05/07/16

၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ အထူးဆုရှင်တွေကို ရွေးချယ်ထားပြီး လာမယ့် မေလ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင် စု မေရီလန်းပြည်နယ်မှာ ဆုချီးမြှင့်ပွဲကျင်းပမှာဖြစ်ပါတယ်။

ဆုရရှိသူတွေရဲ့အမည်တွေကို အဲဒီဆုချီးမြှင့်တဲ့နေ့မှသာ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဆုပေးပွဲဦးဆောင် ကျင်းပသူ ကိုယဉ်ထွေးက ပြောပါတယ်။

"ကျနော်တို့က ပြည်သူ့ဂုဏ်ရည် နှစ်တိုင်းပေးနေတဲ့ ဆုကြီးအပြင် အထူးဆု ၃ ဆုကိုပေးဖို့ ကျနော်တို့ စီစဉ်ထားပါတယ်၊ ပြည်သူ့ဂုဏ်ရည် အမှုဆောင်တွေ ကနေ ရွေးထားပြီးသွားပါပြီ၊ ဒါပေမယ့် အဲ့နေ့ရောက်မှ ဘယ်သူရတယ်၊ ဘယ်သူမရဘူးဆိုတာ ကြေညာပေးမှာပါ၊ ပထမတော့ အထူးဆု ၂ ဆုပေါ့လေ၊ ဒါပေမယ့် ရွေးချယ်တဲ့အမှုဆောင်တွေက တစ်ကယ့်ပေးနိုင်တဲ့ တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းနဲ့ ပဲဖြစ်ဖြစ်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်းနဲ့ လုပ်ကြတယ် ဆိုတော့လည်း အထူးဆု ၃ ဆု ဖြစ်သွားတယ်၊ အထူး ဆုတွေကတော့ ဒေါ်လာတစ်ထောင်စီ ဆုချီးမြှင့်ဖို့ သတ်မှတ်ထားတယ်"

ဒီဆုကို မြန်မာပြည်တွင်းကလူမှုအဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့လုပ်ငန်းတွေမှာ ကိုယ်ကျိုးစွန့် အနစ်အနာခံ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူတွေ၊ အဖွဲ့အစည်းတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားပြီး ဒီနှစ်က သတ္တမအကြိမ်မြောက် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ဆုပေးပွဲကို မေလ ၂၁ ရက် စနေနေ့ ညနေ ၆ နာရီမှာ မေရီလန်းပြည်နယ် Gaithersburg မြို့က Shady Grove အလယ်တန်းကျောင်းမှာကျင်းပမှာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ၊ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်၊ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးကြောင့်ထိန်းသိမ်းခံရတဲ့ သံဃာတော် တွေကို အကူအညီပေးတဲ့ ဒေါ်ရှု၊ ကချင်ပြည်နယ်က စစ်ပွဲသတင်းလိုက်ရင်း ကျည်ဆန်ထိမှန်ပြီး ခန္ဓာ ကိုယ်အောင်ပိုင်း မလှုပ်ရှားနိုင်တော့တဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သူ ကချင်အမျိုးသား လဖိုင်နော်မိန်းနဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် စတဲ့ပုဂ္ဂိုလ်တွေ ချီးမြှင့်ခံထားရပါတယ်။

RFA

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ အလုခံခဲ့ရတယ်။

နိုင်ငံတော်ရဲ့အမည်လည်း အလုခံခဲ့ရတယ်။

နိုင်ငံတော်အလံလည်း အလုခံခဲ့ရတယ်။

နိုင်ငံပိုင်လူမျိုးအမည်လည်း အလုခံခဲ့ရတယ်။

နိုင်ငံရဲ့ဘဏ္ဍာတွေလည်း အလုခံခဲ့ရတယ်။

နိုင်ငံပိုင်သယံဇာတတွေလည်း အလုခံခဲ့ရတယ်။

နိုင်ငံရဲ့သစ်တောအုပ်ကြီးတွေလည်း အလုခံခဲ့ရတယ်။

နိုင်ငံရဲ့မြစ်ချောင်းအင်းအိုင်တွေလည်း အလုခံခဲ့ရတယ်။

နိုင်ငံရဲ့တောင်ကုန်းတောင်တန်းကြီးတွေလည်း အလုခံခဲ့ရတယ်။

နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အနာဂါတ်တွေလည်းအလုခံခဲ့ရတယ်။

အလုခံရတာတွေထဲမှာ အသဲအနာရဆုံး

အဆိုးတကာ့ အဆိုးဆုံးကတော့

နိုင်ငံတော်ရဲ့ ကိုယ်ကျင့်သီလ အလုခံရမှု့ပါဘဲ။

အလုခံရတဲ့ ရတနာတွေပြန်ရမှ …

မျှော်လင့်ချက်မဲ့နေတဲ့သူတွေဘ၀ ပြန်လှပမှာ။

ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ထမ်းဆောင်နေပါတယ်။

နိုင်ငံသားတိုင်း ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲလို့ ခေတ်ဝန်ထမ်းကြ။ ။

(မင်းကောင်းချစ်)
မေလ (၆) ရက်နေ့  ၂၀၁၆ ခုနှစ်

ရခိုင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဟာ အလွန်နိမ့်ကျ တဲ့ ဆင်းရဲမွဲတေမှု အောက်မှာ ရှိနေတဲ့ အတွက် သူတို့ကို စည်းရုံးဖို့က မခက်ဘူး
AA ရခိုင် တပ်မတော်ဟာ ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မကြာခင် နှစ်သစ်ကူးကာလတုန်းကတော့ အစိုးရတပ်မတော်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လွှတ်တော်တွင်းမှာလည်း AA လက်နက်ကိုင် နဲ့ ငြိမ်းချမ်းရေး ပြဿနာဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ဆယ်စုနှစ် ၂ ခု အတွင်း မှာ ရခိုင် ပြည်နယ်ဟာ စီးပွားရေး ကျဆင်းခဲ့ပြီး ဆင်းရဲ ခဲ့တာက AA လက်နက်ကိုင် အဖွဲ့ ပေါ်ပေါက်လာခြင်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ် လို့ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေး မအောင်မြင်တာ၊ သံယဇာတ ထွက် ရှိပေမယ့် ရခိုင် ပြည်နယ် တိုးတက်ရေး အတွက် အသုံးမချ ခဲ့တာတွေကလည်း ရခိုင် လူမျိုးတွေကို မကျေမနပ် ဖြစ်လာစေတာ လို့ ပြောပါတယ်။

မကျေနပ် ချက်တွေကို အစပြုရာက AA အဖွဲ့က လည်း တဖြည်းဖြည်း အင်အား ကောင်းလာပြီး လူငယ်တွေကြားမှာ ထိုးဖောက် ဝင်ရောက် ခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၃ ကျောက်ဖြူ ရခိုင် အမျိုးသား ညီလာခံမှာ AA တပ်ဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ဇော်ဟန် တို့ ရောက်လာပြီး ရခိုင် လူငယ်တွေ၊ ရခိုင် နိုင်ငံရေး အင်အားစု တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီ ဒီအပေါ်မှာလည်း AA တပ်ဖွဲ့ နဲ့ ရခိုင် ပြည်သူတွေအကြား နိုင်ငံရေး မြင့်မားမှု ရှိလာတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်မှာက လူတန်းစား အမျိုးမျိုး ရှိပြီး AA အဖွဲ့အပေါ် လူဘယ်လောက် ထောက်ခံသလဲ ဆိုတာကလည်း ပြောရခက်တဲ့ အနေအထားပါ။

ရခိုင် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဟာ အလွန်နိမ့်ကျ တဲ့ ဆင်းရဲမွဲတေမှု အောက်မှာ ရှိနေတဲ့ အတွက် သူတို့ကို စည်းရုံးဖို့က မခက်ဘူးလို့ ပြောပါတယ်။

AA အဖွဲ့ကို သွားရောက် ပူးပေါင်းတာက အများအားဖြင့် ဆယ်ကျော်သက် ရခိုင် လူငယ်တွေ ဖြစ်ပါတယ်။

ကိုးကန့် အဖွဲ့ရဲ့ တစ်ကျော့ပြန် တိုက်ခိုက်မှုမှာ AA အဖွဲ့ နဲ့ တအာင်း ပလောင် အဖွဲ့က ကူညီတိုက်ခိုက် ပေးခဲ့တာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရတာ လို့ ပြောပါတယ်။
BBC Burmese

အိမ်ခြေ ၁ သောင်း ခြောက်ထောင်ကျော် မီးလောင်ပျက်စီးခဲ့

ကနေဒါနိုင်ငံမှာ မီးလောင်ကျွမ်းမှုကြောင့် တောမီးနဲ့ အနီးဆုံးဖြစ်တဲ့ Fort McMurray မြို့မှာ အိမ်ခြေ ၁ သောင်း ခြောက်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၈ သောင်း ၈ ထောင်ကျော်ကို အစိုးရအစီအစဉ်နဲ့ ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

ဟိုက်ဝေးကားလမ်းပေါ်မှာ လူတွေပိတ်ဆို့နေပြီး ရဲကား ၅၀ နဲ့ အလှည့်ကျ ကယ်ထုတ်ပေးနေရပြီး ဟိုက်ဝေးကားလမ်းနဲ့ မနီးတဲ့သူတွေကို လေယာဉ်ကွင်းတခုကနေလည်း အရေးပေါ် ရွှေ့ပြောင်းပေးနေပါတယ်။

အလုပ်လုပ်ရာ နေရာကနေ အိမ်မပြန်နိုင်သေးဘဲ ကိုယ့်ကို ရွှေ့ပြောင်းပို့ဆောင်ပေးမယ့် အလှည့်ကို စောင့်နေတဲ့ ကနေဒါနိုင်ငံ wapasu စခန်းက ကိုချမ်းချမ်းက လောလောဆယ်မှာ မီးက တောင်ဘက် မှာ လောင်ကျွမ်းနေတယ်လို့ ပြောပါတယ်။

ရုပ်မြင်သံကြား သတင်းတွေ အရ တောမီးလောင်ကျွမ်းမှုက ၈ ဆခန့် ပိုမိုများပြားလာတယ်လို့ ကိုချမ်းချမ်းက ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကို လှမ်းမြင် နေရပြီး အခု နေထိုင် နေတဲ့ wapasu စခန်းမှာ မီးခိုးတွေ ဖုံးနေပါတယ်။

လောလောဆယ်မှာ တောမီးလောင်းကျွမ်းတဲ့ ဒေသတွေမှာ ကူညီဖို့ အစိုးရဘက်က စစ်တပ်ကို စေလွှတ်ထားပါတယ်။ လေယာဉ်တွေနဲ့မီးငြိမ်းသတ်ဖို့ ကြိုးစားနေရပါတယ်။

ရင်ဆိုင် နေရတဲ့ အခက်အခဲက လေတိုက်ရာ ဦးတည်ချက်က ခဏခဏ ပြောင်းလဲ နေတဲ့ အတွက်ကြောင့် မီးငြိမ်းသတ်ရာမှာ အခက်အခဲ ဖြစ်နေပါတယ်။

ရာသီဥတု ခြောက်သွေ့မှုကြောင့် မိုးကြိုးပစ်ရာက တောမီးလောင်ကျွမ်းမှုဖြစ်ကြောင်း ဒေသခံတွေကြားမှာ ပြောဆိုနေပါတယ်။

တောမီး လောင်ကျွမ်းမှုကြောင့် လူအများအပြားကို ကယ်ထုတ် ပေးနေရပြီး နေရာ ပြောင်းရွှေ့ ချထား ပေးမှုကိုလည်း ကနေဒါ ရဲတပ်ဖွဲ့ဝင်တွေက ဆောင်ရွက် နေရပါတယ်။

မီတာ ၆၀ လောက် မြင့်တဲ့ မီးညွှန့် မီးတောက် တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ခတ္တ ရပ်နား ထားရတယ်လို့ ကနေဒါ ရဲတပ်ဖွဲ့ တာဝန် ရှိသူ တွေက ပြောပါတယ်။

တောမီး လောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် အခြားမြို့တွေကို သွားရောက်ဖို့ ကြိုးစား နေတဲ့ ထောင်နဲ့ချီတဲ့ လူတွေဟာ Fort McMurray မြို့ အပြင်မှာ ပိတ်မိ နေကြပါတယ်။

အယ်လ်ဘာတာ ဝန်ကြီးချုပ် ရေချယ် နော့လေး က တောမီးလောင်းကျွမ်းမှု နဲ့ ပတ်သက်ပြီး အင်မတန်မှ အန္တရာယ်ကြီးမား တဲ့ တောမီး လောင်ကျွမ်းမှုကို မီးသတ် သမားတွေဟာ ရင်ဆိုင် နေရတာ ဖြစ်ကြောင်းနဲ့ မီလောင်ကျွမ်းရာ ဒေသ က လူတွေ ဘေးကင်း လုံခြံရေး က အဓိက ဖြစ်ပြီး ဘယ်အချိန်မှာ သူတို့ နေထိုင်ရာ ကို ပြန်နိုင်မလဲ ဆိုတာ မသိနိုင်သေးဘူးလို့ ပြော ပါတယ်။
BBC Burmese

သမ္မတ ဦးထင်ကျော်တို့ လမ်းလျှောက်နေတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ် .. ညာ .. တိုင်ပေးပြီး ညီညီညာညာလှမ်းနေကြတဲ့ပုံမျိုး ပုံဖော်ထားတဲ့ ကာတွန်းတစ်ကွက်တွေ့တော့ စိတ်ထဲမှာ တမျိုးလေးခံစားရတယ်။ ဆွဲတဲ့သူကလည်း ကိုယ့်မိတ်ဆွေဆိုတော့ သိတဲ့အတိုင်းပဲ ပိုပြီး အသေးစိတ်ကြည့်မိတယ်။ ကိုယ့်မိတ်ဆွေရဲ့ကာတွန်းဆိုပေမယ့် ကျုပ်ကတော့ ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူး ပြောရမှာပဲ။ အားလည်း မနာပါဘူး။ ဒါကြောင့် အဲ့ဒီကာတွန်းကို တကယ်အကြာကြီးကြည့်မိတယ်။

ကာတွန်းထဲမှာ

အဖွဲ့အစည်းတစ်ခုရဲ့ Team work သဘောကိုမြင်ရတယ်
အဲ့ဒီအဖွဲ့အစည်းဟာ တိုင်မင်နဲ့ ညီညီညာညာ ချီတက်နေတဲ့သဘောကိုပြတယ်။
တိုင်မင် ဘယ်သူခေါ်နေတယ်ဆိုတာကိုပြတယ်။
ပြီးတော့
သမိုင်းကိုပြတယ် ....
ပစ္စုပ္ပန်ကိုလည်း ထင်ဟပ်တယ်
အနာဂါတ်ကိုလည်း လှမ်းမြင်ရတယ်

ညီညာခြင်းစည်းလုံးခြင်းတွေနဲ့ လှမ်းနေတဲ့ခြေလှမ်းတွေဟာ ဘယ်...ညာ ဆိုတဲ့အတိုင်း .... ဘယ်ခြေတွေလှမ်းနေတာကို ကာတွန်းရုပ်တွေရဲ့ ခြေထောက်တွေကို အသေးစိပ်ကြည့်ရင်သိနိုင်တယ်။
တိုင်မင် ခေါ်ပေးနေတာက လူထုရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ...
သူခေါ်ပေးနေတဲ့ တိုင်မင်အတိုင်း ချီတက်နေတာက ထိပ်ဆုံးမှာ သမ္မတ။
ဘာကိုပြလိုက်သလဲဆိုတော့ လူထုခေါင်းဆောင်ဟာ သမ္မတရဲ့ အထက်က နေနိုင်ပြီဆိုတဲ့သဘော။ သမိုင်းထဲက သမ္မတရဲ့ အထက်ကနေမယ် ဆိုတဲ့စကားကို လူထုခေါင်းဆောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုတဲ့ သဘောကို ပစ္စုပ္ပန် တည့်တည့် ချပြလိုက်တဲ့မြင်ကွင်း ကာတွန်းတစ်ကွက်။

သမ္မတကို တိုင်မင်ခေါ်ပေးနေတယ်ဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံးနေရာပါ။ အရင်တုန်းက ဘိုးတော်တွေက အိပ်မက်လိုလို အတိတ်လိုလို အရိပ်လိုလိုတွေ ဓါတ်တွေ နတ်တွေနဲ့ လျှောက်ပြောသမျှကို အဆင့်ဆင့်နာခံရင်း လျှောက်လုပ်ပြကြရတဲ့ အထက်အမိန့်ဆိုတဲ့ဟာကြီးနဲ့ ဘာမှ မဆိုင်တော့ဘူး။
အထက်အမိန့်မရှိတော့ဘူး
အတူတူတိုင်မင်ကိုက်ညီညီညာညာချီတက်ဖို့အတွက် တိုင်မင်ခေါ်ပေးသူပဲရှိတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုက သမ္မတဖြစ်စေချင်ပေမယ့် တားဆီးနှောက်ယှက်သူတွေကြောင့် လူထုဆန္ဒမပြည့်ဝခဲ့ပါဘူး။ ဒါပေမယ့်လည်း သမ္မတရဲ့ အထက်ကနေမယ်ဆိုတဲ့စကားကြောင့် နှောက်ယှက်သူတွေ ဖြတ်ဖြတ်လူးကုန်ကြသလို မျှော်လင့်သူတွေ အားပြန်တက်ခဲ့ရတယ်။ အခုတော့ သမ္မတအထက်ကနေနိုင်ပြီဖြစ်တဲ့အပြင် သူမကိုယ်တိုင် တိုင်ပင်ခေါ်ရင်း ညီညီညာညာ ချီတက်နေပြီ။ ဒီလို မြင်ကွင်းက ပြည်သူအားလုံး မြင်ချင်တဲ့မြင်ကွင်း။ အဲ့ဒီမြင်ကွင်းက ပြည်သူလူထုရဲ့ အနာဂါတ်မျှော်လင့်ချက် အိပ်မက်။

လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့တပြည်လုံး ချီတက်ချင်လို့ကို လူမရွေးပဲ ဘယ်သူဖြစ်ဖြစ် ပါတီတံဆိပ်ကို တံဆိပ်တုံးနှိပ်ခဲ့ကြတာ ပြည်သူပါ။ ပါတီ တံဆိပ်မှားမှာစိုးလို့ အတုအပ ဆင်တူယိုးမှား တံဆိပ်တွေကြားမှာ ကွဲပြားအောင် အချင်းချင်းပညာပေးကြရတာလည်း ပြည်သူတွေပါ။ အားရပါးရတံဆိပ်တုံးနှိပ်ပြီး လက်သန်းကို မင်တို့ခဲ့ကြတာလည်း ပြည်သူပါပဲ။ မင်တို့ထားတဲ့လက်သန်းကို လူတကာလိုက်ပြပြီး အားရပါးရကြွားခဲ့ကြတာလည်း ပြည်သူပါပဲ။ အဲ့ဒီပြည်သူတွေရဲ့ ဆန္ဒဟာ လူထုခေါင်းဆောင်နောက်ကလိုက်ဖို့ပါ။ အဲ့လိုလိုက်ပြီး နိုင်ငံရဲ့ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ရေခံမြေခံကောင်းတွေ ဖန်တီးတည်ဆောက်ကြဖို့ပါ။

ဒီလို သမိုင်း၊ ပစ္စုပ္ပန်၊ အနာဂါတ် နဲ့ မျှော်လင့်ချက်တွေ ထင်ဟပ်နေတဲ့ လက်ရှိ မြင်ကွင်းကို ဆက်စပ်ပြတဲ့ကာတွန်းဟာ ပြည်သူ့ကာတွန်းစစ်စစ်ဖြစ်ပါတယ်။

အဲ့ဒီလို ကာတွန်းကို ရေးတဲ့ မောင်မောင်ဖောင်တိန် S Tha Htoo နဲ့ မိတ်ဆွေဖြစ်ရတာ ကို ကျုပ်ဂုဏ်ယူလို့မဆုံးပါဘူး။ ဒီထက်မက အောင်မြင်ပါစေ... ။ ဒီထက်မက ခေတ်နဲ့ပြည်သူကို ထင်ဟပ်တဲ့ ကာတွန်းကောင်းတွေ အများကြီးရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

လေးစားလျှက်
အောင်ကြီး

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာအို ခရီးစဉ်ကို ကာကွယ်ရေးဦးစီးချုပ် ပို့ဆောင်နှုတ်ဆက်စဉ်။ (မေလ ၆၊ ၂၀၁၆)
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာအို ခရီးစဉ်ကို ကာကွယ်ရေးဦးစီးချုပ် ပို့ဆောင်နှုတ်ဆက်စဉ်။ (မေလ ၆၊ ၂၀၁၆)

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းဖို့ ကိစ္စဟာ လိုအပ်ချက် တခုဖြစ်တယ်လို့ ဆိုသူတွေရှိသလို တပ်မတော်နဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတခု ဖွဲ့စည်းနိုင်ရေး သမ္မတ ဦးထင်ကျော်ရဲ့ အဆိုပြု သ၀ဏ်လွှာကို မေလ (၃)ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အလွန်များပြား အရေးကြီးတာကြောင့် ၀န်ကြီးဌာန အဖြစ်ဖွဲ့စည်းဖို့ လိုအပ်လာတဲ့အတွက် ဖွဲ့စည်းပုံနဲ့ အညီဆောင်ရွက် တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ဥပဒေပညာရှင် တရား လွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

"နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အရင်အစိုးရလက်ထက်မှာ ခြောက်ခုတောင် ဖွဲ့ပြီး ခေါင်းစဉ်တွေ ခွဲပြီး အလုပ်လုပ်တာပဲ။ အဲ့တော့ ကျနော်တို့က ဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ ရာထူးတခုက အစိုးရအဖွဲ့ထဲမှာ ပေါ်လာတယ်။ ဒီလိုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနတခု ဖွဲ့တော့ရော အဲ့တာ ဘယ်လိုလုပ်ပြီး အခြေခံဥပဒေနဲ့ ဆန့်ကျင်မတုန်း။ အဓိက က ဝန်ကြီးဌာန ဖွဲ့တယ်ဆိုတာ သမ္မတရဲ့ အာဏာပဲ။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ တိုင်းပြည်ရဲ့ အရေးအရာ ကိစ္စမှန်သမျှကို အဆင်ပြေပြေ လုပ်နိုင်အောင် ရုံးဌာနကို ဖွဲ့တာ ဒါဖွဲ့နိုင်တဲ့ အခွင့်အာဏာလည်း ပေးထားပြီးသား။"

ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ သမ္မတရုံးဝန်ကြီးဌာနနဲ့ သဘောချင်းအတူတူပဲလို့ ဦးကိုနီကဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာန ဖွဲ့စည်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့ အခုလွှတ်တော်မှာ ပေးထားတဲ့ သဝဏ်လွှာရှိတယ်လေ။ ဦးတည်ချက်လေးချက်၊ မူဝါဒ လေးခုရှိတယ်။ အဲ့ဒီ့လေးခုကို အကောင်အထည်ဖော်ဖို့၊ လုပ်ငန်းက ကျယ်ပြန့်တယ်။ ကျယ်ပြန့်တဲ့ အတွက် ဝန်ကြီးဌာနတခု အသစ် ဖွဲ့စည်းမယ်။ ပြီးရင် ဝန်ကြီးဌာန အသစ်တခုဖွဲ့စည်းဖို့ သဘောတူပြီဆိုမှ ဆက်ပြီးတော့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ လုပ်မယ်။ အသေးစိတ်ကတော့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ ကို ပြီးမှ ပြန်သတ်မှတ်မှာပေါ့။"

ဒီသ၀ဏ်လွှာမှာတော့ အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်း တာဝန်တွေကို ဆက်စပ်ဆောင်ရွက်နိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနတခုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၂၀၂)အရ ဖွဲ့စည်းနိုင်ရေး လွှတ်တော်ရဲ့ အတည်ပြုချက်ကိုတောင်းခံထားတာပါ။

ဒီဝန်ကြီးဌာနအသစ်ကိုဖွဲ့စည်းမယ်ဆိုရင် တပ်မတော်နဲ့ NLD အစိုးရကြား ယုံကြည်မှုတည်ဆောက်ရေး ထိခိုက်စေမယ်လို့သုံးသပ်သူတွေအထဲမှာ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်စတိုင်ဘတ် လည်း ပါဝင်ပါတယ်။

“ဒီဝန်ကြီးဌာနဟာ သမ္မတရဲ့အဆင့်အတန်းနဲ့ တပ်မတော်ရဲ့ အနေအထားကို ရုတ်လျော့သွားစေတယ်လို့ ကျနော်ယူဆပါတယ်။ နောက်ပြီး စစ်တပ်အနေနဲ့လည်း ဒီဝန်ကြီးဌာနဖွဲ့စည်းတာကို ကြိုက်နှစ်သက်ပုံမရဘူးလို့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။ ဘာကြောင့်လည်းဆိုတော့ ဒီဝန်ကြီးဌာနအသစ်ဟာ တပ်မတော်ရဲ့ထိန်းချုပ် မှုအောက်မှာ ရှိနေမှာ မဟုတ်လို့ပါပဲ။ တပ်မတော် ဟာ ပြည်ထဲရေး ၀န်ကြီးဌာနက တဆင့် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယားကို ထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒီနိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကိုတော့ သူတို့ ထိန်းချုပ်လို့ရမှာမဟုတ်တဲ့အတွက် စစ်တပ်အနေနဲ့ စိုးရိမ်မှုတွေရှိနေမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတမဖြစ်နိုင်အောင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက တားဆီးထားတာကြောင့် သူ့ပါတီအစိုးရဖွဲ့ရင် သမ္မတအထက်မှာရှိဖို့ နည်းလမ်းတွေကို ရှာဖွေမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုဝင်ဘာလရွေးကောက်ပွဲမတိုင်ခင် သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

ဒါကြောင့် သမ္မတကိုလည်း သူကိုယ်တိုင်ရွေးချယ်ခဲ့သလို အခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးအပါအ၀င် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးရော နောက် သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီးအဖြစ်ပါ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

VOA Burmese News

 ပြည်သူ ရွေးကောက်တဲ့ အစိုးရ တက်လာမှုဟာ အာဆီယံ နိုင်ငံ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေ အတွက် အားကျ စရာ ဖြစ်လာနိုင်
နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာအိုနိုင်ငံကို မေလ ၆ ရက်နေ့က နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ အရပ်သား အစိုးရသစ် တက်လာခဲ့ပြီးတဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် လာအိုနိုင်ငံကို တတ်အားသရွေ့ ဘက်ပေါင်းစုံမှ ထောက်ခံအားပေး သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခရီးစဉ်အတွင်းပြောကြားခဲ့ပါတယ်။

အရင်တုန်း က အာဆီယံ နဲ့ မိတ်ဖက် နိုင်ငံ တွေဟာ မြန်မာ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး တိုက်တိုက်တွန်းတွန်း ပြောဆို တာမျိုးတွေ အမြဲ ဖြစ်ခဲ့တယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ သောင်းထွန်း က ပြောပါတယ်။

မြန်မာ နိုင်ငံဟာ အရင်တုန်းက အာဆီယံ အသိုက်အဝန်းထဲမှာ သိုးမဲ လို ဖြစ်နေရာက အခုလို အရပ်သား အစိုးရ၊ ဒီမိုကရေစီ အစိုးရ တက်လာတဲ့ အခါမှာ ပုံရိပ် ကောင်းလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံ အဖွဲ့တွင်း ဦးဆောင်သူ အခန်းကဏ္ဍ ကနေ ပါဝင် နိုင်ဖို့ အတွက် ဆိုရင်တော့ မြန်မာ နိုင်ငံ အနေနဲ့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အပြောင်းအလဲ မှာ နိုင်ငံရေး ဂုဏ်သိက္ခာ အရ မြန်မာ နိုင်ငံရဲ့ အဆင့်ဟာ အာဆီယံ အဖွဲ့အတွင်းမှာ တိုးတက် လာတယ်လို့ ဆိုရမှာပါ။

မြန်မာ နိုင်ငံရဲ့ ခေါင်းဆောင် ကလည်း နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တာကြောင့် အာဆီယံ အဖွဲ့ အတွင်း နိုင်ငံရေး ဂုဏ်သိက္ခာ ရှိလာပါတယ်။

စီးပွားရေး ကဏ္ဍ နဲ့ နည်းပညာ ကဏ္ဍ တွေမှာတော့ မြန်မာ နိုင်ငံက အာဆီယံ ထဲမှာ အနိမ့်ဆုံး အဆင့် မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံက အထီးကျန် နိုင်ငံ အဖြစ် နေလာတာ ကြာမြင့် ခဲ့ပြီး ဒေသတွင်း နိုင်ငံရေး ကိစ္စတွေမှာ နားထောင်တဲ့ အဆင့် ကနေ ဦးဆောင်သူ အဖြစ် ပါဝင် ဖို့က အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အဖြစ် ပြည်သူ ရွေးကောက်တဲ့ အစိုးရ တက်လာမှုဟာ အာဆီယံ နိုင်ငံ အသီးသီးမှာ ရှိတဲ့ ပြည်သူတွေ အတွက် အားကျ စရာ ဖြစ်လာနိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တာကြောင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ လူ ၃၀၀ နီးပါးဟာ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဧပြီလ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်။ Photo: Kyaw Zaw Win/RFA
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ အထောက်အကူမဖြစ်တာမို့ ဒီအသုံးနှုန်းကိုရှောင်ရှားပေးဖို့ နိုင်ငံတကာက သံတမန်တွေနဲ့တွေ့ဆုံတိုင်း မေတ္တာရပ်ခံတာတွေရှိတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားကို သံရုံးတွေကို နှုတ်နဲ့အသိပေးတာတွေရှိပေမယ့် တရားဝင် စာပေးပို့တာမရှိဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက RFA ကို ပြောပါတယ်။

"ဒီအသုံးအနှုန်းနဲ့ပတ်သက်လို့ရှိရင် စာတွေထုတ်တာလည်း မဟုတ်ဘူး၊ ဖုန်းနဲ့ဆက်ပြီးတော့လည်း နေထိုင်ထပြီး ကန့်ကွက်တာလည်းမဟုတ်ဘူး၊ အစ်မတို့မှာ တွေ့လည်းတွေ့တိုင်း အမေရိကန်သံရုံးမှမဟုတ်ဘူး၊ ဘယ်သူနဲ့မဆိုတွေ့လို့ ဒီကိစ္စပြောတာ၊ စကားသုံးတာမျိုးဆိုလို့ရှိရင် မဟုတ်ပါဘူး ဒီကိစ္စလေးကိုရှောင်သုံးပေးပါ၊ ကျမတို့က ဒါပြဿနာလည်းဖြစ်နေတဲ့ ခေါင်းစဉ်ပါ၊ ဒီလိုတပ်တာလည်း ပြဿနာဖြေရှင်းရေးကို ကျမတို့အမြင်အရတော့ ဒီဟာလုံးဝအထောက်အကူ မပြုတဲ့အပြင်တောင် ဒါကအခြေအနေပိုဆိုးသွားနိုင်တယ်ဆိုတော့ အဲ့ဒါမျိုးလေးတော့ ရှောင်ထားပေးပါဆိုပြီး မေတ္တာရပ်ခံပြီးတော့ ကြုံတိုင်းကြုံတိုင်းပေါ့ ဘယ်သံတမန်နဲ့ကြုံကြုံ အစ်မတို့က အဲ့ဒီလိုရပ်တည်ပြီးပြောနေတာပါ"

တဆက်တည်းမှာပဲ အမေရိကန်အစိုးရက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လို့မရကြောင်းနဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒသဘောအတိုင်းသာ ခေါ်ဝေါ်သုံးစွဲခွင့်ရှိကြောင်း ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာကို ရှောင်ရှားပြီး တခြားနည်းလမ်းနဲ့ ပြဿနာဖြေရှင်းရေးကို ကူညီဆောင်ရွက်ပေးမယ်ဆိုရင် နှစ်နိုင်ငံကြားဆက်ဆံရေးက ပိုမိုကောင်းမွန် နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နား သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တဲ့အတွက် သေဆုံးသွားသူ ရိုဟင်ဂျာတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃ဝဝ နီးပါးက အမေရိကန်သံရုံးရှေ့ကို ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


နေပြည်တော် မေ ၆

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများ ကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ Kone Natural Herb Co.,Ltd Thailan ကုမ္ပဏီက ထုတ်လုပ်သော Kone Facial Cream –Sunscreen Lotion (25ml) ကုန်ပစ္စည်းသည် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း Hydorquinone များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သုံးစွဲ ရန် မသင့်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနအစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲခြင်းမပြုကြရန် နှင့် ပြည်တွင်းဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်း တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
အမှတ်၊ ၂၃/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်)

■နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှု ပိုမိုတိုးတက်စေရန်နှင့် ၎င်းတို့၏ နေထိုင်သွားလာမှု အဆင်ပြေလွယ်ကူစေရန်တို့အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။
(က) ပြည်ထောင်စုဝန်ကြီး
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဥက္ကဌ
(ခ) အမြဲတမ်းအတွင်းဝန်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဥက္ကဌ
(ဂ) ညွှန်ကြားရေးမှူးချုပ်
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) ညွှန်ကြားရေးမှူးချုပ်
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ညွှန်ကြားရေးမှူးချုပ်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) ညွှန်ကြားရေးမှူးချုပ်
ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) ညွှန်ကြားရေးမှူးချုပ်
ပို့ဆောင်ရေးဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ည) ညွှန်ကြားရေးမှူးချုပ်
သစ်တောဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန အဖွဲ့ဝင်
(ဋ) ညွှန်ကြားရေးမှူးချုပ်
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူးချုပ်
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
(ဍ) ညွှန်ကြားရေးမှူးချုပ်
ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဎ) ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဏ) ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့စီးပွားရေးဘဏ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(တ) ဒုတပ်ဖွဲ့မှူး
သတင်းတပ်ဖွဲ့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဖွဲ့ဝင်
(ထ) တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ ဒုတိညွှန်ကြားရေးမှူး (၁) ဦးစီ အဖွဲ့ဝင်
(ဒ) ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး (၁) ဦးစီ အဖွဲ့ဝင်
(ဓ) ညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂။ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဝင်ရောက်လာသော နိုင်ငံခြားသားဧည့်သည်များ၏ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ၊ သယ်ဆောင်လာသည့် ပစ္စည်း၊ ငွေကြေး၊ စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ အခက်အခဲများ ပေါ်ပေါက်လာပါက လိုအပ်သလို ပေါင်းစည်းညှိနှိုင်းဖြေရှင်းသွားရန်။
(ခ) ကမ္ဘာလှည့်ခရီးသည်များအတွက် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ရန်။
(ဂ) ယဉ်ကျေးမှုနယ်မြေအတွင်း၊ ဝင်/ထွက်မှု၊ ငွေကြေးပေးဆောင်ရမှုများတွင် လွယ်ကူ စေပြီး အမှတ်တရပစ္စည်းများ ဝယ်ယူသယ်ဆောင်ခွင့် အဆင်ပြေမှုရှိစေရေး ပူးပေါင်း ဆောင်ရွက်သွားရန်။
(ဃ) ပြည်တွင်းပြည်ပ၊ တယ်လီဖုန်း၊ အီးမေးလ်၊ အင်တာနက် ဆက်သွယ်မှုများ ကောင်းမွန် လွယ်ကူစေရန်။
(င) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် Trekking၊ Eco-Tourism လုပ်ငန်းများ ကျယ်ပြန့်စွာ ပြုလုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်။
(စ) လေကြောင်းခရီးစဉ်များ ချောမွေ့စေရေးအတွက် နိုင်ငံခြားသားဧည့်သည်များအား စနစ်တကျ ကြိုဆိုရေး ပို့ဆောင်နိုင်ရေးနှင့် လေဆိပ်တွင် စောင့်ဆိုင်းနေသည့် အချိန်တွင်လည်း အဆင်ပြေစေရေး ပူးပေါင်းဆောင်ရွက်သွားရန်။
(ဆ) ဆိုက်ရောက်မှု၊ ထွက်ခွာမှုပြုရာတွင် လုပ်သားများ စနစ်တကျ အသုံးပြုနိုင်ရေး၊ ခရီးသွား ကုမ္ပဏီများမှ ဧည့်လမ်းညွှန်များလိုက်ပါ၍ လိုင်စင်ရပြီး နိုင်ငံခြားသား ပို့ဆောင်ရေးယဉ်များဖြင့် စနစ်တကျ ပို့ဆောင်နိုင်ရေး စီစဉ်ကြပ်မတ်ဆောင်ရွက်နိုင်ရန်။
(ဇ) ပြည်တွင်းပြည်ပလေဆိပ်များနှင့် ရေဆိပ်၊ နယ်စပ်ဝင်ပေါက် စသည်တို့်တွင် လွယ်ကူစွာ ဝင်ထွက်နိုင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းတကျ ရှိစေရေးတို့အတွက် ပေါင်းစည်း ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်။
(ဈ) မြန်မာနိုင်ငံ၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရန်နှင့် ရှောင်ရန်အချက်များကို ကမ္ဘာလှည့်ခရီးသည်များ သိရှိလိုက်နာ လာစေရေး ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်။
(ည) ကမ္ဘာလှည့်ခရီးသည် များပြားလာမှုကြောင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြန်မာ့တောတောင်၊ ပင်လယ်ကမ်းခြေ၊ သဘာဝအလှတရားများကို ထိခိုက်မှု မရှိစေဘဲ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်စေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရန်။
(ဋ) နိုင်ငံတော်လုံခြုံရေးအတွက် Blacklist စာရင်းဝင် နိုင်ငံခြားသားများ ဝင်ရောက်လာမှု မရှိစေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်။
(ဌ) ကန့်သတ်နယ်မြေများသို့ ခွင့်ပြုမိန့်အရ သွားရောက်ရာတွင် သတ်မှတ်ထားသောနေရာ၊ ဗီဇာရက် သတ်မှတ်ထားသော အချိန်ထက် ကျော်လွန်မှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်။
(ဍ) နယ်စပ်ဖြတ်ကျော် ယာဉ်တန်းများဖြစ်သည့် စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တန်းများဖြင့် လာသည့် နယ်စပ်ဖြတ်ကျော်ခရီးစဉ်များ၊ ကမ္ဘာလှည့် အပျော်စီးသင်္ဘောခရီးစဉ်များ၊ စင်းလုံးငှားလေယာဉ်ခရီးစဉ်များ၊ ကန့်သတ်ဒေသသို့ သွားရောက်သော ခရီးစဉ်များကို ယခင်က အစိုးရအဖွဲ့ရုံးသို့ ခွင့်ပြုချက် ရယူ ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါတွင် ကော်မတီဖွဲ့စည်းထားခြင်းကြောင့် တင်ပြရန် မလိုအပ်တော့ဘဲ ကော်မတီအတွင်းဆွေးနွေးမှု ညှိနှိုင်းဆောင်ရွက်မှုများဖြင့်သာ လွယ်ကူအဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်။
(ဎ) ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ခရီးစဉ်တစ်လျှောက် လုံခြုံစိတ်ချစွာ လှည့်လည် သွားလာနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

Myanmar President Office

သတ္ထုတူးဖော်ရေးလုပ်ငန်းကြောင့်လို့ ယူဆရတဲ့ - အစုအလိုက်အပြုံ သေဆုံးနေတဲ့ ငါးအပုံကြီးဘေးမှာ ငိုကြွေးနေကြသူတွေ။
ဆီချွမ်းနယ် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဂန်မြို့နယ်တွင်းမှာ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကို ဆန့်ကျင်တဲ့ တိဘက် ဆန္ဒပြသူတွေ ကြားထဲ ဗုဒ္ဓဟူးနေ့က တရုတ်အဓိကရုဏ်းရဲတပ်ဖွဲ့ဝင်တွေက ချီတက်ခဲ့ကြပါတယ်။

သတ္ထုတူးဖော်ရေးလုပ်ငန်းကြောင့်လို့ ယူဆရတဲ့ - အစုအလိုက်အပြုံ သေဆုံးနေတဲ့ ငါးအပုံကြီးဘေးမှာ ငိုကြွေးနေကြသူတွေကို တရုတ်ရဲတွေက မောင်းထုတ် ရိုက်နှက်နေတာကို လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင် အင်တာနက် အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတဦးကတော့ - သူတို့ကို နှိမ်နင်းဖို့ အတွက် နိုင်ငံတော် စစ်တပ်ကို စေလွှတ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယန်ဇီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ လီချူးမြစ်မှာ ငါးအမြောက်အမြား သေဆုံး တာကို မြင်ခဲ့ရပြီးနောက်ပိုင်း မေလ ၄ ရက်နေ့မှာ ဒေသခံတွေ စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ပရောက် တိဘက်လှုပ်ရှားသူတွေကတော့ - အဲဒီဒေသမှာ တရုတ်ကုမ္ပဏီတခု ကနေ Lithium သတ္ထုတူးဖော်ရေး လုပ်ငန်းကို ပြန်လည် စတင်ခဲ့ပြီးနောက် ငါးတွေ အပြုံလိုက် သေဆုံးမှုဖြစ်ခဲ့တာလို့ အဲဒီဒေသမှာရှိနေတဲ့ သူတို့အဖွဲ့ဝင်တွေက ပြောဆိုကြောင်း ဗွီအိုအေ ကို ပြောပြခဲ့ပါတယ်။

ဒီလုပ်ငန်းကြောင့် ရေနေသတ္တ၀ါတွေ အစုလိုက် အပြုံလိုက် သေဆုံးမှုနဲ့အတူ ဒီလုပ်ငန်းကနေ လေထုညစ်ညမ်းမှု ဖြစ်ရတယ်ဆိုတာကို တရားဝင် စုံစမ်းတွေ့ရှိပြီးနောက်ပိုင်း - အဲဒီဒေသမှာ သတ္တုတူးဖော်မှုကို ၂၀၁၃ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

အသင်းဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ။
အသင်းဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN မှာ တရုတ်နိုင်ငံက သူ့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နေချိန်မှာပဲ - အရှေ့တောင်အာရှမှာ စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ကာလရှည်ကြာ ပံ့ပိုးကူညီလာခဲ့တဲ့ ဂျပန်နိုင်ငံကလည်း - ဒေသတွင်း ဆက်ဆံရေးတွေကို တိုးမြှင့်လာနေပါတယ်။

အရှေ့တောင်အာရှ လုံခြုံရေးဆွေးနွေးပွဲတွေမှာ ဂျပန်နိုင်ငံက သူ့ရဲ့အခန်းကဏ္ဍကို တိုးမြှင့်လာနေပြီး၊ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေမှာ အင်အားမသုံးဘဲ၊ တရားဥပဒေနဲ့အညီ ပြေလည်မှုရအောင်လုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒီသီတင်းပတ်အစောပိုင်းမှာ - ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲနိုင်ငံတွေမှာ အခြေခံအဆောက်အအုံ လုပ်ငန်းတွေ တိုးမြှင့်သွားမယ့် ၆.၈ ဘီလီယံဒေါ်လာ ကုန်ကျမယ့် ၃ နှစ်တာ စီမံကိန်းကိုလည်း ဂျပန်က ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံအပါအ၀င် အာရှခရီးထွက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါး ကတော့၊ ဂျပန်-မဲခေါင် ဆက်သွယ်ရေး အစပျိုး စီမံကိန်းဟာ လမ်းတံတားနဲ့ ရထားလမ်းဆက်သွယ်မှု ကွန်ယက်တွေ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ မဲခေါင်မြစ်ဝှမ်းဒေသကို အထောက်အပံ့ပေးနိုင်မယ့် အခြေခံအဆောက်အအုံတွေ တိုးတက်အောင် ကြိုးပမ်းမှုတွေအတွက် အခြေခံလုပ်ငန်းစဉ်တရပ် ဖန်တီးနိုင်ဖို့ ရည်ရွယ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ညီလာခံကျင်းပရာ အဆောက်အဦး အဝေးကနေ သတင်းဓာတ်ပုံ ရိုက်ယူနေရတဲ့ နိုင်ငံတကာ သတင်းထောက်များ။
မြောက်ကိုရီးယား ပါတီညီလာခံနဲ့ပတ်သက်ပြီး သတင်းယူဖို့ ရာနဲ့ချီတဲ့ နိုင်ငံတကာ သတင်းထောက်တွေကို ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခဲ့ပြီး တဲ့နောက်မှာမှ သတင်းသမားတွေကို ညီလာခံခန်းမထဲ ၀င်ခွင့်မပြုခဲ့ပါဘူး။

အလုပ်သမားပါတီညီလာခံဟာ မြောက်ကိုရီးယားမှာ အကြီးမားဆုံး နိုင်ငံရေး ညီလာခံဖြစ်ပြီး ကျင်းပလာတာ မျိုးဆက်ပေါင်း များစွာရှိပါပြီ။ ဒီညီလာခံမှာ ငယ်ရွယ်တဲ့ခေါင်းဆောင်ကြီး Kim Jong Un ရဲ့ အာဏာကို ပိုအားကောင်းအောင် လုပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နျူကလီးယားစွမ်းရည်တို့ကို တပြိုင်နက်ထဲမှာ တည်ဆောက်မယ့် သူ့ရဲ့ Byongjin မူဝါဒကို တရားဝင် ချမှတ် မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီပါတီညီလာခံကို အခုတကြိမ်မတိုင်ခင် နောက်ဆုံးကျင်းပခဲ့တာကတော့ Kim Jong Un တောင်မှ မမွေးသေးတဲ့ ၁၉၈၀ ပြည့်နှစ် ကပါ။ အဲဒီအချိန်တုန်းကတော့ Kim Jong Un ရဲ့အဖိုး မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ Kim Il Sung ရဲ့ အရိုက်အရာ ကို ဆက်ခံသူအဖြစ် Kim Jong Un ရဲ့ဖခင်ဖြစ်သူ Kim Jong Il ကို တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။

လေးရက်ကြာ ကျင်းပမယ့် ပါတီညီလာခံဖွင့်ပွဲမှာ Kim က အဖွင့်မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ညီလာခံ တစိတ်တပိုင်းကို သတင်းမီဒီယာတွေ ၀င်ခွင့်မပေးသလို နိုင်ငံပိုင် ရုပ်သံသတင်းဌာနကနေလည်း ထုတ်လွှင့်တာ ရှိမှာမဟုတ်ပါ ဘူး။

ပါတီညီလာခံအကြောင်း သတင်းယူဖို့အတွက် နိုင်ငံခြားသတင်းထောက် ၁၀၀ လောက်ကို မြောက်ကိုရီုးယားက ဖိတ်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း သူတို့ သွားလာလှုပ်ရှားတာကို အနီးကပ် ထိန်းချုပ်ထားပြီး တိုင်းပြည်ရဲ့ နေရာအများစုကို မသွားနိုင်အောင်နဲ့ လူတွေနဲ့ မထိတွေ့နိုင်အောင် လုပ်ထားပါတယ်

VOA (မြန်မာပိုင်း)
http://burmese.voanews.com

ကွန်ဂရက် ကာလအတွင်း နျူကလီးယား နောက်ထပ် စမ်းသတ်မှုတခု လုပ်မယ်လို့လည်း ခန့်မှန်းနေကြ
မြောက်ကိုရီးယားက အာဏာရ ပါတီ ဖြစ်တဲ့ အလုပ်သမား ပါတီ က နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ပြန်ခေါ်လိုက်တဲ့ ကွန်ဂရက် ကို စတင် ကျင်းပနေပါတယ်။

ပြုံယမ်းမှာလုပ်တဲ့ ဒီ ကွန်ဂရက်ကို နိုင်ငံတဝန်း က ကိုယ်စားလှယ် ထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။

ပါတီခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ အာဏာ ကို ထပ်ပြီးအားဖြည့်လိုက်တဲ့ နိုင်ငံရေး ပွဲလည်း ဖြစ် ပါတယ်။

ဆစ်ဒနီမှာ ရှိတဲ့ နိုင်ငံတကာရေးရာ ပေါ်လစီ ဆိုင်ရာ လိုဝီအဖွဲ့ က ဒေါက်တာ ဂျီရုံဆွန် က ကင်ဂျုံအွန်း နဲ့ ပတ်သက်ပြီး အရင်နဲ့မတူ ထူးခြားတဲ့ စီးပွားရေးမူဝါဒအပြောင်းအလဲတွေကို သူကြေညာနိုင်ပါတယ်၊ သူဟာ အရင်တုံးကတည်းက ကျေးလက်ဒေသနေ လူထုကို ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတွေ လုပ်ခွင့်ပြုခဲ့တာမျိုးတွေ ရှိပါတယ်၊ အခုလောလောဆယ် တရုတ် ဗီယက်နမ် တို့လိုနိုင်ငံတွေမှာ စီးပွားရေးနဲ့ပတ်သက်လို့ လုပ်နေကိုင်နေတာတွေ၊ ၁၉၈၀ ပြည့် လွန် နှစ်တွေတုန်း က ဆိုဗီယက် ယူနီယံမှာ စီးပွားရေး မူဝါဒအပြောင်းအလဲလုပ်ခဲ့တာမျိုးတွေကို ကြည့်ပြီး လိုက် လုပ်လာနိုင်ပါတယ် လို့ ခန့်မှန်း သုံးသပ် ခဲ့ပါတယ်။

ကွန်ဂရက် လုပ်နေစဉ် ကာလအတွင်းမှာ ငါးကြိမ်မြောက် နျူးကလီးယား စမ်းသတ်တာကိုလည်း လုပ်ကြလိမ့်မယ်လို့ မှန်းဆ နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

rakhine-refugees-620.jpg
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည် မိသားစုတွေဟာ မေလ ၅ ရက်နေ့က ကျောက်တော်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြစဉ်
Photo: RFA


ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ဒီနေ့အထိ ၁၈ဝဝ ကျော်လောက် ရှိလာနေပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့အပတ်က ဒုက္ခသည်အရေအတွက် ရာဂဏန်းလောက်သာရှိခဲ့ရာကနေ မနေ့ကအထိ ၄ဝဝ လောက်ရှိလာကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

"စစ်ဘေးဒုက္ခသည်တွေဆီကို ကျနော်တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကသွားတဲ့အခါမှာ ပညာဝကျေးရွာမှာ မိသားစု ၁၃ စု ၆၁ ယောက်ရှိပါတယ်၊ အခုကျနော်တို့ မနေ့ကတစ်ခါသွားလိုက်တော့ နဂို ၆၁ ယောက်ကနေပြီးတော့ လူဦးရေ ၁၅၆ ယောက်အထိ တိုးလာပါတယ်၊ နောက်တပ် တစ်ရာကျော်တိုးလာတဲ့ဥစ္စာတော့ သရက်ကိုင်းဆိုတဲ့ ပညာဝ အထက်ရွာမှာနေပြီ တိုးလာပါတယ်ခင်ဗျ၊ ငစရိုင်းကိုင်းဆိုတဲ့ ဒီကျေးရွာကျတော့ ၂ဝ၄ ယောက် ပထမရှိတော့ မနေ့က ရောက်နေတဲ့အချိန်မှာပဲ ကျနော်တို့ ဂင်ပိကျေးရွာဆိုတဲ့ ကျေးရွာကနေ ပြောင်းရွှေ့လာတဲ့လူတွေ ကို တွေ့ပါတယ်"

စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ဘူးသီးတောင်မြို့နယ်မှာ ၅ဝဝ၊ ရသေ့တောင်မြို့နယ်မှာ ၆ဝဝ နီးပါး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၄ဝဝ နီးပါးနဲ့ ကျောက်တော်မြို့နယ်မှာ ၄ဝဝ လောက် စုစုပေါင်း ၁၈ဝဝ ကျော်ရှိနေပါတယ်။
RFA


lpt-protest-620.jpg
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို မေလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Phoe La Min
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြနေကြတဲ့ ဒေသခံတွေထဲက ၂ ဦးကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၁၄၇ တို့နဲ့ ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။

ဒေသခံ မစန္ဒာနဲ့ မမာချိုတို့ကို အမှုဖွင့်ထားတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့မ ရဲစခန်းက တပ်ကြပ်ကြီး သန်းညွှန့်က ပြောပါတယ်။

ဒီကနေ့ ဒေသခံတွေက ဆက်လက်ဆန္ဒပြကြရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

မေလ ၄ ရက်နေ့ကစတင်ပြီး ဒေသခံ ၁ဝဝ ကျော်က နေ့စဉ် ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ကို သွားရောက် ဆန္ဒပြနေကြတာဟာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်ရှိပြီဖြစ်ပါတယ်။
RFA

 latphadaung-protest-620.JPG လက်ပံတောင်းတောင်ဒေသ တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် ရွာတွေက ဒေသခံ ၂ဝဝ လောက်ဆန္ဒပြကြပြီး မေလ ၆ ရက်နေ့က တားဆီးထားတဲ့ လုံထိန်းစည်းကို တိုးဝင်ကြစဉ်
Photo: Phoe La Min

