04/21/16


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်သက်တမ်းငါးနှစ်အတွင်း Sky Net ရုပ်သံလိုင်း အခမဲ့တပ်ဆင်ပေးမည်ဟု Sky Net ရုပ်သံ လိုင်းပိုင်ရှင် ရွှေသံလွင်ဦးကျော်ဝင်းက ကမ်းလှမ်းခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ''ဒုတိယအကြိမ် လွှတ်တော်စ,တော့ Sky Net ဦးကျော်ဝင်းကိုယ်တိုင်လာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို Sky Net ရုပ်သံလိုင်းတွေ တပ်ပေးမယ်ပြောလို့ ကျွန်တော်တို့ကလည်း သဘောတူလိုက်တယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ပစ္စည်းကို တန်ဖိုး အကန့်အသတ်နဲ့ မယူဖို့ သတ်မှတ်ချက် ထွက်လာတော့ ဒီကိစ္စက အေးသွားတယ်။ ရမယ်ဆိုတော့ သာမန်ကိုယ်စားလှယ်တွေက ၀မ်းသာတာပေါ့။ ယူကြမယ်လို့လည်း လက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်ထွက်လာမှ အေးသွားပေမယ့် အစီအစဉ်ပျက်သွားတာ မဟုတ်ဘူး။ အခြေအနေတခုမှာ ပြန်ကြိုးစားမယ်လို့ ကျွန်တော်မြင်တယ်''ဟု မြောက်ပိုင်းခရိုင်အတွင်းရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်တဦးက ပြောသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များ ကျယ်ပြန့်စွာသိရှိစေရန် Sky Net တပ်ဆင်ပေးလိုကြောင်း ရွှေသံလွင် ဦးကျော်ဝင်းက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများထံ လာရောက်ဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ တပ်ဆင်ပေးမှုကြောင့် အခွင့်အရေးတစုံတရာ ရစေမည်မဟုတ်ဟု ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့က ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
''ရွှေသံလွင်ဦးကျော်ဝင်းက လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ဦးဖြိုးမင်းသိန်းတို့ ရှေ့မှာ သူ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်လို့ တပ်ပေးချင် တယ်ပြောတော့ လွှတ်တော် ဥက္ကဋ္ဌရော၊ ၀န်ကြီးချုပ်ကပါ ဒီလိုလုပ်ပေးတဲ့အတွက် ဘာအခွင့်အရေးမှရမှာ မဟုတ်ဘူး ပြောတယ်။ ဦးကျော်ဝင်းတို့ဘက်ကလည်း အခွင့်အရေး လိုချင်လို့လာတာ မဟုတ်ပါဘူး။ မယူမနေရတော့ မဟုတ်ဘူး။ စာရင်းပေးတဲ့သူတွေ ရှိတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေ ဘာမှ သူတို့ဘက်က မယူဘူးပြောတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုသည်။

''Sky Net က ငါးနှစ်စာ အခမဲ့ ရုပ်သံစက်တပ်ပေးမယ်လို့ ပြောတယ်။ အဲဒီနေ့က လွှတ်တော်ကိုယ်စားလှယ်တွေ ရုပ်သံစက်ယူမယ့်သူတွေ စာရင်းပေးကြပါဆိုတော့ အများစုက ဘုမသိ ဘမသိနဲ့ အလကားရတယ်ဆိုပြီး စာရင်းပေးကြတယ်။ ကျွန်တော်နဲ့အတူ အချို့ကိုယ်စားလှယ်တွေကတော့ ဒါခရိုနီတွေက နှောင်ကြိုးနဲ့တုပ်ပြီး သူတို့အခွင့်အရေးအတွက် လုပ်မယ်ဆိုတာ သိနေလို့စာရင်းမပေးဘူး''ဟု ရုပ်သံစက်ယူရန် စာရင်းမပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မြန်မာ့စက်မှုဆိပ်ကမ်းမှ ကုန်သေတ္တာများအား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

    မြန်မာ့သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) မှ ပထမဆုံး အကြိမ်အဖြစ် အမေရိကန် ဒေါ်လာ သန်း ၄ဝ ကို ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း IFC အဖွဲ့ထံမှ သိရသည်။

အဆိုပါ အမေရိကန် ဒေါ်လာသန်း ၄၀ ကို ချေးငွေအဖြစ် ပံ့ပိုး ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အဆိုပါ ချေးငွေသည် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ အထိ အဆင့်ဆင့် ချေးငွေ အဆိုပြုချက်၏ ပထမအဆင့် ခွင့်ပြုလိုက်သည့် ထုတ်ချေးငွေ ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄ဝ ကို မြန်မာနိုင်ငံ၏ အထင်ကရ ကွန်တိန်နာ ဆိပ်ကမ်း နှစ်ခု အနက်မှ တစ်ခုဖြစ်သော အဓိက ရေလမ်းဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး နေရာ တစ်ခုဖြစ်သည့် မြန်မာ့စက်မှု ဆိပ်ကမ်း အတွက် ပံ့ပိုး ကူညီခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာ့စက်မှု ဆိပ်ကမ်းသည် ပိုမို ဖွံ့ဖြိုးလာမည် ဖြစ်ကာ အပြည်ပြည် ဆိုင်ရာ သင်္ဘောလိုင်း များနှင့် ပြည်တွင်း ကုန်သည်များ၏ မြင့်မားလာသော ဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်ကြောင်း မြန်မာ့ စက်မှုဆိပ်ကမ်း ထံမှ သိရသည်။

အဆိုပါ ချေးငွေဖြင့် နှစ်စဉ် ကွန်တိန်နာပေါင်း ငါးသိန်းအထိ တိုးတက်ကိုင်တွယ် ဆောင်ရွက်သွားရန် မျှော်မှန်း ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


    ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ ANA ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း တည်ထောင်သော နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေး ဝန်ဆောင်မှုသစ် Asian Blue လေကြောင်း ကုမ္ပဏီမှ မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း ကုမ္ပဏီကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၇ဝ ဒသမ ၈ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၊ Asian Blue လေကြောင်း ကုမ္ပဏီတွင် ANA ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းနှင့် ပြည်တွင်း အခြေစိုက် ရွှေသံလွင် ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

ဂျပန် လေကြောင်း ကုမ္ပဏီသည် ၂ဝ၁၄ ခုနှစ်က ပြည်တွင်း အခြေစိုက် နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်သော Asia wings ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာ-ဂျပန် နိုင်ငံတကာ လေကြောင်း ပြေးဆွဲမှုတွင် Air Asia ၊ Air China ၊ ဗန်ကောက် လေကြောင်းလိုင်း၊ ထိုင်း လေကြောင်းလိုင်း၊ မလေးရှား လေကြောင်းလိုင်း၊ ဗီယက်နမ် လေကြောင်းလိုင်းနှင့် ဂျပန် လေကြောင်းလိုင်း များက မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ အကြား လေကြောင်း ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။

 (Xinhua)
http://www.xinhuamyanmar.com


ရီပါတ်ဘလစ်ကင်ပါတီက Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက Hillary Clinton တို့ဟာ နယူးရောက်မှာ ကျင်းပတဲ့ ပဏာမ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့ ကြတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာသူတို့ ပါတီတွေရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းတွေ အဖြစ် အမည်စာရင်းတင်သွင်းခံရဖို့ သိပ်ကိုနီးကပ်လာပြီဖြစ်ပါတယ်။

အခုတော့ သူတို့ ၂ ဦးဟာ နောက်ထပ် ပြည်နယ် ၅ ခုမှာ ရှေ့သီတင်းပါတ်အတွင်း ကျင်းပမယ့် ပဏာမရွေးကောက်ပွဲတွေမှာ ဆက်ပြီး အနိုင်ရဖို့အရေး ရှေ့ရှုလုပ်ဆောင်နေပြီဖြစ်ပါတယ်။

လနဲ့ချီပြီးကြာတဲ့ အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲတွေထဲမှာ နောက်အရေးပါတဲ့ နေ့တနေ့ကတော့ ဧပြီလ ၂၆  ရက်နေ့ ဖြစ်ပါတယ်။  အဲဒီနေ့မှာ အမေရိကန် အရှေ့မြောက်ပိုင်း ပြည်နယ် ၄ ခု ဖြစ်တဲ့ Maryland ၊ Pennsylvania ၊ Connecticut နဲ့ Rhode Island ပြည်နယ်တွေမှာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ် ပါတီတို့ရဲ့ ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ ပဏာမ ရွေးကောက်ပွဲတွေ မတိုင်ခင် ကောက်ယူတဲ့ စစ်တမ်းတွေအရ အဲဒီနေရာတွေမှာ Trump နဲ့ Clinton တို့ဟာ သိသိသာသာ ရှေ့ဆောင်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ် အငယ်လေးတခုဖြစ်တဲ့ Delaware မှာလည်း အကြိုမဲပေးဖို့ ရှိနေပါတယ်။

Trump ရော Clinton ပါ ၂ ဦးစလုံး ကတော့ သူတို့ရဲ့ ပါတီတွေအတွက် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်အရွေးကောက်ခံရဖို့ တင်သွင်းမယ့် အမည်စာရင်း အတည်မဖြစ်ကြ သေးပါဘူး။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးဟာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ်ပါတီတွေရဲ့ ညီလာခံတွေ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင်တော့ အတည်ဖြစ်လာ နိုင်ပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပဏာမ ရွေးကောက်ပွဲမှာ နယူးရောက်ရဲ့ ရီပါတ်ဘလစ်ကင်ပါတီ ကိုယ်စားလှယ်မဲတွေ အားလုံးနီးပါး ရရှိခဲ့တဲ့ Trump က သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Texas အထက်လွှတ်တော်အမတ် Ted Cruz ဟာ သင်္ချာနည်းအရ တွက်ချက်ရင် သူဟာ ဇူလိုင်လလယ် ကျင်းပမယ့် ပါတီညီလာခံ မတိုင်ခင် အရေးရှုံးနိမ့်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Clinton ကတော့ ဇူလိုင်လ နှောင်းပိုင်းမှာ ကျင်းပမယ့် ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း အတင်သွင်း ခံရဖို့ သေချာလုနီးပါး ရှိနေပြီး အတင်သွင်းခံခဲ့ရရင် သူဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသမီး သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ဖို့အတွက် ထောက်ခံပေးမယ့် ကိုယ်စားလှယ်အရေအတွက် ၂၃၈၃ ဦးလိုအပ်သလို ရီပါတ်ဘလစ်ကင်ပါတီအတွက်တော့ ကိုယ်စားလှယ်အရေအတွက် ၁၂၃၇ ဦး လိုအပ်တာပါ။  အခု Donald Trump ကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၈၄၅ ဦးနဲ့    Hillary Clinton က ထောက်ခံ ကိုယ်စားလှယ်က ၁၈၈၇ ဦး ရရှိထားပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မီဒီယာကုမ္ပဏီကြီးတစ်ခုအား ငွေကြေးပေးအပ်ခြင်းမပြုရန် ပညာပေး၊ အသိပေးဟု ခေါင်းစဉ်တပ်ထားတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန် ချက်ဟာ ၂၀၁၆ ခုနှစ် ဧပြီလ (၂၀)ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ထိပ်တန်းသတင်းဖြစ်လာခဲ့ပါတယ်။ သမ္မတဦးထင်ကျော်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်မယ့်အစိုးရအဖွဲ့ဟာ အဂတိလိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ အသံကုန်ဟစ်နေတဲ့အခိုက်အတန့်မှာ မီဒီယာကုမ္ပဏီကြီးတစ်ခုရဲ့အပြုအမူဟာ အစိုးရသစ်ကို သွေးတိုးစမ်းလိုက်လေသလား စဉ်းစားစရာဖြစ်ပါတယ်။

အဂတိလိုက်စားမှုအလေ့အထများ အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားတဲ့ လက်ဆောင်ပစ္စည်းလက် ခံခြင်းနှင့်ပတ်သက်သည့်လမ်းညွှန်ချက်ကို မထေမဲ့မြင်ပြုလိုက်တာလို့လည်း ကောက်ယူနိုင်ပါတယ်။ အဲဒီတော့ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီလ (၂၀)ရက်နေ့စွဲပါ ပညာပေး၊ အသိပေးသည့် အကြောင်း ကြားစာ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

ပေးပို့ခဲ့တဲ့ အကြောင်းကြားစာပါဖော်ပြချက်တွေကိုကြည့်မယ် ဆိုရင်၊ သွေးတိုးစမ်းတဲ့၊ လက်တည့်စမ်းတဲ့၊ မထေမဲ့မြင်ပြုတဲ့ မီဒီယာကုမ္ပဏီ ကြီးရဲ့အမည်ကို သမ္မတရုံးရဲ့သတင်းထုတ်ပြန်တာမှာရော၊ သမ္မတရုံးက ပေးပို့ခဲ့တဲ့အကြောင်းကြားစာမှာရော ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်းမဖော်ပြ နိုင်ရတာလည်း နားမလည်နိုင်ပါ။ လာဘ်ပေးတဲ့၊ အဂတိလိုက်စားဖို့အားပေးတဲ့ မီဒီယာကုမ္ပဏီကြီးကို အထုပ်အထည်နဲ့မိနေတာတောင် ပြည်ထောင်စု အစိုးရအနေနဲ့၊ နိုင်ငံတော်သမ္မတရုံးအနေနဲ့ ဘာအကြောင်းကြောင့် ကုမ္ပဏီကြီးရဲ့အမည်ကို မဖော်ပြရတာလဲ မရှင်းမလင်းဖြစ်ရပါတယ်။ မီဒီယာ ကုမ္ပဏီကြီးရဲ့အမည်ဂုဏ်ဒြပ်ကို ထိခိုက်မှာစိုးလို့လား၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုထိခိုက်မှာမို့လို့လား၊ အဲဒီလားပေါင်းများစွာနဲ့မေးခွန်းတွေ အစီအရီထုတ်နေမိပါတယ်။ မီဒီယာကုမ္ပဏီကြီးရဲ့အမည်ကို ပွင့်လင်းမြင်သာမဖော်ပြတဲ့အတွက် အခြားမီဒီယာတွေလည်း အထင်အမြင်မှားခံရနိုင် တာကတော့ နောက်ထပ်ဘေးထွက်ဆိုးကျိုးတစ်ခုပါ။

ေ နာက် အများပြည်သူကို ပွင့်လင်းမြင်သာသိရှိနိုင်အောင် ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်ဟာ အချက်အလက်တွေပြည့်စုံဖို့အတော့်ကို လိုအပ်ပါတယ်။ လာဘ်ပေးတဲ့ မီဒီယာကုမ္ပဏီကြီးရဲ့အမည်သာမက၊ အဆိုပါမီဒီယာကုမ္ပဏီကြီးရဲ့ နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်ကို တက်ရောက် ခဲ့တဲ့ အစိုးရအဖွဲ့ဝန်ကြီးဌာနတွေက ပုဂ္ဂိုလ်တွေစာရင်း၊ အရေးကြီးပုဂ္ဂိုလ်၏ကိုယ်ရေးအရာရှိဟုဖော်ပြတာထက် သမ္မတ သို့မဟုတ် ဒုတိယသမ္မတ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးရဲ့ကိုယ်ရေးအရာရှိ၊ ဖြစ်နိုင်ရင် အဲဒီကိုယ်ရေးအရာရှိရဲ့အမည်တို့ကိုပါ ယှဉ်တွဲထုတ်ပြန်သင့်တာပါ။ အဲဒါမှသတင်း ထုတ်ပြန်တာဟာ ပိုမိုအချက်အလက်ပြည့်စုံနိုင်မှာဖြစ်ပါတယ်။ သတင်းထုတ်ပြန်တာကပြန်ကောက်ယူရင်၊ ဖိတ်ကြားဧည်ခံသူတွေကို နှစ်သစ်ကူး လက်ဆောင်တွေပေးခဲ့တာကတော့ အသေအချာပဲ။ အဲဒီမှာ ဒီထက်ရှင်းလင်းသင့်တာက ဘယ်လိုနှစ်သစ်ကူးလက်ဆောင်တွေပေးခဲ့တယ်ဆိုတာကို တိတိကျကျ၊ ထုတ်ပြန်ဖော်ပြနိုင်ရင် ပိုကောင်းပါတယ်။

