04/25/16



မိမိသူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြချက်


❖ ကျွန်တော့်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧပြီလ(၂၂) ရက်နေ့တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပါသည်။ သတင်းများအရ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအ၀င် ပါတီဝင်(၁၇)ဦး ပါဝင်ကြောင်း သိရပါသည်။

❖ ဤကိစ္စအတွက် အများပြည်သူ၏ ထင်မြင်ယူဆချက် သဘောထားအမြင် နှင့် မိမိခံစားမှုနီးစပ်မှုရှိပါသည်။

❖ မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်။

❖ ယခုအခါ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရ၍ မိမိ၏ နိုင်ငံရေးခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ထားပါသည်။

❖ သို့ရာတွင် မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအ၀င် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်။

❖ ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက် ပေးနိုင်ပါရန် ကြိုတင်အသိပေး တင်ပြအပ်ပါသည်။

ပြည်သူများနှင့်အတူ
သစ္စာဖြင့်
သူရဦးရွှေမန်း

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ သူရဦးရွှေမန်း၏ ပြောကြားမှု ကောက်နှုတ်ဖော်ပြချက်)

Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann/

 ဝမ်ဟိုင်း ဌာနချုပ် ရဲ့ လုံခြုံ ရေး အတွက် အရေးပါတဲ့ နေရာ တွေ ဖြစ်လို့ SSPP ဘက်က လိုက်လျော ဖို့ ခက်လိမ့်မယ်။
ရှမ်းပြည်နယ် တန့်ယန်း မြို့နယ် ထဲက ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA ရဲ့ စခန်း ၂ ခုကို ဖယ်ပေး ဖို့ အစိုးရ စစ်တပ်ဘက် က ထပ်မံ သတိပေး လာပြန်ပါတယ်။

ဧပြီလ ၂၂ ရက် နောက်ဆုံး ထား ရွှေ့ ဖို့ ရာဇသံ ပေး ထား တာကနေ SSPP ဘက်က လည်း ဖယ် မပေး နိုင်ဘူးလို့ တုံ့ပြန် ခဲ့တဲ့နောက် အခုတော့ ဧပြီ ၂၇ ရက် ထိ အစိုးရ စစ်တပ်ဘက်က အချိန် ပေးလာ ပါတယ်။

SSPP ဘက်က ဒီတစ်ခေါက် ဘယ်လို သဘောထားမျိုး ရှိသလဲ ဆိုတာ တော့ မသိရ သေးပါဘူး။

ဒါပေမယ့် စစ်တပ်က ဖယ်ရှား ခိုင်း နေတဲ့ နေရာတွေ ဟာ SSPP ဝမ်ဟိုင်း ဌာနချုပ် ရဲ့ လုံခြုံ ရေး အတွက် အရေးပါတဲ့ နေရာ တွေ ဖြစ်လို့ SSPP ဘက်က လိုက်လျော ဖို့ ခက်လိမ့်မယ် ဆိုပြီး ရှမ်းသံတော်ဆင့် သတင်းဌနရဲ့ အယ်ဒီတာချုပ် စိုင်းမင်းက သုံးသပ် ပါတယ်။

ဒါ့အပြင် SSPP တပ်စခန်း တွေ ရှိရာ တောင်ကုန်း တွေ ကနေ ဆိုရင် UWSA ဝတပ် ရဲ့ ဌာနချုပ် ပန်ဆန်း အထိ လက်နက်ကြီး နဲ့ အလှမ်းမှီ နိုင်တဲ့ မဟာဗျူဟာ မြောက် နေရာ ဖြစ်တဲ့ အတွက် လည်း အစိုးရ စစ်တပ်ဘက် ထိန်းချုပ် ချင်နေကြတာ ဆိုတဲ့ ဝေဖန် သုံးသပ်မှု တွေ လည်း ရှိ နေပါတယ်။

အစိုးရတပ်ဘက်က အခုလို ရာဇသံမျိုး ထုတ်ထားပေမယ့် လက်ရှိ အခြေအနေမှာတော့ နှစ်ဘက်တပ် တွေ ထူးထူးခြားခြား လှုပ်ရှား ပြင်ဆင် လာတာမျိုး မတွေ့ရဘူး လို့ စိုင်းမင်း က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ရာသီ ဥတု ဆိုးရွား ဖောက်ပြန် မှုကြောင့် အခုဆိုရင် သေဆုံးသူ ၁၀ ယောက် ကျော် သွားပြီ ဖြစ် သလို လူနေအိမ် ခြေ တွေ ရာပေါင်း များစွာ ပျက်စီး။
မြန်မာ နိုင်ငံ မှာ မကြုံစဖူး အရွယ်အစား ကြီးမားတဲ့ မိုးသီးကြွေတာ တွေ ၊ လေပြင်း ကျရောက် တာတွေ ၃ ရက် မြောက် အဖြစ် စစ်ကိုင်း တိုင်း ထဲမှာ တနင်္ဂနွေနေ့က ဆက်လက် ဖြစ်ခဲ့တာ မှာ ပင်လယ်ဘူး မြို့နယ် ထဲ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရပါတယ်။

ရာသီ ဥတု ဆိုးရွား ဖောက်ပြန် မှုကြောင့် အခုဆိုရင် သေဆုံးသူ ၁၀ ယောက် ကျော် သွားပြီ ဖြစ် သလို လူနေအိမ် ခြေ တွေ ရာပေါင်း များစွာ ပျက်စီးပြီး၊ ဆိတ်၊ နွား၊ ဝက် တွေ အပါအဝင် တိရိစ္ဆာန် တွေ လည်း ကောင်ရေ အမြောက်အများ သေကြေ ခဲ့ရပါတယ်။

သောကြာ နေ့ က ကျခဲ့တဲ့ မိုးသီး ဒဏ်ကြောင့် ရွာလုံးကျွတ် နီးပါး ပျက်စီး ခဲ့ရပြီး လူ အသေ အပျောက် တွေ ဖြစ်ပေါ် ခဲ့တဲ့ မန္တလေး တိုင်း၊ ကျောက်ဆည် မြို့နယ် ထဲက ရေသယောက် ကျေးရွာ မှာ တော့ ကလေးငယ် နှစ်ဦး ဆက်လက် ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ထိခိုက် ခဲ့ရတဲ့ ဒေသခံတွေ အတွက် ပျက်စီး ဆုံးရှုံး ခဲ့ရတဲ့ အိမ်ရာ တွေ အပါအဝင် လုပ်ကိုင် စားသောက် ဖို့ ကျွဲနွား တိရိစ္ဆာန် လည်း ထောက်ပံ့ ပေးဖို့ လိုအပ် တယ် လို့ ဒုက္ခသည် တွေ ကို ကူညီ ပေး နေတဲ့ အလင်းရောင် ပရဟိတ အဖွဲ့က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသ တွေမှာ အခု ရက် ပိုင်းတွေ အတွင်း မိုးသီးကြွေတာ၊ မိုးသက် လေပြင်း ကျတာ နဲ့ မိုးကြိုးပစ်တာ တွေ ဆက်လက် ဖြစ်ပေါ် နိုင်တယ်လို့ အစိုးရ မိုးလေဝသ ဌာန က သတိပေး ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဂျာမန်ဝန်ကြီးချုပ် နဲ့ သမ္မတအိုဘားမား
ဂျာမန်ဝန်ကြီးချုပ် နဲ့ သမ္မတအိုဘားမား

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂယ်လာ မာခဲလ်တို့ ဂျာမနီရဲ့ စက်မှုမြို့ Hannover မှာ တနင်္ဂနွေနေ့က တွေ့ဆုံပါတယ်။ ကမ္ဘာ့စီးပွားရေးကအစအတ္တလန္တိတ် တဖက်တချက်နိုင်ငံများ လုံခြုံရေးအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှု မြင့်မားလာနေတာအဆုံး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တချိန်က ဂျာမနီနန်းဆက် Royal House of Hannover ရဲ့ နွေရာသီစံအိမ်ဖြစ်ခဲ့တဲ့ ခမ်းနားထည်ဝါလှတဲ့ ရှလော့စ် ဟယ်ရင်းဟာဆင် (Schloss Herrenhausen)မှာ သမ္မတ အိုဘားမားကို ဂျာမနီဝန်ကြီးချုပ် မာခဲလ်က တရားဝင် ကြိုဆိုခဲ့ပါတယ်။ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့က နိုင်ငံ အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ် ရှိပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံအပြီးမှာတော့ သမ္မတ အိုဘားမားနဲ့ ဂျာမနီ ၀န်ကြီးချုပ် Merkel တို့ Hannover Messe ကုန်သွယ်ရေး ပြပွဲကြီးကို တရားဝင် ဖွင့်လှစ်ပေးမှာလည်း ဖြစ်ပါတယ်။

Hannover Messe ကတော့ စက်မှုနည်းပညာဆိုင်ရာ ကမ္ဘာ့ ဦးဆောင် ကုန်သွယ်ရေးပြပွဲကြီးအဖြစ် သတ်မှတ် ကြပါတယ်။ နိုင်ငံပေါင်း ၇၀ က ခင်းကျင်းပြသသူ ၆,၅၀၀ နဲ့ လာရောက်ကြည့်ရှုသူပေါင်း ၂၀၀,၀၀၀ လောက် ရှိမယ်လို့လည်း စီစဉ်သူတွေက ခန့်မှန်းထားကြပါတယ်။

အမေရိကန်နဲ့ ဂျာမနီ နှစ်နိုင်ငံကြား ကုန်သွယ်ရေးအပါအ၀င် ကိစ္စရပ်အများအပြားမှာ ပူးပေါင်းဆောင်ရွက်မှု အရေးပါတဲ့အကြောင်းကို အခုပွဲတော်က ပြသလိုက်တာ ဖြစ်တယ်လို့လည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
VOA

ရောမ၊ ဧပြီ၊ ၂၄ ။ ။ ပျော်ရွှင်မှုဆိုသည်မှာ ဒေါင်းလော့ဒ်ပြုလုပ်ပြီး အသင့်ရယူနိုင်သော မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းတစ်ခုမဟုတ်ဟု ပုပ်ရဟန်းမင်းကြီးဖရစ်စစ်က လူငယ်များကို သတိပေးပြောကြားလိုက်သည်။

တနင်္ဂနွေနေ့က ရောမမြို့တွင် လူငယ်ပေါင်း ၇၀၀၀၀ ခန့်နှင့်တွေ့ဆုံစဉ်တွင် ပုပ်ရဟန်းမင်းကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' လွပ်လပ်မှုဆိုတာ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတာချည်းပဲ အမြဲတမ်းမဟုတ်ပါဘူး။ တကယ်တော့ လွတ်လပ်မှုဆိုတာ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ခွင့်ရတဲ့ ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ် '' ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

'' ပျော်ရွှင်မှုကို ဈေးနှုန်းသတ်မှတ်လို့မရပါဘူး။ ရောင်းလို့၊ ၀ယ်လို့လည်းမရပါဘူး။ မိုဘိုင်းဖုန်းထဲကို ဒေါင်းလော့ဒ်လုပ် ရယူလို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုလည်း မဟုတ်ပါဘူး။ တကယ်တော့ နောက်ဆုံးပေါ်နည်းပညာတွေကတောင် မင်းတို့ကို အချစ်မှာ ရင့်ကျက်ပြီး လွတ်လပ်လာစေဖို့အတွက် အကူအညီမပေးနိုင်ပါဘူး '' ဟု ပုပ်ရဟန်းမင်းကြီးက လူငယ်များကို ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စနေနေ့ကလည်း လူငယ်အချို့၏ အပြစ်ဝန်ခံမှုများကို ကြားနာပေးခြင်း နှင့် သူ၏ ဗွီဒီယိုမက်ဆေ့ခ်ျကို ရော့ခ် နှင့် ရက်ပ် ဖျော်ဖြေပွဲတစ်ခုတွင် ထုတ်လွှင့်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သေးသည်။

ထိုကဲ့သို့ ဂီတဖျော်ဖြေပွဲတွင် ထုတ်လွှင့်ခဲ့သည့် သူ၏ဗွီဒီယိုမက်ဆေ့ခ်ျတွင်လည်း ပုပ်ရဟန်းမင်းကြီးက ယနေ့ခေတ်၏ မရှိမဖြစ်အသုံးအဆောင်ဖြစ်လာနေသော မိုဘိုင်းဖုန်းနှင့် ဥပမာပေးပြီး ဘာသာရေးဆုံးမစကားတစ်ခုပြောကြားခဲ့သေး သည်။

'' သခင်ယေရှု မရှိဘဲရှင်သန်နေတဲ့ဘ၀ဟာ ဘာဖုန်းလိုင်းမှမမိတဲ့ဘ၀မျိုး ဖြစ်နေပါလိမ့်မယ် '' ဟု ပုပ်ရဟန်းမင်းကြီးက သူ၏ iPhone ကိုလက်ကကိုင်ထားရင်းပြောခဲ့သည်ကို အဆိုပါဗွီဒီယိုမက်ဆေ့ခ်ျတွင် တွေ့မြင်ခဲ့ရသည်။
Mizzima - News in Burmese


ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် ကုမ္မဏီများကို ပိတ်သိမ်း ၊လျှော့ချမှုများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း သေချာသည့် အခြေအနေတွင်မရှိသေးကြောင်း ဖားကန့်ဒေသခံ ဦးလတောင်က ဧပြီ ၂၃ ရက်တွင် The Ladies သို့ပြောဆိုလိုက်သည်။

ဧပြီ ၂၁ ရက်က NLD လွှတ်တော်အမတ်များဖြစ်သည့် ဦးချို၊ ဦးတင်စိုးဦး၊ ဦးလစိုင်း တို့က ဖားကန့်ပြည်သူအချို့နှင့်တွေ့ဆုံခဲ့ပြီး အစိုးရသစ် အနေဖြင့် ကျောက်စိမ်းတူးဖော်မှုကို မုချ လျှော့ချတော့မည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် ဥပဒေ၊ ကြီးကြပ်ရေးအဖွဲ့၊ ကွင်းဆင်း စစ်ဆေးရေး စသည်တို့မှာ တက်ကျွမ်းသည့် ပညာရှင်များ ဒေသခံများအပြင် CSO အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်သည်ဟု ပြောဆိုခဲ့ကြသည်။

“ဒီအစိုးရရဲ့ တရားဝင်ထုတ်ပြန်လိုက်တဲ့ထုတ်ပြန်ချက်လား ဆိုတာ ကောင်းကောင်းမသဲကွဲဘူးဖြစ်နေတယ် ကျွန်တော်က ဒီမှာ ဦးချို တို့ကိုမေးကြည့်တဲ့အခါ သူတို့က ရှေ့ဆက်ပြီး လုပ်မှာပါဆိုတဲ့ အသံလောက်ပဲ ထွက်တယ်၊ ဒါပေမယ့် သတင်းတော့ ထွက်တာပေါ့ ဒီလနောက်ဆုံးထားပြီး ကုမ္မဏီတွေ လျှော့ပစ်မယ် ပြောသံတော့ကြားတယ် ဒါပေမယ့် မသေချာသေးဘူးလို့ပဲထင်ပါတယ်”ဟု ဦးချိုက ပြောသည်။

ကျောက်စိမ်းဈေးကွက်ကို ထိန်းချုပ်ရန်အတွက် တူးဖော်မှုကို ထိန်းချုပ်ခြင်း သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်နေပြီး အလွန်အကျွံတူးဖော်မှုကို ထိန်းချုပ်နိုင်လျှင် ရောင်းလိုအား အဆမတန်ဖြစ်တည်မှုကို ထိန်းညှိနိုင် မည်ဖြစ်ကြောင်း၊ ရောင်းလိုအားလျော့သွားသည်နှင့် ၀ယ်လိုအား ပိုမိုကောင်းမွန်လာပြီး ကျောက်ကောင်းများသာမက ပြည်တွင်း တွင် ပုံနေသည့် ခါးကျောက်၊အောက်ကျောက် များပါ ဈေးကွက်ပြန်ကောင်း လာမည်ဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။

ကျောက်စိမ်းတူးဖော်မှုကို ထိန်းချုပ် လျှော့ချခြင်းသည်သာ နိုင်ငံတော်နှင့် ပြည်သူ ပိုအကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်းမှ တစ်ဆင့် မြန်မာပြည်သူ သိန်းချီကို လူလတ်တန်းစားဘ၀သို့ တွန်းပို့နိုင်ကြောင်းလည်း ကျောက်စိမ်း လုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။

“တကယ်လို့ဒီအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် ပြည်သူများရဲ့ လိုလားချက်အရ ပိတ်သိမ်းတာတော့ ပိုကောင်းတယ် အခြေအနေပေးလာတဲ့ တစ်နေ့ကျရင်ပြန်ဖွင့်ပေါ့ အဲ့လိုလုပ်တာပိုကောင်းတယ်လို့မြင်ပါတယ်”ဟု ဦးချိုက ၎င်း၏အမြင်ကိုပြောသည်။

ကျောက်စိမ်းတူးဖော်မှုထိန်းချုပ်လျှော့ချခြင်းသည်သာ ဆယ်နှစ်အတွင်း ရှိသမျှ ကျောက်စိမ်းမှော်အကုန် ကုန်မည့် ဘေးမှ ကာကွယ်နိုင် မည်ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအထိ ပြည်သူများကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဖားကန့်ဒေသတွင် ကုမ္မဏီများ ၏ ကျောက်စိမ်း တူးဖော်မှုများကြောင့် တောင်တစ်တောင်သည် တစ်ရာသီနှင့် အပျောက် ဖြစ်ခဲ့ရပြီး ကျောက်စိမ်းထွက်သည့် ဧရိယာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း သည်လည်း နိုင်ငံတော်က မသိနိုင်သည့် ကုမ္မဏီများကြောင့် ကုန်သွားပြီဖြစ်ကြောင်း ၊ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ငွေပင်ငွေရင်းသည် ဘယ်ကမှန်း မသိသော်လည်း တိုင်းရင်းသားပြည်သူများ အနေဖြင့် မယှဉ်နိုင်လောက်အောင်များပြားခြင်းကြောင့် ထိန်းချုပ်လျှော့ချမှုကို မဆိုင်းမတွဆောင်ရွက်သင့်ကြောင်းလည်း ဖားကန့်ဒေသခံများက ပြောဆိုကြသည်။

KHTun

ဓါတ်ပုံ - Jan Khone
The Ladies News
https://www.facebook.com/News.TheLadies


နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ သူ့ရဲ့ ကမ္ဘာတလွှား ခရီစဉ်အတွင်း အစွန့်စားရဆုံး ပျံသန်းမှုဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကို ၅၆ နာရီ အောင်အောင်မြင်မြင် ဖြတ်သန်း ပျံသန်းပြီးနောက် အမေရိကန်ပြည်ထောင်စု ပစိဖိတ်ကမ်းရိုးတန်း ကာလီဖိုးနီးယားပြည်နယ်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းတာမှာ အရေးပေါ် ဆင်းသက်နိုင်တဲ့နေရာ မရှိတာကြောင့် အန္တရာယ်ရှိတဲ့ ပျံသန်းမှုဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 ဟာ စနေနေ့ည သန်းခေါင်မတိုင်မီလေး ကာလီဖိုးနီးယားပြည်နယ် Silicon Valley က Moffett Airfield လေဆိပ်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ စနေနေ့ အစောပိုင်းမှာတော့ စောင့်ကြည့်သူတွေ မြင်ရဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့က Golden Gate တံတားပေါ်မှာ ပျံသန်းပြခဲ့တာပါ။ ဒါပေမယ့် လေတိုက်နှုန်း လျော့နည်းသွားတဲ့ ညအချိန် မတိုင်ခင်အထိ လေထဲမှာ ပျံဝဲနေခဲ့ပါတယ်။ Silicon Valley မှာ ခရီးတထောက် ဆင်းသက်ရတာက ကမ္ဘာတပတ် ခရီးစဉ်ကို ဆက်ဖို့အတွက် အထောက်အပံ့ ဖြစ်စေ တယ်လို့ လေယာဉ်မှူး Bertrand Piccard က ပြောပါတယ်။

လေယာဉ်ဟာ တနာရီကို ၄၅ ကီလိုမီတာနှုန်း အတော်လေး နှေးကွေးတဲ့နှုန်းနဲ့ ပျံသန်းနေပြီး နေရောင်ခြည် အားကောင်းတဲ့အခါမှာတော့ အမြန်နှုန်းကို နှစ်ဆလောက် မြှင့်ပြီး ပျံသန်းပါတယ်။ Solar Impulse 2 လေယာဉ်ဟာ အမေရိကန်ပြည်ထောင်စုတ၀န်းကိုဖြတ်ပြီး နယူးယောက်ပြည်နယ်ကို ပျံသန်းမှာဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဥရောပ ဒါမှမဟုတ် မြောက်အာဖရိကကိုဦးတည်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး တော့ ၂၀၁၅ ခုနှစ် မတ်လမှာ ခရီးစဉ်စတင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု Abu Dhabi မြို့တော်ကို ပြန်သွားမှာပါ။

နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 ရဲ့ ကမ္ဘာတပတ် ပျံသန်းမှုခရီးစဉ်အတွင်း မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၂၀၁၅ ခုနှစ် မတ်လ တတိယပတ်အတွင်း ခရီးတထောက် ရပ်နားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ယခု ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက်တွင် လိုငွေ ကျပ် သုံးထရီလီယံ ရှိနေပြီး ပြီးခဲ့သည့် လွှတ်တော်သက်တမ်း အတွင်း ရေးဆွဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လွှတ်တော်သည် ဘဏ္ဍာနှစ် ကုန်ဆုံးချိန် နီးကပ်လာသည့် မတ် (သို့) ဧပြီတွင် ဘတ်ဂျက် ဥပဒေကြမ်း တင်သွင်းကာ ဆွေးနွေးမှုများ ပြုလုပ်ပြီး အတည်ပြုလေ့ရှိသည်။ အစိုးရသစ်အတွက် ဘတ်ဂျက်ကို သက်တမ်းကုန်ဆုံးတော့မည့် လွှတ်တော်ဟောင်းက ဆောစီးစွာ အတည်ပြုပြီး အသင့်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူများက အစိုးရသစ်၏ လှုပ်ရှားမှုကို ကန့်သတ်ခဲ့ခြင်းဟု ဆိုနိုင်သည်။

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင်များသည် အစိုးရဘတ်ဂျက်ကို သင်္ကြန်အားလပ်ရက်တွင် အသေးစိတ် လေ့လာသုံးသပ်ကာ ပြုပြင်ရန် အကြံပြုချက်များကို လွှတ်တော်သို့ တင်သွင်းမည်ဟု ပြောကြားသည်။ သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြင်ဆင်ရန် (သို့) ပယ်ဖျက်ရန် လိုအပ်သည်ဟု ကော်မရှင်က အကြံပြုထားသည့် ဥပဒေ ၁၄၂ ခုတွင် ဘတ်ဂျက်နှင့် အမျိုးသား စီမံကိန်း ဥပဒေများလည်း ပါဝင်သည်။

အချို့ဥပဒေများမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေးဆွဲပြပဋ္ဌာန်းထားသော်လည်း လက်တွေ့အသက်ဝင်ရန် နည်းဥပဒေများ ရေးဆွဲခြင်း၊ အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းတို့ မရှိဘဲ အချို့ဥပဒေများမှာ လက်ရှိအခြေအနေများနှင့် သင့်လျော်မှု မရှိတော့ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဘတ်ဂျက်လိုငွေများပြားခြင်းက အိမ်ခြံမြေဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို မြင့်မားစေသဖြင့် NLD အစိုးရအနေဖြင့် ထိုပြသ၁နာကို ဖြေရှင်းရန် လိုအပ်လျက်ရှိသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

အိမ် ခေါင်မိုး သွပ်ပြားတွေ ပေါက်တဲ့ အထိ မိုးသီးတွေ ကျခဲ့

မြန်မာနိုင်ငံ တဝှမ်း ခုရက်ပိုင်း မှာ မိုးသီးတွေ အကြီးအကျယ် ကြွေကျ နေပါတယ်။

စစ်ကိုင်းတိုင်း က မြို့နယ် အချို့မှာ လည်း ဧပြီ ၂၄ ရက် မနက်ပိုင်းက အိမ် ခေါင်မိုး သွပ်ပြားတွေ ပေါက်တဲ့ အထိ မိုးသီးတွေ ကျခဲ့ပါတယ် ။

အရင်နေ့က စစ်ကိုင်းတိုင်း မှာ ကျဆင်းခဲ့တဲ့ မိုးသီးတွေထက် အရွယ်အစား ကြီးလာပြီး ၂၄ ရက် မနက်က စစ်ကိုင်းတိုင်း ပင်လယ်ဘူး မြို့နယ် မှာ မိုးသီး ကြွေကျလို့ အနည်းဆုံး လူတယောက် သေဆုံး ခဲ့ရပါတယ် ။

သေဆုံးသူ က စစ်ကိုင်းတိုင်း ပင်လယ်ဘူး မြို့ နယ် ဆားတောင်ပုံ ရွာ မှာ နေထိုင်သူ ဒေါ်စန်းတင့် ဖြစ်ပါတယ် ။

သူ ဖက်ခူးနေစဉ် လေပြင်းကျပြီး သစ်ကိုင်းပိ သေဆုံး ခဲ့ရတာပါ ။

ဧပြီလ ၂၂ ရက် ကစပြီး ၂ ရက် အတွင်း မိုးသက် လေပြင်းကျ လို့ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း မှာ အနည်းဆုံး လူ ၁ဝ ဦး ခန့် သေဆုံး ပြီး အိမ်မွေး တိရစ္ဆာန် တွေလည်း သေဆုံး ခဲ့ပါတယ် ။

၂၃ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း ရေဦး မြို့နယ်မှာ မိုးသီး တွေကျပြီး လေပြင်းတိုက်လို့ လူတွေ အပြင်မှာ မိုးအုံ့လာရင် ထွက်သူ မရှိသလောက် ဖြစ်နေ ပါတယ် ။

ရှမ်းပြည်နယ် က တန်ခိုးကြီး ဘုရား တဆူ ဖြစ်တဲ့ မွေတော် ကက္ကူ ပရိဝုဏ် အတွင်း စေတီ တွေထဲက ၃ ပုံ ၂ ပုံ လောက် ပျက်စီး သွားခဲ့ပါတယ် ။

ဒီရက်ပိုင်းအတွင်း မိုးတိမ် တောင်တွေ ကြောင့် မိုးသီးကြွေတာ လေပြင်းတိုက်တာ တွေ ရှိနိုင်ပြီး မြန်မာနိုင်ငံ လူတွေ ဧပြီလနဲ့ မေလ အတွင်း သတိပြုရန် လိုအပ် တယ်လို့ မိုးဇလဗေဒ ပညာရှင်တွေ က ပြောထား ပါတယ် ။

BBC Burmese


တရားနည်းလမ်းနဲ့ ဆုံးဖြတ် ခဲ့တာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး အသင်း ပါတီ ဗဟို အလုပ် အမှုဆောင် ဟောင်း ဦးဇော်မြင့်ဖေ က ပြော
သမ္မတဟောင်း ဦးသိန်းစိန် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တာဝန် ပြန်ယူပြီးနောက် ဧပြီလ ၂၃ ရက်နေ့က အဆင့်မြင့် အရာရှိ ၁၇ ယောက်ကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးပါတီ လူကြီး အချို့ကို ပါတီဝင် အဖြစ်က ထုတ်ပယ် လိုက်တဲ့စာကို သက်ဆိုင်ရာ ပါတီဝင်အချို့ လက်ခံ ရရှိခဲ့ပါပြီ။

အထုတ်ပယ်ခံရသူ အများစုဟာ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အခုလို ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ တရားနည်းလမ်းနဲ့ ဆုံးဖြတ် ခဲ့တာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေး အသင်း ပါတီ ဗဟို အလုပ် အမှုဆောင် ဟောင်း ဦးဇော်မြင့်ဖေ က ပြောပါတယ်။

ပါတီဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲ ထိပ်ပိုင်း ခေါင်းဆောင် အချို့က ဆုံးဖြတ်ပြီး အနားပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရားမဝင် လုပ်ဆောင် ခဲ့တဲ့ အတွက် လက်ရှိ ကြံ့ခိုင်ရေး ပါတီဟာ ချောက်ထဲကို ကျနေပြီ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ပြည်သူ လက်မခံတဲ့ အတွက် ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့် ခဲ့ပြီး ပြည်သူကို အလုပ်အကျွေး ပြုဖို့ မစဉ်းစားပဲ ပါတီတွင်း အာဏာလုပွဲကို ဆင်နွှဲနေကြပြီး အတ္တကြီးသူတွေလွှမ်းမိုးလို့ ဖြစ်တာလို့ ဆိုပါတယ်။

ပါတီဝင်အားလုံးက အခု ကိစ္စကို အလေးအနက်ထား စဉ်းစားပြီး ဝိုင်းဝန်း စောင့်ရှောက်ကြဖို့ကိုလည်း သူက တိုက်တွန်း ခဲ့ပါတယ်။

ဉီးဇော်ဖေမြင့်က သူ့ကိုယ် အကြောင်းကြားလာတဲ့ စာထဲမှာ ဘာကြောင့် အနားပေးခဲ့တယ် ဆိုတာကို ဖော်ပြထားခြင်း မရှိဘူးလို့ ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီဟာ လူတစ်ဉီး တစ်ယောက်ရဲ့ ပါတီ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ က ပိုင်တဲ့ ပါတီ ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင် အချို့က လုပ်ချင်တိုင်း လုပ်နေတာ ဖြစ်ကြောင်း ပါတီတွင်း ကိစ္စထက် ကျော်လွန်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
BBC Burmese

 yangon-airport-620.jpg ရန်ကုန်လေဆိပ်အတွင်းက ပြည်တွင်းထွက်ခွာတဲ့ နေရာကိုတွေ့ရစဉ်
Photo: RFA

ရန်ကုန်လေဆိပ် လေယာဉ်ဆီဌာနမှာ အခြေခံလုပ်ခလစာ နည်းလို့ဆိုပြီး မနေ့က အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်း ၇ဝ ကျော်နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ ဆန္ဒပြဝန်ထမ်းတွေ က ပြောပါတယ်။

အခြေခံလုပ်ခလစာကိစ္စ ညှိနှိုင်းမှုမပြေလည်တာကြောင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လေယာဉ်ဆီဌာနက ၀န်ထမ်းတစ်ဦးက ပြော ပါတယ်။

ဝန်ထမ်းတွေက အခြေခံလစာကို တစ်လကျပ် ၃ သိန်းကျော်ကနေ ၅ သိန်းအကြားပေးဖို့ တောင်းဆိုကြ တာဖြစ်ပါတယ်။

ဆန္ဒပြဝန်ထမ်းတွေဟာ အရင်ကစွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လေယာဉ် ဆီဌာနမှာ လုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။

မြန်မာ့လေဆိပ် လေယာဉ်ဆီဌာနကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး စွမ်းအင်ဝန်ကြီးဌာက ၅၁ ရာခိုင်နှုန်းနဲ့ NEPAS (National Energy Puma Aviation Service) ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဆိုပြီး အကျိုးတူပူးပေါင်း လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပူးပေါင်းလုပ်ကိုင်ရာမှာ လေယာဉ်ဆီဌာနက ဝန်ထမ်းတွေကို ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လွှဲပြောင်းထားတဲ့ ဝန်ထမ်းတွေကို ၆ လပြည့်တဲ့နေ့မှာ ဝန်ထမ်းတွေ တောင်းဆိုတဲ့ အခြေခံလစာခံစားခွင့် ရှိအောင် ညှိနှိုင်းပေးဖို့ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ကုမ္ပဏီဝန်ထမ်းတွေအဖြစ် လွှဲပြောင်းစဉ်က ကုမ္ပဏီဖက်က ကတိပေးထားပေမယ့် လိုက်နာမှုမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
RFA

မြန်မာ နိုင်ငံအတွင်း ငယ်ရွယ်သူ လူဦးရေ များပြားသော်လည်း လုပ်ခလစာနှင့် ပို့ကုန်ဝင်ငွေမှာ အာရှတွင် အနိမ့်ဆုံး နိုင်ငံတစ်ခု ဖြစ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ လူစွမ်းအား ဖွံ့ဖြိုးမှု ညွှန်းကိမ်းမှာ နိုင်ငံ ၁၈၅ နိုင်ငံ အနက် အဆင့် ၁၅၀ တွင် ရှိနေသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ လူ့စွမ်းအား ဖွံ့ဖြိုးမှု အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေမှာလည်း တစ်နှစ်လျှင် ၁၇၁၁ ဒေါ်လာသာရှိပြီး အရှေ့တောင် အာရှတွင် ဒုတိယအနိမ့်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ၈.၅ ရာခိုင်နှုန်း နီးပါး တိုးတက်ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၈.၁ ဘီလီယံ အထိ စံချိန်တင် မြင့်တက်ခဲ့သော်လည်း နိုင်ငံ၏ သယံဇာတများမှာ ခြစားနေ သည့် အရာရှိများနှင့် စစ်တပ်ကျောထောက်နောက်ခံ ခရိုနီများ၏ ထိန်းချုပ်မှု ခံနေရသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးကို သာမန်ပြည်သူများ ခံစားရခြင်းမရှိဟု အများက မှတ်ယူထားသည်။

ထင်ရှားသည့် စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်မောင်သန်းကမူ သမ္မတသစ် လက်ထက် မြန်မာ့စီးပွားရေး အလားအလာအပေါ် အကောင်းမြင်ထားသည်။ ယင်းက “ဦးသိန်းစိန်ရဲ့ ငါးနှစ်သက်တမ်းမှာ မအောင်မြင်ခဲ့တာတွေကို ဦးထင်ကျော်လက်ထက်မှာ အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် စီးပွားရေး အစီအစဉ်များ ချမှတ်ခဲ့ပြီး ဗဟိုဘဏ်အား အစိုးရထိန်းချုပ်မှု လျှော့ချရန်၊ အစိုးရပိုင် လုပ်ငန်းများ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရန်နှင့် နိုင်ငံခြား ငွေလဲနှုန်းတည်ငြိမ်ရန် စသည်တို့ ပါဝင်သည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရသစ်၏ ဦးစားပေး အစီအစဉ်တစ်ခု ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားသည်။

ဦးတင်မောင်သန်းက “အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ဒါကြောင့် မကြာခင်မှာ ဈေးကွက်က ပိုမိုပွင့်လင်းလာမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.