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာတဲ့အတွက် စီမံကိန်းလုံးဝ ဖျက်သိမ်းပေးဖို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ စီမံကိန်းနဲ့ အကျုံးဝင်တဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဒီနေ့ တတိယမြောက်အဖြစ် ဆက်လက်ဆန္ဒပြပြီး မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ စီမံကိန်းကို ကန့်ကွက်တဲ့ ဆိုင်းဘုတ်စိုက်ထူ ခဲ့ပါတယ်။

တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် စတဲ့ ရွာတွေက ဒေသခံ ၂၀၀ လောက်ဆန္ဒပြကြပြီး တားဆီးထားတဲ့ လုံထိန်းစည်းကို လက်ချိတ်တိုးဝင်ကြတာပါ။

အဲ့ဒီအခါ ကုမ္ပဏီက ချထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဝဝ က ဒေသခံတွေကို ဖိနပ်တွေနဲ့နင်းပြီး ကိုင်ဆောင် ကာကွယ်ထားတဲ့ ဒိုင်းတွေနဲ့ ရိုက်ပုတ်မောင်းနှင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆည်းတည်းရွာ စမ်းမြဝတီကျောင်းတိုက် ဆရာတော်ကလည်း ဆန္ဒပြပွဲအကြောင်း မိန့်ပါတယ်။

"ဒီနေ့ဟာ တတိယမြောက်နေ့ပေါ့ဗျာ၊ တရုတ်ကုမ္ပဏီကနေပြီး ၅ ရက် ၅ လ ၂ဝ၁၆ မှာ ထုတ်ဖော်မှုစမယ်ဆို တာ ပြောဆိုထားတာရှိတယ်ဗျ၊ ဒီစီမံကိန်းကို ဒီလိုထုတ်ဖော်မှုစတာ ဒေသခံတွေနဲ့ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်း လုံးဝမရှိသည့်အတွက် လုံးဝမကျေနပ်တဲ့အကြောင်းတွေကို ဆန္ဒထုတ်ဖော်ကြတယ်ပေါ့နော်၊ ဒီနေ့မှာတော့ ဦးပိုင်ဝမ်ပေါင်ကနေပြီးတော့ ရဲတွေနဲ့ပဲ ပြည်သူလူထုကို ထိပ်တိုက်တွေ့ပေးတဲ့အနေအထားပေါ့ဗျာ၊ ရဲတစ်ယောက် ကနေပြီးတော့ လူထုကိုဆဲလိုက်တဲ့ အနေအထားကြောင့် ပိုပြီးတော့ တင်းမာသွားတဲ့ အနေအထားတော့ ရှိတာပေါ့ဗျာ"

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖော်ဆောင်နေတာပါ။

တရုတ်အစိုးရခွင့်ပြုချက်နဲ့ ဝမ်ပေါင်သတ္တုတွင်းလိမိတက်ကို ၂ဝဝ၄ ခုနှစ်မှာ ထူထောင်တာဖြစ်ပြီး သူဟာ Norinco ကုမ္ပဏီလက်အောက်ခံ ဖြစ်ပါတယ်။ Wanbao Mining (Myanmar ) Copper ကိုတော့ ၂ဝ၁ဝ စက်တင်ဘာမှာ ထူထောင်ခဲ့တာပါ။ နိုရင်ကိုဟာ ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်ပြီး ကမ္ဘာတဝန်းမှာ လက်နက်ရောင်းချနေပါတယ်။
RFA

ကျော်ဟိန်းက ရုပ်ရှင်ကားတစ်ကားထဲမှာ ဒီလို အခြေအနေမျိုးဖြစ်လာဖို့
“၁၀ နှစ် …. ၁၀ နှစ်” လို့ လက်ထောင်ပြီးပြောသွားတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခု မှတ်မိသေးတယ်။

ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သမ္မတကြီး ဦးထင်ကျော်ရယ် နိုင်ငံခြားခရီးစဉ်သွားတာကို ပုံတွေမှာ မြင်လိုက်ရတယ်။ မင်္ဂလာရှိလိုက်တာ။ သူတို့ ဒီလို အခြေအနေရောက်လာဖို့ ဘယ်လောက် စောင့်လိုက်ရသလဲ။ ၁၉၉၀ ကတည်းကတွက်လိုက်ရင်

“၂၆ နှစ် …. ၂၆ နှစ်”

၁၉၉၀ တုန်းကတည်းက NLD က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၄၄၇ နယ်မှာ ၃၉၂ နယ်အနိုင်ရခဲ့သဗျ။ ကိုယ်စားလှယ်ပေါင်း ၄၈၅ နေရာမှာ ၃၉၂ နေရာ အောင်နိုင်ခဲ့တဲ့အတွက် ၈၂ ရာခိုင်နှုန်းနဲ့ အဲဒီ အချိန်ကတည်းက နိုင်ခဲ့ပါသဗျာ။ ဒါပေမဲ့ “အနိုင်ရပါတီကို အာဏာလွှဲပေးပြီးရင် စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့တဲ့သူတွေက သူတို့ သစ္စာစကားကို တကယ်လိုက်နာခဲ့လို့လား။

ခုတော့ ပြည်သူတွေ ၂၆ နှစ်တိုင်အောင် မျှော်လင့်စောင့်စားနေကြတဲ့ မြင်ကွင်းတွေ မြင်လာရပြီ။ အစိုးရသစ် ရက်ပေါင်း (၁၀၀) မပြည့်မီ အချိန်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုလေးတွေ မရပ်မနား လုပ်နေကြတာပဲ။ အရင် အစိုးရခေတ်အဆက်ဆက် ပိုးစိုးပက်စက် လုပ်ခဲ့တာတွေကို ခုမှ ပြန်ပြင်ရမှာတွေ အများကြီးပဲ။

မွေးလာတဲ့ ရက် ၁၀၀ သားကို မပြေးနိုင်ရကောင်းလားလို့ ဘယ်သူမှ အပြစ်မမြင်ဘူးဗျ။ ဒါကြောင့် မီးပျက်လည်း သည်းခံနေကြတာပဲ။ အရင်အစိုးရလက်ထက်က ပေါပေါပဲပဲ ပစ္စည်းမကောင်းတာတွေနဲ့ တပ်ဆင်ထားခဲ့တဲ့ မီးစက်တွေကြောင့် မကြာခဏ စစ်စတန် ဘရိတ်ဒေါင်းရတာပါလို့ ပြောလိုက်လည်း နားလည် ပေးလိုက်ကြတာပဲ။

အစိုးရသစ်ဆိုတာက ပြည်သူတွေတင်ထားတဲ့ ပြည်သူ့အစိုးရစစ်စစ်ဆိုတော့ ပြည်သူနဲ့ အစိုးရဆိုတာ “မိသားစု” ကြီးတစ်ခုလိုပေါ့ဗျာ။ မိသားစုဆိုတာ သိတယ်မဟုတ်လား “မရှိအတူ … ရှိအတူ … အေးအတူ … ပူအမျှ … အတူတကွ … ကောင်းလည်းစံ … ဆိုးလည်းခံ” နေနိုင်မှ မိသားစုဖြစ်တော့မပေါ့။ ဒီအချိန်ဟာ မိသားစုစိတ်ဓာတ် ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်နေတဲ့အချိန်လို့သာ မှတ်လိုက်ပါတော့ဗျာ။

တစ်နိုင်ငံလုံး လုပ်စရာတွေ အများကြီးပါဗျ။ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး ဦးစားပေးရမှာတွေ အများကြီး။ စီးပွားရေးအတွက်လည်း လျှပ်စစ်မီးရှိမှ ကောင်းမှာဆိုတာ သာမန်လူတွေတောင်သိတာ အစိုးရမသိဘဲ နေပါ့ မလား။ အစိုးရသစ်မှာ အစီအစဉ်တွေရှိမှာပါ။

လသားလေးကို လမ်းထလျှောက်စေချင်တာကတော့ ဆန္ဒစောနေတဲ့သူ အမှားပေါ့လို့ ပြောရတော့မှာ။

၆.၅.၂၀၁၆
Tin Nyunt

မကြာမီရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာတွင် ဆောင်းပါးတပုဒ် ဖတ်ရပါသည်။ ဆောင်းပါးရေးသူက ထိုင်းနိုင်ငံ နေးရှင်းသတင်းစာမှ ကော်လံစား သတင်းထောက်၊ Asia News Network မှာလည်း အလုပ်လုပ်သူ ထိုင်းလူမျိုးကာဝီ ချောင်ကစ်တာဗွန်း ဖြစ်သည်။ သူ့ဆောင်းပါးကို ဖတ်ကြည့်သောအခါ အနှစ်သာရကင်းမဲ့ပြီး မြန်မာနိုင်ငံမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သူငယ်နှပ်စားသဖွယ် နှိမ့်ချဝေဖန်ရေးသားထားရင်း သူတို့၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရည်အချင်းပိုင်း တွင် မယှဉ်နိုင်ဘဲ အငုံ့စိတ်ဝင်ကာကြောက်ကန်ကန်ပြီး ပြောဆိုထားတာကိုသာသတိထားမိလေသည်။ ဆောင်းပါးအမည်မှာ အာဆီယံအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရန်ရှောင်ရန် အချက်(၁၀)ချက် ဖြစ်သည်။ သူတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းကိုလည်း မျက်ကွယ် ပြု၍မရကြောင်း သဘောပေါက်နားလည်ကြသည်။ သူတို့ထက်သာ သွားမှာကိုလည်း မခံချိမခံသာဖြစ်နေ ကြောင်း ဆောင်းပါးပါရေးသားချက်များက ပေါ်လွင်နေပါသည်။ မည်သို့ပင်ရှိစေ ကိုယ့်နိုင်ငံမှခေါင်းဆောင် တယောက်ကို ထိုင်းနိုင်ငံမှ သတင်းထောက်ဆိုသူနှင့် စင်ကာပူနိုင်ငံမှ သတင်းစာတို့ပေါင်း၍ တက်ညီလက်ညီ ပူးပေါင်းတိုက်ခိုက်နေကြခြင်းကို မြန်မာစာဖတ်ပရိသတ်များသိသင့်သည်ထင်သဖြင့် ၎င်းတို့၏ အာဘော် ဆောင်းပါး မူရင်းပါအချက် ၁၀ ချက်ကိုဖော်ပြရင်း စာရေးသူကျွန်တော် သရ၀ဏ်(ပြည်)၏ ယူဆချက်များကိုလည်း တပါတည်း ရှင်းလင်းတင်ပြအပ်ပါသည်။ ရှင်းလင်းစေရန် ကျွန်တော်၏ ကိုယ်ပိုင် အယူအဆကို ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြပါမည်။ မူရင်းဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြား ရေးဝန်ကြီးအသစ်အဖြစ် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့လာမည့် ဇွန်လတွင် တက်ရောက်ရတော့မည်ဖြစ်ရာ အစည်းအဝေးသို့ လာရောက်သောအခါ ဆောင်ရန်ရှောင်ရန်အချက် (၁၀)ချက်ရှိကြောင်း အောက်ပါအတိုင်းရေးသားထားပါသည်။

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံမိသားစုအဖွဲ့ကြီး၏ နှစ်ပတ်လည် ၀န်ကြီးအဆင့်အစည်း အဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရသူ တဦး၊ ကမ္ဘာတွင်အကျော်ကြားဆုံးသော နိုင်ငံရေးပုံရိပ် ပိုင်ရှင် တဦးကို တွေ့ရပါတော့မည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ် ဒေါ်အောင်ဆန်းစုကြည်သည် အတိတ်က သူ့အပေါ် သိပ်မနွေးထွေးခဲ့သော အာဆီယံအဖွဲ့ကြီး၏အကြောင်း အနည်းအပါးတော့ သိထားဖို့လိုမည်ဖြစ် သည်။

(၁) စုကြည်သည် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ဖို့တော့ လိုမည်ဖြစ်သည်။ ၁၉၉၀ မှစကာ သူမသည် တကမ္ဘာလုံး၏ အာရုံစိုက်မှုကိုခံခဲ့ရသည်။ ကမ္ဘာ့သတင်းမီဒီယာများ၏ ထိပ်တန်းသတင်းဖြစ်ခဲ့သည်။ ဒီမိုကရေစီအတွက် မြန်မာမှာသာမက တကမ္ဘာလုံးမှာပါ အားတက်ဖွယ်ခေါင်းဆောင်ဖြစ်ခဲ့သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရထားသူတယောက်အနေနှင့် သူမသည် တကမ္ဘာလုံး၏ အသိအမှတ်ပြုမှုကိုရရှိထားပြီးဖြစ်သည်။ အခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွင် ထိုကျော်ကြားမှုမျိုး ဘယ်တုန်းကမှမရှိပါ (ဤကိစ္စမှာထိုင်းဆောင်းပါးရှင်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အငုံ့စိတ် သက်သက် ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘ၀င်မြင့်နေသည်၊ မာနကြီးနေသည်ဟု မပြောသော် လည်း ထိုသဘောသက်ရောက်နေပါသည်။ နှိမ့်ချသည်ဆိုရာတွင် မည်သည့်အတိုင်းအတာအထိ နှိမ့်ချရမည်နည်းဆိုသည်မှာလည်း မရှင်းလင်းသောကိစ္စဖြစ်သည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘာ့အဆင့် ခေါင်းဆောင်တယောက်သည် ရုံးလုလင် ပြာတာတယောက်၏ နှိမ့်ချခြင်းမျိုးတော့ ရှိနိုင်မည်မဟုတ်ပေ)။

(၂) အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တရားဝင်အစည်း အဝေးမစတင်မီ တညကြိုတင်၍ အလွတ်သဘောညစာစားရင်းတွေ့ဆုံလေ့ရှိကြပါသည်။ ထိုညစာစားပွဲတွင် အစည်းအဝေးတွင် တင်ပြပြောဆို ရမည့်ကိစ္စများထဲမှ စိုးရိမ်ပူပန်မှုဖြစ်ရသည့်ကိစ္စများ၊ အလွတ်သဘောချီးကျူးလိုသည့်ကိစ္စများကို ပြောဆိုကြပါ သည်။ အချို့အလွန်အရေးပါသောကိစ္စများရှိခဲ့လျှင် အာဆီယံဝါရင့်ခေါင်းဆောင်များက ညစာစားပွဲ မတိုင်မီ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားလေ့ရှိပါသည်။ ညစာစားပွဲတွင် သဘောတူညီချက် ဆုံးဖြတ်ချက် အကြမ်းဖျင်းများရရှိတတ်ပြီးနောက် တနေ့အစည်းအဝေးကြီးတွင် လူသိရှင်ကြား သဘောတူဆုံးဖြတ်ကြရန် ဖြစ်သည်။ (အစည်းအဝေးမစမီ တညကြိုပြီး ညစာစားရင်း အလွတ်သဘောဆွေးနွေးကြဆိုသည်မှာ ဘာမှ မထူးဆန်းသောကိစ္စ ဖြစ်သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတိုင်း၊ လေ့လာသူတိုင်း သိပြီးကိစ္စဖြစ်၍ ဘာအတွက်ရေးကြီးခွင်ကျယ် ဒေါ်အောင်ဆန်းစုကြည်အား မှာကြားနေသလဲ စဉ်းစား၍မရပေ)။

(၃) ဒေါ်အောင်ဆန်းစုကြည် သိထားရမည်မှာ အာဆီယံသည် ဆုံးဖြတ်ချက်တိုင်းကို အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း အများသဘောတူမှဆုံးဖြတ်ချက်ချလေ့ရှိသည်ဆိုခြင်း ဖြစ်သည်။ ထိုအချက်အရ မည်မျှပင် အချိန်ကြာမြင့်သည်ဖြစ်စေ ဆုံးဖြတ်ချက်တခုကို အားလုံးသဘောတူလာအောင် အချိန်ယူဆွေးနွေးပြီးမှ ဆုံးဖြတ်လေ့ရှိသည်။ လွတ်လပ်စွာဆုံးဖြတ်လုပ်ကိုင်တတ်သော သူမ၏စိတ်နေသဘောထားအရ ဤ အချက်မှာ သူမအတွက် ခက်ခဲမှုတခု ဖြစ်လာစရာရှိပါသည်။ (အာဆီယံအဖွဲ့ကြီးသည် အသံသာမြည်ပြီး အဆန်မရှိသော အဖြစ်၏ အဓိက လက်သည်တရားခံမှာ ဤမူဝါဒကြောင့်ပဲဖြစ်သည်။ ကိစ္စတခုတွင် ၁၀၀ ရာခိုင်နှုန်း အားလုံးသဘောတူမှ အတည်ဖြစ်သည်ဆိုသည်မှာ ဘာမှဖြစ်မလာနိုင်သည့်ဝါဒ ဖြစ်သည်။ လူဆယ်ယောက်ရှိရာတွင် ကိုးယောက်က သဘောတူသော်လည်း တယောက်က ကန့်လန့်တိုက်နေလျှင် ရှေ့မဆက်နိုင်သော မူဝါဒမှာ အာဆီယံ၏ မူဝါဒ ဖြစ်သည်။ အာဆီယံသည် ထိုဝါဒ လှောင်အိမ်ထဲတွင် ပိတ်မိ နေသည့်အပြင် သူတပါးပြည်တွင်းရေးကို ၀င်မစွက်ရေးဆိုသော ထမင်းရေပူလျှာလွှဲဝါဒအရ မြန်မာနိုင်ငံတွင် ပြည်သူလူထုက ဒီမိုကရေစီအပြင်းအထန်တောင်းဆိုနေသည့်ကာလမှာပင် မြန်မာပြည်သူများကိုလျစ်လျူရှုကာ စစ်အစိုးရနှင့်ပလဲနံပသင့်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသောကာလများတွင် ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂ စသည့်အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြသော်လည်း အာဆီယံသည် ဘယ်တော့မှမပါဝင်ခဲ့ပေ။ အာဆီယံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတိုက်ပွဲတွင် လူမိုက်အားပေး ၀ါဒကိုသာကိုင်စွဲကာ စစ်အစိုးရနှင့်ပေါင်းကာ တုံဏှိဘာဝေ လုပ်နေကြသူများဖြစ်သည်)။

(၄) အာဆီယံတွင် ယခုနှစ်တွင် လာအိုနိုင်ငံ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအောက်တွင် ထူးခြားသော နှစ်တနှစ်ဖြစ်သည်။ အာဆီယံသည် အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့်တရုတ်ဟူသော အင်အားကြီးနိုင်ငံ များနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် အစည်းအဝေးများစွာကျင်းပသောအခါ ကမ္ဘာ့အရေးအရာများတွင် ဒေါ်အောင်ဆန်းစုကြည်၏အမြင်သည် အာဆီယံအတွက် အသုံးဝင်နိုင်ပါသည်။ အာဆီယံ၏အမြင်ကို မိမိအမြင်များဖြင့် လိုက်လျောညီထွေ ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးပါသည် (တနည်းအားဖြင့် ပြောနေသည်မှာ ဒေါ်အောင်ဆန်း စုကြည်သည် ကမ္ဘာ့အတွေ့အကြုံကြွယ်ဝသော်လည်း ကိုယ့်ဆုံးဖြတ်ချကနှင့်ကိုယ် မလုပ်ဆောင်ဘဲ အာဆီယံ၏ သြဇာကိုနာခံဖို့ပဲဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်များသည် အာဆီယံအမြင်ထက် ဒေါ်အောင်ဆန်းစုကြည်အမြင်ကိုပဲ အလေးထားဆုံးဖြတ်ကြမှာကို ကျန်နိုင်ငံများကစိုးရိမ်နေကြသည်မှာ အထင်အရှားဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနှင့် သိပ်မရင်းနှီးသော်လည်း ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပနိုင်ငံခေါင်းဆောင်များနှင့်ရင်းနှီးပြီးသားဖြစ်ရာ ထိုနိုင်ငံများ ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုဆွေးနွေးတိုင်ပင်ကြမှာကို မလိုလားမှုကို တွေ့ရပါ၏)။

(၅) ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံတွင် လူသစ်ဖြစ်သည်နှင့်အညီ အခြားအာဆီယံ လုပ်ဖော်ကိုင်ဘက်များကိုလည်း အလေးထားဖို့ လိုမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနှစ်နှစ်ဆယ်ခန့်ရရှိထားသော ကမ္ဘာ့အဆင့်ကျော်ကြားမှုမျိုး၊ နိုင်ငံတကာအဆင့် အာရုံစိုက်ခံရခြင်းမျိုး အခြားအာဆီယံခေါင်းဆောင်တွေမှာမရှိကြဘူးဆိုတာ သူမအနေဖြင့် သတိပြုဖို့ လိုမည်ဖြစ်သည် (ဤနေရာတွင်လည်း ရှေ့ပိုင်းကရေးသားခဲ့ပြီးသော အာဆီယံနိုင်ငံခေါင်းဆောင်များ၏ သိမ်ငယ်စိတ်နှင့် ရှိုးတိုးရှန့်တန့်ဖြစ် မှု၊ ကမ္ဘာ့အဆင့်ကစားသမားနှင့်တသင်းတည်းကစားရမည့် ရပ်ကွက်အဆင့် ဘောလုံးသမားများ၏ အားငယ်မှုမျိုးကို ခန့်မှန်းတွက်ချက်၍ ရနိုင်ပေ၏။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငါမှငါဟုဆိုကာ အခြားဝန်ကြီးများကို ဖုတ်လေသည့်ငါးပိ ဂရုစိုက်စရာမလိုသည့် ပုံစံမျိုးလည်း မပြုမူမှာ သေချာ ပါသည်။ ဤအချက်နံပါတ်ငါးသည် သူတို့၏အငုံ့စိတ်ကို ထုတ်ဖော်ပြသရာ ရောက်နေပေ၏)။

(၆) ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏လက်ထောက်များသည် အာဆီယံနှင့်ပတ်သက်သော စာရွက်စာတမ်းများ ကို သေသေချာချာ ကြိုတင်လေ့လာထားသင့်၏။ အထူးသဖြင့် အာဆီယံ၏ တရားဝင် ထုတ်ပြန်ချက်များနှင့် ဥက္ကဋ္ဌ၏ သဘောထားကြေညာချက်များကို ဂဃနဏ နားလည်ထားမှသာ အဖွဲ့အစည်းစိတ်ဓာတ်၊ အဖွဲ့၏ နေရာအနေအထား၊ ကမ္ဘာကို ဘယ်လိုတုံ့ပြန်ရွေးချယ်မလဲဆိုတာတွေ၏ အနှစ်သာရကို သဘောပေါက်လိမ့် မည်။ စကားပြောခြင်းနှင့် စာရေးသားထုတ်ပြန်ခြင်းသည် အာဆီယံ သံတမန်နည်းလမ်း၏ ယဉ်ကျေးမှုဖြစ်သည် (အာဆီယံသည် ၀န်ကြီးအသစ်တယောက်ဖြစ်တိုင်း ထိုသို့လက်ချာရိုက်ခွင့်မရှိဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကိုပတ်၍ မိန့်ခွန်းပြော လာသူဖြစ်ရာစကားကို ဘယ်လိုပြောရမည်တို့၊ စာကိုဘယ်လိုရေးရမည်တို့သည် အခြားနိုင်ငံများမှ မအူမလည်ဝန်ကြီးများကိုသာ ဆုံးမသြ၀ါဒ ပေးသင့်လေ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်များမှာလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀ါရင့်ဝန်ထမ်း များပင်ဖြစ်ရာ သူတို့ပြောသောကိစ္စများမှာ မရောင်ရာဆီလူးသော အကြံပေးချက် ဖြစ်သည်)။

(၇) ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် သမ္မတအထက်က နေရာတွင်ရှိသော်လည်း အာဆီယံတွင် အခြားဝန်ကြီးအားလုံး၏ အထက်ကနေလို့မရပါ။ နိုင်ငံခြားရေးဝန်ကြီးအနေနှင့် အစည်းအဝေးလာ တက်သောအခါ စည်းဝေးဆုံးဖြတ်ချက်များတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်လုပ်လို့မရပါ။ ထိုရာထူးနှစ်ခုကို အာဆီယံအစည်းအဝေးတက်နေ စဉ် သတ်မှတ်ပိုင်းခြားထားသင့်ပေသည်။ (ဤကိစ္စမှာလည်း ဒေါ်အောင် ဆန်းစုကြည်ကို မနာလိုသည့်ကိစ္စများ၊ အခြားဝန်ကြီးများ၏ သိမ်ငယ်စိတ်များမှ မြစ်ဖျားခံလာပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အ၀ါ အလွန်ကြီးနေခြင်းက အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို သိမ်ငယ်စိတ်ဝင်လာစေသည်။ ထို့ကြောင့်ဆိုင်တာရော မဆိုင်တာရော ထည့်ပြောနေကြခြင်းဖြစ်သည်။ နိုင်ငံတော်အင်္ဂါစဉ်၌ ဒေါ်အောင်ဆန်း စုကြည်သည် နံပါတ်(၂)နေရာတွင်ရှိသည်ဖြစ်ရာ အာဆီယံဝန်ကြီး အစည်းအဝေးအပြီး နှစ်နိုင်ငံချင်းထိပ်သီးအစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးတိုင်ပင် မည်ဖြစ်သည်။ ဤကိစ္စသည် အာဆီယံက စိုးရိမ်ပူပန် ရလောက်သော လျှို့ဝှက်ချက်ကြီးလည်း မဟုတ်ပေ)။

(၈) သူကြိုက်နှစ်သက်သည်ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ မြန်မာနိုင်ငံမှ တရားမ၀င်ရွှေ့ပြောင်းသွားလာသူများအရေးကို ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်သဖြင့် သူမအနေဖြင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုကိစ္စကို ၀န်ကြီးများအကြိုညစာ စားပွဲတွင် မိမိဘက်မှစတင်ဆွေးနွေးသင့်ပါသည်။ အင်ဒိုနီးရှား၊ မလေး ရှား၊ ထိုင်းနိုင်ငံတို့သည် ထိုကိစ္စကိုဆွေးနွေးရန် စကားပြောဆိုထားပြီး ဖြစ်ပါသည်။ (ထုတ်ဖော်မပြောသော်လည်း ရိုဟင်ဂျာဟု သူတို့နာမည်တပ်နေသော ပင်လယ်ပြင်ထဲမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များအရေးကို ဆိုလိုဟန်ရှိသည်။ ထိုင်းနိုင်ငံသည် ထိုဘင်္ဂါလီများ မလေးရှားသို့ တရားမ၀င်ရွှေ့ပြောင်းသွားလာသောကိစ္စတွင် လူမှောင်ခို အဖြစ်သူတို့ နိုင်ငံသားအဆင့်မြင့် အရာရှိကြီးများ ပါဝင်ပတ်သက်နေမှုကို ဖုံးကွယ်ရန် သို့မဟုတ် လျှော့ချရန် မြန်မာနိုင်ငံအပေါ် အပြစ်ပုံချရန် ကြိုးစားနေပုံရသည်။ ထို့အတူ မလေးရှား၊ အင်ဒိုနီးရှားစသော အစ္စလာမ်မစ် နိုင်ငံများကလည်း ပင်လယ်ပြင်တွင် မျောပါလာသမျှ ကုလားများကို မြန်မာပြည်မှ ရိုဟင်ဂျာဟု လုံးချချင်ပုံရသည်။ ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုဆောင်းပါး ဖြင့် စကားဦးသန်းထားခြင်းဖြစ်သည်။ ဒုက္ခသည်များသည် မြန်မာနိုင်ငံမှ လာသူများဖြစ်ကြောင်း အခိုင်အမာသက်သေပြနိုင်လျှင် ဒေါ်အောင်ဆန်း စုကြည်သည် မည်သူဘာပြောပြော မြန်မာကပြန်လက်ခံပေးမည့် အကြောင်းပြောသင့်သည်။
ထိုသူများသည် မြန်မာနိုင်ငံကလာကြောင်း ထင်ရှားသောသက်သေအထောက်အထားမခိုင်လုံလျှင် မိမိနိုင်ငံသို့ပြန် လည်ခေါ်ယူဖို့ လက်မခံနိုင်ကြောင်း အပြတ်ပြောသင့်ပါသည်။ နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းမှဖိအားများကြားတွင် ညပ်ပိတ်မသွားစေရေးအတွက် ရခိုင်အရေးကျွမ်းကျင်သူများကိုပါ အာဆီယံအစည်းအဝေးသို့ ခေါ်သွားသင့်ပါသည်)။

(၉) နိုင်ငံတကာတွင်ထင်ရှားကျော်ကြားသော နိုင်ငံရေးသမား၊ ဒီမိုကရေစီ၏ သင်္ကေတပုဂ္ဂိုလ်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အခြားဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များနှင့် ဓာတ်ပုံတွဲရိုက် သည့်အခါ အုပ်စုဓာတ်ပုံတွင် သူမသည်အမြဲတမ်း အလည်လောက်တွင်သာ ရှိနေစမြဲဖြစ်သည်။ သို့သော် အာဆီယံအစည်းအဝေးအပြီး ဓာတ်ပုံရိုက်ရာတွင်တော့ အောင်ဆန်းစုကြည်သည် အမြဲတမ်းအလည်စင်တာမှ နေ၍ မရပေ။ မိမိအရှေ့မှဝန်ကြီးများ တန်းစီသလိုကိုယ်လည်းတန်းစီပြီး ကျရာနေရာမှ ဓာတ်ပုံအရိုက်ခံရ ပေမည်။ ဗရုတ်သုတ်ခမဖြစ်စေရန် မိမိ ထိုင်ခုံတွင်ထိုင်နေပြီး တယောက်ပြီးတယောက် လူတန်းအတိုင်းထသွား ရပါမည်။ (အာဆီယံသည် ဥရောပသမဂ္ဂလို၊ G7 တို့ G8 တို့လို ပင်လယ်ကွေ့နိုင်ငံများအသင်းတို့လို ထိရောက်သော စွမ်းဆောင်ရည်မရှိတာ ဤလို အရည်မရအဖတ်မရသည့်ကိစ္စများတွင်အလေးထားလွန်းသဖြင့် ဖြစ်သည်။ ဥရောပသမဂ္ဂတွင် နိုင်ငံတနိုင်ငံကို ၀င်လိုက်လျှင် အခြားဥရောပနိုင်ငံ ၂၆ နိုင်ငံသို့ ဗီဇာမလိုဘဲ သွားနိုင်သော Schengen Visa စနစ်ကို ကျင့်သုံးနိုင်နေပြီ ဖြစ်သည်။ အာဆီယံသည် ယခုထက်တိုင် Asean Visa မလုပ်နိုင်သေး။ သူများကလာလည်တာထားဦး ကိုယ့်အာဆီယံ ဆယ်နိုင်ငံ (အရှေ့တီမောပါပါလျှင် ၁၁ နိုင်ငံ) အချင်းချင်းပင် အားလုံး ဗီဇာကင်းလွတ်ခွင့်မရသေး၊ ဆိုက်ရောက်ဗီဇာပင်အားလုံးမရသေး။ ဥရောပသမဂ္ဂသည် ယူရိုငွေကြေးကို ဥရောပ၏တခုတည်းသော ငွေကြေးအဖြစ် ၂၀၀၂ ခုနှစ်မှစကာ အသုံးပြုနေနိုင်ပြီဖြစ်သော်လည်း အာဆီယံသည် ဆယ်နိုင်ငံသာရှိသော်လည်း ဘုံငွေကြေးစနစ်မဖော်ဆောင် နိုင်ခြင်းတို့မှာ အာဆီယံခေါင်းဆောင်များ၏ အရည်အချင်းညံ့ဖျင်းမှု၊ အလုပ်ကြီး အကိုင်ကြီးများ မလုပ်တတ် မကိုင်တတ်သောအခါ ဓာတ်ပုံရိုက်ခြင်းလောက်ကို ရေးကြီးခွင်ကျယ်လုပ်မှုတွေကြောင့် ဖြစ်သည်)။

(၁၀) အများနှင့်မတူ တမူကွဲသည့် အာဆီယံလက်ချင်းချိတ်သည့်ပုံစံမှာ အလွန်အရေးပါလှပေသည်။ အာဆီယံခေါင်းဆောင်အသစ်များသည် ထိုလက်ချင်းချိတ်သည့်ပုံစံကို လေ့ကျင့်လာခဲ့ဖို့ ပျက်ကွက်ခဲ့ကြ သည့်အတွက် ကမ္ဘာ့မီဒီယာများ၊ ရုပ်သံရိုက်ကူးမှုများတွင် အရှက်တကွဲ အကျိုးနည်းဖြစ်လေ့ရှိကြဖူးသည်။ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုသည် ယခင်က လက်ချင်းမချိတ်တတ်သော မလုပ်တတ်မကိုင်တတ်ပုံစံကြောင့် လူတွေသတိထားမိသွားသေးသည်။ ထို့ကြောင့်လက်နှစ်ဖက်ကို မတူသောဘက်သို့လှည့်ထားသောပုံစံကို ဒေါ်အောင်ဆန်းစုကြည်လေ့ကျင့်ထားသင့်ပေသည်။ အကယ်၍အစွန်ဆုံးတွင် နေခဲ့ရပါက အခြားလက်တဖက် ကို ကမ်းပေးစရာလိုမည် မဟုတ်ပေ။ (ကျွန်တော့်အမြင်ကိုပြောရလျှင် အာဆီယံစည်းဝေးပွဲများအပြီးတွင် ထိုသို့အတွဲလိုက် လက်များချိတ်၍ ဓာတ်ပုံရိုက်ခံသည်မှာ ကြီးကောင်ကြီးမားကျမှကလေးကလား အလုပ်လုပ် နေကြသော အာဆီယံခေါင်းဆောင်အချို့၏ ပေါကြောင်ကြောင်လုပ်ရပ်ဟုသာ ထင်မြင်မိပါသည်။ ထိုသို့ လက်ဆနွနှုတ်ဆက်နည်းကို ဒေါ်အောင်ဆန်းစုကြည်မဆိုထားဘိ လက်ဘက်ရည်ဆိုင်မှ နှစ်တန်း ကျောင်းသားစားပွဲ ထိုးလေး အညာသား ငတိုးကို သင်ပေးလျှင်တောင် တမိနစ်နှင့် လုပ်တတ်သည့် ကလေး ကွက် ဖြစ်သည်။ အကယ်၍ မလုပ်တတ်ဘဲ အမှားအယွင်း ရှိပါကလည်း ကမ္ဘာပျက်လောက်သည့်ကိစ္စမဟုတ်။ ထိုကလေးကလား ကိစ္စကို ဧရာမကြီးသဖွယ်ရေးသားပြောဆိုနေသော ထိုင်းလူမျိုးဆောင်းပါးရှင်၏ ဥာဏ်ရည်ဥာဏ်သွေးကို အံ့သြမိပါသည်)။

