05/09/16


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာတွင် မေ ၅ ရက် ည ၁၁ နာရီအချိန်ခန့်က တရွာတည်းနေ ဦးဝင်းအောင်၏နေအိမ်အား လူတစုက ခဲနှင့်တနာရ်ီခန့်ကြာ ပစ်ပေါက်ပြီး၊ လူတဦးကနောက်မှချုပ်၍ ရှေ့မှတဦးက ဓားနှင့်ထိုးခဲ့မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ခုန်တိုင်ကျင်းကျေးရွာ၊ သွေးချောက်ချောင်း တံတားထိပ်တွင်နေထိုင်သော ဦးဝင်းမောင်က သစ်ကုန်သည်များ ဝှက်ထားသော ကျွန်းသစ် ၁.၉ တန်ကို လွှတ်တော်အမတ် ဦးတင်ဝင်းအား သတင်းပေးသည်ဟုဆိုကာ လူတစုက အထက်ပါအတိုင်း မင်းမဲ့စရိုက်ဆံစွာပြုမူခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ် ဦးတင်ဝင်းထံမှတဆင့် သိရှိရသည်။


`ည၁၀နာရီခွဲလောက်မှာ လေချွန်သံတွေကြားနေရတာ ထူးတယ်ပေါ့။ ၁၁နာရီလောက်လည်းကျရော ခဲတွေမိုးရွာသလိုကျလာတယ်။ ကျတော် ငြိမ်နေသေးတယ်။ အချိန် တနာရီလောက်ကြာလာတော့ ကျတော့်ဇနီးနဲ့ ၁၀နှစ်သမီးရဲ့အသက်ကို စိုးရိမ်လာတယ်။ သမီးငယ်ကြောက်နေတဲ့ပုံမြင်တော့ မနေနိုင်တော့ဘူး ဖြစ်ချင်ရာဖြစ်တော့ ဓားကိုင်ဆင်းလိုက်ပြီး မဲမဲမြင်ရာရမ်းရတယ်။ ၁/၂ ယောက်ထိသွားတယ်။ လူအင်အားမမျှဘူး။ အဲဒီမှာ ကျွန်တော့်ကို နောက်ကနေ တယောက်က ဝင်ချုပ်တယ်။ လက်ကို ကိုက်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ရှေ့ကတယောက်က မမှီမကမ်း ဓါးနဲ့လှမ်းထိုးတာ ရင်ညွန့်ကိုထိသွားတယ်။ အထိုးခံပြီး ကျွန်တော် အုပ်ချုပ်ရေးမှူးအိမ်တန်းပြေးပြီး မင်းတုန်းမြို့ကို ကားအကူအညီတောင်းပြီးတော့ ဆေးရုံရောက်လာတာ´ဟု ဦးဝင်းမောင်က ပြောသည်။

အဆိုပါဒေသတ၀ိုက် တရားမ၀င်သစ်ခိုးထုတ်မှုများကို ကိုယ်တိုင် ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကလည်း“သူတို့က သတင်းပေးလို့စွပ်စွဲတဲ့လူ သုံးဦးရှိပြီး ဦရွှေမှတ်ဆိုတဲ့လူရဲ့နေအိမ်လည်း ခဲနဲ့ပစ်ပေါက်ခံလိုက်ရတယ်´ဟု ဆိုသည်။

ထိုအမှု၌ သံသယရှိရသူ ၁၀ ဦးကို မင်းတုန်းမြို့မရဲစခန်းက စစ်ဆေးနေပြီး ဓားထိုးခံရသူ ဦးဝင်းမောင်မှာ လက်ရှိ မြို့နယ်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသခံယူနေရကြောင်း သိရှိရသည်။

ထန်ထန်(မဲဇလီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လန်ဒန် ၊ ၉-၅-၂၀၁၆

