05/10/16

 ပြည်ထောင်စုလွှတ်တော်။ မေလ ၁၀ ရက်နေ့ ၂၀၁၆ (MOI)
ပြည်ထောင်စုလွှတ်တော်။ မေလ ၁၀ ရက်နေ့ ၂၀၁၆ (MOI)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာန ထားရှိရေးကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ ဒီဝန်ကြီးဌာန ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့ရှိပေမယ့်လည်း၊ သမ္မတလုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ဆောင်ရွက်နိုငဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ သုံးသပ်သူအချို့ကတော့ ယူဆပါတယ်။ ကိုထက်အောင်က စုံစမ်းမေးမြန်းထားတာပါ။

မေလ ၅ ရက်နေ့က သမ္မတ ဦးထင်ကျော်က ၀န်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ ပြည်ထောင်စု လွတ်တော်ကို သ၀ဏ်လွှာ ပေးပို့ခဲ့ပြီးတဲ့နောက်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ ဒီကနေ့မှာ ကန့်ကွက်သူမရှိ ပြည်ထောင်စုလွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ နိုင်ငံတော်သမ္မတထံမှာ သ၀ဏ်လွှာ ပေးပို့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းရန်ကိစ္စနဲ့ ပတ်သက်ပြီး ၅ ရက် ၅ လ ၂၀၁၆ က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး ၁၉ ရက်မြောက်နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သဘောမတူတဲ့သူ မရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန တခု တိုးချဲ့ဖွဲ့စည်းရန်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။”

ပြည်ထောင်စု လွတ်တော်နာယက မန်းဝင်းခိုင်သန်းက လွတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး အခုလို ပြောကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကို လွတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပေမယ့်လည်း ပြည်ထောင်စု ၀န်ကြီးအဖြစ် ဘယ်သူ့ကို ခန့်အပ်သွားမလဲဆိုတာကတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဝန်ကြီးဌာန ဖွဲ့စည်းဖို့ လွတ်တော်ကို ပေးပို့လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်လည်းဖြစ်သူ၊ ငြိမ်းချမ်းရေး စေ့စပ်ညှိုနှိုင်းရေးမှုးလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး အဖြစ် ခန့်အပ်သွားဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဒေါက်တာတင်မျိုးဝင်းက အခုလို ပြောပါတယ်။

“ကျနော်မဟုတ်ဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ ၊ ငြိမ်းချမ်းရေးပဲလုပ်မှာပါ ။ ကျနော်အဲဒီ ၀န်ကြီးဌာနမဟုတ်ပါဘူး။ ကျနော်က ငြိမ်းချမ်းရေးပဲလုပ်ရမှာလေ။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်တာဝန်ပေးနိုင်ဖို့အတွက် လွတ်တော် ၂ ရပ်မှာ ပြီးခဲ့တဲ့ဧပြီလထဲမှာ ဥပဒေကြမ်း တင်သွင်းစဉ်တုန်းက တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအဖြစ် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းလိုက်တာနဲ့ ပတ်သတ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပြောတာက

“ကျနော့် အမြင်ကတော့ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဝန်ကြီး ရုံးဆိုင်ရာ ၀န်ကြီးဌာန ဆိုတာ လိုအပ်တယ်လို့မြင်တယ်။ ဒီဝန်ကြီးဌာန ပေါ်လာရတဲ့အကြောင်းအရင်းကို စဉ်းစားရမယ်ဆိုရင် အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်ပြီးပေါ်လာတာလို့မြင်တယ်။ တကယ်တန်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ သမ္မတဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနဆိုတာ ပေါ်လာစရာမရှိဘူးလို့ ကျနော်မြင်တယ်။ အဲဒီအခါကျတော့ အဲဒီလိုပေါ်လာတာ တကယ်တန်းကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနဲ့ တရားဥပေဒေ စိုးမိုးရေး စတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ပြီး အောင်မြင်မှု ရရှိဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ရုံး ၀န်ကြီးဌာနကို တိုးချဲု့ဖွဲ့စည်းဖို့ နိုင်ငံတော် သမ္မတ ကလွတ်တော်ကို အကြောင်းကြားခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ၀န်ကြီးဌာန သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်းဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်လက်ထက်မှာဒီတစ်ခေါက် ဖွဲ့စည်းလိုက်တဲ့ ၀န်ကြီး ဌာနတစ်ခုအပါအ၀င် ပြည်ထောင်စု ၀န်ကြီးဌာနပေါင်း ၂၂ ခု ရှိသွားပြီဖြစ်ပါတယ်။

ထက်အောင်
VOA Burmese News

ဖားကန့်မြို့မြင်ကွင်းတနေရာ။
ဖားကန့်မြို့မြင်ကွင်းတနေရာ။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား ဒီနေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် စတဲ့ မြို့ပေါ်နဲ့ ကျေးရွာအုပ်စုအတွင်းမှာ ဗုံးပေါက်ကွဲ တာတွေ နေ့စဉ် လိုဖြစ်ပွား နေပါတယ်။ လောလောဆည်မှာတော့ ဖားကန့်နဲ့ မိုးကောင်း သွားကားတွေကို တားဆီးစစ်ဆေးရှာဖွေနေသလို ဖားကန့်မြို့ပေါ်နဲ့ လူနေရပ်ကွက်တွေအတွင်းမှာ လုံခြုံရေးတင်းကျပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရသစ်တက်ပြီးတဲ့နောက် လပိုင်းအတွင်းမှာ ပြန်လည်စတင်လာတဲ့ ဖားကန့်ဒေသတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ပိုမိုပြင်းထန်လာနေသလို မြို့ပေါ်လူနေရပ်ကွက်တွေ အတွင်းမှာ မကြာခန ဗုံးပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ အထိတ်တလန့်ရှိနေကြပါတယ်။

လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဖားကန့်ဒေသအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ရဲ့ တပ်ရင်းမှုး ဗိုလ်မှုးတန်ဆိုင်းက အခုလို ပြောပါတယ်။

“ဒီနေ့က တနေ့လုံးတိုက်ပွဲဖြစ်ပါတယ်။ ၁၁ နာရီကနေဖြစ်တာ အခုအချိန်အထိဖြစ်နေတုန်းပဲ။ ကျနော်တို့ ဌာန ၆ တဲ့နေရာပါ။ အောင်လန့်လေ၊ အောင်လန့်ဘက်လေ အစိုးရတပ်တွေကတော့ နယ်မြေရှင်းလင်းရေးဆိုပြီးမှ ၀င်လာလို့ ဖြစ်တဲ့တိုက်ပွဲပါ။ မနေ့ကလည်း အကြီးအကျယ်ပါ။ မနက်ကနေညအထိ ဒီနေ့နဲ့ဆိုလေးရက်မြောက်ရှိပါပြီ။ ကျနော်တို့ တပ်ရင်း ၆ ကို ထိုးစစ်ဆင်တာ ၄ ရက်မြောက်ဖြစ်ပါတယ်။ မေလ ၇ ရက်နေ့ကနေစတာပါ။”

KIA တပ်ရင်း ၆ ဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ဖားကန့်မြို့နဲ့ အနီးအနားဒေသတွေမှာ ဗုံးပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားနေသလို ဒီမနက်မှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ဖားကန့်မြို့က ဦးဟန်မြင့်က ပြောပါတယ်။

“ဒီမနက် ၁၀ နာရီခွဲလောက်မှာ ရဲကား အရှေ့ကဖြတ်သွား တာကို ဘေးကနေပြီးတော့ ပစ်ချ လိုက်တာ ။ ဒါပေမယ့်လို့ ရဲကား လွတ်သွားပြီး ဆိုင်ကယ် ၂ စီးက ဒဏ်ရာရလားတော့မသိဘူး။ အဲဒီနောက်က ကျနော်တို့ကားက မော်ခါး ကိုစီးသွားတာ ။ ကျနော့်သားကလန့်သွားပြီးတော့ ကျနော်တို့ အိမ်ကိုပြန်ပြေးလာခဲ့ရတာ တခါထဲ။ ဒီဟာတွေကိုတော့ ကျနော်တို့ မြို့ပေါ်မှာ လုံးဝမဖြစ်စေချင်ပါဘူး။ ကျနော်တို့က ပြည်သူလူထု ထိခိုက်နစ်နာမယ့်ဟာတွေ ကို မဖြစ်စေချင်ပါဘူး။”

တနင်္လာနေ့ကလည်း မပေါက်ကွဲသေးတဲ့ ဗုံး၇လုံးလောက်တွေ့ရှိရှင်းလင်းခဲ့သလို ဆိုင်းတောင်ရဲစခန်းမှာ ၂ လုံး ပေါက်ကွဲ ခဲ့တယ်လို့ ဆက်ပြောပါတယ်။

“မနေ့တုန်းက ဖားကန့်မြို့ပေါ်မှာပဲ မကွဲသေးတဲ့ ဗုံး ၅ လုံး ။ ၅ လုံးစလုံးကောက်တဲ့အချိန်မှာ ကျနော်ပါတယ်။ ကျနော်ရှိတယ်။ တပ်မကနေပြီးတော့ မိုင်းရှင်းလင်းရေးအဖွဲ့တွေကနေပြီးတော့ ကောက်သွားပြီးတော့မှ ရှင်းလင်းလိုက်တာနော်။ နောက်ဆိုင်းတောင်မှာက စစ်ဘက်ရေးရာလုံခြုံရေးရှေ့မှာ ၂ လုံး။ မကွဲသေးဘူးလို့တော့ သတင်းရတယ်။ နောက်ပြီးတော့ ဆိုင်းတောင်၊ ဆိပ်မူ ရဲကင်းအရှေ့မှာ ၂ လုံး၊ အဲဒီ ၂ လုံးစလုံး ကွဲတယ်။ ၁ လုံးကကွဲပြီးတော့ ရဲကင်းကို မီးလောင်သွားတယ်လို့ မနေ့ညက ကျနော်သတင်းရတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဖားကန့်မြို့နယ်အတွင်းမှာ မိုင်း ၅ လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဗုံးပေါက်ကွဲတဲ့အခြေအနေကို ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအလုပ်များနေတာကြောင့် ဖြေဆိုဖို့ မအားလပ်သေးကြောင်း တုံပြန်ပြောကြားပါတယ်။

“ကျနော်တို့ဒီမှာလည်း အလုပ်အရမ်းရှုပ်နေတယ်။ လူကလည်းနည်းတယ်။ သတင်းယူတာတွေနဲ့ အရမ်းရှုပ်နေလို့လေ အခုကတော့ သတင်းပြောလို့ အဆင်မပြေသေးဘူး အကို။”

ဖားကန့်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ဗုံးပေါက်ကွဲတာတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဒီလိုတိုက်ပွဲဖြစ်နေရင်တော့ ဒါဘယ်သူလုပ်တယ်ဆိုတာလည်း ပြောလို့ အတိအကျမရဘူးလေ။ ဟိုဘက်ကလည်း လုပ်ချင်လုပ်မယ်၊ ဒီဘက်ကလည်း လုပ်ချင်လုပ်မယ်။ ဒီ ဥစ္စာတွေကျတော့ ကျနော်တို့ အတိအကျပြောဖို့ခက်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ တဘက်နဲ့ တဘက်ကတော့ လုပ်ကြမှာပဲလေ။ လူထုထဲတော့ မလုပ်သင့်ဘူးပေါ့။ ပြောမယ်ဆိုရင်တော့ ဒီစစ်ပွဲကြောင့်မို့လို့ဖြစ်တဲ့ အကျိုးအကြောင်းဆက်တွေပေါ့ဗျာ။ နောက်ဆုံးကျတော့ လူထုနာတာပါပဲ၊ လူထုမြေစာပင်ဖြစ်တာပဲပေါ့ဗျာ။”

ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာ၊ ဗုံးပေါက်ကွဲတာတွေဖြစ်ပွား ပြီးတဲ့နောက်မှာတော့ အစိုးရတပ်မတော်ကဖားကန့်၊ မိုးကောင်းလမ်းမှာ ကားတွေကို တားဆီးရှာဖွေတာ၊ စစ်ဆေးတာတွေ ဆောင်ရွက်နေသလို မနေ့ကတော့ ဖားကန့်ဖက်လာတဲ့ကားတွေကို လာရောက်ခွင့် ယာယီ ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့နောက်ဆုံးရတဲ့သတင်းအရ အသွားကားရော၊ အပြန်ကားတွေကိုပါ သွားလာခွင့် ပြန်ပေးထားပေမယ့် မြို့ပေါ်မှာတော့ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

ကိုမိုးဇော်
VOA Burmese News


မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် မေလ ၁ဝ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းစဉ်။ Photo: Myanmar Union Parliament Facebook
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် မြန်မာ-ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေ အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမှာ ပိုမိုတိုးတက်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောပါတယ်။

အဲ့ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သ၀ဏ်လွှာပေးပို့ထားတာဖြစ်ပါတယ်။

အဲ့ဒီသ၀ဏ်လွှာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါ အ၀င် ကိုယ်စားလှယ်သုံးဦးစလုံးက ပါဝင်လက်မှတ်ရေးထိုးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ လုပ်ငန်းလိုအပ်ချက်အရ နောက်ထပ်အဖွဲ့ဝင် ၅ဦး ထပ်တိုးတာဝန်ပေးလိုက်ကြောင်း လည်း လွှတ်တော် ဥက္ကဌက ကြေညာခဲ့ပါတယ်။

တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမြသိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဒုတိယရှေ့နေ ချုပ်ဟောင်း ဦးမြင့်နိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူး ချုပ်ဟောင်း ဒေါ်အေးအေးမူ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနက အငြိမ်းစာ ပါမောက္ခ ဒေါက်တာ သီတာဦးနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ညွှန်ကြားရေးမှူးဟောင်း ဒေါ်သင်းခိုင် တို့ကို ထပ်တိုးတာဝန်ပေး လိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 နော်ဝေးနိုင်ငံ၊ Bergen မြို့မှာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိကျင်းပနေသော Global Student Voice  နိုင်ငံတကာ ကျောင်းသားများ ညီလာခံ။  (Courtesy Photo)
နော်ဝေးနိုင်ငံ၊ Bergen မြို့မှာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိကျင်းပနေသော Global Student Voice နိုင်ငံတကာ ကျောင်းသားများ ညီလာခံ။ (Courtesy Photo)

