05/06/16

မနေ့ က ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ကီရှီဒါး က ဒေါ်အောင်ဆန်းစုကြည် နဲ့ ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ပါတယ်။ ဂျပန် အနေနဲ့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ လိုအပ်တာ မှန်သမျှ ဂျပန် အစိုးရကရော ဂျပန် ကုမ္မဏီ များက အပြည့်အ၀ ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ စီးပွားရေးအရ တတိယ အင်အား အတောင့်တင်းဆုံး ဖြစ်တဲ့ ဂျပန် ရဲ့ အကူအညီ ပေးမှုမျိုး က မြန်မာနဲ့ ဖေါက်သည် နိုင်ငံလို မဆက်ဆံပဲ အကျိုးတူ ပူးပေါင် ဆောင်ရွက်မယ့် ပါတနာ အဖြစ် ဆက်ဆံသွားမယ်လို့ အလေးအနက် ပြောကြားခဲ့တဲ့ အပြင် နေပြည်တော်ရှိ မြန်မာ အစိုးရသစ်ရဲ့ ဆန္ဒကို ဦးစားပေး အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။

ဂျပန်က မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံများ ပြန်လည် မွမ်းမံပေးရေး နဲ့ ဘဏ္ကာရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာဘို့ အဓိက အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဂျပန် ပြည်သူများရဲ့ မြန်မာပြည်သူများအပေါ် ကြင်နာမှု နဲ့ ထောက်ခံမှု အကြောင်း ကျေးဇူး တင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကီရှီဒါးက ဂျပန် နဲ့ ထိုင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ ထားဝယ် အထူး စီးပွားရေးဇုံ စီမံကိန်း အကြောင်း တစွန်းတစမှ မေးမြန်း ပြောဆိုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဂျပန် အနေနဲ့ ငွေကြေး ဆိုင်ရာမှာ တရုတ်ကို ဘယ်လိုမှ မယှဉ် နိုင်တဲ့ အတွက် ချည်းကပ်မှု ပုံစံ ပြောင်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အရင်အစိုးရ အပေါ် သြဇာ ညောင်းခဲ့တဲ့ တရုတ် အစိုးရ က ၎င်းတို့ရရှိပြီးသား အရှိန်အ၀ါကို ပြန်လည် ရရှိအောင် ဘီဂျင်းမှာ ကြံစည်နေတယ်လို့ အတူ လိုက်ပါလာတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန အထက်တန်းအရာရှိကြီးတဦးက လက်တို့ သတိပေးသွားခဲ့ပါတယ်။

ဂျပန် အစိုးရက မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ မှ ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေး နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ၃၁.၁ သန်းကို ကုလသမဂ္ဂကို လှုဒါန်းခဲ့တယ်လို့ ကုလ အရာရှိ များက အတည်ပြု ပြောကြားခဲ့ကြပါတယ်။

ဒါပေမယ် ဂျပန် ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း အများ မျှော်လင်ထားသလို မြန်မာ အစိုးရ အဆက်ဆက် ဂျပန်ပေါ် တင်ရှိနေတဲ့ ခန့်မှန်းခြေ အားဖြင့် အကြွေး အမေရိကန် ဒေါ်လာ သန်း ပေါင်း ၄.၇ ဘီလီယံကို လျှော်ပြစ်ဖို့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တောင်တရုတ် ပင်လယ်အတွင်း တရုတ်ရဲ့ စစ်အင်အား တည်ဆောက်နေမှု နဲ့ မြောက်ကိုရီယားမှ ညူကလီယား လက်နက်များ ဟန်ရေး ပြနေမှုများ အပေါ် ဂျပန် က အထူး စိုးရိမ် မကင်း ဖြစ်နေကြောင်းတော့ ဒေါ်အောငဆန်းစုကြည်ကို ဖွင့်ဟ ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဂျပန် ၀န်ကြီးချုပ်မှ ဖေဖေါ်ဝါရီ လ အတွင်းက စာ နဲ့ ကမ်းလှမ်းပြီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျပန် ကို တရားဝင် အလည်အပါတ် လာရောက်ရေးအတွက် ထပ်မံ ဖိတ်ကြားသွားခဲ့ပါတယ်။

ကီရှီဒါ က ဗီယက်နမ် နဲ့ လာအိုကို ဆက်လက် သွားရောက်ဘို့ ရှိပါတယ်။

--------------
Hla Wai Soe
--------------

ကိုးကား။ ၊ The Japan Times/Nikkei Asian Review/ Japan Today
The Ladies News Journal

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးကိစ္စတစ်ခုက ရုပ်ဆိုးလွန်းလှသည်။ ၀ ခေါင်းဆောင် တော်တော်များများ စိတ်ပျက်နေကြသည် ဟု နီးစပ်သူများက ဆိုသည်။ အကြောင်းမှာ ၀ တပ်ဖွဲ့ ခေါင်းဆောင်များက လက်ခံတွေ့ဆုံခဲ့သော NLD ကိုယ်စားလှယ် ဦးစိုးမြင့် ( အငြိမ်းစား ဗိုလ်မှူးချုပ်နှင့် စစ်သံမှူးဟောင်း ) ကို အစိုးရ ၊ လွှတ်တော် ၊ ပါတီ မည်သည့်ဘက်မျှ ကိုယ်စားမပြုဟုဆိုသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း တိုင်းရင်းသား အင်အားစုများကို သြဇာရှိသော ၀ တပ်ဖွဲ့အနေဖြင့် ၄င်း၏ ပြည်နယ်ရပိုင်ခွင့် အပါဝင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာ ချပြခဲ့သော်လည်း ယင်းကိုယ်စားလှယ်မှာ တရားမ၀င် ဖြစ်သွားခဲ့သဖြင့် ခဲလေသမျှ သဲရေကျသည့် အသွင်ဖြစ်သွားမည်မှာ မလွှဲဧကန်ပင်။

ဝ ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ၀( UWSA ) ခေါင်းဆောင်များ အနေဖြင့် စိတ်အားထန်သန်စွာ ဆွေးနွေးခဲ့ကြပြီး ဒီချုပ်အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်ပါ ကတိပြုခဲ့သည့်အပြင် ပြည်ထောင်စုမှ မခွဲထွက်ပါ၊ ငြိမ်းချမ်းရေး ပြသ၁နာများကို စေ့စပ်ညှိနှိုင်း အဖြေရှာသွားမည်၊ ယခင်အစိုးရ အဆက်ဆက်နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်များကို အသိမှတ်ပြုရေး ၊ ၀ ပြည်နယ်အရေးတို့ကို အဆိုပြုခဲ့ပြီး စစ်ရေးနည်းလမ်းဖြင့် အဖြေရှာမည် မဟုတ်ဟုလည်း ၀ ခေါင်းဆောင် ရှောက်မီလျံက ကတိပြုခဲ့ပါသည်။ သည်လို သွားသည့်ကိစ္စက တကယ်ပဲ တာဝန်မပေးဘဲ ကိုယ်တိုင်စူးစမ်းလိုသည့် သဘောဖြင့် သွားသည်လား တစ်ဦးတစ်ယောက်၏ လှုံဆော်မှုကြောင့်လား ကာယကံရှင်သာ သိပေလိမ့်မည်။

ကိုးကန့် နှင့် AA ရခိုင်တပ်ဖွဲ့တို့ကိုလည်း တပ်မတော်က ယခုအချိန်အထိ လက်ခံရန် အရိပ်အယောင် မပြသေးပါ။ လွှတ်တော်အတွင်း ဆွေးနွေးမှုများတွင် AA အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လာရောက်ခွင့်ပြုရန် တိုင်းရင်းသား ကိုယ်စားလှယ် အများအပြားက ထေက်ခံခဲ့သော်လည်း NLD မှာ တပ်မတော်ကိုလည်း လွန်ဆန်နိုင်ဟန် မတူချေ။ တပ်ကိုယ်စားလှယ်များကတော့ အပြင်းထန် ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ AA အား ဆွေးနွေးပွဲ တက်ရောက်ခွင့်ကို အစိုးရက မဆောင်ရွက်ပေးလည်း ရနေသည့် သဘောဖြစ်နေသည်။ ကိုးကန့်တပ်ဖွဲ့နှင့် AA ရခိုင်အဖွဲ့တို့မှာ ယခင်အစိုးရ လက်ထက် ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခွင့် တားမြစ်ခံထားရသည့် အဖွဲ့များဖြစ်ပေသည်။

၎င်းတို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးလိုသော်လည်း AA ရခိုင်အဖွဲ့မှာ ဒီမိုကရေစီကို တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်မှာ ဒွိဟဖြစ်စေ ပါသည်။ လက်နက်ကိုင် အဖွဲ့များစွာရှိနေ၍ ဒီမိုကရေစီ အရေး နှောင့်နှေးသည် ဆိုသည်မှာ ယေဘုယျကျသော်လည်း ငြိမ်းချမ်းရေး လုပ်လိုသည့်အဖွဲ့များကို လက်သင့် မခံသည်ကတော့ မေးခွန်းထုတ်စရာ ကောင်းနေဆဲပင်။ လက်နက်ချမှ ငြိမ်းချမ်းရေး လွတ်ငြိမ်းခွင့် ပေးမည်ဟုပါ သဘောသက်ရောက်နေပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ နောက်ပိုင်း တောင်းဆိုနေသည့် ပြည်ထောင်စု တပ်သဘောသဘာဝမှာ နှစ်လတာရှည် အမျိုးသားရေးဝါဒီ ဆန်ဆန် အဓိက အခြေပြုခဲ့ဖွယ် ရှိသည့် တပ်မတော်ဖွဲ့စည်းမှုနှင့် ဆက်စပ်နေသည် ကိုလည်း ငြင်းပယ်၍ မရနိုင်ပါချေ။ AA ရခိုင်တပ်ဖွဲ့နှင့် ပတ်သက်၍ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ပြည်သူထောက်ခံမှုအရ ရခိုင်ပြည်နယ်အတွင်း ဆန္ဒခံယူမှုလုပ်ကြည့်လျှင်ပင် တပ်မတော်ဘက်မှ ရှုံးနိမ့်ရန် ရာခိုင်နှုန်းများနေသည်ဟု အလွယ်တကူ ကောက်ချက်ချနိုင်ပေသည်။

ထို့ကြောင့် AA ၊ ကိုးကန့် တို့နှင့်အဆင်မချောသည့်နောက် ၀ နှင့်ပါ သို့လော သို့လောဖြစ်လာသော တိုင်းရင်းသား လက်နက်ကိုင် အရေးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဆွေးနွေးပွဲများ ပြန်စမည်ဖြစ်ငြားသော်လည်း စိန်ခေါ်မှုများစွာ ရှိနေသည်။ လက်ကျန်အဖွဲ့များဖြစ်သည့် တအာင်းပလောင်အဖွဲ့မှာလည်း သူ့အတိုင်းအတာနှင့် သူ ကန့်သတ်ခံရသည့် အနေထားဖြစ်နေဆဲ ဖြစ်သည်။ AA ၊ ကိုးကန့် ၊ ၀ ၊ တအာင်းပလောင်တို့ တိုက်ရိုက် မပါဝင်နိုင်ခဲ့လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြားတွင်လည်း စုစည်းညီညွတ်သည့် အစုအဖွဲ့အဖြစ် ဆွေးနွေးပွဲတွင် ပါဝင်ခွင့်မှာ အခွင့်လမ်း နည်းနေ ဦးမည်သာဖြစ်သည်။

တစ်ဖက်တွင်လည်း NLD နှင့် ပြည်တွင်းရှိ ဥပဒေဘောင်အတွင်းမှ တိုင်းရင်းသားပါတီများ၏ ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ အခြေနေတွင် ရှိနေဆဲဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံ ညီလာခံကို မူအရ လက်ခံသော်လည်း နှစ်လအတွင်း လုပ်မည်ဆိုသည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလျင်စလို ပြောသည့် အသွင် ထောက်ပြဝေဖန် မှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူစွာ နိုင်ငံရေးလေ့လာသူ အချို့ကလည်း ပင်လုံညီလာခံမှာ အလျင်စလို လုပ်ကောင်းသည့်အရာ မဟုတ်ဟု ဆိုနေပြန်သည်။

အစိုးရသစ်တွင် လုပ်ပိုင်ခွင့်ရှိသည် ဆိုငြားလည်း လတ်တလော ဖြစ်ပျက်ခဲ့သည့် ၀ တပ်ဖွဲ့ကို သူရဦးရွှေမန်းနှင့် နီးစပ်သူ ဦးစိုးဌေး သွားတွေ့မှု၊ AA နှင့် ပတ်သက်၍ NLD ဘက်မှ ပြတ်သားသော ရပ်တည်ချက် မရှိ။ လတ်တလော မြန်မာ့နိုင်ငံရေး အခြေနေအရ ပြည်ခိုင်ဖြိုးပါတီ မှာ နာလန်မထူနိုင်သော်လည်း တပ်မတော်မှာ အခြေခံ ဥပဒေကို ကစားခွင့်ရှိနေရာ ဒီမိုကရေစီ ဘက်တော်သားနှင့် တိုင်းရင်းသား အင်အားစုများဘက်မှ အင်အားမရှိဘဲ သွားကစားလျှင် မုချရှုံးနိမ့်ဦးမည့် ဘောလုံးပွဲစဉ်ကဲ့သို့သာ ဖြစ်နေဦးမည်။ အပစ်ရပ်ရေးကိုပဲ ကြည့်မည်ဆိုရင် ရခိုင် ၊ တအာင်းပလောင် ၊ ကိုးကန့် MNDAA တို့ကို ကန့်သတ်သလို ဖြစ်သွားခဲ့ပြီဖြစ်ပြီး ၊ ကချင် KIO လည်း နည်းဗျူဟာတချို့ကို ပြောင်းလဲရန် ပြင်ဆင်နေပြီဖြစ်သည်။ အပစ်ရပ်ထားသည့် ရှမ်းလက်နက်ကိုင် RCSS / SSA နှင့် ကေအန်ယူတို့လို အဖွဲ့များမှာလည်း အခြားနည်းလမ်းများ စတင်စဉ်းစားနေလောက်ပြီ ။

တိုင်းရင်းသား အဖွဲ့အချို့မှာလည်း ဒေ၀ဒတ်နှင့် ပေါင်းမှန်းမသိ ပေါင်းဘိ သကဲ့သို့ ဖြစ်နေဆဲဟု လေ့လာသူအချို့က ဆိုကြပါသည်။ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့နယ်မြေနှင့် လူမျိုး အကျိုးစီးပွားအတွက် သာမကဘဲ တစ်နိုင်ငံလုံးကို ခြုံငုံသည့် မူဝါဒရေးရာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ အကယ်၍ ပြည်မခေါင်းဆောင်များ၏ မူဝါဒလွဲချော်ခဲ့သော် အခြားသော နည်းလမ်းဖြင့် ပြန်လည်ကုစား တည့်မတ်ပေးရန် လိုနေဦးမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အင်အားစုများအကြား ၊ NLD နှင့် အခြားဒီမိုကရေစီ အသိုင်းအ၀ိုင်း ဆက်ဆံရေးမှာလည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ပုံမှန်မရှိခဲ့ပါ။ ထင်ရှားသော ဒီမိုကရေစီ အင်အားစုဖြစ်သည့် ၈၈ မျိုးဆက်ဆိုလျှင် ရွေးကောက်ပွဲတွင် NLD ပါတီဘက်မှ ပူးပေါင်းပါဝင်ခွင့်အတွက် အဖွဲ့ဝင် အမြောက်အမြားမှာ ငြင်းပယ်ခံခဲ့ရသည်။

ပြည်သူအများ ထည့်သွင်းမစဉ်းစားကြသည်မှာ ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့နိုင်ငံရေးပင်ဖြစ်ရာ အဆိုပါကွက်လပ်တွင် ဖြည့်တင်းရန် တာဝန်ရှိသည့် ၈၈ များမှာလည်း ငန်းထနေဆဲ ပြိုကွဲ ပဲ့စင်၍ ကောင်းနေဆဲသာဖြစ်သည်။ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သူများလည်း တဖြည်းဖြည်းတိုးလာနေပါသည်။ ဦးကိုကိုကြီး ၊ ဦးမြအေးတို့မှာ နိုင်ငံရေး စိတ်ဓာတ်ရှိသော်လည်း သူတို့ထက်ပို၍ နာမည်ကြီးသော ဦးမင်းကိုနိုင် နှင့် အပေါင်းပါတချို့မှာ အနုပညာဘက်ကိုသာ ပို၍အားသန်ပုံရှိပြီး NGO ဆန်ဆန်အဖွဲ့ကိုတော့ ကိုင်ထားဆဲဖြစ်သည်။ ပါတီနိုင်ငံရေး ဘက်ကိုတော့ တစ်လှမ်းမှပင် မလှည့်သေးပါ။ လူထုအခြေပြု အဖွဲ့စည်းဟု ဆိုထားသော်လည်း CBO ၊ CSO တာဝန်ဖြစ်သော ပြောသင့်ပြောထိုက်သည့် ကိစ္စများတွင် ပြောဆိုရန် နှေးကွေးလေးလံ လွန်းလှသည်ဟု ကောက်ချက်ချနိုင်ပါသည်။

ဆိုခဲ့သော အနေထားတွင် ၈၈ အချို့မှာ ခွဲ၍ ပါတီထောင်လျှင်လည်း အားကောင်းမောင်းသန်ဖြစ်ရန် ခဲယဉ်းပါသည်။ နိုင်ငံရေးအရ ရဲတင်းလွန်းလှသည့် ကျောင်းသား သမဂ္ဂအချို့နှင့် ၈၈ မျိုးဆက်တို့မှာ တစ်ကျောင်းတည်း ထွက်များ ဖြစ်သော်လည်း ဟိုဘက်အစွန်း ဒီဘက်အစွန်းသာ ဖြစ်နေပေသည်။

ဒီမိုကရေစီတွင် အရေးကြီးသော အရပ်ဘက် အဖွဲ့စည်း ကဏ္ဍကိုကျော်လွန်၍ သတင်း မီဒီယာ ကဏ္ဍကို ကြည့်မည် ဆိုလျှင်လည်း ခါတော်မှီ အမေခေါ်ဆိုမှုများနှင့် ပရိသတ်အား မလွန်ဆန်နိုင်မှုများ ဒုနဲ့ဒေး တွေ့မြင်နေရသည်။ ခြွင်းချက် အနေဖြင့်အချို့မှာ မှန်မှန် ကန်ကန် ဝေဖန် ထောက်ပြနေကြသည်။ သတင်းဌာန ပေါ်လစီကြောင့် လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အချို့သတင်းသမားများမှာ ခါတော်မှီ လော်ဘီဖြစ်မှန်းမသိ ဖြစ်လာသည်ကတော့ သေချာသည်။

ယခင်က မြန်မာ့ငြိမ်းချမ်းရေးစင်တာနှင့် ဦးသိန်းစိန်တို့ကိုသာ လော်ဘီလုပ်ပေးခဲ့သူ အီလစ်သတင်းသမားအချို့မှာ ယခုအခါတွင် အမေ ၊ အမေ ဟု တစာစာအော်နေကာ ဒီမိုဘက်ပြောင်း ပြည်ခိုင်ဖြိုးများနှင့် နီးကပ်နေကြသည်။ သို့သော် အဆိုပါ သတင်းသမားများ၏ သတင်းတင်ဆက်မှုများကို လေ့လာကြည့်ပါက လူ့အခွင့်ရေး ချိုးဖောက်ခံရမှုကဲ့သို့ ကိစ္စများတွင် ပြည်သူအား လမ်းမှန်ညွှန်ပြရေးသားမှု နည်းပါးနေဆဲဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ ဘက်မှ ဒီမိုကရေစီ ဘက်တော်သားများ အဖြစ် ကူးပြောင်းလာသူများ၏ ကွင်းအတွင်း ခြေရည်မှာလည်း ညံ့နေဆဲဖြစ်ကြောင်း ပေါ်လွင်နေသည်။ မြိုင်ကြီးငူ ဆရာတော် ဘာသာခြားများ၏ ဘုရားကျောင်းဝင်းထဲ စေတီလိုက်တည်သည့် ကိစ္စများတွင် အပူတပြင်း မဖြေရှင်းဘဲ အချိန်ယူ သည်းခံဖြေရှင်းရန် ဆိုသည့် သာသနာရေးဝန်ကြီး၏ မှတ်ချက်မှာ ပြည်သူအများကို ဒေါသထွက်စေသည့်ကိစ္စ ဖြစ်နေသည်။ ပြည်ခိုင်ဖြိုး ဒီမိုဘက်ပြောင်းအချို့မှာလည်း ဖေ့စ်ဘုတ်မှသာ ၀ါဒဖြန့်ပြီး အကောင်ထည် ဖော်မှုဆိုင်ရာ အားနည်းနေသည့် အတွက် လူပြိန်းကြိုက်အဆင့်မှ တက်မလာဆဲဖြစ်နေသည်။ အဆိုပါ ဒီမိုဘက်ပြောင်းများကို တပ်မတော်အရာရှိများက မျက်စိစပါးမွေးစူးမှုများ ရှိနေသည် မှာလည်း အသေချာပင်။

တစ်ချိန်တည်းတွင်လည်း ကြံ့ခိုင်ရေးပါတီ အနေထားမှာလည်း ကုရာနတ္ထိ ဆေးမရှိသကဲ့ သို့ပင် နောက်တစ်ခါ ရွေးကောက်ပွဲတွင် ပြန်လာနိုင်ပါ့မလား စိုးရိမ်စရာပင် ။ ပါတီတွင်း တိုက်ပွဲများမှာ မြင်မကောင်း ရှုမကောင်းအောင် ဖြစ်နေပြီး သံဝေဂ ယူစရာပင်။ ပြည်သူ့စစ် တချို့၏ နယ်မြေများတွင်လည်း ဘိန်းခင်များမှာ ဝေဆာနေဆဲပင်။ ယင်းအပြင် တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ အင်အားစုများကလည်း သူတလူ ငါတမင်း ညီညွတ်မှုမရှိခြင်း တို့ကြောင့် နိုင်ငံရေးသည် ဆက်လက် ငန်းထဖွယ်ရာရှိနေတော့သည်။

တပ်ပေါင်းစု ညီညွတ်ရေး ၊ဒီမိုကရေစီအင်အားစု ၊ တိုင်းရင်းသားအင်အားစု ၊ တပ်မတော် ဆိုသည့် သုံးပွင့်ဆိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရည်ရွယ်ချက်မှာလည်း နှစ်ပေါင်း ၂၅ နှစ် ကျော်လာချိန်တွင် ရည်မှန်းချက်မှာ အကောင်ထည် ဖော်နိုင်ခြင်း မရှိသေးသည်ကို မြင်တွေ့နေရဆဲဖြစ်ပါသည်။


အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု ဆိုသော်လည်း တပ်မတော် လုပ်လိုသည့် သင့်မြတ်ရေး မှာ အကန့်အသတ် တစ်ရပ်နှင့် ဖြေလျှော့မှု အတိုင်းအတာ တစ်ရပ်အထိသာ ရှိနေသည် ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေရပေသည်။ တိုင်းရင်းသားများ ညီညွတ်ရေးကိုလည်း လိုလားပါ့မလားဟု မေးခွန်းထုတ်စရာ ကောင်းနေဆဲပင်။

အချုပ်အားဖြင့် ဆိုသော် ဒီမိုကရေစီ အင်အားစုများ၏ ညီညွတ်ရေး တည်ဆောက်နိုင်မှု အားနည်းခြင်း၊ တိုင်းရင်းသားများမှာလည်း မညီညွတ်ခြင်း ၊ တိုင်းရင်းသားနှင့် ဒီမိုမညီညွတ်ခြင်း ၊ အားလုံးတွင် ခိုင်မာသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒမရှိခြင်း ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဖြစ်သည့် သတင်းမီဒီယာများ အားမကောင်းသေးခြင်း ၊ အရပ်ဘက် အဖွဲ့အစည်းကဏ္ဍ အားနည်းနေခြင်း တို့ကြောင့် မြန်မာ့နိုင်ငံရေးမှာ ငန်းထနေဆဲပင် ဖြစ်သည်။

စိုင်းထွန်းအောင်လွင်
The Ladies News Journal


ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံပြည်သူများ။
ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံပြည်သူများ။

လက်ပံတောင်းတောင် ဒေသခံတွေက အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေ တဲ့ကြား ကပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ မေလ (၅)ရက်နေ့ ဒီကနေ့မှာပဲ စတင်ပြီး ကြေးနီ ထုတ်တော့မယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဆန့်ကျင် ကန့်ကွက်သူတွေဟာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းခွင်နယ်မြေ သတ်မှတ်စည်းထဲ အထိ အတင်းတိုးဝင်ပြီး သူတို့ဆိုင်းဘုတ်တွေကို ဆေးနီတွေ ပက်ဖြန်း စီမံကိန်းဖျက်သိမ်းရေးကို တောင်းဆိုဆန္ဒပြကြပါတယ်။ ဒါပေမဲ့ ကြေးနီ ထုတ်လုပ်မှု ကတော့ လွန်ခဲ့တဲ့ တလကတည်းက စတင်ထုတ်လုပ်နေ တာဖြစ်ကြောင်း ဒေသခံတွေ ကပြောပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လက်ပံတောင်းဆန္ဒပြ

မေလ၅ရက်နေ့က စတင်ပြီး ကြေးနီ စတင် ထုတ်လုပ်မယ် လို့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီဘက်က ပြောခဲ့ပြီးတဲ့နောက် ကျေးရွာ ၁၀ရွာခန့်က ရာဂဏန်း ရှိတဲ့ ဒေသခံတွေဟာ မေလ၄ရက်နေ့ ၊ မေလ ၅ရက်နေ့တွေမှာ ဆက်တိုက် ကန့်ကွက်ခဲ့တာပါ။ စီမံကိန်းအတွက် အသုံးပြုဖို့ တင်ဆောင်လာတဲ့ အက်ဆစ်ရေတွေ တင်လာတဲ့ ကားကိုပါ ပိတ်ဆို့ တားဆီးပြီး ဆန္ဒပြကြတဲ့ကြောင်း လက်ပံတောင်းတောင် က ဆရာတော်ဦးအာလောကက မိန့်ပါတယ်။

" ဆန္ဒပြနေတဲ့အချိန်မှာ အက်ဆစ်ပို့တဲ့ကားက ရောက် လာတယ်။ ရောက် လာတော့ ဒေသခံတွေ ကနေပြီးတော့ အဲ့ဒီ့အက်ဆစ်ကားကို ဝိုင်းတားထားတယ်။ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် နည်းနည်းတော့ ဖြစ်လိုက်တယ်။ တားထားတဲ့ကြားက တိုးဝင်သွားတာဆိုတော့ နည်းနည်းတော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အနေအထားပေါ့။"
လက်ပံတောင်းဆန္ဒပြသူများ

လက်ပံတောင်းကြေးနီစီမံကိန်း ကနေ မေလ၅ရက်နေ့မှာ ကြေးနီစတင်ထုတ်တော့ မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ကြေညာတာဟာ ဒေသခံတွေကို သွေးတိုးစမ်း တာဖြစ်သလို အရင်လကတည်းက ကြေးနီစတင် ထုတ်လုပ်နေတာဖြစ်တယ် လို့လည်း ဒေသခံတွေက အခိုင်အမာ စွပ်စွဲလိုက်ပါတယ်။

"ကြေးနီက သူတို့ထုတ်နေတာက ကြာပါပြီ။ ဒါပေမဲ့ ၅ရက် ၅လ ၂၀၁၆ မှာ လူထုက ဘယ်လိုတုန့်ပြန်လာမလဲဆိုတဲ့ သဘောမျိုးကိုဆောင်ပြီးတော့ ဒေသခံလူထု ကို သွေးတိုးစမ်းလိုက်တဲ့ သဘောပေါ့ဗျာ။ သူတို့ကြေးနီစီမံကိန်း ထုတ်လုပ်နေတာ ကတော့ လေးလပိုင်းကတည်းက သူတို့ ထုတ်လုပ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဒေသခံတွေဘက်ကပြောဆိုပေမဲ့ မြန်မာ ၀မ်ပေါင် ကုမ္ပဏီဘက်ကတော့ ဘာမှ တုံ့ပြန်တာမျိုးတွေ မရှိသေးပါဘူး။
ဝမ်ပေါင်ကုမ္ပဏီဆိုင်းဘုတ်တွေ ဆေးနီဖြန်းကန့်ကွက်

အစိုးရသစ်လက်ထက်မှာ ပွင့်လင်းမြင်သာမူရှိဖို့ နဲ့ ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ မြေယာတွေ သိမ်းလုပ်နေတဲ့ စီမံကိန်းကို ကန့်ကွက်မူအရှိန် က တစထက်တစမြင့်တက်လာပေမဲ့ ကုမ္ပဏီတွေဘက်က ညှိနှိုင်းဆွေးနွေးမူတွေ မရှိတဲ့အတွက် နောက်ရက်တွေမှာလည်း ဆန္ဒပြပွဲတွေ အရှိန်ဆက်မြှင့်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မြန်မာအစိုးရထံကနေ ၂၀၁၃-ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ် လို့  မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောဆို ထားပါတယ်။

ဒီစီမံကိန်းဟာ အစိုးရသစ်လက်ထက်မှာ အရေးတကြီးဖြေရှင်းပေးဖို့ လိုအပ်တယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဖားကန့် ကျောက်စိမ်း ကိစ္စလို၊ မြစ်ဆုံ စီမံကိန်းကိစ္စက စလို့ သံယဇာတတွေနဲ့ ပတ်သက်လို့ လူထုအတွက် နစ်နာမူတွေ ရှိနေတဲ့ စီမံကိန်းဖြစ်တာကြောင့် အမြန်ဆုံးဖြေရှင်းပေးဖို့ လွှတ်တော်ကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်းပြောဆိုကြပါတယ်။

မအေးအေးမာ
VOA Burmese News


မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ။
မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ။

အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ နိုင်ငံတော် အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုပြီး ၊ လူမျိုးဘာသာအရ အမုန်းပွားစေမယ့် စကားတွေပြောဆိုသူ တဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါပြီ။ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေဖြစ်လာစေမယ့် လှုံဆော်ရေးသားမှုတွေ အခုလတွေအတွင်း တိုးပွား ပြန့်နှံ့လာနေတဲ့ အချိန်မှာပဲ အခုလို အမုန်းစကားပွားသူတဦးကို ဖမ်းဆီးမှုဟာ အစိုးရသစ် လက်ထက် ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုချက်တွေကို ကိုရန်နိုင်က တင်ပြထားပါတယ်။

နိုင်ငံတော် အကြီးအကဲတွေကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ် ကနေ စော်ကား ပုတ်ခတ်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားရတဲ့ - မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အာဏာပိုင်တွေက မေလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ အခုဆိုရင် သူ့ကို ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်း ထားလိုက်ပြီဖြစ်ပါတယ်။

ဦးနေမျိုးဝေဟာ တိုင်းပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အမုန်းပွားမှုတွေဖြစ်အောင် လှုံ့ဆော်နေသူဖြစ်တဲ့အတွက် ဖမ်းဆီးသင့်တယ်လို့ နိုင်ငံရေးအကဲခတ် သတင်းစာဆရာ ဦးစည်သူအောင်မြင်က ပြောပါတယ်။

"ဦးနေမျိုးဝေဟာ သူ့ရဲ့နာမည်အစစ်အမှန်၊ သူ့ရဲ့ပါတီဥက္ကဋ္ဌ ရာထူးအစစ်အမှန်၊ သူ့ရဲ့ အကောင့်အစစ်အမှန်နဲ့ ဖေ့စ်ဘွတ်ခ်ထဲကနေပြီးမှ သူက ဘာသာရေး၊ လူမျိုးရေး အမုန်းပွားစေတာတွေကို တော်တော်ကို လုပ်တယ်။ ဒါက အမုန်းပွားမှုကို သူဖြန့်ဖြူးတယ်။ ဒုတိယတခုကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်တာတွေကိုလည်း သူ ပြောင်ပြောင်တင်းတင်းပဲ လုပ်တယ်။ နောက် တတိယတခုက ကျတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးကို ပုဂ္ဂိုလ်ရေးအရ ရုန်းရင့်ကြမ်းတမ်းစွာ ပြောဆိုရိုင်းစိုင်းမှုတွေကိုလည်း လုပ်တယ်။ နောက်ပြီးတော့ အကြမ်းဖက်မှုကို လှုံ့ဆော်သည်အထိကိုလည်း သူကလုပ်တယ်။ ဟိုးနဂိုကတည်းက သူ့ကို အရေးယူသင့်တာပါ။ သူဟာ တိုင်းပြည် ထဲမှာ ကိုယ်ထိလက်ရောက် မဟုတ်ပေမဲ့လည်းပဲ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့အထဲမှာတော့ အဆိုးဝါးဆုံးလူပုဂ္ဂိုလ် တယောက်ကို အခုလို အရေးယူလိုက်တာ ကောင်းတယ်လို့ မြင်ပါတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လက်ရှိ NLD အစိုးရက မကန့်ကွက်ခဲ့တာကြောင့် ၊ ဦးနေမျိုးဝေက နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို လူမျိုးရေး၊ ဘာသာရေးအမုန်းပွားစေမယ့်ကိစ္စတွေ ပြန်ပြီးဖြစ်လာတဲ့အပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းလွှတ်တော်မဲဆန္ဒနယ်အမတ်(၁) လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က အခုလို သုံးသပ်ပါတယ်။

"ကျနော်ထင်တာ အစိုးရသစ်တက်လာပြီး သိပ်မကြာခင်မှာပဲ ဒီကိစ္စတွေက နည်းနည်းပြန်ဖြစ်လာတယ်။ ရွှေတိဂုံဘုရားမှာ ဈေးရောင်းတဲ့ကိစ္စကို သွားသိမ်းတာတွေ၊ နောက်ပြီးတော့ ကရင်ပြည်နယ် ဘားအံမှာ စေတီတွေ တည်တဲ့ကိစ္စတွေပေါ့နော်။ အဲ့ကိစ္စတွေက ဆက်တိုက်ဆိုသလိုဖြစ်လာတော့ ကျနော်အဲ့ဒီ့တုန်းကတောင် ပြောလိုက်ပါသေးတယ်။ အစိုးရသစ်ကို သွေးတိုးစမ်းတဲ့ ပုံစံမျိုးတောင် ဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုး ကျနော်ကတော့မြင်တယ်။ "

ဦးနေမျိုးဝေရဲ့ ဘာသာရေး လူမျိုးရေး အမုန်းပွားစေမယ့် ပြောဆိုရေးသားမှုတွေဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်နေတဲ့အပြင်၊ တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်စေ၊ နိုင်ငံတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကြား အမုန်းမပွားစေဖို့ အတွက် ရေတို ရေရှည်ချဉ်းနည်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ဦးစည်သူအောင်မြင့်ကပြောပါတယ်။

" ရေတိုနည်းမှာတော့ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာလုပ်တာပေါ့။ ဥပဒေပြဋ္ဌာန်းရမယ်။ ဥပဒေနဲ့အညီ လိုက်နာအောင် လုပ်ရမယ်။ ခုနကတုန်းကလို အကြမ်းဖက်မှု လှုံ့ဆော်တာတွေ ရှိပြီဆိုရင် ချက်ခြင်းအရေးယူရမယ်။ အဲ့တာတွေကတော့ ရေတိုနည်းတွေပေါ့။ ဒါပေမဲ့ အဲ့ဒီ့ရေတိုနည်းတွေနဲ့ ဒီပြဿနာကြီးကို ကုစားဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ရေရှည်မှာကျတော့ ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ဖို့ ဆိုတဲ့ဟာလေးတွေ ထည့်သွင်းတာကအစ ငယ်စဉ်ကတည်းက သင်ကြားတာတွေ အဆုံးပေါ့။ အကုန်လုံး လုပ်ပေးတော့မှာသာ ဒီဟာကြီးဟာ ရေရှည်မှာ ဒီဟာ လျော့နည်းသွားမယ်လို့ ကျနော်တို့ ယူဆလို့ရပါတယ်။"

နိုင်ငံတော်အကြီးအကဲတွေအပေါ်မှာ ပုတ်ခတ်စော်ကားတာတွေ လှောင်ပြောင် သရော်တာတွေကို အရေးယူသင့်သလို၊ အမုန်းပွားစေမယ့် လှုံ့ဆော်ရေးသားမှုတွေ နဲ့ ပတ်သက်ပြီးလည်း အရေးယူသင့်တယ်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။

" ဖြစ်သင့်တာကတော့ အရင်အစိုးရလက်ထက်တုန်းကလည်း ကျနော်တို့မြင်နေတာပဲ။ နိုင်ငံတော် အကြီးအကဲတွေကို တခုခုရုပ်ပြောင်တွေ ဘာတွေ နဲ့ လုပ်တယ်ဆိုရင် ချစ်သမီးကိစ္စ၊ မောင်ဆောင်းခ ကိစ္စဗျာ။ ပတ်ထရစ်ခွန်ဂျာလီကိစ္စဗျာ အဲ့လို ကိစ္စမျိုးတွေဆိုရင် သူက လုံးဝ အထိမခံပဲနဲ့ အရေးယူဆောင်ရွက်တာရှိတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး အမုန်းစကားဖြန့်နေတဲ့အကောင့်တွေကျတော့ ဘာမှ အရေးယူဆောင်ရွက်တာမျိုး မရှိဘူးဆိုတဲ့အနေအထားမျိုး အရင်အစိုးရတုန်းက ဖြစ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အခုအချိန်မှာ အခုလက်ရှိအစိုးရကိုတော့ ကျနော်က ဒါ နိုင်ငံတော်အကြီးအကဲကို ပုဂ္ဂိုလ်ရေးရာ စော်ကားတာ မကောင်းဘူးပေါ့နော်။ အဲ့တာတွေကိုလည်း အရေးယူဆောင်ရွက်သလို တဖက်ကလည်း ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတဲ့အကောင့်တွေကို တနည်းနည်းနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။"

နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို လူမှုကွန်ယက်စာမျက်နှာတွေကနေ တဆင့် စာတွေ ဗီဒီယိုဖိုင်တွေ တင်ပြီး ပုတ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝေယံအောင်က ကန်ကြီးထောင့် မြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ကိုရန်နိုင်

VOA Burmese News

dr-myotheingyi-620.jpg ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မေလ ၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ်ပြီးခဲ့တဲ့၂၀၁၅-၁၆ ပညာသင်နှစ်မှာ ၄ တန်းနဲ့ ၈ တန်း စာမေးပွဲမေးခွန်းတွေ မှားယွင်းတာ၊ ကြိုတင် ပေါက်ကြား တာတွေအတွက် တာဝန်ရှိသူတွေက တာဝန်ခံပေးဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒေါက်တာလှမိုးရဲ့ မေးမြန်းချက်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေးခွန်းပေါက် ကြား အောင်ဆောင်ရွက်ခဲ့တဲ့ ကျောင်းအုပ်လေးဦးကို အရေးယူထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မေးခွန်းတွေ မှားယွင်းဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားနိုင်ခြင်း မရှိသေးဘဲ ပြန်လည်စိစစ်ပြီးမှ ဖြေကြားနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ၁၉၇၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ဖျက်သိမ်းခြင်းမရှိဘဲ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ဦးစီးဌာနအဖြစ် ထားရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းရာမှာ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ထားရှိပေမယ့် သီးခြားရပ်တည်တဲ့အဖွဲ့အဖြစ် ၂၀၁၂ ခုနှစ်ကတည်းက ထားရှိထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး က ဖြေကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးဟာ အရင်အစိုးရလက်ထက်က အခြေခံပညာဦးစီးဌာနမှာ ညွှန့်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူပြီး လက်ရှိအစိုးရလက်ထက်မှာ ပညာရေးဝန်ကြီး အဖြစ်တာ ဝန်ယူထားတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပြောင်းလဲဖွဲ့စည်းခဲ့တာရယ်၊ မွေးခွန်းပေါက် ကြားမှုတွေအပြင် မကွေးတိုင်းအတွင်းက အရည်အသွေးမမှီတဲ့ ကျောင်းဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြပြီး ပညာရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

RFA

shan-refugees-620.jpg RCSS/SSA နဲ့ TNLA တိုက်ပွဲတွေကြောင့် ရွာတွေကနေ စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့ နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ဒေသခံ ၃၀၀ လောက် ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေကြပါတယ်။

သီပေါမြို့ နယ် အုံမုကျေးရွာအုပ်စုအနီးမှာ မေလ ၁ရက်နေ့က နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့ သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု ပန်ခါးရွာက ကိုကျော်လူ က ပြောပါတယ်။

"အလုပ်လည်း မလုပ်ရဲဘူး ရွာနားမှာ ဗုံးတွေချတာ နေ့တိုင်းကြားရတယ်၊ လမ်းက တစ်လမ်းပဲရှိတယ်၊ တကယ် တိုက်ပွဲအကြီးအကျယ်ဖြစ်နေတာ၊ သူတို့လမ်းပိတ်လို့ ထွက်လို့မရဘူးရင် ကိုယ်ပဲခံရမှာ"

အုံမုကျေးရွာအုပ်စု ပန်ခါးကျေးရွာက ဒေသခံ ၃၀၀ ၀န်းကျင်လောက် ထွက်ပြေးလာကြတာဖြစ်ပြီး သီပေါမြို့ ရတ နာရွှေဂူကျောင်းမှာ ဒုက္ခသည် ၂၀၀ ၀န်းကျင်လောက်နဲ့ ဘော်ကြိုကျေးရွာကိုလည်း ရောက်ရှိနေကြပါတယ်။

တချို့ကတော့ လမ်းမှာလာနေကြတုန်းဖြစ်တယ်ပြီး အများစုဟာ ကလေးငယ်တွေနဲ့  သက်ကြီးရွယ်အိုတွေဖြစ် ပါတယ်။

ဒုက္ခသည်တွေအများစုဟာ ပလောင်တိုင်းရင်းသားတွေဖြစ်ပြီး သူတို့တွေရဲ့ ကျေးရွာတစ်ဝိုက် RCSS တပ်တွေ က နေရာယူထားသလို TNLA တပ်တွေက RCSS တပ်တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့  ပစ်နေတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ၅၀ ၀န်းကျင်လောက်ကတော့ ဒီကနေ့မနက်မှာ ကျောက်မဲမြို့ နမ့်စလင်းကျောင်းတိုက်မှာ ခိုလှုံနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်မဲမြို့ နယ် တော့ဆန်နဲ့ ညောင်မောင်းကျေးရွာနားတ၀ိုက်မှာ RCSSနဲ့ TNLAတပ်တွေဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် လေးထောင် ၀န်းကျင်လောက် ကျောက်မဲမြို့ ပေါ်ကို ထွက်ပြေးခဲ့ကြရပြီး နေရပ်ပြန်သွားတာ ၂လ ၀န်းကျင်သာ ရှိပါသေးတယ်။
RFA

 khinsanhlaing.620.jpg ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် လွှတ်တော်မှာ အဆိုတင်သွင်းစဉ်

မကွေးတိုင်းဒေသကြီးက မုန်းတမံ၊ ကျီးအုံကျီးဝတမံနဲ့ စစ်ကိုင်းတိုင်းဒေကြီး ရာဇဂြိုဟ်ဆည်အတွင်းက မြေပြို ကန်တွေကို မိုးရာသီမတိုင်ခင် အမြန်ဆုံးပြုပြင် ထိန်းသိမ်းတာတွေ လုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်းလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတလျှောက် ရှိ မုန်းတမံ၊ ကျီးအုံကျီးဝတမံ ပျက်စီးမှုများနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်နယ်စပ် ရာဇဂြိုဟ်ဆည်အထက် မှာရှိတဲ့ မြေပြိုကန်တို့အတွက် ယခုလာမယ့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌကြီးမှတဆင့် ပြည်သူ့လွှတ်တော်ကို တင်သွင်းအပ်ပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လတွေက မိုးသည်းထန်စွာရွာသွန်းတဲ့ ရက်တွေများပြီး ရေကြီး၊ ရေလျှံ မှုတွေဖြစ်ခဲ့တာကြောင့် မုန်းတမံ၊ ကျီးအုံကျီးဝတမံနဲ့ ရာဇဂြိုဟ်ဆည်တွေဟာ အနည်းငယ်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒီအဆိုဟာ အရေကြီးအဆို သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာကြောင့် သာမန်အဆိုအဖြစ်သာ တင်သွင်းခွင့်ပြု ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စာလှယ်တွေကို ရှင်းပြခဲ့ပါတယ်။

"အရေးကြီးအဆို ဆိုတာ လောလောဆယ် ဖြစ်ပွားနေတဲ့ကိစ္စဖြစ်ရမယ်၊ အဲ့ဒီအရေးကြီးအဆိုသည် လောလော ဆယ် ဖြစ်ပွားနေရုံတင်မကဘူး၊ သာမန်နည်းလမ်းနဲ့ သာမန်အဆိုအားဖြင့် ဆွေးနွေးလို့မရတဲ့ အခြေအနေမျိုးဖြစ် က ဒီလိုသတ်မှတ်ထားတဲ့ အင်္ဂါရပ်တွေရှိတယ်၊ ဒါကြောင့် ဒီအဆိုကို အရေးကြီးအဆို အဖြစ်ကနေပြီးတော့ သာမန်အဆိုအဖြစ် ကျနော်တင်သွင်းခွင့်ပေးခဲ့တယ်၊ ကျနော်ဒီလိုရှင်းမပြရင် ကျနော်တို့လွှတ်တော်ကပဲ အရေးကြီး အဆို တင်ထားတာကို အခုနောက်ကျပြီးတော့ ပေါ်လာသလိုဖြစ်မှာစိုးလို့ ကျနော်ပွင့်ပွင့်လင်းလင်းတင်ပြတာ"

မုန်းတမံ၊ ကျီးအုံကျီးဝတမံနဲ့ စစ်ကိုင်းတိုင်းဒေကြီး ရာဇဂြိုဟ်ဆည်အတွင်းက မြေပြိုကန်တွေကို မိုးရာသီမတိုင်ခင် အမြန်ဆုံးပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ဖို့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ထောက်ခံခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး ဝင်ရောက်ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စာလှယ်တွေက မေလ ၁၀ ရက်နေ့မတိုင်ခင် စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
RFA

naymyowai-620.jpg မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကို တွေ့ရစဉ်
Photo: Nay Myo Wai Facebook

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ဟာ နိုင်ငံတော် အကြီးအကဲတွေကို ဖေ့စ်ဘွတ် မှာ စော်ကားရေးသားတဲ့အတွက် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီနေ့ကစပြီး လာမယ့် မေလ ၁၉ ရက်နေ့အတွင်း ဦးနေမျိုးဝေ ကို တရားစွဲမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့် မြို့မရဲစခန်းက စခန်းမှူး ဒုတိယရဲမှူး ဦးမင်းဆွေ က ပြောပါတယ်။

"မနေ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေပြီးတော့ ကူညီဖမ်းဆီးပေးလို့ ကျနော်တို့ ပုသိမ်ကိုခေါ်ချလာတာဗျ၊ ပုသိမ်အကျဉ်းထောင်မှာ ချုပ်ထားတယ်၊ ဒီကြားထဲမှာ အမှုအားလုံစစ်ဆေးမယ်၊ ဥပဒေအရာရှိတွေဆီ အကြံပြုချက်တောင်းမယ်၊ အကြံပြုချက်ရတာနဲ့ ၁၉ ရက်နေ့အတွင်း မြို့နယ်တရားရုံးကို တရားစွဲတင်ပါမယ်"

ဦးနေမျိုးဝေဟာ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နာပေါ်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချူပ်တို့ကို စော်ကားတဲ့စာတွေ လုပ်ကြံထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာကြောင့် ကန်ကြီးဒေါင့် မြို့နယ် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများသမဂ္ဂက ဦးဝေယံအောင် က တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးနေမျိုးဝေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကြေညာချက် ထုတ်ပြန်ုလိုက် ပါတယ်။ အဲ့ဒီကြေညာချက်မှာ ဦးနေမျိုးဝေကို ဖမ်းဆီးတာဟာ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဌ ရဲ့ပုံရိပ်ကို ဆိုးဝါစွာထိခိုက်စေကြောင်းနဲ့ ဦးနေမျိုးဝေဟာ တစ်နိုင်ငံလုံးက လေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ အမြန်ဆုံး ပြန် လွှတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါရှိပါတယ်။

ဦးနေမျိုးဝေ ကို ရဲတပ်ဖွဲ့က ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ မနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
RFA



Breaking news 5-5-2016

ထိုင်းနိုင်ငံ ဆူဖန်ဘူရီ အူထောင်မြို့ နယ် ရပ်ကွက် ( ၁၉ )က အိမ်တအိမ်
အတွင်းမှာ ယနေ့ ည ၉နာရီမိနစ် ၃၀ က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး
တအိမ်လုံးပျက်စီးသွားကြောင်း သိရပါတယ်။

အိမ်အတွင်း နေထိုင်နေသူတွေမှာ မြန်မာ နိုင်ငံသား တွေဖြစ်ကြောင်း
ထိုင်းသတင်းတွေမှာ ရေးသားဖေါ်ပြနေပါတယ်။


ခြောက်ဦး စလုံးပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးသူတွေမှာ အမျိုးသမီးတွေပါဝင်
နေကြောင်း၊ အလောင်းတွေဟာ တစစီပြတ်သတ် ကာ အပိုင်းပိုင်းဖြစ်
သွားခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားပြီ မကြာခင် ရဲတပ်ဖွဲ့ နဲ့  စစ်တပ်က သွားရောက် စစ်ဆေးနေပါပြီ၊
ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ပြီး အနီးမှာ အိမ်တွေက အလှမ်းဝေးနေ
ခဲ့လို့  တအိမ်ထဲ သာ ပျက်ဆီးသွားတာဖြစ်ပါတယ်။

ระเบิดสนั่น"สุพรรณบุรี" พลุฉีกร่างแหลกสยอง6ราย#เดลินิวส์
อ่านต่อที่ : http://www.dailynews.co.th/regional/395864

Social Action for Women - SAW


 khunoakkar-620.jpg ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ရစဉ်
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကြံပြုတဲ့ စာတစ်စောင် ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း က တဆင့် မနေ့က ပေးအပ် လိုက်ပါတယ်။

ရန်ကုန်မြို့က ဂရင်းဟီးလ် ဟိုတယ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ဒေါက်တာ တင်မျိုးဝင်းကို ပေးအပ်ခဲ့ တာဖြစ်တယ်လို့ ပအိုဝ်းလွတ်မြောက်ရေး အစည်းအရုံး PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ခုလိုပြောပါတယ်။

" နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ကျနော်တို့ရဲ့ အကြံပြုချင်တဲ့ဟာတွေကို စာနဲ့ရေးပြီးတော့ ပေးခဲ့ပါတယ်၊ ကိုယ်တိုင်လည်း ဆွေးနွေးခဲ့ပါတယ်၊ ဆွေးနွေးလိုက်တဲ့အပေါ်မှာ သူကလည်း မှတ်သားပြီးတော့ သူ့ရဲ့ခေါင်းဆောင်ကို ပြန်လည်တင်ပြမှာပေါ့ဗျာ"

တိုင်းရင်းသားအဖွဲ့တွေက ဒေါက်တာတင်မျိုးဝင်းကို သူတို့ရဲ့အမြင်တွေ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ မေလ ၁၀ ရက်နေ့ ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ရှိကြောင်းလည်း သိရပါတယ်။
RFA

တောလမ်းကနေ ချီတက်လာတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့တပ်ဖွဲ့ကို တွေ့ရစဉ်။ Photo: Saw San Aung Facebook
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ AAတပ်ဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ DKBA ဒီမိုကရေစီအကျိုးပြု ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့တွေ ပါဝင်ကူညီတိုက်ခိုက်လျက်ရှိတယ်လို့ DKBA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ကြီး စောဆန်းအောင် က RFA ကို ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်တပ်ဖွဲ့တွေက လူအင်အား လက်နက်အင်အားနဲ့ ဝင်ရောက်ကူညီခဲ့တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောပါတယ်။

"ဒီမိုကရေစီအကျိုးပြု တပ်ဖွဲ့ကနေ ကျနော့်ကို ပယ်ထုတ်ထားတယ်လေ၊ ပယ်ထုတ်ထားတဲ့အတွက်ကြောင့် ကျန်ရှိနေတဲ့ ကျနော်တို့တပ်ဖွဲ့တွေနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်စေချင်လို့ ဝိုင်းပြီးသွားကူညီတာပဲ၊ တိုင်းရင်းသား ညီအကိုတွေ တသွေးတသားတည်းရှိတယ်ဆိုတာ သက်သေပြတာပေါ့"

ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်ဖွဲ့တွေဟာ ကရင်ပြည်နယ်ကနေ တောင်ငူကတဆင့် ပဲခူးရိုးမနဲ့ ရခိုင်ရိုးမ တို့ကို ထပ်ဆင့်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်တွင်းကို တောလမ်းကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၀င်ရောက်သွားခဲ့တာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese

(၁၉၆၂) ခုနှစ် မတ်လ ၂ ရက်နေ့ မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်ပြီး လက်နက်အားကိုးနဲ့  နိုင်ငံတော်အာဏာကို ဓါးမြတိုက်လုယူခဲ့မှုဟာ လူလူခြင်းဗိုလ်ကျစီးပိုးရေးအလံကို ဒို့နိုင်ငံရဲ့အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာ ဖြစ်တယ်။ အဲ့ဒီကနေစပြီး စစ်အာဏာရှင်အဆက်ဆက်ဟာ နှစ်ပေါင်း (၅၀) ကျော် ပြည်သူတွေအပေါ် ဗြောင်ကျကျအနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲ လက်ပြောင်းယူနိုင်ဖို့ အမွေဆိုးကိုထားရစ်ခဲ့တာဖြစ်တယ်။

နိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရကိုယ်တိုင်က လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူအပေါ်ဗိုလ်ကျခဲ့တော့ လူလူခြင်းဗိုလ်ကျစီးပိုးတဲ့ ဗိုင်းရပ်စ်ပိုးဟာ ခေါင်ကစလို့ကြမ်းပြင်အထိ ကူးစက်ပြန့် ပွားပြီး ပိုင်ရာဆိုင်ရာအလိုက် အနိုင်ကျင့်ဗိုလ်ကျလိုက်ကြတာ ဒို့တနိုင်ငံလုံးလည်း အကျင့်သီလတွေပျက်သုဉ်းနေတဲ့ ဖုန်းဆိုးတိုင်းပြည်ကြီး လုံးလုံးဖြစ်လို့ အနိဌာရုံတွေဖုံးလွှမ်းနေခဲ့ရတာမဟုတ်လား။

အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျတာကို (Bullying) လုပ်တယ်လို့သုံးနှုန်းတယ်။ လူတစ်ဦးကအခြား တစ်ဦးကို ဒါမှမဟုတ် လူမျိုးတစ်မျိုးကအခြားလူမျိုးတစ်မျိုးကို၊ ဘာသာခြားတမျိုးက နောက်တမျိုးကို ဘာကြောင့်အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကိုသေသေချာချာစဉ်းစားလိုက်ရင် အောက်ပါ အတိုင်း ရိုးရှင်းတဲ့အဖြေကိုတွေ့ရမှာပါ။

အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့သိက္ခာကင်းမဲ့မှုတွေကြောင့် လူတစ်ဖက်သားရဲ့တန်ဖိုးကို မှားယွင်းစွာ တွက်ချက်မိရာ က ထွက်ပေါ်လာတဲ့ပြုမူတုန့်ပြန်မှုတွေဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.) မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ လူမျိုးစုတစု၊ ဘာသာရေးအဖွဲ့ စည်းတရပ်၊ အုပ်ချုပ်သူအစိုးရတစ်ရပ်ထဲမှာ လုပ်ပိုင်ခွင့်အာဏာရထားတဲ့သူဟာ သူရထားတဲ့အာဏာနဲ့လုပ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန်အသုံးချတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်နဲ့အာဏာကို မှားယွင်းစွာရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာ ကိုလည်း တန်ဖိုးမထားတော့ပဲ အာဏာကိုအလွဲသုံးစားပြုပြီး တစ်ခြားသူတွေကိုအနိုင်ကျင့်ဗိုလ်ကျတော့တာပါပဲ။

လောလောဆယ် ပူပူနွေးနွေးဖြစ်ပွားနေတဲ့ အနိုင်ကျင့်ဗိုလ်ကျမှု့ပြယုဂ်တခုကတော့ ဗုဒ္ဓဘာသာဝင်တွေတောင် မနှစ်ခြိုက်တဲ့အပြင် မိမိကိုးကွယ်နေတဲ့ဘာသာအတွက် အရှက်ပါရစေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာရှိ ရှင်မာကုအင်္ဂလိကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ခြံစည်းရိုးကိုချိုးဖျက်ပြီး (၂၀၁၆) ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့က မြိုင်ကြီးငူ ဆရာတော်ဦးသုဇန ဦးဆောင်တဲ့ လူအုပ်ကြီးက အတင်းဝင်ရောက် စေတီတည်သွားခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ပါဘဲ။

ဒုတိယအကြိမ်အနေနဲ့  အဲ့ဒီစေတီကိုအကြောင်းပြုပြီး ရှင်မာကုအင်္ဂလိကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း မှာ သိမ်အစရှိတဲ့ နောက်ထပ်အဆောက်အအုံများ ဆက်လက်ဆောက်လုပ်ဖို့  ၂၀၁၆ ခုနှစ် မေလ (၂) ရက်နေ့ ညနေငါးနာရီ ခန့်ကစပြီး မြိုင်ကြီးငူဆရာတော်နဲ့ လူသုံးလေးရာခန့် ထပ်မံလာရောက်ခဲ့ပြီး ဘုရားကျောင်းဝင်းအတွင်းမှာရှိတဲ့ သစ်ပစ်များကိုခုတ်ခြင်း၊ မြေညှိခြင်းစတဲ့အလုပ်တွေကို ခရစ်ယာန် ဘုရားကျောင်းအာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မ ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ မေလ (၃) ရက်နေ့မှာလည်း အဆောက်အအုံသစ်အတွက် မြေသန့်ခြင်း၊ ဖောင်ဒေးရှင်းချခြင်း၊ ပရိတ်ရွတ်ခြင်းနဲ့  အဆောက်အအုံဆက်လက်ဆောက်လုပ်ခြင်းတွေကို ရှေ့တိုးပြီး ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်။

တောင်ကလေးဆရာတော်ကတော့ သူ့ ရဲ့ Facebook စာမျက်နှာမှာ “ကရင်ပြည်နယ်အတွင်း စေတီတည်ခြင်းနဲ့  ပတ်သက်လို့  ဖြစ်ပျက်သမျှတွေကို အကြောင်းပြပြီး ရန်ငြိုးထားခြင်း၊ ခိုက်ရန်ပြုခြင်း၊ အမုန်းပွားခြင်း ကင်းဝေး လျက် တစ်ဦးပေါ်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားပွားနိုင်ကြစေရန် ကြိုးစားကြပါ” ဟု တိုက်တွန်းထားပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU (ဗဟို) ပြည်ထဲရေးနဲ့ သာသနာရေးဌာန၀န်ကြီး ပဒိုစောအားတိုးက သူ့ ရဲ့ Facebook စာမျက်နှာမှာတော့ “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို တည်ဆောက်နေချိန်မှာ ဒီကိစ္စမျိုးက လုံးဝမဖြစ်သင့်ဘူး” လို့ ပြောကြားထားပါတယ်။

“ဒီကိစ္စကနှစ်ဖက်ဘာသာရေးကိစ္စဖြစ်တော့ဖြေရှင်းဖို့နည်းနည်းတော့ခက်ခဲလိမ့်မယ်။တစ်ဖက်ဘာသာရေးဘက် က ကြည့်ရင်လည်း ဒါကတော့လုံးဝမကောင်းဘူးပေါ့။ ကိုယ့်ဘုရားဝင်းအတွင်း တစ်ဖက်က ဗလီဆောက်မယ်။ ဘုရားတည်မယ်ဆိုရင် ဘယ်လိုနေမလဲ။ တစ်ဖက်နဲ့တစ်ဖက်ညီမျှခြင်း စိတ်ဓာတ်မရှိရင် ပြဿနာကကြီးထွား လာနိုင်တယ်။ ဘာသာပေါင်းစုံက ဒီကိစ္စကိုခေါင်းချင်းဆိုင်ညှိနှိုင်း အဖြေရှာသင့်တယ်။ မေတ္တာရပ်ခံစာလောက် နဲ့တော့ မပြီးလောက်ဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ထိထိရောက်ရောက် တားမြစ်သင့်တယ်လို့ ထင်တယ်” ဟု လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းတိုက်နယ် ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြိုင်ကြီးငူ ဆရာတော်ဟာ သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဘားအံမြို့နယ် မယ်ဆိုင်ကျေးရွာနဲ့  ၂၀၁၅ ခုနှစ်အတွင်း ဘားအံမြို့နယ် မီးဇိုင်းကျေးရွာ တို့ မှာလည်း စေတီတွေနဲ့ ကျောင်းဆောင်တွေကို တည်ဆောက်ခဲ့ပြီး ယခုအခါ လှိုင်းဘွဲ့မြို့နယ် ကွမ်းတော ကျေးရွာမှာလည်း စေတီတည်ဆောက်မှုကြောင့် ဒေသအတွင်း ဘာသာရေးပဋိပက္ခ ဖြစ်ပွားလာမည်ကို ဒေသခံ တွေက စိုးရွံ့လျက်ရှိကြပြီး သက်ဆိုင်ရာက ဘယ်လိုညင်သာချောမွေ့အောင်ကိုင်တွယ်မယ်ဆိုတာကို မျှော်လင့် လျက်ရှိနေကြောင်း သိရပါတယ်။

တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်အဆင့်ဗိုလ်ကျမှု့တခုကတော့ မြန်မာနိုင်ငံအမည်၊ လူမျိုးအမည်နဲ့  အလံ ပြောင်းခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့နံမည်၊ လူမျိုးအမည်နဲ့ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတာ အဲ့ဒီနိုင်ငံထဲမှာမှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးပိုင်ဆိုင်တဲ့ တန်ဘိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်တယ်။ တနည်းပြောရရင်အဲ့ဒီနိုင်ငံက ပြည်သူ လူထုတရပ်လုံး ပိုင်ဆိုင်တဲ့ဘုံအမည်၊ အများပိုင်နာမ်၊ အများဆိုင်တဲ့ အမွေခံရတနာတွေဖြစ်တယ်။

ဒါကြောင့်နိုင်ငံအမည်၊ လူမျိုးအမည်၊နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတာ ပိုင်ရှင်အမှန်ဖြစ်တဲ့ တိုင်းရင်းသား မိဘပြည်သူတရပ်လုံးက အများဆန္ဒနဲ့ အညီ ပြောင်းလဲခြင်တဲ့ဆန္ဒ ရှိကြတယ်ဆိုရင်တော့ ပြောင်းလဲနိုင်ရမှာ ဖြစ်တယ်။

ဒါပေမဲ့လည်း တို့ နိုင်ငံမှာတော့ အဲ့ဒီအများပိုင်နာမ်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ ဦးသိန်းစိန်တို့  စစ်အာဏာရှင်တစုက မောင်ပိုင်စီးပြီး နိုင်ငံတော်အလံနဲ့  အင်္ဂလိပ်လိုရေးတဲ့အခါသုံးနေကြ နိုင်ငံအမည်ကို Burma ကနေ Myanmar ဆိုတာရယ်၊ လူမျိုးအမည်ကို Burmese ကနေ Myanmar လို့ ပြောင်းတဲ့နေရာမှာ ပြည်သူအများစုရဲ့ ဆန္ဒသဘောထားမပါဘဲ လူမိုက်ဓါးမြဆန်ဆန် လက်နက်အားကိုးပြီး (၁၉၉၀) ကျော်ဝန်းကျင် တုံးက လူနည်းစုသဘောထားနဲ့ ဗိုလ်ကျပြောင်းလဲပစ်ခဲ့တာဟာ တို့ နိုင်ငံသမိုင်းမှာ အလွန်အရုပ်ဆိုးအကျဉ်းတန် တဲ့ အဖြစ်အပျက်တခုဖြစ်တယ်။

ပြီးတော့ ဒီလို အမည်ပြောင်းလဲမှု့နောက်ကွယ်မှာ စစ်အာဏာရှင်တွေရဲ့ မရိုးသားတဲ့နိုင်ငံရေးရည်မှန်းချက်တွေ ပါတယ်ဆိုတာ မြင်သာပါတယ်။ တို့ နိုင်ငံ ကို ဗြိတိသျှကိုလိုနီနယ်ချဲ့ ကျွန်သဘောက်ဘ၀ကလွတ်မြောက်အောင် ရုန်းကန်ခဲ့ရာမှာ အင်အားအကြီးဆုံးအဖွဲ့ အစည်းဖြစ်တဲ့ ဒို့ ဗမာအစည်းအရုံး (GCBA) နဲ့ တကွ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗမာ့ထွက်ရပ်ဂိုဏ်း စတဲ့နိုင်ငံရေးအဖွဲ့ အစည်း တွေအပြင် ဗမာလွတ်လပ်ရေးတပ်မတော် (BIA) နှောင်မှာ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့ ရဲ့ ကြီးမြတ်တဲ့သမိုင်းအစဉ်အလာကို သယ်ဆောင်လာတဲ့ ဒီနေ့ စစ်အာဏာရှင်ဆန့် ကျင်ရေး နိုင်ငံရေးအင်အားစု တွေ၊ ကျောင်းသားအဖွဲ့ အစည်းတွေကြား စိတ်ဝမ်းကွဲပြီး အငြင်းအခုံတွေပွားအောင်၊ ညီညွတ်မှု့တွေပြိုကွဲအောင် ပြုလိုတဲ့ရည်ရွယ်ချက်ဆိုတာ အလွန်ထင်ရှားတယ်။

သာဓကပြရရင် အယင်စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် အစီအမံနဲ့  ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ)နဲ့ မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ) တွေကို အခွင့်အရေး အတူတူမပေးဘဲခွဲခြားပေးပြီး ကျောင်းသားတွေကိုသွေးခွဲခဲ့တာ သမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့ပါ တယ်။

နိုင်ငံအမည်နဲ့ လူမျိုးအမည်ဆိုတာ အများနဲ့ ဆိုင်တဲ့အများပိုင်နာမ်တွေဖြစ်တယ်။ လူတဦးတယောက်ပိုင် တဖွဲ့ ပိုင် မဟုတ်ဘူး။ နိုင်ငံသားအားလုံးရဲ့ အမွေခံပစ္စည်းဖြစ်တယ်။ ဒါကြောင့်နိုင်ငံအမည်၊ လူမျိုးအမည်၊့ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတဲ့ အများပိုင်အရာတွေကို ပြောင်းလဲခြင်တယ်ဆိုရင် ပြည်သူလူထုတရပ်လုံးရဲ့အများဆန္ဒ နဲ့ အညီ မှန်မှန်ကန်ကန် ဥပဒေကြောင်းအရ ရိုးရိုးသားသားပြောင်းလဲမှသာ အားလုံးလက်ခံနိုင်မှာဖြစ်တယ်။

မြိုင်ကြီးငူဆရာတော်ဦးစီးပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းနဲ့  ဗလီကျောင်းအနီးမှာ တရားဝင်သဘောတူခွင့်ပြုချက်မယူဘဲ အင်အားသုံးပြီး အတင်းအဓမ္မ စေတီတည်တယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေအရှက်ရစေတဲ့ အဖြစ်အပျက်နဲ့ အပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ထင်ထင်ရှားရှားတွေ့ ရတဲ့ အခြေခံအကြောင်းတရားနှစ်ရပ်ကတော့ ပြည်တွင်းစစ်နဲ့ ပညာနိမ့်ပါးမှု့တွေပါဘဲ။ လက်နက်ကသာ အရာရာကိုအဆုံးအဖြတ်ပြုနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဆိုးအောက်မှာ ပြည်တွင်းစစ်ကြောင့် တရားဥပဒေစိုးမိုးမှု့မရှိတာနဲ့ လူသူများစုမှာ ပညာရည်နိမ့်ပါးခဲ့ရပြီး အမှန်နဲ့ အမှားကို မခွဲခြားတတ်တာနဲ့ အမျှ မတရားမှု့တွေ၊ အနိုင်ကျင့်ဗိုလ်ကျမှု့တွေဆိုတာ နေရာတိုင်းမှာနေ့ တဓူဝကိစ္စလို ဖြစ်တည်လာမှာ အသေအခြာ ပါဘဲ။
တကယ်တော့ ပိုင်ရှင်ပြည်သူအများစုသဘောမတူဘဲ နိုင်ငံအမည်၊ လူမျိုးအမည်နဲ့ နိုင်ငံအလံပြောင်းခဲ့တဲ့ နိုင်ငံတော်အဆင့်ဗိုလ်ကျမှု့၊ မြိုင်ကြီးငူဆရာတော်ဦးစီးတဲ့ လူအုပ်စုတစုရဲ့ အင်အားသုံးစေတီတည်တဲ့ဗိုလ်ကျမှု့ တွေသာမကပါဘူး တောင်ပေါ်မြေပြန့်  မြန်မာနိုင်ငံအနှံ့ အပြားမှာ လူမသိသူမသိ အနိုင်ကျင့်ခံ၊ ဗိုလ်ကျခံနေရတဲ့ ကိစ္စတွေ ကုဋေကုဋာရှိနေမှာ ကျိန်းသေပေါက်ပြောလို့ ရနိုင်ပါတယ်။

ဒါကို ထင်ရှားတဲ့ဥပမာဆောင်ရရင် နေရောင်ခြည်အလုံအလောက်မရတဲ့အပြင် ကျန်းမာရေးအသိချို့ငဲ့တဲ့ အိမ်တအိမ်မှာ မှိုတွေစွဲကပ်၊ ဂျပိုးတွေထူထပ်၊ ညစ်ပတ်စုတ်ပြတ်ပြီး အနံ့ အသက်တွေမကောင်းဘဲ ရောဂါပိုးမွှား တွေပေါက်ပွားနေတတ်တယ်မဟုတ်လား။
အဲ့ဒီလိုပါဘဲ ပြည်တွင်းစစ်မီးတောက်ကြီးအောက်မှာ တရားဥပဒေကမစိုးမိုးလေတော့ အားကြီးသူကအားနည်းသူ အပေါ်ဗိုလ်ကျတဲ့စိတ်၊ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့်စော်ကားတတ်တဲ့ တောရိုင်းဥပဒေသတွေ ကြီးထွားလာတာနဲ့အမျှ စစ်အနိဌာရုံ (The Dogs of War) သွေးဆိုးသန္ဓေသား လူဂျပိုး၊ စစ်ဂျပိုးများ ပေါက်ပွားမင်းမူလေ့ရှိပါတယ်။ ဘာကိစ္စကိုဘဲဖြစ်ဖြစ်အင်အားသုံးပြီး အတင်းအဓမ္မလုပ်တတ်တဲ့အလေ့အထနဲ့  အကျင့်စရိုက်ဆိုတာ အာဏာရှင်စနစ်ရဲ့ဘေးထွက်ဆိုးကျိုး ဗိုင်းရပ်စ်ပိုးတွေပါဘဲ။ ဒီပိုးတွေကို တို့ နိင်ငံမှာ ကင်းစင်တဲ့အထိရှင်းလင်းပစ်ဖို့ လိုတယ်။

စာဖတ်သူတချို့ကတော့ ဒီနိုင်ငံမှာနှစ်ပေါင်း (၅၀) ကျော် ဂျွတ်တက်အောင်စွဲကပ်နေတဲ့ ဗိုလ်ကျအနိုင်ကျင့်ခြင်တဲ့ စိတ်ဓါတ်နဲ့ အကျင့်စရိုက်တွေ၊ လူ့ ဂျပိုး၊ စစ်ဂျပိုးတွေကိုနှိမ်နင်းဖို့ ဆိုတာ အလွန်အမင်းခက်ခဲမှာဘဲလို့  တွေးကောင်းတွေး၊ ထင်ကောင်းထင်ကြမယ်။ ဒီလုပ်ငန်းဟာမလွယ်ကူပေမဲ့ အဖြေကရှိပြီးသားပါ။

အများပြည်သူတွေက အားကိုးလက်ခံတဲ့အစိုးရတရပ်ကဦးဆောင်ပြီး စစ်မှန်တဲ့ညီညွတ်ရေးကိုတည်ဆောက်လို့  ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့နေရောင်ခြည်တွေ ထွန်းဝင်းတောက်ပ လာခဲ့မယ်ဆိုရင် ဂျပိုးတွေပျောက်၊ မှိုတွေခြောက်သွားရသလို လူလူခြင်းအနိုင်ကျင့်ဗိုလ်ကျမှု့တွေကို မြန်မာ့ လူ့ အဖွဲ့ အစည်းတခုလုံးက လက်မခံတော့ဘဲ ရှင်းလင်းသုတ်သင်ပစ်နိုင်မှာပါ။

ဒါကြောင့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခေါ်ယူနေတဲ့ ၂၁ ရာစုပင်လုံညီလာခံဆီကို ဦးတည်နေတဲ့ အဆင့်မြင့်နိုင်ငံရေးခရီးစဉ်ကို အချိန်တိုတိုအတွင်း ခရီးပေါက်နိုင်စေ အောင် နိုင်ငံသားတိုင်း နိုင်ရာဝန်ထမ်းလို့ လက်တွဲပါဝင်ကြရင်း ငြိမ်းချမ်းရေးနေခြည်တွေ တို့ ပြေတို့ မြေပေါ် အမြန်ဆုံးဖြာကျလာနိုင်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်။


(မင်းကောင်းချစ်)
မေလ (၅) ရက်နေ့ ၂၀၁၆ ခုနှစ်





ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုံ ၆၃ရပ်ကွက်မှာ အခုလက်ရှိ မီးလောင်မှုဖြစ်ပွား။ မီးများပြီး ကနေဦးသတင်းများအရ Level 4 အဆင့်သတ်မှတ်ထားကြောင်း သတင်းရရှိ။
တောင်ဒဂုံ စက်မှုဇုန်(၂) ၆၃ရပ်ကွက်မီးလောင်မှုlevel (4)အဆင့်ဟုသိရပြီးမီးလောင်ရာသို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ယာဉ်များနှင့်အတူပရဟိတ
အသင်းများမီးသတ်အထောက်အကူပြုပါဝင်ကူညီနေကြောင်းသိရသည်။နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လည်းAmbulance နှင့်ရေသယ်
ယာဉ်ကူညီမှုကားများအချိန် နှင့်တပြေးညီသွား ရောက်ကူညီနေကြောင်းသိရပါသည်။

Photos: Fire Service Dept.

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့သည် ခက်ခဲတဲ့ မူဝါဒဆိုင်ရာ စမ်းသပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ရတော့မှာ ဖြစ်တယ်။ ဒါကတော့ တရုတ်-မြန်မာဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေတဲ့ မြစ်ဆုံစီမံကိန်းကို အပြီးသတ်ရပ်စဲလိုက်ရမှာလား။ သို့တည်းမဟုတ် ဆက်လုပ်ခွင့်ပေးမှာလား။

မေခနဲ့ မလိခမြစ်ကြောင်းတလျောက်မှာတည်ဆောက်ထားတဲ့ ဆည် ၇ ခုရဲ့ ဗဟိုချက်မအဖြစ်ရည်ရွယ်တည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းကြီးကို ယခင်စစ်အစိုးရနဲ့ China Power International (CPI) အကြား ၂၀၀၀ ခုနှစ်အစောပိုင်းကာလက သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။စီမံကိန်းကြီးကို ၂၀၀၉ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ၏သမ္မတသက်တမ်း ကုန်ဆုံးချိန်အထိ ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အခုအခါမှာတော့ ဒီပြဿနာကြီးကို အစိုးရသစ် ခေါင်းဆောင်သစ်များထံ လက်ဆင့်ကမ်းပေးခဲ့ပြီဖြစ်ပြီး ၁၃၁၀ မီတာရှည်လျားပြီး အနက် မီတာ ၁၄၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံးအဆင့် ၁၅ ရှိ ရေအားလျှပ်စစ်ဆည်ကြီးနဲ့ပတ်သက်လို့ ခေါင်းဆောင်သစ်တွေ ဆုံးဖြတ်ရခက်နေချေပြီ။ မြစ်ဆုံစီမံကိန်းကြီးမှာ အငြင်းပွားဖွယ်ရာများနဲ့ ပြည့်နှက်နေပါတယ်။ NGO များ၊ ပြည်တွင်းအဖွဲ့အစည်းများက မြစ်ဆုံဆည်၏ အကျိုးဆက်အဖြစ် ဧရာဝတီမြစ်ကြောင်းတလျှောက်က ဂေဟစနစ်တွေပျက်စီးသွားနိုင်ကြောင်း ထောက်ပြထားပြီး စီမံကိန်းသဘောတူစာချုပ်ပါ အသေးစိတ် အချက်အလက်များကို အများပြည်သူသိခွင့်မရတဲ့အပေါ်မှာလည်း စိတ်ပျက်နေကြပါတယ်။

CPI က ကမကထပြုပြီး မြန်မာကျွမ်းကျင်သူများ၊ တရုတ်ကျွမ်းကျင်သူများ ပူးပေါင်းပြုစုခဲ့တဲ့ ၂၀၀၉ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုအစီရင်ခံစာမှာ ‘မြစ်ဆုံစီမံကိန်းသည် စီမံကိန်းကြီး၏အထက်ပိုင်းမြစ်ကြောင်းတလျောက်သာမက အောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ၊ လူမှုစီးပွားဘ၀များဆိုင်ရာဆိုးကျိုးများကို ကြီးမားစွားဖြစ်ပေါ်နိုင်သည်’လို့ ဖော်ပြခဲ့တယ်။

ဒီအစီရင်ခံစာကို နောက်ပိုင်းမှာမသိကျိုးကျွန်ပြုခဲ့တယ်။ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေမှာ ‘ဒေသတွင်း၌ ပြင်းထန်စွာနှင့် ကမ္ဘာ့အတိုင်းအတာနှင့် သိသာထင်ရှားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု သုံးခုရှိသည်။ ယင်းတို့မှာသစ်ပင်မျိုးကွဲများစွာအပေါ် အကျိုးသက်ရောက်မှု၊ အရေးပါသော ဇီဝမျိုးနွယ်မျိုးစိတ်များအပေါ် သက်ရောက်မှု၊ မြန်မာနိုင်ငံတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါသောနေရာဒေသများအပေါ် အကျိုးသက်ရောက်မှုတို့ဖြစ်သည်’လို့ ပါရှိပါတယ်။ ဒီအစီရင်ခံစာကို ၂၀၀၉ ခုနှစ်မှာ ပြုစုခဲ့တာဖြစ်ပေမယ့် အများပြည်သူသိခွင့်ရခဲ့တာကတော့ စီမံကိန်းကြီးကို စတင်အကောင်အထည်ဖော်ပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှ ဖြစ်ပါတယ်။

ဒီ ၂ နှစ်ကာလအတွင်းမှာကို လူမှုဘ၀ထိခိုက်မှုကတော့ သိသာထင်ရှားပါတယ်။ အနည်းဆုံးလယ်သမား ၅၀၀၀ လောက် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်ခွာခဲ့ရပြီး ပြန်လည်နေရာချထားပေးရေး ဧရိယာကအဆင့်မမီတဲ့ အိမ်ရာတွေမှာ အစားထိုးနေရာချထားခြင်းခံခဲ့ရပါတယ်။ နစ်နာကြေးဆိုတာလည်း နည်းပါးလှပြီး တချို့ဖြစ်ရပ်တွေမှာဆိုရင် တမိသားစုလုံးအတွက် ဒေါ်လာ ၈၀ (ကျပ် ၁ သိန်းဝန်းကျင်) သာ နစ်နာကြေးရပါတယ်။ စီမံကိန်းကြီးကတော့ မဂ္ဂါဝပ် ၆၀၀၀ ကျော် ထုတ်လွှတ်နိုင်မယ့် အရေးကြီး လျှပ်စစ်ဓါတ်အားစီမံကိန်းကြီးအဖြစ် ထုတ်ဖော်ကြေညာထားတာပါ။ မြစ်ဆုံစီမံကိန်းနဲ့ အနီးဆုံးမြို့ဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာတောင် လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့အချိန်မှာ ဒီစီမံကိန်းကထွက်လာမယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉၀ ရာနှုန်းကို တရုတ်ပြည် ယူနန်ပြည်နယ်ဆီကို ပို့လွှတ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေပါဝင်လာပါပြီ။ ၁၉၈၈ ကစပြီး တစတစ ကြီးထွားလာတဲ့ တရုတ်ရဲ့ သြဇာသက်ရောက်မှုကို မြန်မာပြည်သူတွေက ဒီဖြစ်ရပ်တွေနဲ့ ချိန်ထိုးတွေးဆလာကြတယ်။ ၁၉၈၀ ခုနှစ်များကစလို့ စစ်အာဏာရှင်တို့ရဲ့ သြဇာလွှမ်းမိုးမှုအဆုံးသတ်ဖို့ အစပြုခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအထိ တရုတ်ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ၊ အဓိက လက်နက်ရောင်းချပေးတဲ့နိုင်ငံနဲ့ အဓိက ကုန်စည်ကူသန်းရောင်းဝယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ခဲ့တယ်။

တရုတ်၏ကျောထောက်နောက်ခံပေးမှုကြောင့် အာဏာရှင်အစိုးရသက်တမ်းရှည်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဒီအတွက် ပြန်ပေးဆပ်ရတာတွေကလည်း များပါတယ်။ မြန်မာနိုင်ငံကို တရုတ်သိမ်းတော့မယ်လို့တောင် ပြည်သူတွေအကြား စိုးရိမ်စိတ်ဖြစ်ခဲ့ကြတယ်။ မြစ်ဆုံစီမံကိန်းဟာစစ်အစိုးရနဲ့ တရုတ်ထိပ်တန်းစီးပွားရေးသမားကြီးတွေအကြား တိတ်တဆိတ်လုပ်တဲ့ ကိစ္စရပ်များစွာထဲက အကောင်းဆုံးသာဓကတခုဖြစ်လာပြီး အကျိုးဆက်အနေနဲ့ မြန်မာပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကိန်းအောင်းလာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းပေးဖို့ တာဝန်ရှိတယ်လို့ ခံယူတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်ဆောင်နေပါတယ်ဆိုတာကို ပြသဖို့ အကောင်းဆုံးလမ်းဖြစ်ခဲ့တယ်။

“ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်တာဟာ နိုင်ငံရေးဆုံးဖြတ်ချက်ပါ။ ပြဿနာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့် ခုလိုစီမံကိန်းကြီးတခုကို ရပ်ဆိုင်းလိုက်တဲ့အထိ ကြီးမားတဲ့ ပြဿနာတွေတော့ မဟုတ်ဘူး။ ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်ခြင်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအလွန်မှာ မြန်မာအနေနဲ့ တရုတ်ကိုချည်းပဲ အားကိုးနေလို့မရတော့ဘူးဆိုတာ သိမြင်လာလို့ပါ။ တခြားနိုင်ငံတွေဆီဦးလှည့်ဖို့လိုနေပြီ။ မြစ်ဆုံကသာဓကပဲ။ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို အကြီးအကျယ် ကန့်ကွက်နေကြတာလေ”ဟု တရုတ်လူမှုသိပ္ဗံအကယ်ဒမီမှ မြန်မာ့အရေးကျွမ်းကျင်သူ ဒူဂျီဖိန်းကပြောပါတယ်။

မကြာမီနှစ်များအတွင်းမှာ ဘေကျင်းကသူ့ရဲ့အရေးပါအရာရောက်မှုကို ဆက်လက်ထိန်းသိမ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ အစိုးရပြောင်းလဲသွားပေမယ့် နှစ်နိုင်ငံဆက်ဆံရေးမှာ အထိအခိုက်မရှိကြောင်းပြသဖို့ ကြိုးစားခဲ့တယ်။

“(မြန်မာ) ပြည်တွင်းကအခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာဘက်က အရင်လိုပဲ ရင်းနှီးချစ်ကြည်မှုကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၁၅ ဇွန်လက ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဟာ အတိုက်အခံအင်းအားစုတွေကို တခုတ်တရဖိတ်ကြားတာမျိုးလုပ်လေ့မရှိတာကြောင့် ဒီတွေ့ဆုံမှုကိုက ထူးခြားမှုရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ခြင်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ တရုတ်-မြန်မာသံတမန်ရေးကြိုးပမ်းမှုတွေဟာ အရာထင်ကြောင်း၊ မြန်မာဟာ အခြားနိုင်ငံတွေအတွက်လည်း တံခါးဖွင့် ထားတယ်ဆိုသော်ညား တရုတ်ရဲ့အကျိုးစီးပွားကိုပျက်စီးစေမယ်မဟုတ်ကြောင်း ဘေကျင်းကို အကောင်းဆုံးအာမခံချက်ပေးမှု ဖြစ်ပါမယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ နေပြည်တော်က ဘယ်လိုဆုံးဖြတ်ချက်မျိုးထွက်ပေါ်လာမလဲဆိုတာကို နိုင်ငံတကာကစီးပွားရေးသမားတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ ပီကင်းတက္ကသိုလ်က ဂျာဒေါင်ဂျောင်းဆိုသူက ပြောပါတယ်။

“ဒီကိစ္စကို မြန်မာအစိုးရသစ်က ဘယ်လိုကိုင်တွယ်မလဲဆိုတာ အခြားသော ပြည်ပကရင်နှီးမြှပ်နှံလိုသူတွေက စိတ်ဝင်စားနေကြတယ်။ ဒါဟာ သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်လို့ အစိုးရတရပ်အပေါ် ယုံကြည်အားထားရမှုက ဒီအပေါ်မှာမူတည်နေပါတယ်”လို့ ဂျာဒေါင်ဂျောင်းက ပြောပါတယ်။

ဒါပေမယ့် ဒီလိုခွင့်ပြုလိုက်မယ်ဆိုရင်လည်း တရုတ်ဟာ ကြီးနိုင်ငယ်ညှဉ်းလုပ်တတ်ပြီး အားနည်းတဲ့နိုင်ငံ တွေဆီက ရသမျှကုပ်သွေးစုပ်တယ်လို့ မြင်နေတဲ့ မြန်မာပြည်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။

“ကျွန်တော်တို့ကတော့ အပြီးသတ် ရပ်စဲသွားစေချင်တယ်။ ဆက်လုပ်မယ်ဆို ကျွန်တော်တို့ ကန့်ကွက်မယ်။ စစ်ရေးအရတိုက်ခိုက်ဖို့တော့ လိုမယ်မထင်ဘူး။ ဒေသခံပြည်သူတွေကိုစုရုံးပြီး ဆန့်ကျင်ကန့်ကွက်မယ်”လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ပြောပါတယ်။

လက်ရှိအချိန်အထိတော့ NLD က ရသလောက်အချိန်ယူနေပြီး မြစ်ဆုံကိစ္စကို ရှောင်ဖယ်နေပါတယ်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ ဧပြီလကတွေ့ဆုံခဲ့ပြီးနောက်မှာ စီမံကိန်းသဘောတူစာချုပ်ပါ အသေးစိတ်အချက်အလက်တွေကို မသိရသေးတဲ့အတွက် သူတို့ရဲ့ တွေ့ဆုံမှုမှာ မြစ်ဆုံစီမံကိန်းကိစ္စကို အထူးတလည် ထည့်သွင်းဆွေးနွေးတာ မရှိခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဥက္ကာဦး
(Ref;The Mytsone Dam: Myanmar’s NLD DilemmaBy Michele Penna)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.