ဗြိတိန်နိုင်ငံ၏ နာမည်ကြီး ရေကြောင်း ကောလိပ်မှ ဘွဲ့ရရှိခဲ့သော ရေတပ် အရာရှိ တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယား နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကူဝိတ်နွယ်ဖွား ဗြိတိန်ရေတပ် အရာရှိ အလီ အယ်လိုဆိုင်မီ သည် South Tyneside ကောလိပ်၌ ရေကြောင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားခဲ့ပြီး ကူဝိတ် နိုင်ငံသား သူငယ်ချင်း တစ်ဦးနှင့် အတူ ကောလိပ်အနီးရှိ တိုက်ခန်း တစ်ခန်းတွင် နေထိုင်ခဲ့သူ ဖြစ်သည်။ အယ်လိုဆိုင်မီ သည် ဗြိတိန်နိုင်ငံ၏ ရေယာဉ်စုနှင့် ပတ်သက်၍ အဆင့်မြင့် နည်းပညာ ဗဟုသုတနှင့် စွမ်းရည် များစွာကို သင်ယူထားသူ ဖြစ်သောကြောင့် ယခုကဲ့သို့ ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း လိုက်ခြင်းမှာ နိုင်ငံ၏ လုံခြုံရေး အတွက် အလွန် စိုးရိမ်ရကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက မေ ၇ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

ထို့ပြင် အယ်လိုဆိုင်မီ သည် ဗြိတိန် ရေကြောင်း တပ်ဖွဲ့၏ အရေးပါသော အရာရှိ တစ်ဦး ဖြစ်သောကြောင့် ISIS စစ်သွေးကြွ အဖွဲ့တွင် တပ်မှူးအဆင့် ရာထူး ခန့်အပ်ခံရဖွယ် ရှိကြောင်း၊ ၄င်းထံမှ ရရှိသော အချက်အလက် များကို အသုံးပြု၍ ဗြိတိန် သင်္ဘောများအား တိုက်ခိုက် လာနိုင်ဖွယ် ရှိပြီး ရေကြောင်း အတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ကျွမ်းကျင်သူ များက သတိပေး ပြောကြားသည်။

အယ်လိုဆိုင်မီ သည် ၂ဝ၁၁ ခုနှစ်က ရေကြောင်း ကုန်သွယ်ရေး ဘာသာရပ်ကို သုံးနှစ်ကြာ တက်ရောက် သင်ကြားခဲ့ပြီး ကူဝိတ်ရှိ နိုင်ငံပိုင် ရေနံတင် သင်္ဘော ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင် ခဲ့ဖူးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

 “အမေနေ့” နိုင်ငံတကာမှာ ဆင်နွှဲ
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတလွှား နိုင်ငံအများအပြားမှာ ဒီကနေ့ တနင်္ဂနွေနေ့ကို Mother’s Day “အမေနေ့” အဖြစ် သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ ဆောင်ရွက်ချက်တွေကို ဒီကနေ့ အမေနေ့မှာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့်တော့ မိသားစုတွေမှာမိခင်ဖြစ်သူတွေကို ပန်းစည်းတွေ လက်ဆောင်ပေးကြ၊ ညစာ တည်ခင်းကြပြီး အမေနေ့ကို ဆင်နွှဲကြပါတယ်။ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကလည်း သူ့ရဲ့ သီတင်း ပတ်စဉ်မိန့်ခွန်းမှာ သမ္မတကတော် Michelle Obama ကို ဂုဏ်ပြုစကား ပြောကြားပါတယ်။

“ဒီသတင်းပတ်မှာတော့ မိခင်တဦးအဖြစ် အရေးအကြီးဆုံးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့အတွက် မီရှဲလ်ကို ကျေးဇူးတင်စကားပြောဖို့ အချိန် နည်းနည်းပိုယူပါမယ်။ နောက်ထပ်ကျေးဇူးတင်ရမှာကတော့ ယောက္ခမ ဖြစ်သူကိုပါ။ သူဟာဆိုရင် မီရှဲလ်အတွက် အမြဲတမ်း စံပြပုဂ္ဂိုလ်တဦးဖြစ်သလို ကျနော်နဲ့ မီရှဲလ်တို့ အနေနဲ့ Malia နဲ့ Sasha ကို ကျွေးမွေးစောင့်ရှောက်တာမှာလည်း ကိုယ်ကျိုးမငဲ့ဘဲ ကူညီပေးခဲ့သူ ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ကိုယ့်ရဲ့ မိခင်ရင်းတွေ၊ ကိုယ့်ကို ကိုယ်ဝန်လွယ် မွေးဖွားပေးခဲ့ရတဲ့ မိခင်တွေအားလုံးကို ကျေးဇူးတင်ကြဖို့ကို လည်း သမ္မတ အိုဘားမားက တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ Mother’s Day အမေနေ့ကိုလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင်းပကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်း
နျူကလီးယားအင်အားကြီးနိုင်ငံက မြောက်ကိုရီးယာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး ခြိမ်းခြောက်မှု မရှိမချင်းနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို သုံးမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းက ပြောဆိုတဲ့အကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုနေတဲ့ နိုင်ငံတွေနဲ့လည်း သမ္မတ ကင်ဂျုံအွန်းက ဆက်ဆံရေး တိုးတက် လိုတဲ့ဆန္ဒ ရှိနေတယ်လို့ နိုင်ငံပိုင် KCNA သတင်းက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံနဲ့လည်း ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ လိုလားတယ်လို့ ကင်ဂျုံအွန်းက ပါတီ ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဘက်က မကြာခင်မှာ နောက်ထပ် နျူကလီးယားနဲ့ ဆက်နွယ်တဲ့ စမ်းသပ်မှု လုပ်လာနိုင်တဲ့အပေါ် တောင်ကိုရီးယားနိုင်ငံကတော့ သတိကြီးကြီးထားနေဆဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဆိုင်ရာကိစ္စတွေကို အလေးပေး ဖော်ပြနေတဲ့ 38 North အင်တာနက် ၀က်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ မေလ ၅ ရက်နေ့တုန်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်ရေး စခန်းပေါ်ကနေ ပုဂ္ဂလိက ဂြိုဟ်တုက ရိုက်ယူထားတဲ့ပုံတွေမှာ စခန်းအတွင်း မော်တော်ယာဉ်တွေ လှုပ်ရျားသွားလာနေတာကို တွေ့ရပါတယ်။

