04/23/16


ရန်ကုန် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ခုတင်(၅ဝဝ)ဆံ့ဆေးရုံ ပထမထပ်၌ အမျိုးသားခွဲစိတ်ကုသဆောင်အနီးရှိ သန့်စင် ခန်းနှင့်တွဲလျက်ရှိသော အနံ့ဆိုးစွန့်ပစ်အမှိုက်ပုံးများအား တာဝန်ကျသန့်ရှင်းရေးဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ မစွန့်ပစ်ခဲ့သောကြောင့် လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာ များတွင် ဓာတ်ပုံနှင့်တကွ ပျံ့နှံ့မှုများ ဧပြီ ၂ဝ ရက်က ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ အလုံးစုံ ရှင်းလင်းဆောင်ရွက်ခဲ့သည့်အပြင် ရေရှည်သန့်ရှင်းရေးနှင့် လုံခြုံရေးစီမံချက်များ ချမှတ်ပြီး ဖြစ်ရာ အဆိုပါစီမံချက်ကို မကြာမီဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းစိန် ခုတင်(၅ဝဝ)ဆံ့ဆေးရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာအေးအောင်က ပြောကြားသည်။

''ဒီဆေးရုံကြီးက နေ့စဉ်နဲ့အမျှ ဆေးရုံတက်ရောက် ကုသသူ ပုံမှန်ကာလမှာ ဦးရေ ၅ဝဝ ဝန်းကျင်ခန့်ရှိပြီး ရာသီ အကူးအပြောင်းဆို လူကြီး၊ လူငယ် ၆ဝဝ ကျော်လောက် ရှိပါတယ်။ ဆေးရုံက ရှိရင်းကုသဆောင်တွေမှာက တစ်ဆောင်ကို လူနာ ၅ဝ ကုသမှုခံယူနေပြီး လူနာစောင့် အပြင် ပါလာတဲ့မိသားစုဝင်တွေနဲ့ဆို လူနာတစ်ဦးစာကို ငါးဦးလောက်ထိ ဖြစ်နေပါတယ်။ ကုသဆောင်တစ်ခုကို လူနာအပါအဝင် ဦးရေ ၂ဝဝ ဝန်းကျင်လောက်သာ နေနိုင်အောင် လျာထားပေမယ့် ဒီထက်မကတဲ့လူဦးရေတွေဖြစ် ပေါ်နေတာပါ။

သန့်စင်ခန်းကလည်း သုံးလုံးပဲရှိတာဖြစ်ပြီး လုံလောက်မှု မရှိတာတွေကိုတွေ့ရပါတယ်။ အမှိုက်ပုံးတွေဆိုလည်း အမြဲပြည့်နေပါတယ်။ သန့်ရှင်းရေးဝန်ထမ်းကလည်း တစ်ဆောင်ကို နေ့ နှစ်ဦး၊ ည နှစ်ဦးပေါင်းမှ လေးဦးပဲ ရှိတာပါ ။တစ်ဆောင်ကို အမှိုက်ပုံးအကြီး နှစ်ပုံး၊ အသေး ခြောက်ပုံးထားပေးထားပါတယ်။ အမှိုက်တွေကို နေ့ပိုင်းတာဝန်ကျသန့်ရှင်းရေးသမားက လုပ်ရမှာ။ တစ်ရက် နှစ်ရက်လောက်မပစ်မိတော့ အခုလို အမှိုက်တွေကပုံပြီး အနံ့ဆိုးတွေပါထွက်လာတာပါ။ အခုလည်း သန့်ရှင်းရေး ဝန်ထမ်းတွေကို အရေးယူနိုင်ရေးအတွက် စစ်ဆေးနေ ပါပြီ''ဟု ပြောသည်။

ထပ်မံ၍ ၄င်းက'' ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေ၊ တိုင်းဒေသကြီး ကျန်းမာရေးဝန်ထမ်းတွေဟာ ဧပြီ ၂ဝ ရက်က လာရောက်ကြည့်ရှု လေ့လာခဲ့ ကြပါတယ်။ လက်ရှိ သန့်ရှင်းရေးဝန်ထမ်းအင်အားတွေထပ်တိုးဖို့နဲ့ ရှိရင်း ဆေးရုံလုံခြုံရေးဝန်ထမ်းတွေကိုပါ သန့်ရှင်းရေးဝန်ထမ်း အဖြစ် ပြောင်းလဲတာဝန်ပေးဖို့ ဆောင်ရွက်ထားပါတယ်။ဆေးရုံက လုံခြုံရေးဝန်ထမ်းတွေကိုတော့  လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းတွေအဖြစ် ပြောင်းလဲခန့်အပ်သွားဖို့အတွက် လျာထားပါတယ်။ ဒါမှလည်း လိုအပ်နေတဲ့ ဆေးရုံ သန့်ရှင်းရေးနဲ့ လုံခြုံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မှာပါ။

လူနာနဲ့လူနာစောင့်တွေက ပုံမှန်လျာထားချက်ထက် များပြားသလို ဆေးရုံတက်လူနာကလည်း တစ်ဆောင်ကို ၅ဝ တောင်မလောက်လို့ ကြားခုတင်ထိုးပြီး ကုသနေတာ တွေကလည်းရှိနေပါသေးတယ် ။ လူနာနဲ လူနာစောင့် အင်အားကများတော့ သန့်ရှင်းရေးနဲ့ ဆေးရုံလုံခြုံရေး အပိုင်းတွေက တာဝန်ကြီးလေးတာပါပဲ'' ဟု ပြောသည်။

အဆိုပါဆေးရုံ၌ အမျိုးသား/အမျိုးသမီး လူနာ ခွဲစိတ်ဆောင် နှစ်ဆောင်၊ ဖျားနာဆောင် နှစ်ဆောင်၊ ကလေးကုသဆောင် နှစ်ဆောင်၊ အရိုးရောဂါကုသဆောင် တစ်ဆောင်၊ သားဖွားမီးယပ် ကုသဆောင် နှစ်ဆောင်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ကုသဆောင် တစ်ဆောင် တို့ ဖြင့်  စုစုပေါင်း ကုသဆောင် ၁ဝ ခု ရှိကြောင်းသိရသည်။ သန့်ရှင်းရေးဝန်ထမ်းအင်အားမှာလည်း တစ်ဆောင် လျှင်နေ့/ည လေးဦးသာ ရှိသောကြောင့်  ဝန်ထမ်းအင်အား လောက်ငမှုမရှိကြောင်း၊ တစ်ဆောင်လျှင်သန့်စင်ခန်း သုံးလုံးသာရှိ၍ မလောက်ငကြောင်း ဆေးရုံအုပ်ကြီး ရုံးမှ သိရသည်။ယခုအခါထပ်မံ၍ သန့်စင်ခန်းများ တိုးချဲ့ ဆောက်လုပ်ရန် လျာထားပြီး လက်ရှိ ဆောက်လက်စ တိုးချဲ့ဆေးရုံသစ်ကြီးပြီးစီးသွားလျှင် ရှိရင်းလူနာများ ချောင်လည်စွာဖြင့် ဆေးကုသခံမှုယူနိုင်ကြမည်ဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ (စိုးဝင်း-MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily

[youtube src="GVB7ksBBl8k"/]
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပက သံအမတ်ကြီးတွေ၊ သံတမန်တွေ ၆ဝကျော်နဲ့ ဧပြီ ၂၂ရက်နေ့က နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံခဲ့ပြီး မြန်မာပြည် နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Kamayut Media

[youtube src="a234NRG-B_U"/]
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ရက်နေ့က နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။ ဒီတံခါးပိတ် ရှင်းလင်းမှုအပေါ် သံတမန်တွေက ဘယ်လိုသဘောထားရှိကြသလဲ။
Kamayut Media

အပြောလျှော့တော့မယ်၊ မပြောတော့ဘူးလို့ တွေးထားပေမယ့် အာယားလာလို့ ပြောရဦးမယ်၊ တကယ်တော့ မပြောချင်ပါဘူး။ အင်န်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ လူထုက ဒါ ငါတို့ရွေးချယ် ဖန်တီးထားတဲ့ အစိုးရပဲဆိုပြီး နဂိုနေထက် ကောင်းစေချင်တယ်၊ အဟောင်းအသိုးပုံစံကနေ ပြောင်းစေချင်တယ်၊ ဒါပေမဲ့ သူတို့ကျတော့ ဒုံရင်းပဲ၊ ဘာမှ မပြုမပြင်၊ လိုက်မပြောင်းဘူး။

အမှိုက်ပစ်ဆဲ၊ ကွမ်းသွေးထွေးဆဲ၊ တန်းမစီဘဲ ကြားဖြတ်မြဲ၊ တယ်လီဖုန်းကို အကျယ်ကြီးပြောမြဲ၊ မအောင့်နိုင် မစောင့်နိုင်ဘဲ မြန်မြန်ကိစ္စပြီးဖို့ လာဘ်ပေးလာဘ်ယူလုပ်ချင်မြဲ၊ အများသုံးအိမ်သာတွေနဲ့ အများဆိုင်နေရာတွေကို မိမိပိုင်ပစ္စည်းလို သဘောမထားဘဲ ပျက်စီးအောင် ပေါ့ပေါ့တန်တန် သုံးစွဲ ညစ်ပတ်စေမြဲ စသဖြင့် တခုမှကို မပြောင်းလဲသေးဘူး၊ အချောင်သမားစိတ်ဓာတ်တွေ ရှိတုန်းပဲ။

မနေ့ညက နာမည်ကျော် အိန္ဒိယသရုပ်ဆောင် ရှာရွတ်ခန်းရဲ့ FAN ကြည့်ဖြစ်တယ်၊ ကားက ထင်သလောက်လည်း မကောင်းပါဘူး၊ သူ့အကြောင်းနဲ့နွယ်လို့ ဇာတ်လမ်းဖြစ်အောင် ပတ်ဆင်ထားပြီး အကျအပေါက် ဝေဖန်ခံနိုင်အောင် ရိုက်ထားတဲ့ ကားဖြစ်တာကလွဲလို့ ပျင်းစရာတောင် ကောင်းနေပါသေးတယ်။ ဒါပေမဲ့ နှစ်ကိုယ်ခွဲ အနုပညာအားကတော့ မသေးကြောင်း သေချာပြထားပါတယ်။

ပြောချင်တာက သူ့အကြောင်း မဟုတ်ပါဘူး၊ ခေတ်ပြောင်းခေတ်လွဲမှာ စည်းကမ်းရှိပြီး နိုင်ငံကြီးသားစိတ်ဓာတ်ရှိဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတော်အလံကို အလေးပြုပါလို့ သတိပေးစာ (အသိပေးစာ) ထုတ်ပြန်ပြီးမှ အလံထိုးပြပေမယ့်လည်း နိုင်ငံတော်အလံကို အလေးပြုဖို့ ထိုင်ရက မထကြပါ၊ နိုင်ငံခြားသားတွေမြင်ရင် ဒီလူမျိုး၊ ဒီနိုင်ငံသားတွေကို အထင်သေးမှာပါ။ မထသူအများစုဟာ ရှာရွတ်ခန်းရဲ့အမျိုးတွေပါပဲ (သူ့ကားကြည့်နေတော့ ပရိသတ်အများစုက သူနဲ့ လူမျိုးတူတွေပေါ့)။

ဒါပေမဲ့ ဒီနေရာမှာ ဗမာရယ်၊ ကုလားရယ် ခွဲပြောဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားကို ပြောချင်တာပါ၊ နိုင်ငံတွင်းမှာ နေတယ်ဆိုရင် ဒီနိုင်ငံရဲ့ အလံတို့၊ အမျိုးသားသီချင်း (နိုင်ငံတော်သီချင်း) ကို လေးစားဖို့ လိုပါတယ်။ မလေးမစားလုပ်လို့ မရပါဘူး။ အသက် ၅၀ အရွယ် အဒေါ်ကြီးက ထပြီး အလေးပြုဖို့ လုပ်တာကို သူ့သားလား၊ တူလားက မထဖို့ ဆွဲထားပါတယ်၊ မလိုပါဘူးတဲ့။ ဒီခေတ်ချာတိတ်တွေရဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်တွေဟာ စစ်အာဏာရှင်တွေနဲ့ နေခဲ့ရတဲ့ခေတ်မှာ ပြောင်းကုန်ပါပြီ။ အကောင်းပြောင်းတာတော့ မဟုတ်ပါဘူး၊ အဆိုးဘက် ပြောင်းကုန်တာပါ။

နောက်က ချာတိတ်တကောင်ကလည်း ရှေ့ခုံကို ခြေထောက်နဲ့ ကန်ပြီး ထိုင်ပါတယ်၊ ပြောလည်း မရပါဘူး။ ဒါဟာ မယဉ်ကျေးတာကို ပြတာပါပဲ၊ ရုပ်ရှင်ရုံမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး လာကြည့်ကြတာမို့ တဦးနဲ့တဦး အပြန်အလှန် လေးစားကြဖို့၊ တန်ဖိုးထားကြဖို့၊ မေတ္တာထားကြဖို့ လိုပါတယ်။ ပမာမခန့်၊ မယဉ်မကျေး၊ လူမိုက်ပုံတွေ လုပ်လို့ မရပါဘူး။

ဘေးက လူကလည်း ကွမ်းတွေအများကြီး စားထားလို့ သူ့ပါးစပ်က ထွက်နေတဲ့ အနံ့တွေ၊ အသက်ရှုထုတ်လိုက်တဲ့အခါ ပါလာတဲ့ အနံ့တွေမှာ မခံမရပ်နိုင်လောက်အောင် နံပါတယ်။ ကွမ်းမစားသူမှာ ပိုပြီးတောင် ခံစားရပါတယ်။ လူအများကြည့်နေတဲ့ ရုပ်ရှင်ရုံ၊ လေအေးပေးစက်ဖွင့်ထားတဲ့ ရုပ်ရှင်ရုံ၊ ပူအိုက်တဲ့ ရုပ်ရှင်ရုံမှာ ဒီလိုမခံသာတဲ့ အနံ့တွေနဲ့ဆိုရင် ဘေးလူတွေမှာ ဘယ်လောက် ခံစားရမလဲ စဉ်းစားကြည့်ပါ။

ပြည်သူတွေဟာ အစိုးရချည်းကောင်းဖို့ ပြောင်းဖို့ စိတ်ထားလို့ မရပါဘူး။ ကိုယ်ကလည်း တတ်နိုင်တဲ့ဘက်က ကောင်းဖို့ ပြောင်းဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးတရပ်အသွင်နဲ့ မိမိတို့ရဲ့ စိတ်ဓာတ်တွေနဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတာ ရွေးကောက်ပွဲတုန်းကတော့ စစ်အာဏာရှင်တွေကို ပြောင်းလဲဖြုတ်ချပြီး အရပ်သားအစိုးရ တက်လာအောင် စိတ်ဓာတ်လှုံ့ဆော်ခဲ့တာမျိုးပါ။ အခုတော့ အရပ်သားအစိုးရဖြစ်တဲ့ အင်န်အယ်လ်ဒီအစိုးရလည်း ရပြီမို့ စိတ်ဓာတ်တွေကောင်းဖို့၊ အမူအကျင့်တွေပြောင်းဖို့က ပြည်သူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အချောင်သမားပြည်သူတွေ မဖြစ်စေချင်ပါဘူး။

Myo Tha Htet

မြိတ်မြို့တွင် နေထိုင်သော ဦးအောင်သူသည် သမ္မတ ဦးထင်ကျော်နှင့်အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တိုင်းနယ်ပြည်နယ် ၁၄ ခု တစ်ကိုယ်တော်လမ်းလျှောက် ခရီးရှည်ကို ယနေ့ဧပြီလ ၂၂ ရက်တွင် မြိုတ်မြို့မှစတင်ခဲ့သည်။

ယနေ့ ဧပြီ ၂၂ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်ရှေ့မှ စတင် ထွက်ခွာပြီး မြို့ပေါင်း ၅၉ မြို့ကိုဖြတ်သန်းကာ လမ်းလျှောက်ရက်ပေါင်း ၁၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ခရီးစဉ်အား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အဆုံးသတ်မည်ဖြစ်ကြောင်း ဦးအောင်သူ ဆိုသည်။

Source - Myanmar Citizen News Agency


Burma နဲ့ Myanmar အခေါ်အဝေါ် နှစ်ခုဖြစ်နေတဲ့ အပေါ် မြန်မာပညာရှင် တချို့ကတော့ - သမိုင်းကြောင်းနောက်ခံတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ - ဒီမိုကရေစီအစိုးရ တရပ်အနေနဲ့ လူထုဆန္ဒကို အရင်ခံယူသင့်တယ် လို့ ပြောဆိုလိုက်ကြ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံချိန် Burma ရော၊ Myanmar ပါ နှစ်မျိုးစလုံး အဆင်ပြေသလို သုံးနှုန်းနိုင်တယ်ဆိုတဲ့အပေါ် မြန်မာပညာရှင်တချို့က ပြောဆိုခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာအစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားသား သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သောကြာနေ့က တွေ့ဆုံချိန်မှာ - တချို့ နိုင်ငံခြားသားသံတမန်တွေက Burma နဲ့ Myanmar ဘယ်ဟာခေါ်ရမှန်းမသိ ဖြစ်နေတဲ့အပေါ် အဆင်ပြေသလို သုံးနှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အရေးမို့ နောက်ပိုင်းမှာတော့ ဒီမိုကရေစီစနစ်နဲ့အညီ လူထုဆန္ဒခံကို ခံယူသင့်တယ်လို့ ထောက်ပြခဲ့သူကတော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာ ဆလိုင်းထွန်းသန်း ဖြစ်ပါတယ်။

“စစ်အစိုးရကတော့ လူထုဆန္ဒယူဖို့ သူ စိတ်ကူးမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အခု ဒီလို ခွပြီး ပြောလာတယ် ဆိုတဲ့ဥစ္စာက ကျနော်ထင်တယ် အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူလည်း ချက်ခြင်းကြီး 100 and 80 ဒီဂရီ သူ လှည့်လို့မဖြစ်သေးဘူးလေ။ သူလည်း အခုမှ တက်ခါစကိုး။ ဆိုတော့ သူ့အနေနဲ့လည်းပဲ လိမ္မာပါးနပ်စွာ တဖြေးဖြေးနဲ့ သူ လုပ်သွားရမှာပဲ။ ကျနော် ထင်တာတော့ လူထုဆန္ဒ မေးသင့် တယ်လို့ ထင်တာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒါက တိုင်းပြည်နဲ့အ၀ှမ်း ဆိုင်တဲ့ကိစ္စကိုး။ တဖြေးဖြေးတော့ ကျနော်ထင်တယ် သူ လုပ်သင့်တယ် ပြည်သူ့ဆန္ဒယူပြီးတော့မှ။”

အလားတူ မြန်မာစာပါမောက္ခ ဆရာကြီး ဦးစောထွန်းကလည်း - တိုင်းရင်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတခုမို့ အများရဲ့ဆန္ဒနဲ့အညီ ဖြစ်သင့်တယ်လို့ အခုလို ပြောပါတယ်။

“မြန်မာဆိုတာ ဗမာလူမျိုးရဲ့နာမည်……”

ဒါ့အပြင် “Burma” နဲ့ “Myanmar” ဖြစ်ပေါ်လာခြင်းအကြောင်းရင်းကိုလည်း သမိုင်းကြောင်းနဲ့ ဆရာကြီး ဦးစောထွန်းက အခုလို ရှင်းပြခဲ့ပါတယ်။

“အင်္ဂလိပ်တွေက အစက အင်းဝ လို့ခေါ်… ပုဂံလက်ထက် ကတည်းက မြန်မာလို့ ခေါ်ဝေါ်တာ နှစ်ပေါင်း ၉၀၀ လောက်ရှိပြီ…..”

ဒါပေမဲ့လည်း န၀တ၊ နအဖ စစ်အာဏာရှင်လက်ထက် မတိုင်ခင်အထိ ခေတ် အဆက်ဆက် သုံးစွဲလာခဲ့တဲ့ Burma ဆိုတာကိုပဲ ပိုနှစ်ခြိုက်တယ်လို့ ဒေါက်တာ ဆလိုင်းထွန်းသန်းက ဆိုပါတယ်။

“ဆရာ့အနေနဲ့ကတော့ Burma က ပိုပြီးတော့ ကောင်းမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဆိုတာက တော်တော်တန်တန် လူတွေကလည်း pronounce မလုပ်တတ်ဘူး။ သူတို့အနေနဲ့ Myanmar ဆိုတာကို pronounce လုပ်ရတာ တော်တော်ကို ခက်တယ်။ Burma ဆိုတာ တကမ္ဘာလုံး နှုတ်ကျိုးနေပြီပဲ။ ကျနော်တို့က ဘာကြောင့် ပြောင်းစရာ လိုမလဲ။ Burma ပဲ ကြိုက်ပါတယ်။ ကျနော်တို့ ဟိုတုန်းကတည်းကိုက တိဘက်တိုဘားမန်း ဆိုပြီးတော့ ဟိုဘက်ဒီဘက် စဉ်းစားသင့်တယ်လေ။ ဥပမာ - ဂျာမနီတို့၊ အိန္ဒိယတို့၊ တရုတ်တို့ တောင်မှပဲ သူတို့ ပြောင်းချင်တဲ့ဥစ္စာ ပြောင်းနိုင်ရဲ့သားနဲ့ သူတို့ မပြောင်းဘူး။ သူတို့မှာက သူတို့ရဲ့ အတွေးအခေါ်တွေ ရင့်ကျက်လာပြီ။ ဒါက အတွေးအခေါ် ရင့်ကျက်မှုကို ပြတာပဲ။ ကျနော်တို့က အတွေးအခေါ် နုနယ်သေးတယ်။ တနည်းအားဖြင့် သူတို့ အလုပ်မရှိလို့ ကြောင်မ ရေချိုး ဆိုသလိုပဲ အလုပ်မရှိတော့လည်းပဲ အဲဒါကို ဟိုပြောင်း ဒီပြောင်း ပြောင်းတာ လည်းပဲ ဖြစ်နိုင်တာပဲ။”

လောလောဆယ်မှာတော့ ကုလသမဂ္ဂ အပါအ၀င် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံ တော်တော်များများက Myanmar လို့ သုံးစွဲကြပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ Burma လို့ တရားဝင် အသိအမှတ်ပြုထားပေမဲ့ သံတမန်ရေး အရ လိုအပ်ရင် တခါတရံမှာ Myanmar လို့ သုံးစွဲသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


စဥ့်ကိုင်၊ ဧပြီ ၂၂

စဥ့်ကိုင်မြို့နယ်၊ ကံကြီးကျေးရွာတွင် ဧပြီလ (၂၂)ရက် ညနေ (၅)နာရီ အချိန်တွင် ရွာသွန်းသော မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃၂၀)ကျော် အမိုးများ လန်ခြင်း၊ ပေါက်ပြဲခြင်း၊ကျွဲ၊ နွား၊ ဆိတ်၊ ၀က် များ သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။


မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ (၃)လက်မထု ခန့်အထိ ကျခြင်းကြောင့် အကျေးရွာရှိ အိမ်ခြေ(၃၈၀)ကျော်မှ အိမ်ခြေ (၃၂၀)ကျော် အမိုးများ ပျက်စီးကာ လူဦးရေ (၁၀၀၀)ကျော်အား ရွာလယ်ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့် လှစ်ထားကြောင်း သိရသည်။


ထို့ပြင် မိုးသက်လေပြင် တိုက်ခက်မှုကြောင့် ဆိတ်(၅၂)ကောင်၊ ကျွဲ (၁)ကောင်၊ ၀က် (၁)ကောင်၊ နွား (၁)ကောင် သေဆုံးခဲ့ကြောင်းသိရှိရသည်။


မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အဆိုပါကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ဦးစီးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(မန္တလေးတိုင်းဒေသကြီး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Karachi က ပါကစ္စတန် လုံခြုံရေးအဖွဲ့ဝင်များ။
လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဒဏ်ခဏ်မှု စာရင်းမှာ ပါဝင်နေသူ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ဘဏ္ဍာမှူးတဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ Abdul Rehman Sindhi ကို ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ အကူအညီတွေပေးခဲ့တဲ့ အတွက် ၂၀၁၂ ခုနှစ်ကစပြီး ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ သူ့ကို ထည့်သွင်းထားတာပါ။

Sindhi ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ထူထောင်သူ အိုစာမာ ဘင် လာဒင်၊ ပြီးတော့ ဘင်လာဒင်နေရာ ဆက်ခံသူ Ayman al-Zawahri နဲ့ ၂၀၀၂ ခုနှစ်က အမေရိကန်သတင်းထောက် Daniel Pearl ကို ပြန်ပေးဆွဲ သတ်ဖြတ်မှုမှာ အဓိက မသင်္ကာခံရသူ Saud Memon တို့နဲ့ နီးစပ်သူတဦးအဖြစ်နဲ့လည်း ပြောကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ သစ်တခု ဖွဲ့စည်းလိုက်ကြောင်း al-Zawahri ကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ - အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေကို နှိမ်နင်းဖို့ နိုင်ငံတကာက ဖိအားပေးခံနေရတဲ့ ပါကစ္စတန်နိုင်ငံဟာ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ပါဝင်တဲ့ ဒီဒေသမှာ မူဆလင် သန်း ၄၀၀ ကျော် နေထိုင်နေတာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

Burma နဲ့ Myanmar နှစ်သက်ရာကို သုံးနိုင် တယ်
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသံတမန် တွေနဲ့ တွေ့ရာမှာ အရင် နိုင်ငံခြားရေးမူဝါဒတွေ အတိုင်း မတူကွဲပြားမှုတွေကို ချဉ်းကပ်မှု ပုံစံအသစ်နဲ့ ကျင့်သုံးမယ် ဆိုပြီး ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို ပြည်တွင်း ပြည်ပ အခြေစိုက် နိုင်ငံခြားသံတမန် (၇ဝ)လောက် တက်ရောက်ခဲ့ပြီး အစိုးရသစ် သွားမယ့် နိုင်ငံခြားရေး မူဝါဒ လမ်းကြောင်းတွေ နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အခြေအနေ တွေကို တနာရီ ကြာလောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်း၊ ပြည်ပ သံတမန် အမြောက်အမြားကို နိုင်ငံခြားရေး ဝန်ကြီးက ခေါ်ပြီး အစိုးရရဲ့ နိုင်ငံခြားရေးမူ တွေကို ရှင်းပြတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကို သံတမန်တွေက တွေ့ဖို့ တောင်းတဲ့ အခါမှာ တဦးချင်းစီကို တွေ့ဖို့ထက် သံတမန်တွေ အားလုံးကို စုပြီး တွေ့ဆုံတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန နိုင်ငံရေးရာဌာနဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။
ပွင့်လင်း၊ ရိုးသားပြီး ခင်မင်ရင်းနှီးတဲ့ နိုင်ငံခြားရေးမူ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူချင်း ဆက်ဆံရေးကို အလေးထားကြောင်းပြောခဲ့ပါတယ်။ ပွင့်လင်း၊ ရိုးသားပြီးခင်မင်ရင်းနှီးတဲ့ နိုင်ငံခြားရေး မူကို ကိုင်စွဲထားတယ်လို့ ပြောခဲ့ပါတယ်။

Burma/ Myanmar အသုံးအနှုန်းနဲ့ ပတ်သက်လို့ လည်း နှစ်သက်ရာကို သုံးနိုင်ကြောင်း၊ ဘယ်အသုံးအနှုန်း ကိုပဲ သုံးရမယ်လို့ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားချက် မရှိကြောင်း၊ သူကိုယ်တိုင်လည်း အဆင်ပြေသလို သုံးနေကြောင်း သံတမန် တွေကို ပြောသွားပါတယ်။

တရုတ်၊ အနောက်နိုင်ငံတွေ အပြင် ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ အရင် မြန်မာအစိုးရ တွေ ကျင့်သုံးခဲ့တဲ့ ဘန်ဒေါင်းမူ ၅ ချက်ကို ဆက်လက် ကျင့်သုံးသွားမယ်လို့ သူက ပြောပါတယ်။

ဗြိတိသျှသံရုံးက ဒုတိယသံအမတ် David Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေ မြန်မာပြည်သူတွေနဲ့ ချစ်ကြည် ရင်းနှီးအောင် နေကြဖို့ အကြံပြုချက်ကို ကြိုဆိုကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒါဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို ပထမဆုံးတရားဝင်ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်။
ကြာသာပတေး နေ့က ရုတ်တရက် ကွယ်လွန် သွားခဲ့တဲ့ အမေရိကန် အဆိုတော် ပရင့်စ် ရဲ့ ရုပ်အလောင်းကို မှုခင်း ဆိုင်ရာ ရောဂဗေဒ ဆရာဝန် တစ်ဦးက ရင်ခွဲ စစ်ဆေး ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ဆေးမှုအရ ပရင့်စ်ရဲ့ ခန္ဓာကိုယ်မှာ အပြင်းအထန် ထိခိုက် ထားတာမျိုး ထင်ထင်ရှားရှား မတွေ့ရသလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် လို့ ပြော နိုင်လောက်တဲ့ အထောက် အထား မျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပရင့်စ် သေဆုံး ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖော်ထုတ် နိုင်ဖို့ သီတင်းပတ် အချို့ ကြာအောင် အချိန်ယူ ရဦးမှာ ဖြစ်ပြီး တကယ်လို့ လိုအပ် လာရင်လည်း ဓာတု အဆိပ်သင့်ခဲ့ သလား ဆိုတာ သိရအောင် အပြည့်အဝ စမ်းစစ် ကြမှာ ဖြစ်တယ်လို့ မီနီအားပူးလစ် မြို့ သက်ဆိုင်ရာ အာဏာပိုင်တွေ က ပြောပါတယ်။

လန်ဒန် မြို့ မှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမားက လည်း သတင်းစာ ရှင်းလင်းပွဲ မှာ ပရင့်စ် သေဆုံး သွားတာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ် လို့ ထည့်သွင်း ပြောဆို ခဲ့သလို၊ သောကြာနေ့ ဘာအလုပ်မှ စမလုပ်သေးခင် ပရင့်စ် ရဲ့ နာမည်ကြီး သီချင်းတွေ ဖြစ်တဲ့ Purple Rain နဲ့ Delirious တို့ကို နားထောင် ခဲ့တယ် လို့ ဆိုပါတယ်။

ပရင့်စ် ရဲ့ ပရိသတ် တွေ ကတော့ မီနီအားပူးလစ် မြို့က ပရင့်စ် ရဲ့ နေအိမ် အရှေ့မှာ စုဝေး နေကြ ပြန်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

[youtube src="LdflXdJO3Ow"/]
ပါကစ္စတန်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ဟိန္ဒူမိန်းကလေးတွေ နှစ်စဉ် ပြန်ပေးဆွဲခံရပြီး အတင်းအဓမ္မ အစ္စလာမ် ဘာသာသွပ်သွင်းခံနေရတယ်။ မူစလင်ဗလီဆရာတွေကတော့ ဒီမိန်းကလေးတွေဟာ သူတို့ဆန္ဒအတိုင်း ဘာသာပြောင်းကြတာ၊ လက်ထပ်ကြတာသာဖြစ်တယ်လို့ဆိုပါတယ်။ VOA သတင်းထောက် Ayesha Tanzeem ရေးသားပေးပို့တာကို ဦးကျော်ဇံသာက ပြောပြပေးပါမယ်။

VOA Burmese
http://burmese.voanews.com

ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ ရဲ့ Workaround Revolution
============================================
အခု ဆောင်းပါးကို ရေးသားသူ Ms. Priscilla Clapp က လက်ရှိ အမေရိကန်ရဲ့ Think-tank တခု ဖြစ်တဲ့ U.S. Institute of Peace and the Asia Society အထက်တန်း အကြံပေး အရာရှိ အဖြစ် ထမ်းဆောင်နေပြီး ၁၉၉၉-၂၀၀၂ အတွင်း ရန်ကုန်မှာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ အဖြစ် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ်ပေါင်း များစွာ ရေးသာခဲ့ဘူးပါတယ်။ လက်ရှိ မြန်မာပြည်အစိုးရ နဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရကို အကြံညဏ်များ ပေးနေသူ လည်း ဖြစ်ပါတယ်။ ဘာသာစကား အနေနဲ့ ရုရှား၊ ဂျပန်၊ ပြင်သစ် လို တတ်ကျွမ်းပြီး မြန်မာစကား အနည်းငယ် ပြောတတ်ပါတယ်။

ယခု သူမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျွမ်းကျင်လှတဲ့ နိုင်ငံရေး ကစားကွက်များကို အခုလို သုံးသပ်တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိမ္မာပါးနပ်လှတဲ့ နှလုံးရေ ကို အသုံးချပြီး သူမကို တားဆီးထားတဲ့ အခက်အခဲတွေကို တွေ့လာတိုင်း ကွေ့ဝိုက် ရှောင်ထွက်တဲ့ နည်းတွေ ကို အမြဲတမ်း ကြံဆ လုပ်ကိုင်သူ ဖြစ်လို့ Workaround Revolution ဆင်နွှဲနေသူလို့ အမည်ပေးခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်များအတွင်းက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိအောင် နိုင်ငံနှင့် အ၀ှမ်း အုံ နဲ့ ကျင်း နဲ့ ထောက်ခံမှုပေးခဲ့တာကို အလဟာသ အချည်းနှီး မဖြစ်စေရအောင် အပြင် ၎င်းတို့ မဲထည့်ပေးခဲ့တဲ့ အရပ်သား အစိုးရသည်သာ တိုင်းပြည်ကို အမှန်တကယ် ပဲ့ကိုင် နေသူ များ ဖြစ်ကြောင်း လူထုကြီးကို ပြတ်ပြတ်သားသား သိရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံကို အသုံးချပြီး ပိတ်ဆို့ထားခဲ့မှုကို သူမရဲ့ အနီးကပ် ယုံကြည် စိတ်ချရသူကို သမ္မတ အဖြစ် တင်မြှောက်ပေးခဲ့ပြီး အစိုးရ အဖွဲ့မှာ တကယ်တမ်း ခေါင်းဆောင်မှု ပေးနိုင်တဲ့ ၀န်ကြီးဌာနတွေကို တာဝန်ယူလိုက်ပါတယ်။

ပထမဦးစွာ သူမရဲ့ အစီအမံများနဲ့ လွှတ်တော်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူးကို ဖန်တီးပေးခဲ့တဲ့ အတွက် အလိုလိုနေရင်း သမ္မတ နဲ့ တပြေးညီ နေရာ ရောက်ရှိသွားခဲ့ယုံမက လွှတ်တော် နဲ့ အစိုးရ အကြား တရားဝင် ကူးလူး ဆက်ဆံခွင့်ရအောင် လမ်းပွင့်သွားစေခဲ့ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ရာထူး ရယူထားပြန်တဲ့ အတွက် နိုင်ငံခြား အစိုးရ များ အဖွဲ့အစည်းများနဲ့ ထဲထဲဝင်ဝင် ပါဝင် ဆွေးနွေးနိုင်မယ့် အနေအထား ရရှိခဲ့ပြန်ပါတယ်။ သမ္မတရုံး ၀န်ကြီး တာဝန် ယူလိုက်တဲ့ အတွက် ၀န်ကြီးဌာန အားလုံးနဲ့ တရားဝင် ညှိနှိုင်း ဆောင်ရွက်ခွင့် ရသွားခဲ့ပြန်ပါတယ်။

ဒါတွေအားလုံးကို ကြည့်ပြီး တိုင်းပြည်ဟာ သူမရဲ့ ဦးဆောင်မှု အောက်မှာ ရွေ့လျားနေတော့မယ်ဆိုတာ သံသယဖြစ်မယ့်သူ တဦးမှ မကျန်တော့ ပါဘူး၊

အခြား လွှတ်တော် ခေါင်းဆောင်ပိုင်း နဲ့ ၀န်ကြီးဌာနတွေအားလုံးကိုလည်း အသေအခြာ တွက်ချက်ပြီး နိုင်ငံရေး အရ ရော တိုင်းရင်းသား များပါ ပါဝင်ဆောင်ရွက်နိုင်အောင် စီမံ ခန့်အပ်ခဲ့ပါတယ်။ မိမိရဲ့ အစိုးရ အဖွဲ့ကို အရင် စစ်ဘက် က လူတွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်မှာစိုးတဲ့အတွက် လက်ဆောင် လက်ခံတာက စလို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပေးပြီး ပြည်သူများ ယုံကြည်ကိုးစားမှု ရအောင် ဖန်တီး နိုင်ခဲ့ပြန်ပါတယ်။

တိုင်းပြည်ရဲ့ အာဏာ လက်ဝယ်ရောက်ရှိလာတာနဲ့ အချိန်မဆွဲပဲ တိုင်းပြည်သည် မိမိတို့ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာသာ လုံးလုံးလျားလျား ရှိနေတာကို ပြသတဲ့ အနေနဲ့ စစ်တပ်နဲ့ ထိပ်တိုက် အတွေ့ခံပြီး နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေရာမှာ စစ်တပ်လက်အောက်မှာ ရှိတဲ့ ပြည်ထဲရေး ၀န်ကြီးဌာန ရဲ့ သဘောတူညီချက်ကို မယူပဲ တရားဥပဒေ ပြဌာန်းချက် ဘောင်အတွင်းက နေ ဖြစ်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ၀န်ကြီး နဲ့ ဦးဦးဖျားဖျား တွေ့ဆုံခဲ့ပြီး တရုတ် ပြည်အနေနဲ့ ၎င်းတို့ရဲ့ အကျိုးစီးပွားတွေ အတွက် အရင်ကလို စစ်တပ် ဆီ ချည်းကပ်စရာ မလိုတော့ပဲ Who is boss? ဆိုတာ သိသွားအောင် ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့ပြန်ပါတယ်။

ယခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စောစောစီးစီး ရဲဝန့် ပြတ်သားတဲ့ လုပ်ရပ်တွေကြောင့် စစ်တပ်အတွင်း အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်းကို စစ်တပ်က အပြင်းအထန် ကန့်ကွက်ခဲ့ပေမယ့် NLD ရဲ့ မဲ အများစု နဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီအတွက် အထိ နာသွားတဲ့ စစ်တပ်က နောက်ပိုင်းမှာ ဆန့်ကျင်မှု တွေ ပြုလုပ်ဘို့ တေးထားနိုင်ပေမယ့် ၎င်းတို့ မနည်းကြိုးစားပမ်းစား တည်ဆောက်နေရတဲ့ ဂုဏ်သိက္ခာ ထိခိုက်လာနိုင်မယ့် အရေးကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အနေအထားမှာ ရှိနေပြန်ပါတယ်။

NLD ရဲ့ ပြတ်သားလှတဲ့ အခုလို လုပ်ဆောင်မှုကြောင့် နောက် ၅ နှစ်အတွင်း စစ်တပ်နဲ့ လက်တွဲပြီး ဆောင်ရွက်ရမယ့် အရေး တွေ အတွက် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက် လာရပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ဘို့ အရေးမှာ စစ်တပ်မှ အခက်အခဲ အတားအဆီးတွေ လုပ်ခြင်ရင် လုပ်လို့ရအောင် ဖွဲ့စည်းပုံက အခွင့်အာဏာတွေ ပေးအပ်ထားပါတယ်။

ဒီလို ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဘို့ ဆိုတာက ဒီမိုကရေစီ မကျတဲ့ ဖွဲ့စည်းပုံပါ အပိုဒ် အချို့ကို ပြန်လည် ပြင်ဆင်ရေး၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ ရည်ရှည်တည်တံ့မယ် ဒီမိုကရေစီ အုတ်မြစ်များ တည်ဆောက်နိုင်ရေး တို့ အပေါ် လုံးဝမှီတည်နေပါတယ်။

NLD ရဲ့ ပြတ်သားတဲ့ လုပ်ရပ်များကြောင့် စစ်တပ်က မနှစ်မြို့စရာ ဖြစ်သွားပေမယ့် ပြည်သူလူထု အဖို့ကတော့ သူတို့ ရွေးချယ်လိုက်တဲ့ သူတွေက ၎င်းတို့အပေါ် တသက်လုံး ဗိုကျ လာသည့် စစ်တပ်ကို အာခံနိုင်ခဲ့မှုကို သဘောတွေ့နေကြမှာတော့ အမှန်ပါပဲ။

ဒီအတွက် လူထု တရပ်လုံးရဲ့ လူနေမှု အဆင့်အတန်း မြင့်မားရေး၊ လူမှု လွတ်လပ်ခွင် များ ပိုမို ခံစားနိုင်အောင် ဖန်တီးပေးရေးအတွက် ရှေ့လျောက် လုပ်ရမယ့် ကြိုးပမ်းမှု တွေမှာ လူထု က အချိန်ပေး သည်းခံ စောင့်ဆိုင်းလာကြဘို့ ရှိနေပါတယ်။

နိုင်ငံရဲ့ အခြေအနေသည် ယခုအခါ သမိုင်းတလျောက် မကြုံဘူးခဲ့တဲ့ အနေအထားမှာ ရောက်နေပြီး ဒီမိုကရေစီ အနာဂါတ် အတွက်လည်း မျှော်လင့်ချက်တွေ တိုးပွားလာနေပါတယ်။ သို့သော် နိုင်ငံရဲ့ အုပ်ချုပ်ရေးသည် တိုင်းပြည်ရဲ့ ထိပ်တန်း ခေါင်းဆောင်များ အပေါ် ဆက်လက်မှီခိုနေရဆဲ ဖြစ်တာမို့ အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ဆီ အကြား ကျန်ရှိနေတဲ့ ခရီးကို အောင်မြင်စွာ ဆက်လှမ်းနိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်နက်ကိုင်တပ်များရဲ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ရဲ့ အရည်အချင်း က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် NLD အစိုးရရဲ့ အောင်မြင်ရေး သော့ချက်တခုလည်း ဖြစ်ပါတယ်။

နောက်ထပ်တခု ဆက်လက်တင်ပြလိုတာက မကြာမီက Council on Foreign Relations ကနေ ကမကထ ကျင်းပတဲ့ ဗွီဒီယို ကွန်ဖရင့် ညီလာခံမှာ မြန်မာပြည်မှာ စစ်တပ်က အာဏာ သိမ်းဘို့ ရှိမရှိ မေးမြန်းချက်ကို သူမက အခုလို ဖြေကြားသွားခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ သဘောထား အမြင်ကို လည်း ထင်ဟတ်တဲ့ အဖြေ ဖြစ်ပါတယ်။

ဒီကိစ္စက လူတိုင်းနီးပါး စိုးရိမ်မကင်း ဖြစ်နေတဲ့ ကိစ္စဖြစ်နေပါတယ်။ အခု လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်အတွင်းက အုပ်ချုပ်နေတာ ဖြစ်လို့ NLD အစိုးရကို ဖယ်ရှားဘို့ ဆိုရင် ဖွဲ့စည်းပုံအတိုင်း လုပ်လို့မရပဲ ဖွဲ့စည်းပုံကို လျစ်လျူရှုပြီး လုပ်မှရမယ့် အနေအထားမှာ ရှိပြီး ဒီလိုလုပ်ပြန်ရင်လည်း ပေးဆပ်ရမှာတွေက တော့ မတန်တဆ ပါပဲ၊ စစ်တပ်အနေနဲ့ တိုင်းပြည်ကို ထပ်ပြီး အုပ်ချုပ်လိုစိတ် မရှိတော့ပါဘူး၊ သူတို့ အနေနဲ့ ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်စွမ်း မရှိဘူးဆိုတာ သိထားကြလို့ ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး အိမ်နီးချင်း တိုင်းပြည်တွေကို အမှီလိုက်လိုတဲ့ စိတ်တွေကြောင့် အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်လာရတဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ သူတို့သာ အာဏာသိမ်းခဲ့လို့ရှိရင် ဒါတွေအားလုံး သဲထဲရေသွန် ဖြစ်သွားမယ်ဆိုတာကို သိထားကြပြီး ဖြစ်ပါတယ်။

နောက်တခုက ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းပြည်ရှိ လူထုအနေနဲ့ အရင် နှစ် ၅၀ အတွင်း တကြိမ်မှ မခံစားဘူးတဲ့ လွတ်လပ်ခွင့် အရသာကို ကောင်းစွာ မြည်းစမ်းပြီး ဖြစ်နေတဲ့ အတွက် ဒီလို လုပ်ခဲ့လို့ ရှိရင် နိုင်ငံရေးအရ အလွန်တရာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာပြီး မယုံကြည်နိုင်လောက်အောင် ကသောင်းကနင်းတွေ ဖြစ်လာဘို့ပဲ ရှိပါတယ်လို့ ဆိုပါတယ်။

ကူးယူဖော်ပြခြင်း ‪#‎HaveASay‬

Hla Soe Wai ထံမှ ကူးယူဖော်ပြပါသည်။

https://www.facebook.com/soewai66/posts/951461778306830

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်းနှင့် လွယ်ဖေးတောင်ကြောတစ် ဝိုက်မှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို ဒီနေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားထားတာကို လက်မခံကြောင်း SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီ အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

တပ်စခန်းတွေ ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) က တာဝန်ရှိသူတွေကို ဒီနေ့ ပြောခဲ့တယ်လို့ SSPP/SSA ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးအောင်လတ် က ပြောပါတယ်။

တပ်မတော်က ဆုတ်ခွာဖို့ ညွှန်ကြားထားတဲ့ SSPP/SSA စခန်းတွေဟာ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ ရှိပြီး SSPP/SSA ရှမ်းပြည်တပ်မတော်ရဲ့ မဟာမိတ်ဖြစ်တဲ့ UWSP/UWSA 'ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ဒေသတွေက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရှိနေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးတဲ့ အဖွဲ့ဖြစ်တဲ့ SSPP/SSA နဲ့ တပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ မိုင်းရှုးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရပ်ဖပ်အဖွဲ့အစည်းတွေက ပြောပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ SSPP/SSA ၀မ်ဟိုင်းဋ္ဌာနချုပ်မှာ ရှမ်းပြည်တပ်မတော် ၅၂ နှစ်မြောက်နေ့ကို ကျင်းပဖို့ရှိတယ်လို့ လဲ ဗိုလ်မှုးအောင်လတ် က ပြောပါတယ်။
RFA


သံတမန်တွေနဲ့တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်။ (ဧပြီ ၂၂၊ ၂၀၁၆)
သံတမန်တွေနဲ့တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်။ (ဧပြီ ၂၂၊ ၂၀၁၆)

နိုင်ငံခြားသံတမန်တွေကို အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲမှာ Burma / Myanmar အသုံးအနှုန်းနဲ့ ပတ်သက်လို့ အဆင်ပြေသလို သုံးနှုန်းခေါ်ဝေါ်ဖို့ ဆိုပြီး နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အရင်တုန်းကတော့ Burma ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်လို့ စစ်အစိုးရတာဝန်ရှိသူအဆက်ဆက်က ကန့်ကွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
သံတမန်တွေနဲ့တွေ့ဆုံ
သံတမန်တွေနဲ့တွေ့ဆုံ
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် နဲ့ နိုင်ငံခြားသံတမန်တွေ နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်း၊ ပြည်ပက နိုင်ငံခြားသံတမန်တွေ နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း - အစိုးရသစ်ရဲ့ မူဝါဒတွေကို အဓိကအလေးပေးပြောကြားသွားခဲ့သလို၊ သံတမန်တွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Burma နဲ့ Myanmar အဆင်ပြေတာကိုခေါ်ဖို့ ပြောသွားခဲ့ပါတယ်။

"တလက်စတည်း ဒီမှာပဲ Burma နဲ့ Myanmar ကိစ္စကိုလည်း ကျမအနေနဲ့ ရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေထဲမှာ ဘယ်ဟာကို ခေါ်ရမှန်းမသိတဲ့သူတချို့လည်းရှိပါတယ်။ အဲဒီတော့ ရှင်တို့အဆင်ပြေတာကိုခေါ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံထဲမှာ ဘယ်ဟာကို သုံးရမယ်ဆိုပြီး ပြောထားတာမရှိပါဘူး။ ကျမက Burma ကိုသုံးနေကြဆိုတော့ Burma ကို ဆိုတာကိုမကြာခဏသုံးပါတယ်။ ဒါပေမဲ့ ကျမ ဒီလိုခေါ်လို့ တခြားလူတွေလည်း လိုက်ခေါ်ဖို့လိုတယ်မဟုတ်ပါဘူး။ ရှင်တို့အားလုံး အဆင်ပြေသွားအောင် ကျမလည်း နောက်ပိုင်းမှာ မြန်မာလို့ ကြိုးစားပြီးခေါ်ပါမယ်။"

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက Burma အဖြစ်နဲ့ နှစ်ပေါင်းများစွာ တရားဝင် ရပ်တည်လာခဲ့တာဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ Myanmar လို့ စစ်အစိုးရက ပြောင်းလဲခေါ်ဝေါ်စေခဲ့တာဖြစ်ပါတယ်။ ဒါ့နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အခုလိုပြောပါတယ်။

" တချိန်က Burma လို့ခေါ်ခဲ့တယ်။ ဒီကနေ့အထိ ကုလသမဂ္ဂမှာ တချို့ တချို့ နိုင်ငံတွေက Burma ဆိုတဲ့ အသုံးအနှုံးကို သုံးနေကြတုန်းပေါ့ဗျာ။ အဲ့တော့ ဒီလိုအနေအထားမျိုးမှာ ဗမာလား မြန်မာလား ဆိုတဲ့ စကားလုံးအသုံးအနှုံးကို အငြင်းအခုံလုပ်နေမယ့် အစား ဘယ်စကားလုံးပဲ သုံးသုံးပေါ့ဗျာ ဒါ ဗမာနိုင်ငံကို ရည်ညွန်းတာကို သိသာတဲ့အတွက် နိုင်ငံခြား သံတမန်တွေကို ဘယ်လိုပဲသုံးသုံး သူ့အနေနဲ့ လက်ခံနိုင်ပါတယ်။ ဒီစကားလုံးအပေါ်မှာ သူကတော့ အကျအန မကောက်ဘူးဆိုတဲ့သဘောနဲ့ ပြောလိုက်ဟန် တူပါတယ်။ သို့သော်လည်းပဲ ဥပဒေကြောင်းအရပြောရရင် ဒီကိစ္စဟာ တော်တော် ရှည်လျားတဲ့သမိုင်းကြောင်းကို အခြေခံပြီး ပြောရမှာဖြစ်နေပါတယ်။"

ကိုရန်နိုင်။ ။ အဲ့ဒီ့တော့ အန်ကယ်လ်ရဲ့သဘောထားကရော ဘယ်လိုပါလဲ။

" ကျနော့်ရဲ့သဘောထားကတော့ Burma လို့ မူလက သုံးခဲ့တာ မှန်တယ်လို့ ကျနော်ကတော့ ဒီလိုယုံကြည်တယ်။ ဒါကတော့ ဗမာစာပညာရှင်တွေ ရယ် နောက် ကျနော်တို့ရဲ့ သမိုင်းပညာရှင်တွေ သေသေချာချာ စဉ်းစားပြီးတော့မှ ဗမာနိုင်ငံလို့ ပြည်သူ့ဆန္ဒအပေါ်မှာ အခြေခံပြီးတော့ သတ်မှတ်ပေးခဲ့တဲ့ နာမည်။"

လန်ဒန်မြို့မှာ နေထိုင်နေတဲ့ သံတမန်ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဦးခင်မောင်ကြည် ကတော့ - မြန်မာနိုင်ငံကိုအများက Burma လို့ လူသိများပြီး၊ Myanmar မြန်မာဟာ လူမျိုးတမျိုးတည်းကို ရည်ရွယ်တာဖြစ်တဲ့အတွက်- Myanmar ထက်ဧာရင် Burma လို့ခေါ်ဝေါ်သုံးစွဲတာကို ပိုပြီး သဘောကျတယ်လို့ပြောပါတယ်။

" အများသုံးကတော့ ကျနော်တို့ကတော့ Burma ပဲ ကြိုက်တယ်။ စကတည်းက လူတွေက အကုန်လုံး ပြောထားတာ Burma ဆိုတာကတော့ တိုင်းရင်းသားတွေက အစ နိုင်ငံခြားသားတွေကအစ Burma ၊ Burma ဆိုပြီး အသိအမှတ်ပြုတာ။ ဒို့ဗမာခေတ်တုန်းကလည်း ဗမာပဲ။ ကျနော်တို့အမြင်ကတော့ သမိုင်းကိုကြည့် လို့ရှိရင်တော့ တကယ်တော့ မြန်မာဆိုတာ လူမျိုးတမျိုး ဗမာကတော့ လူမျိုးတမျိုးတည်း မဟုတ်ဘူး။ Burma ဆိုတာ ဗမာပြည်တပြည်လုံးမှာ ရှိတဲ့သူတွေ။ အကုန်လုံး ပါဝင်တယ် အဲ့တာကြောင့် ကျနော်တို့ကတော့ ဗမာကိုပဲသုံးသင့်တယ်။ ဗမာကျနော်တို့ ရခိုင်တွေရော ကချင်တွေရော ရှမ်းတွေရော အကုန်လုံးနဲ့ဆိုင်တယ်လို့ ကျနော်မြင်တယ်ခင်ဗျ။"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂ မှာတော့ နိုင်ငံရဲ့ အမည်နာမ သုံးတဲ့နေရာမှာ အင်္ဂလိပ်လို Myanmar လို့ သုံးထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ အဲဒီလို တရားဝင်ဖော်ပြထားပေမယ့်လည်း - ဒီဖွဲ့စည်းပုံရဲ့ တရားဝင်မှု အပိုင်းကတော့ မေးခွန်းထုတ်စရာဖြစ်တယ် လို့ ရှေ့နေဦးကိုနီ ကပြောလိုက်ပါတယ်။

" အဲ့ဒီ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဥပဒေသဘောအရ ပြောရရင် တည်နေတာ မှန်သော်လည်းပဲ သူ့ရဲ့ တရားဝင်မှု စံချိန် စံညွန်းကိုပြောရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတွေက ရေးထားတာမဟုတ်ဘူး။ ပြည်သူ့ဆန္ဒမပါဘူး။ စစ်အစိုးရ အုပ်ချုပ်နေတဲ့အချိန်မှာ စစ်အစိုးရက စစ်တပ်ကို စိတ်တိုင်းကျ အာဏာတွေ အပ်နှင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဖွဲ့စည်းပုံဆိုတာ တလျောက်လုံးပြောနေတယ်။ ဒါကြောင့် ဒီထဲက စကားလုံးကို ဆုပ်ကိုင်ပြီး ပြောတာဟာလည်းပဲ တကယ့်သမိုင်းကြောင်းအရ မှန်သလား တကယ့်အမှန်တရားနဲ့ညီညွတ်ရဲ့လား ဆိုတာ ဆွေးနွေးစရာ ဝေဖန်စရာ အများကြီးရှိနေပါတယ်ခင်ဗျာ။"

ဒါပေမဲ့လည်း - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့နေရာမှာ နိုင်ငံတ၀ှမ်းလူထု ၉၂ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ် လို့ အရင် နအဖစစ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ န၀တ၊ နအဖ စစ်အစိုးရအုပ်ချုပ်စဉ်ကာလတွေ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစည်းအဝေးတွေအတွင်း နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် Burma လို့ခေါ်ဝေါ်သုံးစွဲတဲ့အခါမှာ အရင်စစ်အစိုးရတာဝန်ရှိသူတွေဘက်က ဆန့်ကျင်ကန့်ကွက်တာတွေလည်းရှိခဲ့ပါတယ်။
 ကိုရန်နိုင် VOA

ဧပြီ ၂၂ ရက်က ဂျပန်ပြည်တွင်းထုတ် X-2 စတဲ့သ် တိုက်လေယာဉ်ကို မာကီလေဆိပ်မှ ပျံတက်သွားသည်ကို တွေ့ရစဉ် (Photo : AFP)

ဂျပန်က ပြည်တွင်းထုတ် စတဲ့သ်တိုက် လေယာဉ်ကို ဧပြီ ၂၂ ရက်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရာ ရေဒါစနစ်ကို ရှောင်တိမ်းနိုင်သော နည်းပညာ အသုံးပြုနိုင်သည့် ကမ္ဘာ့စစ်ဘက် အင်အားကြီး နိုင်ငံများ အဖွဲ့တွင် ပါဝင်လာခဲ့ပြီဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သော အခြေခံဥပဒေအရ စစ်အင်အားအသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရသော်လည်း နည်းပညာထိပ်တန်း နိုင်ငံဖြစ်သော ဂျပန်သည် ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး တရုတ်၏ စစ်အင်အား တိုးချဲ့မှုကြောင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုသစ်များ ရင်ဆိုင်နေရစဉ် ဂျပန်က စတဲ့သ်တိုက်လေယာဉ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ပြည်တွင်းထုတ် X-2 ဂျက်တိုက်လေယာဉ်ကို နိုင်ငံအလယ်ပိုင်း နာဂိုယာရှိ လေဆိပ်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်စဉ် ဒါဇင်နှင့်ချီသော လေကြောင်း စိတ်ဝင်စားသူများက လက်ခုပ်သြဘာ ပေးခဲ့ကြသည်။ အနီနှင့်အဖြူ စတဲ့သ် တိုက်လေယာဉ်သည် ဂျပန်စစ်ဘက် တိုက်လေယာဉ်နှစ်စင်း လိုက်ပါစောင့်ကြပ်လျက် မိုးပေါ်သို့ ပျံတက်သွားမှုကို ရုပ်သံများက ထုတ်လွှင့်ခဲ့သည်။ လေယာဉ်မှူးတစ်ဦး လိုက်ပါနိုင်သော ယင်းရှေ့ပြေးပုံစံ လေယာဉ်သည် ၂၅ မိနစ်ကြာ ပျံသန်းမှုပြုလုပ်ခဲ့ပြီး မည်သည့်ပြဿနာမျှ မကြုံခဲ့ရဘဲ နာဂိုယာ လေဆိပ်၏ မြောက်ဘက် ဂီဖူလေတပ်စခန်းသို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန၏ လက်နက်ပစ္စည်းများ ၀ယ်ယူရေး အေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေပြင်စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုနှင့် လေယာဉ်မှ စွန့်ခွာသည့်စနစ်တွင် အသုံးပြုသော ကိရိယာများ ချွတ်ယွင်းမှုများကြောင့် အစီအစဉ် ယာယီရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။

Mitsubishi Heavy Industries နှင့် အခြားကုမ္ပဏီ ၂၀၀ ခန့်က ပူးပေါင်းတည်ဆောက်ခဲ့သော X-2 စတဲ့သ်တိုက်လေယာဉ်သည် အလျား ၁၄ ဒသမ ၂ မီတာ (၄၇ ပေ) နှင့် အနံ ၉ ဒသမ ၁ မီတာရှိကာ အမေရိကန်နှင့် ပူးတွဲတည်ဆောက်ခဲ့သော X-2 ဂျက် တိုက်လေယာဉ်များကို ဆက်ခံမည့် လေယာဉ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂျပန်က ယင်းစီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ယန်း ၃၉ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၃၃၂ သန်း) အသုံးပြု၍ တည်ဆောက်ခဲ့ရသည်ဆိုသော ယင်းလေယာဉ်ကို လာမည့်လတွင် ကာကွယ်ရေး ၀န်ကြီးဌာနထံ ပေးပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အချက်အလက်များကို ဆက်လက်ခွဲခြမ်း လေ့လာပြီး ယင်းလေယာဉ်၏ စတဲ့သ်တိုက် လေယာဉ်စွမ်းဆောင်နိုင်မှုကို စစ်ဆေးမည် ဖြစ်ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် လူလိုက်ပါနိုင်သော စတဲ့သ်တိုက်လေယာဉ်များကို တည်ဆောက် အသုံးပြုနိုင်သော နိုင်ငံများမှာ အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုထားသည်။ ဂျပန်သည် Mitsubishi Heavy က တည်ဆောက်ခဲ့သော ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင် ဂျက်လေယာဉ်ကို ပြီးခဲ့သော နိုဝင်ဘာတွင် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref : AFP
Eleven Media Group

ဓာတ်ပုံ-ယဉ်မွန်

လက်ရှိ အကျဉ်းထောင်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆိုခံထားရသော ကဗျာမောင်ဆောင်းခ အနေဖြင့် မိမိတို့ကို စွဲဆိုထားသော အမှုများရုတ်သိမ်းခြင်းမပေးခြင်းကြောင့် မြန်မာနိုင်ငံတွင် အနုပညာလွပ်လပ်စွာ ထုတ်ဖော်ခွင့်ဆုံးရှုံးနေသေးသည်ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းက ရွှေပြည်သာတရားရုံးတွင် ပုဒ်မ ၆၆ ဃ ဖြင့် တရားရင်ဆိုင်ရန်ရောက်ရှိလာသော ကဗျာဆရာမောင်ဆောင်းခက မီဒီယာများ၏မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" အဓိကကတော့ ကဗျာတစ်ပုဒ်ပေါ်မှာ လိုရာဆွဲတွေးပြီး တရားစွဲဆိုခြင်းဟာ အနုပညာဆိုင်ရာ လွတ်လပ်ခွင့် ထုတ်ဖော်ခွင့်တွေ မြန်မာနိုင်ငံမှာ ဆုံး၇ှုံးနေသေးတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။ဒါလက်ရှိ အစိုးရသစ်လက်ထက်ကိုပြောတာပါ။ ပြီးတော့ အန်တီပြောနေကြစကားလေးတစ်ခွန်းပဲ ပြန်ပြောပါရစေ။ ဒီမိုကရေစီအစိုးရသစ်လက်ထက်မို့ မြန်မာပြည်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရှိနေတာတောင် များလွန်းပါတယ်လို့ ပြောခဲ့ဘူးပါတယ်။အဲဒီလိုပဲ ပြောချင်ပါတယ်။" ဟု မောင်ဆောင်းခက ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် အကျဉ်းထောင်ထဲတွင်ရောက်ရှိ၊ တရားရင်ဆိုင်နေရသောသူများကို အမှုမှပလပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သော်လည်း မောင်ဆောင်းခအနေဖြင့် လွတ်မြောက်ခြင်းမရှိခဲ့ပဲ ဆက်လက်တရားရင်ဆိုင်နေရသည့်အတွက် အစိုးရသစ်တွင် အခြားအကြောင်းအရာများရှိနိုင်ကြောင်း သူ၏သုံးသပ်ချက်အား ပြောကြားခဲ့သည်။

" ဒီနေ့ ကျွန်တော်မျှော်လင့်တာက ၆၆ ဃ အမှုကို ပိတ်သိမ်းမယ်လို့ မျှော်လင့်တယ်။ဒါပေမယ့် ဒီနေ့မပိတ်သိမ်းဘူး။ ဘယ်တော့မှလည်း ပိတ်သိမ်းမယ်လို့ မထင်တော့ဘူး။သူတို့မှာ အခြားခက်ခဲတဲ့အကြောင်းအရာတွေရှိမယ်လို့ ထင်တယ်။ အခုဖြစ်တာက အွန်လိုင်းမှာ ဖြစ်တာပါ။ ဆက်ရင်ဆိုင်သင့်တယ်ထင်လို့ မဖြုတ်သိမ်းတာလို့ မြင်တယ်။ ဒါဟာ ဖြုတ်မယ်ဆိုလည်း ဖြုတ်သင့်တဲ့အရာပါ။ ဒါ လက်နက်ပုဒ်မလည်း မဟုတ်ဘူး။ အကြမ်းဖက်တဲ့သူလည်း မဟုတ်ဘူး။ ဒါကို မပိတ်သိမ်းဘူးဆိုတော့ အစိုးရရဲ့ နောက်ကွယ်မှာ အခြား အကြောင်းတရားတွေရှိနေမယ်လို့ ယူဆမိပါတယ်။ " ဟု မောင်ဆောင်းခက ဖြေကြားခဲ့သည်။

ယနေ့တွင် ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့်အမှုရင်ဆိုင်နေရသော မောင်ဆောင်းခလွတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်ခြင်းမရှိခဲ့သည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် လွတ်မြောက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။

" ဒီနေ့ အမှုတွေကနေ လွတ်မယ်လို့ ထင်ထားပေမယ့် အခုလို ဖြစ်တဲ့အတွက် စိတ်မကောင်းပါဘူး။ကျွန်တော် အခု AAPP ကိုတော့ စာတင်ထားပါတယ်။ ဆက်သွယ်ရေးပုဒ်မတွေဟာ နိုင်ငံရေးပုဒ်မတွေဖြစ်တဲ့အကြောင်းကိုပေါ့။ ဒီလူတွေလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးစေချင်ပါတယ်။ " ဟု ဦးရောဘတ်စန်းအောင်က ပြောကြားခဲ့သည်။

ကဗျာဆရာမောင်ဆောင်းခသည် အကျဉ်းထောင်ထဲတွင် ၆ လနီးပါးနေထိုင်ကာ အမှုရင်ဆိုင်နေရသောကြောင့် လူ့အခွင့်အရေးဆုံးရှုံးနေသည်ဟု ထင်မိကြောင်းပြောကြားခဲ့သည်။ မောင်ဆောင်းခကို ဧပြီလ ၂၅ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
- Mizzima - News in Burmese

ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကွန်ပျူတာပြုလုပ်ချက်တွေကို အသုံးပြုပြီး နိုင်ငံတော် အကြီးအကဲတွေကို လှောင်ပြောင်သရော်နေသူ ကြက်ဖကြီးလို့ သံသယရှိနေတဲ့ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အများကတော့ ကိုလှဖုန်းလွှတ်မြောက်လာမယ်လို့ မျှော်လင့်ပေမယ့် သူ့ကို စွဲဆိုထားတဲ့ အမှုတွေ တခုမှ မရုပ်သိမ်းပေးသေးဘူးလို့ ကိုလှဖုန်းရဲ့ရှေ့နေ ဦရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ကိုလှဖုန်းရဲ့အမှုက ဒီကနေ့ ဆက်ပြီးတော့ စစ်ဆေးတယ်။ ဗိုလ်မှူးဝေဖြိုးအောင်ကို စစ်ဆေးတယ်။ ဒီကနေ့ အချိန်အထိ သူ့ကို ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှု မရုပ်သိမ်းပေးသေးဘူး။ ကျနော်တို့က တပ်မတော်နဲ့ပတ်သက်တဲ့ အမှုများဖြစ်လို့ စဉ်းစားနေသေးတာလားတော့ ကျနော်တို့လည်း မသိသေးဘူးပေါ့နော်။”

ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ်ပြီး ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ အလံဥပဒေပုဒ်မ ၁၆ တိုအပါအ၀င် စုစုပေါင်းအမှု ၄ မှု ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ကိုလာမယ့် ၂၇ ရက်နေ့ ရုံးပြန်လည်ချိန်းဆို ထားပါတယ်။

ကိုလှဖုန်းဟာ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို ပြုပြင် ပြီးဖေ့ဘွတ်စ်မှာ ကြက်ဖကြီး အကောင့်နဲ့တင်ခဲ့သူဆိုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုလှဖုန်း ဆိုသူဟာ ကြက်ဖကြီးအကောင့်ပိုင်ရှင် အစစ်အမှန် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

သူ့ကို ကြက်ဖကြီးအကောင့်ပိုင်ရှင်ဆိုပြီး ဖမ်းဆီးထားပေမယ့် ဧပြီလအထိ ကြက်ဖကြီး အကောင့်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာသားတွေတက်နေဆဲ ဖြစ်ပါတယ်။

By ဒီဗွီဘီ
DVB TV News

ကျွန်တော်သည် သင်္ကြန်ရက်အတွင်း အပြည့်အ၀မပျော်နိုင်။ ဝေဒနာတခုကို ခံစားနေရသည်။ ထိုအရာမှာ အောက်နှုတ်ခမ်းအတွင်းဘက်မှ နှုတ်ခမ်းပေါက်သလို ဖြစ်နေခြင်းပင် ဖြစ်သည်။ အပူကန်၍ဖြစ်သည် ထင်သဖြင့် ရေခဲရေများ၊ အအေးများ သောက်ခြင်းကို ရပ်လိုက်သည်။ ၀မ်းနုတ်ဆေးများသောက်ပြီး ရေအ၀ချိုးသည်၊ မကြာခဏချိုးသည်။ သို့သော်ဒဏ်ရာသည် ပိုလည်းမဆိုး၊ ပျောက်လည်းမသွားဘဲ တန့်နေသည်။ နေရ ထိုင်ရတာ အားလုံးကောင်းသည်။ သို့သော်အစာစားလျှင် အထူးသဖြင့် လက်ဖက်ရည်၊ ကော်ဖီ၊ ရေ စသည်တို့ သောက်မျိုလျှင်တော့ အတော်ဆိုးသည်။ မကျက်သေးသောအနာပေါ်သို့ ရေလောင်းချလိုက်သလို စပ်သွား တတ်သည်။ ထိုအခါ ပါးစပ်တခြမ်းနှင့်ပင် မရရအောင် သောက်ရသည်။ အနာရှိရာဘက်သို့ရောက်သွားလျှင် စပ် သောကြောင့် ဖြစ်သည်။ အစာစားရသည်မှာ အလွန်ခက်ခဲပါသည်။ လူက အကောင်းကြီး စားနိုင်သောက်နိုင် လျက်နှင့် အစာကို ပါးစပ်ထဲမထည့်ဝံ့သလိုပင် ဖြစ်နေသည်။ မပြောကောင်း မဆိုကောင်း ပြိတ္တာဘ၀သို့ ခေတ္တရောက်သွားသလား တောင်ထင်ရသည်။ ကျွန်တော့်မိန်းမက အချိန်တန်လျှင် ပျောက်သွားလိမ့်မည်ဟု အကြံကောင်းပေးသည်။ ထိုအခါ ကျွန်တော် သေသေချာချာစဉ်းစားသည်။ မိန်းမပြောသလို အချိန်တန်လျှင် ပျောက်သွားမည့် အနာသေးသေးလေးဖြစ်သည်။ ဒါပေမဲ့ စဉ်းစားကြည့်မှ အဖြေက တရေးရေးပေါ်လာသည်။ ငါဝဋ်များ လိုက်နေတာလားဟု တွေးမိသည်။ ထိုသို့ တွေးမိသောအခါ ဝေဒနာမှာ ခံရတာ ခံထိုက်လာပေသည်။ ဒီလောက်နဲ့ပဲ ၀ဋ်ကြွေးကျေပါတော့ဟု ဆုတောင်းမိသည်။ ဤမျှနှင့်ကျေလျှင် ၀မ်းသာရပေမည်။

ကျွန်တော် လုပ်ခဲ့တုန်းကလည်း ခမျာတွေမှာ ဤထက်ပင်နာ ကျင်ပေမည်။ ထိတ်လန့်ပေမည်။ အခြားတော့မဟုတ် ကလေးဘ၀က ဖြစ်သည်။ ကျွန်တော်သည် ဘာရယ်မဟုတ် အား,အားရှိလျှင် ငါးမျှားတံတချောင်းနှင့် ချောင်းတကာ၊ မြောင်းတကာ၊ ရေကန်တကာသို့သွားကာ ငါးမျှားနေတတ်သည်။ ထိုသို့ မျှားရာတွင် ငါး များကိုသေပါစေ၊ နာပါစေဟူ၍တော့ စိတ်ထဲက ထက်ထက်သန်သန်မရှိ။ ကလေးပီပီ မသိနိုးနားဖြင့် ငါးဖမ်းရသော အရသာကို ကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ ကျွန်တော့်ဖခင်ကြီးကတော့ ကျွန်တော်တို့ကို အခြားအရာများ ဘာလုပ်လုပ် အလိုလိုက်သော်လည်း ငါးမျှားခြင်းကိုတော့ ပြင်းပြင်းထန် ထန်တားမြစ်တတ်သည်။ ''သူတပါးကို အစာနဲ့မျှားပြီး နာကျင်အောင်လုပ်တာ အရမ်းအကုသိုလ်ကြီးတယ်ကွ၊ ဘယ်တော့မှမလုပ်ရဘူး''ဟု ဆုံးမလေ့ရှိသည်။ ငါးမျှားတာမြင်လျှင် ကျွန်တော့်ကို ရိုက်သည်။ ထို့ကြောင့် အဖေ မသိအောင် ခိုးလုပ်ရသည်။

ကြီးပြင်းလာသောအခါ သိတတ်လာသဖြင့် ထိုအကုသိုလ်ကို ထိတ်လန့်သည်။ ထို့ကြောင့် ကုသိုလ်များသူများ အသက်ကယ်ခြင်းများ အမြဲမပြတ်ကြုံတိုင်း လုပ်မိသည်။ ဤဘ၀တသက်တာတွင် ကျွန်တော်သည် ကုသိုလ် အလုပ်များ များစွာကို လုပ်ဖူးပါသည်။ ငါးကြိမ်တိတိ သာသနာ့ဘောင်ဝင်ခြင်း၊ အလှူကြီးများပေးခြင်း၊ နာဂစ် မုန်တိုင်းဒဏ်ခံရသောရွာများသို့သွားကာ အခေါက်ခေါက်အခါခါ ကူညီလှူဒါန်းခြင်း၊ မုန်တိုင်းတိုက်အပြီးတွင် ထမင်းဟင်းများ စတုဒိသာကျွေးမွေးခြင်း၊ ဘိုးဘွား ရိပ်သာများသို့ငွေလှူခြင်း၊ မိဘမဲ့ကလေးကျောင်းသို့သွားကာ ထမင်းဟင်း ကျွေးမွေးလှူဒါန်းခြင်း၊ မရှိဆင်းရဲသားများကို ကျွေးမွေးခြင်း၊ ဆေးတက္ကသိုလ်ကျောင်းသားနှစ်ယောက် ကျောင်းစရိတ်ထောက်ပံ့ရန် လစဉ် အလှူငွေလိုက်လံကောက်ခံ ပေးခြင်း၊ မိဘကိုစောင့်ရှောက်ခြင်း၊ သံဃာတော်များကို ဆွမ်းပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းခြင်းနှင့် အခြားမမှတ်မိ တော့သော ကောင်းမှုများစွာလုပ်ခဲ့ပါသည်။ ထိုကုသိုလ်များကို ကျော်လွန်ကာ ပြန်စဉ်းစားလိုက်တိုင်း ပီတိဖြစ ကာ မှတ်မိနေသောအကြီးဆုံး ကုသိုလ်လုပ်ငန်းတခုကို မမေ့နိုင်အောင် မှတ်မိနေပါသည်။ ထိုကိစ္စကား အခြား မဟုတ်ငါးများကို ဇီဝိတဒါနအသက်ကယ်ကာ မြစ်ထဲသို့လွှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၆ ခုနှစ်ခန့်က ကျွန်တော်သည် ဧည့်လမ်းညွှန်အလုပ်ကိစ္စဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ရောက်နေပါသည်။ ထိုနေ့က မြောက်ဦးမှ စစ်တွေသို့ ပြန်ရမည် ဖြစ်သည်။ နံနက်သင်္ဘောမထွက်မီ တံငါသည်တယောက်သည် သူဖမ်းလာ သော ငါးအရှင်များကို ပုံးထဲတွင်ထည့်၍ သင်္ဘောဆိပ်တွင် ရောင်းချနေပါသည်။ ငါးများမှာ ပိုက်ကွန် အသေး လေးဖြင့် ဖမ်းယူရရှိထားသော ငါးအသေးများဖြစ်ပါသည်။ လက် ၀ါးလောက်၊ တထွာလောက်၊ တမိုက်လောက် စသည်ဖြင့် အနည်းငယ်ကြီးသော အကောင်များလည်း ပါပါသည်။ ငါးများမှာ ပုံးထဲတွင်ပြည့်ညပ်နေသဖြင့် အကောင်နှစ်ရာကျော်ခန့် ရှိပေလိမ့်မည်။ ထိုထက်များလျှင်လည်း များပါမည်။ ကျွန်တော်က ဘယ်လောက်လဲ ဟုမေးရာ အားလုံးတထောင်ရလျှင်ရောင်းမယ်ဟု ပြောပါသည်။ အနီးအပါးမှ လူတယောက်က တထောင်များ သည် ငါးရာလောက်ပဲတန်သည်ဟု ၀င်ပြောပါသည်။ ထိုစဉ်က ငွေတထောင်သည် ယနေ့ခေတ် ငွေငါးထောင် လောက်ရှိမည် ထင်ပါသည်။ ကျွန်တော်သည် ဈေးမဆစ်ဘဲ ငွေတထောင်ထုတ်ပေးလိုက်ပါသည်။ ငွေကုန်ကြေးကျမများသော်လည်း စိတ်ထဲဝယ်စွဲထင်နေသော ကုသိုလ်ဖြစ်ပါသည်။ ပုံးထဲမှ ငါးများကို သင်္ဘော ပေါ်ယူသွားပြီး သင်္ဘောတဖက် ရေနက်သော ဘက်ခြမ်းတွင် ငါးအားလုံးကို ကစ္စပနဒီ(ခေါ်) ကုလားတန်မြစ် ထဲသို့သွန်းချကာ ဘေးမဲ့ပေးလိုက်ပါသည်။ ထိုသို့ငါးများကို အသက်ကယ်လိုက်ရသည့်အတွက် ကျွန်တော်သည် ထိုအချိန်က အလွန်ပင် စိတ်ကြည်နူးချမ်းသာဖြစ်မိပါသည်။ စိတ်ချမ်းသာသည်ဆိုသည်မှာ ထိုအခိုက်က ဖြစ်ပေါ် သောစိတ် ဖြစ်ပါသည်။ ယခုအခါလည်း ပြန်တွေးတိုင်း စိတ်ချမ်းသာမိပါသည်။ ကျွန်တော့်ဘ၀တွင် ကလေး ဘ၀က သတ်ခဲ့သောငါးများမှာ အကောင်တရာရှိသည်ဆိုလျှင် ယခုပြန်ကယ်လိုက်သောငါးများမှာ အကောင် နှစ်ရာခန့်ရှိသဖြင့် နှစ်ဆဖြစ်ပါသည်။ သို့သော် ဟိုငါးကိုသတ်သဖြင့် ဒီငါးကိုကယ်ကာ အလျော်ပေးခြင်း မဟုတ် ပေ။ ငါးလွှတ်စဉ်က ငယ်စဉ်က အကုသိုလ်ကိုတွေးမိခြင်း သတိရခြင်းပင်မရှိပါ။ ဘ၀တွင်ပြုခဲ့ဖူးသော ကုသိုလ် များအနက် စေတနာအထက်သန်ဆုံးကုသိုလ်အဖြစ် ကျွန်တော့် မနောအိမ်ထဲဝယ် တည်ရှိနေပါသည်။

သို့သော် ကြီးလာလေလေ ၀ဋ်ကိုယုံလေလေ ဖြစ်သည်။ ၀ဋ်မှာ အမြဲ ငရဲမှာအပဆိုသောစကားကို ကြာလေ ယုံလေ ဖြစ်လာပါသည်။ ငရဲ(အကုသိုလ်)ဆိုသည်မှာ ကုသိုလ်တရားဖြင့် ဖျောက်ဖျက်ပစ်၍ရသည်။ သူတဖက်သားနစ်နာစေသောလုပ်ရပ်မှာမူကား အတုံ့အလှည့် ၀ဋ်ခံရတတ်ကြောင်းကို ဘုရားရှင်လက်ထက်မှ စကာ ယနေ့အချိန်အထိ သာဓက အမျိုးမျိုးဖြင့် ထင်ရှားပေပြီ။ သုံးလူထွတ်ထားမြတ်စွာဘုရားပင် ၀ိပါတ်တော် ၁၂ ပါးကို မလွန်ဆန်နိုင်ဘဲခံခဲ့ရဖူးသည့် သာဓကရှိပေသည်။ လောကကြီးတွင် ကိုယ်ကနိုင်ခဲ့လျှင် ကိုယ်ပြန်ခံရသောအလှည့် သေချာပေါက်လာပေမည်။ ကိုယ်ကလုပ်လိုက်လျှင် ကိုယ်ပြန်ခံရပေမည်။ ထို သဘောကို ကျွန်တော့်ကိုယ်တွေ့သာမက နိုင်ငံရေးတွင်လည်း မကြာခဏ တွေ့မြင်ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်ထဲရေးဝန်ကြီးဦးဘိုနီသည် အလုပ်သမားအရေးအခင်းအပြီး အကျဉ်းသားများအားခတ်ရန် လက်ထိပ်နှင့် ခြေကျဉ်းများကို နိုင်ငံခြားသို့သွားရောက် ၀ယ်ယူပါသည်။ ထိုနိုင်ငံခြားခရီးစဉ်မှ အပြန်တွင် ပါတီဥက္ကဋ္ဌ ဦးနေ၀င်း အမိန့်ဖြင့် တရားမ၀င်အကောက်ခွန်မဲ့ပစ္စည်းတင်သွင်း သည်ဟုဆိုတာ ကီးဘုတ်(အော်ဂင်)တခု မြန်မာနိုင်ငံအတွင်း သယ်ဆောင်လာမှုဖြင့် ဖမ်း ဆီးအရေးယူလိုက်ပါ သည် (အမှန်မှာ အကြောင်းပြချက်သက်သက် တခုသာဖြစ်ပါသည်၊ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေးအကြောင်း ပြချက်ရှိပေမည်)။ ထိုသို့ဖြင့် ဦးဘိုနီသည် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်း သိမ်းခံရပြီး သူဝယ်ယူတင်သွင်း လာသော ခြေထိပ်လက်ထိပ်အသစ်များဖြင့် သူ့ကို ဗွေဆော်ဦး ဈေးဦးပေါက် ပြန်အခတ်ခံရပါသည်။ ချက်ချင်း လက်ငင်းဝဋ်လည်သည့်သဘောဖြစ်သည်။ မဆခေတ်တွင် မျက်မှန်ကြီး တင်ဦး(ခေါ်) တပ်မတော်ထောက်လှမ်း ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်ဦး (One and A Half ဟုလည်း ခေါ်သည်) သည် တရားခံများကို ဖမ်းလာလျှင် အမြဲမျက်စိကို အ၀တ်ဖြင့်ပိတ်ပြီး စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်လာလေ့ရှိသည်။ သူ့တွင်မြေး တယောက်ရရှိသောအခါ ထိုကလေးမှာ မွေးရာပါမျက်မမြင်လေးဖြစ်နေကြောင်း သိရလေသည်။ Indirect ၀ဋ်လိုက်ခြင်းသဘောလားမသိပါ။ ထိုသို့ လူတကာကိုဖမ်းဆီးနိုင်ခဲ့သူ၊ နံပါတ်တစ်ခွဲဟုခေါ်သည့် ဦးတင်ဦးလည်း ဦးနေ၀င်းလက်ချက်ဖြင့် ရာထူးမှပြုတ်ကာ ထောင်ချခံရခြင်းမှာလည်း ၀ဋ်လည်သည့်သဘောပင် ဖြစ်ပေ၏။

လူတို့သည် နိုင်နေသောအခါ ကိုယ်ပြုသော အပြုအမူမှန်မမှန် တရားမျှတခြင်း ရှိမရှိ မစဉ်းစားဘဲ လုပ်လေ့ရှိကြ သည်။ ထိုဖြစ်ရပ်မျိုး မိမိအတုံ့အလှည့်အဖြစ် ပြန်ခံရသောအခါမှ ယခင်က မိမိပြုမိခဲ့ခြင်းကို မကောင်းမှန်း သိတတ်ကြသည်။ န၀တ၊ နအဖ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် တန်ခိုးအထွားဆုံးသောလူစုမှာ စစ်ထောက်လှမ်းရေးအဖွဲ့ ဖြစ်သည်။ မည်သည့်လုပ်ငန်း၊ မည်သည့်ကိစ္စ ဖြစ်စေ ထောက်လှမ်းရေးဆိုလျှင် ကိစ္စပြီးသည်။ ထောက်လှမ်းရေးကို စစ်သားအချင်းချင်းသော်မှ ကြောက်ရသည်။ သာမန် တိုင်းသူပြည်သား များမှာ သူတို့မတရားပြုမူကြသမျှ ခေါင်းငုံ့ခံကြရသည်။ ဒီမိုကရေစီဘက်တော်သားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများထောက်လှမ်းရေးလက်ချက်ဖြင့် ဘ၀ပျက်ကြသည်၊ ထောင်ကျကြသည်၊ စစ်ကြောရေးတွင် လူမဆန်သောနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးကြရသည်။ ဒုက္ခိတဖြစ်သူ ဖြစ်ကြသည်။ မတရား ထောင်နှစ်ရှည်ချခြင်းမှာ အသက်သာဆုံးသော ပြစ်ဒဏ်ခံရရခြင်းဖြစ်သည်ဟုပင် ပြော၍ရသည်။ သူတို့ကို အန်တုဗလလုပ်သူအားလုံး ပျက်စီးကြရသည်။ သူတို့ကို နိုင်သူမရှိ။ သူတို့ရှေ့တွင် သူတို့ခေါင်း ဆောင်ကြီး ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ရှိသဖြင့် မည်သူမျှတို့ထိ၍ မရနိုင်သူများ ဖြစ် သည်။ သို့သော် လောကပါလတရားသည် အရာရာကို ဤအတိုင်းကြည့်မနေ၊ အတုံ့အလှည့်ခံရမည့် အလှည့်ကို လည်း ယူဆောင်လာပါသည်။ သူများတကာကို အကျဉ်း ထောင်အတွင်းသို့ ကြက်ကလေး ငှက်ကလေး တွေပို့သလို လုပ်ခဲ့ကြသော ထိုထောက်လှမ်းရေးအဖွဲ့သည် အချိန်တန်တော့ သူ့ကြမ္မာသူငင်ကာ အားလုံး တပြိုင်နက်တည်း အလုပ်ပြုတ်ကြသည်။ အားလုံးနီးပါး အဖမ်းခံ ကြရသည်။ တချိန်က သူတပါးကိုနိုင်လာခဲ့ သူသည် သူတို့ခံရမည့်အလှည့်တွင် အင်းစိန်ထောင်သို့ ထောင်ကျတရားခံအဖြစ် ရောက်လာပေပြီ။ သူတို့ ဖမ်းဆီးထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏ ပေးစာကမ်းစာကို ပြန်လည် မှီခိုရသည့်အခိုက်သို့ ရောက်လေပြီ။

သူတို့ခေါင်းဆောင်ကြီး ဗိုလ်ခင်ညွန့်လည်း အရာမှကျသည်။ အင်းစိန်ထောင်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်တည်ဆောက်ခဲ့သော အထူးအကျဉ်း ထောင်အဆောက်အအုံလေး သည် သူကိုယ်တိုင်အတွက် ဖြစ်သွားတော့၏။ တခုသော မိုးဥတု၏ညတည၀ယ် ထောက်လှမ်းရေးက လာရောက်ခေါ်ယူသွားသည်ကို လွယ်အိတ်ကလေးလွယ်ကာ လိုက်ပါသွားရသော ဗိုလ်ချုပ်ခင်ညွန့်၏ ရုပ်ပုံ အွန်လိုင်းတွင်တက်လာသောအခါ ၀ဋ်မှာအမြဲဆိုသော စကားကို ပို၍လက်ခံမိသည်။ အချို့သောဝဋ်များမှာ ဘ၀ခြားပြီးမှ ရောက်လာတတ်သလို အချို့ဝဋ်များမှာ ဘ၀မကူးဘဲ ဤဘ၀မှာပင် လည်တတ်ပါသည်။ ၀ဋ်လိုက် သောအခါ မြေပေါ်မှာနေ၍လည်းမလွတ်၊ လေထဲမှာနေ၍လည်းမရ၊ ရေမှာနေ၍လည်း မထူးပြေးစရာမရှိဘဲ အတုံ့အလှည့် ၀ဋ်ကြွေးကိုခံရမည်သာ ဖြစ်သည်။

သင်္ကြန်မတိုင်မီက ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၀ယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို တပိုဒ်ချင်းဆွေးနွေးဆုံးဖြတ်စဉ် တပ်မတော်ကိုယ်စားလှယ်များသည် မဲပေးရာတွင် မပါဝင်ဘဲ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် ဥပဒေကြမ်းတခုလုံးကို အများဆန္ဒဖြင့် ဆုံးဖြတ်ရာတွင်လည်း တပ်မတော်သားကိုယ်စားလှယ်အားလုံး မတ်တတ်ရပ်၍ ကန့်ကွက်ခဲ့ကြပါ သည်။ထိုဖြစ်စဉ်ကို လွှတ်တော်အပြီး သတင်းထောက်များက မေးမြန်းရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဒီမိုကရေစီဆိုပြီး လူအများစုဖြင့် အနိုင်ကျင့်ခံရသောပုံစံဖြစ်နေ သည်ဟု ပြောကြားခဲ့ပေသည်။ အနိုင်ကျင့်ခံရခြင်း ဟုတ်သည် မဟုတ်သည်ကို တပိုင်းထား၍ ဤကိစ္စသည် လည်း တကယ်တမ်းပြောရလျှင်၊ နိုင်ငံရေး ၀ဋ်လည်ခြင်းတမျိုးဟု ပြောရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တဖက်သား၏ စကားကိုနားမ၀င် (အရေးမစိုက်ဘဲ) လူများစုဖြင့် အနိုင်ကျင့်ဆုံးဖြတ်မှု များကို တပ်မတော်သည်လည်းကောင်း၊ တပ်မတော်မှပေါက်ဖွားလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်းကောင်း လုပ်ဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၁၉၉၃ ခုနှစ်က ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အခြေခံရမည့်မူများအတွက် အစုအဖွဲ့ရှစ်ဖွဲ့ခွဲပြီး ဆွေးနွေးညှိနှိုင်းသည်ဟုဆိုကာ လုပ်ခဲ့ကြတုန်းက NLD သည် လူနည်းစုဖြစ်သည်။ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့တွင်သာ များများစားစား ပါဝင်ခွင့်ရသူများဖြစ်သည်။ အခြားအစုအဖွဲ့ဖြစ်သော နိုင်ငံရေးပါတီများအစုအဖွဲ့တွင် NLD သည် အခြားနိုင်ငံရေးပါတီများနှင့်တန်းတူခွဲဝေနေရာယူရပြီး ပြောရေး ဆိုခွင့်လည်း ထိထိရောက်ရောက်မရှိချေ။ အခြားသော အဖွဲ့ငယ်များဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့တို့၊ တတ်သိပညာရှင်များအဖွဲ့တို့၊ ပြင်ပပညာရှင်များတို့၊ နိုင်ငံ့ဝန်ထမ်းများတို့၊ တိုင်းရင်းသားကိုယ်စား လှယ်များအစုအဖွဲ့တို့ဆိုသည်မှာ စစ်အစိုးရအလိုကျ လက်ညှိုးထောင် ခေါင်းညိတ်သမားများ ဖြစ်သည်။

ညီလာခံတွင် ရွေးကောက်ခံပါတီများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားများ၏ လုပ်ပိုင်ခွင့်ကို ပြည်သူလူထု က ရွေးချယ်သူများမဟုတ်သည့် အမျိုးသားညီလာခံကျင်းပရေးလုပ်ငန်းကော်မတီက ၀င်ရောက်စွက်ဖက် ကြိုးကိုင်ခဲ့သည်။ ညီလာခံတွင် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော အစစ်အမှန်လွှတ်တော်ကိုယ်စားလှယ်များက ညီခံကိုယ်စားလှယ်အားလုံး၏ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ ပါဝင်အောင်လုပ်ထားသဖြင့် မဲခွဲတိုင်းရှုံးနိမ့်ရမည် ဖြစ်သည်။ ထိုညီလာခံတွင် NLD ရွေးကောက်ခံ အမတ်များတင်သွင်းသော အချက်တော်တော်များများမှာ ပယ်ချခံရသည်သာဖြစ်သည်။ သို့မဟုတ် လူများစုဖြင့် မဲခွဲပြီး အနိုင်ယူသွားသည်သာ ဖြစ်သည်။ နောက်ဆုံးတွင် NLD သည် ထိုလုပ်ရပ်များကို သည်းမခံနိုင်တော့သဖြင့် အမျိုးသားညီလာခံကို သပိတ်မှောက်ထွက်ခွာလာခဲ့ ပါသည်။ အမျိုးသားညီလာခံတွင်ပါဝင်မည့် ကိုယ်စားလှယ်များ စုဖွဲ့မှုပုံ သဏ္ဌာန်သည် NLD ၏ အရေးပါ အရောက်မှုကို သိသိသာသာ လျှော့ချသောပုံစံဖြစ်ပြီး ထိုနိုင်ငံရေးပုံစံကို ဦးသိန်းစိန်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်က သုံးပွင့်ဆိုင်ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကျင်းပရန် ဖိတ်ခေါ်ခဲ့စဉ်ကလည်း အစိုးရ ဘက်က သုံးခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ အရေးပါအရာရောက်မှုကို လျှော့ချရန် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင် များကို ဖိတ်ခေါ်ခြင်းဗျူဟာကို ကျင့်သုံးခဲ့သည်။

ညောင်နှစ်ပင်အမျိုးသားညီလာခံတွင်လုပ်ခဲ့သောပုံစံအတိုင်း ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်သည် ညောင်နှစ်ပင်ညီလာခံမှာရော ၂၀၁၀-၂၀၁၅ အစိုးရအဖွဲ့တွင် ရော ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်လွှတ်တော်ထဲတွင်လည်း ပထမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် NLD မှ ကိုယ်စားလှယ်အနည်းစု တင်ပြသမျှအဆို၊ မေးခွန်း၊ မှန်သမျှကို လူများစုဖြစ် သော ကြံ့ခိုင်ရေးနှင့် တပ်ကိုယ်စားလှယ်များ ပူးပေါင်းပယ်ချခဲ့သည်ချည်းဖြစ်သည်။ ယခုပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သော ဦးဝင်းမြင့် ထိုစဉ်ကအဆိုပြုခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများ ကို တိုင်းပြည်သို့ ထုတ်ဖော်ကြေညာရေးအဆိုတွင် အားလုံးက ၀ိုင်းဝန်း ကန့်ကွက်ခဲ့သဖြင့် အဆိုရှုံးနိမ့်ခဲ့ရပေသည်။

တဖန်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် အဓိကကျသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လွှတ်တော်တွင် အဆိုတင်ခဲ့စဉ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် တညီတညွတ်တည်း ကန့်ကွက်မဲပေးခဲ့ကြသည်သာမက ထိုသို့ ကန့်ကွက်မှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆို ရှုံးနိမ့်သွားသောအခါ အားရ၀မ်းသာ လက်ခုပ်လက်ဝါးတီးအောင်ပွဲခံခဲ့ကြပေသည်။ ဤဖြစ်ရပ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်စုဖွဲ့အနိုင်ကျင့်ခံရသည်ဟူ၍ မပြောခဲ့ ပေ။ ယခုအခါ ကာလ၀ိပါက်နောက်ပိုးတက်ဟူသောစကားလို လွှတ်တော်ထဲတွင် ပြည်သူလူထုက တခဲနက် ရွေးချယ်လိုက်သော (တခဲနက်ဟူသောစကားကိုပင်မသုံးဖို့ လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်က ကန့်ကွက်ခဲ့ဖူးသည်) NLD နှင့် တိုင်းရင်းသားရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၏အားကို တပ်မတော် နှင့် ကြံ့ခိုင်ရေးကိုယ်စားများ လွန်ဆန်၍မရတော့ပေ။ ရေများရေနိုင် မီးများမီးနိုင်ဆိုသကဲ့သို့ မဲများသူက အနိုင်ယူသွားခြင်းမှာလည်း ဒီမိုကရေစီ၏ စရိုက်သဘာဝတခုပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် မိမိမဲများ စဉ်က ၁၉၉၃ အမျိုးသားညီလာခံမှစကာ ၂၀၁၆ ဇန်န၀ါရီ ၃၁ အထိ ကျင်းပခဲ့သော လွှတ်တော်များတွင် တဖက် သတ် အနိုင်ယူခဲ့ခြင်းများသည် ယခုအခါ နိုင်ငံရေးဝဋ်ပြန်လည်နေပြီဖြစ်သည်။ ထိုအခါ ၀ဋ်လည်သည်ကို ၀ဋ်လည်မှန်းမသိဘဲ အနိုင်ကျင့်ခံနေရသည်ဟုပြောခြင်းမှာ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေပါသည်။ ကျွန်တော်တို့သည် ၀ဋ်ကြွေးတခုကို ၀ဋ်ဟုသိသည်နှင့် မိမိလုပ်နိုင်သော အကောင်းဆုံးအလုပ်မှာ ထိုဝဋ် လိုက်တတ်သည့်အပြုအမူများ၊ စိတ်ဓာတ်များကို ရပ်တန့်ပစ်ဖို့ ဖြစ်သည်။ ကုသိုလ်ကောင်းမှုကို ပို၍လုပ်ဖို့ ဖြစ်သည်။ ယခင်က ပြုလုပ်ခဲ့သော အပြုအမူများကတော့ လွန်ခဲ့ပြီ။ ဘာမှမတတ်နိုင်တော့။ သို့သော် အနာဂတ်တွင် နောင်ဒီလို ၀ဋ်မျိုးထပ်မခံရအောင် မကောင်းသောအပြုအမူများကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ မိမိဝဋ်လည်နေသည်ကို မိမိသိလျှင် အကောင်းဆုံးဖြစ်သည်။ မသိနိုင်ပါဘဲ ဟိုလက်ညှိုးထိုးသည်လက်ညှိုးထိုးနေကြပါက ၀ဋ်ကြွေးသည် သံသရာတလျှောက် မဆုံးနိုင်အောင် လိုက်နေမည်ဖြစ်သည်။ မိမိဖမ်းဆီး ကြိမ်းမောင်းအနိုင်ယူခဲ့သော နိုင်ငံရေးသမားများ ရာထူး အရှိန်အ၀ါရလာချိန်တွင် ထိုသူများ လက်အောက်တွင် အမှုထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရခြင်းများ သည်လည်း မသိမသာ ၀ဋ်လိုက်နေခြင်းဖြစ်သည်။

မိမိအနိုင်ရခဲ့စဉ်က နိုင်ငံရေးကျူးလွန်မှုများဖြစ်သည့် ၁၉၆၂ ကျောင်းသားသမဂ္ဂဗုံးခွဲခဲ့သည့်ဝဋ်၊ ၁၉၇၄ ဦးသန့်အရေးအခင်းတွင် ရက်စက်စွာ နှိမ်နင်းခဲ့သည့်ဝဋ်၊ ၈၈ အရေးအခင်းဝဋ်၊ ဒီပဲယင်းဝဋ်၊ ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးတွင် သံဃာများကို စော်ကားပြစ်မှားမိသောဝဋ်၊ လက်ပံတောင်းတောင်သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဗုံးနှင့်သံဃာများအပေါ် ကျူးလွန်ခဲ့သောဝဋ်၊ ကျောင်းသားများကို ရိုက်နှက် ဖမ်းဆီးခဲ့ သောဝဋ်၊ ထိုဝဋ် ဤ၀ဋ် အလီလီသောဝဋ်ကြွေးတို့သည် သက်ဆိုင်ရာခံရသူကာယကံရှင်များက ခွင့်လွှတ် သည့်တိုင် ပျောက်ပျက်မသွားဘဲ လောကနိယာမတခုအဖြစ် ပြုသူထံပြန်ရောက်လာဖို့ အခွင့်အခါကောင်းကို စောင့်မျှော်နေမည် ဖြစ်သည် (ဦးနေ၀င်းကတော့ မသေမီ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့်အပြင်၊ ဦးသန့် ဈာပနကို ၀န်တိုရန်ငြိုးဖွဲ့ခဲ့သည့်အကုသိုလ်ကြောင့် သူသေသောအခါ လူဆယ့်တယောက်ဖြင့် တိတ်တဆိတ် သဂြိင်္ုဟ်ခဲ့ရလေသည်မှာ တရားကျဖွယ်ဖြစ်သည်)။ သံသရာဆိုသော ရှည်လျားလှသည့်ခရီးတလျှောက်ဝယ် ၀ဋ်ဟူသည်နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် နောက်ဆုံးဘ၀တိုင်အောင် နောက်ကတကောက် ကောက်လိုက် နေမည်ဖြစ်သည်။ လူတဦးချင်း၏ ၀ဋ်လိုက်ခြင်းဖြစ်စေ၊ နိုင်ငံရေးအရ ၀ဋ်လိုက်ခြင်းဖြစ်စေ အရင်းစစ်က မိမိကျူးလွန်ခဲ့၍ဖြစ်လာရခြင်းဖြစ်ရာ အမြင်မှန်ရပြီး ထိုအပြုအမူမျိုးမလုပ်တော့၊ မကြံစည်တော့ဘဲ အမြင်မှန်ရ၍ ကုသိုလ်တရားများပွားများလျှင် သက်သက်သာသာနှင့် ၀ဋ်ကြွေးကြေတတ်ပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ရပါသည်။

သရ၀ဏ်(ပြည်)


နေပြည်တော်၊ ဧပြီ ၂၂

မိမိတို့နိုင်ငံကို အင်အားတောင့်တင်းသော နိုင်ငံဖြစ်အောင် ထူထောင်သွား မည်ဖြစ်ပြီး ထိုသို့ထူထောင်ရာတွင် ပြည်သူ့အားသည် အဓိကဖြစ်သောကြောင့် ပြည်သူ့အင်အားနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်းပြည်ပ အခြေစိုက် သံတမန်များအားမြန်မာနိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ရှင်းလင်း ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ဆုံမှတ်တွင် တည်ရှိသောနိုင်ငံဖြစ်ပြီး အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံတည်ရှိသဖြင့် အရေးပါသော ပထ၀ီအနေအထားအတွင်း တည်ရှိပါ ကြောင်း၊ ထိုသို့ မဟာဗျူဟာကျကျ တည်ရှိနေမှုကြောင့် စိန်ခေါ်မှုနှင့် အခွင့်အလမ်း များစွာလည်း ရှိပါကြောင်း၊ ထိုကဲ့သို့သော အခြေအနေတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး သည် နိုင်ငံ၏လုံခြုံရေးအပေါ်တွင် တည်မှီနေပါကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးမှုမူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ နိုင်ငံများအကြား ဆက်ဆံရေး အလျင်အမြန် တည်ဆောက်နိုင်မှုက အဆိုပါနိုင်ငံများအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း ပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အင်အားကြီး နိုင်ငံတစ်နိုင်ငံ မဟုတ်ပါကြောင်း၊ သို့သော်လည်း အားလုံးနှင့်ပတ်သက်သော ပြဿနာ များကို ရိုးသားမှု၊ စိတ်ရင်းစေတ နာကောင်းများဖြင့် ချဉ်းကပ်မှုဖြင့် ကမ္ဘာကို ဦးဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ လေ့လာသင်ယူစရာများစွာ ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ယခုအချိန်မှ ခရီးသစ်စတင်ခြင်းဖြစ်ပါကြောင်း၊ ပြဿနာများကို အပြန်အလှန်လေး စားမှု၊ ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက ကုလသမဂ္ဂအဖွဲ့သို့ ၀င်ရောက်ခဲ့ ပါကြောင်း၊ ကမ္ဘာပေါ် တွင်ဖြစ်ပွားနေသော ပြဿနာတိုင်းကို အကျိုးအကြောင်း၊ စိတ်ကောင်းစေတ နာကောင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျန်ရှိသော ကမ္ဘာ့နိုင်ငံများနှင့် သင့်မြတ်ပြီး ကောင်းမွန်သောဆက်ဆံရေးလည်း တည်ဆောက်လို ပါကြောင်း၊ ပြဿနာဟူသမျှကို အသိဥာဏ်ဦးနှောက်၊ စိတ်ကောင်းစေတနာကောင်းဖြင့် ဖြေရှင်းနိုင်ပါကြောင်း။


ထို့အတူ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှု ဆောင် ရွက်ရာတွင် လည်း ပြည်သူများ၏ တက်ကြွသောအင်အားဖြင့် ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်း၊ ပြည်သူ့အင်အားမပါဘဲ အစိုးရသည် မည်သည့်ဆောင်ရွက်မှုမျိုးကို မျှ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း။

ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေးအတွက် ကောင်းမွန်သော ခြေလှမ်း ကို စတင်ရာတွင် ပြည်သူချင်း ဆက်ဆံမှုမှ စတင်ဆောင်ရွက်ရပါကြောင်း၊ ကောင်းမွန် သော ဆက်ဆံရေးအတွက် ပြည်သူချင်း ဆက်ဆံမှုသည် အဓိကကျသည့် အခန်းကဏ္ဍ မှ ပါဝင်ပါကြောင်း၊ မတူညီသည့် နိုင်ငံချင်း ဆက်ဆံရေးတွင် ကွဲပြားမှုများ ရှိနိုင်သော် လည်း ထိုမတူကွဲပြားမှုများကို အခွင့်အလမ်းအဖြစ် ဆောင်ရွက်သော ချဉ်းကပ်ပုံစံသစ် ဖြင့် လျှောက် လှမ်းကြရမည်ဖြစ်ပါကြောင်း။


ထိုသို့သော ချဉ်းကပ်မှု ပုံစံသစ်ဖြင့် လျှေက်လှမ်းရာတွင် ဖြစ်ပေါ်လာသော ပြဿနာများကို အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုဖြင့် ဖြေရှင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကိုလည်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိသော ဆက်ဆံရေးဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့ နာယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်အပ်ခံရ သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း ဂုဏ်သိက္ခာရှိစွှာ ပြန်လည်ဝင်ဆန့်လာပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်အပေါ် အခြေခံကာ ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့မှုသည် ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်လိုသော ပြင်းပြသည့်ဆန္ဒကို ထင်ဟပ်စေပါကြောင်း၊ မြန်မာနိုင်ငံမှာ အာဆီယံ နိုင်ငံများသာမက နိုင်ငံတကာ အသိုင်း အ၀ိုင်းတွင်ပါ ယုံကြည်အားထားရသော မိတ်ဖက် နိုင်ငံဖြစ် လာကြောင်းဖြင့် နှုတ်ခွန်း ဆက်သ၀ဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသာ ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ မေးမြန်း ရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ငွေကြေးခ၀ါချမှုကို ဘက်ပေါင်းစုံမှ တိုက်ဖျက်နေကြောင်းနှင့် ငွေကြေးခ၀ါချမှု ပပျောက်အောင် လိုအပ်သော အရေးယူဆောင် ရွက်မှုများ တိုး၍လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဂျာမနီ၊ တူရကီ၊ နီပေါ၊ တောင်အာဖရိက၊ ဒိန်းမတ်နှင့် ဘယ်လာရူစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံတမန် အကြီးအကဲများက သိရှိ လိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြန် လည်ဖြေကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများအား တွေ့ဆုံရာ သံအမတ်ကြီးများက မြန်မာ နိုင်ငံနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ပြောကြားကြ ပြီး ပြည်ထောင်စု ၀န်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ပြီး နိုင်ငံဖွံ့ဖြိုးရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော သံတမန်များအား သတင်းအဖွဲ့က တွေ့ ဆုံမေးမြန်းခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Mr. K.W.N.D Karunaratra က ကျွန်တော်တို့နိုင်ငံနဲ့ မြန်မာနိုင်ငံ အကောင်းဆုံးပူးပေါင်း ဆောင်ရွက် သွားနိုင်မယ်လို့ ထင်ပါတယ် ဟု ဖြေကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး မစ္စတာ ဒန်နီရယ် ဇွန်ရှိုင်း က မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ နိုင်ငံခြားရေးမူဝါဒ ရှိပါတယ်။

အခု နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း သူက မှန်ကန်တဲ့လမ်းကြောင်းကနေ ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မယ် လို့ ထင်မြင်ပါတယ် ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာရိုလန်ကိုဘီယာ က ဒီနေ့ အခမ်းအနားကို လာရောက်ရတဲ့အတွက် ၀မ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးမှာ အလွန်ကြီးလေးတဲ့ တာဝန်တွေနဲ့အတူ နိုင်ငံတကာကလည်း အခုအချိန်ဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း ပိုပြီး စိတ်ဝင်စားနေတယ်လို့ ထင်ပါတယ်။

ဒီလို နိုင်ငံခြားရေးမူဝါဒတွေကနေတစ်ဆင့် အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ကို ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း ပိုပြီးနီးကပ်စွာ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ဆောင်သွားပါမယ်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်ကြီး ကာဘီရူဘယ်လ်လာက အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ချင်လို့ ကျွန်တော်တို့ ဒီ နိုင်ငံကို အရောက်လာခဲ့တာပါ ဟု ပြောကြားခဲ့သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


    နေပြည်တော်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

    နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ ပထမအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိပြီး ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
    ပြည်တွင်း အခြေစိုက် သံရုံး ၄၆ ရုံး ၊ ပြည်ပသံရုံး ၁၇ ရုံးမှ သံတမန်များနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တိုင်းပြည်၏ အပြောင်းအလဲ အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးစဉ်မှစ၍ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ရှိခဲ့ပြီး လက်ရှိ အိမ်နီး နားချင်းများသာမက ကမ္ဘာ တစ်ဝန်းရှိ အခြားနိုင်ငံများနှင့်ပါ ခင်မင် ရင်းနှီးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခဲ့သည့် အချိန်ကစ၍ ဘက်မလိုက် ကြားနေနိုင်ငံ အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှ ဆုံမှတ်မှာ တည်ရှိသောကြောင့် ပထဝီ နိုင်ငံရေးအရ အချက်အခြာ ကျသလို တပြိုင်နက်တွင် စိန်ခေါ်မှုများလည်း များကြောင်း ၎င်းက ပြောသည်။

ပြည်သူ အချင်းချင်းကြား ဆက်ဆံရေး ကောင်းမွန်မှုသည်သာ အဓွန့်ရှည်မည်ဖြစ်ပြီး အစိုးရသစ်၏ မူဝါဒသည် ပြည်သူကို အခြေခံကာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများသည် ပြည်သူလူထု မပါဝင်ဘဲ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်သောင့် သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး”လို့ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီး နိုင်ငံဖြစ်ရန်  မြန်မာနိုင်ငံသားများကို အခြေပြု အားထားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 (Xinhua)
http://www.xinhuamyanmar.com

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော် မုံရွာမြို့ ကို တွေ့ရစဉ်။ Photo: RFA
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မနေ့ညနေပိုင်းက လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရသလို လူနှစ်ဦး သစ်ပင်ပိခဲ့ရာမှာ တစ်ဦး သေဆုံးခဲ့ပါတယ်။

သစ်ပင်ပိခဲ့တဲ့ အမျိုးသားတစ်ဦးကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ မုံရွာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုသီဟက ပြောပါတယ်။

"မိန်းမကပွဲချင်းပြီး သေသွားတယ်တဲ့ ယောက်ကျားကတော့ အခုအချိန်အထိ ဆေးရုံမှာ၊ သူကထန်းပင်ပြတ်ကျပြီး ပိတဲ့သဘောပါပဲ၊ ကျနော်တို့က ညမှောင်နေတော့ အဲ့ဒီမှာလည်း လူမရှိတော့ မမြင်ခဲ့ရဘူး၊ သူတို့က မြို့ခံမဟုတ်ဘူး ဒီမှာလာပြီး တိုက်ဆောက်နေရင်းတန်းလန်းနဲ့ ဖြစ်သွားတာ လက်သမားတွေ၊ မနေ့ညကကြားတာကတော့ သူတို့တောက်လျောက် မန္တလေးဆေးရုံကြီးကို ပို့တယ်ကြားတယ်"

ဒါ့အပြင် ဒီနေ့မနက် ၃ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ တာကြောင့် ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်အတွင်းက နေအိမ် ၁ဝ လုံးလောက် ပျက်စီးခဲ့ပါတယ်။

မနေ့ညက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ဓါတ်အားပေးတိုင်တွေ ကြိုးပဲ့မှုတွေရှိခဲ့သလို နေအိမ်သွပ်မိုးတွေလည်း ပျက်စီးခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ ဓါတ်အားပေးတိုင်တွေ ပျက်စီးခဲ့တာကြောင့် မနေ့ညကတည်းက လျှပ်စစ်မီး ပျက်တောက်နေ ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ မနေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ကျေးရွာသားတွေ ဘေးကင်းရာကို ထွက်ပြေးနေကြရပါတယ်။

မနေ့က မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမကျေးရွာနားမှာ လက်နက်ကြီးသံတွေ ကြားရတာကြောင့် ကျေးရွာသား ၆ဝ လောက်ဟာ ကျောက်တော်မြို့နယ် သင်ညာဝရွာကို ထွက်ပြေးလာကြတယ်လို့ သင်ညာဝရွာသူ မခိုင်အေးနုက ပြောပါတယ်။

"ဒီနေ့ကတော့ ကြားရတယ်၊ အဝေးကြားရတာ ကျမတို့နဲ့၊ မနက်အစောကြီး ၈ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ ပစ်တယ်၊ ကျမတို့နဲ့ ဝေတော့ဝေးပေမယ့် ခဏခဏ ကြားရတယ်လေ၊ ဒုက္ခသည်တွေရောက်နေတာလေ လူပေါင်း ၃ဝ ကျော် ဒီကို ၁၁ နာရီလောက်ရောက်တယ်၊ သူတို့မနေကြရဲလို့ ပြေးလာကြတာလေ"

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ နေ့တိုင်းနီးပါးလောက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့အတွက် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ ဒေသခံတွေ ဒီကနေ့ အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတော်သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာပေးပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


အစိုးရသစ် လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေ သလို ဂေဟစနစ် မျှတဖို့လည်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ညီညီ ညွှတ်ညွှတ် ဆောင်ရွက်နိုင်ဖို့လည်း လွှတ်တော်တွင်းကနေ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီကလည်းပြောဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့ မှာ မြန်မာနိုင်ငံကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို VOA သတင်းထောက် မသိင်္ဂီလင်းကတင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် ဂေဟစနစ်ကိုထိန်းသိမ်းဖို့နဲ့ လူမှုရေးအပိုင်းမှာလည်းညီညီညွှတ်ညွှတ်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကဒီနေ့ကျရောက်တဲ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာ အခုလိုတိုက်တွန်းလိုက်ပါတယ်။

" စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်တခုတည်းအောက်ထဲမှာ ပတ်ဝန်းကျင် ဂေဟစနစ်တွေက ပျောက်ဆုံးသွားမှာ ကြောက်ရတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးမှာပါတဲ့ သုံးနားညီတြိဂံကို တည်ဆောက်ပါလို့ ပြောချင်တယ်။ တခုက ဖွံ့ဖြိုးရေး နောက်တခုက ပတ်ဝန်းကျင် ဂေဟစနစ် မျှတရေးပေါ့ဗျာ။ သုံးကတော့ လူမှုရေးပေါ့ဗျာ။ ပြီးခဲ့တဲ့ အတိတ်ကာလတွေက တစ်နားညီပဲဖြစ်တယ်။ စီးပွားရေးပဲဖြစ်နေပြီတော့ ကျန်တဲ့ နှစ်နားက လိုတိုးပိုလျှော့ဖြစ်တယ်။ လိုရင် လိုသလို မလိုရင် မလိုသလို ဒီနှစ်နားကို ကစားတာပေါ့နော်။ အုပ်ချုပ်တဲ့သူ အစိုးရတွေက။"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အာဏာပိုင် အဖွဲ့အစည်းတွေရော၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရော ပြည်သူတွေပါ အတူပါဝင် ဆောင်ရွက်မှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ အားလုံးပိုပြီးထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးစားသွားမယ် လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဌ ဦးစိုးသူရထွန်းက အခုလိုပြောဆိုလိုက်ပါတယ်။

" လွှတ်တော်မှာတော့ ကျေန်ာတို့က လွှတ်တော်ကော်မတီအနေနဲ့ဖြစ်တော့ ဒီအပိုင်းက ကျနော်တို့ရဲ့ ပထမ အရေးကြီးဆုံးလုပ်ငန်းပေါ့။ အဲ့ဒီ့တော့ ပြည်သူလူထု ပါဝင်မှုနဲ့ အစိုးရနဲ့ ပိုပြီးတော့ interactive ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ ဥပဒေတွေလည်း ရှိတယ်။ အဖွဲ့အစည်းတွေလည်း ရှိတယ်ပေါ့ ဒါပေမဲ့ တဖက်နဲ့တဖက် အပြန်အလှန် ညီညီညွတ်ညွတ် မျှမျှတတ လုပ်နိုင်ဖို့က လိုပါတယ်။ အခုအချိန်အထိ ပြီးခဲ့တဲ့အစိုးရအချိန်အထိမှာ သူတို့ကြိုးစားပြီး လုပ်ခဲ့ပေမဲ့လည်း နှစ်ဦးနှစ်ဖက် မျှခြေခြင်းကို မရောက်ဘူးပေါ့လေ။ ရှေ့လျောက်တော့ ပိုပြီးတော့ ဖြစ်လာနိုင်မယ်လို့ လည်း မျှော်လင့်တယ်။ အဲ့ဒီ့အတွက်လည်း ကျနော်တို့လည်း ကြိုးစားနေပါတယ်။

ဒီနှစ် မြေကမ္ဘာနေ့ရဲ့ အဓိကဆောင်ပုဒ်ကတော့ "Trees for the Earth" လို့ နာမည်ပေးထားပြီးဒီနှစ်ကစလို့ ၅ နှစ်အတွင်းကမ္ဘာအနှံ့မှာသစ်ပင်ပေါင်း ၇.၈ဘီလီယံ စိုက်ပျိုးကြဖို့ ရည်မှန်းထားတာပါ။

မြေကမ္ဘာပေါ်ကသယံဇာတတွေ၊ ရင်းမြစ်တွေကို ထုတ်ယူ သုံးစွဲပြီး ပြန်လည် ဖြည့်တင်းပေးဖို့၊ စနစ်တကျနဲ့ ရေရှည်တည်တံ့အောင် ကြိုးစားကြဖို့အ တွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တက်ကြွလှုပ်ရှားနေကြပါတယ်။ ရင်းမြစ်တွေကိုအလွန်အကျွံသုံးစွဲတာတွေ၊ စွန့်ပစ်ပစ္စည်းတွေ အလွန်အကျွံ စွန့်ထုတ်တာတွေ စတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေရဲ့ ဆိုးကျိုးကို အနာဂတ်မှာအသက်ရှင်နေထိုင်ကြမယ့် လူငယ်တွေ ခံစားကြရမှာဖြစ်တာကြောင့် လူငယ်တွေပူးပေါင်းပါဝင်လာကြအောင် အသိပညာပေးဖို့ လိုအပ်တယ်လို့ အမေရိကန်စင်တာရဲ့ iNature သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် မဖြိုးစုအေးကအခုလိုပြောပါတယ်။

" လူငယ်တွေက ပိုပြီးတော့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ပိုပြီးတော့ ထိရောက်အောင် လုပ်ပေးရမယ်ပေါ့။ ဥပမာအားဖြင့် ပထမဦးဆုံး မိမိရပ်ကွက်၊ ရပ်ကွက်ကနေတဆင့် မြို့နယ် မြို့နယ်ကနေ တဆင့် နိုင်ငံအတိုင်းအတာအထိ အားလုံးရဲ့ လုပ်နိုင်စွမ်းရည်ကိုပေါင်းပြီး ပညာပေးမှုကို မြှင့်တင်ဖို့ လိုတယ်ပေါ့။ ပုံစံအမျိုးမျိုး လှုပ်ရှားမှုအမျိုးမျိုးနဲ့ အဓိကကတော့ သဘာဝပတ်ဝန်းကျင် စိုးရိမ်စရာတွေ အခြေအနေတွေအတွက် သဘာဝပတ်ဝန်းကျင်ပညာပေးမှုတွေ လိုအပ်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ပညာပေးမှုတွေမှာ ကျောင်းတွေမှာ ကလည်း လိုအပ်တယ်။ ကျောင်းတွေမှာကလည်း သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပညာသင်ယူစရာမရှိဘူး။ အဲ့လိုရှိစေရေးအတွက် စိမ်းလန်းစိုပြေရေးနေ့လိုမျိုးတွေ လုပ်ပေးရမယ်လို့ ထင်ပါတယ်။ "

မြေကမ္ဘာနေ့ကို ၁၉၇၀ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာမြေကြီးနဲ့ ငြိမ်းချမ်းရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ဒီဇင်ဘာလတုန်းက ကမ္ဘာကြီး ပူနွေးလာမှုကိုလျှော့ချဖို့နဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချဖို့ အတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက် UNFCCC အဖွဲ့ဝင်တွေက ပဲရစ်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ လက်ခံထားကြတာပါ။ ဒီနေ့ ၂၀၁၆ ခုနှစ် မြေကမ္ဘာနေ့မှာတော့နိုင်ငံပေါင်း ၁၆၀ ကျော်က ပဲရစ်သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂရုံးချုပ်မှာ စတင် လက်မှတ်ရေးထိုးကြမှာဖြစ်တာကြောင့် ဒီနေ့ဟာ အရေးကြီးတဲ့နေ့တစ်နေ့လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတ်မှတ်ကြပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ရခဲ့။
ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အရှိန်နှေးသွားအောင် လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုတွေကို ကုစားဖို့အတွက် သမိုင်းဝင် လုပ်ဆောင်ချက်ကို သောကြာနေ့ကျရင် ကုလသမဂ္ဂမှာ စတင်တော့မှာ ဖြစ်ပါတယ်။

သမ္မတနဲ့ ၀န်ကြီးချုပ် ၆၀ကျော်နဲ့ အခြားနိုင်ငံပေါင်း ၁၃၀ကျော်က ထိပ်ပိုင်း အရာရှိ ဒါဇင်ပေါင်းများစွာဟာ နယူးယောက်မြို့မှာ လာရောက် စုဝေးပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲရစ်မြို့ညီလာခံမှာ ရရှိခဲ့တဲ့ ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်နေတာကို ၂ ဒီဂရီ စင်တီဂရိတ်အောက်မှာပဲ ရှိနေအောင် ထိမ်းထားဖို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသဘောတူညီချက်မှာ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုတွေ ကို လျှော့ချနိုင်အောင် လုပ်ဖို့ လမ်းပြမြေပုံ နဲ့ ကမ္ဘာကြီး ပူနွေး လာတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို လျှော့ချဖို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒီပဲရစ် သဘောတူညီချက်ကဟာ ရာသီဥတု အပြောင်းလဲမှုအပေါ် ကမ္ဘာကြီးက တုန့်ပြန်ရာမှာ အချိုးအကွေ့ အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်လို့ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com




မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဒီနေ့ ညနေ ၃ နာရီခွဲကနေ ၄ နာရီ ၁၅ မိနစ်အထိ မိုးသီးတွေ ကြွေကျတဲ့အတွက် ဒေသခံတွေ အံ့အားသင့်ခဲ့ရပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က မိုးသီးကြွေတာ ၊ လေပြင်းတိုက်ခတ်တာ တွေဟာ မြန်မာနိုင်ငံ နေရာအတော်များများမှာ လာမယ့် ၃ ရက်အတွင်း ဆက်လက်ဖြစ်နေမယ်လို့ ဒီကနေ့ အာအက်ဖ်အေက မေးရာမှာ ပြောပါတယ်။

မနေ့ညက ပြင်ဦးလွင်မြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ဓါတ်တိုင်တွေ လဲပြိုကုန်ပြီး မီးပျက်သွားပါတယ်။

ဓါတ်ပုံ မူရင်း - ဦးစိုးမြင့် (အမရပူရမြို့နယ်)မှ မျှဝေပါသည်။
RFA Burmese
https://www.facebook.com/RFA-Burmese


တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

"အရင်တုန်းကတော့ မြန်မာနိုင်ငံမြောက်ပိုင်းလောက်ပဲ မိုးတိမ်တောင်တွေဖြစ်ပြီးတော့ ဒီဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပေါ့၊ အခုတော့ ပိုပြီးကျယ်ပြန့်လာပြီးတော့ ဘယ်ကဆင်းလာသလဲဆိုရင် မြောက်ဘက်ကနေ တောင်ဘက်ကိုဖြတ်ဆင်းလာတယ်၊ အခုဆို ဘယ်လောက်အထိရောက်လဲဆိုရင် မြစ်ဝကျွန်းပေါ်အစပ်လောက်ထိ ရောက်သွားပြီပေါ့၊ နောက်လာမယ့် လေးငါးရက်အထိ ခန့်မှန်းချက် ထုတ်ကြည့်တဲ့အခါမှာ မိုးတိမ်တောင်ဖြစ်တာ နောက်ရက်တွေမှာ အနည်းဆုံးနောက်ထပ် ၃ ရက်လောက် ၂၅ ရက်နေ့လောက်အထိ ပိုလို့ ပိုလို့ ဆိုးလာဖို့ရာရှိတယ်၊ ၂၅ ရက်နေ့ နောက်ပိုင်းကျမှသာ ပြန်ကျသွားမယ်ပေါ့၊ အဲ့ဒီအနေအထားရှိပါတယ်"

ဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ ကလေးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တွေမှာ လေပြင်းတိုက်တာ၊ ကချင်ပြည်နယ်မှာ မိုးသီးကြွေတာတွေဟာ မိုးတိမ်တောင်တွေကြောင့်လို့ ပြောပါတယ်။

မိုးတိမ်တောင်ကြောင့် မိုးသီးကြွေတာ၊ မိုးချိန်းတာ၊ လေပြင်းကျတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ်မိုးရွာတာ၊ နေရာကွက်ပြီး မိုးကြီးတာ၊ လေဆင်နှာမောင်းတိုက်တာ၊ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

နောက် သုံးရက်လောက်အထိ ကချင်၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန် စတဲ့ဒေသတွေမှာ မိုးတိမ်တောင်ဖြစ်နိုင်တယ်လို့ လည်းပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ ( ၁၉၊ နိုဝင်ဘာ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ဟာ သန်း ၅၀ ကျော် မြန်မာလူထုအတွက်သာမက ကမ္ဘာတ၀န်းက သန်းပေါင်းများစွာသော လူတွေ အတွက် တရားမျှတမှု ရဲ့ မျှော်လင့်ချက် မီးရှုးတန်ဆောင် အဖြစ် အခုဆိုရင် ဘယ်တုန်းကနဲ့မှ မတူတဲ့ အနေအထားနဲ့ ဆက်ရှိနေဆဲပါ လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ရေးသားလိုက်ပါတယ်။

Time မဂ္ဂဇင်းက ပြုစုထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိန်အ၀ါ အကြီးမားဆုံး လူပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းထဲမှာပါဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ဧပြီလ ၂၁ ရက်နေ့စွဲနဲ့ A beacon of hope မျှော်လင့်ချက် မီးရှုးတန်ဆောင် ဆိုတဲ့ခေါင်းစဉ်နဲ့ Time မဂ္ဂဇင်း အင်တာနက်စာမျက်နှာမှာ ရေးထားတာပါ။


အကျဉ်းသားဘ၀ကနေ လွှတ်တော်အမတ်အဖြစ် ခရီးရှည်ကြီးကို ဖြတ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ပါတီကို ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ပြည်လုံးကျွတ်အနိုင်ရအောင် ဦးဆောင်ခဲ့ပါပြီလို့ သမ္မတအိုဘားမားက ရေးပါ တယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရကို အခု ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေ ပြီလို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီးတော့ နိုင်ငံရဲ့အောင်မြင်မှုဟာ ကာလရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ လူမျိုးစုနဲ့ ကိုးကွယ်ရာဘာသာကွဲအားလုံးက လူတွေအတွက် လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဆိုတာတွေအပေါ် မူတည်နေပါတယ်လို့ သမ္မတ အိုဘားမားက ထောက်ပြထားပါတယ်။ ဒါပေမဲ့လည်း ပိုပြီးကြီးမားတဲ့ အလားအလာတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေ ရှိလာမယ့် အနာဂတ်တခုကို ဒီမိုကရေစီက ဖော်ဆောင်ပေးဖို့ အသင့်ဖြစ်နေပါပြီလို့ သမ္မတ အိုဘားမားက ရေးသားထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံဟာ ပထဝီ အနေအထား အရ အချက်အခြာ ကျတဲ့နေရာမှာ တည်ရှိနေပြီး ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ချစ်ကြည်ရင်းနှီးမှုနဲ့ သာယာဝပြောမှု စတဲ့ သံခင်းတမန်ခင်း ကတဆင့် အခွင့်အလမ်းတွေ အဖြစ် ရှေ့ရှု ပြောင်းလဲ သွားနိုင် ဖို့မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သံတမန်တွေ နဲ့ တွေ့ဆုံပွဲမှာ ပြောဆို လိုက်တာပါ။ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပြည်တွင်း ၊ ပြည်ပက မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးအကြီးအကဲတွေနဲ့ ဒီကနေ့ ပထမဆုံး အကြိမ်တွေ့ဆုံပြီး နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆို လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ရပ်တည်ချက်နဲ့ ပထဝီအနေအထားအရ အရေးပါပုံကို အခုလို အလေးအနက်ပြောဆိုလိုက်ပါတယ်။

“အားလုံးသိတဲ့ အတိုင်းပါဘဲ၊ ကျမတို့နိုင်ငံဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဆုံစည်းရာမှာတည်ရှိနေတာပါ။ မြောက်ဘက်မှာ တရုတ်နိုင်ငံကရှိနေတာဆိုတော့ အရှေ့ဖျားနိုင်ငံတွေနဲ့ပါ ထိစပ်နေသလိုပါဘဲ။ ဒီလိုအချက်အခြာကျ တဲ့နေရာတည်ရှိနေတဲ့အတွက် စိန်ခေါ်အကဲစမ်းမှုတွေ အများကြီးရှိနေတာကတော့ သိသာပါတယ်။ ဒီစိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ချစ်ကြည်ရေးကတဆင့် ကျမတို့ ဒေသတွင်းမှာတင်မကဘဲ ကမ္ဘာတဝန်းမှာပါ အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲသွားနိုင်ဖို့မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံ မဟုတ်ပေမယ့် ကမ္ဘာ တဝန်းကြုံတွေ့နေရတဲ့ ပြသာနာတွေကို ပူးပေါင်ြးေ့ဖရှင်းလိုတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“ကျမတို့နိုင်ငံဟာ အင်အားကြီးနိုင်ငံမဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာကို အန္တရာယ် ကျရောက်မယ့် ပြသာနာတွေနဲ့ ရင်ဆိုင်ကြရမယ်ဆိုရင် ရိုးရိုးသားသား ဖြောင့်မတ် မှန်ကန်စွာနဲ့ အားလုံးနဲ့ ချစ်ကြည်ရေးကိုရှေးရှုပြီး ဦးဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။ အလုပ်ကြိုးစားလုပ်ကြမယ့် ဆန္ဒတွေနဲ့သာဆိုရင် လူသားတွေအားလုံးရဲ့ အိပ်မက်တွေနဲ့ ကျမတို့ ကိုယ်တိုင် ရည်မှန်းချက်တွေကို လက်လှမ်းမှီကြမှာဖြစ်ပါတယ်။ တခါတလေ ရည်မန်းချက်တွေက ဘယ်လိုမှ ပြည့်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြပေမယ့် ရည်မှန်းချက် အမြဲထားနိုင်တာကောင်းပါတယ်။ ဒါဟာ ကျမတို့ ရည်မှန်းချက်အတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။”


ဒီကနေ့ သံတမန်တွေနဲ့တွေဆုံပွဲကို တက်ရောက်လာတဲ့ အမေရိကန်သံအမတ်ကြီး အသစ် Scot Marciel တော့ သမ္မတဦးထင်ကျော်ထံ တရားဝင်ခန့်အပ်လွှာ မပေးအပ်ရသေးတဲ့အတွက် သံအမတ်ကြီးတယောက်အနေနဲ့ ဘာမှ မှတ်ချက်ပေးလို့မရသေးဘူးလို့ VOA ကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobia ကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေ ကြားသိရလို့ ကြိုဆိုတဲ့အကြောင်း VOA ကိုပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့သံတမန်တွေကို ဖိတ်ကြားပြီးဆွေးနွေးခွင့်ရတာ ၀မ်းသာပါတယ်။ နိုင်ငံအပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေးဆောင်ရွက်ရမယ့်အချက်တွေကို အပြန်အလှန်ဆွေးနွေး ဖလှယ်ဖြစ်ကြပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်တံ့ဖို့လည်း သူပြောသွားတာကို ကျွန်တော်တို့ကြိုဆိုပါတယ်။”

သံတမန်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲကို ရန်ကုန်မြို့ အခြေစိုက်သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံး တစ်ရုံးနဲ့ ပြည်ပအခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားခဲ့ရာမှာဒီကနေ့ သံရုံး ၇၃ ရုံးက အကြီးအကဲတွေ တက်ရောက်ကြပါတယ်။ ဒီတွေဆုံပွဲအပြီး မြန်မာနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့ အကြီးအကဲ စင်္ကာပူသံအမတ်ကြီး ဦးဆောင်တဲ့ အာဆီယံ ၉ နိုင်ငံက သံရုံး အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/


ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အင်္ဂလိပ်လို ပြောဆိုရာမှာ Burma လို့သုံးနှုန်းခဲ့တာဟာ အလေ့အကျင့်လို ဖြစ်နေတဲ့အတွက် သုံးစွဲခဲ့တာဖြစ်ကြောင်း၊ နောင်မှာ Myanmar လို့ သင့်တော်သလို သုံးနှုန်းသွားမယ်လို့ ပြောလိုက်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သံတမန်တွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်တောင့်သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး" လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာခရီးစဉ်တွေနဲ့ နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေအားလုံးမှာ မြန်မာနိုင်ငံကို Burma လို့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့အချိန်ကတည်းက ဘက်မလိုက် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဆုံမှတ်မှာ တည်ရှိတာကြောင့် ပထဝီနိုင်ငံရေးအရ အချက်အခြာကျသလို တပြိုင်နက်တည်းမှာလည်း စိန်ခေါ်မှုတွေ များကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အင်အားကြီးမားတဲ့နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အဲ့ဒီလိုဖြစ်ဖို့အတွက် မြန်မာနိုင်ငံသားတွေကို အခြေပြု အားထားသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese