04/24/16

 ayeyarwaddy-river-620.jpg ကချင်ပြည်နယ် ပူတာအို နဲ့ မချမ်းဘော စတဲ့ဒေသဘက်မှာ မိုးကြီးပြီးရက်ဆက်ရွာသွန်းနေ လို့ ဧရာဝတီမြစ် ရေတက်လာနေတာကို ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်စတဲ့ မြို့နယ်တွေဖက်မှာ ဒီရက်ပိုင်းအတွင်း နေ့စဉ် မိုးကြီးနေတဲ့အတွက် မေခနဲ့ မလိခ မြစ်တွေကနေတဆင့် စီးဆင်းလာတဲ့ ရေတွေကြောင့် ဧရာဝတီမြစ်ရေ ဟာ မြင့်တက်လာနေပါတယ်။

ဒီနှစ်မှာ ဧရာဝတီမြစ်ရေ အတက်စောပြီး မနှစ်ကထက် ရေအတက်အကျ မြန်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး ကပြောပါတယ်။

အခုလို မိုးဆက်ကြီးနေရင် မြစ်ရေ ပိုပြီးမြင့်တက်လာနိုင်တာကြောင့် ဗန်းမော်၊ ကသာ၊ စစ်ကိုင်း၊ မန္တလေးစတဲ့ ဧရာဝတီမြစ်အောက်ပိုင်း မြစ်ချောင်း ကမ်းပါးနားမှာ နေထိုင်သူတွေ သတိပြုဖို့သွားလာကြဖို့ လိုအပ်ကြောင်း လည်း ပြောပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနဲ့ မလိခမြစ်လက်တက်တွေဘက်က ဒေသတွေမှာ မိုးများလွန်းတဲ့ အတွက် ဒီနှစ်မိုးဦးပိုင်းမှာ မြစ်ရေတက်လာတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က စင်တင်မီတာ သုံးရာကျော်ကနေ စပြီး နောက်ရက်တွေမှာ လေးရာကျော်နဲ့ ငါးရာကျော်စသဖြင့် အတက်အကျရှိလာနေပြီး ဒီကနေ့ နေ့လည် ပိုင်းမှာတော့ စင်တင်မီတာ ခုနှစ်ရာကျော်မှာ ရောက်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ စင်တီမီတာ ၁၂ဝဝ ဖြစ်ပါတယ်။

ဒီအတောအတွင်း မိုးလေဝသ သတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်သင့်တာထက်ကျော်လွန်ပြီး အထိတ်တလန့်ဖြစ်စေနိုင်တဲ့ သတင်းတွေတက်နေတဲ့အတွက် သတိရှိကြဖို့ မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာကနေ သတိပေးထားပါတယ်။

လက်ရှိအချိန်ဟာ မိုးကြိုကာလဖြစ်ပြီး အယ်နီညိုရဲ့ ပူပြင်းမှုကြောင့် မွန်းလွဲပိုင်းတွေမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တတ်တာကို သတိထားဖို့လိုကြောင်းလည်း ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ချင်း၊ မကွေး ၊ စစ်ကိုင်း၊ မန္တလေး၊ ကချင် စတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးလေကြီးပြီး မိုးသီးတွေ ကြွေကျနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသီးခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၃ဝဝ ကျော် အမိုးတွေပျက်စီးသွားပါတယ်။
RFA

zawmyintpe-620.jpg
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေ ကို တွေ့ရစဉ်
Photo: RFA

 ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး အသိပေးအကြောင်းကြားစာတွေကို ဒီနေ့ ပေးပို့လိုက်ပါတယ်။

ပါတီက ပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိထားကြောင်းနဲ့ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပါတီတာဝန်ယူထားသူတွေက အခုလို ဆောင်ရွက်တာကို အသိအမှတ်မပြုကြောင်း ဦးဇော်မြင့်ဖေ က ပြော ပါတယ်။

ထုတ်ပယ်ခံရတဲ့ ပါတီဝင် ၁၇ ဦးထဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးဇော်မြင့်ဖေ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေလည်း ပါဝင်ပါတယ်။

အဲ့ဒီကော်မရှင်မှာ ဦးစောလှထွန်း၊ ဦးကြည်သာ၊ ဦးဝင်းသန်း၊ ဦးတင်မောင်ဦး၊ ဦးမောင်တိုး၊ ဦးအေးမောက် စတဲ့ USDP က ကိုးဦး ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက အဲ့ဒီအချိန်မှာ ပါတီပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ကနေဖယ်ရှားပြီး ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် အစားထိုးခန့်အပ်ပြီးနောက် USDP ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအဖြစ်ကနေ ဖယ်ရှားခံလိုက်ရသူတွေဟာ သာမန်ပါတီဝင်တွေအဖြစ် ဆက်ရှိနေရာကနေ ပါတီဝင်အဖြစ်ကနေ ထပ်မံထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဦးဇော်မြင့်ဖေကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA


ဧပြီလ (၂၂) ရက်နေ့ က နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသံတမန်များကို ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်မှာ တစုတဝေးထဲ လက်ခံတွေ့ဆုံရင်း မြန်မာနိုင်ငံမှာရှိနေတဲ့ စိန်ခေါ်မှုများစွာကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီးနိုင်ငံဖြစ်ရန် မြန်မာနိုင်ငံသားများကို အခြေပြုအားထားသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာလွတ်လပ်ရေးရစဉ်ကစလို့ ဘက်မလိုက်ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒရှိခဲ့တာမို့  လက်ရှိအိမ်နီး နားချင်းများနဲ့ သာမက ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနဲ့ ပါ ခင်မင် ရင်းနှီးလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

ဒါဟာ ကမ္ဘာ့ လူ့ အဖွဲ့ အစည်းကြီးအတွင်းမှာ ငြိမ်းချမ်းစွာအံဝင်ဂွင်ကျ အကျိုးတူပူးပေါင်းယှဉ်တွဲနေထိုင်လိုစိတ် ယဉ်ကျေးတဲ့လူသားဝါဒကို အခြေခံထားတဲ့ မိတ်ဖက်သဘောဆောင် နိုင်ငံခြားရေးမူဝါဒတရပ်ပါဘဲ။ လူဦးရေအားဖြင့် သန်းပေါင်း (၁၃၀၀) ကျော်နေတဲ့ တရုပ်နိုင်ငံနဲ့ သန်းပေါင်း (၁၂၀၀) ကျော်နေတဲ့ အိန္ဒိယနိုင်ငံတို့ လို ကမ္ဘာ့ မဟာအင်အားကြီးနိုင်ငံနှစ်ခုကြားမှာတည်ရှိနေပြီး လူဦးရေအရ သန်း (၅၀) ကျော်သာရှိနေတဲ့အပြင် ကဏ္ဍအသီးသီးမှာ အဖက်ဖက်ကချွတ်ခြုံကျပြီး ဖရိုဖရဲဖြစ်နေတဲ့တိုင်းပြည်ကို ပြန်လည်စုစည်းနေရဆဲ နိုင်ငံတနိုင်ငံအဖို့ ခိုင်မာစွာကျင့်သုံးအပ်တဲ့အမြင်ရပ်တည်ချက်ဖြစ်သလို အလွန်အရေးပါ တဲ့ နိုင်ငံခြားရေးမူဝါဒလည်းဖြစ်ပါတယ်။

မင်္ဂလသုတ်တော်ထဲမှာပါတဲ့ မင်္ဂလာမည်စေတဲ့အကြောင်းရင်းတွေထဲမှာ "ပတိရူပဒေသဝါသော စ" ဆိုတာ သင့်တင့်လျှောက်ပတ်သောအရပ်၌ နေရခြင်းလို့အဓိပ္ပါယ်ထွက်ပါတယ်။ ကိုယ်အခြေချနေထိုင်မဲ့အရပ်ကို ရွေးချယ်ပိုင်ခွင့်ရှိကြတဲ့ လူပုဂ္ဂိုလ်တွေအတွက် အဲ့ဒီတရားဟာ အကြွင်းမဲ့မှန်ကန်သင့်မြတ်လှပါတယ်။

ထို့ အတူဘဲ မိမိကြိုက်နှစ်သက်ရာအရပ်ကိုရွေးချယ်ဖို့ အခြေအနေမပေးတဲ့လူပုဂ္ဂိုလ်တချို့နဲ့  ရွေးချယ်ခွင့်မရှိတဲ့ နှစ်ပရိစ္ဆေဒကြာညောင်းစွာ ဘိုးဘွားဘီဘင်သမိုင်းစဉ်အဆက်ဆက်ကထဲက နယ်နမိတ်မျဉ်းတား ဘောင်ခတ် စည်းခြားသတ်မှတ်ထားပြီးသား တိုင်းနိုင်ငံတွေရဲ့ တည်ရှိနေမှု့မှာလည်း ကိုယ်နေထိုင်ရာအရပ်ဒေသ၀န်းကျင်ကို သင့်တင့်လျှောက်ပတ်သောအရပ်ဖြစ်အောင် မိမိရဲ့မှန်ကန်တဲ့အမြင်ရပ်တည်ချက်နဲ့ ပုံသွင်းတည်ဆောက်ရယူနိုင် ပါတယ်။

လူလူခြင်းဆက်ဆံရေးနဲ့ တိုင်းနိုင်ငံအခြင်းခြင်းဆက်ဆံရေးဟာ အခြေခံအားဖြင့်တူကြပါတယ်။ လူလူခြင်း ဆက်ဆံရေးမှာ တွေ့ တဲ့လူတိုင်းနဲ့ အဆင်မပြေဖြစ်ပြီး အမြဲတမ်းခိုက်ရန်ဖြစ်ပွားနေတဲ့သူနဲ့ အရာရာကြောက် နေတတ်သူတွေဆိုတာ မကြီးပွား မတိုးတက်နိုင်သလိုဘဲ နိုင်ငံအခြင်းခြင်းဆက်ဆံရေးမှာလည်း ရန်လိုတတ်တဲ့ နိုင်ငံ၊ အကြောက်ကြီးပြီး ရပ်တည်ချက်မမှန်ဘဲ အောက်ကျို့ပေါင်းသင်းတတ်တဲ့နိုင်ငံတွေဟာ ရေရှည်ခံတဲ့ ဖွံ့ ဖြိုးတိုးတက်မှု့တွေ မပိုင်ဆိုင်နိုင်ပါဘူး။

ဒီနေရာမှာအရေးကြီးတဲ့အချက်တချက်က မဟာအင်အားကြီးနိုင်ငံတွေနဲ့ မိတ်ဖက်သဘောဆောင်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိဘဲ အားမတန်လို့ မာန်လျော့ရသလို၊ အင်အားကြီးသူကို အလိုလိုက်အကြိုက်ဆောင် အောက်ကျို့ပေါင်းရတာမျိုး လုံးလုံးမဟုတ်ပါဘူး။ လူတဦးချင်းစီမှာဖြစ်ဖြစ် နိုင်ငံတနိုင်ငံဆီမှာဖြစ်ဖြစ် ဆိုးကွက်ကောင်းကွက်ဆိုတာတွေဟာအမြဲဒွန်တွဲနေတာပါ။ အားနည်းချက်ဆိုးကွက်ကိုသာကြည့်ပြီး မကြိုက်မနှစ်သက်လို့ ရန်ဘက်ပြုနေထိုင်မယ်ဆိုရင် ငြိမ်းချမ်းမှု့ဆိုတာ ခံစားနိုင်မှာမဟုတ်ပါဘူး။ အိမ်နီးခြင်းနိုင်ငံရဲ့ အားနည်းချက်နဲ့ ဆိုးကွက်တွေကို ကိုယ့်နိုင်ငံအကျိုးအတွက် အခွင့်အလမ်းတရပ်ဖြစ်အောင် မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ ကလိမ်ကကျစ် နည်းလမ်းသုံးတာမျိုး၊ နောက်လိုက်အောက်ကျို့ ပေါင်းတာမျိုးလည်းမဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံ ဖွံ့ ဖြိုးတိုးတက် အောင်လုပ်ဆောင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သင့်မြတ်ယုံတင်မက နိုင်ငံတကာကူးသန်းရောင်းဝယ်ရေး စံနှုန်း စံထားတွေနဲ့ အပြန်အလှန်အကျိုးတူ့စီးပွားဖက်၊ မိတ်ဖက်နိုင်ငံတွေအဖြစ် အတူယှဉ်တွဲ နေထိုင်တတ်ဖို့လို ပါတယ်။

အဲ့ ဒီလို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတတ်ဖို့ ဆိုတာ မိမိအိမ်နီးချင်းနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်၊ ဆိုးကွက်ကောင်းကွက် လိုအပ်ချက်တွေကို စေ့စေ့စုံစုံသိထားဖို့ လိုယုံမက မိမိနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆန္ဒစွဲကင်းကင်းရှု့ မြင်တတ်ဖို့ လိုသလို သင်ခန်းစာယူစရာ အတိတ်သမိုင်းကြောင်းတွေ၊ အရေးပါတဲ့ပထ၀ီဝင်နိုင်ငံရေး၊ ကမ္ဘာနိုင်ငံရေးရာသီဥတု၊ အင်အားချိန်ခွင်ရှာထိန်းညှိုမှု့၊ ပြောင်းလဲလာတဲ့ ခေတ် ပြိုင်အရွေ့ စတာတွေကို ခြုံငုံနားလည်နိုင်စွမ်းရှိဖို့ လိုပါတယ်။

အရေးတကာ့အရေးအကြီးဆုံးအချက်ကတော့ မိမိနိုင်ငံဟာကြံ့ခိုင်သန်စွမ်းနေဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံကြံ့ခိုင် သန်စွမ်းဖို့ ဆိုတာ နိုင်ငံသူနိုင်ငံသားအများစု ကြံ့ခိုင်သန်စွမ်းမှဖြစ်နိုင်သလို နိုင်ငံသားအခြင်းခြင်း စည်းလုံးချစ်ခင် ညီညွတ်မှု့ရှိမှ နိုင်ငံတွင်းမှာ ငြိမ်းချမ်းသာယာမှု့ရှိနေဖို့ မဖြစ်မနေလိုပါတယ်။ မိသားစုတစုမျာ ညီအကို မောင်နှမ အရင်းတွေ တည့်တည့်ရှု့ရှု့မနေနိုင်ဘဲ ငြင်းခုံခိုက်ရန်ဖြစ်ပွားသွေးကွဲနေကြရင်တော့ အိမ်နီးချင်းတွေရဲ့စော်ကား အနိုင်ကျင့်မှု့ကို ခံကြရမှာပါ။

အဲ့ဒီလိုဘဲ စစ်အာဏာရှင်တွေလက်ထက်မြန်မာန်ုင်ငံမှာ ပြည်ထောင်စုဘွား တိုင်းရင်းသားညီအကိုမောင်နှမတွေ အခြင်းခြင်းတိုက်ခိုက်နေရတဲ့ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေခဲ့တော့ ကချင်မြေ၊ ရှမ်းဒေသတွေမှာ တရားဥပဒေမစိုးမိုး၊ နယ်စပ်စည်းရိုးတွေမလုံတာမို့  သယံဇာတတွေကို အိမ်နီးချင်းစည်းပျက်ကမ်းပျက် တရုပ်လူမျိုးတချို့ရဲ့  ဥပဒေလက်တလုံးခြားသာမက နေ့ ခင်းကြောင်တောင်ပါ ဗြောင်ဝင်အချောင်နိုက်ခွင့် ရနေတာပါ။ ပြည်တွင်းစစ်ကိုငြိမ်းနိုင်မယ်၊ အုပ်ချုပ်ပုံစနစ်မှန်မယ်၊ တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓါတ် အခြေခံလို့ ညီညီညွတ်ညွတ်ရှိမယ်၊ တည်တည်ကြည်ကြည် မှန်မှန်ကန်ကန်နေထိုင်နိုင်မယ်ဆိုရင် ဘယ်လောက် အင်အားကြီးတဲ့ အိမ်နီးနားခြင်းဖြစ်ဖြစ် မစော်ကားဝံ့ပါဘူး။ ဒါကြောင့် အရေးတကြီးဆောင်ရွက်ရမဲ့ကိစ္စတွေထဲမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ထိပ်ဆုံးကပါနေတာပါ။

လူဦးရေနဲ့ မြို့ပြလူမှု့ဘ၀တွေ ပေါက်ကွဲတိုးတက်လာနေတဲ့ တရုပ်နဂါးကြီးနဲ့ အိန္ဒိယဆင်မဲကြီးဟာ တကမ္ဘာလုံး လူဦးရေရဲ့ ၆၇%တောင်ရှိတဲ့ သူတို့ ပြည်သူတွေရဲ့ ပါးစပ်ပေါက်တွေနဲ့ လူမှု့ဘ၀လိုအပ်ချက်တွေဖြည့်ဆီး နိုင်ဖို့ စားကုန်သောက်ကုန်၊ သယံဇာတတွေနဲ့ ရနိုင်သမျှ လောင်စာစွမ်းအင်တွေကို လောဘတကြီး ရသလောက် စုပ်ယူဖို့  ဆာလောင်မွတ်သိပ်နေတဲ့ စင်္ကြ၀ဠာတွင်းနက်ကြီးတွေနဲ့ တူပါတယ်။ အဲ့ဒီလိုအပ်ချက်တွေရယူဖို့  သူတို့ နှစ်နိုင်ငံလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျိုးစားနေကြတာရှိသလို၊ ပေါ်လစီတွေပြောင်းလာတာ၊ ပူးပေါင်း လုပ်ဆောင်လာတာလည်းရှိပါတယ်။ သူတို့ ရဲ့ လိုအပ်ချက်တွေကို မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်း တရပ်အဖြစ်ဖန်တီးယူနိုင်ပါတယ်။

မြန်မာ၊ တရုပ်၊ အိန္ဒိယနိုင်ငံတွေဟာ နယ်နမိတ်ခြင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်တာမို ရှေးပဝေသဏီကထဲက နီးကပ်တဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု့ ဓလေ့ထုံးစံတွေ ထိစပ်ကူးလူးရောရှက်ဖူးတဲ့ သမိုင်းမှတ်တိုင် အမြောက်အများရှိခဲ့ပါတယ်။

မူလဘူတ ပိုးလမ်းမ

အေဒီ (၈) ရာစုလောက်မှာ ကနဦးဗမာတွေလို့ ဆိုနိုင်တဲ့ ပျူလူမျိုးတွေတည်ထောင်ခဲ့တဲ့ ပုဂံအင်ပါယာကြီးဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှအစပ်မှာတည်ရှိနေတာမို့ တရုပ် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းအာရပ်ကမ္ဘာက တဆင့် မြေထဲပင်လယ်အစပ်နဲ့ အာဖရိကတိုက်ဆီဆက်သွယ်ရောက်ရှိနိုင်တဲ့ ရှေးခေတ်ပိုးလမ်းမကြီး(Silk Road) ရဲ့ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှု့ ဗဟိုအချက်အခြာဒေသတခုအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။ အဲ့ဒီပိုးလမ်းမ ကြီးနဲ့ အတူ ကူးလူးစီးမျောလာတဲ့ ယဉ်ကျေးမှု့တွေ၊ ကုန်စည်တွေ အကျိုးအမြတ်တွေကြောင့် ပုဂံအင်ပါယာကြီးဟာ စီးပွားရေး လူမှု့ရေး ဘာသာရေး အဖက်ဖက်ကတိုးတက်လို့ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းလို့ အမည်တွင်ရလောက်အောင် ဧရာဝတီရဲ့ရင်ခွင်မှာ ကြီးကျယ်ခန်းနားစွာ စည်ပင်ဝပြော ထွန်းကားခဲ့ရတာပါ။ မြန်မာနိုင်ငံတော်သမိုင်းမှာ ထင်ရှားတဲ့ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်အင်ပါယာကြီး သုံးခုစလုံးရဲ့ သမိုင်းစာမျက်နှာအတက်အကျဖြစ်ရပ်တွေမှာ တရုပ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ အမြဲမပြတ် ပတ်သက်ထိတွေ့ ဆက်ဆံခဲ့ရတာပါ။

တရုပ်နိုင်ငံနဲ့ ပုလဲသွယ်ပေါ်လစီ (String of Pearls - Indian Ocean)

၁၉၈၉ ခုနှစ် ဧပြီလ ၁၅ ရက်ကနေ ဇွန်လ ၄ ရက်ထိ ဖြစ်ပွားတဲ့ တရုပ်ကျောင်းသားတွေဦးဆောင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု့ကြီးကို တရုပ်ကွန်မြူနစ်ပါတီအာဏာရှင်တွေက မြို့တော်ပီကင်းမှာရှိတဲ့ တီယင်မင်ရင်ပြင် မှာ တင့်ကားတွေနဲ့ ကြိတ် သေနပ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်လို့  ရက်ရက်စက်စက်နှိမ်နင်းခဲ့လို့  ရာထောင်ချီတဲ့ ကျောင်းသားပြည်သူဝန်းရံသူတွေသေဆုံးခဲ့ရတယ်။အဲ့ဒီနောက်တရုပ်ကွန်မြူနစ်ပါတီအကြီးအကဲ တိန့် ရှောင်ဖိန် ဟာ ဗဟိုစစ်ကော်မရှင်ကအနားယူသွားခဲ့ပေမဲ့ နောက်ကွယ်က ကြိုးကိုင်လို့ ပြုပြင်ပြောင်းလဲမှု့တွေ စတင်လုပ်ဆောင်ခဲ့တယ်။ ၁၉၉၂ ခုနှစ် မှာ တိန့် ရှောင်ဖိန်ဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု့တွေနဲ့ အတူ တရုပ်ပြည် ခေတ်သစ်ဆိုရှယ်လစ်စနစ်ကို ပုံဖေါ်ခဲ့တယ်။ China's economic reforms and China's socialist modernization".