အဲဒီစခန်းဟာ စမ်းသပ်မှုတခုခုအတွက် ပြင်ဆင်တဲ့အချိန်ကလွဲလို့ တခြားအချိန်တွေမှာ လှုပ်ရှားမှုမတွေ့ရတတ် တဲ့နေရာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထူးဂရုကုမ္ပဏီ ဌာနအသီးသီးမှ ၀န်ထမ်းများအနေဖြင့် အခြေခံကိုယ်စီ တာဝန်ဝတ္တရားများလုပ်ကိုင်ခြင်း မရှိသောကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ၀န်ထမ်းများကို
လစာ တစ်ဝက် လျှော့ချမည်ဟု ဦးတေဇက ၂၀၁၆ ၊ မေလ ၆ ရက်နေ့တွင် ၄င်း၏ကုမ္ပဏီ ၀န်ထမ်းများအားလုံးသို့ ပေးပို့သည့် စာတစ်စောင်တွင် ထည့်သွင်းဖော်ပြ ထားသည်။

ယင်းပေးပို့စာတွင် ထူးဂရုကုမ္ပဏီများအနေဖြင့် Finanical Statement များတင်ပြခြင်း၊ ဌာနအသီးသီး အခြေခံ ကိုယ်စီတာဝန် ၀တ္တရားများကိုပင် လုပ်ကိုင်ခြင်း မရှိဘဲ လကုန်လျှင် လစာလာတောင်းနေသည့်ပုံ ဖြစ်ရသည်မှာနှစ်ပေါက်ခဲ့သည်မှာ ၂ နှစ်မက ဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအခြေအနေ၊ အခွန်ပေးဆောင်မှု၊ လာမည့်နှစ် Budget ချထား၍ Tax Target (အခွန်သွင်းရန် တာဝန်ယူခြင်း) လမ်းညွှန်ချက်ခံယူရန် ပျက်ကွက်သည်မှာ အလွန်ဆိုးဝါး၍ မိမိမှ HGC ၏ ၀န်ထမ်းများ အားလုံးကို လစာ၏ ငါးဆယ်ရာခိုင်နှုန်းသာ ကြိုပေးပြီး မိမိနှင့် ကုမ္ပဏီဝန်ထမ်း အားလုံး နှစ်သစ်တွင် စနစ်သစ်ကို ပူးပေါင်း၍ သဘောတူ စာချုပ်ချုပ်ပြီးမှသာ Unit အလိုက် Final Statement နှင့် ၂၀၁၆-၂၀၁၇ Business Plan အား မိမိထံ ရှင်းလင်းတင်ပြပြီးမှသာ လက်ကျန် လစာတစ်ဝက်ကို ဆက်လက်ပေးရန် ဆုံးဖြတ်သည်။

ထိုသို့ ဆုံးဖြတ်ရသည်မှာ မိမိ နှုတ်ဖြင့်အကြိမ်ကြိမ် ပြောကြားသော်လည်းလိုက်နာဆောင်ရွက်မှု မရှိကြခြင်းကြောင်း ဖြစ်သည်ဟု ရေးသားထားသည်။