နော်ဝေးနိုင်ငံမှာ ကျင်းပနေတဲ့ Global Student Voice လို့ ခေါ်တဲ့ နိုင်ငံတကာ ကျောင်းသားများ ညီလာခံကို တက်ရောက်နေတဲ့ ဗကသ - ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကိုယ်စားလှယ် ကိုသီဟ၀င်းတင်က မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေကို အဓိက ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Global Student Voice - နိုင်ငံတကာ ကျောင်းသားများ ညီလာခံကို နော်ဝေးနိုင်ငံ၊ Bergen မြို့မှာ မေလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိကျင်းပနေတာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖြစ်နဲ့ ဗကသ - ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားမဂ္ဂများ အဖွဲ့ချုပ်က ဗဟိုလုပ်ငန်း ကော်မတီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုသီဟ၀င်းတင် တက်ရောက်နေတာပါ။

ညီလာခံအတွင်း ဗကသအနေနဲ့ မြန်မာနိုင်ငံအတွင်းက ကျောင်းသားတွေအတွက် လိုအပ်နေတဲ့ ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။

“အဓိက ကတော့ ကျွန်တော်တို့ ဘက်က ဗကသ အနေနဲ့ ဆွေးနွေးမှာကတော့ organizing ကို လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ပက်သက်ပြီးတော့ တစ်ချက် ရယ်၊ academic freedom ဆိုတဲ့ တစ်ချက်ရယ် ဒီနှစ်ခုကိုပဲ တည်ပြီးတော့ ဆွေးနွေးမှာပါ ခင်ဗျ။ ”

အရင် အစိုးရအဆက်ဆက် လက်အောက်မှာ ကျောင်းသားတွေဟာ ဖိနှိပ် ချုပ်ခြယ်ခံခဲ့ကြရပြီး ကျောင်းသားတွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ကျောင်းသားမသဂ္ဂဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် စတဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိပ်နင်းပြီး ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံ အားပေး သူတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

ဧပြီလ ၁ ရက်နေ့က အစိုးရတာဝန်ကို လွဲပြောင်း ရယူခဲ့တဲ့ NLD အစိုးရဟာ ဧပြီလ ၈ ရက်နေ့ကစလို့ ပညာရေးသပိတ်မှာ ပါဝင်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံထား ရတဲ့ ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် တခြား တက်ကြွ လှုပ်ရှားသူ တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ အထိလဲ ဗကသ အပါအ၀င် ကျောင်းသား အဖွဲ့အစည်းတွေဟာ တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးတဲ့အတွက် တရားဝင် အဖွဲ့အစည်းဖြစ်လာရေး ဦးတည် လုပ်ဆောင်နေတယ်လို့ ကိုသီဟ၀င်းတင် က ပြောပါတယ်။

“အခုလောလောဆယ် ဆိုရင်တော့ တရားဝင် အဖွဲ့အစည်းအနေနဲ့ မရှိသေးဘူး လို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ semi ယူဂျီ အဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလောလောဆယ်မှာ legally မဖြစ်သေးဘူးလို့ပဲ ပြောရမှာပေါ့နော်။ နောက်ခြောက်လအတွင်းမှာ တရားဝင်ဖြစ်အောင်လို့ ကျောင်းသားထု ညီလာခံကို ခေါ်ဖြစ်အောင်လို့ ကြိုးစားဖို့ သံန္ဒဌာန်ချထားတယ်။ ကျွန်တော်တို့ ဗဟိုလုပ်ငန်း ကော်မတီအနေနဲ့လည်းလေ။ အဲဒီလိုမျိုး ညီလာခံ ခေါ်ဖြစ်မယ်ဆိုရင်တော့ အဲဒီမှာတင် Centeral Executive Committee ထွက်လာမယ်။ CEC ထွက်လာရင် တစ်စုံတစ်ရာ အနေနဲ့ တရားဝင် သွားပြီလို့ သတ်မှတ်လို့ ရတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံအတွင်းက ကျောင်းသာတွေရဲ့ လိုအပ်ချက်တွေ ရရှိရေးအတွက် လက်ရှိ အစိုးရနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စကို လည်း နိုင်ငံတကာ ကျောင်းသားများညီလာခံမှာ တက်နေကြတဲ့ တခြား ကျောင်းသားတွေနဲ့ ဆွေးနွေးဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့က အခုလောလောဆယ် ပြောတဲ့ အနေအထား မျိုးက အစိုးရက ဒီမိုကရေစီအစိုးရလို့ သတ်မှတ်လို့ရတဲ့ NLD အစိုးရ တက်လာပြီ။ ကျွန်တော်တို့ အရင်ကတည်းက တောင်းဆိုချက်တွေကလည်း မရသေးဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီတောင်းဆိုချက်တွေကို အညင်သာဆုံး အနူးညံ့ဆုံးနည်းနဲ့ ဘယ်လို မျိုး ဆက်လက် အကောင်အထည်ဖော်သွားမလဲဆိုတာ ကိုပဲ အဓိကဆွေးနွေးဖြစ်တယ်ခင်ဗျ။ အခုက ကျောင်းသားတွေကလဲ ပေါင်းစုံဖြစ်နေတော့ issue ကလဲ ပေါင်းစုံဖြစ်နေတယ်။ သူတို့က အကုန်လုံး သတ်မှတ်လိုက်တာက တကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသားတွေရဲ့ အသံကို ဒီအထဲမှာ စုမယ်။ အဲဒီအထဲမှာ အကုန်လုံး ပါအောင် အဓိက လုပ်မယ်။ ပြီးသွားလို့ ရှိရင် နောက်ရည်ရွယ်ချက်ကတော့ အမြဲတမ်း ဒီ Global student တွေအနေနဲ့ invest ဖြစ်နေဖို့ကို ရည်ရွယ်ထားတာ ခင်ဗျ။”

မြန်မာနိုင်ငံက ကျောင်းသားတွေ ပညာရေးလှုပ်ရှားမှုအပါအ၀င် နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင် လုပ်ဆောင်တာတွေ၊ ကျောင်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စတွေကို နိုင်ငံတကာက ကျောင်းသားတွေကစိတ်ဝင်တစား မေးမြန်းကြတယ်လို့လည်း ကိုသီဟ၀င်းတင်က ပြောပါတယ်။

ကိုဇော်ဝင်းလှိုင်
VOA Burmese News


တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးအတွက် အသုံးပြုနေသော ကားများကို ရဲတွေက အကာအကွယ်ပေးနေစဉ်
Add caption
တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးအတွက် အသုံးပြုနေသော ကားများကို ရဲတွေက အကာအကွယ်ပေးနေစဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်စတင်တဲ့အပေါ်ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြတာနဲ့ ပတ်သက်လို့တရုတ်ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်း ဥပဒေတွေကို လေးစားလိုက်နာဖို့ တရုတ်အစိုးရက အမြဲပဲတိုက်တွန်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ် Lu Kang ကတနင်္လာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အငြင်းပွားစရာဖြစ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းမှာ အဓိကဖြစ်နေတဲ့ ပြဿနာကဘာလဲ၊ ဒါကိုဘယ်လိုဖြေရှင်းသင့်သလဲ။ ၀ါရှင်တန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun ကိုဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

ဒီစီမံကိန်းရဲ့ အဓိကပြဿနာနဲ့ပတ်သက်လို့ Yun Sun ရဲ့အမြင်ကတော့

“မြန်မာဘက်ကကြည့်ရင် ဒီစီမံကိန်းသဘောတူညီချက်စာချုပ်ဟာ ဒေသခံတွေအတွက် တရားမျှတမှုမရှိဘူးဆိုတာတွေ့ရပါလိမ့်မယ်။ သူတို့မြေတွေသိမ်းခံရတဲ့အတွက် လျော်ကြေးပေးတာ၊ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ စတာတွေဟာ မြန်မာဘက်ကကြည့်ရင် ပြဿနာတွေအပြည့်ပါပဲ။

တရုတ်ဘက်က အမြင်မှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ သူတို့မြင်တာကတော့ ဒေသခံတွေရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ကြောင့် ဒီစီမံကိန်းကို ကုမ္ပဏီဘက်က ဘယ်လိုပဲ ပြင်ဆင်ညှိုနှိုင်းတာတွေပဲ လုပ်လုပ် ဒေသခံတွေက ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။”

NLD အစိုးရသစ်လက်ထက်မှာ တရုတ်ကုမ္ပဏီ ၀မ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာချက်တွေနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုကို ဒီသတင်းပတ်အတွင်း တင်သွင်းဖို့ရှိနေတာပါ။ လွှတ်တော်အနေနဲ့ အရင် ၂၀၁၃ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ် ရေးကော်မရှင် ရဲ့တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို အရင်ဆုံးအဆုံးသတ်သင့်တယ်လို့မြင်ကြောင်း Yun Sun ကပြောပါတယ်။

“၂၀၁၂-၂၀၁၃ခုနှစ်လောက်မှာ ၀မ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီစီမံကိန်းကို စုံးစမ်းစစ်ဆေးဖို့ လွှတ်တော်ကနေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ အရ ကြေးနီစီမံကိန်း ကို ပြင် ဆင်ပြုပြင်သင့်တဲ့အချက်တွေနဲ့အတူ ဆက်ပြီးလုပ်နိုင်တယ်လို့ အကြံပြုထား တာပါ။ ဒီတော့ အရင်မြန်မာလွှတ်တော်သက်တမ်းကာလအတွင်း သဘောတူညီချက်ရထားပြီးပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ လည်း ပြင်ဆင်စ ရာရှိတာတွေကို ပြင်ဆင်ပြီးတဲ့နောက် ဒီစီမံကိန်းကို ပြန်စနိုင် တယ်လို့တရုတ်ကုမ္ပဏီဘက်ပြန်ပြီးတုန့်ပြန်ချေပနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဆက်ပြီးဖြစ်လာမှာကို တရုတ်ဘက်က စိုးရိမ်မှုတွေရှိနေမလားဆိုတဲ့ မေးခွန်းကိုတော့

“တရုတ်ဘက်ကတော့ လက်ရှိရော၊ အနာဂတ်မှာပါ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံတဲ့စီမံကိန်းတွေနဲ့ပတ်သက်လို့ အတော်လေးကို သတိထား ဂရုတစိုက်ကိုင်တွယ်သွားမှာပါ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကတော့ တရုတ်အတွက် အတော်လေးထူးခြားတဲ့ဖြစ်စဉ်နဲ့ ရင်ဆိုင်နေရတာပါ။ တရုတ်ကုမ္ပဏီဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ပိုင်ဦးပိုင်လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေတာဖြစ်တဲ့အတွက် အဆိုးမြင်တာတွေကရှိနေပြီသားဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရုတ်အတွက်သင်ခန်းစာကတော့ မြန်မာနိုင်ငံရဲ့သတ္တုတူးဖေါ်ရေး ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်သူတွေနဲ့ဆက်ဆံရမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲစတဲ့အချက်တွေပေါ်မှာ အထူးဂရုစိုက်သင့်ပါတယ်။”

ဒါအပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဟာ အရင်စစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီအကြား သဘောတူချုပ်ဆိုထားတဲ့ လက်ကျန်စီမံကိန်းတခုဖြစ်နေတာကြောင့် NLD အစိုးရသစ်အတွက်လည်း ဒီစီမံကိန်းကို ဘယ်လိုဆက်ပြီးကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်လို့ Yun Sun ကဗွီအိုအေကိုပြောသွားပါတယ်။
အင်ကြင်းနိုင်
VOA Burmese News


    နေပြည်တော်၊ မေ ၁၀ ရက် (ဆင်ဟွာ)

    သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် လုပ်ငန်း လိုအပ်ချက်အရ အဖွဲ့ဝင် အသစ် ငါးဦး ထပ်ဖြည့် ခန့် အပ်လိုက်ကြောင်း ယနေ့ ဒုတိယအကြိမ်  ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့သည်။

“လုပ်ငန်း လိုအပ်ချက်အရ ကော်မရှင်မှာ အဖွဲ့ဝင် ငါးဦး ထပ်တိုးရပါတယ်။ အဖွဲ့ဝင်များ ကတော့ ဦးမြသိန်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံး။ ဦးမြင့်နိုင်၊ ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့ နေချုပ်ရုံး။ ဒေါက်တာ ဇေယျာဦး၊ ပါမောက္ခ (ငြိမ်း)၊ ဥပဒေ ပညာဌာန၊ ရန်ကုန် အရှေ့ ပိုင်း တက္ကသိုလ်။ ဒေါ်အေးအေးမူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အာဆီယံ ရေးရာဌာန ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန။ ဒေါ်သင်းခိုင်၊ ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့ ဖြစ်ပါတယ်” ဟု ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့ ပြောခဲ့သည်။

ထိုသို့ ကော်မရှင် အဖွဲ့ ဝင် ငါးဦး ထပ်တိုး ဖွဲ့ စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်က သဘောတူသဖြင့် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများ အစတွင် ပြည်သူ့ လွှတ်တော်၏ ကော်မရှင်အဖြစ် အဖွဲ့ ဝင် ၁၅ ဦးတို့ ဖြင့် စတင်ဖွဲ့ စည်းခဲ့ပြီး ၂၀၁၆ မတ်လ ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၏ ကော်မရှင် အဖြစ် အဖွဲ့ ဝင် ၃၅ ဦးတို့ဖြင့် ပြောင်းလဲ ဖွဲ့ စည်းခဲ့သည်။ ဧပြီလ ၅ ရက်တွင် အဖွဲ့ ဝင် ငါးဦးကို အစားထိုးခြင်း၊ မေလ ၅ ရက်တွင် အဖွဲ့ ဝင်တစ်ဦး နှုတ်ထွက်ခြင်းတို့ ကြောင့် ၃၄ ဦးသာ ရှိခဲ့ရာ ယခု အဖွဲ့ ဝင် အသစ်ငါးဦး တိုးလာသဖြင့် အဖွဲ့ ဝင် စုစုပေါင်း ၃၉ ဦး ရှိလာသည်။

 (Xinhua)
http://www.xinhuamyanmar.com

လူကြိုက်များတဲ့ ပင်လယ်စာ ရေခူ
တရုတ်နိုင်ငံက ရေခူ စားသောက်ကုန် လုပ်ငန်း ၂ ခုကို ရေခူအတုတွေ လုပ်တယ် ဆိုပြီး ရဲက စီးနင်း ရှာဖွေခဲ့ပါတယ်။

ဒီရှောင်တခင် စစ်ဆေးမှုကြောင့် ဓာတု ပစ္စည်း ၃ မျိုးကို ရောစပ်ပြီး တရုတ်ပြည် အရှေ့ပိုင်း က ဈေး တွေထဲမှာ ရောင်းမယ့် ရေခူ အတု ၁ဝ တန်ကို ရဲက သိမ်းဆည်း ရမိခဲ့ပါတယ်။