ကျောင်းသားတွေကို သတ်ဖြတ်ခဲ့လို့  တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတကာမိသားစုတွေ ၀ိုင်းဝန်းပြစ်တင်ရှု့ချ လို့ စီးပွားရေးပိတ်ဆို့ နေတဲ့ကြားက တရုပ်နိုင်ငံရဲ့ အလွန်ကြီးမားတဲ့ပမာဏရှိတဲ့ ပြည်တွင်းဈေးကွက်ရှိနေတာရယ်၊ လုပ်အားခချိုသာတဲ့လုပ်သားတွေ ပြည်တွင်းမှာလုံလောက်နေတာရယ်၊ ဒီမိုကရေစီရန်ဘက် စစ်အာဏာရှင်နိုင်ငံတွေ၊ မဖွံ့ ဖြိုးသေးတဲ့ နိုင်ငံများစွာနဲ့ ကုန်သွယ်လုပ်ကိုင်နိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ် အထောက်အကူတွေရလို့ တရုပ်စီးပွားရေးဟာ တဟုန်ထိုးတက်လာခဲ့တယ်။

၂၀၀၅ ခုနှစ်လောက်က သက်တမ်းအားဖြင့် နှစ်တရာကျော်နေတဲ့ အမေရိကန်အခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ တခုဖြစ်တဲ့ ဘုဇ် အဲလ်လန် ဟမ်မီလ်တန် (Booz Allen Hamilton) ကထုတ်ပြန်ခဲ့တဲ့ တရုပ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာစိုးမိုးရေးအတွက် ပြည်မကြီးကနေ အာဖရိကတိုက်က ဆူဒန်ဆိပ်ကမ်းအရောက် အိန္ဒိယသမုဒ္ဒရာတလျှောက် ရည်ရွယ်ချဲ့ထွင်လာနိုင်တဲ့ ပင်လယ်ရေတပ်စစ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးတွဲရည်မှန်းချက်သီအိုရီ ခန့် မှန်းချက်ကို ပုလဲသွယ်ပေါ်လစီလို့ လူသိများခဲ့ပါတယ်။ အဲ့ဒီခန့် မှန်းချက်ဟာ ပထ၀ီနိုင်ငံရေး အပေါ်အခြေခံတွက်ချက်ထားတာမို့  ဖြစ်နိုင်ခြေရှိတဲ့ တရုပ်နိုင်ငံရဲ့ မဟာဗျူဟာစီမံကိန်းတရပ်လို့  သုံးသပ်ခဲ့ကြတာပါ။

နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ရေကြောင်းပိုးလမ်းမ စီးပွားကုန်သွယ်ခါးပါတ် (21st Century Maritime Silk Route Economic Belt)

(၂ဝ၁၃) ခုနှစ် အောက်တိုဘာလထဲမှာ အင်ဒိုနီးရှားပါလီမန်မှာမိန့် ခွန်းပြောကြားရင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ရေကြောင်းပိုးလမ်းမစီမံချက်ဆိုတာ ရှေးယခင်ကရှိခဲ့ဘူး တဲ့ သမိုင်းဝင်ရေကြောင်းပိုးလမ်းမကို ပြန်လည်အသက်သွင်းရင်း စီးပွားကုန်သွယ်မှု့နဲ့ အတူ စစ်ရေးလက်ဦးမှု့ စိုမိုးမှု့ရယူလိုတဲ့ ရည်မှန်းချက်တွေပါဝင်တဲ့ ဒေသခါးပတ်၊ လမ်းကြောင်းတစ်ရပ်(One Belt, One Road) မဟာဗျူဟာစီမံကိန်းတစ်ခုပါဘဲ။

အဲ့ဒီဗျူဟာမြောက်စီမံကိန်းမှာ အဓိကအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းက ကုန်းကြောင်း ကုန်သွယ်ရေး ပိုးလမ်းမ The land-based "Silk Road Economic Belt" (SREB) နဲ့ ဒုတိယပိုင်းကတော့ ရေကြောင်း ကုန်သွယ်ရေးပိုးလမ်းမ The oceangoing "Maritime Silk Road" (MSR) တို့ ပါဘဲ။ တရုပ်ပြည်မကြီးကနေ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာစတဲ့ ပင်လယ်သမုဒ္ဒရာကျွန်းနိုင်ငံတွေ၊ အရှေ့တောင်အာရှဒေသနိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေ၊ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ အရှေ့အာဖရိကနိုင်ငံတွေ၊ မြေထဲပင်လယ်နိုင်ငံတွေအထိ ပူးပေါင်းဆောင်ရွက်မှု့တွေ တိုးမြှင့်လုပ်ဆောင်သွား ရင်း တရုပ်နိုင်ငံကို ကမ္ဘာအင်အားချိန်ခွင်ရှာ ထိန်းညှိမှု့မှာ အရေးပါတဲ့နေရာတခု ပိုင်ပိုင်နိုင်နိုင်ရစေ မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒ ( India’s Look East policy)

ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပြည်သူတွေဆန္ဒကိုဆန့် ကျင်လို့ အကြမ်းဖက်ပစ်ခပ်သတ်ဖြတ်နှိမ်နင်းပြီး မြန်မာစစ်အာဏာရှင်တွေက အာဏာသိမ်းယူပြီင်္းစ အစောပိုင်းကာလတွေမှာတော့ အိန္ဒိယနိုင်ငံဟာ မြန်မာပြည်သူတွေဖက်ကရပ်တည်ခဲ့ပါသေးတယ်။ ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားတွေကို ကူညီထောက်ပံ့မှု့တွေပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း စီးပွားရေးတဟုန်ထိုးတက်လာတာနဲ့အမျှ အာရှပစ္စဖိတ်ဒေသ နယ်မြေတွင်းမှာ နိုင်ငံရေး စစ်ရေး လုံခြုံရေးကဏ္ဍတွေမှာ သြဇာတက်လာတဲ့ တရုပ်နဂါးကြီးရန်ကို စိုးရိမ်လာတဲ့ အိန္ဒိယနိုင်ငံဟာ အယင်က အာရုံ မစိုက်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ တောင်အာရှနိုင်ငံတွေနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ (၁၉၉၁) ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် နာရာဆင်ဟာရောင်း (Prime Minister P.V. Narasimha Rao) လက်ထက်ကစလို့  အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒ (Look East policy) ကိုပြောင်းလဲကျင့်သုံးခဲ့တယ်။ (၈၈) စစ်အာဏာသိမ်း န၀တ၊ နအဖ အစိုးရနဲ့  စီးပွားရေး၊ စစ်ရေးပူးပေါင်းမှု့တွေနဲ့ ပြန်လည်ဆက်ဆံမှု့တွေပြုရင်း မြန်မာ့ဒီမိုကရေစီအရေး ကိစ္စတွေအပေါ်သွေးအေးသွားခဲ့တယ်။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် သယံဇာတနဲ့ စွမ်းအင်တွေ အလွန်အမင်းဆာလောင်ငတ်မွတ်နေလို့ အာသီသပြင်းပြ နေတဲ့ တရုပ်နဂါးကြီးကလည်း မြန်မာနိုင်ငံအပေါ် အစာမာန်မျက်စောင်းတခဲခဲဖြစ်နေသလို အိန္ဒိယဆင်မည်းကြီး ကလည်း သူ့ နှာမောင်းကြီးနဲ့ တဆွဲဆွဲလုပ်နေတဲ့ မျက်မှောက်အချိန်ခါသမယဟာ မြန်မာပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒအားနဲ ဒီမိုကရေစီ့ဒေါင်းနိုင်ငံတော်သစ်ကို မွေးဖွားလာစအချိန်ဖြစ်ပါတယ်။

စူပါပါဝါ အင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံတော်ဟာ မှန်ကန်တဲ့နိုင်ငံခြားရေးမူဝါဒ၊ ညီညွတ်တဲ့ပြည်သူလူထုအားကိုအခြေပြုခြင်းကသာ အဲ့ဒီအင်အားကြီးနိုင်ငံတွေရဲ့လိုအပ်ချက်၊ အားနည်းချက်၊ စီးပွားရေးနဲ့ အတတ်ပညာခွန်အားအရှိန်အဟုန်တွေကို နိုင်ငံရေးသိက္ခာရှိရှိ တည်တည်တံ့တံ့ ရပ်တည်ချက်တွေ နဲ့ ကိုယ့်နိုင်ငံအတွက် အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲလို့အကျိုးရှိနိုင်စေရာတခုတည်းသော အကြောင်းတရား ဖြစ်ပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။

လေးစားစွာဖြင့်

(မင်းကောင်းချစ်)
ဧပြီလ (၂၄) ရက်နေ့  ၂၀၁၆ ခုနှစ်


အင်တာနက်အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရေခဲတိမ်ထောင်ထုဖြစ်ပေါ်နေတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ အခုရက်ပိုင်းအတွင်း ပြည်နယ်တိုင်း ၅ ခုမှာ မိုးသီးကြွေပြီး လေပြင်းတိုက်မယ့် ဖြစ်စဉ်တွေကို ပိုပြီး သတိထားဖို့လိုတယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

လေပြင်းတိုက်ပြီး မိုးသီးမုန်တိုင်း ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီနေ့ မန္တလေးမြို့မှာ ဈေးသည်တွေနဲ့ မြို့ခံတချို့တို့ စိုးရိမ်စိတ်နဲ့ ထိတ်လန့်တကြား ဖြစ်နေလို့ မိုးလေ၀သဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလို ပြောလိုက်တာပါ။
ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနဲ့ ချင်း စတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ လေပြင်းတိုက်ပြီး မိုးသီးကြွေမယ့် အနေအထားကို ပိုပြီး သတိကြဖို့လည်း သူက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ တိမ်တိုက်ဟာ နောက် ၂ ရက်၊ ၃ ရက်လောက်ဆို လွင့်ပါးပျောက်ကွယ်သွားနိုင်တယ်လို့လည်း ပြောပါတယ်။ ဦးကျော်မိုးဦးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်မိုးဦးတို့လည်း တွေ့မှာပေါ့။ အွန်လိုင်းမှာလည်း တင်တဲ့သူကတင်တော့ လူတွေက ရုတ်ရုတ်သဲသဲနဲ့ လန့်တဲ့သူတွေကလည်း လန့်နေတယ်။ အဲ့လိုတွေ ဖြစ်နေတော့ ဦးကျော်မိုးဦးတို့ အခြေအနေမှန်လေး နည်းနည်းလောက် ပြောပြပေးပါ။
“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသပေါ့နော်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ အနောက်ဘက်ပိုင်းမှာလည်း လေမုန်တိုင်းတွေနဲ့အတူ မိုးတိမ်တောင် မြန်မာနိုင်ငံကနေ ဖြတ်နေပါတယ်။ ဒီမိုးတိမ်တောင်တွေက မြန်မာနိုင်ငံမှာလည်း ထစ်ချုန်းမိုးရွာနိုင်တဲ့ အနေအထားလေးလည်း ရှိပါတယ်။ ခုပြောနေသလိုပေါ့ မိုင် ၆၀၀ ကျော်လို ရဲရဲတောက် အနေအထားမျိုးတော့ မဟုတ်ပါဘူး။ မိုးတိမ်တောင်ရဲ့ သဘောသဘာဝအလျောက် မိုး တိမ်တောင်ရဲ့ အောက်ခြေပိုင်းတွေကတော့ ရေပြင်မြေပြင်တွေနဲ့ ဖွဲ့စည်းထားပြီးတော့မှ မိုးတိမ်တောင်ဖြစ်ပွားချိန်ကတော့ ရေတွေခဲနေတဲ့ အနေအထားတွေပေါ့။ ရေခဲတာတွေ များလာပြီဆိုရင်တော့ မိုးအဖြစ်ရွာချတဲ့ အနေအထားလေးတွေ ဖြစ်မယ်ပေါ့။ မိုးအဖြစ် ရွာချတဲ့အချိန်မှာ လေထုထဲမှာ ပွတ်တိုက်ပြီးတော့မှ တချို့ကလည်း မိုးအနေနဲ့ ရွာတယ်ပေါ့။ တခါတလေကျရင်လည်း မိုးသီးတွေအနေနဲ့ ကြွေကျနိုင်တဲ့အနေအထား လေးရှိတယ်ပေါ့။ တိမ်တိုက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရယ်၊ ရှမ်းပြည်နယ်ရယ် …..မှာတော့ တိမ်ထူထပ်နေတဲ့ အနေအထားလေးတွေ တွေ့ရတယ်။”
ကျနော်တို့ မနေ့တနေ့ နှစ်ရက်ဆက်တိုက်ပေါ့နော် ဖြစ်သွားတဲ့ လေးပြင်းတိုက် တာ၊ နောက်တခါ မိုးသီးတွေ မုန်တိုင်းလိုရွာချတာ၊ မိုးပြေးရွာတာပေါ့နော်။ မိုးသည်းထန်စွာ ရုတ်တရက်ရွာတာ။ အဲ့တာတွေကအခု ဒီနေ့ဆိုရင် ဒီနေ့ညနေပိုင်းဆိုရင် ဘယ်ဒေသတွေက အဖြစ်နိုင်ဆုံးလဲဗျ။
“မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ဒီဒေသတွေမှာတော့ ဒီလိုမျိုး အစပိုင်းတော့ မိုးသီးကြွေ၊ ပြီးတော့မှ လေးပြင်းတိုက်တယ်။ သစ်ပင်တွေဘက်ကို ပိုပြီးသတိထားရမယ့် အနေအထားရှိပါမယ်။”

ဒီမိုးတိမ်တောင်ကြောင့်ဖြစ်တဲ့ မိုးသီးရွာပြီး ရုတ်ရက်လေပြင်းတိုက်တာ၊ မိုးသီး မုန်တိုင်းကျတာ ဘယ်နေ့လောက်အထိ ဖြစ်နိုင်လဲခင်ဗျ။
“အခုရှိနေတဲ့ တိမ်တိုက်ကတော့ နောက်နှစ်ရက်သုံးရက်လောက်ဆိုရင် ပြီးသွားပြီပေါ့။”

မနေ့ကလည်း မန္တလေးမှာ ၀ုန်းဝုန်းဆိုဖြစ်သွားတော့ လူတွေကလန့်သွားပုံရတယ်။ ဒီနေ့ဆိုရင် မန္တလေးမှာ ၁ နာရီ လောက်ကတည်းက ဈေးသည်တွေသိမ်းပြီး၊ မိုးသီးမုန်တိုင်းကျမယ် ဘာမယ် ပြေးကြ လွှားကြဖြစ်တယ်။ နောက်တခါ အွန်လိုင်းပေါ်မှာလည်း ဆရာတို့သိတဲ့အတိုင်း လန့်နေကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဆရာတို့သတင်းအမှန်လေး တခုခုပေါ့နော်။ ဆရာတို့ ပုံမှန်ထုတ်ပြန်ချက်ကတော့ ပုံမှန်အတိုင်းဖြစ်နေတော့ လူတွေစိတ်ထဲ တမျိုးဖြစ်မယ်။ ဆရာတို့ သီးခြားထပ်ပြီး ထုတ်ဖို့ရှိမလား။
“ဆရာက မိုးလေ၀သမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေ၀သ ဖြစ်စဉ်အကြောင်းကို ပထမတုန်းကတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ဖို့အတွက်ကို ကျနော်တို့ တော်တော်လေးကို စဉ်းစားတယ်ပေါ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက။ ဒါပေမယ့် ပြည်သူတွေ ပိုပြီးတော့ အထိတ်တလန့် ဖြစ်မှာစိုးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ နေ့စဉ်ထုတ်နေတဲ့ သတင်းထဲမှာ၊ ဒီအခြေအနေလေးတွေကို ကျနော်တို့က မိုးရွာနိုင်တဲ့ အနေအထားလေးတွေ ထုတ်ပြန်ပြီးတော့မှ၊ ပြီးတော့မှ ဆရာတို့လို မီဒီယာတွေကနေ တဆင့်၊ နောက် အက်ဖ်အမ်တွေကနေတဆင့်၊ နောက်ရေဒီယိုတွေကနေတဆင့် အသိ ပညာပေးတဲ့ ဥစ္စာလေးတွေ ဆောင်ရွက်ပေးနေပါတယ်။”
DVB TV News

မိုးသီးများသည် ကောင်းကင်ပေါ်မှကျလာခြင်း ဖြစ်သဖြင့် သန့်စင်လိမ့်မည်ဟု ယူဆစရာရှိသော်လည်း တကယ်တမ်းတွင် ဓါတုဒြပ်ပေါင်း ၃၀၀၀ ကျော်နှင့် ဘက်တီးရီးယား ၇ မျိုးထက်မနည်းပါဝင်လျှက်ရှိသည်။

မိုးသီးများတွင် သစ်ပင်များ၌တွေ့ရတတ်သည့် ဘက်တီးရီးယားမျိုးစိတ်များ နှင့် ဓါတုဒြပ်ပေါင်း အမြောက်အများ ပါဝင်နေကြောင်းကို ဒိန်းမတ်သိပ္ပံပညာရှင်များက ၂၀၁၃ ခုနှစ်ကတည်းက တွေ့ရှိအတည်ပြုထားခြင်းဖြစ်သည်။

ဘက်တီးရီးယားများကို ကမ္ဘာမြေပြင်အထက် ၂၄ . ၈ မိုင် ရောက်သည်အထိတွေ့ရှိနိုင်ပြီး အာကာသထဲအထိပင်ပွားများ ရောက်ရှိနိုင်သည်။

ထို့ပြင် မိုးသီးများတွင်တွေ့ရှိရသော ဘက်တီးရီးယားအမျိုးအစားများအရ ယင်းတို့သည် တိမ်များစုဝေးမှုကို ဖြစ်ပေါ်စေနိုင်ပြီး မိုးသီးများကြွေကျခြင်းနှင့်ပင် တစ်နည်းတစ်ဖုံဆက်စပ်နေနိုင်သည်ကိုလည်း သိပ္ပံပညာရှင်များက တွေ့ရှိထားသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ဒေသအချို့တွင် မိုးသီးကြွေမှုများရှိနေရာ သိပ္ပံပညာရှင်များ၏ သတိပေးထားချက် အရဆိုလျှင် အဆိုပါမိုးသီးများကို စားသုံးခြင်း၊ တစ်နည်းနည်းဖြင့် ပါးစပ်အတွင်းဝင်ရောက်စေနိုင်မည့် အပြုအမူများ မလုပ်ဆောင်သင့်ကြောင်း မဇ္ဈိမမှ သတိပေးတင်ပြလိုက်ရပါသည်။
Mizzima - News in Burmese