ဦးတေဇအနေဖြင့် ထိုသို့ စာထုတ်ရခြင်းမှာ -

- U.S Sanction ကြောင့် Htoo နာမည်မခံဘဲ တခြားအမည်ဖြင့် တပည့်သားသမီးများအားလုပ်ကိုင်ခွင့်ပြုခဲ့ရာ ၄င်းတပည့်သားသမီးများမှ အခွင့်ကောင်းယူ၍ ငွေမသမာမှုများ
ပြုလုပ်ကြခြင်း၊

- Ownership Sense ရရှိပြီး အလုပ်ပိုမိုအောင်မြင်မှု ရရှိရန် Air Bagan တွင် ၀န်ထမ်း အားလုံးကို ၅၁ ရာခိုင်နှုန်းနှင့်၊ AGD Bank တွင် ၂ နှစ်အထက် ၀န်ထမ်း အားလုံးကို Share တစ်ခုစီ ပေးခဲ့သော်လည်း အောင်မြင်မှု မရရှိခြင်း၊

- Htoo Business Unit မျာအးနေဖြင့် Budget Year ကုန်ဆုံးပြီး ရက် ၂၀ ထက် မကျော်ဘဲ Financial Statement များကို Owner သို့မဟုတ် State Share Holder သို့ တင်ပြ ရမည်ဖြစ်သော်လည်း ၀န်ထမ်းအားလုံး မိမိကိုယ်စီတာဝန်များ
ပျက်ကွက်နေခြင်း၊

- Media မှ ခရိုနီဟု တိုက်ခိုက်ခြင်းကြောင့် ယခင်အစိုးရလက်ထက်တွင်မှစပြီး HtooCompany အောင်မြင်ရရှိထားသော နိုင်ငံတော်၏ Open တင်ဒါများကိုပင်
အောင်မြင်သော်လည်း ပြန်လည်ရုပ်သိမ်းခံရခြင်း၊

- လုပ်ကိုင်နေသော Myanmar Shopping Mall ၊ ကျိုင်းတုံကျောက်မီးသွေး ၊ Mitsui နှင့် Toyota ကားထုတ်လုပ်ရေး JV လုပ်ငန်းမှ ထွက်ခိုင်းခြင်း၊ ဧရာဝတီ Special Economic Zone လုပ်ငန်း၊ Telephone Tower တိုင် တင်ဒါအောင်မြင်သော်လည်း ပြန်လည် အသိမ်းခံရခြင်း

အထက်ဖော်ပြပါ အချက်များကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထူးဂရုကုမ္ပဏီ၏၀န်ထမ်းများ အားလုံး၏ လစာကို ငါးဆယ်ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်း
HTOO GROUP OF COMPANIES ၏ ၂၀၁၆ ၊ မေလ ၆ ရက် နေ့စွဲဖြင့် ဦးတေဇက လက်မှတ်ထိုး စာထုတ်ခဲ့ခြင်းဖြစ်သည်။

TZH
Popular News Journal

ဖားကန့်မြို့ မြင်ကွင်းတခု
ဖားကန့်မြို့ မြင်ကွင်းတခု

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်မှာ ဒီကနေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း ဗုံးပေါက်ကွဲမှုတချို့ရှိခဲ့ပေမဲ့ လူ အသေ အပျောက်မရှိခဲ့ဘူးလို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိမှာတော့ အခြေအနေ ပုံမှန်ပြန်ဖြစ်နေပြီး မြို့လူထုအနေနဲ့ လည်း အရောင်းအ၀ယ်နဲ့ အသွားအလာတွေမပျက်ဘဲ ပုံမှန်အတိုင်းပဲရှိနေတယ်လို့လည်း ပြောပါတယ်။ ဖားကန့်မြို့ခံ ဦးဟန်မြင့် ကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းတဲ့အခါ ဗုံးကွဲတဲ့အခြေအနေကို သူက အခုလို စရှင်းပြပါတယ်။

“ဦးဟန်မြင့် ။ ။ ဗုံးကွဲတာကတော့ ညနေ ၂း၂၀ မှာ ကျနော်တို့ ကျောက်စိမ်းတောင်တံတား၊ မြို့မ ရပ်ကွက်ထဲကလေ ရဲကင်းနဲ့ ကျနော်တို့ဒီက မီးသတ်မျှော်စင်ကြားထဲမှာ ပျိုးပင်လေးတွေရှိတယ်။ ပျိုးပင်ဆိုတာ သစ်ပင်သေးသေးလေးတွေကို ပျိုးထားတဲ့အပင်လေးတွေရယ်၊ အဲဒီရဲ့ဘေးမှာ မီးသတ်ကားရှိတယ်။ ပျိုးပင်ကြားထဲကနေ ထကွဲတာပဲ။

မေး။ ။ နောက်ထပ် တခြားနေရာတွေမှာရော ဘယ်အချိန်တုန်းက ဘယ်လိုပေါက်ကွဲတာပါလဲ။

ဦးဟန်မြင့် ။ ။ ဆိပ်မူမှာတော့ မနက်ပိုင်း ၇ နာရီကျော်ကျော်မှာတလုံး၊ ၉ နာရီကျော်ကျော်မှာ (တလုံး) ကွဲတယ်လို့ သတင်းရတယ်။ ကျနော်တို့နဲ့ ဆိပ်မူနဲ့ကျတော့ နဲနဲလှမ်းတော့ အဲဒီသတင်းကတော့ သတင်းပဲရတယ် ကျနော်သွားမကြည့်ဘူး။ ဖားကန့်က ကွဲတာကတော့ ကွဲကွဲပြီးခြင်း ကျနော်သွားကြည့်တာလေ။ လူအသေအပျောက်တော့မရှိဘူး။ ဒါပေမယ့် မိုင်းကတော့ အသံမိုင်းလို့ပြောရမှာပေါ့။ အသံတော့ တော်တော်ကျယ်တယ်။

မေး။ ။ ဆိုတော စုစုပေါင်း ဦးဟန်မြင့် ကိုယ်တိုင်သိတာရော၊ တခြားသတင်းရတာရောဆိုရင် စုစုပေါင်း ဘယ်နှစ်ကြိမ်လောက်ပေါက်တယ်လို့ သိရပါသလဲ။

ဦးဟန်မြင့် ။ ။ ဒီနေ့က ကျနော်ကြားတာကတော့ ဆိပ်မူမှာ ၂ ကြိမ်၊ ဖားကန့်မှာ ၁ ကြိမ်ဆိုတော့ ၃ ကြိမ်ပေါ့ ဒီနေ့တရက်ထဲတင်။

မေး။ ။ ဟုတ်ကဲ့ တခြားသတင်းတွေမှာတော့ ဗုံးက ၄ ကြိမ်ကွဲတယ်လို့ ကျနော်တို့ တွေ့နေရပါတယ်ခင်ဗျ။

ဦးဟန်မြင့် ။ ။ ကျနော်သိတာကတော့ ဒီနေ့ ဆိပ်မူမှာ ၂ ကြိမ်ကွဲတယ်၊ ဖားကန့်မှာ ၁ ကြိမ် ကျနော်အဲလောက်ပဲ သိထားတယ်။

မေး။ ။ ဟုတ်ကဲ့ အခုလက်ရှိဖားကန့်မြို့ပေါ်က လုံခြုံရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဦးဟန်မြင့် ။ ။ ဖားကန့်မြို့ပေါ်မှာတော့ လုံခြုံရေးအခြေအနေက ကွဲပြီးတဲ့အချိန်ကတော့ တပ်ကရော၊ ရဲကရော လုံခြုံရေးယူထားတယ်။ သူတို့လာကြည့်ထားတယ်။ ဒါပေမယ့် ပြည်သူလူထုကတော့ အသွားအလာတော့မပျက်ဘူး။ တံတားပေါ်မှာလည်း သွားလာနေတယ်။ ကျနော်တို့ ဒီမှာကတော့ ဒီအသံတွေက အတွေ့အကြုံတွေရထားပြီဆိုတော့ လမ်းပိတ်ဆို့ခြင်းတွေလည်းမရှိဘူး။ သွားလာလှုပ်ရှားမှုကတော့ ပုံမှန်အတိုင်းရှိပါတယ်။

မေး။ ။ အသွားအလာ၊ အရောင်းအ၀ယ် လူတွေရဲ့နေထိုင်သွားလာမှုပုံစံ လုံးဝ မပျက်ဘဲနဲ့ ပုံမှန်အတိုင်းပဲရှိနေတယ်ပေါ့နော်။

ဦးဟန်မြင့် ။ ။ ပုံမှန်အတိုင်းပဲ ကျနော်တို့က ဒီအသံလေးတွေကလည်း ကချင်ပြည်နယ်မှာနေတာဆိုတော့ အသံတွေလည်း ရိုးနေပြီ၊ ဘာမှလည်း အသေအပျောက်လည်းမရှိဘူး၊ အထိအခိုက်လည်းမရှိဘူးဆိုတော့ လမ်းကြောပိတ်ဆို့ခြင်းလည်းမရှိပါဘူး။ ဒီအတိုင်း ပုံမှန် သွားလာနေကြပါတယ်။”

ဖားကန့်မြို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံ ဦးဟန်မြင့်က ဗွီအိုအေကို ရှင်းပြခဲ့တာပါ။

ကျော်ကျော်သိန်း
VOA Burmese News


shan-refugees-620.jpg
RCSS/SSA နဲ့ PSLF/TNLA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် သီပေါမြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို မေလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်က ကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်တွေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပိုများလာပါတယ်။

ကျောက်မဲမြို့မှာ အရင်က ဒုက္ခသည် ၄ဝဝ လောက်သာ ရှိရာကနေ အခုဆိုရင် တစ်ထောင်ကျော်လောက် ရှိလာတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုသားဇော်က ပြောပါတယ်။

"ပထမရက်ကတော့ ၃၊ ၄ ရွာပေါ့၊ နောက်အတောအတွင်းမှာ အဲ့ဒီနားဟာက အကုန်လုံးကို ပြုံပြီးဆင်းပြေးလာတယ်၊ ဒါပေမဲ့ တော်တော်များများက ကြိုတင်ပြီးပြေးလာတဲ့အပိုင်းဖြစ်တယ်၊ တိုက်ပွဲနဲ့တကယ်ထိတွေ့ပြီးမှပြေးလာတဲ့ ရွာတွေကလည်းရှိပါတယ်၊ နည်းပါတယ်၊ ဒါပေမဲ့ ဖြစ်လာရင် အရင်တစ်ခေါက်လို ပိတ်မိတာတို့၊ တန်ဆာခံလုပ်ခံ ရမှာ ကြောက်တာတို့ထက်အခြေအနေမျိုးမှာ အားလုံးကကြိုတင်ပြီးပြေးလာတဲ့ဟာ များပါတယ်၊ များသောအားဖြင့် အသံတွေကြားတယ်၊ ရွာပတ်ဝန်းကျင်မှာဖြစ်တယ်၊ အဖွဲ့အစည်းတွေအားလုံး လမ်းကြောင်းမှာသွားတာ တွေ့တဲ့အခါ ကျတော့ ကြိုတင်ပြီး ရှောင်တိမ်းလာတဲ့ဟာပါပဲ တော်တော်များများက"

ကျောက်မဲမြို့ပေါ်ကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ဟူးဆွန်၊ ဟူးနွယ်၊ ပုံးလုံးကျေးရွာတွေကဖြစ်ပြီး သူတို့ ကို ကျောက်မဲမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးထားတာဖြစ်ပါတယ်။ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေများပြီး ကိုယ်ဝန်ဆောင်သည်တွေလည်း ပါဝင်ပါတယ်။

အလားတူ သီပေါမြို့ပေါ်ကို ဒုက္ခသည် ၂ဝဝ ကျော် ထပ်မံရောက်ရှိလာတာကြောင့် သီပေါမြို့က ဘော်ကြိုဘုရားကြီးဝင်းထဲ မှာ နေရာချပေးထားတယ်လို့  သီပေါမြို့ ဝမ်းမောလူမှုကူညီရေးအဖွဲ့ က ကိုမျိုးက ပြောပါတယ်။

"ဘော်ကြိုဘုရားကြီးဝင်းမှာပေါ့နော် ထားတာက အခု ၂၁၈ ဦး၊ သူတို့ကတော့ စစ်ရှောင်တဲ့သဘောနဲ့ပြေးလာတဲ့ သဘောပါပဲ"

သီပေါမြို့ပေါ်မှာ အရင်က ဒုက္ခသည် ၃ဝဝ လောက် ရှိနေတာဖြစ်ပြီး ဒုက္ခသည်တွေ နေထိုင်စားသောက်ဖို့ အတွက် ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကူညီပေးနေတာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ က TNLA နဲ့ RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် လေးထောင်လောက်ဟာ အခုထိနေရပ်မပြန်နိုင်သေးပဲ ပြီးခဲ့တဲ့နှစ်က စတင်ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ RCSS/SSA တိုက်ပွဲတွေကြောင့် ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း နဲ့ မိုင်းရှူးမြို့နယ်တွေမှာ ဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။
RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးမြေအဖြစ် လုပ်ပိုင်ခွင့်ချထားပေးတဲ့ မြေနေရာတွေမှာ ခြံစည်းရိုးခတ်ပြီး အကွက်ရိုက်ရောင်းချနေတာတွေကို တိုင်းဒေသကြီးအစိုးရက မနေ့ကစပြီး လိုက်လံဖယ်ရှားနေပါတယ်။

စိုက်ပျိုးမြေအဖြစ် လျှောက်ထားပြီး အကွက်ချရောင်းချတာဟာ မြေယာဥပဒေနဲ့မညီညွတ်တဲ့အတွက် ကွန်ကရစ်တိုင်တွေနဲ့ ခြံစည်းရိုးတွေကို ဖယ်ရှားတာဖြစ်တယ်လို့ "မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ" နာယကဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။

"လယ်ယာမြေဥပဒေအတိုင်းပေါ့ ဥပဒေနဲ့မညီတဲ့ဟာတွေပေါ့၊ ဥပဒေနဲ့မညီပဲနဲ့ ဥပမာအားဖြင့် လယ်ယာမြေ အဖြစ်၊ မြေလွတ်မြေရိုင်းအဖြစ်ချထားပေးတယ်၊ ဥပမာအားဖြင့် ပုံစံ ၇ အဖြစ်ချပေးထားတာတွေအားလုံးက စိုက်ပျိုးလုပ်ကိုင်ဖို့ပဲ ချထားပေးတာလေ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ချထားပေးတာကို စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိပဲနဲ့ အကွက်ရိုက် ရောင်းချထားတာတွေကို ဖယ်ရှားတာပါ၊ မြေသိမ်းဆည်းတာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ အစိုးရခေတ်မှာတော့ တစ်ချိန်လုံးပေါ့ဗျာ၊ ဥပဒေနဲ့မညီတာတွေလုပ်ခဲ့တာပေါ့၊ ဒါတွေပြန်ပြောနေလို့တော့ သိပ်တော့မလွယ်လှဘူး"

ပြင်ဦးလွင်- မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ မိုးကြိုးကချင်စုရပ်ကွက်နဲ့ သက်ကိုင်ကျေးရွာအုပ်စုထဲမှာ အကွက်ရိုက်ရောင်းချ ထားတဲ့ မြေကွက် ၅၇ ကွက်ကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ် တစ်ခုလုံးမှာ စိုက်ပျိုးမြေအဖြစ် လျှောက်ထားတဲ့ မြေဧက ၅ သောင်းကနေ ၇ သောင်းအထိ ရှိပါတယ်။

အဲ့ဒီမြေနေရာတွေမှာ စိုက်ပျိုးရေးမလုပ်ပဲ အကွက်ပေါင်း သိန်းနဲ့ချီရိုက်ထားတာဖြစ်ပြီး အဲ့ဒီမြေကွက်တွေကို သုံးလအတွင်း အပြီးဖယ်ရှားသွားမှာဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။

အဲ့ဒီမြေနေရာတွေကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်မှာဖြစ်ပြီး မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ သူတို့နစ်နာမှုတွေ ကို ရောင်းချသူတွေနဲ့သာ ညှိနှိုင်းရမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

"မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ"မှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နာယကအဖြစ်ပါဝင်ပြီး မြေစာရင်း၊ စည်ပင်၊ စိုက်ပျိုးမွေးမြူရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သစ်တော စတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
RFA


teachers-organization-620.jpg
မန္တလေးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က မေလ ၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဓါတ်ပုံ - ဆရာဆရာမများ အဖွဲ့ချုပ်

တစ်နိုင်ငံလုံးက မူလတန်းပြဆရာ၊ ဆရာမတွေ ရာထူးတိုးစာမေးပွဲ ဖြေဆိုရမယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းပေးစေလိုကြောင်း ဆရာ ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။

မန္တလေးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆို တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ သွားရောက်ညှိနှိုင်းရာမှာ စာမေးပွဲမဖြေခိုင်းတော့ဘူးလို့ နှုတ်နဲ့ပဲ ပြောဆိုလိုက်ပြီး စာမထုတ်ပြန်ပေးတာကြောင့် အခုလို တောင်းဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသုတ က ပြောပါတယ်။

"စာမေးပွဲဖြေတာကို လက်မခံဘူး၊ ကျနော်များ ဆရာများအဖွဲ့ချုပ်အနေနဲ့ရော၊ အခုလက်ရှိ အခြေခံက ဆရာ၊ ဆရာမတွေအနေနဲ့ရော၊ ဘာကြောင့်စာမေးပွဲဖြေတာကို လက်မခံသလဲဆိုတော့ ကျနော်တို့မှာ ခိုင်မာတဲ့အကြောင်းပြချက်ရှိပါတယ်လို့၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို စာမေးပွဲနဲ့စစ်ဆေးလို့မရပါဘူး၊ ကျနော်တို့က စာမေးပွဲမဖြေဆိုရကြောင်း ကြေညာချက်ပေါ့နော် ပြန်ပြီးထုတ်ပေးရမယ်၊ အဲ့ဒါမျိုးကို လိုချင်တာ"

မူလတန်းပြ ဆရာ၊ ဆရာမတွေဟာ အလယ်တန်းပြအဖြစ် ရာထူးတိုးလျှောက်ထားမယ်ဆိုရင် စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး လာမယ့် မေလ ၁၂ ရက်နေ့မှာ စာမေးပွဲ စတင်ဖြေဆိုရမယ်လို့ ပညာရေးဝန်ကြီးဌာနက စာထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ မူလတန်းပြ ဆရာ ဆရာမ တစ်သိန်းဝန်းကျင်ရှိပြီး ရာထူးတိုးစာမေးပွဲကို လက်မှတ်ရေးထိုးကန့်ကွက်ထားတဲ့ ဆရာ ဆရာမ ၉ ထောင်ကျော် ရှိပါတယ်။

ကန့်ကွက်ထားတဲ့ ဆရာ ဆရာမတွေက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ထံ စာပေးပို့ထားတာဖြစ်ပြီး အဖွဲ့ချုပ် တာဝန်ရှိသူတွေက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တာဖြစ်ပါတယ်။
RFA

 boukjar-ndf-620.jpg အမျိုးသားဒီမိုကရေစီအင်အားစု ( NDF ) ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌဟောင်း ဒေါ်ဘောက်ဂျာကို ၂ဝ၁၆ ခုနှစ် မေလ ၈ ရက်နေ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က သူမရဲ့ နေအိမ်မှာ တွေ့ရစဉ်။
Photo: Kyaw Myo Min/RFA

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။

တောင်သူတွေအရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဓိကထားဆောင်ရွက်လိုတဲ့အတွက် ထွက်တာဖြစ်တယ် လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"NDF ကတော့ ကျမ အပြီးထွက်တဲ့ပုံစံပါပဲ၊ တောင်သူအရေးကို ပိုအားသန်ပြီး လုပ်နေရတဲ့ပုံစံပါပဲ၊ ပါတီဘက်ကို ကျမ အားနည်းတာတွေလည်းရှိတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ဒီလိုမျိုး ၂ ခု အလုပ်လုပ်ဖို့ဆိုရင်လည်း မတက်နိုင်တာအပြင် အခက်အခဲတွေ အများကြီးကြုံရမှာပဲ၊ အဲ့ဒါကြောင့် တောင်သူအရေးကိုပဲ၊ ပြည်သူအရေးကိုပဲ ကျမ ပိုပြီးလုပ်ဆောင်နိုင်ဖို့ရန်အတွက် ဒီပါတီကထွက်မှာဖြစ်ပါတယ်၊ အခုထွက်တာက မိမိဆန္ဒသဘောအရပါပဲ၊ ကျမအနေနဲ့ အခုအချိန်အထိကတော့ တခြားပါတီကို ကူးပြောင်းဖို့ကတော့ ရည်ရွယ်ချက်မရှိပါဘူး"

ဒေါ်ဘောက်ဂျာဟာ ပါတီကနေ နှုတ်ထွက်ကြောင်း အကြောင်းကြားစာကို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ မနေ့ကရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။ NDF ပါတီ ကချင်ပြည်နယ်ရုံးကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားရှိပြီး ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ဘောက်ဂျာဟာ တောင်သူလယ်သမားအရေးကို လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပြီး မကြာခဏတရားစွဲဆိုခံရသလို ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။ လတ်တလောမှာလည်း မိုးညှင်းမြို့နယ်က မြေယာကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ ၃ ခု နဲ့ တရားရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေ ဖားကန့်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာလည်း မြစ်ကြီးနားမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။
RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.