ကိုယ်ရေးအရာရှိကို ငွေသားကျပ်သိန်း(၅၀)ပါအထုပ်ကိုပေးအပ်ရာ၊ သက်ဆိုင်ရာအရာရှိက ငွေသားမှန်းမသိသဖြင့်ယူဆောင်ခဲ့ပြီး၊ စစ်ဆေးကြည့်တဲ့အခါ ငွေသားတွေဖြစ်နေတဲ့အတွက် လမ်းညွှန်ချက်ပါအတိုင်း အထက်အရာရှိကိုတင်ပြခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီအခင်းအကျင်းမှာစိတ်ဝင်စားစရာကောင်းလာတာက အခြားဖိတ်ကြားဧည့်ခံသူတွေရခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်တွေက ရော၊ ဘာတွေလဲဆိုတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးအနေနဲ့၊ မီဒီယာကုမ္ပဏီကြီးဖက်ကိုလည်း အလွတ်သဘောမေးမြန်းစုံစမ်း မှတ်တမ်းယူနိုင်ဖို့ လိုအပ်မယ်ထင်ပါတယ်။ နှစ်သစ်ကူးလက်ဆောင်ထုပ်တွေဘယ်နှစ်ထုပ်ပြင်ဆင်ခဲ့သလဲ။ ဘာတွေပါသလဲ။ ဘယ်သူတွေကိုပေးခဲ့ သလဲ အပါအဝင် မေးခွန်းတစ်ချို့ကိုမေးမြန်း၊ အတည်ပြုကာ၊ ဖိတ်ကြားခံရတဲ့ဧည့်သည်တွေနဲ့ပတ်သက်လို့ ပြန်သုံးသပ်နိုင်တဲ့အခွင့်အရေးရနိုင်ပါ တယ်။ တရုတ်နိုင်ငံမှာ အဂတိလိုက်စားတာကို လူပုံအလယ်သေဒဏ်စီရင်နေတဲ့ကြားက အဂတိလိုက်စားတာတွေ၊ လာဘ်ပေးလာဘ်ယူတွေများလာ နေတာကို သင်ခန်းစာယူလို့ ကျနော်ကတော့ လက်ဆောင်လုံးဝမယူရေးဆိုတဲ့မူကို အစိုးရအဖွဲ့အားလုံးမှာ ချမှတ်သင့်တယ်လို့ အရင်ကဆွေးနွေးခဲ့ တာပါ။ လက်ဆောင်ကိုတန်ဘိုးတစ်ခုသတ်မှတ်ကာယူခွင့်၊ ပေးခွင့်ပြုထားတာကိုက အဂတိလိုက်စားဖို့၊ လာဘ်ပေးလာဘ်ယူဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေတာကိုလည်း ပြန်သုံးသပ်နိုင်ဖို့ သော့ချက်ကျမယ်ထင်ပါတယ်။

နို င်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန်ချက်တွင် မီဒီယာကုမ္ပဏီကြီးအနေဖြင့် ပေးအပ်သည့်ငွေကြေးသည် စေတနာဖြင့်ပေးအပ်သည့် တိုင်၊ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်ဟု ဖော်ပြထားတာကိုကြည့်ရင်၊ သမ္မတရုံးအနေနဲ့ မီဒီယာကုမ္ပဏီ ကြီးဖက် သိသိသာသာယိမ်းနေသလား ထင်မှတ်မှားစရာပင်ဖြစ်သည်။ ငွေကျပ်သိန်း(၅၀)ကို မီဒီယာကုမ္ပဏီကြီးက အရေးကြီးပုဂ္ဂိုလ်၏ကိုယ်ရေး အရာရှိအား စေတနာဖြင့်ပေးအပ်သည်ဟု ဘယ်လိုသုံးသပ်လိုက်ပါသလဲနားမလည်ပါ။ အခြေအမြစ်ကင်းမဲ့လွန်းတဲ့ဖော်ပြချက်ဖြစ်နေပါတယ်။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လာဘ်ပေးတာဟာလာဘ်ပေးတာပါ။ အဂတိလိုက်စားတာဟာ အဂတိလိုက်စားတာပါ။ နောက်ထုတ်ပြန် ထားတဲ့လမ်းညွှန်ချက်ဘောင်ထက်များစွာကျော်လွန်ပါသည်ဟုထုတ်ပြန်ချက်မှာဖော်ပြတာဟာ တော်ရုံတန်ရုံ၊ ဒါမှမဟုတ် နည်းနည်းပါးပါးကျော်ရင် ရတယ်ဆိုတဲ့သဘော စဉ်းစားရမလား ခေါင်းရှုပ်စရာပါ။ တကယ်တော့ နိုင်ငံတော်သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ စေတနာနဲ့ပေးတာတွေ၊ ဘာတွေ ထည့်စရာမလိုသလို၊ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်ဘောင်ထက်များစွာကျော်လွန်ပါသည်လို့ဆိုတာထက် အခြားသင့်တော်တဲ့အသုံးအနှုန်းမျိုး၊ မရှုပ်မထွေးစေမယ့်အသုံးအနှုန်းမျိုးကို ရွေးသုံးသင့်တာပါ။

ေ နာက် ပြည်ထောင်စုအစိုးရအနေနဲ့ အဂတိလိုက်စားမှု သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ဖို့ ဆောင်ရွက်မယ့်အစီအစဉ်ကို အများပြည်သူသိနိုင်အောင် ပွင့်လင်းမြင်သာချပြထားနိုင်ဖို့ကောင်းပါတယ်။ ပညာပေးကာလကဘယ်လောက်အထိလဲ။ အရေးယူတာကဘယ်တော့ စမှာလဲစတဲ့ မေးခွန်းတွေအတွက် တိကျတဲ့အဖြေတွေလိုအပ်နေပါတယ်။ ကောင်းတာကတော့ လွှတ်တော်အကြီးအကဲတွေ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေ၊ အစိုးရဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ဘယ်ပွဲတက်တက်၊ ရတဲ့လက်ဆောင်ကို အတိအကျသတင်းပို့ ဖို့ဆော်ဩထားနိုင်ရင်ကောင်းမယ်ထင်ပါတယ်။
သမ္မတဦးထင်ကျော်နဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့က မီဒီယာကုမ္ပဏီကြီးတစ်ခုရဲ့ငွေကြေးပေးအပ်တာနဲ့ပတ်သက်လို့ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့တာတွေကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နေပြည်တော်က အခြားမဏ္ဍပ်တွေမှာရော၊ ရန်ကုန်မှာရော၊ မန္တလေးမှာရော အဲဒီလိုလက်ဆောင်အုံနဲ့ကျင်းနဲ့ပေးခဲ့တာတွေရှိခဲ့သလား စုံစမ်းစစ်ဆေးဖော်ထုတ်၊ ပညာပေးရမှာက လက်ရှိအစိုးရရဲ့တာဝန်ဖြစ်ပါ တယ်။ သမ္မတရုံးအနေနဲ့ စာလေးထုတ်၊ ပို့ပေးလိုက်ရုံနဲ့ တစ်ခန်းရပ်မသွားပါ။ မီးခိုြးွကက်လျှောက် စုံစမ်းစစ်ဆေး၊ မှတ်တမ်းယူဖို့လိုအပ်သလို၊ မီး ခိုြးွကက်လျှောက် မေးမြန်းစုံစမ်း၊ မှတ်တမ်းယူနိုင်ဖို့လိုပါတယ်။ ပညာပေးကာလဖြစ်တဲ့အတွက် ဆက်လက်အရေးယူဆောင်ရွက်တာကို မလုပ်ပေမယ့်၊ မှတ်တမ်းရယူသင့်၊ ရယူထိုက်တာတွေကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းရယူနိုင်ဖို့ လိုအပ်ပါတယ်။

တကယ်တော့ မီဒီယာကုမ္ပဏီကြီးတစ်ခုက ကျပ်သိန်း (၅၀)နှစ်သစ်ကူးလက်ဆောင်ပေးတာကို ပြန်အပ်တယ်ဆိုတာကတော့ နှစ်ပေါင်း ငါးဆယ်ကျော် ပထမဆုံးကြားဖူးတဲ့အဖြစ်လို့ပြောနိုင်ပါတယ်။ တစ်သက်မှာတစ်ခါမှမကြားဘူးနိုင်ပေမယ့်၊ ဒီထက်ပိုများတဲ့ စိန်ခေါ်မှုတွေရှေ့လျှောက် ကြုံရလာနိုင်တာကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်မလဲ၊ ပြင်ဆင်ထားကြရမှာပါ။ သိန်း(၁၀ဝ)၊ သိန်း(၁၀ဝ၀)၊ သိန်း(၁၀ဝ၀ဝ) စသဖြင့် ခံနိုင်ရည်ရှိဖို့ အစိုးရတွေ၊ လွှတ်တော်တွေ အပါအဝင် ဝန်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာအသီးသီးကို တပ်လှန့်နှိုးဆော်ထားဖို့လိုအပ်ပါကြောင်း တိုက်တွန်းဆော် ဩလိုက်ရပါတယ်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
၂၀၊ ဧပြီလ၊ ၂၀၁၆

 AA ရခိုင် တပ်ဖက်က အကျအဆုံးရှိဘူးလိုဆို
ရခိုင့် တပ်မတော် AA နဲ့ အစိုးရတပ်တွေ ဧပြီလ ၂၀ ရက် မနက်က စပြီး ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။

အခုလ ၁၆ ရက်နေ့က စပြီးတိုက်ပွဲတွေ ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော် စတဲ့ မြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲ ဖြစ်ပွား နေတာလို့ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်တပ်ဖက်က AA ရခိုင့် တပ်မတော်ကို ထိုးစစ်တွေ ဆင်ပြီးတိုက်ခိုက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အနီးကပ် တိုက်ခိုက်တာတွေ ရှိသလို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

နှစ်ဘက် ထိခိုက်သေဆုံးမှု တွေလည်းရှိရာမှာ ဧပြီလ ၁၆ ရက်နေ့က တိုက်ပွဲအတွင်း ခလရ ၂၃၂ က တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း ကျဆုံးတယ် ဆိုတာ အစိုးရ ဘက်က ထုတ်ပြန်ထားပြီး သူအပါအဝင် အစိုးရ တပ်ဖက်က ၂၀ ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ လည်း ဦးခိုင်သုခက ပြောပါတယ်။

AA ဘက်ကတော့ အသေးစား ထိခိုက်ဒဏ်ရာရတာတွေပဲ ရှိပြီး ကြီးကြီးမားမား ဒဏ်ရာ ရတာနဲ့ ကျဆုံးတာတော့ မရှိဘူးလို့ သူကဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အစိုးရ စစ်တပ်ဖက်က တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်းဦးဆောင်တဲ့ စစ်ကြောင်းက AA တပ်တွေ ရဲ့ အမှတ်၂ စစ်ဒေသကို ထိုးဖောက် ဝင်ရောက်လာရာက တိုက်ပွဲတွေ ဖြစ်တာလို့ ဦးခိုင်သုခက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/


ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ပြီး သူ့အစိုးရလက်ထက်ဝန်ကြီးဟောင်းအချို့နဲ့အတူ ဖွံဖြိုးရေးစင်တာတခု ထူထောင်မယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်အနေနဲ့ သူသမ္မတ တာဝန်ယူစဉ်ကတည်းက ဒီလို စိတ်ကူးစိတ်သန်းမျိုးရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က စုံစမ်းမေးမြန်းထားတာပါ။

အဲဒီ ဖွံဖြိုးရေးစင်တကာကို ဖောင်းဒေးရှင်လေးခုနဲ့ အခြေပြုဖွဲ့စည်းမှာဖြစ်ပြီး၊ သမ္မတဟောင်း ဦးသိန်းစိန်က ဂုဏ်ထူးဆောင် နာကယအဖြစ် ဆောင်ရွက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဦးသိန်းစိန်စင်တာကို ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်း၊ မြန်မာနိုင်ငံပညာရေးဖောင်ဒေးရှင်း၊ လူငယ်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနဲ့ လူမှု၊စီးပွား၊ဘ၀ ဖွံဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းဆိုတဲ့ ဖောင်းဒေးရှင်လေးခုကို အခြေတည်ပြီး၊ ယခင် အစိုးရ၀န်ကြီးဟောင်းအချို့နဲ့ အကြံပေးအချို့ ဘုတ်အဖွဲ့ဝင်တွေ အဖြစ် ပါဝင်မယ်လို့ သတင်းထွက်နေတာပါ။ အဲဒီထဲ ပါဝင်တယ်ဆိုတဲ့ သတင်းထွက်နေတဲ့ လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးကို ဆက်သွယ်မေးမြန်းကြည့်တော့ အခုလို စင်တာထူထောင်မယ်ဆိုတာ ပြောဆိုလာခြင်းမရှိသေးပေမယ့်၊ ဦးသိန်းစိန်အနေနဲ့ အရင် သမ္မတတာဝန်ယူစဉ်ကတည်းက အနားယူရင် ပရဟိတာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးရှိထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေးလုပ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်ကတော့ ဒီ စင်တာလုပ်မယ်ဆိုရင်သူ့အနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ ပြောပါတယ်။

“အဲဒါကတော့ ကျနော့်ဆီကိုတော့ officially ရောက်မလာသေးဘူးဗျ။ အမေရိကမှာလည်းဒီအတိုင်းပဲလေ သမ္မတတယောက်ပြီးသွားတယ်ဆိုရင် ဒီ foundation တွေကို ဖွဲ့တက်တယ်လေ။ လူမှုရေးတို့ ပညာရေးတို့ အဓိကပေါ့နော် ။ အဲဒါတွေကို အဓိကလုပ်မှာဆိုတော့ ကျနော်တို့က guide လုပ်ပေးရတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည်ကလူတွေကောင်းဖို့အတွက်ပဲနော်။”

ဒီ စင်တာပါ ၀င်တယ်လို့ သတင်းထွက်နေသူတွေကတော့ ဒီသတင်းကို တိကျစွာအဖြေမပေးသလို ငြင်းဆိုမှုလည်း မလုပ်ကြပါဘူး။

သမ္မတဟောင်း ဦးသိန်းစိန် သမ္မတ တာဝန်ထမ်းဆောင်နေတုန်းမှာတော့ စင်တာလုပ်ဆောင်နိုင်ဖို့ ကာတာစင်တာက အကြံညဏ်တွေ အတွေ့အကြုံတွေကို အလွတ်သဘောမေးမြန်းတာတွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြောပါတယ်။

“သမ္မတကြီးအနေနဲ့ သူပြီးလို့ရှိရင် သူ့ရဲ့အတွေ့အကြုံတွေအနေနဲ့ ဒီပရဟိတလုပ်ငန်းဘာလုပ်လို့ရမလဲ ဆိုတာတော့ စဉ်းစားတာတော့ရှိတယ်။ ဒါပေမယ့် ဖောင်ဒေးရှင်းလုပ်မလား၊ ဘာလုပ်မလားဆိုတာတော့ ကျနော်အသေးစိတ်မသိဘူး။ သမ္မတကြီးရဲ့ ဖောင်ဒေးရှင်းတခုဖြစ်လို့ရှိရင်တော့ သမ္မတကြီးနဲ့ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်အပေါ်မှာ ပူးပေါင်းဆောင်ရွက်ချင်သူမှန်သမျှတော့ ကျနော်ထင်တယ်လေ ၀င်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှာလေ။ ၀န်ကြီးဟောင်းတွေ၊ အကြံပေးဟောင်းတွေ တင်မဟုတ်ဘူး အပြင်ကလူတွေလည်းပါလာမှာပါ။ ကာတာစင်တာကနေပြီးတော့မှ သမ္မတ ကာတာတို့ ကာတာစင်တာရဲ့ အတွေ့အကြုံတွေကို မေးတာတို့ရှိပါတယ်။ သမ္မတ ကာတာပြီးတော့ ကာတာစင်တာအနေနဲ့သူ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအများကြီးလုပ်နိုင်တယ်။ ဒီ ၅ နှစ်တာ အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့မှ နောင်မှ အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စမျိုး ဘယ်လိုလုပ်နိုင်မလဲဆိုတာမျိုးတို့ ကာတာစင်တာကိုကြည့်ပြီးတော့မှ ဒီဟာမျိုးတွေက ကောင်းတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။”

စင်တာကို ထူထောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေးဇာတ်ခုံ ပေါ်ပြန်လည် ရောက်လာဖို့ ရှိနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေသလို နိုင်ငံရေး ရေချိန်အရ နိုင်ငံရေးပြိုင်ဘက်တွေရှိဖို့လိုအပ်တာကြောင့် ရှိသင့်တယ်လို့ ယူဆနေ သူတွေလည်းရှိပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညိုကတော့