ဤဆောင်းပါးကိုဖတ်ပြီးသောအခါ စာဖတ်သူတို့လည်း သတိထားမိပေမည်။ ဘာမှမှတ်လောက်သားလောက် မယ်မယ်ရရ ရေရေရာရာ မပါသောကိစ္စများကို ရေးသူကရေး၍ စင်ကာပူ၏ ထိပ်တန်းသတင်းစာတစောင် ကလည်း ထည့်ပေးပေသည်။ ကျွန်တော်မြင်သည်ကတော့ မြန်မာနိုင်ငံသည်ခေါင်းဆောင်ကောင်း အစိုးရကောင်းနှင့် ဖွံ့ဖြိုးတိုးတက်သွားမှာကို မမြင်ချင်ဆုံး နိုင်ငံနှစ်နိုင်ငံသည် ထိုင်းနှင့် စင်ကာပူတို့ ဖြစ်ပုံရသည်။ ထိုင်းသည်မြန်မာကို သမိုင်းကြောင်းနှင့်ချီ၍ မုန်းတီးသည့်အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်သွားပါက ဈေးပေါပေါနှင့်ရနေသော တရားမ၀င်နယ်စပ် ဖြတ်ကျော်မြန်မာအလုပ်သမားများကို ဆုံးရှုံးရမှာကို တွေးကြောက်ဟန်ရှိသည်။ စင်ကာပူသည်လည်း မြန်မာနိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသာ အပြည့်အ၀အောင်မြင်ခဲ့ပါက မလက္ကာရေလက်ကြားသို့ အချိန်ကုန် ငွေကုန်ခံကာ ဘယ်သူမှမလာတော့သဖြင့် စင်ကာပူဆိပ်ကမ်းကျီးနှင့်ဖုတ်ဖုတ်ဖြစ်မှာကို စိုးရိမ်ဟန်ရှိသည်။ အခြားတဖက်တွင် စင်ကာပူသည်လည်းကောင်း၊ ထိုင်းနိုင်ငံသည်လည်းကောင်း ကမ္ဘာ့အဆင့်မီခေါင်းဆောင် တဦးတယောက်မှ မရှိခဲ့ဖူးချေ။ လီကွမ်ယုတယောက်သာ သူတို့ဘက်မှာ ပြစရာရှိသည်။ လီကွမ်ယုသည် စင်္ကာပူအတွက် ခေါင်းဆောင်ကောင်းဖြစ်သော်လည်း အာဏာရှင်တပိုင်းဖြစ်သဖြင့် အချို့ကမနှစ်သက်ကြ။ တကမ္ဘာလုံး၏ အကျိုးကို ဆောင်ကြဉ်းနိုင်သူမဟုတ်ဟု ယူဆသူက ယူဆကြသည်။

မြန်မာကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုဖယ်ထားလျှင်ပင် ဦးသန့်လို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးရဖူးသည့် ကမ္ဘာ့ခေါင်းဆောင် သူတို့ဆီမှာ ယခင်ကလည်းမရှိ။ ယခုလည်းမရှိ။ နောင်တွင် လည်းရှိဖို့ လွယ်မည်မဟုတ်။ မြန်မာမှာလိုပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သူလည်း သူတို့ဆီမှာမရှိ၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရသူလည်း သူတို့မှာ မရှိ။ အင်္ဂလန်နိုင်ငံရှိ နာမည်ကျော်ဝက်မင်စတာခန်းမလိုနေရာကြီးတွင် ဗြိတိသျှပါလီမန်အမတ်များအား မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခံရသူမျိုး သူတို့နိုင်ငံမှာမရှိ။ ကမ္ဘာ ကျော်ဆင်းဟတ်စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများကို မိန့်ခွန်းပြောကြားခွင့်ရသူမျိုး သူတို့နိုင်ငံတွေမှာမရှိ။ အောက်စဖို့တက္ကသိုလ်လိုနေရာမျိုးတွင် မိန့်ခွန်းပြောကြားရသည့် ခေါင်းဆောင်မျိုး သူတို့မှာမရှိ၊ ကိုလံဘီယာ တက္ကသိုလ်တွင်မိန့်ခွန်းပြောခွင့်၊ နော်ဝေနိုင်ငံတွင် မိန့်ခွန်းပြောခွင့်၊ အရှေ့အာရှဖိုရမ်တွင်စကားပြောခွင့် သူတို့တွေတွင် တယောက်မှမရှိ။ ထိုအခါ လူ့သဘာဝအားငယ်သည်၊ သိမ်ငယ်သည် အငုံ့စိတ်ဝင်သည်။ အရှိန်အ၀ါကိုလန့်သဖြင့် ကြောက်ကန်ကန်ကာ မဟုတ်က ဟုတ်ကတွေရေးသည်။ ရေးသူက ထိုင်း၊ ထည့် ပေးသည်က စင်ကာပူ။ မကြာမီဇွန်လတွင် လာအိုနိုင်ငံဗီယန်ကျင်းမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြတော့မည်ဖြစ်ရာ ယခင်ကလက်ချင်းတွဲ၍ ဓာတ်ပုံရိုက်ရုံအဆင့်ကမတက်သော အာဆီယံအစည်း အဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဟူသော အရှိန်အ၀ါအောက်တွင် ပြောင်းလဲမှုများ စတင်တော့မည်ဟု ခံစားရပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၁၈ နှစ်အောက် အရွယ်မရောက်သေးသူများအား အီးစီးကရက် ရောင်းချမှုကို ပိတ်ပင်သည့် ပြည်ထောင်စု ဥပဒေကို အမေရိကန်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်သည်။ အဆိုပါ ဥပဒေအရ စီးကရက်ကုမ္ပဏီများအနေဖြင့် ၄င်းတို့၏ ထုတ်ကုန်များကို အစစ်ဆေးခံရန် စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ထံ တင်ပြရမည်ဖြစ်သည်။ ဖော်ပြပါ ဥပဒေအရ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးနှင့် ယူကေဆေးကုန်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA ထံ တင်ပြရမည်ဖြစ်သည်။ ဖော်ပြပါ ဥပဒေအရ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးနှင့် ယူကေဆေးရွက်ကြီးများပါ အကျုံးဝင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဆေးလိပ်သောက်မှု ဆန့်ကျင်ရေး ဥပဒေတစ်ရပ်ကို ကယ်လီဖိုးနီးယားပြည်နယ်က အတည်ပြု ကျင့်သုံးခဲ့ရာ အဆိုပါဥပဒေအရ အီးစီးကရက်များပါ အကျုံးဝင်မည်ဖြစ်သည်။ “ဆေးလိပ်ကင်းစင် မျိုးဆက်သစ်ဖြစ်တည်ရေး အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါ။ ဆေးလိပ်ဈေးကွက်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျွန်မတို့ရဲ့ ကလေးတွေကို ဆေးလိပ်ရန်က ကာကွယ်ဖို့နဲ့ သောက်မလား၊ ဖြတ်မလား အတိအကျ ဆုံးဖြတ်နိုင်ဖို့ အရွယ်ရောက်ပြီးသူတွေကို စေ့ဆော်ဖို့ ဒီဥပဒေက ဆောင်ကျဉ်းပေးမှာပါ” ဟု ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု ၀န်ကြီး ဆဲလ်ဆီယာဘားဝဲက ဆိုသည်။

အီးစီးကရက်မှာ နီကိုတင်းအရသာရှိ အရည်တစ်မျိုးကို အသက်ရှူ၍ရအောင် အငွေ့ပြုလုပ်ပေးသည့် ဓာတ်ခဲဖြင့် အသုံးပြုရသည့် သောက်ရှူ ကိရိယာဖြစ်သည်။

ဓာတုပစ္စည်းများနှင့် ကတ္တရာ မပါသည့်အတွက် ဆေးလိပ်ဖြတ်လိုသူများက အီးစီးကရက်ကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ မည်သို့ဆိုစေ နီကိုတင်းဓာတ်က စွဲလန်းစေသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ FDA ၏ အဆိုအရ အထက်တန်းကျောင်းနေ အရွယ်များအကြား အီးစီးကရက် သောက်သုံးမှုများမှာ ၂၀၁၁ တွင် ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၅ တွင် ၁၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာသကဲ့သို့ ဟူကာဆေးရွက်ကြီး သုံးစွဲမှုမှာလည်း သိသိသာသာ မြင့်တက်လာသည်ဟု သိရသည်။

ရက်ပေါင်း ၉၀ အတွင်း အသက်ဝင်မည့် ဖော်ပြပါ ဥပဒေအရ လက်လီ အရောင်းသမားများက စီးကရက်ဝယ်သူကို အသက်ပြည့်မပြည့် စစ်မေးရန် လိုအပ်မည်ဖြစ်ပြီး အလိုအလျောက် ဈေးရောင်းစက်များတွင်လည်း မရောင်းချရန် တားဆီးထားသည့်အပြင် အခမဲ့ပေးဝေသည့် နမူနာ ဆေးလိပ်များကိုလည်း ဖြန့်ဝေနိုင်မည် မဟုတ်ချေ။ လူထုကျန်းမာရေး လှုံ့ဆော်သူများက ဖော်ပြပါဥပဒေကို ကြိုဆိုကြသည်ဟု သိရသည်။

အဆိုပါဥပဒေအရ တိုက်ပွဲဝင် စစ်သည်များမှတစ်ပါး ပြည်နယ်တွင်းရှိ ဆေးလိပ်ဝယ်ယူခွင့် ပြုသည့် အသက်အရွယ်ကို ယခင် ၁၈ နှစ်မှ ၂၁ နှစ်သို့ တိုးမြှင့် သတ်မှတ်လိုက်သည်။ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်း သာမန်ဆေးလိပ်များကဲ့သို့ အီးစီးကရက်ကို လူထုနှင့် သက်ဆိုင်သောနေရာများတွင် သောက်သုံးခွင့် မပြုဟုလည်း သိရသည်။

ရွှန်းတင့်
The Ladies News Journal

ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊မေ ၆ ။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်များအနေဖြင့် လာမည့် ၆လအတွင်း လက်ရှိ တာဝန်မှ အနားယူသွားတော့မည်ဖြစ်ကြောင်း ကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောသည်။

မေလ ၆ရက်နေ့က မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

" ဘာပဲပြောပြော ကျွန်တော်တို့ ဗဟို လုပ်ငန်းကော်မတီဝင်အားလုံးဟာ အသက်အရွယ်အရကော ကိုယ့် တစ် ဦး ချင်းရှိနေတဲ့ ကိစ္စတွေအရကော တွက်ကြည့်လိုက်ရင် အခုလက်ရှိ ကျောင်းသားသမဂ္ဂတွေမှာ ၀င် ရောက် လှုပ်ရှားဖို့က အခက်အခဲရှိတယ်။ အခက်အခဲ၇ှိတော့ ကျွန်တော်တို့ ဒီ ဗဟိုလုပ်ငန်းကော်မတီ တစ်ခု လုံးက အစည်းဝေးဆုံးဖြတ်ချက်အရ နောင် ၆လ အလွန်ဆုံးပဲ။ ၆လ ပြည့်တာနဲ့ ကျွန်တော်တို့ ဗဟိုလုပ်ငန်း ကော်မ တီ ကို တရားဝင်ဖျက်သိမ်းပြီးတော့ ကျောင်းသားလူငယ်တွေရဲ့ လက်ထဲကိုလွှဲပေးမယ်"ဟု ကိုအောင်မှိုင်း ဆန်းက ပြောသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် လာမည့် ဇူလိုင် ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် နိုင်ငံတ၀န်းလုံးရှိ တက္က သိုလ်ကျောင်းများမှ ကျောင်းသားများနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသားများစုပေါင်း၍ ကျောင်း သားထု တွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ခရိုင်စုံမှာ ကျောင်းသားသမဂ္ဂ များ နှင့်လည်း ထပ်မံတွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူနိုင်ရေးအတွက် ကော်မတီတစ် ရပ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းကော်မတီအနေဖြင့် လက်ရှိ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီတာဝန်များ လက်လွှဲ တာဝန်ယူ သွားကြရမည်ဖြစ်ပြီး ယင်းခေါင်းဆောင်များအနေဖြင့် ဗကသအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းများဆက် လက်ဆောင် ရွက်သွားရမည် ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် နည်းပညာပိုင်း ပံ့ပိုးကူညီမှုများသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။

" ကျွန်တော်တို့ ၀င်ပြီးဆုံးဖြတ်ပေးလို့မရတော့ဘူး။ ကျွန်တော်တို့သည် နည်ပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု တွေ ပဲ လုပ်လို့ရမယ်။ ၀င်ရောက်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ကျွန်တော်တို့မှာမရှိတော့ဘူး"ဟု ကိုကျော်ကိုက ပြော သည်။

မေ ၂ရက်နေ့က ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အစည်းဝေးကျင်းပကာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံခေါ်ယူနိုင်ေး တိုင်းရင်းသားကျောင်းသားသမဂ္ဂများပေးထွက်လာရေး ကျောင်းသားသမဂ္ဂများတရားဝင်ရပ်တည်နိုင်ရေး ဗဟိုလုပ်ငန်းကော်မတီ၏ရှေ့လုပ်ငန်းစဉ်အလားအလာ စသည့်အချက်များအပါအ၀င် အချက်(၉)ချက်နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများပြုခုပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Mizzima - News in Burmese

[youtube src="LDfSKmPvKcw"/]
ရန်ကုန်မြို့ကြီးကို စက်မှုဇုန်တွေက ၀ိုင်းထားပြီး လူနေအိမ်တွေနဲ့ စက်ရုံတွေ နီးကပ်တာကြောင့် အန္တရာယ်ရှိတဲ့ မြို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန်မြို့တော်ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်တွေ အဆိုပြုဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“စက်မှုဇုန်တွေအားလုံးဟာ လယ်ကွင်းထဲမှာ အကွက်ရိုက်ပြီး ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ၀ါကော်ထရီမင့် တခုမှ မရှိပါဘူး။ ရေဆိုးတွေကို တကယ်စနစ်တကျသန့်စင်ပြီး ထုတ်ပေးခဲ့တဲ့ အခြေနေမရှိဘူး။ စက်မှုဇုန်တွေ အားလုံးဟာ ရန်ကုန်မြို့ကြီးကို ပတ်ချာလည်ဝိုင်းထားပါတယ်။ ဒါပေမယ့် စက်မှုဇုန်နဲ့ လူနေအိမ်တွေအားလုံး တဆက်တည်း ဆက်စပ်နေပါတယ်။ စက်မှုဇုန်တွေသာ တကယ်လို့ တစုံတခု မီးလောင်မယ်၊ ပေါက်ကွဲမယ်ဆိုရင် ရန်ကုန်မြို့ဟာ ဗုံးတွေနဲ့ဝိုင်းထားသလိုဖြစ်နေတဲ့ မြို့ကြီးဖြစ်နေပါတယ်။ ဒီအခြေအနေတွေဟာ ကျနော်တို့ရဲ့ပြန် လည်ပြုပြင်နိုင်မှုနဲ့ စက်မှုဇုန်တွေကို ပြန်လည်မြှင့်တင်နိုင်ဖို့ လိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးချုပ်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးဖြန့်ဖြူးဖို့ လျှပ်စစ်ဂက်စ်တာဗိုင် ၆၁ လုံး ဝယ်ယူထားတာကြောင့် မီဂ္ဂါဝပ် ၉၉၀ လောက် ထုတ်လုပ်ပေးရမှာဖြစ်ပေမယ့် စက်ပစ္စည်းတွေဟာ အရည်အသွေးမကောင်းတာကြောင့် ထက်ဝက် လောက်ပဲ ထုတ်လုပ်နိုင်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ဒီစက်တွေရဲ့ စွမ်းဆောင်ရည်ဟာ ၉၉၀ လောက်စွမ်းဆောင်ရည် ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၄၀၀ ကျော်လောက်ပဲ လင်းနိုင်ပါတယ်။ ဒီလျှပ်စစ်ထုတ်ဖို့အတွက် ကျနော်တို့ဂတ်စ်တွေကို သုံးနေရတယ်။ ဒါပေမယ့် ကျနော်တို့အတွက် လုံလောက်တဲ့လျှပ်စစ် ထွက်မလာခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစက်တွေဟာ အသစ်တွေ ပါဆိုပြီး ၀ယ်ပင်ဝယ်ထားသော်ငြားလည်း တကယ်လက်တွေ့မှာ ဒီစက်တွေဟာ ပြောင်လက်နေတာပဲရှိပြီး မော်ဒယ်လည်းမကောင်းဘူး၊ စွမ်းဆောင်ရည်လည်းမရှိဘူး။ အဲတော့ ကျနော်တို့ ပြည်သူလူထုဟာ လျှပ်စစ်မီးရဲ့ဒဏ်ကိုခံနေရတယ်” လို့ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ဆက်လက်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဒေါက်တာကျော်လတ်က ရေတို၊ ရေလတ် ရေရှည်စီမံကိန်းတွေနဲ့ လုပ်ဆောင်သွားဖို့၊ အစိုးရက ပံ့ပိုးကူးညီတဲ့ အိမ်ရာစနစ်တွေ ပြုလုပ်ဖို့၊ ရေရှိရေး၊ ရေဖြန့်ဖြူးရေး၊ မြို့ဧရိယာတိုးချဲ့ဖို့ စတဲ့အချက်တွေကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကောမတီနဲ့ ရီနေးလ်ဆန့် အင်စတီကျုတို့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်မှုကြောင့် ရန်ကုန်မြို့ကြီး အန္တရာယ်ရှိနေတယ်လို့ ပြောကြားခဲ့တဲ့နေ့ ညပိုင်းမှာပဲ တောင်ဒဂုံစက်မှုဇုန် ၂၊ ၆၃ ရပ်ကွက် စစ်တောင်းလမ်းနဲ့ရှင်မတောင်လမ်းကြားက ပါကေးစက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပါမှု ဖြစ်ပွားခဲ့ပါတယ်။
DVB TV News


မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုတခုဖြစ်တဲ့ ရက်တရာစီမံကိန်းဟာ ပြည်သူနဲ့ ရဲတပ်ဖွဲ့ကြား အမှန်တကယ် ပြောင်းလဲမှုတခုဖြစ်လာမယ်လို့ ယုံကြည်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရဲမှူးသိန်းအောင်က ပြောပါတယ်။