ရေခူ အတုတွေဟာ အရောင်အဆင်းနဲ့ အနံ့မရှိဘဲ အစစ်တွေကသာ အဝါရောင် အဆင်းနဲ့ ငါးညှီနံ့ ရတာမို့ သတိပြု ခွဲခြားကြဖို့လည်း တရုတ်ရဲက စားသုံးသူတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရေခူကို အသုပ်သုပ်ရာမှာ ထည့်သွင်းပြီး နွေရာသီမှာ လူကြိုက်များတဲ့ အစားအသောက် ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးသွားမှာဖြစ်သလို နည်းပညာပိုင်းအရ ပံ့ပိုးကူညီ သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ American Center မှာ ဒီကနေ့ကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေး သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး Scot Marciel က အခုလိုပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သိပ်ကို နက်နဲသိမ်မွေ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင်အားပေးရင်း၊ နည်းပညာပိုင်းအရ ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Scot Marciel က အခုလိုပြောပါတယ်။

 “မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးမရဘဲ မအောင်မြင်နိုင်ပါဘူး။ ဘယ်နိုင်ငံမဆို ငြိမ်းချမ်းရေးရမှသာ အောင်မြင်မှာပါ။ ဒါ့ကြောင့် ကျနော်တို့က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တစိုက်မတ်မတ် အားပေး ထောက်ခံခဲ့တာပါ။ ဒီနေရာမှာ ကျနော်အလေးအနက်ပြောလိုတာကတော့ ဒီ လုပ်ငန်းစဉ်ဟာ မြန်မာတွေက အားသွန်ခွန်စိုက်လုပ်ကြရမယ့် ပြည်တွင်းရေးဖြစ်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံခြားက အစိုးရဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အခန်းကဏ္ဍက ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဒီလိုလုပ်ရတယ်လို့ ဆရာကြီးလုပ်ဖို့လည်းမဟုတ်ပါဘူး။ မြန်မာလူထုက ဆုံးဖြတ်ဖို့ဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေရှိခဲ့ရင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးမှာဖြစ်သလို၊ နည်းပညာပိုင်းအရ အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။”

လောလောဆယ် အရပ်သားအစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ယူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သံအမတ်ကြီး Marciel က သုံးသပ်လိုက်ပါတယ်။

အရင် စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေးတွေချိုးဖေါက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပြီး လွန်ခဲ့နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှု အထိုက်အလျောက်ဖေါ်ဆောင်ခဲ့တာကြောင့် အများပြည်သူကို တိုက်ရိုက် ထိခိုက်စေတဲ့ ပိတ်ဆို့မှုတွေဖြေလျှော့ပေးခဲ့ပြီး တသီးပုဂ္ဂလပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတချို့ကတော့ အကြုံးဝင်နေဆဲဖြစ်ကြောင်းနဲ့ အဲဒီ တသီးပုဂ္ဂလပစ်မှတ်ထားပိတ်ဆို့ရာမှာလည်း မရည်ရွယ်တဲ့ပြည်သူတွေ နစ်နာခဲ့ရတဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဌာနက သီးသန့်စဉ်းစားပြီး ယာယီဖြေလျှော့မှုတွေ လုပ်ပေးခဲ့ပါကြောင်းနဲ့ ပိတ်ဆို့မှု မူဝါဒကို သံအမတ်ကြီးက ရှင်းပြပါတယ်။

“ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင် ခင်ဗျားတို့က ဒါတွေလုပ်ပြရင် ကျနော်တို့က ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာဖို့ကို ပိုအလေးပေးပြီး ကျနော်တို့ရဲ့ ပိတ်ဆို့မှုတွေနဲ့ထိရောက်စေဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးရရင် ပဋိပက္ခတွေလျော့ကျမယ်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေလည်း သိသိသာသာ လျော့သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးအပြည့်အဝရရင် ပိတ်ဆို့မှုတွေ အားလုံးရုပ်သိမ်းပေးမယ့် သဘောမဟုတ်ဘူး ဆိုတာကိုတော့ အလေးအနက်ပြောပါရစေ။”

စီးပွားရေးအသိုင်အဝိုင်းက အမေရိကန်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တွန်းအားပေးနေတဲ့ တချိန်တည်းမှာဘဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မေလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ပိတ်ဆို့မှုတွေကို ထပ်မံသက်တမ်းတိုးသင့်တယ်လို့ သမ္မတအိုဘားမားအစိုးရကိုတိုက်တွန်းနေကြပါတယ်။

နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်ပါတီကဘဲနိုင်နိုင် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ ပြောင်းလဲစရာအကြောင်းမရှိဘူးလို့လည်း သံအမတ်ကြီး Scot Marciel က ကောက်ချက်ချပါတယ်။

“Donald Trump သမ္မတဖြစ်မဖြစ်ဆိုတာ ရွေးကောက်ပွဲမတိုင်ခင် အချိန်က ၆ လ နီးပါးလိုသေးတယ်ဆိုတော့ ပြောဖို့စောနေပါသေးတယ်။ အမေရိကန်နိုင်ငံရေးနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော် ခန့်မှန်းပြီးပြောလို့ရပါဘူး။ ပါတီ ၂ ခုစလုံးရဲ့ သမ္မတလောင်းဖြစ်လာမယ့်သူတွေကလည်း ဒီကိစ္စကို တိတိကျကျမပြောကြသေးပါဘူး။ ဒါပေမဲ့ ကျနော်ပြောနိုင်တာကတော့ ပါတီ ၂ ခုစလုံးက မြန်မာနိုင်ငံမှာဘာတွေဖြစ်နေသလဲဆိုတာ မျက်ခြေမပြတ်သလို အခြေခံအားဖြင့် ဒီမိုကရေစီပြပြုပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးနေတယ်ဆိုတာပါဘဲ။ လွှတ်တော်အမတ်တွေကတော့ သီးခြားရပ်တည်မှုတွေ ရှိကြပေမဲ့ ဒီနေ့အထိ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ပါတီစွဲမရှိကြပါဘူး။ သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဖြစ်ဖြစ်အရွေးခံခဲ့ရရင်လည်း။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံကျတဲ့ အထောက်အပံ့တွေနဲ့ ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် Scot Marciel ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခတွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမည်မဖော်နိုင်ဘဲ မြှုပ်ခဲ့ရတဲ့ သင်္ချိုင်းမြေ တခု
ဥရောပကို ရောက်ဖို့ မြေထဲပင်လယ်ကို ဖြတ်ကူးရင်း ရေနစ် သေဆုံးခဲ့ကြတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၁၂ဝဝ ကျော်ကို အမည် မဖော်နိုင်ဘဲ မြှုပ်နှံထားခဲ့ရပါတယ်။

ဒီလို မြှုပ်ထားတဲ့ နေရာ ၇ဝ လောက်ကို တူရကီ၊ ဂရိနဲ့ အီတလီ နိုင်ငံတွေမှာ ဒီ ၂ နှစ်လောက် အတွင်း စပြီး တွေ့ခဲ့ရတာပါ။

ဒီနှစ်ပိုင်းအတွင်း ပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း ဝင်လာသူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း ခန့်မှန်း နေကြပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ကမ်းခြေမှာ လာတင်တဲ့ အတွက် ဥရောပ တောင်ပိုင်း တိုင်းပြည်တွေမှာ တုန်လှုပ်ခဲ့ကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပေါ် အကြမ်းဖက်တိုက်ခိုက်နေသည့် ရန်ကုန်မြို့ရှိ ရာဇ၀တ်ဂိုဏ်းများကို ဖယ်ရှားမည်ဖြစ်ပြီး ၊ ဆိုးသွမ်းသည့်နယ်မြေများကိုရွေးချယ်ပြီး အုပ်ချုပ်ရေးယန္တရားကို ထိရောက်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးရက် ၁၀၀ စီမံချက်ဆွေးနွေးပွဲတွင် မီဒီယာများသို့ပြောဆိုလိုက်သည်။

“ရဲကိုဓါးနှင့်ထိုးသတ်ပြီးဒီနယ်မြေရဲမလာနဲ့ လာတဲ့သူသေသွားနိုင်တယ်ဆိုတဲ့ ရာဇ၀တ်ဂိုဏ်းအုပ်စိုးတဲ့နယ်မြေမျိုး ရန်ကုန်မှာလုံးဝမရှိစေရဘူး၊ ပြည်သူလူထုလုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ ရန်ကုန်တိုင်းတစ်ခုလုံး တရားဥပဒေစိုးမိုးမှု ရှိအောင် ကျွန်တော်အဓိကထားဆောင်ရွက်သွားမှာပါ”ဟုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

ရာဇ၀တ်ဂိုဏ်းများရှင်းလင်းမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်နေသည့် ရဲအင်အားအတွက် ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် ရဲချုပ်နှင့် တွေ့ဆုံပြောကြားခဲ့ပြီးဖြစ်သည်ဟုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies/

ဓါတ်ပုံ- ဇာဏီထွဏ်း/RFA(ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးတောင်းဆိုစဉ်)
လက်ရှိ တည်ဆဲဥပဒေဖြစ်တဲ့ ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေမှာပြဌာန်းထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရှုပ်ထွေးနေတဲ့အတွက် ပြင်ဆင်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ ရဲ့ ကိုယ်စားလှယ် ၆ဦးက ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အရပ်ဘက်အဖွဲ့တွေရဲ့ သဘောထားတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ဟာ ရှုပ်ထွေးပြီး ခက်ခဲတဲ့အတွက် သင့်တော်တဲ့နည်းလမ်းတွေ ထည့်သွင်းရေးဆွဲပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ Peace on Peaceful Pluralism အဖွဲ့က ကိုသိန်းမင်းစိုးက ပြောပါတယ်။

အရင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့အခါမှာ ဘက်လိုက်တာတွေ၊ ဆယ်အိမ်စုမှူးရွေးချယ်ရာမှာ အစီအစဉ်တကျမရှိတာတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ တချို့နေရာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ခဲ့ရတာတွေအထိ ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကြီးကြပ်ရေးအဖွဲ့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး နေရာတွေမှာ ၀င်ရောက်ရွေးချယ်ခံခွင့်ရှိဖို့၊ ရွေးချယ်ခံမယ့်သူဟာ ရပ်ကွက်အတွင်း ၁၀ နှစ် အနည်းဆုံးနေရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ၅ နှစ် ဆိုပြီး ပြင်ဆင်ပေးဖို့တို့ကို တောင်းဆိုတာဖြစ်ပါတယ်။

ကြီးကြပ်ရေးအဖွဲ့ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေရာတွေမှာ ၀င်ရောက်ရွေးချယ်ခံမယ့်သူတွေဟာ အနည်းဆုံး အသက် ၂၅ နှစ် ရှိရမယ်လို့ တည်ဆဲ ရပ်ကျေး ဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။

အဲဒီဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ၂ ကြိမ် ပြင်ဆင်ခဲ့ပါတယ်။

လက်ရှိ အမျိုးသားလွှတ်တော်မှာ အဲဒီဥပဒေကို တတိယအကြိမ် ပြင်ဆင်ပြီး လွှတ်တော်ထံ တင်သွင်းထားပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဒါနရှေ့ဆောင်မြန်မာ၊ နယူးမြန်မာဖောင်ဒေးရှင်း၊ ညီမျှခြင်းမြန်မာ၊ ဒီမိုကရေစီဖံွ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီနဲ့ ပေါင်းကူး စတဲ့ အရပ်ဘက်အဖွဲ့ ၅ဖွဲ့က ကိုယ်စားလှယ် ၆ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


နေပြည်တော်၊ မေ ၁၀

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန တိုးချဲ့ ဖွဲ့စည်းရန် တင်ပြချက်ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံပရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က လွှတ်တော်၏ သဘောထား ရယူပေးရန် မေလ ၅ ရက်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြိုတင်တောင်းခံခဲ့သော်လည်း အမည်စာရင်း တင်သွင်းသူ တစ်ဦးမျှ မရှိသည့်အတွက် ဆွေးနွေးရန် မလိုဘဲ ပြည်ထောင်စုလွှတ်တော်က သဘောတူညီလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တောင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပြီး အတည်ပြုကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor

မြန်မာ-အိန္ဒိယနယ်စပ်မှာ မေလ ၁ဝ ရက်နေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့စဉ်။ Photo - Pu Hen Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်အနီးမှာ မနေ့က နှစ်ဖက်ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ညနေ ၄ နာရီကနေစပြီး ၂နာရီကျော်ကြာ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ တမူးမြို့ခံ ကိုပုဟမ် က ပြောပါတယ်။

နယ်စပ်ဂိတ်ကို အိန္ဒိယဘက်က မနေ့က ပိတ်ထားရာ ဖြတ်သန်းသွားလာဖို့ ကြိုးစားရာမှာ ဒေသခံတွေအကြား အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကိုပုဟမ်က ပြောပါတယ်။

အိန္ဒိယဖက်က လူအင်အား ၂၀၀ ၀န်းကျင်လောက်က နယ်စပ်ဂိတ်ကိုကျော်ပြီး ခဲတွေနဲ့ပေါက်တာကြောင့် နေအိမ် တချို့ ခြံစည်းရိုးတွေ၊ ခေါင်မိုးတွေ ပျက်စီးသွားတာတွေရှိသလို ခဲမှန်ပြီး ဒဏ်ရာရသွားသူတွေ ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီခိုက်ရန်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တမူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မိုးရေးမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး ဖို့လည်း ပြင်ဆင်နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မှာ မြန်မာဘက်က တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့တို့ ထိစပ်နေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကချင်ပြည်နယ်အတွင်းရှိ အင်းများ လေလံတင်ရောင်းချ

မြစ်ကြီးနား မေ ၁၀

နှစ်စဉ် အင်းလုပ်ငန်းမစတင်မီ အင်းလုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေအရ ပြည်နယ်အတွင်းရှိ အင်းဂရမ်စုစုပေါင်း(၁၄၉)အင်းရှိရာ (၁၄၈)အင်းကို လေလံတင် ရောင်းချသည့် အင်းလေလံပွဲကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အင်းလေလံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အင်းလုပ်ငန်း လုပ် ကိုင်သူ အင်းသားကြီးများအနေဖြင့် ငါးမျိုးမပြုန်းတီးရေးအတွက် တရားမ၀င်ငါးဖမ်းဆီးခြင်းများ မပြုလုပ် ကြရန်နှင့် ငါးမျိုးထိန်းသိမ်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အထူးမှာ ကြားလိုကြောင်း၊ လေလံပွဲတွင်လည်း ပြည်နယ်အတွက် ထိုက်သင့်သည့် အခွန်အခရရှိစေရန်နှင့် ဥပဒေ နှင့် မညီညွှတ်သော ငွေကြေးဆောင်ရွက်မှုများကို မပြုလုပ်ကြစေရန် လေလံဆွဲဝယ်သူများနှင့် တာဝန်ရှိ ၀န်ထမ်းများမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။


ယင်းနောက် မြစ်ကြီးနားခရိုင်အတွင်းရှိ အင်းများနှင့် မိုးညှင်းခရိုင်အတွင်းရှိ အင်းများကို လေလံ တင်ရောင်းချရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ အားပေးကြည့်ရှုခဲ့ကြသည်။
ယနေ့ လေလံပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း(၃၇)အင်းရှိရာ မြစ်ကြီးနားမြို့နယ်တွင် (၁၁)အင်း အနက် (၁၀)အင်း၊ တနိုင်းမြို့နယ်တွင် အင်း(၂၀)အနက် (၁၅)အင်းနှင့် ၀ိုင်းမော်မြို့နယ်တွင် (၆)အင်း အနက်(၄)အင်းတို့နှင့် မိုညှင်းခရိုင်အတွင်း အင်း(၃၀)ရှိရာ မိုးညှင်းမြို့နယ်တွင် အင်း(၅)အင်းအနက် (၄)အင်း၊ မိုးကောင်းမြို့နယ်တွင် အင်း(၈)အင်းအနက်(၆)အင်းနှင့် ဖားကန့်မြို့နယ်အတွင် အင်း(၁၇) အင်း အနက်(၁၁)အင်းတို့ကို လေလံတင်ရောင်းချပေးနိုင်ခဲ့ပြီး မေ(၁၁)ရက်နေ့တွင် ဗန်းမော်ခရိုင်အ တွင်းရှိ အင်း(၈၂)အင်းတို့ကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် အင်းများကို မေလ(၂၄)ရက်တွင် ဒုတိယအကြိမ်ထပ်မံလေလံတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် ငါးထုတ်လုပ်မှုမှာ အဆိုပါ ဂရမ်အင်းများမှ သဘာဝငါးများထုတ်လုပ်ခြင်းနှင့် ငါးမွေးကန်ထုတ်လုပ်ခြင်းများဖြင့် လုံလောက်မှုမရှိခြင်း၊ ပြည်နယ်အတွင်း ဥပဒေနှင့်မညီညွှတ်သော ငါးဖမ်းခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် ငါးစားသုံးမှုကို မန္တလေးနှင့် ရွှေဘိုဒေသများမှ ငါးများကို လစဉ် တင်သွင်းပြီး ဖြည့်တင်းဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ကံမမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှု ထပ်မံဖြစ်ပွားပြီး သစ်ပင်များ ပြိုလဲ၍ အဆောက်အဦများ ပျက်စီး

ကံမ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ ၉ ရက် ညနေ ၆ နာရီအချိန်၌ မိုးရွာသွန်းခြင်းနှင့်လေပြင်း တိုက်ခတ်မှုများ ထပ်မံဖြစ်ပေါ် ခဲ့သည်။မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်၏ မြောက်ဘက် ရှိကျေးရွာများအနက်ကျေးရွာ ၁၈ ရွာတွင်သစ်ပင်များ အမြစ်မှပြို လဲခြင်း၊သစ်ကိုင်းများကျိုးပြတ်ခြင်း နှင့်အတူ လူနေ အိမ် ၄၃၉ လုံး၊ ဘုန်းကြီးကျောင်း ၇ ကျောင်း ၊ စာသင်ကျောင်း ၇ ကျောင်း နှင့် ဆေးပေးခန်း
တစ် ခုတို့မှာ အမိုးလန်ခြင်း သွပ်မိုးများလေနှင့် အတူလွင့်ပါ ပျက်စီးခြင်း များဖြစ်ပွားခဲ့သည်။ ဧပြီ ၂၉ ရက် နေ့က လေပြင်း တိုက်ခတ် မှုကြောင့်ဓါတ်အားခွဲရုံမှကံမမြို့သို့ပို့လွှတ်သည့် 11 KV ဓါတ်အား လိုင်းပေါ်ရှိလျှပ်စစ်ဓါတ်တိုင် ၂၂ လုံးမှာ လဲကျပျက်စီးခဲ့သဖြင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရပြီး ကျေးရွာ ၇ ရွာမှ ဘုန်းတော်ကြီးကျောင်း၂ ကျောင်း နှင့် နေအိမ် ၄၁ လုံးမှာသွပ်မိုးများလေနှင့်အတူလွင့်ပါခဲ့ပြီး တဲ ၃ လုံး ပျက်စီးဆုံးရုံးခဲ့သည်။ မေ ၄ ရက်နေ့က နောက် တစ်ကြိမ် ထပ်မံဖြစ် ပွားရာတွင် မြို့နယ်၏မြောက် ဘက် ကျေးရွာများ အနက် ကျေးရွာ ၂၁ ရွာတွင် သစ်ပင်များအမြစ်မှပြိုလဲခြင်း၊သစ်ကိုင်းများကျိုးပြတ်ခြင်းနှင့်အတူ လူနေအိမ် ၁၂၆ လုံး၊ဘုန်းကြီးကျောင်း ၄ ကျောင်း နှင့် ဌာနပိုင် အဆောက်အဦး ၅ ခုတို့မှာ အမိုးလန်ခြင်း သွပ်မိုးများလေနှင့် အတူ လွင့်ပါပျက်စီးခြင်းများဖြစ်ပွားခဲ့သည်။


ယခု အကြိမ်လေပြင်းတိုက်ခတ်မှုမှာ ပိုမိုပြင်းထန်ခဲ့ပြီး ဆုံးရှုံးမှု များမှာ လည်း ရှေ့ဖြစ်စဉ်များထက် ပိုမိုဖြစ်ပွားခဲ့သည်။ အဆိုပါ ပျက်စီး ဆုံးရှုံးမှုများမှာ ခြောက်ပင်ကျေးရွာတွင် နေအိမ် ၁၀ လုံး အလကကျောင်း
တစ်ကျောင်း အမက တစ်ကျောင်း၊ ဇွေးမိကျေးရွာတွင်နေအိမ် ၄ လုံး ၊ ရွာသစ်ကျေးရွာတွင် နေအိမ်တစ်လုံး အမက တစ်ကျောင်း၊ရေနံ့သာကျေး ရွာတွင်နေအိမ်တစ်လုံး၊ ထန်းတောကျေးရွာတွင်နေအိမ် ၈ လုံး၊ ငါးလှိုင် ကျေးရွာတွင်နေ အိမ်တစ်လုံး ဘုန်းကြီးကျောင်း တစ်ကျောင်း၊ဆန်တုံကျေးရွာတွင်နေအိမ် ၁၁ လုံး၊သပြင်ဆောင်ကျေးရွာတွင် နေအိမ်တစ်လုံး ဘုန်းကြီးကျောင်းတစ်ကျောင်း ၊ တောမကုန်းကျေးရွာတွင် နေအိမ် ၄၇ လုံး၊ တောမကျင်းကျေး ရွာတွင် နေအိမ် ၁၉ လုံး ဘုန်းကြီးကျောင်းတစ်ကျောင်း ၊ မင်းကျေး ရွာတွင် နေအိမ် တစ်လုံး ကြက်ခြံ တစ်ခြံ ၊ ကျောက်စောင်းကျေး ရွာတွင် နေအိမ် ၁၈၂ လုံး ဘုန်းကြီးကျောင်း ၃ ကျောင်း အထက(ခွဲ)တစ်ကျောင်း ဆေးပေးခန်း တစ်ခုနှင့်စေတီနှစ်ဆူ၏ထီးတော်များပျက်စီးပြီး ၊ သီးကုန်းကျေးရွာတွင်နေအိမ် ၂၄ လုံး၊ ကျီးမီးကျေး ရွာတွင် နေအိမ် ၃၂ လုံး အမကကျောင်း တစ်ကျာင်း၊ ရွာသာယာကျေးရွာတွင် နေအိမ် ၁၉ လုံးအမက တစ်ကျောင်း၊ ဆယ်ကျေးရွာတွင် နေအိမ် ၃၂ လုံး ဘုန်းကြီးကျောင်းတစ်ကျောင်း အမက တစ်ကျောင်း ၊ အင်းကြီး ကုန်းကျေးရွာတွင် နေအိမ် ၁၀ လုံး ၊ ကျောက်ပြုတ်ကျေးရွာတွင် နေအိမ် ၃၆ လုံးတို့ ဖြစ်ကြောင်းသိရသည်။


အဆိုပါကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းနှင့်ဌာန ဆိုင်ရာအကြီး အကဲများသည် အားပေး စကား များပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်မောင်အေး
၏ ဦးဆောင် မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ ၀င်များသည် ပျက်စီးသွားသည့် အမိုး အကာများ နှင့် သစ်ပင် သစ်ကိုင်း များအား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဇေယျဝင်း(ကံမ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

လက်ပံတောင်း တောင်သူ လယ်သမားများ (Credit: ABC) 
လက်ပံတောင်းတောင် ​ကြေးနီ ​စီမံကိန်း ​ပြန်လည် ​စတင်မယ့် ​ကိစ္စကို ​ဆန့်ကျင်ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်လာပြီးနောက်ပိုင်း ​တရုတ် ​အစိုးရက ​ပြည်ပမှာ ​ရင်းနှီးမြုပ်နှံတဲ့ ​တရုတ် ​ကုမ္ပဏီတွေ ​ပြည်ပနိုင်ငံရဲ့ ​ဥပဒေကို ​လေးစား ​လိုက်နာဖို့ ​ပြောလိုက်ပါတယ်။

လက်ပံတောင်းတောင် ​ဒေသခံတွေဟာ ​အရင်တစ်ပတ် ​ဗုဒ္ဓဟူးနေ့ကတည်းက ​ဆန္ဒပြမှုတွေ ​လုပ်လာတာ ​ဖြစ်ပြီး ​ဝမ်ပေါင် ​ကုမ္ပဏီကို ​ဆန့်ကျင်နေကြတာ ​ဖြစ်ပါတယ်။

မြေတွေ ​မတရား ​သိမ်းပိုက်ခံရပြီး ​ထိုက်သင့်တွေ ​လျော်ကြေးတွေ၊ ​စိုက်ပျိုးခင်းက ​အပင်တွေရဲ့ ​လျော်ကြေးတွေ ​ရရှိဖို့ ​ဆန္ဒပြကြတာလို့ ​သိရပါတယ်။

တရုတ် ​အစိုးရက ​နိုင်ငံခြားမှာ ​ရင်းနှီးမြုပ်နှံတွေ ​တရုတ် ​ကုမ္ပဏီအနေနဲ့ ​အိမ်ရှင်နိုင်ငံရဲ့ ​ဥပဒေကို ​လေးစားပြီး ​လူမှုဘဝ ​တိုးတက်ရေးအတွက် ​လုပ်ဆောင်သင့်တဲ့ ​ကျင့်ဝတ်တွေကို ​လိုက်နာဖို့၊ ​သဘာဝ ​ပတ်ဝန်းကျင် ​မပျက်စီးအောင် ​လုပ်ဆောင်ဖို့ ​ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံအတွက် ​အကျိုးအမြတ် ​ရရှိစေမယ့် ​စီမံကိန်းတွေကို ​ဘယ်လို ​အကောင်အထည် ​ဖော်ရမလဲ ​ဆိုတာကို ​မြန်မာနဲ့ ​တိုင်ပင်ပြီး ​လုပ်ဆောင်သွားမယ်လို့လည်း ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ကို ခွင့်မပြုဘဲ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပယ်ချလိုက် ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မပြုတဲ့အတွက် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကိစ္စကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပြီး တောင်းဆိုသွားမယ် လို့ အဆိုတင်သွင်းဖို့ ကြိုးစားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၂ ယောက် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြတောင်းဆိုမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့မေလ ၂ ရက်နေ့က ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် က AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နိုင် ငံရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်ဆွေးနွေးဖို့ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့တာကြောင့် ဒေါ်ခင်စောဝေ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ခွင့်မပြုတာဖြစ်ကြောင်း ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့ နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဖားကန့် မေ ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ မြို့မရပ်ကွက်၌ မေ ၉ ရက် နံနက် ၇ နာရီ က ဥရုရတနာကျောက်စိမ်းတောင် တံတားအနီး လုံခြုံရေးဆောင်ရွက်နေသော ရဲ တပ်ဖွဲ့ ၂၆ ရဲကင်း၏ ဝဲဘက် ၁ဝ ပေခန့်အကွာ၌ တစ်ပေခန့်ရှိ လက်ပစ်ဗုံး တစ်လုံး၊ ရဲကင်းရှေ့ ရှစ်ပေခန့်အကွာ၌ တစ်ပေခန့်ရှိ လက်ပစ်ဗုံး တစ်လုံး၊ ရဲကင်း၏ ယာဘက် ပေ ၃ဝ ခန့်အကွာ၌ လက်ပစ်ဗုံးတစ်လုံး စုစုပေါင်း လက်ပစ်ဗုံး သုံးလုံး တွေ့ရှိခဲ့သည်။

အလားတူ ညနေ ၃ နာရီက ငှက်ပျောတောရပ်ကွက် မြို့မရဲတပ်ဖွဲ့ စခန်းဝင်း အတွင်းရှိ အရာရှိရိပ်သာ နှစ်ထပ်ဆောင် အမိုးပေါ်သို့ ခြောက်လက်မကျော်ခန့်ရှိ လက်ပစ်ဗုံးတစ်လုံး၊ ဝဲဘက်ထောင့် ၁ဝ ပေခန့်အကွာမြေကြီးပေါ်၌ ဆိုင်ကယ်စီးလာသူ သုံးဦးက ပစ်ပေါက်ထွက်ပြေးခဲ့သည့် ခြောက်လက်မကျော်ခန့်ရှိ လက်ပစ်ဗုံး တစ်လုံး စုစုပေါင်းနှစ်လုံးပေါက်ကွဲခဲ့၍ ဥရုရတနာ ကျောက်စိမ်းတောင်တံတားအနီး လုံခြုံရေး ကင်းတဲအတွင်းသို့ ဆိုင်ကယ်စီးလာသူ လူနှစ်ဦးက လက်ပစ်ဗုံး တစ်လုံးအား ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ရဲကင်းအတွင်းသို့မရောက်ဘဲ ကာရံထားသည့် သံဆန်ခါကို ထိမှန်ကာ ရဲကင်းရှေ့သို့ ကျရောက်ခဲ့ရာ ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

အလားတူ မေ ၈ ရက်က ဆိပ်မူကျေးရွာနှင့် ဖားကန့်မြို့ပေါ်၌ လက်နက်ကြီး ကျည်နှင့် လက်လုပ်မိုင်းများ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

IS အဖွဲ့နှင့် ဆက်စပ်မှုရှိသော တွစ်တာ အကောင့်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ရက်က ဖော်ပြထားသေ ဓါတ်ပုံတွင် ကလေးငယ်တစ်ဦးကို ပန်းပွင့်ပေးနေသော စစ်သွေးကြွ ခေါင်းဆောင် Abu Wahib။ (AP Photo, via Twitter)
အီရတ်နိုင်ငံ Anbar ခရိုင်အတွင်းမှာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင်ဟာ ညွန့််ပေါင်းအဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောပါတယ်။ သူနဲ့အတူ တခြား Jihad ဘာသာရေးစစ်ပွဲ ဆင်နွဲသူ ၃ ဦးလည်း သေဆုံးသွားတယ် လို့ ဆိုပါတယ်။

Rutba မြို့အနီးမှာ IS ခေါင်းဆောင် Abu Wahib နဲ့ နောက်လိုက်တွေ မော်တော်ယာဉ်နဲ့ ခရီးသွားနေတဲ့အချိန် မေလ ၆ ရက်နေ့က ညွန့်ပေါင်း တပ်ဖွဲ့တွေက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ Peter Cook က တနင်္လာနေ့ မှာ ပြောပါတယ်။

လူတွေကို သတ်ဖြတ်နေတဲ့ ဗွီဒီယိုတွေကို အဲဒီ Abu Wahib က ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း Peter Cook က ပြောကြားလိုက်ပြီး သူလို စစ်သွေးကြွ အဖွဲ့က အရေးပါတဲ့သူကို သုတ်သင်လိုက်နိုင်ခြင်းဟာ အစွန်းရောက် စစ်သွေးကြွ တွေရဲ့ လှုပ်ရှားမှု အရှိန်လျော့ကျရေး ကြိုးပမ်းနေတဲ့ အီရတ်အစိုးရ တပ်ဖွဲ့တွေနဲ့ အဲဒီ တိုက်ခိုက်မှုကို ကူညီပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့တွေ အတွက် အရေးပါတဲ့ တိုးတက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

စစ်သွေးကြွခေါင်းဆောင် လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလား၊ သို့တည်းမဟုတ် မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်ခဲ့ တာလားဆိုတာနဲ့ အဲဒီ Abu Wahib သေဆုံးသွားပြီလို့ အီရတ်အစိုးရက ၂၀၁၅ ခုနှစ်မှာ ပြောဆိုထားဖူးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပင်တဂွန် ပြောခွင့်ရ Peter Cook က ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဧပြီ ၅ ရက်က မော့ဆက် ဖွန်ဆီကာ ကုမ္ပဏီ မျက်နှာစာကို ဓာတ်ပုံရိုက်နေသည့် ဂျာနယ်လစ်တစ်ဦး(Photo:AFP)

ပနားမား စာရွက်စာတမ်း အမြောက်အမြားကို အများလေ့လာနိုင်ရန် အွန်လိုင်းသို့ ဖြန့်ချိမည်ဖြစ်ကြောင်း ယင်းကိုရရှိထားပြီး သုံးသပ်နေသည့် ဂျာနယ်လစ်အဖွဲ့က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ်များအဖွဲ့ချုပ် (ICIJ) က ရှာ ဖွေ၍ရသော အချက်အလက်ဘဏ်အဖြစ် ယင်းစာရွက်စာတမ်းများကို မေ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၁၈:၀၀ မှစ၍ Offshoreleaks.icij.org ၌ အများပြည်သူတို့ ကြည့်ရှုနိုင်မည်ဟု ဆိုသည်။

အမေရိကန်အခြေစိုက် ICIJ အဖွဲ့က ယင်းထုတ်ပြန်မှုများသည် ၀ီကီလိခ်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်မှုများကို အမည်ပေးခဲ့ကြသကဲ့သို့ အချက်အလက် အမှိုက်ပုံတစ်ပုံဖြစ် လာမည်မဟုတ်ဟု ဆိုသည်။

ယခုစာရွက်စာတမ်းများသည် ကမ္ဘာတစ်လွှားမှ ချမ်းသာသောပုဂ္ဂိုလ်များက ပြည်ပတွင် ထူထောင်ထားသည့် ကုမ္ပဏီပေါင်း ၂၀၀,၀၀၀ နှင့်ပတ်သက်သည့် အမည်များနှင့် အချက်အလက်များကို ဖော်ထုတ်ပြသပေးမည်ဟု ဆိုသည်။

အဆိုပါ အထောက်အထား စာရွက်စာတမ်းများသည် ဂျာမနီသတင်းစာ Sueddeutsche က ရရှိခဲ့သော ၁ ဒသမ ၆ တာရာဘိုက် ပမာဏရှိသည့် အချက်အလက်များထဲမှ ဖြစ်သည်။ ဂျာမနီသတင်းစာအား ယင်းအချက်အလက်များကို

John Doe ဟူသည့် အမည်ကို အသုံးပြုသည့် အမည်မသိ ရင်းမြစ်တစ်ခုက လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အချက်အလက်များကို ပြည်ပကုမ္ပဏီများ ဖန်တီးခြင်းနှင့် ဆောင်ရွက်ခြင်းတို့အား အထူးပြုလုပ်ကိုင်ပေးသော ပနားမားအခြေစိုက် ဥပဒေကုမ္ပဏီတစ်ခုထံမှ ဆယ်စုနှစ် လေးခုနီးပါးအကြာအတွင်း ရယူထားခြင်းဖြစ်သည်။ မော့ဆက်ဖွန်ဆီကာဟုခေါ်သော အဆိုပါ ပနားမားဥပဒေကုမ္ပဏီက သူ၏ ကွန်ပျူတာမှတ်တမ်းများသည် ပြည်ပမှ ဟက်ကင်းလုပ်ကာ ခိုးယူခြင်းခံခဲ့ရသည်ဟု ပြောကြားထားသည်။

ဂျာမနီသတင်းစာက ယင်းအချက်အလက်များအား ICIJ ကို ပေးခဲ့ပြီး ICIJ က ၎င်းတို့အား နိုင်ငံအသီးသီးရှိ ရာနှင့်ချီသော ဂျာနယ်လစ်များထံ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ယခုအထိ ထုတ်ပြန်ခဲ့သော သတင်း အစီရင်ခံမှုများသည် နိုင်ငံရေးခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများနှင့် နာမည်ကျော် ရာဇ၀တ်မှုကျူးလွန်သူအနည်းငယ်တို့ကဲ့သို့သော ပေါ်လွင်ထင်ရှားသူ အများအပြားအပေါ် အာရုံစိုက်ဖော်ပြထားသည်။

၎င်း၏အမည်က ပြည်ပကုမ္ပဏီတစ်ခုနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြခံရပြီးနောက် အိုက်စလန်ဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကလည်း သူ၏ဖခင် စတင်လုပ်ကိုင်ခဲ့သည့် ပြည်ပကုမ္ပဏီတစ်ခုမှနေ၍ အကျိုးအမြတ်ရရှိခဲ့ကြောင်း ၀န်ခံခဲ့ရသည်။ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အရင်းနှီးဆုံးအသိုင်းအ၀ိုင်းသည်လည်း ပနားမား စာရွက်စာတမ်းများထဲ၌ ပါဝင်ကြောင်း ဖော်ထုတ်ခဲ့ကြပြီးနောက် ပူတင်က ပနားမား စာရွက်စာတမ်းများသည် သူ့ကို ဆန့်ကျင်ရန် အမေရိကန်၏ အကြံအစည်ဖြစ်ကြောင်း ပြောကြားခဲ့ရသည်။
Writer:
Ref:AFP
Eleven Media Group


ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဂျပန်လွှတ်တော်အမတ်များ အဖွဲ့ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ဟာ ဂျပန်နိုင်ငံကို မေလ ၉ ရက်နေ့ကစလို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ ဂျပန်နိုင်ငံရဲ့အခြေခံပညာရေးစနစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ နည်းပညာ စတဲ့ကဏ္ဍတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ပြည်သူ့ လွှတ်တော် ရေးရာကော်မတီတွေ ထဲကပညာရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကော်မတီအဖွဲ့ဝင် ၅ဦးစီ လိုက်ပါလာတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဂျပန်ပညာရေး ၀န်ကြီးဌာန/ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင်မြင့် အရာရှိတွေနဲ့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ပါဝင်တဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်- လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် မိကွန်ချမ်းကို ဒီခရီးစဉ် အကြောင်း စတင်မေးမြန်းရာမှာ သူကခုလို ဖြေကြားပါတယ်။

ဖြေ - ကျွန်မတို့ကတော့ နိုင်ငံတကာ ဆက်ဆံရေးဆိုတော့ ဒီမှာရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့တွေနဲ့ပေါ့။ ပညာရေးတို့ ဘာတို့ ဆွေးနွေးပြီးတော့ လာလေ့လာတာပေါ့။ အဓိက ကတော့ လေ့လာရေး ခရီး သဘောမျိုးပေါ့။ ပညာရေးအတွက် ဒီမှာရှိတဲ့ ကျောင်းတွေ ကျွန်မတို့ သွားလေ့လာတာ။ အထက်တန်း ကျောင်းတို့ မူလတန်းကျောင်းတို့ အလယ်တန်းကျောင်းတို့။ တက္ကသိုလ်တွေ သွားလေ့လာရမှာ နောက်ရက်တွေမှာ။

မေး - ဂျပန်နိုင်ငံကို ရောက်ရောက်ချင်း ပထမဦးဆုံးနေ့မှာ ဘယ်တွေကို သွားရောက်လေ့လာခွင့် ရပါသလဲ။

ဖြေ -အဲဒါကတော့ ကျွန်မတို့ ပထမဦးဆုံး ဘယ်တွေ လေ့လာ သလဲ ဆိုတော့။ ဒီနေ့ကတော့ ဆွေးနွေးတာ များပါတယ်။ ဒီ ပညာရေးနဲ့ ပက်သက်တာတွေ။

မေး - ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အထဲမှာ ဘယ်လိုအကြောင်းအရာတွေ ဆေွးနွေးဖြစ်ပါသလဲ။

ဖြေ - အဓိကကတော့ မူလတန်းကလေးတွေ ပညာမသင်မနေရ ပညာရေးစနစ် သူတို့ ကျင့်သုံးထားတာကို ကျွန်မတို့ကို ပြန်ပြီးတော့ ဖလှယ်တာပေါ့နော်။ ကျန်တာတွေကတော့ သူတို့ရဲ့ ပညာရေး စနစ် ပုံစံတွေကို ကျွန်မတို့တွေက အဲဒီဟာလေးတွေတော့ ဆွေးနွေးဖြစ်တာပေါ့။

မေး - ပညာရေးဌာနက ဘယ်လိုအဆင်မြင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတာပါလဲ။

ဖြေ - ၀န်ကြီးဌာနက ဒါရိုက်တာနဲ့ တွေ့တာ။

မေး - အခြား ၀န်ကြီးဌာနတွေက ဘယ်သူတွေနဲ့ တွေ့ဖြစ်ပါသလဲ။

ဖြေ - ကျွန်မတို့ ညနေပိုင်းကတော့ ၀န်ကြီးဌာနကဆိုရင်တော့ အိုလံပစ် ၀န်ကြီဌာနရယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနရယ် သုံးလေးခုတော့ရှိတယ်။

မေး - ဂျပန်နိုင်ငံကို လာရတဲ့ ဒီခရီးစဉ်မှာ ဘယ်လိုတွေမျှော်လင့်ထားပါသလဲ ။

ဖြေ - မျှော်လင့်တာကတော့ အများကြီးပါပဲ။ ဒါကတော့ ကိုယ့်နိုင်ငံအတွက် အပြောင်းအလဲ တစ်ခုအတွက်ကို ကောင်းတဲ့ နိုင်ငံတွေဆီက အတုခိုးပြီးတော့။ နောက် ဂျပန်ဆိုတာကလည်း ကျွန်မတို့ကို အများကြီး အကူအညီပေးထားတဲ့ နိုင်ငံပဲလေ။ ရင်းနှီးမြှုပ်နှံချင်နေတာတွေရော အကုန်လုံး လုပ်မယ့် ဟာ အပြောင်းအလဲ။ နောက်ပြီးတော့ မြေအောက်ရထားတို့ ဘာတို့ညာတို့ ဆိုတာလဲ သူတို့ ဆီက အင်မတန် ကောင်းတယ်လေ။ ဒါတွေလည်း ကျွန်မတို့ ဆီမှာ လုပ်ဖို့အတွက်တို့။ ပညာရေး စနစ်တို့ ဘာတို့ အများကြီး ပြောင်းလဲအောင်။ ပူးပေါင်းပြီးတော့ လုပ်မယ်လို့တော့ ကျွန်မတို့တွေကတော့ ဖြစ်မယ်လို့ ထင်တယ်ပေါ့နော်။ အဲဒီလိုတော့ ဆွေးနွေးခဲ့ကြတာပဲ။ အကောင်အထည် ဖော်ဖို့ပဲ ကျန်တော့တာ။

မြန်မာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ဟာ တပတ်ကြာ ဂျပန်ခရီးစဉ်အပြီး မေလ(၁၅)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိမှာ ဖြစ်ပါတယ်။
VOA Burmese News

မနီလာ၊ မေ ၉ ။ ။

ဖိလစ်ပိုင်နိုင်ငံတ၀န်းမှာ တနလာင်္နေ့က ရွေးကောက်ပွဲအတွင်း သေနတ်သမားတွေက မဲရုံတွေကို တိုက်ခိုက်၊ ယာဉ်တွေကို ချုံခိုတိုက်ခိုက်ပြီး မဲရေတွက်စက်တွေကို ခိုးတဲ့အကြမ်းဖက်မှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေက ဒီအကြမ်းဖက်မှုဟာ သီးခြားဖြစ်ရပ်တွေဖြစ်ပြီး အားလုံးခြုံငုံသုံးသပ်ရင် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းတယ်လို့ ဆိုပါတယ်။ သမ္မတနဲ့ တခြားရာထူး ၁၈၀၀၀ အတွက် ရွေးကောက်ပွဲမှာ လူ သန်းပေါင်း ဆယ်နဲ့ချီပြီး မဲထည့်ဝင်ခဲ့ကြပါတယ်။

အဆိုးဝါးဆုံးတိုက်ခိုက်မှုအဖြစ် မနီလာမြို့ပြင်က ရိုဆာရီယိုမှာ အရုဏ်မတက်ခင် ချုံခိုတိုက်ခိုက်မှုကြောင့် လူ ၇ ယောက် ပစ်သတ်ခံခဲ့ရကြောင်း အမျိုးသားရဲတပ်ဖွဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးအလုပ်အမှုဆောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုနသန် ဒယ်လ် ရိုဆာရီယိုက အေအက်ဖ်ပီကို ပြောပါတယ်။

နိုင်ငံရေးသမားတွေက ကိုယ်ပိုင်စစ်တပ်ထူထောင်ထားတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မာဂွင်ဒါနာအိုပြည်နယ်က ဂွင်ဒူလန်ဂန်မြို့မှာ မဲဆန္ဒရှင်တစ်ယောက်ဟာ မဲရုံအပြင်ဘက်မှာ ပစ်သတ်ခံရကြောင်း ရဲကပြောပါတယ်။

လူတွေမဲထည့်နေချိန်မှာ မာဂွင်ဒါနာအို နဲ့ကပ်လျှက် မြို့ကြီးတစ်မြို့ဖြစ်တဲ့ ကိုတာဘာတိုမြို့ဈေးအတွင်း လက်ပစ်ဗုံးတစ်လုံးကြောင့် လမ်းသွားလမ်းလာတစ်ယောက်လည်း သေဆုံးခဲ့ကြောင်း ရဲထောက်လှမ်းရေးချုပ် အက်စ်မဲ မာဒင်က ပြောပါတယ်။

နိုင်ငံရေးသမားတွေ အချင်းချင်းသတ်ဖြတ်နေတဲ့ မြောက်ပိုင်း အာဘရာမြို့မှာပြိုင်ဖက် မြို့တော်ဝန်လောင်းကို ထောက်ခံတဲ့ လက်နက်ကိုင်တွေက အချင်းချင်းပစ်ခတ်တဲ့အတွက် လူ တစ်ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသမီး မာစီဂရေ့စ်မာရွန်က အေအက်ဖ်ပီကို ဖုန်းနဲ့ပြောပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်မင်းကြီး ရိုဝီနာ ဂွမ်ဇွန်က အကြမ်းဖက်မှုတွေဟာ ရလဒ်ကိုထိခိုက်မှာမဟုတ်ကြောင်းနဲ့ သူတို့ဟာ အကြမ်းဖက်မှုလုပ်ဖို့ လူသိများတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်စွာချထားကြောင်းပြောပါတယ်။

စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုး နိုးလ် ဒီတိုယာတိုကလည်း “ဒီဖြစ်ရပ်တွေက သီးခြားဖြစ်ရပ်တွေပါ။ ရွေးကောက်ပွဲပြုလုပ်မယ့်အပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိမှာပါ” လို့ အေအက်ဖ်ပီကို ပြောပါတယ်။

စုပြည့်စုံ

Ref: AFP, May 9th
Kumudra

ပြုံယမ်းမြို့တော်တွင် ကျင်းပနေသော ပါတီညီလာခံအတွက် သတင်းယူသည့် သတင်းထောက်များ
နိုင်ငံတကာ သတင်းထောက်တွေအပေါ် မြောက်ကိုရီးယား အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံကြောင့် ပြုံယမ်းမြို့တော်မှာ လက်ရှိကျင်းပနေတဲ့ ပါတီညီလာခံအတွက် Kim Jong Un အစိုးရက အသေအချာ ပြင်ဆင်ထားတဲ့ ပုံရိပ်တွေကို ထိခိုက်ခဲ့ရပါတယ်။

BBC သတင်းထောက်တွေရဲ့ သတင်းတင်ပြပုံတွေကို အာဏာပိုင်တွေက သဘောမကျတာကြောင့် အာဏာပိုင်တွေက မြောက်ကိုရီးယားကနေ ချက်ခြင်း နှင်ထုတ်ခဲ့တာပါ။

တိုကျိုအခြေစိုက် ဘီဘီစီ သတင်းထောက် Rupert Wingfield-Hayes နဲ့အတူ ထုတ်လုပ်ရေးမှူး Maria Byrne နဲ့ သတင်းရိုက်ကူးသူ Matthew Goddard တို့ကို မြောက်ကိုရီးယားကနေ ထွက်ခွာခါနီး သောကြာနေ့တုန်းက အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ Wingfield-Hayes ကိုတော့ ၈ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဗြိတိန်သတင်းထောက်နဲ့ အဖွဲ့ဟာ မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ မတိုင်ခင်ကတည်းက နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် တချို့နဲ့အတူ သုတေသန ခရီးစဉ်တခုနဲ့ မြောက်ကိုရီးယားနိုင်ငံကို ရောက်နေခဲ့တာပါ။ နှစ်ပေါင်း ၃၆ နှစ်တွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ အလုပ်သမားပါတီ ညီလာခံကို သတင်းယူဖို့အတွက် ဖိတ်ကြားခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၁၃၀ ကျော် ပြုန်ရမ်းမြို့ကို ရောက်နေပေမဲ့ ညီလာခံအတွင်းထဲ အထိကိုတော့ သတင်းယူခွင့်မရကြပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ယနေ့ကာလတွင် မြန်မာစာ၊ မြန်မာစကားများကိုအသံထွက်အတိုင်းလိုက်ပြီး ရေးနေကြသည်ကို ဖတ်နေရသည်။ ထိုအတိုင်း ဆက်လက်သွားပါက အမှား သည် အကြိမ်ကြိမ်ဆက်မှားနေသဖြင့် နောင်လာနောက်သားတို့က အမှန်ထင် သွားကြမည်မှာ မလွဲ တော့ပေ။

ထို့အပြင် ထွက်ခွာရာပုဒ်၊ ဆိုက်ရောက်ရာပုဒ်၊ နေရာပြပုဒ်တို့ကိုလည်း ကပြောင်းတိကပြောင်းပြန်ရေးလာကြသည်ကိုလည်း တွေ့နေရပေသည်။ အဆိုးဆုံးမှာ ယနေ့ဆိုရှယ်မီဒီယာဖြစ်သော ဖေ့စ်ဘွတ်ခ်တွင် အရေးအသားများမှာ အလွန်ပင် ဆိုးရွားလာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ဆက်လက်ပြုမူလုပ်ဆောင်သွား ပါက မြန်မာစာ၊ မြန်မာစကား သည် မြန်မာတွေဖျက်လို့ ပျက်တော့မည်ဖြစ်သလို ထိုသို့ပျက်စီးသွား ပါက မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား ဟူ၍ ပြောရမည် ကို နှုတ်တွန့်လာမည်ဖြစ်သည်။

ယနေ့ဖေ့စ်ဘွတ်ခ်များတွင် အများဆုံးတွေ့နေရသည်မှာ ကိုကြီးဆိုရင်( ကွီး)တဲ့၊ ညီလေးကို(ညေး)တဲ့၊ မမကို(မွှမွှ)တဲ့၊ ညီမလေးကို (ညလေး)တဲ့၊ ထို့အပြင် မုန့်ဟင်းခါးကို (မွင်းငါး)တဲ့၊ ဟုတ်တယ်ကို(ဟုတ်တရ်) ဟု ရေးနေကြလေ သည်။ ဒီလိုအရေး အသား၊ ဒီလိုအပြောအဆိုတွေ ဘယ်စာသင်ကျောင်းကမှ သင်ကြားပေးခြင်းရှိမည်မထင်။

ထို့ကြောင့်လည်း မြန်မာစာ၊ မြန်မာစကားကို မြန်မာများကိုယ်တိုင် ဖျက်ဆီးနေခြင်း ပင်ဖြစ်သည်။

''အဆိုးဆုံးကတော့ ဘုရား၊ ဘုရားကိုတောင်မှ ဖျားဖျားတဲ့၊ ဘာစကားလုံးတွေ မှန်းမသိတော့ပါဘူးခင်ဗျာ၊ ဘုရား ဘုရားလို့ဆိုတဲ့ စကားလုံးကိုတောင် ဖျားဖျားဖြစ်နေမှတော့ သေချာတာ ကတော့ မြန်မာ စာဟာ မြန်မာတွေဖျက် လို့ပျက်ရတော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ယနေ့ခေတ်ဆိုရှယ်မီဒီယာ (ခေါ်) ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ အနေဖြင့် ထိုကဲ့သို့ စာပျက်၊ စကားပျက်များကို အသုံးပြုခြင်း မလုပ်ကြစေဖို့ တိုက်တွန်းလိုပါတယ်'' ဟု နေပြည်တော်ရှိ အခြေခံပညာ အထက် တန်းကျောင်းတစ်ကျောင်းမှ ဆရာမ ဒေါ်အေးအေးက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် နောင်ကာလ မြန်မာစာ၊ မြန်မာစကား ပျက်စီးသွားပါက သမိုင်းမှာတရားခံမဖြစ်စေလို၍ပင် ဖြစ်သည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတသစ် ရွေးကောက်တင်မြှောက်ဖို့အတွက် ပြည်သူတွေ ဒီကနေ့ မဲပေးခဲ့ကြပါတယ်။ တရားဝင်မဟုတ်သေးတဲ့ စာရင်းတွေအရ သဘောထားတင်းမာပြီး စကားကို ခပ်ပြတ်ပြတ် ပြောတတ်တဲ့ မြို့တော်ဝန်တဦး က မဲအများဆုံးရနေပါတယ်။

တောင်ပိုင်း Davao မြို့ရဲ့ မြို့တော်ဝန် အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းခဲ့တဲ့  Rodrigo Duterte ဟာ ဒီကနေ့ ရွေးကောက်ပွဲမတိုင်ခင် အစောပိုင်း လူထုစစ်တမ်းတွေအရ - အထက်လွှတ်တော်အမတ် Grace Poe၊ လက်ရှိသမ္မတ Benigno Aquino ထောက်ခံတဲ့ ပြည်ထဲရေးဝန်ကြီး Manuel Roxas တို့ထက် ၁၀% လောက်အထိ ထောက်ခံမှုပိုရနေတာပါ။

အသက် ၇၁ နှစ်အရွယ် Duterte ဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို သုတ်သင်ပြစ်မယ်ဆိုတဲ့ ကတိအပါအဝင် ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ခပ်ပြတ်ပြတ်ပြောတဲ့ မိန့်ခွန်းတွေကြောင့် ပြည်သူထောက်ခံမှု ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခပ်ကြမ်းကြမ်း စကားလုံးတွေကြောင့် အမေရိကန်သမ္မတလောင်း အကြိုရွေးပွဲတွေမှာ ရီပတ်ဘလီကန်ပါတီဘက်ကနေ သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေတဲ့ Donald Trump နဲ့ နှိုင်းယှဉ် ဖော်ပြခံနေရသူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Common Sense Media ဆယ်ကျော်သက် ငါးဆယ်ရာခိုင်နှုန်းကျော်မှာ ၄င်းတို့၏ မိုဘိုင်းဖုန်း၊ ဒစ်ဂျစ်တယ်ပစ္စည်းများကို စွဲလန်းကြကြောင်း ၀န်ခံပြောကြားသည်။ ဖော်ပြပါ လေ့လာချက်အရ စွဲလန်းသည်ဖြစ်စေ မစွဲလန်းသည်ဖြစ်စေ ၄င်းတို့၏ ဆယ်ကျော်သက် ရင်သွေးများ မိုဘိုင်းပစ္စည်းများနှင့်သာ အချိန်ကုန်နေကြကြောင်း မိဘများက ယူဆပြီး ဆယ်ကျော်သက် ၅၂ ရာခိုင်နှုန်းကလည်း ယင်းအချက်ကို ထောက်ခံသည်။

“ဘယ်သွားသွား ဖုန်းပြောနေတဲ့သူကို တွေ့နေရတာပဲ။ ဖုန်းပြောချင်ပြော၊ မပြောချင်လည်း မက်ဆေ့ပို့၊ အင်စတာဂရမ်နဲ့ဖြစ်ဖြစ်၊ ဖေ့စ်ဘုတ်နဲ့ဖြစ်ဖြစ် သူတို့နဲ့ ရင်ပေါင်တန်း လျှောက်နေသူတွေကို စကားစမြည် ပြောရမယ့်အစား ဖုန်းကိုပဲ ပြောနေတော့တာ” ဟု မစ်လက်စစ်စကီးက ဆိုသည်။

ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်းနီးပါးမှာ နာရီနှင့်အမျှ ၄င်းတို့၏ ဖုန်းများကို စစ်ဆေးနေတတ်ကြပြီး ၇၂ ရာခိုင်နှုန်းကမူ တစ်စုံတစ်ယောက်က တစ်ခုခုပေးပို့ ဆက်သွယ်လာလျှင် ချက်ချင်း စာပြန်ရန် လိုကြောင်း ယူဆနေကြသည်။

“ကျောင်း ၁၀ ခါသွားရင် ၉ ခါလောက်တွေ့ရမှာက ဖုန်းပြောနေကြတာကိုပါ။ ကားနဲ့သွားသွား၊ ခြေလျင်သွားသွား၊ တွေ့နေရတာ။ ဆယ်ကျော်သက်တွေတင်မက အသက်အရွယ် ကြီးသူတွေကလည်း တပြောတည်း ပြောနေကြတော့တာပဲ။ ဖုန်းပြောရင်ပြော၊ မပြောရင် တက်ဘလက်ကို ကလိနေတော့တာ” ဟု ၄င်းကဆိုသည်။

အင်တာနက်စွဲလန်းမှုကို ကျန်းမာရေး ပြသ၁နာတစ်ရပ်ဟု ကမ္ဘာ့နေရာအချို့တွင် သတ်မှတ်ထားသော်လည်း အမေရိကန်ပြည်ထောင်စုတွင် ယင်းကို စိတ်အခြေခံ ဝေဒနာဟု သတ်မှတ်မထားပေ။ အားတက်စရာတစ်ခုမှာ ဖုန်းစွဲလန်းသူ ဆယ်ကျော်သက် ၄၀ ရာခိုင်နှုန်းနီးပါးမှာ မိုဘိုင်းဒစ်ဂျစ်တယ်ပစ္စည်းများ သုံးစွဲချိန်ကို လျှော့ချမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ရွှန်းတင့်
The Ladies News Journal

၂၀၁၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အောင်စာရင်းတွင် ကျရှုံးခဲ့ကြသည့် ကျောင်းသားများကို ပြန်လည်ကုစားရေးကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးဌာနက အမိန့်စာအမျိုးမျိုး ထုတ်ပြန်နေမှုအပေါ် ဆရာ၊ ဆရာမများ အခက်တွေ့နေကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
''ပထမတုန်းက ကုစားမရှိဘူးလို့ ၀န်ကြီးဌာနက တရားဝင်စာထုတ်တယ်။ အဲဒီအတွက် သေသေချာချာ စစ်ဆေးပြီး ဘယ်လိုမှ တင်ပေးလို့မရတဲ့သူတွေကို အကျထားခဲ့ရတယ်။ အခုတခါ ပြန်ကုစားရဦးမယ်ဆိုတာ့ တမင်သက်သက် အလုပ်ရှုပ်သလို ဖြစ်နေတယ်။ ၀န်ကြီးဌာနအပေါ် ၀န်ထမ်းတွေရဲ့ ယုံကြည်မှုလည်း လျော့ နည်းလာတာပေါ့''ဟု ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ မူလတန်းပြကျောင်းဆရာတဦးက ပြောသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင် စာရင်းထုတ်ပြန်ရာတွင် အဆင့် A (ရမှတ် ၈၀ မှ ရမှတ် ၁၀၀ အထိ)၊ အဆင့် B (ရမှတ် ၆၀ မှ ရမှတ် ၇၉ အထိ)၊ အဆင့် C (ရမှတ် ၄၀ မှ ရမှတ် ၅၉ အထိ)ဟူ၍ ထုတ်ပြန်ရန်နှင့် စုစုပေါင်း ရမှတ်နှင့် Moderation ဖြင့် အောင်မြင်သည့်အမှတ်အသားကို ထုတ်ပြန်သည့်အောင်စာရင်းတွင် ထည့်သွင်းမထုတ်ပြန်ရန် အခြေခံပညာဦးစီးဌာနက ဧပြီပထမပတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဧပြီ နောက်ဆုံးပတ်တွင် ထုတ်ပြန် သည့် ကြေညာချက်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစား စာမေးပွဲတွင် ပြန်လည် ဖြေဆိုမည့် စာဖြေသူစာရင်းနှင့် ဖြေဆိုမည့် ဘာသာရပ်အလိုက် စာရင်းများ၊ ဖွင့်လှစ်မည့် စာစစ်ဌာနနှင့် စာစစ်ဌာနအလိုက်ဖြေဆိုမည့် ကျောင်းသားဦးရေစာရင်းကို ဧပြီ ၂၈ ရက်နောက်ဆုံးထားရန် တိုင်းပညာရေးရုံးများကို ပေးပို့ကြရန်ဟူ၍ ဖော်ပြခဲ့သည်။

''ပြန်ကုစားရမယ့် ကလေးတွေကို ပြန်ဆက်သွယ်နေရတယ်။ ကျောင်းပိတ်တော့ သူတို့လည်း ခရီးတွေဘာတွေ သွားနေကြတာရှိတယ်။ တချို့ကျတော့လည်း တကယ်စာမလိုက်နိုင်တဲ့အခါကျတော့ ပြန်မဖြေချင်ကြတာလည်း ရှိတယ်။ မေလလယ်လောက်မှာ ပြန်ဖြေရမယ်။ ကျတဲ့ ဘာသာပဲ ဖြေရမှာ။ ကိုယ့်ကျောင်းမှာ ကိုယ်မဖြေရဘူး။ သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ ဖြေရမှာ။ မြို့နယ်ပညာရေးမှူးရုံးကလည်း အထက်ကခိုင်းလို့ လုပ်ရတယ် ပြောတယ်။ ပထမမူကြိုဆရာမတွေ ခန့်မယ်ဆိုတုန်းကလည်း မြို့နယ်ကပဲ ပြောတာ။ နောက်တော့ မခန့် ဖြစ်တော့ဘူး။ အခုလည်း တော်ကြာကုစားမရှိဘူး ပြောလိုက်၊ အခုရှိတယ်ပြောလိုက်ဆိုတော့ သူတို့အပေါ်ကို ၀န်ထမ်းတွေရဲ့ယုံကြည်မှုလျော့တာပေါ့။ မလုပ်ခင်ကတည်းက သေသေချာချာစဉ်းစားဆုံးဖြတ်တာက အကောင်းဆုံးလို့ ထင်ပါတယ်''ဟု ပန်းတနော်မြို့နယ် စော်ပန်ကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဥမ္မာစိုးကြည်က News Watch သို့ ပြောသည်။

NLD အစိုးရသစ်လက်ထက်တွင် ပညာရေးကဏ္ဍကို အထူးအလေးပေး မြှင့်တင်မည်ဟု ပြည်သူအများစုက ယုံကြည် မျှော်လင့်နေကြပြီး ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီးကို ခန့်အပ်မှုကြောင့် ဝေဖန်မှုများ ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပေါ်နေခြင်းသည် ကောင်းမွန်သည့် လက္ခဏာမဟုတ်ကြောင်း မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ပြောသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဓာတ်ပုံ-မာန်ဇာမြေမွန်

လက်ပံတောင်းကြေးနီစီမံကိန်းအား တရုတ်က ပြန်လည်စတင်ခြင်းအပေါ် ကျေးရွာပြည်သူရာပေါင်းများစွာ ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် တရုတ်အနေဖြင့် ကုမ္ပဏီများအား ပြည်တွင်းဥပဒေကို လေးစားလိုက်နာရန် အခါမလပ်တောင်းဆိုတိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၉ ရက်တွင် ပြောသည်။

တရုတ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီ၏ လက်ခွဲတစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းကြေးနီစီမံကိန်းတွင် မေ ၄ ရက်က ရဲအတားအဆီးများကို ပြည်သူအချို့က ချိုးဖျက်ခဲ့ပြီးနောက် ဆန္ဒပြမှုက ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ယင်းက အစိုးရသစ်အတွက် ပြည်သူတို့၏ မကျေနပ်မှုကို ဖြေရှင်းနိုင်ရေးမနိုင်ရေး ပထမဆုံးစမ်းသပ်မှုတစ်ခုလည်းဖြစ်လာသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။ ကြေးနီတူးဖော်ရေးလုပ်ကွက်အဖြစ် ပိုင်ဆိုင်ရာ မြေယာများကို ဥပဒေမဲ့ သိမ်းယူခြင်းခံရကြောင်း ကျေးရွာသူရွာသားများက ပြောသည်။

ဆန္ဒပြမှုများနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang က တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံစီးပွားရေးအတွက် အကျိုးတူပူးပေါင်းသည့် ရေရှည်မိတ်ဖက်များဖြစ်ကြောင်း ပြောသည်။

“တရုတ်အစိုးရက ပြည်ပမှာ ရင်းနှီးလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီများကို အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့ အမြဲတစေတိုက်တွန်းခဲ့တာပါ။ တာဝန်ခံမှု အပြည့်ရှိဖို့၊ လူမှုဝတ္တရားရှိဖို့တွေအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လိုက်နာဖို့တွေပါ အမြဲတစေညွန်ကြားနေတာပါ။”ဟု ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Lu က ပြောခဲ့သည်။

“ဒေသလူမှုစီးပွားဖွံ့ဖြိုးရေးကို မြှင့်တင်ပေးမယ့်၊ နှစ်နိုင်ငံနဲ့ ပြည်သူနှစ်ရပ်စလုံး ပိုမိုကောင်းမွန်စေမယ့် အပြန်အလှန်အကျိုးဖြစ်ထွန်းမယ့် ပူးပေါင်းစီမံကိန်းတွေကို သင့်တင့်စွာ ဖော်ဆောင်သွားနိုင်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့က မြန်မာနဲ့အတူ ကြိုးကြိုးစားစားလုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ပြန်စရန်အတွက် တရုတ်နိုင်ငံက ဖိအားပေးလာလျက်ရှိစဉ် ပြီးခဲ့သည့် လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် ဆွေးနွေးပွဲများဖြင့် သဘောမတူမျှမှုများကို ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။
Mizzima - News in Burmese

မေ ၉ ။ ။ ကုန် အမှတ်တံဆိပ် တိုက်ပွဲတစ်ခုတွင် အမေရိကန် လူမှု ကွန်ရက် Facebook က တရုတ် ပြည်တွင်း ကုမ္မဏီတစ်ခုကို အနိုင်ရသွားခဲ့သည်ဟု မေလ ၉ ရက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

"face book" ဆိုသည့် အမှတ်တံဆိပ်တစ်ခုဖြင့် တရုတ် ပြည်တွင်း အချိုရည် ကုမ္မဏီတစ်ခုက လုပ်ငန်းလုပ်ဆောင်နေခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် ကုမ္မဏီဘက်မှ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရုတ် အချိုရည်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုသည် အဆိုပါ "face book" အမည်ဖြင့် အချိုရည်များထုတ်လုပ်ရောင်းချရန် ၂၀၁၄ ခုနှစ်က တရုတ် ကုန်အမှတ်တံဆိပ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံတွင် မှတ်ပုံတင်ခဲ့ရာ အတည်ပြုချက် ရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် အမေရိကန် ကုမ္မဏီက တရားစွဲဆိုခဲ့ရာ တရားရုံးက အဆိုပါ ကိစ္စရပ်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်အာဏာပိုင်များအား ညွှန်ကြားခဲ့သည်။ ယခုကိစ္စတွင် တရုတ်ပြည်တွင်း အချိုရည်ကုမ္မဏီအနေဖြင့် အထက်ပါ အမှတ်တံဆိပ်အား ဆက်လက်သုံးစွဲနိုင်ခွင့်မရှိဟု တရားရုံးက ဆုံးဖြတ်ပေးလိုက်သည်။ ယင်းအမှုအား တရုတ် ကုမ္မဏီက အယူခံဝင် ခဲ့သော်လည်း ပေကျင်းတရားရုံးက ကနဦး ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုချမှတ်ပေးထားခဲ့သည်။

ယခု ကဲ့သို့ Facebook ၏ ကုန်အမှတ်တံဆိပ်တိုက်ပွဲကဲ့သို့ အခြားသော အမေရိကန် နည်းပညာကုမ္မဏီတစ်ခုဖြစ်သည့် Apple ကုမ္မဏီသည်လည်း ယခင် ကာလအနည်းငယ်က တွေ့ကြုံထားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင်မူ Apple ကုမ္မဏီသည် တရုတ် ပြည်တွင်း လက်ကိုင်အိတ်ကုမ္မဏီအား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ပတ်သက်၍ ရှုံးနိမ့်ထားခဲ့ရသည်။

ဘန်ကောက်ပို့စ်
Mizzima - News in Burmese

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က  NRPC ဖွဲ့စည်းရေးဆွေးနွေး  (MOI)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က NRPC ဖွဲ့စည်းရေးဆွေးနွေး (MOI)

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိဖို့ ဆောင်ရွက်သွားကြဖို့အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်စပ်ရေးရာ ၀န်ကြီး အပါအ၀င် တပ်မတော်သား ကိုယယ်စားလှယ်တွေနဲ့ကော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာ (NRPC) ဖွဲ့စည်းရေးအပါအ၀င် နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို အဓီကထား ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

လက်ရှိအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံတွေကနေ တစ်ဆင့် လူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တစ်ခု တည်ထောင်ဖို့အတွက် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ လအတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပြီးတဲ့နောက် ဒီကနေ့ မှာပဲ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးအပါအ၀င် တပ်မတော်သားကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနက ကိုယ်စားလှယ်တွေနဲ့ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ NRPC လို့ခေါ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးအပါအ၀င် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ၀န်ကြီးဌာနရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“အဓိကတော့ဗျာ ဒီ NRPC ခေါ်တာပေါ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနပေါ့။ အဲဒီ ဌာနကနေပြီးတော့ ပြန်ပြီးတော့ reorganize လုပ်မှာ ပြန်လည်ဖွဲ့စည်းမယ့်ဟာပေါ့။ အရင်တုန်းက MPC မှာရှိခဲ့တယ်။ ရှိခဲ့တဲ့ဟာကို ဒီအစိုးရသစ်လက်ထက်မှာ NRPC ဆိုပြီးတော့ ဆက်ပြီးသွားမှာ အဲဒီဟာကတော့ ဘယ်လိုဖွဲ့မလဲဆိုတာဆွေးနွေးတယ်။ နောက်တခုက ဟို ဖွဲ့စည်းရေးပေါ့နော်။ တချိန်ထဲမှာပဲ ၂၁ ရာစု ပင်လုံညီလာခံအမြန်ဆုံးလုပ်ဖို့ပြောထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေ လုပ်ငန်းစဉ်တွေ အဲဒါတွေကိုလည်း တပြိုင်နက်ထဲလုပ်သွားရတာပေါ့။ တဘက်ကလည်း NRPC အဖွဲ့အစည်းတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း လုပ်မယ်၊ တဘက်ကလည်း ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်တဲ့ဟာတွေလုပ်မယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိကဆွေးနွေးကြတာပေါ့။”

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ပါဝင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ အဓိကတော့ သူ့ရဲ့ လမ်းညွန်ချက်၊ Guide ၊ မူဝါဒပေါ့နော် အဲဒါကတော့ ဘာလဲဆိုတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းပေါ့ ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်တဲ့အပိုင်း မှာလုပ်ငန်းစဉ်အဆင့်တိုင်း အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ခွင့်ရရှိရေး ဒါကိုဦးတည်ပြီးဆောင်ရွက်သွားကြဖို့ဆိုပြီးတော့ သူကတော့ လမ်းညွန်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်သူတွေ ပါသင့်တယ်ဆိုတာတွေကို ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့။ အားလုံး ခြုံပြီးပြောရင်တော့ ဒီ ၂ ပိုင်းပေါ့ ၊ ဒီ ၂ ပိုင်းမှာ တပ်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးတက်တယ်။ အဲဒီတက်တဲ့အပိုင်းမှာလည်း အပြုသဘောပေါ့ အများကြီးဖြစ်ပါတယ်။ အများကြီးဖြစ်တယ်ဆိုတော့ ကျနော်တို့ အသေးစိတ် detail ကတော့ ထုတ်ပြန်ဖို့မရှိဘူး။ သို့သော် ခြုံလိုက်ရင်တော့ အားလုံးက အပြုသဘောတူညီချက်အရ တူညီကြတယ်ပေါ့။”

ဒါနဲ့ ပတ်သတ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေအတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“National Reconciliation and Peace Center ကို ပြန်လည် ဖွဲ့စည်းတဲ့နေရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အထူးသဖြင့် ကျနော်တို့အမြင်ကတော့ ဒီငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ပါဝင်နေတဲ့ ဒါမှမဟုတ်ရင်လည်း ဒီလက်နက်ကိုင် ပဋိပက္ခအတွင်းမှာပါဝင်နေတဲ့အစုအဖွဲ့တွေရဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဖြစ်လို့ရှိရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမြင်ချင်းဖလှယ်တာတို့ ၊ နည်းလမ်းရှာတာတို့က ပိုပြီးလက်တွေ့ကျပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်လို့မြင်ပါတယ်။”

၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် အချိန်ဆွဲသွားမှာမဟုတ်ပဲ တစ်လ နှစ်လအတွင်းမှာ ငြိမ်းချမ်းရေး ညီလာခံကို စတင်ဆောင်ရွက်ချင်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တချို့တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေသေးသလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုရင်တော့ အားလုံး ပါဝင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

“ ညီလာခံကတော့ ကျနော်တို့ အကုန်လုံးပါဝင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ဒါပေမယ့် သူသုံးတဲ့ ဝေါဟာရ အရကတော့ ပါဝင်ထိုက်ပါဝင်သင့်တယ်ဆိုတော့ ၊ မပါဝင်သင့်မပါဝင်ထိုက်တဲ့ အဖွဲ့တွေလည်း ရှိမှာပေါ့နော်။ ဒါကတော့ အစိုးရနဲ့ ဆိုင်တဲ့ကိစ္စ။ ကျနော်တို့က ဖြစ်နိုင်လို့ရှိရင်တော့ ဒီ ပဋိပက္ခမှာ အမြင်မတူတဲ့ အစုအဖွဲ့တွေရဲ့ အမြင်တွေစုစည်းဖို့အတွက် ဆိုရင်လည်း ကျနော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအဖြေတခုတော့ ရှာဖို့သင့်တယ်။ နှစ်ဘက်က လက်ခံနိုင်ပြီး ၊ အကောင်အထည်ဖော်နိုင်တဲ့ ရေရှည်လည်းတည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးအဖြေတခုတော့ ရှာသင့်တာပေါ့။ အကုန်လုံးလည်း ပါဝင်သင့်တာပေါ့။ ဒါပေမယ့် ဘယ်ပုံစုံနဲ့ လုပ်မယ်ဆိုတာတော့ မသိဘူးပေါ့နော်။”

အပစ်အခက် ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဖို့ ဖွဲ့စည်းမယ့်အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို အစိုးရအဆင့် ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ဒီကနေ့ အစည်းအဝေးကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပြင် ငြိမ်းချမ်းရေး စေ့စပ်ညိုနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ တတ်ရောက်ခဲ့သလို MPC က ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦးနဲ့ ဒေါက်တာမင်းဇော်ဦး တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံကိုတော့ လာမယ့် ဂျုလိုင်လအတွင်းမှာ ကျင်းပသွားမယ်လို့ ဒီကနေ့ အစည်းအဝေးကို တတ်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦး က ပြောပါတယ်။

ထက်အောင်
VOA Burmese News

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာသမ္မတ ဦးထင်ကျော် တို့တွေ့ဆုံ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာသမ္မတ ဦးထင်ကျော် တို့တွေ့ဆုံ။

မြန်မာနိုင်ငံကိုမနေ့ညနေက ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ ဒီကနေ့တနင်္လာနေ့မှာ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘာတွေကိုဦးစားပေးဆွေးနွေးကြဖို့ရှိမလဲ။ NLD အစိုးရသစ်အနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဘယ်ကိစ္စတွေကို အဓိကထား ပူးပေါင်းဆောင်ရွက်သွားဖို့ရှိမလဲ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ မြန်မာနိုင်ငံကို မနေ့ကရောက်ရှိလာတာပါ။ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတိုးတက်လာဖို့၊ အထူးသဖြင့် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး အပါအ၀င် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေးတို့ မှာ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို အဓိကဆွေးနွေးသွားဖို့ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလိုထိုင်းနိုင်ငံက တာဝန်အရှိဆုံးခေါင်းဆောင်ရဲ့ အထူးကိုယ်စားလှယ်ခရီးစဉ်ဟာ အကောင်းအဆိုးတွေပါ ဒွန့်တွဲရှိနေတဲ့ အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးကြောင်း မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒီအစိုးရအသစ်နဲ့ ထိုင်းကလည်း သူတို့ နိုင်ငံအကျိုးစီးပွားအတွက် ခိုင်မာအောင်၊ တိုးတက်အောင်လုပ်ချင်မှာဖြစ်ပါတယ်။ တချိန်ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဘက်ကလည်း ဒီ ထိုင်းနိုင်ငံကို အမှီပြုနေရတဲ့ ဒုက္ခသည်တွေရော နောက်တခါ ရွေ့ပြောင်းအလုပ်သမားတွေရော ဒီကိစ္စတွေကိုလည်း ထိုင်းအစိုးရကို အပြန်အလှန်ပြောဖို့အတွက် အခွင့်အရေးတခုရပါတယ်။ ဒါ အင်မတန်မှ အခွင့်ကောင်းတခုပါ။ နောက်အရေးကြီးတာကတော့ ထိုင်းနိုင်ငံကကြည့်လိုက်ရင် သူ့ နိုင်ငံရေးအကျိုးစီးပွားကတော့ သူ့နယ်စပ်ဒေသ ဆိုင်ရာပြဿနာတွေရယ် ၊ နောက်တခါ မြန်မာပြည်ကိုလာပြီးတော့ အကြီးအကျယ်ရင်းနှီးမြုပ်နှံထားတဲ့ ထားဝယ်စီမံကိန်းလိုကိစ္စကအစ အဲဒါက အတော်အရေးကြီးတဲ့အတွက် ထိုင်းအတွက်ကလည်း ဒီအစိုးရအတွက် အာမခံချက်တွေနဲ့ ခိုင်မာမှုတွေရအောင်လိုချင်မယ်လို့ ယူဆပါတယ်ခင်ဗျ။”

အရင်တုန်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေ၊ နှစ်နိုင်ငံနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်ရှိခဲ့တာပါ။ အခုတော့ ဒီအခြေအနေတွေကျော်လွန်ခဲ့ပြီဆိုပေမယ့် နယ်စပ်မှာ သန်းနဲ့ချီရှိနေတဲ့ တိုင်းရင်းသားဒုက္ခသည်တွေရဲ့အရေး NLD အစိုးရသစ်နဲ့ ထိုင်းစစ်အစိုးရတို့ ပူးပေါင်းဖြေရှင်းဖို့ရှိနေသေးကြောင်း ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်ကပြောပါတယ်။

“ထိုင်းအစိုးရရဲ့ policy က လက်နက်ကိုင်အင်အားစုတွေကို အရင်ကတည်းက မြန်မာအစိုးရနဲ့ပြေလည်စေချင်တယ်။ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အဲဒါမျိုးတွေလုပ်စေချင်တယ် တွန်းအားပေးတာမျိုးတွေရှိတယ်။ အခုကျတော့ ထိုင်းက ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို သူ့ရဲ့ မူလ နေရပ်ရင်းကို ပြန်စေချင်တဲ့သဘောထားတွေ ။ အဲတော့ အရင်လိုဒုက္ခသည်စခန်းဖွင့်တဲ့ဟာမျိုးတွေကို သိပ်ပြီးတော့ အားပေးကူညီတဲ့အနေအထားမရှိတော့ဘူး။ အဲဒီကိစ္စတွေလည်း အခုမြန်မာအစိုးရအသစ်နဲ့ ထိုင်းနဲ့ ဖြေရှင်းရတော့မယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ကိစ္စမှာ စိန်ခေါ်မှုအခက်အခဲတွေရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“ဦးသိန်းစိန်အစိုးရ ၅ နှစ်အုပ်ချုပ်သွားတာတောင်မှ ဒုက္ခသည်တွေနဲ့ အလုပ်သမားတွေက မပြန်လာနိုင်တဲ့အနေအထား။ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း ပြန်လာနိုင်ဖို့အရေးဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အခင်းအကျင်းနဲ့ စီးပွားရေးတွေလိုသေးတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ အဲဒီမှာပဲ နေကြရဦးမှာ။ ဒီဟာကို မြန်မာနိုင်ငံဘက်ကလည်း တက်နိုင်သလောက် သူ့ပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့ တောင်းဆိုလိမ့်မယ်။ သို့သော်လည်းထိုင်းက ဒီဟာကို ဘယ်လောက်လိုက်လျှောနိုင်မလဲဆိုတာ မသေချာဘူး။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း နေပြည်တော်မှာ ဒီကနေ့ ညနေ (၃)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင်
VOA Burmese News

 dassk-nrpc-620.jpg အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre - NRPC) ဖွဲ့စည်းရေး အစည်းအဝေးကို မေလ ၉ ရက်နေ့က နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပစဉ်
Photo: Myanmar State Counsellor Office Facebook

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါသင့်ပါထိုက်သူတွေ ပါဝင်ခွင့်ရရှိရေးကို ဦးတည်ဆောင်ရွက်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖွဲ့စည်းရေး အစည်းအဝေးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြော ကြားခဲ့တယ်လို့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို တပြိုင်တည်း ဆောင်ရွက်ဖို့၊ ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာလည်း ပါသင့်ပါထိုက်သူတွေ ပါဝင်နိုင်ရေးကို ဦးတည်ဆောင်ရွက်ဖို့တို့ကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စား လှယ်တွေဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် တို့ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနက ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဒေါက်တာမင်းဇော်ဦး နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဦးမိုးဇော်ဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
RFA


winmyint-620.jpg
ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို တွေ့ရစဉ်
.

၁၉၇၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပယ်ဖျက်ဖို့ အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်က သဘောမတူတဲ့သူ မရှိတဲ့အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်းနဲ့ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်"

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ ခေတ်စနစ် နဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ဖျက်သိမ်းဖို့ တင်သွင်းတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"နည်းဥပဒေအရ ဒီခေတ်နဲ့ လုံးဝ လုံးဝ ကိုက်ညီမှုမရှိတော့ဘူး၊ ကိုက်ညီမှုမရှိတဲ့ ဥပဒေကို ဖျက်သိမ်းရ မှာဖြစ်ပါတယ်"

အဲဒီဥပဒေဟာ ၁၉၇၅ ခုနှစ် တစ်ပါတီအာဏာရှင်စနစ် လက်ထက်က ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင် တို့အပါအ၀င် နိုင်ငံရေးသမားတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
RFA


ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် ၊ သင်္ကန်းချုပ်ဆိုင်မှာ အလုပ်လုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးကို ရည်းစားဟောင်းဖြစ်သူက ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံကို သေဒဏ်ကျခံစေဖို့ အနောက်ပိုင်းခရိုင်တရားရုံး က မေလ(၉)ရက်မှာအမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှုဖြစ်စဉ်ဟာ (၂၀၁၅)ခုနှစ် စက်တင်ဘာလ(၁၂)ရက် ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သင်္ကန်းချုပ်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မခင်မေစန်းက သက်ဆိုင်ရာကို လာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မခင်မေစန်းရဲ့ထွက်ဆိုချက်အရ အခင်းဖြစ်ပွားတဲ့နေ့မှာ အသက်(၂၃)နှစ်အရွယ် အစ်မဖြစ်သူက ဆိုင်ရှေ့ဝရန်တာမှာ အတူအလုပ်လုပ်ကိုင်နေသူနှစ်ဦးနဲ့ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာအစ်မဖြစ်သူရဲ့ ရည်စားဖြစ်ခဲ့ဖူးသူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ နယ်မှာနေထိုင်တဲ့ စိုးမိုးထက် ရောက်လာပြီး အစ်မဖြစ်သူကို စကားပြောဖို့ ကြိုးစားရာကနေ အဆင်မပြေတဲ့နောက် တုတ်နဲ့ရိုက်ပြီးဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။

ဓားထိုးခံရသူအမျိုးသမီးဟာရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပေမယ့်သေဆုံးသွားခဲ့ပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းက (ပ)၃၈၂/၁၅ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄ နဲ့ အမှုဖွင့်ကာဖမ်းဆီးအရေးယူခဲ့ပါတယ်။ အဲဒီနောက်မှာ အနောက်ပိုင်းခရိုင်တရားရုံးထံ တရားစွဲဆို တင်ပို့ခဲ့ပြီး မေလ(၉)ရက်နေ့မှာတော့ တရားရုံးက ပြစ်မှုကျူးလွန်သူ စိုးမိုးထက်(၂၃)နှစ်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ သေဒဏ် ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်နဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၄ အရ အလုပ်နဲ့ထောင်ဒဏ် ၆လကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏ၀တီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အပြင်အနန်းကုန်းပိုင်း၌ မေ ၈ ရက် ညနေပိုင်းတွင် သားဖြစ်သူက ၎င်းမိခင်ထံ မုန့်ဖိုးငွေတောင်းရာမရရှိသဖြင့် နေအိမ်ကို မီးရှို့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သထုံမြို့နယ် ကျိုက္ကော်ရပ်ကွက်၊ အပြင်အနန်းကုန်းပိုင်းနေ ဒေါ်တင်မေ၏ သားဖြစ်သူ သန်းဇော်ဦး (ခ) ပေါတာသည် မိခင်ထံ ငွေငါးထောင်ပေးရန် မပေးသဖြင့် သားဖြစ်သူက မရရင် အိမ်ကိုမီးနဲ့ရှို့မယ်ဟု ပြောဆိုနေစဉ် ဖခင်ဖြစ်သူ ဦးကျောက်ခဲ (ခ) ဦးကျော်ခင်က သားဖြစ်သူ မုန့်ဖိုးတောင်းတာကို ဘာလို့မပေးရတာ လဲဟုပြောပြီး အိမ်ကိုငါပဲမီးရှို့မယ်၊ ကိုယ့်အိမ်ကိုယ်ရှို့တာ ဘာဖြစ်လဲဟု ပြောဆိုသည်ဟု ဆိုသည်။ ထိုစဉ် သားဖြစ်သူ ပေါတာ (ခ) သန်းဇော်ဦး (၃၀)နှစ် (ဘ) ဦးကျော်ခဲမှာ အိမ်အနောက်ဘက် မီးဖိုချောင်ကို မီးရှို့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးစိုးနှင့် ရပ်ကွက်သားများ၊ သိမ်ဆိပ်အရန် မီးသတ်တပ်ဖွဲ့နှင့် ကျိုက္ကော်အရန်မီးသတ်တပ်ဖွဲ့မီးသတ်ယာဉ်နှစ်စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၂ ပေရှိ အင်ဖက်မိုး၊ ထရံကာ၊ ၀ါးကြမ်းခင်း တဲအိမ်တလုံး ကာလတန်ဖိုး ၅၀၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်မီးရှို့ခဲ့သူ မောင်သန်းဇော်ဦးနှင့် ဖခင် ဦးကျော်ခင်တို့နှစ်ဦးအား သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ (ပ)၄၄/၂၀၁၆ ပြစ်မှုပုဒ်မ ၄၃၆/၁၁၄ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal