05/05/16


mahn-winkhaingthan-620.jpg
ပြည်ထောင်စုလွှတ်တော်မှာ နာယက ဦးမန်းဝင်းခိုင်သန်း ကို မေလ ၅ ရက်နေ့က တွေ့ရစဉ်
.
အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ထားရှိဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ အဲ့ဒီဝန်ကြီးဌာနဟာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ပါရှိပါတယ်။ အဲ့ဒီသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထပ်မံဖွဲ့စည်းမယ့် ဝန်ကြီးဌာနအသစ် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာနတွေကိုပါ ပူတွဲကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုဖွဲ့စည်းထားပြီး ထပ်မံဖွဲ့စည်းမယ့် နိုင်ငံတော်အတိုင်ပင်ရုံး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနစုစုပေါင်း ၂၂ ခုရှိလာမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ရမှာဖြစ်ပါတယ်။
RFA


ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းမှာ တက္ကစီငှားစီးတဲ့ အမျိုးသမီး တစ်ဦးကို မေ့ဆေးပေးပြီး ငွေကျပ်သိန်း (၇၀)ကျော် ခိုးယူသွားတဲ့ အမှုတစ်ခု မေလ (၃)ရက်က ဖြစ်ပွားခဲ့ပါတယ်။

 မေလ (၃)ရက် မနက် (၉) နာရီအချိန်ခန့်က လှိုင်မြို့နယ်နေ အသက် (၆၁)နှစ်အရွယ် အမျိုးသမီး ကြီးတစ်ဦးဟာ စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ ရိုးမဘဏ်ကနေ ငွေကျပ် (၇၆)သိန်းခွဲထုတ်ယူခဲ့ပြီး ဘဏ်ကပြန်အထွက်မှာ တက္ကစီတစ်စီးကို ငှားခဲ့တယ်လို့ သိရပါတယ်။

 တက္ကစီနောက်ခန်းအတွင်း ၀င်ထိုင်ခဲ့ရာမှာတော့ အမျိုးသမီးတစ်ဦးကို တွေ့ရတာကြောင့် မလိုက်လိုကြောင်းပြောခဲ့ပေမယ့် ယာဉ်မောင်းက ရှေ့မှာဆင်းမယ့်သူဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 ခိုးယူခံရသူဟာ လှည်းတန်းမီးပွိုင့် မီးနီနေသည်အထိ သာသိရှိခဲ့ပြီ့း  သတိပြန်ရချိန်မွန်းလွဲ (၃)နာရီခန့်မှာတော့ လှိုင်မြို့နယ် တက္ကသိုလ်ရိပ်သာဝင်းအတွင်းသို့ ရောက်ရှိနေကာ ဘဏ်ကထုတ်လာ တဲ့ ငွေကျပ် (၇၆)သိန်းခွဲနဲ့ ရွှေဆွဲကြိုး ၁ ကျပ်ခွဲသား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

 ဒီအမှုနဲ့ပတ်သတ်ပြီး ယာဉ်မောင်းနဲ့ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပြီး လှိုင်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၃၈၂/၂၀၁၆) ပြစ်မှုပုဒ်မ (၃၇၉)အရ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News

The rape and murder of a 14-year-old girl in Indonesia has sparked a rare and intense debate about sexual violence in the country.

မိန်းကလေးတွေကို ဘယ်လို ၀တ်ပါ ၊ ဘယ်လို နေထိုင်ပါလို့ ပြောမယ့်အစား အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုတွေ မရှိအောင် အသိပညာ ပေးဖို့ လိုနေပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားမှာ ၁၄နှစ်အရွယ် Yuyun ယုရန်း ဆိုတဲ့ မိန်းကလေးကို ကျောင်းက အပြန် လမ်းမှာ အမျိုးသား ၁၄ယောက်က အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး လူသတ် အစဖျောက်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ ကျောင်းအပြန် ပျောက်ဆုံးနေတဲ့ ကလေးမလေးရဲ့ အလောင်းကို ခန္ဒာကိုယ်ပေါ်မှာ ဒဏ်ရာ ဗလပွနဲ့ သူနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံ အနောက်ပိုင်း Bengkulu ပြည်နယ် Kasiah Kasubun ရွာနားက တောစပ် တနေရာ သစ်ပင် ချုံနွယ်တွေအောက်မှာ ရွာသားတွေက နောက်နှစ်ရက် အကြာမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မသင်္ကာဖွယ် အမျိုးသား ၁၂ယောက်ကို ဖမ်းထားပြီး အဲဒီ အထဲက ခုနှစ်ယောက်ဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။

အခုဆိုရင် အင်ဒိုနီးရှားမှာ မိန်းကလေးတွေဟာ ကျောင်းအပြန် ဒါမျိုး အဖြစ်တွေ မကြုံရအောင် မတက်နိုင်ပေမယ့်လည်း ဆိုင်ကယ် တက္ကဆီတွေ ငှားပြန်နေကြရပါတယ်လို့ ဆိုပါတယ်။

ဒီလိုကိစ္စမျိုးတွေ ဖြစ်လာပြီ ဆိုရင် အင်ဒိုနီးရှားမှာ မုဒိန်းကျင့်သူတွေကို အရေးယူ အပြစ်ပေးဖို့ထက် လူတွေက မုဒိန်းကျင့်ခံရသူနဲ့ မိသားစု ဆွေမျိုးတွေကို အပြစ်ပုံချလေ့ရှိတက်ကြတယ်လို့ လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့ Lentera ရဲ့ ဒါရိုက်တာ Sophia Hage က ပြောပါတယ်။

ဒါမျိုး အုပ်စုဖွဲ့ မုဒိန်းကျင့်မှုတွေ ကမ္ဘာတလွှားက နိုင်ငံ အတော်များများမှာ ရှိခဲ့ပြီး ၂၀၁၂ တုန်းက အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ဖြစ်ခဲ့တုန်းက ဟိုးလေး တကျော်ကျော် လူသိရှင်ကြား ဖြစ်သွားခဲ့ပါတယ်။

အခုအခါ အင်ဒိုနီးရှားမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုတွေ တိုးလာနေတဲ့ အတွက် ဥပဒေပြု ပြဌာန်းကာ တားမြစ်ပေးဖို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှား သူတွေက ပါလီမန် ရှေ့မှာ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်နေပါတယ်။
BBC Burmese

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို တွေ့ရစဉ်)
ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘဲ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒီဥပဒေကို ပြင်ဆင်ပြဌာန်းနိုင်ဖို့အတွက် အခုလိုတင်သွင်းရတာဖြစ်တယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက လွှတ်တော်မှာ အခုလို တင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားအတော်များများဟာ အဲ့ဒီဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဉ်းကျခံခဲ့ကြရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဥပဒေများကို မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခြင်း၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည်လို့ ပြဌာန်းထားပါတယ်။

လတ်တလောကျင့်သုံးနေတဲ့ ငြိမ်းစုစီဥပဒေ အခန်း (၃) မှာ မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်ရရှိဖို့ သက်ဆိုင်ရာ မြို့နယ်ရဲ စခန်းတွေမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက် တောင်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေကြမ်းကို နောက်ဆက်လက်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော် ၊ မေ ၅ ရက် (ဆင်ဟွာ)

    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့  သွားရောက်ရန် မူအားဖြင့် သဘောတူထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

“ဂျပန်ဝန်ကြီးချုပ်က ဖိတ်ခေါ်တယ်။ ဒီကလည်း သွားမယ်။ ဒါက မူအားဖြင့် သဘောတူတယ်ဆိုတာ ပြောလိုက်တယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အသေးစိတ် ညှိနှိုင်းရပါတယ်။ နှစ်ဘက် အဆင်ပြေမယ့် အချိန်ဇယား ၊ ဆွေးနွေးမည့် အကြောင်းအရာတွေ ဆက်ပြီး ဆွေးနွေးရပါတယ်။ ဘယ်အချိန်လောက် ဆိုတာတော့ ဆက်ပြီး ဆွေးနွေးအုန်းမှာ ဖြစ်တဲ့ အတွက် ခန့်မှန်းလို့ မရသေးပါဘူး”ဟု နိုင်ငံတော် သမ္မတရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆင်ဟွာသို့ ယနေ့ မေလ ၅ ရက်တွင် ပြောသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး H.E.Mr.Fumio KISHIDA ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အပေါ် ဂျပန်နိုင်ငံသို့ သွားရောက်ရန် မူအားဖြင့် သဘောတူညီခဲ့ခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ခဲ့သည်။

  (Xinhua)
http://www.xinhuamyanmar.com

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ၂၂ ခုမြောက် ဝန်ကြီးဌာန အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ကြေညာ လိုက်သည်။

အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဘောထား ရယူပေးရန် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။

လက်ရှိ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုကို ဖွဲ့စည်းထားပြီး ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန အမည်ဖြင့် ဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသူများသည် မေလ ၉ ရက်၌ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့  အမည်စာရင်း ပေးသွင်းရမည် ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဆိုင်ရာပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက် ရှိသည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မေလ ၁၀ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com


ထိုင်းနဲ့ ​မြန်မာ ​အစိုးရတို့က ​အစိုးရအခြင်းခြင်း ​အလုပ်သမားတွေကို ​ပို့ဆောင်ဖို့ ​ကိစ္စကို ​သဘောတူညီခဲ့ကြတယ်လို့ ​ဘန်ကောက်ပို့စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ​အလုပ်သမားရေးရာ ​ဝန်ကြီး ​နဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားရေးရာ ​ဝန်ကြီးတို့ ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံကြပြီးနောက် ​သဘောတူညီခဲ့ကြတာ ​ဖြစ်ပါတယ်။

အစိုးရ ​အခြင်းခြင်းအကြား ​ပူးပေါင်း ​ဆောင်ရွက်မှသာ ​အလုပ်သမားတွေ ​အနိုင်ကျင့် ​အမြတ်ထုတ် ​ခံရတာတွေ၊ ​လူကုန်ကူးမှုတွေ ​ပပျောက်ပြီး ​အလုပ်သမားတွေ ​အခွင့်အရေး ​အပြည့်အဝ ​ရရှိမယ်လို့ ​ပြောပါတယ်။

လာအိုနိုင်ငံမှာ ​ဒီလလယ်ကြရင် ​ကျင်းပမယ့် ​အာဆီယံ ​အသင်းရဲ့ ​အလုပ်သမား ​ရေးရာ ​ဝန်ကြီးများအသင်း ​အစည်းအဝေးမတိုင်ခင် ​ထိုင်းနဲ့ ​မြန်မာ ​ဝန်ကြီးတွေက ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံခဲ့ကြတာ ​ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ​လာအိုနိုင်ငံ၊ ​ဗီယက်နမ်နိုင်ငံနဲ့ ​ကမ္ဘောဒီးယား ​နိုင်ငံတို့နဲ့ ​အလုပ်သမား ​သဘောတူညီချက်ကို ​လက်မှတ်ရေးထိုး ​ပြီးသား ​ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ​အလုပ်သမား ​ရေးရာ ​ဝန်ကြီးနဲ့ ​မြန်မာ ​အစိုးရတို့အကြား ​သဘောတူညီမှုကို ​ထိုင်း ​ဝန်ကြီးအဖွဲ့ရဲ့ ​ထောက်ခံမှု ​ရရှိအောင် ​ကြိုးပမ်းသွားမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ပြီးခဲ့တဲ့မေလ ၃ရက်နေ့ ၂၀၁၆တွင် ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်း-မလေးရှားနယ်စပ် ထိုင်းဘက်ခြမ်းရှိ စုံခလာခရိုင် စဒေါင်မြို့နယ် တနေရာတွင် ဒေသခံရွာသားတစ်ဦး မစ်စတာပရိမ်စုဝန်ဆိုသူက မနက်ပိုင်းမှာ ရာဘာတောသို့ရာဘာသွားခြစ်ယူရာမှာ တောတွင်းချုံပုတ်ကြားတနေရာမှာ လူအုပ်စုတစ်စုကျောပိုးအိတ်အထုတ်အပိုးနဲ့တကွပုန်းအောင်းနေတာကိုတွေ့ရှိတဲ့အတွက် ဒေသခံကျေးရွာအုပ်ချုပ်ရေး ရွာသူကြီးထံ ပြန်လာပြီးအကြောင်းကြားသည့်အတွက် ရွာသူကြီးကနယ်ခြားစောင့်စစ်တပ်တွေနဲ့ချိပ်ဆက်ပူးပေါင်းကာ သွားရောက်စစ်ဆေးရာမှာ မြန်မာ ၈ဦး၊ ကျား ၆ဦး မ၂ဦး မလေးရှားသွားဖို့ ပွဲစားလိမ်လည်ပြီး အဲဒီတောထဲမှာထားခဲ့တယ်လို့ဆိုပါတယ်။ ဗိုက်ဆာလို့ အားအင်ကုန်ခန်း ပျော့ပြောင်းနေသော အနေအထားနဲ့တွေ့ရပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ၀င်လာပြီး မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် မြန်မာပွဲစားခတစ်ဦးကိုဘတ်ငွေ ၁၂၀၀၀ ဆီပေးရပြီး မလေးရှားပွဲစားအတွက်တစ်ဦးကို ဘတ်ငွေ ၅၀၀၀ ဆီပေးရတယ်လို့ သိရပါတယ်။

 ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ထိုင်းဘက်ခြမ်းကန်ကျနဘုရီမှတဆင့် စုံခလာခရိုင်သို့ထွက်ခွာသွားပြီး ညနေပိုင်းမှာတော့ ပွဲစားက ၎င်းနေရာမှာထားခဲ့တယ်လို့ပြောသွားပါတယ်။ ၎င်းနေရာဟာ မလေးရှားနယ်စပ်နဲ့ ကီလိုမီတာအနည်းငယ်ကွာဝေးနေသေးတယ်လို့သိရပါတယ်။ လက်ရှိမှာတရားမ၀င်နိုင်ငံခိုးဝင်အမှုဆွဲချက်ဖြင့် ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။

MTF Channel
https://www.facebook.com/mtftv


ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ တည်ရှိနေသော ဒုက္ခသည်စခန်းရှိ မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်ပြန်ပို့ဖို့  စီစဉ်နေပါပြီလို့ တတ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးမစ်စတာစွတ်ဌာ ဆိုင်ဝါနစ်ကပြောသွားပါတယ်။

တတ်ခရိုင် ဖုတ်ဖရမြို့နယ် အွန်းပျန်းဒုက္ခသည်စခန်း၊ ထားဆောင်ယန်မြို့နယ် မယ်လဒုက္ခသည်စခန်းနှင့် အွန်းဖန်မြို့နယ် နုဖိုးဒုက္ခသည်စခန်း စသည့် နေထိုင်ကြသော စစ်ပြေးဒုက္ခသည်ပေါင်း ၁၀၀၀၀ နီးပါးရှိသည့်အနက် ၈၅ဦးမျှသာ တတိယနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားအောင်မြင်သူများ နောက်ဆုံးအသုတ်ဖြစ်ပြီး ကျန်တဲ့အားလုံးကတော့ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်တော့မယ်လို့ ပြောသွားပါတယ်။

 လက်ရှိမြန်မာအစိုးရသစ်လည်း ဒုက္ခသည်ပြန်လည် နေရာချထားရေးပေါ်လစီချမှတ်ထားပြီဖြစ်ပြီး ဒုက္ခသည်ပြန်လာဖို့ လက်ကမ်းကြိုဆိုနေတယ်လို့ ထည့်သွင်းပြောသွားပါတယ်။

 မကြာမီမှာလည်း ထိုင်း မြန်မာနှင့် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးUNHCRအဖွဲ့တို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ဒုက္ခသည်စခန်း ၃ခုရှိဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရန် Road Map ရေးဆွဲထားမှာဖြစ်ပြီး ဒုက္ခသည်အားလုံး မြန်မာဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်းပဲ အစပိုင်းမှာ UNHCR မှ ဆက်လက်ကူညီစောင့်ရှောက်သွားရဦးမယ်လို့လည်း သိရပါတယ်ခင်ဗျား။ မြန်မာအစိုးရသစ်ဘက်ကတော့ ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် နေရာတွေစီစဉ်ပေးနေပါပြီလို့ပြောပါတယ်။

MTF Channel
https://www.facebook.com/mtftv


ရန်ကုန် မေ ၅

၂၀၁၆ မတ်လအတွင်းကမှ စတင်လည်ပတ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သူများမှာ စတော့ဈေးနူန်းဆက်တိုက် ကျဆင်းနေမှုကြောင့် အရှုံးပေါ်လာ သည့်အတွက် ဧပြီလမှ စတင်ကာ စတော့ ရှယ်ယာဈေးနှုန်းများ နှင့် ၀ယ်ယူလိုမှုများ ကျဆင်းလာကြောင်း ရန်ကုန်စတော့အိတ် ချိန်း ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်နေကြသူများ ထံမှသိရသည်။

“အရင်က၀ယ်တဲ့လူလဲ ရှုံးတယ်၊နောက်ဝယ် တဲ့လူလဲ ရှုံးတော့၊ ၀ယ်လိုအားကော၊ ရောင်းလိုအားကော ကျလာတယ်။ ဈေးတွေဆက် တိုက်ကျပြီးစိတ်ဝင်စားမှုလျော့ကျလာတဲ့ အနေအထားကို စတော့ အိတ်ချိန်းရုံး အနေနဲ့ ကိုင်တွယ်သင့်တယ်လို့ထင်ပါတယ်” ဟု စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်သူ တစ်ဦးဖြစ်သူ ဦးဝင်းအောင် က ဆိုသည်။

ရန်ကုန် စတော့အိတ်ချိန်းဈေးကွက်တွင် FMI ကုမ္ပဏီပိုင် ရှယ်ယာ တစ်မျိုးတည်းကို သာရောင်းချပေးနေပြီး စတင်ရောင်းချသည့် အချိန်တွင် ၂၆၀၀၀ကျပ် ဖြင့်ရောင်းချခဲ့ပြီး ထိုမှတစ်ဆင့် ၃၁၀၀၀ကျပ်၊ ၃၆၀၀၀ကျပ်၊ ၄၁၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကာ ရှယ်ယာ ငါးသိန်းဝန်းကျင်ခန့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။

ယနေ့ မေ ၅ ရက် နေ့လယ် ၂ နာရီ အချိန်အထိ ရန်ကုန် စတော့အိတ်ချိန်းဝက်ဆိုက်တွင် စတော့ပေါက်ဈေး ၂၈၀၀၀ ကျပ်ဖြစ်နေကာ မေ၄ ရက်ပိတ်ဈေးထက် ၅၀၀ ကျပ် ထိုးကျခဲ့ကြောင်းသိရသည်။

ဧပြီလ အတွင်း FMI ရှယ်ယာဈေးနှုန်းများ ၃၂၀၀၀ကျပ်တွင် ငြိမ်သက်ခဲ့ပြီး ထိုမှ ၃၁၀၀၀ကျပ်၊ ၂၉၀၀၀ကျပ်၊ အဆင့်ဆင့်ကျဆင်းခဲ့ပြီး မတ်လ ၅ရက်နေ့တွင် ၂၈၀၀၀ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

အောင်သော်ဖြိုး
china.com Myanmar
https://www.facebook.com/china.com.mm/

John Kasich က သမ္မတလောင်း ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ (Credit: Reuters) 
ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းအဖြစ် ​ဝင်မပြိုင်တော့ဖို့ ​John ​Kasich ​က ​ဆုံးဖြတ်ပြီးတဲ့နောက် ​Donald ​Trump ​ဟာ ​ပြိုက်ဘက် ​မရှိပဲ ​သမ္မတလောင်း ​ဖြစ်လာနေပါတယ်။

အင်္ဂါနေ့တုန်းကလည်း ​အဓိကပြိုင်ဘက် ​Ted ​Cruz ​က ​ယှဉ်မပြိုင်တော့ဖို့ ​ဆုံးဖြတ်ခဲ့ပြီး ​ဖြစ်ပါတယ်။

Donald ​Trump ​က ​ရီပါပလေကန် ​အတွက် ​သမ္မတလောင်း ​ဖြစ်မယ့် ​ကိစ္စကို ​ကြိုက်နှစ်သက်သူတွေ ​ရှိသလို ​မကြိုက်တဲ့ ​လူတွေလည်း ​ပိုပြီး ​ထုတ်ဖော်ပြောဆိုနေကြပါတယ်။

နာမည်ကြီး ​အဆိုတော်တွေနဲ့ ​ဖွဲ့ထားတဲ့ ​Rolling ​Stones ​အဖွဲ့သားတွေက ​Donald ​Trump ​အောင်နိုင်ရေး ​ပွဲတွေမှာ ​သူတို့ ​သီချင်းကို ​ယူမသုံးဖို့ ​ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက ​နာမည်ကြီး ​အဆိုတော့ ​Adele ​ကလည်း ​သူ့သီချင်းကို ​ယူမသုံးဖို့ ​လွန်ခဲ့တဲ့ ​လအနည်းငယ်ကတည်းက ​ပြောဆိုထားတာရှိပေမဲ့ ​ဒီရက်ပိုင်းအတွင်းမှာပဲ ​Donald ​Trump ​အောင်နိုင်ရေးအဖွဲ့က ​ယူသုံးထားတာ ​ရှိပါတယ်။

Donald ​Trump ​ကို ​မုန်းသူများပေမယ့် ​သြစတြေးလျ ​နိုင်ငံ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကတော့ ​Trump ​ကသာ ​အမေရိကန် ​သမ္မတ ​ဖြစ်လာရင် ​ကောင်းမွန်စွာ ​ဆက်ဆံမယ်လို့ ​ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ ​သြစတြေးလျ ​ဆက်ဆံရေး ​ကောင်းမွန်ဖို့က ​အရေးကြီးတာကြောင့် ​သမ္မတ ​ဘယ်သူဖြစ်ဖြစ် ​ကောင်းမွန်စွာ ​ဆက်ဆံမယ်လို့ ​ဆိုပါတယ်။

Donald ​Trump ​ဟာ ​သမ္မတလောင်း ​ဖြစ်ဖို့ ​သေခြာနေပြီး ​သူကသာ ​သမ္မတဖြစ်ရင် ​ပြိုင်ဘက်ဟောင်း ​Ted ​Cruz ​ကို ​ဒုသမ္မတ ​ရာထူး ​ပေးမယ်လို့ ​ပြောလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ရီပတ်ဗလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်
အမေရိကန် သမ္မတ လောင်း နေရာ အတွက် ရီပတ်ဗလီကင် ပါတီ မှ ကိုယ်စားပြု ယှဉ်ပြိုင်နေသူ ဒေါ်နယ်ထရမ့် ဟာ ပြိုင်ဘက် ယှဉ်ပြိုင်သူတွေ နှုတ်ထွက်ကုန် ကြတဲ့ အတွက် သူပဲ ပါတီ ကို ကိုယ်စားပြုပြီး နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ ဝင်တော့မှာပါ။ ဒါပေမဲ့ ရီပတ်ဗလီကင် ပါတီတွင်းမှာ သူ့ကို မနှစ်သက်သူတွေ ရှိနေလို့ မစ္စတာ ထရမ့် အနေနဲ့ ပါတီတွင်း ထောက်ခံမှု ရအောင် အရင်ကြိုးပမ်း ဖို့ လိုတဲ့ အကြောင်း Conservative Free America Project အဖွဲ့ မှ ဂျူလီယံ တော်မ်ဆင် က ပြောပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ အခက်အခဲဆုံး အလုပ်ကတော့ သဘောထား ကွဲပြားနေတဲ့ ရီပတ်ဗလီကင် ပါတီတွင်း ညီညွတ်မှု ရရှိရေးပဲ ဖြစ်နေလို့ ဒါကို သူလက်ရှိ ရင်ဆိုင်နေရတဲ့ အကြောင်း၊ လာမဲ့ နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ မှာ ဟီလာရီ ကလင်တန် ကို ယှဉ်ပြိုင်ရေး ကို အသာထား လို့ ရသေးတဲ့ အကြောင်းက အမေရိကန် ဟာ အပြောင်းအလဲ အတွက် အဆင့်သင့် ဖြစ်နေလို့ အိုဘားမား တို့ ရဲ့ ဒီမိုကရက် အစိုးရ နောက်ထပ် သက်တမ်း လေးနှစ် ကို မလိုချင်တော့ပါဘူး လို့ ဂျူလီယံ တော်မ်ဆင် က ပြောတာပါ။

ဒါပေမဲ့ ရီပတ်ဗလီကင် ပါတီ မှ အတွေးအခေါ် ပညာရှင် Evan Siegfried ကိုယ်တိုင် က ဒီမိုကရက် တွေ အာဏာ ပြန်ရတာ က မှ ဒေါ်နယ်ထရမ့် သမ္မတ အရွေးခံရမှာ ထက် ပိုကောင်းဦးမယ် လို့ ဆိုပါတယ်။ အကြောင်း ကတော့ ပြီးခဲ့တဲ့ည က အင်ဒီယားနားနား ပြည်နယ် ပရိုင်မရီ ရွေးပွဲ မှာ ရီပတ်ဗလီကင် ပါတီဝင် ၅၁ ရာခိုင်နှုန်း ဟာ ဒေါ်နယ်ထရမ့် ကို မဲပေး ခဲ့ကြပေမဲ့ လာမဲ့ ရွေးကောက်ပွဲ မှာတော့ သူ့ကို မဲ မထည့်ဘူး လို့ ပြောကြ တဲ့ အကြောင်း၊ သူ့လမ်းစဉ် အတိုင်းသာ ဆက်သွားရင် အောက်လွှတ်တော်မှာရော ဆီးနိတ် မှာပါ လွှတ်တော် ကိုယ်စားလှယ် နေရာ ရကြမှာ မဟုတ် တဲ့ အတွက် အခု အခြေအနေ ဟာ ပါတီတွင်း ခေတ်မီတဲ့ အတွေးအခေါ် ရှိ ဖို့ လိုနေပြီ ဆိုတာ ကို သတိပေး အချက် ပြလိုက်တာပဲ လို့ ရီပတ်ဗလီကင် ပါတီ မှ အတွေးအခေါ် ပညာရှင် Evan Siegfried ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အကူ ပြုနိုင်ရန် ထပ်မံ ဖွဲ့စည်း မည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဖြစ်လာဖွယ် ရှိသည်ဟု လွှတ်တော်အသိုင်းအ၀ိုင်းထံမှ သိရသည်။

“ဒေါက်တာ တင်မျိုးဝင်းက ဒီဝန်ကြီးဌာနကို ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းစဉ်ကို အဓိက ကူညီသွားမယ့်သဘောပဲ။ သူက လွဲပြီးရင် ကျန်တဲ့သူ ဖြစ်နိုင်ဖို့ မရှိဘူး”ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက သုံးသပ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိနိုင်ရေးအတွက် လုပ် ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်ပေးနိုင်မည့် ၀န်ကြီးဌာနတခု လိုအပ်နေသဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကို အသစ်ထပ်မံ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း သိရသည်။

The Irrawaddy (Burmese Version)

ထိုင်းအမျိုးသားတဦးဟာ ဇနီးဖြစ်သူကို သတ်ခဲ့ပြီးနောက် အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဒေသတွင်းဘုရားကျောင်းတခုဆီ တွန်းလှည်းနဲ့ သယ်ဆောင်ခဲ့ချိန်မှာ သံသယရှိလို့ စစ်ဆေးခဲ့ချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

မေ ၄ ရက်နေ့က အဲဒီအမျိုးသားဟာ ဘုရားကျောင်းဆီ ရောက်လာခဲ့ချိန်မှာ အသုဘ အခမ်းအနား စီစဉ်သူတွေက သူ့ကို သံသယရှိခဲ့တဲ့အတွက် ရဲတွေကို အကြောင်းကြားစစ်ဆေးခဲ့တာလို့ ထိုင်းအခြေစိုက် တနန်းကော့တ်သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေက စစ်ဆေးခဲ့ချိန်မှာ သူဟာ ဇနီးသည်ကို လက်နှိပ်ဓာတ်မီးနဲ့ အကြိမ်ကြိမ် ရိုက်သတ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။

ဘန်ကမ်းခရိုင်မှာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အဆိုပါအမျိုးသားဟာ ဇနီး ဖြစ်သူနဲ့အတူ ပစ္စည်းဟောင်းတွေ ရောင်းဝယ်တဲ့အလုပ်ကို လုပ်နေသူဖြစ်ပြီး မေလ ၃ ရက်နေ့ ညနေပိုင်းမှာ အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူဟာ ဇနီးဖြစ်သူကို လက်နှိပ်ဓာတ်မီးနဲ့ ၂ ကြိမ် ၃ ကြိမ်လောက်ရိုက်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက်တော့ သူတို့ဟာ အိပ်ပျော်သွားခဲ့ပြီး ည ၂ နာရီလောက်မှာ တရေးနိုးချိန်မှာ ဇနီးဖြစ်သူသေဆုံးနေတာကို တွေ့ရှိရတာလို့ ဆိုပါတယ်။

သူဟာ ဇနီးဖြစ်သူရဲ့အလောင်းကို အ၀တ်နဲ့ ထုပ်ပိုးသယ်ဆောင်ပြီး တွန်းလှည်းနဲ့ ထည့်ပြီး ဆိုင်ကယ်နဲ့ ဘုရားကျောင်းဆီ သယ်ဆောင်လာခဲ့တာပါ။

ဘုရားကျောင်းကိုတော့ သူ့မှာ ငွေကြေးမလုံလောက်တဲ့အတွက် မီးသင်္ဂြိုဟ်ပေးဖို့ ပြောခဲ့ချိန်မှာ ၀န်ထမ်းတွေက သံသယရှိခဲ့လို့ ရဲတွေကို အကြောင်းကြားခဲ့တာပါ။

လက်ရှိမှာတော့ ရဲတွေက အဆိုပါ အမျိုးသားနဲ့အတူ အိမ်ကို လိုက်ပြီး စုံစမ်းစစ် ဆေးမှုတွေလုပ်ဆောင်နေပြီး ဇနီးဖြစ်သူရဲ့ အလောင်းကိုတော့ ဆေးရုံကို ပို့ဆောင်ကာ ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB TV News

နေပြည်တော်၊ မေ ၅

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေသစ်ကို
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက အမျိုးသားလွှတ်တော်သို့ ယနေ့တင်သွင်းခဲ့သည်။

ယခင်အစိုးရလက်ထက်ကပြဌာန်းထားသော်လည်း နိုင်ငံသားအကျိုးဖော်ဆောင်နိုင်သည့် ဥပဒေမျိုးဖြစ်သင့်ပြီး
ဖိနှိပ်သည့် ဥပဒေမျိုးမဖြစ်စေရန် ၊ ဒီမိုကရေစီစံနူန်းများနှင့်ညီစေရန်နှင့် နိုင်ငံသားများစနစ်တကျဆန္ဒဖော်ထုတ်ခွင့်ရှိရန်
ဥပဒေကိုတင်သွင်းခြင်းဖြစ်ကြောင်း ၄င်းကပြောသည် ။

လွပ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပေးသော်လည်း အဖျက်အမှောင့်လုပ်ရပ်များ နှောင့်ယှက်ဖျက်စီးမည့်
သူတို့၏ရန်မှကာကွယ်တားဆီးရန်လိုအပ်ကြောင်းလည်း ၄င်းကထပ်လောင်းပြောသည်။

ယခင်ပြဌာန်းထားသည့် ဥပဒေတွင် ဆန္ဒဖော်ထုတ်လိုသူသည် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ ခွင့်ပြုမိန့်၊ ခွင့်ပြု ချက်များ တောင်းခံရပြီး
ယခုဥပဒေတွင် အသိပေးတင်ပြချက်ဟု ပြင်ဆင်ထားပြီး မူလငြိမ်းစုစီ ဥပဒေအရ ပြဌာန်းထား သည့် စည်းကမ်းများဖောက်ဖျက်ပါက
တရားစွဲဆိုသည့် အဖွဲ့အစည်းသည် အကန့်အသတ် မရှိခဲ့ သော်လည်း ယခု ဥပဒေတွင် အကန့်အသတ် ပါဝင်လာခဲ့သည်။

“ဒီဥပဒေကတော့ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို သက်ဆိုင်ရာ တရားရုံးသို့ ၁၅ ရက်အ တွင်းတရားစွဲဆို
တင်ပို့ရမည်ဆိုတာကိုထည့်ထားတာ ဒါထူးခြားမှုအနေနဲ့ တင်ပြလိုပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

ယင်းအပြင် စည်းကမ်းဖောက်ဖျက်၍ အရေးယူသည့်အခါတွင်လည်း ဆက်စပ်မြို့နယ်များရှိပါက မြို့နယ်တရားရုံးအများအပြားတွင် တရားစွဲဆိုရင်ဆိုင်ရမည့်အစား
ပြစ်မှုစတင်ဖောက်ဖျက်ကျူးလွန်သည့် သက်ဆိုင်ရာ တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိသည်ဟု ထည့်သွင်းရေးဆွဲထားသည်။


Popular News Journal

ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်ရှိ လောင်းလုံးဘုတ်ကျွန်းသို့ ခရီးသွားများ ပို့ဆောင်ခွင့်မပြု ကြောင်း တားမြစ်ထားခြင်းကို ပြန် လည်ဖြေလျှော့ပေးရန် ဒေသခံ ခရီးသွားလုပ်ငန်းရှင်များက သက် ဆိုင်ရာဌာနများသို့ တင်ပြထား ကြောင်း သိရသည်။

အဆိုပါကျွန်းကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မောရဝတီရေတပ် စခန်းဌာနချုပ်ဧ။် တပ်ပိုင်မြေ အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက လွှဲပြောင်း ထားပြီးဖြစ်သည့်အပြင် ကမ်းလွန်သဘာဝဓာတ်ငွေ့ ပိုက် လိုင်းများ ဖြတ်သန်းဝင်ရောက်သည့် ပုဒ်မ ၁၄၄ ဧရိယာနှင့် ၂၅ မိုင်ခန့် သာဝေး သည့်နေရာတွင် တည်ရှိ ကြောင်း၊ ထို့ကြောင့် တပ်ပိုင်မြေ ဖြစ်သည့် အဆိုပါကျွန်းမှာ လုံခြုံ ရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးသွားလုပ် ငန်းများ ဆောင်ရွက် ခွင့် မပြုကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက လုပ်ငန်းရှင် များသို့ ဧပြီလအတွင်း အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တားမြစ်လိုက်ခြင်းနှင့် ပတ်သက်၍ ပြန်လည်ခွင့်ပြုပေးရန် တင်ပြထားခြင်းဖြစ်ပြီး ခရီးသွား ဒေသတစ်ခုကို တားမြစ်ပိတ်ပင် ခြင်း မျိုး မပြုလုပ်သင့်ကြောင်း Dawei Tourism မှ ဦးထိန်ဝင်းကပြောသည်။

''ခရီးသွားဒေသသစ်တွေကို တောင်မှရှာဖွေပြီး ဖော်ထုတ်ရ သေးတာ၊ ကျွန်တော်တို့က ကျွန်း ကိုချစ်လို့ ကျွန်းနဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ သယံဇာတတွေကိုပြချင်လို့ ဒီခရီးသွားလုပ်ငန်းလုပ်ကြတာ၊ ကိုယ့်ဒေသမှာရှိတဲ့ နေရာလေးကို ပြည်ပဧည့်သည်တွေကိုပြတယ်ဆို တာ tourism ရဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်ပါတယ်။ မပိတ်သင့်ပါဘူး'' ဟု ၄င်းကပြောသည်။

ထိုသို့ ပိတ်ပစ်မည့်အစား လောင်းလုံးဘုတ်ကျွန်း ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင် ရာအဖွဲ့များက ကြီးကြပ်၍ကြပ် မတ် ဆောင်ရွက်ခြင်းမျိုးသာ ဖြစ်သင့် ကြောင်းလည်း ၄င်းက အကြံပြု သည်။

လောင်းလုံးဘုတ်ကျွန်း အပါ အဝင် မြိတ်ကျွန်းစုများသည် မပျက်စီးသေးသော သဘာဝအလှ အပများကြောင့် ခရီးသွားများ ပိုမို စိတ်ဝင်စားလာရာ ဒေသများဖြစ် လာပြီး ယခုနှစ် ဧပြီလအတွင်းတွင် လည်း အဆိုပါကျွန်းများသို့ ပြည် တွင်းပြည်ပခရီးသွားများစွာ လာ ရောက်ခဲ့ကြသည်။

ထိုသို့ လာရောက်ခြင်းကြောင့် ကော့သောင်းခရိုင်တွင် ဟိုတယ် နှင့် တည်းခိုခန်းများအားလုံး ပြည့် သွားခဲ့ပြီး အိမ်ခန်းများငှားကာ တည်းခိုရသည်အထိ ဖြစ်ခဲ့ကြောင်းထားဝယ်အခြေစိုက် ခရီးသွားလုပ် ငန်းရှင်များထံမှ သိရသည်။

မေဇင်ဝင်း
Popular News Journal

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ နေမျိုးဝေကို ဆက်လက်ချုပ်နှောင်ထားရန် ပုသိမ်တရားသူကြီးက ယနေ့မနက်ပိုင်းတွင် အမိန့်ချလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့က နေပြည်တော်အမြန်လမ်း တွင် ဖမ်းဆီးရမိခဲ့သည့် နေမျိုးဝေကို ရဲက ဆက်လက် စစ်ဆေးစရာများရှိသည့်အတွက် ၁၄ ရက် ချုပ်နှောင်ခွင့်ပြုရန် တရားသူကြီးထံ ယနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းက တင်ပြခဲ့မှုကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏လုပ်ထုံးလုပ်နည်းအရ ကျူးလွန်သူဟုယူဆရသူကို ၂၄ နာရီသာဖမ်းဆီးချုပ်နှောင်ခွင့် ရှိပြီး ထို့ထက်ပို၍ချုပ်နှောင်လိုပါက တရားသူကြီး၏ခွင့်ပြုမိန့်လိုမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီတင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် နေမျိုးဝေကို ဖမ်ဆီးချုပ်နှောင်ထားသည့်နေရာအား ထုတ်ဖော်မပြောဘဲ လုံခြုံသည့်နေရာတွင်သာရှိသည်ဟု ၎င်းကဆိုသည်။

ယမန်နေ့က နေမျိုးဝေကို လမ်းတွင်စောင့်ဆိုင်းသူ အချို့ရှိခဲ့၍ အမှုလက်ခံထားသည့် ကန်ကြီးထောင့်ရဲစခန်းသို့ မခေါ်သွားဘဲ ပုသိမ်သို့ ခေါ်သွားခဲ့သည်။

နေမျိုးဝေသည် နိုင်ငံတော် အကြီးအကဲပုဂ္ဂိုလ်များကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စော်ကားရေးသားသည့် အရေးအသားမျာြး့ပုလုပ်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံဆရာ၊ဆရာများအဖွဲ့ချုပ်မှ ဦးဝေယံအောင်က ကန်ကြီးထောင့်ရဲစခန်းတွင် မေလ ၂ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
ထိုသို့ တိုင်ကြားခဲ့မှုကို ကန်ကြီးထောင့်ရဲစခန်းက ပ/၉၀/၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လက်ခံခဲ့သည်။

Popular News Journal

စစ်ကိုင်းမြန်မာ ဗီနီးယာ အထပ်သား စက်ရုံ အလုပ်သမားတွေ ဧပြီ ၂၉ရက်ကစလို့ နေပြည်တော်ဆီ လမ်းလျှောက် ချီတက်လာ
စစ်ကိုင်း ပတ္တမြား စက်မှုဇုံမှာ ရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် (MVPPL) စစ်ကိုင်း မြန်မာ ဗီနီးယာ အထပ်သားစက်ရုံ အလုပ်သမား ၁၀ဝ နီးပါးလောက် ဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြား မပြေလည်မှုတွေကို အစိုးရက ဖြေရှင်းပေးဖို့အတွက် ဧပြီလ ၂၉ရက်နေ့ကစလို့ နေပြည်တော်အထိ လမ်းလျှောက် ချီတက် တောင်းဆိုနေကြရာမှာ အခုအခါ ဝမ်းတွင်းမြို့နယ်ထဲ ရောက်လာကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံခဲ့ပေမယ့် ဒီ ဆုံးဖြတ်ချက်ဟာလည်း တရားမမျှတဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။

ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အလုပ်သမား ညွှန်ကြားမှု ဉီးစီးဌာနက ကြားဝင် ဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့ပေမယ့် အလုပ်သမားတွေဘက်က ခေါင်းဆောင်တွေ မလာတဲ့အတွက် ညှိနှိုင်းလို့ မရခဲ့ဘူးလို့ အလုပ်သမား ညွှန်ကြားမှု ဉီးစီးဌာန ဒုညွှန်ချုပ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၉လလောက်တုန်းက အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့တဲ့ အလုပ်သမား ၁၆၀ကျော် အလုပ်ထုတ်ခံခဲ့ရတဲ့အတွက် စက်ရုံရှေ့မှာ ရက်ပေါင်း ၆၀ကျော် ထိုင်သပိတ် တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာက မဖြေရှင်းပေးလို့ ဆိုပြီး စစ်ကိုင်းကနေ နေပြည်တော်ထိ လမ်းလျှောက် ချီတက်လာခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူတွေ သီးနှံလျော်ကြေးရရှိဖို့ တောင်းဆို ဆန္ဒပြစဉ်။ ဓါတ်ပုံ - ဒေသခံတစ်ဦး
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးရပ်တန့်ပေးဖို့ မနေ့က ဝမ်ပေါင် ကုမ္ပဏီရှေ့ကို သွားရောက်ဆန္ဒပြတဲ့ လယ်သမား ၂၀၀ လောက်ကို လုံခြုံရေး ရဲအင်အား ၂၀ ကျော်လောက်က တားမြစ်ခဲ့ပါတယ်။

ဒီလအတွင်းမှာ ကြေးနီသတ္တု စတင်ထုတ်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် ဆန္ဒပြတာကို တားမြစ်တာဖြစ်တယ်လို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

"သူတို့ကလည်း ၅ ရက် ၅ လ ၂ဝ၁၆ မှာ ကြေးနီထုတ်တော့မှာလို့ ပြောတဲ့အတွက် ဒေသခံတွေက မကျေနပ်တဲ့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်၊ သူတို့ဘက်က ပြေလည်အောင်ဖြေရှင်းဖို့ လူကြီးတွေ ခေါ်မပေးဘူး"

ဆန္ဒပြပွဲကို ဆည်တဲ၊ တုံ၊ အလယ်တော၊ အလယ်ရွာ၊ တောကျောင်း၊ ရွာသစ်၊ လယ်တီ၊ မိုးကြိုးပြင် တောင်ရွာ၊ မြောက်ရွာ က ဒေသခံတောင်သူတွေ ပါဝင်ခဲ့ကြပြီး ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

 မြို့ခံအတော်များများရဲ့ နေအိမ်တွေ မီးထဲ ပါသွား
တောမီးတွေ အကြီးအကျယ် ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်တဲ့ ကနေဒါနိုင်ငံ Alberta ပြည်နယ် Fort McMurray မြို့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးက အရေးပေါ် အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ တောမီးကြောင့် မယုံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏလောက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောပါတယ်။

တောမီး အန္တရာယ်ကို ဖြေရှင်းနိုင်ရေးမှာ အကူအညီပေးဖို့ ပြည်နယ်အသီးသီးကနေ ကမ်းလှမ်းလာသလို ဖယ်ဒရယ် အစိုးရအနေနဲ့ လည်း ရေတို ရေရှည် စီမံကိန်းတွေနဲ့ အစွမ်းကုန် အကူအညီပေးသွားမှာ ဖြစ်ကြောင်း မယ်လို့ ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဝေဟင်ကနေလည်း ကူညီ မီးငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

အခုအခါ Fort McMurray မြို့တမြို့လုံးက မြို့နေလူထုကို ဘေးလွတ်ရာ ရှောင်ခိုင်းထားပြီး အတော်များများရဲ့ နေအိမ်တွေ မီးထဲ ပါသွားခဲ့ပြီ ဖြစ်ပါတယ်။

မနေ့က မီးအပူရှိန်ပြင်းတာရော လေပြင်းတိုက်တာနဲ့ပါ ပေါင်းလိုက်ရင် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး ဖြစ်လာနိုင်ပြီး မြို့ရဲ့ နောက်ထပ် ရပ်ကွက်တွေ မီးလောင်ပျက်စီးမယ့် ပုံရှိတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

“ရီးယဲယ်မက်ဒရစ် ၁ဂိုး-ဂိုးမရှိ မန်ချက်စတာစီးတီး”

ညပိုင်းမှာကစားတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲမှာ ၁၀ကြိမ်ချန်ပီယံ ရီးယဲယ်မက်ဒရစ်က ပထမပိုင်းမှာသွင်းတဲ့ တစ်လုံးတည်သေားဂိုးနဲ့ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ရီးယဲယ်အသင်းမှာ ဘန်ဇီမာဒဏ်ရာကမသက်လို့မပါနိုင်ပေမယ့် ရော်နယ်လ်ဒိုပြန်ပါလာခဲ့သလို မန်ချက်စတာစီးတီးဖက်မှာလည်း ယာယာတိုရေးပါဝင်ခဲ့ပါတယ်။

ရီးယဲယ်က အိမ်ကွင်းဖြစ်လို လူစုံနီးပါးပါဝင်ပြီး ဖိကစားခဲ့ပါတယ်။ မန်ချက်စတာစီးတီး ကတော့ တန်ပြန်တိုက်စစ်ကနေသာဂိုးရဖို့ကစားခဲ့ရပါတယ်။ ပထမပိုင်း ၁၀မိနစ်မှာ မန်ချက်စတာ စီးတီးဖက်က အသင်းခေါင်းဆောင် ကွန်ပနီနာသွားလို့မန်ဂါလာနဲ့လူစားလဲခဲ့ရပါတယ်။ ရီးယဲယ် အတွက် တစ်လုံးတည်းသောဂိုးကို မိနစ် ၂၀မှာ ညတောင်ပံက ဂါရတ်ဘေးလ်ကန်သွင်းတဲ့ ဘောလုံး မန်ချက်စတာစီးတီးကွင်းလယ်လူ ဖာနန်ဒိုနဲ့ ထိပြီးဂိုးဝင်သွားခဲ့ပါတယ်။ ဒီဂိုးကို UEFA က ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုးအစား ဖာနန်ဒိုရဲ့ကိုယ့်ဂိုးကိုယ်သွင်းဂိုးအဖြစ်သတ်မှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ရီးယဲယ်ဖက်က အခွင့်အရေးတစ်ချို့ထပ်ရခဲ့ပေမယ့်အသုံးမချနိုင်ခဲ့လို့ ၁ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။ဒါကြောင့် ရီးယဲယ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို စံချိန်တင်အဖြစ် ၁၄ကြိမ်မြောက် တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖိုင်နယ်မှာ ရီးယဲယ်ဟာ မက်ဒရစ်မြို့ခံပြိုင်ဖက် အက်သလက်တီကိုနဲ့ ဆုံတွေ့မှာဖြစ်လို့ နောက်ဆုံး ၄နှစ်အတွင်းနိုင်ငံတူ အသင်းအချင်းချင်းဖိုင်နယ်မှာတွေ့တာ ၃ကြိမ် မြောက်ဖြစ်လာခဲ့ပါတယ်။ ဖိုင်နယ်ကို လာမယ့်မေလ ၂၈ရက် စနေနေ့၊ မီလန်မြို့က ဆန်စီရိုကွင်း မှာကျင်းပမှာဖြစ်ပါတယ်။


မူဆယ် မေ ၎

မေ ၁ ရက်က တရုတ်ပြည် ရွှေလီမှ မူဆယ်သို့ စက်လှေဖြင့် တရားမဝင် ဝင်ရောက်ခဲ့ကြသော ပါကစ္စတန်နိုင်ငံသား ၁၂ ဦးသည် မူဆယ်မြို့ ဟိုမွန် ရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူဆယ်မြို့နယ် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။

အဆိုပါ ပါကစ္စတန်နိုင်ငံသား မိသားစု ၁၂ ဦးသည် ထိုင်းနိုင်ငံမှ မြ၀တီ-မန္တလေး- လားရှိုး-မူဆယ်မှတစ်ဆင့် တရုတ်ပြည် ရွှေလီသို့ တရားမဝင် လမ်းကြောင်းများမှ ဖြတ်သန်းခဲ့ကြပြီး မူဆယ်သို့ပြန်အဝင်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

မေ ၂ ရက် နံနက် ၁၁ နာရီခွဲက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်တွင် လ၀ကမှူး ဦးဟောင်းခေါင် အဖွဲ့သည် တရုတ်ပြည်မှ မူဆယ်သို့ တရားမဝင် ဝင်ရောက်ခဲ့သူ ပါကစ္စတန်နိုင်ငံသား ငါးဦးအား လ၀ကဌာနခွဲ (၇)ရုံး နန်းတော် မြန်မာ-တရုတ် နှစ်နိုင်ငံ ဖြတ်သန်း စစ်ဆေးရေးဂိတ်သို့ ပို့ဆောင်ခဲ့ပြီး တရားစွဲဆိုရန် မြို့နယ်လ၀ကရုံးသို့ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းပါကစ္စတန်နိုင်ငံသား ငါးဦးသည် ထိုင်းနိုင်ငံမှ မြ၀တီ ထို့နောက် မူဆယ်မှ တရုတ်ပြည် ရွှေလီသို့ မတ် ၁၆ ရက်တွင် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်စဉ် တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး တရုတ်ထောင်တွင် ၄၂ ရက်ကြာ ချုပ်နှောင်ခံခဲ့ရသူများဖြစ်သည်။ မေ ၂ ရက် တွင် တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် အဆိုပါ ငါးဦးအား မူဆယ်သို့ တရားမဝင် လမ်းကြောင်းမှ ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံသား စုစုပေါင်း ၁၇ ဦးသည် ထိုင်းနိုင်ငံ ဆန်မရွန်းမြို့ ဒုက္ခသည် စခန်းတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသဖြင့် မူဆယ်မှတစ်ဆင့် ပီကင်းရှိ UNHCR ဒုက္ခသည်စခန်းသို့ သွားရောက်မည့်သူများ ဖြစ်ကြသည်။

၎င်းတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆရာမောင် (မူဆယ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar