခံတွေကနေ တဆင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင် နိုင်ဖို့လည်း လုပ်ဆောင်မှာ ဖြစ်တဲ့ အတွက် အဲဒီလို တကယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါက်ဖွား စေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိဖို့ လိုကြောင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်တဲ့ အခါမှာလည်း ပြည်သူ လူထုကို မထိခိုက်တဲ့နည်း၊ နိုင်ငံ တည်ငြိမ် အေးချမ်းမှုကို မထိခိုက်တဲ့ နည်းတွေနဲ့ လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို မြန်မာ့ နိုင်ငံရေးမှာ စဉ်းစား တွေးခေါ်မှု စံတခု၊ ရွှေ့ပြောင်းခြင်းရဲ့ အစလို့ ကင်ပွန်းတပ်ချင်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်က ဘီဘီစီကို ပြောပါတယ်။

ဒီမိန့်ခွန်းထဲမှာ ပြည်သူအတွက်၊ နိုင်ငံအတွက် ဦးစားပေးပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သင့်တယ်၊ ဘယ်သူ့ကို မဆို လက်တွဲ ခေါ်ယူမယ် ဆိုတဲ့ သဘော ပါတယ်လို့ ဆိုပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မရှိပဲ ဖြစ်နေတဲ့ ကာလတွေက နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်တဲ့အတွက် အချိန်ယူပြီး စီတ်ရှည် လက်ရှည် လုပ်ရဖို့ ရှိတယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

အရင်က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ခဲ့တာဟာ ဒီမိုကရေစီ စနစ် မရှိပဲ၊ ဒီမိုကရေစီ ဝါဒကို မယုံပဲ ပြဿနာတွေကို ဖြေရှင်းခဲ့တာကြောင့် ပန်းတိုင်အထိ မရောက်နိုင်ပဲ လမ်းခုလပ်မှာ ရပ်သွားခဲ့ရတာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

နာရေးလာထား … အခမဲ့
ကျန်းမာရေးလား … အခမဲ့
ပညာရေးကော … အခမဲ့
အရေးပေါ်လည်း … အခမဲ့
စိမ်းလန်းရေးကော … အခမဲ့
မုန်တိုင်းဒဏ်လည်း … အခမဲ့
စစ်ဘေးရှောင်လည်း … အခမဲ့
အမှိုက်ကောက်မလား … အခမဲ့
ရေတူးဖေါ်ရမလား . . . အခမဲ့
အားလုံး အားလုံး … အခမဲ့
"အခမဲ့" ဆိုတာ "တန်ဖိုးမဲ့" မဟုတ်။
အခမဲ့ ပေးဆပ်သူတွေဟာ အလကားလူတွေမဟုတ်။
အလကားလူဆိုတိုင်းလဲ တန်ဖိုးမဲ့မဟုတ်။
"အခမဲ့ … အခမဲ့ … ပရဟိတ အခမဲ့"
ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ပြု၊ စာနာစိတ်တွေ မွေးဖွား၊ အတ္တများကို ဖြုတ်ခဲ့ကြတဲ့ သစ္စာဆိုရဲကြတဲ့ "အခမဲ့လူသားများ" ဖြစ်တယ်။

ဒီကျင့်ဝတ်တွေကို ကျွန်တော်တို့တင်မက မင်းအစိုးရ၊ ပြည်သူလူထုတွေအားလုံး လူမျိုးဘာသာမရွေး ယခု ၂ဝ၁၆ နှစ်သစ် မြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာအချိန်ကာလမှစပြီး ကျင့်သုံးကြမည်ဆိုပါက ကျွန်တော်တို့ (အခမဲ့လူသားများ) ၏ အခမဲ့ခြေလှမ်းမှတ်တိုင်
( ၁၅ ) နှစကျော်ခရီး လျှောက်လှမ်းရကျိုး နပ်ပေပြီ။

မြန်မာ့ရိုးရာသင်္ကြန်ကာလနှစ်ဆန်းတစ်ရက်နေ့သည် နှစ်သစ်မင်္ဂလာရက်မြတ်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း - ရန်ကုန်၏ အခမဲ့ ကူညီဖေးမမှု (၁၅ နှစ်နှင့်လေးလ)ကျော် ခဲ့ပြီဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းရှိ (အခမဲ့ )ပေးဆပ်သူ လူသားများအားလုံး (သို့မဟုတ်)ပရဟိတစစ်စစ်လူသားအားလုံးကို နှစ်သစ်မင်္ဂလာမှာလေးစားဦးညွတ်လိုက်ပါသည်။

ဗြဟ္မစိုရ်တရားကမ္ဘာလွှမ်းစေရမည်။
ကျော်သူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးမိန့်ခွန်း ဒီနေ့သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။ သမ္မတကြီး မိန့်ခွန်းပြော တုန်းက တိုလိုက်တာဆိုပြီး ကြံဖန်ပြီး အပြစ်တင်ချင်သူတွေ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဖတ်ကြည့်ကြ ပေါ့ဗျာ။

အလွန်ခေါင်းမာတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သူများတွေ သင်္ကြန်နားချိန်ကိုရွေးပြီး မျက်စိခွဲတယ်။ ဟိုးအရင်က နိုင်ငံခေါင်းဆောင် ဆိုသူတွေ နှာစေး ချောင်းဆိုးရင်တောင် နိုင်ငံခြားထွက်ပြီး အကောင်းဆုံး ဆေးရုံ ကြီးတွေမှာ ဆေးကုသမှုတွေကို နိုင်ငံတော်ငွေကြေးတွေနဲ့ ခံယူကြ တာ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှင်းပါ တယ်။ ကိုယ့်နိုင်ငံ ကိုယ့်ပညာရှင်တွေအပေါ် ဘယ်လောက်ယုံကြည်သလဲဆိုတော့ ဒီမှာပဲ မျက်စိကို ခွဲစိတ်ကုသမှု ခံယူတယ်။ မျက်လုံးတစ်လုံးခွဲပြီး နောက်တစ်လုံး မခွဲမီ ရုံးပြေးတက်ပြီးတော့ လုပ်စရာရှိတာ လုပ်တယ်။ နောက်မျက်လုံးတစ်လုံး ထပ်ပြီး ခွဲစိတ်ကုသမှုခံယူတယ်။ မျက်လုံးအုပ်ထားတာ ဖြုတ်ပြီး ပြည်သူကို နှစ်သစ် ကူးမိန့်ခွန်း ထပ်ပြောပြန်တယ်။

ဘဝမှာ အသက် ၇၀ ကျော်လာပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ယောက် ရဲ့ နိုင်ငံအပေါ်ကောင်းစေချင်တဲ့ စေတနာနဲ့ လုပ်ဆောင်ချက်တွေကို ခင်ဗျားတို့ အပြစ်ပြောမယ်ဆိုရင် စဉ်းစားကြပေါ့ဗျာ။ တစ်နိုင်ငံလုံးကို ကိုယ့်တာဝန် ကိုယ်ယူကြပါ။ အမှိုက်တွေကောက်ကြပါ။ ချွေတာကြပါ။ မဖြုန်းတီး ကြပါနဲ့။ နိုင်ငံကဆင်းရဲတွင်းနက်နေတယ် အစိုးရလုပ်တာ ပြည်သူ့ငွေတွေ ကို ဖြုန်းတီးဖို့ မဟုတ်ပါဘူး။ ပြည်သူကို ကယ်တင်ဖို့ပါဆိုပြီး တဖွဖွပြော လည်း ပြော လုပ်လည်း လုပ်ပြနေပါတယ်။

ဒီနေ့ မိန့်ခွန်းကို ပြန်ပြီး သုံးသပ်ကြည့်လိုက်တော့

ကျွန်မရွေးကောက်ပွဲမတိုင်မီ ပြောထားတဲ့အတိုင်း “တာဝန်ယူမယ်” ဘာတာဝန်တွေ ယူမလဲ ဆိုတော့

- အမျိုးသားရင်ကြားစေ့ရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- တရားဥပဒေစိုးမိုးရေး
- ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး
- ဒီမိုကရေစီရှင်သန်ပြီး အမြစ်တွယ်အောင်လုပ်ရေး

အချက် (၅) ချက်အပေါ်မှာ အခြေခံထားတာတွေ့ရတယ်ဗျ။ ယခင်စစ်တပ် အာဏာသိမ်းတော့ ပြည်သူတွေကို နေရာတိုင်း၊ မီဒီယာတိုင်းမှာ မဖြစ်မနေဖော်ကျူးပြခိုင်းတဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ မှတ်မိကြ မှာပေါ့။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာတည်တံ့ခိုင်မြဲရေးဆိုတာတွေ။ အဲဒီ အချက် (၃) ချက်စလုံးဟာ ကိုယ်ကျိုးနဲ့ယှဉ်ထားတာတွေဗျ။ ပြည်ထောင်စုမပြိုကွဲအောင် အကြောင်းပြ ဖိနှိပ်အုပ် ချုပ်လို့ရအောင် လုပ်ထားတာတွေ၊ တိုင်းရင်းသားတွေ ပြိုကွဲနေတာကို အကြောင်းပြ လက်နက်ကိုင်အဖွဲ့ကို စိတ်ထင်တိုင်း တိုးချဲ့ထူထောင် ထားနိုင်မှာတွေ၊ အချုပ်အခြာတည့်တံ့ခိုင်မြဲနေအောင် စစ်တပ်ကသာ စွမ်းဆောင် နိုင်တယ်ဆိုတာတွေနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ခြိမ်းခြောက် အုပ်မိုးထားခဲ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်ပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာ အကြိုက်ဆုံး စကားကတော့ နိုင်ငံဟာ သဘာဝသယံဇာတ ပစ္စည်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်ဆိုပေမယ့် ကျွန်မ ဒါကို သိပ်အလေးမထားပါဘူးဆိုတာပဲ။ အလေးထားလောက် အောင်လည်း တစ်တစ်တိုင်းပြည်လုံး ဘာမှ မကျန်တော့တာ။ ပြောင်နေပြီလေ။ ဒါကြောင့် သူက

“တကယ့်အရေးကြီးတာက ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ စွမ်းအားပါ။ သယံဇာတ ပစ္စည်းတွေ မဟုတ်ပါဘူး” လို့ပြတ်ပြတ်သားသားပြောခဲ့ပါ တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက် လေးကလည်း ရှင်းရှင်းပါ

“ကျွန်မတို့ပြည်သူတွေကို ယုံကြည်သလောက် ပြည်သူတွေက လည်း ပြန်ပြီးတော့ တုံ့ပြန်ပြီးတော့ ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ ဝန်းရံပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့လည်း မေတ္တာရပ်ခံချင်ပါတယ်”

“ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အနာဂတ်တစ်လျှောက် အောင်မြင်စေဖို့အတွက် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ မေတ္တာခြုံလို့ လုံနိုင်ပါစေ၊ သစ္စာဆောင်လို့ အောင်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်”

ရိုးရိုးလေးပါ … စဉ်းစားပြီး အတွေးပွားနိုင်ကြပါစေဗျာ။

၁၈.၄.၂၀၁၆
Tin Nyunt

[youtube src="TRo8Nu0E8vQ"/]
သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ လွတ်မြောက်လာတဲ့ အထဲမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှတို့လည်း ပါဝင်ပါတယ်။ RFA အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

RFA

ပြည်သူကို ချစ်သော ပြည်သူ့ စစ်သား တပ်မတော်လေ မှ ဗိုလ်ကြီးနေလင်းဒွေး စတသ ၃၇ လည်း မနေ့က ထောင်မှ လွတ်လာပါသည်။ ထောင်ထဲတွင် ငါးနှစ်ခန့် နေခဲ့ရပါသည်။

တပ်မတော် စစ်သည်အရာရှိများ စစ်အာဏာရှင်လက်အောက်တွင် အခက်ခဲများစွာဖြင့် ဘ၀ ရပ်တည်နေကြရပုံများ ပြည်သူ့ စစ်သား ခံယူချက်များကို အင်တာနက် စာမျက်နှာများပေါ်တွင် ဆောင်းပါးရှင် ဝေဟင် အမည်ဖြင့် ရေးသား တင်ပြမှုကြောင့် တသက်တကျွန်း ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား တဦးလည်းဖြစ်ပါသည်။

ဧပြီလ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူတွေထဲမှာ အီလက်ထရောနစ် အက်ဥပဒေအပါအဝင် ပုဒ်မ ၈ ခုနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသူ တပ်မတော်လေတပ်က ဗိုလ်ကြီး နေလင်းဒွေး လည်းပါဝင်ပါတယ်။ ဗိုလ်ကြီးနေလင်းဒွေး ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်
RFA



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ပြန်လည် လွတ်မြောက်လာပေမဲ့ နိုင်ငံအ၀န်းက အကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးခံထားရသူတွေ ရှိနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပြုစုထားတဲ့ စာရင်းတွေမှာ ကွာဟမှုရှိနေတဲ့အတွက် တချို့ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရာမှာ မပါဝင်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာချက်ထွက်အပြီး မတ်လ ၈ ရက်နေမှာတော့ လက်ပံတန်းမြို့က ထိမ်းသိမ်းခံခဲ့ရတဲ့ ကျောင်းသားတွေထဲကို အမှုပိတ်သိမ်းပြီး အတော်များများပြန်လွတ်မြောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း တခြားထောင်တွေမှာ ထိမ်းသိမ်းခံထားရတဲ့ ကျောင်းသား တချိုလည်း ကျန်နေသေး ပါတယ်။မြန်မာနှစ်ဆန်းတရက်နေ့ ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေမှာတော့ နိုင်ငံတော်သမ္မတ အမိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ဦး ပြန်လွတ်လာတယ်လို့  သတင်းထုတ်ပြန်ခဲ့ပေမဲ့ ၆၃ ဦးသာ စာရင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စာရင်း ၂ခုလုံး ကွာခြားမူတွေ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့က ရုံးတာဝန်ခံ ဦးသက်ဦးက အခုလိုပြေပါတယ်။

“ဘာလဲဆိုတော့ ၆၃ ယောက် စာရင်းရပြီးတော့ ဒီ အယောက် ၂၀ လောက်ကျန်နေတယ်။ ၈ ရက်နေ့က လွတ်တဲ့လူက ၁၉၉ ယောက်လို့ ကြေညာတယ်ပေါ့။ ဒါပေမယ့် အဲဒီ ၁၉၉ ယောက်ကို ဘယ်လိုအမှုပိတ်သိမ်းပြီးတော့လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိဘူးပေါ့။ ဒါပေမယ့် စောစောကပြောသလို social media တွေမှာ တက်လာတဲ့ဥစ္စာက တိုင်းနဲ့ပြည်နယ်အလိုက်ကိုခွဲပြီးတော့ ဘယ်တိုင်းကနေ ဘယ်နှစ်ယောက်လွတ်တယ် ဆိုတဲ့ဥစ္စာကိုပဲပါတာလေ။ ၁၉၉ ယောက် ဆိုတာက ဒီဘက်က စာရင်းအရဆိုရင် ၁၂၀ လောက်ပဲရှိတယ်။ ဒါကြောင့်မို့လို့ အမှုရုပ်သိမ်းပြီးတော့ ပိတ်သိမ်းတယ်ဆိုတာ ဘယ်လိုလူတွေကို ပိတ်သိမ်းတာလည်းဆိုတာ ရှင်းရှင်းလင်းလင်းမရှိဘူးပေါ့။ ဒါကတချက်ပေါ့၊ နောက်တချက်က ၁၇ ရက်နေ့လွတ်တဲ့ ကိစ္စမှာ ၈၃ ယောက် လို့ပြောပေမယ့် ဒီဘက်က စာရင်းအရက ၆၃ ယောက်ပဲ စာရင်းရတယ်လေ။ အဲဒီမှာ အယောက်၂၀ စာရင်းလောက်က ဘယ်သူတွေက ဘယ်လိုလွတ်တယ် ၊ ဘယ်လိုအမျိုးအစားတွေပါသလဲဆိုတဲ့ ဟာကတော့ ရှင်းရှင်းလင်းလင်းမသိရဘူးပေါ့။”

မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ ဘယ်သူတွေ ဘယ်ပုဒ်မတွေ နဲ့ အကျဉ်းကျသူတွေကို လွတ်လိုက်တယ်ဆိုတာကို တိတိကျကျသတင်းထုတ်ပြန်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

“ ဒီစာရင်း ၂ ခုလုံးကို ဘာပဲပြောပြောပေါ့ သူတို့ လက်ရှိအစိုးရသစ်အနေနဲ့ သူတို့က တရားဝင်ထုတ်ပြန်ပေးစေချင်တယ်ပေါ့။ အရင်အစိုးရလိုပုံစံမျိုးပဲ ထုတ်ပြန်တဲ့ ပုံစံမျိုးပဲ ဖြစ်နေတာကတော့ မကောင်းဘူးပေါ့”

နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook စာမျက်နှာမှာတော့ အကျဉ်းထောင်အသီးသီးကနေ ၈၃ ဦး လွတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်သားဟောင်းများ အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရော ၂ ဖွဲ့လုံး ကတော့ ၆၃ ဦးသာ စာရင်းရရှိတယ်လို့ ပြောဆိုထားတာပါ။ ဒီနေ့မှာတော့ ထပ်မံ လွတ်မြောက်လာသူတွေမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကဆိုပါတယ်။ သူတို့ရဲ့စာရင်းပြုစုချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိနေသလို အမှုရင်ဆိုင်စဲ ထိမ်းသိမ်းခံထားရသူ ၄၀၀ ကျော်ရှိနေတယ်လို့ ပြောဆိုထားတာပါ။ ထင်ရှားတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလွတ်ပေးလိုက်ပေမဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် တရားမ၀င်အသင်းနဲ့ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)နဲ့ ထိမ်းသိမ်းခံထားရ သူတွေလည်း နှစ်ရှည်ကျခံနေရတာဖြစ်လို့ သူတို့ကိုလည်း ပြန်လွတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက တောင်းဆိုနေပါတယ်။

မအေးအေးမာ
VOA


ဥစားကြက် ၁ သိန်းကျော် မွေးမြူလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံတချို့မှာ ခုရက်ပိုင်းအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ မျိုးသစ်တွေ့ရှိဖြစ်ပွားနေလို့ ကြက်အကောင်ရေ သောင်းနဲ့ချီပြီး အာဏာပိုင်တွေက သုတ်သင်ရှင်းလင်းနေပါတယ်။
လတ်လော ရောဂါပျံ့နှံ့မှု မဖြစ်ပွားအောင် ထိန်းချုပ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ မုံရွာမှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ နောက်ဆုံးအခြေအနေနဲ့ အစိုးရက ရောဂါပျံ့နှံ့ မဖြစ်ပွားအောင် ဘယ်လို ထိန်းချုပ်ဆောင်ရွက်နေသလဲဆိုတာ ပြောပြပေးပါလား။
“မနေ့က ထပ်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ ထိန်းချုပ်နေတယ်။ အကုန်လုံးနဲ့လည်း ဆွေးနွေးတယ်။ ကျန်းမာရေးကော၊ တိမွေးကုရော အကုန်ပါတယ်။ ပြောရရင်တော့ နှစ်ဆန်း ၁ ရက်နေ့ မနက်ခင်းငါးလွှတ်ပြီး ညနေခင်း ကြက်သတ်ခိုင်းရတာ။ ကြက်ခြံက အေဘီစီဒီ ရှိတာ အတန်းလိုက်အတန်းလိုက် စီတန်းမှာ အဖြစ်များတော့ စီတန်းက ခြံတွေ အကုန်စစ်လိုက်တယ်။ မနေ့က ထပ်စစ်တာ စစ်တော့ ၆ ခြံမှာ ၄ ခြံလောက်က ရောဂါ Positive တွေ့ရတယ်။ Positive တွေ့တဲ့ ခြံတွေအားလုံးကို သုတ်သင်ခိုင်းလိုက်ရတယ်၊ မတွေ့တဲ့ခြံတွေကိုတော့ သေချာစောင့်ကြည့်ခိုင်းထားတယ်။”

အခုတွေ့တဲ့ ရောဂါက အရင်တုန်းကလို H5N1 မဟုတ်ဘဲ ရောဂါပိုးသစ် H9N2 လို့ သိရတယ်။ ဒီရောဂါသစ်က အရင်တွေ့တဲ့ရောဂါနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုကွာခြားမှုရှိလဲ၊ ကူးစက်မှု အန္တရာယ် အတိုင်းအတာ ဘယ်လောက်ရှိပါသလဲ။
“ကျတော်တို့သိထားတာက H5N1 တို့၊ H5N2 တို့က ပြင်းထန်တယ်၊ H9N2 က ဒီလောက်မပြင်းထန်ဘူးလို့ ဆိုတာ။ ကြက်ကိုလည်း အရင်လို အများကြီးမကူးဘူး။ လူကိုလည်း ကူးတော့ကူးတယ်၊ ဒါပေမယ့် H5N1 လောက် မပြင်းထန်ဘူးလို့ ဆိုတယ်။”

ရောဂါဖြစ်ပွားပြီး ကြက်တွေသေဆုံးမှုနဲ့ သုတ်သင်ရှင်းလင်းနေမှု အခြေအနေကိုလည်း ပြောပြပေးပါလား။
“ရောဂါဖြစ်တဲ့ ကြက်က မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၁၄ ရက်အထိ အကောင်ရေ ၄၂၀ သေတာ။ မနေ့က ထပ်သွားစစ်တာ အကောင် နှစ်ဆယ် အစိတ်လောက်သေတာ တွေ့ရတော့ ၄၅၀ လောက်ပဲ သေတာ။ အဲဒီအကောင်သေတွေကို သေချာမြှုပ်ခိုင်းတယ်။ ကြက်ဥလည်း မထွက်ရတော့ဘူး။ ဘေးပတ်ခြာလည်ကိုလည်း အကုန်စောင့်ကြပ်ခိုင်းတယ်။ ကြက်တွေကို သုတ်သင်နေတယ်ဆိုတော့ အပြင်ထုတ်မှာ ဆိုးလို့လေ။ ကြက်သေတွေကို အပြင်ထုတ်ရောင်းမှာစိုးလို့။ မနေ့ကလည်း ထပ်ရှင်းတယ်ဆိုတော့ အားလုံး ၁ သောင်းခွဲကျော်သွားပြီ ကျန်တဲ့ဟာတွေလည်း ထပ်ပြီးတော့ရှင်းနေတယ်။
“မနေ့က ကြက်ခြံတွေကို ကတိခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ကြက်သေရင် အကြောင်းကြားရမယ်။ ဒီနေ့ မနက်လည်း ထပ်သွားစစ်နေပါတယ်။ ခြံတွေအကုန်လုံးစစ် စစ်ပြီးတော့ ပေါ့စတစ်ဖြစ်တဲ့ခြံတွေ အကုန်မြေမြှုပ်ခိုင်းထားပါတယ်။ မြေမြှုပ်တဲ့အခါမှာ လွတ်လပ်တဲ့နေရာမှာ နက်နက်မြှုပ်ဖို့ ဆေးတွေဖြန်းခိုင်းထားပါတယ်။ ကိုယ်တိုင်လည်း ဇုန်ထဲဝင်ပြီးတော့ အကုန် လှည့်ပတ်ကြည့်ခဲ့ပြီးပါပြီ။”

မုံရွာကြက်မွေးမြူရေးဇုန်မှာ ဘယ်လောက်အတိုင်းအတာထိ ကြက်တွေကို ရှင်းလင်းသုတ်သင်ပစ်မှာပါလဲ။
“အဲဒါတော့ မပြောနိုင်သေးဘူး။ တကယ်ရောဂါပိုးဝင်တဲ့ ခြံကတော့ မတတ်နိုင်ဘူး။ ကျနော်သူတို့ကို ပြောထားပြီးသား၊ တချို့ခြံတွေက ကြက်က ၁၁ လ၊ ၁၂ လသားရှိပြီ၊ ကြက်ဥက ၇ လလောက်ရပြီ၊ အဲတော့ ကျနော်တို့ သေချာရှင်းပြပါတယ် ဒီရောဂါပိုးဝင်မှတော့ မရှင်းလည်း အကုန် ဒီကြက်တွေ သေမှာလို့ ကာကွယ်ဆေးမရှိဘူးလို့၊ အဲတော့ ကျန်တဲ့ခြံတွေ မကူးအောင်လို့ မြှုပ်ကြရမယ်လို့။ ဥပမာ မီးလောင်တယ်ပေါ့၊ အိမ်တအိမ်ရဲ့ ပေါ့ဆမှုကြောင့် တမြို့လုံး ကျွမ်းသွားတယ်လို့။ ဒီမှာလည်း မထိမ်မချန်ပဲ အကုန်ပြောပေးကြပါလို့။ ရောဂါဖြစ်တဲ့ တခြံကြောင့် ကျန်တဲ့ ခြံတွေအားလုံး ကြက်ငှက်တွေ သုတ်သင်ပစ်လိုက်ရတယ်ဆိုရင် မကောင်းဘူးလို့ ကြက်သေရင် အကြောင်းကြားပါ လာစစ်ပါမယ်၊ စစ်တာကိုလည်း ခံယူကြပါလို့။ တချို့ခြံတွေက စစ်တာ မကြိုက်ဘူးဆိုလို့ ကျနော်ကတော့ ပြောခဲ့တယ်။ ဒီဟာ အရေးကြီးတဲ့အတွက် ၀င်စစ်ပါလို့၊ တောင်းပန်ပြီးတော့ တခါနှစ်ခါတောင်းပန်လို့ မရရင် ဥပဒေအရ လုပ်ရလိမ့်မယ်လို့၊ ဘာလို့လဲဆိုတော့ အရမ်းပျံ့နှံ့ဖြစ်ပွားရင် လူတွေကူးသွားရင် ထိန်းရခက်မှာစိုးလို့ပါ။ အကုန်လုံး သေချာကြပ်ကြပ်မတ်မတ်တော့လုပ်နေပါတယ်။”

ကြက်တွေ သုတ်သင်ပစ်ရတယ်ဆိုတော့ ဆုံးရှုံးနစ်နာသွားတဲ့ မွေးမြူရေးသမားတွေအတွက်ရော အစိုးရက ဘာတွေကူညီ ဆောင်ရွက်ပေးဖို့ရှိပါသလဲ။
“အဲဒါကို ကျနော်တို့ အကုန်လုံးစာရင်းပြုစုပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပေးမှာပါ။ အတတ်နိုင်ဆုံး ပြန်လည်လုပ်ကိုင်နိုင်ဖို့ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးပါ့မယ်လို့ ကျနော်ပြောထားခဲ့ပါတယ်။ ကြက်မွေးတဲ့သူတွေအားလုံးက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါ။ အခုက ကြက်ခြံပေါင်း ၂၅၀ ရှိတယ်၊ ကြက်မွေးတဲ့သူ ၁၃၃ ယောက်ရှိတယ်။ ကြက်က ၁ သိန်း ၂ သောင်းကျော်ရှိတာ၊ အခု ၁၆၀၀၀ -၁၇၀၀၀ ဆိုတော့ ၂ သောင်းနီးနီးလောက် သုတ်သင်ပြီးပြီ ဒီနေ့နဲ့ဆို ၂ သောင်းကျော် ၃ သောင်းလောက်ဖြစ်ရင်ဖြစ်သွားမှာ ဘယ်လောက်ထိဖြစ်သွားမယ်ဆိုတာတော့ မသိဘူး။ ဒီနေ့ မနက်ဆို ၄ ခြံထပ်ရှင်းမယ်။ နောက်ထပ်လည်း ထပ်ပြီးစစ်ဆေးမယ်။”

သုတ်သင်လိုက်တဲ့ ကြက်တွေကို အများပြည်သူတွေ အပြင်မှာဖြစ်ဖြစ်၊ ဈေးတွေမှာဖြစ်ဖြစ် ၀ယ်ယူ မစားသုံးနိုင်အောင် အစိုးရက ဘာတွေဆောင်ရွက်နေပါသလဲ။
“ဒီရက်အတွင်းမှာ မည်သည့် ကြက်ငှက် မည်သည့်ကြက်ဥမှ မစားစေချင်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း ခက်တာက တဖက်ကနေ ၀င်နေသေးတာ။ ဒီနေ့ ကြက်သားမရောင်းရဘူးဆိုပြီးတော့ ပိတ်လိုက်တယ်၊ ပိတ်လိုက်တော့ ကြက်က ဒိပြင်တခြားက ၀င်နေတယ်လို့ ကြားရတယ်။ အဲဒါနဲ့ ရောယောင်ပြီးတော့ ပါလာမှာ စိုးလို့ ဘာလုပ်ရမလဲဆိုတာ ပြန်စဉ်းစားနေတယ်။ ဒီကောင်က လူကိုလည်း နည်းနည်းအထိအခိုက်နည်းတော့ ဒီနေ့တော့ ဈေးတွေမှာတော့ ကြက်ဥကြက်သား မရောင်းကြဖို့ ထုတ်လိုက်ပါပြီ။”

အနီးနားက တခြားမြို့တွေနယ်တွေမှာရော ရောဂါဖြစ်ပွားမှု ရှိပါသလား။ တခြားတိုင်းဒေသကြီးတွေဘက်ကို ရောဂါကူးစက်မှုမရှိရလေအောင် ဘာတွေ လုပ်ဆောင်နေပါသလဲ။
“တခြားနေရာတွေမှာတော့ မကြားသေးဘူး။ ကျနော်တို့ မုံရွာအတွင်းမှာတော့ ကျနော်မှာထားတာက ကြက်သေတွေ၊ ငှက်သေတွေ တွေ့ရင် ပြောကြပါလို့မှာထားတယ်။ ကျန်းမာရေးဌာနကလည်း ဆေးခန်းဖွင့်ပြီးတော့ လူတွေဘယ်လိုဖြစ်လဲ၊ ကူးစက်လား မကူးစက်လား စောင့်ကြည့်နေတယ်။ လူတွေကို ကူးစက်တာ တယောက်မှ မတွေ့ရသေးပါဘူး။”

ဒီရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုရော ၀န်ကြီးချုပ်အနေနဲ့ ဘာတွေ တိုက်တွန်းချင်ပါသလဲ။
“ဒီဗိုင်းရပ်စ်ပိုးဟာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းသွားနိုင်တဲ့အတွက် ဒီပြင်တမျိုးများ ပြောင်းသွားရင် ကြောက်စရာမျိုးဖြစ်သွားမှာလေ။ ဒါကြောင့်မလို့ အမြန်ဆုံးရှင်းနိုင်အောင် အမြန်ဆုံး သုတ်သင်နေပါတယ်။ ဒီရက်အတွင်းမှာတော့ ခဏလေး ကြက်သားကြက်ဥ စားတာ ခဏရှောင်စေချင်တာပေါ့။”

By ပီတာအောင်
DVB TV News

pharkant-machin-620.jpg
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA
ခုတက်လာတဲ့အစိုးရသစ်က ကျောက်စိမ်းတူးဖော်ခွင့် ရုတ်တရက် ရပ်ဆိုင်းလိုက်ရင် ဆက်တူးနိုင်မှာမဟုတ်လို့ ကျောက်တွေဆက်ရှာနိုင်အောင် အရင်ကလို ကျောက်ရှာပြီးမှ မြေစာစွန့်တဲ့ စနစ်ကိုမလုပ်တော့ဘဲ ကုမ္ပဏီ ပိုင်ဝင်းတွေမှာပဲ ပုံထားတဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတွေ အလုပ်ရှားပါးနေပါတယ်။

အရင်ကလို ခုတူးခုကျောက်စိမ်းရှာရင် အချိန်ကြန့်ကြာနေမှာမို့ မြန်မြန်ဆန်ဆန်တူးနိုင်အောင် ဒီစနစ်ကျင့်သုံးတာ လို့ ဖားကန့်ဒေသခံ ဦးဇော်မိုးထက်က ပြောပါတယ်။

"ကုမ္ပဏီပိုင်ဝင်းအတွင်းမှာ ပုံတယ်ဆိုတာက တကယ်လို့ ဒီအစိုးရသစ်က ကျောက်စိမ်းတူးဖော်တာတွေ ရပ်လိုက်ရင် ကိုယ့်ဝင်းထဲမှာ မြေညှိသလိုလိုဘာလိုလိုနဲ့ ပြန်ရှာမလို့"

ဒါဟာ ကျောက်မရှာရသေးတဲ့ တူးပြီးသားမြေသားတွေကို စုဆောင်းထားတဲ့ သဘောမျိုးဖြစ်ပြီး အစိုးရသစ်တက်လာ ပြီးနောက်ပိုင်းမှာ အချိန်ကုန်မခံနိုင်ဘဲ ၂၄ နာရီမပြတ် စက်ယန္တရားကြီးတွေသုံးပြီး အလွန်အကျွံတူးဖေါ်လာနေ တာတွေ့ရတယ်လို့ ပြောပါတယ်။

စွန့်ပစ်မြေစာပုံတွေကိုလည်း အရင်ကလို အမြင့်ကြီးမပုံတော့တဲ့ အတွက်မြေစာပုံထပ်ပြိုတဲ့ သတင်းမကြားရတာ လို့လည်း မှတ်ချက်ပေးပါတယ်။

ဒီအကြောင်း လူထုအကျိုးဆောင် သတင်းထောက် ဦးဇော်မိုးထက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

ဧပြီ ၁၇ ရက်က အီကွေဒေါနိုင်ငံ ပို့တိုဗိုင်ဂျိုမြို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သော အဆောက်အအုံကို တွေ့ရစဉ် (Photo: AFP)

အီကွေဒေါတွင် ဆယ်စုနှစ်များစွာအတွင်း အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေမှာ ၂၇၂ ဦးအထိ မြင့်တက်လာပြီ ဖြစ်သည်။ သို့သော် ထိုပမာဏသည် သေချာပေါက်ထပ်မံမြင့် တက်ဦးမည်ဟု သမ္မတက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

သေးငယ်သည့် တောင်အမေရိကနိုင်ငံတွင် ဧပြီ ၁၆ ရက်နှောင်းပိုင်းက ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ ခရီးသွားများကြား၌ ထင်ရှားသော အီကွေဒေါ ပစိဖိတ် ကမ်းရိုးတန်းတစ်လျှောက်မှ ဟိုတယ်များ၊ နေအိမ်များပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုငလျင်ကြီးအပြင် နောက်ဆက်တွဲငလျင် ဒါဇင်ပေါင်းများစွာ ထပ်မံလှုပ်ခတ်ခဲ့ပြီး ဒဏ်ရာရသူ ၂၀၀၀ ကျော် ရှိခဲ့သည်။

ကုန်းတွင်းပိုင်းကျသည့် မြို့တော်ကွီတို့တွင်မူ အဆောက်အအုံ ပြိုကျခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းတို့ မရှိခဲ့ပေ။ နိုင်ငံ၏ အဓိကကျသော ရေနံတူးဖော်ရေး လုပ်ငန်းများလည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ အိမ်နီးချင်း ကိုလံဘီယာ၊ မက္ကဆီကိုနှင့် အယ်ဆာဗေးဒိုးတို့တွင်လည်း ငလျင်ဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ ကိုလံဘီယာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းတို့နိုင်ငံတွင် ငလျင်ကြောင့် လူငါးဦး သေဆုံးခဲ့ဟု သိရသည်။

အီကွေဒေါ ကမ်းရိုးတန်း၏ ၁၅ ကီလိုမီတာ အကွာတွင် ရှိသော ပို့တိုဗိုင်ဂျိုမြို့တွင် ငလျင်ကြောင့် အကျဉ်းထောင်တစ်ခု၏ နံရံ ပြိုကျခဲ့ရာ အကျဉ်းသား ၁၀၀ ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ပြန်လာသူနှင့် ပြန်ဖမ်းမိသူအချို့ ရှိသော်လည်း အများအပြားကို လိုက်လံရှာဖွေနေဆဲ ဖြစ်သည်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် နေရာများတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။ ငလျင်လှုပ်ခတ်စဉ်က ဗာတီကန်သို့ သွားရောက်နေခဲ့သည့် သမ္မတ ရာဖေးကော်ရီရာသည် ထိုခရီးစဉ်ကို အတိုချုံး၍ ပြန်ရောက်လာပြီဖြစ်ကာ ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံသည် ပစိဖိတ်မီးကွင်း ဒေသပေါ်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှုကို မကြာခဏ ခံစားရသည်။ တစ်မိနစ် ကြာမြင့်ခဲ့သည့် ယင်းငလျင်ကြီးသည် အီကွေဒေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်း သိရသည်။

ရစ်ခ်ျတာစကေး ၇ ဒသမ ၈ အဆင့်ရှိ အီကွေဒေါ ငလျင်၏ စုစုပေါင်းပြင်းအားသည် ရစ်ခ်ျတာစကေး ၇ အဆင့်ရှိသည့် ဂျပန်ငလျင်ထက် အဆပေါင်း ၂၀ ပိုမိုပြင်းထန်သည်ဟု ဗြိတိန် Open တက္ကသိုလ်မှ ဘူမိသိပ္ပံပါမောက္ခ ဒေးဗစ်ရိုသရီက ဆိုသည်။ ဧပြီ ၁၆ ရက်က ဂျပန်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ထိုငလျင်ကြောင့် သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိခဲ့သည်။ သို့သော် ထိုငလျင်နှစ်ခုကြားတွင် ပတ်သက်ဆက်နွှယ်မှု မရှိဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ဥရောပသမဂ္ဂ၏ သံတမန်ချုပ် ဖီဒရီကာမိုဂါရီနီတို့က အီကွေဒေါ ငလျင်နှင့် ပတ်သက်၍ ထပ်တူထပ်မျှ ၀မ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး အကူအညီများပေးရန် အဆင်သင့် ရှိနေကြောင်းလည်း ဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ငလျင်ဒဏ်သင့်သူများအတွက် ဆုတောင်းပေးရန် တိုက်တွန်းခဲ့သည်။ လက်ရှိတွင် ဆွစ်ဇာလန်၊ စပိန်၊ ပီရူး၊ မက္ကဆီကိုတို့မှ အတွေ့အကြုံရှိ ကယ်ဆယ်ရေးသမားများ ရောက်ရှိနေပြီဟု သိရသည်။

Ref: AFP
Eleven Media Group

ဓါတ်ပုံ ခင်မြင့်မောင်(မြစ်ခြေ)

မြန်မာနှစ်ဆန်း(၁)ရက်နေ့က နိုင်ငံတော်သမ္မတကြီးရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ယူနတီဂျာနယ် သတင်းထောက်(၄)ဦးအနက် ကိုသဲရာဇာဦးကို မဇ္ဈိမ မကွေးသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဇ္ဈိမ- မင်္ဂလာပါအစ်ကို။ အစ်ကို အခုလို လွတ်မြောက်လာတာ ဝမ်းသာပါတယ်။ အခုအစိုးရသစ်လက်ထက်မှာရော မီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲ။ ဘယ်လို ယုံကြည်ထားသလဲ။

ကိုသဲရာဇာဦး- ဘာယုံကြည်သလဲဆိုတော့ ကျွန်တော်တို့က ဒီNLDအစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်ကတော့ အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကထက် အများကြီးရလာနိုင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အပိုင်း(၂)ပိုင်း စဉ်းစားကြည့်မိတယ်။ အစိုးရပိုင်းရယ်၊ တပ်ပိုင်းဆိုင်ရာရယ်။ ဒါလေးက ပြန်စဉ်းစားစရာပေါ့နော်။ဆိုလိုတာက ဒီအစိုးရပိုင်းမှာတော့ မီဒီယာအနေ နဲ့ လွတ်လွတ်လပ်လပ် ဝေဖန်ထော်ပြလို့ရနိုင်မယ်။ တပ်ပိုင်းဆိုင်ရာကတော့ လက်ရှိအချိန်မှာ အကဲဆတ်တဲ့အနေအထား ရှိနေသေးတဲ့အတွက် တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကိုတော့ ကျွန်တော်တို့သတိထားပြီး လုပ်ရမယ်။ သတိထားပြီး ရေးရမယ့် အနေအထားရှိနေသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရင် mindset တွေက မပျောက်သေးဘူး။ အဲဒါကြောင့် ကျွန်တော် က(၂)ပိုင်းလို့ မြင်တာ။ တပ်ပိုင်းဆိုင်ရာသတင်းတွေကိုတော့ အရင်လိုပဲ သတိထားပြီး လုပ်ရကိုင်ရဦးမယ့် အခြေအနေလို့ပဲ မြင်တယ်။

မဇ္ဈိမ- အစ်ကိုဆိုလိုတာက တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို မီဒီယာသမားတွေအနေနဲ့ သတိထားရေးသား ဖော်ပြရဦးမယ်ပေါ့။ ဘာကြောင့်များ ဒီလိုတွေးမိတာလဲခင်ဗျ။

ကိုသဲရာဇာဦး- ဘာလို့လဲဆိုတော့ ကျွန်တော်တို့အစိုးရအဖွဲ့ပုံစံကလည်း အစ်ကိုသိတဲ့အတိုင်း ကာကွယ်ရေးဦးစီးချုပ်က သမ္မတ ထက်ပိုပြီး အာဏာရှိနေတဲ့အခြေအနေမှာဆိုတော့။ အစိုးရအဖွဲ့က ဖမ်းတာဆီးတာ၊ တရားဆွဲတာတွေဆိုတာက ပြည်ထဲရေးဝန် ကြီးဋ္ဌာနက လုပ်တာ။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စုဝန်ကြီးဆိုတာက ကာကွယ်ရေးဦးစီးချုပ်က ခန့်တာဆိုတော့ တပ် ပိုင်းဆိုင်ရာ သတင်းတွေကိုတော့ မီဒီယာသမားတွေ သတိထားရမယ့် အခြေအနေမှာတော့ ရှိတာပေါ့။

မဇ္ဈိမ- ဟုတ်ကဲ့။ အစ်ကိုအနေနဲ့ မီဒီယာအလုပ်ကိုပဲ ပြန်လုပ်ဦးမှာလား။

ကိုသဲရာဇာဦး- ဆက်ပြီးတော့ လုပ်ရမှာပေါ့။ ကျွန်တော်တို့ကို ထောင်(၁၀)နှစ် စချကတည်းက ကျွန်တော်ထင်တယ်။တပ်ကနေပြီး တော့ သူတို့နဲ့သက်ဆိုင်တဲ့ကိစ္စတွေကို မီဒီယာသမားတွေ မတို့ဖို့မထိဖို့ စံပြအနေနဲ့ ထောင်ချခဲ့တာ။ ဒါကို ကျွန်တော်တို့ ကြောက်ရွံ့သွားစရာမလိုဘူး။ ယုံကြည်ချက်တွေ ပျောက်သွားစရာမလိုဘူး။ ထောင်ကလွတ်တော့လည်း ကျွန်တော်တို့ယုံကြည်ချက်တွေ ပျောက်မသွားဘူး။ မီဒီယာလောကထဲမှာပဲ ကျွန်တော်တို့ ယုံကြည်ချက်အတိုင်း ရှိနေဦးမယ်။

မဇ္ဈိမ- ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးပါပဲ အစ်ကို။

ကိုသဲရာဇာဦး- ဟုတ်ကဲ့ ကျွန်တော်လည်း အခုလိုဖြေကြားခွင့်ရတာ မဇ္ဈိမသတင်းဋ္ဌာနကို ကျေးဇူးတင်ပါတယ်။
Mizzima - News in Burmese


နေပြည်တော်၊ ဇေယျာသီရီ မြို့ နယ်ရှိ အစိုးရမှထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက် နှင့် ပုံနှိပ်စက်ရုံများ တည်ဆောက်ထားသည့် မူလမြေပိုင်ရှင်များဖြစ်သည့် ဝဲကြီးကျေးရွာမှ တောင်သူ ၁၆ ဦးသည် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

နေပြည်တော် ပုဗ္ဗသီရီမြို့ နယ် ဝဲကြီးကျေးရွာသားများပိုင်ဆိုင်သည့် လယ်ယာမြေများကို သတင်းစားတိုက် တည်ဆောက်ရန်အတွက် တောင်သူအများစုကို နစ်နာကြေးပေးလျော်ခြင်းမရှိကာ တောင်သူများပိုင်ဆိုင်သည့် လယ်ယာမြေဧက ၆၀၀ ခန့် ကို ၂၀၀၀ ခုနှစ်မှစတင်ကာ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အများစုကို နစ်နာကြေးမပေးတဲ့အပြင် ဧက ၁၀၀ လောက်ပေါ်မှာ သတင်းစာတိုက်ဆောက်ထားပြီး ကျန်တဲ့မြေဧက ၅၀၀ လောက်ကို ဒီတိုင်းထားပြီး မူလပိုင်ရှင်တွေကို နစ်နာကြေးမပေးတဲ့အပြင် မူလပိုင်ရှင်တွေကပြန်တောင်းတော့ အမှုဆင်ဖမ်းပြီး ထောင်ချတာခံခဲ့ရတာ” ဟု ပြန်လည်လွှတ်မြောက်လာသည့် ဝဲကြီးရွာသား ကိုဇော်လတ်ကပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဆောင်ရွက်ခဲ့သည့် ကိုဇော်လတ် အပါအဝင် ၀ဲကြီးရွာသား ၆ ဦး၏ နေအိမ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ည ၁ နာရီအချိန်ခန့်က ရာနှင့်ချီသော ရဲတပ်ဖွဲ့ ဝင်များက လာရောက်ဖမ်းဆီးရာမှတစ်ဆင့် ဝဲကြီးရွာသူရွာသားများ နှင့် ရဲတပ်ဖွဲ့ ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ များနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် ဝဲကြီးရွာသား ၂၁ ဦးကို ဇေယျာသီရီမြို့ နယ် ရဲစခန်း ၊ ပုဗ္ဗသီရီမြို့ နယ် ကျည်တောင်ကန်ရဲစခန်း နှင့် ထုံးဘိုရဲစခန်းများက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ဝဲကြီး ရွာသား ၂၁ ဦးကို ထောင်ဒဏ်အနည်းဆုံး ၁ နှစ် မှ ၈ နှစ်အထိ ကျခံရန် ပုဗ္ဗသီရီမြို့ နယ် တရားရုံးက အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ၂၁ ဦးအနက် နှစ်ဦးမှာ လွတ်ရက်စေ့သဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ပြန်လည်လွတ်မြောက်လာကာ ၃ ဦးမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

သာယာဝတီထောင်၊ အိုးဘိုထောင်၊ ထုံးဘို ရဲဘက် ကျောက်ထုတ်လုပ်ရေးစခန်း၊ ဘဲလင်းရဲဘက်ကျောက်ထုတ်လုပ်ရေးစခန်း၊ ကင်းသာ ရဲဘက်ကျောက်ထုတ်ရေးစခန်း၊ ပုဂံညောင်ဦးထောင် နှင့် တောင်ငူထောင်တို့ တွင် ကျန်ရှိနေသည့် ဝဲကြီးရွာသား ၁၆ ဦးမှာ သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၀၁ ၊ ပုဒ်မခွဲ (၁) ဖြင့် အကျဉ်းထောင် ၂၅ ခု မှ အကျဉ်းသား စုစုပေါင်း ကျား/မ ၈၃ ဦး ဧပြီလ ၁၇ ရက်က လွတ်မြောက်ခဲ့သည်။

Mizzima - News in Burmese


ဧပြီလ ၈ ရက်နှင့် ဧပြီလ ၁၇ ရက်က နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသည့်အတွက် အစိုးရသစ်ကို ကျေးဇူးတင်ကြိုဆိုကြောင်းနှင့် ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက်စာရင်းကို အစိုးရအနေဖြင့် အတိအကျဖော်ပြစေချင်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး လိုက်လံဆောင်ရွက်ပေးသူ ဦးထွန်းကြည်က ပြောသည်။

ယခုတက်လာသော အစိုးရသည် ဒီမိုကရေစီအစိုရဖြစ်သည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁/၂၀၁၆ အမှတ် ကြေညာချက်ဖြင့် နိုင်/ကျဉ်းများ လွတ်လာသည့် အတွက် ယုံကြည်ကြောင်း၊ သို့သော် မည့်သည့်ပုဒ်မ မည်သို့သော အမှုများဖြင့် လွှတ်ပေးသည်ကိုမူ အတိအကျ ထုတ်ပြန်စေချင်ကြောင်း ဦးထွန်းကြည်က ပြောသည်။

"ဘယ်သူတွေကို လွှတ်ပေးလိုက်တယ်။ ဘယ်ပုဒ်မတွေနဲ့ လွှတ်ပေးလိုက်တယ်။ ဘယ်ထောင်ကနေ လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ အဲဒါကိုတော့ ထင်သာမြင်သာဖြစ်စေချင်တယ်။ ပြီးသွားတဲ့ ၈ ရက်နေ့က လွှတ်သွားတာနဲ့ ပတ်သက်လို့ကတော့ ၁၉၉ ယောက်သာပြောတာ။ တကယ့်တကယ်ကျတော့ ဘယ်သူတွေလဲ။ ဘယ်ထောင်ကလဲ။ဘယ်ပုဒ်မကလဲဆိုတာ တိတိကျကျမသိရတဲ့အတွက် အရင်အစိုးရအဟောင်းလို ဖြစ်မှာကိုပဲ စိုးရိမ်မိတယ်။ အဲဒီအတွက် သမ္မတကြီးဦးထင်ကျော်ကိုရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ဒီနေရာကနေ တိုက်တွန်းအကြံပြုချင်တာကတော့ စာရင်းကိုတော့ တိတိကျကျ ခိုင်ခိုင်မာမာလေး ထုတ်ပြန်ကြေညာပေးပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်" ဟု ဦးထွန်းကြည်က ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ လွတ်မြောက်စာရင်းတွင် မည်သူကလွတ်မြောက်သင့်ကြောင်း၊ မည်သူကတော့ မလွတ်မြောက်သင့်ကြောင်းကို နိုင်ငံရေးအကျဉ်းသားများ၏အရေး ဆောင်ရွက်နေသူများ၏ လက်ထဲတွင် ကောက်ယူထားသော စာရင်းများနှင့် စစ်ဆေးတိုက်စစ်ကာ လွတ်မြောက်စာရင်းလုပ်ချင်ကြောင်းလည်း ဦးထွန်းကြည်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော်လည်း ပြစ်မှုကြီးကျူးလွန်သူများ ပါရှိခဲ့သောကြောင့် ပြည်သူများအနေဖြင့်လည်း မလုံခြုံမှုများနှင့် စိုးရိမ်မှုများရှိခဲ့သောကြောင့် ယခုလို အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးသည့်အတွက် ဝမ်းသာမိကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယခုအခါ အမှုရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ လေးရာကျော်ဖြစ်ပြီး၊ အကျဉ်းထောင်ထဲတွင် ၁၂၁ ယောက်ကျန်ရှိနေကြောင်း၊ ထိုသူများလွတ်မြောက်စေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိကြောင်းလည်း ဦးထွန်းကြည်က ပြောကြားခဲ့သည်။
Mizzima - News in Burmese

 water-shortage-620.jpg ရေခမ်းနေတဲ့ ချောင်းတစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်က ကျေးရွာပေါင်း ၂၀လောက်က လူဦးရေ ၅သောင်းကျော်ဟာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် အရေးပေါ် အကူအညီလိုအပ်နေပါတယ်။

သနပ်ပင်မြို့နယ်အတွင်းက သစ်ခုံရွာကုန်း၊ ကပင်၊ အောင်ဘုံ၊ ကျွဲတဲ၊ နတ်ရေကန် စတဲ့ ကျေးရွာပေါင်း ၂၀ လောက် မှာ ရေတွင်းရေကန်တွေ ခမ်းခြောက်သွားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ပြောပါတယ်။

"ကျေးရွာ ၂ဝ လောက် သောက်သုံးရေမရှိတော့ဘူး၊ ရေကန်တွေက ခန်းကုန်တာရှိတယ်၊ အန်ကယ်က ဌာန ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သွားလှူဖို့ အစီအစဉ်ဆွဲနေတယ်၊ ရေပြတ်တာ ကတော့ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက စပြတ်တာ၊ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာပေါ့နော်၊ သနပ်ပင်က ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် သောက်သုံးရေပြတ်တဲ့ အဆိုးဆုံးမြို့နယ်တစ်ခုဖြစ်တယ်"

ကသစ်ခုံရွာကုန်းမှာ အိမ်ခြေ ၂၀၀ ၀န်းကျင် နဲ့ လူဦးရေ ၇၀၀ လောက်ရှိတာကြောင့် သောက်ရေအတွက် တစ်နေ့ကို ရေဂါလံ တစ်ထောင်လောက် လိုအပ်နေပြီး လတ်တလောမှာ သုံးရေလည်း ရှားပါးလာကြောင်း ရွာသား ဦးစိုးသိန်း က ပြောပါတယ်။

"ကသစ်ခုံရွာကုန်းက တော်တော်လေးကို အခြေအနေဆိုးတယ်၊ သုံးရေကလည်း သိပ်မကောင်းတော့ဘူး၊ နေက လည်း ပြင်းတဲ့အခါကတော့ သောက်ရေက အခက်အခဲဖြစ်တယ်၊ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ခပ်လို့မရပဲ၊ သနပ်ပင်အရှေ့ခြမ်း ရွာတိုင်းလိုဖြစ်နေကြတယ်"

ကသစ်ခုံရွာကုန်းကျေးရွာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်က လှူဒါန်းထားတဲ့ ရေဂါလံ တစ်ထောင်ဆံ့တဲ့ ယာယီရေလှောင်ကန် ၁၀ ခု လောက်ရှိပြီး လာလှူတဲ့ရေတွေကို အဲ့ဒီထဲမှာ သိုလှောင်ထားရတာဖြစ်ပါတယ်။

မိုးရေလှောင်ကန်တွေထဲကို ရေငန်စိမ့်ဝင်မှုကြောင့် သောက်သုံးလို့ မရတော့ဘဲ လတ်တလော မှာ အဲ့ဒီရေတွေကို သုံးရေအဖြစ် အသုံးပြုနေရတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သနပ်ပင်မြို့နယ်မှာ ကျေးရွာ ၁၀ ရွာလောက်သာ ရေပြတ်လပ်ခဲ့ပြီး ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုကြောင့် လာမယ့် မေလကုန်အထိ ကျေးရွာ ၄၀ ကျော်လောက်မှာ ရေပြတ်လပ်မှုတွေ ကြုံလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

သနပ်ပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

 hpa-an-police-trash-620.jpg ဘားအံမြို့မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၁၈ ရက်နေ့ကတွေ့ရစဉ်
ဓါတ်ပုံ - ဘားအံသတင်း

ဘားအံမြို့မှာရှိတဲ့ မြို့မရဲစခန်းအနီးတ၀ိုက်နဲ့ မြို့မဈေးတ၀ိုက်မှာ ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က ဒီနေ့ စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြပါတယ်။

သင်္ကြန်ကာလမှာ စွန့်ပစ်ခဲ့တဲ့အမှိုက်တွေ များနေတာကြောင့် ရဲတွေစုပေါင်းပြီး မြို့တော်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ကြတာလို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

"စခန်းရှေ့က အဲ့ဈေးရှေ့လမ်း သူတို့စခန်း သူတို့လုပ်ကြတာလေ၊ ကျနော်တို့က ကိုယ့်ဝင်းရှေ့မှာ အမြဲတန်းလုပ်နေကြတာလေ၊ အမှိုက်ကောက် သန့်ရှင်းရေလုပ်ကြတာပါ"

ဘားအံမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်ကာလမှာလည်း ပြည်သူတွေ လုံခြုံရေးအတွက် မြို့အဝင်အထွက်တွေမှာ တုတ်၊ ဓား လက်နက်ရှာဖွေတာတွေ၊ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
RFA

ကချင်ပြည်နယ် ရှေ့တန်းေ၇ာက်ရှိနေသည့် အစိုးရစစ်သားများ
သင်္ကြန် ပြီးနောက် မြန်မာ အစိုးရတပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာချုပ် လိုင်ဇာ အနီး ရှေ့တန်းစခန်းငယ် တစ်ခုကို ဧပြီ ၁၇၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ နမ့်ဆန်ယန် (Nam San Yang) အနောက်ဘက် KIA တပ်ရင်း ၁၈ အောက် ပြည်သူ့စစ် MHH အဖွဲ့များရှိရာ ပေါင်စေး (Pau Se) ရှေ့တန်း စခန်းငယ်သို့ အစိုးရတပ်များ ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လိုင်ဇာမှ KIA ဒုဗိုလ်မှုးကြီး နော်ဘူ ကချင်သတင်းဌာကို KNG ကို ပြောပါသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ နာရီပိုင်းခန့်လောက်သာဖြစ်ပြီး ထိခိုက်မှုစာရင်းရှိသော်လည်း အသေးစိတ် မဖော်ပြနိုင်သေးကြောင်း သူက ဆက်ပြောပါသည်။

အစိုးရတပ်သည် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီး တလျှောက် နမ့်ဆန်ယန် (Nam San Yang)၊ ဂန်ဒေါင်ယန် (Gang Dau Yang) နှင့် အခြားကျေးရွာများတွင် ကျန်ရှိနေသော ပြည်သူများကို ဧပြီလအတွင်း အကုန်ပြောင်းရွေ့ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ထို့အပြင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာပြီးနောက် မြစ်ကြီးနားမှ လိုင်ဇာ သွားရာတွင် အသုံးပြုသည့် မိုင်ဆက်ပါ (Maisak Pa) လမ်းကြောင်း ကိုလည်း ယခု လဆန်းပိုင်းမှ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် တပတ်အလို ဧပြီ ၇ နှင့် ၈ တွင် အစိုးရတပ်မှ KIA ဌာနချုပ် လိုင်ဇာအနီး တပ်ရင်း ၁၈ ၏ ဆွတ်ရှန်စခန်း (Sut Shang Post) နှင့် အင်ဘူကောင်စခန်း (Nbu Kawng Post) တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ယခုတိုက်ခိုက်မှုသည် နှစ်သစ်ကူးအပြီး အစိုးရတပ်မှ KIA ကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုဖြစ်ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

[youtube src="ZS1gdDMZlUw"/]
သင်္ကြန် ကာလအတွင်း မြဝတီမြို့နယ်မှာ ရာချီတဲ့ လက်နက်အမျိုးအစားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး - ဖိုးစီ
DVB TV

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.