“အများကြီးမျှော်လင့်ပါတယ်။ ပြည်သူတွေက ကျနော်တို့ရဲတပ်ဖွဲ့ကို ရက်ပေါင်း ၁၀၀ အတွင်းမှာ ဆောင်ရွက်လိုက်တဲ့အတွက် ပြည်သူတွေက များစွာနှစ်ထောင်းအားရ ဖြစ်လိမ့်မယ်လို့လည်း ယုံလည်းယုံကြည်ပါတယ်။ ဒုစရိုက်မှုများ ရှိလာရင်လည်း အသိပေးဖို့။ ပြည်သူတွေနဲ့ ကျနော်တို့ ရက်ပေါင်း ၁၀၀ မက ရှေ့ဆက်ပြီးတော့လည်း ဆောင်ရွက်မယ့် လုပ်ငန်းတွေက ပြည်သူတွေနဲ့ စိမ့်ဝင်ပြီးတော့ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြုပြင်ပြောင်းလဲပြီးတော့ တသားတည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒီရက် ၁၀၀ စီမံကိန်းနဲ့အတူ ညဘက်တွေမှာ မြို့နယ်အသီးသီးက တာဝန်ကျရဲတပ်ဖွဲ့တွေ လိုက်လံ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မှုခင်းကျဆင်းရေးအတွက် အဓိကထား လုပ်ဆောင်နေတယ်လို့လည်း ရဲမှူးသိန်းအောင်က ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ရက်ပေါင်း ၁၀၀ အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းတွေကို သိသာထင်ရှားစွာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အခု မူးယစ်ဆေးဝါးဆိုလည်း များစွာ ကျနော်တို့ သိမ်းဆည်းရရှိပြီး ဖြစ်ပါတယ်။ ညဆိုရင်လည်း မင်္ဂလာဈေးမှာ အချိန်မပြတ် ထွေအုပ်နဲ့ ပူးပေါင်းပြီးတော့ စစ်ဆေးကြပ်မတ်နေပါတယ်။”

ဒီရက် ၁၀၀ စီမံကိန်းကို မေလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေအပြင် တုတ်၊ ဓားကိုင်ဆောင်တာတွေကို အရေးယူဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ကလည်း မှုခင်းကျဆင်းရေးအတွက် ပြည်သူတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲမှူးက ပြောပါတယ်။

DVB TV News

ခိုင်ပန်းနု


ဆီးရီးယား Aleppo မြို့။
ဆီးရီးယား Aleppo မြို့။

ဆီးရီးယားနိုင်ငံ Aleppo မြို့နားက ကျေးရွာတခုမှာ အယ်လ်-ကိုင်းဒါးအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ လက်နက်ကိုင်တွေနဲ့ ဆီးရီးယား အစိုးရတပ်တွေအကြား တိုက်ပွဲတွေအတွင်း လူ ၇၃ ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တရက်နီးပါးကြာ တိုက်ခိုက်ကြပြီးတဲ့နောက် Khan Touman ရွာနဲ့ ပတ်ဝန်းကျင်က တခြားရွာတွေကို အစွန်း ရောက် ဂျီဟဒ်ဝါဒီတွေက ဒီကနေ့ အစောပိုင်းမှာ ပြန်သိမ်းသွားပါတယ်။
Aleppo နားက Khan Touman ရွာ
Aleppo နားက Khan Touman ရွာ
အဲဒီ့ရွာဟာ Aleppo မြို့ အနောက်တောင်ဘက် ၁၅ ကီလိုမီတာ အကွာလောက်မှာ ရှိပါတယ်။ ရွာဟာ Damascus-Aleppo အဝေး ပြေးလမ်းမနဲ့ နီးတာကြောင့် သူပုန်တွေအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့နေရာတခုပါ။ အဲဒီအဝေးပြေးလမ်းဟာ ဒမတ်စ်ကပ်စ်မြို့တော်နဲ့ ဆီးရီးယားအနောက်ဘက် နယ်စပ်တလျှောက်က အဓိကမြို့ကြီးတွေကို ဆက်သွယ်တဲ့လမ်းပါ။

Jaish al-Fatah လို့သိကြတဲ့ အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်တစုက တိုက်ခိုက်တာဖြစ်ပြီး Aleppo မြို့မှာ တိုက်ခိုက်တာ တွေ အရှိန်လျော့သွားဖို့ အမေရိကန်နဲ့ ရုရှားတို့ မကြာသေးခင်က ကြိုးစားတာကို ဒီအဖွဲ့က ပယ်ချထားပါတယ်။
VOA Burmese News


myanmar-veneer-workers-620.jpg

စစ်ကိုင်းကနေ နေပြည်တော်ကို ဆန္ဒပြချီတက်နေတဲ့ Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေကို မေလ ၆ ရက်နေ့က ဝမ်းတွင်းမြို့မှာ တွေ့ရစဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေတဲ့ Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေ အရေးအတွက် အလုပ်သမားဝန်ကြီး၊ အလုပ်သမားကိုယ်စားလှယ်နဲ့ စက်ရုံကိုယ်စားလှယ်တို့ ဆွေးနွေးပွဲကို ဒီနေ့ နေ့လည် ၃ နာရီလောက်က နေပြည်တော်မှာ စတင်ခဲ့ပါတယ်။

ပထမပိုင်းဆွေးနွေးပွဲမှာ စက်ရုံပိုင်ရှင်က အလုပ်ထုတ်ထားတဲ့ အလုပ်သမားတွေထဲက တဝက်လောက်ကို အလုပ်ပြန်ခန့်ပြီး ကျန်တဲ့တဝက်ကို လျော်ကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားဝန်ကြီးဌာနကလည်း ပြောဆိုတဲ့အတွက် အဲ့ဒီအချက်ကို အလုပ်သမားတွေ တိုင်ပင်ဆုံးဖြတ်ကြဖို့ ဆွေးနွေးပွဲတက်နေတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက အကြောင်းကြားခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ကိုနှင်းအောင်က RFA ကိုပြောပါတယ်။

"ဝန်ကြီးဌာနဘက်ကပြောတာက တစ်ဝက်ကိုပြန်ခန့်မယ်၊ တစ်ဝက်ကတော့ အလုပ်ထုတ်နစ်နာကြေး ပေးပြီးတော့ ထွက်ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနကပြောတယ်ဗျ၊ ကျနော်တို့အနေနဲ့ အတည်မပြုရသေးဘူး ဆွေးနွေးရဦးမှာပေါ့၊ တိုင်းဝန်ကြီးချုပ်ပြောတဲ့စကားနဲ့ တစ်နိုင်ငံလုံးက ဝန်ကြီးချုပ်ပြောတဲ့စကားနဲ့တော့ မတူဘူးပေါ့၊ သူတို့ဆက်ပြီးတော့ ဆွေးနွေးဦးမယ်ဆိုပြီးတော့၊ အခုလောလောဆယ် အစည်းအဝေး တစ်ခေါက်ပြန်ဝင်သွား တယ်၊ ပြန်ထွက်လာလို့ရှိရင် ဖုန်းဆက်မယ်ဆိုပြီး ကျနော်တို့ကိုပြောတယ်"

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ သုံးပွင့်ဆိုင်တံခါးပိတ်ဆွေးနွေးပွဲဟာ ညနေ ၇ နာရီကျော်အထိ မပြီးသေးတဲ့ အတွက် နောက်ဆက်တွဲရလာဒ်ကို သပိတ်မှောက်အလုပ်သမားတွေက ဝမ်းတွင်းမြို့ကနေ စောင့်ဆိုင်းခဲ့ကြပါတယ်။

နောက်ဆုံးအခြေအနေအရ အလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်ဖို့၊ မခန့်နိုင်ရင် အလုပ်သမားအားလုံး နှုတ်ထွက်ပြီး၊ အလုပ်ရှင်ကိုအရေးယူပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲကနေ အဖြေမထွက်ပဲ အလုပ်သမားတွေရဲ့ တောင်းဆိုချက်​ကို နောက်​ ၅ ရက်​အကြာ ဗုဒ္ဓဟူးနေ့ မှာ ဆုံးဖြတ်​ချက်​​ပေးမယ်​လို့ ဝန်​ကြီးဌာနကပြောဆိုပြီး၊ ဒီကြားကာလအတွင်း သပိတ်မှောက် အလုပ်သမားတွေအနေနဲ့ လက်​ရှိ​ရောက်နေတဲ့နေရာမှာ ရပ်​နားထားပြီး စားစရိတ်​နဲ့ ​နေထိုင်ရေးကို အလုပ်သမားဝန်ကြီးဌာနက တာဝန်​ယူ​ပေးမယ်​လို့ ပြောဆိုခဲ့ကြောင်း ကိုနှင်းအောင် ကပြောပါတယ်။

RFA

စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ အလုပ်သမားသမားတွေဟာ အစိုးရနဲ့ ညှိနှိုင်းမှု ရလဒ်အရ သူတို့ဆန္ဒပြချီတက်မှုကို ၅ ရက် ရပ်နားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တရာကျော်ဟာ နေပြည်တော်ကို ချီတက်ဆန္ဒပြနေရာ တပတ်ခန့်အကြာ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အစိုးရ ပြည်ထောင်စုဝန်ကြီးတို့ ဒီကနေ့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းသစ် အချောထည်စက်ရုံက အလုပ်သမား ၁၀၀ကျော် ဟာ စက်ရုံကနေ အလုပ်ထုတ်ပစ်ခဲ့ပြီး ၂လကြာတဲ့အထိ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုမရှိဘူးဆိုကာ နေပြည်တော်သမတရုံးကိုချိတက်ပြီးနောက် ဒီကနေ့ မေလ ၆ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့  ပြည်သူအင်အား ဝန်ကြီးဌာနကတာဝန်ရှိသူတွေက အလုပ်သမား ခေါင်းဆောင်တွေ ကို ခေါ်ယူတွေ့ဆုံခဲ့ရာမှာ အလုပ်သမားတွေဘက် က အချက် ၃ချက် တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုတွေထဲက ၂ ချက်ကိုတော့ ၅ရက်အတွင်း အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ကတိပေးခဲ့တာကြောင့် ဆွေးနွေးနေတဲ့ ၅ရက်မှာ အလုပ်သမားသပိတ် ရပ်နားထားမှာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်ကပြောပါတယ်။

" လုပ်ငန်းခွင် ရပိုင်ခွင့်နဲ့ ကြားကာလ နစ်နာကြေးရရှိရေး နောက်ပြီးတော့ ဥပဒေ ချိုးဖောက်တဲ့ ဥပဒေကို ဘယ်လိုအရေးယူပေးမလဲ။ အချက်နဲ့ပါ ခင်ဗျ။ အလုပ်ပြန်လည် ရရှိရေးပေါ့။ အလုပ်ပြန်လည်ရရှိရေးနဲ့ ကြားကာလ နစ်နာကြေးရရှိရေး ။ သူတို့ အလုပ်ရှင် အလုပ်ထုတ်လိုက်သည့် နေ့မှ စပြီး နောက်ဆုံးနေ့ရက် အထိပေါ့။ နောက်ဆုံးနေ့ရက် ကြာခဲ့တဲ့ အချိန်အထိ ကြားကာလ နစ်နာကြေးကို ပြောတာပေါ့။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်လိုက်တဲ့ဟာကို ဥပဒေကြောင်းအရ ဒီဝန်ကြီးဌာနက ဘယ်လိုအရေးယူပေးမလဲဆိုတဲ့ တောင်းဆိုချက်ပါခင်ဗျ။ အားလုံးပေါင်း သုံးချက်ထဲပါ ခင်ဗျ။

အခု တောင်းဆိုချက်တွေကို အလုပ်ရှင်ကို တရားဥပဒေကြောင်းအရ တရားစွဲဖို့ အချိန်ကာလတခု သူတို့ကိုပေးပါ။ သူတို့အဆင့်ဆင့်ပြန်လည်စိစစ်ပြီးတော့ အရေးယူပေးမယ် ဆိုပြီး ပြောလာပါတယ်။ ကျန်တဲ့နှစ်ချက်ကတော့ ကြားကာလ နစ်နာကြေးနဲ့ လုပ်ငန်းခွင်ပြန်လည်ရရှိရေးကတော့ ငါးရက်စောင့်ပါ အလုပ်ရှင်နဲ့သူတို့ ညှိမယ်လို့ ပြောပါတယ်။ ၅ ရက် ကာလအတွင်းမှာ ကျနော်တို့ သပိတ်ကို လက်ရှိ ဒီနေရာမှာပဲ ရပ်နားထားမယ်။ ဒီမှာ စားဖို့နဲ့ နေဖို့ ထိုင်ဖို့ အားလုံးအတွက်ကို ဝန်ကြီးဌာနက တာဝန်ယူမယ်လို့ပြောပါတယ်။ လက်ရှိ ကျနော်တို့ သဘောတူညီ ထားတာကတော့ ဘုန်းကြီးကျောင်းမှာ စားဖို့ နေဖို့အတွက် အကုန်စီစဉ်ပေးမယ်ဆိုပြီး ဝန်ကြီးဌာနဘက်က သဘောတူထားတယ်။ "

ဧပြီလကုန်ကစပြီး တပတ်ခန့် ကြာတဲ့အထိ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်နေတဲ့ အလုပ်သမားသပိတ်ကို လမ်းခရီးမှာတော့ အာဏာပိုင်တွေဘက်က တာဆီးပိတ်ပင်ခဲ့ပေမဲ့ ဆက်လက် ချီတက်နေခဲ့တာပါ။

လမ်းခရီးမှာ အလုပ်သမားတွေ ၀င်ရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံဖို့ အတွက် ဖိအားပေးမူတွေရှိခဲ့ပါတယ်။ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့ အထိ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတာပါ။ သူတို့ကို အလုပ်ရှင်ဘက်ကကော၊ အလုပ်သမားဝန်ကြီးဌာနဘက်ကပါ ဖြေရှင်းပေးမှု မရှိဘူးဆိုပြီး အခုလိုချီတက် လမ်းလျောက်ပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ ဦးတည်ချက်ကတော့ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ဦးတည်ချီတက်နေတာဖြစ်ပြီး အစိုးရသစ်ကို ဆန့်ကျင်တာမဟုတ်ပဲ သူတို့ပြဿနာတွေကို တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုဖို့သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မအေးအေးမာ
VOA Burmese News


သမ္မတဦးထင်ကျော်ဟာ ဒီကနေ့မနက်ပိုင်းက လာအိုနိုင်ငံကို နေ့ချင်းပြန် ခရီးစဉ်တခု သွားပြီး ညနေပိုင်းက ပြန်ရောက်လာပါပြီ။ မြန်မာနိုင်ငံမှာ အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း ပထမဆုံးသွားတဲ့ ပြည်ပခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားပါတယ်။

သမ္မတဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်တို့ကို လာအိုနိုင်ငံခရီးစဉ် အသွားအပြန်မှာ ဒုတိယသမ္မတနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား အဆင့်မြင့် တာဝန်ရှိသူတွေက နေပြည်တော်လေဆိပ်မှာ အသွားတုန်းက လိုက်ပို့ကြသလို အပြန်မှာ လည်း ကြိုဆိုကြပါတယ်။

သမ္မတဦးထင်ကျော်နဲ့အဖွဲ့ကို လာအိုသမ္မတ Bounnhang Vorachit (ဘွန်ညန်း ဗိုရာချစ်တ်) က ဗီယန်ကျင်းမြို့တော်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်တာကို လာအိုနိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ထုတ်လွှင့်ပြသပါတယ်။ လာအိုသမ္မတဟာ ပြီးခဲ့တဲ့ ဧပြီလ က ရွေးကောက် တင်မြှောက်ခံထားရတာပါ။

ကြိုဆိုပွဲအခမ်းအနားပြီးတဲ့နောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြတာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပါဝင်တယ်လို့ လာအိုနိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ လာအိုနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ လက်ရှိ အလှည့်ကျဥက္ကဌဖြစ်ပြီး စက်တင်ဘာလ ကျရင် အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပါတယ်။

VOA Burmese News

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘဇံချောက်မှော်ရွာမှာ မေလ ၅ ရက်နေ့ညက ကျောက်ကြောကမ်းပါးပြိုကျတာကြောင့် မြေပိ ပြီး သေဆုံးခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ Photo: Zaw Moe Htet/RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်  မှော်ရွာမှာ မေလ ၅ ရက် မနေ့ညက ကျောက် တူးရာကနေ ကျောက်ကြောကမ်းပါးပြိုကျလို့  ရေမဆေးကျောက်ရှာဖွေသူ ၁၃ ဦး မြေပိပြီး သေဆုံးခဲ့ပါတယ်။

ကျောက်စိမ်းကုမ္ပဏီတွေ မတူးတော့တဲ့ ကျောက်ကြောကမ်းပါးနေရာတွေမှာ တူးကြရင်း ပြိုကျပြီး သေဆုံးခဲ့တာလို့ ဆိမ်မူးကျေးရွာအခြေစိုက် သင်္ခါ လူမှုကူညီရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က ပြောပါတယ်။

"အလောင်း ၁၃ လောင်းရတယ်၊ ကမ်းပါးပြိုတယ်ဆိုတာက ကျောက်ကြောပြတ်ကျတာ ကုမ္ပဏီတွေ မတူးတဲ့ ပစ်ထားတဲ့နေရာမှာ ဝင်တူးတာ၊ အန္တရာယ်ရှိတဲ့နေရာမှာ လူတွေအများကြီးသွားမတူးတာ အကောင်းဆုံးပဲ"

ကျောက်ကမ်းပါးပြိုကျတဲ့နေရာဟာ တစ်သုံးလုံးနဲ့ စိမ်းရွှင်ရတနာကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နှစ်ခုကြားမှာ ရှိတဲ့ ပေလေးရာလောက်အနက်ရှိတဲ့ ကျောက်ကြောကမ်းပါးမှာဖြစ်ပြီး ကျောက်တူးနေချိန်မှာ မိုးရွာနေတယ် လို့လည်း ပြောပါတယ်။

သေဆုံးသူ ၁၃ ယောက်ဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်ကြပြီး မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို စတဲ့ဒေသတွေကနေ လာရောက်စီးပွားရှာသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က အဲ့ဒီဆိပ်မူကျေးရွာအုပ်စုထဲမှာပဲ စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ရန်ကုန်မြို့တော်၏ အစွန်အဖျား ဆင်ခြေဖုံးဒေသများတွင် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းအချို့တွင် အုပ်စုဖွဲ့ရန်ပြုတိုက်ခိုက်၊ လုယက်မှုများ ဖြစ်ပွားမှုများလာသဖြင့် ခရီးသွားပြည်သူများကြား လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်စိတ်များ မြင့်တက်လာကြောင်း သိရသည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ၃၃ မီနီဘတ်စ်ယာဉ်လိုင်းပေါ်တွင် မိန်းကလေး တယောက်ကို ခါးပိုက်နှိုက် လေးယောက်ခန့်မှဝိုင်းပြီး ပိုက်ဆံအိတ်ကို ဓားဖြင့်ခွဲရာ ကားစပယ်ယာက မြင်တွေ့သွားပြီး သတိပေးလိုက်သဖြင့် ယာဉ်မောင်းနှင့် စပယ်ယာနှစ်ဦးကို ခါးပိုက်နှိုက်များက ဓားဖြင့်ထောက်၊ လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့သည်။

''အဲဒီလို ဖြစ်စဉ်တွေရှိတယ်။ တလောက မြောက်ဒဂုံဘက်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတခုက တိုင်စာတစောင် မထသ (ဗဟို) ကို တက်လာတယ်။ ဘယ်လိုတိုင်သလဲဆိုတော့ ခရီးသည် အမျိုးသမီးငယ်တဦးကို အဲဒီမော်တော်ယာဉ်လိုင်းက စပယ်ယာက ကားပေါ်ကနေ ရင်ဘတ်ကိုတွန်းပြီး အောက်ကိုဆင်းခိုင်းတယ်လို့ တိုင်လာတယ်။ အဲဒီဖြစ်စဉ်ကို စုံစမ်းကြည့်တဲ့အခါ ကောင်မလေးကို တွန်းချတာ အဲဒီယာဉ်လိုင်းက စပယ်ယာ မဟုတ်ဘူး။ အဲဒီမြောက်ဒဂုံတ၀ိုက်က လူခြောက်ယောက်၊ ခုနစ်ယောက်လောက် စုပြီး ကားပေါ်တက် ပိုက်ဆံတက်ကောက်တယ်။ ပြီးရင် နှစ်မှတ်တိုင်လောက်စီးပြီး ပြန်ဆင်းသွားတယ်။ လူအုပ်များတော့ စပယ်ယာနဲ့ ဒရိုင်ဘာကလည်း မပြောရဲဘူး။ အဲဒီလိုဖြစ်စဉ်တွေ အများကြီးရှိသေးတယ်။ ရဲကိုတိုင်မှ ရဲကသိမှာ။ ၂၀၁၅ နှစ်ကုန်ပိုင်းကဆို တောင်ပိုင်းခရိုင်၊ သန်လျင်ဂိတ်မှာ ဖြစ်တာ။ မထသဂိတ်ထဲက ဂိတ်မှူးကို ထွက်ခိုင်းပြီး လူအုပ်နဲ့ ခရီးသည်တင်ယာဉ်တွေဆီက ပိုက်ဆံခပ်တည်တည်နဲ့ ကောက်တယ်။ အဲဒီက ဖုန်းဆက်အကြောင်းကြားလာမှ ရဲတွေခေါ်သွားပြီး သွားဖမ်းခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ ပြောရရင် ဒီလိုအုပ်စုဖွဲ့ မိုက်ကြေးခွဲရမ်းကားတာတွေကို မထသယာဉ်လိုင်းမှာပါ ဖြစ်နေတယ်ဆိုတာကိုပါ''ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က News Watch သို့ ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီခန့်အချိန်တွင် တာမွေအ၀ိုင်း မီးပွိုင့်ထိပ်၌ ၁၇၄ မော်တော်ယာဉ် လိုင်းမှ ဒရိုင်ဘာနှင့် စပယ်ယာတို့အား အိမ်စီးကားတစီးပေါ်မှ လူတစုက ဓာတ်ဆီဖြင့်လောင်း မီးရှို့တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် ခရီးသည်တချို့ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သော တရားခံများကို ယနေ့ထိ ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

''ကျွန်မက သန်လျင်မှာနေတာ။ အလုပ်လုပ်တာက ပုဇွန်တောင်မှာ။ ပြန်ရင် ပန်းဆိုးတန်းကနေ သန်လျင် ကားစီးပြီး ပြန်ရတာ။ အဲဒီလို အုပ်စုဖွဲ့ပြီးလုပ်နေတာတွေကြားတော့ ညဥ့်နက်တဲ့အထိ မနေရဲဘူး။ မလုံခြုံသလိုပဲ''ဟု သန်လျင်မြို့၌ နေထိုင်သူ မသီတာထွေးက ပြောသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မေလ ၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော်မှ နယ်မြေစိုးမိုးရေးအတွက် ကွင်းဆင်းစစ်ဆေးရန် SSPP/SSA သျှမ်းပြည် တပ်မတော် နှင့် သဘောတူညီမှု ရရှိထားချိန်မှ စ၍ ယနေ့ အထိ နှစ်ဘက်တပ်များ အပြိုင်အင်အားဖြည့်တင်းမှု ရှိနေသည်ဟု သိရသည်။

ယခုလ ၁၂ ရက်နေ့တွင် တန့်ယန်းမြို့တောင်ဘက် တန့်ယန်း - မိုင်းရှူးကားလမ်း အရှေ့ဘက်ခြမ်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း လွယ်စေး၊ လွယ်လန်း တောင်ကြောတပ်စခန်းများ စစ်ဆေးရန် ဧပြီ ၃၀ ရက်နေ့က သဘောတူညီမှု ရရှိထားကြောင်း၊ သို့သော်လည်း ဒေသအတွင်းရှိ တပ်များ စစ်ရေး အသင့်ပြင်ဆင်မှု ရှိနေသည့်အပြင် အင်အားဖြည့်တင်းမှုများလဲ ရှိနေကြောင်း သျှမ်းပြည်တပ်မတော် ဌာနချုပ်အရာရှိ တဦးက ဤကဲ့သို့ပြောသည်။

“လာမယ့် ၁၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးဖို့ သဘောတူထားတယ်။ အခု ဌာနချုပ်မှာ ဆွေးနွေး နေတယ်။ ကျနော်တို့ဘက်က ဘယ်သူ ဦးဆောင်မလဲပေါ့။ အစိုးရတပ်မတော် ဘက်ကတော့ တန့်ယန်းမြို့အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းအောင် လို့သိရတယ်။ စစ်ဆေးမယ်ဆိုတာလဲ ဘယ်ပုံစံစစ်ဆေးမှာလဲ၊ လက်ခံနိုင်တဲ့အတိုင်းအတာဆိုရင် အိုကေတယ်လေ” - ဟု ပြောသည်။

ထို့အတူ သျှမ်းပြည်တပ်မတော် ရှေ့တန်းတပ်မှူးကလည်း - “လာရောက်စစ်ဆေးမယ့် ကိစ္စက ပန်ကာ ကျင်း တွေ၊ ခံတုတ်ကျင်းတွေ အကုန်ဖို့၊ တပ်စခန်းတွေအကုန်ဖျက် လာရောက်စစ်ဆေးချိန်မှာ မမြင်ချင်ဘူး လို့ပြောတယ်။ ဘာလုပ်ရမလဲ - စစ်သားဘဲ။ ဒီကိစ္စက လက်ခံနိုင်စရာမဟုတ်ဘူး၊ စော်ကားတာဘဲ ”- ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမြို့စစ်တိုင်းရုံးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက အစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော်၏ တပ်စခန်း အနီးနှင့် တပ်စခန်းများကြားတို့တွင် တပ်စခန်းချထားလိုကြောင်း၊ တိုက်ပွဲများမဆင်နွဲရဘဲ သျှမ်းပြည်တပ်မတော် တပ်စခန်းထက် ပိုမြင့်သည့်နေရာ၌ တပ်မတော်ဘက်မှ တပ်စခန်း ချခွင့်ရလိုကြောင်း - ပြောသည်။

လားရှိုးအခြေစိုက် အစိုးရတပ်မတော် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ ရှိရာ တန့်ယန်းမြို့နယ် လွယ်စေး၊ လွယ်လန်းဒေသ မှ ဧပြီလ ၂၂ နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ညွှန်ကြားသည်။ သျှမ်းပြည်တပ်မတော်ဘက်မှ သဘော မတူသည့်အတွက် ဧပြီလ ၂၇ နေ့၌ နှစ်ဘက်ပူးတွဲ တပ်စခန်း စစ်ဆေးခွင့်ပေးရန် ထပ်မံတောင်း ဆိုသော်လည်း သျှမ်းပြည်တပ်မတော်ဘက် က သဘောမတူခဲ့ပေ။

၂၀၁၄ ခု တာဖါဆောင်တံတား၊ ၂၀၁၅ တာ့ဆံပူးကူးတို့ဆိပ် အားတိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင် စဉ် ကလည်း အစိုးရတပ်မတော် မှ ထိုနည်းဗျူဟာများ ပုံစံတူ ကျင့်သုံးခဲ့သည်။ သျှမ်းပြည်တပ်မတော် သည် တနိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသော်လည်း ထိုစာချုပ်အား အစိုးရတပ်မတော်နှင့်အတူ ပါဝင်ရေးစွဲထားသည့် အပြင် ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈ /၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၃ ရက်)

■မြန်မာနိုင်ငံအမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသအတွင်း အရေးပေါ်အသက်ဘေးအန္တရာယ် ကျရောက်သူ များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများအကြား ထိရောက်စွာ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားရှာဖွေ ကယ်ဆယ်ရေး အစီအမံများကို စနစ်တကျ ချမှတ်အကောင်အထည်ဖော်နိုင်ရန်အတွက် “မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေး ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန ဥက္ကဌ
(ခ) ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဒုတိယဥက္ကဌ
(ဂ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဖွဲ့ဝင်
(ဃ) စစ်ဦးစီးအရာရှိချုပ်(ရေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အဖွဲ့ဝင်
(င) စစ်ဦးစီးအရာရှိချုပ်(လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူးချုပ်
မီးသတ်ဦးစီးဌာန အဖွဲ့ဝင်
(ဍ) ညွှန်ကြားရေးမှူးချုပ်
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(ဎ) ညွှန်ကြားရေးမှူးချုပ်
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(ဏ) ညွှန်ကြားရေးမှူးချုပ်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(တ) ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့ဝင်
(ထ) ဥက္ကဌ
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်
(ဒ) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အတွင်းရေးမှူး
(ဓ) ညွှန်ကြားရေးမှူးချုပ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး

၂။ မြန်မာနိုင်ငံအမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(က) အမျိုးသားသဘာဝဘေးကာကွယ်ရေးစီမံချက်အား နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြန်လည် ရေးဆွဲနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒ တောင်းခံ၍ ဆက်လက် ဆောင်ရွက်ခြင်း။
(ခ) သဘာဝဘေး(ရေ၊ လေ၊ ဆူနာမီ၊ မီးဘေး၊ ငလျင်) အလိုက် ဖြစ်နိုင်ဖွယ်ရှိသော ဒေသနှင့် လူဦးရေများအား လေ့လာ၍ ဘေးဒုက္ခသည်များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ထားခြင်း၊ ထိုဒေသရှိ မြေပြင်အနေအထားပေါ်မူတည်၍ ဒုက္ခသည်များ တိမ်းရှောင်ခိုလှုံနိုင်သောနေရာများ၊ ရုတ်ခြည်းလိုအပ်နိုင်သော သက်ကယ်ပစ္စည်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် လိုအပ်သောယာဉ်နှင့် စက်ယန္တရားများ၊ စက်သုံးဆီများ၊ အသက်ရှင်နေထိုင်ရန် လိုအပ်သောရိက္ခာပစ္စည်း အခြေအနေများအား ကြိုတင်လေ့လာပြီး အရန်သင့်စုစည်းပြင်ဆင်ထားခြင်း။
(ဂ) ငလျင်ဘေး၊ မီးဘေးများတွင် ပိတ်မိနေသော ဒုက္ခသည်များအား ရှာဖွေကယ်ဆယ်နိုင်ရေး အတွက် ဒေသအလိုက် အထူးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း။
(ဃ) အရေးပေါ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရဌာနများ အချင်းချင်း၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း။
(င) သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများ၊ အသက်ဘေးမှ လွတ်မြောက်စေရန်နှင့် အသက်ရှင်ကျန်နေသူများအားလုံး ဆက်လက်ရှင်သန်နိုင်ရေး စုဖွဲ့စီမံခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် လှုပ်ရှားလေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း။
(စ) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးသည်နှင့် ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး၊ နေရာချထားရေးလုပ်ငန်းကော်မတီအဖွဲ့သို့ အချိန်မီလွှဲပြောင်း ပေးခြင်း။
(ဆ) ပြည်ပမှအကူအညီလိုအပ်သည်ဟု ဆုံးဖြတ်သောကိစ္စရပ်များအတွက် ပေါင်းစပ် ဆောင်ရွက် ရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချမှတ်ပေးခြင်း။
(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသောဒေသများတွင် သဘာဝဘေးများ ကျရောက်မှုနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခြင်း။
(ဈ) အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးခေါင်းဆောင်သည် အထက်တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မပြတ်စေရေး ညွှန်ကြားဆောင်ရွက်ခြင်း။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၀/၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်)

■ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးပြောင်းလဲတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုး အစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ် များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယသမ္မတ (၁) ဥက္ကဌ
(ခ) ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန ဒုတိယဥက္ကဌ
(ဂ) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(င) ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန အဖွဲ့ဝင်
(ဆ) ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ည) ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဍ) ပြည်ထောင်စုစာရင်းစစ်ချုပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
(ဎ) ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပြောင်းလဲတိုးတက် လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်ရန်။
(ခ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးအခြေခံမူများ၊ တည်ဆဲ ဥပဒေများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရန်။
(ဂ) စွမ်းဆောင်ရည်ကျဆင်းလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း များအား စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး နည်းလမ်းများအား အသုံးပြု၍ ဆောင်ရွက်ရန်။
(ဃ) ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲသုံးစွဲရာ၌ ဘတ်ဂျက်လိုငွေကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ၀န်ထုတ်ဝန်ပိုးမဖြစ်စေရန် အစိုးရဌာန များမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှ ပုဂ္ဂလိကများသို့ လုပ်ဆောင် နိုင်မည့် လုပ်ငန်းများအား ခွဲဝေလွှဲပြောင်းပေးရန်။
(င) အစိုးရ- ပုဂ္ဂလိကပူပေါင်းဆောင်ရွက်ခြင်း (Public- Private Partnership- PPP) ပုဂ္ဂလိက- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (Private- Private Partnership) လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အရင်းအနှီးများ တိုးတက်ရ ရှိလာခြင်း၊ နည်းပညာ ဖွံဖြိုးမှုမှတစ်ဆင့် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာ ခြင်းဈေးကွက်ယှဉ်ပြိုင်မှုများ၊ စီမံခန့်ခွဲမှုများနှင့် ပွင့်လင်းမြင်သာမှုများ တိုးတက်လာခြင်းတို့မှ တစ်ဆင့် ပြည်သူနှင့် နိုင်ငံဖွံ့ဖြိုးမှုအတွက် အကျိုး ကျေးဇူးများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးရန်။
(စ) အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းဆောင်ရွက် သင့်သော လုပ်ငန်းများအား နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့် အောက်ပါနည်းလမ်းများဖြင့် စိစစ်သုံးသပ်၍ ဆောင်ရွက်စေရန်-
(၁) ရှယ်ယာခေါ်ယူခြင်း(Sharing System)
(၂) အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (Public- Private Partnership)
(၃) နိုင်ငံသားများအချင်းချင်း ပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း (Private- Private Partnership)
(၄) အစိုးရမှ ပုဂ္ဂလိကလုပ်များသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များ ထုတ် ပေးခြင်း (Franchise)
၅) ဖက်စပ်လုပ်ကိုင်ခြင်း (Joint Venture- JV)
(၆) ထုခွဲရောင်းချခြင်း (Sale)
(၇) မြို့ပြစီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိစက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား အခြားသင့်လျော်သည့် လုပ်ငန်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်စေရန်၊
(ဆ) လွှဲပြောင်းရေးဆိုင်ရာနည်းလမ်းများအား အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်း၍ ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက် သင့်သည့် နယ်ပယ်၊ နည်းလမ်းများကို စိစစ်သုံးသပ်၍ အထက် အဖွဲ့အစည်း သို့ တင်ပြရန်။
(ဇ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် သက်ဆိုင်သည့် ဘဏ္ဍာနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်ပေးရန်။
(ဈ) ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းရန်နှင့် ယင်းတို့၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရန်။
(ည) နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှု ရှိ/မရှိစိစစ်၍ အကျိုးကျေးဇူးများနှင့် အားနည်း ချက်များကို အထက်အဖွဲ့အစည်းများသို့ သုံးသပ်တင်ပြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်။
(ဋ) ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းမပြုသည့် နိုင်ငံတော်အစိုးရက မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း များအား စီးပွားရေး အရ တွက်ခြေကိုက်မှု ရှိ/မရှိ စိစစ်သုံးသပ်ရန်။
(ဌ) ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား ဝယ်ယူသူမှ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခွင့်မရှိဘဲ အခြား လုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်လိုပါက ဆောင်ရွက်လိုသည့် လုပ်ငန်းအား စိစစ်သုံးသပ်ရန်။
(ဍ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှ ရှင်းလင်း အသိပေးရန်။

၃။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် လိုအပ်သည့် ဆပ်ကော်မတီများ ဖွဲ့စည်း ခြင်း၊ အမိန့်များ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းတို့အတွက် အခြား ဝန်ကြီးဌာနများနှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ အတည်ပြုချက် ရယူရမည်။

၎။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို အခါ အားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြရမည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office