နယူးဒေလီ ၊ ၂၄-၄-၂၀၁၆

အိန္ဒိယနိုင်ငံတွင် ယခုနှစ် အစပိုင်းမှစ၍ အပူလှိုင်း ဖြတ်မှုကြောင့် သေဆုံးသူ ၂၂ဝ ဦး အထိ မြင့်တက်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန် ထားသည်။

နိုင်ငံအတွင်း၌ ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်က အပူလှိုင်း ဖြတ်မှုကြောင့် အနည်းဆုံး လူ ၁၅ဝ ဦးသေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁၂ဝ ဦးသည် အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ တယ်လန်ဂါနာ ပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ်မှ ဒေသခံများ ဖြစ်ကြောင်း Dainik Bhaskar သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အော်ဒစ်ရှ ပြည်နယ်၌ ဧပြီ ၂၁ ရက်က အမြင့်ဆုံး အပူချိန်အဖြစ် အပူချိန် ၄၇ ဒီဂရီ ဆဲလ်စီးယက် (၁၁၆ ဒသမ ၆ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံ အနေဖြင့် အပူလှိုင်း ဖြတ်မှုကြောင့် အဓိက ရေလှောင်တမံ ၏ ရေအမှတ်မှာ လျင်မြန်စွာ ကျဆင်းသွားပြီး ပြည်နယ် တချို့တွင် ရေရှားပါးခြင်း ပြဿနာရပ် များနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


ဒမတ်စကပ် ၊ ၂၄-၄-၂၀၁၆

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ အရှေ့တောင်ပိုင်း တွင် ဧပြီ ၂၃ ရက်က ဆီးရီးယား စစ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးအား ISIS စစ်သွေးကြွ အဖွဲ့က ဖမ်းဆီး ထားကြောင်း ၄င်းအဖွဲ့၏ သတင်းဌာန တစ်ခုက ဖော်ပြထားသည်။

ဆီးရီးယား လေတပ်ပိုင် MiG-23 အမျိုးအစား လေယာဉ်သည် မြေပြင်မှ ပစ်ခတ်မှုကြောင့် မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်း မှုကြောင့် ISIS စစ်သွေးကြွ အဖွဲ့ထိန်းချုပ်ထားသည့် ဒေသတွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ အဇမ်အစ် အမည်ရှိ လေယာဉ်မှူး မှာ လေထီးဖြင့် ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား စစ်ဘက်သတင်း အရင်းအမြစ် များက ပြောကြား ထားသည်။

သို့သော် ယင်း လေယာဉ် ပျက်ကျမှုသည် ၄င်းတို့ လက်ချက်ကြောင့် ဖြစ်ပြီး လေယာဉ်မှူး ကိုလည်း ဖမ်းဆီး ထားသည်ဟု ISIS စစ်သွေးကြွ အဖွဲ့က ဗီဒီယိုဖိုင် တစ်ခုတွင် ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com


ဧပြီ ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကြီးကျေးရွာရှိ အင်္ဂလီကန် ခရစ်ယာန်သာသနာပိုင် ဘုရား ကျောင်းဝင်းအတွင်း ဧပြီ ၂၃ရက်နေ့က မြိုင်ကြီးငူဆရာတော်၏ တပြည့်သားမြေးများဟု ယူဆရသူများက ၀င်ရောက် စေတီတည်မှုကို ဘာသာပေါင်းစုံလက်တွဲပြီး မေတ္တာတရားဖြင့် ဖြေရှင်းသွားမည်ဟု ကရင်အမျိုး သား အစည်းအရုံး(KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးက ပြောသည်။

“ဒီကိစ္စဖြစ်လာတာ အများကြီး တွေးခေါ်စဉ်းစားစရာတွေ ဖြစ်လာတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ဘာသာရေးကြောင့် ကျနော်တို့ ကရင်လူမျိုးတွေ သမိုင်းမှာ အကျည်းတန်မဖြစ်စေရဘူး။ KNU အနေနဲ့ သက်ဆိုင်ရာ အစိုးရတွေကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ စာရေးမယ်။ နောက်တစ်ခုက သက်ဆိုင်ရာ DKBA တွေကို အသိပေးအကြောင်းကြားမယ်။ ဘာသာပေါင်း စုံနဲ့လက်တွဲပြီး မေတ္တာတရားနဲ့ ပြေလည်အောင် ဖြေရှင်းမယ်”ဟု ပဒို စောအားတိုးက ကေအိုင်စီသို့ ပြောသည်။

စေတီဝင်ရောက်တည်သည့် အဆိုပါ အဖွဲ့သည် လူဦးရေ ၃၀၀ ကျော် ပါဝင်ပြီး အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ ဘိလပ်မြေဖျော်စက်၊ လော်စပီကာအသံချဲ့စက်များဖြင့် ဘုရားကျောင်းဝင်းအတွင်းသို့ ဧပြီ ၂၃ရက်နေ့၊ နံနက် ၉နာရီက စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့၏ အင်္ဂလီကန် သာသနာဂိုဏ်းအုပ်ဆရာတော်ဖြစ်သည့် စောစတိုင်လိုက “အဲလိုဖြစ်လာတော့ ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး။ သူတို့ စိတ်ချမ်းသာသလို လုပ်ပါစေ။ ၀င်မပတ်သက်ဖို့ အသင်းသူ အသင်းသားတွေကို ကျနော်ပြောပြထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စေတီတည်ခြင်းကို ရပ်တံ့ပေးရန် ယင်းကျေးရွာရှိ အင်္ဂလီကန် အသင်းသူအသင်းသားများက ဆရာတော်ကြီးနှင့်ဆရာတော်များအား မေတ္တာရပ်ခံသည့်အနေဖြင့် ဘုရားကျောင်းဝင်းအတွင်းတွင် ဆိုင်းဘုတ် ၄ ခု စိုက်ထူထားကြောင်း ဒေသခံရွာသားများက ဆိုသည်။

ထို့အပြင် အဆိုပါကိစ္စအပေါ် ပြည်နယ်နှင့်မြို့နယ် သံဃနာယက ဆရာတော်များက မြိုင်ကြီးငူ ဆရာတော် နှင့်တကွ သာသနာရေးဝန်ကြီးဌာန ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာများသို့ ဧပြီလ ၉ ရက်နေ့က စာပေး ပို့ထားသလို အသင်းသူအသင်းသားများအနေဖြင့်လည်း ခရစ်ယာန်သာသနာနှင့် အစိုးရ အာဏာပိုင်များထံ မေတ္တာရပ်ခံစာများ အသီးသီးပေးပို့ထားကြောင်း သိရသည်။

ကွမ်းတောကြီးကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ရောနှောနေထိုင်ကြပြီး ခရစ်ယာန်အသင်းသားအိမ်ထောင်စု ၃၀ ကျော်ရှိသည်။ ယခုစေတီဝင်ရောက်တည်ထားသည့် အင်္ဂလီကန် သာသနာပိုင်ဘုရားကျောင်းဝင်းသည် အကျယ်အ၀န်း ၁ ဧကကျော်ခန့်ရှိပြီး သက်တမ်း အနှစ် ၆၀ ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်ခြင်းကိစ္စများအပေါ် ကရင်ဘာသာရေး ခေါင်းဆောင်များ လက်တွဲဖြေရှင်းရန် ရည်ရွယ်၍ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတို့သည် ဧပြီ ၆ ရက်နေ့က ဖားအံမြို့တွင် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သေးသည်။

 စဖန်းရှောင်း
KIC - ကေအိုင်စီ
http://kicnews.org


မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း

၁။ ယခုလတ်တလောကာလများတွင် မြန်မာနိုင်ငံတ၀န်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရှင်များက ထုတ်ပြန်ထားပါသည်။

၂။ ယခုရက်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် လူ၊ တိရိစ္ဆာန်များသေကြေပျက်စီးခြင်း၊ အဆောက်အဦများ ပျက်စီးခြင်း တို့ကြုံတွေ့နေရပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယခုလတ်တလောဖြစ်ပေါ်လျက်ရှိသော မိုးသီး ကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ အောက်ပါအချက်များကို အထူးသတိပြု လိုက်နာ နေထိုင်ကြရန်လိုအပ်ပါသည်-
- တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက် လာခြင်း၊ အပူထုထဲတွင်လေအေးများကိုခံစားရခြင်းများသည် မိုးသီးမုန်တိုင်း၏ လက္ခဏာ များဖြစ်ပါသဖြင့် ထိုကဲ့သို့ဖြစ်ပေါ်လာပါက အထူးသတိပြုနေထိုင်ပါ။
- ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
- မဖြစ်မနေအိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများဝတ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။
- အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဉ်ပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များ ကိုအသက်အန္တရာယ်အထိဖြစ်စေနိုင်ပြီး တကယ်ရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင် သဖြင့်ကြိုတင်စီစဉ်ပါ။
- ယာဉ်များ၊ ပစ္စည်းများအပြင်တွင်မထားပါနှင့်။ ကားများကိုဂိုဒေါင်ထဲထည့်ပါ။ အမိုးသာ ရှိပြီးအကာမရှိသည့်အောက်တွင် ဘေးမှထိနိုင်သဖြင့်စောင်ကာပါ။ လမ်းများပေါ်တွင် ထားရပါက စောင်အုပ်ပါ။
- ပြတင်းတံခါးများအသေအချာပိတ်ထားပါ။ မပိတ်မိ၍ မိုးသီးများအရှိန်ဖြင့်ဝင်လာပါက အိမ်တွင်းပစ္စည်းများပါပျက်စီးနိုင်မည်။ လိုက်ကာများပါပိတ်ထားပါ။ ပြတင်းမှန်ကွဲခဲ့ပါက လိုက်ကာခံနေမည်။ ပြတင်းပေါက်နားရှိပရိဘောဂများကိုလည်းကြိုတင်ရွှေ့ထားပါ။
- မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကိုအသုံးမပြုသင့်ပါ။
- တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့်လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။
- သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။ လျှပ်စစ်စီးကူးလွယ်သည့်
ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင်သင့်ပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် မိုးသီးကြွေကျ ခြင်းများ၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ သတိပြုလိုက်နာနေထိုင်ကြပါရန် အထူး မေတ္တာရပ်ခံ အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Relief and Resettlement Department - Myanmar


pagoda-620.jpg
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော် တည်ထားတဲ့ စေတီကို တွေ့ရစဉ်
Photo : John Kanyaw Say (facebook)

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်က စေတီတည်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆိုတဲ့ညွှန်ကြားချက်ကိုရဖို့ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီမတည်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က လျှောက်ထားခဲ့ကြောင်း ကရင်ပြည်နယ်၊ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစပြီး ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်းမှာ စေတီ တည်ဖို့စခဲ့တာပါ။

ပြည်နယ်အစိုးရက မြိုင်ကြီးငူဆရာတော်နဲ့ တွေ့ဆုံခွင့်လျှောက်ထားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ လည်းပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မီးဇိုင်းရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ လည်း စေတီတည်ခဲ့ဖူးတယ်လို့ ဝန်ကြီးကအတည်ပြုပြောပါတယ်။ မီးဇိုင်းရွာ ခရစ်ယာန် ဘုရားကျောင်း က မြေကိုခြမ်းပြီး စေတီအတွက်လှူဒါန်းခဲ့ပါတယ်။
RFA

ပြည်မြို့ တံတားအောက်က လူသတ်မှု ၃ နှစ်ပြည့်ခဲ့ပေမယ့် ဒီနေ့အထိ တရားခံမပေါ်သေးတာကြောင့် ဒေသခံတွေ ဆန္ဒပြလမ်းလျှောက်ပြီး ဧရာဝတီမြစ်ထဲမှာ မီးမျှေဆုတောင်းခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ပြည်မြို့အထွက် န၀ဒေး တံတားအောက်မှာ ချစ်သူစုံတွဲတတွဲ ဧရာဝတီမြစ်ကမ်းပါး သဲသောင်ပြင်မှာ လမ်းလျှောက်နေစဉ် အမျိုးသားသုံးဦးက အကြမ်းဖက်လုယက်သတ်ဖြတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ တံတားအလွန် သောင်ပြင်ကိုင်းတောထဲမှာ ရပ်ကွက်နေ ပြည်သူလုထုက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ၁ ဦးက လွတ်မြောက်သွားပြီး ၂ ဦးကို လက်ရဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပါတယ်။

သူတို့ ၃ ယောက်ဟာ ခလရ ၇၅ က တပ်မတော်သားတွေဖြစ်နေတာကြောင့် ရဲက စစ်တပ်ကို အပ်နှံလိုက်ပြီးကတည်းက ၃ ဦးလုံးကို ကွယ်ပျောက်သွား ခဲ့ပြီး ဒီနေ့ထိ ကျူးလွန်သူတရားခံတဦးကိုမှ တရားစွဲဆိုနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒေသခံတွေက စုပေါင်းတောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာပဲ လူသုံးဦးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရတယ်၊ အဲလိုသေဆုံးခဲ့တဲ့အတွက် ဆုတောင်းပွဲပြုလုပ်တာဖြစ်တယ်။ ကိုဇော်မင်းဦးက လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှု၊ လူ့အခွင့်အရေးတွေရဖို့ ဆုတောင်းကြတာ ဖြစ်တယ်” လို့ ဦးဆောင်သူ ကိုမင်းမင်းအောင်က ပြောပါတယ်။

သေဆုံးခဲ့သူ ကိုဇော်မင်းဦးရဲ့ အစ်မ မသီတာဦးက “ဒီလိုမျိုး အများပြည်သူက ၀ိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးတဲ့အတွက် ၀မ်းသာပါတယ်။ အနယ်နယ်အရပ်ရပ်ကကော ပြည်မြို့ကကော ၀ိုင်းဝန်းပြီးလုပ်ပေးကြတဲ့အတွက် ကျမ၀မ်းသာတယ်၊ လှိုက်လှဲစွာကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးနှစ်သာပြည့်သွားတယ်၊ ကျမမောင်လေးသေဆုံးမှုက မပေါ်ပေါက်သေးဘူး။ ကျမမောင်လေး သေဆုံးတယ်ဆိုတာ သုံးနှစ်ပြည့်တယ်ဆိုတာ ဘယ်လိုမှ မခံစားနိုင်လို့ပါ၊ အခုလို ၀ိုင်းဝန်းကူညီကြတဲ့လူထုကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး အာရှလူအခွင့်အရေးကော်မရှင် (AHRC) ကလည်း အရင်အစိုးရနဲ့တကွ ဌာနဆိုင်ရာအသီးသီး၊ နိုင်ငံတစ်ကာအဖွဲ့အစည်းတွေထံ အရေးပေါ် ပန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ သတ်ဖြတ်ခဲ့သူတွေကို မဖော်ထုတ်ပေးနိုင်သလို လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။

အဲဒီပွဲကို ညနေ ၆ နာရီကစတင်ကာ ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်မှာ စုဝေးခဲ့ပြီး ရန်ကုန်-ပြည် လမ်းအတိုင်း လမ်းလျှောက်ကာ အခင်းဖြစ်ပွားခဲ့တဲ့ န၀ဒေးတံတားအောက်မှာ စုပေါင်းဆုတောင်းတာ၊ ဧရာဝတီမြစ်အတွင်း ဆီမီးမျှောတာတွေကို ကျောင်းသားတွေ၊ မြို့ခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ စုပေါင်းကာ အင်အား ၂၀၀ လောက်နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
DVB TV News



လတ်တလောကြုံတွေ့ခဲ့ရတဲ့ ဂျပန်နိုင်ငံနဲ့ အီကွေဒေါနိုင်ငံတွေက ငလျင်ဒဏ်ခံ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေး ရန်ပုံငွေရှာဖွေရေးဆိုင်ရာ ဖျော်ဖြေပွဲကို ဧပြီလ ၂၃ ရက်နေ့ ညပိုင်းမှာ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီရန်ပုံငွေမြှင့်တင်ရေးဆိုင်ရာ ဖျော်ဖြေပွဲကို ထိုင်းသရုပ်ဆောင်မင်းသား ချာနွန်ရီ ကားလ်ဆာရာခန်က ဦးဆောင်ပြီး “မိတ်ဆွေများအတွက် သီချင်းဆိုခြင်း”အမည်ရနဲ့ ကျင်းပခဲ့ကာ အနုပညာရှင် ၅၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမင်းသားဟာ အစောပိုင်းကာလတုန်းက ငလျင်ဒဏ်အဓိကခံခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ ကျူရှုးကျွန်းပေါ်က ကူမာမိုတိုမြို့မှာ ရုပ်ရှင်ရိုက်ကူးဖို့ ရောက်ရှိခဲ့သေးတယ်လို့ ပြောပါတယ်။

“ခုလိုဖြစ်တယ်ဆိုတာ ကြားရင်ကြားချင်း ကျနော် ရန်ပုံငွေဖျော်ဖြေပွဲတခုစီစဉ်ပြီး ကူမာမိုတိုမှာရှိတဲ့ ပြည်သူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။”

သူဟာ ကူမာမိုတိုယဉ်ကျေးမှုဆိုင်ရာ သံတမန်တဦးလည်းဖြစ်ပြီး “ကျနော့်ဘ၀မှာ ကူမာမိုတိုဟာ အမှတ်ရစရာတွေ အများကြီးရှိခဲ့တာပါ။ ပြည်သူတွေအားလုံးကိုလည်း အားမလျော့ပဲ ဆက်လက်နေထိုင်နိုင်ဖို့ ကျနော်တွန်းအားပေးချင်ပါတယ်။ ထိုင်းနိုင်ငံ သားတွေအနေနဲ့ ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမှာပါ”လို့ ပြောလိုက်ပါတယ်။

ဒီဖျော်ဖြေပွဲကရတဲ့ အကျိုးအမြတ်တွေကို ကူမာမိုတိုမြို့အစိုးရနဲ့ အီကွေဒေါနိုင်ငံ ငလျင်ဒဏ်ခံဒေသဆီ ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂအေဂျင်စီတို့ကို လှူဒါန်းသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ချန်နွန်ဟာ ထိုင်း-ဂျပန် ၂ နိုင်ငံပူးပေါင်းရိုက်ကူးတဲ့ “Hand in the Glove”အချစ် ဇာတ်မြူး။ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ခဲ့တာဖြစ်ပြီး မနှစ်က နိုဝင်ဘာ လ ၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တာပါ။
DVB TV News

အသက်အရွယ်ဟာ ကိန်းဂဏန်းတခုအနေနဲ့ အရေးမကြီးပေမယ့် အဘွားအို အီဗာဘားအတွက်တော့ ထူးခြားတယ်လို့ ဆိုရမှာပါ။
ဘာလို့လဲဆိုတော့ အသက် ၈၈ နှစ်အရွယ် အီဗာဘားဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် လန်ဒန်မာရသွန်ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး အပြေးမယ်တဦးဖြစ်လာလို့ပါပဲ။
အဘွားအို အီဗာဘား
အဘွားအို အီဗာဘား
အီဗာဟာ သူ့ရဲ့ပထမဆုံး အပြေးပြိုင်ပွဲအတွေ့အကြုံကို ၁၉၈၂ ခုနှစ်မှာ ၂၆ ဒ ဿမ ၂ မိုင်အကွာအဝေးပြိုင်ပွဲနဲ့ စတင်ခဲ့တာပါ။
ခုယှဉ်ပြိုင်မယ့်ပြိုင်ပွဲကတော့ သူ့ရဲ့ အကြိမ် ၂၀ မြောက်ပြိုင်ပွဲတခုဖြစ်လာတော့မှာပါ။
အီဗာက “ကျမ လန်ဒန်မာရသွန်ပြိုင်ပွဲကို နှစ်သက်ပါတယ်။ ဒါဟာ မြို့လယ်လမ်း မကြီးတခုပေါ်က ပါတီပွဲတခုလိုပါပဲ။
ဒီနှစ်အတွက်တော့ လေ့ကျင့်မှုကောင်းကောင်း တော့မလုပ်ထားနိုင်ခဲ့ပါဘူး။ ကျမချော်လဲခဲ့ပြီး ပခုံးမှာ ထိခိုက်ထားတယ်။ ပြိုင်ပွဲတခု တုန်းကလည်း တယောက်ယောက်နဲ့ တိုက်မိပြီး ဒဏ်ရာရထားတာပါ။ ဒါပေမယ့် တခြား နည်းလမ်းတခုခုနဲ့တော့ ကျမပြေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
အီဗာဟာ ကလေးထိန်းသူနာပြုတဦးဖြစ်ပြီး အသက် ၅၅ နှစ်အရွယ်မှာစတင်ပြေး ခဲ့သူတဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ရရှိခဲ့တဲ့ ဆုကြေးငွေပေါင် ၁ သောင်း ကျော်ကို ပရဟိတလုပ်ငန်းတွေအတွက်သုံးစွဲခဲ့တာပါ။
သူဟာ ၀န်ကြီးချုပ်ရဲ့ အလင်းရောင်ဆုံမှတ်(Point of Light)အမည်ရဆုတံဆိပ် ကို ရရှိထားသူဖြစ်ပြီး အခုနှစ်ယှဉ်ပြိုင်မှုမှာတော့ Whizz-Kidz အမည်ရ မသန်စွမ်းက လေးသူငယ်တွေအတွက် ရန်ပုံငွေမြှင့်တင်ရေုးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။
“ဒါဟာ မယုံကြည်နိုင်လောက်စရာ ဂုဏ်ပြုမှုပါပဲ။ လူတိုင်းဟာ ကျမကို ပြေးလမ်း ပေါ်မှာ ကောင်းကောင်းပြေးနိုင်ဖို့ ဆုတောင်းပေးနေကြတယ်။ တဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ ပြေးလမ်းမိုင်အမှတ် ၂၂ မှာ ကျမကို စောင့်ပြီး အားပေးနေမယ့် Whizz-Kidz အဖွဲ့က ကလေးတွေကို ရပ်ပြီး နှုတ်ဆက်မှာပါ။ ကျမ သူတို့အတွက်ပြေးရ တာကို မြတ်နိုးပါတယ်။”
The oldest runner in the London Marathon 93-year-old Fauja Singh poses for photographers after finishing, April 18, 2004. REUTERS/David Bebber  BEB/MD/JV - RTRVRY6
အဘိုးအို ဖော်ဂျာဆင်းဂ်ျ
လန်ဒန်မာရသွန်အပြေးပြိုင်ပွဲမှာ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာဟာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး အသက် ၉၃ နှစ်အရွယ် အဘိုးအို ဖော်ဂျာဆင်းဂ်ျဖြစ်ပါတယ်။

DVB TV News


မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ အမှန်ပေါ်ထွက်လာခဲ့ပြီ။ ယခင်ကတော့ ကလေးအလုပ်သမား ဦးရေကို ခန့်မှန်း၍သာ ပြောခဲ့ကြရသည်။ လေးငါးခြောက် သိန်းတစ်သန်းစသည်ဖြင့်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ထောင်စု အလုပ်အကိုင်နှင့် လုပ်ငန်းသန်းခေါင်စာရင်း အစီရင်ခံစာ(အတွဲ ၂-ခ)ကို မတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာ ချက်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား (သန်းခေါင်စာရင်း အစီရင်ခံစာတွင် အလုပ်လုပ်နေရသော ကလေးငယ်ဟုသုံးသည်။) စုစုပေါင်းတစ်သန်းငါး သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။ နည်းနည်း နောနော မဟုတ်ချေ။ ထိုမျှများပြားနေမှန်း ယခုမှသိရ၍ အံ့သြမိ၏။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့သည် ကလေးအလုပ်သမားအရေအတွက်ကို မဆိုထားနှင့် ကလေးအလုပ်သမားရှိနေပါသည်ကို တစ်ခါမျှဝန်ခံပြောကြားခြင်း မရှိခဲ့။ ယခုတော့ ၂ဝ၁၄ သန်းခေါင်စာရင်းအရ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပေပြီ။ ယင်းသည်တိုင်းပြည်အတွက် ကောင်းသော လက္ခဏာဖြစ်သည်။ အရှိကို အရှိအတိုင်း တိုင်းပြည်ကိုချ ပြသွားနိုင်ခဲ့ခြင်းသည် ပွင့်လင်းမြင်သာသော သဘောကို ဆောင်၏။ ပွင့်လင်းမြင်သာရှိမှသာ မိမိတို့တိုင်းပြည်၏ အနေအထားကို သုံးသပ်နိုင်မည်။ ရှေ့ဘာဆက်လုပ် ရမည်ကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအကြံဥာဏ်ရယူနိုင် ပါမည်။ သန်းခေါင်စာရင်းကောက်ရာတွင် လုပ်သား အင်အားစာရင်းကို နိုင်ငံတကာစံနှုန်းအရ အသက် (၁၅) နှစ်မှ စတင်ကောက်ယူသည်။ မြန်မာနိုင်ငံမှာတော့ အလုပ်စတင်လုပ်နိုင်သည့် အသက်အရွယ်ကို တရားဝင် ၁၈ နှစ်ဟု သတ်မှတ်သည်။ ယခု ကလေးအလုပ်သမား စာရင်းပြုစုရာတွင် အသက် ၁ဝ နှစ်မှ ၁၇ နှစ်အတွင်း ကျောင်းနေရမည့်အရွယ်တွင် ကျောင်းမနေရဘဲ အလုပ်လုပ်ကိုင်နေကြရသည့် ကလေးများကို စာရင်းကောက်ယူထားခြင်းဖြစ်သည်ဟု ယင်းဦးစီးဌာနက ထုတ်ပြန်ပြော ကြားထားသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား တစ်သန်းငါးသိန်းလေးသောင်းကျော်ရှိရာတွင် ယောက်ျားလေးဦးရေ ရှစ်သိန်းလေးသောင်းကျော်ရှိပြီး မိန်းကလေးဦးရေ ခုနစ်သိန်းကျော်ရှိနေသည်။ ယင်းအရေအတွက်တွင် အများစုသော ယောက်ျားလေး၊ မိန်းကလေးတို့သည် လုပ်ခလစာဖြင့် လုပ်ကိုင်နေကြရပြီး ကျန်သည့်ငါးရာခိုင် နှုန်းလောက်သာ လုပ်ခလစာမရဘဲ မိသားစုအလုပ်တွင် ဝိုင်းကူလုပ်ပေးနေရသူများဖြစ်သည်။ လုပ်ကိုင်နေရသည့် အလုပ်ကဏ္ဍအလိုက် လေ့လာကြည့်မည်ဆိုပါက လယ်ယာကဏ္ဍတွင် ကလေးအလုပ်သမားပေါင်းရှစ်သိန်းကျော် ဝင်ရောက်လုပ်ကိုင်နေကြသည်။ အသေးစားအလတ်စား ကုန်ထုတ်လုပ်ငန်းများတွင် တစ်သိန်းသုံး သောင်းခြောက်ထောင်ကျော်၊ အရောင်းအဝယ်ကဏ္ဍတွင် ရှစ်သောင်းကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ခုနစ်သောင်း လေးထောင်ကျော်၊ အခြားဝန်ဆောင်မှုလုပ်ငန်း များကဏ္ဍတွင် ခြောက်သောင်းကျော် လုပ်ကိုင်နေကြရကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။ ဤသည်ကိုကြည့်လျှင် ကျေးလက်တောရွာတွင် ကလေးအလုပ် သမားများ အများအပြားရှိနေသည်ဟု မြင်သာပါသည်။

ကလေးအလုပ်သမားပြဿနာသည် ဆင်းရဲနွမ်းပါးမှု ပြဿနာနှင့် ဆက်စပ်နေသည်။ ယင်းကို အထွေအထူးရှင်း ပြစရာမလိုဟုမြင်၏။ တိုင်းပြည်ဆင်းရဲမှတော့ ပြည်သူ လူထုဆင်းရဲမည်ပင်။ ပြည်သူလူထုမိသားစုများ ဆင်းဆင်းရဲရဲ ကြောင့်ကြောင့်ကြကြဖြစ်နေကြလျှင် မိသားစုဝင် အားလုံး ကလေးလူကြီးမကျန် အလုပ်ထွက်လုပ်ရပေတော့မည်။ အလုပ်လုပ်မှ ထမင်းနပ်မှန်မည်။ နေ့စဉ်ဝင်ငွေရမှ ဘဝရပ်တည်ရှင်သန်နိုင်မည်။ စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိရေးကို ဦးစားပေးရသောအခါ ထိုမိသားစုသည် ပညာရေးကိုလည်း ဘေးချိတ်ထားရသည်။ လူမှုရေး၊ ကျန်းမာရေးနှင့် သာရေးနာရေးများကိုလည်း ဘေးဖယ်ထားလိုက်ရ၏။ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာရသည့် ကိစ္စကြီးဖြစ်သည်။ ကျောင်းနေရမည့်အရွယ် စာသင်ခန်းထဲတွင် ရှိရမည့်ကလေးများ ကာယအလုပ်ကြမ်း လုပ်ငန်းခွင်ထဲတွင် ရောက်နေရသည့်အဖြစ်သည် ထိုတိုင်းပြည်အတွက် ရင်နာစရာလည်းကောင်း၏။ အနာဂတ် အတွက်လည်း ရင်လေးစရာကောင်း၏။ အရင်းစစ်လျှင် တိုင်းပြည်ဆင်းရဲခြင်းသည်သာ အပြစ်ပေါ်လာပါသည်။ သို့ဖြစ်ရာ တိုင်းပြည်ဆင်းရဲအောင်လုပ်သွားသည့် အစိုးရ အဆက်ဆက်သည် တိုင်းပြည်၏အနာဂတ်ကို ဖျက်ဆီးသွားကြသူတရားခံများဟု သမိုင်းမှတ်တမ်းတင်ရမည်။ ထို့ကြောင့် သမိုင်းတရားခံဖြစ်မည်စိုး၍ ကလေးအလုပ် သမားရှိပါလျက်နှင့် ဖုံးဖုံးဖိဖိလုပ်ထားကြခြင်းဖြစ်သည်။ သို့သော် အပုပ်တို့မည်သည် အချိန်တန်လျှင်ပေါ်ကို ပေါ်ပါသည်။

ယခုတော့ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား အမှန်တကယ်ရှိသည်။ ဦးရေအားဖြင့် တစ်သန်းငါးသိန်း လေးသောင်းကျော်ရှိနေပြီဟူသည်ကို သိရပြီဖြစ်သဖြင့် ယင်းကိစ္စကို ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းရပါတော့မည်။ ဖြေရှင်းသည်ဆိုရာတွင် ကလေးစစ်သားလျှော့ချရေး၊ ကင်းစင်ရေး ကဲ့သို့ပြုလုပ်၍ ရမည်မဟုတ်ပေ။ ကလေးအလုပ်သမား မရှိစေရေး လုပ်ငန်းခွင်ထဲရှိကလေးများကို စစ်ဆေးရွေး ထုတ်၍ရမည်မဟုတ်။ ထိုသို့လုပ်လျှင် ၎င်းကလေးတို့၏ မိသားစုများ စားဝတ်နေရေးကျပ်တည်းသွားမည်၊ ဒုက္ခ ရောက်မည်။ ကလေးအလုပ်သမားပြဿနာဟူသည်မှာ နိုင်ငံတကာကလည်း လက်ခံထားသည်။ ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးတွင်လည်း ကလေးအလုပ်သမား ပြဿနာများရှိကြသည်။ ယင်းနိုင်ငံများ၏ ကောင်းနိုးရာရာသော ကလေးအလုပ်သမားဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရပါမည်။ ယင်းဥပဒေထဲတွင် ကလေးအလုပ် သမားများအား လူကြီးအလုပ်သမားများကဲ့သို့ အလုပ်သမားအခွင့်အရေးများ အပြည့်အဝခံစားခွင့်ပေးရေးပါဝင် ရမည်။ ကလေးအလုပ်သမားမို့လို့ အနည်းဆုံးအခ ကြေးငွေကျပ် ၃၆ဝဝ ၏ တစ်ဝက်ခံစားခွင့်မရှိစေရ။ လုပ်ခလစာနှိမ်ထားခြင်း၊ အခွင့်အရေးများနှိမ်ထားခြင်း မရှိစေရ။ ကလေးအလုပ်သမားအဖြစ် လက်ခံမည့် အလုပ်ဌာနသည် ဆရာဝန်ဆေးစစ်ချက်ပြသနိုင်သည့် သူကိုသာ လက်ခံရမည်။ ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်နိုင်သည့် ကျန်းမာရေးဖြင့် ညီညွတ်ရမည် စသည်ဖြင့် ကလေးအလုပ်သမား အခွင့်အရေးကာကွယ် ပေးသည့်အချက်များ ရေးဆွဲပြဋ္ဌာန်းသင့်သည်။

ထို့ပြင် ဥပဒေတွင် ပညာရေးကိုပစ်ပယ်ထားခဲ့ရသည်။ ကလေးအလုပ်သမားများအတွက် ကျောင်းပြင်ပ ပညာရေး စနစ်ဖြင့် ပညာဆက်လက်ဆည်းပူးနိုင်ရေးကို ဖန်တီးပေးသင့်သည်။ အချို့သော လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များတွင် ကလေးအလုပ်သမားများအတွက် အားလပ်ချိန်တွင် ပညာသင်ကြားပေးခြင်း အစီအစဉ်များ ဆိုင်ပိုင်ရှင်တို့ လုပ်ကိုင်ပေးကြခြင်းကို တစ်ချက်တစ်ချက်ကြား မိသည်။ ယင်းသည် လုပ်ငန်းရှင်အချို့အတွက် ပညာဒါန မြောက်သည့် ကောင်းမွန်သောစေတနာဖြစ်သည်။ ယင်းကို ထပ်မံ၍ တိုးချဲ့ဆောက်ရွက်နိုင်ရေး ဥပဒေဖြင့် တွန်းအားပေးသင့်သည်။ သက်ဆိုင်ရာအာဏာပိုင်များကလည်း ငွေအား၊ နည်းပညာအားဖြင့် ပံ့ပိုးပေးသင့်သည်။ ကလေး အလုပ်သမားများ လုပ်ငန်းခွင်ပညာသင်ကြားရေးသည် အခြေခံပညာအဆင့်တန်းကုန်သည့်အပြင် တက္ကသိုလ်၊ ကောလိပ်အဆင့်အထိပါ ဆက်လက်မြေတောင်မြှောက် ပေးသင့်ပါသေးသည်။ ကလေးအလုပ်သမားဟူသည် ရပ်နေသည့် ကိစ္စမဟုတ်။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာမည်ဖြစ်၍ အချိန်တန်လျှင်လူကြီးအလုပ်သမား စာရင်းထဲဝင်လာပါမည်။ ထိုအခါ အတန်းပညာလည်း တတ်သည်။ လုပ်ငန်းခွင်တွင်လေ့ကျင့်သင်ကြားပေး ခြင်းကြောင့် လုပ်ငန်းကျွမ်းကျင်သူလည်းဖြစ်လာမည် ဆိုလျှင် အသုံးတည့်သော လူ့စွမ်းအားအရင်းအမြစ် တစ်ခုရလာပေမည်။

ထိုကြောင့် ကလေးအလုပ်သမားအခွင့်အရေးထဲတွင် ကျောင်းပြင်ပ ပညာရေးကိုလည်း မဖြစ်မနေစီစဉ်ပေးရမည်။ လုပ်ငန်းကျွမ်းကျင်သူဖြစ်အောင်လည်း လေ့ကျင့်သင်တန်းများ ပေးရပါမည်ဟု မြင်မိသည်။ ယင်းသို့ ကလေးအလုပ်သမား အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီးပါက တစ်ဆင့်တက်လုပ်ဆောင်စေချင်သည်မှာ ကလေးအလုပ် သမားများအား ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင်တွင် ရောက်ရှိနေစေရေးပင်။ ကလေးအလုပ်သမားများအတွက် ကောင်းမွန်သော အလုပ်ပတ်ဝန်းကျင်ဟူသည်မှာ လူကုန်ကူးမှု ကင်းဝေးသော၊ လိင်စော်ကားခံရမှုမရှိသော၊ ကလေး၏ဂုဏ်သိက္ခာနှိမ့်ချခံရခြင်းမရှိသော၊ ကြီးနိုင်ငယ် ညှဉ်းဆက်ဆံရေးမရှိသော လုပ်ငန်းခွင်မျိုးကိုဆိုလိုသည်။ ယင်းကိစ္စများအတွက် အလုပ်သမားသမဂ္ဂများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်သည်ဟု ယူဆသည်။ လုပ်ငန်း ခွင်အသီးသီးတွင် အလုပ်သမားသမဂ္ဂများလည်း အားကောင်းဖို့လိုသည်။ အလုပ်သမားသမဂ္ဂများ အားကောင်းပြီး ဥပဒေကလည်းထိရောက်မှုရှိမည်ဆိုလျှင် ကလေးအလုပ်သမားအခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အဓိကမှာ လက်ရှိ အလုပ်သမားရေးရာ သက်ဆိုင်သူအာဏာပိုင်များသည် ကလေးများကို သနားမိဖို့ပင်ဖြစ်သည်။

ယခင်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ကလေးအလုပ်သမားအရေအတွက်ကို ထုတ်ဖော်ပေးသွားခဲ့ပြီ။ ယခုအစိုးရအဖွဲ့က ကလေးအလုပ်သမား အရေးကို ကိုင်တွယ်ဆောင်ရွက်ရပါတော့မည်။ ဒီမိုကရေစီနည်းကျ ဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိသည်။ ယခုတော့ပြည်တွင်းရှိ ကလေးအလုပ်သမားများသည် ကျွဲလိုနွားလို ရုန်းကန်ရင်း မိသားစုဝမ်းရေးကို ကျောင်းပေးနေရပြီး လူစင်စစ်က လူစဉ်မမီိသောဘဝ များဖြင့် အသက်ရှင်ရပ်တည်နေရပါကြောင်း လေ့လာ သုံးသပ်တင်ပြလိုက်ရပါသည်။ ။

မောင်လွင်ပြင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ခိုကုဖုအထက်တန်းကျောင်းဟာ ဂျပန်နိုင်ငံကျူးရှုးကျွန်း ခုမမိုတိုမှာရှိတဲ့မထင်မရှားကျောင်းလေးပါ။ဂျပန်ကျောင်းတွေဟာ ဧပြီလမှာစဖွင့်တာဆိုတော့ ၂ဝ၁၆- ၁၇ စာသင်နှစ်ကျောင်းပြန်ဖွင့်တာ တစ်လတောင်မှ မပြည့်သေးပါဘူး။

အခုတော့ ခိုကုဖု အထက်တန်းကျောင်းကိုဂျပန်တစ်နိုင်ငံလုံးမသိသူမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဧပြီ၁၄ ရက်ကြာသပတေး ညနက်မှာလှုပ်ခဲ့တဲ့ငလျင်ကြီးနောက်ပိုင်း မှာ ခိုကုဖု ကျောင်းက ဘော်လုံးကလပ်ဝင်ကျောင်းသားလေးတွေဟာ သူတို့ကျောင်းကိုလာရောက်ခိုလှုံတဲ့ဒုက္ခသည်တွေကိုသူတို့အသိစိတ်နဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးနေခဲ့ပါတယ်။

ဧပြီ ၁၆ရက် စနေ ညနက်ပိုင်းမှာ နောက်တစ်ခေါက်ထပ်လှုပ်လိုက်တဲ့ ရစ်ချတာစကေး မဂ္ဂနီကျု ၇.၃ ပြင်းတဲ့ငလျင်ကြီးနောက်ပိုင်းမှာ သူတို့ကျောင်းကို ထပ်ရောက်လာတဲ့လူတွေကများလွန်းပြီး ( လူ ၄ဝဝ ကျော် )လိုအပ်တဲ့အကူအညီတွေကလည်းတော်တော်နဲ့ရောက်မလာလို့ ကျောင်းအားကစားကွင်းမှာ ကျောင်းမှာရှိရှိသမျှထိုင်ခုံ၂ဝဝ ကျော် ကိုတန်းစီပြီးတော့( အိမ်သာသုံးစက္ကူ ၊ပေါင်မုန့် ၊သောက်ရေ SOS ခိုကုဖု ) လို့Message စာလုံးရေးကြပါတော့တယ်။

ဒီ Message ကို ငလျင်သတင်းရိုက်ကူးတဲ့ ဟယ်လီကော်ပတာပေါ်ကတွေ့ပြီး မီဒီယာတွေမှာဆက်ဖြန့်လိုက်ရာကနေ တစ်နိုင်ငံလုံးပျံ့သွားပြီး လိုအပ်တဲ့အကူအညီတွေရလာခဲ့ပါတယ်။

လူမှုဝန်ထမ်းစိတ်ဓါတ်ပြည့်ဝတဲ့ခိုကုဖု အထက်တန်းကျောင်းသားတွေရဲ့လုပ်ရပ်ကလည်း မီဒီယာတွေကြောင့် တစ်နိုင်ငံလုံးကျော်ကြားသွားပါတယ်။

" ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့လည်းကိုယ်တတ်နိုင်တာရှိရင် ဘာမဆိုလုပ်ကြမယ်။ဝိုင်းကူကြမယ်လို့ သူငယ်ချင်းအားလုံးက ဆုံးဖြတ်ကြတယ်။
နောက်ပြီးတော့ တက်ညီလက်ညီ ဝိုင်းလုပ်ကြတယ်။
အခြေအနေတွေအေးချမ်းပြီးစိတ်ချရတဲ့အချိန်အထိဆက်လုပ်သွားကြမယ် "
လို့ကျောင်းသားခေါင်းဆောင် ( Noda Takumi ) က ဂျပန် NHK သတင်းထောက်ကို ပြောပြပါတယ်။

ကျွန်တော်တို့ဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်၊ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အများအကျိုးအတွက် တတ်နိုင်တာတွေ လုပ်နိုင်တာတွေရှိကြပါတယ်။အဓိက က လူမှုဝန်ထမ်းပရဟိတ စိတ်ရှိဖို့ပဲလိုပါတယ်။

ခိုကုဖု အထက်တန်း ကျောင်းသားလေးတွေကိုလေးစားပါတယ်။ခုမမိုတို က ငလျင်ဘေးသင့်သူများအားလုံးအတွက် ဆုတောင်းမေတ္တာပို့ပါတယ်။အမြန်အိမ်ပြန်နိုင်ကြပါစေ။

------
ဝန်ခံချက်။ အခုအချိန်ထိ လူပေါင်း ၄၇ ဦးသေဆုံးခဲ့တဲ့ ခုမမိုတိုငလျင်လှုပ်ပြီး တစ်ပတ်တင်းတင်းပြည့်တဲ့ ဧပြီ ၂၁ ကြာသပတေးညမှာကြည့်ဖြစ်လိုက်တဲ့ ဂျပန်NHK သတင်းဖြစ်ရပ်မှန်ကို ပြန်ဝေမျှတာပါ။
Photo: CredIt: NHK
------
ဂျပန်လိုဖတ်ဖို့-----

「カミ(トイレットペーパー) パン SOS 水 コクフ」。避難所となっている熊本国府高校のグラウンドにはパイプ椅子を並べたメッセージがあった=17日午後0時32分、熊本市中央区、朝日新聞社ヘリから、金子淳撮影

 「カミ(トイレットペーパー) パン 水 SOS コクフ」。熊本市中央区国府2丁目の熊本国府(こくふ)高校の校庭に約200個のパイプ椅子によるメッセージが現れた。16日未明の地震後、近所の住民ら約400人が避難してきたが、救援物資がほとんど届かず、16日夜から菓子と飲料しか口にしていないという人も。「やれることは何でもしよう」と卒業生らが作った。(東郷隆)

KD Aung Li



တို့ပြည်သူတွေဆင်းရဲနေချိန်မှာ လူကြီးဆိုသူတွေကို
ဧည့်ခံကြွေးမွေးတဲ့စားရိတ်တွေ၊ ဟင်းခွက်တွေအများကြီးနဲ့ ဧည့်ခံတာတွေမလုပ်ပါနဲ့... ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ...

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်

(၂၃.၄.၂၀၁၆ တလိုင်းရွာ)
Credit Than Htay


S N S ဆိုတာ Facebook ၊Twitter ၊ We Chat ၊ Viber ၊ Tango ၊ YouTube ၊ Google + ၊Weibo ၊ My Space အစရှိတဲ့ Social Networking Service ( လူမှုကွန်ရက်ဝန်ဆောင်မှု ) တွေပါ။
ဒီ S N S ကို အသုံးပြုသူပေါ်မှာ၊ အသုံးပြုတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ အကောင်းအဆိုးအကျိုးအပြစ်တွေအမျိုးမျိုးရှိပါလိမ့်မယ်။

အခုတလော ဂျပန် ခုမမိုတိုငလျင် မှာတော့ S N S ကို သုံးလို့အသက်ဘေးကလွတ်မြောက်ခဲ့ရသူတွေလည်းရှိပါတယ်။

ဧပြီလ၁၆ ရက်စနေမနက်( ဝ၁:၂၅ ) အချိန်မှာ ဂျပန်နိုင်ငံ ကျူးရှုးကျွန်း ခုမမိုတို မှာ ရစ်ချတာစကေး မဂ္ဂနီကျု ၇.၃ ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခဲ့ပါတယ်။ညနက်အချိန်ဖြစ်တာကြောင့်အားလုံးအိပ်ပျော်နေကြပါတယ်။

အဲဒီညမှာ ( Nishi Mura ) မိသားစု ၅ ယောက်လည်းအများနည်းတူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့ပါတယ်။အဲဒီလို အိပ်ကောင်းနေတုံးမှာ ရုတ်တရက် ငလျင်ကြီးလှုပ်လိမ့်မယ်လို့ ဘယ်သူကမှမထင်မှတ်ထားခဲ့ပါဘူး။

အဲဒီအချိန်မှာ " ဝုန်း "ဆိုတဲ့အသံကြီးနဲ့တစ်ယောက်ယောက်က ခပ်ပြင်းပြင်းကိုင်လှုပ်လိုက်သလို ခံစားလိုက်ရပြီး ကျွန်တော်လန့်နိုးလာပါတယ်။သတိထားကြည့်လိုက်ချိန်မှာကျွန်တော်တို့မိသားစု ( ၅ ) ယောက်စလုံးဟာပြိုကျနေတဲ့တိုက်ပျက်ထဲမှာ ပိတ်မိနေကြပါပြီ။ လို့ အဲဒီညက သူ့ရဲ့ကိုယ်တွေ့အကြောင်းတွေကို Nishi Mura Dai Ki ( ၁၉ နှစ်၊ တက္ကသိုလ်ကျောင်းသား ) ကအခုလို ပြန်ပြောပြပါတယ်။

ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာ မျက်နှာကျက်ကပြိုကျနေပြီးအုတ်ပုံကွန်ကရစ်တွေထဲမှာထွက်ပေါက်မရှိပဲပိတ်မိနေကြပါတယ်။ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ အုတ်နံရံကြီးပိနေတော့ ဒူးထောက်ထိုင်ရက်အနေအထားနဲ့ကုန်းကုန်းကွကွကြီးဖြစ်နေတာပေါ့။

အကူအညီရလိုရငြားကျွန်တော်တို့အသံကုန်ဟစ်ပြီးအော်ကြည့်ကြပေမယ့်ပြန်ထူးသံလည်းမကြားရ၊အကူအညီပေးမယ့်သူလည်းရောက်မလာပါဘူး။မိသားစုကတော့ အပြန်အလှန်အသံပေးပြီး အချင်းချင်းအားပေးနေခဲ့ကြပါတယ်။

အဲဒီအချိန် အမှောင်ထဲမှာ ကျွန်တော့်ဖုန်းကိုလိုက်ရှာတော့လက်နဲ့သွားစမ်းမိပါတယ်။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အလင်းရောင်လေးတွေ့ရပါတယ်။အဲဒါနဲ့အားတက်သွားပြီး" Line "ကိုဖွင့်လိုက်ပါတယ်ပြီးတော့ကျွန်တော့်သူငယ်ချင်းတွေနဲ့အမြဲဆက်သွယ်နေကျ Group ကို Message လှမ်းပို့ပါတယ်။

" ငါတို့မိသားစုအိမ်ထဲမှာပိတ်မိနေတယ် "
လို့ Message ပို့လိုက်တော့ သူငယ်ချင်းတွေဆီက ချက်ချင်းပဲ " စိတ်မပူနဲ့ ငါတို့လာကယ်မယ် "ဆိုတဲ့ Message ပြန်ရောက်လာပါတယ်။
ဆက်ပြီးတော့
" အသက်ရှုရကျပ်နေလား ဘယ်လိုနေလဲ"
" တောင့်ထား အားမငယ်နဲ့ "
စတဲ့ အားပေးစကား Message တွေလည်းတဆက်ထဲရောက်လာပါတယ်။ကျွန်တော်လည်းအားတက်သွားပါတယ်။

အဲဒီနောက်မှာ" Line " ရဲ့ကျေးဇူးနဲ့ သူငယ်ချင်းတွေအကူအညီပေးသူတွေရောက်လာကြပြီး ကျွန်တော်တို့မိသားစုရဲ့အသက်ကိုကယ်ပေးခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
အထူးသဖြင့်တော့ " Line " သူငယ်ချင်းတွေကိုပေါ့ဗျာ။Group ထဲမှာသူငယ်ချင်းက ၁ဝဝ ကျော်ရှိတယ်လေ။ လို့သူ့ရဲ့ Smart Phone လေးကိုတယုတယ ပွတ်ရင်း ပြောပြပါတယ်။

လူသားအားလုံး သဘာဝဘေးအန္တရယ်မှလွတ်ကင်းကြပါစေ။ လူမှုကွန်ရက် S N S ကိုပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ် အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေ။

----------------
ဝန်ခံချက်။
----------
ကျွန်တော်ဒီနေ့ည ( ၂ဝ၁၆ ဧပြီ ၁၉ အင်္ဂါ ည ၁၁ နာရီ )ဂျပန်TV News 23 မှာကြည့်လိုက်ရတဲ့ ဖြစ်ရပ်မှန် Documentary ကိုပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။

Photo : credit : ニュース23

KD Aung Li


rwu-sawmyayazarlin-620.jpg
ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဗဟိုကော်မတီအစည်းအဝေးမှာ ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်တွင်း ရခိုင့်တပ်မတော် AA နဲ့ မြန်မာအစိုးရတပ်တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဘက်ဆွေးနွေးညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု စိုးရိမ်မကင်းဖြစ်နေရတာတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး ဘူးသီးတောင်နဲ့ ဒုက္ခသည် ၅ ရာနီးပါးခန့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
RFA

 ဒေသခံ တွေ အနေနဲ့ ကြောက်ရွံ့ နေကြရပြီး အိုးအိမ် တွေ ကို စွန့်ခွာ ထွက် ပြေး နေ။
ရခိုင်ပြည်နယ် ကျောက်တော် နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တွေ ထဲ ဖြစ်နေတဲ့ တိုက် ပွဲ တွေ မှာ အစိုးရ စစ်တပ် ကနေ ရွာသား တွေကို ပေါ်တာ ဆွဲတာ လမ်းပြ အနေနဲ့ ခေါ်ယူ ခိုင်း စေတာ တွေ ရှိနေတယ် ဆိုပြီး ဒေသ ခံတွေက ပြောပါတယ်။

အဘုခမီးရွာက အင်္ဂါအောင်၊ အောင်သာထွန်းနဲ့ ကျော်စိန်အောင်တို့ ၃ ဦး ပေါ်တာ အဖြစ် ပါသွားတယ် လို့ ရွာခံ ဦးမောင်ကြွင်းအောင်က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီလို အဓမ္မ ခိုင်းစေ ခံ နေရတဲ့ အပြင် မိမိ တို့ရဲ့ ရပ်ရွာ တွေ ထဲ လက်နက်ကြီး တွေ ကျရောက် နေတဲ့ အတွက်လည်း ဒေသခံ တွေ အနေနဲ့ ကြောက်ရွံ့ နေကြရပြီး အိုးအိမ် တွေ ကို စွန့်ခွာ ထွက် ပြေး နေကြ ရတယ် လို့ စစ်ဘေး ဒုက္ခသည် တွေ ရှိရာ ရသေ့တောင် နဲ့ ဘူးသီးတောင်မြို့နယ် တွေ ထဲ က နေရာ တွေ ဆီ ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ရသေ့တောင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာက လူ ၆ ဦးလည်း ဧပြီလ ၂၀ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အခုတော့ ပြန် လွတ် လာပြီလို့ မိသားစု ဝင် တစ်ဦး က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

 မြန်မာနိုင်ငံမှာ ဒေသခံတွေ ဆန့်ကျင်နေတဲ့ ကြားကပဲ ဆောက်လုပ်ရေး လိုအပ်ချက်ဖြစ်တဲ့ ဘိလပ်မြေအတွက် နေရာအတော်များများမှာ စက်ရုံတွေ ဆောက်ဖို့ ကျိုးစားနေကြပါတယ်။ ဒီတပါတ်တော့ ဘိလပ်မြေစက်ရုံတွေ ကနေ သဘာဝ ဝန်းကျင်အတွက် ပေးနိုင်တဲ့ အန္တရာယ် တွေ အကြောင်း ပြောပြပေးမှာပါ။



ဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံတွေဟာ သဘာဝ ဝန်းကျင်ကို အညစ်ညမ်းစေဆုံးအဖြစ် စံချိန်တင်ထားတယ်လို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဘိလပ်မြေဟာ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့ အမှုန်လေးတွေပါ။ ဒီအမှုန်လေးတွေ ရေနဲ့ ပေါင်းစပ်လိုက်လို့ ခဲသွားတဲ့ အခါမှာတော့ ရေရဲ့ ဒဏ်ကို သူက ခံနိုင်ရည် ရှိပါတယ်။  ဝန်းကျင်အတွက် အန္တရာယ်ကြီးတဲ့ ဒီဘိလပ်မြေ အမှုန်လေးတွေ ရအောင် လုပ်ရာမှာလည်း စွမ်းအင်တွေ အများကြီး သုံးရပါတယ်။ စက်ရုံလိုအပ်ချက်အတွက် သုံးတဲ့ စွမ်းအင်အမျိုးအစား ပေါ်မူတည်ပြီး ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေပုံစံ အမျိုးမျိုး ရှိပါတယ်။ ကျောက်မီးသွေး လောင်စာ သုံးမယ်ဆို ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု တိုးလာစေမှာ ဖြစ်ပါတယ်။

ဝန်းကျင်ထိခိုက်မှု အတော်ကြီးမားစေတဲ့ အချက်တွေထဲမှာ ဘိလပ်မြေ စက်ရုံကနေ ထွက်လာတဲ့ ဓါတ်ငွေ့တွေ ဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဆာလ်ဖာနဲ့ ကာဗွန်ဓါတ်ငွေ့တွေနဲ့ အောက်ဆီဂျင်ပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်းတွေက ပေးတဲ့ အန္တရာယ်ပါ။

နိုက်ထရိုဂျင်အောက်ဆိုက်ဟာ အက်ဆစ်မိုးရွာစေသလို ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဓါတ်ငွေ့မျိုးပါ။ ဝန်းကျင်ရေထဲရောက်သွားရင် ရေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး  ရှုရှိုက်မိရင်လည်း အဆုတ်ကို ဒုက္ခပေးပါတယ်။  ဆာလ်ဖာဒိုင်အောက်ဆိုက်ကလည်း အက်ဆစ်မိုးရွာစေသလို  အများအပြားထွက်လာ တတ်တာမို့ အသက်ရှုလမ်းကြောင်း အပြင် နှလုံးသွေးကြောပိတ် တာမျိုး ဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့ပါ။ ကောဗွန်မိုနောက်ဆိုက်ကတော့ အိုဇုံးလွှာပေါ်စေပြီး မြူဆိုင်းစေတာပါ။ သွေးထဲ အောက်ဆီဂျင် သယ်နိုင်စွမ်းကို လျော့ပါးစေပြီး နှလုံး သွေးကြောအတွက် အန္တရာယ် ရှိပြီး အာရုံကြော ရောဂါတွေ ဖြစ်စေပါတယ်။

နောက် တမျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကတော့ ဖန်လုံအိမ် ဓါတ်ငွေ့ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးမှု အဓိက ဖြစ်စေပါတယ်။ ဘိလပ်မြေထုတ်ရင် ထုံးကျောက်ကို အဓိက သုံးရပါတယ်။ သူ့ကို အလျူမီနီယံအောက်ဆိုက်၊ ဆီလီကာနဲ့ သံဓါတ်တွေ နဲ့ပါ ရောပြီး မီးဖုတ်ရတာမို့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများကြီး ထွက်စေပါတယ်။ ဘိလပ်မြေ တပေါင်ရဖို့ လုပ်ရင် ထွက်လာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် က ပေါင် တထောင်ဝန်းကျင်ရှိပါတယ်။

နောက်အန္တရာယ်တခုက အက်စစ်မီးခိုးတွေ ဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင် ကလိုရိုဒ်၊ အမိုးနီးယားနဲ့ ကလိုရင်း တွေ ထွက်လာပြီး အန္တရာယ်ပေးတာပါ။

ဘိလပ်မြေစက်ရုံတွေရဲ့ ကြီးမားတဲ့ အန္တရာယ်တွေထဲက အဆိုးဝါးဆုံးက အမှုန်အန္တရာယ် ဖြစ်ပါတယ်။ အမှုန်အမွှားတွေဟာ ဘိလပ်မြေစက်ရုံသုံးဖို့ ထုံးကျောက် မိုင်းတူးဖေါ်တာကစပြီး ထုခွဲတာ၊ စုပုံထားတာ၊ ရောကြိတ်တာ၊ ခြောက်အောင် လုပ်ပြီး ချော်ရည်ဖြစ်လာချိန်မှာ အအေးခံတာနဲ့ ထုပ်ပိုး သယ်ယူတာအထိ အဆင့်တိုင်းမှာ တွေ့ရနိုင်ပါတယ်။

ဒီလို အန္တရာယ်ကြီးတဲ့ ဘိလပ်မြေစက်ရုံ တခုအတွက် မရှိမဖြစ်လိုအပ်တာက ထိမ်းချုပ် ကရိယာတွေကို စံနစ်တကျ တပ်ဆင်ပေးဖို့ ဖြစ်ပါတယ်။ အက်ဆစ်မီးခိုး အတွက် ထိမ်းချုပ်ကရိယာတွေ၊ နိုက်ထရိုဂျင်အောက်ဆိုက်အတွက် ထိမ်းချုပ်ကရိယာ၊ လေထုညစ်ညမ်းမှု ထိမ်းချုပ်တဲ့ ကရိယာတွေကို မရှိမဖြစ်တပ်ဆင် ရမှာ ဖြစ်ပြီး အချိန်နဲ့ လိုက်ပြီး ပြောင်းလဲ သတ်မှတ်တဲ့ စံနှုံးတွေနဲ့ ကိုက်ညီအောင် စက်ရုံတွေမှာ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံမှာတော့ စံသတ်မှတ်မှုနဲ့ ကိုက်အောင် လိုက်ပြီး မလုပ်ဆောင်တဲ့ ကုမ္ပဏီတွေအတွက် ဒဏ်ကြေးငွေ ဒေါ်လာ သန်းနဲ့ ချီ ပေးဆောင်စေတယ်လို့ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကရင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်အ ပေါင်းတို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ....
ယနေ့ကွမ်းတောရွာတွင် စေတီတည်ခြင်းနှင့် ပတ် သက်၍ ဖြစ်ပျက်သမျှကို အကြောင်းပြုပြီး ရန်ငြိုးထား ခြင်း၊ ခိုက်ရန်ပြုခြင်း၊ အမုန်းပွားခြင်းကင်းဝေးလျက် တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မာစိုရ်တရားပွားများနိုင်ကြစေရန် ကြိုး စားကြပါလို့ အားပေးစကားပြောလိုပါတယ်။

ခရစ်ယာန်တို့၏ တရားတော်နှင့်အညီ အသက်ရှင် လျက် ပီသသောခရစ်ယာန်တို့၏ မွန်မြတ်သော အကျင့်စာရိတ္တများပြသကြပါ။

ခရစ်တော်ဘုရားက စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထို သူတို့သည် ဘုရားသခင်ကို ဖူးမြင်ရလတ္တံ့။ ဘုရားသ ခင်ကို ဖူးမြော်နိုင်ရန်အတွက် ခရစ်ယာန်ဘာသာဝင် အားလုံး စိတ်နှလုံးဖြူစင်သောသူဖြစ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မေတ္တာတရားပွားများပြီး ခိုက်ရန်ပြုခြင်းကို ရှောင်ကြဉ် ကြပါ။ ခရစ်တော်ဘုရားရှင်က ခိုက်ရန်ပြုခြင်းကို ငြိမ်း စေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်း မူကား ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများ ဟု အခေါ်ခံရလ တ္တံ့။ ခိုက်ရန်ပြုခြင်းကို ရှောင်ကြဉ်ကြ ပါ။

ငြိမ်းချမ်းခြင်း ကို တည်ဆောက်ပါ။ ပြန်လည်သင့် မြတ်ရေးကို အား ထုတ်ကြပါလို့ မေတ္တာရပ် ခံလို ပါ တယ်။
မြန်မာနိုင်ငံထဲတွင်ပါဝင်သော ကရင်ပြည်နယ်တွင် မွေးဖွားကြသည်။ ကရင်ပြည်နယ်တွင် ကြီးပွားကာ ကရင်ပြည်နယ်အတွင်းမှာပင် ဘဝနိဂုံးချုပ်ရမည့် ကရင်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ ကျွန်တော် တို့ ဘဝနိဂုံးချုပ်သည့်နောက်ပိုင်း ကျွန်တော်တို့၏ ချမ်းသာကြွယ်ဝခြင်း ပါမသွားနိုင်ပဲ ကိုယ်ကျင့်တရား တစ်ခုသာ မလွဲမသွေပါသွားကြမည်ဖြစ်သည်။

ခရစ်တော်ဘုရားရှင်သွန်သင်ခဲ့သည်မှာ ကောင်းသော အကျင့်ကို ကျင့်သောသူ တို့သည် ကောင်းသောထွက် မြောက်ရာသို့လည်းကောင်း၊ ဆိုးယုတ်သော အကျင့် ကို ကျင့်သောသူသည် ထာဝရငရဲသို့လည်းကောင်း ထွက်ရကြလတ္တံ့။ လမ်းနှစ်လမ်း ရှိသည့်အနက် မည် သည့်လမ်းကို ရွေးကြ မည်နည်း။ နောက်ဆုံး အနေဖြင့် ပြောကြား လိုသည်မှာ အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ဘဲ အကောင်းကိုဆွဲကိုင်၍ အဆိုးကိုအနိုင်ယူကြပါ။

Credit - Saw Stylo

The Ladies News`
https://www.facebook.com/News.TheLadies


အမေရိကန် နဲ့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ဝင် နိုင်ငံ တွေ ကြား အတိုကောက် တီ တစ်ပ် T-TIP လို့ ခေါ်တဲ့ လွတ်လပ် ကုန်သွယ် ဇုံကြီး ဖော်ဆောင် မယ် ဆိုတဲ့ အစီအစဉ် အပေါ် ဂျာမနီ နိုင်ငံ ဟဲန်နိုဗာ မြို့မှာ လူ ၃ သောင်းကျော် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ့ အစီအစဉ် သာ အကောင်အထည် ပေါ် လာရင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ ဥရောပ စံနှုန်းစံထား တွေ ကျဆင်း သွား နိုင်သလို၊ လုပ်ခ လစာ တွေ၊ အလုပ် သမား အခွင့်အရေး တွေ လည်း လျော့ကျ သွား နိုင်တယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ပြောနေ ပါတယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်း ရှင် တွေ နဲ့ နိုင်ငံရေး သမားတွေ ကတော့ လွတ်လပ် ကုန်သွယ်ဇုံ ကြောင့် ကုန်သွယ်ရေး ပို အားကောင်း လာပြီး အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးတက် များပြား လာနိုင်တယ် လို့ ပြောဆို နေပါတယ်။

ဒီကနေ့ ဧပြီလ ၂၄ ရက် တနင်္ဂနွေ နေ့မှာ တော့ ဟဲန်နိုဗာ မြို့ မှာ ကုန်စည် ပြပွဲ အကြီး အကျယ် ပြုလုပ် ဖို့ ရှိနေတာ မှာ အမေရိကန် သမ္မတ အိုဘားမား တက်ရောက် ဖွင့်လှစ် ပေးဖို့ စီစဉ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

၁၈ မိုင် ကျော်ကျော် လေးပဲ ရောက်အောင် လေပေါ် မိနစ် အနည်းငယ်သာ ပျံသန်း နိုင်ခဲ့တဲ့ မအောင်မြင်တဲ့ စမ်းသပ် မှု ဖြစ်တယ် လို့ တောင်ကိုရီးယား စစ်ဘက် က ပြော။
မြောက်ကိုရီယား အနေနဲ့ ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် မပြုမူပါနဲ့ ဆိုပြီး အမေရိကန် က တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရက ရေငုပ် သင်္ဘောကနေ ဒုံးကျည် တစ်စင်း ပစ်လွှတ် ခဲ့တယ် လို့ ယူဆ ရတဲ့ နောက် အမေရိကန် ဘက်က အခုလို ပြောဆို လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ရဲ့ စမ်းသပ်မှုဟာ အရှေ့မြောက် ပိုင်းက ဆိပ်ကမ်း မြို့ ရှင်ပို ကနေ ၁၈ မိုင် ကျော်ကျော် လေးပဲ ရောက်အောင် လေပေါ် မိနစ် အနည်းငယ်သာ ပျံသန်း နိုင်ခဲ့တဲ့ မအောင်မြင်တဲ့ စမ်းသပ် မှု ဖြစ်တယ် လို့ တောင်ကိုရီးယား စစ်ဘက် က ပြောနေပါတယ်။

ဒါပေမယ့် အဲဒီလို စမ်းသပ် ပစ်ခတ် ခဲ့တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂ က ချမှတ် ထားတဲ့ ပိတ်ပင်မှု ကို ချိုးဖောက် တာပဲ လို့ အမေရိကန် အစိုးရ က ဆိုပါတယ်။

အခုလို ရေငုပ် သင်္ဘော ကနေ ဒုံးကျည် လှမ်း ပစ်တဲ့ စမ်းသပ် မှု မျိုး အကြိမ်ကြိမ် ပြုလုပ် ခဲ့နှင့်ပြီး ဖြစ်တယ် လို့ မြောက်ကိုရီးယား က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


အမေရိကန်ဘက်က နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို မလုပ်ဘဲ ဆိုင်းငံ့ထားမယ်ဆိုရင် မြောက်ကိုရီးယားကလည်း သူ့ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ရပ်ဆိုင်းပေးဖို့ အသင့်ပဲလို့  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက စနေနေ့ AP သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဒါဟာ အနောက်တိုင်းသတင်းဌာနတခုနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Su Yong ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းတခု ဖြစ်ပါတယ်။ သူ့နိုင်ငံကို ကာကွယ်ဖို့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ကြိုးစားနေရအောင် အမေရိကန်က လုပ်ဆောင်နေတာဆိုတဲ့ မြောက်ကိုရီးယားရဲ့ အရင်ကတည်းက ရပ်တည်ချက်ကို သူက ထပ်ပြီး ပြောကြားခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်နေမှုတွေ ရပ်ဆိုင်းပစ်မယ်ဆိုရင် မြောက်ကိုရီးယားဘက်ကလည်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေ ရပ်ဆိုင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

စနေနေ့က မြောက်ကိုရီးယားရဲ့ ရေအောက်ကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုဟာ အောင်မြင်မှု ရှိပုံမရဘူးလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ သူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်ပြီး ပစ်လွှတ်ခဲ့တာလို့ ပြောပါတယ်။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့လည်း မြောက်ကိုရီးယားအစိုးရ KCNA သတင်းမှာ ဖော်ပြပါတယ်။

ဒီစမ်းသပ်ပစ်လွှတ်မှုကို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက စနေနေ့က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက  မြောက်ကိုရီးယား စစ်တပ်ကို အနီးကပ် စောင့်ကြည့်နေသလို ကာကွယ်ဖို့ လုံးဝ အသင့်အနေထားကို ယူထားတယ်လို့လည်း  တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာလည်း မြောက်ကိုရီးယားဘက်က ပင်လယ်ပြင်ထဲကို ဒုံးကျည်တွေ တခြားလက်နက်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ မြောက်ကိုရီးယားကို ကျူးကျော် ဝင်ရောက်မှုတွေ လုပ်လာမှာအတွက် ကာကွယ်ဖို့ ကြိုတင်လေ့ကျင့်တာလို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပုသိမ်ကြီး ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် သစ်ချိုကုန်းကျေးရွာ၏ အနောက်ဘက် ရွှေလီနန်းပလတ် စတစ် စက်ရုံရှေ့ဝင်ပေါက်၌ ဧပြီ ၂၃ ရက် နံနက် ၉ နာရီမှစတင်၍ အလုပ် သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွင် အလုပ်သမားခေါင်းဆောင် မဇာဇာ စိုး အပါအဝင် အမျိုးသမီးအလုပ် သမား စုစုပေါင်း ၄ဝ ခန့် ပါဝင်ခဲ့ကြ သည်။

''အဓိကတောင်းဆိုမှုများမှာ (၁)လခစားရရှိရေး၊ (၂) လုပ်သက်ခွင့် ရရှိရေး၊ (၃) ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး'' အစရှိသည့် တောင်းဆိုမှု များပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြတောင်းဆိုကြ သည်။

 ဆန္ဒပြတောင်းဆိုသူ အလုပ် သမများသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ညှိနှိုင်း၍ ပြေလည်မှုရရှိ သည့်တိုင် တောင်းဆိုသွားမည်ဖြစ် ကြောင်း၊ မရရှိပါက ဆက်လက် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

အောင်ကျော်ထွန်း(ပုသိမ်ကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


နေပြည်တော် ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဧပြီ ၂၁ ရက်မှ ၂၂ ရက်ထိ မိုးသီးများကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် အုန်းတော-ညောင်ပင်ကြီး ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် အမှတ်(၁၂၈)၊ ရဲရွာ-ဘဲလင်း ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါ တိုင်အမှတ် (၇၉)၊ ကလော-ပင်းပက် ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၈၃)နှင့် စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ မုံရွာ၊ ဒီပဲယင်း၊ ရေဦး၊ ဇီးကုန်း၊ ခင်ဦး၊ ပြင်ဦးလွင်၊ မဘိမ်း၊ မိုးမိတ်မြို့များရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းများမှ ဓာတ်တိုင် ၈၂ တိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်းများမှ ဓာတ်တိုင် ၁၁၆ တိုင်၊ ၄ဝဝ ဗို့ ဓာတ် အားလိုင်းများမှ ဓာတ်တိုင် ၂၆ တိုင် နှင့် မြို့များရှိ ထရန်စဖော်မာအချို့ ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အုန်းတော- ညောင်ပင်ကြီး ဓာတ်အားလိုင်းမှ ဓာတ်အားပြတ်တောက်သွားသော ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး၊ မုံရွာနှင့် ချောင်းကူးဒေသများအတွက် ချောက်-ကျွန်းချောင်း-ညောင်ပင်ကြီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရဲရွာ-ဘဲလင်း ၂၃ဝ ကေဗွီ မဟာဓာတ် အားလိုင်းမှ ဓာတ်အားပြတ်တောက် သွားသော ကျောက်ဆည်ဒေသ အတွက် ရဲရွာ-သပြေဝ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းမှ လည်းကောင်း ဓာတ်အားအစားထိုးပို့လွှတ်ထားပြီး ဖြစ်သည်။

ပျက်စီးသွားသော မဟာဓာတ်အား လိုင်းများအား လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အုန်းတော/နမ့်စန်/ ချောက် မဟာဓာတ်အားလိုင်းများမှ ဝန်ထမ်း ၁ဝဝ ခန့်ဖြင့်လည်းကောင်း၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း များ၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်းများနှင့် မြို့များရှိ ထရန်စဖော်မာများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ ကြီးကြပ်မှုဖြင့်လည်းကောင်း ဓာတ်အား အမြန်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

မဟာဓာတ်အားလိုင်းများအား ကွန်ရက်စနစ်ဖြင့် တည်ဆောက်ထား ခြင်းကြောင့် တစ်ဖက်မှ ဓာတ်အား ပြတ်တောက်သွားပါက အခြား တစ်ဖက်မှ ဓာတ်အားပြန်လည်ပို့လွှတ် ခြင်းဖြင့် အများပြည်သူဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်ခြင်းမရှိ အောင် ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းစဉ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းစဉ်။

နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ အစိုးရရဲ့မူဝါဒနဲ့သတင်းတွေ ထုတ်ပြန်ပေးရုံတင် မဟုတ်ပဲနဲ့၊ အများပြည်သူရဲ့ တုန့်ပြန်သဘောထားတွေကိုလည်း အစိုးရနဲ့ သဘောထား မတူညီလည်း အခါအားလျော်စွာ ဖော်ပြနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ ကိုယ်တိုင်တွေ့ဆုံ မေးမြန်းထားတာ နားဆင်ကြည့်ပါ။

ဒေါ်ခင်စိုးဝင်း။ ။အခု အများပြောကြတာပေါ့နော်။ ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာ အခု ဒီမိုကရေစီ အစိုးရ တစ်ရပ် တက်လာရင် မရှိသင့်တော့ဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနဆိုတာ တကယ်တော့ စစ်အာဏာရှင် အစိုးရတွေပဲ ဖြစ်ဖြစ်၊ ဆိုရှယ်လစ် အစိုးရ တွေပဲ ဖြစ်ဖြစ်ပေါ့ အဲဒီ လက်ထက်မှာ ထားခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနပေါ့နော်။ အခုလိုမျိုး လူထုက ရွေးခြယ်လိုက်တဲ့ ပြည်သူ့ အစိုးရ တက်လာတဲ့ အခါမှာ ပြန်ကြားရေး ၀န်ကြီးဌာနကို ဆက်ပြီး ထားရှိဖို့ ဘယ်လို ရည်ရွယ်ချက်နဲ့ များ ဆက်ပြီးတော့ ဆုံးဖြတ်ချက် ချခဲ့တာလဲ။

ဒေါက်တာဖေမြင့်။ ။ဆုံးဖြတ်ချက် ချတာကတော့ ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် ထင်တာကတော့ ဆုံးဖြတ်ချက် ချတဲ့ ပုဂ္ဂိုလ်တွေက အခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကာလက အသွင်ကူးပြောင်းရေး ကာလ မှာပဲ ရှိနေသေးတယ်။ ဒီအချိန်ကာလမှာ အစိုးရတစ်ရပ်အတွက် သူ့ရဲ့ လုပ်ငန်းကိုင်ငန်းတွေကို အများပြည်သူတွေကို အသိပေးဖို့ အတွက်ကို ပြန်ကြားရေး ဌာနတစ်ရပ် လိုအပ်နေသေးတယ်လို့ယူဆတဲ့အတွက် ဆက်ထားတယ်လို့ပဲ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။အများပြည်သူ လူထု ၀န်ဆောင်မှု မီဒီယာဆိုပြီးတော့ ခေါ်တာ ရှိပါတယ်။ အဲဒီ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကိုရော ၀န်ကြီးအနေနဲ့ ဆက်ပြီး အကောင်အထည် ဖော်ဖို့ ရှိပါသလားရှင့်။

ဒေါက်တာဖေမြင့်။ ။ အရင်တုန်းကပြောတဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုတာက သူက ဥပဒေတွေ ဘာတွေ ပြဒါန်းပြီးတော့ ဘယ်လို ပုံစံ လုပ်မယ်ဆိုတာ အတိအကျတွေ ရှိတယ်။ တကယ်လက်တွေ့တော့ မလုပ်ဖြစ်ခဲ့သေးဘူးပေါ့။ အခုလည်း ဒီအစိုးရသစ်ရဲ့ မူဝါဒ သဘောထားက ပြည်သူကို မျက်နှာမူတယ်ဆိုတဲ့ သဘောထားပေါ့နော်။ စောစောက ပြောသလို အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို အများ သိအောင်လို့ ပြန်ကြားပေးဖို့ ပြောဆိုဖို့အတွက် ဒီဌာန လိုတယ် ဆိုတာကို ပြောခဲ့တယ်။ သို့သော် တချိန်တည်းမှာ ပြည်သူကို မျက်နှာမူတဲ့ သဘောကြောင့် ကျွန်တော်တို့သည် အစိုးရဘက် ကနေပြီးတော့ တဖက်သတ် သူ ပြောချင်တာတွေပဲ ပြောနေတယ်။ သူသိစေချင်တဲ့ အချက်အလက်တွေကိုပဲ ပေးတယ်။ သူ့မူဝါဒတွေကိုပဲ ဖြန့်ချီနေတယ် ဆိုတဲ့ သဘောမဟုတ်ပဲနဲ့ အများပြည်သူဘက်ကနေ ပြန်လှန်ပြောဆိုချင်တဲ့ ကိစ္စတွေ ဒီပြန်ကြားရေး ၀န်ကြီးဌာန အောက်မှာ ရှိတဲ့ မီဒီယာတွေက ဖော်ပြပေးမယ်ဆိုတဲ့ သဘောထား။ ဒါက ကျွန်တော်တို့ ပြည်သူကို မျက်နှာမူတယ်ဆိုတဲ့ သဘောထား။ နောက်တစ်ခုက ပြည်သူတွေ ကြားမှာရှိတဲ့ အသိအမြင် ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ပုဂ္ဂိုလ်တွေသည် အစိုးရနဲ့ သဘောထားတူချင်မှ တူမယ်။ မတူညီတဲ့ အယူအဆ အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ အယူအဆတွေ ပြောတာ၊ ဆိုတာ ဝေဖန်တာ၊ ထောက်ပြတာတွေရှိရင်လည်း ဖော်ပြပေးမယ်။ ဒီနည်းအားဖြင့် ကျွန်တော် တို့သည် နဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုတဲ့ ဟာမျိုးနဲက တစ်ထပ်တည်း မတူသည့်တိုင်အောင် ပြည်သူကို မျက်နှာမူတဲ့အနေအထားနဲ့ အဲဒီလို ပြောင်းလဲသွားဖို့ ရှိပါတယ် ခင်ဗျ။

ဒေါ်ခင်စိုးဝင်း။ ။ Broadcast Media Law က ပြီးခဲ့တဲ့ သြဂုတ်လကနေပြီးတော့ လွှတ်တော်တွေကနေ အတည်ပြု ပြဒါန်းပြီးပါပြီ။ ဒါပေမယ့် ဒီ နည်းဥပဒေတွေကတော့ မထွက်သေးဘူးပေါ့နော်။ အဲဒီတော့ နည်းဥပဒေတွေနဲ့ ပက်သက်တဲ့ အခြေအနေတွေပေါ့ ဆရာသိသလောက် ပြောပြပေးပါရှင့်။

ဒေါက်တာဖေမြင့်။ ။ အခု အစိုးရအဖွဲ့ ပြောင်းလဲတဲ့ အခါမှာ တစ်ချက်ကတော့ပေါ့နော်။ ဒီဝန်ကြီးဌာနတွေ ပြောင်းလဲမှုတွေလဲ ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါကျတော့ ဒီဥပဒေထဲမှာ ပြဒါန်းထားတဲ့ Broadcast Council လိုမျိုး ဖွဲ့စည်းပုံတွေ ဘာတွေ ကျတော့လည်း အနေအထားတွေ ပြောင်းလဲသွားတာရှိတယ်။ နောက်တစ်ခုက အဲဒီထဲမှာ ဖော်ပြထားတဲ့ အချို့အချက်အလက်တွေ နဲ့ ပက်သက်ပြီးတော့ ဝေဖန်ထောက်ပြတာတွေလည်း အများကြီးရှိတယ်။ ဆရာမတို့လည်း သိမှာပဲ။ ပိုင်ဆိုင်မှုနဲ့ ပက်သက်တဲ့အကြောင်း စသဖြင့်ပေါ့နော်။ အဲဒီ ဝေဖန်ထောက်ပြတာတွေလည်း ရှိတဲ့အခါကျတော့ ဒါတွေလည်းပဲ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ဖို့ လိုတယ်လို့ မြင်ကြတယ်။ ခြုံပြောလို့ရှိရင်တော့ ဒီဥပဒေက ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်ဖို့ လိုနေတယ်လို့ အများက မြင်နေတာပေါ့နော်။ မြင်တော့ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ သုံးသပ်တဲ့ ပြင်ဆင်တဲ့ ဆွေးနွေးဝိုင်းတစ်ခု၊ အရင်ဆုံးပြုလုပ်ရမယ်။ ပြုလုပ်ြပီးတဲ့ အခါမှ အဲဒီအပ်ါမှာ ရရှိလာတဲ့ အကြံပြုချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီဥပဒေမှာ ဘယ်လို အချက်အလက်တွေ ဘယ်လို ပြင်မယ်ဆိုတာ လုပ်ရလိမ့်မယ်။ လုပ်ကိုင်ပြီးတဲ့အခါမှ နည်းဥပဒေ ဆက်ပြီးတော့ ထွက်လာမယ်။ ထွက်လာပြီးရင် ဒီဥပဒေနဲ့ အညီ ကျင့်သုံးဆောင်ရွက်သွားဖို့ ရှိတယ်။ ဟေဘူယျအားဖြင့် ဒီလိုတော့ နားလည်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ဒီအစိုးရလက်ထက်မှာလည်း အားလုံးက မျှော်လင့်ထားတာက ပိုပြီးတော့လည်း ပွင့်လင်း မြင်သာမှု လည်း ရှိလာမယ်။ ပိုပြီးတော့လည်း သတင်းအချက်အလက်တွေကိုလည်း ထဲထဲဝင်ဝင်နဲ့ ပိုပြီးတော့ လက်လှမ်းမှီအောင် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်ထိတော့လည်း အစိုးရတက်တာလည်း သိပ်တော့ မကြာသေးပါဘူး။ အချို့ ၀န်ကြီးဌာနတွေကတော့ ရပါတယ်။ ပြောရေးဆိုခွင့် ၀န်ကြီးတွေ ကိုယ်တိုင်က လိုလိုလားလားပဲ လက်ခံပြီး ဖုန်းဖြေတဲ့ လူလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ခက်ခဲတဲ့ ၀န်ကြီးဌာနတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒါနဲ့ ပက်သက်လို့လည်း ပြောရေးဆိုခွင့်ရှိသူတွေ ထားပေးဖို့ အခြေအနေကော စဉ်းစားထားတာ ရှိပါသလားရှင့်။

ဒေါက်တာဖေမြင့်။ ။ ၀န်ကြီးဌာနတွေ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ သူတို့ကလည်း သူတို့တွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဟာတွေကို ပြောချင် ဆိုချင်စိတ် ရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဒါကြောင့်မို့လည်း အခု အင်တာဗျူးတွေကို လက်ခံပြီးတော့ ဖြေနေကြတယ်။ ဒါပေမယ့်လည်း ၀န်ကြီးဌာနတိုင်းမှာ ပြောရေးဆိုခွင့်ရှိသူတွေ စသည့်ဖြင့် ထားပြီးတော့ ပုံမှန် ပြောဆိုဆက်ဆံနိုင်ဖို့၊ တခါတရံ ၀န်ကြီးကိုယ်တိုင်ပြောဖို့ဆိုတာတွေကတော့ ဆက်ပြီးတော့ ညှိနှိုင်းပြီးဆောင်ရွက်ရ ဦးမယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီကြားထဲမှာ ကျွန်တော် ဆွေးနွေးဖူးတာ တစ်ခုကတော့ ပုံမှန် သတင်းစာရှင်းလင်းပွဲ လိုဟာမျိုးတွေ ဌာနတွေ အနေနဲ့ လုပ်ကြမယ်။ လုပ်မယ်ဆိုရင် ဘယ်မှာ ဘယ်လို လုပ်မလဲ ဆိုတာ တိုင်ပင်တော့ အကြမ်းဖျင်းအားဖြင့် နားလည်ကြတာတော့၊ ကျွန်တော်တို့ ပြန်ကြားရေး ၀န်ကြီးဌာနမှာပဲ သတင်းစာရှင်းလင်းပွဲ တစ်လတစ်ကြိမ်စသဖြင့် ပေါ့ လုပ်မယ်။လုပ်တဲ့အခါ အဲဒီအချိန်ကာလမှာ လူစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်ပေါ်နေတဲ့ ၀န်ကြီးဌာန နှစ်ခု သုံးခုကို ဖိတ်ခေါ်ပြီး၊ ၀န်ကြီးဖြစ်စေ၊ အတွင်းဝန်ဖြစ်စေ အဲဒီလို ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတွေ့ဆုံပြီး သတင်းသမားတွေ မေးသမျှကို ဖြေမယ့် အစီအစဉ်မျိုး လုပ်သင့်တယ်လို့ ကျွန်တော်က အကြံပေးတော့ ယေဘူယျအားဖြင့်တော့ လက်ခံထားတာရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။အခု အရမ်းနာမည်ကြီးခဲ့တာပေါ့လေ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ဖြစ်ခဲ့တာက ဒီ မီဒီယာကြီး တစ်ခုကနေပြီးတော့ လက်ဆောင် ပဏ္ဍာပေးတဲ့နေရာမှာ သတ်မှတ်ချက်ထက်ကျော်လွန်တဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ ပညာပေးကာလဖြစ်တဲ့အတွက်ကြောင့် အရေးမယူပဲ သတိပေးရုံလောက်ပဲလို့ ပြောပါတယ်။ အဲဒီတော့ အားလုံးက သိချင်နေကြတာက ပညာပေးကာလဆိုတာ အတိုင်းအတာက ဘယ်လောက် အထိ ရှိမလဲပေါ့။

ဒေါက်တာဖေမြင့်။ ။ စောစောက ပြောတဲ့ ပညာပေးကာလာတို့ ဘာတို့ ဆိုတာကတော့ ဆုံးဖြတ်ပြောဆို လုပ်ကိုင်တဲ့ အစိတ်အပိုင်းထဲမှာတော့ မပါဘူးပေါ့။ အဲတော့ အခုမှ စတင်လာတာဖြစ်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပေါ့နော်။ ဒါကို ထိထိရောက်ရောက်လုပ်မယ်ဆိုပြီးတော့ ပြောဆိုထားတာလည်း ရှိတယ်။ တကယ်စလုပ်မယ့် အချိန်မှာ ဒီလိုအကြောင်းအရာတစ်ခု ပေါ်ပေါက်လာတဲ့အခါကျတော့ ဒါကိုတော့ ထိထိရောက်ရောက်နဲ့ လုပ်မယ်၊ လုပ်တယ်ဆိုတဲ့ သဘောနဲ့ အများပြည်သူလဲ သိအောင်ပေါ့နော်။ နောက်ဒါမျိုးတွေ မလုပ်ကြပါနဲ့ ဆိုတဲ့ သဘောနဲ့ တားဆီးချင်တဲ့အတွက်ကြောင့် ဒီကိစ္စကြီးကို ဖော်ထုတ်ပြီးတော့ ပြောဆိုလိုက်တာလို့ ကျွန်တော်ကတော့ မြင်တယ်။

ဒေါ်ခင်စိုးဝင်း။ ။နိုင်ငံတကာမှာပေါ့နော်။ စာနယ်ဇင်း လွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်နဲ့ ပက်သက်ပြီး အဆင့်သတ်မှတ်တာ လွန်ခဲ့တဲ့ ရက်ပိုင်းလေးမှာတင်ပဲ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ အခုထက်ထိ ကောင်းလာတဲ့ အဆင့်မရှိသေးဘူးပေါ့။ ၁၄၀ ကျော်မှာပဲ ရှိနေသေးတယ် ဆိုပြီးတော့ ဖော်ပြထားတာရှိပါတယ် ဆရာ။ အဲဒါနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လောကပေါ့။ အခုဆိုလို့ရှိရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်ခွင်ရှိနေပါပြီ။ စာပေ လွတ်လပ်ခွင့်လဲ ရှိပါပြီ။ ဆင်ဆာလဲ မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့ နိုင်ငံတကာကနေပြီးတော့ စာပေလွတ်လပ်ခွင့် မရှိဘူးလို့ သတ်မှတ်တယ်လို့များ ဆရာ သုံးသပ်လို့ ရပါသလဲရှင့်။

ဒေါက်တာဖေမြင့်။ ။ ဒီကျွန်တော်တို့ တိုင်းပြည်မှာ ဒီ ဂဏန်းသဘောအရ ပြောရရင်တော့ သိုးကာ သီကာပေါ့။ အရင်တုန်းကနေတော့ ဟိုးအောက်ခြေမှာပဲ ရှိတာပေါ့၊ အောက်ခြေ အောက်ဆုံး ၁၀လောက်ထဲမှာပဲ ရှိတာပေါ့။အဲဒီလောက်ကနေပြီး ဒီအဆင့်လောက်ကို ခုန်တက်လာတာကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းက လုပ်ဆောင်ခဲ့တာတွေကြောင့်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အတားအဆီးတွေက ဘာတွေ ရှိနေသေးလဲ ဆိုတော့ သတင်းသမားတွေကို အရေးယူလို့ရတဲ့ တည်ဆဲ ဥပဒေတွေ ရှိနေသေးတယ်။ အချို့ တည်ဆဲ ဥပဒေတွေက အခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် တင်းကြပ်တယ်ပေါ့နော်။၊ ကြမ်းတမ်းနေသေးတဲ့ ဥပဒေတွေရှိတယ်။ ကျွန်တော်တို့ ပြောဆိုရေးသားခွင့်ကတော့ ရှိနေတယ်။ သို့သော် ပေးထားလိုက်ပြီးနောက်မှာ စောစောက ပြောတဲ့ ဥပဒေတွေနဲ့ လိုက်ပြီးတော့ အရေးယူတော့ ချုပ်လိုက်လို့ ရှိရင်၊ လွတ်လပ်ခွင့်က အကန့်အသတ်ဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးပေါ့နော်။ တရားဥပဒေ စိုးမိုးရေးမှာလဲ အဆင့်မြင့်တက်လာဖို့ လိုသေးတယ်။ တရားဥပဒေ စိုးမိုးရေး နဲ့ ဆက်စပ်နေတာကိုး။ တရားစီရင်ရေး အပိုင်းမှာလည်း သတင်းသမားရဲ့ လုပ်ငန်း သဘောကို ပိုပြီးတော့ နားလည်သိမြင်ပြီးတော့ သတင်းသမားရဲ့ အနေအထားလဲ စဉ်းသားပေးတတ်တဲ့ တရားစီရင်ရေးမျိုး ဖြစ်ဖို့ လိုသေးတယ်လို့ မြင်တယ်။ တချို့ ဥပဒေတွေက နိုင်ငံတကာ ဥပဒေတွေနဲ့ အတူတူလောက်ပဲ ဖြစ်နေတာလဲရှိတယ်။ သို့သော် ဒီဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုတာ သုံးစွဲတာ။ အဲဒီနေရာမှာ တရားသူကြီးတွေရဲ့ အလေ့အကျင့်ပေါ်မှာ၊ အစဉ်အလာ လုပ်ကိုင်ခဲ့တာတွေအပေါ်မှာ မူတည်ပြီး၊ တင်းကြပ်နေတာလဲ ရှိတယ်။ ဒါတွေလည်း လျော့ပါးသွားအောင် လုပ်ဖို့ တော့ လိုတယ်။ အဲဒါတွေ လျော့သွားရင်တော့ ကျွန်တော်တို့ နိုင်ငံတကာ စာရင်းထဲမှာ၊ စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်မှာ ဒီထက် ဒီထက် ပိုပြီး တက်လာလိမ့်မယ်လို့ ကျွန်တော်လဲ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါက်တာဖေမြင့်။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်ကလဲ ကျေးဇူး အထူးတင်ပါတယ် ခင်ဗျ။

ဒေါ်ခင်စိုးဝင်း
VOA

 တက္ကသိုလ် ဆရာ Karim Siddique
တက္ကသိုလ်တစ်ခုက အင်္ဂလိပ်စာ ဆရာတစ်ဦး ဘင်္ဂလားဒေ့ရှ်မှာ ဘာသာရေးအစွန်း ရောက်တွေရဲ့ ခေါင်းဖြတ်သတ်တာ ခံလိုက်ရပါတယ်။

အသက်၅၈နှစ်ရှိ ပါမောက္ခ Karim Siddique ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Rajshahi တက္ကသိုလ်က ဆရာတစ်ဦး ဖြစ်ပါတယ်။ တက္ကသိုလ်ကနေ အိမ်ကို ပြန်တဲ့လမ်းမှာ လူတစ်စုက ဓါးနဲ့ ခုတ်ပီး သတ်ဖြတ် ခံခဲ့ရတာပါ။

Karim Siddique ဟာ စာပေမဂ္ဂဇင်းတစ်ခုမှာအယ်ဒီတာလုပ်နေပီး၊ ဂီတကျောင်းတစ်ကျောင်း ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ဘာသာရေးကို ဆန့်ကျင်ပြောဆိုတာ ၊ ရေးသားတာမျိုး လူသိရှင်ကြားလုပ်ခဲ့တာ မရှိဘူးလို့ Karim Siddique ရဲ့လုပ်ဖေါ် ကိုင်ဖက် မိတ်ဆွေတစ်ဦးက ပြောထားပါတယ်။

အစ္စလာမ်ဘာသာကို ဝေဖန်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်ခံရတာတွေ ဘင်္ဂလားဒေ့ရှ်မှာဆက်တိုက် ဖြစ်ပေါ်နေပီး လွန်ခဲ့တဲ့နှစ်တုန်းကလည်း ဘလော့ဂ်ဂါလေးဦး ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မတရားအသင်းကြေညာခံထားရတဲ့ Jamayetul Mujahideen Bangladesh JMB အစ္စလာမ္မစ် အုပ်စုအားကောင်းခဲ့တဲ့ Bagmara အရပ်မှာ ကျောင်းတခုတည်ထောင်ခဲ့တယ် လို့ အဆင့်မြင့်ရဲအရာရှိတဦးက AFP သတင်းဌာနကိုပြောခဲ့ပါတယ်။

မနှစ်တုန်းက အီတလီလူမျိုး ကက်သလစ်ဘုန်းတော်ကြီးတပါးကိုသတ်ဖြတ်မှုနဲ့ JMB အဖွဲ့ဝင်တွေ အဖမ်းခံခဲ့ရပါသေးတယ်။ ဒီလဆန်းတုန်းကလည်း ဘာသာရေးကိုဆန့်ကျင်တဲ့အမြင်တွေကို အွန်လိုင်းတင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဥပဒေ ကျောင်းသားတဦး ၊ ဒါကာမြို့ပေါ်မှာ ဓါးနဲ့ခုတ်ပြီး သေနတ်နဲ့ပစ်သတ်တာ ခံခဲ့ရပါတယ်။

မနှစ်က အသတ်ခံရတဲ့ ဘလော့ဂါ လေးဦးစလုံးဟာ အစ္စလာမ္မစ် အုပ်စုတွေက ဘာသာမဲ့ဘလော့ဂါတွေဆိုပြီး ၂၀၁၃ခုနှစ်တုန်းက စာရင်းထုတ်ပြန်ထားတဲ့ ၈၄ ဦးထဲမှာ ပါပါတယ်။ လူနည်းစုဘာသာရေးအုပ်စုဝင်တွေ ဖြစ်တဲ့ ရှီယာ၊ ဆူဖီနဲ့ အာမာဒီ မူဆလင်တွေ၊ ဟိန္ဒူနဲ့ခရစ်ယာန်ဘာသာဝင်တွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဂျပန် လူမျိုးလူမှုကူညီရေးဝန်ထမ်းတဦးလည်း မနှစ်ကတိုက်ခံရပြီးသေဆုံး ခဲ့ပါသေးတယ်။ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့က အဲဒီတိုက်ခိုက်မှုအတော်များများ ကိုသူတို့လုပ်ခဲ့တာလို့ပြောပြီး ဒါကိုသီးခြားအတည် ပြုလို့တော့မရနိုင်ပါဘူး။

BBC Burmese
http://www.bbc.com/burmese


[youtube src="x8ayfyz3zWQ"/]
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်ဟာ စီးပွားရေးအသင်းအဖွဲ့တွေ၊ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဧပြီလ ၂၃ ရက်နေ့က စက်မှုလက်မှုကုန်သည်အသင်းချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
Kamayut Media

[youtube src="3zZSjDa8QIg"/]
ဗုဒ္ဓသာသနာတော်အကျိုးကို ထမ်းပိုးခဲ့တဲ့ အာဇာနည်တစ်ပါးရယ်လို့ ထင်ရှားကျော်ကြားသူ ရွှေတောင်ကုန်းဆရာတော် ဘဒ္ဒ န္တ ပဏ္ဍိတာဘိဝံသ မဟာထေရ်မြတ်ရဲ့ အန္တိမဈာပနကို ဧပြီ ၂၂ရက်နေ့က ပဲခူးဆယ်မိုင်ကုန်း ပဏ္ဍိတာရာမ တောစခန်းရိပ်သာမှာ ကျင်းပခဲ့ပါတယ်။
Kamayut Media


ဧပြီလ၂၂ ရက် မနေ့က မိုးသက်လေပြင်းကျလို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ အနည်းဆုံး လူ၁၀ ဦး ခန့် သေဆုံးပြီး ၂ယောက် ပျောက်ဆုံးနေပါတယ်။

ရှမ်းပြည်နယ်က တန်ခိုးကြီးဘုရားဖြစ်တဲ့ မွေတော်ကက္ကူ ပရိဝုဏ်အတွင်း စေတီတွေထဲက ၃ပုံ ၂ပုံလောက် ပျက်စီးသွားပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်ထဲမှာ ၂၂ ရက်နေ့ ညနေပိုင်းက ထန်းသီးလုံး ပမာဏလောက်ရှိတဲ့ မိုးသီးတွေနဲ့ လေပြင်းတိုက်ခိုက်လို့ ကျောက်ဆည် အရှေ့ ဘက် ၁၀ မိုင်ကျော် လောက်ဝေးတဲ့ ရေတံလျှောက်ရွာမှာ တရွာလုံးနီးပါးပျက်စီးသွားပြီး လူ ၆ယောက်သေပြီး အိမ်မွေး တိရိစ္ဆာန် ၁၀၀ လောက် သေဆုံးသွားတယ်လို့သိရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားဖို့အတွက် ကိုယ်တိုင်ကွင်းဆင်းကြည့်ခဲ့တဲ့ ကျောက်ဆည်ဒေသခံ ၈၈ငြိမ်းပွင့်အဖွဲ့ဝင် ဦးကိုကိုလွင်က တိရစ္ဆာန်တွေ အများအပြား နဲ့ အိမ်ခြေ အတော်များများ ပျက်စီးခဲ့ကြောင်း ပြောပါတယ်။

ကျောက်ဆည်နဲ့ စဉ့်ကိုင်ဘက် ပျက်စီးသလိုဘဲ အမရပူရ မြင်းခြံ ပြင်ဦးလွင်စတဲ့ မြို့နယ်တွေမှာလည်း နေအိမ်ခေါင်မိုးတွေ မိုးသီးမှန်ပေါက်ပြဲကုန်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်းမှာ လူ ၄ယောက်ထက် မနည်းသေဆုံးပြီး ပျက်စီး မှု အနေအထားကို ဧပြီလ ၂၃ ရက်နေ့မှာ လိုက်လံကြည့်နေတဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က ပြောပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ ကနီမြို့နယ် ရေစို ရွာမှာ ၂ယောက်၊ မုံရွာ့မြို့မှာ ၂ယောက် နဲ့ စစ်ကိုင်းမြို့နယ် ၂ယောက် သေဆုံးခဲ့ပြီး၊ ခင်ဦးမြို့နယ်မှာ မိုးသီး ထိမှန်လို့ ကလေးငယ် ၂၀လောက် ဒဏ်ရာရခဲ့ ကြောင်း သိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း မှာလည်း စစ်ကိုင်းတိုင်း နဲ့ အိန္ဒိယနယ်စပ် တမူးမြို့မှာ ကြက်ဥအရွယ်အစားလောက်ရှိတဲ့ မိုးသီးတွေကျလို့ ပျက်စီးခဲ့ တဲ့အကြောင်း တမူး လူငယ်ကွန်ယက်အဖွဲ့တာဝန်ခံ ကိုယဉ်ကိုဦး က ပြောပါတယ်။

စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမှာ ပျက်စီးတဲ့ စာရင်းအတိအကျကိုတော့ သက်ဆိုင်ရာက စစ်တမ်း ကောက်ယူမှုတွေ ပြုလုပ် နေပါတယ်။

ရှမ်းပြည်နယ် တောင်ကြီး ခရိုင်နဲ့ ပင်းတယဘက်တွေမှာလည်း အပျက်အစီး တွေများခဲ့ပြီး၊ မွေတော်ကက္ကူဘုရား တည်ရှိရာ ရှမ်းပြည်နယ် ကျောက်တစ်လုံးကြီး မြို့နယ်မှာဆိုလျှင် စေတီ ၂၅၀၀ နီးပါရှိတဲ့အနက် ၁၇၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ပါတယ်။

ဧပြီလ ၂၂ရက် ညနေက လေပြင်းနဲ့ မိုးသီးကြွေပြီး မိုးသည်းထန်စွာရွာတဲ့ ဖြစ်စဉ်ကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ် ရှမ်းပြည်နယ်တွေဟာ အများဆုံး ဒဏ်ခံခဲ့ရပါတယ်။

သေဆုံးပျက်စီး စာရင်းအတိအကျထုတ်ပြန်နိုင်ဖို့ သက်ဆိုင်ရာ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက် နေကြောင်း ပြောပါတယ်။

အခုကျတဲ့ မိုးသီး အရွယ်အစား နဲ့ ပမာဏမျိုး ဟာ အသက် ၆၀ ဝန်းကျင်လူကြီးတွေက သူတို့တသက် မှာ ပထမဆုံး မြင်ဘူး တာ ဖြစ်ကြောင်း ပြောနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ခရစ်ယာန် ဘာသာဝင်တွေက မေတ္တာ ရှေ့ထားပြီး ကန့်ကွက် ပန်ကြားထား

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတော ကျေးရွာမှာ ရှိတဲ့ အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲကို သက်ဆိုင်ရာ ခွင့်ပြုချက်မရှိပဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနရဲ့ အစီအစဉ်နဲ့ လူတစုက ဒီကနေ့ ဧပြီလ ၂၃ရက်နေ့မှာ အတင်း ဝင်ရောက်လာပြီး စေတီတဆူ ဝင်တည်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်လောက်တုန်းက အဲဒီ ခရစ်ယာန် ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာ သာသနာ့အလံကို လာစိုက်ထူခဲ့ပြီး ဒီကနေ့မှာတော့ ကျောင်းဝင်း ကွန်ကရစ်တိုင် သံဆူးကြိုးကို ဖျက်ပြီး အခုလို စေတီ လာဆောက်တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ဗုဒ္ဓဘာသာဝင် အများစုက မလိုလားကြပဲ ဘာသာရေး တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ပြည်ထဲရေးနဲ့ သာသနာရေး ဝန်ကြီး၊ ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ပဒို စောအာတိုးက ဘီဘီစီကို ပြောပါတယ်။

အရင်နှစ်တုန်းကလည်း မြိုင်ကြီးငူ ဆရာတော် ဦးသုဇနနဲ့ အဖွဲ့က ဘားအံမြို့နယ် မီးဇိုင်းရွာ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းမှာ ခွင့်ပြုချက်မရှိပဲ စေတီတဆူ တည်ခဲ့သလို ကရင်ပြည်နယ်တွင်းက တခြားနေရာမှာလည်း အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေးမြေမှာ စေတီ ဆောက်တာတွေ ရှိခဲ့ပါတယ်။

မီးဇိုင်းရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကိစ္စတုန်းက ကျောင်းဝင်းထဲ စေတီတည် ထီးတော် တင်ပြီးသွားတဲ့အတွက် ဘာမှ လုပ်လို့ မရခဲ့ကြောင်း၊ အခုဒီတခေါက်မှာတော့ ဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင် ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့အနေနဲ့ အစည်းအဝေး ခေါ်ယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားမယ်လို့ ပဒို စောအာတိုးက ပြောပါတယ်။

အခုလို ကရင်ပြည်နယ်တွင်းက တခြား ဘာသာဝင်တွေရဲ့ သာသနာ့မြေတွေမှာ ခွင့်ပြုချက် မရှိပဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနနဲ့ အဖွဲ့ စေတီတွေ တည်နေတာနဲ့ ပတ်သက်လို့ KNU အဖွဲ့အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့တွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့တွေကို စာရေးသား တင်ပြဖို့ ရှိပြီး DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ကိုလည်း အသိပေးမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ပြည်နယ်အစိုးရအဖွဲ့က ဒီကိစ္စအပေါ် ကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။

BBC Burmese

gov-army-620.jpg
အစိုးရတပ်မတော်သား တချို့ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA
မိုးမောက်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီးမှာ ကေအိုင်အို ဗဟိုလုံခြုံရေးတပ်နဲ့ အစိုးရတပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၂၂ရက် သောကြာနေ့ညနေ ၆ နာရီမှာ နမ့်ဆန်ယန်ရွာနဲ့ ဧရာဝတီမြစ်အကြားရှိ ကေအိုင်အို  တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ နဲ့ အစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တာလို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှုးကြီး နော်ဘူ က ပြောပါတယ်။
"နမ့်ဆန်ယန်ရဲ့အနောက်ဖက်ကျမှာပေါ့ ညနေပိုင်း ၅ နာရီကျော် ၆ နာရီလောက်မှာ ပြစ်တယ်လို့ ကြားရပါတယ်။ အခုတလောကတော့ ကန်ဒေါ်ယန်တို့ နမ့်ဆန်ယန်တို့ သူတို့ဖက်က စစ်ကြောင်းတွေ ထိုးထားတာရှိတယ်။ ဘယ်တပ်တွေလဲ မသိဘူး တာလောဖက်ကလဲ ထိုးထားတယ် ကန်ဒေါ်ယန်ဘက်ကလည်း ထိုးထားတယ်။ သဲသဲကွဲကွဲကတော့ မသိရသေးဘူး"
တိုက်ပွဲဖြစ်ပွားတဲ့ အသေးစိတ်အချက်အလက်တွေတော့ ခုထိ မသိရသေးဘူးလို့လဲ သိရပါတယ်။ ကေအိုင်အို ဒေသအတွင်း အခုတလော အစိုးရတပ်တွေများ လာတာကြောင့် နောက်ထပ် တိုက်ပွဲတွေ များလာမှာကို စိုးရိမ်တယ်လို့လဲ သူက ပြောပါတယ်။
အစိုးရသစ်တက်လာပီးနောက်ပိုင်း ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြားတိုက်ပွဲဖြစ်တာ ၄ ကြိမ်လောက်ရှိပါတယ်။  ကချင်ပြည်နယ် ဗန်းမော် မြစ်ကြီးနား ကြားနေရာတွေကို   အစိုးရတပ်က နယ်မြေစိုးမိုးရေးလုပ်မယ်ဆိုပြီး ဒေသတွင်းမှာ သတင်းတွေ ထွက်နေတယ် လို့လဲ သိရပါတယ်ခင်ဗျာ။
RFA

သက်ဆိုင်သူများထံ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ မြိုင်ကြီးငူဆရာတော် ဦးသုဇနက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ယနေ့ လူအင်အားအလုံးအရင်းနှင့် ဝင်ရောက်ကာ စေတီတော်တဆူ တည်ဆောက်နေသဖြင့် ဒေသခံများ စိုးရိမ် သောကဖြစ်ပွားနေသည်ဟု ဆိုသည်။

အဆိုပါစေတီကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဆရာတော်၏အစီအစဉ်ဖြင့် ရဟန်းနှင့် သာမဏေများ၊ နောက်ပါကပ္ပိယများက ယနေ့ စတင်တည်ဆောက်နေခြင်း ဖြစ်သည်။

ကွမ်းတောရွာသား စောတကွီးက "မြိုင်ကြီးငူဘုန်းကြီး လုပ်သလိုဘဲ ငြိမ်ခံနေရ တယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကလဲ ဝင်ရောက်တားမြစ် ပြောဆိုတာတွေ မရှိဘူး" ဟုဆိုသည်။

ဒီကေဘီအေအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တဦးက "ဘုရားလိုက်တည်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ကျနော် ဘုန်းကြီးကိုမေးတော့ ဘုန်းကြီးပြောတာက 'နင်တို့ ပြောတော့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကြားမှာ ငြိမ်းချမ်းရေးနဲ့ ရင်းနှီးမှု လို ချင်တယ် ဆိုတဲ့အတွက် ငါက နင်တို့ကို နီးစပ်အောင် လုပ်ပေးတာ' လို့ ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်လဲ ဘာမှမပြောချင်ဘူး" ဟု ကရင် အမျိုးသား မီဒီယာကို ပြောဆိုသည်။

ကွမ်းတောရွာတွင် ဘုရားတည်ဆောက်နေမှုနှင့်ပတ်သက်၍ မှန်ကန်ကြောင်း ကေအင်ယူ အရပ်ဘက်နှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ ကလည်း ပြောဆိုခဲ့သည်။

ကေအင်ယူ ပြည်ထဲရေးနှင့်သာသနာရေးဌာန ဝန်ကြီး ပဒိုစောအားတိုးက "ဘာသာပေါင်းစုံချစ်ကြည်ရေးကို တည်ဆောက်နေတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးက လုံးဝမဖြစ်သင့်ဘူး" ဟု ပြောဆိုသည်။

ဒေသခံအများစုက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဘုရားတည်သည့်ကိစ္စ ကို ကရင်ပြည်နယ်အစိုးရအနေဖြင့် ဝင်ရောက်ကူညီဖြေရှင်းပေး ရန် တောင်းဆို ကြောင်း သဘောထားပေးကြသည်။

မြိုင်ကြီးငူဆရာတော်နှင့်အဖွဲ့သည် ယမန်နှစ်ကလည်း ကရင်ပြည်နယ် ဘားအံ မြို့နယ် မီးဇိုင်းရွာ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် သက်ဆိုင်သူများထံ ခွင့်တောင်းခဲံခြင်းမရှိဘဲ စေတီတဆူနှင့် ကျောင်းဆောင်တခုကို တည်ဆောက်ခဲ့ သေးသည်။

ယခုကိစ္စသည် အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားခြင်းအတွက် ကရင်ပြည်နယ် အစိုးရအနေဖြင့် မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းပေးမည်ကို အများက အထူး စိတ်ဝင်စားနေကြသည်။

သတင်း - ကရင်အမျိုးသား မီဒီယာ

ရခိုင်တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာ။ (ဓါတ်ပုံ - Official Publication)
ရခိုင်တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာ။ (ဓါတ်ပုံ - Official Publication)

ရခိုင်ပြည်နယ်တွင်း မြန်မာတပ်မတော်နဲ့ ရခိုင်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်ဘက်က စစ်အင်အားတိုးချဲ့ပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတဲ့ အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အခက်အခဲများစွာ နဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်စစ်ဘေးသင့်ပြည်သူတွေကို ကူညီ ကယ်ဆယ် ပေးနေသူတွေ ကပြောပါတယ်။ NLD အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရဘက်က မြန်မာတပ်နဲ့ ရခိုင်တပ်ကြား စစ်ရေးတင်းမာမှုတွေကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးဖို့ကိုလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဘက်က တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော် AA တို့ ကြား နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ နှစ်ဘက် အကျဆုံးများခဲ့တဲ့ ရခိုင်တိုက်ပွဲအတွင်း နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရလို့ အဲ့ဒီ့နယ်မြေတွေမှာရှိတဲ့ ရခိုင်ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲ့ဒီ့စစ်ပြေးဒုက္ခသည်တွေ အတွက် နေရေး၊ စားရေး အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရခိုင်စစ်ပြေးဒုက္ခသည်တွေ အတွက် အရေးပေါ်လိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ လူမှုအသင်းအဖွဲ့တွေက ဝိုင်းဝန်းဆောင်ရွက်ပေးနေကြရတယ်လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် က ANP ပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းသာစိန်က VOA ကိုပြောပါတယ်။

" စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ မူလ နေရပ်ရင်းရွာတွေကို စွန့်လွှတ်ပြီးတော့ လာရတယ်ဆိုတော့ လောလောဆယ် သူတို့မှာ စားဝတ်နေရေး အခက်အခဲတွေရှိနေမယ်။ အဲ့တာကြောင့်မို့ ပြည်နယ်အစိုးရအနေနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းစေချင်တယ်။ ဘူးသီးတောင်မှာ စစ်ရှောင်ဒုက္ခသည် သုံးရာလောက်ရောက်နေတယ်။ လောလောဆယ် သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ စောင့်ရှောက်နေရတယ်။ ကျနော်တို့ ဘက်မှာလည်း အဲ့ဒီ့ဒုက္ခသည်တွေအတွက် ပြည်သူတွေကို ကျနော်တို့ ပြောပြနေရတယ်။ ဒီလူတွေကို ကူညီရမယ် ဒီလူတွေကို စောင့်ရှောက်ရမယ်။ ကျနော်တို့လည်း မနက်ဖြန်မှာ မြောက်ဦးမြို့နယ်မှာ ဒီစစ်ရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့အတွက် ၁နာရီမှာ နာရေးရုံးမှာ အရပ်ဖက်အဖွဲ့အစည်းတွေရော ပါတီတွေပါ ဖိတ်ခေါ်ထားတာရှိပါတယ်။"

ရခိုင်ဒေသတွင်း အခုလို စစ်ရေး တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် ဒေသခံပြည်သူတွေဘက်က စစ်မီးငြိမ်းဖို့ အရေး တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြဖို့ လိုလားနေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင်တပ်ကြား စစ်ရေး ပဋိပက္ခတွေပြေလည်ရေး NLD အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်ပေးစေလိုတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော်ကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်သစ်မိန့်ခွန်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထည့်သွင်း ချပြထားတာတွေ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို သူ့အနေနဲ့ ကြိုးပမ်းမယ်ဆိုတာကို ပြောထားတာ ရှိပါတယ်။ ဆိုတော့ အဲ့ဒီ့အနေအထား အော်ကမှာ ကျနော်မြင်တာ ကတော့ မြန်မာ့တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရနဲ့ ပြေပြေလည်လည်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ တုန်းကလည်း မြန်မာ့တပ်မတော်ဘက်က သူ့ကို ထိန်းချုပ်လို့မရဘူး သူစိတ်ကြိုက် လုပ်နေတယ်ဆိုတဲ့အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ အခုအစိုးရ လက်ထက်မှာလည်း ထိုနည်းတူစွာပဲ မြန်မာ့တပ်မတော်က ထိုးစစ်တွေက စဉ်ဆက်မပြတ် လုပ်နေတာကို တွေ့ရတယ် အဲ့တာကြောင့် ဒီလိုဖြစ်နေတဲ့ အနေအထားအောက်မှာ ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ခက်ပါလိမ့်မယ်။

အဲ့တာကြောင့် ကျနော်တို့မြင်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ NLD အစိုးရ အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ နောက်တခုကလည်းပဲ NLD အစိုးရဘက်က ငြိမ်းချမ်းရေးလမ်းစဉ်ကို ပွင့်ပွင့်လင်းလင်း အများပြည်သူကို ချပြပြီးမှ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတဲ့ နည်းနာကို သူ့အနေနဲ့ ရှာဖို့ လိုပါမယ်။ အခုကျတော့ NLD အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အနေအထား တွေကို တိတိပပ မသိရသေးဘူးလေ။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ ကျနော်တို့ဘက်က တိုက်တွန်းလိုပါတယ်။ အဲ့ဒီ့အတိုင်းဖြစ်စေဖို့ လိုလားပါတယ်။"

ရခိုင်၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေဘက်မှာ စစ်တပ်ဘက်က စစ်အင်အားတွေ ဖြည့်တင်းနေသလို စစ်ရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတဲ့အပေါ် စစ်ရေးပြဿနာတွေကို တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာ ဖြေရှင်းစေလိုတယ်လို့ ဦးထွန်းဇော်ကပြောပါတယ်။

စစ်ဘေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေး ကိုလည်း နှစ်ဖက်စစ်ပွဲတွေ ရပ်တဲ့နည်းလမ်းနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ်လို့လည်း UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တဲ့အခါမှာ အရပ်ဖက် ပြည်သူလူထုကို ပစ်မှတ်မထား ဖို့ အရေးကြီးတယ် အရပ်ဖက်ပြည်သူလူထုရဲ့ နစ်နာမှုတွေ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ဆိုရင် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Norms တွေ Standards တွေရှိပါတယ်။ အရပ်သားပြည်သူလူထုကို မထိခိုက်ရဘူးဆိုတဲ့ နည်းနာကို နှစ်ဖက်စလုံးကို အပြည့်အဝ လိုက်နာပြီးမှ ဆောင်ရွက်ကြမယ်ဆိုရင် နည်းနာတခုအနေနဲ့ ရှောင်ရှားနိုင်မယ်ပေါ့လေ။ နောက်တခုက အစိုးရဘက်က သဘောထားကြီးဖို့ အဓိက လိုပါတယ်။

ကျနော်မြင်တာကတော့ မြန်မာ့တပ်မတော်ဘက်က သဘောထားကြီးကြီးနဲ့ ဒါကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ အခုဖြစ်နေတဲ့ ဒေသရဲ့ စိုးရိမ်မှုတွေ မတည်ငြိမ်မှုတွေ ဒုက္ခသည် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ယုံကြည်ပါတယ်။"

ရခိုင့်တပ်မတော်AAဟာ မြန်မာအစိုးရနဲ့ NCAခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တခုလဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFCခေါ် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလတွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာ စစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရခိုင်တပ်တွေကို တပ်မတော် စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာမှာ ရခိုင် တပ်ဘက်က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဆိုတာကို မြေပုံနဲ့တကွ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မဆုမွန်
VOA