 “နိုင်ငံရေးဆိုတာက တဖက်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းလို့ခေါ်တဲ့ အတိုက်အခံတွေရှိရမယ်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းမရှိဘူးဆိုရင်တော့ ကြာလာရင် အာဏာရှင်ဖြစ်သွားတာမျိုးရှိတယ်။ တက်နိုင်သမျှပေါ့ ဒီအဖွဲ့အစည်းတွေ အားကောင်းတဲ့လူတွေပါဝင်တဲ့ အဖွဲ့အစည်းတွေလုပ်ရမယ်။ နိုင်ငံရေးအားကောင်းအောင် ဦးသိန်းစိန်တို့ ၊ နေဇင်လတ်တို့ ၊ ဦးကိုလှိုင်တို့ အဲဒီအဖွဲ့အစည်းထဲရောက်သွားမယ်ဆိုရင် ဘာလုပ်မယ်ဆိုတာကို ဆက်စောင့်ကြည့်ရမယ့်သဘောရှိတယ်။ အမေရိကန်ပြည်ထောင်စုနေရာမျိုးကျတော့လေ သမ္မတဟောင်းက အရမ်းအရေးပါတယ်။ သူ့အတွေ့အကြုံတွေကိုဆက်ပြီးသုံးရတာပေါ့လေ။ အဲဒီတော့သမ္မတဟောင်းတွေကိုသုံးတာက ကောင်းတဲ့အလားအလာရှိတယ်လို့ ဟိုမှာက ယူဆတယ်။ အစဉ်အဆက်အားဖြင့်တော့ ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာနဲ့ ရှိတဲ့နိုင်ငံတခုဖြစ်မယ် ပွင့်ပွင့်လင်းလင်းလုပ်မယ်ဆိုရင်တော့ ဒီအတွေ့အကြုံရှိတဲ့လူတယောက်က ထဲထဲဝင်ဝင်ပါလာရင်တော့ အလေးအနက်ထားပြီးတော့ လုပ်ကိုင်နိုင်ရင် အဆင်ပြေနိုင်မယ်လို့ထင်တယ်။ တိုင်းပြည်အတွက်လည်းကောင်းမယ်လို့ထင်တယ်။”

ဒီစင်တာကို ဘယ်လိုငွေကြေးတွေနဲ့လည်ပတ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတလျောက် ငွေကြေး ခဝါချမှုတွေ၊ လာဘ် ပေးလာဘ်ယူမှုတွေ မြင့်မားခဲ့တယ်လို့ စစ်တမ်းအချို့ကဖော်ပြထားမူတွေရှိနေပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ စင်တာရဲ့ဘဏ္ဍာ ငွေကို ပြည်တွင်းပြည်ပအနှောင်အဖွဲ့မပါတဲ့ ထောက်ပံ့ ပံ့ပိုးငွေ တွေနဲ့ရပ်တည်ဖို့ရှိပြီး လူမှုစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရှာာဖွေမယ်လို့သတင်းတွေထွက်နေ ပါတယ်။

မေလထဲမှာ အသင်းအဖွဲ့အစည်းအနေနဲ့ ရပ်တည်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့်၊ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 နိုင်ငံတကာလူငယ်ခေါင်းဆောင်ဆုပေးပွဲတွင်  မသဉ္ဇာရွှန်းလဲ့ရည် ဆုယူနေစဉ်
နိုင်ငံတကာလူငယ်ခေါင်းဆောင်ဆုပေးပွဲတွင် မသဉ္ဇာရွှန်းလဲ့ရည် ဆုယူနေစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၆ တက်သစ်စ လူငယ် ခေါင်းဆောင်ဆု 2016 Young Emerging Leaders Award ဆုချီးမြှင့်ခံရတဲ့လူငယ် ၁၀ ဦးထဲမှာ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

ဆုပေးပွဲအခန်းအနားကို ဒီကနေ့ ဗုဒဟူးနေ့ - ၀ါရှင်တန်စံတော်ချိန် မနက် ၁၀ နာရီကစလို့ ကျင်းပနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ အခမ်းအနားမှာ ကိုယ်တိုင်ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက်ကိုရဲခေါင်ကို ရှားဖောင် ကမေးမြန်းစဉ် သူကအခုလို စဖြေပါတယ်။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့ပါ မရှားဖောင်။ အခုအချိန်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ Benjamin Franklin ခန်းမထဲမှာ ဆုပေးပွဲအခန်းအနားကို ကျင်းပနေတာပါ။ အခုဆိုရင် အမေရိကန်ပညာရေးနဲ့ ယဉ်ကျေးမှုရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Evan Ryan က ကြိုဆိုနှုတ်ဆက် မိန့်ခွန်းပြောနေပါတယ်။ ပြီးရင်တော့ အမေရိကန်လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Richard Stengel ကနေပြီးတော့ အမှာစကားပြောကြားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဆုချီးမြှင့်ပွဲအခန်းအနားကျင်းပမှာဖြစ်ပါတယ်။

မရှားဖောင်။ ။ ဆိုတော့ အခုပေးအပ်တဲ့ဆုဟာ ဘယ်လိုသဘောသဘာဝရှိပြီးတော့ ဘယ်သူတွေကို ရွေးချယ်ပေးအပ်တာလဲရှင့်။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့။ အခုပေးအပ်တဲ့ဆုကတော့ ကမ္ဘာတ၀ှမ်းမှာ လူမှုရေးဆိုင်ရာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့တဲ့ ကမ္ဘာတ၀ှမ်းကလူငယ်တွေ ၊ လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ပြီး နှစ်စဉ်ပေးအပ်သွားမယ့် ဆုဖြစ်ပါတယ်။ ဒီနှစ်ကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးက မတူညီတဲ့ လူမျိုးဘာသာနဲ့ နောက်ကြောင်း နောက်ခံမတူညီတဲ့ လူငယ် ၁၀ ဦး ကို ဒီနှစ်ပေးအပ်ခဲ့ပါတယ်။ ဒီအထဲမှာဆိုရင်တော့ ထိခိုက်လွယ်တဲ့ အခြေအနေရှိတဲ့ လူငယ်တွေအတွက်အပြောင်းအလဲဖြစ်အောင် ၊ ပိုကောင်းတဲ့အခြေအနေဖြစ်လာအောင်ကြိုးစားနေတဲ့သူတွေ ဘာသာလူမျိုး မတူတဲ့ အုပ်စုတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုရလာအောင် interfaith dialogue ပေါ့နော် အဲဒီ ကြိုးပမ်းအားထုတ်နေတဲ့သူတွေ နောက် ဒီမိုကရေစီအပြောင်းအလဲဖြစ်နေတဲ့ နိုင်ငံတွေမှာ ချောမွေ့တဲ့အပြောင်းအလဲဖြစ်အောင် ကြိုးပမ်းအားထုတ်နေတဲ့လူငယ်တွေ အဲဒီလိုအမျိုးမျိုးလုပ်ဆောင်နိုင်တဲ့လူတွေပါပါတယ်။ အဲဒီထဲကမှ တဦးကတော့ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည် ပါဝင်ပါတယ်။ သူနဲ့ပတ်သက်လို့မေးမြန်းတဲ့အခါမှာတော့ မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်။ ။ “ဒီဆုကို ရတဲ့အခါမှာ ကျမအနေနဲ့ ၀မ်းသာတာက လှုပ်ရှားမှုပေါ့နော် အခက်အခဲတွေကြားထဲ လုပ်ခဲ့ရတာတွေလည်း ရှိတယ်။ မဆုတ်မနစ်နဲ့ ဆက်တိုက် စိန်ခေါ်မှုတွေကြားထဲက လုပ်ခဲ့ရတာတွေလည်းရှိတယ်။ ဒါတွေကို အသိအမှတ်ပြုခံရတဲ့အတွက်ကြောင့်မို့ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆုကို ချီးမြှင့်ပေးတဲ့အတွက် အများကြီး ၀မ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ တချိန်တည်းမှာလည်း အခု အမေရိကန်ပြည်ထောင်စုမှာ ကျမတို့ လာပြီးတော့ ဆုရတဲ့ လူငယ်အချင်းချင်း ဆွေးနွေးမှုတွေ လုပ်ရတယ်။ နောက် အသိပညာတွေ ဖလှယ်ရတဲ့အခါမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေက တခြားလူငယ်တွေက သူတို့နိုင်ငံတွေမှာရော ဒီလို အခက်အခဲတွေကြားထဲက လှုပ်ရှားမှုတွေ လုပ်ကြသလဲဆိုတဲ့ အဓိကက စိတ်ခွန်အားရပါတယ်။ စိတ်ခွန်အားတွေက ကျမအတွက် အများကြီး ရှေ့ဆက် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် တွန်းအားတွေပေးတယ်။ ဒါ့အပြင် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒါတွေကလည်း ဒီ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ရခဲ့တယ်။ နောက် အမေရိကန်လွှတ်တော်တွေကိုလည်း သွားရောက် လေ့လာပြီးတော့ အကြံပြုတာတွေကိုလည်း လုပ်ခဲ့ရတယ်။ ဒါတွေက နောက်ပိုင်းတွေ လူငယ်တွေရဲ့ ပါဝင်မှု၊ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း နိုင်ငံတကာစင်မြင့်မှာ ထပ်မံ တွေ့ရှိရဖို့အတွက်ကို အခွင့်အလမ်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒါကတော့ မသဉ္ဇာရွှန်းလဲ့ရည် ပြောပြသွားတာပါ။

မရှားဖောင်။ ။အခုအခန်းအနားကို တက်ရောက်လာသူ ဘယ်လောက်ရှိပြီးတော့ ၊ နောက်ဆုံးတွေ့ရတဲ့ အခြေအနေလေး ပြောပြပေးပါဦး။

ကိုရဲခေါင်။ ။ ဟုတ်ကဲ့။ ဒီနေ့အခန်းအနားမှာတော့ စုစုပေါင်းလူ ၁၅၀ လောက်တက်ရောက်ပါတယ်။ ဒီအထဲမှာ အမေရိကန်နိုင်ငံခြားရေးဌာနကတာဝန်ရှိသူတွေ ၊ ဖိတ်ကြားထားတဲ့ အမေရိကန်လူငယ်တွေ တခြားလူငယ်ခေါင်းဆောင်တွေနဲ့ အခုဆုရွေးချယ်ခံထားရတဲ့လူငယ်တွေလည်းပါဝင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ထဲကဆိုရင်တော့ အာဖဂန်နစ္စတန် သမ္မတ ၊ ဂျော်ဂျီယာသမ္မတနဲ့ မော်တာ နိုင်ငံ သမ္မတတွေလည်း တက်ရောက်တာတွေ့ရပါတယ်ခင်ဗျ။

ရဲခေါင်, ရှားဖောင်
VOA

မြန်မာ့သတင်းဂျာနယ်များ
မြန်မာ့သတင်းဂျာနယ်များ

မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်းဟာ နိမ့်ကျနေဆဲ ဖြစ်တဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဆင့်အတန်းနဲ့ ပတ်သက်တဲ့ အညွှန်းကိန်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံကို အဆင့် ၁၄၃ နေရာမှာ သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်ကထက်စာရင် သတင်းစာလွတ်လပ်ခွင့် အဆင့်တဆင့် တက်လာတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို အနီးကပ်စောင့်ကြည့်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့၊ ဆင်ဆာတည်းဖြတ်မှုတွေ လျော့ကျလာနေတယ်လို့လည်း RSF အညွှန်းကိန်းသစ်က ဖော်ပြပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ အရင်ထက်စာရင် ပိုမို လွတ်လပ်လာပေမဲ့ အစိုးရပိုင် သတင်းစာတွေမှာတော့ ကိုယ့်ဖာသာ ဆင်ဆာဖြတ်တောက်မှုတွေ၊ အစိုးရနဲ့ စစ်တပ်လို အာဏာပိုင် အဖွဲ့အစည်းတွေကို ဝေဖန်တာတွေကို ရှောင်ရှားမှုတွေ ရှိနေဆဲ ဖြစ်သလို၊ ဘာသာရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ သတင်းဖော်ပြမှုတွေဟာ ထိလွယ်ရှလွယ် အခြေအနေမှာ ရှိနေတုန်းပဲလို့လည်း ထောက်ပြထားပါတယ်။

ကမ္ဘာတ၀ှမ်းက သတင်းလွတ်လပ်ခွင့် အခြေအနေမှာတော့ သိသိသာသာ ကျဆင်လားနေပြီး၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍက သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေ ပိုများလာနေတယ်လို့လည်း ဖော်ပြခဲ့တာပါ။ လွတ်လပ်စွာ သဘောထားအမြင် ဖလှယ်မှုတွေကို အားမပေးဘဲ၊ ၀ါဒဖြန့်ချိမှုတွေကို အသားပေးတဲ့ ခေတ်တခေတ်ကို ၀င်ရောက်လာနေတယ်လို့လည်း RSF ရဲ့ ၂၀၁၆ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းက ဖော်ပြခဲ့ပါတယ်။

Eritrea နိုင်ငံကိုတော့ ကမ္ဘာမှာသတင်းလွတ်လပ်ခွင့် အဆင့်အတန်း အနိမ့်ဆုံးအဖြစ် သတ်မှတ်ထားပြီး၊ ဆီးရီးယား၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကိုလည်း အနိမ့်ဆုံးစာရင်းသွင်းခဲ့တာပါ။ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်း အမြင့်ဆုံးအဖြစ် ဖင်လန်နိုင်ငံကို သတ်မှတ်ပြီး၊ သူ့နောက်မှာတော့ နယ်သာလန်နဲ့ နော်ဝေတို့ ရှိနေကြပြီး အင်တာနက်မှာ စောင့်ကြည့်ထောက်လှမ်းမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်ခံရတဲ့ အမေရိကန်ကတော့ အဆင့် ၄၁ နေရာမှာ ရှိနေပါတယ်။
VOA


နိုင်ငံရေးနဲ့ဆက်နွယ်ပြီး တရာစွဲဆိုခံထားရတဲ့ အမှုတွေအားလုံး အပြီးသတ်ရုပ်သိမ်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးအမှုတွေကို စီစစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် စုံစမ်းမေးမြန်း တင်ဆက်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ရုပ်သိမ်းဖို့ ပြည် ထဲရေး ဝန်ကြီးဌာနအနေနဲ့ စတင် စီစစ်နေပါပြီ။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ နိုင်ငံရေးနဲ့ နွယ်တဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဘယ်အမှုတွေ အကျုံးဝင်သလဲဆိုတာ စတင်စစ်ဆေးနေတာဖြစ်ပြီး၊ နိုင်ငံရေးနဲ့ နွယ်ပြီး တရားစွဲဆိုခံထားရသူ ခန့်မှန်းခြေ ၂၀၀ကျော် လောက် ထပ်ပြီး လွတ်မြောက်လာဖို့ရှိတယ်လို့ သမ္မတရုံးဝန်ကြီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အခုလုပ်နေတဲ့ ရာနဲ့ချီတဲ့ ကျနော်တို့ အကြမ်းဖျဉ်းသိရတာတော့ ၂၀၀ ကျော်လောက်ရှိတယ်ပေါ့နော်။ တခြားကပြောတာမဟုတ်ဘူး ပြည်ထဲရေးက တင်ပြတာ။ ပြည်ထဲရေးက ဒါတွေတော့ ဒီလိုရှိနေတယ်၊ အဲဒါတွေလည်း ထပ်ပြီးတော့ ရုပ်သိမ်းလို့ရပါတယ်ဆိုတော့ ပြန်စီစစ်ပြီးလုပ်တာတွေရှိတယ်။”

နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုတွေကို ရုပ်သိမ်းတဲ့ရာမှာ နိုင်ငံရေးအမှု ဆိုပေမယ့် အကြမ်းဖက်တာမျိုး၊ ရာဇဝတ် ကျူးလွန်တာမျိုးဆိုရင်တော့ အမှု ရုပ်သိမ်းပေးမှာမဟုတ်သလို တရားစွဲဆိုထားတဲ့ ဥပဒေ ပုဒ်မတွေကို ကြည့်ပြီး မဆုံးဖြတ်ဘဲ ကာကယံရှင်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီး အမှု ရုပ်သိမ်းမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါ တယ်။

“ဆိုတော့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ဟာဆိုရင် ကျနော်တို့က နံပတ် ၁ နိုင်ငံရေးလို့သက်မှတ်ပြီးတော့ ရာဇ၀တ်မှုကျူးလွန်လို့မရဘူး။ နံပတ် ၂ နိုင်ငံရေးဆိုပြီးတော့ အကြမ်းဖက်လို့မရဘူး။ အဲဒီဟာမျိုးတွေရှိတယ်။ အခုကျတော့ freedom of expression ပေါ့နော် ဒါမျိုးတွေနဲ့ဆိုင်တယ်၊ နောက် နိုင်ငံရေးအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေဖြစ်ရမယ်။ ဒါမျိုးဟာတွေလည်းသူတို့ ပြန်စစ်နေတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့ နှစ်သစ်ကူး ရုံးပိတ်ရက်အပြီး ဧပြီ ၂၁ရက်နေ့ နောက်ပိုင်း တစ်နိုင်ငံလုံးက နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတဲ့ အမှုတွေကို အပြီးသတ် ရုတ်သိမ်းဖို့ လုပ်ဆောင်သွားနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ၊ တက် ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာအပြီး နောက်တရက် ဧပြီရက်နေ့မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ သက်ဆိုင်ရာ တရားရုံးတွေက အမှု ရုပ်သိမ်းလိုက်တာကြောင့် သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင် နေရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၆၉ဦးအပါအဝင် အခြား နိုင်ငံရေးလှုပ်ရှားသူ လွတ်မြောက်လာတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုတွေ အပြီးသတ် ရုပ်သိမ်းပေးမယ်ဆိုရင် ကြိုဆိုသလို အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွတ်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ကိုအောင်မျိုးကျော်က အခုလိုပြောပါတယ်။

“အပြီးသတ်ရုတ်သိမ်းပေးမယ် နိုင်ငံရေအကျဉ်းသားတွေအားလုံးကို လွတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုရမှာပေါ့၊ ဒါပေမယ့် ဘယ်လိုမျိုးလွတ်ပေးမလဲဆိုတာတော့ ကျနော်တို့ လည်းမသိရသေးဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောထားတာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အကုန်လုံးကို လွတ်ပေးနိုင်ဖို့အတွက် သူတို့ဆက်လက်ကြိုးစားသွားမယ်ဆိုပြီးတော့ ပြောနေတဲ့ဟာတွေကျနော်တို့ကြားနေရတယ်လေ။ အဓိကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလိုခေတ်ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်ထဲမှာမရှိဖို့ အရေးကြီးပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရတော့ အကျဉ်း ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၆၀ လောက်ကျန်ရှိနေသေးပြီး နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ၂၇၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ ဧပြီ ၁၇ရက်နေ့မှာတော့နိုင်ငံရေးအကျဉ်သား ၈၃ ဦး လွတ်မြောက်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရယူပြီး ဧပြီ ၁ရက်နေ့ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကလည်း ကြိုဆိုလိုက်ပြီး တချိန်တည်း မှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထား ပါတယ်။

မြင့်မြင့်ခိုင်
VOA

ကျွန်တော်နှင့် ဆရာကြီးဟံသာဝတီဦးဝင်းတင်မှာ ၁၉၈၅ ခုနှစ် လောက်က သိကျွမ်းခဲ့ပါသည်။ ထိုစဉ်က ဆရာနှင့်အတွဲဆုံးမှာ စာရေးဆရာကြီးပါရဂူ(ကွယ်လွန်)၊ မြသန်းတင့်(ကွယ်လွန်)၊ လင်းယုန်မောင်မောင် (ကွယ်လွန်)နှင့် ဆရာကြီးမင်းယုဝေတို့ ဖြစ်ကြပါသည်။
ကျွန်တော်က ဆရာကြီးများနှင့်လိုက်ပါသွားခဲ့ရာမှ သိကျွမ်းခဲ့ရခြင်းဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်သည် ပေဖူးလွှာမဂ္ဂဇင်းတွင် အမှုဆောင်အယ်ဒီတာအဖြစ် ဆောင်ရွက်နေပါသည်။ ပေဖူးလွှာမဂ္ဂဇင်းအတွက် စာရေး ဆရာကြီးများ၏ စာမူများကို လစဉ်သွားရောက်တောင်းယူခဲ့ရပါသည်။

တလတွင် ကျွန်တော်တာဝန်ယူထားသော စာပေစကားဝိုင်းကဏ္ဍအတွက် ဆရာမင်းယုဝေနှင့် ဆရာဦးဝင်းတင် နှစ်ဦးအား ခရီးသွားစာပေအကြောင်း ဆွေးနွေးပြောကြားပေးရန် မေတ္တာရပ်ခံတောင်းဆိုခဲ့ရာ ဆရာတို့ သဘော တူခဲ့ကြသဖြင့် ပေဖူးလွှာမဂ္ဂဇင်းတွင် ဆရာတို့နှစ်ဦး စာပေစကားဝိုင်း ဖော်ပြခဲ့ဖူးပါသည်။
တနေ့တွင် ဆရာဦးဝင်းတင်နေသော လမ်းမတော်၊ လမ်းသစ်ရိပ်သာတိုက်ခန်းသို့ ဆရာပါရဂူ၊ မြသန်းတင့်၊ လင်းယုန်မောင်မောင်၊ ဦးလှဝင်း(လေသူရဲတဦး)တို့နှင့် ကျွန်တော်လိုက်ပါသွားခဲ့ပါသည်။ ထိုနေ့ ညနေအတွက် ဆရာ့အိမ်မှာ ဆိတ်ခေါင်းနှင့်ပဲဟင်းချက်ထားပါသည်။ ဆရာ့တိုက်ခန်းမှာပင် ဆရာကလွဲ၍ ကျန်သူအားလုံးမှာ အသင့်ပါလာသော ယမကာပုလင်းနှင့်စားသောက်၍ စကားပြောဖြစ်ခဲ့ကြပါသည်။ ကျွန်တော်က အသက်အငယ် ဆုံးဖြစ်၍ အားလုံးပြင်ဆင်ပေးခဲ့ရပါသည်။

ဆရာသည် လူပျိုကြီးပီပီ ကိုယ်တိုင်ချက်ပြုတ်စားသောက်နေထိုင်သူဖြစ်ပါသည်။ ဆိတ်ခေါင်းဟင်းချက်ရာတွင် ချစ်တီးကုလားများပင် ဆရာ့လောက် ကောင်းအောင် မချက်နိုင်ပေ။
ဤသို့ပင် ဆရာ့တိုက်ခန်းတွင် လစဉ်လိုလို စာရေးဆရာကြီးများ ချက်ပြုတ်စားကြရာတွင် ကျွန်တော့်မှာ အမြဲ လိုက်ပါခဲ့ရပါသည်။

x x x

၁၉၈၈ ခုနှစ် အရေးအခင်းကာလ ပြီးသွားပြီး NLD အဖွဲ့ချုပ် တည်ထောင်စတွင် ကျွန်တော်သည် ဆရာ တာဝန်ယူဆောင်ရွက်နေသော တက္ကသိုလ်ရိပ်သာလမ်းရှိ NLD အဖွဲ့ချုပ်ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ကိစ္စက အဖွဲ့ချုပ်အဖွဲ့ဝင်ရန် လျှောက်လွှာပုံစံနှင့် ဓာတ်ပုံသွားပေးခြင်းဖြစ်သည်။ ဆရာသည် ကျွန်တော်ကို တွေ့တွေ့ချင်း ၀မ်းသာအားရစွာကြိုဆိုပြီး ''ခင်ဗျားတို့ ကဗျာဆရာတွေ၊ အယ်ဒီတာတွေပါလာတာ ကြိုဆိုပါ တယ်ဗျာ''ဆိုပြီး ကျွန်တော့်အဖွဲ့ဝင်ပုံစံနှင့် ဓာတ်ပုံကို ကတ်ဌာနရှိမပို(ယခု ပြည်ပရောက်နေ)ထံပေးပြီး အမြန် ဆောင်ရွက်စေခဲ့ရာ နာရီဝက်အတွင်း အဖွဲ့ဝင်ကတ်ရရှိခဲ့ပါသည်။
နောက်မကြာမီပဲ ၁၉၈၈ အောက်တိုဘာ ၆ ရက် နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နှင့် ကျွန်တော့်အား ဗဟန်းမြို့နယ်တွင် အဖွဲ့ဝင်အင်အားစုစည်းရန် တာဝန်ပေးလာခဲ့သည်။ (ပူးတွဲပုံစံပါ) ကျွန်တော်သည် ဆရာဦးဝင်းတင်နှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ်တွင် ၁၉၈၈ အောက်တိုဘာလမှစပြီး စည်းရုံးရေးတာဝန်များ ဆောင်ရွက်ခဲ့ရာ မြို့နယ် ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစည်းကော်မတီ(အရံ)၊ ဗဟိုကော်မတီဝင် (သတင်းပြန် ကြားရေးအဖွဲ့ဝင်)တာဝန်များဖြင့် ယနေ့အထိ (၂၈)နှစ်ကြာ ဆက်တိုက်တာဝန်ယူထမ်းဆောင်လျက်ရှိပါသည်။

x x x

ဆရာဦးဝင်းတင် အဖမ်းခံရပြီး ထောင်ထဲတွင်ရှိနေစဉ် ကျွန်တော် ပထမအကြိမ်(၁၉၉၇-၉၈) ထောင်ကျစဉ်က ထောင်ဆေးရုံတွင် ခဏတွေ့ရှိပြီး စကားအနည်းငယ်ပြောခွင့်ရသည်။ ဆရာက ''ကျန်းမာရေး ဂရုစိုက်ဖို့'' ပြော သည်။
နောက်ဒုတိယအကြိမ် ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် အဖမ်းခံရပြီး ပုဒ်မ ၅ ည/ ၁၇/ ၂၀ ဖြင့် ထောင်ဒဏ် (၂၁)နှစ်ကျခံခဲ့ရပြန်သည်။ ဆရာနှင့် ထောင်ဆေးရုံတွင် ပြန်ဆုံခဲ့ပြန်သည်။ ထောင်ဆေးရုံမှ အပြင်ဆေးရုံများ သို့ ထွက်ပြရာတွင် ဆရာနှင့် မကြာမကြာ ဆုံစည်းခဲ့ရသည်။ ဆရာကတော့ ကျွန်တော့်ကို ကျန်းမာရေးဂရုစိုက် ဖို့သာ အဓိက ပြောကြားခဲ့သည်။

x x x

ကျွန်တော်က ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာပြီး ဆရာက ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် လွတ်လာသည်။ ဆရာလွတ်လာတော့ အားလုံးက ကြိုဆိုဝမ်းသာနေကြသည်။ ဆရာနေသော အင်းစိန်ဦးမောင်မောင်ခင်အိမ်တွင် နိုင်ငံရေးသမား၊ စာပေသမားဧည့်သည်များအပြင် ပြည်တွင်း ပြည်ပသတင်းမီဒီယာများ၊ ဆရာ့အား တွေ့ဆုံနှုတ်ဆက်မေးမြန်းရန် အိမ်ရှေ့တွင်ထိုင်၍ အလှည့်ကျစောင့်နေ ရသည်။
ပြည်ပသတင်းဌာနများဖြစ်ကြသော BBC, VOA, RFA, DVB သည့် သတင်းဌာနများနှင့် ဆရာအင်တာဗျူးများ မြန်မာတနိုင်ငံလုံး တောရောမြို့ပါမကျန် ပျံ့နှံ့နေသည်။

ထိုအချိန်က NLD ရုံးချုပ်မှာ ၀ိညာဉ်မဲ့နေသော လူသေကောင်ကဲ့သို့ မလှုပ်မယှက်ငြိမ်သက်နေသည်။ NLD ၏ လှုပ်ရှားမှုမှာ ပြည်သူလူထုအတွက် အားမလိုအားမရဖြစ်နေသည်။ လူကြီးများကလည်း NLD အဖွဲ့ချုပ်ဆိုင်း ဘုတ်မပြုတ်ရေးကိုသာ န၀တ၊ နအဖ ဖိနှိပ်မှုအောက်မှာ ငြိမ်သက်နေရသည်။ ဆရာဦးဝင်းတင်လွတ်လာပြီး ပြည်ပသတင်းမီဒီယာများနှင့် အင်တာဗျူးရာတွင် ရဲရဲတောက်စကားလုံးများဖြင့် စစ်အာဏာရှင်အစိုးရကို ပြတ် ပြတ်သားသားဆန့်ကျင်တိုက်ခိုက်လာသည်။ ပြည်သူတွေက ဦးဝင်းတင်၏အင်တာဗျူးကို သဘောကျကာ ''ဒါမှ NLD ကွ''ဆိုပြီး NLD အပေါ် ယုံကြည်အားထားလာကြသည်။ ဦးဝင်းတင်အင်တာဗျူးများက စကားလုံးများသည် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော NLD ကို အားဆေးတိုက်ကျွေးပြီး အသက်ပြန်ရှင်လာစေခဲ့သည်။ အဓိကမှာ ကျောင်းသားလူငယ်များနှင့် NLD လူငယ်များ ပြန်လည်တက်ကြွ အားမာန်သစ်စေခဲ့သည်။

ဆရာသည် အချိန်ပိုသောရက်များတွင် နားနားနေနေ မနေနိုင်ဘဲ ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသား မိသားစုအိမ်များသို့ သွားရောက် အားပေးနှစ်သိမ့်စကားပြောခြင်း၊ ငွေကြေးချို့တဲ့သူများအတွက် ငွေကြေး၊ စားစရာ၊ အ၀တ်အထည်များ ထောက်ပံ့ကူညီခဲ့သည်။ တဖက်တွင် မဖြူဖြူသင်းနှင့် သွားရောက်ခဲ့သလို ဒီဘက် ပိုင်းတွင်လည်း ကျွန်တော်နှင့်သွားရောက်ခဲ့ပါသည်။ ဆရာလွတ်လာတော့ ဆရာအား လာကန်တော့ကြသော ငွေကြေး၊ ပစ္စည်းများကို ဆရာသည် နိုင်ငံရေးအကျဉ်းသားမိသားစုများသို့သာ ထောက်ပံ့ကူညီခဲ့သည်။

x x x

၂၁-၄-၂၀၁၄ ရက် နံနက် ၆ နာရီခွဲတွင် ဆရာသည် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်ခဲ့သည်။ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်သည် အဖွဲ့ချုပ်တာဝန်ဖြင့် တရုတ်နိုင်ငံသို့ ခရီး ထွက်ခဲ့ရသည်။ နံနက်ပိုင်း ဆရာ့ရုပ်ကလာပ်ကို ဆေးရုံကြီးတွင်ကန်တော့ပြီး ရေဝေး၊ အအေးတိုက်သို့ သယ် ဆောင်သည့်အထိ လိုက်ပါခဲ့သည်။ ဆရာ့ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူကိုယ်တိုင် မောင်းပြီး အဖွဲ့ချုပ်ရုံးရှေ့တွင် အဖွဲ့ချုပ်ရုံးနှင့် အလံတော်အား နောက်ဆုံးအလေးပြုနှုတ်ဆက်ခဲ့သည်။
ဆရာ၏ လွမ်းမောစရာ နောက်ဆုံးခရီးစဉ်ဖြစ်သည်။

x x x

ဆရာ မကွယ်လွန်မီ ၂၀၁၂ ခုနှစ်တွင် NLD မှ ဒီလှိုင်းစာစောင်ကို ဆရာကိုယ်တိုင်ဦးစီးပြီး ထုတ်ဝေခဲ့သည်။ ဒီလှိုင်းစာစောင်နာမည်ကိုလည်း ဆရာကိုယ်တိုင် အကျဉ်းထောင်ထဲမှာနေခဲ့စဉ်က ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ စောင်ရေ တသိန်းနှစ်သောင်းအထိ ဖြန့်ချိနိုင်ခဲ့သည်။ ဒီလှိုင်းစာစောင်တွင် ဆရာနှင့် ဦးမိုးသူ(ဘကြီးမိုး)တို့က နာယက၊ ဦးအုန်းကြိုင် က တာဝန်ခံအယ်ဒီတာ၊ ကျွန်တော်က အမှုဆောင်အယ်ဒီတာ၊ မုံရွာအောင်ရှင်၊ ငြိမ်းသစ်၊ စိုးပပတို့က အယ်ဒီတာအဖွဲ့ဝင်များဖြစ်သည်။
ဒီလှိုင်းထုတ်ပြီး တနှစ်အကြာတွင် ဆရာသည် ကျွန်တော့်အား အမှုဆောင်အယ်ဒီတာမှ တာဝန်ခံအယ်ဒီတာသို့ ယုံကြည်စွာ တာဝန်လွှဲပြောင်းပေးခဲ့သည်။ ဆရာကွယ်လွန်သောနေ့ နံနက်တွင် ဆရာ့ရုပ်ကလာပ်ကိုကြည့်ပြီး ဒီလှိုင်းစာစောင်ကို ဆရာ့ယုံကြည်ချက်၊ ဆရာ့မူဝါဒလမ်းစဉ်အတိုင်း သစ္စာရှိစွာဖြင့် တာဝန်ယူဆောင်ရွက်သွား ပါမည်ဟု ကတိသစ္စာပြုခဲ့ပါသည်။

ထိုအချိန်က ဆရာသည် ''ကျွန်တော် ဒီအစိုးရကို မယုံဘူး''ဟု ပြောဆိုခဲ့သလို၊ အဲဒီအစိုးရကို ရဲရဲရင့်ရင့် ပြတ်သားစွာ ဆောင်းပါးများ၊ အယ်ဒီတာ့အာဘော်များဖြင့် တုံ့ပြန်ရေးသားခဲ့သည်။ ဒီလှိုင်းစာစောင်မှ ဆရာ့ ဆောင်းပါးများကို စာဖတ်သူများ အားရကျေနပ်ခဲ့ကြသည်။ ဆရာသည် ဒီအချိန်က စစ်အာဏာရှင် အုပ်ချုပ် ရေးအစိုးရကို မယုံကြည်ခဲ့သလို၊ သူစွမ်းနိုင်သော ကလောင်လက်နက်ဖြင့် ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။ ထို့ကြောင့်လည်း ဆရာ့စာဖတ်ပရိသတ်တွေက ဆရာ့ကို သံမဏိသူရဲကောင်းသတင်းစာဆရာကြီးလို့ သမုတ် ခဲ့ကြသည်။

ဆရာကွယ်လွန်သွားပြီးနောက် ဆရာတည်ထောင်ပြုစုပျိုးထောင်ခဲ့သော ဒီလှိုင်းစာစောင်ကို ဆရာ့ယုံကြည်ချက် မူဝါဒအတိုင်း ကျွန်တော် ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် နိုင်ငံရေးသည် အခြေအနေနှင့် အချိန်အခါ အရ ပြောင်းလဲနေပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ ဆရာဦးဆောင်ခဲ့သော ဒီလှိုင်းစာစောင်တွင် ဆရာ့ ယုံကြည်ချက်မူဝါဒများ မှေးမှိန်ပျောက်ကွယ်လာသည်။ ဆရာ့ယုံကြည်ချက်ကို တသဝေမတိမ်း ကတိသစ္စာပြုခဲ့ သော တာဝန်ခံအယ်ဒီတာကျွန်တော်လည်း ဒီလှိုင်းနှင့် ဝေးရာ ဝေးရာသို့ ရောက်ခဲ့ပေပြီ။
သို့သော် ဒီလှိုင်းစာစောင်၏ မျက်နှာဖုံးထိပ်တွင် ဟံသာဝတီဦးဝင်းတင် ဦးစီးပဲ့ကိုင်ခဲ့သော ကမ္ပည်းစာတန်းလေး ကိုတော့ တာဝန်ကျေစွာ ရေးထိုးထားနိုင်ခဲ့ပါသည်။

ယနေ့ နိုင်ငံရေးအခြေအနေတွင် တချိန်က NLD ၏ အရေးပါ အရာရောက်ခဲ့သော ခေါင်းဆောင်တဦးဖြစ်ခဲ့သည့် ဆရာဦးဝင်းတင်သည် NLD ၏ ပြောင်းလဲချိန်တန်ပြီဆောင်ပုဒ်အောက်တွင် စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူတို့၏ ခြိမ့်ခြိမ့်သဲသဲထောက်ခံအားပေးမှုနှင့် ပြည်သူတို့၏ အောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲ ကို မြင်မတွေ့သွားခဲ့ရသည့်အတွက် များစွာ ယူကြုံးမရ ၀မ်းနည်းမိခဲ့ပါသည်။
ဆရာ ကောင်းရာသုဂတိဘုံဘ၀မှာ ဆရာရွံမုန်းစက်ဆုပ်ခဲ့သော စစ်အာဏာရှင်လက်ကိုင်တုတ် အစိုးရကျဆုံး ပြုတ်ကျသွားပြီဆိုတာ သာဓု အနုမောဒနာသာ ခေါ်လိုက်ပါတော့ ဆရာ။
(၂၁-၄-၂၀၁၆ နေ့ ဆရာဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း နှစ်နှစ်မြောက်အမှတ်တရ ဆောင်းပါးကို ဂျာနယ်စာမျက်နှာအရ အကျဉ်းချုံးရေးသားလိုက်ရခြင်း ဖြစ်ပါသည်။)

ဖျာပုံနီလုံဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဆိပ်ကမ်းမှာ ဧပြီလ ၁၉ ရက်နေ့က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ၂၂ ဦး ထက်မနည်း သေဆုံးခဲ့ ပါတယ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့သဲချောင်းဆိပ်ကမ်းမှာ မနေ့က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ သေဆုံးသူ ၂၂ ဦးထက်မနည်းရှိနေပြီး ကျန်တဲ့အလောင်းတွေကို ဒေသခံကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြ ပါတယ်။

မနေ့က ရုပ်အလောင်း ၁၈ လောင်းတွေ့ရှိထားပြီး ဒီနေ့မနက်မှာ နောက်ထပ် သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေ ကမ်းစပ်မှာတင်နေတာဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်တဲ့ ဦးစိန်ဝင်းက ပြောပါတယ်။

"မနေ့က ၁၈ လောင်းရတယ်၊ ဒီနေ့ မနက်က ၄ လောင်းရတယ်၊ ကျနော်တို့ ၃ နာရီလောက် ပြန်ဆင်းပြီးတော့ ရှာရမယ်၊ နေမဝင်မချင်းပေါ့၊ နောက်ထပ်နှစ်ရက်လောက် ကျနော်တို့ရှာကြည့်မယ်"

ဒီနေ့မနက်က တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲမှာ ကလေးငယ် ၂ ဦးပါဝင်ပြီး သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေ များပါတယ်။

ပေါက်တောမြို့နယ် ဆင်တက်မော်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ခရီးသည်တင်ကူးတို့ စက်လှေဟာ မနေ့က မနက် ၉ နာရီကျော်လောက်မှာ စစ်တွေမြို့နယ် သဲချောင်းအဝင်ဝမှာ လှိုင်းလေကြမ်းတာကြောင့် နစ်မြုပ်ခဲ့တာဖြစ် ပါတယ်။

မနေ့ကနစ်မြုပ်သွားတဲ့ စက်လှေဟာ စစ်တွေမြို့နယ် သဲချောင်းရွာနဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ ကို ပြေးဆွဲနေတဲ့ စက်လှေဖြစ်ပြီး စစ်တွေမြို့ကို ဈေးဝယ်ထွက်လာသူတွေနဲ့ မင်္ဂလာဆောင်ကနေ ပြန်လာသူတွေ လိုက်ပါလာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စက်လှေပေါ်မှာ လိုက်ပါလာသူ အရေအတွက်ဟာ ၅၀ ကနေ ၈၀ လောက်အထိရှိနိုင်ပြီး အတိအကျကို အတည်ပြုပေးနိုင်သူမရှိပါဘူး။ သေဆုံးတဲ့ ရုပ်အလောင်းတွေကို ပင်လယ်ထဲဆင်းပြီး ရှာဖွေဖို့ မတတ်နိုင်တာကြောင့် ကမ်းစပ်ပေါ်ကို လှိုင်းနဲ့ ကပ်လာတွေကိုပဲ အဓိကရှာဖွေနေရတာဖြစ်တယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေ က ပြောပါတယ်။

မနေ့က စက်လှေနစ်မြုပ်တဲ့နေရာမှာ နယ်မြေခံရဲတပ်ဖွဲ့ဝင်အချို့က ကူညီကယ်ဆယ်ပေးခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ရှာဖွေဖို့အတွက် အစိုးရရဲ့ အကူအညီကို မရခဲ့ကြဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံတော်သမ္မတရုံးက မီဒီယာကုမ္ပဏီကြီးတစ်ခုကို ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေးချက် ထုတ်ပြန်စဉ်။ Photo: Myanmar President Office
နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့တဲ့ မီဒီယာကြီးတစ်ခုဟာ အစိုးရအဖွဲ့ဝင်တွေထဲက အရေးကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ်သိန်း ၅၀ လက်ဆောင်ပေးခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင်ပစ္စည်းပေးမှု လမ်းညွှန်ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်း မပြုဖို့ အဲ့ဒီမီဒီယာကုမ္ပဏီကို သတိပေးလိုက်ပါတယ်။

ဒီကိစ္စဟာ လက်ရှိအစိုးရလက်ထက်မှာ ပထမအကြိမ်ဖြစ်တာကြောင့် ပညာပေးကာလအဖြစ် သတ်မှတ်ပြီး လာဘ်ပေးသူနဲ့ ယူခဲ့သူတွေကို အရေးမယူဘဲ သတိပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"ဘယ်သူဘယ်ဝါ တိတိကျကျတော့ ကျနော်တို့ ထုတ်ပြန်ဖို့မရှိဘူး၊ ဒါပေမဲ့ ဖတ်ကြည့်လိုက်ရင်တော့  ဖြစ်စဉ် ကို ပြည်သူလူထုက နားလည်သဘောပေါက်ပါလိမ့်မယ်၊ နောက်တစ်ချက်က ကာယကံရှင်ကို ပညာပေး ကာလဖြစ်တဲ့အတွက် ငဲ့ညှာထောက်ထားတဲ့အနေနဲ့ ကျနော်တို့ နာမည်ဖော်ပြခြင်းမရှိပါ၊ ဖတ်ကြည့်ရင် အားလုံးသဘောပေါက်ပါလိမ့်မယ်"

လက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ ငွေကျပ်သိန်း ၅၀ ကို နွေရာသီကာလမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေ အခက်အခဲရှိနေတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းနိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကို အလှူငွေအဖြစ် ပေးအပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနက ဒီနေ့ ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်မှာ တန်ဖိုးကျပ်ငွေ နှစ်သောင်းခွဲထက်မပိုတဲ့ လက်ဆောင်ပစ္စည်းကိုသာ လက်ခံဖို့နဲ့ တစ်နှစ်ကို ကျပ်တစ်သိန်းထက် ပိုပြီးလက်ခံခြင်းမပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

အဲ့ဒီလမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေကပါ ၀ိုင်းဝန်းကူညီပေးကြဖို့ အဂတိလိုက်စားမှုကို အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြဖို့ အသိပေးကြေညာချက် မှာ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုကို ပပျောက်အောင်ဆောင်ရွက်ရာမှာ အဓိက မပေးဖို့၊ မယူဖို့ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

နေပြည်တော်မှာ နှစ်စဉ် ရွှေသံလွင်ကုမ္ပဏီပိုင် SKY NET မီဒီယာက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ပြီး အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖိတ်ကြားဧည့်ခံခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရအဖွဲ့ဝင် အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို ငွေသိန်းငါးဆယ် လက်ဆောင်ပေး တဲ့ မီဒီယာကြီးတခုကို ပြည်ထောင်စုအစိုးရအဖွဲ့က သတိပေးအကြောင်းကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက မီဒီယာကုမ္ပဏီကြီးကို ပညာပေး အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
သင်္ကြန်တွင်းက နေပြည်တော်မှာ မီဒီယာကုမ္ပဏီကြီးရဲ့ မဏ္ဍပ်က နှစ်သစ်ကူးလက်ဆောင်ပေးခဲ့ကြောင်းနဲ့ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိ လက်ခံရရှိခဲ့တဲ့ စာအိတ်ထဲမှာ ငွေကျပ် သိန်းငါးဆယ်ပါလာခဲ့ကြောင်း၊ ဒါကို အဆိုပါအရာရှိက အထက်အကြီးအကဲထံ တင်ပြခဲ့ကြောင်း၊ ဒီလက်ဆောင်ပစ္စည်းဟာ သတ်မှတ်ဘောင်ထက် များစွာကျောင်လွန်နေတာကြောင့် သတိပေးခြင်းဖြစ်ကြောင်း အကြောင်းကြားစာမှာ ပါရှိပါတယ်။

ဒီဆောင်ရွက်ချက်ဟာ အစိုးရအဖွဲ့အတွင်း အဂတိတရားကင်းစင်ရေးအတွက် ကြိုးပမ်း မယ်လို့ ကတိပြုချက်အပေါ် ပထမဆုံး အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စဟာ အခုအစိုးရလက်ထက်မှာ ပထမအကြိမ်ပေါ်ပေါက်တဲ့ကိစ္စဖြစ်တဲ့အတွက် ပညာပေးကာလဟု သတ်မှတ်ပြီး အခုကိစ္စကို ဆက်အရေးယူမှာမဟုတ်ကြောင်းနဲ့ နောက်နောင် လက်ဆောင်ပစ္စည်းပေးမှုကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်ပြီး မဆောင်ရွက်ဖို့ လေးနက်စွာ အကြောင်းကြားတယ်လို့ စာမှာပါရှိပါတယ်။

အစိုးရသစ်လက်ထက် သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနဲ့ပတ်သက်လို့ လမ်းညွန်ချက်ထုတ်ပြန်ခဲ့ပြီး တပတ်အကြာမှာ ဒီလို ငွေကြေးအလုံးအရင်းနဲ့ လက်ဆောင်ပေး တဲ့ကိစ္စ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ စာမှာတော့ အရေးကြီးပုဂ္ဂိုလ်ရဲ့ အမည်နာမနဲ့ပတ်သက်လို့ ဖော်ပြခြင်းမရှိပါဘူး။

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပညာပေးကာလအနေနဲ့ အသိပေးအကြောင်းကြားခဲ့တာလို့ ပြောပါတယ်။
“ကိုယ်ရေးအရာရှိကို နှစ်ကူးလက်ဆောင်ဆိုပြီး ပေးတယ်၊ အထုတ်တထုတ်ပေးတယ်၊ အထုတ်ကို ကိုယ်ရေးအရာရှိက ဖွင့်ကြည့်တဲ့အခါမှာ သိန်း ၅၀ ဖြစ်နေတယ်၊ ဖြစ်နေတော့ ရုံးတွင်းမှာလည်း လမ်းညွှန်ချက်တွေ ထုတ်ထားတယ်၊ ဌာနဆိုင်ရာတွေလည်း လမ်းညွှန်ချက်တွေ ထုတ်ထားတယ်၊ လက်ဆောင်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ၊ အဲ့ဒါကို လိုက်နာဖို့ဆိုပြီးတော့။ အဲ့ဒါနဲ့ ကိုယ်ရေးအရာရှိက သတင်းပို့တယ်၊ သတင်းပို့တော့ ကာယကံရှင်ကိုလည်း အခု ပညာပေးကာလ ဖြစ်တဲ့အတွက်ကြောင့် စာပါအကြောင်းအရာအတိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။”

ဦးဇော်ဌေးက အဆိုပါ အရေးကြီးပုဂ္ဂိုလ်ရဲ့ အမည်ကိုရော၊  မီဒီယာကုမ္ပဏီအမည်ကိုပါ ဖြေကြားခြင်းမပြုဘဲ  စာကိုဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ဒီနှစ် မီဒီယာမဏ္ဍပ်ကြီး အကြီးအကျယ်ထိုးပြီး ဖျော်ဖြေခဲ့တာ ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက်မဏ္ဍပ်တခုပဲ ရှိပါတယ်။

အဲ့ဒီမီဒီယာကုမ္ပဏီရဲ့ မဏ္ဍပ်ဖွင့်ပွဲကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာဖေမြင့်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြ ပါတယ်။
ပြန်ကြားရေးဝန်ကြီးနဲ့အတူ မဏ္ဍပ်ကို လိုက်ပါသွားသူက အဲ့ဒီနေ့က သူ့ကိုလည်း မဏ္ဍပ်က အထုတ်တထုတ်ပေးခဲ့ပေမယ့် သူက မယူခဲ့ဘူးလို့ ပြောပါတယ်။
အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေဖို့အတွက်  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်/တိုင်း အစိုးရတွေထံကို ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲနဲ့ ပေးပို့ ဖြန့်ဝေခဲ့တဲ့ “လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” မှာ ““ကျပ်ငွေနှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ်တစ်သိန်း တန်ဖိုးထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အကျုံးမဝင်သူများ)ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ (တသိန်း) ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။” လို့ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာ ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေ တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
13048219_1004109746303428_5919967208381107420_o13001329_1004109789636757_4093062822071365644_n
DVB TV News

နေပြည်တော်ရှိ Sky Net မဏ္ဍပ် ဖွင့်ပွဲနေ့က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ (ဝဲမှယာ) တို့အား တွေ့ရစဉ်

Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်

Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၀ ရက်စွဲဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

“မီဒီယာကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အသိပေးကြေညာချက်တွင် အချက်သုံးချက် ဖော်ပြခဲ့ပါသည်။

ပထမ အချက်တွင် “အဂတိလိုက်စားမှု အလေ့အထ အချိန်တိုကာလအတွင်း လုံးဝ ပပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားသည့် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” အားလိုက်နာခြင်း မရှိဘဲ ဆောင်ရွက်လာသည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ပညာပေး အသိပေးသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။

ဒုတိယအချက်တွင် ပေးပို့ခဲ့သည့် အကြောင်းကြားစာပါ ဖော်ပြချက်များကို စာပိုဒ်ခွဲလေးခုဖြင့် ဖော်ပြခဲ့ပါသည်။
NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းကို သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းက နေပြည်တော်ရှိ Sky Net မဏ္ဍပ်၌ တွေ့ရစဉ်

ထိုသို့ ဖော်ပြရာတွင် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနအားလုံးသို့ ပေးပို့ထားပြီး အများပြည်သူ သိရှိရန်လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို ဆက်လက်ဖော်ပြရာတွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုပြုလုပ်ခဲ့သည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသားကျပ်သိန်း ၅၀ ပါအထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာ အရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

ထို့နောက် “မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးမှုများကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်စွာ ဆောင်ရွက်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား လေးနက်စွာ အကြောင်းကြားခဲ့ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

နောက်ဆုံးစာပိုဒ်ခွဲငယ်၌ လက်ဆောင်ပေးအပ်သည့် ငွေသားကျပ်သိန်း ၅၀ အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူမည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကပါ ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ်၏ အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ်တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီများထဲတွင် Sky Net တစ်ခုသာရှိပြီး အဆိုပါ Sky Net မဏ္ဍပ်ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သင်္ကြန်အတက်နေ့တွင် Sky Net မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းတို့၏ ပုံရိပ်များမှာ Sky Net ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့ပါသည်။

“နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်ဆောက်တဲ့ မီဒီယာ ဆိုလို့ Sky Net မဏ္ဍပ် တစ်ခုပဲ ရှိတာပါ။ ဒါကို ထုတ်ပြန်ချက်မှာ Sky Net လို့ တိုက်ရိုက် မပြောဘဲ မီဒီယာ ကုမ္ပဏီကြီး တစ်ခုလို့ ဖော်ပြတာဟာ မီဒီယာ အားလုံးကို ဂုဏ်သိက္ခာ ချသလို ဖြစ်နေတဲ့အတွက် ဒီလို အသုံးအနှုန်းကို ကန့်ကွက်ပါတယ်။ နံပါတ်နှစ် အချက်က အရင် အစိုးရ လက်ထက်မှာ သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ကမ်းလှမ်းတာတွေ၊ ပေးတာတွေ ရှိခဲ့ပေမယ့် အခု ပေးတဲ့ သိန်း ၅၀ ဆိုတာ နည်းတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒါဟာ အခုလက်ရှိ အစိုးရကို ဂုဏ်သိက္ခာချတာ ဖြစ်ပြီး အစိုးရအဖွဲ့ တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နံပါတ်သုံး အချက်က ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဘာကြောင့် ၂၀ ရက်နေ့ ရောက်မှ ထုတ်ပြန်ခဲ့တာပါလဲ။ နံပါတ်လေး အချက်က ဒီငွေတွေကို အလှူငွေအဖြစ် မသိမ်းသင့်ပါဘူး။ ဥပဒေကြောင်းအရ ဆိုရင် ဒီငွေသိန်း ၅၀ ဆိုတာ သက်သေခံပစ္စည်း ဖြစ်ပါတယ်။ ဒါကို စေတနာနဲ့ ပေးတယ်လို့လည်း မသုံးသင့်ပါဘူး။ ပြီးတော့ ဒီလို ငွေသိန်း ၅၀ ကို ကိုယ်ရေးအရာရှိ တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား။ ဖိတ်ကြား ဧည့်ခံခဲ့တဲ့ အစိုးရ ၀န်ကြီးဌာန ပုဂ္ဂိုလ်တိုင်းကို ပေးခဲ့တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေကြောင်းအရ အရေး မယူဘူး ဆိုရင်တောင် ပေးတဲ့ မီဒီယာ ကုမ္ပဏီကြီးကို စံနမူနာပြအဖြစ် အမည်ပျက်စာရင်း သွင်းဖို့ လိုပါတယ်။ နောက်ဆုံး တစ်ချက် ပြောလိုတာက ပညာပေးကာလ ဆိုတာကို ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ။ ဘယ်အချိန်ထိလဲ ဆိုတာပါ။ ဒါတွေကို ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားခဲ့ပါသည်။

“လက်ဆောင်ပစ္စည်း လက်ခံခြင်း” နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသော ကြေညာချက်တွင် အစိုးရ အဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်/အဖွဲ့အစည်းဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ထားပါသည်။

သို့သော် ခြွင်းချက် အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုး ကျပ်ငွေ ၂၅၀၀၀ မပိုသော (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ တန်ဖိုးထက် မပိုစေရ) လက်ဆောင်ပစ္စည်း၊ မိမိ၏ တရားဝင် ရာထူးကြောင့် မဟုတ်ဘဲ မိသားစု ဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ချက်များနှင့် အကျုံးဝင်သော လက်ဆောင်ပစ္စည်း မဖြစ်စေရ) ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါဝရပြု ပေးအပ်သည့် (ဥပမာ - သီတင်းကျွတ် ကန်တော့သော ပစ္စည်း၊ ခရစ္စမတ် လက်ဆောင်) ကျပ်ငွေ ၁၀၀၀၀၀ ထက် မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံခွင့် ပြုထားသည်။




kachin-refugees-camp-620.jpg လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားတဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo :Naw Lawn ( mali ingra Volunteeer group)

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာ-ဆဒုံးနဲ့ ကန်ပိုက်တီတစ်ဝိုက်က ဒုက္ခသည်စခန်း ၁၀ ခုလောက်ဟာ မနေ့က လေပြင်းတိုက်ခတ်ခံရတာကြောင့် ဒုက္ခသည်တွေရဲ့တဲအိမ်ရာနဲ့ချီ ပျက်စီးသွားပြီး အရေးပေါ်အကူ အညီတွေ လိုအပ်နေပါတယ်။

လေပြင်းတိုက်ခတ်ခံရတဲ့ ဒုက္ခသည်စခန်းအများစုဟာ ကေအိုင်အေ ထိန်းချုပ်နယ် မြေထဲက စခန်းတွေဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စီမံထောက်ပံ့ နေတဲ့ ဒုက္ခသည်စခန်း ၇ ခုက လူဦးရေ ၂၀၀ ကျော် အတွက် အရေးပေါ်အကူအညီတွေ သွားပေးမှာဖြစ်တယ်လို့ KBC ရဲ့ လူမှုဝန်ထမ်းခြင်းနဲ့ ဖွံ့ဖြိုးရေးဋ္ဌာန တာဝန်ခံ ဦးခါးလီ က ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် နေအိမ်အမိုးအကာ ပျက်စီးတာတွေ ရှိပေမယ့် လူထိခိုက်မှု မရှိဘူးလို့လည်း ဦးခါးလီ က ပြော ပါတယ်။ အလားတူ တရုတ်-မြန်မာနယ်စပ်၊ နယ်ခြားမှတ်တိုင် ၈ အနီးက မဂါးယန် ဒုက္ခသည်စခန်းမှာလည်း မနေ့က လေပြင်း တိုက်ခတ်ခံရပြီး နေအိမ်တွေ ပျက်စီးခဲ့ပေမယ့် စာရင်းအတိအကျကို မသိရသေးပါဘူး။

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေဖြစ်ပွားလာရာ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်လောက်ဟာ နီးစပ်ရာဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
RFA


အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ တက်သစ်စလူငယ် ခေါင်းဆောင် ဆုပေးပွဲအခမ်းအနား ဒီနှစ်အတွက် လူမှုရေးအပြောင်းအလဲကို အပြုသဘောဆောင် ဖန်တီးကြိုးပမ်းမှုတွေအတွက် ကမ္ဘာတ၀ှမ်းက လူငယ် ၁၀ ဦးကို ဂုဏ်ပြုမှာဖြစ်ပါတယ်။

အဲဒီထဲမှာ မြန်မာလူငယ်အမျိုးသမီး သဉ္ဇာရွှန်းလဲ့ရည်လည်း ပါဝင်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

ကမ္ဘာတ၀ှမ်းမှာ လူမှုရေးအပြောင်းအလဲကို အပြုသဘောဆန်စွာ ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ် ချီးမြှင့်တဲ့ဆုလည်းဖြစ်ပါတယ်။ ဆုရှင် ၁၀ ဦးတို့ရဲ့အမည်ကို ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား နိုင်ငံတကာ တက်သစ်စလူငယ် ခေါင်းဆောင် ဆုရှင်တွေအနက် ထူးခြားချက်တခုကတော့ မြန်မာနိုင်ငံက အမျိုးသမီး လူငယ်ဆုရှင်တဦး ပါဝင်နေတာပဲ ဖြစ်ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်ကတော့ အမျိုးသားလူငယ်ကွန်ဂရက်နဲ့ ရန်ကုန်လူငယ်ကွန်ယက်တို့ကို ညှိနှိုင်းဆောင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။

“အဓိက ကျမတို့ National Youth Congress လို့ပြောတဲ့ အမျိုးသား လူငယ် ကွန်ဂရက်က ၂၀၁၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပကြတဲ့ လူငယ်တွေထဲမှာလည်း ကျမ တယောက်အပါအ၀င်ဖြစ်တယ်။ အဲဒီကနေတဆင့် ကျမတို့ အမျိုးသားလူငယ်ကွန်ဂရက်ဆိုပြီး တည်ထောင်ပြီးတော့ နိုင်ငံတ၀ှမ်းမှာရှိနေကြတဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိုရမ်တွေကို ဦးဆောင်ကျင်းပကြတဲ့ ကွန်ယက်ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်လူငယ်ဖိုရမ် ပထမဦးဆုံးအကြိမ်ကို ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာလည်း အာဆီယံလူငယ်ဖိုရမ်ကို National Youth Congress အနေနဲ့ ကျမတို့ ဦးဆောင် စီစဉ်ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် UN ရဲ့ အထိမ်းအမှတ်နေ့တွေဖြစ်တဲ့ နိုင်ငံတကာ လူငယ်များနေ့တွေမှာလည်း ကျမတို့ နိုင်ငံနဲ့တ၀ှမ်းမှာ လူငယ်ပွဲတွေ ဖြစ်မြောက်လာဖို့အတွက်ကို ကျမတို့အားလုံး စုစည်းပြီးတော့ ကြိုးပမ်းကြတယ်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်လူငယ်ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပွဲပြပွဲ ဆိုပြီးတော့ ၂၀၁၄ ခုနှစ်က စတင်ပြီးတော့ ကျမတို့ UN အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တာတွေရှိပါတယ်။ ဒါ့အပြင် ကျမက my friend campaign ရဲ့ coordinator တယောက်လည်းဖြစ်ပါတယ်။ my friend campaign ကတော့ လူငယ်တွေကြားထဲမှာရှိနေတဲ့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီးတော့ သူငယ်ချင်းအချင်းချင်းကြားထဲက ချစ်ခင်ရင်းနှီးမှုတွေကို အဓိက ဖော်ထုတ်ရတဲ့ campaign ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သံအမတ်ရဲ့ လူငယ်အတိုင်ပင်ခံ အဖွဲ့မှာလည်း ကျမက အဖွဲ့ဝင်တဦး ဖြစ်ပါတယ်ရှင်။”

မေး - အဲတော့ အခုလိုပေါ့နော် နိုင်ငံတကာ တက်သစ်စ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခြင်းခံရတဲ့အပေါ်မှာရော ကိုယ်ပြန်သွားတဲ့အခါမှာ ကိုယ့်မြန်မာနိုင်ငံက လူငယ်တွေအတွက် ဘာတွေ သယ်ဆောင်သွားမလဲရှင့်။

ဖြေ - “ဒီဆုကို ရတဲ့အခါမှာ ကျမအနေနဲ့ ၀မ်းသာတာက လှုပ်ရှားမှုပေါ့နော် အခက်အခဲတွေကြားထဲ လုပ်ခဲ့ရတာတွေလည်း ရှိတယ်။ မဆုတ်မနစ်နဲ့ ဆက်တိုက် စိန်ခေါ်မှုတွေကြားထဲက လုပ်ခဲ့ရတာတွေလည်းရှိတယ်။ ဒါတွေကို အသိအမှတ်ပြုခံရတဲ့အတွက်ကြောင့်မို့ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆုကို ချီးမြှင့်ပေးတဲ့အတွက် အများကြီး ၀မ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ တချိန်တည်းမှာလည်း အခု အမေရိကန်ပြည်ထောင်စုမှာ ကျမတို့ လာပြီးတော့ ဆုရတဲ့ လူငယ်အချင်းချင်း ဆွေးနွေးမှုတွေ လုပ်ရတယ်။ နောက် အသိပညာတွေ ဖလှယ်ရတဲ့အခါမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေက တခြားလူငယ်တွေက သူတို့နိုင်ငံတွေမှာရော ဒီလို အခက်အခဲတွေကြားထဲက လှုပ်ရှားမှုတွေ လုပ်ကြသလဲဆိုတဲ့ အဓိကက စိတ်ခွန်အားရပါတယ်။ စိတ်ခွန်အားတွေက ကျမအတွက် အများကြီး ရှေ့ဆက် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် တွန်းအားတွေပေးတယ်။ ဒါ့အပြင် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒါတွေကလည်း ဒီ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ရခဲ့တယ်။ နောက် အမေရိကန်လွှတ်တော်တွေကိုလည်း သွားရောက် လေ့လာပြီးတော့ အကြံပြုတာတွေကိုလည်း လုပ်ခဲ့ရတယ်။ ဒါတွေက နောက်ပိုင်းတွေ လူငယ်တွေရဲ့ ပါဝင်မှု၊ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း နိုင်ငံတကာစင်မြင့်မှာ ထပ်မံ တွေ့ရှိရဖို့အတွက်ကို အခွင့်အလမ်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

တခြားဆုရှင်တွေကတော့ ငြိမ်းချမ်းစွာ အမြင်ခြင်းဖလှယ်နိုင်ဖို့ လူငယ်တွေအတွက် စကားရည်လုပွဲတွေ ကျင်းပပေးတဲ့အဖွဲ့ကို မ တည်ခဲ့သူ ပါလက်စတိုင်းသားတဦး၊ အောက်ခြေလူတန်းစားအတွက် ပညာရေးစီမံကိန်းတွေကို ဦးစားပေးလုပ်ခဲ့တဲ့ မော်လ်တာက အမျိုးသမီးငယ်တဦးအပြင် ဟွန်ဒူးရတ်စ်နိုင်ငံမှာ ကမ္ဘာ့လူသတ်မြို့တော်လို့ နာမည်ကြီးတဲ့ သူ့ရဲ့မြို့ခံတွေ လူဆိုးဂိုဏ်းဝင်ဖြစ်ရာက သေနတ်ပစ်ခံခဲ့ရပြီး စိတ်ပြောင်းကာ လူငယ်တွေ ရာဇ၀တ်မှုနဲ့ ကင်းအောင် လှုပ်ရှားလုပ်ကိုင်ပေးနေတဲ့ ဟွန်ဒူးရတ်စ် လူငယ်တဦးတို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မတူကွဲပြားတဲ့ ကိုးကွယ်တဲ့ ဘာသာတွေကြား ရင်းနှီးမှုတွေရရှိဖို့ ဆောင်ရွက်ခဲ့တဲ့ ပြင်သစ်က လူငယ်တဦး၊ ကင်ညာမှာ တိုင်းရင်းလူမျိုးစုတွေကြား ပြန်လည်ရင်ကြားစေ့ရေးအတွက် ထောက်ခံအားပေးခဲ့သူ ကင်ညာနိုင်ငံသားတဦးနဲ့ အာဖဂန်နစ္စတန်ကနေ လူငယ်တွေ စွန့်ခွာထွက်မသွားရလေအောင် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ကိုင်ပေးနေတဲ့ အာဖဂန်လူငယ်တဦးအပြင် တူနီးရှားမှာ အမျိုးသမီးနဲ့ လူငယ်တွေတို့အတွက် ဆောင်ရွက်ပေးနေသူတဦးနဲ့ ဂျော်ဂျီယာက ခေတ်မီနည်းပညာသုံးပြီး ပြန်လည် ရင်ကြားစေ့ရေး တိုးတက်မှုအတွက် ကြိုးပမ်းနေသူတဦးအပြင် အင်ဒိုနီးရှားက လူငယ်တဦးကတော့ သူ့ဇာတိမှာ ၁၀ နှစ်ကြာ ဘာသာရေးအကြမ်းဖက်မှု ရင်ဆိုင်ရပြီးတဲ့နောက် လူငယ်တွေအနေနဲ့ မတူကွဲပြားတဲ့ ဘာသာတွေကြား နားလည်မှု ရရှိစေဖို့ ကြိုးပမ်းပေးခဲ့တဲ့ လူငယ်တဦးတို့ ပါဝင်ကြတာဖြစ်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကိုတော့ ၀ါရှင်တန်စံတော်ချိန် ဧပြီလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး၊ ဆုရှင်တွေအနေနဲ့ ဆုပေးပွဲအခမ်းအနားအပြီးမှာ အမေရိကန်ပြည်ထောင်စုမှာ မေလ စောစောပိုင်းအထိ ခေါင်းဆောင်ပိုင်းလေ့ကျင့်မှု အစီအစဉ်တွေကို လေ့လာဆည်းပူးနိုင်ဖို့အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ သွားရောက်လေ့လာမှာဖြစ်ပြီး၊ သူတို့ရဲ့ လုပ်ဆောင်နိုင်မှု တိုးမြှင့်နိုင်ရေးအတွက်လည်း နည်းလမ်းအထောက်အကူတွေကို တိုးချဲ့နိုင်ဖို့ ကြိုးပမ်းသွားကြမှာလည်း ဖြစ်ပါတယ်။

ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်စခန်းတွေကို အစိုးရတပ်ဖက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ တောင်းဆိုထားပြီး ရှမ်းတပ်ဖွဲ့ဖက်က လက်မခံရင်တော့ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်လာနိုင်တဲ့အခြေအနေ ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ သြဇာရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ စစ်ရေးနည်းနဲ့ မဖြေရှင်းသင့်ကြောင်း ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဆုတ်ခွာခိုင်းထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်စခန်းတွေဟာ တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်အနောက်ဖက်မှာ ရှိတဲ့ လွယ်စေး၊ လွယ်လန်းတောင်ပေါ်က ဖြစ်ပြီး ဒီလ ၂၂ရက်နေ့ နောက်ဆုံးထားဆုတ်ခွာပေးဖို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်က တောင်းဆိုထားတာပါ။

လောလောဆည်မှာတော့ တပ်တွေ ဆုတ်ခွာရေးနဲ့ပတ်သက်ပြီး SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ သဘောထားကို အဖွဲ့ရဲ့ ဒုတိယအတွင်းရေးမှုး ဦးစိုင်းခမ်းသီက အခုလို ပြောပါတယ်။

“ တပ်မတော်က ကျနော်တို့ကို ထပ်ရွေ့ခိုင်းတာပါ။ ၂၂ ရက်နေ့ အပြီးဖယ်ခိုင်းတာလေ။ လွယ်စေး တ၀ိုက်နဲ့ သံလွင်မြစ်ကြောတလျှောက်ပေါ့။ ကျနော်တို့ အဲဒီဒေသတွေက ကျနော်တို့နေခဲ့တဲ့နေရာတွေဖြစ်တာကော အခုလောလောဆယ်တော့ ရွေ့ဖို့အခြေအနေတော့ မရှိသေးပါဘူး။”

တပ်တွေ မပြောင်းရွှေ့ရေးအတွက် SSPP/SSA မြောက်ပိုင်းရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ရမခ ဒုတိုင်းမှုးနဲ့ ဆွေးနွေးနေကြောင်းနဲ့ ဒီတပ်စခန်းတွေ ပြောင်းရွှေ့ဖို့ကို နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်စဉ်ကလည်း သဘောတူထားတာမရှိဘူးလို့ ပြောပါတယ်။

တန့်ယန်းဒေသခံတဦးကတော့ နှစ်ဖက်ညှိနှိုင်းတာမပြေလည်ရင် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လွယ်စေးပတ်ဝန်းကျင်လောက်ကတော့ဗျာ နည်းနည်းတိုက်ပွဲတွေဖြစ်လာနိုင်တာပေါ့ဗျာ။ လွယ်စေးက တန့်ယန်းနဲ့ဆို ၁၂ မိုင်ပဲရှိတယ်လေ။ မိုင်းကောင်က ၂၅ မိုင်ရှိတယ်။ အဲတော့ မိုင်းကောင်လိုနေရာမျိုးမှာ တပ်ရင်းတရင်းလည်း ထိုင်ထားပြီးသားလည်းရှိတယ်ဗျ။ အစိုးရတပ်လေ အဲဒါက ။ အဲဒီတော့ လွယ်စေးကိုလုပ်မယ်ဆိုရင်တော့ နှစ်ဖက်ညှပ်ပြီးတော့ ပြီးသွားနိုင်တာပေါ့လေ။ အဲတော့ အခုအချိန်အထိတော့ လှုပ်ရှားမှုမတွေ့ရသေးဘူးဗျ။”

လွယ်စေး၊ လွယ်လန်းတောင်ကြောဟာ UWSA ခေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။ ဒီတောင်ကြောဟာ UWSA အခြေစိုက်ထားတဲ့နယ်မြေနဲ့နီးကပ်ပြီး စစ်ရေးအရ စိုးမိုးနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

“ လွယ်လန်းပေါ်ကလှမ်းကြည့်ရင် ပန်ဆန်းကိုတော့ မမြင်ရဘူး။ ပန်ရန်းဆိုတဲ့နေရာရဲ့ အပေါ်ဆီး ကြတယ်။ ဆိုတော့ ပန်ရန်းဆိုတဲ့နေရာရသွားတယ်ဆိုရင်တော့ ပန်ဆန်းက နည်းနည်းနီးစပ်သွားတာပေါ့လေ။ ပန်ဆန်းကနီးစပ်သွားတော့ အဲဒါကြောင့်မို့လို့ သူတို့ကလည်း ဖယ်လိမ့်မယ်လို့တော့ မထင်ဘူးဗျ။ ၀ ကိုလည်း ခြိမ်းခြောက်လို့ရတဲ့နေရာပဲ အဲဒီလွယ်လန်းကတော”

ရှမ်းပြည်နယ်အတွင်းမှာ အင်အားကြီး နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကပြောရေးဆိုခွင့်ရှီသူ ဦးစိုင်းလိတ် တော့ သူတို့ပါတီရဲ့သဘောထားကို အခုလို ပြောပါတယ်။

“၀ နဲ့ မဖြေရှင်းပဲနဲ့ သူတို့ SSA ကိုပဲ သွားပြီးဖိအားပေးတာမျိုးတွေဟာ ရှမ်းပြည်ထဲမှာ ပြဿနာ မဖြစ်ဖြစ်အောင် ဖန်တီးသလိုများဖြစ်နေမလားပေါ့နော်။ ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ စစ်ရေးနဲ့ပဲ ချဉ်းကပ်နေမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်ပေါ်နိုင်မှာမဟုတ်ဘူး။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ဟာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလက အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲပြီးနောက်မှာလည်း တပ်တွေ နေရာရွှေ့ပြောင်းဖို့ အစိုးရတပ်ဖက်ကတောင်းဆိုခဲ့တာတွေ ရှိခဲ့သလို တိုက်ပွဲတွေ မကြာခန ထပ်မံဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဟာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဖို့ ကတိပြုထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လက်ဆောင်ပစ္စည်း လက်ခံမှုနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်ကို ချိုးဖောက်ခဲ့တဲ့ မီဒီယာလုပ်ငန်းတခုကို သတိပေးလိုက်ပါတယ်။

အဂတိလိုက်စားမှု အလေ့အထကို အချိန်တိုအတွင်း ပပျောက်စေဖို့ ရည်ရွယ်ပြီး၊ အစိုးရသစ်က လမ်းညွှန်ချက် ထုတ်ပြန်ထားပေမဲ့ အစိုးရတာဝန်ရှိသူ တဦးကို စည်းကမ်းနဲ့မညီတဲ့ လက်ဆောင်ပေးအပ်ခဲ့တာကြောင့် ပညာပေး အသိပေးခဲ့တဲ့အကြောင်း သမ္မတရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

သင်္ကြန်ကာလအတွင်း လက်ဆောင်ပေးအပ်ခဲ့တယ်ဆိုတဲ့ မီဒီယာ ကုမ္ပဏီရဲ့ အမည်ကိုတော့ ကြေညာချက်မှာ ဖော်ပြမထားသလို၊ လက်ဆောင်ပေးအပ်ခံရတဲ့ အစိုးရတာဝန်ရှိသူဟာ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိ အဖြစ်နဲ့သာ ဖော်ပြပါတယ်။ သင်္ကြန်တွင်းမှာ လက်ဆောင်အဖြစ် ပေးအပ်တဲ့ အထုပ်ထဲမှာ ငွေသား ကျပ်သိန်း ၅၀ ပါဝင်နေတာကို တွေ့ရတဲ့အတွက် အစိုးရအရာရှိက သက်ဆိုင်ရာ အထက်အရာရှိကို တင်ပြခဲ့ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။

NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှု ပပျောက်စေရေးအတွက်၊ လာဘ်ပေး၊ လာဘ်ယူမလုပ်ဖို့ မူဝါဒကို ကိုင်စွဲထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

NLD အစိုးရကတော့ အကျင့်ပျက် ခြစားမှုတွေ တိုက်ဖျက်ရေး ရည်ရွယ်ပြီး အစိုးရ၀န်ထမ်းတွေ ကျပ်ငွေနှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်မယူဖို့နဲ့ တနှစ်လုံးမှာ တသိန်းထက် မပိုစေရဆိုပြီး ဧပြီလဆန်းမှာပဲ တားမြစ်ချက် ထုတ်ပြန်ထားတာပါ။ နိုင်ငံခြားအစိုးရတွေဆီက ပေးအပ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း တန်ဘိုးကျပ်ငွေ ၄ သိန်းထက် မပိုဖို့ တရားဝင်ကိစ္စ အတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံဖို့၊ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို ဦးစီးရုံးတွေရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေကို အမြန်ဆုံးတင်ပြဖို့လည်း လမ်းညွှန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မှ ပဒါန်းဘက်သို့ မောင်းနှင်လာသောယာဉ်တစီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးနေ မစန်းကြည်၏အိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ၍ မစန်းကြည် (အသက်၄၆နှစ်) (ဘ) ဦးအောင်ကြည်သည် နေရာတွင်ပွဲချင်းပီးသေဆုံးပြီး သားဖြစ်သူ အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဧပြီ ၂၀ နေ့လည် ၁း၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပုသိမ်မုံရွာလမ်းမကြီး တောင်မှမြောက်သို့ ရန်ပိုင်ထွန်း (အသက် ၂၈ နှစ်) သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်၍ ဖိလစ်ပိုင်လူမျိုးတဦး လိုက်ပါလာသော 5D8507 Surf အမျိုးစားကားသည် မိုင်တိုင်အမှတ် ၁၇၇ ရှိ ကျီးပင်ကျေးရွာနေ မစန်းကြည်၏နေအိမ်အတွင်း အရှိန်လွန် ဝင်ရောက်ကာ တိုက်မိခဲ့ခြင်းဖြစ်သည်။ အမှုကို ကျီးပင်ရဲကင်းစခန်းမှ ၃၀၄/က ၃၃၇/၃၃၈တို့ဖြင့် အမှုဖွင့်ထားရှိပြီး ရဲလုပ်ငန်းများအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထန်ထန်မဲဇလီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

 Google က ဈေးကွက် လက်ဝါးကြီးအုပ် တယ်လို့ EU ပြော
Google ဟာ သူတို့ရဲ့ Android operating system ကိုရောင်းချရာမှာ လက်ဝါးကြီးအုပ် ရောင်းချခဲ့လို့ ဥရောပ သမဂ္ဂ ဈေးပြိုင် ရောင်းချတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဥရောပသမဂ္ဂ က တရားစွဲဆို လိုက်ပါတယ်။

ကမ္ဘာမှာ သုံးနေတဲ့ စမတ်ဖုန်း ၈ဝ ရာခိုင်နှုန်းမှာ Android operating system ကို အသုံးပြု ကြတာ ဖြစ်ပါတယ်။

Google က ဖုန်းနဲ့ ကွန်ပျုတာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် app တွေကို အစ ကတည်းက ထည့်သွင်း ရောင်းချပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ် ထားတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။

ဒီလိုလုပ်တာဟာ အသုံးပြုသူတွေ အနေနဲ့ တခြားရွေးချယ်ခွင့် မရစေသလို တီထွင် ဆန်းသစ်မှုတွေ ကိုလည်း ဟန့်တားရာ ရောက်တယ်လို့ အီးယူက ပြောပါတယ်။

Google ဒီအမှုမှာရှုံးရင် ဒဏ်ငွေ အများကြီး ရိုက်ခံရ နိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Photo: Thant Wai Kyaw/ Facebook ( တွန်းဇံမြို့နယ် မြေပြိုကန်ဆည်ကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ဝင်တွေ ကွင်းဆင်းလေ့လာနေစဉ် )
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည် ကျိုးပေါက်မှာကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ဒေသခံတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

လတ်တလောမှာ အန္တရာယ်မရှိနိုင်ပေမယ့် မြေပြိုကန်ဆည် ပြိုကျတာ ကျိုးပေါက်တာ ဖြစ်လာရင် ကလေးမြို့တစ်ခုလုံး ရေလွှမ်းမသွားအောင် နုန်းတားဆည် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။


ဒါ့အပြင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထားရှိမယ့် ဂိုထောင်တွေ၊ ဒေသခံတွေကို ဘေးကင်းတဲ့ နေရာရွှေ့ပြောင်းရမယ့်နေရာတွေ၊ အရေးပေါ်သုံးဖို့ စက်တပ်လှေတွေ ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ကြိုတင်အသိပညာပေးတာတွေကို စတင်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟန်ကင်ကျေးရွာအနီးမှာ ဖြစ်ပေါ်နေတဲ့ မြေပြိုကန်ဆည်ဟာ ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလမှာ တောင်တွေ ပြိုကျရာကနေ ဆည်ကြီးဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အဲဒီဆည် အနီးတ၀ိုက်မှာ ဆည်ငယ် ၅ ခုလောက် ရှိနေပြီး အောက်ဖက်မှာ ရာဇဂြိုဟ်ဆည်လည်း တည်ရှိနေ ပါတယ်။

မြေပြိုကျတာ၊ ငလျင်လှုပ်တာ၊ မိုးကြီးတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါ အဲဒီဆည်တွေကြောင့် ကလေးမြို့တစ်ခုလုံး ရေဖုံးလွှမ်းသွားနိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဆည်မြောင်းဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် တွန်းဇံမြို့တို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီဆည်တွေကိုလည်း သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


မီဒီယာကုမ္ပဏီကြီးတစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/


    ရန်ကုန် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

    နှစ်ပေါင်း ၃၂ နှစ်အတွင်း ပဲခူးတိုင်း ဒေသကြီးရှိ ဖြူးမြို့ နယ်သည် အမြင့်ဆုံး အပူချိန် စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖြူးမြို့ နယ်၏ ၂၀၁၃ ခုနှစ်တွင် အမြင့်ဆုံး အပူချိန် စံချိန်ဟောင်းမှာ ၄၁.၃ ဒီဂရီ စင်တီဂရိတ် ရှိရာမှ ယနေ့ ထုတ်ပြန်ခဲ့သည့် အမြင့်ဆုံး အပူချိန် စံချိန်သစ်မှာ ၄၁.၇ ဒီဂရီ စင်တီဂရိတ် အထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့ ပြင် ထူးခြားသည့် နေ့အပူချိန်များမှာ ဘော်လခဲမြို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ် ၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့ နှင့် အောင်လံမြို့တို့တွင် ၄၄ ဒီဂရီ စင်တီဂရိတ် စီ ၊ ရမည်းသင်းမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၃) ဒီဂရီ စင်တီဂရိတ် စီတို့ ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အမြင့်ဆုံး အညွှန်း ကိန်းများမှာ နေပြည်တော်တွင် ၇.၀ ၊ ရန်ကုန်မြို့တွင် ၉.၉ နှင့် မန္တလေးမြို့ တွင် ၇.၁ တို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော မြို့နယ် ၈ ခုတွင် အပူချိန် စံချိန်များ ယခင် အမြင့်ဆုံး စံချိန်ဟောင်းထက် စံချိန်ကျိုး သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

(Xinhua)
http://www.xinhuamyanmar.com

Intel အမှုဆောင်အရာရှိချုပ် Brian Krzanich ချစ်ပြား ( Chips ) အကြောင်း ရှင်းပြနေစဉ် ( ဆင်ဟွာ )
    ဆန်ဖရန်စစ္စကို ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

    PC ကွန်ပျူတာ ဈေးကွက် ရောင်းအား ကျဆင်းလာခြင်းကြောင့် အမေရိကန် ထိပ်တန်းကွန်ပျူတာ ချစ်ပြား ( Chips ) ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်း ၁၂,ဝဝဝ ကို လျှော့ချသွားမည်ဟု ဧပြီလ ၁၇ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။

အဆိုပါ ပမာဏသည် Intel ဝန်ထမ်း စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော်ရှိပြီး ထိုသို့ ဝန်ထမ်း လျှော့ချလိုက်ခြင်းဖြင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်ငွေ ဘီလီယံပေါင်း များစွာ သက်သာသွားမည်ဟု ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Santa Clara က ပြောသည်။ Intel ၏မူလ လက်ဟောင်း ဖြစ်သော PC ကွန်ပျူတာများ နေရာတွင် Data စင်တာများနှင့် အင်တာနက် ( IoT ) အစားထိုး အသုံးပြု လာနေကြကြောင်း ကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PC ကွန်ပြူတာ ချစ်ပြား ထုတ်လုပ်မှုတွင် Intel သည် ကမ္ဘာ့ ထိပ်တန်း အမှတ်တံဆိပ် အဖြစ် ကာလရှည် ရပ်တည်လာခဲ့သည်။ သို့ သော် လွန်ခဲ့သော နှစ်အနည်းငယ်က PC ဝယ်လိုအား ကျဆင်းလာခဲ့သည့် အတွက် Intel အနေဖြင့် PC ကွန်ပျူတာ အပေါ်အမှီပြုနေရခြင်းကို လျှော့ချပြီး Cloud ၊ မိုလ်ဘိုင်းဖုန်း နှင့် တခြား ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်း အားထုတ်လာသည်။

“ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ရဖို့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်ရ မလဲဆိုတာ ဆိုတာ လွန်ခဲ့တဲ့ နှစ်ကတည်းက ကျနော်တို့ လက်တွေ့ သရုပ်ပြခဲ့ ပြီးပါပြီ။ အဲဒီ ဦးတည်ချက် ရောက်ဖို့ အခုရှိနေတဲ့ အခွင့်အရေးတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်သွားဖို့ ပဲ”  ဟု Intel အမှုဆောင်အရာရှိချုပ် Brian Krzanich ကပြောသည်။

Intel ဝန်ထမ်း လျှော့ချခြင်း အစီအစဉ်တွင် ပါဝင်မည့် သူများစာရင်းကို ၄င်းအစီအစဉ် စတင်မည့် ရက်ပေါင်း ၆ဝ အတွင်း အသိပေးသွားမည်ဖြစ်သည်။ Intel ကျွမ်းကျင်သူများ အဆိုအရ ဝန်ထမ်း လျှော့ချလိုက်သည့် အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅ဝ သက်သာစေလိမ့်မည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နှစ်စဉ် ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ သက်သာသွားမည်ဟု ဆိုသည်။

ဧပြီလ ၁၉ ရက်က ထုတ်ပြန်သည့် Intel ၏ ၂ဝ၁၆ ခုနှစ် ပထမ သုံးလပတ် အမြတ်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံ ရှိခဲ့ပြီး ယခင်ခန့် မှန်းချက် ၁၂.၇၈ ဘီလီယံ ထက် ပိုမို ရရှိခဲ့ခြင်းဖြစ်သည်။

( Xinhua )
http://www.xinhuamyanmar.com


မနေ့က အွန်လိုင်းလူမူကွန်ယက်တွင် ပျံ့ နှံ့ခဲ့သော အင်းစိန်ဆေးရုံကြီး ရှိ အမျိုးသားခွဲစိပ်ဆောင်တွင် အိမ်သာများနှင့် အမှိုက်ပုံးများ ပြည့်လျှံပြီး အနံ့အသက်မကောင်းမှု့များ ဖြစ်ပေါ် နေကြောင်း ကို တင်ပြခဲ့ပါသည်။


ထိုကိစ္စနှင့် ပတ်သက်၍ အင်းစိန်မြို့ နယ်၏ အရွေးချယ်ခံ ကိုယ်စားလှယ်များ ဖြစ်သော ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး/ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဝေဖြိုးဟန်တို့သည် ယနေ့ နေ့လည်ပိုင်းတွင်အင်းစိန်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံးအုပ်ကြီး ဒေါက်တာ အေးအောင်နှင့်တွေ့ ဆုံပြီး။ ဆေးရုံ သပ်ရပ်သာယာရေးအတွက် ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးခဲ့ပြီး ဆေးရုံး အုပ်ကြီးမှ လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ ပါသည်။

သတင်းနှင့် ဓါတ်ပုံ - ကျော်စွာဦး

The Ladies News
https://www.facebook.com/News.TheLadies/

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံရေးအမှုတွေနဲ့ ဆက်နွယ်ပြီး လက်ရှိတရားရုံးတွေမှာ တရားရင်ဆိုင်နေရတဲ့အမှုတွေကို ပြန်လည် ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားချက်အရ မနက်ဖြန်အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်ချိန်ကစပြီး ဆောင် ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနညွှန်ကြားရေးမှုး ရဲမှုးကြီးထွန်းမင်း က ပြောပါတယ်။

"အတိုင်ပင်ခံပုဂ္ဂိလ်ရဲ့အမိန့်အရတော့ တရားရုံးမှာ ရုံးချိန်းရှိတဲ့နေ့တွေဆို ဆောင်ရွက်သွားမှာပါ၊ သူရဲ့လုပ် ထုံး၊ လုပ်နည်းကတော့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ တရားလို တော်တော်များများကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ဒီဟာကိုပိတ်သိမ်းခွင့်တောင်းတဲ့အခါ၊ ဥပဒေကိုတင်ပြ၊ သက်ဆိုင်ရာမြို့နယ်ဥပဒေက စိစစ်ပြီးတော့ သက်ဆိုင်ရာတရားရုံးတင်၊ တရားရုံးကနေ ရုတ်သိမ်းခွင့်ပြုတဲ့အမိန့်ကိုချပြီးတာနဲ့ မြန် ပါတယ်"

ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ပုဒ်မ ၁၈ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်မှု ပုဒ်မ ၁၄၃ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုတွေဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ တရားရုံးတွေမှာ ပြန်လည်ရုတ်သိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။

တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဲ့ အမှုအများစုဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး စွဲဆိုထား တာတွေဖြစ်ပါတယ်။

အဲဒီအမှုတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက အထွေထွေအုပ်ချုပ်ရေး ဌာနတွေနဲ့ စိစစ်ဆောင်ရွက်မှာဖြစ်ကာ မကြာမီရက်ပိုင်းအတွင်းမှာ ပဲ အဲဒီအမှုတွေ ရုတ်သိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအကျဉ်းထောင်တွေထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကနေ လာရောက်အလုပ်လုပ်နေတဲ့ အမျိုးသားသူနာပြုတစ်ဦး လူနာကို တိုက်ခိုက်မှု နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား သူနာပြု ကိုအောင်ဖြိုးသူ ကို စင်္ကာပူနိုင်ငံသား စိတ်ဝေဒနာရှင်တစ်ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး၊ တနင်္လာနေ့က ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလက စင်္ကာပူနိုင်ငံ စိတ်ရောဂါကုဆေးရုံ IMH မှာ အသက် ၅၆ နှစ်အရွယ် မစ္စတာ ကောင်အားဟို အမည်ရှိ စကီဇို ဖရီးနီးယား ခေါ် စိတ်ကစဥ့်ကလျားဝေဒနာစွဲကပ်နေသူ လူနာကို သူနာပြု ကိုအောင်ဖြိုးသူ အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့လို့ လူနာမှာ နံရိုးနှစ်ချောင်း ကျိုးသွားခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

လူနာဟာ အိပ်ယာပေါ်က မထနိုင်သူဖြစ်ပြီး၊ အခင်းဖြစ်တဲ့နေ့ မနက်က အိပ်ယာက ထူပေးဖှို ညပိုင်းတာဝန်ကျသူ သူနာပြု ကိုအောင်ဖြိုးသူ ကို ပြောဆိုရာမှာ၊ ကိုအောင်ဖြိုးသူက လူနာရဲက မျက်နှာကို စောင်နဲ့အုပ်ပြီး၊ အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း၊ ဆေးရုံအဆောင်အုပ်က လူနာရဲ့ဒဏ်ရာတွေတွေ့ရှိရလို့ ကိုအောင်ဖြိုးသူကို မေးမြန်းရာမှာ၊ သူ့ဖာသာသူ ဒဏ်ရာရတာလို့ လိမ်လည်ပြောဆိုကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဧပြီ ၂၀ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်ပြီးနောက် သူ့၏ နေရာကို ဆက်ခံရန် ဗိုလ်ချုပ်ကြီး စောမိုရှေးကို ဧပြီ ၁၉ ရက်နေ့က ဆုံဆည်းမြိုင်၌ စတင်ကျင်းပသည့် DKBA တပ်မှူးများ၏ အရေးပေါ်အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။

အစည်းအဝေးတက်ရောက်သည့် DKBA တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ကြီး စောစိုးမြင့်က “စစ်ဦးစီးချုပ်ကတော့ အရင်က ဒုစစ်ဦးချုပ်ပဲ။ ဒါကတော့ ပုံသေပဲ။ အခု စစ်ဦးစီးချုပ်ကတော့ ဖူးလားပွယ် ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းပဲ ပိုပြီး ကောင်းမွန်အောင် ဆက်လုပ်သွားဖို့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဧပြီ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည့် DKBA တပ်မှူးများ၏ အရေးပေါ်အစည်းအဝေး၌ တက်ရောက်သူ တပ်ပိုင်းဆိုင်ရာခေါင်းဆောင် ၇၀ ကျော်က ဗိုလ်ချုပ်ကြီး စောလားပွယ် မကွယ်လွန်မီ နာမကျန်းဖြစ်နေစဉ်ကာလအတွင်း ဒုဗိုလ်ချုပ်ကြီးရာထူးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် တွဲဖက်စစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် စောမိုရှေးအား စစ်ဦးစီးချုပ်အဖြစ် တညီတညွှတ်တည်း ဘဘောတူခန့်အပ်ခဲ့ခြင်းဖြစ်သည်။

DKBA စစ်ဦးစီးချုပ် အတည်ပြုခန့်အပ်ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်က “သူ့(ဗိုလ်ချုပ်ကြီး စောမိုရှေး)အနေနဲ့ အခုလို တာဝန်ယူလာရတဲ့အပေါ်မှာ လောလောဆယ် ရှိပြီးသား အနေအထားအရ ရှေ့ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ့် လုပ်ငန်းတွေမှာ သိပ်ပြီး အခက်အခဲမရှိလှဘူးလို့ ကျနော်ယူဆပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ အစည်းအဝေးတွင် DKBA ၏ အမှတ် ၁ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသူ စောစတီးကိုလည်း ဒုစစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်ဟု သိရသည်။

သုံးရက်ကြာ ကျင်းပမည့် DKBA အရေးပေါ်အစည်းအဝေး၌ ကျန်ရှိသည့် ရက်များတွင် တပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် တာဝန်အပ်နှင်းမှုများကို အဓိကထား ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org

ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ လူချစ်လူခင် များပြီး တိုးတက်တဲ့ အမြင်ရှိသူလို့ လူပြောများ
ပြီးခဲ့တဲ့လပိုင်းက ကွယ်လွန်သွားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးရဲ့ နေရာမှာ DKBA အဖွဲ့က သူတို့ရဲ့ ခေါင်းဆောင် အသစ်ကို ဧပြီလ ၁၉ရက်နေ့က ရွေးချယ်တင်မြှောက်လိုက်ပါပြီ။

DKBA က အသစ် တင်မြှောက်လိုက်တဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ အဖွဲ့ အတွင်းမှာ လူချစ်လူခင် များပြီး တိုးတက်တဲ့ အမြင်ရှိသူလို့ လူပြောများပါတယ်။

သူဟာ လက်ရှိ ယာယီ စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

ကွယ်လွန်သူ DKBA ခေါင်းဆောင်ဟောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး နေရာမှာ ခေါင်းဆောင် အစားထိုး ရွေးချယ်ပြီး ပြန်လည် ဖွဲ့စည်းတဲ့ ညီလာခံကို DKBA ရဲ့ဆုံ ဆည်းမြိုင် ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ သူ့ကို ရွေးချယ်လိုက်တာပါ။

အဲဒီမှာ စစ်ဦးစီးချုပ်အပြင် ဒုတိယ စစ်ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီး အရာရှိချုပ် အဖြစ် ဗိုလ်ချုပ် စောနုခုပ် တို့ကိုလည်း ရွေးချယ် လိုက်တယ်လို့ DKBA ခေါင်းဆောင် အသိုင်း အဝိုင်းက ပြောပါတယ်။

ကျန်ရှိသေးတဲ့ ရာထူးတွေနဲ့ DKBA မှာ ဗဟို လုံခြုံရေး ဗျူဟာနဲ့ တခြား တိုက်ခိုက်ရေး ၂ ဗျူဟာ အပါအ၀င် ၃ ဗျူဟာနဲ့ ပြန်လည် ဖွဲ့စည်းရေး ကိစ္စတွေကို ဆက်လက် ဆွေးနွေး ညှိုနှိုင်း ဆောင်ရွက် သွားဖို့ ရှိပြီး မူဝါဒ အပိုင်းမှာတော့ သိပ်ပြီး အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


မန္တလေး ဧပြီ ၂၀

သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါ သတင်းကြောင့် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ကြက်သားဝယ်ယူစားသုံးမှု မရှိသလောက် နည်းပါးကာ ကြက်ဈေးကွက် ပျက်သလောက်ဖြစ်နေပြီး အခြားသားငါးဈေးနူန်းများ မြင့်တက်နေကြောင်း သိရသည်။

“မုံရွာမှာကြက်ပြသနာတက်တော့ ကြက်သားစားမယ့်သူမရှိသလောက်ဖြစ်သွားတယ်၊ တစ်ခြားအသားငါးတွေ ဘက်လှည့်လာတော့ အဲဒါတွေ နည်းနည်း ဈေးတက်သွားတယ်၊ ကြက်သားကတော့ အခုထိဝယ်သူနည်းပါတယ်” ဟု ဧရာထွန်းဈေးမှအသားမျိုးစုံရောင်းချသူကိုမောင်အေးကပြောသည်။


ကြက်သားဈေးကွက် အရောင်းအ၀ယ်မရှိသလောက်ဖြစ်နေသော်လည်း သင်္ကြန်ပွဲတော်ကာလအတွင်း ဈေးနှုန်းမြင့်တက်ခဲ့သည့် ကုန်စိမ်းဈေးကွက်မှာမှု ယခုအခါတွင် ပုံမှန်ပြန်ဖြစ်လာနေပြီဖြစ်ကြောင်းသိရသည်။

“နှစ်ဆန်းတစ်ရက်နေ့အထိအရောင်းကျခဲ့တာပါ၊ စားသောက်ဆိုင်တော်တော်များများကပိတ်ထားတော့ ဟင်းသီးဟင်းရွက်အရောင်းကျတာပေါ့၊ အရောင်းကျတော့ဈေးနည်းနည်းပါးပါးစွဲတင်ရတယ်လေ၊ အခုကတော့ပုံမှန်ဖြစ်နေပါပြီ၊ အရောင်းအ၀ယ်တွေလည်းပုံမှန်ပြန်ဖြစ်နေကြပါပြီ” ဟု ကုန်စိမ်း ရောင်းချသူဒေါ်အေးလှကပြောသည်။

ဟင်းသီးဟင်းရွက်အသီးအနှံများအနက် ပန်းဂေါ်ဖီနှင့်မုန်လာဥများ ဈေးနှုန်းအများကြီးမြင့်တက်ခဲ့ ကြောင်းသိရပြီး ကုန်ခြောက်ဈေးနှုန်းကတော့ ပုံမှန် အနေအထားသာဖြစ်ကြောင်း သိရသည်။

ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm/