05/01/16

အန္တရာယ် ကင်းစင် နယ်မြေ အဖြစ် သတ်မှတ် ထားတဲ့ Green Zone ထဲမှာ တည်ရှိတဲ့ အီရတ် ပါလီမန် အဆောက်အဦ ထဲထိ ရောက်အောင် ဆန္ဒပြ သမားတွေ ဝင်ရောက် နိုင် ခဲ့တာ ဖြစ်ပါတယ်။
အီရတ် ပါလီမန် ထဲကို စနေနေ့က ဝင်ရောက် စီးနင်းပြီး လုံခြုံရေး ဝန်ထမ်းတွေနဲ့ အမတ်တွေကို တိုက်ခိုက် ခဲ့ကြတဲ့ ဆန္ဒပြသမားတွေကို ဖမ်းဆီးဖို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အမိန့် ထုတ်လိုက်ပါတယ်။

အခုအချိန် ထိအောင် ပါလီမန် အဆောက်ဦ ရှေ့မှာ ရာဂဏာန်း တချို့ ရှိတဲ့ ဆန္ဒပြသမားတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။

ဘဂ္ဂဒက် မြို့လယ်မှာ လုံခြုံရေး အထူထပ်ဆုံး အန္တရာယ် ကင်းစင် နယ်မြေ အဖြစ် သတ်မှတ် ထားတဲ့ Green Zone (အစိမ်းရောင်ဇုံ) ထဲမှာ တည်ရှိတဲ့ အီရတ် ပါလီမန် အဆောက်အဦ ထဲထိ ရောက်အောင် ဆန္ဒပြ သမားတွေ ဝင်ရောက် နိုင် ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသမား အများစုဟာ ရှေးရိုးစွဲ ရှီအာ ဘာသာရေး ခေါင်းဆောင် မွတ်ခ်တာဒါ အယ်လ် ဆားဒါး ကို ကြည်ညို ကြသူတွေ ဖြစ်ပြီး၊ အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ရေး အတွက် လိုအပ်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွေကို အီရတ် ပါလီမန်က အတည်ပြုပေးဖို့ရာ ပျက်ကွက်လို့ ဆိုပြီး ဆန္ဒပြ သမားတွေက ဒေါသထွက် နေကြတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ၊ အီရတ် တောင်ပိုင်းမြို့ ဆမားဝါး မှာ ကားဗုံး နှစ်လုံး ခွဲ တိုက်ခိုက် ခံလိုက် ရလို့၊ အနည်းဆုံး လူ ၁၄ ဦး သေဆုံး သွား ပါတယ်။

တစ်လုံးက ပြည်နယ် အစိုးရ အဆောက်အဦကို ပစ်မှတ် ထား ခွဲခဲ့တာ ဖြစ်ပြီး၊ နောက်တစ်လုံး ပေါက်ကွဲ ခဲ့တာ ကတော့ အနီးက ဘတ်စ်ကား ဂိတ်မှာ ဖြစ်ပါတယ်။

ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာကတော့ မသိရ သေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

အစ္စတန်ဘူ မှာ မေဒေးနေ့ချီတက် ပွဲ တစ်ခုကိုသာ အာဏာပိုင် တွေက ခွင့်ပြု။
တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ရဲ့ နာမည်ကျော် တာ့ခ်ဆီးမ် ရင်ပြင်မှာ မေဒေးနေ့ ချီတက်ပွဲ ပြုလုပ်ဖို့ ကြိုးစား ကြသူတွေကို ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွဲ ခဲ့ပါတယ်။

မေလ ၁ ရက် မေဒေးနေ့မှာ အစ္စတန်ဘူ မြို့တော် တဝှမ်း ရဲတပ်ဖွဲ့ဝင် နှစ်သောင်းခွဲ ကျော် အထိ လုံခြုံရေး အင်အား အကြီးအကျယ် တိုးမြှင့် ချ ထားပါတယ်။

အစ္စတန်ဘူ မှာ မေဒေးနေ့ချီတက် ပွဲ တစ်ခုကိုသာ အာဏာပိုင် တွေက ခွင့်ပြု ခဲ့ပြီး မြို့တော် လေဆိပ် အနီး မှာ ဖြစ်ပါတယ်။

တခါ၊ တူရကီ နိုင်ငံ တောင်ပိုင်း ဂါဇီယန်းတက်ပ် ဆိုတဲ့ မြို့က ရဲစခန်း အပြင်ဘက်မှာ ကားဗုံးတစ်လုံး ကွဲခဲ့လို့ အနည်းဆုံး ရဲ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး သွားပြီး အရပ်သားတွေ အပါအဝင် ထိခိုက် ဒဏ်ရာ ရသွား ကြသူတွေ လည်း ရှိပါတယ်။

အဲဒီ့ ဂါဇီယန်းတက်ပ် ဆိုတဲ့ တူရကီ မြို့ဟာ ဆီးရီးယား နယ်စပ် အနီး တည်ရှိ ပါတယ်။

ကားဗုံး ကွဲချိန်မှာပဲ သေနတ်သံတွေ ထွက်ပေါ် လာခဲ့တယ် ဆိုတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

တူရကီ နိုင်ငံမှာ အခုလို တိုက်ခိုက်မှု တွေ အကြိမ်ရေ တော်တော်များများ ဖြစ်ပေါ် လာနေတာမှာ တချို့ တိုက်ခိုက်မှု တွေကို ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေက ပြုလုပ် ခဲ့တာ ဖြစ်သလို၊ တချို့ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ကျူးလွန် ခဲ့ကြတာ ဖြစ်ပါတယ်။

တူရကီ အရှေ့တောင်ပိုင်းက နိုဆိုင်းရ်ဘင် ဆိုတဲ့ မြို့မှာ လှုပ်ရှားနေကြတဲ့ အစိုးရ တပ်ဖွဲ့ဝင် တွေလည်း အတိုက်ခိုက် ခံခဲ့ရလို့ စစ်သား ၃ ဦး သေဆုံး သွားပြီး ၁၄ ဦး ဒဏ်ရာ ရခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ သစ်အခြေခံ စက်ရုံ က လုပ်သား၁၀ဝ နီးပါးဟာ အလုပ်ဖြုတ် ခံရတဲ့ အလုပ်သမား ၁၆၂ ယောက်ကို အလုပ်ပြန်ခန့်ရေး နေပြည်တော်ကို သွားရောက် တောင်းဆိုဖို့ လမ်းလျှောက် ချီတက်။
နိုင်ငံတကာ အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ နေပြည်တော် ၊ ပျဉ်းမနား နဲ့ ရေနံချောင်း အပါအဝင် မြန်မာပြည် တဝှမ်းက မြို့တချို့ မှာ ပြုလုပ် ခဲ့ပါတယ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုန် မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် AMTUN က ဦးဆောင် ပြုလုပ် ခဲ့တဲ့ မေဒေး နေ့ အခမ်းအနား ကနေ တစ်နေ့ လုပ်ခလစာ အနည်းဆုံး ၅၆၀၀ ကျပ် ရရှိရေး နဲ့ အလုပ်သမားတွေကို တစ်ဖက်သတ် အလုပ်ဖြုတ်တဲ့ အလုပ်ရှင်တွေကို အရေးယူရေး အပါအဝင် တောင်းဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။

သမ္မတသစ် ဦးထင်ကျော်ကလည်း မေဒေး အတွက် သဝဏ်လွှာ ထုတ်ပြန် ခဲ့တာမှာ အလုပ်သမားထု အပါအဝင် ပြည်သူအများရဲ့ လူမှု ဘဝ လုံခြုံမှုရရှိ စေဖို့ အတွက် အစိုးရအနေနဲ့ အစွမ်းကုန် ကြိုးစား သွားမယ် ဆိုပြီး ကတိပြု ထားပါတယ်။

အလုပ်သမားရေးရာ ပြည်ထောင်အဆင့် ဝန်ကြီး ဦးသိန်းဆွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကတော့ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ကျင်းပ တဲ့ အခမ်းအနား ကို တက်ရောက် ခဲ့ပါတယ်။

အလုပ်ရှင် နဲ့ အလုပ်သမားကြား အငြင်းပွားမှု ဆိုတာမျိုး က အမြဲ ဆက်လက် ရှိနေဦး မှာ ဖြစ်တဲ့ အတွက် ညှိနှိုင်း ဆွေးနွေးခြင်းနဲ့ အဖြေရှာ နိုင်ဖို့ က အရေးကြီးတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် က ဘီဘီစီ ကို ပြောပါတယ်။

အငြင်းပွားမှု ဖြေရှင်းဖို့ရာ ဥပေဒ တွေ၊ နည်းလမ်းတွေ ရှိလာပြီ ဖြစ်ပေမယ့် အာဏာပိုင် တွေ အပါအဝင် အလုပ်ရှင်၊ အလုပ်သမားတွေ အားလုံး သိရှိ နားလည် ပြီး ကျင့်ကြံ ဖို့ လိုအပ် တယ် လို့လည်း ဆိုပါတယ်။

လက်ရှိ အချိန်မှာလည်း စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ သစ်အခြေခံ စက်ရုံ က လုပ်သား၁၀ဝ နီးပါးဟာ အလုပ်ဖြုတ် ခံရတဲ့ အလုပ်သမား ၁၆၂ ယောက်ကို အလုပ်ပြန်ခန့်ရေး နေပြည်တော်ကို သွားရောက် တောင်းဆိုဖို့ လမ်းလျှောက် ချီတက် ခဲ့တာမှာ မန္တလေးနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ စဉ့်ကိုင်မြို့က ဖားလင်ပိုး ဘုန်းကြီးကျောင်း မှာ ရောက်နေပါတယ်။

အလုပ်သမားရေး ဦးစီး ဌာနက အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ပြေလည် မှု မရရှိ နိုင်သေးပါဘူး။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ ချုပ် ILO အကူအညီ နဲ့ ကောက်ခံထားတဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံ မှာ အလုပ်သမား ၃၁ သန်းရှိတယ် လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

wa-soldiers-620.jpg 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပေမယ့် UWSP ခေါင်းဆောင်တွေ ဖက်က မဆုံးဖြတ်ရသေးဘူးလို့ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ကပြောပါတယ်။

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင် ဦးစိုးဌေးက ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်က '၀' ဒေသ ပန်ဆန်းမှာ UWSP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက လာမယ့် တစ်လ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ အဲဒီညီလာခံမှာ NCA မှာလက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပါဝင်စေလိုကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့က ပြောကြားထားပါတယ်။ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံကို UWSP ခေါင်းဆောင်တွေက ကြိုဆိုကြောင်း၊ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေအရေးကို အလေးထားဆောင်ရွက်ပေးတဲ့ အတွက် ၀မ်းမြောက်ကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးထင်ကျော်တို့ကို '၀'ဒေသကို လာရောက်ဖို့လည်း ဖိတ်ကြားတယ်လို့ ဦးစိုးဌေး က ပြောပါတယ်။

ဒါ့အပြင် '၀' ခေါင်းဆောင်တွေက ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ကြောင်း နဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို လက်နက်ကိုင်ပြီးဖြေရှင်းမှာ မဟုတ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဦးစိုးဌေးက UWSA/UWSP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ထံ တင်ပြသွားမှာဖြစ်ပါတယ်။
RFA

ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်ကြောင်း ပြည်သူတွေက သတင်းပေးတိုင်ကြားလာရင် အစိုးရဌာနဆိုင်ရာတွေအနေနဲ့ စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဒီကနေ့ညနေမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဖားကန့်မြို့နယ်မှာ ကုမ္ပဏီတွေ ကျောက်စိမ်းတူးဖော်နေကြတဲ့ အခြေအနေတွေကို မနေ့ကသွားရောက်လေ့လာခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး စတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက် စီမံခန့်ခွဲနေတာဖြစ်ပြီး ကုမ္ပဏီတွေဟာ အင်အားကြီးစက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတယ်ဆိုပြီး ဒေသခံတွေနဲ့ ပညာရှင်တွေက ပြောကြပါတယ်။

မေလကုန်မှာ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို မကြာခင်ရပ်နားကြတော့မှာဖြစ်ပါတယ်။
RFA


''ရိုဟင်ဂျာ'' ဆိုသော စကားလုံးသည် သမိုင်းတွင် မရှိဟု NLD ပါတီက လက်ခံထားကြောင်း ယင်းပါတီ၏ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကThe Messenger Media သို့ ဧပြီလ (၃ဝ)ရက်နေ့တွင် ပြောကြားလိုက်သည်။

''ကျွန်တော်တို့ အရင်အစိုးရလက် ထက်ကတည်းက ဒီစကားလုံးကို သမိုင်း မှာ မရှိဘူးဆိုတာ လက်ခံထားတယ်။ ကျန် တဲ့ကိစ္စတွေ မပြောဘူး။ ဒီနာမည်ဟာ ကျွန် တော်တို့သမိုင်းမှာ မရှိဘူးဆိုတာကို ကျွန် တော်တို့ လက်ခံထားတယ်''ဟု ၄င်းက ပြောသည်။
''ရိုဟင်ဂျာ'' ဟူသော စကားလုံး သည် လိုချင်သော လူအပေါ်တွင် မူတည် ၍ အ္တရာယ်များကြောင်းလည်း ဦးဥာဏ် ဝင်းက ဆိုသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နေထိုင်သူ ဘင်္ဂါလီလူမျိုးများကို မစ္စရန် ဟီးလီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီးမွန်းအပါအဝင် တချို့နိုင်ငံတကာ ခေါင်းဆောင်များက ''ရိုဟင်ဂျာ'' ဟူ၍ သုံးစွဲခေါ်ဝေါ်ကြရာ၊ မြန်မာနိုင်ငံသားများက မကြာခဏ ကန့် ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ စကားလုံးနှင့် ပတ်သက်၍ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း နိုင်ငံတကာမှ တချို့ပုဂ္ဂိုလ်များက သုံးစွဲ လေ့ရှိပြီး၊ မြန်မာနိုင်ငံသားအများစုက ကန့်ကွက်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်များ အတွင်း ထိုစကားလုံး အသုံးအနှုန်းနှင့် ပတ်သက်၍ ကန့်ကွက်လိုက်၊ ပြောဆိုလိုက် ဖြင့် သံသရာလည်လျက် ရှိသည်။

''အမှန်ကတော့ ဒီပြဿနာတွေကို သမိုင်းကြောင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးတော့ လုပ်ရမှာ။ လောလော ဆယ်မှာတော့ ကျွန်တော်တို့ကတော့ ရိုဟင် ဂျာနဲ့ ပတ်သက်ပြီး မရှိဘူးလို့ သတ်မှတ် ထားတော့ ဒီအပေါ်မှာပဲ မူတည်ကာဆောင် ရွက်သွားမယ်''ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် NLD နာယက ဦးတင်ဦး က ပြောကြားခဲ့သည်။

NLD ပါတီအား အပုပ်ချ၍ NLD အစိုးရကို ဝေဖန်လိုသူတချို့သည် NLD ပါတီသည် ''ရိုဟင်ဂျာ''ဟူသော စကားလုံး ကို ထောက်ခံသကဲ့သို့ ပြောဆိုမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း အနီး၍ ဧပြီလ(၁၉)ရက်နေ့က စက်လှေ နစ်မြုပ်၍ သေဆုံးသွားခဲ့ သူများနှင့် ပတ် သက်ပြီး အမေရိကန်သံရုံးက ထုတ်ပြန်သော ကြေညာစာတမ်းတွင် ''ရိုဟင်ဂျာ''ဟူ၍ သုံးနှုန်း ဖော်ပြမှုကို မကျေနပ်၍ အမျိုး သားရေး တက်ကြွလှုပ်ရှားသူများသည် ဧပြီလ(၂၈)ရက်နေ့က အမေရိကန်သံရုံး ရှေ့တွင် ဆန္ဒပြထုတ်ဖော်ခဲ့သည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper

အီကွေဒေါနိုင်ငံတွင် ငလျင်ဒဏ်ခံရသည့် အပျက်အစီးပုံများအား ကယ်ဆယ်ရေးလုပ်သားများ ရှင်းလင်းနေပုံ (ဆင်ဟွာ)
    ကွီတို ၊ မေ ၁ ရက် (ဆင်ဟွာ)

    အီကွေဒေါနိုင်ငံအနောက်ဖက်ကမ်းခြေတွင် ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံထဲတွင် ၁၃ ရက်ကြာပိတ်မိနေသော အသက် ၇၂ အရွယ်အဖိုးအိုတစ်ဦးအား ဗင်နီဇွဲလား ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံက ဧပြီ ၃ဝ ရက်တွင် ကြေညာလိုက်သည်။

၎င်းအဖိုးအိုအား အီကွေဒေါနိုင်ငံ အနောက်ပိုင်း Manabi ပြည်နယ်၊ Jaramijo Canton ငလျင်အန္တရာယ်ဇုံ အတွင်းမှ ဧပြီ ၂၉ ရက်တွင် ဗင်နီဇွဲလား လူသားချင်စာနာမှုအကူအညီပေးရေး “Liberator Simon Bolivar” အဖွဲ့ က အံ့သြသင့်ဖွယ်ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကွီတိုမြို့ ရှိ ဗင်နီဇွဲလား သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

အပျက်စီးပုံထဲမှ အချက်ပေးသံကိုကြားရပြီးနောက် ကယ်ဆယ်ရေးလုပ်သမားများသည်  အထဲသို့ လျင်လျင်မြန်မြန်ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထို့ နောက်တွင် အခန်းနံရံကြား၌ ပိတ်မိနေသာ အဖိုးအိုအား ရှာဖွေ တွေ့ ရှိပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ Manuel Vasquez ဟု အမည်ရသည့် အဖိုးအိုသည် ကျောက်ကပ်ရောဂါ နာတာရှည်ဝေဒနာခံစားနေရသူ တစ်ဦးဖြစ်သည်။ ထို့ ပြင် အုတ်ပုံအတွင်းပိတ်မိနေစဉ် ရေငတ်ခြင်း နှင့် မျက်စိပြာဝေခြင်း ဝေဒနာများလည်း ခံစားခဲ့ရသဖြင့် ၄င်းအား နီးစပ်ရာ ဆေးရုံသို့ ပို့ ဆောင်ထားရသည်။

၂ဝ၁၆ ခုနှစ် ဧပြီ ၁၆ ရက်တွင် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ အချိန်ထိ လူပေါင်း ၁၃၃ ဦးအား အပျက်အစီးပုံများထဲမှ ကယ်တင်နိုင်ခဲ့သည်။ငလျင်ကြောင့် အနည်းဆုံးလူ ၆၆ဝ ဦး သေဆုံးပြီး ၄၆၅ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ ပြင် ၃၂ ဦးမှာ ပျောက်ဆုံးနေပြီး လူပေါင်း ၂၂,၄၂၁ ဦးမှာ အိုးမဲ့အိမ်မဲ့များအဖြစ် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း အီကွေဒေါနိုင်ငံသမ္မတ Rafael Correa က ဧပြီ ၃ဝ ရက်တွင်ပြောကြားသည်။

ငလျင်လှုပ်ခတ်ပြီး ၁၃ ရက်အကြာ အီကွေဒေါနိုင်ငံအတွင်းရှိပြည်နယ် ၂ ခုတွင် အရေးပေါ်ကယ်ဆယ်ရေးဖြစ် လူပေါင်း ၇၇၁၂ ဦးကိုဆေးဝါးကုသပေးခဲ့ခြင်း နှင့် အဆောက်အအုံ ၂၆၁၆ လုံးကို တည်ဆောက်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု အီကွေဒေါနိုင်ငံဆိုင်ရာ ဗင်နီဇွဲလား သံရုံးက ဆိုသည်။ ထို့ ပြင် ဗင်နီဇွဲလားနိုင်ငံသည် ငလျင်ဒဏ်ခံရသည့် အီကွေဒေါနိုင်ငံသို့ အကူအညီပေးရန် ပထမဦးဆုံးရောက်ရှိလာသည့် နိုင်ငံဖြစ်ကြောင်း သံရုံးကဖြည့်စွက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

စစ်တွေ၊မေ-၁ရက် ။ ။ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေတာနဲ့ပတ်သတ်ပြီး စစ်တွေမြို့အပါအဝင်မောင်တော၊ဘူးသီးတောင်၊မင်းပြား၊မြေပုံ၊ကျောက်ဖြူ၊မြောက်ဦး၊ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင်မြို့နယ်ကိုးခုလုံးမှာစစ်ပွဲတွေရပ်တပ်ဖို့ဆန္ဒပြသည်နေ့ဖော်ထုတ်ခဲ့ပါတယ်။ရဟန်းရှင်လူ(၂၀၀၀)ကျော်ခန့်ပါဝင်တဲ့စစ်တွေမြို့မှာပြည်တွင်းစစ်နဲ့ပတ်သတ်ပြီး ပြည်ထောင်စုကြီးငြိမ်းချမ်းရေး- ဒိုးအရေး၊ အပြစ်မဲ့ပြည်သူများကိုဖမ်းဆီးခြင်း -ချက်ချင်းရပ်၊ ပေါ်တာဆွဲခြင်း၊နိုပ်စက်ခြင်း- ချက်ချင်းရပ်၊ သံသယဖြင့်ဖမ်းဆီးထားသူများ-ချက်ချင်းလွှတ်၊ မြန်မာပြည်ပြည်ကြီးငြိမ်းချမ်းရေး - စားပွဲဝိုင်းမှာဆွေးနွေးပါ။ မြန်မာပြည်သားအချင်းချင်း တိုက်ခိုက်ခြင်း- ရပ်သင့်ပြီ။ အနောက်ဖက်တံခါးလုံခြုံရေး- ငြိမ်းချမ်းရေးဖြင့်စောင့်ရှောက်ပါ။စသဖြင့်အချက်၇ချက်နဲ့နေပူပူအောက်မှာမြို့ပတ်ပြီးဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့စစ်တွေမြို့ကစည်းကမ်းထိမ်းသိမ်းရေးနဲ့ကူညီစောင့်ရှောက်ရေးရဟန်းပျိုများအသင်းဆရာတော်တစ်ပါးက``ဒီအချိန်မှာစစ်ပွဲဖြစ်လို့ဒုက္ခရောက်တာကြားကပြည်သူလူထုတွေပဲ။အခုကျေးလက်နေလူတွေတစ်နေ့တစ်ခြားဒုက္ခသည်တွေအဖြစ်ရောက်လာကြတယ်။ကြားကမြေစာပင်ဖြစ်နေပြီ။ပိုဆိုးတာက ပေါ်တာဆွဲတာနဲ့လမ်းပြအဖြစ်အခေါ်ခံရပြီးပြန်ပါမလာကြတာပဲ။နယ်ကရွာတွေမှာကျီးလန့်စာစားနေကြရပြီ။ဒါကြောင့်တပ်မတော်အပါအဝင်နိုင်ငံတော်အကြီးအကဲလုပ်တဲ့သူတွေငြိမ်းချမ်းရေးစားပွဲဝိုင်းအတွက်ပြင်ဆင်ဖို့လိုပြီ။ဒါ့အပြင် နယ်စပ်မှာလုံခြုံရေးပြင်ပကဝင်လာမယ့်ဥစ္စာထား အခုပြည်တွင်းထဲကသာတိုက်နေကြတော့ ရင်လေးစရာပါ``ဟုမိန့်ကြားခဲ့ပါတယ်။

စစ်တွေမြို့အပြင်တခြားမြို့နယ်တွေမှာလည်းထိုးစစ်ဆင်ခြင်းရပ်တန့်ပြီးစစ်ဘေးဒုက္ခသည်တွေကူညီပေးဖို့နဲ့ပေါ်တာဆွဲတာတွေရပ်တန့်ဖို့အတွက်လည်းလမ်းထွက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။အစိုးရစစ်တပ်နဲ့ရက္ခိုင့်လက်နက်ကိုင်တပ်မတော်တို့အကြားတကျော့ပြန်တိုက်ပွဲပြင်းထန်နေပြီးအစိုးရစစ်တပ်ကအရာရှိတချို့ကျဆုံးမှုဖြစ်ပွါးခဲ့ပြီးသည်ရက်ပိုင်းအတွင်းပေါ်တာဆွဲမှုတွေဖြစ်ပွါးနေပြီးဒေသခံတွေးအဖို့အဆိုးဆုံးအခြေအနေကိုရောက်နေတယ်လို့ဆိုပါတယ်။

``အဆိုးဆုံးကတိုက်ပွဲအတွက်လမ်းပြ၊ရိက္ခာထမ်းအနေနဲ့ပေါ်တာဆွဲခေါ်နေတာတွေကိုလဲရပ်သင့်ပါတယ်။တချို့ဆိုလည်းအေအေနဲဆက်စပ်တယ်ဆိုပြီးအဖမ်းခံရာတယ်။ဒါတွေကိုလည်းလွှတ်ပေးသင့်ပါတယ်။ဒါနိုင်ငံရေးပြသနာတစ်ခုပါ။အမြန်ဆုံးအကောင်အထည်ဖော်ပြီးငြမ်းချမ်းရေးဆွေးနွေးသင့်ပါတယ်။ပြည်သူလူထုကိုမထိခိုက်တာတော့အကောင်းဆုံးပါ။``ဟုဘူးသီးတောင်မြို့နယ်ကဆန္ဒဖော်ထုတ်သူဦးညီညီအောင်ကပြောပြသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျောက်တော်မြို့မှာစစ်ပွဲတွေရပ်တန့်ဖို့ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သိရပါတယ်။

author / photo အောင်လင်းဟိန်း ( စစ်တွေ)
Kumudra




ပတ်ဝန်းကျင်အဆင့်မြင့်တိုးတက်ရန်ရည်ရွယ်၍တရုတ်နိုင်ငံဘေကျင်းမြို့အနှံမှာ အဆင့်မြင့်အများပြည်သူသုံးသန့်စင်ခန်း၁၉၀၀၀ခန့်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ တရုတ်အစိုးရက မကြာမီက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သန့်စင်ခန်း၏အတွင်းပိုင်းအပြင်အ ဆင်အနေဖြင့် လေဝင် လေထွက်ကောင်းမွန်အောင်ပြင်ဆင်ထားပြီး ဝိုင်ဖိုင်အခမဲ့၊ တီဗွီ၊ အအေးဝယ်ယူရန်နေရာနှင့်အနားယူ ရန်နေရာတို့ကိုပါထည့်သွင်းတည်ဆောက်ထားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ယခုလက်ရှိမှာတော့ သန့်စင်ခန်းများကို ရာချီဆောက်လုပ်လျှက်ရှိပြီး လမ်းတိုင်း မီတာ၃၀၀နှင့်၅၀၀ကြားမှာ အများသုံးသန့်စင်ခန်း တစ်ခုစီတည်ဆောက် ထားရန် ရည်ရွယ်ထားကြောင်းသိရသည်။
KT China.Com

Source:http://myanmar.china.com/…/inter…/10342/20160427/626327.html
For More News:http://myanmar.china.com/


၂၀၁၆ ဧပြီလ ၂၈ ရက်နေ့ ဝ နယ်ပန်ဆန်းမှာပြု လုပ်တဲ့ NLD အစိုးရသစ်
ရဲ့ ကိုယ်စားလည်များနှင့် UWSP/UWSA ကိုယ်စားလည်များတွေ့ဆုံဆွေးနွေး
ပတ်သက်တဲ့အခြေအနေများကို တရုတ်ပြည် ခွင်းမင်မြို့ သတင်းအဖွဲ့တခုမှ
တရုတ်ဘာသာဖြင့် ဖေါ်ပြထားချက်များကို ကောက်နှုတ်ဖေါ်ပြအပ်ပါသည်။

NLD ကိုယ်စားလည်အဖွဲ့
၁။ ဦးစိုးဌေး ကော့ကရိတ်လွှတ်တော်အမတ်
၂။ ဦးသန်းလွင် လွှတ်တော်သတင်းပြန်ကြားရေး
၃။ ဦးမြင့်ကြည် မြန်မာ တရုတ်ချစ်ကြည်ရေးအသင်းဝင်

UWSP/UWSA ကိုယ်စားလည်အဖွဲ့
၁။ ဦးရှောက်မီလျံ ဒုဥက္ကဌ
၂။ ဦးကျောက်ကျုံးတန်း စစ်ဦးစီးချုပ်
၃။ ဦးအိုက်လွန်း စစ်ဦးစီးမှူး
၎။ ဦးအောင်မြင့် ခေါ် လီကြူးလက် တို့ဖြစ်ကြပါသည်။

NLD အစိုးရကိုယ်စားလည်အဖွဲ့မှဆွေးနွေးချက်

၁။ ခရီးစဉ်အတွက်အားလုံးကိုကျေးဇူးတင်ရှိကြောင်း
၂။ ဝ နယ်မှ အနှစ် ၂၀ ကျော်လုပ်လာသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
လက်တွေ့တွေ့ရ၍အလွန်သဘောကျပြီး လေးစားမိကြောင်း
၃။ ဝ နယ်လက်တွေ့အခြေအနေနှင့် အစိုးရသစ်ပေါ်လစီများပေါင်းစပ်ပြီး
ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း
၎။ တနိုင်ငံလုံးငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအားလုံးပါဝင်မည့်
ပြည်ထောင်စုအစည်းအဝေးများ ( ဒုတိယပင်လုံညီလာခံ) မှ ပါဝင်
တက်ရောက်ဖို့ ဖိတ်ခေါ်ကြောင်း
၅။ နိုင်ငံရေးအရ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီအနေနှင့် ပါတီစုံစနစ်
အတွင်းပါဝင်ပြီး NLD နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း
တို့ဖြစ်သည်ဟုဆိုပါသည်။

UWSP/UWSA ကိုယ်စားလည်အဖွဲ့၏ ဆွေးနွေးချက်

၁။ လူထုကရွေးကောက်တင်မြှောက်တဲ့ NLD အစိုးရကိုလေးစားပါကြောင်း
၂။ NLD အစိုးရ၏အုပ်ချုပ်မှုအား ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ရန်ကတိပြု
ပါကြောင်း
၃။ UN/တရုတ်အပါ နိုင်ငံတကာအသိသက်သေများ ပါဝင်ပြီး အစိုးရ လွှတ်
တော် တပ်မတော် တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ငြိမ်းချမ်း
ရေးဆွေးနွေးပွဲကြီးကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေးပြသနာဖြေရှင်းရန်
တောင်းဆိုပါကြောင်း
၎။ အစိုးရသစ်နှင့် အဖွဲ့အစည်းများကြား အထူးတာဝန်ခံများထားရှိပြီး တိုက်
ရိုက်ဆက်ဆံရေးလမ်းကြောင်း ထူထောင်စေလိုပါကြောင်း
၅။ အခြေအနေရင့်မှည့်လျင် ၂၀၀၈ ခြေဥပြင်ဆင်စေလိုကြောင်း ။
ကောင်းတာချန်ပြီး အလုပ်မဖြစ်သည်များ ပြင်ဆင်စေလိုကြောင်း
၆။ အစိုးရသစ်အနေနှင့်တိုင်းရင်းသားပြသနာ ဂရုစိုက်စေလိုကြောင်း
၇။ လူထုဘဝတိုးတက်ရန် နိုင်ငံတကာအခွင့်အရေးကို အသုံးချစေလိုကြောင်း
၈။ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ထောက်ခံပါကြောင်း
၉။ UWSA ၏ရပ်တည်ချက်မှာ
က။ လုံးဝခွဲထွက်မည် မဟုတ်ကြောင်း
ခ ။ နိုင်ငံရေးအရဒီမိုကရေစီစနစ်ကိုကျင့်သုံးမည်ဖြစ်ကြောင်း
ဂ ။ ငြိမ်းချမ်းရေးပြသနာကို ဆွေးနွေးဖြေရှင်းမည်ဖြစ်ကြောင်း
ဃ။ ဝ နယ်လူထုဘဝ ပြောင်းလဲတိုးတက်အောင်လုပ်ဆောင်မည်ဖြစ်
ကြောင်းတို့ ဖြစ်သည်ဟု ဖေါ်ပြပါသည်။

မှတ်ချက်။ NLD ကိုယ်စားလည်အဖွဲ့ကိုတွေ့ဆုံသည့် UWSA ကိုယ်စားလည်
အဖွဲ့တွင် ဥက္ကဌ ပေါက်ယိုချမ်းမှ အပ ကျန် UWSA ထိပ်သီးခေါင်းဆောင်များ
တက်ရောက်သည်ကိုတွေ့ရသဖြင့် UWSA အနေနှင့် NLD အစိုးရသစ်အား
အထူးအလေးထားသည်ဟုဆိုရပါမည်။ အဆိုပါ UWSA ထိပ်တန်းခေါင်း
ဆောင်များသည် ဦးသိန်းစိန် သမတ တာဝန်ယူစဉ် ၂၀၁၅ အတွင်း ကျိုင်းတုံသို့
ဖိတ်ခေါ်တွေ့ဆုံစဉ်ကပင် လာရောက်တွေ့ဆုံခြင်းမရှိဘဲ UWSA ၏ ဒုတိယတန်း ခေါင်းဆောင်များသာ စေလွှတ်ခဲ့ပါသည်။

သတင်း-Mg Mg Soe.


NLD အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ ခံစားနေရတဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန် သိရှိနားလည်အောင် ကွင်းဆင်းလေ့လာဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဥပဒေတွေ ပြဌာန်းပေးထားသည့် တိုင်အောင် အလုပ်ရှင်တွေဟာ လုပ်ခလစာနဲ့ အလုပ်ချိန်ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေအပေါ် မတရားအနိုင်ကျင့်မှုတွေ ရှိနေဆဲဖြစ်တယ် လို့လည်း ဆိုပါတယ်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်နေတဲ့ စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့ဟာ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ May Day - အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေက - သူတို့ရဲ့ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ရရှိရေးအတွက် စစ်ကိုင်းကနေ နေပြည်တော်အထိ လမ်းလျှောက် ချီတက် တောင်းဆို ဆန္ဒပြနေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ လူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ တက်လာတဲ့ လက်ရှိ NLD အစိုးရကတော့ - အစိုးရသက်တမ်း ၁ လအတွင်းမှာတင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အားသွန်ခွန်စိုက် ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချိန်တည်း မှာပဲ မြန်မာနိုင်ငံမှာ မကြာခဏ ကြုံနေရတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး စတာတွေ ပြေလည်စေဖို့နဲ့ အလုပ်သမားတွေရဲ့ ဘ၀တွေ တိုးတက်လာစေဖို့တွေကိုလည်း NLD အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ - ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“NLD အနေနဲ့ပေါ့နော် စက်မှုဇုန်တွေကို အဓိကထားပြီးတော့ သူ့အနေနဲ့ ကွင်းဆင်းလေ့လာ ဆောင်ရွက်သင့်တယ်ခင်ဗျ။ စက်မှုဇုန်တွေမှာ အလုပ်ရှင်-အလုပ်သမား ပြဿနာတွေက အများကြီးခင်ဗျ။ ကျနော်တို့တွေလည်း မန္တလေးဘက်မှာ နေတဲ့အတွက် မန္တလေးတိုင်းထဲမှာဆိုရင်လည်း အများကြီးပဲ။ အဲတော့ NLD အစိုးရကို လက်ရှိ တောင်းဆိုချင်တာကတော့ အလုပ်သမားပြဿနာတွေ မဖြစ်ပေါ်ဖို့အတွက်ကို NLD အနေနဲ့ စက်မှုဇုန်တွေကို ကိုယ်တိုင် ၀င်ရောက်ပြီးတော့ ကွင်းဆင်းလေ့လာပါ။ အလုပ်သမားဥပဒေတွေကို တိတိကျကျပေါ့နော် အလုပ်သမားဦးစီးဌာနတွေကို တိတိကျကျ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးပါ။ ပြီးတော့ လိုအပ်ချက်တွေကိုပေါ့နော် အခြေခံလိုအပ်ချက်တွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးပါလို့ပဲ ကျနော် ပြောချင်ပါတယ်။”

အခုလို ဒီမိုကရေစီအစိုးရတရပ် တက်လာပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာတဲ့ မြန်မာနိုင်ငံမှာ အနှေးနဲ့အမြန် ဆိုသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အလုံးအရင်းနဲ့ ၀င်ရောက်လာ ကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ မရှိအောင်လို့ NLD အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ လည်း ဦးသိန်းအောင်မြင့် က ထောက်ပြခဲ့တာပါ။

“တချို့အလုပ်ရှင်တွေဟာ တော်တော်လေးကို ဥပဒေချိုးဖောက်ကြတယ်ပေါ့နော်။ အလုပ်သမားအခွင့်အရေးတွေ ဥပဒေတွေမှာ ပေးထားပေမဲ့လည်း အလုပ်ရှင်တွေက မသိကျိုးကျွံပြုကြတယ်။ အဲ့ဒီလို မသိကျိုးကျွံပြုတဲ့ အနေအထားတွေက ပထမအစိုးရခေတ်ကာလမှာ အုပ်ချုပ်ခဲ့တဲ့ ၀န်ထမ်းတွေပေါ့။ သူတို့ရဲ့ အလုပ်သမားဦးစီးဌာနက ၀န်ထမ်းတွေနဲ့ပေါ့နော် သူတို့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်ကြသလဲတော့ မသိဘူး။ အဲဒီအပေါ်မှာ ဥပဒေကို မသိကျိုးကျွံပြုပြီး ဥပဒေတွေကို ချိုးဖောက်ခဲ့ကြတယ်ပေါ့။ ယနေ့ ဒီဘက် အစိုးရခေတ်ကာလမှာတော့ အလုပ်သမားဝန်ကြီးဌာန ၀န်ထမ်းတွေ အဆင့်ဆင့် အရာရှိတွေကို ဥပဒေတွေ မချိုးဖောက်ဖို့အတွက် တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့အတွက်ကိုတော့ NLD အနေနဲ့ အများကြီး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အလုပ်သမားပြဿနာတွေက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးစေချင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးသိန်းအောင်မြင့် က အခုလို ပြောခဲ့ပါတယ်။

“အလုပ်သမားတွေ အများဆုံးဖြစ်နေတဲ့ ကိစ္စတခု ပြဿနာကတော့ လုပ်ခလစာပါပဲ။ ယနေ့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ကုန်ဈေးနှုန်းနဲ့ သူတို့ရနေတဲ့ လုပ်ခလစာဟာ မလောက်ငှတဲ့အခါမှာ အဲဒါတွေက အဓိက ပြဿနာဖြစ်တယ်။ ပြီးတော့ သူတို့လုပ်ရတဲ့ အလုပ်ချိန်တွေပေါ့ ဒီနေ့ဆိုရင် စစ်ကိုင်းကနေ နေပြည်တော်အထိ ချီတက်နေတဲ့ အလုပ်သမားသပိတ်ပေါ့ ချီတက်နေတဲ့အဖွဲ့ဆိုရင် လုပ်ခလစာထက်စာရင် အဓိကအားဖြင့် အလုပ်ချိန်ပေါ့ သူတို့ကို တနေ့ ၁၂ နာရီခိုင်းတယ်။ ၈ နာရီကျော်သွားတဲ့အခါမှာ ကျန်တဲ့ ၄ နာရီကို သူတို့ကို အိုဗာတိုင်ကြေး အပိုထပ်စောင်းပေးဖို့ ပြောတဲ့အခါမှာ မပေးနိုင်ဘူးဆိုတဲ့ အဲဒီနောက်ဆက်တွဲ ပြဿနာတွေပေါ့။ အဓိက လုပ်ခလစာနဲ့ ပြန်ပြောရရင်တော့ အလုပ်ချိန်ပြဿနာတွေပေါ့ အဲဒါတွေကို အဓိက ကိုင်တွယ်ဖြေရှင်းရပါမယ်။”

လောလောဆယ်မှာတော့ စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန်က Myanmar Veener Plywood Private Co. Ltd သစ်အချောထည်စက်ရုံက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ နေပြည်တော် သမ္မတရုံးအထိကို လမ်းလျှောက်ချီတက်ပြီး - အလုပ်လုပ်ခွင့်ပြန်ရရေးနဲ့ အလုပ်ရှင်-အလုပ်သမားကြား ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးရေး တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် ဒီကနေ့မှာ ရန်ကုန်နဲ့ မကွေးတိုင်း ရေနံချောင်းမြို့တွေမှာ နယ်အသီးသီးက အလုပ်သမားသမဂ္ဂတွေ စုပေါင်းပြီး May Day လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကျင်းပကြဖို့ ရှိပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန် ဧပြီ ၃ဝ

အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်သော်လည်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာများ ယနေ့တိုင်ဖြစ်ပွားနေပြီး အလုပ်သမားအခွင့်အရေးကို ထိရောက်စွာအကာအကွယ်ပေး ရမည့် ဥပဒေပြုရေးအပိုင်းတွင်လည်း ယခင်အစိုးရလက်ထက် က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အလုပ်သမားဥပဒေများတွင် အားနည်း မှုများရှိခဲ့ကြောင်း အလုပ်သမားအရေး လေ့လာသူများ၊ အလုပ် သမားသမဂ္ဂများနှင့် အလုပ်သမားများထံမှသိရသည်။
''အလုပ်ရှင်တွေကျတော့ ဂုဏ်သိက္ခာပိုင်း ကျဆင်းမှာစိုးလို့ ထောင်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ပြီး ငွေဒဏ်ကို တိုးလိုက်တယ်။ အလုပ်သမားမှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိတယ်။ ထောင်ကျ တဲ့သူက ဘယ်လိုလူမျိုးမဆို ဂုဏ်သိက္ခာပိုင်း ကျဆင်းသွား တာပဲ၊ အလုပ်ရှင်မို့လို့ ဂုဏ်သိက္ခာကျဆင်းမှာမို့လို့ ဥပဒေမှာ ထောင်ဒဏ်မထည့်တာကတော့ မတရားဘူးလို့မြင်တယ်။ ဒီဥပဒေက ပြန်ပြီးပြင်ဆင်သင့်တယ်။ အလုပ်ရှင် ၊ အလုပ် သမားတန်းတူအခွင့်အရေးပေးရမယ်''ဟု စံကောင်း ပီနံအိတ် စက်ရုံမှအလုပ်သမား ကိုအောင်စိုးမင်းက ပြောသည်။

အလုပ်သမားအရေးလေ့လာသူ ဦးအောင်လင်းက ''အလုပ် သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေးဖို့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို ဥပေက္ခာပြုခဲ့တာတွေ့ရတဲ့အပြင် အလုပ်သမားတရားရုံးတွေ ဖွဲ့ စည်းဖို့ကိုလည်း လျစ်လျူရှုခဲ့တယ်''ဟု ပြောသည်။

ထို့အတူ ၂ဝ၁၅ ခုနှစ်အတွင်း တစ်နေ့ အလုပ်ချိန် ရှစ်နာရီ၊ တစ်ရက်လုပ်အားခ အနည်းဆုံးအခကြေးငွေကို ငွေကျပ် ၃၆ဝဝ သတ်မှတ်လိုက်မှုအပေါ်မှာလည်း စံကောင်းပီနံအိတ်စက်ရုံမှ ကိုအောင်စိုးမင်းက ''အောက်ခြေအလုပ်သမားတွေ မသိလိုက် ဘဲဖြစ်သွားတယ်၊ အရင်ခံစားခွင့်တွေမရှိတော့ဘူး၊ ရက်မှန်ကြေး၊ ဖယ်ရီကားခတွေဆိုတာလည်း ပျောက်သွားတယ်၊ ငွေကျပ် ၃၆ဝဝ ကို အသားတင်ပေးတာမဟုတ်ဘဲနဲ့ ကျန်တာတွေဖျောက် ပြီး ပေးသလိုဖြစ်နေတယ်။ တချို့စက်ရုံတွေမှာ ငွေကျပ် ၃၆ဝဝ သတ်မှတ်ပြီးမှ အခြေအနေတွေ ပိုဆိုးသွားတယ်''ဟု ပြောသည်။

ဆက်လက်၍ ၎င်းးက ''အဖွဲ့ချုပ်တွေကနေ အထည်ချုပ် လုပ်ငန်းရှင်တွေနဲ့ ထိပ်တိုက်ဆွေးနွေးပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲနဲ့ ဝန်ကြီးဌာနကိုယ်တိုင်က အဖွဲ့ချုပ်တွေရဲ့ ကိုယ်စားပြုမှုနဲ့သဘောတူခဲ့တယ်။ အလုပ်သမားသမဂ္ဂ အငယ် လေးတွေ ဘာမှမသိလိုက်ဘူး။ အောက်ခြေ အလုပ်သမားတွေ မသိဘဲ ဒါကိုလုပ်လိုက်တဲ့အခါကျတော့ အလုပ်သမားတွေမှာ နစ်နာပြီးရင်း နစ်နာခဲ့ရတယ်။ နောက်ပိုင်းအဖွဲ့ချုပ်တွေအနေနဲ့ ဆုံးဖြတ်တော့မယ်ဆိုရင် အလုပ်သမားကို ကိုယ်စားပြုမယ်ဆိုရင် အလုပ်သမားအားလုံးရဲ့ သဘောဆန္ဒကို ရယူဖို့လိုတယ်'' ဟု ပြောသည်။

ယခင်အစိုးရလက်ထက်ကတည်းက ဖြစ်ပွားခဲ့သည့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများတွင် တရားစွဲဆို ခံထားရသည့် အလုပ်သမားများ ယနေ့အချိန်ထိအမှုရင်ဆိုင် နေရကြောင်း Nay Thu Yein Law Fund မှ သိရသည်။

''လက်ရှိအမှုရင်ဆိုင်နေရတဲ့ အလုပ်သမားတွေရှိတယ်၊ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေအမှုဆိုရင် လေးနှစ်လောက်ရှိနေပြီ၊ အခုထက်ထိ အမှုက မပြီးသေးဘူး၊ စွပ်စွဲခံရတဲ့အလုပ်သမားက ၄ဝ ကျော်ရှိတယ်၊ ရာဇဝတ်မှုလို ပုဒ်မတွေပါနေတယ်၊ လက်ရှိအမှုရင်ဆိုင်နေကြရတယ်''ဟု တရားလွှတ်တော်ရှေ့နေ ကိုအောင်သူရိန်ထွန်းက ပြောသည်။

ဥပဒေချိုးဖောက်သည့် အလုပ်ရှင်များကို ဥပဒေတွင် ငွေဒဏ်အစား ထောင်ဒဏ်ထည့်သွင်းပေးရန်၊ ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာဥပဒေများတွင် အားနည်းချက်များကို ပယ်ဖျက်ပြင်ဆင်မှုများပြုလုပ်ပေးရန် ယခင်အစိုးရလက်ထက် တွင်အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂများမှ သိရသည်။

''အရင်အစိုးရလက်ထက်တုန်းက ရေးဆွဲခဲ့တဲ့ အလုပ် သမားဥပဒေတွေနဲ့ပတ်သက်ပြီး အားနည်းချက်တွေ အလွန် များတယ်။ အလုပ်ရှင်ဘက်ကို အသာပေးထားပြီး အလုပ်သမား ဘက်ကို ဖိနှိပ်ထားတာတွေ အရင်ဥပဒေမှာ အားနည်းချက် တွေအများကြီးရှိတယ်''ဟု အလုပ်သမားသမဂ္ဂမှ ကိုအောင်မျိုး ဇော်က ပြောသည်။

အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနေဝင်းထွန်းက ''အရင်အစိုးရလက်ထက်တုန်းက အလုပ်သမားဥပဒေတွေက အလုပ်သမားတွေအတွက် ကောင်းမလိုလိုနဲ့ တော်တော်လေး ပြဿနာတွေ တွေ့တယ်၊ အလုပ်သမားတစ်ယောက်ကို အပြစ်မရှိဘဲ လျော်ကြေးပေးပြီး ထုတ်လို့ရတဲ့ကိစ္စမျိုးတွေက ဥပဒေမှာလုံးဝမထည့်သင့်ဘူး၊ အလုပ်သမားတွေအတွက် အလွန်နစ်နာတယ်။ ဥပဒေကိုရေးဆွဲတဲ့အခါမှာလည်း အလုပ် သမားကိုယ်စားလှယ်တွေမပါဘဲ အစိုးရကနေ ရေးဆွဲတဲ့အခါ တစ်ဖက်သတ်ပုံစံမျိုးဖြစ်သွားတယ်''ဟု ပြောသည်။
ယခင်အစိုးရလက်ထက် ကျင့်သုံးခဲ့သည့် အလုပ်သမား ရေးရာမူဝါဒများကို အကောင်အထည်ဖော်ရာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်မူဝါဒဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားအရေးလေ့လာသုံးသပ် သူများက ပြောသည်။
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ဖြင့် ပြင်ဆင်ရမည့်ဥပဒေ ၊ ပြဋ္ဌာန်းရမည့် ဥပဒေများကို လွှတ်တော်ဥပဒေကြမ်းကော်မတီကတစ်ဆင့် လွှတ်တော်သုံးရပ်တွင် တင်သွင်းအတည်ပြုပြီး ပေါ်ထွက်လာ သည့် ဥပဒေ၊ နည်းဥပဒေများကို လုပ်ငန်းစဉ်ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားအရေး လေ့လာသူ ဦးအောင်လင်းက ပြောသည်။
အနည်းဆုံးအခကြေးငွေ အပါအဝင် အခြားအလုပ်သမား ရေးရာဥပဒေများကို ပယ်ဖျက် ပြင်ဆင်အသစ်ပြဋ္ဌာန်းရာတွင် ILO စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာ၊ ငွေရေး ကြေးရေး အကူအညီများကိုရယူခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ ကြောင်း အလုပ်သမားအရေးလေ့လာသူများထံမှ သိရသည်။
''အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေကို အားရကျေနပ်မှုမရှိဘဲ ဆန္ဒပြ တောင်းဆိုမှုတွေကြောင့် အကျဉ်းကျသွားတဲ့ အလုပ်သမားတွေရှိ တယ်၊ အမှုရင်ဆိုင်နေရဆဲ အလုပ်သမားတွေရှိတယ်''ဟု အလုပ်သမားအရေးလေ့လာသူ ဦးအောင်လင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား သန်း ၂ဝ ကျော်ရှိပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် အလုပ် သမား နှစ်သိန်းကျော်ရှိကြောင်း အလုပ်သမားအရေး လေ့လာ သူများထံမှ သိရသည်။
''မြန်မာနိုင်ငံမှာ ရေးဆွဲထားတဲ့ အလုပ်သမားဥပဒေတွေ ဟာ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေး အပြည့်အဝရပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်'' ဟု စံကောင်း ပီနံအိတ်စက်ရုံမှ အလုပ်သမား ကိုအောင်စိုးမင်း က ပြောသည်။

သတင်းဆောင်းပါး - မင်းသစ်၊ ဓာတ်ပုံ - မေဦးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

ချစ်ကြည်လေးစားရပါတဲ့ အလုပ်သမားကြီးများခင်ဗျား -

ဒီနေ့အခါသမယဟာ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများကို အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပါတယ်။ အခုလို ရက်မြတ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်းနဲ့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

၁၈ ရာစုအတွင်းမှာ အလုပ်ရှင်များက တစ်နေ့မှာ နာရီ ၂ဝ နီးပါး အလုပ်သမားများကို ခိုင်းစေခဲ့ကြပါတယ်။ ဒီလိုခိုင်းစေခြင်းကို အလုပ်သမားများက မကျေနပ်ကြတဲ့အတွက် ၁၈၈၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အလုပ်သမားထုက ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့အတွက် တစ်နေ့အလုပ်ချိန် ရှစ်နာရီသို့ လျှော့ချသတ်မှတ်ပေးခဲ့ရ ပါတယ်။ အဲဒီလို အလုပ်သမားများရဲ့ကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဟု ပေါ်ပေါက်လာ ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ် သမားနေ့အခမ်းအနားများကို ကျင်းပခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ မြန်မာနိုင်ငံရှိ အလုပ်သမားကြီးများအတွက်လည်း အဓိပ္ပာယ်ပြည့်ဝတဲ့နေ့ထူးနေ့မြတ်အခါသမယဖြစ်သလို ပြည်သူများရဲ့ဆန္ဒ နဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ မိမိတို့ရဲ့ အစိုးရသစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာလည်း တစ်လပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ပေါ် လာစေရေးအတွက် မဆုတ်မနစ်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေးတရားမျှတမှုအပေါ်အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း အလုပ်သမားကြီးများအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနဲ့ လုပ်ငန်းခွင်မတော် တဆထိခိုက်မှု၊ လုပ်ငန်းခွင်ရောဂါ ရရှိခံစားရမှု လျော့နည်း ကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရေးနဲ့ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွား လာမှုဖြစ်ပေါ်စေရေး၊ လုပ်သားထုယှဉ်ပြိုင် နိုင်စွမ်း မြှင့်တင်ပေးဖို့အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ် ပေးရေးတို့အတွက် ဥပဒေများပြဋ္ဌာန်း ပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဒါ့အပြင် ခေတ်စနစ်အခြေအနေများနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။
ချစ်ကြည်လေးစားရပါတဲ့ အလုပ်သမားကြီးများခင်ဗျား-
၂ဝ၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခဲ့ရာ ဒီနေ့အချိန်ထိ အခြေခံအဆင့် အလုပ်သမားအဖွဲ့ အစည်းပေါင်း ၁၉၁၇ ဖွဲ့၊ မြို့နယ်အဆင့် ၁ဝ၅ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ၁၄ ဖွဲ့၊ အဖွဲ့ချုပ် ၇ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အလား တူပင် အလုပ်ရှင် အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုခဲ့လို့ ဒီနေ့အထိ အခြေခံအဆင့် အလုပ်ရှင် အဖွဲ့၂၈ဖွဲ့၊ မြို့နယ်အဆင့် တစ်ဖွဲ့နဲ့ အဖွဲ့ချုပ်တစ်ဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးခြင်းရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို စနစ်တကျ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းလာနိုင်ခြင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ဖို့ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ခြင်း၊ အလုပ်သမားများ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ အလုပ်သမားများရဲ့ စုပေါင်းအရေးဆို တောင်းဆိုမှုများကိုဖြေရှင်းရာမှာ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေရွေးချယ်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းစေခြင်းဖြင့် အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ အလုပ်သမား အခွင့်အရေးတွေနဲ့ စပ်လျဉ်းပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားများ သုံးပွင့်ဆိုင်ဆွေးနွေးရာမှာ အလုပ်သမားတွေ ဥပဒေနှင့်အညီ ပါဝင်ဆွေးနွေးလာနိုင်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေပါတယ်။

မှတ်ပုံတင်ပြီးတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ ပြဋ္ဌာန်းချက်အမှတ်-၈၇ ဖြစ်တဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ၂ဝ၁၂ ခုနှစ် ဇူလိုင်လကစတင်ပြီး အသိပညာပေး ဆွေးနွေးပွဲတွေ၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO) နဲ့ ပူးပေါင်းကျင်းပခဲ့တာ စုစုပေါင်း (၁၆၂)ကြိမ်ရှိပြီဖြစ်ပါတယ်။

အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးမှာ အဓိကကျတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က အတည်ပြုချမှတ်ထားတဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နဲ့အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှာ အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် လုပ်ငန်းစီမံချက် ချမှတ်ကာ ILO နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ကလေးသူငယ်တွေကို အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ ပြဋ္ဌာန်းချက်အမှတ်-၁၈၂ ကို လက်ခံကျင့် သုံးခဲ့ပြီး မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်း အစီအစဉ် (Myanmar Programme on the Elimination of Child Labour) ကိုလည်း ILO နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အားလျော်စွာ အာဆီယံဒေသတွင်းမှာ အကောင် အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှာ အဖွဲ့ဝင်နိုင်ငံများနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အာဆီယံအသိုက် အဝန်းတစ်ရပ် တည်ထောင်ပြီး ဖြစ်တဲ့အတွက် အလုပ်သမားများဟာ အာဆီယံဒေသတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ မိမိတို့ လုပ်သားထုအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံများက အလုပ်သမားများနဲ့ ယှဉ်ပြိုင် ရမှာဖြစ်လို့ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက်နဲ့ နယ်ပယ်အသီးသီးမှာကျွမ်းကျင်မှုရှိဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင် အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမား တွေအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားများအတွက်လည်း သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံရဲ့ဥပဒေအရခံစားခွင့်ရှိတဲ့ အခွင့်အရေးရပိုင်ခွင့်များကို အလုပ်သမားများရရှိစေဖို့၊ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေဖို့၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ဖို့အတွက် အလုပ်အကိုင်မူဝါဒများနဲ့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများရဲ့ လိုအပ်ချက် တွေ ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ Complaints Mechanism Center တစ်ခုစီကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာတဲ့ အလုပ်သမားရေးရာကိစ္စတွေကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ လိုအပ်တဲ့သတင်း အချက်အလက်များကို မျှဝေနိုင်ဖို့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၁၁ မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ ကူညီပေးရေးဗဟိုဌာန (Migrant Resources Center-MRC)များ ဖွင့်လှစ်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်သလို၊ အားနည်းလိုအပ်ချက်တွေ တွေ့လာရတဲ့အခါမှာလည်း သင့်လျော်တဲ့ပြုပြင်မှုတွေကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အလုပ်သမားကြီးများအနေနဲ့လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိခံစားနိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့၊ ကုန်ထုတ်စွမ်းအားအပြည့်အဝပေးနိုင်ဖို့ လိုအပ်သလို ထုတ်ပြန်ထားတဲ့ဥပဒေများကို စဉ်ဆက်မပြတ်လေ့လာကာ အလုပ်သမား ကြီးများအချင်းချင်း သိရှိအောင်မျှဝေပြီး အလုပ်သမားထုတစ်ရပ်လုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုပါတယ်။

၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ အလေးအနက်ထား တင်ပြလိုက်တဲ့အချက်ကတော့ အစိုးရ သစ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးတို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးစတဲ့ မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အလုပ်သမားကြီးများ အပါအဝင် ပြည်သူများရဲ့ လူမှုရေးကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့၊ လူမှုဘဝလုံခြုံမှုရရှိ စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း အသိပေးပြောကြားရင်း အလုပ်သမားကြီးတွေ စိတ်ရဲ့ချမ်းသားခြင်း၊ ကိုယ်ရဲ့ကျန်းမားခြင်းတို့နဲ့ ပြီးပြည့်စုံပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - AP Phto/Apichart Weerawong)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက အင်အား အကြီးဆုံးဖြစ်တဲ့ (UWSA) ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ တာဝန်ရှိသူတွေကို ၀ဒေသ ပန်ဆန်းမှာ သွားရောက် တွေ့ဆုံခဲ့ပြီး၊ ငြိမ်းချမ်းရေး အလားအလာတွေအပေါ် အချက်အလက် စုဆောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် တဦးလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးစိုးဌေးဦးဆောင်တဲ့ သုံးဦးပါ အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းတွေအတွက် အခိုင်အမာ အချက်အလက်ရယူတဲ့ သဘောဖြစ်တယ်လို့ သိရပါတယ်။ ပန်ဆန်းကနေ မကြာခင်ကပဲ ပြန်ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦစိုးဌေး။ ။ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ တိတိကျကျဖြစ်လာအောင် ဆိုရင် အချက်အလက် ရှာဖွေတဲ့ အနေနဲ့ တွေ့သင့်တဲ့သူပေါ့။ ဒါက ကိုယ့်ဟာကိုယ် တာဝန်ယူပြီးတော့ ဆုံးဖြတ်တဲ့ သဘောပေါ့။ သမ္မတ ကြီးကလည်း အမျိုးသားရင်ကြားစေ့ရေးတို့၊ ပြည်သူ့ ငြိမ်းချမ်းရေးတို့၊ နောက်တခါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလဲ ငြိမ်းချမ်းရေးတို့၊ အမျိုးသား ရင်ကြားစေ့ရေးတို့ ပြောသွားတော့ ကျွန်တော်တို့လည်း အောက်ခြေကနေ ဖော်ဆောင်ပေးတဲ့ သဘောပါပဲ။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင်ကော၊ သမ္မတ ကြီးကော ကိုယ်တိုင်ဆွေးနွေးပြီးမှ၊ တပ်မတော်နဲ့လည်း အကျေအလည် ဆွေးနွေးပြီးမှ ဒါတွေ ချမှတ်မယ့် သဘောရှိပါတယ်။ ကျွန်တော်တို့ကလည်း ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်လာအောင် ဒီတာဝန်ကို ထမ်းဆောင်တဲ့ သဘောပါပဲ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့။ အဲဒီတော့ လွှတ်တော်အနေနဲ့ သွားတဲ့ သဘောပေါ့။

ဦစိုးဌေး။ ။ဟုတ်ပါတယ်။

ကိုသားညွန့်ဦး။ ။သွားတဲ့ အခါမှာကော ဘယ်သူတွေနဲ့ တွေ့ဖြစ်ပါသလဲ ခင်ဗျ။

ဦးစိုးဌေး။ ။ဥက္ကဌ ဦးပေါက်ယူချန်းတို့ကတော့ ကျန်းမာရေးကြောင့် ဆေးရုံ တက်နေတယ်ပေါ့လေ။ သူနဲ့တော့ မတွေ့ဘူး။ နောက် ဒုဥက္ကဌ ဦး ဆောက်ယူလျန်၊ သူနဲ့တွေ့တယ်။ ပန်ဆန်းမှာရှိတဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ အားလုံး ခြောက်ယောက်လောက်နဲ့ တွေ့ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ လူကြီးတစ်ယောက်က ဆုံးသွားတယ်လေ။ နာရေးနဲ့ မအားလပ်တဲ့အခါကျတော့ ကျွန်တော်တို့က စောင့်နေတာပေါ့လေ။ အဲဒီမှာတော့ အများကြီးနဲ့ တွေ့ ရတာပေါ့။ သူတို့ က မိတ်ဆက်ပေးပါတယ်။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့က ဘယ်နှစ်ရက်လောက်ကြာသွာလဲ ခင်ဗျ။

ဦးစိုးဌေး။ ။ကျွန်တော်တို့က ရောက်တာက ၂၅ရက်နေ့၊ ပြန်တာက ၂၉ ရက်နေ့ပေါ့။ ပါစပ်မြစ်ပေါ်လဲ ငြိမ်းချမ်းရေး ဥယျာဉ်တို့ ဘာတို့။ နယ်စပိတ်တို့ ကျွန်တော်တို့ကို လိုက်ပြပါတယ်။ လူကြီးတွေရဲ့ သဘောထားကို သိအောင် လိုက်ပြတဲ့ သဘောပါ။ ဒီမှာကျွန်တော်တို့ လူကြီးတွေကို ပြန်ပြီးတော့ တင်ပြမှာပေါ့ဗျာ။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့ တီးမီခေါက်မိသလောက် UWSA နဲ့ အစိုးရသစ်တို့ ဆက်ဆံရေး အလားအလာ ဘယ်လို ရှိနိုင်လဲ။ အလားအလာ ကောင်းပါသလား ခက်ခဲမယ့် သဘောရှိပါသလား။

ဦးစိုးဌေး။ ။သူတို့က ကြိုဆိုထောက်ခံတာကိုတော့ ရာနှုန်းပြည့်ပေါ့။ ဥက္ကဌ ဦးပေါက်ယူချန်းတို့ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အတော်လေးကို လေးစားတယ်ဆိုတာ အရင်ကတည်းက သိရတယ် လေ။ပါတီနဲ့တင် မဟုတ်ဘူး။ တပ်မတော်နဲ့လည်း သူတို့က အဆင်ပြေအောင် ဆက်ဆံမယ့် သဘောရှိတာပေါ့။

ကိုသားညွန့်ဦး။ ။ဦးစိုးဌေးတို့ သွားတဲ့ အခါမှာကော တပ်မတော်နဲ့ကော ညှိနှိုင်းဆောင်ရွက်မှု ရှိပါသလားခင်ဗျ။

ဦးစိုးဌေး။ ။ကျွန်တော်တို့ကတော့ ပုဂ္ဂိုလ်ရေးအရ သွားတာ။ တာဝန် ကြီးကြီးမားမားနဲ့ သွားတာ မဟုတ်ဘူး။ ပါတီဝင် တစ်ဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သွားတာ။ တပ်မတော်က ခိုင်းလို့ သွားတာ မဟုတ်ဘူး ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့။ ဒါဆို NLD ရဲ့ သဘောထား၊ NLD ရဲ့ စေလွှတ်မှု မပါဘူးပေါ့။

ဦးစိုးဌေး။ ။တိုက်ရိုက်ကြီးတော့ မပါဘူးပေါ့ဗျာ။ ကျွန်တော်တို့က စတင်ပြီးတော့ ဆောင်ရွက်တာကိုး။ နောင် လုပ်ဖို့ကျတော့ စဉ်းစားမှာပေါ့။ ဒီတွေ့ရှိချက်အပေါ်မှာ မူတည်ပြီးတော့ လူကြီးတွေက စဉ်းစားနိုင်တာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေ ကို ပြန်ပြီး သတင်းပို့မှာပေါ့။

ကိုသားညွန့်ဦး။ ။ဒေါ်အောင်ဆန်းစုကြည်က နှစ်လအတွင်းမှာ ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ခေါ်ဖို့ ပြောသွားတာရှိပါတယ်။ ဒီအပေါ်မှာကော UWSA ရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲ။

ဦးစိုးဌေး။ ။အခုက တရားဝင် ဖိတ်တာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့က ဒီဥစ္စာ အစီအစဉ်တော့ရှိတယ်။ ဒါလေးကို လူကြီးမင်းတို့ စဉ်းစားထားဖို့ တိုက်တွန်းပါတယ်ပေါ့။ ဒီလောက်ပဲ တိုတိုနဲ့ လိုရင်းလောက်ပဲ။ ပြည်ထောင်စုက မခွဲထွက်ဖူး ဒါက သူတို့က အရင်ကတည်းက ချမှတ်ပြီးသား။ ငြိမ်းချမ်းရေနဲ့ပဲ သူတို့ ရဲ့ လိုလားချက်တွေကို တောင်းဆိုသွားမယ်။ ငြိမ်းချမ်းရေးက သူတို့က ချစ်မြတ်နိုးပြီးသား။ ပြည်ထောင်စု အပေါ်မှာကော အစိုးရပေါ်မှာကော၊ လူထုက တခဲနက် ထောက်ခံလိုက်တဲ့ အစိုးရအပေါ်မှာ သူတို့လည်း လိုလို လားလား ထောက်ခံတယ်။ ကြိုဆိုတယ် ဆိုတာ မကြာခဏလည်း ပြောပါတယ်။

ကိုသားညွှန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အီရတ်နိုင်ငံက အစ္စလာမ် Shi’ite ဂိုဏ်းခေါင်းဆောင် Muqtada al-Sadr ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦးအတွင်း ၀င်ရောက်ခဲ့ စီးနင်းခဲ့ကြပါတယ်။ ဒါဟာ မြို့တော် ဘက်ဂဒတ်မှာရှိတဲ့ Green Zone လို့ခေါ်တဲ့ အစိုးရထိန်းချုပ်မှုအောက်က လုံခြုံရေးတွေ ထူထပ်စွာ ချထားတဲ့နေရာကို ဖြတ်ကျော်ပြီး ၀င်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံအတွင်း အကျင့်ပျက် ခြစားမှုတွေ ကြီးမားစွာ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေး ခွဲတမ်းစနစ်ကို အစိုးရက ပြုပြင်ပြောင်းလဲခြင်း လုပ်ဆောင်ဖို့ ပျက်ကွက်နေတဲ့အပေါ် al-Sadr က ပြစ်တင် ရှုတ်ချလိုက်ပြီးတဲ့နောက်မှာ အခုလို လွှတ်တော်ထဲ ၀င်ရောက် စီးနင်းတဲ့အထိ ဖြစ်လာခဲ့တာပါ။ လွှတ်တော်အတွင်းမှာတော့ ဆန္ဒပြသူတွေက ကခုန်တာ၊ အီရတ်အလံကို ဝှေ့ယမ်းတာနဲ့ al-Sadr ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

al-Sadr ကို ထောက်ခံသူတွေဟာ မြို့တော် ဘက်ဂဒတ်မှာ သီတင်းပတ် အတန်ကြာကတည်းက ဆန္ဒပြနေခဲ့ကြတာဖြစ်ပြီး ၀န်ကြီးချုပ် Haider al-Abadi အနေနဲ့ လပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို လုပ်ဆောင်ဖို့အတွက် ဖိအားပေးနေကြတာပါ။

စနေနေ့က ပြုလုပ်တဲ့ လွှတ်တော်စည်းဝေးပွဲကနေ ၀န်ကြီးချုပ် Abadi အဆိုပြုထားတဲ့ ၀န်ကြီးအဖွဲ့ ပြောင်းလဲရေး အစီအစဉ်ကို မဲခွဲဆုံးဖြတ်ဖို့ လုံလောက်တဲ့ အချိုးအစား မပြည့်ခဲ့ပါဘူး။ လွှတ်တော်အမတ်တချို့က ကန့်ကွက်နေတဲ့ကြားကပဲ ၀န်ကြီး နေရာတချို့ကိုတော့ သီတင်းပတ် အစောပိုင်းတုန်းက အတည်ပြုပေးနိုင်ခဲ့ပါတယ်။

တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ဖို့အတွက် ပါတီစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂနစွဲတွေနဲ့ ခန့်အပ်ထားတဲ့ ၀န်ကြီးနေရာတွေမှာ ကျွမ်းကျင် ပညာရှင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့အတွက် ၀န်ကြီးချုပ် Abadi ကို နိုင်ငံရေးပါတီတွေက တိုက်တွန်းနေကြတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အီရတ်မှာ ထောင်ဂဏန်းများစွာရှိတဲ့ ရှီးယားမူဆလင် ဆန္ဒပြသူတွေဟာ အီရတ်ပါလီမန်ထဲအထိ ချင်းနင်း ဝင်ရောက်ပြီးဆန္ဒပြခဲ့ကြပါတယ်။

အစိမ်းရောင်ဇုံကို ကာထားတဲ့ အုတ်တံတိုင်းတွေကိုလည်း ချိုးဖျက်ဝင်ရောက်ခဲ့ကြပါတယ်။

အစိမ်းရောင်ဇုံဆိုတာကတော့ အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံတကာ သံရုံးတွေ ရုံးစိုက်တဲ့ အထူးလုံခြုံရေးဇုံဖြစ်ပြီး ၄ စတုရန်းမိုင် လောက်ကျယ်ဝန်းတဲ့ နေရာ ဖြစ်ပါတယ်။

အီရတ်လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ ဖောက်ခွဲပြီး ဟန့်တားဖို့ကြိုးစားပါတယ်။

ဆန္ဒပြသူတွေဟာ သြဇာကြီးမားတဲ့ ရှီးယား ဘာသာရေးခေါင်းဆောင် မော့က် တာဒါ အယ်လ်ဆာဒါ ကိုထောက်ခံသူတွေ ဖြစ်ကြပါတယ်။

သူတို့ပြုပြင်ပြောင်းလဲရေးကို ငြိမ်းချမ်းစွာ နဲ့ ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက လက်ရှိ အစိုးရအဖွဲ့ကို သြဇာရှိသူ ပညာတတ်တွေနဲ့ အစားထိုးချင်နေကြတာပါ။

ပညာတတ်တွေနဲ့ အစားထိုးနိုင်ရင် လက်ရှိ လူတွေထက်တော့ အကျင့်ပျက် ခြစားတာတွေ သက်သာသွားလိမ့်မယ်လို့ သူတို့က မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ရှီးယားဘာသာရေးခေါင်းဆောင် မော့က် တာဒါ အယ်လ်ဆာဒါ ကလည်း လူထုနဲ့ပဲ သူရပ်တည်ကြောင်းနဲ့ တခြား ဘယ်သူ့ကိုမှ မထောက်ခံနိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲလိုသူ အနည်းငယ်ကလွဲပြီး ကျန်တဲ့ နိုင်ငံရေးသမားတွေ ကျွမ်းကျင်သူတွေအားလုံးကို သပိတ်မှောက်ကြောင်းနဲ့ ပွင့်လင်းမှု ရိုးသားဖြောင့်မတ်မှုကို လိုချင်ပါတယ်လို့ ပြောပါတယ်။

သူတို့က ပညာတတ်တွေနဲ့ အဲသလို အစားထိုးချင်ကြပေမယ့် လွှတ်တော်အမတ်တွေက တော့ လက်ရှိ နိုင်ငံရေးစနစ်ကို ထိန်းသိမ်း ထားခြင်းအားဖြင့် နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးသမားတွေ အားကောင်းနေတာကို လိုလားကြတာဖြစ်ပါတယ်။

ရဲအဖွဲ့ကတော့ သူတို့ဟာ လွှတ်တော်အဆောက်အဉီးထဲအထိ စီးနင်း ဝင်ရောက်ခဲ့ကြပေမယ့်လည်း သူတို့ကို အကြမ်းဖက်သူတွေလို့ မယူဆပဲ ဆန္ဒပြသူတွေလို့သာ ယူဆလက်ခံသေးတဲ့ အတွက် ပစ်ခတ်နှိမ်နင်းမှု မျိုးတွေလုပ်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဘာမှကို မလုပ်ရသေးဘူး … ဘာမှကို မလုပ်နိုင်အောင်

တရုတ်နိုင်ငံမှာ အမေရိကန်က Intel ကုမ္ပဏီကြီးကသွားပြီးတော့ တက္ကသိုလ်ဖွင့်တယ်။ တရုတ်က ကြိုဆိုပါတယ် လာပါဆိုပြီးတော့ တက္ကသိုလ်ကြီးတစ်ခုလုံးကို ထိုးအပ်လိုက်တယ်။ ခုဆိုရင် နည်းပညာနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို တရုတ်လေးတွေ အမေရိကမသွားဘဲ သူတို့ပေးတဲ့ ပညာတွေ၊ သူတို့ပေးတဲ့ ဘွဲ့တွေ ကိုယ့်တိုင်း ပြည်မှာ နေရင်း ထိုင်ရင်းရတော့မယ်။

အမေရိကန်ပြည်ထောင်စု ကော်နက်တီးကပ် တက္ကသိုလ်ကျောင်းကြီး တစ်ခုလုံးကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝေမင်းဆီကို ရောင်းလိုက်တယ်။ တရုတ်တွေက အမေရိကန်က ကျောင်းကြီးတစ်ခုလုံးကို ဒေါ်လာ ၁၂ သန်း ကျော်နဲ့ ဝယ်လိုက်တယ်။ မင်းတို့ အမေရိကန်က လူငယ်တွေလည်း တရုတ်မသွားဘဲ တရုတ်စာလာသင်ကြ။ အခြား အာရှကလူငယ်တွေလည်း ဒီမှာလာပြီး စာသင်နိုင်တယ်လို့ လမ်းဖွင့်ပေးလိုက်တယ်။

ဆိုလိုချင်တာက ၂၁ ရာစုမှာ လက်နက်နဲ့ခြိမ်းခြောက်တိုက်ခိုက်ပြီး ကိုလိုနီကျွန်ပြုစရာ မလိုတော့ဘူး။ ပညာနဲ့ နယ်ချဲ့တာတွေ လုပ်လာကြပြီ။ ပညာနဲ့ ကျူးကျော်တာကို ပညာနဲ့ ဝင်လာတာကို ဘယ်သူမှမတားဘူး။ သူလည်း အကျိုးရှိ ငါလည်း အကျိုး မယုတ်ဘူးဆိုရင် လက်ခံကြတာပဲ။

ပညာနယ်ချဲ့တာဟာ ၂၁ ရာစုရဲ့ပြယုဂ်တစ်ခုပဲ။ ဒါကြောင့် ဗီယက်နမ် လူငယ်တွေ တရုတ်ကို အများကြီး သွားတယ်။ တရုတ်မှာ ဗီယက်နမ် ကျောင်းသား တစ်သိန်းနီးပါးရှိတယ်။ ဂျပန်မှာ ဗီယက်နမ်ကျောင်းသား ၄ သောင်းနီးပါးရှိတယ်။ ဗီယက်နမ်လည်း အာရှကျားဖြစ်ရေး ဦးတည်နေတာ သတိထားမိမှာပေါ့။ ဒါကြောင့် တိုင်းပြည်အတွင်း နိုင်ငံတကာကျောင်းတွေ လာမဖွင့်နိုင်သေးမီ ကမ္ဘာပတ်ပြီး သူတို့ ကျောင်းသားတွေကို ကမ္ဘာ့ ပညာရေး လေ့လာနိုင်အောင် လွှတ်ထားတယ်။ သူတို့ အကြီးစားတက္ကသိုလ်တွေ ထူထောင်နိုင်ချိန်မှာဆိုတဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ခုကတည်းက အကွက်ချပြီး လုပ်နေကြတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ “ပညာရေး ရန်ပုံငွေ ဂီတပွဲ” မှာ ပြောသွားခဲ့တဲ့ စကား တစ်ခွန်းရှိတယ်။

“ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးကို တစ်ကမ္ဘာလုံး ကနေ ပြန်ပြီးတော့ လေးစားအောင်လို့ ရန်ကုန်တက္ကသိုလ်ကနေပြီး တော့ စချင်ပါတယ်။ အဲဒီလို စခြင်းဆိုတာဟာ ရန်ကုန်ကို အသားပေးချင်လို့ မဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ကျွန်မတို့ ရွေးချယ်ထားတာပါ။ အဲဒါကြောင့် ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးထွန်းပေါက်မှု သင်္ကေတဖြစ်အောင် ကြိုးစားတဲ့ နေရာမှာ ဝိုင်းပြီးတော့ ကြိုးစားကူညီပေးကြပါ” လို့ ပြောခဲ့ဖူးတဲ့စကား သတိရပါတယ်။

ကဲ … လူထုခေါင်းဆောင်ကတော့ အမြော်အမြင်နဲ့ အကွက်ချထားပါပြီ။ ဘယ်သူတွေက … ဘာတွေ အကြောင်းပြပြီး ဇောင်းထဦးမလဲမသိဘူး။ ကျွန်တော်တို့တိုင်းပြည်လည်းဒုက္ခ။ ပြန်လည်ထူထောင်ရေးတွေ မနေမနား အားကြိုးမာန်တက် လုပ်နေရမယ့်အချိန်တွေမှာ လာစမ်းဟဲ့ … တော်လှန်ရေး၊ ဘာလဲဟဲ့ … သပိတ်၊ ဒီမိုကရေစီအစိုးရပဲ ပျော်ပျော်ပါးပါး ဆန္ဒပြကြရအောင်တဲ့။

အေးလေ … မျက်ဖြူဆိုက်လေ အာဏာရှင်ကြိုက်လေဆိုတာလည်း သတိထားကြပေါ့။

၃၀.၄.၂၀၁၆
Tin Nyunt

 pharkant-machin-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့အတွက် ကျောက်မျက်ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုတွေကို ယာယီရပ်နားထားတယ် လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကုမ္ပဏီတွေဟာ မနေ့ကအထိ ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေပေမယ့် ဒီကနေ့မှာ ရပ်နားထားတာ တွေ့ရတယ်လို့ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။

"ကျနော်တို့ဝန်ကြီးအဖွဲ့တွေ လာရောက်မယ်လို့ကြားလိုက်တဲ့အချိန်မှာ ဝန်ကြီးအဖွဲ့များ လာရောက်ပြီးတော့ ဖြတ်သန်းသွားမယ့်လမ်းကြောမှာ ရှိနေတဲ့ ကျောက်မျက်လုပ်ငန်း လုပ်နေတဲ့ကုမ္ပဏီတွေကျတော့ နဂိုမူလသူတို့လုပ်နေတဲ့ပုံစံမဟုတ်ပဲနဲ့ ရပ်နားထားတဲ့ အနေအထားပေါ့နော်၊ အဲ့လိုမျိုး ကျနော်တို့တွေ တွေ့ရတယ်၊ လွန်ခဲ့တဲ့ ၂ ရက်ထဲက အဲ့လမ်းပေါ်မှာသူတို့တွေက မြေစာသယ်ယာဉ်တွေဖြတ်သန်းသွားလာနေတာပေါ့နော်၊ ဒီနေ့ကတော့ ရှင်းလင်းနေတဲ့အနေအထားဆိုတော့ အများကြီးကွာဟနေတာတွေ့ရပါတယ်"

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေအပါအဝင် ဋ္ဌာနဆိုင်ရာအရာရှိတွေက ဒီကနေ့ မနက်ပိုင်းမှာ လုံးခင်းကျောက်စိမ်းတူးဖော်ရေးရုံးမှာ ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ နဲ့ တွေ့ဆုံခဲ့ပြီး ကျောက်စိမ်းလုပ်ကွက်တစ်ချို့ကို သွားရောက် စစ်ဆေးနေတာဖြစ်ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ကို ဆက်သွယ်လို့မရတဲ့အတွက် အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။

ဖားကန့်ကကျောက်စိမ်းတွင်းဒေသမှာ စက်န္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေတဲ့အတွက် မြေပြိုမှုတွေမကြာခဏဖြစ်ပွားပြီး လူသေဆုံးမှုတွေ၊ ရေကြီးမှုကြောင့် မြို့ရွာလူနေအိမ်ပျက်စီးမှုတွေစသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုအစိုးရသစ်လက်ထက်မှာ သယံဇာတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နဲ့အဖွဲ့ဟာ ဖားကန့်ဒေသကို ပထဆုံးအကြိမ်လာရောက်လေ့လာ တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက် အသစ် သမ္မတ ရုံးက ထုတ်ပြန် လာတာမှာ ဒေါ်အောင်ဆန်းစုကြည် ရယူထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး ကို သမ္မတ နောက် ကပ်ရက် ဒုတိယ နေရာမှာ ထားရှိ လာ ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာ တရားဝင် ဥပဒေပြု ပေါ်ပေါက် လာတဲ့ အတွက် ထပ်မံ သုံးသပ်မှု တွေ ပြုလုပ် ခဲ့ပြီး အခုလို အင်္ဂါစဉ် အသစ် သမ္မတက သတ်မှတ် ပေးလာရတာ ဖြစ်တယ် ဆိုပြီး သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဘီဘီစီ ကို ပြောပါတယ်။

ပြည်ထောင်စု အင်္ဂါစဉ် ဆိုတာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားရေး အာဏာ ၃ ရပ်ကို ပိုင်စိုး တဲ့ အကြီးအကဲ တွေ ကို ကြီးစဉ် အလိုက် စီထားတာ ဖြစ်ပြီး၊ နိုင်ငံတော် အဆင့် အခမ်းအနားတွေ၊ နိုင်ငံရပ်ခြား သံတမန်တွေ နဲ့ ဆက်ဆံတဲ့ အခါ တွေမှာ တရားဝင် ရာထူး အစဉ်လိုက် အနေနဲ့ လိုက်နာ ဆောင်ရွက် ရတဲ့ စနစ် တစ်ရပ် ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အပါအဝင် လက်ရှိ တည်ဆဲ ဥပဒေ တွေ မှာ တပ်မတော် အကြီးအကဲ အပါအဝင် နိုင်ငံတော် အကြီးအကဲ တွေရဲ့ သက်ဆိုင်ရာ အာဏာ နဲ့ လုပ်ပိုင်ခွင့် တွေ အသီးသီး သတ်မှတ် ထားပြီး ဖြစ်တဲ့ အတွက် အခုလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကို ပြည်ထောင်စု အင်္ဂါစဉ်ရဲ့ ဒုတိယ နေရာမှာ ထားရှိတဲ့ အပေါ် တပ်မတော် ဘက်က ကန့်ကွက် မှု တွေ ရှိ မလာ နိုင်ဘူးလို့ သူ့ အနေနဲ့ ယူဆကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူး နေရာ ဖန်တီး ပေးတဲ့ ဥပဒေ ကို လွှတ်တော် မှာ မဲခွဲ ခဲ့ကြတုန်းကတော့ တပ်မတော် သားတွေ ဘက်က ကန့်ကွက်မှု တွေ ပြုလုပ် ခဲ့ကြပါတယ်။

အရင် အင်္ဂါစဉ် သတ်မှတ် ချက် မှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟာ သမ္မတ၊ ဒု သမ္မတ နှစ်ယောက်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက် နဲ့ တရားသူကြီးချုပ် တို့ပြီးရင် နံပါတ် ၇ နေရာ မှာ ရှိခဲ့ ပေမယ့်၊ အခုလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒုတိယ နေရာ ဝင် လာချိန် မှာတော့ ကာကွယ်ရေး ဦးစီးချုပ် ဟာ နံပါတ် ၈ နေရာ ကို ရောက်သွား ပါတယ်။

လက်တွေ့ မြန်မာ နိုင်ငံရေး အခြေ အနေအရတော့ ကာကွယ်ရေး ဦးစီးချုပ် ဟာ အာဏာ ၃ ရပ် ကို ပိုင်စိုးသူ တွေ နဲ့ အာဏာ ချိန်ခွင်လျှာ ညှိနိုင်လောက် တဲ့ နိုင်ငံရေး အရ အရေးပါသူ ဖြစ်နေ ပါတယ်။

BBC Burmese

၂၁ ရာစု ပင်လုံ ညီလာခံမှာ UWSA ၀ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ အနေနဲ့ ပါဝင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ဝ ခေါင်းဆောင် တွေကို တိုက်တွန်း လိုက်ပါတယ်။

ဝ ခေါင်းဆောင်တွေ ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ပါဝင်ဖို့ ဆန္ဒရှိ နေပေမယ့် ကော်မတီ အစည်း အဝေး ထိုင် ဆုံးဖြတ် ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

NLD လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ဝ ဌာနချုပ် ပန်းဆန်း အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝ ခေါင်းဆောင် တွေကို အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် တလ နှစ်လ အတွင်း ကျင်းပဖို့ ညီလာခံ ဖြစ်မြောက်ရေး မကြာသေးခင်က ဆော်သြ ထားတာ ဖြစ်ပါ တယ်။

ဦးစိုးဌေး ဟာ NLD ပါတီ ရဲ့ ကော့ကရိတ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

တရားဝင် ကိုယ်စားပြု သွားရောက်တာ မျိုး မဟုတ်ဘဲ၊ သူ့ရဲ့ လက်ရှိ တာဝန် တွေ အတွက် အချက် အလက် သွားရောက် ရယူတဲ့ ပုံမျိုး သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကို ဧပြီလ (၂၅) ရက်နေ့ ကနေ (၂၉)ရက်နေ့ အထိ သွားရောက် ခဲ့ပြီး ပန်ဆန်းမှာ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဒုတိယ ဥက္ကဌ ဦးရှောက်မင်လျှံ နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။
BBC Burmese


ညောင်ဦးမြို့တွင် နာရေးတစ်ခုကို လိုက်ပါပို့ဆောင်နေသည့် ဒေသခံများ (ဓာတ်ပုံ − Nyaung Oo Kayunarshin FB)

ညောင်ဦးမြို့နယ်တွင် အပူချိန်မြင့်မားမှု ဒဏ်ကြောင့် သက်ကြီးရွယ်အိုများ တစ်ရက်နှစ် ဦးနှုန်း သေဆုံးနေကြောင်း သတင်းရရှိသည်။

အပူဒဏ်ကြောင့် သေဆုံးမှု များသည် ဧပြီ ၁၀ ရက်မှစ၍ ဖြစ်ပေါ်နေပြီး သက်ကြီးရွယ်အိုများ နှင့် အရက်သောက်သုံးမှုကြောင့် သေဆုံးသူများ ရှိနေကြောင်း ညောင်ဦးမြို့ ကရုဏာရှင် နာရေးကူညီမှုအသင်းမှ ဦးအောင်ကျော်မြင့်က ပြောသည်။

‘‘အပူချိန်များလွန်းလို့ ဆုံး တာတော့ များတာပေါ့လေ။ အပူ လျှပ်တဲ့သဘောမျိုးပေါ့။ အရက် သောက်တဲ့သူတွေကလည်း အပူ ချိန်များလို့ ဖြစ်တာမျိုးရှိတယ်။ တစ်ရက်ကို လေးယောက်နှုန်းရှိ တယ်။ အပူချိန်ကြောင့် သေဆုံး တဲ့သူကများတယ်။ အများစုက တော့ ၆၀ ကျော် အရွယ်တွေပဲ။ ဒါပေမဲ့ ၄၀ အရွယ်တွေလည်း ပါနေတယ်’’ဟု ဦးအောင်ကျော် မြင့်က ပြောသည်။

ဧပြီ ၂၉ ရက်တွင်လည်း အပူချိန်ကြောင့် သေဆုံးသူနှစ်ဦး ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘အသက်ကြီးတဲ့သူတွေ ပုံမှန်ဆိုရင် နေလို့ရသေးတာပေါ့။ အခုကျ အပူချိန်ကြောင့် ဆုံးတာ ပေါ့။ အဲဒီလိုဖြစ်နေတာ။ သေဆုံး သူတွေ နှစ်ဆဖြစ်နေတယ်’’ဟု ညောင်ဦးမြို့ ဒေသခံဦးမျိုးညွန့်က ပြောသည်။ယခုရက်ပိုင်းအတွင်း ညောင်ဦးမြို့နယ်၌ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ် လျက်ရှိသည်။

အပူပိုင်းဒေသများရှိ အခြား မြို့များတွင်လည်း အပူချိန်ကြောင့် သက်ကြီးရွယ်အိုများ သေဆုံးမှု ဖြစ်ပေါ်နေသည်ဟု သတင်းရရှိ သည်။
7Day News Journal


ဧပြီလ ၂၉ရက်နေ့က ဆီးရီးယားနိုင်ငံ အလက်ပို မြို့တွင် လေကြောင်း တိုက်ခိုက်မှုအပြီး၊ ကျန်ခဲ့သော အပျက်အစီးများကို ရှင်းလင်းနေသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - Qasion News Agency via AP)
ဧပြီလ ၂၉ရက်နေ့က ဆီးရီးယားနိုင်ငံ အလက်ပို မြို့တွင် လေကြောင်း တိုက်ခိုက်မှုအပြီး၊ ကျန်ခဲ့သော အပျက်အစီးများကို ရှင်းလင်းနေသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - Qasion News Agency via AP)

ဆီးရီးယားနိုင်ငံတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ၂ လ သက်တမ်းသာ ရှိသေးပေမယ့်လည်း လျှင်လျှင်မြန်မြန်ပဲ ပျက်ပြယ်စပြု လာနေပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြင့်ဖို့ ကျိုးစားနေတဲ့ အမေရိကန်နိုင်ငံအဖို့ အဆင်မပြေမှုတွေနဲ့ တိုြး့ပီး ရင်ဆိုင်လာနေရပါတယ်။

ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Latakia နဲ့ Ghourta အရှေ့ဘက် အရပ်မှာ အပစ်အခတ် ရပ်စဲရေး တွန်းအားပေးဖို့ အမေရိကန်နဲ့ ရုရှား အရာရှိတွေ ဆွေးနွေးလုပ်ကိုင်နေကြသလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ကြား ဆွေးနွေးမှုတွေကလည်း အမေရိကန်တို့ကို အကြပ်ရိုက်စေပါတယ်။ အဓိကအားဖြင့် ရုရှားတို့နဲ့ လုပ်ကိုင်ရာမှာ အမေရိကန်တို့ဘက်က ဆက်တိုက် ဆိုသလို အားထုတ်ကျိုးပမ်းနေရတာ အသစ်အဆန်းတော့မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက သောကြာနေ့ကပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက Aleppo မြို့အခြေအနေအတွက် သိပ်ကို စိုးရိမ်တဲ့ အကြောင်းကိုလည်း အဲ့ဒီအရာရှိကထည့်သွင်းပြောသွားပါတယ်။ လူသားချင်းစာနာမှု ဆိုင်ရာဘေးဒုက္ခတွေ နဲ့ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးမှုတွေ တကယ်ပဲ အောင်မြင်မှုရှိသလား ဆိုတာ စောင့်ကြည့်ဖို့လိုပါသေးတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးတာကလွဲရင် ရုရှားတို့ဘက်က ဘာကိုမှာ စိတ်ဝင်စားပုံ မရဘူးဆိုတဲ့ ထင်မြင်မှုတွေကလည်း ရှိနေပါတယ်။

အစပိုင်းမှာ တိုက်ခိုက်မှုတွေ ရပ်လိုက်ပေမယ့်လည်း ဆီးရီးယားသမ္မတ Bashar al Assad နဲ့ပူးပေါင်းနေတဲ့ ရုရှားတပ်တွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက် နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိက VOA ကိုပြောပါတယ်။
VOA

အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားရာ နေရာပြ မြေပုံ။ (ဓါတ်ပုံ - official publication)
အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားရာ နေရာပြ မြေပုံ။ (ဓါတ်ပုံ - official publication)

ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်း စတင်ပြီ လို့ ရခိုင်ဝန်ကြီးချုပ်က ကြေညာလိုက်ချိန်မှာပဲ ရခိုင်မှာ အရေးကြီးဆုံး အရင်လုပ်ရမယ့်အလုပ်က ငြိမ်းချမ်းရေး နဲ့ နယ်မြေတည်ငြိမ်ရေး အမြန်ဆုံး အလေးအနက်ထား ဖော်ဆောင်ရမှာဖြစ်တယ်လို့ ရခိုင်လူမှု အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် တွင်း ဒေသခံပြည်သူတွေ အသက်အိုးအိမ်လုံခြုံရေး နဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး အရေးကြီး လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ကိုလည်း ရခိုင်ပြည်နယ် အစိုးရနဲ့ပြည်ထောင်စုအစိုးရကို တောင်းဆိုကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ်တွင်း ရခိုင်ပြည်နယ် အစိုးရသစ် လက်ထက် ရက် ၁၀၀ စီမံကိန်းကို မူ ၅ချက်နဲ့ ကော်မတီတွေဖွဲ့ပြီး စတင် အကောင်အထည်ဖော်နေပြီလို့ ဧပြီလ ၂၉ရက်နေ့က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆိုသလို ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း နယ်မြေ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေတဲ့အကြောင်းပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဘက်က ရှင်းလင်းခဲ့ပါတယ်။

အခုလိုရခိုင်ပြည်နယ်အစိုးရဘက်က ရက် ၁၀၀ စီမံကိန်း စတင်နေပြီလို့ ကြေညာလိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်မှာ အရေးကြီးဆုံး စလုပ်ရမယ့် အလုပ်က ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေးဖြစ်တယ်လို့ ရခိုင်လှုမှုရေးအသင်းအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခပေါင်းစုံနဲ့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းအောင် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးစေလိုပါတယ်လို့ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် က ပြောပါတယ်။

" အရင်တုန်းကလည်း အန်တီတို့ရခိုင်ဒေသဟာ ဒုက္ခပေါင်းမျိုးစုံကို ခံလာရတယ်။ ဒီကြားထဲမှာ စစ်ပွဲဖြစ်လိုက်မယ်ဆိုရင် အန်တီတို့ ရခိုင်ပြည်သူလူထုရဲ့ခံရတဲ့ ခံစားချက်ဟာ အင်မတန်မှပဲ ရင်နင့်စရာကောင်းလှပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ဆန္ဒကို ကြည့်တဲ့အခါမှာ ပြည်သူလူထုဟာ ဒီလိုမငြိမ်းချမ်းတဲ့ဘဝ၊ မတည်ငြိမ်တဲ့အခြေအနေမျိုးကို ပြည်သူလူထု တဦးမှ မလိုလားပါဘူး။ ဒီလိုပဲ အန်တီတို့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ဒါတွေကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ အန်တီတို့ ရခိုင်ဒေသကို ဖွံ့ဖြိုးတိုးတက်ဖို့ အားယူရမယ့်အချိန်မှာ ဘယ်ဒုက္ခမှ ထပ်ပြီး မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် ဒီစစ်ဖြစ်နေတာကို မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းတာကိုပဲ အန်တီတို့ လိုပါတယ်။ ဒါ ပြည်နယ်အစိုးရပဲဖြစ်ဖြစ်၊ ပြည်ထောင်စု အစိုးရပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းစွာ နေနိုင်ရေးကိုပဲ ဦးစားပေးပြီးတော့ အန်တီတို့ ပြည်သူလူထုနဲ့ လက်တွဲဆောင်ရွက်ကြပါမယ်လို့။"

ရခိုင်ပြည်နယ်တွင်း ရက်၁၀၀ စီမံကိန်း စတင်ချိန် အရေးတကြီးနဲ့ အရင်ဆုံးဆောင်ရွက်ပေးသင့်တာကတော့ လတ်တလော ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ရခိုင်စစ်ရှောင် ဒုက္ခသည်တွေ အရေးဖြစ်တယ်လို့လည်း ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် ကပြောပါတယ်။

"ဒီရက် ၁၀၀ စီမံကိန်းထဲမှာ ရခိုင်ပြည်နယ်မှာ အရေးကြီးတဲ့ပြဿနာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ လတ်တလော ဖြေရှင်းရမယ့်ပြဿနာကတော့ စစ်ရှောင်ဒုက္ခသည်တွေ အရေးကိစ္စ၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် လုံခြုံရေး၊ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး၊ နောက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် အခြေခံအဆောက်အအုံတွေ နောက်ပြီးတော့ ကျနော်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ နောက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တာတွေ ဒါတွေကတော့ ကျနော်တို့ ဖော်ဆောင်သွားရမယ့်ကိစ္စတွေ ဒီလိုမြင်ပါတယ်။"

စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရဆဲ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး၊ နေရာချထားရေးနဲ့ သူတို့ရဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းသလို၊ အရပ်ဘက် ရခိုင် လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်နေကြ ပါတယ်လို့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်ကပြောပါတယ်။


"လုံခြုံရေးကတော့ အဓိက ပါပဲ။ စစ်ရှောင်ဒေသက ပြည်သူတွေအနေနဲ့ပေါ့နော် တနေရာကနေ တနေရာ စစ်ရှောင်ထွက်ပြေးရတဲ့ ဒုက္ခကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီပြောင်းရွှေ့ရမယ့် ဒုက္ခကို ဒီပြည်သူလူထု က တကယ်ကို မလိုလားပါဘူး။ အထူးသဖြင့် အန်တီတို့ ရခိုင်ဒေသမှာ စစ်ပွဲဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ ရွာလေးတွေကို သူတို့ရဲ့နေရာလေးတွေကို စွန့်ခွာရမှာ သူတို့ အရမ်းပဲ စိုးရိမ်ပူပင်နေကြပါတယ်။ ဒါကြောင့်မို့လို့ အန်တီတို့ကတော့ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်ပဲ သဘောတရားတခုကို တယောက်နဲ့တယောက် ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းမှုရအောင်ပဲ လုပ်စေချင်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ချက်ခြင်း ရပ်တန့်ပေးဖို့နဲ့စစ်ရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ကိုလည်း ရခိုင်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကော်မတီက တောင်းဆိုထားပါတယ်။ ဒါ့အပြင် တိုက်ပွဲ ဖြစ်နေချိန်မှာ ဒေသခံရခိုင်ပြည်သူလူထုကို ပေါ်တာခိုင်းစေတာမျိုး၊ မသင်္ကာမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်စစ်ဆေးအရေး ယူတာမျိုးတွေကို ရပ်တန့်ပေးဖို့ကိုလည်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က တောင်းဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ ဘ၀နဲ့ ဆန္ဒကို အလေးထားဖို့ လိုအပ်တယ်။ တစ်ချက်။ နောက်ပြီးတော့ ဒီဟာ ကို ဖြေရှင်းတဲ့အခါမှာ အခုလက်ရှိ စစ်ကို ဖြစ်နေတဲ့ အချိန်အတောအတွင်းမှာ ဂျနီဗာ ကွနှ်ဗင်းရှင်း လို့ ခေါ်တဲ့ နိုင်ငံတကာမှာ စစ်ဖြစ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ ဒါတွေကို လိုက်နာဖို့ လိုအပ်တယ်။ အရပ်သား ပစ်မှတ်တွေကို အထူးသဖြင့် ထိခိုက်အောင် မလုပ်ဖို့ အရေးကြီးတယ်။ ဒါကို အဓိက ပြောချင်ပါတယ်။ ပြည်နယ် အစိုးရ အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခက်အခဲ ဘယ်လိုပဲ ရှိရှိ ဒီဟာကို ကျော်လွှားနိုင်လိမ့်မယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်။ ”

အခုဆိုရင်တော့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ ဒေသခံ ရခိုင်ပြည်သူ လူထု ရာချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယာယီ စစ်ပြေး ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားပြီး လိုအပ်တဲ့ စားဝတ်နေရေး အခက်အခဲတွေကို နယ်မြေခံ တာဝန်ရှိသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့တွေ ဒေသခံ အလှူရှင်တွေက ကူညီ စောင့်ရှောက် ဖြေရှင်းပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရ ဦးစားပေး ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပြီး စစ်ပွဲများကို ချက်ချင်း ရပ်တန့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ ရခိုင်လူမှုအသင်းအဖွဲ့များ ပူးပေါင်းကော်မတီ(ရန်ကုန်) က တိုက်တွန်းထားပါတယ်။

မဆုမွန်
VOA


နေပြည်တော်သို့ ချီတက်လာကြသော စစ်ကိုင်းတိုင်း တ္တမြားစက်မှုဇုံ သစ်အချောထည် စက်ရုံမှ လုပ်သားများ။ (ဓါတ်ပုံ - FLO)
နေပြည်တော်သို့ ချီတက်လာကြသော စစ်ကိုင်းတိုင်း တ္တမြားစက်မှုဇုံ သစ်အချောထည် စက်ရုံမှ လုပ်သားများ။ (ဓါတ်ပုံ - FLO)

စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုစုံ Myanmar Veener Plywood Private Co ltd သစ်အချောထည် စက်ရုံက အလုပ်သမား ဝန်ထမ်း(၁၀၀)ကျော်ဟာ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်လာနေရာမှာ မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ အလုပ်သမား ၀န်ကြီးဌာနက ညွန်ကြားရေးမှုးတွေက လာရောက်တွေ့ဆုံပြီး သပိတ်စစ်ကြောင်းကို ရပ်နားဖို့ နေပြည်တော်ကောင်စီမှာ အစစ်ဆေးခံဖို့ ညှိနိုင်းဖို့ ပြောဆိုခဲ့ပေမဲ့ သပိတ်စစ်ကြောင်းကတော့ ရပ်နားသွားမှာ မဟုတ်ဘူးလို့  အလုပ်သမားတွေက ပြောပါတယ် မအေးအေးမာက သတင်းပေးပိုထားပါတယ်။

သစ်အချောထည် စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့အထိ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်ဘက်က ညှိနှိုင်းခြင်းမရှိတဲ့အတွက် သူတို့ ပြသာနာကို ဖြေရှင်းပေးဖို့အတွက် နေပြည်တော်က သမ္မတရုံးကို ချီတက်နေကြတာပါ။ ဒီနေ့မှာတော့ မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေ အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေက လာရောက် ညှိနှိုင်းခဲ့ပေမဲ့ သပိတ်ကတော့ ရပ်နားဦးမှာ မဟုတ်သေးဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်က ပြောပါတယ်။

“၀န်ကြီးဌာနတွေ အနေနဲ့ သူတို့ လာညှိတာက ၂ရက် နေ့မှာ ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဖို့ သူတို့က ကျွန်တော်တို့ကို အကြံပေးတယ်။ သပိတ်လှန်ပေးပါ။ အဲဒီက ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ပါ ဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ ကျွန်တော် သပိတ်စစ်ကြောင်း စလာတာ ဖြစ်တဲ့အတွက် ခုံသမာဓိ ကောင်စီ ကိုတော့ သွားပြီး အစစ်ဆေးခံပါတယ်။ ၂ရက်နေ့မှာ အစစ်ဆေးခံမယ်။ မနက်ဖြန်မှာတော့ သပိတ်စစ်ကြောင်းကို ပုံမှန်အတိုင်းပဲ ဆက်ထွက်ပါမယ်။ ဒီကနေပြီးတော့ ခေါင်းဆောင် နှစ်ဦးသော်လည်းကောင်း သုံးဦးသော်လည်းကောင်း ပို့မှာပါ ခင်ဗျ။ သူတို့က ၂ရက်နေ့မှာ ညှိမှာဖြစ်တဲ့အတွက် ၁ရက်နေ့ ညကို ကားနဲ့ ထွက်မှာပါ။ သပိတ်စစ်ကြောင်းကတော့ သူတို့ သွားရောက် စစ်ဆေးခံတဲ့ နေ့တစ်နေ့တော့ နားပါမယ်။ နောက်ရက်တွေကတော့ ၆ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထွက်မှာဖြစ်တဲ့အတွက် အဲဒီ အမိန့်ကြော်ငြာစာ ထွက်လာတဲ့ အခြေအနေအရ ဆက်လက်ပြီးတော့ လုပ်ဆောင် သွားမှာပါ။ သပိတ် စစ်ကြောင်း ကတော့ ဘယ်လို နည်းနဲ့ မှ ရပ်တန့်ဖို့ မရှိပါဘူး။”

အလုပ်ရုံပိုင်ရှင်က အလုပ်ထုတ်ပစ်ခဲ့နောက် စက်ရုံရှေမှာ ၂လကြာတဲ့အထိ သပိတ်စခန်းဖွင့်ပြီး အလုပ်သမား အခွင့်အရေး တောင်းဆိုနေကြရာကနေ အလုပ်ရှင်ဘက်ကရော၊ ၀န်ကြီးဌာနများ အနေနဲ့ပါ ပြေလည်အောင် ဖြေရှင်းပေးနိုင်တာမျိုး မရှိဘူးဆိုပြီး အလုပ်သမား ၁၀၀ကျော်ဟာ နေပြည်တော်သမ္မတရုံးကို ဧပြီလ ၂၉ရက်နေ့ မနက်ပိုင်းကစပြီး ချီတက်ခဲ့ကြတာပါ။ ဒီနေ့ ညှိနှိုင်မူဟာ အလုပ်သမားတွေ အတွက် ကျေနပ်လောက်တဲ့ အဖြေထွက်မလာဘူးလို့လည်း ကိုနှင်းအောင်က ဆက်ပြောပြပါတယ်။

”သူတို့ ထဲကတော့ ညွှန်မှုးလေးဦး ပါတယ်။ သူတို့က ဒီကနေ့ ကစပြီးတော့ စစ်ကိုင်းကို ပြန်ပါ။ သပိတ်လှန်ပါလို့ ပြောတယ်။ သွားပြီးတော့ အစစ်ဆေးခံပါ။ စစ်ဆေးခံပြီးတော့ ၃ရက်နေ့ကို စစ်ကိုင်းကို ပြန်ပါ။ သူတို့ အမိန့် ကြော်ငြာစာကို ဖတ်ပြီးတော့ မင်းတို့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးပါမယ်လို့ ပြောပါတယ်။ ကြားနာ အစစ်ဆေးခံပြီးတော့ ၃ရက်နေ့ကို သူတို့က ကောင်စီရဲ့ အမိန့်ကို ယူပြီးတော့ စစ်ကိုင်းက စက်ရုံမှာ အလုပ်ရှင် အလုပ်သမားရှေ့မှာ အမိန့်ကြော်ငြာစာကို ဖတ်ပြမယ်။ ဒီအမိန့် ကြော်ငြာစာအတိုင်းပဲ လက်ခံရမယ်လို့ ပြောပါတယ်။ ဟုတ်ကဲ့ ဒီကနေ့ ကြားနာချက်က ကျေနပ်စရာ မရှိပါဘူး။ မကျေနပ်တဲ့ အကြောင်းအရင်းက သူတို့ ဟိုမှာကတည်းက လာပြီးတော့ ညှိပေးမယ်ဆိုရင် ညှိပေးလို့ ရတာပဲ။ ကောင်စီက အမိန့်ကို စောင့်စရာ မလိုဘူးပေါ့။ အခု ဖြစ်နေတာက သပိတ်စစ်ကြောင်း ထွက်နေပြီ။ သပိတ်စစ်ကြောင်း ထွက်နေပြီ ဆိုတာ ဖြစ်သည့်အတွက် ကျွန်တော်တို့ကို လာရောက် ဖြေရှင်းပေးရမှာ သူတို့ တာဝန်ပါ။ ”

နေဒဏ် မိုးဒဏ်တွေအောက်မှာ ကလေးငယ်တွေကို ချီးပိုးပြီး အလုပ်သမားတွေဟာ သူတို့အခွင့်ရေးအတွက် တောင်းဆိုဖို့ အတွက် ချီတက်လမ်းလျောက်နေကြတာပါ။ အလုပ်သမားတွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ် လုပ်ခွင့်ပြန်ရရေး၊ အလုပ်သမားတွေရဲ့ နစ်နာမူတွေကို အလုပ်ရှင်အလုပ်သမား အစိုးရ ၀န်ကြီးဌာနအနေနဲ့ ဖြေရှင်းပေးရေးကတော့ အဓိက တောင်းဆိုချက်ဖြစ်ပြီး၊ သူတို့တောင်းဆိုမူတွေကို အလုပ်ရှင်ဘက်က လျှစ်လျုရှူပြီး၊ အလုပ်ထုတ်ပစ်ခဲ့တာ အလုပ် ထုတ်ပြီးတဲ့နောက် အလုပ်သမားဝန်ကြီးဌာန ကနေ ဖြေရှင်းပေးမူတွေ မရှိခဲ့ဘူး ဆိုပြီး အခုလိုမျိုး ချီတက်မူတွေ လုပ်လာရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရာသီဥတုပြင်းတဲ့ နေရောင်အောက်မှာ ချီတက်နေတဲ့ အလုပ်သမား တချိုကတော့ ကျန်းမာရေး ထိခိုက်မူတွေ ရှိနေပြီး အမျိုးသမီး တွေ အပါအ၀င် လူ၂၀လောက် မပါဝင်တော့ပေမဲ့၊ လူအင်အား ၁၀၀ကျော်နဲ့ လမ်းလျောက် ချီတက်မူကို ဆက်လုပ်သွားမှာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်ရှင်။

မဆုမွန်, မအေးအေးမာ
VOA

မြန်မာ့လွှတ်တော်သည် နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား မတ်လတွင် ရွေးချယ်ခဲ့ပြီးနောက် နှစ် ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ခဲ့သည်။ အစိုးရသစ်၏ ၀န်ကြီးစာရင်းများ အတည်ပြုပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် အခန်းကဏ္ဍနှင့် တာဝန်များနှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာသည်။ ၁၉၉၉ မှ ၂၀၀၂ အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀ါရင့် မြန်မာ့အရေး လေ့လာသူတစ်ဦးဖြစ်သည့် ပရစ်စီလာ ကလပ်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံခြား ဆက်ဆံရေးကောင်စီ၏ မကြာမီက အစီရင်ခံစာတွင် မြန်မာ့ဒီမိုကရက်တစ် အနာဂတ်အား သေချာစေခြင်း” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

အစိုးရသစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

လွှတ်တော်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုသည့် ရာထူးနေရာသစ်ကို ဖန်တီးခဲ့သည်။ NLD သည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကို အသုံးပြု၍ ဒေါ်အောင်ဆန်းစုကြည်အတွက် အုပ်ချုပ်ရေးနှင့် ဥပဒေပြဋ္ဌာန်းရေး ကဏ္ဍနှစ်ခုလုံးတွင် ကျယ်ပြန့်စွာ အာဏာသက်ရောက်မှု ရှိစေမည့် ရာထူးသစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သမ္မတဟောင်း ဦးသိန်းစိန် ပင် ထိုသို့ ကျယ်ပြန့်သည့် အာဏာသက်ရောက်မှုမျိုး မရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးနေရာသစ်က လွှတ်တော်နှင့် အစိုးရအဖွဲ့ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုမည်ဟု ယုံကြည်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ရယူထားသည်။ ထိုရာထူးက အကျိုးကျေးဇူး နှစ်ခုရှိစေပြီး ပထမတစ်ခုမှာ နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်ခွင့်ရခြင်းဖြစ်သည်။ ကောင်စီတွင် အရပ်သားများက အနည်းစုဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုဖြင့် ပိုမိုထိရောက်သည့် အသံဖြစ်လာစေနိုင်သည်။ ဒုတိယအားသာချက်မှာ နိုင်ငံခြားရေးမူဝါဒ၏ အကြီးအမှူးဖြစ်လာစေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး လက်ခံတွေ့ဆုံမှုအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ကိုင်တွယ်ခန့်ခွဲမည့် သူမှာ သူသာဖြစ်ကြောင်း စစ်တပ်နှင့် တရုတ်နိုင်ငံကို ပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ရယူထားသည့် တတိယရာထူးမှာ သမ္မတရုံးဝန်ကြီးရာထူးဖြစ်ပြီး အစိုးရအဖွဲ့တွင်းရှိ ၀န်ကြီးဌာနအားလုံးနှင့် ကျယ်ပြန့်စွာ ချိတ်ဆက် ဆောင်ရွက်ခွင့်၊ ညွှန်ကြားခွင့် ရရှိစေသည်။ ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကဲ့သို့ပင် လုပ်ပိုင်ခွင့်အာဏာ အလွန်မြင့်မားသည့်နေရာကို ရရှိခြင်းဖြစ်သည်။

လွှတ်တော်တွင် ဦးဆောင်မှု

နိုင်ငံခေါင်းဆောင်သစ်သည် အစိုးရအဖွဲ့အား ပိုမိုထိရောက်မှုရှိသည့် စွမ်းဆောင်ရည်ကောင်းသည့် ခြစားမှုနည်းပါးသည့် အစိုးရဖြစ်စေလိုကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားထားသည်။ အစိုးရသစ်သည် ၀န်ကြီးဌာန အရေအတွက်အား ယခင် ၃၀ ကျော်ရှိခဲ့ရာမှာ ၂၁ ခုအထိ လျှော့ချခဲ့သည်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် သမ္မတရုံးဝန်ကြီးဌာန ၆ ခုနှင့် ၀န်ကြီး ၆ ဦးရှိခဲ့သော်လည်း ယခုအခါ ၀န်ကြီးဌာန တစ်ခုနှင့် ၀န်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်သာ ထားရှိသည်။ အခြားဝန်ကြီးဌာနများကိုလည်း ပေါင်းစပ်မှုများ ပြုလုပ်ပြီး ၀န်ကြီးအရေအတွက် လျှော့ချခဲ့သည်။

ပြီးခဲ့သည့် အစိုးရသစ်သက်တမ်း ကုန်ဆုံးကာနီးတွင် ခန့်အပ်ခဲ့သည့် အမြဲတမ်းအတွင်းဝန်များကို ဆက်လက်ထားရှိရန် အစိုးရသစ်က ဆုံးဖြတ်ခဲ့သည်။ အမြဲတမ်း အတွင်းဝန် ရာထူးမှာ ၀န်ကြီးအဆင့်အောက်တွင် ဆုံးဖြတ်ချက် ချသူအဆင့်တစ်ခု ထားရှိရန် ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး အကောင်အထည်ဖော်သည့်အဆင့်နှင့် ပိုမိုနီးကပ်စေပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပိုမို ထိရောက်စေရန် ရည်ရွယ်သည်။ စစ်အစိုးရခေတ်တွင် ဗိုလ်ချုပ်ဟောင်းအချို့မှာ မိမိလုပ်ငန်းတာဝန်အား ကောင်းစွာ နားလည်ခြင်းမရှိဘဲ ၀န်ကြီးဌာနကို နှစ်ပေါင်းများစွာ ရယူခဲ့ခြင်းများရှိခဲ့သည်။ NLD သည် ၀န်ကြီးဌာနများတွင် ဆုံးဖြတ်ချက် ချမှတ်ခြင်းအား ပိုမိုထိရောက် ကောင်းမွန်စေရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။

အစိုးရသစ်၏ ဦးစားပေးအစီအစဉ်များ

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ဆောင်ရွက်ခဲ့မှုမှာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းဖြစ်သဖြင့် ဦးစားပေး အစီအစဉ်ဖြစ်ကြောင်း သိသာစေသည်။ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀ ခန့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အခြားဦးစားပေး အစီအစဉ်တစ်ခုမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာတွင်လည်း အလားတူ ပြောကြားခဲ့ပြီး လက်ရှိ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်မည်ဖြစ်ကာ ယခင်အစိုးရ၏ ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲအား အဓိကအာရုံစိုက် ဆောင်ရွက်မည်ဆိုပါက အံ့အားသင့်မိမည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စစ်ရေးသာမက နိုင်ငံရေးအသံများလည်း ပါဝင်ရန် ဆောင်ရွက်မည်ဟု ယုံကြည်ရသည်။

NLD တွင် ဥပဒေပြုရေးနှင့်ပတ်သက်သည့် ကြီးမားသည့် အစီအစဉ်များလည်း ရှိနေသည်။ NLD သည် လွှတ်တော်တွင် အများစုဖြစ်သဖြင့် ဥပဒေအသစ် ပြဋ္ဌာန်းခြင်း၊ ဥပဒေဟောင်းများ ဖျက်သိမ်းခြင်းတို့ကို ကျယ်ပြန့်စွာ လုပ်ပိုင်ခွင့်ရရှိထားသည်။ ဖိနှိပ်အုပ်ချုပ်ရေးအတွက် အသုံးပြုသည့် ကိုလိုနီခေတ် ဥပဒေအချို့ အပါအ၀င် နိုင်ငံအတွက် သင့်လျော်မှုမရှိသည့် ဥပဒေများအား NLD လွှမ်းမိုးသည့် လွှတ်တော်က ဖျက်သိမ်းသည်ကို မြင်တွေ့ရဖွယ်ရှိသည်။ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုရရှိရန် စီမံကိန်းကြီးများ တည်ဆောက်ခြင်းအပြင် အားထုတ်ဆောင်ရွက်မှု အများအပြား လိုအပ်သည်။ NLD အစိုးရသစ်သည် ပြည်သူများအတွက် အကျိုးရှိမည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဆောင်ရွက်မည်ဟု ယုံကြည်သည်။

KHTun
The Ladies News Journal

သုံးလသားအရွယ်ရှိ ဆီးခုံခြင်းဆက် အမွှာကလေးငယ်နှစ်ဦးအားမန္တလေး ကုတင် ၅၅၀-ကလေးဆေးရုံကြီးတွင် ပြုစုစောင့်ရှောက်ထားပြီး ကလေးငယ်အတွက် အကအညီများ လိုအပ်နေကြောင်း သိရသည်။

မုံရွာဆေးရုံတွင် ဇန်နဝါရီ ၁၃ ရက်ကမွေးဖွားပြီး ၁၆ ရက်နေ့တွင် မန္တလေးသို့လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆေးရုံကနေ ကလေးတွေအတွက် နို့မှုန့်နဲ့ လိုအပ်တာ ထောက်ပံ့နေပေမယ့် စေတနာရှင်တွေရဲ့ ကူညီမှုလဲလိုပါတယ်။ဆက်လက် ပြီးတော့ ခွဲစိပ် မှုတွေလုပ်ရအုံးမယ်။”ဟု ကုတင် ၅၅၀-ကလေးဆေးရုံ အုပ်ကြီး ဒေါက်တာသက်ဆွေက ပြောသည်။

ဆီးခုံခြင်းဆက် ကလေးမိဘများမှာ ကိုမောင်ငြိမ်း မမာလာစန်းဖြစ်၍ အသက် ၃၀-၀န်းကျင်အရွယ်တောင်သူများဖြစ်၍၊ ဗောဓိတစ်ထောင်ဘုရားအရှေ့ဘက်၊ ညောင်ပင်သာရွာ တောင်သူများဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ မိဘနှစ်ပါးလုံး လာနေရလို့ စီးပွားရေး မလုပ်နိုင်ဘူး။ သူတို့မှာ အရင်မွေးထားပြီး ကလေးနှစ်ယောက်ကိုလည်း မိဘတွေ ဆီပို့ထားရတယ်။ခုမွေးတဲ့ အမွှာကလေးတွေက ပြုံးတတ်/ ရီတတ်နဲ့ ကျန်းမာတယ်။ တစ်ဦးချင်းစီဖြစ်သွားအောင် ခွဲစိပ်ဖို့ ကုသိုလ်ရှင်တွေ လိုတာပေါ့"ဟု ဆက်လက်ပြောကြားသည်။

အဆိုပါကလေးငယ်များမှာ စအိုတစ်ခုတည်းဖြစ်နေ၍ တစ်ဦးစီမှ အူများဖေါက်ပြီးဝမ်းသွားနိုင်ရန်ခွဲစိပ်ပေးထားကာ ကလေးဆေးရုံမှ အထူးခန်းတွင်ကျန်းမာရေးစောင့်ရှောက်ပေးနေကြောင်း ယခင် နှစ်က ခွဲစိပ်ကုသပေးခဲ့သည့် တင်ခြင်းဆက်အမွှာမှာ အလှူရှင်များရှိခဲ့သော်လည်း ယခုကလေးများအတွက် လိုအပ်နေကြောင်း သိရသည်။
ဆေးရုံဖုန်း ၀၂ ၂၄၉၁၅ ။၀၂ ၂၄၉၁၆

ခိုင်ဆက်ဝေ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှ လမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင် ပြုပြင် တည်ဆောက်သွားမည်

နေပြည်တော် ဧပြီ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် ၁၅/၀ မှ မိုင်တိုင်၂၅/၀ ထိလမ်းပိုင်းနှင့် မိုင်တိုင် ၁၆၃/၀ မှ မိုင်တိုင် ၁၇၃/၀ ထိလမ်းပိုင်းစုစုပေါင်းလမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
"လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ရဲရဲဝံ့ဝံ့အာမခံကြောင်း၊ အစိုးရသစ်တက်ပြီး နောက်ပိုင်း လမ်းတစ်လမ်းသည် ၅ နှစ်မခံပါက တာဝန်ခံအင်ဂျင်နီယာအား ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း" ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်မတော် တဆ ဖြစ်ပွားမှု လျော့ချရေးရက် (၁၀၀) စီမံချက် စတင်ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပသတင်း မီဒီယာများနှင့် တာဝန်ရှိသူများအားပြောကြားသည်။


အဆိုပါအခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၁)၌ ကျင်းပရာ ရှေးဦးစွာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က အမြန်လမ်းမကြီး၏ ရက် (၁၀၀) စီမံချက်ဆောင်ရွက်ရသည့် ရည်ရွယ်ချက် နှင့် ဆောင်ရွက်မည့် အခြေအနေများကိုရှင်းလင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကရက် (၁၀၀) စီမံချက်အရဆောင်ရွက်မည့် လမ်းအဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စီမံကိန်းအား အလံငယ်ဝှေ့ယမ်း၍ စတင်ဆောင်ရွက်ခွင့်ပြုသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းတစ်ခုဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထုစိတ်ဝင်စားရန် လိုအပ်ကြောင်း၊ ပြည်သူ လူထုစိတ်ပါဝင်စားမှု ရှိရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ အစိုးရ အဖွဲ့သစ်တစ်ရပ်တက်လာလျှင် အစိုးရသစ်၏ စွမ်းဆောင်မှု တစ်ရပ်အဖြစ် ရက် (၁၀၀) လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း ဟူ၍ရှိကြောင်း၊ ရက် (၁၀၀) အတွင်း ဖြစ်မြောက်နိုင် မည့် မျှော်လင့်ချက်ဖြစ်ရန်လိုအပ်ကြောင်း၊ ယခုရက်(၁၀၀) အတွင်းရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ ၁၅/၀ မိုင် မှ ၂၅/၀ မိုင် ထိလမ်းပိုင်းနှင့် ၁၆၃/၀ မိုင်မှ ၁၇၃/၀ ထိလမ်းပိုင်း စုစုပေါင်း လမ်းမိုင် ၂၀ ကိုအဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အခြေခံစံနှုန်းတစ်ခုရရှိရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ ထိုစံနှုန်းကိုရယူပြီး ဆက်လက်လုပ်ဆောင်ရမည့် အမြန်လမ်းမကြီး၃၆၆ မိုင်၃ဖာလုံတွင်ကုန်ကျမည့် ကုန်ကျစရိတ်ကို နိုင်ငံတော် အစိုးရနှင့် ပြည်သူ လူထုထံပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း၊ ၄င်းအပြင် ၀န်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်၌ အထပ် ၅ ထပ်တွင် အခန်း ၄၀ ပါဝင်သည့် စံနမူနာ တန်ဖိုးနည်းအိမ်ရာတစ်ခု တည်ဆောက်ခြင်း အပါအ၀င် ပြည်သူများ အိမ်ဂရမ်လျောက်ထားခြင်းကို ဆောလျင် စွာ ဆောင်ရွက်ပေးရေး အစီအစဉ်လည်း ပါဝင်ကြောင်းပြောကြားပြီး အခမ်အနားသို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေးနှင့် စပ်လျဉ်း၍ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် အမေရိကန် အစိုးရတို့၏ သဘောတူစာတမ်းအရ နိုင်ငံခြားအတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့တစ်ခုဖြစ်သည့် လူဝီဘာဂျာနှင့်အဖွဲ့ (Louis BerGer& Associates) သည် ရန်ကုန်နှင့်မန္တလေးမြို့အကြား ခေတ်မီလမ်းတစ်လမ်း ဖောက်လုပ်ရေး အတွက် "ရင်းနှီးမြုပ်နှံမှု အကြိုလေ့လာရေး လုပ်ငန်း" ကိုဆောင်ရွက်ခဲ့သည်။

၁၉၆၀ ခုနှစ်ဖေဖော်ဝါရီလအတွင်းအဆိုပါ အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့သည်" ရန်ကုန်-မန္တလေးလမ်းစီမံကိန်း ပဏာမ အင်ဂျင်နီယာ အစီရင်ခံစာ" ကိုမြန်မာအစိုးရသို့တင်ပြခဲ့သည်။ ထိုစဉ်ကအဆိုပြုထားသည့် ရန်ကုန်-မန္တလေးအမြန်လမ်းသည် (၂) လမ်းသွားအဆင့် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
၁၉၇၇ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ရိုးမတောင်ခြေလမ်းအူကြောင်းသစ်အရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေးအတွက် ယခင်ပြည်ထဲရေး၊ သာသနာရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူပေါင်းအကောင်ထည်ဖော် သွားရန်ဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းဖောက် လုပ်ရေး လုပ်ငန်းအတွက် လမ်းအူကြောင်း ရှာဖွေတိုင်းတာခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။


အဆိုပါအမြန်လမ်းသည် လှေလှော်အင်းမှမိတ္ထိလာအထိ ခန့်မှန်းအလျားမိုင် ၃၀၀ ခန့်ရှိပြီး ၁၉၇၉ ခုနှစ်၊ ဧပြီ(၁)ရက်မှစတင်၍ ၁၉၈၉ ခုနှစ်၊ မတ်(၃၁)ရက်ထိ (၁၀)နှစ်တာ ကာလအတွင်း အပြီးသတ်ဆောင်ရွက်ရန် လျာထားဆောင်ရွက်ခဲ့ရာတွင် လှေလှော်အင်းအနီး လမ်းအစပိုင်း ၃ မိုင် ၁ ဖာလုံခန့်ကို (၄) လမ်းသွားကွန်ကရစ်လမ်းပိုင်းနှင့် ၄င်းလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၃) စီးသာ တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်းရပ်ဆိုင်း သွားခဲ့သည်။

ယင်းနောက် ၂၀၀၂ ခုနှစ်တွင် ယခုရန်ကုန် မန္တလေး အမြန်လမ်း စီမံကိန်းပဏာမလုပ်ငန်းများဖြစ်သည့် လမ်းအူကြောင်း ရှာဖွေခြင်းနှင့် အသေးစိတ်တိုင်းတာပုံထုတ်ခြင်း စသည့်အကြိုအင်ဂျင်နီယာ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ၂၀၀၄ခုနှစ် မတ်လ (၃၀) ရက်တွင်ကျင်းပသည့် အထူးစီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏ အစည်းဝေးအမှတ်စဉ် (၁/၂၀၁၄) က (၄) လမ်းသွားကတ္တရာလမ်းမကြီးအဖြစ် တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အရရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရေး စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ရာအကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပင် ကွန်ကရစ် လမ်းမကြီးအဖြစ် ဆက်လက်တည်ဆောက်ခဲ့သည်။


ရန်ကုန်-နေပြည်တော် လမ်းပိုင်းဖြစ်သည့် အမှတ်(၃)လမ်းဆုံမိုင်တိုင်(၀/၀)မှ မိုင်တိုင် (၈၃/၆)ထိနှင့် မိုင်တိုင်၁၇၃/၁မှမိုင်တိုင် ၂၂၁/၁ ထိကိုပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကလည်းကောင်း၊ မိုင်တိုင်(၈၃/၆)မှမိုင်တိုင် (၁၇၃/၁) ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကလည်းကောင်း တည်ဆောက်ခဲ့သည်။
နေပြည်တော်-မန္တလေးပိုင်းဖြစ်သည့် မိုင်တိုင်(၂၂၁/၁)မှ မိုင်တိုင် (၃၀၄/၀) ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူရုံး ကလည်းကောင်း မိုင်တိုင် (၃၀၄/၀) မှ မိုင်တိုင် (၃၆၆/၃) ထိကို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကလည်းကောင်းတည်ဆောက် ခဲ့ကြသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးသည် မိုင်ပေါင်း(၃၆၆)မိုင်၊ (၃)ဖာလုံရှည်လျားပြီးရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေးစသည့် တိုင်းဒေသကြီး (၄)ခုကိုဆက်စပ်လျက်ရှိကာ မြို့နယ်ပေါင်း (၁၅)ခု၊ ကျေးရွာပေါင်း(၁၅၆)ရွာနှင့် ဆက်စပ်နေသော မြို့နယ်/ ခရိုင်ခွဲများသို့ သွားလာနိုင်သည့်လမ်းမကြီးတစ်ခုဖြစ်သည်။

ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးကို စတင် တည်ဆောက်စဉ်က (၈) လမ်းသွားဟု သတ်မှတ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် (၄)လမ်းသွားအဖြစ် အသုံးပြုခဲ့ပြီး (၈) လမ်းသွားအဖြစ် အသုံးပြုနိုင်ရန်မြေသားလမ်းကိုဆောက်ရွက်ပြီး ဖြစ်သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar